05/25/16


စိုက်ပျိုး စားရိတ် ချေးငွေ အဖြစ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ ဘီလီယံပေါင်း ၅၀၀ တောင်သူ လယ်သမားတွေကို ထုတ်ချေးမယ် ဆိုပြီး ပြည်ထောင်စု လွှတ်တော်က အတည် ပြုလိုက်တဲ့ အတွက် ဗဟိုဘဏ် အနေနဲ့ အဲဒီ့ ငွေကြေး ပမာဏကို ငွေ စက္ကူ အသစ်တွေ ရိုက်ပြီး ဖြည့်ဆည်း ပေးရတော့မှာ ဖြစ်ပါတယ်။

ဒီလောက် ပမာဏရှိတဲ့ ငွေစက္ကူ အသစ်တွေ ရိုက်မယ် ဆိုရင် နောက်ဆက်တွဲ ရိုက်ခတ်မှု အနေနဲ့ ငွေကြေး ဖောင်းပွမှု ဖြစ်လာ စေနိုင်တယ်လို့ ဗဟိုဘဏ်ဘက်က လွှတ်တော်ထဲမှာ သတိ ပေးခဲ့ ပါတယ်။

တစ်ဘက်ကလည်း ဒီ ချေးငွေတွေ ရမှလည်း တောင်သူတွေ စိုက်နိုင်ပျိုးနိုင်မယ့် အခြေအနေမှာ ရှိနေတယ်လို့ စိုက်ပျိုးစားရိတ် ထုတ်ချေးရေး လွှတ်တော်တွင်း ဆွေးနွေးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ဘီဘီစီကို ပြောပါတယ်။

လယ်သမားတွေဟာ သူတို့ လက်ထဲ ရောက်လာမယ့် ငွေတွေကို သုံးစွဲမှာ ဖြစ်တဲ့ အတွက် ပြည်တွင်း လှည့်လည်ငွေ ပမာဏထဲ ကျပ်ငွေ ဘီလီယံ ၅၀၀ ထပ်တိုး လာမှာ ဖြစ်ပြီး၊ ငွေကြေး ဖောင်းပွတာ၊ ကုန်ဈေးနှုန်း နဲ့ ဒေါ်လာဈေး တက်တာမျိုးတွေ ဖြစ်လာနိုင်တယ် ဆိုပြီး စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပါတယ်။

စပါးသီးနှံ (၁၀)ဧက လုပ်ကွက်အောက်မှာ ရှိတဲ့ လယ်သမားတွေကို တစ်ဧက (၁)သိန်းခွဲ နှုန်းနဲ့ ထုတ်ချေးမှာ ဖြစ်ပါတယ်။

အရင်က လယ်တစ်ဧကကို စိုက်ပျိုးစရိတ် ချေးငွေ (၁)သိန်းအထိပဲ အများဆုံး ချေးပေးခဲ့တာ ဖြစ်ပြီး၊ အခု (၁)သိန်းခွဲ အထိ တိုးမြှင့်လာပါ။

ဒီ စိုက်ပျိုးစရိတ် ချေးငွေ ကို ဗဟိုဘဏ်ကနေ (၅)% နဲ့ ထုတ်ချေးပြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနကနေ ဝန်ဆောင်မှု (၃)% ထပ်ယူမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လယ်သမားတွေဟာ (၈)% အတိုးနဲ့ ချေးယူပြီး တစ်နှစ်အတွင်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။
BBC Burmese

မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ဖလမ်း-ဟားခါး ကားလမ်းမဘေးက တောင်ပြိုကျပြီး ကားလမ်း ပိတ်ခဲ့ရ (Credit: MOI)
မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ဖလမ်း-ဟားခါး ကားလမ်းမဘေးက တောင်ပြိုကျပြီး ကားလမ်း ပိတ်ခဲ့ရ (Credit: MOI)

အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ဖလမ်း-ဟားခါး ကားလမ်းမဘေးက တောင်ပြိုကျပြီး ကားလမ်းမ ပိတ်ခဲ့ရပါတယ်။ ဒေသခံအာဏာပိုင်တွေက သဘာဝ ဘေးအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ပေးနေပေမဲ့ အခုလာမယ့် မိုးရာသီကာလမှာ ချင်းပြည်နယ်အတွင်း ရေကြီး မြေပြိုမယ့် အန္တရာယ်တွေကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။ အသေးစိတ်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဟားခါး-ဖလမ်း-ကလေး ကားလမ်းမကြီး မိုင်တိုင်အမှတ် ၈၂ ၀န်းကျင်၊ ဖလမ်း-ဟားခါး ကားလမ်းမပေါ်မှာ မေလ ၂၄ ရက် မနက်ပိုင်းက မိုး အဆက်မပြတ် ရွာသွန်းတာကြောင့် မြေပြိုကျပြီး ကားလမ်းမ ပိတ်သွားခဲ့လို့ အသွားအလာ ခေတ္တရပ်ဆိုင်းခဲ့တာပါ။ ဟားခါး-ဖလမ်း လမ်းမကြီး မြေပြိုတဲ့ အခြေအနေကိုတော့ ဒေသခံတဦးဖြစ်တဲ့ ဆလိုင်းထန်လျန်းက ပြောပါတယ်။

“ကားလမ်းက အသစ်ဆိုတော့လေ ကားလမ်းတွေပြိုတယ်။ ကားတွေကိုတော့ တညလောက် သိပ်ထားတယ်တဲ့။ ခရီးဆက်လို့မရဘူးတဲ့။ ဖလမ်း-ဟားခါးဘက်ကတော့ ပိုဆိုးတယ်တဲ့နော်။”

အသစ်ခင်းထားတဲ့ လမ်းမကြီးဘေး တောင်ပေါ်ကနေ မြေပြိုရတာဖြစ်တယ်လို့ ကလေးမြို့ခံ ကိုသန့်ဇင်ဆွေက ပြောပါတယ်။

“ကျနော်တို့သွားတဲ့အနေအထားအရဆိုရင် သူတို့က လမ်းတွေက အသစ်တွေကို ပြန်လုပ်ထားတဲ့အတွက် အကုန်လုံးက မြေပြိုမယ့်အနေအထားပဲ။ ကျနော်တို့ ကလေးနယ်ဘက်က ချောင်းထဲမှာကြည့်လို့ရှိရင် ရေတွေက မြေပြိုတဲ့ ရေတွေပဲ ၀ါကျင်ကျင်ရေတွေပဲ ထွက်လာခဲ့တာ။”

အခုလို ကားလမ်း ပိတ်သွားပြီးနောက်မှာတော့ ဖလမ်းမြို့နယ် လမ်းဦးစီးဌာနက မြေစာတွေ ရှင်းလင်းပေးခဲ့ပြီး ခရီးသည်ကားနဲ့ ကုန်တင်ကားတွေ အဆင်ပြေပြေ သွားလာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ချင်းပြည်နယ်တွင်း မိုးသည်းထန်တာကြောင့် မြေပြိုပြီး အိမ်တွေပါ ပြိုတဲ့အထိ ဖြစ်ခဲ့တယ်လို့ ကလေးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ဟုတ်တယ် ချင်းပြည်နယ် ဖလန်းမှာ ပြိုတယ်လို့ ပြောတယ်။ နောက်ပြီး တိုက်ကြီးပါ စောင်းစောင်းကြီး ဖြစ်သွားတာ။ အဲဒါမျိုး မြင်လိုက်ရတယ်။”

မိုးသည်းထန်လာတော့မယ့် မကြာခင်ကာလမှာ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေကြောင့် လမ်းပိတ်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်တယ်လို့ ဆလိုင်းထန်လျန်းက ပြောပါတယ်။

“မနေ့ကဆိုရင် တံတားတချို့ ရေထဲ မျောသွားတယ်။ အဲဒါကြောင့် အခု မိုးကျရင်တော့ ရေကြီးလို့ သွားလာရတာ အဆင်မပြေဘူး။ နောက် မြေပြိုတာတွေ၊ လေပြင်းတိုက်တာတွေ ကျနော်တို့ စိုးရိမ်တာပေါ့လေ။ ကားလမ်းတွေ ပြိုတယ်ဆိုရင်တော့ ဈေးတွေ ဘာတွေ တက်မှာပေါ့နော်။ စားကုန်တွေဘာတွေ။”

မနှစ်တုန်းက ချင်းပြည်နယ်မှာ မိုးကြီးရေလျှံမှုကြောင့် တောင်ပေါ်ဒေသမှာ ရွှံ့နွံကန်လို ဖြစ်နေပြီး ဒီနှစ် မိုးကြီးမြေပြိုခဲ့ရင် အဲဒီရွှံ့ကန်ပေါက်ကျမှာကို စိုးရိမ်တယ်လို့ မြေပြန့်ဒေသဖြစ်တဲ့ ကလေးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“နှစ်တိုင်းကတော့ မပြိုပါဘူး။ မနှစ်ကစပြီး ပြိုတာလေ။ မနှစ်က ရေကြီးတဲ့အချိန်ကပဲ စပြီးမှ ပြိုတာလေ။ ကျမတို့ကျတော့ ချင်းတောင်ကနေ မြေပြန့်လိုသဘောဆိုတော့လေ အဲဒီချင်းတောင်မှာ ရွှံ့ကန်နော် မိုးတအားကြီးရင်တော့ အဲဒီကန် ပေါက်ကျလာမှာ ပူရတာပါ။ အဲဒီကန်ပေါက်ကျလာရင် ကျမတို့ မြေပြန့်တွေက အကုန်မြုပ်မှာ။”

၂၀၁၅ တုန်းက ချင်းပြည်နယ် မိုးကြီးရေလျှံမှုကြောင့် ကျွဲနွားတိရစ္ဆာန် အပါအဝင် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

VOA Burmese News

 bus-620.JPG ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ လိုင်းကားတချို့ကို တွေ့ရစဉ်

ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၃၀၀ လောက်ကို လျှော့ချသွားဖို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတွေ ကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ရက်နေ့က တွေ့ဆုံရာမှာ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကို ဆွေးနွေးစဉ် ၀န်ကြီးချုပ်က သူ့သဘောထား ကို ပြောခဲ့တာဖြစ်ကြောင်း မထသ (မြို့တွင်း) ကော်မတီ ယာယီ ဥက္ကဌ ဦးမင်းဇော် က ပြောပါတယ်။

"ဝန်ကြီးချုပ်က အနာဂတ်မှာတော့ ပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ပေါ်ပေါက်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါလေးပြောခြင်းဖြစ်ပါတယ်၊ ယာဉ်လိုင်းတွေ ၃၅၇ လိုင်းလောက်ရှိတယ်ပေါ့နော်၊ အပြောင်းအလဲတစ်ခုလုပ်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့တော့မရနိုင်ဘူးပေါ့နော်၊ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်လုပ်သားတွေ ကတော့ သူတို့ဘယ်လိုလုပ်ရမလဲဆိုပြီးမေးတာလေးတွေတော့ရှိတာပေါ့နော်"

ဝန်ကြီးချုပ်က လမ်းကြောတူတွေမှာ ယာဉ်လိုင်းတူတာတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် ယာဉ်တွေအပြိုင် အဆိုင် မောင်းနှင်တာတွေ ယာဉ်မတော်တဆ မှု ဖြစ်ပွားနေတာတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှု တွေကို ဖြေရှင်းနိုင် မယ်လို့ ယူဆကြောင်း ပြောခဲ့တာလို့ ဦးမင်းဇော်က ပြောပါတယ်။

လတ်တလောမှာ ယာဉ်လိုင်းတွေလျှော့ချဖို့အတွက် မဖြစ်နိုင်သေးကြောင်း မထသ တာဝန်ရှိသူတွေ ဆွေးနွေးနေ ဆဲဖြစ်ကြောင်းလည်း ဦးမင်းဇော် က ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်းမှာ ယာဉ်အစီးရေ ၅ ထောင် ၀န်းကျင်နဲ့ အငှားယာဉ် ၅ သောင်းကျော် ပြေးဆွဲနေပါတယ်။
RFA

 myowin-mdy-620.jpg လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးမျိုးဝင်းကို ဧပြီလ ၂၅ ရက်နေ့က ရုံးထုတ်လာသည်ကို တွေ့ရစဉ်
Photo: Sett Paing Toe/ RFA

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးခံထားရတဲ့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးမျိုးဝင်းကို လွှတ်ပေး ဖို့ တောင်သူ ၃၀ ကျော်က ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

မန္တလေးစည်ပင်က သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲမှာ ၀င်ရောက်ထွန်ယက်ပြီး ပြန်လည်ရရှိဖို့ တောင်းဆို ခဲ့တဲ့ ဦးမျိုးဝင်းအပါအ၀င် တောင်သူ ၆ဦးကို စွဲဆိုထားတဲ့ပုဒ်မတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုကြတာဖြစ်တယ် လို့ လယ်သမားအရေးကူညီပေးနေတဲ့ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုအေးသိန်းက ပြောပါတယ်။

"ပုဒ်မ ၆၁ ဆိုတာက ကြီးလေးတဲ့ပုဒ်မကြီးဖြစ်ပါတယ်၊ နိုင်ငံတော်ပိုင်ပစ္စည်းကိုအလွဲသုံးစားလုပ်တာကို ပုဒ်မ ၆၁ လို့ခေါ်ပါတယ်၊ အဲ့တော့ မန္တလေးမြို့တော် စည်ပင်သာယာရေးဌာနသည် ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုသာဖြစ်ပါတယ်၊ နောက်စစ်မှုထမ်းဟောင်းဆိုတာလဲအဖွဲ့အစည်း တစ်ခုသာ ဖြစ်ပါတယ်၊ အဲ့တော့ ဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခုသည် နိုင်ငံတော်မဟုတ်ပါဘူး၊ ဒါတရား ဥပဒေလွဲချော်ပြီးတော့ တရားစွဲခံထားရတာဖြစ်ပါတယ်၊ အဲ့ဒါကြောင့် ဒီအမှုကိုပိတ်သိမ်း ပြီးတော့ ကိုမျိုးဝင်းအပါအဝင် ဝရန်းပြေးဘဝရောက်နေတဲ့ တောင်သူတွေကိုချက်ချင်းလွှတ်ပေးဖို့ ကျနော်တို့ဆန္ဒပြတာဖြစ်ပါတယ်"

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ရေတံခွန်တောင်ဂေါက်ကွင်းစီမံကိန်းအတွက် ပုသိမ်ကြီး မြို့နယ် ရေကြည်ကျေးရွာမှာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က လယ်ယာမြေဧက ၇၀၀ ကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

သိမ်းယူထားတဲ့လယ်ယာမြေတွေထဲက စီမံကိန်းပိုလျှံမြေ ဧက ၄၀၀ ၀န်းကျင်ကို ပြန်လည် ရရှိဖို့အတွက် ဦးမျိုးဝင်း နဲ့ ရေကြည်ရွာက တောင်သူ ၁၀၀ လောက်ဟာ အဲဒီလယ်ယာမြေတွေထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ၀င်ရောက်ထွန်ယက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်တစ်လအကြာမှာ ဦးဆောင်သူ ဦးမျိုးဝင်းနဲ့ တောင်သူ ၆ ဦးကို ပိုင်နက်ကျူးလွန်မှု၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၆ (၁) တို့နဲ့ တရားစွဲပြီး ဖမ်းဆီးခဲ့ရာ တောင်သူ ၆ဦးက ထွက်ပြေးတိမ်းရှောင်နေ တာဖြစ်ပါတယ်။

RFA


မေလ ၂၃ ရက် ညဦးပိုင်းက ဖားကန့် နဲ့ ၁၀ မိုင်လောက် ဝေးတဲ့ ဝှေခါမှော်မှာ ရတနာကြယ် ကုမ္ပဏီရဲ့ ကျောက်စိမ်းထုတ်တဲ့နေရာဟောင်းကို ရေမဆေးကျောက်ရှာသူတွေ တူးရာက မြေစာပုံပြိုပြီး လူရာဂဏန်းလောက် မြေစာပုံပိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်ဒေသမှာ ရေမဆေးကျောက် လာရှာသူတွေများတဲ့အတွက် မြေစာပုံပြိုတယ်ဆိုရင် လူဘယ်လောက်သေတယ် လူဘယ်လောက်မြေစာပုံပိတယ် ဆိုတာ အတိအကျပြောဖို့ခက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဖားကန့် မြို့မရဲစခန်း တာဝန်မှူး ရဲအရာရှိက လက်ရှိမှာ အလောင်း ၁၂ လောင်း တူးဖေါ်ရရှိထားပြီး ဒဏ်ရာရ လူနာစာရင်းတော့ အတိအကျမကောက်ရသေးဘူးလို့ ပြောပါတယ်။

ကုမ္ပဏီရဲ့ လုပ်ကွက်ဆိုပေမယ့် ကုမ္ပဏီအလုပ်သိမ်းချိန်မှာ အခုလို မြေစာပုံမှာ လာရှာလေ့ရှိကြတယ်လို့ ဆိုပါတယ်။

မေလ ၆ ရက်နေ့ကလည်း ဖားကန့်မြို့နယ်ထဲက စိုင်းတောင်နဲ့ စပေါ့ရွာကြားက ဘဇံချောက်အရပ်မှာရှိတဲ့ တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်မှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာသူ ၁၆ ယောက်သေခဲ့သလို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြေစာပုံပြိုကျလို့ လူ ၁၂၀ နီးပါးသေဆုံးခဲ့ပါတယ်။

နိုဝင်ဘာလကနေ မေလအတွက် မြေစာပုံပြိုတာ ၆ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။

မြေစာပုံကိစ္စနဲ့ ရေမဆေးကျောက်ရှာသူတွေကို တားဆီးဖို့ဆိုတာ ဘယ်လောက်ဥပဒေတွေချမှတ်ချမှတ် ဧကသောင်းချီကျယ်ဝန်းလှတဲ့ လုပ်ကွက်တွေနဲ့ လူစာရင်း အတိအကျကောက်ဖို့ဆိုတာ အခက်အခဲတွေအများကြီးရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆင်းရဲနွမ်းပါးမှုက လွတ်မြောက်ဖို့ မျှော်လင့်ချက်နဲ့ ရေမဆေးကျောက်ကို လာရှာနေသူတွေ အများအပြားရှိနေတာကြောင့် အာဏာပိုင်တွေက တားဆီးဟန့်တားဖို့ လုပ်ကြပေမယ့် မအောင်မြင်တဲ့အပြင် စံချိန်စံညွှန်းနဲ့ အညီ မြေစာပုံမဖို့တဲ့ ကုမ္မဏီတွေကို ထိန်းကြောင်းရေးမှာလည်း အစိုးရ ဌာနဆိုင်ရာတွေ အနေနဲ့ အားနည်းချက်လည်းရှိတယ်လို့ ဖားကန့်မဲဆန္ဒနယ်အမှတ်၂ က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

အခုလို မြေစာပုံပြိုတာနဲ့ပတ်သက်လို့ မိုးရွာတာ၊ မြေစာပုံကို ခါးလည်ကတူးတာ၊ ရေပိုက်နဲ့ထိုးတာတွေအပြင် ကုမ္ပဏီတွေရဲ့ မြေစာဖို့ပုံမှာ အားနည်းချက်ရှိတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။

ဒီလို စည်းကမ်းနဲ့မညီတဲ့ ကုမ္ပဏီတွေကို ကွင်းဆင်းလေ့လာပြီး စီမံခန့်ခွဲရေးနည်းလမ်းအရ၊ ဥပဒေနည်းလမ်းတွေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


မိတ်ဆွေများမှတ်မိကြမှာပါ ထိုင်းနိုင်ငံ တရန်ခရိုင် တရန်မြို့နယ်တွင် ပြီးခဲ့တဲ့မေလ ၁၂ရက်နေ့မှာ ၈နှစ်အရွယ်သမီးလေးကို မူးယစ်ဆေးတိုက်ပြီး မုဒိန်းကျင့်သေဆုံးခဲ့တဲ့ အမှုနှင့်ပတ်သက်၍ မင်္သကာသူ ၄ဦးကိုဖမ်းဆီးပြီး DNA သွားစစ်ခဲ့ပါတယ်။ ၎င်းမသင်္ကာသူ ၄ဦးအနက် ဖခင်ရင်းကိုယ်တိုင်လည်း ပါဝင်ပါတယ်။

 DNA မစစ်ခင်က လင်မယားနှစ်ဦးစလုံးက ဖခင်ကိုယ်တိုင်ကျူးလွန်တာ မဖြစ်နိုင်ကြောင်း ငြင်းဆန်ပြီး အစိမ်းနုရောင် အကျီင်္ဝတ်ဆင်ထားသူနှင့် ၎င်း၏သူငယ်ချင်းဖြစ်ကြောင်း အပြတ်စွပ်စွဲပါသေးတယ်။ DNA သွားရောက်စစ်ဆေးကြည့်ရာမှာ ဖခင်ကိုယ်တိုင်၏ DNA နဲ့ တစ်ထပ်တည်းဖြစ်နေကြောင်း အဖြေထွက်လာပါတယ်။


 စွပ်စွဲခံရသူ အကျီင်္အစိမ်းနုရောင်ဝတ်ထားသူနှင့် ကျန်၎င်း၏သူငယ်ချင်း ၂ယောက်တို့ DNA နဲ့မကိုက်ညီဘူးလို့သိရပါတယ်။ လက်ရှိမှာ ဖခင်ဖြစ်သူကို အချုပ်ထဲချုပ်နှောင်ထားရာ စိတ်ညစ်လို့ ဘောင်းဘီးဖြင့် မိမိကိုယ်ကြိုးဆွဲချသေဖို့ကြိုးစားနေချိန် တာဝန်ရှိသူတွေက အမှီပြန်ကယ်နိုင်ခဲ့ပါတယ်။

Thai News Agency
https://www.facebook.com/mtftv


ကျောက်မဲမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာမြေပုံ
ကျောက်မဲမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာမြေပုံ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်တပ် ရှမ်းမြောက်နဲ့ အစိုးရတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား အရပ်သားတွေ သေဆုံးမှုဖြစ်ရတာ အစိုးရတပ်ကြောင့် ဆိုတဲ့ စွပ်စွဲချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ငြင်းချက်ထုတ်ပါတယ်။ စစ်ရေးပဋိပက္ခတွေကြား အရပ်သားသေဆုံးမှုတွေဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ တိတိကျကျ သိနိုင်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့လည်း တိုက်တွန်းမှုတွေရှိပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

တကျော့ပြန်ပြန်လည်ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)လို့ ခေါ်တဲ့ SSA ရှမ်းမြောက်ပိုင်းတပ် နဲ့ မြန်မာစစ်တပ်တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ဘက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေ အတွင်း ကျေးရွာ တချို့ မီးလောင် ပျက်စီးခဲ့ရသလို အရပ်သားတချို့ မီးလောင်ကျွမ်းသေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေမှာ အစိုးရစစ်တပ်ကြောင့်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။

အစိုးရတပ်ရဲ့လက်ချက်ဖြစ်တယ်ဆိုတဲ့ ဒီလို စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းက ငြင်းချက်ထုတ်ပါတယ်။

“ဗိုလ်ချုပ်အောင်ရဲဝင်း။ ။ ကျနော်တို့ သတင်းထုတ်ပြန်တာကတော့ လိုအပ်ရင်တော့ သတင်းထုတ်ပြန်ပေးပါတယ်။ ဒါပေမယ့် အဲဒီသတင်းက ကျနော်တို့ဆီမှာ တက်လာတာလည်းမရှိဘူး။ နောက်ပြီးတော့ ကျနော်တို့. ကျနော်ပြောနိုင်တာတခုကတော့ တပ်မတော်က အရပ်သားတွေကို သတ်တာတို့ ၊မီးရှို့တာ ထုံးစံမရှိပါဘူး။ အဲဒါတော့ ကျနော်တို့ အခိုင်အမာပြောနိုင်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာစစ်တပ်လို့ စွပ်စွဲမှုအပေါ်မှာတော့ ဒီဗိုလ်ချုပ်တို့ ဘက်က ဘယ်လိုများ တုန့်ပြန်ချင်ပါသလဲရှင့်။

ဗိုလ်ချုပ်အောင်ရဲဝင်း။ ။ ကျနော် လည်း ဒါက ကျနော်လည်း တပ်မတော်သား တစ် ယောက်ပေါ့နော်။ကျနော်တို့တပ်မတော်အနေနဲ့ ဒီအရပ်သားတွေကို အကြောင်းမဲ့ သတ်တယ်ဆိုတာက သတ်သတ်မဲ့ ကျနော်တို့ တပ်မတော်ကို စွပ်စွဲပုတ်ခတ်နေ တာပါ။ ကျနော်တို့ သတ်စရာအကြောင်းလည်းမရှိဘူး။ ကျနော်တို့ တပ်မတော်ရဲ့ အကျင့်စရိုက် အစဉ်အလာမှာလည်းတခါမှမရှိပါဘူး။ ဖြစ်တဲ့သတင်းနဲ့ပတ်သက်ပြီး ကျနော်တို့လည်း ဘာမှ မရပါဘူးနော်။”

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ တိုက်ပွဲဖြစ်ပွားရာနေရာအထိ SNLD ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရှမ်းပြည်နယ် လွှတ်တော်အမတ်တွေ သွားရောက်ခဲ့စဉ်တုန်းက ဒီအရပ်သားသေဆုံးမှုတွေဟာ အစိုးရစစ်တပ်က လုပ်ဆောင်ခဲ့တာလို့ ဒေသခံပြည်သူတွေက သူတို့ကို ပြောခဲ့ကြပါတယ်။ အခုလိုစစ်တပ်ဘက်က ငြင်းချက်ထုတ်တဲ့အပေါ် တိုက်ပွဲတွေအတွင်း ဘယ်သူ့လက်ချက်ပဲဖြစ်ဖြစ် အရပ်သား ထိခိုက်မှု လုံးဝ မရှိစေချင်ဘူးလို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ဦးစိုင်းညွှန့်လွင်က အခုလိုပြောပါတယ်။

“ဒါကလည်း သတ်သေပြဖို့ ခက်တာပဲ။ စဉ်းစားကြည့်ပေါ့နော် ဒါကလည်း ငြင်းတဲ့လူလည်း ငြင်းမှာပဲ။ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်ရင်တော့ ဒါက သိမှာပါ။ ကျနော်တို့ဆန္ဒကတော့ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် အခုဖြစ်နေတဲ့ ပဋိပက္ခတွေမှာ ဒီအရပ်သားတွေကိုတော့ မထိမခိုက်တာတွေ အကောင်းဆုံးပဲလို့ ကျနော်က ထင်ပါတယ်။”

အခုလို တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးပဋိပက္ခတွေ တင်းမာနေတဲ့ ရှမ်းပြည်နယ်တွင်း အရပ်သားသေဆုံးမှုတွေ ထိခိုက်မှုတွေဖြစ်ရတဲ့အပေါ် ဒီဖြစ်ရပ်တွေဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့လည်း အကြံပြုမှုတွေရှိပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ အရပ်သား ထိခိုက်သေဆုံးမှုတွေ မဖြစ်စေချင်သလို ပဋိပက္ခတွေကို စစ်ရေးနဲ့ မဖြေရှင်းပဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ရှမ်းလူထုက လိုလားတယ်လို့ပြောပါတယ်။

“သက်သေအထောက်အထား မရှိတဲ့ကိစ္စတွေကတော့ ဘယ်သူလုပ်တယ် ဆိုတာကတော့ နည်းနည်းပြောဖို့တော့ ခက်တာပေါ့လေ။ သူက တိုက်ပွဲတွေဖြစ်တဲ့ အချိန်မှာလည်း အိမ်တွေ ဘာတွေက မီးလောင်တတ်တယ်။ ပစ်လိုက် ခတ်လိုက်တဲ့ ကျည်တွေကျပြီးတော့ပေါ့နော် အဲဒီတော့ စောစောကတည်းက ဒဏ်ရာရပြီးတော့ သေနေတဲ့ လူက မီးလောင်တဲ့အထဲ ပါသွားတာလား။ ဒါမှမဟုတ် နောက်ပိုင်းမှာ ကျန်နေတဲ့ ရုပ်အလောင်းကို မသယ်နိုင်လို့ မီးရှို့တာလား အဲဒီလိုအချက်အလက်တွေ အများကြီး ကျနော်တို့ လေ့လာရမှာပေါ့။

ဒါကြောင့်ကျနော့်အမြင်ပြောရမယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ် ကိစ္စတွေက အခုကတော့ အပြန်အလှန်စွတ်စွဲနေတာပေါ့နော်။ တပ်မတော်ဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက သတ်မှတ်ထားတဲ့နယ်မြေကျော်ပြီးတော့ လာတယ်ပေါ့နော်။ တပ်မတော်ဘက်က အဲလိုပြောသလို တိုင်းရင်းသားအဖွဲ့အစည်းကလည်း သူတို့ ဟိုဘက်က စပစ်တယ် စသဖြင့် ပေါ့ဗျာ အဲလိုတွေဆိုတော့။ ကျနော်တို့အမြင်ကတော့ ဘာပဲဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်းတာ ကောင်းမယ်ထင်တယ်လေ။”

ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ကြား ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာ စစ်ဘေးဒဏ်လွတ်ရာကို အိုးအိမ်စွန့်ခွာထွက်ပြေးကြရသလို ဒေသတွင်းမတည်ငြိမ်တဲ့ အတွက် အသက်အန္တရာယ်စိုးရိမ်မှုတွေနဲ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု ပေါ်တာဆွဲတာအပါအဝင် မသင်္ကာမှုတွေနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ မကြာခဏ ခံရပြီး ဒေသခံတွေရဲ့ နေ့စဉ် လူနေမှုဘဝ အတော်လေး အခက်အခဲရင်ဆိုင် ဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။
VOA Burmese News

 yangon-parliament-620.JPG ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ်

ရန်ကုန်တိုင်းမြို့နယ်တွေမှာ အမှိုက်သိမ်းစနစ် ပိုကောင်းဖို့နဲ့ ရေကြီးရေလျှံမှုတွေကို ဖြေရှင်းနိုင်ဖို့ ဒီနှစ် မိုးရာသီ မတိုင်ခင် ဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အတည်ပြုလိုက် ပါတယ်။

အဲဒီအဆိုကို စမ်းချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က တင်သွင်း တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက စီမံချက်ရေး ဆွဲပြီး ဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်ရဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီးမှာ ယခုလက်ရှိလုပ်ဆောင်နေတဲ့ အမှိုက်သိမ်း စနစ်ထက် ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခု ကို လေးထားလုပ်ဆောင်ပေးရန်နှင့် နောက်ဖေးလမ်းကြားမှာစုပုံနေတဲ့ အမှိုက်များ၊ ရေမြောင်းများပိတ် ဆို့နေတဲ့ အမှိုက်များကို လာမယ့်ရာသီမှာ စီမံချက်ရေးဆွဲဖို့ တိုက်တွန်းထားတဲ့အဆိုကို ကျနော်တို့အစိုးရ အဖွဲ့အနေနဲ့ အလေးအနက်ထောက်ခံ၊ လက်ခံ၊ ဆောင်ရွက်သွား မှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ"

စည်ပင်သာယာဌာနအတွက် ခေတ်မီတဲ့ အမှိုက်သိမ်းစက်ယန္တရားတွေ ထားရှိပေးဖို့၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် သူတွေကို ထိရောက်စွာအရေးယူဖို့၊ အမှိုက်သိမ်း ဝန်ထမ်းတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဖြည့်ဆည်းပေးဖို့ တို့ကိုလည်း တိုင်းဒေသကြီး ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။
RFA

ဟနွိုင်း၊ မေ ၂၄။ ။
ဟနွိုင်းလမ်းဘေးစားသောက်ဆိုင်ရှင်အနေနဲ့ သူဟာ သူ့ဝက်ခေါက်ဆွဲစွပ်ပြုတ်ကို အကြိမ်မရေတွက်နိုင်အောင် ရောင်းချပြီးဖြစ်ပေမယ့် ဘာရက်အိုဘားမားက ဆိုင်ထဲဝင်၊ ပလတ်စတစ်ခွေးခြေခုံကိုဆွဲပြီး ဗီယက်နမ်ရဲ့နာမည်ကျော် ဘန်ချာ စားစရာကို မှာစားချိန်မှာတော့ သူ ကြက်သေသေသွားခဲ့ပါတယ်။
အမေရိကန်သမ္မတဟာ သူ့ရဲ့အလုပ်များလွန်းတဲ့ ဗီယက်နမ်ခရီးစဉ်ထဲကနေ တိတ်တိတ်လစ်ထွက်လာပြီး ကမ္ဘာတလွှားက လူသိနည်းတဲ့စားစရာတွေကို ရှာဖွေဖော်ထုတ်နေတဲ့ စားဖိုမှုးနဲ့ အစားအသောက်ဝေဖန်ရေးဆရာ အန်တိုနီဘောဒိန်းနဲ့အတူ ၀က်စွပ်ပြုတ်လာမြည်းခဲ့ပါတယ်။
အသက် ၅၄ နှစ်အရွယ် စားသောက်ဆိုင်ပိုင်ရှင် ငုယင်သီလျန်ဟာ နိုင်ငံခြားရုပ်သံအဖွဲ့တစ်ဖွဲ့ လာနေတာကို သိပေမယ့် အထူးဧည့်သည်တော်တစ်ယောက်ကို ခေါ်လာမယ်ဆိုတာကိုတော့ သူ မသိပါဘူး။

“ကျွန်မတို့စားသောက်ဆိုင်ကို သူလာစားတာ ကျွန်မတို့တစ်မိသားစုလုံးအတွက် အကြီးအကျယ်အံ့သြစရာဖြစ်ရပ်ပါပဲ။ ဒီလိုအဖြစ်မျိုးကို ကျွန်မတို့အိပ်မက်ထဲတောင် ထည့်မမက်ရဲခဲ့ပါဘူး” လို့ သူက အေအက်ဖ်ပီသတင်းဌာနကို အင်္ဂါနေ့က ပြောပါတယ်။

အမေရိကန်လျှို့ဝှက်လုံခြုံရေးဌာနနဲ့ ပြည်တွင်းရဲဌာနဟာ တနလာင်္နေ့ညနေက ဘန်ချာဟုံလျန်စားသောက်ဆိုင်ပတ်ဝန်းကျင်က လမ်းတွေကို ပိတ်လိုက်ပါတယ်။
အိုဘားမား ဆိုင်ထဲကထွက်လာချိန်မှာ ဆိုင်အပြင်မှာ လူအုပ်ကြီးက သူ့ကိုနှုတ်ဆက်ဖို့စုပြုံရောက်ရှိနေပါတယ်။
သက်တော်စောင့်တွေအများအပြား ၀န်းရံထားတဲ့သူဟာ စိတ်လှုပ်ရှားနေတဲ့ဒေသခံတွေကို ခဏရပ်နှုတ်ဆက်ပြီး လူအများစုက ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကြပြီးနောက် သူဟာ သူ့ဇိမ်ခံမှန်လုံကားကြီးနဲ့အတူ ထွက်ခွာသွားပါတယ်။

“အိုဘားမားက သဘောကောင်းတယ်၊ ပြုံးနေပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လူတိုင်းက သဘောကျတယ်”လို့ ဆိုင်ရှင်က အေအက်ဖ်ပီကို ပြောပြီး သမ္မတနဲ့ ဓာတ်ပုံတွဲမရိုက်မိလို့ နောင်တရတယ်လို့လည်း ဆိုပါတယ်။

ဘောဒိန်းဟာ သူ့အင်စတာဂရမ်မှာ ညစာစားပွဲဓာတ်ပုံတစ်ပုံတင်ထားပြီး “သမ္မတက တူကိုင်ကျွမ်းတယ်” ဆိုတဲ့ခေါင်းစဉ်တပ်ထားပါတယ်။ ဓာတ်ပုံထဲမှာ သူတို့နှစ်ဦးဟာ ပလတ်စတစ်ခုံပုလေးတွေမှာ ထိုင်နေရင်း အိုဘားမားရဲ့ညာဘက်လက်မှာ ဟနွိုင်းဘီယာတစ်ပုလင်းကိုင်ထားတာကို တွေ့ရပါတယ်။

“သမ္မတနဲ့အတူ ဘန်ချာစားတာ စုစုပေါင်း ၆ ဒေါ်လာကုန်တယ်။ ကျွန်တော်ပဲ ထုတ်ရှင်းလိုက်ပါတယ်” လို့ ဘောဒိန်းက နောက်ပိုင်းမှာ တွစ်တာမှာ ရေးပါတယ်။
ဗီယက်နမ်ဟာ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းတွေကြောင့် နာမည်ကျော်ပေမယ့် အိုဘားမားသွားစားတဲ့ ဘန်ချာဟာ ၀က်သုံးထပ်သားနဲ့ အသားပြုတ်ရည်ချိုချိုတို့နဲ့ချက်ထားတာကြောင့် ကျန်းမာစွာစားသောက်ရေးကို ဆော်သြလှုပ်ရှားနေတဲ့ သူ့မိန်းမ မစ်ရှဲလ်ကတော့ အံ့သြကောင်း အံ့သြပါလိမ့်မယ်။

စုပြည့်စုံ
Ref: AFP (May 24, 2016)
Kumudra

Photo- Shan herald news
နမ့်မကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းရပ်ဆိုင်းရန် ဒေသခံများ ဆန္ဒပြတောင်းဆိုခဲ့စဉ်

ဒေသခံများမှ ကျောက်မီးသွေးတူးဖော်မှုစီမံကိန်းရပ်ဆိုင်းပေးရန် ကန့်ကွက်ဆန္ဒပြမှုပြုလုပ်ခဲ့သည့် သီပေါမြို့နယ် နမ့်မ ကျောက်မီးသွေးတွင်းမှာ ယခုအခါတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ယင်းကျောက်မီးသွေးမိုင်းအနီးလွန်ခဲ့သည့်အပတ်က တပ်မတော်နှင့် SSPP/SSA ရှမ်းလက်နက်ကိုင်များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး SSPP/SSA အဖွဲ့မှ ဆုတ်ခွာပေးလိုက်ချိန်တွင် လုံခြုံရေးအစောင့်အရှောက်များနှင့် ကျောက်မီးသွေးတူးဖော်မှုကို ယခုရက်ပိုင်းအတွင်း ပြန်လည်စတင်နေခြင်းဖြစ်သည်။
‘နေ့မအားညမနား ပြန်တူးနေကြပြီ စစ်တပ်ကလည်းအဲနားမှာ လုံခြုံရေးယူထားပေးတယ်လေ။ ‘ ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

ကျောက်မီးသွေးတွင်းတည်ရှိရာ နမ့်မ ဟိုနားဖ ဒေသတွင် ကျောက်မီးသွေးမိုင်းကြောင့် လယ်ယာများပျက်စီးခြင်း ၊ ရေခန်းခြောက်ခြင်း ၊ ဘဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဆိုးဝါးစွာဖြစ်ပေါ်နေခြင်းကြောင့် ၂၀၀၀ ပြည့်နှစ်အကျော်မှ စတင်ခဲ့သော အဆိုပါ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းများကို ရပ်တန့်ရန် ဒေသခံများက ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
လတ်တလောကာလတွင် ဒေသခံအများစုမှာ လွန်ခဲ့သည့်အပတ်အတွင်း အဆိုပါနယ်မြေ`၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် သီပေါနှင့် လားရှိုးသို့ စစ်ဘေးရှောင်နေကြဆဲဖြစ်သည်။

သျှမ်းသံတော်ဆင့် သတင်းဌာနတွင် ဖော်ပြချက်အရမူ လေယာဉ်ပျံဖြင့် ရှမ်းလက်နက်ကိုင်များ ရှိ၊မရှိ လာရောက်ပျံသန်းကင်းထောက်ခဲ့ပြီးမှ ငွေရည်ပုလဲကုမ္ပဏီမှ တူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်နေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

‘ စစ်ပွဲတွေကြားမှာ ဒီလိုပြန်တူးနေတာကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ အဲဒီကုမ္ပဏီကလည်း တရားဝင်လား မ၀င်သလားဆိုတာက အစ ၊ ဒေသလူထုကလည်း ကန့်ကွက်နေတယ်။ စစ်ပွဲတွေလည်း ဒီလောက်အထိဖြစ်နေတဲ့အပေါ်မှာ ကုမ္ပဏီကလည်း ပြန်လည်စဉ်းစားသင့်တာပေါ့လေ။ သယံဇာတကို လောဘတကြီးထုတ်နေတဲ့ပုံစံကတော့ မဖြစ်သင့်ဘူး။ မသင့်တော်ပါဘူး။ ‘ ဟု လူ့အခွင့်ရေးလှုပ်ရှားသူဖြစ်သည့် ကိုမိုးမင်းသိန်းက မှတ်ချက်ပြု ပြောဆိုသည်။
The Ladies News Journal

အော်စကာဆုရှင်နှင့် ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုးံ အထူးကိုယ်စားလှယ် အိန်ဂျလီနာဂျိုလီပစ် လန်ဒန်စီးပွားရေး တက္ကသိုလ် လက်အောက်ရှိ အမျိုးသမီးရေးရာနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးစင်တာတွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်တော့မည်ဖြစ်ရာ များမကြာမီ ဖွင့်လှစ်မည့် မဟာတန်း သင်ကြားရေး အစီအစဉ်တွင်းရှိ ပါမောက္ခ ၄ ဦးအနက် တစ်ဦးဖြစ်လာမည် ဖြစ်သည်။

အဆိုပါတက္ကသိုလ်က ပြီးခဲ့သည့် တနင်္လာနေ့က သတင်းထုတ်ပြန်ရာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ ဗြိတိန်၏ နာမည်ကျော် တက္ကသိုလ်များတွင် တစ်ခုအပါအ၀င်ဖြစ်သည့် အဆိုပါကျောင်းတွင် မစ္စဂျိုလီက လက်ချာများ ပေးမည်ဖြစ်ပြီး ဧည့်ပါမောက္ခအဖြစ် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးမည် ဖြစ်သည်။

“ကျွန်မ ဒီလိုသင်ကြားမှု အစီအစဉ် ပြဋ္ဌာန်းလိုက်တာကို သိပ်ကို နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ဒါကို စံနမူနာယူပြီး အခြားအခြားသော သင်ကြားမှု အစီအစဉ်တွေ ပေါ်လာဖို့ မျှော်လင့်ပါတယ်။ စစ်မက်ဖြစ်ပွားချိန်မှာ လိင်မတော်မတရား ပြုမှု အစရှိတာတွေက အမျိုးသမီးတွေချည်းကိုပဲ ထိခိုက်နေတဲ့ အဲဒီယုတ်မာလှတဲ့ ရာဇ၀တ်မှုတွေ အဆုးံသတ်ဖို့နဲ့ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေ တိုးတက်ရရှိအောင် ဘယ်လိုများ လုပ်ကြမလဲဆိုတာ ဆွေးနွေးဖို့ သိပ်ကိုအရေးကြီးပါတယ်” ဟု သူကဆိုသည်။

သူ့အနေဖြင့် ဆိုင်ရာအစိုးရများ ကုလတို့နှင့် လက်တွဲလုပ်ဆောင်စဉ် ရရှိခဲ့သည့် အတွေ့အကြုံများကို မျှဝေသွားမည်ဟု ဆိုသည်။

ကုလဒုက္ခများဆိုင်ရာ မဟာမင်းကြီးရုးံ၏ ချစ်ကြည်ရေး သံအမတ်နှင့် အထူးကိုယ်စားလှယ်အဖြစ် ဆယ်စုနှစ်တစ်ခုကျော် ပူးပေါင်း တာဝန်ထမ်းဆောင်ခဲ့ရာတွင် စစ်မက်ဖြစ်ပွားမှု ဒုက္ခသည်နှင့် အမျိုးသမီးရေးရာ လိင်အကြမ်းဖက်မှု စသည်တို့နှင့် စပ်လျဉ်းသည့် အခက်ခဲဆုးံပြသ၁နာများကို သူကြုံတွေ့ဖြေရှင်းခဲ့ရသည်။

အဆိုပါတက္ကသိုလ်မှ ထုတ်ပြန်ချက်တွင် သူ၏တာဝန် အတိအကျကို ဖော်ပြမထားသကဲ့သို့ လာရောက် သင်ကြားမည့် အကြိမ်ကိုလည်း ဖော်ပြမထားပေ။ သင်ကြားမည့် အစီအစဉ်များတွင် “အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရာ” အပါအ၀င် ‘ကျား,မ လိင်ကွဲjပားမှုနှင့် စစ်ပွဲအတွင်း ၀င်ရောက်ခြင်း” “ကျား,မ လိင်ကွဲပြားမှုနှင့် လူ့အခွင့်အရေး” စသည်များ ပါဝင်မည်ဖြစ်ရာ ကျောင်းသူကျောင်းသားများ အနေဖြင့် စစ်မက်ဖြစ်ပွားစဉ် လိင်အကြမ်းးဖက်မှုကို မည်သို့တားဆီးမည်။ အမျိုးသမီးများ ရပိုင်ခွင့်နှင့်တကွ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို မည်သို့ဖော်ဆောင်မည် စသည်တို့ကို လေ့လာသင်ယူရမည် ဖြစ်သည်။

ရွှန်းတင့်
Ref: nytimes
The Ladies News Journal

သိပ်မဝေးလှတဲ့ကာလတခုမှာ နိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ တီကို ဆားနဲ့ တို့ သလို့ တွန့် သွားရလောက်အောင် မြန်မာနိုင်ငံသားတွေကြောက်ခဲ့ရဘူးတယ်။ မကြောက်ခံနိုင်ရိုးလား န၀တ နအဖ စစ်အာဏာရှင်တလျှောက်လုံး လက်ဖက်ရေဆိုင်မှာ တိုင်းရေးပြည်ရေးအကြောင်းဆွေးနွေးမိရင် ထောက်လှမ်းရေးကကုတ်တယ်၊ အရပ်ထဲမှာ ရေဒီယိုကလာတဲ့ ဘီဘီစီ ဘီအိုအေသတင်းနားထောင်ရင် သတင်းပေးတွေကတဆင့်ဖမ်းတယ်၊ အာဇာနည်နေ့  ဆွမ်းကျွေးသွားရင်ဖမ်းတယ်၊ ပင်နီဝတ်ရင်ဖမ်းမယ်၊ NLD ပါတီဝင်ရင်တခုခုအကြောင်းပြဖမ်းတယ်။ နိုင်ငံရေး သမားဆို မျိုးကန်းအောင် ပညာရေးပျက်၊ ဘ၀ပျက်၊ စီးပွားပျက်အောင် ရက်ရက်စက်စက်နှိပ်ကွတ်ပြီး နိုင်ငံရေးသားကျောဖြတ်ခဲ့ကြတယ်။ ပြည်သူတွေနိုင်ငံရေးမပတ်သက်ရဲအောင်၊ သူတို့ မတရားလုပ်တာကို ခေါင်းငုံ့ လည်စင်းခံဖို့ ပုံသွင်းခဲ့ကြတာမဟုတ်လား။

ရိုးရိုးသာမန်ပြည်သူတွေ၊ စီးပွားရေးသမားတွေဆိုတာ နိုင်ငံရေးသမားဆို လမ်းမှာမနှုတ်ဆက်ရဲလောက်အောင် ကြောက်ခဲ့ကြရတာလေ။ မတရားလုပ်နေတာမှန်းသိပေမဲ့ သူတို့ ကိုဆန့် ကျင်ရင် ဘ၀ပျက်မှာစိုးရိမ်ခဲ့ကြရတာ ကိုး။ တချို့မိဘတွေ၊ ကျောင်းဆရာဆရာမတွေဆို သူတို့ သားသမီးတွေ၊ တပည့်တွေကို နိုင်ငံရေးမှာ မပတ်သက်ရဲ အောင် တတွတ်တွတ်ပြောဆိုတားမြစ်တဲ့အထိ စစ်အာဏာရှင်တွေဖြစ်စေခြင်တဲ့ ပုံစံဝင်ခဲ့ကြတာ မဟုတ်လား။ သူတို့ သားသမီးနဲ့ တပည့်တွေကို အညွှန့် ချိုးမခံစေခြင်တာကြောင့် နိုင်ငံရေးကို မပတ်သက် ကောင်းတဲ့ နယ်ပယ်လို သတ်မှတ်ခဲ့ကြတာကြောင့် တိုင်းပြည်လည်းအညွှန့် ကျိုးခဲ့ရပြီး ခုထက်ထိ နိုင်ငံရေး ခါးပြတ်ခဲ့ရတာ မဟုတ်လား။

" နိုင်ငံရေးဆိုတာ ကျွန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့လောကတွင်ကြုံတွေ့နေ့ ရသော အချင်းအရာများပင်ဖြစ်တယ်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုတာလူ့သားများရဲ့အရေးပင်ဖြစ်တယ်။ လူတိုင်းမိမိတို့ ရဲ့အခွင့်အရေးကို ရယူခြင်းဟာ နိုင်ငံရေးပင်ဖြစ်တယ်။ လွတ်လပ်ခြင်းကိုရယူခြင်းဟာလည်း နိုင်ငံရေးပင်ဖြစ်တယ် " လို့  ဗိုလ်ချုပ်အောင်ဆန်းက မိန့် ကြားခဲ့ဖူးပါတယ်။

ဟုတ်ပါတယ် နိုင်ငံရေးဆိုတာ ကျွန်တော်တို့ ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရေးအရာကိစ္စတွေအားလုံးပါဘဲ။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှု့ရေး စစ်ရေး၊ ဘာသာရေး၊ ပရဟိတ စတဲ့ကိစ္စအားလုံးဟာ နိုင်ငံရေးပါဘဲ။ နိုင်ငံရေးကိုစိတ်မ၀င်စားသူများတဲ့တိုင်းပြည်ဟာ ရေရှည်မှာ မတိုးတက်နိုင်ပါဘူး။ ပြည်သူတရပ်လုံးက နိုင်ငံရေး ဆိုတာကို မှန်မှန်ကန်ကန်နားလည်ဖို့ လိုသလို စိတ်ဝင်စားဖို့ ပါဝင်ပါတ်သက်ကြဖို့ လိုပါတယ်။

တချို့က နိုင်ငံရေးဟာကိုယ်နဲ့မဆိုင်ဘူးထင်ကြပေမယ့် နိုင်ငံရေးဟာကိုယ့်ဆီရောက်လာပါလိမ့်မယ်..ဒါကို ရှောင်လို့မရဘူး..ဒါဘာဖြစ်လို့လဲ နိုင်ငံရေးဆိုတာ နေ့ တဓူဝမိမိရင်ဆိုင်နေရတဲ့ စားဝတ်နေရေး၊ ရုန်းကန်ရှင်သန်ရေးကိစ္စတွေဖြစ်နေလို့ ပါဘဲ။ မနက်မိုးလင်းကနေ မိုးချုပ်အိပ်ယာဝင်ချိန်ထိ ရင်ဆိုင်နေရတဲ့ အဆင်မပြေမှု့အားလုံးဟာ နိုင်ငံရေးပါဘဲ။ လမ်းမတွေပေါ်မှာ ယာဉ်ရထားတွေကျပ်တည်းပိတ်ဆို့ လို့  ဒုက္ခ ဆင်းရဲရောက်တာ၊ နှလုံးရောဂါရုတ်တရက်ဖြစ်ပြီး လမ်းပိတ်နေလို့ ဖြစ်စေ၊ ဆေးရုံတွေမှာ ပစ္စည်းကရိယာ မစုံလို့ ဖြစ်စေ အသက်ဆုံးပါးရတာကလည်း နိုင်ငံရေးပါဘဲ။

တချို့ကပြောကြမယ် ကိုယ်တို့ ကနိုင်ငံရေးဝါသနာမပါဘူး၊ စိတ်မ၀င်စားဘူး မပတ်သက်ချင်ဘူးဆိုတဲ့စကားဟာ ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးမှာ မပတ်သက်ချင်တာဟာ တဦးချင်းစီရဲ့ ရွေးချယ်ပိုင်ခွင့်မို့ အပြစ်မဆိုသာပေမဲ့ ရွေးကောက်ပွဲမှာ မဲမပေးဘဲနေတာတို့ နိုင်ငံနဲ့ ချီအရေးပါတဲ့ ကိစ္စရပ်တွေဆုံးဖြတ်ရမဲ့ ဆန္ဒခံယူပွဲမှာ ဆန္ဒမပြုတာ ဆိုရင်တော့ တာဝန်မဲ့ရာရောက်ပါလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကို မှန်ကန်တဲ့သူတွေဦးဆောင်နိုင်အောင် မဲပေးရမှာ ဆန္ဒပြုရမှာ နိုင်ငံသားတယောက်ရဲ့ အနိမ့်ဆုံးတာဝန်တရပ်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ကျော်ကာလ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ခေတ်ကနေ မြန်မာစစ်အာဏာရှင်ခေတ် တလျှောက်လုံးမှာ မြန်မာနိုင်ငံသားတွေကို နိုင်ငံရေးမှာ မပတ်သက်ရဲအောင် နိုင်ငံရေးရဲ့အဓိပ္ပါယ်ကို လွဲမှားစွာ ရည်ရွယ်ချက်ရှိရှိ ဖွင့်ဆိုပြီး လမ်းမှားပို့ ခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ် နယ်ချဲ့ကျွန်ဘ၀ကလွတ်မြောက်ဖို့ နဲ့  ဗမာ့လွတ်လပ်ရေး အတွက်နိုင်ငံရေးလုပ် ကြတဲ့ကျောင်းသားလူငယ်တွေကို သခင်ပေါက်စ ထောင် (၆) လဆိုပြီး သမုဒ်ပြီး ရှုံ့ချခဲ့ကြတာပါ။ နိုင်ငံရေးလုပ် တဲ့ တက္ကသိုလ်ကျောင်းသားတွေကို သေသေခြာခြာ မစဉ်းစားတတ်တဲ့ လူသာမန်တွေက ပြောကြဆုံးမလေ့ရှိ ကြတယ် … မင်းတို့ ကွယ် နိုင်ငံရေးလုပ်ရင် ထောင်ကျမယ်၊ ဘ၀တွေပျက်တာသာ အဖတ်တင်မယ်။ နိုင်ငံရေး မလုပ်ဘဲ တက္ကသိုလ်ကောင်းကောင်းမွန်မွန်တက်ကြရင် အင်္ဂလိပ်အစိုးရအောက်မှာ ၀တ်လုံတော်ရ မင်းလုပ် မလား၊ မြို့ပိုင်နယ်ပိုင်ဝန်ထောက်လုပ်မလား၊ စက်ရှင်တရားသူကြီးလုပ်မလား၊ ရဲဝန်ထောက်ကြီးလုပ်မလား လူရိုသေရှင်ရိုသေဖြစ်နိုင်တာသိရက်နဲ့ မိုက်လို့ သာနိုင်ငံရေးလုပ်ကြတာကိုးလို့ ကဲ့ရဲ့ရှုံ့ချကြတာမဟုတ်လား။

စစ်အာဏာရှင်ခေတ် တလျှောက်လုံးမှာလည်း နိုင်ငံရေးမလုပ်ပီးရော .. ကျန်တာအကုန်လုပ်ခွင့်ပြုထားတယ်။ ဘိန်းဖြူ ဆေးခြောက် မူးယစ်ဆေးဝါးလုပ်မလား ကျောင်းတွေနားအကုန်ရှိတယ်။ နိုင်ငံရေးတော့မပတ်သက် လိုက်နဲ့ ဘ၀ပျက်အောင်ဆော်ခဲ့တာဘဲလေ။ ကျောင်းကထုတ်ပစ်မယ်၊ ထောင်ချမယ်၊ သေနပ်နဲ့ ပစ်မယ်၊ ရိုက်နှက်နှိပ်စက်လို့ ဦးနှောက်ပျက်တဲ့အထိ ညှင်းပမ်းခဲ့ကြတယ်လေ။ နိုင်ငံရေးသမားဆိုရင် ကွန်မြူနစ်တံဆိပ် တပ်ပြီး တိုင်းပြည်ဖျက်ဆီးတဲ့သူတွေ၊ ပြည်ပအားကိုးပုဆိန်ရိုးတွေလို့ နိုင်ငံပိုင်သတင်းစာတွေကနေ ပြည်သူတွေ အထင်လွဲအောင် နိုင်ငံရေးအပေါ်အရောင်ဆိုးခဲ့တော့ နိုင်ငံရေးဆိုတာ ရှောင်ကျဉ်ရမဲ့ကိစ္စလို့  အထင်မှား အမြင်မှားတွေဖြစ်ပြီး နိုင်ငံရေးကြောက်ရောဂါဟာ တနိုင်ငံလုံးစွဲကပ်လို့ ကိုယ်အရေးကိုယ့်ကိစ္စကို တာဝန်မဲ့ လျစ်လျူရှု့တဲ့အဆင့်ရောက်ယုံတင်မက၊ လုပ်တဲ့သူတွေကိုပါ တားမြစ်တဲ့အဆင့်ရောက်အောင် အသိခေါင်းပါး ကုန်ကြတာ။

အင်ဂျင်နီယာကျောင်းသားဖြစ်ဖြစ်၊ ဆေးကျောင်းသားဖြစ်ဖြစ်နိုင်ငံရေးလုပ်လို့ အဖမ်းဆီးခံရပြီး ထောက်လှမ်းရေး တွေကရိုက်နှက်ညှင်းပမ်းပြီးလို့ အားရရင် ထောင်ကိုမပို့ ခင် မေးတတ်တဲ့ မေးခွန်းတခုရှိပါတယ်။ မင်းတို့ ကွာ … မိုက်လဲမိုက်တဲ့ကောင်တွေ … အင်ဂျင်နီယာဖြစ်ရင် သင်္ဘောသားလုပ်မလား၊ အင်ဂျင်နီယာစစ်ဗိုလ်လုပ်မလား၊ အစိုးရ၀န်ထမ်းအင်ဂျင်နီယာလုပ်မလား .. လက်ဖြားငွေသီးတဲ့ ထိတ်တန်းရာထူးနဲ့ အလုပ်တွေ ကြိုက်တာလုပ် လို့ ရရက်သားနဲ့ မိုက်မဲလို့ သာ ထောင်ကျ ဘ၀ပျက်မဲ့ နိုင်ငံရေးဝင်အလုပ်လုပ်တာ။ အုတ်နံရံကို ဦးခေါင်းနဲ့  ၀င်ဆောင့်တဲ့လူမိုက်တွေလို့ ပြောပြီး ဘာလို့ များနိုင်ငံရေးလုပ်ကြရတာလဲလို့ မေးတတ်ကြပါတယ်။ ထောက်လှမ်းရေးတွေရဲ့အမြင်မှာ အတော်ထူးဆန်းပြီး သူတို့ နားမလည်နိုင်တဲ့အချက်ပါဘဲ။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ဟောကြားတော်မူတဲ့ ရတနာ့သုတ်ထဲမှာ ပါပါတယ်။
“ လောကတ္ထစရိယံ၊ ဥာတတ္ထစရိယံ၊ ဗုဒ္ဓတ္ထစရိယန္တိ တိေဿာ စရိယာယော ”......လို့ ပါတယ်မဟုတ်လား။

လောကတ္ထစရိယ- ဆိုတာ

ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တ၀ါအားလုံးရဲ့ ကောင်းကျိုးကို ငါဆောင် ရွက်မယ် ဆိုတဲ့ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ ဆိုပါတယ်။ ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့  အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလိုမဟုတ်ဘဲ အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဟာ လောကတ္ထစရိယပါဘဲ။

ဒါကြောင့် နိုင်ငံရေးဆိုတာ လောကတ္ထစရိယလို့ ခေါ်တဲ့ လူအများအကျိုးကို နှလုံးသားကြီးကြီးထားပြီး ရိုးသားစွာ ဆောင်ရွက်ရတဲ့ အလွန်ဖြူစင်မြင့်မြတ်တဲ့ အရေးကိစ္စကြီးဖြစ်တယ်ဆိုတာ နောက်မျိုးဆက်တွေသိလာအောင် ပြန်လည်ရှင်းပြပေးကြရမှာ သိမြင်သူနိုင်ငံသားတိုင်းရဲ့တာဝန်တရပ်ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး ရဲ့နှလုံးသားထဲမှာ နိုင်ငံရေးကိစ္စဆောင်ရွက်ခြင်း (သို့ ) လောကတ္ထစရိယရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို ရှင်းရှင်း လင်းလင်းသဘောပေါက်ပြီး ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး၊ ကိုယ့်ရပ်ကွက် မြို့နယ်အရေး၊ ကိုယ့်တိုင်းပြည်အရေးစတဲ့ နိုင်ငံရေးကိစ္စတွေမှာ အားတက်သရောဝင်ရောက်လုပ်ကိုင် နိုင်ရာဝန်ထမ်းကျရင်ဖြင့် ကျွန်တော်တို့ နိုင်ငံဟာ မဝေးတော့တဲ့ကာလတခုမှာ ငြိမ်းချမ်းသာယာဖွံ့ ဖြိုးပြီး ကမ္ဘာနဲ့ ယှဉ်ဘောင်တန်းလာနိုင် မှာ ဧကန်မုချဖြစ်ပါကြောင်း။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
မေလ (၂၄) ရက်နေ့  ၂၀၁၆ ခုနှစ်




Nobel Heart
Nobel Heart

ရန်ကုန်တိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးပြတ်လတ်နေတဲ့နေရာတွေကို သွားရောက်ပြီး ဒေသခံတွေ ရေရရှိရေး ထိထိရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်း (Noble Heart) အဖွဲ့ကို မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မနေ့က ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။ ဒါဟာ စေတနာဝန်ထမ်းလူမှုကယ်ဆယ်ရေးလုပ်ငန်း တွေကိုဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေထဲကို NLD အစိုးရသစ်က ပထမဆုံးအကြိမ် ရွေးချယ်ပြီး ကျေးဇူးတင်လွှာ ထုတ်ပြန်လိုက်တာပါ။

သောက်သုံးရေရှားပါးပြတ်လပ်မှုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာ လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်ကူညီမှု ဘယ်လောက်ထိ ထိရောက်မှုရှိနေပါသလဲ။ ရှင်သန်ရေးကူညီမှုအသင်းထူထောင်သူ မရွှေကြာကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်လက်တင်ဆက်မှာပါ။

မနေ့ တနင်္လာနေ့ကထုတ်ပြန်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ကျေးဇူးတင်လွှာမှာ နိုင်ငံတွင်း ရာသီဥတုဖောက်ပြန်တဲ့ဒဏ်အပြင် သောက်သုံးရေရှားပါးပြတ်လတ်မှုကို နေရာဒေသအတော်မျာများမှာ ကြုံတွေ့နေရကြောင်းနဲ့ အဲဒီဒေသတွေကို ပုဂ္ဂလိက အလှူရှင်တွေ၊ ပရဟိတအသင်းအဖွဲ့တွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေ၊ စေတနာရှင်ပြည်သူတွေ သွားရောက်ပြီး ကိုယ်ထူကိုယ်ထအကူညီပေးနေကြတဲ့အတွက် သူ့အနေနဲ့ ၀မ်းသာကြည်နူးမိကြောင်း ဖေါ်ပြထားပါတယ်။

အခုလိုနိုင်ငံသားစိတ်ဓါတ်နဲ့ အများအကျိုးဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူတွေကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့အနေနဲ့ မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် “ရှင်သန်ရေးကူညီမှုအသင်း” ကိုရွေးချယ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကရွေးချယ်ဂုဏ်ပြုလိုက်တဲ့အပေါ်မှာ သူတို့အသင်းအနေနဲ့မျှော်လင့်မထားမိကြောင်း ရှင်သန်ရေးကူညီမှုအသင်းကို စတင်တည်ထောင်သူ မရွှေကြာက ဗွီအိုအေကိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကျမတို့အဖွဲ့ကိုအဲဒီလိုချီးကျူးလာမယ်လို့ ကျမတို့တယောက်မှလည်း တွေးလဲတွေးထင်မထားမိဘူး။ မျှော်လဲမမျှော်လင့်ခဲ့ပါဘူး။ ကျမတို့ရှင်သန်ရေးကူညီရေးအဖွဲ့ကနေ ပြီးခဲ့တဲ့နှစ်ကတည်းက ရေသန့်ကို စတင်ပြီးလှူနေတာဟာ တကယ်လိုအပ်တဲ့ သူတွေကို တကယ့်ကိုစေတနာနဲ့ ရပါစေဆိုတဲ့စိတ်နဲ့ လှူခဲ့တာပါ။ လှူတယ်ဆိုတဲ့နေရာမှာလည်း ကျမတို့ရဲ့ ပိုက်ဆံနဲ့မဟုတ်ပါဘူး။ (၇)ရက်သားသမီးအလှူရှင်တွေရဲ့ ပိုက်ဆံနဲ့ ကျမတို့က စေတနာသန့်သန့်နဲ့ တကယ့်ကိုလိုအပ်တဲ့သူတွေဆီကို ကျမတို့ ကိုယ်ကျိုးမဖက်ပဲ၊ ဘယ်သူမှစေခိုင်းခြင်းမရှိပဲ လှူနေတဲ့အပြင် ကျမတို့ကလိုအပ်တဲ့နေရာတွေမှာ ရေကန်တွေ တူးဖေါ်ပေးနေတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျမတို့လုပ်တာကိုင်တာကို သူကသိရှိပြီး ထုတ်ဖေါ်ချီးကျူးတယ်လို့ ကျမတော့ ထင်မိပါတယ်။”

VOA။ ။ မရွှေကြာတို့ ရေရှားပါးတဲ့နေရာတွေကို သွားပြီးကူညီတဲ့အခါမှာ စနစ်တကျဖြစ်အောင် ဘယ်လိုဆောင်ရွက်လဲရှင့်။

ဖြေ။ ။ “အရင်နှစ်က နွေရာသီ မိုးမကျမှီ ရေသန့်ဘူးတွေကို နေ့စဉ်သွားလှူဖြစ်ပါတယ်။ အဲဒီလိုလှူတဲ့အပြင် သူတို့ရဲ့ရေကန်အဟောင်းတွေကို ကန်တူးကန်ဆည်ပြန်ပြီးတော့ ဆည်ပေးတယ်။ လိုအပ်တဲ့ ရေကန်တွေပြန်တူးပေးတယ်။ အားလုံး (၂၇)ကန် ပြီးကန်တဲ့နှစ်က တူးဖေါ်ပေးခဲ့ပါတယ်။ အဲဒီကန်တွေမှာ ၀င်းတွေဘာတွေခတ်ပေး၊ ကန်ထဲဆင်းဖို့ လှေကားတွေကအစ အဆင်ပြေအောင် ကျမတို့တာဝန်ယူလုပ်ပေးခဲ့ပါတယ်။ ဒီနှစ်ကျတော့ ရေသန့်ဘူးနဲ့သွားလှူမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေဘူးဆိုတော့ ကျမတို့ကို အလှူရှင်တွေက ရေဘောက်ဆာကားတစီးလှူခဲ့ပါတယ်။ အဲဒီကားနဲ့ လိုအပ်နေတဲ့ရွာတွေကိုလှည့်ပြီး နေ့စဉ်လှူပေးခဲ့ပါတယ်ရှင့်။ အဲဒီလိုလှူပေးနေတဲ့အချိန်မှာ နောက်ထပ်အလှူရှင်ကနေ ရေဘောက်ဆာကားနောက်တစင်းလှူတဲ့အတွက် ကျမတို့ရေလှူတဲ့လုပ်ငန်းကို တိုးချဲ့လာနိုင်ပြီး နေ့စဉ် ကျန်စစ်သား၊ အံကြီး စတဲ့ ဒလဘက်ကမ်းမှာရှိတဲ့ ရေလိုအပ်တဲ့နေရာတွေကို ကျမတို့နေစဉ်မနက် ကိုးနာရီကနေ ည (၇)နာရီ (၈)နာရီအထိ ကျမတို့အသင်းကလှူဒါန်းပေးနေပါတယ်။”

ရှင်သန်ရေးကူညီမှုအသင်းကို ၂၀၁၅ခုနှစ်မှာ စတင်ထူထောင်ပြီး ရေရှားပါးမှုအခက်အခဲတွေရင်ဆိုင်နေရတဲ့ ဒေသခံတွေကိုသွားရောက် အကူအညီပေးနေသလို ရန်ကုန်မြို့မှာလည်း ရန်ကုန်ဆေးရုံးကြီးအပါအ၀င် အစိုးရဆေးရုံးတွေမှာ လူနာတွေအတွက် အစားအသောက်နေ့စဉ်လှုဒါန်းတာ၊ အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ကျေးဇူးတင်လွှာမှာလည်း နိုင်ငံတော်တည်ဆောက်ရေးအပါအ၀င် ဘေးဒုက္ခကြုံတွေ့လာချိန်မှာ အစိုးရနဲ့အတူ ကူညီပူးပေါင်းဆောင်ရွက်ဖို့ ပြည်သူအားလုံးကိုမေတ္တာရပ်ခံထားပါတယ်။

