05/13/16


ရန်ကုန် မေ ၁၃

ထိုင်းရောက်မြန်မာလုပ်သား၄၀ ကျော်ကို အလုပ်ရှာပေးမည်လိမ်လည်ပြော ဆိုကာ မြန်မာနိုင်ငံသား အချင်းချင်းငွေညှစ်သူပွဲစားတစ်ဦးကို မေ၁၂ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံမဟာချိုင် နယ်မြေရှိ နောင်ခဲ ဒေသတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်မှာ အယုံလွယ်သူမြန်မာလုပ်သားများကိုထိုင်းနိုင်ငံ မဟာချိုင်နယ်မြေအတွင်းရှိ ခဲလှိုင်၊ ကထုဘန့် နှင့် နောင်ခဲ နယ်မြေများအတွင်း အလုပ်ရှာပေးမည်ဆိုကာ အပြောကောင်းစွာဖြင့် မြန်မာအ လုပ်သမားများထံမှ ပတ်စပို့စာ အုပ်များ နှင့် စာရွက်စာတမ်းပြောင်းခဟုဆိုကာ တစ်ဦးလျှင် ဘတ်ငွေနှစ်ထောင် တောင်းယူလိမ်လည်ပြီးနောက်အလုပ်ရှာမပေးသည့်အပြင်စာအုပ်ပြန်လိုချင်ပါက ငွေဖြင့်ပြန်လည်ရွေးယူရ မည်ဟု မြန်မာလုပ်သားများပေါ်လိမ်လည်နေသူကို မဟာချိုင် နယ်မြေအတွင်းပူး ပေါင်းဖမ်းမိခဲ့ခြင်းဖြစ်ဟု မြန်မာသံရုံးအလုပ်သမားကူညီစောက်ရှောက်ရေးကော်မတီAACမှ ကိုရဲမင်းကမေ၁၃ ရက်တွင် ပြောကြားသည်။
''မျိုးချစ်စိတ်ရှိသူမဟာချိုင်မှလူငယ်များနဲ့AACတို့ ပူးပေါင်းဖမ်းဆီးနိင်ခဲ့တာပါ။ ပတ်စ်ပို့ကမြန်မာ လုပ်သားတွေ ရဲ့ဒုတိယ အသက်ပါ" ဟု AAC မှကိုရဲမင်းကဆိုသည်။


အဆိုပါပွဲစားမှာ အယုံလွယ်သူမြန်မာနိုင်ငံသားများအား လိမ်လည်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ၄င်းထံတွင်အလိမ်ခံရသည့် မြန်မာအလုပ်သမတစ်ဦး ၏အကူညီတောင်းခံချက်ကြောင့် ထိုသို့ပူးပေါင်းဖမ်း ဆီးနိုင်ခဲ့ခြင်း ဖြစ် ကြောင်း ကိုရဲမင်းကဆက်လက်ဆိုသည်။

"မြန်မာအလုပ်သမား ၄၀ ကျော်ရဲ့ စာအုပ်တွေကိုအလုပ်ရှာပေးမည်ဆိုပြီး ယူသွားပြီးတဲ့နောက်နည်း အမျိုးမျိုးနဲ့ချိန်းဆိုဘဏ်ကငွေထည့်ခိုင်းစသည်ဖြင့် ငွေညှစ်ခဲ့လိမ်ခဲ့တာ တစ်နှစ်ကျော်ပြီလို့ ရဲစခန်းတွင်ဖြောင့် ချက်ပေး ဝန်ခံခဲ့တယ်။ ကျွန်တော်တို့ AAC အဖွဲ့ကတော့ အလိမ်ခံရသူ ၄၀ ကျော်ထပ်ပိုများနိင်တယ်လို့ သုံးသပ်ပါတယ်" ဟုကိုရဲမင်းကဆိုသည်။


၎င်းလုလိမ်ပွဲစားသည် အသက်၃၀ အရွယ်ရှိ မင်းအောင်ကို ဆိုသူဖြစ်ပြီး မွန်ပြည်နယ် ချောင်းဆုံမြို့ နယ်ဇာတိဖြစ်ကာ ထိုင်းစကားကျွမ်းကျင်စွာပြောတတ်သည့်တိုင်းရင်းသား တစ်ဦးဖြစ်ကြောင်း ယင်းသည် အလိမ်ခံရသူများထံမှ ငွေပေးငွေယူကိစ္စများကို ထိုင်းဆိုင်ကယ်တက္ကစီသမားများကိုအသုံးချခြင်းဖြစ်ဖြင့် လည်းကောင်း ၊ ဘဏ်အကောင့်များ ကိုလည်းအသုံးချဖြင့်လည်းကောင်းလိမ်လည်နေခြင်းဖြစ်ဟု စစ်ချက်များအရသိရပြီး ၄င်းကိုဖမ်းမိရာတွင်ယင်းနှင့်အတူ လာမရွေးနိင်သည့် အလုပ်သမားများ၏ ခရမ်းရောင်ပတ်စပို့ စာအုပ် ၄ အုပ်၊ ပန်းရောင်ဘတ် ၄ ခုကိုသိမ်းဆည်းနိင်ခဲ့ပြီး ပိုင်ရှင်များAAC အဖွဲ့ထံ ဆက်သွယ်တောင်းယူကြောင်းAAC က ဆိုသည်။

ဓာတ်ပုံ-AAC
ဖြိုးဝေအောင်
china.com Myanmar
https://www.facebook.com/china.com.mm/

(စစ်ဘေးအတွင်းမှ ထွက်ပြေးတိမ်းရှောင်လာသော ရခိုင်မျိုးနွယ်စုဝင်များကို တွေ့ရစဉ်။)
နိရဉ္စရာ၊ မေ ၁၃

ကျောက်တော်မြို့နယ် အတွင်းရှိ ဒုက္ခသည်များ စွန့်ခွာလာခဲ့ရသော ကျေးရွာများရှိ အိမ်များကို ဖောက်ထွင်းမှုများ ရှိနေကြောင်း ဒုက္ခသည်များက နိရဉ္စရာသို့ သတင်းပို့ ပြောကြားသည်။

“ အခု ကျွန်တော်တို့ရဲ့ ရွာတွေမှာ လူတွေ မရှိတော့တဲ့ နောက်ပိုင်း အိမ်တွေကို ဖောက်ထွင်းပြီး အိမ်ထဲမှာ ရှိတဲ့ ဆန်တွေ၊ စပါးတွေ၊ ပုဆိုး၊ စောင်နဲ့ အိမ်သုံး ပစ္စည်းတွေကို ဖောက်ထွင်းပြီး ယူဆောင်နေကြတယ်လို့ သတင်းရပါတယ်” ဟု ငစရိုင်းကိုင်း ကျေးရွာသို့ ရောက်ရှိနေသူ ဦးလှမောင်သိန်းက ပြောသည်။

ဦးလှမောင်သိန်းတို့ စွန့်ခွာလာခဲ့ရသော ကျောက်ဆည်တောင်အပါအ၀င် ဒပြူချောင်း၊ ကင်ပိ၊ မီးချောင်းခုတ် စသည့် ကျေးရွာများတွင် ထိုသို့ ဖောက်ထွင်း ယူဆောင်မှုများ ရှိနေသည်ဟု သိရသည်။

“ ကျွန်တော်တို့ ဒီမှာ သတင်းဖြစ်နေတာက အနီးအနားမှာ ရှိတဲ့ တပ်က ယူခိုင်းတယ်ဆိုပြီး သတင်း ဖြစ်နေပါတယ်။ ကျွန်တော်တို့ကတော့ ဒီလို မယုံကြည်ပါဘူး။ သူတို့ ဖောက်ထွင်း ယူဆောင်တာကို အကာအကွယ် လုပ်ချင်တဲ့ အတွက် တပ်နာမည်ကို အသုံးပြု လုပ်နေတာလို့ ယူဆပါတယ်။ ဒါကြောင့် သက်ဆိုင်ရာက ဒီလို ဖောက်ထွင်း ယူဆောင်သူတွေကို အမြန်ဆုံး အရေးယူပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ဦးလှမောင်သိန်းက ဆိုသည်။

စစ်ပွဲများကို ကြောက်ပြီး စစ်မြေပြင် အတွင်းရှိ ကျေးရွာများတွင် နေထိုင်သူ အများစုမှာ ရပ်ရွာများကို စွန့်ခွာ ထွက်ပြေးလာကြသော်လည်း ရွာတစ်ရွာတွင် မိသားစု တစ်စု (သို့မဟုတ်) သုံးလေးစု ကျန်နေခဲ့ကြောင်း၊ ထိုကျန်နေခဲ့သူများက တစ်ခြား လူမရှိသော အိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများကို ယူဆောင်နေခြင်း ဖြစ်ကြောင်း မီးကျောင်းခုတ် ရွာသား တစ်ဦးက ပြောဆိုသည်။

ကျေးရွာသား အများစုသည် မိုးတွင်းတွင် စားသုံးရန် အတွက် စုဆောင်းထားသော ဆန်စပါးများကို သာမက အိမ်၌ တစ်ပိုင် တစ်နိုင် မွေးမြူထားသော ကျွဲ၊နွား၊ ၀က်၊ ကြက်၊ ဆိတ်စသည့် အိမ်မွေးတိရစ္ဆာန်များ၊ စောင်၊ ခြင်ထောင်၊ ပုဆိုး၊ အိုးခွက် ပန်းကန်ခွက်ယောက်များကို မယူနိုင်ဘဲ အိမ်တွင် ပစ်ထားခဲ့ရသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara


နိရဉ္စရာ၊ မေလ ၂၂

ရခိုင်ပြည်နယ် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးမှ ယနေ့ မေလ ၁၃ ရက်နေ့တွင် လုံခြုံရေး အထူးသတိထားရန် ဌာနဆိုင်ရာ အသီးသီးသို့ ညွှန်ကြားစာ ထုတ်ပြန်လိုက်သည်။

