05/27/16

လမ်းဘေးဈေးသည်တွေဈေးရောင်းတယ်

စည်ပင်ကလူတွေလာတယ်..

ဈေးသည်လေးတွေက စည်ပင်ကလူကို

ငွေစလေးတွေပေးလိုက်တော့..

စည်ပင်ကလူလဲ ရူးချင်ယောင်ဆောင်ပြီးပြန်လှည့်သွားတယ်..

------------------------

စည်ပင်ကလူရုံးပြန်တော့..

လိုင်းကားစီးတယ်...

လိုင်းကားက ဟိုကျော်ဒီကျော်နဲ့..

မီးနီဖြတ်မောင်းတော့ ယာဉ်ထိန်းရဲကတားတယ်

တားတဲ့ယာဉ်ထိန်းရဲကို..စပယ်ယာက

ငွေစအနည်းငယ်ပေးလိုက်တော့..

ယာဉ်ထိန်းရဲလဲ ပြန်လှည့်သွားတယ်..

---------------

ယာဉ်ထိန်းရဲ အိမ်ပြန်ရောက်တဲ့အချိန်...

သူ့မိန်းမလက်ထဲကို နေ့တွက်ပိုက်ဆံထည့်ပေးလိုက်တယ်..

သူ့မိန်းမက အားရ၀မ်းသာစွာနဲ့..ယူတယ်..

နောက်တစ်နေ့ သူ့ကလေးကျောင်းအပ်တဲ့အခါ..

အတန်းပိုင်ဆရာမက အလှူငွေကောက်တော့..

ငွေစအနည်းငယ်ပေးလိုက်ရတယ်..

ကလေးလဲ ဆရာမရှေ့မှာမျက်နှာရတယ်..

-------------------

ဆရာမ ကျောင်းကနေအိမ်ကိုပြန်လာတယ်..

အိမ်မှာ နေမကောင်းဖြစ်နေတဲ့ ဖခင်ကိုခေါ်ပြီး

ဆေးခန်းသွားပြတယ်...

အသပြာမက်တဲ့ဆရာဝန်နဲ့တွေ့ပြီး..

ဆရာဝန်ကို ပိုပိုသာသာပေးလိုက်တော့မှ..

ဖခင်ဖြစ်သူကို ဂရုစိုက်လေတော့တယ်...

---------------------

ဆရာဝန်သူ့ကားလေးကိုမောင်းပြီး..

နောက်ဆေးခန်းတစ်ခုကိုပြေးတယ်..

သူ့ကားကချိုင့်ထဲကျပြီး ဘီးပေါက်တယ်..

အဲဒီအချိန်မှာ...အဲဒီလမ်းကိုပြင်တဲ့....

လမ်းအင်ဂျင်နီယာကတော့..

ပြည်သူ့ဘဏ္ဍာထဲက..

ရာခိုင်နှုန်းတော်တော်များများဘတ်ပြီး..

အိမ်လေးတစ်လုံး ဆောက်နေလေရဲ့....

-----------------------

အင်ဂျင်နီယာက သူ့အိမ်လေးမပြီးသေးခင်..

ဓာတ်တိုင်ကမီးတွေ သွားခိုးသွယ်တဲ့အတွက်

လျှပ်စစ်ကလူ ကြီးကလာရစ်တယ်....

အဲဒါနဲ့ လျှပ်စစ်က လူကြီးကို ငွေစတွေပေးလိုက်မှ..

လျှပ်စစ်ကလူကြီးလဲ ပြန်သွာတယ်..

------------------------

လျှပ်စစ်ကလူကြီးအိမ်မရောက်သေးဘူး..

သူ့အထက်ကလူက သူ့ကိုနယ်ပြောင်းတော့မယ်လို့

ကြားတဲ့အတွက်... ရှိသမျှစုဆောင်ပြီး..

အထုတ်ကြီးကြီးနဲ့ အဘ အိမ်ပြေးရတယ်..

အဘကို အထုတ်ကြီးကြီးနဲ့ ကန်တော့လိုက်မှ..

အဘက ၀င်ငွေပေါတဲ့မြို့မှာ ဆက်နေခွင့်ပေးတယ်..

-----------------------

အဘက သူ့ချမ်းသာမှုတွေကိုတွေးရင်း

ပီတိတွေဖြာပြီး သူ့တပည့်ကိုပြောလိုက်တယ်..

ပိုက်ဆံအထပ်လိုက်ပေးလိုက်တယ်...

ဒီညနေ ဟင်းကောင်းကောင်းစားချင်တယ်..ဆိုပြီး..

သူ့တပည့်ကတော့...ထုံးစံအတိုင်း...

ပိုက်ဆံတွေအများကြီး ဘုံးလိုက်တယ်..

ကျန်တဲ့ပိုက်ဆံအနည်းငယ်နဲ့.လမ်းဘေးဆိုင်က

ဟင်းလေးငါးပွဲသွားဝယ်တယ်...

------------------------

လမ်းဘေးဈေးသည်လေးကတော့..

မနေ့ကကျန်တဲ့ ဟင်းတွေကိုပြန်နွေးလို့..

ဟင်းပွဲအသစ်ပုံစံ ပြင်ပြီး...

ဘဘရဲ့တပည့်ကို များများလေးထည့်ပေးလိုက်တယ်.

ဘဘရဲ့တပည့်ကတော့..

ဘတ်ငွေတွေသုံးရမဲ့အရေးတွေးပြီး..

စိတ်ကူးယဉ်နေလေရဲ့..

--------------------------

ညနေစောင်းမှာ..

သူ့တပည့်က ဘဘကို ထမင်းကျွေးတော့..

ဟင်းကောင်းတယ်လို့ ချီးမွမ်းခံရတယ်..

......

အဲဒီအချိန်နဲ့ တစ်ပြိုက်တည်း...

လမ်းဘေးဈေးသည်လေးဟာလဲ...

ဒီနေ့ရတဲ့အမြတ်တွေကိုဖယ်ပြီး..

စည်ပင်က ပုံမှန်လာတောင်းရင်..

ပေးရမဲ့ငွေစလေးတွေကို..

ရေတွက်နေလေရဲ့..

:-(

( Pa Yit)

[youtube src="I7iuy1Dtuqk"/]
နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အတွေ့အကြုံ၊ အခက်အခဲတွေကို တင်ပြထားတဲ့ “လွတ်မြောက်ပြီးတဲ့အခါ ဘဝကိုအစကနေ ပြန်စကြရတယ်” ဆိုတဲ့ အစီရင်ခံစာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)တို့ပူးပေါင်းပြီး မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Kamayut Media

မေ ၂၆ ရက်က မိုင်စီရင်စု၊ အီဆေးမြို့ရှိ အီဆေးဂျင်ဂူကျောင်းတော်သို့ သွားရောက်ခဲ့သည် ဂျီ ၇ ခေါင်းဆောင်များ (Photo : AFP)

မေ ၂၆ ရက်တွင် ကမ္ဘာ့ခေါင်းဆောင်များသည် ဂျပန်တွင် နှစ်ရက်ကြာ ကျင်းပမည့် ဂျီ၇ ဆွေးနွေးပွဲကို စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းတွင် ယိုင်နဲ့လာသော ကမ္ဘာ့စီးပွားရေးကို အဓိကထားဆွေးနွေးကြပြီး ရှေ့လုပ်ငန်း စဉ်များအပေါ် တရုတ်၏ သြဇာကြီးမားလာမှုက အရိပ်မိုးလျက်ရှိသည့် အကြောင်းကို ဆွေးနွေးခဲ့ခြင်း မရှိပေ။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနှင့် အိမ်ရှင်ဂျပန်နိုင်ငံတို့မှ အစိုးရအဖွဲ့ အကြီးအကဲနှင့် နိုင်ငံခေါင်းဆောင်များသည် တိုကျိုမြို့ အနောက်တောင်ဘက် မိုင် ၂၀၀ ခန့် အကွာတွင်ရှိသော တောင်တန်းထူထပ်သည့် အီဆေးရှီးမားဒေသ၌ တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။

အဏုမြူဗုံးကြဲချ ခံခဲ့ရသည့် ဟီရိုရှီးမား မြို့သို့ မေ ၂၇ ရက်တွင် သမိုင်းဝင်ခရီးစဉ်အဖြစ် သွားရောက်မည် ဖြစ်သော အမေရိကန်သမ္မတ ဘာရက်အိုဘားမား ပါဝင်သည့် ဂျီ ၇ ခေါင်းဆောင်များသည် ဂျပန်ဒေသခံတို့၏ ရှင်တိုဝါဒထွန်းကားရာ အချက်အချာနေရာ၌ရှိသည့် ကျောင်းတော်ဝင်း တစ်ခုဖြစ်သော အီဆေးဂျင်ဂူသို့ သွားရောက်ခဲ့သည်။

အိုဘားမားသည် လုံခြုံရေးတင်းကျပ်စွာ ချထားသော သစ်ရိပ်ဝေဆာသောနေရာသို့ အနက်ရောင် SUV ကားဖြင့် နောက်ဆုံး ရောက်ရှိလာသူဖြစ်ပြီး ဂျပန်ကျောင်းသား ကလေးများက ဂျပန်အလံကို ဝှေ့ယမ်းလျက် ကြိုဆိုခဲ့ကြသည်။

ယင်းနောက် အိုဘားမားသည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ သစ်တောအုပ်တစ်ခုကို သွားရန်အတွက် သစ်သားကို ထွင်းထားသည့် တံတားတစ်ခုကို ဖြတ်သန်းခဲ့ကြသည်။

လမ်းနံဘေးဝဲယာရှိ အဆောက်အအုံများသည် အစဉ်အလာများနှင့်အညီ ပုံမှန်ပြောင်းလဲ၍ လာခဲ့သော်လည်း ကျောင်းတော်များ ပြန့်ကျဲတည်ရှိနေသည့် ကျောင်းတော်ဝင်းသည် ယင်းနေရာ၌ ရှိနေခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ပြီဟု ယူဆရသည်။

မေ ၂၆ ရက် အနှောင်းပိုင်းတွင် ဂျီ ၇ အုပ်စုသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လျော်ညီသော မော်တော်ကား နည်းပညာ၌ ကမ္ဘာ့ရှေ့ဆောင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်၏ နည်းပညာနှင့်ပတ်သက်၍ အတိုချုပ် ဆွေးနွေးမည်ဖြစ်ပြီး ဘေးဆွယ်ဆွေးနွေး ပွဲများစွာကိုလည်း ပြုလုပ်ရန် စီစဉ်ထားသည်။

Ref : AFP
Eleven Media Group

မြန်မာပြည်သူလူထုသည် အာဏာရှင်စနစ်ကိုစိတ်ပျက်ငြီးငွေ.နေကြပြီး ပို၍ကောင်းမွန်သော အနာဂါတ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကိုရွေးချယ်ခဲ.ကြသည် ။ ချွတ်ခြုံကျနေသောတိုင်းပြည်ကို စစ်အာဏာရှင်လက်ထဲမှလွှဲယူရလိုက်သောပြည်သူ.အစိုးရအဖြစ် ပြည်သူလူထု၏မျှော်လင်.ချက်မှာ အလွန်ကို မြင်.မားနေပါသည် ။ မျှော်လင်.ချက်မြင်.မားလွန်းသူတို.ထုံးစံအတိုင်း မျှော်လင်.သည်.အတိုင်းချက်ခြင်းဖြစ်မလာသောအခါ စိတ်ပျက်မှု ၊ အားမလိုအားမရမှု ၊ မကြေနပ်မှုတို.ဖြစ်ပေါ်လာတော.သည် ။

ကျူးကျော်အိမ်အဖျက်ခံလိုက်ရသော ဆင်းရဲသားတစ်ဦးက NLD ကိုမဲပေးမိတာမှားပြီဟုကျွန်တာ်.ကိုလာပြောသည် ။ လက်သန်းတွေကိုဖြတ်ပစ်ရတော.မှာလားဟုဆိုသူကဆိုသည် ။ NLD အစိုးရတက်လာမှ မီးမမှန်တာသည် အဆိုးဆုံးပြောစရာကိစ္စဖြစ်နေသည် ။ အရင်ကလည်းမီးပျက်သည် ။ယခုလည်းမီးပျက်သည် ။ သိပ်တော.မထူး ။ သို.သော် ထူးသည်က ယခင်က မီးပျက်သည်မှာစစ်ဗိုလ်ချုပ်တွေ ၊ဗိုလ်ချုပ်လူထွက်တွေအုပ်ချုပ်သောအစိုးရ။ ယခုမီးပျက်သည်မှာ ပင်နီတိုက်ပုံဝတ်တွေအုပ်ချုပ်သောကာလ ။ ထို.ကြောင်. မီးပျက်သည်.အပေါ်တွင် အမျိုးမျိုးတုန်.ပြန်ကြသည် ။ တည်မည်.သည်.ဘုရားလင်းတပဲနားနားပေါ.ကွာ ။အမေစုမျက်နှာနဲ.မပြောတော.ပါဘူးဟုဆိုလာသူတွေလည်းမရှားပေ ။ မီးပျက်တာတော.မကြိုက်ဘူး ဒါပေမယ်. NLD ဆိုတော. မဝေဖန်ရဲဘူးဟုဆိုသူများလည်း ရှိသည် ။ မြင်ရဲ.လား နင်တို.ရွေးချယ်လိုက်တဲ.အစိုးရ မီးမှန်မှန်လာအောင်တောင်မလုပ်နိုင်ဘူးဟု ပွဲလန်.တုန်းဖျာဝင်ခင်းချင်သူတွေလဲရှိနေသည် ။

တကယ်တော. မြန်မာနိုင်ငံသည် အသက်ငင်နေသောလူမမာကြီးနှင်.တူသည် ။ထိုလူမမာကြီးကို ကြံ.ခိုင်ရေးဆိုသော ဆရာဝန်လက်ထဲမှ NLD ဆိုသော သမားတော်လက်ထဲသို. ကူးပြောင်းလက်လွှဲယူလိုက်ရခြင်းဖြစ်သည် ။အသက်ငွေ.ငွေ.သာရှိတော.သော လူမမာကိုကုသရန် အပ်နှင်းချင်းခံရသော သမားတော်တစ်ယောက်လိုဖြစ်နေသည် ။ ကိုယ်.လက်ထဲကျမှသေသွားလျှင်လည်းနံမည်ပျက်ဦးမည် ။ မကုဘူးဆိုပစ်ထားလို.လည်းမရ ။ အရင်ဘာဆေးတွေကျွေးထားခဲ.သလဲဆိုတာလည်း ယခင်ဆရာဝန်ကိုမေးမြန်း၍မရ ။ လူမမာ၏အရိပ်အခြေကိုကြည်.ကာ မီးစင်ကြည်.ကနေရခြင်းဖြစ်မည် ။ အရင်ဆရာဝန်သည် မတည်.တာတွေကျွေးခဲ.သလား ။ လူမမာဓတ်စာကျွေးမည်ဟုတောင်းယူထားသည်.ပိုက်ဆံထဲက ဓာတ်စာမ၀ယ်ကျွေးပဲဖြတ်စားထားသလား မသိရသည်.ဘ၀ဖြစ်သည် ။ အဆိုးဆုံးက လူမမာကိုလက်မလွှဲခင် မတည်.သောဆေးတွေတမင် အမြင်ကပ်ကပ်နှင်.ကျွေးသွားသလား ၊ ထိုးသွားသလားမိရခြင်းဖြစ်သည် ။ လူမမာ အသက်ငင်သလိုဆန်.ငင်ဆန်.ငင်ဖြစ်တော. နောက်တက်လာသော ဆရာဝန် အဆဲခံရပြီဖြစ်သည် ။

ယခုမြန်မာနိုင်ငံမှာဖြစ်နေတာလည်းဒါမျိုးဆန်ဆန်ဖြစ်သည် ။ နောက်တက်လာသော NLD အစိုးရသည် အရင်အစိုးရလက်ထက်က ရှုပ်ခဲ.သမျှပြသနာများကိုဒိုင်ခံဖြေရှင်းနေရသည် ။ ဘာဆေးပေးရကောင်းမလဲကြည်.တုန်းမှာပင် လူမမာကဆန်.ငင်ဆန်.ငင်ဖြစ်နေသည် ။ ၀ိုင်းကြည်.နေသူတွေကလည်း လူမမာကြီးငေါက်ကနဲထထိုင်ပြီးအကောင်းပကတိမဖြစ်ရကောင်းလားဆိုပြီး အားမလိုအားမရဖြစ်နောကပေ၏ ။ ဟိုဟာလုပ် သည်ဟာလုပ်ဖြင်. အကြံပေးသူများလည်းမရှားပေ ။

နိုင်ငံသားတစ်ယောက်အနေနှင်. ကျွန်တော်လည်း ကိုယ်.နိုင်ငံကိုတိုးတက်စေချင်လှသည် ။သို.သော် ၁၉၈၈ မှစရေတွက်လျှင် ၂၇ နှစ်ကျော် ၂၈ နှစ်ခန်. စီမံခန်.ခွဲမှုတွေလွဲလာသမျှကိုချက်ချင်းဥုံဖွဆို၍ရပ်တန်.သွားအောင်လုပ်ဖို.လွယ်ကူမည်မဟုတ်မှန်းသိပါသည် ။ ကျွန်တော်တို.သည် စိတ်ရှည်ရမည် ၊ ကျွန်တော်တို.သည် သည်းခံရမည် ။ မှန်ပါသည် ။NLD အစိုးရ သက်တမ်း သုံးကြိမ်လောက် ပြန်အရွေးခံ ၁၅ နှစ်လောက်အုပ်ချုပ်ခွင်.ရပါမှ တိုင်းပြည်သည် တိုးတက်မှု၏အသီးအပွင်.များကိုဝေေ၀ဆာဆာတွေ.နိုင်ပါမည် ။ ယခုသော်ပြသနာပေါင်းသောင်းခြောက်ထောင်က ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကိုစောင်.ကြိုနေပါ၏ ။ လောလောဆယ်ပင် ဖားကန်.၌ မြေစာပုံပြိုကျသဖြင်. လူတွေအစုလိုက်အပြုံလိုက်သေးဆုံးသည်.ပြသနာ ၊ ဖားကန်.တွင် NLD ပါတီဝင် လမ်းမှူးအမျိုးသမီးတစ်ယောက် သေနတ်ဖြင်.ပစ်သတ်ခံရသောပြသနာ ၊ ဖားကန်.၌ပင် ဥပဒေစိုးမိုးမှုမရှိသောပြသနာ ၊ ချင်းပြည်နယ်တွင်တောင်ပြိုကျ၍လမ်းပိတ်သည်.ပြသနာ ၊ရှမ်းပြည်နယ်တိုက်ပွဲအတွင်းအရပ်သားများသေဆုံးရသည်.ပြသနာ ၊ ကျောက်မဲမြို.နယ်တွင်မီးရှို.ခံထားရသောအလောင်းများပြသနာ ၊ လူ.အခွင်.အရေးပြသနာ ၊စပယ်တောင်၊ကြေးစင်တောင် ၊လက်ပံတောင်းတောင် ပြသနာ ၊ ဆန္ဒပြအလုပ်သမားများပြသနာ ၊ မီးမမှန်သည်.ပြသနာ ၊ ရေရှားပါးသည်.ပြသနာ ၊ စစ်ဘေးရှောင်ဒုက္ခသည်များပြသနာ ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြသနာ ၊ ကျူးကျော်အိမ်ယာပြသနာ စသည်. မဖြေရှင်းရသေးသောပြသနာပေါင်းသောင်းခြောက်ထောင်ကို အမွေဆက်ခံထားရပါ၏ ။ထိုအထဲကမှ တောင်သူလယ်သမားများ၏ဘ၀ကိုမစာမနာပြောဆိုသောဝန်ကြီးကပေါ်လာသေးသဖြင်.အချို.NLD များပင်စိတ်ပျက်ရသေး၏ ။

NLDအစိုးရသည် အလှမ်းကျယ်အလယ်မလတ်ပဲ အောက်ခြေလူတန်းစားများပြေလည်စေသောဆင်းရဲနွမ်းပါးမှုလျှော.ချရေး ၊အလုပ်အကိုင်ရှာဖွေပေးရေး ၊ တရားဥပဒေစိုးမိုးရေးကိစ္စများကိုဦးစားပေးဆောင်၇ွက်စေချင်၏ ။ သူများရက် ၁၀၀ ဆိုတိုင်း ဖုတ်ပူမီးတိုက် လုပ်ပြသော ဌာနဆိုင်ရာအချို.၏ရက် ၁၀၀ စီမံကိန်းများကိုသိပ်ပြီးအလွန်အကျွံ မလိုက်ပါစေချင်ပါ ။ ဆင်းရဲသားများကိုပြေလည်စေချင်သည်ဆိုလျှင် စည်ပင်သာယာမှ ဈေးသည်များကိုကောက်ခံနေသော ဈေးကောက်စနစ်ကို ရက် ၁၀၀ အတွင်းဖျက်သိမ်းပစ်သင်.သည် ။ လမ်းကြေးတံတားကြေး ကောက်ခံနေမှုအားလုံးကိုချက်ခြင်းရပ်တန်.ပစ်သင်.ပေသည် ။ ဈေးကောက်များသည် ခေါင်းရွက်ဗျပ်ထိုးဈေးသည်များကိုအဓိကနှိပ်စက်နေသောကိစ္စဖြစ်သည် ။ သရက်သီးဗန်းကလေးတစ်ဗန်းချရောင်းလျှင်ပင်ဈေးကောက်ခ တနေ.ငွေ ၃၀၀ ကျပ်တောင်းနေခြင်းက လမ်းဘေးဈေးသည်များကိုအဓိကနှိပ်စက်လျက်ရှိပေသည် ။ ဈေးကောက်ခမှာများလွန်းကြောင်းပြောလျှင်လည်း ကျုပ်တို.ကနိုင်ငံတော်ကိုလေလံကြေးတွေအများကြီးပေးထားရတာဟုသာပြန်ပြောလေ.ရှိသည် ။ထို.ကြောင်.ဈေးကောက်ခလေလံပစ်ခြင်းကိုလည်းဖျက်သိမ်းပစ်ရပေမည် ။ မီးမှန်အောင်လည်းလိုအပ်တာမှန်သမျှရေတိုရေရှည်စီမံကိန်းများချမှတ်ကာ ရဲရဲဝံ.၀ံ.ဆောင်ရွက်ရပေမည် ။ အစိုးရယန္တယားတွင် ယခင်ကအပြုအမူအကျင်.အကြံအတိုင်း ကန်.လန်.တိုက်လုပ်ဆောင်နေသူ အချောင်သမားများကို ပြတ်ပြတ်သားသားရှင်းထုတ်ရပေမည် ။

လက်မှုလယ်ယာမှစက်မှုလယ်ယာဖြစ်အောင် လယ်သမားများကိုကူညီရပေမည် ။ ထို.နောက်ပြည်တွင်းငြိမ်းချမ်းရေး ၊နိုင်ငံတိုးတက်ရေး တဆင်.ချင်းလိုက်ပါလာပေလိမ်.မည် ။ ချက်ခြင်းတော.ကောင်းဦးမည်မဟုတ်တာသေချာသည် ။ အင်္ဂလိပ်တို.မြန်မာပြည်မှဆုတ်ခွာစဉ်က မြေလှန်စနစ်ကိုသုံး၍ ဖျက်ဆီးသွားခဲ.သည် ။ ယခုအစိုးရအကူးအပြောင်းတွင်လည်း ယခင်လူများဆုတ်ခွာမသွားမီဆောင်ရွက်ခဲ.သော မမြင်နိုင်သည်.မြေလှန်ဖျက်ဆီးအန္တရာယ်များကိုလည်း မြင်တတ်အောင်ကြည်.ရမည်ဖြစ်သည် ။ အနီးကပ်ဆုံးရန်သူသည် ဒုက္ခပေးတတ်ပါသည် ။ နိုင်ငံသားများကလည်း စိတ်ရှည်လက်ရှည်ဖြင်. ဒီမိုကရေစီရှင်သန်အောင်ဝိုင်းဝန်းကူညီကြရမည်ဖြစ်သည်။

သရ၀ဏ်(ပြည်)

နမ္မတူမြစ် ( Photo-Shan Human Rights Foundation)
နမ္မတူမြစ် ( Photo-Shan Human Rights Foundation)

နမ္မတူမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေကာတာတွေ နဲ့ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းဖို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ ဒီရေကာတာတွေ တည်ဆောက်တာဟာ ဒေသခံတွေအတွက် အကျိုးအမြတ်မရှိဘဲ ၊ နစ်နာဆုံးရှုံးမှုတွေပဲ ဖြစ်နေရတာကြောင့် ရပ်တန့်ဖို့တောင်းဆို လိုက်တာဖြစ်တယ် လို့ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဒီကနေ့ နေ့စွဲနဲ့ ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစားမှာ အခုလို တောင်းဆိုထားတာဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေး မှာဖြစ်ပါတယ်။

နမ္မတူမြစ်ပေါ်မှာ နော်ဝေးအစိုးရပိုင် SN Power ကုမ္ပဏီက ဆောက်လုပ်နေတဲ့ အလယ်ရဲရွာ ရေကာတာတည်ဆောက်နေတာနဲ့ ပတ်သက်ပြီး ဒေသခံတွေ နဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့လိုက်တာပါ။

ရှမ်းတောင်သူလယ်သမားကွန်ယက်၊ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နဲ့ ရှမ်းသဘာဝ ပတ်ဝန်းကျင် အဖွဲ့တွေက ဒီကနေ့ မေလ၂၆ ရက်နေ့စွဲနဲ့ ပေးပို့လိုက်တဲ့ အိတ်ဖွင့်ပေးစာ နဲ့ ပတ်သက်ပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က စိုင်းခွန်မိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

"စာပေးရတဲ့ရည်ရွယ်ချက်ကတော့ အခု နမ္မတူရေကာတာပေါ်မှာ ငါးခုထဲမှာ တခုက ပြီးစီးသွားပြီ။ လေးခု မဆောက်ဖို့အတွက်ရယ် နောက် ရွာသူရွာသားတွေ မြစ်နဘေး မှာနေကြတဲ့ ဒေသခံတွေက သဘောမတူတဲ့အတွက်ကြောင့်မို့လို့ပေါ့လေ တကယ်လို့ ဒီရေကာတာ တည်ဆောက်မယ်ဆိုရင် သူတို့ရွာတင်မကဘူးပေါ့လေ။ သီပေါမြို့ အနီးနားတဘက်မှာ နေကြတဲ့ သီပေါမြို့က ဘေးနားကပါ ပါသွားမယ့်အတွက် ပြည်သူပြည်သားတွေက ကန့်ကွက် တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်ဆိုတော့ သူက ဒီကကိစ္စကို ဖြေရှင်းနိုင်မယ် လို့ထင်လို့ ကျနော်တို့ အိတ်ဖွင့်စာပေး လိုက်ရခြင်းဖြစ်တာပေါ့။"

ဒီရေကာတာတည်ဆောက်တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလည်း နမ္မတူမြစ်ကို ကာကွယ်စို့ ဆိုတဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာ မှာ နမ္မတူမြစ်ပေါ်တည်ဆောက်နေတဲ့ ရေကာတာတွေနဲ့ အလယ်ရဲရွာရေအား လျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ရေအားလျှပ်စစ်စီမံကိန်းကနေရရှိတဲ့ အကျိုးအမြတ်တွေကို အဲဒီမှာရှိတဲ့ ဒေသခံတွေ ဟာ မခံစားရသလို၊ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကိုလည်း တာဝန်ခံပေးမယ့်သူ မရှိဘူးလို့ စိုင်းခွန်မိုင်ကပြောပါတယ်။

" နိုင်ငံတော်က လိုလို့ ဒီရေအားလျှပ်စစ်ကို လုပ်တယ်ဆိုပေမဲ့လည်း အားလုံးက နိုင်ငံခြားသားတွေနဲ့ လုပ်ပြီးတော့ နိုင်ငံခြားမှာ ပြန်ရောင်းတာလေ။ လက်ရှိရှိနေတဲ့ရေကာတာတွေ လုပ်တဲ့ဟာမှာမှ ရေအားလျှပ်စစ် ထုတ်တဲ့ဟာတွေကလည်း မြန်မာနိုင်ငံမှာ အများဆုံး သုံးတာ မဟုတ်ဘူးလေ။ သူများနိုင်ငံပဲ သုံးမယ့်အတွက်လည်း ပါတယ်။ သူများနိုင်ငံအတွက်ပဲ ပိုပြီး ပါတဲ့အတွက်ကြောင့်မို့လို့ နောက်ဖြစ်လာမယ့် ပြဿနာတွေက ဘယ်သူမှ တာဝန်မယူဘူးပေါ့။ တကယ်လို့ တာလုံရွာမှာ ရေအောက်ကို တကယ်နှစ်မြုပ်သွားမယ်ဆိုလို့ရှိရင် သူတို့ကိုပေးမယ့် မြေယာလျော် မှုတွေ နောက်ထပ်နေရာတွေ က အခုအချိန်အထိ နောက်ထပ် ကန့်သတ်ထားမှုတွေ မရှိသေးဘူး။"

ရေကာတာတွေတည်ဆောက်တဲ့နေရာမှာဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုထားခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ ရေကာတာတည်ဆောက်တဲ့အတွက် မြစ်ကြောင်းတွေပျက်စီးစေသလို၊ အဲဒီပတ်ဝန်းကျင်က လယ်မြေတွေ၊ သစ်တောတွေ၊ သက်ရှိတွေရေအောက် မှာ နှစ်မြုပ် ပျက်စီးကုန်စေတဲ့အပြင် လတ်တလော မှာ ဒေသခံတွေရဲ့ လယ်ယာမြေ ဆုံးရှုံးမှုတွေနဲ့ ကြုံနေရတယ်လို့ ရှမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က စိုင်းခေးဆိုင်က ပြောပါတယ်။

" အခုလောလောဆယ်ကတော့ ဒေသခံတွေက သူတို့ လိမ္မော်ခြံနဲ့ သူတို့တောင်ယာတွေကို ပစ်ပြီးတော့ ပြေးရတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ့ဒေသမှာ ရှိနေတဲ့ခြံတွေကတော့ ဖျက်ဖို့ သူတို့ပြောလာတယ်။ ယခင်အစိုးရကတည်းက ရွှေ့ထားခိုင်းတယ်ခင်ဗျ။ လျော်ကြေး မပေးဘူးခင်ဗျ။ လျော်ကြေး မပေးဘူး။ "

ဒါ့အပြင် ရေကာတာတည်ဆောက်ရာမှာ ဆောက်လုပ်ရေးယာဉ်တွေသွားလာဖို့ ပေ ၂၀ ကျယ်လမ်းတွေဖောက်လုပ်တဲ့အတွက် ၊ အဲဒီလမ်းတလျှောက်မှာ ရှိတဲ့သူတွေဟာ မြေယာဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့ သူကပြောပါတယ်။ အဲဒီ ရေကာတာ တည်ဆောက်တဲ့နေရာဟာ မြန်မာနိုင်ငံမှာ အဆိုးဆုံးဖြစ်ခဲ့တဲ့ ငလျင်ပြတ်ရွေ့ကြော နဲ့ နီးသလို၊ အခုလတ်တလော ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာနားမှာ ဖြစ်တာကြောင့် ရေကာတာဆောက်လုပ်မှုတွေကို ရပ်တန့်စေချင်တယ်လို့ စိုင်းခွန်းမိုင်ကပြောပါတယ်။

"ဒီရေကာတာနဲ့ပတ်သက်ပြီးတော့ ရွာသူရွာသားတွေရော ကျနော်တို့အဖွဲ့ရော နောက်ထပ် ရှမ်းသဘာဝ အဖွဲ့ရော နောက် တောင်သူ လယ်သမား အဖွဲ့ရော အားလုံး ကတော့ ပြည်သူပြည်သားတွေ ကတော့ အဲ့ဒီ့နမ္မတူအပေါ်မှာ တည်ဆောက်မယ့်ရေကာတာအားလုံးကို ရပ်စေချင်တာပေါ့။ ဘာမှ မလုပ်စေချင်ဘူးပေါ့။ သူ့သဘာဝအတိုင်းပဲ ဆက်လက်စီးဆင်းစေချင်တယ်။ ပိုပြီးတော့ရှင်သန်စေဖို့အတွက်ပါ။"

ဒါ့အပြင် နမ္မတူရေကာတာတည်ဆောက်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ ဒီကနေဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ဒေသခံပြည်သူတွေကို အသိပေးပြီး ၊ သဘောတူညီချက် ရယူဖို့ အပြင် သဘာဝသယံဇာတတွေကို ဗဟိုမှချုပ်ကိုင်မှု ရပ်တန့်ဖို့ စတာတွေကိုလည်း တောင်းဆိုထားပါတယ်။
VOA Burmese News


ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ။
ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ။

ထိုင်းအစိုးရ အနေနဲ့ မြန်မာ အစိုးရသစ်နဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် မှာ ပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ထိုင်းဝန်ကြီးချုပ် ကျန်းမာပါစေကြောင်း သမ္မတ ဦးထင်ကျော်ရဲ့ အမှာစကားကို ပြောကြား ခဲ့သလို မြန်မာနိုင်ငံ အနေနဲ့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင့်သင့် ရှိပါကြောင်း ထပ်လောင်း ပြောကြားခဲ့တယ်လို့လည်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖော်ပြပါတယ်။

မြန်မာ သမ္မတ ဦးထင်ကျော် အနေနဲ့ရော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့တော့ လတ်တလောမှာ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ခရီးစဉ် မရှိသေးဘူးလို့နိုင်ငံခြားရေး ၀န်ကြီးဌာန နိုင်ငံခြားရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက VOA ကိုပြောပါတယ်။

" State Counsellor ကတော့ လက်ရှိကတော့ Focus ကတော့ ပြည်တွင်း ကိစ္စဝိစ္စတွေကတော့ ဦးစားပေးပါပဲ။ Peace Process တို့၊ reconciliation တို့ ဒါတွေပေါ့ အဲ့ဒီ့အပေါ်မှာ မူတည်ပြီးတော့ အခြေအနေ အချိန်အခါ ခွင်ပြုရင်တော့လည်း ကျနော်တို့ ပြည်ပခရီးစဉ်တွေ စီစဉ်မှာပါခင်ဗျ။"
မသိင်္ဂီထိုက် ။ ။ ဟုတ်ကဲ့ အခုလောလောဆယ်တော့ ထိုင်းခရီးစဉ်တော့ မရှိသေးဘူးပေါ့နော်။ သမ္မတဦးထင်ကျော်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော။
" လောလောဆယ်ကာလမှာတော့ ကျနော်တို့ မရှိသေးပါဘူးခင်ဗျ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံ
ဒီကနေ့ ထိုင်းဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကြတာမှာတော့ ထိုင်းဝန်ကြီးချုပ်က နှစ်နိုင်ငံ စစ်တပ်တွေ အနေနဲ့ လုံခြုံရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ကိစ္စတွေမှာ ပိုပြီး ထဲထဲဝင်ဝင် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံကို သုံးရက်ကြာ ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပြီး မနက်ဖြန် သောကြာနေ့မှာ ခရီးစဉ် အဆုံးသတ်မှာ ဖြစ်ပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ တွေ့ဆုံ
VOA Burmese News

ရန်ကုန်၊မေ၂၂ – သင်္ချာညီမျှခြင်းတွေကိုအဖြေထုတ်ပေးမယ့်အက်ပ်တစ်ခုအိုင်အိုအက်စ်ဖုန်းတွေမှာထွက်ရှိနေပြီ ဖြစ်ပါတယ်။

Mathpixapp ဟာသာမန်ကင်မရာအပလီကေးရှင်းတစ်ခုလိုပဲဖြစ်ပြီးစခရင်ပေါ်မှာပေါ်နေတဲ့လေးထောင့်ကွင်းကို ကိုယ်သိချင်တဲ့အီကွေးရှင်းနေရာမှာထားပြီးဖုန်းကင်မရာနဲ့ဓာတ်ပုံရိုက်လိုက်ရုံနဲ့ အဖြေကိုစက္ကန့်ပိုင်းအတွင်းအတိအကျတွက်ပေးသွားမှာဖြစ်ပါတယ်။
သူ့ဆာဗာကနေအဖြေကိုတွက်ချက်ပေးတာ ဖြစ်လို့အင်တာနက်ဖွင့်ထားပေးဖို့တော့လိုမှာဖြစ်ပါတယ်။

အဖြေရဲ့အောက်ဘက်မှာတွက်နည်းအဆင့်ဆင့်ကိုသေချာဖော်ပြပေးထားတာတွေ့ရပါတယ်။
ကိုးတန်း၊ဆယ်တန်း၊တက္ကသိုလ်တွေသင်္ချာဘာသာရပ်တွေမှာပါတဲ့ဖရက်ရှင်(fraction) ၊ရု(ပ်) (root)၊လော်ဂရစ်သမ်(Logarithms)စတဲ့တွက်နည်းပေါင်းစုံကိုလည်းတွက်ပေးနိုင်ပါတယ်။

Mathpix appကိုStandford PhDကျောင်းသားNicoJimenez နဲ့Standfordဘွဲ့ရပညာရှင် Paul Ferrelတို့ကပူးပေါင်းရေးဆွဲခဲ့တာဖြစ်ပြီးပညာရေးပိုင်းဆိုင်ရာ toolတစ်ခုအနေနဲ့သုံးဖို့အတွက်ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့သူတို့ရဲ့ဝက်ဘ်ဆိုက်တွေမှာဖော်ပြထားပါတယ်။

သည်အက်ပ်ကိုလောလောဆယ်တော့အိုင်အိုအက်စ်မှာပဲထွက်ရှိသေးတာ ဖြစ်ပြီးအက်ပဲလ်စတိုးနဲ့
အက်ပဲလ်ဝက်ဘ်ဆိုက်မှာတင် searchလုပ်ပြီးဒေါင်းလုပ်ဒ်ဆွဲလို့ရပြီဖြစ်ပါတယ်။

သည်အက်ပ်ထွက်ရှိတာနဲ့ပတ်သက်ပြီးပြည်တွင်းနည်းပညာရှင်တချို့ကဝေဖန်သုံးသပ်တာမျိုးတွေရှိပါတယ်။

အိုင်တီနဲ့လုံခြုံရေးနည်းပညာရှင်ဖြစ်တဲ့ကိုစွမ်းရည်ထက်ကကောင်းတော့ကောင်းပါတယ်၊
ဒါပေမဲ့ကလေးတွေကသူတို့ရဲ့ကိုယ်ပိုင်ဉာဏ်စွမ်းကိုအသုံးမပြုဘဲဒီအက်ပ်ကိုပဲ
အားကိုးကြတော့မယ်ထင်တယ်၊ဒီနိုင်ငံမှာပိုဆိုးတာကနည်းပညာတစ်ခုတိုးလာပြီဆိုတာနဲ့
အကျိုးရှိအောင်အသုံးမချဘဲအားကိုးလွန်းတာကများတယ်လို့သုံးသပ်ပါတယ်။

မေဘယ်လ်
Kumudra

အန်စီအေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ထားတဲ့ တပ်မတော်ရဲ့ သဘောထားက အားလုံးပါဝင်ရေး ကြိုးစားနေမှုကို အခက်အခဲ ဖြစ်စေတယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်ရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ကိုးကန့်တပ်မတော်၊ ရက္ခိုင်တပ်မတော်၊ တအာင်းပလောင်တပ်မတော် သုံးဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးမည် မဟုတ်ဘဲ လက်နက်စွန့်ဖို့သာ တပ်မတော်အကြီးအကဲတွေက မေလ ၁၃ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တဲ့အပေါ် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်က ပြောဆိုလိုက်တာပါ။

“ဒီသုံးဖွဲ့ ကျန်နေတဲ့အတွက် အားလုံးပါဝင်ဖို့မဖြစ်လို့ အခု အန်စီအေ ဆွေးနွေးပွဲက အောင်အောင်မြင်မြင် မဖြစ်လိုက်ဘူးပေါ့နော်။ တချို့ပါတယ်၊ တချို့မပါဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ အားလုံးပါဝင်လာအောင် အတူတူ ၀ိုင်းကြိုးစားရမယ့်အချိန်မှာ အခုလိုမျိုး ထပ်ပြီးတော့ ထုတ်ပြောလာတဲ့ အခါကျတော့ အားလုံးပါဝင်ဖို့ ပြန်ပြီး ကြိုးစားနေတဲ့ အဖွဲ့ပေါ့။ လက်မှတ်ထိုးပြီးသွားတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ်၊ မထိုးရသေးတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ်၊ ပြီးတော့ ကျမတို့စဉ်းစားတာ နောက်အစိုးရသစ်အတွက်ပဲ ဖြစ်ဖြစ်ပေါ့နော်။ ဒါဟာ လာပြီးတော့ အခက်အခဲဖြစ်စေတယ်။ ကျမတို့က ဒီအချိန်မှာကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စကားပြောရဦးမယ်။ သူတို့ရဲ့ သဘောထားတွေကို သေချာ ပိုသိအောင် လုပ်ရမယ်။ ပြီးရင် သူတို့ကို တွေ့ဆုံဆွေးနွေးရေး အတွက်ကတော့ အမြဲတမ်း တောင်းဆိုနေရမယ်၊ အမြဲတမ်းပြောနေရမယ်။”

အန်စီအေ သဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ မေလ ၂၇ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) အစည်းအဝေးတက်ရောက်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိနေတာပါ။

မြန်မာ့တပ်မတော်ရဲ့ သဘောထားဟာ ပြည်တွင်းစစ် ဆက်လက်တောက်လောင်စေမယ့် ငြိမ်းချမ်းရေးမူသာ ဖြစ်တဲ့အတွက် ကန့်ကွက်ကြောင်း ကိုးကန့်တပ်မတော်၊ ရက္ခိုင်တပ်မတော်၊ တအာင်းပလောင် တပ်မတော် သုံးဖွဲ့ကလည်း မေလ ၂၁ ရက်နေ့က ပူးတွဲထုတ်ပြန်ချက်ထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

