05/19/16

ချင်းမိုင်၊ မဇ္ဈိမ ။ ။ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်(KBC)မှ စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦး၏ အမှုတွင် သံသယရှိသူ တပ်မတော်သားများအား KBC ၏ အမှုစုံစမ်းဖော်ထုတ်ရေးကော်မတီမှ မေးမြန်းခွင့် ရရှိရန် မေလ ၁၈ ရက်က လားရှိုးမြို့ ပြည်နယ် ရဲတပ်ဖွဲ့ရုံးတွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ဆရာမ မလရန်လုရာနှင့် မတန်ဘောင်ခေါန်နန်စင်တို့ အသတ်ခံရသည့် ညက ဝင်ရောက်လာသည့် မြန်မာ့တပ်မတော်၏ ခလရ ၅၀၃ စစ်ကြောင်းမှူး ဗိုလ်မှူးအောင်ဖြိုးမြင့် အပါအဝင် တပ်မတော်သားတစ်ချို့နှင့် KBC မှ အမှုစုံစမ်းရေး ကော်မတီမှ ရှမ်းပြည်နယ် ကချင်ရှေ့နေများကွန်ယက်အဖွဲ့တို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“နှစ်ဖက်တွေ့ဆုံတာပဲ ရှိပါတယ်။ တခြား မေးတာတွေ ဘာမှ မရှိပါဘူး။ ကျနော်တို့ ဆွေးနွေးတာက တဖက်က အမှုစစ်ရဲအဖွဲ့က ချတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျနော်တို့ အမှုမှန်ဖော်ထုတ်ရေးအဖွဲ့က လက်မခံနိုင်ဘူးဆိုတော့ ကျနော်တို့ တွေ့ဆုံမေးမြန်းဖို့ မဖြစ်နိုင်တဲ့အချိန်ကြတော့ ကျနော်တို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး အထက် နိုင်ငံတော်အဆင့် ဆက်လက်တင်ပြပါ။ သဘောထားရမှ ကျနော်တို့ မေးမယ်ဆိုပြီးတွေ့ဆုံပွဲကို ရပ်လိုက်ပါတယ်”ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ရှမ်းပြည်နယ် ရှေ့နေများကွန်ရက်မှ ဥက္ကဌ ရှေ့နေ ဦးဘရန်ဒီးက မဇ္ဈိမကို ပြောသည်။

ယနေ့ တွေ့ဆုံမှုတွင် တပ်တော်ဘက်မှ စစ်ကြောင်း ၅၀၃ စစ်ကြောင်းက တပ်တော်သား ၃ ဦးသာ မေးမြန်းရန်၊ မေးမြန်းမည့် မေးခွန်းများ ကြိုတင် တင်ပြရန် ထိုမေးခွန်းများကိုလည်း အမှုစစ် ရဲတပ်ဖွဲ့မှသာ မေးမြန်းရန် စည်းကမ်းချမှတ်ထားပြီး KBC မှ အမှုစုံစမ်းဖော် ထုတ်ရေးကော်မတီဘက်ကမူ တပ်မတော်၏ ခမရ ၅၀၃ စစ်ကြောင်းမှ အရာရှိအားလုံးနှင့် တွေ့ဆုံရန်၊ မေးခွန်းများကိုလည်း ကြိုတင် မပေးနိုင်ခြင်း၊ ၎င်းတို့ဘက်မှ တိုက်ရိုက် မေးမြန်းလိုကြောင်း တင်ပြခဲ့သဖြင့် သဘောထား မတူညီသဖြင့် မေးမြန်းခြင်း မရှိခဲ့ဘဲ တွေ့ဆုံမှုသာ ဖြစ်ခဲ့သည်ဟု သူက ပြောသည်။

“နှစ်ဖက် သဘောတူပြီး တွေ့ဆုံတဲ့ တွေ့ဆုံပွဲ မဟုတ်တဲ့အတွက်ကြောင့် နှစ်ဦးသဘောတူညီတဲ့အချိန်ကြမှ ပြန်တွေ့ဆုံဖြစ်မှာပါ”ဟု သူက ဆက်လက် ပြောသည်။

KBC မှ အမှုစုံစမ်းရေးကော်မတီက တပ်မတော်သားများအား တိုက်ရိုက် မေးမြန်းခွင့်ရရှိရေးအတွက် နိုင်ငံတော်အဆင့် ပြည်ထဲရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးဌာနတို့အား ဆက်လက် တင်ပြသွားမည်ဟု သူက ပြောသည်။

KBC မှ အမှုမှန်ဖော်ထုတ်ရေးအဖွဲ့မှ ၁၆ ယောက် တက်ရောက်ခဲ့ပြီး တပ်တော်ဘက်မှ ပြည်နယ် ရဲမှူးကြီး၊ အထွေထွေ ဦးစီးမှူး၊ ရမခ တပ်မှ အရာရှိများ၊ ဆရာမနှစ်ဦး အသတ်ခံရမှုတွင် သံသယရှိသူ ဗိုလ်မှူးအောင်ဖြိုးမြင့်၊ ဗိုလ်ကြီး တစ်ဦးနှင့် ရဲဘော် တစ်ဦး၊ အမှုစစ် ရဲတပ်ဖွဲ့များ၊ အက်စ်ဘီအဖွဲ့တို့ တက်ရောက်ခဲ့သည်ဟု သူက ပြောသည်။

ယနေ့ တွေ့ဆုံမှုတွင် မေးမြန်းခွင့်မရဘဲ တွေ့ဆုံခွင့်သာ ရရှိခဲ့ခြင်း ဖြစ်ပြီး KBC အမှုမှန်ဖော်ထုတ်ရေးကော်မတီက လာမည့် မေလ ၂၅၊ ၂၆ ရက်များတွင် အစည်းအဝေး ကျင်းပ၍ အမှုမှန်ပေါက်ပေါက်ရေးအတွက် ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်း KBC အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဇွန်က ပြောသည်။

“ဘာမှ မမေးဘူး။ ဒီအတိုင်းတွေ့ပြီး ပြန်လာတာပဲ။ မေးမြန်းတာတွေ မလုပ်ခဲ့ဘူး။ ကျနော်တို့ကတော့ မေးမြန်းဖို့အတွက် တောင်းဆိုထားတာကို သူတို့အနေနဲ့ ဖြည့်ဆည်းပေးပြီးပြီဆိုတဲ့ အဖြစ်သဘောမျိုးတော့ သက်ရောက်တာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ Direct(တိုက်ရိုက်) ဘာမှ မေးပိုင်ခွင့်မရှိဘူးလေ၊ ဒါကြောင့် အမှုမှန်ဖော်ထုတ်ရေးကော်မတီမှာ ဆက်ပြီး စည်းဝေးပြီးမှ ရှေ့ဆက်လုပ်ဆောင်သွားမယ်”ဟု သူက မဇ္ဈိမကိုပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အသက် ၂၀ နှစ်အရွယ် မရန်လုရာနှင့် အသက် ၂၁ နှစ်အရွယ် မတန်ဘောင် ခေါန်နန်စင် တို့သည် ရှမ်းပြည်နယ် မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ ဘုရားကျောင်းဝင်းတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က က အဓမ္မပြုကျင်ခံရ၍ အသတ်ခံရခြင်း ဖြစ်သည်။
Mizzima - News in Burmese

စစ်ကိုင်းစက်မှုဇုန် MVPP သစ်အချောထည်စက်ရုံမှ ဆန္ဒပြအလုပ်သမားတွေ သူတို.နစ်နာမှုတွေကိုတင်ပြတောင်းဆိုဖို. နေပြည်တော်ကို ချီတက်လမ်းလျှောက်လာတာ ၂၀၁၆ မေလ ၁၈ ရက်နေ.မှာတပ်ကုန်းမြို.ကိုရောက်ရှိလာပါတယ် ။ လူအမျိုးမျိုးစိတ်အထွေထွေရှိကြတဲ.အထဲမှာ အလုပ်သမားသပိတ်စစ်ကြောင်းကိုထောက်ခံသူတွေရှိသလို ၊ အလုပ်သမားတွေကိုဆန်.ကျင်ပြီး အစိုးရကိုထောက်ခံသူတွေလဲ ရှိခဲ.ပါတယ် ။ ကျွန်တော်ကတော. ဘယ်သူ.ကိုထောက်ခံတယ် ၊မထောက်ခံဘူးဆိုတာထက် နှစ်ဘက်စလုံး (အစိုးရနဲ. သပိတ်မှောက်အလုပ်သမားတွေ ) ဟာ မူလရည်ရွယ်ချက်တွေနဲ. လမ်းလွဲနေတာကိုတွေ.နေရကြောင်းပြောချင်ပါတယ် ။ မူလရည်ရွယ်ချက်ဆိုတာက အလုပ်သမားဆိုရင်လဲ သူတို.နစ်နာမှုတွေပြေလည်ဖို. ၊ အစိုးရဘက်ကဆိုရင်လည်း အလုပ်သမားတွေရဲ.ရပိုင်ခွင်.ကို ဥပဒေဘောင်အတွင်းက ကာကွယ်စောင်.ရှောက်ဖို.၊တရားဥပဒေစိုးမိုးဖို. ကိစ္စတွေဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာ တချို.ကိစ္စတွေဟာ လုပ်ရင်းကိုင်ရင်းနဲ.မူလရည်ရွယ်ချက်ပျောက်ပြီးဘေးရောက်ကုန်တာတွေ မကြာခနတွေ.ရတတ်ပါတယ် ။ ကျောင်းသားသပိတ်တုန်းကလဲ ကျောင်းသားအရေး ၊ပညာရေးပြုပြင်ပြောင်းလဲရေးဆိုတဲ.ကောင်းမွန်တဲ.ရည်မှန်းချက်တွေရှိခဲ.ပေမယ်. အဲဒိကောင်းမြတ်မှုတွေထက် ရန်ကုန်မြို.ကို အောင်ပွဲခံဝင်ရောက်နိုင်ရေးဆိုတဲ. သိပ်အဓိကမကျတဲ.အကြောင်းအရာကလွှမ်းသလိုဖြစ်သွားရခြင်းပါပဲ ။ အစိုးရဘက်ကတော. ဥပဒေစိုးမိုးရေး ၊ ပေးထားပြီး ကတိက၀တ်ကိုလူကြီးလူကောင်းဆန်ဆန်ထိမ်းသိမ်း စောင်.ရှောက်ရေးဆိုတာထက် ၊ ကျောင်းသားသပိတ်အဖွဲ. ရန်ကုန်ကိုဝင်မလာရေး ဆိုတာကိုပဲ အဓိကထားပူပန်ဆောင်ရွက်ခဲ.တာတွေ.ရပါတယ် ။ ဒါကပြီးခဲ.တဲ.ကျောင်းသားသပိတ်ကိစ္စပါ ။ ဦးသိန်းစိန်လက်ထက်ကကိစ္စပါ ။

အခုတခါလာပြန်ပါပြီ ။ ကျောင်းသားမဟုတ်တော.ဘူး အလုပ်သမားတွေဖြစ်သွားပြီ ။ တောင်းဆိုချက်ကလဲ အလုပ်သမားဥပဒေပြင်ဖို.မဟုတ်ဘူး ။ အလုပ်ဖြုတ်ခံရလို.နစ်နာတဲ.အလုပ်သမားတွေကိစ္စ ။ သက်ဆိုင်ရာကထိထိရောက်ရောက်ကြားဝင်မဆောင်ရွက်ပေးလို. အစိုးရရုံးစိုက်ရာနေပြည်တော်မြို.အထိ ချီတက်အရေးဆိုကြတဲ.ကိစ္စပါ ။ တောင်းဆိုခံရတဲ.အစိုးရကလဲ ပြည်သူ.ချဉ်ဖတ်အစိုးရမဟုတ်တော.ဘူး ၊ ပျိုတိုင်းကြိုက်တဲ.နှင်းဆီခိုင် NLD အစိုးရဖြစ်နေပြီ ။ အခြေအနေကအရင်ကနဲ.မတူတော.ဘူး ။ ဒါပေမယ်. အရင်ကနဲ.တူတာ နှစ်ချက်ရှိနေတုန်းပဲ ။ နံပါတ်တစ်အချက်က အလုပ်သမားတွေဟာမိမိနစ်နာမှုတွေကိုတောင်းဆိုရာကနေ လမ်းလွဲလာတဲ.ကိစ္စပဲ ။ ဘယ်လိုလမ်းလွဲသလဲဆို အလုပ်သမားသမဂ္ဂကိုဖြိုခွဲခဲ.တဲ.အလုပ်ရှင်ကိုအရေးယူပေဖို. ဆိုတာတွေပါလာတယ် ။ တကယ်တော. ဒါဟာတရားရေးစနစ်ကိုနားမလည်လို.တောင်းဆိုနေတာဖြစ်တယ် ။ တကယ်လို.သာ အလုပ်ရှင်ဘက်ကဥပဒေချိုးဖောက်ရင် ဘယ်သူဘယ်ဝါရေ အရေးယူပေးပါလို.ပြောနေစရာမလိုဘူး ရှေ.နေကောင်းကောင်းငှားပြီးတရားရုံးကို ဦးတိုက်လျှောက်ထားလိုက်ရုံပဲရှိတယ် ။ စက်ရုံပိုင်ရှင်ကို အလုပ်သမားတွေစုပြီး တရားစွဲအမှုဖွင်.လိုက်ရုံပါပဲ ။ ဥပဒေကြောင်းအရဆောင်ရွက်ရမယ်.ကိစ္စကို သပိတ်နဲ.ရောပစ်လိုက်တာဟာ အလုပ်သမားတွေရဲ. ပညာဥာဏ်နဲမှုပါပဲ ။ ဒုတိယအချက်ကတော. မြန်မာပြည်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂရယ်လို.ခိုင်ခိုင်မာမာမရှိတာကြောင်. သူတို.နောက်က မားမားမတ်မတ်ရပ်မယ်.အဖွဲ.မရှိသလိုဖြစ်နေတာပါပဲ ။ NLD နဲ.ဆန်.ကျင်ဘက်မှာဘယ်သူမှမနေချင်ကြတာကြောင်. အားလုံးဟာနှာစေးနေကြပြီး အလုပ်သမားတွေဟာ မဟာမိတ်ပျောက်ဆုံးနေခဲ.ရပါတယ် ။နောက်ဆုံးအချက်ကပိုအရေးကြီးပါတယ် ။အလုပ်သမားတွေဟာ အလုပ်သမားအခွင်.အရေးရဖို.တောင်းဆိုတဲ.ကိစ္စကိုအဓိကထားရာကနေ ၊ နေပြည်တော်ကိုဝင်ရောက်ရေးဟာ အဓိကလုပ်ငန်းကြီးသဖွယ်ဖြစ်လာတဲ. လုပ်ရပ်ပါပဲ ။ တကယ်ဆိုနေပြည်တော်ကောင်စီဥက္ကဌက အလုပ်သမားခေါင်းဆောင်ငါးဦးကို လာရောက်ဆွေးနွေးဖို.ဖိတ်ခေါ်တာကိုလက်ခံပြီး သွားရောက်ဆွေးနွေးသင်.ပါတယ် ။ဆွေးနွေးနေစဉ်မှာ ကျန်တဲ.အလုပ်သမားတွေက ကုန်သွားတဲအားတွေကိုစုပြီးစောင်.ကြရမှာဖြစ်ပါတယ် ။ ဆွေးနွေးပွဲအဆင်မပြေမှ ဆက်လက်ချီတက်သင်.ကချီတက်ကြရမှာဖြစ်ပါတယ် ။ ချီတက်ခြင်းမချီတက်ခြင်းကအရေးမကြီးပဲ မိမိလိုလားချက်ပြည်.၀ခြင်းမပြည်.၀ခြင်းကအဓိကကျပါတယ် ။လိုလားချက်ဆိုရာမှာလည်း ဘယ် ပြသနာပဲဖြစ်ဖြစ် ကိုယ်လိုချင်တာ ၁၀၀ ရာခိုင်နှုန်းတော. ရလေ.မရှိပါဘူး ။ လက်ခံနိုင်လောက်အောင်ရတယ်ဆိုရင်ကြေနပ်ရမှာပါပဲ ။ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်သွားပြီး အောင်ဆန်းအက်တလီစာချုပ်ချုပ်တာတောင် အာလုံးလိုချင်သမျှ ရခဲ.တာမဟုတ်ပါဘူး ။လိုရင်းဖြစ်တဲ.ဟာရရင်ပြီးရောဆိုပြီးကြေနပ်ခဲ.ရတာပါပဲ ။

အစိုးရဘက်က အရင်အတိုင်းမပြောင်းလဲတဲ.အပ်ချက်ကတော. ဆွေးနွေးညှိနှိုင်းတဲ.နေရာမှာ အရင်အစိုးရ ၊အရင်အကျင်.ဟောင်းတွေအတိုင်း ( တကယ်တော. ၀န်ကြီးဌာနကအရာရှိ ၀န်ထမ်းတွေက အရင်အစိုးရလက်ထက်ကလူတွေပါပဲ) အပေါ်ယံကြောပဲလူမြင်ကောင်းအောင်ဆောင်ရွက်ခဲ.တာပါပဲ ။ အလုပ်သမား၊ အလုပ်ရှင် ၊အစိုးရ သုံးဦးသုံးဖလှယ်ဆွေးနွေးပြီးသယောင်လုပ်ပြီး ပြောဆိုသတင်းထုတ်ပြန်ခဲ.ပေမယ်. တကယ်တမ်းမှာ အဲဒိလိုလုပ်ပေးခဲ.ခြင်းမရှိပဲ အလုပ်သမားဝန်ကြီးဌာနညွှန်ချုပ် ဦးဝင်းရှိန်က မေလ ၁၃ ရက်နေ.မှာ အားလုံးဆွေးနွေးခဲ.သယောင် သတင်းစာရှင်းလင်းပွဲလုပ်ခဲ.တာဟာ အစိုးရအပေါ်မှာ ပြည်သူလူထုတရပ်လုံးက ယုံကြည်မှုနည်းတာတွေဖြစ်စေတယ် ၊အစိုးရသိက္ခာကျစေပါတယ်လို. သပိတ်ခေါင်းဆောင်ကိုခိုင်မင်းကပြောခဲ.ပါတယ် ။ နောက်ပြီးအစိုးရအနေနဲ. ( ဌာနဆိုင်ရာ လူကြီးဆိုသူ အရာရှိအဆင်.၀န်ထမ်းများ ) ဟာ အလုပ်သမားအရေးကိစ္စတောင်းဆိုချက်တွေ ပြေလည်စေရေးထက် နေပြည်တော်ကို သပိတ်မှောက် အလုပ်သမာေးတွဝင်ရောက်မလာစေဖို.ကိုပဲ မဟာတာဝန်ကြီးတစ်ရပ်လိုပြုမူပြောဆိုနေတာပဲဖြစ်တယ် ။ ဥပမာ ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်က

“ သူတို.လာရင် အခြေအနေကိုရှင်းပြမယ် ၊နေပြည်တော်ကိုလုံး၀၀င်လို.မဖြစ်ဘူး ၊ အလုပ်သမားဝန်ကြီးဌာနကတာဝန်ရှိသူတွေကအလုပ်ကိစ္စရှင်းပြမယ် ၊ သူတို.ရဲ.အလုပ်သမားကိစ္စက တည်ဆဲဥပဒေနဲ.သွားမှာ ။အခုဆိုခံသမာဓိကောင်စီကဆုံဖြတ်ပြီးတော. သူတို.ကစာချွန်လွှာလျှောက်လို.ရတယ် ၊ သူတို.ပြောချင်တာယူထားပေးမယ် ။ကျွန်တော်တို.ကဆုံးဖြတ်ပေးလို.မရဘူး ။ ဒီကနေတော.သူတို.ကိုရှေ.တိုးခွင်.လုံးဝပေးမှာမဟုတ်ဘူး ၊ပြောလို.မရရင်ကျွန်တော်တို.ကရာဇ၀တ်ကျင်.ထုံးဥပဒေပုဒ်မ ၁၂၇ အရ ၁၂၈ အရ တားဆီး မှာပါ ။ပြန်မယ်ဆိုကားစီစဉ်ပေးမယ် ။ ထမင်းစားဖို.စီစဉ်ပေးမယ် ။ အိပ်ဖို.စီစဉ်ပေးမယ် ။ နေပြည်တော်ကိုတော.၀င်ခွင်. ပြုမှာမဟုတ်ဘူး “

လို.ပြောကြားခဲ.ပါတယ် ။ သူပြောတဲ.စကားထဲမှာ သူဟာ အဆုံးအဖြတ်ပေးနိုင်သူမဟုတ်ဘူးဆိုတာလဲပါပါတယ် ။ နေပြည်တော်ကိုဝင်ခွင်.မပြုနိုင်ဘူးဆိုတာလဲထပ်ကာထပ်ကာပါပါတယ် ။ အဲဒိတော. ပြသနာကိုဖြေရှင်းဖို.အခွင်.အာဏာမရှိသူက အဲဒိနေရာမှာဘာလာလုပ်တာလဲ ။ ပြီးတော.နေပြည်တော်ကိုဝင်ရင်ရော မြန်မာနိုင်ငံကြီးပျက်သွားမှာလား ။ အလုပ်သမားအရေးကိုဖြေရှင်းနေတာလား ။နေပြည်တော်ကို လူတွေရောက်မလာရေးလုပ်ဆောင်နေတာလားလို. တွေ.မိပါတယ် ။ နေပြည်တော်ဟာအရင်က ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို.၊ဗိုလ်ချုပ်မောင်အေးတို. ဘာတို. ၊ လက်ထက်က စစ်အာဏာရှင်တွေကြားမှာ ကဲကဲဆတ်အထိမခံရွှေပန်းကန် နေရာတစ်ခုပါ ။ အဲဒိအစွဲဟာ ခုထိ အုပ်ချုပ်သူလူတန်းစား တွေဘက်မှာ မပျောက်သေးတာတွေ.ရပါတယ် ။ နေပြည်တော်လဲမြို.တစ်မြို.ပါပဲ ။အခြားမြို.တွေထက် ဥပဒေအရာမှာအတူတူပါပဲ ။ဘာမှကဲကဲဆတ်လုပ်နေစရာမလိုပါဘူး ။ အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်မှာတောင် ရေနံမြေအလုပ်သမားသပိတ်စစ်ကြောင်းဟာ ရန်ကုန်မြို.အထိချီတက်လာနိုင်အောင် အင်္ဂလိပ်ကခွင်.ပြုခဲ.ပါတယ် ။ မြန်မာ မြန်မာချင်းအုပ်ချုပ်တဲ.ခေတ်ကျမှ နေပြည်တော်ကိုမ၀င်နဲ.တို. ရန်ကုန်ကိုမလာနဲ.တို.ဖြစ်နေတာတော. ကိုလိုနီခေတ်ကထက်တောင်ဆိုးနေသလိုပါပဲ ။အလုပ်သမားတွေနေပြည်တော်မြို.ထဲဝင်လာတော.ရောဘာဖြစ်သလဲ ၊ဆွေးနွေးဖို.ဖိတ်ခေါ်ရတာပိုလွယ်သွားတောပေါ. ။ မဆွေးနွေးပဲဆက်သောင်းကျန်းနေရင်ဖမ်းပေါ. ။လက်နက်မဲ.လူတစ်စု ဆန္ဒပြဖို. မြို.ထဲဝင်မှာကို ဒီလောက်စိုးရိမ်နေစရာမရှိဘူးလို.ထင်ပါတယ် ။

ဒါ.ကြောင်. အခုဖြစ်သွားတဲ. အလုပ်သမားတွေတပ်ကုန်းမှာအဖမ်းခံလိုက်ရတဲ.ကိစ္စဟာ မြန်မာပြည်မှာ အစိုးရဘက်ကရော အလုပ်သမားတွေဘက်ကရော အဓိကနဲ. သာမညကိုမခွဲနိုင်ပဲ ခါးတောင်းကျိုက်တခြားဖင်တခြားကိစ္စတွေဖြစ်နေတယ်လို.မြင်ကြောင်းပါခင်ဗျာ ။

သရ၀ဏ်(ပြည်)


rohingya-protest-pathein-620.jpg
အမေရိကန်သံရုံးက ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သုံးနှုန်းတာကို မေလ ၁၈ ရက်နေ့က ဧရာဝတီတိုင်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ ပုသိမ်မြို့မှာ ကန့်ကွက်ဆန္ဒပြစဉ်
Photo- U Zaw Pathein Thar Facebook

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိတာကြောင့် အမေရိကန်သံရုံးက ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သုံးနှုန်းတာကို ကန့်ကွက်ကြောင်း ဧရာဝတီတိုင်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့က ပုသိမ်မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

မြန်မာတိုင်းရင်းသားလူမျိုးတွေထဲမှာ မပါတဲ့ ရိုဟင်ဂျာ လူမျိုးဆိုတဲ့အသုံးအနှုန်းကို အမေရိကန်သံရုံးအနေ နဲ့ နောက်နောင်မသုံးဖို့ အစိုးရအနေနဲ့ တားမြစ်ပေးသင့်တယ်လို့ ဧရာဝတီတိုင်းအမျိုးသားရေး ညွန့်ပေါင်းအဖွဲ့ က ကိုဝေယံအောင် က ပြောပါတယ်။

"မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာမပါတဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို သူတို့ဘက်က နောက်နောင်မသုံးဖို့ကို မြန်မာနိုင်ငံတော်အစိုးရက အမေရိကန်သံရုံးကို တားပေးဖို့အတွက် ကျနော်တို့ကလုပ်တာပါ"

ရခိုင်ပြည်နယ် စစ်တွေမြို့က သဲချောင်းဒုက္ခသည်စခန်းအနီးမှာ လှေမှောက်ခဲ့တာကြောင့် သေဆုံးသွားသူ ရိုဟင်ဂျာ အသိုင်းအ၀ိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးရသူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ဧရာဝတီတိုင်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့အပြင် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ သံဃာတွေ စုစုပေါင်း တစ်ထောင်လောက်က ပုသိမ်မြို့ ရွှေမုဌောဘုရားမြောက်ဘက်မုဒ်က စပြီး မြို့တစ်ပတ် လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အလားတူ ဆန္ဒပြပွဲတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်ခဲ့ပြီး မြန်မာတိုင်းရင်းသား မျိုးနွယ်စုထဲမှာ ရိုဟင်ဂျာ မပါဝင်ကြောင်း အစိုးရအနေနဲ့ တရားဝင်စာ မထုတ်ပြန်မချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ ပြောကြပါတယ်။
RFA

container-port-620.jpg ရန်ကုန်မြို့ ဆိပ်ကမ်းတစ်ခုမှာ ကုန်သေတ္တာတွေကို တွေ့ရစဉ်

ရန်ကုန်ဆိပ်ကမ်းမှာ စုပြုံရောက်ရှိနေတဲ့ ကုန်သေတ္တာ ကွန်တိန်နာ အလုံးရေတစ်သောင်းကျော်ကို ဆိပ်ကမ်းကနေ လာမယ့်သုံးပတ်အတွင်း အမြန်ဆုံးဖယ်ရှားပေးဖို့ စီပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက် တာသန်းမြင့် က ပိုင်ရှင်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေကို ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ဒီနေ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေး ၀န်ကြီးက ဒေါက်တာသန်းမြင့်က ကွန်တိန်နာတွေကိစ္စကို အစိုးရဋ္ဌာန ဆိုင်ရာတွေနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ပြောပါတယ်။

"တစ်ဌာနထဲတော့ မဟုတ်ဘူးဗျ၊ သဘောကတော့ ဒီရန်ကုန်ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ ဌာနပေါင်းစုံပေါ့၊ အစိုးရ ဌာနတွေရော လုပ်ငန်းရှင်များရော ပြောမယ်ဆိုရင်တော့ ဆိပ်ကမ်းအာဏာပိုင်များရော အကောက်ခွန်ဦးစီး ဌာနရော ဆိပ်ကမ်းပိုင်ရှင်တွေရော နောက် Transport Operator တွေရော ကုန်သေတ္တာလုပ်တဲ့ ကုမ္ပဏီတွေရော အန်ကယ်တို့ စီးပွားကူးသန်းလူတွေအားလုံး ပူးပေါင်းပြီးတော့ဖြေရှင်းဖို့ အပြန်အလှန်ဆွေးနွေး တာ တော်တော်ကောင်းပါတယ်"

အဲ့ဒီ ကွန်တိန်နာပုံးတွေဟာ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလကစတင်ပြီး ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိနေတာဖြစ် ပါတယ်။

ရန်ကုန်ဆိပ်ကမ်းရဲ့ ကုန်တင်ကုန်ချနိုင်တဲ့ ဧရိယာပမာဏ ကျဉ်းမြောင်းတာအပြင် ပြီးခဲ့တဲ့နှစ်က ကွန်တိန်နာ အလုံးရေ ၅ သိန်းကျော်လောက်သာရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာ ကွန်တိန်နာ အလုံးရေ တစ်သန်းကျော်အထိရှိတာကြောင့် အခုလို ပြဿနာတွေရှိနေတာဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်ဆိပ်ကမ်းဟာ မြို့တွင်းယာဉ်ကြော ပိတ်ဆို့မှုများတဲ့ နေရာမှာရှိနေတာကြောင့် ဆိပ်ကမ်းကိုလာပြီး ကုန်တင်ကုန်ချမယ့်ကားတွေ အချိန်ကြန့်ကြာမှုတွေ ရှိတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

ရန်ကုန်ဆိပ်ကမ်းမှာ ကုန်သေတ္တာတွေ စုပြုံနေတဲ့ အလားတူအဖြစ်မျိုး ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကလည်း ဖြစ်ခဲ့ပေမယ့် အခုအချိန်ထိ ပြေလည်အောင် မဖြေရှင်းနိုင်သေးဘူးလို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
RFA

nyipu-620.jpg ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အားလုံးဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရရှိလာစေဖို့နဲ့ ရဲလုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်တွေကို လေးစားလိုက်နာကြဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျင်းပတဲ့ ဝန်ဆောင်မှုကို ရှေ့ရှုတဲ့ ရဲလုပ်ငန်း အသိပညာပေးဆွေးပွဲမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ပြောခဲ့တာဖြစ်ပါတယ်။

"ရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရရှိလာစေဖို့နဲ့ ရဲလုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်များကို လေးစားလိုက်နာတတ်ပြီး မိမိတို့ရဲ့လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး မြင့်မားစေဖို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းပြောကြားလိုပါတယ်"

အခမ်းအနားကို တက်ရောက်လာတဲ့ ရေကြောင်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် မြဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လာမယ့် ဇွန်လကနေစတင်ပြီး ဝန်ဆောင်မှုကိုရှေ့ရှုတဲ့ ရဲလုပ်ငန်းစနစ်ကိုစတင်ကျင့်သုံးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီစနစ်ကို ကျင့်သုံးရာမှာ ပြည်သူလူထု ပူးပေါင်းပါဝင်စေတဲ့ လုပ်ငန်း၊ ပြဿနာဖြေရှင်းမှုကို ရှေးရှုတဲ့လုပ်ငန်း၊ ပြည့်စုံ တဲ့ မှုခင်းဆိုင်ရာ သတင်းအချက်အလက်တွေကို လေ့လာတဲ့ လုပ်ငန်း စတဲ့ လုပ်ငန်း သုံးရပ်နဲ့ ဆောင်ရွက်သွား မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီစနစ်ကိုကျင့်သုံးဆောင်ရွက်ဖို့အတွက် ဗဟိုအဆင့်အသိပေးဆောင်ရွက်မှုတွေကို ပြီးခဲ့တဲ့ မတ်လက စတင်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်တွေအလိုက် ဒီလကုန်အထိ ဆက်လက်ဆောင်ရွက်ပြီး ဇွန်လ ၁ ရက်နေ့မှာ အဲ့ဒီစနစ်ကို အကောင်အထည်ဖော်ကျင့်သုံးမှာဖြစ်ပါတယ်။ အခမ်းအနားကို စစ်တွေမြို့က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရဲအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
RFA

ဤလောကမှာ မရှိတာထက်
မသိတာခက်သမို့
သိအောင်လို့ မျက်စိကိုဖွင့်
နားကိုစွင့် ချင့်ချင့်ချိန်ချိန် သုခမိန်ပါ…။

တချို့လူများ အယူဆမှား
အတွေးတွေမှား အီးယောင်ဝါးနဲ့
လမ်းသွားနေတာ သနားစရာပါ
ဒီလိုလူစား နဖါးကြိုးတပ်ထား
ခိုင်းနွားအလား ခိုင်းစားခံရမှာ…။

တချို့လူများ အသိဥာဏ်ခေါင်းပါး
သည်းခံခြင်းတရားနည်းပါး
ဆင်ခြင်အားနည်းသွားတော့ အထင်မှားပေါ့
မျက်ဝါးထင်ထင် မမြင်ပါဘဲ
ခုပဲရေတွင်းတူး ခုပဲရေကြည်သောက်ချင်
ပြင်ဆင်မယ့်အခွင့်ရေး မပေးပါဘဲ
ဘေးလူမြှောက်ပေးတိုင်းလိုက်က
အပ်နဲ့ဆွထုတ် လုပ်နိုင်ရက်သားနဲ့
ပုဆိန်နဲ့မြှောက် ပေါက်ချင်ကြတယ်
ဆွေးနွေးခွင့်များ ပေးရက်သားနဲ့
အတင်းခံ ငြင်းဆန်ချင်ကြတယ်
ဒီလိုလူစား ဆင်ခြင်ဥာဏ်ပွားလို့
အထင်မမှားကြတော့ဘဲ
အမှန်တရားလမ်းပေါ်သို့အရောက်
အမြန်လျှောက်လာကြပါလို့သာ….။

တက္ကသိုလ်ဘုန်းကြွယ်(မေ ၁၈ ၁၆)

ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်မှာ နိုဝင်ဘာလ ၁ ရက်နေ့က SSPP/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်မကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် SSPP/SSA တပ်တွေ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တပ်တွေ အခြေအနေတင်းမာနေတာ ၄ ရက်လောက်ရှိနေပြီး ဒီနေ့ မနက် ၈ နာရီခွဲလောက်ကစပြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ နမ့်မကျေးရွာနဲ့ ၆ မိုင်အကွာမှာရှိတဲ့ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာက ဦးစိုင်းလှထွေး က ပြောပါတယ်။

"၃၊ ၄ ရက်လောက်ရှိပြီ နှစ်ဖက်စစ်တပ်တွေ တင်းမာနေတာ၊ စဖြစ်တာကတော့ ဒီမနက် ၈ နာရီခွဲလောက်မှာပေါ့၊ တစ်မနက်လုံးပဲ"

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့လောက်ကလည်း ကျောက်မဲမြို့နယ်က ပန်လော့၊ နမ့်ဝိုင်၊ အက်ကြီး၊ ဟိုမိန်းနဲ့ နောင်ကန်ကျေးရွာတွေအနီးက တောင်ကုန်းတောင်တန်းတွေမှာ အစိုးရတပ်မတော်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ပန်လော့ နဲ့ နောင်ပိန်ကျေးရွာတွေမှာ ဒုက္ခသည် ၈၀၀ ကျော်လောက် ခိုလှုံနေကြရပါတယ်။

RFA Burmese
http://www.rfa.org/burmese

သမ္မတဦးထင်ကျော် ရုရှားကို ထွက်ခွာ ( MOI )
သမ္မတဦးထင်ကျော် ရုရှားကို ထွက်ခွာ ( MOI )
ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာကျင်းပမယ့် ရုရှားနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ကြားဆက်ဆံရေး အနှစ် ၂၀ ပြည့် အထိမ်း အမှတ် ထိပ်သီးအစည်းအဝေးကိုတက်ဖို့ သမ္မတဦးထင်ကျော်ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ကနေ ထွက်ခွာသွားပါတယ်။

ဒါဟာဖြင့် သမ္မတတာဝန် ယူပြီးကတည်းကဆိုရင် ဦးထင်ကျော်ရဲ့ ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။ သမ္မတ ဦးထင်ကျော်နဲ့အတူ စီမံကိန်းဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိ သူတွေ လိုက်ပါသွားတယ်လို့ ပြန်ကြားရေးဌာနရဲ့ အင်တာနက်သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တော့ လိုက်မသွားပါဘူး။

သမ္မတဦးထင်ကျော်ရဲ့ အခု ရုရှားခရီးစဉ် မတိုင်လေးမှာပဲ မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်တရပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားပါတယ်။ ဒီသဘောတူညီချက်ကို အခုခရီးစဉ်အတွင်း လက်မှတ် ရေးထိုးလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားတာတွေ က ရှိနေဆဲဖြစ်ပေမယ့် ရုရှားကတော့ မြန်မာကို စစ်လက်နက်ပစ္စည်း အများဆုံးရောင်းချတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

ရုရှား-အာဆီယံ ထိပ်သီးအစည်းအဝေးကို မေလ ၁၉ နဲ့ ၂၀ နှစ်ရက်ကြာ ကျင်းပမှာပါ။ မေလ ၂၂ ရက်နေ့ကျရင်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ မြန်မာနိုင်ငံကို လာရောက်ဖှို့ရှိပါတယ်။
VOA Burmese News

စစ်ကိုင်းတိုင်းဒေသကြီးကနေ နေပြည်တော်ကို ချီတက်လာတဲ့ အလုပ်သမား သပိတ်စစ်ကြောင်းကို တားဆီးပြီးတော့ တက်ကြွလှုပ်ရှားသူတွေကို နေပြည်တော်မှာ အာဏာပိုင်တွေဘက်က ဒီကနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ နေပြည်တော်ကောင်စီ အာဏာပိုင်တွေနဲ့ အလုပ်သမားတွေကြား ညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့်၊ အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်မှာ အခုလို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းကနေ နေပြည်တော်ကို ချီတက်လာနေတဲ့ Myanmar Veneer Plywood သစ်အချောထည်စက်ရုံ အလုပ်သမား သပိတ်စစ်ကြောင်းက အလုပ်သမားတွေ နဲ့ သပိတ်ကို ၀န်းရံပြည်သူ ၇၀ ကို အာဏာပိုင်တွေက နေပြည်တော်မှာ ဒီကနေ့ဖမ်းဆီးလိုက်ပါတယ်။ အလုပ်သမားတွေရဲ့ ချီတက်ဆန္ဒပြမှု ရက် ၂၀ ကြာတဲ့အချိန်မှာ အာဏာပိုင်တွေဘက်က အခုလို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဆန္ဒပြတဲ့အလုပ်သမားတွေကို မဖမ်းဆီးခင်မှာပဲ နေပြည်တော်ကောင်စီ အာဏာပိုင်တွေဘက်က အလုပ်သမားတပ်ကုန်းမြို့မှာ ညှိနှိုင်းဖို့ကြိုးစားခဲ့ပါတယ်။

“အားလုံးကို ထပ်ပြီး မေတ္တာရပ်ခံပါတယ်။ ဥက္ကဋ္ဌကြီးက လည်း အားလုံးကိုဖိတ်ပါတယ်။ ဒီကအလုပ်သမားခေါင်းဆောင်တွေ တပ်ကုန်းမြို့ကိုကြွခဲ့ပါ။ မီဒီယာတွေအားလုံးလည်းဖိတ်ပါတယ်။ အားလုံးအဆင်ပြေအောင်လုပ်ပေးပါ့မယ်။ အဆင်ပြေအောင် ညှိနှိုင်းပေးပါမယ်လို့ ဥက္ကဋ္ဌကြီးက ဖိတ်ခိုင်းလိုက်ပါတယ်။

အလုပ်သမားများ။ ။ ဒီမှာက အကုန်လုံးက ခေါင်းဆောင်တွေ ပါပဲ။ ခေါင်းဆောင်တွေဆိုတော့ အလုပ်သမားတွေအားလုံး အဲဒီအတွက်လည်း ကျနော်တို့အနေနဲ့ တလေးတစားနဲ့ပဲ အကုန်လုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားပါမယ်ခင်ဗျ။ လေးစားပါတယ် ၊ ဖိတ်ကြားမှုကို လက်ခံတယ်။ ဒီအတွက်ကြောင့် ကျနော်တို့ အေးအေးဆေးဆွေးသွားပါမယ်ခင်ဗျ။ အဲလိုသွားတဲ့အနေအထားမှာ ကျနော်တို့ကို တားဆီးပိတ်ပင်တာမျိုး ဟန့်တားတာမျိုးတွေ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဒါက မြို့တော်ဝန်ကြီးကိုယ်တိုင်က ဖိတ်တယ်ဆိုတော့ လူကြီးမင်းကိုယ်တိုင်က လာပြောတယ်နော်။ အဲဒီတော့ ကျနော်တို့ အကုန်လုံးသွားပါမယ်ခင်ဗျ အလုပ်သမားအားလုံးသွားပါမယ်။”

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဘက်က အားလုံးအဆင်ပြေအောင် ညှိနှိုင်းဆွေးနွေးပေးမယ်ဆိုပြီး အလုပ်သမားခေါင်းဆောင် ၅ ဦးကို တပ်ကုန်းမြို့မှာ ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဆန္ဒပြအလုပ်သမားတွေဘက်ကတော့ ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို လက်ခံပေမယ့် ၊ ဆွေးနွေးမှုလုပ်ဖို့အတွက် ဆန္ဒပြအလုပ်သမား အားလုံး ချီတက်ပြီး ပါဝင်ဖို့ဆွေးနွေးလိုတယ်လို့ တောင်းဆိုခဲ့တာပါ။

နေပြည်တော်က အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း အလုပ်သမားသပိတ်စစ်ကြောင်းကိစ္စကို ပြေလည်အောင် ဆောင်ရွက်ဖို့အတွက် ကိုယ်စားလှယ်တဦးကို စေလွှတ်ပြီး ညှိုနှိုင်းဆောင်ရွက်နေတယ် မနေ့ အင်္ဂါနေ့က ပြောပါတယ်။ ဒ့ါအပြင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေဘက်ကလည်းဆန္ဒပြအလုပ်သမားတွေ နဲ့ အလုပ်ရှင်ကြားမှာညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ပေးခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလို ပြောပါတယ်။

“စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦး။ ။ တောင်းဆိုချက် ၄ ခုရှိတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေထဲကနေပြီးတော့ အမျိုးသမီး ၆၀ ကို မူရင်းစက်ရုံကနေ ပြန်လည်ခန့်ထားပေးရန် ဆိုတာ နံပတ် ၁ တချက်ပါ။ ကျန်တဲ့အလုပ်သမားတွေ ကနေပြီးတော့ တိုင်းဒေသကြီးအစိုးရကနေပြီးတော့ ကြီးကြပ်ပြီးတော့ စစ်ကိုင်းစက်မှုဇုံ မှာ ရနိုင်သလောက်ပြန်လည်ခန့်ထားပေးဖို့ပါ။ ဒါက နံပတ် ၂ အချက်ပေါ့နော်။ နံပတ် ၃ အချက်က ကြားကာလ နစ်နာကြေးအနေနဲ့ ဒီအလုပ်မဆင်းရတဲ့ရက်တွေပေါ့ဗျာ ကြားကာလ နစ်နာကြေး ရဖို့ပါ ဒါ နံပတ် ၃ အချက်ပါ။ နံပတ် ၄ အချက်ကတော့ သူတို့ ဌာနထုတ်ထားတာတွေရှိတယ် ငြိမ်းစုစီ ဥပဒေနဲ့ ငြိတာတွေရှိတယ် ။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တက်နိုင်သမျှ ဖြေလျော့စဉ်းစားပေးဖို့ အဲဒီ ၄ ချက်တောင်းဆိုပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ၆ ရက်နေ့ အစည်းအဝေးမှာလည်း ကျနော် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အလုပ်သမားဝန်ကြီးရုံးမှာ ကျနော်ကိုယ်စားတက်ပါတယ်။ သူတို့နဲ့ ညှိတာတွေရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအနေကနေပြီးတော့ ကမကထလုပ်ပြီးတော့ စစ်ကိုင်းစက်မှုဇုံက စက်ရုံအလုပ်ရုံတွေနဲ့ ညှိလိုက်တဲ့အခါမှာ ၅၆ ယောက်ပြန်ခန့်ထားနိုင်ကြောင်း ကျနော်တို့ အတည်ပြုနိုင်ခဲ့တယ်။ ၅၆ ယောက် ကျနော်တို့ တိုင်းဒေသကြီး အစိုးရရဲ့ ဆောင်ရွက်ချက်အနေနဲ့ ကျနော်တို့ ခန့်ပေးမယ် ဆိုပြီးတော့ ကျနော်တို့ ကို စာနဲ့ပေနဲ့ လုပ်ခဲ့တယ်။ အဲလိုနဲ့ ကျနော်တို့ သူတို့ ကို ၁၁ ရက်နေ့မှာအကြောင်းပြန်တဲ့အခါမှာလည်း ကျနော်တို့ အဲဒါတွေ သူတို့ကို ရှင်းပြတယ်။ ရှင်းရှင်းပြောမယ်ဆိုရင် ခုံသမာဓိ ကောင်စီရဲ့ ဆုံးဖြတ်ချက်က အလုပ်သမားတွေကို ပြန်ခန့်ပါလို့ မပါဘူးဗျ။ မပါတဲ့အခါမှာ ကျနော်တို့အနေနဲ့က ညှိတယ်ဆိုတာ ကျနော်တို့အပြင်က ညှိပေးတာ ၊ ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ကို ကျနော်တို့ လွှမ်းမိုးလို့မရဘူးနော်။ ဒါအလုပ်သမားကိစ္စတွေကို သူတို့ဥပဒေနဲ့အညီဆုံးဖြတ်တယ်။ ကျနော်တို့အနေနဲ့ ဘာလို့ညှိပေးနေရသလဲဆိုရင် ၊ သူတို့ဆုံးဖြတ်တဲ့အတိုင်းဆိုရင် ကျနော်တို့က ဒီအလုပ်သမားတွေကို အလုပ်ရရေးအတွက် လုပ်ပေးစရာတောင်မလိုတော့ဘူး။ ဒါပေမယ့် ကျနော်တို့က ကိုယ့်သားသမီးအရွယ်ပေါ့နော် ကိုယ့်ညီအကို၊မောင်နှမ အရွယ်တွေဖြစ်တဲ့အတွက် ဒါတွေကို တက်နိုင်သမျှ အလုပ်ပြန်လည်ရရှိရေးကို ကျနော်တို့ အပြင်းအထန်ကြိုးစားပေးခဲ့ပါတယ်။ ဒါပေမယ့် ပြေလည်သည်အထိမဖြစ်ခဲ့ဘူးပေါ့နော်။

မေး။ ။ တိုင်းဒေသကြီးအစိုးရဘက်က ဒီဟာကို အလုပ်ပြန်ရဖို့တို့ကို ညှိပေးခဲ့တယ်။ ဒါပေမယ့် ခုံသမာဓိ ကောင်စီက အလုပ်ပြန်ခန့်မယ်ဆိုတာမပါဘူး ဆိုတော့ ပြန်မခန့်ဘူးဆိုတဲ့ သဘောမျိုးပြန်ဖြစ်နေတာပေါ့နော်။

စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦး။ ။ ပြန်ခန့်ပါလို့ အမိန့်ချမှတ်တာမပါဘူး။ မပါတော့ ကျနော်တို့အနေနဲ့က အလုပ်ရှင်နဲ့ ညှိတဲ့အခါမှာ ကျနော်တို့က အမိန့်ပေးလို့မရဘူးလေ။ ညှိနှိုင်းပေးတာပဲရှိတယ်။

မေး။ ။ တိုင်းဒေသကြီးအစိုးရဘက်က ညှိနှိုင်းတဲ့ဥစ္စာကိုရော အလုပ်သမားတွေဘက်က လက်ခံလား။

စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦး။ ။ကျနော်တို့က ညှိနှိုင်းတဲ့ဟာကိုတော့ ခုနပြောတဲ့ ၅၆ ယောက်ကိုတော့ သူတို့လက်ခံတယ်လေ။ ဒါပေမယ့် ခက်တာကလည်း အလုပ်ရှင်က သူတို့ဆီမှာ ခန့်ဖို့ဆိုတာကတော့ အလုပ်ရှင်က ခုံသမာဓိကောင်စီက ခန့်ပါလို့မပါတဲ့အတွက် သူတို့က မခန့်ဘူး။ ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် အယူခံဝင်လို့ရတယ်လေဗျာ။ အယူခံမ၀င်ဘဲနဲ့ အဲဒီလိုတက်တော့ ကျနော်တို့လည်း ဒါ မေတ္တာနဲ့ ညှိနှိုင်းပေးတာ ဒီလောက်ပဲ စွမ်းဆောင်နိုင်တယ်။ ကျန်တာကတော့ ကျနော်တို့လည်း ခရီးထွက်နိုင်တယ်။

မေး။ ။ သူတို့ကို ဖမ်းလိုက်ပြီဆိုတော့ ဒီကိစ္စကို တိုင်းဒေသကြီးအစိုးရအနေနဲ့ရော ဘာဆက်လုပ်ဖို့ စဉ်းစားထားသလဲ။

စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦး။ ။ဘာဆက်လုပ်ဖို့ဆိုတာကတော့ ကျနော်တို့ကလည်း ညှိနှိုင်းနိုင်သမျှ ညှိနှိုင်းပေးပြီ။ လောလောဆယ်ကျနော်တို့က ခရီးထွက်တာ ၄-၅ ရက်လောက်ကြာမယ်ဗျာ။ ကျနော်တို့က ဖမ်းတယ်ဆိုတာတောင် အခုမှ သိရတာ။ ကျနော်တို့အနေနဲ့က စိတ်မကောင်းဘူးပေါ့ဗျာနော်။”

စစ်ကိုင်းမြို့  ပတ္တမြား စက်မှုဇုံ Myanmar Veneer Plywood သစ်အချောထည်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ရှင်က အလုပ်ထုတ်ခံတာနဲ့ နိုင်ငံတော်သမ္မတရုံးရှေ့ အထိ ချီတက်တောင်းဆိုရာကနေ အခုလို ဖမ်းဆီးခံလိုက်တာပါ။ ဆန္ဒပြအလုပ်သမားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး နေပြည်တော်ကောင်စီ အာဏာပိုင်တွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကိုရန်နိုင်
VOA Burmese News

အိန္ဒိယမှာတော့ အခုလိုမျိုး ဆင်းဆင်းရဲရဲ ကလေးငယ်တွေ ညစ်ညစ်နွမ်းနွမ်း နေထိုင်ဖြတ်သန်းရတဲ့ မြင်ကွင်းတွေကို နေရာစုံမှာ တွေ့မြင်နေရဆဲပါ။

အသက် တစ်နှစ်ကျော်ကျော် လူမမယ် ကလေးတစ်ယောက်ရဲ့ ခြေထောက်ကို ပလပ်စတစ်ကြိုးနဲ့ ချည်ထားတာကို မြင်ရတာဟာ ရင်နာစရာပါ။ ဒါပေမဲ့ ၁၅ လအရွယ် ကလေးမလေး ရှီဗာနီရဲ့ မိခင်အနေနဲ့ တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။

ဆာတာကာလာရာက အာမက်ဒါဘက်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုနားမှာ ရှီဗာနီကို လေးပေခွဲ အရှည်ရှိတဲ့ ပလစ်စတစ်ကြိုးနဲ့ ခြေထောက်ကို ချည်ပြီး ကျောက်တုံးတစ်တုံးနဲ့ တွယ်စပ်ထားခဲ့ပါတယ်။
ဒါမှသာ ကလေးက ဝေးဝေးလံလံ လျှောက်မသွားနိုင်မှာ ဖြစ်ပါတယ်။ ကလေးကို ကြိုးချည်ထားရချိန်မှာတော့ ဆာတာနဲ့ သူ့ခင်ပွန်းတို့က ရူပီးငွေ ၂၅၀ (အမေရိကန်ဒေါ်လာ ၃.၇ ခန့်) လောက်စီ ရဖို့အတွက် တစ်နေ့ကို ကိုးနာရီလောက် အလုပ်သွားလုပ်ကြရပါတယ်။ မြို့တော် တနံတလျားက လျှပ်စစ်မီးကြိုးတွေ ပြောင်းရွှေ့ နေရာချဖို့ မြေတူးတဲ့ အလုပ်ကို လင်မယားနှစ်ယောက် ပင်ပင်ပန်းပန်း လုပ်ကိုင်နေချိန်မှာ ရှီဗာနီလေးကို ခေါ်သွားဖို့လည်း မဖြစ်နိုင်ပါဘူး။

ကလေးမလေးဟာ နေ့အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်လောက်ထိ မြင့်တက်နေတဲ့ အချိန်မျိုးမှာ ခြေဗလာနဲ့ ဖုံတောထဲမှာ တစ်နေကုန် နေရရှာပါတယ်။ အသက် ၂၃ နှစ်အရွယ် ဆာတာက ဒါမျိုးလုပ်ရတာ ရင်နာပေမယ့် ကလေးရဲ့ လုံခြုံရေးအတွက် တခြားနည်းလည်း မရှိတော့ဘူးလို့ ဖွင့်ဟပါတယ်။

“သမီးလေး လမ်းပေါ်လျှောက်မသွားအောင် ကျွန်မက အခုလို ကြိုးချည်ထားရတာပါ။ ကျွန်မသားလေးကလည်း သုံးနှစ်ခွဲပဲ ရှိသေးတော့ သူ့ညီမလေးကို မထိန်းတတ်သေးဘူးလေ”လို့ ဆာတာက ဆိုပါတယ်။ သတင်းထောက်နဲ့ တွေ့ဆုံချိန်မှာတော့ ဝမ်းနည်းနေပုံရတဲ့ ဆာတာဟာ သူ့မျက်နှာကို ဆာရီနဲ့ ဖုံးကွယ်ထားရှာပါတယ်။

အိန္ဒိယမှာတော့ အခုလိုမျိုး ဆင်းဆင်းရဲရဲ ကလေးငယ်တွေ ညစ်ညစ်နွမ်းနွမ်း နေထိုင်ဖြတ်သန်းရတဲ့ မြင်ကွင်းတွေကို နေရာစုံမှာ တွေ့မြင်နေရဆဲပါ။ ကလေးတွေကို မိဘတွေက စိတ်မဖြောင့်ဘဲ ထားခဲ့ရင်း လူချမ်းသာတွေရဲ့ ဇိမ်ခံ တိုက်တာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အုတ်သယ်၊ မြေတူး အလုပ်လုပ်နေရခြင်းက အိန္ဒိယရဲ့ လူတန်းစား မညီမျှမှုကို ရှင်းရှင်းလင်းလင်း ထင်ဟပ် ပေါ်လွင်စေပါတယ်။

Source : IndiaTimes

============

Duwun

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု ပြသနာများ လျော့နည်းကျဆင်းရေး အလျှင်အမြန်ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်းလွှတ်တော်တွင် မေ ၁၈ရက်က တင်သွင်းလိုက်သည်။

"ကျွန်တော်တို့ ရန်ကုန်မြို့တော်ကြီးမှာ ယာဉ်ကြောကြပ်တည်းမှုဟာ နေ့စဉ်နဲ့အမျှ အများပြည်သူ အလွန်စိတ်ဒုက္ခရောက်စရာ ကိစ္စကြီးဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ မနက်မိုးလင်းလို့ အပြင်ထွက်လိုက်တာနဲ့ မိမိတို့လိုရာခရီးကို စိတ်ပင်ပန်းလူပင်ပန်းစွာနဲ့ သွားလာနေရပါတယ်။ ငွေကျပ် ဘီလီယံပေါင်း ၁၀၀ကျော်သုံးစွဲပြီး ခုံးကျော်တံတား ၇ စင်း ဆောက်လုပ်ဖြေရှင်းခဲ့ပေယ့် ထိရောက်အောင်မြင်တာမတွေ့ရဘဲ ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပွားနေတာတွေ့ရပါတယ်။ ရေရှည်စီမံကိန်းများ ဆောင်ရွက်ရန်ရှိပါသော်လည်း လမ်းစည်းကမ်း ယာဉ်စည်းကမ်းလိုက်နာမှုမရှိသည့်အတွက် ယဉ်ကြောပိတ်ဆို့မှုများ ပိုမို ဖြစ်ပွားနေတာ တွေ့ရပါတယ်" ဟု လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ၎င်း၏အဆိုတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

ယင်းကဲ့သို ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် ခရီးသည်တင် ဘတ်စ်ကားများကို မှတ်တိုင်တွင် ခရီးသည် အတင်အချကို လျှင်မြန်စွာ ပြုလုပ်စေ၍ အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်းကို လုံးဝခွင့်မပြုရန်၊ မှတ်တိုင်မဟုတ်သည့် လမ်းဆုံ လမ်းခွများတွင် ရပ်တန့်၍ ခရီးသည်အတင်အချ ပြုလုပ်ခြင်းများကို တားမြစ် ကြပ်မတ်ခြင်း၊ လမ်းမကြီးများပေါ်တွင် ဈေးသည်များနှင့် အနှေးယာဉ် ဂိတ်များ ဂိတ်ထိုး ရပ်တန့်ခြင်းကို လုံးဝမပြုလုပ်ရန် တားမြစ်ခြင်း၊ ယာဉ်ကြောများတွင် ရပ်တန့်ခြင်း အပြိုင်မောင်းနှင်ခြင်းများကို ထိထိရောက်ရောက် တားမြစ်ခြင်းစသည့် အကြံပြုချက်များဖြင့် တင်ပြဆွေးနွေး၍ တိုင်းဒေသကြီး အစိုးရကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အဆိုအား ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ် အမှတ် ၁မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်ဝင်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်း မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း ဆက်လက်ဆောင်ရွက်သင့်သည့် အဆိုဖြစ်ကြောင်း ထောက်ခံခဲ့သည်။

"ယာဉ်ကြောပိတ်ဆို့မှုဆိုရင် အားလုံးသိတဲ့အတိုင်းပါပဲ။ ကျွန်တော်ဆိုရင် တောင်ဒဂုံက လာတဲ့အတွက်လွှတ်တော်ကို ရောက်ဖို့ ၂နာရီလောက် အချိန်ယူရပါတယ်။ တစ်နေရာမှာ ယာဉ်ကြောပိတ်ပြီဆိုရင် ၁၅မိနစ်နဲ့ မိနစ် ၂၀လောက်ကြာပါတယ်။ တချို့နေရာတွေဆို နာရီဝက်လောက်တောင် ကြာတာဖြစ်တဲ့အတွက် ဒီယာဉ်ကြောပိတ်ဆို့မှုဟာ ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူတွေအတွက် စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေတဲ့အတွက် အမြန်ဆုံးဆောင်ရွက်ရမယ့် အခြေနေတစ်ရပ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်" ဟု တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်၁မှ ဦးညီညီက ပြောသည်။

အဆိုပါ အဆိုအား လွှတ်တော်၌ ဆွေးနွေးရန်သင့်မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် လွှတ်တော်ကိုယ်စားလှယ် အားလုံးက ဆွေးနွေးသင့်ကြောင်း ထောက်ခံခဲ့ကြသည့်အတွက် မေလ၂၆ရက် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားကြမည် ဖြစ်သည်။
Mizzima - News in Burmese

တရုတ်နိုင်ငံက ထိပ်တန်းအရာရှိတစ်ဦး ဟောင်ကောင်သို့ ရောက်ရှိစဉ် မေ ၁၈ ရက်က ဆန္ဒပြသူများက ဒီမိုကရေစီကြွေးကြော်သံများ အော်ဟစ်ကာ ဆန္ဒပြမှုဖြစ်ပွားသော်လည်း ညင်ညင်သာသာ လူစုခွဲနိုင်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီထိန်းချုပ်သော ဥပဒေပြုလွှတ်တော်ဥက္ကဌဖြစ်သူ Zhang Dejiang က သုံးရက်ကြာခရီးစဉ်အဖြစ် ဟောင်ကောင်သို့ လာရောက်ခြင်းဖြစ်ကာ လေးနှစ်တာအတွင်း ထိပ်တန်းတရုတ်အရာရှိတစ်ဦး ပထမဆုံးဟောင်ကောင်သို့ လာရောက်ခြင်းလည်းဖြစ်သည်။ ဟောင်ကောင်၏ လွတ်လပ်ရေးနှင့် ပတ်သက်ပြီး တရုတ်ကတင်းကြပ်လာ၍ စိုးရိမ်မှုများ ရှိနေစဉ် ၎င်း၏ ခရီးစဉ်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ နည်းပါးခြင်းကြောင့် ဟောင်ကောင်တွင် လွတ်လပ်ရေးလှုပ်ရှားမှုများ အရိပ်အခြည်သန်းလာခဲ့ပြီး ယင်းလှုပ်ရှားမှုများကို ဟောင်ကောင်နှင့် တရုတ်အာဏာပိုင်နှစ်ဖက်စလုံးက ရှုတ်ချထားသည်။

နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု တရုတ်ပိုးလမ်းမကြီးနှင့် ပတ်သက်သည့် ညီလာခံမိန့်ခွန်းတွင် Zhang က တရုတ်နိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးရေးမဟာဗျူဟာတွင် အဓိကအခန်းကဏ္ဍက ပါဝင်ဖို့ရန် ဟောင်ကောင်အား တိုက်တွန်းပြောခဲ့သည်။

"ပိုးလမ်းမကြီးစီမံကိန်းက အထူးအခွင့်အရေးတွေကို ဟောင်ကောင်အနေနဲ့ ပြည့်ပြည့်ဝဝဖမ်းဆုပ်ရယူလိမ့်မယ်လို့ ကျွန်တော်က မျှော်လင့်ထားပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

နိုင်ငံရေးလိုလားချက်များကို နားထောင်ရန် ကတိထားခြင်းအရလည်း Zhang က ဒီမိုကရေစီထောက်ခံသည့် ဟောင်ကောင်အမတ်များနှင့်လည်း မေ ၁၈ ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Mizzima - News in Burmese

အီရတ် နိုင်ငံအနောက်ပိုင်း ဝေးလံသည့် မြို့တစ်မြို့ဖြစ်သော Rutba မြို့ကို အစ္စလမ္မစ် စစ်သွေးကြွအဖွဲ့လက်တွင်းမှ ယခုအခါအစိုးရတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီဟု အီရတ်ဝန်ကြီးချုပ် အယ်လ် အဘာဒီက ပြောကြားသည်။

အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းထောက်ကူမှုအကူအညီဖြင့် အီရတ်အကြမ်းဖက် တိုက်ဖျက်ရေး တပ်ဖွဲ့များက Rutba မြို့တွင် အီရတ် အလံကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

Rutba မြို့မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အကြမ်းဖက် စစ်ဆင်ရေးများဆင်နွဲရာတွင် အိုင်အက်စ်တို့က ထောက်ကူရေးဇုန်အဖြစ် အသုံးပြုနေသည့် မြို့ဖြစ်သည်ဟု ညွှန့်ပေါင်းတပ်ဖွဲ့ကပြောသည်။

ဂျော်ဒန်နိုင်ငံသို့ သွားရာ အဓိကမိန်းလမ်းမကြီးပေါ်တွင် ရှိနေသော ယင်းမြို့ကို အိုင်အက်စ်တို့က လွန်ခဲ့သည့် နှစ်နှစ်အကြာကတည်းက ထိန်းချုပ်သိမ်းပိုက်ထားခြင်းဖြစ်သည်။

အလားတူ ယင်းမြို့သည် အိုင်အက်စ်တို့ ထိန်းချုပ်ထားသော ဆီရီးယားနှင့်ဆက်စပ် အဓိကနယ်စပ်ဖြတ်ကျော်လမ်းပိုင်းနေရာ၏ တောင်ပိုင်းတွင် ရှိနေသည်ဟုလည်း သိရသည်။
Mizzima - News in Burmese

နေပြည်တော်၊ မေ ၁၈
------------------------
စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်မှ နေပြည်တော်သို့ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့သည့် Myanmar Venner Playwood သစ်အချောထည်စက်ရုံမှ အလုပ်သမားသပိတ်စစ် ကြောင်းသည် နေပြည်တော် နယ်နိမိတ်အစပ်အ ရောက်တွင် ဖြိုခွဲဖမ်းဆီးခံခဲ့ရသည်။

“ကျွန်တော်တို့ ဥပဒေအရလုပ်တာပါ” ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။

Myanmar Venner Playwood သစ်အချောထည်စက်ရုံမှ အလုပ်ထုတ်ခံထားရသည့် အလုပ်သမား တစ်ရာဝန်း ကျင်ခန့်သည် စစ်ကိုင်းမြို့မှ ဧပြီလ ၂၉ ရက်နေ့၌ စတင်၍ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြပြီး ယနေ့ မေလ ၁၈ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် အဝင်တွင် ရဲတပ်ဖွဲ့ဝင် အင်းအား ၂၀၀ ကျော်မှ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

“အစိုးရကိုတော်လှန်နေတာ မဟုတ်ဘူး၊ ဘာအပြစ်ရှိလို့ ဖမ်းတာလဲ၊ ဒါ မတရားလုပ်တာဘဲ” ဟု ဖမ်းဆီးခံ အလုပ်သမားတစ်ဦးက အော်ဟစ်ပြောဆိုသည်။

နေပြည်တော်သည် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့်အတွက် အလုပ်သမားသပိတ်စစ်ကြောင်းအား နေပြည်တော် အထိဝင်ရောက်ခွင့်ပြုလိုက်မည် ဆိုပါက အခြားအခြားသော အဖွဲ့အစည်းများလည်း ရောက်လာနိုင်သည့်အ တွက် အဝင်မခံခြင်းဖြစ်ကြောင်း ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြောဆိုထားသည်။

အလုပ်သမားသပိတ်စစ်ကြောင်း ဖြိုခွဲဖမ်းဆီးချိန်တွင် ရဲတပ်ဖွဲ့ဝင်များ၊ ရဲမေများအပါအဝင် အရပ်ဝတ်သူများ လည်း အများအပြား ပါဝင်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံခဲ့ရသည့် အလုပ်သမားများ၏ ခေါင်းဆောင်များကိုမူ ပုဒ်မ ၁၂၇ အရ ဆက်လက်အရေးယူသွားမည် ဖြစ်ပြီး အလုပ်သမားအများစုအား စစ်ကိုင်းမြို့သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကာ လတ်တလော အခြေအနေ အရ တပ်ကုန်းရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။

ယင်းအလုပ်သမားတို့ တောင်းဆိုချက်များသည် နစ်နာကြေးနှင့် အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများအား စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်တွင် အလုပ်ပြန်လည်ခန့်အပ်ရေးတို့ ပါဝင်သည်။

ကိုပေါက်
The Ladies News Journal

တပ်မတော်နဲ့ လက်ရှိအစိုးရအကြား ဆက်ဆံရေး တင်းမာနေသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ကာကွယ်ရေးဦးစီးချုပ်မှ လျှပ်တပြက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး လက်ရှိ အစိုးရအသစ်ရဲ့ ဦးဆောင်မှုအောက်မှာ ဖွဲ့စည်းပုံအတိုင်း လိုက်နာ ဆောင်ရွက်သွားပါမယ်လို့ ကတိပေး ပြောကြားလိုက်ပါတယ်။

တပ်မတော်က အရေးကြီးကိစ္စများနဲ့ ဘတ်ဂျက်ရေးရာတွေကို သမ္မတထံ အမြဲတမ်း တင်ပြပါတယ်လို့ ဆိုပါတယ်။

အစိုးရသစ် အောင်မြင်မှု ရနိုင်၊မရနိုင် အရေးသည် တပ်မတော်နဲ့ ဆက်ဆံရေး ကောင်းဖို့ တည်မှီနေတယ်လို့ ယုံကြည်ထားတဲ့ ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် ဒါဟာ သတင်းကောင်း တစ်ခုလည်း ဖြစ်နေပါတယ်။

ဒီ သတင်းစာ ရှင်းလင်းပွဲက နောက်အပတ်မှာ အမေရိကန် ကွန်ဂရက်မှာ နှစ်စဉ် ဆွေးနွေးနေကျ မြန်မာပြည်အပေါ် စီးပွားရေး ဒဏ်ခတ်မှု သက်တမ်း တိုးသင့်၊မတိုးသင့် ဆွေးနွေးပွဲမစမီ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် တပ်မတော်ဘက်ကလည်း ဒီစီးပွားရေး ပိတ်ဆို့မှုကို အဆုံးသတ်စေချင်တာလည်း ထင်ရှားနေပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သဘောထား မပျော့ပြောင်းတဲ့ ရီပါတ်ဘလီကင်ပါတီက အမေရိကန်ကွန်ဂရက်မှာ ၂၄၇ နေရာနဲ့ လူများစုဖြစ်နေတာမို့ သိပ်တော့ မလွယ်ကူလှပါဘူး။

အမေရိကန်က စီးပွားရေး နာမည်ပျက် စာရင်းဝင်တော့ ဘာဖြစ်လဲ မေးစရာရှိပါတယ်။ အဲဒီ့ နာမည်ပျက်စာရင်း ၀င်သူတွေရော သူတို့နဲ့ ဖက်စပ်လုပ်မယ့် သူတွေပါ ဘယ်နေရာမှ အမေရိကန် ဒေါ်လာနဲ့ ငွေပေးငွေယူလုပ်လို့ မရပါဘူး။

ဒီအတွက် အစိုးရနဲ့ တပ်မတော်က အမေရိကန် ကွန်ဂရက်ကို ဖြောင်းဖျဖို့ ကြိုးစားနေချိန်မှာ ရိုဟင်ဂျာလို့ အမေရိကန် သံအမတ်က သုံးစွဲတာကို သဲသဲလှုပ်နေကြတာက အလိုက်ကမ်းဆိုး နားမလည်သလို ဖြစ်နေတဲ့အပြင် အမေရိကန် သံအမတ်တောင် နှင်ထုတ်နေပါတယ်။

အမေရိကန်သံအမတ် ကိုယ်တိုင်က အခြား ဘယ်စကားသုံးရမှန်းမသိ ဖြစ်နေတာလည်း ၀န်ခံပြီးပါပြီ။ ဘင်္ဂါလီ ခေါ်ပြန်ရင် ဘင်္ဂလားဒေ့ရှ်က ပူညံပူညံ လုပ်မယ့်အရေးကလည်း ရှိနေပါတယ်။

တကယ်တော့ သူတို့ဘာသူတို့ ရိုဟင်ဂျာမကလို့ ရွှေရေးထင်ထင် အဖွဲ့ပဲ ခေါ်ခေါ် ကိုယ့်အစိုးရနဲ့ ဥပဒေက အသိအမှတ် မပြုရင် ဘာမှလုပ်လို့ မရဘူးဆိုတာ သိထားသင့်ပြီး အခုလို အမေရိကန်က ထောက်ပြနေတဲ့ လူအခွင့်အရေး ချိုးဖောက်နေတယ်ဆိုတဲ့ ရခိုင်ပြည်နယ် အတွင်းအရေးမှာ တိုးတက်အောင်လုပ်ဖို့ နေနေသာသာ နာမည်တောင် အခေါ်မခံနိုင်ဘူးလို့ ထင်မြင်စေတာလည်း တိုင်းပြည်အတွက် မကောင်းလှပါဘူး။

ဒီအတွက် ပထမဆုံးထိခိုက်မှာက တိုင်းပြည်ပဲ ဖြစ်ပါတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ တုန့်ဆိုင်းသွားနိုင်စရာရှိပြီး ထစ်ကနဲရှိ ဆူလိုက်မယ်၊ ပူလိုက်မယ် လုပ်ချင်နေပြန်ရင်လည်း အလားတူပဲ ရင်းနှီးမြှုပ်နှံသူတွေ ၀င်မလာရဲဖြစ်ခဲ့ရင် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးပဲ ပြန်နစ်နာမှာ ဖြစ်ပါတယ်။ အစိုးရကတော့ ပြုတ်ကျသွားဖို့ မရှိဘူးဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။

အခုလို တပ်မတော်နဲ့ အရပ်သားအစိုးရအကြား ပြေလည်ကြတယ်ဆိုတဲ့ သတင်းကောင်း ကြားနေရပေမယ့် တစ်ဖက်မှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် နဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ဆန္ဒပြလိုသူများအကြား မကျေမနပ်သံတွေ ထွက်လာနေပြန်ပါတယ်။

အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ကျောင်းသားအရေး လှုပ်ရှားနေသူများနဲ့ ရိုဟင်ဂျာ သမားများဖြစ်ပြီး ယခင်စစ်အစိုးရ လက်ထက်က ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေ အတော်များများကို အစိုးရသစ်က မပယ်ဖျက်ဘဲ ဆက်သုံးနေတယ်လို့ ဆိုနေကြပါတယ်။ နိုင်ငံတကာ အဆင့်အတန်းနဲ့ မညီဘူးဆိုပြီး ပြည်ပ အဖွဲ့အစည်းတွေက ပြောနေကြပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ၎င်းတို့ အစိုးရ အောင်မြင်မှု မရရှိစေရေးကို ရည်မှန်းချက်ထားပြီး အကြောင်းအမျိုးမျိုးရှာ ဆူပူလိုသူတွေ ရှိနေသရွေ့ ဘယ်လိုမှ ပယ်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၁၉၇၅ မှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံတော်ကို အဖျက်သမားများရန်က ကာကွယ်ရေး ဥပဒေကို အသစ်တင်သွင်းတဲ့ ဥပဒေကြမ်းမှာ အတော်များများ ပယ်ဖျက်ထားတာ တွေ့ရပါတယ်။ အသိသာဆုံးကတော့ သက်ဆိုင်ရာကို အကြောင်းကြားဖို့ အရင် ၅ ရက်အစား ၄၈ နာရီ လျှော့ချပေးခဲ့ပြီး ရဲ ခွင့်ပြုချက် ယူရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက် ပေးခဲ့ပါတယ်။ အရေးယူချင်ရင် ၁၅ ရက် အတွင်းမှသာ အရေးယူနိုင်ခွင့် ရှိပါတယ်။

ဆန္ဒပြလိုတာ ပြလို့ရရင် ကျေနပ်သင့်ပြီး ဒီထက်ပိုပြီး ဆူပူအောင် ဘာသာရေး၊ လူမျိုးရေးတွေ လှုံ့ဆော်လာရင် ဘယ်ဒီမိုကရေစီအစိုးရမှ လွတ်လပ်စွာ ပြောပါစေဆိုပြီး ကြည့်နေမှာ မဟုတ်ပါဘူး။ တိုင်းပြည် အ၀ှမ်း ငြိမ်းချမ်းရေးအတွက် ဟန့် တားသွားမှာ ဖြစ်ပါတယ်။

နေမျိုးဝေကိစ္စမှာလည်း ဘယ်နိုင်ငံခြား အဖွဲ့အစည်းကမှ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဟန့် တားတယ်ဆိုပြီး အစိုးရကို ဝေဖန်ပြစ်တင်ခြင်း မပြုခဲ့ကြဘူးဆိုတာ သတိထားသင့်ပါတယ်။ လွတ်လပ်မှု ဆိုတာမှာလည်း ဒီမိုကရေစီမှာ သူ့အတိုင်းအတာနဲ့သူ ရှိပါတယ်။

လူထုအစိုးရကို မတည်မငြိမ် ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ တွေ့ရာ အကြောင်းရှာနေသူများအဖို့ ၎င်းတို့ရဲ့ အိပ်မက်များ ဘယ်လိုမှ အကောင်အထည် ပေါ်လာတော့မှာ မဟုတ်လို့ သိတဲ့အချိန်မှာ အစိုးရက ရိုးသားစွာ မိမိတို့ လိုလားချက်များကို တောင်းဆိုသူများအတွက် တထစ်ချင်း လျှော့ချ ပေးသွားမှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက ဒီအရေးအတွက် တိုးတက်မှု ရှိမရှိ စောင့်ကြည့်နေမှာ ဖြစ်လို့ပါပဲ။

နောက်ဆုံးရရှိတဲ့ သတင်းအရက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ မေလ ၂၃ ရက်နေ့ ငါးနိုင်ငံခရီးစဉ် စတုတ္ထမြောက်အဖြစ် နေပြည်တော်ကို ရောက်ရှိလာမယ်လို့ သိရပါတယ်။

လှဝေစိုး @ Hla Wai Soe's FB
The Ladies News Journal

ရန်ကုန်မြို့ ဆူလေဘုရားမြင်ကွင်း
ရန်ကုန်မြို့ ဆူလေဘုရားမြင်ကွင်း

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက စီးပွားရေးအရ ပြစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို ပြင်ဆင်ခဲ့တဲ့အပေါ် ကုန်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးပိုင်းအရ သက်ရောက်မှု အမျိုးမျိုးရှိလာနိုင်တယ်ဆိုတာကို သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ကိုဝင်းခန့်မောင်က စုစည်းတင်ပြပါလိမ့်မယ်။

မေလ (၁၇)နေ့ အင်္ဂါနေ့တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ပိတ်ဆို့မှုဆိုင်ရာ ပြင်ဆင်ချက်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်က နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေး (OFAC) ဌာနခွဲက ထုတ်ပြန်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု (SDN) စာရင်းကို ပြင်ဆင်ခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းတိုင်ပင်မှုတွေ ပြုလုပ်ပြီး အခုအသစ်ပြင်ဆင်လိုက်တဲ့ စာရင်းမှာတော့ မြန်မာအစိုးရပိုင် လုပ်ငန်း ၇ ခုနှင့် အစိုးရဘဏ် ၃ ခုကို SDN စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ အခုလို ပယ်ဖျက်လိုက်သလို အင်းဝဘဏ်နဲ့ မြဝတီဘဏ် ၂ ခုကိုလဲ အမေရိကန်ဘဏ္ဍာရေးလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်နိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့လဲ SDN စာရင်းမှာ နောက်ထပ် ကုမ္ပဏီ ၆ ခုကို ထပ်မံ တိုးချဲ့ထည့်သွင်းလိုက်ပါတယ်။ အဲဒါတွေကတော့ စတီဗင်လောနှင့် သူပိုင် Asia World ကုမ္ပဏီက ၅၀% နှင့်အထက် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ အင်္ဂါနေ့က ခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြင်ဆင်လိုက်ပေမဲ့လဲ၊ အရင်ထဲက SDN စာရင်းထဲမှာ ရှိနေတဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကိုတော့ ဖယ်ရှားပြင်ဆင်ခြင်း မရှိပါဘူး၊ အဲဒီထဲမှာ အကြီးဆုံး စီးပွားရေး လုပ်ငန်းတွေ အပါအ၀င် ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ၁၀၀ ကျော်ရဲ့ အမည်စာရင်းတွေ ပါဝင်နေဆဲပါ။

ခုလို အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Josh Earnest ကတော့ မြန်မာနိုင်ငံက ဒိမိုကရရေစီနည်းအရ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ကို ထောက်ခံပံ့ပိုးဖို့ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်မှုကို ပြန်လည်ပြင်ဆင်တာနဲ့ ပတ်သက်ပြီး အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြသွားခဲ့ပါတယ်။

“ပိတ်ဆို့ဒဏ်ခတ်မှု စာရင်းမှာ ကျန်နေတဲ့သူ အများစုဖြစ်တဲ့ တသီးပုဂ္ဂလနဲ့ လုပ်ငန်းတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကန့်သတ်နိုင်ဖို့ အဓိက ရည်ရွယ်လုပ်ဆောင်တာပါ။ သူတို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို နှောင့်ယှက် ပိတ်ပင်နေသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ကျူးလွန်နေသူတွေ၊ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ကုန်သွယ်ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ဒီလိုလူတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုကို ဆက်ပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။”

အမေရိကန်အစိုးရရဲ့ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေက ပြည်သူတွေကို ထိခိုက်စေပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အဟန့်အတားဖြစ်စေ တယ်လို့ မြန်မာနိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းက ထောက်ပြပြီး ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ တောင်းဆိုနေကြတာပါ၊ အမေရိကန်ရဲ့ နောက်ဆုံး စီးပွားရေးပိတ်ဆို့မှု ဆိုင်ရာ ပြင်ဆင်ချက်နဲ့ပါတ်သက်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရဲ့အတွင်းရေးမှူး ဦးအေးလွင်က ခုလိုတုံ့ပြန်ပါတယ်။

“အမေရိကန်စီးပွားရေး ပိတ်ဆို့တာ ရာနှုန်းပြည့် lift လုပ်တာကတော့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာတက်တယ်။ တိုင်းသူပြည်သားတွေရဲ့ ဂုဏ်သိက္ခာတက်တယ်။နိုင်ငံတကာကိုလည်း နိုင်ငံကြီး၊ နိုင်ငံလေး၊ နိုင်ငံငယ် အားလုံးနဲ့ စီးပွားရေးလုပ်ငန်းရှင်သမားအချင်းချင်း ရင်ဘောင်တန်းပြီး စကားပြောလို့ ရသွားတယ်။ လွတ်ချင်တာပေါ့.. လွတ်စေချင်တာ.. အားလုံးလွတ်သွားတာ ကောင်းပါတယ်.. ဒါပေမယ့် ဒီလို အခွင့်ထူးခံရထားပြီးတော့ တရားမဝင်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအဖို့က သူတို့ ပေးဆပ်ရမယ့် ဟာတွေကို နိုင်ငံအတွက်ရော နစ်နာသွားတဲ့ ပြည်သူတွေအတွက်ရော ပြန်လည် ပေးဆပ်နိုင်အောင်လို့ အစိုးရက စီမံခန့်ခွဲပေးဖို့လိုပါလိမ့်မယ်။ အဲတော့ ဒီဥစ္စာက သူတို့ လက်ဝါးကြီးအုပ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအချို့နဲ့ တာဝန်ရှိတဲ့သူအချို့ မရှိလို့ဆိုတာထက် အစိုးရသစ်ပေါ်ပေါက်လာလို့ အမေရိကန်စီးပွားရေးပိတ်ဆို့မှုဟာ ဖြေလျှော့တာလို့ ကျွန်တော်ကတော့ ယူဆတယ်။”

စီးပွားရေးဒဏ်ခတ်မှုတွေကို ဆန့်ကျင်တဲ့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို ဘောဂဗေဒကလဲ ခုလို အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ပြင်ဆင်ချက်ကြောင့် အရင် ပိတ်ဆို့မှုဒဏ်ကို အဓိကခံနေရတဲ့ အောက်ခြေလူတန်းစားတွေအတွက် သက်သာရရစေနိုင်တယ်လို့ VOA မြန်မာပိုင်းကို ပြောပါတယ်။

“အစကတည်းက ဆရာတို့အနေနဲ့ ပြောရရင်တော့ လက်မခံဘူး။ စီးပွားရေးပိတ်ဆို့တဲ့ဟာက သူတို့က အစိုးရတစ်ရပ်ရဲ့ လုပ်ပုံကိုင်ပုံကို ပြောင်းစေချင်တာပေါ့လေ။ အဲတော့ အခုဟာက အစိုးရက လုံးဝပြောင်းသွားပြီ။ သို့သော်လည်း စီးပွားရေး ပိတ်ဆို့တာက ပိတ်တာသာ လွယ်တာ၊ ပြန်ရုပ်တာက ခက်တယ်။ အဲ့တော့ တကယ်တမ်းက အစိုးရက လုံးဝပြောင်းသွားပြီဆိုတော့ ဆရာတို့ နားလည်တာ ပြောရရင်တော့ လုံးဝကြီး ရုပ်ဖို့ကောင်းပြီ။ သို့သော်လည်း စောစောက ပြောသလိုပေါ့လေ.. သူ့မှာလည်း နည်းနည်း ချိန်ဆစရာလေးတွေ ရှိတဲ့ သဘောရှိတယ်။ နောက်တစ်ခုကတော့ သူက အစိုးရရဲ့ အပြုအမူကို ပြောင်းလဲဖို့ ရည်ရွယ်ပေမယ့် တကယ်တမ်း ခံရတာက အောက်ခြေလူတန်းစားပဲ ဖြစ်ပြီးတော့ အပေါ်မှာတော့ လွတ်နေတာတွေ အများကြီး ရှိတယ်လေ။ ဆိုတော့ တကယ်တမ်း ခံရတာက အောက်ခြေလူတန်းစားဖြစ်တော့ သူတို့ ခံစားရတာတွေ အခုနည်းနည်း လျော့သွားမယ်၊ သက်သာမယ်လို့ မျှော်လင့်ပါတယ်။”

ပစ်မှတ်ထား ပိတ်ဆို့ထားတဲ့စာရင်းထဲမှာ လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်နာမည်စာရင်း (၁၀၀)ကျော် ကျန်နေသေးတာအားလုံး ဖယ်ရှားပေးသင့်တယ်လို့ သူကဆိုပါတယ်၊ အမေရိကန်က ဒဏ်ခတ်မှုကို အခုနောက်ဆုံး ပြင်ဆင်လိုက်တာဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ ပိုပြီး လုပ်ရလွယ်ကူအောင် လုပ်ပေးလိုက်တာလို့ ဦးခင်မောင်ညို (ဘောဂဗေဒ)က သုံးသပ်ပါတယ်။

“အမေရိကန်ရဲ့ စီးပွာရေးလုပ်ငန်းတွေ လုပ်ရ ကိုင်ရတာလွယ်အောင် ပိုလုပ်ပေးလိုက်တယ်လို့ မြင်တယ်။ အဲဒါကလည်း အဓိကကတော့ အမေရိကန် လုပ်ငန်းရှင်တွေကလည်း လော်ဘီလုပ်ကြတာပေါ့လေ။ ဒါပေမယ့် တစ်ဖက်ကကျတော့လည်း အမေရိကန်မှာကိုက အုပ်စုတွေ အမျိုးမျိုးရှိနေတယ်မလား.. အဲတော့ လူ့အခွင့်အရေးသမားတွေ၊ လူနည်းစုရဲ့ အခွင့်အရေးကို မြန်မာနိုင်ငံက ဖိနှိပ်ထားတယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်တွေ၊ နောက်တစ်ခုကတော့ တပ်မတော်က ဆက်ပြီးတော့ အရေးပါနေသေးတယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်တွေ၊ အသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲရေးဟာ စိတ်မချရဘူးလို့ ဆိုတဲ့သူတွေကလည်း ရှိတာပေါ့။ ရှိတော့ နှစ်ဦးနှစ်ဖက်ကို မျှပြီးတော့ လုပ်လိုက်တဲ့ သဘောလို့ မြင်တယ်။ ခါတိုင်းကတော့ သက်တမ်းတိုးတာ သက်သက်ပဲ။ အခုဟာတော့ ဘယ်လို ပြောမလဲ.. Carrot and Stick ပေါ့။ ရေမုတ်တစ်ဖက် မီးစ တစ်ဖက်ပေါ့။ အဲဒါလေး တွေ့ပါတယ်။”

မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အခုလို အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပိုင်းဆက်နွယ်မှုကို အခုလို သုံးသပ်ပါတယ်။

“ကျွန်တော့် အမြင်ကတော့ အမေရိကန်အစိုးရအနေနဲ့ပေါ့လေ.. မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲအပေါ်မှာ စိုးရိမ်စိတ်တွေ၊ သံသယတွေ ရှိနေသေးတယ်လို့ ယူဆတယ်။ အဲဒီအတွက်ကြောင့်မလို့ အခု ဒီနေ့ပေါ့လေ အမေရိကန်အစိုးရကနေပြီးတော့ ဒီစီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု၊ နောက်ပြီးတော့ SDN စာရင်းကို ကြည့်မယ်ဆိုရင် ချည်တုံချတုံလုပ်ခဲ့တဲ့ သဘောမျိုးကို တွေ့ရတယ်။ နောက်ပြီးတော့ ဗမာပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲဟာ စိတ်ချလက်ချဖြစ်တဲ့ အနေအထားကို မရောက်သေးဘူးဆိုတာကို အမေရိကန်အစိုးရအနေနဲ့ သုံးသပ်ထားပုံရတယ်။ နောက်တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဒီစီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုကို လျှော့ချနိုင်သလို အချိန်မရွေးလည်းပဲ Sanction List ထဲမှာရော SDN List ထဲမှာရော တိုးနိုင်တယ်ဆိုတာကို ပြသခဲ့တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။”

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ပြစ်မှတ်ထား အရေးယူဒဏ်ခတ်မှုဖြစ်တဲ့ National Emergencies Act အမေရိကန်အမျိုးသားအရေးပေါ် အက်ဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုတွေနဲ့ အတူ သမ္မတ အိုဘားမားက နောက်ထပ်တနှစ် သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတချို့ကို ၂၀၁၂ ခုနှစ်ထဲကစပြီး အိုဘားမားအစိုးရက လျော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်။
RFA


yaypu-620
မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ဇူလိုင်လ ၁၇ ရက်နေ့က ရုံးထုတ်စဉ်
Photo: Hste Paing Toe/RFA

မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒက ကို တရားမ၀င်သစ် လက်ဝယ်ထားရှိမှုနဲ့ ပြင်ဦးလွင်မြို့နယ်တရားရုံးက ငွေဒဏ် ကျပ် ၂သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။

ငွေဒဏ်ပေးဆောင်ဖို့ အမိန့်ချတာဟာ မတရားကြောင်းနဲ့ အပြစ်မရှိဘူးလို့ ခံယူထားကြောင်း ရေပူဆရာတော် ဦးဣန္ဒက က မိန့်ပါတယ်။

"အဲ့ဒီဒဏ်ငွေအနိမ့်ဆုံး နှစ်သောင်းချတာတောင် တရားသူကြီးဟာ တရားမျှတမှုမရှိဘူးလို့ ဘုန်းကြီးခံယူပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် သစ်မှုနဲ့ပတ်သက်ပြီး ဘုန်းကြီးထွက်ဆိုချက်ထဲမှာပါပါတယ်၊ ဒီသစ်တွေကို ဘုန်းကြီးသယ်ခဲ့တာမဟုတ်ဘူး၊ ဒီသစ်တွေကို ကျောင်းထဲရောက်အောင်သယ်ခဲ့တာ ဘယ်သူတွေပါဆိုပြီး ဘုန်းကြီးထွက်ဆိုခဲ့ပါတယ်၊ ဒီသစ်တွေကို တောထဲကနေ ခွင့်ပြုချက်မရပဲထုတ်တာ ဘယ်သူတွေပါဆိုပြီး ထွက်ဆိုခဲ့ပါတယ်၊ တကယ်လို့ အပြစ်ရှိလို့အရေးယူခဲ့မယ်ဆိုရင် သယ်ယူတဲ့သူ၊ တောထဲကနေ ခုတ်တဲ့သူကိုသာ အရေးယူရမယ့်အစား အခု ဘာသာသာသနာအတွက် အသုံးပြုတဲ့ ဘုန်းကြီးကို အရေးယူတာဟာ တရားမျှတမှုမရှိဘူး"

ဆရာတော်က ဒဏ်ငွေ မဆောင်နိုင်ဘူးလို့ တရားရုံးမှာ မိန့်ခဲ့ပေမယ့် ဒကာ ဒကာမတွေက အလှူငွေကောက်ခံပြီး ဒဏ်ငွေ ပေးဆောင်ခဲ့ပါတယ်။

ရေပူဆရာတော်ဟာ ကျောင်းဝင်းအတွင်းမှာ ကျောင်းဆောင်အသစ် ဆောက်လုပ်ဖို့အတွက် တောင်စောင်းတွေကို မြေညှိခဲ့ရာကနေ ကျောက်မျက်တရားမဝင် တူးဖော်နေတယ်လို့ မိုးကုတ်မြို့မရဲစခန်းက စွပ်စွဲပြီး ပြီးခဲ့တဲ့နှစ် ဇွန်လ ၉ရက်နေ့က လူဝတ်လဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဇူလိုင်လ ၁၄ ရက်နေ့မှာ သစ်တောဥပဒေပုဒ်မ ၄၂ အရ တရားမ၀င်သစ်လက်ဝယ်ထားရှိမှု၊ သာသနာ ညှိုးနွမ်းစေမှုတို့နဲ့ ထပ်မံ တရားစွဲဆိုခံခဲ့ရပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၂ရက်နေ့က သာသနာညှိုးနွမ်းစေမှုကို ပလပ်လိုက်ပါတယ်။

တရားမ၀င် ကျောက်မျက်တူးဖော်မှုနဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့အတွက် ဆရာတော်ကို အိုးဘိုအကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။ တရားမ၀င်ကျောက်မျက်တူးဖော်မှုကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ မနက်ဖြန် ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
RFA

 mahn-winkhaingthan-620.jpg ပြည်ထောင်စုလွှတ်တော်မှာ နာယက ဦးမန်းဝင်းခိုင်သန်း ကို မေလ ၁၈ ရက်နေ့က တွေ့ရစဉ်

အစိုးရသစ်လက်ထက်မှာ ပထမဆုံးချေးငွေအဖြစ် ကမ္ဘာ့ဘဏ်ကနေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ချေးယူ ဖို့ နိုင်ငံတော်သမ္မတက တင်ပြတာကို ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီချေးငွေဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ အတွက် ချေးယူတာ ဖြစ်ပါတယ်။

ကြွေးမြီဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကို မဖြစ်မနေလိုက်နာမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ကြွေးမြီဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ နှစ်စဉ် နှစ်စဉ် ရသုံးမှန်းခြေငွေစာရင်းမှာ နှစ်အလိုက်ထည့်သွင်းရေးဆွဲထား ပြီးတော့ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်တို့ရဲ့ အတည်ပြုချက်နဲ့ ဒီချေးငွေများကို ပြန်လည်ပေး ဆပ်သွားမယ့် အစီအစဉ်ကို ရေးဆွဲသွားမှာဖြစ်တဲ့အတွက် ဒီချေးငွေအသစ်ကတော့ ဝန်ထုပ်ဝန်ပိုးဖြစ်မှာ မဟုတ်ပါဘူးလို့ တင်ပြလိုပါတယ်"

အဲဒီချေးငွေရယူမှာနဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးအပါအ၀င် ကိုယ်စားလှယ် ၉ ဦးက ဘဏ္ဍာရေးစည်းမျည်းနဲ့အညီ သုံးစွဲဖို့၊ ငွေကြေးဖောင်း ပွမှုအတွက် ကြိုတင်စဉ်းစားထားဖို့၊ ချေးငွေတွေကို ထိထိရောက်ရောက်သုံးစွဲကြဖို့ ဆွေးနွေးခဲ့ပါတယ်။

ချေးငွေအမျိုးအစားက အတိုးမဲ့ဖြစ်ပြီး ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်၊ စုစုပေါင်းသက်တမ်း ၃၈ နှစ်ဖြစ်ကာ ဝန်ဆောင်ခအတွက် တစ်နှစ်ကို ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပချေးငွေ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာသန်း ၉ ထောင်ကျော် ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေးစရိတ်ချေးငွေအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ငွေကျပ် ဘီလီယံ ၅၀၀ ချေးယူခွင့်ပြုဖို့ လည်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ဒီနေ့ တင်ပြထားပါတယ်။

ဗဟိုဘဏ်ကနေ ကျပ် ၅၀၀ ဘီလီယံချေးယူခွင့်ရဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အာမခံရမှာဖြစ်ပြီး ချေးငွေကို ဒီနှစ် စိုက်ပျိုးရာသီ မစတင်ခင် ချေးယူမှာ ဖြစ်ပါတယ်။ အဲဒီချေးငွေရယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး လာမယ့် အပတ်မှာ လွှတ်တော်ရဲ့အဆုံးအဖြတ် ရယူမှာဖြစ်ပါတယ်။
RFA

 kachin-teachers-620.jpg ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ အသတ်ခံရတဲ့ ဆရာမ မရမ်လုရာနှင့် ဆရာမ တန်ဘောင်ခေါန်ဒင့် တို့ပုံ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ ကချင်ဆရာမနှစ်ဦး အဓမ္မ ပြုကျင့် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး အဲ့ဒီအချိန် က ကောင်းခါးကျေးရွာမှာ ရောက်ရှိနေတဲ့ ခမရ ၅၀၃ စစ်ကြောင်းမှူးအပြင် စစ်ကြောင်းမှာ ပါတဲ့ တပ်မတော်သားအားလုံးကို စစ်ဆေးမေးမြန်းဖို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ခမရ ၅၀၃ စစ်ကြောင်းမှူးကို စစ်မေးဖို့စီစဉ်ခဲ့ပေမယ့် မစစ်ဆေးဖြစ်ဘဲ KBC ရဲ့ တောင်းဆိုချက်ကို ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြသွားမယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒုတိယပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါ တယ်။ ခမရ ၅၀၃ စစ်ကြောင်းမှာပါတဲ့ တပ်မတော်သားအားလုံးကို အရပ်ဘက်တရားရုံးမှာ စစ်ဆေးခွင့်ပေးဖို့လည်း KBC တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

"ကျနော်တို့က စစ်မေးနိုင်ကြောင်းပြောတဲ့အခါမှာ သူတို့ရဲတပ်ဖွဲ့ဘက်က တစ်ဖက်သတ်စီစဉ်တဲ့ အစီအစဉ်ဖြစ် တယ်၊ သူတို့မှာမေးမြန်းဖို့အတွက် အဆင်သင့် မဖြစ်သေးဘူးပေါ့နော်၊ ၃ဝ ရက်နေ့လောက်ကျမှ မေးမြန်းလို့ရ မယ်၊ နောက်တပ်မတော်သားအားလုံးကို စစ်ဆေးလိုတယ်၊ ကောင်းခါးရွာမှာ လူသတ်မှုဖြစ်တဲ့ အချိန်တုန်းက ရှိနေခဲ့တဲ့ တပ်မတော်သားအားလုံးကို တွေ့ဆုံမေးမြန်းလိုတယ်၊ အမှုစစ်အဖွဲ့ကနေ ကြားခံပြီးတော့ မမေးချင်ဘူး၊ ကိုယ်တိုင်မေးမြန်းခွင့်ပြုဖို့ တောင်းဆိုတာပါ"

ကချင်ကျောင်းဆရာမနှစ်ဦးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါးကျေးရွာမှာ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအမှုကို အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ရှေ့နေတွေနဲ့ ဒေသခံတွေ က ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပြီး ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေမှာ ပါဝင်ခွင့်ရဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အဲ့ဒီကျောင်းဆရာမနှစ်ဦး အသတ်ခံရတာ တစ်နှစ်ကျော်ကြာမြင့်နေ ပြီဖြစ်ပေမယ့် အမှုမှန် မပေါ်ပေါက်သေး တာ ဖြစ်ပါတယ်။
RFA

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာနဲ့ စင်္ကာပူ ၂ နိုင်ငံကြား မိတ်ဖက်နိုင်ငံတွေအဖြစ် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုပြုလုပ်သွားမဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအတွက် လိုအပ်ချက်တွေကို စင်္ကာပူက ပံ့ပိုးသွားဖို့ အဆင်သင့်ရှိနေတဲ့အကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲအပြီး နိုင်ငံခြားရေး ဝန်ကြီး ၂ ယောက်ရဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ စီးပွားရေးအရ အရေးယူဒဏ်ခတ်မှုတွေက နိုင်ငံအပေါ် ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။ အကြောင်းရှိတဲ့အတွက် ပိတ်ဆို့မှုတွေ ချမှတ်ထားတာဖြစ်ပြီး အချိန်တန်ရင် ဒဏ်ခတ်မှုတွေ ဖယ်ရှားသွားမှာဖြစ်ပါတယ်လို့ ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အခုခရီးစဉ်ဟာ ၂ နိုင်ငံကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်အတွက် ညှိုနှိုင်းနိုင်မဲ့ အလားအလာတွေကို နည်းလမ်းရှာဖွေမှာဖြစ်တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Balakrishnan က ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်အတွင်း အမျိုးသားညီညွတ်ရေး၊ လူမျိုးဘာသာပေါင်းစုံ အတူယဉ်တွဲနေထိုင်တဲ့ လူမှုအသိုင်းအဝိုင်း ပိုပြီး အားကောင်းစေရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့လဲ သူက ပြောကြားခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလဲ စင်္ကာပူနိုင်ငံဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေထဲက တန်ဖိုးရှိတဲ့ နမူနာတွေကို အတုယူသွားရမယ်လို့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/


အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတခုဖြစ်တဲ့ the National Emergencies Act အမေရိကန် အမျိုးသားအရေးပေါ် အက်ဥပဒေကို ပြင်ဆင်ဖြည့်စွတ်ပြီး နောက်ထပ် တနှစ်သက်တမ်းတိုး လိုက်တာကြောင့် မြန်မာပြည်ရဲ့ လက်ရှိစီးပွားရေးအပေါ် ထူးထူးခြားခြား ပြောင်းလဲလာဖို့ မရှိနိုင်ကြောင်း ဘဏ်လုပ်ငန်းရှင်နဲ့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်ထားတဲ့ စာရင်းကနေ ဖြေလျော့လိုက်တဲ့ အထဲမှာ သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း နဲ့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ အပါအ၀င် အစိုးရပိုင်လုပ်ငန်း ၇ ခုနဲ့ နိုင်ငံပိုင် ဘဏ် သုံးခုတို့ကို ပါဝင်ပါတယ်။ အင်းဝဘဏ်နဲ့ မြ၀တီဘဏ်တို့ကိုတော့ ဘဏ်လုပ်ငန်းတွေအတွက် လုပ်ငန်းလိုင်စင် လုပ်ခွင့်ပေးခဲ့ပါတယ်။

ဒီလိုဖြေလျော့တာတွေရှိပေမဲ့ မူလက ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှု စာရင်းထဲမှာပါတဲ့ Steven Law နဲ့ Asia World ကုမ္ပဏီ တို့အပြင်၊ သူတို့အနေနဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆ ခုကို ထပ်တိုးလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုဖြစ်တဲ့ အမေရိကန်အမျိုးသားအရေးပေါ် အက်ဥပဒေကို ပြင်ဆင်ဖြည့်စွတ်သက်တမ်းတိုးလိုက်တဲ့အပေါ်အငြိမ်းစား ဗဟိုဘဏ် ဒုဥက္ကဌ ဦးသန်းလွင်က အခုလို သုံးသပ်ပါတယ်။

“လျော့ပေါ့ပေးတယ်ဆိုတော့ ဒါကြိုဆိုရမှာပေါ့ ။ တဘက်က ပြန်ကြည့်ရင်တော့လည်း ဒီ Sanction ပေါ့နော် ဒီပိတ်ဆို့မှုကြီးက ဆက်ရှိနေသေးတဲ့သဘောဆိုတော့ အမေရိကန်ဘဏ်တွေက ဒီမြန်မာနိုင်ငံကို လာဖို့အလားလာ နည်းသွားတယ်။ အမေရိကန်ဘဏ်တွေ ကမြန်မာနိုင်ငံကို မလာဘူးဆိုရင် ဥရောပတိုက်မှာရှိတဲ့ အင်္ဂလန်တို့ဘာတို့ပေါ့လေ ၊ အဲဒီမှာရှိတဲ့ ဘဏ်တွေက လာမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကလည်း အမေရိကန်ဘဏ်တွေရဲ့ အခြေအနေကိုကြည့်နေတာကို အမေရိကန်ဘဏ်တွေကလည်း အနောက်နိုင်ငံ ဘဏ်တွေမလာဘူးဆိုရင် ဒီနိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကလည်း ဒါ များများလာမှာ မဟုတ်ဘူးလေ။”

နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာလည်း အရင်အခြေအနေကနေ ပြောင်းလဲလာ ဖွယ်မရှိသေးနိုင်ကြောင်း ဦးသန်းလွင်က ဆက်ပြောပါတယ်။

“နိုင်ငံခြားသုံးငွေကိုင်ဆောင်ခွင့်ရထားတဲ့ ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ ပြည်ပနဲ့ ဆက်သွယ်တဲ့အခါမှာ အမေရိကန်ဘဏ်တွေနဲ့ပဲဖြစ်ဖြစ် တခြားဘဏ်တွေနဲ့ဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်တဲ့အခါမှာ ဥပမာ- ငွေသွင်းခြေမှု အပိုင်းမှာကျတော့ ကျတော်တို့က တဆင့်ခံပါမယ်။ ဥပမာဆိုပါစို့ စင်င်္ဂပူဘဏ်တွေကနေ တဆင့်သွားရလိမ့်မယ်။ အခုလည်း ဒီအတိုင်းဆက်သွားရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ sanction ကရှိနေတာကို ။ အဲလိုပဲ ဆက်သွားနေရရင်တော့ ကျနော်တို့အရင်အတိုင်းပဲ မြန်မာနိုင်ငံအတွက်ကတော့ ဒါ လိုအပ်တာထက်ပိုပြီးတော့ ငွေကုန်ကြေးကျများမယ်ပေါ့ဗျာ။ များမယ်ဆိုတော့ နစ်နာမယ့်သဘောရှိတယ်။”

စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)ကတော့ ဖြေလျော့မှုမှာ ဘဏ်တချို့ပါဝင်လာတာကြောင့် နိုင်ငံတကာဘဏ်တွေနဲ့ချိတ်ဆက်ဆောင်ရွက်ရာနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေမှအတိုင်းအတာတရပ်အထိ ပြောင်းလဲလာနိုင်ကြောင်း ရှုမြင်ပါတယ်။

“ခါတိုင်း ငွေပေးငွေယူကိစ္စတွေက ခက်ခက်ခဲခဲရှိနေတာကနေပြီးတော့ အခုဆိုရင် MFTB တို့ နောက်ဆုံး အင်းဝတို့ မြ၀တီတို့ပါတယ်ဆိုတော့ ဒီငွေပေးငွေယူကိစ္စတွေ မြန်ဆန်ချောမွေ့သွားနိုင်တယ်။ ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံမှုတွေပိုပြီးတော့ ကောင်းလာမယ်ပေါ့နော်။ အမေရိကန်ရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ရကိုင်ရတာလွယ်အောင် ပိုလုပ်ပေးလိုက်တယ်လို့မြင်တယ်။ ဒါလည်း အဓိကတော့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေက lobby လုပ်ကြတာပေါ့လေ။”

ဒီအပြောင်းအလဲတွေဟာ မြန်မာပြည်စီးပွားရေးကို ထူးထူးခြားခြား သက်ရောက်မှုမရှိနိုင်ဘူးလို့လည်း သုံးသပ်ပါတယ်။

“အစိုးရဲ့ အပြုအမှုကို ပြောင်းလဲဖို့လို့ရည်ရွယ်ပြီးပေမယ့် တကယ်တန်းခံရတာကတော့ အောက်ခြေလူတန်းစားပေါ့နော်။ အပေါ်မှာကတော့ လွတ်နေတာတွေ အများကြီးပဲရှိတယ်လေ။ တကယ်တန်းခံရတာကတော့ အောင်ခြေလူတန်းစားပဲလေ ။ အခုနည်းနည်းပေါ့နော် အောက်ခြေလူတန်းစားခံရတာလေး နည်းနည်းလေးလျော့သွားမယ်၊ နည်းနည်းလေးသက်သာမယ်လို့ ဆရာတို့ကတော့ မျှော်လင့်ပါတယ်။”

UMFCCI ခေါ် မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရဲ့ အတွင်းရေးမှုး ဦးအေးလွင်က အခုလို သုံးသပ်ပါတယ်။

“စီးပွားရေးဆိုင်ရာ ငွေကြေးဆိုင်ရာဘဏ်တွေကို ခွင့်ပြုတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင်တွေက နိုင်ငံတကာမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး မူလအတိုင်း ဘဏ်ရဲ့ facility တွေ ၊ system တွေအတွက် Payment တွေအားလုံးက အလွယ်တကူ စိတ်ချစွာလုပ်နိုင်တဲ့အတွက် အသေးစား၊ အလတ်စားတွေ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့ အခြေအနေတော့ရှိပါတယ်။”

တချိန်တည်းမှာလည်း ဖြေလျော့လိုက်တဲ့ အစိုးရပိုင်လုပ်ငန်း ၇ ခုနဲ့ဆက်စပ်နေတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေလည်း အကျိုးရှိလာနိုင်မယ်လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့အတူကျင်းပတဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပြီး နောက်ထပ် ၁ နှစ် ထပ်မံသက်တမ်းတိုးလိုက်ပေမဲ့ နိုင်ငံကို ထိခိုက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့အပြောင်းအလဲတွေ မြင်တွေ့လာရပေမယ့်လို့ အုပ်ချုပ်ရေးပိုင်းကို အရပ်ဖက်က လုံးဝ ချုပ်ကိုင်နိုင်ဖို့ အခြေအနေမရှိသေးတာနဲ့ အခြားသော လူ့အခွင့်အရေးအခြေအတွေကြောင့် ဒီ ဥပဒေကို ဆက်ပြီး သက်တမ်းတိုးထား ရတာဖြစ်တယ်လို့လည်း အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။

 ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ယနေ့ တဖန် အစိုးရတပ် က ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၇) ကို ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ် အတွင်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ကြောင်း သိရပါသည်။

မွန်းလွဲ ၃ နာရီခန့် ဗန်းမော်မှ ဟယ်လီကွပ်တာ (Helicopter Gunship) အမျိုးစား ရဟတ်ယာဉ် ၂ စီးဖြင့် KIA တပ်ရင်း (၂၇) ခူးဘွမ် (Hku Bung) နှင့် မဂျီဂုန် (Maji Gung) ဘက်တွင် လာရောက် ဗုံးကျဲ တိုက်ခြင်းဖြစ်ပါသည်။

ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA လိုင်ဇာမှ တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က တော့ “Helicoper ၂ စီးနှင့် ဗုံး ကျဲတိုက်ပြီး ပြန်ခေါက်သွားတယ်၊ လူမရှိတဲ့ နေရာတွေမှာပဲ” ဟု ပြောပါသည်။

ယမန်နေ့ ကလည်း အစိုးရတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် KIA တပ်ရင်း (၂၇) အူလန်ပါ (Ulang Pa) နှင့် ခရှန် (Hka Shang) ဒေသကြား နေရာတွေမှာ ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါသည်။

ယင်း ဗုံးကျဲ တိုက်ခိုက်မှုတွင် တရုတ် လူမျိုး ၁ ဦး ထိခိုက် ဒဏ်ရာ ရသွားကြောင်းလည်း ဒုဗိုလ်မှူးကြီးနော်ဘူ က ပြောပါသည်။

ယခုလို အစိုးရတပ်မှ KIA တပ်ရင်း (၂၇) ကို ယမန်နေ့ ကစပြီး ဗုံးကျဲတိုက်ခိုက်နေမှုမှာ အရပ်သား အစိုးရ တက်လာပြီး ပထမဆုံး အကြိမ်ဖြစ်သည်။

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့၏ တိုက်ပွဲမှာ ဧပြီလဆန်းပိုင်းက စပြီး ယနေ့ထိ နေ့တိုင်းလိုလို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ တွေမှာ ဖြစ်ပွားနေပါသည်။

Kachinnews
http://burmese.kachinnews.com

KIA လက်နက်ကိုင်နဲ့ အစိုးရ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်။
ကချင် ပြည်နယ် မန်စီ မြို့နယ်ထဲမှာ ဒေသခံ KIA လက်နက်ကိုင်နဲ့ အစိုးရ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်နေပြီး အစိုးရတပ်ဘက်က လေကြောင်း တိုက်ခိုက်မှုတွေပါ ပြုလုပ် ခဲ့ပါတယ်။

ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ ကို အစိုးရ စစ်တပ်က တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး ဘွမ်ဂျမ်ဘွန် ဆိုတဲ့ နေရာကို အစိုးရ စစ် ရဟတ်ယာဉ်တွေက မေလ ၁၈ ရက် ညနေ ၃ နာရီ ကျော်မှာ လေကြောင်း တိုက်ခိုက် ခဲ့တယ်လို့ ကေအိုင်အေ ပြန်ကြာရေး ဌာနက ဒုဗိုလ်မှုးကြီး နော်ဘူက ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း တိုက်လေယာဉ်တွေ သုံးပြီး အစိုးရတပ်က တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက် ကျဆုံးမှု ရှိတယ်လို့ ပြောပေမယ့် သေဆုံး ဒဏ်ရာရ စာရင်း အတိတကျကိုတော့ ကေအိုင်အေက မထုတ်ပြန် သေးပါဘူး။

အစိုးရတပ် လှည့်ကင်းတွေနဲ့ ကေအိုင်အေ ချထားတဲ့ ကာကင်းတွေကြား ထိတွေ့ ပစ်ခတ် မှုတွေ ဖြစ်ခဲ့ ကြတာကနေ အစိုးရတပ်ဘက်က အခုလို လေကြောင်း ပစ်ကူတွေပါ သုံးလာတာ ဖြစ်တယ် လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဒေသမှာ ၃-၄ လတာ သေနတ် သံတွေ တိတ်နေရာက အခုလို ပြန်ဖြစ် လာတာပါ။

ပြီးခဲ့တဲ့ ရက်တွေ တုန်းကလည်း ကေအိုင်အေနဲ့ အစိုးရ တပ်ကြား ဖားကန့်နယ်ထဲ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ကချင် စေတနာ့ ဝန်ထမ်း ဆရာမ နှစ်ဦး အတင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် စွပ်စွဲခံထားရသော မြန်မာစစ်တပ် ခမရ (၅၀၃) စစ်ကြောင်းမှူး သည် ယနေ့ လားရှိုး ခရိုင်ရဲတပ်ဖွဲ့ရုံး သို့ လာရောက်ခဲ့သော်လည်း KBC အမှုမှန် ဖော်ထုတ်ရေး အဖွဲ့နှင့် မေးမြန်းခွင့် မရခဲ့ကြောင်း သိရသည်။

စွပ်စွဲခံရသူ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အောက် သီပေါ နယ်မြေခံ ခမရ (၅၀၃) စစ်ကြောင်းမှူး ဗိုလ်မှူး အောင်ဖြိုးမြင့် (ကြည်း ၃၄၁၀၂) ကို မေးမြန်းခွင့် မရခဲ့ခြင်းနှင့် ပတ်သက်ပြီး အမှုမှန် ဖော်ထုတ်ရေး ကော်မတီ ခေါင်းဆောင် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ Rev. Dr. Hkalam Samson က ယခုလို ပြောပါသည်။

“ဒီနေ့ကတော့ ရဲမှုးနှင့် ကျနော်တို့ တွေ့ဆုံခြင်း လောက်ပါပဲ၊ အဲဒီစစ်ကြောင်းမှူးနဲ့ ကျနော်တို့ ဘာမှ ပြောဆို တဆင့် မေးခြင်းလည်း မလုပ်ခဲ့ဘူး၊ တိုက်ရိုက် မေးခြင်းလည်း မလုပ်ခဲ့ပါဘူး။ မေးဖို့လည်း အခွင့်အရေး မရခဲ့ပါဘူး။”

ရဲတပ်ဖွဲ့ရုံး သို့ ရောက်လာသည့် KBC အမှုမှန်ဖော်ထုတ်ရေးကော်မတီမှ ကိုယ်စားလှယ် ၆ ဦးက စစ်ကြောင်းမှူးကို တိုက်ရိုက် မေးမြန်းချင်သော်လည်း အစိုးရဘက် ခွင့်မပြုတဲ့အတွက် ရှေ့နေ သဘောတရား အရ အမှားအယွင်းများ ဖြစ်လာနိုင်သောကြောင့် ရဲမှုးနှင့်တွေ့ဆုံမှုသာ ဖြစ်နိုင်ခဲ့သည် ဟု ဆရာ Samson က ဆက်ပြောပါသည်။

ထို့ကြောင့် KBC အမှုမှန်ဖော်ထုတ်ရေးကော်မတီ က စစ်ကြောင်းမှူးနှင့် တွေ့ဆုံမေးမြန်းခွင့် မရခြင်းနှင့် ပတ်သက်ပြီး လာမည့်အပတ်အတွင်း အစည်းအဝေးတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

‘တရားမှု ရှာဖို့ နှောင့်နှေးခြင်းမှာ တရားမှုကို ငြင်းပယ်ခြင်းပါ’ အစီရင်ခံစာတွင် အဓမ္မပြု့ကျင့်သူ အမှု ကျူးလွန်သူ အဖြစ် သံသယဖြစ်ဖွယ် အရှိဆုံးမှာ ယင်း ခမရ (၅၀၃) မှ ဗိုလ်မှူး အောင်ဖြိုးမြင့်နှင့် သူ၏ တပ်ဖွဲ့ဝင်တချို့ ဖြစ်နိုင်သည်ဟု ကချင်အမျိုးသမီးများ အစည်းအရုံး ထိုင်းနိုင်ငံ (KWAT) နှင့် ဥပဒေ အထောက်အကူပြု ကွန်ရက် (LAN) တို့၏ ၂၀၁၆ ဇန်နဝါရီ ၁၉ ပူးတွဲ အစီရင်ခံစာတွင် ခိုင်လုံစွာ သက်သေနှင့် တကွ တင်ပြ ထားသည်။

ဆရာမ မရန်လုရာ (Maran Lu Ra) နှင့် ဆရာမ တန်ဘောင် ခေါန်နန်စင် (Tangbau Hkawn Nan Tsin) တို့ နှစ်ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ အရှေ့ဘက် မိုင် ၂၀ခန့် အကွာ ကောင်းခါးရွာ တွင် KBC အဖွဲ့ချုပ်မှ စေလွှတ်သော ကျောင်းဆရာမ အဖြစ် ၈ လခန့် တာဝန် ထမ်းဆောင်နေခြင်းဖြစ်သည်။ ထိုချိန် ၂၀၁၅ ဇန်နဝါရီ ၁၉ ရက်ည သန်းခေါင်ယံ ခန့်က ၎င်းတို့ နှစ်ဦး နေထိုင်သော ဘုရားကျောင်းဝင်းသို့ ရွာ အတွင်းရှိ ခမရ (၅၀၃) စစ်သားများ ၀င်ရောက်ကာ အုပ်စုလိုက် အဓမ္မပြုကျင့် ကာ ရက်ရက်စက်စက် သတ်ဖြတ် ခံခဲ့ရသည်။

ပြစ်မှု ကျူးလွန်သော တရားခံ စစ်သားများကို မေးမြန်း စစ်ဆေးခွင့်ပေးရန် KBC အဖွဲ့ချုပ် အမှုမှန် ဖော်ထုတ်ရေး ကော်မတီ မှ ယခင် အစိုးရ အဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် ကို စာရေး တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ပေ။

Kachin News Group - Burmese
http://burmese.kachinnews.com

 လူ အနည်းဆုံး ၇၅ ယောက် ပျောက်ဆုံး နေကြာင်း သီရိလင်္ကာ စစ်တပ် တာဝန်ရှိသူတွေက ဘီဘီစီကို ပြော
သီရိလင်္ကာ နိုင်ငံမှာ မုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက ရေကြီးပြီး မြေပြိုမှုတွေကြောင့် ပျောက်ဆုံးနေသူ တွေကို လိုက်လံ ရှာဖွေ နေကြပါတယ်။

ကီဂါလီ ခရိုင်မှာ မြေပြိုမှု ဖြစ်ပွားခဲ့လို့ လူ အနည်းဆုံး ၇၅ ယောက် ပျောက်ဆုံး နေကြာင်း သီရိလင်္ကာ စစ်တပ် တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

လတ်တလောမှာ သေဆုံးသူ ၁၃ ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ရပြီး ကီဂါလီ ခရိုင်ရဲ့ အခြား နေရာတွေမှာလည်း နောက်ထပ် အလောင်း ၃ လောင်းလည်း ထပ်မံ တွေ့ ရှိရတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ လူဦးရေ ၁၅၀ ကျော်ကို ကယ်တင်ထားနိုင်ပြီး တော့ အိမ် အလုံးပေါင်း ၆၀ လောက် ပျက်စီး ခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့ အကြီးအကဲ က ပြောပါတယ်။

အလယ်ပိုင်း ဒေသက ရွာ ၃ ရွာ မြေပြိုတဲ့ အထဲ ပါသွားပြီး မိသားစု နှစ်ရာ ကျော် ပျောက်ဆုံး နေတယ်လို့ သီရိလင်္ကာ အခြေစိုက် ကြက်ခြေနီ အဖွဲ့ က ပြောပါတယ်။

ရေကြီးမှုတွေ ဖြစ်ပေါ် နေတဲ့ ဒေသကို သမ္မတ Maithripala Sirisena ရောက်လာပြီး အိုးအိမ်တွေ ပစ်ပြေးခဲ့ ကြရတဲ့ သိန်းကျော်ကို ကူညီစောင့်ရှောက် မယ်လို့ ကတိပေး ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese/

စစ်ကိုင်းမြို့ကနေ လမ်းလျှောက်ချီတက်လာတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားတွေကို ရဲတပ်ဖွဲ့ ဝင်တွေက နေပြည်တော် တပ်ကုန်းမြို့အ၀င်မှာ မေလ ၁၈ ရက်နေ့က တားဆီးထားစဉ်။ Photo: Myo Thant Khaing/ RFA
စစ်ကိုင်းမြို့Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ် စစ်ကြောင်းမှာ ပါဝင်သူအားလုံး ကို နေပြည်တော် တပ်ကုန်းမြို့အ၀င်အနီးမှာ ဒီကနေ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ၊ သပိတ်ခေါင်းဆောင်တွေနဲ့ ၀န်းရံသူတွေကို တရားစွဲဆိုသွားပြီး အလုပ်သမားတွေကို စစ်ကိုင်း ပြန်ပို့မယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတွေနဲ့ ဝန်းရံသူတွေကို တပ်ကုန်းမြို့ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အစိုးရဖက်က လုပ်ဆောင်မယ့် အခြေအနေကို နေပြည်တော် ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်း က အခုလို ပြော ပါတယ်။

"ကျနော်တို့ တုတ်လုံးဝမသုံးပါဘူး၊ လက်နက်ကိရိယာ လုံးဝမသုံးပါဘူး၊ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ အနာခံပြီးတော့ အမျိုးသမီးဆို အမျိုးသမီးရဲနဲ့ အမျိုးသားဆို အမျိုးသားရဲနဲ့ အပျော့ပြောင်းဆုံး အညင်သာဆုံး သူတို့ကိုလူစုခွဲပါတယ်၊ တပ်ကုန်းတရားရုံးကို ခေါ်သွားပြီးတော့ သူတို့ကို ဥပဒေနဲ့အညီ ကျနော်တို့လုပ်ပါတယ်၊ လုပ်တဲ့အခါမှာလည်း အားလုံး ကျနော်တို့ကို နေပြည်တော်ကောင်စီက ညွှန်ကြားပါတယ်၊ ခေါင်းဆောင်ပိုင်းကိုပဲ အရေးယူအမှုဖွင့်လျှက်ရှိပါတယ်၊ မသိနားမလည်လို့ပါလာတဲ့ အလုပ်သမားတွေကို ချော့မော့ဖျောင်းဖျပါတယ်၊ သူတို့အနေနဲ့ နောက်ဒီလိုမလုပ်တော့ပါဘူးလို့ ကတိခံဝန်ချက်ပေးရင် စစ်ကိုင်းအထိ အိမ်တိုင်ရာရောက်ပြန်ပို့ဖို့ ကျနော်တို့စီစဉ်ပေးပါမယ်၊ နေပြည်တော်ကောင်စီက ညွှန်ကြားပါတယ်"

ရမည်းသင်းမြို့နယ် ပြတိုက်ကျေးရွာကနေ နေပြည်တော်ကို ဆက်လက်ချီတက်လာတဲ့ အလုပ်သမားသပိတ် စစ်ကြောင်းကို မိုင်တိုင် ၂၈၅ အရောက်မှာ ရဲတပ်ဖွဲ့က လူစုခွဲဖို့ အမိန့်ပေးပေမယ့် အလုပ်သမားတွေ က နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒေါက်တာမျိုးအောင်နဲ့ သပိတ်ခေါင်းဆောင် ၅ဦးသာ တပ်ကုန်းမြို့မှာ သွားရောက်တွေ့ဆုံခွင့်ရမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပေမယ့် အလုပ်သမားတွေက သပိတ်စစ်ကြောင်းမှာ ပါဝင်သူအားလုံး လိုက်ပါခွင့်ရ ဖို့ တောင်းဆိုခဲ့ကြပြီး အတားအဆီးတွေကို ကျော်ခဲ့ကြရာမှာ ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သပိတ်စစ်ကြောင်းကို အားပေးကူညီခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

Myanmar Veneer စက်ရုံအလုပ်သမားတွေဟာ အလုပ်ထုပ်ခံရတဲ့ အလုပ်သမားတွေကို ပြန်ခန့်ပေးဖို့၊ အလုပ်ထုတ်ခံထားရတဲ့ ကြားကာလအတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့၊ ဆန္ဒပြမှုကို အရေးမယူဖို့၊ သူတို့ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေးဖို့တို့ကို တောင်းဆိုဖို့အတွက် နေပြည်တော်ကို ချီတက်လာကြတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဓါတ်ပုံ- ယနေ့ သျှမ်းပြည်မြောက်ပိုင်း SSPP/SSA လှုပ်ရှားနယ်မြေဘက်သို့ ဦးတည်နေသော အစိုးရတပ်မတော်၏ စစ်ယာဉ်တန်းအား တွေ့စဉ်
မေ ၁၈ ရက် ၂၀၁၆

သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် အနောက် - မြောက်ပိုင်း ကပ်လျက် တပ်စခန်းများအား အစိုးရ တပ်မတော် ယနေ့မေ ၁၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ထိုးစစ်ဆင်မှုများ စတင်နေပြီး တိုက်လေယာဉ် ၂ စီးပါအသုံးပြုကာပစ်ခတ်နေကြောင်း ဒေသအတွင်း သတင်းရပ်ကွက်မှ သိရသည်။

၂၀၁၆ မေ ၁၈ ရက် နံနက် ၈ နာရီမှစ၍ မြန်မာ့တပ်မတော် တိုက်ခိုက်ရေး အင်းအား ၃၀၀ ခန့်က ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ဘက်ခြမ်း၊ သီပေါမြို့နယ် အနောက် တောင်ဘက်ခြမ်း နမ့်မကျေးရွာအုပ်စု၊ နားနျို့ကျေးရွာအုပ်စု အတွင်း ရှိ သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ် လုံခြုံရေးတပ်စခန်းများ အား စတင်တိုက်ခိုက်နေကြောင်း၊ တောင်ယာလုပ်ကိုင် နေသူ အမျိုးသား ၃ ဦး အား လည်း ဖမ်းဆီးသွားကြောင်း ဒေသအတွင်း သတင်းများကပြောသည်။

“လက်နက်ကြီးတွေ နဲ့ တောတောင်တွေဘက်ကို နံနက် ၈ နာရီ ကနေ စပြီး ပြစ်ခတ် တယ်။ သျှမ်းတပ် နဲ့ တော့ ၁၀ နာရီလောက်တုန်းက နမ့်မ အုပ်စု ဝမ်လုံ၊ ပိန်းဆိုင်း၊ ပါတဲစ်ကျေးရွာ အနီးမှ ရှိတဲ့ ကျနော်တို့ တပ်စ ခန်းေ တွ ကို စတိုက်တာ၊ တိုက်လေယာဉ်တွေပါသုံးတယ်။ မိုင်းရယ်စစ်ဗျူဟာမှူး ကိုယ်တိုင်ဦးစီးပြီးတော့တိုက်တယ်။ တိုက်ရဟတ်ယာဉ် MI 35 ၂ စီးနဲ့ ကျနော်တို့ရဲ့ ဟိုလွယ်နားဆိုင်းဘက်က စခန်းတွေကိုတိုက်တယ် ” - ဟု သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသည့် သျှမ်းတပ်မှူးတဦး က ပြောသည်။

ယခုဖြစ်ပွားသော တိုက်ပွဲသည် တပ်များ ကြိုတင်ဖယ်ရှားစေခိုင်းမှု၊ သွား လာဖြတ်သန်း ခွင့်တောင်း ဆိုမှု လုံးဝ မရှိကြောင်း၊ အင်အား အလုံး အရင်ြး ဖင့် ယမန်နေ့က ရောက်ရှိလာပြီး ယနေ့ စတင်တိုက် ခိုက် ခြင်းဖြ စ်ကြောင်း ဌာနချုပ် အရာရှိကြီးတဦးကပြောသည်။

“သေနတ်သံကြားတော့ ကြောက်ကြောက်လှန့်လှန့်နဲ့ ရွာကို ပြန်လာကြတာ။ လမ်းမှာ ဗမာတပ်စစ် ကြောင်းနဲ့ တိုးတော့ ဖမ်းဆီးခံရတယ်။ ရွာသူကြီး စိုင်းအောအောင် အသက် ၃၅ နှစ်၊ စိုင်းစိ ၂၁ နှစ်၊ စိုင်းလ အသက် ၃၂ နှစ် ၊ သူတို့ အမျိုးသမီးတွေတော့ ဖမ်းမထားဘူး။ ဒါပေမယ့် ရွာကို ပြန်ခွင့် မပေး ဘူး၊ တောင်ယာ ရှိတဲ့ဘက်ကို ပြန်မောင်းထုတ်တယ်။ သူတို့ ရဲ့ လုံခြုံရေးကို စိတ်ပူရတယ်” - ဟု နမ့်မ ရွာသား စိုင်းခမ်း ကပြောသည်။

တိုက်ပွဲများကြောင့် ဝမ့်လုံရွာ၊ ပိန်းဆိုင်းရွာ၊ ပါတစ်ရွာ သူရွာသားများ သီပြေါ မို့ နယ် လားရှိုးမြို့နယ်ဘက်သို့လည်းကောင်း၊ အနီးအနားရှိ ရွာမ ကြီး များ သို့ လည်း ကောင်း ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများ က ပြော သည်။

သုံးသပ်သူများ ပြောဆိုချက်အရ မေလ ဆန်းပိုင်းမှ စ၍ ကျောက်မဲမြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများအား အင်အား သုံးတိုက်ခိုက်မှုတွင် အကျ အဆုံးများသော ကြောင့်၊ မကျေနပ်ပွဲ လာရောက် ဆင်နွဲခြင်းဖြစ်ကြောင်း - ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ် ရေးထိုးရန် အဆင့်သင့်မဖြစ်သေးသော် လည်း ၂၀၁၂ ခုနှစ် က ပြည်နယ်အဆင့် ပြည် ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

SSPP/SSA သည် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒ ရယ်ေ ကာင်စီ UNFC ၏ အဖွဲ့ဝင်ဖြစ်ပြီး NCA စာချုပ်လက်မှတ်ရေး ထိုးရန် ငြင်း ဆန်ထားသည့် ၀ ပြည်သွေးစည်းညီညွတ် ရေး တပ်မတော် UWSA နှင့် လည်းမဟာမိတ်ဖြစ်သည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

ကင်ဂျုံအွန်း နဲ့ တွေ့ဆုံဖို့ ဘာမှ ပြဿနာ မရှိဘူးလို့ ဒေါ်နယ် ထရန့်ပ် က ပြော
အမေရိကန် ရီပတ်ဘလစ်ကန် ပါတီက သမ္မတလောင်း ဖြစ်ဖို့ ရေပန်းစားနေတဲ့ သန်းကြွယ် သူဌေးကြီး ဒေါ်နယ် ထရမ့် ဟာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး နျူကလီးယား အစီအစဉ် အတွက် ဆွေးနွေး လိုတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ စကားပြောချင်ကြောင်း၊ သူအနေနဲ့ ကင်ဂျုံအွန်း နဲ့ တွေ့ဆုံဖို့ ဘာမှ ပြဿနာ မရှိဘူးလို့ ဒေါ်နယ် ထရမ့် က ပြောပါတယ်။

အကယ်၍ မစ္စတာ ထရမ့် နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့သာ တွေ့ ဆုံ ဖြစ်ခဲ့ရင် မြောက်ကိုရီယား နိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် ရဲ့ မဟာဗျူဟာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။

ဒီမိုကရက်တစ် ပါတီ ရဲ့ သမ္မတလောင်း ဖြစ်ဖို့ ရေပန်းစားနေတဲ့ ဟယ်လာရီ ကလင်တန်ကတော့ မစ္စတာ ထရမ့် ရဲ့ ပြောစကားဟာ ယုတ္တိ မရှိတဲ့ ပြောကြား မှု မျိုး ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

အင်္ဂါနေ့က ရိုက်တာ သတင်း ဌာန နဲ့ အင်တာဗျူးမှာ မစ္စတာ ထရမ့် က မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံလိုကြောင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အီကွေဒေါနိုင်ငံ၌ မကြာသေးမီက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အပျက်အစီးများအား တွေ့ရစဉ် (ဆင်ဟွာ)
    ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

    အီကွေဒေါ နိုင်ငံ Rosa Zarate မြို့မှ အနောက် - အနောက်မြောက်ဘက် ၃၄ ကီလိုမီတာ ကို ဗဟိုပြု၍ ရစ်ခ်ျတာ စကေး ၆.၇ ရှိ အင်အားပြင်း ငလျင် တစ်ခုသည် မေလ ၁၈ ရက် ဂင်းနစ် စံတော်ချိန် 07:57:04 တွင် လှုပ်ခတ် သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ တိုင်းတာရေးဌာနက ပြောကြား ခဲ့သည်။

အင်အားပြင်း ငလျင်သည် မြောက်လတ္တီကျု ၀.၄၁၆ ဒီဂရီ၊ အနောက် လောင်ဂျီကျု ၇၆.၇၆၄ ဒီဂရီရှိ မြေပြင်တွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ယီမင်ပြည်တွင်းစစ် အတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် မိသားစုဝင် အချို့အားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ကုလသမဂ္ဂ ၊ မေ ၁၈ ရက် (ဆင်ဟွာ)

    ယီမင်နိုင်ငံတွင် လူပေါင်း ၇.၆ သန်းကျော် အစားအစာ မလုံလောက်မှု ပြဿနာနှင့် ကြုံတွေ့ နေရပြီး အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ အဖွဲ့က မေလ ၁၇ ရက်တွင် ပြောကြားသည်။

ယခုနှစ်အတွင်း ယီမင်နိုင်ငံ၌ အစားအစာ မလုံမှု ကြုံတွေ့ ရနိုင်သူ ၁၃ သန်းကို ထောက်ပံ့ ပေးနိုင်ရန် ကုလသမဂ္ဂ အဖွဲ့ ကြီးသည် အမေရိကန် ဒေါ်လာ ၁.၈ ဘီလီယံ အကူအညီ တောင်းခံထားသော်လည်း ယခုအချိန်ထိ  ၁၆ ရာခိုင်နှုန်းခန့်သာ ထောက်ပံ့ငွေများ လက်ခံ ရရှိထားကြောင်း ယီမင်နိုင်ငံမှ မကြာခင်က ပြန်လာသူ ကုလသမဂ္ဂ ၊ လူသားချင်း စာနာမှု အဖွဲ့  ညွှန်ကြားရေးမှူးJohn Ging က ပြောသည်။

ယီမင်နိုင်ငံတွင် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် လူပေါင်း ၂.၅ သန်း နေရပ်စွန့် ခွာခဲ့ရပြီး ပဋိပက္ခများမှာ ဆက်လက် ဖြစ်ပွားနေသဖြင့် နိုင်ငံတကာ ထောက်ပံ့မှုနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ၄င်းက ဆက်ပြောသည်။

“ယီမင်နိုင်ငံကို အကူအညီပေးမယ့် အလှူရှင်တွေ သိပ်ကို နည်းပါးနေတယ် ။ ဒီလောက်ကြီးမားတဲ့ အကျပ်အတည်း အတွက် နိုင်ငံများစွာဆီက ငွေကြေး ထောက်ပံ့မှုတွေ လိုပါတယ် ” ဟု ဂျွန်က ဆက်ပြောသည်။
ယီမင်နိုင်ငံသည် ယခင်သမ္မတဟောင်း Ali Abdullash Saleh ကို ထောက်ခံသည့် ဟွန်တီ အုပ်စုနှင့် ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့က ထောက်ခံအားပေးသည့် အစိုးရအဖွဲ့ တို့အကြား တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည့် ၂ဝ၁၅ ခုနှစ် မတ်လကတည်းက နိုင်ငံအတွင်း ဖရိုဖရဲ ဖြစ်မှု အခြေအနေမျိုးဖြစ် ကြုံတွေ့ နေရသည်။

လေကြောင်း တိုက်ခိုက်မှုနှင့် မြေမြင် တိုက်ခိုက်မှုများ အတွင်း လူပေါင်း ၆,ဝဝဝ ကျော် သေဆုံးပြီး အများစုမှာ အရပ်သားများ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

Photo: Win Ko Ko Latt/ RFA ( နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို တွေ့ရစဉ် )
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ မြန်မာဖက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကြောင်း ရေးသားတဲ့ကိစ္စဟာ မှားယွင်းကြောင်း မြန်မာဖက်က ပစ်ခတ်တာ မရှိကြောင်း မြန်မာအစိုးရက ငြင်းဆိုလိုက်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်မြေခံ စ က ခ မှုးကို ကွင်းဆင်းစစ်ဆေးခိုင်းရာမှာ မြန်မာဖက်က ပစ်ခတ်တာ မရှိဘူးလို့ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

"အဲ့ဒါမဟုတ်ဘူးဗျ၊ အဲ့သတင်းရတယ်၊ ရတဲ့အတွက် တပ်မတော်ဖက်ကိုမေးလိုက်တယ်၊ မေးလိုက်တော့ နယ်ခြားစောင့်တပ်ကနေအချင်းချင်း သူတို့သတင်းပို့တော့ အဲ့မှာရှိတဲ့ နယ်မြေခံ စ က ခ မှုးကို တာဝန်ပေးပြီးတော့ စစ်ဆေးဆိုပြီးတော့ စစ်ခိုင်းလိုက်တယ်၊ စစ်ခိုင်းလိုက်တဲ့အချိန်မှာ သူတို့ပြောတဲ့နေရာက ကျနော်တို့နယ်စပ်နဲ့ ဝေးတယ်၊ ဘင်္ဂလားဒေ့ရှ်အတွင်းထဲမှာ တော်တော် ကျတယ်၊ နံပါတ် ၂ အချက်က သူတို့ဆီမှာ ကျတယ်ဆိုတာ ၆၀ မမ ကျတယ်လို့ပြောတယ်၊ ဒီဖက်က နေပြန်ပြီးတော့ တွက်လိုက်တော့ အဲ့နေရာကို မြန်မာတပ်တွေရှိတဲ့နေရာကနေ ပစ်ရင်မမှီဘူး"

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်မြေထဲကို မြန်မာဖက်က လက်နက်ကြီးနဲ့ ပစ် ခတ်တိုက်ခိုက်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက မြန်မာသံရုံးကတစ်ဆင့် မြန်မာ အစိုးရထံ ကန့်ကွက်ကြောင်း စာပို့ထားတယ်လို့ The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါကာမြို့မှာရှိတဲ့ မြန်မာသံရုံးကနေ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဆီ အဲဒီလို စာပေးပို့တာ မရှိသေးကြောင်းနဲ့ ရှိလာရင်လည်း သံတမန်နည်းလမ်းအရ ဖြေရှင်းသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


နေပြည်တော် မေ ၁၇

မုန်တိုင်းငယ်အခြေအနေ

ယနေ့ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင် ပိုင်းတွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ တောင်-အရှေ့ တောင်ဘက် မိုင် ၇၀ ခန့်၊မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ၇၅၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်။ အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး တမီလ်နာဒူကမ်းခြေမြောက်ပိုင်းနှင့် အင်ဒရာပရာ ဒေ့ရှ်ကမ်းခြေတောင်ပိုင်းသို့ ဦးတည်နေသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရသည်။

မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်သည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါမုန်တိုင်းငယ်သည် ညနေ ၆ နာရီခွဲ အချိန်တွင် မြောက်လတ္တီကျု ၁၂ ဒသမ သုည ဒီဂရီနှင့်အရှေ့လောင်ဂျီကျု ၈၀ ဒသမ ၇ ဒီဂရီ တွင် ရှိပြီး ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြစ်သည်။

သတိပေးနှိုးဆော်ချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/ရေမြေပြင်လေသည် တစ်နာရီလျှင် မိုင် (၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်။

အကြံပြုချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုထားသည်။

(မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ကော့ကွန်းလုံကျွန်း(Google Earth)
ရေးမြို့နယ် ကော့ကွန်းလုံကျွန်းပေါ်ရှိ မွန်ပြည်သစ်ပါတီ သိုးမွေးမြူရေးခြံအလုပ်သမား (၅) ဦးအား တပ်မတော်ရေတပ်ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှ မေလ ၁ရ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ပြီဟု ကာယကံရှင်မိသားစုထံမှ သိရသည်။

ရေးမြို့နယ်၊ အံဒင်ကျေးရွာအနောက်ဖက်ရှိ ကော့ကွန်းလုံကျွန်းပေါ် သိုးမွေးမြူရေးခြံအလုပ်သမား အံဒင်ရွာသား (၂) ဦးနှင့် ရွှေ့ပြောင်းအလုပ်သမား (၃) ဦးတို့အား မေလ ၁၅ ရက်နေ့တွင် ရေတပ်မှဖမ်းဆီးခေါ်ဆောင်သွားပြီး ရေးမြို့အခြေစိုက် စကခ အမှတ် (၁၉) တွင် ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

အဖမ်းဆီးခံခဲ့သူ နိုင်မင်းဇော်၏ဖခင် နိုင်မောင်ရှင်က “ဘာ့ကြောင်းဖမ်းတာလဲကိုတော့ ကျနော်တို့ အခုထိ ဘာမှ မသိရသေးဘူး။ အခုပြန်လွတ်လာတာက ဒီညနေ (၄) နာရီလောက်က ပြန်လွတ် လာတာလို့ပဲ သိရတယ်” ဟု ဆိုသည်။

ရေးမြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ရိုးသားသူဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းတွင် အမှန်တကယ် အလုပ်လုပ်ရန် ငှားရမ်းထားကြောင်း ခံဝန်လက်မှတ်ရေးထိုးခဲ့ရသည်ဟု နိုင်မောင်ရှင်က ဆက်ပြောသည်။

သို့ရာတွင် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူတစ်ဦးက အဆိုပါဖမ်းဆီးခံရမှုမှန်ကန်ကြောင်း၊ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိရကြောင်း၊ သတင်းဌာနများသို့ အသေးစိတ်မပြောနိုင်သေးကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နိုင်တင့်ရှောင် က “ရွာကလူ (၅) ယောက်ပျောက်သွားတာ ဆိုတာသေချာပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ရဲထံ မတိုင်ဖြစ်ဘူး။ ဘာဖြစ်လဲဆိုတော့ စုံစမ်းကြည့်တော့ ရေတပ်က ခေါ်သွားတယ်ဆိုတာကို သိထားရတယ်” ဟု ဆိုသည်။

အဆိုပါ ကော့ကွန်းလုံကျွန်းကို အစိုးရထံမှ မွန်ပြည်သစ်ပါတီက အနှစ် (၃၀) မြေဂရမ်ရရှိထားကြောင်း နိုင်တင့်ရှောင်က ဆက်ပြောသည်။

အလားတူ ရေးမြို့နယ်အတွင်း လွန်ခဲ့သည့်သီတင်းပတ်၌ မွန်ပြည်သစ်ပါတီဝင်(၃) ဦးနှင့် အကူအညီပေးသူ ရွာအားအချို့ ဖမ်းဆီးခံထားရသည်ဟု မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသော်လည်း မွန်ပြည်သစ်ပါတီထံမှ သတင်းအတည်ပြုချက်မရရှိခဲ့ပေ။

ရေးသားသူ: မွန်ထော
မွန်သတင်းအေဂျင်စီ
http://burmese.monnews.org/