06/04/16

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံ၊ ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်းနှင့် ဇနီးတို့သည် မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း ချစ်ကြည်ရေးခရီးလာရောက်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ နှင့် စင်ကာပူ နိုင်ငံ အကြား နှစ်နိုင်ငံ ဆက်ဆံရေး၏ မှတ်သားဖွယ်အချက်များ-

- စင်ကာပူနိုင်ငံ အနေဖြင့် ဗြိတိသျှကိုလိုနီလက်အောက်တွင်ရှိနေသေးသည့် ၁၉၅၂ ခုနှစ် ကတည်းက မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြားကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

- ၁၉၆၁ ခုနှစ်တွင် ကောင်စစ်ဝန်ချုပ်အဆင့် တိုးမြှင့်ခန့်ထားခဲ့ပါသည်။

- ၁၉၆၅ ခုနှစ်တွင် စင်ကာပူနိုင်ငံသည် မလေးရှားမှ ခွဲထွက်ပြီး စင်ကာပူသမ္မတနိုင်ငံဖြစ်လာပြီးနောက် ၁၉၆၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ တွင် နှစ်နိုင်ငံ သံအမတ်ကြီးများအဆင့် သံတမန်ဆက်ဆံမှုကို စတင်ခဲ့ပါသည်။

- မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြပြီး ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများတွင် နီးကပ်စွာ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

- နှစ်နိုင်ငံဆက်ဆံရေးတွင်လည်း စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏ တတိယမြောက် ကုန်သွယ်မှု ပမာဏအမြင့်ဆုံးသော မိတ်ဖက်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လယ်ယာထွက်ကုန်၊ ရေထွက်၊ တိရိစ္ဆာန်၊ သတ္တု ၊ သစ်တော စသည်တို့ကို တင်ပို့ပါသည်။ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လုပ်ငန်းသုံးကုန်ကြမ်းများနှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းပါသည်။

- နှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ကျွမ်းကျင်မှုမြှင့်တင်ရေးလုပ်ငန်းများတွင် ပိုမိုအာရုံစိုက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

Ministry of Foreign Affairs Myanmar

အဆိုပါ အမှုများတွင် ပွဲစားများကိုသာ ဖမ်းပြီး ပိုင်ရှင်များကို အရေးမယူနိုင်ခြင်းမှာ အုပ်ချုပ်ရေးအဖွဲ့များ၏ အားနည်းချက်ဖြစ်ဟု ဆို
ဖျာပုံနှင့်ရေးမြို့နယ်များရှိ ကျားဖောင်လုပ်ငန်းအများစုတွင် လုပ်ကိုင်နေရသည့်ရေလုပ်သားအများစုမှာ ထိုင်း၊ အင်ဒိုနီးရှားကဲ့သို့ပင်လုပ်ခလစာအပြည့်မရရှိဘဲ လူကုန်ကူးခံနေရသူများ နည်းတူဆိုးရွားစွာ ခိုင်းစေခံနေရမှု များ ရှိနေကြောင်းသိရသည်။ ၎င်းကျားဖောင်လုပ်ငန်းအများ စုတွင်လုပ်ခလစာအပြည့်အဝမရရှိ ခြင်း၊ တစ်နေ့အိပ်ချိန် သုံးနာရီသာအိပ်ကြရခြင်း၊ နေမကောင်းသော်လည်းနားခွင့်မရရှိကြခြင်း အစရှိသည့် ဒုက္ခပေါင်းများ စွာကို ခံစားနေရသည့် မြန်မာနိုင်ငံသားရာချီရှိနေကြောင်း ဇွန် ၃ ရက်က ဒဂုံမြို့နယ်ရှိ Summit Park View ဟိုတယ်တွင်ပြုလုပ်သည့် လူကုန်ကူးခံရပြီး နေရပ်ပြန်လည် ရောက်ရှိလာသူများတွေ့ဆုံဆွေးနွေး ပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာအဖွဲ့စည်းများ၊ NGO များ နှင့်တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာသည့် ပြည်တွင်းလူကုန်ကူးခံရ သူအချို့တို့၏ပြောကြားချက်အရသိရသည်။ ပြည်တွင်းလူကုန်ကူးခံရပြီး ပြန် လည်ရောက်ရှိလာသူ လှိုင်သာယာ မြို့နယ်နေ အသက်၂၄ နှစ်အရွယ် ကိုလှမင်းအောင်က ''ပြီးခဲ့တဲ့ ခုနစ် လလောက်ကရေးမြို့ဘက်ကို ရောက်သွားတာပေါ့။

ညီအစ်ကိုလိုနေတဲ့ အစ်ကိုတစ်ယောက်က ရေးဘက်မှာ အလုပ်လုပ်ရမယ်။ ဆေးသုတ်တဲ့အလုပ်လို့ ပြောတယ်။ ကျွန်တော်လည်း ဆေးသုတ်တာကျွမ်းကျင်တော့ လိုက်သွားခဲ့တယ်။ ကျွန် တော့်ကိုခေါ်တဲ့ အစ်ကို ကိုယ်တိုင်ကလည်း ဘယ်မှန်းသေချာမသိဘဲ ပွဲစားကပြောတဲ့အပေါ်မူတည်ပြီး လိုက်သွားခဲ့တယ်။ အဲဒီလိုနဲ့ စက်လှေတွေစီးရပြီး ခေါ်သွားတယ်။ ဟိုရောက် တော့ ကျွန်တော်တို့လုပ်ရတဲ့ဖောင်မှာ ကျွန်တော် အပါအဝင် လေးယောက်ပဲရှိတယ်။ ဒါနဲ့ဆေးသုတ်အလုပ်ဆိုပြီး ဘာလို့ဒီခေါ်လာတာလဲမေးတော့ ငါတို့ပွဲစားကို ပိုက်ဆံပေးပြီးခေါ် ခိုင်းတာလို့ပြောတယ်။ ပြန်မယ်ဆို ပြန်တော့လည်း သူတို့မပို့ဘဲပြန်လို့မရဘူး။ ပင်လယ်ကြီးက အကျယ်ကြီးပဲ။ အဲဒီမှာ မြန်မာတွေလည်း အများကြီးပဲ။ ဖောင်တွေလည်း အများကြီးပဲ။ ဖောင်တွေပေါ်မှာ ငါးပိုက်ဆွဲရတယ်'' ဟု ဒီမိုကရေစီတူဒေး သတင်းစာသို့ပြောသည်။ ၎င်းဖောင်များပေါ်၌ အချိန် တစ်လခွဲခန့်အကြာတွင် ဖခင်နာရေး ကြောင့်ပြန်လိုကြောင်းပြောဆိုခဲ့ရာ ပွဲစားမှကြိုတင်ငွေပိုက်ဆံတစ်သိန်း ယူထားခြင်းကြောင့်ဟုဆိုကာ ပိုက်ဆံငါးသိန်းအလျော်ပေးမှသာပြန်ခွင့် ပြုမည်ပြောဆိုသဖြင့် မိသားစုထံ ပိုက်ဆံ ငါးသိန်းမှာကာ အလျော်ပေး နိုင်ခဲ့သဖြင့် ပြန်ခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း၊ ကြိုတင်ငွေတစ်သိန်းသာရရှိပြီး ပြန်မည်ဆိုပါကကျပ်ငါးသိန်း အလျော်ပြန်ပေးခဲ့ရသည်မှလွဲ၍ လစာလည်းတစ်ပြားမှမရရှိခဲ့ကြောင်း၊ ယနေ့တိုင် ၎င်းတို့ကိုခေါ်ဆောင် သည့်ပွဲစားကို ဖမ်းမမိသေးကြောင်း ကိုလှမင်းအောင်က ဆိုသည်။

''မွန်ပြည်နယ်၊ ရေးမြို့ဘက်မှာ တကယ်ကိုထိုင်းလိုပါပဲ။ တစ်နေ့ကို သုံး၊ လေးနာရီလောက်သာ အိပ်ရပြီး တော့ အလုပ်လုပ်နေရတဲ့သူတွေ အများကြီးရှိတယ်။ လခမရတဲ့သူ တွေအများကြီးရှိတယ်။ လစာကို တစ်လ ငါးသောင်းလောက်သာပေးပြီး အရမ်းခိုင်းတယ်လို့သိရတယ်။ အဲဒီဘက်ကနေ စိတ်ကစဥ့်ကလျား ဖြစ်ပြီးပြန်လွတ်လာတဲ့သူတွေလည်းရှိတယ်။ ဒါတွေကိုလည်းအမြစ်ဖြတ် ချေမှုန်းနိုင်ရင် ကောင်းမယ်'' ဟု ထိုင်း နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး NGO အဖွဲ့စည်းတစ်ခုမှအကြံပေး မဥမ္မာအိအိချောက ဆွေးနွေးရာတွင် အကြံပြုတိုက်တွန်းထားသည်။ ပြည်တွင်းလူကုန်ကူးမှုနှင့် ပတ်သက်ပြီး ရေးဘက်ရှိငါးဖမ်းလှေလုပ်ငန်းများတွင် လုပ်ငန်းသဘောသ ဘာဝအရကြမ်းတမ်းပြီး လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် ၎င်းအလုပ်များကိုလုပ်ကိုင်လိုသူနည်းပါးသ ဖြင့် အဆိုပါလုပ်ငန်းများတွင် လုပ်သားလိုအပ်မှုမြင့်တက်လာပြီး ကြားပွဲစားများကမြူဆွယ် ကာ လုပ်ခများပိုမိုပြောဆိုခြင်း၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်၍ လူကုန်ကူးခံခြင်းများရှိနေကာ၊ အလုပ်မလုပ်ကိုင်လိုဘဲပြန်မည်ဆိုပါက ခရီးစရိတ်များ၊ ပွဲစားခများပြန်လည်ပေးမှသာပြန်ခွင့်ပြုမည်ဟုဆိုခြင်းကြောင့် အကြွေး ကျေစေရန် ရရှိသည့်လခဖြင့်ပင်လုပ် ကိုင်မည်ဆိုကာ အလုပ်လုပ်ကိုင်ကြ ကြောင်း မဥမ္မာအိအိချောကဆက် လက်ဆိုသည်။

''သူတို့ပေးတဲ့လခနဲ့ပဲအကြွေး ကျေအောင်လုပ်မယ်ဆိုပြီး လုပ်ကြ ပေမယ့်တစ်လတောင်မခံပါဘူး။ လှေ ပေါ်မှာရိုက်နှက်တာတွေရှိတယ်။ ထင်း ချောင်းတွေနဲ့ရိုက်လို့ ဖျာပုံကျုံကတိုး ဆေးရုံမှာပြရတဲ့သူတွေလည်းရှိ တယ်။ စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြရတဲ့ သူတွေလည်းရှိတယ်။ တစ်နေ့ကို အိပ်ချိန် လေးနာရီပဲပေးပြီး လုပ်ခကျ တော့ တစ်လကျပ်ငါးသောင်းပဲပေး တယ်ဆိုတာတော့ ဒါနောက်ပိုင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာန ချုပ်တို့ အလုပ်သမားဦးစီးဌာနတို့အပါအဝင် လုပ်ငန်းရှင်တွေအကုန်လုံးကိုပြန်ညှိ သင့်တယ်လို့ထင်ပါတယ်။ မဟုတ်လို့ရှိရင် ကိုယ့်ပြည်တွင်းမှာတင်သူများ နိုင်ငံမှာဖြစ်သလိုမျိုး ခေါင်းပုံဖြတ်မှုတွေ၊ လခပေးတာတွေ နည်းတာဖြစ် နေတယ်ဆိုရင်တော့ သူများကိုလက်ညှိုးထိုးလို့မရခင် ကိုယ့်ပြည်တွင်းထဲမှာပဲကိုယ်ပြန်လက်ညှိုးထိုးလို့ရမယ့် ဟာတွေရှိလာတာပေါ့'' ဟု မဥမ္မာအိအိချောက ထောက်ပြပြောဆိုခဲ့သည်။ အဆိုပါ ကျားဖောင်လုပ်ငန်းများနှင့်ပတ်သက်ပြီး လက်ရှိ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ် နှင့် ဖျာပုံမြို့နယ်တို့တွင်တစ်မှုစီဖြင့် လူကုန်ကူးမှုဖြင့်အမှုသုံးမှုဖွင့်ထား ကြောင်း၊ အဆိုပါအမှုများတွင် ပွဲစားကိုသာ တရားစွဲ ဆိုနိုင်ပြီး လုပ်ငန်းရှင်ကို တရားစွဲဆိုနိုင်ခြင်းမရှိ သေးကြောင်း အမှတ် (၆)လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲ မှူးမျိုးသိန်းက ပြောသည်။

''လတ်တလောမှာ ကျားဖောင်လုပ်ငန်းတွေမှာ လူကုန်ကူးမှုမြောက် လို့ အမှုဖွင့်ထားတာ သုံးမှုလောက်ပဲရှိမယ်။ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဖျာပုံ ပေါ့။ အဲဒီဘက်တွေမှာသွားလုပ် နေတာလည်းကြာပြီ။ ဖြစ်နေတာလည်း ကြာပြီ။ ဒါပေမဲ့ တိုင်ရကောင်းမှန်း မသိတော့မတိုင်ဘူး။ အခုတိုင်ရမှန်း သိလို့တိုင်တော့ ဦးတို့ကရှင်းပေး တော့ ပေါ်ပေါက်တာလည်းရှိသလို မပေါ်ပေါက်တာလည်းရှိတယ်။ အဲဒီလိုပေါ်ပေါက်တဲ့နေရာမှာ ပိုင်ရှင်ကို စွဲရတာထက် ပွဲစားကိုစွဲရတာများတယ်။ ပွဲစားကကြိုတင်ငွေဆိုတာထုတ်သွားတယ်။ အဲ့ဒါမျိုးကျရင် ပွဲစားကိုပဲစွဲရတယ်။ ပိုင်ရှင်က စာချုပ်စာတမ်းနဲ့သေချာလုပ်တာ။ ဘယ်အချိန်ကနေ ဘယ်အချိန်အထိအလုပ် လုပ်ရမယ်။ လစာဘယ်လောက်ရမယ်။ ကြိုတင်ငွေဘယ်လောက်ယူထားတယ်။ အဲဒီလိုသက်သေတွေရှိတယ်။ ခိုင်းတယ်ဆိုတဲ့နေရာမျိုးမှာကျတော့ မိုးရာသီမှာလုပ်ရမယ့်အလုပ် ငါးဖမ်းအလုပ်ပဲသူခိုင်းတယ်။ ငါးဖမ်း အလုပ်ဆိုတာ သန်းခေါင်မှာကျချင် လည်းကျမယ်။ မိုးလင်းခါနီးမှ ကျချင်လည်းကျမယ်။ အဲ့ဒီလိုကျတဲ့အချိန် မျိုးမှာတော့ ထလုပ်ရတာပေါ့'' ဟု ဒုရဲမှူးမျိုးသိန်းက ပြောသည်။

တိုင်ကြားသူများအနေဖြင့် ပီပြင်စွာတိုင်ကြားနိုင်ခြင်းမရှိဘဲ၊ အချို့မှာ တစ်မိုးတွင်းလုံးအလုပ်လုပ်ကိုင်ပါ့မည်ဟု စာချုပ်ချုပ်ဆိုထား ကြောင်း၊ တချို့သည် ထိုသို့စာချုပ်ချုပ်ဆိုထားသော်လည်း မလုပ်နိုင်သဖြင့် ထွက်ပြေး သည့်သူများရှိ ကြောင်း၊ သို့သော်အလုပ်ခေါ်စဉ်တွင် လုပ်ငန်းတစ်မျိုးဖြင့်ခေါ်ယူပြီး လုပ်ကိုင်ရစဉ်တွင် လုပ်ငန်းသည် တစ်မျိုးဖြစ်နေကာ ခေါင်းပုံဖြတ်မှုများပါလာပါက လူကုန်ကူးမှုမြောက် ကြောင်း ဒုရဲမှူးမျိုးသိန်း ကဆိုသည်။ ''ဘယ်လိုပဲဆိုဆိုပါ။ နိုင်ငံတွင်းမှာ ဒီလိုကေ့စ်တွေရှိနေတာကိုသိရင် ဒါမျိုးတွေ မဖြစ်အောင်လုပ်ဖို့က အုပ်ချုပ်ရေးအဖွဲ့တွေနဲ့သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးလိုအဖွဲ့တွေမှာ တာဝန်ရှိတာပေါ့။ ဘယ့်နှယ် ပွဲစား ပဲရှာဖမ်းနေပြီး တကယ့်အဓိကတရားခံတွေဖြစ်တဲ့ပိုင်ရှင်တွေကို မဖမ်းမိဘူးဆိုတာ၊ ပိုင်ရှင်တွေ လွတ်မြောက် နေတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒါတွေဖြစ်နေတဲ့နောက်တော့ ဒီလိုမဖြစ်အောင် လုပ်ကိုလုပ်ဖို့ တာဝန်ရှိတာပေါ့။ အဲဒီလိုအုပ်ချုပ်ရေး ပိုင်းတွေက လျစ်လျူရှုနေတာကိုက အဂတိတရားဖြစ်နေတာနဲ့အတူတူပါပဲ။ ဒီလိုဖြစ်နေအောင်ခွင့်ပြုပေး နေတာနဲ့အတူတူပါပဲ။ ဒါတွေကို ပင်လယ်ပြင်အထိလိုက်ပြီးကို စစ်ဆေး ဖမ်းဆီးဖို့လိုပါတယ်။ ဒီလိုမှမဟုတ် ရင် ဒါတွေဆက်ဖြစ်နေဦးမှာပါပဲ''ဟု မီဒီယာသမားတစ်ဦးက သုံးသပ်ပြ သည်။

ZCH

#Democracy Today
http://yangonmedia.com/others/item/2041-such-as-thailand-and-indonesia,-after-severe-labor-wages-there-are-a-number-of-victims-has-not-internal

တာချီလိတ်၊ ဇွန် ၃ - ရှမ်းပြည် နယ်(အရှေ့ပိုင်း) တာချီလိတ် မယ် ခေါင်ရပ်ကွက်နှင့်မိုင်းကုန်းကျေးရွာ အုပ်စု ၀မ်ကောင်း(၁)ရွာ၌ တစ်နေ့ တည်း သေနတ်ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး တစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂ ရက် နံနက် ပိုင်းက တာချီလိတ်မြို့ မယ်ခေါင် ရပ်ကွက် (၉)လမ်းတွင် အားဂါနှင့် လော်ယာတို့ ဆိုင်ကယ်ပေါင်သည့် ကိစ္စဖြင့်စကားများရာမှ အားဂါက ခြောက်လုံးပြူးသေနတ်ဖြင့် တစ် ချက်ပစ်လိုက်ရာ လော်ယာနှင့်အတူ ပါလာသည့် သက်ဟိန်းစိုးအားထိ မှန်သွားခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်သူ အားဂါမှာ ထွက်ပြေတိမ်းရှောင်သွား ခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှု ကြောင့် တာချီလိတ်မြို့ (၆/၁၄) (၅) လမ်း ဆန်ဆိုင်း(က)ရပ်ကွက်နေ သက်ဟိန်းစိုး(ခ)စမော (၂၆) နှစ်တွင် ၀ဲဘက်နံရိုးဘေးပွတ်ရှပ်ဒဏ်ရာတစ် ချက်ထိမှန်ခဲ့ပြီး တာချီလိတ်ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူနေသည်။

အမှုမှ ခြောက်လုံးပြူးသေနတ် ဖြင့်ပစ်ခတ်သူ အားဂါ(ခ)မော်စကို ၃၁ နှစ်၊ (၉)လမ်း မယ်ခေါင်ရပ်ကွက် တာချီလိတ်မြို့နေသူအား တာချီ လိတ်မြို့မရဲစခန်းက (ပ)၁၁၃/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၇ အရ အမှု ဖွင့်ပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇွန် ၂ ရက် ညနေ ၅ နာရီခွဲခန့်ကလည်း တာချီလိတ်မြို့ နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ၀မ် ကောင်း(၁)ကျေးရွာနေ အားဂျေ(ခ) လီဂျေ ၂၆ နှစ်အား ယောက်ဖ တော်စပ်သူ အားဂေ့ဆိုသူမှ တူမီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အား ဂျေတွင် ဒဏ်ရာများပြင်းထန်စွာရရှိ သွားသည့်အတွက် တာချီလိတ်ပြည် သူ့ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့သည်။

"ကျွန်တော့်ရဲ့ညီအားဂျေကို တစ်ရွာတည်းနေ အားဂေ့က ၀မ် ကောင်း(၁)ရွာ လမ်းမပေါ်မှာ တူမီး သေနတ်နဲ့ပစ်ခတ်သွားတာပါ။ ကျွန် တော်တို့သွားကြည့်တော့ ၀ဲလက် ပြင်နောက်၊ ၀ဲဘက်နောက်ကျောအ လယ်၊ ယာဘက်နောက်ကျော၊ ၀ဲဘက် ညှပ်ရိုးအပေါ်၊ ၀ဲရင်အုံအောက် ဘက်၊ ယာဘက်ရင်အုံဘေးဒဏ်ရာ တွေနဲ့ လဲကျနေပြီး ဆေးရုံပို့တဲ့အခါ လမ်းမှာသေဆုံးသွားတယ်" ဟု သေ ဆုံးသူ၏အစ်ကိုဖြစ်သူ ဦးအားဂျာ ကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေ ဆုံးသူ အားဂျေ(ခ)လီဂျေ ၂၆ နှစ် အား တူမီးသေနတ်ဖြင့် ပစ်ခတ်သူ အားဂေ့ ၅၆ နှစ် ၀မ်ကောင်း (၁) ရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နယ် နေသူကို အားဂျေ၏အစ်ကိုဖြစ်သူ ဦးအားဂျာမှ တရားလိုပြုလုပ်တိုင် တန်းပြီး တာချီလိတ်မြို့မရဲစခန်းက (ပ)၁၁၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး အားဂေ့အားဖမ်းဆီး ရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

