05/29/16

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်
မိုင်းယန်း-ကျိုင်းတုံခရီးစဉ်အတိုင်းမောင်းနှင်လာသည့် ကားတစ်စီးအား
ကျိုင်းတုံမြို့ အဝင် မိုင်းခတ်ကားလမ်းရှိ ရဲကင်းစခန်းဂိတ်တွင် စစ်ဆေးခဲ့ရာမှ
စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်းတစ်သောင်း ကျော်ဖိုး
ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှသိရသည်။

အဆိုပါ ရဲကင်းစခန်းဂိတ်တွင် မေ(၂၈)ရက် မွန်းတည့်(၁၂)နာရီကျော်က
အဆိုပါကားအား ရပ်တန့်စေပြီး မြို့နယ် ရဲတပ်ဖွဲ့မှ ဦးဆောင်၍
အမှတ်(၂၈)မူးယစ်တပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် စုပေါင်းအဖွဲ့သည်
အသိသက်သေ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတို့နှင့် စစ်ဆေးရှာဖွေရာမှ
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်းဖြစ်သူ၏ လွယ်အိတ်အတွင်းမှ WY စာတမ်းပါ
ပန်းရောင်စိတ်ကြွဆေးပြား(၂၀၀)စီပါ (၃၀)ထုပ်၊
ကားနောက်ဖုံးပီနံအိတ်အတွင်းမှ (၆၀၀၀)ပြားစီပါ (၇၅)ထုပ်၊
ချည်ထည်စောင်အတွင်းမှ (၆၀၀၀)ပြားစီပါ (၆) ထုပ်၊ (၄၀၀၀)ပြားစီပါ (၂)ထုပ်၊
စုစုပေါင်း ဆေးပြား(၅၀၀၀၀၀)၀န်းကျင်၊ ကာလတန်ဖိုးကျပ်သိန်း(၁၂၅၀၀)ကို
ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
ဖမ်းဆီးရမိသည့်ကားမှာ SHN FF-2032 အပြာရောင် Succeed အမျိုးအစား
တက္ကစီယာဉ်ဖြစ်ပြီး အဆိုပါစိတ် ကြွဆေးပြားများအား
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသ(၄)တွင်နေထိုင်သူ ဦးအိုက်ရှဲန်ထံမှ
သယ်ယူခ ထိုင်းဘတ်တစ်သိန်းခွဲဖြင့် လက်ခံသယ်ဆောင်လာခဲ့ခြင်းဖြစ်ကာ
တာချီလိတ်မြို့သို့ ပို့ဆောင်ရမည်ဖြစ်သည်
ဟု ယာဉ်မောင်းအိုက်ယီ၊ တာချီလိတ်မြို့နေသူက ထွက်ဆိုထားကြောင်း သိရသည်။

ထို့အပြင် ကားပေါ်တွင် မိုင်းခတ်မြို့မှ ကျိုင်းတုံမြို့သို့ ယာဉ်စီးနင်းခ
ထိုင်းဘတ်ငွေ(၅၀၀)ပေး၍ လိုက်ပါလာ သောခရီးသည်တစ်ဦးနှင့်
မိုင်းခတ်မြို့နယ်၊ မိုင်းဟန်ကျေးရွာမှ ကျိုင်းတုံမြို့အထိ
ကုသိုလ်ဖြစ်အခမဲ့လမ်းကြုံတင် ဆောင်လာသည့် သံဃာတော်(၂)ပါးကိုလည်းတွေ့ရပြီး
၎င်းတို့မှာ အမှုနှင့် ပတ်သက်ခြင်းမရှိကြောင်းသိရသည်။
အမှုနှင့် ပတ်သက်၍ တရားခံအိုက်ရီဆိုသူအား ကျိုင်းတုံမြို့မရဲစခန်းက
(ပ)၆၁/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေတတ်သော
ပုဒ်မ၁၅/၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

MMK
The Ladies News Journal

တရုတ်နိုင်ငံပိုင် Guangdong Zhenrong Energy Co သည် ထားဝယ်ရေနံစက်ရုံစီမံကိန်းအတွက် ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးတာဝန်ယူသည့် ရက်ဖြစ်သော မတ် ၂၉ က နေပြည်တော်တွင် အခမ်းအနားဖြင့် သဘောတူ လက်မှတ်ထိုးခဲ့သည်။ စစ်တပ်ပိုင် ဦးပိုင်လီမိတက် ၊ နိုင်ငံပိုင် MPE နှင့် ထူးဂရုတို့ ဖက်စပ်ဆောင်ရွက်နေသည့် ထားဝယ်ရေနံချက်စက်ရုံ စီမံကိန်း၏ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို GZE က ၀ယ်ယူရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုလက်မှတ်ထိုးပေးခဲ့ကြောင်း မြန်မာ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အတည်ပြုခဲ့သည်။

စီမံကိန်းတန်ဖိုးမှာ ဒေါ်လာ သုံးဘီလီယံ ရှိသဖြင့် မြန်မာနိုင်ငံတွင် အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်သည်။ အခြေခံအဆောက်အအုံ မဟာစီမံကိန်းကြီးများ တည်ဆောက်ကာ နိုင်ငံရပ်ခြားဈေးကွက်များ ဖန်တီးရန် ရည်ရွယ်သည့် တရုတ်နိုင်ငံ၏ “One Belt One Road” စီမံကိန်းတွင်လည်း အရေးပါသည့် ထိုင်းနိုင်ငံနှင့် ကပ္ပလီပင်လယ်ကြားရှိ ကျဉ်းမြောင်းသည့် ကျွန်းဆွယ်သဖွယ်တည်ရှိသည့် တင်္နသာရီတိုင်းတွင် တရုတ်နိုင်ငံအတွက် အခြား စိတ်ဝင်စားမှုပြသနေသည့် အာရှနိုင်ငံများထက် လက်ဦးမှုရယူခဲ့ပြီဖြစ်သည်။

GZE က တည်ဆောက်ခွင့်ရသည့် ရေနံချက်စက်ရုံသည် တစ်ရက်လျှင် ထုတ်လုပ်နိုင်စွမ်း ပီပါတစ်သိန်းရှိသဖြင့် လက်ရှိ မြန်မာနိုင်ငံလုံးရှိ ရေနံချက် စက်ရုံ အားလုံး၏ စုစုပေါင်း ထုတ်လုပ်နိုင်စွမ်းထက်ပင် ပိုမိုသည်။ သို့သော် အာရှ၏ အကြီးဆုံး ရေနံချက်စက်ရုံများ၏ ထုတ်လုပ်စွမ်းမှာ တစ်ရက်လျှင် ပီပါ ခြောက်သိန်းအထိရှိနေသည်။ လက်ရှိ မြန်မာနိုင်ငံတွင် လောင်စာဆီ သုံးစွဲနှုန်းမှာ တစ်ရက်လျှင် ပီပါ ငါးသောင်းခန့်ရှိရာမှာ ၂၀၂၀ တွင် ပီပါ ခြောက်သောင်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံရှိ အိုဟောင်းနေသော လက်ရှိ ရေနံချက်စက်ရုံ သုံးရုံမှာ အပြည့်အ၀ အသုံးပြုနိုင်ခြင်း မရှိသဖြင့် နှစ်စဉ် လောင်စာလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည်။

ရေနံဈေးနှုန်းများ ကျဆင်းနေပြီး ရေနံချက်စက်ရုံစီမံကိန်းများ အမြတ်ရရန် မလွယ်ကူသော်လည်း မြန်မာအစိုးရသည် စီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် အထူးအားထုတ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ထိုစီမံကိန်းစာချုပ်မှာ စစ်တပ်ကျောထောက်နောက်ခံပြု အရပ်သားတစ်ပိုင်း အစိုးရ၏ နောက်ဆုံးနေ့တွင် ချုပ်ဆိုခဲ့သဖြင့် တရုတ်နိုင်ငံသည် အသာစီးဖြင့် ဦးစားပေးခြင်းခံခဲ့ရဖွယ်ရှိသည်။

စီးပွားရေးနှင့် မဟာဗျူဟာ ရှုထောင့်များအဖြစ် ထိုစီမံကိန်းသည် ဒေသခံများ၏ ဆန့်ကျင်မှုနှင့် ကြုံတွေ့ရနိုင်သည်။ တရုတ်ကုမ္ပဏီသည် စီမံကိန်းအတွက် လွန်ခဲ့သည့် လေးနှစ်ကတည်းက ဒေသခံများကို ချဉ်းကပ်ခဲ့ပြီးအချို့ကို တရုတ်နိုင်ငံသို့ အလည်အပတ် ခေါ်ဆောင်ခဲ့သည်ဟု လူမှုအဖွဲ့အစည်း ဖြစ်သည့် ထားဝယ် ဖွံ့ဖြိုးရေးအသင်းက ပြောကြားသည်။ ရေနံချက်စက်ရုံ စီမံကိန်းအတွက် ဒေသခံရွာသားအချို့အား နေရာရွှေ့ပြောင်းစေရန် လိုအပ်ပြီး ရေလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ချက်ရှီသည့် ခရီးသွားလုပ်ငန်းတို့အပေါ် မှီခိုနေသည့် ဒေသခံများအတွက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှုများရှိလာစေနိုင်သည်။

တရုတ်နိုင်ငံသည် ယူနန်ပြည်နယ် မြို့တော်ကူမင်းတွင် တည်ဆောက်ရန် စီစဉ်ထားသည့် ရေနံချက်စက်ရုံ စီမံကိန်းကို ဖျက်သိမ်း (သို့) ဆိုင်းငံ့ ထားသည်။ ထိုစက်ရုံသည် ရခိုင်ပြည်နယ်မှ ပိုက်လိုင်းဖြင့် တင်ပို့သည့် ရေနံစိမ်းများကို သန့်စင်ဖြန့်ဖြူးအသုံးပြုရန် ရည်မှန်းထားခြင်းဖြစ်သည်။ အဆိုပါ ကူမင်း ရေနံချက်စက်ရုံ စီမံကိန်း ဖျက်သိမ်း (သို့) ဆိုင်းငံ့ခဲ့သဖြင့် ထိုရေနံနှင့် ဂက်စ်ပိုက်လိုင်းအား အသုံးပြုမှု လျော့နည်းလာပြီ ဖြစ်သည်။ ထားဝယ်ရေနံချက်စက်ရုံအနေဖြင့် ယခုထက် ပိုမိုကြီးမားပြီး အရှေ့ဘက် ထိုင်းပင်လယ်ကွေ့သို့ ပိုက်လိုင်းသွယ်တန်းကာ ထိုမှတစ်ဆင့် တရုတ်နိုင်ငံတောင်ပိုင်းသို့ သင်္ဘောဖြင့် တင်ပို့နိုင်ရန် ဆောင်ရွက်နိုင်မှသာ အမြတ်ရရှိနိုင်မည်ဟု ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကမူ ဒေသတွင် ယခင် အစိုးရလက်ထက်က လုပ်ပိုင်ခွင့်များ ပေးအပ်ခဲ့သည်များကို ပြန်လည်စစ်ဆေးသုံးသပ်မည်ဟု ဆိုသည်။ သူမက စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခင်အစိုးရ လက်ထက်က သိမ်းယူထားသည့် မြေယာများကို ပြန်လည်ပေးအပ်ရန် စီစဉ်လျက်ရှိသည်။

KHTun
The Ladies News Journal

shan-parties-620.jpg ရှမ်းပြည်တိုင်းရင်းသား ပါတီများဖွဲ့စည်းရေး ဆွေးနွေးပွဲကို မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ် Orchit hotel မှာ ကျင်းပနေစဉ်
Photo: Kyaw Lwin Oo/ RFA

ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ခု ပူးပေါင်းပြီး ရှမ်းပြည်တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်ကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ် Orchit hotel မှာ ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ ပါတီက ခေါင်းဆောင်တွေ တက်ရောက်ပြီး ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း ဖက်ဒရယ် ပြည်ထောင်စုပါတီ ဥက္ကဌ ဦးစောသန်းမြင့်က ပြောပါတယ်။

နောက်တစ်ကြိမ် အစည်းအဝေးကျင်းပတဲ့အခါ ရှမ်းပြည်တိုင်းရင်းသားပါတီများအဖွဲ့ချုပ် ရဲ့ မူဝါဒတွေကို ဆွေးနွေးအတည်ပြုသွားမယ်လို့လည်း ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ရှမ်းပြည်နယ်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဝ ဒီမိုကရက်တစ် ပါတီ၊ ဖက်ဒရယ် ပြည်ထောင်စုပါတီ၊ အင်းတိုင်းရင်းသားများအဖွဲ့ချုပ် စတဲ့ ပါတီ ၁၃ ပါတီတက်ရောက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာရှိတဲ့ ပါတီ ၁၈ ခုကိုဖိတ်ကြားခဲ့ပေမယ့် ဒီကနေ့ အစည်းအဝေးကို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLDနဲ့ တခြားပါတီတချို့ က ခေါင်းဆောင်တွေ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

Photo: Kan Thar/ RFA ( TNLA တပ်မဟာ၂ ဒေသအတွင်းက တပ်သားတချို့ကို တွေ့ရစဉ်)
တအာင်းလူမျိုးနဲ့ ရှမ်းလူမျိုးအကြား လူမျိုးရေးပဋိပက္ခတွေ မဖြစ်အောင် ဒေသခံပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာဆက်ဆံနေထိုင်ကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တိုက်တွန်းလိုက်ပါတယ်။

မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဒေသခံရှမ်းလူမျိုး တစ်ထောင်ကျော်က TNLA ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲကျင်းပခဲ့တဲ့အပေါ် ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ တအာင်းနဲ့ ရှမ်းလူမျိုးတွေအကြား ပဋိပက္ခတွေမဖြစ်စေဖို့အတွက် တိုက်တွန်းလိုတာဖြစ်တယ်လို့ TNLA က ဗိုလ်မှုးကြီးမိုင်းဖုန်းကျော်က ပြောပါတယ်။

"ကျောက်မဲမှာရှိနေတဲ့ ရှမ်းပြည်သူလူထုတွေကတော့ RCSS ကပြောထားတာတွေရှိတော့ သူတို့အနေနဲ့ ဆန္ဒပြတာပေါ့၊ သူတို့ဆန္ဒပြပိုင်ခွင့်ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့စိုးရိမ်တာက ကျနော်တို့ တအာင်းလူမျိုးတွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ အခြေအနေပိုရှုပ်သွားမှာစိုးလို့ ကျနော်တို့ဖက်ပဲ သဘောထားထုတ်ပြန်ချက် ထုတ်ပြီးတော့မှာ ကျနော်တို့လူထုတွေကို နားမရောင်ဖို့၊ တစ်ဖက်နဲ့ တစ်ဖက်ပြဿနာတွေပိုရှုက်လာရင် နိုင်ငံရေးအရဖြေရှင်းရတာပိုခက်နိုင်တယ်၊ ရှမ်းပြည်သူလူထုတွေက သူတို့သွေးပူနေတဲ့အချိန်ဖြစ်တယ်၊ သတင်းအမှန်မရတဲ့အချိန်ဖြစ်နေတယ်၊ အချိန်တန်ရင်တော့ ဒါတွေကပြေလည်သွားမှာပါ"

ရှမ်းပြည်မြောက်ပိုင်းဖက်မှာ TNLAနဲ့ RCSS/SSA အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ရာမှာ TNLA အဖွဲ့က ရှမ်းတိုင်းရင်းသားတွေအပေါ် ဖိနှိပ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေတယ်ဆိုပြီး မနေ့က ဆန္ဒပြကြတာဖြစ်ပါတယ်။

နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ ဟိုပန်ကျေးရွာမီးလောင်မှုဟာ TNLAက ရှိ့တာ မဟုတ်ကြောင်းနဲ့ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေစဉ်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ကြောင်း ၊ ဒါ့အပြင် ညောင်မောင်း ဆရာတော်နဲ့ ဒေသခံတွေ TNLAက သတ်တယ်ဆိုပြီး သတင်းတွေထွက်နေတဲ့အတွက် ဆရာတော်နဲ့ ဒေသခံတွေကို TNLA အဖွဲ့က သတင်းမီဒီယာတွေနဲ့အတူ သွားရောက်တွေ့ဆုံခဲ့ကြောင်းလည်း ထုတ်ပြန်ကြေညာချက်မှာ ရှင်းပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


Posted on 28May2016

ထိုင်းမင်သမီးအားလုံးအလှအပကိုထိမ်းဘို့ မျက်နှာနဲ့ အသားအရေ ပြု ပြင်ပေးနေတဲ့ ဆေးခန်းတွေ ကို ပုံမှန်သွားကြပါတယ်။

နံမည်ကြီး အလှအပ ပြုပြင်ရေးဆိုင်ရာ ဆေးခန်း ကိုပုံမှန် သွားနေ တဲ့ ထိုင်းမင်းသမီး "ကျစ် ခီသဖတ်"တယောက် ဆေးခန်းက ပြုပြင်ပေးတဲ့ အလှပြင် ပစ္စည်းတွေ သုံးနေ ရင်း ဓါတ်မတည့်ဖြစ်ပြီး မျက်နှာတခုလုံး အရည်ကြည် အဖုတွေ ထွက်လာလို့  အပြင်တောင်မထွက်ရဲ တော့ဘဲ လက်ခံထားတဲ့ အနုပာအလုပ်တွေကို ဆက်မလုပ်နိုင်တော့ကြောင်း သူမရဲ့ Twitter စာမျက်နှာမှာ ရေးသားထား ပါတယ်။


ခုတော့ အရေပြားရောဂါ အထူးကုဆရာဝန်တွေနဲ့  ကုသနေ ရပါတယ်၊ သူမရဲ့ အသားနဲ့  မတည့်တဲ့ မိတ်ကပ်တွေသုံးရင်းအခတ်မသင့်တဲ့ အချိန် (အစားအသောက်ရာသီဥတုပြောင်းလဲခြင်း)တွေမှာခုလိုဖြစ်ခဲ့တာလို့ ဆရာဝန်တွေက ပြောပါတယ်။