ညွှန်ကြားစာထဲတွင် မောင်တောခရိုင်အတွင်း ယခင် အတိတ်ကာလ များတွင် မေလ (၁၃) ရက်နေ့တွင် ထူးခြားသော ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် အတွက် ယခင်အတိတ်ကာလများကဲ့သို့ ၎င်းနေ့တွင် မဖြစ်ပေါ်စေရေး အတွက် မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ လုံခြုံရေး အထူးသတိထားရန်ဟု ပါရှိသည်။

၎င်းပြင် ရုံးဌာန၊ အဆောက်အဦးများ၌ နေ့/ည ဂျူတီ တာဝန်ချပြီး လုံခြုံရေး အထူးသတိပြုဆောင်ရွက်ကြရန်နှင့် ထူးခြားမှု တစ်စုံတစ်ရာ တွေ့ရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန် ညွှန်ကြားထားသည်။

Narinjara
https://www.facebook.com/Narinjara

(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
ပြည်ထောင်စုအစိုးရ၏ ဝန်ကြီးဌာန ၃ခုမှ အကောင်အထည်ဖော်မည့် လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း၂၀၀ ချေးယူခွင့်ပြုရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီး ချေးယူခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီးများက လွှတ်တော်သို့ မေလ ၁၃ရက်တွင် ရှင်းပြမည်ဖြစ်သည်။

အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၂၀၀အား ချေးယူခွင့်ပြုရန် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက မေလ ၁၃ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြမည်ဖြစ်သည်။

မေလ ၁၃ရက် အစည်းအဝေးအစီအစဉ်လျာထားချက်အရ ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ ၂၀၀အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ချေးယူမည်ဟု ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာ ၂၀၀အား ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ လမ်းဦးစီးဌာနမှ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် လမ်းများအဖြစ် ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁၀၅သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသလမ်းများ ဆောင်ရွက်ရန် ကန်ဒေါ်လာ သန်းပေါင်း ၇၀နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေတိုက်ဦးစီးဌာနမှ အရေးပေါ် တုံ့ပြန်မှုချေးငွေအဖြစ် လျာထားဆောင်ရွက်ရန် ကန်ဒေါ်လာ သန်းပေါင်း ၁၅သန်းကို အသီးသီး ချေးယူကြမည် ဖြစ်သည်။

မင်းမင်း
Mizzima - News in Burmese

myanmar-veneer-workers-620.jpg စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို ချီတက်လာတဲ့ Myanmar Veneer အလုပ်သမား သပိတ်စစ်ကြောင်းကို မေလ ၂ ရက်နေ့က တွေ့ရစဉ်

စစ်ကိုင်းက Myanmar Veneer သစ်ပါးလွှာစက်ရုံအလုပ်သမားတွေက သူတို့တောင်းဆိုချက်တွေ မရတဲ့အတွက် ဒီနေ့မနက်မှာ ဝမ်းတွင်းမြို့ကနေ နေပြည်တော်ကို ဆက်ပြီး သပိတ်မှောက် ချီတက်နေကြပါတယ်။

သူတို့တောင်းဆိုချက်တွေကို အပြည့်အဝ ဆောင်ရွက်ပေးတာမရှိဘဲ အလုပ်သမား ၅၆ ယောက်ကို ဝေးလံတဲ့နေ ရာတွေက စက်ရုံတွေမှာ အလုပ်သစ်ရဖို့အတွက်ပဲ ဆောင်ရွက်ပေးတဲ့အတွက် အခုလို ဆက်ပြီးချီတက်ဖို့ ဆုံးဖြတ်ကြတာလို့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုခိုင်မင်း က ပြောပါတယ်။

"ကျနော်တို့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက်ကြောင့် အခုလိုလမ်းလျှောက်ချီတက်လာရခြင်းဖြစ်တယ်၊ သူတို့လာရောက်ပြောကြားတာတွေဟာ တောင်းဆိုချက်တွေကို စီစဉ်ဆောင်ရွက်ပေးထားတာတွေလည်း တလွဲစီဖြစ်နေတာပေါ့နော်၊ အဲ့လိုမျိုးတောင်းဆိုချက်တွေကို သူတို့ဘက် ကနေ ဖြေရှင်းပေးတာမျိုး မလုပ်ပေးဘူးဆိုရင်တော့ ကျနော်တို့ ရည်ရွယ်ချက်အတိုင်းပဲ နိုင်ငံတော်သမ္မတကြီးဆီ တင်ပြဖို့အတွက် ဆက်ပြီးတော့ချီတက်မှာပါပဲ"

အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းကတော့ သူတို့အစိုးရပိုင်းအနေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးခွင့်သာရှိသလို၊ အလုပ်သမားတွေတောင်းဆိုတဲ့ သမဂ္ဂဝင်တွေကိုဖြိုခွဲလို့ အရေးယူဖို့ဆိုတာကိုတော့ အချိန်ယူပြီး စုံစမ်းစစ်ဆေးရဦးမယ်လို့ ပြောပါတယ်။

စက်ရုံကြီးကြပ်ရေးမှူးတစ်ဦးဖြစ်တဲ့ မစ္စတာရှန် ဆိုသူကတော့ သူအိန္ဒိယနိုင်ငံကိုပြန်သွားတာ တစ်လခွဲလောက်ရှိပြီး ဒီနေ့မှရန်ကုန်ကို ပြန်ရောက်တဲ့အတွက် ဒီပြဿနာနဲ့ ပတ်သက်လို့ တစုံတရာပြောဆိုဖို့မရှိသလို၊ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာမယ်လို့ အရင်ကတည်းက ဆုံးဖြတ်ထားတဲ့အတွက် အဲဒီဆုံးဖြတ်ချက်အတိုင်း သာ ဆောင်ရွက်ဖို့ရှိတယ်လို့ RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံ အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးခုံသမာဓိကောင်စီကတော့ အလုပ်ထုတ်ခံရတဲ့ သူတွေကို လျော်ကြေးပေးဖို့သာ မေလ ၃ ရက်နေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုခိုင်မင်း၊ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းနဲ့ စက်ရုံအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစ္စတာရှန်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

ရန်ကုန်မြို့ ညမြင်ကွင်း။
ရန်ကုန်မြို့ ညမြင်ကွင်း။

ရန်ကုန်တိုင်း အတွင်းက ညဉ့်နက်သန်းခေါင်ကျော် အထိ ဖွင့်လှစ်တဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေကို ကန့်သတ်ဖို့ ညွှန်ကြားချက် မရှိသေးတဲ့ အကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြောဆိုပါတယ်။ ရန်ကုန် အစိုးရအနေနဲ့ အသေးစိတ် ညွှန်ကြားမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ရန်ကုန်မြို့မှာ ညဥ့်နက်ချိန်အထိ ဖွင့်လှစ် လုပ်ကိုင်နေကြတဲ့ Night Club တွေ၊ ကာရာအိုကေ စင်တင် တေးဂီတတွေ၊ အရက်ဆိုင်တွေ အပါအ၀င် ဖျော်ဖြေရေး လုပ်ငန်းတွေကို ည ၁၁ နာရီမှာ ပိတ်သိမ်းရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပြီးနောက်တနေ့ မှာဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရက တရားဝင် အသေးစိတ် ညွှန်ကြားထားတာ မရှိသေးဘူးလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက အခုလို ပြောပါတယ်။

" အရက် လိုင်စင်တွေ ဖမ်းတယ် ဆီးတယ်ဆိုတဲ့ဟာတွေလည်း ကြားနေရပါတယ်။ ဒါနဲ့ပတ်သက်လို့ မေးတဲ့အခါမှာလည်း ကျနော်တို့ အစိုးရအဖွဲ့ဘက်က ဘာမှ ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒီအမိန့်တွေသည် တကယ်တမ်း ထုတ်ပြန်ရမယ်ဆို ကျနော်တို့ အစိုးရအဖွဲ့ကနေပဲ ထုတ်ပြန်ရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ ကနေ ဝန်ကြီးချုပ်ကနေ အစည်းအဝေး လုပ်မယ်။ လုပ်ပြီးတော့မှ ကဲ ဒီအခြေအနေကတော့ ဒို့ဘာလုပ်သင့်တယ်။ ဒါကြောင့်မို့လို့ ဒီလိုလုပ်မယ် စသဖြင့် ဒီလိုပဲ ကျနော်တို့ အချင်းချင်း ဆုံးဖြတ်ပြီးမှ ဒီအမိန့်တွေကို ထုတ်တာဖြစ်ပါတယ်။ ကျနော်တို့ အမိန့်သည် One Command တခုပဲ ရှိရပါမယ်။

တရားဥပဒေကို ကျင့်သုံးဆောင်ရွက်တာမှာ မညီမျှမှုတွေ မရှိစေရအောင် အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေ အနေနဲ့ တိုင်းဒေသကြီး အစိုးရက တရားဝင် အသေးစိတ် ညွှန်ကြားချက် အတိုင်းသာ လုပ်ဆောင်ကြဖို့လည်း ရန်ကုန်တိုင်း နယ်လုံဝန်ကြီးက အစိုးရ အဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အသေးစိတ် ညွှန်ကြားချက်တွေ ထုတ်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

