06/05/16


လွှတ်တော်ထဲသို့ရောက်သွားသော NLD ကိုယ်စားလှယ်များ တာဝန်ယူခဲ့သည့် နေရာများလစ်လပ်နေသည့် အတွက် ပါတီတွင်း ညီလာခံ မကြာမီပြုလုပ်တော့မည်ဟု NLD် အလုပ်အမှုဆောင် ဦးဝင်းထိန်ကပြောသည်။

“လွှတ်တော်ထဲ ရောက်သွားတဲ့ ပါတီဝင်တွေတာဝန်ယူခဲ့တဲ့ ဗဟို တိုင်း ခရိုင် မြို့နယ် အသီးသီးမှာ နေရာတွေလျော့သွားတာကို ပြန်ဖြည့်ဖို့အတွက် လုပ်မှာပါ”ဟု ၄င်းက ပြောသည်။

ထိုသို့ ပါတီညီလာခံလုပ်ဆောင်ရန်အတွက် စည်ပင်ဧည့်ရိပ်သာရှိ ယူနီစံ လက်ဖက်ရည်ဆိုင်တွင် ယနေ့ နေ့လည်က် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ပါတီလူငယ် အဖွဲ့ ပြန်ဖွဲ့စည်းရန်လည်း စီစဉ်နေကြောင်း ၄င်းကပြောသည် ။

စိုင်းလမင်း
Popular News Journal

ကျူးကျော်သူချင်း အနိုင်ကျင့်သည့်ပြသာနာ
===============================
အိမ်းငှားရမ်းနေထိုင်သူများကို မူလကျူးကျော်
ပိုင်ရှင်များက ဖယ်ရှားခိုင်း
----------------------------------------------------------
ကျူးကျော်တွေကို နေရာပြန်ချပေးမယ်လို့ ကြေညာပြီးနောက်ပိုင်း မူလကျူး ကျော်တွေကတဆင့် အိမ်ငှားရမ်း
နေထိုင်သူတွေကို ဖယ်ရှားခိုင်းတာတွေ ဆက်တိုက် ဖြစ်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျူးကျော်တွေကိုနေရာ ပြန်ချပေးမယ်လို့ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း
ခုလို ဆက်တိုက်ဖြစ်ပွားနေတာပါ။

မူလကျူးကျော်တွေရဲ့ နေအိမ်တွေမှာ ငှားရမ်းနေထိုင်သူတွေအနေနဲ့ အိမ် အကျယ်အဝန်းပေါ် မူတည်ပြီး တလ ကျပ် ၁၅၀၀၀ နဲ့အထက် ပေးချေနေထိုင်နေရပါတယ်။

ဒါပေမယ့် မေလ ၂၅ ရက်နောက်ပိုင်းကစပြီး၊ အိမ်ငှားတွေကို အကြောင်းအမျိုးမျိုးနဲ့ ဆက်တိုက်ဖယ်ရှားခိုင်းတာတွေ ရှိလာတယ်လို့ ပြောကြပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် ကျူးကျော်နေအိမ်ငှားရမ်းနေထိုင်သူတဦးဖြစ်တဲ့ ကိုဇော်မင်းဦးက “ပထမ အိမ်ငှားလိုက်တယ်။ အခုလို စာရင်းလေးတွေလည်း ၀င်လာရော အိမ်ရှင်တွေက တခါတည်း ငါအိမ်ပြင်စရာရှိလို့ ဘာလို့ဆိုပြီး မောင်းချတာတွေ၊ အဲဒါတွေက တော်တော်များများ ကြုံရတယ်။ သူတို့က ပိုက်ဆံရှိလို့ လာရင်းတာဗျ။ တကယ် ကျနော်တို့လို နေတာမဟုတ်ဘူး။ သူတို့က ပိုက်ဆံရှိတယ်ဆိုပြီးတော့ အရှင်းဆုံးပြောရရင် တဦးတည်း အိမ် ၁၅ လုံး၊ အလုံး ၂၀ ပိုင်တာတွေ တပုံကြီးပဲ” လို့ ပြောပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းက ကျူးကျော်နေအိမ် ငှားရမ်းနေထိုင်သူတဦးဖြစ်တဲ့ ဦးမြင့်ဦးကလည်း “တချို့ဆိုရင် အိမ်လေးငါးလုံးဆောက်ပြီးတော့ ငှားစားထားတဲ့ သူတွေလည်း ရှိတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အခုတချို့ အိမ်ရှင်တွေက အိမ်ငှားတွေကို နှင်ပစ်နေတာတွေ ရှိနေတယ်။ သူတို့ ဒီဥစ္စာတွေကို စာရင်းကောက်ပြီးရင် အိမ်ငှားတွေကို ပေးလိုက်မှာစိုးလို့ဆိုပြီး တချို့အိမ်ငှားတွေဆို နေစရာမရှိလို့ လိုက်ရှာနေရတဲ့ အဆင့်တွေ မြင်နေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကျူးကျော်အိမ်၊ မြေနေရာတွေရဲ့ ဈေးနှုန်းတွေကလည်း မေလ ၂၅ ရက်နေ့နောက်ပိုင်းမှာ မြင့်တက်နေတယ်လို့ ပြောကြပါတယ်။

အရင်က ၁၀ ပေ ပတ်လည် ကျူးကျော်အိမ်တလုံးကို ကျပ်သိန်း ၂၀ ဝန်းကျင် နဲ့ အရောင်းအဝယ် ရှိနေရာကနေ ဒီရက်ပိုင်းတွေမှာ ကျပ် သိန်း ၃၀ အထက် မြင့်တက်လာပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ ရန်ကုန် ၄ ခရိုင် အတွင်းမှာ ကျူးကျော်အိမ်ထောင်စု ၁၁၀၀၀၀ ကျော် လူဦးရေ ၄၃၀၀၀၀ ကျော်ထိ နေထိုင်နေတယ်လို့ သိရပါတယ်။
DVB TV News


အာကာ

မြန်မာနိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေကို တားဆီးဖို့ဆိုရင် နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုရှိအောင် အဓိကထား ဆောင်ရွက်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူတွေက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီကနေ့ဇွန်လ (၅)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ရဲ့ ၂၀၁၆ခုနှစ်အတွက် အဓိကဆောင်ပုဒ်ကတော့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင်ကုန်သွယ်မှုတွေကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆန့်ကျင်တိုက်ဖျက်ဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီကနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကျင်းပပြီး သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက်သူတွေက သစ်ပင်စိုက်လှုပ်ရှားမှုကို ဆောင်ရွက်ကြပါတယ်။ အသေးစိတ် ဆက်ပြီးပြောပြပေးပါမယ်။

ဒီကနေ့ ဇွန်လ(၅)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ( World Environmental Day) ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "တို့ ကမ္ဘာမြေဂေဟစနစ်ကို ထိန်းသိမ်းဖို့ ၊ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့" ဆိုတဲ့ (Go Wild for Life ZERO TOLERANCE FOR THE ILLEGAL WILDLIFE TRADE) တိုက်တွန်းချက် အတိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံတွင်းမှာ တရားဥပဒေ စိုးမိုးမှုရှိအောင် အရင်ဆုံးဦးစားပေး လုပ်ဆောင်ရမှာဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသူတွေက ပြောတာပါ။

သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေတာတွေကို ထိန်းသိမ်းဖို့ဆိုရင် သစ်တောသစ်ပင်ပြုန်းတီးအောင် တရားမဝင် သစ်ခုတ်နေတာတွေ၊ ရှားပါးတောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်ရောင်းချနေတာတွေကို ရပ်တန့်အောင်လို့ တရားဥပဒေစိုးမိုးရေးကို အစိုးရတာဝန်ရှိသူတွေက အရေးတကြီး ဆောင်ရွက်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ဒေါက်တာဝင်းမျိုးသူက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ပြောသွားပါတယ်။

“အဓိကတော့ တရားဥပဒေစိုးမိုးရေးပေါ့လေ။ NLD က ကြွေးကြော်ထားတဲ့အတိုင်းပေါ့နော်။ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်တဲ့နေရာမှာ တရားဥပဒေစိုးမိုးရေးမှာလည်း ပြည်သူလူထုပါ ပူးပေါင်းပါဝင် ဆောင်ရွက်တဲ့ စနစ်တခုကို အမြန်အကောင်အထည်ဖော်ဖို့လိုတယ် လို့ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာဌာနတွေနဲ့ ပြည်သူပါ ပူးပေါင်းပါဝင်နိုင်တဲ့ Mechanism လေးရှိမှသာလျှင် ဒီနေ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ပုဒ်ဖြစ်တဲ့ တောရိုင်းတိရစ္ဆာန်တွေ တရားမ၀င် ရောင်းဝယ်ဖောက်ကားတာတွေကို ထိန်းချုပ်ဖို့ကိစ္စတွေ၊ တရားမ၀င် သစ် ရောင်းဝယ်တာတွေကို တားဆီးတဲ့ ကိစ္စတွေ၊ သတ္တုတွင်းကိစ္စကြောင့် ပတ်ဝန်းကျင် ယိုယွင်းတာတွေ ဒါတွေကို ဥပဒေဘောင်ထဲရောက်လာအောင်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ တာဝန်ရှိတဲ့အဖွဲ့အစည်းရယ်၊ အုပ်ချုပ်ရေးရယ်၊ ပြည်သူတွေ အောက်ခြေအဆင့်မှာတင် မြို့နယ်အဆင့်မှာပဲ ဖြစ်ဖြစ် ၊ ခရိုင် အဆင့်မှာပဲ ဖြစ်ဖြစ် ပတ်ဝန်းကျင် စောင့်ကြည့် ထိန်းသိမ်းရေး ပြည်သူ့ကော်မတီတွေ ဖွဲစည်းပြီးတော့ ဆောင်ရွက်မှသာလျှင် ဒီနေ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်နိုင်မယ်လို့ ကျနော်ကတော့ အကြံပြုပြောကြားလိုပါတယ်။”
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ ဂျွန် ၅ ရက်နေ့ ၊ ၊ပဲခူးတိုင်းဒေသကြီး (ဓါတ်ပုံ-Kyaw Min San)

လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ NLD အစိုးရသစ်လက်ထက်မှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်နဲ့ သစ်တောနဲ့ သယံဇာတ၊ တောရိုင်းတိရစ္ဆာန် ဘေးကင်းလုံခြုံအောင် ထိန်းသိမ်းကာကွယ်ရေးအတွက် ပြည်နယ်နဲ့တိုင်းအလိုက် ရဲလုံခြုံရေးတွေ၊ သစ်တောဦးစီးဌာနနဲ့ပူးပေါင်းပြီး စီမံကိန်းတွေ ချမှတ် အကောင်အထည်ဖော်နေပြီး ရက် (၁၀၀) စီမံကိန်းအတွင်းမှာကို အရေးတကြီးဆောင်ရွက်ချက်အနေနဲ့ ထည့်သွင်းဆောင်ရွက်နေပါတယ်လို့ ပဲခူးတိုင်းက ပဲခူးအစိုးရအဖွဲ့ဝင်သယံဇာတာ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီးဦးကျော်မင်းစံက ပြောပါတယ်။

“ကျနော်တို့ ပဲခူးတိုင်းဒေသကြီးကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပါဝင်လာအောင်လည်း ကြိုးစားတယ်။ နောက်ကျနော်တို့ သစ်တောတွေကို ထိန်းဖို့ ပြန်ပြီးစနစ်တကျလုပ်နေတာတွေရှိတယ်။ စီမံကိန်းတွေကျနော်တို့ရေးထားတယ်ပေါ့။ အရင်တုန်းကဆိုရင် သစ်တောထိန်းဖို့ဆိုရင် သစ်တောရဲတွေ လုံလုံလောက်လောက်မရှိဘူး။ ကျနော်တို့ သစ်တောရဲတွေ ထပ်ပြီးတောင်းထားတာတွေရှိတယ်။ အရင်တုန်းကဆို ပဲခူးတိုင်းမှာ သစ်တောရဲအယောက် ၂၀ ပဲခူးကိုအခြေခံပြီးတော့ပဲရှိတယ်။ သစ်တောရဲကိုလည်း ၁၀ ယောက်နဲ့ နောက်ထပ် အယောက် ၄၀ တောင်းထားတာလည်းရှိတယ်။ နောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့နော် အဲလိုမျိုးတွေ ကျနော်တို့အကူအညီတောင်းထားတာတွေရှိတယ်။ ဆိုတော့ အရင်တုန်းက လွှတ်ထားပေးခဲ့တာဗျ။ အခြေအနေတွေ ပြန်သုံးသပ်ရင်လေ ဘာကြောင့်သစ်တောတွေပြုန်းတီးလဲဆိုတော့ တရားဥပဒေမစိုးမိုးလို့ သစ်တောတွေ ပြုန်းတီးခဲ့တာ ။ နောက်တပိုင်းကတေ့ ကျနော်တို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုပြဿနာကလည်းရှိတယ်။ သစ်ခုတ်တဲ့လူတွေကြည့်ရင် သူတို့က ပညာမတက်ဘူး၊ ဆင်းရဲတယ်။ သူတို့ရဲ့ livelihood တွေ ပြန်လည်အကောင်အထည်ဖော်ပေးဖို့ပေါ့နော်။ ဒါကတော့ ပြည်တွင်းပြည်ပ နိုင်ငံတကာအသိုင်းအ၀ိုင်းရော ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရော NGO တွေပေါ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ကျနော်တို့တိုင်ပင်ဆွေးနွေးပြီးတော့ ရနိုင်တဲ့နေရာကနေ တဆင့်ချင်းစီ အကောင်အထည်ဖော်သွားမယ်ပေါ့နော်။”

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံတဝှမ်း ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ကျင်းပကြပြီး ပဲခူးတိုင်းအတွင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ပဲခူးတိုင်းဝန်ကြီးချုပ်က ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကျောင်းသူကျောင်းသားလူငယ်တွေ ဒေသခံပြည်သူတွေပါ ပါဝင်တဲ့ သစ်ပင်စိုက် လှုပ်ရှားမှုတွေ ရှားပါးတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး ပညာပေးပြခန်းတွေနဲ့ ပညာပေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့တယ်လို့ သယံဇာတာ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီးဦးကျော်မင်းစံက ပြောပါတယ်။

မျိုးဆက်သစ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်သိစိတ်နဲ့ ဆောင်ရွက်ကြစေလိုတဲ့အတွက် သစ်ပင်စိုက်ပျိုးတဲ့လှုပ်ရှားမှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေး လှုပ်ရှားသူတွေက ပြည်နယ်နဲ့တိုင်းတွေမှာ သစ်ပင်တွေ လိုက်စိုက်နေကြပါတယ်။ ဒီလှုပ်ရှားမှုတွေထဲ တနိုင်တပိုင် လှုပ်ရှားနေသူတဦးဖြစ်တဲ့ ဦးနေမျိုးဇင်ကလည်း သူ့သစ်ပင်စိုက်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အခုလိုပြောပြပါတယ်။

“နောင်လာနောက်သားတွေ ကျနော်တို့လက်ထက်တုန်းက ကြုံလာရသလို ပူနေရသလို သဘာဝကြီးဘာဖြစ်လာမလဲ၊ မုန်တိုင်းပဲထန်လာမလား၊ ပူပြင်းခြောက်သွေ့တဲ့ အပူလိုင်းကြီးပဲရောက်လာမလားဆိုတဲ သောကတွေ မခံစားစေချင်တော့ဘူး။ သဘာဝကြီးကိုချစ်ရင်၊ သဘာဝကြီးက ပြန်ချစ်မှာပဲဆိုတဲ့ ရိုးရှင်းတဲ့အမြင်နဲ့ သစ်ပင်သစ်တောစိုက်ပျိုးကြစို့ဆိုတဲ့ ဒီလှုပ်ရှားမှုကို တပိုင်တနိုင်ကနေ ကျယ်ကျယ်ပြန့်ပြန့်လေးဖြစ်အောင် ကျနော် ကြိုးစားလုပ်ဆောင်နေပါတယ်။ အဲဒါကြောင့်မို့လို့ကျနော် အပင်စိုက်ပျိုးတာလေးတွေကို ကလေးလေးတွေ မူလတန်းကျောင်းသားလေးတွေကို ကျောင်းတွေကို အုပ်စုအဖွဲ့အစည်းတွေကတဆင့် ကျနော် request လုပ်တာပေါ့၊ တောင်းဆိုပါတယ်။ ဆရာမတွေကိုယ်တိုင် ဒီအပင်လေးတွေကို ကျောင်းရှေ့မှာ လက်ခံပေးပါ။ ပြီးတော့ ကလေးတွေကိုစိုက်ခိုင်းစေချင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် ပြည်သူလူထုကို အသိပညာပေးမှုတွေနဲ့အတူ တရားဥပဒေနဲ့အညီ တိတိကျကျ ဆောင်ရွက်ဖို့ တပြည်လုံးအတိုင်းအတာနဲ့ သစ်တောစိမ်းလန်းစိုပြေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို အစိုးရက အရပ်ဖက်အဖွဲ့အစည်းတွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူတွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ ဒီနေ့ကျရောက်တဲ့ ၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

မဆုမွန်
VOA Burmese News

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Sun Jianguo
တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Sun Jianguo
တောင်တရုတ်ပင်လယ်ပြင် အတွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေပေါ်မှာ တရုတ်နိုင်ငံ အနေနဲ့ စစ်ရေးအရ စိန်ခေါ်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် ကိုယ့်ဘာသာ အထီးကျန်ဖြစ်အောင် တံတိုင်းခတ်သလို ဖြစ်သွားစေနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးရဲ့ စနေနေ့က ပြောဆိုချက်ကို အကြီးတန်း တရုတ် စစ်တပ် အရာရှိတဦးက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပယ်ချပါတယ်။

တရုတ်တို့ဟာ အရင်တုန်းကလည်း အထီးမကျန်ဘူး၊ အခုလည်း အထီးမကျန်သလို အနာဂတ်မှာလည်း အထီးကျန် ဖြစ်မှာ မဟုတ်ဘူးလို့ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Sun Jianguo က တုံ့ပြန်ပါတယ်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီး Ash Carter က တရုတ်တို့ဟာ ကိုယ့်ဘာသာ အထီးကျန်ဖြစ်စေဖို့ တံတိုင်းခတ်နေတယ်လို့ သတိပေးပြောကြားလိုက်တာက အရှိုက်ထိသွားစေတယ်လို့လည်း Australian National University အမျိုးသား လုံခြုံရေး ကောလိပ်ရဲ့ အကြီးအကဲ ပါမောက္ခ Rory Medcalf က ပြောပါတယ်။ ပါမောက္ခ Medcalf က ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ မှတ်ချက်စကားကို နားထောင်းဖို့ အခန်းထဲမှာ ကိုယ်တိုင် ရှိနေခဲ့သူပါ။ ရေတပ်ဗိုလ်ချုပ်ကြီး Sun က တရုတ်တို့ဟာ အထီးကျန် ဖြစ်မနေဘူးလို့ ခုခံပြောဆိုခဲ့ပေမယ့် အခန်းထဲမှာရှိတဲ့ နိုင်ငံတွေက လူတွေက တရုတ်ရဲ့ လုံခြုံရေးဆိုင်ရာ အပြုအမူတွေ အပေါ် စိုးရိမ်မကင်း မေးခွန်းထုတ်ခဲ့ကြတာကို ကြည့်မယ်ဆိုရင်တော့ အတော်လေး ကွဲလွဲနေတာကို တွေ့ရတယ်လို့ ပါမောက္ခ Medcalf က ပြောပါတယ်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင် ဌာနချုပ်ရဲ့ ဒုတိယ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Sun က ဒေသတွင်း ရေပြင်နယ်နိမိတ်ဆိုင်ရာ တင်းမာမှုတွေ အတွက် အမေရိကန် ပြည်ထောင်စုအပေါ် အပြစ်ပုံချဖို့ ကြိုးစားခဲ့ပါတယ်။ အမေရိကန် စစ်တပ်ရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ကျင့်သုံး ဆောင်ရွက်ချက်တွေ၊ နောက် တရုတ်နိုင်ငံနဲ့ ပိုင်နက်ဆိုင်ရာ အငြင်းပွားနေတဲ့ ဒေသတွင်းက နိုင်ငံတွေကို အမေရိကန် အစိုးရက ထောက်ခံနေတာကိုလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုမှာ တိုက်ရိုက်ပါဝင်မှု မရှိတဲ့ စစ်အေးခတ် စရိုတ်တွေကို ဆက်လက် ကျင့်သုံးနေတဲ့ နိုင်ငံတွေ အနေနဲ့လည်း ကိုယ့်အကျိုးစီးပွားတခုတည်း အတွက် ဖျက်လိုဖျက်စီး မလုပ်သင့်ဘူးလို့လည်း တရုတ် ရေတပ်ဗိုလ်ချုပ်ကြီး ဆွန်းက ပြောဆိုခဲ့ပြီး တရုတ်ကို ဘယ်သူမှ လက်ညှိုးထိုး ပြစ်တင် ပြောဆိုပိုင်ခွင့် မရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
VOA Burmese News

ပုံစာ - ယမန်နေ့နံနက်ကတွေ့ရသည့် နန်းခင်ထွေးမြင့်၏ လျှပ်တပြက်ခရီးစဉ်။

ထိုင်း-မြန်မာ နယ်ခြားသောင်းရင်းမြစ် ရေတိုက်စားမှုကို ကာကွယ်နိုင်ရေး အစီအစဉ်တွေအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် မြ၀တီကို လျှပ်တပြက် ရောက်ရှိလာတဲ့ခရီးစဉ်ကို ထိုင်းနဲ့မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာမီဒီယာသမားတွေ မသိလိုက်ကြ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။

နန်းခင်ထွေးမြင့် နယ်ခြားသောင်ရင်းမြစ်နဲ့ချစ်ကြည်ရေးတံတားကို မနေ့မနက် ၆ နာရီခွဲကနေ ၈ နာရီခွဲထိ လာရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီခရီးစဉ်က သောင်းရင်းမြစ် မြန်မာဘက်ခြမ်းမှာ ရေတိုက်စားနေတဲ့နေရာတွေမှာ ကမ်းထိန်းနံရံတွေ တည်ဆောက်နိုင်ရေး အစီအစဉ်တွေ ပါရှိတယ်လို့ သိရှိရပါတယ်။

မြ၀တီမြို့ ခံ ကိုညီ ကတော့ " ၀န်ကြီးချုပ်ဒီလိုလာတာကောင်းတယ် ဘယ်သူမှ မလုပ်မရှုပ်တော်ဘူး လုံးဝကြို ဆိုတယ် ဒီလိုဖြစ်ရမှာကကြာပြီး လက်ရှိပြည်နယ် ၀န်ကြီးချုပ်ကိုတော့ ကိုတော့ လေးစားသွားပြီးဗျာ " ဟု ပြောဆိုသည်။

ပြည်သူတွေက ရှိတယ်လို့တောင်မထင်ရတဲ့ အစိုးရက အကောင်းဆုံးအစိုးရဖြစ်တယ်လို့လည်း ကိုညီ က ဖြည့်စွက် ပြောဆိုပါတယ်။

ကမ်းထိန်းနံရံ တည်ဆောက်မဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ရဲ့  ခရီးစဉ်နှင့်ပတ်သက်ပြီး ထိုင်းဘက်ကလည်း စိတ်ဝင်တစားနဲ့ လေ့လာစောင့်ကြည့်နေတယ်ဆိုပြီး ထိုင်းဘက်ကလာတဲ့သတင်းတွေအရ သိရှိရပါတယ်။

သတင်း - ကရင်အမျိုးသား မီဒီယာ
ဓာတ်ပုံ - Khin Mg zaw

မွန်ပြည်နယ် ပေါင်မြို့နယ်က ဥတ္တံတား (အုတ်တံတား) ကျေးရွာအနီးမှာရှိတဲ့ Long Life Aggregate Mining ကုမ္ပဏီရဲ့ ကျောက်မိုင်းလုပ်ငန်းတွေကို ဖျက်သိမ်းပေးဖို့ ဒေသခံ ၅၀၀ ကျော်က ဒီနေ့ လမ်း လျှောက်ဆန္ဒပြခဲ့ကြပါတယ်။

အနီးအနားက လယ်မြေတွေ၊ ရေတွင်းရေကန်နဲ့ အဆောက်အဦးတွေ ပျက်စီးနေတာကြောင့် ကျောက် မိုင်းလုပ်ငန်းကို ပိတ်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုတာလို့ ဥတ္တံတားကျေးရွာသား ကိုဇော်ထွေး က ပြောပါတယ်။

ဆန္ဒပြရွာသားတွေဟာ ဥတ္တံတားရွာကို တစ်ပတ်လမ်းလျှောက်ပြီး Long Life Aggregate Mining ကုမ္ပဏီရှေ့မှာလဲ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီကုမ္ပဏီဟာ အခုဇွန်လကုန်ပိုင်းမှာ လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် လုပ်ကိုင်ခွင့် ထပ်မပေးဖို့ကိုလဲ တောင်းဆိုတာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဥတ္တံတားကျေးရွာ အနီးက ကုလားမတောင်မှာ ကျောက်မိုင်းထုတ် လုပ်နေတာဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဌာနတွေဆီ ကန့်ကွက်စာ အစောင် ၅၀ ကျော် တင်ထားပေမယ့် အခုချိန်ထိ ဖြေရှင်းမပေးသေးဘူးလို့ ရွာသား တွေက ပြောပါတယ်။

အဲဒီကျောက်မိုင်းကြောင့် ကျေးရွာရဲ့သောက်သုံးရေနဲ့ လယ်မြေ၊ ဥယျာဉ်တွေ အတွက် လိုအပ်တဲ့ ရေအရင်းအမြစ်တွေ ပျက်စီးသွားနေသလို ချောင်းတွေမှာလဲ သဲတွေဖုန်းလွှမ်းပျက်စီးနေတယ်လို့ ပြောပါတယ်။
RFA

စိုးမြင့်နိုင် ၊ ရန်ကုန်၊ ဇွန် ၃-

အစိုးရ၏လာဘ်ပေးလာဘ်ယူမှု လျော့နည်းပပျောက်ရေးမူဝါဒများကို အထောက်အကူပြု နိုင်ရန်အတွက် တံစိုးလက်ဆောင်ပေးခြင်းယူခြင်း လုံးဝမပြုလုပ်ရန် မူဝါဒတစ်ရပ်ချမှတ်ကာ စတင်ကျင့်သုံးလိုက် ပြီဖြစ်ကြောင်း တယ်လီနောက သတင်းထုတ်ပြန်သည်။

''မြန်မာအစိုးရကလည်း လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးအတွက် မူဝါဒအသစ်တွေကို ချမှတ် ထားပါတယ်။ အစိုးရရဲ့မူဝါဒတွေကိုအထောက်အကူဖြစ်စေဖို့ တယ်လီနောအနေနဲ့ အခြားစီးပွားရေးလုပ်ဖော် ကိုင်ဖက်တွေ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလက်တွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်''ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။

တယ်လီနောနှင့်ယင်း၏ဝန်ထမ်းများသည် လုပ်ငန်းတွဲဖက်လုပ်ကိုင်သူများ၊ လုပ်ငန်းသဘောအရ ပတ်သက်ဆက်နွှယ်သည့် ပုဂ္ဂလိကအဖွဲ့အစည်းများအား တံစိုးလက်ဆောင်များပေးအပ်ခြင်း၊ သို့မဟုတ် ယင်း တို့ထံမှတံစိုးလက်ဆောင် လက်ခံရယူခြင်းများအား လုံးဝမပြုလုပ်ရန်မူဝါဒချမှတ်ထားကြောင်း မေ ၃၁ရက် က ထုတ်ပြန်ထားသည်။

တယ်လီနောအနေဖြင့် လာဘ်ပေးလာဘ်ယူမှုကို လုံးဝလက်မခံနိုင်သည့်ဘက်မှရပ်တည်လျက်ရှိ ပြီး တံစိုးလက်ဆောင်များ လုံးဝအပေးအယူမလုပ်ခြင်းစည်းကမ်းများကို တယ်လီနော၏လုပ်ငန်းဆောင်တာ များတွင် အပြည့်အဝကျင့်သုံးနိုင်ရန် ဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တယ်လီနော မြန်မာအမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။

တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ် Petter Furberg က ပွင့်လင်းမြင်သာမှုရှိပြီး လာဘ်ပေး လာဘ်ယူမှုကင်းတဲ့အလုပ်ခွင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဖို့ရာ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အခုလိုမူဝါဒတစ်ရပ်စတင်ချမှတ်လိုက်တာဖြစ်ပါတယ်''ဟုပြောသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် ၂ဝ၁၄ခုနှစ်က ဆက်သွယ်ရေးလိုင်စင်ရရှိခဲ့ပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေရာခိုင်နှုန်း ၉ဝအား မိုဘိုင်းဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသောကုမ္ပဏီ တစ်ခုဖြစ်သည်။

(Flower News Journal, 12-21)

Miss Myanmar World 2016 ဆုရှင် အလှမယ် မြတ်သီရိလွင် (ဆင်ဟွာ)
    ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

    ကမ္ဘာလုံးဆိုင်ရာ အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် Miss World  ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလှမယ်   မြတ်သီရိလွင်(ခ) Bella  အားရွေးချယ်ခဲ့ကြောင်း သိရသည်။

မယ်ကမ္ဘာ (မြန်မာ) ၂၀၁၆ (Miss Myanmar World 2016 ) ပြိုင်ပွဲကို ယနေ့ ဇွန်လ ၄ ရက်နေ့တွင်  ရန်ကုန်မြို့ရှိ  ဂန္ဓမာခန်းမ၌ ကျင်းပခဲ့ပြီး မယ်ကမ္ဘာ (မြန်မာ) သရဖူကို မြတ်သီရိလွင်(ခ) Bella  ကရရှိခဲ့သည်။

Miss Myanmar World 2016 သရဖူကို အလှမယ် မြတ်သီရိလွင်အား Miss Myanmar World 2015 ခင်ရတနာသိန်းမြင့်မှ တပ်ဆင်ပေးပုံ (ဆင်ဟွာ)
ယခု Miss Myanmar World 2016 တွင် သရဖူဆုရရှိခဲ့သည့် အလှမယ်   သည် ၆၆ ကြိမ်မြောက်ကျင်းပမည့် မယ်ကမ္ဘာ (Miss World) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မယ်ကမ္ဘာပြိုင်ပွဲသည် မယ်စင်္ကြာဝဠာပြိုင်ပွဲပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး အလှမယ်ပြိုင်ပွဲကြီး တစ်ခုဖြစ်သည်။
Miss Myanmar World 2016 ဆုရှင် မြတ်သီရိလွင် နှင့် 1 st Runner up အမ်ဂျာဆိုင်း နှင့် 2nd Runner up လရိပ်ပြာ (ဆင်ဟွာ)
မယ်ကမ္ဘာ(မြန်မာ) အလှမယ် ကို အလှမယ်ပေါင်း များစွာထဲကမှ အဆင့်ဆင့်ရွေးချယ် ခဲ့ပြီးနောက် ယခုနောက်ဆုံးအဆင့်တွင်မူ စကာတင်အလှမယ် ၂၀ ဦးအနက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Miss Myanmar World 2016 ဆုရှင် မြတ်သီရိလွင် နှင့် 1 st Runner up အမ်ဂျာဆိုင်း နှင့် 2nd Runner up လရိပ်ပြာ (ဆင်ဟွာ)
Miss Myanmar World 2016 ဆုရှင် မြတ်သီရိလွင်အား ကျပ်သိန်း ၃၅၀ ကျော်တန်ဖိုးရှိ ရတနာများစွာနှင့် အလှဆင်ထားသည့် သရဖူအား ချီးမြှင့်ခဲ့ပြီး 1st Runner up အဖြစ်  အလှမယ် M Ja Seng (အမ်ဂျာဆိုင်း)    နှင့် 2nd Runner up အဖြစ်    အလှမယ် လရိပ်ပြာတို့ကရရှိခဲ့သည်။

Miss Myanmar World 2016 ဆုရှင် မြတ်သီရိလွင် နှင့် 1 st Runner up အမ်ဂျာဆိုင်း နှင့် 2nd Runner up လရိပ်ပြာ (ဆင်ဟွာ) 
၆၅ ကြိမ်မြောက် Miss World 2015 ပြိုင်ပွဲအားတရုတ်နိုင်ငံ  ဟိုင်နန်ကျွန်းတောင်ဘက်ဆုံးမြို့တစ်မြို့ဖြစ်သည် Sanya (ဆန်ရာ) မြို့တွင် ကျင်းပခဲ့ပြီး မယ်ကမ္ဘာ အလှမယ်ဆုအား စပိန်အလှမယ်တစ်ဦးဖြစ်သည့် Mireia Lalaguna Royo (မီရီယာလာလာဂူနာရိုယို) က ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာအလှမယ် ခင်ရတနာသိန်းမြင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com


ယနေ့ ဇွန်လ ၅ ရက် ၂ နာရီ ၁၀ မိနစ်ခန့်က ရွှေဘုံသာလမ်း အထက်ဘလောက်ရှိ သီတာမင်းဆေးခန်းအပေါ်ထပ် အိမ်ခန်းတွင် ၀ါယာရှော့မှတဆင့်မီးလောင်ကျွမ်းခဲ့ရာ လူ ၁၀ ဦးထက်မနည်း ပိတ်မိနေရာ ကယ်ဆယ်နိုင်ခဲ့သည်။

ဝါယာရှော့ကြောင့် မီးခိုးမွှန်၍ လူများသည် အပေါ်ထပ်သို့တက်နေရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လှေကားတင်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့ရသည်။

Myanmar Citizen News Agency





နေပြည်တော်၊ဇွန်-၅။


 မိမိထိုင်သောခုံအား သမ္မတထိုင်းခုံအဖြစ် ရှေ့ဆုံးတွင် သီးသန့်မထားဘဲ အားလုံးနှင့် တန်းတူထားရှိပေးရန် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ယနေ့နံ နက် ပိုင်းက ပြုလုပ်သော ၊၂၀၁၆-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်း ထိန်း သိမ်းရေးနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်က သတိပေးပြောကြားခဲ့သည်။

ယခုအခမ်းအနားသို့ အစိုးရသစ်ကာလတွင် နိုင်ငံတော်သမ္မတအနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် အခမ်းအနားပွဲ တက်ရောက်ခဲ့ခြင်းဖြစ် ပြီးအခမ်းအနားတွင် နိုင်ငံတော်သမ္မတအတွက် အခမ်းအနား ရှေ့ဆုံးနေရာတွင် သီးသန့်ထိုင်ခုံနေရာ ချပေးထားမှုအပေါ် အဖွင့်မိန့်ခွန်း မစမီပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတကြီးမှ စီစဉ်သူတွေရဲ့စေတနာကို နားလည်သော်လည်း ကုလားထိုင်ကြီးနဲ့ရှေ့ဆုံးမှာ တယောက်ထဲမထားပါနဲ့၊ အားလုံးနဲ့တစ်တန်းတည်း အတူတူနေချင်ပါတယ် ဟု သတိပေးပြော ကြားခဲ့သည်။

နိုင်ငံတော် သမ္မတဦးထင်ကျော်မှ "ဘယ်နေရာမှာနေနေ၊ ဘယ်သူဘဲဖြစ်ဖြစ်၊ တောရိုင်းတိရစ္ဆာန်နှင့်သ ဘာဝ အပင် တွေကို တရားမ၀င်ရောင်းဝယ်ဖောက်ကားနေမှုကို လုံးဝလက်မခံဘူးဆိုတာပြသပြီး အပြောင်း အလဲဖြစ်အောင် လုပ်နိုင်ပါတယ်၊ ကျွန်တော်တို့ အသက်ရှင်ရပ်တည်ဖို့ မှီခိုနေတဲ့ ဒီဂေဟစနစ်ဟာ လူသားတွေရဲ့လုပ်ရပ်ကြောင့် အလျင်အမြန်ပျက်စီးယိုယွင်းနေပါတယ်၊ အကျိုးအမြတ်များတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေ တရားမ၀င်ကူးသန်း ရောင်းဝယ်မှုဟာအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်၊ သဘာဝ ပတ်ဝန်း ကျင်ယိုယွင်းမှုဟာ နိုင်ငံနယ်နမိတ်တွေကို ကျော်ဖြတ်သွားတဲ့အတွက် ဒီနေ့ကျွန်တော်တို့တစ် ကမ္ဘာလုံး အတူရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အချိန်မလွန်ခင် အရေးတယူ ဆောင်ရွက်ဖို့လိုပါ တယ်၊ ကျွန်တော်တို့ အနေနဲ့လက်ရှိကာလမှာ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုလိုသလိုအနာဂတ် မျိုးဆက်ရဲ့ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းတာဝန်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သယံ ဇာတနဲ့ဂေဟစနစ်တွေကို ကာကွယ်ဖို့ပျက်ကွက်လို့မရပါဘူး၊ ပတ်ဝန်ကျင်ကို သိသိကြီးနဲ့ တစ်မျိုးမသိဘဲနဲ့တစ်ဖုံ ဖျက်ဆီးခဲ့သူတွေကတော့ ကျွန်တော်တို့လူတွေပဲဖြစ်ပါတယ်၊ ဒီတရားမ၀င် စီးပွားရေးလုပ်ငန်းတွေက ပတ်ဝန်းကျင်အသက်မွေးလုပ်ငန်းတွေ၊ လူ့အဖွဲ့အစည်းနဲ့ လုံခြုံရေးတွေကို ဘယ်လောက်အထိ၊ထိခိုက်ပျက်စီးစေ နိုင်တယ်ဆိုတာကိုလူတွေ ပိုပိုသိဖို့လိုပါတယ်၊ အစိုးရနဲ့နိုင်ငံတကာအဖွဲ့တွေ အနေနဲ့ပိုမိုထိရောက်တင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်ပြဌာန်ဖို့အပြင်ဥပဒေချိုးဖောက်သူတွေကိုထိထိရောက်ရောက်အရေးယူဖို့လိုအပ်ပါတယ်ဟု ပြောကြားခဲ့သည်။

ယင်းအပြင်မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမ၀င်ကူသန်း ရောင်းဝယ်မှု ထိရောက်စွာ တားဆီးနှိမ်နင်းရေးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ CITESမှတာဝန်ရှိသူများအနေနှင့် တရားမ၀င်တောရိုင်းတိစ္ဆာန်ကုန်သွယ်မှုများကို တားဆီးရာတွင် စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ အကောက်ခွန်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ယင်းသို့အရေးယူ ဆောင်ရွက်မှုများကြောင့်၂၀၁၀ခုနှစ်၊၂၀၁၆ခုနှစ်မတ်လအတွင်း တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များတရားမ၀င်ရောင်းဝယ်မှု(၁၈၉)မှုအထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ဖိုးသားကြီး

china.com Myanmar
https://www.facebook.com/china.com.mm

တိုက်ကြေကားပုံစံပြုလုပ်၍ လာရောက်အပ်နှံကာ စလစ်ထုတ်ယူမှု များပြားလာကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

‘‘အရည်ကျို စလစ်ဈေးက သိန်း ၈၀ ကျော်လာတာနဲ့ အသုံး ပြုလို့ရတဲ့ တန်ဖိုးနည်းကားတွေ ကို မတော်တဆ တိုက်ကြေမဟုတ်ဘဲ တမင်ထုခြေ လုပ်လာ ကြတယ်။ ဥပဒေတွေ၊ အမိန့်တွေ ကို လက်တစ်လုံးခြား လုပ်လာ ကြတာ’’ ဟု ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာန အဆင့် မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

ဖရီးပါမစ်ဖြင့် တင်သွင်းရ မည့်ကားများမှာ ကြိုတင်ဝင်ငွေ ခွန်ဆောင်ရမည်ဖြစ်သောကြောင့် တစ်ဖက်တွင် စလစ်အဝယ်လိုက်ပြီး ဈေးမြင့်တက်နေချိန်၌ ယခုကဲ့သို့ မသမာမှုပြုလုပ်လာခြင်းဖြစ်သည်ဟု အဆိုပါ အရာရှိက ခန့်မှန်းပြောကြားသည်။

ကားများ အပ်နှံရာတွင် လိုအပ်သည့် ရဲစခန်းထောက်ခံချက်နှင့် တရားရုံးမှ အမှုပြီး မြောက်ကြောင်း စာရွက်စာတမ်းများပါရှိမှသာ လက်ခံဆောင်ရွက်ပေးနေသော်လည်း ယင်းစာရွက်စာတမ်းများကို မသမာမှုပြုလုပ်ကာ အပ်နှံရန် လုပ်ဆောင်နေသည့် ကားများရှိကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသူ အချို့ကပြောသည်။

မသမာမှုပြုလုပ်ပြီး လာ ရောက်အပ်နှံသည့်ကားများတွင် ဆူဇူကီး R plus ကားအမျိုးအစား များနှင့် စက်မှုဇုန်ထုတ်ကားများ ပါဝင်ကြောင်း သိရသည်။

‘‘ဒီလကတော့ တိုက်ကြေ ကား လာအပ်တာ အရင်လတွေ ထက် အစီးရေ များလာတယ်။ ကျွန်တော်တို့က စာရွက်စာတမ်း မှန်ရင် အကုန်လုပ်ပေးပါတယ်။ တကယ်လို့ မသမာမှုလုပ်ပြီး လာအပ်လာရင်တော့ ယာဉ်ပိုင် ရှင်က နောက်ဖြစ်မယ့် ကိစ္စကို တာဝန်ယူရမှာပဲ’’ ဟု တိုက်ကြေ ကားများ အပ်နှံခြင်းကို လက် ခံသည့် သန်လျင်ကညနရုံးမှ တာဝန်ရှိသူကဆိုသည်။

ပြီးခဲ့သည့် မေလတွင် ရန် ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြစ်သည့် ကားများအနက် အစီးရေ ၅၀ ကျော်သည် တိုက်ကြေအဖြစ် လာရောက် အပ်နှံ ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်လများက အဆိုပါ အရေအတွက်အမြောက်အမြား လာရောက်အပ်နှံမှု မရှိသလောက်နည်းပါးကြောင်း ၎င်းက နှိုင်းယှဉ် ပြောကြားသည်။

တိုက်ကြေကားများကို ရန် ကုန်မြို့တွင် သန်လျင် ကညနရုံးနှင့် မြင်းခြံမြို့တို့၌ လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
7Day News Journal

ဂျပန်နိုင်ငံမှ အသက် ၉၆ နှစ်အရွယ် အဘိုးအိုတဦးဟာ ကမ္ဘာ့စံချိန်ချိုးကာ အ သက်အကြီးဆုံး ဘွဲ့ရကျောင်းသားတဦးဖြစ်လာပါတယ်။

ရှီဂဲမိ ဟီရာတာဟာ ပင်စင်စားအဘိုးအိုတဦးဖြစ်ကာ ကျိုတိုအနုပညာနဲ့ ဒီဇိုင်း တက္ကသိုလ်မှ ပြီးခဲ့တဲ့ မတ်လမှာ ကြွေထည်မြေထည်အနုပညာဆိုင်ရာဘွဲ့ကို ရရှိခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။

သူဟာ ပင်စင်စားတဦးအဖြစ် ဖြတ်သန်းခဲ့ရာကနေ ဒီဘွဲ့ကို ရရှိဖို့ အချိန် ၁၁ နှစ်ကြာ အားထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘွဲ့ကို လက်ခံရပြီးချိန်မှာတော့ သူ့ကို ဂီးနက်စ်ကမ္ဘာ့မှတ်တမ်းစံချိန်တင် အသက် အကြီးဆုံး အဘိုးအိုအဖြစ် ဇွန်လ ၃ ရက်နေ့မှာ အသိအမှတ်ပြုခဲ့တာလို့ ဒေသ တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

၁၉၈၉ ခုနှစ်က ဟီရိုရှီးမားမြို့မှာ မွေးဖွားခဲ့သူ ဟီရာတာက “နာမည်တွေ မသိတဲ့ ကျောင်းသားတွေအများကြီး လာပြီး ချီးကျူးနှုတ်ဆက်ကြပါတယ်။ ကျနော့်အတွက် ဒါဟာ အင်အားကုန်စိုက်ထုတ်အသုံးပြုခဲ့ရတာပါ။ ကျနော့်ရည်မှန်းချက်က အသက် ၁၀၀ ထိ နေထိုင်သွားနိုင်ဖို့ပါပဲ” လို့ ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက စစ်သားတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟီရာတာကို ငွေရောင်ဖွေးဖွေးဖြူနေတဲ့ ဆံပင်တွေနဲ့ ပြုံးပြူံရွှင်ရွှင်တွေ့ရပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာပါ။

ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေများပြီး သူတို့ဟာလည်း တခြားသက်ကြီး ရွယ်အိုတွေလို ဘ၀ကို အလွယ်တကူ အရှုံးပေးကြသူတွေ မဟုတ်ကြပါဘူး။

၂၀၁၅ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေ ၅ သောင်း ၉ ထောင်နီးပါး ရှိနေတာဖြစ်ပြီး ဒါဟာ လူဦးရေ ၁ သိန်းမှာ အသက် ၁၀၀ အထက်လူဦးရေ ၄၆ ဦးရှိနေ တယ်လို့ ကိန်းဂဏန်းတွေက ဖော်ပြနေတာပါ။
DVB TV News

အိုလံပစ်ပွဲတော်ကို လက်ခံကျင်းပမယ့် ဘရာဇီးလ်နိုင်ငံ ရီယိုမြို့ဟာ ကမ္ဘာမှာ လူအသေအပျောက် အများဆုံးမြို့တွေထဲက တမြို့အဖြစ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။

အိုလံပစ်ပွဲတော် ကျင်းပဖို့ ၂ လပဲ လိုတော့တဲ့အချိန်မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ရီယို ဒီ ဂျန်နဲရိုးမြို့မှာ ရဲအဖွဲ့ရဲ့ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

အဓိက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း အိုလံပစ်ပွဲတော် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းမှုတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အဓမ္မ လုပ်အားပေးစေခိုင်းတဲ့ ကိစ္စ၊ လုပ်အားအပေါ် ခေါင်းပုံဖြတ်တဲ့ကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ရီယိုဒီ ဂျန်နဲရိုးမြို့မှာ ၂၀၀၇ ကနေ ၂၀၁၃ ခုနှစ်အထိ ရဲအဖွဲ့ရဲ့ စစ်ဆင်ရေးတွေ အတွင်း လူသေဆုံးမှု အရေအတွက် ကျဆင်းခဲ့ပေမယ့် ဘရာဇီးလ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း ၄၀ ရာခိုင်နှုန်းနီးပါး ပြန်တက်လာတယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်က ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံးပြိုင်ပွဲ ကာလတုန်းက ဆန္ဒပြသမားတွေကို ရဲအဖွဲ့က လူစုခွဲခဲ့ပုံတွေဟာ အကြမ်းဖက်မှု ဆန်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အိုလံပစ်ပွဲတော်ကို သြဂုတ် ၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ရီယိုဒီ ဂျန်နဲရိုးမြို့ဆီ ပရိသတ် သုံးသိန်းအထိ လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
DVB TV News

တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် ရရှိရေးနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောမှ ပြည်သူ့လွှတ်တော်တွင် တင်သွင်းနိုင်ရေးအတွက် တင်ပြခဲ့ရာ အမျိုးသားလွှတ်တော်မှ ခွင့်မပြုခဲ့ကြောင်းသိရသည်။

ယင်းအဆိုအား မေလ ပထမအပတ်ကတည်းက တင်သွင်းခွင့်ရရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းခွင့်ပေးပြီးဖြစ်သည်ဟု ဆိုကာ ပယ်ချခဲ့ခြင်းဖြစ်သည်။

လက်ရှိပြဌာန်းထားသော အမျိုးသားပညာရေး ဥပဒေတွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဆင့်မြင့်ကျောင်းအလိုက် ရေးဆွဲထားသော ပဋိဥာဉ်နှင့်အညီဖွဲ့စည်းခွင့်ဆိုပြီးပါရှိသည်။

‘သဘောက သူတို့က ဖွဲ့စည်းခွင့်ပေးပြီးပြီဆိုပြီး ပယ်ချတာ။ ဒါပေမဲ့ ဥပဒေသေချာပြန်ကြည့်မယ်ဆိုရင် သူတို့ဖွဲ့စည်းခွင့်ပြုတယ်ဆိုတာ ပဋိဥာဉ်အလိုက်ဆိုတာက ကျောင်းအလိုက် ပဋိဥာဉ်မှ အခုအထိမှ မရှိသေးပဲ။ သဘောက သခင်အောင်ဆန်းခေတ်ကလို နိုင်ငံလုံးဆိုင်ရာသမဂ္ဂတွေလိုမျိုး ပေါ်မလာအောင် တားမြစ်ထားတဲ့ သဘောဖြစ်နေတယ်။ ကျောင်းအလိုက်ပဋိဥာဉ်ဆိုတာ ကျောင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ရမှာလား။ ဗဟိုဦးစီးပါဦးမှာလားဆိုတဲ့ သဘောဖြစ်နေတယ်။ လွတ်လပ်တဲ့ သမဂ္ဂတွေဖြစ်ဖို့ အတားဆီးဖြစ်စေတယ်။’ ဟု ဦးဦးလှစောက ပြောသည်။

ဗြိတိသျှကိုလိုနီလက်အောက်ဘ၀မှာပင် တက္ကသိုလ်များအနေဖြင့် ကျောင်းသားသမဂ္ဂများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိခဲ့ပြီး မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ကျောင်းသားသမဂ္ဂဥက္ကဌ အဖြစ်တာဝန်ယူခဲ့ဖူးပါသည်။

‘ကံဆိုးလွန်းတဲ့ကျနော်တို့နိုင်ငံမှာ မလိုချင်တာကိုပိုက်ထွေးနေခဲ့ရပြီး မြတ်နိုးတန်ဖိုးထားရတဲ့အရာတွေနဲ့ဝေးနေရပါတယ်။ မလိုချင်တဲ့ မရှိသင့်တဲ့ ပြည်တွင်းစစ်ရှိနေပြီး လိုချင် မြင်ချင်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂမရှိပါဘူး ။ တကယ်ဖြစ်ရမှာက ပြည်တွင်းစစ်မရှိတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂရှိတဲ့နိုင်ငံ ပါ။အခုက ဖက်ဒရယ်ကိုကြောက်လို့ ပုံဖျက်ခဲ့သလို လွတ်လပ်တဲ့ ကျောင်းသား သမဂ္ဂကိုလည်း ကြောက်တဲ့ သဘောဖြစ်နေတယ် ‘ ၇၄ ၊ ၇၆ မျိုးဆက် ကျောင်းသားခေါင်းဆောင်လည်း ဖြစ်ခဲ့သူ ဦးဦးလှစောက ပြောသည်။

Photo- Mg Khine aung facebook
The Ladies News Journal

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောပန်ဇင်းကျေးရွာမှာ ကစ္ဆပနဒီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးတွေပြိုကျပြီး နေအိမ်အချို့ကို အရေးပေါ် ပြောင်းရွှေ့ပေးနေပါတယ်။

မိုးသည်းထန်းစွာရွာသွန်းမှုနဲ့ မြစ်ရေတိုက်စားမှုတွေကြောင့် ကမ်းပါးတွေ တဖြည်းဖြည်းနဲ့ ပြိုကျလာပြီး လတ်တလောမှာ နေအိမ် ၁၀ လုံးကို အရေးပေါ်အခြေအနေနဲ့ ရွှေ့ဖို့လုပ်နေတာပါ။

နေအိမ်တွေ အရေးပေါ်ပြောင်းရွှေ့ဖို့ လုပ်နေတာနဲ့ပတ်သက်ပြီး ကျောက်တော်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က “အရေးပေါ် အခြေအနေတွေကြောင့် ပြောင်းရွှေ့ဖို့ လုပ်နေတယ်။ အခုမှပြိုတာတော့ မဟုတ်ဘူးပေါ့။ ၂၀၁၅ ခုနှစ်က ရခိုင်မှာရေကြီးကတည်းက ပြိုလာတာပါ။ တဖြည်းဖြည်း ရေတိုက်မှုကြောင့် ကမ်းပါးတွေ ပြိုကျလာပါတယ်။ တစ်ရွာလုံးပြိုတာတော့ မဟုတ်ပါဘူး။ အဲဒီမှာ ကမ်းပါးတစ်လျှောက် အိမ်တွေရှိတယ်။ အိမ် ၁၀ လုံးဟာအရေးပေါ် အခြေအနေကြောင့် ဒီဘက်ရွာနားကို ပြောင်းရွှေ့ဖို့ လုပ်နေတာပါ။ ရေရှည်မှာ ပြိုလာနိုင်တာကြောင့်လည်း အခုလိုပြောင်းဖို့ လုပ်နေတာပေါ့လေ။ အထက်ကိုလည်း တင်ပြထားပြီးပါပြီ။ ဘယ်နေ့ပြောင်းမလဲဆိုတာတော့ ရွာသားတွေရဲ့ သဘောဆန္ဒအတိုင်းပါပဲ”လို့ ပြောပါတယ်။

တောပန်ဇင်းကျေးရွာမှာ ရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းလိုက်ရတဲ့ ဦးလှစိန်အောင်က “တစ်နေ့ မြို့ကတာဝန်ရှိသူတွေ ကျနော်တို့ရွာကို ရောက်လာပါတယ်။ အိမ်ပြောင်းရွှေ့ဖို့ ပြောလာတယ်။ အခုလောလောဆယ်တော့ အမျိုးတွေအိမ်မှာ နေရတာပေါ့။ ကျနော့်အိမ် ကတော့ ကမ်းပြိုလို့ပါသွားပါပြီ။ အခုကအရမ်းကို မိုးရွာတယ်လေ။ ရေကျလာတာကလည်း အရမ်းပြင်းလာတယ်။ အနားမှာက ရွာတွေကလည်း တဖြည်းဖြည်းနဲ့ ကမ်းပါးပြိုလာလို့ တချို့အိမ်တွေလည်း ပြောင်းရွှေ့နေရပါပြီ”လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ် အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းမှ ရှေ့နေ ဦးလှထွန်း ကတော့ အိမ်တွေပြောင်းရွှေ့ဖို့ မြေစာရင်းဌာနကို အကူညီတောင်းထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီဘက်ရွာနားကို ပြောင်းရွှေ့ဖို့လုပ်နေပါတယ်။ အခုလောလောဆယ် အရေတကြီးပြောင်းဖို့ လုပ်နေတာ အိမ် ၁၀ ဆောင်ဖြစ်ပါတယ်။ မပြောင်းလို့ လုံးဝမရတော့တဲ့ အခြေအနေပါ။ ကျနော်တို့ အရေးပေါ်လူမှုကယ်ဆယ်ရေးက အဖွဲ့က အိမ်ဆောက်ဖို့ ကူညီထောက်ပံ့ပေးထားပါတယ်။ ခြံတော့မပါဘူးပေါ့လေ။ အဲဒီကျေးရွာရဲ့ အပိုင်မြေ ကားလမ်းဘေးနား ကွက်သစ်ချပေးထားတဲ့နေရာကို ပြောင်းရွေ့ဖို့လုပ်နေတယ်။ ဟိုတနေ့က မြေစာရင်းဌာနကို တင်ပြထားပါတယ်။ အဆင်ပြေချောမွေ့အာင် လုပ်ပေးမယ်လို့ သူတို့ပြောထားပါတယ်။”

အရေးပေါ် နေအိမ်တွေကို ပြောင်းရွေ့ဖို့အတွက် ကျောက်တော် မြို့နယ်၊ အုပ်ချုပ်ရေးမှူးအပါအဝင် မြေစာရင်းဌာန တာဝန်ရှိသူများနှင့် ကျောက်တော်မြို့နယ် အရေးပေါ် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး၊ ပြောင်းရွေ့ နေရာတွေကို ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ တောပန်ဇင်းကျေး ရွာဟာ နှစ်စဉ်နှစ်တိုင်း ရေတိုက်စားမှု ဒဏ်ကိုခံနေရပြီး၊ အဲဒီရွာမှာတော့ အိမ်ထောင်စု ၂၈ စုနှင့် လူဦးရေ ၆၀ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့တွေ တောင်ယာလုပ်ငန်းနှင့် ကျပန်းအလုပ်များကို လုပ်ကိုင် စားသောက်နေကြသူများ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း- ၀ဏ္ဏခွာညို
DVB TV News

ဒို့တာဝန်အရေး သုံးပါးကို ထိခိုက်လာနိုင်မယ့် လုပ်ဆောင်ချက်မှန်သမျှ၊ အဖွဲ့အစည်းမှန်သမျှကို ပြတ်ပြတ်သားသား ချေဖျက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဇွန် ၂ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားမှာ သူက ပြောခဲ့တာဖြစ်ပါတယ်။

“တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်” ဆိုပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော် ရပ်တည်နေတုန်းပဲလို့လည်း ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါသေးတယ်။
အရင် စစ်အစိုးရလက်ထက်က ချမှတ်ခဲ့တဲ့ ဒို့တာဝန်အရေးသုံးပါးဆိုတဲ့ မူဝါဒ အပါအ၀င် တပ်မတော်က ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့က သဘောမတူ ပယ်ချထားတာ ဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီးကတော့ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားနေတုန်း အခြေအနေ ဖြစ်ပါတယ်။

ဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေးဆောင်းပါးရှင် ဆရာ သန်းစိုးနိုင်က အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗိုလ်ချုပ်မှူးကြီးတို့ နှစ်ဦးရဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ ငြိမ်းချမ်းဖြစ်စဉ်အပေါ် ဘယ်လိုသဘောထားနဲ့ သွားကြမလဲဆိုတာ အရေးကြီးတယ်လို့ ပြောပါတယ်။

“တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တို့တာဝန်အရေးသုံးပါးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ဘယ်လိုသဘောထားနဲ့ သွားကြမလဲဆိုတဲ့ ညှိနှိုင်းမှုက အခြေခံကျပါတယ်။ သို့သေည်ငြားလည်း တဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် သဘောမတူတာတွေ လက်မခံနိုင်ဘူးဆိုတဲ့ ကိစ္စတွေက စစ်ရေးအရ ဖြေရှင်းမှာလား၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်မှာ ဖြေရှင်းမှာလား၊ အဲ့ဒီနည်း ၂ နည်းကို စဉ်းစားဖို့ လိုပါတယ်”
armyအစိုးရသစ်လက်ထက်မှာ ဦးစားပေးလုပ်ဆောင်မယ်လို့ ပြောထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အစိုးရက ဒီရက်ပိုင်းမှာ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။

By ရွှေအောင်
DVB TV News

စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ကထိက ဆရာမနှင့် ရည်းစားဖြစ်သူ နည်းပညာတက္က သိုလ်ကျောင်းသားတို့ စကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သည်။

စမ်းချောင်းမြို့နယ် ညောင် တုန်းလမ်း တိုက် (၄၅) ပထမထပ် ရှိ နေအိမ်လှေကားအနီးတွင် ဇွန် လ ၄ ရက် ညနေ ၅ နာရီခန့်က သမီးရည်းစားနှစ်ဦး စကားများရာ မှ အမျိုးသားဖြစ်သူက ဓားဖြင့်ထိုး

ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းတောအ လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။

‘‘ဓားနဲ့ထိုးခံရတဲ့ကောင်မ လေးက ပခုက္ကူ တက္ကသိုလ်က ကထိက။ နာမည်က မခင်မျိုးမျိုး အေး။ ကောင်လေးက ရန်ကုန် နည်းပညာတက္ကသိုလ်က ကျောင်းသား မောင်မင်းခန့်ကျော်။ သူတို့ သွားရင်းလာရင်းနဲ့ စကားများပြီး အခင်းဖြစ်တဲ့ အိမ်ရှေ့မှာ ဓားနဲ့ ထိုးသွားတာလို့ သိရတယ်။ ဖြစ်တဲ့အိမ်က သူတို့နဲ့ ဘယ်လိုမှ မပတ် သက်ဘူး’’ဟု ကျွန်းတောအလယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်း မြင့်က ပြောသည်။

‘‘သူတို့နှစ်ယောက်ကို အိမ် ကလည်း သဘောတူထားတယ်။ ကောင်လေး ကျောင်းမပြီးသေးလို့ မယူခိုင်းသေးတာလို့သိရတယ်။ ဒီနေ့လည်း သူတို့ လျှောက်လည် ပြီး ဘယ်လိုက ဘယ်လို စကား များပြီး ဖြစ်သွားလဲ မသိဘူး။ ကောင်မလေးက အခု စကားပြော နိုင်ပြီ’’ ဟု အနောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

ဓားဖြင့် ထိုးပြေးသည် ဆို သော အသက်(၁၈) နှစ်အရွယ် အမျိုးသားမှာ ပုလဲကွန်ဒိုတွင် နေထိုင်သည်ဟု ကနဦး သတင်းရရှိထားပြီး ည ၉ နာရီအထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

အမျိုးသမီးသည် ဝမ်းဗိုက်နှင့် ရင်ညွန့်တွင် ဓားထိုးခံရ၍ အနောက်ပိုင်းဆေးရုံသို့ ပို့ဆောင် ကာ ဆေးကုသမှု ခံယူနေရသော် လည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း ဦးသန်းမြင့်က ဆိုသည်။

‘‘ဆေးရုံကတော့ ဓားထိုးခံ ရတာ အထဲက ကလီစာတွေမထိ လို့ မစိုးရိမ်ရဘူးလို့တော့ပြောတာ ပဲ’’ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ စမ်းချောင်းမြို့နယ် ရဲစ ခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းမှူးက ဆေးရုံမှ ပြန်လည် ရောက်ရှိလာခြင်း မရှိ၍ ဘာမျှ မသိရသေးကြောင်း တာဝန်ကျရဲ အရာရှိတစ်ဦးက ဖုန်းမှ တစ်ဆင့် ဖြေကြားသည်။
7Day News Journal


ရန်ကုန်တိုင်းအတွင်း ရပ်ကွက်တစ်ခုတွင် ခြောက်လနှင့်အထက်နေထိုင်သူများအား သက်ဆိုင်ရာမြို့နယ် အလိုက် အိမ်ထောင်စုစာရင်း (ယာယီ) ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် ယခုလအတွင်း အစည်းအဝေးကျင်းပ၍ ရပ်ကွက်အုပ် ချုပ်ရေးမှူးများမှတစ်ဆင့် ရပ်ကွက်နေပြည်သူများသိစေရန် လိုက်လံကြေညာခဲ့ကြောင်း ကမာရွတ်မြို့နယ် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။

‘‘ဇွန်လ ၁ ရက်နေ့မှာ အစည်းအဝေးခေါ်တယ်။ ခြောက်လအ ထက်နေတဲ့ သူတွေ ယာယီအိမ် ထောင်စုစာရင်းလုပ်ပေးမယ်။ ကျွန်တော်တို့တွေကတော့ ရုံးက နေဖြည့်စွက်ရမယ့် စာရွက်စာ တမ်းတွေပေးမယ်။ သူတို့ဖြည့်ပြီး ရင် မြို့နယ် (လ၀က)ရုံးကို ပို့ပေး မယ်။ ခြောက်လအောက်နေတဲ့သူ ကိုတော့ လုပ်ပေးလို့မရဘူး’’ဟု ဦးမျိုးအောင်က ပြောသည်။

မြို့နယ် (လ၀က) ရုံးသို့ ရောက်ရှိလာမည့် အိမ်ထောင်စု စာရင်းများကို သက်ဆိုင်ရာမြို့ နယ်များ၌ လူနေထိုင်မှုရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးချက်နှင့် ပြည့်စုံမှုမရှိသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း မြို့နယ် (လ၀က) ဦးစီးအရာရှိက ပြောသည်။

‘‘စီမံချက် လုပ်ငန်းထဲမှာ လည်း ပါပါတယ်။ မြို့နယ်တစ်ခု ထဲမှာ ခြောက်လနဲ့ သုံးနှစ်အတွင်း နေတဲ့သူတွေကို (ယာယီ)ချပေး မယ်။ သုံးနှစ်အထက်နေတဲ့သူ တွေကိုတော့ ပတ်ကားလို့ ခေါ် တဲ့ လက်ရှိအသုံးပြုနေတဲ့ အိမ် ထောင်စုစာရင်းချပေးမယ်။ ဒါပေ မဲ့ သူတို့မြို့နယ်က သန်းခေါင်စာ ရင်းထဲကတော့ ပယ်ဖျက်မှာပါ။ ဒါကိုလည်း သက်ဆိုင်ရာမြို့နယ် လ၀ကအချင်းချင်း လုပ်ဆောင်သွားမှာပါ’’ဟု အဆိုပါအရာရှိက ပြောသည်။

လက်ရှိချပေးမည့် အိမ် ထောင်စုစာရင်း (ယာယီ)နှင့် အိမ် ထောင်စုစာရင်းလျှောက်ထားသူ များတွင် သွေးနှောသူများနှင့် ကျူးကျော်နေထိုင်သူများ လျှောက်ထားခွင့်မရှိသော်လည်း တစ်ဦးတည်း လျှောက်ထားသူများကို စိစစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
7Day News Journal

စွန့်ပစ်ခံ အဘိုးအဘွား များအတွက် ရိပ်သာတစ်ခု ဖွင့် လှစ်ရန် ခိုလှုံရာပရဟိတအဖွဲ့မှ လူငယ်များက သူဖုန်းစားများကဲ့ သို့ ၀တ်ဆင်ပြီး ရန်ကုန်မြို့ လှည်း တန်းစင်တာရှေ့၌ ဇွန်လ ၄ ရက် က အလှူခံရာ ကျပ် ၁၃ သိန်း ကျော် ရရှိခဲ့သည်။

စွန့်ပစ်ခံ အဘိုးအဘွားများ ကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ ရွာမလမ်း တွင် အဆောက်အအုံငှားရမ်းပြီး ရိပ်သာအဖြစ်ထားရှိရန် ကြိုးစား နေကြောင်း အဆိုပါအဖွဲ့မှ အဖွဲ့ ၀င်တစ်ဦးက ပြောသည်။ အဆိုပါ ရိပ်သာတွင် အဘိုးအဘွား ၃၀ ဦးခန့်အထိထားရှိရန် ရည်ရွယ်ထား သည်။

စွန့်ပစ်ခံရ၍ လမ်းပေါ်တွင် နေကြရသော အဘိုးအဘွားများ၊ တောင်းရမ်း စားသောက်ရသော ခိုကိုးရာမဲ့ အဘိုးအဘွားများစွာ အသက်ဆုံးရှုံးနေကြခြင်းကို တွေ့မြင်၍ အလှူလိုက်ခံရခြင်းဖြစ် ကြောင်း ပရဟိတလူငယ်များက ဆိုသည်။

‘‘ရိပ်သာအတွက်က ရေ၊ မီး၊ စားသောက်ဖို့နဲ့ ၀န်ထမ်းတွေထားဖို့အတွက် တစ်လကို ၁၅ သိန်းလောက်ကုန်မယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်မတို့က အဆောက်အအုံကလည်း ငှားရတာဆိုတော့လေ။ ဒီနေ့အလှူခံတာ ၁၃ သိန်းခွဲရပါတယ်။ ရိပ်သာအတွက် ရသလောက် အလှူခံတာပါ။ လိုရင်လည်း ကျွန်မတို့အဖွဲ့က စိုက်ထုတ်ပြီး လုပ်သွားမှာပါ’’ဟု ၎င်းကပြောသည်။

ဇွန်လ ၅ ရက်တွင် မြေနီ ကုန်း ဒဂုံစင်တာရှေ့၌ အလှူခံ မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဇွန်လ ၁၅ ရက်တွင်လည်း ရန်ကုန်မြို့လယ်ရှိ ဆူးလေစေတီအနီး၌ အလှူခံမည်ဖြစ်သည်။
ခိုလှုံရာပရဟိတအဖွဲ့ကို ၂၀၁၅ စက်တင်ဘာတွင် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။
7Day News Journal

ရန်ကုန်တိုင်းဒေသကြီးရှိ လူစည်ကားရာနေရာများ၊ ရုံးများတွင် ကွမ်းမစားရသတိပေးဆိုင်းဘုတ်များတပ်ဆင်ရန် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးရုံးများသို့ ညွှန်ကြားမှုပြုလုပ် ထားကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုအစိုးရမှ တိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့ ကွမ်း စားသုံးမှုနှင့်ပတ်သက်၍ ကွမ်းစား သုံးခြင်းနှင့် စည်းကမ်းမဲ့ကွမ်းတံ တွေးထွေးမှုများ ကျဆင်းပပျောက် ရေးဆောင်ရွက်ရန် ညွှန်ကြားမှု ထွက်ပေါ်လာခဲ့ပြီးနောက် သက် ဆိုင်ရာရပ်ကျေးရုံးများသို့ သတိ ပေးစာများ၊ အများပြည်သူသိ အောင် ကြေညာရန်ထပ်ဆင့်ညွှန် ကြားမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့က ဆိုသည်။

‘‘ပထမအဆင့်တော့ ကိုယ့် အပိုင်ထဲက ကွမ်းယာဆိုင်တွေစာ ရင်းကောက်ခိုင်းတယ်။ အဲဒါတော့ ပြီးသွားပြီ။ ဒုတိယအဆင့်အနေနဲ့ တော့ လူစည်ကားရာ ဆေးရုံဆေး ခန်းတွေ၊ ရုံးတွေ၊ ဈေးတွေမှာ ကွမ်းစားသုံးမှု မပြုဖို့သတိပေး ဆိုင်းဘုတ်တွေ ချိတ်ဆွဲခိုင်းထား တယ်။ နောက်ထပ်တော့ ဘာထပ် ညွှန်ကြားမလဲဆိုတာ မသိသေး ဘူး’’ဟု စမ်းချောင်းမြို့နယ် ကျွန်း တော(မြောက်)ရပ်ကွက်အုပ်ချုပ် ရေးမှူးဦးအောင်မြင့်က ပြောသည်။

ထို့အပြင် ကွမ်းနှင့်ပတ်သက် ၍ ညွှန်ကြားချက်တွင်ရပ်ကွက်အ လိုက် ကွမ်းစားသုံးမှုလျော့နည်း ပပျောက်ရေးကော်မတီများ ဖွဲ့ စည်းရန်ပါဝင်သည့်အတွက် ယင်း ကော်မတီကိုဖွဲ့စည်း၍ ညွှန်ကြား ချက်များအတိုင်း ဆောင်ရွက်နေ ကြကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် မြို့နယ်အချို့တွင် ကွမ်းစားခြင်းမပြုရန်နှင့် ကွမ်းစား ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှု ဖြစ်ပေါ်စေနိုင်သည်ဆိုသည့် သတိ ပေးဆိုင်းဘုတ်များ စတင်ချိတ်ဆွဲ မှု ပြုလုပ်နေကြပြီဟု အုပ်ချုပ်ရေး မှူးရုံးများမှ သတင်းရရှိသည်။

သို့သော်အရေးယူမှုနှင့်ပတ်သက်သော အစီအမံများကို ယခုအချိန်အထိ ညွှန်ကြားခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

‘‘သတိပေးတာမျိုးတော့ လုပ်ဖို့ ညွှန်ကြားထားတာပေါ့။ နောက်ထပ်ဘာဆက်လုပ်မယ်ဆို တာ လမ်းညွှန်ချက် မရှိသေးပါ ဘူး။ အောက်ခြေမှာ ကော်မတီ တွေဖွဲ့တယ်ဆိုတာကလည်း သက်ဆိုင်ရာနယ်မြေတွေက သူတို့အစီ အစဉ်နဲ့ သူတို့လုပ်ရတာ အဆင်ပြေအောင် ဖွဲ့ကြတဲ့သဘော ဖြစ် မှာပါ’’ဟု ၎င်းကပြောသည်။

ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များသို့ ညွှန်ကြားထားသည့် အချက်ထဲတွင် ခရိုင်၊မြို့နယ်၊ ရပ် ကွက်၊ ကျေးရွာအုပ်စုအဆင့်ကော် မတီများဖွဲ့စည်း၍ ကွမ်းစားသုံးမှု ကျဆင်းပပျောက်ရေးဦးစီးကော် မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့ စည်းဆောင်ရွက်ခြင်း၊ စည်းရုံးကြပ်မတ်စေခြင်း၊ ဥပဒေများ၊ ဒေသန္တရ အမိန့်များ ရေးဆွဲထုတ်ပြန်ဆောင်ရွက်ကြရန်နှင့် ကွမ်းစားသုံးခြင်း၏ ဆိုးကျိုးကို ပြည်သူလူထုသိရှိစေရန် မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်၍ ‘‘ကွမ်းမစားရ၊ ကွမ်းတံတွေးမထွေးရ’’ဟူသော ဆိုင်းဘုတ်များထားရှိရန်စသည့်တို့ကို ညွှန်ကြားထားသည်။

7Day News Journal

သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဟောင်း (ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ဦးစိုးသိန်းက

“အကုန်လုံး လာစစ်နိုင်တယ်။ ဘယ်ကသာ ယူရမှာလဲ။ ဦးမြင့်အောင် ရှင်းပြီးပြီပဲ။ ငါ ပိုက်ဆံယူတယ်ဆိုရင် သေဒဏ်ပေးလိုက်” လို့ မနေ့က လွှတ်တက်ပြီး အထွက်မှာ သတင်းထောက်လေးတွေကို ပြောလိုက်တယ်လို့ သိရပါသဗျ။

ကျွန်တော်က ဘာကိုသွားပြီး သတိရလိုက်သလဲဆိုတော့ “ပုဂံညှပ်ကြီး” ဇာတ်လမ်း။

ပုဂံခေတ်မှာ ဖိုးသူတော်တစ်ယောက်ဟာ ဒကာတစ်ယောက်ဆီမှာ ငွေသား ၅၀ ကျပ်သား ချေးငှားထားသတဲ့။ ဒကာကလည်း တစ်နေ့ပေးနိုး တစ်နေ့ရနိုး စောင့်သပေါ့။ ဖိုးသူတော်က မပေးဘူး။ ဒါနဲ့ တရားရုံးတော်ကို ဦးတိုက် လျှောက်ပြီး ဖိုးသူတော်ထံက ကြွေးတောင်းရတဲ့ အနေအထား ရောက်သွားတယ်။

ဖိုးသူတော်က တရားရုံးမှာ သူဟာ ဒကာမောင်မှတ်ကို ငွေသားအကြွေး ပေး ဆပ်ပြီးကြောင်း ထွက်ဆိုတယ်။ မောင်မှတ်ကလည်း မပေးရသေးကြောင်း ထွက်ဆိုပြန်တယ်။ ဒီလိုနဲ့ ပေးပြီး၊ မပေးရသေး အငြင်းပွားလိုက်ကြတာ ဘုရင့်ဆီရောက်လာတယ်။

နန်းရှေ့မှာ အဲဒီခေတ်က ကွမ်းညှပ်ကြီးတစ်ခု ရှိပါတယ်။ တရားစီရင်ရာမှာ ဘုရင်က ကွမ်းညှပ်ကြီးနဲ့ စီရင်လေ့ ရှိတယ်။ မကျေနပ်ရင် ကွမ်းညှပ်ကြီးဆီမှာ လာပြီးတော့ နောက်ဆုံးအနေနဲ့ ဆုံးဖြတ်ကြတာပဲ။

ဖိုးသူတော်နဲ့ မောင်မှတ် ကွမ်းညှပ်ကြီးရှေ့ရပ်ပြီး တရားပြိုင်တဲ့နေ့ ရောက်လာ သဗျ။

ပထမဆုံး မောင်မှတ်က ကွမ်းညှပ်ကြီးအောက် ဇက်ထိုးပြီးတော့ “ကျွန်တော်မျိုး ဖိုးသူတော်ကို ငွေသား ၅၀ ကျပ်သား ပေးထားပါတယ်။ ယနေ့အထိ ပြန်မရသေးပါ။ ဤသစ္စာမှန်ပါက ဇက်မဖြတ်ပါနဲ့” ဆိုပြီးတော့ သစ္စာ ဆိုလိုက်သတဲ့။ ကွမ်းညှပ်ကြီးက တုတ်တုတ်မလှုပ်ဘူး။ ဘုရင်ကလည်း မောင်မှတ် ပေးထားတာ ဟုတ်နေတာပဲ။ ဖိုးသူတော်အလှည့်လို့ ပြောလိုက်တယ်။

ဖိုးသူတော်က ကွမ်းညှပ်ကြီးထဲ ဇက်ထိုးပြီး သစ္စာမဆိုမီ သူကိုင်ထားတဲ့ တောင်ဝှေးကို မောင်မှတ် လက်ထဲထည့် လိုက်ပြီး “ငါ့တောင်ဝှေး ခေတ္တကြည့်ထား” လို့ ပြောလိုက်သတဲ့။
ဖိုးသူတော်ကလည်း ဒီခေတ် ဦးစိုးသိန်း လေသံအတိုင်း “ကျွန်ုပ်ဟာ မောင်မှတ်ကို ငွေသားတွေ ပြန်ပေးပြီးပါပြီ။ မပေး ရသေးဆိုရင် ဇက်ဖြတ်လိုက်ပါ” ဆိုပြီးတော့ လူကြားကောင်းအောင် အော်လိုက်တယ်။ ကွမ်းညှပ်ကြီး ရူး ကြောင်ကြောင် ဖြစ်သွားတယ်။

ဖိုးသူတော် တောင်ဝှေးထဲမှာ ငွေသား ၅၀ ကျပ်သားကို အခေါင်းလုပ်ပြီးထည့်သွင်းထားသဗျ။ ခုနလေးကပဲ ဖိုးသူတော်က မောင်မှတ်ကို တောင်ဝှေးအပ်လိုက်တော့ ငွေသား ၅၀ လည်း မောင်မှတ်လက်ထဲ ပြန်ရောက်နေပြီ ဆိုတာ ဟုတ်နေတာပဲ။ ဘယ်မှာ ကွမ်းညှပ်ကြီးလည်း တရားစီရင်လို့ ရတော့မှာလဲ။

တစ်ခေတ်က တရားစောင့်တဲ့မင်းနဲ့ တရားစီရင်ရာမှာ အမှန်ဆုံး အဆုံးအဖြတ်ပေးတဲ့ “ပုဂံညှပ်ကြီး” ကိုတောင် အဲဒီလို ဖိုးသူတော် လိမ်ခဲ့သေးတာဆိုရင် …

၎.၆.၂၀၁၆
Tin Nyunt

ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာ့နာမည်ကြီး လက်ဝှေ့ချန်ပီယံ Muhammad Ali နဲ့ ပတ်သက်ပြီး စနေနေ့မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က ဦးဆောင်ပြီး အမှတ်ရဖွယ်တွေကို ပြောကြားခဲ့ကြပါတယ်။

လက်ဝှေ့အကျော်အမော် တဦးလည်းဖြစ် လူ့သားချင်းစာနာမှုနဲ့ အရပ်ဘက် လူ့အခွင့်အရေးလှုပ်ရှားသူ တဦးလည်းဖြစ်တဲ့ မိုဟာမက် အလီဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ပြီး သောကြာနေ့က အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။

သမ္မတအိုဘားမားက ရဲရဲတောက် အလီကို Nelson Mandela တို့ Martin Luther King, Jr. တို့နဲ့ ခိုင်းနှိုင်းပြီး အလီဟာ ကမ္ဘာကို ကိုင်လှုပ်ခဲ့သလို သူ့လုပ်ရပ်က ကမ္ဘာကြီးကို ပိုကောင်းမွန်လာစေတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် ၁၉၆၅ ခုနှစ် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဗိုလ်လုပွဲ ကြိုးဝိုင်းထဲမှာ ပြိုင်ဘက် ဆန်နီလစ်စတန်ကို အလဲထိုးပြီးချိန် အပေါ်က မိုးပြီးရပ်နေတဲ့ မိုလဟာမက်အလီရဲ့ ဓါတ်ပုံအောက်မှာ သူထိုင်နေတဲ့ ပုံကိုပါ တင်ခဲ့တာပါ။

တွစ်တာကနေလည်း - “ချန်ပီယံကြီး ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ” လို့ သမ္မတ အိုဘားမားက ဆုတောင်းပေးခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကတော့ လူသားချင်းနားလည်စာနာဖို့ ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံး လူသားချင်းစာနာမှုတွေ ပညာပေးမှုတွေ လုပ်ခဲ့သူတဦးရဲ့ လုပ်ရပ်ကြောင့် ကုလသမဂ္ဂမှာ ဘယ်လောက် ကောင်းကျိုးရခဲ့တယ်ဆိုတာကို ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

မိုဟာမက် အလီကို ၂၀၀၁ ခုနှစ်အတွက် သမ္မတရဲ့ အရပ်ဘက်ထူးချွန်ဆု ချီးမြှင့်ခဲ့သူ အမေရိကန် သမ္မတဟောင်း Bill Clinton ကလည်း “ကြီးကျယ်မြင့်မြတ်တဲ့ မင်းကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်လိုက်ပါတယ် သူငယ်ချင်း” လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် မစ္စစ် ကလင်တန်နဲ့ အတူတွဲပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ ယှဉ်ပြိုင်နေတဲ့ မစ္စစ် ကလင်တန် ဟာ အလီရဲ့ တုနှိုင်းမရတဲ့ လျှင်မြန် ဖြတ်လတ်မှုကို အမီလိုက်ဖို့ ကြိုးစားနေသလို၊ ၁၉၆၀ အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူးခဲ့ချိန်ကစပြီး သူ့လိုလူ နောက်တယောက် ထပ်မပေါ်နိုင်ဘူးဆိုတာ တကမ္ဘာလုံးက သိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရီပတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နေတဲ့ Donald Trump ကလည်း တွစ်တာကနေ မိုဟာမက်အလီကို ဂုဏ်ပြုခဲ့ပြီး တကယ် ကြီးကျယ်မြင့်မြတ်တဲ့ ချန်ပီယံတယောက်ဖြစ်တဲ့ အလီကို အားလုံးက အောက်မေ့သတိရနေမှာ ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ ဘရာဇီးက နာမည်ကြီး ဘောလုံးသမား ပီလီကလည်း အားကစားလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတရပ်မို့ ဝမ်းနည်း ကြေကွဲနေကြကြောင်း ပြောပါတယ်။
VOA Burmese News

သီးသန့်ထိုင်ခုံမှာ မထိုင်လိုဘဲ အားလုံးနဲ့ တစ်တန်းထဲမှာ ထိုင်လိုတယ်လို့ သမ္မတဦးထင်ကျော်က ပြောပါတယ်။
ဇွန်လ ၅ရက်က နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာပြုလုပ်တဲ့ ၂၀၁၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့
အခမ်းအနားမိန့်ခွန်းအဖွင့်မှာ သမ္မတဦးထင်ကျော်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ အခမ်းအနားပြင်ဆင်သူတွေက သမ္မတဦးထင်ကျော်ထိုင်ဖို့အတွက် သီးသန့်ထိုင်ခုံ စီစဉ်ပေးထားတာ
ဖြစ်ပါတယ်။ စီစဉ်တဲ့သူတွေကို အပြစ်မတင်လိုပေမယ့် အဲ့ဒီလို သီးသန့်ထိုင်ရတာထက် အားလုံးနဲ့
တစ်တန်းထဲမှာ ထိုင်ရတာကို ပိုပြီး နှစ်သက်တယ်လို့ သမ္မတဦးထင်ကျော်က ပြောပါတယ်။
Mizzima - News in Burmese

ယခုအခါ မြန်မာနိုင်ငံကိုအုပ်ချုပ်ရာတွင် အဓိကကျသောအချက်မှာ အရာရာကို မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် သွားမလား၊ နိုင်ငံတကာစံချိန်စံနှုန်းတွေအတိုင်းသွားမလား ဟူသောမေးခွန်း ဖြစ်သည်။ မြန်မာ့နည်းမြန်မာ့ဟန်ကတော့ ကြုံသလိုလုပ်ခြင်းဖြစ်သည်။ စည်းရယ်ဘောင်ရယ်မရှိ လူကိုခင်ရင်မူကိုပြင်မယ်၊ လူကိုချစ်ရင် မူကိုပစ်မယ်ဆိုသည့်ဝါဒဖြစ်သည်။ တော်သလိုလျော်သလိုကြည့်လုပ်ကြသော ၀ါဒဖြစ်သည်။ နိုင်ငံတကာစံချိန်စံနှုန်းအတိုင်းသွားမည်ဆိုလျှင် စည်းမျည်းစည်းကမ်းဥပဒေသည် တသမတ်တည်းရှိဖို့ လိုလာ မည်ဖြစ်သည်။ ဟိုလူတော့တမျိုး သည်လူတော့တမျိုးဆိုတာမရှိတော့ဘဲ နိုင်ငံသားအားလုံးသည် ဥပဒေ ဆိုသောအရိပ်အောက်တွင် အားလုံးတပြေးညီရှိရတော့မည့်စနစ်ဖြစ်သည်။ တာဝန်ယူမှု တာဝန်ခံမှုသည် နေရာ တကာတွင် ရှိရတော့မည်ဖြစ်သည်။ ပြစ်မှုနှင့်ပြစ်ဒဏ်သည် လူတိုင်းအတွက် အတူတူပင်ဖြစ်မည်။ အစိုးရဘက် ကလည်း တာဝန်ယူမှုတာဝန်ခံမှုရှိရမည် ဖြစ်သလို၊ နိုင်ငံသားတွေဘက်ကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိရ မည်ဖြစ်သည်။

မြန်မာ့နည်းမြန်မာ့ဟန်ဖြင့်သာသွားမည်ဆိုလျှင် တွေကြုံတွေ့ရသောအခက်အခဲမှာ မြန်မာ နိုင်ငံတွင် နေရာတကာ၌ ဥပဒေသည် နှစ်မျိုးနှစ်စား၊ စံနှုန်းနှစ်မျိုးဖြစ်နေခြင်းပင်ဖြစ်သည်။ ဥပဒေအထက်တွင် မည်သူမျှမရှိဘူးဟု ကြွေးကြော်နေသော်လည်း ထိုဥပဒေကိုယ်၌ကပင်လျှင် စံနှုန်းနှစ်မျိုးအမြဲဖြစ်နေခြင်း (သို့မဟုတ်)လိုလျှင်လိုသလို မလိုလျှင်မလိုသလို ပြောင်းလဲနိုင်ခြင်းပင်ဖြစ်သည်။ နိုင်ငံတကာတွင်တော့ သူတောင်းစားမှသည် သမ္မတအထိ၊ ရပ်ကွက်အဆင့်မှသည် ပြည်ထောင်စုအဆင့်အထိ ဥပဒေစည်းကမ်း များသည် တသမတ်တည်းရှိနေခြင်းပင်ဖြစ်သည်။

လွန်ခဲ့သောရက်အနည်းငယ်က ရန်ကုန်မြို့လယ်ကောင် (ဗိုလ်ချုပ်လမ်းနှင့် ဆူးလေးဘုရားလမ်းထောင့်)တွင် လူငယ်တယောက် မိုးရွာပြီးစအချိန် လမ်းဖြတ်ကူးရာမှ ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့သည်။ ဥပမာ ထိုအမှုမျိုး ဆိုပါစို့။ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့်သွားမည်ဆိုလျှင် ထိုအမှုသည် အစိုးရတွင် ဘာတာဝန်မှမရှိ။ လမ်းဖြတ် ကူးသူက မစူးမစမ်း၊ နမော်နမဲ့ ရေအိုင်ထဲသို့ နင်းလျှောက်သောကြောင့် သူ့ဘာသာ ဓာတ်လိုက်သေခြင်း ဖြစ်သည်။ ဓာတ်ကြိုးမှ လျှပ်စစ်ဓာတ်အားသည် ရေထဲသို့ မတော်တဆ စီးဝင်နေမှုမျိုးသည် ဖြစ်တတ်သည် သာဖြစ်သည်။ သေသေချာချာကြည့်ရှုဆင်ခြင်၍သွားလာရမည်မှာ နိုင်ငံသားတို့၏တာဝန်ဖြစ်သည်။ ရန်ကုန် မြို့တွင် လူဦးရေပေါင်း ငါးသန်းခန့်ရှိသည့်အနက် ဤတယောက်ကိုမှကွက်၍ ဓာတ်လိုက်ခံရပြီး အသက်သေရ ခြင်းသည် ယခင်ဘ၀များစွာက မကောင်းသော ၀ိပါက၀ဋ်ကြွေးကို ပေးဆပ်ရခြင်းသာဖြစ်သည်။ ထိုသို့ဝဋ်ကြွေး ရှိသူများထပ်၍ ထပ်၍သေကြလျှင်လည်း မည်သူ့တွင်မှ အပြစ်မရှိ၊ အထူးသဖြင့် ရေမြေ့သနင်းအစိုးရမင်းနှင့် လျှပ်စစ်ဌာနတို့တွင် လားလားမျှ အပြစ်ရှိမည်မဟုတ်ချေ။ ဤကား မြန်မာ့နည်းမြန်မာ့ဟန်အမြင် ဖြစ်ပေသည်။ နိုင်ငံတကာအမြင်ကား ဤသို့ ဟုတ်ဟန်မတူပေ။

လူတိုင်းသည် အခြေခံအခွင့်အရေးအဖြစ် အသက်ရှင်ပိုင်ခွင့်ရှိပေသည်။ ထိုအခွင့်အရေးကို ထိပါးနှောင့်ယှက် သူမှန်သမျှသည် ဥပဒေအရအပြစ်ပေး အရေးယူခံရမည်ဖြစ်သည်။ အများပြည်သူသွားလာနေသောနေရာ၌ လျှပ်စစ်ဓာတ်အား လုံခြုံမှုကိုပြုရမည်မှာ သက်ဆိုင်ရာလျှပ်စစ်ဌာန၏ တာဝန်ဖြစ်သည်။ ထိုတာဝန်တွင် လေတိုက်လို့၊ ရေကြီးလို့၊ ဓာတ်ကြိုးပြတ်လို့၊ မိုးရွာလို့ဆိုသည့် ဆင်ခြေများမပါရှိရပါ။ လက်မခံပါ။ လူ တယောက်လမ်းလျှောက်လာရင်း ဓာတ်လိုက်ခံရသည်ဆိုလျှင် အဓိက လက်သည်တရားခံမှာ လျှပ်စစ်ဌာန ဖြစ်သည်။ ဓာတ်ကြိုးဆိုသည်မှာ အန္တရာယ်ရှိသောပစ္စည်းဖြစ်သည်။ ထိုပစ္စည်းသည် အကြောင်းကြောင်း ကြောင့် ပြတ်ကျခြင်း၊ ဘေးသို့လျှပ်စစ်စီးဝင်ခြင်း ရှိတတ်သည့်သဘောရှိရာ ထိုသို့ဘေးအန္တရာယ်မဖြစ်အောင် ကြိုတင်ကာကွယ်သည့်အစီအမံများကို အလုံအလောက်ဆောင်ရွက်ရမည်မှာ သက်ဆိုင်ရာကျွမ်းကျင်သူများ၏ တာဝန်သာဖြစ်သည်။ သေနတ်ဆိုသည်မှာ ကျည်ဆန်ထွက်တတ်သည်သာဖြစ်သည်။ ထိုကျည်ဆန်ထိမှန်လျှင် လည်း သေတတ်သည်သာ ဖြစ်သည်။

သို့သော် ထိုသေနတ်ကို လက်နက်တိုက်စသောနေရာများတွင် စနစ်တကျ သိမ်းဆည်းထားရေးတာဝန်သည် သက်ဆိုင်ရာ၏တာဝန်ဖြစ်သည်။ ပြည်သူလူထု၏ တာဝန်မဟုတ်ချေ။ ထိုလက်နက်က မရှိရမည့် နေရာ၊ မရောက်ရမည့်နေရာတွင် ရှိနေရောက်နေပြီး ပြည်သူလူထုကို ထိခိုက်မိပါက အပြစ်ရှိသူကို ရှာဖွေဖော်ထုတ် အရေးယူရမည်ဖြစ်သည်။ မတော်တဆကျည်ဆန်ထွက်သွားပြီး သေပါသည်ဟူ၍ လုပ်မရ။ လျှပ်စစ်သည်လည်း ဤသဘောဖြစ်သည်။ ရေမြောင်းများတူးဖော်ထားပြီး အဖုံးမရှိသဖြင့် လူတို့ပြုတ်ကျခြင်းသည်လည်း ဤသဘော ပင်ဖြစ်သည်။ သက်ဆိုင်ရာမှ တာဝန်ခံရမည်။ ပေါ့လျော့သူကိုအရေးယူရမည်။ ဤသည်မှာ နိုင်ငံတကာထုံးစံ ဖြစ်သည်။ မြန်မာ့နည်းမြန်မာ့ဟန်တွင် ပြည်သူလူထုမှာ အမြဲတမ်းခံဘက်က၊ အစိုးရမှာ အမြဲတမ်း အသာဘက် ကဖြစ်သည်။ ပြည်သူလူထု ဘေးကင်းလုံခြုံရေးအစီအမံများအတွက် သုံးရမည့်ငွေများကို ကိုယ်ကျိုးအတွက် စားပစ်လိုက်ကြသည်။ ဖြစ်လာတော့ခေါင်းရှောင်ကြသည်။ ရန်ကုန်မြို့ စမ်းချောင်းအောင်ချမ်းသာလမ်းတွင် မြစ်ထွက်ရေ မြောင်းအုတ်ဘောင်ပြိုကျတော့ ကြွက်ကိုက်သဖြင့် မိုးရေ၀င်ပြီး ပြိုကျသယောင်ယောင် လုပ်ကြ သည်။ နိုင်ငံတကာတွင် စူးအက်တူးမြောင်းလို ၁၀၂ မိုင်ရှည်သော တူးမြောင်းကိုပင် ပြိုမကျအောင်လုပ်နေနိုင် ချိန်တွင် မြန်မာနိုင်ငံတွင်တော့ ကိုက် ၅၀ မှ ကိုက် ၃၀၀ အရှည်ရေမြောင်းကိုပင် စံချိန်စံညွှန်းနှင့်ညီအောင် မလုပ်နိုင်။ တာဝန်ခံမှုသည်နတ္ထိ။ နိုင်ငံတကာ စနစ်တွင်တော့ ပြည်သူလူထုနှင့်အစိုးရသည် တန်းတူပင်ဖြစ်သည်။ ဥပဒေ ချိုးဖောက်သူက ခံစတမ်း။ အစိုးရဖြစ်ရုံနှင့် ဥပဒေမှကင်းလွတ်ခွင့်မရှိ။ ပြည်သူလူထုဖြစ်ရုံနှင့် အမြဲတမ်းခံနေရစရာမလို။ ဥပဒေသည် နှစ်ဖက်စလုံးကို အကာအကွယ်ပေးထားသည်။ မှားသူခံကြ။ အစိုးရ ပစ္စည်း (ပြည်သူပိုင်ပစ္စည်း)ကို ဖျက်ဆီးလျှင်လည်း ဖျက်ဆီးသော ပြည်သူကို အလွတ်မပေး၊ အရေးယူခံရမည်။ မြန်မာပြည်၌ ပြည်သူလူထုဘက်ကလည်း ကင်းလွတ်ခွင့်အချို့ရသလိုဖြစ်နေသည်။ အများသုံးတယ်လီဖုန်းရုံကို ဖျက်ဆီးကြသည်။ ဘတ်စ်ကားထိုင်ခုံဆိုဖာကို ဘရိတ်ဓားနှင့် ခွဲသည်။ လမ်းမီးကိုလေးခွဖြင့် ထုသည်။ အဝေးပြေးကားလမ်းပေါ်မှာ စပါးလှန်းသည်။ မိမိပိုင်မြေထက်ကျော်လွန်ကာ အဆောက်အဦများ ဆောက်ကြ သည်။ အားလုံးမှာ မြန်မာ့နည်းမြန်မာ့ဟန်ဆိုသော ခေါင်းစဉ်အောက်မှာ အဆင်ပြေလှသည်။ နစ်နာသည်က တိုင်းပြည်ဖြစ်သည်။

သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး ပျူမြို့ကြီးသုံးမြို့ကို ယူနက်စကိုမှ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်း(World Heritage)တွင် သွင်းလိုက်တော့ လူတွေက မေးကြသည်။ မြန်မာတို့၏အသည်းနှလုံး ပုဂံကျတော့ ဘာလို့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းမ၀င်တာလဲ။ ပုဂံကလည်း ရှေးဟောင်းအမွေ အနှစ်စာရင်း ၀င်ချင်လာသည်။ ယူနက်စကိုသို့ လျှောက်ထားလိုက်သဖြင့် ကုလသမဂ္ဂမှ နားလည်တတ်ကျွမ်း သူများ လာရောက်ကြည့်ရှုကွင်းဆင်းစစ်ဆေးကြည့်သည်။ ရှေးဟောင်းယဉ်ကျေးမှုဇုန်သည် ရှေးဟောင်းဇုန် နှင့်မတူ။ ဟိုတယ်တွေရော၊ စားသောက်ဆိုင်တွေရော၊ မျှော်စင်တွေရော၊ ရှေးဟောင်းဇုန်ထဲမှာ အုတ် အရောရော ကျောက်အရောရောဖြစ်နေသည်။ ဒါတွေကို ဖယ်ပေးပါ။ သို့မှသာ World Heritage ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် အသိအမှတ်ပြုဖို့ စဉ်းစားနိုင်မည်ဟု နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များကဆိုလာတော့ မျောက်မီးခဲကိုင်မိသလို ဖြစ်ကြသည်။ မီးခဲကိုင်မိသလို ဖြစ်သည်ကား ခရိုနီများ၊ အဘများ၊ အဘ၏သားသမီး ဆွေမျိုးများ၊ အခွင့်ထူးခံများဖြစ်ကြသည်။ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များက ထောက်ပြသွားသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲဝယ် ရှေးဟောင်းနှင့်မပတ်သက်သော ဟိုတယ်အဆောက်အဦ ၂၅ လုံး တည်ရှိနေသည်။ ထိုဟိုတယ်များ ဖျက်သိမ်းရွှေ့ပြောင်းပါမှ ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင် မည်ဟူ၏။

ထိုအခါထုံးစံအတိုင်း မြန်မာ့နည်းမြန်မာ့ဟန်ဖြင့်သွားမလား၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ စံချိန်စံညွှန်း တွေအတိုင်း သွားမလားဆိုသောပြဿနာမှာ ရှေ့တန်းသို့ရောက်လာပြန်သည်။ မြန်မာ့နည်းမြန်မာ့ ဟန်ဆိုလျှင် တော့ အဘတို့၊ အဘနောက်လိုက်တို့၊ အဘသားသမီးတို့ ပိုင်ဆိုင်သောဟိုတယ်များကို ကွင်းချန်ခဲ့၍ ကျန်မျက်နှာမွဲတို့၏ အိမ်များ၊ ဟိုတယ်များကို အဖျက်ပြလိုက်မည်။ အတ်ချလောင်းဆို မျက်လှည့်ပြ၍ ကမ္ဘာ့အမွေအနှစ်ကြီး ဖြစ်စေသတည်းလုပ်မည်။ ခက်သည်က အလိမ်ခံမည့်သူများက မြန်မာတွေမဟုတ်၊ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေဖြစ်သည်။ မြန်မာမြန်မာချင်းလို အရူးကွက်နင်း၍မရ။ ဒါတောင် အဘတွေ လက်ထက်က မအပ်မရာ အစီအမံတခုကို ကြံစည်ကြသေးသည်။ ဒါကတော့ အခြားမဟုတ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် နယ်နိမိတ်မြေပုံကို အသစ်ပြန်ဆွဲဖို့၊ ထိုအသစ်ဆွဲလိုက်သော ယဉ်ကျေးမှု ဇုန်ထဲတွင် သူတို့နှင့်ပတ်သက်ရာပတ်သက်ကြောင်း ဟိုတယ်နေရာတွေကို ရှောင်ကွင်းရေးဆွဲဖို့။ ထိုကိစ္စ အတွက် ကော်မတီတွေဖွဲ့သည်။ အစည်းအဝေးတွေခေါ်သည်။ ကြိတ်ဝိုင်းတွေ ဆွေးနွေးသည်။ ကမ္ဘာကို လိမ်ရမည်ဖြစ်၍ လွယ်လွယ်နှင့်မရ။ မြန်မာထဲကပင် အချို့ပညာရှင်တွေက သဘောမတူ။ အဘတွေကတော့ သဘောတူသည်။ ထို့နောက် ဘာမှရေရေရာရာမဆုံးဖြတ်နိုင်ဘဲ ပြီးသွားသည်။ မြန်မာ့နည်းမြန်မာ့ဟန်နှင့် နိုင်ငံတကာနည်း၊ နိုင်ငံတကာဟန်တို့ ထိပ်တိုက်တိုးကြသည်။ မြန်မာ့နည်းမြန်မာ့ဟန်ဆိုလျှင် အဘတို့အဖွဲ့ လက်ခမောင်းခတ်မည်။ နိုင်ငံတကာနည်း နိုင်ငံတကာစံနှုန်းအရဆိုလျှင် အဘများ၏ ပတ်သက်ရာပတ်သက် ကြောင်း ဟိုတယ် ၂၅ လုံးဖျက်ရမည်။ အမြင်မတင့်တယ်သော မျှော်စင်တွေဖျက်ရမည်။ ယခင်အစိုးရသည် ရေရာသောဆုံးဖြတ်ချက်ကိုမချရဲဘဲ ဗြဟ္မာကြီးဦးခေါင်းကို နောက်အစိုးရသို့ လွှဲပေးသွားသည်။

ထိုအခါ ခရိုနီများက ဒေသခံများနှင့် လှည့်ရန်တိုက်ပေးသည်။ World Heritage ဖြစ်လို့ ဘာရမှာလဲ၊ မင်းတို့ အိမ်တွေ ဖယ်ရမှာနော် စသည်ဖြင့်။ ထိုအခါ ကမ္ဘာ့အမွေအနှစ် အလိုမရှိဆိုတာတွေ ဘာတွေ ဖြစ်ကုန်ကြ သည်။ တကယ်တော့ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးတို့တွင် ဒေသခံများ၏အိမ်များ ဒီအတိုင်းရှိနေသည်။ ဖယ်စရာမလိုပေ။ သရေခေတ္တရာ၌ မှော်ဇာ၊ ရွှေတံခါးစသောရွာများ သူ့အတိုင်း စည်စည်ကားကားရှိနေ ပေသည်။ ဟိုတယ်များတည်ဆောက်ခြင်းကိုသာ တားမြစ်ခြင်းဖြစ်သည်။ နည်းပညာအကူအညီ၊ ဘဏ္ဍာရေး အကူအညီ၊ ခရီးသွားလုပ်ငန်းတိုးတက်မှု၊ စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှု၊ ကမ္ဘာက လေးစားအားကျမှုတို့ သည် ကမ္ဘာ့အမွေအနှစ်ဆိုသော သတ်မှတ်မှုနောက်က ကပ်လိုက်လာမည်ဖြစ်သည်။ ခရိုနီတို့ကား သူတို့ ဟိုတယ်များ ဖျက်သိမ်းရသည့်တိုင် နစ်နာမှုအတွက် အရင်းကျေကာလဟူသော လုပ်ငန်းဆက်လက်လည်ပတ် ခွင့်ကို ၁၀ နှစ်ခန့် ထပ်တောင်းချင်ကြသေးသည်။ ဆိုလိုရင်းကတော့ ဖျက်သိမ်းရန်အမိန့်ပင် မချရသေး။ နောက်ထပ်ဆယ်နှစ် ဆက်နေခွင့်တောင်းနေခြင်းပင်။ အချို့ကတော့ အရင်းကျေကာလမှာ အရင်းကျေတာကြာ ပြီဖြစ်သဖြင့် နှစ်နှစ်ခွဲလောက်သာ ထပ်ပေးသင့်ကြောင်း အကြံပေးပြောကြားကြသည်။ ဒါလည်း မရှင်းနိုင်သော ပုဂံမှ ပြဿနာတခု ဖြစ်ပေသည်။ မည်သည့်နည်းနှင့် NLD အစိုးရရှင်းမလဲဟု စောင့်ကြည့်ရမည်။ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုသည် မြန်မာ့နည်းမြန်မာ့ဟန်ကို သုံးမလား၊ နိုင်ငံတကာစံချိန်အတိုင်း လုပ်မလားဆိုတာ စောင့်ကြည့်ရပေမည်။ ယခင်အစိုးရရှုပ်ခဲ့သော အရှုပ်တော်ပုံက အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဆိုသလို ဖြစ်နေပေသည်။

ယခုတခါလာပြန်ပါပြီ။ ယခင်အစိုးရလက်ထက်က မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲမှ ယူရိုငွေ ၈၆ သန်း (ဒေါ်လာ ၉၅ သန်း) စာရင်းပျောက်နေသောကိစ္စအား ကျောက်မျက်လုပ်ငန်းရှင်များအသင်း အမှုဆောင်များက သက်ဆိုင်ရာဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ပါသည်။ ထိုအမှုမှာလည်း စိတ်ဝင်စားစရာကောင်း သည်။

စာရင်းပျောက်နေသော ငွေက နည်းနည်းနောနောမဟုတ်။ ပါဝင်ပတ်သက်နေသူတွေက ဆင်ကြီးတွေ၊ ဂေါ်ဇီလာကြီးတွေ၊ ခြင်္သေ့ကြီးတွေဖြစ်သည်။ ထိုအမှုကို ၀န်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်အပါအ၀င် အဖွဲ့ဝင် သုံးဦးနှင့် ခုံရုံးဖွဲ့ကာ တိုင်တန်းသူများကို စတင်စစ်ဆေးခဲ့ပါသည် (R FA Burmese 29.5.2016). ထိုအခါတွင် လည်း မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ပြီးမလား၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဥပဒေနှင့်အညီ ရဲရဲဝံ့ဝံ့ စစ်ဆေးမလားဆိုတာ စိတ်ဝင်စားစရာဖြစ်သည်။ မြန်မာ့နည်းမြန်မာ့ဟန်စစ်နည်းကား အလွဲသုံးစားကျူးလွန်သူ ကို အဓိက ထား မစစ်ဘဲ တိုင်ကြားသူများ ကိုသာ အမျိုးမျိုးခေါ် စစ်ဆေး၊ ဖိအားပေးကာ အချိန်ဆွဲပြီး အမှု ကိုပိတ်ပစ်လိုက်ဖို့၊ သို့မဟုတ် အမြင့်ဆုံးပြစ်ဒဏ်အဖြစ်တာဝန်မှ အနားယူခွင့်ပြုလိုက်တာမျိုးနှင့် ပြီးသွားတတ် သည်။ တရုတ်နိုင်ငံအပါအ၀င် နိုင်ငံတကာတွင်လုပ်နေသော လုပ်ထုံးလုပ်နည်းကတော့ မည်မျှပင်ရာထူး ကြီးမားသော ပုဂ္ဂိုလ်ဖြစ်စေ အဂတိလိုက်စားမှု၊ ရာထူးအာဏာအလွဲသုံးကာ ကိုယ်ကျိုးသုံးမှုတခု ပေါ်ပေါက် လာသည်နှင့် ဥပဒေနှင့်အညီတရားစွဲပြီး ရုံးတင်စစ်ဆေးကာ အပြစ်ရှိကြောင်း ခိုင်လုံစွာပေါ်ပေါက်ပါက သေဒဏ်၊ ထောင်ဒဏ်စသော ထိုက်သင့်သည့်ပြစ်ဒဏ်များကို ပြတ်ပြတ်သားသား ချမှတ်လေ့ရှိသည်။ ဌာနတွင်းစစ်ဆေးမှု (Departmental Inquiry)လောက်ဖြင့် အဆုံးသတ်သွားလေ့မရှိပါ။

မြန်မာနိုင်ငံမှာတော့ Government is always win အစိုးရက အမြဲနိုင်သည်ဟူသော မူဝါဒအရအစိုးရအရာရှိများ လာဘ်စား သောအမှုမှာ ဘယ်တော့မှထိထိရောက်ရောက် အပြစ်ပေးခံရသည်ဟူ၍မရှိခဲ့။ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်တယောက်သာ ငွေသိန်းတရာ(ဒေါ်လာကိုးထောင်ကျော်) အလွဲသုံးစားမှုဖြင့် ထောင်ဒဏ်ခံရသည့် တဦးတည်းပုဂ္ဂိုလ်ဖြစ်သည် (အများကတော့ လာဘ်စားမှုထက်အခြားသော နိုင်ငံရေးကိစ္စဖြင့် အပြစ်ရှာခံရ သည်ဟု ယူဆကြသည်)။ ယခုအခါ ဒေါ်လာကိုးထောင်ထက် အဆပေါင်းတသောင်းကျော်များသော ယူရိုငွေ (၈၆)သန်း စာရင်းပျောက်သည့်ကိစ္စ ပေါ်ပေါက်လာပေပြီ။ မည်သို့ စုံစမ်းစစ်ဆေးအရေးယူကြမည်နည်း။ ဗိုလ်ချုပ်ကိုအရေးယူရန် ဗိုလ်မှူးက စုံစမ်းစစ်ဆေးနေ၍မဖြစ်နိုင်ကြောင်း တိုင်ကြားရာတွင်ပါဝင်ခဲ့သော ကျောက်မျက်လုပ်ငန်းရှင်အသင်းမှ ကျော်သစ္စာကျောက်မျက်လုပ်ငန်းရှင် ဦးကျော်ကျော်ဦးက ''နံပါတ်(၁)က ခုံရုံးဖွဲ့ထားတာကို လက်မခံတဲ့အကြောင်းပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တိုင်တာက စစ်တပ်က ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီးတွေကိုတိုင်တာ၊ တိုင်တဲ့ အခါမှာ သမ္မတကြီးတောင်ပါတာပေါ့ဗျာ။ အဲ့ဒါကို ဗိုလ်မှူးကြီးတွေက ခုံရုံးဖွဲ့စစ်မယ်ဆိုတော့ ဘယ်လိုမှတရားမျှတမှာ မဟုတ်ဘူးလေ။ အမှန်တရားမထွက် လာနိုင်ဘူး။ အဲ့တော့ ခုံရုံးအဖွဲ့ကို သဘောလည်းမတူဘူး၊ အတည်လည်းမပြုဘူး၊ လက်လည်းမခံနိုင်ဘူး''ဟု ပြောကြားခဲ့သည်။ ဦးကျော်ကျော်ဦးက ခုံရုံးကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ စာရင်းစစ်အရာရှိ၊ ဆောက်လုပ်ရေးဌာနမှ အင်ဂျင်နီယာ၊ သတ္တုတွင်းဌာနကိုယ်စားလှယ်၊ ကျောက်မျက်အသင်း ၏ကိုယ်စားလှယ်၊ ဥပဒေပညာရှင်များစသော ခုနစ်ဦးပါ ခုံရုံးဖွဲ့ပေးဖို့ သတ္တုတွင်းဝန်ကြီးကို အကြံပြုလိုက် သည်ဟုပြောပါသည်။ ထိုအကြံပြုချက်ကိုကြည့်သော် မြန်မာ့နည်းမြန်မာ့ဟန် အရေးယူစံစမ်းမှုများကို ပြည်သူ လူထုက ကျေနပ်အားရမှုမရှိကြောင်း ထင်ရှားပေ၏။

ကျွန်တော်တို့သည် ဘောလုံးကန်သောကိစ္စမှာပင် မြန်မာ့နည်းမြန်မာ့ဟန်အဖြစ် ဘောကန်ဖိနပ်မပါဘဲ လယ်ကွင်းထဲတွင် ပုဆိုးခါးတောင်းကျိုက်ကာ အင်္ကျီဗလာဖြင့် ၀ါးခြမ်းပြားကိုဂိုးတိုင်လုပ်၍ ဒိုင်လူကြီးမပါဘဲ ကိုယ့်ဘာသာကန်ခဲ့၍လည်း ဖြစ်ပါသည်။ မိနစ် ၉၀ ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ ကြိုက်သလောက်ကန်၍လည်း ရပါ သည်။ မည်သူကမျှ အပြစ်ပြောမည်မဟုတ်ပါ။ သို့သော် စည်းစနစ်ကျသော ဘောလုံးပြိုင်ပွဲတရပ်သို့ ၀င်ရောက် ယှဉ်ပြိုင်ကစားမည်ဆိုပါက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဘောလုံးကန်ဖိနပ်ဝတ်ရပါမည်၊ အားကစားဝတ်စုံ ဆင်တူဝတ်ရပါမည်။ သတ်မှတ်ထားသော ဘောလုံးကွင်း၊ သတ်မှတ်ထားသောအချိန်၊ သတ်မှတ်ထားသောဒိုင်လူကြီး၊ သတ်မှတ်စည်းမျည်းများဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါသည်။ ပြစ်ဒဏ် ကျူးလွန်လျှင် အ၀ါကတ်၊ အနီကတ်များ ပြသအပြစ်ပေးခံရပါမည်။ အခြားအားကစားနည်းများမှာလည်း ထိုနည်းနှင်နှင်ဖြစ်ပါသည်။ မြန်မာ့နည်းမြန်မာ့ဟန်ဟူ၍ ကိုယ့်ဘာသာ ၀ါးလုံးခေါင်းထဲလသာနေ၍ မဖြစ်ပါ။ ကမ္ဘာ့ဖလားတို့၊ ဆီးဂိမ်းတို့သို့ ပုဆိုးနှင့် သွားကစား၍မရပါ။ ဥပဒေအရာတွင်လည်း ထိုနည်းနှင်နှင်ဖြစ်သည်။ တိုင်းပြည်ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များကိုသာ ဥပဒေက အကာအကွယ်ပေးကာ သာမန် ပြည်သူလူထုကိုလျစ်လျူရှုထားသော၊ လူကြီးဆိုသူများ အမြဲတမ်းအသာစီးယူထားသော မြန်မာ့နည်းမြန်မာ့ဟန် တရားစီရင်ရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ ဥပဒေပြုရေးစနစ်ကိုလည်း ပြောင်းလဲရတော့မည်ဖြစ်သည်။ တိုင်းပြည်တိုးတက်လိုလျှင်၊ တိုင်းပြည်ကမ္ဘာ့အဆင့်မီလိုလျှင် နိုင်ငံကြီးသားများဖြစ်လိုလျှင် ချွတ်ခြုံကျနေသော စိတ်ဓာတ်များ၊ အမူအကျင့်များကိုပြင်ဆင်ကာ မြန်မာ့နည်းမြန်မာ့ဟန်စနစ်မှသည် ကမ္ဘာ့နည်းကမ္ဘာ့ဟန် နိုင်ငံ တကာစနစ်ဆီသို့ ချီတက်သွားရမည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

[youtube src="oHnS08sPCkI"/]
ရန်ကုန်မြို့ရေကြီးရေလျှံတဲ့ပြဿနာကိုဖြေရှင်းဖို့ ပြည်ပနည်းပညာအကူအညီယူဖို့လိုတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေးပညာရှင်ကပြောဆိုလိုက်ပါတယ်။

ဇေယျာချမ်းအေး
DVB TV News

(၃-၆-၁၆ )ရက်နေ့ည ၈ နာရီခန့်က ပုသိမ်မြို့နေမစုမြတ်နိုး သည် တကသိုလ်လမ်းရှိ လက်ဘက်ရည်ဆိုင်တွင်သူငယ် ချင်းများဖြင့်ထိုင်နေစဉ် ရည်းစားဟောင်းဖြစ်ခဲ့ဘူးသော
ပလပ် ဆိုသူမှအတင်းအကြပ်ခေါ်ဆောင်သဖြင့် ၎င်းဆိုင် ကယ်ဖြင့်လိုက်သွားပြီးနောက် ပလပ်မှ စုမြတ်နိုးဆိုင်ကယ် နှင့်ဖုန်းအား သတ်ပစ်မည်ဟုဆိုကာ ခြောက်လှန့်တောင်း ယူထားသဖြင့် ၎င်းမှထွက်ပြေးလာခဲ့ကြောင်း မိဘများအား အကြောင်းကြားဖြင့် ဖခင်ဦးကျော်ဝင်းမှ သမီးဖြစ်သူအား
လိက်လံခေါ်ဆောင်ခဲ့ပြီး ဖုန်းနှင့်ဆိုင်ကယ်အား ခြောက်လှန့် တောင်းယူထားသူ ပလပ်အား အရေးယူပေးရန်တိုင်တန်း သဖြင့် ပုသိမ်မြို့မရဲစခန်း (ပ) ၂၅၅/၁၆ ပုဒ်မ ၃၈၆ ဖြင့် အမှု ဖွင့်အရေးယူခဲ့

အမူမှ တရားခံဖမ်းဆီးရမိရေးအတွက် ပုသိမ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ လိုက်လံစုံစမ်းခဲ့ရာ (၄.၆.၂၀၁၆) ရက်နေ ညနေ ၆ နာရီခန့်တွင် တရားခံပလပ်အား ပုသိမ်မြို့ စက်မူဇုန်လမ်းတွင် ဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးစဉ် ၎င်းထံမှ အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းအား သိမ်းဆည်းရမိသဖြင့် လက်နက် ဥပဒေပုဒ်မ ၁၉ (င) အရ အရေးယူ ခဲ့

ရဲတပ်ဖွဲ့ဝင်များမှ ပလပ်အားဖမ်းဆီးစဉ် တရားခံသူငယ်ချင်း ဖြစ်သူ ဇော်လွင်ဖြိုးမှ ပြန်လည်ခုခံရန်ပြုသောကြောင့် နယ်ထိန်းရဲတပ်သား မိုးဇော်ဟိန်းနုတိခမ်းတွင် ဒဏ်ရာရရှိ ခဲ့သဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်အား ခုခံလက် ရောက်မှုကျုးလွန်သူ ဇော်လွင်ဖြိုးအား ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်အရေးယူခဲ့

မိဘများအနေဖြင့် သမီးမိန်းခလေးများအား နမူနာပြောပြ အတုယူနိုင်စေရန် ပုသိမ်မြို့မရဲစခန်းမှ တိုက်တွန်းအပ်ပါ သည်

Credit@Zaw Min Tun
VIA~Ye Lin Aung

 ရေကြီး ရေလျှံ မှုတွေ မဖြစ်ပေါ် ရအောင် ပထမ ဦးစားပေး ဆောင်ရွက်မယ်။
ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုးက သူ့ အနေနဲ့ ဦးစားပေး ဆောင်ရွက်မယ့် အကြောင်းချင်းရာ ၃ ခု ရှိတယ် ဆိုပြီး ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံတုန်း ပြောပါတယ်။

အခု မိုးတွင်းကာလ ရန်ကုန်မြို့ရဲ့ လမ်းတွေ ပေါ် ရေကြီး ရေလျှံ မှုတွေ မဖြစ်ပေါ် ရအောင် ပထမ ဦးစားပေး ဆောင်ရွက်မယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။

မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး နံပါတ် နှစ် ဦးစားပေး ကိုင်တွယ်ချင်တာ ကတော့ မြို့တော် ရဲ့ လမ်းဘေး ဈေးရောင်း နေသူတွေ စည်းစနစ် တကျ ရှိစေဖို့ ဖြစ်ပြီး၊ နံပါတ် သုံး အနေနဲ့ ကျူးကျော် နေထိုင်မှုတွေ ရဲ့ အရင်းခံ အကြောင်းအထိ အဖြေရှာ နိုင်ဖို့ ကြိုးစားမယ်လို့လည်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုပါတယ်။

မြို့တော်ရဲ့ လမ်းတွေပေါ် ယာဉ်ကြော ပိတ်ဆို့ နေတာတွေ၊ လျှပ်စစ်မီး မလောက်မငှ ဖြစ်နေတာတွေ နဲ့ ပတ်သက် ပြီးတော့လည်း မြို့တော်နေ ပြည်သူတွေ ဘက်ကလည်း စည်းကမ်း တကျနဲ့ ယာဉ်စည်းကမ်း လိုက်နာတာမျိုး၊ လျှပ်စစ်မီးကို အလဟဿ မဆုံးရှုံး စေပဲ သုံးစွဲ တာမျိုးတွေ ကျင့်ကြံရမယ်လို့ ဘီဘီစီကို ပြောပါတယ်။

လန်ဒန်မြို့ကို ဆွေးနွေးပွဲတက်ဖို့ ရောက်နေတဲ့ မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုးကို ဘီဘီစီ စတူဒီယိုကို ဖိတ်ခေါ်ပြီး သီးသန့် မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/

 ရွာသူကြီးတွေ အနေနဲ့ အစိုးရ စစ်တပ်နဲ့ SSPP တို့ အကြား နှစ်ဘက်လုံးကို ကြောက်နေရ။
ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ်ထဲက ကျေးရွာသူကြီး တွေ အပါအဝင် ရွာသား တချို့ကို ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ အဆက် အသွယ် လုပ်တယ် ဆိုတဲ့ စွဲချက်နဲ့ အစိုးရ စစ်တပ်က ဖမ်းဆီး ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီရဲ့ ဒေသခံ လွှတ်တော် အမတ် တစ်ဦး က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

သိန္နီမြို့နယ် ပန်ဆုံ ကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ရွာသူကြီးတွေ အစည်းအဝေး လုပ်နေတုန်း စအဖ လို့ ခေါ်တဲ့ စစ်ထောက်လှမ်းရေးတွေ အပါအဝင် အစိုးစစ်တပ် ရောက်လာပြီး စုစုပေါင်း လူ ၈ ဦးကို ဖမ်းဆီး သွားတာ ဖြစ်တယ် ဆိုပြီး သိန္နီ မြို့နယ် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ထားရီ က ပြောပါတယ်။

ဒေသခံရွာတွေက လူဦးရေ အရေအတွက် အပါအဝင် သတင်း အချက်အလက်တွေကို ကောက်ယူပေးဖို့ SSPP ဘက်က ရွာသူကြီးတွေကို အမိန့် ထုတ်ထားတဲ့ အတွက် ရွာသူကြီးတွေ အနေနဲ့ နှစ်ဘက်အကြား ညပ်နေရတာ ဖြစ်တယ်လို့ ဒေါ်ခင်ထားရီ က ဆိုပါတယ်။

အဖမ်း ခံထားရတဲ့ သူတွေကို အခုလ ဇွန်လ ၂ ရက်နေ့မှာပဲ အစိုးရက မတရား အသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ အမှု ဖွင့်လိုက်ပြီလို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီး ထားတဲ့ သူတွေကို သန္နီ ရဲစခန်းထဲမှာ ချုပ်နှောင် ထားရာကနေ လုံခြုံရေး အရ ဆိုပြီး တပ်မ ၁၆ ထဲ ပြောင်းရွှေ့ ထားတယ်လို့ ဒေါ်ခင်ထားရီ က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese/


ကွမ်းကို ဆယ်ကျော်သက်အရွယ်ကစပြီး စွဲစွဲမြဲမြဲစားလာခဲ့သူ ကိုကျော်ဇင်မြင့် တစ်ယောက် အနှစ် (၂ဝ)လောက်ကြာသည့် ယခုအချိန်မှာ ကွမ်းဆက်မစားဖို့ ယတိဖြတ်ဆုံးဖြတ်လိုက်သည်။ လျှာတွေထူ၊ ပါးတွေရောင်နေပြီး အစား အသောက် ပျက်လာကာ ရေပင် ခက်ခက်ခဲခဲမျိုချနေ ရသည့်အတွက် ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

''ပါးစပ်တွေပေါက်လာတယ်။ ထမင်းစားလို့ အပူ၊ အစပ်နည်းနည်းစားမိရင် မျက်ရည် ပေါက်ပေါက်ကျရလောက်အောင်ကို ခံစားရတယ်။ ဘယ်လိုမှ မနေနိုင်လို့ နောက်ဆုံးမှာ ကွမ်းဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်''ဟု ကွမ်း ယာကြောင့် ခံစားရသည့် ဒုက္ခများကိုပြောပြသည်။

ရှေးယခင်က ကွမ်းကို မိရိုးဖလာနည်းဖြင့် ကိုယ်တိုင် ယာစားခဲ့သော်လည်း ယခုအခါ နိုင်တီတူး၊ ဖိုတီဖိုက်၊ ဟန်ဒရက်၊ ဘုရင်မ၊ နှပ်ဆေး၊ ဆေးပေါင်းစသည့် ပြည်ပမှ တင်သွင်းလာသော ကွမ်း စားဆေး တို့ဖြင့် ကွမ်းကို ဆေးအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် စားသုံးလာကြသည်။

သို့သော် ကိုကျော်ဇင်မြင့်ကဲ့သို့ ကွမ်းဖြတ်သူများမှာ အနည်းစုသာဖြစ်ပြီး အများစုမှာ ကွမ်းယာကို နှစ်ခြိုက်စွာ စားသုံးနေကြဆဲပင်ဖြစ်သည်။

ကွမ်းယာဆိုင်များကိုလည်း ကားမှတ်တိုင်များ၊ လူစည် ကားသောနေရာများ၊ လမ်းများ၊ ရပ်ကွက်များရှိ မည်သည့် လမ်းဘေးဆိုင်မဆို အလွယ်တကူ ဝယ်ယူစားသုံးနိုင်သည်။

''စားတဲ့သူတွေရှိနေသရွေ့ ရောင်းတဲ့သူကတော့ ရှိနေ ဦးမှာပဲ။ ဘတ်စ်ကား တစ်မှတ် တိုင်မှာတောင် ကွမ်းယာဆိုင် သုံးခုလောက်ရှိတယ်''ဟု ဗဟန်းမြို့နယ် မှ ကွမ်းယာ ရောင်းသူတစ်ဦးက ပြောသည်။

ကွမ်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် စိုက်ပျိုးလျက်ရှိပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး ကွမ်းကုန်စည်ဒိုင်များသို့ ပန်းတနော်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ညောင်တုန်း မြို့နယ်တို့မှ ကွမ်းရွက်များ အဓိကဝင်ရောက်လျက်ရှိသည်။ နေ့စဉ်ကွမ်းခြင်း အလုံး ၂ဝဝ ဝန်းကျင် ရောင်းအားရှိနေ သည်ဟုလည်း ကွမ်းကုန်သည်တစ်ဦးကပြောသည်။

အင်းစိန်မြို့နယ်ရှိ ရွှေညာသားကွမ်းယာဆိုင်မှာ တစ်နေ့လျှင် ကွမ်း ရှစ် ပိဿာ မှ ၁ဝ ပိဿာ ဝန်းကျင် ရောင်းချနေရသည်ဟု ဆိုသည်။


ယနေ့ခေတ်ကာလတွင် ကွမ်းကို သက်ကြီးရွယ်အိုများ သာမက လူငယ် များလည်း စားသုံးနေကြရာ ကွမ်းယာ ရောင်းချခြင်းသည် မိသားစု ဘဝရပ်တည်ရေးအတွက် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

သာမန် ကွမ်းယာဆိုင်တစ်ဆိုင်၏ ရောင်းအားမှာ ပျမ်းမျှ သောင်းဂဏန်း ဝန်းကျင်ရှိပြီး နာမည်ရကွမ်းယာဆိုင်များ ဆိုလျှင် ရောင်းအား သိန်းချီ၍ပင်ရှိကြောင်း သိရသည်။ ကွမ်းယာရောင်းခြင်းသည် အရင်း အနှီးနည်းနည်းဖြင့် အမြတ်များများရသည့် လုပ်ငန်းတစ်ခုလည်းဖြစ်၍ ရပ်ကွက် အတွင်းရှိလမ်းတိုင်းတွင် ကွမ်းယာဆိုင်များ လက်ညှိုးထိုး မလွဲဖြစ်လာသည်။

''ကျွန်မသားလေးကို ကွမ်းရောင်းပြီးတော့ ကျောင်း ထားလာတာ အခုဆို GTC တောင် ပြီးသွားပြီ''ဟု အင်းစိန်မြို့နယ်တွင် ဆယ်စုနှစ် တစ်ခုကြာကွမ်းရောင်းချလာသူ မမိုးမိုးကပြောသည်။

ကွမ်းယာကို စွဲစွဲလမ်းလမ်းစားတတ်သူတစ်ယောက်၏ တစ်နေ့ကုန်ကျငွေမှာ ပျမ်းမျှ ကျပ် ၁ဝဝဝ ဝန်းကျင်ရှိသည် ဟုလည်း ကွမ်းစားသုံးသူများကဆိုကြသည်။

''အရသာက ကောင်းလို့ရယ် မဟုတ်ဘူး။ စိတ်ခံစားမှု တစ်ခုအနေနဲ့ စားတာပါ။ အစားတစ်ခုခု စားပြီးတိုင်း ပါးစပ်ထဲ ကွမ်းလေးထည့် လိုက်ရ ရင် ကျေနပ်သွားတယ်။ ပြည့်စုံသွားသလိုလည်းခံစားရတယ်''ဟု သင်္ဃန်းကျွန်းမြို့ နယ် (ဂ)ရပ်ကွက်နေ ကိုကျော်ဇင်မြင့်က ဆက်လက် ပြောပြ သည်။

ငွေကြေးကုန်ကျမှုသာမက ကွမ်းကြောင့် နောက်ဆက် တွဲရောဂါများအဖြစ် သွားနှင့်ပတ်သက်သည့် ရောဂါများ၊ ရေရှည်စားသုံးမည်ဆိုပါက လျှာကင်ဆာ၊ ပါးစပ်ကင်ဆာ၊ ပါးစောင်ကင်ဆာ၊ သွားဖုံးကင်ဆာ၊ လည်ချောင်းကင်ဆာ များအပြင် ထုံးကြောင့် ဆီးလမ်းကြောင်းကျောက် တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ သိရသည်။

''ကွမ်းရဲ့သဘာဝကိုက လူကိုစွဲစေတယ်။ ကွမ်းစား ဆေးတွေပါ တာကြောင့်လည်း စွဲလမ်းပြီးဖြတ်ရခက်တော့ တာပေါ့။ ကွမ်းစားတာ ကျန်းမာရေးအတွက်လည်း အကျိုး မရှိဘူး။ ကြည့်ရတာလည်းရုပ်ဆိုးတယ်။ ကွမ်းသွေးကို စနစ်တကျ မထွေးရင်လည်း ပတ်ဝန်းကျင်ကို ညစ်ပတ်စေ တယ်''ဟု ဒေါက်တာစိုးထွန်းကပြောသည်။

ကျန်းမာရေးဆိုးကျိုးများသာမက စည်းကမ်းမဲ့ ကွမ်းသွေးထွေးခြင်းကြောင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို ထိခိုက်စေနိုင်သဖြင့် အစိုးရသစ်လက်ထက်တွင် ကွမ်းစားသုံးမှု လျော့နည်းပပျောက်ရေးစီမံချက်များ ချမှတ်ဆောင်ရွက် လျက်ရှိသည်။ ထို့အတူ နိုင်ငံတစ်ဝန်းလုံးရှိ ဌာနဆိုင်ရာ ရုံးများ၊ ကျောင်းများ၊ အဖွဲ့အစည်းများတွင် တာဝန်ချိန်အတွင်း ဝန်ထမ်းများ ကွမ်းစားသုံးမှုမရှိစေရေး၊ ဌာနဆိုင်ရာ အဆောက်အအုံနှင့် ပရဝဏ်အတွင်းတွင် ကွမ်းယာဆိုင်များမရှိစေရေးအတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကွမ်းယာနှင့် ဆက်စပ်ပစ္စည်းရောင်းသူ ဗဟန်းမြို့နယ် နေ မဝင်းဝင်းလှိုင်က ''ကွမ်းစားသုံးမှု လျော့နည်းပပျောက် ရေး ဆောင်ရွက်မယ်ဆိုတာက ကွမ်းယာဆိုင်တစ်ခုတည်း ပပျောက်အောင် ဆောင်ရွက်လို့ မရပါ ဘူး။ မြန်မာတစ်နိုင်ငံ လုံးက ကွမ်းစိုက်တောင်သူတွေ၊ ကွမ်းပွဲရုံတွေ၊ ကွမ်းယာ ရောင်းသူတွေရဲ့ ဘဝရပ်တည်ရေးအတွက်ကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်။ အခြားအစားထိုးအလုပ်တွေ စဉ်းစားပေးမယ် လို့ဆို တယ်။ တကယ်တော့မလွယ်ဘူး။ အခုတောင်အလုပ်အကိုင်ကရှား၊ စားဝတ်နေရေးခက်နေ တာ''ဟုပြောသည်။

ကွမ်းစားသုံးခြင်း၏ အကျိုးဆက်အန္တရာယ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် စည်းရုံးပညာ ပေးခြင်း များ ဆောင်ရွက်ရန် လိုသလို ကွမ်းမစားရနယ်မြေ၊ ကွမ်းမရောင်းရနယ်မြေ သတ်မှတ်ခြင်း များသာ ဆောင်ရွက် သင့်သည်ဟု ၎င်းက ဆက်လက်အကြံပြုသည်။

''ကွမ်းစားသုံးမှုကို လုံးဝပပျောက်အောင်ကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ တဖြည်းဖြည်းတော့ လျော့နည်း အောင်လုပ်လို့ရမယ်''ဟု ရန်ကုန်မြို့ရှိ ကွမ်းကုန်သည်တစ်ဦး ဖြစ်သူ ဦးမောင်ဦးက ပြောသည်။

မန္တလေးမြို့တွင် ကွမ်းစားသုံးမှု လျော့နည်းပပျောက် ရေးလှုပ်ရှားမှုတစ်ခုအဖြစ် စည်းကမ်းမဲ့ ကွမ်းသွေးထွေးသူ များပပျောက်စေရန် ပြီးခဲ့သည့် မေ ၂၈ ရက်က စတင်ကာ ကွမ်းသွေးထွေးရန် ပလတ်စတစ်ဘူးများကို ဝမ်းတူဝမ်း ပြည်သူ့ ကူညီရေးအဖွဲ့များကလည်း လူစည်ကားသည့် နေရာများနှင့် ကွမ်းယာဆိုင် များတွင် ကွမ်းသွေးဘူးများကို လိုက်လံဝေငှပေးခဲ့သည်။


ရန်ကုန်မြို့နေ ကိုတင်လှိုင်ထူးကတော့ ''ကွမ်းစားတဲ့ သူတွေရဲ့ ဒုက္ခကကွမ်းသွေးထွေးခြင်းပါပဲ။ ကျွန်တော် ကိုယ်တိုင်လည်း စည်းကမ်းမဲ့ကွမ်းသွေးထွေးဖြစ်တယ် ဆိုတာကို ဝန်ခံပါတယ်''ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးမှု တွင်ကျယ်လာ သည်နှင့်အမျှ လမ်းများ၊ ပလက်ဖောင်းများ၊ ရေမြောင်းများ၊ လှေကားချောင်များ၊ သစ်ပင်၊ ပန်းပင်များအပါအဝင် နေရာအနှံ့အပြားတွင် ကွမ်းသွေးများကို ရုပ်ဆိုးအကျည်း တန်စွာ မြင်တွေ့နေရသည်။

မြန်မာနိုင်ငံတွင်သာမက မြန်မာအများစုသွားရောက် အလုပ်လုပ်ကိုင်နေသည့် စင်ကာပူ၊ မလေးရှားနှင့် ကိုရီးယားနိုင်ငံများတွင်လည်း စည်းကမ်းမဲ့ကွမ်းသွေးထွေး ခြင်းများကြောင့် သက်ဆိုင်ရာနိုင်ငံများမှ အာဏာပိုင်များ နှင့် ပြည်သူများ၏ ငြိုငြင်မှုများကိုလည်း ကြားသိနေရ သည်။
မြန်မာရာဇဝင်သမိုင်းများအရ ကွမ်းစားသုံးသည့် ဓလေ့မှာယခင်ကတည်းကရှိခဲ့သည်။ ကွမ်း၊ ထုံး၊ ကွမ်းသီး များကို ကြေးကွန်းအစ်၊ ယွန်းကွမ်းအစ်များဖြင့် တခမ်းတနား တည်ခင်းဧည့်ခံလေ့ရှိသည်မှာ မြန်မာတို့၏ ရှေးရိုး အစဉ်အလာတစ်ခုလည်းဖြစ်ခဲ့သည်။

ရခိုင်ဘုရင်မင်းထီး (သက္ကရာဇ် ၆၄၁-၇၃၆)လက်ထက်တွင် မှူးမတ်တို့သည် ကွမ်းစားပြီးလျှင် နန်းတော်တိုင်ကို အမှတ်တမဲ့ ထုံးသုတ်လေ့ရှိကြသည်။ ဘုရင်ကထုံးသုတ်သူ ကိုတွေ့လျှင် သုတ်သည့်လက်ချောင်းကို ဖြတ်မည်ဟု အမိန့်ထုတ်ခဲ့သည်။ တစ်နေ့၌ ဘုရင်မင်းထီးသည် နန်းတော်တိုင်ကို ထုံးသုတ်ခဲ့မိသဖြင့် မှူးမတ်ဗိုလ်ပါ အများသူငါရှေ့တွင် မိမိလက်ညှိုးကို ကိုယ်တိုင်ဖြတ်ကာ စည်းကမ်းလိုက်နာခဲ့သည့် သာဓကများလည်းရှိခဲ့သည်။

တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာကဆေး ၊ ကွမ်းသီး တောင်ငူနှင့် ကိုင်းထုံးဖြူ၊ ပြည်ရှား၊ သာဝါးလို့ထွေး စသဖြင့် ကွမ်းနှင့်ပတ်သက်၍ ချစ်မြတ်နိုး စရာ မြန်မာ့ဓလေ့ ပေါ်လွင်အောင် ရေးဖွဲ့ထားသောကဗျာများ၊ ရာဇဝင် များနှင့် အတူ အရိုးစွဲလာခဲ့သည့် မြန်မာတို့၏ ကွမ်းစားသုံးမှုဓလေ့အား အမှန်တကယ်လျော့နည်း ပပျောက်အောင် အားလုံးက အသိစိတ်ဓာတ်ရှိရှိဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ ………။

သတင်း-ဝင်းဝင်းမော်၊ နန္ဒာဝင်း၊ ဓာတ်ပုံ-ဖိုးထောင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


တောင်တရုတ်ပင်လယ်မှာ သူတို့ပိုင်နက်ဆိုပြီး တရုတ်က ပြောဆိုနေမှုတွေအပေါ် ဖိလစ်ပိုင်နိုင်ငံရဲ့ တိုင်တန်းမှုအရ နိုင်ငံတကာ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြု လက်ခံမှာ မဟုတ်တဲ့အကြောင်း စနေနေ့မှာပဲ တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

ရှင်းရှင်းပြောရမယ်ဆိုရင် - ဒီအမှုဟာ ကုလသမဂ္ဂ ခုံသမာဓိအဖွဲ့က စီရင်ပိုင်ခွင့် မရှိဘူးဆိုပြီး - တရုတ်အမျိုးသားကာကွယ်ရေး ၀န်ကြီးဌာနရဲ့ နိုင်ငံခြားရေးရာရုံး ညွှန်ကြားရေးမှူး ရေတပ်ဗိုလ်ချုပ်ကြီး Guan Youfei က ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေအရ ဖိလစ်ပိုင်နိုင်ငံက အမှုဖွင့် တိုင်ကြားပြီး၊ တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်ကြောင်း ပြောဆိုမှု အပေါ်ု မေးခွန်းထုတ်နေတာ ဖြစ်ပါတယ်။

အမှုကိုတော့ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ တခုကနေ မကြာခင်မှာ ကိုင်တွယ်မယ်လို့ မျှော်လင့်ရပါတယ်။ ကြားဝင်ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ တရားရုံးကတော့ တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ကြားကဘဲ အမှုကို စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း မနှစ်တုန်းကပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Guan Youfei ရဲ့ အခု ကြေညာချက်ဟာ - နိုင်ငံတကာရဲ့ ကြားဝင် ဆောင်ရွက်မှုကို လက်မခံဘဲ - သက်ဆိုင်ရာ နိုင်ငံတွေအချင်းချင်းကြား နှစ်နိုင်ငံချင်းစီ ဆွေးနွေးပြီးတော့ နိုင်ငံတော်တော်များများနဲ့ သူတို့ရဲ့ အငြင်းပွားနေမှုကို ပြေလည်စေချင်တဲ့ တရုတ်နိုင်ငံရဲ့ နှစ်ရှည်လများ ရပ်တည်ချက်ကို ထပ်မံ ပြသနေတာလည်း ဖြစ်ပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လက်ရှိ အစိုးရဟာ ဒီမိုကရေစီ နည်းမကျတဲ့ မူဝါဒတွေ ကျင့်သုံး နေတယ် ဆိုပြီး ပိုလန် သမ္မတ နှစ်ဦး အပါအဝင် အတိုက်အခံ တွေက ရှုမြင်နေ။

ပိုလန် နိုင်ငံရဲ့ လက်ရှိ ကွန်ဆာဗေးတစ် အစိုးရကို မြို့တော် ဝါဆောမှာ လူတွေ သောင်းပေါင်း များစွာ ချီတက် လှည့်လည် ဆန္ဒပြ ခဲ့ကြပါတယ်။

ပိုလန် နိုင်ငံမှာ ကွန်မြူနစ် စနစ် ပြိုလဲ ခဲ့တာရဲ့ ၂၇ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ အခုလို ဆန္ဒပြပွဲ ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရဟာ ဒီမိုကရေစီ နည်းမကျတဲ့ မူဝါဒတွေ ကျင့်သုံး နေတယ် ဆိုပြီး ပိုလန် သမ္မတ နှစ်ဦး အပါအဝင် အတိုက်အခံ တွေက ရှုမြင်နေကြတာ ဖြစ်ပါတယ်။

ဒီလို ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ကွန်ဆာဗေးတစ် အစိုးရဟာ တိုင်းပြည်တွင်း လူမှုဖူလုံရေး စီမံကိန်းရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ ကလေး စားရိတ် ထောက်ပံ့ကြေး တိုးမြှင့်ပေးတာ၊ အဖိုး အနှုန်း ချိုချိုနဲ့ အိမ်ယာ စီမံကိန်းတွေ ဖန်တီး ဆောက်လုပ် ပေးတာ နဲ့ မွတ်ဆလင်မ် ရွှေ့ပြောင်း ဝင်ရောက်သူတွေကို လက်ခံဖို့ ငြင်းဆန်တာတွေ ကြောင့် ကောက်ယူကြည့်တဲ့ စစ်တမ်းတွေမှာ လူကြိုက်များ နေတာကို တွေ့နေရတယ်လို့ ဝါဆောမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

သောကြာနေ့က အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီဟာ မြန်မာအားကစားသမားတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အတုယူဖွယ် လေးစားရလောက်တဲ့ အားကစားသမားဖြစ်တယ်လို့ မြန်မာ့အားကစားသမားတွေ က ပြောဆိုပါတယ်။ သူကွယ်လွန်သွားတဲ့အတွက် ၀မ်းနည်းကြောင်းလည်း ပြောဆိုကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီဟာ ခြေတုန်လက်တုန်တဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ Parkinson ရောဂါကို နှစ်ပေါင်းများစွာ ခံစားရပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ အာရီဇိုးနားပြည်နယ် Phoenix မြို့ဆေးရုံမှာ သောကြာနေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

အခုလို ကမ္ဘာကျော် လက်ဝှေ့သမားကြီးတယောက် ကွယ်လွန်သွားတဲ့အတွက် ၀မ်းနည်းမိကြောင်း အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်က မိုဟာမက်အလီ အိမ်နားမှာ တချိန်က အနီးကပ်နေထိုင်ခဲ့ဖူးသူ ကချင်လက်ဝှေ့နဘမ်းသမား ကိုအောင်လအန်ဆမ်က ပြောပါတယ်။

“မီချီဂန်မှာလေ သူ့အိမ်ရှေ့နားမှာ နေဖူးတယ်။ အဲဒီကတည်းက သူ့အကြောင်း ကျနော် လေ့လာထားတယ်ပေါ့နော့။ သူ့ရဲ့ ရှောင်တဲ့ သူ့ရဲ့ movement တွေ ကျနော်အရမ်း သဘောကျပြီးတော့ သူ့ရဲ့ အဲ့ဒီဟာကိုလည်း လေ့လာတယ်။ သူ့ရဲ့ကြိုးစားမှု အဲလိုမျိုးတွေကို ကျနော်က အတုယူတယ်။ အားကစားသမားထဲမှာ သူ့ကို အမြင့်ဆုံးမှာ ကျနော်ထားထားတယ်လေ။ သူ ဆုံးသွားတော့ ကျနော် အရမ်း စိတ်မကောင်းဘူး။”


၁၉၆၀ ခုနှစ် ရောမအိုလံပစ်ပြိုင်ပဲမှာ ရွှေတံဆိပ်ရခဲ့ပြီး၊ ၆၄ ခုနှစ်မှာ Sonny Liston ကို အနိုင်ရလို့ ပထမဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတဲ့ မိုဟာမက်အလီဟာ တချိန်က မြန်မာ့ လက်ဝှေ့လောကကိုသာမက မြန်မာ့အားကစားလောကကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ လွှမ်းမိုးခဲ့သူ ဖြစ်တယ်လို့ မြန်မာ့လက်ရွေးစင် တင်းနစ်အားကစားသမားဟောင်း ဦးထွန်းအောင်က ပြောပါတယ်။

“မိုဟာမက်အလီကတော့ ဟဲဗီးဝိတ်အနေနဲ့ ထိုးပုံ၊ ရှောင်ပုံ၊ တိမ်းပုံတွေက ဟိုတင့်ကားကြီးတွေလို မဟုတ်ဘူး လေးလေးပင်ပင်ကြီး မဟုတ်ဘူး၊ သူက ခြေထောက်မြန်တယ် လက်မြန်တယ်၊ ဉာဏ်သုံးတယ်ဆိုတော့ ဒီ မြန်မာလက်ဝှေ့သမားတွေက ဒါ ကြိုက်ကြတာပေါ့လေ၊ တချို့ အားကစားသမားတွေ ဆိုတာက ဟို ကာယအားပဲ အားကိုးတယ်၊ သူက ဉာဏ်နဲ့ ကာယအားကို အားကိုးတဲ့အတွက် မြန်မာ့အားကစားသမားတွေက သူ့ကို သဘောကျကြတယ်။ အဲဒီတော့ အန်ကယ် ဗမာပြည်မှာရှိတုန်းက ဆိုလို့ရှိရင် သူ့အကြောင်းကို အင်မတန်မှ စိတ်ဝင်စားတာပဲ။ မိုဟာမက်အလီ ဆိုလို့ရှိရင် ဟား တခါထဲကို သူထိုးတော့မယ်၊ ဟာသူ Sonny Liston နဲ့ ထိုးတဲ့အခါကျရင် နိုင်ပါ့မလား၊ Sonny Liston ဆိုရင် အင်မတန် ကြောက်စရာကောင်းတာ၊ သူထိုးတဲ့လူတွေက အကုန်လုံးသူ အနိုင်ချည်းပဲ ရတာပဲ။ ဟော မိုဟာမက်အလီကျတော့ သူက Sonny Liston ကို နိုင်သွားတယ်။ အဲလိုပေါ့လေ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း အင်မတန်ကောင်းတဲ့အတွက် လက်ဝှေ့သမားတွေ ကြားထဲသာ မကဘူး၊ ဗမာ့အားကစားလောကမှာ ဒီလူဟာ ကြိုးစားတယ်၊ အတုယူကြတယ်ပေါ့လေ”

လက်ဝှေ့ကျော်အလီဟာ မြန်မာ့အားကစားသမားတွေအတွက် အတုယူဖွယ် ဖြစ်ခဲ့တယ်လို့ ဦးထွန်းအောင် က ပြောပါတယ်။

“အဲဒီတော့ ဒီအကဲစမ်းမှုတွေ များနေတဲ့ ကြားကနေ အမျိုးမျိုး လက်မရှော့တမ်း ကျော်လွှားရတဲ့ဥစ္စာက စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း အင်မတန်ကောင်းတဲ့အတွက် ဒီမြန်မာအားကစားသမား လူငယ်များအတွက် သူ့ကို အတုယူဖွယ်ပေါ့လေ၊ အတုယူဖွယ် အားပေးတယ် သဘောကျကြတယ်”

သူ့ရဲ့ ဈာပနအခမ်းအနားကို သူ့ဇာတိ Kentucky ပြည်နယ် Louisville မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
VOA Burmese News

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတအားလုံးကို ရခိုင်ပြည်သူတွေ ပိုင်ဆိုင်ခွင့်ရရှိရေး အတွက် ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က အချက် ၆ ချက်ပါတဲ့ မူဝါဒ ဆိုင်ရာအကြံပြုချက်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီမူဝါဒဆိုင်ရာအကြံပြုချက်တွေကို ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်းသွားမယ်လို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇေယျကျော်က ပြောပါတယ်။

"အခုလာမယ့် ၂၁ ရာစုပင်လုံညီလာခံ၊ အဲ့ညီလာခံမှာ တိုင်းရင်းသားတွေရဲ့သယံဇာတတွေနဲ့ ပတ်သက်ပြီးတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အတူ ၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြတောင်းဆိုသွားမှာဖြစ်ပါတယ်ခင်ဗျာ"

အဲဒီမူဝါဒ (၆) ချက်ထဲမှာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်တွေမှာရှိတဲ့ ရေ၊ မြေ၊ သဘာဝ၊ သယံဇာတတွေဟာ ပြည်သူတွေရဲ့ ပိုင်ရှင်ဖြစ်တယ်ဆိုတာကို ပြဌာန်းပေးဖို့၊ ပြည် နယ်မှာရှိတဲ့ သဘာဝသယံဇာတတွေအပေါ် ပြည်နယ်အစိုးရတွေက ဥပဒေပြဌာန်းရေးဆွဲပိုင်ခွင့်ရှိဖို့နဲ့ အဲဒီဥပဒေကိုအတည်မပြုမချင်း သယံဇာတတူးဖော်ရောင်းချမှုတွေကို ရပ်ဆိုင်းထားဖို့ စတာတွေပါဝင် ပါတယ်။

ဒါ့အပြင် ပြည်နယ်ထဲက သယံဇာတတူးဖော်ထုတ်လုပ်ရောင်းချတာကရရှိတဲ့ ဘဏ္ဍာငွေတွေနဲ့ အခွန် အခတွေကို ပြည်နယ်အစိုးရက တိုက်ရိုက်ကောက်ခံ ပိုင်ခွင့်ရှိရမှာဖြစ်ပြီး သယံဇာတတူးဖော်မှုတွေနဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ မဆောင်ရွက်ခင် ပြည်သူတွေရဲ့ ဆန္ဒကိုရယူဖို့ စတဲ့ အချက် တွေလည်း ပါရှိပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေက ကိုယ် စားလှယ်တွေပါဝင်တဲ့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ် ဝန်းကျင်ဆိုင်ရာကွန်ရက်နဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ စစ်တွေမြို့မှာ ဒီနေ့ဆွေးနွေးပြီး အဲဒီမူဝါဒဆိုင်ရာ အကြံ ပြုချက်မူကြမ်း (၆) ချက်ကို အတည်ပြုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

လက်ရှိ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ထွက်ရှိတဲ့ သဘာဝ သယံဇာတတွေအားလုံးကို ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲခွင့်ရရှိထားတာဖြစ်ပါတယ်။
RFA


ပုဒ်မ(၄၄၅)အရ..
နောက်ကြောင်းပြန်လှည့်ပြီး
အရေးယူလို့မရဘူး..

ဒါပေမ့ အရေးယူလို့မရတာ..
အခုအစိုးရသစ်အနေနဲ့ပဲအရေးယူလို့
မရတာ..

ပြည်သူကမကျေနပ်လို့တိုင်ရင်တော့
တည်ဆဲဥပဒေအရ..
အရေးယူလို့ရနိုင်မှာပေါ့...
အစိုးရအဖွဲ့တွေမဟုတ်တော့တဲ့အတွက်
အရပ်သားအချင်းချင်းဖြေရှင်းကြပေါ့..

ဒါ့ကြောင့်.
နောက်ပိုင်းမှာ..
ပြည်သူတွေကိုခေါင်းပုံဖြတ်ထားတဲ့
အရင်လူဟောင်းတွေရဲ့..
မတရားမှုတွေကို ဖွတာတွေ
တိုင်တာတွေ တရားစွဲတာတွေဖြစ်လာနိုင်တယ်..
အခုကျောက်မျက်ကိစ္စလို...
အရှုပ်တွေအများကြီးရှိနေမှာပဲ...

ဒီလိုဖြစ်လာရင်တော့ အစိုးရသစ်က
လက်ပိုက်ကြည့်နေတာကလွဲရင်
ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာတော့
နားလည်သင့်တယ်..

ဖြစ်စဉ်မှန်ပြီဆိုရင်တော့..
ကိုယ့်ဘ၀ကိုယ်တွေးကြပေါ့..

----------------

တကယ်ဆို..
ပုဒ်မ (၄၄၅) ရှိနေရက်နဲ့တောင်..
သမ္မတကိုအကာအကွယ်ပေးတဲ့
ဥပဒေတွေ တက်သုတ်ရိုက်ပြဌာန်းခဲ့တယ်ဆိုကတည်းက

ဦးသိန်းစိန်ဟာ ရိုးသားမှုမရှိဘူးလို့
အားလုံးကသဘောပေါက်ပြီးသား..

ရိုးတယ်ဆိုတဲ့နာမည်တစ်ခုတည်းနဲ့.
လူပိန်းတစ်ချို့လက်ခံလာတဲ့ ဦးသိန်းစိန်ဟာ
အခုလိုငွေကြေးအရှုပ်တော်ပုံတွေကိစ္စဖြစ်လာရင်
သွားပြီ...

ဦးသိန်းစိန်သွားရင်..
ပြည်ခိုင်ဖြိုးလဲသွားပြီ..

အဲဒါကြောင့် ဦးသိန်းစိန်မှာတာဝန်ရှိရှိမရှိရှိ
ဦးသိန်းစိန်လာဘ်စားစားမစားစား
အားလုံးက တံတိုင်းလိုကာပေး၊ဖါပေးကြတာဖြစ်တယ်၊
ဦးသိန်းစိန်ကိုချစ်တာကနည်းနည်း..
သူတို့ပါခွေးဖြစ်သွားမှာစိုးလို့ ၀င်ဖါပေးကြတာ..

ဦးသိန်းစိန်ဟာ ဖွတ်တွေရဲ့ အိုင်ကွန်ပဲ.

----------------

ဒါပေမဲ့..

ဦးသိန်းစိန်အပါအ၀င်..
အများစုမသိသေးတာက..

ဦးသိန်းစိန်လက်ထက်မှာ..
ဦးသိန်းစိန်ရဲ့အနီးကပ်တွေဖြစ်တဲ့..
ဦးစိုးသိမ်းစတဲ့လူတွေ..
သမ...ထားတဲ့ကိစ္စတွေအများကြီးရှိတာကိုပဲ..

ရုပ်ပျက်ဆင်းပျက်အပေးအယူတွေ
လုပ်ခဲ့တာတွေ၊
ဂွင်ဖန်ပြီးပါမစ်ချပေးတာတွေမှ
အများကြီးပဲ..

ကာယကံရှင်စီးပွားရေးလုပ်ငန်းရှင်တွေက
သူတို့အကျိုးစီးပွား ပါနေလို့သာငြိမ်နေကြတာ..
တကယ်ဆို အဲဒီ Amount တွေက
အကြီးကြီးတွေ..

တကယ်လို့သာအစိုးရသစ်က..
ပေါ်လစီအသစ်တွေပြောင်းလိုက်ရင်..
Under-table ကြီးကြီးမားမားပေးတဲ့သူတွေ
အရှိုက်ထိသွားနိုင်တယ်..

အရှိုက်ထိသွားရင်..
အခုလိုပြသနာတွေဝက်ဝက်ကွဲထပ်ဖြစ်လာနိုင်တယ်
အရှုပ်တော်ပုံပေါင်းများစွာတွေ့လာနိုင်တယ်..

ဦးသိန်းစိန်ကယုန်ဆိုရင်..
ဦးစိုးသိန်းတို့က ဂေါ်ဇီလာပဲ..

ဒါပေမဲ့ အဲဒီဂေါ်ဇီလာဟာ..
ယုန်ရဲ့ တပည့်ဖြစ်နေတာကိုတော့

ဘယ်သူမှမငြင်းနိုင်ပါဘူး..

ဒါကိုတော့သဘောပေါက်ပါ..

( Pa Yit)

Cartoon- ဧရာဝတီ