06/07/16

သတ်ဖြတ်မှုတွေ အတွက် တရားမျှတမှု ရှိဖို့ တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ပေါ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံက အစ္စလာမ်မစ် စစ်သွေးကြလို့ သံသယ ရှိသူတွေက ဟိန္ဒူ ဘုန်းကြီး တစ်ပါး ကို သတ်ဖြတ်ခဲ့ကြပါတယ်။

နိုင်ငံမြောက်ပိုင်း က ဂျနေဒါဟာ ခရိုင်က ဘုရားကျောင်း အနီးမှာ အသက် ၇၀ အရွယ် အာနန္ဒာ ဂိုပယ် ဂန်ဂူလေ ရဲ့ အလောင်း ကို တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။

အခြား တစ်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဟာ လူသတ်မှုတွေ နဲ့ သံသယ ရှိသူ လူ ၃ ဦး နေထိုင်ရာ နေရာတွေကို ဝင်ရောက် စီးနင်း ခဲ့ရာမှာ လူ ၃ ဦးစလုံး သေဆုံး ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ ဘက်ကတော့ အသေပစ်ခတ် ဖမ်းဆီးမှုအတွက် ငြင်းဆို နေပြီး ထိုလူ ၃ ဦးဟာ ဂျာမတ် မူဂျာဟစ်ဒင် အဖွဲ့ က အစွန်းရောက် စစ်သွေးကြွတွေ ဖြစ်ကြောင်း ပြောကြား နေပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၂ ရက် အတွင်း လူ ၃ ယောက် သတ်ဖြတ် ခံခဲ့ရမှု ဖြစ်ပြီး ဟိန္ဒူ ဘုန်းတော်ကြီး က တတိယမြောက် သတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသလို၊ မျက်မြင် သက်သေလည်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ရဲတပ်ဖွဲ့ အကြီး အကဲ တစ်ယောက် ရဲ့ ဇနီး ဖြစ်သူ နဲ့ ခရစ်ယန် ဘာသာဝင် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း သတ်ဖြတ် ခံခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဘဂ္ဂဒက် ၊ ၇-၆-၂၀၁၆

ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့၌ ကာ့ဒ် မျိုးနွယ်စုဝင် အမျိုးသမီးငယ် ၁၉ ဦးကို လိင်ကျွန်အဖြစ် ခိုင်းစေခြင်းအား ငြင်းပယ်မှုဖြင့် မီးရှို့သတ်ဖြတ် ခဲ့ကြောင်း ဇွန် ၆ ရက် ထုတ်ပြန်ချက် အရ သိရသည်။

ISIS စစ်သွေးကြွ များသည် အဆိုပါ အမျိုးသမီး ငယ်များကို ဘဂ္ဂဒက်မြို့  မြောက်ဘက် ကီလိုမီတာ ၄ဝဝ အကွာတွင်တည်ရှိသော မိုဆူးလ်မြို့ အလယ်ပိုင်းရှိ သံလှောင်အိမ် အတွင်း၌ ဖမ်းဆီး ချုပ်နှောင် ခဲ့ပြီးနောက် လူရာပေါင်း များစွာ အရှေ့တွင် မီးရှို့ သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း ကာ့ဒ် သတင်းဌာန ဖြစ်သည့် ARA သတင်းဌာနက ထုတ်ပြန်ထားသည်။

ယင်း အမျိုးသမီးငယ် ၁၉ ဦးမှာ မီးရှို့ သတ်ဖြတ်ခံနေရစဉ် လူရာပေါင်း များစွာက ကြည့်ရှု နေကြပြီး တစ်ဦး တစ်ယောက်မျှ ၄င်းတို့ကို ကယ်ဆယ်နိုင်ခြင်း မရှိကြောင်း မျက်မြင် သက်သေ တစ်ဦးက ပြောကြား ထားသည်။

ISIS စစ်သွေးကြွ များသည် ဧပြီလ နှောင်းပိုင်း ကလည်း မိုဆူးလ်မြို့ရှိ အမျိုးသမီး ၂၅ဝ ဦးကို ၄င်းတို့ အဖွဲ့ဝင်များနှင့်လက်ထပ်ရန် ငြင်းပယ်ခဲ့မှုဖြင့် သတ်ဖြတ် ခဲ့ကြောင်း ကာဒစ်စတန် ဒီမိုကရက်တစ် ပါတီ KDP မှ ပြောရေးဆိုခွင့် ရှိသူ ဆတ်ဒ်မန်မူဇီနီက ပြောကြားသည်။

ထို့ပြင် သြဂုတ် ၁၅ ရက်ကလည်း ISIS စစ်သွေးကြွ များသည် မိုဆူးလ်မြို့ အနီးတွင် တည်ရှိသော Ghazlani စစ်ဘက် အခြေစိုက် စခန်းတွင် အမျိုးသမီး ၁၅ ဦးကို ၄င်းတို့နှင့် လက်ထပ်ရန် ငြင်းပယ်မှုဖြင့် ကွပ်မျက် ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com


အိန္ဒိယနိုင်ငံ ၏မြို့တော် နယူးဒေလီရှိ နာမည်ကြီးဆေးရုံ တစ်ရုံဝန်ခံချက် အရ ဆေးရုံများသည် ၄င်းတို့ မသိလိုက်ရသည့် အခြေအနေတွင် လူတို့၏ကိုယ်တွင်း အင်္ဂါများကို မှောင်ခိုရောင်းချရောင်းချသော ဂိုဏ်းများနှင့် ကြံရာပါဖြစ်လာခဲ့ပြီး လူတို့၏ကျောက်ကပ်များကို ၀ယ်ယူသူများ ထံရောင်းချခဲ့ကြသည့် ဖြစ်ရပ်များဖြစ်လာခဲ့သည်ဟု ဆိုသည်။

 အိန္ဒိယရဲအရာရှိသူများ၏ထွက်ဆိုချက်များအရ လက်ရှိတွင် အမှုနှင့်ပါဝင်ပက်သက်နေသည်ဟုယူဆရသည့် သံသယရှိသူ ၅ ဦးကို ဖမ်းဆီးရမိထားသည်ဟု China Daily ၏ ဇွန်လ ၆ ရက်နေ့သတင်းက ဖော်ပြခဲ့သည်။ Apollo ဆေးရုံသည် နယူးဒေလီရှိ ပုဂ္ဂလိကပိုင်ဆေးရုံတစ်ရုံဖြစ်ပြီး အဆိုပါဆေးရုံရှိ ၀န်ထမ်းနှစ်ဦးမှာ ကိုယ်တွင်း အင်္ဂါများမှောင်ခိုရောင်းချသော အုပ်စုများနှင့်ပေါင်းကာ ဆင်းရဲသားများကို ဆွဲဆောင်လျှက် တစ်ဦးလျှင် ရူပီ ၃ သိန်းစီဖြင့် ကျောက်ကပ်များကို ၀ယ်ယူခဲ့သည်။


 ထိုကိုယ်တွင်း အင်္ဂါများကို မှောင်ခိုရောင်းချသူများက စာရွက်စာတမ်း အတုပြုလုပ်၍ ကျောက်ကပ်အရေးတကြီးလိုအပ်နေသော ၀ယ်ယူသူ၏ဆွေမျိုးများဟု ဆေးရုံကိုပါလိမ်လည်၍ခွဲစိတ်မှုများပြုလုပ်စေခဲ့သည်။ အဆိုပါ ၀န်ထမ်းနှစ်ဦးသည် Apollo ဆေးရုံရှိ ကျောက်ကပ်ဌာန နာမည်ကြီးဆရာဝန်၏ လက်ထောက်နှစ်ဦးဖြစ်သည်ဟုလည်း သိရသည်။

အိန္ဒိယတွင် ကိုယ်တွင်းအင်္ဂါရောင်းဝယ်ခြင်းမှာ တရားမ၀င်သည့်အပြင် ဆွေမျိုးများမှ ပေးလှူပါက အထူးကော်မတီတစ်ခု၏ ထောက်ခံချက်ရယူရမည်ဖြစ်သည်။ ယနေ့ခေတ်တွင်ကိုယ်တွင်းအင်္ဂါမကောင်းသူများများသထက်များလာပြီး တရားဝင်ကိုယ်တွင်းအင်္ဂါပေးသူများမှာ ရှားလာသောကြောင့် ယခုလိုမှောင်ခိုဈေးကွက်များပေါ်ပေါက်လာခြင်းဖြစ်သည်။

ထို့ပြင် ဆက်သွယ်ရေးကွန်ရက်၏တိုးတက်လာသည်နှင့် အမျှလူတို့သည် အင်တာနက်ပေါ်တွင်ကိုယ်တွင်းအင်္ဂါများကိုပါဝယ်ယူနိုင်ကြောင်းတွေ့ရသည်။ WHO ၏ဖော်ထုတ်ချက်များအရ တစ်ကမ္ဘာလုံးတွင် ကိုယ်တွင်းအင်္ဂါမှောင်ခိုရောင်းချနေမှုကြောင့် တစ်နှစ်လျှင် ကျောက်ကပ် ၇၀၀၀ လောက် ရောင်းချခြင်းခံရသည်။

ဖမ်းဆီးခံရကြောင့်သော်လည်းကောင်း၊ ငွေရေးကြေးရေးကြောင့်သော်လည်းကောင်း၊ အလိမ်ခံရ၍သော်လည်းကောင်း၊ မိမိ၏ကျန်းမားရေးအခြေအနေကြောင့် ခွဲစိတ်မှုလုပ်ရာတွင် အခိုးရ၍သော်လည်းကောင်း ကိုယ်တွင်းအင်္ဂါမှောင်ခိုမှုများရှိနေပြီး ဆင်းရဲသားလူလတ်ပိုင်းများ၊ မသန်မစွမ်းသူများမှာ အဓိကသားကောင်များပင်ဖြစ်သည်။

ဖြိုး ( china.com )
china.com Myanmar
https://www.facebook.com/china.com.mm/


ဆော်ဒီအာရေဗျနိုင်ငံသည့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဥရောပဈေးကွက်ကိုဖြန့်ချီမည့်၎င်း၏ရေနံစိမ်းဈေးကိုလျှော့ချခဲ့ကြောင်း Wall Street ဂျာနယ်၏ ဇွန်လ ၆ ရက်သတင်းကို China Daily ၏သတင်းတွင်ဖော်ပြခဲ့ပါသည်။ ဆော်ဒီအာရေဗျက ရေနံစိမ်းထုတ်လုပ်မှုတောက်လျှောက်တိုးတက်နေသည့် အနေအထားတွင် ပြီးခဲ့သည့် ကြာသပတေးနေ့ကပြုလုပ်ခဲ့သည့် OPEC (Organization of the Petroleum Exporting Countries) အစည်းအဝေးတွင် ရေနံထုတ်လုပ်မှုကိစ္စရပ်များအပေါ် သဘောတူညီချက်မရရှိခဲ့ပြီးနောက် ရေနံဈေးကွက်၏ ယှဉ်ပြိုင်မှုမှာ တစ်စထက်တစ်စမြင့်တက်လာသည်။


ဆော်ဒီအာရေဗျ နိုင်ငံပိုင် ရေနံကုမ္ပဏီ Saudi Aramco က ၀ယ်သူများထံသို့အီးမေးလ်ပေးပို့ချက်များအရ ၄င်းကုမ္ပဏီသည် လာမည့် ဇူလိုင်တွင် ဥရောပအနောက်မြောက်နိုင်ငံများသို့ဖြန့်ချီမည့် ရေနံစိမ်းအပေါ့စား (light crude) ကို တစ်စည်လျှင် ဆင့် ၃၅ အထိဈေးလျှော့ချလိုက်ပြီး ၊ ယခုလတွင်ရောင်းချမည့် ဘရင့်ရေနံစိမ်း အား တစ်စည်လျှင် ဆင့် ၁၀ စီလျှော့ချခဲ့သည်။

မမျှော်လင့်ပဲ ထိုကဲ့သို့ဈေးကိုလျှော့ချလိုက်ခြင်းကြောင့် ရေနံရောင်းချသူများအနေဖြင့် အံအားသင့်ရပြီး နှစ်စဉ်ဒုတိယနှစ်ဝက်ကာလ၌ ရေနံချက်စက်ရုံများ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ချိန်တွင် ရေနံထုတ်လုပ်မှုလျော့ကျသဖြင့် ၀ယ်လိုအားများလေ့ရှိသည် လတ်တလောတွင်လည်း နိုင်ဂျီးယားသို့ ရေနံဖြန့်ဝေရာတွင်လည်း အနည်းငယ်မလုံမလောက်ဖြစ်လျက်ရှိသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ပြုလုပ်သည့် ရေနံရောင်းချသူများအဖွဲ့(OPEC )အစည်းအဝေးတွင် ရေနံထုတ်လုပ်မှုကိုကန့်သတ်ရန်သဘောတူညီချက်မရ ရှိခြင်းမှာ အဖွဲ့ဝင်နိုင်ငံ ဆော်ဒီ နှင့် အီရန်တို့အနေဖြင့် လွတ်လပ်စွာရောင်းချမှုကို အထိခိုက်မခံလိုသော ကြောင့်ဖြစ်သည်။

လက်ရှိတွင် အီရန်သည် ဥရောပသို့ တစ်နေ့လျှင် ရေနံစည်ပေါင်း၎သိန်းခန့်ရောင်းချနေရပြီး ဂရိ၊ ပြင်သစ်နှင့် အီတလီတို့ရှိ ရေနံချက်စက်ရုံများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုပြီးနောက်တွင် နေ့စဉ် စည်ပေါင်း ၇သိန်းခန့်ထိ တိုးမြင့်ရောင်းချသွားနိုင်မည်ဖြစ်သည်။

ဖြိုး ( china.com )
china.com Myanmar
https://www.facebook.com/china.com.mm

ဗက်စီဆယ်လာ (Vezneciler) ဒေသကို ရဲကား ဖြတ် အသွားမှာ အဝေးထိန်း ခလုတ် နဲ့ ဗုံးကို ဖောက်ခွဲ
တူရကီ နိုင်ငံ မြို့တော် အီစတန်ဘူလ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံး ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တူရကီ ရဲတပ်ဖွဲ့ ဘတ်စ် ကားကို ဦးတည်ပြီး တိုက်ခိုက် တာဖြစ်ပါတယ်။

အီစတန်ဘူလ် မြို့လယ် က ဗက်စီဆယ်လာ (Vezneciler) ဒေသကို ရဲကား ဖြတ် အသွားမှာ အဝေးထိန်း ခလုတ် နဲ့ ဗုံးကို ဖောက်ခွဲ ခဲ့တာပါ။

လတ်တလော အချိန် အထိ ဗုံးခွဲ တိုက်ခိုက်မှုတွေကို ဘယ်သူတွေက လုပ်ခဲ့သလဲ ဆိုတာ ထုတ်ဖော် ပြော ကြားခြင်း မရှိသေးပါဘူး။


တူရကီ နိုင်ငံမှာ ခွဲထွက်ရေး ကို လိုလားတဲ့ ကဒ် လက်နက် ကိုင် အဖွဲ့တွေနဲ့ မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်ပွား နေတာကြောင့် အခြေအနေတွေ တင်းမာ နေပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အနီးဝန်းကျင် က အခြား လူ ၃၆ ဦးဟာလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက်မှာ သေနတ် ပစ်ခတ် တိုက်ခိုက်သံတွေကိုလည်း ကြားခဲ့ရကြောင်း သတင်းရရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဆီးရီးယား၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ Hadiyeh al-Abbas အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဒမတ်စကတ်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ၏ အနိုင်ရ al-Baath ပါတီ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Hadiyeh al-Abbas အား ဇွန်လ ၆ ရက် က ဆီးရီးယားနိုင်ငံ ၏ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ပြီး နိုင်ငံ၏ သမိုင်းတွင် ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာကြောင်း သိရသည်။

al-Abbas အား လွှတ်တော်သစ်၏ ပထမဆုံး ကျင်းပသည့် အစည်းအဝေးပွဲ၌ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက် ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် SANA သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

SANA က al-Abbas သည် ဆီးရီးယား လွှတ်တော် စတင် ဖွဲ့စည်းခဲ့သည့် ၁၉၁၉ ခုနှစ် မှ ယနေ့ အထိ ရွေးချယ် တင်မြှောက်ခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌများ အနက် ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

Al-Abbas အား ၁၉၅၈ ခုနှစ်တွင်  ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ၄င်းသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ Aleppo မြို့ရှိ တက္ကသိုလ် တစ်ခုမှ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ အင်ဂျင်နီယာ ပရော်ဖက်ဆာဘွဲ့ကို ရရှိထားကြောင်း လည်းသိရသည်။

၎င်းသည် လွှတ်တော် အမတ်အဖြစ် ၂၀၀၃ ခုနှစ် မှ ၂၀၀၇ ခုနှစ် အတွင်း တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

၎င်း၏ ရွေးချယ်တင်မြှောက်ခံရမှုသည် နိုင်ငံ၏ ငါးနှစ်တာ ပဋိပက္ခများ အတွင်း ဆီးရီးယား၏ သမိုင်းကြောင်း ပြောင်းလဲမှု တစ်ရပ်အဖြစ် သတ်မှတ်နိုင်ကြောင်းသိရသည်။

ဆီးရီးယားနိုင်ငံ၏ လွှတ်တော် ရွေးကောက်ပွဲအား လွန်ခဲ့သည့် ဧပြီလတွင် အစိုးရက ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ကျင်းပခဲ့ခြင်း ဖြစ်ပြီး အတိုက်အခံ အုပ်စုများက သပိတ်မှောက် နေသည့်ကြားကပင် လွှတ်တော်နေရာ ၂၅၀ အတွက် အမတ်လောင်း ၃,၅၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

 

 တာမွေမြို့နယ် ကျိုက္ကဆံ လမ်း ဗျိုင်းရွာမရပ်ကွက်တွင် တိုင်ပေနိုင်ငံသား ဖွင့်လှစ်ထားသည့် အကြွေစေ့ဂိမ်းဆိုင်ကို ဝင်ရောက် ဖမ်းဆီးပြီး ဆိုင်ပိုင်ရှင်အပါအဝင် စုစုပေါင်း ၄၁ ဦး ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါဂိမ်းဆိုင်ကို ဇွန်လ ၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းရရှိသည့်အတွက် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဂိမ်းစက်မျိုးစုံအပါ အဝင် လောင်းကစားငွေ ကျပ် ၄၄ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘သတင်းရလို့ သွားပြီး ဖမ်း တာပါ။ လောင်းကစားပြုလုပ်တဲ့ သူတွေအပါအဝင် ဝန်ထမ်းနဲ့ ဆိုင် ရှင်ကိုပါ ဖမ်းမိပါတယ်။ ဆိုင်ရှင် ကတော့ ထိုင်ဝမ်ကလာတဲ့ တ ရုတ်ဖြစ်ပါတယ်။ ဗီဇာသက်တမ်း လည်းရှိပါတယ်။ သြဂုတ် ၂၆ ရက်မှ သူ့ဗီဇာသက်တမ်းက ပြည့်မှာ ပါ။ တာမွေရဲစခန်းမှာ အမှုဖွင့်အ ရေးယူထားပါတယ်’’ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်း ဂိမ်း ကစားစက်များကို ကလေးများ ကစားရန် အမည်ခံကာ ဖွင့်လှစ် လျက်ရှိပြီး ဖမ်းဆီးသည့်အခါတွင် အဆိုပါဆိုင်ကြီးများမှ ဖမ်းဆီးခံ ရမှုမရှိကြောင်း ဂိမ်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

‘‘ကျွန်တော်ဖွင့်တဲ့ ဆိုင်ဆို ဘာမှမကြာလိုက်ပါဘူး။ ဖမ်းတာပဲ။ လိုင်းကြေးကလည်း အဖွဲ့တိုင်းမပေးနိုင်တော့ စီမံချက်စပြီဆိုတာ နဲ့ ကျွန်တော့်လိုဖွင့်တဲ့ဆိုင်တွေ အရင်ဆုံးဖမ်းတာပဲ။ ကိုယ့်နယ် မြေအပိုင်ကတော့ ဘယ်တော့မှ လာမဖမ်းဘူး။ မေးလည်း သူတို့ မသိလိုက်ဘူးပြောတယ်။ ရန်ကုန် မြို့လယ်မှာ ဘယ်နေရာမှာ ဂိမ်း ဆိုင်ကြီးတွေလည်း ရှိလဲဆိုတာ ဂိမ်းကစားတဲ့သူတိုင်း သိပါတယ်’’ ဟု အဆိုပါအမျိုးသားက ပြော သည်။

ဂိမ်းဆိုင်ပိုင်ရှင် တိုင်ပေနိုင်ငံသား ရှောက်ရွှေ အပါအဝင် ဝန်ထမ်းခုနစ်ဦး၊ လာရောက်ကစား သူ ၃၃ ဦး၊ ဂိမ်းစက်မျိုးစုံ ၂၁ လုံးနှင့်လောင်းကြေးငွေ ကျပ် ၄၄ သိန်းကျော် ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသူ ၄၁ ဦးကို တာမွေမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၁၃(က)/ ၁၄(က) ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။

============

7Day News Journal

http://www.7daydaily.com/story/66863



ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ကို လာရောက် နေထိုင်နေသူ ထိုင်ဝမ်နိုင်ငံသား Tsai Che-yu တီစိုင် ချီယူ အသက် ၂၅ နှစ်ကို မနီလာရဲတွေက သူနေထိုင်နေတဲ့ ကွန်ဒို တိုက်ခန်း မှာ အတူနေထိုင်နေသူ ရောဘတ် ၀ီလီယမ် (လိင်ပြောင်းထားသူ) ကို သတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့မှုနဲ့  ယခုလ (၅)ရက်နေက ဖမ်းဆီးလိုက် ပါတယ်။

CCTV မှတ်တမ်းအရ မနက် လေးနာရီမှာ "တီစိုင် "ဟာ ခရီးဆောင်အိပ်ကြီး တလုံး နဲ့  တိုက်ခန်းကနေ ထွက်သွားခဲ့တာကို တွေ့ ရပြီး အိပ်ထဲမှာ သူသတ် ထားတဲ့ လိင်ပြောင်းထားသူရဲ့ အလောင်းကို ထည့်သွားခဲ့တာဖြစ်ပါတယ်။

သူသယ်ဆောင်သွားတဲ့ အိပ်ကြီးအတွင်းက သွေးတွေ စီးထွက်လာတဲ့  သွေးကွက်တွေကို ကြမ်းပြင်မှာ မြင်တွေ့ ခဲ့ပြီးလုံခြုံရေးဝန်ထမ်း တွေက  ရဲစခန်းကိုဖုန်းဆက် အကြောင်းကြားလိုက်တာပါ။


သေဆုံးသူဟာ အတူနေကြရင်း ငွေအတင်းအကြပ်တောင်းနေတာကြောင့် စကားများ ရန်ဖြစ်ပြီး သတ်ခဲ့ကြောင်း တရားခံ တီစိုင်က ၀န်ခံခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ထိုင်ဝမ် နိုင်ငံသားတွေ ခုလို လူသတ်ပြီး ခရီးဆောင်အိပ်ထဲထည့် ဖျောက်ဖျက်ခဲ့တာဟာ ဒုတိယ အကြိမ်ပါ၊ ပထမ အမှုမှာ အသက် ၄၆နှစ် Kuoဆိုသူက မိန်းမ ဖိလစ်ပိုင်နိုင်ငံသူကို သတ်ပြီး ခုလိုအလောင်းဖျောက်ဖျက် ခဲ့ဘူးပါတယ်။

ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်နေကြတဲ့ ထိုင်ဝမ် နိုင်ငံသား ဒုစရိုက်ဂိုဏ်းဝင်တွေ လည်း ခုလို ပုံစံမျိုး လူသတ်မှုတွေ ကျူးလွန်လေ့ရှိကြောင်း သိရပါတယ်။

Social Action for Women - SAW

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီမံကိန်းအနီးရှိ ဆည်တည်းရွာဟောင်းတွင် ကုမ္ပဏီမှ မြေစာလာပုံသည့်ကိစ္စကြောင့် စီမံကိန်းလုံခြုံရေးရဲများနှင့် ဒေသခံများ အချင်းများကာ ဇွန် ၆ ရက်၊ နံနက် ၇ နာရီမှ  ၁၁ နာရီအထိ လေးခွဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြေးနီစီမံကိန်းမှ စွန့်ပစ်မြေစာများကို ဆည်တည်းရွာဟောင်း တောင်ဘက်ရှိ သိမ်းဆည်းမြေယာ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသည့် တောင်သူစခန်းအနီးတွင် စီမံကိန်းဝန်ထမ်းများက ဘူဒိုဇာများဖြင့် လာရောက်စွန့်ပစ်ခြင်းကြောင့် ဒေသခံများက သွားရောက် တားမြစ်ခဲ့ရာမှ နှစ်ဖက် အချေအတင်ဖြစ်ပွားခဲ့ပြီး လေးခွဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက် ၇ နာရီ၊ ၈ နာရီခွဲလောက်မှာ ဘတ်ဖိုးတွေနဲ့ မြေစာလာပုံကြတော့ ရွာသူရွာသားတွေက မြေယာလျော်ကြေး လုံးဝမယူထားတဲ့ မြေတွေဖြစ်တဲ့အတွက် မြေစာမပုံဖို့ပြောရင်း ရဲနဲ့ အချေအတင် စကားများကြပြီး လေးခွနဲ့ ပစ်ကြတာ။ ဘယ်ဖက်က စပစ်တယ်ဆိုတာတော့ ပြောဖို့ခက်တယ်” ဟု ဆည်တည်းရွာဒေသခံ ကိုမောင်ငယ်က ပြောသည်။

ဆည်တည်းရွာဟောင်းနေ ရွာသူရွာသားများနှင့် ကြေးနီစီမံကိန်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှာ မြေစာပုံခြင်းကိစ္စနှင့် ပတ်သက်၍ မကြာခဏ အပြန်အလှန်လေးခွဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိကာ မေလအတွင်းကလည်း ၃ ကြိမ်ထက်မနည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ရွာသူရွာသားတွေကို ထိခိုက်ဒဏ်ရာ ရအောင်မလုပ်ဖို့ မှာထားပါတယ်။ အပြန်အလှန် ပစ်ခတ်ကြတယ်ဆိုတာ လေးခွနဲ့ ပစ်ကြတာပါ။ ဘာမှမဖြစ်ကြပါဘူး” ဟု ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ ယာယီစခန်းမှူး ဒုရဲအုပ် ကိုငြိမ်းထွန်းက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၁၀ ခုနှစ်ကစတင်ကာ လယ်ယာမြေဧက ၇၉၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကြေးနီထုတ်လုပ်ငန်းကို စတင်ခဲ့သည့် စီမံကိန်းဖြစ်ကာ လက်ပံတောင်းဒေသရှိ ကျေးရွာများက ဝိုင်းဝန်းကန်ကွက်ခဲ့ကြရာမှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မိုးကြိုးပြင်ရွာနေ တောင်သူဒေါ်ခင်ဝင်းမှာ ဦးခေါင်းသေနတ်ထိမှန်၍ သေဆုံးခဲ့ရကြောင်း သိရသည်။

MMK
The Ladies News journal

 

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းသည် သည် ယနေ့ ဇွန်လ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက် နေ့လယ် ၁ နာရီတွင် မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်နှင့် လည်းကောင်း၊ ညနေပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း နိုင်ငံခြားရေးရုံးတွင် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

၎င်းရောက်ရှိချိန်သည် စင်ကာပူ - မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် ကာလဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် စင်ကာပူနိုင်ငံမှ အထောက်အပံ့ပေးမည်ကို စိတ်ပိုင်းဖြတ်ထားကြောင်း ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခြင့်းဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

ဒေသတွင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရန်အပြင် အစိုးရတစ်ရပ်ရပ်အား ၀င်ငွေခွန် ပေးဆောင်နေသူမှာ ကျန်အစိုးရကပါ ၀င်ငွေခွန် ကောက်ခံနေတာတွေ ရှောင်ရှားစေရန် ( လက်ရှိ စင်ကာပူတွင် အလုပ်လုပ်နေသူ မြန်မာအများစုမှာ နှစ်နိုင်ငံစလုံးအတွက် အခွန်ထမ်းဆောင်နေရ ) အတွက် သဘောတူထားပြီး ဖြစ်သော်လည်း ခေတ်စနစ်နှင့် လျော်ညီစေရန် မြန်မာဘက်မှ ပြင်ဆင်ထားကြောင်းနှင့် အဆိုပါကိစ္စကိုပါ ယခုခရီးစဉ်အတွင်း ဆွေးနွေးရန် ရှိနေကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်ဟု ဘီဘီစီ မြန်မာပိုင်း သတင်းဌာနက ဖော်ပြထားသည်။

ယင်းအပြင် လွတ်လပ်သော အာဆီယံ အသိုင်းဝန်းအတွင်း အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ဗီဇာမလိုအပ်ဘဲ ခရီးသွားလာခွင့်အပါဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအတွက်လည်း ဆွေးနွေးရန် ရှိနေသည်ဟု
သိရသည်။

လင်းလင်းထက်
The Ladies News journal

 
နယူးယောက်၊ ဇွန် ၇ ။            ။ အမေရိကန်သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီက ဟီလာရီကလင်တန်အား လိုအပ်သော ကိုယ်စားလှယ်အရေအတွက် ရရှိ၍ အပြီးသတ် ရွေးချယ်လိုက်ပြီဖြစ် သည်။

ပါတီတွင် ၎င်းအတွက် ကိုယ်စားပြုထောက်ခံသူပေါင်း ၂၃၈၃ ရရှိ၍ ဟီလာရီအနေဖြင့် ချွင်းချက်မရှိ ရွေးချယ်ခံရခြင်းဖြစ်သည်။

ဟီလာရီကလင်တန်အနေဖြင့် အမေရိကန်၏ နိုင်ငံရေးပါတီကြီးတစ်ခုအတွက် ပထမဆုံး အမျိုးသမီးသမ္မတလောင်းလည်း ဖြစ်လာနိုင်မည်ဖြစ်သည်။

သို့သော် ပြိုင်ဖက်ဖြစ်သူ ဘာနေးဆန်ဒါးစ်က ဟီလာရီအနေဖြင့် အနိုင်ရနိုင်မည်မဟုတ်ကြောင်း၊ သူမ အားပြုထားသည့် အထူးကိုယ်စားလှယ်များက ဇူလိုင်လ ပါတီညီလာခံမတိုင်ခင်အထိ ပေးပေးနိုင်ခွင့် မရှိသူများဖြစ်၍ ဖြစ်ကြောင်း ပြောသည်။

ဟီလာရီကလင်တန်သည် ပူတိုရီကိုတွင် အနိုင်ရကာ ယခုကဲ့သို့ ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။

Mizzima - News in Burmese

http://mizzimaburmese.com/article/14944

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး အနှစ် ၅၀ ပြည့် ကာလမှာ ဝန်ကြီးချုပ် လီ မြန်မာပြည်ကို လာရောက်။

စင်္ကာပူ ဝန်ကြီးချုပ် လီဆန်လွန်းရဲ့ ၃ ရက်တာ မြန်မာပြည် ခရီစဉ် ဇွန်လ ၇ ၇က်နေ့မှာ စတင်ဖို့ ရှိနေပါတယ်။

စင်္ကာပူ-မြန်မာ သံတမန် ဆက်ဆံရေး အနှစ် ၅၀ ပြည့် ကာလနဲ့ တိုက်ဆိုင်ပြီး ဝန်ကြီးချုပ် လီ မြန်မာပြည်ကို လာရောက်တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို ခိုင်မြဲအောင် ဆွေးနွေးဖို့နဲ့ မြန်မာ နိုင်ငံ တိုးတက် ဖွံ့ဖြိုးရေးမှာ စင်္ကာပူ နိုင်ငံက အထောက်အပံ့ပေး ကူညီဖို့ စိတ်ပိုင်းဖြတ် ထားတယ်ဆိုတာ ပြသနိုင်ဖို့ အတွက် ဝန်ကြီးချုပ်လီ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။

စင်္ကာပူနဲ့ မြန်မာ အစိုးရ တစ်ရပ်ရပ်ကို ဝင်ငွေခွန် ပေးနေသူတွေ အပေါ် ကျန် အစိုးရကပါ ထပ်ပြီး အခွန် ကောက်ခံတာ ကနေ ရှောင်ရှားဖို့ နှစ်နိုင်ငံ သဘောတူ ထားပြီး ဖြစ်ပေမယ့်၊ ခေတ်ကာလနဲ့ လျော်ညီအောင် ပြုပြင်ဖို့ မြန်မာဘက်က ပြင်ဆင် ထားတယ် ဆိုပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ အကြား ဗီဇာ မလိုပဲ အပြန်အလှန် သွားရောက်နိုင်ဖို့ ကိစ္စ အထမြောက် လာအောင် နိုင်ငံခြားရေး ဌာနက ကြိုးစား နေတယ် ဆိုပြီး ဦးကျော်ဇေယျ က ပြောပါတယ်။
BBC Burmese

ပန်ဆန်းမှာ တိုင်းရင်းသား အဖွဲ့တွေ တွေ့ဆုံခဲ့စဉ်။
၂၁ ရာစု ပင်လုံ ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီဝင်တွေနဲ့ ဝလက်နက်ကိုင် UWSA အကြား လာမယ့် ရက်ပိုင်းထဲ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဝ ဌာနချုပ် ပန်ဆန်းမှာ ရာသီဥတု သိပ်မကောင်းလို့ တွေ့မယ် ဆိုရင် မိုင်းလားမှာ တွေ့ကြဖို့ UWSA ဘက်က ဆန္ဒ ရှိတယ် ဆိုပြီး UWSA ရဲ့ ပြင်ပ ဆက်ဆံရေး ဌာနကြီးမှူး ဦးကျောက်ကော်အန်း က ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံ ကြတဲ့ အခါ UWSA ဘက်က ဘာတွေ ဆွေးနွေး သွားမှာလဲ ဆိုတာကို ထုတ်မပြော ပေမယ့် အခု ဆွေးနွေးပွဲရဲ့ ရလာဒ် အပေါ် မူတည်ပြီး အစိုးရက ကျင်းပမယ် ဆိုတဲ့ ငြိမ်းချမ်းရေး ညီလာခံကို တက်ဖို့ မတက်ဖို့ စဉ်းစားမယ် လို့လည်း ဦးကျောက်ကော်အန်း က ဆိုပါတယ်။

အားလုံး ပါဝင်တဲ့ ညီလာခံ ဖြစ်ဖို့ UWSA အနေနဲ့ လိုလားပြီး၊ တိုင်းရင်းသား တစ်ဖွဲ့ဖွဲ့ ကျန်နေရင် တနိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးလို့ မခေါ်နိုင်ဘူးလို့ UWSA ရဲ့ သဘောထားကို ဦးကျောက်ကော်အန်း က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင် ဖွဲ့ထားတဲ့ အစိုးရသစ်သာ တနိုင်ငံလုံး အပစ်အခတ် ရပ်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေ ဆောင်ရွက်မယ် ဆိုရင် UWSA က အပြည့်အဝ ထောက်ခံမှု ပေးမယ်လို့ ဆိုပါတယ်။
BBC Burmese

ဘိုးတော်ခေတ်က ရှေ့တန်းတက်ချင်သူတွေ အရမ်းများတယ်။ လွှတ်တော်ထဲမှာ ဘုရင်က ခန့်ထားတဲ့ အမတ်စိမ်းတွေက အရမ်းနေရာယူတာပဲ။ အမတ်စိမ်းဆိုတာ ပညာနဲ့ တက်လာတဲ့ အမတ်တွေ မဟုတ်ဘူး။ ဘုရင့်ဆွေတော် မျိုးတော်တွေ၊ မိဖုရားတွေရဲ့ ဆွေတော်မျိုးတော်တွေ။ မြှောက်စား လို့ တောက်ကြွားလာသူ တွေပေါ့။

တစ်နေ့ ညီလာခံမှာ ပေါ်ဦးက ဘိုးတော်ကို တင်လျှောက်စရာရှိနေတယ်။ အဲဒီနေ့က လွှတ်တက်နောက်ကျ တာကြောင့် သူထိုင်နေကျနေရာကို အမတ်စိမ်းတစ်ယောက်က ထိုင်နေတယ်။ သူလာတာတွေ့ပေမယ့် အဲဒီ အမတ်က မဖယ်ဘူး။ ဒါကြောင့် ပေါ်ဦးလည်း အရွဲ့တိုက်ပြီး နောက်ဆုံး လွှတ်တော် အတက်အဆင်း လှေကား နားမှာ သွားထိုင်နေလိုက်တယ်။

“ဟဲ့ … ပေါ်ဦးတစ်ယောက် ဒီနေ့ လွှတ်တက်တာ မတွေ့ပါလား” လို့ ဘိုးတော်ကမေးတော့ အမတ်တွေက နောက်ကို လှည့်ကြည့်ကြတယ်။ ဒီတော့မှ ဘိုးတော်လည်း ပေါ်ဦးကိုတွေ့ပြီး

“ပေါ်ဦး ဘာဖြစ်လို့ မောင်မင်းက လှေကားနား သွားထိုင်နေရသလဲ” လို့ မေးလိုက်တယ်။ ဒီတော့မှ ပေါ်ဦးက

“မှန်လှပါ အသုံးမကျတဲ့ ငါးခုံးမက မြှုံးဝကို ပိတ်နေလို့ပါဘုရား” လို့ ပြောလိုက်တယ်။

ဘုရင်စဉ်းစားစရာ ဖြစ်သွားတယ်။ ပေါ်ဦးဘာကြောင့် ဒီစကားပြော သလဲပေါ့။ ပေါ်ဦးစကားကို နားလည် လိုက်တာက မိဖုရားကြီးမောင်တော်။ ရွာမှာတုန်းက တံငါသည်လုပ်ခဲ့တော့ ကောင်းကောင်းသိတယ်။ သူ့ကို စော်ကားပြီး ရည်ရွယ်ပြောလိုက်တယ်ဆိုတာ။ သူထိုင်နေတာကလည်း ပေါ်ဦးနေရာ ဖြစ်နေတယ်။

“ပေါ်ဦးရယ် … ပိတ်နေရင်လည်း ကန်ထုတ်လိုက်ပေါ့။ အရေးကြီးရင် လုပ်ရမယ့်ကိစ္စပဲ။ ငါ့ကို လျှောက်တင်ရမယ့်ကိစ္စလောက် အရေးကြီးတာ ဘာများရှိသလဲ”

ပေါ်ဦးက အပြေးလေး ရှေ့နားကို ထလာပြီး သူ့နေရာထိုင်နေတဲ့ အမတ်ကို ပြေးကန်လိုက်တာ မှောက်ရက် လဲသွားတယ်။ လွှတ်တော်မှာ ဒီလိုလုပ်ရပါ့မလားဆိုပြီး ဘိုးတော်က ဒေါသထွက်တာပေါ့။

“ပေါ်ဦး နင်ဘာလုပ်တာလဲ” လို့ စိတ်ဆိုးဆိုးနဲ့ မေးလိုက်တယ်။

“မှန်လှပါ ကိုယ့်နေရာကိုယ်မသိ ရှေ့ဆုံးက နေရာယူချင်တဲ့ ပညာရှင်ဆိုတဲ့ကောင်တွေကို ကန်ထုတ်လိုက် တာပါဘုရား။ အရှင်မင်းကြီးကန်ဆိုလို့ ကန်လိုက်တာပါဘုရား။ လျှောက်တင် ရမယ့်ကိစ္စ ရှေ့ကနေပိတ် နေလို့ လုပ်လိုက်ရကြောင်းပါဘုရား” လို့ ပြန်ပြောလိုက်တယ်။

ဘိုးတော်လည်း သူ့စကားနဲ့သူ အရေးယူဖို့ မတန်သေးဘူးဆိုပြီး လွှတ်တော်ကထွက်သွားတယ်။ ညကျမှ ပေါ်ဦးကို နန်းထဲခေါ်ပြီး

“ပေါ်ဦး … ရှေ့ဆုံးမှာ ဘယ်လိုလူတွေလဲဆိုတာ နင်လည်းသိ၊ ငါလည်းသိတယ်။ သူတို့ မရှက်လို့ နေရာယူ လွှတ်တော်မှာ ငြူစူပြလို့ အကျိုးမရှိဘူးဟဲ့။ သွား … ကွမ်းနဲ့ရေဆက်သ တောင်းပန်လိုက်” လို့ပြောလိုက်တယ်။

၇.၆.၂၀၁၆
Tin Nyunt Fb

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်
ဆိုတာ သန်လျင်မြို့အပြင်ဘက် ကျိုက်ခေါက်ဘုရား နောက်ဘက်ကနေ သီလဝါ သွားတဲ့လမ်းဘက်မှာ ရှိတာပါ။

စဖွင့်တာ ၂၀၀၂ ခုနှစ် ရန်ကုန်မြို့ထဲ ဘုရင့်နောင်လမ်းမပေါ်မှာရှိတဲ့ရေကြောင်းသိပ္ပံ ဝင်းထဲ မှာ ၄ ထပ်ကျောင်းဆောင်ဆောက်ပြီး စဖွင့်ခဲ့ရတာ။
ပြောင်းလာတော့ ကျောင်းအတွက် ငွေနဲ့ ဆောက်ထားတဲ့ အဲ့ဒီအဆောက်အဦကို ထားခဲ့ရတယ်။

အခုလက်ရှိနေရာကို ပြောင်းလာတာက ၂၀၀၄ ခုနှစ်။

ပထမဆုံး Bus ကားလိုင်းက ၂၁၈ ။
၂၁၈ မဆွဲတော့ ၄၈ အထူး ဆွဲတယ်။
၂၀၁၅ ခုနှစ်ကစပြီး ဘာ ဘတ်စ်ကားမှ မလာတော့ဘူး။
ဘတ်စ်ကားရှိစဉ်ကတည်းက
ကျောင်းသားတွေကိုယ့်ပိုက်ဆံနဲ့ စုပြီးငှားရတဲ့ ကျောင်းသားဖယ်ရီလို့ခေါ်တဲ့ ကားတွေငှားပြီးစီးရတာရှိပါတယ်။ ဒါပေမဲ့ ဘတ်စ်ကားကို အားကိုးလို့ရတော့ ဖယ်ရီမစီးလည်း ကျောင်းလာလို့ရတယ်။

အခု ၂၀၁၆ မှာ ကျောင်းဖွင့်ပါတယ်။
ဘတ်စ်ကား တစ်စီးမှ မလာပါဘူး။ တစ်နေ့လုံးနေမှ တစ်စီးတောင်လာရဲ့လားမသိတဲ့ ရွှေရန်ကုန်ဟာ ရေကြောင်းအတွက်တော့ ဘတ်စ်ကားမဟုတ်တဲ့အတွက် ထည့်မရေပါဘူး။

အဲ့ဒီတော့ ကျောင်းသား/သူတွေ ကျောင်းကို ဘာနဲ့လာရသလဲ။
ကိုယ်ပိုင်ကားရှိတဲ့ကလေးတွေ ကိုယ့်ကားနဲ့ကိုယ်လာ။
ဖယ်ရီသမားတွေက ကျောင်းကားဖယ်ရီစီး။
ဘတ်စ်ကားနဲ့ကျောင်းတက်ရတဲ့ကျောင်းသား/သူတွေက မဖြစ်မနေကို ဆိုင်ကယ်ကယ်ရီ စီးရပါတော့တယ်။

သန်လျင် အောင်ချမ်းသာ ကားမှတ်တိုင် သို့မဟုတ် သန်လျင်ဘုရားကုန်း ကားမှတ်တိုင်အထိ ဘတ်စ်ကားတွေရိုက်သတ်မကုန်အောင်များတယ်။ အဲ့ဒီတော့ ကျောင်းသားတွေက အဲ့ဒီမှတ်တိုင်အထိစီးလာ။
ရေကြောင်းကိုရောက်ဖို့ ဆိုင်ကယ်ကယ်ရီ ဆက်စီးရပါတယ်။ လမ်းလျှောက်ရင် မိနစ် ၅၀ လောက်ကြာပါတယ်။ ဘယ်လိုမှ အသုံးပြုလို့မရတဲ့ လမ်းလျှောက်မှုပါ။
အဲ့ဒီတော့ မဖြစ်မနေ ဆိုင်ကယ် ကယ်ရီစီးရပါတယ်။

အန္တရာယ် ကင်းပါရဲ့လား--?
ဘယ်လိုလုပ်အန္တရာယ် ကင်းပါ့မလဲ။ မဖြစ်သာလို့စီးရတာ။ ကံကောင်းရင်ဘာမှမဖြစ်ဘူး။ ကံမကောင်းရင် ဆိုင်ကယ်မှောက်ပဲ။
ဝန်ထမ်းထဲက ဆို ဆိုင်ကယ်ယယ်ရီ စီးလို့ သေ သွားရတဲ့သူတောင်ရှိပါတယ်။
ကျောင်းသား/သူတွေ ဆိုင်ကယ်မှောက်လို့ဆေးရုံရောက်ရတာလဲ ခဏခဏပါပဲ။

အဲ့ဒီအကြောင်းကို ကျောင်းသားတွေလည်း အကြိမ်ကြိမ်ပြောပါတယ်။
ကျောင်းကတာဝန်ရှိသူတွေလည်း မထသ နဲ့ အကြိမ်ကြိမ်ဆွေးနွေးပါတယ်။

နိဂုံးချုပ်ရရင် ဘယ်သူဘယ်လောက်ဆွေးနွေး ဆွေးနွေး ဘတ်စ်ကားက ရ မလာပါဘူး။

အခုနောက်ဆုံး လွှတ်တော်ကိုတင်ပြဖို့ ဘာကော်မတီဆိုလား အရင်ပြောတော့ ပြောတော့ပြောပေးပါမယ် ကိုယ်တိုင်လည်း ပို့ဆောင်ရး ဝန်ကြီးကိုတင်ပါဦးတဲ့ ဆိုတာတို့ ရန်ကုန်တိုင်းအစိုးရကို တင်ပါဆိုတာတို့။

ပြောချင်တာက ---
ဒီကျောင်းကို ဒီလိုမြို့အပြင်ကို ဘယ်သူ ထုတ်ထားခဲ့တာလဲ။
အစိုးရ လေ။

ဒါဆို ဒီမြို့ပြင်ကျောင်းကို ကျောင်းအင်္ဂါ ရပ်နဲ့ အညီ ဘတ်စ်ကားလိုင်းရောက်အောင်လုပ်ဖို့တာဝန်က အစိုးရမှာပဲရှိတယ်လေ။

ဘောလုံးပုတ်သလို ဟို ပုတ်ထုတ် ဒီပုတ်ထုတ် လုပ်နေရင်တော့ ကျောင်းသား/ကျောင်းသူတွေ ဘယ်နှယ့်လုပ်ရမလဲ။

အစိုးရ အသစ် ကို အများကြီး မျှော်လင့်ထားတာ။
သူတို့တက်ရင်တော့လုပ်ပေးမှာပဲလို့ ယုံမိတာ။

အခုဆိုရင် မိုးရာသီကြီး ရောက်ပြီ။ ရန်ကုန်မိုးနဲ့ ဆိုင်ကယ်ကယ်ရီ နဲ့ အင်မတန် အန္တရာယ် များတယ်။

ဒီနေ့ဆိုရင် ဖယ်ရီမီးလောင်တယ်။ ခပ်ဟောင်းဟောင်း ကားတွေကို ကျောင်းသားဖယ်ရီဆိုပြီး လွှတ်ထားတာ ကလေးတွေဘက်ကလည်း ဘာမှမတောင်းဆိုနိုင်ဘူး။
ဘယ်သူတာဝန်ယူမှာလဲ ?။

ဘတ်စ်ကား ဘတ်စ်ကား နဲ့ အော်နေရတာလဲ တစ်ကျောင်းလုံး ကလေး လူကြီးပါမကျန် မောလှပြီ။

ကျွန်မတို့က သူတို့ မြို့ပြင်ထုတ်ထားလို့ မြို့ပြင်သွားကျောင်းတက်ရတာ။

သူတို့ အစိုးရ က မြို့အပြင်ပဲ ကျောင်းကို ထုတ်ထားပြီး ကျောင်းရောက်ဖို့ ဘတ်စ်ကားကို မစီစဉ်ပေးဘူး ဆိုရင် ကျွန်မတို့က ဘယ်လို လုပ်ရမှာလဲ?
တစ်ကျောင်းလုံး ကျောင်းမတက်ဘဲ ဘတ်စ်ကား ရ ရှိရေး ဆန္ဒပြ ရင် ထောင်ထဲဖမ်းထည့်ဦးမှာလား။

ထောင်ထဲဝင်ရမှာ ကြောက်ပေမဲ့ အများအတွက် ဆို လုပ်ရမှာဆိုပြီး လုပ်လိုက်ပါပြီတဲ့ ---ဘတ်စ်ကားလည်း မရလာ ထောင်ဝင် ဖတ်သာတင်ရင် ဘယ်သူမှ အကျိုးမရှိဘူး။

အဲ့ဒီတော့ အာဏာပိုင်များရှင် ကျွန်မတို့
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကို ဘတ်စ်ကားရောက်အောင် အမြန်လုပ်ပေးပါ။

အနာဂတ်သားကောင်းရတနာဖြစ်တဲ့ တက္ကသိုလ် ကျောင်းသား/ကျောင်းသူလေးတွေ လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ဖို့ ကိုယ်ထူကိုယ်ထ နဲ့ မရလို့ပါရှင်။

---------******+--------

ဒေါ်ခင်ခင်မိုး
တက္ကသိုလ် ဆရာမ
ရေကြောင်းတက္ကသိုလ်


ဒလ မြို့ မှ ရန်ကုန် ဘက်ကမ်းသို့ သွားရောက်သည့် မော်တော်ယာဉ်များ မြစ်ကူး ဇက်ယာဉ်ပေါ် တက်သည့် အခါတိုင်း ကောက်ခံနေသည့် ဆိပ်ကမ်းအခွန် ဆိုသည့် ကားဝင်ခွင့်ပြေစာ ၃၀၀ ကျပ် နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကောက်ခံငွေများအတွက် ပြေစာ ဆိုသည့် ဘောက်ခြာဖြင့် ၃၂၀ ကျပ် နှစ်ခုပေါင်း ၆၂၀ ကျပ်အား မိမိအသင်း မှ LIGHT TRUCK ကားအတွက် ဒလသို့ ရေအလှူ ဖွံ့ဖြိုးရေးသစ်ပင်စိုက်ခရီးစဉ် သွားသည့် အခါတိုင်း ပေးဆောင်နေရပါသည်။

မိမိတို့ နေ့စဉ်နီးပါး သွားရောက်စဉ် ငွေကောက်ခံသည့် အခါတိုင်း ပြေစာ တောင်းခံသော်လည်း မပေးပဲ ငွေသာလျင် တောင်းခံနေပါသောကြောင့် တရားဝင်မှု ရှိမရှိ သိနိုင်ရန် ယခုလ ၄ ရက်နေ့က ငွေကောက်ခံ ပြေစာကို မရမနေတောင်းခံသော အခါမှ ယခု တင်ပြသော ပြေစာ နှစ်ရွက်ကို ပေးခဲ့သည်။

ယခုကဲ့သို့နေ့စဉ် မိမိတို့ ခရီးသွားမော်တော်ယာဉ်တိုင်းအား ကောက်ခံနေေ သော အခွန်ငွေသည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မှ တရားဝင် သတ်မှတ်ထားသော ဆိပ်ကမ်းအခွန် ဖြစ်ပါသလား ဆိုသည့်မေးခွန်းအား ယနေ့ ဇွန်လ ၆ ရက် မနက် ဆယ်နာရီခန့်က ရုံးချုပ် ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် GM ဦးနီအောင်ထံ ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ ဒလမြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုအုပ်ချုပ်ရေးမှူး နှင့် ဒလ မြို့ ရပ်မိရပ်ဖတို့ အရှေ့တွင် ပင် မေးမြန်းခဲ့ရာ ။ တရားဝင် ကောက်ခံငွေ ကားဝင်ခွင့် အခွန်ငွေမှာ ၁၂၀ ကျပ် သာလျှင်ဖြစ်ကြောင်း

မြန်မာ့ဆိပ်ကမ်း တာဝန်ခံ အရာရှိ တဦးဖြစ်သူ ဦးဘိုစိုး မှလည်း ဆိပ်ကမ်း တရားဝင် ကားဝင်ခွင့် ဝင်ကြေးမှာ ၁၂၀ ကျပ်သာလျင် ဖြစ်ကြောင်း ဖြေကြားချက်များ အရ သိရှိခဲ့ပါသည်။

မိမိတို့ ခရီးသွားကားများကို ယခုကဲ့သို့ တရားဝင် အခွန်ငွေ ကျပ် ၁၂၀ ထက် ၅၀၀ ကျပ် ထက် ပိုမိုသော နှုန်းထားဖြင့် နှစ်ပေါင်းများစွာ ကောက်ခံလာခဲ့သော လေလံရ လုပ်ငန်းရှင် သိစေရန် ယခု စာမျက်နှာမှ တဆင့် အသိပေးလိုက်ပါသည်။

မိမိတို့ မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း အပါအ၀င် ဒလ ရန်ကုန် ခရီးသွားခဲ့သည့် မော်တော်ယာဉ်များထံမှ တရားမ၀င်သော လေလံစည်းကမ်းချိုးဖေါက်ကာ ပိုမိုကောက်ခံထားခဲ့သည့် ငွေကြေးများ အတွက် ထိုက်သင့်သည့် နစ်နာမှု လော်ျကြေးကို မိမိတို့အသင်းမှ တောင်းခံပါကြောင်း ၊ မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း ညှိနှိုင်းဆောင်ရွက်ရေး အတွင်းရေးမှူးး ဖုန်းနံပတ် 09450058276 သို့ ဆက်သွယ်ပြီး ယခု ဖြစ်စဉ်အတွက် တာဝန်ယူ ညှိနှိုင်းဆောင်ရွက်ခြင်း ပြုစေလိုပါသည်။

ထိုသို့ တာဝန်ယူ ဆောင်ရွက်ခြင်း မပြုပါက တရားဥပဒေ အရ လေလံစည်းကမ်းဖေါက်ဖျက်သူ လုပ်ငန်းရှင် နှင့်  သက်ဆိုင်ရာ ဒလမြို့နယ် ဆိပ်ကမ်း အာဏာပိုင် တာဝန်ခံအသီးသီးအား ယခုကဲ့သို့ ငွေကြေး အလွဲသုံးကောက်ခံမှုနှင့် ပတ်သက်ပြီး ဥပဒေ အရ အရေးယူပေးပါရန် နှင့် နစ်နာကြေး ပြန်လည် ပေးအပ်နိုင်ပါရန် တရားစွဲ ဆိုမည်ဖြစ်ပါကြောင်း ထုတ်ပြန် ကြေငြာပါသည်။

သို့ဖြစ်သောကြောင့် ယခုကဲ့သို့ အစိုးရအဖွဲ့အစည်း အမည်ခံကာ အခွန်ကြေး လိမ်လည်ကောက်ခံသူ လေလံစည်းကမ်းချိုးဖေါက်သူ တာဝန်ရှိ လေလံလုပ်ငန်းရှင် သိစေရန်နှင့် ယခုရက်မှ စပြီး သုံးရက် အတွင်း အကြောင်းကြား တုန့်ပြန် နိုင်ပါရန် အသိပေးလိုက်ပါသည်။

ပြည်သူ့အမိန့်အရ တာဝန်ခံကြေငြာသူ

နေမျိုးဇင်
https://www.facebook.com/msdn.naymyozin

၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့ကို ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ရစဉ်။ Photo: RFA
ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP/UWSA အဖွဲ့နဲ့  မိုင်းလား NDAA မိုင်းလားအဖွဲ့တို့က  ၂၁ရာစု ပင်လုံ ညီလာခံ၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ပြင်ဆင်မှုကော်မတီအဖွဲ့နှင့် တွေ့ဆုံဖို့ သဘောတူညီချက်ရရှိထားပြီး လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံဘို့ရှိတယ်လို့ ညီလာခံပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။

ဒီအဖွဲ့တွေကို ညီလာခံပြင်ဆင်ရေးကော်မတီဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ကိုယ်တိုင် တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး သဘောတူညီချက်ရရှိတာဖြစ်တယ်လို့ ဦးလှမောင်ရွှေကပြောပါတယ်။

"UWSA နဲ့ မိုင်းလား အဲ့နှစ်ဖွဲ့ကို ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ကိုယ်တိုင်ဆက်သွယ်ပြီးတော့ ညှိနှိုင်းနေတယ်၊ အဆက်အသွယ်ရနေပြီ၊ လာမယ့်ရက်ပိုင်းအတွင်းမှာ တွေ့နိုင်ဖို့ရှိတယ်ပေါ့၊ ဟိုတစ်နေ့က TNLA တို့ ၃ ဖွဲ့ကို ချင်းမိုင်မှာ ချိန်းပေမယ့် သူတို့ရောက်မလာဘူး၊ သူတို့ကို တစ်နေရာမှာထပ်ချိန်းပြီး ရှင်းတော့ပြရာမှာပေါ့နော်"

အဲ့ဒီလိုတွေ့ဆုံရေးအတွက် ရာသီဥတုအခြေအနေအရ နေရာရွေးချယ်ဖို့သာ လိုတော့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒေါက်တာတင်မျိုးဝင်းနဲ့အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေး ထိုးခြင်းမရှိသေးတဲ့ အဖွဲ့များပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ဒီအဖွဲ့ကို အခုလအတွင်း ရန်ကုန်မြို့ကို ဖိတ်ခေါ်ထားပြီး ဆက်လက်ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တောင်တရုတ်ပင်လယ်အရေး ညှိနှိုင်းဖြေရှင်းဖို့ ပြော
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တောင်တရုတ်ပင်လယ်အရေး ညှိနှိုင်းဖြေရှင်းဖို့ ပြော
တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ သံတမန်ရေးနည်းနဲ့ အဖြေရှာကြဖို့ တရုတ်နဲ့ အာရှပစိဖိတ် အိမ်နီးချင်း နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းနေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ (၈) ကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာ နဲ့ စီးပွားရေးဆိုင်ရာ နှစ်ပတ်လည်ဆွေးနွေးပွဲအဖွင့် ဒီကနေ့ မိန့်ခွန်းပြောကြားတာမှာ မစ္စတာ ကယ်ရီက ခုလို တိုက်တွန်းသွားခဲ့တာပါ။ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်အပြင်၊ တိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်င်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကလည်း သူတို့ပိုင်တယ်လို့ ပြောထားတဲ့၊ လူသူမနေတဲ့ကျွန်းတွေပေါ်မှာ တရုတ်က စစ်ရေးအရ အင်အားတိုးချဲ့ တည်ဆောက်နေတာတွေနဲ့ ပတ်သက်လို့ ဒေသတွင်း စိုးရိမ်မှုတွေ တိုးလာနေတာကို ရည်ညွန်းပြီး မစ္စတာ ကယ်ရီက အဲဒီလို ပြောခဲ့တာပါ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ အများအပြား ရှိနေတယ်လို့ ယူဆထားကြတဲ့ တောင်တရုတ်ပင်လယ်ပြင် ဒေသကို ဖြတ်သန်း ကုန်သွယ်သွားလာမှုတွေကလည်း နှစ်စဉ် ဒေါ်လာ ဘီလျံ ငါးထောင် ရှိပါတယ်။

ဒီဒေသက ဝေဟင်မှာ အမေရိကန် ထောက်လှမ်းရေးလေယာဉ်တွေ ပျံသန်းနေတဲ့အပေါ် တရုတ်အစိုးရက အမျက်ထွက်ပြီး တချို့နေရာတွေမှာ လေကြောင်းကာကွယ်ရေးဇုံ သတ်မှတ်ဖို့ စဉ်းစားထားတဲ့အကြောင်းလည်း အများသိ ပြောဆိုထားတာပါ။

ဒီလိုသတ်မှတ်လိုက်ပြီးရင်တော့ အဲဒီလေကြောင်းဇုံတွင်း ပျံသန်းမယ့်လေယာဉ်တွေ အနေနဲ့ တရုတ်အစိုးရထံမှာ ခွင့်ပြုချက်ယူရမှာဖြစ်ပါတယ်။ ၀န်ကြီးကယ်ရီကတော့ အဲဒီလိုလုပ်ဆောင်မှုဟာ ရန်လိုတဲ့အပြုအမူဖြစ်ပြီး မတည်ငြိမ်မှုတွေဖြစ်အောင် လုပ်ဆောင်ရာ ကျတယ်လို့ တနင်္ဂနွေနေ့က မွန်ဂိုလီးယားနိုင်ငံမှာ ခရီးတထောက်နားချိန် ပြောဆိုခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင် ကတော့ နှစ်ဘက်အကြား ကွဲပြားမှုတွေကို လက်တွေ့ကျတဲ့ အပြုသဘောဆောင် လုပ်ဆောင်မှုတွေနဲ့ ညှိနှိုင်းသွားနိုင်ဖို့ အရေးကြီးတဲ့အကြောင်း ဒီကနေ့ နှစ်နိုင်ငံဆွေးနွေးပွဲအဖွင့်မှာ ပြောဆိုသွားပါတယ်။
VOA Burmese News

ယနေ့ ဖယ်ရီကားမီးလောင် မတော်တဆမှု တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကိုကောင်းထက်အောင်(ဘဏ္ဍာရေးမှူး) ဧ။် အတွေ့အကြုံ

ကြည့်သာကြဗျာ အဲ့မှာ ကျောင်းသား၅၀လောက်စီးလာတဲ့ ဖယ်ရီ။ ဝုန်းကနဲအသံကျယ်ကြီး ကြားလိုက်တယ်။ ကားက လမ်းဘေးဆွဲကျသွားတယ်။ ဘီးပေါက်တယ်ထင်ပြီး နောက်လှည့်ကြည့်လိုက်တာ မီးတောက်တွေ။ နောက်မှာထိုင်တွေ ကလေးတွေ တစ်ချို့က ရှေ့ကို ပြေးထွက်လာတယ်။ တစ်ချို့က ကားဘေးပေါက်ကနေ ခုန်ချကြတယ်။ အပေါက်ဝမှာ ပြေးဆင်းကြလို့ လဲတဲ့သူကလဲ တက်နင်းခံရတဲ့သူက ခံရ။ အပေါက်ဝကနေ ဆွဲချပေး။ ခုံတွေ ပိတ်ကန် အကုန် ဝရုန်းသုန်းကားပါပဲ။ ခင်ဗျားတို့ မြင်စေချင်တယ် အဲ့အချိန် သူတို့မျက်နှာလေးတွေ။ ကြောက်လန့်တကြားဖြစ်နေကြတာ။ မိန်းကလေးတစ်ယောက် ဆံပင်မီးနည်းနည်း ထိသွားတယ် ဒူးပြဲသွားတယ်ငိုနေတယ်။ ဗိုက်ခွဲထားတဲ့သူ တက်နင်းခံရတယ်။ ဝဝ ကောင်မလေးတစ်ယောက် အပေါက်မှာ ပိတ်ပြီး အနင်းခံရလို့ မနည်းဆွဲထုတ်ရတယ်။ အသက်အန္တရာယ် မဖြစ်ခဲ့ပေမယ့် ဖြစ်လုနီးနီးအခြေအနေ။

-တစ်ခါမှ မပြောခဲ့ဘူး။ အခုတော့ ပြောပြီဗျာ။ ကိုယ်တွေ 1st yr စတက်တော့ တီချယ်မူမူဟန်က ဖယ်ရီ လုပ်ပေးတယ်။ ကျောင်းသွားကျောင်းပြန် အဆင်ပြေခဲ့တယ်။ 2nd yr ရောက်တော့ တီချယ်က မအား၊ တခြားကျောင်းနေတွေမှာပါ စာသင်နေရတော့ သားတို့ရေ ဖယ်ရီလေး လုပ်ကြည့်ပါလားတဲ့။ သူများ သွားရေးလာရေး အဆင်ပြေအောင် လုပ်ပေးတာ ကုသိုလ်ရပါတယ်တဲ့။ ဒါနဲ့ သူငယ်ချင်းအုပ်စု လုပ်ကြည့်တာပေါ့။ လူစုလို့ ပိုက်ဆံလေးရတော့ ကားက လိုက်ရှာတာ ဘယ်ကားမှ ကျောင်းလိုင်း မဆွဲချင်၊ ကားလေး လိုက်ရှာလို့ရတော့ လူက မစုံတော့ပြန်။ ဖယ်ရီက တစ်လမပြောနဲ့ တစ်ပတ်ကို တစ်ခါလောက် ပြောင်းတယ်။ ကားကလဲ မျိုးစုံ။ ကိုယ်တွေ ရှေ့တင် ကားသမားတွေ ရန်ဖြစ်လို့ တုတ်ဆွဲ ဓားဆွဲတွေ၊ အပြန်လိုင်းဆွဲရမှာမို့ စောက်ရမ်းမောင်း၊ သူတို့ စိတ်ကြည်အောင် မနည်း ဖားယားရတယ်။ ဒါပေမယ့် ကလေးတွေ ဘာမှမပြောရှာဘူး။ ဟုတ်တယ်လေ။ လိုင်းကားမှ အဆင်မပြေတာ (မရှိတာဆို ပိုမှန်မယ်) ဒါမှမစီး ဘယ်လိုလာမလဲ။ စိတ်ညစ်ညစ်နဲ့ တီချယ်နဲ့တွေ့တိုင်း ညည်းပြတော့ တီချယ်က အေး သားလေးရေ တီချယ့်တုန်းကဆို တခါတလေ နှစ်သိန်း သုံးသိန်း စိုက်ရတယ်တဲ့။ ဆရာမတစ်ယောက်ရဲ့ လစာ ခင်ဗျားလဲ သိမှာပါ စဉ်းစားကြည့်ပေါ့။ တီချယ့်ကိုလဲ အရမ်းကျေးဇူးတင်တယ်။ ဒီလိုလေး ကလေးတွေနဲ့ တက်ညီလက်ညီ ရသလိုလေး ကြံဖန်ကျောင်းလာရတာ ဒီနေ့တိုင်ပဲ။

-ကလေးတွေ ဖုန်းဆက်တယ်။ နက်ဖန် ဘယ်လိုလာရမလဲတဲ့။ တစ်ချို့က ကြောက်တယ်တဲ့။ တစ်ချို့က စိတ်တိုတယ်တဲ့။ ကဲ ခင်ဗျားဆိုရင် ဘယ်လိုနှစ်သိမ့်မလဲ။ ခင်ဗျားတို့ ဘာလုပ်ပေးမှာလဲ။ ခင်ဗျားတို့ ပြောပြောနေတဲ့ တိုင်းပြည် အနာဂတ်လေးတွေလေ။ ကမ္ဘာလွှမ်းခြုံဖို့ ကမ္ဘာ့အလယ် ရဲရဲဝံ့ဝံ့တွေ ဘာတွေ လုပ်မနေနဲ့။ အခု ကျောင်းလာဖို့တောင် ကြောက်နေပြီ။

-မည်သူတစ်ဦးတစ်ယောက်ကိုမှ အပြစ်မတင်ချင်တော့ပါ ( တင်လဲ ထူးတာမှ မဟုတ်တာ) အကယ်၍ တစ်ဦးတစ်ယောက်အား တစ်နည်းနည်းဖြင့် ထိခိုက်ပြောဆိုမိပါက ထိုသည်ကိုသာ ရည်ရွယ်လိုခြင်း ဖြစ်ကြောင်း။ ကဲ တာဝန်ရှိသူများ အမြဲမေးနေတဲ့ မေးခွန်းတစ်ပုဒ် ဒီတစ်ခါတော့ လေးနက်အောင် အသက်နဲ့ရင်းပြီး မေးလိုက်ပြီ။ ကျောင်းဘယ်လိုလာရမလဲ???
Kaung Htet Aung

Zabihullah Tamanna နှင့် David Gilkey
အာဖဂန်နိုင်ငံတောင်ပိုင်း Helmand ဒေသအတွင်း အာဖဂန်တပ်ဖွဲ့တဖွဲ့နဲ့အတူ ခရီးသွားနေစဉ် တိုက်ခိုက်ခံခဲ့ရပြီးနောက်၊ အမေရိကန် ၀ါရင့်သတင်းထောက် တဦးနဲ့ စကားပြန်တို့ တနင်္ဂနွေနေ့က သေဆုံးသွားပါတယ်။

သေဆုံးခဲ့သူဟာ ဓါတ်ပုံသတင်းထောက် David Gilkey ဖြစ်ပြီး စကားပြန်ကတော့ Zabihullah Tammana ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် NPR ရေဒီယိုသတင်းဌာနက ပြောပါတယ်။ အဲဒီယာဉ်တန်းနဲ့ လိုက်ပါသူ အခြား သတင်းထောက် ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ တိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင်တွေ ဘယ်လောက်ပါဝင်သလဲဆိုတာနဲ့ တခြားသေဆုံးသူတွေရှိသေးလား ဆိုတာကတော့ ခုချိန်ထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ အာဖဂန်ပြည်သူတွေနဲ့ မကြောက်မရွံ့ပဲ တာဝန်ကြေပြွန်အောင် ထမ်းဆောင်နေတဲ့ သတင်းထောက်တွေ ရင်ဆိုင်နေရတဲ့ အန္တရယ်နဲ့ပါတ်သတ်ပြီး အကျည်းတန်လှတဲ့ သတိပေးမှုတရပ်ဖြစ်တယ်လို့ ဘေဂျင်းကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

အသက် ၅၀ အရွယ် Gilkey ဟာ ဆုရ ဓါတ်ပုံနဲ့ ဗွီဒီယို အယ်ဒီတာတဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦး ၂ ခု တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်း လုံခြုံရေးအစောင့်အရှောက်မပါပဲ အာဖဂန်နစ္စတန်ကို သွားရောက်တဲ့ ပထမဆုံး သတင်းထောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈-၂၀၀၉ ခုနှစ်မှာ ဖြစ်ပွါးခဲ့တဲ့ ဂါဇာ စစ်ပွဲလို့လည်း သိကြတဲ့ ဂါဇာကမ်းမြှောင်က အစ္စရေးနဲ့ ဟာမတ်စ်တို့ရဲ့ တိုက်ပွဲတွေကို Gilkey ဟာ သွားရောက် သတင်းယူခဲ့သလို ၂၀၁၀ ခုနှစ်က ဟေတီနိုင်ငံမှာ ငလျင်လှုပ်ခဲ့ပြီးနောက်ပိုင်း အခြေအနေတွေကို သွားရောက်သတင်းယူခဲ့ပါသေးတယ်။

နိုင်ငံတကာက အလေးထားမှုလျော့နည်းလာတဲ့အချိန်မှာ သတင်းထောက်တွေ၊ ဒေသခံတွေ နိုင်ငံခြားသားတွေအတွက်တော့ အာဖဂန်နစ္စတန်နိုင်ငံဟာ အန္တရာယ်ရှိတဲ့ဒေသအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး Gilkey သေဆုံးမှုအတွက် ၀မ်းနည်းကြောင်း အမေရိကန်အခြေစိုက် သတင်းထောက်များ ကာကွယ်ရေးကော်မတီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မြန်မာနိုင်ငံအပါအဝင် ​နိုင်ငံပေါင်း ​၂၉ ​နိုင်ငံက ​တရားမဝင် ​ငါးဖမ်းမှုတွေကို ​စစ်ဆေးကြဖို့ ​တနင်္ဂနွေနေ့တုန်းက ​ပထမဆုံးအကြိမ် ​လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကုလသမဂ္ဂက ​အစားအစာ ​ဖူလုံရေး ​အေဂျင်စီရဲ့ ​အဆိုအရ ​အခုလို ​သမိုင်းဝင်တဲ့ ​သဘောတူညီမှုကြောင့် ​လက်မှတ်ရေးထိုးထားတဲ့ ​နိုင်ငံထဲ ​ဝင်လာတဲ့ ​ငါးဖမ်းလှေတွေကို ​အဲဒီနိုင်ငံတွေက ​စစ်ဆေးခွင့်၊ ​အရေးယူခွင့်တွေ ​ရှိမယ်လို့ ​ဆိုပါတယ်။

ကမ္ဘာလူသားတွေ ​ပင်လယ်စာကို ​ရေရှည်မှာ ​ဆက်လက် ​စားသုံးခွင့် ​ရှိဖို့ ​ငါးကို ​ချင့်ချင့်ချိန်ချိန် ​ဖမ်းဆီးတာမျိုးတွေ ​လုပ်အောင် ​ဖန်တီးပြီး ​ငါးအကောင်သေးလွန်းရင် ​ပြန်လွတ်ပေးတာမျိုး၊ ​သားပေါက်ချိန်မှာ ​ငါးမဖမ်းတာမျိုးတွေ ​လုပ်လာကြတာ ​ဖြစ်ပါတယ်။

မြန်မာအပါအဝင် ​ဒီသဘောတူညီမှုမှာ ​ပါဝင်လက်မှတ်ရေးထိုးကြတဲ့ ​နိုင်ငံ ​၂၉ ​ခုကို ​ကုလသမဂ္ဂက ​ကျေးဇူးတင် ​ချီးကျူးလိုက်ပြီး ​အမှန်တကယ် ​သက်ဝင်လုပ်ရှားကြဖို့ ​မျှော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။

တရားမဝင် ​ငါးဖမ်းဆီးမှုတွေ၊ ​လက်လွတ်စံပယ် ​ငါးဖမ်းမှုတွေကို ​အရေးယူဖို့ ​လက်မှတ်ရေးထိုးတဲ့ ​နိုင်ငံတွေကတော့ ​မြန်မာ၊ ​သြစတြေးလျ၊ ​ချီလီ၊ ​ကိုစတာ ​ရီကာ၊ ​ကျူးဘား၊ ​ဒိုမီနီကာ၊ ​Barbodas ​၊ ​Gabon ​၊ ​ဂီနီ၊ ​Guyana ​၊ ​Iceland, ​Mauritius, ​Mozambique, ​New ​Zealand, ​Norway, ​Oman, ​Paluau, ​Saint ​Kitts ​and ​Nevis ​နိုင်ငံ၊ ​Seychelles, ​Somalia, ​တောင်အာဖရိက၊ ​တောင်ကိုရီးယား၊ ​သီရိလင်္ကာ၊ ​ဆူဒန်၊ ​ထိုင်း၊ ​Tonga, ​Uruguay, ​Vanuatu ​နိုင်ငံနဲ့ ​အမေရိကန် ​နိုင်ငံတို့ ​ဖြစ်ကြပါတယ်။

ဥရောပ ​သမဂ္ဂကတော့ ​ဒေသတွင်းမှာ ​ပူးပေါင်းဖို့ ​သဘောတူပေမယ့် ​အဓိက ​ငါးဖမ်းတဲ့ ​နိုင်ငံတွေဖြစ်ကြတဲ့ ​ဂျပန်နဲ့ ​တရုတ်ကတော့ ​ပါဝင်လက်မှတ်ထိုးခြင်း ​မရှိသေးပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese

အသက် ၂၅နှစ်အရွယ် အဲဒီ အမျိုးသားကို ယူကရိန်းနဲ့ ပိုလန် နိုင်ငံအကြား နယ်စပ်မှာ ဖမ်းဆီး ထိန်းသိမ်း

ယူကရိန်းနိုင်ငံမှာ ပြီးခဲ့တဲ့လက ထိန်းသိမ်းလိုက်တဲ့ ပြင်သစ်လူမျိုး တစ်ဉီးဟာ ယူရို ၂၀၁၆ ဘောလုံးပွဲတွေအတွင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဖို့ စီစဉ်နေတယ်လို့ ယူကရိန်း ထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။

အမည် မဖေါ်ပြထားတဲ့ အသက် ၂၅နှစ်အရွယ် အဲဒီ အမျိုးသားကို ယူကရိန်းနဲ့ ပိုလန် နိုင်ငံအကြား နယ်စပ်မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။

စက်သေနတ်တွေ၊ လောင်ချာတွေ အပါအဝင် လက်နက်တွေ အတော် များများ နဲ့ သူ့ကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီလူဟာ အစွန်းရောက် အမျိုးသားရေး ဝါဒတွေ ပြင်းထန်နေပြီး သူပစ်မှတ်ထား တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ နေရာတွေထဲမှာ ဂျူးနဲ့ မွတ်ဆလင်တွေ ဘုရားဝတ်ပြုရာ နေရာတွေရော၊ သောကြာနေ့မှာ စမယ့် ယူရို ၂၀၁၆ ဘောလုံးပွဲတွေ ကျင်းပမယ့် အဆောက်အအုံတွေပါ ပါဝင်တယ်လို့ ယူကရိန်း လုံခြုံရေး အဖွဲ့က ပြောပါတယ်။
BBC Burmese


အဲဒီလူတွေဟာ IS အဖွဲ့ဝင်တွေ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးမေးမြန်း ခံခဲ့ရ

အီရတ်နိုင်ငံ ဖာလူဂျာမြို့ကို IS အစ္စလာမစ်နိုင်ငံ အဖွဲ့ လက်ကနေ ပြန်သိမ်း နိုင်ဖို့ အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အတွင်း ထိန်းသိမ်းခံခဲ့ရသူ အီရတ် အမျိုးသား အတော်များများက သူတို့ကို စစ်ဆေးမေးမြန်းစဉ် နှိပ်စက် ညှင်းပန်းခံခဲ့ရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံမြောက်ပိုင်း ဖာလူဂျာမြို့ကို အစိုးရတပ်တွေ ပြန်သိမ်းပိုက်ခဲ့စဉ် ထိန်းသိမ်းခံခဲ့ရသူ အီရတ် အမျိုးသား ၆၀၀ လောက် ဇွန်လ ၅ ရက်နေ့က ပြန်လွတ်လာခဲ့အပြီး အခု သတင်းတွေ ထွက်ပေါ် လာခဲ့တာပါ။

အမျိုးသားတချို့ ခေါင်းတွေနဲ့ ကိုယ်ခန္ဓာတွေပေါ်က ဒဏ်ရာတွေအတွက် ဆေးကုသခံနေတဲ့ ပုံတွေကို တွေ့ရပါတယ်။

အဲဒီလူတွေဟာ IS အဖွဲ့ဝင်တွေ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးမေးမြန်း ခံခဲ့ရတာပါ။

ထိုးစစ်ဆင် တိုက်ခိုက်မှုတွေမှာ အဓိကကဏ္ဍက ပါဝင်ခဲ့သူ ရှီအာ လက်နက် ကိုင် တွေက သူတို့ကို ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း နှိပ်စက်ညှင်းပန်းခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက် တွေကို စုံစမ်း စစ်ဆေးမယ်လို့ အီရတ် အစိုးရက ပြောကြားနေပါတယ်။
BBC Burmese

ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ကိုရာပြည့်ကို ဇွန် ၆ရက်နေ့က လှည်းကူးတရားရုံး ရုံးချိန်းတွင် ညနေ ၅နာရီထိုးမှ ရဲမှူးရောက်လာပြီး ရုံးထုတ်သည့်အတွက် ကိုရာပြည့်က သပိတ်မှောက်ကာ ရုံးမထွက်ဘဲနေခဲ့သည်ဟု သိရသည်။

"ကျွန်တော်ပူးပေါင်းဆောင်ရွက်တယ်။ ကျွန်တော့်ကို ပူးပေါင်းမဆောင်ရွက်မှုမရှိဘူး။ ကျွန်တော် ရုံးမထွက်ဘူး။ ကျွန်တော် စွပ်စွဲခံထားရတာလေ။ ရပိုခွင့်ကိုတောင်းဆိုမယ်။ အာမခံမပေးနိုင်လည်း မပေးနဲ့ ။ နောက် ရုံးမထွက်တော့ဘူး၊ တရားစီရင်ရေးက နိုင်ထပ်စီးနင်းလုပ်လွန်းတယ်"ဟု ကိုရာပြည့်က ပြောသည်။

ညနေပိုင်းတွင် ၎င်းကို လှည်းကူးတရားရုံးမှတစ်ဆင့် "ရဲမှူးကားနဲ့ အင်းစိန်ထောင်ပြန်ခေါ်သွားတယ်။ ဘယ်နေ့ ရုံးချိန်းလည်း မသိဘူး" ဟု တရားခွင်သို့သွားရောက်သူ ဦးအာကာအောင်က မဇ္ဈိမကို ပြောသည်။

ကိုရာပြည့်ကို လူမူ့ကွန်ရက် Facebook ပေါ်တွင် ဦးဝီရသူပုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပုံတို့ကိုဖိုတိုရှော့လုပ်ပြီး တင်သည်ဟု စွပ်စွဲကာ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ မှ ဒေါ်သီရိနေလင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ကာ မေ ၂၂ရက်တွင် ဖမ်းဆီးခဲ့ပြီး ၂၃ရက်တွင် အင်းစိန်အကျဉ်းထောင်သို့ ပို့လိုက်ခြင်းဖြစ်သည်။
Mizzima - News in Burmese


ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံ လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံ လာရောက်စဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလကုန်ပိုင်းမှာ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၃ ရက်၊ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ထိုင်းနိုင်ငံကိုသွားဖို့ခရီးစဉ်ရှိပြီး ခရီးစဉ်အတွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန ကောင်စစ်ရေးနှင့် ဥပဒေရေးရာ ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက လုပ်ဆောင်ပေးနိုင်မယ့် အရာတွေပါ ဆွေးနွေးကာ ထိုင်းနိုင်ငံအတွင်း တခြားမရောက်ဖူးသေးတဲ့ ဒေသတွေပါ သွားရောက်လေ့လာမယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာပြီးနောက် လွန်ခဲ့တဲ့ ၂၀၁၂ ခု မေလကလည်း ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အတိုက်အခံပါတီခေါင်းတဦးအနေနဲ့ ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်ခဲ့ဖူးပြီး ခုတကြိမ်ကတော့ အစိုးရ အဆင့်မြင့်တာဝန်ရှိသူတဦးအနေနဲ့ လာရောက်မှာ ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများကွန်ရက် ဒု- ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံဆုံတွေ့ခွင့်ရဖို့ မျှော်လင့်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇွန်လ ၃၁ ရက်နေ့က ကျနော်တို့ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက အစည်းအဝေးခေါ်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားကိစ္စ၊ မူဝါဒပိုင်းဆိုင်ရာကိစ္စတွေ ပြောဆိုရင်းက ဒေါ်အောင်ဆန်းစုကြည်လည်း ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားမှု နိုင်ငံတော်အဆင့် အနေနဲ့ အလည်အပတ် ရောက်လာမယ်လို့ ပြောပါတယ်ခင်ဗျ။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတော့ သူက အရပ်သားအနေနဲ့ ရောက်လာတော့ ကျနော်တို့ဖွင့်ထားတဲ့ မဟာချိုင်က အလုပ်သမားရုံးမှာ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ရခဲ့တယ်။ ဒီတခေါက်ကတော့ အရပ်သားအနေနဲ့ မဟုတ်ဘဲ နိုင်ငံတော်အစီအစဉ်နဲ့ လာတာကြောင့် ထိုင်းအစိုးရ ပို့ဆောင်တဲ့နေရာကို သူသွားမှာဖြစ်တယ်။ အဲဒါကြောင့် သူတို့သွားတဲ့နေရာကိုပဲ ကျနော်တို့က လိုက်တွေ့ရမှာပဲ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင် တောင်းဆိုစရာတွေတော့ အထွေအထူး မရှိကြောင်း၊ အစိုးရသစ် တက်လာပြီးကတည်းက ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စတွေကို အလုပ်သမားဝန်ကြီးနဲ့ နေပြည်တော်မှာ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးပြီးဖြစ်သလို အလုပ်သမားနဲ့ ပတ်သက်ပြီး အမှန်တကယ်လိုအပ်တဲ့ အကြောင်းအရာတွေလည်း တင်ပြခဲ့ပြီးဖြစ်လို့ တကယ့်လက်တွေ့ကျကျ ကူညီပံ့ပိုးနိုင်မယ့် ကိစ္စတွေပဲ ဆွေးနွေးဖို့ရှိကြောင်း သူက ဆက်ပြောပါတယ်။

မြန်မာ့အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ မစ္စတာအန်ဒီဟောလ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ကြောင်း ခုလိုပြောပါတယ်။

“၂၀၁၂ ခုနှစ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တွေ့ ဆုံနိုင်ဖို့ ကျနော်ကိုယ်တိုင်စီစဉ်ပေးခဲ့ရပါတယ်။ ဒီလခရီးစဉ်အတွက်တော့ ဘာမှပြောလို့ မရသေးပါဘူး။ သူနဲ့တွေ့ရင် တောင်းဆိုချင်တာက ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးတွေ တန်းတူညီမျှရရှိရေး၊ ထိုင်းအစိုးရရဲ့ ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုတွေ အမှန်တ ကယ်ရရေး တိုက်တွန်းပေးစေချင်တယ်။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်သောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းရောက် မြန်မာနိုင်ငံသားအားလုံးက လေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အလုပ်သမားတွေအများအပြားက ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံလိုတယ်လို့ ပြောပါတယ်။

“အကျယ်ချုပ်ဘ၀နဲ့ နှစ်ပေါင်းများစွာနေထိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့အတွက် အဖွဲ့အစည်းတွေအများကြီး ပြည်သူတွေအများကြီး ဆုတောင်းပွဲတွေ ဆန္ဒပြပွဲတွေ နှစ်စဉ်လုပ်ပေးခဲ့တယ်။ ဒီလိုပုဂ္ဂိုလ်ထွက်လာတော့ တွေ့ချင်မြင်ချင်တယ်၊ စကားပြောချင်တယ်။ ဒါပေမယ့် ရောက်လာတော့ အန်ဂျီအိုတဖွဲ့ရဲ့ စီမံမှုအောက်မှာ မြန်မာသတင်းဌာနတွေ အနားကပ်ခွင့်တောင်မရဘူး၊ အဝေးကနေပဲ သတင်းယူခဲ့ရတယ်၊ တွေ့တဲ့နေရာကလည်း အင်မတန်ကျဉ်းမြောင်းတဲ့နေရာမှာ၊ ဒီတခါတော့ အဲသလို မဖြစ်စေချင်ဘူး၊ ရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီရှိတဲ့နေရာမှာ သိန်းနဲ့ချီတဲ့ လူတွေအနေနဲ့ ကိုယ့်နိုင်ငံ့ခေါင်းဆောင်ကို တွေ့ခွင့်ရစေချင်ပါတယ်။ အလုပ်သမားလုပ်အားခတွေ ခေါင်းပုံဖြတ်နေတဲ့ အမ်အိုယူစနစ်ဖျက်သိမ်းဖို့၊ ထိုင်း-မြန်မာသံရုံးမှာ အလုပ်သမားအရေးကို ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်တဲ့ လူသစ်နဲ့ မူသစ်ကို ပြောင်းလဲပေးဖို့ တိုက်တွန်းချင်တယ်။”

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး နိုင်းဒွန်း ပရမတ်ဝိနိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်တာဝန် ၀တ္တရားနဲ့ ရာထူးတွေ စတင်လက်ခံစဉ်က ၀မ်းမြောက်ဂုဏ်ယူကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပြီး ဒေသတွင်းမှာရော နှစ်နိုင်ငံကြားမှာပါ ငြိမ်းချမ်းရေး၊ ရေရှည်တိုးတက်ဖွံ့ဖြိုးရေးနဲ့ နှစ်နိုင်ငံပြည်သူတို့ စားဝတ်နေရေး အဆင်ပြေစေဖို့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ထိုင်းနိုင်ငံကို အလည်အပတ် ရောက်လာစေကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုင်းသတင်းစာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့်ခရီးစဉ်ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အရေးပါတဲ့ သမိုင်းမှတ်တိုင်ဖြစ်လိမ့်မယ်လို့ သုံးသပ်ဖော်ပြမှုတွေရှိနေပါတယ်။

By နန်းမြနဒီ
DVB TV News


ရေတပ်ဗိုလ်ချုပ်ကြီး ဆွန်ကျန်းဂို ရေတပ်ဗိုလ်ချုပ်ကြီး ဆွန်ကျန်းဂို

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားနေမှုနဲ့ပတ်သက်လို့ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှာမဟုတ်ဘူးလို့ တရုတ် ဒုတိယစစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဆွန်ကျန်းဂို (Sun Jianguo) က ပြောပါတယ်။

ဇွန် ၅ ရက်နေ့က စင်ကာပူမှာ ကျင်းပပြီးစီးတဲ့ အာရှ လုံခြုံရေးထိပ်သီးဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။ ဒီပိုင်နက်နယ်မြေမှာ တရားဝင်၊ တရားမ၀င်ကိစ္စကို နိုင်ငံတကာတရားရုံးက မကြာမီ တရားစီရင်ဖို့ ရှိနေပါတယ်။

တောင်တရုတ်ပင်လယ်မှာ တင်းမာမှု အရှိန်မြင့်လာအောင် နိုင်ငံတချို့က ပြသနာတွေဖန်တီးနေတယ်လို့ နိုင်ငံအမည်ကို မဖော်ပြဘဲ သူက ပြစ်တင်ခဲ့ပါတယ်။

နိုင်ငံတနိုင်ငံဟာ ရေကြောင်းသွားလာရေးလွတ်လပ်မှု Freedom of Navigation (FON) ကို အကြောင်းပြုပြီး စစ်အင်အားပြနေသလို တရုတ်ကို ဆန့်ကျင်ဖို့ ရည်ရွယ်ပြီး မဟာမိတ်အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေကြောင်းနဲ့ ဒီလုပ်ရပ်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုရရှိအောင် ဆောင်ရွက်နေတာ အမေရိကန်ပြည်ထောင်စုဖြစ်တာကြောင့် ရည်ညွှန်းတယ်လို့ ယူဆရပါတယ်။

FON ဟာ အစဉ်အဆက်ကျင့်သုံးခဲ့တဲ့ နိုင်ငံတကာဥပဒေစည်းမျဉ်းတရပ်ဖြစ်ပြီး ခြွင်းချက်ကလွဲလို့ နိုင်ငံအလံထောင်ထားတဲ့ ရေယာဉ်တွေကို တခြားနိုင်ငံက ၀င်ရောက်ဟန့်တားနိုင်ခြင်းမရှိစေရလို့ သတ်မှတ်ချက်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ မေလ ကုန်ပိုင်းက တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးရုံး ညွှန်ကြားရေးမှူး Guan Youfei က တရုတ်နိုင်ငံဟာ FON ကို အစဉ်အမြဲ လက်ခံကြောင်းနဲ့ ဒါပေမယ့်လည်း တပါးသူရဲ့ အခွင့်အရေး၊ ခံစားချက်နဲ့ လုံခြုံမှုကို ထည့်သွင်းမစဉ်းစားတဲ့ Wanton Navigation ကိုတော့ ဆန့်ကျင်ကြောင်း ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်ကမကထပြုတဲ့ တောင်တရုတ်ပင်လယ်ခုံရုံးမှာ တရုတ်က ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်သလို ထောက်ခံမှာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံက ခုံရုံးက ဘယ်လိုရလဒ်မျိုးထွက်ပါစေ အသိအမှတ်ပြုမှာမဟုတ်သလို လိုက်ပါဆောင်ရွက်မှာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

ဇွန် ၅ ရက်နေ့က တရုတ်စစ်ဘက်အရာရှိက စင်ကာပူမှာ ပြောပြီးချိန် ညနေစောင်းမှာတော့ ရှစ်ကြိမ်မြောက် အမေရိကန်-တရုတ် မဟာဗျူဟာမြောက်စီးပွာေးရးဆွေးနွေးပွဲအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ တရုတ်နိုင်ငံကို ၂ ရက်တာခရီး ရောက်ရှိခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ ပိုက်နက်အငြင်းပွားမငတွေ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံအချို့အကြား ဖြစ်နေသလို တရုတ်နိုင်ငံက ပင်လယ်တွင်းမှာ ကျွန်းတုတွေ တည်ဆောက်နေမငတွေလည်းရှိနေပါတယ်။

အမေရိကန်ကလည်း တောင်တရုတ်ပင်လယ်တွင်းမှာ ကင်းလှည့်စစ်သင်္ဘောတွေ၊ လေယာဉ်တွေ ပေးပို့စေလွှတ်နေသလို တရုတ်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဗီယက်နမ်နိင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်တာကို ပြန်ဖွင့်ပေးခဲ့ပါတယ်။
DVB TV News


ဆိုမာလီ အစိုးရပိုင် ရေဒီယိုနဲ့ရုပ်သံ အမျိုးသမီး သတင်းထောက် Sagal Salad Osma (ဓါတ်ပုံ- HarunMaruf @radiomugadisho).
ဆိုမာလီ အစိုးရပိုင် ရေဒီယိုနဲ့ရုပ်သံ အမျိုးသမီး သတင်းထောက် Sagal Salad Osma (ဓါတ်ပုံ- HarunMaruf @radiomugadisho)
ဆိုမာလီ အစိုးရပိုင် ရေဒီယိုနဲ့ရုပ်သံ အမျိုးသမီး သတင်းထောက် Sagal Salad Osma ဟာ တနင်္ဂနွေနေ့က မိုဂါဒစ်ရှူးမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

Hodan ခရိုင်ရဲ့တက္ကသိုလ်တခုက ထွက်လာတဲ့ Sagal Osman ကို အမည်မသိလူသတ်သမားကပစ်သတ်ခဲ့ပြီး ချက်ခြင်း ထွက်ပြေး ပျောက်ကွယ်သွားတယ်လို့ ဆိုမာလီ အမျိုးသားသတင်းထောက် သမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mohamed Ibrahim Moalimuu က ဗွီအိုအေကို ပြောပါတယ်။ ဒီလုပ်ရပ်အတွက် အနင့်သီးဆုံး စကားလုံးတွေနဲ့ ရှုတ်ချကြောင်း နဲ့ ဒီသတ်ဖြတ်မှုနောက်ကွယ်က ကြိုးကိုင်သူတွေကို စုံစမ်းဖော်ထုတ်ပြီး တရားမျှတအောင် ဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆို ကြောင်း လည်း သူက ပြောပါတယ်။

Sagal Osman ဟာ အသက် ၂၀ ကျော်ရုံသာရှိသေးပြီး လူငယ်နဲ့ပတ်သက်တဲ့ အစီအစဉ်တွေရဲ့ ထုတ်လုပ်ရေးမှူးနဲ့ သတင်းကြေညာသူ အဖြစ် နာမည်ကျော်လာနေတဲ့သူဖြစ်ကြောင်း ဆိုမာလီယာသတင်းဌာနရဲ့ အမှုဆောင်ဒါရိုက်တာ Abdirahman Yusuf al-Adaala က ပြောပါတယ်။ Sagal Osman ဟာ ဆိုမာလီယာမှာ ၆ လအတွင်း အသတ်ခံရတဲ့ ဒုတိယမြောက် အမျိုးသမီး သတင်းထောက်ဖြစ်ပါတယ်။

၂၀၁၅ ခု၊ ဒီဇင်ဘာလ တုန်းက အစိုးရသတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် Hinda Haju Mohamed လည်း မိုဂါဒစ်ရှူးမြို့ထဲမှာပဲ အသေခံကားဗုံးဖောက်ခွဲခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက al-Shabaab အကြမ်းဖက်အုပ်စုက သူတို့လက်ချက်လို့ ပြောပါတယ်။ ဆိုမာလီယာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေအတွက် အန္တရာယ်အကြီးဆုံးနိုင်ငံတွေထဲက တခုဖြစ်ပါတယ်။
VOA Burmese News


နိုဘက်ဂျိုကိုဗစ်ခ်ျဟာ ပြင်သစ်အိုးပင်းတင်းနစ် ချန်ပီယံဖြစ်သွားပါပြီ။
နိုဘက်ဂျိုကိုဗစ်ခ်ျဟာ ပြင်သစ်အိုးပင်းတင်းနစ် ချန်ပီယံဖြစ်သွားပါပြီ။

ဆာဗီးယားနိုင်ငံက နာမည်ကျော် တင်းနစ်ကစားသမား နိုဘက် ဂျိုကိုဗစ်ခ်ျဟာ ဗြိတိန်က ကမ္ဘာ့အဆင့် ၂ တင်းနစ်သမား Andy Murray ကို အနိုင်ရပြီး ပြင်သစ်အိုးပင်း တင်းနစ် ချန်ပီယံဖြစ်သွားပါပြီ။

တနင်္ဂနွေနေ့က ပြင်သစ်အိုးပင်း တင်းနစ် အမျိုးသားတဦးချင်းဖိုင်နယ်မှာ ဆာဗီးယားက ကမ္ဘာ့အဆင့် ၁ နိုဘက် ဂျိုကိုဗစ်ခ်ျ နဲ့ ဗြိတိန်က ကမ္ဘာ့အဆင့် ၂ အန်ဒီမာရေးတို့ ကစားခဲ့တာမှာ ဂျုက် ကာ ဗစ်ခ်ျက ၃-၆၊ ၆-၁၊ ၆-၂၊ ၆-၄ နဲ့ ၃ ပွဲ ၁ ပွဲ နဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားတာပါ။

ဒီအောင်ပွဲဟာ ဂျိုကိုဗစ်ခ်ျ် အတွက် အဓိက တင်းနစ်စ် ဆုတံဆိပ်လေးခုကို တနှစ်တည်းအတွင်းရတဲ့ တတိယမြောက် ဖြစ်လာပါတယ်။ နောက်ဆုံးတယောက်ကတော့ သြစတြေးလျနိုင်ငံသား Rod Laver ဖြစ်ပြီး သူက ၁၉၆၂ နဲ့ ၁၉၆၉ ခုနှစ်တွေမှာ ရရှိခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ အမေရိကန်နိုင်ငံသား Don Budge ဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ တင်းနစ်ဆု လေးဆုလုံးကို အနိုင်ရခဲ့သူဖြစ်ပါတယ်။

ဂျုက် ကာဗစ် ခ်ျ ဟာ မနှစ်တုန်းကတော့ Wimbledon ဆုနဲ့ အမေရိကန်အိုးပင်း ဆုတွေကို ရခဲ့ပြီး ဒီနှစ်ရဲ့ သြစတြေးလျအိုးပင်း ဆုကို အခု ပြင်သစ်ဆု မတိုင်ခင်မှာ ရခဲ့ပါတယ်။
VOA Burmese News


တရုတ်အမျိုးသမီးရှေ့နေ Wang Yu
တရုတ်အမျိုးသမီးရှေ့နေ Wang Yu

သေဒဏ်ကျခံရဖွယ်ရှိတဲ့ တရုတ်အမျိုးသမီးရှေ့နေ Wang Yu ကို လူ့အခွင့်အရေး ကာကွယ်ပေးတဲ့အတွက် အထင်ကရ Ludovic Trarieux ဆု ချီးမြှင့်လိုက်ကြောင်း အေသင်မြို့မှာ စနေနေ့က ကြေညာခဲ့ပါတယ်။

မစ္စ် Wang ဟာ ၂၀၁၅ ခုနှစ်တုန်းက အကြမ်းဖက်ဖြိုခွဲမှုအတွင်း ရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူပေါင်း ခန့်မှန်းခြေအားဖြင့် ၂၅၀ အဖမ်းခံခဲ့ရတဲ့ ထဲမှာ ပါဝင်ခဲ့ပြီး သူ့ကို နိုင်ငံတော်သစ္စာဖောက်မှု နဲ့ တရားစွဲခံထားရတာကြောင့် ဒီပုဒ်မအရ သေဒဏ်ကျခံရဖွယ်ရှိနေတာပါ။

တရုတ်အစိုးရက ဝမ်နဲ့ တခြားသူတွေဟာ ရာဇဝတ်မှုကျူးလွန်အောင် စည်းရုံးလှုံ့ဆော်ဖို့ တရုတ်နိုင်ငံရဲ့ ဥပဒေကို ဗန်းပြပြီး အသုံးချကြောင်း စွပ်စွဲထားပါတယ်။ ဝမ်ရဲ့ခင်ပွန်းရှေ့နေလည်း အချုပ်နှောင်ခံထားရပြီး ၁၆ နှစ်အရွယ် ရှေ့နေဝမ်ရဲ့ သားကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေကြပါတယ်။ ဝမ်ကို ဆုချီးမြှင့်ဖို့ အကဲဖြတ်အဖွဲ့ကရွေးခဲ့တာဟာ အန္တရာယ်ကြီးမှန်းသိပါလျက်နဲ့ ဆက်ပြီး နှုတ်ပိတ် တိတ်ဆိတ်မနေတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အမျိုးသမီးတဦးရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြု ချီးမြှင့်လိုတဲ့အတွက်ဖြစ်တယ်လို့ ဆုတံဆိပ်ပေးဖို့ မတည်ခဲ့သူ Bernard Favreau က AFP သတင်းဌာနကို ပြောပါတယ်။

သူက ကိုယ့်ကိုကိုယ် အန္တရာယ်အဖြစ်ခံပြီး အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ညှင်းပမ်းနှိပ်စက်ခံနေရတဲ့ လူနည်းစုတွေဘက်က ကာကွယ်ရပ်တည်ဖို့ ရွေးချယ်ခဲ့ပါတယ် လို့လည်း သူက ပြောပါတယ်။

၁၉၈၅ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ချီးမြင့်တဲ့ Ludovic Trarieux ဆုကို အဲဒီအချိန်က အကျဉ်းကျခံနေရတဲ့ရှေ့နေလည်းဖြစ်၊ အသားရောင် ခွဲခြားမှုကို ဆန့်ကျင် တော်လှန်နေသူလည်းဖြစ်တဲ့ တောင်အာဖရိကနိုင်ငံသား နယ်လ်ဆင် မဲန်ဒဲလားကို ချီးမြှင့်ခဲ့တာမှာ အကျဉ်းကျနေတဲ့ ဖခင်ကိုယ်စား သမီး ဖြစ်သူ Zenani ကလက်ခံရယူခဲ့ပါတယ်။

၁၉ ရာစုနှစ်အတွင်း ပြင်သစ်နိုင်ငံမှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ မှားယွင်းစွာ စွပ်စွဲခံထားရတဲ့ Alfred Dreyfus ကို ပြင်းထန်စွာ ခုခံကာကွယ်ပေးခဲ့တဲ့ ပြင်သစ် ရှေ့နေ Ludovic Trarieux ကို အစွဲပြုပြီး ဒီဆုကို ချီးမြင့်တာ ဖြစ်ပါတယ်။ ဒီဆုကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း အကြိမ် ၂၀ ချီးမြင့်ခဲ့ပါတယ်။
VOA Burmese News

ရန်ကုန်တိုင်း၊ စိတ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့် တွေ့ဆုံခြင်း

မင်္ဂလာပါရှင်။ 7 minuts အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကနေ တွေ့ဆုံမေးမြန်းမဲ့သူကတော့ ရန်ကုန်တိုင်းဒသကြီး ဆိတ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ် ၁ က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းပဲ ဖြစ်ပါတယ်။

မဇ္ဈိမ ။ ။ အရင်ဦးဆုံးအနေနဲ့ အခု လက်တလောဖြစ်ပေါ်နေတဲ့ ကျူးကျော်ပြဿနာပေါ့။ အိမ်ယာမဲ့တွေရဲ့ ဘဝပေါ့နော်။ သူတို့အကြောင်းလေးတွေကို ဆရာမနဲ့ နည်းနည်းလောက် ဆွေးနွေးစေချင်ပါတယ်ရှင်။ အခု ဒီဝန်ကြီးချုပ်က လောလောဆယ်မှာ ကျူးကျော်တွေကို ဖြေရှင်းပေးမယ်လို့ ပြောထားတာရှိတယ်ရှင့်။ အဲ့ဒီတော့ ကျူးကျော်တွေ နောက်ထပ် ထပ်မတိုးအောင် ဖြေရှင်းပြီးရင်လည်း ဒီလိုမျိုး အိမ်ယာမဲ့တွေ ထပ်မရှိအောင် ဘယ်လိုမျိုး စီစဉ်သင့်သလဲ။ ဘယ်လိုမျိုး နေရာချထားပေးသင့်သလဲဆိုတာ အရင်ဆုံး ဆွေးနွေးပေးပါလားရှင်။

ဒေါ်စန္ဒာမင်း ။ ။ ကျွန်မတို့ စဉ်းစားရမှာက ဒီကျူးကျော်တွေ ဘယ်နှခုနှစ်တည်းက စဖြစ်နေတာလဲ။ အခုလက်ရှိမှာကော ကျူးကျော် အင်အားပေါ့နော် အင်နဲ့အားနဲ့ ဘာ့ကြောင့် ဖြစ်လာတာလဲဆိုတာ အရင်ဆုံး ကျွန်မ စဉ်းစားရမယ်လို့ ထင်ပါတယ်။ တရားမဝင် စာရင်းအရ အခု အကြမ်းမျဉ်းစားရင်းအရလို့ပဲ ပြောလို့ရပါတယ်။ ဒီစာရင်းအရဆိုရင် လှိုင်သာယာတို့ ရွှေပြည်သာတို့ အပါအဝင်ပေါ့။ ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုင် ခရိုင်လေးခု ရှိပါတယ်။ ဒီခရိုင်လေးခုမှာ ကျူးကျော်အင်အားပေါင်းက တစ်သိန်းလောက် ရှိတယ်ရှင့်။ ကျူးကျော်အင်အား တစ်သိန်းလောက် ရှိပြီးတော့ ကျူးကျော်တဲ့ နေထိုင်တဲ့ လူဦးရေကတော့ လေးသိန်းကျော်လောက်ရှိတယ်။ အဲ့တော့ ကျွန်မတို့က ဒီလေးသိန်းကျော်က ဘာကြောင့် ဖြစ်လာတာလဲ ကျွန်မတို့ စဉ်းစားရမယ်။ ကျွန်မတို့ လှိုင်သာယာကို ဥပမာပေးရမယ်ဆိုရင် ကျွန်မတို့ လှိုင်သာယာမြို့မှာပဲ စက်မှုဇုန်နားမှာ ကျွန်မတို့ စက်ရုံထောင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ပါတယ်။ ဒီစက်မှုဇုန်တွေ လှိုင်သာယာမြို့နယ်မှာ စပြီးလုပ်ပြီးတော့ ပေါ်ပေါက်လာတုန်းက ကျူးကျော်တွေမရှိပါဘူး။ ဒါပေမယ့် အိမ်လေးတွေ နည်းနည်းပါးပါး ရှိပါတယ်။ ဒါပေမယ့်လည်း ကျူးကျော်ရယ်လို့ ဖြစ်လာတာမရှိဘူး။ ဒါပေမယ့် ၂၀၀၇ ခုနှစ် ကျွန်မ ထောင်ထဲကိုမဝင်ခင် ၂၀၀၇ ခုနှစ်ထိ ကျူးကျော်ဆိုတာ ကျွန်မတို့စက်ရုံနားမှာလည်း မရှိဘူး။ ဒါပေမယ့် ၂၀၀၇ ခုနှစ်ပြီးတော့ ၂၀၀၈ ခုနှစ်မှာ ကျွန်မ ထောင်ကျတယ်။ ထောင်ကနေပြန်လွတ်လာတော့ ကျွန်မစက်ရုံကို သွားကြည့်တဲ့အချိန်မှာ ၂၀၁၂ ခုနှစ် ဖြစ်နေပြီ။ ဒီအခြေအနေမှာ ကျွန်မတို့ လှိုင်သာယာမြို့နယ်မှာ အလုံးအရင်းနဲ့ အများအပြား ကျူးကျော်တွေ အများအပြား ဖြစ်လာတာ တွေ့ရတယ်။ ဒီကျူးကျော်တွေ ဘာ့ကြောင့် ဖြစ်လာတာလဲ။ ကျွန်မ ထောင်ထဲရောက်တဲ့အချိန်မှာပဲ နာဂစ်ဖြစ်ပါတယ်။ ဒီ ၂၀၀၈ နာဂစ်ဖြစ်တဲ့အချိန်က အဓိကဖြစ်တယ်လို့ အားလုံးကတော့ အဖြေတစ်ခုကို အကြမ်းမျဉ်း သိရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ နာဂစ်ဖြစ်လာတဲ့အချိန်မှာ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ လူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးသွားတယ်။ ဒါ့ကြောင့်မိုလို့ မြို့ပေါ်ကိုတက်လာတယ်။ တရားမဝင်နေထိုင်ရတဲ့အခါမှာ သူတို့အတွက် နေရာအခက်အခဲတွေ ပြဿနာဖြစ်လာတယ်ဆိုတာမျိုး ပြောပါတယ်။ အစိုးရကလည်း ဒီ နာဂစ်ဖြစ်တဲ့ ဒေသတွေမှာ တကယ်ကိုပဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သိသာထင်ရှားအောင် ပြည်သူတွေရဲ့ကြားထဲမှာ တကယ်ကိုပဲ သိသိသာသာ ထင်ထင်ရှားရှားနဲ့ အကျိုးရှိအောင် ပြီးခဲ့တဲ့အစိုးရက မလုပ်ပေးနိုင်ဘူးဆိုတာကို တွေ့ရတယ်။

မဇ္ဈိမ ။ ။ ဟုတ်ကဲ့ပါရှင့်။ ဒီ ကျူးကျော်ပြဿနာက စက်မှုဇုန်တွေ ဒီ မြို့ပြင်တွေမှာ မဟုတ်ဘဲနဲ့ မြို့ထဲတွေမှာလည်း ရှိတယ်။ ပြီးတော့ တချို့ဆိုလို့ရှိရင် ဒီနေရာကွက်ကတော့ ပိုင်တဲ့သူရှိတယ်။ သူတို့ကတော့ ဒီမြေကွက်ကို ဒီအတိုင်းပဲ ပစ်ထားတယ်။ အဲ့ဒီနေရာမှာ ကျူးကျော်ပြီးတော့ ဝင်ပြီးတော့ နေကြတယ်။ နေတော့ အခု ပိုင်ရှင်ကဖယ်ခိုင်းတော့ တစ်ဖက်ကလည်း ဖယ်ပေးဖို့ စရိတ်စက တောင်းတာတို့ ပြောင်းရွေ့စရိတ် တောင်းတာတို့ မကျေလည်မှုတွေနဲ့ အမှုတွေ ဖြစ်နေတာလည်း ကျွန်မတို့ ကြားတယ်ရှင်။ အဲ့ဒီတော့ ဒီလိုမျိုးတွေကော ပုဂ္ဂလိကပိုင်မြေပေါ်မှာ ဝင်ရောက် ကျူးကျော်တဲ့သူတွေကော ပါလား။ အဲ့လိုလူမျိုးတွေကိုကော ဘယ်လို ဖြေရှင်းပေးသင့်လဲ အဲ့ဒါကိုလည်း ဆရာမအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြောပေးပါလားရှင့်။

ဒေါ်စန္ဒာမင်း ။ ။ တကယ်တမ်း ကျွန်မတို့ စဉ်းစားကြည့်ရင် ကျူးကျော်မှာ ဘယ်လိုနည်းနဲ့ ကျူးကျော်တာလဲဆိုတာကို အခုလက်တွေ့ တွေ့နေရတာက ငြိမ်းချမ်းရေး အဖွဲ့အစည်းအနေနဲ့ အဖွဲ့အစည်းအမည်တွေနဲ့ ကျူးကျော်တာမျိုးတွေလည်း ရှိပါတယ်။ နောက် နိုင်ငံရေးပါတီတွေရဲ့ ပါတီတွေရဲ့ အမည်တွေကို ခုတုံးလုပ်ပြီး ကျူးကျော်တာတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ ဒုစရိုက်သမားတွေပေါ့။ ဒုစရိုက်သမားတွေက လူမိုက်ဆန်ဆန် လက်ညှိုးထိုးပြီးတော့ ဆရာမပြောသလိုပဲ သူတစ်ပါးရဲ့မြေကို လက်ညှိုးထိုးပြီးတော့ ရောင်းစားတာမျိုးတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် မကြာခင်က ဝန်ကြီးချုပ်က ပြောသွားတာလည်း ရှိပါတယ်။ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းအမည်ခံပြီး ကျူးကျော်တာတွေကို တကယ်ပဲ ဖြေရှင်းပစ်မယ်ဆိုတာက တကယ်တမ်းဆိုရင်တော့ နဂိုတုန်းက တရားဥပဒေ စိုးမိုးမှု မရှိခဲ့လို့ပါ။ အဲ့တော့ ကျွန်မတို့က ဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးမှုရှိအောင် တရားဥပဒေရေးရာနဲ့ ကိုင်တဲ့ တရားဥပဒေနဲ့ပတ်သတ်လို့ ဆောင်ရွက်ရတဲ့ ရဲအဖွဲ့အစည်းတွေ ဒီ တရားရုံးအဖွဲ့အစည်းတွေ ဒါတွေအားလုံးကို နံပါတ်တစ် အင်အားကောင်းကောင်းနဲ့ လုပ်နိုင်အောင် သူတို့ကို ပံ့ပိုးပေးရမယ်။ သူတို့လိုတာတွေကို ဖြည့်ဆည်းပေးရမယ်။ ပြီးပြီဆိုရင်တော့ ခုနက ကျွန်မပြောထားတဲ့ သုံးနည်းနဲ့ ကျူးကျော်ထားတဲ့သူတွေကို တရားဥပဒေအတိုင်းပဲ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရမယ်။

မဇ္ဈိမ ။ ။ ဟုတ်ကဲ့ပါရှင့်။ ကျွန်မ ဒီ ကျူးကျော်တွေနဲ့ သွားတွေ့တယ်။ အင်တာဗျုးတွေ သွားလုပ်တဲ့အခါမှာ သူတို့ဆီက ကြားရတာကတော့ သူတို့ဆီမှာ တကယ်နေစရာ မရှိပါဘူးပေါ့နော်။ သူတို့ကိုယ်တိုင် ရွေးချယ်ထားတဲ့ အစိုးရကိုလည်း အမှန်တကယ် အားကိုးပါတယ်ဆိုပြီးတော့လည်း ပြောကြတယ်ရှင်။ ကျွန်မတို့ကိုယ်တိုင်လည်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်ရှင်။ အခုလိုမျိုး ပြည်သူရွေးချယ်ထားတဲ့ အစိုးရတစ်ရပ် ပြည်သူရွေးချယ် တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီလိုမျိုး အိမ်ယာမဲ့ နေစရာမဲ့ အလုပ်လက်မဲ့ ဖြစ်နေတဲ့သူများအပေါ်မှာ ဘားများ ပြောချင်ပါသလဲရှင်။ ဘယ်လိုမျိုး လုပ်ထုံးလုပ်နည်းတွေနဲ့ ဖြေရှင်းသွားမယ်ဆိုတာ သူတို့လို မျှော်လင့်နေတဲ့ သူတွေအနေနဲ့ ဆရာမက လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောပေးပါရှင့်။

ဒေါ်စန္ဒာမင်း ။ ။ ကျွန်မ ဝန်ကြီးချုပ်ပြောထားတဲ့ စကားကိုပဲ ပြန်ပြောချင်ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျွန်တော်တို့အစိုးရက ဘူဒိုဇာ အစိုးရမဟုတ်ပါဘူးတဲ့။ မှန်ပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေရဲ့ နာကျင်စွာ ခံစားခဲ့ရမှု အခက်အခဲ ဒုက္ခတွေကို ဖြေရှင်းတဲ့အခါမှာ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ခံစားချက်တွေကို နားမလည်ဘဲနဲ့ ကြမ်းတမ်စွာ ဖြေရှင်းတဲ့နည်းကို ကျွန်မတို့ လုပ်မှာ မဟုတ်ပါဘူး။

မဇ္ဈိမ ။ ။ ဟုတ်ကဲ့ပါရှင့် နောက်ဆုံး တစ်ခုလောက် မေးချင်ပါတယ်ရှင့်။ လက်ရှိ အစိုးရသက်တမ်းက ငါးနှစ်ပဲဆိုတော့ ဒီအစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ ကျူးကျော်ပြဿနာကို ဖြေရှင်းပေးဖို့အတွက် အချိန် ဘယ်လောက်လောက် ယူရမလဲ။ ဒီ ငါးနှစ် သက်တမ်းမှာကော ပြီးဆုံးဖို့အတွက် ဘာတွေလိုအပ်သလဲ။ အချိန်ကာလလေးနဲ့ ပတ်သက်လို့ ပြောပေးပါလားရှင်။

ဒေါ်စန္ဒာမင်း ။ ။ ကျွန်မ ဝန်ကြီးချုပ် ပြောသွားတဲ့ဟာအရပဲ ထောက်ကြည့်မယ်ဆိုရင်တော့ ကျွန်မတို့ NLD အစိုးရ တာဝန်ယူမယ့် အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာတော့ ဒီဟာသည် ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ကျူးကျော်ပြသနာတွေကို ဖြေရှင်းလိုက်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ နောက်နောင်ကို ဘယ်တော့မှ မြို့ပြ လယ်ယာဥပဒေ အခုဆိုလို့ရှိရင် မြို့ပြလယ်ယာ ဥပဒေကို တိတိကျကျအတိုင်း လိုက်နာဖို့ကို စည်ပင်သာယာက မူဝါဒတွေအတိုင်း ချမှတ်ထားတဲ့ ဥပဒေတွေအတိုင်းကို လိုက်နာပြီးတော့ ဝန်ထမ်းတွေအားလုံးက လိုက်နာဆောင်ရွက်ပေးမယ် ဆိုရင်တော့ ကျွန်မတို့က ဒီငါးနှစ်အတွင်းမှာ ဒီကျူးကျော်ပြဿနာတွေကို နောက်ဆုံးပိတ်အနေနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မဇ္ဈိမ ။ ။ ဟုတ်ကဲ့ပါရှင့်။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတာကို ကျွန်မတို့အစီအစဉ်ကနေ ကျေးဇူးတင်ပါတယ်ရှင်။

ဒေါ်စန္ဒာမင်း။ ။ ကျေးဇူးတင်ပါတယ်။ ကျွန်မကလည်း ဖြေခွင့်ရတဲ့အတွက်။
- See more at: http://mizzimaburmese.com/article/14930#sthash.WQhGG1yf.q4BWTJPt.dpuf

ရှုမဝအောင်

ရန်ကုန်၊ ဇွန် ၆ ။ ။ ၂၀၁၅ ခုနှစ်၊ နှစ်စအချိန်လောက်ကတည်းကနေ အရောင်းအဝယ်အေးစက်ခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေဈေးကွက်က ဒီ ၂၀၁၆ ခုနှစ်ထဲမှာလည်း အထွေအထူး အပြောင်းအလဲတွေ ဖြစ်လာတယ်လို့ ပြောလို့မရသေးပါဘူး။ ဈေးကွက်အသိုင်းအဝန်းကို တီးမိခေါက်မိသလောက်တော့ အဆင်ပြေသလောက် ဈေးနဲ့ အလုပ်ဖြစ်ရုံ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။ တစ်ဘက်မှာလည်း ကြိုပွိုင့်တိုက်ခန်းတစ်ချို့ ရပ်ဆိုင်းခဲ့ရတဲ့အခြေအနေတွေလည်းရှိခဲ့ပါတယ်။ လောလောဆယ်တော့ အငှားဈေးကွက်ဖြစ်ထွန်းနေတဲ့ အခြေအနေပါ။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအလွန်မှာတော့ ရန်ကုန်အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာမယ်လို့ အိမ်ခြံမြေအကျိုးဆောင်နဲ့ လုပ်ငန်းရှင်အများစုက ပြောဆိုကြပေမယ့် ၂၀၁၅ ခုနှစ် အစကနေ အရောင်းအ၀ယ်အေးစက်ခဲ့တဲ့ အိမ်ခြံမြေဈေးကွက်ကသိသာတဲ့အပြောင်းအလဲတွေ ဖြစ်မလာခဲ့ဘူးလို့ ရန်ကုန် တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းကပြောပါတယ်။

အဲဒီ့နှစ်မှာဆိုရင်ပဲ ကြိုပွိုင့်ကန်ထရိုက်လုပ်ငန်းတွေထဲမှာလည်း လုပ်ငန်းကျဆင်းခဲ့တာတွေဖြစ်ခဲ့ပြီးတစ်ချို့ဆိုရင် ဆက်အကောင်အထည်မဖော်နိုင်လို့ ရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

"ကြိုပွိုင့်တိုက်ခန်းအများစုက၂၀၁၅ခုထဲမှာ ရပ်သွားတဲ့ပရောဂျက်တွေ တော်တော်များများရှိတာကို ကျွန်တော်တို့ တွေခဲ့တယ်။ အဲဒါမှာလည်းအဓိကအချက်တွေက ဘယ်လိုလဲဆိုတော့ ဒီဈေးကွက်အခြေအနေအေးနေတာပေါ့နော်။ ဈေးကွက်အခြေအနေအေးနေတော့ ကန်ထရိုက်လုပ်ငန်းရှင်တွေက ကြိုပွိုင်တိုက်ခန်းတွေအနေနဲ့ ရောင်းကြတယ်။ တချို့လုပ်ငန်းရှင်တွေဆိုရင် ကြိုပွိုင့်ဈေးကွက်ပျက်သွားတဲ့အတွက်ကြောင့် သူတို့မှာရှိတဲ့အခန်းတွေကိုထုတ်မရောင်းနိုင်ကြဘူး။ အဲအတွက်ကြောင့် ပိုက်ဆံတွေမဝင်ကြဘူး။" လို့ iMyanmarHouse.comက အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။

၂၀၁၅ ခုနှစ်ထဲမှာရပ်ဆိုင်းလိုက်ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းအနေနဲ့ ရာခိုင်နှုန်း ၂၀ နဲ့ ၃၀ ကြားမှာရှိတယ်လို့ ပြည်တွင်းအွန်လိုင်းအိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်း
iMyanmarHouse.com က ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူဦးကိုကိုထွေးက လက်ရှိဈေးကွက်အခြေအနေကို သုံးသပ်လိုက်တာပါ။ တစ်ဘက်မှာကလည်း ငွေကြေးအခက်အခဲကြောင့် ရှေ့ဆက်တိုးဖို့ မဝင့်မရဲဖြစ်နေတဲ့ အသေးစားဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း ပြန်လည်နာလန်ထူဖို့ ခက်ခဲနေတဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ့လိုပဲ ဝယ်လက်တွေအနေနဲ့လည်း ဈေးအမြင့်မှာရှိနေတဲ့ အိမ်ခန်းတွေကို ၀ယ်ယူဖို့ လက်ရွှံ့နေတာမျိုးလည်းရှိနေပါတယ်။

"ဈေးကွက်မှာ ပြန်ပြီးတော့ တွက်ခြေကိုက်နိုင်တဲ့ အနေအထားကနေပြီးတော့ တဖြည်းဖြည်းနဲ့ ကိုယ်ပြန်ရောင်းရင် မြတ်နိုင်တဲ့ အနေအထားမရှိတော့တဲ့ အနေအထားမျိုးဖြစ်လာတာပေါ့၊ဒါကြောင့်မို့လို့လဲ့ ရပ်သွားတဲ့အခါမှာစတုရန်းတစ်ပေပတ်လည်ကိုကျပ် ၅ သိန်းလို့ ပြောတဲ့နေရာကနေအခု ၂ သိန်းပေးလည်း မဝယ်ဘူး။" လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက ပြောပါတယ်။

အမှန်တကယ်ဖြစ်ပေါ်နေတဲ့ မြန်မာ့အိမ်ခြံမြေနဲ့ တိုက်ခန်းအရောင်းအ၀ယ်ဈေးကွက် အစစ်အမှန်နေထိုင်သူတွေအတွက် မှီခိုနေရတာမဟုတ်ဘဲရင်းနှီးမြှုပ်နှံသူတွေကြောင့် ဆယ်စုနှစ်အတော်ကြာအောင် ဈေးကွက်ဖြစ်ထွန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရသစ်အပြောင်းအလဲနဲ့ မူဝါဒအကူးအပြောင်းတွေရှိလာနိုင်တာဖြစ် တာကြောင့် ရင်းနှီးမြှုပ်နှံသူဈေးကွက်ကဆက်ပြီးငြိမ်နေသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်ကတော့ အငှားဈေးကွက် ဆက်တိုးတက်နေလိမ့်မယ်လို့ ပြောပြထားပါတယ်။

"ကျွန်တော်တိုဈေးကွက်ထဲမှာတော့ အရောင်းအဝယ်တွေ ပိုပြီးတော့ ဖြစ်ပါလိမ့်မယ်အငှားတွေ ပိုပြီးတော့ဖြစ်ပါလိမ်မယ်။ ဈေးနှုန်းအနေအထားနဲ့ ပြောမယ်ဆိုရင်တော့ ဈေးနှုန်းကတည်တည်ငြိမ်ငြိမ်ဆက်ရှိသွားမယ်။ ဈေးနှုန်းကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဘာဖြစ်လို့လဲဆိုအစိုးရသစ်ရဲ့ မူဝါဒပေါ်လစီတွေကအိမ်ခြံမြေဈေးနှုန်းတွေကို ပိုပြီးတော့ မတိုးမြင့်စေဘဲ ဈေးတွေကျသွားအောင် လုပ်မယ်လို့ မျှော်လင့်ထားလို့ ဖြစ်ပါတယ်။" ဟု ဦးစိုင်းခွန်နောင်က ပြောပါတယ်။

အခုလက်ရှိအချိန်မှာလည်း အစိုးရသစ်အနေနဲ့ လူတန်းလက်လှမ်းမှီမယ့် အရစ်ကျ အိမ်ရာစီမံကိန်းတော်တော်များများကို အမြန်ဆုံး အကောင်အထည်ဖော်သွားနိုင်ဖို့ မျှော်လင့်နေသလို ဘဏ်လုပ်ငန်းတွေကနေဆောက်လုပ်ရေးကဏ္ဍ အချက်ကျကျ ဖွံ့ဖြိုးနိုင်ဖို့ အားပေးကူညီနိုင်ဖို့ မူဝါဒနဲ့ လက်တွေ့လုပ်ဆောင်မှုတွေကိုစောင့်စားနေတဲ့ အချိန်လည်းဖြစ်ပါတယ်။
Mizzima - News in Burmese

ဥရောပသမဂ္ဂသို့ခိုလှုံရန် လာရောက်သူများအား ဥရောပကို တိုက်ရိုက်ခြေချခွင့် မပေးဘဲ ကျွန်းများပေါ်တွင် ကနဦးထားရှိသင့်ကြောင်းသြစတြီးယား နိုင်ငံခြားရေးဝန်ကြီး ဆီဘက်ရှန်ကာ့ဇ်က ဆိုသည်။

ပြီးခဲ့သည့်တနင်္ဂနွေက Die Presse သတင်းစာနှင့် လူတွေ့မေးမြန်းမှုလုပ်စဉ် ၀န်ကြီးက ဥရောပသို့ ၀င်ရောက်ရန် ကြိုးပမ်းစဉ် သေပျောက်မှုများ ရှိသည့်အတွက် ရွှေ့ပြောင်း ၀င်ရောက်သူများ လာရောက်ချင်စိတ် လျော့နည်းရန် “သြစတြေးလျကို နမူနာယူသင့်ကြောင်း” ပြောသည်။

အဝေဖန်အခံရဆုးံနှင့် အပြင်းထန်ဆုးံ သြစတြေးလျ လူဝင်မှု မူဝါဒအရ သြစတြေးလျသို့ လှေစီးဝင်ရောက်ရန် ကြိုးပမ်းသူများအား လာရာအရပ်သို့ လှည့်ပြန်စေခြင်းဖြစ်စေ၊ နူရူးနှင့် ပါပူဝါနယူးဂီနီကျွန်းများရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်ခြင်းဖြစ်စေ ပြုလုပ်သည်ဟု သိရသည်။

အဆိုပါစခန်းများတွင် ရွှေ့ပြောင်းဝင်ရောက်သူများအား ဒုက္ခသည်အဖြစ် လျှောက်ထားမှု လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း ကာလအပိုင်းအခြားမရှိ ထိန်းသိမ်းထားရှိသည်ဟု ဆိုသည်။

“သြစတေလျရဲ့ စံနမူအတိုင်း အပြည့်အ၀ မလုပ်နိုင်ပေမယ့် သူတို့ရဲ့ စည်းမျဉ်းလုပ်ထုးံတွေကို ဥရောပမှာ အသုးံချနိုင်ပါတယ်” ဟု ယင်းကဆိုလိုက်ပြီး ရွှေ့ပြောင်းဝင်ရောက်သူ အရေအတွက် လျှော့ချနိုင်ရေးကို ရည်ရွယ်သည့် တူရကီနှင့် မကြာသေးမီက စာချုပ်ချုပ်ဆိုမှုကြောင့် ဖြစ်ပေါ်လာသည့် ဂယက်ရိုက်ခတ်မှုများကို ယင်းအနေဖြင့် ဘ၀င်မကျဖြစ်ရကြောင်း ထပ်လောင်းပြောကြားသည်။

၂၀ ရာစုအလယ်ပိုင်းတွင် ရွှေ့ပြောင်းဝင်ရောက်သူများနှင့် စပ်လျဉ်း၍ သြစတြေးလျနည်းတူ အမေရိကန်ကလည်း ကျင့်သုးံခဲ့ရာ အသစ်ဝင်ရောက်လာသူများ နယူးယောက်သို့ ၀င်ရောက်သည်နှင့် ယင်းတို့ကို အဲလစ်ကျွန်းသို့ ရွှေ့ပြောင်းထားရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အသက် ၂၇ နှစ်ရှိ ၀န်ကြီးကာ့ဇ်မှာ ဥရောပနိုင်ငံအားလုးံတွင် အသက်အငယ်ဆုးံ ၀န်ကြီးဖြစ်ပြီး နေရှင်နယ်လစ် လူထုပါတီ ကိုယ်စားပြုသူလည်း ဖြစ်သည်။

ရွှန်းတင့်

ref: euractiv.com
The Ladies News Journal

အစိုးရသစ် ပြောင်းလဲတာဝန်ယူပြီး ရက် ၁၀၀ စီမံချက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွှေ့ပြောင်း နေထိုင်နေရသူများကို အိမ်ထောင်စုစာရင်း ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ရွှေ့ပြောင်း အိမ်ထောင်စုများကို အိမ်ထောင်စုစာရင်း ထုတ်ပေးရာတွင် ၄င်းတို့ ယခင်နေထိုင်ခဲ့ရာ ဒေသများမှ အချက်အလက်များကို ရယူ၍ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသူများကိုပါ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ရွှေ့ပြောင်းလူဦးရေတွေ အလုပ်သမားတွေကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးတဲ့အခါ သူတို့လာတဲ့ မြို့နယ်ကို လှမ်းမေးပြီး ပြုလုပ်ပေးမှာပါ။ ပြီးတော့ ၁၀ နှစ်ပြည့် ကလေးငယ်များအတွက်ကို နိုင်ငံသားကတ် ထုတ်ပေးဖို့ အတွက်လည်း ဆောင်ရွက်နေပါတယ်” ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင်က ဇွန်လ ၆ ရက်နေ့တွင် ပြောကြားသည်။

အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး အတွက် ရှေးဦးစွာ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများကို စစ်တမ်းကောက်ယူ၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“အလုပ်သမားတွေကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရွှေပြည်သာ စက်မှုဇုန်ရော လှိုင်သာယာစက်မှုဇုန်ရော တော်တော်များများ စက်ရုံတွေကို မေးကြည့်တဲ့အခါ စာမရောက်တာများတယ် ။ မသိကြဘူးပေါ့။ လုပ်နိုင်တဲ့နေရာတော့ လုပ်ပေးပြီး၊ မလုပ်နိုင်တဲ့ လက်လှမ်းမမှီတဲ့ နေရာတော့ မလုပ်သေးဘူး ဆိုရင်တော့ မထိရောက်နိုင်ဘူးလို့ ထင်မိပါတယ် ” ဟု သွေးစည်းညီညွှတ်သော အလုပ်သမားများအဖွဲ့သမဂ္ဂမှ မမျိုးမျိုးအေးက ပြောကြားသည်။

ဆက်လက်၍ ကျူးကျော်များကိုမူ မှတ်တမ်းကောက်ယူပြီး သေချာစိစစ်ကာ နောက်ပိုင်းတွင် အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လင်းလင်းထက်
The Ladies News Journal

ဗြိတိသျှ ကောင်စီမြန်မာမှ စာကြည့်တိုက်အကြီးအကဲဖြစ်သူ ဒေါ်မို့မို့စိုးမှာ ဗြိတိန် ဘုရင်မမှ ချီးမြှင့်သည့် MBE ဘွဲ့ကို ရရှိသွားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီ မြန်မာ စာကြည့်တိုက်တွင် နှစ်နှစ်ဆယ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်မို့မို့စိုးမှာ ၄င်းတာဝန်
ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း စာကြည့်တိုက်အား လူထုအကျိုးပြုစာကြည့်တိုက် ဖြစ်လာစေရန် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သောကြောင့် အဆိုပါဘွဲ့ကို ချီးမြှင့်ခံရခြင်းဖြစ်သည်ဟု သိရသည်။

‘အဓိကကဗျာ ဗြိတိသျှကောင်စီ စာကြည့်တိုက်က ကျွန်တော်တို့နိုင်ငံနဲ့ ပတ်သက်ပြီးသူလုပ်ခဲ့တဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အစီစဉ်တွေ လူမှု့အဖွဲ့စည်းတွေ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ပတ်သက်လို့လည်း သူ့အနေနဲ့ အထောက်ကူပြုနိုင်မဲ့ အစီစဉ်တွေ ချမှတ်ဆောင်ရွက်ပေးနိုင်ခဲ့လို့ ပေးတာပါ။ သူက ဒီမှာ နှစ်နှစ်ဆယ်ကျော်တာဝန်ထမ်းခဲ့တယ်။ သင်တန်းတွေပေးတယ်။ လူ့အခွင့်ရေးနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ၊ ကမ္ဘာနိုင်ငံရေး ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကို လူ့အခွင့်ရေးလှုပ်ရှားသူတွေ နိုင်ငံရေးသမားတွေအတွက် ခေတ်စနစ်ဆိုးဝါးနေတဲ့အချိန်ကတောင် လေ့လာနိုင်အောင်ဖတ်ရှူနိုင်အောင်ကူညီပေးခဲ့လို့ ရတာ။ ‘ ဟု ဗြိတိသျှကောင်စီ စာကြည့်တိုက်မြန်မာမှ ၀န်ထမ်းတဦးဖြစ်သူ ကိုခိုင်မင်းက ပြောသည်။

ဗြိတိသျှ ဘက်ကင်ဟမ်နန်းတော်မှ ချီးမြှင့်သည့် MBE ခေါ် Member of The most excellent order of The British empire မှာ OBE အစရှိသည့် ဘွဲ့များကဲ့သို့ ပင် ဗြိတိန် နိုင်ငံအကျိုးသယ်ပိုးသူ သို့မဟုတ် အများပြည်သူအကျိုးအတွက် အမှန်တကယ်နှစ်ရှည်လများဆောင်ရွက်သူ ၊ ထူးချွန်မှုတွင် စံပြုလောက်သူများကို ပေးအပ်လေ့ရှိသည့် ဘွဲဖြစ်ပြီး ဘွဲ့ရရှိသူများ စာရင်းတွင် ကမ္ဘာကျော် ဘီတဲလ် ကဲ့သို့ တေးဂီတအဖွဲ့လည်း ပါဝင်ပါသည်။
လူ့အခွင့်ရေး လှုပ်ရှားသူများနှင့် သတင်းမီဒီယာသမားများကိုဖိနှိပ်ကာ လွတ်လပ်ခွင့်ကို များစွာ ချုပ်ခြယ်ခဲ့သည့် ပြီးခဲ့သည့် အာဏာရှင်အစိုးရလက်ထက်များတွင် ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက် ၊ အမေရိကန် စင်တာကဲ့သို့သော နေရာများမှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများ ၊ သတင်းမီဒီယာသမားများအတွက် လေ့လာစရာနေရာဖြစ်ခဲ့ပြီး အဆိုပါ စာကြည့်တိုက်များမှ ပေးအပ်သည့် သင်တန်းများမှာလည်း ထိရောက်မှုများ ရှိခဲ့သည်ဟု စစ်အစိုးရလက်ထက်က လူ့အခွင့်ရေးလှုပ်ရှားသူအဖြစ် ရပ်တည်ခဲ့သူ ကိုလကျာ်ထွန်းက ပြောသည်။

Photos- Khaing Min
The Ladies News Journal


74-political-activists-620.jpg
၁၉၇၄ အလုပ်သမားအရေးအခင်းနဲ့ (၇၄-၇၅-၇၆) ကျောင်းသားလှုပ်ရှားမူ နှစ်ပတ်လည်အခမ်းအနားကို ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ ပြုလုပ်ခဲ့စဉ်
Photo: Thiha Tun/RFA
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အပါအ၀င် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် NLD ဦးဆောင်တဲ့ အစိုးရသစ်ကို ၀န်းရံကူညီသွားမယ်လို့ ၁၉၇၄/၇၅/၇၆ အရေးအခင်းတွေမှာ ပါဝင်ခဲ့သူ နိုင်ငံရေးအင်အားစုက ပြောပါတယ်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ ၁၉၇၄ အလုပ်သမားအရေးအခင်းနဲ့ (၇၄-၇၅-၇၆) ကျောင်းသားလှုပ်ရှားမူ နှစ်ပတ်လည်အခမ်းအနားကို ဒီနေ့ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ အစိုးရသစ်ကို ကူညီသွားမယ်လို့ ၁၉၇၅ ဇွန်လ ကျောင်းသားလှုပ်ရှားမူမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးကျော်အောင် က ပြောပါတယ်။

"အစိုးရသစ်ပေါ်ပေါက်လာပြီးတော့ ၂၁ ရာစု ပင်လုံညီလာခံ အပါအဝင်ပေါ့နော် နိုင်ငံရေးအခင်းအကျင်းသစ်တွေ အစိုးရသစ်က ချမှတ်နေတဲ့အတွက်ကြောင့် ကိုယ်တို့အတွက် အားတက်စရာ မျှော်လင့်စရာတွေတော့ ရှိတယ်ပေါ့နော်၊ ကိုယ်တို့ရဲ့မပြီးဆုံးသေးတဲ့ သမိုင်းပေးတာဝန်ကို ဆက်လုပ်မယ်၊ ဆက်လုပ်မယ့်နေရာမှာ အခုပေါ်ပေါက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်နဲ့ ဝန်းရံပူးပေါင်းပြီးတော့ ကျန်တဲ့နိုင် ငံရေးအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေ မျိုးဆက်သစ် လူငယ်အင်အားစုတွေ ပူးပေါင်းပြီးတော့ ရည်ရွယ်ချက်အောင်မြင်တဲ့အထိ ဆက်သွားမယ်ဆိုတာ ကိုယ်တို့ထုတ်ဖော်ကြေညာတာပါ"

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် ၁၉၇၄ မေလနဲ့ ဇွန်လအတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြားက စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေဟာ ဆန်အလုံအလောက်ရရှိရေးနဲ့ လုပ်ငန်းခွင်ဘ၀ လုံခြုံရေးတို့အတွက် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

အဲဒီ အလုပ်သမား လှုပ်ရှားမူတွေကို မဆလ အစိုးရက အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် အလုပ်သမား ရာကျော် သေဆုံးခဲ့ရတယ်လို့ သပိတ်မှာ ပါဝင်ခဲ့တဲ့ သူတွေကပြောပါတယ်။

၁၉၇၄ ဇွန်လမှာ အလုပ်သမားအခွင့်အရေးတောင်းဆို လှုပ်ရှားမူဖြစ်ခဲ့သလို ၁၉၇၄ ဒီဇင်ဘာလမှာ ဦးသန့် အရေးအခင်း၊ ၁၉၇၅ မေလနဲ့ဇွန်လမှာ အလုပ်သမားနဲ့ကျောင်းသားလှုပ်ရှားမူ ၊ ၁၉၇၆ ဇွန်လမှာ မှိုင်းရာပြည့် လှုပ်ရှားမူ စတဲ့ သပိတ်တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး မဆလ အစိုးရက လည်း အကြမ်းဖက် နှိမ်နင်းခဲ့တယ် လို့ ပြောပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေ၊ အလုပ်သမား၊ လယ်သမားအဖွဲ့အစည်းတွေက ဂုဏ်ပြုသ၀ဏ်လွှာတွေ ဖတ်ကြားခဲ့ကြပြီး လယ်သမား၊အလုပ်သမားနဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေ အပြည့်အ၀ရရှိနိုင်ဖို့ အစိုးရက ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဒါ့အပြင် ၇၄-၇၅ -၇၆ ကျောင်းသားအရေးလှုပ်ရှားမူနဲ့ အလုပ်သမားအရေး လှုပ်ရှားမူမှာ ပါဝင်ခဲ့တဲ့ သူတွေစုပေါင်းပြီး နိုင်ငံရေး အင်အားစု အဖွဲ့တစ်ခု ဒီနေ့ တရားဝင်ဖွဲ့စည်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
RFA

ကုန်သည်ကြီးများအသင်းချုပ်မှာ ကျင်းပတဲ့ အမေရိကန်-မြန်မာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအနာဂတ်အလားအလာဆိုင်ရာ ဆွေးနွေးပွဲ (ဓါတ်ပုံ-UMFCCI Facebook)
ကုန်သည်ကြီးများအသင်းချုပ်မှာ ကျင်းပတဲ့ အမေရိကန်-မြန်မာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအနာဂတ်အလားအလာဆိုင်ရာ ဆွေးနွေးပွဲ (ဓါတ်ပုံ-UMFCCI Facebook)

အမေရိကန်အစိုးရဘက်က စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို အတန်အသင့်ဖြေလျှော့လိုက်ပေမယ့်လည်း အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ အလုပ်လာလုပ်ဖို့အတွက် စိန်ခေါ်မှုတွေအများကြီးရှိနေသေးတယ်လို့ အမေရိကန် ကုန်သည်ကြီးများအသင်း က ပြောဆိုလိုက်ပါတယ်။ အမေရိကန်ဖွံ့ဖြိုးမှုအေဂျင်စီအနေနဲ့လည်း အားလုံးပါဝင်တဲ့ စီးပွားရေးတိုးတက်မှုမျိုးဖြစ်လာဖို့ လိုအပ်တဲ့ ကူညီမှုတွေ ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။

မေလ လယ်ပိုင်းလောက်တုန်းက စီးပွားရေးဆိုင်ရာ ပိတ်လျှော့မှုတွေကို အတန်အသင့်ဖြေလျှော့လိုက်ပေမယ့်လည်း အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကိုဝင်ရောက်လာဖို့အတွက် ငွေလွှဲပြောင်းမှုဆိုင်ရာအပါအဝင် အခြေခံအဆောက်အအုံဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ အမေရိကန်ကုန်သည်ကြီးများအသင်း၊ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းအရာရှိ John Goyer က အခုလို ပြောဆိုလိုက်ပါတယ်။

“အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံကို ဝင်လာဖို့အတွက် ငွေရေးကြေးရေးကဏ္ဍနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေက ကန့်သက်ချက်တွေ၊ လျှပ်စစ်မီးရရှိရေး၊ လူ့အရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်တွေ၊ လုံလောက်တဲ့ ကျွမ်းကျင်ဝန်ထမ်းရရှိရေး၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး စတဲ့ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။”

ဒီနေ့ ရန်ကုန်မြို့ စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်းချုပ်မှာ ကျင်းပတဲ့ အမေရိကန်-မြန်မာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအနာဂတ်အလားအလာဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။
အမေရိကန်ကုန်သည်ကြီးများအတွက် မြန်မာနိုင်ငံမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။ အမေရိကန်ကုန်သည်တွေအနေနဲ့ အဓိကအားဖြင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုပြီး စိုက်ပျိုးရေးကဏ္ဍ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံသွားဖို့ရှိတယ်လို့ John Goyer က ပြောပါတယ်။

ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းတွေကို အမေရိကန်ကုန်သည်ကြီးတွေက လုပ်ကိုင်ကြမှာဖြစ်သလို အမေရိကန်အစိုးရရဲ့ ဖွံ့ဖြိုးမှုအေဂျင်စီ USAID ကလည်း လိုအပ်တဲ့အကူအညီတွေကို အရင်ကလည်း ပေးနေသလို နောက်ပိုင်းလည်း ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Mercial က အခုလို ပြောပါတယ်။

“စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ သိသာထင်ရှားတဲ့အကူအညီတွေ ပေးနေတာပါ။ အမေရိကန်ဖွံ့ဖြိုးမှုအေဂျင်စီအနေနဲ့ ပုဂလိကလုပ်ငန်းရှင်တွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အပါအဝင် စီးပွားရေး ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့လည်း ပူးတွဲလုပ်ကိုင်နေပါတယ်။”

ဒီဆွေးနွေးပွဲကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းတို့လည်း တက်ရောက်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့ နှစ်နိုင်ငံ စီးပွားရေးလက်တွဲဆောင်ရွက်မှု ပုံမှန်ပြန်လည်ဖြစ်ထွန်းလာစေရေး စတဲ့ အကြောင်းအရာတွေကိုလည်း စကားဝိုင်းဖွဲ့ပြီး ဆွေးနွေးခဲ့ကြပါတယ်။

မသိင်္ဂီလင်း
VOA Burmese News