06/03/16

 bashein-620.jpg ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က မြစ်ကမ်းပါးမှာ နေအိမ်တွေ ဆောက်လုပ်နေတာကို ကြပ်မတ်စစ်ဆေးပေးဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ဇွန်လ ၂ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြစဉ်
Photo: Pyithu Hluttaw Facebook

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က မြစ်ကမ်းပါး မြေထိန်းနံရံတွေကိုကျော်ပြီး လူနေအိမ်တွေနဲ့ ဆိုင်ခန်းအဆောက် အဦးတွေ ဆောက်လုပ်နေတာကို ကြပ်မတ်စစ်ဆေးပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကို ငွေကြေးပေးပြီး မြစ်ထဲမှာ အဆောက်အဦးတွေ ဆောက်နေတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။

ဒီလိုဆောက်လုပ်ခွင့်ပေးတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းများက တာဝန်ရှိပုဂ္ဂိုလ်တွေဟာ ဥပဒေတွေနဲ့အညီ လုပ်ပိုင်ခွင့်ရှိလို့ ခွင့်ပြုနေကြတာလား၊ လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင် စနစ်တကျ လုပ်ပေးဖို့လိုပါတယ်၊ အခုလို စည်းမဲ့ကမ်းမဲ့ လုပ်ကိုင်နေတဲ့အတွက်ကြောင့် မြစ်အတွင်းမှာ မြေထိန်းနံရံလုပ်ပြီးတော့ အဲ့မြေထိန်းနံရံ ကို မြစ်ကမ်းခြေက မြေတွေစုပ်ယူပြီးတော့ မြေဖို့တယ်၊ ဒါတွေအန္တရာယ်များပါတယ်၊ အသုံးပြုခွင့်ရတဲ့သူတွေ ကတော့ တာဝန်ရှိသူတွေကို တစ်စုံတရာတန်ဖိုးပေးပြီး ရယူထားတဲ့အတွက်ကြောင့် တရားဝင်တယ်လို့ မှတ်ယူကောင်းယူကြပါမယ်

မြစ်ကမ်းခြေတွေမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေဟာ သက်ဆိုင်ရာ အာဏာပိုင်တွေက ဥပဒေနဲ့အညီ တရားဝင်ခွင့်ပြုချက်နဲ့ ခွင့်ပြုထားတာတွေရှိသလို ကျူးကျော်တွေလည်းရှိတဲ့အတွက် ပြန်လည်စိစစ်သွား မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

"သက်ဆိုင်ရာက ဥပဒေတွေနဲ့အညီ တရားဝင်ခွင့်ပြုချက်များဖြင့် ဆောက်လုပ်ထားတဲ့ အဆောက်အဦးများရှိ သကဲ့သို့ ခေတ်ကာလ အဆက်ဆက်ကတည်းက ဒေသနေပြည်သူတချို့က တရားဝင်ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်နေထိုင်တဲ့ အဆောက်အဦးများလည်းရှိကြောင်း တွေ့ရှိရပါတယ်၊ သို့ရာတွင် တာဝန်ရှိ သူများက ဥပဒေနဲ့အညီ ခွင့်ပြုထားခြင်း မဟုတ်သော်လည်း လက်ရှိဆောက်လုပ်နေထိုင်သည်မှာ နှစ်ကာလကြာ ရှည်စွာ နေထိုင်ကြသူများဖြစ်တဲ့အတွက် ၄င်းတို့နေထိုင်သည့် မြစ်ကမ်းသဲသောင်ပြင် ဧရိယာများကို မြေသား ခိုင်မာမှု ရှိ မရှိ စစ်ဆေးပြီး မြေသားခိုင်မာမှုရှိသော မြေများဖြစ်ပါက နိုင်ငံတော်အစိုးရက စီမံခန့်ခွဲနိုင်တဲ့မြေတွေ အဖြစ် အသုံးပြုခွင့်ရရှိရေး သက်ဆိုင်ရာအစိုးရအဖွဲ့များက စိစစ်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်"

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်အနေနဲ့ တချို့ကိစ္စတွေကို ကိုယ့်မဲဆန္ဒနယ်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဆောင်ဖို့လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ကျောက်ဖြူမြို့ မြစ်ကမ်းပါး မြေထိန်းနံရံတွေ ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို ဆည်မြောင်းဦးစီးဌာန၊ လမ်းဦးစီးဌာနတွေနဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီစတဲ့ ဌာနတွေက လုပ်ဆောင်နေတာဖြစ်ပါတယ်။
RFA


tinmyowin-620.jpg
ဒေါက်တာ တင်မျိုးဝင်း ကို မေလ ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ဒီကနေ့ ဇွန်လ ၂ ရက်နေ့ ညနေမှာရောက်ရှိလာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့တို့ဟာ ညနေ ၅ နာရီခွဲက တွေ့ ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက် တွေ့ဆုံခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က RFA ကို အခုလို ပြောဆိုပါတယ်။

"ဒီလာမယ့် နိုင်ငံရေး ဆွေးနွေးပွဲ ဒီကာလမှာ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့ ဒီနိုင်ငံရေး ဖရိန်ဝပ်တွေပေါ့နော်၊ ရေးဆွဲတဲ့နေရာမှာ သူတို့ ဘယ်လို ကြိုးစားပြီးတော့ ဆွေးနွေးပြီးတော့ ပါဝင် လာနိုင်အောင် ကြိုးစားသွားမလဲဆိုတဲ့ အချက်တွေနဲ့ ကျနော်တို့ကို ရှင်းပြတာရှိတာပေါ့နော်၊ သူတို့ လာပြီးတော့ တွေ့ဆုံတဲ့အချိန်မှာ ကျနော်တို့ဘက်နဲ့ အမြင်သဘောထားတွေ ပြန်ပြီးတော့ ညှိကြည့်တာပေါ့နော်၊ ကျနော်တို့ကတော့ မေးတာပေါ့နော် ဒီ ၂၁ ရာစုက ဘယ်လိုပုံစံမျိုးနဲ့ သွားမယ့်ဟာတွေ ကျနော်တို့ မေးပါတယ်၊ ကျနော်တို့ NCA ရဲ့ အခန်းကဏ္ဍတို့ JMCM တို့ ဒီကိစ္စတွေနဲ့ပါပဲ၊ ကျနော်တို့ နားလည်မှု တူညီမှု ရှိလား မရှိလား အဲ့ဒီ သဘောအနေအထားလောက်ပါ"

တဆက်တည်းမှာပဲ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က ဗိုလ်ချူပ် စိုင်းထူး ဦးဆောင်တဲ့ အဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ဦးမိုးဇော်ဦး ဦးဆောင်တဲ့အဖွဲ့တို့လည်း ညနေ ၆ နာရီမှာ အကြို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ အကြိုညှိနှိုင်း ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး DPN ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် စိုင်းထူး က အခုလို ပြောဆို ပါတယ်။

"မနက်ဖြန် အစီအစဉ် ဆွေးနွေးဖို့လေ ဘယ်နှစ်ယောက်ပါမလဲ၊ ဘယ်လိုဆွေးနွေးမလဲပေါ့ဗျာ၊ ကျနော်တို့ လည်း တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ DPN အနေနဲ့ ကြိုဆိုပါတယ် တွေ့ဆုံဖို့လည်းဆန္ဒရှိတယ်၊ အကြောင်းပေါ့လေ မနက်ဖြန် ဆွေးနွေးမယ့်ကိစ္စကျတော့ အသေးစိတ်တော့ မနက်ဖြန်မှ သိမှာပေါ့၊ လောလော ဆယ် ပဏာမအနေနဲ့ပဲ သူတို့လာမေးတယ်၊ ကျနော်တို့ အနည်းဆုံးတော့ ၁၃ ယောက်တော့ပါမယ် အတိ အကျတော့ နာမည် မပြောနိုင်သေးဘူး၊ ဆွေးနွေးတဲ့အကြောင်းအရာက ကျနော်တို့ ၂၁ ပင်လုံ ကိစ္စ ဒါပါပဲ၊ အခြေခံတာပါပဲ"

မနက်ဖြန် ဇွန်လ ၃ ရက်နေ့မှာတော့ ချင်းမိုင်မြို့က Shangri-la Hotel မှာ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ယောက်နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် DPN အဖွဲ့တွေ ဟာ မနက် ၁၀ နာရီမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။
RFA

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားခဲ့ကြစဉ်။ (မတ် ၁၃၊ ၂၀၁၂)
မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားခဲ့ကြစဉ်။ (မတ် ၁၃၊ ၂၀၁၂)

နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စကားရပ်ကို NLD အစိုးရလက်ထက်မှာ တရားဝင် သတ်မှတ် ပြဌာန်းသင့်တယ်လို့ ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြောဆိုလိုက်ကြပါတယ်။ အားနည်းချက်တွေ ရှိနေဆဲဖြစ်တဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လူ့အခွင့်အရေးနဲ့ မညီတဲ့ ဥပဒေ တွေ ပြဌာန်း ထားသ၍ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့လည်း ထောက်ပြခဲ့ကြတာပါ။ အသေးစိတ်ကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရဟာ မြန်မာပြည်နဲ့ သိပ်မစိမ်းလှပါဘူး။ လက်ရှိ အာဏာရပါတီ NLD အစိုးရရဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင်မှ တချိန်က ဆိုရင် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးတာပါ။ ဒါပေမဲ့လည်း ဒီ နိုင်ငံရေးအကျဉ်းသား - ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်ပြီး ယနေ့တိုင် ငြင်းခုံနေကြဆဲ - လွှတ်တော်အထိ တရားဝင် သတ်မှတ်ပြဌာန်းသင့် မသင့် အချေအတင် ဆွေးနွေးနေကြဆဲ ဖြစ်ပါ တယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကတော့ - ဖွဲ့စည်းပုံ ဥပဒေမှာ နိုင်ငံသားအားလုံးကို တန်းတူ အခွင့်အရေး ပေး ထားပြီးသား မို့ နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေးအကျဉ်းသားဆိုပြီး သီးသန့် ပြဌာန်းဖို့ မလိုဘူးလို့ ထောက်ပြခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး - ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့သူ ၉၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်ဟောင်း တဦးဖြစ်တဲ့ ဒေါက်တာ တင့်ဆွေ ကတော့ -

“ဒါ ဖြစ်သင့်တဲ့အရာလို့တော့ ကျနော် ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကလည်း အများစုက ပြင်ဆင်ဖို့ တောင်းဆိုနေတဲ့အချိန် ဖြစ်တော့ ဖွဲ့စည်းပုံကို ထောက်ပြတဲ့ဟာက ကျိုးကြောင်းဆီလျော်မှု အင်မတန်မှ အားနည်းတယ် လို့ ကျနော် ယူဆပါတယ်။ နောက်တခါ ဒီဖွဲ့စည်းပုံ အရ ပြည်ထဲရေးဝန်ကြီးဌာနက သမ္မတကနေ ရွေးချယ်ရတာ မဟုတ်တဲ့ ၀န်ကြီး ဖြစ်နေတော့ကာ ဒီကိစ္စတွေဟာ အနှောင့်အယှက် အဟန့်အတားကတော့ ရှိနေဦးမှာ ဖြစ်တဲ့အရာလို့ ကျနော်မြင်တယ်။”

ဥပေဒေအထောက်အကူပြုကွန်ယက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး ကလည်း - လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်ကို ထောက်ပြခဲ့ပါတယ်။

“ခုနက စစ်ဗိုလ်ချုပ်ကြီးပြောတဲ့ဟာကို ပထမတချက် တုံ့ပြန်ချင်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေး ပေးထားပြီးသားဆိုရင် ဘာကြောင့် ပုဒ်မ ၄၄၅ က န၀တ၊ နအဖ စစ်ခေါင်းဆောင်တွေအတွက်ကိုပဲ လွတ်ငြိမ်း ချမ်းသာခွင့် ပေးထားတာလဲ။ ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုက Discrimination ပဲ။ တနည်းအားဖြင့် အခွင့်ထူးခံထားတာပဲလေ။ အဲဒါကျတော့ သူ မပြောဘဲနဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စ ပြောတာကတော့ သဘာဝ မကျဘူးလေ။”

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၄၅ အရ - (အစိုးရအဖွဲ့ဝင် တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်တွေအပေါ် အကြောင်းပြုပြီး သူတို့ကို တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရ) လို့ - ပြဌာန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံကြီးတွေမှာတောင် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ နိုင်ငံရေးအကျဉ်း သား ဆိုတာ ရှိကို ရှိတယ်လို့ ဒေါက်တာတင့်ဆွေက ထောက်ပြပါတယ်။

“မခေါ်-ခေါ်ခေါ် ရှိနေတာပါ။ ဥပမာ - အိန္ဒိယမှာဆိုရင် ဒီမိုကရေစီ အစိုးရပဲ။ ဒီမိုကရေစီမှာ ရင့်သန်တဲ့ နိုင်ငံကြီးတခုပါပဲ။ အဲဒီမှာလည်း ဆန္ဒပြလို့ ထိန်းသိမ်းရတာတွေရော၊ ဖမ်းရတာတွေရော၊ ထောင်ချ တာတွေရော နေ့တိုင်း လိုလို ထောင်နဲ့ ရာနဲ့ ချီပြီး ရှိနေတော့ကာ ဒီနိုင်ငံရေးအကျဉ်းသားတွေကို ဘယ်ပါတီက အစိုးရပဲ တက်တက် ဆက်ဆံရတာက မတူဘူးခင်ဗျ။ ခက်တော့ခက်တယ်။ သို့သော် ဗမာပြည်ရဲ့ လိုအပ်ချက် တရပ် ဖြစ်နေတယ်လို့တော့ မြင်ပါတယ်။”

လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကတော့ - တက်ကြွလှုပ်ရှားသူတွေကို အရေးယူနိုင်ဖို့ လူ့အခွင့်အရေးနဲ့ မညီဘဲ ပြဌာန်းထားတဲ့ ဥပဒေမျိုးတွေ မြန်မာပြည်မှာ ရှိနေသ၍ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိနေဦးမှာပဲလို့ ထောက်ပြခဲ့ပါတယ်။

“တကယ်တော့ ဒီငြိမ်းစုစီ ဥပဒေဆိုတာက လုံးဝ ရှိဖို့ မလိုအပ်တဲ့ ဥပဒေ။ ဒီဥပဒေကို ပြင်ဖို့ ကြိုးစားတယ်ဆိုကတည်းကိုက လမ်းကြောင်းက လွဲနေတာ။ ကျနော်တို့ မြန်မာနိုင်ငံက ၁၉၄၈ ကနေ ၁၉၆၂ ခုနှစ် ကြားကာလမှာ ဒီမိုကရေစီ အများဆုံးရှိခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းဘူး။ အဲဒီတုန်းက ဘာငြိမ်းစုစီ ဥပဒေမှကို မရှိဘူး။ ရန်ကုန်ရဲတပ်ဖွဲ့ဥပဒေဆိုတာတော့ရှိတယ်။ ရဲတပ်ဖွဲ့ဥပဒေနဲ့အညီ ဆန္ဒပြချင်တယ်ဆိုရင် ရဲဆီမှာ ခွင့်ပြုချက် တောင်းခံရတယ်။ ဒါပဲ။ ရဲကဘာလုပ်ပေးသလဲဆိုတော့ ဆန္ဒပြတာကြောင့် ယာဉ်အသွားအလာ၊ လမ်းအသွားအလာ အနှောင့်အယှက်မဖြစ်အောင် ထိန်းကျောင်းပေးတဲ့ အလုပ်ကိုပဲ လုပ်ပေးတာ။ ဆန္ဒပြတဲ့ကိစ္စကို ဆန္ဒပြသူတွေရဲ့အကြောင်းတွေ၊ ကိုယ်ရေးရာဇ၀င်တွေ အသေးစိတ်ဖော်ပြပြီး ခွင့်ပြုချက်တောင်းတယ်ဆိုတာ ရှိကိုမရှိဘူး။ ဒါ နိုင်ငံတိုင်းမှာရှိတယ်။ ရဲက ဆန္ဒပြတဲ့ အကြောင်းအရာကို စိစစ်ဖို့တာဝန်မရှိဘူး။ အဲတော့ အခုလိုမျိုး ဆန္ဒပြတဲ့ အကြောင်းအရာကို မူတည်ပြီး စစ်ဆေးပြီးတော့မှ ဆန္ဒပြခွင့် ပေးသင့် - မပေးသင့် ဆုံးဖြတ်တယ်ဆိုတဲ့ အခြေခံမျိုးကို ပြဌာန်းထားတဲ့ ငြိမ်းစုစီ ဆိုတဲ့ ဥပဒေက လုံးဝကို မရှိသင့် တဲ့ ဥပဒေပါပဲ။ အဲဒီဥပဒေရှိနေသမျှ ကာလပတ်လုံးကတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်အောက်မှာ အကျုံးဝင်သွားမှာပဲ။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားတဲ့ စာရင်းအရ - သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အထိ - မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ စုစုပေါင်း ၅၃၅ ဦး ရှိပြီး၊ NLD အစိုးရတက်လာပြီးနောက် လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ကတော့ - ၂၈၂ ဦး ရှိပြီဖြစ်ပါတယ်။
VOA Burmese News


နိုင်ငံရေးအကျဉ်းသားအဖြစ် တရားဝင်သတ်မှတ် သင့်မသင့် ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး။
နိုင်ငံရေးအကျဉ်းသားအဖြစ် တရားဝင်သတ်မှတ် သင့်မသင့် ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး။

မြန်မာနိုင်ငံမှာ စစ်အစိုးရတွေ အဆက်ဆက်လက်ထက် အသိအမှတ်ပြု လက်ခံခဲ့ခြင်း မရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လက်ထက်မှာ တရားဝင် လက်ခံဖို့ ရှိမရှိ လွှတ်တော်မှာ မေးခွန်းထုတ် ခဲ့ကြပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံရသူတွေ ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး အရေးယူဖို့၊ ခံစားခွင့်တွေ ရရှိဖို့ ဆောင်ရွက်မယ့် အစီအစဉ်ရှိမရှိ လွှတ်တော်တွင်း ဆွေးနွေးခဲ့ကြတဲ့ အပေါ်မှာ နိုင်ငံရေး အကျဉ်းသားရေး လှုပ်ရှားသူတွေ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ ဆိုတာကိုတော့ မသိဂီ င်္ထိုက်က စုစည်းတင်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံမှာ နိုင်ငံသား အားလုံးကို တန်းတူခွင့်ပေးထားတာကြောင့် အကျဉ်းသားတွေကြားမှာ နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ပြဌာန်းလိုက်ရင် ဖွဲ့စည်းပုံ အခြေခံနဲ့ ကွဲလွဲဆန့်ကျင်နေနိုင်တယ် လို့ မြန်မာ အာဏာပိုင်တွေ က ပြောဆိုလိုက်ပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး

ကြာသပတေးနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေး မှာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က နိုင်ငံရေး ပြစ်မှု နဲ့ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ပြဌာန်းဖို့ မရှိဘူးလို့ အခုလို ပြောဆိုသွားပါတယ်။

" ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၇၄ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည် ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျစွာ ရယူပိုင်ခွင့် ပေးရမည်ဟု ပြဋ္ဌာန်း ထားရှိသဖြင့် အကျဉ်းသားများအား အဆင့်အတန်း ခွဲခြားသည့် စနစ်ကို ပြန်လည်ဖော်ဆောင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲဆန့်ကျင်နေနိုင်မည်ဖြစ်ပါသည်။ အကျဉ်းသားအားလုံး၏ အဆင့်အတန်းကို မြှင့်တင်ပေးခြင်းကသာလျှင် အကျဉ်းသားများအား ပြစ်ဒဏ်ပေး သည့် သဘောမဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲကာ လူကောင်းသူကောင်းများ ဖြစ် လာစေရန်နှင့် ပြစ်ဒဏ်မှ လွတ်မြောက်ပြီးတဲ့အခါ ထိုက်သင့်သည့် ပညာရပ်များ တတ်မြောက်သွားစေရန် စသည့် ရည်ရွယ်ချက်ကောင်း များကိုလည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံဥပဒေ တည်ဆဲ ဥပဒေများတွင် ဖော်ပြပါရှိခြင်း မရှိသဖြင့် နိုင်ငံရေးပြစ်မှု နဲ့ နိုင်ငံရေး အကျဉ်းသား
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း

နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေ အတွက် နိုင်ငံရေး အကျဉ်းသား၊ နိုင်ငံရေး ပြစ်မှုတွေ အဖြစ် သတ်မှတ်ပြဌာန်းဖို့ လိုတယ်လို့ ရခိုင်အမျိုးသားပါတီက လွှတ်တော်အမတ် ဦးဖေသန်းက တုံ့ပြန်ပြီး လက်ရှိ အစိုးရသစ်ရဲ့ မူဝါဒကိုလည်း မေးမြန်းခဲ့တာပါ။

" အမှန်မှန်မှာ နိုင်ငံရေးသမားဆိုတာ ထောင်ထဲကို မသွားသင့်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ ပုဒ်မ အမျိုးမျိုးတပ်တော့ နိုင်ငံရေး ပုဒ်မ ဆိုတာ ပျောက် သွားတယ်။ နိုင်ငံရေး အကျဉ်းသား အဓိပါယ်ဖွင့်ဆိုချက် မရှိဘူး။ တကယ်လို့ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမယ်ဆိုရင်တောင်မှ ရာဇဝတ်သားတွေနဲ့ ရောနှောပြီးတော့မှ အဲ့လိုဖုန်းဖိပြီးတော့မှ လွှတ်ပေးတာတွေရှိခဲ့တယ်။ ဒါကြောင့် ကျနော်တို့က ဒီနေ့ နိုင်ငံရေးအကျဉ်းသားတွေကို အဓိပါယ် သတ်မှတ်လိုက်မယ် ဆိုရင် နိုင်ငံရေးအကျဉ်းသားကို ဖမ်းစရာအကြောင်း မရှိတော့ဘူး။ ဒါ နိုင်ငံရေးပြစ်မှု ပုဒ်မပါလို့ သတ်မှတ်ပေးလိုက်ရင်လည်း ဒါ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေ ကို ပြန်လွတ်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က မရှိတာကို ရှိအောင် လုပ်ဖို့အတွက် ဒီအစိုးရမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ ဒီဟာဟာ နိုင်ငံတော် အစိုးရရဲ့ မူဝါဒနဲ့ အများကြီး သက်ဆိုင်ပါလိမ့်မယ်။ နိုင်ငံရေး မူဝါဒနဲ့ သက်ဆိုင်ပါလိမ့်မယ်။"

လက်ရှိ အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား၊ နိုင်ငံရေး ပြစ်မှု ဆိုတဲ့ စကားရပ်ကို သတ်မှတ်ပြဌာန်းဖို့ အစီအစဉ် မရှိဘူးဆိုတာက လက်ရှိ အစိုးရရဲ့ မူဝါဒ ဟုတ်မဟုတ် ဆိုတာကိုတော့ ပြည်ထဲရေး ဒုတိယ ၀န်ကြီးဘက်က ရှင်းလင်းနိုင်ခဲ့ခြင်း မရှိဘဲ အစိုးရ အဖွဲ့ကို ပြန်လည် မေးမြန်းပါမယ်လို့ ကတိပြုခဲ့ပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ ဖြေကြားချက် အပေါ်မှာ နိုင်ငံရေး အကျဉ်းသား အရေး ဆောင်ရွက်သူတွေကြား မှာလည်း စိတ်တိုင်းမကျ ဖြစ်ခဲ့ကြတာပါ။

နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဦးအောင်မျိုးကျော် ကတော့

" ခွဲခြားဆက်ဆံတာနဲ့ ခွဲခြားတာနဲ့ သူတို့ခွဲထားတာက တော်တော်ကြီးကို ကွဲပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာက အစိုးရနဲ့ အယူအဆမတူ အမြင်မတူလို့ ရောက်လာတဲ့သူတွေ တိုင်းပြည်ဒီမိုကရေစီရေးကိစ္စတွေ မှာ အစိုးရ စစ်အာဏာရှင်တွေက ဖမ်းဆီးထိန်းသိမ်း ထောင်ချခံရသူတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီလူတွေနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေနဲ့ အတူတူထားဖို့ဟာ ဘယ်လိုမှကို မသင့်တော်ပါဘူး။ ဒီလိုမျိုး မတူလို့ ခွဲခြားထားတဲ့ ကိစ္စကို ပြည်ထဲရေး ဒုဝန်ကြီးက ခွဲခြားဆက်ဆံဖို့ပြောသွားတာ အင်မတန်မှ အခြေခံကျတဲ့ လူ့အခွင့်အရေးဆိုတဲ့အချက်ကို ပြည်ထဲရေးဒုဝန်ကြီးအနေနဲ့ သေချာ သဘောမပေါက်ဘူး။ သေချာ နားမလည်ဘူးလို့ ကျနော်က မြင်တယ်။"

အရပ်သား အစိုးရသစ် အနေနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေ လိုလားချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကလည်း ပြောပါတယ်။

အရင် အစိုးရတွေ လက်ထက်က နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ညှင်းပမ်းခံခဲ့ရမှုတွေကနေ ပြန်လည်ကုစားပေးနိုင်ဖို့ အတွက် မူဝါဒ ချမှတ်လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
VOA Burmese News


ရန်ကုန် မေ ၂

မြန်မာပြည်တွင် လူအသုံးများဆုံး လူမူကွန်ရက် Facebook ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ MPT SimCard များကို အသုံးပြုကာ အင်တာနက်အသုံးပြုခမပေးစရာမလိုဘဲ သုံးနိုင်မည့် Facebook Flex & Free Basics အစီအစဉ်ကို ဇွန် ၆ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဈေးနှုန်းသက်သာပြီး ရှုပ်ထွေးသည့် နည်းပညာများမပါတဲ ၀န်ဆောင်မှုတွေကိုပေးရင်း MPTနဲ့ မြန်မာနိုင်ငံသားတွေ ပိုပြီးအင်တာနက်အသုံးပြုလာအောင် လုပ်ဆောင်ချင်ပါတယ်”ဟု Facebookမှ Global Operator Partnerships ဒါရိုက်တာ Markku Makelainen ကဆိုသည်။

အဆိုပါ Facebook Flex ကို MPT အသုံးပြုသူများ အနေဖြင့် အင်တာနက်ဖိုးကျသင့်ခြင်းမရှိပဲ စာများတင်ခြင်း၊ ကွန်မန့်ပေးခြင်း၊ လိုက်ခ်လုပ်ခြင်းများ နှင့် အခမဲ့ Chatting လုပ်နိုင်မည်ဖြစ်ကြောင်း သိရပြီး ဓာတ်ပုံနှင့် ဗီဒီယိုများကို ကြည့်ရူနိုင်မည်မဟုတ်ကြောင်း သိရကာ ဓာတ်ပုံနှင့် ဗီဒီယိုများကြည့် ရူလိုပါက အခပေးစနစ်ကိုပြောင်းလဲအသုံးပြုနိုင်ကြောင်း သိရသည်။

Facebook Flex နှင့်အတူ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ သတင်းများ ပါဝင်သည့် ၀န်ဆောင်မှု ၃၅မျိုးကို အခမဲ့ ဖတ်ရူနိုင်မည်လ Free Basics အစီအစဉ်ကိုလည်း MPTအသုံးပြုသူ များရရှိမည်ဖြစ်သည်။

အခမဲ့အသုံးပြုနိုင်မည့် Facebook Flex အစီအစဉ်ကို Android ဖုန်းများတွင် Facebook Applications နှင့် အသုံးပြုနိုင်ပြီး IOS အသုံးပြုသူများအနေဖြင့် www.facebook.com တွင် အသုံးပြုရမည်ဖြစ်ကြောင်း နှင့် FreeBasics ၀န်ဆောင်မှုအတွက် www.freebasics.com တွင်ဝင်ရောက်ကြည့်ရူနိုင်ကြောင်းသိရသည်။

အောင်သော်ဖြိုး
china.com Myanmar
https://www.facebook.com/china.com.mm


ဇွန်လ ၆ ရက်နေ့မှစတင်မည့် MPT နှင့် Facebook တို့ပူးပေါင်းပြုလုပ်သော အခမဲ့ facebook အသုံးပြုနိုင်မည့် Facebook Flex အခမဲ့ဝန်ဆောင်မှုတွင် ဓာတ်ပုံနှင့် ဗွီဒီယိုကြည့်ရှု၍ မရနိုင်ကြောင်း သိရသည်။

Facebook ၏ ၀န်ဆောင်မှုတစ်ခုဖြစ်သော facebook Flex ကို MPT ဆက်သွယ်ရေးဝန်ဆောင်မှုဖြင့် အခမဲ့သုံးစွဲနိုင်မည်ဖြစ်ပြီး ဓာတ်ပုံနှင့် ဗွီဒီယိုကြည့်ရှု၍ မရနိုင်သော်လည်း ပုံမှန်အတိုင်း Facebook သုံးစွဲသကဲ့သို့ Like , Comment , Chat, Postများတင်နိုင်ကြောင်းသိရသည်။

Facebook Flex အသုံးပြုမည့်သူများသည် အခမဲ့နှင့် ဒေတာအသုံးပြုပုံစံဟူရ်ျ ပုံစံနှစ်မျိုးဖြင့်အသုံးပြု နိုင်မည်ဖြစ်ပြီး Facebookကို စတင်အသုံးပြုမည့် သူများကို ၁၄ ရက်အခမဲ့ အသုံးပြုခွင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“Facebook နဲ့ပူးပေါင်းပြီးဆောင်ရွက်လုပ်ဆောင်တဲ့ ဒီအစီအစဉ်ဟာ မြန်မာပြည်သူပြည်သားတွေကို အင်တာနက်ပေါ်မှာ ပိုပြီးချိတ်ဆက်မှုရှိလာစေဖို့နဲ့ဒီအခမဲ့ အခြေခံစနစ်ပုံစံကနေတစ်ဆင့် လိုချင်သိချင်တဲ့အချက် တွေကို ရယူနိုင်ဖို့ဖြစ်ပါတယ် ဒီပူးပေါင်းမှုဟာ မြန်မာပြည်ဆက်သွယ်ရေးကဏ္ဍမှာနောက်ထပ်မှတ်တိုင်သစ်တခု စိုက်ထူလိုက်တာဖြစ်ပြီး အင်တာနက်ပေါ်မှာရှိတဲ့ အခြေခံသတင်းအချက်အလက်တွေနဲ့ အခြားတန်ဖိုးရှိတဲ့ အချက်အလက်တွေကို အသုံးပြုနိုင်မယ့် နောက်ထပ်အခွင့်အရေးတစ်ခုကို ဖန်တီးလိုက်တာလဲဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commerical Offricer ဖြစ်သူ Mr.Koichi Kawase ကပြောကြားသည်။

Facebook Flex ၀န်ဆောင်မှုကိုအသုံးပြုမည့်သူများအနေဖြင့် MPTဖုန်းဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး မိမိတို့ဖုန်း၏ SIM Slot 1 တွင်သာအသုံးပြုနိုင်မည်ဖြစ်ကာ Android ဖုန်းများအနေဖြင့် မိမိတို့အသုံးပြုနေသော Application ဖြင့်သာအသုံးပြုနိုင်ပြီး ISOဖုန်းများအတွက်ကိုမူ Broswer မှဝင်ရောက်အသုံးပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်သော MPT သည် မြန်မာနိုင်ငံတွင် အသုံးပြုသုအများဆုံး ကွန်ရက်တစ်ခုဖြစ်ရာ ပြီးခဲ့သည့် မေလက အသုံးပြုသူ သန်း၂၀ပြည့်ခဲ့သည်။

MPT သည် ဂျပန်နိုင်ငံရှိ KDDI ကော်ပိုရေးရှင်း၊ Sumitomo ကော်ပိုရေးရှင်းတို့နှင့် လုပ်ငန်းပူးပေါင်းလုပ်ကိုင်ရန် ၂၀၁၄ ဇူလိုင်လတွင် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး KDDIကော်ပိုရေးရှင်း၊ Sumitomo ကော်ပိုရေးရှင်းတို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုးတက်စေရန်အတွက် အမေရိကန်ဒေါ်လာ နှစ် ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းသိရသည်။

လင်းလင်းထက်
The Ladies News
https://www.facebook.com/News.TheLadies/

ပျက်ကျသွားသည့် အီဂျစ်လေယာဉ် MS804 ၏ ဘလက်ဘောက်စ်မှ အချက်ပြချက်ကို ပြင်သစ်လေယာဉ်ပျက်ရှာဖွေရေး သင်္ဘောက ထောက်လှမ်းတွေ့ရှိပြီဖြစ်ကြောင်း အီဂျစ်နှင့် ပြင်သစ်ထောက်လှမ်းရှာဖွေရေး သမားများက ဆိုလိုက်ရာ ပြီးခဲ့သည့်လက အဆိုပါလေယာဉ် မြေထဲပင်လယ်တွင်း မည်သည့် အကြောင်းရင်းကြောင့် ပျက်ကျခဲ့သည်ကို သိရှိရန်အတွက် အရေးပါသည့် တွေ့ရှိမှုဖြစ်သည်။

ပြီးခဲ့သည့်မေလ ၁၉ ရက်က ပဲရစ်မှ ကိုင်ရိုသို့အသွား အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် စုစုပေါင်း လူ ၆၆ ဦး သေဆုံးခဲ့အပြီး ရှာဖွေရေးအဖွဲ့များက နေ့ရောညပါ ကြိုးပမ်းရှာဖွေခဲ့ရာမှ အထက်ပါအတိုင်း အသံဖမ်းစက်နှစ်ခု တွေ့ရှိခြင်းဖြစ်ရာ အရေးပါသည့် သဲလွန်စများ ရခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘလက်ဘောက်စ် မှတ်တမ်းတင် အသံဖမ်းစက် မရှာဖွေနိုင်ပါက မည်သည့်အကြောင်းကြောင့် ပျက်ကျသည် သို့မဟုတ် တမင်ပျက်ကျအောင် လုပ်သည်ဟူသည်ကို ဆုးံဖြတ်ရန် အချက်အလက် မလုံလောက်ကြောင်း ထောက်လှမ်းစုံစမ်းသူများနှင့် လေကြောင်း မတော်တဆမှုပါရဂူများက ဆိုသည်။

အဆိုပါ အသံဖမ်းစက်များကို လေယာဉ်ပျက်ကျအပြီး ရက်ပေါင်း ၃၀ တိုင် အသံလွှင့် အချက်ပြချက်များ အဆက်မပြတ် လွှင့်ထုတ်ရန် တီထွင်ထားပြီး ရေအနက် ၉၈၄၀ ပေ (ကီလို ၃၀၀၀)အထိ ၃ ပတ်ထက်မနည်းသည့် အချိန်အတွင်း ရှာဖွေရမည်ဖြစ်သည်။

“ပြင်သစ်သင်္ဘော လာပလေ့က ရှာဖွေရေးကရိယာတွေက ပင်လယ်ကြမ်းပြင်ပေါ်က အချက်ပြချက်တွေ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းတို့မှာ ရှာဖွေနေသည့် အချက်အလက်ပြ သေတ္တာ နှစ်ခုအနက် တစ်ခုဖြစ်နိုင်သည်” ဟု အီဂျစ်ထောက်လှမ်းရှာဖွေရေး ကော်မတီက ထုတ်ပြန်သည်။

ပြင်သစ်လေကြောင်း မတော်တဆမှု စုံစမ်းရေးဗျုရို BEA က အဆိုပါအချက်ပြချက်မှာ အသံလွှင့်စက် နှစ်ခုထဲမှ တစ်ခုထံမှ လာခြင်းဖြစ်ကြောင်းပြောသည်။

ပြင်သစ်ရှာဖွေရေးသင်္ဘော လာပလေ့ အီဂျစ်စုံစမ်းရေးမှူးများ၏ ကန်ထရိုက်ပေး ငှားရမ်းမှုဖြင့် စုံစမ်းရှာဖွေခဲ့သည့် ပြင်သစ်သင်္ဘောလာပလေ့က ၅ ကီလို (၃မိုင်) အကွာမှ ဘလက်ဘောက်စ်၏ အချက်ပြချက်ကို ဖမ်းယူနိုင်သည့် ရှာဖွေရေးကရိယာ တပ်ဆင်ထားခြင်း ဖြစ်သည်။

အီဂျစ်စုံစမ်းရေးမှူးများ၏ အဆိုအရ ပျက်ကျသည့် လေယာဉ်မှာ ကွင်းမှတက်သည်အထိ မည်သည့်စက်ချို့ယွင်းမှုမှ မပြခဲ့သလို လေယာဉ်မှူးကလည်း လေကြောင်းထိန်းသိမ်းရေး မျှော်စင်သို့ အမှားအယွင်း တစ်စုံတစ်ရာရှိကြောင်း မပြောခဲ့ဟုဆိုသည်၊

ရွှန်းတင့်
Ref: reuters
The Ladies News Journal

ဆိုက်ဘာတိုက်ခိုက်မှုများ ခြိမ်းခြောက်မှုများ မြင့်တက်လာနေသည့် ထိုင်ဝမ်၌ အာဏာရပါတီ ဝက်ဘ်ဆိုက်တိုက်ခိုက်ခံရမှုနောက်ကွယ်တွင် တရုတ်ပြည်မမှ ဟက်ကာများ ပါဝင်နေကြောင်း အမေရိကန်အခြေစိုက် လုံခြုံရေးကုမ္ပဏီတစ်ခုက ဇွန် ၂ ရက် ပြောသည်။

တရုတ်နှင့် ထိုင်ဝမ်ကြားတွင် ဇန်နဝါရီလက တရုတ်လက်မခံသည့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP အနိုင်ရကာ ထိုင်အန်ဝန် သမ္မတဖြစ်ပြီး ပြီးခဲ့သည့်လက တာဝန်ယူချိန်မှစကာ ထိုင်ဝမ်က လွတ်လပ်ရေးကို တိုက်ပွဲဝင်လာနိုင်သည်ဟု တရုတ်၏ စိုးရိမ်ပူပန်မှုများနှင့်အတူ ဆက်ဆံရေးက တင်းမာမှုများ ကြီးမြင့်လာခဲ့သည်။