TT
‪#‎Democracytoday‬


အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတခုကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံနေရတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုဟာမက် အလီဟာ ဇွန် ၄ ရက်နေ့က ကွယ်လွန်သွားပြီလို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။

တခေတ်တခါက အလွန်အောင်မြင် ကျော်ကြားခဲ့တဲ့ အလီဟာ လက်ရှိ အသက် ၇၄ နှစ်ရှိနေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဆိုးလာတာကြောင့် ဇွန် ၂ ရက်က Phoenix ဖိနစ် နယ်မြေက ဆေးရုံတရု့မှာ တင်ခဲ့ရတာပါ။

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုကို ၃ ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ မိုဟာမက်အလီဟာ ၁၉၈၁ ခုနှစ်မှာ ပြိုင်ဘက် ထရီဗာဘားဗစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်အပြီး အနားယူခဲ့တာပါ။

လက်ဝှေ့လောကကနေ အနားယူပြီး ၃ နှစ်အကြာမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို စတင်ခဲ့စားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ သူဟာ ဆေးရုံကို အကြိမ်ကြိမ် တက်ရောက်ကုသမှုတွေ ခံယူခဲ့ရပါတယ်။ ၂၀၁၄

ခုနှစ်မှာတော့ သူဟာ အဆုတ်ယောင်ရောဂါ ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်မှာတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။

ကန်တက္ကီ ပြည်နယ်မှာ မွေးတဲ့ အလီဟာ လက်ဝှေ့လောကမှာ ပွဲတိုင်းနီးပါး အနိုင်ရသူ ဖြစ်လို့ “The Greatest,” မဟာလက်ဝှေ့ကျော် အဖြစ်လည်း တင်စား ခေါ်ကြပါတယ်။
[youtube src="ANFi0CrGlDA"/]
DVB TV News

အန်အယ်ဒီအစိုးရ တာဝန်ယူနေတဲ့ အခင်းအကျင်းသစ်ဆိုပေမယ့် အောက်ခြေမှာမပြောင်းလဲသေးတာကြောင့်အစိုးရကိုကာကွယ်ပြီး ပြည်သူကိုဖိနှိပ်တဲ့ ဥပဒေတွေပြင်ဆင်ဖို့ကြိုးစားနေတယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်ကပြောပါတယ်။

ရခိုင်လူမျိုးဖြစ်တဲ့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်က"ဘယ်လောက်ပဲ အခင်းအကျင်းသစ်ကပြောင်းလဲတယ်ပြောပြော အောက်ခြေမှာမပြောင်းလဲသေးဘူး။ကျွန်တော်တို့တိုင်းပြည်ကို တစ်ကယ်အုပ်ချုပ်နေတာကပြည်ထဲရေးက အုပ်ချုပ်နေတာ အခုကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကိုလည်း မနေ့ကပြဲပင်လိုက်တယ် အောက်ခြေမှာ ပြည်သူတွေရဲ့လိုလားချက်နဲ့ ကိုက်ညီအောင်မနေ့ကပဲကျွန်တော်တို့ ပြင်လိုက်တယ်"လို့ ဆိုပါတယ်။

ဦးအေးသာအောင်ကပဲ"အစိုးရအဆက်ဆက်က ဥပဒေတွေဆွဲခဲ့တယ်၊အစိုးရကိုကာကွယ်ပေးဖို့ ပြည်သူကိုဖိနှိပ်ဖို့ ဥပဒေတွေ ၊အဲ့တော့ဒါတွေကိုအခုလွှတ်တော်အခင်းအကျင်းသစ်မှာပြည်သူတွေကိုဖိနှိပ်တဲ့ ဥပဒေတွေကို ပြင်ဖို့ပယ်ဖျက်ဖို့ ကျွန်တော်တို့ စတင်ပြီးတော့ ကြိုးပမ်းနေပါတယ်။နောက်တစ်ခုက ပြည်သူတွေကိုအကာအကွယ်ပေးဖို့ ဥပဒေတွေ ပြဌာန်းပေးရမယ်"လို့ လည်းပြောပါတယ်။

နေပြည်တော် ဟိုတယ်ဇုန်မှာ ရှိတဲ့ Hotel Lotus မှာဇွန်လ ၄ရက်နေ့နှင့်၅ ရက်နေ့ နှစ်ရက်ကြာပြုလုပ်တဲ့ အခင်းအကျင်းသစ်နဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဌဆွးနွေးပွဲမှာဦးအေးသာအောင်ကအခုလိုပြောခဲ့တာဖြစ်ပါတယ်။

Author/Photo - ဖေသက်ထက်ခင်
Kumudra

နေပြည်တော် ပျဉ်းမနား ကမ္ဘောဇဘဏ်ခွဲ(၂)မှ ငွေထုတ်ပြီးပြန်လာသူအမျိုးသမီးတဦး နေ့ခင်းကြောင်တောင် လုယက်ခံရသည့်ဖြစ်စဉ်တခု ဇွန် ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု ခေါမကျေးရွာနေ မရီရီနွဲ့(၂၄ နှစ်)သည် ဇွန် ၃ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ပျဉ်းမနားမြို့ ၊ နှင်းဆီပန်းအ၀ိုင်းအနီးရှိ ကမ္ဘောဇဘဏ်ခွဲ(၂)မှ ငွေထုတ်ပြီး စူပါကတ်ဆိုင်ကယ်ဖြင့် အဟာရသုခဈေးသို့အသွား ဘောဂသီရိကားဝင်းရှေ့ မြို့ရှောင်လမ်းပေါ်အရောက် အနောက်မှကပ်ပါလာသော ဆိုင်ကယ်တစီး လူနှစ်ဦးမှ မရီရီနွဲ့၏ဆိုင်ကယ်အား ကျော်တက်ပြီး ဆိုင်ကယ်ရှေ့ခြင်းထဲတွင်ထည့်ထားသော ငွေ ၄၆၄,၀၀၀ ကျပ်ပါ အိတ်ကို လုယူထွက်ပြေးသွားခဲ့သည်။

လုယက်သူများနောက်သို့ မရီရီနွဲ့မှ ဆိုင်ကယ်ဖြင့်လိုက်ရာ သကြားစက်လမ်းဆုံအရောက်တွင် လုယက်သွားသူများ၏ဆိုင်ကယ်ကို မီပြီး ငွေအိတ်ကို ပြန်လုရာတွင် လုယက်သူများက တွန်းထုတ်လိုက်သဖြင့် ဆိုင်ကယ် လဲကျပြီး မရီရီနွဲ့၏ ၀ဲပါးရိုး၊ ယားဒူးနှင့် လက်ကောက်ဝတ်နေရာများတွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။ ထို့နောက် အနီးရှိယာဉ်မောင်းတဦးအား အကူအညီတောင်းခံပြီး လိုက်လံဖမ်းဆီးရာ နံပါတ်ဖျက်ထားသော ဆိုင်ကယ် ၉ယ/၄၄၇--(နောက်နှစ်လုံး ဖျက်ထား)၏နောက်တွင် လိုက်ပါလာသူ ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းအုပ်စု အောင်ချမ်းသာရပ်နေ ကိုမင်း(၂၅နှစ်) အား ဖမ်းဆီးရမိခဲ့သည်။

လုယက်သူနှစ်ဦးအနက် ဆိုင်ကယ်မောင်းနှင်သူမှာ ငွေအိတ်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူ ကိုမင်းကို ပျဉ်းမနားရဲစခန်းတွင် (ပ)၃၄၄/၂၀၁၆ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး လွတ်မြောက်သွားသူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြာင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အဖေကျန်းမာရေးမကောင်းလို့ စင်ကာပူကိုသွားပြီး ကုသမှုခံယူခဲ့ရပါတယ်။ ဒီနေရာမှာ ဘာကြောင့် စင်ကာပူကိုသွားကုခဲ့ရသလဲဆိုတာ အနည်းငယ်ပြောချင်ပါတယ်။ အဖေက သင်္ကြန်မတိုင်ခင်က ညာဘက်ကျောက်ကပ်မကောင်းလို့ ရန်ကုန်ပုဂ္ဂလိက ဆေးရုံတခုမှာ ထုတ်ခဲ့ရပါတယ်။ အားလုံးအဆင်ပြေ ပါတယ်။ ဒါပေမဲ့ သင်္ကြန်ပြီးတော့ အသက်ရှူရတာ အရမ်းမောလာတယ်။ နှလုံးတွေ အရမ်းတုန်လို့ဆိုပြီး မန်းလေးမှာ စစ်ဆေးကုသကြည့်တယ်။ မသက်သာဘူး။ ဒါနဲ့ ရန်ကုန်ပြန်ပြကုကြည့်တယ်။ ၁၀ ရက်လောက် ဆရာဝန်စုံနဲ့ အမျိုးမျိုး စမ်းသပ်ကုသသော်လည်း မသက်သာခဲ့ပေ။ ဒါနဲ့ မိတ်ဆွေဆရာဝန်တယောက်ရဲ့ လမ်းညွှန်ကူညီမှုနဲ့ စင်ကာပူကိုထွက်ပြီး ကုခဲ့ရတာပါ။ ပြောချင်တာက ဒီမှာမသက်သာလို့ ထွက်ကုခဲ့ရတာပါ။

ဒါနဲ့ အဖေ့ကျန်းမာရေးအကြောင်းပြုပြီး စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို တွေ့မြင် ခွင့်ရခဲ့ပါတယ်။ အတိုချုပ်ပြောရရင်တော့ သူတို့နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းက ကျွန်တော်တို့နိုင်ငံနဲ့ တကမ္ဘာခြားနေသလိုကို ကွာခြားလွန်းလှပါတယ်။ ကိုယ့်နိုင်ငံကို နှိမ့်ချပြောဆိုလိုခြင်း မဟုတ်ဘဲ ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်နိုင်ဖို့အတွက် ပြည်သူတယောက်အမြင်နဲ့ ပြောဆိုလိုရင်း ဖြစ်ပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ ဘယ်နေရာတွေကွာလဲမေးရင် အကုန်လုံးကွာတယ်လို့ပဲ ပြောရမှာပါပဲ။ ကွာမယ်မှန်းသိထားပေမယ့် ဒီလောက်ကွာလိမ့်မယ်လို့ လုံးဝမမျှော်လင့်ခဲ့တာအမှန်ပါ။ ဒေသတွင်း တိုင်းပြည်တခုနဲ့ ကျွန်တော်တို့ ဘာလို့ ဒီလောက်ကွာခြားနေရသလဲဆိုတာ စဉ်းစားလို့ကို မရဘူး။

စင်ကာပူကိုသွားခဲ့လို့သာ ကျွန်တော့်အဖေ မသေခဲ့တာလို့ ပြောရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်နေတဲ့ရောဂါကတခြား ဒီမှာကုနေတဲ့ ရောဂါတခြားဖြစ်နေတယ်။ ခေါင်းကိုက်တာကို ၀မ်းပိတ်ဆေးပေးနေ သလို အနာတခြား ဆေးတခြား။ မခက်ဘူးလား။ အဖေ့ရောဂါဟာ စင်ကာပူမှာ ရှာတွေ့ခဲ့ပါတယ်။ တွေ့တဲ့ ရောဂါဟာလည်း ကြီးကြီးမားမားမဟုတ်ဘဲ ကျွန်တော်တို့ဆီမှာ ရှာတွေ့နိုင်တဲ့ရောဂါအခြေအနေ ဖြစ်ပါတယ်။ ဘာ ကြောင့် ကျွန်တော်တို့ဆီမှာ ရှာမတွေ့တာလဲဆိုတာဟာလဲ ယနေ့ထိ နားမလည်အောင်ပါပဲ။

စင်ကာပူဆရာဝန်တွေဆီကနေ ကြားရတာတွေ ကုသမှုကိုမြင်တွေ့ရတာတွေဟာ လူကို ရှော့ခ်ရသွားစေပါ တယ်။ ကိုယ့်နိုင်ငံက ကျန်မာရေးစောင့်ရှောက်မှုအဆင့်အတန်းကို နှိုင်းယှဉ်ကြည့်မိပြီး လူကိုငိုချင်စိတ်ပေါက် သွားတယ်။ တကယ်ခံစားရတာပါ။ ပြောမယုံကြုံမှ သိပါလိမ့်မယ်။ စင်ကာပူက ဆရာဝန်ကပြောတယ် မြန်မာ နိုင်ငံမှာ ခွဲစိတ်ကုသရမယ်ဆိုတဲ့ လူနာတွေ၊ ခွဲစိတ်ကုသပြီးရောက်လာတဲ့လူနာတွေထဲမှာ မလိုအပ်ဘဲ ခွဲစိတ် ကုသထားတာတွေ အများကြီးတဲ့။ ပြီးတော့သောက်ဖို့ပေးထားတဲ့ ဆေးတွေရဲ့သုံးပုံနှစ်ပုံလောက်က သောက် စရာမလိုဘဲ သောက်နေကြတာတဲ့။ ကဲ . . . သေရော။ ဒါတွေကို မဟုတ်ဘူးလို့ ငြင်းရအောင်လည်း အတော် ခက်တယ်။ ဘာလို့လဲဆိုတော့ မိတ်ဆွေရင်းတယောက်ရဲ့ အမျိုးသမီးသား အိမ်ခေါင်းကင်ဆာဖြစ်တယ်ဆိုပြီး သားအိမ်ထုတ်ခွဲစိတ်ကုသရမယ်ဆိုပြီး ဖြစ်ပါတယ်။ ဒါနဲ့မိတ်ဆွေကလည်း နိုင်ငံခြားလည်းသွားနေတဲ့ သူဆို တော့ ဘန်ကောက်ကို သွားစစ်ကြည့်ဦးမယ်ဆိုပြီး သွားစစ်လိုက်ပါတယ်။ ဟိုရောက်တော့ ကင်ဆာမဟုတ်ဘဲ ဆေးတလလောက်သောက် လေ့ကျင့်ခန်းလုပ်လိုက်တာနဲ့ ကောင်းသွားခဲ့ပါတယ်။ ကဲ ကံကောင်းလို့ပေါ့။ ဒါမျိုးဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်အဖေသောက်နေတဲ့ ဆေးတွေပြပါဆိုတော့ ချပြလိုက်တယ်။ ကျန်ကျောင်းအိတ်နဲ့တ၀က် ဟိုကဆရာဝန် မျက်လုံးပြူးသွားတယ်။ ထုတ်ကြည့်ပြီး မဆိုင်တဲ့ဆေးတွေ ဖယ်လိုက်တာ သုံးပုံနှစ်ပုံ။ ပြီးရော ပြောစရာကိုကုန်ရော။

ကဲ ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ မြန်မာနိုင်ငံက ဆရာဝန်တွေလား အစိုးရလား။ သေချာတာကတော့ နှစ်ဖက်လုံးမှာ လိုအပ်ချက်အပြစ်တွေရှိနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ကျန်းမာရေး ၀န်ထမ်းတွေဘက်ကလည်း မိမိလူနာအပေါ် ကျင့်ဝတ်နဲ့အညီ နွေးထွေးပျူငှာစွာ စောင့်ရှောက်ပေးမှုမရှိဘူး။ အစိုးရကလည်း မိမိပြည်သူအပေါ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး စေတနာမထားကြဘူးဆိုတော့ မြန်မာနိုင်ငံရဲ့ကျန်းမာရေးအဆင့်က အ၀ီစိရောက်နေတာ မဆန်းတော့ဘူးပေါ့။ တချို့ကွာခြားချက်တွေကို ခေတ်စနစ်အခြေအနေအရ နားလည်လက်ခံလို့ရပေမယ့် လူနာအပေါ် တန်ဖိုးထားဆက်ဆံမှုမရှိတာမျိုး ကတော့ လက်ခံလို့မရဘူး။ ဟုတ်မဟုတ်ဆိုတာ ဆေးရုံတက်ဖူးသူတိုင်း သိပါတယ်။ လူနာက ဆေးရုံတက် လိုက်တာနဲ့ ဆေးရုံဝန်ထမ်းတွေရဲ့ဆက်ဆံရေးကြောင့် ရောဂါနှစ်ဆ ပိုဆိုးသွားတယ်။ ဆရာဝန်က လူနာ တယောက်ကို ၃ မိနစ်လောက်တောင် အချိန်မပေးချင်ဘူး။ လူနာကိုလာ ကြည့်ချင်တဲ့ အချိန်မှလာကြည့်တယ်။ ညသန်းခေါင်လောက်မှလည်း လူနာနဲ့လူနာစောင့်ကိုနှိုးပြီး လာကြည့်ရင်ကြည့်တယ်။ ရောဂါနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ပတ်သက်ပြီး ကောင်းစွာစကားပြောခွင့် ဆွေးနွေးခွင့်မရှိဘူး။

ဆရာဝန်နဲ့ လူနာဆက်ဆံရေးက ဘုရင်နဲ့ ကျွန် ဆက်ဆံရေးလိုပဲ။ မပြောရဲ မဆိုရဲ ကြောက်နေရတယ်။ ဆရာဝန်ကြောက်ရ သူ့နောက်လိုက်ကြောက်ရ နောက်ဆုံးအပေါက်စောင့်ပါ ကြောက်နေရတယ်။ နားမလည်လို့ ထပ်မမေးရဲဘူး။ ပြောရရင်တော့ ကျွန်တော်တို့ဆီမှာ လူနာအခွင့်အရေးကို အတော်နည်းပါးလွန်းပါတယ်။ သူများနိုင်ငံက ဆေးဝန်ထမ်းတွေက ပြုံးရွှင်နေတာပဲ။ မြင်ရတာနဲ့ ရောဂါတ၀က်သက်သာသွားတယ်။ ဒီလိုအချက်တွေကခေတ်မီတာ မမီတာနဲ့မဆိုင်ဘူး။ ငွေကြေးနဲ့လည်း မဆိုင်ဘူးလို့ မြင်ပါတယ်။

နောက်ကျွန်တော်တို့ဆီမှာတွေ့ရတဲ့အချက်က ဆရာဝန်တွေဟာ တဦးနဲ့တဦး ပူးပေါင်းဆောင်ရွက်မှု ချိတ်ဆက် ကုသမှုမရှိဘူးလို့ မြင်တယ်။ ၀ိုင်းဝန်းဆွေးနွေးအဖြေရှာမှုဆိုတာကတော့ ပိုဝေးပါလိမ့်မယ်။ သူတလူ ငါတမင်း ပုံစံမျိုးဖြစ်နေတာ တွေ့ရပါတယ်။ ကြားကလူနာဖြစ်တဲ့ ငထွားကတော့ ခါးနာရောပေါ့။ စင်ကာပူမှာ ဆရာဝန်တယောက်က တနေ့ကိုလူနာ အယောက် ၂၀ ပဲကြည့်ပါတယ်တဲ့။ ဒီမှာ တနေ့ အယောက်လေးငါးရာလောက်တောင် ကြည့်တယ်။ ဒီနေရာမှာ လူနာအချိုးအစားနဲ့ ဆရာဝန်မညီမျှဘူးလို့ ဆရာဝန်တွေဘက်က ပြောပါတယ်။

မှန်ပါတယ်။ မြန်မာနိုင်ငံမှာ လူနာတသောင်းမှာ ဆရာဝန် ခြောက်ဦးပဲရှိတယ်လို့ WHO က ထုတ်ပြန်ပါတယ်။ စင်ကာပူမှာလူနာတသောင်းကို ဆရာဝန် ၁၉ . ၅ ဦး ရှိပါတယ်။ သုံးဆကျော်လောက် ကွာနေပါတယ်။ ကျွန်တော်တို့ဆီမှာ ဆရာဝန် တကယ်မလုံလောက်တာလားဆိုတော့ တနှစ်တနှစ် ဆေးတက္ကသိုလ်တွေကနေ မွေးထုတ်ပေးနေတဲ့ ဆရာဝန်တွေကလည်း ထောင်နဲ့ချီရှိနေတာပဲ။ ဆရာဝန်တွေ မလုံလောက်ဘူးသာ ပြောနေတယ် အလုပ်လက်မဲ့ဖြစ်နေတဲ့ဆရာဝန်တွေက တပုံကြီး။ ဒါဆိုအစိုးရရဲ့ ဆရာဝန်ခန့်ထားမှုက လိုအပ်ချက်ရှိ နေတာသိသာနေပါတယ်။ ဘာကြောင့်လဲဆိုတာတော့ အစိုးရမင်းများသာ သိပါလိမ့်မယ်။ ဒီလိုလိုအပ်ချက်ရှိနေတဲ့ဆရာဝန်တွေကို နိုင်ငံတော်က ပြည့်မီအောင်မခန့်တဲ့အတွက် အလုပ်လက်မဲ့ ဆရာဝန်တွေပေါများ တချို့က နိုင်ငံခြားထွက်ကြ အပြင်စီးပွားရေးဝင်လုပ်ကြနဲ့ တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ဘယ်လောက်တောင် ဆုံးရှုံးနေသလဲဆိုတာ တာဝန်ရှိလူကြီးမင်းများ စဉ်းစားသာကြည့်ကြပါတော့။

