05/30/16


မေ ၂၉ ရက် ည ၉ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံတောင်ပိုင်း ၁၄၀ ရပ်ကွက်တွင် ရန်ပွဲဖျန်ဖြေသည့် အုပ်ချုပ်ရေးမှူးအား အုပ်စုလိုက် ဓားဖြင့်ခုတ်သဖြင့် ဖျန်ဖြေသည့်အုပ်ချုပ်ရေးမှူးမှာ သေဆုံးသွားခဲ့သည်။

ဖြစ်ပွားပုံမှာ ဒဂုံတောင် ၁၄၀ ရပ်ကွက်ရှိ မသွယ် အရက်အေးဂျင့်ဆိုင်ကားမှလူများနှင့် ဂျပန်ကြီး(ခ)ကျော်နိုင်လင်းပါ ၂ ဦးတို့ စကားများ ရန်ဖြစ်နေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်ဝင်းသည် ဝင်ရောက်ဖျန်ဖြေခဲ့သည်။

ဝင်ရောက်ဖျန်ဖြေသည့် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအား ဂျပန်ကြီး(ခ)ကျော်နိုင်လင်း ပါ ၂ ဦးတို့က အုပ်ချုပ်ရေးမှူးလည်း ခုတ်တယ်ကွာဟု ပြောဆို၍ဓားဖြင့်ခုတ်၍ ဦးဇော်ဝင်းသည် အနီးရှိ နီလာစတိုးဆိုင်ထဲသို့ ဝင်ပြေးရာ စတိုးဆိုင်ထဲအထိ လိုက်လံခုတ်ခဲ့သည်။

အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းသည် ဓားဖြင့်ခုတ်၍ ရရှိသည့်ဒဏ်ရာများကြောင့် ဆေးရုံသို့တင်ပို့စဉ် လမ်း၌ သေဆုံးသွားခဲ့ပြီး ဂျပန်ကြီး(ခ)ကျော်နိုင်လင်း ပါ ၂ ဦးတို့အား ဒဂုံတောင်မြို့မရဲစခန်းမှ (ပ)၇၉၉/၁၆ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။

Myanmar Citizen News Agency

ဟင်္သာတ၊ မေ ၂၉ ။ ။ ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ဟင်္သာတမြို့နယ်တွင်း ခရီးစဉ်များတွင် လမ်းကြောင်း လုံခြုံရေးယာဉ်တန်း ပေးအပ်ထားဟု သတင်းထွက်ပေါ်နေမှုမှာ မဟုတ်ဟု ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတိုးဝင်းက မဇ္ဈိမကို ပြောသည်။

"လုံခြုံရေးယာဉ်တန်းကော တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ လိုက်ပါခြင်း မရှိပါဘူးခင်ဗျ။" ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကိုက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြ မေးမြန်းထားခြင်းဖြစ်သည်။

ဟင်္သာတမြို့ရှိ ဦးဌေးဦး၏ နေအိမ်တွင် နေထိုင်သူတစ်ဦးက "အဘ လာရင်တော့ သူစီးနေကျ ကားနှစ်စီးအပြင် မြို့နယ် ပြည်ခိုင်ဖြိုးက ကားတွေ ပါတာတွေ့ရတယ်။ တစ်ခြားကားတွေလည်း တွေ့တာပေါ့။ အရင်လတွေကအထိ သူလာရင် မော်တော်ပီကယ်ပါတယ်။ မော်တော်ပီကယ်တွေက ရွှေစေတီလမ်းနဲ့ ဈေးကလေးလမ်းဆုံတဲ့ အဘအိမ်နားက လမ်းဆုံမှာ စောင့်ရတယ်။ အခုတစ်ခေါက်တော့ မော်တော်ပီကယ်တို့ လုံခြုံရေး ရဲတို့ ကျနော်လည်း မတွေ့မိသလိုပဲဗျ။ ပုံမှန်အားဖြင့်တော့ ခယက ကားနဲ့ တစ်ခြားကားတွေ ပါလာတာတွေ့ရတယ် ခင်ဗျ။ မှတ်မှတ်ရရ သူတိုင်းမှူး စဖြစ်ခါစ ပထမဆုံး အခေါက်ကဆို သူလာရင် ရပ်ကွက်ထဲ ဝင်ထွက် သွားလာခွင့် ပိတ်တယ်ခင်ဗျ။ သူပြောလိုက်ပုံရပါတယ်။ နောက်တော့ လုံခြုံရေးကားတွေ ပါလာတာ မတွေ့ရသလို သူလိုကိုယ်လိုပဲ ညဘက်ကြီးလည်း ရောက်ချလာတာပါပဲ" ဟု မဇ္ဈိမကို ပြောသည်။

ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးဌေးဦး အနေဖြင့် ဟင်္သာတမြို့နယ်သို့ သွားလာရာတွင် လုံခြုံရေးယာဉ်တန်း လိုက်ပါမှုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်နေပြီး ဝေဖန်သံများ ရှိနေသည်။
မျိုးသူရကိုကို
Mizzima - News in Burmese

ချင်းမိုင်၊ မေ ၂၉ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ရှမ်းလူထု ဆန္ဒပြမှုအပေါ် ရှမ်းနှင့် တအာင်းအချင်းချင်း စိတ်ဝမ်းကွဲကာ ပဋိပက္ခဖြစ်ပွားမည်ကို အထူး စိုးရိမ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့က မေလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

မေလ ၂၈ ရက်က ရှမ်းလူထု ၃၀၀၀ ကျော်က တိုက်ပွဲ ရပ်တန့်ရေး ဆန္ဒပြတောင်းခဲ့သည်။ ၎င်းဆန္ဒပြမှုကြောင့် ရှမ်း နှင့် တအာင်း စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်မည်ကို အထူးစိုးရိမ်ကြောင်း နှင့် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေမည့် လုပ်ရပ်များ လုပ်ရပ်၊ အပြောအဆို မပြုလုပ်ကြပါရန်၊ ရှမ်းလူထုနှင့် မူလအတိုင်း ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံကြပါရန် မေတ္တာရပ်ခံလိုက်သည်။

ရှမ်းလူထုများ ဆန္ဒပြပွဲတွင် တိုက်ပွဲ ရပ်တန့်ရေး အပါအဝင် တအာင်းအမျိုးသားတပ်မတော်(TNLA)အား အလိုမရှိ၊ ယခင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) အလိုရှိကြောင်း ဟူသော စာတမ်းများ ပါရှိသဖြင့် ယခုကဲ့သို့ တအာင်းလူထုအား မေတ္တာရပ်ခံချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ မိုင်းမျိုးအောင်က ပြောသည်။

“အဲဒီလိုမျိုး အင်္ဂလိပ်စာတန်းနည်းနည်း၊ မြန်မာစာတမ်းနည်းနည်း သူတို့ ရေးထားတယ်ဗျ။ အဲဒီလို ဖြစ်တဲ့အခါဆိုတော့ ဒါက ဒီလို ပဋိပက္ခကို ပိုမိုကြီးထွားအောင်လုပ်တဲ့ ပုံစံဖြစ်နေတယ်။ အဓိကက တိုက်ပွဲ ရပ်ဖို့ မဟုတ်ဘဲနဲ့ တိုက်ပွဲကို ပိုမိုကြီးထွားအောင်လုပ်တဲ့ ပုံစံမျိုး ကျနော်တို့ မြင်တာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေးအောက်တွင် ရှမ်းလူထုနှင့် တအာင်းလူထုသည် စစ်ဒဏ်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့်အပြင် စစ်ဘေးဒဏ် ခံစားနေရသည့် ဘဝတူညီအစ်ကိုများဖြစ်ပြီး တိုင်းရင်းသား လူမျိုးများလိုလားသည့် စစ်မှန်သော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်နိုင်ငံ မရရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် မိမိတို့ နိုင်ငံရေးပန်းတိုင် အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း တိုက်တွန်းလိုက်သည်။

အလားတူတအာင်းနှင့် ရှမ်းလူမျိုးများအကြား လူမျိုးရေး ပဋိပက္ခများ ရှောင်လွှဲနိုင်ရန်အတွက် ဒေါသစိတ်များထိန်းချုပ်ပြီး၊ ဒေသခံ ပြည်သူလူုအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်ကြပါရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA )ကလည်း မေလ ၂၈ ရက်က မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။

မေလ ၁ ရက်မှစတင်ကာTNLA နှင့် RCSS/SSA တို့အကြား ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်များအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည်များ ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။ အလားတူ မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့အကြားလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယနေ့ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။
Mizzima - News in Burmese

ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်လွှတ်တော်ပညာရေးကော်မတီ မှ ဦးဖြိုးဇေယျာသော်တို့သည် ယနေ့မေလ၂၉ရက်နေ့နေ့လည်ပိုင်းကရန်ကုန်မြို့ရှိအဆင့်မြင့်ပညာဦးစီးဌာန၌နကသကျောင်းသားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ
အဓိကဆွေးနွေးခဲ့သောအချက်၎ချက်စလုံးသဘောတူညီမှုရရှိခဲ့ကြောင်း နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(နကသ)
ကပြောသည်။

"ဒီနေ့ဆွေးနွေးဖြစ်ခဲ့တဲ့ အဆင့်မြင့်ပညာရေးဥပဒေထဲမှာ ကျောင်းသားသမဂ္ဂတွေ တရားဝင်ပါမလာနိုင်သေးခင်အချိန်မှာလက်ရှိတက္ကသိုလ်တွေအတွင်းက ကျောင်းသားသမဂ္ဂတွေ
လှုပ်ရှားခွင့်ရဖို့၊အဆင့်မြင့်ပညာရေးဥပဒေရေးဆွဲရာမှာ ကျောင်းသားတွေရဲ့အသံပါဝင်လာနိုင်ဖို့၊
တက္ကသိုလ်အသီးသီးရဲ့ပဋိဥာဉ်ရေးဆွဲရာမှာလည်း ကျောင်းသားတွေပါဝင်နိုင်ဖို့၊ရက်၁၀၀ပညာရေးစီမံချက်
အတွင်းပညာရေးဝန်ကြီးဌာနရဲ့အရည်အသွေးမြှင့်တင်ရေးအစီအစဉ်မှာလည်း ကျောင်းသားတွေပူးပေါင်းပါဝင်ဖို
့တောင်းဆိုခဲ့တာကိုဝန်ကြီးကအားလုံးနီးပါးလက်ခံတယ်လို့ အာမခံကတိပေးခဲ့တယ်။သမဂ္ဂတွေရဲ့ ရပ်တည်လှုပ်ရှားမှုတွေအားလုံးကိုလည်းအသိအမှတ်ပြုတယ်လို့ပြောခဲ့ပါတယ်'ဟု
 နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(နကသ)မှ ကိုဇေယျာလွင်ကပြောသည်။

ထို့အပြင်၎င်းက ယနေ့ဆွေးနွေးမှုများအား ၄င်းတို့အနေဖြင့်ကျေနပ်ကြောင်း၊ဝန်ကြီးဘက်မှလည်း ကတိပေးသင့်သည်များကို ကတိပေးခဲ့သလို ၄င်းတို့ကလည်း တွေ့ကြုံနေရသောခံစားချက်များကိုပြောပြနိုင်ခဲ့၍ ယနေ့ဆွေးနွေးမှုကို ကျေနပ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

ပညာရေးဝန်ကြီးနှင့်န က သ ကျောင်းသားတို့သည်အစီအစဉ်နှစ်ခုနှင့်ဆွေးနွေးခဲ့ပြီးပထမပိုင်းကိုဝန်ကြီးနှင့်
ဒုတိယပိုင်းကို ပညာရေးဝန်ကြီး ၏ပြောခွင့်ရသူ ဒေါက်တာအောင်အောင်မင်းနှင့်ဆွးနွေးမှုတို့လုပ်ခဲ့ကြကြောင်းသိရသည်။

ပထမ ဆွေးနွေးမှု၌ဝန်ကြီး နှင့်ကျောင်းသားများတွေ့ဆုံချိန် တွင်လွှတ်တော်ပညာရေးကော်မတီမှ ဦးဇေယျာသော် အပါအ၀င်တက္ကသိုလ်မှ ဆရာအချို့တို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။

News by ဖြိုးထက်အောင်
Popular News Journal



ယနေ့ (၂၉.၅.၂၀၁၆) ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာနရုံး၌ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(န.က.သ)သည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံချိန် ၃နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး ဆွေးနွေးခဲ့သည့်အကြောင်းအရာများမှာ . .

ပထမပိုင်း
------------
(၁) ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာရပ်တည်လှုပ်ရှားခွင့်ရရှိရေး၊
(၂) ပညာရေးနှင့်သက်ဆိုင်သည့် ဥပဒေများရေးဆွဲသည့် အပိုင်းတွင် ကျောင်းသားများပါဝင် ဆွေးနွေးရေးဆွဲနိုင်ရေး၊
(၃) မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥပဒေ ကိစ္စအား ဆွေးနွေးခြင်း၊
(၄) ပညာရေးဝန်ကြီးဌာနမှ န.က.သ အား ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းထားသော Internal Quality Assurance ကိစ္စနှင့်ပတ်သက်သည့်များကို ဆွေးနွေးခြင်း၊

ဒုတိယပိုင်း
--------------
တက္ကသိုလ်တွင်း ကြုံတွေ့နေရသည့် အခက်အခဲများ ပြသနာများကို တင်ပြညှိနှိုင်းခြင်း စသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့သည်။

ဓာတ်ပုံ - မင်းသူကျော်
National Student Unions League - NSUL

လူကုန်ကူးသူ တွေက ပင်လယ်ထဲ သွားဖို့ မသင့် တဲ့ လှေတွေကို သုံးနေ
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဥရောပကို ဝင်ရောက်ဖို့ မြေထဲ ပင်လယ်ကို ဖြတ်ကူးရင်း သေဆုံး ခဲ့တဲ့လူ အရေ အတွက် ဟာ ၇၀၀ ကျော် ရှိတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

အီတလီ တောင်ပိုင်း မှာ သင်္ဘောသုံးစင်း နစ်မြုပ် ခဲ့တယ်လို့ ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီ ပြောခွင့် ရသူ ကာလိုတာ ဆာမီ က ဆိုပါတယ်။

သူက လူ ၇၀၀ ကျော်သေဆုံး ဒါမှမဟုတ် ပျောက်ဆုံး နေတယ် ဆိုတာကို အီတလီ ကို ရောက်လာ နေတဲ့ ဒုက္ခသည် တွေက ပြန်ပြောပြ ကြကြောင်း၊ ဗုဒ္ဓဟူးနေ့ ကနေ သောကြာ နေ့ အထိ ကြား နစ်မြုပ်ခဲ့တဲ့ သင်္ဘောတွေ ကနေ အလောင်း အတော်များများ ပြန်ရှာတွေ ခဲ့ကြောင်း ပြောပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက နစ်မြုပ်ခဲ့တဲ့ သင်္ဘောကို အီတလီ ရေတပ်က ဗီဒီယို ရိုက်ယူ နိုင်ခဲ့ပြီး အဲဒီ သင်္ဘောက လူအများစုကို ကယ်နိုင်ခဲ့ ပေမယ့် လူ ၁၀၀ လောက် ပျောက်နေဆဲ ဖြစ်ပါတယ်။

နောက်တနေ့မှာ နစ်ခဲ့တဲ့ သင်္ဘော မှာလည်း လူငါးရာ လောက်ပျောက် နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ကျောက်မျက်အသင်း အမှုဆောင်တွေ ကိုယ်တိုင် တိုင်ကြားခဲ့
ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ကျောက်မျက် ရတနာအသင်း ရန်ပုံငွေ အတွက် ကောက်ခံ ထားတဲ့ ယူရိုငွေ ၈၆ သန်း နဲ့ ပတ်သက်ပြီး စာရင်းအင်း မတွေ့ ရတဲ့ အတွက် တိုင်ကြားမှုကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ခုံရုံးဖွဲ့ပြီး စတင် စစ်ဆေး နေပါတယ်။

အဲဒီ ငွေတွေ စာရင်းပျောက် နေတယ်ဆိုပြီး ကျောက်မျက် အသင်း အမှုဆောင်တချို့က သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ ဥပဒေရေးရာ နဲ့ အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို တိုင်ကြား ရာကနေ သယံဇာတ ဝန်ကြီးဌာန အောက်က သတ္တုတွင်း ဌာန ကနေ စစ်ဆေးရေး ခုံရုံး ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

တိုင်ကြား ခံရ သူတွေထဲမှာ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဝန်ကြီးဟောင်း ဦးစိုးသိမ်း တို့ရဲ့ အမည်တွေလည်း ပါဝင်ပါတယ်။

အဲဒီရန်ပုံငွေ စုစုပေါင်း ယူရိုငွေ ၉၃ သန်း ရှိတဲ့အနက် စာရင်းမရှိတဲ့ ၈၆ သန်း နဲ့ ပတ်သက်ပြီး ဘယ်သူတွေ ဘယ်လောက် ယူသွားလဲဆိုတဲ့ စာရင်းကို တောင်းထားကြောင်း တိုင်ကြားမှု ကို ဦးဆောင်သူ မြန်မာ နိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်ကျော်ဦး ကပြောပါတယ်။

အဲဒီ စာရင်း တွေကို စုံစမ်းရေး ကော်မရှင်ဥက္ကဌ ဗိုလ်မှူးကြီး ဝင်းထိန်က ထုတ်ပေးမယ်လို့ ကတိပေး ထားကြောင်း သူကဆိုပါတယ်။

ကျောက်မျက် အသင်းချုပ် က သုံးလိုက်တဲ့ ငွေတွေနဲ့ ပတ်သက်တဲ့အထောက်အထား တွေတော့ ရှိကြောင်း နဲ့ အဲဒီလို သုံးစွဲ ရာမှာ လွဲမှားမှုတွေ ရှိတယ် လို့ ဦးကျော်ကျော်ဦးက ပြောပါတယ်။

အရင် တုန်းကတော့ အဖိနှိပ်ခံ ဘဝ နဲ့နေခဲ့ရတာ ဖြစ်လို့ မတိုင်ကြားနိုင်ဘဲ အစိုးရသစ်လက်ထက် ကျမှ တိုင်ကြားခဲ့တာဖြစ်တယ်လို့ လည်းသူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဖာလူဂျာမှာ ကိုထိန်းချုပ်ဖို့ အီရတ်အစိုးရ ကြိုးစားနေ
အီရတ် အစိုးရက ဖလူဂျာ မြို့ကို သိမ်းပိုက် နိုင်ဖို့ ထိုးစစ်တွေ ဆက်လုပ် နေဆဲ မှာဘဲ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က မြောက်ပိုင်း ယူဖရေတီးစ် မြစ်ကမ်းပေါ်က မြို့တမြို့ ကို အကြီးအကျယ် တိုက်ခိုက် လာနေ ပါတယ်။

ဟီးတ်မြို့ကို ရော့ကက် လောင်ချာ တွေနဲ့ ပစ်ခတ် ခဲ့ပြီးတဲ့နောက် မြို့ ထဲကို အသေခံ ဗုံးခွဲသမား အများအပြား ဝင်ရောက် ခဲ့ကြတယ်လို့ လုံးခြုံရေး သတင်း ရင်းမြစ် တွေက ဆိုပါတယ်။

IS တွေဟာ မြို့ဧရိယာ အတော်များများကို ထိန်းချုပ်ထားနိုင်ပြီး မြို့ထဲ ကနေလူတွေ ထွက်ပြေး နေကြတယ်လို့ သတင်း တွေက ဆိုပါတယ်။

အစိုးရနဲ့ လူမျိုးစု လက်နက်ကိုင် ပူးပေါင်း အဖွဲ့တွေက ဟီးတ်မြို့ ကို IS တွေ လက်ထဲ ကနေ ပြီးခဲ့တဲ့ လက သိမ်းယူ ထားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/

မိုးကြိုးပစ်ချခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ဘာလင်၊ မေ ၂၉ ရက် (ဆင်ဟွာ)

    ဂျာမနီနိုင်ငံ အနောက်ဘက် Rhineland Palatinate ပြည်နယ်၌ မေလ ၂၈ ရက်က ဘောလုံးပွဲ ကျင်းပနေစဉ် မိုးကြိုးပစ်ချမှုကြောင့် လူပေါင်း ၃၃ ဦး ဆေးရုံသို့  ပို့ဆောင် ခဲ့ရကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲ အရာရှိတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ဂျာမန် မီဒီယာ Focus Online ၌ဖော်ပြထားသည်။

အဆိုပါ သတင်းအရ ဒဏ်ရာ ရသူများအနက် ၂၉ ဦးမှာ ကလေးများ ဖြစ်ကြောင်း၊ ဒဏ်ရာရသူ ၃ ဦးမှာ စိုးရိမ် ဖွယ် ဖြစ်ကြောင်း သိရသည်။

E- Youth ဘောလုံးပွဲ၏ ဒိုင်လူကြီးမှာ မိုးကြိုး တိုက်ရိုက်ထိမှန်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ အခြားသူ ၂ ဦးမှာလည်း စိုးရိမ်ဖွယ် ဒဏ်ရာများ ရရှိထားသည်ဟု ဆိုသည်။

ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ အဆိုအရ ထိခိုက်မိသည့် ကလေးများမှာ စိုးရိမ်ဖွယ် ဒဏ်ရာများ မဟုတ်သော် လည်း ကျန်းမာရေးအရ ကြိုတင်ကာကွယ်သည့် အနေဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ယင်း ဘောလုံး ပွဲမှာလည်း မိုးကြိုးပစ်ချပြီးနောက် ပွဲရပ်လိုက်ရကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
“မျက်မြင်သက်သေတွေက အပြောအရတော့ မိုးလဲ မရွာခဲ့သလို ကောင်းကင်ကလဲ မဲမှောင်မနေဘူး” ဟု ယင်း ပြောရေးဆိုခွင့်ရှိသူက Focus Online သို့ပြောသည်။

ဂျာမန် မိုးလေဝသ ဝန်ဆောင်မှု (DWD) မှ မိုး/ဇလ ပညာရှင်တစ်ဦးကမူ ယင်း မတော်တဆမှု ဖြစ်ပွားသည့် ဧရိယာ အတွင်း၌ မုန်တိုင်း စက်ကွင်း သုံးခု ရှိနေသည်ဟု ဆိုသည်။ ထို့ပြင် မေလ ၂၈ ရက် နေ့လည်ပိုင်း ကလည်း မိုးသက်မုန်တိုင်း ပြင်းထန်စွာ ခံစားခဲ့ရသည့် Rhineland Palatinate ပြည်နယ်ရှိ နေရာ အတော်များ များ၌ နေထိုင်သူများအား DWD က သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

တာလီဘန်ခေါင်းဆောင် မူလာ အက်ခ်တာ မန်ဆာအား တွေ့ရစဉ် (ဆင်ဟွာ)
    အစ္စလာမာဘတ်၊ မေ ၂၉ ရက် (ဆင်ဟွာ)

    တာလီဘန် ခေါင်းဆောင်ဟောင်း မူလာ အက်ခ်တာ မန်ဆာအား ပါကစ္စတန် သက်သေခံ ကတ်ပြား  (ID card) အတုနှင့် ၎င်း၏ ဒုတိယ ဇနီးနှင့် ကလေးများအတွက် ပါကစ္စတန်နိုင်ငံသားအဖြစ် ပြုလုပ်ပေးမှုများကြောင့် အရာရှိ နှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန်အစိုးရက မေလ ၂၈ ရက်က ပြောသည်။

မေလ ၂၁ ရက်က အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သူ မန်ဆာသည် ပါကစ္စတန် နိုင်ငံအတွင်း ဝါလီ မူဟာမတ် အဖြစ် နေထိုင်ခဲ့ကြောင်း သိရသည်။

အခင်း ဖြစ်ပွားသည့် နေရာ၌ တွေ့ရှိရသည့် ကွန်ပြူတာ စနစ်သုံး သက်သေခံကတ်ပြား တစ်ခုနှင့် ပတ်စပို့ အရ သေဆုံးခဲ့သူမှာ ကရာချီမြို့၌ နေထိုင်သူ ဝါလီ မူဟာမတ် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိ မန်ဆာအား ကူညီသူဟု စွပ်စွဲခံထားရသူအနက် တစ်ဦးဖြစ်သည့် အေဇစ် အာမတ်သည် Baluchistan ရှိ စည်းကြပ်တပ်မှ ဗိုလ်မှူး တစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ် က ဝါလီ မူဟာ မတ်၏ သက်သေခံကတ်အား မှန်ကန် ကြောင်း အတည်ပြုပေးခဲ့သူ ဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အခြား စွပ်စွဲခံထားရသူ တစ်ဦးမှာ အမျိုးသား သတင်းအချက်အလက် သိမ်းဆည်ရေးနှင့် မှတ်ပုံတင်ရေး အာ ဏာပိုင် မှ အရာရှိ ရာဖစ်အစ်ဘဲလ် ဖြစ်ပြီး ဝါလီ၏ ဒုတိယ ဇနီးနှင့် ကလေးများအား ပါကစ္စတန်နိုင်ငံသား ဖြစ်ရေးအတွက် ခွင့်ပြုရာတွင် အကူအညီပေးခဲ့သူ ဖြစ်သည်။  ၎င်းမှာ မေလ ၂၁ ရက်က အမေရိကန် လေကြောင်းတိုက်ခိုက်မှုဖြင့် တာလီဘန်ခေါင်းဆောင် သေဆုံးသွားသည့် အချိန်ကတည်းက ထွက်ပြေးပုန်း ရှောင်နေခဲ့ကြောင်း သိရသည်။

ထို့ပြင် မန်ဆာအား ပါကစ္စတန် သက်သေခံကတ်ပြား ရရှိရန် ကူညီပေးသူများအား ဆက်လက် စုံစမ်းနေ ကြောင်း ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက ပြောသည်။

အိုင်ဒီကတ် အချက်အလက်များအရ ဝါလီ မူဟာမတ်သည် ယခင်က ကီလာ အဗ္ဗဒူလာ ခရိုင်၊ ချန်မန် ဧရိယာ၌ နေထိုင်ခဲ့ပြီးနောက် ကရာချိသို့ ပြောင်းရွှေ့ခဲ့ကာ တိုက်ခန်း တစ်ခန်း ဝယ်ယူထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

၂၀၁၅ ဟာ့ဂ်ျဘုရားဖူးမြင်ကွင်း
အီရန်နဲ့ ဆော်ဒီအာရေးဘီးယားအကြား သဘောတူညီချက် မရနိုင်တာကြောင့် အီရန်နိုင်ငံသားတွေ ဒီနှစ် ဟာ့ဂ်ျဘုရားဖူး သွားနိုင်မှာမဟုတ်ဘူးလို့ အီရန်နိုင်ငံပိုင်သတင်းက ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။

ဒီနှစ် ဟာ့ဂ်ျဘုရားဖူးခရီးစဉ်အတွက် ညှိနှိုင်းဖို့ ဆော်ဒီအာရေးဘီးယားကို သွားရောက်ခဲ့တဲ့ အီရန် ကိုယ်စားလှယ်အဖွဲ့အပေါ် ဆော်ဒီအစိုးရရဲ့ ပြုမူပုံကြောင့် အခုလို ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ အီရန် ယဉ်ကျေးမှုနဲ့ အစ္စလာမ္မစ် ဘာသာရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးဝန်ကြီး Ali Jannati က ပြောဆိုတယ် လို့လည်း အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

ဆော်ဒီအာဏာပိုင်တွေဘက်က တုံ့ပြန်မှုကို ဒီကနေ့အထိ ကျနော်တို့ စောင့်ဆိုင်းခဲ့ပါတယ်၊ ဒါပေမယ့် အီရန် ကိုယ်စားလှယ်အဖွဲ့နဲ့ညှိနှိုင်းမှု နှစ်ကြိမ်စလုံးမှာ ဆော်ဒီဘက်က ပြုမူပုံတွေ၊ ဖျက်လိုဖျက်ဆီး ဖန်တီး လုပ်ဆောင်မှုတွေကြောင့် အီရန်ပြည်သူတွေ ဒီနှစ် ဘုရားဖူးသွားနိုင်မှာ မဟုတ်ဘူးလို့ ၀န်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တနလာင်္နေ့မှာ တရားဝင် ကြေညာမယ်လို့လည်း သူက ပြောပါတယ်။

ဟာ့ဂ်ျဘုရားဖူးခရီးဟာ မူဆလင်တွေ တသက်မှာ တခါတော့ မဖြစ်မနေ လုပ်ဆောင်ကြရတဲ့ အစ္စလာမ် ဘာသာရဲ့ အဓိကကမဏ္ဍိုင်ကြီးတခုဖြစ်ပါတယ်။ အီရန်တို့ ဒီနှစ် ဟာ့ဂ်ျဘုရားဖူးသွားနိုင်ဖို့ အတွက် ဆွေးနွေး ညှိနှိုင်းနိုင်မယ့် အခြေအနေ ရှိပါသေးတယ်လို့တော့ တခြားမီဒီယာတွေက ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဟာ့ဂ်ျဘုရားဖူးခရီးစဉ်အတွင်း လူအုပ်နင်းမိလို့ အီရန် ၄၀၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက် အီရန်နဲ့ ဆော်ဒီအာရေးဘီးယားကြား ဆက်ဆံရေးမှာ အဖုအထစ် ဖြစ်နေခဲ့တာပါ။

ဒါ့အပြင် ဆော်ဒီအာရေးဘီးယားအစိုးရက Shi’ite ဘာသာရေးခေါင်းဆောင်တဦးကို အဆုံးစီရင်လိုက်ပြီးနောက် အီရန်မြို့တော် တီဟီရန်က ဆော်ဒီအာရေးဘီးယားသံရုံးမှာ အီရန်ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ဆော်ဒီဘက်က သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့တာကြောင့်လည်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ တာပါ။ အီရန်နိုင်ငံမှာ အများစုက Shi’ite မူဆလင်တွေဖြစ်ပြီး ဆော်ဒီအာရေးဘီးယားမှာတော့ ဆွန်နီမူဆလင် က အများစုဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.