05/23/16

Photo: Kyaw Myo Min/ RFA ( သေဆုံးသွားတဲ့ အမျိုးသမီးရာအိမ်မှူး ဒ်ါနန္ဒာလှိုင်ရဲ့ဈာပနာပြင်ဆင်ထားသည်ကို တွေ့ရစဉ် )
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရဲ့ ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ကို မနေ့ညနေပိုင်းက သေနတ်သမား ၂ ဦးက သူ့ရဲ့ နေအိမ်မှာ ၀င်ရောက်လုပ်ကြံခဲ့ပါတယ်။
သေနတ်ဒဏ်ရာနဲ့ ဖားကန့်မြို့နယ်ဆေးရုံမှာ ဆုံးသွားတာလို့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးရုံးက တာဝန်မှူး ဦးဝင်းမြင့် ပြောပါတယ်။

ပစ်ခတ်သူတွေ ဘယ်သူတွေလဲနဲ့ ဘာကြောင့်လဲဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ လုပ်ကြံခံရသူ ဒေါ်နန္ဒာလှိုင်ဟာ ရပ်ရွာအကျိုးကို အလေးထားဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပေါက်ကွဲမှု အကြိမ် လေးဆယ် နီးပါးဖြစ်ပွားခဲ့ပြီး အဲဒီပေါက်ကွဲမှုတွေကို ဘယ်သူတွေက လုပ်တာလဲ ၊ ဘာကြောင့် လည်းဆိုတာ အစိုးရက ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း ဖားကန့်မြို့နယ် ဆိပ်မူနဲ့ ဝှေခါကျေးရွာတွေမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် ၂ ဦးလုပ်ကြံခံရဖူးပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

Photo: Kyaw Myo Min/ RFA ( ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတက်လာတာကို တွေ့ရစဉ် )
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၇၈၅ စင်တီမီတာကို ရောက်ရှိနေပြီး ၃၆ နာရီအတွင်း ၁၀ ပေခန့် မြင့်တက်ခဲ့ပါတယ်။

ချင်းတွင်းမြစ်ရေဟာလည်း ခန္တီးမြို့မှာ ၇၆၄ စင်တီမီတာကို ရောက်ရှိနေပြီး ၃၆ နာရီ အတွင်း ၁၁ ပေခွဲခန့် မြင့်တက်ခဲ့ကြောင်း မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ သတိပေး ထုတ်ပြန်ထားပါတယ်။

အဲ့ဒါကြောင့် ဧရာဝတီနဲ့ ချင်းတွင်းမြစ် တစ်လျှောက်ရှိ မြစ်ကမ်းအနီး နဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ရေဟာ နောက် (၃)ရက်အတွင်း ဗန်းမော် နဲ့ ကသာမြို့တို့မှာ ၆ ပေ ကနေ ၈ ပေခန့်၊ နောက် ၆ ရက်အတွင်း မန္တလေး၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ ၇ ပေ ကနေ ၈ ပေခန့် အထိ မြင့်တက်လာ နိုင်ကြောင်းလည်း ပါရှိပါတယ်။

ချင်းတွင်းမြစ်ရေဟာ နောက် ၃ ရက်အတွင်း ဟုမ္မလင်း၊ ဖောင်းပြင် နဲ့ မော်လိုက်မြို့တို့မှာ ၈ ပေ ကနေ ၁၀ ပေ ခန့် နဲ့ နောက် ၆ ရက်အတွင်း ကလေးဝ၊ မင်းကင်း နဲ့ မုံရွာမြို့တို့မှာ ၁၁ ပေ ကနေ ၁၄ ပေခန့် အထိ မြင့်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

ဖားကန့်မြို့တွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

    ဖားကန့် မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာ ရာအိမ်မှူး အမျိုးသမီးအား သေနတ် ၆ ချက် ပစ်ခတ်သွားမှုအပေါ် အသေးစိတ် စုံစမ်း စစ်ဆေး နေကြောင်း ဖားကန့် ရဲစခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ရာအိမ်မှူး အမျိုးသမီး ဒေါ်နန္ဒာလှိုင် (အသက် ၄၀ နှစ်) အား သူမနေအိမ်တွင် မေလ ၂၂ ရက် ညနေ ၅ နာရီခန့်က လူနှစ်ဦး သေနတ်ဖြင့် ခြောက်ချက် ပစ်ခတ်မှု အပေါ် စုံစမ်း စစ်ဆေးနေပြီး မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သည်ကို စုံစမ်း စစ်ဆေးနေစဉ် ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

ယင်း သေဆုံးသွားသည့် ရာအိမ်မှူး အမျိုးသမီးသည် တရားမဝင် စွန့်ပစ်မြေစာပစ်သည့် ကိစ္စများအရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် တစ်ဦးလည်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com


မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြန်အောင်မြို့နယ် အညာစု ကျေးရွာ အနီး အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး

မြန်အောင် ၊ မေ ၂၃

ဧရာဝတီ တိုင်းဒေသကြီး မြန်အောင် မြို့နယ်တွင် မေ ၂၃ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အင်ပင်အုပ်စု အညာစုကျေးရွာအနီး အင်ပင်- ကနောင်လမ်းတွင် ဂုံးပေါက်ဘေး လမ်းအရှည် (၃၅) ပေ၊ အကျယ် (၁၈)ပေ ရေတိုက်စား ပျက်စီး သွားခဲ့ကြောင်း သိရှိရသည်။ ရေတိုက်စား၍ ပျက်စီးသွားသော နေရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမင်းတို့က သွားရောက် ကြည့်ရှုပြီး ဒေသခံ ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ယာယီ တံတားပြုလုပ် ပေးလျက်ရှိကြောင်းသိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/





23May2016

ဂျပန် နိုင်ငံက POP အဆိုတော် Mayu Tomita မယူ တိုမိတ ကို စိတ်ရောဂါရှင် အမျိုးသားတဦးက ဓါးနဲ့  အချက်ပေါင်း များ စွာ ထိုးနှက် တိုက်ခိုက်ခဲ့ရလို့ သူမရဲ့ လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းထန်ရ သွားပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း သိရပါတယ်။

အသက်(၂၀) သာရှိသေးတဲ့ တက္ကသိုလ်ကျောင်းသူ အဆိုတော် ဟာ စနေနေ့ မှာ တိုကျို မြို့ က ဖျော်ဖြေပွဲ မကျင်းပခင် ပရိတ်သတ်တွေကို နုတ်ဆက်နေတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ဂျပန်ပြည်တွင်း သတင်းတွေမှာ ရေးသားဖေါ်ပြနေတာကတော့ တိုမိတကို တဖက်သတ် စွဲလမ်းနေသူ အမျိုးသား တဦးက ပေးလာတဲ့ လက်ဆောင် ကို သူမက မယူဘဲ ပြန်ပေးခဲ့တဲ့ဖြစ်ရပ်အပေါ် အဆိုပါ အမျိုးသားက အမုန်း ရန်ညိုး ထားပြီး လုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

Credit AFP
Social Action for Women - SAW

Fallujah မြို့ပြင်မှာ စုဝေးနေတဲ့ အီရတ် စစ်သားများ (Credit: AFP) 
IS ​အစ္စလာမ်မစ် ​အဖွဲ့ ​သိမ်းပိုက်ထားတဲ့ ​Fallujah ​မြို့ကို ​ပြန်လည် ​ရယူမှာ ​ဖြစ်လို့ ​မြို့ကနေ ​ထွက်ခွာဖို့ ​မြို့နေ ​ပြည်သူတွေကို ​အီရတ် ​အစိုးရက ​သတိပေးမှုတွေ ​လုပ်ပြီးတဲ့နောက် ​တိုက်ခိုက်မှုတွေ ​စတင်နေပြီ ​ဖြစ်ပါတယ်။

ပြည်သူတွေကို ​ထွက်ခွာဖို့ ​သတ်မှတ်ပေးထားတဲ့ ​အချိန်စေ့ပြီ ​ဖြစ်တဲ့အတွက် ​အီရတ် ​စစ်တပ်တွေ၊ ​ရဲတွေ၊ ​အကြမ်းဖက် ​တိုက်ဖျက်ရေးအဖွဲ့တွေ၊ ​ဒေသတွင်းက ​လက်နက်ကိုင် ​အဖွဲ့တွေအပြင် ​ရှီရိုက် ​မွတ်စလင် ​ပြည်သူ့စစ်မဟာမိတ် ​တပ်တွေ ​စုပေါင်းပြီး ​အလုံးအရင်းလိုက် ​IS ​ကို ​တိုက်ခိုက်ကြတယ်လို့ ​သိရပါတယ်။

Fallujah ​မြို့ကို ​အရင်တုန်းက ​ဆူနီမွတ်စလင်တွေက ​အုပ်ချုပ်ခဲ့တာ ​ဖြစ်ပေမယ့် ​IS ​အဖွဲ့က ​၂၀၁၄ ​ခုနှစ်တုန်းက ​သိမ်းပိုက်လိုက်တာ ​ဖြစ်ပါတယ်။

အဲဒီ ​ထိုးစစ်ဆင်မှုကို ​အမေရိကန် ​ဦးဆောင်တဲ့ ​မဟာမိတ်တပ်က ​ဝေဟင်ကနေ ​အကူအညီပေးမှာလည်း ​ဖြစ်ပါတယ်။

မြို့ပြင်ကို ​ထွက်မပြေးနိုင်တဲ့ ​မိသားစုတွေအနေနဲ့ ​နေအိမ်မှာ ​အဖြူရောင် ​အလံတွေ ​လွှင့်ပြီး ​အသိပေးမှုတွေ ​လုပ်ဖို့ ​အီရတ် ​စစ်တပ်က ​ကြိုတင် ​ပြောဆိုထားပါတယ်။

မြို့ပြင်ကို ​ထွက်ပြေးဖို့ ​ကြိုးစားတဲ့ ​မိသားစု ​၂၀ ​လောက်မှာ ​တဝက်လောက်ပဲ ​အောင်မြင်ပြီး ​တချို့ ​မိသားစုကတော့ ​ထောင်ထားတဲ့ ​မိုင်းတွေ ​နင်းမိလို့ ​သေသွားတာ ​ရှိသလို ​တချို့ကိုတော့ ​IS ​အဖွဲ့က ​မိသွားလို့ ​ထွက်မပြေးနိုင်ခဲ့ကြဘူးလို့ ​ဒေသခံက ​ရိုက်တာ ​သတင်းကို ​ပြောပြပါတယ်။

Fallujah ​မြို့ထဲမှာ ​အရပ်သား ​အယောက်ပေါင်း ​ခုနှစ်သောင်းခွဲကျော် ​ကျန်ရှိနေသေးတယ်လို့လည်း ​သိရပါတယ်။

အီရတ် ​စစ်တပ်အနေနဲ့ ​IS ​လက်ထဲကနေ ​မြို့တချို့ကို ​ပြန်လည် ​သိမ်းပိုက်နိုင်ပေမယ့် ​နယ်မြေအများအပြားကို ​IS ​က ​ဆက်လက် ​ထိန်းသိမ်းထားတဲ့အပြင် ​မြောက်ပိုင်းက ​Mosul ​လို ​မြို့ကြီးကိုလည်း ​ဆက်လက် ​သိမ်းပိုက်ထားတာ ​ဖြစ်ပါတယ်။

ဒီနှစ်အတွင်း ​Mosul ​မြို့ကို ​ပြန်သိမ်းမယ်လို့ ​အီရတ် ​အစိုးရက ​ပြောဆိုနေပေမယ့် ​တချို့လူတွေကတော့ ​စစ်တပ်အနေနဲ့ ​အသင့်မဖြစ်လောက်သေးဘူးလို့ ​ပြောဆိုနေတာ ​ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

Tartus မြို့၌ ကားဗုံးပေါက်ကွဲမှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ဒမတ်စကက်၊ မေ ၂၃ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းမြို့နှစ်မြို့၌ မေလ ၂၃ ရက်က ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၇၄ ဦး အထိ ရှိလာကြောင်း သိရသည်။

ပထမဆုံး ဗုံးပေါက်ကွဲမှုမှာ ဆီးရီးယား အနောက်မြောက်ဘက်ရှိ လက်တာကီယာ ဆိပ်ကမ်းမြို့၏ Jableh မြို့ရှိ ဘတ်စ်ကားဂိတ်၊ ပြည်သူ့ဆေးရုံနှင့် လျှပ်စစ်ရုံးစသည့် နေရာများသို့ ပစ်မှတ်ထားကာ ဗုံးလေးလုံး ပေါက်ကွဲ ခဲ့ကြောင်း နိုင်ငံပိုင် ဆီးရီးယား ရုပ်မြင်သံကြားက ပြောကြားခဲ့သည်။

Jableh မြို့တွင်း ကားဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အမည် မဖော်ပြထားသည့် စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။ ထို့ပြင် လူနာတင်ကားများဖြင့် ဒဏ်ရာ ရသူများအား ဆေးရုံသို့ ပို့ဆောင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

Jableh မြို့က ဗုံးပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း Sham FM ရေဒီယိုက ကြေညာခဲ့ သည်။

Jableh မြို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လက်တာကီယာမှ ကီလိုမီတာ ၁၀၀ အကွာရှိ အခြား ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သော Tartus ၌လည်း ဗုံးလေးလုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

Tartus ဗုံးပေါက်ကွဲမှု သုံးခုအနက် တစ်ခုမှာ ဘတ်စ်ကား မှတ်တိုင်၌ ဖြစ်ပွားခဲ့ပြီး အသေခံ ဗုံးဖောက်ခွဲခြင်းနှင့် ကားဗုံး ဖောက်ခွဲခြင်းများကြောင့် ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။ ဘတ်စ်ကား မှတ်တိုင် ဂိတ်ဝသို့ ပစ်ကပ် ထရပ်ကား တစ်စီး ဝင်ရောက်လာခဲ့ပြီးနောက် အသေခံ ဗုံးဖောက်ခွဲသမား နှစ်ဦးက ဘတ်စ်ကား မှတ်တိုင်အတွင်း ဖောက်ခွဲရေး ခါးပတ်များဖြင့် ဖောက်ခွဲခဲ့သည်။ လေးခုမြောက် ဗုံးဖောက်ခွဲမှုအား Tartus မြို့ရှိ Assad ဆင်ခြေဖုံး ရပ်ကွက်၌ အသေခံဗုံး ဖောက်ခွဲသမား တစ်ဦးက ဖောက်ခွဲခဲ့သည်။

Tartus မြို့ကျန်းမာရေး ဋ္ဌာန အကြီးအကဲ အာမတ် အာမာက Tartus ပေါက်ကွဲမှုတွင် လူပေါင်း ၁၃ ဦး သေဆုံး ခဲ့ပြီး သေဆုံးသူ အရေအတွက် မြင့်တက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကို မေလ ၂၂ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ တွေ့ရစဉ်။ Photo: Myo Thant Khaing/RFA
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုခရီးစဉ် ပြီးမြောက်အောင်မြင်ဖို့ လက်ရှိအခြေခံဥပဒေက အတား အဆီးဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီးလာရောက်ခဲ့တဲ့ ဂျွန်ကယ်ရီနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံအပြီး ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိပေါ်ပေါက်နေတဲ့  မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အင်တိုက် အားတိုက် ထောက်ခံနေကြောင်း၊ မြန်မာအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ကျန်ရှိနေသေးတဲ့ ပိတ်ဆို့အရေးယူ မှုတွေ ပြန်လည်ရုပ်သိမ်းရေးအတွက် အဓိကအချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် အပြည့် အဝရောက်ရှိရေးအပေါ်မှာ မူတည်နေကြောင်း ပြောဆိုပါတယ်။

ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီရေးမှာ လက်ရှိအခြေခံဥပဒေက အတားအဆီးဖြစ်နေတယ်လို့ ဂျွန်ကယ်ရီက ပြော ပါတယ်။

မြန်မာအစိုးရသစ်ဟာ လွတ်လပ်တဲ့ ဈေးကွက်၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေးအခြေအနေ စတာတွေ အရှိန်အဟုန် ပိုမိုအားကောင်းလာအောင် ကြိုးပမ်းနေပေမဲ့ ဒီခရီးစဉ်ပြီးမြောက်အောင်မြင်ရေးမှာ လက်ရှိ အခြေခံဥပဒေက အတားအဆီးဖြစ်နေပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးဟာ သိပ်ကိုခက်ခဲနေပါတယ်၊ အခြေခံဥပဒေပြင်ဆင်ရေး၊ အစိုးရအဖွဲ့တွင်း အာဏာခွဲဝေရေး၊ လူနည်းစုအခွင့်အရေးတွေကို အကာအကွယ် ပေးရေးနဲ့ အားလုံးပါဝင်နိုင်ရေး စတာတွေလိုအပ်ပါတယ်လို့ ဂျွန်ကယ်ရီ က ပြောဆိုပါတယ်။

ဒါ့ပြင် အဲ့ဒီကိစ္စတွေကို မြန်မာနိုင်ငံကနေ ပြန်လည်မထွက်ခွာခင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့ကြောင်းလည်း ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။

ဂျွန်ကယ်ရီ ဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို ဆက်လက်ထွက်ခွာ သွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese/


23May2016

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် ၀င်ပါပေါက် မြို့ နယ်အတွင်းမှ အလယ်တန်းကျောင်းသူများ နေထိုင်နေသည့် အမျိုးသမီးဘော် ဒါကျောင်းဆောင် မနေ့ ည (၁၁ )နာရီမှ စတင်မီးလောင်ခဲ့ကျောင်းသိရ ပါတယ်။


မီးလောင်မှုကြောင့် နှစ်ထပ်ကျောင်းဆောင်အတွင်း ပိတ်မိနေကြတဲ့ အသက်(၅) နှစ်မှ(၁၂ )နှစ်အတွင်းရှိ မိန်းခလေးကျောင်း သူ( ၁၇ ) ဦးသေဆုံးခဲ့ရပါတယ်။


ကျောင်းသူငါးဦးမီးလောင်ဒဏ်ရာတွေနဲ့  ဆေးရုံမှာ အတွင်းလူနာအဖြစ်ကုသနေရပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း ကျောင်း တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။


ယခုမီးလောင်တဲ့ ကျောင်သူတွေနေထိုင်နေတဲ့ ဘော်ဒါဆောင်မှာ စုစုပေါင်း (၃၈)ဦး နေထိုင်နေကြပါတယ်၊ အဆောက်အသီး တခုလုံး မီးထဲပါသွားခဲ့ပါတယ်။

မီးလောင်နေချိန် မှာကျောင်းသူလေးတွေ အိပ်နေကြတဲ့အချိန်ဖြစ်ပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရာကို ယနေ့ မနက်ပိုင်း မြို့ နယ်အာဏာပိုင်တွေက စစ်ဆေးနေကြကြောင်းသိရပါတယ်။

Credit Daily news
Social Action for Women - SAW

ကချင်ပြည်နယ် တောင်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ KIA လက်နက်ကိုင်အဖွဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်
ကချင်ပြည်နယ်တောင်ပိုင်း မံစီမြို့နယ် မိုင်းခေါင်ရဲ့ အရှေ့ဘက် ၂မိုင် ၃မိုင် အကွာမှာ ရှိတဲ့ လိုင်ကာ ဆွပ်ဂျာ ရွာနားမှာ အစိုးရ တပ်မတော်နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့အကြား မေလ ၂၂ရက်နေ့ မနက်က တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တပ်ရင်း ၂၃၇လို့ ယူဆရတဲ့ တပ်မတော် စစ်ကြောင်း ချီတက်လာရာမှာ KIAတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တွေ့ရာကနေ တိုက်ပွဲ ဖြစ်ခဲ့တာလို့ KIO အဖွဲ့ရဲ့ လိုင်ဇာ သတင်းဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူ က ဘီဘီစီကို ပြောပြပါတယ်။

လောလောဆယ် ထိခိုက်သေဆုံးမှု သတင်း အတိအကျတော့ မရသေးဘူးလို့ ဆိုပါတယ်။

အဲဒီနေရာကို တပ်မတော်သားတွေ တပ်စွဲထားလိုက်ပြီလို့ ယူဆရကြောင်းနဲ့ အဲဒီသတင်း မှန်ရင်တော့ အခြေအနေတွေ တင်းမာနေတယ်လို့ ပြောရမှာ ဖြစ်ပြီး နောက်ထပ် တိုက်ပွဲတွေ ထပ်ဖြစ်လာဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အစိုးရ တပ်မတော်ဘက်က တိုက်လေယာဉ်တွေ သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

အခုလောလောဆယ် လေကြောင်း တိုက်ခိုက်မှုတွေကတော့ မရှိတော့ဘူးလို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

တာလီဘန် အဖွဲ့ဝင်တချို့ (Credit: AFP) 
စနေနေ့တုန်းက ​အမေရိကန်ရဲ့ ​တိုက်ခိုက်မှုကြောင့် ​တာလီဘန်ခေါင်းဆောင် ​သေဆုံးသွားတယ် ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ပြီးနောက် ​တာလီဘန်တွေက ​တနင်္ဂနွေနေ့မှာ ​တွေ့ဆုံပြီး ​ခေါင်းဆောင်အသစ် ​တင်ဖို့ ​ဆွေးနွေးကြတယ်လို့ ​တာလီဘန်အဖွဲ့ဝင် ​တချို့က ​ရိုက်တာ ​သတင်းကို ​ပြောပါတယ်။

ပါကစ္စတန်နိုင်ငံအတွင်း ​ရောက်ရှိနေတဲ့ ​တာလီဘန်ခေါင်းဆောင် ​Mullah ​Akhtar ​Mansour ​ကို ​အမေရိကန်က ​တိုက်ခိုက်ပြီးမှ ​ပါကစ္စတန်ကို ​အသိပေးတဲ့အတွက် ​ပါကစ္စတန် ​အစိုးရက ​မကျေမနပ် ​ဖြစ်နေပါတယ်။

အမေရိကန်က ​ပါကစ္စတန်မှာ ​တိုက်ခိုက်မှု ​လုပ်မယ်ဆိုတာကို ​ကြိုတင်အသိမပေးပဲ ​လုပ်တာဟာ ​ပါကစ္စတန်ရဲ့ ​အချုပ်အခြာ ​အာဏာကို ​ထိပါးတယ်လို့ ​ပြောဆိုခဲ့ပါတယ်။

၂၀၁၁ ​ခုနှစ်တုန်းကလည်း ​အမေရိကန်တွေဟာ ​ပါကစ္စတန်မှာ ​နေထိုင်တဲ့ ​al ​Qaeda ​ခေါင်းဆောင် ​အိုဆာမာ ​ဘင်လာဒင်ရဲ့ ​နေအိမ်ကို ​ဝင်ရောက်တိုက်ခိုက်တုန်းကလည်း ​ကြိုတင်အသိမပေးခဲ့တဲ့အတွက် ​ပါကစ္စတန်ဘက်က ​အမျက်ဒေါသ ​ထွက်ခဲ့ရပါတယ်။

အာဖဂန် ​အစိုးရကတော့ ​တာလီဘန် ​ခေါင်းဆောင် ​သေဆုံးသွားပြီလို့ ​အသေအခြာ ​ပြောဆိုနေပေမယ့် ​အမေရိကန် ​အစိုးရကတော့ ​အတိအကြ ​မပြောသေးသလို ​တာလီဘန်ကလည်း ​တရားဝင် ​ပြောဆိုထားတာမျိုး ​မရှိသေးပါဘူး။

တာလီဘန် ​အဖွဲ့ဝင် ​တချို့ကတော့ ​သူတို့ရဲ့ ​ခေါင်းဆောင်သစ်အဖြစ် ​ရွေးချယ်ဖို့ ​ရာထားတဲ့ ​လူတွေထဲမှာ ​တာလီဘန် ​အရာရှိ ​Sirajuddin ​Haqqani ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

အဲဒီလူကသာ ​ခေါင်းဆောင်ဖြစ်လာရင် ​အနောက်တိုင်း ​အစိုးရနဲ့ ​အာဖဂန် ​အစိုးရအတွက် ​တာလီဘန် ​ကို ​ချေမှုန်းဖို့ ​ပိုခက်ခဲမယ်လို့ ​သုံးသပ်ကြပါတယ်။

အဲဒီလူကို ​သတ်ပစ်နိုင်ရင် ​ဒေါ်လာ  ​၅သန်း ​ဆုချမယ်လို့လည်း ​အမေရိကန်က ​ပြောဆိုထားတာ ​ရှိပါတယ်။

ဒါ့အပြင် ​ခေါင်းဆောင်အဖြစ် ​ရာထား ​တဲ့လူတွေထဲမှာ ​တာလီဘန်ကို ​တည်ထောက်တဲ့လူရဲ့သား ​ဖြစ်တဲ့ ​Mullah ​Mohammad ​Yaqoob ​နဲ့ ​အမေရိကန်က ​ထိန်းသိမ်းခဲ့ဖူးသူ ​Mullah ​Abdul ​Qayyum ​Zakir ​နဲ့ ​Mullah ​Sherin ​တို့လည်း ​ရာထားတာ ​ခံရတယ်လို့ ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

တာလီဘန် ခေါင်းဆောင် မူလာ အက်ခ်တာ မိုဟာမက် မန်ဆာအား တွေ့ရစဉ် (ဆင်ဟွာ)
    ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

    ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိနေသည့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက အာဖဂန် တာလီဘန် ခေါင်းဆောင် မူလာ အက်ခ်တာ မိုဟာမက် မန်ဆာ သေဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာချက် တစ်စောင်၌ အတည်ပြု ပြောကြားလိုက်သည်။

Balochistan ပြည်နယ် Quetta မြို့ ၏ အနောက်တောင်ဖက် ၁၅ဝ ကီလိုမီတာအကွာရှိ Ahmad Wak မြို့ငယ် လေး၌ မေလ ၂၂ ရက်နံနက် ၃း၀၀ နာရီခန့်တွင် မူလာ နှင့် ၄င်း၏ တပ်ဖွဲ့ ဝင်များ လိုက်ပါလာသည့် ကားတစ်စီးကို အမေရိကန် မောင်းသူမဲ့ လေယာဉ်ပေါ်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည် နှစ်စင်း ထိမှန်ခဲ့ကြောင်း ARY ရုပ်မြင် သံကြားက မေလ ၂၂ ရက်တွင် သတင်း ထုတ်လွှင့်ခဲ့သည်။

သို့သော်လည်း မူလာမန်ဆာ သေဆုံးခြင်းအပေါ် တာလီဘန်တို့ဘက်က ငြင်းဆိုထားကြောင်း ပင်လယ်ကွေ့  ဒေသ အခြေစိုက် ရုပ်မြင်သံကြား သတင်းဌာန တစ်ခုက သတင်းဖော်ပြခဲ့သည်။

မူလာ မန်ဆာအား ၁၉၆ဝ ပြည့်လွန်နှစ်များတွင် မွေးဖွားခဲ့ပြီး အာဖဂန် နစ္စတန်နိုင်ငံရှိ တာလီဘန် ထိပ်တန်း ခေါင်းဆောင် မူလာအိုမာ သေဆုံးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၃ဝ ရက် မှ စတင်ကာ ၄င်း၏ အနီးကပ်ဆုံး လူယုံ ဖြစ်သူ မူလာမန်ဆာသည် တာလီဘန် ထိပ်တန်းခေါင်းဆောင် အဖြစ် တရားဝင် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com/

အမေရိကန်နိုင်ငံ သမ္မတ ဘားရက် အိုဘားမား နှင့် ဗီယက်နမ် နိုင်ငံ သမ္မတ Tran Dai Quangတို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ သမ္မတ ဘားရက် အိုဘားမား က ဆယ်စုနှစ်များစွာ ဗီယက်နမ် အပေါ် ချမှတ်ထားသည့် လက်နက် ကုန်သွယ်မှု ပိတ်ဆို့ ထားခြင်းအား ရုပ်သိမ်းကြောင်း မေလ ၂၃ ရက်က ကြေညာခဲ့သည်။

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang နှင့် တွဲဖက် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ အိုဘားမားက ပိတ်ဆို့မှု ရုပ်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အိုဘားမားက အမေရိကန် နိုင်ငံသည် ဗီယက်နမ် နိုင်ငံသို့ စစ်ရေး လက်နက်များ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးခွန်းအား ပြန်လည်ဖြေကြားစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပြီး ပိတ်ဆို့မှု ရုပ်သိမ်းခြင်းအား ပိုမို ထင်ရှားစေခဲ့သည်။

အမေရိကန်နိုင်ငံ သည် ၂၀၁၄ ခုနှစ် တွင် နှစ် ၃၀ ကြာ လက်နက် ကုန်သွယ်မှု ပိတ်ဆို့ထားခြင်းအား တစ်စိတ် တစ်ဒေသ ဖြေလျှော့ပေးခဲ့ကာ ဗီယက်နိုင်ငံသို့ ရေကြောင်း လုံခြုံရေး ဆိုင်ရာ ကာကွယ်ရေး ပစ္စည်းများ တင်သွင်းခွင့် ပေးခဲ့သည်။

ဗီယက်နမ်နိုင်ငံ သမ္မတက ဗီယက်နမ် အပေါ် ချမှတ်ထားသည့် လက်နက် ကုန်သွယ်မှု ပိတ်ဆို့ထားခြင်းအား အမေရိကန် နိုင်ငံက ရုပ်သိမ်းပေးခြင်း အပေါ် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် လက်နက် ကုန်သွယ်မှု ပိတ်ဆို့ထားခြင်းအား ၁၉၈၄ ခုနှစ် က စတင်ချမှတ် ခဲ့ကြောင်း သိရသည်။

အမေရိကန် သမ္မတ အိုဘားမားသည် ဗီယက်နမ် နိုင်ငံ သမ္မတ Tran Dai Quang ၏ ဖိတ်ကြားချက်အရ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မေလ ၂၂ ရက် ညတွင် ရောက်ရှိလာခဲ့ကြောင်းနှင့် မေလ ၂၅ ရက်အထိ ဗီယက်နမ် နိုင်ငံတွင် နေထိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com/

 ရန်သူတွေ ဖြစ်ခဲ့ဖူးတဲ့ နှစ်နိုင်ငံကြား လုံခြုံရေးနဲ့ စီးပွားရေး ဆိုင်ရာ ဆက်ဆံမှုတွေ ပို တိုးတက် ခိုင်မာစေဖို့ ရည်ရွယ်။
 အမေရိကန် သမ္မတ အိုဘားမားရဲ့ သီတင်းတစ်ပတ်ကြာ အာရှခရီးစဉ် စတင် ခဲ့တာမှာ ဗီယက်နမ်ကို ရောက်ရှိ ခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်ကို သမ္မတ အိုဘားမား လာရောက်တာဟာ ရန်သူတွေ ဖြစ်ခဲ့ဖူးတဲ့ နှစ်နိုင်ငံကြား လုံခြုံရေးနဲ့ စီးပွားရေး ဆိုင်ရာ ဆက်ဆံမှုတွေ ပို တိုးတက် ခိုင်မာစေဖို့ ရည်ရွယ်ပြီး၊ ဗီယက်နမ် နိုင်ငံတွင်း လူ့ အခွင့်အရေး အခြေအနေတွေ အပေါ်မှာလည်း စိုးရိမ်စိတ် ရှိကြောင်း ပြသဖို့ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ်နိုင်ငံနဲ့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဗီယက်နမ် အပါအဝင် အရှေ့တောင် အာရှ နိုင်ငံတွေကို အမေရိကန် အစိုးရက အားပေး ထောက်ခံလိုပေမယ့်၊ တစ်ဘက်မှာလည်း တရုတ်အစိုးရနဲ့ကြား ဆက်ဆံရေး တင်းမာ နေတာတွေကို ပိုပြီး ဆိုးရွား မသွားစေလိုတဲ့ ဆန္ဒလည်း ရှိနေတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

ဗီယက်နမ် အစိုးရဘက်ကတော့ ဗီယက်နမ် အပေါ် အမေရိကန်က ချမှတ်ထားတဲ့ လက်နက်တင်ပို့မှု ပိတ်ပင် ကန့်သတ်မှုကို ရုတ်သိမ်း ပေးဖို့ အလိုရှိနေတယ် ဆိုပြီး သတင်းတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

ထိုင်းအာဏာသိမ်း ၂ နှစ်ပြည့် ဆန္ဒပြ
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ တနင်္ဂနွေနေ့တုန်းက စစ်အာဏာသိမ်းတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူ ၂၀၀ ကျော်ဟာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ရွေးကောက်ခံအစိုးရလက်က စစ်အာဏာသိမ်းချိန်ကစပြီး စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေထဲမှာ ဒီတကြိမ်ဟာ အကြီးဆုံးတခုဖြစ်ပေမယ့် အာဏာပိုင်တွေဟာ အရင်တုန်းကလို လမ်းပေါ်မှာပဲဖြစ်ဖြစ် အွန်လိုင်းကနေပဲဖြစ်ဖြစ် ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ အရင်ပုံစံမျိုး မဟုတ်တော့ဘဲ သည်းခံတာတွေ့ရပါတယ်။

ဒီဆန္ဒပြပွဲဟာ စစ်အစိုးရအုပ်ချုပ်မှုကို အထင်ရှားဆုံး ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအငယ်စားလေးတွေနဲ့ ပတ်သက်တဲ့ ကျောင်းသားတွေ ပါဝင်တဲ့ အဖွဲ့ငယ်တစ်ခုက ဦးဆောင်ခဲ့တာပါ။ တနင်္ဂနွေနေ့က အခု ချီတက်ဆန္ဒပြပွဲဟာ စစ်တပ်က ပြဌာန်းတဲ့ အငြင်းပွားစရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အတွက် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ၃ လ မတိုင်ခင် မှာ ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဥပဒေပါ ပြဌာန်းချက်တွေဟာ နိုင်ငံရေးပါတီတွေကို အားနည်းစေပြီး အနာဂတ် အစိုးရတွေကို စစ်အစိုးရက ကြိုတင်ပြဌာန်းထားတဲ့ မူဝါဒရေးရာတွေအတိုင်း လုပ်ဆောင်ဖို့ တွန်းအားပေး ထားတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ဥပဒေသစ်ဟာ မဲမထည့်ရေး စည်းရုံး လှုပ်ရှားသူ ဘယ်သူ့ကိုမဆို ကြီးလေးတဲ့ပြစ်ဒဏ် ကျခံရဖို့ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမယ့် ချီတက်ဆန္ဒပြသူတွေကတော့ သူတို့ရဲ့ဆန္ဒအမှန်ကို သိအောင်ပြဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။

ထိုင်း စစ်တပ်ဟာ ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်အစိုးရကို ဆန့်ကျင်တဲ့ သွေးကြွဆူပူမှုတွေ၊ တခါတရံ ပြင်းထန်တဲ့အကြမ်းဖက်မှုတွေ လပေါင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက်၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့ပါတယ်။

မစ္စ်ယင်လပ် ရဲ့အကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာလည်း ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းချိန်အတွင်း ရာထူးက ဖြုတ်ချခံခဲ့ရသူဖြစ်ပါတယ်။ သူ့ကိုထောက်ခံသူတွေနဲ့ ပြိုင်ဘက်တွေကြား အဲဒီအချိန်ကတည်းက နိုင်ငံရေးသြဇာအာဏာ အားပြိုင်ပွဲ ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကချင်လွှတ်တော်အမတ်များဖြစ်ကြသည့် ဦးတင့်စိုး ၊ဦးချို (ခ) ဦးခင်မောင်မြင့် ၊ ဦးဒါရှီလဆိုင်းတို့ နှင့် ရပ်ရေးရွာရေးများ တင်ပြဆွေးနွေးနေသည့် မှော်ရှန်ရာအိမ်မှူး မနန္ဒာလှိုင် .....
ဖားကန့်၊ ကချင်ပြည်နယ်၊ ၂၂.၅.၂၀၁၆

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ ဆိမ်မူ (ဆိုင်းတောင်) ကျေးရွာမှာ အမျိုးသမီး ရပ်ကွက် အုပ်ချုပ်ရေးမှူး အား၂၂.၅.၂၀၁၆ နေ့ ညနေ ၅:၀၀ ခန့်တွင် သေနတ်သမား (၂) ဦးမှ နေအိမ်အတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ မိသားစုတွေက ပြောပါတယ် ။

သေဆုံးသူဟာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ မော်ရှန် ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ဖြစ်ပြီး အသက် (၄၀) ခန့်ရှိသည်ဟုလည်း သိရပါတယ် ။ ဆိမ်မူ အုပ်ချုပ်ရေးမှူးရုံးမှ
တာဝန်ရှိသူတစ်ဦးပြောပြတာ ကတော့ “ နန္ဒာလှိုင် ဧည့်ခန်းထဲမှာ ထိုင်နေတဲ့အချိန် လူနှစ်ယောက်ဝင်လာပြီး ဆိုင်ကယ်ပျောက်တာ လာတိုင်တယ် ။ နောက်ထပ် လူတစ်ယောက် ဝင်လာပြီး သေနတ်နဲ့ ကပ်ပစ်သွားတယ် ဒီလောက်ပဲ သိရတယ် ။” ဟု ပြောပါတယ်။

ဖားကန့်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ မှော်ရှန်ရာအိမ်မှူး မနန္ဒာလှိုင် သေနတ်နဲါ ပစ်သတ်ခံရသည်မှာ ဟုတ်မှန်ကြောင်းအတည်ပြု ဖြေကြားခဲ့ပါတယ် ။“ သေနတ်နဲ့ ပစ်သတ်တာ ဟုတ်ပါတယ် ။ အကြမ်းဖျင်းစစ်ဆေးချက်တွေအရ သေနတ်ဒဏ်ရာ (၆) ချက်တွေ့ရပါတယ် ။ မနက်ကျမှ အသေးစိတ်စစ်ဆေးမှာပါ ။ ဘယ်အဖွဲ့အစည်းက ပစ်သတ်တယ်ဆိုတာတော့ ပြောလို့မရပါဘူး ” ။လို့
ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးမှ ဖြေကြားခဲ့ပါတယ် ။

မနန္ဒာလှိုင် သေနတ်ဖြင့် ပစ်သတ်ခံရမှု၏ နောက်ကွယ်တွင် သံသယဖြစ်ဖွယ် ပြဿနာများစွာ ရှိနေတယ်လို့လည်း ရွာသားများက ပြောဆို သုံးသပ်နေကြပါတယ် ။ မနန္ဒာလှိုင်ဟာ ဖားကန့်မြို့နယ်၏ တစ်ဦးတည်းသော အမျိုးသမီး ရာအိမ်မှူးတစ်ဦးလည်းဖြစ်ပြီး ၊ ရပ်ရွာအတွင်း တရားမဝင် စွန့်ပစ်မြေစာပစ်သည့် ကိစ္စမျညးတွင် ရွာသားများဘက် က ရှေ့ဆောင်ဖြေ ရှင်းသူ တစ်ဦးဖြစ်ပြီး NLD ပါတီဝင် တစ်ဦး ဖြစ်သည်ဟုလည်း သိရပါသည် ။

သတင်းနှင့် ဓါတ်ပုံ - ဇော်မိုးထက် ( ၂၂.၅.၂၀၁၆)

The Ladies News
https://www.facebook.com/News.TheLadies


၂၀၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယ မီးအိမ်ရှင်) ရွေးချယ် ချီးမြှင့်ခံရပါတယ်။ ဒေါက်တာသန်းမင်းထွဋ်ဟာ ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ဆရာဝန်ကြီးအဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပင်းတယမြို့နယ်တွင်း ကျေးလက် နယ်စွန် နယ်ဖျား တောင်ပေါ် ဒေသပါမကျန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုစွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေ အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းဒ်ပြည်နယ် Rockville မြို့မှာ စနေနေ့ညက Citizen of Burma Award ပြည်သူ့ဂုဏ်ရည် ဆုရှင်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ အထူးဆုရှင်တွေအဖြစ် ငြိမ်းချမ်းရေးအတွက် တေးဂီတနဲ့ လှုံ့ဆော် လုပ်ဆောင်တဲ့ ပန်းရဲ့လမ်းအဖွဲ့၊ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါ်ခင်မမမျိုးတို့ကို ချီးမြှင့်ခဲ့ပါတယ်။

နောက်ထပ် အထူးဆု ချီးမြှင့်ခံရတဲ့ မြန်မာ ပုံပြောသူများအဖွဲ့ကတော့ တိုင်းရင်းသား ရိုးရာပုံပြင်တွေကို စုစည်း ဖော်ထုတ်ပြီး နယ်လှည့်ပုံပြင်ပြောတဲ့ လှုပ်ရှားမှုကို လုပ်ဆောင်ကြသူ လူငယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါ တယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ချီးမြှင့်မှာဖြစ်ပြီး အထူးဆုရှင်တွေကိုတော့ ဒေါ်လာ ၁,၀၀၀ စီ ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို မြန်မာနိုင်ငံပြင်ပမှာရောက်နေသူတွေ စုစည်းပြီး ၂၀၁၀ ပြည့်နှစ်ကစလို့ ဖွဲ့စည်း တည်ထောင်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်းက အများအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူမှုသူရဲကောင်းတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်ကတော့ နာရေးကူညီမှုအသင်းဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စာရေးဆရာမ သန်းမြင့်အောင်နဲ့ ၂၀၁၅ ခုနှစ်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်တို့ကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

“ဘာစီလိုနာ ၂ဂိုး-ဂိုးမရှိ ဆဗီလား”
ယော်ဒီအယ်လ်ဘာ ( ၉၇မိနစ်)
နေမာ ( ၁၂၀မိနစ်)

၂၀၁၆ခုနှစ်ရဲ့ စပိန်ဘုရင့်ဖလားလို့ခေါ်တဲ့ Copa del Rey ဖိုင်နယ်မှာတော့ လက်ရှိ ချန်ပီယံဘာစီလိုနာအသင်းက ယူရိုပါလိဂ်ချန်ပီယံ ဆဗီလားကိုခက်ခက်ခဲခဲကစားခဲ့ပြီး အချိန်ပိုမိနစ် ၃၀ရဲ့ ပထမပိုင်း မှာ ယော်ဒီအယ်လ်ဘာ၊ ဒုတိယပိုင်းမှာ နေမာတိုရဲ့ ဂိုးတွေနဲ့နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာနောက်ခံလူ မာရှေရာနိုပထမပိုင်း မိနစ် ၃၆မိနစ်မှာ ဆဗီလားရဲ့ ကီဗင်ဂမ်မဲရိုးကိုပြစ်ဒဏ်ကျူးလွန်လို့ တစ်ယောက်လျော့နဲ့ လက်ကျန်မိနစ် တွေကိုကစားခဲ့ရပါတယ်။ ဆဗီလားကတော့ တစ်ယောက် အသာနဲ့ တစ်ပွဲလုံးဖိကစား ထားနိုင်ခဲ့ပေမယ့် ဘာစီလိုနာခံစစ်က အထူးကောင်းမွန်ခဲ့လို့ ဂိုးမရခဲ့တာပါ။ ဒုတိယပိုင်းမှာ ဘာစီလိုနာဖက်က ဆွာရက်ဇ်နောက်ထပ်ဒဏ်ရာရသွားလို့လူစားလဲခဲ့ရပါတယ်။ ဆဗီလား ကတော့ တစ်သင်း လုံးဖိကစားထားပေမယ့် ဘာစီလိုနာက တန်ပြန်တိုက် စစ်နေအကောင်းဆုံးတုံ့ပြန်ခဲ့ပါတယ်။ ပွဲပြီးခါနီးအချိန်ပို ၉၂မိနစ်မှာ နေမာ အပိုင်ဂိုးသွင်းနိုင်မယ့် အနေအထားကို ဆဗီ လားကွင်းလယ်က ဘနေဂါ ဖျတ်ထုတ်ခဲ့လို့ အနီကတ်ပြခံခဲ့ရပါတယ်။

အချိန်ပိုမိနစ် ၃၀ရဲ့ ပထမပိုင်းမှာ ၁၀ယောက်စီဖြစ်သွားတာကြောင့် ဘာစီလိုနာက ဖိကစားလာခဲ့ပါတယ်။ ၉၇မိနစ်မှာ ကွင်းလယ်ကနေ မက်ဆီပေးတဲ့ဘောလုံးကို တိုက်စစ်လိုက်ပါသွားတဲ့ ယော်ဒီအယ်လ်ဘာက လှလှပပကန်သွင်းခဲ့ပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။ အဲ့ဒီနောက် ဘာစီလိုနာက မက်ဆီ၊ နေမာ၊ အဲဗက်စ်တို့ရဲ့ ကန်ချက်တွေကို ဆဗီလား ဂိုးသမားကာ ကွယ်နိုင်ခဲ့ ပါတယ်။ ဆဗီလားဖက်က နောက်ထပ်ကွင်းလယ် ကစာသမား တစ်ယောက် မိနစ် ၁၂၀အပြည့်မှာ နှစ်ဝါ၊တစ်နီနဲ့အထုတ်ခံခဲ့ရပါတယ်။ ၁၂၂မိနစ် အရောက်မှာ မက်ဆီပေးတာကို နေမာက ဒုတိယဂိုးထပ်သွင်းလို့ ဘာစီလိုနာအသင်း စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ၂၈ကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့ပါ တယ်။

ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီးဟာ ဘာစီလိုနာဖက်ကို အနီကတ် (၁)ကတ်၊ အ၀ါကတ် (၄)ကတ်၊ ဆဗီလားဖက်ကို အနီကတ် (၂)ကတ်၊ အ၀ါကတ်(၈)ကတ်ပြခဲ့ပါတယ်။ ဒီပွဲရဲ့ ၅၅မိနစ်လောက်ကို တစ် ယောက် အသာစီးနဲ့ကစားခဲ့ရတဲ့ ဆဗီလားရဲ့တိုက်စစ်ကို ဘာစီလိုနာခံစစ်က တစ်ပွဲ လုံး အကောင်းဆုံးတုံ့ပြန်ကစားခဲ့လို့ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာပါ။
BBC Burmese

 shan-refugees-620.jpg အစိုးရတပ်မတော်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သီပေါမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ရောက်ရှိ လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သီပေါမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်လောက်ထိ တိုးလာနေပါတယ်။

မနေ့ကစပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးလာကြတာဖြစ်ပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတယ် လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းအေး က ပြောပါတယ်။

"၈ဝဝ ကျော်ရယ် အခု ၄ဝ ရယ်၊ နောက်ထပ် ၁ဝဝ လောက်လာမယ်၊ ဆိုတော့ ၉ဝဝ၊ ၁ဝဝဝ နီးပါးလောက်ရှိတယ်၊ အခုထပ်တိုးလာမယ့်လူတွေကို လက်ရှိ ရှိနေတဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းကို ထပ်ဖြည့်မယ်၊ တကယ်လို့ မဆန့်ဘူးဆိုရင်တော့ တခြားကျောင်းတွေကို လျှောက်တင်ကြည့်မယ်ပေါ့၊ ဒီနေ့တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတယ်လို့ကြားတယ်၊ အခုလောလောဆယ် လိုအပ်တာက အဓိက စားနပ်ရိက္ခာပေါ့"

သီပေါမြို့နယ် နမ့်မောက်တောင် ကျေးရွာအုပ်စုအတွင်း တိုက်ပွဲတွေဖြစ်ပွားနေပြီး ပါငါးရွာ၊ တိန်းဟိုင်းရွာ ၊ ကျောင်းမိုင်ရွာ၊ နာလျှိုရွာတွေက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင်ခဲ့ရပြီး ကျန်ခဲ့သူတွေလည်း ရှိနေတယ်လို့ ဒေါ်စန်းစန်းအေးက ပြောပါတယ်။

အဲ့ဒီစစ်ဘေးဒုက္ခသည်တွေကို သီပေါမြို့ပေါ်မှာရှိတဲ့ မြို့ဟောင်းကျောင်း၊ ခန္ဒီရာမကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၊ ရွှေကျောင်းစတဲ့ ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးတာဖြစ်ပါတယ်။

သီပေါမြို့ပေါ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေက ကားတွေနဲ့ သွားရောက်ခေါ်ဆောင်တာတွေလည်း ရှိနေပါတယ်။
RFA

ဆရာတော် ဦးဝီရသူနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေတင်တယ်ဆိုပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရာပြည့် ခေါ် ကိုမျိုးဝင်းသူကို ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဒေါ်သီရိနေလင်း က အမှုဖွင့်တာဖြစ်တယ်လို့ ကိုရာပြည့် ခေါ် ကိုမျိုးဝင်းသူ က ပြောပါတယ်။

ကိုရာပြည့် ခေါ် ကိုမျိုးဝင်းသူအပေါ် စွဲချက်တွေကို ချုပ်ရက်တစ်ပတ်အတွင်း ခိုင်လုံတဲ့သက်သေ တင်ပြနိုင်ရမှာဖြစ် ပြီး သက်သေတင်ပြနိုင်ခြင်းမရှိရင် လွှတ်ပေးရမှာဖြစ်ပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေပါတီ ဥက္ကဌ ဦးနေမျိုးဝေဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ ဓာတ်ပုံတွေ၊ ပြည်ထောင်စု ပြိုကွဲရေးအတွက် လှုံ့ဆော်တဲ့စာသားတွေတင်ခဲ့တာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဦးဝေယံအောင်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

RFA

 sittawe-cityboad-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင်တွေ လူဦးရေစာရင်းကို ပြည်နယ် အစိုးရက ဒီနေ့ ဆက်လက်ကောက်ယူခဲ့ပါတယ်။

ကောက်ယူရရှိတဲ့ လူဦးရေစာရင်းတွေကို အရင်ရှိခဲ့တဲ့ စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူး ဦးဝင်းလွင်က ပြောပါတယ်။

"သက်ဆိုင်ရာကနေပြီးတော့ ကျနော်တို့ ကောက်လိုက်တဲ့အခါမှာ ရပ်/ကျေးအဖွဲ့တို့၊ လ.ဝ.ကတို့ နောက် ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စသည်ဖြင့် အဘက်ဘက်ကနေ လက်မှတ်ရေးထိုးပြီးတော့ ကျနော်ဆီကိုပို့လိုက်တယ်၊ ပို့လိုက်တာကိုမူတည်ပြီးတော့ ကျနော်တို့ဆီမှာရှိတဲ့ အိမ်ထောင်စုစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့မှ လူဦးရေ မှန်ကန်မှု ရှိ မရှိ ပြန်စစ်ဆေးပါတယ်၊ အဲ့အပေါ်မူတည်ပြီးတော့ မှ နောက်ဆုံးမှာ ဒီဘက်ကနေပြီးတော့ စာရင်းအချုပ်ကို ကျနော်တို့ ပြန်ပြီးလုပ်မှာဖြစ်ပါတယ်"

စစ်တွေမြို့ခံ ရဟန်းသံဃာတော်တွေနဲ့ ဒေသခံတွေက အောင်မင်္ဂလာရပ်ကွက်ထဲမှာ မွတ်စလင်ဦးရေများလာတယ် ဆိုပြီး မြို့ပြင်ကိုပြောင်းရွှေ့ပေးဖို့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ပြည်နယ်အစိုးရကို လက်မှတ်ရေးထိုး တင်ပြခဲ့ကြ တာကြောင့် ပြည်နယ်အစိုးရက လူဦးရေစာရင်း ကောက်ယူနေတာဖြစ်ပါတယ်။

လူဦးရေစာရင်းကို မနေ့ကစတင်ကောက်ယူခဲ့ရာမှာ ရာသီဥတုအခြေအနေတွေကြောင့် ရပ်နားထားခဲ့ရတာဖြစ်ပြီး ဒီနေ့ ဆက်လက်ကောက်ယူခဲ့တာဖြစ်ပါတယ်။

လ.ဝ.က စာရင်းတွေအရ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်သူ ၄ဝဝဝ ကျော်လောက် ရှိနေတာဖြစ်ပြီး အခုကောက်ယူနေတဲ့ လူဦးရေစာရင်း တွေ့ရှိချက်တွေကိုတော့ မသိရသေးပါဘူး။ ပြည်နယ်အစိုးရက ကောက်ယူ ပြီးစီးတဲ့နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

မနေ့က လူဦးရေစာရင်း စတင်ကောက်ယူနေတာတွေကို စာရင်းကောက်ယူတဲ့အဖွဲ့တွေက သတင်းမီဒီယာ သမားတွေကို သတင်းယူခွင့် တားမြစ်ခဲ့ပေမယ့် ဒီနေ့မှာ ပြန်လည်ခွင့်ပြုခဲ့ပါတယ်။
RFA

၂၀၁၆ ပြည်သူ့ဂုဏ်ရည်ဆု ဒေါက်တာသန်းမင်းထွဋ် ချီးမြှင့်ခံရ
၂၀၁၆ ပြည်သူ့ဂုဏ်ရည်ဆု ဒေါက်တာသန်းမင်းထွဋ် ချီးမြှင့်ခံရ
၂၀၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယ မီးအိမ်ရှင်) ရွေးချယ် ချီးမြှင့်ခံရပါတယ်။ ဒေါက်တာသန်းမင်းထွဋ်ဟာ ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ဆရာဝန်ကြီးအဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပင်းတယမြို့နယ်တွင်း ကျေးလက် နယ်စွန် နယ်ဖျား တောင်ပေါ် ဒေသပါမကျန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုစွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေ အတွက် ပြည်သူ့ဂုဏ်ယူဆု ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းဒ်ပြည်နယ် Rockville မြို့မှာ စနေနေ့ညက Citizen of Burma Award ပြည်သူ့ဂုဏ်ရည် ဆုရှင်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ အထူးဆုရှင်တွေအဖြစ် ငြိမ်းချမ်းရေးအတွက် တေးဂီတနဲ့ လှုံ့ဆော် လုပ်ဆောင်တဲ့ ပန်းရဲ့လမ်းအဖွဲ့၊ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါ်ခင်မမမျိုးတို့ကို ချီးမြှင့်ခဲ့ပါတယ်။

နောက်ထပ် အထူးဆု ချီးမြှင့်ခံရတဲ့ မြန်မာ ပုံပြောသူများအဖွဲ့ကတော့ တိုင်းရင်းသား ရိုးရာပုံပြင်တွေကို စုစည်း ဖော်ထုတ်ပြီး နယ်လှည့်ပုံပြင်ပြောတဲ့ လှုပ်ရှားမှုကို လုပ်ဆောင်ကြသူ လူငယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါ တယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ချီးမြှင့်မှာဖြစ်ပြီး အထူးဆုရှင်တွေကိုတော့ ဒေါ်လာ ၁,၀၀၀ စီ ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို မြန်မာနိုင်ငံပြင်ပမှာရောက်နေသူတွေ စုစည်းပြီး ၂၀၁၀ ပြည့်နှစ်ကစလို့ ဖွဲ့စည်း တည်ထောင်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်းက အများအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူမှုသူရဲကောင်းတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်ကတော့ နာရေးကူညီမှုအသင်းဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စာရေးဆရာမ သန်းမြင့်အောင်နဲ့ ၂၀၁၅ ခုနှစ်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်တို့ကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

VOA Burmese News


22May2016

ကာဂစ္စတန် နိုင်ငံဟာ လူဦးရေ (၆)သန်းသာရှိတဲ့ အာရှတိုက် အလည်မှာရှိနေ တဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ ဘိုးဘွားတွေ လက်ထက်ကတဲက မိမိကြိုက်တဲ့အမျိုးသမီးကို သူငယ်ချင်းတွေနဲ့ တိုင်ပင် အစီစဉ်ဆွဲကြ၊အဆင်သင့်ဖြစ်ပြီ ဆိုရင် မိန်းခလေး လာတတ် တဲ့ နေရာကနေ စောင့်ပြီး အတင်းအကြပ် ခိုးပြေးလေ့ရှိ တဲ့ ဓလေ့ ကို ယခု အချိန်အထိ ကျင့်သုံးနေဆဲပါ။


မိန်းခလေးက ချစ်သူရှိသည်ဖြစ်စေ -လက်မခံနိုင်သည်ဖြစ်စေ မိမိကကြိုက်နေပြီဆိုရင် မရရအောင် ပြန်ပေးဆွဲခေါ်သွားတတ်ကြပါတယ်။ ဟိုးတုန်းက မြင်းတွေနဲ့ ပါ ၊ ခုတော့ ကားတင်ပြေးတာပေါ့ ၊နေရာတခုမှာ ရက်ပိုင်းလောက် အတူနေပြီးမှ မိန်းခလေးကို ပြန်ခေါ်လာပြီး လက်ထပ်ကြပါတယ်။


အမျိုးသမီးအများစုက အတင်းအကြပ် ဖျက်ဆီးခံပြီးမှ မင်္ဂလာဆောင်ရ တဲ့ဘ၀ပါ၊ တချို့ ကတော့ ချစ်သူနဲ့ ကွဲရပြီး မချစ်မနှစ်သက်သူနဲ့  ပေါင်းရမှာကြောင့် ပြန်ပေးဆွဲထားတဲ့နေရာမှာဘဲ မိမိကိုယ် အဆုံးစီရင် သွားခဲ့ကြပါတယ်။

အကြမ်းဖက် ရိုးရာအစဉ်အလာ တစ်ခုကို ဆက်ပြီးကျင့်သုံးနေတာ ရပ်ကြပါလို့  အမျိုးသမီးအခွင့် အရေး လှုပ်ရှားနေတဲ့ အဖွဲ့ တွေကတော့ တောင်းဆိုနေပေမယ့် ခုချိန်ထိတော့ မိန်းခလေးတွေကိုပြန်ပေးဆွဲ ၊ကားတင်ပြေးနေကြတုန်းပါဘဲ။

SAW
ကိုးကား Bride Kidnapping in Kyrgyzstan
Social Action for Women - SAW


22May2016

ထိုင်းနိုင်ငံ အူဒေါင်ဌာနီ မှာ အိမ်ခန်းအတွင်း တဦးတည်း အိပ်နေတဲ့ ထိုင်းအမျိုးသမီးတဦး ကို ထိုင်းအမျိုးသားတဦးကအတင်း အဓမ္မကျင့် ဘို့  ကြိုးစားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တရားခံ ၀မ်လွတ် ဆိုသူမှာ အခန်းကို ၀င်ထွက်သွားလာနေသူ ခင်ပွန်းဖြစ်သူ အမျိုးသားရဲ့  သောက်ဖေါ်သောက်ဖက် သူငယ်ချင်းဖြစ်ပါတယ်။ သူမဗိုက်အောင့်နေတာကို အမျိုးသားက ဆေးသွားဝယ်ဘို့  ထွက်သွားတဲ့ အချိန်မှာ တရားခံက အခန်းထဲဝင်လာခဲ့တာပါ၊ အမျိုးသမီးကို အတင်းချုပ်ပြီး ပါးစပ်ကိုနမ်းနေစဉ်မှာ အမျိုးသမီးက တရားခံဝမ်လွတ်ရဲ့  လျှာကို အမိအရ ကိုက်လိုက်ပါတယ်။


အားနဲ့ ကိုက်မိသွားတဲ့အတွက် တရားခံဟာ ဆက်လုပ်လို့  မရတော့ဘဲ ထွက်ပြေးသွားခဲ့ပါတယ်၊အမျိုးသမီးရဲ့ ခင်ပွန်းသည်ဟာဗိုက်အောင့် ပျောက်ဆေး သွားဝယ်ရင်း အရက်ဝိုင်းမှာ တရားခံနဲ့ အတူသောက်နေတုံး အရက်ဝိုင်းကနေ သူငယ်ချင်း ဆိုင်ကယ်ကို ယူစီးပြီး ဇနီးဖြစ်သူ ကို လာ မုဒိန်းကျင့်တာဖြစ်ပါတယ်။

တရားခံဟာ လျှာမှာဒဏ်ရာရပြီး ထွက်ပြေးတိမ်းရှောင်နေတာကို ရဲတွေက လိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်။
တရားခံက သူငယ်ချင်းရဲ့  ဇနီးကို တဖက်သတ် ကြိုက်နေတာကြာပြီဖြစ်လို့  ခုလို ကျူးလွန်မိခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။

SAW
Credit Khaosod
Social Action for Women - SAW

rohingya-protest-yangon-620.jpg ရိုဟင်ဂျာ လူမျိုးမရှိကြောင်း အမျိုးဘာသာသာသနာ ချစ်မြတ်နိုးသူများအဖွဲ့ဟာ မေလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဆန္ဒပြစဉ်
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးမရှိကြောင်း အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့ အမျိုးဘာသာသာသနာ ချစ်မြတ်နိုး သူများအဖွဲ့က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဆန္ဒပြတောင်းဆို ကြပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အစိုးရထံ တောင်းဆိုချက်တွေကို ဆန္ဒပြပွဲဦးဆောင်တဲ့ မမြတ်ဆုမွန်က အခုလိုပြောပါတယ်။

"ရိုဟင်ဂျာမရှိဘူးလို့ ပွဲတွေအများကြီးလုပ်နေတယ်၊ ဒါပေမဲ့ အစိုးရဘက်ကတော့ ဘာသံမှမထွက်လာပါဘူး ၊ နောက်ပြီးတော့ သံတမန်သဘောထား ကြေညာချက်ထုတ်တဲ့ သံအမတ်ကိုလည်း တစ်ခုမှဘာမှလည်း မပြောသေးပါဘူး၊ ၁၉၈၂ ဥပဒေကိုလည်း ကျမတို့က တိတိကျကျကို အသက်သွင်းစေချင်ပါတယ်၊ သူတို့ က ဒေါ်ခင်စောဝေရဲ့ တောင်းဆိုချက်ကိုတောင်မှ ပယ်ချခဲ့ပါတယ်၊ အြ့ဒီတော့ ကျမတို့ ဒီပွဲလေးကိုလုပ်ခဲ့ တာပါ"

အမျိုးဘာသာသာသနာ ချစ်မြတ်နိုးသူများအဖွဲ့ဟာ သံဃာတွေနဲ့ အမျိုးသားရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေစုပေါင်းထားတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူ တစ်ရာလောက်ဟာ ဗိုလ်စိန်မှန်ကွင်းကနေ ကျိုက္ကဆံ လူထုဟစ်တိုင်အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ရိုဟင်ဂျာမရှိကြောင်း အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်ပေးဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်ပေးဖို့တို့ကို သဘောထားကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။ အလားတူဆန္ဒပြပွဲတွေကို တောင်ကြီးမြို့မှာလည်း ဒီနေ့ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ ပုသိမ်တို့မှာ ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့က သဲချောင်းဒုက္ခသည်စခန်းအနီးမှာ လှေမှောက်ခဲ့တာကြောင့် သေဆုံးသွားသူ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးရသူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက ပြီးခဲ့တဲ့ ဧပြီလ ၂ဝ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RFA

ပါကစ္စတန်နိုင်ငံတွင်း အဝေးထိန်း ဒုံးယာဉ်နဲ့ တိုက်ခိုက်မှုမှာ အာဖဂန် တာလီဘန် ခေါင်းဆောင် Mullah Akhtar Mansoor သေဆုံးခဲ့
အာဖဂနစ္စတန် နယ်စပ်အနီး ပါကစ္စတန်နိုင်ငံတွင်း အဝေးထိန်း ဒုံးယာဉ်နဲ့ တိုက်ခိုက်မှုမှာ အာဖဂန် တာလီဘန် ခေါင်းဆောင် Mullah Akhtar Mansoor သေဆုံးခဲ့တယ်ဆိုတာကို အာဖဂန် ထောက်လှမ်းရေး အေဂျင်စီ NDS က အတည်ပြုလိုက်ပါတယ်။

Baluchistan ပြည်နယ် Dalbandin မှာ မနေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်က လေကြောင်းတိုက်ခိုက်မှု တခု အတွင်း တာလီဘန်ခေါင်းဆောင် Mullah Akhtar Mansoorသေဆုံးသွားတယ်လို့ NDS က သူ့ရဲ့ တရားဝင် Twitter နဲ့ Facebook စာမျက်နှာမှာ တနင်္ဂနွေနေ့က တင်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တာလီဘန်ခေါင်းဆောင် Mansoor ကို ပစ်မှတ်ထားတိုက်ခိုက်ရတဲ့ အကြောင်းကတော့ သူဟာ အမေရိကန် ၀န်ထမ်းတွေ၊ အာဖဂန် အရပ်သားတွေနဲ့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့လူ ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းမှုတွေကိုလည်း ဆန့်ကျင်ခဲ့သူတဦး ဖြစ်တာကြောင့်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောဆိုသွားပါတယ်။

တချိန်တည်းမှာပဲ ပါကစ္စတန်နိုင်ငံ Baluchistan ပြည်နယ်ရဲ့မြို့တော် Quetta က ဆရာဝန်တွေကတော့ အမေရိကန်တို့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ ဝေးလံတဲ့ နယ်စပ်ဒေသက သေဆုံးသူနှစ်ဦးရဲ့ အလောင်း တွေကို လက်ခံရရှိထားတယ်လို့ အတည်ပြု ပြောဆိုပါတယ်။

ပါကစ္စတန် ရုပ်မြင်သံကြားဌာန 92 News က တိုက်ခိုက်ခံရတဲ့ ကားအပျက်အစီးတွေရဲ့ ပုံတွေနဲ့ သေဆုံးသွား သူတဦးရဲ့ ဆော်ဒီနဲ့ အီရန် ပြည်ဝင်ခွင့်တွေ ပါရှိတဲ့ နိုင်ငံကူးလက်မှတ်ရဲ့ ပုံတွေကို ပြသခဲ့ပါတယ်။ ပါကစ္စတန် နိုင်ငံကူးလက်မှတ်ပေါ်က ဓာတ်ပုံဟာ Mullah Mansoor နဲ့ ဆင်တူတယ်လို့လည်း တာလီဘန် သတင်းရပ်ကွက်က VOA ကို အတည်ပြုပါတယ်။

များသောအားဖြင့် မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားလေ့ရှိတဲ့ တာလီဘန် ပြောခွင့်ရတွေကတော့ ဒီဖြစ်ရပ်ဖြစ်ပြီးတာ၂၄ နာရီကျော် ကြာမြင့်လာတဲ့တိုင် ဆက်သွယ်လို့မရသေးပါဘူး။ ပါကစ္စတန်အစိုးရ ဘက်ကတော့ အဝေးထိန်း ဒုံးယာဉ်နဲ့ တိုက်ခိုက်မှုအပေါ် တရားဝင် ပြောဆိုချက် ထွက်ပေါ်မလာသေးပါဘူး။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com