ကျွန်တော်တို့ဆီမှာ လူနာဘယ်လောက်များများ လူ့အသက်နဲ့ သက်ဆိုင်တဲ့ကိစ္စကို ပြီးစလွယ် သုံးမိနစ် လောက်ကြည့်တာမျိုး လုံးဝမဖြစ်သင့်ဘူးလို့ မြင်တယ်။ ခုဟာက အရေအတွက်များဖို့ အဓိကလိုပုံမျိုးဖြစ်နေ ပါတယ်။ လူ့အသက်နဲ့ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် လုံလောက်တဲ့ အချိန်ပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ လူနာအရမ်းများတဲ့ ဆရာဝန်ကြီးများအနေနဲ့ မိမိလက်အောက်မှာ လက်ထောက်ဆရာဝန်များထားပြီး လက်ဆင့်ကမ်း သေချာသင်ပေးကာ အကူထားပြီး လူနာတွေကို ဆွေးနွေးခွင့်အချိန်ပေးသင့်ပါတယ်။ ယခု ကျွန်တော်ပြောတာတွေက ဆရာဝန်အကုန်လုံးကို ပြောချင်တာမဟုတ်ပါဘူး။ မိမိလူနာအပေါ် တကယ့် စေတနာထား အချိန်ပေးကုတဲ့ဆရာဝန်တွေလည်း ရှိပါတယ်။

အစိုးရအနေနဲ့လည်း ထူးချွန်တဲ့ဆရာဝန်များကို နိုင်ငံခြားသို့ ပညာတော်သင်များများလွှတ်ရပါမယ်။ အချိန်ပေး ရတဲ့စီမံကိန်းဖြစ်သဖြင့် တရက်စောလုပ်လေ တိုင်းပြည်အတွက်တရက် အကျိုးရှိလေပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ဆရာဝန်များထဲမှ နိုင်ငံခြားကိုပညာသင်သွားလိုတဲ့သူများ ရှိရင်လည်း အစိုးရက အတိုးမပါဘဲ ငွေထုတ်ချေးပေး တာမျိုး လုပ်ပေးရပါမယ်။ ဟိုမှာပညာသင်ပြီး ကိုယ်နိုင်ငံမှာပြန်အလုပ်လုပ်ရင် ချေးထားတဲ့ငွေကို တဖြည်းဖြည်း ချင်း ပြန်ဆပ်ခိုင်းပါ။ ယခုလောလောဆယ် ဆရာဝန်မလုံလောက်တဲ့အခြေအနေမှာ နိုင်ငံခြားကဆရာဝန်များ ငှားရပါမယ်။

ယနေ့ တိုင်းပြည်ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေး နိမ့်ကျစုတ်ပြတ်နေရတဲ့အကြောင်းအရင်းက တိုင်းပြည်ရဲ့ဘတ်ဂျက်ကို ပညာရေးနဲ့ကျန်းမာရေးအတွက် သုံးစွဲတာအရမ်းနည်းလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့က ဘောလုံးနည်းပြသာ နိုင်ငံခြားက ဒေါ်လာသိန်းသန်း အကုန်ခံပြီး ငှားကြပေမယ့် ယနေ့တိုင်းပြည်အတွက် အရေးကြီးတဲ့ ပညာရေးနဲ့ကျန်းမာရေးအတွက် လိုအပ်တဲ့ပညာရှင်တွေကျတော့ ဘယ်တော့မှ အကုန်ခံမငှား ဘူး။ သူများဆီကလည်း မငှားဘူး ကိုယ့်ဆီကလည်း မလွှတ်ဘူး။ အဲ့တော့တိုင်းပြည်က ကမ္ဘာ့အညွှန်းကိန်း အဆင့်တိုင်းမှာ နောက်ဆုံးအဆင့် ဆင်းရဲမွဲတေမှုမှာ ထိပ်ဆုံးစာရင်းဝင်နေဦးမှာပဲ။

ယနေ့ မြန်မာနိုင်ငံမှာ ဘာရောဂါဖြစ်မှန်းမသိလိုက်ရဘဲ သေသွားရသူတွေ တပုံကြီး။ ငါးနှစ်အောက်ကလေး သေဆုံးမှုတခုတည်းကိုပဲ တနှစ်ကို ၆၅၀,၀၀၀ ပတ်ဝန်းကျင်ရှိပြီး တနာရီကို ကလေးရှစ်ယောက်နှုန်း သေဆုံး နေရပါတယ်တဲ့။ ကဲ ဘယ်လောက်ထိတ်လန့်စရာကောင်းပါသလဲ။ နယ်ဆေးရုံတွေမှာဆိုရင် အဆင့်မြင့် စက်ပစ္စည်းတွေမပြောနဲ့ ဓာတ်မှန်စက်တောင် ကောင်းကောင်းမရှိဘူး။ ၀န်ထမ်းအလုံလောက်မရှိဘူး။ လူနာခုတင်တောင် အလုံလောက် မရှိဘူး။ ဒီလိုနိမ့်ကျစုတ်ပြတ်နေတဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုအောက်မှာ ပြည်သူတွေက အချိန်မတိုင်မီ သက်တမ်းစေ့မနေရဘဲ သေပွဲဝင်နေ ကြရတယ်။ ဆရာဝန်အများစုကလည်း နယ်မှာထက်မြို့ကြီးတွေမှာ နေလိုကြတယ်။ အစိုးရဆေးရုံမှာထက် အပြင်ပုဂ္ဂလိက ဆေးရုံမှာ ဆရာဝန်ပိုများတယ်။ ကျွန်တော်တို့ပြည်သူရော အစိုးရရောကပညာရေးက ကျောင်းဆရာ၊ ဆရာမတွေ အပြင်ကျူရှင်ပြရင်သာ အပြစ်တင်ဝေဖန်ကြတာ ဆရာဝန်တွေအပြင် ဆေးခန်းထိုင်တာကြ ဘာအပြစ်မှမရှိ ဘူး။ ဘယ်လို လုပ်ကြမလဲ။

ခု ရန်ကုန်ဆေးရုံကြီးကို နိုင်ငံတကာအဆင့်မြင့်ဆေးရုံကြီးဖြစ်အောင် လုပ်တယ်။ ၀မ်းသာပါတယ်။ ဒါပေမဲ့ ချင်းပြည်နယ် ရှမ်းပြည်နယ်ကလို ရန်ကုန်နဲ့အလှမ်းဝေးတဲ့ဒေသက အရေးပေါ်လူနာအတွက် ရန်ကုန်ဆေးရုံ ကြီးက အသုံးဝင်မှာ မဟုတ်ပါဘူး။ လက်ရှိနိုင်ငံမှာ မြို့ပြနဲ့ ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုက အတော် ကွာခြားလွန်းလှပါတယ်။ မြို့ကြီးမှာနေတဲ့သူတွေမှ နိုင်ငံသားမဟုတ်ပါဘူး။ ဒါကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကို မြှင့်တင်ပေးစေလိုပါတယ်။

နိဂုံးချုပ်ပြောချင်တာက ''ကွယ်လွန်သွားတဲ့ ဆရာကြီးဦးအောင်သင်းက တိုင်းပြည်တခုရဲ့အနာဂတ်ကို သိချင်ရင် အဲဒီနိုင်ငံရဲ့ဘတ်ဂျတ်ငွေကို ပညာရေးနဲ့ကျန်းမာရေးမှာ ဘယ်လောက်သုံးသလဲကြည့်လိုက်။ ပညာရေးနဲ့ ကျန်းမာရေးဘတ်ဂျက်က အခြားကဏ္ဍတွေထက်နည်းနေတယ်ဆိုရင် အဲဒီတိုင်းပြည်က ခွေးဖြစ်မယ့် တိုင်းပြည်ပဲ''လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် NLD အစိုးရအနေနဲ့ တိုင်းပြည်အမှန်တကယ် တိုးတက် ပြောင်းလဲစေချင်တယ်။ ပြည်သူအပေါ် တကယ်စေတနာရှိတယ်ဆိုရင် အရေးကြီးဆုံးဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍကို အစွမ်းကုန်မြှင့် တင်ပြောင်းလဲပေးပါ။ တိုင်းပြည်ရဲ့ဘတ်ဂျက်ကို ထိုကဏ္ဍနှစ်ခုအတွက် လုံလောက်စွာအသုံးပြုပေးပါလို့ ပြည်သူအားလုံးကိုယ်စား တောင်းဆိုလိုက်ရပါတယ်။

ကျော်ကြီး(MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)[full-post]


သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေတဲ့ Clinton နဲ့ Trump အပြန်အလှန်ဝေဖန်။
သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေတဲ့ Clinton နဲ့ Trump အပြန်အလှန်ဝေဖန်။

အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၆ ခုမှာ သမ္မတလောင်းရွေးချယ်ဖို့အတွက် ပဏာမရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်ပိုင်းသာလိုတောတဲ့အချိန်မှာ ၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ၂ ယောက်ဖြစ်တဲ့ Hillary Clinton နဲ့ Bernie Sanders တို့ ၂ ယောက်အပေါ် ထောက်ခံမှုက သိပ်မကွာဘဲ အကြိတ်အနယ်ဖြစ် လာနေတယ်လို့ လူထုစစ်တမ်းတွေက ပြသနေပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ ကြာသာပတေးနေ့က နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာမှာတော့ - ဟီလာရီကလင်တန်က သူမရဲ့ အတွေ့အကြုံကိုအဓိကထားပြောကြားသွားခဲ့ပြီး၊ ရီပတ်ဘလစ်ကန်ပါတီရဲ့ Donald Trump ကိုသာရွေးကောက်တင်မြှောက်မယ်ဆိုရင်တော့ ဒါဟာ သမိုင်းတင် ကျန်ရစ်မယ့် အမှား ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် Zlatica Hoke ရဲ့ သတင်းဆောင်းပါးကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

Donald Trump ဟာ သမ္မတရာထူးအတွက် ပြင်ဆင်ထားတာမရှိသလို၊ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ အသိပညာဗဟုသုတ၊ တည်ငြိမ်မှု နဲ့ ကြီးမားတဲ့ တာဝန်ယူမှုတွေ မရှိတာကြောင့် ပင်ကိုယ်စရိုက်အရလည်း သမ္မတဖြစ်ဖို့ မသင့်တော်ဘူးလို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Diego မြို့မှာ ဇွန်လ ၂ ရက်နေ့က မဲဆွယ်စည်းရုံးရေးမှာ ဟီလရီကလင်တန်က ပြောလိုက်ပါတယ်။

"Donald Trump ရဲ့ စိတ်ကူးတွေက တကယ်ကို သီးခြား သက်သက်ကြီးဖြစ်နေပြီး၊ ကြောက်စရာကောင်းလောက်အောင်ကို ရှုပ်ထွေးလွန် ပါတယ်။ သူဟာတွေက စိတ်ကူးတွေလို့တောင် ပြောလို့မရပဲ၊ ယုတ္တိမရှိတဲ့ ခပ်ကြောင်ကြောင်ပြောဆိုတာတွေ၊ ပုဂ္ဂိုလ်ရေး ဆန်ဆန်ပြောဆိုမှုတွေ၊ဗြောင်ကျကျ လိမ်ညာပြောဆိုတာတွေသာဖြစ်ပါတယ်။

စကားကို တုံးတိတိ ဒဲ့ထိုးပြောတတ်တဲ့ စီးပွားရေးသမား Trump ဟာ နျူးကလီးယား လက်နက်လို ထိပ်တန်းလျှို့ဝှက်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း ယုံကြည်လို့မရနိုင်ကြောင်း ဘာကြောင့်လဲဆိုတော့ သူဟာ ဒေါသထွက်လွယ်တဲ့ အတွက် တစ်ယောက်ယောက်ကသူ့ကို အလွယ်တကူရန်စလိုက်တာနဲ့ စစ်ဖြစ်သွားနိုင်တယ်လို့ ဟီလာရီကလင်တန်က ပြောလိုက်ပါတယ်။

"ဒီလူက ဘယ်လိုလူလဲဆိုတော့ ဆော်ဒီအာရေဗျ အပါအ၀င် နောက်ထပ် တခြားနိုင်ငံတွေလည်း နျူးကလီးယားလက်နက်ပိုင်ဆိုင်သင့်တယ်လို့ ပြောတဲ့လူပါ။ ပြီးတော့ နေတိုးတပ်ဖွဲ့ထဲက ကျမတို့ရဲ့ မဟာမိတ်တွေကို ပစ်ပယ်ဖို့ ခြိမ်းခြောက်တဲ့သူပါ။ အဲဒီမဟာမိတ်နိုင်ငံတွေဟာ အကြမ်းဖက်သမားတွေ ကျနော်တို့ကို လာမတိုက်ခင်ကတည်းက ပြည်ပမှာ အကြမ်းဖက်သမားတွေ ကို နှိမ်နှင်းဖို့ ကျနော်တို့နဲ့ အတူလုပ်နေတဲ့နိုင်ငံတွေပါ။"

Donald Trump ဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကိုလည်း သူ့ရဲ့ Casinos တချို့ ချွတ်ခြုံကျပြီး ဒေ၀ါလီခံလိုက်ရ သလိုဖြစ်အောင် ဖျက်ဆီးပစ်လိုက်နိုင်တယ် လို့ ပြောလိုက်ပါတယ်။ Trump ကတော့ ဟီလာရီကလင်တန်ရဲ့ လုပ်ဆောင်ချက်တွေ ဟာ ဆိုးရွားပြီး၊ သူမဟာ သမ္မတပုံမပေါက်ဘူးလို့ သူ့ရဲ့ အကျင့်အတိုင်း Twitter စာမျက်နှာကနေ ချက်ချင်းပဲ တုံ့ပြန်လိုက်ပါတယ်။

ဒီမိုကရက်တွေက Donald Trump ကိုဝေဖန်သလိုပဲ ရီပတ်ဘလစ်ကန် အတော်များများကလည်း သိပ်မကြာသေးခင်ကာလတွေအထိ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ Donald Trump ကို လူတွေရဲ့ ထောက်ခံမှုတွေ ပိုများလာတာနဲ့ အမျှ၊ Donald Trump ဟာ ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတနေရာကို ပြန်ရအောင် လုပ်ဖို့အတွက် တခုတည်းသောအခွင့်အရေးဖြစ်တယ်လို့ အတော်များများကတော့ အခုအခါမှာ ရှုမြင်လာကြပါတယ်။

မနေ့ကြာသာပတေးနေ့ကတော့ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော် သဘာပတိ Paul Ryan က Donald Trump ကို ထောက်ခံတယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။

"Donald Trump နဲ့ ကျနော်နဲ့ကြားမှာ သဘောမတူညီမှုတွေရှိတယ်ဆိုတာကတော့ အားလုံးလည်း သိပါတယ်။ တချို့ကိစ္စတခု ၂ ခုလောက်မှာ သူနဲ့ ကျနော်နဲ့ ထိပ်တိုက်တွေ့ခဲ့တယ်အချိန်တွေရှိတယ်ဆိုတာလည်း လျှို့ဝှက်ချက်မဟုတ်ပါဘူး။ ဒါက လူတွေကြားမှာလည်း ဖြစ်လေ့ဖြစ်ထရှိသလို၊ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကြားမှာလည်း ဖြစ်ပါတယ်။ မေးစရာတခုကတော့ - ကျနော်တို့အနေနဲ့ လာမယ့်ရွေးကောက်ပွဲကာလမှာ ကျနော်တို့ရဲ့ ပါတီကို အင်အားအပြည့်နဲ့ တစုတစည်းတည်းဖြစ်အောင် အမှန်တကယ် လုပ်နိုင်မလားဆိုတာပါ။

တချိန်တည်းမှာပဲ ၊ ၀န်ကြီးကလင်တန်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် အရွေးခံရဖို့အတွက် Vermont အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရဆဲဖြစ်ပါတယ်။
VOA Burmese News

၎၊ဇွန်၊ရန်ကုန်။
သည်ကနေ့ မနက်ပိုင်းမှာကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကဒေသခံတွေနဲ့  မြစ်ဆုံအနီးမှာနေထိုင်သူတွေက မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးအတွက် တရုတ်သံအမတ်တည်းခိုတဲ့ Palm Spring ဟိုတယ်ရှေ့ မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

”တရုတ်သံအမတ်နဲ့ ကုမ္မဏီကလူတွေ အခုကချင်ပြည်နယ်မှာလာပြီး မြစ်ဆုံစီမံကိန်းကဒေသဖွံ့ ဖြိုးရေးအတွက် ပါဆိုပြီးလူထုကိုမဲဆွယ်နေတယ်။ နောက် ပြည်နယ်အစိုးရနဲ့  တွေ့ ဆုံတဲ့ အခါမှာလည်း အဲဒီလိုပဲ။မြစ်ဆုံရေကာတာလုံးဝရပ်ဆိုင်းဖို့ နဲ့ CPIကုမ္မဏီကချင်ပြည်နယ်ကနေလုံးဝထွက်ခွာသွားစေချင်တယ်” လို့ သည်ကနေ့ ဆန္ဒထုတ်ဖော်ရာမှာဦးဆောင်လှုပ်ရှားသူတွေထဲကတစ်ဦးဖြစ်တဲ့ ဦးစာချီကပြောပါတယ်။

အဲသည်လို မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းရေးအတွက် မနက် ၈ နာရီကနေ ၉ နာရီအထိကချင်လူထု ၁၀၀ ကျော်ကတစ်နာရီအကြာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဇွန်လ ၃ ရက်နေ့ က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး HE Hong Liang နဲ့  ကောင်စစ်ဝန်ချုပ် Mr. Wang Yu တို့ ပါဝင်တဲ့အ ဖွဲ့ ဟာကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့  လွတ်တော်ကိုယ်စားလှယ်တွေနဲ့  တွေ့ ဆုံရာမှာ မြစ်ဆုံဆည်ကိုဆက်လုပ်လိုတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်တဲ့သူတွေက” မြစ်ဆုံတွင် ဆည်မဆောက်ရ” ၊ ”CPI ကချင်ပြည်နယ်ကနေထွက်သွားပါ” ၊ ” ဒေသခံပြည်သူများကိုလေးစားပါ ” စတဲ့ စာသားတွေကိုကိုင်ဆောင်ထားခဲ့တယ်လို့သိရပါတယ်။

Author/ချမ်းသာ
Photo/ Hkun Awng NLam
Kumudra

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ အ၀ရွာကျေးရွာအုပ်စုနှင့် သင်းပုတ်ချောင်းကျေးရွာအုပ်စုထဲရှိ ကျေးရွာများအနီးနှင့် ရာဘာခြံများသို့ ဧပြီလမှ စတင်ကာ ရခိုင်ရိုးမမှ တောဆင်ရိုင်းများ ဝင်ရောက်လာသည့် အတွက် ဒေသခံများ ထိတ်လန့်နေကြကြောင်း သိရှိရသည်။

ရခိုင်ရိုးမတောရိုင်းသဘာဝမြေများအား လူအသုံးချမူ များပြားလာခြင်းကြောင့် ဆင်များ၏ နေထိုင်ကျက်စားရာနေရာများ ပျောက်ဆုံးလာကာ မင်းပြားမြို့နယ်မှ ဒေသခံများစိုက်ပျိုးထားသော ငှက်ပျော်ပင်များ အပါအ၀င် နာနတ်သီး၊ ပိန္နဲသီးစသည့်တို့အား နေ့စဉ် ၀င်ရောက် စားသောက်ခြင်းများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ဆင်တွေရောက်လာတာ ၂ လကျော်လောက် ရှိပါပြီ။ ငှက်ပျော်ပင်တွေအားလုံး ဆင်စားလို့ကုန်ပါပြီ။ ရာဘာခြံတစ်ခြံက မောင်းထုတ်လိုက်ရင် နောက်တစ်ဖက်ကို ကူးသွားတယ်။ ပြီးတော့ ပြန်ရောက်လာတယ်။ ဒီနေရာတစ်ဝိုက်မှာပဲ လှည့်ပတ်ပြီး ဆင်တွေက နေထိုင်နေတယ်။ ရွာသားတွေ ဆိုရင်လည်း တောတွေထဲကို ဘယ်သူမှ မသွားရဲတော့ဘူး။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ အန္တရာယ်ကင်းအောင် တစ်ခုခုလုပ်ပေးစေချင်တယ်”ဟု သင်ပုတ်ချောင်းကျေးရွာအုပ်စုမှာ ရာဘာခြံပိုင်ရှင် ဦးမောင်တင်ဝင်းက ဆိုသည်။

မင်းပြားမြို့နယ်အတွင်း ရောက်ရှိနေသည့် တောဆင်ရိုင်း ၃ ကောင်အထိ ရှိနေပြီး တောထဲတွင် ဒေသခံများနှင့် ရင်ဆိုင်တွေ့ဆုံမူများရှိသော်လည်း အန္တရာယ်မပြုသော်လည်း ဒေသခံများအနေဖြင့် ဗြောက်အိုးများ ပစ်ဖောက်ကာ ဆင်များအား ခြောက်လန့် မောင်းထုတ်နေရကြောင်း သိရသည်။

“ကျွန်တော်တို့ သစ်တောအဖွဲ့ကတွေ့တာ နှစ်ကြိမ်ရှိပြီ။ အခု ဆင်တွေကို လိုက်လံမောင်းထုတ်တာတွေ လုပ်နေပါတယ်။ အများအားဖြင့် သင်းကွဲလာတဲ့ ၆ နှစ်လောက်ရှိမယ့် ဆင်ငယ်တွေပါ” ဟု မင်းပြားမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဆင်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အလောင်းတော် ကဿဖ အမျိုးသားဥယျာဉ်၊ ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးမဆင်ဘေးမဲ့တော၊ မန္တလေးတိုင်းတွင် ရွှေဥဒေါင်း ဘေးမဲ့တော၊ ကချင်ပြည်နယ် ဟူးကောင်ချိုင့်ဝှမ်း ဘေးမဲ့တောနှင့် မြောက်စာမရီ ဆင်ထိန်းသိမ်းရေး သဘောဝနယ်မြေနှင့် ပဲခူးတိုင်း ဦးဖိုးကျား ဆင်စခန်းတို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
MMK
The Ladies News Journal

အမေရိကန်နိုင်ငံ၊ တက်ခ်ဆက်စ်ပြည်နယ်၊ ဟူစတန်မြို့မှ အလယ်တန်းကျောင်း တကျောင်းမှာ ဆရာမတဦးဟာ ၁၃ နှစ်သားကျောင်းသားတဦးနဲ့ ကိုယ်ဝန်ရရှိခဲ့တယ်လို့ ၀န်ခံခဲ့ပြီးနောက်မှာ ရဲတွေက အရေးယူစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလကတည်းက လိင်ပိုင်းဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေခဲ့ကြတာလို့ အသက် ၂၄ နှစ်အရွယ် ဆရာ မ အလက်ဇန္ဒရီရာ ဗီယာက ဆိုပါတယ်။

စတော်ဗယ်လ်အလယ်တန်းကျောင်းမှာ တက်ရောက်နေတဲ့ အဆိုပါကျောင်းသားဟာ အတန်းတွေမတက်ပဲ ပျက်ကွက်နေခဲ့တာမို့ သူ့ကို အင်စတာဂရမ်လူမှုကွန်ရက်စာ မျက်နှာပေါ်ကနေတဆင့် သူ့ရဲ့ ဖုန်းနံပါတ်ကို ပေးခဲ့ပြီးနောက်မှာ ဇာတ်လမ်းတွေစခဲ့ကြ တာလို့ ဗီယာက ပြောပါတယ်။

သူတို့ ၂ ဦးဟာ နေ့စဉ်နဲ့အမျှ လိင်ဆက်ဆံမှုတွေ စတင်ခဲ့ကြတာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားခဲ့တာမျိုးမရှိဘူးလို့ တရားရုံးသတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။

“သူ(ကျောင်းသား)ဟာ အများသူငါရှေ့မှာတောင် ဆရာမရဲ့ တင်ပါးကို ပွတ်သပ် ကိုင်တွယ်တာမျိုးတွေ၊ အဲဒီအကြောင်းအရာတွေကို အချင်းချင်းပြောတာမျိုးတွေ လုပ် လေ့ရှိတယ်”လို့ မျက်မြင်သက်သေ ကျောင်းသားတဦးက ပြောပါတယ်။

အဆိုပါကျောင်းမှ အင်္ဂလိပ်စာဆရာမတဦးဖြစ်တဲ့ ဗီယာကတော့ ကျောင်းသားရဲ့ မိဘတွေဟာ သူတို့ရဲ့ ပတ်သက်ဆက်နွှယ်မှုကို ထောက်ခံခဲ့ကြပြီး ကလေးအတွက် စိတ်လှုပ်ရှားနေခဲ့ကြတာလို့ ဖြေရှင်းပြောဆိုပါတယ်။

ဒါပေမယ့် ဗီယာဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုအတွက် ကျောင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ လာရောက်ခဲ့ကြပြီးနောက်မှာ ကလေးပျက်ကျမှု တကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေဟာ ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ခဲ့တာဖြစ်ပြီး ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေက သူ့ကို ကျောင်းက ထုတ်ပယ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။

DVB TV News

ကမ္ဘာ့ဘောလုံးအားကစားရဲ့ ကြယ်ပွင့် ခရစ္စတီရာနို ရော်နယ်ဒိုဟာ ဇွန် ၃ ရက်နေ့က စပိန်နိုင်ငံ၊ မယ်ဒီတာရေးနီးယန်းပင်လယ်၊ အိုက်ဘစ်ဇာမြို့ကမ်းခြေမှာ ဘီကီနီဝတ်ပျိုဖြုတသိုက်နဲ့ အတူရှိနေခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါ တယ်။

အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီယူရို ၂၀၁၆ ဘောလုံးပွဲ မတိုင်ခင်မှာ ကမ်းခြေမှာ နေပူဆာလှုံနေခဲ့တာပါ။

သူဟာ အစင်းတွေပါတဲ့ ရေကူးဘောင်းဘီတိုတထည်သာ ၀တ်ထားခဲ့တာဖြစ်ပြီး ကျစ်လစ်တဲ့ ကိုယ်ခန္ဒာအလှကို ဖော်လှစ်ထားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၃ ကြိမ်တိုင်တိုင် ရရှိ ထားခဲ့သူတဦးဖြစ်ပြီး အဲဒီနေ့မှာတော့ တခြားအမျိုးသားအဖော်တွေနဲ့ ကမ်းခြေမှာ အတူ ရှိနေချိန် ဘစ်ကီနီဝတ်အမျိုးသမီးတသိုက်နဲ့အတူ အပန်းဖြေခဲ့ကြတာလို့ ဆိုပါတယ်။

သူဟာ ဘောလုံးကစားချိန်မှာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်နိုင်တဲ့ ကစား သမားတဦးဖြစ်ပေမယ့် ရေထဲကိုတော့ အလွယ်တကူမဆင်းတတ်ပုံပါပဲ။

ရော်နယ်ဒိုဟာ အမျိုးသမီးဖော်တယောက်ရဲ့ လက်ကို ချိတ်တွဲပြီးမှ ညင်ညင်သာ သာဆင်းခဲ့ချိန်မှာ အမျိုးသမီးဟာ သူ့ကို နှစ်သက်တဲ့ အကြည့်နဲ့ ငေးနေခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

သူတို့အုပ်စုဟာ ရေထဲဆင်းကာ ရေကူးခဲ့ပြီး ကမ်းခြေမှာ နေစာလှုံပြီး အပန်းဖြေခဲ့ ကြတာကို တွေ့ရပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ ကျောနံပါတ် ၇ ကစားသမား ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာ သီမှာ ပွဲစုစုပေါင်း ၄၈ ပွဲကစားခဲ့ပြီး ၅၁ ဂိုးသွင်းယူထားခဲ့တာပါ။

အခုလာမယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာတော့ ဂေါ်တူဂီအသင်းကိုယ်စားပြု ကစားမှာဖြစ်ပြီး သူတို့အသင်းဟာ အိုက်စ်လန်၊ သြစတီးယား၊ ဟန်ဂေရီအသင်းတွေနဲ့ အုပ်စုတခုတည်းမှာ ကစားရမှာပါ။

DVB TV News

အစိုးရအပြောင်းအလဲကြောင့် ဒရုန်းလေယာဉ် ပြေးဆွဲမှုနှင်ံပတ်သက်၍ စည်းမျဉ်းစည်းကမ်း သတ်မှတ်မှု ဆက်လက် မလုပ်ဆောင်နိုင်သေးကြောင်း လေယာဉ်ပျံသန်းသူများ အသင်းမှသိရသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ဒရုန်းလေယာဉ် တရားဝင်ပျံသန်းခွင့် ရရှိနိုင်ရန် စည်းမျဉ်းစည်းကမ်း နှင့် ဥပဒေရေးဆွဲရေးကို လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရအပြောင်းအလဲကြောင့် ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"ဒရုန်းပျံသန်းမှုအတွက် တားမြစ်တာရော၊ ခွင့်ပြုတာရော စည်းမျဉ်းစည်းကမ်း ဥပဒေတွေ မရှိသေးပေမယ့် အဖွဲ့အစည်းတွေကတော့ အသုံးပြုနေကြပါတယ်။ ဒါကလည်း မိမိတို့ အဖွဲ့အစည်းအတွက် အခြားလူကို အန္တရာယ် မဖြစ်အောင်တော့ အသုံးပြုလို့ရပါတယ်" ဟု လေယာဉ်ပျံသန်းမှုအသင်းမှ ဦးဝင်းမြိုင်ကပြောကြားသည်။

ဒရုန်းပျံသန်းမှုနှင့်ပတ်သက်၍ နည်းပညာများကို ဥပဒေထုတ်ထားသော အမေရိကန်နိုင်ငံ၊ ဥရောပ နိုင်ငံများနှင့် ဆွေးနွေး၍ စင်ကာပူနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို လေ့လာကာ ဆောင်ရွက်သွားမည်ဟု လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော အာဆီယံ လေကြောင်းဆိုင်ရာ ကွန့်ဖရင့်မှ သိရသည်။

ဒရုန်းပျံသန်းမှုကို တရားဝင်ဥပဒေများနှင့် ခွင့်ပြုပြီးပါက အများပြည်သူ လွတ်လပ်ခွင့်ကို ထိပါးလာနိုင်ပြီး ဒရုန်းလေယာဉ်ပျက်ကျပါက လူသေစေနိုင်သည်အထိ အန္တရာယ် ကျရောက်နိုင်သော်လည်း ဒရုန်းကို အကျိုးရှိရှိ အသုံးပြုနိုင်ပါက သဘာဝ ဘေးအန္တရာယ် ကျရောက်သည့်အချိန်နှင့် မီးလောင်ချိန်များတွင် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

ဒရုန်းလေယာဉ်ပြေးဆွဲမှုကို မြန်မာနိုင်ငံတွင် တွင်ကျယ်စွာ အသုံးပြုမှုမရှိသေးသော်လည်း အာရှနိုင်ငံနှင့် အနောက်နိုင်ငံများတွင်မူ လွန်ခဲ့သော နှစ်များအတွင်းကပင် စီးပွားရေး လုပ်ငန်းများအတွက် တွင်ကျယ်စွာ အသုံးပြုနေကြသည်။

လင်းလင်း
The Ladies News Journal

”မြစ်ဆုံစီမံကိန်းကို ဆက်လက်အကောင်အထည်မဖေါ်ပါက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို များစွာထိခိုက်လိမ့်မည်ဟု တရုတ်သံအမတ်က ပြောကြား ....
------ ------ ------ ------ -----

ကချင်ပြည်နယ်ဖွံ့ဖြိုးရေးနှင့်မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဆက်လက်အကောင်အထည်ဖေါ်ရန်ရည်ရွယ်ချက်ဖြင့် တရုတ်သံအမတ် မစ္စတာဟုန်လျန် နှင့်အဖွဲ့အားဇွန် ၄ရက်နံနက် က မြစ်ကြီးနားမြို့ရှိ တရုတ်သံအမတ်တည်းခိုနေထိုင်ရာ Palm Spring Resort ဟိုတယ်ရှေ့၌ စီမံကိန်ကိုမလိုလားသည့် ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ကချင်နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များက မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်စဲသွားရန်၊ SPIC (ယခင် CPI) ကုမ္ပဏီ အမြန်ဆုံးရုတ်သိမ်းသွားရန် ပိုစတာများကိုင်ဆောင်၍ အော်ဟစ်ကြွေးကြော်ဆန္ဒပြခဲ့သည်။

ယင်းသို့ ဆန္ဒပြနေချိန်၌ တရုတ်သံအမတ်သည် ကချင်တိုင်းရင်းသားခေါင်းဆောင်များနှင့် ဟိုတယ်တွင်း၌မြစ်ဆုံကိစ္စဆွေးနွေးနေချိန်ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကို ဆက်လက်အကောင်အထည်မဖေါ်ပါက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို များစွာထိခိုက်လိမ့်မည်ဟု တရုတ်သံအမတ်က ၎င်းနှင့်အတူ လိုက်ပါသွားသည့် သတင်းသမားများအား ဇွန် ၂ ရက်က ပြောကြားခဲ့သည်။

နေနိုင်သူ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ကြစဉ်။
ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ကြစဉ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့နဲ့ ၂၁-ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးအရ သဘောတူညီမှု ရနိုင်ဖို့ဆိုရင် တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်တွေကြား အပစ်အခတ်ရပ်စဲဖို့ အရင် လုပ်ရမှာဖြစ်ပြီး၊ အစိုးရတပ်ဖက်က စစ်အင်အားတိုးချဲ့မှုနဲ့ ထိုးစစ်တွေ ရပ်ဖို့လိုတယ် လို့ တိုင်းရင်းသားခေါင်းဆောင် တချို့နဲ့ လေ့လာသူတွေက ပြောဆိုလိုက်ပါတယ်။ NLD အစိုးရသစ်အနေနဲ့ တပ်မတော်ပေါ် သြဇာညောင်းနိုင်မှသာ ခိုင်မာတဲ့ အပစ်ရပ်ရေးကို အမြန်ဖေါ်ဆောင် နိုင်လိမ့်မယ်လို့ သုံးသပ်နေကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

NLD အစိုးရသစ်ရဲ့ ၂၁ ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေးကော်မတီ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NCA အပစ်ရပ်ရေးစာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးနေကြတာပါ။

ဒီဆွေးနွေးမှုတွေကနေ ကောင်းတဲ့ အလားအလာတွေ ထွက်ပေါ် လာဖို့မျှော်လင့်နေပေမယ့် နှစ်ဖက်တပ်တွေကြား လုံးဝအပစ်ရပ်ထားဖို့ အရင်သဘောတူရလိမ့်မယ်လို့ သုံးသပ်သူကတော့ သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းပဲဖြစ်ပါတယ်။

" အခု ဒီချင်းမိုင်မှာ လုပ်တဲ့ဟာကတော့ အောင်မြင်ပါလိမ့်မယ်။ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ တပ်မတော်နဲ့ကြားမှာ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ဖို့ လိုတယ် ဆိုတဲ့ဟာ ဒါကို သဘောပေါက်ပြီးတော့ တကယ်ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင်တော့ အပစ်အခတ်ရပ်စဲဖို့ဆိုတာက မခက်ဘူး။ "

ချင်းမိုင်ဆွေးနွေးပွဲကနေ နောက်ထပ်ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာနိုင်တယ်ဆိုပေမယ့် တိုင်းရင်းသားနယ်မြေတွေမှာ တိုးချဲ့ချထားတဲ့ အစိုးရ တပ်တွေ ပြန်ရုပ်သိမ်းမှသာ တဖက်နဲ့တဖက် ပိုမိုယုံကြည်မှုရလာပြီး ခိုင်မာတဲ့ အပစ်ရပ်ရေး အထိ ဆွေးနွေးနိုင်လိမ့်မယ် လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ KNLA တပ်တွေမှာ တပ်မှူး အဖြစ် တာဝန်ယူဖူးသူ ဗိုလ်မှူး ရောဘတ်ဇံက ပြောပါတယ်။

" ဆွေးနွေးပွဲကတော့ ဖြစ်မယ်ဗျ။ ဒါပေမဲ့ အပစ်ရပ်မယ်ဆိုတော့ တပ်တွေ ပြန်ရုပ် မလား။ ဦးနေဝင်းလက်ထက်တုန်းကတော့ အားလုံး အပစ်ရပ်ပစ်လိုက်တာ တပြည်လုံး။ တပြည်လုံး အပစ်ရပ်လိုက်တော့ အဲ့တာ အားလုံးက ယုံကြည်မှု ရှိလာတယ်။ အခုက အပစ်ကလည်း မရပ်ဘူး။ တပ်တွေကလည်း တိုးချဲ့လာ။ ဆိုတော့ အပစ်ရပ်အောင်ပဲ အရင် အမိန့်ပေးကြည့်ဗျာ။ အဲ့တာဆိုရင်တော့ လူမျိုးစုတွေက ယုံကြည်မှု တော်တော်ရှိလာမယ်။ အခုက တဖက်က ငြိမ်းချမ်းရေး ပြောနေပေမဲ့ တဖက်က စစ်တပ်တွေက အကြီးအကျယ် တိုးချဲ့လာပြီး တိုက်ပွဲတွေ လုပ်နေတော့ ဒါ ယုံကြည်စရာ မရှိဘူးလေ။ တယောက်နဲ့တယောက် ယုံကြည်မှလဲ ကျနော်တို့က အနာဂတ်အတွက် အလုပ်လုပ်လို့ ရမှာကိုး လက်တွဲလို့ရမှာကိုး မယုံကြည်ဘဲနဲ့ ဘယ်လိုလုပ် လက်တွဲလို့ရမလဲ ။"

လက်တွေ့အခြေအနေမှာတော့ ကချင် ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားတပ်တွေကြား တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ သမ္မတက အပစ်ရပ်ဖို့ တပ်မတော်ကို ပြောကြားခဲ့တာရှိပေမယ့် လက်တွေ့မှာတော့ ထိုးစစ်တွေ ရပ်မသွားပဲ မြေပြင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သမ္မတက တပ်မတော်ပေါ် သြဇာမညောင်းဘူး ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာတာပါ။

ဒါကြောင့် ခိုင်မာတဲ့ အပစ်ရပ်ရေးဖြစ်ဖို့ဆိုရင် သမ္မတက တပ်မတော်ပေါ် သြဇာညောင်းဖို့ လိုတယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။ ဒါပေမယ့် NLD အစိုးရက တပ်မတော်ပေါ် သြဇာလွှမ်းမိုးနိုင်မယ့် အနေထား မမြင်ရသေးဘူးလို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

" ဒီသမိုင်းကြောင်းအရပေါ့လေ NLD နဲ့ တပ်မတော်ကြားမှာကိုယ်နိုက်က သံသယစိတ်တွေ ရှိခဲ့တာပေါ့နော်။ ဒါ့အပြင် တပ်မတော်က နိုင်ငံနဲ့ တိုင်းရင်းသားတွေ အတွက်ကို သူက ပြည်တွင်း ပြည်ပရန် ကာကွယ်ဖို့အတွက် တပ်မတော်မှာ တာဝန်ရှိတယ်ဆိုပြီး အဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ရေးထားတယ်။ ရေး ထားတော့ ဒီကိစ္စတွေကို သူက လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တဲ့ သဘောဖြစ်တာပေါ့။ ဖြစ်တော့ သူက လက်တွေ့ပိုင်းမှာ တပ်မတော်အပေါ်မှာ သြဇာရှိလာအောင် ဒီတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ပုဂ္ဂိုလ်ကို NLD အစိုးရက ခန့်ထားခွင့်ရှိဖို့လိုတယ်။"

တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး လုပ်ပိုင်ခွင့်ကို ထူထောင် ထားတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့ လိုအပ်တယ်လို့ ဗိုလ်မှူး ရောဘတ်ဇံက သုံးသပ်ပါတယ်။

" ဒီစစ်တပ်ရဲ့သဘောထားလိုပါတယ်။ ငြိမ်းချမ်းရေး ရချင်ရင် တပြည်လုံး အပစ်ရပ်ရမယ်ဗျ။ ဆိုတော့ အခြေခံပေါ့ဗျာ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်မှ ငြိမ်းချမ်းရေးက ရမှာပါ။ နောက်တခုက ဒီဖက်ဒရယ်ကို လက်မခံရင်လည်း ဒီငြိမ်းချမ်းရေးက မရနိုင်ဘူးဗျ။ ဆိုလိုတာက ဒီကနေ စစ်က ဖြစ်လာကြတာကိုး။ အဲ့တော့ စစ်တပ်ရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့ ၂၀၀၈ ကြီး ရှိနေသမျှ အပစ်အခတ်ရပ်စဲရေးက မရနိုင်ဘူးဗျ။ တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေး လိုချင်ရင် အခြေခံကို အရင်လုပ်ရမယ် ။ အခြေခံကြီးကို မလုပ်ပဲနဲ့ တွေ့ပြီးတော့ စကားပြောကြတာတွေ က စကားပြောတာပဲ ရှိမယ်။ အဖြေ မထွက်လာဘူး။"

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်းနဲ အဖွဲ့ဟာ လာမည့်ဇွန်လ ဒုတိယအပတ်မှာ မြောက်ပိုင်းဒေသတွင်ရှိတဲ့ ဝ မိုင်းလား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်လက်တွေ့ဆုံ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်
VOA Burmese News


seinaung-620.JPG
ပလက်ဝမြို့နယ်မှာ GSM တယ်လီဖုန်းလိုင်း တပ်ဆင်ပေးဖို့ အစီအစဉ် ရှိ မရှိကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်က မေးမြန်းစဉ်
 
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ GSM တယ်လီဖုန်းလိုင်းတွေအတွက် တာဝါတိုင်တွေ ဆောက်လုပ်ဖို့ စီစဉ်နေကြောင်း နဲ့ လာမယ့်နှစ်မှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ပလက်ဝမြို့နယ်မှာ မြို့နေပြည်သူတွေနဲ့ ကျေးရွာတွေအကြား ဆက်သွယ်ရေးခက်ခဲနေတဲ့အတွက် GSM တယ်လီဖုန်းလိုင်း တပ်ဆင်ပေးဖို့ အစီအစဉ် ရှိ မရှိကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင် က မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တိုင် ၆ တိုင်၊ စခန်း ၆ ခု ဖွင့်တဲ့အခါမှာ ဇွန်လမှာ ၁ ခုပြီးမယ်၊ ဒီဇင်ဘာလမှာ ၂ ခုပြီးမယ်၊ မတ်လမှာ ၃ ခုပြီးပါမယ်၊ တယ်လီနောကတော့ ၃ ခုရှိပါတယ်၊ ၃ ခုစလုံးက ၂ဝ၁၆ ဒီဇင်ဘာလကုန်မှာ ပြီးပါမယ်၊ အော်ရီဒူးကလည်း ၃ ခုရှိပါတယ်၊ အဲ့ဒီ ၃ ခုကလည်းပဲ ၂ဝ၁၆ ဒီဇင်ဘာလကုန်မှာပြီးပါမယ်၊ ကျနော်တို့အနေနဲ့ကတော့ ဝေလံခေါင်ပါးတဲ့ ဒေသတွေမှာတော့ တက်နိုင်သမျှ နယ်စပ်ဒေသတွေကို ဆက်သွယ်မှုရရှိအောင် ကြိုးစားဆောင်ရွက် တိုက်တွန်းလျှက်ရှိပါတယ်"

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ နယ်စပ်ဒေသတွေမှာ ဆက်သွယ်ရေးလုပ်ငန်းတွေ တိုးတက်ဖို့ ကြိုးစားလုပ်ဆောင်နေကြာင်းနဲ့ တာဝါတိုင်တွေဆောက်လုပ်ဖို့အတွက် မြေနေရာ အခက်အခဲ ရှိကြောင်းလည်း ဝန်ကြီးဦးသန့်စင်မောင်က ပြောပါတယ်။

ပလက်ဝမြို့မှာ အခုအချိန်အထိ မြို့တွင်းဆက်သွယ်ဖို့ အော်တိုကြိုးဖုန်းလိုင်နဲ့ CDMA 450 MHz တယ်လီဖုန်းလိုင်း သာရှိတဲ့အတွက် အစိုးရဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် ဆက်သွယ်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်က တင်ပြခဲ့ပါတယ်။

ပလက်ဝမြို့နယ်မှာ လူဦးရေ ၉ သောင်းကျော် နေထိုင်ပြီး ချင်းပြည်နယ်ရဲ့ လူဦးရေအများဆုံးမြို့နယ် ဖြစ်ပါတယ်။
RFA


လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်ကြေးရုပ်ကို အလေးပြုနေကြစဉ်။ (ဖေဖော်ဝါရီ ၁၃၊ ၁၉၅၅)
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်ကြေးရုပ်ကို အလေးပြုနေကြစဉ်။ (ဖေဖော်ဝါရီ ၁၃၊ ၁၉၅၅)

ပင်လုံစာချုပ် ချုပ်ဆိုဖို့ သွားရောက်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်တိုင် ကားမောင်းပို့ဆောင်ပေးခဲ့သူ ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေ နဲ့ တောင်ကြီးမြို့တော်ဝန် အဖြစ် ဆောင်ရွက်ခဲ့သူ ဦးခန်း(ခ)ဦးဖေရွတ်စ်ခန်းဟာ ဒီကနေ့ မနက်မှာ အသက်၁၀၁ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ပင်လုံညီလာခံ ကျင်းပတဲ့မြင်ကွင်းကို ကိုယ်တိုင်မျက်မြင်တွေ့ကြုံခံရသူ ဦးခန်းဟာ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ကွယ်လွန်သွားတဲ့ အတွက် နိုင်ငံရေးအရ ဆုံးရှုံးမှုအဖြစ် သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးခန်းခေါ် ဦးဖရိုစ်ခန်း ဟာ ဒီကနေ့ မနက် ၄နာရီ ၁၅မိနစ် အချိန်မှာ တောင်ကြီးမြို့ နေအိမ်မှာပဲ အသက် (၁၀၁) နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဦးခန်း ကွယ်လွန်ခဲ့တဲ့ အကြောင်းကို သားဖြစ်သူ ဦးစံလင်းက အခုလို ပြောပါတယ်။

" လူကြီးရောဂါခင်ဗျ။ သူက ခါးနာနေတယ်။ ကြာပြီ ခါးတအားနာနေတာ။ "

ဦးခန်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံကို သွားရောက်ရာမှာလည်း ကိုယ်တိုင် ကားမောင်းပို့ဆောင်ခဲ့ တာကြောင့် ပင်လုံညီလာခံကို ကိုယ်တိုင် မျက်မြင်တွ့ကြုံခဲ့သူဖြစ်ပါတယ်။

ဦးခန်းကွယ်လွန်တဲ့အပေါ်မှာ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဦးခေါ် ဦးနေမျိုးက အခုလို ပြောပါတယ်။

" ကျနော်တို့ပြည်ထောင်စုကြီးရဲ့ သမိုင်းပြတိုက်ကြီးပဲ ကျနော်တို့ရှမ်းပြည်ရဲ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးဗျ။ နောက် အသက် ၁၀၀ ကျော် နေသွားတာ။ ဒီ အသက် ၁၀၀ ပြည့်တဲ့အထိ သူက သူ့ဂျစ်ကားလေးကို မောင်းဆဲပဲဗျ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံသွားတုန်းကလည်း အဲ့တုန်းက ဂျစ်လေးပေါ့ဗျာ။ သူ့ကို ၂၁ ရာစုပင်လုံလေး ချုပ်သွားတာကိုလည်း တကယ်မြင်စေချင်တာဗျ။ အဲ့တာ တကယ် စိတ်မကောင်းစရာပဲ။ "

ဦးခန်းအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ပြန်ပြောင်းပြောဆိုခဲ့တာတွေထဲက အမှတ်တရ အဖြစ်ဆုံးစကားကို ဦးနေမျိုးက အခုလို ဆက်ပြောပါတယ်။

" ကျနော်တို့ကတော့ ခနခန တွေ့ဆုံတာပေါ့နော်။ အဲ့ ပြောပြတဲ့အထဲမှာ သမိုင်းဝင် စကားလေး ကတော့ ဗိုလ်ချုပ်အောင်ဆန်းက နည်းနည်း စိတ်တိုသွားတယ်။ အဲ့ စာချုပ်ချုပ် ခါနီးလေ။ စော်ဘွားတွေကို သူကပြောတယ် ခင်ဗျားတို့ ခွဲထွက်ရင် ခွဲထွက် ရတယ် ဆိုတော့ အဲ့ဒီ့မှာ စဝ်ရွှေသိုက် ပြောတဲ့စကားလေးက ဗိုလ်ချုပ်ရာ ကျနော်တို့က ပေါင်းဖို့တောင် မလုပ်ရသေးဘူး။ ဘာဖြစ်လို့ ခွဲထွက်စေချင်တာလဲဆိုတဲ့ စကားလေးပေါ့နော်။ သူများတွေ အမြင်က ရှမ်းတွေက ခွဲထွက်ချင်တယ်။ ဗမာတွေက မပေးခွဲထွက်စေချင်ဘူး အမှန်က။ အမှန်တော့ မဟုတ်ဘူး ပြောင်းပြန်ဖြစ်နေတာပေါ့နော် သမိုင်းက။ "

ဦးခန်းဟာ ငယ်စဉ်က တောင်ကြီးမြို့ ABM ကျောင်းမှာ ၁၀တန်းအထိ ပညာသင်ယူခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၅၂ခုနှစ် စပြီး တောင်ကြီးမြို့တော်ဝန် အဖြစ် ၂ကြိမ်ရွေးကောက်ခံခဲ့ရသလို တောင်ကြီးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်မှာ ရှမ်းစော်ဘွားတွေနဲ့အတူ ၆နှစ်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ ခြေချုပ်နဲ့ ရန်ကုန်မှာ ၄နှစ် ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြပွဲကို စစ်တပ်က အာဏာသိမ်းချိန်မှာလည်း တပတ်ကြာ ထိန်းသိမ်းခံခဲ့ဖူးပါတယ်။

ဦးခန်းဟာ သူ မကွယ်လွန်မီမှာတော့ တောင်ကြီးမြို့က တောင်စွန်နီဂျာမေ့ဗလီ နာယကကြီးအဖြစ်ဆောင်ရွက်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဦးခန်းကို ဒီနေ့ ညနေ ၃နာရီမှာပဲ တောင်ကြီးမြို့တိုင်းရင်းသားပေါင်းစုံ စွန်နီမွတ်စလင်မ်သုဿန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ ဦးခန်းကွယ်လွန်ချိန်မှာတော့ သားသမီးသုံးယောက်၊ မြေး ၁၁ ဦး၊ မြစ် ၇ ဦး ကျန်ရစ်ခဲ့ပါတယ်။

VOA Burmese News

 ဧည့်စာရင်း ပယ်ဖျက်မှုကို အမျိုးသားလွှတ်တော် အတည်ပြု
ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေထဲက ဧည့်စာရင်းတိုင်ကြားရမယ် ဆိုတဲ့ ပုဒ်မ ၁၃ (ဆ) ကိုပယ်ဖျက်ဖို့ ပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဧည့်စာရင်း မတိုင်ရင် အုပ်ချုပ်ရေးမှူးက အရေးယူလို့ ရတယ်ဆိုတဲ့ ဥပဒေဟာ အုပ်ချုပ်ရေးမှူး အတွက် လိုသလို သုံးလို့ရမယ့် လက်နက် တခု တပ်ဆင်ထား သလို ဖြစ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ပဲခူးတိုင်း ဒေသကြီး အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးမင်းဦးက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် တွေကတော့ ဒီပုဒ်မကို ပယ်ဖျက်လိုက်မယ် ဆိုရင် တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးကို ထိခိုက်မှာစိုးတဲ့ အတွက် မပယ်ဖျက်ဖို့ ကန့်ကွက်ခဲ့ပါတယ်။

ဧည့်စာရင်း စစ်ဆေးမှုကို ထောက်လှမ်းရေး အဆက်ဆက်က ရပ်ကွက်အတွင်း လူဝင် လူထွက် စစ်ဆေးတဲ့ နည်းလမ်း တခုအနေနဲ့ အစဉ်တစိုက် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

ဧည့်စာရင်း ဥပဒေအရ မိဘအိမ် အလည်ပြန်တာကိုတောင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အသိပေးတိုင်ကြားဖို့ လိုသလို ညဥ့်နက်သန်းခေါင် အချိန်မရွေး အိမ်တိုင်းအိမ်တိုင်းကို တံခါးခေါက် စစ်ဆေးခွင့်လည်း ရှိပါတယ်။ ဧည့်စာရင်း စစ်ဆေးမှု အကြောင်းပြုပြီး အိပ်ခန်းထဲအထိတောင် ဝင်ရောက်စစ်ဆေးနိုင်တဲ့ အတွက် ဒီဥပဒေဟာ လူတဦးချင်းစီရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိပါးနှောင့်ယှက်ရာ ရောက်တယ်လို့ လူ့အခွင့် အရေး ရှုထောင့်ကနေ ဝေဖန်မှုတွေလည်း ရှိပါတယ်။

လွှတ်တော်အတွင်း မဲခွဲရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ကြပေမယ့်လည်း ပယ်ဖျက်လိုသူတွေက မဲအသာရခဲ့လို့ ပယ်ဖျက်ရေး အတည်ဖြစ်သွားခဲ့ပါတယ်။ ဒီဥပေဒပယ်ဖျက်မှုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမဲခွဲရဦးမှာ ဖြစ်ပြီး လွှတ်တော်နှစ်ရပ်က အတည်ပြုပြီးရင် သမ္မတ လက်မှတ် ရေးထိုးပြီးမှ အတည်ဖြစ်ပါမယ်။

ဒါဟာ ရက်ကွက်နဲ့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ ပန်စုံကျေးရွာက ဒေသခံ ၈ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့နဲ့ ဆက်သွယ်လို့ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ သိန်းနီမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။

ဆက်ကြေးကောက်ဖို့၊ လူသစ်စုဖို့ကိစ္စတွေကို တိုင်ပင်နေတဲ့အချိန်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"သူတို့ကတော့ ဝမ်ဟိုင်းကတာဝန်ပေးထားတဲ့ ကျေးရွာသူကြီးတွေပါတာပေါ့နော်၊ ဒီဘက်ကလက်နက်ကိုင် အဖွဲ့အစည်းအခေါ်ဆိုရင် အမာခံလို့ခေါ်တာပေါ့၊ ဆက်ကြေးကောက်ဖို့တွေ၊ လူသစ်စုဖို့တွေ ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ တိုင်ပင်နေကြပါတယ်၊ အဲ့ဒီတော့ သတင်းအရ ကျနော်တို့ သွားရောက်ဖမ်းဆီး ထိန်းသိမ်းပြီးတော့ လက်နက်ကိုင်သောင်းကျန်းသူနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေ ပေါ်ပေါက်တဲ့အတွက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်အရေးယူထားပါတယ်ခင်ဗျ"

တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့က ပန်စုံကျေးရွာမှာ သွားရောက်ဖမ်းဆီးခဲ့ပြီး သိန်းနီရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ဖမ်းဆီးခံထားရသူတွေကို အစိုးရတပ်မတော်ဖက်က နယ်မြေခံတပ်ရင်းမှာရှိတဲ့ အရာရှိတစ်ဦးက တရားလိုလုပ်ပြီး မနေ့က အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ SSPP/SSA ဝမ်ဟိုင်းအဖွဲ့တို့ ပြီးခဲ့တဲ့ မေလကစပြီး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ထောင်ဂဏန်းလောက်ရှိမယ့် ဒေသခံရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေ ရပါတယ်။

SSPP/SSA ၀မ်ဟိုင်းအဖွဲ့ဟာ အရင်အစိုးရလက်ထက်မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဒေသတွင်း လုံခြုံရေးထိပ်သီးအစည်းဝေး မှာ မိန့်ခွန်းပြောနေတဲ့ Prayuth Chan-ocha။ (ဇွန် ၃၊ ၂၀၁၆)
ထိုင်းနိုင်ငံမှာ နိုင်ငံတွင်း မတည်ငြိမ်မှုတွေ ဒါမှမဟုတ် ပြည်တွင်းစစ်ဖြစ် လာနိုင်တာမျိုးတွေ ကို ရှောင်ရှားနိုင်ဖို့ အာဏာကို ချုပ်ကိုင်ခဲ့ရတယ်လို့ လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက အုပ်ချုပ်နေတဲ့ စစ်တပ်ကြီးစိုးတဲ့ အာဏာရှင်အ စိုးရအဖွဲ့ ခေါင်းဆောင် Prayuth Chan-ocha က ခုခံပြောဆိုခဲ့ပါတယ်။

သွေးထွက်သံယို မရှိတဲ့ အာဏာသိမ်းမှုကို ၂၀၁၄ မေလ တုန်းက ဗိုလ်ချုပ်ကြီး Prayuth ဦးဆောင်ခဲ့တာ ဖြစ်ပြီး သူဟာ အဲဒီအချိန်ကစလို့ ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့တာပါ။ သောကြာနေ့တုန်းကတော့ ထိုင်းနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ပြန်ဖြစ်စေရ မယ်လို့ ကတိပေးကြောင်း ဒေသတွင်း လုံခြုံရေးထိပ်သီးအစည်းဝေး တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ပြန်လည်ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ် ရောက်စေဖို့နဲ့ ထိုင်းနိုင်ငံ စီးပွါးရေး မတည်မငြိမ်ဖြစ်လာမှာကို ကာကွယ်တဲ့အနေနဲ့ ပျော့ညံ့အားနည်းတဲ့ အရပ်သား အစိုးရကို ဖယ်ရှားဖို့ လိုအပ်ခဲ့တာကြောင့် စစ်တပ်က အာဏာသိမ်းခဲ့ရတယ်လို့ လည်း ပြောပါတယ်။

ကမ္ဘာပေါ်မှာ နန်းသက် အရှည်ဆုံး ဖြစ်တဲ့ သက်တော် ၈၈ နှစ် ရှိပြီဖြစ်တဲ့ နာမကျန်းတဲ့ ထိုင်းဘုရင် ဘူမိဘော ရဲ့ ကျန်းမာရေးကို စိုးရိမ်ရတဲ့ အချိန်ကာလမှာ အာဏာကို ဆက်ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ ထိုင်းဘုရင်ဟာ မကြာခင်နှစ်တွေအတွင်း ဆေးရုံမှာပဲ နေရတာ များပါတယ်။

စစ်အာဏာရှင်တွေက အာဏာသိမ်းပြီး အရပ်ဖက် လွတ်လပ်ခွင့်တွေ ဖိနှိပ်ချိုးနှိမ်နေတယ်လို့ နိုင်ငံတကာက ဝေဖန်မှုတွေကို တုန့်ပြန်တဲ့ အနေနဲ့ သူတို့ဟာ လူ့အခွင့်ရေး ချိုးဖေါက်လိုစိတ် တစုံတရာ မရှိပဲ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေ အားလုံးဟာ တရားဥပဒေနဲ့ အညီပဲ လုပ်ဆောင်ခဲ့တယ်လို့ လည်း ဗိုလ်ချုပ်ကြီး ပရာရွသ် ကပြောပါတယ်။

စစ်အစိုးရကဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်မူကြမ်းကို ရေးဆွဲခဲ့ပြီး ဒါကို သြဂုတ်လမှာ ပြည်လုံးကွှတ်ဆန္ဒ မဲပေးဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီမူကြမ်းနဲ့ ပါတ်သက်ပြီး အခြေအတင် ဆွေးနွေးမှုတွေ အပြစ်တင် ဝေဖန်မှုတွေ ကတော့ ပြည်တွင်း နိုင်ငံရေး လောကမှာ ပိတ်ပင်ဟန့်တားခြင်း ခံနေရပါတယ်။

ဒီဖွဲ့စည်းပုံကို လက်မခံဘူးဆိုရင် အစိုးရသစ်ဖွဲ့ဖို့ ရွေးကောက်ပွဲ ကျင်းပရေး ဟာနှောင့်နှေးနိုင်တဲ့ အတွက်ကြောင့် သူ့ကို ဘယ်လိုပဲ မုန်းသည်ဖြစ်စေ သူ့အနေနဲ့ လက်ရှိရာထူးမှာ သူဆက်လက် နေသွားရမယ့် အခြေနေကို ဆိုက်နိုင်တယ်လို့ လည်း သူက ပြောကြားခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကုန်းတလဘောင်ကျေးရွာက ရတနာမာန်အောင် သီလရှင်စာသင်တိုက်ကို ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကုန်းတလဘောင်ကျေးရွာက ရတနာမာန်အောင် သီလရှင်စာသင်တိုက်မှာ ဆုံစို့ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့အတွက်ဆိုပြီး အဲ့ဒီကျောင်းတိုက်ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဝင်ထွက်သွားလာတာကို ပိတ်ပင်ထားပါတယ်။

ကျောင်းတိုက်အတွင်းက သံဃာတော်တွေနဲ့ သီလရှင်တွေကို အပြင်မထွက်ဖို့နဲ့ အပြင်ကလည်း ကျောင်းတွင်းကို မဝင်ရောက်ဖို့ မင်္ဂလာဒုံမြို့နယ် ကျန်းမာရေးဦးစီးမှူးက တားမြစ်ထားတယ်လို့ ကုန်းတလဘောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်က ပြောပါတယ်။

"ဆရာဝန် ဆရာမတွေကနေပြီးတော့ အဲ့ဒီမှာကူးစက်ရောဂါပေါ့လေ ဆုံစို့ကူးစက်ရောဂါဖြစ်နေတဲ့အတွက် ဒါကိုအုပ်ချုပ်ရေးမှူကလည်း ကူညီပြီးဆောင်ရွက်ပေးပါဆိုလို့ ကျနော်လည်း လူဝင်လူထွက်မရှိအောင်လို့ ကျနော်တို့အနေနဲ့ ရာအိမ်မှူးတွေနဲ့နေပြီးတော့ လမ်းတွေကိုပိတ်ဆို့ထားတယ်၊ လိုအပ်အကူအညီရှိရင် လည်းပြောပါဆိုပြီး သူတို့လည်း လိုအပ်တဲ့အကူအညီကိုလည်း ကျနော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်"

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က အဲ့ဒီကျောင်းတိုက်က သီလရှင်ဆရာလေးတစ်ပါး သေဆုံးခဲ့ရာမှာ မှု့ခင်းဆရာဝန်က ဆုံစို့ကူးစက်ရောဂါကြောင့်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ သီလရှင်းကျောင်းတိုက်မှာ နေထိုင်သူတွေကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနက နေ့စဉ်ကာကွယ်ဆေး တိုက်ကျွေးနေပါတယ်။

ဆုံစို့ကူးစက်ရောဂါဆိုရင် ကာကွယ်ဆေးကို ၁ဝ ရက်တိတိ နေ့စဉ်သောက်ရင် ရောဂါပျောက်ကင်းတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

အဲ့ဒီကျောင်းတိုက်မှာ သံဃာတော်တွေနဲ့ သီလရှင် စုစုပေါင်း ၅၈ ပါး သီတင်းသုံးတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/

 thantzinmg-620.JPG ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် ကို တွေ့ရစဉ်

နယ်စပ်ကနေ တရားမဝင် တင်သွင်းလာတဲ့ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ယာဉ်တွေနဲ့ ပြည်တွင်းမှာရှိတဲ့ လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်ချပြီး ဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြည်သူ့လွှတ်တော်မှာ ပြောခဲ့ပါတယ်။

တစ်နိုင်ငံလုံးက လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို အခွန်ပေးဆောင်စေပြီး လိုင်စင်ချပေးဖို့နဲ့ တရားမဝင် တင်သွင်းရောင်းဝယ်နေတာတွေကို ဘယ်လိုအရေးယူမလဲဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာဒေါ်ခင်စိုးစိုးကြည်က မေးမြန်းတာကို ဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"နယ်စပ်ဖြတ်ကျော်ပြီး နောက်ထပ်ဝင်ရောက်လာမယ့် တရားမဝင်သက်ဆိုင်ရာ သယ်ဆောင်ရောင်း ဝယ်နေသော မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နဲ့ ကားများ၊ ပြည်တွင်းတွင်ရောက်ရှိနေသည့် လိုင်စင်မဲ့ယာဉ်များအား သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များရဲ့ကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီးတော့ စီမံချက်များချမှတ်ပြီးတော့ ရှောင် တခင်စစ်ဆေးတယ်၊ ဖမ်းဆီးအရေးယူတာတွေ ကျနော်တို့ ထိထိရောက်ရောက်ဆောင်ရွက်နေပါတယ်၊ ဆက်ပြီးတော့လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ တဖက်ကလည်းပဲ တောလမ်းတွေ၊ နယ်စပ်ဒေသ ဝင်ပေါက်တွေကနေ ထပ်မံပြီးတော့ ဝင်ရောက်မလာနိုင်ဖို့ရာအတွက် ဌာနစုံပူးပေါင်းအဖွဲ့တွေ၊ လုံခြုံရေး တပ်ဖွဲ့များနဲ့ ဖွဲ့စည်းတာဝန်ပေးလျှက် တင်းကြပ်စွာတားမြစ်ပိတ်ဆို့ပါမယ်"

လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင်ရရှိအောင် လုပ်ဆောင်ပေးလိုက်မယ်ဆိုရင် တရားဝင် ဆိုင်ကယ်ပိုင်ရှင်တွေ အတွက် နစ်နာမှုရှိနိုင်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးခွင့်ပြုချက်နဲ့ ရောင်းချနေတဲ့ အရောင်းဆိုင်တွေက ကန့်ကွက် လာနိုင်ကြောင်း၊ ဥပဒေချိုးဖောက်မှုကို အားပေးအားမြှောက်ပြုရာ ရောက်မှာဖြစ်ကြောင်း စတာတွေကြောင့် လိုင်စင်မဲ့ယာဉ်တွေကို တရားဝင်လိုင်စင် မချပေးနိုင်ကြောင်း ဝန်ကြီး ဦးသန့်စင်မောင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် အိမ်နီးချင်း နိုင်ငံတွေကနေ ဆိုင်ကယ်တွေ ခိုးယူတင်သွင်းလာတာတွေဟာ နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ မလိုလားအပ်တဲ့ အရှုပ်အထွေးတွေဖြစ်ပေါ်လာနိုင်ကြောင်းနဲ့ နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းနိုင်ကြောင်း စတာတွေဖြစ်ပေါ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်အထိ တစ်နိုင်ငံလုံးမှာ မှတ်ပုံတင်ထားတဲ့ ဆိုင်ကယ်အစီးရေ ၄ သန်းကျော် ရှိပါတယ်။
RFA

နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မရှိတဲ့အကြောင်း ဖြေဆိုပုံဟာ ပထမအကြိမ်လွှတ်တော်နဲ့ ခု ဒုတိယအကြိမ်လွှတ်တော်နဲ့ အတော်လေးတူညီနေတာ တွေ့ရှိရပြီး ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်ပေါက်လာရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတာ အသိအမှတ်ပြုပြီး လွှတ်ပေးဖို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသားရှိတာကို အသိအမှတ်ပြုပြီး လွှတ်ပေးရေးဟာ ပြည်သူ့အစိုးရအနေနဲ့ အမြန်ဆုံးလုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပြီး တတ်အားသရွေ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတဲ့အကြောင်းလည်း AAPP ကြေညာချက်မှာပါရှိပါတယ်။

ခု အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုသော ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ရှိ မရှိ ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြည်သူ့လွှတ်တော်မှာ မနေ့က မေးမြန်းခဲ့ပါတယ်။

ဒါကို အဓိပ္ပါယ်ဖွင့်ဆိုချက်ပြုရန် မရှိတဲ့အကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာလည်း NLD -အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က မေးမြန်းခဲ့ဖူးပြီး သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နိုင်ငံရေးအကျဉ်းသားအဖြစ် ခွဲခြားသတ်မှတ်ပြီး အခွင့်အရေးပေးရင် အကျဉ်းထောင်အတွင်း အခွင့်ထူးခံအကျဉ်းသားတွေ ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား စကားရပ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုဖို့ အစီအစဉ်မရှိတဲ့အကြောင်း ဖြေကြားခဲ့ဖူးပါတယ်။

ဒါတွေကို ထောက်ရှုရင် ပြည်ထဲရေးဝန်ကြီးဌာနဟာ မူဝါဒမပြောင်းလဲသေးတာ တွေ့ရှိရတဲ့အတွက်၊ ပြောင်းလဲချိန်တန်ပြီ ဆိုသည့်စကားနဲ့အညီ ခေတ်နဲ့လိုက်လျောညီထွေတဲ့ မူဝါဒဖြစ်စေဖို့ ပြောင်းလဲသင့်တယ်လို့ AAPP က အကြံပေးပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဧပြီလ ၇ ရက်မှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အပိုဒ် (၁) မှာ “ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား၊ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်း တစ်ခုဖြစ်ပါသည်” လို့ ဖော်ပြထားတာရှိတဲ့အကြောင်း AAPP က ထောက်ပြပါတယ်။
RFA

သမ္မတကြီး ဦးသိန်းစိန် ဘယ်လောက်ချမ်းသာသလဲ ဘယ်သူမှ မသိနိုင်ဘူး။ သမ္မတ အိုဘားမား ဘယ်လောက်ချမ်းသာသလဲ။ လူတိုင်း သိနိုင်အောင် ထုတ်ပြန်ထားတာတွေရှိတယ်။ အင်တာနက်ပေါ် တက်ကြည့်လိုက်ရင် သတင်းမီဒီယာတွေမှာ အထောက်အထားတွေရနိုင်တယ်။

Celebrity Net Worth ထဲမှာ အိုဘားမား ချမ်းသာတာကို ဒေါ်လာ ၁၂ ဒသမ ၂ သန်းလို့ ဖော်ပြထားတယ်။ Forbes ကမ္ဘာကျော် မဂ္ဂဇင်းကြီးမှာတော့ ဒေါ်လာ ၆ သန်းလို့ ပါတယ်။

အမေရိကန် သမ္မတတွေထဲမှာ အချမ်းသာဆုံးက ဂျော့ ဝါရှင်တန်ဖြစ်ပါတယ်။ သူက ဒေါ်လာ ၅၂၅ သန်းလောက် ချမ်းသာတယ်။ သူပိုင်ဆိုင်တဲ့ မြေယာခြံတွေက ဧက ၈၀၀၀ လောက်ရှိတယ်။ သမ္မတလင်ကွန်းကတော့ ဒေါ်လာ ၁ သန်းလောက်ပဲ ချမ်းသာတယ်။ ခေတ်သစ်သမ္မတတွေထဲမှာတော့ အိုဘားမားက အမွဲဆုံးလို့ဖော်ပြကြတယ်။

အိုဘားမား ဘာကြောင့် ဒေါ်လာ သန်းချီပြီး ပိုင်ဆိုင်သလဲဆိုတာ ပြောပြလို့ရတယ်။ သမ္မတ မဖြစ်မီကတည်းက သူ စာအုပ်နှစ်အုပ်ရေးခဲ့တယ်။ အဲဒီ စာအုပ်တွေဟာ သမ္မတဖြစ်တော့ ပိုပြီးပေါက်သွားတယ်။ ၂၀၀၆ မှာ ထုတ်ခဲ့တဲ့ The Audacity of Hope ဆိုတဲ့ စာအုပ်နဲ့ ၁၉၉၅ ခုနှစ်မှာ ထုတ်ခဲ့တဲ့ Derams From My Father ဆိုတဲ့ စာအုပ်နှစ်အုပ် ရောင်းရတဲ့အတွက် ရတဲ့ ဝင်ငွေဟာ ဒေါ်လာ သန်း ၂၀ လောက်ရှိတယ်လို့ ဝါရှင်ပို့စ် သတင်းစာကြီးက ဖော်ပြထားတယ်။

၂၀၁၀ မှာ အိုဘားမားက Of Thee I Sing: Aletter To My Daughters ဆိုတဲ့ စာအုပ်ကို ကိုယ်တိုင်ရေးပြီး ထုတ်ခဲ့တယ်။ အဲဒီက ရတဲ့ အကျိုးအမြတ်တွေအားလုံးကို ကျဆုံးစစ်သည်တော်တွေ၊ မသန်စွမ်းဖြစ်သွားတဲ့ စစ်သည်တော်တွေနဲ့ သူတို့ သားသမီးတွေ ပညာသင်ဆုအတွက် အားလုံးလှူလိုက်တယ်။

အိုဘားမား လစာက ဒေါ်လာ ၄ သိန်းပါ။ အဲဒီအထဲက အိမ်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ ဧည်ခံပွဲစရိတ်အတွက် ကိုယ်ပိုင်ငွေထဲက သုံးရတာတွေရှိတယ်။ သာမန်လူတွေလို မဟုတ်တဲ့အတွက် ဝင်ငွေထဲက ထုတ်သုံးရတဲ့ စရိတ်တွေများတယ်။ ဒါပေမဲ့ ချွေတာတဲ့ သမ္မတဖြစ်လို့ သူ့ငွေစာရင်းမှာ ဒေါ်လာ ၃ ဒသမ ၄ သန်းရှိတယ်ဆိုတာ ဖော်ပြထားတယ်။
အိုဘားမား ပင်စင်ယူရင် သူရမယ့် နှစ်စဉ်ထောက်ပံ့ကြေးဟာ ဒေါ်လာ ၁ ဒသမ ၅ သန်းလို့ Business Week မှာ ဖော်ပြထားပါတယ်။

အိုဘားမားဟာ ပင်စင်ယူရင် သမီးဖြစ်သူ ပညာရေးအတွက် လက်ရှိတော့ ဝါရှင်တန်မှာပဲ ငှားနေရဦးမယ်။ ဒါပေမဲ့ သူပိုင်တဲ့ အိမ်ဟာ ချီကာဂိုမှာရှိပါတယ်။ ချီကာဂို၊ ဟိုက်ပါ့ခ်မှာ သူ့အိမ်က စတုရန်းပေ ၆၂၀၀ ကျယ်ပါတယ်။ ၂၀၀၅ ခုနှစ်ကဒေါ်လာ ၁ ဒသမ ၆၅ သန်းနဲ့ ဝယ်ခဲ့တာလို့ Forbes မဂ္ဂဇင်းမှာ ဖော်ပြထားတယ်။ အဲဒါ လက်ငင်း ငွေချေပြီး ဝယ်ထားတာမဟုတ်ဘူး။ ၂၀၀၅ ခုနှစ်ကတည်းက နှစ်ပေါင်း ၃၀ အကြွေးယူပြီး အတိုး ၅ ဒသမ ၆၂၅ ရာခိုင်နှုန်းနဲ့ ဝယ်ထားတာလို့ Business Week မှာဖော်ပြထားတယ်။ သူသမ္မတဖြစ်တာက ၂၀၀၉ မှပါ။

သူတို့နိုင်ငံတွေမှာက သမ္မတကိုစောင့်ကြည့်နေကြတာ။ ဘာလုပ်လုပ် အချက်အလက်နဲ့ သတင်းတွေ ထုတ်ပြန် နေကြတာပဲ။ ကျွန်တော်လည်း သမ္မတဟောင်း ဦးသိန်းစိန် ဘယ်လောက်ပိုင်ဆိုင် ချမ်းသာတယ်ဆိုတာ လိုက်မွှေ ကြည့်တာပဲ။ ဘယ်မှာမှကို မတွေ့ရတာ။ ဒီလူတွေ အဲဒီလောက်ကို လျှို့ဝှက်နိုင်ကြတာ။ လယ်တောအိမ်ဆိုင်ကို တောင် သူမပိုင်ပါဘူးဆိုတာ ကြားလော်ဘီက အော်လို့သိရတာ။ ဒီတိုင်းပြည်က မီဒီယာတွေ တယ်ညံ့သဗျာ။

၃.၆.၂၀၁၆
Tin Nyunt

ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်။ Photo: NLD Chairperson
ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ဥပဒေတွေကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ပြီး အများစုကပယ်ဖျက် ဖို့ ဆန္ဒပြုတဲ့အတွက် ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီဥပဒေဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြခဲ့ချိန်က တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဒါကြောင့် မဲခွဲဆုံးဖြတ်တဲ့အဆင့် ထိရောက်ခဲ့တာလို့ သိရပါတယ်။ မဲခွဲရာမှာ အနိုင်ရပြီး ဖျက်သိမ်းဖို့ အတည်ပြု လိုက်တဲ့အကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က RFA ကိုပြောပါတယ်။

"၃ ခုလုံး နိုင်တယ်ဗျ၊ ကျနော်တို့ ဥပဒေကြမ်းက စိစစ်ထားတဲ့အဆိုတင်ထားတာ အားလုံးပြန်နိုင်တယ်ဗျ၊ အဲ့ဒီစာရင်းရယ်ပေါ့နော် နောက်ပြီးတော့ ဧည့်စာရင်းတိုင်လို့ရှိရင် ပိုက်ဆံဖို့ဗျ၊ အဲ့ဒါတွေပေါ့နော် ပုဒ်မ ၁၇ တို့ ၁၃ တို့ပေါ့နော်၊ သူတို့ကိုင်တွယ်ထားတဲ့ဟာတွေက အကုန်လုံး ကျနော်တို့ လက်တွဲဆုံးဖြတ်တာ အကုန်နိုင်တယ်"

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃ (ဆ) မှာ ညအိပ်ညနေတည်းခိုတဲ့ သူတွေဧည့်စာရင်း တိုင်တဲ့အခါ အုပ်ချုပ်ရေးမှူးတွေကလက်ခံဖို့၊ ဧည့်စာရင်းစစ်ဖို့နဲ့ တိုင်ကြားမှု ပျက်ကွက်တာတွေ့ရှိရင် အရေးယူ ဖို့ ပြဌါန်းထားသလို၊ ပုဒ်မ ၁၇ မှာတော့ ဧည့်သည်တွေ ဧည့်စာရင်းတိုင်ဖို့၊ ပုဒ်မ ၂၇ က ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၇ ရက် ဒါမှမဟုတ် ငွေဒဏ် ၅ဝဝဝ ကျပ်ပေးရမယ်လို့ပြဌါန်းပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ အတည်ပြုခဲ့တာဖြစ် ပါတယ်။ အဲ့ဒီပုဒ်မ ၃ ခုလုံးကို ပယ်ဖျက်ဖို့ အမျိုးသားလွှတ်တော်မှာ မဲခွဲတဲ့အခါ မဲပေးခွင့်ရှိသူ ၂၁၁ ဦးရှိပြီး၊ အဲ့ဒီထဲက ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၆၈ မဲနဲ့၊ ကြားနေ ၂ မဲဖြစ်လို့ အများစု ထောက်ခံတဲ့အတွက် အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ဥပဒေကိုဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်မှာ အတည်ပြုပြီးတဲ့ နောက် ပြည်သူ့ လွှတ်တော်မှာ ဆက်လက်ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဧည့်စာရင်းတိုင်ရတဲ့စနစ်ကို မဆလတပါတီခေတ်ကတည်းက ကျင့်သုံးလာခဲ့ပြီး၊ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်တာကိုစစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံ ရတဲ့အတွက် ပြည်သူတွေကြားမှာ ဖိနှိပ်ချုပ်ချယ်တဲ့စနစ်တစ်ခုအနေနဲ့ နှစ်ပေါင်းများစွာတည်ရှိခဲ့ ပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့လည်း အရင်စစ်အစိုးရလက်ထက်မှာ ဧည့်စာရင်းမတိုင်မှု တွေနဲ့ အရေးယူခံရတာမျိုးတွေရှိခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ထိုင်းနိုင်ငံမှ စစ်အစိုးရခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကို အနီးကပ် စောင့်ကြည့်လေ့လာလျက်ရှိကြသည်။

မြန်မာနိုင်ငံ၏ အမျိုးသား ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွင် ထိုင်းနိုင်ငံက ပါဝင်ကူညီရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ကမ်းလှမ်းမည်ဟု ဆိုသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ယခုလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်တွင် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံသည့်အခါ ထိုသို့ ကမ်းလှမ်းမည်ဟု ဆိုသည်။

ထိုင်းအစိုးရက မြန်မာအစိုးရသစ်အား ထောက်ခံကူညီရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကို တောင်းဆိုခဲ့သည်ဟု ၀န်ကြီးချုပ် ပရာယွတ် က ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယုလနှောင်းပိုင်းတွင် ထိုင်းနိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက အတည်ပြုခဲ့သော်လည်း ခရီးစဉ်၏ အချက်အလက် အသေးစိတ်နှင့် သမ္မတဦးထင်ကျော် လိုက်ပါခြင်း ရှိ၊မရှိကို ပြောကြားခြင်း မရှိပေ။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က သမ္မတဦးထင်ကျော် ထိုင်းနိုင်ငံသို့ လာရောက်မည် ဟု ပြောကြားပြီး ၄င်းနှင့် ရုရှားနိုင်ငံ ဆိုချီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် မြန်မာသမ္မတ ဦးထင်ကျော် သည် “သိမ်မွေ့ကာ စကားပြောကောင်းသူ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ဘက်တော်သားများနှင့် ဘုရင်စနစ် ထောက်ခံသည့် ရှေးရိုးစွဲများအကြား အားပြိုင်မှုများကြောင့် ပြသ၁နာများစွာ ကြုံတွေ့ခဲ့ရသည်။ စစ်တပ်၊ ဘုရင်နှင့် ဗျူရိုကရေစီ ယန္တရားတို့ကို ဗဟိုပြုထားသည့် နိုင်ငံရေး အစဉ်အလာပုံစံဟောင်းကို ကျော်လွှားကာ သက်ဆင် ဘက်တော်သားများသည် ဒီမိုကရေစီ တည်ဆောက်ရေးတွင် အောင်မြင်မှုများရခဲ့ပြီး ၂၀၀၁ နောက်ပိုင်း ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရခဲ့သည်။ သို့သော် သက်ဆင်၏ စီးပွားရေး အကျိုးစီးပွားများကြောင့် အာဏာအလွဲသုံးစားမှုတို့ဖြင့် စွပ်စွဲခံခဲ့ရသည်။

ဘုရင်စနစ် ထောက်ခံသူများ၏ သက်ဆင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရက်သတ္တပတ် များစွာ ပေါ်ပေါက်လာပြီးနောက် ၂၀၀၆ စက်တင်ဘာတွင် ထိုင်းစစ်တပ်က ထိုစဉ်က ၀န်ကြီးချုပ် သက်ဆင်ထံမှ အာဏာသိမ်းယူခဲ့သည်။ စစ်တပ်က အခြေခံဥပဒေ ရေးစွဲကာ အထက်လွှတ်တော်အမတ် ထက်ဝက်အား ရွေးချယ်ခံ မဟုတ်ဘဲ တိုက်ရိုက် ခန့်အပ်ရန်၊ တရားရေးဌာနကို အာဏာပိုမိုပေးအပ်ရန် လုပ်ဆောင်ခဲ့သည်။

သက်ဆင်၏ ပါတီကို ဖျက်သိမ်းကာ ပါတီဝင် အများအပြားကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခဲ့သည်။ သက်ဆင်ကိုယ်တိုင် ရာဇ၀တ်မှုများနှင့် တရားစွဲခံခဲ့ရသဖြင့် ပြည်ပသို့ တိမ်းရှောင်ခဲ့ရသည်။ သို့သော် သက်ဆင် ဘက်တော်သားများသည် ဆင်းရဲသည့် ကျေးလက်ဒေသကို အခြေပြု လှုပ်ရှားကာ ရှပ်ဝါဆန္ဒပြပွဲများ ပိုမိုဖြစ်ပေါ်လာစေပြီး လူထုထောက်ခံမှု ရရှိခဲ့သည်။ ပြန်လည် တည်ထောင်ထားသည့် သက်ဆင်၏ပါတီကို အခြေခံဥပဒေ ခုံရုံးက ကန့်ကွက် ပယ်ဖျက်ခဲ့သခြင့် ၂၀၀၈ တွင် အဘီဆစ်၏ ပါတီမှ အာဏာရရှိခဲ့သော်လည်း ၂၀၁၁ ရွေးကောက်ပွဲတွင် သက်ဆင်၏ ညီမဖြစ်သူ ယင်လတ် ဦးဆောင်သည့် ပါတီက အနိုင်ရခဲ့သည်။

မစ္စတာသက်ဆင်အပေါ် စွဲချက်တင်ထားသည့် ပြစ်မှုများမှ လွတ်ကင်းကာ နေရပ်ပြန်ခွင့်ပြုမည့် ဥပဒေကြမ်းတစ်ရပ်ကို ယင်လတ်အစိုးရက ၂၀၁၃ အောက်တိုဘာတွင် ရေးစွဲတင်ခဲ့သဖြင့် ဆန့်ကျင်ဘက်အုပ်စုများ၏ ကန့်ကွက် ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရကာ ၂၀၁၄ မေလတွင် စစ်အာဏာသိမ်းမှုနှင့် ကြုံတွေ့ခဲ့ရသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် အာဏာသိမ်း ဗိုလ်ချုပ်များသည် ထိုအချိန်မှစကာ ယင်းတို့ ခန့်အပ်ထားသည့် ပညာရှင် လက်တစ်ဆုပ်စာသာ ပါဝင်သည့် စစ်အစိုးရဖြင့် နိုင်ငံကို တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး ကောင်စီ (NCPC) ကို ဖွဲ့စည်းကာ ကြားဖြတ် အခြေခံဥပဒေရေးစွဲပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်အား အကြွင်းမဲ့ အာဏာ အပ်နှင်းခဲ့သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်က ဟန်ပြ လွှတ်တော်နှင့် အခြေခံဥပဒေ ရေးစွဲရေး ကော်မတီတို့ ဖွဲ့စည်းကာ အစိုးရကို ကိုယ်တိုင်ဦးဆောင်ခဲ့သည်။ ယခုအခါ ထိုင်းနိုင်ငံတွင် စစ်အစိုးရက ဦးဆောင်ရေးဆွဲသည့် အခြေခံဥပဒေသစ်ကို အတည်ပြုရန် သြဂုတ်လတွင် လူထု ဆန္ဒခံယူပွဲ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။ အတည်ပြုခဲ့ပါက ၂၀၁၇ တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ထိုင်းအခြေခံဥပဒေသစ်တွင် စစ်တပ်က ခန့်အပ်သည့် အမတ် ၂၅၀ ပါ ဆီးနိတ် အထက်လွှတ်တော် ပါဝင်မည်ဖြစ်သည်။ ငါးနှစ်ကြာ အပြောင်းအလဲ ကာလ တာဝန် ထမ်းဆောင်မည့် ထိုဆီးနိတ်က အရေးပါသည့် အာဏာများ ရရှိမည်ဖြစ်ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ ဆောင်ရွက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် ၀န်ကြီးချုပ် သည် ရွေးကောက်ခံဖြစ်ရန် မလိုဟု ဖော်ပြထားသဖြင့် စစ်တပ်က ခန့်အပ်ခြင်းမျိုး ပြုလုပ်နိုင် သည်။ ဒီမိုကရေစီနည်းလမ်း မကျသည့် ထိုအခြေခံဥပဒေအား အရပ်ဘက် အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီများက အပြင်းအထန် ကန့်ကွက်ကြသည်။ တော်ဝင် ထီးနန်းဆက်ခံပွဲ ဖြစ်ပေါ်လာနိုင်သည့် အချိန်အခါတွင် တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်မှုကို ထိန်းထားရန် လိုအပ်သည်ဟု ယူဆကာ နိုင်ငံရေးတွင် စစ်တပ် ပါဝင်ခြင်းကို ထောက်ခံသူများပင်လျှင် အခြေခံဥပဒေသစ်အား မထောက်ခံကြပေ။

ထိုင်းဗိုလ်ချုပ်ကြီးများက ရေရှည်အုပ်ချုပ်သွားရန် ရည်မှန်းလျက်ရှိပြီး အတိုက်အခံများကို ခွင့်မပြုသဖြင့် နိုင်ငံ၏ အနာဂတ်မှာ ၀ရုန်းသုန်းကား အခြေအနေသို့ ဦးတည်နေသည်။

ထိုင်းနိုင်ငံတွင် လိုအပ်နေသည်မှာ မြန်မာနိုင်ငံမှာကဲ့သို့ သန့်ရှင်းပြီး အညိုးအတေးမထားသည့် အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သည်။ ဆိုလိုသည်မှာ ထိုင်းပြည်သူများအတွက် အောင်ဆန်းစုကြည် တစ်ဦး လိုအပ်လျက်ရှိသည်။ ပြည်သူကိုသာ ကိုယ်စားပြု သည့် အဆိုပါ အတိုက်အခံခေါင်းဆောင်က စစ်တပ်နှင့် အပေးအယူလုပ် သဘောတူညီချက် ယူရန် ဖြစ်သည်။ အပေးအယူလုပ် ညှိနှိုင်းရာတွင် မည်သူမျှ လိုချင်သမျှ အားလုံးမရနိုင် ဆိုသည်ကို ပါဝင်သူအားလုံး လက်ခံမှသာ အုပ်စုဖွဲ့ခြင်းနှင့် နိုင်ငံရေး ပဋိပက္ခကို အဆုံးသတ်နိုင်မည် ဖြစ်သည်။

မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကာလ ဆောင်ရွက်မည့် ကိစ္စများကို မဖော်ပြသေးသည်မှာ ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်းနိုင်ငံမှ အရပ်သားခေါင်းဆောင်များ ဖြစ်သည့် ယင်လပ်၊ အဘီဆစ်တို့ သွားရောက် တွေ့ဆုံဖွယ် ရှိမရှိကို ၀န်ကြီးချုပ် ပ၇ာယွပ်က စောင့်ဆိုင်းကြည့်ရှုနေမည်မှာ အမှန်ပင်ဖြစ်သည်။

The Ladies News

ကိုးကား - ဘန်ကောက်ပို့စ်

The Ladies News Journal

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ ဥပဒေနည်းဥပဒေများကို အခွင့် ကောင်းယူ၍ လူပုဂ္ဂိုလ် ၁၀ ဦးအား အမည်ပေါက်ချထားပေးခြင်းအပေါ် စိစစ်ကြပ်မတ်မှုများ လုပ်နိုင်စေရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ထွန်းက ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ရာ လူဆယ်ဦး၏ မြေဧက နှစ်သောင်းကျော်တွင် ၁,၀၆၄ ဧကသာ အမှန်တကယ်လုပ်ကိုင်နေကြောင်း လယ်/ဆည်ဝန်ကြီး ဒေါက်တာအောင်သူက ပြည်သူ့လွှတ်တော်၌ ဇွန် ၁ ရက်တွင် ပြောကြားလိုက်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း၏ ကြယ်ပွင့်ပြမေးခွန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်တွင် မြေလွတ်မြေလပ်မြေရိုင်းဥပဒေ နည်းဥပဒေများအား အခွင့်ကောင်းယူ၍ သဘာဝပေါက်ပင်သစ်တောအား အမည်ပေါက်ရယူကာ အမှန်တကယ်စိုက်ပျိုးထုတ်လုပ်မှုမလုပ်ဘဲ မြေယာ ဦးသကဲ့သို့ပြုမူနေကြောင်း တွေ့မြင်နေရ၍မြေလွတ် မြေလပ်မြေရိုင်းဥပဒေ နည်းဥပဒေများဖြင့် ပြန်လည် စိစစ်ပေးရန်နှင့် ၎င်းတို့အား လယ်ယာမြေပုံစံ(၇) ထုတ်ပေးထားခြင်းရှိ/မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာ အောင်သူက ''ယခင်မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသော လူဆယ်ဦး၏ (၂၀၁၃၄ ဒသမ ၆၇) ဧက သည် မူလခွင့်ပြုချက် ကာလထက်ကျော် လွန်သည်ထိ ဖော်ထုတ်လုပ်ကိုင်အသုံးပြုခြင်းမရှိသေးကြောင်း လုပ်ငန်းဆောင်ရွက် ရန် ပျက်ကွက်သဖြင့် ၂၇-၅-၂၀၁၄ တွင် အကြောင်းကြားစာ ပေးပို့ထားကြောင်းနှင့် လုပ်ပိုင်ခွင့် အသုံးပြုခွင့်ပယ်ဖျက်ပြီးပါက ဒေသခံများသိရှိနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့မှ အသိပေးရှင်းလင်း ပြောကြားနိုင်မည်''ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ယင်းအပြင် ကျန်လူနှစ်ဦး၏ ဧရိယာ ၂၀ ဧကသည် ၂၀၁၂ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေ အရ သတ်မှတ်ကာလ ကျော်လွန်းခြင်းမရှိ သေးကြောင်းနှင့် အဆိုပါမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) ထုတ်ပေးထားခြင်း မရှိသေးကြောင်း ဖြေကြားခဲ့သည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ''လုပ်ကိုင်ခွင့်ရထား တဲ့သူတွေက အမှန်တကယ် စိုက်ပျိုးထုတ်လုပ်တာမျိုးမတွေ့ရဘူး။ သရက်တို့၊ ငှက်ပျောတို့ကို အဖြစ် လောက်ပဲစိုက်ထားတာ သူတို့သတ်မှတ်ထားတဲ့မြေကြောင့် ဒေသခံတွေ နွား စားကျက်တွေမရှိတော့ဘူး။ ထင်းခွေလို့လည်း မရဘူး။ သူတို့လည်း အမှန်တကယ် မစိုက်တော့ မြေကိုပိုင်ဆိုင်ဖို့ ဦးထားသလို ဖြစ်နေ တယ်''ဟု News Watch သို့ ပြောကြားခဲ့သည်။

ယင်းမြေမျာအားလုပ်ပိုင်ခွင့်ရသူများ၏ အမည်စာရင်းအားသိလို၍ မေးမြန်းမှုအပေါ် ၁၃ ဦးစလုံး၏ စာရင်းများ အတိအကျသိရှိထားသော်လည်း ကျင့်ဝတ်ပိုင်းအရ ဖြေကြားရန် ၎င်းကငြင်းဆန်ခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ယူအက်စ်နည်းပညာ ကုမ္ပဏီကြီးများဖြစ်သော Facebook, Twitter, Microsoft, YouTube တို့သည် ရုန့်ရင်းကြမ်းတမ်းသောအမုန်းပွားစေသော ပြောဆိုရေးသားမှုများ အင်တာနက်မှတဆင့် ဖြန့်ဝေခြင်းကို တားဆီးရန် ဥရောပကော်မရှင်နှင့် သဘောတူလက်မှတ်ရေးထိုးလိုက်သည်။

ယင်းသဘောတူညီမှုအရ အမုန်းစကားများနှင့်ပတ်သက်၍ တိုင်ကြားမှုများကို ၂၄ နာရီအတွင်းအရေးယူဆောင်ရွက်ပေးရမည်ဖြစ်ပြီး သတ်မှတ်စည်းမျည်းစည်းကမ်းများနှင့်မကိုက်ညီသော ပြောဆိုရေးသားမှုများ၊ ဓါတ်ပုံဗီဒီယိုများကို ပယ်ဖျက်မည်ဖြစ်သည်။

ယခုလုပ်ဆောင်ချက်သည် အကြမ်းဖက်သမားများ လူမှုကွန်ရက်ကိုအသုံးချပြီး တပ်သားစုဆောင်းခြင်း၊ အကြမ်းဖက်လုပ်ရပ်များအတွက် လှုံ့ဆော်ခြင်းများကို တိုက်ဖျက်ရန်ရည်ရွယ်ကြောင်း ဥရောပကော်မရှင်နှင့် ဖော်ပြပါ နည်းပညာကုမ္ပဏီကြီးများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

“အွန်လိုင်းမှာအမုန်းတရားဖြန့်ဖြူးတာတွေကို တားဆီးတိုက်ဖျက်ဖို့ လိုအပ်တယ်ဆိုတာကို လတ်တလော ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေက တပ်လှန့်လိုက်တာပဲဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့တွေက လူမှုကွန်ရက်ကို အသုံးချပြီး အမုန်းတရားနဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုပြန့်ပွားအောင် လုပ်ဆောင်နေတာကို စိတ်မကောင်းဖွယ်ရာတွေ့ရှိရတယ်”ဟု အီးယူကော်မရှင်နာတဦးဖြစ်သူVĕra Jourová က ပြောသည်။

မည်သည့်အကြောင်းအရာများသည် သတ်မှတ်စည်းမျဉ်းများနှင့် ငြိစွန်းသည်၊ ကျင့်ဝတ်နှင့်မကိုက်ညီသောပြောဆိုရေးသားမှုများကိုတွေ့ရှိပါကသတင်းပေးကြရန် အသုံးပြုသူများအား အသိပညာပေးသွားရန် နည်းပညာကုမ္ပဏီကြီးများက သဘောတူသည်။

အီးယူ၏ အွန်လိုင်းကျင့်ဝတ် သတ်မှတ်ချက်များသည် “လူမျိုးရေးနှင့် နိုင်ငံခြားသားမုန်းတီးရေး တိုက်ဖျက်မှု ဆုံးဖြတ်ချက်မူဘောင်”အပေါ် အခြေခံထားကြောင်း သိရသည်။ ယင်းဆုံးဖြတ်ချက်မူဘောင်က အွန်လိုင်းပေါ်တွင် မည်သို့သောပြောဆိုရေးသားမှုများသည် ပဋိပက္ခဖြစ်ပွားရန် ရာဇ၀တ်မှုမြောက် လှုံ့ဆော်မှု၊ အမုန်းတရားဖြန့်ဝေမှုမြောက်သည်ဆိုခြင်းကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

“လွတ်လပ်စွာပြောဆိုရေးသားခွင့်နဲ့ ပဋိပက္ခလှုံ့ဆော်မှုအကြားကွဲပြားမှုက လုံးဝထင်ရှားပါတယ်။ လူမျိုးစွဲဘာသာစွဲနဲ့ ပြောဆိုရေးသားတာတွေ၊ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ သည်းခံနေရာမပေးနိုင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေတိုက်ဖျက်သွားမှာဖြစ်ပြီး အကောင်းမြင်မှုတွေကို ပိုမိုအားပေးအားမြှောက်လုပ် သွားမှာပါ” ဟုTwitter မှ ဥရောပဆိုင်ရာ ပြည်သူ့ဆက်ဆံရေး မူဝါဒရေးရာဌာနမှူး Karen White က ပြောသည်။

အမုန်းတရားဖြန့်ဝေသည့် ရေးသားပြောဆိုမှုများစွာကို တိုင်ကြားခဲ့သော်လည်း အနည်းငယ်မျှသာ ပယ်ဖျက်ပေးခဲ့သည့်အတွက် Twitter, Facebook နှင့် Google တို့အား ပြင်သစ်မှ ဂျုးလူငယ်အဖွဲ့က
တရားစွဲဆိုမှုတခု ယခုလအတွင်း ဖြစ်ပွားခဲ့သည်။

Ref;RT

၁၉၈၉ ခုနှစ်မှစ၍ န၀တစစ်အစိုးရသည် ဈေးကွက်စီးပွားရေးအလို့ငှာ နိုင်ငံအနှံ့တွင် စက်မှုဇုန်များ ဖော်ဆောင်ခဲ့သည်။ ထို့အတူ နိုင်ငံအနှံ့တွင် တိုးပွားလာသည့် လူဦးရေနှင့်အညီ မြို့သစ်များကိုလည်း ဖော်ဆောင်ခဲ့ပေသည်။

စက်မှုဇုန်နေရာများကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးဆောင်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ စက်မှုဇုန် များဖော်ထုတ်ရာတွင် မြို့ပြဒေသစီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ ပြန့်ကျဲနေသော စက်မှု လုပ်ငန်းများကို တနေရာတည်းတွင် စုစုစည်းစည်းဖြစ်စေရေးနှင့် နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရေးအတွက် ဖြစ်သည်။

စက်မှုဇုန်ကွက်များဖော်ထုတ်ရေးတွင် မြေပြင်ပြန့်ပြူး၍ လမ်းပန်းဆက်သွယ်မှုကောင်းခြင်း၊ စက်ရုံမှ လေထုညစ်ညမ်းမှုများ မြို့ပြမြေကွက်များသို့ အလွယ်တကူမရောက်ရှိစေရန်နှင့် စက်ရုံမှ ရေဆိုးများကို သန့်စင်ပြီး မြစ်ချောင်းများသို့ အလွယ်တကူ စွန့်ပစ်နိုင်ရေးတို့ကို အဓိကထားပြီး ဇုန်ကွက်များ ဖော်ဆောင် ရခြင်းဖြစ်သည်။ ထို့အတူ လုံလောက်သည့် လျှပ်စစ်ဓာတ်အားရရှိရေး၊ ကားဝင်ကားထွက် လွယ်ကူပြေပြစ် စေရန် လမ်းများနှင့်သုံး ရေရရှိရေးအတွက်ပါ ထည့်သွင်းတွက်ချက်ဖော်ဆောင်ရခြင်း ဖြစ်သည်။

တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ စက်မှုဇုန်အကြောင်းတင်ပြ လိုရင်းမဟုတ်ဘဲ လက်လှမ်းမီသည့် ရန်ကုန်တိုင်းဒေသကြီး၏ စက်မှုဇုန်များအကြောင်းကိုသာ တင်ပြလိုခြင်းဖြစ်သည်။ ရန်ကုန်တိုင်းတွင် လှိုင်သာ ယာမြို့နယ်၌ စက်မှုဇုန်(၁)ကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ၁၉၉၅ ခုနှစ်မှစ၍လုပ်ငန်းရှင်များကို စတင်ရောင်းချခဲ့ပါသည်။ စတင်ရောင်းချခဲ့စဉ်က တဧကလျှင် ကျပ်ငွေ ၄၅ သိန်းဖြင့် ရောင်းချခဲ့သော်လည်း ဇုန် (၃)မှစ၍ တဧကလျှင် ကျပ်သိန်း ၇၀ ဖြင့် ရောင်းချခဲ့သည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသည် ဇုန် (၄) အထိ တဆက်တည်း ဖော်ဆောင်ခဲ့သည်။ ပြီးလျှင် ရွှေသံလွင် စက်မှုဇုန်အဖြစ် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရွှေသံလွင်ကုမ္ပဏီတို့ အကျိုးတူဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စက်မှုဇုန် (၅) အဖြစ် လှိုင်သာယာ မီးခွက်ဈေးအနီးတွင် ဖော်ဆောင်ခဲ့သည်။ ထိုမှတဆင့် ရွှေလင်ဗန်းစက်မှု ဇုန်သည်လည်းကောင်း၊ ငွေပင်လယ် စက်မှုဇုန်သည်လည်းကောင်း၊ ဘုရင့်နောင်တံတား အဆင်းတွင် ရေလုပ် ငန်းစက်မှုဇုန်သည်လည်းကောင်း ဖော်ဆောင်ခဲ့ပါသည်။
ဤသို့ လှိုင်သာယာမြို့နယ်အတွင်း စက်မှုဇုန်ကွက်များဖော်ပြီး လုပ်ငန်းရှင်များသို့ ရောင်းချခဲ့သည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ချုပ်သည် ဇုန် (၁) မှ (၄) အတွင်းရှိ မြေတကွက်လျှင် ၂ ဧကခန့်ရှိသည့် မြေကွက် များကို ထိုစဉ်ကရှိခဲ့သည့် တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ စစ်တိုင်းမှူးများအား တဦးလျှင် တကွက်မှ လေးကွက် အထိ ယင်းတို့၏ဇနီး၊ သားသမီးများအမည်များဖြင့် လက်သိပ်ထိုးရောင်းချပေးခဲ့ခြင်းဖြစ်သည်။

မရရှိသေးသည့် ဗိုလ်ချုပ်များ၊ ဗိုလ်မှူးချုပ်များအား အခြားစက်မှုဇုန်မှ ဇုန်မြေကွက်များအား လက်သိပ်ထိုး ရောင်းချခဲ့သည်။ လှိုင်သာယာ စက်မှုဇုန်ပြီးလျှင် တောင်ဒဂုံမြို့သစ်၊ မြေတိုင်းရပ်ကွက်အမှတ် ၂၃ တွင် စက်မှုဇုန် (၁) သည်လည်းကောင်း၊ ၂၃ တိုးချဲ့ စက်မှုဇုန်သည်လည်းကောင်း၊ တောင်ဒဂုံမြို့သစ် မြေတိုင်း ရပ်ကွက်အမှတ် (၆၃) တွင် စက်မှုဇုန် (၂) အားလည်းကောင်း မြေတိုင်းရပ်ကွက် အမှတ် (၆၄) တွင် စက်မှုဇုန် (၃) အားလည်းကောင်း ဖော်ဆောင်ခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စက်မှုဇုန် (၁) သည်လည်းကောင်း၊ စက်မှုဇုန် (၂) သည်လည်းကောင်း၊ ငါးပိ၊ ငံပြာရည်၊ ငါးခြောက်လုပ်ငန်းများလုပ်ရန်အတွက် ဇုန် (၃) အဖြစ်လည်းကောင်း ဖော်ဆောင်ခဲ့သည်။
ဒဂုံမြို့သစ်အရှေ့တွင်လည်း စက်မှုဇုန် (၁) နှင့် ဇုန် (၂) ကိုလည်း ကောင်း၊ ဒဂုံမြောက်တွင်လည်း စက်မှု လက်မှုဇုန်အဖြစ်လည်းကောင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံတို့တွင်လည်းကောင်း၊ သံရည်ကြိုလုပ်ငန်းအတွက် မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်အဖြစ်လည်းကောင်း၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ခု ဖော်ဆောင်ခဲ့သည်။

ထို့အတူ စက်မှုဇုန်နှင့်အပြိုင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံတောင်၊ မြောက်၊ အရှေ့၊ ဝေဘာဂီ၊ ရွှေပေါက္ကံ၊ ရွှေပြည် သာ၊ ပုလဲမြို့သစ်များ ဖော်ဆောင်ခဲ့ရာတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ အမှတ်-၃ လမ်းမ ပေါ်၌ ကောင်းပေ့ ဆိုသည့်နေရာအား န၀တစစ်အစိုးရ၏ ထိပ်ဆုံးပုဂ္ဂိုလ်က ဧကကျယ်ကျယ်ရယူခဲ့ပြီး ကြီးစဉ်ငယ်လိုက် ဗိုလ်ချုပ် အားလုံးနီးပါးအတွက် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန အမှတ်- ၃ လမ်းမပေါ်တွင် နေရာကောင်းများအား အကွက်ရိုက်ပြီး အစီအရီရောင်းချပေးခဲ့သည်။ သာကေတမြို့နယ်တွင် တိုင်းရင်းသားကျေးရွာအနီး ရတနာ အိမ်ရာအမှတ် (၂)၌လည်း ဗိုလ်မှူးချုပ်အဆင့်များအတွက် ပေ ၁၀၀ ပတ်လည်မြေကွက်များကိုဖော်ထုတ်ပြီး ရောင်းချပေးခဲ့ပြီး မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ စီမံကိန်းအသီးသီးတွင် တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများသို့ ရောင်းချပေးခဲ့သည်မှာ အစဉ်အလာလိုဖြစ်နေ၍ ထူးဆန်းခြင်းမရှိပါ။

အမှန်တကယ်နေထိုင်သူများ စက်ရုံဆောက်လုပ်မည့်သူများ အိုးအိမ်ဌာန၏ မြေကွက်များကို ၀ယ်ယူ၍မရဘဲ ပတ်သက်ရာနီးစပ်သူများသို့သာ ရောင်းချပေးခဲ့၍ အမှန်တကယ် စက်ရုံဆောက်မည့်သူများ၊ အမှန်တကယ် နေထိုင်သူများအတွက် မြေနေရာရရှိရန် အခွင့်အလမ်းအလွန်နည်းပါးခဲ့သည်။
ထိုစဉ်က မြန်မာနိုင်ငံ မြေယာကော်မတီဥက္ကဋ္ဌသည် ဗိုလ်ချုပ်ကြီး ခင်ညွန့်ဖြစ်ပြီး နိုင်ငံအ၀ှမ်း စက်မှုဇုန်များ၊ မြို့ပြစီမံကိန်းများကို ဖော်ဆောင်ခွင့်အား မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့သာ ပေးအပ်ထားပြီး ဖြစ်သည်။ အိုးအိမ်၏ ညွှန်ချုပ်သည် ဗိုလ်မှူးကြီးအံ့ကျော်ဖြစ်ပြီး ဗိုလ်မှူးကြီးအံ့ကျော်သည် မြန်မာနိုင်ငံ မြေယာကော်မတီ၏ အတွင်းရေးမှူး ဖြစ်သည်။

သို့ဖြစ်၍ စက်မှုဇုန်မြေကွက်များသည် စက်မှုလုပ်ငန်းရှင်များ လက်ဝယ်သို့ အပြည့်အ၀ရရှိခဲ့ခြင်းမရှိပါ။ စက်မှုလုပ်ငန်းလုပ်ကိုင်လိုသူများသည် အခွင့်ထူးခံ စစ်ဗိုလ်ချုပ်ကြီးများထံမှတဆင့် ၀ယ်ယူပြီး မိမိတို့၏ လုပ်ငန်းများကို တည်ထောင်ခဲ့ရပေသည်။
အချို့စက်မှုဇုန်မြေကွက်များသည် လုပ်ငန်းရှင်လက်ထဲသို့ ရောက်ရှိခဲ့ခြင်းမရှိဘဲ ဇုန်မြေကွက်များအား ရောင်းကုန်ပစ္စည်းများသဖွယ် ငွေရှင်များက၀ယ်ယူပြီး လှောင်ထားခဲ့ကြသည်။ ငွေရှင်ကြေးရှင်လက်ဝယ်သို့ ရောက်ရှိသွားကြပြီး အဆိုပါဇုန်မြေကွက်များသည် ဈေးတဆင့်ပြီးတဆင့်တင်ပြီး ရောင်းဝယ်ကာ ပိုင်ရှင်များသည်လည်း တလက်ပြီးမှတလက်သို့ ပြောင်းသွားကြသည်။

ဇုန်မြေကွက်များ၏ ပိုင်ရှင်များသည် တဦးမှတဦး ပြောင်းသွားကြသော်လည်း အဆိုပါ ဇုန်ကွက်နှင့်သက်ဆိုင် သည့် ရောင်းခွန်ဝယ်ခွန်များသည်လည်း နိုင်ငံတော်သို့ စီးဝင်ခြင်းမရှိဘဲ အခွန်ပုန်း အခွန်ရှောင်အဖြစ်သို့ ရောက်ရှိခဲ့သည်။
ထိုဇုန်မြေကွက်များအတွက် အသုံးပြုခဲ့ကြသည့်ငွေကြေးများသည် ငွေမည်းများသာဖြစ်သည်။ သို့ဖြစ်ရာ ထိုငွေမည်းများကြောင့် ငွေဖောင်းပွမှုများဖြစ်ခဲ့ပြီး နိုင်ငံတော်အတွက် ဆင့်ကဲဆိုးကျိုးများသာရရှိလိုက်ပေသည်။ သည့်အပြင် ထိုမြေကွက်များ၏ ကာလပေါက်ဈေးသည် မြင့်သထက်မြင့်လာပြီး အမှန်တကယ် လုပ်ငန်းလုပ်ချင် သူများအတွက် လက်လှမ်းမမီသည့်အနေအထားသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ယခုအခါ လှိုင်သာယာ စက်မှု ဇုန် (၁) ၊ (၂) ၊ (၃) ၊ (၄) တို့၏ ၁ ဧကမြေဈေးနှုန်းသည် ငွေကျပ်သိန်း ၇,၅၀၀ မှ ကျပ်သိန်း ၁၀,၀၀၀ အထိ ပေါက်ဈေး ဖြစ်ခဲ့ရသည်။ ထိုဈေးနှုန်းသည် မြေသီးသန့်အတွက်သာ ဖြစ်သည်။

အိမ်နီးချင်းများနှင့်သော်လည်းကောင်း၊ အာဆီယံနိုင်ငံများနှင့်သော်လည်းကောင်း၊ အမေရိကန် နိုင်ငံနှင့်သော်လည်းကောင်း၊ အင်္ဂလန်နိုင်ငံနှင့်သော်လည်းကောင်း မြေဈေးနှုန်းများ နှိုင်းယှဉ်ကြည့်လိုက်လျှင် မြန်မာနိုင်ငံ၏မြေဈေးနှုန်းသည် အဆိုပါနိုင်ငံများ၏ မြေဈေးနှုန်းထက် အဆမတန် ကြီးမြင့်နေသည်ကို တွေ့ရှိရသည်။
ယခုအခါ အရပ်သားအစိုးရတက်လာသော်လည်း နိုင်ငံတကာမှ လုပ်ငန်းရှင်ကြီးများသည် မြန်မာနိုင်ငံ၏ မြေဈေးနှုန်းကြီးမြင့်မှုကြောင့် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် တုံ့နှေးခဲ့ရသည်။ ဤသို့ဖြစ်ရခြင်းသည် လူတစု၏ မတော်မတရားလောဘကြောင့်ဖြစ်ရကာ နိုင်ငံတော်အတွက် ကြီးမားစွာ ဆုံးရှုံးမှုများဖြစ်ခဲ့ရသည်။

ဤသို့ ဖြစ်ခဲ့ရခြင်း၏ အဓိကတာဝန်အရှိဆုံးမှာ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးဌာန၏ ညွှန်ချုပ်သာဖြစ်သည်။ ၂၀၁၅ ခုနှစ် ဗိုလ်မှူးကြီးအံ့ကျော် မရှိသည့်နောက်ပိုင်း အဆိုပါဌာန၏ ညွှန်ချုပ်များအသီးသီးသည် စက်မှုဇုန်မြေကွက် များယူပြီး စက်ရုံမဆောက်သည့်သူများကို အရေးယူရန် ဆောင်ရွက်ခဲ့ဖူးသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးဦးစီးဌာနနှင့် ဇုန်မြေကွက်များယူခဲ့ကြသည့် မူလအမည်ပေါက်များသည် မိမိတို့ရရှိခဲ့သည့် စက်မှုမြေကွက်ပေါ်တွင် တနှစ်အတွင်း စက်ရုံများမတည်ဆောက်ခဲ့ပါက ဌာနမှပေးအပ်ထားသည့် မြေကွက်များ အား သိမ်းယူခြင်းခံရမည်ဖြစ်ကြောင်းကို သိရှိပါကြောင်း ၀န်ခံကတိပြုလက်မှတ်ရေးထိုးထားကြသူများ ဖြစ်သည်။

အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသည် အဆိုပါဇုန်မြေများကို လုပ်ငန်းမလုပ်ပါက သိမ်းယူမည်ဖြစ်ကြောင်း နိုင်ငံ တော်ပိုင်သတင်းစာများမှတဆင့် သတိပေးနှိုးဆော်ခဲ့သည်မှာ ၂၀၀၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အကြိမ်ပေါင်း ဆယ်ကြိမ်ကျော်မျှ ရှိခဲ့သည်။
သို့သော်လည်း အဆိုပါဌာနသည် မည်သည့်မြေကွက်များမျှ သိမ်းယူခဲ့ခြင်းမျိုး ယနေ့တိုင်မရှိခဲ့ပါ။ ထိုဇုန်မြေ ကွက်များ၏ မူလအမည်ပေါက်များသည် စူပါပါဝါတို့မြေကွက်များနှင့် ယင်းတို့၏အဆက်နွှယ်များသာ ဖြစ်ရာဌာနမှ မတို့ရဲ မထိရဲ အရေးမယူရဲဘဲဖြစ်ရသည်ဟု ထင်မြင်စရာသာရှိသည်။ ပွင့်လင်းစွာဆိုရသော် မိမိတို့ မွှေးခဲ့သည့်မီး မိမိတို့ကိုယ်တိုင်ငြှိမ်း မရဟုသာ ဆိုချင်ပါသည်။

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသည် စက်မှုဇုန်မြေကွက်ပေါ်တွင် မည်သည့်အလုပ်မျှ မလုပ်သည့် မြေကွက်များအပြင် မြေတိုင်းရပ်ကွက်အသီးသီးရှိ အမှန်တကယ်နေထိုင်ခြင်းမရှိသည့် မြေကွက်များ ဖော်ထုတ်ပြီး အပြီးအပြတ်သိမ်းယူရန် အချိန်တန်ပြီဖြစ်သည်။
ဤသို့ ဆောင်ရွက်ခြင်းဖြင့် အမှန်တကယ်လိုအပ်နေသည့်လုပ်ငန်းရှင်များသို့ အစိုးရနှုန်းထားဖြင့် ဇုန်မြေကွက်များကို ပြန်လည်ရောင်းချပေးနိုင်မည်ဖြစ်သည်။ သို့အတွက်လုပ်ငန်းရှင်များအတွက် စက်မှုမြေ များရရှိပြီး စက်ရုံများ အစီအရီတည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်။ ထို့ပြင်မြေဈေးနှုန်းများလည်း ကျဆင်းလာမည်ဖြစ်ရာ လုပ်ငန်းရှင်များ လက်လှမ်းမီမည့်အနေအထား တခုဖြစ်လာပြီး နိုင်ငံတကာမှ လုပ်ငန်းရှင်များ ၀င်ရောက်လာနိုင်မည်ဖြစ်သည်။

မြေတိုင်းရပ်ကွက်အသီးသီးမှ လူမနေသည့် ပေ(၄၀ ထ ၆၀)မြေကွက်များကိုလည်း စီစစ်ဖော်ထုတ်သိမ်းဆည်း နိုင်ခဲ့လျှင် မြေကွက်ပေါင်းထောင်နှင့်ချီဌာနမှပြန်လည်ရရှိနိုင်မည်ဖြစ်ပြီး ပေ (၄၀ x ၆၀) မြေကွက် တကွက်ပေါ်တွင် ပေ (၁၈ x ၆၀) (၂)ခန်းတွဲ ခြောက်ထပ်တိုက်များ ဆောက်ခဲ့လျှင် ထောင်ချီသော ပေ (၄၀ x ၆၀) မြေကွက်များဆိုပါက တိုက်ခန်းပေါင်းတသောင်းကျော် ဖော်ဆောင်နိုင်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာမဲ့နေသူများကို အငှားစနစ်ဖြင့် ချထားပေးနိုင်မည်သကဲ့သို့ သိန်းတရာအောက်နှုန်းထားဖြင့် အခြေခံလူတန်းစားပြည်သူများသို့ နှစ်ရှည်ငွေပေးချေစနစ်ဖြင့် ရောင်းချပေး နိုင်ခဲ့လျှင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာအခက်အခဲများကို အတော်အတန်လျှော့ချနိုင်မည်ဖြစ်သည်။

နောက်ဆုံးသိရှိရသည်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ပေါင်း ၂၉ ဇုန်တွင် မြို့ရွာနှင့် အိုးအိမ် ဦးစီးဌာနမှ ရောင်းချပေးခဲ့သည့် စက်မှုဇုန်ကွက်များတွင် ၁၉၉၅ ခုနှစ်မှ ယနေ့တိုင် မည်သည့်လုပ်ငန်းမျှ ဆောင် ရွက်ထားခြင်းမရှိသည့် ဇုန်မြေကွက်လွတ်ပေါင်း ၂၀၀၀ ကျော်ခန့်ရှိပြီး အဆိုပါမြေကွက်လွတ်များ၏ မြေဧရိယာ စုစုပေါင်းမှာ ဧက ၄၀၀၀ ကျော်ခန့်ရှိသည်ဟု သိရှိရသည်။ ဤသို့ဖြစ်ရခြင်းမှာ ၀ိသမလောဘသား မြေဈေးကစားသူများကြောင့် ဖြစ်ခဲ့ရပြီး နိုင်ငံတော်အတွက် မခန့်မှန်းနိုင်အောင် ဆိုးကျိုးများဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ရသည်။ နိုင်ငံတော်၏ ဆုံးရှုံးမှုများအတွက် အဓိကတာဝန်ရှိသည့် မြေကွက်လွတ်ပိုင်ရှင်များကို ပြည်တွင်း အခွန်ဦးစီးဌာန၏ အခွန်ဥပဒေများဖြင့် အရေးယူမည့်အပြင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ချုပ်နှင့်တကွ သက်ဆိုင်သည့် အဆင့်မြင့်အရာထမ်းများပါ တာဝန်ရှိသည်ဖြစ်ရာ ထိုပုဂ္ဂိုလ်များကို တာဝန်မဲ့မှုဖြင့် ညွှန်ချုပ်မှသည် သက်ဆိုင်သည့်အရာထမ်းများအားလုံး မူလရာထူးမှ ဖယ်ရှားသင့်ပြီး နိုင်ငံတော်အတွက် လုပ်ရဲကိုင်ရဲ သစ္စာရှိသူများနှင့် အစားထိုးဖလှယ်သင့်ပြီ ဖြစ်သည်။

အချုပ်ဆိုရသော် နိုင်ငံတော်မှ ရက် ၁၀၀ စီမံကိန်းအဖြစ် နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် ၀န်ကြီးဌာနအသီးသီးမှ မခိုမကပ်ဘဲ ကျားကုတ်ကျားခဲကြိုးပမ်းဆောင်ရွက်နေကြပုံကို မီဒီယာများမှတဆင့် နေ့စဉ်မြင်တွေ့နေရပြီး ဖြစ်သည်။ ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ် (၄၀) ၊ နေပြည်တော်သည် အိပ်ပျော်မနေဘဲ ဆောက်လုပ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၏ လမ်းညွှန်မှုကိုခံယူပြီး စက်မှုဇုန်မြေကွက်လွတ်များကို ရက်ပေါင်း ၁၀၀ အတွင်း အမြန်ဆုံးသိမ်းယူပြီး အမှန် တကယ် လိုအပ်သူများထံသို့ အမြန်ဆုံး ပြန်လည်ရောင်းချပေးသင့်ကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။

စံထွန်း

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ (ဦးကျော်တင့်ဆွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာတင်မျိုးဝင်း)
အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ NCA လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဒီကနေ့ ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အခုတွေ့ဆုံမှု ဟာ ရလဒ်ကောင်းတွေ ရရှိနိုင်မယ်လို့ အစိုးရကိုယ်စားလှယ်ဘက် က မျှော်လင့်နေသလို ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရာမှာ တိုင်းရင်းသားတွေ အားလုံးစုံ ပါဝင်နိုင်ရေး ဆိုတဲ့ အဆိုအပေါ် အစိုးရ ကိုယ်စားလှယ်ဘက်ကနေ တိကျတဲ့အဖြေပေးတာမျိုး မရှိဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဘက်က ဆိုပါတယ်။ ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

NCA အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့နဲ့ အစိုးရရဲ့ ၂၁ ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေးကော်မတီတို့ ထိုင်း နိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြတာပါ။

ဒီကနေ့ နှစ်ဘက်အဖွဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ၂၁ ရာစု ပင်လုံ ညီလာခံဖြစ်မြောက်ရေးကော်မတီ အစိုးရကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။

" ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ထပ်မံပါဝင်လာဖို့ ကျနော်တို့အနေနဲ့ လာရောက်ပြီးတော့ တွေ့ဆုံရှင်းပြတာပေါ့လေ။ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေဘက်ကလည်း အခုသွားနေတဲ့ Process အောက်မှာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းတော့ နားလည်တယ်လို့တော့ ထင်ပါတယ်။ အဲ့တာအပြင် သူတို့အနေနဲ့ မေးခွန်းတွေ အများကြီးမေး ပါတယ်။ ဒေါက်တာ တင်မျိုးဝင်း နဲ့ ဘေးကနေ ကျနော်တို့တွေလည်း အတတ်နိုင်ဆုံးတော့ ရှင်းပြကြတော့ ယုံကြည်မှုတော့ ကျနော်တို့ မလာခင်တုန်းကထက် စာရင်တော့ ပိုပြီးတော့ ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် လုပ်ဆောင်သွားမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနေနဲ့ အဆင့်တိုင်းမှာ ပါဝင်သွားနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။

" အဆင့်တိုင်းမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်နိုင်အောင် ကြိုးစားမယ်လို့ ဒါကိုလည်း လာရှင်းပြတာပါ။ အဖွဲ့အားလုံးလိုလို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တက်နိုင်အောင်လို့ အတတ်နိုင်ဆုံး ကျနော်တို့ကတော့ ဝိုင်းကြိုးစားရမယ်။ နည်းလမ်းရှာရမယ်။ အဲ့တော့ ခုနက ပြောတဲ့သုံးဖွဲ့မှာလည်းပဲ ကြိုတင် ပြီးတော့ပေါ့လေ စည်းကမ်းသတ်မှတ်တယ်ပဲပြောပြော စည်းကမ်းချက်တွေ ပဲပြောပြောပေါ့လေ တချို့ကို ကျနော်တို့ ညှိနှိုင်းဆောင်ရွက်နိုင်တယ် ဆိုရင်တော့ တက်ရောက်ဖို့ကို အခွင့်အလမ်းတွေ ရှိလာနိုင်တဲ့သဘောပါပဲ။ "

ဒီကနေ့တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးညီလာခံမှာ အားလုံးဘယ်လိုပါဝင်နိုင်မလဲ အနေအထား အပေါ် ညှိနှိုင်းတဲ့သဘော ဆောင်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် DPN အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ကပြောပါတယ်။

" ဒီညီလာခံကြီးကျင်းပနိုင်ဖို့အတွက် လာပြီး ညှိနှိုင်းတာ ပထမ အပိုင်းပေါ့လေ။ နောက်တပိုင်း ကတော့ အခု ဒီငြိမ်းချမ်းရေး ညီလာခံမှာ အားလုံးကို ပါဝင်စေချင်တယ်။ ဘယ်လို ပါဝင်မလဲ ဆိုတဲ့အပိုင်းကိုတော့ နှစ်ဖွဲ့စလုံးဘက်ကနေ ညှိရအောင်ဆိုတဲ့ သဘောထားပါ။ အခု ဒီမနက် ကြိုတင်ပြင်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ ခေါင်းဆောင်များ ပြောတာကတော့ ညှိနှိုင်းပါ ဆိုတော့ ကျနော်တို့ဘက်ကလည်း ဘယ်လိုညှိနှိုင်းမလဲဆိုတဲ့ အပိုင်းကို အခုမကြာခင်မှာ နှစ်ဘက် အဆက်အသွယ်လုပ်ပြီးတော့ အစီအစဉ်တွေ ချမှတ်သွားဖို့ဖြစ်ပါတယ်။"

၂၁ ရာစုပင်လုံညီလာခံကျင်းပမှု အနေအထား တိုင်းရင်းသားတွေ လက်နက်ကိုင် အဖွဲ့ တွေနဲ့ ချိတ်ဆက်မှု အခြေအနေ လက်ရှိမှာ မြန်မာ့တပ်မတော်နဲ့ စစ်ရေး တင်းမာနေဆဲဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့၊ တအာင်း ပလောင်တပ်ဖွဲ့၊ ရခိုင့်တပ်မတော် AAတို့ ပါဝင်မှု ရှိမရှိ ဆိုတဲ့မေးခွန်းအပေါ် ၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းတို့ ဘက်ကနေ တိကျတဲ့အဖြေပေးသွားတာမျိုးမရှိဘူးလို့ ဗိုလ်ချုပ်ဂွမ်မော်ကပြောပါတယ်။

" NCA ထိုးပြီးမှပဲ ဒီညီလာခံကို တက်ရောက်ခွင့်ရှိမှာလား။ ဒီညီလာခံနဲ့အရင် NCA နဲ့ ဘယ်လိုချိတ်ဆက်မလဲ။ အခုက ငြိမ်းချမ်းရေး ညီလာခံလို့လည်း ပြောတယ်။ ပြီးတော့ ၂၁ ရာစုပင်လုံလည်း ပြောတယ်ဆိုတော့ ဒီအပေါ်မှာ သူ့ရဲ့သဘောထားက ဘာတွေလည်း တချို့ အဖွဲ့တွေကို NCA ထိုးပြီးမှ တက်ရမယ်လို့ ပြောခဲ့သလို တချို့အဖွဲ့တွေကို NCA ထိုးစရာမလိုဘူးလို့ပြောတဲ့အပိုင်းက ဘာလဲ။ နောက်အရင် အစိုးရတုန်းက ညှိနှိုင်းဖို့ ခက်ခဲနေတဲ့ ကိုးကန့်တပ်ဖွဲ့၊ တအာင်း ပလောင်တပ်ဖွဲ့၊ ရခိုင် AA ကိစ္စများကိုရော ဘယ်လိုသဘောထားမလဲ ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ အဲ့တော့ ဒီမေးခွန်းတွေအပေါ်မှာတော့ ဒေါက်တာတင်မျိုးဝင်းတို့အဖွဲ့ကတော့ အတိအကျ အဖြေပေးသွားတာမဟုတ်ပဲနဲ့ သက်ဆိုင်ရာ ခေါင်းဆောင်များကို ဆက်ပြီးတင်ပြသွားပေးမယ်ဆိုတဲ့ အဖြေမျိုးနဲ့ပဲ ကျနော်တို့ နိဂုံးချုပ်ခဲ့တာဖြစ်ပါတယ်။"

ဒီကနေ့တွေ့ဆုံမှုမှာ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် DPN အဖွဲ့ဝင်တွေ ပါဝင်ခဲ့သလို အစိုးရ ကိုယ်စားလှယ်ဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီး အဖွဲ့ဝင်အဖြစ် အငြိမ်းစား ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးတာဝန်ခံ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့ ၅ ဦးပါဝင်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်းနဲ့အဖွဲ့ဟာ လာမည့်ဇွန်လ ဒုတိယအပတ်မှာ မြောက်ပိုင်းဒေသတွင်ရှိတဲ့ ဝ မိုင်းလား တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရကနေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီတွေကို မေလကုန်မှာဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရေးအနေအထားအရ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ကချင်ပြည်နယ် ရှမ်းပြည်နယ် ရခိုင်ပြည်နယ်ဒေသတွေ မှာ စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲဖြစ်နေပါတယ်။
VOA Burmese News