“အခြားနည်းလမ်းကတော့ မမြင်ဘူး။ အဲဒါကတော့ အဓိက ဒီလို တပ်မတော်က အသိအမှတ်မပြုဘူးဆိုရင် အစိုးရမှာ တာဝန်ရှိပါတယ်။ အစိုးရကနေပြီးတော့ ကြားဝင်ညှိနှိုင်းပြီးတော့ ဒါကို ဘယ်လိုဖြေရှင်းလို့ရမလဲ။ ဒါ အစိုးရမှာ ပိုတာဝန်ရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ကတော့ ဘ၀တူဖြစ်တာကလွဲလို့ ကျနော်တို့မှာ ဒီလို ဆုံးဖြတ်ပေးနိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ တခုရှိတာ ကျနော်တို့ကတော့ ပံ့ပိုးတဲ့ အင်အားစုအနေနဲ့ပဲ ရှိပါတယ်။ အဲဒီတော့ အဓိကရှိတာတော့ တပ်မတော်က အဲလိုသဘောထားရှိတယ်ဆိုရင် အခုရှိတဲ့အစိုးရအနေနဲ့ ကြားဝင်ဆောင်ရွက်ပြီးတော့ ဒီအကျပ်အတည်းကို ထွက်ပေါက်ရအောင် အစိုးရမှာ ပိုတာဝန်ရှိပါတယ်” လို့ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ယူပီဒီဂျေစီ အဖွဲ့ဝင်တွေဟာ နေပြည်တော်မှာပြုလုပ်မယ့် အစည်းအဝေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးတခုကို မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဂရင်းဟေးဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

============

မျိုးဇော်လင်း

VOA Burmese News

 ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အထည်ချုပ်စက်ရုံ တခုတွင် လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆိုဆန္ဒပြနေသော အလုပ်သမား အမျိုးသမီးငယ်လေးများ (ဓာတ်ပုံ – Reuters)
၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အထည်ချုပ်စက်ရုံ တခုတွင် လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆိုဆန္ဒပြနေသော အလုပ်သမား အမျိုးသမီးငယ်လေးများ (ဓာတ်ပုံ – Reuters)
အာဆီယံဒေသတွင်း ဖွံ့ဖြိုးမှုနောက်ကျသော CLMV နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ တို့တွင် မြန်မာနိုင်ငံ၌ လူငယ်အလုပ်လက်မဲ့နှုန်း အများဆုံး ရှိသည်ကို တွေ့ရကြောင်း ကမ္ဘာ့ဘဏ်နှင့် ILO ၏ အချက်အလက်မှတ်တမ်းများအရ သိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) ၏ မှတ်တမ်း၌ အသက် ၁၅ နှစ်နှင့် ၂၅ နှစ်ကြား အလုပ်လက်မဲ့ လူငယ်ဦးရေနှုန်း ထားတွင် မြန်မာနိုင်ငံ၌ လူငယ်မိန်းကလေး အလုပ်လက်မဲ့နှုန်းonf အလုပ်လုပ်နိုင်သော လုပ်အား၏ ၁၀.၇ ရာခိုင်နှုန်းရှိပြီး လူငယ် ယောက်ျားလေး အလုပ်လက်မဲ့နှုန်းသည် ၈.၃ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဖော်ပြထားသည်။

ထိုပမာဏသည် CLMV နိုင်ငံများအကြား အမြင့်ဆုံးနှုန်းတခုဖြစ်နေပြီး ဖွံ့ဖြိုးမှုနောက်ကျသည့် လာအိုနိုင်ငံသည် လူငယ်မိန်းကလေး အလုပ်လက်မဲ့နှုန်း ၂.၇ ရာခိုင်နှုန်းသာရှိပြီး လူငယ်ယောက်ျားလေး အလုပ်လက်မဲ့နှုန်းသည် ၄.၃ ရာခိုင်နှုန်းရှိသည်ကို တွေ့ရ သည်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်ခေါင်စာရင်း မှတ်တမ်းအရ လူဦးရေအချိုးတွင် လူငယ်လူဦးရေ အများဆုံးဖြစ်ပြီး အလုပ် လက်မဲ့ နှုန်းတွင်လည်း လူငယ် အများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။
လူငယ်အသက်၂၅ နှစ်နှင့် အထက် ရောက်လာမှသာလျှင် အလုပ်လက်မဲ့နှုန်းများ သိသာစွာလျော့ကြလာသည်ကို တွေ့ရသည်။

လူငယ်အလုပ်လက်မဲ့နှုန်း များပြားမှုနှင့်ပတ်သက်ပြီး စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက“ကျနော်တို့ဆီမှာ အချိန်ပြည့် အလုပ်ပဲ ရှိကြသေးတယ်။ အချိန်ပိုင်း အလုပ်ကလည်း ဈေးကွက် မဖွံ့ဖြိုးသေးဘူး။ သူများနိုင်ငံတွေဆီမှာ ကျောင်းတက်ရင်း အလုပ် လုပ်တာ၊ သင်တန်းတက်ရင်း အလုပ်လုပ်တာ အများကြီးပေါ့။ ဒါတွေနဲ့လည်း ဆိုင်လိမ့်မယ်။ အကယ်၍ စီးပွားရေး တိုးတက်လာပြီ ဆိုရင် ရှိနေတဲ့ အချိန်ပြည့်အလုပ်အပြင် အချိန်ပိုင်းအလုပ်တွေလည်း အများကြီးပေါ်လာလိမ့်မယ်”ဟု ပြောသည်။

လူငယ်အလုပ်လက်မဲ့နှုန်း မြင့်မားမှုသည် အလုပ်အကိုင် အခွင့်အလမ်းများပြားမှု မရှိခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး အလုပ် အကိုင် အခွင့်အလမ်းများအတွက် ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍ မြင့်မားလာရန် လိုအပ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာတွင်လည်း ပြည်ပချည်းသာမဟုတ် ပြည်တွင်းနိုင်ငံသားများကိုပါ လုပ်ကိုင်ခွင့်ပြုရမည်ဟု ဒေါက်တာ အောင်ကိုကိုက ဆက်ပြောသည်။
အလုပ်လက်မဲ့နှုန်း
အာဆီယံ CLMV ၄ နိုင်ငံရဲ့ လူငယ်အလုပ်လက်မဲ့နှုန်း ပြထားတဲ့ ဂရပ်ဇယားပါ။ အပြာရောင်နဲ့ ပြထားတာက အသက် ၁၆ နှစ် ကနေ ၂၄ နှစ်အထိ လူငယ်ယောက်ျားလေး အလုပ်လက်မဲ့ ရာခိုင်နှုန်းဖြစ်ပြီး အနီရောင်ကတော့ လူငယ် မိန်းကလေး အလုပ် လက်မဲ့ ရာခိုင်နှုန်းဖြစ်ပါတယ်
လုပ်ငန်းခွင်အများစု၌ ကြုံတွေ့နေရသည့် လုပ်ခလစာနည်းပါးမှုနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကလည်း လုပ်ငန်းခွင်သို့ ၀င်ရောက်လိုသော လူငယ်များအတွက် အဟန့်အတား ဖြစ်စေကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။

“အလုပ်တနေရာပြီးတနေရာ လိုက်လျှောက်တယ်ပေါ့။ လျှောက်လိုက်တဲ့ အလုပ်တိုင်းမှာ ဥပဒေနဲ့မညီတာမျိုး၊ ဘယ်အချိန်ဆင်းရ မလဲ ဆိုရင် မနက် ၇ နာရီကနေ ည ၇ နာရီအထိ ဆိုတာမျိုးတွေ၊ ဒါဥပဒေနဲ့ လုံးဝမညီဘူးဗျ။ အဲဒီလိုမျိုးတွေက လုပ်ငန်း ၁၀ ခု မှာ ၈ ခု လောက်မှာတွေ့နေတယ်”ဟုလည်း ဦးအောင်လင်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခလစာ ညှိနှိုင်းသတ်မှတ်မှုအရ တနေ့လျှင် လုပ်အားခကြေးငွေ ၃၆၀၀ ကျပ်ဟု ဆိုသော်လည်း အလုပ်စ၀င်သူ တယောက်အနေဖြင့် ထိုအနည်းဆုံး လုပ်ခလစာ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ၁၈၀၀ ကျပ်ဖြင့် ၃ လတိတိ လက်ခံ ရရှိသည့်အပြင် ထပ်မံ၍ ၃ လတိတိကိုလည်း တနေ့လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်းဖြစ်သော ၂၇၀၀ ကျပ်သာ ရရှိမည် ဖြစ်သည်။
ထိုအခြေအနေများနှင့် လစာနှုန်းထား နိမ့်ပါးမှုများက လုပ်ငန်းခွင်စ၀င်မည့် လူငယ်များအတွက် အဆင်မပြေဖြစ်စေကြောင်း ဦးအောင်လင်း က ပြောသည်။

“အခုမှအလုပ်စ၀င်တဲ့ လုပ်သားတယောက်က အနည်းဆုံးအခကြေးငွေ သတ်မှတ်လိုက်တဲ့အတွက် ၅၀ ရာခိုင်နှုန်းတို့၊ ၇၅ ရာခိုင်နှုန်း တို့ကို ၆ လတိတိ ဖြတ်သန်းရမယ့်ကာလ ရှိတယ်။ အဲဒီတော့ ဒီခေတ်ကာလမှာ ရမယ့်လစာနှုန်းကလည်း သူ့အတွက် လမ်း စရိတ် သာသာပဲ ရှိတယ်ဗျ။ ဒါတွေက အခက်အခဲတွေဖြစ်လာတယ်”ဟုလည်း ဦးအောင်လင်းက ဆိုသည်။

လူငယ်များအတွက် အလုပ်အကိုင်ရရှိမှုတွင် လုပ်ငန်းအတွေ့အကြုံ တောင်းလေ့ရှိသောအချက်နှင့် ကျွမ်းကျင်လုပ်သားများသာ အလိုရှိသည့် လုပ်ငန်းများကြောင့်လည်း အဟန့်အတားဖြစ်ရသည်ဟု လူငယ်များက ပြောဆိုကြသည်။

မီဒီယာလုပ်ငန်းဌာနတခုတွင် လုပ်ငန်းခွင်ဝင်နေသည့် အသက် ၂၀ အရွယ် မစုစုက“အလုပ်တွေက ခေါ်လို့ရင် လုပ်ငန်းအတွေ့အကြုံ ၅ နှစ်နှင့် အထက်တို့ ၃ နှစ်နှင့် အထက်တို့ပေါ့။ ကျောင်းပြီးပြီးချင်းက အတွေ့အကြုံကမရှိ၊ အဲဒီအတွက် အနည်းစု ကုမ္ပဏီတွေကသာ အတွေ့အကြုံမရှိသူကို ခေါ်ကြတာများတယ်။ အများစုက အတွေ့အကြုံကိုတောင်းတော့ အလုပ်လုပ်ဖို့ အခြေအနေက မပေးသလို ဖြစ်လာတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လုပ်ခလစာနှုန်းထား ခံစားရရှိခွင့် နည်းပါးနေဆဲဖြစ်သလို စီးပွားရေးဖွံ့ဖြိုးမှုမကောင်းခြင်းကြောင့် တဦးချင်းဝင်ငွေတွင်လည်း နည်းပါးလျက် ရှိနေသေးသည်။
ယခင်က အိမ်ခြံမြေ၀န်ဆောင်မှု ကုမ္ပဏီတခုတွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည့် အသက် ၂၂ နှစ်အရွယ် ကိုစိုးမိုးက လုပ်ခလစာ နည်းပါးမှုနှင့် ပတ်သက်ပြီး “သူငယ်ချင်းတွေထဲမှာ အလုပ်မရလို့ ညည်းကြတာကို ကြုံဖူးတယ်။ ရကြတဲ့အလုပ်ကလည်း ရတဲ့ လစာ နဲ့ လုပ်ရတဲ့အလုပ် မကာမိဘူး။ အဲဒီလို ဖြစ်နေကြတယ်။
ဥပမာ အခု မားကက်တင်း ခေါ်တယ်ပေါ့။ ရတဲ့လစာက ကျပ် ၁ သိန်း တောင် မပြည့်ဘူး။ အလုပ်ကရှိရင်တောင် ပေးတဲ့လစာက တအားနည်းနေတာ”ဟု ပြောပြသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများကြား တဦးချင်းဝင်ငွေ အနိမ့်ဆုံးနိုင်ငံများထဲတွင် ပါဝင်လျက်ရှိပြီး CLMV နိုင်ငံ အချင်းချင်းကြား တွင် လာအို၊ ကမ္ဘောဒီယား နိုင်ငံများနှင့် ဖွံဖြိုးမှု မကွာခြားသော်လည်း ဗီယက်နမ်နိုင်ငံနှင့် နှိုင်းယှဉ်ပါက များစွာကွာဟနေသည် ကို တွေ့ရသည်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဘဏ်၏ မှတ်တမ်း အချက်အလက်များအရ မြန်မာနိုင်ငံ၏ တဦးချင်းဝင်ငွေသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁၂၀၃ ဒေါ်လာ ရှိပြီး ဗီယက်နမ်သည် ဒေါ်လာ ၂၀၅၀ အထိရှိကြောင်း တွေ့ရသည်။

http://burma.irrawaddy.com/news/2016/05/26/114891.html

၅၄-နှစ်တိုင်တိုင်
တိုင်းပြည်ကိုယိမ်းယိုင်
ထိန်းမနိုင်အောင်ဖျက်စီးပြီးမှ
ကြွက်ကြီးကိုလွှဲချ
တော်လိုက်ကြတဲ့မိုးကျရွှေကိုယ်
သူ့ကိုယ်သူ အတန်တန်ညှစ်
ပြန်လှန်စစ်ရင် သူတို့သာကြွက်
ဖြစ်နေပါလျက် တဖက်သူကိုအဆိုး
လက်ညှိုးတွေထိုး အစိုးရသစ်ကိုလဲ
တက်ဖြစ်တာမှ လပိုင်းတာရ
လုပ်ဆောင်ချက်တွေကိုအားမရ…တဲ့…။

ရေဆန် လေအထန်မှာ
အားမာန်နဲ့လှော်နေရတဲ့သူတွေကို
ဝိုင်းကူဖို့စိတ်မကူး
လှေဦးမှာ လှော်တက်မကိုင်
ဘေးထိုင်ဘုပြော အဖျက်သဘောနဲ့
ရက်ရောအခက်ပွေ ဒီမြေကြွက်တွေကို
မသွေတိုက်ဖျက် ဦးစွာနှက်မှ
တိုးတက်တဲ့ပြည်ရွာ ဖြစ်လာမှာ….။

တက္ကသိုလ်ဘုန်းကြွယ်(မေ ၂၅ ၁၆)

ရန်ကုန်၊ မေ ၂၆ ။ ။ ရန်ကုန်မြို့တွင်းရှိ အများပြည်သူအသုံးပြုသည့် လမ်းများတွင် ချထားသည့် ကွန်ကရစ်တုံးများအား လိုအပ်သည့် နေရာမှအပ ကျန်နေရာများတွင် ပြန်လည် ဖယ်ရှားရှင်းလင်းသွားမည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ ၂၇ရက် လွှတ်တော်တွင် ပြောသည်။

"အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းတလျောက်မှာ စတင်ဆောင်ရွက်နေပါပြီ။ အနော်ရထာလမ်းနဲ့ မဟာ ဗန္ဓုလလမ်းပြီးရင် ကျွန်မတို့ ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းမှာ လုပ်ပါမယ်။ တုံးတွေကိုလည်း ကျွန်မတို့ တစ်ခါတည်းဖယ်ရှားဖို့ မဖြစ်နိုင်တဲ့ အတွက် လိုအပ်တဲ့နေရာတစ်ချို့မှာတော့ ချန်ခဲ့ပြီးတော့ ကျန်တာတွေကို တဖြေးဖြေးချင်းဖယ်ရှားရှင်းလင်းသွားမှာ ဖြစ်ပါတယ်"ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းစိန်လမ်းမ၊ ဘုရင့်နောင်လမ်း၊ ပါရမီလမ်း၊ မဟာ ဗန္ဓုလလမ်း၊ အနော်ရထာလမ်း အပါအ၀င် အများပြည်သူ အသုံးပြုနေသည့် မော်တော်ယာဉ်သွား လမ်းများ တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးဟုဆိုကာ ယခင်အစိုးရက ကွန်ကရစ်တုံးများ ချထားပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကွန်ကရစ်တုံးများသည် တစ်တုံးလျှင် ကျပ်သုံးသောင်းခွဲနှုန်းကုန်ကျကာ ကုန်ကျစရိတ် များပြားသော်လည်း ယဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်အန္တရာယ်ဖြစ်ပွားမှုများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် ပြန်လည် ဖယ်ရှားပေးရန် ရှိမရှိ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

"ကွန်ကရစ်တုံးများချထားသော်လည်း ယာဉ်လိုင်းအချို့သည် စည်းကမ်းဥပဒေကို မလိုက်နာပဲ စည်းကမ်းဖောက်ဖျက်၍ လုပ်ဆောင်နေတာကိုတွေ့ရှိရပါတယ်။ ထို့ကြောင့် ကွန်ကရစ်တုံးများ ချထားသော်လည်း ဥပဒေ မသက်ရောက်ဘူးဆိုတာကို ပေါ်လွင်နေပါတယ်" ဟု ဦးကျော်မင်းဟန်က ပြောသည်။

အဆိုပါကွန်ကရစ်တုံးများအစား ခေတ်မီမြို့တော် အင်္ဂါရပ်နှင့်ညီအောင် CCTV များတပ်ဆင် အသုံးပြုရန် ရှိမရှိ မေးမြန်းရာတွင် နောက်ပိုင်းတွင် ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဟုသာ ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။

ကွန်ကရစ်တုံးများအား ဖယ်ရှားရန် ကိစ္စကို မေလ ၁၉ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့တော်စည်ပင်ကော်မတီ၊ သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနတို့ ပါဝင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စတင်ဖယ်ရှားနေပြီဖြစ်သည့် အနော်ရထာလမ်းတွင် ကွန်ကရစ်တုံး အတုံး(၂၀၀)ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်၏ ပြောကြားချက်အရ သိရသည်။
Mizzima - News in Burmese

ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ
မန္တလေး၊ မေ ၂၆ ။ ။ ရေတံခွန်တောင်ဂေါက်ကွင်းဆောက်ရန် လယ်သိမ်းခံရ၍ ထွန်တုံးတိုက်ပွဲဝင်သူများ တရားစွဲခံရမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ကိုမျိုးဝင်းကို ပုဒ်မ ၆၁ ဖြင့် စွဲဆိုထားခဲ့သည့်အမှုမှာ အမှုမမြောက်ဟု တရားသူကြီးက အမိန့်ချကာ အမှုကို ပိတ်သိမ်းပေးလိုက်ပြီဖြစ်သည်။

"ဒီနေ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို တကယ်ကိုအားရကျေနပ်တယ်။ အခုက စစ်မှုထမ်းဟောင်းကစွဲဆိုတဲ့ ပုဒ်မ ၆၁ ကို တရားသူကြီးရဲ့ သုံးသပ်မှုအရ စွဲချက်မတင်သင့်ဘူး မမြောက်ပါဘူးဆိုပြီး တရားရှင်လွှတ်ပေးလိုက်တာဟာ တရားစီရင်ရေးသည် အမှန်တရားဘက်ကို ဦးတည်လာပြီ ပြည်သူ့ ဘက်ကို မျက်နှာမူလာပြီ ဆိုတာ ဒီနေ့ တရားခွင်မှာတွေ့ လိုက်ရပါတယ်။" ဟု ဦးမျိုးဝင်းက ပြောသည်။

စစ်မှုထမ်းဟောင်းအဖွဲ့က ဦးမျိုးဝင်းကို စွဲဆိုထားသည့်အမှုကို မေလ ၂၆ရက် ရုံးချိန်းတွင် အမိန့်ချကာ တရားရှင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းကို ၂၀၁၅ခုနှစ် ဇွန်လက ပြုလုပ်သည့် တောင်သူလယ်သမားများ၏ ထွန်တုံးတိုက်ပွဲတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အိုးဘိုထောင်တွင် ၁၀လကြာ အချုပ်ကျနေခြင်းဖြစ်သည်။

လက်ရှိတွင် အိုးဘိုထောင်တွင်း၌ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်တို့ ရှိနေသေးပြီး ၎င်းတို့ကိုလည်း အမြန်ဆုံးလွှတ်ပေးရန် ဦးမျိုးဝင်းက တောင်းဆိုလိုက်သည်။

Mizzima - News in Burmese


သမ္မတဟောင်းဘုရှ်၊ သမ္မတဟောင်း ကတော် လော်ရာ ဘုရှ်တို့နဲ့ ကိုလင်းထက်နိုင် ၊ မဖြိုးဖြိုးအောင်။ (လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ် သင်တန်းဆင်းပွဲ)
သမ္မတဟောင်းဘုရှ်၊ သမ္မတဟောင်း ကတော် လော်ရာ ဘုရှ်တို့နဲ့ ကိုလင်းထက်နိုင် ၊ မဖြိုးဖြိုးအောင်။ (လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ် သင်တန်းဆင်းပွဲ)
ငြိမ်းချမ်းရေးနဲ့ လွတ်လပ်တဲ့ လူ့အသိုင်းအ၀ိုင်း ထူထောင်ရာမှာ မြန်မာလူငယ်တွေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်သမ္မတဟောင်း George W. Bush က ပြောဆိုလိုက်ပါတယ်။ သမ္မတဟောင်းရဲ့ Bush Institute မှာ တက်ရောက်နေတဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းဆင်းပွဲမှာ တိုက်တွန်းပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်အောင်က တင်ပြပေးမှာဖြစ်ပါတယ်။