ပြည်တွင်းစစ်အပြီး ၁၉၄၉ တွင် နှစ်ဖက်ကွဲပြားသွားချိန်မှစကာ ထိုင်ဝမ်က ကိုယ်ပိုင်ရပ်တည်လာခဲ့သော်လည်း တရုတ်ဖက်က ၎င်းပိုင်နက်နယ်မြေအဖြစ် ပိုင်းဖြတ်ထားဆဲဖြစ်သည်။

ယခုအာဏာရပါတီဝက်ဘ်ဆိုက်ကို ဧပြီလအစောပိုင်းက တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက်သို့ ဝင်ကြည့်သူများမှာ ဝက်ဘ်ဆိုက်တုပေါ်သို့သာ ရောက်သွားအောင် ဟက်ကာတိုက်ခိုက်ထားခြင်းဖြစ်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် Fire Eye ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။ အသုံးပြုသွားသည့် နည်းလမ်းများကလည်း တရုတ်ဟက်ကာများ အသုံးပြုတတ်သည့် လက်စလက်နများဖြစ်ကြောင်းလည်း ပြောသည်။

တိုက်ခိုက်ခံရပြီးနောက်နေ့တွင် ဝက်ဘ်ဆိုက်အား ပြန်၍ရယူနိုင်သော်လည်း ရက်အနည်းငယ်အတွင်းမှာပင် ဝက်ဘ်ဆိုက်က အထိအခိုက်ထပ်ဖြစ်လာကြောင်း၊ ဆိုက်ကို စောင့်ကြည့်ဝင်ရောက်ထားခြင်း ခံထားရဖွယ်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"DPP ပါတီနဲ့ သက်ဆိုင်သည့် သတင်းအချက်အလက်တွေကို စုံစမ်းစုဆောင်ရန်အတွက် တရုတ်အခြေစိုက်ဆိုက်ဘာသူလျှိုများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း" FireEye ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Mizzima - News in Burmese

မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရံပုံငွေအရေး သတင်းစာ ရှင်းလင်းပွဲတွင် အရင် သတ္ထု တွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ရှင်းလင်းနေစဉ်။ (ဇွန် ၂၊ ၂၀၁၆)
မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရံပုံငွေအရေး သတင်းစာ ရှင်းလင်းပွဲတွင် အရင် သတ္ထု တွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ရှင်းလင်းနေစဉ်။ (ဇွန် ၂၊ ၂၀၁၆)

မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေ ယူရိုသန်း ၉၀ ကျော်ငွေကြေး အလွဲသုံးစားမှုဖြစ်တယ်လို့ စွပ်စွဲတိုင်ကြားမှုတွေ ရှိလာ တဲ့နောက်၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်အတွင်းမှာ သဘောကွဲမှုတွေ အပြန်အလှန် စွပ်စွဲမှုတွေဖြစ်နေ ပါတယ်။ နိုင်ငံရေး ကစားကွက် တခုအနေနဲ့ သမ္မတဟောင်း ကိုစွပ်စွဲတာ ဒီလိုလုပ်ကြံတာ ဖြစ်တယ်လို့ တိုင်ကြားခံရသူတွေဘက်က ချေပနေပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွင်းမှာတော့ စုံစမ်းစစ်ဆေးမှုတွေရှိနေပြီလို့ သိရပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေ ယူရိုသန်း ၉၀ ကျော် ငွေကြေး အလွဲသုံးစားမှုဖြစ်တယ်ဆိုပြီး စွပ်စွဲမှုတွေရှိပေမယ့် အတိအကျ အထောက်အထားနဲ့ တင်ပြမှုတွေ ဖြေရှင်းမှုတွေတော့ မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် တိုင်ကြားစာမှာ အသင်း စတင် တည်ထောင်တဲ့ ၂၀၀၉ ခုနှစ်ကနေ၂၀၁၆ ခုနှစ်အထိ ကျောက်မျက် လုပ်ငန်း ရှင်များထံမှ ၁ ရာခိုင်နှုန်း ကောက်ခံထားသော ရန်ပုံငွေ ယူရိုငွေ သန်း ၉၃ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ယူရိုငွေ ၉၃ သန်း ပျောက်ဆုံး တယ်လို့ ပြောတဲ့နေရာ မှာ လက်ကျန် ယူရိုငွေ ၇ သန်းရှိနေပြီး လက်ရှိ မှာ ပျောက်ဆုံးနေတာ ယူရို ၈၆ သန်း ဖြစ်ပါတယ်။ ဒီအတွက် စာရင်းတောင်းခံ တာတွေ စစ်ဆေးမှုတွေ လုပ်နေတာပါ။

အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူကနေ သမ္မတဟောင်း ဦးသိန်းစိန် နှင့် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်း တို့ကို ပေးအပ်ငွေ အပါအဝင် အကြောင်းအရာ ခေါင်းစဉ် ၁၀ ခု ပြပြီး အဲဒီရန်ပုံငွေများထဲကနေ အများသဘောထားမပါဘဲ သုံးခဲ့တယ်လို့ တိုင်ကြားသူတွေက တိုင်ကြားစာထဲမှာဖော်ပြထားပါတယ်။

ခုချိန်မှာ ဒီအလွဲသုံးစားမှုအတွက် ခုံရုံးဖွဲ့စစ်ဆေးနေ ပေမယ့်လည်း ပါဝင် ပတ်သတ်သူတွေဟာ နိုင်ငံအကြီးအကဲဟောင်းတွေဖြစ်နေသလို နောက်ထပ်ပါဝင်လာနိုင် တာကြောင့် ခု လက်ရှိ ခုံရုံးဖွဲ့စစ်ဆေးမှုကို အရင် အကြီးကဲဟောင်းတွေရဲ့ သြဇာလွှမ်းမိုးသူ မဟုတ်တဲ့ သူတွေနဲ့ စစ်ဆေးဖို့တောင်းဆိုနေကြပါတယ်။ သန်းချီ အလွဲသုံးစားမှုကို ဖော်ထုတ်ပေးဖို့ တိုင်ကြားထားသူ တွေထဲက လုပ်ငန်းရှင် ဦးကျော်ကျော်ဦးက-

" ကျနော်တို့လိုချင်တဲ့ အဖွဲ့ဆိုတာက အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တွေ၊ ပြည်သူ့ လွှတ်တော်က ကိုယ်စားလှယ်တွေ ပါရမယ်။ ရှေ့နေချုပ်ရုံးက ဥပဒေပညာရှင်တွေ ပါရမယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စာရင်းစစ် ပညာရှင်တွေ ပါရမယ်။ သယံဇာတ နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ကိုယ်စားလှယ်တွေ ပါရမယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျွမ်းကျင်အင်ဂျင်နီယာ ပါရမယ်။ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ကိုယ်စားလှယ်တွေ ပါရမယ်။ အဲ့ဒီ့လူတွေ ၇ ဦး စုထားတဲ့ အဖွဲ့အစည်းက စစ်တဲ့ဟာကို ကျနော်တို့ လက်ခံမယ်။ "

ဒီထဲမှာ အရင်သမ္မတဟောင်း ဦးသိန်းစိန်၊ ဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ ပါဝင် ပတ်သတ်နေသလို ဒီထက်မက အခြားသော အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်းတွေ ပါ ထပ်မံပါဝင်လာနိုင်မယ်လို့ တိုင်ကြားသူတွေ ဘက်က စွပ်စွဲပြောဆိုခဲ့ပေမယ့် တိုင်ကြားခံရသူတွေထဲမှာ တဦး အပါအဝင်ဖြစ်တဲ့ အရင်သတ္ထုတွင်း ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်ကတော့

" ဒီအထဲမှာ သမ္မတဦးသိန်းစိန် ဒီငွေတွေလည်း လက်ခံထားတာလည်း မဟုတ်ဘူး။ ဒီ ၈၁ သန်း ဟာလည်း သူ့လက်ထဲမှာ မဟုတ်ဘူး။ .သူ့လက်ထက်မှာလို့ပြောရင် ဒီအတိုင်းပဲပြောမှာပေါ့။ သဘောကလေ။ ဟိုတုန်းက ဖြစ်ပျက်လာတဲ့ ဟာတွေ၊ ဟိုတုန်းက မဏ္ဍိရတနာ ခန်းမကြီး ဆောက်တာတွေ ဘာတွေ၊ ဒါတွေလည်း ပတ်သတ်တာပဲ ရောနေတဲ့ဟာကို။ ၇သန်းက သမ္မတကြီးလက်ထဲကို ကျနော်လည်း ထည့်တာမဟုတ်ဘူး။ ဘယ်သူမှလည်း ထည့်တာမဟုတ်ဘူး။ သူတို့လုပ်ငန်းရှင် ကနေပြီးတော့ ဆောက်လုပ်ရေးအဖွဲ့ကို တွက်ပေးတာ။ ဒါတွေပဲ ကျနော်တို့ လုပ်ခဲ့တာလေ။ ဟုတ်တယ်မဟုတ်လား။"
သတင်းစာရှင်းလင်းပွဲ
တာဝန်ကနေ အငြိမ်းစားယူခဲ့တဲ့ချိန်ထိ ဘဏ်ငွေစာရင်းတွေနဲ့ပတ်သတ်ပြီး အခုအစိုးရသစ်ကို တရားဝင်လွှဲပေးလိုက်ပြီဖြစ်တယ်လို့လည်း အရင် သတ္ထု တွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် က ပြောပါတယ်။

" ၃၁ရက်နေ့ ၃ လပိုင်းမှာ ကျနော်တို့ စာရင်းပိတ်လိုက်ပါတယ်။ ပိတ်ပြီးတော့ ကျနော်တို့လွှဲလိုက်ပါတယ်။ အလွှဲအပြောင်းလုပ်တဲ့အထဲမှာ ကျနော်တို့ အဲ့ဒီ့ငွေက ရှိပါတယ်။ ဘဏ်အကောင့်မှာလည်း ရှိပါတယ်။ ယေဘူယျပြောရင်တော့ ၉၂သန်း ကျော်ရှိပါတယ်။ အဲ့ဒီ့ကနေ စပြီးတော့ ကျနော်တို့ ကျောက်မျက် မဏ္ဍိရတနာ ဆောက်လုပ်တာတို့ဘာတို့ညာတို့ အကုန်လုံး သုံးလိုက်တဲ့ဟာက ကျနော့်လက်ထဲမှာတော့ ၅.၄ သန်းကျော် ကျန်တယ်လို့ ကျနော် ရှင်းလင်းပြီးဖြစ်ပါတယ်။ ထပ်ပြောရရင်တော့ ကျနော်တို့လက်ထက်မှာ လုပ်တဲ့ပွဲတွေမှာ ကောက်ခံရရှိငွေက ပေါင်းလိုက်လို့ရှိရင် ၃၈သန်း လောက်ရှိပါတယ်။ အဲ့တာကြောင့် ကျနော်တို့ လက်ရှိအားဖြင့် ၇.၂ သန်းလောက် ကျန်တယ်ဆိုရင် နုတ်ကြည့်လိုက်ပေါ့။"

တိုင်တန်းမှုက နိုင်ငံရေးကစားကွက်အရ ထိုးနှက်မှုသာ ဖြစ်တယ် လို့ ပြောဆိုနေ တာတွေလည်း ရှိနေပါတယ်။ အရင် သမ္မတဟောင်း လက်ထက်မှာ ပြန်ကြားရေး ဝန်ကြီးအနေနဲ့ တာဝန်ယူခဲ့သူ ဦးရဲထွဋ်က လက်ရှိ ဒီအလွဲသုံးစားမှုလို့ ခေါင်းစဉ် တပ်ထားတဲ့ ဒီတိုင်တန်းမှုအပေါ် သူက ခုလိုပြောပါတယ်။

" တိုင်တဲ့အခါမှာ ကျနော်တို့ စဉ်းစားရမှာက အုပ်ချုပ်မှု အာဏာအရ လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကိုလည်း တိုင်တာ မဟုတ်ဘူး။ နောက်တခါ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ သယံဇာတနဲ့ သက်ဆိုင်တဲ့ ကော်မတီတွေ နောက်တခုက တိုင်ကြားစာ နဲ့ပတ်သက်တဲ့ ကော်မတီကိုလည်း တိုင်တာ မဟုတ်ပဲ နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အထုတ်ခံထားရတဲ့ ပါတီဝင်တွေ တော်တော်များများ ပါဝင်နေတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စများ ကော်မရှင်ကို သွားတိုင်တယ်ဆိုတော့ ဒါဟာ အသင်းရဲ့ကိစ္စထက် ပိုပြီးတော့မှ နက်နဲတဲ့ နိုင်ငံရေးအကြောင်းခံတွေများ ရှိမလားလို့ စဉ်းစားစရာဖြစ်တာပေါ့။"

မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ သန်း၉၀ အခု ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦးနဲ့ ခုံရုံးဖွဲ့ပြီး တိုင်တန်းသူကျောက်မျက်အသင်း အမှု ဆောင်တွေအပြင် တိုင်ကြားခံရသူတွေကိုပါ စစ်ဆေးလျက်ရှိနေပါတယ်။ တိုင်ကြားခံရသူတွေကိုပါ စစ်ဆေးမှုနဲ့ပတ်သတ်ပြီးတော့ လက်ရှိဝန်ကြီးဌာနပိုင်း ကဘာမှ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။
VOA Burmese News

(၂၁)ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားအရေးပြဿ နာများကို ဖြေရှင်းနိုင်သည့် ညီလာခံမျိုးဖြစ်ရန် လိုအပ်ပြီး သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသည့် ညီလာခံမျိုး မဖြစ်စေလိုကြောင်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

“ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်ကို ဖြေးရှင်းပေးဖို့ အဓိကကျတယ်။ အဲဒါကို မဖြေရှင်းရင် ယခင်ညီလာခံတွေလို ဘာအဖြေမှ ထွက်လာမှာမဟုတ်သလို ပြည်တွင်း စစ်ရပ်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဆိုတာလည်း မဖြစ်လာနိုင်ပါဘူး။ တိုင်းရင်းသားအရေးနဲ့ ပြည်ထောင်စု ပြဿနာကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ ညီလာခံမျိုး ဖြစ်စေချင်တယ်။”ဟု ဦးအေးသာအောင်က ပြောသည်။

အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ရာထူးရယူထားသည့် ဦးအေးသာအောင်မှာ ၀ါရင့်ရခိုင်နိုင်ငံရေးသမားဖြစ်ပြီး လွန်ခဲ့သည့်နှစ်နှစ်ဆယ်အတွင်း အန်အယ်လ်ဒီနှင့်နီးစပ်သော တိုင်းရင်းသား မဟာမိတ်လည်းဖြစ်သောကြောင့် အန်အယ်လ်ဒီ ဦးဆောင်သည့် လွှတ်တော်တွင် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် တင်မြောက်ခံခဲ့ရခြင်းဖြစ်သည်။ ဦးအေးသာအောင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှ ဥက္ကဌ ဖြစ်သူ ဦးခွန်ထွန်းဦးကလည်း ၂၁ ရာစု ပင်လုံညီလာခံမှာ လွတ်လပ်ပွင့်လင်းမျှတရန် လိုအပ်ကြောင်း ပြောဆိုထားသည်။.

အစိုးရသစ်အနေဖြင့် အဆိုပါညီလာခံကို ဇူလိုင်လကုန်တွင် ကျင်းပနိုင်ရေးအတွက် ၂၁ ရာစုပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီအား ဖွဲ့စည်းထားပြီး NCA နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“ဒီ ၂၁ ရာစု ပင်လုံညီလာခံဟာ လုပ်သင့်လုပ်ထိုက်တဲ့ ညီလာခံတစ်ရပ်လို့ မြင်ပါတယ်။ တိုင်းရင်းသားအားလုံး မျှော်လင့်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို သွားမယ်ဆိုတဲ့အချိန်မှာ ဒီညီလာခံဟာ အရေးကြီးပါတယ်။ ဒါပေမယ့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေဆဲ အဖွဲ့တွေဖြစ်တဲ့ AA ၊ TNLA ၊ MNDAA စတဲ့ အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ မျှော်လင့်တယ်။” ဟု ရခိုင်မျိုးချစ်ပါတီ (APP)မှ ဥက္ကဌ ဦးဇော်ဝင်းထွန်းက ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် AA ၊TNLA ၊ MNDAA စသည့် တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့အား လက်နက်စွန့်မှသာ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ပြောဆိုထားပြီး ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC)ကမူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအားလုံးပါဝင်ရေးမူကို လက်ကိုင်ထားကြောင်း သိရသည်။

အောင်မြင်ခဲ့သည့် ဒုတိယ ပင်လုံညီလာခံခေါ် ၂၀ ရာစု ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာတကျပ် တိုင်းရင်းသား တစ်ကျပ်ရစေရမည်ဆိုသော ကတိက၀တ်ကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ယင်းကတိက၀တ်ကြောင့်ပင် အင်္ဂလိပ်လက်အောက်တွင် သီးခြားဒေသ ၄ ခုအဖြစ်ရှိနေသည့် ဒေသများအတူပေါင်းစည်းကာ အင်္ဂလိပ်ထံမှ အတူတကွ လွတ်လပ်ရေးရယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း- MMK
The Ladies News Journal

[youtube src="hxxhg6dbgGM"/]
■ ကျောက်မျက်လုပ်ငန်းရှင်တွေရဲ့ တိုင်ကြားမှုနဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်မောင်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ကျောက်မျက်ရတနာ သင်တန်းကျောင်းမှာ ၂ဝ၁၆ ဇွန်လ ၂ ရက်- ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ရှင်းလင်းပွဲမှာ… ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေ ယူရို ၈၆ သန်း ပျောက်ဆုံးနေတာ မဟုတ်ကြောင်း… သုံးစွဲထားပြီးသားစာရင်းတွေကို ကိုးကားပြီး ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ငြင်းဆိုခဲ့ပါတယ်။ စွပ်စွဲချက်မှာပါတဲ့… အနုပညာဦးစီးဌာန အတွက် သမ္မတဟောင်းဦးသိန်းစိန်ကို ထုတ်ပေးခဲ့တဲ့ ယူရိုငွေ ၇ သန်း ဆိုတဲ့အချက်ကလည်း… ၇ သန်းမဟုတ်ဘဲ တသန်းသာဖြစ်ကြောင်း၊ ဒီတသန်းဟာလည်း စာရင်းနဲ့ရှိကြောင်း ဒေါက်တာမြင့်အောင်က ပြောပါတယ်။ ဒါ့အပြင် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကို ယူရိုငွေ ၅ သန်း ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း လည်း ဒေါက်တာမြင့်အောင်က ငြင်းဆိုပါတယ်။

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ အခွန် "၁" ရာခိုင်နှုန်းဖြစ်တဲ့ ယူရိုငွေ ၉၃ သန်း ကိစ္စနဲ့ ပတ်သက်လို့ မကျေနပ်လို့ တိုင်ကြားခဲ့တဲ့ အသင်းဝင် ၈၇ ဦးရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ရှင်းလင်းပွဲမှာ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် အလုပ်အမှုဆောင် ဦးကျော်ကျော်ဦးက ဦးဆောင်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ငွေစာရင်းတွေကို ရှင်းလင်းပေးဖို့ တိုင်ကြားခဲ့တာဖြစ်ပြီး ဒီကိစ္စကြောင့် အစိုးရသစ်လက်ထက် အကြပ်အတည်း တစုံတရာ မဖြစ်စေချင်သလို နိုင်ငံရေး ရည်ရွယ်ချက်နဲ့လုပ်ဆောင်တာလည်း မဟုတ်ကြောင်း၊ ငွေစာရင်းရှင်းတမ်း အမှန်ပေါ်ပေါက်ရေး အတွက် လက်မှတ်ထိုး တိုင်ကြားခဲ့တာဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ… ကျောက်မျက်ရန်ပုံငွေ ယူရိုသန်း ၈ဝ ကျော်ပျောက်ဆုံးမှုကို အစိုးရ ဆီမတိုင်ဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ထုတ်ပယ်ခံထားရသူ အများစုပါဝင်တဲ့၊ သူရဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကော်မရှင်ကို တိုင်ကြားတာဟာ အသင်းကိစ္စထက် နိုင်ငံရေးအကြောင်းခံတွေ ရှိနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောလိုက်ပါတယ်။