"ပြည်သူများ နားလည်မှုရှိပြီး ပူးပေါင်းပါဝင်ကြခြင်းဖြင့် ကျနော်တို့ နိုင်ငံရဲ့ အပြောင်းအလဲကို ကျနော်တို့ သယ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဒီသယ်ဆောင်တဲ့နေရာမှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ညွှန်ကြားချက်တွေ ရှိနိုင်ပါတယ်။ ဒီအမိန့်ညွှန်ကြားချက်တွေကို ဆောင်ရွက် အကောင်အထည်ဖော် တဲ့နေရာမှာ ကျနော် တခုပြောလိုပါတယ်။ ဥပမာ ကျနော်တို့က ကျနော်တို့ မြို့နယ်အတွင်းမှာ ရှိတဲ့ အနှိပ်ခန်းတွေ ကာရာအိုကေတွေ ဒီဥစ္စာတွေကို အရေးယူဆောင်ရွက်မယ်ဆိုရင် ကျနော်တို့က လူတွေကို ဖမ်းချင်တာမဟုတ်ပါဘူး။ ကျနော်တို့က အကြောက်တရားအောက်ထည့်ဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။ ဒီလုပ်ငန်းတွေကို လုပ်တဲ့နေရာမှာ ဒါတွေဟာ ငါတို့ မလုပ်သင့်တော့ဘူးလို့ ကျနော်တို့က စပြီး အသိပေးမှာဖြစ်ပါတယ်။ အသိပေးလို့မှ မလိုက်နာဘူးဆိုရင် ကျနော်တို့က အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရအဖွဲ့ရုံးကနေ တိတိကျကျ ကျနော်တို့ ပုံစံချပေးမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကျနော်တို့ ခြောက်မယ်၊ ဟောက်မယ်။ ပြီးရင် ပိုက်ဆံယူမယ်ဆိုတဲ့အမိန့်ဥပဒေကို ထုတ်တာ မဟုတ်ပါဘူး။ ဒီအမိန့်ဥပဒေတွေဟာ ပြည်သူလူထုက ကိုယ့်အသိတရားနဲ့ လိုက်နာဖို့ဖြစ်ပါတယ်။ ဥပဒေဆိုတာ ပြည်သူက ကိုယ့်အသိနဲ့ကိုယ် လိုက်နာဖို့ ကျနော်တို့ ဒီအခြေအနေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

ရန်ကုန်မြို့မှာ ညပိုင်း ဖွင့်လှစ်တဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေကို ပိတ်သိမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ဒီလုပ်ငန်းတွေမှာ အလုပ် လုပ်ကိုင်နေကြသူတွေ၊ လုပ်ငန်းပိုင်ရှင်တွေနဲ့ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပြီး နောက်တနေ့ ကြာသပတေးနေ့မှာဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတင်းစာ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

အခု ညဥ့်နက်သန်းခေါင် ဖွင့်လှစ် လုပ်ဆောင်နေတဲ့ တချို့ ဖျော်ဖြေရေး လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေဟာ ည ၁၁ နာရီမှာ ပိတ်သိမ်းရမယ်ဆိုတဲ့ စည်းကမ်းချက် အရင်ကတည်းက ရှိနေပြီး တချို့ကတော့ ဒီစည်းကမ်း ဥပဒေ ကန့်သတ်ချက်ကို ကျော်လွန် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ တရားဥပဒေ စိုးမိုးရေး အရေး အရေးကြီးတယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ထပ်လောင်း ပြောဆိုသွားပါတယ်။

မသိင်္ဂီထိုက်
VOA Burmese News


မြန်မာတနိုင်ငံလုံးအတိုင်းအတာအရ စစ်ဘေးကြောင့် တိမ်းရှောင်နေရသူဒုက္ခသည် သုံးသိန်းခန့်ရှိသည်ဟု ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တောင်သူလယ်သမားဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက မေလ ၁၁ ရက်တွင် News Watch သို့ ပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည် အများစုမှာ ကချင်ပြည်နယ်တွင် တည်ရှိပြီး ၂၀၁၅ ခုနှစ် ကောက်ယူထားသော စစ်တမ်းအရ ကချင်ပြည်နယ်၌ စစ်ဘေးရှောင်ဒုက္ခသည် တသိန်းကျော်ရှိကြောင်း၊ ယခုအခါတိုက်ပွဲ များဆက်လက်ဖြစ်ပွားလာသဖြင့် စစ်ဘေးရှောင်များတိုးလာပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြောရမည် ဆိုပါက စစ်ဘေးရှောင်လူဦးရေ သုံးသိန်းခန့်ရှိသည်ဟုထင်ကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

''စစ်ဘေးရှောင်ဒုက္ခသည်အများစုက ကချင်ပြည်နယ်မှာရှိပြီး ၀ိုင်းမော်မြို့နယ်ဘက်ခြမ်းက အများဆုံးဖြစ်တယ်။ ကျွန်မတို့ မြစ်ကြီးနားမြို့နယ်မှာတောင် ငါးသောင်းကျော်ရှိတယ်။ အရင်စစ်တမ်းကောက်ချက်အရ ကချင်ပြည် နယ်မှာ စစ်ဘေးရှောင်သူ တသိန်းကျော်ရှိတယ်။ အခုက ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ရခိုင်တွေဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ များလာတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြောရမယ်ဆိုရင်တော့ စစ်ဘေးရှောင် နေထိုင်သူ သုံးသိန်းခန့်လောက်ရှိမယ်လို့ ထင်တယ်''ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင်အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့စစ်ပွဲများဖြစ်ပွားသောကြောင့် စစ်ဘေး ရှောင် ဒုက္ခသည် ၁,၇၀၀ ကျော်ရှိကြောင်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌဦးတင်ထူးအောင်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်တွင်လည်း စစ်ဘေးကြောင့် တိမ်းရှောင် နေရသူဒုက္ခ သည် ၅,၀၀၀ ကျော်ခန့်ရှိကြောင်း ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးသူ ကိုသားဇော်က ပြောသည်။

မေလ ၈ ရက်မှစတင်ကာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် KIO နှင့် မြန်မာ့တပ်မတော်တို့ ၄ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဖက် ဒဏ်ရာရရှိမှုများရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက မေလ ၁၁ ရက် တွင် News Watch သို့ ပြောသည်။

နောင်လေး
Photo-မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေး နယ်စပ်လမ်း။
ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေး နယ်စပ်လမ်း။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံ ၆ ခု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကျခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဘက်က စွပ်စွဲလိုက်ပါတယ်။ ဒီဖြစ်ရပ် နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့်ရှ်ဘက်က တယ်လီဖုန်းနဲ့ ကန့်ကွက်တာကို ကြားပေမယ့်၊ ဒီဖြစ်ရပ် အပေါ်မှာတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ မြန်မာနယ်ခြားစောင့်တပ်ဘက်က တုန့်ပြန် လိုက်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ဘန်ဒါဘန်ဒေသမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်တွေကို ပစ်မှတ်ထားပြီးတော့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဘက်က မော်တာ ကျည်ဆံ ၆ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဘက်က ဒီကနေ့ စွပ်စွဲလိုက်တာပါ။ ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့်၊ ဆန်ဂူ သစ်တောကြိုးဝိုင်းအတွင်းက ရဟတ်ယာဉ်ဆင်းသက်တဲ့ ကွင်း ပျက်စီး သွားတယ် လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အမှတ် ၅၇ ရဲ့ ဒုဗိုလ်မှူးကြီး Reza ကို ကိုးကားပြီး ဘင်္ဂလားဒေ့်ရှ် မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေကို ဗွီအိုအေက ဆက်သွယ်မေးမြန်းကြည့်ထားပါတယ်။

ကိုရန်နိုင်။ ။ အခုပဲ သတင်းမှာ တွေ့လိုက်လို့ ။ ဘင်္ဂလားဒေ့ရှ် ဘက်ကနေပြီးတော့ မြန်မာနယ်ခြားစောင့်တပ်ကို စွပ်စွဲတယ်။ မြန်မာ နယ်ခြားစောင့်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆံ ခြောက်လုံး သူတို့ဘက်ကို ကျတယ်ဆိုပြီးတော့ စွပ်စွဲပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ ဘာများပြောနိုင်ပါလဲခင်ဗျ။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ။ ။ ကျနော်ကတော့ မသိဘူးခင်ဗျ။ ကန့်ကွက်တယ်ဆိုတဲ့သတင်းတော့ ကြားတယ်ခင်ဗျ။ ကျနော်က အခုလောလောဆည် စစ်တွေဘက်ကို ရောက်နေလို့ပါ။ လူကြီးနဲ့ လာတွေ့နေလို့လေ။ အဲ့တာကြောင့် အခြေအနေ အသေးစိတ်တော့ ကျနော် မသိပါဘူးခင်ဗျ။

ကိုရန်နိုင်။ ။ ကန့်ကွက်တယ်ဆိုတဲ့သတင်းတော့ ကြားတယ်ပေါ့နော်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့ပါ။

ကိုရန်နိုင်။ ။ ဒီဥစ္စာ ဖြစ်တယ်။ မဖြစ်ဘူးဆိုတာကိုရော ပြောနိုင်မလား။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ ။ ။ အဲ့တာတော့ မပြောနိုင်သေးဘူးခင်ဗျ။ ဟိုရောက်မှ မြေပြင်ရောက်မှ စုံစမ်းကြည့်ရမှာပေါ့။

ကိုရန်နိုင်။ ။ ဒီကန့်ကွက်စာကရော ရဲမှူးတို့ဆီ ရောက်ပါပြီလားခင်ဗျ။ ဘယ်လိုများ သိထားပါလဲ။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ ။ ။ ရောက်တာတော့ မကြားသေးဘူးခင်ဗျ။ ဖုန်းနဲ့ပဲ စကားပြန်ကတဆင့် လှမ်းပြီး တော့ ပြောတယ်ပဲ ကြားပါတယ်ခင်ဗျ။ စာတွေ ဘာတွေ ပို့တာတော့ မသိသေးပါဘူးခင်ဗျ။

ကိုရန်နိုင်။ ။ ကျနော် နောက်တခုသိချင်တာက နယ်စပ်အခြေအနေကရော အခုလောလောဆည်မှာ ဘယ်လိုအခြေအနေရှိပါလဲခင်ဗျ။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ ။ ။ နယ်စပ်ကတော့ ကျနော်တို့ နယ်ခြားစောင့်တပ် အချင်းချင်းကြားမှာတော့ အေးအေးချမ်းချမ်းပါပဲခင်ဗျ။ အဲ့ဒီ့ဟိုဘက် အိန္ဒိယနယ်စပ်နဲ့ ဘင်္ဂလားနယ်စပ် ကျနော်တို့ သုံးမှတ်ဆုံတဲ့နေရာ အဲ့ဒီ့ဘက်ခြမ်းက နည်းနည်းတော့ တိုက်ပွဲလေးတွေ AA နဲ့ တပ်မတော်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့အသံလေးတွေတော့ ကြားပါတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ AA နဲ့ တပ်မတော်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့ အသံလေးတွေတော့ ကြားပါတယ် ဆိုတော့ အခုရက်ပိုင်းပါလားခင်ဗျ။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ ။ ။ ပြီးခဲ့တဲ့ တပတ်အတွင်း ဖြစ်တယ်လို့တော့ ကြားပါတယ်ခင်ဗျ။ ဒါပေမဲ့လို့ ဘယ်မှာဖြစ်လဲ ။ ဘယ်လောက်ဖြစ်လဲတော့ မသိပါဘူးခင်ဗျ။

ဘင်္ဂလားဒေ့်ရှ်ဘက်ကတော့ ဒီကိစ္စကို တရားဝင်ကန့်ကွက်ဖို့အတွက် ပြင် ဆင်နေပြီး၊ မြန်မာနယ်ခြားစောင့်တပ်ဖက်ကို ပေးပို့သွားမယ်လို့တော့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့်ရှ်ဘက်ကတော့ နယ်ခြားစောင့် တပ်တွေ နောက်ထပ်စေ လွှတ်ပြီ လုံခြုံရေးကို အားဖြည့်ထားတယ်လို့ ဆိုပြီး၊ ဒေသခံတွေအဆိုအရတော့ ၂ နိုင်ငံ နယ်စပ်မှာ တင်းမာမှုတွေ တိုးလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဖော်ပြနေကြပါတယ်။

VOA Burmese News

ဒီမိုကရေစီနိုင်ငံတခု၏ အနှစ်သာရမှာ ထိုနိုင်ငံကို အစိုးရတရပ်က အုပ်ချုပ်ခြင်းထက် တရားဥပဒေက အုပ်ချုပ် သည့် အသွင်သဏ္ဍာန်ကို ဖော်ဆောင်နိုင်ခြင်းပင်ဖြစ်သည် ။ နိုင်ငံတခုအေးချမ်းသာယာရေးအတွက် တရားဥပဒေ စိုးမိုးမှု လိုအပ်သည် ။ နိုင်ငံသားတို့၏ ဘ၀လုံခြုံမှုရှိစေရန် တရားဥပဒေစိုးမိုးမှုလိုအပ်သည် ။ နိုင်ငံသားတို့၏ ဘ၀အခြေမြင့်မားတိုး တက်နိုင်စေရန် တရားဥပဒေစိုးမိုးမှုလိုအပ်သည် ။

တရားဥပဒေစိုးမိုးမှုကိုတည်ဆောက်ရန်မှာ နိုင်ငံတော်အကြီးအကဲအထွတ်အထိပ်ပုဂ္ဂိုလ် အပါအ၀င်ဖြစ်သော နိုင်ငံ သားအားလုံးတို့သည် တရားဥပဒေအောက်တွင် တပြေးညီ တန်းတူညီမျှရှိကြရန်လိုသည် ။ ထိုတရားဥပဒေသည် မည်သည့် လူပုဂ္ဂိုလ်တဦးတယောက်ကိုမျှ ချွင်းချက်မပြုသော တရားဥပဒေဖြစ်ရန်လိုသည် ။ မည်သူတဦးတယောက်ကိုမျှ ၊ တစုတဖွဲ့ ကိုမျှ ထိခိုက်နစ်နာစေရန် ဖိနှိပ်ချုပ်ချယ်ရန်ရည်ရွယ်ချက်ဖြင့် တဖက်စောင်းနင်း သတ်မှတ်ပြဌာန်းထားသော တရားဥပဒေ များဖြစ်ရန်လိုသည် ။ ထိုတရားဥပဒေများသည် အခြေခံလူ့အခွင့်အရေးများကို အပြည့်အ၀ အာမခံချက်ပေးသော ဥပဒေ ကောင်း ဥပဒေမှန်များဖြစ်ရန်လိုအပ်သည် ။

တရားဥပဒေစိုးမိုးမှုကိုတည်ဆောက်ရာတွင် တရားဥပဒေစိုးမိုးရေးတွင် တာဝန်ရှိသည့် ဥပဒေပြုလွှတ်တော် ၊ တရားဥပဒေများကိုစွဲကိုင်ဆောင်ရွက်ရသော အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ မှန်ကန် ဖြောင့်မတ်ရန် ၊ အဂတိလိုက်စားမှုမရှိရန် ၊ လွတ်လပ်ရေးကြေညာစာတမ်း နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာ တမ်းတို့ကို ကောင်းစွာလိုက်နာကြရန်လိုသည် ။

တရားဥပဒေစိုးမိုးရေးအတွက် အဓိကနှင့် အရေးအကြီးဆုံး လိုအပ်ချက် သည်ကား မတရားသော ဥပဒေများကို မပြဌာန်းမကျင့်သုံးရေး ၊ မတရားဥပဒေများ မပြဌာန်း မတည်မြဲစေရေးပင်ဖြစ်သည် ။ အာဏာရှင်အစိုးရတို့သည် ၎င်းတို့အာဏာ တည်မြဲရေးအတွက် ဥပဒေကဲ့သို့အာဏာတည်စေသောအမိန့်ဆိုသည်တို့ကို ဖောဖောသီသီ ထုတ်ပြန် ကာ ပြည်သူကိုကန့်သတ်ပိတ်ပင်ခဲ့သည် ။ ထိုအမိန့်အာဏာတို့ကို ဥပဒေအဖြစ် အသုံးချကာ နိုင်ငံသားတို့ကို ဖိနှိပ်ချုပ်ချယ်ခဲ့သည် ။ စင်စစ်တွင် ထိုအမိန့်ဥပဒေတို့သည် ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော ဥပဒေများမဟုတ် ၊ နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ပြဌာန်းခဲ့သော ဥပဒေများလည်း မဟုတ် ၊ နိုင်ငံတော် အမည်ဆိုင်းဘုတ်တပ်၍ အာဏာရှင်တို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အလို့ငှာသာ ထုတ်ပြန် ပြဌာန်းခဲ့သော မတရားဥပဒေများသာဖြစ်ပါ၏ ။ ထိုသို့မတရားဥပဒေများစိုးမိုးနေခဲ့သော ခေတ်ဆိုးခေတ်ပျက်တ ခုတွင် ပြည်သူလူထုအပေါ်၌ ဘေးဆိုးရန်ဆိုး အန္တရာယ်ဆိုးတို့ကျရောက်ခဲ့ရသည် ။ မတရားပြစ်ဒဏ်များကို ခံစားခဲ့ကြရ သည် ။ ပြည်သူကိုနှိပ်ကွပ်ရန် ထုတ်ပြန်ပြဌာန်းခဲ့သော အာဏာရှင်လက်စွဲလက်သုံး လက်ကိုင်တုတ် အမိန့် ဥပဒေများစွာ ထဲတွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ဆိုသည် လည်း အပါအ၀င်ဖြစ်ပါသည် ။

၁၉၆၂ခုနှစ်တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် တော်လှန်ရေးကောင်စီတဖြစ်လဲ မြန်မာဆိုရှယ်လစ်လမ်း စဉ်ပါတီအစိုးရသည် ၁၉၇၅ ခုနှစ်တွင် ဥပဒေတရပ်ကို ပြဌာန်းခဲ့ပါသည် ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် လုံခြုံရေးကိုဖြစ်စေ ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးမည့်အန္တရာယ်မှ ကြိုတင်ကာကွယ် နိုင်ရန်လည်းကောင်း ၊ နိုင်ငံသားတို့၏ မူလအခွင့် အရေးများကို မထိခိုက်စေဘဲ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်လည်းကောင်း ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကိုပြဌာန်း လိုက်သည်ဟု ထိုဥပဒေ၏ နိဒါန်းတွင် ဖော်ပြပါရှိပါသော်ငြား အမှန်စင်စစ်မူ မဆလပါတီ အာဏာရှင်တို့၏ အကျိုးကို ကာကွယ်ရန် လိုအပ်ပါက နိုင်ငံတော်၏ ဒေသ တခုခု၌ဖြစ်စေ ၊ ဒေသအချို့တွင်ဖြစ်စေ ၊ နိုင်ငံတော် တ၀န်းလုံး ၌ဖြစ်စေ ၊ အရေးပေါ်အခြေအနေကြေညာနိုင်ရန် အ တွက်လည်းကောင်း ၊ နိုင်ငံသား များ၏ မူလအခွင့်အရေး တရပ်ရပ်ကို ဖြစ်စေ ၊ အခွင့်အရေးများအားလုံးကိုဖြစ်စေ လိုသလို ကန့်သတ်ဟန့်တားပိတ်ပင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြဌာန်းခဲ့သော ဥပဒေတရပ် ဖြစ်ပါသည် ။

တော်လှန်ရေးကောင်စီကို အသွင်ပြောင်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင် ခဲ့ပြီး တပါတီအာဏာရှင်စနစ်ဖြင့် အုပ်စိုးမင်းမူခဲ့ကြသော စစ်အာဏာရှင် အသွင်ပြောင်းအစိုးရသည် နိုင်ငံတော်တွင် အမြစ် တွယ်နေပြီးဖြစ်သော ဒီမိုကရေစီစနစ်ကို နင်းခြေဖျက်စီးပစ်ခဲ့သည် ။ နိုင်ငံရေးပါတီများကို ဖျက်သိမ်းစေခဲ့သည် ။ နိုင်ငံရေးပါ တီခေါင်းဆောင်များ ၊ ထင်ရှားသောနိုင်ငံရေးသမားများကို ဖမ်းဆီးထောင်ချခဲ့သည် ။ မဆလပါတီအစိုးရအား ဝေဖန် ပြောဆိုမည့် အတိုက်အခံပြုမည့် လူပုဂ္ဂိုလ်တစုံတယောက် တစုတဖွဲ့မျှ ပေါ်ပေါက်မလာနိုင်စေရန် အာဏာကုန်သုံး၍ ဟန့် တားပိတ်ပင်ကန့်သတ်ချုပ်ချယ်ရန်အတွက် ထိုဥပဒေကို အဓမ္မပြဌာန်းခဲ့ကြခြင်းဖြစ်သည် ။

ထိုဥပဒေတွင် နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို မထိခိုက်စေဘဲ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ဟု ဖော်ပြထားသော်လည်း နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ ဆိုသည်ကို တိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိပါ။ (… လိုသူ ဟူသည်မှာ ပြုသူ မဟုတ်သေးပါ ။ ပြုသူ မဟုတ်သေးလျှင် ဥပဒေသဘောအရ အပြစ်မရှိဟုယူဆရပါသည်)။ တပါတီ အာဏာရှင်စနစ်၏အားနည်းချက်များကို၊ မတော်မတရားမှုများ ကို ဝေဖန်ထောက်ပြကြသူများ ၊ စစ်အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကြသော ကျောင်းသားကျောင်းသူ ပြည်သူများ ၊ နိုင်ငံ တော်အကျိုးအတွက် ရည်မျှော်၍ ဆောင်ရွက်ကြပြောဆိုကြသော နိုင်ငံရေးသမားများ ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ၊ အနုပညာရှင်များ၊စာပေပညာရှင်များသည် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများဟုအမည်တပ် ခြင်းခံခဲ့ရပါသည် ။ ဖမ်းဆီးချုပ်နှောင်အပြစ်ပေးခြင်းကိုခံခဲ့ကြရပါသည် ။ သို့ဖြစ်ရာ ဥပဒေတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို မထိခိုက် စေဘဲ ဟု ဖော်ပြထားလင့်ကစား တကယ်တမ်းတွင်မူ နိုင်ငံသားတို့၏မူလအခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ဟော ပြောခွင့် ၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်တို့ကို သုံးစွဲ၍ အာဏာရှင်အစိုးရအား ဝေဖန်သူ ဆန့်ကျင်သူ မှန်သမျှကို နှိပ်ကွပ်ခဲ့သည့် မတရားဥပဒေတရပ်သာ ဖြစ်ခဲ့ပါသည် ။

၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၇ (က)တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေး ၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်း ထားသော ဆိုရှယ်လစ်စနစ်၏ အခြေခံအနှစ်သာရများ ၊ တိုင်းရင်းသားလူမျိုး အချင်းချင်းသွေးစည်းညီညွတ်ရေး ၊ အများပြည်သူတို့၏ ကိုယ်ကျင့်တရား တရပ်ရပ်ကို ထိပါးမည့် အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များကို ကန့်သတ်သည့် ဥပဒေပြဌာန်းနိုင်သည် - ဟုဖော်ပြထားပါသည် ။ ပုဒ်မ ၁၆၇(ခ)တွင် ယင်းသို့ ကန့်သတ်သည့် ဥပဒေတွင် အဖွဲ့ဖြင့်သာ ကန့်သတ်မိန့်ကို ချမှတ်ရမည် ဟူ၍လည်းကောင်း ၊ အမိန့်ကို ပုံမှန်ပြန်လည်သုံးသပ်၍ လိုအပ်သလိုပြင်ဆင်ရမည် ၊နစ်နာသူက အထက်အဖွဲ့အစည်းသို့ အယူခံဝင်နိုင်ရန်ကို လည်း ကောင်း ထည့်သွင်းပြဌာန်းရမည် ဟုအတိအလင်းဖော်ပြထားသည်ကိုလည်းတွေ့မြင်ရသည် ။ ဤဥပဒေ ပုဒ်မ ၁၆၇(ခ)အရ ပြဌာန်းခဲ့သည့် ၁၉၇၅ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်(၃) ပုဒ်မ ၂၁ တွင် ၀န်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ချမှတ်သော ဗဟိုအဖွဲ့၏ ဆက်လက်ဖမ်းဆီးချုပ်နှောင်မိန့် သို့မဟုတ် ဆက်လက်တားဆီးမိန့် အပေါ်ပြည်သူ့တရားသူ ကြီးအဖွဲ့သို့ အယူခံနိုင်သည် ။ ပြည်သူ့တရားသူကြီးအဖွဲ့သည် အမိန့်ကို လိုအပ်သလို ပြင်ဆင်ခြင်း ၊ ပယ်ဖျက်ခြင်း၊ အတည်ပြုခြင်း ပြုလုပ်နိုင်သည် ဟု ပြဌာန်းထားခဲ့သည်ကိုတွေ့ရှိရပါသည် ။

သို့သော် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၁/၉၁ အပိုဒ်(၄)တွင်မူ နိုင်ငံတော် အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၁ ကို ပယ်ဖျက်ရမည် ဟု ပြင်ဆင်ပြဌာန်းခဲ့ပါသည် ။ ထိုပြင်ဆင်ချက်ဥပဒေအရ န၀တ/နအဖ အစိုးရအား ဆန့်ကျင်ဝေဖန်သူ အတိုက်အခံပြုသူ နိုင်ငံရေးသမားတို့မှာ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသည့်အခါ အယူခံဝင်ခွင့်ပင်မရရှိတော့သော အခြေအနေသို့ရောက်ရှိသွားပါတော့သည် ။ အပြစ်မရှိကြောင်း ခုခံချေပခွင့်မရှိသည့်အပြင် အယူခံဝင်ခွင့်ကိုပါ ပိတ်ပင်တားမြစ်လိုက်သော ထိုပြင်ဆင်ချက်ဥပဒေကို မည်သို့လျှင် တရားဥပဒေဟု ဆိုနိုင်ပါမည်နည်း ။

ဤသည်မှာ နိုင်ငံသားတယောက်၏ ရပိုင်ခွင့် မူလအခွင့်အရေးကို တသွေးတသံတမိန့် အမိန့်အာဏာဖြင့် လုံးဝဟန့်တားပိတ်ပင်လိုက်ခြင်းဖြစ်ပါသည် ။
ထိုဥပဒေကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချုပ်နှောင်ဖမ်းဆီးခံခဲ့ရသည် ။ ဟံသာဝတီ ဦးဝင်းတင်ကဲ့သို့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပုဂ္ဂိုလ်များ ၊ ကိုမင်းကိုနိုင် ၊ကိုကိုကြီးစသော ကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီးထောင်ချခံခဲ့ရသည်။ ဤမျှဆိုလျှင်ပင် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးရန်မှ ကာကွယ်သည့် ဥပဒေဆိုသည်ကြီးကား အမှန်တကယ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသွားခဲ့ကြသူများကို တစုံတရာ အပြစ်ပေးနိုင်ခြင်းမရှိ ၊ နိုင်ငံတော်အား တည်ဆောက်လိုသူများ ပြုပြင်ပြောင်းလဲလိုသူများကိုကား ထောင်တွင်းဆိုက်ဆိုက် အရောက်ပို့ဆောင်ပေးခဲ့သော အဓမ္မ မတရားဥပဒေကြီးဖြစ်ကြောင်း ထင်ရှားလှပေမည် ။ ယင်း ဥပဒေ နှင့် ယင်းဥပဒေအား ပြင်ဆင်ချက်ဥပဒေတို့သည် ဒီမိုကရေစီစနစ်ကျင့်သုံးနေသော နိုင်ငံတခုတွင် တရားဥပဒေဟု သတ်မှတ်နိုင်သော ဥပဒေပြဌာန်းချက်တရပ်မဟုတ် အာဏာရှင်စနစ်ကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက်သက်သက်သာ ထုတ်ပြန် ခဲ့သော အမိန့် ဥပဒေတရပ်ဆိုသည်မှာလည်း ထပ်ကာထပ်ကာ ပြောစရာပင်လိုမည်မထင်ပါ ။

ရှင်းစွာဆိုရသော် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးရန်မှ ကာကွယ်သည့် ဥပဒေဆိုသည်မှာ နိုင်ငံရေးနိုးကြားသူ နိုင်ငံရေးသမားများ လူထုခေါင်းဆောင်များ ပြည်သူများက မဆလပါတီ အာဏာရှင်တို့ လုပ်သမျှ ဆောင်သမျှ အဓမ္မမှုများကို ဝေဖန်ခြင်းမပြုနိုင်စေရန်အတွက်လည်းကောင်း ၊ တပါတီအာဏာရှင်စနစ်ကို မလိုလားကြသော ၊ တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ တန်းတူညီမျှခြင်းတည်းဟူသော လောကပါလတရားတို့ဖြင့် ပြည့်ဝသည့် ဒီိမိုကရေစီ စနစ်ကို ပြန်လည်ထူထောင်လိုကြ ၊တည်တံ့ခိုင်မြဲစေလိုကြသော ပြည်သူများကိုဟန့်တားနှိပ်ကွပ်ရန် နှင့် မတော်မတရား ဖမ်းဆီးပိတ်ပင်ရန်အတွက်လည်းကောင်း အကွက်ကျကျ စနစ်တကျ ထည့်သွင်းပြဌာန်း ထားခဲ့သော ဥပဒေတရပ်ဖြစ်ပါ သည် ။

