06/11/16

နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ထားရှိမယ့် ဒေါ်စုပုံတူကြေးရုပ် ထုလုပ်ပြီးစီးသွားပြီဖြစ်ပြီး အဲ့ဒီပုံတူကြေးရုပ်ကို လာမယ့် ဇွန် ၁၉ ရက်နေ့ ဒေါ်စုမွေးနေ့ ပန်းခြံဖွင့်ပွဲမှာ ပြသသွားဖို့ ပြင်ဆင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံတူကြေးရုပ်ကို ထုလုပ်ခဲ့တဲ့ ဗိသုကာပညာရှင် Magnar Kgeldsmo မာ့ရှ်နားရှဲစမိုးက ဇွန် ၅ ရက်မှာ ဒေါ်စုပန်းခြံဖြစ်မြောက်ရး ကော်မတီထံ လွှဲပြောင်းပေးခဲ့တယ်လို့ အစိုးရပိုင် ကြေးမုံသတင်းစာမှာ ရေးသားဖော်ပြပါတယ်။

အလျား ၂၀ စင်တီမီတာ၊ အနံ ၁၅ စင်တီမီတာနဲ့ အမြင့် ၄၀ စင်တီမီတာရှိတဲ့ ဒေါ်စုပုံတူ ကြေးရုပ်ကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအလယ်မှာ နော်ဝေ-မြန်မာ နှစ်ဘာသာနဲ့ ကိုယ်ရေးအကျဉ်း ကမ္ပည်းထိုး ထားရှိမယ်လို့ သတင်းက ဆိုပါတယ်။

နော်ဝေက ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဖွင့်ပွဲအခမ်းအနားကို ဒေါ်စု တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် အလုပ်များလို့ မတက်ရောက်နိုင်တဲ့အကြောင်း ပြန်ကြားထားပြီး သူ့သဘောထားကို သ၀ဏ်လွှာတစောင်ပေးပို့ထားတယ်လို့ သိရပါတယ်။

DVB TV News

သည်ကနေ့ နံနက်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေနစ်မြုပ်မူတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

`` အခုတော့ မိုးကရွာနေတုန်းပဲ ။ မစဲသေးဘူး။ လောလောဆယ် အနိမ့်ပိုင်းမှာနေတဲ့သူတွေ၊ ဈေးသည်တွေကို ပြောင်းရွှေ့ ပေးနေပါပြီ။ တချို့ နေရာတွေမှာ ရေက လေးပေလောက်အထိ ရှိနေတယ်´´ လို့ ကြံခင်းမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်းက ပြောပါတယ်။

ကြံခင်းမြို့နယ်ရဲ့ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်မှာ ၄ ရပ်ကွက်ခန့်ဟာ ရေနစ်မြုပ်နေတာဖြစ်ပြီး တချို့ နေရာတွေမှာ ၃၊ ၄ ပေ နီးပါးရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကြံခင်း-ဘက်ရဲ ကားလမ်း၊ အင်းကောက်ကျေးရွာ စတဲ့နေရာတွေက လမ်းတွေမှာလည်း မိုးများပြီးရေကြီးနစ်မြုပ်နေတာကြောင့် မြို့ နယ်အတွင်း သွားလာဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
Author/ ချမ်းသာ
Photo/ ကျော်မျိုးလင်း
Kumudra

[youtube src="pU1kS6Rb7Gc"/]
ဇွန် ၁၀ ရက်နေ့က စတင်ကျင်းပနေတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲကို အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သွားရောက် ကြည့်ရှုခဲ့ပြီး ဖေ့ဘွတ်ခ်ကနေတဆင့် တိုက်ရိုက်ပြသခဲ့ပါတယ်။

ရုပ်သံဖိုင်ထဲမှာ “အားလုံးမင်္ဂလာပါ၊ ဒီနေ့ဟာ ယူရို ၂၀၁၆ ဖွင့်ပွဲနေ့ ဘောလုံးပွဲ ကွင်းပြင်ပ မြင်ကွင်းတွေ ဖြစ်ပါတယ်ခင်ဗျ” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောဆိုပြီး ကွင်းပြင်ပက အခြေအနေကို ရုပ်သံနဲ့ မှတ်တမ်းတင်ကာ ဖေ့ဘွတ်ခ်ကနေ တဆင့် ပြသခဲ့ပါတယ်။

နောက်ရုပ်သံတခုမှာတော့ ကွင်းအတွင်းက အခြေအနေကို ရိုက်ကူးပြီး ပြသထားပါတယ်။ ဒါhအပြင် ဆွစ်ဇာလန်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ရုပ်သံမှတ်တမ်းနဲ့ ဓာတ်ပုံတွေကိုလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖေ့ဘွတ်ခ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲတွေကို ပြင်သစ်မှာ စတင်ကျင်းပနေပြီ ဖြစ်ပြီး ဖွင့်ပွဲမှာ အိမ်ရှင် ပြင်သစ်က ရိုမေးနီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားသွားပါတယ်။

ရုပ်သံ – စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်ခ်\
DVB TV News

ဗီယက်နမ်မှာ ပျောက်ဆုံးနေတဲ့ ဗြိတိန်နိုင်ငံသား အမျိုးသားတဦးရဲ့အလောင်းကို တောတွင်း တနေရာမှာ ဇွန် ၁၀ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ နယ်ကြားစောင့်တပ်ဖွဲ့က ပြောပါတယ်။

အသက် ၂၃ အရွယ် အဒန် ၀ပ် Aiden Webb ဆိုတဲ့ လူရွယ်ဟာ ဇွန်လ ၄ ရက်လနေ့ကတည်းက ပျောက်ဆုံးသွားခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ အနောက်မြောက်ဒေသမှာရှိတဲ့ ဖန်စီပန်းတောင်တန်းပေါ်ကို တက်မယ်ဆိုပြီး ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားတဲ့ အကြောင်းကို သူ့ရဲ့ချစ်သူ မိန်းကလေးက အာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အဒန်ဝပ်က တောင်တက်ခရီးမှာ လဲကျတဲ့အတွက် ဒူးနဲ့ လက်မောင်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး သွေးထွက်လွန်နေတဲ့အကြောင်း သူ့ချစ်သူ မိန်းကလေးဆီကို Facebook ကနေ စာတို့ ပို့ပြီးနောက်ပိုင်း အဆက်အသွယ် ပြတ်သွားတယ်လို့ ဆိုပါတယ်။

စစ်သားတွေနဲ့ စေတနာဝန်ထမ်း အရေအတွက် ရာဂဏန်း ပါဝင်တဲ့အဖွဲ့ဟာ အနံ့ခံ ခွေးတွေနဲ့အတူ ၀ပ်ကို ရှာဖွေခဲ့ပါတယ်။

ဝပ်က သူ့ချစ်သူ မိန်းကလေးဆီကို နောက်ဆုံး စာတိုလေး ပို့ခဲ့တဲ့ နေရာကို ခြေရာခံပြီး ရှာဖွေခဲ့ရာ နောက်ဆုံး အလောင်းကို ပြန်တွေ့ခဲ့ပါတယ်။ အလောင်းကို ပြန်သယ်ဖို့အတွက် မိသားစုက ဗီယက်နမ်မှာ ရောက်နေပါတယ်။
DVB TV News

ပြီးခဲ့သော ဇွန် ၃ ရက်က တရုတ်သံအမတ်နှင့် ကောင်စစ်ဝန်တို့ ပါဝင်သောအဖွဲ့ မြစ်ဆုံစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုနေကြစဉ်

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခြင်းသည် စာချုပ်ချုပ်ဆိုထားသည့် နှစ်ဖက်မှ ညှိနှိုင်းဖြေရှင်းရမည့် စီးပွားရေး ပြဿနာတစ်ခုသာ ဖြစ်သော်လည်း မကောင်းဥာဏ်ရှိသော ပြည်သူအချို့က တမင်တလွဲတချော်ဖြစ်အောင် လုပ်ဆောင်ခြင်းကြောင့် နိုင်ငံရေးအလွန် အသုံးချခံရပြီး တရုတ်-မြန်မာအစိုးရမှ ဖြေရှင်းရမည့် ကိစ္စမဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများ ဖြေရှင်းရမည့်ကိစ္စ ဖြစ်သွားကြောင်း စီမံကိန်း လုပ်ဆောင်နေသည့် ACHC ထုတ်ပြန်

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခြင်းကိစ္စသည် မူလက စာချုပ်ချုပ်ဆိုထားသည့်နှစ်ဖက်မှ ပူးပေါင်းညှိနှိုင်းဖြေရှင်းရမည့် နိုင်ငံတကာတွင် ဖြစ်ပွားသည့် စီးပွားရေး ပြဿနာတစ်ခုသာ ဖြစ်သော်လည်း မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခံခဲ့ရပြီးနောက် နိုင်ငံတကာမှ အာရုံစိုက်ခံရခြင်းနှင့် မကောင်းဥာဏ်ရှိသော ပြည်သူအချို့မှ တမင်သက်သက် တလွဲတချော်ဖြစ်အောင် လုပ်ဆောင်ခြင်းကြောင့် မြစ်ဆုံစီမံကိန်းကို နိုင်ငံရေးအလွန် အသုံးချခံခဲ့ရပြီး မြစ်ဆုံစီမံကိန်းကိစ္စကို စာချုပ်ချုပ်ဆိုသည့် နှစ်ဖက်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရမှ ပူးပေါင်းညှိနှိုင်းဖြေရှင်းရမည့် ကိစ္စမဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းနှင့် တစ်သီးပုဂ္ဂလများမှ ဆုံးဖြတ်ရမည့် ကိစ္စတစ်ခု ဖြစ်သွားသည်ဟု စီမံကိန်း လုပ်ဆောင်နေသည့် ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် ကုမ္ပဏီလီမိတက် (ACHC ကုမ္ပဏီ) က ဇွန် ၁၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် ကုမ္ပဏီလီမိတက် (ACHC ကုမ္ပဏီ) သည်၂၀၁၀ ပြည့်နှစ် ဇွန် ၁၁ ရက်တွင် နေပြည်တော်၌ မှတ်ပုံတင် တည်ထောင်ခဲ့၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖက်စပ်ကုမ္ပဏီ တစ်ခုအနေဖြင့် ဧရာဝတီမြစ် ရေအားလျှပ်စစ် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက် အကောင်အထည်ဖော်ရန် အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ပြီး ပြည်ထောင်စု အစိုးရကို ကူညီ၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ဖြေရှင်းပေးသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယခုနှစ် အနည်းငယ်အတွင်း ကုမ္ပဏီသည် မြန်မာပြည်သူပြည်သားများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများမှ ဂရုစိုက်သည့် ကိစ္စရပ်များကို အလွန်အလေးထားပြီး ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့ပြီး ဧရာဝတီမြစ်အထက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်းများ၏ ပွင့်လင်းမြင်သာမှုလည်း ပိုရှိလာခဲ့ကာ ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုက်၊ Facebook၊ အင်တာဗျူးပြုလုပ်ခြင်း၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ဖလှယ်ခြင်း စသည့်နည်းလမ်းများဖြင့် အများပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းထံသို့ စီမံကိန်း စစ်မှန်သော အကြောင်းများကို ပေးပို့ထား၍ နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ACHC ကုမ္ပဏီအနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများကို ကျေးဇူးတင်ရှိကြောင်းနှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီးနောက် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ပဋိပက္ခ ဖြစ်ပွား၍ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ ပျက်စီးဆုံးရှုံးခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ACHC ကုမ္ပဏီသည် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ တရုတ်ယွမ်ငွေ သန်း ၃၀ ကျော်အကုန်အကျခံ၍ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံကို ပြန်လည်စစ်ဆေးပြုပြင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့သည်။ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည် ကချင်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာ ရှိနေသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ရုံသာမက စစ်ကိုင်းတိုင်းဒေသ အချို့ကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သည်ပြီး ဒေသခံ ပြည်သူပြည်သားများ၏ နေထိုင်မှုဘ၀နှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်လာနေသဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ကုမ္ပဏီကို အသိအမှတ်ပြု ချီးကျူးခဲ့သည်ဟု ထုတ်ပြန်ချက်က ရေးသားသည်။

ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် ကုမ္ပဏီလီမိတက် ACHC ကို China Power Investment Corporation - CPI ကုမ္ပဏီက အစုရှယ်ယာရာခိုင်နှုန်း ၈၀ ပါဝင်ပြီး မြန်မာနိုင်ငံမှ လျှပ်စစ်ဝန်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ Asia World ကုမ္ပဏီက ရှယ်ယာငါးရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ CPI ကုမ္ပဏီသည် ယခုအခါ တရုတ်နိုင်ငံ နျူကလီးယား လျှပ်စစ်နည်းပညာကုမ္ပဏီနှင့် ပေါင်းစည်းကာ ကုမ္ပဏီအသစ် State Power Investment Corporation (SPIC) အဖြစ် ပြောင်းလဲဖွဲ့စည်းထားသည်။

၂၀၀၆ ခုနှစ်တွင် CPI ကုမ္ပဏီသည် မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးစိုးဝင်း၏ ဖိတ်ခေါ်ချက်အရ ဧရာဝတီမြစ်အထက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်းများကို လာရောက် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ကုမ္ပဏီက မြန်မာနိုင်ငံ တည်ဆဲဥပဒေအရ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MoU၊ MoA နှင့် မြစ်ဆုံရေအားလျှပ်စစ်စက်ရုံ JVA စသည့် စာချုပ်များအား ချုပ်ဆိုခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ချီဖွေရေအားလျှပ်စစ်စက်ရုံနှင့် လိုင်ဇာရေအားလျှပ်စစ်စက်ရုံ JVA စာချုပ်ချုပ်ဆိုပြီးနောက် မြန်မာအစိုးရသည် မြစ်ဆုံရေအားလျှပ်စစ်စက်ရုံ၊ ချီဖွေရေအားလျှပ်စစ်စက်ရုံ၊ လိုင်ဇာ ရေအားလျှပ်စစ်စက်ရုံအတွက် အထူးခွင့်ပြုမိန့်ကို ချပေးခဲ့သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဆိုသည်။

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် ချီဖွေရေအားလျှပ်စစ် စီမံကိန်းများကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဆက်တိုက် စတင်လုပ်ဆောင်ခဲ့ပြီး မြန်မာအစိုးရ ဌာနများနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် စီမံကိန်း၏ တည်ဆောက်ရေး အခြေအနေ၊ အရည်အသွေး၊ ဘေးကင်းလုံခြုံမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို အစဉ်တစိုက်အသိ အမှတ်ပြုချီးကျူးခဲ့ကာ စီမံကိန်းများကို သဘောတူ စာချုပ်အတိုင်း အဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့လျှင် မြစ်ဆုံရေအားလျှပ်စစ်စက်ရုံက ၂၀၁၇ ခုနှစ်နှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားများအား စတင်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ချီဖွေရေအားလျှပ်စစ် စက်ရုံမှာလည်း ၂၀၁၈ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်မည် ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါစက်ရုံနှစ်ခု၏ နှစ်စဉ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏမှာ ၅၈ ဒသမ ၅ ဘီလျံ KW.h ရှိပြီး မြန်မာနိုင်ငံ လက်ရှိဓာတ်အား ထုတ်လုပ်မှုပမာဏ၏ သုံးဆခန့်ရှိနေသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာ (၂၀၁၆ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံတွင် ၃၄ ရာခိုင်နှုန်းသော ပြည်သူများသာ လျှပ်စစ်မီး အသုံးပြုနိုင်သည်) ကို လျင်မြန်စွာ ဖြေရှင်းနိုင်ရုံသာမက မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးနိုင်ပြီး ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြစ်အောက်ပိုင်းဒေသ ရေပေးရေးအတွက်လည်း အကျိုးရှိမည်ဖြစ်သည်။ သို့သော် စီမံကိန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော် အစိုးရမှ မြစ်ဆုံစီမံကိန်းအား ဆိုင်းငံ့ထားပြီး ချီဖွေစီမံကိန်းမှာလည်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ယာယီဆိုင်းငံ့ခဲ့ရသည်။ ထို့ကြောင့် ကုမ္ပဏီမှ ကြီးမားသော စီးပွားရေး နစ်နာဆုံးရှုံးမှုအား ခံစားနေရပြီး နစ်နာမှုမှာလည်း အချိန်နှင့်တစ်ပြေးညီ တိုးတက်နေခဲ့သော်လည်း အချို့သောအဖွဲ့အစည်းနှင့် မီဒီယာများက အဆက်မပြတ် အခွင့်ကောင်းယူပြီး မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခြင်းကို နိုင်ငံရေးတွင် အသုံးချခြင်း၊ အဖြစ်မှန်နှင့် မကိုက်ညီသော သတင်းအချက်အလက်များ ဖန်တီး၍ ပြည်သူများ၏ ထင်မြင်ယူဆချက်ကို လွဲမှားစေခြင်း၊ စိတ်ကူးဖြင့် ဇာတ်လမ်းများ ဖန်တီး၍ ပြည်သူများအား လှည့်စားခြင်း၊ ဖိအားပေးခြင်းဖြင့် ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြရန် လှုံ့ဆ်ာမြှူဆွယ်ခြင်း၊ သိပ္ပံနည်းပညာကို တလွဲတချော် အဓိပ္ပာယ်ကောက်ယူခြင်းဖြင့် အများပြည်သူကို လိမ်ညာခြင်း စသည့်တာဝန်ပျက်ကွက်မှုသည် စီမံကိန်း အကောင်အထည်ဖော်ခြင်းနှင့် ကုမ္ပဏီ၏ ပုံမှန်လည်ပတ်မှုကို ဆိုးရွားစွာ ထိခိုက်ပျက်ပြားစေနိုင်ရုံ သာမက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ကိုင်မှု ပတ်ဝန်းကျင်အတွက်လည်း များစွာထိခိုက်လာပါသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကျွန်တော်တို့ ACHC ကုမ္ပဏီမှ အဖြစ်မှန်နှင့် မကိုက်ညီသော သတင်းများကြောင့် အများပြည်သူများ၏ ထင်မြင်ယူဆချက်များ မလွဲမှားစေရန်နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခြင်းအပေါ် ဂရုစိုက်နေသည့် ကိစ္စရပ်များကို ရှင်းလင်းဖြေကြားရန် အောက်ပါအချက်များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာလိုက်သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်ကို ရေးသားဖော်ပြသည်။

ACHC ကုမ္ပဏီမှ ရှင်းလင်းဖြေကြားသည့် ထုတ်ပြန်ချက်တွင် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အဖွဲ့အစည်းတစ်ခုခုက ဒေသခံပြည်သူအချို့ကို ကြံစည်လှုံ့ဆော်၍ ACHC ကုမ္ပဏီက ရွှေကျင်ခြင်းနှင့် ဒေသခံများ၏ အိမ်မွေးတိရစ္ဆာန်များအား အစာဖမ်းယူစားသောက်မှုတွင် ပါဝင်သည်ဟု ပုတ်ခတ်စွပ်စွဲ၍ ကချင်ပြည်နယ်အစိုးရသည် မိမိတို့ကုမ္ပဏီ၏ တောင်းဆိုမှုအရ စုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ ဒေသခံ မီဒီယာအဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိမိတို့ကုမ္ပဏီနှင့် ၀န်ထမ်းများအားလုံးသည် မြစ်ဆုံစီမံကိန်း စတင်လုပ်ဆောင်ချိန်မှစ၍ ရွှေကျင်ခြင်းနှင့် ဒေသခံများ၏ အိမ်မွေးတိရစ္ဆာန်များအား ဖမ်းယူစားသောက်မှုတွင် လုံးဝပါဝင်နေမှု မရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းတွင် အဖွဲ့အစည်းတစ်ခုသည် မြစ်ဆုံရေကာတာ စီမံကိန်း လုံးဝရပ်တန့်ပေးရန်နှင့် စီမံကိန်းကြောင့် အတင်းအဓမ္မ ပြောင်းရွှေ့ခံရသော ဒေသခံများအား မူလကျေးရွာများသို့ တရားဝင် ပြန်လည်နေထိုင်ခွင့်အတွက် ဆောင်ရွက်ပေးရန်ကိစ္စ ဟူသော အိတ်ဖွင့်စာကို လူသိရှင်ကြားထုတ် ဖော်တင်ပြလိုက်သည်။ ကုမ္ပဏီ၏ ကွင်းဆင်းစစ်ဆေးမှုအရ သူတို့သည် လိမ်လည်လှည့်ဖြားခြင်းနှင့် လီဆယ်လုပ်ကြံခြင်းဖြင့် လက်မှတ်ရေးထိုးဖိုင်များ ဖန်တီးခဲ့သည်။ အဆိုပါလုပ်ရပ်သည် အဖွဲ့အစည်းတစ်ခုခုမှ ၎င်းတို့၏ လူသိမပေးဝံ့သော ကြံစည်ချက်ကို ဖြစ်မြောက်နိုင်ရန်အတွက် အစိုးရနှင့်ပြည်သူများကို လိမ်ညာခြင်းသာဖြစ်သည်။ ကုမ္ပဏီမှ အချို့သော ဒေသခံပြည်သူများ ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံမေးမြန်းရာတွင် ယခုတစ်ကြိမ် ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြသည့် စာရွက်စာတမ်းတွင် မဟုတ်မမှန် လုပ်ဇာတ်ခင်းခြင်း၊ ထပ်ဖန်တလဲလဲ လက်မှတ်ရေးထိုးခြင်း၊ နာမည်အတုဖြင့် လက်မှတ်ရေးထိုးခြင်း၊ ဖိအားဖြင့် လက်မှတ်ရေးထိုးခြင်း စသည့်မတရား လုပ်ဆောင်မှု ပါဝင်နေသည်ကို ပဏာမအားဖြင့် သိရှိသည်ဟုလည်း ဖော်ပြထားသည်။

ကုမ္ပဏီသည် ကချင်ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနမှ အဆိုပါကိစ္စရပ်ကို အသေးစိတ် စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီး ဥပဒေဆိုင်ရာ နည်းလမ်းဖြင့် ကုမ္ပဏီ၏ တရားဝင် အခွင့်အရေးကို လိုအပ်သလို ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများမှ မဟုတ်မမှန်သော သတင်းများကို အသိဥာဏ်နှင့် သတိရှိရှိ ဆန့်ကျင်ရန်၊ အဖွဲ့အစည်းတစ်ခုခု၏ လိမ်လည်မှုနှင့် ဖြားယောင်း သွေးဆောင်ခြင်း မခံရရန်၊ မဟုတ်မမှန်သော သတင်းမှ ကိုယ့်ထင်မြင်ယူဆချက်များ မလွဲမှားစေရန် တိုက်တွန်းနှိုးဆော်လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအရ အကြီးစား အခြေခံ အဆောက်အအုံ စီမံကိန်းများ၏ ပြန်လည်နေရာချထားရေး လုပ်ငန်းသည် အများအားဖြင့် အစိုးရ (စီမံကိန်း တည်ရှိရာ နိုင်ငံအစိုးရ သို့မဟုတ် ဒေသန္တရ အစိုးရ) မှ ဦးဆောင်၍ စီမံကိန်းလုပ်ဆောင်သည့် ကုမ္ပဏီမှ ပြန်လည်နေရာချထားရေး၊ မြေနေရာသိမ်းယူခြင်း အစီအစဉ်ရေးဆွဲခြင်း၊ ရုပ်ဝတ္ထုပစ္စည်း ကွင်းဆင်းစစ်ဆေးရေး၊ ပြောင်းရွှေ့ခံ ပြည်သူများ၏ သဘောထားဆန္ဒစစ်တမ်း ကောက်ယူခြင်း၊ ပြန်လည်နေရာချထားရေး အဆောက်အအုံများ တည်ဆောက်ခြင်း၊ ပြောင်းရွှေ့ခံပြည်သူပြည်သားများ၏ စားဝတ်နေရေး ကူညီထောက်ပံ့ခြင်း စသည့်လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ ကုန်ကျစရိတ်ကိုလည်း တာဝန်ယူ အကုန်အကျခံရမည် ဖြစ်သည်ဟု ဆိုသည်။

ACHC ကုမ္ပဏီသည် မြစ်ဆုံစီမံကိန်း စတင်အကောင်အထည်ဖော်စဉ်ကတည်းကစ၍ အဆိုပါ လုပ်ထုံးလုပ်နည်းအတိုင်း စီမံခန့်ခွဲဆောင်ရွက်၍ ကချင်ပြည်နယ်အစိုးရ (သို့- မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး) ၏ ဦးဆောင်မှုအောက်တွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သက်ဆိုင်ရာဌာနနှင့်အတူ အဆိုပါ လုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ပြီးစီးခဲ့သည်။ ကုမ္ပဏီမှ ဒေသခံပြည်သူများကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသည်ကို လုံးဝမပြုလုပ်ခဲ့ဘဲ ပြောင်းရွှေ့ခိုင်းသည့် လုပ်ပိုင်ခွင့်လည်းမရှိဟု ဖော်ပြထားသည်။

ထို့ပြင် ကုမ္ပဏီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် ချုပ်ဆိုထားသည့် စီမံကိန်း စာချုပ်များကို တင်းကျပ်စွာ လိုက်နာ၍ စီမံကိန်း ရင်းနှီးမြှုပ်နှံရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပြီး လူမှုရေး တာဝန်ယူဆောင်ရွက်မှုများကိုလည်း လက်တွေ့ကျကျ လုပ်ဆောင်နေကာ မြန်မာနိုင်ငံ လျှပ်စစ်၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်နေသည်။ ကုမ္ပဏီ၏ ဆောက်ရွက်မှုအားလုံးသည် စီမံကိန်းစာချုပ်တွင် သတ်မှတ်ထားသည့် Win-Win မူဝါဒနှင့် ကိုက်ညီရုံသာမက မြန်မာဥပဒေများ၊ စီမံကိန်း စာချုပ်များ၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်လည်း ကိုက်ညီသည်ဟု ဆိုသည်။

ကုမ္ပဏီသည် မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ပြီးနောက် ကြီးမားသည့် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသော်လည်း မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ပြည်သူပြည်သားများအတွက် စားနပ်ရိက္ခာ ဆန်၊ သောက်သုံးရေ၊ လျှပ်စစ်မီးကို အခမဲ့ ထောက်ပံ့ပေးခြင်း၊ ပြန်လည်နေရာချထားရေး ကျေးရွာရှိ နေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံများ၊ လမ်းများနှင့် ရေ၊ မီးဆိုင်ရာ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်ပေးခြင်း၊ ပြောင်းရွှေ့ခံ ပြည်သူပြည်သားများနှင့် ဒေသန္တရ အစိုးရအတွက် သဘာဝဘေးအန္တရာယ်ကြောင့် ကြုံတွေ့ရသည့် အခက်အခဲများကို ကူညီဖြေရှင်းခြင်း စသည့်လုပ်ငန်းများကို အစဉ်တစိုက် ကြိုးစားဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခြင်းကိစ္စသည် မူလက စာချုပ်ချုပ်ဆိုထားသည့် နှစ်ဖက်မှ ပူးပေါင်းညှိနှိုင်းဖြေရှင်းရသည့် နိုင်ငံတကာတွင် ဖြစ်ပွားသည့် စီးပွားရေး ပြဿနာတစ်ခုသာဖြစ်သည်။ သို့သော်လည်း မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခံခဲ့ရပြီးနောက် နိုင်ငံတကာမှ အာရုံစိုက်ခံရခြင်းနှင့် မကောင်းဥာဏ်ရှိသော ပြည်သူအချို့က တမင်သက်သက် တလွဲတချော်ဖြစ်အောင် လုပ်ဆောင်ခြင်းကြောင့် မြစ်ဆုံစီမံကိန်းကို နိုင်ငံရေးအလွန် အသုံးချခံခဲ့ရပြီး မြစ်ဆုံစီမံကိန်းကိစ္စကို စာချုပ်ချုပ်ဆိုသည့် နှစ်ဖက်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရမှ ပူးပေါင်းညှိနှိုင်း ဖြေရှင်းရမည့် ကိစ္စမဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းနှင့် တစ်သီးပုဂ္ဂလများမှ ဆုံးဖြတ်ရမည့်ကိစ္စတစ်ခု ဖြစ်သွားသလို ထိုသို့ ဖြစ်သွားခဲ့လျှင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိရုံသာမက တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံသို့ ၀င်ရောက်ရေးအတွက် ထိခိုက်သွားနိုင်သည်ဟု ACHC ကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဆိုသည်။

ACHC ကုမ္ပဏီသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မြစ်ဆုံစီမံကိန်း ကိစ္စနှင့် ပတ်သက်၍ မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သည့် ၎င်း၏သဘောထားဆန္ဒကို သဘောတူထောက်ခံကြောင်း၊ မြစ်ဆုံအရေးကို ပွင့်လင်းမြင်သာစွာ၊ တရားမျှတစွာ ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကောင်းမွန်သော အခြေအနေနှင့် မြန်မာနိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်သော ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို လက်တွေ့ထိန်းသိမ်း ကာကွယ်ရန် မျှော်လင့်ကြောင်း ဖော်ပြလိုကာ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခြင်းကိစ္စကို ခင်မင်ရင်းနှီးစွာ ပူးပေါင်းညှိနှိုင်း ဖြေရှင်းသွားခြင်းသည် ကုမ္ပဏီမှ အစဉ်တစိုက် ကိုင်စွဲထားသော မူဝါဒဖြစ်ပြီး ACHC ကုမ္ပဏီသည် စိတ်ရှည်လက်ရှည်နှင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု အခြေအနေ၊ ရလဒ်များကိုလည်း ပြင်ပသို့ ချပြပေးသွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကုမ္ပဏီသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အကြံပြုချက်နှင့် တောင်းဆိုချက်အရ စီမံကိန်း ပွင့်လင်းမြင်သာမှု ပိုရှိလာအောင် ကြိုးစားဆောင်ရွက်ကာ စီမံကိန်းစစ်မှန်သည့် အချက်အလက်များကိုလည်း အများပြည်သူများ သိရှိနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ထုတ်ပြန်ပေးနေသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အထူးဂရုစိုက်သည့် တမံနှင့် စီမံကိန်း ဘေးကင်းလုံခြုံရေး နယ်ပယ်တွင် ငလျင်ဒဏ် ဘေးကင်းခုခံနိုင်ရေး၊ မြစ်ဝှမ်းတစ်လျှောက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ ကုမ္ပဏီက အသေးစိတ် ရှင်းလင်းတင်ပြပြီးဖြစ်သည်။ ACHC ကုမ္ပဏီကလည်း နိုင်ငံတကာ အသီးသီးမှ ကုမ္ပဏီ၏ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ၊ EIA၊ တမံနှင့် စီမံကိန်း ဘေးကင်းလုံခြုံရေးနှင့် နယ်ပယ်တွင် ငလျင်ဒဏ် ဘေးကင်းခုခံနိုင်ရေး စသည့်သီးသန့် အစီရင်ခံစာများကို ၂၀၀၉ ခုနှစ်က လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာ ဌာနများမှ စစ်ဆေးအတည်ပြုခဲ့သည်။ လက်ရှိတွင် EIA ကုမ္ပဏီကလည်း အများပြည်သူ ဂရုစိုက်သည့် ကိစ္စရပ်များကိုရည်စူးပြီး စီမံကိန်းဆိုင်ရာ သုတေသနပြု လုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်၍ နည်းပညာ Plan နှင့် မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော် Plan ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နေသည်။ ACHC ကုမ္ပဏီမှ သင့်လျော်သည့် အချိန်တွင် အများပြည်သူနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖလှယ်၍ အကြံဥာဏ်ကောင်းများ ရယူရန် မျှော်လင့်ထားသည်။ ထို့ပြင် စီမံကိန်းစာချုပ် ချပြရေးသည် အများပြည်သူက ဂရုစိုက်နေသည့် ကိစ္စတစ်ခုဖြစ်ပြီး ကုမ္ပဏီအနေဖြင့်လည်း စာချုပ်ချပြရေးကို ထောက်ခံကြိုဆိုကာ မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံအစိုးရ၏ ညွှန်ကြားမှုအတိုင်း သင့်လျော်သည့် အချိန်တွင် စီမံကိန်းစာချုပ်ကို အများပြည်သူသို့ ချပြပေးပါမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ACHC ကုမ္ပဏီသည် “အစိမ်းရောင် သန့်ရှင်းသော စွမ်းအင်ကို ထုတ်လုပ်ပေးခြင်း၊ အများပြည်သူ၏ အကျိုးကို ဆောင်ရွက်ပေးခြင်း” ဟူသောဝါဒနှင့် “ခင်မင်ရင်းနှီးခြင်း၊ စေတနာ ဖြူစင်ခြင်း၊ အကျိုးဖြစ်ထွန်းစေခြင်း၊ သဘောထားကြီးခြင်း” ဟူသော ပိုးလမ်းမကြီးမူဝါဒကို လက်စွဲကိုင်ထားပြီး လူမှုရေးတာဝန်ယူ ဆောင်ရွက်မှုနှင့် စီမံကိန်း ပွင့်လင်းမြင်သာမှု ပိုရှိစေရေးကို အစဉ်တစိုက် ကြိုးစားဆောင်ရွက်နေပြီး နိုင်ငံတကာ အဖွဲ့အစည်းများအား ကုမ္ပဏီနှင့် ပွင့်လင်းဖြောင့်မတ်စွာ တွေ့ဆုံဆွေးနွေး ဖလှယ်ပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရန် အတူလက်တွဲ ဆောင်ရွက်ပေးဖို့ ကြိုဆိုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်း လုပ်ဆောင်နေသည့် ACHC ကုမ္ပဏီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မကောင်းဥာဏ်ရှိသော ပြည်သူအချို့က တမင်သက်သက် တလွဲတချော်ဖြစ်အောင် လုပ်ဆောင်ခြင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံသို့ ၀င်ရောက်ရေးအတွက် ထိခိုက်သွားနိုင်သည် စသည့်အချက်များကို ဆက်လက်မေးမြန်းလိုသည့်အတွက် ACHC ကုမ္ပဏီမှ ဆက်သွယ်ရန် တရားဝင် ထုတ်ပြန်ထားသည့် ဖုန်းနံပါတ် ၀၁- ၆၅၃၅၅၅ သို့ဆက်သွယ်ရာ ဖုန်းလိုင်းများ မအားကြောင်းသာ အစဉ်မပြတ် တုံ့ပြန်နေခဲ့သည်။

ACHC ၏ထုတ်ပြန်ချက်အပေါ် ပညာရှင်များနှင့် သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ၏ တုံ့ပြန်မှုများ

ဒေါ်ဂျာခေါင် (Mungchying Rawjat-MRJ) (၂၀၁၆ ခုနှစ် မေ ၁၀ ရက်က မြစ်ဆုံစီမံကိန်း ရပ်တန့်ပေးရန် သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့သည့် မြစ်ဆုံဒေသခံ အဖွဲ့အစည်း MRJ ၏ဦးဆောင်သူ)

“ကျွန်မတို့ကို စွပ်စွဲမယ်ဆိုရင်လည်း ဖြေရှင်းဖို့ အသင့်ရှိနေပါတယ်။ ကျွန်မတို့ ဒေသခံတွေရဲ့နောက်မှာ အဖွဲ့အစည်း တစ်ခုခု ရှိနေတယ်လို့ ပြောချင်တယ် ထင်တယ်။ ကျွန်မတို့ ဒေသခံ အဖွဲ့အစည်း MRJ မှာဆိုရင် ဒေသခံတွေ အကုန်ပါတယ်။ မြစ်ဆုံစီမံကိန်းက ဒေသခံတွေတင်မကဘဲ ယုဇနကုမ္ပဏီရဲ့ မြေသိမ်းမှု ဖြေရှင်းပေးဖို့ တောင်းဆိုနေတဲ့ ဟူးကောင်းဒေသခံတွေပါတယ်။ စီမံကိန်းတွေကြောင့် ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျွန်မတို့ ဒေသခံတွေပေါင်းပြီး လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး နောက်ကနေ သွေးထိုးနေတဲ့ သူတွေလည်း မရှိပါဘူး။ ကျွန်မတို့ရဲ့ လိုအပ်ချက်ကို ကျွန်မတို့ကိုယ်တိုင် အစိုးရဆီမှာ တောင်းတာပါ။ ကျွန်မတို့က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့၊ ကျွန်မတို့ဒေသခံတွေရဲ့ နေရပ်ကို လွတ်လွတ်လပ်လပ် နေထိုင်စားသောက်ခွင့်ရှိအောင် တောင်းဆိုခြင်းဖြစ်ပါတယ်။ ကျွန်မတို့က ဘယ်သူ့ကိုမှ အတင်းအဓမ္မလည်း လက်မှတ်ထိုးခိုင်းတာ မဟုတ်ဘူး”

ဒေါ်ဒေ၀ီသန့်စင် (မြန်မာ့အစိမ်းရောင်ကွန်ရက်)

“အခုလိုပြောတာက တော်တော်ဆိုးတယ်။ မြစ်ဆုံမဖြစ်တာနဲ့ဘဲ ချစ်ကြည်ရေး ပျက်မယ်ဆိုတာ ခြိမ်းခြောက်တာပဲ။ ပြေလည်အောင် စကားပြောရမှာပေါ့။ အခုဟာက ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်ပြီး သွားတဲ့အချိန်မှာ မငြိမ်းချမ်းတဲ့ ဒေသတွေ၊ စစ်ဖြစ်တဲ့ဒေသတွေ ရှိနေမယ်။ UN ကလည်း ဒါကိုငြိမ်းချမ်းအောင် ဦးဆောင်ဦးရွက်လုပ်နေတဲ့ အချိန်မှာ ဒါကိုညှိနှိုင်းရမှာ။ အစိုးရအနေနဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ဖို့ ဖြစ်နေတဲ့အတွက် ပြည်သူ့ဆန္ဒကို ခံယူရမယ်။ ပြည်သူ့ဆန္ဒကို မခံယူဘဲနဲ့ လုပ်တယ်ဆိုရင် အစိုးရနဲ့ပြည်သူနဲ့က အချင်းချင်း ပြဿနာရှိတယ်။ ဒီလိုထုတ်ပြန်တာက မကောင်းဘူး။ နိုင်ငံကြီးသားပီသစွာ ဖြေရှင်းရမယ့် ကိစ္စပါ။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့အတွက် အများကြီး လက်လွတ်စပယ် ပြောတာတော့ မကောင်းဘူး”

ဦးအောင်မြင့် (ပြန်ပြည့်မြဲစွမ်းအင်အသင်း)

“သူတို့က ဖျက်လိုဖျက်ဆီးလုပ်တယ် ပြောရအောင်က မြန်မာပြည်သူတွေရဲ့ ဘယ်လောက်ရာခိုင်နှုန်း ထောက်ခံချက်ကို ရသလဲ၊ မြန်မာပြည်သူတွေရဲ့ ရာခိုင်နှုန်း ၉၀ ထောက်ခံချက်ရပါတယ်လို့ ညာထားတယ်။ နိုင်ငံတော်ရဲ့ ကွန်ဖရန့်မှာ အဲဒါအမှန်ဆိုရင် ပြည်သူတွေက လက်ခံမှာပေါ့။ အဲဒီလို မညာသင့်ဘူး။ အဲဒီလောက်လည်း အထင်မသေးသင့်ဘူး။ နိုင်ငံတော်ရဲ့ ကွန်ဖရန့်တစ်ခုမှာ CPI ကစင်ပေါ်တက်ပြီး အဲဒီလိုညာတယ်။ ဟုတ်လား မဟုတ်ဘူးလားဆိုတာ လူတိုင်းကိုမေးပါ။ ဖျက်လိုဖျက်ဆီးလုပ်တယ် ဆိုရအောင်က မြန်မာပြည်က ဒီနေရာတစ်ခုတည်း စွမ်းအင်ရနိုင်တာ မဟုတ်ဘူး။ ကမ္ဘာမှာသွားနေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်က အများကြီး အလားအလာကောင်းပြီးတော့ အခြေအနေ ကောင်းနေတယ်။ အဲဒီမှာသုံးမယ့် ပိုက်ဆံတွေကို ဒီဘက်မှာ သုံးလိုက်မယ်ဆိုရင် အများကြီး အကျိုးရှိစရာ အခြေအနေတွေရှိတယ်။ အဲဒီလို နှိုင်းယှဉ်ပြောဆိုခြင်း မရှိဘဲနဲ့ သူတစ်ယောက်တည်း အလုပ်မလုပ်ရတာနဲ့ ဖျက်လိုဖျက်ဆီး လုပ်တယ်လို့ ပြောပိုင်ခွင့်မရှိဘူးလို့ ထင်တယ်။ တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်မယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်မလာဘူးဆိုတာ ခြိမ်းခြောက်မှု တစ်ခုပါပဲ”

ဦးဝင်းမျိုးသူ (စိမ်းလန်းအမိမြေ)

“မြစ်ဆုံက အားလုံးနဲ့ဆိုင်တယ်။ ပြီးတော့ နိုင်ငံရေးဆိုတာ အားလုံးနဲ့ဆိုင်တဲ့အတွက် အားလုံးက ၀င်ပြောတာပဲ။ သူတို့က အားလုံးကို ပွင့်လင်းမြင်သာ ထင်သာမြင်သာအောင် ချပြဖို့ပဲလိုတာပေါ့။ အခုက သူတို့အမြင် သူတို့ပြောတာပဲ ရှိတာပေါ့။ သို့သော်လည်း တကယ့်အခြေအနေက ဆည်နဲ့ပတ်သက်ပြီး ဖြစ်လာရင် အားလုံးနဲ့ပတ်သက်ပြီး ဖြစ်လာပြီလေ။ ဒါ့ကြောင့် လူတိုင်းမှာ ပြောပိုင်ခွင့်ရှိတယ်။ ရင်းနှီးမြှုပ်နှံမှု ၀င်မယ်မ၀င်ဘူးဆိုတာက သူတို့ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ တရုတ်ပြည်က မ၀င်ရင်လည်း အခြားနိုင်ငံတွေက ၀င်လာမှာပဲ”
Writer:
ဖြိုးဝေ
Eleven Media Group


အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်တဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် အနေနဲ့ အများပိုင်အဖြစ် ပြောင်းလဲပြီး အစုရှယ်ယာတွေ ရောင်းချသွားဖို့ရှိတယ်လို့ မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင် အရာရှိတစ်ဦးကိုကိုးကားပြီး အမေရိကန်ထုတ် the Wall Street Journal သတင်းစာက မနေ့က ရေးသားလိုက်ပါတယ်။

အမေရိကန်အစိုးရ စီးပွားရေးပိတ်ဆို့ခံထားရဆဲဖြစ်တဲ့ စီးပွားရေးဦးပိုင်လိမိတက်ကို အများပိုင်အဖြစ် ပြောင်းလဲတာဟာ တပ်မတော်အနေနဲ့ ခေတ်မီပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အဖွဲ့အစည်းဖြစ်ရေးနဲ့ ပြည်ပ ရင်းနှီးမြုပ်နှံသူတွေနဲ့ လွတ်လပ်ပွင့်လင်းစွာ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခြေလှမ်းဖြစ်တယ်လို့ သတင်းစာကရေးပါတယ်။

စစ်အစိုးရလက်ထက်ကတည်းက သတ္တုတွင်းလုပ်ငန်း၊ အရက်၊ စီးကရက်၊ စားအုန်းဆီနဲ့ စက်သုံးဆီ စတဲ့ လုပ်ငန်း အများအပြားကို တစ်ဦးတည်း ပိုင်ဆိုင်လုပ်ကိုင်ခဲ့တဲ့ မြန်မာစီးပွားရေးဦးပိုင်လိမိတက်ကို အများပိုင် အဖြစ် ပြောင်းလဲမယ့်အကြောင်း ပြီးခဲ့တဲ့ မတ်လက အစိုးရပိုင် သတင်းစာတွေမှာ ကြေငြာခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

 
၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး အောင်ချက်အကောင်းဆုံးအဖြစ် မွန်ပြည်နယ်နှင့် အနည်းဆုံးအဖြစ် ချင်းပြည်နယ်တို့ ရပ်တည်ခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချကအရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းများကို ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်တွင် ၂၇၁၉၁ ဦးဖြေဆိုခဲ့ပြီး ၈၀၈၈ ဦးအောင်မြင်၍ အောင်ချက် ၂၉.၇၅ ရာခိုင်နှုန်း၊ ကယားပြည်နယ်တွင် ၄၆၃၂ ဦးဖြေဆိုခဲ့ပြီး ၁၁၆၆ ဦးအောင်မြင်၍ အောင်ချက် ၂၅ ဒသမ ၀၇ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၁၃၆၃၉ ဦး ဖြေဆိုခဲ့ပြီး ၃၇၀၃ဦးအောင်မြင်၍ အောင်ချက် ၂၇ ဒသမ ၁၅ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၉၈၄၆ ဦးဖြေဆိုခဲ့ပြီး ၁၄၁၄ ဦးအောင်မြင်၍ အောင်ချက် ၁၄ ဒသမ ၃၆ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၈၁၈၀၈ ဦးဖြေဆိုခဲ့ပြီး ၂၇၀၅၀ ဦးအောင်မြင်၍ အောင်ချက် ၃၃ ဒသမ ၀၇ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၅၇၆၇ ဦး ဖြေဆိုခဲ့ပြီး ၄၆၀၅ အောင်မြင်၍ အောင်ချက် ၂၉ ဒသမ ၂၁ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)တွင် ၃၂၁၄၄ ဦးဖြေဆိုခဲ့ပြီး  ၉၆၄၁ ဦးအောင်မြင်၍ အောင်ချက် ၂၉ ဒသမ ၉၉ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တွင် ၁၉၅၀၄ ဦးဖြေဆိုခဲ့ပြီး  ၆၄၃၉ ဦးအောင်မြင်၍ အောင်ချက် ၃၃ ဒသမ ၀၁ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၁၉၆၈၁ ဦးဖြေဆိုခဲ့ပြီး၇၇၄၉ ဦးအောင်မြင်၍ အောင်ချက် ၃၉ ဒသမ ၃၇ ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီး ၆၀၄၃၇ ဦးဖြေဆိုခဲ့ပြီး ၁၀၅၀၃ ဦးအောင်မြင်၍ အောင်ချက် ၃၀ ဒသမ ၆၂ ရာခိုင်နှုန်း၊  မန္တလေးတိုင်းဒေသကြီး ၉၁၆၈၈ ဦးဖြေဆိုခဲ့ပြီး ၃၂၅၅၁ ဦးအောင်မြင်၍ အောင်ချက် ၃၅ ဒသမ ၅၀ ရာခိုင်နှုန်း၊ နေပြည်တော်တွင် ၁၇၄၈၉ ဦးဖြေဆိုခဲ့ပြီး ၅၂၂၃ ဦးအောင်မြင်၍ အောင်ချက် ၂၉ ဒသမ ၈၆ ရာခိုင်နှုန်း၊  ရခိုင်ပြည်နယ်တွင် ၃၄၈၂၂ ဦးဖြေဆိုခဲ့ပြီး ၇၃၈၀ ဦးအောင်မြင်၍ အောင်ချက် ၂၁ ဒသမ ၀၉ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၀၁၇၆၇ ဦးဖြေဆိုခဲ့ပြီး  ၃၃၈၀၀ ဦးအောင်မြင်ခဲ့၍ အောင်ချက် ၃၃ ဒသမ ၂၁ ရာခိုင်နှုန်း ရှမ်းပြည်နယ်(တောင်ပိုင်းတွင်) ၂၂၉၆၂ ဦးဖြေဆိုခဲ့ပြီး  ၆၅၆၉ ဦးအောင်မြင်၍ အောင်ချက် ၂၈ ဒသမ ၆၀ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၁၄၄၈၉ ဦးဖြေဆိုခဲ့ပြီး  ၄၂၅၄ ဦးအောင်မြင်၍ အောင်ချက် ၂၉ ဒသမ ၈၆ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၃၈၈၃ ဦးဖြေဆိုခဲ့ပြီး ၈၂၅ ဦးအောင်မြင်၍ အောင်ချက် ၂၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၆၄၃၉၈ ဦးဖြေဆိုခဲ့ပြီး ၁၁၃၄၅ ဦးအောင်မြင်၍ အောင်ချက် ၁၇ ဒသမ ၆၂ ရာခိုင်နှုန်းနှင့် နိုင်ငံခြားစာစစ်ဌာနတွင် ၉၀ ဦးဖြေဆိုခဲ့ပြီး  ၈၃ ဦးအောင်မြင်၍ အောင်ချက် ၉၂ ဒသမ ၂၂ ရာခိုင်နှုန်းရှိခဲ့သည်။

ဓါတ်ပုံ-မျိုးမင်းစိုး.                                                News watch စောင့်ကြည့်သတင်းဂျာနယ်

မကြာမီက ကျောက်မျက်အသင်းရန်ပုံငွေ ယူရို ၈၆ သန်း အလွဲသုံး မှုအရှုပ်တော်ပုံကြီး ပေါ်ပေါက်ခဲ့ပါသည်။ ကျောက်မျက်ရောင်းချရသော ငွေများထဲမှ ၁ ရာခိုင်နှုန်းစုဆောင်းထည့်ဝင်ထားသော ငွေများထဲမှ ယူရို ငွေ ၈၆ သန်းကို အသင်းသားများ၊ အလုပ်အမှုဆောင်များမသိရဘဲ အခြားကဏ္ဍများတွင် သုံးစွဲခဲ့မှုဖြစ်သည်။ ထိုငွေစာရင်းအလွဲသုံးမှု အရှုပ်တော်ပုံကြီးတွင် ကျောက်မျက်အသင်း အလုပ်အမှုဆောင်များက အမှုကိစ္စကို စုံစမ်းစစ်ဆေးအရေးယူပေးပါရန် သက်ဆိုင်ရာသို့ တိုင်စာပို့ခဲ့သည်။ စိတ်ဝင်စားစရာကောင်းလာသည်မှာ အရေးယူပေးပါရန် တိုင်ကြားခံရသူတွင် ယခင်သမ္မတဟောင်း ဦးသိန်းစိန်ပါဝင်နေပြီး တိုင်စာကိုလိပ်မူ ပေးပို့ခံရသူမှာ သူရဦးရွှေမန်း ဖြစ်နေခြင်းပင်ဖြစ်သည်။ ဦးရွှေမန်းသည် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်တွင် ဥက္ကဋ္ဌဖြစ်ရာ ကြီးမားသောအမှုကိစ္စတခုဖြစ်လာလျှင် စစ်ဆေးရမည့်သူ ဖြစ်သည်။ ထိုအခါစစ်မည့်သူသည် ဦးရွှေမန်း၊ အစစ်ခံရမည့်သူသည် ဦးသိန်းစိန်ဆိုသည့် သဘောမျိုးဖြစ်လာသည်။ ဒါကိုသမ္မတဟောင်း ဦးသိန်းစိန်တို့ဘက်က ခါးခါးသီးသီးတုံ့ပြန်သည်။ သူတို့သည် အဂတိလိုက်စားခဲ့တာဘာမှမရှိ။ ထိုပိုက်ဆံတွေကိုသုံးခဲ့ပါက သေဒဏ်ချမှတ်နိုင်သည်ဆို သည်ကို ယခင် သမ္မတရုံးဝန်ကြီးဟောင်း၊ ယခုအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းတို့က ပြောလာသည်မှာ သူရ ဦးရွှေမန်းဦးဆောင်သော ကော်မရှင်ကို တိုင်ကြားခြင်းသည် နိုင်ငံရေးကစားကွက်ဖြစ်ကြောင်း နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ယခင်ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောကြားခဲ့သည်။ တချိန်တည်းမှာပင် ရန်ကုန်မြို့၌ပြုလုပ်သော ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ အမှုဆောင်များ၏ သတင်းစာရှင်းလင်းပွဲတွင် ကျောက်မျက်အသင်းအလုပ်အမှုဆောင် ဦးကျော်ကျော်ဦးက ''သူတို့က ဘာကြောင့်နိုင်ငံရေးလို့ ပြောလဲဆိုတော့ ကျွန်တော်တို့ တင်လိုက်တဲ့စာပေါ့နော်။ နံပါတ်(၁)ခေါင်းစဉ်တပ်ပြီးတိုင်လိုက်တာက ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို တိုင်လိုက်တယ်။ ဥက္ကဋ္ဌက သူရဦးရွှေမန်းပေါ့။ မိတ္တူတွေကိုတော့ သမ္မတကြီးတို့၊ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့ ဘာတို့ကို ပို့တယ်။ အဲဒီတော့သူတို့စိတ်ထဲမှာ ဒါဟာနိုင်ငံရေးကစားကွက်လို့ ထင်တယ်။ အမှန်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာကြောင့်တိုင်လဲဆိုတော့ ဥပဒေနဲ့ငြိစွန်းနေတဲ့အတွက် ဥပဒေရေးရာ ကော်မရှင်ကိုတိုင်တာ''ဟု ရှင်းလင်းဖြေကြားခဲ့ပေ၏။ မည်သို့ဆိုစေ ဤဇာတ်လမ်းတွင် ဦးရွှေမန်းနှင့် ဦးသိန်းစိန်ပါဝင်လာခဲ့သည်ကတော့ အမှန်တရားပင်ဖြစ်သည်။ ထိုအခါ သူတို့နှစ်ယောက်၏အတိတ်က အားပြိုင်မှုများကို ပြန်လည်အမှတ်ရမိပါသည်။

ဇာတ်လမ်းအစက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က စသည်။ သူတာဝန်မှအနားယူသောအခါ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ပေါ်ပေါက်လာမည့်အစိုးရသစ်တွင် တာဝန်ပေးရန် သူ၏တပည့်ရင်းနှစ်ဦးကို သမ္မတ ရာထူးတွင် တာဝန်ပေးရန်စဉ်းစားသည်။ သူယုံကြည်အားထားရသူများဖြစ်သည့် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ထိုစဉ်က လက်ရှိဝန်ကြီးချုပ်ဖြစ်နေသူ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့အနက် မည်သူ့ကို သမ္မတရာထူးပေးမလဲဟု ပြည်သူလူထုက စိတ်ဝင်စားနေကြသည်။ တပ်ထဲကလည်း ဗိုလ်ချုပ်မှူးကြီးအသစ်ဖြစ်လာမည့်သူကို စိတ်ဝင်စားသည်။ ဦးသိန်းစိန်သည် စစ်တက္ကသိုလ် DSA အပါတ်စဉ်(၉) ဆင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးသူရရွှေမန်းမှာ DSA အပါတ်စဉ်(၁၁)ဆင်းဖြစ်သည်။ ဦးတင်အောင်မြင့်ဦးက အပါတ် စဉ်(၁၂)၊ ယခုလက်ရှိ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က DSA အပါတ်စဉ်(၁၉)ဆင်း ဖြစ်ကြသည်။ ထိုစဉ်က လူတော်တော် များများက ဗိုလ်ချုပ်ကြီးသူရရွှေမန်းကို သမ္မတဖြစ်မည့်သူဟုခန့်မှန်းကြသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်မည့်သူများအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေအပါအ၀င် အခြားထိပ်တန်းခေါင်းဆောင် တော်တော်များများ သတင်းထွက်နေခဲ့သည်။ မည်သူ့ကိုခန့်အပ်သည်ဟူ၍ကား တရားဝင်သတင်း ထုတ်ပြန်မှုမရှိခဲ့သေးသဖြင့် ခန့်မှန်းချက်များနှင့် စောင့်ကြည့်နေရလေသည်။ ထိုစဉ်က ၀န်ကြီးချုပ်ဦးသိန်းစိန်ထက်၊ ဗိုလ်ချုပ်ကြီးသီဟ သူရတင်အောင်မြင့်ဦးနှင့် သူရဦးရွှေမန်းတို့ အာဏာ လက်စောင်းထက်နေကြချိန်ဖြစ်လေသည်။ ထို့ကြောင့်လူအများက ရွေးကောက်ပွဲအပြီး သမ္မတဖြစ်မည့်သူမှာ ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းသာဖြစ်မည်ဟု ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ခန့်မှန်းသူများထဲတွင် ကာယကံရှင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း ပါဝင်ပုံရပါသည်။ သို့သော် ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် စတင် ကျင်းပသောနေ့မှာပင် သဘောပေါက်လိုက်ရသည်။ သူရလိုက်သည့်ရာထူးက မျှော်လင့်ထားသည့် နိုင်ငံတော်သမ္မတရာထူး မဟုတ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟူသော သူမမျှော်လင့်(မလိုချင်ခဲ့သည့်) ရာထူးတခုမျှသာ။ နိုင်ငံတော်သမ္မတရာထူးကိုတော့ သူနှင့်အတူ တွဲဖက်လုပ်ကိုင်ခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ပေးအပ်လိုက်လေပြီ။ တပ်မတော်အကြီးအကဲရာထူးကိုလည်း အခြားလူအား ပေးအပ်လိုက် လေသည်။ အရာရာသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကွက်ချစီမံထားသော ကစားကွက်များ ဖြစ်လေသည်။

ထိုသို့ဖြင့် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ဦးသိန်းစိန်ဖြစ်ကာ သမ္မတ ဖြစ်လာပြီး ဗိုလ်ချုပ်ကြီး သီဟသူရတင် အောင်မြင့်ဦးက ဦးတင်အောင်မြင့်ဦးအဖြစ် ဒုတိယသမ္မတဖြစ်လာ ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် ဦးရွှေမန်း အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့ပေသည်။ မျှော်လင့်ထားသော သမ္မတရာထူးမှ လွဲခဲ့ရသော်လည်း သူတို့၏ဂိုဏ်းချုပ်ဆရာကြီး ဦးသန်းရွှေ၏အစီအမံမို့ စောဒကမတက်ဝံ့ဘဲ လက်ခံခဲ့ရပုံရှိ၏။ ထိုစဉ်မှစကာ ဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရနှင့် ဦးရွှေမန်းခေါင်းဆောင်သော လွှတ်တော်တို့ကြား အားပြိုင်မှုများ၊ ထိပ်တိုက်တွေ့မှုများ၊ အငြင်းပွားမှုများမကြာခဏဖြစ်လာတော့သည်။ ထိုစဉ်က ဥပဒေပြုမှုဖြစ်စဉ်တွင် လွှတ် တော်က သတ်မှတ်ပေးသောရေးရာကော်မတီဝင်များကို နိုင်ငံတော်အဆင့် သတ်မှတ်ပေးဖို့ကိစ္စတွင် သမ္မတနှင့်လွှတ်တော် သဘောထားကွဲသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ထိုအချိန်က ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက) ဦးရွှေမန်းက လွှတ်တော်က သတ်မှတ်ထားသော ကော်မတီများကို ပြည်ထောင်စုအဆင့် သတ်မှတ်သော်လည်း သမ္မတဦးသိန်းစိန်က သဘောမတူပယ်ချသည်။ လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်း မေးသောအခါတွင်လည်း အစိုးရဘက်မှ တာဝန်အရှိဆုံးဝန်ကြီးများ လာရောက်မဖြေကြားဘဲ ဒုဝန်ကြီးအဆင့်ရှိ သူများသာ လာရောက်ဖြေကြားခြင်းကို ဦးရွှေမန်းတို့က မကျေနပ်။ ထို့ကြောင့် လွှတ်တော်မှဖွဲ့စည်းသော ကော်မတီများသည် ပြည်ထောင်စုအဆင့်ရှိမရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးသို့ တင်သည်။ ထိုခုံရုံးက ဦးသိန်းစိန်အဆိုကို အနိုင်ပေးသည်။ ဦးရွှေမန်းအဆိုဖြစ်သည့် လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့် ရှိသည်ဆိုသည့်ကိစ္စကို အရှုံးပေးသည်။ ဦးရွှေမန်းခေါင်းဆောင်သော လွှတ်တော်က ပေါက်ကွဲသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို အယုံအကြည်မရှိ စွပ်စွဲပြစ်တင်သည့်အဆိုတင်ပြီး လွှတ်တော်မှတဆင့် ဖြုတ်ချရန်ကြိုးပမ်းသည်။ ထိုကြိုးပမ်းမှုကို သမ္မတ ဦးသိန်းစိန်က တတ်နိုင်သမျှ ကြားဝင် ဟန့်တားသည်။ ထိုလုပ်ရပ်ကိုမလုပ်ထိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများမှနေ၍ ဆောင်းပါးများထည့်သွင်း ဖော်ပြသည်။ သို့သော် လွှတ်တော်၏ဆောင်ရွက်ချက်ကြောင့် ခုံရုံးအဖွဲ့ဝင်များရာထူးမှ အဖြုတ်ခံရမလို ဖြစ်လာသည့်နောက်ဆုံးတွင် သမ္မတဦးသိန်းစိန်က ခုံရုံးအဖွဲ့ဝင်အားလုံးကို ရာထူးမှနုတ်ထွက်ခွင့်ပြုကြောင်း ကြေညာသည် (ဦးရွှေမန်းမဖြုတ်ခင် ကိုယ့်ဘာသာထွက်သည့်သဘောဖြစ်အောင်လုပ်သည်)။ ရလဒ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအသစ်ပြင်ဖွဲ့ရသည်။ ခုံရုံးဖွဲ့ရာတွင် သမ္မတစိတ်ကြိုက်လူများကိုသာ ခန့်အပ်ခြင်း မပြုနိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လူများကိုလည်း ထည့်သွင်းခန့်အပ်ရန် ဥပဒေကို ပြင်သည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြား ကြီးမားသောပွတ်တိုက်မှု ဖြစ်သည်။

လွှတ်တော်အထက်မှာ မိုးကောင်းကင်ပဲရှိတော့တယ်ဟု ဦးရွှေမန်းက ကြွေးကြော်သည်။ ဦးရွှေမန်းနှင့်တကွ လွှတ်တော်ကို သရော်လှောင်ပြောင်သော ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားဆိုသူ ဖေ့စ်ဘွတ်တွင်ပေါ် လာသည်။ လွှတ်တော်အမတ်တဦးက ဆိတ်ဖွားကိုရှာဖို့ အဆိုတင်သည်။ လွှတ်တော်ကြီးက သဘောတူသည်။ ရှာကြဖွေကြသည်။ နောက်ဆုံးတော့ ဘယ်သူက ဘယ်လိုကြားဝင်လိုက်သည်မသိ ဆိတ်ဖွားရှာပုံတော် အဖျားရှူးကာ နိဂုံးချုပ်သွားသည်။ အစိုးရနှင့်လွှတ်တော်မာန်စောင်မှုတခု အဖြစ်တော့ မှတ်သားစရာ ကျန်ရစ်သည်။ ထိုအတောအတွင်း ဦးရွှေမန်းက လွှတ်တော်ဝန်ထမ်းများကို ရာထူးတဆင့်တိုးပေးကြောင်း ကြေညာရန် စီစဉ်သည်။ ထိုကိစ္စကို ဦးသိန်းစိန်က ကန့်ကွက်သည်။ ၀န်ထမ်းများ ရာထူးတိုးခြင်းကို လွှတ်တော်မှ ဆောင်ရွက်၍မရ အစိုးရက၀န်ထမ်းစည်းကမ်းဥပဒေအရ ဆောင်ရွက်မည်ဆို၏။ ဦးရွှေမန်းက လွှတ်တော်၏လုံခြုံရေးအတွက် သီးသန့်လုံခြုံရေးအဖွဲ့များ လွှတ်တော်တွင်ထားရန် အကြံပြုသည်။ အစိုးရ(ပြည်ထဲရေး)ဘက်မှ ထိုအကြံပြုချက်ကို ပယ်ချသည်။ ထိုသို့ အသေးစားအငြင်းပွားမှုများ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြားတွင် တောက်လျှောက်ဖြစ်ပေါ်ခဲ့သည်ကို မြင်အောင်ကြည့်လျှင် မြင်ရပေလိမ့်မည်။ ကြီးမားသော အငြင်းပွားမှုများကား သမ္မတဦးသိန်းစိန် သမ္မတတာဝန်ထမ်းဆောင်ရင်း ပါတီတာဝန်များကိုပါ ထမ်းဆောင် နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အတိုက်အခံများဘက်မှ ထောက်ပြ ဝေဖန် တာမှ စသည်။ ထိုဝေဖန်ချက်ကြောင့် ဦးသိန်းစိန်သည် ပါတီလုပ်ငန်းများကို ဆောင်ရွက်ခွင့်မရတော့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ယာယီဥက္ကဋ္ဌသစ်မှာ ဦးရွှေမန်းဖြစ်လာသည်။ ထိုအခါ ဦးရွှေမန်းသည် လွှတ်တော်ကိုသာမက ပြည်ခိုင်ဖြိုးပါတီကိုပါ ထိန်းချုပ်ခွင့်ရသွားသဖြင့် အင်အားပိုမိုကြီးထွား လာသည်။ သမ္မတနှင့်အပြိုင် ပြည်ပခရီးများကို ဦးရွှေမန်းသွားသည်။ သူသည် သမ္မတဖြစ်ချင်သူဖြစ်သည်ဟု တရားဝင်ကြေညာကာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မျက်စပစ်လာသောအခါ ဦးသိန်းစိန်အနေနှင့် စိုးရိမ်စိတ်ဝင်သွားပုံရသည်။ ထို့အပြင် သမ္မတဦးသိန်းစိန်သည် နောက်ထပ် သမ္မတရာထူးသက်တမ်းကို ထပ်မံတာဝန်ထမ်းဆောင်တော့မည် မဟုတ်ကြောင်း ပြည်ပသတင်းဌာနတခုနှင့် တွေ့ဆုံခန်းတွင် ဦးရွှေမန်းက ထည့်သွင်းပြောကြားသွားသည်ကို ဦးသိန်းစိန်က မကျေမနပ်ဖြစ်သည်။ သမ္မတကြီးကိစ္စကို သမ္မတက ကာယကံရှင်ကိုယ်တိုင်ကြေညာမည်၊ ဘေးလူက၀င်ပြောစရာမလိုဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဆိုသူက ဦးရွှေမန်းကို ရည်ရွယ်၍ တွယ်သည်။ မကြာမီ ဦးသိန်းစိန်က ပြည်သူ လူထုက လက်ခံလျှင် နောက်သက်တမ်းတခုတွင် သမ္မတထပ်လုပ်ကောင်း လုပ်မည်ဟု လေသံပြောင်းကာဆိုလာ ပြန်သည်။

ထိုအခါ ပြည်ခိုင်ဖြိုးပါတီတွင် ဦးသိန်းစိန်နှင့် ဦးရွှေမန်းဟူ၍ သမ္မတလောင်းနှစ်ယောက် ပေါ်ထွန်းလာသည်။ ပြည်ခိုင်ဖြိုးပါတီထဲဝယ် ဦးသိန်းစိန်ကိုထောက်ခံသူများနှင့် ဦးရွှေမန်းဂိုဏ်းသားများ အားပြိုင်လာကြသည်။ လွှတ်တော်တွင်းတွင်လည်း အားပြိုင်မှုများဖြစ်လာသည်။ လွှတ်တော်ထဲမှ ပြည်ခိုင်ဖြိုးအမတ် အများစုသည် ဦးရွှေမန်းဘက်မှ ရပ်တည်မဲပေးကြပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ယေဘုယျအားဖြင့် ဦးသိန်းစိန်အစိုးရဘက်မှ ရပ်တည်မဲပေးလေ့ရှိသည်။ ဦးသိန်းစိန်၏ စိန်ဂိုဏ်းနှင့် ဦးရွှေမန်း၏ မန်းဂိုဏ်းမှာ ပြိုင်ဆိုင်မှုပြင်းထန်လာသည်။ ရွေးကောက်ပွဲနီးသောအခါ ထိုပြိုင်ဆိုင်မှုမှာ ပိုမိုကြီးမားလာသည်။ တပ်မတော်မှ အရာရှိကြီးများသည် တပ်မှထွက်၍ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် လုပ်လာကြ သည်။ ဦးရွှေမန်းက ဒါကို လက်မခံ၊ တပ်မှထွက်လာသော အရာရှိဗိုလ်ချုပ်ဟောင်းများအနက် လူအနည်းငယ် ကိုသာ ရွေးကောက်ပွဲဝင်ပြိုင်ရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အဖြစ်လက်ခံပြီး အများစုကိုပယ်ချလိုက်သည်။ ထို့ကြောင့် သမ္မတရုံးဝန်ကြီးများအပါအ၀င် ၀န်ကြီးအချို့မှာ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ကြရသည်။ ပါတီဝင်များကို ပိုမိုထိန်းချုပ်နိုင်ရန် ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ၀န်ကြီးများသည် လွှတ်တော် ကိုယ်စားလှယ်အဖြစ်သာ မဲဆွယ်ခွင့်ရှိပြီး ပါတီကိုယ်စားပြုဟောပြောခွင့်မရှိကြောင်း ဥပဒေပြုရန် ကြိုးစားသည်။ ထိုသို့လုပ်ခြင်းဖြင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ရွေးကောက်ပွဲဝင်လိုပါက သူ၏(မန်းဂိုဏ်း၏) ထိန်းချုပ်မှု အောက်သို့ ရောက်လာမည်ဖြစ်သည်။ တချိန်တည်းမှာပင် ကြံ့ခိုင်ရေးပါတီနှင့် အခြားပါတီငယ်အချို့လိုလား သော အချိုးကျကိုယ်စားပြုရွေးကောက်ပွဲ စနစ်(P.R)ကျင်းပရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီမညီ ခုံရုံးသို့တင်ပြပြီး ခုံရုံး၏အကြောင်းပြန်ကြားချက်အရ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခြင်းမပြုဘဲ ပယ်ချ လိုက်သည်။ ထိုအချက်များက ဦးသိန်းစိန်အပါအ၀င် ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့(စိန်ဂိုဏ်းကို)ကို အထိနာ စေသည်။ တဖက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့နှင့် ပိုမိုနီးစပ်လာခြင်းအတွက် ဦးရွှေမန်းကို ဦးသိန်းစိန် ဂိုဏ်းသားများ မနှစ်သက်ကြ။ ဦးရွှေမန်းဘက်တွင် လွှတ်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံအချို့ရှိနေပြီး ဦးသိန်းစိန်ဘက်တွင် တပ်မတော်ရှိနေသည်။ ပြည်ခိုင်ဖြိုး ပါတီတွင်တော့ ရွေးကောက်ပွဲနီးကာမှ စိန်-မန်းဂိုဏ်းကွဲနေကြသည်။

ထိုအချိန်တွင် ဦးသိန်းစိန်သည် သူ၏ရှေးဆရာကြီးများဖြစ်သော ဦးနေ၀င်း၊ ဦးသန်းရွှေတို့လုပ်သည့် နည်းလမ်းတခုကို ထုတ်သုံးသည်။ ထိုနည်းမှာ ညကြီးသန်းခေါင် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကို ၀င်စီးကာ အာဏာသိမ်းသည့်လုပ်ရပ်ဖြစ်သည်။ နေရင်းထိုင်ရင်းပင် ဦးရွှေမန်းနှင့်တကွ ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင်များ ရာထူးမှ ပြုတ်ကျသွားပေ၏။ ဦးသိန်းစိန်နောက်တွင် ရဲတပ်ဖွဲ့ကပါဝင်နေသဖြင့် ပြည်ခိုင်ဖြိုးအာဏာသိမ်းပွဲမှာ စစ်တပ် (ပြည်ထဲရေး)၏ထောက်ခံချက်ဖြင့်လုပ်ကြောင်း ထင်ရှားသည်။ သန်းခေါင်ယံအာဏာသိမ်းပွဲတွင် ဦးသိန်းစိန်နှာတဖျားအသာရသွားကာ ပါတီဥက္ကဋ္ဌရာထူးမှ ဦးရွှေမန်းကိုဖြုတ်ချပြီး ဦးဌေးဦးကို တာဝန်ယူစေ၏။ ယခင်အခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က စစ်တိုင်းမှူးများ၊ ဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ထောက်လှမ်းရေးများကိုလုပ်သလို ဦးရွှေမန်းအပေါ် တဆုံးတဆ ပြတ်ပြတ်သားသားအရေးယူချင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးရွှေမန်းကို ရာထူးမှဖြုတ်၍မရ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယကနေရာများမှာ ဆက်ထားရသည်။ ယခင်ခေတ်ကကဲ့သို့ ကျူပင်ခုတ် ကျူငုတ်ပါ မကျန်ရှင်း လင်းရန် ဦးရွှေမန်းသားများပိုင်ဆိုင်သော ချယ်ရီ FM နှင့် Red Link အင်တာနက်ဆက်သွယ်ရေးလုပ်ငန်းများကို တားဆီးလိုက်သေးသည် (ဗိုလ်ချုပ်ခင်ညွန့်ကိုဖမ်းစဉ်က ဗိုလ်ချုပ်ခင်ညွန့်သားပိုင်ဆိုင်သော Bagan Cyber Tech Company ကို ပိတ်သိမ်းပစ်ခဲ့သည်)။ နောက်တော့ တိုးနိုင်မန်းတို့၊ အောင်သက်မန်းတို့ လုပ်ငန်းတွေကို ပြန်ဖွင့် ခွင့်ပေးသည်။ ယခင်စစ်အစိုးရလက်ထက်သာဆိုလျှင် ဦးရွှေမန်းနှင့်တကွ မိသားစုဝင်အားလုံး ထောင်နန်းစံကာ လုပ်ငန်းအားလုံးအပိတ်ခံရမည်ဖြစ်သည်။ သို့သော် ခေတ်ပြောင်းနေပြီဖြစ်သဖြင့် လုပ်ချင်တိုင်းလုပ်မရ။ ဦးရွှေမန်းကို ပါတီဗဟိုကော်မတီမှထုတ်သည်။ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌနေရာမှ ဖယ်ရှားသည်။ သို့သော် လွှတ်တော် ဥက္ကဋ္ဌနေရာ သာမန်ပါတီဝင် တယောက်နေရာကတော့ ဆက်ရှိနေသည်။

ရေးပြခဲ့သမျှသည် ဦးရွှေမန်းနှင့်ဦးသိန်းစိန်၏ အားပြိုင်မှုများဖြစ်သည်။ အများသိသည့်အတိုင်း ရွေးကောက်ပွဲ တွင် ကြံ့ခိုင်ရေးခွက်ခွက်လန် အောင်ရှုံးကာ NLD အပြတ်အသတ်နိုင်သည်။ ဦးသိန်းစိန်သည် သမ္မတအဖြစ်မှ လျောကျကာ လွှတ်တော်တွင် ၄၂ နေရာ(ပြည်သူ့လွှတ်တော် ၃၀ ဦး၊ အမျိုးသားလွှတ်တော် ၁၂ ဦး )သာ အနိုင်ရသော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ်သာ ရပ်တည်ရတော့သည်။ ရွေးကောက်ပွဲအပြီး စိန်နှင့် မန်းပြိုင်ဆိုင်မှု ဆက်လက်ပြင်းထန်နေရာ ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က လွှတ်တော်အသစ်၌ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ရာထူးကိုပေးလိုက်သည်။ ထိုကော်မရှင်အဖွဲ့ဝင်အများစုမှာလည်း ဦးရွှေမန်းနှင့်နီးစပ်သော ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင်လူဟောင်းများဖြစ်သည်။ ထိုကိစ္စကို တုံ့ပြန်သည့်အနေနှင့် ဦးသိန်းစိန် ဥက္ကဋ္ဌဖြစ်နေသော ပြည်ခိုင်ဖြိုးပါတီက ဦးရွှေမန်းနှင့်အပေါင်းပါများကို ပါတီမှထုတ်ပယ်ကြောင်း ကြေညာသည်။ ထိုပါတီဝင်ဟောင်းများက သူတို့ကို ထိုသို့ထုတ်ပယ်ခြင်းမှာ ပါတီစည်းမျဉ်းစည်းကမ်းများနှင့်မညီသဖြင့် ဗဟို ကော်မတီအစည်း အဝေးခေါ်ပေးဖို့ တောင်းဆိုသည်။ ပြည်ခိုင်ဖြိုးပါတီ၏လုပ်ရပ်များသည် ပါတီစည်းမျဉ်းနှင့် မကိုက်ညီဟု ကြေညာချက်ထုတ်သည်။ ဆိုရလျှင် ဦးရွှေမန်းနှင့် ဦးသိန်းစိန်၏ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး အားပြိုင်မှု သည် ၂၀၁၀ ရွေးကောက်ပွဲပြီးချိန်မှစကာ ယခုအချိန်အထိ တောက်လျှောက်ဖြစ်ပေါ်နေသည်။ ဦးသိန်းစိန်သည် စစ်တပ်ကိုနောက်ခံပြုပြီး ဦးရွှေမန်းသည် ကြံ့ခိုင်ရေးပါတီဝင်အချို့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို နောက်ခံပြုကာ အင်အားခြင်းပြိုင်နေကြခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျောက်မျက် အသင်းရန်ပုံငွေကိစ္စပေါ်လာကာ အင်အားစုနှစ်စုထပ်၍ ထိပ်တိုက်တွေ့ကြခြင်းဖြစ်သည်။

NLD သည် ပဲလှော်ကြားဆားညပ်ခံ၍မဖြစ်။ အဂတိလိုက်စားမှုဆိုက သေသေချာချာ စစ်ဆေးအရေးယူဖော်ထုတ်ရမည်။ ထိုသို့ဖော်ထုတ်ရာ၌ စိန်-မန်း ပဋိပက္ခအတွင်းသို့ သက်ဆင်းသည့် သဘောမရောက်အောင် သတိထားရမည်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုပြီး ဘာမှ မတို့ရဲ မထိရဲသည့်အဖြစ်ကိုလည်း ရှောင်ရမည်။ လာဘ်ပေးလာဘ်ယူမှုကို ပုဂ္ဂိုလ်ရေးတွေနှင့်ရောထွေးနေတာကိုလည်း ရှောင်ရမည်။ ထိုအစွန်း နှစ်ဖက်ကြားမှ NLD လျှောက်ရမည်ဖြစ်သည်။ မြတ်စွာဘုရားဟောသော မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း သွားရမည်ဖြစ်သည်။ အမှန်စင်စစ် ဦးသိန်းစိန်ဂိုဏ်းသည်လည်းကောင်း၊ ဦးရွှေမန်း ဂိုဏ်းသည်လည်းကောင်း NLD နှင့် ဒီမိုကရေစီဘက်သားများကို မေတ္တာထားခဲ့ကြသူများမဟုတ်တာကို မမေ့ကြဖို့လိုသည်။ ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြတို့၊ ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြတို့ဟူသည့် ဆောင်ပုဒ်များကို အတူတကွ အားတက်သရောအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။ ဒီမိုကရေစီဘက်တော်သားများကို တသွေးတည်းတသံတည်း နှိပ်ကွပ်ခဲ့ကြသူများဖြစ်သည်။ ယခုအခါ ဦးသိန်းစိန်ကလည်း သူ့မှာရှိသမျှ ဘက်ဂရောင်းနှင့် ဦးရွှေမန်းကလည်း သူ့မှာရှိသောနောက်ခံအင်အားနှင့် ကိုယ်ကျိုးစီးပွားအတွက် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်ရာ NLD သည် မည်သည့်ဘက်ကိုမှမယုံဘဲ ပြည်သူသာအမိ ပြည်သူသာအဖဆိုသည့် ခံယူချက်အတိုင်း သတိကြီးစွာထား၍ တိုင်းပြည်မျက်နှာကိုပဲကြည့်ကာ ဥပဒေအတိုင်း ပါဝင်ဆောင်ရွက်သင့်ပါကြောင်း။

အနာဂတ်တွင် စိန်-မန်းအုပ်စု အားပြိုင်မှုပဋိပက္ခများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ ထပ်မံပေါ်ပေါက်လာ နိုင်သေးသည်ဖြစ်ရာ ဦးသိန်းစိန်၊ ဦးရွှေမန်းအားပြိုင်မှုမှသည် တပ်မတော်နှင့် NLD အားပြိုင်မှု ပဋိပက္ခအသွင်သို့ မဆီမဆိုင်ရောက်ရှိမသွားရန် ဒီမိုကရေစီဘက်တော်သားများက သတိချပ်ကြရမည်ဖြစ်ကြောင်း။

သရ၀ဏ်(ပြည်)


နေပြည်တော် ဇွန် ၁၁

၂ဝ၁၆ ခုနှစ် မတ်လအတွင်း ဖြေဆိုခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို နိုင်ငံတစ်ဝန်းလုံး ယနေ့ ထုတ်ပြန်လိုက်သည်။ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသ ကြီး/ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် ဖြေဆိုသူစုစုပေါင်း ၆၃၆၂၃၇ ဦးရှိခဲ့ရာ အောင်မြင်သူ ၁၉ဝ၃၈၈ ဦးရှိ၍ အောင်မြင်မှုရာခိုင်နှုန်း ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။



ဘာသာအလိုက် ဂုဏ်ထူးပါရှိမှုမှာ တစ်ဘာသာ ဂုဏ်ထူးပါရှိသူ ၂၉၂၅၈ ဦး၊ နှစ်ဘာသာဂုဏ်ထူးပါရှိသူ ၇၂၉၃ ဦး၊ သုံးဘာသာဂုဏ်ထူးပါရှိသူ ၄၆၅ဝ၊ လေး ဘာသာ ဂုဏ်ထူးပါရှိသူ ၃၁၁၆ ဦး၊ ငါးဘာသာဂုဏ်ထူးပါရှိသူ ၁၈၁၄ ဦး၊ ခြောက်ဘာသာဂုဏ်ထူးပါရှိသူ ၈၉၃ ဦးဖြစ်ပြီး စုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သူ ၄၇ဝ၂၄ ဦး ရှိကြောင်း သိရသည်။


အဆိုပါအောင်မြင်သူများထဲမှ မြန်မာတစ်နိုင်ငံလုံး တွင် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများစာရင်း ကို စာမျက်နှာ (၈)တွင် ဇယားဖြင့် ဖော်ပြထားသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily



အထောက် အပံ့ပစ္စည်းတွေ ဖြန့်ဝေ နိုင်ရေး အတွက် အတားအဆီး ဖြစ်ခဲ့ ရ။
ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ ထိန်းချူပ်ထားရာ ဒါရဲယား မြို့ကို အစိုးရက ရဟတ်ယာဉ်တွေ သုံးပြီး ဗုံးအလုံး ၃ဝ နီးပါး ကြဲချ ခဲ့တယ်ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

အဲဒီ့ ဒေသကို ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ ယာဉ်တန်း ဝင်ခွင့် ၄ နှစ် အတွင်း ပထမဆုံး အကြိမ် ဝင်ရောက်ခွင့် ဆီးရီးယား အစိုးရက ပေးခဲ့ပြီး နာရီ အတန်ငယ် အကြာမှာပဲ အခုလို ဗုံးကြဲ တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့လို လေကြောင်း တိုက်ခိုက် မှုတွေကြောင့် ဒါရဲယားမှာ အရေးတကြီး လိုအပ်နေတဲ့ အထောက် အပံ့ပစ္စည်းတွေ ဖြန့်ဝေ နိုင်ရေး အတွက် အတားအဆီး ဖြစ်ခဲ့ ရပြန်တယ်လို့ သတင်းတွေက ဆိုပါတယ်။

တခါ၊ ဆီဒရီးယား နိုင်ငံထဲ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ အဓိက ခြေကုပ်ယူ ထားရာ ရက်ခါ မြို့ ရှိတဲ့ မြောက်ပိုင်း ဒေသထဲ အစိုးရတပ်တွေ ပိုပြီး ထိုးဖောက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

IS တွေ ထိန်းချုပ် ထားရာ တက်ဘ်ခါ မြို့ တောင်ဘက်က လမ်းဆုံကို ရုရှတို့ရဲ့ လေကြောင်း ပစ်ကူနဲ့ အတူ ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင်တွေ သိမ်းပိုက် လိုက်နိုင်တယ် ဆိုပြီး ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။

အဲဒီ့ နေရာဟာ ရက်ခါ မြို့နဲ့ဆို မိုင် ၃၀ ကျော် သာ ဝေးပြီး မဟာဗျူဟာမြောက် အရေးပါတဲ့ လေယာဉ်ကွင်း ရှိတဲ့ နေရာ ဖြစ်တယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းကလည်း၊ အလက်ပ်ပို နယ်ထဲ IS တွေ ထိန်းချုပ် ထားရာ မဲန်း ဘစ်ဂ်ျ မြို့ကို မြောက်ပိုင်း က ကာ့ဒ်မျိုးနွယ်စုနဲ့ အာရပ် မျိုးနွယ်စု လက်နက်ကိုင်တွေ စုပေါင်း အဖွဲ့က ဝိုင်းထား လိုက်ပြီလို့ သူတို့ကို ကျောထောက် နောက်ခံပြုပေး နေတဲ့ အမေရိကန်က ထုတ်ပြန်ပါတယ်။

မဲန်း ဘစ်ဂ်ျ မြို့ဟာ ထောက်ပံ့ရေး လမ်းကြောင်းပေါ် ကျနေတာကြောင့် အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရခိုင်မှာ မိုးကြီးလေပြင်းတွေ ကျ
ရခိုင်ပြည်နယ်မှာ မိုးတွေ အဆက်မပြတ် ရွာသွန်းနေတဲ့ အတွက် အမ်းမြို့နယ်က အချို့ ကျေးရွာတွေမှာ ရေတက် လာသလို ကားလမ်းတွေလည်း အပိုင်းပိုင်း ကျိုးပြတ် သွားတာတွေ ဖြစ်ပေါ်နေပါတယ်။

အမ်းမြို့နယ် အိမ်ခြေ တထောင်ကျော် ရှိတဲ့ ရူးကျေးရွာမှာ ဒီရေမဝင်ရအောင် တားတဲ့ တာကျိုးပေါက် သွားတဲ့ အတွက် ရွာထဲကို ရေတွေ ဝင်လာနေတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရူးရွာနဲ့ တပ်တောင်ကို သွားတဲ့ ကားလမ်း တလျှောက်မှာရှိတဲ့ တံတားတွေ ကျိုးပျက် သွားတယ်လို့ အဲဒီ ဒေသကို ကိုယ်တိုင် သွားခဲ့တဲ့ အမ်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောပါတယ်။ မိုးဆက်တိုက် ရွာနေတဲ့ အတွက် ရေပိုမို တက်လာမှာကို အမ်း ဒေသခံတွေက စိုးရိမ် နေကြပါတယ်။

ရခိုင်ပြည်နယ် တခုလုံး နေတဲ့ အတွက် ခရီးသွားလာရေး ရပ်တန့်ထားရသလို စစ်တွေမှာ ယာဉ်အချို့ ခရီးစဉ် တောင် ရပ်နားခဲ့ရတယ် လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး။
မွန်ပြည်နယ် ဝန်ကြီးချုပ်က ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်နယ် စီမံကိန်း ကော်မရှင် ထဲမှာ စစ်အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တချို့ ပါဝင်နေတယ် ဆိုပြီး ဒေသခံပြည်သူတွေ နဲ့ မွန်ပြည်နယ် လွှတ်တော်က အပြင်းအထန် ကန့်ကွက် တာကြောင့် ကော်မရှင်အဖွဲ့ဝင်တချို့ကို အပြောင်းအလဲ လုပ်လိုက်ပြီလို့ မွန်ပြည်နယ် ဝန်ကြီးချုပ်ကပြောပါတယ်။

ဒါပေမဲ့ စီမံကိန်းကော်မရှင်ကို ဖွဲ့စည်းခွင့်ဟာ မွန်ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် တာဝန်ဖြစ်ပြီး ၊ လွှတ်တော်အပိုင်းနဲ့ သက်ဆိုင်မှု မရှိသေး တာကြောင့် ပြည်နယ် လွှတ်တော်ဘက်က နားလည်မှု လွဲနေတာသာဖြစ်တယ်လို့ မွန်ဝန်ကြီးချုပ် က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြည်နယ်နဲ့တိုင်း အသီးအသီးသီးမှာ စီမံကိန်းတွေ အကောင်ထည်ဖေါ်ဆောင်ရွက် ဖို့ ဒေသဆိုင်ရာ အစိုးရတွေက တိုင်းနဲ့ပြည်နယ် စီမံကိန်း ကော်မရှင်တွေ ဖွဲ့ပါဆိုပြီး သမ္မတ ဦးထင်ကျော်က အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် မွန်ပြည်နယ် စီမံကိန်း ကော်မရှင်ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဦးဆောင်ပြီး မေလ(၂၅) ရက်နေ့နောက်ပိုင်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီစီမံကိန်း ကော်မရှင်ထဲမှာ စစ်အစိုးရ လက်ထက်ကတည်းက အာဏာပိုင်တွေ နဲ့ ပြေလည်နီးစပ်ခဲ့တဲ့ ခရိုနီတချို့ရဲ့ အမည် ပါဝင်နေတာကြောင့် ပြည်သူတွေက ကန့်ကွက်လာကြ သလို မွန်ပြည်နယ် လွှတ်တော်တွင်းမှာလဲ မေးခွန်းထုတ် လာကြပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကတော့ နိုင်ငံတော်သမ္မတက စီမံကိန်း ကော်မရှင် ဖွဲ့စည်းဖို့ ညွှန်ကြားလာတာကြောင့် သူ့တာဝန်ကိုသူ လုပ်ဆောင်ရတာသာ ဖြစ်ပြီး၊ ကော်မရှင် အဖွဲ့ဝင် အမည်စာရင်းကို ပြည်နယ် အစိုးရက မဆုံးဖြတ်ခင်မှာ လွှတ်တော်ဘက်က သိသွားပြီး ကန့်ကွက်မှုတွေ စဖြစ်လာရတာလို့ ဦးမင်းမင်းဦးက ရှင်းပြပါတယ်။

" သမ္မတကြီးက တခါတည်း ဖွဲ့စည်းပုံနဲ့ အမိန့်ကြေညာစာနဲ့ ကျနော်တို့ကို လွှဲထားတာပါ။ ဖွဲ့စည်းပုံက ကျနော်တို့ ဘာမှ လုပ်ခွင့်မရှိဘူး။ အဲ့ဒီ့မှာ ဝန်ကြီးချုပ်က ဥက္ကဋ္ဌ၊ ဝန်ကြီးများက အဖွဲ့ဝင် ကျန်တဲ့ဟာက စက်မှုရယ်၊ ဝန်ဆောင်မှုရယ် နောက် လယ်ယာကဏ္ဍ ကနေပြီးတော့ တဦးစီကို ထည့်ပေးရတာ။ အတွင်းရေးမှူး က ပြည်နယ် အစိုးရက အတွင်းရေးမှူးပဲ။ အဲ့ဒီ့ကျတော့ ကျနော်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တဦးပဲ ထည့်ပေးခွင့်ရှိတာ။ ထည့်ပေးတယ်ဆိုပေမဲ့ ကက်ဘိနက်ကို တင်ရမှာ။ ကြာသပတေးနေ့ အပတ်တိုင်းက ကက်ဘိနက် ရှိတယ်။ ကက်ဘိနက် ဆုံးဖြတ်ချက် မကျခင်လေးမှာ အဲ့ဒီ့အချိန်မှာ သူတို့က လွှတ်တော် အစည်းအဝေးနဲ့ တိုက်တော့ ကျနော်တို့ လွှတ်တော်ကို အကုန်လုံး ဝန်ကြီးတွေ အားလုံး သွားတက်ရတာကိုး။ သွားတက်တော့ အဲ့ဒီ့မှာ ကက်ဘိနက် အစည်းအဝေး မတင်လိုက်ရပဲနဲ့ အဲ့ဒီ့စာက လွှတ်တော် က သိတဲ့ပုံစံမျိုး ဖြစ်ပြီး ကျနော့်ကို လွှတ်တော်မှာ တက်ပြီး မေးတဲ့ ပုံစံဖြစ်သွားတာ။ "

မွန်ပြည်နယ် စီမံကိန်း ကော်မရှင်အဖွဲ့ဝင် (၁၅)ဦး ရွေးချယ်ရာ မှာ ပြည်နယ် ဝန်ကြီးချုပ် က ပြည်နယ် အစိုးရအဖွဲ့ဝင်တွေကို တိုင်ပင်ခြင်း မရှိပဲ ပြည်နယ် အုပ်ချုပ်ရေး ထွေ/အုပ်တွေရဲ့ အကြံပေးချက်နဲ့ ရွေးချယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလဲ ထွက်ပေါ်နေပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ငြင်းဆိုပါတယ်။

" အမှန်မှန်ကတော့ အဲ့တာက ကောလဟာလပေါ့နော်။ အမှန်မှန်က ကျနော့်အနားမှာ က ရှိတာက အစိုးရ တဖွဲ့လုံး ရှိတယ်။ အတွင်းရေးမှူး ဒါပဲရှိတာ။ မွန်ပြည်နယ်မှာ ဒီလုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး တကယ်ထင်ရှားပြီး အလုပ်လုပ်နေတဲ့သူပဲ ကောက် ထည့်လိုက် ဆိုပြီး အဲ့ဒီ့ဝန်ဆောင်မှု ဆိုပြီး နှစ်ဦး ထည့်ပေးလိုက်တယ်။"

ကိုဉာဏ်ဝင်းအောင်။ ။ အခုပြည်သူတွေ ကန့်ကွက်နေတယ်ဆိုတဲ့ စီးပွားရေး လုပ်ငန်းရှင် ဆိုတာက ဒီမော်လမြိုင်မှာ သူရဲလေးကောင်လို့ နာမည်ကြီးတဲ့ တဦးဖြစ်တဲ့ ဦးမိုးကျော်ရယ် နောက်ပြီးတော့ ရိုးရိုးလေး ဘတ်စ်ကားလိုင်းတို့ ဟိုတယ်လုပ်ငန်းတွေ လုပ်နေတဲ့ ဦးသိန်းနိုင်တို့ ပါနေလို့ မကျေနပ်တာမျိုးလား။

ဦးမင်းမင်းဦး။ ။ ဟုတ်တယ်။ အဲ့တာ ပြည်သူလူထုက ဒီနှစ်ဦးကို မကြိုက်ဘူးဆိုတော့ ကျနော်သိလိုက်တဲ့အခါကျတော့ ကျနော် ပြန် change ထုတ်လိုက်ပြီ။ ဒီတပတ် ကက်ဘိနက်မှာ ကျနော်တို့ အတည်ပြုလိုက်ပြီ။

ကိုဉာဏ်ဝင်းအောင်။ ။ ပြည်သူတွေ ကန့်ကွက်တဲ့သူတွေ ဘယ်နှစ်ယောက် ဆက်ပါနေသေးလဲ။

ဦးမင်းမင်းဦး ။ ။ မပါတော့ဘူး။ မပါတော့ဘူး။

ပြည်နယ်၊ လွှတ်တော်နဲ့ ဒေသခံတွေရဲ့ ကန့်ကွက်သံကြောင့် စီမံကိန်းကော်မရှင် အဖွဲ့ဝင်တချို့ကို မွန်ပြည်နယ် ဝန်ကြီးချုပ်က အပြောင်းအလဲ လုပ်လိုက်ပေ မယ့် ဒေသခံတွေက မနှစ်သက်ကြတဲ့ အကြောင်း မော်လမြိုင်မြို့ခံ ဒေါ်မူဝမ်း က ပြောပါတယ်။

" သူပြောင်းလဲပေးလိုက်တယ် ဆိုတာလည်းလေ တကယ့်လူထုတွေ ကြည်ညိုလေးစားတဲ့ လူထဲက မပါလာဘူးပေါ့။ မပါလာဘူးဆိုတာ အခုသူပြောင်းပေးလိုက်တာ ခရိုနီကြီး မဖြစ်ပေမဲ့ သူလည်း ခရိုနီတပိုင်းပဲ။ အဲ့လိုမျိုးတွေပေါ့။ ဟိုအစိုးရလက်ထက်က ဒီလိုပဲ သူ့အတွက်ပဲ သူလုပ်နေတဲ့ သူတွေပေါ့။ လူတွေက မနှစ်သက်တဲ့သူတွေပေါ့။ သူက ခရိုနီကကို မလွတ်ဘူး။ အဲ့လိုမျိုးတွေ။"

တကယ်တော့ စီမံကိန်းကော်မရှင် အဖွဲ့ဝင် ရွေးချယ်ရေး ကိစ္စဟာ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်သာဖြစ်ပြီး လွှတ်တော်နဲ့ သက်ဆိုင်မှုမရှိပဲ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ နားလည်မှု လွဲနေခြင်းသာဖြစ်တာကြောင့် လွှတ်တော်ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌတို့ကို ရှင်းပြခဲ့ပြီးဖြစ်တယ်လို့ ဦးမင်းမင်းဦးက ရှင်းပြပါတယ်။

" ဒါလွှတ်တော်အပိုင်းက မဟုတ်တဲ့ အုပ်ချုပ်ရေး ယန္တယားက ကျနော်တို့ အထက်အောက် အမိန့်ပေးတဲ့ဟာဖြစ်တယ်။ အဲ့တာကြောင့် မှားမှာကြောက်လို့ ကျနော် ခေါ်ပြီး ရှင်းပြလိုက်သေးတယ်။ နားလည်မှုလွဲတာလည်းပါတယ်။ ဒီအကန့်ကျတော့ အုပ်ချုပ်ရေး ယန္တယားကနေ ဖွဲ့စည်းပုံ သွားတဲ့ လမ်းကြောင်းဖြစ်တယ်။ အဲ့တာ လွှတ်တော်အကန့်က နောက်တခြမ်းဖြစ်သွားပြီ လွှတ်တော် သွားမယ့် လမ်းကြောင်းက မွန်ပြည်နယ်နဲ့ပတ်သက်ပြီး စီမံကိန်းတွေ လုပ်ရင် ကျနော်တို့က လွှတ်တော်ကို ပြန်ကို တင်ရမှာ။ အဲ့တော့မှ သူတို့က ဒီစီမံကိန်းတွေကို မကြိုက်ဘူးဆိုရင် ဖယ်ရှားလိုက်လို့ရမှာ။ လမ်းကြောင်းချင်းကို မတူဘူး။ "

ဒီကော်မရှင်ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်မှာ အရေးကြီး အဆိုအဖြစ် တင်သွင်းထားပြီး နောက်သီတင်း (၃)ပတ်လောက်အကြာမှာ ပြန်လည် ကျင်းပမယ့် မွန်ပြည်နယ် လွှတ်တော်တွင်း ဆွေးနွေးသွားမယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ကြေညာထားပါတယ်။

 ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံးကို မြန်မာသမ္မတ ဦးထင်ကျော်က တည်ခင်းတဲ့ ညစာစားပွဲမှာ လစ်ပတန် တီးနဲ့ ဧည့်ခံတာကို တီးအပေါစားနဲ့ ဧည့်ခံတယ်လို့ ဝေဖန်သံတွေ ခပ်ညံညံထွက်လာပါတယ်။


သမ္မတက တည်ခင်းတဲ့ ညစာစားပွဲမှာ Lipton tea ထက်ပိုပြီး ကောင်းတဲ့ အင်္ဂလန်က နံမည်ကြီး Earl Grey နဲ့ ဧည့်ခံဖို့ ကောင်းတာပေါ့လို့ ပြောသူကပြော၊ အင်္ဂလန်က တော်ဝင်မိသားစု အသိအမှတ်ပြုခံရတဲ့ Fortnum & Mason ဆိုင်ကြီးမှာ ရောင်းတဲ့ အကောင်းဆုံး လ္ဘက်ခြောက်နဲ့ ဆိုရင် ပို ဂုဏ်ရှိတာပေါ့လို့ ဆိုသူကဆိုနဲ့ လ္ဘက်ရည် စကားဝိုင်း ကျယ်ကျယ်လောင်လောင် ဖြစ်လာတော့ ဘီဘီစီက ဘယ်လိုဖြစ်ပါလိမ့် ဆိုပြီး တီးခေါက်ကြည့်တော့ နိုင်ငံခြားက တီးအကောင်းစား မှာဖို့ အချိန်မမီတော့လို့ ရှမ်းလက်ဖက်ခြောက်ကို နှမ်းဖြူနဲ့ လှော်ပြီး ခပ်တဲ့ ရေနွမ်းကြမ်း နဲ့ လစ်ပတန်တီး နှစ်မျိုးနဲ့ ဧည့်ခံလိုက်ရတာပါတဲ့။ ဟင်းပွဲတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်ပေးတယ်လို့ သိရပါတယ်။


ကြက်သား ကာလသားချက်ကို လည်း အရည်ပေါလော မဖြစ်စေပဲ အရည်စပ်စပ်လေးနဲ့ ချက်ဖို့ ညွှန်ကြားတယ် လို့ သိရပါတယ်။ ဟင်းလျာတွေက စစချင်းမှာ အမြည်း အဖြစ်နဲ့ ကညွတ်နဲ့ Scallop (ဂုံးကောင်)၊ Main Dish က ကြက်သားကာလသားချက်၊ ရှမ်းထမင်းချဉ်၊ ငါးကျီးကျပ်တိုက်နဲ့ ပဲကြာဇံ ဗူးသီးဟင်းခါး၊ ခရမ်းသီး မီးဖုတ်သုပ် ဘာလချေုာင်ကျော်နဲ့ ထမင်းဖြူတို့ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ် တလျှောက် ကာရံနေတဲ့ ခြံစည်းရိုး အတွက် အစိုးရ ဘတ်ဂျက် ရှိနှင့်ပြီး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးရသူက ဆိုပါတယ်။

အရင်အစိုးရနဲ့ လွှတ်တော် လက်ထက် ကတည်းက ဒီ ခြံစည်းရိုး ခတ်တဲ့ စီမံကိန်းမှာ အသုံပြုဖို့ ကျပ်ငွေ သန်းပေါင်း ၅ ထောင့် ၅ရာ ကို အတည်ပြု နှင့်ပြီး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒီ စီမံကိန်းကို အစိုးရ အသုံးစားရိတ် မလုံလောက်လို့ ရပ်ထားမယ် ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ အပေါ် သမ္မတရုံး ပြောခွင့်ရသူက တုံ့ပြန် လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ နယ်စပ်တွေထဲ ပထဝီ နိုင်ငံရေး အခြေအနေ အရ အရေးကြီးတဲ့ နေရာ ဖြစ်လို့ အခုလို ခြံစည်းရိုး ခတ် နေရတာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။

စုစုပေါင်း ၁၆၄ မိုင် ရှည်လျားတဲ့ အနောက်ဘက် နယ်စပ် မှာ ၂၀၀၉ ခုနှစ်က စလို့ ခြံစည်းရိုး ခတ်လာတာ ဖြစ်ပြီး လက်ရှိ မိုင် ၁၃၀ ကာရံပြီး ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese/


 နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန် - မန္တလေး  အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉၄/၃) နှင့် (၁၉၄/၄)အကြား ပလွေးအမြန်လမ်း မီးသတ်စခန်း အပိုင်မှာ (၁၀.၆.၂၀၁၆) ဇွန်လ (၁၀) ရက်နေ့၊ နံနက်(၁၀:၀၅)အချိန်ခန့် က ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။


  မြောက်ဒဂုံမြို့နေ ယာဉ်မောင်း ကိုကျော်စွာဝင်း မောင်းနှင်လာတဲ့ ယာဉ် အမှတ် 9I/2058TOYOTA HILUX-SURF (အဖြူရောင်) မော်တော်ယာဉ်ဟာ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအတိုင် ရန်ကုန်ဘက်နေ မန္တလေးဘက်ကို မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။


အဆိုပါ ယာဉ်ဟာ လမ်းဘေးမှာ ကာရံထားတဲ့ အလူမီနီယံတန်းကို ဝင်ရောက်တိုက်မိပြီး လမ်းရဲ့ ယာဘက်ခြမ်းမြေသာ လမ်းပေါ်မှာ တိမ်းမှောက်နေကြောင်း နံနက်(၁၀:၁၀)အချိန်မှာ သတင်းရရှိတာနဲ့  ပလွေးအမြန်
လမ်း မီးသတ်စခန်းမှ ကယ်ဆယ်ရေးယာဉ် (RESCUE) (၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ တပ်ဖွဲ့ဝင် (၂+၆)ဦးနှင့် သွားရောက်ကူညီခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်ပါကျား (၂)ဦး၊ မ(၁)ဦးတို့မှာ ထိခိုက်ဒဏ်ရာ ရရှိမှုဘဲ တွေ့ ရှိရကြောင်း သိရပါတယ်။

သတင်း - ကိုသန်းဌေး / ဓါတ်ပုံ - ကိုအောင်သူ


ယူရို ၂၀၁၆ ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်ကို ဇွန်လ ၁၁ ရက်နေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာတွင် တိုက်စစ်မှူး ပေယက်၏ ခြေစွမ်းပြမှုနှင့်အတူ အိမ်ရှင်ပြင်သစ်အသင်းက ရိုမေးနီးယားအသင်းကို နှစ်ဂိုး၊တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပြင်သစ်အသင်းက တိုက်စစ်မှူးအဖြစ် ဂီရော့ဒ်၊ဂရဇ်မန်းနှင့် ပေယက်တို့ သုံးဦးကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်တွင် ပေါ့ဘာ၊ကန်တီ နှင့် မာတူဒီတို့သုံးဦးကို အထိုင်ချကစားစေခဲ့ကာ ရိုမေးနီးယားအသင်းကမူ ခံစစ်အားပြု၍ကစားခဲ့သည်။

ဘောလုံးပိုင်ဆိုင်မှုကို အဓိကရယူခဲ့သော ပြင်သစ်အသင်းတွင် ကွင်းလယ်ကစားသမား သုံးဦး အချိတ်အဆက်လွဲနေခြင်းနှင့် တိုက်စစ်မှူး ဂရဇ်မန်းခြေစွမ်းမပြနိုင်ခြင်းတို့ကြောင့် ပထမပိုင်းတွင် ရိုမေးနီးယားအသင်းကို ထိထိရောက်ရောက် တိုက်စစ်မဆင်နိုင်ခဲ့ပေ။


ဒုတိယပိုင်းတွင် ကစားအားမြှင့်တင်လာရာ ပွဲချိန် ၅၇ မိနစ်တွင် တောင်ပံတိုက်စစ်ကစားသမား ပေယက် ညာတောင်ပံမှဖြတ်တင်ပေးသည်ကို တိုက်စစ်မှူး ဂီရောဒ့် က ခေါင်းတိုက်သွင်း၍ ပြင်သစ်အသင်းအတွက် အဖွင့်ဂိုးရရှိခဲ့သည်။

ယင်းနောက် ချေပဂိုးရရှိရန် ရိုမေးနီးယားအသင်းက တိုက်စစ်ဖွင့်ကစားခဲ့ရာ ပွဲချိန် ၆၅ မိနစ်တွင် ပင်နယ်တီ ရရှိခဲ့သည်။ ယင်းပင်နယ်တီကို ရိုမေးနီးယားအသင်း၏ တိုက်စစ်မှူး ဘော်ဒန် စတန်ကူက အမှားအယွင်းမရှိကန်သွင်း၍ ချေပဂိုးပြန်လည်ရယူခဲ့သည်။

ချေပဂိုးပေးလိုက်ရပြီးနောက် ခြေစွမ်းမပေါ်သည့် ဂရဇ်မန်းအစား ကိုမန်နှင့် ကွင်းလယ်မှ ပေါ့ဘာအစား မာရှယ်တို့ကို ထည့်သွင်း၍ ပြင်သစ်အသင်းက တိုက်စစ်မြှင့်တင်ခဲ့ပြီး ရိုမေးနီးယားအသင်းကမူ သရေတစ်မှတ်ရရှိရေးအတွက် ခံစစ်ကို အားပြုကစားခဲ့သည်။

ပွဲချိန် ၈၉ မိနစ်တွင်မူ တိုက်စစ်ဆင်ကစားနေသည့် ပြင်သစ်မှ ခြေစွမ်းပြကစားသမား ပေယက်က ဂိုးစည်း အပြင်ဘက်မှ မထင်မှတ်ဘဲ အပြင်းကန်သွင်း၍ အနိုင်ဂိုးကို ရယူနိုင်ခဲ့သည်။ အနိုင်ဂိုးရရှိပြီးနောက်တွင် ပွဲကိုထိန်းကစားနိုင်ခဲ့ရာ ပြင်သစ်အသင်းက အိမ်ရှင်ပရိသတ်ရှေ့တွင် သုံးမှတ်ရယူနိုင်ခဲ့သည်။

Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/


မန္တလေး ဇွန် ၁ဝ

မန္တလေးမြို့ရှိမီးဘေးသင့်မင်္ဂလာဈေးကို အဆင့်မြင့်မီးဘေးလုံခြုံရေးစနစ်များ၊ ငလျင်ဒဏ်ခံစနစ်များဖြင့် အသစ်တည်ဆောက်သွားရန် ဇွန် ၁ဝ ရက်က ဈေးသူဈေးသားကိုယ်စားလှယ်များနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံရာတွင် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဈေးအား အကြီးစားပြင်ဆင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း ကိစ္စရပ်များကို မေ ၂၈ရက်က ဆန္ဒမဲကြေညာရာတွင် အသစ်တည်ဆောက်သည့်ဘက်မှ မဲများခဲ့၍ ယခုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။

မီးဘေးလုံခြုံရေးစနစ်များ၊ငလျင်ဒဏ်ခံစနစ်များနှင့် ကားပါကင်ထားရှိ နိုင်ရေးအတွက် အဆောက်အအုံဒီဇိုင်းများရေးဆွဲမည်ဖြစ်ကာ မူလဆိုင်ခန်းပိုင်ရှင်များအား နေရာမပျောက် ပြန်လည်ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

''ဆိုင်ခန်းရှင်တွေအတွက် ကုန်ကျစရိတ်အနည်းဆုံးဖြစ်စေဖို့ ရှစ်ထပ် သို့မဟုတ် ၁ဝ ထပ်ဆောက်မှဖြစ်မယ်။ဒါကြောင့် အသစ်ဆောက်မယ့်သူ ဆန္ဒမဲများတဲ့အတွက် အသစ်တည်ဆောက်မယ်''ဟု အဆိုပါတွေ့ဆုံပွဲတွင် မြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောကြားခဲ့သည်။

ဈေးအားခေတ်မီကိရိယာများနှင့် ပညာရှင်များ၏စစ်ဆေးချက်အရ ၈ဝ ရာခိုင်နှုန်းအဆောက်အအုံ ခံနိုင်ရည်မရှိခြင်းနှင့် နောင်မျိုးဆက်အတွက် စဉ်းစား၍ အသစ်တည်ဆောက်သင့်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အဆောက်အအုံနှင့် ကုန်ရုံဌာနဌာနမှူး ဦးဇော်ဝင်းက ဆိုသည်။

''ပြင်ဆင်မယ်ဆိုရင်မြန်မာနိုင်ငံမှာ နည်းပညာနဲ့ ပညာရှင် မရှိဘူး။ ကုန်ကျစရိတ်နဲ့အချိန်ကလည်း အသစ်တည်ဆောက်တာနဲ့ မကွာဘူး''ဟု ၎င်းကပြောသည်။

''အကြီးစားပြင်ဆင်မှုဟာ အန္တရာယ်ရှိတယ်ဆိုရင် အသစ်ဆောက်တာကို ပွင့်လင်းမြင်သာစွာချပြပြီး အမြန်လုပ်ပေးသင့်တယ်။ အများဆန္ဒအရ လုံခြုံစိတ်ချဖို့ဆိုရင် အသစ်တည်ဆောက်ဖို့ထောက်ခံပါတယ်။ စိုးရိမ်တာကတော့ နေရာပျောက်သွားမလား၊ ငွေကြေးပေးသွင်းမှု တွေများလာမလား ပူနေရတယ်''ဟု ဆိုင်ရှင်တစ်ဦးက ဆက်လက်ပြောကြားသည်။

အကြီးစားပြင်ဆင်ပါက သဘာဝဘေးအန္တရာယ်အတွက် အာမခံချက်မရှိသကဲ့သို့ ခန့်မှန်းကုန်ကျငွေမှာ ၅ ဒသမ ၅ ဘီလီယံရှိနိုင်ပြီး ယခု လေးထပ်ပုံစံအတိုင်း အသစ်တည်ဆောက်လျှင် ၇ ဘီလီယံခန့်ကုန်ကျမည် ဖြစ်ကာ BOT စနစ်ဖြင့် ရှစ်ထပ်(သို့မဟုတ်) ၁ဝ ထပ် တည်ဆောက်ပါက လက်ရှိ ဈေးဆိုင်၊ လူနေတိုက်ခန်းရှင် များအနေဖြင့် ငွေကြေးစိုက်ထုတ်မှု အနည်းဆုံး (သို့မဟုတ်) ငွေကြေးပေးသွင်းရန်မလိုနိုင်ကြောင်း သိရသည်။

(အောင်ရဲသွင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily



ဂရိမှာ ရွှေ့ပြောင်း ဒုက္ခသည်တွေ စုပုံနေ
ဂရိ နိုင်ငံ အေသင် မြို့မှာ ရောက်ရှိနေတဲ့ ငယ်ရွယ်သူ ရွှေ့ပြောင်း ဒုက္ခသည် တွေဟာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် နေကြရကြောင်း ဘီဘီစီက စုံစမ်း သိရှိရပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ ဥရောပ မြောက်ပိုင်း ကို သွားရောက် လိုကြတာ ဖြစ်ပေမယ့် နယ်စပ် စည်းမျဉ်း ဥပဒေ သစ်ကြောင့် ဂရိ နိုင်ငံမှာ သောင်တင် နေကြတာ ဖြစ်ပါတယ်။

သူတို့ဟာ အလုပ်လုပ်ကိုင်ခွင့်လည်း မရှိတာကြောင့် ဝင်ငွေမဲ့ ဖြစ်နေရပြီး ရရာ အလုပ် ဖြစ်တဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

၁၀ ဒေါ်လာ ရဖို့ အတွက် အသက်အရွယ် ကြီးရင့်သူ အမျိုးသား တဦး နဲ့ လိင် ဆက်ဆံ မှု လုပ်ခဲ့ရကြောင်း အီရန် အမျိုးသား ငယ် အေဇက် က ပြောပါတယ်။

အေသင် မြို့က ပန်းခြံတွေမှာ ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ လိင်လုပ်ငန်း လုပ်ကိုင်ဖို့ စောင့်မျှော် နေတာကို တွေ့မြင် ခဲ့ရ ကြောင်း ဘီဘီစီ သတင်းထောက် က ပြောကြားပါတယ်။

BBC Burmese
http://www.bbc.com/burmese/


အကြမ်းဖက်မှုနဲ့ အလိုရှိတဲ့ အစွန်းရောက် တွေကို ဖမ်းဆီး
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အစွန်းရောက် အကြမ်းဖက် သမား လို့ ယူဆ ရသူ လူ ကိုးရာကျော် ကို ရဲ အဖွဲ့ဝင် တွေက ဖမ်းဆီး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ဘာသာရေး ခေါင်းဆောင်တွေ နဲ့ လူနည်း စု ဘာသာခြားတွေ သတ်ဖြတ် ခံရပြီးနောက်မှာ အခုလို ဖမ်းဆီး မှုတွေကို စတင် ခဲ့တာ ဖြစ်ပါတယ်။

ဇါန်လ ၉ ရက်နေ့က လည်း နိုင်ငံမြောက်ပိုင်း က ပက်ဘနာ ဒေသမှာ ရှိတဲ့ ဟိန္ဒူ ဘုရားကျောင်း အလုပ်သမား တဦး ခေါင်းဖြတ် သတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တပတ်မှာလည်း ဟိန္ဒူ ဘုန်းတော်ကြီး တပါး၊ ခရစ်ယန် ဘာသာဝင် စီးပွားရေး လုပ်ငန်းရှင် တဦး နဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ တဦး ရဲ့ ဇနီး တို့လည်း သတ်ဖြတ် ခံခဲ့ရပါတယ်။

အကြမ်းဖက် သတ်ဖြတ်မှုတွေ နဲ့ ပတ်သက်လို့ အလိုရှိနေတဲ့ အစွန်းရောက် အယူအဆ ရှိသူတွေကို ဖမ်းဆီး ရမိပြီလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲက ပျောက်ဆုံးနေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စနဲ့ ပတ်သက်လို့ အသင်းအမှုဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကို ဒီနေ့ မနက်က နေပြည်တော် ကျောက်မျက်သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ အသင်းရဲ့အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်ကျော်ဦး ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုနေရိန်ကျော်။ ။ဦးကျော်ကျော်ဦးရေ -- ဒီနေ့ ကျောက်မျက်အသင်း အမှုဆောင်အရေးပေါ် အစည်းအဝေးခေါ်ထားတာတွေ့လို့ အဲ့ဒါ ဘာတွေများဆွေးနွေးကြတာလဲခင်ဗျ။

ဦးကျော်ကျော်ဦး။ ။ ဒီနေ့က ကျနော်တို့ကိစ္စပဲ အဓိကဆွေးနွေးတာ။ ဆွေးနွေးတော့ အဖြေက ဘယ်လိုလဲဆိုတော့ ဒီနေ့ သူတို့က အပိုင်းနှစ်ပိုင်းခွဲထားတာပေါ့ဗျာ။ တစ်ပိုင်းက ဗဟိုကော်မတီတွေက သုံးစွဲတဲ့ငွေတွေပေါ့၊ လူကြီးတွေသုံးတဲ့ငွေ၊ တစ်ပိုင်းက ကျနော်တို့ အသင်းချုပ်ကိုခွဲပေးလိုက်တဲ့ သုံးတဲ့ ငွေပေါ့နော်၊ အဲ့ဒီထဲမှာ ကျနော်တို့ အသင်းချုပ်ကိုခွဲပြီးတော့ ပို့ပေးလိုက်တဲ့ငွေတွေအားလုံးကိုစစ်ဖို့ အတွက် Board of Enquiry လုပ်မယ်။ ဒီထက်အဆင့်မြင့်တဲ့ အတတ်ပညာရှင်တွေ၊ ရှေ့နေတွေ ခေါ်ပြီးတော့ စစ်မယ်ဆိုတာကို ဥက္ကဌနဲ့တကွ အသင်းသားတွေအားလုံးက သဘောတူတယ်၊ အဲ့ဒီအတွက်ကြောင့် ၁၅ ရက်နေ့မှာ ကျနော်တို့ အဲ့ဒီကော်မတီဖွဲ့မယ်၊ ဖွဲ့ပြီးတော့ အဲ့ဒီကော်မတီ ကနေစပြီးတော့ ကျနော်တို့ ပညာရှင်တွေခေါ်ပြီးစစ်မယ်။

ကိုနေရိန်ကျော်။ ။ အဲ့တော့ အသင်းရဲ့ဗဟိုကော်မတီတွေ သုံးတဲ့ငွေကိုကျတော့ ဘယ်လိုစစ်မှာ လဲခင်ဗျ။

ဦးကျော်ကျော်ဦး။ ။ ဟိုဘက်က case ကျတော့ ဦးဝင်းထိန်က သူကရီပို့တင်လိုက်ပြီ၊ တင်လိုက်ပြီဆိုတော့ ဝန်ကြီးဆီတင်တယ်။ ဝန်ကြီးဆီကနေတဆင့် သူရဦးရွှေမန်းတို့ရဲ့ ဥပဒေရေးရာ နဲ့အထူးကိစ္စရပ်များစုံစမ်းရေးကော်မတီဆီ ရောက်သွားပြီ၊ အဲ့ဒီကနေသူတို့ study လုပ်မယ်၊ ပြီးပြီဆိုလို့ရှိရင် သူတို့ တစ်ခုခုတော့ decision ပေးမှာပေါ့ဗျာ၊ သူတို့ကိုင်တွယ်မယ်ဆိုလဲကိုင်တွယ်၊ မကိုင်တွယ်ဘူးဆိုရင်လည်း cabinet အစိုးရအဖွဲ့ကို တင်လိုက်မှာပေါ့နော်၊ အဲ့တော့ အဲ့ဒီဟာအတွက် ကတော့ သီးခြားသွားနေတာပေါ့။ တလမ်းစီသွားနေတာပေါ့။


ကိုနေရိန်ကျော်။ ။ အဲ့ဒါက ငွေပမာဏက ဘယ်လောက်စီရှိလဲခင်ဗျ။

ဦးကျော်ကျော်ဦး။ ။ အဲ့ဒါတော့ ကျနော်တို့ ဒီ ၉၃ သန်းလုံးရဲ့စာရင်း ရလာပြီဆိုမှသိမယ်လေ။

ကိုနေရိန်ကျော်။ ။ အဲ့ဒီပမာနကိုတော့ မသိရသေးဘူးပေါ့။

ဦးကျော်ကျော်ဦး။ ။ ကျနော်တို့ မသိရသေးဘူး၊ ကျနော်တို့ တောင်းထားတယ်။ တောင်းထားတဲ့ အတွက်ကြောင့် အဲ့ဒီစာရင်းတွေ ထွက်လာပါလိမ့်မယ်၊ မကြာခင်ပေါ့လေ၊ ထွက်လာပြီဆိုရင်တော့ ကျနော်တို့ စုံစမ်းရေးကော်မတီဖွဲ့ဖို့အတွက်လည်း ရှေ့နေများကောင်စီက ရှေ့နေကြီးတွေခေါ်မယ်၊ နောက်ပြီးတော့ အင်ဂျင်နီယာဆိုလည်း ဆောက်လုပ်ရေးက အင်ဂျင်နီယာတွေရော အပြင်ကအင်ဂျင်နီယာတွေခေါ်မယ်၊ နောက်ပြီးတော့ စာရင်းစစ်ဆိုရင်လည်း ပုဂ္ဂလိကစာရင်းစစ်ကုမ္ပဏီတွေက လူတွေခေါ်သလိုမျိုး အစိုးရဌါနက စာရင်းစစ်တွေလည်းခေါ်မယ်၊ အဲ့ဒီလူတွေနဲ့ အဖွဲ့ဖွဲ့ပြီးတော့၊ ကျနော်တို့ စစ်မှာပေါ့ဗျာ။

ကိုနေရိန်ကျော်။ ။ အော်-ဟုတ်ကဲ့၊ အဲ့ဒီအဖွဲ့ကရော ဘယ်သူကဖွဲ့မှာလဲ၊ အသင်းကပဲဖွဲ့မှာလား။

ဦးကျော်ကျော်ဦး။ ။ ဟုတ်တယ်။ ကျနော်တို့ အသင်းကပဲဖွဲ့မှာ၊ အသင်းထဲကကိစ္စကို ကျနော်တို့ အသင်းထဲမှာပဲ အရင်စစ်ဆေးမှာပေါ့နော်၊ ဒါကအသင်းထဲမှာချစားတဲ့ကိစ္စကို စစ်ဆေးဖို့ပေါ့၊ ပြီးတော့ အဆောက်အဦးတွေဆိုလည်း valuation ပြန်လုပ်မယ်၊ အကုန်လုံးပြီးပြီဆိုမှ ဘယ်လောက်ပဲကျန်တယ်၊ ဘယ်လောက်ပဲဖြစ်တယ်ဆိုတာ ပြန်သွားရမှာပေါ့နော်။

ကိုနေရိန်ကျော်။ ။ ဥက္ကဌနဲ့ တာဝန်ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအတွက်ကျတော့ ဦးရွှေမန်းတို့ ကော်မတီကဆက်ပြီးဖွဲ့မှာပေါ့၊ စုံစမ်းရေးကော်မတီက----။

ဦးကျော်ကျော်ဦး။ ။ ဟုတ်တယ်။ အဲ့ဒါဟိုဘက်က ပြပွဲကျင်းပရေးကော်မတီဘက်က ငွေတွေ ကတော့ လူကြီးတွေဘယ်လောက်ပါသွားတယ်၊ ဘယ်သူတွေယူတယ်၊ ဘယ်သူတွေကို ဘယ်လောက် ပေးလိုက်တယ်ဆိုတာကိုတော့ ဦးရွှေမန်းတို့ ကော်မတီကဖွဲ့ပြီးစစ်မှပဲ အဆင်ပြေမှာလေ။

ကိုနေရိန်ကျော်။ ။ အဲတော့ ဘာပဲပြောပြော နောက်တဆင့်ကတော့ လာမယ့် ၁၅ ရက်နေ့မှာ တစ်ခေါက်သိရမှာပေါ။

ဦးကျော်ကျော်ဦး။ ။ ၁၅ ရက်နေ့ကျရင် ကျနော်တို့ ကော်မတီဖွဲ့မယ်၊ ဘယ်သူတွေပါမယ်၊ ဘယ်သူတွေခေါ်မယ်၊ ဘယ်နှစ်ယောက်ဖွဲ့မယ်၊ အားလုံးပေါင်း ဒီ Board အဖွဲ့ကို ဘယ်လိုစီစဉ်မယ်၊ ဘယ်မှာစစ်မယ်၊ ဘယ်နေ့စမယ်ဆိုတာ ကျနော်တို့ အကုန်လုံးလုပ်မယ်လေ။

ကိုနေရိန်ကျော်။ ။ ဟုတ်ကဲ့၊ အဲတော့ ဒီနေ့လည်း သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတာ လုပ်ဖြစ်လား။

ဦးကျော်ကျော်ဦး။ ။ အဲဒါတော့ သူတို့ဖာသာသူတို့ လုပ်နေပါလိမ့်မယ်၊ ဥက္ကဌကတော့ သူ့ဟာသူ၊ အဓိကကတော့ ကျနော်တို့ဆီက ပါမစ်ရှင်တောင်းတာပေါ့ဗျာ၊ ဦးကျော်ကျော်ဦးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ အသင်းချုပ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုတာမဟုတ်ဘူး၊ အသင်းချုပ်ထဲမှာ ရှိတဲ့ အသင်းသားတွေပေါ့ အီးစီ၊ စီအီးစီအနည်းငယ်ကို ကိုယ်စားပြုပြီးလုပ်တာပါဆိုတဲ့ဟာကို သူကသတင်းစာရှင်းလင်းပွဲမှာ ပြောချင်တာပေါ့ဗျာ၊ ကျနော်က ပြောပြလိုက်တယ်လေ၊ ဒီမှာ ဒုဥက္ကဌတွေရော၊ အသင်းခွဲကော်မတီ ဥက္ကဌတွေရော အကုန်လုံးပါနေတာလေ၊ အဲ့ဒါကျတဲ့အခါ ကျတော့ ဒါဟာ အသင်းရဲ့ အီးစီ၊ စီအီးစီတွေ အကုန်ပါတယ်လေ ဒီထဲမှာ သဘောထားတိုက်ဆိုင်တဲ့ လူလည်းရှိတယ် မတိုက်ဆိုင်တဲ့လူလည်းရှိတယ်လေ။

ကိုနေရိန်ကျော်။ ။ အဲ့တော့ ပြည်ခိုင်ဖြိုးပါတီက တရားစွဲမယ်ဆိုတဲ့ကိစ္စကရော အခုဘာထပ်ကြားသေးလဲ။

ဦးကျော်ကျော်ဦး။ ။ ဘာမှမကြားတော့ဘူးဗျ။

ကိုနေရိန်ကျော်။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဦးကျော်ကျော်ဦးရေ။ ကျေးဇူးတင်ပါတယ်ဗျာ အခုလိုပြောပြတာ။

ဦးကျော်ကျော်ဦး။ ။ ဟုတ်ကဲ့ပါခင်ဗျ။
RFA


mahn-jonny-620.jpg
ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ ကို ဧပြီလ ၂၅ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Thiha Tun/ RFA

ဧရာဝတီတိုင်း ပုသိမ်၊ ကျောင်းကုန်း၊ ပန်းတနော်၊ မအူပင်နဲ့ ညောင်တုန်းမြို့နယ်တွေမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၈ ထောင်ကျော် ပြန်လည်ရရှိဖို့အတွက် ဆောင်ရွက်ပေးဖို့ ဒေသခံတောင်သူတွေက တိုင်းအစိုးရအဖွဲ့ထံ တောင်းဆိုခဲ့ပါတယ်။

ဒီနေ့ ပုသိမ်မြို့မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ ဒေသ ခံတောင်သူတွေ၊ အရပ်ဘက်အဖွဲ့တွေ တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဒေသခံ ဦးမြင့်နိုင် က ပြောပါတယ်။

"ကျနော်တို့ လောလောဆယ်ကိုင်ထားတာပေါ့နော် အမှုပေါင်း ၇ဝ၊ မြို့နယ် ၅ မြို့နယ် အဲ့ဒီမှာတင် ဧက ရှစ်ထောင်ကိုးရာကျော်မယ်၊ ကိုးထောင်နီးပါးလောက် ရှိပါတယ်ခင်ဗျ၊ တောင်သူဦးရေကလည်း ၁၅ဝဝ ဝန်းကျင်လောက်ရှိပါတယ်၊ အခုကတော့ ကျနော်တို့က အားခဲသွားတာပေါ့၊ ကျနော်တို့ လယ်သမားတွေ က တော်တော်ကို ဒုက္ခရောက်နေကြပါတယ်၊ အဲ့ဒီတော့ တချို့တွေဆိုရင် လယ်သမားတွေဘက်က ဖြေရှင်းဖို့ အတွက် နည်းလမ်းကောင်းလည်းရမယ်၊ ဝန်ကြီးချုပ်ရဲ့ ဖြေရှင်းပေးတာကိုခံရမယ်၊ သူတို့ဘက်က ဘာပဲပြောပြော ကျေနပ်မယ်ယူဆလို့သွားတာဗျ"

သိမ်းဆည်းခံရတဲ့ လယ်ယာပြဿနာတွေကို ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်တွေ ဥပဒေတွေနဲ့အညီ ဖြေရှင်းပေး သွားမယ်လို့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ပြောပါတယ်။

"တိုင်းအစိုးရအစီအစဉ်နဲ့ပဲ ကျနော်တို့ ဆောင်ရွက်ဖို့ရှိပါတယ်ခင်ဗျ၊ နောက်တစ်ချက်က ပြည်ထောင်စု အစိုးရဖွဲ့ပေးမယ့်အဖွဲ့နဲ့လည်း စီစဉ်ဆောင်ရွက်ဖို့ရှိပါတယ်၊ ကျနော်တို့ နည်းလမ်းတွေ အမျိုးမျိုးရှာနေ ပါတယ်ခင်ဗျ၊ ဒါကတော့ ကျနော်တို့ မြေလွတ်၊ မြေလပ်၊ မြေရှိုင်း ဥပဒေထဲမှာ ပြဌာန်းထားတယ်ဗျ၊ ဖွဲ့စည်းထားတဲ့ လုပ်ငန်းအဖွဲ့နဲ့ အထူးအဖွဲ့ အဲ့ဒီ ၂ ဖွဲ့ ဖွဲ့ပြီးတော့ ဥပဒေနည်းလမ်းနဲ့ပဲ ဖြေရှင်းမှာပေါ့ဗျာ"

ဧရာဝတီတိုင်းမှာ လယ်ယာမြေအငြင်းပွားမှုပြဿနာတွေကြောင့် တရားရင်ဆိုင်နေရတဲ့ တောင်သူ တစ်ထောင်ကျော် ရှိနေပါတယ်။

တွေ့ဆုံပွဲကို ပုသိမ်၊ ကျုံပျော်၊ သာပေါင်း စတဲ့မြို့နယ်တွေက လယ်ယာမြေအသိမ်းခံထားရတဲ့ တောင်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ၃ဝဝ လောက် တက်ရောက်ခဲ့ပါတယ်။

RFA

 ministers-investigate-lpt-620.jpg သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက် တာမြင့်နိုင် တို့ လက်ပံတောင်း ကြေးနီစီမံကိန်း လုပ်ငန်းခွင်ကို ဇွန်လ ၁ဝ ရက်နေ့က သွားရောက်စစ်ဆေးစဉ်
Photo: Sagaing Regional lnformation Page Facebook

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တို့ဟာ လက်ပံတောင်း ကြေးနီစီမံကိန်း လုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ရှိ မရှိနဲ့ လုပ်ငန်းခွင်ထဲကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဝမ်ပေါင်ကုမ္ပဏီရဲ့ အကြံပေးဖြစ်တဲ့ ဦးကိုမြင့် က ပြောပါတယ်။

"ပုံမှန်လာရောက်ပြီးတော့မှဗျာ လုပ်ငန်းကိုလာရောက်ကြည့်ရှုတာပါခင်ဗျ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စလေးတွေ လာကြည့်တယ်၊ ပြီးတော့မှ ဒီမှာလုပ်ငန်းခွင်ထဲမှာ လိုအပ်ချက်လေးတွေစစ်ဆေးတယ်၊ အဲ့လောက်ပါပဲခင်ဗျ၊ ဒီက သက်ဆိုင်ရာတာဝန်ရှိသူတွေက ရှင်းပြတာပေါ့နော်၊ ကျနော်တို့ကြောင့် ပတ်ဝန်းကျင်တော့ တစုံတရာထိခိုက်မှု မရှိဘူးပေါ့နော်၊ မရှိတဲ့အတွက် သက်မှတ်ထားတဲ့ သူတို့ စည်းကမ်းတွေနဲ့အညီ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေတယ်ပေါ့၊ အဲ့ဒီလိုပဲ ကျနော်တို့ ရှင်းပြတာပေါ့"

ကံကုန်းကျေးရွာအနီးက မိုးကြိုးဆာလဖျူရစ် အက်ဆစ်စက်ရုံကိုလည်း အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေက သွားရောက် စစ်ဆေးခဲ့ပါတယ်။

မိုးကြိုးဆာလဖျူရစ်အက်ဆစ် စက်ရုံပြောင်းရွှေ့ပေးဖို့နဲ့ စပယ်တောင်နဲ့ ကြေးစင်တောင်စီမံကိန်းကြောင့် သိမ်းဆည်း ခံထားရတဲ့ လယ်မြေတွေအတွက် လျော်ကြေးပေးဖို့ တိုင်ကြားစာကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ထံ ပေးအပ်ခဲ့တယ် လို့ ကံကုန်းရွာသား ကိုတင့်အောင်စိုးက ပြောပါတယ်။

"အက်ဆစ်စက်ရုံကို ဝန်ကြီးတွေ လာမယ်လို့အသံကြားတော့ ကျနော်တို့က အဲ့ဒီဥစ္စာကိုစောင့်တာ၊ ဝင်သွားတာလည်းမြင်တော့ သူတို့ထွက်အလာကို အပေါက်ဝကနေစောင့်ပြီးတော့ ကားထွက်လာတာကို ကျနော်တို့ စာပေးချင်လို့ပါဆိုပြီး ဝန်ကြီးကားကိုတားပြီးတော့ စာပေးတာလေ၊ ပေးတာကတော့ ကျနော်တို့က ပြည်ထောင်စုဝန်ကြီးကားဆိုပြီး တားပေးတာ ဒါပေမဲ့ အဲ့ဒီမှာ စစ်ကိုင်းတိုင်းဝန်ကြီးထင်တယ်၊ စစ်ကိုင်းတိုင်းဝန်ကြီးကိုလည်း ပေးပြီးပြီ၊ ပြည်ထောင်စုဝန်ကြီးကိုလည်း ပေးပါဆိုပြီး ကျနော်တို့ က ပြောတော့ပြောထားခဲ့တယ်၊ စာထဲမှာက စံပယ်တောင် ကြေးစင်တောင် ကြေးနီစီမံကိန်းက သိမ်းထားတဲ့ မြေယာလျော်ကြေးတွေ သိမ်းထားခဲ့တဲ့စာတွေပါတယ်၊ နောက်တစ်ခုက အက်ဆစ် စက်ရုံ ရွှေ့ပြောင်းပေးဖို့ စာတွေပါတယ်"

ပြည်ထောင်စုဝန်ကြီးရဲ့ခရီးစဉ်မှာ လက်ပံတောင်းတောင်၊ စပယ်တောင်နဲ့ ကြေးစင်တောင်ကြေးနီစီမံကိန်း ဧရိယာတွေက ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာမရှိသလို ဆားလင်းကြီးမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့တာမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
RFA

တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်နေသည့် ကျောက်ဖြူမြို့နယ်မှ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့သန့်စင် စက်ရုံကို တွေ့ရစဉ်

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံက ဓာတ်ငွေ့ရောင်းချထားသည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများကို မြန်မာနိုင်ငံသို့ ပြန်လည်ရောင်းချရန် ဆွေးနွေးရာ တရုတ်နိုင်ငံက ပြန်လည်ရောင်းချမှု မပြုဘဲ တရုတ်နိုင်ငံတွင်သာ လျှပ်စစ်ဓာတ်အားထုတ်၍ ပြန်ဝယ်မှဖြစ်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး (ဒေါ်)နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

"လိုအပ်တာရဲ့ သုံးပုံတစ်ပုံပဲ ပေးနိုင်တယ်။ လာမယ့်နှစ် နွေရာသီမတိုင်ခင်မှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်း ပေးမလဲ။ ဒီနှစ် နွေရာသီမှာ ကျွန်မတို့သည် အခုမှ စတက်တာဆိုပြီး နားလည်ပေးချင် ပေးလိမ့်မယ်။ နောက်နှစ်မှာဆို နားလည်မှာ မဟုတ်တော့ဘူး။ ဒါကို ကျွန်မတို့ သိပါတယ်။ လာမယ့် နွေမတိုင်ခင်ဆို ကျွန်မတို့က စက်အသစ်တွေလည်း ပြန်တပ်ရမယ်။ ခွဲရုံအသစ်တွေလည်း ပြန်ဆောက်ရမယ်ဆို ကျွန်မတို့ မီပါ့မလား။ ဘယ်လိုမှ မမီပါဘူး။ မီနိုင်တဲ့နည်းနဲ့ ဘယ်လိုလုပ်မလဲ။ လက်ရှိ ရနေတဲ့ Gas ကဘယ်လိုလဲ။ ဆန်းစစ်တော့ လျှပ်စစ်ကဏ္ဍ Production ပိုင်းမှာဆို Gas ကို အဓိကထားပြီး သုံးနေရတယ်။ ၂၀၂၇ မှာဆို Gas ကုန်ပြီ။ နောက်တစ်ခုကလည်း ၂၀၂၉ ဆိုကုန်ပြီ။ ဒီလိုကာလမှ ကုန်မယ်ဆိုပေမယ့် Gas ထွက်ရှိမှုက ၂၀၁၅ ကတည်းက ကျဆင်းနေပြီ။ အဲဒီတော့ မြန်မာနိုင်ငံရရှိမယ့် Gas ကိုတာကို ပြန်စဉ်းစားတော့ အကုန်လုံးကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို ရောင်းပြီးသား ဖြစ်နေပြီ။ ကျွန်မတို့ ဘယ်လိုလုပ်မလဲ တရုတ်နိုင်ငံက ပြန်မရောင်းပါဘူး။ သူ့နိုင်ငံမှာ လျှပ်စစ်ထုတ်ပြီး ပြန်ဝယ်ရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်" ဟု နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

စက်မှုဇုန်များအတွက် လျှပ်စစ်မီးပေးနိုင်ရန် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ရောင်းချထားသည့် နိုင်ငံများကို မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချပေးရန် ညှိနှိုင်းသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါ ညှိနှိုင်းမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

"လျှပ်စစ်မီးက အခက်အခဲတစ်ခု ရှိပါတယ်။ ရေအားလျှပ်စစ်နဲ့ ထုတ်လုပ်မှုမှာလည်း ကျွန်တော်တို့မှာ နည်းနေတယ်။ ရေအားလျှပ်စစ်က တန်ဖိုးအနည်းဆုံး ဖြစ်ပါတယ်။ ဂက်စ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်တာက တန်ဖိုးများပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဓာတ်အားသုံးစွဲခ တိုးမြှင့်ကောက်ခံဖို့ကလည်း အခက်အခဲ ရှိပါတယ်။ ဒီနေရာမှာ စက်မှုလုပ်ငန်းရှင်တွေက ဒီဒဏ်ကို နည်းနည်းခံရပါမယ်။ အများပြည်သူကို ပေးနိုင်ဖို့အတွက် ၅၇ ကျပ်နဲ့ ၀ယ်ပြီး ၃၅ ကျပ်နဲ့ ပေးနိုင်ဖို့ အတွက်ပါ။ ဒါပေမဲ့ စက်မှုဇုန်တွေမှာ မီးအားက လိုသလောက်မရဘူး။ သူသာများများရရင် ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား သုံးစွဲခတွေက ကာမိပြီး ကျေးလက်ကို ၃၅ ကျပ်နဲ့ ကျွန်တော်တို့ မီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် မီးကိုဘယ်လိုရအောင် လုပ်မလဲဆိုတဲ့ အခက်အခဲ ကျွန်တော်တို့မှာ ရှိလာပါတယ်။ မီးရအောင် ဘယ်လိုလုပ်မလဲဆိုတော့ ကျွန်တော်တို့ဆီက ဂက်စ်ဝယ်ထားတဲ့ နိုင်ငံတွေနဲ့ ညှိနှိုင်းရပါမယ်။ ကျွန်တော်တို့ဆီက ကုန်ကြမ်းတွေ သယ်သွားပြီး ကုန်ချောထုတ်မယ့် အတူတူ ကျွန်တော်တို့ဆီမှာပဲ ကုန်ချောတွေထုတ်ပြီး ရောင်းသွားဖို့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ကျွန်တော်တို့မှာ လိုအပ်ချက် Demand တွေ အများကြီး ရှိပါတယ်။ ၀ယ်လိုအားတွေ ရှိလာရင် ရောင်းလိုအားတွေ ပေါ်လာပါမယ်။ ဒါကို ပွင့်ပွင့်လင်းလင်းချပြီး ညှိနှိုင်းဖို့တော့ လိုပါမယ်။ ဒီအခြေအနေကို ကျွန်တော်တို့ စတင်နေပြီ ဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၏ စက်မှုဇုန်များတွင် လျှပ်စစ်မီး မရရှိသည့်အတွက် လုပ်ငန်းလည်ပတ်မှု နှောင့်နှေးခြင်းနှင့် ထပ်ဆောင်းကုန်ကျ စရိတ်များ ရှိနေသည့်အပြင် လျှပ်စစ်မီးရရှိရန် ကိုယ်ထူကိုယ်ထ အခြေအနေနှင့် လုပ်ဆောင်နေရပြီး ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသို့ စက်မှုဇုန်တစ်ခုလျှင် တစ်နှစ် ကျပ်သိန်း ၁၀၀၀၀ ခန့် ပေးဆောင်နေရသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

လာမည့် နွေရာသီတွင် ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အား ပေးနိုင်ရန်အတွက် လျှပ်စစ်ကဏ္ဍတွင် တာဝန်ယူမှုရှိရှိ ရင်းနှီးမြှုပ်နှံနိုင်မည့် အဖွဲ့အစည်းများစွာနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆွေးနွေးမှုများ ပြုလုပ်နေသည်။ ထိုသို့ဆွေးနွေးနေသည့် အဖွဲ့အစည်းများမှာ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၂၁ နိုင်ငံ၊ ပြည်တွင်း ပြည်ပမှ အဖွဲ့အစည်းပေါင်း ၆၀ ကျော်နှင့် ပြည်တွင်းပြည်ပ စီးပွားရေး အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်နှင့် တွေ့ဆုံဆွေးနွေးထားကြောင်း နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှစ်စဉ်မြင့်တက် နေသော်လည်း မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၈ သန်းရှိသည့်အနက် လျှပ်စစ်ဓာတ်အား မရရှိသေးသည့် အိမ်ထောင်စု ၆၆ ရာခိုင်နှုန်း (အိမ်ထောင်စုပေါင်း ၇ ဒသမ ၁၇၈ သန်း) ရှိရာ အဆိုပါ အိမ်ထောင်စုများကို လျှပ်စစ်ဓာတ်အား ပေးဝေနိုင်ရေးအတွက် ယခုထက် သုံးဆပိုမို ကြိုးပမ်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ၀န်ကြီးက ဆိုသည်။


Writer:
ဖြိုးဝေ
Eleven Media Group


 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သဘာဝဘေးသင့်ပြည်သူ များ ကို သွားရောက်တွေ့ဆုံ အားပေး။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သဘာဝဘေးသင့်ပြည်သူ များ ကို သွားရောက်တွေ့ဆုံ အားပေး။

ပြည်ထောင်စုအစိုးရအဖွဲ့က ချပေးတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေ အတွက် အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေ ကျပ် ဘီလီယံ ၂၀ကို အရေးပေါ် အခြေအနေ အတွက် သီးသန့်အသုံးပြုသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ လတ်တလော ရေကြီးရေလျှံဖြစ် ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းကိုလည်း သွားရောက်ပြီး ကယ်ဆယ်ရေးနဲ့ နောက်သဘာဝဘေးအန္တရာယ်မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့လည်း သွားရောက်တွေ့ဆုံမယ် လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။

သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေမှာ အရေးပေါ်ကူညီ ကယ်ဆယ်ရေး အတွက် အသုံးပြုဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကချပေးတဲ့ ကျပ်ငွေဘီလီယံ ၂၀ ကို အရေးပေါ်အခြေအနေအတွက် သီးသန့်အသုံးပြုသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အခုလို ပြောဆိုလိုက်ပါတယ်။

“ပြည်ထောင်စုအစိုးရက ချပေးတဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးရင် ဒါ သုံးစွဲရမယ့်ငွေပေါ့၊ ကြိုတင်ပြင်ဆင်ရေးမှာ သုံးလို့ရတယ်။ အရေးပေါ် အခြေအနေတွေမှာ သုံးလို့ရတယ်။ ပြန်လည်ထူထောင်ရေးမှာလည်း သုံးလို့ရတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ရန်ပုံငွေဟုတ်တယ်။ အဲဒါအစိုးရက ထည့်ပေးတာ ဒီနှစ် အထူး ရန်ပုံငွေ၊ ကျနော်တို့ ဒီဝန်ကြီးဌာနရဲ့ရန်ပုံငွေက အဲဒီဟာတွေသုံးလို့မရဘူး။ ဟို..အရမ်း အများကြီးသုံးလို့မရဘူး။ ၀.၀၁ percent ပဲရှိတယ် အားလုံးရဲ့လေ။ ဆိုတဲ့အတွက်ကြောင့်မို့လို့ သူကနေပြီးတော့ သဘာဝဘေးအတွက်ကို အထူးရန်ပုံငွေချပေးထားတာ။ အခုအဲဒီကပဲသုံးနေတာလေ၊ အခုသုံးတာတွေဟာ။”

အရေးပေါ်ရန်ပုံငွေမရမှီတုန်းကတော့ ပြည်တွင်း ပြည်ပကရရှိတဲ့ အလှူငွေတွေကိုသာ အသုံးပြုခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကောလင်းနဲ့ ဝန်းသိုမြို့နယ်တွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် ရန်ပုံငွေကို စတင်အသုံးပြုနေပြီလို့ ဝန်ကြီးက ပြောပါတယ်။

အသေအပျောက်အနေနဲ့ ဝန်းသိုမြို့နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ရေဘေးသင့်ပြည်သူ ၂ သောင်းခန့်ကို ရေပြန်ကျသွားပြီးတဲ့နောက် အစားအသောက်၊ သောက်သုံးရေရရှိရေးနဲ့ အဝတ်အစားတွေ အဓိက ထားဆောင်ရွက်ပေးနေတယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

၂၀၁၅ခုနှစ်တုန်းကလည်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းကို သွားရောက်ပြီး အနာဂတ်မှာ ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးမယ် လို့ ဒေါက်တာဝင်းမြတ်အေးက ဆက်ပြောပါတယ်။

“ဒီကောလင်းဟာ၊ မြန်မာပြည်တော့ ဖြစ်နေအုံးမှာပဲ။ ဘာဖြစ်လဲဆိုတော့ root curse က တကယ့်အခြေခံအကြောင်းအရင်းက မြစ်တွေချောင်းတွေ တိမ်ကောသွားတာတို့၊ ပိတ်ဆို့သွားတာတို့ ဒါတွေအကြောင်းအရင်းဟာ အင်မတန်ရှည်လျားတဲ့၊ အကုန်သိကြပါတယ် ဒီအကြောင်းတွေလဲ။ ဒီမှာရွှေတူးတဲ့လုပ်ငန်းတို့ ဆုံနေတာပဲ။ အဲတော့ အကြောင်းအရင်းတွေအများကြီးရှိတယ်၊ အဲ့ဒါကိုကျနော်တို့က မနက်ဖြန်ကျရင် သွားဆွေးနွေးပြီးတော့ ဒီအကြောင်းအရင်းတွေ နဲ့ပတ်သက်ပြီးတော့ ပြုပြင်ထိန်းသိမ်းရမယ့်ဟာတွေလုပ်မယ်။ မီဒီယာကနေ တဆင့် ပြည်သူတွေကိုလည်းပြောမယ်။ အဲ့လိုလုပ်ထားမှ၊ နောက်မို့ဆိုဖြစ်နေအုံးမှာပဲ။ ဒီ နဲနဲလေးမိုးများတာနဲ့ လျှံအုံးမှာပဲ ကောလင်းဟာလေ။ အဲဒီဒေသတွေအကုန်လုံးဟာ။”

ဝန်းသိုမြို့နယ်တွင်းက ကျေးရွာတွေမှာ ရေပြန်ကျသွားပြီးတဲ့နောက်အခြေအနေကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက အခုလို ပြောပြပါတယ်။

“တချို့ဒီ ကျေးရွာဘက်တွေဆိုရင်ကတော့ စာသင်ကျောင်းတွေထဲကို ရွှံ့နွံတွေ ၀င်သွားတဲ့အတွက် အဲ့ဒီမှာ ရွှံ့နွံတွေပြန်ပြီးတော့ မှ ဆေးနေကြတဲ့ အနေအထားမျိုးတွေရှိတယ်။ နောက်ပြီးတော့မှ တခြား ကိစ္စရပ်ကတော့ လယ်ယာမြေတွေပေါ့ဗျာ၊ လယ်တွေထဲကို အခုကတောင်ကျချောင်းရေလို့ စိုက်ချလိုက်တာဖြစ်တဲ့အတွက် တချို့အခု ပျိုးကျဲထားပဲ၊ မိုးတွင်းခါကျလို့ရှိရင် စိုက်ပျိုးဖို့အတွက် ကျဲထားတဲ့ပျိုးတွေကအစ အားလုံးကိုသူတို့ သဲနွံတွေ ဖုံးသွားတဲ့အနေအထားမျိုးတွေရှိတယ်။”

ရေဘေးသင့်ကျေးရွာတွေကို သွားရောက်လေ့လာပြီး ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့လည်း ဦးဇော်လင်းဦးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကောလင်းမြို့မှာ ရေကြီးရေလျံဖြစ်ခဲ့ပြီး လူ ၄ ယောက် သေဆုံးခဲ့ ပါတယ်။
VOA Burmese News


ပြင်သစ်အသင်း လေ့ကျင့်နေစဉ်။
ပြင်သစ်အသင်း လေ့ကျင့်နေစဉ်။

ယူရို ၂၀၁၆ ဥရောပဖလားဘောလုံးပွဲကို ပြင်သစ်နိုင်ငံမှာ ဒီကနေ့ စတင် ကျင်းပတော့မှာဖြစ်ပါတယ်။ အိမ်ရှင်ပြင်သစ်အပါအ၀င် ဂျာမနီ နဲ့ စပိန်အသင်းတွေက ဒီပြိုင်ပွဲကို ဗိုလ်စွဲနိုင်ခြေ အရှိဆုံးအသင်းတွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ ပြင်သစ် နဲ့ ရိုမေးနီးယားတို့ ကစားမယ့် ဥရောပဖလား အဖွင့်ပွဲစဉ်အပေါ် သုံးသပ်ချက် အပါအ၀င် ပြိုင်ပွဲအပေါ် မြန်မာဘောလုံး ပရိတ်သတ်ရဲ့ အမြင်တွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။
FRANCE SOCCER UEFA EURO 2016
FRANCE SOCCER UEFA EURO 2016
ယူရို ၂၀၁၆ ဥရောပဖလားဘောလုံးပွဲကိုတော့ ပြင်သစ်နိုင်ငံမှာ ဒီကနေ့ စတင်တော့မှာပါ။ ပြင်သစ်နိုင်ငံတ၀ှမ်း သပိတ်မှောက်ဆန္ဒပြတာတွေ နဲ့ လုံခြုံရေး စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ ၊ ပြိုင်ပွဲကို အဆင်ပြေပြေ ကျင်းပနိုင်ဖို့ အတွက် ပြင်သစ်အာဏာပိုင်တွေက ကြိုးပမ်းနေကြတာပါ။ ဒီကနေ့ စတင်မယ့် ယူရို ၂၀၁၆ ရဲ့ ဖွင့်ပွဲကိုတော့ အုပ်စု A က အိမ်ရှင်ပြင်သစ် နဲ့ ရိုမေးနီးယားတို့ ကစားကြမှာပါ။ ပြင်သစ် အသင်းကတော့ ပြိုင်ပွဲမှာ ဗိုလ်စွဲမယ် ဆိုပြီး ရေပန်းစားနေ တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြင်သစ်ဂိုးသမား Hugo Lloris ကတော့ - သူတို့ အသင်းက ရေပန်းအစားဆုံး မဟုတ်ဘူး လို့ပြောလိုက်ပါတယ်။

"အရိုးသားဆုံးပြောရရင်တော့ ကျနော်တို့က ရေပန်းအစားဆုံးလို့ မခံစားရပါဘူး။ ကမ္ဘာ့ချန်ပီယံ ဂျာမနီတို့ ဥရောပချန်ပီယံ စပိန်တို့ နဲ့ ယှဉ်ရင် ကျနော်တို့က လုပ်ပြထားတာ ဘာမှမရှိသေးပါဘူး။"
ဗြိတိန် နဲ့ ဥရောပတ၀ှမ်းမှာတော့ ပြင်သစ်၊ ဂျာမနီ နဲ့ စပိန်အသင်းတွေက ယူရိုပွဲမှာ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံးဆိုပြီး ထင်ကြေးပေးနေကြပါတယ်။ ဆိုတော့ မြန်မာဘောလုံး ၀ါသနာရှင်တွေကြားမှာရော ဘယ်အသင်းတွေ ရေပန်း စားနေပါသလဲ အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့်ပြောတာကတော့-
" မြန်မာဘောလုံးပရိတ်သတ်အကြားမှာ အကြိုက်ကတော့ ပြင်သစ်နဲ့ ဂျာမနီနှစ်သင်း ကို တော်တော်လေး ထင်ကြေးပေးနေကြတယ်။ ဒီကြားထဲကမှ ခုနက ကျနော်ပြောသလို ဘယ်လ်ဂျီယန်ကိုလည်း တချို့က ချန်ပီယံများ ဖြစ်မလားပေါ့။ သို့သော်လည်း ကျနော်ကတော့ မထင်ပါဘူး နောက်တသင်းကတော့ အင်္ဂလန်ပေါ့ အင်္ဂလန်ရှိမယ်။"

ပြင်သစ်ဂန္ထ၀င်ကစားကြီး ဇီးဒန်းကလည်း အိမ်ရှင်ပြင်သစ်အသင်း ဗိုလ်စွဲဖို့ အကောင်းဆုံး အခွင့်အရေးရှိတယ်လို့ ပြောလိုက်ပါတယ်။
"ပြင်သစ်အသင်းဟာ ဥရောပဖလားကိုရဖို့အတွက် အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ဖလားရဖို့ မရဖို့ မပြောခင်သူတို့အနေနဲ့ ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ဖို့လိုပြီး၊ အရေးကြီးဆုံး ကတော့ ဒီကနေ့အဖွင့်ပွဲမှာကောင်းကောင်းကစားပြီးနိုင်ဖို့ပါ။"

ပြင်သစ် နဲ့ ဒီကနေ့ အဖွင့်ပွဲမှာ ကစားရမယ့် ရိုမေးနီးယားနည်းပြကတော့ - ပြင်သစ်အသင်း ဟာ ဒီပွဲမှာ တိုက်စစ်အစွမ်းကုန်ဖွင့်လာဖို့မျှော်လင့်ကြောင်း ၊ ဒါပေမဲ့ သူ့အသင်းအနေနဲ့ ပြင်သစ်ကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။ ရိုမေးနီးယား အသင်းဟာ ခြေစစ်ပွဲ ၁၀ ပွဲမှာ ၂ ဂိုးသာ ပေးထားရပြီး ခံစစ် အကောင်းဆုံး အသင်းဖြစ်ပါတယ်။ ဆိုတော့ ဒီပွဲအပေါ် ကိုဇော်မျိုးသန့်က ဘယ်လိုသုံးသပ်ပါသလဲ။

"ပြင်သစ်က ရိုမေးနီးယား ကို နိုင်မလားဆိုတော့ ပွတ်ကာသီကာပဲ အနိုင်ရလိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုမေးနီးယား ဆိုတာကလည်း ဒီနှစ် ယူရိုခြေစစ်ပွဲတွေမှာ တော်တော်လေး ခံစစ်အားကောင်းခဲ့တာ။ ခြေစစ်ပွဲတောက်လျောက်မှာ သွင်းဂိုးက နှစ်ဂိုးပဲ ပေးခဲ့ရတာလေ။"

ရန်နိုင်။ ။ နိုင်တော့နိုင်မယ်။ ဒါပေမဲ့ ကပ်ပြီးတော့ နိုင်မယ်။ အဲ့တော့ ဘာဖြစ်လို့ နိုင်နိုင်တာလဲ။
" ဘာဖြစ်လို့ နိုင် နိုင်လဲဆိုတော့ အဓိက က ဖွင့်ပွဲနေ့လည်း ဖြစ် တယ်ဗျာ။ နောက်တခုက အိမ်ရှင်လည်း ဖြစ်တယ်ဆိုတော့ ဘာပဲပြောပြော ရိုမေးနီးယား ဘယ်လောက်ပဲ ခံစစ်အားကောင်းသည်ဖြစ်စေ ပြင်သစ်ကတော့ ပွတ်ကာသီကာနဲ့ အနိုင်ရအောင်တော့ စွမ်းဆောင်သွားမယ်။ တစ်ဂိုးလောက်နဲ့တော့ နိုင်နိုင်တဲ့ အနေအထားလောက်တော့ရှိတယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။ "

ပြင်သစ် နဲ့ ရိုမေးနီးယားတို့ နောက်ဆုံး ၁၀ ပွဲကစားတာမှာ ပြင်သစ်က ၅ ပွဲ နိုင် ၅ ပွဲ သရေကျထားပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ သရေကျထားပြီး ရိုမေနီးယားအသင်း နောက်ဆုံးနိုင်ထားတာကတော့ ၁၉၇၂ ခုနှစ်က ဘူခါရက်စ်မှာ ကစားတဲ့ပွဲ ဖြစ်ပါတယ်။

ကိုရန်နိုင်
VOA Burmese News


မာ့က်တွန်နာ မာ့က်တွန်နာ
တရုတ်ရေတပ် ဖရီးဂိတ်ရေယာဉ်တစီးဟာ ဂျပန်နိုင်ငံက ထိန်းချုပ်တဲ့ ကျွန်းတွေအနီး ထိစပ်ဇုန်နားထိ ၀င်ရောက်ခဲ့မှုနဲ့ ပတ်သက်လို့ ဂျပန်အစိုးရနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဇွန် ၉ ရက်နေ့ မနက် အရုဏ်မတက်ခင်က တရုတ်ဖရီးဂိတ်စစ်ရေယာဉ်ဟာ   အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်နိုင်ငံ ထိန်းချုပ်ထားတဲ့ ဆင်ကကုကျွန်းတွေအနီး ထိစပ်ဇုန်နားထိ ၀င်ရောက်လာပြီး ၂ နာရီနဲ့ မိနစ် ၂၀ ကြာ မောင်းနှင်ပြီး ပြန်လည်ထွက်ခွာ သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာ့က်တွန်နာက ဒီဖြစ်ရပ်ကို ဂျပန်အစိုးရက အမေရိကန်အစိုးရကို အကြောင်းကြားတယ်လို့ မနေ့က ပြောပါတယ်။
မာ့က်တွန်နာက “ဒီလိုသတင်းတွေကြောင့် အမြဲတမ်း စိုရိမ်ပူပန်ရပါတယ်။ ဂျပန်အစိုးရနဲ့ ဆက်လက်ပြီး နီးနီးကပ်ကပ်တိုင်ပင်သွားပါမယ်။ ဒီကျွန်းတွေဟာ ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး အမေရိကန်-ဂျပန်လုံခြုံရေးစာချုပ်ရဲ့အ၀န်းအ၀ိုင်း အတွင်းမှာရှိတယ်” လို့ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မျှော်လင့်မထားတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့  ပြင်ဆင်ထားကြဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ အေဂျင်စီတွေကို ညွှန်ကြားခဲ့သလို အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတချို့ကိုလည်း အနီးကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဂျပန်နိုင်ငံက ထိန်းချုပ်ထားတဲ့ ဆင်ကာကုကျွန်းတွေကို တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံတို့ကလည်း သူတို့ပိုင်ဆိုင်တဲ့ ကျွန်းတွေဆိုပြီး အငြင်းပွားနေကြပါတယ်။

အမေရိကန်ကာကွယ်ရေးဌာနပြောခွင့်ရသူ ပီတာကွတ်ခ်ကလည်း အမေရိကန်ပြည်ထောင်စု အစိုးရက ဒီကိစ္စနဲ့စပ်လျဉ်းပြီး ဂျပန်တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆွေးနွေးပြီးပြီလို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂျပန်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကို အသိအမှတ်ပြုကြောင်းနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။
china-navy_2300875bတရုတ်ဖရီးဂိတ်စစ်သင်္ဘော ၀င်ရောက်ခုတ်မောင်းချိန်နဲ့ တချိန်တည်းမှာပဲ ရုရှားရေတပ်သင်္ဘော ၃ စင်းဟာလည်း ထိစပ်ဇုန်အတွင်းကို သီးခြား ၀င်ရောက်လာပြီး တရုတ်ရေတပ်သင်္ဘောတွေနဲ့ ပြန်ထွက်ချိန် ခန့်မှာပဲ ပြန်လည်ထွက်ခွာခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်တာဝန်ရှိသူတွေက ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပေမယ့် ရုရှားသံအမတ်ကိုတော့ မဆင့်ခေါ်ခဲ့ပါဘူး။

ဒါနဲ့ပတ်သက်လို့  ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီး အာကီတာကာဆိုင်ကီက “တရုတ်နိုင်ငံကသာ ဒီဧရိယာက သူပိုင်တယ်လို့ အမြဲပြောနေတာ၊ ရုရှားက အဲသလိုမဟုတ်ဘူး။ ဒါကြောင့် ဒီနှစ်နိုင်ငံရဲ့ လှုပ်ရှားမှုပုံစံ မတူတာကို ခွဲခြားပြီး တုံ့ပြန်တာပါ” လို့ ပြောပါတယ်။
DVB TV News