05/22/16


သမ္မတအိုဘားမားရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အာရှအရေးကို ဦးစားပေးအဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံဟာ ဗဟိုပြု အာရုံစိုက်ခဲ့ရတဲ့နိုင်ငံဖြစ်ပါကြောင်း၊ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာတာကို ကြိုဆိုလိုက်ပြီး ဒီမိုကရေစီရေး အတွက် ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆို လိုက်ပါတယ်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ခဲ့တဲ့ ဗွီအိုအေ ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုး ၀င်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီးရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ သမ္မတအိုဘားမားအစိုးရရဲ့ အာရှအရေး ဦးစားပေးတဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာ့အရေးကို ဗဟိုပြု အာရုံစိုက် ခဲ့ရတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အခုလိုပြောဆိုလိုက်ပါတယ်။

“သမ္မတအိုဘားမားက သူ့ရဲ့ သမ္မတသက်တမ်းတလျှောက် အာရှအရေးကို ဦးစားပေးအဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံဟာ အမေရိကန်အတွက် ဗဟိုပြု အာရုံစိုက်ခဲ့ရတဲ့ မူဝါဒဖြစ်ပါတယ်။ သူဟာ ဒီနိုင်ငံကို ၂ ကြိမ်လာရောက်ခဲ့တာဟာ သိသိသာသာ ထူးခြားပါတယ်။ ရွေးကောက်ခံအစိုးရပိုင်းနဲ့ရော၊ ဥပဒေပြုလွှတ်တော်နဲ့ပါ တိုင်ပင်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ကို ပြန်လည်ပြင်ဆင်လိုက်ပါပြီ။ ဒီမိုကရေစီရေး၊ အားလုံးသာတူညီမျှ စီးပွားရေးတိုးတက်ရေး၊ အရပ်သားအစိုးရ လက်ထက်မှာ နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာရေးအတွက် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာ တချို့ ပိတ်ဆို့မှုတွေကိုတော့ ဆက်ပြီး ထိန်းထားနေရဆဲဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံသူတွေ၊ ဌာနအသီးသီး၊ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင်၊ လူ့ဘောင်အသိုင်းအဝိုင်းအနေနဲ့ အရပ်သားအစိုးရ ပြုပြင်ပြောင်းလဲမှုဆက်လက်ကြိုးစားနိုင်ရေးနဲ့ အရပ်သား ဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် စုပေါင်း ဆောင်ကြဉ်းကြဖို့ ထောက်ခံနိုင်အောင် အားပေး နေတာဖြစ်ပါတယ်။”

အိမ်ရှင်မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပိတ်ဆို့မှုတွေကို မကြောက်ပါဘူးလို့ အခုလိုပြောဆိုလိုက်ပါတယ်။

“ကျမတို့ပိတ်ဆို့မှုတွေကို မကြောက်ပါဘူး။ ထိန်းချုပ်တာ ချုပ်ကိုင်တာတွေကိုလည်းမကြောက်ပါဘူး။ ကျမတို့လမ်းမှန်ကို ဆက်လျှောက်သွားမယ်ဆိုရင် အချိန်ကာလအတိုင်းအတာတခုမှာ ရှိသမျှပိတ်ဆို့မှုတွေအားလုံး ရုပ်သိမ်းသွားမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့လည်း အခက်အခဲမရှိပါဘူး။ ကျမနားလည်ပါတယ်။ ခံနိုင်ရည်လည်းရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တကယ်တော့ မိတ်ဆွေနိုင်ငံပါ။ ကျမတို့ကို ထိခိုက်နစ်နာအောင်လုပ်တာမဟုတ်ပါဘူး။ ကျမတို့ကို ကူညီနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ယုံကြည်လို့ အခုလိုပိတ်ဆို့မှုတွေလုပ်တာပါ။” လို့ပြောဆိုသွားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့ဒီမိုကရေစီအရေး ၊ လူ့အခွင့်အရေးနဲ့၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးသွားမယ့်အကြောင်းပြောရင်း ပြုပြင်ပြောင်းလဲရေး ခရီးရောက်သင့်သလောက်မရောက်ရတဲ့ အကြောင်းအရင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကအခုလို သုံးသပ်လိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အတားအဆီးဖြစ်နေတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်ဆိုတာ ကျွန်တော် အလေးအနက်ပြောလိုပါတယ်။ ပြည်သူ့ဆန္ဒကို ဘယ်လောက်အလေးထားလဲ၊ အာဏာခွဲဝေမှုမှာကော ဘယ်လိုသတ်မှတ်ထားလဲဆိုတာတွေကစ ဒီမိုကရေစီနည်းကျတဲ့အပြောင်းအလဲတွေဖြစ်အောင် လုပ်ဆောင်ရပါမယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ နိုင်ငံခြားရေ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ဒီသတင်းပတ်တွေအတွင်းမှာ အပြောင်းအလဲတွေ ဖော်ဆောင်နေတာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒီမိုကရေစီဖော်ဆောင်မှုအရှိန်အဟုန်ကိုလိုက်ပြီးတော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးမှုတွေကို တဦးချင်းကော ၊ ကဣတစ်ခုချင်းအလိုက်ပါ ပြောင်းလဲသွားဖို့ စီစဉ်သွားမှာပါ။”

တဆက်ထဲမှာပဲ ရခိုင်ပြည်နယ်နေကြတဲ့ လူနည်းစု မူဆလင်အသိုင်းအ၀ိုင်းအခေါ်အဝေါ် အငြင်းပွားတဲ့ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က အခုလိုရှင်းလင်းပြောဆိုလိုက်ပါတယ်။

“ဒီပြဿနာကို အဖြေရှာဖို့ ကျမတို့ကြိုးစားနေပါတယ်။ ကျမတို့ဒီလိုကြိုးစားနေတဲ့အချိန်မှာ ကျမတို့မိတ်ဆွေတွေအနေနဲ့ အကူအညီပေးစေလိုပါတယ်။ ဘယ်လူ့အဖွဲ့အစည်းကိုမှ မှေးမှိန်သေးသိမ်အောင်လုပ်ဖို့ကြိုးစားနေတာမဟုတ်ဘူးဆိုတာကို နားလည်ပေးစေလိုပါတယ်။ ကျမတို့ဟာ နည်းလမ်းတွေရှာနေပါတယ်။ ရှေ့ဆက်လို့ရမယ့် နည်းလမ်းကို ရှာနေကြတာပါ။ အသိုင်းအ၀ိုင်း ၂ ခုစလုံးက လက်ခံနိုင်မယ့် အဖြေကို ရှာနိုင်မယ့်နည်းလမ်း ဖြစ်ပါတယ်။ ဒါဟာ သိပ်ကို ခက်ခဲမယ်ဆိုတာလည်း မငြင်းလိုပါဘူး။ ကျမတို့မိတ်ဆွေတွေက ကျမတို့နဲ့ပူးပေါင်းဖို့ အဆင်သင့်မဖြစ်ဘူးဆိုရင် ကျမတို့အလုပ်လုပ်ဖို့ ပိုပြီးခက်ခဲစေပါတယ်။ ဒါပေမယ့် ကျမတို့ နောက်မဆုတ်ပါဘူး။ ဒီကိစ္စမှာ ကျမတို့ တာဝန်ရှိပါတယ်။ ဒီပြဿနာကို အဖြေရှာဖို့ အကောင်းဆုံးဖြစ်အောင် အသိုင်းအ၀ိုင်း၂ခုစလုံးအတွက် အကျိုးရှိအောင် ကျမတို့ကြိုးစားပြီးအဖြေရှာသွားမှာပါ။” လို့ပြောဆိုသွားတာပါ။

နေပြည်တော်ကို နေ့ချင်းပြန်ခရီးရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်ခင်စိုး ၀င်း
VOA Burmese News

ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ရှိပြီလို့ မျှော်မှန်းတာကြောင့် ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ အာဇာနည်ကျောင်းသူ မ၀င်းမော်ဦးကို မိဘနှစ်ပါးက မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေစက်ချ အမျှအတန်း ပေးဝေခဲ့ပါတယ်။

ရေစက်ချ အမျှဝေပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး အပါအ၀င် အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းတွေ တက်ရောက်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်း လုံထိန်းတွေရဲ့ပစ်ခတ်မှုကြောင့် အသက်ဆုံးခဲ့ရတဲ့ မ၀င်းမော်ဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၁၆ နှစ်သာ ရှိသေးပြီး မွေးချင်း ၆ ယောက်အနက် အကြီးဆုံးသမီး ဖြစ်ပါတယ်။

Eleven Web TV

လူတွေ စိတ်ဝမ်းကွဲပြီး သွေးဆူအုံကြွ စေနိုင်တဲ့ အသုံးအနှုန်း အားလုံးကို ရှောင်ရှားစေချင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာပြုလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာ အသုံးအနှုန်းနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်က သွေးဆူစေတဲ့ အသုံးအနှုန်းတွေကြောင့် ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အလွန်ခက်ခဲစေကြောင်း၊ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ဖြစ်၊ တခြား နေရာမှာပဲ ဖြစ်ဖြစ် လူတွေ သွေးဆူ အုံကြွစေနိုင်တဲ့ အသုံးအနှုန်းအားလုံးကို မသုံးဘဲ ရှောင်စေချင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် တခြားလူတွေအနေနဲ့ မြန်မာပြည်ရဲ့ အခက်အခဲတွေကို သိနားလည်ကြဖို့နဲ့ ပြဿ နာတွေကို ဖြေရှင်းဖို့ အခြေအနေတရပ်လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီကလည်း မြန်မာပြည်မှာ ဒီကိစ္စဟာ အလွန်သွေးဆူစေတယ်လို့ဆိုတာကို သူသိကြောင်း၊ အရေးကြီးတာက ပြဿနာကို ဖြေရှင်းဖို့ ဖြစ်ပြီး အောက်ခြေမှာ အခြေအနေတွေ တိုးတက်ဖို့၊ ဖွံ့ဖြိုးတိုးတက်စေဖို့၊ လူ့အခွင့်အရေး လေးစားဖို့၊ ရခိုင်ပြည်နယ်အပါအ၀င် မြန်မာပြည်အနှံက ပြည်သူတွေ အားလုံး အကျိုးရှိစေဖို့ပဲလိုကြောင်း၊ ဘယ်လို အသုံးအနှုန်းမျိုးကိုဖြစ်ဖြစ် ပြဿ နာကို မီးထိုးပေးတဲ့ အသုံးအနှုန်းဖြစ်ရင် ရှောင်းရှားစေလိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဂျွန်ကယ်ရီက စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အကူးအပြောင်း ပြည်စုံအောင်မြင်ဖို့ အရေးကြီးတဲ့ အခက်အခဲတွေ ရှိနေကြောင်း၊ အမေရိကန် အစိုးရအနေနဲ့ မြန်မာ အစိုးရသစ်ကို ကူညီပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီက ကမ်းလှမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်က မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြုပြင် မွှမ်းမံလိုက်တာဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲ အခြေခိုင်မာစေဖို့၊ အားလုံးအကျိုးခံစားရမယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်အောင် လမ်းဖွင့်ပေးတဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမ့ယ် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းဆိုရင် အမေရိကန် အစိုးရအနေနဲ့ ကျန်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို နောက်ထပ်ဖြေလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း ဂျွန်ကယ်ရီက ပြောပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့အခါလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ဖို့အတွက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
DVB TV News

မှော်ဘီမြို့နယ် မြို့မရဲစခန်းတွင် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ မှ ဒေါ်သီရိနေလင်းက
လူမူ့ကွန်ရက် Facebook ပေါ်တွင် ဦးဝီရသူပုံအား ဖိုတိုရှော့လုပ်ပြီးတင်သည်ဟုလည်ကောင်း
ကာချုပ်ပုံကို ဖိုတိုရှော့လုပ်သည်ဟုဆိုပြီး တင်သည်ဟုလည်းကောင်း စွပ်စွဲပြီး ကိုရာပြည့် အား
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်လာရောက်ပြီး အမှုဖွင့်ထားကြောင်း ကိုရာပြည့် ကို
စခန်းမှုမှ ဖုန်းဆက်အကြောင်းကြားသဖြင့် ယနေ့ နေ့လည် (11 : 30) Am တွင်
မှော်ဘီရဲစခန်းသို့သွားရောက်၍ ယခုစွဲဆိုထားသော အမှုကိစ္စနဲ့ပတ်သက်ပြီ မိမိနှင်မသက်ဆိုင်ကြောင်း
သွားရောက်ဖြေရှင်းခဲ့သည်။

စခန်းမှုမှလည်း အမှုကိစ္စနှင့်ပတ်သက်ပြီး အဖြစ်မှန်ကို အမြန်ဆုံးပေါ်ပေါက်အောင်
ဆောင်ရွက်ပေမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲသည်။ သို့သော် ဆက်သွယ်ရေး ဥပဒေ
ပုဒ်မ - ၆၆ (ဃ) သည် အာမခံပေးလို့ မရသော အမှုဖြစ်နေသဖြင့် အမှုမှန်မပေါ်ပေါက်မီအချိန်တွင်
တာဝန်အရ ခေတ္တထိမ်းသိမ်းထားရမည်ဖြစ်သဖြစ် မော်ဘီမြို့မရဲစခန်းတွင်
ဖမ်းဆီးထိန်းသိမ်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုရာပြည့်ကို မနက်ဖြန် မှော်ဘီမြို့နယ် တရားရုံးတွင် ရုံးထုတ်ပါမည်။
အစီစဉ် အသေးစိတ်ကိုတော့ မသိရသေးပါ။ ယခု စခန်းမှုမှ စစ်ချက်ယူနေပါသည်။

သတင်းဓာတ်ပုံ - ကိုသူ (22-5-2016) 16:40 PM

[youtube src="NdAe6kBgEw4"/]
"ရိုဟင်ဂျာ" အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အမေရိကန် သတင်းစာတွေ ရဲ့ အယ်ဒီတာ့ အာဘော်ကနေ ဝေဖန် ရေးသားတဲ့ အပေါ် ဘယ်လိုမှတ်ချက် ပြုလိုပါသလဲလို့ RFA ကနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ကို မေးမြန်းခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ရဲ့ ဖြေကြားချက် အပြည့်အစုံကို တင်ပြလိုက်ပါတယ်။

ကျွန်မတို့ ဟာ ဒီ ( ရိုဟင်ဂျာ) ပြဿနာကို ဖြေရှင်းဖို့ အဖြေ ကြိုးစားပြီး ရှာနေပါတယ် ။ အဲဒီ အဖြေရှာနေဆဲ အချိန်ကာလ မှာ ကျွန်မတို့ရဲ့ မိတ်ဆွေ နိုင်ငံတွေ အနေနဲ့ ကျွန်မတို့ကို ဝိုင်းဝန်း ကူညီတဲ့ သဘောဆောင်စေချင်ပါတယ်၊ ကျွန်မတို့ဟာ အုပ်စု တစ်စုတစ်ဖွဲ့ကို အပြစ်တင်ဝေဖန်ဖို့ လုပ်နေတာမဟုတ်ပါဘူး၊ ဒီပြဿနာ နဲ့ သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းနှစ်ရပ်လုံးအတွက် လက်ခံနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ကြိုး စားနေတယ် ဆိုတာ သိစေချင်ပါတယ် ။ ဒါပေမယ့် ဒါဟာ အလွန်ပဲ ခဲယဉ်းပါတယ် ။ ဒါကို ကျွန်မ မငြင်းပါဘူး။ သို့သော်လည်း ဒီပြဿနာကို ဖြေရှင်းပေးဖို့ ဆန္ဒရှိနေတဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေတွေက ကျွန်မတို့ ကို ကူညီပြီး ပူပေါင်း ဆောင်ရွက် နိုင်မယ့် အနေအထားမှာမရှိသေးဘူးဆိုရင်တော့ ကျွန်မတို့ ဖြေရှင်းဆောင်ရွက်ရမယ့် အလုပ်ကို ပိုပြီးခက်ခဲအောင်လုပ်လိုက်သလိုဖြစ်ပါလိမ့်မယ်။ ဒီလိုပြောလိုက်လို့ ကျွန်မတို့ ဒီပြဿနာ ကို ဘေးဖယ်ထားမယ်လို့ဆိုလိုတာဟုတ်ပါဘူး။ ဒီပြဿနာ ကိုဖြေရှင်းဖို့ ဟာ ကျွန်မတို့မှာ တာဝန်ရှိတယ်ဆိုတာ ကျွန်မ လက်ခံထားပါတယ် ။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းနှစ်ရပ်လုံးအတွက် အကျိုးဖြစ်စေမယ့် အဖြေတစ်ခုကို ရရှိနိုင်ဖို့ ကျွန်မတို့ အကောင်းဆုံးကြိုးစားသွားပါ့မယ် ။

ဒေါ်အောင်ဆန်းစုကြည်
(နိုင်ငံခြားရေးဝန်ကြီး )

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် အတူပြုလုပ်သော နေပြည်တော် သတင်းစာရှင်းလင်းပွဲမှ....
(၂၂-၅-၂၀၁၆)
ရိုက်ကူး။ မျိုးသန့်ခိုင်/RFA

dassk-us-press-620.jpg
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerryနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၂၂ ရက်နေ့ က နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းနေစဉ်
Photo: Myo Thant Khaing/ RFA
ရိုဟင်ဂျာ၊ ဘင်္ဂလီ အမည်ခေါ်ဝေါ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အကောင်းဆုံး ဖြစ်နိုင်မယ့် အဖြေကို ရှာဖွေနေကြောင်းနဲ့ အဲဒီအဖြေဟာ လူ့အဖွဲ့အစည်း ၂ ခုစလုံးက လက်ခံနိုင်လောက်မယ့် အဖြေမျိုးဖြစ်ဖို့ ကြိုးစားနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ကျင်းပတဲ့ ပူးတွဲသတင်း စာရှင်းလင်းပွဲမှာ RFA က ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သတင်းစာတွေက ဝေဖန်ရေးသားနေတဲ့ အပေါ် မှတ်ချက်ပြုပေးဖို့မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေရဖို့ ကျွန်မတို့ကြိုးစားနေပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ပန်ကြားလိုတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်ဖို့ အကူအညီပေးတာမျိုးသာ ဖြစ်စေလိုပါတယ်။ ကျွန်မတို့အနေနဲ့ ဘယ်လူ့အဖွဲ့အစည်း တစ်ခုခုကိုမှ ထိခိုက်နစ်နာစေလိုတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း ၂ ခုက လက်ခံနိုင်ပြီး ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် အဖြေမျိုးကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန်ခက်ခဲလွန်းတယ်ဆိုတာကို ကျွန်မတို့သိပါတယ်။ သဘောရိုးနဲ့ ပြောဆိုနေကြသူတွေ အနေနဲ့ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိဘူးဆိုရင် အဖြေရှာနိုင်ဖို့ ပိုပြီးအခက်အခဲရှိလာမှာ ဖြစ်ကြောင်း၊ အဲဒီလိုခက်ခဲတယ်ဆိုလို့ ဒီကိစ္စကနေ သွေဖီသွားမှာ မဟုတ်ကြောင်း" ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ဒေါ်အောင်ဆန်းစုကြည် ရှင်းပြတဲ့ အချက်တွေဟာ မြန်မာနိုင်ငံ အတွက် အရေးကြီးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိန်ခေါ်မှု အခက်အခဲကို ရင်ဆိုင်ပြီးသတ္တိရှိရှိ ဖြေဆို သွားတာဖြစ်ကြောင်း ထောက်ခံပြောပါတယ်။

Mr. Kerry က အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုသာ အကူအညီပေးလိုတာ ဖြစ် ပြီး ပြဿနာတွေ ပိုကြီးထွားစေမှာကို မလိုလားကြောင်းလည်းပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့မနက်က နေပြည်တော်ကို ရောက်ရှိပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ညနေပိုင်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Mr. Kerry ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားပါတယ်။

RFA

နေပြည်တော် မေ ၂၂ ရက်။ ။

နှစ်၅၀ကျော်ကြာ အသားကျခဲ့တဲ့ စစ်အုပ်ချုပ်ရေးကိုချေဖျက်ဖို့ မလွယ်ပေမယ့် လည်း အမေရိကန်နိုင်ငံ အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ ဆုံပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် ဆွေးနွေးပေးသွားမယ်လို့အမေရိကန်နိုင်ငံခြားရေးဝန့်ကြီးဂျွန်ကယ်ရီကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီက"နှစ်ပေါင်း ၅ဝကျော်ကြာ စစ်အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေကိုအလွယ်တကူ ချေဖျက်လို့ မလွယ်ဘူးဆိုတာ ကျနော်သိပါတယ်။ ဒီကနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တဲ့အခါ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍကို ကျနော်ဆွေးနွေးဖို့ရှိပါတယ်။ "လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အမေရိကန် နိုင်ငံ က ဆက်လက်ထားရှိတဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ တပ်မတော်နဲ့ ဆက်စပ်ပတ်သက်တဲ့ ပုဂ္ဂိုလ်အများစု ပါဝင်နေတာဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ အတွက် အခုလို ဆက်ထားဖို့ လိုအပ်တယ်လို့လည်း ဂျွန်ကယ်ရီကပြောပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီ တို့ သည့်နေ့နေ့လည် ၁နာရီ ခွဲ ကပူးတွဲ သတင်းစာရှင်းလင်း ရာမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးတဲ့ မစ္စတာ ဂျွန်ကယ်ရီ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်းသွားရောက်တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

Author/Photo - ဖေသက်ထက်ခင်
Kumudra

လွှတ်တော်ကို အရက်မူးပြီးရောက်လာတယ်ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးကို တန်ဇန်းနီးယားသမ္မတ ဂျွန်မာဂူဖူလီ ကအလုပ်ဖြုတ်ပစ်ခဲ့ကြောင်း ၀န်ကြီးချုပ် ကက်ဆင်မာဂျာလီဝါက စနေနေ့က ပြောပါတယ်။
“ပြည်ထဲရေးဝန်ကြီး ချာလီ ကီဝမ်ဂါ က လွှတ်တော်ကိုအရက်မူးရောက်လာပြီး မေးခွန်းတွေကို ကောင်းကောင်းမဖြေနိုင်ဘူးဆိုတဲ့ သတင်းကြောင့် သမ္မတက သူ့ကို အလုပ်ဖြုတ်လိုက်ပါတယ်” လို့ မာဂျာလီဝါက နိုင်ငံပိုင် တီဘီစီသတင်းဌာနကို ပြောပါတယ်။
“၀န်ကြီးတွေနဲ့ တခြားအစိုးရ၀န်ထမ်းတွေဟာ အမြဲတမ်းသိက္ခာသမာဓိရှိမှုကို ပြသရမယ်”လို့ မာဂျာလီဝါက ပြောပါတယ်။
ဝန်ကြီးရဲ့ကျူးလွန်မှုကို သေချာမသိရပေမယ့် သူ့ကို အလုပ်ဖြုတ်တာဟာ အပြတ်နှိမ်နင်းတတ်တယ်ဆိုတဲ့ သမ္မတရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းရာရောက်ပါတယ်။
သမ္မတဟာ မနှစ်က အောက်တိုဘာမှာ အာဏာရပြီးနောက်ပိုင်း သူ မသင့်တော်ဘူးထင်တဲ့ ပြည်ပခရီးစဉ်အများအပြားကို ဖျက်သိမ်းခဲ့ပြီး အစိုးရဖျော်ဖြေရေးဘတ်ဂျက်တွေကိုလည်း လျှော့ချခဲ့ပါတယ်။
သမ္မတဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲတွေကိုလည်း ဖျက်သိမ်းခဲ့ပြီး လူပေါင်းများစွာသေဆုံးရတဲ့ ကာလ၀မ်းရောဂါဖြစ်နေချိန်မှာ ပိုက်ဆံတွေကို ပျော်ပွဲရွှင်ပွဲအတွက်သုံးနေတာ ရှက်စရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။
စုပြည့်စုံ
Ref: AFP (May 22 , 2016
Kumudra

ရုရှနိုင်ငံ ဆိုချီမြို့မှာ ၂ရက်ကြာကျင်းပခဲ့တဲ့ အာဆီယံ-ရုရှထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ သမ္မတဦးထင်ကျော်နဲ့ အစိုးရအဖွဲ့ဟာ ဒီကနေ့မှာတော့ ခရီးစဉ်ပြီးဆုံးလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာပါတယ်။ NLD နာယကကြီး သူရဦးတင်ဦး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှသံအမတ်ကြီးတို့က ကြိုဆိုခဲ့ကြပါတယ်။

(ဓာတ်ပုံ - Et)
Kamayut Media

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီတို့ ယနေ့ (မေ ၂၂ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှု အပြီး ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းမှုကို ထောက်ခံသည့် အနေဖြင့် အရေးယူ ပိတ်ဆို့မှုများ လျော့ချပေးခဲ့သည်ဟု ဂျွန်ကယ်ရီက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုသည် မြန်မာ့ သမိုင်းအတွက် အရေးပါရုံသာမက နိုင်ငံတကာရှိ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများ အတွက်ပါ အရေးပါကြောင်း၊ အဆိုပါ အသွင် ကူးပြောင်းမှုကို ထောက်ခံမှု ပြသသည့်အနေဖြင့် အရေးယူ ပိတ်ဆို့မှုများကို လျော့ချပေးခဲ့ကြောင်း ဂျွန်ကယ်ရီက ပြောကြားပါသည်။

အရေးယူ ပိတ်ဆို့မှုများကို လျော့ချပေးခဲ့သည့် အဓိက အချက်မှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဒီမိုကရေစီ အသွင် ကူးပြောင်းမှု တိုးတက်ခြင်းအပေါ် အခြေခံပြီး အချို့သော ကဏ္ဍများ အတွက် အရေးယူပိတ်ဆို့မှု ဆက်ထားရခြင်းမှာ အချို့သော သူများ၏ လုပ်ကိုင်မှု ပြောင်းလဲရန် လိုအပ်နေပြီး တိုးတက်မှုများ ဆက်ရှိရန် လိုနေ ခြင်းကြောင့် ဖြစ်သည်ဟုလည်း ဂျွန်ကယ်ရီက ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရှိနေခြင်းကို မကြောက်ကြောင်းနှင့် (အချို့ကဏ္ဍများတွင်) ယခင်က အခြေအနေမျိုး ရှိနေသည့် အတွက် အရေးယူ ပိတ်ဆို့မှုများ ဆက်ရှိရမည် ဆိုသည်ကို သိရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။ သို့သော် အနာဂတ် တစ်ချိန်ချိန်တွင် အရေးယူ ပိတ်ဆို့မှုများ လုံးဝ မရှိတော့ဘဲ ရုတ်သိမ်းပေးမည့် အခြေအနေ ရောက်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

ဘင်္ဂါလီရိုဟင်ဂျာ အရေး ကိစ္စတွင်လည်း အသုံးအနှုန်း ကိစ္စထက် အဆိုပါ ကိစ္စထက် အရေးကြီးသည်များ ရှိနေချိန်၌ တစ်ဖက်မှ လက်မခံနိုင်သော အသုံးအနှုန်းကို မသုံးရန် ပြောကြားခြင်း ဖြစ်ပြီး ထိုအသုံးအနှုန်းကြောင့် စိတ်ခံစားမှုများ ပါဝင်နေသည့် အတွက် ဂရုစိုက်ရန် ပြောကြားခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည့်အပေါ် ဂျွန်ကယ်ရီက ဂုဏ်ပြုစကား ပြောဆိုခဲ့ကာ မြန်မာနိုင်ငံ ပြောင်းလဲနေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများတွင် ကူညီလိုကြောင်း ဂျွန်ကယ်ရီက ဆက်လက် ပြောကြားခဲ့ပါသည်။

ထို့အပြင် မြန်မာအစိုးရသစ်သည် လူမှုရေး၊ စီးပွားဆိုင်ရာ ကိစ္စရပ်များနှင့် များပြားလှသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ထိုစိန်ခေါ်မှုများအား မြန်မာပြည်သူများနှင့် လက်တွဲ ကျော်ဖြတ်နေသည်ဟု ဂျွန်ကယ်ရီက ဆိုပါသည်။
Eleven Media Group


22 May 2016

ချီလီ နိုင်ငံ စံဒေရာဂိုမြို့  တိရိစ္ဆာန်ဥယျာဉ်က ခြင်္သေ့တွေလှောင်ထားတဲ့ နေရာကို အသက် (၂၀)အရွယ် လူငယ် တဦး ဟာ အတားအဆီးတွေကိုဖျက်ဝင် သွားခဲ့ပြီး မိမိကိုယ်မိမိ ခြင်္သေ့စားကြွေးကာ သတ်သေသွားခဲ့ကြောင်း သိရပါတယ်။

အားလပ်ရက်ဖြစ်တာကြောင့် လာရောက်ကြည့်ရူ့ နေကြတဲ့သူတွေရှေ့ မှာတင်
Franco Luis Ferrada Roman ဖရမ်ကို လူးရစ် ဖါရာဒါ ရိုမန် ဆိုသူ လူငယ်ဟာ ယခုလို မိမိကိုယ် အဆုံးစီရင်သွားတာပါ၊

ဖရမ်ကို ကို တိရိစ္ဆာန်ရုံ ၀န်ထမ်းတွေက ခြင်္သေ့တွေကိုက်နေတဲ့ ကြားကနေ ကယ်တင်ပြီး
ဆေးရုံမှာ အရေးပေါ်ကုသပေးနေပေမယ့် ဖရန်ကို ဟာ အသက်ရှင်နိုင်ဘို့ 
သိတ်မရှိတော့ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်ကြောင့် တိရိစ္ဆာန်ရုံကို ယာရီ ပိတ်ခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်နေကြပါတယ်။

makarella
Social Action for Women - SAW

မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့အတွက် အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု(Sanction)ကို ဆက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုပါတယ်။

ဒီနေ့ နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ကျင်းပပြုလုပ်တဲ့ မြန်မာ-အမေရိကန် ၂ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီရဲ့ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည် ဖြေဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျနော် သတင်းစကားပါးချင်တာက မြန်မာပြည်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့အတွက် အမေရိကန်က ဆက်လက် တွန်းအား ပေးသွားမှာပါ။ တိုင်းပြည်ရဲ့ ပြောင်းလဲတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဆက်လက်ဆုံးဖြတ်သွားမှာပါ။ အပြောင်းအလဲတွေ ရှေ့ဆက်နိုင်ဖို့ အမေရိကန်ဆန်ရှင်က ဒီတိုင်းပြည်မှာ လိုအပ်နေတုန်းပါပဲ”ဟု ဂျွန်ကယ်ရီက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို နားလည်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို လုံးဝ မကြောက်ဘူးလို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ

၈လေးလုံး အရေးတော်ပုံအတွင်း ကျည်ဆံထိမှန်သေဆုံးသွားခဲ့သော ကျောင်းသူ မ၀င်းမော်ဦး၏ ရေစက်ချအမျှဝေခြင်းကို မေလ ၂၂ ရက် နေ့လည် ၁၁နာရီ အချိန်တွင် လှိုင်သာယာမြို့နယ် ဗိုလ်တေဇလမ်းရှိနေအိမ်တွင် ရွှေည၀ါဆရာတော်အား အမှုထား၍ အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ အရပ်ဖက် လူမှုအဖွဲ့အစည်းများဖြစ်သည့် ဦးကိုကိုကြီး ၊ဗကသ ကျောင်းသား ကို နန္ဒစစ်အောင် ၊ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့ကြသည့် မ၀င်းမော်ဦး၏သူငယ်ချင်းများနှင့် အခြား ပရိတ်သတ်များ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

“ဒီမိုကရေစီရမှ အမျှဝေပါလို့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် ၀င်းမော်ဦး ကျဆုံးခဲ့တာ ၂၈နှစ်ပြည့်ပါပြီး ။ဒီနေ့ ရေစက်ချ အမျှဝေ အခမ်းအနား ကျင်းပပြီးပေမဲ့ ဒီမိုကရေးစီ အပြည့်အ၀ရပြီလို့ ပြောလို့မရသေးဘူး။ ၈၈ အရေးအခင်းမှာ အသက်နဲ့ခန္ဒာရင်းခဲ့ရတဲ့ ရဲဘော်တွေကအများကြီး ဒီမိုကရေစီ အပြည့်အ၀ ရဖို့အတွက်ကျန်ခဲ့ တဲ့ရဲဘော်တွေက ဆက်ပြီးလုပ်ဆောင်ရအုံးမယ်”ဟု ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။

ဓာတ်ပုံ/သတင်း အောင်သူရိန်

"လွန်ခဲ့တဲ့ ၁၇နှစ်က ဆီနိတ်တာအဖြစ် မြန်မာပြည်ကို ပထမဆုံးလာခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားမှုတွေဟာ တင်းတင်းကြပ်ကြပ်ကို တားဆီးခံထားရချိန်ပါ။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ အကျယ်ချုပ်ကျခံခဲ့ရတဲ့အိမ်မှာ သူ့ကိုကျနော်တွေ့ခဲ့ရပါတယ်။

အာဏာရှင်တွေက ဒီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိဘူးလို့ပြောခဲ့သလို လူ့အခွင့်အရေးထက် အမိန့်အာဏာကိုပဲ တန်ဖိုးထားတယ်လို့ ဆိုပါတယ်။ အခုတော့ သူတို့မှားကြောင်း ထင်ရှားနေပါတယ်။ ဒီကနေ့ပေးချင်တဲ့ သတင်းစကားက ရှင်းရှင်းလေးပါ။ ဒီနေရာမှာ ပေါ်ပေါက်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ကျတော်တို့အနေနဲ့ အထူးအားပေးထောက်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး လွှတ်တော်တွေ ခေါ်ယူနိုင်ခဲ့ပါပြီ။

အဲဒီလွှတ်တော်အမတ်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ၁ဝဝလောက် ပါဝင်နေပါတယ်။ မိတ်ဆွေတို့ဖြတ်သန်းခဲ့တဲ့ ခရီးလမ်းအပေါ် အလွန်အမင်းပဲ ဂုဏ်ယူဝမ်းမြောက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရမှုကို ကြိုဆိုပါတယ်။ မြန်မာပြည်ဟာ ပြောင်းလဲနေပါပြီ။ မြန်မာနိုင်ငံဟာ အရေးကြီးတယ်လို့ သမ္မတအိုဘားမား ဦးဆောင်တဲ့ အစိုးရက သဘောပိုက်ပြီး အာရှရဲ့ဦးစားပေးအဖြစ် သတ်မှတ်ခဲ့တာကြောင့် နှစ်နိုင်ငံကြားက ဆက်ဆံရေးရဲ့ရလဒ်တွေကို တွေ့ရပါပြီ။

ကျနော်တို့ဟာ မြန်မာပြည် ဒီမိုကရေစီရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကူညီချင်ပါတယ်။ အင်စတီကျူးရှင်းအားလုံးကို အားပေးတဲ့အနေနဲ့ တစ်ချို့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်ထားပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ထောက်ပံ့နိုင်ရေး အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုလည်း အားပေးတိုက်တွန်းမှုတွေ လုပ်နေပါတယ်။

၂ဝ၁၂ခုနှစ်ကတည်း အမေရိကန်အစိုးရဟာ အရပ်ဖက်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွေအတွက် ဒေါ်လာ ၁၂သန်းကျော် ကူညီထောက်ပံ့ခဲ့ပါတယ်။
ကျနော် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကိစ္စတွေကို တစ်ခုချင်းဆွေးနွေးခဲ့ပါတယ်။ ဒီနိုင်ငံကို ကူညီထောက်ပံ့ဖို့ဆိုတဲ့ သတင်းစကားနဲ့ ကျနော်လာခဲ့တာပါ။ ပြီးတော့ ကျနော်နားထောင်ပါတယ်။ သေသေချာချာကို နားထောင်ပါတယ်။ နှစ်ပေါင်း ၅ဝကျော်ကြာ စစ်အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေကိုအလွယ်တကူ ချေဖျက်လို့ မလွယ်ဘူးဆိုတာ ကျနော်သိပါတယ်။ ဒီကနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တဲ့အခါ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍကို ကျနော်ဆွေးနွေးဖို့ရှိပါတယ်။

မြန်မာအစိုးရသစ်ဟာ လူမှုရေး၊စီးပွားရေးဆိုင်ရာ မြောက်မြားလှစွာသော စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ကြီးမားတဲ့အရာတွေကို လုပ်ဆောင်နိုင်ခဲ့ပြီး ဒီနိုင်ငံက ပြည်သူတွေအားလုံး လက်တွဲကျော်ဖြတ်နေတာပါတယ်။ ကျနော်တို့ကတော့ ဒီခရီးလမ်းတစ်လျှောက် ရှေ့မှာဖြစ်လာမယ့် စီးပွားရေးအကျိုးအမြတ်တွေနဲ့ ဒီမိုကရေစီတည်တံ့ခိုင်မာရေးအတွက် မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ကျနော် ဒီကိုလာရတဲ့အချိန် နှစ်ပေါင်းများစွာ ကျနော်တို့အားလုံး လေးစားဂုဏ်ယူရတဲ့ ပုဂ္ဂိုလ် (ဒေါ်အောင်ဆန်းစုကြည်)နဲ့အတူ ရှိနေရတာဟာ အရေးကြီးမှုပါပဲ။"

ဂျွန်ကယ်ရီ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
မေလ ၂၂ရက်၊ ၂ဝ၁၆
နေပြည်တော်

အာဏာရှင်လက်ထက်ကပြည်သူများ
အမြီးကျက်အမြီးစား
ခေါင်းကျက်ခေါင်းစား
စည်းကမ်းတွေပျက်ပြား
အစိုးရသားတွေ စားမလောက်
လာဘ်စားမယ့်လမ်းကိုလျှောက်
အိတ်ပေါက်နဲ့ဖါးကောက်
တိုင်းပြည်ဒိုးရိုးပေါက်
အိမ်နောက်ဖေးကလမ်းတွေကြား
အမှိုက်တွေလွယ်လွယ်ပစ်လို့ထား
ကြွက်ယင်ခြင်တွေ ပေါက်လို့ဖွား
ရောဂါရတာ ပြည်သူများ
ဝမ်းနည်းစရာကောင်းလှပါတကား…။

ယနေ့တက်သစ်စအစိုးရ
ပြည်သူ့မဲနဲ့တက်လာကြ
အုပ်ချုပ်ခံရတဲ့ပြည်သူတွေ
စည်းကမ်းရှိလာပေ
အမှိုက်တွေကို စည်းကမ်းတကျ
သတ်မှတ်တဲ့နေရာ သွားပစ်ကြ
ခေါင်းဆောင်က ဖြောင့်ဖြောင့်သွား
နောက်လိုက်တဲ့ပြည်သူများ
ကောက်ကောက်မသွား
နှလုံးသားနဲ့ ခေါင်းကိုသုံး
တိုးတက်လာမှာထိပ်ဆုံးထိပ်ဆုံး…။

တက္ကသိုလ်ဘုန်းကြွယ်(မေ ၂၁ ၁၆)


မူလာ မန်ဆူး နဲ့ နောက်ထပ် လူတစ်ဦး မောင်းနှင် လာတဲ့ မော်တော်ယာဉ်ကို ပစ်မှတ်ထားကာ ဒရုန်း ယာဉ်ပျံတွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့။
အာဖဂန် တာလီဘန် ခေါင်းဆောင် မူလာ အာ့ခ်တာ မန်ဆူးကို ပစ်မှတ် ထားပြီး လေကြောင်း တိုက်ခိုက် ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပဲန်တာဂန်က ထုတ်ဖော် ပြောဆိုပါတယ်။

တိုက်ခိုက်မှုရဲ့ ရလာဒ် အပေါ် ဆန်းစစ် နေဆဲ လို့ ပြောပေမယ့် မူလာ မန်ဆူး သေဆုံး သွားပြီလို့ ယူဆရတယ် လို့လည်း ဆိုပါတယ်။

အာဖဂန် နယ်စပ် အနီး ပါကစ္စတန် ဘက်ခြမ်းက အာမက်ဒ်ဝေလ် ဆိုတဲ့ မြို့အနီး ဝေးလံ ခေါင်သီတဲ့ ဒေသမှာ မူလာ မန်ဆူး နဲ့ နောက်ထပ် လူတစ်ဦး မောင်းနှင် လာတဲ့ မော်တော်ယာဉ်ကို ပစ်မှတ်ထားကာ ဒရုန်း ယာဉ်ပျံတွေကို အသုံးပြုပြီး တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

မူလာ မန်ဆူးဟာ တာလီဘန် ခေါင်းဆောင် နေရာကို ပြီးခဲ့တဲ့ နှစ် ဂျူလိုင်လ က စပြီး ရရှိ လာတာ ဖြစ်ပြီး တာလီဘန် အဖွဲ့ခွဲ တချို့ကတော့ သူတို့ ခေါင်းဆောင် အဖြစ် အသိအမှတ် မပြုကြပါဘူး။

BBC Burmese
http://www.bbc.com/burmese


ကချင်မြေနဂါး Saturday, 21 May 2016

ကချင်ပြည်နယ် မိုးညှင်းမြို့၏ တောင်ဘက်အထွက်တွင် မြစ်ကြီးနားမှ ရန်ကုန်သို့ တိုက်ရိုက်ပြေးဆွဲနေသော အဝေးပြေးမော်တော်ယာဉ် တစ်စီးသည် တံတားပေါ်တွင်အရှိန် မထိန်းနိုင်ဘဲ တံတားအောက်လက် ရန်းများအား ဝင်တိုက်ကာ လမ်း၏ ဝဲဘက်ကုန်းဆင်းဘက်သို့ ထိုးကျသွားခဲ့သည်။

ဖြစ်ပွားပုံမှာ ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် မြစ်ကြီးနားမှရန်ကုန်ဘက်သို့ ထွက်ခွာလာသော High Class မော်တော်ယာဉ်အသင်းယာဉ် အမှတ် 3H/------ အားယာဉ်မောင်း ဦးသိန်းဝင်းမောင်းနှင်၍ မြစ်ကြီး နားမြို့မှ နံနက် ၁ဝနာရီခွဲတွင် ထွက်ခွာလာခဲ့သည်။

မော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်းဦးသိန်းဝင်းနှင့်အတူ ယာဉ်နောက်လိုက် ပြည့်ဖြိုး၊ ပြည် တွင်း ခရီးသည်အမျိုးသား ၁၂ ဦး၊ အမျိုးသမီးလေးဦး၊ ပြည်ပခရီး သည် အမေရိကန်နိုင်ငံသား အမျိုး သားလေးဦး၊ အမျိုးသမီးခုနစ်ဦးနှင့် စကားပြန်တစ်ဦး စုစုပေါင်း ၃ဝ တို့လိုက်ပါခဲ့ပြီး မွန်းလွဲ ၃ နာရီ တွင် မိုးညှင်းမြို့အထွက် တံတား အမှတ် (၁/၁၈၇) ပေါ်အရောက် တွင် အရှိန်မထိန်းနိုင်ဘဲ ဝဲဘက် တံတားကွန်ကရစ်လက်ရန်းများ အား ဝင်တိုက်ကာ လမ်း၏ဝဲဘက် ကုန်းဆင်းဘက်သို့ ထိုးကျခဲ့သည်။

မော်တော်ယာဉ်ပေါ် လိုက်ပါ လာသူများအားလုံး ထိခိုက်ဒဏ်ရာ မရရှိကြဘဲ အခင်းဖြစ်အရပ်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များ လာရောက်၍ လိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ကြသည်။

ထို့နောက် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သော ယာဉ်မောင်း ဦးသိန်းဝင်း(၅၃နှစ်)၊ အမှတ်(၁၃) (၂)ရပ်ကွက် မှော်ဘီ မြို့နယ်နေထိုင်သူအား မြို့မရဲစခန်း (မိုးညှင်း)က ယာဉ် (ပ)၁၂/၂ဝ၁၆ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်လှစ်ထား ခဲ့သည်။

ကချင်မြေနဂါး
The Union Daily
http://uniondaily.net


နိရဉ္စရာ မေ ၂၂ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့ပေါ် ရပ်ကွက် တစ်ခု ဖြစ်သော အင်ဘလာခေါ် အောင်မင်္ဂလာ မူဆလင် ရပ်ကွက်တွင် လူဦးရေ စစ်ဆေးမှုကို ယနေ့ ဒုတိယ နေ့အဖြစ် ဆက်လက် ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။

အင်ဘလာ ရပ်ကွက်တွင် ပြင်ပမှ ၀င်ရောက်ပြီး တရားမ၀င် လာရောက်နေထိုင်သူ များလာနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခု စစ်ဆေးမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

"အခုလိုစစ်ဆေးရတာက ဒေသခံတွေက လူဦးရေတိုးပွားမှု တရားမဝင်နေထိုင်မှုတွေ ရှိတယ်ဆိုတဲ့ သံသယတွေ ရှိနေတာကြောင့် အခုလိုစစ်ဆေးရတာဖြစ်ပါတယ်။ အားလုံးပြီးမှ စာရင်းချုပ် လုပ်မှာပါ" ဟု လူဝင်မှု ကြီးကြပ်ရေးပြည်နယ်မှု ဦးဝင်းလွှင်က မီဒီယာများသို့ပြောသည်။

"ကျွန်တော်တို့က လူဦးရေစစ်ဆေးချက်ပုံစံအဖြစ် ထွေအုပ်က ထုတ်ပေးတဲ့ စာရွက်မှာ သူတို့ ဖြည့်တယ်။ ဖြည့်ပြီး တာနဲ့ အဲဒီစာရင်းနဲ့ ကျွန်တော်တို့ဆီမှာ ရှိတဲ့စာရင်းနဲ့ တိုက်ကြည့်မှာပါ။ ၂၀၁၂ ခုနှစ်ကို မူတည်ပြီး စစ်ဆေးတာပါ။ ကျွန်တော်တို့ ဆီမှာတော့ အားလုံးသော အိမ်ထောင်စုစာရင်းတွေ ရှိပါတယ်။ ပြောင်းသွားတဲ့ သူတွေလည်း ရှိပါတယ် "ဟု စစ်တွေမြို့ လူဝင်မှုကြီးကြပ်ရေးဌာန မြိုနယ်မှူး ဦးအောင်မြင့်မော်မှ နိရဉ္စရာ ရခိုင်သတင်းဌာနသို့ ပြောသည်။


အောင်မင်္ဂလာရပ်ကွက်ရာအိမ်မှူး မူဆလင်အမျိုးသား ကိုကျော်တင်လှိုင်က “ ကျွန်တော်တို့ကို ခုလို လာရောက် စစ်ဆေးတာ ကောင်းပါတယ်။ သံသယစိတ်ကင်းသွားတာပေါ့။ စစ်ဆေးတဲ့အခါမှာလည်း အေးဆေးပါဘဲ။ လူဦးရေ ဘယ်နှစ်ယောက်ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စာရင်းနဲ့ သူတို့ရဲ့ စာရင်း တိုက်ကြည့်တာပေါ့။ ကျွန်တော်တို့ ဒီနှစ် ၂၀၁၆ ၄ လပိုင်း စာရင်းအရတော့ အိမ်ထောင်စုက ၉၆၀ ပါ၊ လူဦးရေက ၄၂၆၃ ဦးရှိပါတယ်။ စစ်ဆေးပြီးတဲ့ခါ ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်တို့လဲ မသိပါဘူး" နိရဉ္စရာသို့ ပြောသည်။

လက်ရှိတွင် အောင်မင်္ဂလာ အပါအ၀င် ကျောင်းတက်လမ်း၊ ကုန်တန်း၊ ကသဲနှင့် မောလိပ် စသည့်ရပ်ကွက် ၅ ခုစလုံး စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှု အထဲတွင် အိမ်ထောင်စုစာရင်းပျောက်နေသူ၊ တစ်ခြားသူတွေများ၏ အိမ်မှာ အငှားအဖြစ် နားလည်မှုနှင့် နေထိုင်သူများလည်းရှိကြောင်း သိရသည်။

စစ်ဆေးမှု မှတ်တမ်းကိုတော့ စစ်ဆေးမှု မပြီးစီးသေးသဖြင့် ထုတ်ပြန် ခြင်းမရှိသေးကြောင်းသိရသည်။

စစ်ဆေးမှုကို မေလ ၂၁ ရက်နေ့က စတင်ခဲ့သော်လည်း လေပြင်းတိုက်ပြီး မိုးရွာသဖြင့် ခဏမျှ ပြုလုပ်ကာ ရပ်နားခဲ့ရပြီး ယနေ့တွင် ပြန်လည် စစ်ဆေးခဲ့သည်ဟု သိရသည်။ ယမန်နေ့က စစ်ဆေးစဉ် အတွင်း သတင်းထောက်များ ၀င်ခွင့်မရခဲ့သည်သာမ ရိုက်ယူခဲ့သော ဓာတ်ပုံများကိုလည်း သက်ဆိုင်ရာ တာဝန် ရှိသူများက ဖျက်ခိုင်းခဲ့သော်လည်း ယနေ့တွင် လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ပြုခဲ့သည်ဟု သိရသည်။

ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara


ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင်လူဦးရေစာရင်းကို ပြည်နယ်အစိုးရ ရဲ့အစီအစဉ်နဲ့ ဒီနေ့မနက်ပိုင်းက စတင်ကောက်ယူနေပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာ လူဦးရေ ၄ ထောင်ကျော်ရှိရာကနေ သောင်းဂဏန်းလောက်ထိ တိုးလာတယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြောင့် စစ်ဆေးတာဖြစ်တယ်လို့ စာရင်းကောက်ယူရာမှာ ပါဝင်တဲ့ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးရွှေလှ က ပြောပါတယ်။

"အောင်မင်္ဂလာရပ်ကွက်မှာ လူဦးရေတိုးပွားတယ်ဆိုပြီးတော့ သတင်းတွေထွက်နေလို့ပါ၊  ပထမတော့ လူဦးရေ ၄ ထောင်ကျော်ရှိပါတယ်၊ အခုက ၁ သောင်း၊ ၂ သောင်းဖြစ်တယ်ဆိုပြီးတော့ သတင်းတွေထွက်တာကြောင့် လူဦးရေစာရင်းလာကောက်တာပါ၊  ကျားဘယ်နှစ်ယောက်၊ မ ဘယ်နှစ်ယောက်၊ အိမ်နံပါတ်က ဘယ်လောက်၊ မွေးတာတိုးတာက ဘယ်လောက်ရှိတယ်၊ အဲ့ဒါတွေကောက်တာပေါ့၊ လာစစ်တော့လည်း သံသယရှင်းသွားတာကိုး "

အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ မွတ်စလင်တွေကို စစ်တွေမြို့ပြင်ကိုပြောင်းရွှေ့ပေးဖို့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က စစ်တွေမြို့မှာရှိတဲ့ ရဟန်းသံဃာတော်တွေနဲ့ ဒေသခံတွေက ပြည်နယ်အစိုးရထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ တာကြောင့် ရပ်ကွက်အတွင်းမှာရှိတဲ့ မွတ်စလင်လူဦးရေစာရင်းကို အစိုးရက ဒီနေ့ ကောက်ယူခဲ့တာဖြစ်ပါတယ်။

ရခိုင်နဲ့ မွတ်စလင်ကိုယ်စားလှယ်တွေ၊ အစိုးရဌာနဆိုင်ရာတွေပါဝင်တဲ့ စီစစ်ရေးအဖွဲ့ ၅ ဖွဲ့နဲ့ စာရင်းကောက်ယူ ခဲ့တာဖြစ်ပြီး နှစ်နာရီကြာ ကောက်ယူပြီးနောက် ရာသီဥတုဆိုးရွားတာကြောင့် ရပ်ထားခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနောက်ပိုင်း အောင်မင်္ဂလာ ရပ်ကွက်ဟာ စစ်တွေမြို့ရဲ့ တစ်ခုတည်းသော မွတ်စလင်ရပ်ကွက်အဖြစ် ကျန်နေခဲ့တာဖြစ်ပါတယ်။  အဲ့ဒီရပ်ကွက်မှာ နေအိမ် ၆ဝဝ ကျော်ရှိပြီး လူ ၄ ထောင်ကျော်သာ နေထိုင်တာဖြစ်ကြောင်း လ.ဝ.ကရဲ့ မှတ်တမ်းတွေမှာ ရှိနေတာဖြစ် ပါတယ်။

ဒီနေ့ လူဦးရေစာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး ဒေသခံသတင်းသမားတွေကို စာရင်းကောက်ယူတဲ့ အာဏာပိုင်တွေက ဝင်ရောက်သတင်းယူခွင့် မပြုခဲ့ပါဘူး။

RFA အပါအဝင် သတင်းမီဒီယာသမားတွေ ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဖျက်ခိုင်းခဲ့တဲ့အတွက် အားလုံးက ဖျက်ပေးခဲ့ရပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင် လူဦးရေစာရင်းကောက်ယူတာကို သတင်းရေးသားခြင်း မပြုကြဖို့လည်း သတင်းမီဒီယာသမားတွေကို ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် ကဉ္စနမဟီရပ်ကွက် လမ်း၃ဝ၊ ၇၆လမ်းနှင့်၇၇လမ်းကြားရှိ ရွှေ မြန်မာဟိုတယ် အခန်းအမှတ် ၃ဝ၂ တွင် ယခုလ ၁၇ရက် နံနက် ၁၁ နာရီ၄၅မိနစ်က ချမ်းအေးသာစံမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းခင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်သာဦး နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ စိုးညွန့်(၂၇နှစ်) ကျောက်ဖူးကျေးရွာ တောင်သာ မြို့နယ်နေသူနှင့် တစ်ရွာတည်းနေ မရွှေဝါ (၂၇နှစ်)တို့ဖြစ်ပြီး ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ အန် ဖတ်များဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့်မန္တလေးဆေးရုံကြီးသို့ ပို့အပ်ခဲ့သည်။

ဖြစ်စဉ်အားစုံစမ်းရာသေဆုံးသူ စိုးညွန့်မသေဆုံးမီ နောက်ဆုံး ခေါ်ဆိုထားသည့် ဖုန်းနံပါတ်နှင့် ဆက်သွယ်စိစစ်ရာ အဆိုပါဖုန်းမှာ ၄င်း၏အစ်ကို ဖုန်းမြင့် (၃ဝနှစ်) ယာဉ်မောင်း လမ်း၆ဝ၊၃၁ လမ်း နှင့်၃၂လမ်းကြား ယာဉ်ပျံရပ်ကွက် ချမ်းအေးသာစံမြို့နယ်နေသူဖြစ် ကြောင်း သိရသည်။

ဖုန်းမြင့်၏ပြောပြချက်အရ စိုး ညွန့်နှင့်မရွှေဝါတို့သည်လွန်ခဲ့သည့် လေးလခန့်က လက်ထပ်ခဲ့ပြီး မန္တလေး-မြစ်ကြီးနားဖိနပ်အရောင်း အဝယ် လုပ်ကိုင်ကြောင်း၊ ယခုလ ၁၆ရက်တွင် မြစ်ကြီးနားမှမန္တလေး သို့ရောက်ရှိစဉ်၎င်းတို့တွင်လူမှုရေး ပြဿနာဖြစ်နေ၍ မန္တလေးသို့ ပြန်လာပြီးဟိုတယ်တွင်သာတည်းခို နေကြောင်းဖုန်းဖြင့်ဆက်သွယ်ပြော ကြားခဲ့၍သိရသည်။ဟိုတယ်စာရေး မတင်တင်ဝင်းအား စစ်မေးရာ ယခုလ ၁၇ရက် နံနက် ၈နာရီက စိုးညွန့်နှင့်မရွှေဝါတို့သည်ဟိုတယ် အပြင်သို့ထွက်၍ခဏအကြာအခန်း သို့ပြန်လာခဲ့ကြောင်း နံနက် ၁၁ နာရီခွဲတွင် ဟိုတယ်မှအခန်းအား ဆက်လက်ယူမယူ ဖုန်းဖြင့်ဆက် သွယ်ရာ ဖုန်းမကိုင်သဖြင့် မတင် တင်ဝင်းက ဟိုတယ်လုပ်သား မောင်ရွက်ဝင်းနှင့်အတူ အခန်းသို့ သွားရောက်မေးမြန်းရာစိုးညွန့်နှင့် မရွှေဝါတို့သည် အိပ်ရာခုတင်ပေါ် တွင် ပက်လက်အနေအထား အန်ဖတ်များဖြင့် တစ်ဦးလက် တစ်ဦးချိတ်ထားသည်ကိုတွေ့ရှိရ ပြီး ခေါ်၍မရသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား မှုခင်းဆရာ ဝန်ကြီးနှင့်အဖွဲ့က ရင်ခွဲစစ်ဆေး စဉ် ဒုရဲမှူးကျော်သာဦးနှင့် အဖွဲ့က ကြည့်ရှုရာ အစာအဆိပ်သင့်သည့် လက္ခဏာရှိကြောင်း သိရသဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းကသေမှု သေခင်းအမှတ်စဉ်၁၁/၂ဝ၁၆ ရေး ဖွင့်စစ်ဆေးလျက်ရှိသည်။

မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net/News

မဟာဗျူဟာမြောက် စခန်းတွေကို ရုတ်သိမ်း ဖို့ အစိုးရ စစ်တပ်ဘက်က တောင်းဆို နေပြီး SSPP ဘက်ကလည်း မလိုက်လျော။
ရှမ်းပြည်နယ်မှာ SSPP/SSA လက်နက်ကိုင် အဖွဲ့နဲ့ ဖြစ်ပေါ် နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရ စစ်တပ် ဘက်က သတင်း ထုတ်ပြန် လာပါတယ်။

သီပေါ၊ ကျောက်မဲနဲ့ လားရှိုး မြို့နယ် တွေထဲမှာ SSPP အဖွဲ့က နယ်မြေ ကျော်လွန် ဝင်ရောက် ခဲ့တဲ့ အတွက် မေလ ဆန်းကနေ မေလ ၂၀ ရက်နေ့ အထိဆိုရင် တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ အတွင်း တပ်ရင်းမှုး အဆင့် အပါအဝင် အရာရှိ နဲ့ စစ်သည် တချို့ အကျအဆုံး ရှိခဲ့တယ်လို့ ဆိုပေမယ့် အရေအတွက် အတိအကျ ကိုတော့ ထုတ် မပြောသလို၊ အစိုးရ စစ်တပ်ဘက်က ပြုလုပ် ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အကြောင်းလည်း ထုတ်ပြန်ချက် ထဲ မတွေ့ရပါဘူး။

SSPP ဌာနချုပ် ဝမ်ဟိုင်း ကိုသာမက UWSA ဝ တပ်ဖွဲ့ ဌာနချုပ် ပန်ဆိုင်းအထိ လမ်းပွင့်နိုင်တဲ့ မဟာဗျူဟာမြောက် စခန်းတွေကို ရုတ်သိမ်း ဖို့ အစိုးရ စစ်တပ်ဘက်က တောင်းဆို နေပြီး SSPP ဘက်ကလည်း မလိုက်လျောတာ ကနေ တိုက်ပွဲတွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


နှစ် (၂၀) ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဘက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော် ထိပ်သီးစည်းဝေးပွဲမှာ မိန့်ခွန်း ပြောကြားခဲ့သလို ရုရှားသမ္မတ Vladimir Putin နဲ့လည်း သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်က ဒီထိပ်သီးစည်းဝေးပွဲဟာ အာဆီယံ-ရုရှား ဆက်ဆံရေးတွင် အဓိကျတဲ့ မှတ်တိုင်တခုဖြစ်ကြောင်း၊ ရုရှားနိုင်ငံဟာ အာဆီယံနိုင်ငံတွေအတွက် အရေးကြီးတဲ့ မိတ်ဘက်ဆက်ဆံရေး နိုင်ငံတနိုင်ငံဖြစ်ကြောင်း မေလ ၂၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း စီးပွားရေး အသိုက်အ၀န်း ဖော်ဆောင်နိုင်ရေးအတွက် အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ဆင်းရဲချမ်းသာကွာဟမှု နည်းပါးရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံအတွင်း အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဆီယံနဲ့ ရုရှားအကြား ပညာတော်သင်များ အပြန်အလှန်စေလွှတ်မှု တိုးမြှင့်ရေး၊ အာဆီယံနိုင်ငံတွေမှာ ရုရှားနိုင်ငံရဲ့ ပညာရေးဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်ရေးနဲ့ အာဆီယံနိုင်ငံတွေက ပညာတော်သင်ဆု ရရှိကြတဲ့ ကျောင်းသားအရေအတွက် တိုးမြှင့်ရေး ကိစ္စတွေ အတွက်လည်း သမ္မတ ဦးထင်ကျော်က ထည့်သွင်း ပြောကြားခဲ့သလို၊ မြန်မာ-ရုရှား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေကြတဲ့ ကိစ္စတွေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နှစ် (၂၀) ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဘက်ဆက်ဆံရေး အထိမ်းအမှတ် ထပ်သီး အစည်းအဝေးအပြီး ဆိုချီ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့တာမှာ - မိတ်ဘက်ဆက်ဆံရေး တိုးတက်အောင် ဆက်လက်ဆောင်ရွက်ရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု နည်းပါးစေရေးနဲ့ ပေါင်းစည်း ဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ သဘောတူညီချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကိစ္စရပ်တွေ ပါဝင်ပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဆိုချီမြို့ကနေ မော်စကိုမြို့တော်ကို မေလ ၂၁ ရက်နေ့က ရောက်ရှိသွားပြီး မြန်မာသံရုံးက ၀န်ထမ်းတွေနဲ့ မိသားစုတွေ၊ ပညာတော်သင် ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံပြီး Kremlin နန်းတော်အပါအ၀င် မော်စကိုမြို့က အထင်ကရ နေရာတွေကို သွားရောက် လေ့လာခဲ့ကြပါတယ်။ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံကနေ မေလ ၂၁ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 လေယာဉ်ပေါ် လိုက်ပါခဲ့သူ ၆၆ ယောက် စလုံး သေဆုံး။
ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းတဲ့ ခရီးစဉ် အတွင်း မြေထဲပင်လယ်ထဲ ပျက်ကျ ခဲ့တဲ့ အီဂျစ် လေကြောင်းလိုင်းပိုင် လေယာဉ်ပျံ ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံတွေကို အီဂျစ် စစ်တပ်က ထုတ်ပြန် လာပါတယ်။

ဒါပေမယ့် လေယာဉ် ဘာ့ကြောင့် ပျက်ကျ ခဲ့ရသလဲ ဆိုတဲ့ အကြောင်းအရင်းကို ကောက်ချက် တစုံတရာ ချနိုင်ဖို့ အတွက်တော့ စောလွန်းသေးတယ်လို့ အီဂျစ် အာဏာပိုင်တွေက ဆိုပါတယ်။

လေယာဉ်ပေါ် လိုက်ပါခဲ့သူ ၆၆ ယောက် စလုံး သေဆုံး ခဲ့ရတဲ့ အဲဘတ်စ် အေ၃၂၀ အမျိုးအစား လေယာဉ်ပျံရဲ့ ထိုင်ခုံ အကျိုးအပျက်တွေ၊ အသက်ကယ် အင်္ကျီတွေ အပြင်၊ ကလေးငယ်ကို သိပ်တဲ့ အိတ်ရဲ့ အစိတ်အပိုင်း လို့ ယူဆရတာတွေကို အဲဒီ့ ဓာတ်ပုံတွေထဲ တွေ့နေရပါတယ်။

လေယာဉ်ရဲ့ ပင်မကိုယ်ထည်နဲ့ လေယာဉ် ပျံသန်းမှု ခရီးစဉ် မှတ်တမ်းတင် ကိရိယာ ဘလက်ဘောက်ဇ်တွေကို ရှာတွေ့ နိုင်ဖို့ အတွက်တော့ ရှာဖွေရေး အဖွဲ့တွေ ကြိုးစား နေကြဆဲ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ယောန်-မာ့ခ် အေရိုး က လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ယူဆထားချက်တွေ အားလုံးအပေါ် ဆန်းစစ် နေတယ်လို့ ပြောထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

၈၈ အရေးတော်ပုံတွင် အသက်ဆုံးသွားသော မ၀င်းမော်ဦးအတွက် ယနေ့ (မေ ၂၂ ရက်) နံနက် ၉ နာရီတွင် မိဘနှစ်ပါးက လှိုင်သာယာမြို့နယ်ရှိ ၎င်းတို့၏ နေအိမ်တွင် အမျှဝေ အလှူအတန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအလှူသို့ ၈၈ အရေးတော်ပုံ ကာလအတွင်း လှုပ်ရှားခဲ့သော နိုင်ငံရေးသမားများ ၊ တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - သက်မင်း
Eleven Media Group

မေ ၂၂၊ မန်ချက်စတာ။ ။ မန်ချက်စတာယူနိုက်တက်အသင်းသည် မော်ရင်ဟိုကိုနည်းပြသစ်အဖြစ် ခန့်အပ်ရန်ရှိနေသည်ဟု ဘီဘီစီသတင်းဋ္ဌာနက ဖော်ပြလိုက်သည်။

အသက် ၅၃ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြသည် ယူနိုက်တက်အသင်း စနေနေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့်ကစားခဲ့သော အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်မီ မူအားဖြင့်သဘောတူညီမှုရထားခဲ့ပြီးဖြစ်သည်ဟု ဘီဘီစီကနားလည်ထားသည်။

ဗန်ဟားလ်၏လက်အောက်တွင် ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရသောကြောင့် အိုးထရက်ဖို့ဒ်တာဝန်ရှိသူများသည် အပြောင်းအလဲ ပြုလုပ်ရန်လိုအပ်နေပြီဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အသက် ၆၄ နှစ်ရှိ ဗန်ဟားလ်၏တာဝန်ပြီးဆုံးသွားပြီဟု အသိပေးပြီးနောက် လာမည့်တစ်ပတ်အစောပိုင်းတွင် မော်ရင်ဟိုကိုနည်းပြသစ်ခန့် အပ်ကြောင်းကြေညာရန် အသင်းက စီစဉ်ထားသည်။

အင်္ဂလန်သတင်းစာတစ်စောင်ဖြစ်သည့် ဒေးလီးမေးလ်ကလည်း ယူနိုက်တက်သည် မော်ရင်ဟိုကို ပေါင် ၃၆ သန်းတန် သုံးနှစ်စာချုပ်လိမ့်မည်ဟု ဖော်ပြသည်။

အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ပဲလေ့စ်ကိုအနိုင်ရပြီးနောက်ပြုလုပ်သည့် အင်တာဗျူးတွင် ဗန်ဟားလ်က "ခင်ဗျားတို့ကို ဖလားယူပြပြီးပါပြီ။ ပြီးတော့ ကျွန်တော့်ကို လွန်ခဲ့တဲ့ခြောက်လလောက်ကတည်းက ရာထူးကထုတ်နေတဲ့ မီဒီယာက မိတ်ဆွေတွေနဲ့ အနာဂါတ်အကြောင်း မဆွေးနွေးချင်ပါဘူး"ဟုဆိုခဲ့ပြီး လာမည့်နှစ်တွင် ယူနိုက်တက်နည်းပြအဖြစ်ဆက်ရှိမည်လားဆိုသည့် မေးခွန်းကိုလည်းလည်း ၎င်းက "ခင်ဗျားတို့နဲ့တွေ့ရဖို့ မျှော်လင့်ပါတယ်။ အသင်းကထွက်မယ့်အကြောင်းကို ကျွန်တော်မပြောချင်ပါဘူး"ဟု ဆိုသည်။

ဗန်ဟားလ်သည် သုံးနှစ်စာချုပ်အရ တစ်နှစ်သက်တမ်းကျန်နေသေးသော်လည်း ကစားသမားသစ်များကို ပေါင်သန်း ၂၅၀ သုံးကာ ခေါ်ယူ ထားသည့်တိုင် ပရီးမီးယားလိဂ်တွင် အဆင့် ၄၊ အဆင့် ၅ နေရာများဖြင့်သာ အဆုံးသတ်နိုင်ခဲ့၍ ပရိသတ်များက စိတ်ပျက်နေကြသည်။

မော်ရင်ဟိုသည် အအောင်မြင်ဆုံးနည်းပြများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပြီး ချယ်လ်ဆီးတွင် သက်တမ်းနှစ်ကြိမ်အတွင်း ပရီးမီးယားလိဂ် ဖလားသုံးသုံး၊ ပေါ်တို၊ အင်တာမီလန်တို့နှင့် ၂၀၀၄၊ ၂၀၁၀ တွင် ချန်ပီယံလိဂ်ဖလား၊ ၂၀၁၂ တွင် ရီးယဲလ်မက်ဒရစ်နှင့် လာလီဂါဖလား ရခဲ့ သည်။

လာလီဂါတွင်ရှိစဉ်က ဘာစီလိုနာနည်းပြ ဂွာဒီယိုလာနှင့်ပြိုင်ဘက်များဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီး နည်းပြဖြစ်လာမည့် ဂွာဒီယိုလာနှင့် ထပ်မံပြိုင်ဆိုင်ရဦးမည်ဖြစ်သည်။

Ref; BBC
Mizzima - News in Burmese

ထိုင်းစစ်တပ်သည် နိုင်ငံတွင်းရောက် မြန်မာဒုက္ခသည် တစ်သိန်းကျော်အား နိုင်ငံရင်းသို့ ပြန်ပို့နိုင်ရေး ကြိုးစားလုံးပမ်းလျက်ရှိသည်ဟု ပြောသည်။

ဒုက္ခသည်များ၏ အခြေအနေကို ဖြေရှင်းရန် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ထုတ်လိုက်ပြီးနောက် နယ်စပ်ကိစ္စရပ်များအား ဖြေရှင်းလျက်ရှိရာတွင် တစ်ချို့သော ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း အမှတ် ၉ ခြေလျင်တပ်ရင်း တပ်မမှူး သမ်မန်နွန်ဝတ်သေးက ပြောသည်။

တတိယနိုင်ငံတစ်နိုင်ငံသို့ သွားရောက်နေထိုင်နိုင်ရေး ကြိုးစားကြခြင်းမရှိသည့် မြန်မာဒုက္ခသည်အများစုက နိုင်ငံရင်းမြန်မာနိုင်ငံသို့လည်း မပြန်လိုဘဲ ရှိနေကြောင်း ဗိုလ်ချုပ် သမ်မန်နွန်က ပြောသည်။

၎င်းတို့က အစိုးရသစ်၏ မူဝါများအပေါ် စောင့်ကြည့်လျက်ရှိနေခြင်းလည်း ဖြစ်သည်။

"ဘာပဲပြောပြောပါ။ နိုင်ငံရေးအခြေအနေလည်း ကောင်းလာပြီး အစိုးရသစ်ကလည်း တာဝန်ယူထားချိန်ဆိုတော့ ဒုက္ခသည်အများစုက နေရပ်မြန်မာနိုင်ငံကို ပြန်လိုလာကြမှာလို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။" ဟု ၎င်းက ပြောသည်။

ဒုက္ခသည်များ နေရပ်ပြန်ပို့ခြင်းအရေးကိစ္စများတွင် လူ့အခွင့်အရေးနှင့် ဘေးအန္တရာယ်ကင်းစိတ်ချရရေးတို့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ OHCHR က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

နေရပ်ရင်း ပြန်ပို့မှုများတွင် လုံခြုံဘေးကင်းရေးကို စံထားပြီး ဒုက္ခသည်များ၏ ဆန္ဒကိုလည်း အဓိကထားပြီးမှ လုပ်ဆောင်ရမည်ဖြစ်ကြောင်း OHCHR က ပြောသည်။ ဒုက္ခသည်များအား နေရပ်ပြန်ပို့သည့်အရေးတွင် မြန်မာအစိုးရဖက်က လက်ခံအတည်ပြုမှု ရှိထားရမည်ဖြစ်ပြီး ၎င်းဒုက္ခသည်များအား ထားရှိမည့် နေရာဝန်းကျင်ကိုလည်း လက်ခံနိုင်စရာရှိမရှိ တရားဝင်စစ်ဆေးရမည်လည်းဖြစ်သည်။

ဒုက္ခသည်များ နေရပ်ပြန်ပို့မည့်အရေးတွင် နယ်စပ်တစ်လျှောက် မြန်မာစစ်တပ်နှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိုင်းစစ်တပ်အနေဖြင့် ထူထောင်ထားပါကြောင်း ဗိုလ်ချုပ် သမ်မန်နွန်က ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည် တစ်သိန်းကျော်ထက်မနည်းအတွက် ဒုက္ခသည်စခန်းပေါင်း ကိုးခုဖွင့်လှစ်ထားရကာ တစ်နှစ်လျှင် ထိုင်းဘတ်ငွေ ၁ ဒဿမ ၅ ဘီလီယံ ကုန်ကျခံသုံးစွဲနေရသည်။

ဒုက္ခသည်စခန်းများအနက် ဆန်ခလာဘူရီခရိုင်ရှိ ဘန်တွန်ယန်း ဒုက္ခသည်စခန်းတွင် ၁၉၉၇ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် KNU တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာဒုက္ခသည် ၂၀၀၀ ကျော်ထက်မနည်း ယခုထိ ခိုလှုံနေထိုင်လျက်ရှိနေဆဲဖြစ်သည်။

တတိယတစ်နိုင်ငံသို့ နေထိုင်ခွင့်ရရေး ဒုက္ခသည်အများစုက လိုလားတောင်းဆိုကြသော်လည်း ကရင်ဒုက္ခသည်များက နိုင်ငံရင်းမြန်မာနိုင်ငံသို့ ပြန်လိုစိတ် မရှိကြကြောင်း ကုလသမဂ္ဂအေဂျင်စီ OHCHR ၏ မှတ်တမ်းများတွင် ဖော်ပြသည်။

ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ၂၀၁၂ ခုနှစ်ကစပြီး ဖော်ဆောင်လာခဲ့ခြင်းဖြစ်သော်လည်း တိုးတက်မှုအခြေအနေက အနည်းအကျဉ်းသာရှိကြောင်း သမ်မန်နွန်က ပြောသည်။

ယင်လပ်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်အတွင်းက ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချန်အိုချာက ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို အသေအချာအလေးထား ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို အခက်အခဲဖြစ်စေသည့် အဓိကအရေးကြီးသည့် အကြောင်းအချက်က ထိုင်းနိုင်ငံ၏ အစီအစဉ်အပေါ် အပြည့်အဝအထောက်အကူမဖြစ်သည့် OHCHR ၏ သဘောထားရပ်တည်ချက်ကြောင့်ဖြစ်ကြောင်း ထိုင်းစစ်တပ်ရင်းမြစ်တစ်ရပ်က ဆိုသည်။

ဒုက္ခသည်များအား အတင်းအကြပ်နေရပ်ပြန်ပို့ရန် လုပ်ဆောင်ခဲ့ပါက လူ့အခွင့်အရေးချိုးဖောက်သည်ဟု အပြင်းအထန်ဝေဖန်ခံရမည့် အခြေအနေကိုလည်း ထိုင်းနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်။

ဘန်ကောက်ပို့စ်
Mizzima - News in Burmese

[youtube src="2Fw9HSFzTpc"/]
မဝင်းမော်ဦး အမျှဝေ ခြင်း အခမ်းအနား မှာ အခုလို ပြောကြားခဲ့တယ်

ကိုနေမျိုးဇင်

ပြီးခဲ့သည့်သောကြာနေ့က မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်း လုံခြုံရေးကင်းအား လက်နက်ကိုင်တစ်စုဝင်ရောက်ပစ်ခတ်ရာ ကင်းစခန်းမှူးသေဆုံးပြီး လက်နက်များလုယက်ယူငင်သွားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါ ကင်းစခန်းမှူးကိုအသေပစ်သတ်ပြီး ကျန်လုံခြုံရေးအရာရှိများကို ကြိုးတုပ်ကာ ရိုင်ဖယ် ၁၁ လက်နှင့်ကျည် ၅၇၀ ကိုလုယက်ယူငင်သွားသည်ဟု ဒေသခံရဲချုပ် မူဂျီဘာရာမန်ကဆိုသည်။

“တိုက်ခိုက်မှုက သောကြာနေ့ လင်းအားကြီး၂ နာရီမှာ ဖြစ်ပွားခဲ့တာပါ။ လက်နက်ကိုင် ၁၀၊ ၁၅ယောက်လောက် ဗြုန်းဆိုဝင်လာပြီးလုံခြုံရေးတွေကို ရိုက်ပြီး ကင်းမင်းကိုတော့ နေရာမှာတင်ပစ်သတ်သွားပါတယ်” ဟု ရဲချုပ်ရာမန်ကAFP သို့ပြောသည်။
မြန်မာနယ်စပ်နှင့်၂ ကီလိုမီတာ ၁.၂မိုင်ကွာဝေးသည့် တက်ကနက်ဖ်မြို့အနီးရှိ နယာပါရာဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသူ မူဆလင်ဘင်္ဂါလီ ၂၅,၀၀၀ ခန့် ခိုလှုံနေကြကြောင်း ကုလဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ကဆိုသည်။

တိုက်ခိုက်သူများကိုရဲက စုံစမ်းလျက်ရှိရာ ဘင်္ဂါလီများကိုပင်သံသယဖြစ်နေကြောင်း သိရသည်။
“ကျုးလွန်သူတွေ စခန်းထဲမှာပုန်းအောင်းနေနိုင်ပါတယ်”ဟု အမည်မဖော်လိုသည့် ရဲအင်စပက်တာတစ်ဦးကဆိုသည်။ “ဒါပေမဲ့ ဘယ်ဘက်ကမဆို စခန်းထဲ ၀င်ချင်တိုင်းဝင်လို့ရတယ်။ စခန်းက ၀.၇၅ ကီလိုကျယ်ပြီး တောနက်ကြီးက ပတ်လည်ဝိုင်းနေတာဆိုတော့ဘယ်မှာမဆို သူတို့ပုန်းနေလို့ရတယ်”ဟု ယင်းကဆိုသည်။

ရွှန်းတင့်

Ref - Bdnews 24
The Ladies News Journal


Burma Citizen Award
Burma Citizen Award

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ်၊ Rockville မြို့မှာ ဒေသစံတော်ချိန် စနေနေ့ညနေ ၆ နာရီကစပြီး အခု အသံလွှင့်နေတဲ့အချိန်မှာ ၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားကို ကျင်းပနေပါတယ်။ ဆုပေးပွဲအခမ်းအနားမှာ ရောက်ရှိနေတဲ့ ၀ိုင်းတော်သူ မဆုမွန်ကို တိုက်ရိုက် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ကြပါပြီ။ အသံလွှင့် မပြီးခင်အထိ ဆုကြီးဖြစ်တဲ့ ၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုရှင်ကို မကြေညာသေးပေမယ့် တခြား အထူးဆုတွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

အထူးဆု ၁ အဖြစ်နဲ့ “မြန်မာပုံပြောသူများ” အဖွဲ့ကို ချီးမြှင့်လိုက်ပါတယ်။ အထူးဆု ၂ ကိုတော့ နိုင်ငံရေးသိပ္ပံပညာရှင် “ဒေါ်ခင်မမမျိုး“ ကို ချီးမြင့်လိုက်ပါတယ်။ အထူးဆု ၃ အဖြစ်နဲ့ “ပန်းရဲ့လမ်း” အဖွဲ့ကို ချီးမြှင့်လိုက်ပါတယ်။

အထူးဆု ရရှိသူတွေအနေနဲ့ အမေရိကန်ဒေါ်လာ တထောင်စီ ဂုဏ်ပြု ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၁၀ ပြည့်နှစ်ကစလို့ ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုတွေ စုပေါင်းဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်းက အများအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူမှုသူရဲကောင်းတွေကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်ကတော့ နာရေးကူညီမှုအသင်းဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်မှာ စာရေးဆရာမ သန်းမြင့်အောင်နဲ့ ၂၀၁၅ ခုနှစ်အတွက် ဗကသ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်တို့ကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ်၊ Rockville မြို့မှာ ဒေသစံတော်ချိန် စနေနေ့ညနေ ၆ နာရီကစပြီး အခု အသံလွှင့်နေတဲ့အချိန်မှာ ၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားကို ကျင်းပနေပါတယ်။ ဆုပေးပွဲအခမ်းအနားမှာ ရောက်ရှိနေတဲ့ ၀ိုင်းတော်သူ မဆုမွန်ကို တိုက်ရိုက် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ကြပါပြီ။ အသံလွှင့် မပြီးခင်အထိ ဆုကြီးဖြစ်တဲ့ ၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုရှင်ကို မကြေညာသေးပေမယ့် တခြား အထူးဆုတွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

အထူးဆု ၁ အဖြစ်နဲ့ “မြန်မာပုံပြောသူများ” အဖွဲ့ကို ချီးမြှင့်လိုက်ပါတယ်။ အထူးဆု ၂ ကိုတော့ နိုင်ငံရေးသိပ္ပံပညာရှင် “ဒေါ်ခင်မမမျိုး“ ကို ချီးမြင့်လိုက်ပါတယ်။ အထူးဆု ၃ အဖြစ်နဲ့ “ပန်းရဲ့လမ်း” အဖွဲ့ကို ချီးမြှင့်လိုက်ပါတယ်။

အထူးဆု ရရှိသူတွေအနေနဲ့ အမေရိကန်ဒေါ်လာ တထောင်စီ ဂုဏ်ပြု ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၁၀ ပြည့်နှစ်ကစလို့ ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုတွေ စုပေါင်းဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်းက အများအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူမှုသူရဲကောင်းတွေကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်ကတော့ နာရေးကူညီမှုအသင်းဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်မှာ စာရေးဆရာမ သန်းမြင့်အောင်နဲ့ ၂၀၁၅ ခုနှစ်အတွက် ဗကသ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်တို့ကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

21-5-2016.ညနေ(၃း၀၀) နာရီ အချိန် မွန်ပြည်နယ် သံဖြူဇရပ်မြို့ အနီး ရွာသစ်ကျေးရွာတွင် ရွှေဝါဖူး ခရီးသည်တင် မှန်လုံယာဉ် တိမ်းမှောက်။ လူနာများအား သံဖြူဇရပ်မြို့ ဆေးရုံ သို့ အများအကူအညီဖြင့် အချိန် နှင့် တပြေးညီ ရောက်ရှိခဲ့ပါသည်။ ဒါဏ်ရာရသူများအား ဆေးရုံ မှ ဆရာဝန်ဆရာဝန်မ များ မှ လိုအပ်သလို ကုသပေးကြပြီး လက်ရှိ အသေအပျောက် မရှိ သေးကြောင်း သိရ။

U Kyaw Win Ambulance