ပြည်သူတို့၏ ဘ၀လုံခြုံမှုကို အာမခံရမည့် ပြည်သူ့အစိုးရတရပ်သည် တရားမျှတမှုမရှိသော ၊ ဖိနှိပ်ချုပ်ချယ်သော ဥပဒေများကို ပယ်ဖျက်ပစ်ရန်လိုအပ်သည် ။ မတရားသောဥပဒေများ တည်ရှိနေသမျှကာလပတ်လုံး တရားဥပဒေစိုးမိုးမှု ကို တည်ဆောက်နိုင်လိမ့်မည်မဟုတ်ပါ ၊ တရားဥပဒေစိုးမိုးမှုကို မတည်ဆောက်နိုင်သော နိုင်ငံတခုသည်လည်း ပြည်သူတို့၏ ဘ၀လုံခြုံမှုကို မည်သို့မျှ ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်ပါ ။ သို့ဖြစ်၍ ပြည်သူတို့က တခဲနက်ရွေးကောက်တင်မြှောက် ခြင်းကိုခံယူရ၍ ပေါ်ထွန်းလာခဲ့ပြီဖြစ်သော အစိုးရသစ်သည် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ကောင်းစွာတည်ဆောင်နိုင်ရေး တရားဥပဒေစိုးမိုးမှုကို ကောင်းစွာအသက်သွင်းနိုင်ရေးအတွက် မတရားသော ဥပဒေပုဒ်ထီးပုဒ်မတို့ကို ပယ်ဖျက်သုတ်သင် ရှင်းလင်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သင့်လှပေကြောင်း သတိပေးတိုက်တွန်းချင်ပါသည် ။
နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ဟန့်တားပိတ်ဆို့ရန် ဖိနှိပ်ချုပ်ချယ်ရန် ပြဌာန်းထားသည့် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးရန်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ဟူသော မတရားဥပဒေကို အမြန်ဆုံးပယ် ဖျက်ကြပါစို့ ။
တရားဥပဒေစိုးမိုးဖို့ မတရားဥပဒေများကိုပယ်ဖျက်ကြပါစို့

ထင်လင်းဦး (Wisdom Villa)
7.4.2016

sotlaw-620.jpg
ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးနေတဲ့အိမ်တွေကို တွေ့ရစဉ်
Photo: MOI Facebook
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ဆော့လော်မြို့နယ်က လေပြင်းတိုက်ရေကြီးခဲ့တဲ့ဒဏ်ကို ခံခဲ့ရသူတွေအတွက် တရုတ်ကောင်စစ်ဝန်ချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေတဆင့် ဒီကနေ့ ငွေကျပ်သိန်းနှစ်ရာကျော် လှူဒါန်းလိုက်ပါတယ်။

မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးက ကောင်စစ်ဝန်ချုပ် ၀မ်ယိ က လူသားချင်းစာနာတဲ့အနေနဲ့ ကူညီတာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည်က ပြောပါတယ်။

"တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံးက အလှူငွေသိန်း ၃ဝ၊ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်များအသင်းက အလှူငွေကျပ်သိန်း ၂ဝ၊ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ မြစ်ကြီးနား ဆက်ဆံရေးရုံးအနေနဲ့ အလှူငွေသိန်း ၂ဝ နဲ့ ယူနန်ပြည်နယ် ထိန်ချုံးမြို့ ဆက်ဆံရေးရုံးကလည် သိန်း ၂ဝ၊ တရုတ်နိုင်ငံ လျှပ်စစ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ငွေကျပ်သိန်း ၅ဝ နဲ့ မြစ်ကြီးနားမြို့မှာရှိတဲ့ တရုတ်ယူနန်ဘုံကျောင်းက သိန်း ၅ဝ ဒီနေ့တော့ ကျပ်သိန်း ၂၄ဝ လာရောက်လှူဒါန်းသွားပါတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က တရုတ်မြန်မာနယ်စပ် ဆော့လော်မြို့နယ်အတွင်း လေပြင်းတိုက် မိုးကြီးလို့ လာကင်ချောင်း ရေကြီးပြီး လန်ဆယ်၊ လာကင်၊ နာပေဖုံ၊ တထုံကျင် စတဲ့ကျေးရွာ ၁၀ ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ ဒုက္ခရောက်နေရတာပါ။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ဟာ အဲ့ဒီဒေသဘက်ကို မေလ ၆ ရက်နေ့က သွားရောက်ခဲ့သလို မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်ကလည်း တပ်မတော်ရဟတ်ယာဉ်တွေနဲ့ သွားရောက်ကူညီနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်မှာ မိုးရက်ဆက်ရွာသွန်းခဲ့တဲ့အတွက် ဧရာဝတီမြစ်ရေကြီးလို့ သီးနှံစိုက်ခင်းတွေ ထောင်နဲ့ချီပျက်စီးခဲ့သလို ဒေသတချို့မှာ အိမ်တွေပျက်စီးပြီး လူသေဆုံးမှုတွေရှိခဲ့ပါတယ်။
RFA

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်ဟာအချုပ်ခန်းတွေမှာအချုပ်ခံထားရတဲ့အချုပ်သားတွေနဲ့အချုပ်စခန်းတွေရဲ့အခြေအနေကိုသွားကြည့်ခဲ့တယ်လို့သိရပါတယ်။

သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွတ်တော်ကိုယ်စားလှယ်တွေထဲမှာ ပထမဆုံး အချုပ်သားတွေကို သွားကြည့် တဲ့ အမတ်ဖြစ်ပါတယ်။ သည်လ၁၁ရက်နေ့မှာမြ၀တီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌနဲ့ အတူသွားရောက်ခဲ့တာဖြစ်ပါတယ်။အချုပ်သားတွေကိုပန်ကာလှုဒါန်းပြီးကြံရည်တိုက်ခဲ့တယ်လို့ဆိုပါပါတယ်၊၊
မြ၀တီရဲစခန်းစခန်းမှုးအပါဝင်မြို့နယ်ရဲမှုးကိုယ်တိုင်အချုပ်ခန်းအတွင်းကိုဝင်ရောက်ဖို့ခွင့်ပြုခဲ့တယ်လို့လွတ်တော်ကိုယ်စားလှယ်ကပြောပြပါတယ်။

“ရာသီဥတုကလည်းတအားပူလာတော့သူတို့ဘယ်လိုများနေနေရလဲရေချိုးဖို့ကောရှိလား၊အိမ်သာကောအဆင်ပြေလားဆိုတာသွားကြည့်တာပါ၊လူကလည်းများတော့ကျန်းမာရေးအခြေအနေဘယ်လိုများရှိနေလဲဆိုပြီးသွားကြည့်တယ်၊ဘာအခက်အခဲရှိလဲဆိုတာတွေမေးခဲ့တယ်စကားတွေအကြာကြီးပြောခဲ့ရတယ်၊အသက်မပြည့်သေးတဲ့ကလေးသုံးဦးတွေ့ခဲတယ်။ ဘာအမူတွေနဲ့ချုပ်ခံနေရလဲဆိုတာတွေပါလေ့လာခဲ့တယ် လုပ်ချင်တာတွေတော့ အများကြီးသူများလုပ်ပိုင်ခွင့်တွေကိုဝင်ရောက်စွက်ဖက်တာတွေဖြစ်မှာလဲစိုးရိမ်တယ်“လို့ပြောပါတယ်၊၊

မြ၀တီအချုပ်ခန်းထဲမှာအချုပ်သား၂၃၅ဦးရှိပြီး၊အခန်းတွေကကျဉ်းတာကြောင့်အချုပ်သားတွေနေထိုင်ရတာအဆင်မပြေတာတွေအများကြီးတွေ့ခဲ့ရတယ်။အချုပ်သားတွေကိုလည်းအမှိုက်သေချာစွန့်ပစ်ဖို့နဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးပညာပေးတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။အကျဉ်းသားတွေချိုးရေလုံလောက်စွာရဖို့မြို့နယ်ရဲမှုးနဲ့တိုင်ပင်ပြီးရေအလုံအလောက်ရရှိအောင်စီစဉ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

မြ၀တီမြို့ဟာထိုင်းနိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တာကြောင့်အမှုအခင်းတွေအဖြစ်များတယ်၊တရားဥပဒေစိုးမိုးရေးအတွက်အဓိကထားလုပ်ပေးစေချင်တယ်လို့မြ၀တီမှာလူမှုရေးလုပ်နေတဲ့နော်လှထူးကပြောပါတယ်၊၊

၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာကရင်ပြည်နယ်မဲဆန္ဒနယ်နေရာအများစုကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကိုယ်စားလှယ်တွေအနိုင်ရရှိခဲ့ပါတယ်။

Author/ အေးအေးအောင်
Photo/ Police Media Group
Kumudra


tinaungtun-620.jpg
ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း ကို မေလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ရန်ကုန်တိုင်းဒေသကြီးမှာ ညဘက်ဖွင့်တဲ့ စားသောက်ဆိုင်တွေ အပျော်အပါးဆိုင်တွေကို ည ၁၁ နာရီ ပိတ်ရမယ်လို့ တိုင်းဒေသကြီး အစိုးရက ညွန်ကြားထားတာမျိုးမရှိကြောင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း က အတည်ပြုပြောပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ဗိုလ်မှူးကြီး တင်အောင်ထွန်း က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

"ည ၁၁ နာရီမှာ KTV တွေ၊ မာဆတ်တွေ၊ စားသောက်ဆိုင်တွေ အကုန်လုံးပိတ်ရမယ်၊ ပိတ်နေတယ်၊ ရဲတွေ လိုက်စစ်နေတယ်၊ ဖမ်းတယ်ဆီးတယ် ဆိုတဲ့ဟာတွေလည်း ကျနော်တို့ ကြားနေရတာရှိပါတယ်၊ ဒါနဲ့ပတ်သက် ပြီး မေးတဲ့အခါမှာလည်း ကျနော်တို့အစိုးရအဖွဲ့က ဘာမှထုတ်ပြန်ထားတာမရှိပါဘူး၊ ဒီအမိန့်တွေသည် တကယ်တမ်း ကျနော်တို့အစိုးရအဖွဲ့က ထုတ်ပြန်ရမှာပါ၊ ဝန်ကြီးချုပ်ကနေပြီး ဒီမှာအစည်းအဝေးလုပ်ပြီးမှသာ ဒီအမိန့်တွေထုတ်တာဖြစ်ပါတယ်"

မနေ့ညကစပြီး ရန်ကုန်မြို့မှာ စားသောက်ဆိုင်တွေအားလုံး ည ၁၀ နာရီ ၁၁ နာရီမှာ ပိတ်ကြရတဲ့အတွက် စားသောက်ဆိုင်ပိုင်ရှင်တွေက မဖြစ်သင့်ကြောင်း RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်အမိန့်ကြေညာချက် ထုတ်ပြန်တာမဟုတ်ဘဲ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဆိုင်တွေကို လိုက်လံအကြောင်းကြားနေတာလို့ စားသောက်ဆိုင်ပိုင်ရှင်တွေ က ပြောပါတယ်။
RFA


kokoaung-police-620.jpg
ပျဉ်မနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်မှာ မေလ ၁၂ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နေပြည်တော်ကောင်စီ ရဲမှူးကြီး ကိုကိုအောင် ကို တွေ့ရစဉ်
Photo: Win Naung Toe/RFA

နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ် လုံခြုံရေးအတွက် ရဲကင်း ၂ဝ ကျော် တိုးချဲ့သွားမှာဖြစ်ပြီး CCTV ကင်မရာ အလုံး ၅ဝ ကျော်နဲ့ ၂၄ နာရီ စောင့်ကြည့်သွားမှာဖြစ်ကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က ပြောပါတယ်။

နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ရဲ့ ရက် (၁ဝဝ) စီမံချက်နဲ့ ပတ်သက်ပြီး ပျဉ်မနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နေပြည်တော်ကောင်စီ ရဲမှူးကြီး ကိုကိုအောင် က ပြောတာဖြစ်ပါတယ်။

"မြို့နယ် ၈ ခုမှာ ရဲကင်း ၂၃ ခု ဖွင့်လှစ်သွားမှာဖြစ်ပါတယ်၊ မှုခင်းကျဆင်းရေး မှုခင်းကာကွယ်ရေးမှာ ပိုမိုထိရောက်ဖို့အတွက်လည်း နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းမှာ CCTV ကင်မရာတွေ တပ်ဆင်ပြီးဆော့ ဆောင်ရွက်လျှက်ရှိပါတယ်"

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူုကို တရားခံလို သဘောထားပြီး မဆက်ဆံကြဖို့အတွက်လည်း ဒီနေ့အခမ်းအနားကို တက်ရောက်လာတဲ့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်က ပြောကြားခဲ့ ပါတယ်။

"ပြည်သူနဲ့ အဓိကဆက်ဆံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝန်ဆောင်မှုပေးတဲ့ ပြည်သူလူထုတွေအပေါ်မှာ တရားခံလိုသဘောထားပြီး မဆက်ဆံကြဖို့က အရေးကြီးပါတယ်၊ အခုဒီမိုကရေစီ အပြောင်းအလဲကို လက်တွေ့ဖော်ဆောင်ဖို့ အချိန်ကျရောက်နေပြီဖြစ်ပါတယ်၊ တရားဥပဒေကိစ္စရပ်များကို ဆောင်ရွက်ရာမှာလည်း ပြည်သူလူထုကို ဝန်ဆောင်မှုပေးနေတယ် ဆိုတဲ့အချက်က ဒီမိုကရေစီဖော်ဆောင်ရေးမှာ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံးရဲ့ ခံယူကျင့်သုံးရမယ့် သဘောထားဖြစ်တယ်ဆိုတာကို ကျနော်ထပ်လောင်းပြီး သတိပေးလိုပါတယ်"

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အရင်ခေတ်ဟောင်း စနစ်ဟောင်းက လို ပြည်သူတွေကို ထိန်းချုပ်တဲ့ပုံစံမျိုး မဟုတ်ဘဲ ပြည်သူရဲ့ယုံကြည်မှုရရှိလာအောင် ဝန်ဆောင်မှုပေးတဲ့စနစ်မျိုးကို ကျင့်သုံးသွားရမှာဖြစ်ကြောင်းလည်း ဒေါက်တာမျိုးအောင် က ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်အတွင်းမှာ လူဦးရေ ၁၁ သိန်းကျော်ရှိပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၁၃ဝဝ ကျော်ရှိတဲ့အတွက် လူအယောက် ၇ဝဝ ကျော်ကို ရဲတပ်ဖွဲ့ဝင် ၁ ယောက်နှုန်းနဲ့ လုံခြုံရေး ပေးနေရကြောင်း လည်း ပြောပါတယ်။
RFA


လိုင်စင်ရ ဧည့်လမ်းညွှန်များထက် ဈေးလျှော့ယူကာ ဈေးကွက် လုယူလျက်ရှိသည့် တရားမ၀င် ဧည့်လမ်းညွှန်များကို အရေးယူသွားရန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနက စီစဉ်လျက်ရှိကြောင်း သိရသည်။ တရားမ၀င် ဧည့်လမ်းညွှန်များနှင့် ပတ်သက်၍ ခရီးသွားလာ ကုမ္ပဏီများနှင့် ဧည့်လမ်းညွှန် အဖွဲ့အစည်းများ၏ တိုင်ကြားမှုများ ရရှိထားသည်ဟု ၀န်ကြီးဌာနမှ ညွှန်မှူး ဦးမျိုးဝင်းညွန့်က ပြောကြားသည်။ တရားမ၀င် ဧည့်လမ်းညွှန်များနှင့် ပတ်သက်သည့် ကန့်ကွက်မှုများကို လူမှုကန့်ရက်များတွင်လည်း တွေ့ရသည်။ ဦးမျိုးဝင်းညွန့်က “ခရီးသွားလုပ်ငန်း ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး သုံးနှစ်အထိ ထောင်ဒဏ် (သို့) ဒဏ်ငွေ ငါးသောင်းကျပ်အထိ ချမှတ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် အလားတူပြစ်မှုမျိုးအတွက် ခရီးသွား လုပ်ငန်းနှင့် ဧည့်လမ်းညွှန် မှတ်ပုံတင်ခြင်း ဥပဒေ ၂၀၀၈ အရ ဒဏ်ငွေဘတ် တစ်သိန်း (ဒေါ်လာ ၂၈၀၀ ကျော်) နှင့် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် ဧည့်လမ်းညွှန်များသည် နှစ်လကြာ သင်တန်းတက်ရောက်ပြီး စာမေးပွဲ ဖြေဆို အောင်မြင်မှသာ ၀န်ကြီးဌာနက ထုတ်ပေးသည့် လိုင်စင်ရရှိမည် ဖြစ်သည်။

လက်ရှိတွင် လိုင်စင်ရ ဧည့်လမ်းညွှန် ခြောက်ထောင်ကျော် သာရှိပြီး မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု မြင့်တက်လာတဲ့အတွက် တရားမ၀င် ဧည့်လမ်းညွှန်တွေကို ခရီးသွား လုပ်ငန်း ကုမ္ပဏီတွေက ငှားရမ်းအသုံးပြုနေရကြောင်း သိရသည်။ ခရီးသည်များအနေဖြင့် ယင်းတို့၏ ဧည့်လမ်းညွှန်မှာ လိုင်စင်ရှိ၊မရှိ သိရှိရန် မလွယ်ကူပေ။

KHTun
The Ladies News
https://www.facebook.com/News.TheLadies


မိတ္ထီလာ၊ မေ ၁၂

စစ်ကိုင်းမြို့ပတ္တမြားစက်မှုဇုန်မှ Myanmar Veneer and Plywood Private သစ်အချောထည့်စက်ရုံမှ ဆန္ဒပြအလုပ် သမားများသည် မေလ ၁၂ ရက်နေ့ နံနက် ၅နာရီအချိန်က ၀မ်းတွင်းမြို့ နယ်အတွင်းမှတစ်ဆင့် ဆက်လက် လမ်းလျှောက် ဆန္ဒဖော်ထုတ်လာရာ နံနက် ၁၀ နာရီခွဲအချိန်က မိတ္ထီ လာမြို့ နယ် ညောင်ကန်ကျေးရွာလမ်းဆုံးအနီးသို့ ရောက်ရှိကြောင်းသိရသည်။