မေလ ၂၅ ရက်နေ့က အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ Bush Institute ကစီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ် သင်တန်းဆင်းပွဲကို တက္ကဆပ်ပြည်နယ် ဒါးလပ်စ်မှာ ကျင်းပခဲ့တာပါ။
မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင် ၁၈ ဦးရဲ့ ဒီပလိုမာသင်တန်းဆင်းပွဲ

တိုင်းပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ တတပ်တအား ပါဝင်ကြတဲ့ မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင် ၁၈ ဦးရဲ့ ဒီပလိုမာ သင်တန်းဆင်းပွဲကို သမ္မတဟောင်း George W. Bush နဲ့ ဇနီး လောရာဘုရှ်တို့က တက်ရောက်ပြီး စကားပြောကြားရမှာ သမ္မတဘုရှ်က မြန်မာလူငယ်တွေ တိုင်းပြည်တည်ဆောက်ရေးမှာ အထောက်အကူဖြစ်အောင် ကူညီကြဖို့ တိုက်တွန်းခဲ့ပါတယ်။

"ငြိမ်းချမ်းရေးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ လွတ်လပ်မှုအ၀န်းအ၀ိုင်း ပိုကျယ်ပျံ့အားကောင်းလာအောင် အကောင်းဆုံးလုပ်ဆောင်သွားဖို့ ကျနော်နဲ့ လော်ရာ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါဟာအကောင်းဆုံးလမ်းဖြစ်ပြီး အခုသင်တန်းဆင်းတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း ဒီအတိုင်းဆက်လုပ်ဖို့ ကျနော်တို့ ပြောခဲ့ပါတယ်။ ဒါဟာ ကျနော့အတွက်တော့ အနာဂါတ်ခေါင်းဆောင်တွေကို အားပေးဖို့ ရရှိတဲ့ အခွင့်အရေးပါ။ ဒီလိုအားပေးလိုက်တဲ့ သူတွေဟာလည်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်အောင် ဆက်လုပ်သွားမယ်ဆိုတာ တကယ့်ကို ယုံကြည်ပါတယ်။

ဒီအခမ်းအနားကို သမ္မတဟောင်း ဇနီးမောင်နှံအပြင် ဒီမိုကရေစီရေး ထောက်ခံ အားပေးတဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ပါတယ်။ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ် ကိုတက်ရောက်သူတဦးဖြစ်တဲ့ ယုံကြည်ရသော ရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့က မအေးအေးစန်းက

"ဒီသင်တန်းမှာ ခေါင်းဆောင်မှုဆိုင်ရာကိစ္စရပ်တွေကို သင်ကြားခဲ့သလို မြို့တော်ဝါရှင်တန်ဒီစီကို သွားရောက်လေ့လာတဲအခါမှာလည်း အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီစနစ်ကို ဘယ်လို တည်ဆောက်ထား သလည်းဆိုတာ တွေ့ခဲ့ရပါတယ်။ အခုလို ဒီမိုကရေစီစနစ် လက်တွေ့ကျင့်သုံးနေတာကိုတွေ့ရတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းလာရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပိုရလာခဲ့ပါတယ်။ ဆင်းရဲမှု ပပျောက်ရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ ပြည်သူလူထုရဲ့ ပညာရေးနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေ ပိုခိုင်မာလာအောင် လုပ်ဆောင်ဖို့ အဲဒီအခြေအနေတွေက ကျမကို လှုံ့ဆော်ပေးပါတယ်။"

၂၀၁၆ ခုနှစ် ဖိုရမ် သင်တန်းဆင်းပွဲကို မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့လည်း တက်ရောက်ပါတယ်။ ၂၀၁၅ ခုနှစ် သင်တန်းဆင်းပွဲ ကျင်းပတဲ့ အချိန်တုန်းက သူတို့ဟာ ပညာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရတာပါ။ သင်တန်းဆင်းအခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတဟောင်းကတော် လော်ရာဘုရှ်ကလည်း ဒီမိုကရေစီရရှိအောင် ဇွဲလုံလနဲ့ ကြိုးပမ်းခဲ့ကြသူတွေကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။

"၂၀၀၂ ခုနှစ်ကနေစလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေတွေနဲ့ ပါတ်သတ်ပြီး ကျမ စတင်လုပ်ဆောင်လာတာပါ။ အတိုက်အခံတွေအပေါ် စစ်အစိုးရ ရဲ့ ပြုမူဆက်ဆံပုံတွေနဲ့ ပါတ်သတ်ပြီး တော်တော်ကို စိတ်မသက်မသာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတွင်းမှာလည်း သူတို့ကို ဆန္ဒပြတဲ့အပြင် နိုင်ငံတကာကလည်း လက်မခံဘူးလို့ ပြောဆိုနေတဲ့ကြားကပဲ စစ်အစိုးရဟာ တိုင်းပြည်အာဏာကို ချုပ်ကိုင်လာတာ ဆယ်စုနှစ် အတော်ကြာပါပြီ။ ဒီလိုအခြေအနေအောက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီလိုလားတဲ့ခေါင်းဆောင်တွေဟာ အနာဂါတ် ဒီမိုကရေစီနိုင်ငံတော်အတွက် ဇွဲနဘဲနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ တနေ့နေ့မှာ မြန်မာပြည်လွတ်မြောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုမဆုတ်မနစ် လုပ်ဆောင်ခဲ့ကြတာတွေကိုလည်း ကျမအနေနဲ့ အထင်ကြီးလေးစားမိပါတယ်။ မဆုတ်မနစ် ကြိုးစားဆောင်ရွက်ခဲ့တာကြောင့် ဒီကနေ့မှာဆိုရင် မြန်မာနိုင်ငံဟာ အဲဒီအိပ်မက်ထဲကအတိုင်း အကောင်အထည်ပေါ်လာဖို့ ပိုနီးစပ်လာပါပြီ။"

နိုင်ငံတွေ ဒီမိုကရေစီအသွင်ကူးပြောင်းရာမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုအရည်အသွေးနဲ့ ပါတ်သတ်ပြီး ငယ်ရွယ်သူ ခေါင်းဆောင်တွေကို သမ္မတဟောင်း George W. Bush ရဲ့ Bush Institute ကစီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ်မှာ သင်ကြားပို့ချပေးနေတာပါ။ တနှစ်ကြာ သင်တန်းကာလအတွင်း လစ်ဘရယ် ဒီမိုကရေစီနဲ့ စီးပွါးရေးလွတ်လပ်ခွင့်၊ တခြားနိုင်ငံတွေက ဒီမိုကရေစီရေး ပြောင်းလဲမှုဖြစ်စဉ်၊ လက်တွေ့အသုံးချ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု အကြောင်း စတာတွေကို သင်ကြားပေးပါတယ်။
VOA Burmese News

ကချင်ပြည်နယ် ကျောက်စိမ်းတွင်းတွေမှာ မြေစာပုံပြိုလို့ လူတွေသေဆုံးကြရပြန်ပါပြီ။ နိုင်ငံပိုင် သယံဇာတ ယိုဖိတ်ဆုံးရှုံးမှုကြီးကို အစိုးရသစ်က မပိတ်ပင် မတားဆီးနိုင်သေးတဲ့အပြင် လူတွေအစုလိုက်အပြုံလိုက် မကြာခဏသေဆုံးနေရတာတွေကိုပါ ဒီအတိုင်း လက်ပိုက်ကြည့်နေကြရတော့မှာလား ဆိုတာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ဒေသခံဂျာနယ်လစ် ဦးဇော်မိုးထက်တို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ။ ။ အခု ဖားကန့်မှာ လူတွေသေကြပြန်ပြီပေါ့ခင်ဗျာ။ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အစိုးရ တက်လာပြီဆိုတော့ လူတိုင်းက အစစအရာရာ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ပြဿနာဟာ လုံးဝဥဿုံ ချက်ခြင်းပြီးပြတ်သွားခြင်းမရှိရင်တောင်မှ အခြေအနေ တိုးတက်ကောင်းမွန်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တော့ လူတိုင်းမှာ ရှိခဲ့ကြပါတယ်။ အခု ဖားကန့်အခြေအနေနဲ့ပတ်သက်ပြီးတော့ ဘာတိုးတက်မှု တစုံတရာ မြင်ခဲ့ရပါလဲခင်ဗျ။ သတင်းသမားဖြစ်တဲ့ ကိုဇော်မျိုးထက် စပြောပါခင်ဗျ။

ကိုဇော်မျိုးထက်။ ။ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်းပေါ့နော်။ အားရလောက်တဲ့ အပြောင်းအလဲတွေ၊ တိုးတက်မှုတွေတော့ ကျနော်တို့ မတွေ့ရသေးဘူးဗျ။ လက်ရှိ ကျနော်တို့နေတဲ့ ဖားကန့်အနေအထားနဲ့ဆိုပေါ့နော်။ အထူးသဖြင့် ကျနော်တို့ပြောချင်တာက တရားဥပဒေစိုးမိုးမှုမရှိဘူး။ ဒီ ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့တရားဥပဒေလိုက်နာမှုက လုံးဝကိုအားနည်းတယ်ဗျ။ ပွင့်လင်းမြင်သာမှုတွေမရှိဘူး။ အန္တရာယ်ကင်းရှင်းနိုင်အောင် အုပ်ချုပ်ရေးပိုင်းတွေ၊ ဆိုင်ရာဝန်ကြီးဌာနပိုင်းတွေက စီမံကွပ်ကဲတာမျိုးတွေလည်း မရှိဘူးဆိုတော့ တော်တော်လေး စိတ်မကောင်းစရာပါဗျ။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ခင်ဗျာ။ ဦးခင်မောင်မြင့်တို့ တက်လာပြီးတဲ့နောက်ပိုင်းမှာပေါ့ဗျာ။ တကယ်တော့ ပြည်သူတွေဟာ ဒီအခြေအနေတွေ တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အခြေအနေ တိုးတက်မှု တစုံတရာတွေ့ရပါလားခင်ဗျ။

ဦးခင်မောင်မြင့်။ ။ တိုးတက်လာအောင် ကျနော်တို့ကတော့ ကြိုးစားနေပါတယ်။ ကျနော်က သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်မှာလည်း ပါတဲ့အတွက်ကြောင့် ကျနော် အများဆုံးကြိုးစားနေပါတယ်။ ပြောရမယ်ဆိုလို့ရှိရင် ဖားကန့်မှာက တရားဥပဒေစိုးမိုးမှုကို တပ်တို့၊ တပ်မ စကရ (၇) တို့၊ ရဲတပ်ရင်း လုံထိန်းတပ်ရင်း နှစ်ရင်းတော့ရှိတယ်။ အဲဒါမျိုးမကြုံအောင်သူတို့က လုပ်ရမယ့်အစား သူတို့ ဘယ်လိုနေရာများ၊ ဘာကြောင့်များ ဘယ်လိုဖြစ်နေတယ်ဆိုတာလည်း ကျနော်တို့မသိဘူး။ ကျနော်တို့က ဥပဒေနဲ့နည်းဥပဒေကို ရေးဆွဲဖို့ကျနော်တို့လွှတ်တော်မှာ အကြိတ်အနယ်ကြိုးစားနေပါတယ်။

ဦးကျော်ဇံသာ။ ။ ဥပဒေရေးဆွဲတယ်ဆိုတာကတော့ အချိန်လည်းယူရအုံးမယ်။ လောလောဆယ်မှာဖြစ်နေတဲ့ကိစ္စတွေ၊ သေနေကြတာနဲ့ပတ်သက်ပြီးတော့ တရားဥပဒေစိုးမိုးအောင် မလုပ်နိုင်ဘူးလားခင်ဗျာ။ ဒီအစိုးရတက်လာပြီးကတည်းက- မတက်လာခင်ကတည်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်က တရားဥပဒေစိုးမိုးရေးဟာ သိပ်အရေးကြီးတယ်၊ ဒါကို အဓိကလုပ်မယ်ဆိုတာ ပြောနေတာ။ အခုထိ တရားဥပဒေစိုးမိုးရေးတိုးတက်မလာတာ ဘာကြောင့်လို့ ထင်မိပါသလဲ။ ကိုဇော်မျိုးထက်။

ကိုဇော်မျိုးထက်။ ။ ကျနော် ဥပမာလေးတခုနဲ့ပြောချင်တယ်ဗျ။ ကျနော်တို့ ကားအကောင်းစားကြီးတစီး ဝယ်ပေးထားလည်း မောင်းတတ်တဲ့သူတက်မောင်းမှ၊ ဂရုတစိုက်နဲ့မောင်းမှ တိုက်ခိုက်မှုဆိုတာမျိုး မဖြစ်ဘူးဗျာ။ နောက်ပြီးတော့ ဆိုးကျိုးတွေ မဖြစ်လာနိုင်တာပေါ့။ အခုလည်းဒီအတိုင်းပဲ၊ NLD အစိုးရက မဲအပြတ်အသတ နိုင်ပြီးတော့ အစိုးရတရပ်ဖြစ်လာတယ်ဆိုပေမယ့် အခုနပြောသလို သူတို့ ဥပဒေပဲပြုနေတယ်၊ ဥပဒေတွေက အကောင်းဆုံးတွေပြုနေတယ်၊ မှန်တယ်။ ဒါပေမယ့် အဲဒီဥပဒေတွေကို တကယ်လိုက်နာဆောင်ရွက်ရမယ့်ဟာ က နံပါတ် (၁) ပြည်ထဲရေးပေါ့နော်။ ပြည်ထဲရေးလက်အောက်ခံမှာရှိတဲ့ အဖွဲ့အစည်း ထွေ/အုပ်လို ဟာမျိုး ပေါ့ နော်။ … အများကြီးပေါ့နော်။ အစစ အဲလိုအဖွဲ့အစည်းမျိုးတွေက ကျနော်တို့ဖားကန့်မှာ တကယ်လိုက်ပြီး လုပ်တာ မရှိဘူး။ လောင်းကစား၊ မူးယစ်ဆေးဝါးပေါ့နော်- အစစ အရာရာ အကုန်လုံးတခုမှ စိုးမိုးမှု မရှိသေးဘူး။ လက်ရှိလည်းမရှိဘူး။ နောင်လည်း ရှိမယ့်အလားအလာမရှိဘူးလို့ပဲ ကျနော်ပြောချင်တယ်ဗျာ။ ဖားကန့်အနေအထားက။

ဦးကျော်ဇံသာ။ ။ ဒီလို အခြေအနေဆိုးနေတာနဲ့ပတ်သက်ပြီးတော့ ဥပဒေပြုအဖွဲ့အစည်းဆိုတဲ့လွှတ်တော်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် - လွှတ်တော်နှစ်ရပ်လုံးဆိုပါတော့။ ဒီမှာ အာဏာပိုင်အဖွဲ့အစည်းပါပဲ၊ နိုင်ငံတော်မှာ အဆင့်အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဟာ တကယ်တော့ လွှတ်တော်ပါ။ ဒီမိုကရေစီစနစ်အရ ပြောရမယ်ဆိုရင် - ဆိုတော့ ဦးခင်မောင်မြင့်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုရုံ ကလွဲလို့ ဒီဥပဒေကို အကောင်အထည်မဖော်တဲ့ကိစ္စကိုရော ထိထိရောက်ရောက်လက်ညှိုးထိုးပြီး မပြောနိုင်ဘူးလားခင်ဗျ။ ဘာဖြစ်လို့ လက်တွေ့အကောင်အထည်မဖော်နိုင်ဘူးလဲဆိုတာ။

ဦးခင်မောင်မြင့်။ ။ ဒီဥစ္စာလည်း ပြောရမယ်ဆိုလို့ရှိရင်ဗျာ။ ကျနော်တို့ အလုပ်တွေမှာတော့ ပူးပေါင်းလုပ်ရမှာပေါ့ ဗျာ။ အခုနက ကိုဇော်မျိုးထက်ပြောသလိုပေါ့ဗျာ။ အုပ်ချုပ်ရေးပိုင်းက ပြည်ထဲရေးတို့၊ အဓိက ကတော့ တပ်မတော်ပေါ့ဗျာ။ အမှန်မှာ သူတို့နိုင်ငံကောင်းဖို့ကတော့ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်ပဲဗျာ။ ဗိုလ်ချုပ်အောင်ဆန်းသမီးလက်ထက်မှာတော့ အားလုံးပူးပေါင်းပြီးမှလုပ်ရင်တော့ ပိုကောင်းမယ်လို့တော့ ကျနော်မြင်တယ်။ ကန့်လန့်ကန့်လန့်လုပ်နေမယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်ကြီးက ဒိထက်မက ဆင်းရဲတွင်းနက်အုံးမှာပဲ။ အဓိက ကျနော်တို့တိုင်းသူပြည်သားတွေ ဒုက္ခရောက်မှာပေါ့ဗျာ။ အဲဒီ အခြေအနေမျိုးဆိုတော့ အားလုံးပူးပေါင်းပြီးမှလုပ်မယ်ဆိုရင်တော့ ပြည်သူပြည်သားတွေအတွက်လည်း ဝမ်းပမ်းတသာနဲ့ အကုန်လုံးကဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်မယ်လို့ပဲ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဆိုတော့ အခုအခါမှာ တပ်မတော်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုတဲ့သဘောလားခင်ဗျာ။ ထိပ်ပိုင်းကမပူးပေါင်းတာလား။ ဒေသခံတပ်တွေက မပူးပေါင်းတာလား။ သူတို့ရဲ့အခွင့်အလမ်းတွေအတွက် ဒါဟာ တမင်တကာလျစ်လျှူရှုပြီးတော့ ဖွင့်ထားကြသလားဆိုတာလည်း ဆန်းစစ်ကြည့်ဖို့လိုတယ်ထင်ပါတယ်။ ကိုဇော်မိုးထက် ဘယ်လိုမြင်ပါသလဲ၊ အဲဒီကိစ္စကို။

ကိုဇော်မိုးထက်။ ။ အဓိက-ကတော့ တပ်ရဲ့သဘောတရားကတော့ ဒီထိပ်ပိုင်းကနေမှ အောက်ကိုဆင်းတာ ပေါ့ဗျာ။ သူတို့ အမိန့်အာဏာ Command တွေနဲ့သွားတာကိုးဗျ။ အဲဒီတော့ ကျနော်တို့ဖားကန့်မှာ ဘယ်လို အခြေအနေဖြစ်နေတုန်းဆိုတော့ ကုမ္ပဏီတွေမှာကျတော့ တပ်မတော် တပ်ရင်းတပ်စုတွေက ကုမ္ပဏီအတွင်းမှာ လုံခြုံရေးယူပေးတာမျိုးတွေရှိတယ်ပေါ့ဗျာ။ အထူးသဖြင့် ကျောက်စိမ်းလုပ်ကွက်တွေထဲမှာ ရေမဆေးတွေ ဝင်ရှာလို့ရှိရင် ဖမ်းတယ်၊ ဆီးတယ်၊ ရိုက်တယ်၊ နှက်တယ်၊ ပါတဲ့ပစ္စည်းတွေသိမ်းတယ်ပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ဖြစ်စေချင်တာက အခုဆိုလို့ရှိရင် ၂၃ ရက်နေ့က ရာအိမ်မှူး မနန္ဒာလှိုင်ပစ်သတ်ခံရတယ်။ လက်နက်နဲ့ ပစ်သတ်သွားတဲ့ကိစ္စပဲ။ အဲဒီတော့ ဒီဟာသည် ကျနော်တို့ဖားကန့်မှာဆိုလို့ရှိရင် အထူးသဖြင့် စစ်ဆင်ရေး နယ်မြေပဲ ပြောရမလား။ ဒီလို တပ်တွေအများကြီးရှိနေတဲ့အချိန်မှာ အစိုးရရဲ့ ဝန်ထမ်းတယောက်ကို ဒီလိုမျိုး ပစ်သတ်သွားခံရတဲ့ကိစ္စတွေပေါ့နော်- ဒါမျိုးကိစ္စတွေမှာ ကြည့်လိုက်တာနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် လုံခြုံမှု ရှိလားမရှိလားဆိုတာက အများစဉ်းစားလို့ရတယ်။ တွေးစရာကိစ္စတခုပေါ့။ အဲဒီအတွက် တပ်က တရားဥပဒေစိုးမိုးမှုအပိုင်းတွေမှာ စစ်ဆင်ရေးနယ်မြေမို့ ပူးပေါင်းပါဝင်မှုမရှိဘူးဆိုလို့ရှိရင် ပြည်ထဲရေးလိုဟာမျိုးက ဘာဖြစ်လို့ ဒီကိစ္စတွေကို မဆောင်ရွက်တာလဲ။ ကျနော်တို့ မေးခွန်းထုတ်စရာဖြစ်လာပြီပေါ့နော်။

ဦးကျော်ဇံသာ။ ။ အဲဒီမေးခွန်းမျိုးကို လွှတ်တော်မှာမမေးဘူးလားခင်ဗျ။ ဦးခင်မောင်မြင့်။

ဦးခင်မောင်မြင့်။ ။ ကျနော်တို့လည်းဒီမှာ အားလုံးမေးကြတာပါပဲ။ တပ်နဲ့ဆိုင်တဲ့ဟာလည်း အကုန်လုံးမေးကြတာပါပဲ။ တပ်နဲ့အကောင်းဆုံးပူးပေါင်းဆောင်ရွက်ဖို့တော့ ကျနော်တို့လည်းလုပ်နေပါတယ်။ ဒါပေမယ့် ခက်တာဗျာ အကုန်လုံးက အချိန်လေးစောင့်စောင့်ပြီးမှ လုပ်နေရတဲ့အချိန်ကျတော့ ဖြစ်တဲ့ဥစ္စာက သိပ်ပြီးမှ မြန်ဆန်နေပြီးမှ ကျနော်တို့ဥပဒေပြုတာက နှေးနေတဲ့အတွက် အဲဒါကလည်းတမှောင့်ပဲဗျ။ အဲဒါကလည်း ပြောမယ်ဆိုရင် ကျနော်တို့လွှတ်တော်ဘက်က နည်းနည်းလိုအပ်တာပေါ့ဗျာ။

ဦးကျော်ဇံသာ။ ။ ဥပဒေပြုမှဖြစ်မှာလား။ အဲဒါမျိုးကိစ္စကျတော့ ဒါကို စုံစမ်းရေးကော်မရှင်လုပ်ပြီး ဘယ်လိုလုပ်ပေးပါ၊ ဘာညာလို့ လွှတ်တော်က တပ်ကို ပြောခွင့်မရှိဘူးလားခင်ဗျ။

ဦးခင်မောင်မြင့်။ ။ ရှိပါတယ်ခင်ဗျ။ ဒါပေမယ့်လည်း ကျနော်တို့လည်း ကြိုးစားတော့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာလည်း အခက်အခဲပေါင်းမြောက်များစွာဖြစ်နေတဲ့အချိန်ကျတော့ ပြောမယ်ဆိုလို့ရှိရင် - ဘယ်ဟာဦးစားပေးရမှန်းမသိဘူး၊ အကုန်လုံးက အရှုပ်ထုတ်ကြီးက ကျနော်တို့ဘက်မှာကျန်ခဲ့တယ်ဆိုတော့ အဲဒီအရှုပ်ထုတ်ကြီးကို ရှင်းနေရတာပေါ့ဗျာ။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ လူတွေသေနေရတဲ့ကိစ္စလေ- ဒီကိစ္စကတော့ ဦးစားပေးဖြစ်သင့်တယ်ပေါ့၊ မဟုတ်ဘူးလား။

ဦးခင်မောင်မြင့်။ ။ ဟုတ်ကဲ့ပါ။ ဖြစ်သင့်ပါတယ်။

ကိုဇော်မိုးထက်။ ။ ကျနော် နည်းနည်းလောက်ပြောချင်တယ် ရမလား။

ဦးကျော်ဇံသာ။ ။ ပြောပါ။

ကိုဇော်မိုးထက်။ ။ ဦးခင်မောင်မြင့်တို့ - ဒီ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်-စတဲ့ အလုပ်များတာတော့ မှန်တယ်။ ကျနော်တို့က ပထမဦးစားပေးရမယ့်အလုပ်ဆိုတာက ကျနော်တို့အကြံပြုချင်တာပေါ့နော်၊ ဖားကန့်မှာဆိုလို့ရှိရင် လူတွေသေလိုက်ပြီဆိုလို့ရှိရင် အစုလိုက်အပြုံလိုက်သေတယ်ပေါ့နော်၊ အဲဒီတော့ လူသေဆုံးမှုတွေ အရမ်းမြင့်တက်နေတယ်။ ဒီမြင့်တက်နေတာနဲ့ပတ်သက်ပြီးတော့ ကျောက်စိမ်းတူးဖော်ရေး ယန္တရားတွေနဲ့ လုပ်တဲ့ကိစ္စမှာ ဥပဒေနဲ့မညီညွတ်ဘူး။ ကျနော်တို့လည်း သိနေတာပဲ။ ဦးခင်မောင်မြင့်တို့ကိုယ်တိုင်လည်း ကွင်းဆင်းစစ်ဆေးကြည့်တယ်၊ အမြင်အားဖြင့်လည်း ဒါတွေဟာ မညီညွတ်နိုင်ဘူး။ မညီညွတ်နိုင်ဘူးဆိုတော့ ဒီလိုကုမ္ပဏီမျိုးတွေကို တရားဥပဒေနဲ့အညီ တူးဖော်ဖို့ စက်ယန္တရားက တဧကဆိုဘယ်လောက်တူးဖော်ရမယ်၊ ဘယ်လောက်လုပ်ရမယ်ဆိုတဲ့ဟာမျိုးတွေကို ကြပ်ကြပ်မတ်မတ်ထိန်းကွပ်မယ့်အဖွဲ့အစည်းတခုကို အရင်ဦးစွာ ဖွဲ့ပြီးမှ ဒီကုမ္ပဏီတွေရဲ့လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီးတော့ ငွေကြေးစီးဆင်းမှုတွေကအစ၊ ကျောက်စိမ်းတူးဖော်ရရှိတာတွေကို နိုင်ငံတော်နဲ့ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ဘယ်လိုချိတ်ဆက်ပြီးတော့ နိုင်ငံတော်ကို ဘယ်လိုအပ်တယ်ဆိုတဲ့ဟာမျိုးတွေက အစ NLD ပါတီအနေနဲ့ ချုပ်ကိုင်တာကိုအရင်လုပ်မယ်ဆိုလို့ရှိရင် ဖားကန့်ရဲ့လက်ရှိအနေအထားဟာ…..

ဦးခင်မောင်မြင့်။ ။ အဲဒါ ကျနော်တို့လုပ်နေပါတယ်။ ကျနော်တို့အကုန်လုံး တိုင်ပင်ဆွေးနွေးနေပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ကျနော်တို့လည်း နေ့စဉ်ဆွေးနွေးပြီးမှ လုပ်နေတယ်။ ခက်တာက ကျနော်လည်း လွှတ်တော်မှာလည်း မေးခွန်းမေးပြီးပြီ။ ကျနော်တို့ဆီမှာလည်း ဘယ်လိုခေါ်မလဲဆိုတော့ ဟိုနေ့လုပ်မယ်၊ ဒီနေ့လုပ်မယ်နဲ့တချို့ဟာတွေကျ သယံဇာတနဲ့ ပတ်ဝန်းကျင်ကော်မတီ- ကလည်း နည်းနည်းနည်းနည်း တချို့ရွှေ့ဆိုင်းနေတာလေးတွေရှိတယ်။ ကျနော်တို့လည်း ဒါကို အမြန်ဆုံးတော့ ဖြစ်အောင် ကျနော်တို့ လုပ်နေပါတယ်။ ပြောမယ်ဆိုလို့ရှိရင် ဒီဥစ္စာကြီးက ကျနော်တို့ဖားကန့်ကြီးမှာ ကမ္ဘာပျက်သလို ဖြစ်နေတယ်။ ကျနော်လည်း အဲဒီမှာတော့ ပြောနေတာပဲ။ အားလုံးအဆင်ပြေလာမယ်လို့တော့ ထင်တာပဲ။ လောလောဆယ် ကတော့ သူတို့ကလည်း ဒီလုံခြုံရေးအကြောင်းပြပြီးတော့မှ ကျနော်တို့ကို သွားတဲ့လာတဲ့နေရာမှာလည်း တပ်ကနေပြီးတော့မှ ဘယ်လိုခေါ်မလဲဆိုတော့ ဝန်ကြီးသွားတာတောင်မှ လုံခြုံရေးမပေးနိုင်ဘူး-ဆိုပြီးပြန်ခဲ့ရတော့ ကျနော်တို့က အဲဒီအချက်ကို စဉ်းစားနေတယ်။ ကောင်းမယ်ဆိုလို့ရှိရင် ဒီဥစ္စာတွေကတော့ လုံခြုံရေးအပြည့်အဝပေးပြီးမှ ကျနော်တို့ချက်ခြင်းသွားဖို့ ကောင်းပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဆိုတော့ တကယ်ပဲလုံခြုံရေးအခြေအနေသိပ်ဆိုးနေသလား၊ တပ်ကတောင်မှ လုံခြုံရေးမပေးနိုင်လောက်အောင် ဆိုးနေပါသလား။ အဲဒီကအခြေအနေဟာ။

ဦးခင်မောင်မြင့်။ ။ အဲလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးသွားတာတောင်မှ မော်ဟန်၊ နမ့်ချီကိုသွားမယ့်အချိန်မှာ မြောက်ပိုင်းတိုင်းက သူတို့လုံခြုံရေးမပေးနိုင်ပါဘူးဆို စာထွက်လာပြီးတော့မှ ဝန်ကြီးတောင် မသွားလိုက်ရတဲ့ကိစ္စဖြစ်နေတော့ ကျနော်တို့လည်း စဉ်းစားရခက်နေပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့၊ ကိုဇော်မိုးထက်၊ အဲဒီတော့ အခြေအနေက တကယ်ဆိုးသလား အဲဒီမှာ။ မသွားနိုင် လောက်အောင် သူတို့က အကြောင်းပြတာလား။ အမှန်တကယ်ပဲ တိုက်ပွဲတွေဖြစ်နေလား၊ အခြေအနေဆိုး နေသလား၊ အဲဒါသိချင်ပါတယ်။ လုံခြုံရေးအနေအထားကတော့ ကျနော်တို့ ဒီလောက်ကြီးမဆိုးပါဘူးဗျ။ ဖားကန့်မှော် ဧရိယာမှာက သွားလာနေတာပဲ။ အများကြီးလည်း ဝေးဝေးလံလံသွားစရာမဟုတ်ပါဘူး။ အလွန်ဆုံး ရှိရင် ဝေခါလိုဟာမျိုးတောင် သွားလို့ရတယ်ဗျာ။ ကျန်တဲ့နေရာက ဘာမှ ပြဿနာမရှိဘူး။ လုံခြုံရေးပေးလို့ရတယ်။ သွားလို့ရတယ်။ စစ်တပ်ကအကြီးအကဲတွေသွားရင်တောင်မှ ဘာပဲပြောပြောဗျာ၊ လုံခြုံရေးနဲ့သွားရတာပဲ။ ဒါက တကယ်ကို နိုင်ငံတိုးတက်စေချင်တယ်ဆိုရင် ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ တကယ်ကွင်းဆင်းစစ်ဆေးဆိုလို့ရှိရင် ဘာပဲပြောပြော စစ်တပ်အနေနဲ့ကတော့ ဖြစ်သင့်တယ်လို့ပဲ ကျနော်တို့ကမြင်တယ်ဗျ။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ကျနော် နောက်ဆုံးမေးခွန်းတခုစီမေးချင်ပါတယ်။ အဲဒီတော အခု ကိုဇော်မိုးထက်က ပြောပါတယ်၊ ဦးခင်မောင်မြင့်၊ လုံခြုံရေးပေးလို့ရပါတယ်၊ ဘာကြောင့်မပေးနိုင်လဲဆိုတော့ ဒီစစ်တပ်က အခုလိုလုပ်နေတာ ၊ နောက် စစ်တပ်ရဲ့လက်အောက်မှာရှိနေတဲ့ပြည်ထဲရေးတို့ ရဲတို့က ဒီကိစ္စကို မဟန့်တားနိုင်တာဟာ သူတို့ရဲ့ ငွေရေးကြေးရေး အကျိုးစီးပွား အကျိုးအမြတ်အတွက် လုပ်နေတာလား။ အောက်ခြေကတပ်ဖွဲ့တွေပဲလား၊ ဟိုးထိပ်ပိုင်းက ညွှန်ကြားချက်ဆိုတော့ ထိပ်ပိုင်းအထိ သူတို့အရပ်စကားနဲ့များ ခွံ့ထားလို့များ တမင် မျက်ကွယ်ပြုနေကြသလားဆိုတဲ့မေးခွန်းကိုပဲ ကျနော်မေးချင်ပါတယ်။ ဦးခင်မောင်မြင့်ရဲ့သဘောထားကိုပြောပါ။ နောက်ဆုံးအနေနဲ့။

ဦးခင်မောင်မြင့်။ ။ ဒီမှာတော့ အချက်အလက်ပေါင်းစုံ ပါမှာပေါ့ဗျာ။ ဘာလဲဆိုလို့ရှိရင် သူတို့ရတဲ့အပိုင်းလည်း ရှိမှာပေါ့ဗျာ။ အပေါ်ကညွှန်ကြားတဲ့အပိုင်းလည်းရှိမယ်။ ကျနော်တို့က သေချာတော့မသိဘူး။ ဒါပေမယ့် တခုရှိတာတော့ သူတို့လည်း အဲဒီမှာနေတယ်ဆိုတော့ လမ်းကြောင်းတခုခုကတော့ သူတို့ကိုတော့ ပိတ်ဆို့တဲ့လမ်းကြောင်းတော့ရှိမှာပေါ့ဗျာ။ ဒီလို ဒီလိုလုပ်၊ ဒီလို ဒီလိုလုပ်-ဆိုတာ၊ ဘာညာ ကွိကွ…ဒါ လောပန်းတွေနဲ့ လုပ်ငန်းရှင်တွေနဲ့ဆိုတာ။ လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့လုပ်ငန်းကို မတွေ့ရအောင် အမျိုးမျိုးဖန်တီးမှာပဲလေ။ အဲဒါတွေကတော့ ဂယက်ရိုက်မှုဟာ နောက်ဆုံးကျတော့ သူတို့က လုံခြုံရေးမပေးနိုင်ဘူးဆိုတာ ဖြစ်လာတာ။ ဒါပါပဲ။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဆိုတော့ လောပန်းတွေက ဟိုးထိပ်ပိုင်းအထိ ခွံ့သလားသူတို့က။

ဦးခင်မောင်မြင့်။ ။ အာ-သူတို့က အကုန်လုံးပိုင်တဲ့သူတွေချည့်ပဲ။ အဲဒီမှာ မပိုင်တဲ့လူဆိုတာ မရှိဘူး။ အဲဒီမှာလုပ်နေတဲ့ကုမ္ပဏီပိုင်ရှင်တိုင်းဟာ အကုန်လုံး ထိပ်ဆုံးအထိ ပိုင်တဲ့လူတွေချည့်ပဲ။ ထိပ်ဆုံးအထိ မပိုင်တဲ့လူဆိုတာမရှိဘူး။

ဦးကျော်ဇံသာ။ ။ ကိုဇော်မိုးထက်ရေ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးမှတ်ချက်လေး ကြားချင်ပါတယ်။

ကိုဇော်မိုးထက်။ ။ ဖားကန့်မှာရှိတဲ့ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေက ဖားကန့်ဒေသမှာအုပ်ချုပ်နေတဲ့ ငရကလိုမျိုး ပြည်ထဲရေးအဆင့် ရဲစခန်းလိုဟာမျိုးလောက်ကတော့ ကုမ္ပဏီထဲကို ဝင်ဖို့ တော်တော်ခက်ပါတယ်။ ဘာလို့ခက်နေရသလဲဆိုလို့ရှိရင် ဒီလိုကုမ္ပဏီပိုင်ရှင်တွေက အရင်တုန်းက နိုင်ငံတော်အဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အကျိုးအမြတ်ရှယ်ယာတွေ ဒီကုမ္ပဏီတွေထဲမှာပါနေတယ်။ ဒါကြောင့်လည်း ကျနော်တို့ထင်တာ တရားဥပဒေစိုးမိုးမှုမရှိဘဲနဲ့ ကျောက်တွေဟာ တရုတ်ပြည်ထဲကို မှောင်ခိုလမ်းကနေ ဒါရိုက် ခိုးထွက်ခွင့်ပြုနေတယ်။ အခုလည်း ထွက်နေတုန်းပဲ။ ပြီးခဲ့တဲ့တရက်နှစ်ရက်ကတောင်မှ ကျောက်ကားတွေ အများကြီးထွက်သွားတယ်။ အဲဒီတော့ ဒါတွေကိုကြည့်ခြင်းအားဖြင့် ပြည်ထဲရေးလိုဌာနမျိုးက ဒီကိစ္စတွေကို ဘာဖြစ်လို့ ကြပ်ကြပ်မတ်မတ် မကိုင်တွယ်နိုင်တာလဲဆိုတာ လက်ရှိအားဖြင့် အပေါ်ကညွှန်ကြားတာမျိုးရှိမယ်။ အောက်ကနေပြီးတော့လည်း သူ့ဟာနဲ့သူ အဆင်ပြေသလိုပေါ့နော်၊ ကြည့်ပေး၊ ကြည့်သွားတာမျိုးတွေလည်း ရှိမယ်။ အဲဒီအတွက် တရားဥပဒေစိုးမိုးမှုက အလွန်အားနည်းနေတယ်။ အဲဒီအတွက် နောက်လည်း အားနည်းနေအုံးမယ်လို့တော့ ကျနော်က ပြောချင်တယ်ဗျ။

VOA Burmese News

နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြည်ပနိုင်ငံတွေဆီ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဟောင်း တွေ ပြည်ဝင်ခွင့်ဗီဇာ လွယ်ကူစွာရရှိရေးနဲ့ ပြည်နေခွင့်ပိုမိုရရှိရေးကို ဦးစားပေး ဆောင်ရွက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသားဟောင်းတွေရဲ့ စွမ်းအားအရင်းအမြစ်တွေကို နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်လာစေဖို့ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက် ပတ်သက်ပြီး အစိုးရ ပြန်ကြားရေးက ထုတ်ပြန်လိုက်တာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒု-၀န်ကြီး ဦးကျော်တင်က “ပြည်ပရောက် နိုင်ငံသားဟောင်းတွေပေါ့နော် သူတို့တွေမြန်မာနိုင်ငံကိုလာမယ်ဆိုရင် ၂၈ ရက်လောက်ပဲ ခွင့်ပြု တဲ့ social visit (လူမှုရေးအလည်အပတ်) ပေါ့။ အဲဒါထက် ပိုမိုကြာကြာ သုံးလတန်သည်၊ ၆ လတန်သည် တိုးမြှင့်ပြီး ကြာကြာနေခွင့်ရဖို့၊ သူတို့လျှောက်လွှာတွေနဲ့ပတ်သက်ပြီးတော့ ပိုမို လွယ်ကူလျှင်မြန်သွက်လက်စေဖို့ ဖြေလျှော့ပေးမှုတွေ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ လုပ်နေတာတွေ ရှိပါတယ်။”

“ပြည်ပမှာ နိုင်ငံခြားအတွေ့အကြုံတွေရှိတယ်။ အဲလိုနိုင်ငံကနေပြီးတော့ စီးပွားရေးဘက်မှာရော၊ ပညာရေးဘက်မှာရော၊ အဲလိုလူမျိုးတွေ မြန်မာနိုင်ငံကို ဖိတ်ခေါ်ပြီးတော့ ကျနော်တို့အနေနဲ့ နိုင်ငံတော် တည်ဆောက်ရေးထဲမှာ အသုံးပြုနိုင်အောင်လို့ သက်ဆိုင်ရာဝန်ကြီးဌာနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

“ရာဇ၀တ်မှုတွေ ကျူးလွန်သွားတာမဟုတ်ဘဲနဲ့ နိုင်ငံရေး ယုံကြည်ချက် သက်သက်နဲ့ဆိုလို့ရှိရင် ပိတ်ပင်ထားတာသက်သက်ဆိုရင် အဲလိုလူတွေ ပြန်လာခွင့်ရအောင် ကျနော်တို့အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းပြီး ရက် ၁၀၀ အတွင်း အဆင်ပြေအောင် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြောကြားပါတယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့် သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အမည်မဲစာရင်း (black list) ထည့်သွင်းခံ ထားရသူတွေကို စာရင်းမှထုတ်ပယ်နိုင်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေဟာ မိဘအိမ်သဖွယ် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ အားကိုးရာ ကြိုးပမ်းဖော်ဆောင်မှုတွေ ကိုလည်း ရက် ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ပြည်ပတွင်လက်ရှိတာဝန် ထမ်းဆောင် နေကြတဲ့ မြန်မာသံအမတ်ကြီးတွေ၊ သံရုံးအကြီးအကဲ တွေကို နေပြည်တော်မှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ မကြာမီ စုပေါင်းခေါ်ယူတွေ့ ဆုံပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ တရားဝင်အကျိုးစီးပွားတွေ ကာကွယ်ပေးဖို့၊ အစိုးရသစ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒတွေအသိပေး ပြောကြားဖို့နဲ့ အမြင်ချင်းဖလှယ်ဖို့ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ပြည်ပမှာ နိုင်ငံသားတွေ အလုပ်လုပ်ရာမှာ သက်ဆိုင်ရာအိမ်ရှင် နိုင်ငံတွေရဲ့ ဥပဒေစည်းမျဉ်း တွေ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ အကာအကွယ်တွေ ရရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။

နိုင်ငံတကာဆက်ဆံရေးမှာ ချစ်ကြည်ရေးခရီးစဉ်တွေသွားရောက်ရေး၊ သံတမန်တိုးချဲ့ရေး၊ နိုင်ငံခြားသံတမန်တွေ နိုင်ငံတကာအဖွဲ့အစည်တွေ ပြည်တွင်းခရီးသွားလာ၊ ပြည်ဝင်ဗီဇာ၊ ပြည်နေခွင့်တွေ လွယ်ကူစေရေး၊ အစိုးရဝန်ထမ်းများနှင့် ဝန်ကြီးဌာနများအတွက် နိုင်ငံခြားရေးရာ မူဝါဒကော်မတီရဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြေလျော့ပေးရေးတွေကိုလည်း အကောင်အထည် ဖော်သွား မယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံတကာပုံရိပ် ပြန်လည် ကောင်းမွန်လာရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ အဓိကအလေးပေး ဆောင်ရွက်သွား မယ်လို့လည်းဆိုပါတယ်။
DVB TV News

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေသည့်
ပုဂ္ဂလိကကုမ္ပဏီများသည်လုပ်ငန်းတာဝန်များကို လုပ်ဆောင်ရန် ပျက်ကွက်နေသောကြောင့် ပြန်လည် သုံးသပ်စီစစ်ပြီး ဝန်ကြီးဌာနသို့တင်ပြကာ
လုပ်ပိုင်ခွင့်ရုပ်သိမ်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သိရသည်။

ကျောက်တံတားမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ မြို့နယ်အချို့တွင် လျှပ်စစ်ဓါတ်အားဖြန့်ဝေခြင်းကို ပုဂ္ဂလိက ကုမ္ပဏီများသိုလွှဲပြောင်း၍ တစ်ဆင့်ခံဆောင်ရွက်နေခြင်းကို
ပြန်လည်သုံးသပ်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းကို
ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

" ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပဋိညာဉ်စာချုပ်ထဲမှာ သူတို့လုပ်ရမယ့် လုပ်ငန်းတာဝန်များကို ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ယင်းကုမ္ပဏီများက စာချုပ်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်နေတဲ့အတွက် ပြန်လည်သုံးသပ်စီစစ်ပြီး
ပြည်ထောင်စုအစိုးရထံတင်ပြပြီးတော့ လုပ်ပိုင်ခွင့် ရုပ်သိမ်းခြင်းကို ဆောင်ရွက်သွားပါမယ်"ဟု ရန်ကုန်တိုင်း လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

သို့သော် လျှပ်စစ်ဓါတ်အားဖြန့်ဝေခြင်းလုပ်ငန်းကို တစ်ဆင့်
ခံဆောင်ရွက်နေသည့် ပုဂ္ဂလိကကုမ္ပဏီများထဲမှ တာဝန်ပျက်ကွက်သည့် ကုမ္ပဏီအမည်နှင့် ပြန်လည်သုံးသပ်ပြီး မည်သည့်အချိန်တွင်
လုပ်ပိုင်ခွင့်ရုပ်သိမ်းမည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
လက်ရှိအချိန်တွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်အချို့တွင် မီးမကြာခဏပျက်ခြင်း ၊ မီးအားမပြည့်ခြင်းများကိုကြုံတွေ့နေရကြောင်း
သိရသည် ။

ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း(YESC) သည် ၂၀၁၅- ၂၀၁၆ ဘဏ္ဍနှစ်တွင် အမျိုးသားဓာတ်အားစနစ်မှ ယူနစ် ၆၇၀၅ ဒသမ ၀၄၃ ဘီလီယံဝယ်ယူခဲ့ပြီးသုံးစွဲသူများသို့ ယူနစ် ၅၉၁၃ ဒသမ ၂၈၂ ဘီလီယံ ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။

လင်းဟိန်း

============

Popular News Journal

မေ ၂၁ ရက်က အိုကလာဟိုးမား ပြည်နယ်တွင် ဆိုလာလေယာဉ်ခရီးစဉ် စတင်ရန်အတွက် ပြင်ဆင်နေမှုကို ရိုက်ကူးထားသောဓာတ်ပုံ (Photo : AFP)

နေစွမ်းအင်သုံးလေယာဉ် Solar Impulse 2 က အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယား ပြည်နယ်သို့ မေ ၂၅ ရက်တွင် ဆင်းသက်ခဲ့ရာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို ကမ္ဘာတစ်ဝန်း သုံးစွဲမှု မြှင့်တင်နိုင်ရန် ရည်ရွယ်သော ကမ္ဘာပတ်ခရီးစဉ်၏ နောက်ထပ်ခရီးတစ်ထောက် အောင်မြင်မှု ဖြစ်လာခဲ့သည်။

မေ ၂၅ ရက် အစောပိုင်းတွင် အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့မှ စတင်ထွက်ခွာခဲ့ပြီးနောက် ဆွစ်ဇာလန် စွန့်စားသူ လေယာဉ်မှူး ဘာထရန့် ပက်ကက် မောင်းနှင်သော ယင်းလေယာဉ်သည် ၁၇ နာရီခန့် ပျံသန်းခဲ့ပြီးနောက် ဒေသစံတော်ချိန်နံနက် ၈ နာရီ ၄၉ မိနစ် (ဂရင်းနစ်စံတော်ချိန် မေ ၂၆ ရက် ၀၀၄၉ နာရီ) တွင် Lehigh Valley အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ခဲ့ကြောင်း သိရသည်။

နောက်ထပ် ခရီးတစ်ထောက်သည် မေ ၃၀ ရက်နောက်ပိုင်း နယူးယောက်ရှိ နာမည်ကျော် လေဘာတီ ရုပ်တုကို ဖြတ်သန်း၍ ကမ္ဘာပေါ်ရှိ အစည်ကားဆုံး လေဆိပ်တစ်ခု ဖြစ်သော ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ ပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။ လူတစ်ဦးသာ လိုက်ပါနိုင်သည့် ယင်းလေယာဉ်သည် ၂၀၁၅ ခုနှစ် မတ် ၉ ရက်တွင် အဘူဒါဘီမြို့မှ စတင်ထွက်ခွာခဲ့သည်။ ဘိုရင်း ၇၄၇ လေယာဉ်၏ တောင်ပံအကျယ် အတိုင်း ရှည်လျားသော ယင်းလေယာဉ်တွင် တောင်ပံများနှင့် ဘက်ထရီများကို နေ့အချိန်တွင် အားသွင်းရန်အတွက် ဆိုလာဆဲလ် ၁၇၀၀၀ ခန့်ကို တပ်ဆင်ထားသည်။

တစ်နာရီလျှင် မိုင် ၃၀ (၄၈ ကီလိုမီတာ) နှုန်းဖြင့်သာ မောင်းနှင်လျက် Lehigh Valley သို့ ဆင်းသက်မှုသည် အရှေ့မှ အနောက်သို့ ပျံသန်းသော ခရီးစဉ် တစ်ခုလုံးအတွင်း ခရီးတစ်ထောက် ရပ်နားမည့် ၁၆ ကြိမ်အနက် ၁၃ ကြိမ်မြောက် ရပ်နားမှုဖြစ်ကြောင်း သိရသည်။ "အလွန်ဆန်းကြယ်တဲ့ အခိုက်အတန့်ပါ။ ကျွန်တော် နယူးယောက်လေကြောင်း ထိန်းချုပ်ရေး စင်တာနဲ့ အဆက်အသွယ် ရလိုက်တယ်။ ကျွန်တော်တို့တွေ အမေရိကန်ကို ဖြတ်ကျော်လာခဲ့ပြီ" ဟု လေယာဉ်မှူး ပက်ကက်က ပြောကြားခဲ့သည်။

သန့်စင်စွမ်းအင်ဖြင့် မဖြစ်နိုင်ဟု ယူဆထားသော အရာကို လုပ်ဆောင်နိုင်ကြောင်း ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် နေစွမ်းအင်ဖြင့် ကမ္ဘာ့ပထမဆုံး ကမ္ဘာပတ်ခရီးစဉ် ပျံသန်းမှုတွင် ပက်ကက်နှင့် ဆွစ်ဇာလန်စီးပွားရေး လုပ်ငန်းရှင်နှင့် လေယာဉ်မှူး ဘော့ရှ်ဘက်တို့က ယင်းလေယာဉ်ကို တစ်လှည့်စီ ထိန်းချုပ်မောင်းနှင် ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ၎င်းတို့၏ ကြိုးပမ်းမှုများသည် အဆင်မပြေမှုများလည်း ကြုံခဲ့ရသည်။

မိုင်ပေါင်း ၂၁၇၀၀ (ကီလိုမီတာ ၃၅၀၀၀) ပျံသန်းမည့် ခရီးစဉ်၏ ထက်ဝက်ခန့်တွင် လေယာဉ်၏ ဘက်ထရီများ ထိခိုက်မှုကြောင့် ပြီးခဲ့သော ဇူလိုင်တွင် လေယာဉ်ပျံသန်းမှုကို ရပ်နားခဲ့ရသည်။ နာဂိုယာနှင့် ဟာဝိုင်ယီတို့ အကြား မိုင် ၄၀၀၀ ခရီးစဉ် ပျံသန်းနေစဉ် အပူပိုင်း ရာသီဥတုကြောင့် လေယာဉ်ထိခိုက်မှုကို ပြုပြင်မှုသည်လည်း လနှင့်ချီ ကြာမြင့်ခဲ့သည်။

အမေရိကန်ကို ဖြတ်သန်းခဲ့ပြီးနောက် ယင်းဆိုလာ လေယာဉ်သည် နယူးယောက်မှ ဥရောပတောင်ပိုင်းသို့ အတ္တလန္တိတ်ဖြတ်ကျော် ခရီးစဉ်၊ ယင်းမှတစ်ဆင့် ခရီးစဉ် စတင်မှတ်ဖြစ်သည့် အဘူဒါဘီသို့ ဆက်လက် ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

Ref : AFP
Eleven Media Group

■ အသံလွှင့် မီဒီယာဟာ ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းပါ

ဈေးကွက် စီးပွားရေးစနစ် ရှင်သန် အားကောင်းလာတာနဲ့ အညီ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမယ်။ စီးပွားရေး လုပ်ငန်းရှင်တွေဟာ သတင်းမီဒီယာနဲ့ အခြား နည်းလမ်းတွေကို အသုံးချကာ မိမိတို့ ထုတ်ကုန်၊ ၀န်ဆောင်မှုတွေ အကြောင်းကို ကြော်ငြာကြရတယ်။ တိုင်းပြည် စီးပွားရေး အရွယ်ပမာဏကို လိုက်ပြီး နိုင်ငံတစ်ခု အတွင်းရှိ တစ်နှစ်အတွင်း စီးပွားရေး ကြော်ငြာဈေးကွက် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ ရှိတတ်တယ်။ ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းဆိုတာ အဲဒီလောက် ကြီးမားတဲ့ ကြော်ငြာဈေးကွက် စီးပွားရေးလုပ်ငန်းလည်း ဖြစ်တယ်။ ဘယ်နိုင်ငံမှာမဆို သတင်းမီဒီယာ ကြော်ငြာငွေထဲက သုံးချိုးနှစ်ချိုး မနည်းတဲ့ ပမာဏဟာ ရုပ်မြင်သံကြားမှာ ထည့်သွင်းတဲ့ စီးပွားရေး ကြော်ငြာတွေ ဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၆ မီဒီယာ စီးပွားရေး ကြော်ငြာဈေးကွက် ပမာဏဟာ အမေရိကန် ဒေါ်လာ သန်း ၂၂၀ ကျော် ရှိမယ်လို့ ခန့်မှန်းတယ်။ အဲဒီ အထဲမှာ အသံလွှင့်မီဒီယာ ကြော်ငြာတန်ဖိုးက လေးပုံသုံးပုံ၊ တန်ဖိုးအားဖြင့် ၁၆၅ သန်းခန့် ရှိမယ်လို့ ခန့်မှန်းတယ်။ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်လာပြီး၊ တိုင်းပြည်စီးပွားရေး ကြီးလာတာနဲ့ အမျှ မြန်မာနိုင်ငံ စီးပွားရေး ကြော်ငြာတန်ဖိုးဟာလည်း ဆယ်စုနှစ် တစ်ခုအတွင်း ဘီလျံအထိ ဖြစ်လာနိုင်တယ်။


■ Free-to-air နဲ့ terrestrial broad-casting

စီးပွားရေး ကြော်ငြာတွေ လက်ခံတဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား လိုင်းတွေဟာ ပရိသတ်များဖို့ လိုတာမို့ အခမဲ့ ထုတ်လွှင့်တဲ့ လိုင်းတွေ ဖြစ်တယ်။ အဲဒါတွေကို free-to-air လိုင်းတွေလို့ ခေါ်တယ်။ အဲဒီ လိုင်းတွေကို လက်ခံနားထောင်၊ ကြည့်ရှုသူတွေဟာ အခကြေးငွေ ပေးစရာ မလိုပါ။ စီစဉ် ထုတ်လုပ်သူတွေဘက်က စီးပွားရေး ကြော်ငြာတွေ ထည့်သွင်းပြီး စီးပွားရှာကြတယ်။ အခမဲ့ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေဟာ တိုင်းပြည်တစ်ခုရဲ့ ပထ၀ီ နယ်နိမိတ်အတွင်း မြေပြင်မှာ တပ်ဆင်ထားတဲ့ စက်ကိရိယာ၊ နည်းပညာတွေကို အသုံးချ ထုတ်လွှင့်ရတယ်။ အဲဒါကို မြေပြင်က ထုတ်လွှင့်ခြင်း (terrestrial broadcasting) လို့ ခေါ်တယ်။ အခမဲ့ မြေပြင်က ထုတ်လွှင့်တဲ့လိုင်း (free to air, terrestrial broadcasting) တွေဟာ သက်ဆိုင်ရာ နိုင်ငံအလိုက် လိုင်းအရေအတွက် အကန့်အသတ်နဲ့ ရှိကြတယ်။ အထူးသဖြင့် အန်နားလွတ် (analogue) ရုပ်သံလိုင်းတွေဟာ မြန်မာ၊ ထိုင်းလောက် ပထ၀ီ အကျယ်အ၀န်းရှိတဲ့ နိုင်ငံတွေအတွက် ရှစ်လိုင်းလောက်ပဲ ရှိတယ်။ အဲဒီ လိုင်းတွေဟာ အခမဲ့ မြေပြင်က ထုတ်လွှင့်တဲ့ လိုင်းတွေ ဖြစ်ပါတယ်။ အစိုးရတွေ စနစ်တကျ စီမံ ခန့်ခွဲပေးရတဲ့ လိုင်းတွေဟာ အခမဲ့ မြေပြင်က ထုတ်လွှင့်တဲ့ လိုင်းတွေအတွက် ဖြစ်ပါတယ်။ ဂြိုဟ်တုကတစ်ဆင့် ထုတ်လွှင့်တဲ့ လိုင်းတွေနဲ့ မြေပြင်က ထုတ်လွှင့်တဲ့ လိုင်းတွေ မတူ ခြားနားတာကို သတိပြုသင့်တယ်။


■ အန်နားလွတ်နဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်း

မြန်မာနိုင်ငံမှာ အဓိက ရုပ်သံထုတ်လွှင့်နေတဲ့ နည်းပညာဟာ အန်နားလွတ် (analogue) ဖြစ်ပါတယ်။ အခုအခါ တစ်ကမ္ဘာလုံး ရုပ်သံ ထုတ်လွှင့်မှုတွေကို ဒီဂျစ်တယ် (digital) အဖြစ် ပြောင်းနေသလို မြန်မာနိုင်ငံမှာလည်း ဒီဂျစ်တယ်အဖြစ် ပြောင်းနေပါတယ်။ ၂၀၂၀ မှာ တစ်ကမ္ဘာလုံး အန်နားလွတ်တွေ ပိတ်ပြီး ဒီဂျစ်တယ်ပဲ ရှိတော့မယ်လို့ သဘောတူထားကြတာလည်း ရှိတယ်။ ဒီဂျယ်တယ်လိုင်း ထုတ်လွှင့်ချက်တွေက အန်နားလွတ်လိုင်း ထုတ်လွှင့်ချက်ထက် နည်းပညာ အဆင့်မြင့်လို့ အရည်အသွေးလည်း ကောင်းမွန်တယ်။ အသုံးပြုတဲ့ နည်းပညာအပေါ် မူတည်ပြီး အန်နားလွတ် တစ်လိုင်းဟာ ဒီဂျစ်တယ် ၁၅ လိုင်း၊ လိုင်း ၂၀ အထိ တိုးချဲ့လို့ ရတယ်။ ဒါပေမဲ့ တိုင်းပြည် လူဦးရေ၊ စီးပွားရေး အခြေအနေ၊ မီဒီယာ ဈေးကွက် အရွယ်အစား၊ နည်းပညာ အဆင့်အတန်း၊ နိုင်ငံရဲ့ ပထ၀ီ အကျယ်အ၀န်း စတာတွေအပေါ် အခြေခံပြီး တိုင်းပြည်မှာ ရှိသင့်တဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်း အရေအတွက်ကို အစိုးရက ကန့်သတ်လေ့ ရှိတယ်။ ဥပမာ ထိုင်းနိုင်ငံမှာ ဒီဂျစ်တယ် ရုပ်သံလိုင်း ၄၈ လိုင်း ကန့်သတ်ထားတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ ဖြစ်နိုင်တယ်လို့ ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွဋ်က ၂၀၁၆ မတ်လက ရန်ကုန် Park Royal ဟိုတယ်မှာ ကျင်းပတဲ့ Broadcast Media Law Conference မှာ ပြောခဲ့တယ်။ သိရတဲ့ သတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် ရုပ်သံလိုင်း အရေအတွက် ၅၀-၆၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ အတိအကျကို အစိုးရပဲ သိနိုင်မယ်။


■ အန်နားလွတ်နဲ့ ဒီဂျစ်တယ် ပရိသတ် ဆယ်ဆကွာ

မြန်မာနိုင်ငံမှာ အန်နားလွတ် ရုပ်သံလိုင်းကို လက်လှမ်းမီတဲ့ ပရိသတ် သန်း ၃၀ ကျော်မယ်လို့ ခန့်မှန်းရတယ်။ ဒီဂျစ်တယ် ရုပ်သံလိုင်း ဖမ်းနိုင်တဲ့ TV စက်တွေက နောက်ဆုံးပေါ်တွေဆိုတော့ မြန်မာနိုင်ငံက အိမ်ထောင်စု အတော်များများ လက်လှမ်း မမီနိုင်ကြသေးဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက် အတွင်း ထုတ်လုပ်တဲ့ TV တွေမှာ ဒီဂျစ်တယ် ဖမ်းစက် (builtin digital tuner) ပါဝင်တယ်။ အဲဒီ TV တွေက ဘာမှ ကြားခံ မလိုဘဲ မြေပြင်က ထုတ်လွှင့်တဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းကို ဖမ်းယူလို့ ရတယ်။ ဒီဂျစ်တယ်ဖမ်းစက် မပါတဲ့ TV တွေကတော့ ကြားခံစက် set top box တစ်မျိုးခံပြီး ဖမ်းရတယ်။ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် ရုပ်သံလိုင်းကို လက်လှမ်းမီတဲ့ ပရိသတ် သုံးသန်းလောက် ရှိမယ် ခန့်မှန်းရတယ်။ အန်နားလွတ်နဲ့ နှိုင်းယှဉ်ရင် ဆယ်ဆကွာနေတယ်။


■ ပရိသတ်နဲ့ ကြော်ငြာ တိုက်ရိုက် အချိုးကျ

ပုဂ္ဂလိက မီဒီယာတွေ ကြော်ငြာနဲ့ ရပ်တည်ရတာ အားလုံး အသိပါ။ ပရိသတ် များများရှိတဲ့ မီဒီယာက ကြော်ငြာ ဈေးကွက်မှာ နေရာရတယ်။ လက်ရှိ အသံလွှင့် လုပ်ငန်း လုပ်ကိုင်နေသူ လေးဦးက အန်နားလွတ် ပရိသတ် သန်း ၃၀ လောက်ကို ထုတ်လွှင့် နေချိန်မှာ အသစ်ဝင်လာတဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းတွေက ပရိသတ် ဆယ်ဆလောက် နည်းတဲ့ သုံးသန်းလောက်ကိုပဲ ထုတ်လွှင့်နိုင်မှာပါ။ ဒီအခြေအနေမျိုးမှာ ကြော်ငြာသမားတွေ ဘယ်ရုပ်သံလိုင်းကို သွားမလဲ စဉ်းစားကြည့်ပါ။


■ PSB နဲ့ ပုဂ္ဂလိက အသံလွှင့်လုပ်ငန်း သဟဇာတ ဖြစ်ဖို့လို

အစိုးရပိုင် အသံလွှင့် ဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (MRTV) ကို အများပြည်သူ ၀န်ဆောင်မှု အသံလွှင့်လုပ်ငန်း (Public Service Broadcasting, PSB) အဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံအတွက် ဖြစ်သင့်တဲ့ PSB ပုံစံ တစ်ခုကို ဖန်တီးရမှာပါ။ သေချာတာကတော့ PSB ဟာ ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းကို အဟန့်အတားဖြစ်တဲ့ ပုံစံနဲ့တော့ မရပ်တည်သင့်ပါ။ ဥပမာ အစိုးရ ထောက်ပံ့ငွေလည်းယူ၊ စီးပွားရေး ကြော်ငြာလည်း ယူမယ်ဆိုရင် ပုဂ္ဂလိက အသံလွှင့်ဈေးကွက် မျှတစွာ ယှဉ်ပြိုင်ရေးမူကို ထိခိုက်စေပါလိမ့်မယ်။ ပုဂ္ဂလိက သတင်းစာလောကကြီး ကျဆုံးနေတာ ဈေးကွက်မှာ အစိုးရ သတင်းစာနဲ့ တန်းတူ မပြိုင်နိုင်လို့ ဖြစ်ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံ ပူပူနွေးနွေးလေး ရှိနေပါသေးတယ်။

ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးတဲ့ ဘယ်နိုင်ငံမဆို စီးပွားရေး လုပ်ငန်းရှင်တွေ အကြား မျှတမှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး (fair competition) ကို အစိုးရက ဥပဒေများ ပြဋ္ဌာန်းကာ ထိန်းကျောင်းပေးရစမြဲပါ။ အတည်ပြုပြီးတဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေဟာ အသံလွှင့်လုပ်ငန်း လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေအကြား မျှတမှုရှိစွာ ယှဉ်ပြိုင်နိုင်မလား၊ အခွင့်အရေး တန်းတူ ရမလား မေးခွန်ထုတ်စရာ အချက်ပေါင်းများစွာ ရှိတယ်။


■ အကန့်အသတ်ရှိတဲ့ လေလှိုင်း

ပုံနှိပ်မီဒီယာ အတွက် လိုင်စင်ကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်တယ်။ အသံလွှင့် မီဒီယာမှာ ဒီလိုလုပ်လို့ မရပါ။ အသံထုတ်လွှင့်ခြင်းကို လေလှိုင်းက ပြုလုပ်ရပြီး ထုတ်လွှင့်နိုင်တဲ့ လေလှိုင်း (spectrum) မှာ အကန့်အသတ် ရှိတယ်။ လေလှိုင်းကို ထပ်မံ တိုးချဲ့၍ မရပါ။

လက်ရှိ ထုတ်လွှင့်ခွင့်ရနေတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန၊ MRTV၊ တပ်မတော်ပိုင် မြ၀တီ၊ ရွှေသံလွင်၊ Forever Group တွေ မြေပြင်က ထုတ်လွှင့်တဲ့ အန်နားလွတ် ရှစ်လိုင်းကို ခွဲတမ်းချယူ ထားပြီးတဲ့ အပြင် ဒီဂျစ်တယ်လိုင်းပေါင်း များစွာကိုလည်း ယူထားပြီး ဖြစ်တယ်။ စုစုပေါင်း လိုင်း ၄၀ ကျော် ယူထားပြီးလို့ ခန့်မှန်းရတယ်။ ဒီဂျစ်တယ်လိုင်းနဲ့ ဈေးကွက်ထဲ ၀င်လာမယ့် သူတွေအတွက် လိုင်း ၁၀-၂၀ လောက်ပဲ ကျန်မယ့် သဘောပါ။ အတိအကျကိုတော့ ပြန်ကြားရေး ၀န်ကြီးဌာန အရာရှိတွေပဲ သိလိမ့်မယ်။

အတည်ပြုထားတဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၀၀) မှာတော့ ဥပဒေ မရှိခင်က အသံလွှင့်လုပ်ငန်း လုပ်နေသူတွေ ဥပဒေ ပြဋ္ဌာန်းပြီ တစ်နှစ်အတွင်း (တစ်နည်း ၂၀၁၆ သြဂုတ်လ မတိုင်မီ) လိုင်စင် လျှောက်ထားရယူရမယ်လို့ ပြောတယ်။ သဘောက လျှေက်လိုက်၊ ရကို ရမယ်လို့ ဆိုလိုတာလား မရှင်းပါ။ လိုင်းအားလုံးကို ဆက်ပေးနေမှာလား၊ နောက်လူတွေအတွက် မျှတစွာ ဆောင်ရွက်ပေးမလား မသိပါ။

ဒါ့အပြင် အတည်ပြုထားတဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေမှာ အစိုးရ ရုပ်သံလိုင်းတွေကို ထပ်မံ တည်ထောင်ခွင့် ပြုထားတာမို့ အကန့်အသတ်နဲ့သာ ရမယ့် အသံလွှင့်လိုင်းတွေကို အစိုးရလိုင်းတွေ အတွက်ပါ ခွဲတမ်းပေးရဦးမယ် ဆိုတော့ ပုဂ္ဂလိက အတွက် နေရာက မကျန်သလောက်ကို ဖြစ်တော့မယ်။


■ အသံလွှင့် ရုပ်သံဝန်ဆောင်မှု (Broadcasting service) ကိစ္စ

အသံလွှင့် လိုင်စင်တွေ လူသစ်တွေကို ထုတ်ပေးလိုက်ပြီပဲ ထားတော့၊ အဲဒီ လူတွေ ဘယ်လို အသံလွှင့်မှာလဲ။ အသံလွှင့်စက် (transmitter) ထပ်ဆင့်လွှင့်စက် (relay station) နဲ့ တာဝါတိုင် (tower) တွေ လိုအပ်တယ်။ အဲဒါတွေဟာ အသံလွှင့် လုပ်ငန်းအတွက် လိုအပ်တဲ့ အသံလွှင့် ၀န်ဆောင်လုပ်ငန်း (broadcasting services) တွေ ဖြစ်ပါတယ်။ အခုအခါမှာ အဲဒီ ရုပ်သံ အသံလွှင့် ၀န်ဆောင် လုပ်ငန်းကို ပိုင်တာဆိုလို့ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ မြ၀တီပဲ ရှိတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနပိုင် analogue လိုင်းအတွက် ထပ်ဆင့်လွှင့် စက်ရုံနဲ့ တာဝါ ၂၅၀ လောက် ရှိပါတယ်။ ဒါဟာ ပထ၀ီ အနေအထားအရ တစ်နိုင်ငံလုံး လွှမ်းခြုံတယ်လို့ ဆိုတယ်။ ပြန်ကြားရေးပိုင် ဒီဂျစ်တယ်လိုင်း ထုတ်လွှင့်လို့ ရတဲ့ ထပ်ဆင့်လွှင့် စက်ရုံနဲ့ တာဝါ ၁၅၀ လောက် ရှိတယ်။ ပထ၀ီ အနေအထားအရ ထက်ဝက်ကျော် လွှမ်းခြုံနေပြီး၊ လူဦးရေအားဖြင့်တော့ ၈၀ ရာခိုင်နှုန်းလောက် လွှမ်းခြုံတယ်လို့ သိရတယ်။ မြ၀တီမှာလည်း ဒီဂျစ်တယ်လိုင်း ထပ်ဆင့်လွှင့် စက်ရုံနဲ့ တာဝါ ၁၅၀ လောက် ရှိတယ်လို့ သိရတယ်။ ဈေးကွက်ထဲ အသစ်ဝင်လာသူတွေ ကိုယ်ပိုင် စက်တွေ၊ တာဝါတွေ ထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ မြ၀တီက ပိုင်တဲ့ အသံလွှင့် ၀န်ဆောင်မှုတွေကို အသုံးချခွင့်ရမှ ဖြစ်မယ်။


■ အသံလွှင့် ၀န်ဆောင်ခ နှုန်းထား

မြန်မာနိုင်ငံမှာ အသံလွှင့်လုပ်ငန်း ၀န်ဆောင်ခ နှုန်းထား မရှိသေးပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အန်နားလွတ် ရုပ်သံလိုင်း တစ်ခု တစ်နိုင်ငံလုံး အနှံ့ ထုတ်လွှင့်ဖို့ အတွက် ကုန်ကျတဲ့ ၀န်ဆောင်ခဟာ တစ်နှစ်အတွက် ဘတ် ၅၅ သန်း (ဒေါ်လာ ၁.၈ သန်း) ခန့်ဖြစ်တယ်။ အရည်အသွေး ပိုကောင်းတဲ့ ဒီဂျစ်တယ် HD လိုင်း တစ်ခုအဖို့ ဆိုရင် အဲဒီရဲ့ သုံးဆ ဘတ် ၁၇၅ သန်း (ဒေါ်လာ ၅.၅ သန်း) ကုန်ကျတယ်။ ဒါဟာ ၂၀၁၅ ထိုင်းနိုင်ငံ ပေါက်ဈေး ဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းနိုင်ငံဟာ ပထ၀ီ အကျယ်အ၀န်း နီးစပ်တာမို့ မြန်မာနိုင်ငံမှာလည်း တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ထုတ်လွှင့်မှုမျိုး လုပ်ရင် အသံလွှင့် ၀န်ဆောင်ခနှုန်းထား ပေါက်ဈေးဟာ ထိုင်းနိုင်ငံနဲ့ တူမယ်လို့ ခန့်မှန်းရတယ်။ အခုမှ ရုပ်သံ အသံလွှင့် လောကထဲ ၀င်လာသူတွေ အဲဒီ ၀န်ဆောင်ခ နှုန်းထားကို သိရှိဖို့ လိုလိမ့်မယ်။


■ တစ်နှစ်အတွင်း အသံ လွှင့်နိုင်ပါ့မလား

ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေမှာ ပုဒ်မ (၄၂) (က) တွင် လိုင်စင်ရပြီး တစ်နှစ်အတွင်း ထုတ်လွှင့်ခြင်း မပြုနိုင်ပါက လိုင်စင် ရုပ်သိမ်းမည်ဟု ဖော်ပြထားသည်။ ရုပ်သံ လုပ်ငန်းဟာ အရင်းအနှီးကြီး (heavy investment)၊ နည်းပညာ အလေးစီး (technical intensive) တဲ့ လုပ်ငန်းဖြစ်တော့ လုပ်ငန်း နယ်ပယ်ထဲကို အခုမှ ၀င်ရောက်လာသူတွေ တစ်နှစ်အတွင်း လုပ်ငန်းဖြစ်အောင် စရမယ် ဆိုရင် မပြည့်မစုံနဲ့ စရတာမို့ အရင်းအနှီး ကြီးတဲ့ လုပ်ငန်း လည်ပတ်မှုအတွက် ကာမိတဲ့ ကြော်ငြာ မရရင် သတင်းစာတွေလို ဈေးကွက်မှာ အသတ်ခံရနိုင်တယ်။


■ Cross Ownership ကိစ္စ

ပုံနှိပ် မီဒီယာရဲ့ ကြော်ငြာ တန်ဖိုးဟာ မီဒီယာ တစ်ခုလုံးရဲ့ လေးပုံ တစ်ပုံလောက်သာ ရှိပြီး၊ ရာနဲ့ချီတဲ့ ပုံနှိပ်မီဒီယာ စီးပွားရေးသမားတွေက မျှဝေ လုယူနေရတယ်။ အစမှာ တင်ပြခဲ့သလို အသံလွှင့် မီဒီယာ ကြော်ငြာ ဈေးကွက်က အလွန်ကြီးမားတယ်။ အဲဒီ ဈေးကွက်မှာ ပုံနှိပ်ဘက် မီဒီယာဘက်က စီးပွားရေး သမားတွေ ၃၀ ရာနှုန်းသာ လုပ်ခွင့် ရှိတယ်လို့ ၂၀၁၅ ဥပဒေမှာ ပြဋ္ဌာန်းထားတာဟာ မျှတမှု မရှိတဲ့ စည်းကမ်းချက် ဖြစ်တယ်။ အသံလွှင့်မီဒီယာ ကြော်ငြာဈေးကွက် အကြီးကြီးထဲက သူတွေ သေးငယ်တဲ့ ဈေးကွက်ထဲ သွားခွင့်မရတာ ပြဿနာ မဟုတ်ပေမယ့် သေးငယ်တဲ့ ဈေးကွက်ထဲက လူကို ကြီးမားတဲ့ ဈေးကွက်ထဲ လာခွင့် မပြုတာဟာ လက်ဝါးကြီးအုပ်မှု ဖြစ်တယ်။ Cross Ownership ကန့်သတ်ချက် လုံးဝ ဖယ်ရှားသင့်တယ်။


■ အစိုးရ စဉ်းစားရမယ့် ကိစ္စများ

၂၀၁၅ ခုနှစ် သြဂုတ်လက ပြည်ထောင်စု ပါလီမန်က အတည်ပြုလိုက်တဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြား အပါအ၀င် ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းများကို ခွင့်ပြုပေးရတော့မယ်။ စစ်မှန်တဲ့ ပုဂ္ဂလိက အသံလွှင့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး၊ မျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်ရေးအတွက် အသံလွှင့် မီဒီယာနဲ့ ပတ်သက်လို့ အစိုးရ စဉ်းစားသင့်တဲ့ အထဲ ဒါတွေ ပါဝင်တယ်။

► ၁။ အစိုးရပိုင် MRTV ကို PSB စစ်စစ်မှန်မှန် ပြောင်းပါ။ ကြော်ငြာ လုံးဝ မယူပါနဲ့။ ဒါမှ ကြော်ငြာနဲ့ ရပ်တည်ရတဲ့ ပုဂ္ဂလိက အသံလွှင့်ဌာနတွေ ဆီကို ကြော်ငြာတွေ ရောက်သွားပါလိမ့်မယ်။

► ၂။ PSB လုပ်ငန်း လည်ပတ်ငွေ နည်းသုံးမျိုးနဲ့ ရနိုင်ပါတယ်။ ယစ်မျိုးခွန် (sin tax) ကယူခြင်း၊ ပြန်ကြားရေး ၀န်ကြီးဌာန တစ်နည်း အစိုးရပိုင် broadcasting service တွေကို ပုဂ္ဂလိက အသံလွှင့် ဌာနတွေကို ပေးခြင်းအားဖြင့် ရရှိမယ့် ၀န်ဆောင်ခနဲ့ PSB ကို လည်ပတ်ခြင်း၊ ဒီနှစ်မျိုးစလုံးဟာ ထိုင်းမှာ ကျင့်သုံးတဲ့ မူပါ။ ဥရောပနိုင်ငံတွေမှာကတော့ TV လိုင်စင်ကြေးနဲ့ သွားတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို TV လိုင်စင်ကြေး ကောက်ဖို့ လက်တွေ့ မကျပါ။ ထိုင်းမှာတောင် မဖြစ်နိုင်လို့ ခုနက နည်းတွေ သုံးတယ်။

► ၃။ အစိုးရနဲ့ မြ၀တီပိုင် အသံလွှင့် ၀န်ဆောင်မှုတွေကို ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းရှင်တွေအတွက် မျှမျှတတ ၀န်ဆောင်မှု ပေးရမယ်။ ဒီအတွက် ထိုက်တန်တဲ့ ၀န်ဆောင်ခ ယူရမယ်။ ဒါဆိုရင် အခုမှ ဈေးကွက်ထဲ ၀င်လာတဲ့ ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းရှင်တွေ မြန်မြန် လုပ်ငန်းစနိုင်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာမယ်။ PSB လည်ပတ်ဖို့ လိုငွေလည်း ရသွားမယ်။ PSB နဲ့ ပုဂ္ဂလိက အသံလွှင့် ဌာနတွေ သဟာဇာတဖြစ်ဖြစ် ရပ်တည်နိုင်မယ်။

► ၄။ ရုပ်သံလိုင်စင် အမျိုးအစား (license category) ခွဲသင့်တယ်။ ဥပမာ PSB၊ News & Current Affair၊ Variety စသဖြင့် ခွဲပြီး၊ လုပ်ငန်းရှင် တစ်ဦးကို လိုင်စင် အမျိုးအစား ဘယ်နှမျိုး ပေးသင့်သလဲ စသဖြင့် စဉ်းစားသင့်တယ်။

► ၅။ ရုပ်သံလိုင်းတွေ digital လိုင်းပြောင်းရေး ကိစ္စမှာ အခုထက် ပိုပြီး မဟာဗျူ ဟာကျကျ လုပ်ဆောင်သင့်တယ်။ ဥပမာ ပြည်သူ ဘယ်နှရာခိုင်နှုန်း ဘယ်အချိန် ကာလမှာ digital ရုပ်သံလိုင်းတွေ ကြည့်နိုင်အောင် နည်းပညာ ပိုင်းအရ ဘယ်လိုကူညီ ဖြန့်ဖြူးပေးမယ် စသဖြင့် လုပ်စရာတွေ ရှိနေတယ်။ ဒီလိုလုပ်မှ ဒီဂျစ်တယ် ပရိသတ် များလာပြီး ဈေးကွက်ထဲ အခု ၀င်လာတာကာ ဒီဂျစ်တယ်ပဲ လုပ်ခွင့်ရသူတွေ အန်နားလွတ် ထုတ်လွှင့်သူတွေနဲ့ အချိန်တိုအတွင်း ပရိသတ် တန်းတူရလာမယ်။ ကြော်ငြာတွေဟာ ပရိသတ် အရေအတွက်နဲ့ တိုက်ရိုက် အချိုးကျကြောင်း အထက်မှာ တင်ပြခဲ့ပြီး ဖြစ်တယ်။

(ဆောင်းပါးပါ အချက်များသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။ DVB အာဘော် မဟုတ်ပါ။)
Writer:
ခင်မောင်ဝင်း (DVB)

နေပြည်တော်၊ မေ ၂၆
-----------------------
မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးဒေသများဖြစ်သည့် ဆွမ်ပရာဘွမ်၊ ချီဖွေနှင့် ခေါင်လန်ဖူး မြို့မယ်များသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆက်သွယ်ရေးပြတ်တောက် ခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းနှင့် ရေနောက်မြောပါသွားသည့်အတွက် ဒေသခံပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှုအား ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင် ရွက်ပေးနိုင်ရန် အရေးကြီးအဆိုနှစ်ခုနှင့် မေးခွန်း တစ်ခု အား ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

“ကျွန်တော်တို့ ခေါင်လန်ဖူးမြို့နယ်မှာ လက်ရှိအခြေအနေဆို ပိန်းဥတွေ၊ သစ်ဥ၊ သစ်ဖုတွေ၊ မျှစ်တွေချိုးပြီးစားနေ ရတဲ့ အခြေအနေရောက်နေပါတယ်၊ ဒါကြောင့် ပြည်ထောင်စုဝန်ကြီး တင်ပြပေးထားတဲ့ ရိက္ခာတွေ ပံ့ပိုးပေးမယ် ဆိုတော့ ဝမ်းသာပါတယ်” ဟု ခေါင်လန်ဖူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအာမိုဆီက ပြောသည်။

ခေါင်လန်ဖူးဒေသတွင် အပိုင်းနှစ်ပိုင်းရှိပြီး တောင်ပေါ်အုပ်စု အပိုင်းမှ ရိက္ခာပို့မည်ဆိုပါက ရေခဲတောင်များ ပိတ် နေသည့်အတွက် ၁၅ ရက်ခန့် ကြာမြင့်နိုင်ပြီး တရုတ်ပြည်ရှိ ဖူကုံမြို့အားပို့ဆောင်ပြီး ထိုမှတဆင့် လားများနှင့် သယ်ဆောင်မည်ဆိုပါက အဆင်ပြေကြောင်း ဒေသခံများကပြောပြကြောင်း ၄င်းက မီဒီယာများကို ပြောသည်။

“ထောက်ပံ့မယ့်ပစ္စည်းတွေ ပူတာအိုမှာ ပို့ထားပြီးပြီ၊ နောက်ထပ် ကချင်ပြည်နယ်အစိုးရကိုလည်း ငွေလည်းပို့ ထားပြီးပြီ၊ အခု ကိုယ်စားလှယ်တင်ပြသွားတာကတော့ ငွေရသွားရင် သူတို့တရုတ်ဖက်ကနေပြီးတော့ ဝယ်လို့ ရတယ်၊ ဒါကို ကျွန်တော်တို့ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ပြောတာပါ” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လွှတ်တော် အ စည်း အဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆွမ်ပရာဘွမ်ဒေသ လမ်းအပိုင်း အခြေအနေကောင်းမွန်ကြောင်း ဖြေကြားမှုနှင့် လူ-ကယ်-ပြန် ဝန်ကြီးဌာန မှ ဖြေကြားချက်ဖြစ်သော ၂၀၁၅-၁၆ ဘတ်ဂျက်နှစ်အတွင်း ယင်းဒေသများသို့ ရိက္ခာများအား ကားအစီးရေ ၁၀၀၀ ကျော် ပို့ဆောင်ခဲ့ပြီးဆိုသည့် ဖြေကြား ချက်များ ပြည်စုံခြင်းမရှိသည့်အပြင် သံသယရှိကြောင်းလည်း ဆွမ်ပရာဘွမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလုံဂျုံဆန်မိုင်က ထောက်ပြပြောဆိုသည်။

