05/21/16


အူရီဒူးမှ မြန်မာနိုင်ငံအတွင်း ပထမဦးဆုံးအကြိမ် 4G ကွန်ရက်စတင်ကြောင်း သတင်းစာရှင်းလင်းပွဲကို Novotel Yangon Max Hotel တွင် မေလ ၂၀ ရက်က ကျင်းပသည်။

အူရီဒူးအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် 4G ၀န်ဆောင်မှု စတင်မည်ဖြစ်ကြောင်းနှင့် 4G ၀န်ဆောင်မှုကို 3G ဈေးနှုန်းဖြင့် ဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း၊ အင်တာနက် အသုံးပြုခနှင့် ဖုန်းခေါ်ဆိုမှု နှုန်းထားများကိုလည်း ယခင်အတိုင်းပင် ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း၊ အင်တာနက်ပိုမိုအသုံးပြုနိုင်စေရန် အူရီဒူးအချင်းချင်း အခမဲ့ခေါ်ဆိုနိုင် မည်ဖြစ်ကြောင်း သိရသည်။

အူရီဒူးမြန်မာအမှုဆောင်အရာရှိချုပ် Mr.Rene Meza က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအတွက် 4G နည်းပညာပေးနိုင်တဲ့အတွက် ၀မ်းသာဂုဏ်ယူပါတယ်။ ယနေ့ ဟာ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ မိဘပြည်သူများအတွက် အချင်းချင်းသော်လည်း ကောင်း၊ အခြားနိုင်ငံများနှင့်သော်လည်းကောင်း ဆက်သွယ်မှုပုံစံအတွက် ကဏ္ဍသစ်တရပ်ကို ဖွင့်လှစ်နိုင်တာဖြစ်ပြီး မိုဘိုင်းဆက်သွယ်ရေးမှာ နောက်ဆုံးနည်း ပညာကို ရယူအသုံးပြုခြင်းဖြင့် ခေတ်သစ်တခုကို ရောက်ရှိပိုင်ဆိုင်စေနိုင်မှာပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ဆက်လက်ပြီး Mr. Rene Meza က မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုကို ဆက်လက် တိုးမြှင့်သွားမှာဟု ပြောကြားပြီး လောလောဆယ် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော်ရှိနေပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလထိ အူရီဒူး၏ နိုင်ငံတကာအဆင့်မီ ကွန်ရက် လွှမ်းခြုံမှုမှာ မြန်မာလူဦးရေ၏ ၈၅ ရာခိုင်နှုန်းရှိနေပြီဖြစ်၍ အလွန်ဝမ်းမြောက် ဂုဏ်ယူမိကြောင်း၊ ယခုအခါ ဖိုက်ဘာဆက်ကြောင်းကွန်ရက် ဖြန့်ကြက်မှု ၇၇၀၀ ကီလိုမီတာအထိရှိပြီး ၂၀၁၆ အကုန်တွင် ၁၂၀၀၀ ကီလိုမီတာအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။

စန်းလင်းရွှေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဆိုင်ကလုန်းမုန်တိုင်း ရွန်နူဟာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို ဒီနေ့ညပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်းကို ဒီနေ့ ည ၇ နာရီနဲ့ မနက် ၂ နာရီကြားမှာ ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

မုန်တိုင်းဖြတ်ကျော်ချိန်မှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ လေပြင်းတွေတိုက်တာ၊ မိုးကြီးတာ၊ ရေကြီးတာနဲ့အတူ မြေပြိုတာတွေဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မောင်တောနဲ့ စစ်တွေခရိုင် ကမ်းခြေဒေသတွေမှာ မုန်တိုင်းကြောင့် ဒီရေ အမြင့် ၁၂ ပေကနေ ၁၄ ပေ၊ ကျောက်ဖြူခရိုင်ကမ်းခြေဒေသတွေမှာ ၁ဝ ပေကနေ ၁၂ ပေအထိ မြင့်တက်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ဒီနေ့ကစပြီး လာမယ့် မေလ ၂၃ ရက်နေ့အထိ တစ်ပြည်လုံးမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက မုန်တိုင်းဝင်ရောက်နိုင်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အရေးပေါ်ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးနည်းစနစ်တွေ၊ သတင်းထုတ်ပြန်ချက်တွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ရိက္ခာပို့ဖို့အတွက် တပ်မတော် ရဟတ်ယာဉ်တွေကိုလည်း စီစဉ်ထားပါတယ်။

(၂၀၁၆ ခုနှစ်၊ မေလ(၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၅း၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းခန့်မှန်းချက်ကို တွေ့ရစဉ်)

ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
RFA Burmese
https://www.facebook.com/rfaburmese

‘စပါးတပင်’
ယူလျှင်မကြေ
ဒို့မြေ တလက်မ
ကျူးကမခံ
ရန်တုံ့ပြန်အံ့။
(မောင်မင်းယာ)

သမိုင်းအဆက်ဆက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပေါင်းသင်းခဲ့ရတဲ့ ဆွေမျိုးပေါက်ဖော် 'တရုတ်'တွေကို 'တယုတ်'လို့ နာမည်ပြောင်းပြီး ခေါ်ချင်နေပြီဗျ။ တခုပြီးတခု တယုတ်ပြီးတယုတ်၊ ယုတ်ပြီးရင်းယုတ်နေကြ လို့ပါပဲ။
မင်းဆိုးမင်းညစ် မင်းညံ့အဆက်ဆက် ဖွပစ်ခဲ့တဲ့ အမှိုက်တွေကို လိုက်ကောက်နေရတဲ့ NLD အစိုးရကိုလည်း သနားမိပါတယ်။ ရက်ပေါင်း ၁၀၀ စီမံကိန်းဆိုတာ အချိန်နည်းလွန်းပါတယ်။ ရက်ပေါင်း ၁၀၀ အတွင်းမှာ တချို့အလုပ်တွေ မအောင်မြင် မပြီးစီးဘူးဆိုရင်လည်း ပြည်သူက နားလည်ခွင့်လွှတ်မှာပါ။

မြစ်တွေပေါ်မှာ ဆည်တွေ၊ ရေကာတာတွေဆောက်မယ်ဆိုရင် အန္တရာယ်ကြီးတယ်ဆိုတာ ယေဘုယျ သဘောလောက်တော့ သိခဲ့ပါတယ်။ ဘူမိဗေဒပညာရှင်တွေ၊ ဆည်မြောင်းပညာရှင်တွေ၊ ဂေဟစနစ် ပညာရှင်တွေဆီကနေ အသေးစိတ်သိလာရတဲ့အခါမှာတော့ လန့်လာမိတယ်ဗျ။
သူတို့အဆိုအရ ဥပမာ ဧရာဝတီမြစ်ဆုံဆည်ကြီးဆောက်လိုက်မယ်ဆိုရင် ဆည်ရဲ့အထက်မှာ မိုင် ၁၀၀ ပတ်လည်မှာ ရေမြုပ်ဧရိယာကြီးဖြစ်သွားမယ်တဲ့ခင်ဗျ။ ဒါကြောင့် မြစ်ဆုံစီမံကိန်းစမယ်ဆိုကတည်းက ဒေသခံပြည်သူတွေဟာ ရွာပေါင်း ၄၀ ကျော်လောက် ပြောင်းပေးခဲ့ကြတယ်။ အဲဒီပြည်သူတွေကို အဲဒီတုန်းက စစ်အစိုးရက စိုက်ပျိုးလုပ်ကိုင်စားသောက်လို့မရတဲ့ ဒေသတွေမှာ နေရချပေးခဲ့တယ်။ သေနတ်ပြပြီး ပြောင်း ခိုင်းတော့လည်း ပြောင်းကြရရှာတာပေါ့။ အခုတော့ နယ်စိမ်းပယ်စိမ်းမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ နေခဲ့ကြ ရတာဟာ ဆယ်စုနှစ် တ၀က်ကျော်ခဲ့ပါပြီ။ မြစ်ဘေးရှောင်ပြည်သူတွေပေါ့။ NLD ဆက်ရှင်းရမယ့် အမှိုက်ပုံကြီး ပေါ့ဗျာ။

စောစောက ရေမြုပ်ဧရိယာကြီးကြောင့်၊ မြောက်ဖျားဒေသက ဇီဝမျိုးကွဲစုံ (Biodiversity) တွေ ပျောက်ကွယ် သွားမယ်လို့ ဂေဟဗေဒပညာရှင် (Ecologists) တွေက ပြောသဗျ။ မချစ်ဥတို့၊ ခန်းတောက်မြစ်တို့ ရှီးပဒီးတို့ လည်း ရေအောက်ရောက်သွားကြမှာပေါ့ဗျာ။ ဒေသခံတွေအတွက် အဘက်ဘက်နစ်နာမှာပေါ့ဗျာ။

မြစ်ကြောင်းထိန်းသိမ်းရေးပညာရှင် အင်ဂျင်နီယာတယောက် ထောက်ပြတာကတော့၊ တော်တော်ကို ဒေါသ ထွက်စရာကောင်းတယ်ဗျ။ မလိခမြစ်ထဲကို စီးဝင်နေတဲ့ မြစ်လက်တက်ကလေးတခုရှိတယ်တဲ့။ ရေမြုပ် ဧရိယာရဲ့ ရေမျက်နှာပြင် မြင့်တက်လာတဲ့အခါမှာ၊ အဲဒီမြစ်ဟာ ပြောင်းပြန်စီးသွားပြီး မြန်မာပိုင် ရေအရင်း အမြစ်တွေဟာ ယူနန်ပြည်နယ်ထဲစီးဝင်သွားမှာတဲ့။ သစ်တင်မကဘူး။ မြစ်ပါခိုးမယ့် တယုတ်တွေပါလားဗျာ။ အဲဒါကို ရေမှောင်ခိုကူးခြင်းလို့ ခေါ်ရမလားမသိဘူးဗျ။
တကယ်တော့ တရုတ်တွေဟာ (အိမ်နီးချင်းချစ်ကြည်ရေးကိုငဲ့ပြီး၊ တရုတ်လို့ပဲ ခေါ်ပါတော့မယ်) မြစ်ပေါ်မှာ ဆည်ဆောက် ရေကာတာဆောက်တာဟာ သိပ်အန္တရာယ်ကြီးတယ်ဆိုတာကို သူတို့ကိုယ်တိုင် စုတ် ပြတ်နေအောင် ခံခဲ့ကြရတာကြာပြီဗျ။ ဒီလိုပါ သူတို့ပညာသိပ်မတတ်ခင်တုန်းက မှားခဲ့တဲ့ မဟာအမှားကြီး တွေပေါ့ဗျာ။

တရုတ်ပြည်က ယန်စီမြစ်ဆိုတာဟာ ကမ္ဘာမှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ကြီးပါ။ တရုတ်တွေ သိပ်ကြွားခဲ့ဂုဏ်ယူခဲ့ကြတဲ့ မြစ်ကြီးပေါ့။ ကမ္ဘာ့သမိုင်းမှာ တိဂရစ်မြစ်ဝှမ်း ယဉ်ကျေးမှု၊ ဟိန္ဒူမြစ်ဝှမ်း ယဉ်ကျေးမှုတွေနဲ့အပြိုင်၊ ယန်စီမြစ်ဝှမ်းယဉ်ကျေးမှုက နှစ်ထောင်ပေါင်းများစွာ တည်တံ့ခိုင်မြဲခန့်ညား ထည်ဝါခဲ့ပါတယ်။ အခုတော့ ယန်စီမြစ်ကြီးဟာ ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာအထင်ရှားဆုံး သဘာဝ သယံဇာတ ၁၀ ခုထဲမှာ တခုအပါအ၀င်ဖြစ်နေပါပြီ။
ယန်စီမြစ်ကြီးပျက်စီးသွားပုံကို ပြောပြပါဦးမယ်။ ပညာမတတ်တဲ့ တရုတ်ကွန်မြူနစ်တွေဟာ တရုတ်ပြည် စီးပွားရေးမြှင့်တင်ဖို့ဆိုတဲ့ အမြင်တခုတည်းနဲ့ မီတာ ၂၅၀၀ ကျော်ရှည်တဲ့ ရေကာတာကြီးတခု ဆောက် လုပ်ကြတယ်။ ကာလတိုလေးတခုလောက်သာ အကျိုးအမြတ်ရခဲ့ပြီး နောက်ပိုင်းမှာ ဒုက္ခတွေ တသီကြီး တွေ့ရပြီး၊ ဒေါ်လာဘီလီယံ ၂ ဒသမ ၃ သန်း ဆုံးရှုံးခဲ့ရတယ်။ ငွေထက်ပိုဆိုးတာက လူ ၄ သန်းကျော်၊ ကျွဲနွား ၂ သန်းလောက်နဲ့ လယ်မြေဧက ၉ သန်းကျော် ဆုံးရှုံးခဲ့တယ်။

ယန်စီမြစ်ရေခန်းသွားတော့ အနီးဝန်းကျင်က မြစ်ဆွယ်ပေါင်း ၃၀၀ နီးပါးနဲ့ သဘာဝရေကန် ၂၆၆ ကန်လည်း ခန်းခြောက်ကုန်တယ်။ တခုလဲရင် အားလုံးပြိုတဲ့ ဒိုမီနိုသက်ရောက်မှု (Domino Effect) ခေါ်တာပေါ့။ ၂၀၀၈ ခုနှစ်မှာ လှုပ်သွားတဲ့ တရုတ်ငလျင်ကြီးဟာ ရှီပင်ပုရေကာတာကြီး (Zipingpu Dam) ကြောင့်လို့ သိပ္ပံပညာရှင် တွေက သုံးသပ်ကြတယ်။

တရုတ်တွေမိုက်ချက်ကတော့ ကမ်းကုန်ပါတယ်။ ယန်စီတင်မကပါဘူး။ တရုတ်ပြည်က အဓိကမြစ်ကြီး တွေဖြစ်တဲ့ မြစ်ဝါမြစ် (Yellow River) ၊ ပုလဲမြစ် (Pearl River) ၊ ဆောင်ဝှာမြစ် (Songhua River)၊ ဟွေးမြစ် (Huai River) ၊ ဟိုင်မြစ် (Hai River) နဲ့ လိုင်မြစ် (Liao River) ဆိုတဲ့ မြစ်ကြီး ၆ စင်းကိုလည်း ဆည်ဆောက်၊ ရေကာတာတွေဆောက်ပြီး ဖျက်ဆီးပစ်ခဲ့ကြတယ်။

ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် မိုးခေါင်ရေရှား ရပ်ဝန်းတွေပေါ်လာတယ်။ ရေတွေကြီးလာတယ်။ ဆည်ရဲ့ သဘာဝရေမလွှတ်တာကြာတဲ့အခါ မြစ်တွေကျဉ်းသွား၊ တိမ်သွားတယ်။ ဒါကြောင့် ရေဓာတ်အလုံ အလောက်မရတော့တဲ့ ကမ်းပါးတွေဟာ မာခဲသွားပြီး ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါ၊ ရေကို မစုပ်နိုင် ကြတော့ဘူး။
ဒီတော့ မြစ်တွေရေလျှံတယ်၊ မြစ်တွေ ခန်းခြောက်တဲ့ဒဏ်ကို ခံကြရတယ်။
သူတို့တတွေဆောက်တဲ့ ရေကာတာတွေကြောင့် လူပေါင်းသုံးသောင်းကျော် သေခဲ့ကြရတယ်။ မြေတွေကျွံလို့ မြို့ကြီးတွေ မြေမျိုခံရတယ်။
ဒီလိုနဲ့ တရုတ်ပြည်မှ မြစ်ရယ်လို့ မရှိသလောက် ကုန်သွားပါပြီ။ ဒါပေမဲ့ တရုတ်ဟာ မိုက်လုံးကြီးတုန်းပဲ။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် ရေအားလျှပ်စစ် 75 GM နဲ့ 85 GM ထုတ်နေကြတဲ့ အချိန်မှာ တရုတ်တွေကတော့ လာမယ့်ငါးနှစ်အတွင်းမှာ 140 GM ထပ် ထုတ်ပါဦးမယ်တဲ့။
အဲဒီအတွက် မြစ်ရှာပုံတော်ဖွင့်ကြတဲ့အခါ . . . . ၊
မြန်မာပြည်ထဲက ဧရာဝတီကို မျက်စောင်းထိုးတော့တာပါပဲ။ အဲဒီမှာ ဧရာဝတီမြစ်ဆုံစီမံကိန်းဆိုတဲ့ ငရဲခန်းစတော့တာပါပဲ။

နံပါတ် ၁ တရားခံကတော့ န၀တနဲ့ နအဖ စစ်အစိုးရပါပဲ။ နံပါတ် ၂ တရားခံကတော့ မြန်မာပြည်မှာ လုပ်ကိုင်စားသောက်ပြီး သားရေပေါ် သားရေနားစားချင်တဲ့ ပြည်တွင်းကုမ္ပဏီတခုပါပဲ။ နံပါတ် ၃ တရားခံက တော့ အိမ်နီးချင်းကောင်းမပီသတဲ့ ကိုယ်ချင်းစာနာစိတ်မရှိတဲ့ တရုတ်အာဏာပိုင်တွေနဲ့ တရုတ်စီးပွားရေး သမားတွေပါပဲ။

ကဲ NLD ဘာလဲ ၊ ဘာလဲ၊

၂၀၁၀ ခုနှစ်၊ ဦးသန်းစိန် သမ္မတဖြစ်လာတဲ့အခါမှာတော့ မြန်မာပြည်သူတရပ်လုံး တညီတညွတ်တည်း ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်ဟာ သူ့အစိုးရလက်ထက် ၅ နှစ်အတွင်းမှာ မြစ်ဆုံးစီမံကိန်းကို ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရုတ်ဆွေ့ဆွေ့ခုန်သွားတယ်။
ဗိုလ်သန်းရွှေဖောက်ခဲ့တဲ့ တရုတ်-မြန်မာ ရွှေလမ်းငွေလမ်းကြီးလည်း တဖက်ပိတ်နီးပါး ရပ်သွားတယ်။ တရုတ်ကလည်း သူ့ရဲ့နည်းဟောင်းကြီးအတိုင်း၊ နယ်စပ်ဒေသမှာ သူမွေးထားတဲ့ လက်နက်ကိုင်တပ် တွေကို မီးစိမ်းပြလိုက်တယ်။ ဒီနည်းကို ပဲခူးရိုးမနဲ့ အရှေ့မြောက်ဒေသမှာ၊ ဗကပတွေအတွက် စသုံးခဲ့တာပါပဲ။ သူတို့နဲ့ နယ်နိမိတ်ချင်းစပ်နေရတာကိုက ကျွန်တော်တို့တိုင်းပြည် ကံဆိုးတာပါပဲ။
ဒီတော့လည်း တရုတ်နဲ့ပေါင်းပြီး နယ်စပ်ဒေသမှာ ''မှောင်ခိုစစ်စီးပွားရေး'' လုပ်နေကြတဲ့ ကချင်ဒေသ၊ ရှမ်း ဒေသ၊ မိုင်းမောဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးတွေဖျက်ပြီး၊ စစ်ပွဲတွေ ဆက်တိုက်ပေါ်လာပါတော့တယ်။ ဒါကြောင့် ''တယုတ်'' လို့ ခေါ်မိတာ မလွန်တန်ပါဘူး။

စစ်ပွဲအသစ်တွေတောင် ပေါ်လာသေးတယ်။ တရုတ်ရဲ့ ရုပ်သေးဖြစ်တဲ့ ကိုးကန့်လို့ နာမည်ခံပေမယ့် သူတို့ကိုယ်သူတို့ တရုတ်တိုင်းရင်းသားတွေလို့ ခံယူထားတဲ့ ဖုန်ကြားရှင်ရဲ့ တပ်ဖွဲ့တွေဟာ လောက်ကိုင် ဒေသမှာ ထိုးစစ်ကြီး ဆင်နွှဲခဲ့ကြတယ်။
ဖုန်ကြားရှင်ရဲ့ တပ်ဖွဲ့မှာ တရုတ်စစ်အကြံပေးတွေ၊ တရုတ်ကြေးစားတွေနဲ့ တရုတ်အပျော်တမ်း တပ်သား တွေတောင်ပါဝင်ခဲ့တယ်လို့ လောက်ကိုင်ဒေသခံတွေက ပြောပါတယ်။

မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းလိုက်တဲ့ အချိန်ကစပြီး၊ တရုတ်နယ်စပ်မှာ တိုက်ပွဲတွေ တန်းစီပေါ်လာပြီး မှောင်ခိုလုပ်ငန်းလည်း တဟုန်ထိုးမြင့်မားလာခဲ့ပါတော့တယ်။ လက်နက်ကိုင်တပ်တွေရဲ့ ကျောထောက်နောက် ခံနဲ့ သစ်မှောင်ခိုထုတ်တယ်။ မြန်မာသစ်တောအမှုထမ်းတွေကိုတောင် သတ်သွားကြသေးတယ်။ တပ်မတော်က ဖမ်းမိတော့ သေဒဏ်၊ တသက်တကျွန်းဒဏ်၊ ထောင်ဒဏ်တွေချမှတ်ခဲ့တယ်။ ၈ ရက်ကြာတော့ အဲဒီ သေဒဏ်နဲ့ တသက်တကျွန်းထောင်ဒဏ်ကျနေတဲ့ တရုတ်တွေကို ဦးသိန်းစိန်အစိုးရက ပြန်လွှတ်ပေးခဲ့တယ်။ တရုတ်-မြန်မာချစ်ကြည်ရေးအတွက်တဲ့ဗျာ။ ကြံ့ခိုင်ရေးဝန်ကြီးတပါးကတော့ ဗြောင်ဝန်ခံသွားပါတယ်။ ''တရုတ်တော့ ကြောက်ရတယ်လေဗျာ'' တဲ့။

အဲဒီတော့ အတင့်ရဲ့အကန်းတက်ပြီး ယန္တရားကားစင်းရေ ရာပေါင်းများစွာနဲ့ ဖားကန့်အထိ ၀င်ရောက်ပြီး ကျောက်စိမ်းသယ်တဲ့ပွဲတော်ကြီး ကျင်းပခဲ့ကြတယ်။ နယ်စပ်တင်မကဘူး ပြည်တွင်းအထိ ပက်ပက်စက်စက် ကျူးကျော်လိုက်တာပဲ။ အဲဒီကားတွေ ဘယ်လိုဝင်လာသလဲ။ ဘယ်လက်နက်ကိုင်တွေမှာ တာဝန်ရှိသလဲ။ အဲဒီတုန်းက ကချင်ပြည်နယ် အစိုးရရဲ့ပါဝင်ပတ်သက်မှုက ဘယ်လောက်ရှိသလဲ။ ညောင်မြစ်တူးရင်တော့ ပုတ်သင်ဥပေါ်တော့မှာပဲ။
မြစ်ပေါ်မှာ ဆည်ဆောက်ရင် ရေကာတာဆောက်ရင် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို သူတို့ ကိုယ်တိုင်ကော့နေအောင်ခံခဲ့ရတဲ့ တရုတ်တွေဟာ သူ့ကို မထိခိုက်ဘဲ အကျိုးအမြတ်ထွက်မယ့်အလုပ်ကို သူများနိုင်ငံထဲ လာလုပ်ချင်တယ်ဆိုကတည်းက တရုတ်တွေ ဘယ်လောက်ယုတ်သလဲဆိုတာ ပေါ်လွင်နေပါပြီ။
ပညာရှင်များ သုံးသပ်ကြတာကတော့ ဧရာဝတီရေစီးအားနည်းသွားရင် အောက်ဘက်က ပင်လယ်ဒီရေတွေဟာ စတုတ္ထမြစ်ကျဉ်းအထက်ထိ တက်လာကြလိမ့်မယ်တဲ့။ ဆားငန်ရေလွှမ်းသွားတဲ့ ဧရာဝတီမြစ်ဝှမ်းမှာ ဘာမှ စိုက်ပျိုးလို့ရမှာ မဟုတ်တော့ဘူးတဲ့ဗျာ။
ဧရာဝတီကို သတ်တာဟာ၊ မြန်မာတနိုင်ငံလုံးကို သတ်တာပဲ။ ဒီအတိုင်းတော့ ငုံ့ခံမနေနိုင်ဘူးဗျို့။
မြစ်ဆုံစီမံကိန်းအတွက် တရုတ်လျှပ်စစ်ကုမ္ပဏီဆီက ဆီတထပ် အသားတထပ် ၀ါးသွားကြတဲ့သူတွေကတော့ နိုင်ငံရေးပင်စင်နဲ့ ငြိမ့်နေကြပါပြီ။
ဒုက္ခတွေ၊ သောကတွေ ရင်မှာပိုက်ပြီး ကျန်ရစ်ခဲ့ကြရတဲ့ မြန်မာပြည်သူတွေပဲ ဆက်ရင်ဆိုင်ရမှာပါပဲ။

ကဲ NLD ဘာလဲ၊ ဘယ်လဲ၊

ဒီမှာ အားလုံးဆင်ခြင်ကြရမှာက တရုတ်ဟာ စီးပွားရေးအင်အားကြီး နိုင်ငံတနိုင်ငံဖြစ်လာပေမယ့် စူပါပါဝါ အင်အားကြီးနိုင်ငံတော့ မဖြစ်သေးဘူးဆိုတာပါပဲ။ လူဦးရေ သန်းထောင်ကျော်ရှိတယ်၊ စစ်သားဦးရေ ဘယ်နှသန်းရှိတယ်ဆိုတာ ဒီနေ့ခေတ်သစ်စစ်ပွဲတွေမှာ သိပ်အဓိကမကျတော့ပါဘူး။ အဆင့်မြင့် ထောက်လှမ်းရေးလေယာဉ်၊ ခေတ်အမီဆုံးတိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊ ရေငုပ်သင်္ဘောနဲ့ လေယာဉ်တင် သင်္ဘော ဘယ်နှစင်းရှိတယ်ဆိုတာနဲ့ တိုင်းတာကြရမှာဖြစ်ပါတယ်။

အခုတော့ တရုတ်ဟာ ပင်လယ်နက်ရေတပ်စခန်းမှာ အနားပေးထားတဲ့ ရုရှားလေယာဉ်တင်သင်္ဘောအဟောင်း တစင်းကို တရုတ်နည်း တရုတ်ဟန်နဲ့ မိတ်ကပ်လိမ်းပြင်ဆင်ပြီး တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာမှာ အနိုင်ကျင့်နေပါတယ်။ ဖိလစ်ပိုင်၊ ဗီယက်နမ်စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ သမိုင်းကြောင်းအရ ပိုင်ဆိုင်ခဲ့ ဖူးတဲ့ ကျွန်းတွေ၊ ဂျပန်ပိုင်တဲ့ ကျွန်းတွေကို ''၀-ဟာ၊ ၀-ဟာ'' လုပ်နေပြန်ပြီဗျ။

NLD သောင်ပြိုကမ်းပြိုနိုင်ပြီး အစိုးရသစ်တက်ခါနီးမှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ခြောက် တလှည့် ချော့တလှည့် စကားတခွန်းပြောသဗျ။
''ဧရာဝတီမြစ်ဆုံရေကာတာကို ပြန်စဖို့ နည်းလမ်းတွေ ရှာဖွေသွားမယ်။ အပြန်အလှန်အားဖြင့် တရုတ်- မြန်မာ နယ်စပ်တလျှောက် ငြိမ်းချမ်းရေးရအောင် တရုတ်တို့က အစွမ်းကုန်ကူညီသွားမယ်''တဲ့ခင်ဗျ။
စာရေးဆရာ သူရဲဗလမင်းထင်ကတော့ ''တရုတ်တို့၏ သဘောထားမှာ မြစ်ဆုံရေကာတာနှင့် ငြိမ်းချမ်းရေးကို အလဲအလှယ်လုပ်ရန် တောင်းဆိုနေခြင်းဖြစ်သည်''လို့ မှတ်ချက်ပေးသဗျ။
ကျွန်တော့်အမြင်ကတော့ အလဲအလှယ်လုပ်တာမဟုတ်ဘူးဗျ။ ပြန်ပေးဆွဲတာ၊ ငြိမ်းချမ်းရေးကို ပြန်ပေးဆွဲပြီး မြစ်ဆုံနဲ့ ရွေးခိုင်းတာ။

ကမ္ဘာ့သမိုင်းမှာ ဒီလောက်အောက်တန်းကျ ညစ်ပတ်စုတ်ပဲ့တဲ့ နိုင်ငံရေးအပေးအယူမျိုး မကြံဖူးပေါင်ဗျာ။

ပြီးတော့ UWSA '၀' ဒေသမြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ရဟတ်ယာဉ်တွေ၊ ဒုံပျံတွေ၊ အမြောက်ကြီးတွေ အပါအ၀င်၊ သူတို့လက်နက်တပ်ဆင်ပေးထားတဲ့ '၀တပ်ဖွဲ့' အင်အား (၄)သောင်းလောက်ကလည်း သူတို့ မီးစိမ်းပြလိုက်ရင်၊ မြန်မာပြည်ကို အချိန်မရွေး ဒုက္ခပေးနိုင်တယ်ဆိုတဲ့၊ နိုင်ကွက်ကိုလည်း သွယ်ဝိုက်ကို ထောက်ပြခြိမ်းခြောက်လိုက်တာပါပဲ။
တရုတ်တွေဟာ မြစ်ဆုံစီမံကိန်း ယာယီရပ်တန့်သွားကတည်းက နည်းမျိုးစုံနဲ့ ကြိုးပမ်းနေခဲ့တာပါပဲ။ ကြံ့ခိုင်ရေး အမတ်တွေ၊ NLD အမတ်နဲ့ ခေါင်းဆောင်တွေကို တရုတ်ပြည်အထိ ဖိတ်ကြားပြီး ရှင်းပြစည်းရုံးနေခဲ့ပါတယ်။
ဒါပေမဲ့ မြစ်ဆုံရေကာတာနဲ့ပတ်သက်ပြီး အစိုးရသစ်ရဲ့ သဘောထားကို NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဇော်မြင့်မောင်က '' NLD အစိုးရသည် လူထုဆန္ဒအတိုင်းသာ ဆုံးဖြတ်သွားမည်'' လို့ တရားဝင်ဖော်ထုတ်လိုက် တယ်ခင်ဗျ။

ဒါဟာ ' NLD ဘာလဲ၊ ဘယ်လဲ'' လို့ ကျွန်တော်တို့ မေးခဲ့တဲ့မေးခွန်းကို အဖြေပေးလိုက်တာလို့ ယူဆ ယုံကြည် မိပါတယ်။
ကျေးဇူးပါ NLD။ သာဓုပါ NLD ။
ဒီမှာ ကျုပ်တို့ကတော့ ရှင်းရှင်းပြောလိုက်မယ်။ တပြည်လုံးပျက်ရမယ့် မြစ်ဆုံစီမံကိန်းကို ဆန့်ကျင် တိုက်ခိုက်သွားရမှာပဲ။
ကျွန်တော်တို့ ကံကောင်းတာတချက်က တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ပထ၀ီဝင် နိုင်ငံရေး (Geopolitics) အရ အရေးပါနေတဲ့အတွက် တကမ္ဘာလုံးက တန်ဖိုးထားနေတယ်ဆိုတာပါပဲ။
ဒါကြောင့် မြန်မာပြည်သူ သန်းပေါင်း ၅၀ ကျော်အပြင် ကမ္ဘာသူ ကမ္ဘာသား သန်းပေါင်း ၅၀၀၀ ဟာ ကျွန်တော် တို့ဘက်က ရှိနေတယ်ဆိုတာပါပဲ။
တရုတ်တွေဟာ ကျွန်တော်တို့နိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ကျွံဝင်နေပါပြီ။ ရခိုင်ကမ်းလွန်ကနေ ယူနန်ပြည်နယ် ခွင်းမင်အထိ လောဘတကြီး သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကြီးက အကြီးဆုံး ဥပမာကြီးတခုပေါ့။ ပြည်တွင်းမှာ ပွစာကျဲနေတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း သူတို့မျက်နှာလွှဲထားလို့ မရပါဘူး။

စာရေးသူရဲ့ သဘောထားကို ရှင်းရှင်းပြတ်ပြတ်ပြောပြီးပါပြီ။ ကျွန်တော်တဦးတည်းရဲ့ သဘောထားပါ။ မြန်မာအစိုးရရဲ့ သဘောထား မဟုတ်ပါဘူး။
ဒါပေမဲ့ ကျွန်တော့်သဘောထားဟာ သန်းပေါင်း ၅၀ သော မြန်မာပြည်သူတွေနဲ့ တထပ်တည်းကျလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ အန္တိမသဘောထားကိုသိချင်ရင် ဟောဒီကဗျာလေးကို ဖတ်ကြည့်ပါဦး။

''သင်းနိုင်ငံသား
သံမှုန့်စားမှ
ဒို့ဓားတုံးမည်
မှတ်တော်တည်လော့''
လက်ဝဲသုန္ဒရ (နန္ဒီသေနပျို့)
''ကဲ အရေးကြီးပြီ သွေးစည်းကြစို့''

မင်းသစ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ခွေးတစ်ကောင်ဟာ အိမ်မီးလောင်ချိန်မှာ အိပ်ပျော်နေတဲ့ သခင်တွေကို သွားနှိုးခဲ့ပြီး အသက်ဘေးက ကယ်တင်ပေးခဲ့ပါတယ်။ အဲဒီခွေးနာမည်က ချီကိုပါ။ညလယ်အချိန်မှာ ၀ါယာရှော့ခ်ဖြစ်လို့ ချီကိုတို့ နေအိမ်မီးလောင်နေတုန်း ချီကိုက သူ့အိပ်ယာကနေ ခုန်ထွက်လာပြီး ဟောင်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့သခင်တွေ မနှိုးခဲ့တာကြောင့် မီးစွဲနေတဲ့ အိမ်ရှေ့တံခါးကို ကျော်ဖြတ်လို့ သခင်တွေရှိတဲ့ အခန်းကို ပြေးသွားခဲ့ပါတယ်။ ပြီးတော့ သခင်တွေကို အိပ်ယာက နိုးအောင် နှိုးနိုင်ခဲ့တဲ့အတွက် သူ့သခင်တွေ နောက်ဖေးပေါက်ကနေ ထွက်ပြေးနိုင်ခဲ့တာပါ။

ဒါပေမဲ့ ချီကိုဟာ မီးလောင်ဒဏ် ခံစားခဲ့ရပြီး မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတော်တော် ရခဲ့ပါတယ်။ ချီကိုရဲ့ ဒဏ်ရာတွေကို ဒဏ်ရာသန့်ရှင်းမှု ငါးကြိမ်လုပ်ခဲ့ပြီးဖြစ်ပေမယ့် နောက်တစ်လကြာ ထပ်ကုရဦးမယ်လို့ သိရပါတယ်။ ချီကိုကို ချီလီနိုင်ငံ လော့စ်လာဂို့စ် ဒေသမှာ နေထိုင်တဲ့ ဇနီးမောင်နှံ နှစ်ဦးက လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက မွေးထားတာဖြစ်ပါ တယ်။ အမှီအခိုကင်းတဲ့ တိရစ္ဆာန်ရေးရာအာဏာပိုင်အဖွဲ့က ချီကိုရဲ့ ဆေးကုစရိတ်အတွက် အွန်လိုင်းပေါ်ကနေ အလှူခံနေပါတယ်။

သုည (Yadanarbon Times)

ဝါရှင်တန်၊ မေ ၂၁ ။ ။ အမေရိကန်သမ္မတအိမ်ဖြူတော်အပြင်ဖက်တွင် လက်နက်ကိုင်တစ်ဦးအား တန်ပြန်ထောက်လှမ်းရေးအေဂျင့်က ပစ်ခတ်လိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

အိမ်ဖြူတော်အနီးက လုံခြုံရေးဂိတ်စခန်းအနီးတွင် သေနတ်ဝှေ့ယမ်းရောက်ရှိလာသည့် အမျိုးသားတစ်ဦးကို အေဂျင့်များက ဝမ်းဗိုက်အား ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ရဲဌာနက အေဘီစီသတင်းဌာနသို့ ပြောသည်။

မေ ၂၀ ရက်က ဖြစ်ပွားသည့် အဆိုပါသေနတ်ပစ်ခတ်မှုကြောင့် အိမ်ဖြူတော်ကို ယာယီပိတ်ခဲ့ရသည်။ ယင်းအချိန်က သမ္မတအိုဘားမားမှာ မာရီလန်းတွင် ဂေါက်သီးရိုက်နေခြင်းဖြစ်ကြောင့် သိရသည်။

အဆိုပါ သေနတ်ကိုင်အမျိုးသားမှာ ပြင်းထန်သည့်ဒဏ်ရာကြောင့် ဆေးရုံတင်ပို့ထားကြောင်း တာဝန်ရှိသူများက ဆိုသည်။

ပစ်ခတ်မှုဖြစ်ချိန်တွင် အိမ်ဖြူတော်အတွင်း ဒုတိယသမ္မတဂျိုးဘိုင်ဒင်ရှိနေရာ သေနတ်ပစ်ခတ်မှုဖြစ်စဉ် ၎င်းအားလုံခြုံရေးဧရိယာသို့ အမြန်ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ဖြူတော်အတွက် လုံခြုံရေးမတော်တဆမှုများ တော်တော်များများဖြစ်လာခဲ့၍ အိမ်ဖြူတော်ဝင်းအား ပြင်ဆင်မှုများလည်း ပြုလုပ်ခဲ့ရသည်။

ဧပြီလအတွင်းက အိမ်ဖြူတော်စည်းရိုးအား ကျော်တက်သူတစ်ဦးကို တန်ပြန်ထောက်လှမ်းရေးအေဂျင့်များက ဖမ်းဆီးခဲ့ရသည်။

၂၀၁၄ ခုနှစ်အတွင်းကလည်း အီရတ်စစ်ပြန် အိုမာဂွန်ဇယ်လက်ဇ်ဆိုသူ အိမ်ဖြူတော်ခြံစည်းရိုးကို ကျော်တက်ကာ အတွင်းသို့ ဓားတစ်ချောင်းဖြင့် ပြေးဝင်လာခဲ့မှုဖြစ်ပွားသည်။

၂၀၁၃ ခုနှစ်တွင် ဂျစ်ကားဖြင့် ဓားနှင့် သေနတ်များ တင်ဆောင်လာသူတစ်ဦး လုံခြုံရေးဂိတ်ကို အတင်းဖြတ်ကျော် ဝင်တိုက်ခဲ့မှုဖြစ်ပွားခဲ့သည်။
Mizzima - News in Burmese

ဘင်္ဂလားပင်လယ်ပြင်တွင် ဖြစ်ပွားနေသည့် Roanu ဆိုင်ကလုန်း မုန်တိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို အဖျားခတ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းတလျှောက် ဒီရေ ၂ ပေ မှ ၃ ပေထိ မြင့်တက်လာနိုင်သဖြင့် ကမ်းရိုးတန်းရေယာဉ်များကို မေလ ၂၀ ရက်နေ့က စတင်ပြီး ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

"ခရီးသည်တွေ အသက်အန္တရာယ် လုံခြုံမှုအတွက်ပါ။ ခုလောလောဆယ် မုန်တိုင်း သတိပေးချက်ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက် ရှပ်ပြေးရေယာဉ်တွေကို ရပ်ဆိုင်းထားတာပါ။" ဟု ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းမှ မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

ခရီးသည်တင် ရှပ်ပြေးရေယာဉ်များအပြင် ပင်လယ်ပြင် ငါးဖမ်းစက်လှေနှင့် သင်္ဘောကြီးများကိုလည်း ဆိပ်ကမ်းတွင် ရပ်ထားရန် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

"စက်လှေတွေ၊ ငါးဖမ်းဘုတ်တွေနဲ့ ပြည်တွင်းရေကြောင်း သင်္ဘောလိုင်းတွေအကုန်လုံး ဆိပ်ကမ်းတွေမှာ ရပ်ထားပါတယ်။ ပင်လယ်ပြင်မှာ ဘယ် ရေယာဉ်မှ မရှိတော့ပါဘူး" ဟု စစ်တွေမြို့နယ်မှ ငါးဖမ်းစက်လှေပိုင်ရှင် ဦးကျော်သန်းနိုင်က ပြောသည်။

Roanu အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်ပြင်တွင် ဖြစ်ပွားနေပြီး ရခိုင်ကမ်းရိုးတန်းကို အဖျားခတ်နိုင်သဖြင့် ယင်း ပင်လယ်အော်ကို ဖြတ်သန်းကာ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နှင့် တောင်ကုတ်မြို့ အပါအ၀င် အနည်းဆုံး ရခိုင်ကမ်းရိုးတန်းရှိ မြို့နယ် ၁၁ ခုကို ဖြတ်သန်းသွားလာနေသည့် ခရီးသည် ပျမ်းမျှ ၂၅၀၀ ခန့်၏ အသက်လုံခြုံရေးနှင့် ကုန်စည်များအပြင် ရေယာဉ်များ ဆုံးရှုံးနစ်နာမှု မရှိစေရန် ခရီးစဉ်များအားလုံးကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ကမ်းခြေကို ဦးတည် နေသော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်ပါသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုအန္တရာယ်ကို ခံစားရမည်ဖြစ်ပါ၍ လက်ရှိအခြေအနေကို လိမ္မော်ရောင်အဆင့်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကျော်မင်း (စစ်တွေ)
Mizzima - News in Burmese

Zika ကူးစက်ခံရတဲ့ကလေးငယ်။
အမေရိကန် ပြည်ထောင်စုမှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ အမျိုးသမီး အရေအတွက်ဟာ ၂ ဆပိုများနေတယ်ဆိုတာကို၊ စာရင်းကောက်ယူ ရေတွက်တဲ့ ပုံစံပြောင်းလဲရာက တွေ့ရှိခဲ့ရတဲ့အကြောင်း ကျန်းမာရေးဆိုင်ရာ ဗဟိုအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝါရှင်တန်ဒီစီနဲ့ ပြည်နယ် ၅၀ တို့မှာ အမျိုးသမီးစုစုပေါင်း ၁၅၇ ယောက် ရောဂါ ကူးစက်ခံထားရပြီး၊ ရောဂါဖြစ်ပွားမှု အများစုတွေ့ရှိခဲ့ရတဲ့ ပွာတိုရီကို အပါအ၀င် အမေရိကန်ပိုင်နယ်မြေတွေမှာ စုစုပေါင်း ၁၂၂ ယောက် ရှိတယ်လို့လည်း အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC က သောကြာနေ့မှာ ကြေညာခဲ့တာပါ။

ဒါဟာဆိုရင် ပြည်နယ်အားလုံးနဲ့ ၀ါရှင်တန်ဒီစီမှာ အမျိုးသမီး ၁၁၃ ယောက်၊ အမေရိကန်ပိုင်နယ်မြေတွေမှာ ၆၅ ယောက် ရောဂါပိုး ကူးစက်ခံထားရတယ်လို့ CDC က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းထက် အဆမတန် ပိုများလာတာလည်း ဖြစ်ပါတယ်။

အခုအခါ ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ပြည်နယ်တွေ အားလုံးနဲ့ အမေရိကန်ပိုင်နယ်မြေတွေက ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အားလုံးကို ကျန်းမာရေးအရာရှိတွေက မှတ်တမ်းတင်နေတာပါ။ အရင်ကတော့ သွေးစစ်တဲ့အခါ ဗိုင်းရပ်စ်ပိုး တွေ့ရပေမဲ့၊ ရောဂါလက္ခဏာမတွေ့ရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုတော့ စာရင်းထဲမှာ ထည့်မတွက်ခဲ့ပါဘူး။

အမျိုးသမီးတွေ အနေနဲ့ အလားတူ ဗိုင်းရပ်စ်ပိုးတမျိုး ကူးစက်ခံရတဲ့ အခါ သွေးစစ်ဆေးမှု တခုတည်းက အဖြေမှန်မရနိုင်မှာကို စိုးရိမ်လာတဲ့အတွက် CDC က ရေတွက်တဲ့ပုံစံ ပြောင်းလဲခဲ့တာပါ။ အမေရိကန် ကျန်းမာရေး ပညာရှင်တွေကတော့ ခြင်ကတဆင့်ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ပိုးကြောင့် ကလေးတွေမှာ မွေးရာပါဦးနှောက်ချို့ယွင်းမှုတွေ၊ ဖွံ့ဖြိုးမှုမှာ ပြဿနာပေါ်နိုင် တာတွေ ဖြစ်စေနိုင်တယ်လို့ လက်ခံထားကြပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com


Posted on 20May2016

ထိုင်းနိုင်ငံ နကော်ရစီမား ခရိုင်အတွင်း မေလ ၁၉ ရက် နေ့ ကCBR 650F အမျိုးအစား Bigbike ဆိုင်ကယ် ကြီး စီးလာတဲ့ ကျောင်းသား စုံတွဲ က မြို့ ဝင်လမ်းမှာ အမြန်မောင်းရင်း ကားတွေကိုကျော်တက်နေစဉ်မှာ အရှိန်မထိမ်းနိုင်ဖြစ်ပြီး လမ်းမပေါ်မှာ တိမ်းမှောက်သွားခဲ့တာပါ။

ဆိုင်ကယ်ပေါ်မှာလိုက်ပါလာတဲ့အသက်(၂၁) နှစ်အရွယ် ကျောင်းသူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီးအမျိုးသားကတော့ ဆေးရုံမှာအတွင်းလူနာအဖြစ်ကုသနေရပါတယ်။


ကျောင်းသားစုံတွဲဟာ ဆိုင်ကယ်ကြီး ကို မိဘတွေက ၀ယ်ပေး လိုက်တာ ရက်ပိုင်းသာရှိသေးပါတယ်၊ အသံကျယ်ကျယ်နဲ့ ဆိုင်ကယ်ကို အမြန်မောင်း လာပြီး ကားတွေ ကို ကွေ့ ပါတ်ကျော်တက်နေစဉ်မှာ မှောက်ခဲ့တာဖြစ်ပြီးဆိုင်ကယ်ဦးထုတ်ဆောင်း မထားသူ ကျောင်းသူက ဦး ခေါင်းနဲ့ လမ်းမရိုက်မိတဲ့ဒဏ်ရာနဲ့  အရင်သေဆုံးခဲ့ပြီး ဆေးရုံတင်လိုက်ရသူ ကျောင်းသားကတော့ အရှိန်နဲ့  လမ်းမကိုဆောင့် လိုက်တဲ့ အတွင်းဒဏ်ရာ တွေ နဲ့ ယနေ့ သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။

Credit Khaosod
Social Action for Women - SAW

 ခြင်ကကူးတဲ့ ဇီကာဟာ ကိုယ်ဝန်ဆောင်တွေကို အဓိက ခြိမ်းခြောက်
ဘရာဇီးမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ကူးစက်ပြီး ဝမ်းထဲက သန္ဓေသားတွေကိုပါ ထိခိုက်စေခဲ့တဲ့ ဇီကာ ဗိုင်းရပ်စ်ပိုး အာဖရိက ကိုရောက်နေပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ဒဗလျူအိပ်ခ်ျအိုက ပထမဆုံးအကြိမ် အတည်ပြုလိုက်ပါတယ်။ တွေ့တာကတော့ အာဖရိက အနောက်ဖက်ခြမ်းက ကိပ်ဗာ့ဒ်ဆိုတဲ့နိုင်ငံမှာ ဖြစ်ပါတယ်။ ဒဗလျူအိပ်ခ်ျအိုရဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေအရ အဲဒီမှာတွေ့ရတဲ့ ဇီကာပိုးအမျိုးအစားဟာ ဘရာဇီးမှာ မွေးလာတဲ့ ကလေးတွေကို ခေါင်းအဆမတန်သေးနေစေခဲ့တဲ့ ပိုးမျိုးနဲ့အတူတူပဲလို့ဆိုပါတယ်။

 ကူးစက်ခံရသူပေါင်း ၇၀၀၀ ကျော်ရှိပြီး ကိုယ်ဝန်ဆောင်မိခင် ၁၈၀ကျော်မှာ ကူးစက်နေကြောင်း တွေ့ခဲ့ရပါတယ်။ အခုအထိ ကလေးသုံးယောက်ဟာ ဦးနှောက်ထိခိုက်ပျက်စီးပြီး မွေးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ လက်တင်အမေရိကကနေ ဇီကာဗိုင်းရပ်စ်ဟာ အခုအာဖရိကတိုက်ရဲ့ တံခါးပေါက်ဝကို ကိုရောက်လာပြီး အာဖရိက တစ်ခုလုံးဆီ ရောက်သွားစရာ ရှိနေတယ်လို့ ဒဗလျူအိပ်ခ်ျအို အာဖရိကဒေသ ညွှန်ကြားရေးမှူး မာရှီဒီဆိုး မိုတီက ဆိုပါတယ်။
 "ဆီနီဂေါလို နိုင်ငံတွေက ကိပ်ဗာ့ဒ်ကိုလာတဲ့ လူတွေအများကြီးရှိတယ်၊ တခြားအာဖရိကနိုင်ငံတွေကလည်း ဝင်ထွက်သွားလာနေတော့ နိုင်ငံအများကြီးကို ပြန့်သွားမှာ စိုးရိမ်စရာ ရှိနေပါတယ်။ ဒါကြောင့် အာဖရိကက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဇီကာအန္တရာယ်ကို သိနားလည်ဖို့ ခြင်ကိုက်မခံရအောင်ကာကွယ်ဖို့ အရေးပေါ်လုပ်ဆောင်ပေးရမယ်" လို့ သူက ပြောပါတယ်။

 အမေရိကားကိုလည်း ရောက်နေပြီ ဇီကာပိုးဟာ အမေရိကားကိုလည်း ကူးစက်လို့ အခုဆို ကိုယ်ဝန်ဆောင် ၁၅၇ ဦးမှာ ပိုးတွေ့ခဲ့ရတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

 ဒါကြောင့် ဇီကာကာကွယ်ရေးအတွက် ဒီနှစ်ဆန်းက သမ္မတ အိုဘားမားက ဘဏ္ဍာငွေ ဒေါ်လာသန်း နှစ်ထောင်နီးပါး ချပေးဖို့ ကွန်ဂရက် လွှတ်တော်ကိုတောင်းဆိုခဲ့ပေမယ့် အခုအထိ သန်း ၅၉၀ ပဲချပေးတာကိုလည်း သမ္မတက ဝေဖန်ခဲ့ပါတယ်။
 "ကွန်ဂရက်က တောင်းထဲ့ငွေ သုံးပုံတစ်ပုံပဲချပေးတယ်၊ ဒါကလည်း အီဘိုလာအတွက် ဖယ်ထားတဲ့ ရန်ပုံငွေထဲက ပေးတာဖြစ်နေတယ်။ ပေါ်လ်ကို ပေးစရာရှိတာကို ပီတာ့ဆီက လုယူပြီးပေးသလို ဖြစ်နေတယ်" လို့ သမ္မတက ပြောပါတယ်။

 မစ္စတာအိုဘားမားက ဇီကာကို တံတိုင်းဆောက်ပြီး ကာကွယ်လို့လဲ မရ၊ ခြင်ဆိုတာကလည်း အကောက်ခွန်ဂိတ်ကို ဖြတ်တာလည်း မဟုတ်တော့ တစ်ဦးချင်းစီက အသိနဲ့ ကာကွယ်ကြဖို့လိုတယ်လို့လည်း ပြောပါတယ်။ ဒဗလျူအိပ်ခ်ျအိုကလည်း ဇီကာပိုးဟာ လပိုင်းအတွင်းမှာပဲ ဥရောပကိုလည်း ရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

BBC Burmese
http://www.bbc.com/burmese


မနေ့က ဆိုက်ကားဆရာ ၅၀အတွက်သိန်း၅၀လှူ ဒါန်းပြီးနောက်ညနေပိုင်းမှာမိုးပြေး
လေးများဖြင့် အလှူဒါနကိုရေစက်ချလိုက်၏။

ယနေ့(19.5.2016) နေ့မှာ ထပ်မံပြီး ဆိုက်ကားဆရာ ၆၃၀ ကျော်အတွက် တစ်ယောင်တစ်သိန်း
ကိုယ်ထိလက်ရောက်လှူဒါန်းပြီးသည်နှင့်ပျဉ်းမနားတမြို့လုံးငရဲပြည်မှဆွဲထုတ်သွားသလို
ချက်ချင်းအေးစိမ့်သွားတဲ့အရသာအောက်မှာကျွန်တော်အပါအဝင် ဆိုက်ကားဆရာများလဲ
ညစာဟင်းကောင်းတစ်ခွက်နဲ့အတူ သူ့အကြောင်းတွေးနေကြမှာမလွဲပါ ။

ပျဉ်းမနားမြီု့ရှောင်လမ်းမကြီးဘေး အောင်းကုန်းရွာကလေးမှာ ဦးဘိုးကြွယ်&ဒေါ်အမာ မိဘနှစ်
ပါးမှမွေးခဲ့ပြီး မွေးချင်း ၃ယောက်အနက်အငယ်ဆုံးသား ။ အမေ ကလဲဆုံး ..အဖေကလဲကျမ်း
မာရေးမကောင်း ,အစ်မကြီးကလဲ အိမ်ထောင်ပြုအစ်ကိုကလဲအဝေးရောက် ။
စာသင်ချင်လွန်းလှတဲ့ဦးစိုးတင့်အ.ထ.က (၂)သို့ကျောင်းတက်ဖို့ရောက်လာ
တော့ ဝတ်စုံတစုံသာပါလာသည်။ သူများအိမ်ကကျောငိးတက်ရသည်မို့ အိမ်ရှင်ကျေနပ်ဖို့ရေခပ်
ရသည်။ ရေစည်လှည်းသမားနဲ့အတူနောက်က
နေကူတွန်းရသည်။

မိုးရွာလျှင်တစုံတည်းရှိကျောင်းဝတ်စုံကိုအကြော်ဖိုသု့်သွားပြီးမီးကင်ရသည်။ စာကျက်ရင်လမ်း
ဘေးမီးတိုင်အောက်သွားပြီးစာကျက်။လူကြီးများထံမှ မုန့်ဖိုးတောင်ဖို့ဝေးစွ တနှစ်တခါ
ကျောင်းထားပေးရင်ကို သူဝမ်းသာလှပြီ။
ဆင်းရဲလွန်းလှတဲ့ ထ/၂ကျောင်းသားဦးစိုးတင့်။ စာအုပ်ဖိုးငွေကို သူ့ဆရာများက
ထောက်ပံခဲ့ရသည်။ ရှစ်တန်းတွင်တစ်ဘာသာဂုဏ်ထူး အမှတ်ကောင်းကောင်းဖြင့် သိပ္ဖံလိုင်း
မှအောင်မြင်ခဲ့သည်။

၁၉၆၈ခု ယခုလိုကျောင်းဖွင့်ရာသီတွင် ၉တန်းဆက်မတက်တော့ဘဲ ဆရာများအကြံပေးမှု
အတိုင်း ရန်ကုန်နတ်မောက်G.T.Iကျောင်းသို့EP ဖြင့်တက်ရန်အဝတ်အစားအဟောင်းနှစ်စုံ
ခေါင်းအုံးပါးပါးလေးကို စားပွဲခင်းဖြင့်ထုတ်ပြီးဆရာများမှစုပြီးပေးလိုက်ငွေ တစ်ထောင်ကျပ်
ကိုသေချာဆုပ်ပြီး ရန်ကုန်တက်ခဲ့ရသည်။

ကျေးဇူးကြီးလှသောသူ့ဆရာမဒေါ်လှစိန် နှင့် ဆရာဦးရဲမြင့်တို့က ကျောင်းပြီးသည်အထိထောက်ပံ့ခဲ့ကြသည်။
ရန်ကုန်စည်ပင်တွင်တနေ့ခြောက်ကျပ်ခွဲ အငယ်တန်းအင်င်္ဂျင်နီယာရာထူးဖြင့်လုပ်
ကိုင်လာသောလဲမကြီးပွားနိုင်သဖြင့်ထွက်ပစ်ပြီးအပြင်တွင်လျှပ်စစ်နဲ့ပတ်သက်သောကိုယ်ပိုင်
အလုပ်ကိုစလုပ်ခဲ့သည်။

အထင်မကြီးပါနှင့်ဦး. .စစ်လွယ်အိတ်ထဲတွင်ဝက်အူလှည့်ပလာယာထဲ့ကာ ပန်ကာမော်တာ
ရေစက်မိုတာပြင်ရုံသာဖြစ်သည်။လုပ်ငန်းလေးကောင်းလာသဖြင့်ရွှေဂုံတိုင် ဗန်ဒါပင်ဈေးနားကအခန်းကိုငှားချင်သည်။ စပေါ် ၅၀၀၀မတတ်နိုင်သဖြင့် နောင်တွင်
ပါရမီဖြည်ဖက်ဖြစ်လာမည့်အထည်သည်မရင်နုထံမှ ငွေချေးယူရသည်။
ထိုခေတ်အချိန်ကကုန်ကြမ်းပစ္စည်းအလွန်ရှားသည်။ရေခဲစက်.ဆန်စက်..ဆီစက်
များအသုံများလာသဖြင့် မော်တာတွေအပျက်များလာသည်။အလုပ်ကောင်းလာသဖြင့်
အလုပ်သမား၅ဦးခန့်ပါ နေလို့ရမည်အိမ်ကိုငှားပြီးအလုပ်လက်ခံသည်။
တနေ့.... ..ဦးစိုးတင့်၏ဘဝကိုအလုံးစုံ
ပြောင်းပစ်တော့မည့်သူပေါ်လာပါသည်....

သူကားပျော်ဘွယ်မြို့တွင်မသိသူမရှိဘေဘီဦးအုန်မောင် ပင်ဖြစ်သည်။အသားဖြူဖြူ
ပုပုအမြဲတက်ကြွနေသော ဆီစက်/ဆန်စက်သူဋ္ဌေးကြီးဖြစ်သည်။ သူ့တွင်သား၃ ယောက်ရှိ
သော်လဲအဖေ့ခြေရာမနင်းနိုင်ကြ ။ သူဋ္ဌေးသားသည်သူဋ္ဌေးကြီးရှာထားသောငွေကိုဖြုံးဖို့မွေး
လာသူများဟုခံယူထားကြသည်။
သားကြီးဖြစ်သူကိုကျော်ကြီး၏ အာမခံမှုကြောင့် ဦးစိုးတင့်နှင့်တွေ့ပြီးနောက်ပိုင်း
လုပ်ငန်းရှင်တယောက်ရဲ့အရည်အချင်းများအတွေးအခေါ်များ။ လူတယောက်ကိုမြင်သည်
နှင်သူဘာပြောချင်နေသည်။ဘာဖြစ်ချင်နေသည်ဆိုသည့်လူကဲခတ်အတတ်ပညာများကိုသားအ
ရင်းနဲ့မခြားညတိုင်းသင်ပေးသည်။ ဦးစီုးတင့်မှလဲသေသေချာချာမှတ်သားသည်။
နှုတ်အားဖြင့်စောင်မကြညိရှုသည်သာမဟုတ်။ ငွေအားဖြင့် ဗိုလ်စိန်မှန်ရပ်ကွက်အတွင်း
အိုးပိုင်အိမ်ပိုင်ဖြစ်စေရန်စိုက်ထုတ်အကုန်အကျခံသေးသည်။ မန္တလေးမှ ဆီစက်ဆန်စက်သူဋ္ဌေး
များဖြင့်ချိတ်ဆက်ပေးခဲ့သည်။

၁၉၈၈..န.ဝ..တ ခေတ်တွင်မအောင်မြင်သောစီမံကိန်းများမှ အပုံအပင်ပစ်ထားသော
ထရန်စဖော်မာကြီးများ။ အသစ်ဝယ်ရန်လဲအစိုးရမှာ ဒေါ်လာ မရှိ။ ပျက်တာလေးလောက်မှာပြန်
တော့ မော်ဒယ်ကအောက် ။ ဦးစိုးမြင့်ကိုဘဲအားကိုးရတော့သည်။
နိုင်ငံအတွက်အဓိကလိုအပ်နေသောဟာကွက်ကိုသိရှိပြီူနောက် စိုးလျှပ်စစ်နှင့်စက်
ကရိယာကုမ္ပဏီ တည်ထောင်ပြီးရဲရဲတွေးရဲရဲလုပ်ကာ ကိုယ်ပိုင် SOE တံဆိပ်ဖြင်ထရန်
စဖော်မာများထုတ်လုပ်ခဲ့ပါသည်။
ဆင်းရဲလွန်းခဲ့သောသူ့ဘဝ။ သူ့လိုဆင်းရဲမှာကိုနောက်ဘယ်တော့မဖြစ်စေရန်ရည်ရွယ်
ပြီး သူနေခဲ့တဲ့ရွာ ။ သူစာသင်ခဲ့တဲ့ကျောင်းသူ့အပေါ်ကျေးဇူးရှိတဲ့မြို့ ။ သူ့ဆရာသမားတွေ
တွေကို ဆက်တိုက် ဆက်တိုက် လမခြား နှစ်မခြားတော့ဘဲ လှုစရာနေရာမကျန်တော့
အောင်ကိုလှူဒါန်းနေတာလဲ ပျဉ်းမနားမြို့လုံးသိ။

ပညာရေးပိုင်းတွင် ခေတ်မီမူလွန်ကျောင်းလေးများကို နေရာအနှံ့ခိုင်ခန့်သပ်ယပ်စွာဆောက်
ပေးထားသည်။ သူနေခဲ့သည့်ကျောင်းကိုလဲနေရာကျဉ်းကျဉ်းလေးကိုဘဲအမိအရလေးထပ်
လန်ပျံထွက်သွားအောင်ဘာမျှတောင်းဆိုစရာမလိုအောင်ကိုလှူဒါန်းရေစက်ချခဲ့သည်။
နေရာကျယ်ဝန်းသည့် ထ/၁တွင် ဓမ္မာရုံကြီးကို ဟီးထနေအောင်ဆောက်လုပ်
လှုဒါန်းခဲ့ပြီး ။ ပညာရေးတွင်ထူးချွန်သူများကိုစိုးလျှပ်စစ်ပညာရေးဖောင်ဒေးရှင်းမှကျောင်းပြီး
အလုပ်ရသည်အထိတာဝန်ယူခဲ့သည်။

အခမဲ့ကွန်ပြူတာသင်တန်းများကိုလဲဖွင့်လှစ်သည်မှာ အပတ်စဉ် (17)တောင်ရောက်ပြီဖြစ်။
ဘာသာရေးအပိုင်းတွင်.......အောင်းကုန်းကျေးရွာတွင်ဓမ္ပာရုံကြီးတလုံး။
ဂုဏ်မင်းအိုင်ကျေးရွာတွင် ဘုရားဒါယကာကြီးဦးစိုးတင့် &ဘုရားဒါယိကာမကြီး ဒေါ်ရီရီမာ
(@)ဒေါ်ရင်ရင်နု သား..ဦးကျော်မင်းထွန်း &ဒေါ်မျိုးမျိုးခိုင်....မြေး...မောင်သုခစိုးမိသားစုတို့မှ
အေးငြိမ်းချမ်းသာဆုတောင်းပြည့်စေတီတော်ကြီး ကိုလှူဒါန်းခဲ့ပြီး။ ဟောင်နွမ်းယိုယွင်းနေ
သော ဝတ်ဖြူတော် ၈ သင်းမှ ဓမ္မရုံ ၈ ခုကိုလဲအပိုင်နေရာမရှိသေးပါက မြေပါအပြီး
အပြတ်ဝယ်လှူကာ ခေတ်မီခန့်ညားထည်ဝါလှသည့်ဓမ္ပာရုံကြီးများမှာလဲတချိန်တည်းအပြိုင်
ဆောက်ကာအချောသပ်နေကြပြီဖြစ်သည်။

ထိုဓမ္မရုံကြီးများတွင်စဉ်ဆက်မပြတ်လုပ်လာခဲ့ကြသည့် ၇၀ ကျော်အဖိုးအဖွားများ
ရဟန်းသံဃာတော်များ/ သီလရှင်ဆရာကြီးများအယောက် ၁၀၀ကိုလဲ ဗုဒ္ဓဂါယာ သို့ဘုရား
ဖူးခရီးစဉ်တွင် ကျမ်းမာရေးအတွက်ဆရာဝန်တစ်ဦးပါထဲ့ပေးပြီး ဟိုနိုင်ငံရောက်ပါက လှူဒါန်း
နိုင်ရန်ရည်ရွယ်၍ဒေါ်လာငွေ ၁၀၀စီကိုအသေးစိတ်လိုလေသေးမရှိကုသိုလ်ပြုပို့ဆောင်ပေးခဲ့
ပါသည်။ပျဉ်းမနားသံဃာ့ဆေးရုံအတွက်လဲမပြတ်လှူဒါန်းနေသလို။ ပြီးခဲ့သည့်မွေးနေ့
အလှုတွင်လဲပင်ု့သံဃာ အပါး ၁၅၀၀အတွက်တစိပါးလျှင် ဝထ္ထုငွေ ငါးသောင်းကျပ်အပြင်လှု
ဖွယ်ပစ္စည်းစုံလင်စွာဖြင့်လှုဒါန်းခဲပြီးဖြစ်၏။

လူမှုရေးအပိုင်းတွင်လဲအကျယ် ၆ဧကရှိမြေတွင် ကျပ်သိန်းပေါင်းနှစ်သောင်းငါးထောင်
အကုန်အကျခံကာ **အေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ**ကြီးတည်ဆောက်ပြီး အဖိုး
အဖွားများအတွက် စားရေးသောက်ရေးကျမ်းမာရေးများ အလုံးစုံတာဝန်ယူပြီး အမြဲခန့်
ဝန်ထမ်းများဖြင့်မလစ်ဟင်းအောင်ဆောင်ရွက်လျှက်ရှိပါသည်။ နှစ်ပေါင်းများစွာရိပ်သာကြီး
အဓွန့်ရှည်စေရန် များပြားလှသောငွေကြေးများမတည်ထားရှိပြီး သက်ဝင်လှုပ်ရှားနေစေရန်
ခေတ်မီစိတ်ကူးတခုဖြစ်သည့်..............မီးခိုးတလူလူ စက်သံတဘောင်းဘောင်း
ဖြင့် ၅ နှစ်ခန့်မောင်းနှင်နေသည့်ပျဉ်းမနားသားစစ်စစ် အယောက် ၅၀ ကိုလဲ ခေတ်မီ Hijet
ကားဖြင့်အလကားလဲလှယ်ပေးပြီး ရိပ်သာကြီးနောင်ရေးအတွက်စိတ်အေးရအောင်လုပ်ပေး
ခဲ့သည်။

မြို့လူထုအတွက်ဆောင်ရွက်ခဲ့ရာတွင်တောင်/မြောက်ဆက်သွယ်ထားသည့် ငလိုက်
ချောင်းကူးတံတားအသစ်ကြီးကို ၂လမ်းထိပ်တွင်ဆောက်လုပ်နေပြီး ကျဉ်းလွန်းလှသော
၆လမ်းတံတားကို သံကူကွန်ကရစ်ဖြင့် ၄လမ်းသွားတံတားဖြစ်အောင်ဆောက်နေကာ ပြီးစီးပါ
က ၉ လမ်းတံတား နှင့် ၈၅ တံတားကြီးကိုပါထပ်ချဲ့မည်ဖြစ်ပါသည်။

အားကစားဖက်တွင်လဲစိုးလျှပ်စစ်ဖောင်ဒေးရှင်းဖလားကို နှစ်စဉ်မပျက်ကျင်းပနိုင်အောင်မတည်
ရံပုံငွေထာရှိပြီးဖြစ်သည်။
နှစ်ကျပ်ရှစ်ဆူပွဲနီးလာပါက အဆိုတော်ငှားရခြင်း,တီးဝိုင်းငှားရခြင်း ,ဆိုင်းဝိုင်းငှားခြင်း
ဒုက္ခကင်းဝေးစေရန် မြို့ပေါ်ရွာစာဆရာကြီးများ/ ခေတ်ပေါ်ဂီတပညာရှင်များ/အသံပိုင်းဆိုင်
ရာပညာရှင်များဖြင့်လဲ တွေ့ဆုံခဲ့ပြီးဖြစ်သည်။ငယ်ကပေါင်းဖက်သူငယ်ချင်းများကိုလဲ
ဖေးမကူညီစောင့်ရှောက်ခဲ့ပြီးဖြစ်သည်။

ရေးလို့ကုန်မည်မဟုတ်ပါ။ ကျွန်တော်မသိတာတွေမြောက်များစွာကျန်နေပါလိမ့်မည်။ FB
ပေါ်တက်လာသမျှလေးသာဖြစ်ပါသည်။

လွန်ခဲ့သည့် ၄ရက်ခန့်က အက်စီးဒင့်တခုကြောင့်ကွယ်လွန်ခဲ့သည့် ပင်လုံဆေးရုံ,....
ရွှေဂုံတိုင်ဆေးရုံ,...ဥတ္တရသီရိဆေးရုံ နှင့်Universal Medical Centre Co,Ltdတို့ရဲ့
ပိုင်ရှင် ခရိုနီဟုသမုတ်ခံသူတဦးကွယ်လွန်ခဲ့ရာတွင် သူ့ဇာတိမြေ ဝါးခယ်မမြို့အတွက်ဆေးရုံ
နှင့်သက်ဆိုင်သောအလှုသေးသေးလေးတခုသာလှူဒါန်းနိုင်ခဲ့သည်။
ကျေက်စိမ်းဘုရားကြီးလိုကမ္ဘ္ဘ္ဘာကျော်အောင်လှူဒါန်းခဲ့သော ဘုရားဒါယကာသည်
ခရိုနီမဟုတ်ပါ။

ပျဉ်းမနားမြို့သည်စာရေးဆရာ,ကဗျာဆရာများထွန်းကားသည့်အလျှောက် ဆရာကြီး
သော်တာဆွေရေးခဲ့သည်""ငွေကိုလေလိုသုံးလေသူ "!စာအုပ်ကြောင့် မိုးကုတ်မြမောင်သည်
ကမ္ဘာကျော်ခဲ့သလို....ပျဉ်းမနားမြို့အပေါ်ထားရှိတဲ့ စိုးလျှပ်စစ်ဥက္ကဌ ဦးစိုးတင့် @ ခေတ်သစ်
ဝေသန္တရာသူဋ္ဌေးအကြောင်း ခန့်ခန့်ညားညားမှတ်မှတ်ထင်ထင် ကို မျိုးဆက်သစ်ကလေး
လူငယ်အပေါင်းတို့ ကိုယ်ရပ်ရွာကောင်းကျိုးနောက်မဆုတ်တမ်းအားကျ အတုယူလာစေရန်
ကျောင်းဆရာ/ဆရာမအပေါင်းက၎င်းစာရေးဆရာများ မြို့လူထုကပါစုပေါင်းပြီး
ကျွန်တော်တို့အပေါ်တင်ရှိနေတဲ့ သူရဲ့ကျေးဇူးအကြွေးတွေကိုနိုင်သလိုပြန်ဆပ်ကြပါစို့။

credit: Aung Cho ,Mg Ohn Pe

"ရွန်နူဓ ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်း ရပါသဖြင့် လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

------------------------------------------
(၂၀၁၆ ခုနှစ်၊ မေလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၈း၀၀)နာရီ အချိန် ထုတ်ပြန်ချက်)
------------------------------------------

(က) ယနေ့မြန်မာစံတော်ချိန် (၀၇း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU)သည် အရှေ့-အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် (၁၅)မိုင်နှုန်း ဖြင့်ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒေ့ရှ်မြို့၏ အရှေ့ဘက် မိုင်(၉၀)ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် (၂၃၅)မိုင်ခန့်၊ ကော့ဘဇားမြို့၏ အနောက်-အနောက်တောင်ဘက် (၂၂၅)မိုင်ခန့်၊ ကိုးကတ္တားမြို့၏ တောင်ဘက် (၁၃၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက် မြောက်ဘက် (၂၆၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်-အနောက်မြောက်ဘက် (၃၀၅)မိုင်ခန့်၊ မောင်တောမြို့ ၏ အနောက်ဘက် (၂၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်း ရပါသဖြင့် လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
-------------------------------------------------------------------
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန်(၀၇း၃၀)နာရီအချိန်တွင် မြောက် လတ္တီကျု(၂၀.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)နှုန်း ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်း ခန့်မှန်းချက်
----------------------------------------
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်း‌ခြေဒေသကို ကော့ဘဇားမြို့နှင့် စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်စဉ် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုင်(၅၀)မှ မိုင်(၆၀)ခန့်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင်(၄၀)မှ (၄၅)မိုင်ခန့် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ပါသည်။

(ဃ) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောနှင့် စစ်တွေခရိုင် ကမ်းခြေဒေသများတွင် (၁၂)ပေမှ (၁၄)ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ကမ်းခြေဒေသတွင် (၁၀)ပေမှ (၁၂)ပေ ခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
------------------------
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် (၂၁.၅.၂၀၁၆)ရက်နေ့မှ (၂၃.၅.၂၀၁၆)ရက်နေ့အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်။

အကြံပြုချက်
-------------
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့်‌ ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်းသွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။

Ref : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ထိုင်ဝမ်ရဲ့ သမ္မတသစ်က ၀န်ထုပ်ဝန်ပိုးတွေကို သမိုင်းထဲမှာ ပစ်ချထားလိုက်ပြီး ပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ရာထူးလက်ခံတဲ့ မိန့်ခွန်းမှာ တရုတ်ပြည်မကြီးအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်ဝမ်အစိုးရသစ်အနေနဲ့ ထိုင်ဝမ်-တရုတ် ဆက်ဆံရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း၊ ထိုင်ဝမ်နယ်မြေနဲ့ ပြည်မကြီးတို့ကြား အုပ်ချုပ်မှု ဆက်ဆံရေး အက်ဥပဒေ အတိုင်း၊ တခြား သက်ဆိုင်ရာ ဥပဒေတွေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် နှစ်ဖက်စလုံးက အာဏာရပါတီတွေအနေနဲ့ သမိုင်းဝန်ထုပ်ဝန်ပိုးတွေကို သမိုင်းထဲမှာထားပြီး အပြုသဘောညှိနှိုင်းမှုတွေ၊ နှစ်ဖက်ပြည်သူတွေ အကျိုးရှိစေမယ့် ကိစ္စတွေအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။

သမ္မတသစ် Tsai Ing-wen ရဲ့ ဒီမိုကရက်တစ်တိုးတက်သောပါတီ (ဒီပီပီ) ဟာ ဇန်န၀ါရီလ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရပြီး တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ကောင်းတဲ့ အမျိုးသားဝါဒီ သမ္မတ မာယင်ကျောက် ခေတ်ကို အဆုံးသတ်ဖို့ ဖြစ်လာပါတယ်။

အမျိုးသမီးသမ္မတသစ်က တရုတ်သမ္မတနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာမယ့်အကြောင်း ကတိပြုသလို၊ ထိုင်ဝမ်ရဲ့အချုပ်အခြာ အာဏာပိုင်မှုကိုလည်း ထိန်းသိမ်းသွားမယ်လို့ သန္နိဋ္ဌာန်ပြုပါတယ်။

အရှေ့တရုတ်ပင်လယ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ ပြောကြားရမှာတော့ အငြင်းပွားစရာကိစ္စတွေကို ဘေးဖယ်ထားပြီး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်ဝမ်ဘက်က လိုလားတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒီပီပီပါတီဟာ အစဉ်အလာအရ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးကနေ ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ် ထူထောင်ဖို့ လိုလားတဲ့ ပါတီဖြစ်လို့ တရုတ်ပြည်မကြီး အစိုးရဘက်ကတော့ ဒီပီပီပါတီကို မယုံကြည်ပါဘူး။

ဒီပီပီပါတီက တင်တဲ့ သမ္မတဟာ ထိုင်ဝမ်ရဲ့ ၁၄ ဦးမြောက် သမ္မတဖြစ်ပြီး ပထမဆုံး အမျိုးသမီးသမ္မတလည်း ဖြစ်ပါတယ်။
DVB TV News

ရခိုင်ပြည်နယ် ကျောက်ဖြူမှာ လူကုန်သူအမျိုးသမီး ၄ ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်စု (စစ်တွေ) မှ ရဲမှူး ကျော်ညွန့် ဦးစီးအဖွဲ့က သူတို့ရဲ့ နေအိမ်အသီးသီးကနေ မေ ၁၈ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ လူကုန်ကူးခံရသူ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာမှ မနှင်းစန္ဒာဖြိုး (အသက် ၂၁ နှစ်)၊ မလကျွန်းကျေးရွာမှ မသူဇာခင် (အသက် ၁၇ နှစ်) နဲ့ မဖြူဖြူခင် (အသက် ၂၀ နှစ်) တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ကနေ ထွက်ပြေးလွတ်မြောက်လာပြီး တိုင်ကြားရာမှ လူကုန်ကူးသူတွေကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးအားလုံးဟာ ကျောက်ဖြူမြို့နယ်ကဖြစ်ပြီး ဆားပြင်ကွင်းရွာမှ ဒေါ်မြသန်း အသက် ၄၀ နှစ်၊ ငလပွေ့ကျေးရွာမှ ဒေါ်စံစံ အသက် ၄၄ နှစ်၊ ကညင်တောရွာမှ ဒေါ်မရွှေလှ အသက် ၃၉ နှစ်နဲ့ အရာရှိရပ်ကွက်မှ ဒေါ်နွယ်နွယ် အသက် ၄၂ နှစ်တို့ဖြစ်ပါတယ်။

လူကုန်ကူးသူတွေက သူတို့ကို တရုတ်နိုင်ငံရှိစက်ရုံမှာ အလုပ်သွင်းပေးမယ်လို့ ပြောဆိုစည်းရုံးတာကြောင့် တရုတ်နိုင်ငံကို ဧပြီလကတည်းလိုက်ပါသွားကြောင်း၊ တရုတ်နိုင်ငံ ရောက်ရှိပြီးနောက် တရုတ်အမျိုးသားနဲ့ လက်ထပ်ရမှာကိုသိရှိလို့ ထွက်ပြေးလာကြောင်း လူကုန်ကူးခံရသူအမျိုးသမီးတွေက ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူ မနှင်းစန္ဒာဖြိုးက “တရုတ်နိုင်ငံမှာ ဘောင်းဘီနဲ့ဖိနပ်စက်ရုံမှာ အလုပ်သွင်းပေးမယ်။ တလ မြန်မာငွေ ကျပ် ၁ သိန်းလောက်ရရှိမယ်လို့ ဒေါ်စံစံက ပြောလို့ တကယ်ထင်ပြီး လိုက်သွားတာပါ” လို့ ပြောပါတယ်။

အပျိုဆိုရင် မြန်မာကျပ်ငွေသိန်း ၅၀ ရမယ်၊ အိမ်ထောင်ကျဖူးတယ်ဆိုရင် မြန်မာကျပ်ငွေ ၃၅ သိန်း ရမယ်ဆိုပြီးတော့ ပွဲစားချင်း ပြောစကားကိုကြားမှ ရောင်းစားလိုက်ပြီးဆိုတာကိုသိရလို့ ညတွင်းချင်း သုံးဦးစလုံး တည်းခိုခန်းကနေ ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့နေ၊ မြန်မာနိုင်ငံသား ဦးမိုးဝေ ဆိုသူက အကူအညီပေးလို့ မူဆယ်မြို့ကို ရောက်ရှိလာကြောင်း၊ ကားသမားတွေထံအကူအညီတောင်းပြီး မူဆယ်မှ မန္တလေး၊ မန္တလေးမှ စစ်တွေကို လိုက်ပါခဲ့ကြတာလို့ မနှင်းစန္ဒာဖြိုးက ပြောပါတယ်။

စစ်တွေမြို့ကိုအရောက်မှာ သူတို့သုံးဦးကို စစ်တွေလူကုန်တားအဖွဲ့မှ ခေါ်ဆောင် စစ်ဆေးခဲ့ပြီးနောက် ကျောက်ဖြူမြို့ကို ပြန်လည်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို မနှင်းစန္ဒာဖြိုးက တရားလိုလုပ်တိုင်တန်းပြီး ကျောက်ဖြူမြို့မရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပေဒ ပုဒ်မ ၂၄ အရ အရအရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

လူကုန်ကူးခံရသူ အမျိုးသမီးသုံးဦးကို မေ ၁၉ ရက် နေ့လယ်က ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမမှာ မိဘများတွေထဲ ပြန်လည်အပ်နှံခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ – Tun Tunnaing Ksng
DVB TV News

မြန်မာအလုပ်သမားအလောင်းအား တွေ့ရှိခဲ့သည့် နေရာကို တွေ့ရစဉ် (PHOTO: THE NEW PAPER FILE)

စင်ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦး အမြင့်မှ ပြုတ်ကျကာ သေလုမျောပါး ဖြစ်နေချိန်တွင် ဆေးရုံသို့ ပို့ဆောင်မပေးဘဲ လမ်းဘေးတွင် စွန့်ပစ်ခဲ့သည့် စင်ကာပူအလုပ်ရှင်အား မေ ၂၀ ရက်တွင် စင်ကာပူတရားရုံးကထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၈၅၀၀၀ မပေးဆောင်နိုင်ပါက နောက်ထပ် ထောင်ဒဏ် နှစ်လနှင့် နှစ်ပတ် ထပ်မံကျခံရမည် ဖြစ်ကြောင်း စင်ကာပူThe Straits Times သတင်းစာတွင် ဖော်ပြမှုအရ သိရသည်။

The Straits Times သတင်းစာ၏ သတင်းဖော်ပြမှုအရ စင်ကာပူအလုပ်ရှင် Muhammad Hidayat Abdul Rahman ထံတွင် ဆေးသုတ်သမားအဖြစ် အလုပ်လုပ်သူ မြန်မာအလုပ်သမား မျိုးမြင့်အောင်(၂၈ နှစ်) သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၆ ရက် ညဥ့်နက်ပိုင်းက VivoCity ၏ တိုက်အမြင့်နှစ်ခုအား ဆက်သွယ်ထားသည့် တံတားအမိုးပေါ်၌ ဆေးသုတ်နေရာ အမြင့် ၁၁ ဒသမ ၇ မီတာမှ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာအလုပ်သမား မျိုးမြင့်အောင် အမြင့်မှ ပြုတ်ကျ၍ သေလုမျောပါး ဖြစ်နေချိန်တွင် အလုပ်ရှင် Hidayat နှင့် ၎င်း၏အကိုAzhar တို့သည် မျိုးမြင့်အောင်အား ဆေးရုံသို့ ပို့ဆောင်ကုသမှု မပြုလုပ်ပေးခဲ့ဘဲ SongfaBakKutTeh တရုတ်စားသောက်ဆိုင် အနီးရှိ လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြသည်။

အလုပ်ရှင် Hidayat အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်း၏ အလုပ်သမားများကို ဆေးသုတ်ခိုင်းရာတွင် ဘေးအန္တရာယ် ကင်းစေရန် ပြုလုပ်ပေးရမည့် လုပ်ဆောင်မှုများ ပျက်ကွက်ခဲ့ကြောင်းနှင့် အလုပ်သမား မျိုးမြင့်အောင်မှာလည်း တရားဝင် အလုပ်လုပ်ခွင့် မရရှိထားကြောင်း ၀န်ခံခဲ့သည်ဟု သိရသည်။

လက်ထောက် အမှုစစ်အရာရှိ Kelly Ho က တရားရုံးသို့ ထွက်ဆိုရာတွင် သေဆုံးခဲ့သူ မြန်မာအလုပ်သမား မျိုးမြင့်အောင်နှင့် အလုပ်ရှင် Hidayat တို့သည် ၂၀၁၁ ခုနှစ်ကတည်းက လက်တွဲလုပ်ကိုင် လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားသည့်နေ့တွင် မျိုးမြင့်အောင်နှင့်အတူ အခြားမြန်မာ အလုပ်သမား တစ်ဦးဖြစ်သူ မင်းအောင်မြတ်မင်းလည်း ရှိနေကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများအရ အလုပ်ရှင် Hidayat ၏ အထပ်မြင့် ၀န်ဆောင်မှုလုပ်ငန်းတွင် လုပ်ငန်းခွင် လုံခြုံရေး ကြီးကြပ်ရေးမှူးဖြစ်သူ ၎င်း၏အကို Azhar က ယင်းမြန်မာ အလုပ်သမားနှစ်ဦး အထူးသဖြင့် မျိုးမြင့်အောင်သည် အလုပ်ခွင်အတွင်း အမူးလွန်သည်အထိ အရက်သောက်တတ်သောကြောင့် အလုပ်လုပ်ခွင့် မပေးရန် ညီဖြစ်သူ Hidayat အား သတိပေးခဲ့ကြောင်း သိရသည်။ ထို့ကြောင့်အလုပ်ရှင် Hidayat က မျိုးမြင့်အောင်အား အလုပ်လုပ်ခွင့် မပြုရန် Azhar ကို ပြောကြားခဲ့ရာတွင်မူ Azhar က မတားမြစ်ခဲ့ကြောင်းလည်း စုံစမ်းသိရသည်။

ထို့ပြင် Azhar သည် တိုက်အမြင့်နှစ်ခုအား ဆက်သွယ်ထားသည့် တံတားအမိုးပေါ်၌ မြန်မာအလုပ်သမားနှစ်ဦး အလုပ်စတင်လုပ်ကိုင်ရာ အောက်တိုဘာ ၆ ရက် ညဥ့်နက်ချိန်တွင် ဆေးသုတ်နေသည့် ခေါင်မိုးပေါ်၌ အလင်းရောင် မလုံလောက်ခြင်းနှင့် အတားအဆီး မခံထားခြင်းကို သိရှိသော်လည်း မတားမြစ်ခဲ့ကြောင်းလည်း စုံစမ်းမှုအရသိရသည်။

သေဆုံးသူ အလုပ်သမား မျိုးမြင့်အောင် အမြင့်မှ ပြုတ်ကျသည်ကို တွဲဖက်အလုပ်လုပ်သူ မင်းအောင်မြတ်မင်းက တွေ့ရှိသဖြင့် Azhar ကို အကြောင်းကြားခဲ့ရာAzhar က အလုပ်ရှင် Hidayat ကိုခေါ်ယူခဲ့ကြောင်းနှင့် Hidayat ၏ ကားနောက်ခန်း အတွင်းသို့ မျိုးမြင့်အောင်အား ထည့်သွင်းခဲ့ပြီး ၎င်း၏ လုပ်ငန်းခွင် အ၀တ်အစားများကို အရပ်ဝတ်များဖြင့် လဲလှယ်ခဲ့ကြောင်း သိရသည်။ ထို့နောက် အလုပ်ရှင် Hidayat သည် မြန်မာအလုပ်သမား မင်းအောင်မြတ်မင်းအား ကားထဲမှ ထွက်စေပြီး ၎င်း၏အကို Azhar ကိုခေါ်ယူ၍ အခင်းဖြစ်ရာ နေရာနှင့် နာရီဝက်ခန့် ကားမောင်းရသည့် SongfaBakKutTeh တရုတ်စားသောက်ဆိုင် အနီးရှိ လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

မျိုးမြင့်အောင်အား စွန့်ပစ်ပြီးနောက် လူနာတင်ယာဉ်သို့ ဖုန်းဆက်ပြောကြားခဲ့သည့် အမည် မပြောကြားခဲ့သော ဖုန်းဆက်သွယ်မှုကို နောက်ပိုင်းတွင် ပြန်လည်စစ်ဆေးခဲ့ရာ Azhar ၏ မိုဘိုင်းဖုန်းဖြစ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး အလုပ်ရှင် Hidayat ၏ ရှေ့နေဖြစ်သူက အခင်းဖြစ်ပွားချိန်တွင် ၎င်း၏အမှုသည်သည် ရုတ်တရက် ထိပ်လန့်ကြောက်လန့်စရာ ဖြစ်ပွားမှုကြောင့် ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်ခဲ့သည့်အတွက် အကျိုးသင့် အကြောင်းသင့် မပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ချေပခဲ့သည်။ ထို့ပြင် ရှေ့နေက ယခုအမှုတွင် လုပ်ငန်းခွင် လုံခြုံရေးကြီးကြပ်ရေးမှူး Azhar မှာလည်း အပြစ်ရှိကြောင်းနှင့် မြန်မာအလုပ်သမား နှစ်ဦးအား အလုပ်လုပ်ခွင့်မပြုရန် ပြောကြားခဲ့သော်လည်း မတားမြစ်ခဲ့ကြောင်း စွပ်စွဲပြစ်တင်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်ကလည်း စင်ကာပူနိုင်ငံ စိတ်ကျန်းမာရေးသိပ္ပံ ဆေးရုံတွင် တက်ရောက် ဆေးကုသနေသည့် စင်ကာပူနိုင်ငံသား နာတာရှည် စိတ်ရောဂါသည် လူနာအား အလုပ်ချိန်အတွင်း ထိုးကြိတ်ကန်ကျောက်ခဲ့သည့် မြန်မာသူနာပြု တစ်ဦးအား စင်ကာပူတရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရကြောင်း စင်ကာပူThe Straits Times သတင်းစာကပင် ဖော်ပြခဲ့သည်။
Eleven Media Group


ဆိုက္ကားဆရာ ၆၈၀ အတွက် ငွေကျပ် သိန်း ၆၈၀ ကို ဦးစိုးတင့်က လှူဒါန်းနေစဉ် (ဓာတ်ပုံ - Pyimana Time)  
ဆိုက္ကားဆရာ ၆၈၀ အတွက် ငွေကျပ် သိန်း ၆၈၀ ကို ဦးစိုးတင့်က လှူဒါန်းနေစဉ် (ဓာတ်ပုံ - Pyimana Time)

ပျဉ်းမနားမြို့က ဆိုက္ကားဆရာတဦးကို ကျပ်ငွေ တသိန်းစီနဲ့ ဆိုက္ကားဆရာ ၆၈၀ အတွက် ငွေကျပ် သိန်း ၆၈၀ ကို ဦးစိုးတင့်က လှူဒါန်းခဲ့ပါတယ်။

မေ ၁၇ ရက်က ပျဉ်းမနားမြို့မဈေး အနှေးယာဉ်လုပ်သား ၅၀ ဦးကို တဦး ၁ သိန်းးစီနဲ့ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့ပြီး မေ ၁၉ ရက်မှာတော့ ပျဉ်းမနားမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း တည်ရှိရာနေရာမှာ ဆိုက္ကားအစီးပေါင်း ၆၃၀ အတွက် ကျပ်သိန်း ၆၃၀ လှူဒါန်းခဲ့ပါတယ်။

လှူဒါန်းရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဦးစိုးတင့်နဲ့ နီးစပ်သူတဦးက “ဦးစိုးတင့်ရဲ့ ရည်ရွယ်ချက်က သူရဲ့ မွေးရပ်မြေဖြစ်နေတာရယ်၊ နောက်တခုက ကျနော်တို့ ဒီဆိုက်က္ကားသမား တွေ လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရာသီဥတု အယ်လ်နီညိုကြောင့် ပူပြင်းတဲ့ အချိန်မှာ သူတို့တွေနဲ့ ကာယအလုပ်သမားတွေအနေနဲ့ ဆိုက္ကားနင်းစားရတဲ့အပေါ်မှာ စာနာသနားတာ ရယ်၊ နောက်တခုက မကြာခင်ကျောင်းဖွင့်တော့မယ်ဗျာ။ ကျောင်းဖွင့်တော့မယ့် အချိန်မှာ သူတို့ရဲ့ သားသမီးတွေ ကျောင်းအပ်ဖို့အတွက် တဖက်တလှမ်းကနေ အထောက်အပံ့လေး ဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုက္ကားသမားတွေကို တယောက်တသိန်းစီ အလှူပေးတာပေါ့”လို့ ပြောပါတယ်။

ဦးစိုးတင့်ရဲ့ အလှူဒါနကို လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်အသုံးပြုသူတွေက အင်တာနက်မှာ ဝေမျှခဲ့ပြီး အများစုက ကောင်းမွန်တဲ့ အလှူဒါနကို ချီးကျူးပြောဆိုခဲ့ကြပါတယ်။

ဦးစိုးတင်ဟာ ပျဉ်းမနားမြို့ အရှေ့ဖက် အောင်းကုန်းရွာမှာ မွေးဖွားခဲ့ပါတယ်။ မိဘ ၂ ပါး ဆုံးပါးသွားချိန်တွင် ကျောင်းဆက်တက်ချင်တဲ့ အတွက် ပျဉ်းမနားမြို့ပေါ်ကို တက်လာခဲ့ပါတယ်။ ဒီနောက် ပျဉ်းမနားမြို့ မင်္ဂလာသာခေါင်ရပ်ကွက်မှာ ဆွေမျိုးနီးစပ်တော်တဲ့ အိမ်မှာ နေထိုင်ခဲ့ ပါတယ်။

အိမ်ရဲ့ ဝေယျာဝစ္စကို ကူညီလုပ်ကိုင်ပေးရင် ပျဉ်းမနား အထက ၂ ကျောင်းတွင် ပညာ ဆက်လက်သက်ကြားခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ အတွက် ကျောင်းစရိတ်နဲ့ စာရွက်စာတမ်းကြေးတွေကို ဆရာ ဆရာမတွေက ထောက်ပံ့ကူညီခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် ၈ တန်းအောင်မြင်ခဲ့ပြီး ပျဉ်းမနားမြို့ ဆရာ ဆရာမတွေရဲ့ ဆုံးမ သွန်သင်မှုနဲ့ အ၀တ်တထည် ကိုယ်တခုနဲ့ ရန်ကုန်ကို ဆင်းလာခဲ့ပါတယ်။

လမ်းစရိတ်နဲ့ ပညာသင်ဖို့အတွက် စရိတ်တချို့ကိုလည်း ဆရာဆရာမတွေက ထောက်ပံ့ ပေးအပ် ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် အင်းစိန်က စက်မှုလက်မှုအထက်တန်းကျောင်းမှာ အီလက်ထရစ်ကာ ပါဝါ အထူးပြုနဲ့ ပညာသင်ကြားခဲ့ပါတယ်။

ကျောင်းအပြီးမှာ ရန်ကုန်မြို့တော် စည်ပင်သာယာမှာ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် ၀ါသနာပါတဲ့ အီလက်ထရစ်လုပ်ငန်းကို လုပ်ကိုင်ဖို့အတွက် အလုပ်ကနေ ထွက်ခဲ့ပါတယ်။

ကနဦးမှာတော့ ဒိုင်နမိုမော်တာတွေ ဂျင်နရိုက်တာတွေ ပြင်ပေးတာ စတဲ့ အသေးစားလုပ်ငန်း တွေနဲ့ အစပြုလုပ်ကိုင်ခဲ့ပါတယ်။

ဒီနောက် ၅ ထပ်ကြီးဘုရားနားက ဘန်ဒါရိပ်မှာ ဆိုင်ခန်းငှားပြီး မော်တာပြင်တဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

မော်တာတွေပြင်ရင်း တဖြည်းဖြည်း နာမည်ရလာကာ ပျက်နေတဲ့ ထရန်ဖော်မာများကို စမ်းသပ်ပြင်ဆင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။

ပထမကတော့ ပြုပြင်လုပ်ကိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထရန်ဖော်မာနဲ့ ပတ်သက်တဲ့ လုပ်ငန်းဖက်ကို တဖြည်းဖြည်း တိုးချဲ့လုပ်ကိုင်လာကာ ရန်ကုန် စက်မှုဇုန်မှာ Soe Electric & Machinery ကုမ္ပဏီ စက်ရုံကို ထူထောင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ဂျပန်ဟီတာချီကုမ္ပဏီနဲ့ ၂ ဦး သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး Hitachi Soe Electric & Machinery ကုမ္ပဏီအဖြစ် အမည်ပြောင်းလဲကာ အကျိုးတူ လုပ်ဆောင်ခဲ့ပါတယ်။
ကုမ္ပဏီက လျှပ်စစ်ဖြန့်ဝေတဲ့ ထရန်ဖော်မာနဲ့ ပါဝါ ထရန်ဖော်မာများကို ထုတ်ဝေသလို ဒါအပြင် ထရန်ဖော်မာနဲ့ ပတ်သက်သော ဆက်စပ်ပစ္စည်းများကို ထုတ်ဝေခဲ့ပါတယ်။

By ကို​ထွေး
DVB TV News


က​ချင်​ပြည်​နယ်​မှာ ​ကေ​အိုင်​အေ​ကို ​အ​စိုး​ရ​စစ်​တပ်​က ​တိုက်​လေ​ယာဉ် ​အ​သုံး​ပြု​တိုက်​ခိုက်​နေ​တာ​ကို ​အ​စိုး​ရ​သစ်​က ​ရေ​ငုံ​နှုတ်​ပိတ်​နေ​တဲ့ ​အ​တွက် ​တိုင်း​ရင်း​သား​တွေ​ဘက်​က ​စဉ်း​စား​စ​ရာ​တွေ ​အ​များ​ကြီး ​ဖြစ်​လာ​တယ်​လို့ ​ကေ​အိုင်​အေ ​က​ချင်​လွတ်​လပ်​ရေး ​တပ်​မ​တော် ​ပြော​ရေး​ဆို​ခွင့်​ရှိ ​ပု​ဂ္ဂိုလ်​ဦး​ဒေါင်း​ခါး​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။

ကေ​အိုင်​အေ ​အ​နေ​နဲ့ ​အ​စိုး​ရ​ဆီ​မှာ ​အ​ကူ​အ​ညီ​တောင်း​ခံ​ဖို့ ​မ​ရှိ​ဘူး​လို့​လည်း ​ဆို​ပါ​တယ်။ ​အ​စိုး​ရ​သစ်​က ​သိ​ပြီး​သား​တွေ ​ဖြစ်​တဲ့​အ​တွက် ​အောက်​ကျ​နောက်​ကျ​ခံ ​တောင်း​ခံ​တာ ​အ​ယူ​ခံ​ဝင်​တာ​မျိုး​တွေ ​လုပ်​မှာ ​မ​ဟုတ်​ဘူး​လို့ ​ဆို​ပါ​တယ်။

အ​စိုး​ရ​တပ်​မ​တော်​က ​ပြည်​တွင်း​စစ်​မှာ ​တိုက်​လေ​ယာဉ်​သုံး​တိုက်​ခိုက်​နေ​တာ​ကို ​သူ​တို့​ရှိ​လို့ ​သူ​တို့ ​သုံး​တယ်​လို့​ပဲ ​ယူ​ဆ​ကြောင်း၊ ​နိုင်​ငံ​တ​ကာ ​စည်း​မျဉ်း​စည်း​ကမ်း ​လိုက်​နာ​တာ ​မ​လိုက်​နာ​တာ​ဟာ ​အ​စိုး​ရ​စစ်​တပ်​ရဲ့ ​တာ​ဝန်​သာ ​ဖြစ်​တယ်​လို့ ​ဆို​ပါ​တယ်။
ခေါင်း​ဆောင်​ချင်း ​ယှဉ်​တွဲ ​ဆွေး​နွေး​ပေ​မယ့် ​အောက်​ခြေ​စစ်​ပွဲ ​မ​ငြိမ်း​အေး​နိုင်​သေး

အ​စိုး​ရ​စစ်​တပ်​ဟာ ​လူ​မှု​ရေး​တန်​ဖိုး​တွေ ​ပြည်​ထောင်​စု​တန်​ဖိုး​တွေ​ကို ​နား​မ​လည်​ဘူး​လို့​လည်း ​သူ​က​စွပ်​စွဲ ​ပြော​ဆို​ပါ​တယ်။

အ​ခု​လို ​တိုက်​လေ​ယာဉ်​နဲ့ ​တိုက်​ခိုက်​မှု​ကြောင့် ​ဗ​မာ​လူ​မျိုး​နဲ့ ​အ​စိုး​ရ​စစ်​တပ် ​အ​ပေါ် ​တိုင်း​ရင်း​သား​တွေ​က ​နာ​ကျည်း​ပြီး ​အောင့်​အည်း​သည်း​ခံ ​နေ​ကြ​ရ​လိမ့်​မယ်​လို့​လည်း ​သူ​က ​ဆို​ပါ​တယ်။

အ​စိုး​ရ​သစ်​ရဲ့ ​ဆောင်​ရွက်​ပုံ​တွေ​ကို ​ကြည့်​ပြီး ​သူ​တို့​ရဲ့ ​အ​နာ​ဂတ်​အ​တွက် ​စဉ်း​စား ​ပြင်​ဆင် ​သွား​မယ်​လို့ ​ဆို​ပြီး ၂၁ ​ရာ​စု ​ပင်​လုံ ​ညီ​လာ​ခံ ​အ​ပေါ်​လည်း ​သံ​သ​ယ​ရှိ​ကြောင်း ​ကေ​အိုင်​အေ ​ပြော​ရေး​ဆို​ခွင့်​ရှိ ​ပု​ဂ္ဂိုလ် ​ဦး​ဒေါင်း​ခ​က ​ပြော​ပါ​တယ်။
BBC Burmese


ကန်ဝန်ကြီးကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်။ (ရန်ကုန်၊ သြဂုတ် ၁၀၊ ၂၀၁၄)
ကန်ဝန်ကြီးကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်။ (ရန်ကုန်၊ သြဂုတ် ၁၀၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ လူထုက ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရသစ်လက်ထက် ပထမဦးဆုံးအကြိမ် - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တနင်္ဂနွေနေ့ကျ ရင် မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း - မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် အကောင်အထည်ဖော်ဖို့ အစိုးရသစ်ကို တွန်းအားပေးနိုင်သလို - အရင်ခရီးစဉ်နဲ့မတူဘဲ ထူးခြားမှုတွေ ရှိနေတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောဆိုခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် တက်လာချိန်မှာ - အမေရိကန်ထိပ်တန်း သံတမန်တဦးအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ - မေလ ၂၂ ရက် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်မှာ - မြန်မာသမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဓိကကျတဲ့ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကနေ မကြာသေးခင်ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီး တက်လာတဲ့ အရပ်သားအစိုးရ ကို ထောက်ခံမှု ပြသတဲ့ အနေနဲ့ရော၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်ဆောင်ဖို့ တွန်းအားပေးတဲ့အနေနဲ့ရော မြန်မာနိုင်ငံကို ၀န်ကြီးကယ်ရီ သွားရောက်ခဲ့တာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD အမတ်ဟောင်းတဦး လည်းဖြစ်တဲ့ ဒေါက်တာ တင့်ဆွေ ကတော့ - ၀န်ကြီး ကယ်ရီရဲ့ အခုတခေါက် မြန်မာနိုင်ငံ ခရီးစဉ်ဟာ အတော်လေး ထူးခြားမှု ရှိတယ်လို့ သုံးသပ်ပါတယ်။

“ဂျွန် ကယ်ရီရဲ့ ခရီးစဉ်က အရေးပါတဲ့ အတိုင်းအတာက မသေးဘူးလို့ ကျနော် ယူဆပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အိုဘားမား လက်ထက်မှာ သူတို့နိုင်ငံခြားရေးပေါ်လစီက အရှေ့တောင်နဲ့ အရှေ့အာရှပိုင်းကို အာရုံစူးစိုက်မှုပေါ်လစီ သူတို့ဦးစားပေးထဲမှာ ထားတယ်။ အဲဒီထဲမှာ တောင်တရုတ် ပင်လယ်က ကျွန်းစုအရေးအပြင်၊ မြန်မာနိုင်ငံကို ဗဟိုပြုတဲ့ အရှေ့တောင်အာရှ ဆက်ဆံရေးက အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ပေါ်လစီထဲမှာ ဦးစားပေးပါတယ်လို့ ကျနော် ယူဆပါတယ်။ ဒီအတွက် သူ့သက်တမ်းတွင်းမှာ မြန်မာနိုင်ငံ ကို ဒုတိယအကြိမ်အထိ ရောက်လာတယ် ဆိုတော့ ထူးခြားတယ်လို့ ကျနော်မြင်ပါတယ်။”

လောလောဆယ် မြန်မာသမ္မတ ဦးထင်ကျော်ဟာ ရုရှားနိုင်ငံမှာ ၂ ရက်ကြာကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေပြီး၊ အဲဒီမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့လည်း နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့နဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့တွေအပြင် စစ်ဘက် ကုန်သွယ်ရေးမြှင့်တင်ဆောင်ရွက်ဖို့နဲ့ စစ်လက်နက်ပစ္စည်းတွေ၊ နည်းပညာတွေကို ရုရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို ရောင်းချသွားဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အခုလို NLD အစိုးရလက်ထက်မှာ ရုရှားနိုင်ငံနဲ့ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး တိုးမြှင့်သွားဖို့ လုပ်ဆောင်လာသလို၊ အမေရိကန်ပြည်ထောင်စုကလည်း - မြန်မာနိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်မှုကို အသွင်ကူးပြောင်းရာမှာ အထောက်အကူ ဖြစ်စေဖို့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေကို ဘယ်လို တိုးမြှင့်နိုင်မလဲဆိုတာကို ကွန်ဂရက်လွှတ်တော်နဲ့ တိုင်ပင်ပြီး နည်းလမ်းရှာ နေတယ်လို့ - ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန် သမ္မတ ဘရက်အိုဘားမားရဲ့ လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောကြားခဲ့တာပါ။

ဒီအခြေအနေတွေကို ကြည့်ရင် - မြန်မာနိုင်ငံအပေါ် လွှမ်းမိုးလွန်းတဲ့ တရုတ်ရဲ့သြဇာကို ချိန်ခွင်လျှာညှိဖို့အတွက် ကြိုးစားမှုတွေ ပါဝင်နိုင်တယ်လို့ ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။

“သမ္မတကြီး ဦးထင်ကျော်ဟာ အာဆီယံနဲ့ ရုရှားအစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးတာရော၊ ရုရှားနိုင်ငံနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုပါ ရှိထားတယ်။ အခုတခါ ဂျွန်ကယ်ရီလာခါနီးမှာ အမေရိကန်နဲ့လည်း ဗမာ့တပ်မတော်နဲ့လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမယ်ဆိုတဲ့အချက်က ကျနော်တို့ ဗမာနိုင်ငံအတွက်ပါ ထူးခြားတယ်လို့ ကျနော် ယူဆတယ်။ ဒီကနေ့ကာလက ဟို သိတဲ့အတိုင်း စစ်အေးကာလ လည်း မဟုတ်တော့ ဗမာနိုင်ငံအနေနဲ့ နိုင်ငံခြားရေးပေါ်လစီမှာ ထိန်းညှိတဲ့ ပေါ်လစီရော၊ လိုအပ်ချက်တွေအရရော ဆောင်ရွက်ရတယ်။ အရင် စစ်အစိုးရကာလတွေ နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ဗမာနိုင်ငံက နိုင်ငံခြားရေးပေါ်လစီဟာ တဘက်သတ်ပေါ့နော် တိတိလင်းလင်းပြောရရင်တော့ တရုတ်နိုင်ငံကို ဦးစားပေးလွန်းတာကနေ နယ်ကျွံတဲ့အထိ ဖြစ်လာတဲ့အခါမှာ တပ်မတော်ခေါင်းဆောင်တွေ ကိုယ်၌ကလည်း စိုးရိမ်ချက် ရှိကောင်းရှိ မယ်လို့ ကျနော် ယူဆတယ်။

အဲဒီအတွက်လည်းပဲ ပြန်ပြီးတော့ အမှားတွေကို ပြင်ဖို့ရာအတွက် အမေရိကန်နိုင်ငံရဲ့ အကူအညီ လိုတယ်။ အကူအညီ ဆိုတာမှာ စစ်ရေးအကူအညီတွေ ပါတယ်။ ဒါကြောင့်လည်းပဲ ဒီခရီးစဉ်ဟာ ဒီဟာတွေကို ဆက်လက် အကောင်အထည် ဖော်နိုင်ကောင်း ဖော်နိုင် လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အရင် ၂၀၁၄ သြဂုတ်လ ၉ ရက်နေ့ ကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။ သူ့ခရီးစဉ်မတိုင်မီ ဒီသီတင်းပတ် အစောပိုင်းမှာတော့ အမေရိကန် ပြည်ထောင်စုက မြန်မာအပေါ်ထားရှိတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို နောက်ထပ် သက်တမ်းတနှစ် တိုးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို တွန်းအားပေးဖို့နဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အဟန့်အတား ဖြစ်စေသူတွေကို အရေးယူဖို့ဆိုပြီး ပြုပြင်မွမ်းမံ သက်တမ်းတိုးခဲ့တဲ့ ဒဏ်ခတ်မှုတွေဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ပြဿနာ မဟုတ်သလို၊ အမေရိကန်ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်း ဖြစ်တယ်လို့ လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။
VOA Burmese News

မြန်မာသမ္မတနဲ့ ရုရှားသမ္မတ သီးခြား တွေ့ဆုံစဉ်။
မြန်မာသမ္မတနဲ့ ရုရှားသမ္မတ သီးခြား တွေ့ဆုံစဉ်။
မြန်မာနဲ့ရုရှား စစ်ဘက်ဆက်ဆံရေး တိုးမြှင့်လာမယ်ဆိုရင် အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ တချို့က သုံးသပ်ပါတယ်။ ရုရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတဦးထင်ကျော်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ တွေ့ဆုံပြီး စစ်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးမှု အပြီး အခုလို သုံးသပ်လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာသမ္မတဦးထင်ကျော်ဟာ အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ဖို့ ရုရှားမှာရောက်နေတုန်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ သီးသန့်တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ရုရှားက သူတို့ရဲ့ စစ်လက်နက် ပစ္စည်းနဲ့ နည်းပညာတွေကို မြန်မာနိုင်ငံကို ရောင်းချသွားဖို့ သမ္မတ ဗလာဒီမီယာပူတင်ဘက်က ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်မှာနဲ့ ပတ်သက်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

" ရုရှားနဲ့ မြန်မာနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကို အဓိကအားဖြင့် နည်းပညာပေါ့နော်။ ပညာတော်သင်ကိစ္စတွေရှိမယ်။ အဲ့တာတွေနဲ့ပတ်သက်ပြီး စာချုပ်စာတမ်းနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ် ချုပ်ပြီး ဆက်သွားမယ်။ "

ရုရှားနိုင်ငံကနေ MIG 29 တိုက်လေယာဉ်တွေဝယ်ယူခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ၂၀၀၆ ခုနှစ်အတွင်း မြန်မာ့တပ်မတော်ရဲ့ ဒုအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်းမှာ MI 17 စစ်ရဟတ်ယာဉ်တွေ ထပ်မံဝယ်ယူခဲ့တဲ့ ရုရှား-မြန်မာစစ်တပ်ချင်း ဆက်ဆံရေးတွေ ရှိခဲ့တာပါ။

အဲဒီ့ခရီးစဉ်မှာပဲ နျူးကလီးယားဆိုင်ရာ နည်းပညာနဲ့ ဒုံးကျည်နည်းပညာတွေကို ရုရှားနိုင်ငံဘက်က အကူအညီ ပေးဖို့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး က တောင်းဆို ခဲ့ကြောင်း ၀ါရှင်တန်ဒီစီမှာနေတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် ကပြောပါတယ်။

"၂၀၀၀ ပတ်ဝန်းကျင်လောက်မှာ ဗိုလ်ချုပ်မှူးကြီးမောင်အေး ရုရှားနိုင်ငံကို သွားပြီးတော့မှ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ သဘောတူညီချက်တွေ ရှိခဲ့တယ်။ အဲ့ဒီ့အထဲမှာ အနုမြူကိစ္စပါတယ်။ အနုမြူကို စစ်ရေးမဟုတ်ဘူးပေါ့ဗျာ။ ကျန်တဲ့ကိစ္စတွေမှာ အသုံးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ သူတို့သွားချဉ်းကပ်တယ်။ တကယ့်တကယ်မူလရည်ရွယ်ချက်ကတော့ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ကိုယ်တိုင် ထုတ်ပြောတာက အနုမြူဗုံးလောက်အထိ လုပ်ချင်တဲ့အနေအထားမျိုးလောက်အထိ သူတို့ရှိခဲ့တယ်။ ဒုတိယနည်းပညာကတော့ မစ်ဇိုင်းပေါ့လေ။ ဒုံးပညာပေါ့လေ။ Missile ပညာကို သူတို့ အဓိကထားပြီးတော့ သဘောတူညီချက်တွေ ယူပြီးတော့မှ ဗမာနိုင်ငံက တပ်မတော် အရာရှိတွေ တော်တော် များများ ရုရှားမှာ သွားပြီးတော့မှ သင်ကြတာ အများစုပါ။ ဒါပေမဲ့ ရုရှားတို့သည် နိုင်ငံတကာ အခင်းအကျင်းအရပေါ့လေ။ အနောက်နိုင်ငံတွေက ပိတ်ဆို့ထားတဲ့ အနေအထားမျိုးမှာ ရုရှားက အရှေ့နိုင်ငံတွေကို မြှားဦးလှည့်ပြီးတော့မှ စည်းရုံးလာတဲ့အနေအထားမျိုးလို့လည်း ကျနော်မြင်ပါတယ်ခင်ဗျ။"

တကယ်တော့ ရုရှားနိုင်ငံကို စစ်ရေးအရချည်းကပ် ရတာဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း အမေရိကန်အပါအဝင် အနောက်နိုင်ငံ တွေ က မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း မရောင်းချတော့ပဲ ဖြစ်ချိန် မှာ မြန်မာ့တပ်မတော်က တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်း ၀ယ်ယူ တာတွေရှိခဲ့ပေမယ့် တရုတ်လက်နက်တွေက အညံ့စားတွေဖြစ်နေတာကြောင့် ရုရှားစစ်တပ်ကို ချည်းကပ်ခဲ့ပြီး ရေရှည်ဆက်ဆံရေးတွေ ရှိလာ ခဲ့တာပါ။

တဖက်မှာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ပြန်ကြည့်ရင် ရုရှားနဲ့ အမေရိကန်ပြည်ထောင်စု တို့ကြား ဆက်ဆံရေး မပြေပြစ်တာတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီကြားထဲ မြန်မာစစ်တပ်နဲ့ ရုရှားစစ်တပ်တို့ကြား ဆက်ဆံရေး တိုးမြှင့်လာမယ်ဆိုရင် မြန်မာနဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်လာနိုင် သလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ် ပြောဆိုလိုက်တာပါ။

" ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၈၈မတိုင်ခင်တုန်းက ကျနော်တို့ကိုယ်တိုင်လည်း အမေရိကန်မှာ သင်တန်းလာတက်ခဲ့ကြတဲ့သူတွေဆိုတာ အခု ၈၈ နောက်ပိုင်း ဆိုတော့ အနှစ် ၂၅လောက် ရှိသွားပြီတဲ့အခါမှာ အမေရိကန်စစ်တပ်နဲ့ ဗမာ့တပ်မတော်စစ်တပ်က တော်တော်လေး ဝေးသွားပါတယ်။ ဒီ့အပြင်မှာ ဗမာ့တပ်မတော်ထဲမှာလည်း အမေရိကန်မကောင်းကြောင်းကို ရိုက်သွင်းထားတာ နှစ်ပေါင်း ၂၀လောက် ရှိတဲ့အခါမှာ ရုရှားကျောင်းဆင်းတွေက ဗမာ့တပ်မတော်မှာ တော်တော်များများ အများစုဖြစ်လာပြီခင်ဗျ။ အဲ့တော့ အခုအချိန်မှာ အမေရိကန်အနေနဲ့အရင်ပုံလိုပဲ ဆက်ကျင့်သုံးမယ်ဆိုရင်တော့ ကျနော်တို့ တပ်မတော်အနေနဲ့ပေါ့လေ အမေရိကန်ဆန့်ကျင်ရေးဆိုတဲ့ စိတ်ဓာတ်တွေ ဝင်လာပြီးတော့မှ ဗမာ့တပ်မတော်ဟာ အခြားဘက်ကို လုံးဝ ယိမ်းသွားမယ့် အနေအထားမျိုး ရှိပါတယ်။ အဲ့ဒီ့တော့ အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက်ကို အထူးအလေးထားဖို့ လိုတယ်လို့ ကျနော်သုံးသပ်မိပါတယ်။"

သမ္မတ ဦးထင်ကျော်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း စစ်ဖက်ဆိုင်ရာ ဆွေးနွေးမှုတွေ ရှိနေချိန်မှာပဲ အမေရိကန်သမ္မတအိုဘားမားရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ လက်ထောက် အကြံပေးပုဂ္ဂိုလ် Ben Rhodes က သတင်းစာ ရှင်းလင်းပွဲမှာ ပြော တာက -

မြန်မာနဲ့ အမေရိကန်နှစ်နိုင်ငံကြား စစ်တပ်ချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အမေရိကန်လွှတ်တော်နဲ့ တိုင်ပင်ဆွေးနွေးနေပါတယ်လို့သူက ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေထဲက တချို့ကို ဖြေလျှော့ပေး လိုက်ကြောင်း သမ္မတ အိုဘားမားက ကြေညာခဲ့အပြီး၊ နောက် တစ်ရက်မှာ အဲဒီလို ပြောဆိုလိုက်တာလဲဖြစ်ပါတယ်။
VOA Burmese News

ပထမဆုံးမြန်မာ Cardinal ရဟန်းမင်းအမတ် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို (အလယ်) သတင်းဓာတ်ပုံ- Missio ။
ပထမဆုံးမြန်မာ Cardinal ရဟန်းမင်းအမတ် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို (အလယ်) သတင်းဓာတ်ပုံ- Missio ။
ဥရောပနိုင်ငံတွေကို နှစ်ပတ်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ပထမဆုံးမြန်မာ ကာဒီနယ်လ် ရဟန်းမင်းအမတ် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုက မြန်မာနိုင်ငံတွင်းဖြစ်ပွားနေတဲ့ လူမျိုးစုတိုက်ပွဲတွေနဲ့ ဘာသာရေး ပဋိပက္ခတွေ ပြေလည်ရေး ဆက်လက်ပြီး ၀ိုင်းဝန်း ကူညီဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်းလိုက်ပါတယ်။

ဒါအပြင် NLD အစိုးရသစ်လက်ထက် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်လို့ သူ့အနေနဲ့မျှော်လင့်ချက်တွေရှိကြောင်းနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေကြားမှာ အစိုးရက တရားမျှတမှုရှိရှိ ညှိနှိုင်းဆွေးနွေးပေးနိုင်ဖို့ လိုအပ်ကြောင်း ဆရာတော်ကြီးက မိန့်ကြားပါတယ်။ ဥရောပကိုရောက်ရှိနေတဲ့ ဆရာတော်ကြီးချားလ်စ်ဘိုက မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းပြီး အပြည့်အစုံကို တင်ဆက်ထားပါတယ်။

ပထမဆုံးမြန်မာ ကာဒီနယ်လ် ရဟန်းမင်းအမတ် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို
ပထမဆုံးမြန်မာ ကာဒီနယ်လ် ရဟန်းမင်းအမတ် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို
အင်္ဂလန်၊ စကော့တလန်၊ ဘရပ်ဆဲလ် စတဲ့ဥရောပနိုင်ငံခရီးစဉ်အတွင်း ဆရာတော်ကြီး ချားလ်စ်ဘိုဟာ ဘာသာရေးခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံရာမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ပဋိပက္ခတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံတကာအနေနဲ့ ၀ိုင်းဝန်းကူညီကြဖို့ တိုက်တွန်းခဲ့ကြောင်း ဗွီအိုအေကို အခုလိုမိန့်ကြားပါတယ်။

“ဆရာတော်ရဲ့ခံယူချက်နဲ့ ဆရာတော်ရဲ့အကြံပြုချက်ကိုတောင်းဆိုတဲ့ အခါမှာ မြန်မာပြည်ကို အထူးပဲဆက်လက်ပြီးတော့ ကူညီစောင့်ရှောက်ကြ ဖို့၊ မြန်မာပြည်ကို အားပေးဖို့ရန်အတွက် အထူးသဖြင့် ဘာသာရေးကြောင့်ဖြစ်လာတဲ့ ကိစ္စရပ်တွေကို ၀ိုင်းရှင်းပေးဖို့၊ နောက် တပ်မတော်နဲ့ တိုင်းရင်းသားတို့ နှစ်ဖက် စစ်ဖြစ်ပွားမှုမှာ အတတ်နိုင်ဆုံးငြိမ်းချမ်းရေး ရရှိနိုင်ဖို့ရန်အတွက် ၀ိုင်းဝန်းကူညီကြဖို့ နဲ့ မြန်မာပြည်မှာ အထူးလိုအပ်တဲ့ ပညာရေးဖက်မှာ အထူးသဖြင့် ကလေးသူငယ်တွေ ပညာရေး တိုးတက်နိုင်ဖို့အတွက် (quality education) ရနိုင်ဖို့ရန် အတွက် ဆရာတော်အနေနဲ့ အကြံပြုပေးခဲ့တာတွေလည်းရှိပါတယ်။”

ဆရာတော်ကြီး ချားလ်စ်ဘိုဦးဆောင်တဲ့ ကက်သလစ်ဘာသာရေးအဖွဲ့အနေနဲ့လည်း ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းအပါအ၀င် တရုတ်၊ မြန်မာနယ်စပ် မှာရှိနေတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေကို အကူအညီအများအပြား ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အဓိကလိုအပ်ချက်တွေနဲ့ပတ်သက်လို့ ဆရာတော်ကြီးက အခုလိုမိန့်ပါတယ်။

“ငြိမ်းချမ်းရေးရနိုင်ဖို့အတွက် တပ်မတော်အနေနဲ့ရော၊ အစိုးရသစ်ပါ အထူးပဲကြိုးစားသွားရမယ့်အရာဖြစ်ပါတယ်။ ကချင်အပါအ၀င် တိုင်းရင်းသားအုပ်စုတွေ အနေနဲ့ လိုလားတောင်းဆိုနေတာက အပစ်အခတ်ရပ်စဲရေး မလုပ်ခင် သူတို့ဘက်က ဆန္ဒရှိတာက ဖဒရယ်ပြည်ထောင်စုနဲ့ပတ်သက်လို့ သူတို့ကအားကိုးအားထားတယ်။ အဲဒါကိုအစိုးရသစ်အနေနဲ့ လုပ်ပေးနိုင်မယ်လို့ ထင်တယ်။ နောက်ပြီး ပြည်နယ်တွေအလိုက် သဘာဝသံယံဇာတထွက်ရှိမှုတွေမှာ တရားမျှတစွာနဲ့ ဝေမျှနိုင်ဖို့ရန်အတွက် ဒီအချက်နှစ်ချက်ကိုရတယ်ဆိုရင်သူတို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ရန်အတွက် အဆင်သင့်ရှိပါတယ်။

တပ်မတော်အနေနဲ့ကတော့ ဥပဒေအတိုင်းလိုက်နာပြီး ပြောတဲ့အခါမှာ တိုင်းရင်းသားတွေဘက်က လက်နက်ချပေးဖို့ဆိုပြီး အဲဒါကိုပဲ ပြောနေတဲ့အပေါ်မှာ အစိုးရသစ်အနေနဲ့ နှစ်ဖက်စလုံးကို တရားမျှတစွာနဲ့ ငြိမ်းချမ်းရေး ရနိုင်ဖို့ရန်အတွက် ဆွေးနွေးနိုင်ဖို့ရန်အတွက် ဆရာတော်က မျှော်လင့်ပါတယ်။”

VOA။ ။ ဘာသာရေးခေါင်းဆောင်တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သမ္မတဦးထင်ကျော် စတဲ့ NLD အစိုးရသစ်နဲ့တွေ့ဆုံပြီး ဆွေးနွေးပြောဆိုဖို့ အစီအစဉ်များရှိပါလားရှင့်။

အများကြီးရှိပါတယ်။ အများကြီးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဆရာတော်နဲ့သိခဲ့တာ ဆယ်နှစ် ဆယ့်ငါးနှစ်လောက်ရှိပါပြီ။ သူ့မိသားစုနဲ့ သူ့ရဲ့ကလေးတွေက စပြီးတော့ မိသားစုနဲ့ အတော်ခင်မင်ခဲ့ပြီး နောက်ပိုင်းမှာ ဘာသာရေးနဲ့ပတ်သက်လို့ပဲ ဖြစ်ပါစေပေါ့ အခုလောလောဆယ်တော့ အားလုံး အလုပ်ရှုပ်နေကြတော့ ဆရာတော်အနေနဲ့ ဘာမှ ထူးထူးထွေထွေ မဝင်သေးပါဘူး။ ဒါပေမဲ့ သူတို့အားလုံးရဲ့အစီအမံတွေ အေးအေးဆေးဆေး ဖြစ်သွားတဲ့အခါမှာ ဘာသာရေးအနေနဲ့ပေါ့နော် အကြံပြုနိုင်ဖို့ရန်အတွက် ပါဝင်နိုင်ဖို့ရန်အတွက် အထူးသဖြင့် ကိုယ်က ကက်သလစ် ခရစ်ယာန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ခရစ်ယာန်များအနေနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ ဘယ်လိုလုပ်ပါဝင်နိုင်မလဲ။ တိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲ။ အထူးသဖြင့် လူမှုရေး၊ ပညာရေးဘက်မှာ ဘယ်လိုများ ကူညီပေးနိုင်မလဲ။ နိုင်ငံရေး အထူးသဖြင့် ငြိမ်းချမ်းရေးဘက်မှာ ဘာသာရေးပဋိပက္ခဖြစ်တာမျိုးမှာ ဘယ်လိုမျိုး အေးအေးဆေးဆေးနဲ့ ရှင်းလင်းသွားနိုင်မလဲဆိုတာကိုလည်းပဲ ဝိုင်းဝန်းကူညီနိုင်ဖို့ရန် အထူးကိုပဲ ဆန္ဒရှိတယ်။"

ဒီအတောအတွင်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဆွေးနွေးနိုင်ရေး နှစ်ဆယ့် တစ်ရာစု ပင်လုံညီလာခံ အမြန်ဆုံး ကျင်းပနိုင်ဖို့ ဆောင်ရွက်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်
VOA Burmese News


 စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ စီမံဝန်ကြီး၊ လမ်းပန်းဝန်ကြီး၊ ရခိုင်တိုင်းရင်းသားဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေး ပြီးနောက် ရလာဒ်များကို အောက်ပါ အတိုင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်။ မြို့တော်ဝန်။ စီမံဝန်ကြီး။ လမ်းပန်းဝန်ကြီး။ ရခိုင်တိုင်းရင်းသားဝန်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေး။

၁။ ရန်ကုန်ကားပါကင်ကိစ္စ
ပိုမိုကောင်းမွန်တဲ့နည်းလမ်းရှာဖွေနေကြောင်း။ အသင်းမှပိုမိုကောင်းတဲ့နည်းလမ်းရှိလျင်တင်ပြရန်။
Target date 15.6.2016 နေ့တွင်အဖြေသိရပါမည်။

၂။ ဆိပ်ကမ်းရောက်ကားများကိစ္စ
လိုင်စင်မရှိကြိုရောက်ခြင်းအား ထုတ်သွင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။

၃။ ယခင်ရှိပြီးသားကားများ
ပါကင်ရှိမရှိစီစစ်ပြီး Action ယူသွားပါမည်။

၎။ လမ်းဘေးဈေးသည်
လမ်းတချို့ပိတ်ပြီးညဈေးများစီစဉ်ပေးသွားမည်။ ကားလမ်းပေါ်ရောင်းချခြင်းကို ကျပ်မတ်သွားမည်။

၅။ ဘတ်စ်ကားများ
လိုင်းများကိုဖျက်သိမ်း၍ စုစုပေါင်းလိုင်း၅၀သာ သတ်မှတ်ပြေးဆွဲစေပါမည်။ ဘတ်စ်ကားအများပိုင်ကုမ္မဏီများထောင်ပေးမည်။အစိုးရမှထောက်ပံ့ပေးမည်။ ဥပမာ ဆီဆိုင်ဖွင့်ခွင့် စသည်

၆။ Taxi များ
မြို့တော်အတွက်အခွန်ကောက်သွားမည်။ GPS များတပ်ဆင်သွားမည်။စည်းကမ်းတင်းကျပ်ထိမ်းသိမ်းမည်။

၇။ကားအရောင်းစင်တာများ။ ဝပ်လျော့များ။ ပွဲစားတန်းများအတွက်နေရာ
ရန်ကုန်မြို့ပြင်တွင်စီစဉ်ပေးသွားမည်။

၈။ ဆီဆိုင်များ
လက်လီဆီဆိုင်များ ၂၀%အမြတ်တင်ရောင်းနေတာကို ၁၀%လျော့အောင်ညှိနှိုင်းပေးသွားမည်

၉။ကွန်ကရစ်တုံး
တချို့အားဖယ်ရှားပေးမည်

Soe Tun (facebook)
https://www.facebook.com/soetun.dr

ခရိုင်မြို့နယ်ကျေးရွာအဆင့်ဆင့် ဆက်ဖွဲ့စည်းသွားမယ်လို့ ပြော
၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ နိုင်ငံသားပြသနာကို နိုင်ငံတဝန်းထိထိရောက်ရောက်လုပ်ဖို့အဆိုကို ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြည်သူ့လွှတ်တော်မှာ အဆိုအဖြစ်တင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ပါတီက လွှတ်တော်အမတ်တွေ အပါအဝင် ဒီအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ လွှတ်တော်အမတ် အားလုံးကလဲ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံသားစီစစ်ရေးလုပ်ငန်းကို ရက် ၁၀၀ စီမံချက်မှာ ဦးစားပေးလုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်သွားမယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

လက်ရှိအနေအထားမှာ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းကော်မီတီတွေဖွဲ့ထားပြီး တိုင်းနဲ့ပြည်နယ်တွေမှာလည်း နိုင်ငံသားစီစစ်ရေးကော်မီတီတွေဖွဲ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ပြီးရင် ခရိုင်မြို့နယ်ကျေးရွာအဆင့်ဆင့် ဆက်ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။

ဒီဥပဒေ နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း အချို့နေရာတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအဖြစ်ခံယူနိုင်ခွင့်ကို ကန့်သတ်ထားတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကလည်း ရှိပါတယ်။

နောက်ပြီး ဘင်္ဂါလီ နာမည်ခံပြီး နိုင်ငံသားခံယူဖို့ ကိစ္စတွေ ဆောင်ရွက်စဉ်ကလည်း ဆန့်ကျင်တဲ့ ပြဿနာတွေ ကြုံခဲ့ရတာပါ။

ဒီလိုမျိုး အကဲဆတ်တဲ့ပြဿနာမျိုးတွေနဲ့ ပတ်သက်လို့ ဘီဘီစီက ဝန်ကြီးဦးသိန်းဆွေရဲ့ အမြင်ကို မေးမြန်ရာမှာ ဒီလိုကိစ္စတွေကို ဒေသ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ပြည်နယ် တိုင်းအစိုးရတွေကို ကိုယ်တိုင် ကြီးကြပ် ဆောင်ရွက်စေမှာဖြစ်တယ်လို့ ပြောပါတယ်။ လာမယ့် မေလ ၂၅ ရက်နေ့မှာ အခု လုပ်ငန်းစဉ် အသေးစိတ်ကို ပြည်သူတွေကို ချပြမယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

တိုင်ပေမြို့မှာလုပ်တဲ့ တိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ
တိုင်ဝမ်ကျွန်းက လွတ်လပ်ရေးရဖို့ လုပ်လာမယ့်အရေးအပေါ် တရုတ်က သတိပေးလိုက်ပါတယ်။ တိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီးလို့ နာရီပိုင်းအတွင်းမှာပဲ တရုတ်ရဲ့သတိပေးချက် ထွက်လာတာပါ။
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ
သီးခြားလွတ်လပ်ရေးအတွက် လုပ်လာမယ်ဆိုရင် တိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရှိဖို့ မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံ၊ တိုင်ဝမ်ရေးရာရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ တိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းဖို့ရာ ငြိမ်းချမ်းစွာ ဖြစ်ထွန်းမှုနဲ့ ရေလက်ကြားဖြတ်ဆက်ဆံရေး ငြိမ်းချမ်းစွာဖြစ်ထွန်းဖို့ တို့အတွက် လွတ်လပ်ရေးဟာ အကြီးမားဆုံးအန္တရာယ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကျမ်းကျိန်ပွဲ
တိုင်ပေမြို့မှာလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာတော့ သမ္မတသစ် Tsai In-wen က တရုတ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ လုပ်ဖို့ တောင်းဆို ပါတယ်။ ရေလက်ကြားတဖက်တချက်က အစိုးရနှစ်ခုအနေနဲ့ နှစ်ဘက်စလုံးက လူထုတွေရဲ့ အကျိုး စီးပွားအတွက် အတိတ်ကဖြစ်ရပ်တွေကို ဘေးဖယ်ပြီး အပြုသဘောဆောင် ပြောဆိုရပါမယ်လို့ သမ္မတ Tsai ကပြောပါတယ်။

ဒီနှစ်အစောပိုင်းကလုပ်တဲ့ ရွေးကောက်ပွဲမှာ တိုင်ဝမ်ကျွန်း လွတ်လပ်ရေးကို လိုလားတဲ့ Tsai ရဲ့ Democratic Progressive ပါတီ DPP က အပြတ်အသတ် အနိုင်ရခဲ့တာပါ။ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း တရုတ်အစိုးရနဲ့ ဆက်ဆံရေး ထူထောင်ခဲ့တဲ့ Nationalist ပါတီ KMT ကို DPP က အနိုင်ရလိုက်တာဖြစ်ပါတယ်။

တိုင်ဝမ်အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်သွားဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်ပြည်ထောင်စုကလည်း ဒီကနေ့မှာပဲ ပြောပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com