06/06/16

 ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်နဲ့ သတ်မှတ်( ဓါတ်ပုံ-Yangon Heritage Trust)
ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်နဲ့ သတ်မှတ်( ဓါတ်ပုံ-Yangon Heritage Trust)

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နှစ်ပေါင်း တရာကျော်ကြာအောင် ရှိခဲ့တဲ့ ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်နဲ့ သတ်မှတ်လိုက်ပါတယ်။ ရန်ကုန်မြို့တွင်း ရှေးဟောင်းဗိသုကာလက်ရာနဲ့ သမိုင်းဝင်နေရာတွေကို ထိန်းသိမ်းနေတဲ့ လုပ်ငန်းစဉ် အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ ဇွန်လ ၅ ရက်နေ့ကလုပ်တဲ့ ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ် သတ်မှတ်မှု အခမ်းအနားကို တတ်ရောက်သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ဂျုးလူမျိုးတွေဟာ မြန်မာနိုင်ငံထဲကို ၁၉ရာစု အစောပိုင်း ကတည်းက ရွေ့ပြောင်း လာကြပြီး အများစုဟာ အိန္ဒိယ ၊ အီရန်နဲ့ အီရတ်ဒေသ ဘက်တွေ ကနေ အခြေချခဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။ ဂျုးလူမှုအသိုင်းအ၀ိုင်းဟာ ကိုလိုနီခေတ်အစောပိုင်း ရန်ကုန်စီးပွားရေးလောကမှာ အထင်ကရရှိခဲ့ပြီးတဲ့နောက် ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာနိုင်ငံကနေ အများစုဟာ အစ္စရေး၊ အမေရိကန် ယူကေနဲ့ Australia နိုင်ငံတွေကို ပြောင်းရွေ့ခဲ့ကြတာပါ။ ၁၉၆၀ ကာလ စီးပွားရေးလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းခံရတဲ့နောက်မှာလည်း အများစုဟာ မြန်မာနိုင်ငံကနေ စွန့်ခွာသွားကြပါတယ်။ ဒါကြောင့် ကျန်ရှိနေတဲ့ ဂျူးလူမျိုး အနည်းအကျဉ်းကနေ ဒီဘုရားကျောင်းကို စောင့်ရှောက်ခဲ့ကြတာပါ။ ဒီလို ရှေးဟောင်း သမိုင်းဝင်နေရာဖြစ်တာမို့ မတ်တ်စ်မီးယား ရေရှုအာ ဂျုးဘုရားကျောင်းဟာ နိုင်ငံခြားခရီးသွားတွေ အလာများခဲ့တဲ့ နေရာဖြစ်တယ်လို့ ဘုရားကျောင်း ဂေါပကလူကြီး Sammy Samuel က ပြောပါတယ်။

“ဒီဘုရားကျောင်းကတော့ ၁၈၉၆ ခုနှစ်က စဆောက်ခဲ့တာပေါ့နော်။ ဒီဘုရားကျောင်းမတိုင်ခင်မှာတော့ ကျနော်တို့ သစ်သား building လိုမျိုး ဘုရားကျောင်းလေးတခုရှိခဲ့တယ်။ အဲဒါကတော့ ၁၈၅၄ ခုနှစ်မှာ ဒါပေမယ့် မီးလောင်ပြီးတော့ ပျက်စီးသွားတဲ့အခါမှာ ဒီဘုရားကျောင်းကို အစားထိုးခဲ့တာပေါ့နော်။ အခုအချိန်မှာတော့ ကျနော်တို့ ဂျူးလူမျိုးက တော်တော်နည်းပါးသွားပါပြီ။ အယောက် ၂၀ လောက်ပဲရှိတယ်။ အရင်တုန်းကတော့ကျနော်တို့ ၂၅၀၀ ကျော်ရှိခဲ့ဖူးတယ်ပေါ့နော်။ ဒီမှာဆိုရင် ဘုရားပွဲတွေထဲမှာ လူအပြည့်ပေါ့။ အခုအခါမှာ တော်တော်ကိုနည်းသွားပြီ။ ရန်ကုန်မြို့မှာဆိုရင် ဒီတခုထဲရှိတာပါ ဘုရားကျောင်းကတော့။”

ဒီ ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်နေရာတခုအဖြစ် သတ်မှတ်လိုက်နိုင်တာမို့ ဘုရားကျောင်းရှေရှည်ထိမ်းသိမ်းရေးအတွက် ပိုပြီး အခွင့်အလမ်းရလာမယ့်လို့ Sammy Samuel က ယုံကြည် ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာခဲ့တဲ့နောက် ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိမ်းရေးတွေကိုလည်း တပါတည်း ဆောင်ရွက်လာတာတွေ့ရပါတယ်။ အရင်ကာလတလျှောက်လုံးမှာ ထိမ်းသိမ်းမှုအားနည်းတာကြောင့်ရော၊ ဖွံ့ဖြိုးမှု အားနည်းတာကြောင့်ပါ သမိုင်းဝင်အဆောက်အဦးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ်ထိမ်းသိမ်းရေးအဖွဲ့ကပြောပါတယ်။ လက်ရှိအထိဆိုရင် ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်သတ်မှတ်တဲ့ အပြာရောင်ကဗျည်းပြား ရေးထိုးနိုင်ခဲ့တာ နေရာပေါင်း ၁၃ခု ရှိခဲ့ပြီလို့ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့က ဒေါက်တာသန့်မြင့်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ရန်ကုန်မှာ ဗိသုကာလက်ရာအရရော သမိုင်းကြောင်းအရပါ အရေးပါတဲ့နေရာ အဆောက်အဦးတွေမှာ အခုလို အပြာရောင် ကဗျည်းပြားထိုးတာကို လွန်ခဲ့တဲ့ လေးနှစ်ကတည်းက စခဲ့တာပါ။ ကျနော်တို့ သိထားသမျှ မြို့ပြအမွေအနှစ်အဖြစ် တန်ဖိုးရှိတဲ့၊ ထင်ရှားတဲ့နေရာ တရာတောင် ရှိပါတယ်။ ဒါကို ကျနော်တို့အသိအမှတ်ပြုချင်ပါတယ်။ အပြာရောင် ကဗျည်းပြား ထိုးတာဟာ နိုင်ငံတကာ မြို့ပြတွေမှာလည်း အလားတူ သတ်မှတ်ဆောင်ရွက်မှုမျိုး ရှိပါတယ်။”

ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် နေရာတွေ သတ်မှတ်ဖို့လုပ်ငန်းကို အစိုးရနဲ့ညှိုနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။ သတ်မှတ်တဲ့နေရာမှာတော့ ရှေးဟောင်းဗိသုကာလက်ရာဖြစ်မှုနဲ့၊ သမိုင်းဝင်ဖြစ်မှုဆိုတဲ့ အချက်နှစ်ချက်ကို စံထားသတ်မှတ်ထား တယ်လို့ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်သတ်မှတ်တဲ့ အပြာရောင်ကဗျည်းပြား ရေးထိုးသတ်မှတ်ခဲ့တဲ့ ပထမဆုံးနေရာကတော့ ရန်ကုန်မြို့တော်ခမ်းမဖြစ်ပါတယ်။ အဲဒီ ကဗျည်းပြားမှာတော့ သက်ဆိုင်ရာနေရာတွေရဲ့ ရှေးဟောင်း ဗိသုကာလက်ရာထူးခြားချက် ဒါမှမဟုတ် သမိုင်းဝင်ဖြစ်တည်မှုတို့ကို ရေးသားဖော်ပြထားပါတယ်။

ဇွန်လ ၅ ရက်နေ့ကလုပ်ခဲ့တဲ့ ဂျူးဘုရားကျောင်းကို မြို့ပြအမွေအနှစ်အဖြစ် သတ်မှတ်တဲ့ အပြာရောင်ကဗျည်းပြားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့၊ အစ္စရေးသံရုံး သံအမတ်ကြီးတို့ တတ်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ဒီ ဂျုးဘုရားကျောင်းကိုတော့ ဆမ်မြူရယ်မိသားစုက နှစ်ပေါင်းသုံးဆယ်ကျော် ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြတာပါ။ ဘုရားကျောင်းမှာ အရင်တုန်းက ဂျူး တိုရာကျမ်း ၁၂၆ စုံအထိ ရှိခဲ့ပေမယ့်၊ အခုလက်ရှိအချိန်မှာတော့ တိုရာကျမ်းစာ နှစ်စုံပဲ ကျန်ရစ်ပါတော့တယ်။

ကိုသားညွန့်ဦး
VOA Burmese News

ထိုင်း - မြန်မာနယ်စပ် ဖို့ဖတ်မြို့ နယ်အတွင်းရှိ အုန်းဖြန်မြန်မာဒုက္ခသည်စခန်း။
ဇွန် - ၆ - ၂၀၁၆