“၂၀၁၅-၁၆ ခုနှစ် မှာ ကားအစီး ၁၀၀၀ ကျော်ကို ရိက္ခာပို့လို့စီစဉ်ပြီးပါပြီဆိုတဲ့ ဖြေကြားချက်နဲ့ပတ် သက်ပြီး ကျွန်တော်နဲနဲသံသယရှိပါတယ်၊ဒီလမ်းမှာ သွားနေတဲ့ကားတွေက အထူသဖြင့်ကုန်သည်တွေ ကုန်ကားတွေ ကိုယ့်သဘောနဲ့ကိုယ် သွားတာဘဲများပါတယ်၊ အစိုးရရဲ့အစီအစဉ်နဲ့သွားတဲ့ ကားတွေ လည်းရှိတယ်၊ ဆိုတဲ့အခါကျတော့ ဘယ်ဝန်ကြီးဌာနက ဘယ်လိုအစီအစဉ်နဲ့ ပို့သလဲဆိုတာ ဒီလွှတ် တော်ကနေတဆင့် လူထုကို ရှင်းပြစေချပါတယ်” ဟု ၄င်းကပြောဆိုသည်။

ဦးလုံဂျုံဆန်မိုင် အနေဖြင့် မေလ ၉ ရက်နေ့အထိ ဆွမ်ပရာဘွမ်မြို့နယ်တွင် ရောက်ရှိနေကာ မြစ်ကြီး နားနှင့် ဆွမ်ပရာဘွမ်မြို့နယ်အား ကားဖြင့် သုံးပတ်ကြာမျှသွားရသည့်အတွက် လမ်းအပိုင်းကောင်းမွန် သည်ဟု ဖြေကြားချက်မှာ မပြည့်စုံကြောင်းလည်း ၄င်းက ထောက်ပြပြောဆိုလိုက်သည်။

အဆိုနှင့် မေးခွန်းများအား ဖြေကြားသည့် သက်ဆိုင်ရာပြည်ထောင်စု အဖွဲ့များက လွှတ်တော်သို့ ကနဦး တင်ပြပြီးမှ အဆိုရှင်နှင့် မေးခွန်းမေးမြန်း မှု ပြုလုပ်ခဲ့သည့် ယင်းအရေးကြီးအဆိုများအား လွှတ်တော်၌ မှတ်တမ်း တင်ထားရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အတည်ပြုပြောကြား သည်။

ကိုပေါက်
The Ladies News Journal

အရွယ်မရောက်သေးသူ ကျောင်းသူတစ်ဦးအား လူအုပ်ဖြင့် မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့အပြီး ကလေးသူငယ်များအား လိင်အကြမ်းဖက်သူများကို အမြင့်မားဆုးံပြစ်ဒဏ်အဖြစ် သေဒဏ်နှင့် ဓာတုဆေးဖြင့် သင်းကွပ်ခြင်း အပါအ၀င် ပြင်းထန်သည့် ပြစ်ဒဏ်များပေးနိုင်ရန် အင်ဒိုနီးရှားသမ္မတက သဘောတူခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ဖော်ပြပါအမိန့်ဒီဂရီပါ ဥပဒေအရ မုဒိမ်းမှုနှင့် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူများအနေဖြင့် ပြစ်ဒဏ်စေ့၍ အပြင်လောကသို့ ရောက်သည့်တိုင် ယင်းတို့ သွားလာနေထိုင်မှုကို စောင့်ကြည့်နိုင်မည့် အီလက်ထရွန်နစ် ကရိယာကို ၀တ်ဆင်ရမည်ဖြစ်သည်။

“ဒီဥပဒေကို ပြဌာန်းရတဲ့ ရည်ရွယ်ချက်က ကလေးသူငယ်တွေကို လိင်အကြမ်းဖက်မှုတွေ အဲဒါနဲ့ နှီးနွှယ်ပြီးဖြစ်ပေါ်တဲ့ ဖြစ်စဉ်တွေကို ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။ အရွယ်မရောက်သေးသူတွေကို ကျင့်ကြံတာဟာ သာမန်နဲ့မတူတဲ့ ရာဇ၀တ်မှုပါ။ ကျုးလွန်သူတွေဟာ ကလေးတွေကို အသက်အန္တရာယ် ခြိမ်းခြောက် လုပ်ဆောင်ကြလို့ပါ”

နောက်ပိုင်းတွင် ပါလီမန်က ပယ်ချသည့်တိုင် သမ္မတချမှတ်လိုက်သည့် အမိန့်ဖြင့် ပြင်းထန်သည့် ပြစ်ဒဏ်ပေးမှု လတ်တလော အသက်ဝင်မည်ဖြစ်သည်။

ပြီးခဲ့သည် ဧပြီလက ဖော်ပြပါ ၁၄ နှစ်သမီး ကျောင်းသူလေး မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရအပြီး ယခုကဲ့သို့ ဥပဒေပြဋ္ဌာန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်ဥပဒေများအရ ကလေးသူငယ်များကို ကျင့်ကြံမှုအပါအ၀င် မုဒိမ်းမှုများအတွက် အများဆုးံပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၄ နှစ်ဖြစ်သည်။ ပိုလန်နှင့် အမေရိကန်ပြည်ထောင်စု ပြည်နယ်အချို့ အပါအ၀င် ကမ္ဘာအ၀ှမ်း အနည်းစု နိုင်ငံများ ကျင့်သုးံသည့် ဓာတုနည်းဖြင့် သင်းကွပ်မှုကို အင်ဒိုနီးရှားက စတင်အသုးံပြုခြင်း ဖြစ်သည်။

သမ္မတ၀ီဒိုဒိုက စောင့်ကြည့် အီလက်ထရွန်းနစ် ကရိယာအား ကျုးလွန်သူများအား တပ်ဆင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် မပြောသော်လည်း ဒေသခံမီဒီယာများ အဆိုအရ ထောင်မှလွှတ်သည့် အချိန် မုဒိမ်းသမားများ၏ ခြေထောက်တွင် စောင့်ကြည့်မိုက်ကရိုချစ်ပ်တစ်ခု ထည့်ပေးမည်ဟုဆိုသည်။

ရွှန်းတင့်
Ref: theguardian
The Ladies News Journal

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့က ကိုယ်စားလှယ်တွေကို မေလ ၂၆ ရက်နေ့မှာ တွေ့ဆုံကြစဉ်။ Photo: Hset Paing Toe/RFA
အစိုးရ၀န်ထမ်းတွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် အဆင်မပြေမှုတွေကို ဥပဒေနဲ့အညီ တိုင်ကြားနိုင်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

ဒီနေ့ မန္တလေးအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အသင်းအဖွဲ့တွေ အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံစဉ် တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေက အစိုးရအောက်ခြေ၀န်ထမ်းတွေရဲ့ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေရှိနေတာကို တင်ပြရာမှာ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က  ပြောတာဖြစ် ပါတယ်။

"ဝန်ထမ်းတွေဘက်ကလည်း ပြောင်းလဲရမယ်၊ အဲ့ဒါကြောင့်မို့ စိတ်ရှည်ပြီးတော့ တွဲလုပ်ပါ၊ အခုလုပ်မပေးဘူး၊ ထပ်တိုင်တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ကိုလည်း တိုင်နိုင်ပါတယ်၊ ပြည်သူ့အကျိုးပြုကို မလုပ်နိုင်ဘူး၊ စွမ်းဆောင်ရည် မရှိဘူးဆိုလို့ရှိရင် ဝေဖန်လို့လည်းရပါတယ်၊ အပြုသဘောဆောင်တဲ့ ဝေဖန်ချက်မျိုးကို ကျနော်တို့ အမြဲတမ်းကြိုဆိုနေမယ်၊ ဒါပွင့်ပွင့်လင်းလင်း ကျနော်ပြောတာ"

အရပ်ဘက်အဖွဲ့တွေအနေနဲ့ မန္တလေးတိုင်းအတွင်းမှာ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့အတွက် အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ စီစဉ်ထားကြောင်းလည်း ၀န်ကြီးချုပ်က ပြောပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်လာသူတွေက သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ဖြေရှင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အစိုးရ၀န်ထမ်းတွေရဲ့ လုပ်ဆောင်ချက် နှောင့်နှေးနေတာတွေကို တင်ပြခဲ့ပါတယ်။

တွေ့ဆုံပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက်၊ ရှေ့နေ များကွန်ရက်၊ စိမ်းလန်းပြင်ဦးလွင်၊ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ စတဲ့အသင်းအဖွဲ့ ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


နေပြည်တော်ကောင်စီနယ်မြေတွင် ရက် ၁၀၀ စီမံချက်အရ မှုခင်းကျဆင်းရေးဆောင်ရွက်လျှက်ရှိရာ လုယက်မှုကျုးလွန်သူလေးဦးကို အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေ ၂၅ ည ၁၁ နာရီအချိန်ခန့်တွင် ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက်၊ သစ်ထုတ်လုပ်ရေးသင်တန်းကျောင်းတွင်နေထိုင်သူ ကိုကျော်စိုးနိုင်နှင့် ကိုငယ်လေးတို့ သူငယ်ချင်းနှစ်ဦး ဥပ္ဗါတသန္တိဘုရားရှေ့ လမ်းမီးတိုင်အောက်တွင် အရက်ထိုင်သောက်နေစဉ် ဆိုင်ကယ်သုံးစီးဖြင့် လူငယ်လေးဦး ရောက်ရှိလာပြီး ဓားဖြင့်ထောက်၍ ဆိုင်ကယ်နှင့်ဖုန်းတို့အား ယူဆောင်ထွက်ပြေးသွားခဲ့သောကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြပြီး လိုက်လံဖမ်းဆီးရာ နယ်မြေ (၂) ၊ (၈) လမ်း ၊ အောင်ဇမ္ဗူရပ်ကွက်တွင် လုယက်မှုကျုးလွန်သူများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုကျုးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် သန်းဝင်းနိုင် (၂၀) နှစ်၊ ချမ်းငြိမ်း (ခ) ချမ်းငြိမ်းဇော် (၁၈) နှစ်၊ ချမ်းငြိမ်း (၁၈) နှစ်၊ ဟန်ဝင်းအောင် (ခ) အောင်ကြီး (၁၈) နှစ်တို့အား ပတ္တနယ်မြေရဲစခန်းက (ပ) ၅၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး နေပြည်တော်ကောင်စီနယ်မြေတွင် ဖြစ်ပွားခဲ့သည့် လုယက်မှုများနှင့် ဆက်စပ်မှု ရှိမရှိ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


☞ ''တိရစ္ဆာန်ရုံဘေး၊ ဦးထောင်ဘိုအ၀ိုင်းဘက်ကပတ်ပြီး ဒဂုံ (၁) ကျောင်းဘက်ကိုသွားတဲ့လမ်းဟာ သေးစော်တွေကို နံနေတာပဲ''

➲ “ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းအလယ်မှာလည်း ဒီလိုပဲ၊ ကြွက်တွေရော၊ မြောင်းပုပ်စော်ရော၊ သေးစော်ရော နံနေတာပဲ ကြီးကြီးရ''

☞ ''အဲဒီနေရာတွေမှာ သေးပေါက်တဲ့ အတန်းလို့ ဘယ်သူကသတ်မှတ်လိုက်သလဲ မသိပါဘူး၊ ငါတို့ငယ်ငယ်တုန်းက ဒီလိုမနံပါဘူး''

➲ ''အိမ်သာမရှိတော့ ဒီလိုပဲပေါက်ကြတာပေါ့ ကြီးကြီးရာ၊ ဒါကလည်း ညဘက်မှာ ဖြစ်ချင်တိုင်း ဖြစ်နေကြတာပါ၊ တခြားနိုင်ငံတွေမှာဆိုရင် အိမ်သာက နေရာတိုင်းမှာ သတ်သတ်မှတ်မှတ်ရှိတာ၊ ဒီမှာက အဲလိုလည်း နီးနီး နားနားဘယ်နေရာမှာမှ အများသုံးအိမ်သာရယ်လို့မှ မရှိတာ''

☞ ''လမ်းမပေါ်တွေမှာလည်း ဘတ်စ်ကားပေါ်ကနေ ကွမ်းတံတွေးတွေထွေးချ အမှိုက်တွေ၊ ပလတ်စတစ်အိတ်တွေ ပစ်ချကြတယ်၊ တက္ကစီမောင်းသူတွေလည်း ကားလမ်းမပေါ်ကို ကွမ်းတံတွေးထွေး၊ ရေသန့်ဘူးထဲကရေနဲ့ ပလုပ်ကျင်းပြီး လမ်းမပေါ် ထွေးချလိုက်တာပဲ''

➲ ''အဲဒါတွေက နေရာတိုင်းမှာ ဆိုင်းဘုတ် တွေကပ်ထားရတယ်'' ''လမ်းမပေါ်ထွက် တံတွေး မထွေးရ၊ အမှိုက်မပစ်ရ၊ ပစ်လျှင်အရေးယူမယ်'' ဆိုပြီး ကပ်ထား တကယ်လည်းတွေ့ရင် ယာဉ်ထိန်းရဲက အရေးယူ။ ဒါမှမဟုတ်ရင် ကွမ်းယာ ရောင်းတဲ့ဆိုင်တွေကိုပိတ်ပစ် ရောင်းရင်အရေးယူ''

☞ ''ပြောတော့သာ လွယ်တယ်။ စောနေ၀န်းရယ်၊ သူတို့ ကွမ်းယာမရောင်းရင် ဘာလုပ်စားကြမလဲ''

➲ ''တခြားအလုပ်လုပ်စားပေါ့၊ အများအကျိုးအတွက် ပြတ်ပြတ်သားသားအရေးယူပေါ့၊ ကွမ်းယာဟာစားတဲ့ လူအတွက် အကျိုးမရှိဘူး''

☞ ''ပြောမယ်ဆို ပြောစရာချည်းပဲ''

➲ ''ပြောမနေပါနဲ့ ကြီးကြီးရာ၊ အလကားလေကုန်တယ်''

☞ ''ဟဲ့ ပြောစရာရှိရင်တော့ ပြောရမှာပဲ၊ ဒီလိုပြောလို့ တယောက်လောက်ဆင်ဆင်ခြင်ခြင်လေးရှိသွားရင်လည်း အမြတ်ပေါ့။ ခုကျောင်း ဖွင့်ချိန်ရောက်ပြီး ရန်ကုန်မြို့ထဲကို အသွားလမ်း ပိတ်ဆို့မှုဖြစ်စေတဲ့ အဆိုးဆုံးကျောင်းက ဒဂုံ အထက(၁)ပဲ”

➲ ''ဘာဖြစ်လို့လဲ ကြီးကြီး''

☞ ''ဘာဖြစ်ရမှာလဲ၊ ကျောင်းကို ကားတယောက် တစီးနဲ့လာကြတယ်၊ ညီအစ်မနှစ်ယောက်ရှိရင် တယောက်တစီး၊ ပြီးတော့ ကျောင်းပို့ကျောင်းကြိုဆိုရင်လည်း ကားတွေအချိန်အတော် ကြာကြာကြီးရပ်ထားကြတာ၊ ကျောင်းဆင်းချိန်ကို နှစ်နာရီလောက် ကြိုပြီးကားတွေ လာပိတ်ရပ်ပြီးစောင့်ကြတာဟာ အများပြည်သူစီးတဲ့ ဘတ်စ်ကားတွေ၊ တက္ကစီတွေမောင်းစရာလမ်းမရှိ၊ အားကြီးအနှောင့်အယှက်ပေးတယ်''
''ဒီကျောင်းကို ကားတယောက်တစီးနဲ့မလာဘဲ ကျောင်းကားသာစီးရမယ်လို့ အမိန့်ထုတ်ပါ၊ ဒီကျောင်းဟာ အရင့်အရင် စစ်အာဏာရှင်အဆက်ဆက်ကတည်းက တိုင်းပြည်ရဲ့ ထိပ်တန်းသူဌေးသူကြွယ်တွေ၊ ဗိုလ်ချုပ် ဗိုလ်မှူးတွေရဲ့သားသမီးမြေးမြစ်တွေမို့ မပြောရဲဘူး။ မလိုက်နာကြဘူးဆိုရင် အများအကျိုးအတွက် ပြတ်ပြတ်သားသားလုပ်သင့်တယ်။ ကားအကောင်းစားသာစီးနိုင်မယ်ဆိုရင်လည်း ကားအကောင်းစားတွေကို ကျောင်းကားအဖြစ် ဆွဲခိုင်းလိုက်၊ ဒါမှမဟုတ် ဒီကျောင်းကို အများပြည်သူအနှောင့်အယှက်မဖြစ်အောင် မြို့ပြင်ကိုထုတ်လိုက်၊ ဒါမှမဟုတ်ရင်လည်း ဒီလမ်းကိုဘယ်ဘတ်စ်ကား၊ ဘယ်တက္ကစီမှ မမောင်းရတဲ့ လမ်းလုပ်ပစ်၊ ဒါမှ အဆင်ပြေမှာပေါ့''

➲ “ကြီးကြီး ကြည့်မရတာ ဒါပဲလား”

☞ ''အမှိုက်ကိစ္စလည်း ကျန်သေးတယ်''

➲ နေရာတကာမှာ အမှိုက်ပုံးတွေထားပေးတာ ကျေးဇူးတင်ဦး''

☞ “အမှိုက်ပုံးထားပေးတာတွေတော့ ကျေး ဇူးတင်ရမှာပါ။ ဒါပေမဲ့အမှိုက်ပစ်တဲ့လူတွေ စနစ်မကျတာ၊ စည်းကမ်းမရှိတာတော့ ပြောရမှာပဲ။ မီးဖိုချောင်သုံး စာြးွကင်းစာကျန် အမှိုက်တွေကို သတ်မှတ်ထားတဲ့အိတ်နဲ့ ထုပ်ထည့်သိမ်းဆည်း စည်းနှောင်ပြီးပစ်၊ တခြားအမှိုက်တွေကို သတ်မှတ်ထားတဲ့အိတ်နဲ့ ထုပ်ပိုး စည်းနှောင်ပြီးပစ်၊ အဲလိုမဟုတ်ဘဲ တချို့များဇလုံထဲ၊ ပန်းကန်ထဲက စားကြွင်းစားကျန်ကို ဘာအိတ်မှမပါဘဲ အမှိုက်ပုံးထဲဒီအတိုင်း သွန်ချထည့်သွားကြတယ်။ ဒါဟာအမှိုက်သိမ်းတဲ့ လူတွေကို စော်ကားတာပဲ။ ဒါမှမဟုတ် အနိုင်ကျင့်တာပဲ။ အမှိုက်သိမ်းရတာ ဘယ်လောက်အခက်အခဲရှိသလဲဆိုတာ သူတို့နားမလည်ဘူး။ တကယ်က စည်ပင်ဌာနဟာ အမှိုက်သိမ်းတဲ့လူတွေကို လစာတိုးပေး၊ လက်အိတ်တို့၊ နှာခေါင်းစည်းတို့ ပြည့်ပြည့်စုံစုံပေးပြီးမှ သိမ်းခိုင်းရမယ်။ ခုဟာက လမ်းတကာမှာ သစ်ရွက်ခြောက်တွေ၊ ပလတ်စတစ်အမှိုက်တွေ တောင်ပုံရာပုံ''

➲ “ဟဲ၊ ဟဲ ရေမြောင်းကိစ္စရော မပြောတော့ဘူးလား''

☞ ''ရေမြောင်းတွေ အမှိုက်နဲ့ပိတ်ဆို့နေတာဟာလဲ စည်ပင်မှာ တာဝန်ရှိတယ်။ အခုလို မိုးလေးတဖြိုက်နှစ်ဖြိုက်ရွာ တာနဲ့ တောင်ဥက္ကလာပ သံလမ်းဘေးကားလမ်းတွေဟာ ရေတွေဝပ်ပြီး လမ်းသွား လမ်းလာ၊ ကားသွားကားလာ တွေအတွက် အန္တရာယ်ပဲ''

➲ ''မစ,လိုက်နဲ့၊ စ,ပေးလိုက်ရင် ကြီးကြီးတို့က အဆုံးမရှိပြောတော့တာပဲ။ ဗျစ်တောက်ဗျစ်တောက်နဲ့၊ တရုတ် ကုလားကိစ္စတော့ မပြောနဲ့တော့နော် ကြီးကြီး''

☞ ''မပြောဘူး၊ မပြောဘူး၊ တရုတ်ကုလားထက် ဒီမိုကရေစီအရေး တိုင်းရင်းသားအကျိုး စီးပွားအရေး၊ ငြိမ်းချမ်းရေးက အရင်ဆုံးလုပ်ရမယ့်ကိစ္စတွေ၊ အဲဒါတွေ အဆင်ပြေမှ တရုတ်ကုလားနောက်မှလုပ်။ တောင်ကိုရီးယားတိုးတက်လာတာ၊ ခရိုနီတွေကို အသုံးချပြီး တိုင်းပြည် စီးပွားရေးတိုးတက်လာတာ၊ ဗမာပြည်မှာ စစ်အစိုးရက သူတို့အကျိုးအတွက်ပဲ ခရိုနီတွေကို မွေးထားတာကိုး၊ တိုင်းပြည်အကျိုးအတွက် မဟုတ်ဘူး။ တကယ်က ခရိုနီတွေကို တိုင်းပြည်အကျိုးအတွက် အသုံးချလို့ရအောင် လုပ်ယူရမယ်။ စည်းနဲ့ ကမ်းနဲ့ လမ်းနဲ့ ဥပဒေနဲ့ လုပ်ရမယ်''

➲ ''ကြီးကြီး မမောဘူးလား၊ ကျွန်တော် နားထောင်ရတာတောင် မောတယ်။ သွားတော့မယ်ဗျာ''

_မယ်မင်းကြီးမ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal