05/17/16

နိုင်ငံတနိုင်ငံဟာ နှစ်ပေါင်း (၅၀) မပြည့်သေးခင် ကမ္ဘာအဆင့်မှီခေါင်းဆောင်ကောင်း နှစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့်ရတယ်၊ နှစ်ခါပြန်ကံကောင်းတယ်ဆိုတာ အင်မတန်ကြုံတောင့် ကြုံခဲဖြစ်စဉ်တခုပါ။ မြန်မာနိုင်ငံရဲ့သမိုင်းကိုလေ့လာလိုက်ရင် တနိုင်ငံလုံးကိုစုရုံးသိမ်းသွင်းနိုင်တဲ့အပြင် စွမ်းဆောင်ရည် မြင့်မားပြီး အိမ်နီးချင်းနိုင်ငံတွေကပါ ခန့် ညားလေးစားရတဲ့ ခေါင်းဆောင်မျိုးပေါ်ထွန်းဖို့ ဆိုတာနှစ်ပေါင်း ရာချီ ထောင်ချီကြာမှ ပေါ်ထွန်းလာတတ်တာပါ။

အားလုံးသိကြတဲ့အတိုင်း အသက်အရွယ်အားဖြင့်ငယ်ပေမဲ့လည်း စွမ်းဆောင်ရည်ထက်မြက်တဲ့အပြင် ရိုးသားပြီးသတ္တိရှိတာမို့ ကမ္ဘာနိုင်ငံရေးခေါင်းဆောင်တွေကတောင် လေးစားအသိအမှတ်ပြုကြရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဦးဆောင်မှု့နဲ့ မြန်မာနိုင်ငံဟာ တိုင်းတပါးကျွန်ဘ၀ကလွတ်မြောက်ခဲ့ရပေမဲ့ ၁၉၄၇ ခုနှစ် ဇူလှိုင်လ (၁၉) ရက်နေ့ မှာ မသမာသူတွေရဲ့လုပ်ကြံမှု့ခံခဲ့ရတာမို့ နိုင်ငံအတွက်ကြီးစွာ ဆုံးရှုံးနစ်နာခဲ့ရတယ်။

ဒါပေမဲ့လည်း အလွန်ကံကောင်းထောက်မစွာနဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းရာချီထောင်ချီ စောင့်ဆိုင်း စရာမလိုဘဲ ဗိုလ်ချုပ်ကိုဆုံးရှုံးခဲ့တာ ၄၁ နှစ်ကြာပြီးတဲ့နောက် နံမည်ကျော်ရှစ်လေးလုံးအရေးတော်ပုံ ကြီးနဲ့ အတူ ၁၉၈၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်လို့ အမည်ရှိတဲ့ ကမ္ဘာအဆင့်မှီခေါင်းဆောင် ကောင်းတယောက်ကို ထပ်မံရလိုက်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ကံဇာတာတက်ချိန်ရောက်နေလို့ သာ ဒီလိုရှားပါးတဲ့ ခေါင်းဆောင်နှစ်ယောက်ကို ရှေ့ဆင့် နောက်ဆင့်ရလိုက်တာလို့ ပြောနိုင်သလို သမိုင်းတပတ်ပြန်လည်လာတယ်လို့ လည်းဆိုနိုင်ပါတယ်။ ဘာကြောင့်လို့ လည်းဆိုတော့ မြန်မာနိုင်ငံရဲ့သမိုင်းကို လေ့လာကြည့်လိုက်မယ်ဆိုရင် ဒုတိယကမ္ဘာစစ် ကြီးပြီးဆုံးအချိန်က နိုင်ငံရေးအခြေအနေနဲ့ ဒီကနေမြန်မာနိုင်ငံရောက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေး အခြေအနေဟာ အသွင်တူဆင်တူမှု့တွေရှိနေလို့ ပါဘဲ။

ပထမအချက်တူနေတာကတော့ ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဟာ သယံဇာတတွေပေါ်ကြွယ်ဝတဲ့ မြန်မာနိုင်ငံကို လုံးဝလွတ်လပ်ရေးပေးဖို့ မရည်ရွယ်သလို မြန်မာစစ်အာဏာရှင်အုပ်စုဟာလည်း နိုင်ငံတကာစံရည်စံညွှန်းနဲ့ ညီတဲ့ဒီမိုကရေစီအစစ်ကိုပေးဖို့ မရည်ရွယ်တာခြင်းဆင်တူပါတယ်။ ကိုလိုနီ နယ်ချဲ့အစိုးရဟာ အဆီတထပ်အသားတထပ်ဆူဖြိုးလှတဲ့ မြန်မာနိုင်ငံကိုလက်လွှတ်မခံခြင်တာမို့  ဗြိတိသျှဓနသဟာယ လက်အောက်က အစောင့်ရှောက်ခံနိုင်ငံအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ ပေးလို့ ရသလောက်ဆက်ပြီး ဂုတ်သွေးစုပ်အမြတ်ထုတ်လိုတာပါ။ အဲ့ဒီလိုဘဲ အာဏာနဲ့ အခွင့်ထူးခံခွင့် အရသာကိုသိနေတာမို့  မပြောင်းလဲလိုတဲ့ မြန်မာစစ်အာဏာရှင်အုပ်စုဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအမည်ခံပြီး သူတို့ လုယူပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေကို လက်မလွှတ်ရအောင် ရသလောက်ကုတ်ကပ်ပြီး သူတို့ ခွင့်ပြုသလောက်ဘောင်အတွင်းက ဒီမိုကရေစီလေးစွန့် ကြဲလို့  ကျေးဇူးပါအဆစ်အတင်ခံခြင်သေးတာပါ။

ဒုတိယဆင်တူတဲ့အချက်က ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရနဲ့ မြန်မာစစ်အာဏာရှင်တွေထံက သူတို့ မပေးခြင်တဲ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကိုအရယူနိုင်ဖို့  တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို မှန်ကန်တဲ့နိုင်ငံရေးဦးဆောင်မှု့ပေးခဲ့တဲ့ခေါင်းဆောင်တယောက်စီနဲ့  ခိုင်မာတဲ့အဖွဲ့ အစည်းတရပ်စီ ဖြစ်တည်နေတဲ့အချက်ပါဘဲ။ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရကိုရင်ဆိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလအဖွဲ့ ချုပ်ဖြစ်တည်လာခဲ့သလို၊ မြန်မာစစ်အာဏာရှင်တွေကိုရင်ဆိုင်ဖို့  ဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဖြစ်တည်လာတာခြင်းဆင်တူနေတာမဟုတ်လား။

တတိယဆင်တူတဲ့အချက်က ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဟာ မြန်မာနိုင်ငံကိုလွတ်လပ်ရေးမပေးရ အောင် နည်းမျိုးစုံနဲ့ ကျိုးပမ်းကြရာမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု့ မတည်ဆောက်နိုင်အောင် ရာထူးအာဏာ အခွင့်အရေးတွေခွဲခြားပေးပြီး လူမျိုးရေးကိုအသုံးပြုပြီး သွေးခွဲခဲ့သလိုမြန်မာ စစ်အာဏာရှင်တွေလည်း ရာထူးအာဏာ အခွင့်အရေးတွေနဲ့ မျှားယုံမက လူမျိုးရေး၊ ဘာသာရေးကိစ္စ တွေနဲ့ ဆွပေးပြီး သွေးခွဲခဲ့တာခြင်းတူပါတယ်။

ဗြိတိသျှကိုလိုနီအစိုးရက တောင်တန်းဒေသတွေက တိုင်းရင်းသားခေါင်းဆောင်တချို့ကို ပြည်မနဲ့ အတူ လွတ်လပ်ရေးမယူဖို့ သွေးထိုးလှုံ့ဆော်ခဲ့သလို မျိုးချစ်ပါတီကိုတည်ထောင်ခဲ့တဲ့ အမျိုးသားရေးအရည်ခြုံ ဂဠုန်ဥိးစောတို့ လို အာဏာငန်းဖမ်းနေသူတွေကိုလည်း ရာထူးနဲ့ မျှားပြီးသွေးခွဲစည်းရုံးခဲ့တယ်။ ထို့ အတူဘဲ မြန်မာစစ်အာဏာရှင်တွေထဲက မပြောင်းလဲလိုသူတွေဟာ ဘင်ဂါလီကိစ္စ၊ ဘာသာရေး ကိစ္စတွေအသုံးပြုပြီး တိုင်းရင်းသားပြည်သူတွေကြား လူမျိုးခြားမုန်းတီးမှု့၊ ဘာသာခြားမုန်းတီးမှု့တွေ ကြီးထွားသထက်ကြီးထွားလာအောင် အမုန်းတရားတွေဖြန့် ဝေ သွေးခွဲ မီးထိုးနေခဲ့ကြတာ အခုထိတိုင် အောင် အထင်အရှားမြင်နိုင်ပါသေးတယ်။

စတုတ္ထဆင်တူတဲ့အချက်က သူတို့ ဘယ်လောက်ဖဲ အားကျိုးမာန်တက်သွေးခွဲခဲ့ကြပေမဲ့ တိုင်းရင်းသား ပြည်သူအများစုဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလအဖွဲ့ ချုပ်နောက်မှာ ခိုင်ခိုင်မာမာရပ်တည်ကြသလို ဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နောက်မှာ ပြည်သူလူထုအများစုက ပြတ်ပြတ် သားသားထောက်ခံခဲ့တယ်ဆိုတဲ့အချက်ပါဘဲ။

ပဉ္စမမြောက်ဆင်တူတဲ့အချက်က ရှေးအတီအတေကထဲက မိခင်ဧရာဝတီရဲ့ရင်ခွင်မှာ တမြေထဲအတူနေ တရေထဲအတူသောက်ခဲ့ကြတဲ့သွေးချင်းသားရင်းတိုင်းရင်းသားညီနှောင်အားလုံးရဲ့စည်းလုံးညီညွတ်ရေး ကိုပြသဖို့ ပင်လုံညီလာခံကြီးကိုခေါ်ယူရတဲ့အချက်ပါဘဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ် ဇန္န၀ါရီလထဲမှာ အောင်ဆန်းအက်တလီစာချုပ်ကို လန်ဒန်မှာချုပ်ဆိုပြီး မြန်မာနိုင်ငံကိုပြန်ရောက်တာနဲ့  ပင်လုံညီလာခံကို တလ၀န်းကျင်လေးအတွင်းမှာကျင်းပနိုင်အောင် အစွမ်းကုန်အားသွန်ခွန်စိုက်ကျိုးပမ်း ဆောင်ရွက်ခဲ့တာဖြစ်တယ်။

ထို့ အတူဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုအများစုရဲ့  ရွေးချယ်မှု့နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ ပြီးခဲ့တဲ့ဧပြီလဆန်းကမှ အစိုးရဖွဲ့ ခွင့်ရပြီးတာနဲ့  ရာစုနှစ်ဝက် ကျော်တောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးကြီးကို အပြီးတိုင်ငြိမ်းသတ်နိုင်ဖို့ ၂၁ ရာစု ပင်လုံညီလာခံကို တလ နှစ်လအတွင်း ခေါ်ယူကျင်းနိုင်ဖို့ အားစိုက်လုံးပမ်းနေခဲ့တာ လူတိုင်းမြင်နေကြရပါတယ်။

လူသားတွေရဲ့ ဖွံ့ဖြိုးမှု့သမိုင်းစဉ်တလျောက်လုံးမှာ ဓမ္မ နဲ့ အဓမ္မ ၊ တရားမှု့နဲ့ မတရားမှု့တွေဟာ အမြဲဒွန်တွဲရင်း သူတပြန် ကိုယ်တပြန်အသာစီးရလေ့ရှိပါတယ်။ ကံဇာတာနိမ့်ကျခဲ့လို့ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့ ကျွန်သဘောက်ဘ၀နဲ့ ဖက်ဆစ်ဂျပန်လက်အောက်မှာ နှစ်ပေါင်း ၁၀၀ ကျော် ပင်ပမ်းဆင်းရဲကြီး စွာငရဲခံခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ ကံဇာတာပြန်တက်လာချိန်ရောက်လာတော့ အသိဥာဏ်မြင့်မားပြီး ရိုးသားရဲရင့်ယုံမက ကိုယ်ကျင့်သီလကောင်းမွန်လှတဲ့ခေါင်းဆောင်ကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ဦးဆောင်မှု့ အောက်မှာ တိုင်းသူပြည်သားတွေကို ဗြိတိသျှကိုလိုနီနယ်ချဲ့တွေနဲ့ ဖက်ဆစ်ဂျပန်တွေရဲ့တပါးကျွန်ဘ၀က လွတ်မြောက်စေပြီး လွတ်လပ်တဲ့နိုင်ငံဘ၀ကို ပိုင်ဆိုင်စေခဲ့တာမဟုတ်လား။ အသိဥာဏ်ပညာနဲ့  ကိုယ်ကျင့် သီလဦးစီးနေတာမို့ သွေးတိတ်စေတတ်တဲ့အဆင့်မြင့်စစ်ရေးအမြင်လွှမ်းခြုံလာတဲ့အခါ့ ပြည်သူအများကိုယ်စိတ် နှစ်ပါး အေးငြိမ်းခွင့်ကြုံခဲ့ရတာ သမိုင်းကသက်သေခံနေပါတယ်။

ဒါပေမဲ့လည်း ကံဇာတာနောက်တခါ ထပ်လို့ ညိုးမှိန်ပြန်တော့ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရခြင်းနဲ့ အတူ တိုင်းရင်းသားစည်းလုံးညီညွတ်မှု့တွေပြိုကွဲပြီး ကိုယ်ကျင့်သီလချို့ယွင်းပြီး အတ္တကြီးမားသူတွေလက်ထဲကို လက်နက်နဲ့ အာဏာရောက်သွားခဲ့ပြန်တော့သွေးထွက်စေတတ်တဲ့ အဆင့်နိမ့်စစ်ရေးအမြင်သာကြီးစိုးလာတာမို့  တာမို့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ငရဲတွင်းကြီးထဲ သက်ဆင်းခဲ့ရတာမဟုတ်လား။။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း လက်အောက်ကို ရောက်ရှိချိန်ကစလို့ နိုင်ငံကို အဆင့်နိမ့်စစ်ရေးအမြင်နဲ့  အုပ်ချုပ်ခဲ့တော့ တိုင်းရင်းသားရဟန်းရှင်လူမိဘပြည်သူနဲ့ ကျောင်းသားတွေကို အကြိမ်ကြိမ်သွေးချောင်းစီး သတ်ဖြတ်လို့  နှိပ်စက်ညှင်းပမ်းဗိုလ်ကျခဲ့တဲ့သမိုင်းဟာ အထင်အရှားကမ္ဗည်းထွင်းရစ်ခဲ့တာမဟုတ်လား။

အခုချိန်မှာတော့ ကျွန်တော်တို့နိုင်ငံဟာ ကံဇာတာထွန်းတောက်ချိန်ပြန်ရောက်လာလို့  အမှန်တရားနဲ့  ဓမ္မ ဘက်တော်သားတွေ တဖြေးဖြေးအားကောင်း လွမ်းမိုးခွင့်ကြုံလာပြန်ပါပြီ။ ဒီတခေါက်ပြန်ရလာတဲ့ ကြုံတောင့် ကြုံခဲအခွင့်အရေးကို လုံးဝလက်လွှတ်မခံသင့်ပါဘူး။ နှစ်ပေါင်းရာထောင်ချီမှာ့ ပေါ်ထွန်းလာတတ်တဲ့ ခေါင်းဆောင်ကောင်းရဲ့ ထက်မြက်တဲ့ဦးဆောင်မှု့နဲ့ လူသူအများ ကြည်ညိုလေးစားနာခံမှု့၊ ကမ္ဘာ့အလယ် ထင်ပေါ်ကျော်ကြားမှု့စတဲ့ ဂုဏ်အရည်အသွေးတွေကို နိုင်ငံ့အကျိုး၊ လူထုအကျိုးအတွက် မှန်မှန်ကန်ကန် အသုံးချလို့ ပြည်တွင်းစစ်မီးတောက်ကြီးကို အကျွင်းမဲ့ငြိမ်းသတ်ကြဖို့ ၊ ထာဝရငြိမ်းချမ်းရေး စိန်သားကျောက်ဆိုင် မော်ကွန်းတိုင်ကြီးကို ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းစိုက်ထူကြဖို့  လေးနက်စွာမေတ္တာရပ်ခံ တိုက်တွန်းနိုးဆော် လိုက်ပါတယ်။

သီလ၊သမာဓိ၊ပညာဦးစီးတဲ့နိုင်ငံရေးနဲ့ သွေးတိတ်စေတတ်တဲ့အဆင့်မြင့်စစ်ရေးအမြင်တွေ ထွန်းကားကြံ့ခိုင်လာ အောင် စုပေါင်းလက်တွဲ ပျိုးထောင်လုပ်ဆောင်ရမဲ့ အချိန်အခါကောင်းရောက်လို့ နေပါပြီ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
မေလ (၁၇) ရက်နေ့ ၂၀၁၆ ခုနှစ်


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်သည့်နည်းဥပဒေအား မြို့တော်ဝန်ဦးမောင်စိုးက ယနေ့ မေ ၁၇ တွင် ကြေညာချက် ၁/၂၀၁၆ ဖြင့် ထုတ် ပြန်ခဲ့ရာ မေ ၁၇ ညနေ၌ ယင်းကြေညာချက် ပျက်ပြယ်သွားပြီဟု စည်ပင်ကော်မတီဝင် (၇) ဇောတိက ဦးခင်လှိုင်က သတင်းမီဒီယာများ ကို ပြောကြားလိုက်သည်။

ယင်းကြေညာချက် ၁/၂၀၁၆ ထုတ်ပြန်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥက္ကဋ္ဌ ဦးမောင်မောင်စိုး မြို့တော်ဝန်က ကော်မတီဝင်များအား ညှိနှိုင်းခြင်းမရှိဘဲ ၄င်းတဦးတည်း၏သဘောဖြင့် ထုတ်ပြန်လိုက်ခြင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအား အတိအလင်း ချိုးဖောက်ခြင်းကြောင့် ကြေညာချက်သည် အလိုအလျောက်ပျက်ပြယ်သွားသည်ဟု ဆိုသည်။

ယင်းအပြင် ယင်းကြေညာချက် ၁၆/၂ တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဌာန/ရုံးများအနေ ဖြင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကော်မတီဝင်များသို့ တင်ပြဆောင်ရွက် ရမည့်ကိစ္စရပ်များကို ၁၇ မေမှစ၍ ဌာနမှူးကြီးထံသို့သာ တင်ပြဆောင်ရွက်သွားရန် မြိုကတော်ဝန်ဦးမောင် မောင်စိုးက ကြေညာချက်ထုတ်ပြန်ထားသည်။

ယင်းကြေညာချက်ပါဌာနမှူးကြီးအဖြစ် ခန့်အပ်တာဝန်ပေးသည့် တွဲဖက်အတွင်းရေးမှူးဦးညီညီသည် နိုဝင်ဘာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ရွေးကောက်ပွဲဝင်ရောက်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သဖြင့် ယင်းကဲ့သို့ ရွေးကောက်ပွဲဝင်ရောက်ခဲ့သူသည် အစိုးရ ၀န်ထမ်း တာဝန်ထမ်းဆောင်ခွင့်မရှိသဖြင့် ဥပဒေနှင့်မကိုက်ညီဟု ဆိုသည်။
“ဥက္ကဋ္ဌဆိုပြီး တဦးတယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်လို့မရဘူး။ ဥပဒေကိုက ကော်မတီဝင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်ရယူပြီးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီ တင်ပြဆောင်ရွက်အတည်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမယ်။ ဥက္ကဋ္ဌတဦးတည်း ဆောင်ရွက်ခွင့်မရှိဘူး”ဟု ဇောတိကဦးခင်လှိုင်က ပြောသည်။

ယင်းကဲ့သို့ ဌာနမှူးကြီးထံ တင်ပြရမည့်အစီစဉ်လည်း ဥပဒေနှင့်မညီသောကြောင့် ရွေးကောက်တင်မြှောက်ခံ ကော်မတီဝင်သုံးဦးမှ စည်ပင်လုပ်ငန်းနှင့်ပတ်သက်သည်များအား ထိန်းချုပ်လုပ်ကိုင်သွားမည်ဟုဆိုသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မကွေးတိုင်းဒေသကြီး အရပ်ရပ်တွင် မေလအတွင်း ကြုံတွေ့နေရသော လေဘေးကြောင့် ဒုက္ခရောက်နေသူများကို အစိုးရနှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်များက အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသော်လည်း ပြည့်စုံမှုမရှိနိုင်သောကြောင့် အရပ်ဖက် အကူအညီပေးရေးအဖွဲ့များကို ဖိတ်ခေါ်ကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ တိုင်းဥက္ကဌဖြစ်သူ ဦးသိန်းဇော်က စောင့်ကြည့်ဂျာနယ်သို့ မေလ၁၇ရက်နေ့တွင် ပြောကြားသည်။

‘’အစိုးရအနေနဲ့ကော ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေပါ အလျင်အမြန်အကူအညီပေးနေပါတယ် ဒါပေမဲ့ ပျက်စီးမှုတွေနဲ့စာရင် ထောက်ပံ့တာနိုင်တာက နည်းနေနိုင်လို့ ပြင်ပက အကူအညီပေးမဲ့ အဖွဲ့အစည်းတွေကို လက်တွဲလုပ်ဆောင်ဖို့ ဖိတ်ခေါ်လိုပါတယ်”ဟု ယင်းက ပြောသည်။


မကွေးတိုင်းအတွင်း ဒေသစုံ၌ မေလဆန်းမှစပြီစ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာပေါင်းများစွာ ပျက်စီးသွားခဲ့သော်လည်း တိုင်းဒေသကြီး အစီအစဉ်ဖြင့် ပျက်စီးမှုတန်ဖိုးအလိုက် တစ်အိမ်ထောင်လျှင် ကျပ်၅ သောင်းမှ တသိန်းအထိသာ အကူအညီပေးနိုင်သေးသည်။ အမှန်တကယ် ပျက်စီးသွားသော နေအိမ်များမှာ ကာလတန်ကြေးအရ ၀ါးမိုး၊ ၀ါးကာပြီး မျောတိုင်အသုံးပြုထားသော အဆောက်အဦးတစ်လုံးပင် ၀ါးဈေးကြီးမြင့်မှုကြောင့် ကျပ်တစ်သိန်းအထက် ရှိကြောင်း သိရသည်။


လေပြင်းဒဏ်အများဆုံး ခံစားခဲ့ရသော မင်းဘူးခရိုင်တွင် ၀ါးတစ်လုံးတန်ကြေးမှာ ကျပ်၅၀၀၊ သက္ကယ်၁၀၀လျှင် ကျပ်၂ သောင်းခန့် ပေါက်ဈေးရှိပြီး မျောတိုင်ငယ်တစ်လုံး၏ ဒေသပေါက်ဈေးမှာ ကျပ်၂၂၀၀ မှ ၂၇၀၀ ခန့် ရှိကြောင်း သိရသည်။ လေဘေးသင့် ဒေသခံပြည်သူများအနေဖြင့် အိမ်မွေးတိရစ္ဆာန်များ သေကြေပါက နွားတစ်ကောင်လျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် အကူအညီပေးသော အစီအစဉ်တခုကို ကမ္ဘောဇဘဏ်က ဆောင်ရွက်နေကြောင်း ကိုယ်တိုင်အကူအညီရရှိခဲ့သော စလင်းမြို့ ငွေတောင်ရွာ ရွာခံများထံမှ သိရသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင်နဲ့ ကော်မတီဝင် နှစ်ဦး မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ သတင်းစာရှင်းလင်းစဉ်။ Photo: Thiha Tun/RFA
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ  အဆင့် ဆင့်ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေတွေကို ပြင်ဆင်လိုက်တဲ့  အတွက် ရွေးကောက်တင်မြှောက် ခံထားရတဲ့ ကော်မတီဝင်တွေက အဲ့ဒီလို ပြင်ဆင်တာဟာ  တရား မ၀င်ကြောင်း ဒီကနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့တော်ခန်းမမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အရင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် က ရွေးချယ်တင်မြှောက်ခံထားရသူ တစ်ဦးဖြစ်တဲ့ ကော်မတီဝင် ဦးခင်လှိုင်က ခုလို ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကျင်းပဖို့ ကော်မတီဝင် ၃ ဦးက သတင်းမီဒီယာတွေကို ဖိတ်ကြားထားပေမယ့် စည်ပင် ၀န်ထမ်းတွေက ၀င်ခွင့်မပြုတဲ့အတွက် ဦးခင်လှိုင်တို့ ကော်မတီဝင်တွေနဲ့ စည်ပင်သာယာရေးဝန်ထမ်းတွေ အကြားမှာ ရုန်းရင်ဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ပြင်ဆင်လိုက်တဲ့ နည်းဥပဒေအသစ်ကို ဒီနေ့ ရန်ကုန်မြို့တော် သတင်းစာမှာ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။ အဲဒီမှာ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်က ရွေးကောက်တင်မြှောက်လိုက် တဲ့ ကော်မတီဝင်၊ ခရိုင်နဲ့ မြို့နယ်စည်ပင်သာယာရေး ၀န်ထမ်းတွေရဲ့ သက်တမ်းဟာ အစိုးရအဖွဲ့သက်တမ်း အတိုင်းသာ ဖြစ်တယ်လို့ ပြင်ဆင်အစားထိုးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီလို အစားထိုးလိုက်တဲ့အတွက် ရွေးချယ် ခံခဲ့ရတဲ့ ၁၁၅ ဦးရဲ့သက်တမ်းဟာ ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။

ရန်ကုန်အနောက်ပိုင်းခရိုင် ကော်မတီဝင် ဦးခင်လှိုင်က အခု ပြဋ္ဌာန်းလိုက်တဲ့ နည်းဥပဒေဟာ သူတို့လို ၂၀၁၄ ခုနှစ် က ရွေးချယ်တင်မြှောက်ခံရတဲ့ ကော်မတီဝင်တွေနဲ့ မသက်ဆိုင်ဘဲ သူတို့သက်တမ်းဟာ နောက်ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိတယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

စစ်ကိုင်းမြို့ကနေ လမ်းလျှောက်ချီတက်လာတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားတွေ မေလ ၁၇ ရက်နေ့က ရမည်းသင်းမြို့နယ် ပြတိုက်ကျေးရွာကို ရောက်ရှိလာစဉ်။ Photo: Myo Thant Khaing/RFA
နေပြည်တော် တပ်ကုန်းမြို့နယ်ကနေ ၅ မိုင်အကွာမှာ ရောက်ရှိနေတဲ့ စစ်ကိုင်းမြို့ Myanmar Veneer သစ်အချော ထည်စက်ရုံ အလုပ်သမားတွေက လွှတ်တော်ကြားနာပွဲ ပြုလုပ်ပေးဖို့ တောင်းဆိုတဲ့အတွက် အလုပ်သမားတွေ ဘက်က တရားဝင်စာတင်ဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို မေးမြန်းဆွေးနွေးခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ထံ တင်ပြရာမှာ လွှတ်တော်ဥက္ကဌက စာတင်ဖို့ ပြောတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က ဒီနေ့ ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ဒီနေ့ ရမည်းသင်းမြို့နယ် ပြတိုက်ကျေးရွာမှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန် နေပြည်တော် တပ်ကုန်းမြို့ကို ဆက်လက်လမ်းလျှောက်မှာဖြစ်ပါတယ်။

မနေ့ကစပြီး တပ်ကုန်းမြို့အ၀င်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတွေက အတားအဆီးတွေ ချထားပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့်အဖွဲ့တွေနဲ့ စောင့်ဆိုင်းနေပါတယ်။

စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်သမား အခွင့်အရေးများရရှိဖို့ စက်ရုံပိုင်ရှင်နဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက စပြီး ဧပြီလကုန်အထိ အကြိမ် ကြိမ် ဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုမရဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့စပြီး နေပြည်တော်ကို လမ်းလျှောက်ချီတက်လာတာဖြစ်ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေက အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၁၀၀ ကျော်ထဲက အလုပ်သမား ၆၀ ကို Myanmar Veneer သစ်အချောထည်စက်ရုံမှာ အလုပ်ပြန်ခန့်ပေးဖို့၊ အလုပ်ထုတ်ခံထားရတဲ့ ကြားကာလအတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့၊ ဆန္ဒပြမှုကို အရေးမယူဖို့၊ သူတို့ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေးဖို့တို့ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


(တောင်ကြီး၊ မေ ၁၇)

တောင်ကြီးမြို့ရှိ ထီသိမ်ရေလှောင်ကန်(ရုရှားကန်)တွင် မေလ ၁၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် အမျိုးသား ၂ ဦး ရေနစ်သေဆုံးသွားခဲ့ပြီး အလောင်းများအား ၂ ရက်ကြာမှသာ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ ကို -----၊ ၃၄ နှစ်၊ ပအိုဝ်း/ဗုဒ္ဓနှင့် ညောင်ရွှေဟော်ကုန်းရပ်ကွက်နေ မောင် ----၊ ၁၈ နှစ်၊ ဗမာ/ဗုဒ္ဓတို့သည် မေလ ၁၅ ရက် ညနေပိုင်းတွင် ထီသိမ်ရေလှောင်(ရုရှားကန်)သို့ ရောက်ရှိလာပြီး မောင် --- (၁၈)နှစ်မှ ရေဆင်းကူးစဉ်ရေလယ်သို့ အရောက်၌ ရေနစ်ခဲ့သဖြင့် ကို ---- ၊ (၃၄)နှစ်မှ သွားရောက် ဆယ်ယူရာမှ ၂ ဦးလုံး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရေနစ်သေဆုံးသူများအား ဒေသခံများမှ မေလ ၁၅ ရက် ညနေပိုင်းတွင် ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း တွေ့ရှိခြင်းမရှိခဲ့ကြောင်း၊ နောက်တစ်နေ့တွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရေငုပ်ကျွမ်းကျင်သူများမှ ထပ်မံရှာဖွေမှုများ ပြုလုပ်ရာတွင်လည်း တွေ့ရှိခြင်း မရှိပဲ မေလ ၁၇ ရက် နံနက်ပိုင်းတွင် အလောင်းများ ပေါ်လာသောကြောင့် တာဝန်ရှိသူများမှ တွေ့ရှိ၍ အလောင်းများအား ဆယ်ယူကာ တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ ဒီ ထီသိမ်ကန်မှာ ရေနစ်သေဆုံးကြတာ ဒီ ၂ ယောက်နဲ့ဆိုရင် လူ့အသက်ပေါင်း ၅၀ ကျော်လောက် ဆုံးရှုံးသွားပါပြီ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။ ဒီရေကန်ဟာ ကန့်သတ်ထားတဲ့ နယ်မြေတစ်ခုပါ။ မိမိတို့ရဲ့ အသက်နဲ့ခန္ဓာကိုယ်တွေ ထပ်ပြီး မဆုံးရှုံးကြရလေအောင် ဒီကန်ကို မလာစေချင်ပါဘူး ” ဟု တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ နယ်မြေမှူး ဦးခွန်အောင်လွင်က ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ ထီသိမ်ရေလှောင်ကန်(ရုရှားကန်)သည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်အတွင်း၌ တည်ရှိပြီး ရေကန်ပတ်လည်တွင် သံဆူးကြိုးများဖြင့် ကာရံထားရှိပြီး ပြည်သူများအနေဖြင့် လာရောက်ခြင်း မပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။

ဖိုးပြည့်
ကမ္ဘောဇတိုင်းသတင်းဂျာနယ်
https://www.facebook.com/kanbawzatai/


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ဗုံးခွဲမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ သံသယရှိသူ (၂) ဦးကို အင်္ဂါနေ့က ရုံးထုတ်စစ်ဆေးခဲ့ရာ တရားရုံးကို သွားရောက်တဲ့ လမ်းမှာ သံသယရှိသူတစ်ဦးက သူဟာ တိရစ္ဆာန်တစ်ကောင်မဟုတ်ကြောင်းမီဒီယာတွေကို အော်ဟစ်ပြောဆိုခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြခဲ့ပါတယ်။

 ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ် သြဂုတ်လ (၁၇) ရက်က ဘန်ကောက်မြို့လယ်ခေါင်မှာရှိတဲ့ ဧရာဝဏ် ဘုရားကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူပေါင်း (၂၀) ထက်မနည်းသေဆုံးကာ (၁၂၀) ကျော်ဒါဏ်ရာရရှိသွားခဲ့ပါတယ်။

 လေ့လာသူတွေ၊ သံတမန်တွေနဲ့ အရာရှိတွေကတော့ အဲဒီဗုံးပေါက်ကွဲမှုဟာ တရုတ်နိုင်ငံ အနောက်ပိုင်းက အူဂါမျိုးနွယ်စုတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

 ဒါပေမယ့် ထိုင်းရဲတပ်ဖွဲ့ကတော့ ဗုံးပေါက်ကွဲမှုမဖြစ်ပွားခင် တစ်လအလိုက ထိုင်းအစိုးရဟာ နိုင်ငံထဲမှာ ရှိနေတဲ့ အူဂါလူမျိုးစုတွေကို တရုတ်နိုင်ငံကို ပြန်ပို့ခဲ့တာနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိတဲ့ သူတွေက ဗုံးခွဲမှုကို လုပ်ဆောင်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

 အခုဖမ်းဆီးခံထားရတဲ့ သံသယရှိသူ(၂) ဦးအနက် အဒမ် ခါရာဒက် ဆိုသူက မိမိတို့ဟာ တိရစ္ဆာန်တွေမဟုတ်ကြောင်း၊ အပြစ်ကင်းစင်ကြောင်းနဲ့ လူ့အခွင့်အရေးရရှိရေးအတွက် အော်ဟစ်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

 ဒီအမှုနဲ့ပတ်သက်လို့ မျက်မြင်သက်သေ (၂၅၀) ကျော်ကို ခေါ်ယူစစ်ဆေးသွားမှာဖြစ်ပြီး၊ အမှုဟာ (၂၀၁၆) ခုနှစ်ကုန်ပိုင်းမှာ အဆုံးသတ်နိုင်ဖွယ်ရှိကြောင်း၊ ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာမြင့်နိုင်မှာဖြစ်ကြောင်း ခါရာဒက် ရဲ့ရှေ့နေက ပြောကြားခဲ့ပါတယ်။

5 Plus News
https://www.facebook.com/5plusnews/

အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်သော တမူးမြို့ပုံ။ photo: google map
အိန္ဒိယ - မြန်မာနယ်စပ် တမူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ တရားမ၀င်လက်နက် ကိုင်ဆောင်မှု၊ အကျင့်ပျက်ခြစားမှု စတဲ့ အရေးကိစ္စတွေကို စောင့်ကြည့်လေ့လာဖို့အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပါဝင်တဲ့ နယ်စပ်ဒေသလေ့လာ စောင့်ကြည့်ရေးနဲ့ ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်း လိုက်ပါတယ်။

နယ်စပ်မှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို စောင့်ကြည့်ပြီး အစိုးရနဲ့ လွှတ်တော်ထံ တင်ပြတာတွေ လုပ်သွားမယ်လို့ အထက်ချင်းတွင်းလူငယ်များကွန်ရက်က ကိုကျော်သက်ဝင်း က ပြောပါတယ်။

နယ်စပ်ဒေသလေ့လာစောင့်ကြည့်ရေးနဲ့ ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်း ၈ ဖွဲ့က ဒီနေ့ ဆွေးနွေးခဲ့ကြတာဖြစ် ပါတယ်။

အဲ့ဒီကော်မတီဟာ မူးယစ်ဆေးဝါးနဲ့ မှုခင်းတွေအပြင် နယ်စပ်ဒေသလုံခြုံရေး၊ ကုန်သွယ်ရေး၊ ဌာနေတိုင်းရင်း သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှု မရှိစေရေးအတွက် စောင့်ကြည့်သွားမှာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အိန္ဒိယနိုင်ငံဘက်က လူမှုအဖွဲ့အစည်းတွေ၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။

အဲ့ဒီညှိနှိုင်းရေးကော်မတီမှာ အထက်ချင်းတွင်းလူငယ်ကွန်ရက်၊ ဂေါ်ရခါးလူငယ်အဖွဲ့တွေနဲ့ ဌာနေတိုင်းရင်းသား အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။

တမူးမြို့နယ် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်မှာ ပြီးခဲ့တဲ့ မေလ ၉ရက်နေ့က နှစ်ဖက်ဒေသခံတွေ ခိုက်ရန်ဖြစ်ပွားခဲ့ တာကြောင့် နှစ်ဖက်လုံခြုံရေးအင်အားတိုးမြှင့်ထားခဲ့ရပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်ဟာ မြန်မာဘက်က တမူးမြို့နဲ့ အိန္ဒိယနိုင်ငံ မိုးရေးမြို့တို့ ဆက်သွယ်တဲ့ နယ်စပ်ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို ကော့စမွီး တရားရုံးမှာ ရုံးထုတ်လာစဉ်။ Photo: thaivisa website
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာအလုပ်သမား နှစ်ယောက် အတွက် နောက်ဆုံးအယူခံကို လာမယ့် မေလ ၂၃ရက်နေ့ နောက်ဆုံးထားတင်သွင်းဖို့ စီစဉ်နေပါတယ်။

အဲ့ဒီအယူခံမှာ မျိုးရိုးဗီဇ DNA လွဲမှားနေတာတွေကို အဓိကထည့်သွင်းသွားမှာဖြစ်တယ်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

လူသတ်မှုမှာ အဓိကကျတဲ့ မျက်မြင်သက်သေတွေကို ထည့်သွင်းစစ်ဆေးခြင်းမရှိတာ၊ အသတ်ခံရတဲ့ အမျိုးသမီးရဲ့အ၀တ်အစားတွေမှာ တွေ့ရတဲ့ မျိုးရိုးဗီဇကို စစ်ဆေးခြင်းမရှိတာ စတဲ့ အချက် ၁၅ ချက်ကိုလည်း ထည့်သွင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီအယူခံတရားရုံးကနေ နောက်ဆုံး အမိန့်ချမယ့်နေ့ကို ဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ ဦးအောင်မျိုးသန့် က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ဟာ လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အမှု ၇ ခုနဲ့ သေဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


KIA တပ်ရင်း ၂၇ ကို အစိုးရ တိုက်လေယာဉ် ၂ စီးဖြင့် ၂ ကြိမ် ပစ်ခတ်
ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၇) စခန်း ပစ်မှတ်များ ကို အစိုးရတပ်မှ ယနေ့ ဂျက်တိုက် လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

အစိုးရ ဂျက်တိုက် လေယာဉ် ၂ စီးဖြင့် KIA တပ်ရင်း (၂၇) နယ်မြေဖြစ်သည့် အူလန်ပါ (Ulang Pa) နှင့် ခ ရှန် (Hka Shang) ကြား နေရာတစ်ဝိုက် နံနက်ပိုင်း (၁၁) နာရီခွဲခန့်တွင် တစ်ကြိမ်နှင့် မွန်းလွဲပိုင်း (၄) နာရီခန့် တစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် KIO/KIA လိုင်ဇာ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူ က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ယခုလို အစိုးရတပ်၏ လေကြောင်းဖြင့် တိုက်ခိုက်မှုတွင် KIA ဘက် ထိခိုက် ကျရှုံးမှု ရှိ မရှိ မသိရသေးကြောင်း ဒုဗိုလ်မှူးကြီး နော်ဘူ က ဆက်ဆိုသည်။

ယင်း KIA တပ်ရင်း (၂၇) နယ်မြေ မံစီမြို့တွင် အစိုးရတပ်နှင့် မေလ (၁၅) ရက်နေ့ကစပြီး နေစဉ် တိုက်ပွဲများ ဖြစ်ပွားလာပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com

( ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ နယ်စပ်တွင် ကင်းလှည့်နေစဉ်)
နိရဉ္စရာ၊ မေလ ၁၇

မြန်မာဘက်က အမြောက်ကျည်ဆံများ သူ့နယ်မြေထဲသို့ ကျရောက်ပြီး မြန်မာ စစ်တပ်မှလဲ ဘင်္ဂလာဒေ့ရှ်နယ်မြေထဲ အကြိမ်ကြိမ် အခါခါ ကျူးကျော် ၀င်ရောက်သည်ဟု ဆိုကာ ဘင်္ဂလာဒေ့ရှ် အစိုးရမှ မြန်မာ အစိုးရကို မေလ ၁၆ ရက်နေ့က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်ဟု The Daily Star သတင်းစာတွင် သတင်းဖော်ပြသည်။

၎င်းကန့်ကွက်ချက်ကို ဘင်္ဂလာဒေ့ရှ် ဆိုင်ရာ မြန်မာ သံအမတ်မှ တဆင့် မြန်မာ အစိုးရအား နှုတ်အားဖြင့် ကန့်ကွက် ပြုလုပ် ခဲ့ခြင်း ဖြစ်သည်ဟု ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက ဆိုသည်။

မြန်မာသံအမတ်နှင့် တွေ့ဆုံစဉ် ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးမှ မေလ ၁၂ ရက်နေ့က မော်တာကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းမှာ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုမှာ စိတ်မကောင်းစရာနှင့် အကြောင်းအကျိုး ခိုင်လုံမှု မရှိကြောင်း ပြောဆိုသည်။

ယင်းကဲ့သို့ ပြုလုပ်မှုကို မည်သည့်အခါမှ လက်ခံနိုင်မည် မဟုတ်ကြောင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန် စကားလုံးများကို သုံးစွဲ ပြောကြားခဲ့သည်ဟုသတင်းတွင် ဖော်ပြသည်။

မြန်မာတပ်ဖွဲ့သည် ဘင်္ဂလာဒေ့ရှ်ဘက်မှ နိုင်ငံတကာ ဥပဒေများ ကို လေးစားလိုက်နာရန် အကြိမ်ကြိမ် အလီလီ ပြောဆိုခဲ့သော်လည်း လိုက်နာမှု မရှိဘဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

၎င်းပြင် ဘင်္ဂလာဒေ့ရှ်ဘက်မှ နယ်စပ်တင်းမာမှု လျော့ချရန် အစီအစဉ် များ ပြုလုပ်ဆောင်ရွက်ရန်နှင့် နောင်တွင် ယင်းကဲ့သို့ တိုက်ခိုက်မှုများကို မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

မြန်မာဘက်က ကျရောက်လာသော အမြောက်ကျည်ဆံကြောင့် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် တန်းဆိပ်မြို့နယ် ဆင်ကူးမြစ် ကြိုးဝိုင်း သစ်တောတွင် ရှိသော နယ်ခြားစောင့်တပ်ဖွဲ့၏ ရဟတ်ယာဉ် ကွင်းတစ်ခု ပျက်စီးခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara

ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
ဒီနေ့ မနက်ပိုင်းက တရုတ်မြန်မာနယ်စပ်ဒေသ မံစီမြို့နယ် မန်ဝိန်းကြီးရွာအနီးမှာ ကေအိုင်အို တပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၂၇ နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲဖြစ်ကြောင်း နယ်စပ်သတင်းတွေအရ သိရပါတယ်။  ကေအိုင်အို တပ်မဟာ ၃ အရာရှိတစ်ယောက်က လာရောက် တိုက်ခိုက်တဲ့ အစိုးရတပ်ဖွဲ့ဝင် ၅ဝဝ ခန့် ရှိတယ်လို့ ပြောပါတယ်။

"အူလန်ပါ မှာ ပလောင်ဒိန်ဆာနဲ့ နမ်ဆာကြားမှာ တပ်ရင်း ၂၇မှာ ၊ ၁၁ နာရီလောက် သူတို့တက်လာ တယ်။ လူကတော့များတယ်လေ ပလောင်ဒိန်ဆာ ဟိုဘက်ထိပ်ကနေ တက်လာတယ်။ လေးငါးရက်ရှိပီ ။ မန်ဝိန်း၊ ကိုက်ထိပ်၊ ပလောင်ဒိန်ဆာ များတယ်လူတွေက လေးငါးရာလောက်ရှိတယ်"

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ အခုထိ အသေအချာ မသိရသေးဘူးလို့လည်း တပ်မဟာ ၃ အရာရှိကပြောပါတယ်။ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှုးကြီးနော်ဘူ ကတော့ အဲဒီဒေသမှာ အစိုးရတပ်တွေ အများအပြားရှိနေတာကြောင့် တိုက်ပွဲတွေ နောက်ထပ် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

"ဒီကနေ့ဖြစ်တဲ့နေရာကတော့ အူလန်ပါ ဆိုတဲ့နေရာမှာ ဖြစ်တယ်လို့ ကြားတယ်၊ အူလန်ပါကတော့ မန်ဝိန်းကြီးနားလောက်မှာ ကျမှာပေါ့ မနေ့ကလည်း ဖြစ်တယ်လို့ကြားတယ်၊ ဖြစ်တော့ ဖြစ်မှာပါ ဘာလို့လဲ ဆိုတော့ တပ်မတော်ဘက်ကလည်း သူတို့ထိုးထားတဲ့ စစ်ကြောင်းတွေကတော့ အခုထက်ထိ မသွားဘူး အားလုံးက တောထဲမှာပဲ ဆက်နေတယ်လို့ကြားတယ်"

ကေအိုင်အို တပ်မဟာ ၂ နယ်မြေ ဖားကန့်ကျောက်စိမ်းဒေသမှာလည်း အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေနဲ့ KIA တိုက်ပွဲတွေဖြစ်ခဲ့သလို ဖားကန့်မြို့ပေါ်တွေမှာလည်း ဗုံးတချို့ပေါက်ကွဲခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ် ကြား ဗန်းမော်ခရိုင် မံစီမြို့နယ် KIA တပ်မဟာ (၃) အောက် တပ်ရင်း (၂၇) နယ်မြေမှာ ယနေ့ သုံး ရက်မြောက် တိုက်ပွဲဖြစ်ပွားနေပါသည်။
ဗန်းမော်-မန်ဝင်းကြီး ကားလမ်းမကြီး အနီး တောင်ဘက်ခြမ်းတွင်ဖြစ်ပြီး မေလ ၁၅၊ ၁၆ နှင့် ၁၇ ယနေ့ အထိ တိုက်ပွဲ ငယ်များ ဖြစ်ပွားနေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA လိုင်ဇာ ဗဟိုဌာနချုပ်မှ ဒုဗိုလ်မှူးကြီး နော်ဘူ ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောပါသည်။

မေလ (၁၅) ရက်နေ့ မနက်ပိုင်းကလည်း KIA တပ်ရင်း (၂၇) နယ်မြေ ခ ရှန်ပါ (Hka Shang Pa) ဘက်ကို အစိုးရတပ် ဗန်းမော် နယ်မြေခံ ခလရ (၂၃၇) နှင့် မိုးမိတ် နယ်မြေခံ ခလရ (၂၇၆) တပ်တို့ စစ်ရေး လှုပ်ရှား ဝင်ရောက်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် (၁၆) ရက် ညနေပိုင်းတွင်လည်း အစိုးရတပ် မံစီ နယ်မြေခံ ခမရ (၆၀၁) စစ်ကြောင်းနှင့် KIA တို့ အူလန်ပါ (Ulang Pa) ဘက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း KIA ရှေ့တန်းသတင်းမှ သိရသည်။

(၁၆) ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် အူလန်ပါ (Ulang Pa) ဘက်မှာပဲ ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲ ခန့် ကလည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပါသည်။

KIA ၏ မိုင်းဖြင့် ခုခံ တိုက်ခိုက်မှုတွင် အစိုးရတပ်ဘက် အထိနာမည့် အခြေအနေတွင် ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ထို့အပြင် အစိုးရတပ်က နေရာအနှံ စစ်ရေးလှုပ်ရှားလာတဲ့အတွက် တိုက်ပွဲကြီးဖြစ်လာနိုင်ကြောင်း KIA တပ်မဟာ (၃) မှူး ဗိုလ်မှူးကြီး တူးဂျာ ကလည်း မဇ္ဈိမ သတင်းဌာန ကို ယမန်နေ့က ပြောခဲ့ပါသည်။

အစိုးရတပ်နှင့် KIA တပ် ကြား မေလ (၅) ရက်နေ့မှ စတင်ကာ ဖားကန့် ကျောက်စိမ်းမှော် တွင် တိုက်ပွဲ ပြင်းထန်လာခဲ့ပြီး မေ ၁၀ ရက်နေ့တွင် KIA တပ်ရင်း (၆) ဌာနချုပ် ကို အစိုးရတပ်မှ သိမ်းပိုက်ခဲ့သည်။

ယခု အစိုးရတပ်နှင့် KIA တပ်ကြား ဖားကန့် ကျောက်စိမ်းမှော်နှင့် မံစီ နှစ်မြို့နယ်မှာ တိုက်ပွဲများ ပြင်းထန်လာနေချိန် ဟူးကောင်းချိုင့်ဝှမ်း KIA တပ်မဟာ (၂)၊ တပ်ရင်း (၁၄) နယ်မြေ ပယင်းမှော် ဘက်တွင်လည်း နှစ်ဖက် တိုက်ပွဲ ဖြစ်လာနိုင်သည့် အခြေအနေမှာ ရှိကြောင်း ဒေသခံများ ဆိုပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com

မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် ဆင်ဟွာ သတင်းဌာနတို့ သီးသန့် တွေ့ ဆုံ မေးမြန်းစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ မေ ၁၇ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံတစ်ဝန်း ရေရှားပါး ပြတ်လပ်မှု ကြုံတွေ့ နေရသည့် အခြေအနေမှာ သမိုင်းတစ်လျှောက် အများဆုံး ဖြစ်နေပြီး ပူပြင်းခြောက်သွေ့ သည့် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် စိုက်ပျိုးရေး ကဏ္ဍအပေါ် ထိခိုက်မှု ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆင်ဟွာ သတင်းဌာနနှင့် သီးသန့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။

“အယ်လ်နီညိုကြောင့် ပူပြင်းတဲ့ အပြင် မိုးကလည်း မရွာတော့ ပူပြင်း ခြောက်သွေ့ တဲ့ ရာသီဥတု ဖြစ်တယ်။ အထိခိုက်ဆုံး ကဏ္ဍ တစ်ခုကတော့ ရေရှားတာပဲ။ ရေတွေ ပြတ်လပ်ကုန်တယ်။ ဒီနှစ် မြန်မာနိုင်ငံမှာ ရေရှားတဲ့ဘေး ကြုံတွေ့ နေရတဲ့ ကျေးရွာပေါင်း ၂,၀၀၀ ရှိတယ်။ အဲဒါ သမိုင်းမှာ အများဆုံးပဲ။ တစ်ချို့  ဒေသတွေမှာ အဝီစိတွင်း တူးပေမယ့် ရေမထွက်တော့ဘူး။ ဒါကြောင့် ရေပြဿနာက တော်တော် ကြီးပါတယ်”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

အယ်လ်နီညို ထိခိုက်မှု

အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်သည် ဇွန်လတွင် ပြီးဆုံးမည် ဖြစ်သော်လည်း အယ်လ်နီညို ရာသီဥတု ဒဏ်ကြောင့် ထိခိုက်မှုမှာ ၃ လခန့် ဆက်လက် ရှိနေအုန်းမည် ဖြစ်ပြီး စက်တင်ဘာလမှသာ ပြီးဆုံးမည် ဖြစ်ကြောင်း ၊ ထိခိုက်မှုများ အနေဖြင့် အပူချိန် အလွန်မြင့်တက်ခြင်း ၊ ရေရှားပါး ပြတ်လပ်မှု ၊ စိုက်ပျိုး သီးနှံ ထုတ်လုပ်မှု ကျဆင်းခြင်း ၊ ကျန်းမာရေး ပြဿနာ နှင့် သဘာဝ ဘေးအန္တရာယ် စသည့်တို့ ကို ကြုံတွေ့  ခံစား ရမည် ဖြစ်ကြောင်း သိရသည်။
 “စိုက်ပျိုးရေး ကဏ္ဍမှာ ဒီနှစ်လို အလွန်ပူပြင်း ခြောက်သွေ့တဲ့ နှစ်မှာ ဘယ်ကမှ ရေမရတဲ့ အပင်တွေ အများကြီး ရှိမယ်။ ဒါဆိုရင် စိုက်ပျိုးရေးက သေချာပေါက် ထိခိုက်မှာပဲ။ အထွက်လျော့မယ်။ သေရင်လည်း သေမယ်။ ဆည်ရေသောက် လယ်တွေ ၊ မြစ်ရေတင်ရတဲ့ လယ်တွေ ရေသာ ရသော်လည်း လယ် ပတ်ဝန်းကျင်က အယ်နီညို ဖြစ်နေတဲ့ အတွက် ပူပြင်းခြောက်သွေ့ နေတော့ ရေရပေမယ့် အဲဒီ အပင်တွေက အယ်နီညိုကြောင့် ပိုးကျတယ်။ သေချာပေါက် စိုက်ပျိုးရေးက ထိခိုက်မှာ သေချာတယ်”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
ထို့အတူ ပူပြင်း ခြောက်သွေ့ သည့် အယ်လ်နီညို ရာသီဥတု ဖြစ်သည့် အတွက်ကြောင့် စိုက်ပျိုးသီးနှံများ မအောင်မြင်နိုင်ကြောင်း ၊ ထိုကြောင့် စားနပ်ရိက္ခာ လုံခြုံမှု(Food Security) နည်းသွားနိုင်ပြီး ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း ၊ အခြေခံ လူတန်းစားများအတွက် လိုအပ်သည့် စားနပ်ရိက္ခာများ ရှားပါးနိုင်သည့် ဒဏ်များ ထိခိုက်နိုင်ကြောင်း ၄င်းက သုံးသပ် ပြောကြားခဲ့သည်။

အပူချိန် စံချိန်ချိုး

ယခုဖြစ်ပွားသည့် အယ်လ်နီညို ရာသီဥတုသည် နှစ်ပေါင်း ၅၀၀ အတွင်း အပြင်းထန်ဆုံး ကြုံတွေ့ ခဲ့ရခြင်း ဖြစ်ပြီး အပူပြင်းဆုံး စံချိန်များ ကျော်လွန်ခဲ့သည့် မြို့ အရေအတွက်မှာလည်း အများဆုံး ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
“အရင်တုန်းက မြန်မာနိုင်ငံမှာ ၄၇.၂ ဒီဂရီ စင်တီဂရိတ် အထိ ရှိနေခဲ့ပြီးတော့ အခု ကျော်သွားနိုင်ပါတယ်။ အပူချိန်က စံချိန်ချိုးသွားတာ မြို့ ပေါင်းက ၃၀ ကျော် ၄၀ လောက် ဖြစ်နေပြီ ဆိုတော့ အများဆုံး ဖြစ်နေပြီ။ အမြင့်ဆုံး တက်တဲ့ အပူချိန်ကသာ ၄၇ ကျော်ဖို့ များနေပေမယ့် စံချိန်ချိုးတာက မြို့ တိုင်းလောက် နီးပါး စံချိန်ချိုးနေတယ်”ဟု ၄င်းက ပြောသည်။

သဘာဝ ဘေးဒဏ်

မြန်မာနိုင်ငံ၌ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း အဆိုးဆုံး ရေကြီးမှု ကြုံတွေ့ ခဲ့ရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရေဘေးအန္တရာယ် ကြုံတွေ့ ခဲ့ရပြီး အဆိုးဆုံး ရေကြီးမှု ဖြစ်ပေါ်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်တွင် မိုးသီး ကြွေကျခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ မီးဘေး စသည့် သဘာဝ ဘေးအန္တရာယ်များ ထူးခြားစွာ ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။
အယ်လ်နီညို၏ ပူပြင်းခြောက်သွေ့ သည့် ရာသီဥတုကြောင့် ပထမ ၆ လပတ် ဖြစ်သည့် ပြီးခဲ့နှစ် ၂၀၁၅ ခုနှစ် အတွင်း အယ်လ်နီညို ရာသီဥတု ပြင်းထန်စွာ ခံစားခဲ့ရသည့် အိမ်နီးချင်း နိုင်ငံများ အပါအဝင် နိုင်ငံတစ်ချို့တွင် သေဆုံးသူ အရေအတွက် ၂ သောင်းကျော် ရှိပြီး ပျက်စီးဆုံးရူံးမှု အမေရိကန် ဒေါ်လာ ၆၆ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။

မုတ်သုန်မိုး ဝင်ရောက်ချိန်

ထို့အတူ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု အခြေအနေမှာ မမျှတသည့် မိုးရွာသွန်းမှုမျိုး ရှိနိုင်မည် ဖြစ်ပြီး ယခုအပတ်အတွင်း ဘင်္ဂလား ပင်လယ်အော် အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ် အဖြစ် ရခိုင် ကမ်းရိုးတန်းသို့ ဝင်ရောက်လာပါက မုန်တိုင်းနှင့် အတူ မုတ်သုန်မိုး စတင် ဝင်ရောက်နိုင်ကြောင်း သိရသည်။

လာနီညာ ရာသီဥတု သတိပြု

ထို့ပြင် ယခုနှစ် အောက်တိုဘာလတွင် လာနီညာ ရာသီဥတုနှင့် ထပ်မံ ကြုံတွေ့ ရမည် ဖြစ်ပြီး လာနီညာ ရာသီဥတု၏ အကျိုးဆက်ကြောင့် ရေကြီးမှု ၊ မြေပြိုမှု နှင့် မုန်တိုင်း အန္တရာယ်များ သတိပြုရမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေး ပြောကြားခဲ့သည်။
“၂၀၁၆ခုနှစ် နောက်ဆုံး ၃ လ ဖြစ်တဲ့ အောက်တိုဘာ ၊ နို ဝင်ဘာ ၊ ဒီဇင်ဘာက လာနီညာ ဖြစ်မယ်။ ၂၀၁၇ ခုနှစ်ကို ရောက်လာရင် အနည်းဆုံး ပထမ ၆ လက လာနီညာ ဖြစ်မှာပဲ။ ၂၀၁၇ ခုနှစ် ဇွန်လအထိ လာနီညာ ဖြစ်မယ်။ လာနီညာရဲ့ အကျိုးဆက်က ရာသီဥတုကို အေးပြီးတော့ စွက်စိုစေတယ်။ အပူချိန်ကို လျှော့စေတယ်။ မိုးကို တိုးစေတယ်။ အေးပြီး စွတ်စိုတဲ့ ရာသီဥတု ရှိတယ်။ ယခုနှစ် နွေ အလွန်ပူသလို ဆောင်းရာသီ အေးနိုင်တယ်။ ၂၀၁၇ မိုးရာသီမှာ မိုးများနိုင်တယ်။ မိုးများရင် မိုးကို အကြောင်းပြုပြီး ဖြစ်တဲ့ သဘာဝဘေးတွေ ပါလာမယ်။ နံပါတ် တစ်က ရေကြီးတာ။ မြေပြိုတာ။ ဒီအန္တရာယ် မသေးဘူးဆိုတာ တွေ့ ရမယ်။ ၂၀၁၇ လာနီညာနှစ် မေလမှာ မုန်တိုင်းဖြစ်ရင် အဲဒီဖြစ်တဲ့ မုန်တိုင်းက မြန်မာပြည် ဝင်နိုင်တယ်။ လာနီညာ နှစ်ဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာပြည် ဝင်တတ်တယ် ဆိုတာ အတွေ့ အကြုံရှိတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်က မုန်တိုင်း အန္တရာယ် သတိထားရမယ်”ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

လွန်ကဲရာသီဥတု ဆုံးရှုံးမှု များနိုင်

ထို့ကြောင့် လက်ရှိကာလ ရာသီဥတုမှာ အလွန်ကြမ်းတမ်းသည့် ကာလ ၊ လွန်ကဲသည့် ရာသီဥတု ရှိသည့် အတွက် အကျိုးဆက်အနေဖြင့် ပျက်ဆီး ဆုံးရှုံးမှု များနိုင်သဖြင့် အားလုံး သတိရှိရန် လိုအပ်ပြီး ကြိုတင် ပြင်ဆင်မှု ၊ ကာကွယ်မှုများ စုပေါင်းပြီး လုပ်ဆောင်၍ မိုးလေဝသ အခြေအနေများကို မျက်ခြည် မပြတ် စောင့်ကြည့်သင့်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က အကြံပြု ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

(ကော့စ်ဘဇား ခရိုင်မြို့တွင် ဗုဒ္ဓဘာသာဝင်များ ယမန်နေ့က ဆန္ဒပြ ကန့်ကွက်နေကြစဉ်)
နိရဉ္စရာ၊ မေလ ၁၇

ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်၊ ဘင်ဒရိုဘင် ခရိုင်၊ နတ်ချောင်းဆရီ မြို့နယ် ဘိုင်ဆရီ သက်ရွာတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးအား လည်လှီးသတ်ဖြတ်ခံရမှုနှင့် ဆက်စပ်ပြီး သံသယ ရှိသူ သုံးဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု The Daily Star တွင် သတင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများထဲတွင် နှစ်ဦးမှာ သူတို့ အခေါ် ရိုဟင်ဂျာ (မြန်မာ အခေါ် ဘင်္ဂလီ) ဆိုသူများ ဖြစ်ကြပြီး အမည်မှာ အဘာဒူရ် ရာဟိန်း (၂၅) နှစ်နှင့် အမ်းဒီ ဇီယာ (၂၆) နှစ်တို့ ဖြစ်ကြသည်။ နောက်တစ်ဦးမှာ သက်လူမျိုး သာမောင် (၃၆) နှစ်ဖြစ်ကြောင်း သတင်းက ဆိုသည်။

သူတို့သုံးဦးအား ယမန်နေ့က ရုံးထုတ်ခဲ့ပြီး ရဲက ရမန် (၁၀) ရက်တောင်းခံရာ ဘင်ဒရိုဘင် ခရိုင်တရားသူကြီးက (၅) ရက် ရမန်ပေးလိုက်သည်ဟု ဆိုသည်။

အသတ်ခံရသော ဆရာတော်မှာ သက်လူမျိုး ဖြစ်ပြီး အသက် (၇၃) နှစ်ရှိကာ ရွာအနီး ဘုန်းတော်ကြီးကျောင်းတွင် တောရပ်ဆောက်တည်နေစဉ် မေလ ၁၄ ရက်နေ့ ညဥ့်က သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များက ဘင်ဒရိုဘင်မြို့တွင် လူသတ်သမားများကို ဖော်ထုတ် ဖမ်းဆီးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

၎င်းပြင် ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေး ၀န်ကြီးအား ယခု သတ်ဖြတ်မှုမှာ ဆွေမျိုးများအတွင်း ရန်ငြိုးဖြင့် သတ်ဖြတ်မှုဟု ပြောဆိုထားမှုကို ရုတ်သိမ်းရန်နှင့် မရုတ်သိမ်းပါက ၀န်ကြီးရာထူးမှ နုတ်ထွက်ရအောင်ထိ တောင်းဆိုသွားမည်ဟုလည်း ဆန္ဒပြသူများက သတိပေးထားသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara


ယမန်နေ့ မေလ ၁၆ ရက်နေ့ ညနေပိုင်းက တောင်ငူမြို့ (၂) ရပ်ကွက်တွင် အရက်မူးပြီး ပြန်လာသော သားနှင့် အဖေတို့ နှစ်ယောက် ရန်ဖြစ်ရင်း သားဖြစ်သူက ဖခင်၏ ရင်ဘတ်ကို တွန်းလိုက်ရာ ဖခင်လဲသွားချိန် သားဖြစ်သူက လဲနေသောဖခင် ရင်ဘတ်ပေါ် တက်ခုန်သဖြင့် ဖခင်သေဆုံးသွားတာ ဖြစ်တယ်လို့ သိရှိရပါသည်။

သေဆုံးသူမှာ ဦးမြင့်အောင် (၄၇) နှစ် ဖြစ်ပြီး သားဖြစ်သူမှာ ကုလား (၂၃) နှစ် ဟု သိရှိရပါတယ်။ သားဖြစ်သူက ထွက်ပြေးတိမ်းရှောင် နေတယ်လို့ဆိုပါတယ်။


အဆိုပါလူသတ်မှုအား တောင်ငူ အမှတ် (၂) ရဲစခန်းမှ ရဲအုပ်အေးဇော်နှင့် ရဲတပ်ဖွဲ့ဝင်များက အမှုမှန် ပေါ်ပေါက်အောင် ညလုံးပေါက် ကြိုးစားပမ်းစား ဖေါ်ထုတ်ခဲ့တာဖြစ်ပါတယ်။ လူသတ်တရားခံ အမြန်ဆုံး ဖမ်းဆီးနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

သေဆုံးသူ၏ အလောင်းအား တောင်ငူမြို့ ၂၄ နာရီ နာရေးကူညီမှုအသင်းမှ တောင်ငူ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

Sayar Khaine Gyi
24News Toungoo


 မြန်မာအကျဉ်းသား ၁ဦး စိတ်ညစ်လို့ မိမိကိုယ်ကိုအဆုံးစီရင်

2016 ခုနှစ် မေလ ၁၆ ရက်နေ့ပါ သတင်းအရ ထိုင်းနိုင်ငံ တတ်ခရိုင် မဲဆောက်မြို့ထောင်တွင် သေဆုံးနေသော မြန်မာနိုင်ငံသား ကိုကျော်မင်းအသက် ၃၁ နှစ်ကို မဲဆောက်ရဲစခန်းမှ ရဲများနှင့် မဲဆောက်ဆေးရုံမှဆရာဝန်များ လာရောက် စစ်ဆေးခဲ့ကြပါတယ်။

 ကိုကျော်မင်းဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက သူတစ်ပါးကို သေစေရန် ကြံစည်အမှုနှင့် လူသူကြားမှာတရားမ၀င်လက်နက်ဓားကိုင်ဆောင်အမှုဖြင့် မဲဆောက်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်နှင့် ၅ လ ချမှတ်ထားရာမှ မေလ ၁၄ ရက်နေ့တွင် မဲဆောက်အကျဉ်းထောင်မှ ထွက်ပြေးတိမ်းရှောင်ရန် မဲဆောက်ထောင်မှုး မစ်(စ်)တာမှုန်းခွန်းချိုင်း အသက် ၄၃ နှစ်ကို တူနှင့်ထုသတ်ပြီး ထွက်ပြေးရာ ပြန်လည်ဖမ်းမိသဖြင့် သူ့ကိုသီးခြားအချုပ်ခန်းတွင် တစ်ဦးတည်းထားရာမှ မနေ့မနက်ဝေလီဝေလင်းအချိန်တွင် သူဝတ်ထားသော အကျီင်္ကိုကြိုးကွင်းသဏ္ဍန်လုပ်ပြီး ကိုယ့်ကိုယ်ကိုကြိုးကွင်းစွပ်၍ သေဆုံးနေသည်ကို တွေ့ရသဖြင့် မိမိ၏ကြီးလေးသောပြစ်ဒဏ်ပြန်ခံရမှာကို စိတ်ညစ်တဲ့အတွက် မိမိကိုယ်ကို အဆုံးစီရင်ထားပုံရတယ်လို့ တာဝန်ရှိ ရဲများကယူဆထားပါတယ်။

MTF Channel
https://www.facebook.com/mtftv/


ထားဝယ် မေ ၁၆

ထိုင်း-မြန်မာနယ်စပ် ထီးခီး နယ်စပ်ဂိတ်နှင့်ထားဝယ်ကြားလမ်း ပိုင်းတွင် KNU က ကောက်ခံသည့် ငွေကြေးပမာဏများသောကြောင့် အခက်တွေ့နေရကြောင်း ထားဝယ် ထီးခီးခရီးသည်တင်ယာဉ်လိုင်း တာဝန်ခံအချို့နှင့် ယာဉ်မောင်းများ ကပြောသည်။

ထားဝယ်မြို့မှ ထီးခီးနယ်စပ် ဂိတ်သို့ပြေးဆွဲနေသည့် ယာဉ်လိုင်း ဂိတ်တစ်ဂိတ်လျှင် တစ်နှစ်စာ အတွက် ထိုင်းဘတ်ငွေတစ်သောင်း (ကျပ် သုံးသိန်းခွဲခန့်) ပေးဆောင်ရ သည့်အပြင် ထားဝယ်မြို့မှ ထီးခီး နယ်စပ်ဂိတ်သို့ ဝင်ရောက်ရာတွင် လူတစ်ဦးကို ထိုင်းဘတ်ငွေ ၁ဝဝ အား လမ်းပိုင်းရှိ KNU ဂိတ်တွင် ပေးဆောင်နေရကြောင်း ထား ဝယ်-ထီးခီးပြေးဆွဲနေသည့် ယာဉ် လိုင်းတာဝန်ခံတစ်ဦးကပြောသည်။

၎င်းအပြင် ထီးခီးမှ ထားဝယ် သို့ (အနည်းဆုံး ခရီးသည်တစ်ဦး တင်ဆောင်ပြီး) ပြန်ထွက်ပါက ထီးခီးနယ်စပ်ဂိတ်အနီးရှိ KNU စခန်းဂိတ်တွင်ဘတ်ငွေ ၄ဝဝ ပေး ဆောင်နေရသဖြင့် ခရီးသည် ရရှိမှု နည်းပါးသည့်အချိန်တွင် အဆင် မပြေကြောင်း ၄င်းကဆိုသည်။
''ငွေကြေး မကောက်နဲ့လို့ မပြောဘူး။ ပေးရတဲ့သူတွေ အဆင် ပြေအောင်ပုံမှန်စံနှုန်းတစ်ခုသတ် မှတ်ပြီးကောက်စေချင်တယ်''ဟု အဆိုပါ ယာဉ်လိုင်းတာဝန်ခံက ပြောသည်။

ယင်းအပြင် ထားဝယ်ဘက်မှ ရေထွက်ပစ္စည်း(ငါး၊ ပုစွန်) များ အား ထိုင်းနိုင်ငံသို့တင်ပို့ရန် သယ် ဆောင်ရာတွင် ငါးအဝယ်ဒိုင်မှ ပြေစာနှင့် အစိုးရ၏သက်ဆိုင်ရာ အခွန်စာရွက်စာတမ်းများအား အ ဆိုပါ ကေအင်န်ယူတပ်စခန်းဂိတ် များတွင် ထုတ်ပြသော်လည်း တစ် လီတာဆံ့ ပုံးရှစ်လုံးသယ်ဆောင် လာသည့် ယင်းခရီးစဉ်တွင် ထိုင်း ဘတ်ငွေ ၂၅ဝဝ ပေးဆောင်ခဲ့ရ ကြောင်းထီးခီးယာဉ်လိုင်းမှ ယာဉ် မောင်းတစ်ဦးကဆိုသည်။
ကားသမားများ၏ ပြောကြား ချက်နှင့်ပတ်သက်ပြီး တပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးသို့သွားရောက်မေး မြန်းရာ ကားသမားများအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနထံသို့ဖြစ် စေ၊ တပ်မဟာ ၄ ကေအင်န်ယူ ဆက်ဆံရေးရုံးသို့ဖြစ်စေ တရားဝင် တင်ပြပြီး တွေ့ဆုံဆွေးနွေးပါက အဖြေရှာရန် လွယ်မည်ဟုထင် ကြောင်း တပ်မဟာ ၄ ကရင်အမျိုး သားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံဖဒိုဝင်းခိုင်ကဆိုသည်။
''ဒါက တော်တော်ကြီး လုပ် ယူရမယ့်အပိုင်းမှာ ရှိတဲ့အပေါ်မှာ အဲလောက်ပဲပြောနိုင်မယ်။ တရား ဝင်နည်းလမ်းပုံစံနဲ့ ဆွေးနွေးကြ မယ်ဆိုပိုအဆင်ပြေမယ်ထင်တယ်'' ဟု ဖဒိုဝင်းခိုင်ကပြောသည်။

မြန်မာ-ထိုင်းနိုင်ငံ နယ်စပ်ရှိ ထီးခီးနယ်စပ်ဂိတ်အား ၂ဝ၁၃ ခုနှစ် ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ခရီးသည်တင် ယာဉ်လိုင်း ၂ဝ ခန့်ပြေးဆွဲလျက်ရှိ ကြောင်း ယာဉ်လိုင်းအသိုင်းအဝိုင်း မှ သိရသည်။

Dawei Watch
The Union Daily
https://www.facebook.com/uniondaily.net

Photo - ဦးဖိုးကြား ဆင်စခန်း
ရခိုင်ပြည်နယ်ရှိ သစ်တောများ ပြုန်းတီးလာပြီး ရေရှားပါးလာခြင်းကြောင့် တောဆင်ရိုင်းများမှာ မင်းပြားနှင့် မြေပုံမြို့နယ်ရှိ လူနေကျေးရွာများသို့ ၀င်ရောက်လာကြကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာနမှ သိရှိရသည်။

“တောရိုင်းဆင်တွေ လူနေတဲ့နေရာတွေကို ရောက်လာနေကြတယ်။ ဒီနှစ်ထဲ ကျွန်တော်တို့ သစ်တောအဖွဲ့က တွေ့တာ နှစ်ကြိမ်ရှိပါပြီ။ အထူးသဖြင့် မိသားစုနဲ့သင်းကွဲလာတဲ့ ဆင်ငယ်တွေပါ။ သူတို့ လာလေ့ရှိတဲ့ နေရာတွေက ရေရှိတဲ့ နေရာတွေပါ” ဟု ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သဘောဝ ပတ်ဝန်းကျင် ထိန်းသိမ်ရေးနှင့် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်ဦးက ပြောသည်။

၂၀၁၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့က မင်းပြားမြို့နှင့် ၆ မိုင်အကွာ ရန်ကုန်-စစ်တွေ ကားလမ်းဘေး မြောင်းရှည်ဆည်အထိ တောရိုင်းဆင်များ ရေလာသောက်ကြခြင်း၊ ငှက်ပျောပင်များကို လာရောက်စားခဲ့ပြီး မြေပုံမြို့နယ်ရှိ ကံကော်ချောင်းကျေးရွာ၊ မင်းပြားမြို့နယ်ရှိ ဖုန်းသာချောင်း ကျေးရွာများသို့ ဆင်ရိုင်းအလာများနေကြောင်း သိရသည်။

“ရခိုင်ရိုးမတောင်တန်းက တော၊တောင်တွေမှာ တောရိုင်းဆင်တွေအတွက် စားစရာမှမရှိတော့တာ။ တောင်ကတုံးပဲ ကျန်တော့တယ်။ အစိုးရအနေဖြင့် ထိရောက်တဲ့ ကာကွယ်ထိန်းသိမ်းရေးကို အမြန်ဆုံးလုပ်ပေးဖို့ လိုနေပါတယ်” ဟု အငြိမ်းစား ကျောင်းဆရာ မင်းပြားမြို့ခံ ဦးရွှေကျော်အောင်က ပြောသည်။

ရခိုင်ပြည်နယ်ရှိ တောတောင်များမှာ ပဲခူးရိုးမ၊ ချင်းတောင်တန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်း ဒေသတို့နှင့် ဆက်စပ်တည်ရှိနေခြင်းကြောင့် တောရိုင်းဆင်များကို ရခိုင်တောတောင် နေရာအနှံ့တွင် တွေ့ရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆင်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်၊ ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးမ ဆင်ဘေးမဲ့တော၊ မန္တလေးတိုင်းတွင် ရွှေဥဒေါင်း ဘေးမဲ့တော၊ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းဘေးမဲ့တော၊ မြောက်စာမရီ ဆင်ထိန်းသိမ်းရေး သဘောဝနယ်မြေနှင့် ဦးဖိုးကျား ဆင်စခန်းတို့တွင် ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies

ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)
    နေပြည်တော် ၊ မေ ၁၇ ရက် (ဆင်ဟွာ)

    နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဦးကျော်တင့်ဆွေကို ခန့်အပ်ရန် ကန့်ကွက်သူမရှိ သဘောတူကြောင်း ယနေ့ မေလ ၁၇ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

နိုင်ငံတော် သမ္မတ အဆိုပြု တင်ပြသော နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ခန့်အပ်တာဝန် ပေးလိုသည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို မေလ ၁၃ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ပြီး ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သော်လည်း ကန့်ကွက်သူ မရှိသဖြင့် လွှတ်တော်မှ သဘောတူကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ခန့်အပ် တာဝန် ပေးအပ်မည့် ဦးကျော်တင့်ဆွေသည် ပညာအရည်အချင်းအားဖြင့် B.Com(Hons) နှင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ဖွံ့ ဖြိုးရေး ဘွဲ့လွန် ဒီပလိုမာ ရရှိထားသူ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် အဖွဲ့ ဝင် တစ်ဦးလည်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com


ပြီးခဲ့တဲ့ မေလ (၇) ရက်နေ့ က နိုင်ငံခြားခရီးသည်လုပ်ငန်းကို စနစ်တကျလုပ်မယ်၊ ပေါ်လစီတည်ငြိမ်စွာနဲ့ ဦးဆောင်ပြီးတော့ ၀ိုင်းဝန်းလုပ်မယ်ဆိုရင် နိုင်ငံခြားငွေ အများဆုံးရှာပေးနိုင်ပြီး မတိမ်ကောတဲ့လုပ်ငန်းဖြစ်တယ် လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးသက်လွင်တိုးကပြောတာကို ဒီဗွီဘီရဲ့  မေးမြန်းခန်း ကဏ္ဍမှာ ဖတ်လိုက်ရပါတယ်။

ဒါကြောင့် နိုင်ငံခြားသားခရီးသည်တင်မက ပြည်တွင်းခရီးသည်များကို ဆွဲဆောင်နိုင်မဲ့ ရှေးမြို့တော်ဟောင်း ခရီးလမ်းကွန်ယက်တည်ဆောက်ရေးစီမံကိန်းနဲ့ ပတ်သက်လို့  စာရေးသူဥာဏ်မှီသမျှနဲ့ စိတ်ကူးတွေးတောမိ တာလေးတွေကို အကြံပြုချက်ဆောင်းပါးအဖြစ် ရေးသားလိုက်ပါတယ်။

ပထမဦးဆုံးပြောလိုတဲ့အချက်က မြန်မာမင်းတွေရဲ့နောက်ဆုံးနန်းစိုက်ရာ ရတနာပုံနေပြည်တော်တည်ရှိရာ မန္တလေးမြို့တ၀ိုက်ဟာ အလွန်ထူးခြားတဲ့ပထ၀ီဝင်နိုင်ငံရေးအရ အချက်အခြာကျတဲ့အရပ်ဒေသဖြစ်တယ်။ မြန်မာ နိုင်ငံရဲ့အသဲနှလုံးနေရာတည့်တည့်မှာရှိနေတဲ့အရပ်ဒေသ၊ မြစ်မင်းဧရာဝတီနဲ့ မြစ်မင်းသာလ္လာဝတီတို့ ဆုံရာ၊ မြစ်သွယ်ဒုဌ၀တီ ဦးခိုက်စီးဝင်ရာ မလှမ်းမကမ်းမှာ အလွန်လှပဗျူဟာကျစွာတည်ရှိနေတာဖြစ်တယ်။ ရေလမ်း၊ ကုန်းလမ်း၊ ဝေဟင်လမ်းအားလုံးရဲ့ အလယ်ဗဟိုဆုံမှတ်လိုဖြစ်နေတာမို့  ဗမာမင်းနဲ့ ရှမ်းမင်း၊ ရှမ်းမြန်မာ မင်းအဆက်ဆက်တွေဟာ အဲ့ဒီနေရာတ၀ိုက်မှာ ကြီးကျယ်ခမ်းနားလှတဲ့ မင်းနေပြည်တော်မြို့ပြကြီးတွေကို တည်ထောင်ခဲ့ကြတာဖြစ်တယ်။

ဒါ့အပြင် တရုတ်ပြည်ကနေ အိန္ဒိယ၊ အာရှမိုင်းနားကျွန်းဆွယ် အာရပ်ကမ္ဘာကနေ အာဖရိကဖက်ဆီပေါက်ရောက် စေခဲ့တဲ့ နံမည်ကျော်ရှေးဟောင်းပိုးလမ်းမကြီးရဲ့ အစိတ်အပိုင်းတခုလည်းဖြစ်တာကြောင့် ဒုတိယကမ္ဘာစစ် အတွင်းမှာဂျပန်တွေဟာ အင်္ဂလိပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေကိုထိုးနှက်ဖို့  မန္တလေးနဲ့ မြန်မာပြည်အလယ်ပိုင်း ကဖြတ်လို့  အိန္ဒိယဖက်ကို လီဒိုလမ်းမကြီးအတိုင်းစစ်မျက်နှာဖွင့်ခဲ့တာဖြစ်တယ်။

ဒုတိယအချက်အနေနဲ့ ပြောခြင်တာက အားလုံးသိတဲ့ကြအတိုင်း မန္တလေးမြို့နဲ့ အနီးတ၀ိုက်ဟာ နိုင်ငံခြားသားခရီး သွားတွေအလွန်အမင်းစိတ်ဝင်စားတဲ့ ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု့အထောက်အထားတွေ အုံနဲ့ ကျင်းနဲ့  တည်ရှိနေတဲ့အရပ်ဖြစ်တယ်။ တချို့တိုင်းပြည်တွေဆို မရှိမဲ့ရှိမဲ့မြို့ဟောင်းလေးတမြို့ထဲကို တယုတယပိုးမွေး သလိုမွေးပြီး အဲ့ဒါကိုမှီပြီး နိုင်ငံခြားဝင်ငွေအမြောက်အများရှာဖွေနေကြတဲ့အကြောင်းပါ။
နိုင်ငံသက်တမ်းနုနုလေးသာရှိတဲ့ စင်္ကာပူလိုကျွန်းနိုင်ငံလေးတောင် သက်တမ်းအားဖြင့် (၁၀၀) ကျော်ကျော်လေး သာရှိတဲ့ဒုတိယကမ္ဘာစစ်လက်ကျန်သမိုင်းအမွေအနှစ်အထောက်အထားလေးတွေကိုငွေကုန်ကြေးကျအမြောက် အများခံပြီး တခုတ်တရထိန်းသိမ်းစောင့်ရှောက်ထားယုံမက သွားလာကြည့်ရှု့ဘို့ ချောမွေ့ အစဉ်ပြေအောင် စီမံလို့ နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်ပြသနေကြတာပါ။

သတိထားမိတဲ့စာဖတ်သူတွေလည်း အများအပြားရှိနိုင်ပေမဲ့ သတိမထားမိသူတွေ သတိပြုမိစေခြင်တာက မန္တလေးမြို့ကနေ နေ့ ခြင်းပြန်သွားနိုင်တဲ့ မလှမ်းမကမ်းအနီးတ၀ိုက်ဝန်းကျင်မှာ အောက်ပါရှေးဟောင်းမြို့ကြီး (၉) မြို့ဟာ သပျစ်သီးခိုင်လို အပြွတ်လိုက်တည်ရှိနေတယ်ဆိုတာပါ။ ဒါတောင် ကျောက်ဆည်နယ်ထဲက ဘိန်နက၊ မက္ခရာမြို့ဟောင်းတို့ ၊ မြစ်သားနယ်ထဲက ပင်လယ်မြို့ဟောင်းတို့  မနီးမဝေးအောက်ပိုင်းက ပုဂံမြို့ဟောင်းတွေကို ထည့်မပြောထားသေးပါဘူး။

(၁) ဟန်လင်း ပျူမြို့ဟောင်း (ဘီစီ ၂ ရာစု ~ အေဒီ ၉ ရာစု)- ကမ္ဘာ့ အမွေအနှစ်
(၂) တမုတ်မြို့ဟောင်း (အေဒီ ၁၁ ရာစုမှ ၁၄ ရာစု)
(၃) မြင်စိုင်းမြို့ဟောင်း (အေဒီ ၁၂၉၇ ~ ၁၃၁၃)
(၄) ပင်းယမြို့ဟောင်း (အေဒီ ၁၃၁၃ ~ ၁၃၆၄)
(၅) စစ်ကိုင်းမြို့ဟောင်း (အေဒီ ၁၃၁၅ ~ ၁၃၆၄)
(၆) အင်းဝမြို့ဟောင်း (အေဒီ ၁၃၆၄ ~ ၁၅၅၅)
(၇) ရွှေဘိုမြို့ဟောင်း (အေဒီ ၁၇၅၂ ~ ၁၇၆၀)
(၈) အမရပူရမြို့ဟောင်း(အေဒီ ၁၇၈၃ ~ ၁၈၂၁ နှင့် ၁၈၄၂ ~ ၁၈၅၉)
(၉) ရတနာပုံမန္တလေးမြို့ဟောင်း(အေဒီ ၁၈၅၉ ~ ၁၈၈၅)

ဒါပေမဲ့ဝမ်းနည်းစရာကောင်းတဲ့အချက်က ဒီလိုတစုတဝေးထဲတပြုံတမကြီးတည်ရှိနေတဲ့အဖိုးတန် မြို့ဟောင်းကြီး တွေကို အလွယ်တကူအချိန်တိုတိုအတွင်း ထိထိရောက်ရောက် စုံစုံစေ့စေ့သွားရောက် လည်ပတ်လေ့လာနိုင်ဖို့  အဆင်ပြေစေမဲ့ ဆက်သွယ်ရေးကွန်ယက်လမ်းကြောင်းတရပ် ခုထက်ထိမရှိသေးတာပါဘဲ။ စာရေးသူ ကောလိပ် ကျောင်းသားဘ၀ကနေ အခုအချိန်ထိ အကြိမ်အရေအတွက်အားဖြင့် မရေတွက်နိုင်လောက်အောင် မန္တလေးမြို့ ပေါ်မှာ လမ်းပျောက်နေတဲ့နိုင်ငံခြားခရီးသွားတွေ၊ မြန်မာ့ရှေးဟောင်းမြို့တော်တွေ အကြောင်းရေးထားတဲ့ လက်ကမ်းစာစောင်တွေနဲ့ ဘယ်လိုသွားလို့ သွားရမှန်းမသိဘဲ စမ်းတ၀ါးဝါးနဲ့ ဟိုမေးဒီစမ်းလုပ်နေတာတွေ ကြုံခဲ့ တွေ့ ခဲ့ရဘူးပါတယ်။

ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုရင် မန္တလေးသားလို့ ကိုယ်ကိုကိုယ် မကြာခဏထုတ်ဖေါ်ကြွားဝါတတ်လေ့ရှိတဲ့ စာရေးသူတောင် အထက်မှာရေးပြခဲ့တဲ့ ရှေးမြို့ဟောင်းတွေအားလုံးကို အစုံအလင်မရောက်ဖူးသေးပါဘူး။ လမ်းပန်းဆက်သွယ်ရေးလွယ်ကူမယ်၊ အချိန်တိုတိုနဲ့ ပေါ့ပေါ့ပါးပါး သွားရောက်နိုင်အောင် ချိတ်ဆက်ပေးထား မယ်ဆိုရင် နိုင်ငံခြားခရီးသည်တင်မက ပြည်တွင်းခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်မှာ အသေအခြာပါဘဲ။

ဒီတော့ မန္တလေးကိုဗဟိုထားပြီး ရှေးဟောင်းမြို့တော်ပတ်မိုးပျံရထားလမ်းကို စိတ်ကူးနဲ့ တည်ကြည့်ရအောင်။ မန္တလေးရဲ့အရပ်ခြောက်မျက်နှာမှာတည်ရှိနေတဲ့ ရှေးမြို့ဟောင်းကြီး (၉) မြို့ကိုချိတ်ဆက်ဖို့  မန္တလေးဘူတာကြီး ကိုဘဲစမှတ်လို့ ထားကြည့်မယ်ဆိုပါဆို့ ။ နေမင်းကြီးကအရှေ့ဖက်ကထွက်တာဆိုတော့ အရှေ့အရပ်ကိုဘဲ အရင် ထွက်လိုက်ပြီး အောင်ပင်လယ်ဘေးကနေ မြောက်ပိုင်းရှမ်းပြည်ဖက်ဆီ အတက်လမ်းဘေးမှာရှိတဲ့ ပထမဗမာ နိုင်ငံတော်ပုဂံအင်ပါယာ ပြည့်ရှင်အနော်ရထာနဲ့ ရှမ်းမင်းသမီးလေး စဝ့်နန်းမွမ်းလ (စောမွန်လ) တို့ ရဲ့ ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းလှတဲ့ ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရေးပြည်ရာ ဘုန်းတန်ခိုးအာဏာ နန်းတွင်းရေး ပြဿနာတွေကြား ဆန်းကြယ်စွာဖြစ်တည်လာတယ်ဆိုကြတဲ့ ရွှေစာရံဘုရားမှာနားမှာ ပထမဘူတာရုံကို တည်လိုက်ရအောင်။

အဲ့ဒီနောက် ဒုဌ၀တီမြစ်ကိုဖြတ်ပြီး ရထားလမ်းကို တောင်ဖက်ယွန်းယွန်းဆီ နည်းနည်းဆက်ဖေါက်သွားရင် ဇော်ဂျီမြစ်နဲ့ ပန်းလောင်မြစ်နားမှာမွန်ဂိုတွေရဲ့အကြိမ်ကြိမ်ကျူးကျော်မှု့ကြောင့်ပုဂံအင်ပါယာကြီးပျက်သုဉ်းခဲ့တော့ ရှမ်းညီနောင် (၃) ဦး ဖြစ်တဲ့ အသင်္ခယာ(မြင်စိုင်းစား)၊ ရာဇသင်္ကြန် (မက္ခရာစား)၊ သီဟသူ (ပင်လယ်စား) တို့  ထီးပြိုင်နန်းပြိုင်ပြုပြီး တည်ထောင်ခဲ့ကြတဲ့ မြင်စိုင်းမြို့ဟောင်းနဲ့ မလှမ်းမကမ်းမှာ တမုတ်မြို့ဟောင်း (အေဒီ ၁၁ ရာစုမှ ၁၄ ရာစု) နားကိုရောက်ပါပြီ။ အဲ့ဒီမှာဒုတိယဘူတာရုံတည်လိုက်ပါ။

ပြီးတာနဲ့ ဒုဌ၀တီမြစ်ကြောတလျောက်ဆက်ဆင်းလာခဲ့ပြီး မြစ်ငယ်ကိုကျော်ပြီးတာနဲ့ တောင်သမန်အင်းလယ်ကို ရထားလမ်းဖြတ်ဖေါက်လိုက်တာနဲ့  မန္တလေးမြို့တောင်ဖက် (၁၁) ကီလိုမီတာအကွာမှာ ကုန်းဘောင်မင်းဆက်က ဘိုးတော်ဘုရားမင်းတည်ခဲ့တယ်ဆိုတဲ့ အမရပူရမြို့ဟောင်း (အေဒီ ၁၇၈၃ ~ ၁၈၂၁ နှင့် ၁၈၄၂ ~ ၁၈၅၉) ကို ရောက်တာမို့ တတိယဘူတာရုံကိုတည်နိုင်ပါတယ်။

အဲ့ဒီကနေ အနောက်တောင်ဖက်ဆက်ထွက်လာခဲ့ရင် ဒုဌ၀တီလို့ လည်းခေါ်ကြတဲ့ မြစ်ငယ်မြစ်နဲ့  ပန်းလောင်မြစ် တို့ ဆုံရာအရပ်ကိုရောက်ပါတယ်။ အဲ့ဒီအရပ်မှာရှမ်းညီနှောင်သုံးဦးထဲကအငယ်ဆုံးညီလည်းဖြစ်ပြီး ရှမ်းမင်း တစ်ပါး ဖြစ်တဲ့သီဟသူဟာ ပင်းယမြို့ဟောင်း (အေဒီ ၁၃၁၃ ~ ၁၃၆၄) ကိုတည်ထောင်ခဲ့ပါတယ်။ စတုတ္ထမြောက် ဘူတာရုံကို အဲ့ဒီမြို့ဟောင်းနေရာမှာတည်ကြတာပေါ့။

ပင်းယမြို့ဟောင်းကနေပြန်ကွေ့ ပြီး အထက်ပိုင်းကို မိုင်အနည်းငယ်တက်လိုက်မယ်ဆိုရင် မြစ်ငယ်မြစ်နဲ့  ဧရာဝတီမြစ်ဆုံရာအရပ်မှာ အင်းဝမြို့ဟောင်း (အေဒီ ၁၃၆၄ ~ ၁၅၅၅) တည်ရှိတယ်။ အဲ့ဒီမြို့ကို တည်ထောင်ခဲ့ သူကတော့ ပင်းယမြို့တည်ခဲ့တဲ့ တစီးရှင်သီဟသူရဲ့မြစ်တော်သလို၊ စစ်ကိုင်းမြို့တည် အသင်္ခရာစောယွန်းရဲ့ မြေးတော်တဲ့သတိုးမင်းဖျားဖြစ်တယ်။ အင်းဝမြို့ဟောင်းမှာ မြို့ရိုးရာ၊ ကျုံးရာတွေအထင်အရှားကျန်သေးသလို၊ လက်ရာမြောက်လှတဲ့ နံမည်ကျော်မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်းတော်လည်းရှိတယ်။ ပြီးရင်အနီးနားမှာ ရတနာပုံခေတ်လက်ကျန် သပြေတန်းခံတပ်ကိုလည်း ၀င်ကြည့်လို့ ရတာမို့ ပဉ္စမမြောက်ဘူတာရုံ တည်ဖို့  သင့်တော်တယ်။

အင်းဝမြို့ဟောင်းကဆက်ထွက်လာပြီး ဧရာဝတီမြစ်ကိုကူးလိုက်တာနဲ့  သီဟသူ၏သားတော်အငယ် အသင်္ခရာ စောယွန်း (မြောက်နန်းမိဖုရား၏သားတော်) တည်တော်မူတယ်ဆိုတဲ့ စစ်ကိုင်းမြို့ဟောင်း (အေဒီ ၁၃၁၅ ~ ၁၃၆၄) ကိုရောက်တာဘဲမဟုတ်လား။ အားလုံးသိကြတဲ့အတိုင်း မြစ်မင်းဧရာဘေးက ထုံးဖွေးဖွေးမွမွ မှန်စီရွှေချဘုရားတွေနဲ့ ပနံရလှတဲ့စစ်ကိုင်းတောင်အလှနဲ့ ကောင်းမှု့တော်စေတီတည်ရှိနေရာ ဇေယျာပူရမြို့ လို့ လည်းအမည်ရှိတဲ့ စစ်ကိုင်းမြို့ဟောင်းဟာ သဘာဝအလှနဲ့ ရှေးဟောင်းအမွေအနှစ်တွေ အားပါးတရရှု့စား လိုတဲ့ ခရီးသွားတွေကို လှလှပပဆွဲဆောင်နိုင်တာမို့ ဆဌမမြောက်ဘူတာရုံကိုတည်လိုက်ဖို့  အလွန် သင့်တော်လှပါတယ်။

အဲ့ဒီကနေ မြောက်ဖက်ကိုဆက်တက်လာလို့ မိုင် (၅၀) သာသာလေးအကွာရောက်ရင် ထင်ရှားကျော်ကြားလှတဲ့ တတိယဗမာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့ ဦးအောင်ဇေယျ ခေါ် အလောင်းမင်းတရားကြီးရဲ့ နန်းစိုက်ရာမြို့တော် ရွှေဘိုမြို့ဟောင်း (အေဒီ ၁၇၅၂ ~ ၁၇၆၀) ကို ရောက်ပါပြီ။ ရန်ကြီးအောင်၊ ကုန်းဘောင်ခ ငါးမည်ရ ပြည်ရွှေဘို မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ(ရတနာ သိင်္ဃ) ဘိုးတော်ဒေသဆိုတာ လက်ရှိမြန်မာနိုင်ငံနယ်နမိတ်မြေပုံ ပေါ်လာစေတဲ့ ကုန်းဘောင်မင်းဆက် အောင်မြေနင်းခဲ့ရာအရပ်ဖြစ်တယ်။ ရွှေဘိုမှာ ပြန်တည်ဆောက်ထားတဲ့ နန်းတော်ရာ၊ မြို့ဟောင်းရာကျုံးနဲ့  အလောင်းမင်းတရားအုပ်ဂူအပြင် မောဓောမြင်သာ မြို့ထောင့်စေတီတော်၊ ချမ်းသာကြီး၊ ချမ်းသာရဘုရားစတဲ့ နံမည်ကျော်ဘုရားပုထိုးများရှိတာမို့ သတ္တမမြောက်ဘူတာရုံတည်နိုင်ပါတယ်။

ရွှေဘိုကနေ အရှေ့တောင်ဖက်ကိုထွက်လိုက်မယ်ဆိုရင် (၁၂) မိုင်အကွာလောက်မှာ ၀က်လက်မြို့နယ်ထဲက အလွန်ရှေးကျတဲ့ ဟန်လင်းပျူမြို့ဟောင်း (ဘီစီ ၂ ရာစု ~ အေဒီ ၉ ရာစု) ကိုရောက်ပါတယ်။ နှစ်ပေါင်းသောင်းချီ သက်တမ်းရှိပြီမို့ ကမ္ဘာကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းဖြစ်တဲ့ ယူနက်စကိုက တောင် ကမ္ဘာ့ အမွေအနှစ်စာရင်းသွင်း အသိအမှတ်ပြုပေးထားတဲ့မြို့ဟောင်းကြီးဖြစ်ပါတယ်။ တူးဖေါ်တွှေုရှိမှုအထောက် အထားတွေအရ ကျောက်ခေတ်ဟောင်းကနေ ကြေးခေတ်၊ သံခေတ်၊ ပျူမြို့ပြနိုင်ငံခေတ်တွေကအသုံးပြုခဲ့တဲ့ သင်္ချိုင်းရာ ၅ ခုကို တူး ကွက် အမှတ် ၂၅ / ၂၆ / ၂၈ / ၂၉ /၃၀ တွေမှာ တွေ့ ရှိခဲ့တယ်လို့ လည်းဆိုပါတယ်။ အဲ့ဒီ သင်္ချိုင်းရာတွေမှာ နှစ်ငါးထောင်ကျော်က ကျောက်ဖြစ်ရုပ်ကြွင်းအဆင့်မရောက်တရောက် ရုပ်အလောင်းတွေ လည်း တွေ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒါတွေအပြင်ဟန်လင်းမြို့ဟောင်းမှာ ဆေးဘက်ဝင်ရှေးဟောင်းသဘာဝရေပူစမ်းတွင်းတွေလည်းရှိနေပါတယ်။ မြန်မာနိုင်ငံအတွက် အလေးအမြတ်ဂုဏ်ယူထိုက်တဲ့ လွန်ခဲ့တဲ့နှစ်သောင်းချီကထဲက ကြီးကျယ်ခမ်းနားလှတဲ့ သက်တမ်းရင့်ပျူမြို့ဟောင်း ဟန်လင်းမှာ အဌမမြောက်ဘူတာရုံတည်လိုက်တာဟာ အကောင်းဆုံးရွေးချယ်မှု့ ဖြစ်ပါလိမ့်မယ်။

ပြီးရင် ဧရာဝတီမြစ်ရိုးတလျောက် တောင်ဖက်ကို စုန်ဆင်းလာခဲ့ရင် မင်းဝံတောင်တန်း မန္တလေးတဖက်ကမ်းမှာ ရှိတဲ့ မင်းကွန်းကိုရောက်ပါလိမ့်မယ်။ အဲ့ဒီအရပ်မှာတော့ ကမ္ဘာကျော်မင်းကွန်းခေါင်းလောင်းကြီးတည်ရှိသလို ကုန်းဘောင်မင်းဆက်က ဘိုးတော်ဘုရားမင်း ပြီးစီးအောင်တည်ဆောက်နိုင်ခဲ့ရင် ကမ္ဘာမှာအကြီးဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ပုထိုးတော်ကြီးဘုရားနဲ့  ခြင်္သေ့ ရုပ်ထုကြီးလည်းရှိပါတယ်။ အဲ့ဒီအရပ်မှာ န၀မမြောက်ဘူတာရုံတည်လိုက်ရင် ရတနာပုံမန္တလေးမြို့ဟောင်း(အေဒီ ၁၈၅၉ ~ ၁၈၈၅) ကိုပြန်ရောက်ဖို့  ဧရာဝတီမြစ်ကိုဖြတ်ကူးလိုက်ယုံပါဘဲ။

ဒီအကြံပြုဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံခြားခရီးသည်လုပ်ငန်းနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းကဏ္ဍတွေကို ပိုမိုဖွံ့ ဖြိုးပြီး ကမ္ဘာအဆင့်အတန်းမှီလာစေဘို့ လိုအပ်ချက်တွေထဲက အရေးကြီးတဲ့အချက်ဖြစ်တဲ့ ခရီးလမ်းပမ်း ဆက်သွယ်ရေးကောင်းမွန်ဖို့ စီမံဆောင်ရွက်ရာမှာ သမိုင်းအမွေအနှစ်တွေ၊ ရှေးမြို့ဟောင်းကြီးတွေတည်နေပုံ ပထ၀ီအနေအထားကို သေသေခြာခြာတိုင်းထွာလေ့လာပြီး မဟာဗျူဟာကျကျ တည်ဆောက်ဖို့ လိုပါတယ်။

အထက်မှာရေးပြခဲ့တဲ့ ရတနာပုံမန္တလေးမြို့ဟောင်းကိုဗဟိုထားပြီး ရှေးဟောင်းမြို့ပတ်မိုးပျံရထားလမ်းကို နှစ်ပေါင်းရာချီ၊ ထောင်ချီ၊ သောင်းချီက ကြီးကျယ်ခမ်းနားစည်ကားခဲ့ဘူးတဲ့ ရှေးဟောင်းမြို့တော်ကြီး (၉) မြို့ဆီချိတ်ဆက်တည်ဆောက်လိုက်မယ်ဆိုရင် နိုင်ငံခြားငွေ၊ ပြည်တွင်းငွေအမြောက်အများရှာပေးနိုင်ယုံမက အဲ့ဒီမြို့ ဟောင်းတွေရဲ့ဝန်းကျင်ဒေသအားလုံးလည်း တိုးတက်စည်ပင်လာမှာဖြစ်သလို၊ မှီတင်းနေထိုင်ကြတဲ့ ဒေသခံပြည်သူသန်းပေါင်းများစွာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးပြီးသားဖြစ်သွားမှာ ဖြစ်ပါကြောင်း လုပ်ပိုင်ခွင့်အာဏာရှိတဲ့သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများ သတိပြုမိစေဖို့  ရေးသားအကြံပြု လိုက်ပါတယ်။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
မေလ (၁၁) ရက်နေ့ ၂၀၁၆ ခုနှစ်








aungzawmyint-police-620.jpg
ရဲမှူးကြီး အောင်ဌေးမြိုင် ကို မေလ ၁၆ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: RFA
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးစနစ်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းဆိုင်ရာရုံး UNODC ရဲ့ အကူအညီနဲ့ ပြုပြင်ပြောင်းလဲသွားမယ်လို့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး ဒုတိယဌာနကြီးမှူး ရဲမှူးကြီး အောင်ဌေးမြင့် က ပြောပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ မြန်မာရဲတပ်ဖွဲ့ လေ့ကျင့်ရေးစနစ် သုံးသပ်ခြင်းနဲ့ တိုးတက်မှုဆိုင်ရာ အကြံပြုချက် အစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားမှာ ရဲမှူးကြီး အောင်ဌေးမြိုင် က ပြောသွားတာဖြစ်ပါတယ်။

"ခုတက်ရောက်လာတဲ့အဖွဲ့တွေ အတည်ပြုတယ်၊ ဒီပေါ်မှာပဲ ဆက်လုပ်သွားချင်တယ်လို့ ပြောတဲ့အတွက်ကြောင့် မို့ မေ ၃ဝ ရက်ကနေစပြီးတော့ သူတို့လုပ်သွားပါမယ်၊ ပထမဆုံးလုပ်ရမယ့်ဟာကတော့ Training Curriculum အနေနဲ့ ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းပြီး Update လုပ်တာကို အရင်လုပ်မယ်၊ ပြီးတော့ ၂ဝ၁၆ ခုနှစ် ခရစ်စမတ် မတိုင်ခင်မှာ ဒါကိုအပြီးလုပ်သွားမယ်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် နှစ် ၃၀ ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ဥပဒေပိုင်းဆိုင်ရာ၊ မူဘောင်နဲ့ မူဝါဒ မဟာဗျူ ဟာ ပြုပြင်ပြောင်းလဲရေး၊ ကြီးကြပ်အကောင်အထည်ဖော်ရေး၊ တပ်ဖွဲ့ရဲ့ အမည်ကို ပြည်သူ့ဝန်ဆောင်မှုဆန်တဲ့ အမည်ပြောင်းလဲရေး၊ လေ့ကျင့်သင်ကြားရေး၊ လူသစ်စုဆောင်းရေး၊ အရင်းအမြစ်များစီမံခန့်ခွဲရေး စတဲ့ အပိုင်း ၆ ပိုင်းနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လေ့ကျင့်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဟာ အဲဒီစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ မူခင်းဆိုင်ရာရုံး UNODC က ငွေကြေးထောက်ပံ့မှာဖြစ်ပြီး ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

လေ့ကျင့်မှုသင်တန်းမှာ နေ့စဉ်နေ့တိုင်း ပြည်သူတွေကိုပေးရမယ့် ၀န်ဆောင်မှုတွေ၊ သင်တန်းဆိုင်ရာခေါင်းဆောင်မှု အရည်အသွေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူး၊ စီးပွားရေး၊ အဂတိလိုက်စားမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူ့အခွင့်အရေး စတာတွေနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲဖို့အတွက် ဥရောပသမဂ္ဂ EU ကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းဆိုင်ရာရုံး UNODC က မြန်မာနိုင်ငံ ဆိုင်ရာတာဝန်ရှိ သူတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းနဲ့ ရဲတပ်ဖွဲ့ အရာရှိတွေ၊ နိုင်ငံတကာသံအမတ်တွေ တက်ရောက် ခဲ့ပါတယ်။
RFA

ဗြိတိန်ဝန်ကြီးချုပ်နဲ့ Trump
ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ Donald Trump ဟာ အကွဲအပြဲတွေဖြစ်အောင် လုပ်တဲ့သူ၊ မိုက်မဲပြီး မှားယွင်းနေတဲ့ လူတယောက်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ဝေဖန်ပြောလိုက်ပြီးတဲ့နောက်မှာတော့ မစ္စတာ ကင်မရွန်း နဲ့ သူနဲ့ကြား ဆက်ဆံရေး ပျက်သွားနိုင်တယ်လို့ Trump က ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုထဲ ၀င်ရောက်လာတဲ့ မူစလင်တွေကို ယာယီ ဟန့်တားသွားမယ်လို့ Trump က ပြောခဲ့တဲ့အပေါ်မှာ မစ္စတာ ကင်မရွန်းက ဝေဖန်ခဲ့တာပါ။

“ဒီအတိုင်းဆိုရင်တော့ သူတို့နှစ်ဦးအကြား ဆက်ဆံရေး သိပ်မကောင်းနိုင်ဘူးဆိုတာနဲ့ သူ့အနေနဲ့ မစ္စတာ Cameron နဲ့ ဆက်ဆံရေး ကောင်းကောင်းထားလိုပေမဲ့ မစ္စတာ မကင်မရွန်းဘက်က ဒါကို လိုလားပုံမရဘူးလို့” – Trump က ဗြိတိန် ITV သတင်းဌာနကို ဒီကနေ့ပဲ ပြောသွားတာပါ။

မူစလင်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့နှစ်ထဲ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ လူပေါင်း ၁၃၀ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ကယ်လီဖိုးနီးယားပြည်နယ် San Bernardino မြို့မှာ လူ ၁၄ ယောက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာပဲ မစ္စတာ Trump က အမေရိကန်ပြည်ထောင်စုထဲ မူစလင်တွေ မ၀င်ရောက်နိုင်အောင် ဟန့်တားမယ်ဆိုပြီး ပြောခဲ့တဲ့အပေါ်မှာ မစ္စတာ ကင်မရွန်းက ဝေဖန်ခဲ့တာပါ။ Trump ကတော့ သူဟာ မိုက်မဲသူတယောက် မဟုတ်သလို၊ အကွဲအပြဲတွေ ဖြစ်အောင် လုပ်တဲ့သူလည်း မဟုတ်ဘူး။ လက်ရှိအမေရိကန် သမ္မတ လိုမဟုတ်ဘဲ တိုင်းပြည်ကို စုစည်းညီညွတ်အောင် လုပ်တဲ့သူသာ ဖြစ်တယ်လို့ ဆိုပြီး တုံ့ပြန်ထားပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က ဖျက်ဆီးခံရတဲ့ ကျူးကျော်နေအိမ်တချို့ကို တွေ့ရစဉ်။ Photo: RFA
ရန်ကုန်တိုင်းဒေသကြီးအစိုးရက စက်မှုဇုန်တွေထဲမှာရှိတဲ့ ကျူးကျော်တဲအရေအတွက်တွေကို စာရင်းကောက်ယူနေ ပါတယ်။

အမှန်တကယ် နေထိုင်စရာမရှိသူတွေအတွက် ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ အစိုးရက အစီအမံတွေ ဆောင်ရွက်နေပြီး နေစရာမရှိတဲ့ အလုပ်သမားတွေအရေးကိုတော့ သက်ဆိုင်ရာ စက်ရုံတာဝန်ရှိ သူတွေက ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင် က ပြောပါတယ်။

"နေစရာမရှိတဲ့သူတွေကို နေရာချပေးဖို့ကတော့ အစိုးရကတာဝန်ယူပြီး လုပ်ပေးမှာပေါ့၊ အလုပ် သမားတွေ နေစရာမရှိတာကတော့ အန်ကယ်တို့ စက်ရုံပိုင်ရှင်တွေက ဖန်တီးပေးရမှာပေါ့၊ အစိုးရအနေနဲ့ ဆုံးဖြတ်ပြီးတော့ သူ့အနေနဲ့ အစီအစဉ်တွေဆွဲပြီးလုပ်မှာပေါ့၊ အဓိကကတော့ ဒီကျူးကျော်တွေ နေရေးထိုင်ရေး အတွက် စဉ်းစားနေတဲ့အတွက် အချိန်ကြန့်ကြာနေတာပါ၊ အစိုးရသစ်က တကယ်နေရာပေးမယ်၊ အရင်တုန်း က ပေးမယ်ဆိုတဲ့အသံ မရှိဘူးလေ၊ အခုတော့ ပေးမယ်ဆိုတဲ့အတွက် ကျူးကျော်တွေက ထပ်ထပ်တိုးနေပြီ"

လှိုင်သာယာစက်မှုဇုန်ထဲမှာ ကျူးကျော်တဲ ရှစ်ထောင်ဝန်းကျင်လောက်ရှိနေပါတယ်။

ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုန် ၃၀ ကျော်က ကျူးကျော်တဲအရေအတွက်တွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီအဖွဲ့တွေ အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေက ပြီးခဲ့တဲ့ဧပြီလကစပြီး စာရင်းတွေ ကောက်ယူနေတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ ဧပြီလကစက်မှုဇုန် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ်မှာ ကျူးကျော်တဲတွေကို ဘူဒိုဇာနဲ့ ထိုးဖျက်ပြီး ရှင်းမှာမဟုတ်ကြောင်း ပြောကြားထားပါတယ်။

စက်မှုဇုန်တာဝန်ရှိသူတွေက စက်မှုဇုန်တွေအတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိဖို့၊ ကျူးကျော် နေထိုင်သူတွေ ကို ဖြေရှင်းပေးဖို့နဲ့ ရေရရှိအောင် ဆောင်ရွက်ပေးဖို့တို့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၁၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ နေပြည်တော်သည် အုပ်ချုပ်ရေးမြို့တော်ဖြစ်သောကြောင့် နေပြည်တော်သို့ ဦးတည်ချီတက်လာသော စစ်ကိုင်းမှ ဆန္ဒပြအလုပ်သမားသပိတ်ကို မြို့တွင်းသို့ လုံးဝအဝင်ခံမည်မဟုတ်ကြောင်း ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မေလ ၁၆ရက်၊ ညနေပိုင်းတွင် ပြောဆိုလိုက်သည်။

"ဒီအဖွဲ့ကို ကျွန်တော်တို့ အုပ်ချုပ်ရေးမြို့တော်ကို အဝင်ခံရင် ကျန်တဲ့အဖွဲ့ပေါင်းများစွာ ဝင်မယ်။ ဝင်တဲ့အခါ အခြေအနေမတည်ငြိမ်မှု ဖြစ်နိုင်တယ်" ဟု ဦးအေးသောင်းက ပြောသည်။

စစ်ကိုင်းမြို့ ပတ္တမြား စက်မှုဇုန် MYANMAR VENNER PLAYWOOD မှ အလုပ်ထုတ်ခံရသည့် အလုပ်သမား တစ်ရာဦးခန့်သည် ဧပြီ ၂၉ရက်နေ့မှ စ၍ စစ်ကိုင်းမြို့မှ နေပြည်တော်သို့ ခရီးမိုင်ရှည် လမ်းလျှောက်ချီတက်လာခြင်းဖြစ်သည်။

လက်ရှိတွင် အလုပ်သမားသပိတ်စစ်ကြောင်းသည် ရမည်းသင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်သည်။

အဆိုပါ ညောင်လေးပင်ကျေးရွာနှင့် ၇မိုင်အကွာတွင်မူ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့ဝင်များက အလုပ်သမားသပိတ်စစ်ကြောင်းအား ပိတ်ပင်ရန် လုံခြုံရေးကားများနှင့် သံဆူးကြိုးများဖြင့် ပြင်ဆင်ထားသည်ကို တွေ့ရသည်။

"သူတို့ ဒီရောက်တာနဲ့ အခြေအနေကို ရှင်းပြမယ်။ အတတ်နိုင်ဆုံး ညင်ညင်သာသာ လုပ်မယ်" ဟု ဦးအေးသောင်းက ဆိုသည်။

သပိတ်စစ်ကြောင်းရပ်ရန် ညှိနှိုင်းမှု မပြေလည်ပါကလည်း အကြမ်းဖက် ဖြိုခွင်းမည်မဟုတ်ဘဲ "ဥပဒေနဲ့အညီ ပြန်လွတ်မယ်။ လွှတ်လို့မှ မရရင်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ အရေးယူမယ်" ဟု ဦးအေးသောင်းက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းမြို့ ပတ္တမြား စက်မှုဇုန် MYANMAR VENNER PLAYWOOD တွင် ၀န်ထမ်းအင်းအား ၂၀၀ကျော်ရှိပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က အလုပ်သမားများနှင် အလုပ်ရှင် တို့က ကန်ထရိုက်စာချုပ်တွင် ရှားပါးစရိတ်၊ ထောက်ပံကြေး၊ ရက်မှန်မကြေး၊ ကျွမ်းကျင်ကြေးများ သတ်မှတ်ချက်ဖြင့် သုံးပွင့်ဆိုင်စာချုပ်ချုပ်ဆိုခဲ့သည့်အပေါ် အလုပ်ရှင်က သက်မှတ်ကာလတွင်း မပေးခဲ့သည့် အတွက် အလုပ်သမားများ ဆန္ဒ ထုတ်ဖော်မှုများ စတင်ခဲ့သည်။

သတ်မှတ်ကာလအတွင်း အလုပ်ရှင်ဘက်က စာချုပ်ပါအချက်များကို ချိုးဖောက်၍ အလုပ်သမား ၁၆၁ ဦးကို ၂၀၁၆ ဖေဖေါ်ဝါရီ ၂၉တွင် အလုပ်ထုတ်ကြောင်း စက်ရုံရှေ့တွင် အလုပ်ထုတ်စာရင်းကိုကပ်၍ ကြေညာခဲ့သည်။

အလုပ်သမားများသည် အလုပ်ထုတ်ခံရသည့်နေ့မှစ၍ စက်ရုံရှေ့တွင် သုံးလအကြာ ထိုင်သပိတ်လုပ်၍ ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း လာရောက်ဖြေရှင်းပေးမှု မရှိခဲ့သောကြောင့် နေပြည်တော်သို့ ချီတက်လာခြင်းလည်း ဖြစ်သည်။

"ကျွန်တော်တို့ တောင်းဆိုထားတဲ့အချက်တွေနဲ့ လွဲနေလို့ ဆက်လက်ချီတက်နေတာဖြစ်ပါတယ်" ဟု ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သည့် ကိုသိန်းဦးက ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်မှာ အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများအားလုံး ပတ္တမြား စက်မှုဇုန်တွင် အလုပ်ကိုင်ပြန်လည်ရရှိရေးပင် ဖြစ်သည်။
-See more at: http://mizzimaburmese.com/article/14260#sthash.hUlm71FJ.dpuf

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးက ရတနာမိုးမြေနဲ့ လင်းထက်အောင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီနှစ်ခုကို မနေ့ညက လူတစ်စုက လက်လုပ်မိုင်းတွေ နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် ယာဉ်ယန္တရားတွေနဲ့ ဝန်ထမ်းအိပ်ဆောင်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

ရတနာမိုးမြေကုမ္ပဏီ နဲ့ လင်းထက်အောင်ကုမ္ပဏီ ၀န်ထမ်းတွေကို အပြင်ထွက်ခိုင်းပြီး လူ ၁၀ယောက်က လက်လုပ်မိုင်းတွေနဲ့ ဖောက်ခွဲသလို မီးရှို့တာတွေ လုပ်ခဲ့တာဖြစ်တယ်လို့ မှော်စီစာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းထိန်က ပြောပါတယ်။

"ရတနာမိုးမြေကုမ္ပဏီမှာ ၇ နာရီ ၄ဝ မှာဖြစ်ပါတယ်၊ လူ ၁ဝ ယောက်လောက်ဝင်လာပြီး ဂိုထောင်ကို ဓါတ်ဆီလောင်း မီးရှို့တယ်ဗျ၊ ကားတစ်စီးကိုလည်း မိုင်းထည့်ပြီး ခွဲလိုက်တယ်ဗျ၊ ၈ နာရီမှာ လင်းထက်အောင် ကုမ္ပဏီမှာ မိုင်းပစ်တယ်၊ ဘတ်ဟိုးလည်း ဆုံးရှုံးသွားတယ် ပြီးတော့ ပါကျဲဒိုးကားလည်း ဆုံးရှုံးသွားတယ်၊ အဆောင်တစ်ဆောင် မီးလောင်သွားတယ်"

အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဖောက်ခွဲရေး လုပ်ဆောင်နေသူတွေနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

ဆိပ်မူ၊ ဖားကန့်၊ လုံးခင်း၊ မှော်စီစာ စတဲ့ ဖားကန့်ဒေသမှာ မေလ ၈ ရက်နေ့ကစပြီး မနေ့ကညအထိ ပေါက်ကွဲမှု အကြိမ် ၃၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ဆိပ်မူကျေးရွာ စစ်တပ်ကုန်းအနီး ပေါက်ကွဲမှုမှာ အမျိုးသမီးတစ်ဦးနဲ့ မေလ ၁၄ ရက်နေ့က လုံးခင်းရွာပေါက်ကွဲမှုမှာ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရရှိခဲ့သလို ကျောက် မျက်တူးဖော်ရေးကုမ္ပဏီ သုံးခုက အဆောက်အဦးတွေနဲ့ တူးဖော်ရေးစက်ယန္တရားတွေ မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

မြစ်ကြီးနားမြို့မှာ လွှတ်တော်အစည်းအဝေးတက်ရောက်နေတဲ့ ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က တွေ့ဆုံမေးမြန်းထားပါတယ်
RFA

kachin-parliament-620.jpg မတ်လ ၁၆ ရက်နေ့ ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပစဉ်
Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတချိုရဲ့ လွှတ်တော်မှာ ဖြေကြားချက်တွေကို ကျေနပ်အားရမှုမရှိကြောင်း မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး က ပြောလိုက်ပါတယ်။

ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက မိုးညှင်းမြို့နယ် နန့်စော်လော် နဲ့ နန်းခမ်းကျေးရွာကို ဆက်သွယ်ပေးတဲ့ ကွန်ကရစ်တံတားပြုပြင်ပေးရန် ပြည်နယ်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးရဲ့ ဖြေကြားမှုအပေါ် ဝေဖန်ပြော သွားတာဖြစ်ပါတယ်။

"ကျနော်တို့ ကွင်းဆင်းသွားရင် ကျနော်တို့ကို အရင်အစိုးရအဆက်ဆက်က နည်းတူမဖြစ်ရအောင် ကျနော်တို့က အားပေးစကား မပြောရတာရှိပါတယ်၊ သို့သော်လည်း အခုတွေ့ရှိချက်များကို တင်ပြရတဲ့အခါမှာ ယနေ့အချိန်ထိ တင်ပြချက် မေးခွန်းများဟာ အားရကျေနပ် နှစ်သိမ့်စရာမရှိပါဘူး၊ ရွှေမန်းတင်မောင် စကားနဲ့ပြောရရင် ကျနော်တို့ လွှတ်တော် ကျနော်တို့အစိုးရကလည်း ထိုနည်း၎င်း ထိုနည်း၎င်းလို ဖြစ်နေပါပြီ၊ ဒါကြောင့်ဖြည့်စွက်ဘဏ္ဍာငွေများ ရှိတယ်ဆိုရင်လည်း ဖြည့်စွက်ပြီးပေးစေချင်ပါတယ်"

လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ငွေတွေကို အရင်လွှတ်တော်နဲ့ အစိုးရအဖွဲ့က ရေးဆွဲခဲ့ တာဖြစ်တဲ့အတွက် အစိုးရသစ်လက်ထက်မှာ တချို့ဘတ်ဂျက်ဖြည့်စွက်ရန်ပုံ ငွေရရှိရေးကိစ္စ မဆောင်ရွက်နိုင် တာကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး တင်ပြလာတဲ့ အဆိုကို၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေး နှစ်ကျမှသာ ဦးစားပေးဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ပြန်လည်ဖြေကြားခဲ့ တာဖြစ်ပါတယ်။

အပြန်အလှန်ဆွေးနွေးပြီးတဲ့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက သူ့ရဲ့အဆိုကို လွှတ်တော် မှာ မှတ်တမ်းတင်ဖို့ သဘောတူလိုက်ပါတယ်
RFA

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွှန့်မြို့နယ်ရှိအဆင့်မြင့်မင်္ဂလာဈေးအားအသစ်ပြန်လည်တည်ဆောက်ရန်(သို့မဟုတ်) ဈေးဟောင်းပြန်လည်ပြင်ဆင် တည် ဆောက်ရန် ဆန္ဒပြုခြင်းကို မေလ၁၆ရက်နေ့တွင် ရွှေမင်္ဂလာဈေး ၅လွှာတွင် ဈေးသူဈေးသားများကဆန္ဒပေးခဲ့ကြပြီးအသစ်ပြန်လည်
တည်ဆောက်လိုသည့် ဈေးသူဈေးသားများကများပြားနေကြောင်းသိရသည်။

အဆိုပါဆန္ဒမဲပေးပွဲတွင် အဆင့်မြင့် မင်္ဂလာ ဈေးအား အသစ်ပြန်လည်တည်ဆောက်ရန်ဆန္ဒပြုသည့် ဈေးသူဈေသား
(၁၇၅၀)မဲ၊ ဈေးဟောင်း ပြန်လည် ပြင်ဆင်တည်ဆောက်ရန်ဆန္ဒပြုခဲ့ကြသည့်ဈေးသူဈေသား ( ၁၃၃၀)ကမဲပေးခဲ့ကြ သည့်ကြောင်းနှင့် ပယ်မဲအချို့နှင့် ဆန္ဒမဲလာရောက်မပြုကြသူများလည်းရှိကြောင်း ဈေးတာဝန်ရှိသူတစ်ဦး
ကပြောသည်။

သို့သော်လည်းယင်းသို့ဆန္ဒပြုရွေးချယ်ခြင်းသည် ဈေးတည်ဆောက်ရေးအတွက် အဖြေမဟုတ်သေးပဲ။ ယင်းမဲရ လဒ်များနှင့် ပညာရှင်များ၏ သဘောထား၊စည်ပင်သာယာ၏သဘောထားများနှင့် ကော်မတီ၏လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်၊အကြံပြုချက်များ ပါဝင် သည့်အစီရင်ခံစာကို လွှတ်တော်ဥက္ကဌမှ တဆင့် ရန်ကုန်တိုင်း အစိုးရ အဖွဲ့သို့ တင်သွင်းမည်ဖြစ်ကြောင်း တိုင်း လွှတ်တော်လူမှုရေးနှင့် စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦးကပြောသည်။

“အစိုးရအဖွဲ့က ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့က လွှတ်တော်ကနေ အစီရင်ခံစာရေးတင်မှာပါ။ အချက်အလက်တွေ ပေးပို့လိုက်မှာပေါ့။ အဲဒီအပေါ်မှာ အစိုးရအဖွဲ့က ဆုံးဖြတ်မှာပါ။ ” ဟု ၄င်းကပြောသည်။

မီးလောင်ပျက်စီးခဲ့ရသည့်မင်္ဂလာဈေးနှင့်ပတ်သက်၍တိုင်းလွှတ်တော်လူမှုရေးနှင့်စီမံခန့်ခွဲမှုကော်မတီနှင့်မင်္ဂလာ ဈေးအထပ်အလွှာအလိုက်ရွေးချယ်ထားသော ဈေးသူ၊ဈေးသားကိုယ်စားလှယ် (၂၇)ဦးနှင့် မေ ၁၃ ရက်နေ့က တွေ့ ဆုံ ညှိနှိုင်းကြပြီး ယင်း တွေ့ဆုံမှုအရ ဈေးကြီးအား အကြီးစားမွမ်းမံပြင်ဆင်ရန် ကြာမြင့်ချိန်မှာ ခန့်မှန်းချေ (၁)နှစ် ခန့် ကြာ မြင့်ပြီး ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် မူလနေရာ၊မူလအကျယ်အတိုင်း ရရှိနိုင်မည်ဖြစ်ပြီးယင်းအဆောက်အဦးအားအသစ်ပြန်လည်တည်ဆောက်ပါက ကြာမြင့်ချိန်၁၅ လ (သို့မဟုတ်) (၁၈)လ ကြာမြင့်နိုင်မည်ဖြစ်ကာ တည် ဆောက်မည့်ဆိုင်ခန်းအရေအတွက်အတိုင်းအတာနှင့်အကျယ်အ၀န်းများကိုမူ မသိရရှိကြကြောင်း ဆိုင်ခန်းပိုင်ရှိင်အ ချို့ထံမှသိရသည်။

ပြီးခဲ့သည့်ဇန်န၀ါရီ၈ရက်နေ့ကမီးလောင်ကျွမ်းမှုကြောင့်မင်္ဂလာဈေးတတိယအထပ်ရှိ ဆိုင်ခန်း ၇၉ ခန်း၊ စတုတ္ထ ထပ်ရှိ ဆိုင်ခန်း ၇၉၉ခန်း နှင့် အပေါ်ဆုံးထပ်ရှိ (အမိုး)ဆိုင်ခန်း ၄၈ ခန်းအပါအ၀င် ဆိုင်ခန်းပေါင်း ၁၆၃၈ခန်း မီး လောင်ပျက်စီးခဲ့ပြီး ကျပ် သိန်း ၃၆၀၆၀၂ ဆုံးရှုံးခဲ့သည်။

မင်္ဂလာဈေးတွင် ဆိုင်ခန်းပေါင်း ၄၀၆၇ရှိသည့်အနက် အမည် ပေါက်၊အမည်တူသည့်ပိုင်ရှင်များကို တစ်ခန်းနှုန်းဖြင့် စိစစ်ခဲ့ရာ ဆိုင်ခန်း ပေါင်း ၃၁၈၆ ခန်းတို့အား ရွှေမင်္ဂလာဈေး တ တိယထပ်၊ စတုတ္ထထပ်၊ ပဉ္စမအထပ်တို့အား ပြင်ဆင်မွမ်းမံခဲ့ပြီး ဖေဖော်ဝါရီလ အ တွင်းကယာယီရောင်းချခွင့် ပေးခဲ့ခြင်းဖြစ်သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မေ ၁၅ ရက်က Rutgers တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် အခမ်းအနားတွင်တွင် လက်ဝှေ့ယမ်းပြနေသော သမ္မတအိုဘားမား (Photo : AFP)

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အသိဥာဏ်ဆန့်ကျင်ရေး ကြွေးကြော်မှု ပြုလုပ်ခဲ့သည့် ရီပတ်ဘလီကင် သမ္မတလောင်း ဖြစ်လာရန် ရေပန်းစားနေသူ ဒေါ်နယ်ထရန့်အား မေ ၁၅ ရက်တွင် ဝေဖန်မှု ပြုလုပ်ခဲ့ပြီး "မသိနားမလည်ခြင်းသည် ကောင်းသောအရာမဟုတ်" ဟု သတိပေးခဲ့ကြောင်း သိရသည်။

နယူးဂျာစီတွင် ပြုလုပ်သော တက္ကသိုလ်တစ်ခု၏ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် အိုဘားမားက မထီတရီပြောတတ်သူ နယူးယောက် အိမ်ခြံမြေရောင်းဝယ်ရေး သူဌေး၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း "အမေရိကန်ကို ပြန်လည်ကြီးမြတ်အောင်လုပ်ကြ" ဟု ကြွေးကြော်သည့် ထရန့်ကို ရည်ညွှန်းကြောင်း သိသာသည်ဟု ဆိုသည်။

ဒီမိုကရက်တစ် တစ်ဦးဖြစ်သူ အိုဘားမားက အမေရိကန်၏ ရွှေရောင်တောက်ခဲ့သော အတိတ်ကာလ တစ်ရပ်ကို ပြန်လည်တမ်းတခြင်း မပြုရန် ပြောကြားခဲ့သည်။ အိုဘားမားက "ကောင်းမွန်တဲ့ အတိတ်နေ့ရက်တွေဟာ အားလုံးကောင်းတာတော့ မဟုတ်ပါဘူး" ဟုဆိုကာ လူမျိုးရေးခွဲခြားမှု၊ ဆင်းရဲမွဲတေမှုနှင့် အမျိုးသမီးများ တန်းတူညီမျှရေး မရမှုနှင့် ပတ်သက်သည့် ပြဿနာများကို ထောက်ပြခဲ့သည်။

"အရင်ကထက်ပိုပြီး ကမ္ဘာကြီးဟာ အပြန်အလှန် ဆက်သွယ်မှု အားကောင်းလာပါပြီ။ နေ့တိုင်းပိုပိုပြီး ဆက်သွယ်မှု ကောင်းလာပါတယ်။ နံရံတွေ တည်ဆောက်တာဟာ ဒီအရာတွေကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး" ဟု အိုဘားမားက ပြောကြားခဲ့ပြီး တရားမ၀င် ရွှေ့ပြောင်းလာသူများကို တားဆီးရန် အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် နံရံတည်ဆောက်ရန် တောင်းဆိုသော ထရန့်ကို ထိုးနှက်ခဲ့သည်။

အိုဘားမားက အီဘိုလာနှင့် ဇီကာကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွားမှုကို တားဆီးရန်အတွက် လည်းကောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကာလ တစ်ခုအတွင်း အမေရိကန်ကို ပြိုင်ဆိုင်မှု ကောင်းမွန်သော နိုင်ငံအဖြစ် ဆက်လက်တည်ရှိရေး အထောက်အကူပြုရန် အတွက်လည်းကောင်း နံရံများက လုပ်နိုင်စွမ်း မရှိဟု ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ နယ်စပ်တွေတစ်လျှောက် အဆုံးမရှိတဲ့ နံရံတစ်ခု တည်ဆောက်ပြီး ရွှေ့ပြောင်း အခြေချသူတွေနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုကို အပြစ်တင်မှုကို ထောက်ပြတာဟာ ကမ္ဘာကြီးရဲ့ အရည်ပျော်နေတဲ့ အိုးအဖြစ် ကျွန်တော်တို့ရဲ့သမိုင်းကို တုံ့ပြန်ရုံသက်သက် မဟုတ်ပါဘူး" ဟု အိုဘားမားက ပြောကြားခဲ့သည်။

"ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးထွားမှု၊ ဆန်းသစ်မွမ်းမံမှုနဲ့ ရွေ့လျားတိုးတက်မှုတွေဟာ ကမ္ဘာ့ထောင့်အသီးသီးက ကြိုးပမ်းအားထုတ်သူတွေကို ဆွဲဆောင်နိုင်တဲ့ ကျွန်တော်တို့ရဲ့ အရည်အသွေးကြောင့် မြင့်တက်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားနဲ့ ဆန့်ကျင်နေပါတယ်" ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတက တဲ့တိုးပြောသူအဖြစ် မိမိတို့ကိုယ်ကိုယ် မိမိတို့ စံနမူနာပေးပြီး ဂုဏ်တင်သော်လည်း နိုင်ငံရေး အမှားများကို ပြင်ဆင်ရန် ရှောင်ရှားတတ်သော နိုင်ငံရေးသမားများကို ပြစ်တင်ရှုတ်ချခဲ့သည်။

"နိုင်ငံရေးနဲ့ ဘ၀မှာ မသိနားမလည်ခြင်းဟာ ကောင်းသောအရာ မဟုတ်ပါဘူး။ ခင်ဗျားပြောနေတဲ့အကြောင်း မသိဘူးဆိုတာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ နိုင်ငံရေး အမှားတွေကို ပြုပြင်ဖို့ စိန်ခေါ်နေတာလည်း မဟုတ်ပါဘူး။ ဒါဟာ ခင်ဗျားပြောနေတဲ့ အကြောင်းအရာကို မသိခြင်းသာ ဖြစ်ပါတယ်" ဟု အိုဘားမားက ပြောကြားခဲ့သည်။

Ref : AFP
Eleven Media Group

မတ် ၁၅ ရက်က ဂျာမနီတွင် အီလက်ထရွန်နစ် လူသုံးကုန်ပစ္စည်းပြပွဲ CEBIT ၌ ဂျာမန်ကုမ္ပဏီ Aibotix က ထုတ်လုပ်သော မောင်းသူမဲ့လေယာဉ်ကို စမ်းသပ်နေသူတစ်ဦး (Photo : AFP)

ထိပ်တန်း တရုတ်ကွန်မြူနစ်ပါတီဝင် တစ်ဦး၏ ဟောင်ကောင်ခရီးစဉ်ကို မောင်းသူမဲ့လေယာဉ် တစ်စင်းဖြင့် နှောင့်ယှက်ရန် ကြံစည်မှုအတွက် ဟောင်ကောင်အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွင် မေ ၁၅ ရက်က ဖော်ပြခဲ့သည်။ ထိုအမျိုးသားသည် ဒီမိုကရေစီလိုလားသော အတိုက်အခံအုပ်စုနှင့် ဆက်စပ်မှုရှိသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ကူဝေါအမည်ရှိ အသက် ၅၆ နှစ်အရွယ် ထိုဟောင်ကောင်သားသည် ဟောင်ကောင် အတိုက်အခံအုပ်စုထဲမှ ခေါင်းဆောင်အချို့ကို ငွေကြေးထောက်ပံ့ပေးနေသူ တစ်ဦးဖြစ်ပြီး၊ ၎င်းကို တရုတ်နယ်စပ်မြို့ ရှင်ကျန်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ကွန်မြူနစ်ပါတီ၏ တတိယအဆင့် အဖွဲ့ဝင်ဖြစ်ပြီး အမျိုးသား ပြည်သူ့လွှတ်တော်၏ ဥက္ကဋ္ဌဖြစ်သော ကျန်တေကျင်သည် ဟောင်ကောင်သို့ လာမည့်သီတင်းပတ်တွင် လာရောက်မည်ဖြစ်သည်။ ထိုခရီးစဉ်အတွင်း နှောင့်ယှက်မှုများ ပြုလုပ်ရေးအတွက် မောင်းသူမဲ့လေယာဉ်တစ်စင်း ၀ယ်ယူရန် ဟောင်ကောင်ဒီမိုကရေစီ လှုပ်ရှားမှု အဖွဲ့ဝင်တစ်ဦးက ကူဝေါကို ပြောကြားခဲ့သည် ဟုသတင်းထဲတွင် ဖော်ပြထားသည်။ ဟောင်ကောင်အရေးကိစ္စများနှင့် ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးလည်းဖြစ်သော ကျန်သည် သူ၏ ခရီးစဉ်အတွင်း စီးပွားရေး နယ်ပယ်မှသူများ၊ ဟောင်ကောင်ပါလီမန် အမတ်များဖြင့် တွေ့ရန် စီစဉ်ထားသည်။

ဟောင်ကောင် ရဲတပ်ဖွဲ့ကလည်း ထိုဖမ်းဆီးမှုကို မေ ၁၅ ရက်က အတည်ပြုခဲ့ပြီး ကျန်၏ ခရီးစဉ်အတွင်း ဆန္ဒပြသူများကို မောင်းသူမဲ့လေယာဉ် အသုံးပြုခွင့် ပိတ်ထားမည်ဟု ထုတ်ပြန်ခဲ့သည်။ "မသင်္ကာဖွယ်အရာတွေ လုံခြုံရေးဇုန်ထဲကို ၀င်မလာအောင် အစွမ်းကုန် ကာကွယ်သွားမှာ ဖြစ်ပါတယ်" ဟု လက်ထောက်ရဲချုပ် နယ်ဆင်ချန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်မြို့၏ လှုပ်ရှားမှုများကို လချီ၍ ရပ်ဆိုင်းစေခဲ့သော ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကျန်သည် ဟောင်ကောင်သို့ လာရောက်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီမှ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

ကူဝေါသည် ဒုစရိုက်ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သည်ဟု ၎င်းကို ဖမ်းဆီးခဲ့သော ရှင်ကျန်ရဲတပ်ဖွဲ့က ဆိုသည်။ ကူဝေါကို ငွေကြေးခ၀ါချမှု၊ ဖုန်းဖြင့်လိမ်လည်မှု၊ ဟောင်ကောင်တွင် နေထိုင်ခွင့် ကဒ်ပေါင်း ၈၀၀ ကို တရားမ၀င် ရောင်းချမှုတို့ဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ ကူဝေါနှင့်အတူ ဟောင်ကောင်မှ တစ်ဦး၊ တရုတ်ပြည်မကြီးမှ သုံးဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

Ref : AFP
Eleven Media Group


သမ္မတ အိမ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NRPC ဖွဲ့စည်းရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ (Myanmar State Counsellor Office)
သမ္မတ အိမ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NRPC ဖွဲ့စည်းရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ (Myanmar State Counsellor Office)

နိုင်ငံရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေသာမက အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းတွေပါ လုပ်ကိုင်နိုင်ဖို့အတွက် NRPC လို့ခေါ်တဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနအောက်မှာ အစိုးရအဖွဲ့အစည်း တစ်ရပ်အဖြစ် ထားရှိတော့ မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ နှစ်ဆယ့် တစ်ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် အကြိုပြင်ဆင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကော လက်မှတ်မထိုးတားသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးပွဲတွေ တစ်ပြိုက်နက်ပြုလုပ်သွားမှာဖြစ်တယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုသာ တစိုက် မတ်မတ်လုပ်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန MPC အစား လက်ရှိအစိုးရသစ်လက်ထက်မှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC လို့ ပြောင်းလဲဖွဲ့စည်းပြီး နိုင်ငံတော် အတိုင်ပင်ခံ ရုံး ၀န်ကြီးဌာနအောက်မှာ အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ထားရှိတော့မှာဖြစ်ပါတယ်။ ဒီကနေ့ သမ္မတ အိမ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NRPC ဖွဲ့စည်းရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ပြီး အစိုးရသစ်လက်ထက်မှာ ဆက်လုပ်သွားမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ အဓီကထား ပြောကြားခဲ့တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“NRPC ဖွဲ့စည်းတဲ့အခါမှာ အစိုးရအဖွဲ့အစည်းတရပ်အနေနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ နောက်တခုက ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပနိုင်ဖို့ ကော်မတီ ၁ ခုဖွဲ့တယ်ပေါ့ အဲဒီ ကော်မတီအောက်မှာမှ Sub ကော်မတီ ၂ ရပ် ထပ်ဖွဲ့မယ်။ အဲဒီမှာ ဘာလဲဆိုတော့ Sub ကော်မတီ တဖွဲ့က NCA ထိုးထားပြီးသား ၈ ဖွဲ့ ၊ နောက် Sub ကော်မတီ တခုကတော့ NCA မထိုးထားသေးတဲ့ အဖွဲ့တွေ။”

ပြောင်းလဲ ဖွဲ့စည်းမယ့် NRPC အဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေသာမက အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်တာကြောင့် အစိုးရအဖွဲ့အစည်း တစ်ရပ်အဖြစ် ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“အစိုးရရဲ့ မူဝါဒတွေ အကောင်အထည်ဖော်တဲ့ဟာမှာပေါ့နော် ပြီးခဲ့တဲ့ MPC ကတော့ အစိုးရလည်းပါတယ်၊ Semi-government လိုလိုဘာလိုလိုဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေကို စဉ်းစားစရာ အနေအထားတွေရှိတယ်။ နောက် သူ့ mandate ကိုဘယ်လောက်အထိ ပေးမလဲပေါ့။ အစိုးရမဟုတ်ဘူးဆိုရင် သူက NGO သဘောမျိုးဆိုရင် ကျနော်တို့အရေးကြီးတဲ့ ရင်ကြားစေ့ရေးနဲ့ peace process တွေမှာ အကောင်အထည်ဘယ်လိုမျိုးသူ့အခန်းကဏ္ဍ ပါဝင်နိုင်မလဲပေါ့နော်။ နောက်တခုက ကျနော်တို့ နိုင်ငံမှာရှိတဲ့ အခြေခံဥပဒေ၊ တည်ဆဲဥပဒေနဲ့အညီဖြစ်ဖို့လည်းလိုတယ်။ ဒါတွေနဲ့ ခြုံငုံပြီးတော့ အစိုးရအဖွဲ့အစည်းတရပ်အနေနဲ့ထားဖို့ ညွှန်ကြားတာဖြစ်ပါတယ်။”

NRPC အဖွဲ့ ပြန်လည် ပြင်ဆင်ဖွဲ့စည်းမှု လုပ်ငန်းစဉ်တွေကို နိုင်ငံတော် အတိုင်ပင်ခံ ရုံး ပြည်ထောင်စု ၀န်ကြီးအဖြစ် ပြည်ထောင်စု လွှတ်တော်မှာ အမည်စာရင်း တင်သွင်းခြင်း ခံထားရတဲ့ ဦးကျော်တင့်ဆွေက ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ဆယ့် တစ်ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ဖို့အတွက် အကြိုပြင်ဆင်ရေး ကော်မတီတစ်ရပ်ကို လာမယ့် ရက်ပိုင်းအတွင်းမှာ ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စေ့စပ်ညှိုနှိုင်းရေး တာဝန်ခံ ဒေါက်တာတင်မျိုးဝင်းက ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနက ကိုယ်စားလှယ် ဦးလှမောင်ရွှေ ပြောတာက

“ကျနော့် ပုဂ္ဂလိက တဦးတည်းအမြင်နဲ့ဆိုရင်တော့ လက်ရှိအစိုးရအသစ်မှာလည်း ငြိမ်းချမ်းရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း အများကြီး ရှိနေပါတယ်။ နောက်တခုက အရင်အစိုးရ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ လုပ်ခဲ့တဲ့ အခြေခံကောင်းတွေအများကြီး ရှိတဲ့အတွက် ဒီအပေါ်မှာ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ သွားနိုင်တဲ့ အနေအထားလေးတွေ အများကြီးရှိတဲ့အတွက် အောင်မြင်အောင်လည်း ဆောင်ရွက်နိုင်ပါလိမ့်မယ်။”

အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ဖွဲ့စည်းမှုနဲ့ နှစ်ဆယ့်တစ်ရာပင်လုံးညီလာခံ ကျင်းပနိုင်ဖို့ အကြိုပြင်ဆင်မှုတွေနဲ့ ပတ်သတ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးတစ်ရပ်ကို လာမယ့် သီတင်းပတ်အတွင်းမှာ နေပြည်တော်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစည်ကြည်နဲ့လည်း တွေ့ဆုံသွားမှာဖြစ်သလိုUPDJC ပြင်ဆင်ဖွဲ့စည်းမှုများကိုလည်း အမြန်ဆုံး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီကနေ့ အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေး ကိုတော့ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး စေ့စပ်ညိုနှိုင်းရေး တာဝန်ခံ ဒေါက်တာ တင်မျိုးဝင်းတို့ အပါအ၀င် အစိုးရ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးကျော်တင့်ဆွေတို့အပြင် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးတို့ တက်ရောက်ခဲ့ကြတာပါ။ ဒါ့အပြင် MPC က ကိုယ်စားလှယ် ၄ ဦး အပါအ၀င် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့နိုင်ငံတော် အတိုင်ပင်ခံ ရုံးက ဦးမိုးဇော်ဦးတို့လည်းတက်ရောက်ခဲ့ကြပါတယ်။
[youtube src="ymkJ-WBZLf0"/]
VOA Burmese News

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ပတ်သက်ပြီး အစိုးရဘက်က ဆက်သွယ်လာပါက ဆွေးနွေးဖို့ အဆင့်သင့်ပြင်ဆင်ထားကြပြီးဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောဆိုပါတယ်။

ဒီကနေ့မနက်က နိုင်ငံတော်သမ္မတအိမ်တော်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းရေးနဲ့ နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တရပ်ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ ညီလာခံ အကြို ပြင်ဆင်ခြင်း လုပ်ငန်းစဉ်တွေ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ ပါတယ်။ နှစ်ဆယ့်တစ်ရာစုပင်လုံ ညီလာခံကျင်းပနိုင်ရေး အကြိုပြင်ဆင်ရေး ကော်မတီတစ်ရပ်နဲ့ ဆပ်ကော်မတီ ၂ ရပ်ကို ဒီသီတင်းပတ်တွင်းဖွဲ့စည်းပြီး အပစ်ရပ်အဖွဲ့တွေ၊ အပစ်မရပ်သေးတဲ့အဖွဲ့တွေနဲ့ တချိန်တည်းမှာ ဆွေးနွေးညှိနှိုင်းကြဖို့လည်း ညွှန်ကြားပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး အပစ်မရပ်သေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဒုဥက္ကဋ္ဌနိုင်ဟံသာက အစိုးရဖက် ဒီလို ဆပ်ကော်မတီတရပ်ဖွဲ့စည်းတာကို ကြိုဆိုကြောင်းနဲ့ သူတို့အနေနဲ့ အစိုးရနဲ့ဆွေးနွေးဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“ဒါကတော့ သူတို့ ဖွဲ့စည်းတော့လည်း ကောင်းတာပေါ့။ ဒါပေမယ့် ဘယ်လောက်အလုပ်ဖြစ်မလဲ။ သူတို့ဖွဲ့စည်းတဲ့အခါကျရင် ဒီအပစ်မရပ်သေးတဲ့အဖွဲ့အပေါ်မှာရော သူတို့ ဘယ်လိုသဘောထား မလဲ။ သူတို့သဘောထားအပေါ်မှာ မူတည်ပါတယ်။ ဒို့ဘက်ကတော့ ဒါကိုကြိုဆိုပါတယ်။ ဖြစ်အောင်လုပ်နိုင်ရင်ပေါ့နော်။ ဒို့က အဖွဲ့တဖွဲ့ ဖွဲ့ထားပြီးသားပါ။ DPN (နိုင်ငံရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးရေးကော်မတီ)ဆိုတဲ့အဖွဲ့ကိုလေ။ ဒို့လည်းပြင်ဆင်ထားပါတယ်။ စကားပြောဖို့။ အခွင့်အရေး လမ်းပွင့်လာတာနဲ့ ဒို့ဖက်ကတော့ အဆင်သင့်ပဲလေ။”

ဒါ့အပြင် အရင်ဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ် ထိုးထားတဲ့ အဖွဲ့ကလည်း သူတို့အနေနဲ့ အစိုးရဖက်က ဆွေးနွေးလာရင် အဆင့်သင့်ပဲလို့ အန်စီအေလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ဒီလက်ရှိအစိုးရက ဘယ်လိုပဲဖွဲ့ဖွဲ့ ချက်ချင်းတုံ့ပြန်နိုင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့တော့ အဆင်သင့် လုပ်ထားတယ်လို့တော့ ကျနော်တို့ ကြေညာထားတာကို။ ဆိုတော့ ကျနော်တို့နဲ့ ဆက်စပ်ပြီး ဖွဲ့တယ်ဆိုလည်း အဲဒီအဖွဲ့နဲ့ဆက်သွယ်မှုကိုပဲ စောင့်ရမှာပေါ့။ အစိုးရဖက်က အဆင်သင့် ဖြစ်တာနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှာပဲ။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ အချိန်ကန့်သတ်ချက်ကြောင့် ဒီဆပ်ကော်မတီနှစ်ရပ် အနေဖြင့် တချိန်တည်းတပြိုင်တည်း သီးခြားစီညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားဖို့နဲ့ အဆိုပါ ကော်မတီနဲ့ ဆပ်ကော်မတီတွေကို ယခုသီတင်းပတ်အတွင်း ဖွဲ့စည်းပြီး မိမိတို့၏လုပ်ငန်းတာဝန်များကို အရှိန်မြှင့်တင် လုပ်ကိုင်ဆောင်ရွက်ကြဖို့လည်း ပြောကြားသွားပါတယ်။

ဒါ့အပြင် မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC)ကို အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC)အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနအောက်မှာ အစိုးရအဖွဲ့အစည်းတရပ် အနေနဲ့ ထားရှိသွားမယ်လို့ လည်းပြောပါတယ်။

==နော်နိုရင်း
DVB TV News