မြန်မာနိုင်ငံ၏ အဓိပတိတဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၂၃ မှ ၂၅ ရက်နေ့အထိ ကြာမြင့်မည့် ထိုင်းနိုင်ငံခရီးစဉ်တွင် မြန်မာဒုက္ခသည်စခန်းတခုသို့လည်း သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကလည်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ မှ ၆၅ ကီလိမီတာအကွာတွင် တည်ရှိသော မြန်မာဒုက္ခသည် ၅ သောင်းခန့် ခိုလှုံနေသည့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက် လေ့လာခဲ့ဖူးသည်။

ဒုတိယအကြိမ် ဒုက္ခသည်စခန်းခရီးစဉ်သည် ယခင်ခရီးစဉ်ကဲံသို့မဟုတ်ဘဲ နိုင်ငံတော်ခေါင်းဆောင်တဦးအနေနှင့် တရားဝင်လာရောက်မည့်ခရီးစဉ်ဖြစ်သောကြောင့် မြန်မာဒုက္ခသည်များအတွက် ထူးခြားမှုရှိသည့် ခရီးစဉ်ဖြစ်နိုင်သည်ဟုလည်း မဲဆောက်အခြေစိုက် မြန်မာဒုက္ခသည်များအရေး ဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုကြသည်။

၂၀၁၂ ခု ဇွန်လက မြန်မာဒုက္ခသည်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဘက်မှ အစီအစဉ်အရ အကန့်အသတ်နှင့်သွားရောက်ရခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းခရီးစဉ်နှင့်ပတ်သက်ပြီး အထက်မှမိမိတို့ကို တစုံတရာ အကြောင်းကြားလာခြင်းမရှိသေးကြောင်း ထိုင်းနှင့်မြန်မာ ဒုက္ခသည်စခန်း အုပ်ချုပ်ရေးတာဝန်ရှိသူများက ကရင်အမျိုးသား မီဒီယာကို ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် မယ်လဒုက္ခစည်စခန်းဖြစ်နိုင်ချေများပြီး မဲဆောက်တွင်တည်ရှိသည့် မယ်တော်ဆေးခန်းသို့လည်း ၀င်ရောက်နိုင်သည်ဟု နယ်စပ်အရေးလေ့လာသူများက ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ထိုင်းဘက်ခြမ်းဆက်စပ် ၄ ခရိုင်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲကျော် ခိုလှုံလျှက်ရှိသည်။

ဒုက္ခသည်စခန်း ၉ ခုမှာ ထမ့်ဟင် - ဘန့်ဒုံယမ်း - နို့ဖိုး - အုန်းဖြန် - မယ်လ - မယ်လမို - မယ်လာအူး - ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ နှင့်အမှတ် ၂ တို့ ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ကရုဏနဲ့ တရားစီရင်ဖို့ ပန်ကြားထားမှု ကိုလည်း သွေဖယ် နေ
မန္တလေး အခြေစိုက် ဘီဘီစီ သတင်းထောက် ကိုနေမျိုးလင်း ခေါ် ကိုနေလင်းကို ရာဇဝတ်ပြစ်မှု ပုဒ်မ ၃၃၂နဲ့ ချမ်းမြသာစည် မြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃လ ချမှတ်လိုက်ပါတယ်။

တာဝန်ထမ်းဆောင်နေတဲ့ ရဲကို နာကျင်စေခဲ့မှုနဲ့ ချမ်းမြသာစည် အမှတ် ၁၁ ရဲစခန်းက ဒုတပ်ကြပ် ဘမော်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ၂၀၁၅ခုနှစ် မတ်လတွင်းက မန္တလေးမြို့မှာ ဆိုင်ကယ်တွေနဲ့ ဆန္ဒပြစဉ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့အပြီး ရဲတပ်ဖွဲ့ဝင်တဉီး မျက်ခုံးကွဲ ဒဏ်ရာ ရခဲ့တာပါ။

အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ က ပြင်းထန်လွန်းပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ကရုဏနဲ့ တရားစီရင်ဖို့ ပန်ကြားထားမှု ကိုလည်း သွေဖယ် နေတယ်လို ကိုနေမျိုးလင်းက ပြောပါတယ်။

အမှုကို လိုက်ပါ ဆောင်ရွက် နေတဲ့ ရှေ့နေ ဉီးသိန်းသန်းဉီး က ပြည်သူ့ ဝန်ထမ်း ကို တမင် နှောင့်ယှက်လိုတဲ့ သဘောမျိုး မဟုတ်တာကြောင့် ပြန်လွှတ် လို့ ရတဲ့ အမှုမျိုး ဖြစ်ပြီး ပြစ်ဒဏ် နဲ့ ပတ်သက်လို့ အယူခံဝင် သွားမယ်လို့ ဆိုပါတယ်။

ကိုနေမျိုးလင်း ပြန်လည် လွတ်မြောက်လာရေးအတွက် ကိုနေမျိုးလင်းရဲ့ ရှေ့နေနဲ့အတူ ဘီဘီစီက အပြည့်အဝ ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


မူဆယ်-နမ့်ခမ်းလမ်းပိုင်း နမ့်ဖက်ကာကျေးရွာအနီးမှာ ခရီးသည်တင်ကား အချို့ ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး တပ်မတော်ကိုလည်း အကြောင်းကြားထားကာ စုံစမ်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက 5 Plus ကိုပြောပါတယ်။

ယာဉ်တွေပျောက်ဆုံးနေတယ်လို့ ယူဆရတဲ့နေရာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကြီးစိုးတဲ့ နေရာဖြစ်တဲ့အတွက်စစ်တပ်ကို အကြောင်းကြားရတာဖြစ်ပြီး တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်ပြီးမှသာ ရဲတပ်ဖွဲ့အနေနဲ့ ဖြစ်စဉ်တွေကို ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခရီးသည်တင်ယာဉ်တစ်ချို့ပျောက်ဆုံးနေတဲ့သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိအချိန်ထိတော့ ကာယကံရှင်မိသားစုဝင်တွေအနေနဲ့ ကားပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်နဲ့တကွ ရဲစခန်းတွေကို တရားဝင်လာရောက်တိုင်ကြားတာမျိုးမရှိသေးဘူးလို့လည်း ဆိုပါတယ်။

 မူဆယ်-နမ့်ခမ်းလမ်းပိုင်းမှာ ဇွန်လ(၅)ရက် မနက်(၉)နာရီဝန်းကျင်ကစပြီး ခရီးသည်တင်ကားအချို့ပျောက်ဆုံးနေ ကာ အဆက်အသွယ်လည်း ပြတ်တောက်သွားတယ်လို့ ဒေသခံအချို့ကပြောဆိုနေကြပါတယ်။ ပျောက်ဆုံးနေ တယ်ဆိုတဲ့ ကားအရေအတွက်နဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

5 Plus News
https://www.facebook.com/5plusnews


ဇွန်လ (၆) ရက် ညနေ (၅) နာရီဝန်းကျင်ခန့်က သာကေတမြို့နယ် ရှုခင်းသာလမ်းမ သံမဏိစက်ရုံ အနီးမှာ ရေကြောင်းတက္ကသိုလ် ဖယ်ရီ ကားတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


(၁၇၄) ပါရီမီယာဉ်လိုင်းက ရေကြောင်းတက္ကသိုလ်ဖယ်ရီယာဉ်ဟာ ဂတ်စ်ပိုက် ပြတ်ထွက်ရာ ကနေ မီးကူးပြီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


မီးလောင်ခဲ့တဲ့ယာဉ်ပေါ်မှာ ရေကြောင်းတက္ကသိုလ် ကျောင်းသားကျောင်းသူပေါင်း (၅၀) ခန့်လိုက်ပါလာခဲ့ပြီး ဒဏ်ရာရရှိမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။


မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း(၅၀) ခန့် ရှိပြီး ယာဉ်မောင်း ကျော်မျိုးထွေးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ ယာဉ်မောင်း ကျော်မျိုးထွေးကို သာကေတမြို့နယ် ရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo From Myanmar Maritime University Students' Union
5 Plus News
https://www.facebook.com/5plusnews


ဘာသာပြန်၊ ဇွန်လ(၆)

ထိုင်းနိုင်ငံမှာ (၁၁) ပေကျော်ရှည်တဲ့ စပါးကြီးမြွေက အိမ်သာတက်နေတဲ့ အမျိုးသားကို ကိုက်လိုက်ပြီးတော့ နှစ်ပတ်လောက်အကြာမှာပဲ အဆိပ်ရှိတဲ့ မြွေတစ်ကောင်ကို အိမ်သာထဲမှာ ထပ်တွေ့ရပြန်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ပထန်ဌာနီက နေအိမ်တစ်ခုရဲ့ အိမ်သာထဲမှာ အရှည်(၃)ပေကျော်တဲ့ မြွေပွေးတစ်ကောင်ကို အိမ်သာခန်းထဲအဝင်မှာ သတိထားမိသွားတာကြောင့် လူကိုမကိုက်ခင် ဖမ်းမိလိုက်နိုင်တယ်လို့ သိရပါတယ်။

Po Teck Toeng Foundation က ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေဆီကို ည (၁၀)နာရီ မိနစ်(၄၀)ခန့်မှာ အသက် (၂၇)နှစ်အရွယ် Mr Polapat Laokamnerdpetch က အိမ်သာထဲမှာ မြွေတွေ့ရတဲ့အကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားချိန်မှာ မြွေက အိမ်သာထဲပျောက်သွားတာကြောင့် အိမ်သာအိုးထဲကို အင်းဆက်သတ်ဆေးတွေ လောင်းထည့်ခဲ့ရတယ်လို့ သိရပါတယ်။


မြွေကိုဖမ်းနိုင်ဖို့ နာရီဝက်လောက်အချိန်ယူခဲ့ရပြီး၊ ဖမ်းဆီးရမိတဲ့ မြွေကြီးကို ထိုင်းကြက်ခြေနီအဖွဲ့ရဲ့ မြွေခြံထဲကို ပို့ပေးလိုက်တယ်လို့ သိရပါတယ်။

အိမ်သာအိုးထဲကို မြွေဝင်လာရတာက ရေဆိုးထုတ်ပိုက်ဘက်မှာ ဇကာလိုမျိုး တပ်မထားတာကြောင့် ဝင်လာနိုင်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ထိုင်းနိုင်ငံက အသက် (၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်သာတက်ရင်း အိမ်သာအိုးထဲ ဝင်နေတဲ့ စပါးကြီးမြွေက ကိုက်လိုက်တာကြောင့် နိုင်ငံတကာသတင်းတွေမှာ ခေါင်းစီးသတင်းတွေအဖြစ် တက်လာခဲ့ပါသေးတယ်။

ဘာသာပြန်။ ။ ‪‎ဇာနှင်းထိုက်‬
Ref; asiancorrespondent
Tachileik News Agency
http://www.tachileik.net


၀၆ ဇွန်လ ၂၀၁၆

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Mizoram Excise & Narcotics Department ၏ မှတ်တမ်းအရ ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ် တွင် မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေ ပိုများကြောင်း သိရသည်။

ယင်းမှတ်တမ်းအရ ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်နေ့အထိ မူးယစ်ဆေး ဝါးကြောင့် သေဆုံးသူဦးရေမှာ ၃၀ ဦး ရှိနေပြီဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၅ တစ်နှစ်လုံးတွင် သေဆုံးသူဦးရေ (၂၇) ဦးသာရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူများမှာ အမျိုးသား ၂၅ ဦး နှင့် အမျိုးသမီး ၅ ဦး ဖြစ်ကြောင်းသိရပြီး သေဆုံးသူများအနက် ၁၄ ဦး မှာ ဘိန်းဖြူသုံးစွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုအများဆုံးနှစ်မှာ ၂၀၀၄ ခုနှစ်ကဖြစ်ပြီး လူဦးရေ ၁၄၃ ဦး သေဆုံးခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် (၁၃၉) ဦး၊ ၂၀၀၃ ခုနှစ်တွင် (၁၃၆) ဦးရှိခဲ့ကြောင်းသိရသည်။

အဆိုပါ မှတ်တမ်းဖော်ပြချက်အရ ၁၉၈၄ ခုနှစ်မှ ယခုချိန်အထိ မူးယစ်ဆေး ဝါးကြောင့် မီဇိုရမ်အတွင်း သေဆုံးသူ ဦးရေ ၁၃၇၂ ဦးရှိနေပြီဖြစ်ကြောင်းနှင့် ၄င်းအနက် ၁၂၂၆ ဦးမှာ အမျိုးသားများဖြစ်ပြီး ကျန် ၁၄၆ ဦးမှာ အမျိုးသမီး များဖြစ်ကြောင်း သိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese


မုံရွာ၊ဇွန်၊၆

မုံရွာတက္ကသိုလ်အနောက်ဘက်ပေါက်ချမ်းမြဝတီရပ်ကွက် ဗန္ဓုလမိန်းလမ်းမကြီးပေါ်ရှိ ရဲအုပ်တစ်ဦး ပိုင်ဆိုင် သည့် နေအိမ်ဝင်းအတွင်းမှယနေ့(ဇွန်လ၆) ရက်နေ့ညနေ ပိုင်းကတရားမဝင်သစ်မျိုးစုံကို ဖမ်းမိခဲ့သည်ဟုသစ်တောရေးရာဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။


ဖမ်းမိခဲ့သည့်သစ်များတွင်အဖိုးတန်သစ်များဖြစ်သည့်တမလန်း၊ကျွန်း၊သစ်ရာ၊ပိတောက်၊ပျဉ်းကတိုးစသည့် သစ်မျိုးစုံတစ်တန်ကျော်ကိုဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။


ယခုဖမ်းဆီးမှုအားစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှတိုင်စာအရတိုက်ရိုက်ညွှန်းကြားခိုင်းစေခဲ့ခြင်းဖြစ် သည်ဟုပါဝင်ဖမ်းဆီးခဲ့သည့်ဝန်ထမ်းများကပြောသည်။


ယင်းသစ်များကိုပိုင်ဆိုင်သည့်ရဲအုပ်မှာစစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် လာပို့ရဲစခန်းမှစခန်းမှူး တာဝန်ကိုထမ်းဆောင်နေသူလဲဖြစ်သည်။

Monywa Gazette
https://www.facebook.com/chindwingazet/

ဒဂုန်မြို့သစ် စက်မှုဇုန်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

    ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၌ စက်ရုံများ တည်ဆောက်ခြင်း မရှိသော မြေကွက်ပိုင်ရှင် များအား အရေးယူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၌ လုပ်ငန်းရှင်များသည် စက်ရုံ တည်ဆောက်ခြင်း မရှိဘဲ ကုန်ပစ္စည်းများ သိုလှောင်သည့် ဂိုဒေါင်များ အဖြစ် အသုံးပြုမှု ပိုမိုများ လာသည်ကို တွေ့ရှိရကြောင်း အဆိုပါ စက်မှုဇုန်များ အတွင်းရှိ မြေကွက်များအား ဝယ်ယူထားပြီး လုပ်ငန်းများ လုပ်ကိုင်ခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိပြီး စက်ရုံ တည်ဆောက်ခြင်း မရှိသည့် မြေကွက်လပ် များအတွက် ဖြေရှင်းရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၏ စက်မှုဇုန်များ စီမံခန့်ခွဲရေး စီမံချက်အရ မြေငှားဂရန်များ ချထားပေးသည့် ညွှန်ကြားချက် များအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ရာ ယင်းအတွက် ကွင်းဆင်း စစ်ဆေးခြင်း များမှ ရရှိသော စာရင်းများကို ဇွန်လ ပထမပတ် အတွင်း ကောက်ယူ ပြီးစီးနိုင်မည် ဖြစ်ပြီး စက်ရုံများ တည်ဆောက်ခြင်း မရှိသော မြေကွက်ပိုင်ရှင် များအား အရေးယူခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း စက်မှုဇုန် ၂၉ ဇုန်ရှိ မြေကွက်လပ် များနှင့် လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိသည့် စက်ရုံများ၊ စက်မှုဇုန်များနှင့် မြေကွက်လပ် များ၌ ဂရန်ရရှိပြီး ခြောက်လ အတွင်း လုပ်ငန်း ဖော်ဆောင်ရန် နှင့် လူနေအိမ် ဆောက်လုပ်ခြင်း မပြုရန်၊ တစ်ဆင့် ပြန်လည် ငှားရမ်းခြင်း၊ ရောင်းချခြင်း မပြုရန် ညွှန်ကြားချက် ထုတ်ပြန် ထားခဲ့ကြောင်း၊ စက်မှုဇုန်များ အတွင်းရှိ စက်မှုဇုန် မြေကွက်များ၌ စက်ရုံ တည်ဆောက်ခြင်း မရှိသော မြေကွက်လပ်များ စာရင်းကို မေလ ၁၉ ရက်က စတင်ကွင်းဆင်း စစ်ဆေးပြီး စစ်တမ်း ကောက်ယူခဲ့သည်။

လက်ရှိတွင် လှိုင်သာယာ စက်မှုဇုန်၊ မြောက်ပိုင်းခရိုင် စက်မှုဇုန်၊ အရှေ့ပိုင်း ခရိုင် စက်မှုဇုန်များ အတွင်း စစ်တမ်းများ ကောက်ယူထားပြီး တောင်ပိုင်းခရိုင် အတွင်း စစ်တမ်း ကောက်ယူမှု သည် ဇွန်လ ၅ ရက်တွင် ပြီးစီးမည် ဖြစ်ကြောင်း မြဝတီသတင်းတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com/


ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိခိုက်ဒဏ်ရာရစေမှုဖြင့် တစ်နစ်ကျော်ကြာ တရားရင်ဆိုင်နေရသူ BBC သတင်းထောက် ကိုနေမျိုးလင်းအား မန္တလေး ချမ်းမြ သာစည်တရားရုံးမှ ဇွန် ၆ ရက်နံနက်၁၁ နာရီက ထောင်ဒဏ် ၃ လနင့်အလုပ်ကြမ်းပြစ်ဒဏ်ချမှတ်လိုက် သည်။

၂၀၁၅ ခု။မတ် ၂၇ က ကျောင်းသားများ၏ အမျိုးသား ပညာရေးနင့်ပတ်သက်သည့် ဆန္ဒထုတ်ဖေါ်ရာတွင် ရဲတပ်သားအား ကိုနေလင်းမှ လက်ရောက်ကျူးလွန်ကာ နာကြင်ဒဏ်ရာရစေ သည်ဟုဆိုကာ ပုဒ်မ ၃၃၂ ဖြင့် အမှတ် ၁၁ ရဲတပ်စခန်ူမှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

"ခိုင်းမိတာကလည်း မတော်တဆပါ။ဒဏ်ရာကလည်း သာမန်ဆိုတာ သူတို့ဆေးစာမှာပါတယ်။အခု ပြစ်ဒဏ်က မတရားဘူးလို့ ပြောချင်တယ်။"ဟု ကိုနေမျိုးလင်းက ပြောသည်။

ဆက်လက်၍ သတင်းထောက်နှင့်ရဲတပ်ဖွဲ့ကြားတွင် ရန်တိုက်ပေးခြင်းဖြစ်ပြီး သတင်းထောက်များအနေဖြင့် သတိထား၍ အလုပ်လုပ်ကိုင်ရန်နှင့် အရေးကြုံလျင် သတင်းထောက်များဘက်မှ ရပ်တည်ပေးမည့် အဖွဲ့အစည်းမရှိဟု ဆက်လက်ပြောဆိုသည်။

ချမ်းမြသာစည်မြို့နယ်တရားသူကြီးက ဆင်ခြင်တုံ တရားဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ဥပဒေအရ ထောင်ဒဏ် ၃ နှစ်၊ငွေဒဏ် ချမှတ်နိုင်၍ အယူခံဝင်နိုင်ကြောင်း မြို့နယ်တရားသူကြီး ဦးထွန်းကြည် ကပြောသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဂျွန် ၆ ရက် ၂၀၁၆

သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နှစ် ၂၀ ပြည့်အခမ်းအနားအား လားရှိုးမြို့ ၌ ကျင်းပရာ ဥက္ကဌ ခွန်ထွန်းဦး အပါဝင် ကော်မတီဝင်များ၊ ဧည့် သည်တော်များ စုစုပေါင်း အင်အား ၅၀၀ ခန့် တက် ရောက်ကြသည်။

၂၀၁၆ ဂျွန် ၆ ရက်နေ့ ၌ ကျရောက်သည့် နှစ် ၂၀ ပြည့် သျှမ်းပြည်ပူးပေါင်းေ ဆာင်ရွက်ရေးကော်မတီ မွေးနေ့ အခမ်းအနားသို့ SSJAC ဉက္ကဌ တာဝန်ယူ ထားသည့် ခွန်ထွန်းဦး အပြင် သျှမ်းပြည် တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး ဆေထဲင် ၊ စိန်ကျော့ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ချုပ် လွယ်မောဝ်း၊ ဗိုလ်ချုပ်ကိုင်ဖ တို့လည်း တက်ရောက်သည်ဟု သိရသည်။

“ကျနော်တို့ရဲ့ ပင်ရင်းရည်ရွယ်ချက်က နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ပဲ။ …အဓိက ကတော့ဗမာအပါအဝင် တိုင်းရင်းသားေ တွရဲ့တန်းတူညီမျှခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ့်ပြည်နယ် ကိုယ်ပြန် အုပ်ချုပ်ခွင့်ရဖို့…” - ဟု SSJAC ဉက္ကဌ ခွန်ထွန်းဦး က အခမ်းအနားတွင် မိန့် ခွန်း ပြောကြားသည်။

ထို့အတူ အခမ်းအနားတက်ရောက်သည့် စိန်ကျော့ ပြည်သူ့စစ်အသွင်ပြောင်း SSA ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်လွယ်မောဝ်းက - “လူမျိုးကြီးဝါဒ ၊ လူမျိုး စွဲဝါဒ နဲ့ စစ်အုပ်စုအာဏာရှင်စနစ်တွေ က နေ ပြည်တွင်းစစ်၊ ပြည်တွင်း ပဋိပက္ခ ကို ချုပ်ငြိမ်းစေဖို့ အချိုးညီညီ တန်းတူညီမျှဖို့၊ တန်းတူ ဖွံ့ဖြိုးတိုး တက်ဖို့ လိုတယ်” - ဟု စသဖြင့် ပြောကြားသွားဟု သိရသည်။

၁၉၉၆ ခုနှစ် ဂျွန် ၆ ရက်နေ့က SNLD ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်နှင့်အတူ ဗိုလ် ချုပ်စိုင်းနောင့် ဦးစီးသည့် SSA ခေါ် သျှမ်းပြည်တပ် မတော် နှင့် ဗိုလ်မှူးကြီး ကဏ်းယွက် ဦးစီးသည့် SSNA ခေါ် သျှမ်းပြည်အမျိုး သားတပ်မတော် အဖွဲ့စည်း ၃ ခု က ပူးပေါင်း၍ ဖွဲ့စည်းထူထောင်သည်။

ဖွဲ့စည်းစတွင် သျှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ SSPC ဟု ခေါ် ပြီးထို့နောက် ပိုင်း SSJAC Shan State Joint Action Committee ခေါ် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဟု ပြောင်းလဲ ခေါ်ဆိုသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

Photo: Nay Thwae/ RFA ( မော်ချီးသတ္တုတွင်းဒေသက အိမ်ခြေတွေကိုတွေ့ရစဉ် )
 ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းတွေမှာ နေထိုင်တဲ့ တောင်ပေါ်ရပ်ကွက်၊ ၁၃ ကုန်းရပ်ကွက်နဲ့ ၁၆ ကုန်းရပ်ကွက်တွေမှာ နောက်ထပ် မြေပြိုကျမှုတွေ ဖြစ်နိုင်တယ်ဆိုပြီး အိမ်ခြေ ၅၀၀ လောက် ကို ပြည်နယ်အစိုးရက ပြောင်းရွှေ့ပေးဖို့ စီစဉ်နေပါတယ်။

ဘူမိဗေဒပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အစားထိုးပေးမယ့် မြေနေရာကို သတ်မှတ်ထားပြီးဖြစ်တယ်လို့ ကယားပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောပါတယ်။

အိမ်ထောင်စုတွေကို ဘယ်တော့ ပြောင်းရွှေ့မလဲဆိုတာကိုတော့ အစိုးရက မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

မော်ချီးသတ္တုတွင်းဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မိုးကြီးပြီး မြေပြိုခဲ့တာကြောင့် လူ ၃၀ လောက် သေဆုံးခဲ့ပါတယ်။

မြေပြိုကျမှုဖြစ်ပြီးနောက်ပိုင်း တောင်ပေါ်ရပ်ကွက်၊ ၁၃ ကုန်းရပ်ကွက် နဲ့ ၁၆ ကုန်းရပ်ကွက်က ကျောင်းသုံးကျောင်းကို ပိတ်ထားခဲ့တာဖြစ်ပြီး လက်ရှိ ကျောင်းသားဦးရေ ၆၀၀ လောက် ကျောင်းတက်ဖို့ အခက်အခဲဖြစ်နေပါတယ်။

မော်ချီးခဲသတ္တုတွင်းမှာ ရဲထွဋ်ကျော်နဲ့ မြန်မာ့ဦးပိုင်ကုမ္ပဏီလီမိတက်က သတ္တုတူးဖော်နေတာဖြစ်ပြီး အိမ်ထောင်စုတွေမှာ အလုပ်သမားတွေနဲ့ ဒေသခံတွေလည်း ပါဝင်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


နေပြည်တော်ကောင်စီနယ်မြေမှ လယ်သမားနှစ်ဦးအား သံတမံအိမ်ယာအတွင်း ကျူးကျော်၍ လယ်ယာလုပ်ငန်း လုပ်ကိုင်နေထိုင်သည်ဟုဆိုကာ ဇမ္ဗူသီရမြို့နယ်၊ မြို့နယ်တရားရုံး (စည်ပင်သာယာရေး ကော်မတီက)က ဇွန် ၆ တွင် ရုံးချိန်း ၂၉ ချိန်းမြောက်ချိန်းဆိုရာ၌ ထောင်ဒဏ်အမိန့်ချမည်ဟုသတင်း ရရှိသည်ဟု ဆိုကာ လယ်သမားနှစ်ဦး အသင့်ပြင် ဆင်လာသော်လည်း ရုံးချိန်း ထပ်မံပြောင်းရွှေ့ သွားကြောင်း သိရသည်။

“တာဝန်ရှိတဲ့သူတွေက ဒီရုံးချိန်းမှာ ထောင်ဒဏ်ချမယ်ဆိုလို့ ထောင်ထဲစားဖို့ ငါးပိကြော် ပြင်ဆင်လာခဲ့တယ်။ ဒါပေမယ့် ရုံးချိန်းက ၂၀ ရက်နေ့ ထပ်ချိန်းလိုက်တယ်”ဟု လယ်သမား ဦးဘိုမောင်က ဆိုသည်။


ဦးဘိုမောင် လုပ်ကိုင်စားသောက်နေသည့် မြေဧက သုံးဆယ်ကျော်ရှိသည့်အနက် လယ်ငါးဧကနှင့် ယာဆယ်ဧကအား လျော်ကြေးငွေကျပ်သိန်းနှစ် ဆယ်ရရှိခဲ့ပြီး လျှော်ကြေးငွေ မရရှိသေးသည့် မြေဆယ်ဧကခန့် ကျန်ရှိနေသေးသည်ဟု ဆိုသည်။

ယင်းကျန်ရှိနေသေးသော မြေဆယ်ဧကပေါ်တွင် လက်ရှိ နှမ်းပြောင်း စိုက်ပျိုးခြင်းနှင့် ဆိတ်နွားမွေးမြူကာနေထိုင်နေသည်ဟု ဆိုသည်။

”သံတမံအိမ်ယာဝင်းထဲမှာ နေတယ်ဆိုပြီး ကျနော့ကိုဖယ်ခိုင်းတယ်။ ဒီမြေကလျော်ကြေးလည်း မရသေးဘူး၊ လျော်ကြေးပေးမယ်လည်း မပြောဘဲနဲ့ တရားစွဲတာ ရုံးချိန်း ၂၉ ချိန်းမှာ ထောင်ချမယ်ပြောလို့ ပြင်ဆင်လာခဲ့တာခုအချိန်းသုံးဆယ်မှ အမိန့်ချမယ်ဆိုတော့ နောက်တချိန်းမှ ဘယ်လိုဖြစ်မယ် ဆိုတာသိရမယ်”ဟု ဆိုသည်။ ယင်းလယ်သမားနှစ်ဦး၏ အမိန့်ကိုချိန်းဆိုထားသည့် ဇွန် ၆ တွင် အမိန့်မချဘဲ ဇွန် ၂၀ သို့ ထပ်မံချိန်းလိုက်သည်ဟု ဆိုသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အုပ်စုဖွဲ့ရိုက်ပွဲဖြစ်ပွားရာတွင် အသုံးပြုခဲ့သည့်ကားများအား ရဲစခန်း၌ မြင်တွေ့ရပုံ
မုံရွာ၊ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇွန် ၆ ရက် မနက် ၄ နာရီချိန်ခန့်က အုပ်စုဖွဲ့၍ နှစ်ဘက်ရိုက်ပွဲဖြစ်ပွားခဲ့ရာ လူခြောက်ယောက်ထက်မနည်း ဒဏ်ရာများရရှိခဲ့ပြီး ကားတစ်စီးပျက်စီးသွားကြောင်း စက်မှုဇုန် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
`` အချိန်မီသွားရောက်ပြီး နှစ်ဘက်စလုံးကို ဖျန်ဖြေပေးတဲ့အခါ ဖျန်ဖြေပေးတဲ့သူကိုပါ သူတို့က ရန်လုပ်တယ် ...´´ ဟု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က ပြောသည်။

အုပ်စုဖွဲ့ရိုက်ပွဲဖြစ်ပွားရာတွင် အသုံးပြုခဲ့သည့်ကားများအား ရဲစခန်း၌ မြင်တွေ့ရပုံ
အဆိုပါ အုပ်စုဖွဲ့၍ ခိုက်ရန်ဖြစ်ပွားမှုတွင် နှစ်ဘက်စလုံးတွင် ကားများပါရှိပြီး တချို့မှာ ဆိုင်ကယ်များနှင့်ဖြစ်ကြောင်း မျက်မြင်တွေ့လိုက်ရသူများက ဆိုသည်။
`` ဒဏ်ရာရရှိသူ တစ်ဘက်ကို သုံးယောက် ဆိုတာ လောလောဆယ် စစ်ဆေးသိရှိရတယ် .. ထပ်ပြီးလည်းတိုးလာနိုင်ပါတယ် ..။ ဒဏ်ရာရသူအားလုံး မုံရွာဆေးရုံမှာပို့ဆောင်ထားပါတယ် ..´´ ဟု မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။

အုပ်စုဖွဲ့ရိုက်ပွဲဖြစ်ပွားရာတွင် အသုံးပြုခဲ့သည့်ကားများအား ရဲစခန်း၌ မြင်တွေ့ရပုံ
ရက်တစ်ရာ စီမံချက်လုပ်ငန်းစဉ်များအရ လှည့်ကင်းဆောင်ရွက်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ အုပ်စုဖွဲ့ရိုက်ပွဲဖြစ်ပွားသည့်နေရာသို့ အချိန်မီရောက်ရှိသွားခဲ့ပြီး ရိုက်ပွဲတွင် ပါဝင်သူတချို့ကို လက်ရ ဖမ်းဆီးနိုင်သော်လည်း ကျန်လူတချို့မှာ ထွက်ပြေးလွတ်မြောက်လျက်ရှိနေဆဲဟု သိရသည်။

အဆိုပါ ဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေများအရ အမှုရေးဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween

ဟာမဲ ဆူဝီး (Hermalle-sous_huy) မြို့မှာ ရထား တိုက်မှု ဖြစ်ပွား
ဘယ်လ်ဂျီယံမှာ ရထား တိုက်မှု ဖြစ်ပွား ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံး ပြီး ၉ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

လက်ရှ် (Leige) မြို့နား က ဟာမဲ ဆူဝီး (Hermalle-sous_huy) မြို့မှာ ရထား တိုက်မှု ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

ခရီးသည်တွေ တင်ဆောင် လာတဲ့ ရထား က ကုန်စည် ပို့ဆောင်ရေး ရထား ရဲ့ နောက်ပိုင်း ကို ဝင်တိုက် ခဲ့တာ ဖြစ်တယ်လို့ ရထားလမ်း ဆောက်လုပ်ရေး ကုမ္ပဏီ အင်ဖရာဘဲလ် က ပြောပါတယ်။

ရထား ၂ စီး လုံး က ရထား လမ်း တစ်လမ်းထဲမှာ ရောက်နေခဲ့တာလို့လည်း အင်ဖရာဘဲလ် ဘက် က ပြောပါတယ်။

ခရီးသည်တင် ရထားရဲ့ ရှေ့ဆုံး တွဲဟာ ပျက်စီး သွားခဲ့ပြီး အခြားတွဲတွေလည်း ရထားလမ်းပေါ်ကနေ ချော်ထွက် ခဲ့တယ်လို့ မြို့တော်ဝန် က ပြောပါတယ်။

လက်ရှ် (Leige) မြို့ကနေ နာမိုး (Namur) မြို့ကို သွားတဲ့ ခရီးသည်တင် ရထား ပေါ်မှာ လူ ၄၀ ခန့် လိုက်ပါလာပြီး ကုန်တင် ရထား ကို တိုက်မိတဲ့ အချိန်မှာ တစ်နာရီ ကို မိုင် ၅၀ နှုန်း နဲ့ ခုတ်မောင်း နေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ကိုလာရွိုင်း ကမ်းခြေ ဒေသက အိမ်တွေဟာ မြေပြိုမယ့် အန္တရာယ် ရှိနေတာကြောင့် အရေးပေါ် ပြောင်းရွှေ့မှု ပြုလုပ်
ဩစတြေးလျ မှာ မုန်တိုင်း ဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျံမှုတွေ ဖြစ်ပေါ်နေပါတယ်။

အရှေ့ဘက် ကမ်းရိုးတန်း ဒေသ တလျှောက်မှာ ရေကြီးမှုတွေ ဖြစ်ပေါ် နေပြီး လက်ရှိ အချိန်မှာ အနည်းဆုံး လူ ၃ ယောက် သေဆုံး ခဲ့ကြောင်း သတင်းပေး ပို့ ချက်တွေ အရ သိရပါတယ်။

နယူးဆောက်ဝေး၊ ဗစ်တိုးရီးယား နဲ့ တက်စ်မေးနီးယား ဒေသတွေမှာ မုန်တိုင်း ဒဏ်ကို ဆက်လက် ခံစားနေရဆဲ ဖြစ်ပါတယ်။

ဆစ်ဒနီ မြို့ အနီး ကိုလာရွိုင်း ကမ်းခြေ ဒေသက အိမ်တွေဟာ မြေပြိုမယ့် အန္တရာယ် ရှိနေတာကြောင့် အရေးပေါ် ပြောင်းရွှေ့မှု ပြုလုပ် ပေးနေရပါတယ်။

တက်စ်မေးနီးယား ဒေသက မြစ် ၇ ခုမှာ စိုးရိမ်ရေမှတ် ရောက်ရှိနေပြီး ရေကြီးရေလျံ မှုတွေ ဖြစ်ပေါ် နိုင်ကြောင်း အရေးပေါ် သတိပေး ချက်တွေ ထုတ်ပြန် ထားရပါတယ်။

BBC Burmese
http://www.bbc.com/burmese/

ဝက်သန္ဓေသား ဖွံ့ဖြိုး လာတဲ့အခါ လူ ပန်ကရိယ ရရှိလာဖို့ ကြိုးစား နေ။
အမေရိကန် ပြည်ထောင်စုက သိပ္ပံ ပညာရှင်တွေဟာ လူ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ဝက်တွေရဲ့ ခန္ဓာကိုယ် အတွင်း ဖွံ့ဖြိုး ကြီးထွား စေနိုင်ဖို့ ကြိုးစား နေကြပါတယ်။

မျိုးရိုးဗီဇ ဆိုင်ရာ တည်းဖြတ်မှု ဆိုပြီး နာမည် ပေးထားတဲ့ နည်းပညာ အသစ်ကို အသုံးချ နေကြတာ ဖြစ်ပါတယ်။

ဝက် သန္ဓေသားထဲ ကနေ ပန်ကရိယ ဆိုတဲ့ အင်္ဂါ အစိတ် အပိုင်း ဖြစ်စေနိုင်တဲ့ DNA ကို ဖယ်ရှားပြီး လူ့ရဲ့ မျိုးရိုးဗီဇ နဲ့ အစားထိုး ခြင်း အားဖြင့် အဲ့ဒီ့ ဝက်သန္ဓေသား ဖွံ့ဖြိုး လာတဲ့အခါ လူ ပန်ကရိယ ရရှိလာဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။

ကာလီဖိုးနီးယား ပြည်နယ် ဒေးဗစ် တက္ကသိုလ်က သူတေသီတွေက အခုလို ကြံဆ နေတာ ဖြစ်ပြီး ရောဂါ ကြောင့် ကိုယ် အင်္ဂါ အစိတ်အပိုင်းတွေ အစားထိုးဖို့ရာ လိုအပ်သမျှ အရေအတွက်ကို ပြည့်မှီအောင် ဖြည့်ဆည်းပေး နိုင်ဖို့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/

 htinkyaw-620.jpg နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၂ဝ၁၆ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကမ္ဘာ့ပတ်ဝန်းကျင် အထိမ်းအမှတ် အခမ်းအနား မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် မိန့်ခွန်းပြောကြားစဉ်
Photo: Myo Thant Khaing/RFA

ကမ္ဘာကြီးရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုကို သတိထားမိစေဖို့ အလေးပေးဆောင်ရွက်မှာဖြစ်သလို တရားမဝင်ရောင်းဝယ် ဖောက်ကားနေတာတွေကိုလည်း လုံးဝလက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် အထိမ်းအမှတ် အခမ်းအနား မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားသွားတာပါ။

အဲ့ဒီအခမ်းအနားကို နိုင်ငံတော် သမ္မတဦးထင်ကျော်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်က ကော်မတီဝင်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်ကတော့ "တို့ကမ္ဘာမြေ ဂေဟစနစ် ထိန်းသိမ်းဖို့ တောရိုင်း တိရိစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့" ဖြစ်ပါတယ်။

သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို တရားမဝင်ရောင်းဝယ်မှုတွေ လျှော့ချပေးနိုင်ဖို့ အစိုးရသစ်အနေနဲ့ လုပ်ဆောင်ပေးနိုင်မျှာ်လင့်တယ်လို့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြထားပါတယ်။
RFA

ပုဂ္ဂလိကလုပ်ငန်းရှင်တဦး ဖြစ်တဲ့ ဦးစိုးတင့်ဟာ အခြေခံလူတန်းစားတွေရဲ့ ဘ၀ကို တနိုင်တပိုင် ဖြေရှင်းပေးတဲ့အနေနဲ့ ပျံကျဈေးသည်တွေကိုလှူဒါန်းမူလုပ်စဉ်(ဓါတ်ပုံ-အေးငြိမ်းချမ်းသာ ဂိလာန ဘိုးဘွားရိပ်သာ FB)
စိုးလျှပ်စစ်ဖောင်ဒေးရှင်းက ပုဂ္ဂလိကလုပ်ငန်းရှင်တဦးက မြန်မာပြည်တွင်းက အခြေခံလူတန်းစားတွေရဲ့ ဘ၀ရပ်တည်ရေးကို ဖြေရှင်းပေးတဲ့အနေနဲ့ မန္တလေးတိုင်း ၊ ပျဉ်းမနားမြို့ဈေး ၁၁ ဈေးက နေပြန်တိုးနဲ့ ရင်းနှီးရှာဖွေစားသောက်နေရတဲ့ ပျံကျဈေးသည် ၁၄၂၅ ဦး အတွက် တဦးဆီကို ကျပ်တသိန်းဆီ လှူဒါန်းမူကို ဇွန်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

စိုးလျှပ်စစ်ဖောင်ဒေးရှင်း ဥက္ကဌလည်းဖြစ် ပျဉ်းမနားမြို့က အေးငြိမ်းချမ်းသာ ဂိလာန ဘိုးဘွားရိပ်သာ တည်ထောင်သူ ပုဂ္ဂလိကလုပ်ငန်းရှင်တဦး ဖြစ်တဲ့ ဦးစိုးတင့်ဟာ ဇွန်လ ၅ ရက်နေ့မှာ အခြေခံလူတန်းစားတွေရဲ့ ဘ၀ရပ်တည်မူကို တနိုင်တပိုင် ဖြေရှင်းပေးတဲ့အနေနဲ့ ပျံကျဈေးသည် ၁၄၂၅ ဦး ကို တဦးကိုကျပ်တသိန်းဆီ လှူဒါန်းမူလုပ်ခဲ့တာပါ။ ဒါဟာ လုပ်ငန်းရှင်တဦးအနေနဲ့ တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေခံလူတန်းစားတွေဟာ နေပြန်တိုးနဲ့ ရင်းနှီးလုပ်ကိုင်စားသောက်နေတာကြောင့် အတိုးနဲ့ ချေးဌားစားနေတဲ့ဘ၀တွေကို စတင်လွတ်မြောက်အောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဦးစိုးတင့်ရဲ့ ကိုယ်ရေးအရာရှိ အတွင်းေ၇းမှူး မတင်မာဦးကပြောပြပါတယ်။

“ပထမတော့သူ ဈေးတွေရှိသမျှ ဈေး ၁၁ ဈေးပေါ့နော် ဈေးအဖွဲ့တွေနဲ့သွားပြီးတော့မှ ဈေးမှာ စုံစမ်းပြီးတော့ ပြန်ကျဈေးသည်တွေ ဘယ်လောက်ရှိတယ်ဆိုတာ စုံစမ်းပါတယ်ရှင့်။ စုံစမ်းပြီးတော့မှ ဒီဈေးမှာဆိုဘယ်လောက်ရှိတယ်၊ ဈေးတခုချင်းစီကို အဲဒီမှာ ခေါင်းရွက်တဲ့သည်တွေပေါ့နော် လမ်းဘေးလေးတွေမှာ စကောလေးတွေနဲ့ ရောင်းတဲ့ဟာတွေပေါ့။ နောက်ပြီးတော့ မုန့်ဗန်းဈေးသည်တွေ၊ ပဲပေါင်းသည်တွေ အားလုံးစုလိုက်တဲ့အချိန်မှာ ၁၄၂၅ ဦးရပါတယ်ရှင့်။ သူကိုယ်တိုင်ကလည်း အရင်တုန်းက မိဘလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားတဲ့အချိန် သူများအိမ် ကပ်နေခဲ့ရတဲ့ဟာမျိုးကို အဲဒီစိတ်မျိုးတွေနဲ့ ကိုယ်ချင်းစာတာပေါ့နော်။ ကိုယ်ချင်းစာစိတ်လေးနဲ့ ခေါင်းရွက်တဲ့ဈေးသည်တွေကို သူတို့လည်း အတိုးတွေနဲ့ယူထားတယ်ဆိုတော့ အခုလိုမျိုးပေးလိုက်တယ်ဆိုတော့ သူတို့မှာလည်း အဆင်ပြေသွားတာပေါ့နော်။ တချို့တွေလည်းတအားဝမ်းသာသွားကြတာပေါ့။ ဒီလို နေ့ပြန်တိုး ဘ၀လေးတွေကနေ ဘယ်လိုရုန်းထွက်လို့ရအောင်လုပ်မလဲဆိုတာ လုပ်ပေးတာပါရှင့်။”

မကြာခင်မှာလည်းအပေါင်ခံတဲ့ပစ္စည်းတွေမပါပဲ အခြေခံလူတန်းစားတွေအတွက် အသေးစားချေးငွေတွေကို စတင်ထုတ်ချေးဖို့ အတွက် ပြင်ဆင်နေပြီလို့ သူရဲ့ ကိုယ်ရေးအတွင်ရေးမှူးက ဆက်ပြောပြပါတယ်။

“အခုဟာကတော့ ခဏ သူတို့ပြေလည်သွားစေချင်တဲ့ ဆန္ဒပေါ့နော်။ နောက်ကျရင်သူတို့ကို ချေးငွေတွေ၊ ငွေစုငွေချေးတွေ တခုခု ဖန်တီးပေးပြီးတော့ ချေးငွေလေးတွေ ချပေးမှာပါရှင့်။ အပေါင်ခံပစ္စည်းကတော့ ဘာမှမယူပါဘူးရှင့်။”

ဦးစိုးတင့်ဟာငယ်စဉ်ကစပြီး မိဘမဲ့တဦးဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၇နှစ်ကစလို့ ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ခဲ့သလို မကြာသေးခင်ကပဲ ပျဉ်းမနားမြို့က အခြေခံလူတန်းစား ဆိုက်ကားဆရာပေါင်း ၆၀၀ ကျော် ကိုအခုလိုလှူဒါန်းပြီိး အခြေခံလူတန်းစာတွေရဲပြသနာကိုဖြေရှင်းပေးခဲ့ဘူးပါတယ်။ သူဟာ မြန်မာနိုင်ငံကစာသင်ကြားဖိုအခက်အခဲဖြစ်တဲ့ကလေးတွေရဲ့ ပညာရေးကိစ္စတွေကိုလည်းလုပ်ဆောင်ပေးခဲ့တဲ့ပရဟိတလုပ်နေတဲ့ လုပ်ငန်းရှင်တဦးလည်းဖြစ်ပါတယ်။ လက်ရှိ ဒီနှစ်ထဲမှာ ကျောင်းသားပေါင်း ၁၆၀ကျော်ကို ပညာသင်ဆုတွေလည်းပေးခဲ့တယ်လို့ဆိုပါတယ်။

“ပညာသင်တာတွေပေါ့နော် အခုဆိုရင် ၁၇ နှစ်လောက်ရှိသွားပြီ။ ကလေးတွေ တချို့ဆို ဒေါက်တာတို့၊ ဆေးရုံအုပ်ကြီးတို့၊ အင်ဂျင်နီယာတို့ အဲလိုမျိုးဖြစ်ကုန်တာတွေအများကြီးပါရှင့်။ ဆုပေးထားတွေက အများကြီးပေါ့ နှစ်စဉ်နှစ်စဉ်။ ဒီနှစ်ထဲမှာတော့ ကျောင်းထားပေးတာ ၁၆၀ လောက်ရှိပါတယ်ရှင့်။”

ကျပ်သိန်းပေါင်း ၅ သောင်း အကုန်ကျခံကာ အေးငြိမ်းချမ်းသာဂီလာန ဘိုးဘွား၇ိပ်သာ ကိုတည်ထောင်ထားပြီး ကျန်းမာရေးအရ စောင့်ရှောက်မူလိုအပ်တဲ့ လူနာတွေကိုလည်း နေစဉ်အကူညီပေးတာတွေ ဒုက္ခရောက်နေတဲ့ လူနာတွေထဲက နှလုံးခွဲစိတ်မူတွေအပါအ၀င် ကုသမူတွေလုပ်ဖိုအတွက်လည်း နိုင်ငံခြားမှာသွားရောက်ကုသနိုင်ဖို့အထိ အကူညီပေးခဲ့တာတွေရှိတယ်လို့လည်းပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တော့အစိုးရသစ်လက်ထက်မှာ အခြေခံလူတန်းစားတွေရဲဘ၀တွေကို ဖြေရှင်ပေးနိုင်ဖို့အတွက်မြန်မာလူထုတွေကတော့မျှော်လင့်နေကြတာပါ။ လက်ရှိမှာတော့ အစိုးရသစ်ကတော့ ရက်ပေါင်း ၁၀၀အတွင်း လုပ်မယ့် စီမံချက်ရေးးဆွဲနေသလို အခြေခံလူတန်းစားတွေရဲ့ ပြဿနာတွေကိုဖြေရှင်းပေးဖို့ လုပ်ဆောင်နေတဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေကမကြာခဏ ပြောဆိုမူတွေတော့ရှိနေပါတယ်။

 မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


စစ်တွေ၊ ဇွန် ၅

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၃ ခုမှ ဘင်္ဂါလီများအား လူဦးရေစာရင်း ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ဖော်ပြောသည်။

ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ ဘင်္ဂါလီများအား ယခုရက်ပိုင်းအတွင်း စစ်ဆေးသွားမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။

“သူတို့ကို ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနဲ့ စိစစ်မှာတော့ မဟုတ်ပါဘူး။ သန်ခေါင်စာရင်းကောက်တုန်းက သူတို့မှာ လူမျိုးနာမည်ပြဿနာကြောင့် သန်ခေါင်စာရင်းမှာ ပါမသွားတဲ့ လူဦးရေစာရင်းကို ကျွန်တော်တို့ စစ်ဆေးကောက်ခံသွားမှာဖြစ်ပါတယ်။”ဟု ဝန်ကြီးဦးမင်းအောင်က ဇွန်လ ၅ ရက်နေ့က နိရဉ္စရာသို့ အတည်ပြုပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်းက မြန်မာနိုင်ငံတစ်ဝန်း အစိုးရက သန်ခေါင်စာရင်းကောက်ခံခဲ့ရာ ရခိုင်ပြည်နယ်မြို့နယ်အချို့ရှိ ဘင်္ဂါလီများမှာ နိုင်ငံတွင်မရှိသည့်လူမျိုးတစ်မျိုး၏အမည်ကို အသုံးပြုခဲ့ကြသည့်အတွက် ယင်းတို့အား သန်ခေါင်စာရင်းတွင် ထည့်သွင်းခြင်းမရှိခဲ့ပေ။

“အခုကောက်တဲ့နေရာမှာ အဲလိုနာမည်မျိုးသုံးရင် ပြဿနာမရှိရအောင် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်”ဟု ဝန်ကြီး ဦးမင်းအောင်က ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ပြည်နယ်လဝကဦးစီးဌာနတို့ကို ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံဖြေဆိုခြင်းမရှိပါ။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖံွ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်မှုကော်မတီအဖွဲ့ဝင် ဝန်ကြီးများသည် ဇွန်လ ၁ ရက်က ရခိုင်ပြည်နယ်သို့ရောက်ရှိလာပြီးနောက် ဘင်္ဂါလီများအား ယခုကဲ့သို့ လူဦးစာရင်းကောက်ခံရန် ပြင်ဆင်လာခြင်းလည်းဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara

NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း ကို တွေ့ရစဉ်။ Photo: RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြန်လည်ဖွဲ့စည်းရေး အင်အားဖြည့်တင်းရေးမူကြမ်းကို နေပြည်တော်မှာ ပြုလုပ် တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့တယ်လို့ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲ အနိုင်ရပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့ထဲရောက်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေနေရာမှာ ပြန်လည်အင်အားဖြည့်တင်းဖို့ ရည်ရွယ်တာလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ ပြန်လည်ဖွဲ့စည်းရေးမူကြမ်းတစ်ခု အတည်ပြုပါတယ်၊ ပြန်လည်ဖွဲ့စည်းရေးဆိုတာ ကျနော်တို့မှာ အင်အားလျော့နေတာတွေရှိတယ်လေ၊ အဲ့ဒါတွေအတွက် မူကြမ်းတစ်ခု ကျနော်တို့ ထုတ်ဖို့ဆိုပြီး ကျနော်တို့ စဉ်းစားကြတယ်၊ ပြောလို့မရသေးဘူး မထွက်သေးတော့လေ၊ ထွက်ပြီးရင်တော့ ကျနော်တို့ ကော်ပီပေး မှာပေါ့"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  ပြန်လည်ဖွဲ့စည်းရေးမူကြမ်းကို အတည်ပြုနိုင်ပြီဖြစ်ပေမယ့် အသေးစိတ်အချက် အလက်တွေကိုတော့ မနက်ဖြန် ဇွန်လ ၆ ရက်နေ့မှ ကြေညာချက် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

အဲ့ဒီမူကြမ်းမှာ NLD ပါတီ မြို့နယ်အဆင့်၊ ခရိုင်နဲ့ တိုင်းအဆင့် လစ်လပ်နေတဲ့ နေရာတွေနဲ့ အင်အားလျော့သွားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနေရာမှာ လူအင်အားဖြည့်တင်းသွားဖို့ လမ်းညွှန်ချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နေရာတွေအတွက် လွှတ်တော်ကိုယ်စားလှယ် ၈၈၆ ယောက် အနိုင်ရခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/

ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ ဇွန်လ ၅ ရက်နေ့က ကျင်းပတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုရဲ့ သုံး နှစ်ပြည့် နှစ်ပတ်လည်ညီလာခံ ဒုတိယနေ့ အခမ်းအနားကို တွေ့ရစဉ်။ Photo : Htet Arkar/RFA
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အနေနဲ့ အမျိုးစောင့်ဥပဒေတွေကို ကာကွယ်စောင့်ရှောက် ဖို့၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ဆင်ရင်လက်မခံကြဖို့အတွက် (မဘသ) အဖွဲ့ ဗဟို ဒုတိယ ဥက္ကဌ မော်ကျွန်းဆရာတော်က မိန့်ကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ ဒီနေ့ ကျင်းပတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုရဲ့ သုံး နှစ်ပြည့် နှစ်ပတ်လည်ညီလာခံ ဒုတိယနေ့ အခမ်းအနားမှာ မော်ကျွန်းဆရာတော်က မိန့်ကြားခဲ့တာဖြစ်ပါတယ်။

"မြန်မာနိုင်ငံသားဥပဒေဟာ ဗုဒ္ဓဘာသာဝင်တွေကို အပြည့်အဝကာကွယ်ပေးတဲ့ဥပဒေတွေပါ၊ အဲ့ဒီဥပဒေ ကို ရှေးကပုဂ္ဂိုလ်ကြီးတွေ အမျှော်အမြင်ကြီးမားစွာနဲ့ ရေးဆွဲပြဌါန်းသွားတာ၊ အဲ့ဒီဥပဒေကို အခုအချိန်မှာပြင် ဆင်ဖို့တို့၊ ဖျက်ဖို့တို့၊ အင်အားနည်းသွားအောင်လုပ်ဖို့လို့ သူတို့ကလည်း တစိုက်မတ်မတ်ကြိုးစားနေ ပါတယ်၊ အထူးသတိပြုပြီးတော့ ကာကွယ်စောင့်ရှောက်ကြဖို့ လိုအပ်ပါတယ်၊ အမျိုးစောင့်ဥပဒေများရယ်၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေရယ် ဒါတော့ တပည့်တော်တို့ အဓိကအားဖြင့် ကာကွယ်စောင့်ရှောက်ရမယ့် ဥပဒေတွေဖြစ်ပါတယ်"

မ ဘ သ အဖွဲ့ဝင်တွေ အနေနဲ့ လွှတ်တော်ရုပ်သံလိုင်းကို အစဉ်မပြတ်ကြည့်ဖို့နဲ့ လွှတ်တော်မှာ ဆွေးနွေးတဲ့ ဥပဒေကြမ်းတွေ၊ ဥပေဒေတွေပြင်ဆင်တာတွေ၊ ပယ်ဖျက်တာတွေနဲ့ အသစ်ပြဌာန်းတာတွေကို သတိထားစောင့် ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အဲ့ဒီညီလာခံ အခမ်းအနားကို တိုင်းနှင့်ပြည်နယ် အသီးသီးက မဘသ အဖွဲ့ဝင် ဆရာတော်၊ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေတွေအပြင် ပြည်ပကဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးအချို့အပါအဝင် တစ်ထောင်နီးပါး တက်ရောက် ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီနေ့တနင်္ဂနွေနေ့မှာပဲ အကြမ်းဖက်မူတိုက်ဖျက်ရေး ဆိုင်ရာ အဆင့်မြင့် ရဲအရာရှိကြီး တယောက်ရဲ့ ဇနီးကို အစ္စလာမ်စစ်သွေးကြွလို့ သံသယရှိသူတွေက သတ်ဖြတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းမြို့ ဖြစ်တဲ့ စစ်တကောင်းမြို့မှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက သားဖြစ်သူကို ကျောင်းကား စီးဖို့ မှတ်တိုင်ကို လိုက်ပို့ခဲ့ပြီးတဲ့နောက် Mahmuda Akter ကို မော်တော်ဆိုင်ကယ်စီးလာတဲ့ လူ ၃ ယောက်က နောက်ကျောကို ဓါးနဲ့ထိုးပြီး သေနတ်နဲ့ ပါပစ်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Mahmuda Akter ဟာ ဒါကာမြို့တော်ရဲတပ်ဖွဲ့ မှာ ရဲမှူးကြီး အဖြစ်မကြာသေးခင်ကမှ ရာထူး တိုးခဲ့တဲ့ Babul Akter ရဲ့ ဇနီးဖြစ်ပြီး Babul Akter ဟာ ဘင်္ဂလားဒေ့ရှ်မှာဖြစ်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တွေ၊ စာရေးဆရာ ဘလော့ဂါတွေကို ပစ်မှတ်ထား ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုတွေကို ဦးဆောင် စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ ပြီးတဲ့ နောက်မှာ Babul Akter ကို ရာထူးတိုးမြင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ် အစွန်းရောက်အဖွဲ့ နဲ့ Al-Qaeda အဖွဲ့တွေက တိုက်ခိုက်မှုတချို့ကို သူတို့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ Bangalesh နိုင်ငံမှာ ပြည်ပအကြမ်းဖက်အုပ်စုတွေ အကြမ်းဖက်မှု ကျူးလွန်ဖို့ စီစဉ်နေတာမျိုး မရှိဘူးလို့ အတင်းအကြပ် ငြင်းဆန် နေဆဲ ဖြစ်ပါတယ်။ ဒီအချက်ကို လက်မခံတဲ့ အပြင် ဒေသခံ စစ်သွေးကြွတွေနဲ့ အတိုက်အခံနိုင်ငံရေး အဖွဲ့တွေကိုပဲ တာဝန်ရှိသူတွေက အပြစ်တင် ပြောဆိုနေတာဖြစ်ပါတယ်။

ဒါ့အပြင် အစလမ်စစ်သွေးကြွ ရဲအရာရှိ ၆ယောက် ပါ ဒီသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ နာမည် ဓါတ်ပုံ တွေထုတ်ပြန်ပြီး ရဲတပ်ဖွဲက ကြေညာထားတာဖြစ်ပါတယ်။ အဲဒီလူတွေဟာ ပိတ်ပင်ထားတဲ့ သဘောထားတင်းမာသူ အစ္စလာမ်ဘာသာဝင်တွေပါတဲ့ Ansarullah Bangla လို့ခေါ်တဲ့ ABT အဖွဲ့ဝင်တွေဖြစ်တယ်လို့ လည်း ရဲတပ်ဖွဲ့က ကြေညာထားပြီး သတင်းပေးနိုင်သူရှိရင် ဆုငွေအမေရိကန်ဒေါ်လာ ၂ သောင်း ၃ ထောင်ပေးမယ်လို့ ကြေညာထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/


ပဲခူး ဇွန် ၅

ပဲခူးမြို့ လူနေရပ်ကွက်အနီးသို့ ဝင်လာသည့် တောဆင်ရိုင်းသုံး ကောင်ကို ဟန့်တားသည့်အနေ ဖြင့် လေးဂွဖြင့်ပစ်သည့် သဲကား အလုပ်သမားတစ်ဦးကို တောဆင် ရိုင်းက လိုက်လံနင်းရာ အလုပ် သမားမှာ ပေါင်တစ်ချောင်းကျိုး၊ ကပ်ပယ်အိတ်တစ်ခြမ်းပျက်စီး ကာ ငယ်ပါအရင်းမှပြတ်ထွက် သည့် ဒဏ်ရာရရှိသွားကြောင်း ဒေသခံသတင်းထောက်များထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၅) မြေတိုင်းအမှတ်(၁၉) အနီးသို့ တောဆင်ရိုင်း သားအမိသုံးကောင် ရောက်ရှိလာကြောင်း၊ လူများ သိရှိပြီး လာရောက်ကြည့်ရှုသော ကြောင့် လူများကို အန္တရာယ်ပြုမည် စိုးသဖြင့် သဲကားအလုပ်သမား ဦးစိုးလွင်က လေးဂွဖြင့် ပစ်ခတ် ခြောက်လှန့်ရာ တောဆင်ရိုင်းတစ် ကောင်မှ စိတ်ဆိုးပြီး ခြေထောက် ဖြင့် လိုက်နင်းခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် အသက် (၄၅နှစ်)အရွယ် ဦးစိုးလွင် ကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိပြီး တောဆင်ရိုင်း များကို သစ်တောဌာနမှ တာဝန်ရှိ သူများက အန္တရာယ်ထပ်မံမပြုစေ ရန် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

လဲ့နန္ဒာကျော်
The Union Daily
https://www.facebook.com/uniondaily.net