နေပြည်တော်မှာသတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ဦးရဲထွဋ်က ရှင်းလင်းပွဲအပြီးမှာ အခုလို ပြောခဲ့တာပါ။ ယူရို သန်း ၈ဝ ကျော် ပျောက်ဆုံးနေတာကို စီစစ်ပေးဖို့အတွက် ကျောက်မျက် လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ၈ဝ ကျော် လက်မှတ်ထိုးပြီး သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် "ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို တိုင်ကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။ ■
RFA

မြန်မာစကားမှာသုံးကြတဲ့ အကျင့်ပါတယ်၊ အထုံပါတယ်ဆိုတာ အတွေးအကြံ၊ အပြောအဆို၊ အပြုအမူ တရပ်ကို ထပ်ဖန်တလဲလဲ ပြုပါကျူးလွန်ပါများတဲ့အခါ မသိစိတ်ထဲအထိစွဲငြိသွားတဲ့ အဆင့်ကို ရောက်ပြီး အလိုအလျောက် တွေးကြံ၊ ပြောဆို၊ ပြုမူနေတော့တာကို ဆိုလိုကြတာမဟုတ်လား။ အဲ့ဒါကို အင်္ဂလိပ် စကားမှာတော့ Habit လို့ သုံးနှုန်းကြပါတယ်။ Have a bit , have a bit and become habit လို့ လည်းတချို့ကဆိုကြပါတယ်။ နည်းနည်း နည်းနည်းခြင်း လိုက်စားရင်း အကျင့်ဝသီစရိုက်အဖြစ် ရောက်ရှိ သွားတာပါဘဲ။

စစ်အာဏာရှင်တွေနှစ်ပေါင်း(၅၀)ကျော် စိတ်တိုင်းကျဗိုလ်ကျဖျက်ဆီးခဲ့တဲ့ခေတ်ဆိုး ခေတ်ပျက်ကြီးအောက်မှာ ရှင်သန်ရုန်းကန်ခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေမှာလည်း အဲ့ဒီခေတ်ပျက်ကြီးကပြဌာန်းလိုက်တဲ့ အကျင့်ဆိုး၊ အထုံစရိုက်ဆိုးများစွာကပ်ငြိလို့ မကောင်းတဲ့ အလေ့အထအထောင်အသောင်းတွေထဲမှာ နစ်မွန်းနေခဲ့ကြရတာမဟုတ်လား။

အမှိုက်ဆိုလည်းကြုံရာဖြစ်သလိုပစ်ကြရတယ်။ အမှိုက်ပုံးဆိုတာနေရာတိုင်းမှာမရှိ၊ အမှိုက်ကိုစည်းမဲ့ကမ်းမဲ့ ပစ်ရင် အရေးယူအပစ်ပေးပြီး ထိန်းကြောင်းပေးမဲ့ဥပဒေကလည်း ကောင်းကောင်းမရှိဆိုတော့ လမ်းဘေးဖြစ်ဖြစ်၊ ရေးမြောင်းထဲဖြစ်ဖြစ်ပစ်ကြတာမဆန်းတော့ဘူးပေါ့။ ကွမ်းသွေးဆိုလည်း ကြုံသလိုထွေးကျ၊ အိမ်ခွန်လည်းမဆောင်၊ ၀င်ငွေခွန်လည်းမဆောင်၊ မီးရထား တန်ဆာခွန်တောင်မဆောင်ကြတော့ဘူး။ ရှောင်လို့ ရအောင်လည်း ခေတ်ကခွင့်ပြုထားတာကိုး။ လာဘ်ပေး လာဘ်ယူတဲ့နည်းမျိုးစုံနဲ့ မပေးရအောင်လုပ်နိုင်တယ်လေ။ တရားဥပဒေစိုးမိုးမှု့မရှိဘူးမဟုတ်လား။

လမ်းကူးရင်လည်း ဖြစ်သလိုကူးကြရတယ်။ လူကူးတံတား၊ မျဉ်းကျားတွေကလုံလုံလောက်လောက်မရှိ၊ လူမကူးသင့်တဲ့နေရာတွေမှာ အကာအရံတွေ လုံလုံလောက်လောက်တတ်မထားဘူးဆိုတော့ မီးပွိုင့်မီးနီလည်းကူး၊ ကိုယ့်အသက်ကိုပဓါနမထားဘဲ ကားတွေကြားစွန့် စွန့် စားစား ကူးကြရတာ မဟုတ်လား။ တခြားသူတွေတန်းစီနေတာသိလည်း ကြားဖြတ်ဝင်၊ အပင်ပမ်းမခံဘဲလူလည်လုပ်၊ ကလိမ်ကကျစ်နည်းတွေ နဲ့ လူပေါ်လူဇော်လုပ်အနိုင်ကျင့်ဗိုလ်ကျ အရှက်မဲ့မျက်နှာပြောင်တိုက်နည်းတွေသုံး တဲ့ အကျင့်တွေနေ့ တဓူဝလုပ်လာခဲ့ကြတော့ သမရိုးကျကိစ္စတွေလိုဖြစ်လာပြီး အဲ့ဒီအကျင့်ဆိုးတွေ အသွေးထဲအသားထဲထိရောက်ပြီး အလင်တည်လာခဲ့တော့တာပေါ့။

အလုပ်ချိန်ဆိုလည်းနောက်ကျသွားမယ်၊ ပြည်သူပိုင်ပစ္စည်းဆို ရသလောက်ခိုးကြတော့တာမဟုတ်လား။ အမှု့အခင်းရင်ဆိုင်ရရင်လည်း ဥပဒေကြောင်းအရမရင်ဆိုင်ကြတော့ဘူး၊ ငွေနဲ့ လိုက်မယ်၊ အဆက်အသွယ်နဲ့လိုက်မယ်၊ ဒါတွေဟာ အုပ်ချုပ်ပုံစနစ်မမှန်၊ အုပ်ချုပ်သူမမှန်ခဲ့တော့ ဥပဒေတွေကလျော့ရဲပြီး လူ့ အဖွဲ့ အစည်းကြီးတရပ်လုံး ယိုယွင်းခြစားအောင် ခေတ်ဆိုးကြီးကခွင့်ပြုခဲ့တာကိုး။ တချို့ကတော့တွေးကောင်းတွေးကြမယ်။ ဒီလောက်တောင် တနိုင်ငံလုံးအတိုင်းအတာနဲ့ စည်းပျက်ကမ်းပျက် ယိုယွင်းပျက်ဆီးခဲ့တာ နှစ်ပရိစ္ဆေဒကြာညောင်းခဲ့မှတော့ အဲ့ဒီ ဂျွတ်တက်နေတဲ့အကျင့်ဆိုးတွေပြင်လို့ မရနိုင်တော့ဘူး လို့ စိတ်ပျက်ကောင်းပျက်ကြမယ်။ စိတ်မပျက်ပါနဲ့ .. ပျက်အစဉ်ပျင်ခဏဆိုတဲ့စကားရှိပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြီး စင်္ကာပူနိုင်ငံဟာ ကမ္ဘာ့ ထိတ်တန်း အသန့် ရှင်းဆုံး တိုင်းပြည်တွေထဲပါဝင်လာဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်ခဲ့သလဲ ဆိုတာအကျဉ်းချုံးပြောခြင်ပါတယ်။ (၁၉၆၅) ခုနှစ်မှာ မလေးရှားနိုင်ငံကခွဲထွက်ခဲ့စမှာ သယံဇာတဆိုတာ ဘာမှမယ်မယ်ရရမရှိတဲ့ ရွှံ့ တောညွှံတောသာသာရှိတဲ့နိုင်ငံသာဖြစ်တယ်။ နေထိုင်သူအများစုကလည်း တရုတ်ပြည်၊ အိန္ဒိယပြည်ကနေ ရေခြားမြေခြားကို စွန့် စားထွက်ခွာလာကြတဲ့ ရွေ့ ပြောင်းလုပ်သားတွေနဲ့ ဒေသခံ မလေးရှားလူမျိုးတွေဆိုတော့ ပညာတတ်သူအလွန်နည်းပါးပြီး ဆင်းရဲကြတယ်။ လူမျိုးရေးပဋိပက္ခတွေဖြစ်၊ ရာဇ၀တ်သားလူဆိုးဂိုဏ်းတွေအလွန်ပေါပြီး ရိုက်ကျနှက်ကျ၊သတ်ကျဖြတ်ကျနဲ့ တရားဥပဒေစိုးမိုးမှု့မရှိဘူး။ ဥပဒေတွေကလျော့ရဲတော့ လူတွေကလည်း စည်းကမ်းမရှိဘူး။ လက်ရှိမြန်မာနိုင်ငံရောက်ရှိနေတဲ့အခြေအနေနဲ့ တချို့အပိုင်းတွေမှာ တော်တော်ဆင်တူတယ်။

အဲ့ဒီမှာ စင်္ကာပူကံကောင်းတာက လီကွမ်ယုဆိုတဲ့ခေါင်းဆောင်ကိုရလိုက်တာပါ။ အမျှော်အမြင်ရှိပြီး အရည်အချင်းပါရှိတဲ့လီကွမ်ယုဟာ မနီးမဝေးက အောင်မြင်စပြုနေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို လေ့လာရင်း မြန်မာနိုင်ငံကိုအားကျခဲ့သတဲ့။ အဲ့ဒီအချိန်တုံးက ရန်ကုန်မြို့တော်ဟာ အတော်သန့် ရှင်းတယ်ဆိုဘဲ။ ကမ်းနားလမ်းတို့ ဆူးလေဘုရားလမ်းတို့  ဗိုလ်ချုပ်အောင်ဆန်းလမ်းဆို တာတွေအဟာ ကောင်းမွန်တဲ့ အမှိုက်သိမ်းတဲ့စနစ်တွေ၊ ရေဖျန်းတဲ့စနစ်တွေနဲ့ အခုခေတ် စင်္ကာပူက Orchard အော့ချာဒ်လမ်းမကြီးလိုနေမှာပေါ့၊ အလွန်သန့် ရှင်းလှပတယ်လို့ ဖတ်ခဲ့ဖူးတယ်။

ဒီတော့ လီကွမ်ယုက ၁၉၆၈ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ မှာ ပထမဆုံး “Keep Singapore Clean” စင်္ကာပူကိုသန့် ရှင်းစို့ ဆိုတဲ့ စီမံချက်နဲ့ လူထုကိုပညာပေးရေးအစီအမံနဲ့ တကွ အမှိုက်ပုံးတွေနေရာချ၊ အမှိုက်သိမ်းစနစ်တွေထူထောင်ပြီး အင်တိုက်အားတိုက်စတင်ဆောင်ရွက်ခဲ့သတဲ့။ ၁၉၆၉ ခုနှစ် ဇန္န၀ါရီလ (၂) ရက်နေ့ မှာ ပတ်ဝန်းကျင်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေးဥပဒေ (Environmental Public Health Act) ကိုပြဌာန်းခဲ့တယ်။ အဲ့ဒီဥပဒေထဲမှာ စည်းမဲ့ကမ်းမဲ့အမှိုက်ပစ်တာကို ငွေဒါဏ်ချမှတ်ပြီး အပြစ်ပေးတဲ့ဥပဒေတရပ်လည်းပါဝင်တယ်။ အများပိုင်နေရာတွေမှာ စည်းကမ်းမဲ့အမှိုက်စွန့် ပစ်တဲ့သူတွေကို ပထမအကြိမ်ဆိုရင်ဒေါ်လာ ၅၀၀ နဲ့ ထပ်ကျူးလွန်ရင် ဒေါ်လာ ၂၀၀၀ ထိ ငွေဒါဏ်ချနိုင်တယ်။

ဒါပေမဲ့ အကျင့်မဖျောက်နိုင်တဲ့သူတချို့ က ဆောင်ရမဲ့ဒါဏ်ကြေးကနည်းတာကြောင့် ဥပဒေကို မထေမဲ့မြင်ပြုပြီး အမှိုက်ဆက်ပစ်နေတာတွေ.လာရတော့ လူရှေ့သူရှေ့ အမှိုက်ကောက်ရတဲ့အပြစ်ဒါဏ် Corrective Work Order နဲ့ ပိုမိုပြင်းထန်တဲ့ငွေဒါဏ်တွေထပ်ဖြည့်ခဲ့ရတယ်။ အခုနောက်ဆုံး အမှိုက်ပစ်ငွေဒါဏ်က ပေါ့တော့တော့မဟုတ်ပါဘူး ပထမအကြိမ်ပစ်သူကို စင်္ကာပူဒေါ်လာ၂၀၀၀ ၊ ဒုတိယအကြိမ်ပစ်သူကိုဒေါ်လာ ၄၀၀၀ ၊ တတိယအကြိမ်နဲ့ အထက်ဆိုရင် ဒေါ်လာ ၁၀,၀၀၀ ထိချမှတ်နိုင်ပါတယ်။

စင်္ကာပူမှာ စံချိန်တင်ခဲ့တဲ့ အမှိုက်ပစ်ငွေဒါဏ်ကတော့ ပြီးခဲ့တဲ့နှစ် ဇန္န၀ါရီလတုံးကဖြစ်ပွားခဲ့ပါတယ်။ အမျိုးသားတယောက်ဟာ သူနေထိုင်တဲ့ တိုက်အပေါ်ထပ်ကနေ အောက်ကို သောက်ပြီးသား စီးကရက်အတိုတွေအကြိမ် (၃၀) ကျော် တောက်ထုတ်လွှင့်ပစ်ခဲ့တာကို စောင့်ကြည့်ကင်မရာမှာလက်ပူးလက်ကြပ်မိတာမို့ ဒါဏ်ကြေးငွေ စင်္ကာပူဒေါ်လာ ၁၉,၈၀၀ တိတိပေးဆောင်ခဲ့ရပါတယ်။

စင်္ကာပူမှာ တံတွေးကို တွေ့ ကရာထွေးရင်လည်း ဒါဏ်ငွေ ဒေါ်လာ (၁၀၀၀)၊ ခိုစာကျွေးရင် ဒေါ်လာ ၅၀၀၊ အများပိုင်လမ်းကိုပိတ်ဆို့ အောင် လေတံခွန်လွှတ်တမ်းကစားရင် ဒေါ်လာ (၅၀၀၀)၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးရင်လည်း ဒေါ်လာ (၁၀၀၀) အပြင် ထောင်ဒါဏ် သုံးလထိကျခံရနိုင်ပါတယ်။ ကျွန်းနိုင်ငံလေးဆိုတော့ စည်းကမ်းဥပဒေတွေပိုတင်းကြပ်ရာပေါ့။ မဟုတ်ရင် ချက်ခြင်းညစ်ပတ်နံစော်သွားမှာမဟုတ်လား။

ကဲအခု မြန်မာနိုင်ငံဖက် ပြန်ကြည့်လိုက်ရအောင်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့ အတူ ပြည်သူ အများစုမဲဆန္ဒတွေနဲ့ ရွေးကောက်ခံခဲ့ရလို့ ပြီးခဲ့တဲ့ဧပြီလက နိုင်ငံတော်အာဏာလွှဲပြောင်းယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရကတော့ အစိုးရဖြစ်ဖြစ်ခြင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှု့နဲ့ လွှတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေကို အမှိုက်ကောက်ခိုင်းခြင်းနဲ့  ညစ်ပတ်နေတဲ့နိုင်ငံတော်ကြီး သန့် ရှင်းရေးစီမံချက်ကို စတင်ခဲ့တာ လူတိုင်းသိပြီးသားပါ။

ပြီးခဲ့တဲ့လတုံးကလည်း စည်းမဲ့ကမ်းမဲ့အမှိုက်မပစ်ဖို့ ၊ ကွမ်းတံတွေးမထွေးဖို့ ၊ လမ်းပိတ်မကစားဖို့ ဈေးမရောင်းဖို့ စတဲ့တားမြစ်ချက်တွေ၊ ဥပဒေတွေကို ပြစ်ဒါဏ်တွေနဲ့  အစိုးရသစ်ကထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူတချို့ကလည်း ၀င်ရောက်ပူးပေါင်းလာကြပြီး ကွမ်းတံတွေး စနစ်တကျထွေးဖို့ ပညာပေးလုပ်ငန်းတွေတနိုင်တပိုင်လုပ်ဆောင်လာကြတာဟာ ၀မ်းမြောက်စရာကောင်းပါတယ်။ ဥပဒေ၊ တားမြစ်ချက်တွေတဖက်ကထုတ်ပြန်ရင်း အခြားတဖက်မှာ ပြည်သူလူထုလိုက်နာနိုင်အောင်၊ စည်းကမ်းတကျနေနိုင်အောင် လိုအပ်တဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အမှိုက်ပုံးတွေ လိုအပ်တဲ့နေရာမှာ လုံလုံလောက်လောက်ရှိနေဖို့ ၊ အမှိုက်ပုံးတွေကိုလည်း ပုံမှန်သိမ်းတဲ့စနစ်တွေ၊ မှန်ကန်တဲ့အမှိုက်စွန့် ပစ်တဲ့စနစ်တွေ၊ ဒီအတွက်လိုအပ်တဲ့စက်ပစ္စည်းကရိယာ၊ အခြေခံအဆောက်အအုံတွေတည်ဆောက်ရမှာပါ။

နိုင်ငံတနိုင်ငံဖြစ်ဖြစ်၊ပါတီတရပ် အဖွဲ့အစည်းတရပ်ဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တဦးချင်းစီအတွက်ဖြစ်ဖြစ် မှန်ကန်တဲ့ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေဆိုတာ မရှိမဖြစ်အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ရုပ်ပိုင်းစိတ်ပိုင်း အဖက်ဖက်ကချွတ်ခြုံကျနေတဲ့တိုင်းပြည်အတွက်ဆို ပိုလို့ အရေးကြီးပါတယ်။ တရားဥပဒေဟာ လူတွေရဲ့ အသိတရားနဲ့ နှလုံးသားကို ပြောင်းလဲမပေးနိုင်ပေမဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး၊ အလေ့အထဆိုးတွေကို ဖျောက်ဖျက်ပြုပြင် ပေးနိုင်စွမ်းရှိပါတယ်။

ဥပဒေပြဌာန်းတယ်ဆိုတာ ပြောင်းလဲနေတဲ့အခြေအနေတွေနဲ့အညီ အတင်းအလျှော့ လုပ်သင့် ရင်လုပ် ပြင်ဆင်သင့်ရင် ပြင်ဆင်ဖို့လည်းလိုတယ်။ ချမ်းသာကြွယ်ဝပေမဲ့ စည်းပျက်ကမ်းပျက် နေလို သူတွေ ငွေဒါဏ်ဆောင်နိုင်လို့်အမှိုက်ပစ်ခြင်သလိုမပစ်နိုင်အောင် ထောင်ဒါဏ်ထည့်သင့်ရင်ထည့်ဖို့လိုတယ်။ အချုပ်အားဖြင်ဆိုရရင်တော့ ဆောင်းပါးအထက်ပိုင်းမှာရေးပြခဲ့တဲ့အတိုင်း စင်္ကာပူနိုင်ငံတည်ထောင်စကလို သူ့နိုင်ငံသားတွေကို စည်းကမ်းရှိရှိ နိုင်ငံကြီးသားတွေလို နေတတ်လာအောင် အလေ့အထကောင်းတွေ ထူထောင်ပေးရာမှာ သင့်တော်တဲ့ ဥပဒေတွေပြဌာန်းလို့ဆောင်ရွက်ခဲ့အတိုင်း မြန်မာနိုင်ငံတော်သစ် တည်ထောင်ခန်းမှာ လိုအပ်တဲ့ဥပဒေတွေပြဌာန်းလို့ စစ်အာဏာရှင် စနစ်ဆိုးက စွဲကပ်လာတဲ့ အကျင့်ဆိုး တွေ ဖျောက်ဖျက်ချိန်ရောက်လာပြီမို့ အပြောင်းအလဲနဲ့အတူ လိုက်ပါကြဖို့ လေးလေးနက်နက်တိုက်တွန်း လိုက်ပါတယ်။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဇွန်လ (၂) ရက်နေ့  ၂၀၁၆ ခုနှစ်

ပုဏ္ဏားကျွန်း စက်လှေနစ်မြုပ်မှု ရေနှစ်သေဆုံးသူများ အလောင်းများ သယ်ဆောင်လာစဉ်။
ပုဏ္ဏားကျွန်း စက်လှေနစ်မြုပ်မှု ရေနှစ်သေဆုံးသူများ အလောင်းများ သယ်ဆောင်လာစဉ်။

 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ဗုဒ္ဓဟူးနေ့က ကျောင်းသူကျောင်းသားတွေ လိုက်ပါလာတဲ့ စက်လှေနစ်မြုပ်ခဲ့ရာမှာ ကျောင်းသူကျောင်းသား ၇ဦးပျောက်ဆုံးခဲ့ပြီး ဒီကနေ့နေ့ခင်းမှာတော့ ၆ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဒေသအတော်များများမှာ ရေလမ်းခရီးကို အဓိက အားထား သွားလာနေရပြီး ခုလို စက်လှေ၊ မော်တော်၊ သင်္ဘောတွေ မကြာခန နစ်မြုပ် တာကြောင့် အစိုးရ အနေနဲ့ လမ်းပန်းဆက်သွယ်ရေးကို တိုးချဲ့ ဆောင်ရွက်ဖို့ နဲ့ ရေယာဉ်တွေ တိတိကျကျ ကြီးကြပ်ဖို့ လိုအပ်နေပြီလို့ ဝေဖန်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ပုဏ္ဏားကျွန်း စက်လှေနစ်မြုပ်မှု ရေနှစ်သေဆုံးသူများကို ရှာဖွေနေစဉ်။

အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်တဲ့ ဇွန်လ ၁ရက်နေ့ မှာ ကျောင်းသူ ကျောင်းသားတွေ လိုက်ပါလာတဲ့ စက်လှေဟာ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ရွာကနေ ဂန့်ဂါရွာကို ကျောင်းတက်အပြန် နေ့ခင်း ၁နာရီလောက်မှာ နစ်မြုပ်ခဲ့ရာမှာ ကျောင်းသူ ကျောင်းသား ၇ယောက်ပျောက်ဆုံးခဲ့ပါတယ်။

ဒီကနေ့ နေ့ခင်းမှာတော့ ပျောက်ဆုံးနေသူတွေထဲက ရုပ်အလောင်း ၆လောင်းကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း ပိုးရွှီပြင်ရွာက အငြိမ်းစားကျောင်းဆရာ ဦးမောင်ကျင်လှက အခုလို ပြောပါတယ်။

" ၇ယောက်ပျောက်တာမှာ ခြောက်လောင်းရပြီ ယောက်ကျားလေး အလောင်းက မရသေးဘူး။ မနက်က ၈နာရီလောက်က စပြီး တလောင်းရတယ်။ ဆက်တိုက် ဆက်တိုက်ရတာပေါ့နော်။ ၁၁ နာရီလောက်မှာ ၅လောင်း ရပြီးတော့ ခုနက တလောင်းရတယ်ဆိုတော့ ၆လောင်းတော့ရပြီ နောက်တယောက် မရသေးဘူးခင်ဗျ။ ဝိုင်းပြီးတော့ ရွာတွေကနေ အများကြီးပါပဲ လိုက်ရှာကြပါတယ်။ အများကြီးပါ။"

ရေနစ်သေဆုံးတဲ့ကျောင်းသားတွေဟာ ၇တန်းက ၃ယောက်၊ ၈တန်းက ၃ယောက်နဲ့ ၉တန်းက တစ်ယောက်ဖြစ်ပြီး လောလောဆည် ကျောင်းသူ ၆ယောက်ရဲ့ ရုပ်အလောင်း ကို တွေ့ရှိထားတာဖြစ်ပါတယ်။

စက်လှေမှောက်တာကတော့ လူ ၂၅ယောက်လောက်ဆန့်တာကို ၃၅ယောက် တင်ဆောင်တာကြောင့် နစ်မြုပ်တာဖြစ်ကြောင်းလည်း ပြောပါတယ်။

" စက်လှေမှောက်တာ သူတို့ ကျောင်းဆင်းချိန်ပေါ့နော် ကျောင်းဆင်းချိန်မှာ ကုတို့လှေပေါ့နော်။ လှေကသေးတယ်။ ၂၅ယောက်ပဲ ဆန့်တာကို ၃၅ ယောက် တင်လိုက်တာ။ ဝိတ်များပြီး နစ်သွားတာ။"

စက်လှေနစ်မြုပ်တာနဲ့ပတ်သက်ပြီး ပိုးရွှီပြင်ရွာကို ရောက်ရှိနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက အခုလို အတည်ပြုပါတယ်။

"ခြောက်ယောက်တွေ့ပြီ။ စက်လှေထဲမှာ လူတင်တာများတာပေါ့။"

လောလောဆယ်မှာတော့ စက်လှေမောင်းသူကို ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တနေရာနဲ့ တနေရာသွားလာရာမှာ ရေလမ်းခရီးကို အဓိကထား အသုံးပြုနေရပြီး အခုလို စက်လှေမှောက်တာအပြင် မော်တော်နဲ့ သင်္ဘောမှောက်တာတွေ လည်း မကြာခန ဖြစ်ပျက်နေပါတယ်။

ရေယာဉ်တွေ နစ်မြုပ်ရတာကတော့ ရေယာဉ်တွေရဲ့ ကြံ့ခိုင်မှုပိုင်းအားနည်းတာနဲ့ အလေးချိန်တန်ပို တင်ဆောင်တာတွေကြောင့် လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီအပေါ်မှာတော့ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မြကျော်က အခုလို သုံးသပ်ပါတယ်။

" အဓိက ကတော့ ရခိုင်ပြည်နယ်က လမ်းပမ်းဆက်သွယ်ရေးက အရမ်းကို ခက်ခဲတဲ့နေရာ ဖြစ်တော့ ပြုပြင်ပြောင်းလဲမှုအတွက် လုပ်တာကတော့ အစိုးရမှာ တာဝန်အရှိဆုံးပဲလို့ ကျနော်တို့ကတော့ ပြောချင်တယ်။ ခေတ်အဆက်ဆက်လည်း ကျနော်တို့ရခိုင်ပြည်နယ်ကို လုံးဝ လျစ်လျူရှု့ခံထားရတဲ့ အတိုင်းအတာလို့ ကျေန်ာတို့ကတော့ သုံးသပ်တာပေါ့။ ဟိုတခါလည်း ဖြစ်ပြီးပြီ။ ကြံ့ခိုင်မှုပိုင်းမှာလည်း လုံးဝကို အားနည်းတယ်။ ဝန်ကြီးဌာနရဲ့စီမံခန့်ခွဲမှု ဝန်ကြီးဌာနရဲ့ စစ်ဆေးအရေးမှုအပိုင်းက အရမ်းကို အားနည်းတယ်။ အားနည်းတဲ့အတိုင်းအတာလို့ အများကြီးတွေ့ရတာပေါ့။"

၂၀၁၅ခုနှစ် မတ်လ ၁၃ရက်နေ့က တောင်ကုတ် စစ်တွေသွား အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်ခဲ့တာကြောင့် သေဆုံးသူ ၄၂ယောက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး ဒေသတွင်း ကူညီ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ လူမှု့အသင်းအဖွဲ့တွေကတော့ ပျောက်ဆုံးသူ ရာနဲ့ချီရှိတာကြောင့် သေဆုံးသူတွေ ဟာ ထုတ်ပြန်တာထက် များပြားနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ အောင်တံခွန် ၃ နစ်မြုပ်တာဟာ ရခိုင်ပြည်နယ် ရေယာဉ် နစ်မြုပ်မှုများ အဆိုးဆုံးနဲ့ အသေအပျောက် အများဆုံးအဖြစ် ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ပေါက်တောမြို့နယ်ကနေ စစ်တွေမြို့နယ်ကို သွားတဲ့ စက်လှေတစင်း နစ်မြုပ်ခဲ့တာကြောင့် လူ ၁၈ယောက်သေဆုံးပြီး လူ ၆၀လောက် ပျောက်ဆုံးခဲ့ပါတယ်။
VOA Burmese News


[youtube src="y-CTdkrjXmU"/]
ထီလက်မှတ်တစ်စောင်ကို ၂ ကျပ်နူန်းနဲ အမြင့်ဆုံး ဆုကြေးငွေ ကျပ်တစ်သိန်း အဖြစ် ၁၉၃၈ ခုနှစ်က စတင်ခဲ့တဲ့ အောင်ဘာလေ သိန်းဆုဌာနက ၂ဝ၁၇ မှာ ထီလက်မှတ် တစ်စောင်ကို ၅ဝဝ ကျပ်နဲ့  ဆုကြေးငွေ ကျပ် သိန်းတစ်သောင်း အဖြစ် ထွက်ရှိတော့မှာပါ။
Kamayut Media

[youtube src="h6VRvrzpiRY"/]
လူမူကွန်ယက်ပေါ်မှာ ဂယက်ရိုက်ခဲ့တဲ့ မြန်မာ့ကျောက်မျက်အသင်းရဲ့ ရန်ပုံငွေ ယူရိုသန်း ၉ဝ ကျော် (ဒေါ်လာသန်း၁ဝဝ) ပျောက်ဆုံးနေတဲ့ သတင်းတွေအပေါ် သတ္တုတွင်း ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် ဦးဆောင်ပြီး ဇွန်လ ၂ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
Kamayut Media

စစ်ကိုင်းသစ်အချောထည်စက်ရုံက ဆန္ဒပြတဲ့ အလုပ်သမားများ၊ ၀န်းရံ ပြည်သူနဲ့ ကျောင်းသားတွေကို ဇွန်လ ၁ ရက်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ခဲ့ပြီး ၁၅ ဦးကို ပုဒ်မ ၅၀၅(ခ) အပါအ၀င် ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားပြီးတခြား ၃၆ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်က အလုပ်ထုတ်ပစ်တာကြောင့် သူတို့ရဲ့ပြဿနာကို ဖြေရှင်းပေးဖို့အတွက် နေပြည်တော်သမ္မတရုံးအထိ သွားရောက်ဖို့အတွက် ချီတက်ခဲ့ရာမှာ နေပြည်တော် တပ်ကုန်းမြို့မှာ ရဲအင်အား အများအပြားနဲ့ ပိတ်ဆို့တားဆီးပြီး သူတို့ကို မေလ ၁၈ ရက်က ဖမ်းဆီးခဲ့တာပါ။ ဇွန်လ ၁ ရက်နေ့မှာတော့ ရုံးထုတ်စစ်ဆေးခဲ့ပြီး အလုပ်သမား၊ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၁၅ ဦးကို ဆက်လက်ဖမ်းဆီးထားပြီး ဇွန်လ ၁၅ ရက်နေ့ကို ရုံးချိန်း ထပ်မံ ချိန်းဆိုလိုက်ကြောင်း တရားရုံးကို သွားရောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း က ပြောပြပါတယ်။

“၁၅ ရက်နေ့ကို ရုံးချိန်းပေးလိုက်တယ်။ သူတို့ ဒီမှာ ၁၅ ယောက်ပဲ ကျန်တော့တယ်တဲ့ ၅၁ ရှိတာ ၁၅ ယောက်လောက် ကျန်တယ်ဆိုတော့ ၃၆ ယောက်ပေါ့ လွတ်လာတာ။ တကယ်တမ်းတော့ ဒီအတိုင်း ဖမ်းဆီးထိန်းသိမ်းစရာ လိုတဲ့ အနေအထားတော့ မဟုတ်ဘူးဗျ။ အဲ့လိုနည်းနဲ့လည်း ဖြေရှင်းရမယ့် ကိစ္စမဟုတ်ဘူး။ ဒါ သူတို့ သက်သက်မဲ့ မတရား ဖမ်းဆီးခံရတဲ့သဘော ဖြစ်နေတာကိုး။ တကယ်တမ်းက သူတို့ အလုပ်သမားတွေနဲ့ အလုပ်ရှင်နဲ့ အစိုးရနဲ့ ညှိနှိုင်းမယ်သာဆိုရင် ဒီလို အခြေအနေတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။ ဒီကြားထဲမှာ အစိုးရက နည်းနည်း ညှိနှိုင်းသယောင်ယောင် သူတို့ ဟန်ပြလုပ်လာတာ ရှိပေမဲ့ တကယ်တမ်းတော့ ညှိနှိုင်းမှု မမြောက်ဘူးပေါ့နော်။ အဲ့လိုအနေအထားမှာ ညှိလည်း မညှိနှိုင်းဘူး။ ဖြေလည်း ဖြေရှင်းမပေးဘဲနဲ့ ဒီကိစ္စကို ဒီလို ဖမ်းဆီးတာမျိုးနဲ့ အဆုံးသတ်တယ်ဆိုတော့ သိပ်လည်း သဘာဝမကျဘူးပေါ့။”

နေပြည်တော်ကို ဥပဒေမဲ့ လမ်းလျှောက်ဆန္ဒပြခဲ့တာတွေကြောင့် ဖမ်းဆီးခံရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး စက်မှုဇုန်ရှိ သစ်အခြေခံစက်ရုံက အလုပ်သမား ၅၁ ဦးအနက် ၃၆ ဦးကို အစိုးရက ယမန်နေ့က နေ့လည်က ပြန်လည်လွှတ်ပေးလိုက်ကြောင်း အစိုးရသတင်းစာမှာတောာ့ ဖော်ပြထားပါတယ်။ အစိုးရသစ်လက်ထက်မှာ အခုလိုမျိုး ဖမ်ဆီးတဲ့နည်းနဲ့ ဖြေရှင်းတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းနဲ့ အစိုးရသစ်နဲ့ အစိုးရဟောင်းတို့ ဖြေရှင်းပုံ အတူတူ ဖြစ်နေတယ်လို့မြင်ကြောင်း ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။

“လက်ရှိ အစိုးရလက်ထက်မှာ ဒီလိုဖြစ်တယ်ဆိုတာ ဒါ အများကြီး မေးခွန်းထုတ်စရာဖြစ်တာပေါ့။ ပြည်ထဲရေးအပေါ်ကို အစိုးရက ဘယ်လောက်အထိ လွှမ်းမိုးနိုင်မလဲဆိုတဲ့ ပြဿနာကို ဒီပြဿနာက မီးမောင်းထိုးပြတာပဲ။ အခု ဖြေရှင်းပုံကိုကြည့်လိုက်ရင် သိပ်မကွာခြားဘူးပေါ့နော်။ အရင် အစိုးရရဲ့ ဖြေရှင်းပုံ နည်းလမ်းအတိုင်း ဖြေရှင်းတယ်လို့ ပြောလို့ရတယ်။ တကယ်တမ်းဆိုရင် အရင်အစိုးရက ရှိနေတဲ့ပြဿနာကို ဘယ်တော့မှ ပြေလည်အောင် မဖြေရှင်းဘူး။ ပြဿနာတွေ တက်လာတဲ့ဟာကို သူတို့က ရပ်တန့်သွားအောင်လို့ ဖမ်းဆီးအရေးယူတာတွေ နှိမ်နင်းဖြိုခွင်းတာတွေ ဒီနည်းပဲ သုံးခဲ့တယ်။ အခုလည်းပဲ ဒီအတိုင်းပဲ တကယ်ကို ပြေလည်အောင် မဖြေရှင်းဘဲနဲ့ ဖမ်းဆီးဖြိုခွင်းမှုနဲ့ပဲ ဒီဟာကို အဆုံးသတ်အောင် ကြိုးစားနေတယ်။ ဥပမာ - အလုပ်ရှင် - အလုပ်သမား ပါပြီးတော့ ညှိနှိုင်းဖြေရှင်းသင့်တယ်။ ဒီဘက်က အစိုးရဘက်ကလည်း ပါသင့်တယ်ပေါ့။ ဒီလို အစိုးရက ကြားဝင် ထိန်းညှိပေးတဲ့ ဖြေရှင်းမှုပုံစံမျိုးဆိုရင် ပြေလည်နိုင်ပါတယ်။ အလုပ်သမားတွေကလည်း အဲဒီလောက်အထိ အတင်းအဓမ္မ တောင်းနေတာ မဟုတ်ဘူး။ အဲတော့ သူ့ အနေအထား ကြည့်လိုက်တဲ့ အခါကျတော့ ပြဿနာရပ်တွေမှာ အလုပ်ရှင်ဘက်က ပါလာအောင် အစိုးရဘက်က မစွမ်းဆောင်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ အဲ့လို တွေ့ရတယ်ပေါ့နော်။ တကယ်တမ်းတော့ အလုပ်ရှင်ပါလာအောင် ခေါ်ပြီးတော့ ၃ ပွင့်ဆိုင် ဆွေးနွေးမယ်ဆိုရင် ပြေလည်နိုင်ပါတယ်။”

ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေနဲ့အတူ သူတို့ကို သွားရောက် ၀န်းရံခဲ့တဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသား ၆ ဦးလည်း ထိန်းသိမ်းခံထားရတာပါ။ စစ်ကိုင်းမြို့ သစ်အချောထည်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ သူတို့ရဲ့ ပြဿနာတွေကို အလုပ်ရှင်နဲ့ အလုပ်သမားဝန်ကြီးဌာနဘက်က ဖြေရှင်းပေးမှု မရှိဘူးဆိုကာ ဧပြီလ ၂၉ ရက်နေ့က စတင်ပြီး နေပြည်တော်က သမ္မတရုံးကို သွားရောက်ဖို့အတွက် စတင် ချီတက်ခဲ့ပါတယ်။ တပတ်ခန့်ကြာတဲ့အထိ ချီတက်ခဲ့အပြီးမှာတော့ နေပြည်တော်မှာ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းပေးမယ်လို့ ပြောဆိုခဲ့တာပါ။ ညှိနှိုင်းမှု ၅ ရက်တာ ကာလအတွင်း သပိတ်ကို ယာယီရပ်နားထားပြီး အလုပ်သမားတွေဘက်ကလည်း သူတို့လိုလားချက်တွေကို တောင်းဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူတို့တောင်းဆိုချက်တွေကို ကျေနပ်လောက်ဖွယ်ရာ မရရှိတဲ့အတွက်ကြောင့်ဆိုကာ အလုပ်သမားတွေဟာ ဆက်လက်ပြီး ချီတက်သပိတ်မှောက်ရာကနေ နေပြည်တော်အ၀င် တပ်ကုန်းမြို့မှာ ဖမ်ဆီးထိန်းသိမ်းထား ခံခဲ့ရတာဖြစ်ပါတယ်။
VOA Burmese News

ဇွန်-၂
ဒီနေ့မနက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဒေါက်တ်ာမြင့်အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ( ငြိမ်း) ဦးစိုးတင့်နဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းအမှုဆောင်တွေရဲ့ သတင်းစာရှင်းလင်းပွဲ ကို တက် ခဲ့သူ ဦးရဲထွဋ်က ဖေ့ဘုတ်စာမျက်နှာမှာခုလို့ရေးသားထားပါတယ်။

ရှင်းလင်းပွဲပြီးတော့ မီဒီယာများက ကျွန်တော့်ကို အခုရှင်းလင်းပွဲအပေါ် ဘယ်လိုမြင်သလဲ လို့မေးတဲ့အတွက်အခုလိုအချက်လေးချက်နဲ့ဖြေခဲ့ပါတယ်။
( မှတ်မိသလောက်ပြန်ရေးပြ တာ ပါ။ အသံဖိုင် ကတော့ ဒီထက်ပိုရှည်ပါတယ်။ စကားပြန်ကျော့တာတွေ၊ ထပ်တာတွေ ပါ နိုင်ပါတယ်။)

၁။ ပြပွဲကျင်းပရေးဗဟိုကော်မတီနဲ့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းတို့အနေနဲ့ လုပ် ငန်းဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့တဲ့အတွက် အခုလို အထင်မှားမှုတွေ ဖြစ်ခဲ့ရတယ်။ ငွေကြေးအများကြီးနဲ့လုပ်တဲ့လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုပိုကောင်းဖို့ လိုပါတယ်။

၂။ တကယ်တော့ ဒီပြဿနာဟာ ကျောက်မျက်လုပ်ငန်းရှင်များအသင်းတွင်းပြဿနာ ဖြစ် ပါတယ်။ တိုင်ကြားသူတွေထဲမှာလည်း အမှုဆောင်တွေပါနေတယ်။ ဒီတော့ စာရင်းသိချင် ရင် အမှုဆောင်အစည်းအဝေးမှာ ဒါမှမဟုတ် သင်းလုံးကျွတ်အစည်းအဝေးမှာ တင်ပြရ မယ်။တင်ပြလို့ မပြေလည်မှ တိုင်ရမယ်။ အဲဒီလိုတိုင်တဲ့အခါမှာလည်း အုပ်ချုပ်မှုအာဏာ ပိုင်ဖြစ်တဲ့ သမ္မတ ဦးထင်ကျော်၊ ဒါမှမဟုတ် လွှတ်တော်တွေမှာဖွဲ့ထားတဲ့ သတ္တုတွင်းတို့၊ တိုင်ကြားစာတို့နဲ့ပတ်သက်တဲ့ကော်မတီတွေကို တိုင်ရမယ်။ အခုတော့ အဲဒီလိုမတိုင်ပဲ ပြည်ခိုင်ဖြိုးပါတီကအနားပေးခံထားရသူတွေပါဝင်နေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနဲ့အထူးကိစ္စရပ်များလေ့လာသုံးသပ် ရေးကော်မတီ ကိုတိုင်တယ်။ တိုင်တဲ့အကြောင်း ကိုလည်း မီဒီယာတွေပေါ်တင်တယ်။ ဒီတော့ ဒီကိစ္စဟာ အသင်းတွင်း အငြင်းပွားမှုထက် ပို တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေပါနေတယ်လို့ ယူဆမိတယ်။

၃။ ဒီကိစ္စဟာ သီးခြားတစ်ခုတည်းဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ ဦးသိန်းစိန် ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ အဖြစ်တာဝန်ပြန်ယူချိန်ကစပြီး သူ့ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေများလာ တယ်။ ဥပမာအားဖြင့် ဒီနေ့ခင်ဗျားတို့ ( မီဒီယာတွေ) ပြောနေတဲ့ ရွှေလယ်တော လက် ဖက်ရည်ဆိုင်ကိစ္စ။ ဒီဆိုင်ကို ဘယ်သူပိုင်တယ်ဆိုတာ ကျွန်တော်မမေးရသေးဘူး။ သို့သော် ဦးသိန်းစိန်ပိုင်တယ်ဆိုရင်တောင် ၁၉ ၈၈ ခုနှစ်ကနေ ဒီနေ့အချိန်အထိ သား သမီးတွေနာမည်နဲ့ လုပ်ငန်းတွေလုပ်၊ မြေတွေသိမ်း၊ အစိုးရကန်ထရိုက်တွေ၊ လုပ်ပိုင်ခွင့် တွေရပြီး ကြီးပွားနေတဲ့သူတွေကြားမှာ ဦးသိန်းစိန် လက်ဖက်ရည်ဆိုင်ဖွင့်တဲ့ကိစ္စကိုပြော နေတာဟာ ဆင်တွေကြားမှာ ယုန်လိုက်ဖမ်းနေတာနဲ့တူတယ်။ ဦးသိန်းစိန် တိုင်းမှူး၊ အတွင်းရေးမှူး(၁)၊၀န်ကြီးချုပ်၊ သမ္မတတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ သူ့သမီးသုံး ယောက်အနေနဲ့ အစိုးရနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်တာရှိမရှိ ပြန်ကြည့်ပါ။ လုံးဝမရှိပါဘူး။ အဲဒီလိုအခြေအနေ မှာ အခုလို သတင်းတွေဖြန့်နေတာက နိုင်ငံရေးအရ ထိုးနှက်တာလို့ပဲမြင်တယ်။

၎။ သတင်းမီဒီယာတွေအနေနဲ့ ပြည်သူတွေစိတ်ဝင်စားမယ့် သတင်းတွေကို တင်ပြဖို့ တာဝန်ရှိတာမှန်ပါတယ်။ ဒါပေမယ့် အခြားလူတွေရဲ့ အသုံးချတာမခံရအောင်အတွက် သတင်းတွေကို စိစစ်စေချင်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ပတ်သက်ရင် ပြီးခဲ့တဲ့ အစိုးရ သက်တမ်းကိစ္စများကို ကျွန်တော်ကို အချိန်မရွေးမေးပါ။ ဖြေပါ့မယ်။

ဓါတ်ပုံ-ဒီနေ့မနက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတ္တုတွင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဒေါက်တ်ာမြင့်အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ( ငြိမ်း) ဦးစိုးတင့်နဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း
အမှုဆောင်တွေရဲ့ သတင်းစာရှင်းလင်းပွဲမြင်ကွင်း
Popular News Journal
မှ-U Ye Htut

ကျောက်မျက်လုပ်ငန်းရှင်အသင်းက အသင်းသားတွေ တိုင်ကြားထားတဲ့ ယူရို သန်း ၈၀ ကျော်အလွဲသုံးစားလုပ်မှုနဲ့ပတ်သတ်ပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ တိုင်ကြားခံရသူတွေရဲ့ သတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက်ဖြစ်ပါတယ်။ ဒီကောက်နှုတ်ချက်ထဲမှာတော့ နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်ကို ကျောက်မျက်အသင်းရဲ့ ဥက္ကဌကနေပေးလိုက်တဲ့ပိုက်ဆံ ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို ပေးလိုက်တယ်ဆိုတဲ့ ပိုက်ဆံတွေနဲ့ ပတ်သတ်ပြီး ပြန်လည်ရှင်းလင်းထားတာကိုတွေ့ရပါတယ်။

(၁)ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်နေတဲ့ရတနာနယ်မြေဒေသခံတိုင်းရင်းသားများလူမှုဘဝဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ ၆ သန်းအသုံးပြုခဲ့ပါတယ်။

* လုံးခင်း ဖားကန့်ရတနာနယ်မြေအတွက် အမေရိကန်ဒေါ်လာ၂သန်း
*မော်လူးမော်ဟန် ရတနာမြေအတွက်၁သန်း
*ခန္ဒီးရတနာမြေအတွက် ၁သန်း
*မိုးကုတ်အတွက်၁သန်း
*မိုင်းရှုးအတွက် ၁သန်း

(၂)၂၀၁၅ခုနှစ် မေလ၂၉ရက်နေ့က ၅၂ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာအစည်းအဝေးမှာအတည်ပြုဆုံးဖြတ်ခဲ့တယ် ။ အဲ့ဒီဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြပြီးပြည်ထောင်စုအစိုးရအဖွဲ့က လမ်းညွှန်မှုနဲ့ အမေရိကန်ဒေါ်လာ၆သန်းကိုမြန်မာငွေ ကျပ်သန်းခုနှစ်သောင်းခြောက်ထောင်ကျော်ကို မြန်မာ့စီးပွားရေးဘဏ်နေပြည်တော်မှာ စာရင်းရှင်ဖွင့်အပ်နှံခဲ့တယ် ။

(၃) အဲ့ဒီငွေထဲကမှ ၂၀၁၅ စက်တင်ဘာ ၄ရက်နေ့မှာ

* မိုးကုတ်အတွက် ကျပ်သန်း၂၀၀
* ခန္ဒီး ၁၀၀
* ဖားကန့်၂၀၀

ရေဘေးသင့်ပြည်သူတွေလိုအပ်တာဆောင်ရွက်ဖို့ဒေသအာဏပိုင်အဖွဲ့အစည်းတွေကိုလွှဲပေးခဲ့တယ် ။

(၄)၂၀၁၆ဇန်နဝါရီ၂၇ မှာလည်း

* ဖားကန့်ဒေသပညာရေးလိုအပ်ချက်ဆောင်ရွက်ဖို့သန်း၁၀၀
* ခန္ဒီးအတွက် ၁၅သန်းကျော်
* ဖားကန့်ဒေသရေလွှမ်းမိုးမှုအတွက် ယဉ်ယန္တရားတွေ စက်သုံးဆီဖြည့်တင်းရေး ကျပ်သန်း၂၀၀ထုတ်ပေးခဲ့တယ် ။

လက်ရှိကျန်ရှိတဲ့ငွေကို မြန်မာနိုင်ငံကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဥက္ကဌ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်းအမည်နဲ့ယာယီစာရင်းဖွင့်ထိန်းသိမ်းထားရှိပါတယ် ။

(၅)နောက်တစ်ချက်ကသမ္မတရုံးဝန်ကြီးဦးစိုးသိန်းကိုလည်း
အမေရိကန်ဒေါ်လာ၅သန်းလွှဲပေးခဲ့ခြင်းမရှိပါဘူး ။အချိန်မရွေးစစ်နိုင်ပါတယ် ။

(၆)one stop service and traing centre building တည်ဆောက်မှုမှာအမေရိကန်ဒေါ်လာ ၅သန်းမဟုတ်ပါဘူး ကျပ်သန်းပေါင်းကျပ်သန်းပေါင်း ၄၆၆၇.၉၂၃သာသုံးစွဲခဲ့တာပါ ပိုတဲ့ပိုက်ဆံတွေက ဘဏ်အကောင့်ထဲမှာအခုထိရှိပါတယ်။

သတင်း-- စိုင်းလမင်း
Popular News Journal


rohingyan-protest-mawlamyine-620.jpg

ရိုဟင်ဂျာ ခေါ်ဝေါ်သုံးနှုန်းတာကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇွန်လ ၂ ရက်နေ့က ကန့်ကွက်ဆန္ဒပြကြစဉ်
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိတဲ့အတွက် အမေရိကန်သံရုံးက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးနှုန်းတာကို ကန့်ကွက်ကြောင်း မွန်ပြည်နယ် အမျိုးသားရေးကွန်ရက်က မော်လမြိုင်မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

ရိုဟင်ဂျာလူမျိုးဆိုတဲ့ အသုံးအနှုန်းကို ကမ္ဘာ့နိုင်ငံတွေက မသုံးအောင် အစိုးရအနေနဲ့ ကန့်ကွက်ပေးစေချင်တယ်လို့ မွန်ပြည်နယ် အမျိုးသားရေးကွန်ရက် အတွင်းရေးမှူး ဦးနိုင်ထွန်း က ပြောပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ ဆိုတဲ့လူမျိုးမရှိဘူး၊ ယခင်တုန်းကလည်းမရှိဘူး ယခုလည်းမရှိဘူး၊ နောင်လည်းလက်မခံဘူး၊ အဲ့ဒါကို မွန်ပြည်နယ်အနေနဲ့ ဆန္ဒထုတ်ဖော်တာပါ၊ ယခင်အစိုးရ အဆက်ဆက် ဒီအသုံးအနှုန်းကို ကန့်ကွက်တယ်ဆိုတာ ထုတ်ပြန်ခဲ့တယ်ပေါ့နော်၊ အခုအစိုးရမှာလည်း ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းကို ကမ္ဘာကမသုံးဖို့ မြန်မာနိုင်ငံ လက်ရှိပြည်ထောင်စု အစိုးရအနေနဲ့ တရားဝင် ကန့်ကွက်တဲ့ စာလေး ထုတ်ပေးဖို့ တောင်းဆိုတာပါ"

ဆန္ဒပြပွဲမှာ မွန်ပြည်နယ် ၁ဝ မြို့နယ်က လူဦးရေ ၂ ထောင်ကျော် ပါဝင်ခဲ့ပြီး မော်လမြိုင် ကမ်းနားရင်ပြင်မှာ စုဝေးဆန္ဒပြကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့က သဲချောင်းဒုက္ခသည်စခန်းအနီးမှာ လှေမှောက်တာကြောင့် သေဆုံးခဲ့တဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက ပြီးခဲ့တဲ့ ဧပြီလ ၂ဝ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်ပြန်ချက်မှာ ရိုဟင်ဂျာ အသုံးအနှုန်းပါတာကို ကန့်ကွက်တာဖြစ်ပါတယ်။

အလားတူ ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တောင်ကြီး စတဲ့မြို့ကြီးတွေမှာ အမေရိကန်သံရုံးရဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့ မေလအတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
RFA

 jewelry-press-620.jpg ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဇွန်လ ၂ ရက်နေ့က မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် သတင်းစာရှင်းလင်းစဉ်

ကျောက်မျက်လုပ်ငန်းရှင်တွေထံက ကောက်ယူထားတဲ့ ယူရိုငွေ ၉၃ သန်းကို အလွဲသုံးစားလုပ်ထားတာကို ဥပဒေ အရ စစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးဖို့ ကျောက်မျက် လုပ်ငန်းရှင် ၈၇ ဦးက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီဆိုင်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းချုပ် အလုပ်အမှုဆောင် ဦးကျော်ကျော်ဦး က အဲ့ဒီပျောက်ဆုံးနေတဲ့အထဲမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို ထုတ်ပေးခဲ့တဲ့ ယူရိုငွေ ၁ သန်းလည်း ပါတယ်လို့ ပြောပါတယ်။

"ယခင်သမ္မတကြီးကို ယူရိုငွေ ၇ သန်း ထုတ်ပေးလိုက်ရတယ်လို့ ကျနော်တို့သိရပါတယ်၊ ကျနော်တို့ ပထမတော့ ကြားတာပေါ့ဗျာ၊ ကြားတဲ့ဟာပဲရှိတယ် ဒီဟာကြီးက ဟုတ်လားဆိုတဲ့ဟာကို ကျနော်တို့ကတင်လိုက်တယ်၊ အဲ့တော့ ဗိုလ်မှူးကြီး ဝင်းထိန် က ဦးဆောင်ညွှန်ကြားရေးမှူးချုပ်ပါ၊ လက်ရှိခုံရုံးဥက္ကဌက ဘာပြောသလဲဆိုတော့ ယူရို ၁ သန်းပဲယူသွားတာပါ၊ ကျန်တဲ့ ၆ သန်းကတော့ လုပ်ငန်းရှင်က စုပေါင်းပြီးတော့ ပေးလိုက်တာပါ၊ ၇ သန်းပေးလိုက်တာကတော့ မှန်ပါတယ်ဆိုပြီးတာ့ အသံဖိုင်ရှိပါတယ်"

ကျောက်မျက်လုပ်ငန်းရှင်တွေ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်မောင် က နေပြည်တော် ဇမ္မူသီရိမြို့နယ်၊ ကျောက်မျက်ရတနာသင်တန်းကျောင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းရဲ့ ရန်ပုံငွေ ယူရို ၈၆ သန်း ပျောက်ဆုံးနေတာ မဟုတ်ဘဲ သုံးစွဲထား ပြီးသား စာရင်းတွေကို ကိုးကားပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် က ငြင်းဆိုခဲ့ပါတယ်။

"ကျနော်တို့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ဘာမှမရှိဘူး၊ သူ့ရဲ့လုပ်ထုံးလုပ်နည်းအရ တစ်ဦးတစ်ယောက် တည်း ဆုံးဖြတ်ချက်မဟုတ်ဘဲနဲ့ ဗဟိုကော်မတီကြီးနဲ့ ဆုံးဖြတ်သွားပြီးတော့ ခုနကတုန်းကလို ၅၂ သန်းသော ပြည်သူလူထုပိုင်သော ကျောက်မျက်ရတနာတွေကနေပြီးတော့ ရရှိတဲ့အကျိုးအမြတ်တွေကို သူ့ဒေသတွေ သူ့ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ဟာတွေကို ကျနော်တို့ သုံးစွဲခြင်းသာဖြစ်တယ် ဆိုတာ အားလုံးအမြင်ပဲဖြစ်ပါတယ် "

ယူရိုငွေ ၉၃ သန်း ပျောက်ဆုံးတယ်လို့ ပြောတဲ့နေရာမှာ လက်ကျန် ယူရိုငွေ ၇ သန်းရှိနေပြီး ယူရို ၈၆ သန်းကို ပြော ကြတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ သမ္မတဟောင်း ဦးသိန်းစိန် ကို အနုပညာဦးစီးဌာန ဆောက်လုပ်ရန် ယူရိုငွေ ၇ သန်း ထုတ်ပေးတာတွေတယ်ဆိုတာ မဟုတ်ဘဲ ယူရို ၁ သန်းသာဖြစ်ပြီး အဲ့ဒီငွေဟာလည်း ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်စာရင်းမှာ အဲ့ဒီငွေရှိနေကြောင်း ဒေါက်တာမြင့်အောင် က ရှင်းပြပါတယ်။ ဒါ့အပြင် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းကို ယူရိုငွေ ၅ သန်း ပေးတာရှိတယ်ဆိုတာဟာ မရှိကြောင်းလည်း ဒေါက်တာမြင့်အောင် က ငြင်းဆိုပါတယ်။

ဖားကန့်မြို့ရှောင်လမ်းအတွက် အမေရိကန်ဒေါ်လာ ၁.၆ သန်း အဲ့ဒီလမ်းအတွက် သုံးစွဲခဲ့ကြောင်းလည်း ဝန်ကြီးဟောင်းက ရှင်းပြတဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ကျောက်မျက်အသင်းရန်ပုံငွေ ၉၃ သန်းပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ကျောက်မျက်အသင်း အလုပ်မှုဆောင်တွေ အပါအဝင် အသင်းသား ၈၇ ဦးက လက်မှတ်ရေးထိုးပြီး သူရဦးရွှေမန်း ဦးဆောင် တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ ကော်မတီကို တိုင်းကြားထားလည်းဖြစ်ပါတယ်။

ကျောက်မျက်အသင်းရန်ပုံငွေကို ယခင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့တဲ့ ဦးတေဇ လက်ထက်မှာ ကျောက်မျက်ပြပွဲ ကျင်းပဖို့အတွက်နဲ့ ကျောက်မျက်အသင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွန် ၁ ရာခိုင်နှုန်း အခွန်ကောက်ခံရတာဖြစ်ပါတယ်။ အဲ့ဒီငွေဟာ အစိုးရက သုံးစွဲခွင့် မရှိဘူးလို့လည်း ကျောက်မျက်လုပ်ငန်းရှင်တွေက သူတို့တောင်းဆိုတဲ့အထဲမှာ ပါရှိပါတယ်။
RFA

ကျားတွေ ယဉ်ပါးအောင် မွေးမြူ ပြသ
ကျားပေါက်စ အသေ အကောင် ၄ဝ တွေ့ခဲ့ရတဲ့ Wat Pha Luang Ta Bua ဘုန်းကြီးကျောင်းကို တရားစွဲသွားဖို့ ရှိကြောင်း ထိုင်း သားရဲ တိရိစ္ဆာန် ထိန်းသိမ်းရေး အာဏာပိုင်တွေက ပြောကြား လိုက်ပါတယ်။

ကန်ချနဘူရီ ခရိုင်က ကျားကျောင်းမှာ ရှိတဲ့ ကျား ၁၃၇ ကောင်ကို ရွှေ့ပြောင်းဖို့ လုပ်ရင်း ဒီလို ကျားသေတွေကို တွေ့ခဲ့တာပါ။

ကျားကျောင်း ကို အုပ်ချုပ်တဲ့ သံဃာတွေကို သားရဲ တိရိစ္ဆာန် ရောင်းဝယ်မှု၊ တိရိစ္ဆာန် ညှဉ်းပန်းမှု၊ တိရိစ္ဆာန် အသေတွေနဲ့ မျိုးတုံးလုနီး သက်ရှိ မျိုးစိတ်တွေ တရားမဝင် ပိုင်ဆိုင်မှုတွေနဲ့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

သူတို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး ကျားတွေကို ရွှေ့ဖို့ အစီအစဉ်တွေကို ဆန့်ကျင် ခဲ့ကြပါတယ်။

ဘုန်းကြီးကျောင်း က ကျားသေလေးတွေဟာ တရက်သား ၂ ရက်သားသာ ရှိသေးတယ်လို့ ရဲမှူးကြီး Bandith Meungsukhum က ပြောပါတယ်။ ဘယ်တုန်းက သေဆုံးခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ကျားပေါက်စ အသေတွေရဲ့ ဒီအင်အေ မျိုးဗီဇကို စစ်ဆေးပြီး ကျောင်းထဲမှာ တွေ့တဲ့ ကျားတွေနဲ့ တော်စပ်မှု ရှိမရှိ လေ့လာသွားမှာ ဖြစ်ပါတယ်။

ကျား အကောင် တရာကျော်ကို ရွှေ့ပြောင်းသယ်ယူ အအေးခန်းထဲမှာ ထည့်ထားခိုင်း
တိရိစ္ဆာန် အသေတွေကို အအေးခန်းထဲမှာ ထည့်ထားခိုင်းတယ်လို့ ကျားလှောင်အိမ်စောင့် တယောက်က ပြောခဲ့ဖူးကြောင်းလည်း ထိုင်း အမျိုးသား ဥယျာဉ် အရာရှိ တယောက်က ဆိုပါတယ်။

တိရိစ္ဆာန် အသေတွေ တရားမဝင် ပိုင်ဆိုင်မှုတွေနဲ့ ဘုန်းကြီးကျောင်းကို တရားစွဲ ခံရနိုင်တယ်လို့လည်း သူက ဆိုပါတယ် ။

မွေးမွေးချင်း သေသွားတဲ့ ကျားပေါက်လေးတွေကို သင်္ဂြိုဟ်တာကို ၂ဝ၁ဝ ထဲက ရပ်ဆိုင်းခဲ့ကြောင်း ဘုန်းကြီးကျောင်း က အရင်က ပြောတာ ရှိခဲ့ပါတယ်။

သားရဲ တိရိစ္ဆာန် ရောင်းဝယ်မှု ရှိတယ် ဆိုတဲ့ စွဲချက်တွေကိုတော့ သူတို့က ငြင်းဆိုခဲ့ပါတယ်။

ဘန်ကောက်မြို့ အနောက်ဘက်က ကျားကျောင်းမှာ အရင်က ကမ္ဘာလှည့် ခရီးသွားတွေကို ငွေယူပြီး တိရိစ္ဆာန်တွေနဲ့ ဓာတ်ပုံရိုက်ခွင့် ပေးနေတာ ဖြစ်ပါတယ်။

ကျားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိပြီး လှောင်အိမ်လေးတွေနဲ့ ထားတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း အရင်ထဲက ရှိနေခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ပုံတူ လက်ရာတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်
တရုတ် နိုင်ငံ အနောက်မြောက်ပိုင်းက သဲကန္တာရထဲမှာ အီဂျစ် ခြင်္သေ့ရုပ်ကြီး တခု တည်ဆောက် ခဲ့ပါတယ်။

Lanzhou ယဉ်ကျေးမှု အမွေအနှစ် ဥယျာဉ်မှာ ဒီ ခြင်္သေ့ရုပ်ကြီး အပြင် ဂရိက ပန်သီယွန် ဘုရားကျောင်းကြီးနဲ့ ကမ္ဘာ့ အမွေအနှစ် အဆောက်အအုံတွေကို ပုံတူ ကူး တည်ဆောက် ပြသနေပါတယ်။

တခါက ပိုးလမ်းမကြီး ပေါ်မှာ တည်ရှိခဲ့တဲ့ Lanzhou မြို့ဟာ ဒီလို ပုံတူ လက်ရာတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေ၊ ရုပ်ရှင် သမားတွေကို ဆွဲဆောင်ဖို့ ကြိုးစား နေတာလို့ ချိုင်းနား ဒေလီ သတင်းစာက ရေးသား ပါတယ်။
ဂရိက ဘုရားကျောင်းကြီးကို ပုံတူကူး တည်ဆောက်
ဒါပေမဲ့ တချို့ နေရာတွေမှာတော့ အီဂျစ်က ကန့်ကွက်လို့ ပြန်ဖျက်ဆီးခဲ့ရတဲ့ ခြင်္သေ့ရုပ်ကြီးတွေလည်း တရုတ်ပြည်မှာ ရှိနေပါတယ်။

ဒီလို ပုံတူတွေကို ရုပ်ရှင် ရုပ်သံ ရိုက်ကူးရာမှာ နောက်ခံ အဖြစ်သုံးတာဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးဆိုပြီး အီဂျစ်က ယူနက်စကို အဖွဲ့ကို တိုင်ကြား ခဲ့တာပါ။

အီဂျစ် ခြင်္သေ့ရုပ်သာမက အမေရိကန် ကွန်ဂရက် အဆောက်အအုံကိုပါ တရုတ် ဘုရားကျောင်းပုံစံ ပုံတူကူး တည်ဆောက်ပြ တာလည်း ရှိပါတယ်။

ဟန်ကျိုးမြို့က ဈေးကြီးတဲ့ အိမ်ရာ တခုမှာတော့ ပဲရစ်က အီဖယ် မျှော်စင် ပုံစံ အတုကို ဆောက်ထားတာ ပေ ၃၅ဝ မြင့်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မွန်ပြည်နယ် မော်လမြိုင်အကျဉ်းထောင်ကို တွေ့ရစဉ်
မွန်ပြည်နယ် မော်လမြိုင်အကျဉ်းထောင် ထောင်မှူးနဲ့ ဒုတိယထောင်မှူးဟာ မူးယစ်ဆေးဝါးတွေ ရောင်းချနေတယ် ဆိုတဲ့သတင်းတွေ ထွက်တာကြောင့် နေပြည်တော် ဗဟိုအကျဉ်းဦးစီးက ခေတ္တခေါ်ယူ စစ်ဆေးနေကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာနက သိရပါတယ်။

မူးယစ်ဆေး မတွေ့ရဘဲ တရားမဝင် ပစ္စည်းတွေ ထောင်ထဲမှာထားတာကို တွေ့ရပြီး အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေတယ် လို့ နေပြည်တော်အကျဉ်းဦးစီးက အမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောပါတယ်။

"ကျနော်တို့ ရှာဖွေရေးလုပ်တဲ့အခါကျတော့ ကြိုးတွေတော့ နောက်ပြီးတော့ သံတိုသံစတွေရယ် နောက် ပြီးတော့  ငွေ ၁၅ သိန်းကျော်လောက်မိတယ်၊ ဒီပိုက်ဆံတွေကို ထောင်ထဲမှာသုံးခွင့်မရှိဘူးလေ၊ ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီးတော့ စစ်နေတာပေါ့"

မော်လမြိုင်ထောင်ပိုင် ဦးခင်မောင်ကြီးနဲ့ ဒုထောင်ကိုင် ဦးစိုးနိုင် တို့ကိုယ်တိုင် မူးယစ်ဆေးဝါးတွေကို သုံးစွဲရောင်းချနေတာကြောင့် နေပြည်တော်က ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးတွေမိခဲ့ပြီး ထောင်မှူးနဲ့ ဒုထောင်မှူးအပါအဝင် ထောင်ဝန်ထမ်းတွေကို ဘားအံအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ် လို့ ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါး ဖမ်းမိတယ်ဆိုတာကို ငြင်းဆိုပြီး ဖမ်းဆီးစစ်ဆေးတယ် ဆိုတာကိုသာ တာဝန်ကျအရာရှိက အတည်ပြုပါတယ်။

မော်လမြိုင်အကျဉ်းထောင်ကို ဆက်သွယ်ပေမယ့် ဆက်သွယ်မရတာကြောင့် အတည်မပြုနိုင်ပါဘူး။ လက်ရှိ မော်လမြိုင် အကျဉ်းထောင်တာဝန်ကို ဘားအံထောင်က ထောင်မှူးးက ပူးတွဲတာဝန် ယူထားပါတယ်။

ဒီထောင်ပိုင်နဲ့ ထောင်ဝန်ထမ်းတွေကို အကျဉ်းထောင်ဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မက်ဆီရဲ့ ရုပ်ပုံ အသုံးပြုခ ဝင်ငွေတွေကို အခွန် မဆောင်ဘူးလို့ စွပ်စွဲခံနေရ
အာဂျင် တီးနား ဘောလုံး အသင်းနဲ့ ဘာစီလိုးနား အသင်း ကစားသမား လီယွန်နယ် မက်ဆီ ဟာ အခွန်ရှောင်မှု စွပ်စွဲချက် တွေနဲ့ ပတ်သက်ပြီး စပိန် တရားရုံး တခုမှာ လာရောက် ထွက်ဆိုဖို့ ရှိနေ ပါတယ်။

ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုကို ငါးကြိမ် ရခဲ့ဘူးတဲ့ မက်ဆီဟာ ဘာစီလိုးနား တရားရုံးကို အမဲရောင် ဝတ်စုံနဲ့ ရောက်ရှိ လာပါတယ်။

သူ့ဖခင် ဂျော့်ခ်ျက အစိုးရကို ဒေါ်လာ လေးသန်းခွဲ အခွန် မဆောင်ဘဲ တိမ်းရှောင် ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆို ထားပါတယ်။

အာဏာပိုင်တွေ ဖက်ကတော့ မက်ဆီရဲ့ ရုပ်ပုံတွေကို အသုံးပြုခ ရတဲ့ ငွေတွေကို အခွန် မဆောင်ရအောင် ဘလိဇ် နဲ့ ယူရူဂွေး တို့မှာ ထားရှိ ခဲ့တယ်လို့ စွပ်စွဲထား ပါတယ်။

ဒီအတွက် မက်ဆီတို့ သားအဖကို ဒဏ်ငွေ အများအပြား နဲ့ထောင်ဒဏ်တွေ အပြစ်ပေးဖို့ စပိန် အခွန်ဌာနက တောင်းဆို ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

နေပြည်တော်၌ ပြုလုပ်သည့် ကျောက်မျက် ရန်ပုံငွေကိစ္စ ရှင်းလင်းပွဲ မြင်ကွင်း (ဆင်ဟွာ)
    နေပြည်တော်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေမှ ဒေါ်လာသန်း ၈၀ ခန့်သည် ယခင် သတ္တုတွင်း ဝန်ကြီးဟောင်း အပါအဝင် သက်ဆိုင်ရာ အဖွဲ့ ခေါင်းဆောင်များအကြား အဂတိ လိုက်စားမှုများတွင် ပါဝင်ကာ စာရင်းကွာနေပြီး ထိုရန်ပုံငွေမှ သမ္မတဟောင်း ဦးသိန်းစိန်ကလည်း ဒေါ်လာ ခုနစ်သန်း ထုတ်ယူခဲ့သည်ဟု လူမှုကွန်ရက်နှင့် မီဒီယာများတွင် အမျိုးမျိုး ရေးသား ဖော်ပြနေမှုသည် မမှန်ကန်ကြောင်း သတ္တုတွင်း ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က နေပြည်တော်တွင် ယနေ့ နံနက် ပြုလုပ်သည့် သတင်းစာ ရှင်းပွဲ၌ ပြောကြားခဲ့သည်။

အနုပညာ ဦးစီးဌာန အတွက် အဆောက်အအုံ ဆောက်ရန် အကြောင်းပြချက်ဖြင့် ဦးသိန်းစိန်က ဒေါ်လာ ခုနစ်သန်း ထုတ်ယူသွားသည်ဟု သံတော်ဆင့် သတင်းစာတွင် ဖော်ပြထားခြင်း အပေါ် သတ္တုတွင်း ဝန်ကြီးဟောင်းက “ကျောက်မျက် ဆိုတာ ပုဂ္ဂလိကပိုင် မဟုတ်ပါဘူး၊ ၅၂ သန်းသော ပြည်သူတွေ ပိုင်တာပါ။ ဒါကြောင့် ကျောက်မျက် ထွက်တဲ့ ဒေသရဲ့ ဖွံ့ ဖြိုး တိုးတက်ရေး၊ သာရေး နာရေး တွေမှာရော ကျန်တဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေမှာပါ  ပြန်အကျိုးပြု လုပ်ပေးရမယ်လို့ သမ္မတကြီးက လမ်းညွှန်ပါတယ်။ ဒါကြောင့် အနုပညာရှင်တွေ ရေရှည် ဖွံ့ ဖြိုး တိုးတက်ဖို့ နိုင်ငံတကာအဆင့်မီ Myanmar Art Center တွေ ဆောက်ဖို့ လိုတယ်လို့ သမ္မတကြီးက ညွှန်ကြား ပါတယ်။ ဒါကို ဆောက်ဖို့  ကျောက်မျက်ရတနာ အကျိုးတူ လုပ်ငန်းရှင်များအဖွဲ့ ကို အလှူခံတော့ သူတို့  လှူတဲ့ငွေ (ဒေါ်လာ ခြောက်သန်း) နဲ့  မလောက်လို့  ကျောက်မျက်ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေထဲက ဒေါ်လာ တစ်သန်းပါ ဖြည့်ပြီး လှူပါတယ်။ အဲဒီ ခုနစ်သန်းကို သမ္မတကြီးက ထုတ်ယူသွားတာ မဟုတ်ပါဘူး။ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ ဘဏ်စာရင်းထဲကို လွှဲထားလိုက်တာပါ။ သုံးစွဲမှုတွေအားလုံးကို internal စာရင်းစစ်၊ ပြင်ပ စာရင်းစစ် (ဦးမောင်မောင်ထိပ်နဲ့ အဖွဲ့ ) တွေနဲ့ စစ်ပါတယ်။ ကြိုက်တဲ့ အချိန်မှာ ဝင်စစ်ကြည့်ပါ။ အဂတိ လိုက်စားမှုတွေ မရှိပါဘူး” ဟု ရှင်းလင်း ပြောကြားသည်။

အဆိုပါ နိုင်ငံတကာ အဆင့်မီ အနုပညာ ဗဟိုဌာန နှစ်ခုကို ရန်ကုန် အာလိန်ငါးဆင့် အနီးတွင် တစ်ခု၊ မန္တလေး ၇၃ လမ်းတွင် တစ်ခု တည်ဆောက်မည်ဖြစ်ပြီး နှစ်ခုလုံးအတွက် ကုန်ကျမည့် ဒေါ်လာ ခုနစ်သန်း (ကျပ်ငွေ ၈.၈ ဘီလီယံကျော်၊ တစ်ခုလျှင် ကျပ် ၄,၄၃၃ သန်းနှင့် ၉၈၃,၆၃၇ ကျပ်) တို့ကို တာဝန်ယူ ဆောက်လုပ်မည့် ကုမ္ပဏီထံ လွှဲအပ် စာချုပ် ချုပ်ဆိုထားပြီး ဖြစ်ကြောင်း၊ ထိုစာချုပ်အရ အနုပညာ ဗဟိုဌာန နှစ်ခုစလုံးကို ၂၀၁၇ မတ်လတွင် အပြီးဆောက်ရမှာ ဖြစ်ကြောင်းလည်း သတ္တုတွင်း ဝန်ကြီးဟောင်းက ရှင်းပြသည်။
မီဒီယာများတွင် အသင်းရန်ပုံငွေဟု ရောနှော သုံးစွဲထားသည်မှာလည်း မှားနေကြောင်း၊ မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေနှင့် မြန်မာ့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေဟူ၍ နှစ်မျိုးရှိကြောင်း၊ ထိုရန်ပုံငွေများမှ ရတနာ ပြပွဲ အသုံးစရိတ်များ၊ လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်း၊ သာရေး နာရေး လှူဒါန်းရေး များတွင် သုံးခြင်း၊ ကျောက်မျက်ကဏ္ဍ ဖွံ့ ဖြိုးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရတနာ ထွက်ရှိရာ ဒေသ၏ ဖွံ့ ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကြောင့် မိမိလက်ထက်တွင် လက်ကျန် ဒေါ်လာ ၃၈ သန်းခန့်သာ ရှိတော့ကြောင်း လည်း ဒေါက်တာမြင့်အောင်က ပြောသည်။

ထို့အပြင် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းအား မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေမှ ဒေါ်လာ ငါးသန်း လွှဲပြောင်းပေးခဲ့ခြင်း မရှိကြောင်း၊ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးရုံး တိုးချဲ့ဆောက်လုပ်ရန် မိမိ (ဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင်) တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဗဟိုကော်မတီ ရန်ပုံငွေမှ ဒေါ်လာတစ်သန်း ထုတ်ပေးခြင်းလည်း မရှိခဲ့ကြောင်း၊ နေပြည်တော်ရှိ မဏိရတနာ ခန်းမ၏ LED main ပြားနှင့် ဘေးနှစ်ချပ်နှင့် CCTV လုံခြုံရေး ကင်မရာ အချပ် ၃၀ အား မလိုအပ်ဘဲ လဲလှယ် တပ်ဆင်သည်ဟု မီဒီယာများက ရေးသားခြင်းမှာ မမှန်ကြောင်း၊ ယနေ့ နံနက် သတင်းစာ ရှင်းပွဲတွင် သတ္တုတွင်း ဝန်ကြီးဟောင်းက ငြင်းဆိုခဲ့သည်။

ကျောက်မျက်ထွက်ရာ ဒေသတွင်း ဖွံ့ ဖြိုးရေး (CSR) လုပ်ငန်းများ ဆောင်ရွက်ရန် ဖားကန့် ဒသအတွက် ကျပ်သိန်း သုံးထောင်၊ မိုးကုတ်ဒေသ အတွက် သိန်းနှစ်ထောင် ကိစ္စများတွင်လည်း အဂတိလိုက်စားမှု မရှိဘဲ နိုင်ငံတော် သမ္မတရုံး၏ ခွင့်ပြုချက်အရ ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ ဗဟို အလုပ်အမှုဆောင် ဦးသာထွန်းအား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း ရန်ပုံငွေ အတွက် ဒေါ်လာ နှစ်သန်း ထုတ်ပေးခြင်းမှာလည်း ထိုအသင်း၏ တင်ပြချက်အရ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုခဲ့ပြီး ပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေမှ ဒေါ်လာ နှစ်သန်းကို အသင်းသို့ လွှဲပြောင်းပေးခြင်းသာ ဖြစ်ကြောင်း ဒေါက်တာမြင့်အောင်က ဖြည့်စွက် ရှင်းပြသည်။

လူမှုကွန်ရက်နှင့် မီဒီယာအချို့တွင် ပါရှိနေသည့် ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ်၏ ရန်ပုံငွေတွင် ဒေါ်လာ သန်း ၈၀ ခန့် ကွာဟနေပြီး အဂတိလိုက်စားမှုများ ရှိနေသည်ဆိုသော မီဒီယာများ၏ ဖော်ပြချက်များသည် မိမိ သတ္တုတွင်း ဝန်ကြီး အဖြစ် တာဝန်ယူထားသော ကာလတွင် ရှိသောကြောင့် မိမိက ရှင်းဖို့ တာဝန်ရှိသည်ဟု ယူဆသဖြင့် မိမိတစ်ဦးတည်း ပုဂ္ဂလိက ဆန္ဒဖြင့် ယခုကဲ့သို့ ရှင်းလင်းရကြောင်းလည်း ၎င်းက ပြောသည်။

ယနေ့ နံနက် နေပြည်တော် ရွှေကြာပင် ကျောက်မျက် ဈေးကွက်ရှိ ကျောက်မျက် သင်တန်းကျောင်း ခန်းမ အပေါ်ထပ်တွင် နံနက် ၉း ၀၀ နာရီမှ ၁၁း ၃၀ နာရီခန့် အထိ ပြုလုပ်ခဲ့သော သတင်းစာရှင်းပွဲသို့  သတ္တုတွင်း ဝန်ကြီးဟောင်းနှင့် အတူ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဟောင်း ဦးစိုးတင့်လည်း ပါဝင် ရှင်းလင်းခဲ့ ပြီး ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် အခြား စိတ်ဝင်စားသူများလည်း တက်ရောက် လေ့လာခဲ့ကြသည်။

(Xinhua)
http://www.xinhuamyanmar.com


လမ်းခွဲခံရသည့် အမျိုးသားက တက္ကသိုလ်ကျောင်းသူကို အရှင်လတ်လတ် မီးရှို့ ခဲ့မှု အီတလီနိုင်ငံ ရောမမြို့တွင် ဖြစ်ပွားခဲ့ ကြောင်း မေလ ၃၁ ရက် သတင်းများတွင် ဖော်ပြထားသည်။ မိမိကြုံတွေ့ခဲ့ဖူးသမျှ အမှုများတွင် ယခုအမှုသည် အရက်စက် အကြမ်းကြုတ်ဆုံး အမှုဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးမှူးတစ်ဦးက ဆိုသည်။

အသက် ၂၇ နှစ်အရွယ် ဗင်စီဇိုပဒူ နိုက အသက် ၂၂ နှစ် အရွယ် တက္ကသိုလ် ကျောင်းသူ ဆာရာဒီပီထရန်တိုနီယို၏ကားကို မီးရှို့လိုက်သဖြင့် ကျောင်းသူသည် သေဆုံးသွားတော့သည်ဟု အစိုးရရှေ့နေမာရီ ယာ မန်တလီနီက သတင်းထောက်များကို ပြောသွားခဲ့သည်။


ကားထဲမှ ပြေးထွက်လာသည့် ထိုမိန်းကလေးကို ရည်းစား ဟောင်းက နောက်မှ လိုက်ခဲ့ကြောင်း၊ ထို့ နောက် မိန်းကလေးကို မီးရှို့လိုက်ပြန် ကြောင်း အာဏာပိုင်အဖွဲ့က ဆိုသည်။ ၎င်းက မိန်းကလေးကို အရက်ဖြင့်လောင်းချလိုက်ပြီး မိန်းကလေးမျက်နှာကို မီးခြစ် ဖြင့်ခြစ်လိုက်တော့သည်ဟု စုံစမ်းစစ်ဆေး ရေးမှူးများက ဆိုသည်။

 ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် ပဒူနိုကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ အထားခံခဲ့ရသည်ကို လက်မခံနိုင်သည့်အတွက် ပဒူနိုက မိန်းကလေးကိုသတ်ရန် အကွက်ကျကျ စီစဉ်တော့သည်ဟု အစိုးရရှေ့နေက ပြောပြသည်။

‪‎ချယ်ရီ‬(TOI, 1.6.16)
Pyi Myanmar
https://www.facebook.com/pyimyanmarnews/

ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင် ကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်တူးဖော်ရေးလုပ်ငန်းတွေကို စိစစ်ကြပ်မတ်ဖို့အတွက် လုံးခင်း-ဖားကန့် ရတနာမြေ ကျောက်စိမ်းတူးဖော်မှုကြီးကြပ်ရေးအဖွဲ့ကို ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းလိုက် ပါတယ်။

ကျောက်စိမ်းတူးဖော်မှုကြီးကြပ်ရေးအဖွဲ့ကို စီမံချက်တစ်ရပ်အနေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်တာလို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က ပြောပါတယ်။

အဲ့ဒီအဖွဲ့ကို ဖားကန့်မြို့နယ် ကျောက်စိမ်းတူးဖော်ရေးဌာနက ဦးဆောင်တာဖြစ်ပြီး သစ်တော၊ အုပ်ချုပ်ရေးဋ္ဌာန စတဲ့အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်စိမ်း တူးဖော်ရေးတွေလုပ်ကိုင်တဲ့အခါ ကျောက်တောင်တွေ ဖြိုရာမှာ အသုံးပြုတဲ့ ယမ်းဘီလူး ခေါ် ဒိုင်းနမိုက်တွေကို ကုမ္ပဏီတွေက ဖားကန့်ကို သယ်ယူခွင့်ပေးတာကို ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်နယ် အစိုးရအဖွဲ့ထံ အသိပေးသင့်ကြောင်း ဝန်ကြီးက ပြောပါတယ်။

ဖားကန့်မြို့နယ်က လုံးခင်း၊ မှော်စီစာ၊ ဝှေခါ၊ မှော်သစ်ကုန်း၊ ဆိပ်မူ စတဲ့ မှော်ရွာတဝိုက်မှာ ကုမ္ပဏီလုပ်ကွက်ပေါင်း ရှစ်ထောင်နီးပါး ရှိပြီး စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်လုပ်ကိုင် နေကြတာဖြစ်ပါတယ်။

မိုးတွင်းကာလဖြစ်တဲ့ မေလကုန်ပိုင်းကစပြီး ယန္တရားတွေနဲ့ ကျောက်တူးဖော်မှုတွေကို ငါးလကြာ ရပ်နားထားပြီဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese/

ရခိုင်ပြည်နယ် မဒေးကျွန်းက ရေနံဆိပ်ကမ်း
ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စကော့တလန် ရေနံ ကုမ္ပဏီ အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံကို ဒီတပတ်ထဲ သွားဖို့ ရှိပါတယ်။

ဒီကိုယ်စားလှယ် အဖွဲ့မှာ Aggreko စွမ်းအင် ကုမ္ပဏီနဲ့ Wood Group၊ Asco နဲ့ Bibby Offshore စတဲ့ ရေနံနဲ့ ဓာတ်ငွေ့ လုပ်ငန်း ကုမ္ပဏီတွေ ပါပါတယ်။

မြန်မာ စွမ်းအင် ဝန်ကြီးသစ် ဦးဖေဇင်ထွန်းနဲ့ သူတို့ တွေ့ဖို့ ရှိသလို မြန်မာပြည်မှာ ရေနံ လုပ်ငန်း လုပ်ကိုင်နေကြတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီ တွေကိုလည်း တွေ့ဖို့ ရှိပါတယ်။

စကော့တလန် မြောက်ဘက်က မြောက်ပင်လယ် ဒေသမှာလိုပဲ မြန်မာနိုင်ငံမှာ မဖော်ထုတ် ရသေးတဲ့ ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေ အလျှံပယ် ရှိနေတယ် လို့ ရေနံ ကုမ္ပဏီ အဖွဲ့ထဲက Scottish Enterprise ကုမ္ပဏီက ပြောပါတယ်။

မြန်မာ အစိုးရက ပြည်ပ အရင်းအနှီး နည်းပညာ တွေနဲ့ ပြည်တွင်း ရေနံ လုပ်ငန်းကို ဖွံ့ဖြိုးအောင် လုပ်ချင် နေတယ် လို့လည်း စီးပွားရေး ဖွံ့ဖြိုးမှု အေဂျင်စီ အဖွဲ့က ဆိုပါတယ်။

ဘီအိုစီ ခေတ်က လုပ်ကိုင်ခဲ့တဲ့ ချောက်ရေနံမြေ
မြန်မာ နဲ့ စကော့တလန်ကြားမှာ ဘီအိုစီ ကုမ္ပဏီ ခေတ်ကတည်းက ရေနံလုပ်ငန်း လုပ်ကိုင်ခဲ့ကြတာလို့ ဒီအဖွဲ့ကို ခေါင်းဆောင်တဲ့ Scottish Enterprise က မစ္စ လီနာ ဝီလ်ဆင်က ပြောပါတယ်။

မြန်မာ နိုင်ငံ အထက်ပိုင်းကို ဗြိတိသျှ တွေ သိမ်းပြီးနောက် ၁၈၈၆ မှာ ဘီအိုစီ ကုမ္ပဏီက စတင် လုပ်ကိုင် ခဲ့တာပါ။

"မြန်မာနိုင်ငံ လက်ရှိ အနေအထားဟာ ၁၉၇ဝ ပြည့်လွန်နှစ်တွေ တုန်းက စကော့တလန် ရေနံ လုပ်ငန်းတွေ အားယူခဲ့တဲ့ အနေအထားနဲ့ ဆင်တူတယ်" လို့လည်း သူက ဆိုပါတယ်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့ စကော့တလန် က အဘာဒင်းမြို့က ရေနံ လုပ်ငန်းတွေကို မနှစ်က လာရောက် လေ့လာခဲ့ပြီးနောက် ခုလို စကော့တလန် ဘက်က သွားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


မော်လမြိုင်၊ ဇွန် ၂

မော်လမြိုင် အကျဉ်းထောင်အတွင်း မေလ ၂၉ ရက်နေ့ နံနက် ၅ နာရီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ တားမြစ်ပစ္စည်း များတွေ့ရှိခဲ့သောကြောင့် မော်လမြိုင်ထောင်ပိုင် ဦးခင်မောင်ကြီးနှင့် ဒုထောင်ပိုင် ဦးစိုးနိုင် တို့ ကို ဘားအံမြို့နယ် အကျဉ်းဦးစီးဌာန သို့ ပြောင်းရွှေ့စစ်ဆေးလျက်ရှိကြောင်း နေပြည်တော်၊ အကျဉ်းဦးစီးဌာန ထံမှ သိရသည်။

"မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သတင်းတွေပြန့်နေလို့ဝင်စစ်တယ်။ မူးယစ်ဆေးမမိဘူး။ တားမြစ်ထားတဲ့ ပစ္စည်း တွေဖြစ်တဲ့ ပိုက်ဆံတို့၊တုတ်တို့ အဲဒါတွေဘဲတွေ့တယ်" နေပြည်တော်အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသူဖြစ်သော ဒုညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကိုယ်စား အကြီးတန်းစာရေး ဦးရဲထက်အောင်က ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ ထောင်ပိုင်ကို ဘားအံ အကျဉ်းဦးစီးဌာနတွင် တွဲဖက်အနေဖြင့်သာ တာဝန်ပေး အပ်ထားပြီး စစ်ဆေးခြင်းဖြစ်ကာ ဌာနဆိုင်ရာစုံပါဝင်သည့် ခုံရုံးဖွဲ့ကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် လူမှုကွန်ရက် ဖေ့ဘွတ် စာမျက်နှာပေါ်၌ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှ မူးယစ်ဆေးဝါများ တွေ့ရှိသည်ဟု သတင်းထွက်ပေါ်နေခြင်းမှာ အမှန်မဟုတ်ကြောင်း မွန်ပြည်နယ် အကျဉ်းစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်နိုင်က ပြောဆိုထားသည်။

ရင်ငြိမ်းချမ်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation

ရန်ကုန်မြို့တွင် ပြုလုပ်သော ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အမှုဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ၁ ရာခိုင်နှုန်း အခွန်၊ ယူရို ၉၃ သန်းကိစ္စ နှင့် ပတ်သက်၍  သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ခုံရုံးဖွဲ့ စစ်ဆေးမှု၏ အစီရင်ခံချက် လာမည့် အပတ်တွင် ထွက်ရှိမည် ဖြစ်ကြောင်း ၊ ၎င်း အစီရင်ခံချက်၏ အဖြေပေါ် မူတည်၍ လိုအပ်ပါက ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင်  ဦးကျော်ကျော်ဦးက ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်တွင် ညွှန်ချုပ် ၃ ယောက်မှ ခုံရုံးဖွဲ့၍ စတင် စစ်ဆေးခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကောက်ခံထားခဲ့သော ၁ ရာခိုင်နှုန်း အခွန်အား စတင် ကောက်ခံသည့် ခုနှစ်၊ ယင်းကောက်ခံငွေများအား ခွဲဝေသုံးစွဲ ခွင့်ပြုခဲ့သော ဌာန အသင်းအဖွဲ့၊ လူပုဂ္ဂိုလ်များ နှင့် သုံးစွဲခဲ့သည့် လုပ်ငန်းခေါင်းစဉ် နှင့် ငွေပမာဏ၊ ထိုသို့သုံးစွဲခဲ့သည့် ငွေများတွင် လုပ်ငန်းခေါင်းစဉ် အလိုက်ငွေကြေး သုံးစွဲခွင့်ပြုမိန့် ချပေးသူ နှင့် ငွေကြေးသုံးစွဲခြင်းကို စီမံခန့်ခွဲခဲ့သူများ ၊ ကျောက်မျက်ရတနာ ပြပွဲ ကျင်းရေးကော်မတီ Account ထဲတွင် လက်ရှိကျန်ရှိသော ၁ ရာခိုင်နှုန်း အခွန်ငွေ ပမာဏအား အသင်းသူအသင်းသားများ အနေဖြင့် သိရှိလိုကြောင်း သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများသို့ မေလ ၉ ရက်တွင် တိုင်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် လိုင်စင် ရရှိခဲ့ပြီး၊ ဦးတေဇမှ ဥက္ကဋ္ဌ အဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှ စတင်၍ အသင်းဥက္ကဋ္ဌ တာဝန်အား ဦးရုံးမူမှ ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့သည် ခုံရုံးဖွဲ့ စစ်ဆေးခြင်း၏ နောက်ဆုံးရက် ဖြစ်သည့်အတွက် ထွက်လာမည့် အစီရင်ခံချက် အား စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

ဦးကျော်ကျော်ဦးက “ အဓိက သိချင်တာက ဒီငွေတွေ ဘယ်မှာသုံးလဲ၊ အသင်းမှာ ဘယ်လောက်ကျန်လဲ၊ ထင်သာမြင်သာ ရှိစေချင်တယ်။ ဒါကြောင့် အသင်းသား ၈၇ ဦးပါတဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီက တိုင်စာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ထွက်လာတဲ့ အစီရင်ခံချက် က ငွေကြေးစာရင်းကို ကြည့်ပြီး ဥပဒေကြောင်း အရ ဆက်လက် လုပ်ဆောင်သွားမှာပါ’’ ဟု ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com/

ပိုးရွှိပြင်ကျေးရွာ လှေနစ်မြုပ်မှု မိန်းကလေး ၆ ဦး၏ အလောင်းအား ဆယ်ယူရရှိထားသည်။ ကျန်ရှိနေသော ယောက်ျားလေး ၁ ဦး၏ အလောင်းအား ဆက်လက်ရှာ ဖွေလျက်ရှိ။ ဓာတ်ပုံ - Development Media Group FB
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့၊ ပိုးရွှီပြင်ကျေးရွာမှာ ဇွန်လ(၁)ရက်မှာဖြစ်ပွား ခဲ့တဲ့ လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ ကျောင်းသား၊ကျောင်းသူ(၇)ဦးအနက် ကျောင်းသူ(၆)ဦးရဲ့ အလောင်းတွေကို ဆယ်ယူရရှိထားပြီး ကျန်ကျောင်းသားတစ်ဦးကိုတော့ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့သိရပါတယ်။


 လှေဟာရာသီဥတုဆိုးရွားမှုကြောင့် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ပိုးရွှီပြင်အထက်ဘက် စမ်းကားအိုင်က ဇွန်လ(၂)ရက်မွန်းလွဲပိုင်း အထိကျောင်းသူ (၆)ဦးရှာဖွေတွေ့ရှိထားရာ ကျန်တဲ့ကျောင်းသားကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ပိုးရွှီပြင်ရဲစခန်းတာဝန်ကျရဲအရာရှိ တစ်ဦးက 5Plusကိုပြောပါတယ်။


 ဇွန်လ(၁)ရက်နေ့လည် (၁)နာရီ ၀န်းကျင်ကပိုးရွှီပြင်ကျေးရွာရှိ အထက်တန်းကျောင်းက ကျောင်း လာတက် ကြတဲ့ ကျောင်းသား၊ကျောင်းသူ (၃၅)ဦးဟာ ကျောင်းဆင်းချိန်မှာ ပိုးရွှီပြင်ကျေးရွာကနေရခိုင်ဂန့်ဂါကျေးရွာ ကို ကူးတို့စက်လှေနဲ့ ကူးရာက လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။


 လှေနစ်မြုပ်ချိန်မှာ ကျောင်းသား၊ကျောင်းသူ (၂၈)ဦးဟာ နီးစပ်ရာကျေးရွာကလှေတွေရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့ပြီး ကျန်(၇)ဦးအနက် (၆)ဦးရဲ့အလောင်းတွေကိုဇွန်လ (၂)ရက်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Development Media Group FB

5 Plus News
https://www.facebook.com/5plusnews/