အသားအရေ နုတဲ့သူ သွေးသားမတည့်တဲ့သူတွေအတွက် မျက်နှာ အလှပြင် အသုံးအဆောင်တွေကနေ တင်းတိတ်-မှည့်ခြောက်-အစက်အပြောက်တွေ ထွက်လာတတ်တယ်လို့  မိတ်ကပ်အရမ်းသုံးတဲ့အမျိုးသမီးတွေအတွက် သတိထားစရာဖြစ်ရပ်ပါ။

Social Action for Women - SAW
Credit Thaitoday
https://www.facebook.com/Social-Action-for-Women-SAW


မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် ရတနာပုံစူပါစင် တာရှိ ဖက်ရှင်ဆိုင်တစ်ဆိုင်တွင် တရုတ်နိုင်ငံသားသုံးဦးက ရွှေတုံး အတုများကို ကျပ်သိန်း ၃၀၀ ဖြင့် လိမ်လည်ရောင်းချမှု မေလ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

တရုတ်နိုင်ငံသား အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးသည် တရုတ်လူမျိုးဖွင့်လှစ်ထားသော ဖက်ရှင်ဆိုင်တွင် ရွှေတုံးအတုများ လိမ်လည်ရောင်းချခဲ့သဖြင့် ရှာဖွေစုံစမ်းနေကြောင်း အမှတ်(၈)နယ် မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲမှူးကျော် သာဦးက ပြောသည်။

‘‘မြန်မာစကားလုံးဝမပြော တတ်တဲ့ တရုတ်အမျိုးသမီးနှစ် ယောက်နဲ့ အမျိုးသားတစ် ယောက်ဖြစ်ပြီး မန္တလေးက တရုတ်တွေ မဟုတ်ဘူးလို့ သိရတယ်။ ကာယကံရှင်တွေကလည်း အမှု မဖွင့်ပေမယ့် ဟိုတယ်တွေမှာ ရှာ ဖွေစုံစမ်းနေတယ်။ တွေ့ရင်တော့အရေးယူမှာပါ’’ဟု ဒုရဲမှူးကျော် သာဦးက ပြောသည်။

တရုတ်နိုင်ငံသားများသည် အလေးချိန် လေးပိဿာရှိ ရွှေတုံး လေးဆယ်ကို ကျပ်သိန်း ၃၀၀ ဖြင့် ရောင်းချရန် ဖက်ရှင်ဆိုင်သို့ လာ ရောက်ပြောဆိုခဲ့သဖြင့် ငွေ အရင် ပေးခဲ့ကာ ရွှေတုံးများကို နောက်ရက်မှ ပေးခဲ့ခြင်း ဖြစ်သည်။

‘‘မေလ ၂၄ ရက်လောက်က ရွှေတုံးအတုတွေ လိမ်ခံရတယ်လို့ သတင်းရလို့ သွားမေးတာ။ ရွှေ တစ်ပိဿာကို အပြင်မှာ ရှစ်သိန်း လောက်ပေါက်တာ လေးပိဿာ ကို သိန်းသုံးရာနဲ့ ရမယ်ဆိုပြီး ဈေး မဆစ်ဘဲ ငွေအရင်ချေပြီး ဝယ် လိုက်တာ။ ရွှေတွေရပြီး နောက် ရက်မှာ ရွှေအရည်ကျိုဖို့ ပန်းထိမ် ဖိုရောက်မှ အတုမှန်းသိတာ။ လေဆိပ်မှာလည်း အတုမိထားတဲ့ အတွက် သတင်းရတာနဲ့ သွားပြီး စုံစမ်းလိုက်တာ။ တရုတ်နိုင်ငံ သားတွေက ဘယ်မှာနေလဲဆိုတာလည်း စုံစမ်းမရသေးဘူး။ သူတို့ ဓာတ်ပုံပဲ ရထားတယ်’’ဟု ဒုရဲမှူး ကျော်သာဦးက ပြောသည်။

ရွှေတုံးအတုများလိမ်လည် ရောင်းချသူများကို ဖမ်းဆီးရမိရန် ဟိုတယ်များနှင့် လေဆိပ်တွင် စောင့်ကြည့်စစ်ဆေးနေကြောင်း အမှတ်(၈)နယ်မြေရဲတပ်ဖွဲ့စခန်း မှ သိရသည်။

မေလ ၂၂ ရက်ကလည်း မန္တလေးအပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင် တရုတ်နိုင်ငံသားတစ်ဦး ၏ ခရီးဆောင်အိတ်ကို X-ray စက်ဖြင့် စစ်ဆေးခဲ့ရာ ရွှေအတုဟု ယူဆရသော အဝါရောင်တရုတ် ရိုးရာ ရွှေတုံး ၁၃၀ တုံး (အလေး ချိန် ၄ ကီလိုဂရမ်ခန့်)နှင့် တရုတ် ရိုးရာအန်းကုံးရုပ်တု ရှစ်ခုတို့ကို တွေ့ရှိသဖြင့် ခေတ္တချိတ်ပိတ် သိမ်းဆည်းထားပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့်နေ့မှသာ ပြန်လည် ထုတ်ပေးမည်ဟု ဆို သည်။ အဆိုပါတရုတ်နိုင်ငံသား သည် ရန်ကုန်မြို့တွင် ရောက်ရှိနေပြီး စောင့်ကြည့်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာနမှ သိရသည်။

============

7Day News Journal

http://7daydaily.com/story/66174

မေလ၂၄ရက်က လူသေဆုံးခဲ့မှုကို ၀ိုင်းဝန်းကြည့်ရှုနေသူများ (ဓာတ်ပုံ-စိုးဇေယျထွန်း)


ရန်ကုန်မြို့လယ် ဆာ ကူရာတာဝါရှေ့တွင် ဓာတ်လိုက် သေဆုံးခဲ့သည့်အမျိုးသားအ တွက် ဆေးရုံမှ ဆေးစာထွက်လာ သည့်အပေါ်မူတည်၍ ဆုံးဖြတ် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းမှ သိရသည်။

‘‘ဒီကိစ္စအတွက် စိတ်မ ကောင်းပါဘူး။ ဆေးရုံက ဆေးစာ မထွက်သေးဘူး။ ဆေးစာထွက် ရင် တရားဥပဒေအတိုင်းဖြစ်ရ မယ်’’ဟု အဆိုပါကော်ပိုရေးရှင်းမှ အရာရှိကပြောသည်။

မေလ ၂၄ရက်တွင် အသက် (၁၆)နှစ်အရွယ် လူငယ်တစ်ဦး သည် ဗိုလ်ချုပ်လမ်းမပေါ်၌ ရုပ်ရှင်ရုံများဘက်မှ ရန်ကုန်ဘူ တာကြီးအထူးတန်းရထားလက် မှတ်ရောင်းသည့်ဘက်အခြမ်းသို့ လမ်းဖြတ်ကူးရာတွင် ဓာတ်လိုက် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါလူငယ်သည် လမ်း ဖြတ်ကူးစဉ်ရေအိုင်အတွင်းကျနေ သည့် ဓာတ်ကြိုးကြောင့် ဓာတ်လိုက်ခြင်းဖြစ်ပြီးကူညီရန် ကြိုးစားခဲ့သော်လည်းဓာတ်လိုက်သေဆုံးသွားကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါသေဆုံးမှုအတွက် လျှပ်စစ်ဌာနက မေလ ၂၆ရက်တွင် အဆိုပါဓာတ်တိုင်ကိုလာရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးရာတွင် သေဆုံးသူမှာ ဒဂုံမြို့သစ်(တောင် ပိုင်း)နေသူဖြစ်ပြီး ၎င်းသေဆုံးရခြင်းမှာ ဓာတ်တိုင်အောက်ခြေအနီး တွင် ဆင့်ကဲတပ်ဆင်ထားသော မိန်းဘောက်စ်အတွင်းမှ ၀ိုင်ယာ ကြိုးတစ်စရေထဲကျ၍ လျှစ်စစ် ဓာတ်စီးဝင်နေမှုကြောင့်ဖြစ်သည် ဟု မေလ ၂၇ရက် အစိုးရထုတ်သ တင်းစာတွင် တာဝန်ရှိသူတစ်ဦး ကပြောသည်ဟုဆိုထားသည်။

၂၀၁၄-၁၅ဘဏ္ဍာရေးနှစ် တွင် တစ်နိုင်ငံလုံးဓာတ်လိုက်မှု ပေါင်း ၂၂၄မှုဖြစ်ပွားခဲ့ပြီး ၂၀၅ဦး သေဆုံးမှုဖြစ်ခဲ့သည်ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၏ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ ရန် ကုန်တိုင်းတွင် ၂၀၁၅အတွင်း ဓာတ်လိုက်သေဆုံးမှု တစ်ရာ ကျော်ရှိခဲ့ပြီး မိုးတွင်းကာလတွင် သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည်။
7Day News Journal

http://7daydaily.com/story/66170

မဲဆောက်မြို့ မယ်တော်ဆေးခန်းမှ စိုးရိမ်စိတ်ဖြင့် သတင်းမေးကြသူများအရေးပေါ်ကားဖြင့် လိုက်ပါပို့ဆောင်ပေးသော ကလျာဏမိတ္တ(ကိုတင့်)တို့
အဖွဲ့ အားလုံးကို ကျေးဇူးတင်စွာ အကြောင်းပြန်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်သည် ဗိုက်အောင့်ဝေဒနာ ခံစားနေရသ ဖြင့် ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
မေလ ၂၈ ရက်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းသစ် ဖွင့်ပွဲ အခမ်း အနား ကို တက်ရောက်ခဲ့သော ကိုမင်းကိုနိုင်သည် ဆေးခန်းဖွင့်ပွဲအခမ်းအနား၌ ဗိုက်အောင့်ဝေဒနာခံစားရ၍ ဆေးကုသမှုခံယူခဲ့ကြောင်း၊ ဆက်လက်၍ ကရင်ပြည်နယ် မြ၀တီရှိ မေတ္တာမွန် ဆေးရုံ တွင်ဆေးကုသမှုခံယူနေကြောင်း ကိုမင်းကိုနိုင်နှင့်လိုက်ပါသွားသူ ကိုသိန်း(ဒသနိက) ပြောသည်။

ကိုမင်းကိုနိုင်သည် အစာအိမ်နှင့်အူလမ်းကြောင်း ရောင်နေသောကြောင့် ပိုးသတ်ဆေးထိုးထားရပြီး အူအတက်ရောင်လာပါက လိုအပ်လျှင် ခွဲစိတ်ကုသရမည် ဖြစ်ပြီး စောင့်ကြည့်ရန်လိုအပ်သည်ဟုဆိုသည်။ ခွဲစိတ်ရန် မလိုအပ်ပါကလည်း အနားယူရန် ဆရာဝန်ကြီးမှ ညွှန်ကြားထားကြောင်း နှင့် လတ်တလောတွင် အရည်နည်းနည်းသာ သောက်ခွင့်ရသည်ဟု ကို မင်းကိုနိုင်အား အနီးကပ်ပြုစုနေသူ ကိုသိန်း(ဒသနိက)ကပြောသည်။
ဓာတ်ပုံ - ကိုသိန်း(ဒသနိက)
၂၉.၅.၂၀၁၆
.
Credit ....Thein Htein

အမေရိကန်ပြည်ထောင်စုရောက် ၈၈ မျိုးဆက် ကျောင်းသားများ ဗကသ အဖွဲ့ဝင်များ ပြည်ပရောက်ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ၉၀ ခုနှစ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဦး ၇၄ ၇၅ ၇၆ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးအောင်စောဦး ဒေါက်တာသီဟ နှင့် ဒီမိုကရေစီအင်အားစုများ ကျောင်းသားတပ်မတော် ရဲမေ ရဲဘော်ဟောင်းများ နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။

အမေရိကားရောက် ၈၈ မျိုးဆက်ကျောင်းသားများ ဗကသ ရဲဘော်ဟောင်းများ မှ ဒီမိုကရေစီပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးစားဆောင်ရွက်ခဲ့သော ဗကသ အထွေထွေအတွင်းရေးမှုး မဖြိုးဖြိုးအောင်အား ဂုဏ်ပြုမှတ်တမ်းဆုချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။

Zaw Win

မကြာသေးမီကကျွန်တော်.တူတစ်ယောက် စင်္ကာပူမှပြန်လာသဖြင်. မိသားစုတွေ.ဆုံကာ ညဘက် ညစားကြပါသည် ။ထိုနေ.က ကျွန်တော်သည် မြောက်ဥက္ကလာ နွယ်နီလမ်းတွင် စာပေဟောပြောပွဲရှိသောကြောင်. သူတို.ကစောင်.နေကြပြီး စာပေဟောပြောပွဲပြီးမှစားသောက်ဆိုင်သို.သွားရခြင်းဖြစ်ရာ အနီးဆုံးဖြစ်သော မြောက်ဥက္ကလာ (ဃ)ဈေးအနီးမှ ပွင်.သစ်စမ်းစားသောက်ဆိုင်သို.ပဲသွားရပါသည် ။ စားသောက်ဆိုင်သို.ရောက်ချိန်တွင် ညဆယ်နာရီခွဲခန်.ရှိပါပြီ ။ ကျွန်တော်တို.သည် မိသားစုစုံစုံညီညီဖြင်. စားကြသောက်ကြပါသည် ။ အရက်သေစာသောက်သုံးခြင်းမရှိပါ ။ မိသားစုထမင်းဝိုင်းပုံစံသာဖြစ်ပါသည် ။ ထိုသို.ထိုင်ကြရင်းအစားအသောက်များရောက်လာရုံပင်ရှိသေးသည် ၀န်ထမ်းများက ဆိုင်ဝင်ပေါက်တံခါးကိုပိတ်လိုက်ကြပါသည် ။ကျွန်တော်တို.ကဘာကြောင်.ပိတ်သလဲဟုမေးသောအခါ ည (၁၁)ထိုးလျှင် ဆိုင်ပိတ်ရမည်ဟူသောအမိန်.ကြောင်.ပိတ်ခြင်းဖြစ်ကြောင်း သို.သော် ဆိုင်ဘေးတံခါးကိုဖွင်.ထားကြောင်း ၊ စားလက်စလူများလဲအေးအေးလူလူစားသောက်နိုင်ပါကြောင်း ။ နောက်နောင်လဲ (၁၁)နာရီကျော်လျှင် ဘေးပေါက်က၀င်ရောက်သုံးဆောင်နိုင်ပါကြောင်းပြောပြပေ၏ ။ ဆိုင်တွင်း၌ ကျွန်တော်တို.လိုပင်စားသောက်နေကြသောစားပွဲဝိုင်းလေးငါးဝိုင်းရှိလေသည် ။ ပြောရလျှင်ဘာတခုမှမဟုတ်တာမလုပ်ခဲ.သောကျွန်တော်တို.သည် နေရင်းထိုင်ရင်း ဥပဒေနှင်.မလွတ်ကင်းသောအမှုတစ်ခုကိုခိုးကြောင်ခိုးဝှက်ဆောင်ရွက်ရသလိုဖြစ်သွားလေသည် ။ ကောင်းရောင်းကောင်းဝယ် လုပ်စားသောစားသောက်ဆိုင်ပိုင်ရှင်မှာလည်းခိုးကြောင်ခိုးဝှက်ဖွင်.ရသည် ။ ကိုယ်.ပိုက်ဆံနှင်.ကိုယ် နိုင်ငံတော်ကို ၀ယ်ခွန်ဆောင်၍ စားသုံးသော စားသုံးသူ ကျွန်တော်တို.မှာလည်း ဒုစရိုက်အလုပ်တခုကို ဆောင်ရွက်မိသလို (ငွေရှင်းတော.အခွန်လဲပေးရသေး ) ခံစားရသည် ။ ထိုအခါစဉ်းစားမိသည်မှာ ည ၁၁ နာရီထိုးလျှင် ဆိုင်တွေအားလုံးပိတ်စေသောအမိန်.ဖြစ်သည် ။ ထိုအမိန်.သည် စာနှင်.ပေနှင်.တရားဝင်ထုတ်တာလဲမဟုတ်သဖြင်.တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းနေပေသည် ။ ဟိုမြို.နယ်မှာ ဟိုလို ၊သည်မြို.နယ်မှာ သည်လို အမျိုးမျိုးကွဲပြားနေ၏ ။အချို.မြို.နယ်များက အရက်ဆိုင်၊နိုက်ကလပ်နှင်. KTV များ ၊ အနှိပ်ခန်းများကိုသာ ထုတ်သောအမိန်.ဟု ယူဆအကောင်အထည်ဖော်၏ ။ အချို.မြို.နယ်များမှာ စားသောက်ဆိုင်တွေပါပါသလိုလိုဖြစ်နေ၏ ( ပွင်.သစ်စမ်းမှာ မိသားစု KTV နှင်.စားသောက်ဆိုင်တွဲ၍ဖွင်.ထားသောဆိုင်ဖြစ်သဖြင်.ဘယ်ထဲပါမှန်းမသိတော.ချေ ) ။ သို.သော် နိုင်ငံသားတစ်ယောက်အနေနှင်.ပြောလိုသည်မှာ ညဘက် ၁၁ နာရီကျော်တွင်အပြင်ထွက်၍ သွားလာစားသောက်နေကြသူတိုင်း ဒုစရိုက်သမားများမဟုတ်ပါ ။ အကြောင်းကြောင်းကြောင်.ညနက်မှအပြင်ထွက်၍ စားကြသောက်ကြသော မိကောင်းဖခင်သားသမီးများစွာရှိပါသည် ။ ည ၁၁ နာရီကျော်သည်နှင်. လူဆိုးများသာလမ်းပေါ်ရှိသည်ဟုမယူဆကြဖို.ဖြစ်သည် ။

အမှန်စင်စစ် ဒုစရိုက်သမားများသည် ညဘက်သာမက နေ.ခင်းကြောင်တောင်လဲ ၂၄ နာရီပါတ်လုံး လမ်းပေါ်မှာရှိနေကြတာဖြစ်သည် ။ မကြာသေးမီကမှ ဆရာဝန်တစ်ဦးကိုစားပြတိုက်၍ သမီးကိုဓားစာခံခေါ်ကာထွက်ပြေးသွားသောလူဆိုးသည် နေ.ခင်းကြောင်တောင်အမှုကျူးလွန်ခြင်းဖြစ်သည် ။ ပြီးတော.စားသောက်ဆိုင်များ၊ကေတီဗီ ၊မာဆတ်များ ၊ နိုက်ကလပ်များသည် ဒုစရိုက်သမားများချည်းခိုအောင်နေသောနေရာမဟုတ်ပါ ။ရိုးရိုးသားသားအပန်းဖြေသူများသွားလာနေသောနေရာများလည်းဖြစ်ပါသည် ။နိုင်ငံတကာတွင်လည်း မည်သည်.မြို.ကြီးမဆို ထို နေရာများရှိပါသည် ။ ည ၁၁ နာရီကျော်လျှင်အရက်သေစာမရောင်းရတော.ဘူးဆိုသော ကန်.သတ်ချက်များတော.ရှိပါသည် ။ဆိုင်ပိတ်သိမ်းကာကျီးနှင်.ဖုတ်ဖုတ်ဖြစ်အောင်မည်သည်.နိုင်ငံကမှမလုပ်ကြပါ ။နိုင်ငံတိုင်းတွင် မြို.ကြီးများ၌ Night Life များရှိကြပါသည် ။ ညဈေးများရှိကြပါသည် ။မိုးလင်းပေါက်ရောင်းသောဆိုင်များရှိကြပါသည် ။ ကျွန်တော်တို.ငယ်စဉ်က ပြည်မြို.တွင် ညလုံးပေါက်ဖွင်.လှစ်ရောင်းချသော မိုးလင်းပေါက်စားသောက်ဆိုင်များစွာရှိပါသည် ။အထူးသဖြင်.ပြည်ဘူတာကြီးရှေ.တ၀ိုက်နှင်. ၊ပြည်တော်အေးရုပ်ရှင်ရုံရှေ. အဝေဒပြေးကားဂိတ်များရှိရာနေရာတ၀ိုက်တွင်ဖြစ်သည် ။ယခုအချိန်အထိလည်း ပြည်မြို.တွင် ညလုံးပေါက်ဖွင်.သောဆိုင်များရှိပါသည် ။ မည်သည်.အချိန်ဖြစ်စေ တရေးနိုးဗိုက်ဆာလျှင် ဗိုလ်ချုပ်ကျောက်ရုပ်အနီးဖြစ်စေ ၊ မြို.သစ်အဝေးပြေးကားဂိတ်အနီးတွင်ဖြစ်စေ မိုးလင်းပေါက်ရောင်းချသောဆိုင်များရှိပါသည် ။ ထိုအစဉ်အလာလေးတော.မပျက်စီးစေချင်ပါ ။ မန္တလေးမြို.ကိုလည်းကျွန်တော်သဘောကျပါသည် ။ မန္တလေးတွင် ညလုံးပေါက်ဖွင်.လှစ်ရောင်းချသော အသားကင်ဆိုင်များ ၊ စားသေက်ဆိုင်များ ၊ ထမင်းကျော်ဆိုင်များ ၊ရှိပါသည် ။ ဘယ်အချိန်ဖြစ်ဖြစ် ညဘက်အပြင်ထွက်၍တခုခုစား၍ရပါသည် ။
အကယ်စင်စစ်မြို.တမြို.စည်ပင်အောင်လုပ်ရမည်မှာအာဏာပိုင်တို.၏တာဝန်ဖြစ်သည် ။ ထိုမြို.တွင်နေ.ရောညပါ ဥပဒေစိုးမိုးအောင်လုပ်ရမည်မှာ ရဲတပ်ဖွဲ.နှင်. အာဏာပိုင်အစိုးရ၏အလုပ်ဖြစ်သည် ။ ကိုယ်.တာဝန်ကိုကိုယ်ကြေအောင်လုပ်ကြရင်းတိုင်းသူပြည်သားများပျော်ရွှင်ချမ်းမြေ.စွာ နေ.ရောညပါ ဥပဒေ၏အကာအကွယ်ကိုရလျက်လုံခြုံစိတ်ချစွာသွားလာနိုင်ရေးသည် ။ အစိုးရနှင်.ရဲတပ်ဖွဲ.၏အလုပ်ဖြစ်သည် ။ ကိုယ်.တာဝန်ကိုကိုယ်ကြေပြွန်အောင်သာကြိုးစားသင်.ကြပြီး အများပြည်သူ၏လွတ်လပ်ခွင်.ကိုမကန်.သတ်သင်.ပါ ။ဘယ်နှစ်နာရီကျော်လျှင် မထွက်ရ ၊ညမထွက်ရစသည်.အမိန်.များသည် စစ်အစိုးရခေတ်က ကြုံခဲ.ဖူးသည်.ကန်.သတ်ချက်များဖြစ်ပါသည် ။ စင်္ကာပူတွင်မိန်းကလေးတစ်ယောက်တည်းသော်မှ ကြိုက်သည်.အချိန် လွတ်လပ်လုံခြုံစွာ သွားလာနိုင်ပါသည် ။ ကိုလိုနီနယ်ချဲ.အစိုးရဟုပြောသော နယ်ချဲအင်္ဂလိပ်အစိုးရခေတ်ကပင် ရန်ကုန်မြို.၌ တစ်ညလုံး လွတ်လပ်စွာ စည်စည်ကားကား သွားလာစားသောက်နိုင်ကြပုံကို စာရေးဆရာကြီးရွှေဥဒေါင်းရေးသော တစ်သက်တာမှတ်တမ်းနှင်.အတွေးအခေါ်များ စာအုပ် ပထမတွဲ စာမျက်နှာ ၄၀၆ ၌ တစ်ညအတွင်းနည်းမျိုးစုံပျော်ခြင်း ဟူသောခေါင်းစဉ်ဖြင်.အသေးစိတ်ရေးသားထားပါသည် ။

ထိုစာအုပ်အရ ကိုသိန်းဖေ ၊ ဆရာကြီးရွှေဥဒေါင်း ၊ ဆရာကြီးပီမိုးနင်းတို.သုံးယောက်သည်၁၉၃၆ခုနှစ်၏တစ်ခုသောညတွင် ရန်ကုန်၌ တစ်ညလုံးမအိပ်ပဲ လည်ပါတ်ပျော်ပါးကြပုံကိုရေးသားထား၏ ။ညဦးယံတွင် သူတို.သည် ဟိုတယ်သို.သွားကာ ပုလင်းထောင်ပြီး ဘိလိယက်ထိုးကြ၏ ။ တရုတ်ဟိုတယ်၌အစားအသောက်များစားကြ၏ ။ ဘီယာများသောက်ကြ၏ ။ထို.နောက်တရုတ်တန်းဘက်သို.ဓာတ်ရထားနှင်.ထွက်လာကြ၏ (ညနက်သည်အထိဓာတ်ရထားပြေးဆွဲပေးကြောင်း အတုယူရာ၏ ၊ ရန်ကုန်တွင်ဘတ်စ်ကားများမှာ ဆယ်နာရီကျော်လျှင်လမ်းပေါ်တွင်မမြင်ရတော.) ။ ထို.နောက်ဆရာကြီးတို.သုံးဦးသည် တစ်ညလုံးပျော်ရွှင်စရာနေရာမျိုးစုံသို.လှည်.ပါတ်သွားလာကြ၏ ။ ညကြီးသန်းခေါင် မဂိုလမ်း (ယခုရွှေဘုံသာလမ်း)ဘက်သို.ခြေလျှင်လျှောက်သွားကြပြီး ဖာလူဒါဆိုင်သို.၀င်ကာ နို.သုံးခွက်မှာသောက်၏ ။ ဘဲကင်တစ်ကောင်လည်းဝယ်ခဲ.သေး၏ (ဆိုင်အားလုံးညဘက်ဖွင်.လှစ်ရောင်းနေသည်.သဖွယ်ဖြစ်သည် ) ။ ထို.နောက်သွားစရာမှန်သမျှသွားကြကာ နံနက်အာရု့တက်လာသောအခါ လန်ခြားနှစ်စီးခေါ်၍အိမ်ပြန်ကြပြီး ( လန်ခြားမှာတညလုံးလမ်းပေါ်တွင်ရှိဟတ်တူသည် ) ။ လမ်းတွင်တွေ.သောလက်ဘက်ရည်ဆိုင်မှနံပြားခြောက်ချပ်ဝင်ဝယ်၍ ဆရာပီမိုးနင်း၏ဇနီးနှင်.ကလေးများကိုနှိုးကာ နံပြားနှင်.ဘဲကင်ကျွေးရင်းသူတို.ပါဝင်၍စားကြပါသတဲ. ။ ဤမှတ်တမ်းအရ ကိုလိုနီခေတ်ရန်ကုန်သည် အလွန်ပင် လုံခြုံ၍ ဥပဒေအကာအကွယ် ကိုအားလုံးရကြကြောင်းထင်ရှားပေသည် ။

ရန်ကုန်မြို.အပါအ၀င် နယ်မြို.ကြီးများအားလုံးတွင် ယခုအခါ ညဘက်တွင်တစပြင်ကဲ.သို.တိတ်ဆိတ်ခြောက်ကပ်နေပေသည် ။ ယခင်ကစည်ကားခဲ.သော ရန်ကုန်တရုတ်တန်းပင်ယခုအခါသိပ်မစည်ကားချင်တော. ။ ညဘက်သွားစရာ စားစရာနေရာများလျော.နည်းလာချေပြီ ။အကြောင်းကြောင်းကြောင်.ညဘက်အပြင်ထွက်ရလျှင်ပင် မလုံခြုံသလိုခံစားရပေသည် ။ ရန်ကုန်မြို.အပါအ၀င် မြို.ကြီးမျာအားလုံးတွင် ညဈေးများဖွင်.ပါ ၊ ညလုံးပေါက်ဆိုင်များ ဆိုင်ရှင်ကဖွင်.ချင်လျှင်ဖွင်.ခွင်.ပေးပါ ။ ဒုစရိုက်မှုများမဖြစ်အောင် ကြည်.ရှုစောင်.ရှောက်ရမည်.တာဝန်သည် ရဲတပ်ဖွဲ.၏တာဝန်ဖြစ်သည် ။လမ်းမီးတွေထိန်နေအောင် ထွန်းပေးရမည်.တာဝန်သည်အစိုးရ၏တာဝန်ဖြစ်သည် ။ရဲတပ်ဖွဲ.တွင်လူအင်အားမလုံလောက်လျှင်ထပ်ခေါ်ပါ ။ မြန်မာနိုင်ငံတွင်အလုပ်လက်မဲ.လူငယ်များလည်းပေါများလှရာ အလုပ်အကိုင်ဖန်တီးပေးရာလည်းရောက်ပါသည် ။ ထစ်ကနဲရှိပိတ်လိုက်မည် ၊ဆို.လိုက်မည် ။ မထွက်ရအမိန်.ထုတ်လိုက်မည်ဆိုသည်မှာ န.၀.တ ၊ န.အ.ဖ စစ်အစိုးရ၏လုပ်နည်းလုပ်ဟန်အဟောင်းကြီးဖြစ်ပါသည် ။ ထိုနည်းနာနိသယျကိုဒီမိုကရေစီအစိုးရက အတုမခိုးစေချင်ပါ ။ ဖိနပ်နှင်.မတော်သဖြင်. ခြေဖနာင်.ကိုဓားနှင်.လှီးသောအလုပ်များမလုပ်စေချင်တော.ပါ ။ ရှင်းအောင်ပြောရလျှင် ညတွေကိုမသတ်ပါနဲ.တော.ခင်ဗျား ။

သရ၀ဏ်(ပြည်)

Politics ဂျာနယ်
၂၇.၅.၂၀၁၆

တစ်ခါက မြန်မာပြည်က ကြွယ်ဝတဲ့ အမျိုးသမီးတစ်ဦး စင်ကာပူမှာ ဆေးစစ်ပါတယ်။ အဲဒီမှာ ဆရာဝန်က သူ့ ကို အာဟာရ ပြတ်နေတယ်လို့ ပြောပါတယ်။ အမျိုးသမီးက အတော် ဒေါ်သထွက်ပါတယ်။ သူက ကြွယ်ဝသူဖြစ်လို့ အစာအသောက်ကို အကောင်းစားတွေ ဆီဦးထောပတ်တွေ စားနေတာ ဘယ်လိုမှ အာဟာရပြတ်စရာ မရှိဘူးလို့ ပြောပါတယ်။ ဒီမှာ ဆရာဝန်က သွေးစစ်ထားတဲ့ ရလဒ်ကိုပြပြီး အမျိုးသမီးကိုယ်မှာ ဘာအာဟာရဓာတ်တွေ ချို့ယွင်းနေတယ်ဆိုတာ ထောက်ပြလိုက်ပါတယ်။

တကယ်တော့ အာဟာရပြတ်တယ်ဆိုတာ ၂ မျိုးရှိပါတယ်။ ဟိုတုန်းက အီသီယိုပီးယားနိုင်ငံမှာ စားစရာမရှိ မစားရလို့  အာဟာရပြတ်တာမျိုးနဲ့ နောက်တစ်ခုက စားနိုင်သောက်နိုင်ပါရဲ့ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်အောင် မစားလို့  အာဟာရမပြည့်တာ အာဟာရပြတ်တာ ဖြစ်ပါတယ်။ အမျိုးသမီးဟာ သည်လိုပုံစံနဲ့ အာဟာရပြတ်တာ ဖြစ်ပါတယ်။ အာဟာရပြည့်စုံတယ် ဆိုတာ ဆီဦးထောပတ်တွေ စားတာကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်နေ့ ကို ကြက်သားကြော်ချည်းပဲ စားနေရင်လည်း အာဟာရပြည့်စုံတယ် မခေါ်ပါဘူး။ လိုအပ်တဲ့ အာဟာရဓာတ်တွေ စားမှ အာဟာရပြည့်စုံတယ် ခေါ်ပါတယ်။

နိုင်ငံခြားတွေမှာ ကျန်းမာရေးစစ်တဲ့ အခါ လူနာတွေဟာ အာဟာရပညာရှင်နဲ့ ပြရပါတယ်။ ရောဂါကုဆရာဝန်က ဘာတွေစား ဘာတွေသောက်လို့ လူနာကို မညွန်းပါဘူး။ အာဟာရပညာရှင်ကပဲ သွေးစစ်ပြီး ညွန်းတာပါ။ ကလေးတွေရဲ့ အာဟာရကိုလည်း ဆေးခန်းမှာ အာဟာရပညာရှင်ကပဲ ညွန်ကြားပါတယ်။ တကယ်တော့ ဆေးလည်းအစာ အစာလည်းဆေးဆိုတဲ့ စကားအတိုင်းပါပဲ။ အစားစားတယ်ဆိုတာက အရသာအတွက် စားနေတာချည်း မဟုတ်ပါဘူး။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်ဆည်းပေးနေတာပါ။

ဒီလိုလုံလောက်တဲ့ အာဟာရရှိမှ သွေးအားကောင်းမယ်၊ ကိုယ်ခံအားကောင်းမယ်၊ ရောဂါတွေကို ခုံခံနိုင်မယ်၊ အလွယ်တကူ နေမကောင်းမဖြစ်တော့ဘူး။ အစားအစာကို အသေအချာ စားသူတွေအတွက် အားဆေးတောင် မလိုပါဘူး။ တကယ်တော့ အားဆေးဆိုတာ အာဟာရတွေ လိုအပ်လို့ ဆေးအကူအညီနဲ့ ဖြည့်ပေးရတာမျိုးပါ။

တကယ်လို့ ကိုယ်နဲ့ ကိုယ့်မိသားစု နေ့စဉ်စားနေတဲ့ အစာတွေကို ဆန်းစစ်ကြည့်ရင် ကိုယ့်မိသားစုက အာဟာရပြတ်နေသလား မပြတ်သလားဆိုတာ သိရမှာပါ။ ဟားဗတ်တက္ကသိုလ်က ဆေးပညာရှင်တွေက လူတစ်ယောက်ဟာ ကျန်းမာရေးအတွက် လုံလောက်တဲ့ အာဟာရဓာတ်ရဖို့  ကိုယ့်ရဲ့ နေ့ လယ်စာ ဒါမှမဟုတ် ညစာအနပ်တိုင်းမှာ အောက်ပါပုံစံအတိုင်း စားသောက်ရမယ်လို့ ဆိုပါတယ်။

*** (၁) ကိုယ်စားမယ့်ပန်းကန်ရဲ့ ထက်ဝက်ကျော်က ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံဖြစ်ပါစေ

ဒီနေရာမှာ သတိထားဖို့ က အာလူးက သွေးချိုအတွက် မကောင်းတာမို့  ကျန်းမာရေးနဲ့ ညီတဲ့  ဟင်းသီးဟင်းရွက်လို့  အနောက်တိုင်းမှာ မယူဆပါဘူး။

*** (၂) လေးပုံတစ်ပုံက ကောက်ပဲသီးနှံဖြစ်ပါစေ

ဒါက ဂျုံ သို့ မဟုတ် ဆန်ကိုပြောတာပါ။ ဒါပေမဲ့  ဆန်မှာလည်း ဖြူနေတဲ့ ဆန်ထက် လုံးတီးဆန်လို့ ခေါ်တဲ့ ဆန်လုံးညိုတွေက ပိုအားရှိပါတယ်။ ပြီးတော့ ဆန်ကဖြစ်တဲ့  ထမင်းကိုစားရမှာ မြန်မာတွေလို များများစားတာထက် တရုတ်နဲ့ ဂျပန်တွေလို ထမင်းနည်းနည်းသာ စားသင့်ပါတယ်။

*** (၃) အသားဓာတ်က လေးပုံတစ်ပုံ

မြန်မာတွေက များသောအားဖြင့် ဟင်းတစ်တုံးကို အနှစ်နဲ့ နယ်ဖတ်စားကြတာ များပါတယ်။ ဒါက အသားဓာတ် မလုံလောက်ပါဘူး။ တကယ်တော့ လူတစ်ယောက်ဟာ အနည်းဆုံး တစ်နေ့ ကို အသား သုံးအောင်စ ပြည့်အောင် စားရမှာပါ။ မဟုတ်ရင် အသားဓာတ်ချို့တဲ့ ပါပြီ။ အသားဓာတ်ဟာ အများအားဖြင့် ကြက်ဥ၊ ဘဲဥ၊ ငါး၊ အသား၊ ပဲ နှင့် အစေ့ဆန်တွေမှာ ပါပါတယ်။ အသားမစားရင်လည်း ပဲစားပါ။ ပဲကိုများများစားခြင်းနဲ့  အသားဓာတ်ရအောင် လုပ်လို့ ရပါတယ်။

*** (၄) ဆီကို ကျန်းမာရေးနဲ့ ညီသောဆီ ရွေးသုံးပါ၊ လျှော့သုံးပါ

မြန်မာတွေက ဆီစားများကြတယ်။ ဒါကြောင့် အဆီဓာတ်တွေများပြီး အ၀လွန်တတ်ပါတယ်။ အဆီတွေကြောင့် ဝ တာဟာ ကျန်းမာရေးနဲ့ ညီလို့ ဝ တာနဲ့ မတူပါဘူး။ ဒီကြောင့် ဆီကိုအကျင့်လုပ်ပြီး လျှော့စားပါ။ ကိုယ့်ဟင်းခွက်ထဲက ဆီဟာ ကိုယ့်ကိုယ်ထဲမှာလည်း ဒီလိုအိုင်ခဲပိတ်နေမယ်ဆိုတာ သတိရပါ။ ဆီကိုလည်း အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့ ညီတဲ့  ဆီကို ရွေးချယ်သုံးစွဲပါ။

*** (၅) ရေများများသောက်ပါ

သကြားပါတဲ့ အရည်တွေကိုရှောင်ပါ။နို့ ကိုလည်းတနေ့ ကိုနှစ်ခွက်ထက်ပိုမသောက်သင့်ပါဘူး။အကောင်းဆုံးကတော့ ရေကိုများများသောက်ပါ နေ့ စဉ်၃ လီတာအထိအနည်းဆုံးသောက်ရင်အကောင်းဆုံးပါ။

*** (၆) အငန်လျှော့ပါ။ ဆားလျှော့ပါ

မြန်မာပီပီ ငပိငံပြာရည်ကို ကြိုက်တတ်ပေမယ့် ဒါတွေဟာ နေ့တိုင်းစားလို့  မကောင်းဘူးဆိုတာ သတိရပါ။ အထူးသဖြင့် အသက် ၃၀ ကျော်လာရင် သွေးတိုးရောဂါအတွက် ဆားနဲ့ အငန်ကို သိသိသာသာလျှော့ပါ။ အငန်လျှော့စားတာက အကျင့်ပါ။ အစမှာ ခက်ပေမယ့် နောင်ကို စားနိုင်သွားပါလိမ့်မယ်။

လင်းလင်း
The Ladies News Journal

မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့ဆိုရင် - လက်ရှိ မြန်မာ့တပ်မတော်ကို ပြုပြင်နိုင်မှပဲ ရလိမ့်မယ်လို့ ပြည်ပရောက် တိုင်းရင်းသားအဖွဲ့တခုက ပြောလိုက်ပါတယ်။ NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ - ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး တနိုင်ငံလုံး သေနတ်သံ တိတ်ဖို့ဆိုရင် - ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုမှ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ချန်လှပ်ထားလို့မရဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကို တော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပြီးမှ ပထမဆုံးတက်လာတဲ့ NLD အရပ်သားအစိုးရသစ်လက်ထက်မှာ - တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့နဲ့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကို အဓိက ဦးစားပေးလုပ်ဆောင်သွားမယ်လို့ - သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပြုထားတဲ့အတိုင်း - အခုဆိုရင် - အားလုံး တန်းတူအခွင့်အရေးရရှိမယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို ခေါ်ယူနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ဂွမ်ဆန် ကတော့ - မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မြင်တွေ့နိုင်ဖို့ကတော့ တပ်မတော်ရဲ့ သဘောထား ပြောင်းလဲနိုင်မှုအပေါ် မူတည်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“တပ်မတော်ကို ပြန်ပြုပြင်မှပဲ ဖြစ်နိုင်မယ်။ အခု ဒီလိုရှိနေတဲ့ တပ်မတော်ပုံစံနဲ့ကတော့ ဖြစ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီတိုင်းရင်းသားတွေနဲ့ အားလုံး တန်းတူ၊ ညီတူ အတူတူ နိုင်ငံတော်သစ်ကို ထူထောင်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြုပြင်မှပဲ ဖြစ်နိုင်မယ်လို့ ကျနော် မြင်ပါတယ်။”

ဒါ့အပြင် အခုလို ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ - လက်ရှိ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ဖို့က လည်း အရေးကြီးတယ်လို့ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ဂွမ်ဆန် က ထောက်ပြခဲ့ပါတယ်။

“အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ကြည့်ရမယ်ဆိုရင်တော့ ဒီအဖွဲ့တွေနဲ့ပဲ အဓိကတိုက်နေတာပါ။ ဒါပေမဲ့ ဒီအဖွဲ့တွေ မပါဘဲနဲ့ ငြိမ်းချမ်းရေးရဖို့ကတော့ ဥပမာ - ကျနော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် AA (ရခိုင့်တပ်မတော်) မပါဘဲနဲ့ ငြိမ်းချမ်းရေး ရနိုင်မလဲပေါ့နော်။ နောက် ဒီ ရှမ်းမြောက်ဘက်ဆိုရင်လည်း တအာင်းအဖွဲ့ TNLA မပါဘဲနဲ့ ဘယ်လို ငြိမ်းချမ်းရေးရနိုင်မလဲဆိုတာ စဉ်းစားဖို့ကောင်းပါတယ်။ တပ်မတော်ကနေ အမြစ်ပြတ် ချေမှုန်းပြီးမှ ငြိမ်းချမ်းရေး ရနိုင်မလား။ ဒီလို ချေမှုန်းပြီးမှ ရနိုင်မယ့် ငြိမ်းချမ်းရေးက လွန်ခဲ့တဲ့ နှစ် ၆၀၊ ၇၀ လောက်ကတည်းက ငြိမ်းချမ်းရေးရနေပါပြီ။ ထိုနည်းတူ အခုလည်း တဦးတဖွဲ့ကို ဖဲ့ပြီးမှ တနိုင်ငံလုံး ငြိမ်းချမ်းမယ်ဆိုတာ ကျနော်ကတော့ အဓိပ္ပါယ်မရှိဘူးလို့ပဲ မြင်ပါတယ်။”

အခုချိန်ထိတော့ NLD အစိုးရသစ်လက်ထက် ဖော်ဆောင်သွားမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ - အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်နိုင်ရေးနဲ့ ပတ်သက်ပြီး အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တိကျရှင်းလင်းတဲ့ ဆွေးနွေးမှု မရှိသေးဘူးလို့လည်း တိုင်းရင်းသားအဖွဲ့တွေက ပြောပါ တယ်။ သမ္မတဦးသိန်းစိန်အစိုးရ တက်လာချိန်မှာ UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး စတင် ဆွေးနွေးခဲ့ပြီး၊ UNFC အဖွဲ့ဝင်တွေထဲက ၁၅ ဖွဲ့ကိုသာ တရားဝင် လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါကြောင့်လည်း အဖွဲ့ဝင်တွေကြား မညီညွတ်မှုတွေဖြစ်ခဲ့ပြီးနောက် - ၈ ဖွဲ့ကသာ တနို်င်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေထဲမှာ KNU ကရင်အမျိုးသားအစည်းအရုံး၊ DKBA ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်၊ CNF ချင်းအမျိုးသားတပ်ဦး၊ ABSDF ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ RCSS-SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ စတဲ့ အဖွဲ့တွေ ပါဝင်ကြပါ တယ်။

ဦးသိန်းစိန်အစိုးရဘက်က အပစ်အခတ်ရပ်စဲရေး မဖိတ်ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ - ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ TNLA တအာင်း ပလောင် လွတ်မြောက်ရေးတပ်မတော်၊ AA ရခိုင့်တပ်မတော်တွေ ပါဝင်ပါတယ်။ TNLA ကတော့ ပြည်သူကရွေးချယ်ထားတဲ့ NLD အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောဆိုထားတာပါ။ တိုင်းရင်းသားတွေ အဓိက တောင်းဆိုနေတာ တန်းတူအခွင့်အရေးရရှိဖို့ဖြစ်တယ်လို့လည်း ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ဂွမ်ဆန် က ပြောဆိုပါတယ်။

“တိုင်းရင်းသား ဘယ်တဦးတဖွဲ့ကမှ ပြည်ထောင်စုကနေ ခွဲထွက်မယ်လို့ တဖွဲ့ကမှ မပြောဘူး။ ငြိမ်းချမ်းရေး မလိုလားဘူးလို့လည်း တဖွဲ့ကမှ မပြောဘူး။ ကျနော်တို့က တန်းတူညီတူ အခွင့်အရေးလိုချင်တယ်။ ပင်လုံမှာ ကတိပေးထားတဲ့အတိုင်းပဲ ကျနော်တို့က လိုချင်တာပါ။ အားလုံးကတော့ ပင်လုံစိတ်ဓာတ်နဲ့ တကွ အားလုံး တန်းတူ ညီတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး ဒီအတွက်ပဲ အဓိက တိုက်နေတာပါ။ ကျနော်တို့ တိုင်းရင်းသားအားလုံး ကလည်း နှစ် ၇၀ ဒီလိုမျိုး ခါးစည်းခံရတာ တော်ပါပြီ။ တိုက်ခိုက်နေရတာ။ ကျနော်တို့ တိုင်းရင်းသားဒေသက ရန်ကုန်နဲ့မတူဘူး။ အောက်ပိုင်း ဗမာပြည်ရဲ့ တိုးတက်နေတဲ့ ခံစားမှုမျိုး ကျနော်တို့ တောင်ပေါ်က လူတွေလည်း ခံစားချင်တာပေါ့နော်။”

အခုအချိန်ထိတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး၊ ဒေသခံ ထောင်ပေါင်းများစွာဟာလည်း စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ ထွက်ပြေး ခိုလှုံနေကြရဆဲဖြစ်ပါတယ်ရှင်။
VOA Burmese News

ယနေ့မနက်ပိုင်း ကစားသွားတဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်က အက်သလက်တီကိုကို ပင်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရရှိခဲ့တာကြောင့် (၁၁) ကြိမ်မြောက် ဥရောပ ချန်ပီယံ သရဖူ ဆောင်းခဲ့ပါတယ်။

ပွဲချိန်(၄၈)မိနစ်မှာ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပင်နယ်တီလွှဲချော်ခဲ့တဲ့အတွက် ရီးယဲလ်အသင်းကတော့ ပထမပိုင်း (၁၅) မိနစ်က ရရှိတဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်နေခဲ့ပါတယ်။ ဂိုးကိုတော့ ဖရီးကစ်ပြစ်ဒဏ်ကနေ တိုနီခရုစ် တင်ပေးတာကို ဘေးလ် ခေါင်းတိုက်ချပေးပြီး ရာမို့စ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး ရာမို့စ်ဟာ လူကျွံနေတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။

ပထမပိုင်းမှာ ရီးယဲယ်က ပွဲကို အသာရခဲ့ပြီး ဒုတိယပိုင်းမှာ အက်သလက်တီကိုတို့ ချေပဂိုး ရရှိရေးအတွက် အကောင်းဆုံးကစားနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါ့ကြောင့် ပွဲချိန် (၇၉) မိနစ်မှာ ညာတောင်ပံက ပြေးလာတဲ့ ဟွမ်ဖရန်က ဧရိယာထဲကို ဖြတ်တင်ပေးတာကနေ လူစားဝင်ကစားသမား ကာရက်စ်ကိုက အက်သလက်တီကိုအတွက် ချေပဂိုး သွင်းပေးသွားခဲ့ပါတယ်။

မိနစ် (၉၀) မှာ သရေကျနေတဲ့အတွက် အချိန်ပို (၃၀) ထပ်ကန်ခဲ့ပေမယ့်လည်း အနိုင်အရှုံးမပေါ်တာကြောင့် ပင်နယ်တင် အဆုံးဖြတ် ရယူခဲ့ကြပါတယ်။

ပင်နယ်တီကန်သွင်းရာမှာ အက်သလက်တီကိုဖက်က ဟွမ်ဖရန်ရဲ့ ကန်သွင်းချက် တိုင်ချေထိ ထွက်သွားခဲ့ပြီးနောက် စီရော်လ်နယ်ဒိုက ပင်နယ်တီ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ရီးယဲယ်က (၅-၃) ဂိုးနဲ့နိုင်သွားခဲ့ပါတယ်။

ရီးယဲယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး (၃) နှစ်အတွင်း ဒုတိယအကြိမ်နဲ့ (၁၁) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရသွားခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီ ကန်သွင်းမှု
ရီးယဲလ်မက်ဒရစ် - အက်သလက်တီကို
လူးကပ်စ် (ဝင်) - ဂရီးဇ်မန်း (ဝင်)
မာဆယ်လို (ဝင်) - ဂါဘီ (ဝင်)
ဘေးလ် (ဝင်) - ဆားလ် (ဝင်)
ရာမို့စ် (ဝင်) - ဟွမ်ဖရန် (ဂိုးမဝင်)
ရော်လ်နယ်လ်ဒို (ဝင်)

ပွဲရလဒ်

ရီးယဲလ်မက်ဒရစ် ၁-၁ အက်သလက်တီကို
(ပယ်နယ်တီတွင် ၅-၃ ဂိုးဖြင့် ရီးယဲလ်မက်ဒရစ် ဗိုလ်စွဲ)

(ဓာတ်ပုံ - အီးပီအေ)
Mizzima - News in Burmese

လူ၏ ပင်ကိုယ်စရိုက်၊ မူလဟန်ပန်မဟုတ်ဘဲ တခြားလူ၊ တပါးသူ၏ ပုံစံကို အသွင်ယူ၊ မှီးယူ ဖန်တီးပြသခြင်း သို့မဟုတ် သရုပ်ဆောင်ခြင်းကို အက်တင်လုပ်သည်၊ မြန်မာအာလုပ်နှင့် အိုက်တင် လုပ်သည်ဟု ခေါ်ကြသည်။ ရုပ်ရှင်၊ ပြဇာတ်၊ ရေဒီယိုအသံလွှင့်ဇာတ်များတွင် အရုပ်၊ အသံ၊ ဟန်ပန် များဖြင့် ဇာတ်ကွက်သရုပ်ဖော်ခြင်းကို အိုက်တင်လုပ်သည်ဟု ခေါ်ကြသည်။ နိုင်ငံရေးသမားများနှင့် နိုင်ငံ့ခေါင်းဆောင်များသည်လည်း လူထုကို နိုးထစေရန် လိုအပ်ပါက အိုက်တင် လုပ်ကြရသည်။ သို့သော် အိုက်တင်သည် လွယ်သည်တော့မဟုတ်၊ ခက်သည်ဟုပင် ပြောနိုင်ပေသည်။

မေ ၂၇ က အမေရိကန်ပြည်ထောင်စု၏ သမ္မတအိုဘားမားက ပထမဆုံး လက်ရှိသမ္မတ အနေနှင့် ဂျပန်နိုင်ငံ၊ ဟီရိုရှီမားသို့ အလည်သွားပြီး၊ လွန်ခဲ့သော ၇၁ နှစ်က အမေရိကန်၏ အဏုမြူဗုံး ကျဲချမှုကြောင့် ကွယ်လွန်ခဲ့ကြသူများအတွက် လွမ်းသူပန်းခွေချခဲ့သည်။ အမေရိကန်၏ တီထွင်ခဲ့ပြီး သော အဏုမြူဗုံးကို ကျဲရန် နေရာရှာနေရာ ဂျပန်နိုင်ငံ၏ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များသည် စမ်းသပ်ကွင်းများ ဖြစ်သွားတော့သည်။ ဂျပန်များက ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်များ၏ ပုလဲဆိပ်ကမ်းကို ဗုံးကျဲခဲ့သဖြင့် အမေရိကန်က ကမ္ဘာစစ်နှင့်ဆက်စပ်ပြီး လက်တုံ့ပြန်ခြင်းလည်း ဖြစ်သည်။

ဟီရိုရှီးမားတမြို့တည်းတွင်ပင် အမေရိကန်၏ အဏုမြူဗုံးကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးသွားခဲ့သည်။ သမ္မတအိုဘားမားသည် လက်ရှိ အမေရိကန်သမ္မတအနေနှင့် ပထမဆုံး ဟီရိုရှီးမားသို့ လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်ပြီး၊ မလာခင်ကတည်းက ယင်းဗုံးကျဲမှုနှင့်ပတ်သက်၍ အမေရိကန်အနေနှင့် မတောင်းပန်ပါဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ တကယ် တမ်းတွင်လည်း အိုဘားမားသည် တောင်းပန်ပါသည်ဟူသော စကားမျိုးကို မပြောခဲ့ပါ။ သို့သော် သမ္မတ၏ ဟန်ပန်အမူအရာသည် အင်မတန်တည်ငြိမ် လေးနက်ပြီး ကွယ်လွန်သွားသူများအား စာနာသော၊ နားလည်သော အသွင်ရှိသည်။ အိုဘားမားသည် အိုက်တင်ကောင်းခဲ့သည်။

အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးတို့က ဟီရိုရှီးမား ငြိမ်းချမ်းရေးပန်းခြံတွင် ကွယ်လွန်သူများအတွက် ရည်စူးသော လွမ်းသူပန်းခွေများ ချအပြီးတွင် မိန့်ခွန်းများအသီးသီး ပြောကြသည်။ ထို့နောက် ယင်းအခမ်းအနားသို့ တက်ရောက်လာသော ဟီရိုရှီးမားကို အမေရိကန် အဏုမြူဗုံးချချိန်က သေကံမရောက် သက်မပျောက်ခဲ့သော ဂျပန်ကြီးတချို့ကို အိုဘာားမားက တွေ့ဆုံနှုတ်ဆက်သည်။ ဂျပန်ကြီးတယောက်ဆိုလျှင် ၀မ်းနည်းငိုကြွေးလိုက်ရာ သမ္မတအိုဘားမားက ၎င်း၏ရင်ခွင်တွင်း ဆွဲယူသွင်းပြီး နှစ်သိမ့်ပေးလိုက်သည်။ အိုဘားမားသည် သရုပ်ဆောင်ကောင်း ခဲ့သည်။ သို့သော် ထိုအိုက်တင်များသည် ခက်ပါသည်၊ လေ့ကျင့်ယူထားရသည်။ လေ့ကျင့်ထားရန် လည်း ပင်ကိုယ်ကလည်း အခံရှိရန် လိုအပ်ပါသည်။

လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းအ တိုက်အခံခေါင်းဆောင်ဘ၀က နေပြည်တော်တွင် အမျိုးသားကြီးတဦးက နင်ပဲငဆနှင့် ရန်တွေ့ကာ ဆန္ဒပြကန့်ကွက်ခဲ့ဖူးသည်။ ကားပေါ်တွင် ထိုင်လျှက်လိုက်ပါလာသော ဒေါ်အောင်ဆန်းစုကြည်သည် ကားတံခါးဘောင်တွင် မှေးတင်ရင်း ရီဝေသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့ဖူးသည်။ ယင်းမှာ အိုက်တင် မဟုတ်ပါ၊ တကယ့်ခံစားချက်များ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ၎င်းယုံကြည်ရာ အတိုင်း တိုင်းပြည်နှင့်လူထုအကျိုးရည်ပြီး မည်မျှပင် ကောင်းမွန်ရာကို လုပ်သည်ဖြစ်စေ မကျေနပ်သူ များက ကန့်ကွက်ဆန္ဒပြမည်သာ ဖြစ်သည်။

အိုဘားမားက အိုက်တင်ကောင်းသည်၊ အမေရိကန်သမ္မတ၏ အိုက်တင်သည် ဟီရိုရှီးမားတွင် ဘေးက လိုက်ပါနေသူ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးကိုပင် မျက်နှာကို ရဲသွားစေပြီး အမျိုးချစ်စိတ် ကို ပို၍ပင် ခံစားလိုက်ရစေသည်။ အိုက်တင်တော့ အိုက်တင်၊ သို့တိုင် စိတ်ကောင်းနှလုံးကောင်း အခံရှိ သူ၏ အိုက်တင်မို့ သမ္မတအိုဘားမား ဟီရိုရှီးမားသွားသည့် သတင်းကို ကမ္ဘာ့သတင်းဌာနများ အားလုံး က အကျယ်တ၀င့်ဖော်ပြပြီး အင်မတန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်အဖြစ် တင်စားဖော်ကျူးခဲ့ကြ သည်။ အိုဘားမားကိုလည်း ချီးကျူးခဲ့ကြသည်။

မျက်မှောက်မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းနေရသည့် စစ်အစိုးရဟောင်းများ ထားရစ်ခဲ့သော အမှိုက် ပုံ ရှင်းလင်းရေး၊ အခြေခံမှစ၍ အရာအားလုံး ပြုပြင်ပြောင်းလဲရေးနှင့် ကမ္ဘာ့အလယ်တွင် ထိုက်သင့် သောနေရာသို့ မြန်မာပြန်ရောက်ရန် ကြိုးပမ်းအားထုတ်နေရမှုများသည် မလွယ်ရေးချ မလွယ်ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် အိုဘားမားလို အိုက်တင်လည်း ကောင်းပုံမရပါ၊

တိုင်းရင်းသားပြည်သူတရပ်လုံးကလည်း အိုဘားမားလို အိုက်တင်မျိုးကို တိုးမည်မထင်ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကောင်းရာမွန်ရာကို တိုင်းပြည်နှင့်လူထုအကျိုးရည် ဆောင်ရွက်နေသူများကိုမူ ပြည်သူများသည် နှစ်ခြိုက်ခြင်း၊ ထောက်ခံခြင်း၊ အားပေးခြင်းပြုရန် တာဝန်ရှိပါသည်၊ အနိမ့်ဆုံးအနေနှင့် အိုက်တင်လောက်တော့ ကောင်းပြသင့်သည်ဟု မဇ္ဈိမက ရှုမြင်သည်။
Mizzima - News in Burmese


အီတလီနိုင်ငံ မီလန်မြို့ ဆန်စီရိုကွင်းတွင် စပိန်ကလပ် နှစ်သင်း ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ ရီးရဲမက်ဒရစ်အသင်းက အက်သလက်တီကို မက်ဒရစ်အသင်းကို ပင်နယ်တီဖြင့် အနိုင်ယူပြီး ချန်ပီယံဖလားကို ရယူသွားခဲ့သည်။

ပုံမှန်ပွဲကစားချိန် မိနစ်ကိုးဆယ်တွင် တစ်ဂိုးစီ သရေကျနေ ၍ အချိန်ပို ဆက်ကစားခဲ့သော်လည်း အနိုင်အရှုံး မပေါ် သောကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရကာ ရီးရဲက ပင်နယ်တီသွင်းဂိုး ငါးဂိုး - သုံးဂိုးဖြင့် အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။

ရီးရဲမက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ၁၅ ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ဆုဖလား ၁၁ ကြိမ် ရရှိခဲ့ပြီဖြစ်သည်။

ဒုတိယဖြင့် ကျေနပ်လိုက်ရသည့် အက်သလက်တီကို မက်ဒရစ်အသင်းမှာမူ ဗိုလ်လုပွဲသို့ သုံးကြိမ်တက်ရောက် နိုင်ခဲ့ကာ ယခုအကြိမ်တွင်လည်း ဆုဖလားနှင့် လွဲချော်ခဲ့ရသည်။

ယခုနှစ်သင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ၂၀၁၄ ခုနှစ်က တွေ့ဆုံဖူးပြီး ရီးရဲမက်ဒရစ်အသင်းကပင် အချိန်ပို သွင်းဂိုးများဖြင့် အနိုင်ယူခဲ့ဖူးသည်။

ရီးရဲနည်းပြ ဇီဒန်းသည် ကစားသမားဘဝနှင့်ရော နည်းပြဘဝနှင့်ပါ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူ နိုင်သူ ခုနစ်ဦးမြောက် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

The Ladies News
https://www.facebook.com/News.TheLadies/


ဧ၀ရတ်တောင်ထိပ်ကိုတက်နိုင်ဖို့ ကြိုးစားကြတဲ့ ရာစုနှစ်တခုကျော်လောက် ကာလအတွင်း သေဆုံးသူ တောင်တက်သမား ၃၀၀ နီးပါး ရှိနေပါပြီ။ တောင်ပေါ်မှာ သေဆုံးပြီး အလောင်းတွေ ပြန်မသယ်နိုင်တာကတော့ ၁၀၀ ကနေ ၂၀၀ လောက်အထိ ရှိမယ်လို့လည်း ခန့်မှန်းရပါတယ်။

အလောင်းတော်တော်များများကတော့ တောင်ကြိုတောင်ကြား၊ နှင်းတွေ၊ ရေခဲတွေ ဖုံးလွှမ်းပြီး ပျောက်ဆုံးနေပေမဲ့၊ ပလပ်စတစ် တောင်တက်ဖိနပ်တွေ၊ နှစ်တွေကြာလာတာနဲ့အမျှ အရောင်မှေးမှိန်လာတဲ့ အနွေးထည်အင်္ကျီရောင်စုံတွေနဲ့ အမှတ်တရစုပုံထားတဲ့ နေရာက တချို့ အလောင်းတွေကိုတော့ တောင်တက်သမားတွေ ဖြတ်သန်းရာ လမ်းမှာပဲ တွေ့နိုင်ကြပါတယ်။

ပေပေါင်း ၂ သောင်း ၉ ထောင်ကျော်မြင့်တဲ့ ဧ၀ရတ်တောင်ပေါ်မှာ သေဆုံးသူတွေထဲက ထင်ရှားသူတချို့ကိုတော့ ချစ်စနိုး နာမည်တွေ ပေးထားတာတွေလည်း ရှိပါတယ်။ ဒီလိုအဖြစ်မျိုး ဘယ်တောင်တက်သမားမှ မကြုံချင်ကြသလို၊ သက်ဆိုင်ရာ မိသားစုဝင်တွေလည်း ဒီလိုအဖြစ်မျိုးနဲ့ မကြုံချင်ကြပါဘူး။ ဒါပေမဲ့လည်း အောက်စီဂျင်နည်းပါးပြီး၊ အေးခဲနေတဲ့ ရာသီဥတုနဲ့ လေပြင်းဒဏ်ကြောင့် အလောင်းတွေကို သယ်ယူဖို့ကလည်း မဖြစ်နိုင်သလောက် ခက်ခဲလှပါတယ်။

ဒါကြောင့်လည်း မကြာသေးခင်က ဧ၀ရတ်တောင် အမြင့်ပိုင်းမှာ တောင်တက်သမား ၄ ယောက် သေဆုံးပြီး၊ ပျောက်ဆုံးနေသူ နောက်တယောက်ဟာလည်း သေဆုံးပြီလို့ ယူဆရတဲ့အတွက်၊ ဒီလူတွေရဲ့ အလောင်းတွေကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းတွေဟာ တောင်တက်အဖွဲ့တွေ၊ မိသားစုတွေကြား တကျော့ပြန်ပေါ်ပေါက်လာပါတယ်။

အန္တရာယ်များလွန်းလှတဲ့ အခြေအနေကြောင့် တောင်တက်အဖွဲ့ တော်တော်များများကတော့ အလောင်းတွေကို ပြန်မသယ်ဖို့ ဆုံးဖြတ်ကြပါတယ်။ အလောင်းတွေ ပြန်ရဖို့ဟာ ကုန်ကျစရိတ်လည်း ကြီးမားလှပြီး ခန့်မှန်းချေ အမေရိကန်ဒေါ်လာ တသောင်းကနေ ၄ သောင်းလောက်အထိ ကုန်ကျနိုင်ပြီး၊ ရဟတ်ယာဉ်တွေ အကူအညီလည်း လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 IS တွေဘက်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက် နေကြဆဲ ဖြစ်ပါတယ်။
အီရတ် နိုင်ငံမှာ အစိုးရတပ်တွေဟာ ဖလူဂျာ မြို့ကို အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ လက်ထဲကနေ ပြန်လည် ရရှိနိုင်အောင် မြို့သိမ်း စစ်ပွဲကို အရှိန်တိုးမြှင့် တိုက်ခိုက် လာတာမှာ မြို့ ဆင်ခြေဖုံးက နေရာ တချို့ဆီ ထိုးဖောက် သွားနိုင်ခဲ့ ပါတယ်။

ဒါပေမယ့် IS တွေဘက်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက် နေကြဆဲ ဖြစ်ပါတယ်။

ဖလူဂျာမြို့ အရှေ့မြောက်ဘက် IS တွေ လက်ထဲကနေ ပြန်လည် ရရှိခဲ့တဲ့ ကာမာ ဆိုတဲ့ မြို့ရှိရာဆီ သွားရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက်ရဲ့ အဆိုအရ အဲဒီ့ မြို့ တစ်ခုလုံး မီးလောင် ခံထားရတဲ့ ဈေးဆိုင်တွေ၊ အဆောက်အဦပျက်တွေနဲ့ လူသူ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ ဆိုပါတယ်။

တခါ၊ ဖလူဂျာ မြို့ထဲ မိတ်မိနေတဲ့ အရပ်သားတွေထဲက အနည်းငယ်လောက်သာ ထွက်ပြေး လာနိုင် ခဲ့ကြပြီး ဆက်လက် ပိတ်မိ နေကြဆဲ ဦးရေ ၅ သောင်း ဝန်းကျင်ရဲ့ လုံခြုံမှု အတွက် စိုးရိမ်မှုတွေ လည်း တိုးမြင့် နေပါတယ်။

ဆီးရီးယားကို ကြည့်ပြန်ရင်လည်း သူပုန်တွေ ထိန်းချုပ် ထားရာ မာရေး ဆိုတဲ့ မြို့က လာတဲ့ သတင်းတွေ အရ IS တွေက အကြီးအကျယ် တိုက်ခိုက် လာပေမယ့် ပြန်လည် တွန်းလှန် နိုင်လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီ့ မြို့မှာ ရှိတဲ့ ဆေးရုံကို IS တွေ စီးနင်ဖို့ ကြိုးစားခဲ့ပေမယ့် မြို့ကို ထိန်းချုပ်ထားတဲ့ သူပုန်တွေက ခုခံခဲ့လို့ ပြန်လည် ဆုတ်ခွာ သွားတာမှာ၊ ဆေးရုံဝင်းထဲ ကားရပ်နားရာ နေရာမှာ IS လက်နက်ကိုင်တွေ ရဲ့ အလောင်း ၅ လောင်း ကျန်ရစ် ခဲ့ ပါတယ်။

ဒါပမယ့် မာရေး မြို့ထဲက ရပ်ကွက် တချို့မှာတော့ IS လက်နက်ကိုင်တွေ ဆက်လက် ရှိနေဆဲ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဟိုပန်ကျေးရွာက အိမ်တွေကို TNLA တပ်က မီးရှို့ ဖျက်စီးခဲ့တယ် ဆိုပြီး ဆန္ဒပြသမားတွေက စွပ်စွဲ။
ရှမ်းပြည်နယ် ကျောက်မြို့မှာ လူထောင်ချီတဲ့ ဆန္ဒပြပွဲတစ်ရပ် စနေနေ့ မေလ ၂၈ ရက်နေ့က ပြုလုပ် ခဲ့တာမှာ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA ကို ထောက်ခံပြီး၊ တအာင်းပလောင်တပ် TNLA ကို ဆန့်ကျင်တဲ့ ပိုစတာတွေ ကိုင်စွဲ ခဲ့ကြပါတယ်။

အဲဒီ့ ဆန္ဒပြပွဲကနေ ရှမ်းပြည် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ရပ်ဖို့လည်း တောင်းဆို ခဲ့ကြပြီး ရှမ်း ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေ ဦးဆောင်ခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

နမ့်ခမ်းမြို့နယ် ဟိုပန်ကျေးရွာက အိမ်တွေကို TNLA တပ်က မီးရှို့ ဖျက်စီးခဲ့တယ် ဆိုပြီး ဆန္ဒပြသမားတွေက စွပ်စွဲခဲ့ကြပါတယ်။

TNLA ဘက်ကတော့ ဒါဟာ တစ်ဘက်သတ် စွပ်စွဲချက် ဖြစ်တယ် ဆိုပြီး တုံ့ပြန် စာထုတ်ပြီး ရှမ်းနဲ့ တအောင်း အကြား လူမျိုးရေး ပဋိပက္ခ ဖြစ်စေနိုင်တဲ့ ဝါဒဖြန့်ချီတာတွေ ရှိနေတယ်လို့ သတိပေး ပါတယ်။

ရှမ်းပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ အတွက် အရပ်သားတွေ ထိခိုက် နေရတယ် လို့ တအောင်း အမျိုးသမီး အဖွဲ့အစည်း တွဲဘက်အတွင်းရေးမှူး ဒီဒီပိုးကျိန် က ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေမှာ TNLA ၊ RCSS ၊ SSPP စတဲ့ လူမျိုးစု လက်နက်ကိုင်တွေနဲ့ အစိုးရ စစ်တပ် ပါဝင် နေကြတာ ဖြစ်ပါတယ်။

မေလ ၂၈ ရက်နေ့မှာ TNLA နဲ့ အစိုးရ စစ်တပ်ကြား ကွတ်ခိုင်နဲ့ ကျောက်မဲ မြို့နယ်တွေ အတွင်း တိုက်ပွဲတွေ ဖြစ်ပေါ် ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရိုမေးနီးယားနိုင်ငံ Deveselu ရှိ အမေရိကန် ဒုံးကျည် ကာကွယ်ရေး စခန်း။ ဓါတ်ပုံ - (AP Photo/Vadim Ghirda)
ဥရောပထဲမှာ တပ်ဆင်မယ့် ဒုံးကျည် ကာကွယ်ရေး စနစ်နဲ့ ပတ်သက်လို့ အမေရိကန်တို့ကို ဆန့်ကျင်ဖို့ဆိုရင် ရုရှားနိုင်ငံအနေနဲ့ လက်တုန့်ပြန်တာက လွဲရင် ရွေးချယ်စရာရှိမှာမဟုတ်ဘူးလို့ သမ္မတ Vladimier Putin က သတိပေး လိုက်ပါတယ်။ ရိုမေးနီးယားနဲ့ ပိုလန်နိုင်ငံကို အမေရိကန်က ဒုံးကျည် ကာကွယ်ရေး စနစ်တွေ ပေးပို့ပြီးတာနဲ့ သူ့အနေနဲ့ တုန့်ပြန်မှာဖြစ်တဲ့အကြောင်း ဂရိနိုင်ငံ၊ အေသင်မြို့ကို ရောက်နေတဲ့ ပူတင်က သူ့မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆို သွားပါတယ်။

ရိုမေးနီးယား နိုင်ငံထဲက လူတွေက ကြားက မြေစာပင်ဖြစ်ရမယ့်အကြောင်း မနေ့တုန်းကတော့ သိခဲ့ကြမှာ မဟုတ်သလို ရုရှားရဲ့ လုံခြုံရေးကို သေချာရှိဖို့ တချို့ ကိစ္စတွေကို လုပ်ကိုလုပ်ရတော့မှာ ဖြစ်တဲ့ အကြောင်းနဲ့ ပိုလန်နိုင်ငံလည်း ဒီလိုအလားတူ အဖြစ်မျိုးဖြစ်လိမ့်မယ် လို့ ဂရိဝန်ကြီးချုပ် Alexis Tsipras နဲ့ တွေ့ဆုံအပြီးမှာ မစ္စတာ ပူတင်ကပြောသွားတာပါ။

အမေရိကန်ရဲ့  ဒုံးကျည် ကာကွယ်ရေးစနစ်က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုနေတဲ့ ပူတင်က ဒုံးကျည် ကာကွယ်ရေး စနစ်ကို ဘယ်လို လက်တုန့်ပြန်လုပ်ဆောင်သွားမလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောမသွားပါဘူး။ ရုရှားအနေနဲ့ ပထမခြေလှမ်းစသူ မဟုတ်ပဲ အမေရိကန်ရဲ့ လုပ်ရပ်ကို တုန့်ပြန်တာ သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုံးကျည် ကာကွယ်ရေး စနစ်နဲ့ ပတ်သက်လို့ ပူတင်ရဲ့ မှတ်ချက်ပေး ပြောဆိုမှုကို အမေရိကန်တို့ ဘက်က ဘယ်လိုမှ မတုန့်ပြန်သေးပါဘူး။

ရိုမေးနီးယားနိုင်ငံက Deveselu ဒုံးကျည်စခန်းက ဒီလ အစောပိုင်းကပဲ စတင် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဒုံးကျည် ကာကွယ်ရေးစနစ်ဟာ ကာကွယ်ရေး လုပ်ငန်းသက်သက် အတွက်သာဖြစ်တယ်လို့ အမေရိကန်နဲ့ မြောက်အန္တလန်တိတ် စစ်စာချုပ် အဖွဲ့ NATO တို့က အကြိမ်ကြိမ်ပြောဆိုနေတာဖြစ်ပါတယ်။ Software ကို ခလုတ်ပြောင်း လိုက်ရုံနဲ့ ဒုံးကျည်တွေဟာ ကာကွယ်ရေးစနစ်ကနေ တိုက်ခိုက်ရေး လက်နက်တွေ အဖြစ် အလွယ်ကလေး ပြောင်းသွားနိုင်တယ်လို့ ပူတင်က ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/


အာရှဒေသတွင်း ဘဏ်တွေမှာ မကြာသေးခင်ကပဲ ဆက်တိုက်ဆိုသလို ဆိုင်ဘာဖောက်ထွင်း တိုက်ခိုက်မှုတွေ ဖြစ်စေတာဟာ မြောက်ကိုရီးယားက နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ တွေ့ခဲ့တယ်လို့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ Symantec ကုမ္ပဏီက ပြောပါတယ်။

ကွန်ပြူတာ အင်တာနက်စနစ်ကို ပျက်စီးစေတဲ့ software ကိုသုံးပြီး Bangladesh ဗဟိုဘဏ်က ဒေါ်လာ ၈၁ သန်းကို ခိုးယူခဲ့မှုနဲ့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက ဘဏ်ကို တိုက်ခိုက်မှုတွေဟာ ဆက်နွယ်မှုရှိကြောင်း တွေ့ရတယ်လို့လည်း Symantec က ပြောပါတယ်။

ဒါ့အပြင် ဒါဟာ နိုင်ငံတနိုင်ငံက နောက်တနိုင်ငံဆီက ငွေတွေခိုးယူဖို့ ပထမဆုံး (ကွန်ပြူတာ အင်တာနက်စနစ်မှာ ဆိုးရွားတဲ့ စနစ်သွင်းပြီး) လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒီ software ဟာ အရင်တုန်းက "Lazarus'' လို့ လူသိများတဲ့ အဖွဲ့တဖွဲ့က သုံးခဲ့တာမျိုးနဲ့ ဆင်ဆင်တူတယ်လို့ ဆိုင်ဘာလုံခြုံရေး သုတေသီတွေက ပြောပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက အမေရိကန်နဲ့ တောင်ကိုရီးယားကို အတော်များများ ပစ်မှတ်ထားပြီး hack လုပ်တဲ့ ဆိုင်ဘာ တိုက်ခိုက်မှုတွေ ဆက်တိုက် အလုပ်ခံခဲ့ရတာနဲ့ ဒီအဖွဲ့ ဆက်စပ်မှုရှိခဲ့တာပါ။

ဒီအထဲမှာ ၂၀၁၄ ခုနှစ်တုန်းက ဆိုနီရုပ်ရှင်လုပ်ငန်းရဲ့ ကွန်ပြူတာတွေကို hack လုပ်ခဲ့တာပါ ပါဝင်ပြီး အဲဒီတုန်းက ဒါဟာ မြောက်ကိုရီးယားအစိုးရက လုပ်ဆောင်တာလို့ FBI က အပြစ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။ အီကွေဒေါနိုင်ငံက ဘဏ်တခုဟာလည်း ဒေါ်လာ ၁၂ သန်း ဆုံးခဲ့ရတယ်လို့ Symantec ကပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


mae-tao-clinic-620.jpg
မယ်တော် ဆေးခန်းသစ်ဖွင့်ပွဲ အခမ်းအနားသတင်းစာရှင်းလင်းပွဲကို မေလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကျင်းပနေစဉ်
Photo: Burma Partnership/ Facebook

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့မှာအခြေစိုက်တဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ ခုတင် ၁၄၀ ဆန့် မယ်တော် ဆေးခန်းသစ်ကို ဒီနေ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဆေးခန်းသစ်ဖွင့်ပွဲကို မဲဆောက်မြို့မှာရှိတဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ၊ မြန်မာအစိုးရဘက်က ပြည် နယ်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်း က ခေါင်းဆောင်တွေ တက်ရောက်ကြတယ်လို့ မယ် တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

"ကျမတို့အဆောင်သစ်ဖွင့်ပွဲအခမ်းအနားအစီအစဉ်ပေါ့နော်၊ မဲဆောက်မှာရှိတဲ့အာဏာပိုင်အဖွဲ့အစည်းတွေ၊ နောက်အစိုးရကိုယ်စားလှယ်တွေ၊ နောက် ဦးကျော်သူနာရေးကူညီမှုအသင်းနဲ့ ဦးမင်းကိုနိုင်တို့၊ ဆရာမဒေါ်ညိုညိုသင်းတို့ တက်ရောက်ကြပါတယ်"

မယ်တော်ဆေးခန်းကို လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ထိုင်း- မြန်မာ နယ်စပ်ဖက်ကို ရွှေ့ပြောင်းလာကြတဲ့ လူနာပေါင်း တစ်သိန်းခွဲခန့်ကို နှစ်စဉ် ကျန်းမာရေး စောင့်ရှောက်ကုသပေးနေတာ ဖြစ်ပါတယ်။

ဆေးခန်းမှာ အထွေထွေရောဂါတွေကို အဓိကထား ကုသပေးနေတာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ အဟာရချို့တဲ့ ကလေးငယ်တွေ ၊ ကူးစက်ရောဂါတွေနဲ့ ထိခိုက်ဒဏ်ရာ ရမူတွေကို အများဆုံး ကုသ ပေးရတယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

လူနာတွေ အရေးပေါ်အခြေအနေမှာရှိရင်တော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဆေးရုံတွေကိုသာမက မြန်မာနိုင်ငံ မြ၀တီမြို့က ဆေးရုံတွေကိုပါ လွှဲပြောင်းပေးရ တာတွေရှိတယ်လို့ ပြောပါတယ်။

ဒီဆေးခန်း ရေရှည် ရပ်တည်နိုင်ဖို့ဆိုရင် ငွေကြေးထောက်ပံ့မူအပိုင်း၊ နည်းပညာပိုင်းသာမက ထိုင်း မြန်မာနယ်စပ်က လူနာတွေ သွားလာ နေထိုင်ရေး လွယ်ကူစေဖို့အတွက် သက်ဆိုင်ရာ အစိုးရပိုင်းရဲ့ ကူညီထောက်ပံ့မူ လိုအပ်တယ်လို့ ပြောပါတယ်။

ဆေးခန်းသစ်ဖွင့်ပွဲနဲ့အတူ မနက်ဖြန်မှာ ကျင်းပမယ့် စာပေဟောပြောပွဲမှာ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၊ နာရေးကူညီမူအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီတို့က ဟောပြောကြမှာဖြစ်ပါတယ်။
RFA

 dr-thanminhtut-oyithugoneyi-award-620.jpg ရန်ကုန်မြို့ ဗဟန်းမြို့နယ် က တော်ဝင်နှင်းဆီမှာ မေလ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲတွင် ဆရာဝန် ကြီး ဒေါက်တာ သန်းမင်းထွဋ် ဆုလက်ခံရယူနေစဉ်

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ်အတွက် သတ္တမအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆု ရွေးချယ်ခံသူတွေကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် က တော်ဝင်နှင်းဆီမှာ ဒီနေ့ ဆုချီးမြှင့်ခဲ့ပါတယ်။

လူမှုရေးလုပ်ငန်တွေးကို ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်ဆောင်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည် သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်တာဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် အသင်း ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ကိုဝေလက ပြောပါတယ်။

"လူမှုရေးလုပ်ငန်းတွေ၊ လိုအပ်ချက်တွေဝိုင်းလုပ်ပေးချင်ပေမယ့်လည်း ကျနော်တို့ကိုယ်တိုင်လုပ်နိုင်ခြင်းမရှိဘူး၊ အဲ့တွက်ကြောင့်နစ်နာခံပြီးတော့ ကိုယ်ကျိုးစွန့် လုပ်နေကြတဲ့သူတွေကို ကျနော်တို့ဝိုင်းဝန်းကူညီမယ်၊ သူတို့ရဲ့လုပ်ရပ်တွေကိုဂုဏ်ယူတယ်၊ ဝိုင်းဝန်းကူညီမယ်ဆိုတဲ့စိတ်နဲ့ ကျနော်တို့စပြီးဖွဲ့စည်း ခဲ့တာပါ၊ ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ အခြေခံမူ ၃ ချက်နဲ့ရွေးပါတယ်၊ အဲ့ဒါက ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက်အောင်မြင်မှုနဲ့ အများနဲ့ လူ့ဘောင်လောကအတွက် စံပြဖြစ်မှုဆိုတဲ့ အခြေခံ ၃ ချက်နဲ့ ကျနော်တို့ရွေးတာပါ"

၂၀၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ရှမ်းပြည်နယ် ပင်းတယမြို့မှာ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပင်းတယမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ရိုးရာပုံပြင်တွေကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ မိဘမဲ့ ဂေဟာတွေနဲ့ ကျေးလက်ဒေသတွေက ကလေးတွေကို လိုက်လံ ပြောပြနေတဲ့ မြန်မာပုံပြောသူများအဖွဲ့ကို ပြည် သူ့ဂုဏ်ရည်အထူးဆု ချီးမြှင့်ခဲ့ပါတယ်။

အလားတူ ရေရှားပါးတဲ့ဒေသတွေကို ရေလှူဒါန်းနိုင်ဖို့ ဂီတနဲ့ အလှူခံပြီး ပြန်လည်လှူဒါန်းနေတဲ့ ပန်း ရဲ့လမ်းအဖွဲ့ကိုလည်း ပြည်သူ့ဂုဏ်ရည် အထူးဆု ချီးမြှင့် ခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ဆောင်ရွက်နေတဲ့ ဒေါ်ခင်မမမျိုးကိုလည်း ပြည်သူ့ ဂုဏ်ရည်အထူးဆု ချီးမြှင့်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေစုပေါင်းပြီး နိုင်ငံရေး၊ လူမှုရေးနဲ့ ပရဟိ တနယ်ပယ်တွေမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင် ရွက်နေသူတွေကို ဆုချီးမြှင့်ဖို့ ပြည်သူ့ဂုဏ်ရည် အသင်းကို ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
RFA


ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦးနဲ့ ခုံရုံးဖွဲ့ပြီး တိုင်တန်းသူကျောက်မျက်အသင်း အမှု ဆောင်တွေကို မနေ့က စတင်စစ်ဆေးခဲ့ပါတယ်။

ဒါပေမယ့် အခုဖွဲ့လိုက်တဲ့ခုံရုံးအနေနဲ့ အမှုကိုတရားမျှတအောင်ဆောင်ရွက်ပေးနိုင်ပါ့မလားလို့ သံသယရှိတဲ့ အတွက် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အမှုဆောင်တွေက သမာသမတ် ရှိတဲ့ခုံရုံးအသစ်နဲ့စစ်ဆေးပေးဖို့ ဝန်ကြီးဌာနကိုတောင်းဆိုလိုက်ကြောင်း မနေ့က အစစ်ခံခဲ့တဲ့ ကျော်သစ္စာကျောက်မျက် လုပ်ငန်းရှင် ဦးကျော်ကျော်ဦးက အခုလိုပြောပါတယ်။

"နံပါတ်တစ်က ခုရုံးဖွဲ့ထားတာကိုလက်မခံတဲ့အကြောင်းပေါ့နော်၊ ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်တာက စစ်တပ်က ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီးတွေကိုတိုင်တာ၊ တိုင်တဲ့အခါမှာ သမ္မတကြီးတောင်ပါတာပေါ့ဗျာ၊ အဲ့ဒါကိုဗိုလ်မှူးကြီးတွေက ခုရုံးဖွဲ့စစ်မယ်ဆိုတော့ ဘယ်လိုမှတရားမျှတမှာမဟုတ်ဘူးလေ၊ အမှန်တရား မထွက်လာနိုင်ဘူး၊ အဲ့တော့ ခုရုံးအဖွဲ့ကိုသဘောလဲမတူဘူး၊ အတည်လဲမပြုဘူး၊ လက်လည်းမခံနိုင်ဘူး"

ခုံရုံးကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကကိုယ်စားလှယ်တွေ၊ စာရင်းစစ်အရာရှိ၊ ဆောက်လုပ်ရေး ဌာနကအင်ဂျင်နီယာ၊ သတ္တုတွင်းဌာန ကိုယ်စားလှယ်၊ ကျောက်မျက်အသင်းရဲ့ ကိုယ်စားလှယ်နဲ့ ဥပဒေပညာရှင် စတဲ့ ၇ ဦးပါတဲ့ ခုံရုံးဖွဲ့ပေးဖို့ သတ္တုတွင်းဝန်ကြီးကို အကြုံပြုလိုက် တယ်လို့ပြောပါတယ်။

တိုင်ကြားထားတဲ့အထဲမှာ ဦးသိန်းစိန်ကို ယူရိုငွေ ၇ သန်းထုတ်ပေးလိုက်တဲ့ကိစ္စလဲပါဝင် တယ်လို့ဆိုပါတယ်။

မနေ့က တိုင်ကြားသူ ၇ ဦးကို စစ်ဆေးခဲ့ပြီး၊ နောက်သတင်းပတ်မှာ ကျန်တဲ့သူ ၃ ဦးကိုဆက်စစ်မယ်လို့ သိရပါတယ်။ တိုင်ကြားသူကျောက်မျက်အသင်း အမှုဆောင်တွေတင်ပြထားတဲ့ ခုံရုံးအသစ်ဖွဲ့မဖွဲ့ ကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။

မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ခုံရုံးဖွဲ့ပြီး မနေ့က စတင်စစ်ဆေးခဲ့ ပါတယ်။ မနေ့က အစစ်ခံခဲ့တဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်၊ ကျော်သစ္စာ ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်ကျော်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
RFA

သမ္မတအိုဘားမားတစ်ယောက် ၂၀၁၇ ဇန်နဝါရီလကုန်လောက်မှာ အိမ်ဖြူတော်ကနေ မိသားစုနဲ့အတူ အပြီး ထွက်ခွာပေးရပါတော့မယ်။ အိုဘားမားတစ်ယောက် ဝါရှင်တန်ဒီစီမှာရှိတဲ့ ကာလိုရားမားအရပ်မှာ ရှိတဲ့ အိမ်တစ်လုံးကို သွားငှားပြီးနေရပါလိမ့်မယ်။

အဲဒီအိမ်ကြီးဟာ ၁၉၂၈ ခုနှစ်က ဆောက်ထားတာပါ။ အိပ်ခန်း ၉ ခန်း၊ ရေချိုးခန်းတစ်ခန်း၊ ကားဂိုဒေါင်နှစ်ခုနဲ့ အိမ်ဝင်းက ကား ၁၀ စီးစာလောက်ရပ်လို့ရတယ်လို့ဆိုပါတယ်။

အဲဒီအိမ်ကြီးဟာ ဒေါ်လာ ၅ သန်းကျော်တန်ပါတယ်။ ၂၀၁၄ ခုနှစ် မေလက တစ်ယောက်ကနေ ဝယ်သွားခဲ့ တာဖြစ်ပါတယ်။ အရင်ပိုင်ရှင်တွေက အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးဌာနက ဂျိုး လော့ဟတ်ဆိုသူဖြစ်ပါ တယ်။

အိုဘားမား ဒီအိမ်ကို ငှားနေတာ အကြောင်းရှိပါတယ်။ သမီးငယ်ဖြစ်သူ ဆာရှာရဲ့ ပညာရေးကြောင့် ဖြစ်ပါတယ်။ သမီးက အထက်တန်းကျောင်းမပြီးသေးတော့ ဝါရှင်တန်ဒီစီနားမှာပဲ ငှားနေရမှာဖြစ်လို့ပါ။ သမီးကြီး မာလီယာကလည်း ၂၀၁၇ ခုနှစ်မှာ ဟားဗတ်ကိုတက်ဖို့ပြင်ဆင်ရဦးမှာဆိုတော့ ဒီအိမ်ကြီးကို ငှားနေရတာ ဖြစ်ပါတယ်။

၂၈.၅.၂၀၁၆
http://www.maukkha.org/index.php/news-menu/international-news-maukkha/9720-2016-05-28-11-30-28

ဒီနေ့ညမှာတော့ မက်ဒရစ်မြို့တော် အခြေစိုက် စပိန်ထိပ်သီး နှစ်သင်းရဲ့ ချန်ပီယံလိဂ် သရဖူဆောင်းဖို့ စိတ်မကျေပွဲကို တစ်ကျော့ပြန် နွှဲကြတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကတော့ အက်သလက်တီကို မက်ဒရစ်ဟာ ပွဲချိန် နောက်ဆုံးမိနစ်ထိ အနိုင်ရနေပြီးမှ ဆာဂျီယို ရာမို့စ်ရဲ့ ခေါင်းတိုက် ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး အချိန်ပိုမှာ ရီးရဲလ်မက်ဒရစ်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့တယ်။ အခုတော့ ခါးသီးပြိုင်ဘက်နှစ်သင်း မီလန်မြို့ ဆန်စီရို ကွင်းကြီးမှာ ဆုံလာပြန်ပါပြီ။ ဒီတစ်ခါ အက်သလက်တီကိုရဲ့ အလှည့်လား၊ ရီးရဲလ်ပဲ ချန်ပီယံလိဂ်မှာ အသာစီးရတဲ့ စံချိန်ကို ထပ်တင်နိုင်မလား စောင့်ကြည့်ရပါတော့မယ်။

အစဉ်အလာပိုင်းအရ ရီးရဲလ်က အပြတ်အသတ် သာပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အက်သလက်တီကိုက ရီးရဲလ်အပေါ် ရလဒ်ပိုင်း ပိုပြီး အသာစီး ယူလာနိုင်တာကို တွေ့ရတယ်။ ဒီနှစ်သင်း ပြီးခဲ့တဲ့ ၁၂ ကြိမ် တွေ့ဆုံမှုမှာ ရီးရဲလ်က ၂ ပွဲပဲ နိုင်ထားတာ သက်သေပါ။ ကျန်တဲ့ ၁၀ ပွဲမှာ အက်သလက်တီကိုက အနိုင်နဲ့ သရေတွေချည်းပဲ။ ဒါပေမဲ့ သတိထားရမယ့် တစ်ချက်က ရီးရဲလ်ရခဲ့တဲ့ နိုင်ပွဲ ၂ ပွဲဟာ ချန်ပီယံလိဂ်မှာ ဖြစ်ပြီး နှစ်ကြိမ်စလုံး အက်သလက်တီကို အသင်းကို ချန်ပီယံလိဂ်ကနေ လွင့်စင်စေခဲ့တဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ အက်သလက်တီကို သတိထားဖို့ လိုပါတယ်။

ရီးရဲလ်နည်းပြ ဇနီဒင်း ဇီဒန်းဟာ ရာသီဝက်မှာ အသင်းကို ကြားဖြတ် တာဝန်ယူရပေမယ့် တစ်စထက်တစ်စ တည်ငြိမ်တဲ့ ကစားဟန်ကို တည်ဆောက်နိုင်ခဲ့တယ်။ ကစားသမား အင်အားအရလည်း ရီးရဲလ်က ပိုသာပါတယ်။ အက်သလက်တီကိုကတော့ နည်းပြ ဒီယေဂို ဆီမြွန်းရဲ့ ဗျူဟာပိုင်းအရ ညီညွတ်မှုနဲ့ ကျစ်လစ်တဲ့ ခံစစ်ကို အခြေခံတယ်။ အက်သလက်တီကို အနေနဲ့ အားကောင်းတဲ့ ပြိုင်ဘက်တွေကို ခံစစ်အားပြု ရင်ဆိုင်လေ့ရှိပြီး အင်မတန် စနစ်ကျ ထက်မြက်တဲ့ တစ်ချက်ကောင်း တန်ပြန်တိုက်စစ် တွဲလုံးတွေနဲ့ အလဲထိုးတတ်တဲ့ အသင်းပါ။ လာလီဂါမှာတုန်းကလည်း ရီးရဲလ်ရဲ့ ဘာနေဗျူးကွင်းမှာ အခုလို ဗျူဟာနဲ့ပဲ အက်သလက်တီကိုက တစ်ဂိုးတည်းသွင်းပြီး အနိုင်ရထားတာ ဖြစ်ပါတယ်။

အက်သလက်တီကိုရဲ့ တိုက်စစ်ဟာ နောက်ဆုံးခံစစ်သမားဆီက အစပြုလေ့ ရှိတယ်။ ဖျက်ထုတ်လိုက်တဲ့ ဘောလုံးတိုင်းကို ကွင်းလယ်နဲ့ တိုက်စစ်သမားတွေက ဆယ်ယူပြီး တစ်ဖက်ဂိုးပေါက်ဆီ အရှိန်အဟုန်နဲ့ ဒုန်းစိုင်း ထိုးဖောက်လေ့ ရှိပါတယ်။ ဒါကြောင့် ပြိုင်ဘက်ဟာ တစ်ချက်ကလေး သတိလွတ်လိုက်တာနဲ့ ပေးဆပ်မှု ကြီးသွားတော့တာပဲ။ အက်သလက်တီကို ရှေ့တန်းမှာက ရလာသမျှ အခွင့်အရေးတိုင်းကို လက်တွေ့ကျကျ အသုံးချနိုင်တဲ့ အန်ထော်နီ ဂရိဇ်မန်းနဲ့ ဖာနန်ဒို တောရက်စ်တို့လို တိုက်စစ်မှူးကောင်းတွေလည်း ရှိနေတယ်။

ရီးရဲလ်ကတော့ အရင်နည်းပြ ရာဖာဘင်နီတက်ဇ် လက်ထက်မှာထက် အများကြီး ဟန်ချက်ညီလာတယ်။ နာမည်ကြီး ကစားသမားကောင်း တချို့ကို အရန်ခုံ ပို့ခဲ့တဲ့ ဇီဒန်းရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ပွဲချဉ်းကပ်ပုံက အလုပ်ဖြစ်ကြောင်း သက်သေပြလာနိုင်တယ်။ ဇီဒန်း အနေနဲ့ တိုက်စစ်ပိုင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အလွန်အကျွံ မှီခိုနေရတာကို လျှော့ချပြီး ဂါရတ်သ်ဘေးလ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ကြိုးစားလာတာ သိသာပါတယ်။ လောလောဆယ် အထိတော့ အောင်မြင်မှု အပြည့်အဝ မရသေးဘူး။ ဒီပွဲမှာ အက်သလက်တီကိုရဲ့ မြန်နှုန်းမြင့် တန်ပြန်တိုက်စစ်တွေကို စက္ကန့်မလပ် ထိန်းချုပ်ဖို့ ဇီဒန်း ဘယ်လို ပြင်ဆင်လာမလဲ စောင့်ကြည့်ရမှာပါ။

ရီးရဲလ်ရဲ့ ကစားကွက်မှာ လူကာမိုဒရစ်ဟာ တိုက်စစ်လမ်းကြောင်းတွေကို အဓိက စတင်တဲ့ ဘောလုံးဖြန့်ဝေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကစားကွက် တစ်ခုလုံးရဲ့ ဝင်ရိုးကတော့ ကက်စ်မဲရိုးပါပဲ။ ဒီဘရာဇီးသားဟာ တခြား အသင်းဖော်တွေလို နာမည်ကျော် ကြယ်တစ်ပွင့် မဟုတ်ပေမယ့် ဇီဒန်းလက်အောက်မှာ ယုံယုံကြည်ကြည် နေရာပေးခြင်း ခံလာရတယ်။ သူဟာ ရီးရဲလ်ရဲ့ ခံစစ်နဲ့ တိုက်စစ်ကို ထိန်းညှိပေးတဲ့ ဗဟိုချက်လည်း ဖြစ်နေတယ်။ ဒါကို တစ်ဖက်နည်းပြ ဆီမြွန်းကလည်း မြင်တယ်။ ကက်စ်မဲရိုးဟာ ရီးရဲလ်ရဲ့ အဓိက အကျဆုံး ကစားသမားလို့ ပွဲကြို အင်တာဗျူး တစ်ခုမှာ မှတ်ချက်ပေးထားတယ်။ တကယ်လို့ ကက်စ်မဲရိုးကို ယိုင်သွားအောင် အဆက်မပြတ် ဖိအားပေးတဲ့ ဗျူဟာမျိုး အက်သလက်တီကိုက သုံးလာရင် ရီးရဲလ် အခက်တွေ့နိုင်ပါတယ်။ ဒီအခြေအနေကို ဇီဒန်းကလည်း ကြိုတွေးပြီး ပြင်ဆင်ထားမယ်လို့တော့ ယူဆရတယ်။

ခြုံပြီးပြောရရင်တော့ ဒီဗိုလ်လုပွဲဟာ မက်ဒရစ်ရဲ့ အခါးသီးဆုံး ပြိုင်ဘက်နှစ်သင်းက ဥရောပရဲ့ အမြင့်ဆုံး အောင်မြင်မှုအတွက် အသည်းကောင်းကောင်း ယှဉ်ပြိုင်မယ့် တိုက်ပွဲ ဖြစ်ပါတယ်။ အကြွေးဆပ်မယ့် ပွဲလား၊ အကြွေးထပ်တင်မယ့် ပွဲလားဆိုတာကို အဖြေထုတ်ရမယ့် တွေ့ဆုံမှုပါပဲ။ နည်းပြနှစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်း နည်းဗျူဟာပိုင်း ပြိုင်ဆိုင်မှု အသွင်ကိုလည်း ဆောင်နေပါတယ်။ ဘောလုံးပွဲ တစ်ပွဲဟာ ဘာမဆို ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ဗိုလ်လုပွဲ တစ်ပွဲဆိုရင်တော့ ပိုပြီးတောင် မှန်းဆရ ခက်မှာပါ။ နှစ်သင်းလုံး အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားပေမယ့် စုစည်းမှု ပိုကောင်းသလို ချန်ပီယံလိဂ် ဆာလောင်မှု ပြင်းပြနေမယ့် အက်သလက်တီကိုက သူတို့ရဲ့သမိုင်းမှာ ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကြီးကို ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ် တစ်ခုနဲ့ ယူဆောင်သွားနိုင်မယ်လို့ ယူဆမိပါတယ်။

============

7Day News Journal

http://7daydaily.com/story/66122

ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ဟင်္သာတမြို့နယ်တွင်း ခရီးစဉ်များတွင် လမ်းကြောင်း လုံခြုံရေးယာဉ်တန်းပေးအပ်ထားသည့် ကိစ္စရပ် နှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြ မေးမြန်းထားကြောင်း ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကို ကပြောကြားသည်။

“ဦးဌေးဦးက အစိုးရအဖွဲ့ဝင်တစ်ယောက်လည်း မဟုတ်သလို နိုင်ငံအကြီးအကဲတစ်ယောက်လည်း မဟုတ်ဘူး။ အဲဒီ ကိစ္စကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားတယ်။ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်ပေးသွားမှာပါ” ဟု ဦးအောင်ကိုကိုက ဆိုသည်။

ဟင်္သာတခရိုင်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် သွားလာလျက်ရှိသော ဦးဌေးဦး၏ လမ်းကြောင်း ခရီးစဉ်များတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော လုံခြုံရေး ယာဉ်တန်းကို အသုံးပြုလျက်ရှိသောကြောင့် ဒေသခံ အချို့၏ ကန့်ကွက်ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။

ယင်းကိစ္စရပ် နှင့် ပတ်သက်ပြီး ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိခဲ့ပေ။

သို့သော် ဟင်္သာတ မြို့နယ် ရဲသတင်းတပ်ဖွဲ့ထံ ထပ်မံမေးမြန်းရာ တွင် တာဝန်ရှိသူတစ်ဦးက “သူ့ယာဉ်တန်းနဲ့ သူ သွားနေတာပါ။ ကျန်တာတော့မသိဘူး” ဟုဆိုသည်။

ဦးဋ္ဌေးဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်ကာ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ်မှ ထပ်မံ ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်းမရှိပေ။

==============

The Voice Weekly

၂၀၁၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းကို သွားအပြီး သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လအတွင်း ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခေါင်းဆောင်တွေ ထိုင်းနိုင်ငံကို လာရောက်မယ့်အကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ထိုင်းအရာ ရှိတွေကို အတည်ပြု ပြောကြားခဲ့တာကို ထိုင်းနိုင်ငံထုတ် သတင်းမီဒီယာတွေ မှာ ရေးသား ဖော်ပြကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို သွားမယ် ဆိုတဲ့သတင်းကို နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကလည်း ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

ခရီးစဉ်အတွင်း ဘယ်လိုကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမယ်ဆိုတာကတော့ အခုချိန်မှာ အတည်ပြု ပြောဆိုလို့ မရသေးကြောင်းလည်း ဦးဇော်ဌေးက ပြောပါ တယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sommai Kaotira ရဲ့ဖိတ်ကြားချက်နဲ့ မေလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်နဲ့ သွားရောက်ခဲ့တာ ဖြစ်ပါ တယ်။

ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-cha ရဲ့ အထူးကိုယ်စားလှယ် လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai အခုလ အစော ပိုင်းက မြန်မာနိုင်ငံကို လာရောက်စဉ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို ၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းပိုင်းက World Economic Forum ကမ္ဘာ့ စီးပွားရေးညီလာခံတက်ဖို့အတွက် သွားခဲ့ဖူးပါတယ်။ အဲဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်ရောက်လာပြီးနောက်ပိုင်း နှစ်ပေါင်း ၂၄ နှစ်နီးပါးအတွင်း ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သလို ထိုင်းနိုင်ငံ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/


မန္တလေးမြို့တွင် မတ် ၂၂ ရက်နေ့ ညနေပိုင်းက မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးအသစ် ပြန်လည်တည်ဆောက် ရေးနှင့် အကြီးစားပြင်ဆင်ရေးအတွက် ဈေးသူဈေးသားများထံမှ ဆန္ဒမဲကောက်ခံခဲ့ရာ အသစ်တည်ဆောက် ရေးက ၃ မဲအသာဖြင့် အနိုင်ရသွားကြောင်း၊ မြို့တော်စည်ပင်သာယာ တာဝန်ရှိသူတဦးက ပြောသည်။

ဈေးသူဈေးသားနှင့် လူနေတိုက်ခန်းပိုင်ရှင်များအား မေ ၂၅ ရက်က ဆန္ဒမဲကောက်ယူ၍ ၂၈ ရက်နေ့တွင် မဲများ စီစစ်ခဲ့ရာ ဆန္ဒမဲ ၆၆၈ မဲတွင် အသစ်တည်ဆောက်ရန် ၂၀၈ မဲနှင့် အကြီးစားပြင်ဆင်ရန် ၂၀၅ မဲရှိ သည်ဟုဆို သည်။

“မင်္ဂလာဈေးဟောင်းတုန်းက ဆိုင်ခန်းရှင်တွေ ပေးသွင်းတဲ့ ငွေနဲ့ ဆိုင်ခန်းဧရိယာအရ အတည် ဆိုင်ခန်းနဲ့ အတည်ပျံကျကို မဲ တွက်ချက်ပါတယ်။ မဲလာမထည့်တဲ့ ဆိုင်ခန်းပိုင်ရှင်တွေကိုလည်း ဈေး ဆောက်ပြီးသွားရင် သူ့ဆိုင်ခန်းအတိုင်း သူ့ကို အရင်ဆိုင်ခန်းနေရာအတိုင်း ပြန်ပေးမှာပါ”ဟု ၎င်းကပြောသည်။

မြေညီထပ်တွင် ၃၃၆ မဲတွင် အကြီးစားပြုပြင်ရန် ၂၀၅ မဲ၊ အသစ်တည်ဆောက်ရန် ၁၃၁ မဲဖြစ်ကြောင်း၊ ပထမထပ်မှ ၁၂ မဲ၊ ဒုတိယထပ်မှ ၃၅ မဲ နှင့် တတိယထပ်မှ ၃၀ မဲ ဖြင့် အားလုံးက အသစ်တည်ဆောက်ရန် ဆန္ဒပြုခဲ့ရာ အသစ်ပြန်တည်ဆောက်ရန် ၂၀၈ မဲရှိကြောင်း၊ မြေညီထပ်မှလွဲ၍ ကျန်အထပ်များက အသစ်တည်ဆောက်ရန် မဲပေးခဲ့ကြောင်း သိရသည်။

“ပညာရှင်များနဲ့ ခေတ်မှကိရိယာတွေနဲ့ တိုင်းတာစစ်ဆေးတော့ အကြီးစားပြင်ဆင်မယ်ဆိုရင် အဆောက် အဦ ခံနိုင်ရည်အားကျဆင်းနေလို့ အန္တရာယ်များပြီး နိုင်ငံခြားပညာရှင်များခေါ်ယူရမှာဖြစ်သလို ကုန်ကျ စရိတ်ကြီး မယ်။ အချိန်ကလည်း အသစ်တည်ဆောက်သလောက် ကြာမြင့်မယ်လို့ သုံးသပ်တယ်”ဟု မြို့တော်စည်ပင် သာယာရေးကော်မတီဝင်တဦးက အဆောက်အဦစစ်ဆေးချက်များ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မင်္ဂလာဈေးကိစ္စနှင့်ပတ်သက်၍ ဈေးသူဈေးသားများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံစဉ်က ၀န်ကြီးချုပ် ပြောကြားခဲ့သည့်အတိုင်းဆန္ဒမဲကောက်ယူခဲ့ခြင်းဖြစ်ပြီး အသစ်ပြန်လည်တည်ဆောက်ခဲ့ပါကလည်း မူလဆိုင် ခန်းနေရာများအတိုင်း ပေးအပ်မည်ဟု မြို့တော်ဝန်မှ ကတိပြုခဲ့သည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ကျောင်းကုန်းပိုင်းတွင် မေ ၂၇ ရက် ညနေပိုင်းက သဲတင်လာသော ကားမှ လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ်အားဝင်တိုက်သဖြင့် လူတစ်ဦးသေဆုံးသွားကြောင်း သိရှိရသည်။

"ကားသမားက တခြားကားကို ရှောင်ရင်း အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွား တာပါ။ နောက် လမ်းကလည်း ကုန်းဆင်းဖြစ်နေတော့ မဖြစ်သင့် ဘဲဖြစ်သွားရတာပါ။ ယာဉ်မောင်းတွေအနေနဲ့ဂရုစိုက်ဖို့တော့ လိုတယ်။ နှစ်ဖက်စလုံးနစ်နာရတယ်''ဟု သထုံမြို့မစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်တွင် ဘီးလင်းဘက်မှ သထုံဘက်သို့သဲများတင်ဆောင်လာသည့် ယာဉ်မောင်းဦးစောကြယ်လှ(၃၃)နှစ်(ဘ)ဦးလှတင် မောင်းနှင်လာသော ထော်လာဂျီ အပြာရောင်ယာဉ်သည် ဖြစ်စဉ်နေရာအရောက်တွင် မျက်နှာချင်းဆိုင်မှ ယာဉ်အား ရှောင်လိုက်စဉ် အရှိန်လွန်ပြီး လမ်းညာဘက်တွင် ရပ်ထားသော ဆိုင်ကယ်အားဝင်ရောက်တိုက်မိရာ ဆိုင်ကယ်ပေါ်တွင် ခွထိုင်နေသော ဦးတင်ထွန်း(၅၁)နှစ်(ဘ)ဦးချစ်အား တိုက်မိရာ စိုးရိမ်ရ ဒဏ်ရာများရရှိသဖြင့် သထုံခရိုင်ဆေးရုံကြီးသို့တင်ပို့ကုသစဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းဦးစောကြယ်လှအား သထုံမြို့မ ရဲစခန်းက ယာဉ် (ပ)၃၈/ ၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄ -က အရအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

MMK
The Ladies News

တာချီလိတ်မြို့မှာ ကျပ်ငွေသိန်းပေါင်း ၅ ထောင်ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံး ကီလို ၃ဝ ကျော်ကို မေလ ၂၈ ရက်နေ့က ဖမ်းဆီးရမိခဲ့စဉ်။ ဓါတ်ပုံ - တာချီလိတ်မူးယစ်
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ ကျပ်ငွေသိန်းပေါင်း ၅ ထောင်ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံး ကီလို ၃ဝ ကျော်ကို ဒီကနေ့ မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ တာချီလိတ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့နယ် ဖိုင်းဖုန်း (ခ) ကျေးရွာအုပ်စု ပါခုတ်ပူးပေါင်းစစ် ဆေးရေးဂိတ်မှာ မနက် ၁ နာရီကျော်က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ တာချီလိတ် မူးယစ်တပ်ဖွဲ့က ဒုတပ်ကြပ်ကြီး တိုးမြင့်အောင် က ပြောဆိုပါတယ်။

"ဖမ်းဆီးရမိတာတော့ ညပိုင်းတွေမှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်နိုင်တယ်ဆိုတဲ့ သတင်းတွေရလို့ ကျနော်တို့အဖွဲ့က ပူးပေါင်းအဖွဲ့တွေနဲ့ပေါင်းပြီးမှ ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေတာပေါ့၊ ပါခုတ်ကျေးရွာအဝင် စစ်ဆေးရေးဂိတ်မှာ ဒီနေ့ ၁ နာရီ ၁၅ အချိန်မှာပေါ့ ဝှေလေလန်ရွာကနေပြီးမှ လွန်းကျိုင်းကျေးရွာဖက်ကို  စိုင်းဖတ်အွန်နွန်း (ခ) အိုက်ပီး မောင်းနင်လာတဲ့ အဖြူရောင် မော်တော် ယာဉ် ရောက်ရှိလာတဲ့အချိန်မှာ စစ်ဆေးရှာဖွေတဲ့အချိန်မှာ နောက်ဖုံးထဲမှာ ဘိန်းဖြူ ဘလောက်တုံး ၉၇ တုံးပေါ့ စုစုပေါင်း အလေးချိန်ကတော့ ၃၃ ဒသမ ၉၅ ကီလိုဂရမ် ဒေသတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၅၄၃၂ သိန်း အဲ့ဒါ သိမ်းဆည်းရမိတာပေါ့ ဒါက ဒီနှစ်ထဲမှာတော့ ဘိန်းဖြူ က ဒီနှစ် အများဆုံးပေါ့ဗျာ"

ဘိန်းဖြူဘလောက်တုံးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ အသက် ၃၅ နှစ်အရွယ် စိုင်းဖတ်အွန်နွန်း ခေါ် အိုက်ပီး ကို ဝမ်ပုံနယ်မြေရဲစခန်းကနေပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ပုဒ်မ ၁၅/၁၉ (က) / ၂၁ တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

တပ်ဖွဲ့ဝင်တချို့ရဲ့ အပြုအမူတွေကို ဒေသခံတွေက မကြေနပ်
ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းမှာ အမေရိကန် မရိန်းတပ်သားဟောင်းတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို အဓမ္မကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သံသယရှိစရာ အဖြစ် ဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန်စစ်တပ်က ကျွန်းပေါ်က စခန်းတွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန် ထားလိုက်ပါတယ်။

အမေရိကန်က အခု ကိစ္စအတွက် ဝမ်းနည်းကြေကွဲခြင်းနဲ့ ပြန်လည် ညီညွတ်ခြင်း ရက်ပေါင်း၃၀ ကာလ သတ်မှတ်ခဲ့ပြီး ညမထွက်ရ အမိန့်လည်း ထုတ်ခဲ့ပါတယ်။

အိုကီနာဝါက အမေရိကန် တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး လောရင့်စ် နီကိုလ်ဆင်က တပ်စခန်းတွေမှာ ကပွဲတွေ၊ ဖျော်ဖြေပွဲတွေ၊ ပွဲတော်တွေအားလုံးကို ရပ်ထားမယ်လို့ ကြေညာထားပါတယ်။

အခုလို အရေးယူဆောင်ရွက်ရတာဟာ စစ်သားတွေကို အရေးယူ အပြစ်ပေးတာမျိုး မဟုတ်ပေမယ့် အိုကီနာဝါကျွန်းသူ ကျွန်းသားတွေ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေချိန်မှာ အမေရိကန်စစ်သားတွေကလည်း ဒီအသိုင်းအဝန်းထဲမှာ ထပ်တူခံစားမှု ရှိနေတယ်ဆိုတာ ပြသလိုတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအမှုနဲ့ ဆက်စပ်ပြီး အသက် ၃၂ နှစ်အရွယ် ကက်နက် ရှင်ဇာတိုဆိုသူကို ဖမ်းဆီးထားပါတယ်။ စွဲချက်တော့ မတင်သေးပါဘူး။

အိုကီနာဝါကျွန်းပေါ်မှာ အမေရိကန်တပ်ဖွဲ့ဝင် သုံးသောင်းလောက်ရှိနေပါတယ်။

ဒေသခံတွေကတော့ အမေရိကန် တပ်တွေ ဖယ်ရှားပေးဖို့ ဆန္ဒပြတာတွေရှိခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


မြန်မာနိုင်ငံတွင် ထီရောင်းချခြင်းလုပ်ငန်းကို သီပေါမင်းလက်ထက်ကပင် စတင်ခဲ့သည်ဆို၏။ ထီလုပ်ငန်းပေါ်လာခြင်းသည် တိုင်းပြည်စီးပွား ရေးကျဆင်းကြောင်း ပြသသည့် လက္ခဏာတရပ်ဟုလည်း ဆိုကြသည်။ သို့သော် ယခုခေတ်၌ နိုင်ငံအားလုံးနီးပါး ထီရောင်းကြပေသည်။

တချို့စင်ကာပူထီကို မြန်မာနိုင်ငံမှ လှမ်းကံစမ်းကြသည်။ အင်္ဂလန်ထီလည်း နာမည်ကြီးသည်။ မြန်မာတို့နှင့်ကာလရှည်စွာပွန်းတီး ရင်းနှီးခဲ့သည်က ထိုင်းထီ (သို့မဟုတ်) ချဲ။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းကစ၍ ချဲထီပေါ်လာသည် ထင်ပါသည်။ အတိအကျကား မမှတ်မိတော့။

အင်္ဂလိပ်လဆန်း ၁ ရက်နေ့နှင့် လ၀က်ကျော် ၁၆ ရက်နေ့ နှစ်ရက်တွင် ထိုင်းချဲထီ ထွက်သည်။ အဆပေါင်းများစွာပေးလျော်သောကြောင့် ထိုးငွေ ကျပ် ၁၀၀ အတွက်၊ လျော်ပေးငွေ ကျပ်ငါးသောင်း ဖြစ်ခြင်းကြောင့် လူတန်းစားပေါင်းစုံကစားသည့်၊ ကံစမ်းသည့် ထီဖြစ်လာပါသည်။ ချဲပေါက် နိုးနိုးထိုးကြရင်း နေ့စဉ်ဈေးအရင်းပြုတ်သူများ၊ တနေ့ရှာထားသည့် ငွေအားလုံးပါသွားသူများစသဖြင့် ထိုးသားဘက်တွင် ရှိကြသည်။ ဒိုင်ဘက်ကလည်း အကွက်ကြီးပေါက်ပါက မလျော်ဘဲ ထွက်ပြေးသူ၊ ထိုးသားကဒိုင်ကိုလိုက်သတ် စသည့် ဇာတ်လမ်းများ ရှိလာသည်။

မြန်မာထီသည် စာရေးသူငယ်စဉ်ကတစောင်နှစ်ကျပ်ဖြင့် မည်သည့်ထီဆိုင်တွင် မဆို၊ မည်သူမဆို ၀ယ်နိုင်ပါသည်။ ထိုစဉ်ကအမြင့်ဆုံး ပေးလျော်မှုက ကျပ်ငါးထောင်ဟု ထင်ပါသည်။ မြန်မာထီကျပ် တသိန်းလျော်ချိန်က ရွှေတကျပ်သားပေါက်ဈေးက နှစ်ရာပင် မပြည့်ပါ။

န၀တ၊ နအဖခေတ်ရောက်သောအခါ ထီတစောင် တရားဝင်အစိုးရ သတ်မှတ်ဈေးကျပ်နှစ်ရာဖြစ်သော်လည်း ပြင်ပတွင် မည်သည့်နေရာတွင်မှ ကျပ်နှစ်ရာနှင့် ၀ယ်မရတော့ပေ။ ထို့ပြင် ထီကိုထီအရောင်းဌာနနှင့် ချိတ်ဆက်ထားသော၊ စီးပွားရေးသမားများက ရိုးရိုးထီတစောင်ချင်းဈေး ကတမျိုး၊ အက္ခရာတူဂဏန်းကွဲ ထီ ၅ စောင်တွဲ၊ ဆယ်စောင်တွဲ ဈေးများကတမျိုးစသဖြင့် ထီစတန့်များ ပေါ်လာသည်။ ဂဏန်းတူ၊ အက္ခရာကွဲ ပေါက်လျှင် လျော်သည့်နှုန်း၊ အက္ခတူရှေ့ဂဏန်း ၃ လုံးတူ၊ ၄ လုံးတူ စသဖြင့် တူလျှင်ပေးလျော်သည့်နှုန်းက တမျိုးစသဖြင့်၊ မက်လုံးများပေးကြလျော်ကြသည်။

ထီအစ- အဆုံးတူပြီး အတွဲလိုက် (Series) အလိုက်ပေါက်လျှင် ကားအပိုဆု၊ ရေခဲသေတ္တာအပိုဆုတို့ကိုလည်း ပေးကြသည်။ ထီရောင်း ဌာနအမည်အမျိုးမျိုးက အဆိုပါ အတွဲများကိုကြော်ငြာမျိုးစုံ၊ မက်လုံးမျိုးစုံ ပေးရောင်း ကြသည်။ ပြည်တွင်းမှ ထီကိုထင်သလို မက်လုံးပေးကာ အစိုးရသတ်မှတ်ဈေးထက်ပိုရောင်းနေကြသော ထီပင်ရင်းများကို မည်သည့် ဥပဒေနှင့်မျှ အရေးယူမှုမရှိ။ သို့သော် ချဲရောင်းသူ၊ ချဲထိုးသူများကား ဥပဒေ၏ သားကောင်များ ဖြစ်လာကြသည်။ မကြာခဏ ချဲရောင်းသူ၊ ထိုးသူ အဖျားအနားများ ဖမ်းခံကြရသည်။ ထောင်ကျကြသည်။ လက်ကားချဲဒိုင်များ တကယ့်ပင်ရင်းချဲဒိုင်များ ယနေ့ထိတိုင်၊ တခါမျှ အဖမ်းမခံကြရ။

ထိုင်းနိုင်ငံထီကို ထိုင်းနိုင်ငံထဲတွင် ပေါက်စဉ်အမျိုးမျိုးဖြင့် တရားဝင် ရောင်းကြ သည်။ အစနှစ်လုံးပဲထိုးထိုး၊ အဆုံးသုံးလုံးပဲထိုးထိုး၊ အစအဆုံးပဲထိုးထိုး၊ ထိုးနိုင်သော ထိုင်းထီများကို စားပွဲခုံငယ်များပေါ်တင်လျက် လူမြင်သူမြင် တရားဝင်ရောင်းချကြသည်။

မြန်မာနိုင်ငံတွင် ချဲထီကိုနှိမ်နင်းသောအခါ ထိုင်းစတော့ ရှယ်ယာဂဏန်းများကို နှစ်လုံးထီအဖြစ် ထွင်လိုက်သည့်နှစ်လုံးက တနင်္လာနေ့မှ သောကြာနေ့ထိ တနေ့သုံးကြိမ်လောင်းသော လောင်းကစား လုပ်ငန်းဖြစ်လာသည်။ ချဲထီလည်းရှိမြဲရှိနေသည်။ ချဲထီ၊ နှစ်လုံးထီရောင်းသူ လက်ခွဲသည်များ၊ ထိုးသားများ အဖမ်းခံရစေကာမူ ယခုထိ ပင်ရင်းဒိုင်များ အဖမ်းမခံကြရ။

အောင်ဘာလေထီကို ထီပင်ရင်းထီကုန်သည်များစိတ်ကြိုက် အမျိုးမျိုးဂဏန်းတူ အက္ခရာတူစဉ်လျှင် ကြိုက်ဈေးခေါ်ရောင်းချနိုင်စေရန် အတွင်းမှထီလက်မှတ်များကို ထုတ်ရောင်းပေးသည့် ထီဌာနမှ မည်သည့်အရာရှိ မည်သည့်ဝန်ထမ်းမျှ အရေးယူမခံကြရသေးပေ။ ထို့ပြင် ကမ္ဘာ့အလုပ်သမားနေ့ကိုပင် မြန်မာထီကမရှောင်ရှားဘဲ မေ ၁ ရက်နေ့တွင်လည်း ထီထွက်သည်။

ယခုအစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနက၊ ထီငါးရာတန်များထုတ်ရန် အစီအစဉ်ရှိသည်ဆို၏။ ပေးလျော်မည့် တန်ဖိုးက ကျပ်သိန်းပေါင်း (၁၀၀၀၀) ဆို၏။ နှစ်ရာကျပ်တန်ထီကို မြန်မာနိုင်ငံတလွှားမည့်သည့်ဆိုင်တွင်မှ ကျပ် ၂၀၀ ဖြင့်ဝယ်မရစေရန် စီမံခန့်ခွဲနေသူများ ကျပ်ငါးရာတန်ထီလက်မှတ်အပေါ် မည်သို့လုပ်ကိုင်စားသောက်ကြဦးမည် မသိပေ။

အစိုးရသစ်အနေဖြင့် ထီလက်မှတ်များကို တရားဝင်သတ်မှတ်ဈေးဖြင့် ဦးနုအစိုးရ၊ ဦးနေ၀င်းအစိုးရလက်ထက်ကဲ့သို့ဖြစ်စေရန် ဦးစွာထီအရောင်းဌာနနှင့် ထီပင်ရင်းကုန်သည်ကြီးများ၏ ဆက်စပ် နှောင်ဖွဲ့မှုကို ဦးစွာဖြေရှင်းသင့်ပါသည်။ မေလ ၁ ရက်နေ့ထီဖွင့်ခြင်းကိုလည်း ရှောင်ခိုင်းသင့်ပါသည်။ ထိုသို့ထီအပေါ်မှီ၍ မသမာနည်းဖြင့် စီးပွားရှာနေသူများကို ဖယ်ရှင်းပြီးမှသာ ၅၀၀ ကျပ် တန်ထီထုတ်ရောင်းသင့်ကြောင်း အကြံပြုရပါသည်။

အဖွဲ့ဝင်အယ်ဒီတာတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန်အတွက် ကျောက်မဲဒေသခံ ရှမ်းလူမျိုးများနှင့် သံဃာတော်များ မေလ ၂၈ ရက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

“ကျွန်မတို့ဒီလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပေါ့ တပ်မတော်ရော၊ ရှမ်းရော၊ ပလောင်ရော တိုက်နေတဲ့ တိုက်ပွဲတွေမှာ ပြည်သူတွေပဲ နစ်နာဆုံးရှုံးမှုဖြစ်တဲ့ အတွက်ကြောင့် ဆန္ဒထုတ်ဖော်တာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ကျောက်မဲဒေသခံ မနန်းစံအေးက The Ladies သို့ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် လူအင်အား ၃၀၀၀ ခန့်ပါဝင်ခဲ့ပြီး ရှမ်းပြည်သူ/ ပြည်သားများက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်တပ်မတော် RCSS /SSA ကို ဆက်လက်လိုလားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ PSLF/TNLA ကို ဆန့်ကျင်ကြ၊ ကေအိုင်အို ၊ ကေအိုင်အေ ထွက်သွား အလိုမရှိ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးအုပ်စု၊ ဟိုပန်ကျေးရွာအတွင်းရှိ လူနေအိမ် ၆၄ လုံးအား မီးရှို့ဖျက်ဆီးခဲ့သော လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်း အလိုမရှိ ၊ ရှမ်းပြည်မှ အမြန်ဆုံးထွက်သွား၊ ရှမ်းပြည်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ဖြေရှင်းပေးပါရန် စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ဇော်မင်းထွန်း
Photo - Kyawsoe Oo FB
The Ladies News
https://www.facebook.com/News.TheLadies