ဆန္ဒဖော်ထုတ်ရသည့်အကြောင်းအရင်းနှင့် လမ်းတစ်လျောက် အခက်အခဲ များကို အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုခိုင်မင်း ပြောရာတွင် ကျွန်တော် တို့ ဆန္ဒဖော်ထုတ်ရတဲ့အကြောင်းအရင်းက အလုပ်သမား သမဂ္ဂကို ဖြိုခွဲတဲ့အလုပ်ရှင်ကို တရားစွဲဆိုအရေးယူဆောင်ရွက်ပေးဖို့  ၊ အလုပ်ဖြုတ်ခံရတဲ့အလုပ်သမားတွေကို အလုပ်ပြန်ခန့် ပေးဖို့ ၊ ကြားကာလ အတွက် အလုပ်သမားတွေအတွက် နစ်နာကြေးပေးဖို့ ၊ နောက်တစ်ချက်က အခုလို လမ်းလျှောက် ဆန္ဒဖော်ထုတ်တာနဲ့ ပတ်သတ်ပြီးတော့ အရေး ယူဆောင်ရွက်ခြင်းမရှိဖို့  ဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းက စထွက်တော့ စုစုပေါင်း ၁၂၆ ဦး ပါ ။ အခု ဆက်လက်ဆန္ဒဖော်ထုတ်နေတာ ၈၆ ဦးပါ ။ အမျိုးသား ၄၂ ၊ အမျိုးသမီး ၄၄ ဦးပါ။ ၀မ်းတွင်းမှာရှိစဉ်တုန်းက ကျွန်တော်တို့ အလုပ်သမားအဖွဲ့ကိုယ်စားလှယ်တွေကို နေပြည်တော်ကို ခေါ်ပြီးတော့ တာဝန်ရှိသူတွေက ညှိနှိုင်းတိုင်ပင်ပါတယ် ။ မေလ ၆ ရက်နေ့ကပါ။ သူတို့က ညှိနှိုင်းဆောင်ရွက်ပေးပါမယ့် အချိန် ၅ ရက်ပေးပါဆိုလို့  ကျွန်တော်အဖွဲ့ ဆန္ဒဖော်ထုတ်တာကို ရပ်နားခဲ့တယ်။ မနေ့က မေလ ၁၁ ရက်နေ့ ညနေ ၆ နာရီမှာ သူတို့သတ်မှတ်တဲ့ရက်ကာလရောက်ပေမယ့် တရားဝင် လာရောက်ဖြေရှင်းဆောင်ရွက်ပေးတာမျိုးမရှိဘူး။ စစ်ကိုင်း ဒေသကြီး ဘဏ္ဍာရေးဝန်ကြီး နဲ့  အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ဒုတိယ ညွှန်ကြားရေး မှူး ဦးအောင်ဌေးဝင်းတို့ လာရောက်ပြီး ဆောင်ရွက်ပေး မယ့်စာကို လာဖတ်ပြသွားပါတယ်။တရားဝင် အကြောင်းကြားတာမျိုး မဟုတ်ပါဘူး။ အလုပ်သမား ၆၀ ပြန်ခန့်ပေးမယ် ၊ဟုမ္မလင်း ၊ တမူး၊ကလေး ၊ ကော့သောင်းဒေသများတွင် အလုပ်ပြန်ခန့်ပေးမည်ဖြစ်ကြောင်းကိုလာ ဖတ်ပြသွားတယ်။ ကျွန်တော်တို့ လိုချင်တဲ့အချက်အလက်တွေလည်း မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဆက်လက်ချီတက် ဆန္ဒဖော် ထုတ် တာဖြစ်ပါတယ်ဟု ပြောသည်။ မိတ္ထီလာမြို့ နယ်အတွင်းမှာ ကို ၀င်ရောက် တဲ့အချိန်မှာ ဒေသအာဏာပိုင်များ၏ဟန့်တားနှောင့်ယှက်မှု များနှင့် ကြုံတွေ့ရကြောင်း ၊ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခြင်းမှာ တရားဥပဒေနှင့် ညီညွတ်မှုနှင့် မရှိကြောင်းပြောကြားကြောင်း ၊ရှေ့ လျှောက်ပါက တရားစွဲဆိုအရေးယူမှုခံရမည်ဖြစ်ကြောင်းတွေ လာရောက်ပြော ဆိုခြိမ်းခြောက် မှုများရှိကြောင်း ၄င်း ဆက်လက်ပြောကြားခဲ့သည်။


စစ်ကိုင်းမြို့ မှ ဆန္ဒဖော်ထုတ်လမ်းလျှောက်သည့် အလုပ်သမားများအား မိတ္ထီလာမြို့ နယ်အတွင်း ၀င်ရောက်ချိန်တွင် ဟန့်တားနှောင့်ယှက်မှု များ ရှိ မရှိ မေးမြန်းရာ မြို့ နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်က ကျွန်တော်တို့အနေနဲ့  ဟန့်တားနှောင့်ယှက်တာမျိုး မရှိပါဘူး။ အခု လမ်းလျှောက် ဆန္ဒဖော်ထုတ် တဲ့အကြောင်းအရင်းကို ဂဃနဏ သိဖို့  မေးမြန်းတာမျိုး ၊ အခုလို စီတန်း လမ်းလျှောက်တာ တရားဥပဒေနဲ့  ညီညွတ်မှုမရှိကြောင်း ပြောကြား တာမျိုးပဲရှိပါတယ်။တကယ် ဟန့်တားနှောင့်ယှက်တာမျိုးပြုလုပ်မယ်ဆို ဆန္ဒ
ဖော်ထုတ်တဲ့အလုပ်သမားများအနေနဲ့  အခုလို ဆက်လက် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေရတဲ့ အခွင့်အလမ်းလည်း ရှိမှာ မဟုတ်ပါဘူး ဟု ပြောကြား သည်။

စစ်ကိုင်းမြို့ မှ ဆန္ဒဖော်ထုတ်လမ်းလျှောက်ချီတက်ကြသည့် အလုပ်သမား များအနေဖြင့် ရောက်သည့်နေရာတွင် ချက်ပြုတ်စားသောက်ပြီး အနား ယူပြီး တဖန်ပြန်လည်းလမ်းလျှောက် ဆန္ဒဖော်ထုတ်မှု များကို ပြုလုပ်လျက်ရှိပြီး မိတ္ထီလာမြို့ နယ် ညောင်ကန် ကျေးရွာလမ်းဆုံမှ ညနေ ၃ နာရီတွင် ဆက်လက်လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ (မိတ္ထီလာခရိုင်ပြန်/ဆက်)
MOI Webportal Myanmar added
https://www.facebook.com/MOIWebportalMyanmar


အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ​အဆိုအရ ​မြန်မာနိုင်ငံရဲ့ ​စီးပွားရေးဟာ ​ဒီနှစ်အတွင်း ​၈.၄ ​% ​တိုးတက်လာနိုင်ပေမယ့် ​ငွေမဲ ​ခဝါချမှုကို ​မတိုက်ဖျက်နိုင်ရင်တော့ ​မြန်မာနိုင်ငံအပေါ် ​ရင်းနှီးမြုပ်နှံမယ့် ​လူတွေ ​နည်းသွားနိုင်တယ်လို့ ​သတိပေးမှုတွေ ​ထွက်ပေါ်လာပါတယ်။

ဖွံ့ဖြိုးဆဲ ​နိုင်ငံဖြစ်တဲ့ ​မြန်မာလို ​နိုင်ငံမှာ ​မြေယာနဲ့ ​တိုက်အိမ် ​ရောင်းဝယ်ရေး ​လုပ်ငန်းတွေ ​ဆက်လက် ​ဖွံ့ဖြိုးဖို့ ​ရှိနေပြီး ​အဲဒီလို ​ကဏ္ဍနဲ့ ​တခြား ​ငွေကြေး ​အများအပြား ​ဝင်တဲ့ ​ကဏ္ဍမှာ ​ငွေမဲ ​ခဝါချမှုကို ​ကောင်းမွန်စွာ ​မစောင့်ကြည့်နိုင်ရင် ​မြန်မာအပေါ် ​စိတ်ချမှုတွေ ​နည်းပါးနိုင်တယ်လို့ ​ပြောပါတယ်။

စီးပွားရေး ​ပညာရှင် ​ဦးခင်မောင်ညိုက ​မန္တလေးမှာ ​ကျောက်စိမ်းလုပ်ငန်း၊ ​တရားမဝင် ​မူးယစ်ဆေး ​စတာတွေအပေါ် ​တိုက်ဖျက်မှု ​လုပ်တဲ့အခါ  ​အိမ်ခြံမြေ ​လုပ်ငန်းတွေ ​ဘက်ကို ​ဦးလှည့်လာကြတယ်လို့ ​ဆိုပါတယ်။

တခြားနိုင်ငံမှာ ​ရောင်းဝယ်ရေး ​လုပ်တဲ့အခါ ​ခရက်ဒစ်ကဒ်တွေ၊ ​ချက်လက်မှတ်တွေ၊ ​ဘဏ်တွေကို ​အသုံးပြုပြီး ​လုပ်ရတာကြောင့် ​ငွေကြေးစီးဆင်းမှုမှာ ​ခြေယာခံလို့ ​ရပေမယ့် ​ငွေထုတ်တွေနဲ့ ​ချက်ခြင်း ​ငွေပေးချေတဲ့ ​နိုင်ငံမှာတော့ ​ငွေတွေကို ​ဘယ်ကနေ ​ရရှိသလဲ၊ ​ဘယ်ဆီသွားမလဲ ​ဆိုတာ ​လိုက်ဖို့ ​ခက်တယ်လို့ ​ကုလသမဂ္ဂက ​ငွေမဲ ​ခဝါချမှုကို ​ဆန့်ကျင်တဲ့ ​အဖွဲ့က ​Chris ​Batt ​က ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​၂၀၁၄ ​ခုနှစ်ကစပြီး ​ငွေမဲ ​ခဝါချမှုကို ​တိုက်ဖျက်တဲ့ ​ဥပဒေ ​စတင် ​အသက်ဝင်လာပေမယ့် ​အခုအချိန်အထိ ​အဲဒီ ​ဥပဒေနဲ့ ​အရေးယူခံရတဲ့လူ ​တစ်ယောက်မှ ​မတွေ့ဖူးသေးဘူးလို့ ​ပြောဆိုနေကြပါတယ်။

ဥပဒေကို ​ထားရှိရုံနဲ့ ​မလုံလောက်ပဲ ​ငွေမဲ ​ခဝါချမှုကို ​မကိုင်တွယ်နိုင်ရင် ​နိုင်ငံတကာက ​ရင်းနှီးမြုပ်နှံသူတွေက ​မြန်မာနိုင်ငံရဲ့ ​စီးပွားရေးဟာ ​သန့်ရှင်းစွာ ​လုပ်လို့မရတဲ့ ​စီးပွားရေးလို့ ​မြင်ပြီး ​စိုးရိမ်စိတ်တွေ ​ရှိလာနိုင်တယ်လို့ ​Channel ​News ​Asia ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese