06/01/16


အီရတ်နိုင်ငံ၊ ဖာလူဂျာမြို့ကို IS အစွန်းရောက်တွေလက်ထဲကနေ ပြန်ရဖို့ ထိုးစစ်ဆင်နေတာမှာ အရပ်သားအများအပြား ထိခိုက် သေဆုံးရတာတွေ စဖြစ်နေပါပြီ။

ဖာလူဂျာမှာ လူသား ကပ်ဘေးကြီး ဆိုက်ရောက်နေပြီး မိသားစုတွေဟာ အပြန်အလှန် ပစ်ခတ်တဲ့ကြားမှာ ပိတ်မိနေပြီးတော့ ထွက်ပြေး ဖို့ရာ ဘေးကင်း လုံခြုံတဲ့ လမ်းမရှိဘူးလို့ ဒုက္ခသည်ဆိုင်ရာ နော်ဝေးကောင်စီက Jan Egeland က ပြောပါတယ်။

အီရတ်တပ်ဖွဲ့တွေက မြို့ကို ပြန်သိမ်းနိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ မြို့ထဲမှာ ကလေးငယ် ၂ သောင်းထက်မနည်း ပိတ်မိနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ထုတ် ပြန်ချက် တခုမှာ ဖော်ပြထားပါတယ်။ ကလေးစစ်သားတွေအဖြစ် စုဆောင်းခံရဖို့ အန္တရာယ်ရှိနေတဲ့ အဲဒီကလေးတွေ ဘေးကင်း လုံခြုံရေး ဘက်အားလုံးက လုပ်ဆောင်ကြဖို့ UNICEF က တိုက်တွန်းထားပါတယ်။

ကလေးငယ်တွေဟာ လူသစ်အဖြစ် အတင်းအကျပ် စုဆောင်းခံရမယ့်အရေး၊ လုံခြုံရေး စစ်ဆေးမှုဆိုင်ရာ တင်းကျပ်တဲ့ နည်းလမ်း တွေ၊ သူတို့မိသားစုတွေနဲ့ ကွဲကွာမယ့်အရေး စတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်က သတိပေးထားပါ တယ်။ အမြောက်ကျည်တွေကြောင့် အရပ်သားတွေ သေဆုံးရတာ ဒါမှမဟုတ် သူတို့နေအိမ် အပျက်အစီးပုံတွေအောက်မှာ အရှင် လတ်လတ် မြေမြုပ်သွားတာလို သတင်းမျိုးတွေ ရထားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောပါတယ်။

မိသားစု ရာပေါင်းများစွာကို IS စစ်သွေးကြွတွေက လူသားဒိုင်းတွေအဖြစ် အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေလည်း ရထား တယ်လို့ UNHCR ပြောခွင့်ရ William Spindler ကပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျားတွေကို ထိုင်းရဲက ရွှေ့ပြောင်း ခေါ်ဆောင်
ကျားကောင် ပေါက်စ အကောင် ၄ဝ ရဲ့ ရုပ်ကြွင်းတွေကို ထိုင်းဘုန်းကြီးကျောင်း တကျောင်းရဲ့ ရေခဲသေတ္တာ အအေးခန်းထဲမှာ တွေ့ရှိ ခဲ့ပါတယ်။

ကျားကျောင်းလို့ လူသိများတဲ့ ဒီကျောင်းကို ရဲနဲ့ သားရဲ တိရိစ္ဆာန် ကာကွယ်ရေး အရာရှိ တွေက ပြီးခဲ့တဲ့ တနင်္လာ နေ့က ဝင်စီးပြီး ကျားတွေကို ရွှေ့ပြောင်း ခေါ်ဆောင် သွားခဲ့ပါတယ်။

သားရဲ တိရစ္ဆာန် ရောင်းဝယ်မှုနဲ့ ကျားတွေကို ညှဉ်းပန်းမှုတွေ ရှိတယ် ဆိုပြီး ဒီကျောင်းကို အာဏာပိုင်တွေက ဝင်ဖမ်း ခဲ့တာပါ။

ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ ကျားကျောင်း ဘုန်းကြီးကျောင်း ပိတ်
ကန်ချနဘူရီ ခရိုင်က ဒီဘုန်းကြီးကျောင်းဟာ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ နေရာ တခုဖြစ်ပြီး အခုတော့ ပိတ်ထားလိုက်ပါပြီ။

"ဒီကျားသေတွေကို တန်ဖိုးရှိလို့ သိမ်းထားတာ ဖြစ်ရမယ်၊ ဘာအတွက် ဆိုတာ သေချာ မသိဘူး" လို့ ထိုင်း အမျိုးသား ဥယျာဉ် ဌာနက Adisorn Nuchdamrong က ပြောပါတယ်။

တခြား တိရိစ္ဆာန် အသေကောင် အပိုင်းအစတွေ ကိုလည်း ဘုန်းကြီးကျောင်းက ရေခဲသေတ္တာ ထဲမှာ တွေ့ခဲ့ရပါတယ် ။

ဝက်ဝံသေ တကောင်နဲ့ တိရိစ္ဆာန်အူတွေကို ပုံးတွေနဲ့ ထည့်ထားတာ တွေ့ခဲ့တယ်လို့ ထိုင်း သတင်းထောက် တယောက်က ပြောပါတယ်။

ဘုန်းကြီးကျောင်းက မွေးထားတဲ့ ကျား ၁၃၇ ကောင် အနက် အကောင် ၄ဝ ကို ထိုင်းရဲက ခေါ်သွားပြီ လို့လည်း သိရပါတယ်။

လူ တထောင်ပါတဲ့ အဖွဲ့ဖွဲ့ပြီး ဒီတပတ်လုံး ဆက်ထိန်းသိမ်း ရှာဖွေရေးတွေ လုပ်သွားမှာပါ။

၂ဝဝ၁ ခုနှစ်ထဲက ထိုင်းအာဏာပိုင်တွေက ဒီကျောင်းကို မသင်္ကာလို့ ရှာဖွေချင်ပေမယ့် ဘုန်းကြီးတွေ ဘက်က ငြင်းဆန် လာခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ထိုင်းနိုင်ငံမှာ ကျားတွေကိုမွေးပြီး စီးပွားဖြစ် ပြစားနေတဲ့၊ နံမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျား ဘုန်းကြီးကျောင်းကို အာဏာပိုင်တွေက ဒီကနေ့ တတိယမြောက်နေ့ ၀င်ရောက်ရှာဖွေရာမှာ အအေးခန်းထဲမှာ သိမ်းထားတဲ့ မွေးကင်းစ ကျားအသေ ကောင်ရေ ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။


ထိုင်းနိုင်ငံ တောရိုင်းသတ္တ၀ါ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ဒီကနေ့ ရိုက်ယူထားတဲ့ ဗီဒီယိုခွေတခုထဲမှာ ဒါဇင်နဲ့ချီတဲ့ ကျားပေါက်ငယ် အသေလေးတွေကို အခုလို တွေ့ရတာပါ။ ဘန်ကောက်မြို့ အနောက်ဘက် ကန်ချနဘူရီ ခရိုင်မှာရှိတဲ့ ဗုဒ္ဓဘာသာ ဒီ ဘုန်းကြီးကျောင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများနေရာတခုပါ။ ကျားပေါက်လေးတွေကို နို့ဘူးနဲ့တိုက် မွေးတာကို ခရီးသွားတွေက စိတ်ဝင်တစား လာကြည့်ကြပြီး ဓာတ်ပုံရိုက်တတ်ကြပါတယ်။


ဒါပေမဲ့ အခုအခါမှာတော့ တောရိုင်းသတ္တ၀ါတွေကို မှောင်ခိုရောင်းဝယ်ပြီး နှိပ်စက် ညှင်းပမ်းမှု တွေနဲ့ ဆက်စပ်ပြီးတော့ ဒီဘုန်းကြီးကျောင်းကို အာဏာပိုင်တွေက ၀င်ရောက်ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေတာပါ။ အခုကျားပေါက်အကောင် အသေ ၄၀ ကို ဘုန်းကြီးကျောင်း မီးဖိုဆောင်ထဲက အအေးခန်းထဲမှာ တွေ့ခဲ့တာပါ။

တနင်္လာနေ့တုန်းကလည်း ကျားအရှင် ၅၂ ကောင်ကို အာဏာပိုင်တွေက ဘုန်းကြီးကျောင်းထဲကနေ ဖယ်ရှားခဲ့ပြီး နောက်ထပ် ၈၅ ကောင်ကတော့ ဘုန်းကြီးကျောင်းမှာပဲ ဆက်ပြီး ရှိနေပါတယ်။ အခု ၀င်ရောက်ရှာဖွေမှုတွေနဲ့ ပတ်သက်လို့ ဘုန်းကြီးကျောင်း ဘုန်းတော်ကြီးတွေဘက် တစုံတရာ မှတ်ချက်ပေး တာ မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ကျောက်မဲ၊ ဇွန် ၁ ။

ယနေ့(ဇွန် ၁ ရက်) နံနက် ၁၀း ၃၀ အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မန္တလေး-မူဆယ်ပြည်ထောင်စုကားလမ်း၊ ဂုတ်တွင်းတွင် TOYOTA KLUGER ခဲရောင်အိမ်စီးကားတစ်စင်း တံတားပေါ်မှပြုတ်ကျခဲ့ရာ ယာဉ်မောင်းဖြစ်သူသေဆုံးသွားကြောင်းကျောက်မဲမြို့ အမှတ် ၁၂၀ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးကယနေ့ညနေပိုင်းတွင်ပြောသည်။


ဖြစ်ပွားပုံမှာ ယနေ့နံနက်ပိုင်းက နောင်ချို မှလားရှိုးဘက်သို့ယာဉ်မောင်းဦးကောင်းစိန် (၅၈ နှစ် ) လုံးခင်းကျေးရွာအုပ်စု ဖားကန့်မြို့နယ်နေသူမောင်းနှင်လာသောကားနံပါတ် × × × × TOYOTA KLUGER ခဲရောင်အိမ်စီးကားမှာ ဂုတ်တွင်းမိုင်တိုင်အမှတ် ၈၆/၅-နှင့် ၆ အကြား တံတားပေါ်အရောက်တွင်အရှိန်မထိန်းနိုင်တော့ဘဲတံတားအောက်သို့ပြုတ်ကျ တိမ်းမှောက်မြှု ဖစ်ပွားခဲ့ကြောင်း၊ ယာဉ်ပြုတ်ကျတိမ်းမှောက်မှုကြောင့်
ယာဉ်မောင်းဦးကောင်းစိန်တွင် ဝဲလက်ပြင်နာကျဉ်ဒါဏ်ရာ ဝဲရင်ဘတ်နှင့်လက်ပြင်ပေါက်ပြဲဒဏ်ရာ ခါးနာကျဉ်ဒါဏ်ရာတို့ရရှိခဲ့ပြီးအဆိုပါကားနှင့်အတူလိုက်ပါလာသူ အိုက်ဝိုင်း ( ၃၉ နှစ် )တွင်လည်း ဝဲလက်ပြင်နာကျ င်ဒါဏ်ရာ လက်ဝဲတံတောင်ဆစ်နှင့်ဒူးပေါက်ပြဲဒါဏ်ရာ ( မစိုးရိမ်ရ )ရရှိခဲ့ကြောင်း၊ ယာဉ်ပေါ်ပါသူ နှစ်ဦးကို ကျောက်မဲခရိုင်ပြည် သူ့ဆေးရုံကြီးသို့ပို့ဆောင်ကုသပေးခဲ့သော်လည်း ယာဉ်မောင်းဦးကောင်းစိန်မှာယာဉ်တိမ်းမှောက်စဉ်ကရရှိခဲ့သောဒါဏ်ရာဖြင့် ညနေ ၅ နာရီအချိန်ခန့်တွင်သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်အားမဆင်မခြင်မောင်းနှင်သူဦးကောင်းစိန်အားကျောက်မဲမြို့ အမှတ် ၁၂၀ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှလိုအပ်သလိုအရေးယူဆောင်ရွက်လျှက်ရှိကြောင်း ၄င်းကပြောသည်။။

မင်္ဂလာထွန်း ( ကျောက်မဲ )
https://www.facebook.com/mingalar.htu

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး ဇွန်လ ၁ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းနေစဉ်။ Photo: Win Naung Toe/ RFA
အရင်အစိုးရလက်ထက် သမ၀ါယမဝန်ကြီးဌာနက တရုတ်နိုင်ငံ China Exim ဘဏ်ကနေ ဒေါ်လာ သန်း ၁၀၀ ချေးပြီး တောင်သူတွေကို ထုတ်ပေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို တောင်သူတွေ ဖက်က ၆ လတစ်ကြိမ် ပြန်လည်ပေးဆပ်ဖို့ အခက်အခဲရှိနေတာကြောင့် တစ်နှစ်တစ်ကြိမ် ပေးဆပ် ခွင့်ပြုဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက လွှတ်တော်မှာ တင်ပြမေးမြန်းခဲ့ပါတယ်။

ရှမ်းပြည်နယ် နမ္မတူမြို့နယ်က တောင်သူတွေဟာ ချေးငွေ ပြန်လည်ပေးဆပ်နိုင်ဖို့အတွက် တခြားကနေ အတိုးကြီးကြီးနဲ့ ယူပြီး ပေးနေရကြောင်း သမ၀ါယမအသင်းပိုင်ငွေနဲ့ အစားထိုးပြီး အကြွေးဆပ်ပေးထားဖို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး က တင်ပြခဲ့ပါတယ်။

စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ က China Exim ဘဏ်နဲ့ ချုပ်ဆိုထားတဲ့ စည်းကမ်းချက်တွေအရ အစိုးရအနေနဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို ပြောင်းလဲဖို့ မဖြစ်နိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို တစ်နှစ်အတွင်း ဇန်န၀ါရီလမှာ တစ်ကြိမ် ဇူလိုင်လမှာတစ်ကြိမ် တောင်သူတွေက ပေးသွင်းရတာဖြစ်ပါတယ်။ တစ်ရာသီသာ စိုက်ပျိုးနိုင်တဲ့ ရှမ်းပြည်နယ်က တောင်သူတွေအတွက် ဇူလိုင်လမှာ ပေးသွင်းရမယ့်အချိန်ဆိုရင် အခက်အခဲတွေ ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းခမ်းအေးက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ တရုတ်နိုင်ငံ China Exim ဘဏ်ကနေ အရင်သမ၀ါယမ ၀န်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူပြီး လယ်သမားတွေကို တစ်ဧကအတွက် ငွေကျပ် တစ်သိန်းနှုန်းနဲ့ ထုတ်ချေးခဲ့တာဖြစ်ပါတယ်။

စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဟာ ဒီနှစ်စိုက်ပျိုးရာသီမှာ တောင်သူတွေကို ချေးငွေတိုးချေးပေးနိုင်ဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ငွေကျပ် ဘီလီယံ ၅၀၀ ချေးယူ မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဇွန် ၁ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့နယ်၊ ဝေါလေဒေသ၊ ကနဲလေးနှင့် မော်ခီးကျေးရွာအခြေစိုက်သည့် စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် (စကခ ၁၉) လက် အောက်ခံ ခလရ(၆၂)တပ်ရင်းမှ တပ်မတော်သားများက ရွာသားများထံ သစ်လုံးများတောင်းရင်း အပြန်အလှန် စကားပြောဆိုရာ မှ သေနတ်ပစ်ဖောက်မှုများ ဖြစ်ပွားခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ခမရ(၆၂) ဒုတပ်ရင်းမှူး ဗိုလ်မှူးညွှန့်ဝင်းလှိုင် ဦးဆောင်သည့် တပ်မတော်သား ၈ဦးသည် မေလ ၂၉ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်တွင် မောခီးကျေးရွာအနီး၌ သစ်စက်ထောင်ပြီး သစ်လုပ်ငန်း လုပ်ကိုင်နေကြသည့် ရွာသားများအား သစ် ထပ်မံ တောင်းသည်ကို ငြင်းဆန်မှုကြောင့် ပစ်ဖောက်မှုဖြစ်ခဲ့ပြီး ရွာသားများမှာ ထိတ်လန့်ခဲ့ရကြောင်း အမည်မဖော်လိုသူ ရွာသားတစ် ဦးက မေလ ၃၁ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အမည်မဖော်လိုသူ ရွာသားက “အစကတော့ သစ်အလုံး ဆယ်တန် တောင်းတယ်။ ပြီးတော့ ခွဲသား တစ်တန်ပေးဖို့ ထပ်တောင်း တယ်။ ဆယ်တန်လည်း ပေးပြီးပြီ။ ထပ်တောင်းသေးတယ်ဆိုတော့ ကုန်ကျစရိတ်လည်း ရှိတယ်။ ပေးဖို့ အခက်အခဲရှိတယ် ပြောတဲ့အခါကျတော့ မပေးနိုင်လို့ရှိရင် သစ်စက်ဝိုင်းကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတဲ့အပြင် သေနတ် ၂ချက်ပါ ပစ် ဖောက်လိုက်တော့ ပေးလိုက်ရတယ်”ဟု ပြောသည်။

၎င်းအပြင် မော်ခီးကျေးရွာအခြေစိုက် အဆိုပါတပ်စခန်းမှ တပ်မတော်သားအဖွဲ့ဝင်များသည် ၎င်းတို့စခန်း သောက်သုံးရေအ တွက် မော်ခီးရွာသားများမှ ထော်လာဂျီဖြင့် မေလ ၂၇ရက်မှ ၂၉ရက်နေ့အထိ သုံးရက် ဆက်တိုက် ရေခပ်ပေးခိုင်းခဲ့သလို ရေ သွားခပ်လမ်းတွင် သေနတ်အချက်ပေါင်းများစွာ ပစ်ဖောက်မှုကြောင့် အထိတ်တလန့် ဖြစ်ရသည်ဟုလည်း ရွာသားများက ပြော ဆိုနေကြသည်။

ယခုကိစ္စအပေါ် ထိုနယ်မြေတွင် လှုပ်ရှားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (၂၀၁)တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးစောဘူးဖောက “ရွာသားဆီ သစ်တောင်းမရလို့ သေနတ်ဖောက်တာ မှန်ပါတယ်။ နောက်ပြီး ရွာသားတွေခိုင်းတာက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ သေနတ်လိုက်ပစ်တဲ့ကိစ္စက ရွာနဲ့လှမ်းရင်တော့ ဘာမှမပြောလိုပါဘူး။ အခုက ရွာနီးနားမှာဆိုတော့ ရွာသား တွေ ကြောက်တာပေါ့။ ဒါက ရွာသားတွေကို ခြိမ်းခြောက်ရာရောက်သလို ရန်လိုတဲ့ပုံစံမျိုးနဲ့လည်း သက်ရောက်တယ်”ဟု မှတ် ချက်ပေး ပြောဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ်(အဲန်စီအေ)အရ နှစ်ဖက် လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ အခန်း(၂)၏ အရပ်သားပြည်သူနှင့် ပတ်သက်၍ စောင့်ထိန်းလိုက်နာရ မည့် ကျင့်ဝတ်စည်းကမ်းများ အပိုဒ်(ဃ)တွင် ပြည်သူများထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားနပ်ရိက္ခာ၊ လုပ်အားနှင့် ၀န်ဆောင်မှုများကို အဓမ္မ တောင်းခံရယူခြင်း မပြုလုပ်ရဟူ၍ ရေးသားဖော်ပြထားသည်။

ဝေါလေဒေသရှိ ကနဲလေးနှင့် မော်ခီးကျေးရွာစခန်းတွင် အခြေချနေထိုင်ကြသည့် ခမရ(၆၂)တပ်ရင်းမှာ ဒုရင်းမှူးညွှန့်ဝင်းလှိုင်၊ တပ်ခွဲမှူးထွန်းဦးလေး၊ တပ်ခွဲမှူး ဗိုလ်ကြီးဖြိုးဝင်းလေး၊ ဗိုလ်ကြီးသန့်ဇင်ထွန်း၊ ဗိုလ်ကြီးအောင်မြင့်ထွန်းနှင့် ဗိုလ်ကြီးလူမင်းမြတ်တို့ အပါအ၀င် တပ်ဖွဲ့ဝင် ၃၀ကျော် အခြေချလှုပ်ရှားလျှက်ရှိသည်ဟု နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ထိုဒေသရှိ အစိုးရ တပ်မတော် တာဝန်ရှိသူများအား ကေအိုင်စီမှ သီးသန့် ဆက်သွယ်မေးမြန်း၍ မရရှိပေ။

KIC - ကေအိုင်စီ
http://kicnews.org

ရန်ကုန်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် KG တန်းတက်ရောက်နေသည့် ကျောင်းသူ/ ကျောင်းသားများ ကစားရင်းသင်ယူနေကြစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

    ယနေ့ကျောင်းစဖွင့်သည့်နေ့တွင် မြန်မာနိုင်ငံပညာရေးစနစ်အပြောင်းအလဲ၏ အစဖြစ်သည့် KG တန်း ကလေးငယ်များသည် ကဗျာများရွတ်ဆို၊ အရုပ်များဆက်၍ကစား ကာဆရာ/ဆရာမများ နှင့်အတူ ပညာသင်ယူနေကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် သူငယ်တန်း သင်ရိုး ညွှန်းတမ်း သစ်ကို ယခုနှစ်ပညာသင်စနစ်ဖြစ်သော၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှစ၍  သင်ကြားခြင်းဖြစ်ပြီး၊ အခြား သင်ရိုးညွှန်းတမ်းသစ်များကိုလည်း ပညာ သင်နှစ်များ၏ တန်းစဉ်အလိုက် တစ်နှစ်လျှင်တစ်တန်းစီ ပြောင်းလဲ သင်ကြားပေးသွားမည် ကြောင်း၊ ယခုနှစ် ဇွန်လတွင် စတင်ကျောင်းတက်သည့် ကလေးများသည် KG+12 ပညာရေးစနစ်အားစတင်ပြောင်းလဲခြင်းဖြစ်ကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) မှ တာဝန်ရှိသူက ဆင်ဟွာကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးက “KG အတွက် သင်တန်းတွေ ကြိုပေးခဲ့တယ်။ ကျောင်းအုပ်တွေက နည်းပြသင်တန်းတက်ရတယ်။ ပြီးတော့ KG သင်မယ့်ဆရာ၊ဆရာမတွေကို ပြန်ပို့ချရတယ်။ သင်တန်းတက်တဲ့သူမှ KG သင်လို့ရတာပါ။ အခန်း ၁ ခန်းကို ကျောင်းသားဦးရေ ၃၅ ယောက် ဆရာ၊ ဆရာမ ၂ယောက်ပေးထားတယ်။’’ ဟုပြောသည်။


အဆိုပါ သင်ရိုးအသစ်ပြောင်းလဲဖို့ ပညာရှင်များ အနေဖြင့် လွန်ခဲ့သည့် သုံးလေး နှစ် လောက်ကတည်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၁၆ ဇွန်လတွင် စတင်မည့်  ကလေးများအတွက် သင်ရိုးပြောင်းဖြစ်ပြီး လက်ရှိ ကျောင်း တက်နေသည့် ကလေးများအတွက် သင်ရိုးပြောင်းလဲမှု မရှိကြောင်းဆိုသည်။
လက်ရှိတွင် ကဗျာရွတ်ဆို၍ အချင်းချင်းနာမည်မိတ်ဆက်ခြင်း ၊ အရုပ်များ ဆက်ခြင်း စသဖြင့် ဆရာ၊ဆရာမများ နှင့် ကျောင်းသူ၊ကျောင်းသားများ ဟန်ချက်ညီစွာသင်ယူလျက်ရှိသည်။

KG တန်းမှ ဆရာမ တစ်ဦးက “အခုက ကဗျာတွေရွတ်နေတယ်။ ပုံပြင်တွေပြောပြနေတယ်။  အောက်တိုဘာနောက်ပိုင်းမှ ကကြီးကိုရေးခိုင်းမယ်။ သင်ထောက်ကူပစ္စည်းတွေကို အစိုးရက ထောက်ပံ့တယ်။’’ ဟုပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူကြိုတက်သည့် ရာခိုင်နှုန်းသည် ၂၂.၄ ရာခိုင်နှုန်း ရှိသည့်အတွက် မူကြိုတက်သည့် ကလေးငယ်များ နှင့် မူကြိုမတက်သည့် ကလေးငယ်များ နှင့် ယခုKG စနစ်အားပြောင်းလဲလိုက်သည့်အတွက် လိုက်လျောညီထွေဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

ယခုစာသင်နှစ်တွင် KG မှစတင်ပြီး ၁၀ တန်းအထိ ပညာရေးဝန်ကြီး ဌာနသည် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်က အခြေခံပညာ မူလတန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ငါးသန်းကျော် အတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ တို့ကို ပံ့ပိုးကူညီ ပေးခဲ့ပြီး အခြေခံပညာ အလယ်တန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၂ .၈ သန်းကျော် အတွက် ပုံနှိပ်စာအုပ် များအပြင် မြို့နယ် တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ သုံးဦးနှုန်း၊ မြို့နယ်ခွဲ တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးနှုန်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၁၅၈ ဦးကို ပညာသင် စရိတ်ပေးအပ် ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

KGတန်းကို စတင်တက်ရောက်ရသည့် သားငယ်တစ်ဦး၏ မိခင်ဒေါ်အေးသီက “ KG စနစ်ပြောင်းတာ သဘောကျတယ်။ ပညာရေးစနစ်က ပြောင်းလဲသင့်နေပြီလေ။ အဲ့လိုပြောင်းလဲတဲ့အတွက် ဒီကလေးတွေ အထက်အတန်းပြီးတဲ့အချိန်ဆိုရင် ပြောင်းလဲမှုသိသာသွားပြီလို့ထင်ပါတယ်’’ ဟုပြောသည်။

Kg ပြီးတာနှင့် Grade 1 လာမည်ဖြစ်ကြောင်း သိရသည်။ Kg တန်းအနေဖြင့် စာမေးပွဲလုံးဝမရှိကြောင်း၊ ကစားချိန်၊ ကဗျာရွတ်ချိန်စသဖြင့် သူ့အချိန်ဖြင့် သူသင်ယူလျက်သည်။ မိမိအကြောင်း ၊တို့မိသားစု၊ တို့ကျောင်း၊ တို့ရပ်ရွာ၊ အပင်များ၊ ရာသီဥတု၊ သယ်ယူပို့ဆောင်ရေး၊ ဈေးများ၊ ပွဲတော်များ၊ ငါး၊ ရေ၊ ပိုးကောင်လေးများ၊ အိမ်များ ၊ ငှက်၊ နို့တိုက်သတ္တဝါ စသည့် ခေါင်းစဉ် ၁၅ ခုအား သူ့အချိန်စာရင်းများအလိုက် ကလေးများကိုယ်တိုင် ပါဝင်မည့် သင်ယူသည့်စနစ်အားကျင့်သုံး၍ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ပဲခူးတိုင်းဒေသကြီး ၊ အုတ်ဖိုမြို့နယ်တွင် ၃၁-၅-၂၀၁၆ရက်နေ့ ညနေပိုင်းက မိုးကြိုးပစ်ခံရသဖြင့် ဆိုင်ကယ်စီးလာသူတစ်ဦး သေဆုံးခဲ့သည်။


ဖြစ်စဉ်မှာ ညနေ ၄း ၁၅ နာရီခန့်က ကွေ့ချောင်းကြီးကျေးရွာမှ ရန်ကုန်-ပြည် ကားလမ်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ကိုတိုး ( ၃၈ ) နှစ် ၊ ကြို့ပင်ကောက်မြို့၊ သဲကုန်းရပ်ကွက်၊ ရွာမလမ်းတွင် နေထိုင်သူ အား ရွာအနောက်ဘက်ထိပ် အရောက်တွင် မိုးကြိုးပစ်ခဲ့သဖြင့် လမ်းမပေါ်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Tin Ko Ko Htut


မုံရွာ၊ဇွန်၊၁

မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်အတွင်းရပ်ကွက်များနှင့်ကျေးရွာများအတွင်းမီးဖိုချောင်သုံး ပစ္စည်းများအားမက်လုံးပေး၍ လိမ်လည်ရောင်းချမှုများ ရှိနေပြီးယနေ့ဇွန်လ၁ရက်နေ့တွင်မှလိမ်လည်ရောင်းချခံခဲ့ရသည်ကိုဝယ်ယူသူများသိရှိခဲ့ရသည်ဟု ယင်း ပစ္စည်းများကိုဝယ်ယူခဲ့သူများကပြောကြားသည်။

မီးဖိုချောင်သုံး ပစ္စည်းများကိုနယ်လှည့်ရောင်းချပြီး ဇွန်လ၁ရက်နေ့တွင်မုံရွာချင်းတွင်းရတနာဈေးအပေါ်ထပ်တွင်ဆိုင်ဖွင့်ပြီးပါကလက် ဆောင်ပေးမည်ဟု ဆိုကာရောင်းချခဲ့ပြီး ယနေ့ချင်းတွင်းရတနာဈေးသို့ လာကြည့်သည့်အခါဘောင်ချာတွင်ပါသော မိုးဧကရီဆိုင်အားတွေ့ခဲ့ခြင်းမရှိဟုဝယ်ယူသူများကဆိုသည်။

"ချင်းတွင်းရတနာဈေးအပေါ်ထပ်မှာဆိုင်ခန်းငှားပြီး ဖွင့်ပွဲကိုဒီနေ့လုပ်မယ်ပြောတယ်ဆိုင်ကိုလာရင်ဘောင်ချာယူခဲ့ဖို့လည်းအရောင်းဝန်ထမ်းတွေကပြောသွားတယ်ဒီကိုလာကြည့်မှကျွန်တော်တို့လိမ်ခံလိုက်ရမှန်း သိသွားတယ်"ဟုချောင်းဦးနယ်မှ လက်ဆောင်လာရောက်ထုတ်ယူသူတစ်ဦးကပြောသည်။

ဝယ်ယူခဲ့ရသည့် ပစ္စည်းများသည်ပြင်ပပေါက် ဈေးထက်လည်းပိုခဲ့သည်ဟု၎င်းကဆက်ပြောသည်။

ဘောင်ချာတွင်ပရိုမိုးရှင်းကာလ၁နှစ်အတွင်း ပစ္စည်းများကိုလဲလှယ်ပေးမည်ဟုဖော်ပြထားပြီး၊ ဘောင်ချာပါဖုန်းအားလုံးသည်လည်းစက်ပိတ်ထား သည်ဟုဝယ်ယူခဲ့သူများကဆိုသည်။

ယင်းဘောင်ချာပါဆိုင်အမည်အားချင်းတွင်းရတနာဈေးအတွင်းတွင်ယနေ့လာရှာသူ၂၀ဦးမကရှိခဲ့သည်ဟု ဈေးသူဈေးသားများကဆိုသည်။

Monywa Gazette
https://www.facebook.com/chindwingazet/

အထည်ချုပ်သမများ
မြန်မာနိုင်ငံအပါအ၀င် အာရှဒေသနိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုတွေဟာ အခကြေးငွေ နည်းနည်းနဲ့ နာရီပေါင်းများစွာ အလုပ်လုပ်ရသလို ၀င်ငွေမရတဲ့ ပြုစု စောင့်ရှောက်မှုဆိုင်ရာ အလုပ်အများစုကို လုပ်နေရတဲ့ အမျိုးသမီးတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ ကနေတဆင့် ဖြစ်ထွန်းနေတာလို့ Oxfam နိုင်ငံတကာအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်နေတဲ့ လုပ်သားအများအပြားဟာ အမျိုးသမီးငယ်တွေဖြစ်ကြပြီး ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဘယ်လို သင်တန်းမျိုးမှမရှိဘဲ လစာနည်းနည်းနဲ့ အချိန်အကြာကြီး လုပ်ကြရတယ်ဆိုတာ Oxfam အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထုတ် အစီရင်ခံစာထဲမှာလည်း ဖော်ပြထားပါတယ်။

အထည်ချုပ်လုပ်သား အမျိုးသမီးငယ်တချို့ကဆိုရင် သူတို့ဟာ အချိန်ပိုတွေ လုပ်ရတဲ့အတွက်ကြောင့် အားနည်း မူးဝေလာကြ တယ်လို့ ပြောကြသလို လုပ်ငန်းခွင်ထဲမှာ မူးမေ့လဲကျတဲ့ သတင်းမျိုးတွေလည်း ရှိထားပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွေက အထည်ချုပ်စက်ရုံတွေမှာ ဗြိတိန်နဲ့ နိုင်ငံတကာက နာမည်ကျော် အ၀တ်အထည် အမှတ်တံဆိပ်တွေရဲ့ အပ်ထည်တွေကို ချုပ်လုပ်ပေးနေတာပါ။ Oxfam အဖွဲ့ရဲ့ ဒီကနေ့အစီရင်ခံစာကတော့ မလေးရှားနိုင်ငံမှာ ဒီကနေ့ကစပြီး ကျင်းပ တဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ရက်ကြာအစည်းအဝေးနဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

လူတိုင်းအတွက် လုံလောက်တဲ့ ၀င်ငွေရအောင် လုပ်ပေးဖို့၊ အမျိုးသမီးတွေ ထမ်းပိုးထားရတဲ့ ၀န်ထုပ်ဝန်ပိုးတွေ သက်သာစေရေး အထောက်အကူဖြစ်စေမယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ ASEAN ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်နေတဲ့ အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို Oxfam အဖွဲ့က တောင်းဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်း အ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများသည် ၂၀၁၅ ခုနှစ်ထက် ကျပ်နှစ်သိန်း နီးပါး မြင့်တက်လာကြောင်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။

“အရောင်းအဝယ်ထက် အငှားလုပ်ငန်းကပိုပြီး အဆင်ပြေတယ်။ အငှားက လည်း နေရာနဲ့ အိမ်ကောင်းရင် ကောင်းသလို ဈေးနှုန်းတက် တာမျိုးရှိတယ်။ အဓိကကတော့ ကုန်ဈေးနှုန်း တက်တော့ အိမ်ခြံမြေ အငှားဈေး တွေပါ လိုက် တက်နေတာပဲ။ပိုင်ရှင်တွေကသူတို့ကြိုက်တဲ့ဈေးရမှငှားတယ်။မရရင်မငှား ပေးဘူး" ဟု မန္တလေးမြို့ရှိ အကျိုးတော်ဆောင် ဦးတင်လှိုင်က ပြောသည်။

မန္တလေးမြို့ရှိ အိမ်ဌားဈေးကွက်တွင် ၂၀၁၅ ခုနှစ်က သွပ်မိုး ထရံကာ အိမ် တစ်အိမ်ကို တစ်လငှားရမ်းခ ကျပ်ခုနစ်သောင်းသာ ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်အတွင်း ကျပ်တစ်သိန်းဝန်းကျင်၊ ၂၀၁၅ ခုနှစ်တွင် လုံးချင်း RC တစ်လ ငှားရမ်းခမှာ ကျပ်သုံးသိန်းသာ ရှိခဲ့သော်လည်း လက်ရှိ ငါးသိန်းခန့် ဈေးပေါက်နေကြောင်း သိရသည်။

"ကျွန်တော်တို့ မန္တလေးမှာ အရောင်းအဝယ်က မတရားကိုအေးတယ်။ ပြီးခဲ့တဲ့နှစ်မတိုင်ခင် အရောင်းအဝယ်က မဖြစ်ဘူး။ အစိုးရအသစ်ကလည်း အပြောင်းအလဲရှိလာတော့ မြေကွက်ဝယ်မယ့်သူတွေကလည်း မဝယ်ရဲကြ သလို ရောင်းတဲ့သူကလည်းမရောင်းရဲဘူး”ဟုမန္တလေးမြို့မှဝါရင့် မြေအကျိုးဆောင် ဦးမြင့်ဆွေက ပြောသည်။

လက်ရှိ မန္တလေးမြို့ရှိ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်များတွင် အိမ်ခြံမြေ အငှား လုပ်ငန်းများ အများဆုံး အလုပ်ဖြစ်ကြောင်း အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies/

( ဓာတ်ပုံ- ပိုရွှီပြင် အထက်တန်းကျောင်း မဖြစ်မီက ရိုက်ကူးထားသောဓာတ်ပုံ)
နိရဉ္စရာ၊ ဇွန် ၁

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ပိုးရွှီပြင် အထက်တန်းကျောင်းမှ ကျောင်းသား ၂၀ ကျော်ကို တင်ဆောင်လာသော ကူးတို့လှေတစ်စီး ယနေ့ နေ့လယ်က နစ်မြုပ်ရာ ကျောင်းသူ ၆ ဦးနှင့် ကျောင်းသား တစ်ဦး ပျောက်ဆုံးနေသည်ဟု သတင်း ရရှိသည်။

“ လှေနစ်တာက ကျောင်းဆင်းပြီး အပြန် ဒီကနေ့ နေ့လယ် တစ်နာရီ ၁၅ မိနစ်မှာ နစ်ပါတယ်။ လှေဦးက ရေ၀င်တဲ့ အတွက် ကျောင်းသူတွေကို လှေပဲ့ပိုင်းကို ရွှေ့ခိုင်းစဉ် နစ်တာလို့ သိရပါတယ်။ အခုအချိန်ထိ ကျောင်းသူ ၆ ဦးနဲ့ ကျောင်းသား တစ်ဦး ပျောက်ဆုံးနေပါတယ်” ဟု ပိုးရွှီပြင် ကျေးရွာ မဟာမိတ် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ ဦးကံထွန်းမောင် က နိရဉ္စရာသို့ ပြောသည်။

လှေပေါ်တွင် ရခိုင်ဂန့်ဂါရွာမှ ကျောင်းလာတက်သည့် ကျောင်းသား/ကျောင်းသူ ၂၀ ကျော်ပါလာပြီး အများစုကို အနီးအနားက လှေများက ကယ်တင်ခဲ့ရသည်ဟု ဆိုသည်။

ယခုအခါ ပျောက်ဆုံးနေသူ ကျောင်းသူ ကျောင်းသားများကို လိုက်လံ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara


ရန်ကုန် ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့၊ ဂူကြီးကုန်းကျေးရွာ၌ ရေလွှဲမြောင်း များပိတ်ဆို့နေမှုကြောင့် ကျေးရွာအတွင်း ရေများဝင်ရောက်ကာ ရေကြီးမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများက China.com သို့ပြောသည်။

'' မိုးရွာတာ ဘာမှတောင်မရှိသေးဘူး။ ၁၀ မိနစ်လောက် ရွာလိုက်ရင် ပဲ ရေကတော်တော်လျှံကျနေတာ။ မိုးသည်းလေ ပိုဆိုးလေပဲ အိမ်ထဲတွေ ထိအောင် ရေတွေဝင်တယ်။ ထမင်းချက်ဖို့တောင် အဆင်မပြေတဲ့အထိအောင် ဒုက္ခရောက်ပါတယ်''ဟု ဒေသခံကိုကြည်လင်းကပြောသည်။


ထောက်ကြန့်မြို့ရှိ အဆိုပါ ရေလွှဲမြောင်းအတွင်း ဝါးကိုင်းများ၊ သစ်ကိုင်းများ ၊ ထောက်ကြန့်ဈေးမှ စွန့်ပစ်သည့် ဈေးခြင်းတောင်းများနှင့်အမှိုက်များက ရေစီးနိုင်ခြင်း မရှိအောင် ပိတ်ဆို့ထားခြင်းကြောင့် ကျေးရွာအတွင်း
ရေလျှံရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။


ရေမြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်များသည် မြောင်းပြည့်သည် အထိရှိပြီး လူအင်အားဖြင့် ဖယ်ရှားရန် အခက်အခဲရှိပြီး စက်ပစ္စည်း အကူညီလိုအပ်နေသည်။ အဆိုပါမြောင်းသည် ယခင်က ကျယ်ဝန်း လှသော်လည်း မြောင်းဘေး၌ နေထိုင်သူများက နယ်နိမိတ် တိုးချဲ့ခြင်းကြောင့် မြောင်းဧရိယာ ကျင်းမြောင်းကာ အမှိုက်ပိတ်ဆို့ရခြင်း ဒေသခံအချို့က သုံးသပ်သည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်တော်တော်များ၌ မိုးရွာသွန်းချိန် တွင် ရေစီးမြောင်း ပိတ်ဆို့မူကြောင့်လမ်းမများပေါ်သို့ ရေလျှံမူများ ပုံမှန် ဖြစ်ပေါ်လျက်ရှိသည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/


လုပ်ငန်းလိုင်စင်မရှိသည့် ခရီးသည်တင်မှန်လုံကား တချို့အားအရေးယူမှုအပေါ် ပို့ဆက် ဒုဦးစီးမှူးဆိုသူမှ မလျော် သြဇာသုံး၍ ဖိအားပေးပြောဆိုနေသည်ကို တွေ့ရပါသည်။

မေလ(၃၁)ညပိုင်းတွင် မြိတ်မှ ကော့သောင်းသို့ ပြေးဆွဲသည့် ရွှေလင်းထက် ခရီးသည်တင်ယာဉ်အမှတ် 5K/6659 မှာ လုပ်ငန်းလိုင်စင်မရှိပဲ ပြေးဆွဲနေသည်ကို စစ်ဆေးတွေ့ရှိသောကြောင့် မထသမှ တရားဝင်လိုင်စင် ပြုလုပ်ပြီးမှ ပြေးဆွဲရန် ပြောကြားခဲ့ပါတယ်။ထိုသို့ပြောဆိုရာ ရွှေလင်းထက်ယာဉ်လိုင်းမှ ဂိတ်တာဝန်ခံ သော်တာလင်းဆိုသူမှ တိုင်း ပို့/ဆက်က ခွင့်ပြုထားတာ ခင်ဗျားတို့ မထသ တွေက ဘာအကြောင်းကြောင့် လာရောက်တာဆီးတာလဲ ဟု မချေမငံ ပြောဆိုခဲ့ပါသည်။

ထိုသိုပြောဆိုဆွေးနွေးနေစဉ် ရွှေလင်းထက်ကားမှာ ခရီးသည်များ တင်ဆောင်ပြီးမောင်းနှင်ထွက်ပြေးသွားသောကြောင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တနင်္သာရီ တံတားတွင် ပိတ်ဆို့ဖမ်းဆီးခိုင်းခဲ့တယ်လို့သိရပါသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မထသ မှ မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ခရီးသည်များအား လတ်ကီးစတားယာဉ်လိုင်းဖြင့် ပြောင်းလဲတင်ဆောင် ပေးခဲ့ကြောင်းသိရသည်။

မထသမှ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းကို တိုင်း ပို့/ဆက် ဒုဦးစီးဆိုသူမှ နာရီဝက်အတွင်း အမှုအားရုပ်သိမ်းပေးရန် ဖုန်းဖြင့် ဖိအားပေး ပြောဆိုလာသည်ကိုတွေ့ရပါသည်။

လုပ်ငန်းလိုင်စင်မရှိသည့် ယာဉ်များအနေဖြင့် တရားဝင် လိုင်စင်ပြုလုပ်ကြရန် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မထသမှ ဥပဒေ ဘောင်အတွင်းဆောင်ရွက်နေမှု အပေါ် မထိမဲ့မြင် သြဇာသုံး၍ ပြောဆိုနေသော တိုင်းပို့/ဆက် ဒုဦးစီးမှူးဆိုသူအား လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

News Of Myeik
https://www.facebook.com/News-Of-Myeik


မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို တောင်ကိုရီးယားနိုင်ငံ ရုပ်သံမှာ ပြသစဉ်။
မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို တောင်ကိုရီးယားနိုင်ငံ ရုပ်သံမှာ ပြသစဉ်။

 မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းတပ် Missile ဒုံးကျည်တခုကို ပြစ်လွှတ်ဖို့ ပြင်ဆင်နေပုံရတဲ့ လက္ခဏာတွေကို ထောက်လှမ်းသိရှိရတယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

ပြစ်လွှတ်နိုင်ခြေရှိတဲ့ အလားအလာတွေကြောင့် စစ်တပ်ကို ဂျပန်အစိုးရက သတိအနေအထား တပ်လှန့်ထားတယ်လို့ NHK ဂျပန်ရုပ်သံဌာနက ပြောပါတယ်။

ဂျပန်နယ်နိမိတ်ကို အန္တရာယ်ကျရောက်နိုင်မဲ့ ဒုံးကျည်မှန်သမျှကို ဖျက်ဆီးပြစ်ဖို့ ဂျပန်ရေတပ် ဖျက်သင်္ဘောတွေကိုလဲ အမိန့်ထုတ်ထားပါတယ်။

တောင်ကိုရီးယားအစိုးရဖက်ကလဲ စစ်ပွဲရင်ဆိုင်ဖို့ အသင့်အနေအထားနဲ့ ရှိနေတယ်လို့ တောင်ကိုရီးယားကာကွယ်ရေး တာဝန်ရှိသူ တယောက်က ပြောပါတယ်။

မြောက်ကိုရီးယားဖက်က ဘယ်လို ဒုံးကျည်မျိုး ပစ်နိုင်ခြေရှိသလဲဆိုတာကို တာဝန်ရှိသူတွေက မပြောပေမဲ့ တာလတ်ပြစ် Musudan ဒုံးကျည်မျိုး ဖြစ်ပုံရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်၊ အဲဒီဒုံးကျည်မျိုးကို မြောက်ကိုရီးယားက ဧပြီလတုန်းက ၃ ကြိမ်ပြစ်လွှတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

အဲဒီ အမျိုးအစားဒုံကျည်ဟာ ကီလိုမီတာ ၃,၀၀၀ ကနေ ၄,၀၀၀ ထောင် အဝေးကို ရောက်နိုင်ပြီး ပြစ်လွှတ်အောင်မြင်တယ်ဆိုရင် ဂျပန်၊ တရုတ်နဲ့ အမေရိကန်ပိုင် Guam ကျွန်းတွေပေါ်က ပြစ်မှတ်တွေအထိ ရောက်နိုင်ပါတယ်။
VOA Burmese News

ဒယ်ရ်ဒပ် စခန်းမှာ ဆိုမာလီ ဒုက္ခသည် ၃ သိန်းကျော် နေထိုင်နေ။

ကင်ညာ နိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကြီး ဒယ်ရ်ဒပ် အပါအဝင် ဒုက္ခသည် စခန်း အားလုံးကို လာမယ့် နိုဝင်ဘာလ ဆိုရင် ပိတ်ပြစ်တော့မယ် ဆိုပြီး ကင်ညာ အစိုးရက ကြေညာ လိုက်ပါတယ်။

ဒယ်ရ်ဒပ် စခန်းမှာ ဆိုမာလီ ဒုက္ခသည် ၃ သိန်းကျော် နေထိုင်နေပြီး၊ ကျန် ဒုက္ခသည် စခန်းတွေ အားလုံးနဲ့ပါ ဆိုရင် ဒုက္ခသည်ပေါင်း ၆ သိန်း ကျော် ကင်ညာ နိုင်ငံမှာ ရှိနေတာပါ။

အခုတော့ အဲဒီ့ ဒုက္ခသည် အားလုံးကို နေရပ်ရင်းကို ပြန်လည် ပို့ဆောင်ကောင်း ပို့ဆောင်မယ် ဆိုပြီး ကင်ညာ အစိုးရက ပြောပါတယ်။

ဆိုမာလီယာ နိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေကနေ ထွက်ပြေးလာခဲ့ ကြရသူတွေကို ခိုလှုံခွင့် ပေးဖို့ ဒယ်ရ်ဒပ် စခန်း အပါအဝင် တခြား ဒုက္ခသည် စခန်းတွေ ကို ၁၉၉၁ ခုနှစ် ကတည်းက စတင် ဖွင့်လှစ် ခဲ့တာ ဖြစ်ပြီး၊ တချို့ ဒုက္ခသည်တွေဟာ အဲဒီ့ အချိန်က စလို့ ဒုက္ခသည် စခန်းတွေမှာ နှစ်ပေါင်း အစိတ်နီးပါး သောင်တင် နေခဲ့ကြရတာ ဖြစ်ပါတယ်။

အခု အခါမှာတော့၊ ကင်ညာ အစိုးရက ဒုက္ခသည်တွေကို လက်ခံထားရလို့ စီးပွားရေး အရ ဝန်ထုပ်ဝန်ပိုး ဖြစ်ရသလို ကင်ညာနိုင်ငံ လုံခြုံရေးကိုလည်း ထိပါး ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်လို့ ပြောလာပါတယ်။

ဒုက္ခသည် စခန်းတွေ ပိတ်ဖို့ ကင်ညာ အစိုးရ ဆုံးဖြတ်လိုက်တဲ့ အပေါ် လူ့ အခွင့်အရေး အဖွဲ့တွေက ဝေဖန် နေကြပါတယ်။


ဖလူဂျာမြို့သိမ်းစစ် စတင်လာခဲ့တာ ၈ ရက် တိုင်တိုင် ရှိနေပြီ။
ဖလူဂျာမြို့သိမ်းစစ် ဆင်နွှဲနေတဲ့ အီရတ် အစိုးရတပ်တွေဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေရဲ့ အပြင်းအထန် ခုခံမှုတွေ၊ တန်ပြန် ထိုးစစ်တွေနဲ့ ကြုံတွေ့ နေရပါတယ်။

မြို့တော် ဘဂ္ဂဒက်ရဲ့ အနောက်ဘက် မိုင် ၃၀ ကျော် အကွာမှာ အခုလို တိုက်ပွဲတွေ ဖြစ်နေတာပါ။

ရှီအာ လက်နက်ကိုင်တွေရဲ့ ပူးပေါင်းကူညီမှုနဲ့ အီရတ် အစိုးရတပ်ဟာ ဖလူဂျာမြို့သိမ်းစစ် စတင်လာခဲ့တာ ၈ ရက် တိုင်တိုင် ရှိနေပြီ ဖြစ်ပြီး၊ မြို့ရှိရာဆီ တဖြည်းဖြည်း ထိုးဖောက် နိုင်ခဲ့ပေမယ့် တစ်မြို့လုံးကိုတော့ မပိတ်မိနိုင်ပဲ ဖြစ်နေပါတယ်။

နူအိုင်မီးယား ဆိုတဲ့ ဆင်ခြေဖုံး အရပ်မှာ ဒေသ စံတော်ချိန် လင်းအားကြီး အချိန် IS တွေဘက်က တန်ပြန် ထိုးစစ် အပြင်းအထန် တိုက်ခိုက် လာတာကို ပြန်လည် တွန်းလှန် နိုင်လိုက်တယ်လို့ အီရတ် အစိုးရတပ်က ပြောပါတယ်။

အီရတ် အစိုးရတပ်ရဲ့ ဖလူဂျာ မြို့သိမ်း ထိုးစစ်ဟာ အရှိန် လျော့ကျ သွားသယောင် တွေ့မြင် နေရတယ်လို့ တိုက်ပွဲတွေ အနီးမှာ ရှိနေခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။


၂၀၁၂ ဇွန်လမှာ မယ်လ ဒုက္ခသည် စခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တုန်းက။
မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာ ပေမယ့်လည်း ထိုင်း-မြန်မာ အစိုးရ အကြား ဆွေးနွေးမှုတွေ အရင် မပြုလုပ် ပဲနဲ့ မြန်မာ ဒုက္ခသည်တွေကို ပြန်ပို့မှာ မဟုတ်ဘူးဆိုပြီး ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာ အစိုးရ ဘက်က ဒုက္ခသည်တွေကို ဘယ်လို အစီအစဉ် မျိုးနဲ့ ပြန်လည် လက်ခံမယ် ဆိုတာ အပါအဝင် အသေးစိတ် မညှိနှိုင်း ရသေးပဲနဲ့ ထိုင်း အစိုးရက ဒုက္ခသည်တွေကို ပြန်ပို့ဖို့ မဖြစ်နိုင်ဘူး ဆိုပြီး ကရင်ပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းဘက်ခြမ်းက တာ့ခ်ခရိုင်ရဲ့ ဒုတိယ အုပ်ချုပ်ရေးမှုး နိုင်ဆွတ် ထာ ဆိုင်ဝါနစ် က ဆိုပါတယ်။

ဒါပေမယ့် အဲဒီလို ၂ နိုင်ငံ အစိုးရတွေကြား ဒုက္ခသည် အရေး ဘယ်တော့ ထပ်ပြီး ဆွေးနွေး ကြမလဲ ဆိုတာကိုတော့ မပြောပါဘူး။

တာ့ခ်ခရိုင်ထဲက ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက စစ်တမ်း ကောက်ယူကြည့်တော့ မြန်မာနိုင်ငံထဲက နေရပ်ရင်းကို ပြန်လိုသူတွေ၊ တတိယ နိုင်ငံကို သွားပြီး အခြေချ ချင်သူတွေနဲ့ ထိုင်းနိုင်ငံမှာပဲ ဆက်နေချင်တွေ ဆိုပြီး ၃ အုပ်စုကို တွေ့ခဲ့ရတယ်လို့ မဲဆောက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

လောလောဆယ်မှာတော့ နိုင်ငံခြား တိုင်းပြည်တွေမှာ သွားပြီး အခြေချထားသူတွေရဲ့ မိသားစုပြန်လည် ပေါင်းစည်းရေး ကလွဲပြီး တခြားလူတွေ အတွက် တတိယနိုင်ငံတွေမှာ ပြောင်းရွှေ့ အခြေချတဲ့ အစီစဉ်ကို ရပ်ထားပါတယ်။

ဒါ့အပြင် နေရပ် ပြန်လိုသူတွေ အတွက် မြန်မာပြည် ပြန်ရောက်ရင် အလုပ်လုပ်ကိုင် စားသောက် နိုင်အောင် အသက်မွေး ဝမ်းကြောင်း သင်တန်းတွေ ဒုက္ခသည် စခန်းတွေမှာ ပို့ချ နေတာမျိုးတွေ လည်း ရှိနေပါတယ်။

ကရင်ပြည်နယ် ထဲမှာလည်း နိုင်ငံခြား ပရဟိတအဖွဲ့တွေက ကရင်ပြည်တွင်း ဒုက္ခသည်တွေကို ပြန်လည်လ နေရာချထားမယ် ဆိုရင် ပေးမယ့် နေရာတွေ ကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးအဖွဲ့တွေ၊ ဒေသတွင်း အာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလည်း ရှိပါတယ်။

ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေကတော့ ထိုင်းနိုင်ငံ နယ်စပ်က မြန်မာနိုင်ငံသား ဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေးဟာ အနည်းဆုံး နောက်ထပ် ၃နှစ်လောက် ကြာနိုင်တယ်လို့ ပြောနေပါတယ်။

BBC Burmese

 dassk-taungkok-620.jpg ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးဟောပြောစဉ်
Photo: Kyaw Htoon Naing/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူမယ့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကောင် အထည်ဖော်ရေးကော်မတီကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မနေ့က ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်ကို တည်ငြိမ်ဖို့နဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတာတွေကို ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုး ရ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကော်မတီကို ဖွဲ့စည်းလိုက်တာလို့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

"ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက ပြည်သူလူထု ကောင်းဖို့အတွက် ကို ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ မူရှိတယ်၊ ဖွံ့ဖြိုးမှုနောက်ကျရင် ဆင်းရဲတဲ့ ပြည်နယ်တွေကို အရင်ဦး စားပေးပြီးတော့ ဆောင်ရွက်မယ်ပေါ့နော်၊ အဲ့ဒါကြောင့် ချင်းတို့ ရခိုင်တို့ကိုဆောင်ရွက်နေတာရှိတယ်၊ အခုရခိုင်ကို စပြီးတော့ ဦးစားပေးအနေနဲ့ ဆောင်ရွက်တာပေါ့၊ လက်ရှိရရှိနေတဲ့ တည်ငြိမ်မှုကိုလဲ ပိုကောင်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးတော့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရးကို ဆောင်ရွက်ဖို့ အတွက် ဒီအဖွဲ့အစည်းကိုဖွဲ့တာပါ"

အဲဒီကော်မတီမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခု က ပြည်ထောင်စုဝန်ကြီးတွေ က အဖွဲ့ဝင်တွေအဖြစ် ပါဝင်ကြပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းတွေ ကို ဒီကော်မတီက လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့ ပြည်နယ်တွေကိုလည်း အခုလိုကော်မတီတွေ ဖွဲ့စည်းပြီးဆက်လက်ဆောင် ရွက်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

RFA


myatnyanasoe-620.jpg
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုး ကို မေလ ၃၁ ရက်နေ့က လွှတ်တော်မှာတွေ့ရစဉ်
ဆန္ဒပြပွဲတွေမှာ ငွေကြေးရယူပြီး ဆန္ဒပြတာ မလုပ်ဖို့ တားမြစ်ချက်ကို ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ထည့်သွင်းပြီး ဒီနေ့ လွှတ်တော် မှာ အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းမှာ ထည့်သွင်းဖြည့်စွက်ထားတာတွေကို ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ် ဥာဏစိုးက အခုလိုပြောပါတယ်။

"ဖိအားပေးပြီးတော့ ပါခိုင်းတယ်ဆိုတာတွေ၊ နောက်တစ်ချက်ကတော့ ငွေကြေး၊ လက်ဆောင်တွေ ပေး ပြီးတော့ ပါခိုင်းတယ်၊ နောက်တစ်ချက်က ယူပြီးတော့၊ လက်ခံပြီးတော့ ပါတယ်၊ ဒါတွေလည်း ပြင်ဆင် ချက်တွေထဲမှာ ကန့်သတ်ချက်တွေထဲမှာ ပါလာပါတယ်"

အဲဒီဥပဒေကြမ်းမှာ ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းစရာမလိုတော့ဘဲ အသိပေးအကြောင်းကြားဖို့ ၊ ဆန္ဒပြတဲ့ မြို့နယ်တိုင်းက တရားစွဲစရာမလိုဘဲ တစ်မြို့နယ်တည်း ကသာ တရားစွဲဖို့ နဲ့ ၁၅ ရက်အတွင်းသာ တရားစွဲဖို့တို့ ပါဝင်ပါတယ်။

အရင်က ဆန္ဒပြပွဲတစ်ခုကို ဒုရဲအုပ်တစ်ဦးကသာ ကာကွယ်စောင့်ရှောက်ပေးရတာဖြစ်ပြီး အခုဥပဒေကြမ်းမှာ ဆန္ဒပြမယ့် လူအင်အားပေါ် မူတည်ပြီး ဒုရဲအုပ်ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးဖို့နဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ဆန္ဒပြသူတွေကို လူစုခွဲရာမှာ အင်အားအလွန်အကျွံမသုံး ဖို့လည်း ဖြည့်စွက်ထားပါတယ်။

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ထံ ပေးပို့ပြီး လွှတ်တော် ၂ ရပ် အကြား သဘောထားကွဲလွဲတာတွေ ရှိရင် ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသွားမှာဖြစ်ပါတယ်။
RFA

ဂျပန်လို ခိုးဘန်း(Koban) တဲ့ ၊ အင်္ဂလိပ်ဆိုရင်တော့ Police Box ၊ မြန်မာ လိုပြောမယ်ဆိုရင် အနီးစပ်ဆုံးက ရဲကင်း ပေါ့ ။ ဂျပန်ရဲ့မြို့ကြီးတွေက လမ်းဆုံ လမ်းခွတွေ ၊ ဘူတာရုံတွေနဲ့ အနီးဆုံးနေရာတွေမှာ ခိုးဘန်းတွေ ရှိတယ် ။

မြို့နယ်ရဲစခန်းတွေရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ခိုးဘန်းတိုင်းလိုလို ဟာ နှစ်ထပ်အဆောက်အဦလေးတွေ ၊ တာဝန်ကျရဲ နှစ်ယောက်ကနေ ဆယ်ယောက် လောက်အထိရှိတယ် (လူဦးရေထူထပ်မှုနဲ့ အသွားအလာ အနည်းအများပေါ် မူတည်တာပေါ့) ။

သူတို့လုပ်တဲ့အလုပ်က (၁) စောင့်ကြပ်ကြည့်ရှုတယ် ၊ (၂) နေရာမသိလို့မေးလို့ရှိရင် လမ်းညွှန်ပြသ ပေးတယ် ၊
(၃) ပစ္စည်း ပျောက်ရှတာတို့ ကောက်ရတာတို့ကို စတဲ့ကိစ္စတွေကို လက်ခံဆောင်ရွက်တယ် ၊
(၄) ရာဇ၀တ်အမှုအခင်း(ခိုးမှုတို့ လုယက်မှုတို့) ဖြစ်တဲ့အခါ အခင်းဖြစ် တဲ့နေရာကို အမြန်ဆုံးအရောက်သွားပြီး သတင်းအစီရင်ခံတယ် ၊
(၄) အရေးပေါ် အကြောင်းကိစ္စ(မီးလောင်မှု ၊ ယာဉ်တိုက်မှုလိုမျိုး)ဖြစ်တဲ့အခါ အရေးယူဆောင်ရွက်တယ် ။

တိုကျိုမြို့တွင်း ၂၃ မြို့နယ်တွင်းရှိတဲ့ ရထားဘူတာရုံတွေရဲ့အနားမှာ ခိုးဘန်းတွေ ရှိတယ် ။ အဲဒီမှာ တာဝန်ကျ တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူတွေအတွက် ကူညီစောင့်ရှောက်တဲ့အလုပ်ကိုလုပ်တယ် ။ မြန်မာပြည်က ရဲစခန်း တွေမှာလို “ကူညီပါရစေ” ဆိုတဲ့ ဆိုင်းဘုတ်မရှိဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အလုပ်ဟာ ပြည်သူလူထု ကို ကူညီစောင့်ရှောက်ဖို့ဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး လူသိအောင် ကြေညာပြောဆိုဖို့မလိုဘူးလို့ ဂျပန်ရဲတပ်ဖွဲ့က ခံယူထားလို့ပဲ ။ ကိုယ့်အလုပ်နဲ့ ကိုယ့်တာဝန်ကို ကိုယ်တိုင်သိဖို့နဲ့ ကိုယ်တိုင်လုပ်ဖို့က အရေးအကြီးဆုံးပဲလေ ။

တိုကျိုမှာ မြန်မာတွေ နေထိုင်တဲ့နေရာနဲ့နီးပြီး အ၀င်အထွက်လည်းများတဲ့ တာကာဒါနိုဘားဘား (Takadanobaba) ဘူတာနားက ခိုးဘန်းဆိုရင် အရင်က တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေ နည်းတဲ့အပြင် ရဲမေတွေ ကိုလည်း တာဝန်မချဘူး ၊ အခုဆိုရင် တာကာဒါနိုဘားဘားဘူတာဟာ ရှင်းဂျုကု (Shinjuku) မြို့နယ်အတွင်း မှာရှိတဲ့ ရထားဘူတာတွေထဲမှာ နေ့စဉ်အသုံးပြုသူအရေအတွက် ဒုတိယ အများဆုံးဘူတာဖြစ်နေပါပြီ ။ (ရှင်းဂျုကုဘူတာကတော့ နံပတ်တစ်ပေါ့ ။ကမ္ဘာပေါ်မှာလည်း ရှင်းဂျုကုဘူတာဟာ နေ့စဉ်အသုံးပြုသူဦးရေ အများဆုံး ဘူတာဖြစ်ပါတယ်) ။ ဘူတာနားက ခိုးဘန်းမှာ ရဲမေတွေအပါအ၀င် တာဝန်ကျရဲအရေအတွက် များလာပြီ ။

တိုကျိုက ခိုးဘန်းတွေဟာ ၈ နာရီတာဝန် သုံးဆိုင်းနဲ့အလှည့်ကျ တာဝန်ယူကြ တယ် ။ ရဲတပ်ကြီးတစ်ယောက် ရဲ့ကြီးကြပ်မှုအောက်မှာ တပ်ဖွဲ့ဝင် ၃ ဦးစီပါတဲ့ အစုလေးတွေကို ဖွဲ့ထားတယ်။ ဒီတော့ လူသွားလူလာများတဲ့ အရပ်တွေမှာ ဆိုရင် တာဝန်ကျ ရဲအစု ၃ စု ကနေ ၄ စု အထိ ရှိတတ်ကြတယ် ။

ဂျပန်ရဲ့မြို့ကြီးပြကြီးတွေမှာ အဲဒီလိုမျိုး ခိုးဘန်းတွေထားရတာကတော့ ရပ်ကွက်တွင်းနေထိုင်ကြတဲ့ ဒေသခံ တွေနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ ရပ်ကွက်တွင်းအခြေအနေနဲ့ ဖွဲ့စည်းပုံ မြေပြင်အနေအထားကို အကျွမ်းတ၀င် ရှိစေဖို့ ၊ နောက်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ မကြာခဏဆိုသလို ပတ္တရောင်လှည့်တယ်ဆိုတာကို ဒေသခံတွေ ကိုသိစေပြီး ရာဇ၀တ်မှု နဲ့ပြဿနာတွေကို တားဆီးနိုင်အောင် ဒါမှမဟုတ် လျော့ကျသွားနိုင်အောင် အထောက်အကူဖြစ်စေဖို့ ၊ အဲဒါအပြင် အရေးပေါ်ကိစ္စဖြစ်ရင် ချက်ချင်းတုံ့ပြန်မှုပေးနိုင်ဖို့ဖြစ်တယ် ။

သေသေချာချာစဉ်းစားကြည့်လိုက်တော့ ရဲတပ်ဖွဲ့ဆိုတာ ရပ်ကွက်တွင်း ၊ ဒေသတွင်းနေထိုင်ကြတဲ့ ပြည်သူတွေ ရဲ့ ဘေးကင်းလုံခြုံရေးကို ရည်ရွယ်ပြီ လူထုကို စောင့်ရှောက်တဲ့လုပ်ငန်း(ပြည်သူ့ဝန်ဆောင်မှု)လုပ်ရတယ် ဆိုတော့ လူထုနဲ့ နီးနီးကပ်ကပ်နဲ့ ထိစပ်မှုရှိဖို့က အရေးကြီးတယ်ဆိုတာကို တွေ့ရတယ် ။

ဂျပန်မှာ ခိုးဘန်းစနစ်ပေါ်လာတာ ၁၈၇၄ ခုနှစ်က တိုကျိုမြို့တော်နေ ပြည်သူတွေရဲ့ဘ၀ တည်ငြိမ်မှုရှိစေဖို့ အတွက် တိုကျိုမြို့တော်ရဲတပ်ဖွဲ့ကို စတင်ထူထောင်ခဲ့တဲ့အချိန်ကတည်းကပါ ၊ အဲဒီသမိုင်းကြောင်းကို ဟိုလှန် ဒီလှောနဲ့ရှာဖွေကြည့်လိုက်တဲ့အခါ အရင်ဆုံးစပေါ်ခဲ့တုန်းက ဟာရှုဆုဂျော (Hashutsujo) ဒေသန္တရ ရဲကင်းရုံလေး လို့ခေါ်ကြတယ် ။ အဲဒီကင်းရုံရှေ့မှာ ရဲတစ်ယောက်ဟာ မတ်တပ်ရပ်ပြီး ပတ်ဝန်းကျင်ကို အမြဲမျက်ခြည်မပြတ် စောင့်ကြည့်တယ်တဲ့ ။ (အဲဒီအစဉ်အလာဟာ အခုထက်ထိရှိနေတုန်းပဲ)

နောက်ပိုင်းကျတော့ လူတွေက ခိုးဘန်း ခိုးဘန်း ဆိုပြီး အလွယ်တကူခေါ်ရင်းနဲ့ ဒီနာမည်ဟာ လူသိများ တွင်ကျယ်လာခဲ့တာပါ ။ ၁၉၉၄ ခုနှစ်မှာ ခိုးဘန်းကို ဂျပန်ခန်းဂျီး နဲ့ရေးရာကနေ အင်္ဂလိပ်စကားလုံး KOBAN နဲ့ အစားထိုးလိုက်တယ် ။ အကြောင်းရင်းကတော့ ရဲကင်း ခိုးဘန်းကို ဂျပန်စာမဖတ်တတ်တဲ့သူတွေလည်း သိနိုင် အောင်ဆိုပြီး ဂျပန်အစိုးရက ပြောင်းလိုက်တာပါ။

အဲဒီခိုးဘန်းအ၀မှာ ရဲတစ်ယောက်ဟာ အမြဲမတ်တပ်ရပ်ပြီး ပတ်ဝန်းကျင် ကို စောင့်ကြည့်ရတဲ့တာဝန်ကို ယူပါတယ်။ အထဲကစားပွဲမှာ နောက်ထပ်ရဲတစ်ယောက်က ထိုင်ပြီး စောင့်ကြည့်ရတဲ့ တာဝန်ကို ယူရပါတယ်။ နောက်ပြီး စက်ဘီးစီးပြီး ရပ်ကွက်တွင်း ဟိုချောင် ဒီကြား ဟိုလမ်းဝင် ဒီလမ်းထွက်နဲ့ ပတ္တရောင်လှည့်တာကို နေ့နေ့ညည လုပ်ကြပါ တယ်။ အများအားဖြင့် စက်ဘီးကိုယ်စီနဲ့ ရဲနှစ်ယောက်(တစ်ခါတစ်လေ ရဲမေတဦး ရဲသားတစ်ဦး)ကင်းလှည့်ပါတယ်။ တစ်ခါတစ်လေ လမ်းလျှောက်ပြီး ကင်းလှည့်တာမျိုးလည်းရှိတယ် ။ ရပ်ကွက်လုံခြုံရေးပေါ့ ။ တိုကျိုမြို့ထဲမှာရှိသမျှ ပလက်ဖောင်းအားလုံးမှာ စက်ဘီးနင်းလို့ရတယ်။ အခုဆိုရင်
မြို့တွင်းနေရာတော်တော်များများမှာ ကားလမ်းပေါ်မှာ စက်ဘီးအတွက် သီးသန့်လမ်းနေရာကိုပါ သတ်မှတ် ထားပြီးဖြစ်တယ်။

ပတ္တရောင်လှည့်ရင်းနဲ့ မသင်္ကာတဲ့လူဆိုရင်မေးတာမြန်းတာ စစ်ဆေးတာ လုပ်တယ် ၊ အထူးသဖြင့် စက်ဘီးစီး တဲ့သူတွေဆိုရင် မကြာခဏဆိုသလို အတားခံရပြီး စစ်ဆေးမေးမြန်းခံရတယ် ။ ကိုယ့်ရဲ့စက်ဘီးဟုတ် မဟုတ် ဆိုတာနဲ့ သူများစက်ဘီးကို ခိုးယူစီးလာသလားဆိုတာမျိုးတွေကိုမေးတာပါ ။ စက်ဘီးတွေမှာ ရဲစခန်းနယ်မြေ အပိုင်နာမည်နဲ့ နံပတ်ပါတဲ့ အ၀ါရောင် စတစ်ကာကို ကပ်ထားတယ် ။ စက်ဘီးဝယ်လို့ရှိရင် စက်ဘီးအရောင်း ဆိုင်က စက်ဘီးမှတ်ပုံတင်နံပတ်ကို ရေးမှတ်ပြီး စက်ဘီးမှာကပ်ပေးလိုက်တယ် ။ ရောင်းတဲ့ဆိုင်က အဲဒီနံပတ် နဲ့ဝယ်တဲ့သူရဲ့နာမည်နဲ့လိပ်စာကို ပုံစံမှာရေးဖြည့်ပြီး မြို့နယ်ရဲစခန်းကို ပို့လိုက်တယ်။ ဒီတော့ ရဲတစ်ယောက် ယောက်က စက်ဘီးစီးသူတယောက်ယောက်ကို လမ်းမှာတားပြီးစစ်တဲ့အခါ အဲဒီနံပတ်ကို ဝေါကီတော်ကီနဲ့ လှမ်းပြောပြီး မြို့နယ်ရဲစခန်းက မှတ်တမ်းကို ချက်ချင်းရှာဖွေစစ်ဆေးပြီး စီးသူဟာ ပိုင်ရှင်ဟုတ် မဟုတ်ဆိုတာ ကို အတည်ပြုပေးတယ် ။ ပိုင်ရှင်နာမည်နဲ့ စီးသူနာမည် မတူရင်တော့ အရစ်ခံရပြီ ၊ ဒီတော့ စက်ဘီးပိုင်ရှင် နဲ့ ကိုယ်နဲ့ ဘယ်လို ဆက်နွယ်မှုရှိတယ်ဆိုတာကို ရှင်းပြပေတော့ပဲ ။ ဒါကြောင့် ဂျပန်မှာ စက်ဘီးစီးရင် ကိုယ်ဘီး ကိုယ်စီးကြတာများတယ် ။ ညဘက်စက်ဘီးစီးလို့ မီးမထွန်းရင် ၊ မီးမပါရင် ရဲက သတိပေးပြီး ကိုယ့်နဲ့ပတ်သက်တာကို မှတ်တမ်းယူ ထားလေ့ရှိတယ်။

နောက်ပြီး အမူးလွန်သူတွေကို ပြောမနိုင်ထိန်းမရလို့ လာပါဦးဆိုပြီး စားသောက်ဆိုင်တွေက တယ်လီဖုန်းနံပတ် ၁၁၀ ကို လှမ်းခေါ်လို့ ခိုးဘန်းက ရဲတွေ ချက်ချင်းရောက်လာကြပါတယ်။ အဲဒီ ဗိုလ်မူး တွေကို ချော့တစ်ခါ ခြောက် တစ်လှည့်နဲ့ ဆိုင်ထဲကနေခေါ်ထုတ်လာပြီး မေးမြန်းပြီး အိမ်ကိုပြန်နိုင်အောင် ရထားပေါ်တင်ပေးတာ မျိုးကိုလည်း ရဲတွေလုပ်ကြတယ်။ တစ်ခါတစ်လေမှာ ခိုးဘန်းရှေ့မှာ အမူးသမားတွေလာရစ်တာမျိုး ကြုံရလို့ ရှိရင် မတ်တပ်ရပ် ကြည့်ဖြစ်သေး ။

မူးနေတဲ့သူက “မင်းတို့ရဲတွေဟာ ငါတို့ပေးထားတဲ့အခွန်တွေနဲ့ ထမင်းစား နေတာမဟုတ်လား ။ ရပ်ကွက်ထဲနေတဲ့သူတွေ ဘေးကင်းလုံခြုံဖို့ လုပ်ရဲ့လား။ အလုပ်ကို သေသေချာချာ လုပ်နော်” ဆိုပြီးရစ်တယ်။ အဲဒီအခါမျိုးမှာ ခိုးဘန်းက ရဲတွေဟာ မသိချင်ယောင် မကြားချင်ယောင်ဆောင်ပြီး နေလေ့ ရှိကြတယ် ။

ကျနော် ဂျပန်ရောက်စ ကာလတွေတုန်းကဆိုရင် ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဟာ ရပ်ကွက်တွင်းပြောင်းရွှေ့ နေထိုင်ကြတဲ့သူတွေရဲ့ နေအိမ်ခန်းတွေကိုလှည့်လည်သွားပြီး လူစာရင်း မှတ်တမ်းယူတယ်၊ အဲဒါကို အခုထိ မှတ်မိနေသေးတယ် ၊ ကတ္တူစက္ကူအစိမ်းရောင်မှာ အမည် ၊ နေရပ်လိပ်စာအတိအကျ ၊ ဘယ်တုန်း က ပြောင်းလာတယ် ၊ ဘယ်နိုင်ငံသားလဲ ဆိုတာတွေကို ရေးဖြည့်ရတယ် ။ ရဲက အိမ်တံခါးခေါက်ပြီး လူရှိလို့ ဖွင့်လိုက်တဲ့အခါ အပေါက်ဝကနေ မေးပြီး ရဲက ကိုယ်တိုင်ပုံစံရေးဖြည့်ပြီး ပြန်သွားတယ် ။
(ဂျပန်ရဲတွေဟာ လူနေအိမ်တွေထဲကို ၀ရမ်းမပါလို့ကတော့ မ၀င်ဘူး။ ၀င်ချင်ရင် အိမ်ရှင်ရဲ့ခွင့်ပြုချက်ကိုတောင်းခံတယ် ။ ခွင့်မပေးလို့ကတော့ မ၀င်ဘူး ။ အခွင့်မရှိပဲဝင်လို့ကတော့ တရားစွဲခံရပြီမှတ် )။
အတူနေတဲ့သူတွေနဲ့ ပတ်သက်တာတွေကို မပြောနိုင်ရင် အဲဒီပုံစံကို နောက် မှဖြည့်ပြီး ဘူတာနားက ခိုးဘန်းကို ပေးလို့ရပါတယ် ဆိုပြီး ပြောတယ် ။

ဒီလိုလုပ်တာရဲ့ရည်ရွယ်ချက်က တာဝန်ကျနယ်နိမိတ်ဧရိယာအတွင်း မှာရှိတဲ့လူတွေကို သိအောင်လုပ်ပြီး တတ်နိုင်သမျှ အကာအကွယ်ပေးဖို့ပဲ ၊ နောက်ပြီး အကြောင်းကိစ္စတစ်ခုခုဖြစ်တဲ့အခါ ခြေရာခံလိုက်နိုင်ဖို့ပဲ ။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ အဲဒီလိုလုပ်တာ မရှိသလောက်ဖြစ်သွားပြီ ။ အကြောင်းကတော့ လူနေခန်းတွေမှာ နေ့ခင်းဘက်ဆိုရင် ဘယ်သူမှ မရှိကြတာများလို့ပဲ ၊ အိမ်မှာနေကြတဲ့သူတွေ လူအကုန်ထွက်ပြီး အလုပ်လုပ်ကြ ရလို့လေ။

ပစ္စည်းပျောက်ကျတိုင်ကြား ကောက်ရပေးအပ်တဲ့အခါမျိုးမှာလည်း ခိုးဘန်းက တာဝန်ကျရဲတွေဟာ အသင့်ရှိပြီး သားပုံစံမှာ ကိုယ်တိုင်မေးမြန်း ကိုယ်တိုင်ရေးသားဖြည့်သွင်းတယ် ။ ကျနော်လည်း ပိုက်ဆံအိပ် ၂ ခါ ကောက်ရ ဘူးတယ် ။ ခိုးဘန်းမှာ သွားအပ်တော့ အချိန်နည်းနည်းပေးရတယ်။ နည်းနည်းဆိုတာတောင် မိနစ် ၂၀ နာရီဝက် လောက်ကြာတယ် ။ လက်ဝင်တာပေါ့ဗျာ။ ဘယ်အချိန်မှာ ဘယ်နေရာကနေ ကောက်ရတယ် ၊ ကိုယ့်ရဲ့ နေရပ်လိပ်စာ ၊ မွေးသက္ကရာဇ် ၊ တယ်လီဖုန်းနံပတ် ကိုလည်း ပြောရ တယ် ။ ပြီးတော့ ကိုယ့်ရဲ့အရှေ့မှာ ရဲက ပိုက်ဆံအိပ်ထဲက ရှိသမျှအားလုံးကို ထုတ်ပြီး ပစ္စည်းအမျိုးအမည်တစ်ခုချင်းစီအလိုက် အရေအတွက် ဘယ်လောက် ၊ ငွေဆိုရင်လည်း ဘယ်လောက်တန် ဘယ်နှစ်ရွက် ၊ အကြွေစေ့က ဘယ်လောက်တန် ဘယ်နှစ်စေ့ကအစ အသေးစိတ် မှတ်တမ်းတင်ပြီး လာအပ်တဲ့သူက လက်မှတ်ထိုးရတယ် ။ ပြီးတဲ့အခါ တာဝန်ကျရဲက တံဆိပ်တုံးနှိပ်တယ် ။ ရဲက ကာယကံရှင်ထံ အမြန်ဆုံးရောက်အောင် ကြိုးစားပါမယ်။ ၆လကြာတဲ့အထိ အဆက်အသွယ်မရရင် ကောက်ရတဲ့သူဟာ အဲဒါကို အပိုင်ရပါတယ်လို့ ရှင်းပြတယ် ။နောက်ပြီး ကာယကံရှင်က လက်ခံရတဲ့အခါ ကောက်ရတဲ့သူထံကို အကြောင်းပြန်ဖို့အတွက် လိပ်စာ ဒါမှမဟုတ် တယ်လီဖုန်းကို ပေးခွင့်ပြုမလား ဆိုပြီးမေးတယ် ။ ပိုက်ဆံအိပ်ပိုင်ရှင်တစ်ယောက်ဆီက ပိုက်ဆံအိပ်ပြန်ရတယ် ဆိုတာနဲ့ ကျေးဇူးတင်တဲ့အနေနဲ့ စားစရာမုန့်ကို လက်ဆောင် အဖြစ်ပို့လိုက်ပါတယ်။ လက်ခံပြီး စားပါဆိုတဲ့ စာတိုလေးနဲ့ မုန့်ဘူးတစ်ဘူး စာတိုက်ကနေတဆင့် အိမ်ကိုရောက်လာတယ်။

ဂျပန်လူမျိုးတွေဟာ အသေးစိတ်တာနဲ့ လက်ဝင်တာတွေကို စိတ်ရှည်လက်ရှည်နဲ့လုပ်ကိုင်နိုင်တယ် ။ ကျနော်တို့တတွေကတော့ ရည်မှန်းချက် ၊ ရည်ရွယ်ချက်ရောက်ရင်ပြီးတာပဲဆိုတဲ့စိတ် ရှိကြတယ် ။ သူတို့ကျတော့ လမ်းမှန် နည်းမှန်နဲ့ ရောက်အောင်လုပ်တဲ့အကျင့်ရှိတယ် (ဂျပန်လူမျိုး အားလုံးကိုမဆိုလိုပါ)

ဂျပန်မှာ ရဲကိုခေါ်ချင်ရင် တယ်လီဖုန်း နံပတ် ၁၁၀ ကို ဆက်လိုက်ရုံပဲ ။ ခရိုင်တိုင်းမှာ အဲဒီလိုတယ်လီဖုန်းနံပတ် ၁၁၀ ကို ခေါ်လိုက်တာနဲ့ ခရိုင်ရဲတပ်ဖွဲ့က အမိန့်ပေးဌာနချုပ်ကို ရောက်သွားတယ် ။ အဲဒီကမှတဆင့် သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေကို ညွန်ကြားချက်တွေရောက်တယ်။ အဲဒီလိုညွှန်ကြားချက်တွေနဲ့အညီ မြို့နယ်ရဲစခန်းက သက်ဆိုင်ရာခိုးဘန်းတွေကို အမိန့်ပေးပြီး အခင်းဖြစ်ပွားတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ သွားရောက်ဖို့ အမိန့်ပေးတယ်။ အဲဒီအခါ စက်ဘီးနဲ့ပဲဖြစ်ဖြစ် မော်တော်ကားနဲ့ပဲဖြစ်ဖြစ် ရဲတွေဟာ အခင်းဖြစ်တဲ့နေရာကို ရောက်လာတော့တယ်။ ရောက်တာနဲ့ ရဲအရာရှိဟာ စုံစမ်းမေးမြန်းပြီး အဖြစ်အပျက် အခြေအနေကို ကနဦးသတင်းပို့ တယ်။ ပြီးတော့ အမိန့်ပေးဌာနချုပ်ရဲ့အမိန့်အတိုင်း ဆက်လက်လှုပ်ရှား တယ်။

ဂျပန်ရဲ့ အခုလို ခိုးဘန်းစနစ်ကို နမူနာယူကြတဲ့ နိုင်ငံတစ်ချို့က ရဲတပ်ဖွဲ့တွေရှိပါတယ်။ ဖီဂျီကျွန်းနိုင်ငံ ၊ ဘရာဇီးလ် ၊ စင်္ကာပူ ၊ မွန်ဂိုလီးယား စတဲ့နိုင်ငံတွေမှာ ဖြစ်ပါတယ်။ ဂျပန်ပြည်သူတွေဟာ ထစ်ကနဲဆိုတာနဲ့ နံပတ် ၁၁၀ ကို ဖုန်းဆက်ပြီး ရဲကိုခေါ်လေ့ရှိတယ် ၊ တိုင်ကြားလေ့ရှိတယ် ။ ဘေးကပ်လျက်အခန်းက ဆူလို့ ၊ လမ်းပေါ်မှာ သောင်းကျန်းနေလို့ စတဲ့ အများပြည်သူအတွက် အနှောင့်အယှက်ဖြစ်တယ်လို့ယူဆလို့ကတော့
ဖုန်းနံပတ် ၁၁၀ ကို ခေါ်တော့တာပဲ။ အဲဒီလိုခေါ်လို့ ကတော့ သေချာပေါက်ရောက်လာတယ်။ ဖုန်းဆက်လို့ မရ တာတို့ ၊ ဖုန်းမကိုင်တာတို့ လုံးဝမရှိဘူး ။

ဂျပန်ရဲအများစုကတော့ တာဝန်ကျေပွန်ကြတယ် ။ ရဲတိုင်းတော့ ကောင်းတဲ့သူတွေမဟုတ်ပါဘူး။ ဥပဒေ ချိုးဖောက်တဲ့ ရဲတွေရှိသလို စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့ ရဲတွေလည်းရှိပါတယ် ။ အရက်သောက်ပြီး ကားမောင်းတဲ့ရဲ စစ်ဆေးတာမိလို့ အဖမ်းခံရတာတို့ ၊ တောနယ်တွေမှာ ပတ္တရောင်လှည့်ရင်း အိမ်ထဲမှာ ဘယ်သူမှမရှိလို့ ၀င်မွှေပြီး ပိုက်ဆံခိုးတဲ့ရဲတို့ ၊ မတော်မရော်လုပ်တဲ့ရဲတို့ရှိတယ်ဆိုတာကို အဖမ်းခံရတဲ့ အခါ သတင်းတွေမှာ အတိအလင်းရေးသားဖော်ပြကြပါတယ်။ နောက်ပြီး အလုပ်ဖိစီးမှုတွေများလို့ ရဲစခန်းထဲမှာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်ပြီး သတ်သေတဲ့ရဲတွေလည်းရှိပါတယ်။ အကောင်း အဆိုးကတော့ နေရာတိုင်းမှာ တွဲဖက်ရှိစမြဲပဲလေ ။

ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်ရဲ့ ခိုးဘန်းစနစ်က ဒေသခံပြည်သူတွေနဲ့ ဒေသခံရဲတွေ ရာဇ၀တ်မှုတွေကို တားဆီးကာကွယ် တဲ့သူနဲ့ ရာဇ၀တ်မှု တိုက်ဖျက်နှိမ်နင်းသူတွေအဖြစ်နဲ့ အပြန်အလှန်ဆက်ဆံမှုကို ဖြစ်စေပါတယ်။

ကျော်ကျော်စိုး (ဂျပန်)
၂၀၁၆ ခုနှစ် မေလ ၃၀ ရက်

မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၉၀ ဝန်းကျင်ရှိသော ငွေကြေး အလွဲသုံးစားမှု နှင့် ပတ်သက်ပြီး သတင်းမီဒီယာများသို့ ဖွင့်ချ ရှင်းလင်းပွဲ တရပ် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ထိုရှင်းလင်းပွဲကို ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သော ဦးအောင်ကြီး၊ ဦးကျော်ကျော်ဦး နှင့် ဦးမြင့်ကြည်တို့က ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်မည် ဖြစ်သည်ဟု ဦးအောင်ကြီးက ဧရာဝတီသို့ ပြောသည်။

“အကြောင်းအရာ အသေးစိတ်ကိုတော့ ရှင်းလင်းပွဲကျမှပဲ ပြောနိုင်ပါမယ်”ဟုလည်း ဦးအောင်ကြီးက ဆိုသည်။

အဆိုပါ အလွဲသုံးစားမှုနှင့်ပတ်သက်ပြီး ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဒု ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များအပါအဝင် စုစုပေါင်း ၂၁ ဦးက လက်မှတ်ထိုး၍ ၀န်ကြီးဌာန ၃ ခုနှင့် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်များထံသို့ တိုင်ကြားထားသောကြောင့် စစ်ဆေး နေကြောင်းလည်း သိရသည်။

ယခုရှင်းလင်းပွဲ ကျင်းပမည့် ဦးအောင်ကြီး၊ ဦးကျော်ကျော်ဦး နှင့် ဦးမြင့်ကြည်တို့သည်လည်း တိုင်ကြားသူများတွင် ပါဝင်သူများ ဖြစ် သည်။

ယမန်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တခုတွင်မူ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် က ကျောက်မျက်ရန်ပုံငွေ အလွဲသုံးစားမှု နှင့် ပတ်သက်ပြီး ဝန်ကြီးဌာနထက်မြင့်သော အဖွဲ့အစည်း ဖွဲ့၍ စိစစ်ရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

ဧရာဝတီက ရရှိထားသော မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်၏ တိုင်ကြားစာတွင် အသင်း စတင် တည်ထောင် သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျောက်မျက်လုပ်ငန်း ရှင်များထံမှ ၁ ရာခိုင်နှုန်း ကောက်ခံထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၇ သန်း ရှိသည် ဟု ပါရှိသည်။

လက်ရှိ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက သမ္မတဟောင်း ဦးသိန်းစိန် နှင့် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်း တို့ကို ပေးအပ်ငွေ အပါအဝင် အကြောင်းအရာ ခေါင်းစဉ် ၁၀ ခု ပြ၍ အဆိုပါ ရန်ပုံငွေများထဲမှ ဒေါ်လာ သန်း ၈၀ ကို အလွဲသုံးစား ပြုလုပ်ကြောင်း ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ထံသို့ တိုင်ကြားစာ၌ ဖော်ပြ ထားသည်ကို တွေ့ရ သည်။
သမ္မတဟောင်း ဦးသိန်းစိန် က အနုပညာ ဦးစီးဌာန အတွက် ဒေါ်လာ ၇ သန်း ထုတ်ယူထားပြီး ဝန်ကြီးဟောင်း ဦးစိုးသိန်းက ဒေါ်လာ ၅ သန်း ထုတ်ယူထားကြောင်းလည်း ယင်းတိုင်စာတွင် ပါရှိသည်။

ကျောက်မျက် အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူသည် ၂၀၁၄ ခုနှစ်မှ စတင်၍ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်သည်ဟုလည်း ဆိုသည်။

ထိုရန်ပုံငွေ အလွဲသုံးစားပြုလုပ်မှုကို ကျောက်မျက်အသင်းနှင့် သက်ဆိုင်သည့် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေး၍ စစ်မှုပြုလုပ်ကြောင်းလည်း လက်မှတ်ထိုး တိုင်ကြားရာတွင် ပါဝင်သူတဦးလည်း ဖြစ်သော စစ်ကိုင်းတိုင်း ကျောက်မျက် လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောပြသည်။

တိုင်စာ တင်ပြခဲ့သည်မှာ မှန်ကန်ပြီး တိုင်ကြားခဲ့သူများကို နေပြည်တော် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းထိန် ဦးဆောင်သည့် အဖွဲ့က စုံခုံဖွဲ့၍ မေလ ၂၇ ရက်က စစ်ဆေးကြောင်းလည်း ၎င်းက ဧရာဝတီ ကို ပြောသည်။

ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဇော်မြင့်ဖေက“ဒီကိစ္စက အားလုံးလည်း စိတ်ဝင်စားပါတယ်။ ဆက်စပ်သွားနိုင်တဲ့ဟာတွေက တော်တော် ကျယ်ပြန့်တယ်။ ရှေ့နောက် စဉ်းစားရမယ့် ပြဿနာတွေလည်း ရှိတယ်။ ဒီဌာနကရော ဒါကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် နိုင်ပါ့မလား။ ကိုင်တွယ်ပြန်ရင်ရော တိုင်တဲ့သူတွေက ကျေနပ်ပါဦးမလား။ ဘယ်အဆင့်က ဘယ်လိုဝင်မလဲ ဆိုတာကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်”ဟု ပြော ဆိုသည်။

ထက်နိုင်ဇော်|
http://burma.irrawaddy.com/news/2016/05/31/115320.html

ပြီးခဲ့သည့် တနင်္လာနေ့က နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းမှ မြောက်ကိုရီးယား ဒုးံပျံစမ်းသပ်ပစ်လွှတ်ရာ မအောင်မြင်ခဲ့ကြောင်း တောင်ကိုရီးယား အရာရှိများက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကို နံနက် ၅ နာရီ ၂၀ ဆိုးလ်စံတော်ချိန် ၄ နာရီ ၂၀ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မအောင်မြင်ခဲ့သည့် နောက်ဆုးံပစ် လွှတ်မှု ဖြစ်ကြောင်း အမည်မဖော်လိုသူ တောင်ကိုရီးယား အရာရှိများကဆိုသည်။

ပြီးခဲ့သည့် ဇန္န၀ါရီလအတွင်း မြောက်ကိုရီးယားက ယင်း၏ စတုထ္တမြောက် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂြိုလ်တုနှင့် အခြားဒုးံပျံအမျိုးမျိုး စမ်းသပ်ပစ်လွှတ်ခဲ့ရာ မြောက်အာရှတစ်ခွင် တင်းမာမှုများ မြင့်တက်ခဲ့သည်။

တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာန၏ အဆိုအရ မြောက်ကိုရီးယားက တာလတ်ပစ် မူဆူဒန်ဒုံးပျံကို ပစ်လွှတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဧပြီလအတွင်း ယင်းဒုးံပျံ ၃ ခု စမ်းသပ်ခဲ့ရာ တစ်ခုမျှ အောင်မြင်ခဲ့ခြင်း မရှိကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်အရာရှိများက ဆိုသည်။

တောင်ကိုးရီးယားအစိုးရကို ကိုးကား၍ ယွန်ဟတ်ကပြောရာတွင် အဆိုပါ ဒုံးပျံများကို ရွှေ့ပြောင်းဒုးံပစ်စင်မှ ပစ်လွှတ်စဉ်တွင်ပင် ပေါက်ကွဲသွားသည်ဟု သိရသည်။

သီအိုရီသဘောတရားအရ ဂျပန်နိုင်ငံ နေရာအနှံ့နှင့် အမေရိကန်ပိုင် ဂူအမ်ကျွန်းအထိ ပစ်ခတ်နိုင်သည့် အဆိုပါဒုံးပျံများကို ပစ်လွှတ်ရာ တွင် မြောက်ကိုးရီးယားတို့ မည်သည့်အခါမျှ အောင်မြင်မှု မရခဲ့ကြောင်း အဆိုပါ မူဆူဒန်ဒုးံပျံ ၂၀ မှ ၃၀ အထိ ယင်းတို့ပိုင်ဆိုင်ထားသည်ဟု ယူဆရကြောင်း ၂၀၀၇ မှ စတင်ကာ ဖြန့်ကျက်ချထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဒုံးပျံပစ်လွှတ်ခြင်းမှာ အခွင့်အာဏာချဲ့ထွင် လိုသည့် ခေါင်းဆောင်ကင်ဂျုံအန်း ဦးဆောင်သည့် မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ ၃၆ နှစ်မြောက် နှစ်ပတ်လည် အပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကွန်ဂရက်အပြီး ပထမဆုးံ ပစ်လွှတ်ခြင်းဖြစ်ရာ ကျွမ်းကျင်သူများအဆိုအရ ယခင်ပစ်လွှတ်မှုများ မအောင်မြင်မှုအပြီး အချိန်တိုအတွင်း ထပ်မံပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရွှန်းတင့်
Ref: Reuters
The Ladies News Journal


ရန်ကုန်မြင်ကွင်း
ရန်ကုန်မြင်ကွင်း

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၂ နှစ်ဆက်တိုက် အားကောင်းခဲ့ရာကနေ ဒီနှစ်မှာတော့ အနည်းငယ် ပြန်လည် ကျဆင်းသွားတဲ့အကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာတွေကို လေ့လာစောင့်ကြည့်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၆ ခုနှစ် မေလ အစီရင်ခံစာ ဒီကနေ့ထုတ်ပြန်တာမှာ ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၈.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာတော့ ၇ ရာခိုင်နှုန်းပဲ ရှိတဲ့အကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာပါ။ မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်း မိုးများပြီး ရေကြီးရေလျှံမှုတွေ ကြောင့် ကုန်ထုတ်လုပ်မှုတွေနဲ့ ပြည်ပ တင်ပို့ကုန်တွေ ထိခိုက်ခဲ့ရသလို၊ ရွေးကောက်ပွဲနဲ့အတူ နိုင်ငံရေးအပြောင်းအလဲကာလ စိုးရိမ်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ နှေးကွေးသွားတာတွေဟာ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းစေတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ပါတယ်။

အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ အကန့်အသတ်တွေ ဆက်ပြီးရှိနေသေးတာ၊ ငွေလဲနှုန်း မတည်ငြိမ်တာနဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မား တာတွေကလည်း စီးပွားရေး တိုးတက်မှုကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းတယ်ဆိုပေမဲ့လည်း ကမ္ဘာပေါ်က စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားတဲ့နိုင်ငံတွေထဲ မှာတော့ မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်က သုံးသပ်ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ စတင်ရှိလာခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ မြန်မာအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျော့ပါးသွားခဲ့သလို၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း အရင်ထက် ပိုပြီးများလာခဲ့ပါတယ်။ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရ ငြိမ်းငြိမ်းချမ်းချမ်း တာဝန်လွှဲပြောင်း ယူနိုင်ခဲ့တာကြောင့် လည်း မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာအပေါ် မျှော်လင့်ချက်တွေ တိုးလာနေပါတယ်။
VOA Burmese News

အာဖရိကအလယ်ပိုင်း နိုင်ငံတခုဖြစ်တဲ့ ချဒ်နိုင်ငံရဲ့ အာဏာရှင် သမ္မတဟောင်းကို လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မေလ ၃၀ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပါတယ်။

ချဒ်အာဏာရှင် အီဆန်း အာဗဟေ (Hissene Habre) တာဝန်ယူခဲ့တဲ့ ၁၉၈၂ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အတွင်း မုဒိမ်းမှု၊ လိင်ကျွန်အဖြစ်ခိုင်းစေမှု၊ လူအများအပြား သတ်ဖြတ်ခံရမှုမှာ အမိန့်ပေးစေခိုင်းခဲ့မှု စွဲချက်တွေနဲ့ ဆီနီဂေါနိုင်ငံမှာ ရုံးတင် စစ်ဆေးခံရတာပါ။

လူ့အခွင့်အရေးချိုးဖောက်သူ အာဏာရှင်ဟောင်းတဦးကို အာဖရိကသမဂ္ဂ အဖွဲ့ကြီး နောက်ခံတဲ့ တရားရုံးတခုမှာ အခုလို အပြစ်ဒဏ်ချမှတ်တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။

အာဏာရှင်ဟောင်း အီဆန်းဟာ အာဖရိကတိုက်ရဲ့ အာဏာရှင် ပီနိုချေးလို့ သတ်မှတ်ခံရပြီး သူ့လက်ထက်အတွင်း လူ ၄ သောင်းနီးပါး သူ့အမိန့်နဲ့ သတ်ဖြတ်ခံရတယ်လို့ စွပ်စွဲခံရပါတယ်။

သူကတော့ သူ့အပေါ် စွဲချက်တွေ အားလုံးကို ငြင်းဆန်ပြီး တရားရုံးထဲမှာလည်း စုံစမ်းစစ်ဆေးမှုတွေကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၅ ခုနှစ်က သူ့ကိုဖမ်းဆီးဖို့ ဘယ်ဂျီယံ တရားရုံးတရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပေမယ့် အဲ့ဒီအချိန်က သူခိုလှုံနေတဲ့ ဆီနီဂေါနိုင်ငံက အာဖရိကသမဂ္ဂအဖွဲ့ကိုပဲ လွှဲပြောင်းပေးခဲ့တာပါ။

ဒါကြောင့် ၂၀၁၃ ခုနှစ်က ဆီနီဂေါနိုင်ငံမှာ ဖမ်းဆီးပြီး ရုံးတင်ခံခဲ့ရတာပါ။

သူ့နိုင်ငံရင်းဖြစ်တဲ့ ချဒ်နိုင်ငံကတော့ သူ လူသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ ၂၀၁၃ ခုနှစ်မှာပဲ မျက်ကွယ် သေဒဏ်ချမှတ်ခဲ့ပါတယ်။

အီဆန်းကြောင့် သေကျေထိခိုက်ခဲ့ကြတဲ့ မိသားဝင်တွေကတော့ သူ ဖြုတ်ချခံရပြီး ၂၅ နှစ်အကြာမှာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ်တသက် ချမှတ်နိုင်ခဲ့တဲ့အပေါ် အားရ၀မ်းသာ ဖြစ်ခဲ့ကြပါတယ်။
DVB TV News

 
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ကျဆင်းနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ သတင်းထုတ်ပြန်ချက်ကို မေ ၃၁ ရက်ပါရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး နေပြည်တော် Hilton Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် အဒူလာရေ ဆက်ခ် က “မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှုဟာ မနှစ်က လျော့ကျသွားပေမယ့် မြန်မာနိုင်ငံသားတွေအတွက် အပြောင်း အလဲနဲ့ ဖွံ့ဖြိုးရေးအတွက် အင်အားကောင်းတဲ့ မောင်းနှင်အား တခုအနေနဲ့ တည်ရှိနေပါသေး တယ်”လို့ ပြောပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ၂၀၁၄ – ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ပျှမ်းမျှ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ – ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်မှာကတော့ ၇ ရာခိုင်းနှုန်းကို ကျဆင်းခဲ့တာဟာ ရေလျှံခြင်းကြောင့် ရောင်းလိုအားတွင် သက်ရောက်သွားခြင်း၊ ရွေးကောက်ပွဲ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု အသစ်များနည်းပါးခြင်း၊ ပြင်ပအခက်ခဲများနဲ့ ကမ္ဘာ့ကုန်စည် ဈေးနှုန်းကျဆင်း ခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်လုပ်ငန်းကို ထိခိုက်ခဲ့ပြီးတော့ အခုလို ကျဆင်းခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုမြင့်တက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ပိုမိုလွယ်ကူချောမွေ့ စေဖို့ဆိုရင် ငွေလဲလှယ်နှုန်း စနစ်တခုတည်ဆောက်ခြင်းအဟာ အဓိကလုပ်ငန်းတခု ဖြစ်တယ်လို့ ပါရှိပါတယ်။

မြန်မာစီးပွားရေး စောင့်ကြည့်အစီရင်ခံစာရဲ့ စောင့်ကြည့်ခြင်းကဏ္ဍက လျှပ်စစ်မီးရရှိရေး၊ နိုင်ငံပိုင် ဘဏ်များပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းတွေက အဓိက ဦးစားပေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

By အောင်ကိုကိုလတ်
DVB TV News

ဒေသတစ်ခုတွင်း အတူယှဉ်တွဲနေထိုင်ကြတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအချင်းချင်း စည်းလုံးညီညွတ်ကြဖို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ဒေသခံတွေကို တိုက်တွန်းပြောကြားပါတယ်။

မေလ ၂၉ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ရှိ ဒေသခံများနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

ညောင်ရွှေမြို့နယ် အင်းလေးကန်အရှေ့ဘက် ဟိုင်းယကျေးရွာအုပ်စုထဲမှာ ရွာပေါင်း ၃၀ ခန့်ရှိပြီး အဲဒီကျေးရွာတွေဟာ ရှမ်း၊ အင်းသားနဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အတူယှဉ်တွဲနေ ထိုင်လျက်ရှိ ပါတယ်။

သူတို့အဖွဲ့ဟာ ဒေသခံရွာသားကိုယ်စားလှယ်တွေရဲ့ ဖိတ်ခေါ်ချက်အရ အဲဒီဒေသကို ရောက်ရှိခဲ့ တာဖြစ်ပြီး လင်လမ်ကျေးရွာနဲ့ လွိုင်ဆတ်ကျေးရွာမှာ ရွာသားများနဲ့ တွေ့ဆုံကာ အတူနေတိုင်း ရင်းသားများ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးကို အဓိကထား ပြောကြားခဲ့တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အတိုင်ပင်ခံ စ၀်ပင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ရွာပေါင်း ဆယ်ရွာလောက်က ရွာသားတွေဟာ ဘုန်းကြီးကျောင်းမှာ လာစုပြီးကျနော်တို့အဖွဲ့ကို ကြိုဆိုတယ်။ ရှမ်းရော၊ ပအိုဝ်းရော၊ အင်းသားရောပါတယ်၊ ဥက္ကဋ္ဌ စ၀်ရွက်စစ်က အာရ်စီအက်စ် အက်စ်ရဲ့ ပေါ်လစီတွေပြောပြတယ်။ ပြီးတော့ ဒေသတစ်ခုထဲအတူနေတဲ့ တိုင်းရင်းသား အချင်း ချင်း ငြိမ်းငြိမ်းချမ်းချမ်း စည်းစည်းလုံးလုံးရှိဖို့ ကတောက်ကဆဖြစ်စရာတွေ ရှိလာရင် ပအိုဝ်း၊ ရှမ်း နဲ့ အင်းတိုင်းရင်းသား ဆက်ဆံရေးရုံးတွေအနေနဲ့ ကူညီညှိနှိုင်းပေးမယ်ပေါ့။ တောင်ကြီးမှာဆို ပီအန်အိုရုံးနဲ့ အာရ်စီအက်စ်အက်စ်ဆက်ဆံရေးရုံးရှိတယ်၊ မိုင်းသောက်မှာ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီရုံးရှိတယ်။ သူ့လူမျိုး ကိုယ့်လူမျိုး စာပေယာဉ်ကျေးမှုဖလှယ်ပြီး ကိုယ့်ကိုယ်ပိုင် စာပေ သင်ကြားဖို့ ရှမ်းစာပေသင်ရိုးညွှန်းတန်းစာအုပ်တွေ လိုအပ်ရင်လည်း လှူးဒါန်းမယ့် အကြောင်း ပြောခဲ့တယ်။”

သူ့အနေနဲ့လည်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) အကြောင်းကို ရှင်းပြပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ရှမ်းပြည်တိုင်းရင်းသားတွေအနေနဲ့ ညီညီညွတ်ညွတ် တသံတည်း ထွက်ရေး ဆောင်ရွက်နေကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲမှာ ပီအန်အို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဗိုလ်မှူးတဦးကလည်း ရှမ်း၊ ပအိုဝ်း၊ မြန်မာ ၃ ဘာသာနဲ့ ဒေသခံတွေကို ပြန်ဆိုရှင်းပြပေးခဲ့ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ အရင် ဦးသိန်းစိန်အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးတဲ့နောက် ပြည်တွင်းက လူမှုအဖွဲ့အစည်းတွေ ရွာသားတွေနဲ့ မကြာခဏတွေ့ဆုံလျှက်ရှိပြီး ပီအန်အို/ ပီအန်အေကဲ့သို့ ပအိုဝ်းလက်နက်ကိုင်အဖွဲ့နဲ့လည်း ရင်းနှီးချစ်ကြည်စွာ ၀င်ထွက်သွားလာနေ ပါတယ်။ နောက်နောင်လည်း ဖိတ်ခေါ်မှုရခဲ့ရင် အခြား လားဟူ၊ အာခါ၊ လီစူ အစရှိတဲ့ ရှမ်းပြည် တိုင်းရင်းသားတွေနဲ့ သွားရောက်တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း စ၀်ပင်ခမ်းက ဒီဗွီဘီကို ပြောသွား ပါတယ်။
DVB TV News

မြန်မာ့ဒီမိုကရေစီ ရှေ့ခရီးတွင် ငြိမ်းချမ်းရေး ပြဿနာသည် အဓိက စိန်ခေါ်မှုကြီး တစ်ခုပင်ဖြစ်သည်။ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးသို့သွားရာ တစ်ကြောင်းတည်းသော လမ်းဖြစ်သည်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် အကြွင်းမဲ့ ယုံကြည်၊ လက်ခံသင့်သည်။ ပြည်သူလူထုကို မျက်နှာမူလျက်၊ ငြိမ်းချမ်းရေး ခရီးရှည်အထက် လှမ်းလျှောက်ရာတွင် ယုံကြည်နားလည်မှု၊ ပွင့်လင်း မြင်သာမှု၊ ရိုးသားမှုနှင့် လေးစား အသိအမှတ်ပြုမှုတို့သည် အစွမ်းထက်ဆုံး လက်နက်များပင် ဖြစ်သည်။ အဆိုပါ လက်နက်များနှင့်အတူ ငြိမ်းချမ်းရေး ခရီးရှည်ကို လျှောက်လှမ်းကြရမည် ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် မေလ ၁၆ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းရေးနှင့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ဦးဆောင် ကျင်းပခဲ့သည်။ အဆိုပါ ညှိနှိုင်း အစည်းအဝေးသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်၏ ကနဦး ခြေလှမ်းပင် ဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (အန်စီအေ) ကို လက်မှတ် မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေး၊ အန်စီအေကို လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရေးစသည့် အသံဗလံများ ကြားနေရသည်။ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေးနှင့် စပ်လျဉ်း၍ အန်စီအေကို လက်မှတ် မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် အားလုံး ပါဝင်နိုင်ရေးမူကိုသာ ဆက်လက် ကိုင်စွဲထားမည်ဖြစ်သည်ကို သတိချပ်သင့်သည်။

မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Centre - MPC) ကို အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနအောက်တွင် အစိုးရ အဖွဲ့အစည်း တစ်ရပ်အဖြစ် ထားရှိမည်ဖြစ်သည်။ NRPC အဖြစ် ပြောင်းလဲ ဖွဲ့စည်းရာတွင် MPC မှ ပုဂ္ဂိုလ်များ အားလုံးကို လုံးဝ ဘေးဖယ်ထားသင့်သည်။ MPC မှ လူဟောင်းများကို NRPC တွင် ပြန်လည်ခန့်အပ် တာဝန်ပေးမည်ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစု အထူးသဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို လက်မှတ် မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် အစိုးရသစ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သစ်အပေါ် ယုံကြည်မှု၊ မျှော်လင့်မှုများ ကျဆင်းလာနိုင်ဖွယ် ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစု အထူးသဖြင့် အန်စီအေကို လက်မှတ် မထိုးသော အဖွဲ့များသည် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို လူသစ်၊ စိတ်သစ်၊ အမြင်သစ်၊ ခံယူချက်သစ်၊ လုပ်ဟန်သစ်ဖြင့် မြင်တွေ့လိုကြသည်။

အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဖွဲ့သစ်ကို စိတ်သစ်၊ လူသစ်နှင့် ဖွဲ့စည်းနိုင်လေ၊ ကောင်းလေပင် ဖြစ်သည်။ အဟောင်းထဲတွင် တ၀ဲလည်လည်နှင့် ရုန်းထွက်နိုင်ရန် ခဲယဉ်းနေဦးမည်ဆိုလျှင် ရင်ကြားစေ့ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးတို့တွင် အဖုအထစ်များ ရှိနေဦးမည် ဖြစ်သည်။ ပြည်သူလူထု အကြားတွင် မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ကို မနှစ်မြို့၊ မယုံကြည်သည့် အလျောက်၊ အဖွဲ့သစ်တွင် အဖွဲ့ဟောင်းမှ အရေးပါသည့် ပုဂ္ဂိုလ်များ ပြန်လည် ပါဝင်နေဦး မည်ဆိုလျှင် ၀ိုင်ရော၊ ခွက်ရော မပြောင်းသည့်ဘက်ကို ဦးတည်နေမည်လား စိုးရိမ်ကြမည် ဖြစ်သည်။ အပြောင်းအလဲ၏ ကနဦးအစ ကာလဖြစ်သည့် အားလျော်စွာ၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အနေဖြင့် ပြည်သူလူထုအကြား အမည်ပျက် စာရင်းဝင်နေသည့် အဖွဲ့အစည်းတွင် ပါဝင်ခဲ့သူများ၊ ဇာတ်စီးခဲ့သူများနှင့် ကင်းနိုင်လေ ကောင်းလေဟုသာ တိုက်တွန်းလိုပါသည်။

နိုင်ငံရေး ပါတီကို နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံရေး သမားများက ခေါင်းဆောင်လျှင် နိုင်ငံရေးအရ အားကောင်းမောင်းသန် သကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ငြိမ်းချမ်းရေး သမားများ၊ ငြိမ်းချမ်းရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအမြင်၊ အသိ၊ သဘောထား အားကောင်းသူများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အူမချေးခါး သိသူများက ဦးဆောင်ဦးရွက်ပြုမှသာ အားကောင်းမည် ဖြစ်သည်။ စီးပွားရေးသမားများ၊ ကိုယ်ကျိုးရှာသမားများကို ပွဲစားအမြင်၊ ပွဲစား အတွေ့အကြုံ၊ အရောင်းအ၀ယ်အမြင်၊ အရောင်းအ၀ယ် အတွေ့အကြုံ သက်သက်ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူတွင်ကျယ် လုပ်ခွင့်ပေးထားဦးမည် ဆိုလျှင် လာမည့်ငါးနှစ်တာ သက်တမ်း၌ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ညီလာခံ၊ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ငြိမ်းချမ်းရေးထက် လက်စောင်းထက် လာနိုင်စရာ မရှိပေ။

အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်မည့်သူ အားလုံးသည် ငြိမ်းချမ်းရေးကို ယုံကြည်လိုလားသူများ၊ စားပွဲဝိုင်းတွေ့ဆုံ ဆွေးနွေးရေးကို ယုံကြည် ထောက်ခံသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တန်းတူရည်တူ သဘော အမြော်အမြင်ရှိရှိ ဆက်ဆံနိုင်သူများဖြစ်ရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်၍ ခြေခြေမြစ်မြစ် သိမြင်နားလည်သူများ၊ နိုင်ငံရေး အမြော်အမြင် ကြီးသူများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်လာနိုင်မည်ဆိုလျှင် လွန်ခဲ့သော ငါးနှစ်သက်တမ်းကထက် ပိုမိုခရီးပေါက်မည် ဖြစ်သည်။

အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို ဦးဆောင်ဖွဲ့စည်းမည့်သူက နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သံအမတ်ကြီးဟောင်း ဦးကျော်တင့်ဆွေ ဖြစ်သည်။ သူသည် သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အစိုးရဖွဲ့ စည်းစဉ်ကာလ တစ်လျှောက် အရေးပါခဲ့သူများထဲက တစ်ယောက်သို့မဟုတ် ဗိသုကာ တစ်ယောက်ဟုလည်း သတင်းကြီးသည်။ အကယ်စင်စစ်သူသည် ခေတ်ဟောင်း စနစ်ဟောင်းနှင့် အလွန်အမင်း အသားကျထားပြီး ဖြစ်သည့် လူဟောင်း တစ်ယောက်ပင် ဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အစိုးရ အဆက်ဆက်ကို ကျားကန်ပေးခဲ့သူလည်း ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပူးတွဲဦးဆောင်မည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရှေ့ခရီးကို မီးကျိုးမောင်းပျက် အဆင့်ထက် သာလွန် မျှော်လင့်မည်ဆိုလျှင် မျှော်လင့်သူ၏ အမှားဟု သတ်မှတ်ရမည် ဖြစ်သည်။

ပြည်သူက ရွေးကောက် တင်မြှောက်သည့် အစိုးရသစ် လက်ထက်တွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးသည် ထိပ်တန်းတကာ့ ထိပ်တန်း လျှို့ဝှက်အဆင့် ဖြစ်နေဆဲဟု သုံးသပ်ရမည့် သဘော ဖြစ်နေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၁၆ ရက် အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အကြို ပြင်ဆင်ရေးကော်မတီ၊ အန်စီအေလက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရေး ဆပ်ကော်မတီ၊ အန်စီအေ လက်မှတ် မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရေး ဆပ်ကော်မတီတို့ကို မေ ၁၆ ရက် မှ ၂၀ ရက်အတွင်း ဖွဲ့စည်းမည့် သဘောပြောခဲ့သည်။ သို့သော် မေ ၂၇ ရက်နေ့တိုင်အောင် ညီလာခံ ကျင်းပနိုင်ရေး အကြို ပြင်ဆင်ရေး ကော်မတီနှင့် ဆပ်ကော်မတီ နှစ်ရပ်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန် ကြေညာခြင်း လုံးဝမရှိသေးသည်မှာ အားမလို အားမရဖွယ် ဖြစ်သည်။ အစိုးရ ၀က်ဘ်ဆိုက်များ၊ လူမှုကွန်ရက် စာမျက်နှာများတွင် ကော်မတီ၊ ဆပ်ကော်မတီများနှင့် စပ်လျဉ်း၍ လုံးဝ တိတ်ဆိတ်နေသည်မှာ ဒီမိုကရေစီ အိပ်မောကျနေသည့်အလား ထင်မှတ်မှားစရာ ဖြစ်သည်။

သတင်းမီဒီယာများ၊ လေ့လာ စောင့်ကြည့်သူများ၊ ပညာတတ်များ အပါအ၀င် မြန်မာပြည်သူ လူထုအများစုသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်၏ ငြိမ်းချမ်းရေး ခြေလှမ်းများကို သတိကြီးကြီးထား စောင့်ကြည့်လျက်ရှိသည်။ အစိုးရသစ်သည် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းမှုနှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်ရန် ချီတုံချတုံ ဖြစ်နေပြီလားဟု မေးခွန်းထုတ် ဆင့်ရမည် ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ အနေဖြင့် (NRPC) အဖြစ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာတွင် ဘယ်လောက် ခရီးပေါက်ခဲ့ပြီလဲ၊ ဘယ်ရောက်နေပြီလဲ၊ ဘယ်ကိုသွားမှာလဲ၊ ဘယ်လိုသွားမှာလဲ၊ ဘယ်သူတွေနဲ့လဲ စသည့် လဲပေါင်းများစွာ၊ မေးခွန်းများစွာ ကျယ်လောင်လျက် ရှိသည်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး အသံက တိမ်နေဆဲ၊ ငြိမ်းချမ်းရေးဟန်ပန်က မှိန်နေဆဲပင် ဖြစ်သည်။

အချုပ်ဆိုရသော် ပြည်ထောင်စု အစိုးရသစ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သစ်တွင် ပြည်သူလူထု ပါဝင်မှုအတွက် နေရာဖွင့်ပေးသင့်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပြည်သူလူထုကို မျက်နှာမူနိုင်ရန် သော့ချက်ကျသည်။ သတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ပြည်သူလူထုထံ အသိပေးနိုင်လေလေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးတွင် ပြည်သူပါဝင်မှု၊ စိတ်ဝင်စားမှု မြင့်မားလေ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးသည် သိုသိပ်၊ လျှို့ဝှက်၊ ပုံဖျက်လုပ်ရမည့် အရေးမဟုတ်ပေ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအ၀င် တိုင်းရင်းသား ပြည်သူလူထု၏ ယုံကြည်မှု၊ ထောက်ခံမှု၊ ၀န်းရံမှု ရရှိရေးကို ရှေးရှုလျက်၊ ငြိမ်းချမ်းရေးဆိုင်ရာ သတင်း အချက်အလက်များအား အများပြည်သူ သိရှိနိုင်အောင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး ဦးစားပေး ဖော်ဆောင်သင့်ပါကြောင်း တိုက်တွန်း ဆော်သြလိုက်ရပါသည်။

Writer:
ဒေါက်တာရန်မျိုးသိမ်း
Eleven Media Group

မေ ၃၁ ။ ။ အာဖဂန် နစ္စတန် မြောက်ပိုင်း ကွန်ဒက်ဇ်မြို့အနီး အဝေးပြေးလမ်းမပေါ်တွင် မေလ ၃၁ ရက်က မောင်းနှင်သွားလာခဲ့သော ဘက်စ်ကားနှစ်စီးကို တာလီဘန် စစ်သွေးကြွများက တားဆီးကာ ကားပေါ်ပါ ခရီးသည်များကို ပြန်ပေးဆွဲသွားခဲ့ပြီး အနည်းဆုံး ၁၆ ဦး ကို သတ်ဖြတ်ပစ်လိုက်သည်ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။

ကာဘူးလ်မြို့မှ ဘက်ဒက်ခ်ရှန် မြို့သို့ သွားရောက်ခဲ့သော အဆိုပါ ဘတ်စ်ကားနှစ်စီးကို တာလီဘန်တို့က ရပ်တန့်စေခဲ့ကာ ခရီးသည် ၁၈၅ ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့အကြီးအကဲ က ပြောသည်။ ယခုအခါ ဖမ်းဆီးခံ ခရီးသည်များကို လိုက်လံကယ်တင်နိုင်ရေး အစိုးရနှင့် ရဲတပ်ဖွဲ့က လုပ်ဆောင်နေလျက်ရှိသည်။

"တာလီဘန်တို့က ခရီးသည် ၁၆ ယောက်ကို ပစ်သတ်လိုက်ပါပြီ၊ နောက်ထပ်လည်း အယောက် ၃၀ ကို ဆက်လက်ဖမ်းဆီးထားဆဲပါ၊ ကျန်တဲ့ လူတွေကတော့ ပြန်လွတ်လာကြပါပြီ၊ လောလောဆယ် သူတို့လက်ထဲမှာ ရောက်နေတဲ့သူတွေကို ကယ်တင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်" ဟု ကွန်ဒက်ဇ် ဒေသ အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆေရက်ဒ် မာမွတ် ဒါနစ်ရှ်က ပြောသည်။

ယခု ဖမ်းဆီးထိန်းသိမ်းထားသော ခရီးသည်များကို ဗလီကျောင်းဆောင်တစ်ခုအတွင်း စစ်သွေးကြွများက ထိန်းသိမ်းထားပြီး ၎င်းတို့ကို အစိုးရနှင့် ချိတ်ဆက်မှု ရှိမရှိ၊ စစ်တပ်နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံများက သတင်းပေးပြောကြားသည်ဟု အေအက်ဖ်ပီသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ တာလီဘန်တို့ဘက်မှ တစ်စုံတစ်ရာမှတ်ချက်ပြု ပြောကြားခြင်း မရှိသေးသော်လည်း ယင်းနိုင်ငံတွင် တာလီဘန်နှင့် အခြားလက်နက်ကိုင်အုပ်စုများက ယခုကဲ့သို့ မကြာခဏဆိုသလို ဟိုက်ဝေးလမ်းပေါ် သွားလာနေသော ခရီးသွားများကို ပြန်ပေးဆွဲကာ သတ်ဖြတ်ခြင်းများ ပြုလုပ်တတ်လေ့ရှိခဲ့သည်။

ဘန်ကောက်ပို့စ်
Mizzima - News in Burmese


ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောက်လုပ်သည့် မြန်မာပလာဇာ ဆောက်လုပ်ရေး လုပ်ငန်းခွင်။မဇ္ဈိမ

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် MIC ၏ ခွင့်ပြုချက်ချထားပေးရေး စောင့်ဆိုင်းနေသည့် အဆိုပြုထားသော ကုမ္ပဏီပေါင်း ၉၈ ခုရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က မေ ၃၁ ရက်၌ ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

MIC ကို အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန် ရင်းနှီးမြုပ်နှံနိုင်ရေးအတွက် အဆိုပြုထားကြသည့် ကုမ္ပဏီများမှာ ပြည်တွင်း ကုမ္ပဏီ ၅၀ နှင့် ပြည်ပကုမ္ပဏီပေါင်း ၄၈ ခုရှိနေသည်။

"နှစ်လအတွင်းမှာ ပြည်ထောင်စုဝန်ကြီးတွေ ဦးဆောင်မှုနဲ့ MIC ကို အဖွဲ့ဝင်ကိုးဦးနဲ့ အသစ်ပြင်ဆင်ဖွဲ့စည်းသွားဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။"ဟု ဦးဆန်းမြင့်က ပြောသည်။

ယခုရင်းနှီးမြုပ်နှံမှုရရန် အဆိုပြုလျှောက်ထားရာတွင် အများစုက အထည်ချုပ်လုပ်ငန်းနှင့် ငါးလုပ်ငန်းများတွင် ဖြစ်ကြသည်။ ထိုအပြင် စင်ကာပူကုမ္ပဏီတစ်ခုက မန္တလေးတိုင်းဒေသကြီးတွင် ဆိုလာစွမ်းအင်ထုတ်လုပ်ရေးအတွက် ရင်းနှီးမြုပ်နှံသွားရန် အဆိုပြုထားကြောင်း သိရသည်။

အဆိုပြုလျှောက်ထားမှုအများစုက တရုတ်၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီလုပ်ငန်းအများစုဖြစ်သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုဥပဒေသစ်အား လွှတ်တော်က မကြာမီပြဌာန်းနိုင်မည်လည်း မျှော်လင့်ရသည်။

နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၉ ဒဿမ ၅ ဘီလီယံရှိခဲ့ပြီး ယခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၈ ဘီလီယံရရှိရန် မျှော်မှန်းထားသည်။

တရားဝင်စာရင်းများအရ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၆ ခုနှစ် မတ်လအထိ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၆၃ ဒဿမ ၇၁၈ ဘီလီယံရှိခဲ့သည်။
Mizzima - News in Burmese

တောရိုင်းတိရစ္ဆာန်များကို တရားမ၀င် သားဖောက်ခြင်းနှင့် တင်ပို့ရောင်းချခြင်းတို့တွင် ဘုန်းကြီးများ ပါဝင်ပတ်သက်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ထိုင်းတောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဝန်ထမ်းများက ဘုန်းကြီးကျောင်းရှိ ကျား ၁၃၇ ကောင်ကို တနင်္လာနေ့က စတင်သယ်သူနေပြီ ဖြစ်သည်။

ထိုင်းတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးရုးံ ဒါရိုက်တာက ဒေသခံတာဝန်ရှိသူ ၁၀၀၀ အကူအညီဖြင့် ကျား ၃ ကောင်ကို မေ့ဆေးပေးပြီး သယ်ယူသွားခဲ့ပြီး တပတ်အကြာအထိ ယင်းသို့ဖယ်ရှား သယ်ယူမည်ဟု ပြောသည်။

အဆိုပါကျားများကို အစိုးရတိရစ္ဆာန် စောင့်ရှောက်ရာ နေရာသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ နိုင်ငံအနောက်ပိုင်း ကန်ချနာဘူရီခရိုင်ရှိ အဆိုပါဘုန်းကြီးကျောင်းမှာ ကမ္ဘာ့လှည့်ခရီးသွား အများအပြား လာရောက်ရာ နေရာဖြစ်ပြီး တိရစ္ဆာန်များကို ထိုက်သင့်သည့် စောင့်ရှောက်မှုမပြုခြင်း အပါအ၀င် တင်းကျပ်ထားသည့် ဥပဒေလုပ်ထုးံများမှ သွေဖီ၍ သားရဲတိရစ္ဆာန်များကို ရောင်းဝယ်ခြင်းစသဖြင့် တိရစ္ဆာန်အခွင့်အရေး သမားများက စွပ်စွဲနေကြောင်း သိရသည်။

ယခင်ကာလများအတွင်း ယခုကဲ့သို့ ကျားများသယ်ယူရာတွင် ဘုန်းကြီးများက ဆန့်ကျင်ခုခံခဲ့ကြပြီး ယခုတစ်ကြိမ်တွင် အာဏာပိုင်များက အလုးံအရင်းဖြင့် ၀င်ရောက်သော်လည်း ခုခံမှုများရှိနေသည်။ တရားရုးံအမိန့်ဖြင့် ယင်းသို့ ၀င်ရောက်ခြင်းဖြစ်သဖြင့် လက်လျှော့ခဲ့ကြောင်း သိရသည်။
ကျောင်းအတွင်း ကျားများမကျန်ရှိရန် အစိုးရပိုင်းမှ လူ ၃၀၀ ခန့် ကျောင်းတွင် ညအိပ်ညနေ နေမည်ဖြစ်သည်။ အဆိုပါဘုန်းကြီးကျောင်းကို တိရစ္ဆာန်ရုံအဖြစ် ဖွင့်ရန်ဖြစ်သော်လည်း တိရစ္ဆာန်များ နေထိုင်စားသောက်နိုင်သည့် ပတ်ဝန်းကျင်နှင့် ကျွေးမွေးမည့်အရာ ချို့တဲ့သဖြင့် ယခုကဲ့သို့ ဖယ်ရှားရခြင်းဖြစ်သည်။

ရွှန်းတင့်
Ref: VOA

The Ladies News Journal

ငါးဖမ်းလုပ်ငန်းတွေ လုပ်ကိုင်နေသူများ။
ငါးဖမ်းလုပ်ငန်းတွေ လုပ်ကိုင်နေသူများ။

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀န်းက လူပေါင်း ၄၅ သန်းကျော်ဟာ ပုံစံမျိုးစုံနဲ့ ခေတ်သစ် ကျေးကျွန်တွေလို ခိုင်းစေတာကို ခံနေရတယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ကမ္ဘာတ၀န်း ကျွန်ပြုခိုင်းစေခံရမှုဆိုင်ရာ အညွန်းကိန်း Global Slavery Index အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနဲ့ Uzbekistan နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ ကျွန်ပြုခိုင်းစေခံရမှု အရေအတွက် အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ ပါဝင်သလို၊ သူတို့နိုင်ငံတွေရဲ့ လူဦးရေနဲ့ အချိုးချကြည့်ရင်လည်း ကျွန်ပြုခိုင်းစေမှုနှုန်း အမြင့်ဆုံး ရှိတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

Uzbekistan နိုင်ငံသားတွေ ဟာ အစိုးရရဲ့ဝါဂွမ်း ခူးတဲ့လုပ်ငန်းတွေမှာ အတင်းအဓမ္မ စေခိုင်းခံကြရပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ် ခံရတဲ့ အကျဉ်းသားတွေကြား ကျွန်ပြုခိုင်းစေခံရမှု အမြင့်ဆုံးရှိတဲ့ နိုင်ငံတခု ဖြစ်တဲ့အပြင် လိင်ပိုင်းဆိုင်ရာ စီးပွားရေး အမြတ်ထုတ်မှုတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးတွေကို အလိုမပါဘဲ အတင်းအကျပ်လက်ထပ်ခိုင်းပြီး ကျွန်ပြုတာတွေ အများဆုံးရှိတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ ကျွန်ပြုခိုင်းစေခံရတဲ့ လူဦးရေ ငါး သိန်း ကျော်ရှိပြီး ကျွန်ပြုခိုင်းစေခံရမှုဆိုင်ရာ အညွှန်းကိန်းအရ အဆင့် ၁၂ မှာရှိတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ ကျွန်ပြုခိုင်းစေမှုနှုန်း နည်းပါးပြီး အနည်းဆုံး နိုင်ငံတွေထဲမှာတော့ အနောက်ဥရောပနိုင်ငံတွေနဲ့၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေ ပါဝင်ပါတယ်။ နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို လေ့လာပြုစုထားတဲ့ ဒီအစီရင်ခံစာထဲမှာ လက်တလော ပြည်တွင်းစစ် ပဋိပက္ခတွေ ရှိနေတဲ့ အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေတော့ မပါဝင်ပါဘူး။
VOA Burmese News