VOA Burmese News

 bogyoke-status-lashio-620.jpg ဗိုလ်ချုပ်ကြေးရုပ်ကို မန္တလေးမြို့ကနေ လားရှိုးမြို့ကို မေလ ၂၃ ရက်နေ့က သယ်ဆောင်လာစဉ်

Photo: Kan Thar/RFA


ရှမ်းပြည်နယ် လားရှိုးမြို့ မှာ ထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်ဟာ ကြေးရုပ်သွန်းလုပ်တဲ့ မန္တလေးမြို့ကနေ လားရှိုးမြို့ ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ကြေးရုပ်တည်ဖို့နေရာ ခွင့်ပြုချက် မရသေးတဲ့အတွက် အခက်အခဲဖြစ်နေပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို လွတ်လပ်ရေးကျောက်တိုင်ကွင်းနဲ့ အာဇာနည်ကျောက်တိုင်ကွင်းမှာ ထားဖို့ တင်ပြထားပေမယ့် ခွင့်ပြုချက်မရသေးဘူးလို့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းဌေး က ပြောပါတယ်။

လတ်တလောမှာ ဗိုလ်ချုပ်ကြေးရုပ်ကို လားရှိုးမြို့က ဗောဓိရုံဘုန်းတော်ကြီးကျောင်းမှာ ယာယီထားရှိဖို့ စီစဉ်ထားပါတယ်။ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်နဲ့ လားရှိုးမြို့ မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့အတွက် ပြီးခဲ့တဲ့နှစ်က စတင်စီစဉ်ခဲ့တာဖြစ်ပြီး အလှူငွေကျပ်သိန်း ၁၅၀ ကျော် အကုန်အကျခံပြီး ကြေးပိဿချိန် ၂၀၀ နဲ့ သွန်းလုပ်ထား တာဖြစ်ပါတယ်။
RFA

တနင်္သာရီတိုင်း ထားယ်မြို့အခြေစိုက် တနင်္သာရီတိုင်း အပတ်စဉ်ဂျာနယ် မှာ ပါရှိတဲ့ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးဟာ သတ္တုတူးဖေါ်တဲ့ Delco ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဆောင်းပါးရှင် ကိုအောင်လွင်ကို ကုမ္ပဏီက အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ ရေဖြူမြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

သူ့ရဲ့ ဆောင်းပါးဟာ Delco ကုမ္ပဏီကို ဖော်ပြထားတာမျိုးမဟုတ်ဘဲ သတ္တုတူးဖော်မှုတွေကြောင့် ခံစားရတာကိုသာ ရေးခဲ့တာဖြစ်တယ်လို့ တရားစွဲခံရသူ ဆောင်းပါးရှင် ကိုအောင်လွင် က ပြောပါတယ်။

"ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးကို တနသာရီတိုင်း အပတ်စဉ်ထုတ် ဂျာနယ်မှာ ပြီးခဲ့တဲ့ မေလ ၁၁ရက်နေ့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဆောင်းပါးထဲမှာ သဘာဝပတ်ဝန်းကျင် မသန့်ရှင်းတော့တာ၊ သတ္တုတွင်းတစ်ခုက ထွက်လာတဲ့ရေ ဆိုးတွေကြောင့် ခံစားရတာတွေကို ဖော်ပြထားတာဖြစ်ပါတယ်။

ကံပေါက်သားအမည်နဲ့ ဆောင်းပါးရေးသားတဲ့ ကိုအောင်လွင်ကို Delco ကုမ္ပဏီက တရားလိုလုပ်ပြီး ရေဖြူမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီနေ့ ပထမဆုံးရုံးချိန်း စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Delco ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကတည်းက ခဲမဖြူ၊ အဖြိုက်နက်နဲ့ တခြားသတ္တုတွေကို ကံပေါက်ကျေးရွာမှာ တူးဖော်နေတာဖြစ်ပြီး ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦး ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အဲဒီကုမ္ပဏီရဲ့ စွန့်ပစ်နုန်းရေကန်ကျိုးပေါက်မှုကြောင့် ကလေး တစ်ဦး သေဆုံးပြီး ကံပေါက်ကျေးရွာက နေအိမ် ၅၀နီးပါး ပျက်စီးခဲ့ပါတယ်။
RFA


maungsaungkha-620.jpg
ကဗျာဆရာ မောင်ဆောင်းခ ကို မေလ ၂၄ ရက်နေ့က ရွှေပြည်သာမြို့နယ် တရားရုံးမှာတွေ့ရစဉ်
Photo: Htet Arkar/RFA

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ကဗျာဆရာ မောင်ဆောင်းခ ကို ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပေမယ့် ချုပ်ရက်ခံစားခွင့်နဲ့ ဒီနေ့ လွတ်မြောက်ခဲ့ပါတယ်။

ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာဟာ မတရားကြောင်းနဲ့ သူဟာ တရားသေ လွတ်မြောက်ရမှာဖြစ်တယ် လို့ မောင်ဆောင်းခ က ပြောပါတယ်။

မောင်ဆောင်းခဟာ ပုံရိပ်အမည်နဲ့ ကဗျာတစ်ပုဒ်ကို သူ့ရဲ့ဖေ့စ်ဘွတ်မှာတင်ခဲ့ရာ အဲ့ဒီကဗျာထဲမှာ အဲ့ဒီအချိန်က သမ္မတ ဦးသိန်းစိန်ကို ရည်ညွန်းပုတ်ခတ်ထားတဲ့ စာသားတွေပါတယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ရွှေပြည်သာမြို့နယ် စခန်းမှူးက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အမှုစစ်ဆေးနေစဉ် ကြားကာလမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထပ်တိုးတရားစွဲခဲ့ပေမယ့် တရားရုံးက လက်မခံခဲ့ဘဲ ပယ်ချခဲ့တာဖြစ်ပါတယ်။

မောင်ဆောင်းခဟာ အင်းစိန်အကျဉ်းထောင်ထဲမှာ ၆လ နဲ့ ၁၉ ရက်ကြာ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
RFA

ကချင်ပြည်နယ် လွှတ်တော် (MOI)
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက ကျောက်စိမ်း တူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှုတွေ အပါအ၀င် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ ဥပဒေပြု အမတ် တဦးက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာဘဲ အစိုးရသစ် အနေနဲ့ တာဝန်မဲ့ သယံဇာတ တူးဖော်မှုတွေကို ချက်ချင်း ရပ်ဆိုင်းပေးဖို့ကိုလည်း ကချင်လူမှု အဖွဲ့အစည်းတခုက တိုက်တွန်းပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေရဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုကြောင့် ဖားကန့်ဒေသမှာ လူသေဆုံးမှုက တခါတရံ ရာနဲ့ချီ ရှိသလို တခါတရံ ဒါဇင်နဲ့ချီ သေဆုံးနေကြရတာ ဖြစ်ပါတယ်။ လောလောလတ်လတ် မြေစာပုံ ပြိုကျမှုကြောင့် လူ ၁ဒါဇင်ကျော် သေဆုံးရပြီးနောက်မှာတော့ ဖားကန့်ဒေသရဲ့ အခြေအနေကို ကချင်ပြည်နယ် လွှတ်တော်ကို စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားစာ တင်မယ်လို့ ဖားကန့် မြို့နယ်ကိုယ်စားလှယ် ပြည်နယ် လွှတ်တော် အမတ် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

“ကျနော်တို့ဖားကန့်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ကျနော်တို့ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ကော်မတီတွေကို တိုင်ကြားစာအဖြစ်ပေါ့နော်၊ ကျနော့်အနေနဲ့ ပေးပို့ဖို့ဆိုပြီးတော့မှ ကုန်ကြမ်းတွေယူခဲ့တယ်။ အခုကျနော်ကတော့ မနက်ဖြန်ကျနော်တို့ ကော်မတီရုံးမှာ ကျနော်တို့ ဒီ တိုင်စာဌာနကို ပို့ထားမယ်လေ။ တိုင်စာဌာနကို ကျနော်တို့က ခေါင်းစဉ်လေးတွေနဲ့ပေါ့ ပို့ထားပြီးရင် လွှတ်တော်ဥက္ကဋ္ဌဆီရောက်မယ် အဲဒီစာက။ လွှတ်တော်ဥက္ကဋ္ဌကနေမှ အဲဒီကော်မတီကို ပြန်ပို့မယ်။ အဲဒီကော်မတီကနေပြီးမှ အမြန်ဆုံး ဒီကိစ္စတွေကို ဆောင်ရွက်မှပဲ ကျနော်တို့ ဒီလာမယ့်မိုးကာလမှာလည်း အခုလိုမြေပြိုတဲ့ အချိန်မှာ လူတွေအသေအပျောက်တွေ နည်းနိုင်မယ့်အနေအထားမျိုးကို ကျနော်တို့က ကွင်းဆင်းပြီးမှ ရရှိလာတဲ့အခြေအနေကို စနစ်တကျ အစိုးရတွေနဲ့အားလုံးပူးပေါင်းဆောင်ရွက်ပြီးမှ လုပ်နိုင်အောင်ပေါ့နော်။”

အစိုးရသစ်ကတော့ ကျောက်မျက်ဥပဒေကို ပြင်ဆင်ပြီး နည်းဥပဒေတွေ ထွက်လာမှ ကျောက်စိမ်းတူးဖော်မှုတွေကို တိတိကျကျ အရေးယူ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဒီလဆန်းပိုင်းက ပြောဆိုထားတာပါ။ ဖားကန့်ဒေသအရေး အစိုးရကို တိုက်တွန်းရတာကလည်း အခက်အခဲ ရှိတယ်လို့ ပြည်နယ် လွှတ်တော် အမတ် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

“အစိုးရအဖွဲ့ကနေပြီး ပြောမယ်ဆိုရင်သူတို့အနေနဲ့ စိတ်ရှည်သီးခံမှုမရှိတဲ့အခြေအနေဆိုတော့ ကျနော်တို့လည်း တခါတလေကျတော့ ပြောသာပြောနေရတာ နောက်ဆုံးတအားကြီးပြောရင်လည်း အဲဒီအစိုးရကလည်း ကိုယ့်အစိုးရဖြစ်တဲ့အခါကျတော့ ကျနော်တို့က ကိုယ့်အချင်းချင်းပဲ လုပ်နေ၊ ပြောနေရတဲ့အနေအထားရှိတယ်။ နောက် တဘက်မှာလည်း အစိုးရက အထက်မှာ ၀န်ကြီး cabinet အဖွဲ့တွေအနေနဲ့က ဒီရုံးတို့ဘာတို့လောက်မှာ နေတဲ့အခါကျတော့ အောက်ခြေမှာ ဌာနတွေကကျတော့ လွန်ခဲ့တဲ့ ပဝေသဏီ ကတည်းက အပိုးကျိုးနေပြီးသားလုပ်ငန်းတွေ ဖြစ်နေတဲ့အနေအထားကျတဲ့အချိန်ကျတော့ ၀န်ကြီးတွေက အဲဒီအပေါ်မှာ သိပ်ပြီးမှ ထိန်းကျောင်းမှု အပိုင်းမှာ အားနည်းနေတဲ့အနေအထားလေးတွေကျတော်တို့တွေ့ရတယ်ခင်ဗျ။”

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ကတော့ အစိုးရသစ် အနေနဲ့ တနေ့တခြား အခြေအနေ ဆိုးရွားလာပြီး စိုးရိမ်ရတဲ့ အခြေစိုက်နေပြီ ဖြစ်တဲ့ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခင်မှာ စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို ရပ်ဆိုင်းထားသင့်တယ်လို့ အကြံပြုပါတယ်။ ကိုဆာဂျီးက အခုလို ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ ဒီဟာတွေက သတ္တုတွင်းတူးဖော်မှုတွေ ကျောက်စိမ်းတွင်းတူဖော်မှု ဗဟို က သတ်သတ်မဲ့ ခွင့်ပြုထားတာ တခုပဲရှိတယ်။ နောက် အရေးကြီးတာက တာဝန်ယူမှု၊ တာဝန်ခံမှုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေရော၊ လူမှုရေးဆိုင်ရာ ပြဿနာတွေရော ၊ တခြား ဒီလိုမျိုးမတော်တဆ ထိခိုက်နစ်နာမှုအပျက်အစီးတွေနဲ့ ပတ်သက်တဲ့အခါ ပြန်လည်ပြုပြင်ဖို့၊ ပြန်လည်တားဆီးဖို့ဆိုတဲ့ဟာ ဘာတခုမှပါမလာပဲနဲ့ စည်းမဲ့ကမ်းမဲ့ ကြိုက်သလို ဒီကျောက်စိမ်းတူးဖို့ သတ်သတ်ပဲ ခွင့်ပြုထားတဲ့ ကုမ္ပဏီလိုမျိုး မရှိသင့်ဘူးဆိုတာ အင်မတန်မှ အရေးကြီးတယ်။“

ဖားကန့်ဒေသမှာ စွန့်ပြစ်မြေစာပုံပြိုကျမှု၊ မြေပြိုကျမှု၊ နောက် ကျောက်စိမ်းတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေဟာ ကချင်ပြည်နယ် ကချင်ပြည်သူတွေရဲ့ ပြဿနာ တခုအဖြစ်တင် မဟုတ်တော့ဘဲ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပြဿနာ တရပ် ဖြစ်တယ်လို့လည်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့က ကိုဆာဂျီးက ထောက်ပြပါတယ်။ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း အများစုက ကျောက်စိမ်းရရှိရေး တခုတည်းသာ အာရုံစိုက် လုပ်ဆောင်ပြီး ကျောက်စိမ်းတူးဖော်ပြီး ပျက်ဆီးသွားတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်းက နှစ်ပေါင်းများစွာ မရှိဘဲ ဖြစ်နေတာကြောင့် အရေးပေါ် ထိန်းသိမ်းလုပ်ဆောင်ဖို့ လိုအပ်နေတာလို့လည်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်သူတွေကလည်း ထောက်ပြကြပါတယ်။

 သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည့် တောင်လေးလုံး ဆရာတော်အား မေ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက လင်းဇင်းကုန်းသုသ၁န်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။

အမျိုးသားစာပေဆုရှင် စာရေးဆရာ ကိုပညာ(အမရပူရ) တောင်လေးလုံးဆရာတော် ဦးပညာဇောတသည် အမျိုးသား စာပေဆုရှင် စာရေးဆရာကြီး တစ်ဦးဖြစ်ပြီး မေ ၂၁ ရက် နံနက် ၁၀း၀၀ နာရီခန့်က မန္တလေးမြို့ တောင်လေးလုံး ကျောင်းတိုက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

“စာပေလောကနဲ့ သုတေသန လောကအတွက် ဆရာတော် ထားရစ်ခဲ့တဲ့ အမွေတွေကို ကျွန်တော်တို့အနေနဲ့ မပျောက်ပျက်အောင် ဘယ်လို ထိန်းသိမ်းကြမလဲ၊ အကျိုးရှိအောင် ဘယ်လို အသုံးပြုကြမလဲဆိုတာ ကျန်ရစ်သူများရဲ့ တာဝန်ယူမယ်ဆိုရင် ဆရာတော်ကို ကျေးဇူးဆပ်ခြင်း ရောက်ပါတယ်''ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆရာဆူးငှက်က ပြောသည်။

အမျိုးသားစာပေဆုရှင် စာရေးဆရာ ကိုပညာ (အမရပူရ)ကို အမရပူရမြို့နယ် တောင်ကြီးရပ်ကွက် အရှေ့ဆင်တိုင်းရပ်တွင် မြန်မာသက္ကရာဇ် ၁၂၉၄ ၊ ပြာသိုလဆန်း ၁၀ ရက်နေ့၊ အင်္ဂလိပ်သက္ကရာဇ် ၁၉၃၃ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့တွင် အဖ ဦးသိန်းဖေ၊ အမိ ဒေါ်အေးရွှေတို့က မွေးဖွားခဲ့သည်။

“ဆရာတော်ဟာ စာပေလောကကို ချစ်မြတ်နိုးတယ်။ စာပေသမား အချင်းချင်း စည်းလုံးစေတယ်။ ညီညွှတ်စေတယ်။ ဆရာတော်ကိုလည်း စာပေအသိုင်းအဝိုင်းက ရိုသေလေးစားကြပါတယ်" ဟု မန္တလေးမြို့ခံ စာရေးဆရာ သိုက်ထွန်းသက်က ပြောသည်။

ဆရာတော်သည် အသက်ခြောက်နှစ်အရွယ်တွင် တောင်လေးလုံး ကျောင်းတိုက်၌ စာပေပညာသင်ယူခဲ့ပြီး အသက်ကိုးနှစ် အရွယ်တွင် သာသနာ့ဘောင်ဝင်ခဲ့ရာ ၁၆ နှစ်အရွယ်တွင် ဓမ္မာစရိယတန်း အောင်မြင်တော်မူခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် စာပေလောကကို ခြေချခဲ့ကာ ကိုပညာ(အမရပူရ) ကလောင်အမည်ဖြင့် ငွေတာရီမဂ္ဂဇင်း ဟံသာဝတီသတင်းစာနှင့် အခြားမဂ္ဂဇင်းများတွင် ဆောင်းပါးများ ဆက်လက် ရေးသားခဲ့သည်။

ဆရာတော်သည် ၁၉၉၇ ခုနှစ်တွင် "တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ" စာအုပ်ဖြင့် သုတပဒေသာ (၀ိဇ္ဖာ) အမျိုးသားဆုကို ရရှိခဲ့ကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies/


မောင်တော၊ မေ ၂၄

မောင်တောနယ်စပ်ဒေသတွင် မင်းမဲ့စရိုက်ဆန်ဆန် ဘင်္ဂါလီသေနတ်သမားများ၏ အန္တရာယ်မှာ တစ်ရက်ထက် တစ်ရက်စိုးရိမ်ဖွယ်ရာဖြစ်လာသည်။

မေလ ၂၄ ရက် နေ့လည် ၁၁ နာရီခန့်က ဖားဝပ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ချို့ ရွာလမ်းကိစ္စဆွေးနွေးနေစဉ် အမည်မသိသေနတ်သမား ဘင်္ဂါလီ ၂ ဦး အုပ်ချုပ်ရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့် လာရောက်ပြီး အသင့်ပါလာသည့် သေနတ်ဖြင့် ပစ်သတ်သဖြင့် အုပ်ချုပ်ရေးမှူးအနီးတွင် ထိုင်နေသည့် ဘင်္ဂါလီတစ်ဦး သေဆုံးခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ရုံးပြတင်းပေါက်က ခုန်ထွက်လွတ်မြောက်ခဲ့သည်။

သေနတ်ဖြင့် ပစ်သတ်၍အပြီးတွင် သေနတ်သမား ဘင်္ဂါလီ ၂ ဦးမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်ကလည်း ရေဖုံးပြင်ရွာတွင် သေနတ်သမားဘင်္ဂါလီ ၂ ဦး သေနတ်ဖြင့် ပစ်သတ်မှုကြောင့် ၄င်းကျေးရွာမှ ဘင်္ဂါလီတစ်ဦး သေဆုံးခဲ့သည်။

ယခုကဲ့သို့ သေနတ်သမားများကြောင့် မောင်တောနယ်စပ်လုံခြုံရေးအခြေအနေမှာ အလွန်တရာစိုးရိမ်ရသည့်အခြေအနေဖြစ်နေပြီဖြစ်သည်။

နယ်စပ်လှိုင်း


နိရဉ္စရာ၊ မေ ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖါးဝပ်ချောင်းကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဒေသခံ ပြည်သူ ၃၀ ကျော်နှင့် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး လုပ်နေစဉ် အမည်မသိသူ တစ်ဦးမှ သေနတ်ဖြင့် ၀င်ရောက် ပစ်ခတ်သဖြင့် တစ်ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ ဖါးဝပ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ခေါ်ဘီအာမောက်ဟု သိရသည်။

“ ဖြစ်တာက ဒီကနေ့ နံနက် ၉ နာရီ ၁၀ နာရီ အကြားလောက်မှာ ဖြစ်တာပါ။ အဲဒီမှာ ဖါးဝပ်ချောင်း ရခိုင်ရွာဆိုတာရှိတယ်။ ဖါးဝပ်ချောင်း မူဆလင်ရွာဆိုတာ ရှိပါတယ်။ လက်ရှိ ဖားဝပ်ချောင်း အုပ်ချုပ်ရေးမှူးက ရခိုင်ဖြစ်ပါတယ်။ သူက တစ်ခြား မူဆလင် လူကြီး သုံးဆယ်ခန့်နဲ့ ဖါးဝပ်ချောင်း မူဆလင်ကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ ရပ်ရွာ တိုးတက်ရေး ကိစ္စအတွက် ဆွေးနွေးနေစဉ်မှာ မူဆလင် တစ်ဦးက ဆိုင်ကယ်နဲ့ ၀င်ရောက်လာပြီး ယခင် အုပ်ချုပ်ရေးမှူးဟောင်း ခေါ်ဘီအာမောက်ကို သေနတ်နဲ့ တစ်ချက်တည်း တည့်တည့်ပစ်ပြီး ထွက်ပြေးသွားပါတယ်။ ခေါ်ဘီအာမောက်က ပွဲချင်းပြီး ဆုံးသွားပါတယ်” ဟု ဖားဝပ်ချောင်းကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

ယခု သေနတ်ဖြင့် ၀င်ပစ်ခံရသော ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် သုံးဖာလုံ အကွာတွင် တည်ရှိသည်ဟု သိရသည်။

အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မောင်တော မြို့နယ်မှူးအား ဆက်သွယ်မေးမြန်းရာ “ ဖြစ်တာတို့ မှန်ပါတယ်။ တစ်ဦးသေပါတယ်။ အလောင်းက ခု မောင်တောမြို့နယ် ဆေးရုံကို ရောက်နေပါပြီ။ သိရတာက သူတို့ ဘင်္ဂလီ အချင်းချင်း ၀င်ပစ်သွားတယ်လို့ သတင်းရပါတယ်။ ဘာကြောင့် ပစ်တယ်ဆိုတာတော့ မသိရသေးပါဘူး” ဟု ပြောကြားသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ တစ်ဦးသေသည်ဟု သတင်းရကြောင်း၊ ယခု စစ်တွေသို့ ရောက်ရှိနေ၍ ဖြစ်ပျက်ပုံ အသေးစိတ်ကို မသိရှိရသေးကြောင်း ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara

အမေရိကန် သမ္မတ အိုဘားမား နဲ့ အတူ တစ်စားပွဲတည်း ထိုင် စကားပြောနေတဲ့ ပုံကို တင်ခဲ့သူကတော့ အမေရိကန် နာမည်ကျော် စာဖိုးမှူး တစ်ဦး ဖြစ်တဲ့ Anthony Bourdain ပဲ ဖြစ်ပါတယ်။

အင်္ဂါနေ့က သမ္မတ အိုဘားမား နဲ့ စားဖိုမှူး Anthony Bourdain တို့ ၂ ဦးဟာ ဟနွိုင်မြို့က ခေါက်ဆွဲ ဆိုင် တစ်ခု မှာ ၂ ယောက်သား အေးအေးလူလူ ထိုင်နေခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဆိုင်က ခေါက်ဆွဲပြုတ် တစ်ပွဲရဲ့ တန်ဖိုးဟာ ၆ ဒေါ်လာပဲ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံက နာမည်ကျော် စားဖိုမှူး Anthony Bourdain ဟာ နိုင်ငံ အများအပြား ကို သွားရောက် ပြီး အဆိုပါ နိုင်ငံတွေက ရိုးရာ အစားအစာ တွေ အကြောင်း ကို တီဗီ အစီအစဉ် တစ်ခုမှာ တင်ဆက် ပေးနေသူ ဖြစ်ပါတယ်။

ဗီယက်နမ် ခေါက်ဆွဲ ဆိုင်ထဲမှာ ထိုင်စား နေကြသူ တခြားလူတွေက အမေရိကန် သမ္မတ နဲ့ နာမည်ကျော် စားဖိုမှူးတို့ လာထိုင်စားနေတယ် ဆိုတာ သတိမထား မိဘူး ဆိုတာ ဖြစ်နိုင်ပါလားလို့ အင်တာနက် ဆွေးနွေးခန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့ကြပါတယ်။

အမှန်တကယ် ကတော့ အမေရိကန် စာဖိုးမှူး ရဲ့ တီဗီ အစီအစဉ် တစ်ခုကို သမ္မတ အိုဘားမား က အကူအညီ ပေးခဲ့တဲ့ ပုံပါ။



ဓါတ်ပုံလူမှုကွန်ယက် တစ်ခု ဖြစ်တဲ့ Instagram မှာ Anthony Bourdain ရဲ့ ပုံကို like လုပ်ခဲ့သူပေါင်း တစ်သိန်းကျော် ရှိပြီး မှတ်ချက် ပေးစကားတွေ လည်း အများအပြား ရှိခဲ့ပါတယ်။


ခေါက်ဆွဲဆိုင်ရဲ့ အပြင်ဘက်မှာတော့ သမ္မတ အိုဘားမား ကို ပရိတ်သတ်တွေ ဝိုင်းဝိုင်းလည်နေပါတယ်။


ခေါက်ဆွဲ ပန်းကန် ပေါ်မှာ တူချထားတာ၊ ပန်းကန်တွေ စီစဉ်ထား တာ က စနစ် တကျ ရှိတယ်လို့ တချို့က ပြောပါတယ်။ တူ ကို ခေါက်ဆွဲ ပန်းကန်ထဲမှာ ထည့် မထား ခဲ့တဲ့ အတွက်လည်း အိုဘားမား ရဲ့ တူနဲ့ ပတ်သက်တဲ့ ဗဟုသုတ ကိုလည်း ချီးမွမ်း ခဲ့ကြပါတယ်။ (တချို့ဒေသတွေမှာ ပန်းကန်ထဲ တူ စိုက်ထား ရင် မယဉ်ကျေး တဲ့ အပြုအမူလို့ ယူဆ ကြလို့ပဲ ဖြစ်ပါတယ်။ )


ဆိုင်က ပြန်အထွက်မှာတော့ သမ္မတ အိုဘားမား က ဆိုင်ရှင်တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ပါတယ်။


အခု ပုံကို ဘာရည်ရွယ်ချက် နဲ့ တင်ခဲ့ တာလည်း ဆိုတာ လူအများက မေးခွန်း ထုတ်ခဲ့ကြပါတယ်။ သတင်းထောက် တစ်ယောက်ကတော့ Anthony Bourdain ရဲ့ တီဗီ အစီ အစဉ်ကို ကူညီခဲ့တာ ဖြစ်ပြီး လာမယ့် စက်တင်ဘာမှာ ထုတ်လွှင့်မယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးမြို့ရှိ ရွှေစည်းခုံ ဘုရား အားတွေ့ရစဉ် (ဓာတ်ပုံ-Wikipedia)
    ရန်ကုန် ၊ မေ ၂၄ ရက် (ဆင်ဟွာ)

    ပုဂံညောင်ဦးမြို့တွင် ရှိသည့် ရွှေစည်းခုံ ဘုရားကြီး၏ ရင်ပြင်တော်တွင် ဘုရင့်နောင် မင်းတရားကြီးလှူဒါန်းပြီး ဘာသာသုံးမျိုးဖြင့် ရေးထိုးထားသည့် ခေါင်းလောင်းကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်း တင်သွင်းရန် ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ထို့အတူ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို အထွေထွေ ထိန်းသိမ်း မွမ်းမံခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း အသုံးပြုခဲ့သည့် ကားအတွက် အမြဲတမ်းထားရှိမည့် ကားဂိုဒေါင် တည်ဆောက်ပြီး ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) မတိုင်မီ ရက် ၁၀၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင်ရှိသည့် မန္တလေး ယဉ်ကျေးမှု ပြတိုက်ကို အဆင့်မြှင့်တင်ခြင်းအဖြစ် ခေတ်နှင့် အညီ ပြန်လည် ခင်းကျင်း ပြသခြင်းလုပ်ငန်းကို ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အနုပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ၊ ဇာတ်တော်ကြီးများကို ပြည်သူလူထုအား အခမဲ့ဖျော်ဖြေ တင်ဆက်မှု၊ အနုပညာ အထက်တန်းကျောင်းများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မြန်မာတိုင်းရင်းသားများ၏ ရိုးရာ တူရိယာပစ္စည်း များဆိုင်ရာစာအုပ် ထုတ်ဝေ ဖြန့်ချိရေးကို ရက် ၁၀၀ စီမံချက်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများတွင် ဂေါပက အဖွဲ့များ ဖွဲ့စည်းထားပြီး ကျန်သည့် စေတီ ပုထိုးများ တွင်လည်း ဖွဲ့စည်းထားရှိရာ ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီး ဂေါပကအဖွဲ့များအား လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖြစ်သည့် မန္တလေးမြို့ဖောင်တော်ဦးကျောင်း၊ စလေကျောင်း၊ ရန်ကုန်မင်္ဂလာဒုံ၊ တောတိုက်ဓမ္မရိပ်သာ ကျောင်းများသည် အထက်တန်းအဆင့်အထိ သင်ကြားနေကြပြီး ယင်းကျောင်းများအား အထက်တန်းကျောင်း အဖြစ် ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

PHOTO- AHN - ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည့်ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ ကိုဖူးတွေ့ရစဉ်။
ကျောက်မဲ၊ မေ ၂၄။

မေလ ၂၄ ရက်(ယနေ့) နေ့လယ်ပိုင်းက၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ အား ခိုးယူ၍ ၊ ဘိန်းဖြူ နှင့် လဲလှယ်ပြီး၊ ဘိန်းရှူ ခဲ့သည်ဆိုသော လူငယ် နှစ် ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့ရှိ AHN သတင်းထောက်က ယနေ့ညနေပိုင်းတွင်သတင်းပေးပို့သည်။

" ကျောက်မဲမြို့မှာရှိတဲ့ လူမနေတဲ့အိမ်တစ်လုံးထဲက ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ ကိုခိုးယူပြီး ဘိန်းဖြူ နဲ့လဲ၊ ဘိန်းရှူ ခဲ့တယ်ဆိုတဲ့အသက် ၃၀ အရွယ်လူငယ် နှစ်ဦးကို ကျောက်မဲရဲတပ်ဖွဲ့က ဒီနေ့နေ့လယ်မှာဖမ်းဆီးရမိခဲ့တာပါ။ ကျောက်မဲမြို့လယ်မှာ ဖမ်းဆီးရမိတာပါ။ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူပျောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီလူငယ် နှစ်ဦးကိုစစ်ဆေးမေးမြန်းရာမှာ ဒီလူငယ်နှစ်ဦးက ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ ကို ခိုးယူ၊ ဘိန်းဖြူ နဲ့လဲလှယ်ပြီး၊ ဘိန်းရှူ ခဲ့တယ်လို့ ၀န်ခံထွက်ဆိုတယ်လို့ ကျောက်မဲမြို့မရဲစခန်းကတာဝန်ကျရဲဝန်ထမ်းကပြောပါတယ်။ လူငယ်နှစ်ဦး ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ ကို ဘိန်းဖြူ နဲ့လဲလှယ်ခဲ့တယ်ဆိုတဲ့ကျောက်မဲမြို့ပြင် ပန်ပေါင်းရွာက အိမ်တစ်အိမ်ကို ၀င်ရောက်စစ်ဆေးရာမှာလည်း ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူကိုတွေ့ရပါတယ်။ ဘိန်းဖြူရောင်းတယ်ဆိုတဲ့ အိမ်ရှင်ကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်လို့ အဲဒီတာဝန်ကျရဲဝန်ထမ်းကပြောပါတယ်။ လူငယ် နှစ်ဦးထဲ တစ်ဦးက သူတို့ဝင်ခိုးတဲ့အိမ်မှာတခြားခိုးစရာဘာမှမတွေ့တော့လို့ တွေ့တဲ့ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ ကိုခိုး ယူပြီး၊ ဘိန်းဖြူ နဲ့လဲ၊ ဘိန်းရှူ ခဲ့တာဖြစ်တယ်လို့ပြောကြောင်းလည်းသိရပါတယ်။ ” ဟု AHN သတင်းထောက်က သတင်းပေးပို့သည်။

မင်္ဂလာထွန်း (AHN - KME)
The Asia Heart News
https://www.facebook.com/The-Asia-Heart-News


ဒေါပုံမြို့မရဲစခန်းက သေမှုသေခင်း အမှုဖွင့် စစ်ဆေးနေတဲ့ ဦးခေါင်းမပါတဲ့ အသက် ၆ နှစ်အရွယ်ကလေးငယ်သေဆုံးမှုကို သက်ဆိုင်ရာက ဆေးစာပြန်ကြားချက်အရ လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့် အရေးယူခဲ့တယ်လို့ သိရပါတယ်။ သာကေတမြို့နယ်နေအသက် ၆ နှစ်အရွယ်မဇူးဇူးဇင်ရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ အလောင်းမှာ အလွန်အမင်း ပုတ်ပွနေပြီး ဦးခေါင်းမပါလာဘဲ လည်ပင်းအရင်းပိုင်းမှာ တိတိရိရိပြတ်နေတဲ့ ဒဏ်ရာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

အပြင် ဝမ်းဗိုက်ညာဘက်မှာ ခွဲစိတ်ထားတယ်လို့ယူဆရတဲ့ ဒေါင်လိုက်ပြတ်ရှ ဒဏ်ရာတွေလည်း တွေ့ရှိရသလို အလောင်းမှာလည်း အသည်းနဲ့ညာဘက် ကျောက်ကပ်ပါမလာခဲ့ဘူးလို့ ဆေးစာပြန်ကြား ချက်မှာဖော်ပြထားပါတယ်။

 အဲဒီအချက်တွေကို ခြုံငုံသုံးသပ်ချက်အရ လည်ပင်း ဝမ်းဗိုက်အတွင်းရရှိတဲ့ ဒဏ်ရာကြောင့် သေဆုံးခြင်းဖြစ်တယ်လို့ ထင်မြင်ကြောင်းလည်းဆိုထားပြီး အဓမ္မပြုကျင့်ခြင်းခံရတဲ့လက္ခဏာလည်းမတွေ့ရဘူးလို့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။

ဆေးစာပြန်ကြားချက်အရ ဒေါပုံမြို့မရဲစခန်းက မူလဖွင့်လှစ်ထားတဲ့ သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၆) ကနေ ပြစ်မှုနံပါတ် (၃၆၅/၂၀၁၆) ပြစ်မှုဆိုင်ရာဥပဒေပုဒ် (၃ဝ၂) အရ ပြောင်းလဲကာ လူသတ်မှုအဖြစ်ဖွင့်လှစ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews/

သမ္မတလောင်းယှဉ်ပြိုင်သူ Sanders
အမေရိကန်ပြည်ထောင်စုမှာ ဇူလိုင်လထဲကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ပါတီညီလာခံကျရင် ပါတီရဲ့ အရေးကြီးတဲ့ မူဝါတွေကို ချမှတ်တဲ့နေရာမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်လာဖို့ အကြိတ်အနယ်ယှဉ်ပြိုင်နေတဲ့ ဗားမောက်ပြည်နယ် အထက်လွှတ်တော် အမတ် Bernie Sanders အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနေပါတယ်။

အစောပိုင်း လူထုစစ်တမ်းတွေမှာ သူနဲ့ပြိုင်ဘက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်အောက် အမှတ် ၄၀ လောက် လျော့ပြီး စခဲ့ရာက အခုအချိန်မှာတော့ မစ္စစ် ကလင်တန်နဲ့ ထောက်ခံမှု အတူတူနီးပါးလောက် ရလာနေတာပါ။ ပါတီရဲ့ မူဝါဒတွေ ရေးဆွဲတဲ့ကော်မတီမှာ Sanders ရွေးချယ်တဲ့ ကိုယ်စားလှယ် ၅ ဦး ပါဝင်မှာဖြစ်ပြီး၊ မစ္စစ်ကလင်တန် ရွေးချယ်တဲ့ ကိုယ်စားလှယ်ကတော့ ၆ ဦးနဲ့ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ကော်မတီ ဥက္ကဋ္ဌ Debbie Wasserman Schultz ကရွေးချယ်သူ ၄ ဦး ပါဝင်မယ့်အကြောင်း ကော်မတီက တနင်္လာနေ့ကပဲ ကြေညာသွားပါတယ်။

လူထုအားလုံး အတွက် အကျိုးရှိမယ့် စီးပွားရေးမူဝါဒတွေ ချမှတ်နိုင်တဲ့ အနေအထားကို အခိုင်အမာရရှိလာမှာဖြစ်တယ်လို့ မစ္စတာ Sanders က တနင်္လာနေ့ကပဲ သတင်းထောက်တွေကို ပြောဆိုလိုက်သလို သူ့ မဲဆွယ်စည်းရုံးမှုတွေမှာ အဓိကကျတဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို မီးမှောင်းထိုး ပြောသွားခဲ့ပါတယ်။ သူ့ကိုယ့်သူ ဆိုရှယ်ဒီမိုကရက် တယောက်လို့ ပြောထားတဲ့ မစ္စတာ Sanders ဟာ စီးပွားရေး တန်းတူညီမျှမှုရှိရေး၊ လူတိုင်းကောလိပ်ကျောင်း ပညာသင်ယူနိုင်ရေး၊ နိုင်ငံရေးအရိပ်မိုးထားတဲ့ အကျိုးစီးပွားတွေကို ဖယ်ရှားပြီး လူမှုဖူလုံရေး အထောက်အပံ့တွေ တိုးမြင့်ပေးသွားနိုင်ရေး ဆောင်ရွက်မယ်ဆိုတဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ အထူးသဖြင့် လူငယ်တွေကြားမှာ ထောက်ခံမှု အကြီးအကျယ် ရလာခဲ့သူ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

Yoo Jae-kyung


Samsung ​ကုမ္ပဏီ ​အရာရှိဟောင်းတစ်ယောက်ကို ​တောင်ကိုရီးယားက ​မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား ​သံအမတ်အဖြစ် ​ခန့်အပ်လိုက်ပါတယ်။

ဒါကို ​ကြည့်ခြင်းအားဖြင့် ​မြန်မာနိုင်ငံမှာ ​စီးပွားရေးတွေ ​တိုးချဲ့လုပ်ဆောင်လိုတဲ့အနေနဲ့ ​တောင်ကိုရီးယားက ​စီးပွားရေးအရာရှိ ​တစ်ဦးကို ​သံအမတ်အဖြစ် ​ပို့ဆောင်တာ ​ဖြစ်နိုင်တယ်လို့ ​တောင်ကိုရီးယားထုတ် ​Yonhap ​သတင်းမှာ ​ဖော်ပြထားပါတယ်။

လာမယ့်လကျရင် ​မြန်မာဆိုင်ရာ ​တောင်ကိုရီးယား ​သံအမတ်အဖြစ် ​တာဝန်ထမ်းဆောင်မယ့် ​သူကတော့ ​Yoo ​Jae-kyung ​ဖြစ်ပါတယ်။

Yoo ​Jae-kyung ​ဟာ ​စီးပွားရေး ​သမားအဖြစ် ​နှစ်ပေါင်း ​၃၀ ​ကြာ ​လုပ်ကိုင်လာသူ ​ဖြစ်ပြီး ​Samsung ​Group ​ကုမ္ပဏီမှာ ​အလုပ်လုပ်တုန်း ​တိုးတက်မှုတွေ ​ဆောင်ရွက်နိုင်တဲ့အတွက် ​နောက်ပိုင်းမှာ ​ကုမ္ပဏီ ​ဥက္ကဌအဖြစ် ​ခန့်အပ်ခံရသူ ​ဖြစ်တယ်လို့လည်း ​ဖော်ပြထားပါတယ်။

တောင်ကိုရီးယား ​အစိုးရက ​စီးပွားရေး ​တိုးချဲ့ဖို့ ​မျှော်လင့်နေပြီး ​မြန်မာနိုင်ငံဟာ ​အလားအလာရှိတဲ့ ​နိုင်ငံဖြစ်လို့ ​စီးပွားရေး ​ပူးပေါင်းမှုတွေ ​ပိုရှိလာအောင် ​သူ့ကို ​ပို့ဆောင်တာ ​ဖြစ်မယ်လို့လည်း ​သံအမတ်အဖြစ် ​ရွေးချယ်ခံရသူက ​Yonhap ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

မြန်မာမှာ ​အလားအလာတွေ ​များတယ်ဆိုပေမယ့် ​သူစကားပြောကြည့်တဲ့ ​စီးပွားရှင်တွေကတော့ ​မြန်မာမှာ ​စီးပွားရေး ​လုပ်ရတာ ​မလွယ်ဘူးလို့ ​ပြောဆိုတဲ့အတွက် ​သူ့အနေနဲ့လည်း ​ကြိုးစားရလိမ့်မယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese