06/12/16


Breaking news 0n Sunday 12 June 2016 12.53

အမေရိကန်ပြည်ထောင်စု ဖလော်၇ီဒါ ပြည်နယ် Orlando အော်လန်းဒိုးမြို့ က ညကပွဲရုံ nightclub အတွင်းမှာ ကနေကြတဲ့သူတွေကို သေနတ်သမား တဦး ယနေ့ မနက်ပိုင်း(၂)နာရီမှာ ၀င်ရောက်ပစ်ခတ်ခဲ့လို့ ကနေကြသူ(၂၀) သေဆုံးခဲ့ပြီး ၄၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်ရဲ့  အရာရှိ အကြီးအကဲ John Mina က သတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။


သေနတ်သမားနဲ့  ရဲတပ်ဖွဲ့ ဝင်တွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး သေနတ်သမား သေဆုံးခဲ့ပြီး ရဲဝန်ထမ်းတဦးဒဏ် ရာ ရခဲ့ တယ်လို့  သိရပါတယ်။

ယခုဖြစ်ရပ်နဲ့  ပါတ်သက်ပြီး FBI အဖွဲ့ က ပြည်တွင်းအကြမ်းဖက်မှု လုပ်ရပ်တခုလို့ ပြောကြားခဲ့ပြီး အသေးစိတ်ကို ဆက်လက်စစ်ဆေးနေကြောင်း သိရပါတယ်။

Social Action for Women - SAW


ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာ အုပ်စု ဆတ်ကျွန်း စလောင်းကျကျေးရွာတွင် ဇွန် ၁၁ နေ့လည် ၃နာရီခန့်က မိကျောင်းဆွဲ၍ မခိုင်ခိုင်ဦး အသက် ၂၀နှစ်မှာ ခြေထောက်ဒဏ်ရာ ဝဲလက်ပြတ် ဒဏ်ရာ များဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

ထူးထူး ဗိုလ်ကလေး



အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်။ Photo: NLD Chairperson
လက်ရှိကျင့်သုံးနေတဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေထဲက လေးခုကို လွှတ်တော်မှာ ပြင်ဆင်ပေးဖို့ လုပ်ဆောင်နေကြောင်း အမျိုးသား လွှတ်တော်ရဲ့ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီက ပြောပါတယ်။

ကော်မတီအနေနဲ့ အလုပ်သမားဆိုင်ရာ ဥပဒေတွေ အကုန်လုံးကို ပြန်လည်ဆန်းစစ်နေပြီး အဲဒီထဲကမှ လေးခုကို အရင်ဆုံးပြင်ဆင်ဖို့ လာမယ့်သုံးလအတွင်း လွှတ်တော်ကိုတင်ပြသွားမယ်လို့ ကော်မတီ ဥက္ကဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက ပြောပါတယ်။

"ဒီ သုံးလေးလအတွင်းတော့ ဥပဒေ ၄ ခုပေါ့ အဲ့ဒါကိုအရင်ပြင်မယ်၊ ကော်မတီအနေနဲ့ကတော့ ကျနော်တို့ လောလောဆယ် အဓိကတာဝန်ကတော့ အဲ့ဒီဥပဒေပြုရေးတာဝန်တော့ ရှိထားပြီးသား ဥပဒေတွေကို လက်ရှိအသုံးဝင် မဝင်ပေါ့နော်၊ နောက် အလုပ်သမားပြဿနာတွေ ဖြစ်နေတာတွေက ဥပဒေကြောင့်လား၊ လူကြောင့်လား၊ မူကြောင့်လားပေါ့၊ ကိုင်တွယ်တဲ့ လူတွေကြောင့်လား၊ ဥပဒေမှာပါဝင်တဲ့ အလုပ်ရှင် အလုပ်သမားတွေ HR မန်နေဂျာတွေ သူတို့ကြောင့်လား၊ အဲ့ဒီဟာတွေ ကျနော်တို့ သုံးသပ်နေပါတယ်"

အခုလိုပြင်ဆင်ဖို့အတွက် သူရဦးရွှေမန်းဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာ ဆန်း စစ်ရေးကော်မရှင်ကနေ လွှဲပေးလိုက်တာဖြစ်ပြီး အဲဒီဥပဒေလေးခုကိုတော့ လက်ရှိအချိန်မှာ မပြောနိုင် သေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် အလုပ်သမားရေး ဆောင်ရွက်သူတွေကတော့ ပြင်ဆင်မယ့် ဥပဒေတွေထဲမှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေစတဲ့ဥပဒေတွေ ပါဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

လက်ရှိမှာတော့ အလုပ်သမားအရေးနဲ့ပတ်သက်တဲ့ဥပဒေတွေအဖြစ် အနည်းဆုံးအခကြေးငွေဥပဒေ၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ လူမှုဖူလုံ ရေးဥပဒေ၊ အခကြေးငွေပေးချေရေးဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနဲ့ အလုပ်ဌာနများဥပဒေ၊ အလုပ် အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အစရှိတဲ့ ဥပဒေတွေကို ကျင့်သုံးနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



facebook လူမှုကွန်ယက်စာမျက်နှာများပါ စတီးပိုက်ကိုင်ဆောင်ထားသော ယာဉ်နောက်လိုက်နှင့် ပတ်သက်၍ စုံစမ်းအရေးယူ
ရန်ကုန်၊ ဇွန် ၁၂

၉.၆.၂၀၁၆ ရက်နေ့တွင် facebook လူမှုကွန်ယက် စာမျက်နှာများ၌ သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းမကြီးနှင့် သံသုမာလမ်းမီးပွိုင့်ထောင့်၌ အနောက်ပိုင်းခရိုင် ၁၀၇ ယာဉ်လိုင်းမှ ယာဉ် နောက်လိုက်တစ်ဦး စတီးပိုက်လုံးကိုင်၍ဆဲဆိုကာ လူမိုက်ဆန်ဆန်ရန်လိုနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်နိုင်ရန် တင်ပြရခြင်းဖြစ်ကြောင်း ဓါတ်ပုံမှတ်တမ်းများနှင့်တကွ သတင်းပေးရေးသားဖော်ပြခဲ့ကြသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းစိစစ်ဆောင်ရွက်ခဲ့ရာ ၎င်းအမျိုးသားမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အငယ်ကောင်(ခ) ဟိန်းထက်အောင်၊ (၁၉)နှစ်ဖြစ်ကြောင်း၊ ၎င်းအား စစ်ဆေးမေးမြန်းချက်အရ အခင်းဖြစ်နေ့ ၁၅၀၀ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းတွင် ယာဉ်နောက်လိုက်အဖြစ် ၎င်းလိုက်ပါသည့် ခရီးသည်တင်ယာဉ်နှင့် Alphard အမျိုးအစား မော်တော်ယာဉ်တို့ ယာဉ်ကြောလုမောင်းနှင်ကြရာမှ အပြန်အလှန်စကားများခဲ့ကြပြီးနောက် လိုင်စင်ရုံးမှတ်တိုင်၌ စတီးပိုက်ကိုင်၍ Alphard ယာဉ်အား စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ ပြုမူခဲ့သူ အငယ်ကောင်(ခ)ဟိန်းထက်အောင်အား သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၅၃၉/၂၀၁၆၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ-၃၀(က) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ( ၂၁ ) ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ( ၁ ) ညှိနှိုင်းအစည်းအဝေး (Hla Maung Shwe Facebook)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ( ၂၁ ) ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ( ၁ ) ညှိနှိုင်းအစည်းအဝေး (Hla Maung Shwe Facebook)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ် သဘောတူညီချက် လက်မှတ်ထိုးမထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ဒီလပိုင်းအတွင်းမှာ တွေ့ဆုံဖို့ အစီအစဉ် ရှိနေပါတယ်။မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တေအားလုံး ပါဝင်နိုင် မယ့်၂၁ ရာစုပင်လုံညီလာခံ ခေါ်ယူဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ပြင်ဆင်နေချိန်မှာပဲ အပစ်မရပ်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေတာပါ။ ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လ မှာ ကျင်းပဖို့ ရှိတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခေါ် ၂၁ ရာစုပင်လုံညီလာခံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။ ညီလာခံဖြစ်မြောက်ရေး မြန်မာ့တပ်မတော်ဘက်ကလည်း ပူးပေါင်းပါဝင်နေပါတယ်လို့ ဆိုပါတယ်။

၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီတွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲကိုပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၄ ရက်တာ ကျင်းပပြုလုပ်ခဲ့နိုင်ခဲ့ပြီး အစည်းအဝေးမှာ အဓိက ဘယ်အကြောင်းအရာတွေကို ဦးစားပေးဆွေးနွေးဖြစ်သလဲလို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ၂၁ရာစုပင်လုံ ညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေက အခုလိုဖြေပါတယ်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။ အဓိကတော့ ကျနော်တို့ Brain storm ပေါ့ ကျနော်တို့ စဉ်းစားချက်တွေ ညီလာခံအတွက်ကို frame work ကိုပြန်လည်သုံးသပ်တာ မူဘောင်ကိုပြန်လည်သုံးသပ်တဲ့အချိန်ကျရင် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကို ဒီ ၄ ရက်တာ ဆွေးနွေးကြတာပါ။ တပြိုင်နက်ထဲမှာလည်း ပြင်ဆင်ရေး ဆပ်ကော်မတီ ၂ အနေနဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားတွေ ကိုဖိတ်ကြားထားတယ်။ ဒါကြောင့်မို့လို့ သူတို့ကိုလည်း စောင့်ဖို့ကလိုတယ်။ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းအနေနဲ့ ဇွန်လ ၂၊၃၊၄ ရက်တွေမှာ ချင်းမိုင်မှာသွားရောက်တွေ့ဆုံခဲ့တဲ့ ခေါင်းဆောင်တွေကို review meeting တွေမှာပါဝင်နိုင်ဖို့နဲ့ ပြည်တွင်းမှာလာရောက်ဆွေးနွေးနိုင်ဖို့ ဒီနေ့ပဲ ဖိတ်ကြားစာ ထပ်ပို့လိုက်ပါတယ်။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဇူလိုင်လဆန်းမှာ နောက်တကြိမ်ပြန်ဆုံမယ့် ညှိနှိုင်းဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးစာချုပ်(NCA) လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအနေနဲ့ ပါဝင်နိုင်ဖို့ အလားအလာကရော ဘယ်လောက်ရှိပါသလဲရှင့်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။ ကျနော်တို့ ခန့်မှန်းတာတော့ အခုဒီနေ့ ဖိတ်စာပေါ့နော် နောက်တကြိမ်ပို့လိုက်ပြီ။ ပို့လိုက်တဲ့အတွက် တဖက်က ခေါင်းဆောင်ကြီးတွေအနေနဲ့လည်း ဒီလာထဲမှာလာနိုင်မယ်လို့မျှော်လင့်တာပေါ့။ အဲလိုလာပြီး ကျနော်တို့ကော်မတီတွေနဲ့လည်း ဆွေးနွေးနိုင်ဖို့မျှော်လင့်တယ်။ လက်မှတ်မထိုးရသေးတဲ့ခေါင်းဆောင်တွေတက်လာမယ်ဆိုရင်တော့ Frame work review မူဘောင်သုံးသပ်တဲ့ပွဲလိုမျိုးဟာလုပ်ချင်ပါတယ်။ သူတို့လည်း အဲဒီအချိန်မှာတော့ ပါဝင်နိုင်ဖို့မျှော်လင့်ထားတယ်။

မဆုမွန်။ ။ အခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) ဖြစ်မြောက်ရေး ဦးဆောင် ဖော်ဆောင်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်ထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ အစီအစဉ် ရှိပါသလားရှင်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။ ဒီနေ့ ဒေါက်တာတင်မျိုးဝင်းရဲ့ဖိတ်ကြားစာထဲမှာလည်း ဒီအချက်လည်း နောက်ထပ် အချက် ၁ ချက် အနေနဲ့ပါပါတယ်။

မဆုမွန်။ ။ အဲ့တော့ အန်ကယ်လ် တွေ့ဖို့ အစီအစဉ်ရှိတယ်ပေါ့နော် အန်ကယ်လ်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။ ဟုတ်ကဲ့ ဒါကတော့ အရင် ကျနော်တို့ ချင်းမိုင်သွားကတည်းကလည်း ဒီအလွတ်သဘောတွေ့ဆိုဆွေးနွေးမှုတွေမှာလည်း ဒါတွေဆွေးနွေးထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ အခု အစိုးရရဲ့ကော်မတီဘက်ကပဲ ထပ်ပြီးတော့ ဖိတ်စာကိုထပ်ပို့တာဖြစ်ပါတယ်။

မဆုမွန်။ ။ ၄ ရက်တာ ညှိနိုင်းပွဲ ဆွေးနွေးပွဲအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း တက်တယ်။ NCA ထိုးပြီးသားပေါ့နော်။ တပ်မတော်ဘက်ကလည်း တက်ရောက်ခဲ့တယ်ဆိုတော့ တပ်မတော်ရဲ့ပူးပေါင်းပါဝင်မှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေမှာ ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီးတော့ အားရကျေနပ်စရာရှိပါသလားရှင့်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။အများကြီး အားရကျေနပ်စရာ ကောင်းပါတယ်။ ၄ ရက်တာလုံးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) တို့ ဒီ ၄ ရက်တာလုံးမှာ တကယ့်ကိုပဲ ရင်းရင်းနှီးနှီးအပြန်အလှန်ဆွေးနွေးနိုင်တဲ့အတွက် ကျနော့်အနေနဲ့တော့ တော်တော်လေးအားရတယ်ဗျ။

မဆုမွန်။ ။ ဒီသီးခြားစီ တွေ့မယ့် တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သီးခြားစီတွေ့မယ့် အစီအစဉ်တွေကရော ဘယ်လိုများ ရှိပါလဲရှင့်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေ။ ။ ဆရာတင်မျိုးဝင်းတို့ ၊ ဆရာကြီးသိန်းဇော်တို့ ဦးဆောင်တဲ့အဖွဲ့လည်း ဒီ UWSP-UWSA တို့ မိုင်းလားအဖွဲ့တွေနဲ့လည်း လာမယ့် အပတ်ထဲမှာ တွေ့နိုင်ဖို့ ပြင်ဆင်နေတယ်ခင်ဗျ။ လာမယ့် အပတ်ထဲမှာ တွေ့ပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ နောက်ထပ်ကျန်တာကတော့ AA ၊ TNLA ၊ MNDAA ၃ ဖွဲ့နဲ့ ၊ နောက် နာဂဆိုတဲ့ အဲ၂ ခုပဲ နောက်အပတ်ထဲမှာ ကျန်ပါလိမ့်မယ်။ သူတို့ကိုလည်း ဒီ လမကုန်ခင်မှာ နည်းလမ်းရှာပြီးတော့ တွေ့ဆုံပြီး ဖိတ်ကြားဖို့တော့ရှိပါတယ်။ ဒါဆိုကော်မတီရဲ့ တွေ့ဆုံဖိတ်ကြားတဲ့အဆင့်ကတော့ ဒီလမကုန်ခင်မှာ ပြီးပြတ်သွားပါလိမ့်မယ်။ ဒုတိယအဆင့်ကတော့ ဒီဖိတ်ကြားပြီးသားလူတွေ ပါဝင်နိုင်မယ့်နည်းလမ်းတွေကို ကျနော်တို့ ၂ ဘက် ထက်ပြီးတော့ ရှာကြဖို့ပါပဲ။ ဒါတွေလည်း လာမယ့်လထဲမှာ လုပ်နိုင်မယ်လို့ယူဆပါတယ်။ ဒါဆိုရင် သြဂုတ်လထဲမှာ ညီလာခံကျင်းပနိုင်မယ်လို့ အများကြီးယူဆနိုင်ပါတယ်။

မဆုမွန်။ ။ အဲ့တော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အားလုံးပါဝင်နိုင်မယ့် ၂၁ရာစုပင်လုံညီလာခံဖြစ်ဖို့ အလားအလာက ဘယ်လိုများရှိပါသလဲး။ ဘယ်တော့လောက်များ ကျင်းပနိုင်ပါမလဲရှင့်။

၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ။ ။ကျနော် နားလည်တာကတော့ အခုထိ ကျနော်တို့ဖိတ်ကြားမှုတွေ ဆွေးနွေးမှုတွေ ကတော့ ကောင်းနေပါတယ်။ ဒီအတိုင်းတာ ဆက်ပြီးသွားနေမယ်ဆိုရင် ဒီညီလာခံမှာ အဖွဲ့တော်တော်များများတိုးပြီးတော့ ပါဝင်နိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ ညီလာခံကိုတော့ သြဂုတ်လထဲမှာ ကျင်းပနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ ညီလာခံ စောပြီးကျင်းပနိုင်လေလေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ယုံကြည်မှုရလေလေ၊ ငြိမ်းချမ်းရေးရရင်တော့ ၁ ရက်ပဲ စောရရင်လည်း တရက်အကျိုးရှိတာမျိုးပြောထားတဲ့အတွက် သြဂုတ်လထဲမှာတော့ လုပ်ကိုလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အန်ကယ်လ်ဦးလှမောင်ရွှေရှင့်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးလှမောင်ရွှေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

မဆုမွန်
VOA Burmese News

ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ ဇွန် ၁၂ ။ ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီလူမင်းက ရာထူးမှ နှုတ်ထွက်ရန် ထွက်စာတင်မှုကို ရုပ်ရှင်အစည်းအရုံး နာယကကြီးများ နှင့် ဦးစီးအမှုဆောင်များက လုံးဝခွင့်မပြုကြောင်း ဇွန် ၁၂ရက် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

အကယ်ဒမီလူမင်း၏ နုတ်ထွက်စာတင်မှုကို ခွင့်မပြုနိုင်သေးသည့်အပြင် သင့်တော်သော အချိန်ကာလ တစ်ခုမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်တင်မြှောက်ပွဲကို ကျင်းပပြီးစီးချိန် အထိ ဆက်လက် တာဝန်ထမ်းဆောင်ပေးရန် အများသဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်မတိုင်ခင် အကယ်ဒမီလူမင်းက ၎င်း နှုတ်ထွက်စာတင်ရသည့်အကြောင်းရင်းကို “လက်ရှိအချိန်တွင် ရုပ်ရှင်ရိုက်ကူးရေးများ လစဉ်ဆက်တိုက်ဆိုသလို နယ်ထွက်ရိုက်ကူးရန် အကြောင်းများဖန်လာ၍ ဥက္ကဋ္ဌ တယောက်၏တာဝန်ကို ထမ်းဆောင်ရန် လုံလောက်သောအချိန် ပေးနိုင်ခြင်းမရှိပါ၍ ကျွန်တော့်ကြောင့်ရုပ်ရှင်လောကအတွက် နှောင့်နှေးကြန့်ကြာမှုများ၊ နစ်နာဆုံးရှံးမှုများ မရှိစေရန် နှုတ်ထွက်ခွင့်တင်ရခြင်းဖြစ်ပါတယ်”ဟု ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

လူမင်းသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၃ ခုနှစ် ဇွန်လမှ ယခုအချိန်ထိ သုံးနှစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဇွန် ၁၂ရက် အစည်းအဝေး ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ အကယ်ဒမီလူမင်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ အထွေအထူး ဖြေကြားခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ(၁) ဦးအေးကြူလေးကို မဇ္ဈိမက အစည်းအဝေးဆုံးဖြတ်ချက် နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ မေးမြန်းရာတွင်မူ အကယ်ဒမီလူမင်းသည် နယ်ရိုက်ကွင်း များလာပြီး အနုပညာလုပ်ငန်းကို ဇောက်ချလုပ်ကိုင်လိုသဖြင့် နှုတ်ထွက်စာတင်ခြင်းဖြစ်ကြောင်း၊ သို့သော် အသေးစိတ်ကို ၎င်းတို့ဘက်က ပြောဆိုခွင့်မရှိသေးကြောင်းသာ ဖြေကြားခဲ့သည်။

ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့သစ်ကို ၂၀၁၂ ခုနှစ်မတ်လတွင် ရွေးကောက်ပြီးနောက် ဧပြီလအတွင်း လုပ်ငန်းတာဝန်များ စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မူလက ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းက ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဥက္ကဋ္ဌဦးဇင်ဝိုင်း၏ ကျန်းမာရေး အခြေအနေအရ ဒုတိယဥက္ကဋ္ဌ (၁)ဖြစ်သည့် သရုပ်ဆောင်အကယ်ဒမီလူမင်းက ဥက္ကဋ္ဌအဖြစ် လွှဲပြောင်းတာဝန်ယူခဲ့သည်။

ထက်ထက်နိုင်
Mizzima - News in Burmese


ဇွန် ၁၂ / DNJ

ဇွန်လ ၁၁ တစ်ရက်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ၌ ကျေးရွာအတွင်းသို့ သေနတ်ကျည်ဆံများ ကျရောက်မှုကြောင့် ဒေသခံများမှာ အထူးစိုးရိမ်နေကြပြီး တစ်ချို့ဒေသခံများမှာ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြကြောင်း ဒေသခံများထံမှ သိရသည်။


အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့၌ သေနတ်ကျည်ထိမှန်ခဲ့သဖြင့် ကျေးရွာအတွင်းနေထိုင်သူများမှာ ကြောက်လန့်နေပြီး လယ်မြေများ ထွန်ယက်နိုင်ရန် အဆင်မပြေသည့်အတွက် ပိုမိုဒုက္ခရောက်နေကြ ကြောင်းလည်း သိရသည်။

“ အလုပ်အကိုင်ကလဲ လယ်ထွန်မဲ့ အချိန်ကိုရောက်နေပြီ သူတို့တွေက အပြင်ကိုမထွက်ရဘူး။ မနေ့ကဆိုရင် ရဲကခေါ်လို့ ကျွန်တော်နဲ့ အုပ်ချုပ်ရေးမှူးတို့ သွားကြတယ်။ သူတို့ကရွာမှာဖြစ်နိုင်တယ်။
ရွာကလူတွေလုပ်ပေးရ မယ်ဆိုပြီးတော့ပြောတယ်။ ရွာမှာရှိတယ်လို့ သူတို့ကဝေဖန်တယ်။ ကျွန်တော်တို့ကတော့ ရွာမှာအဲဒီလိုမျိုးမရှိဘူးလို့ ပြောခဲ့တယ်။”ဟု နွားရုံတောင်ကျေးရွမှ ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်သန်းစိန် ကပြောသည်။

ယင်းအပြင် ဇွန်လ ၁၁ ရက်နေ့ပိုင်းမှ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ကျေးရွာအတွင်းသို့ ပစ်ခတ်မှုများရှိသဖြင့် ကျေးရွာအတွင်း နေထိုင် ကြသူများမှာ စိုးရိမ်စိတ်များကြောင့် ကျေးရွာအတွင်းမှ ထွက်ပြေးနေထိုင်သူများရှိကြောင်းလည်း ဒေသခံများကဆိုသည်။

“မနေ့က ဥည့် ၉ နာရီကျော်မှာ တစ်ခါပစ်တယ်။ နောက် ၁၂ ကျော်မှာ တစ်ခါပစ်တယ်။ နောက် ၁ နာရီကျော်အချိန်မှာ တစ်ခါပစ်တယ်။ ရွာထဲမှာကျေမှန်တဲ့ အိမ်တွေတောင်ရှိတယ်။ ဒါကြောင့် ညနေဘက်ဆိုရင် ရွာသားတွေကမနေရဲကြဘူး။ နေလည်ဖက်ဆိုရင်နည်းနည်းသက်သာတယ်။”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုတိုက်စစ်ကပြောသည်။

လက်ရှိအချိန်တွင် ကျေးရွာတွင်းသို့ ပစ်ခတ်မှုများရှိခဲ့သဖြင့် ကျေးရွာတွင်းနေထိုင်သူများအား တစ်စုံတစ်ရာထိခိုက်မှုမရှိသော်လည်း ဒေသခံများမှာ ကြောက်လန့်စိတ်များဖြစ်ပေါ်နေပြီး ရှေ့ဆက်ပစ်ခတ်မှုများရှိလာမည်ကို အထူးစိုးရိမ်ကြကြောင်းလည်း နွားရုံတောင်ကျေးရွာမှ ဒေသခံများကပြောသည်။

ဓါတ်ပုံ- ကျေဆံထိမှန်ခဲ့သည့် နေအိမ်များအားတွေ့ရစဉ်

Development Media Group
https://www.facebook.com/DevelopmentNJ



ဘူးသီးတောင်မြို့နယ် ထဲက ကျေးရွာ တချို့မှာလည်း အစိုးရ စစ်တပ်က ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ရွာပြင် မထွက်ဖို့ အမိန့် ထုတ်ထား။
ရခိုင်ပြည်နယ် အတွင်း အစိုးရ စစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် အေအေတပ် အကြား ဖြစ်ပေါ် ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လယ်ဧက ထောင်ချီပြီး မစိုက်ပျိုးနိုင် ဖြစ်နေရတယ် ဆိုပြီး ဒေသခံ လယ်သမား တွေက ပြောပါတယ်။

စစ်ဘေး ဒုက္ခသည် လယ်သမားတွေ မိမိတို့ရဲ့ နေရပ်ရင်း မပြန် နိုင်သေးလို့ လယ် မစိုက် နိုင်တာ ဖြစ်သလို၊ ကိုယ့်ရွာ မှာ ကိုယ် နေရင်းသား ရွာပြင် ခပ်လှမ်းလှမ်းက လယ်တွေ ဆီ လုံခြုံရေး အခြေအနေ ကြောင့် ထွက်ပြီး အလုပ် မဝံ့ ကြလို့ အခုလို စိုက်ပျိုး မြေ လယ် ဧက ထောင်ချီ ပြီး အလဟဿ ဖြစ်နေ ကြရတယ်လို့ ဆိုပါတယ်။

မကြာခင် ကပဲ တိုက်ပွဲ ဖြစ်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ် ထဲက ကျေးရွာ တချို့မှာလည်း အစိုးရ စစ်တပ်က ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ရွာပြင် မထွက်ဖို့ အမိန့် ထုတ်ထားတယ် ဆိုပြီး ကျေးရွာ လူကြီး တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ နေရာ အနီးက ကျေးရွာတွေမှာ အစိုးရ စစ်ကြောင်းတွေ ထိုးနေတဲ့ အတွက် ရွာပြင် ၄-၅ မိုင် လှမ်းတဲ့ လယ်တွေကို ထွန်ယက် စိုက်ပျိုးဖို့ မဖြစ်နိုင် သလို၊ ရွာခံ လယ်သမား တွေ အနေနဲ့ တောတောင်တွေ တက်ပြီး လယ်ထွန် အပ်ကိုင်း ခုတ်တာတွေ ၊ လယ်တဲဆောက်ဖို့ ဝါးတွေ သစ်တွေ ခုတ်တာမျိုးတွေ မပြုလုပ်နိုင်ဘဲ ဖြစ်နေ ကြရတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကို ဒီကနေ့နံနက်ပိုင်းက ဆက်လက်ကစားခဲ့ရာ အိမ်ရှင်အမေရိကန်အသင်းက ပါရာဂွေးကိုအနိုင်ရလို့ ကွတားဖိုင်နယ်အဆင့်ကို ကိုလံဘီယာနဲ့အတူတက် လာနိုင်ခဲ့ပါတယ်။ အမေရိကန်အသင်း ဟာ ပါရာဂွေးကို တစ်ယောက်လျော့နဲ့ ဒုတိယပိုင်းတစ်ပိုင်းလုံးနီးပါးကစားခဲ့ရပြီးမှာ ခက်ခက်ခဲခဲအနိုင်ရခဲ့တာပါ။ အမေရိကန်အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပထမပိုင်း၂၇မိနစ်မှာ ၀ါရင့်တိုက်စစ်မှူး ဒမ်ဆေးလ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်း ၁မိနစ်ကျော်အတွင်းမှာအ၀ါကတ် ၂ကြိမ်ထိခဲ့တဲ့ ဆန်းဒါးလန်း နောက်ခံလူ ယဒလင်ကြောင့် အမေရိကန်တို့တစ်ယောက်လျော့နဲ့ကစားခဲ့ပြီး အနိုင်ဂိုးကို ပွဲပြီးတဲ့အထိထိန်းသွားခဲ့ပါတယ်။


တစ်ခြားပွဲမှာ ကိုလံဘီယာအသင်းက ကော်စတတာရီကာကို ၃ဂိုး-၂ဂိုးနဲ့ရှုံးခဲ့ပါ တယ်။နောက်တစ်ဆင့်တက်ပြီးသားဖြစ်တဲ့ ကိုလံဘီယာကို ကော်စတာရီကာက အကောင်းဆုံးတုံ့ပြန်ကစားခဲ့ပြီး ဗာနီဂတ်စ်၊ ဆယ်လို ဘာဂတ်စ်တို့ရဲ့ ဂိုးတွေ၊ နောက် ကိုဘံ ဘီယာဖက်က ဖရန့်ဖာဘရာရဲ့ကိုယ့်ဂိုး ကိုယ်သွင်းခဲ့မှုတွေကြောင့် ၃ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာ အတွက်တော့ ဖရန့်ဖာဘရာနဲ့ မိုရီနိုတို့က သွင်းပေးခဲ့တာဖြစ်ပြီး ကော်စတာရီ ကာက ၃ဂိုး-၂ဂိုးနဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အိမ်ရှင် အမေရိကန် အသင်းက အုပ်စုပထမရခဲ့ပြီး ကိုလံဘီယာက ဒုတိယဖြစ်သွားခဲ့ပါတယ်။

မနေ့က ကစားခဲ့တဲ့အုပ်စု ( D)ပွဲတွေမှာတော့ ချီလီက ဘိုလစ်ဗီးယားကို ၂ဂိုး-၁ဂိုး နဲ့နိုင်ပါတယ်။ ချီလီအတွက် ဗီဒါးလ်က ၂ဂိုးသွင်းခဲ့ပြီး ဘိုလစ်ဗီးယား အတွက် ကမ်ပို့စ်ကတစ်ဂိုးသွင်းခဲ့ပါတယ်။ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အာဂျင် တီးနားကလည်း ပနားမားကို ၅ဂိုး ပြတ်နဲ့နိုင်ပါတယ်။ ပထမပိုင်းမှာ အော်တာမန်ဒီရဲ့ တစ်လုံးတည်းသောဂိုးနဲ့အာဂျင်တီးနား ဦးဆောင်ခဲ့ပေမယ့် ပနားမားက ချေပဂိုးရလုနီးပါအထိဖြစ်ခဲ့ပါတယ်။ နောက် ၆၁မိနစ်မှာ အဂတ်စတိုဖာနန်ဒက်ဇ်အစားလူစားဝင်လာတဲ့ အသင်းခေါင်းဆောင်မက်ဆီက ၁၉မိနစ်အတွင်းမှာ ဟက်ထရစ်ဂိုးသွင်းယူခဲ့ပါတယ်။ ၆၈မိနစ်၊ ၇၈မိနစ်နဲ့ ၈၇မိနစ်တို့မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ ဒုတိယဂိုးဟာ ဖရီးကစ် ကနေ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါဟာ မက်ဆီအတွက် ၂၀၁၆ခုနှစ် အတွင်း ကလပ်အသင်းနဲ့ နိုင်ငံအသင်းတွေမှာ ၃၂ဂိုးမြောက်သွင်းယူပေးခဲ့ တာဖြစ်ပြီး ၄ကြိမ်မြောက် ဟက်ထရစ်ရခဲ့တာလည်းဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ မက်ဆီပေးတာကနေ အဂွဲရိုးကနောက်တစ်ဂိုးသွင်းလို့ အာဂျင်တီးနား ၅ဂိုးပြတ်နဲ့ ပနားမားကိုနိုင်ခဲ့ပါတယ်။

*အုပ်စု (A)
အမေရိကန် ၁-၀ ပါရဂွေး
ကိုလံဘီယာ ၂-၃ ကော်စတာရီကာ

*အုပ်စု (B)
ချီလီ ၂-၁ ဘိုလစ်ဗီးယား
အာဂျင်တီးနား ၅-၀ ပနားမား

“ကွာတားဖိုင်နယ်တက်တဲ့အသင်းများ”
အုပ်စု (A) - အမေရိကန် (ပ)၊ ကိုလံဘီယာ (ဒု)
အုပ်စု (C) - မက္ကဆီကို ၊ ဗင်နီဇွဲလား
အုပ်စု (D) - အာဂျင်တီးနား

BBC Burmese
https://www.facebook.com/bbcburmese



မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစနစ်ကို ပြောင်းလဲသင့်ပြီလို့ အမေရိကန်ပြည်ထောင်စု Harvard တက္ကသိုလ်ကျောင်းဆင်း မြန်မာသုတေသီ တဦးက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ - ကလေးတိုင်း အခြေခံပညာ သင်ကြားခွင့်ရရှိစေဖို့အတွက်ကိုလည်း အစိုးရအနေနဲ့ ပညာရေး အသုံးစရိတ်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး ဆင်းရဲသားကလေးငယ်တွေ နိုင်ငံတကာအဆင့် ပညာရေးသင်ကြား နိုင်ဖို့ ကျောင်းတည်ထောင်နေသူ မလှလှဝင်းကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတ၀ှမ်း တက္ကသိုလ်ဝင် ၁၀ တန်းအောင်စာရင်းတွေ စနေနေ့ကပဲ ထွက်ခဲ့တာပါ။ ဒီအချိန်ဟာ ဖြေဆိုသူ ကျောင်းသူကျောင်းသားတွေရော၊ မိဘတွေအတွက်ပါ ရင်ခုန်စိတ်အလှုပ်ရှားဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။ အစိုးရ ပြန်ကြားရေးဌာနက ထုတ်ပြန်တဲ့ သတင်းမှာတော့ - ၂၀၁၆ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးနှင့် နိုင်ငံခြားစာစစ်ဌာနတွေမှာ ဖြေဆိုသူဦးရေဟာ ၆ သိန်း ၃ သောင်း ၆၂၃၇ ဦးရှိခဲ့ပြီး၊ ၁ သိန်း ၉ သောင်းကျော် အောင်မြင်ခဲ့တာကြောင့် အောင်ချက်ရာခိုင်နှုန်း (၂၉ ဒဿမ ၉၂) ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီစာရင်းအရ ၁၀ တန်းမအောင်တဲ့ ကလေးအရေအတွက်က ၄ သိန်းကျော်လောက် ရှိနေတာပါ။ ဒါဟာ မြန်မာပြည်ရဲ့ အားနည်းတဲ့ ပညာရေးစနစ်ကို ပြသနေတာဖြစ်ပြီး၊ ဒီအောင်စာရင်းကြောင့် လူတယောက်ရဲ့ဘ၀ကို အများကြီး အဆုံးအဖြတ်ပေးနိုင်တဲ့ စနစ်မျိုးကို ပြင်ဆင်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စု Harvard တက္ကသိုလ်ကျောင်းဆင်းလည်းဖြစ်၊ ဆင်းရဲသားကလေးငယ်တွေ နိုင်ငံတကာအဆင့် ပညာရေးသင်ကြား နိုင်ဖို့ ကျောင်းတည်ထောင်နေသူ မလှလှဝင်း က ထောက်ပြခဲ့တာပါ။

“ကျနော်တို့ဆီမှာ အဲဒီစနစ်ကြီးက လွဲနေတာ။ ၁ ဘာသာကျယုံနဲ့ အကုန်ကျသွားတဲ့ စနစ်ကြီးပေါ့နော်။ အဲဒါကိုပဲ မိဘတွေမှာလည်း ရင်းလိုက်ရတာ အများကြီး၊ ကျောင်းသားတွေမှာလည်း ရင်းလိုက်ရတာ။ မိဘတွေကတော့ သူတို့ရင်းလိုက်ရတာ ပိုက်ဆံပဲပေါ့နော်။ ကျောင်းသားတွေမှာကျတော့ - တက်လူငယ်အချိန်လေ။ လူငယ်ဆိုတာ ဘ၀မှာ အရမ်းကို မျှော်လင့်ချက်တွေနဲ့ တက်နေတဲ့အချိန်မှာ ရိုက်ချိုးခံလိုက်ရတာရော၊ လူကြီးတွေကလည်း သူတို့အပေါ်မှာ ယုံကြည်မှုပျက်စီးသွားတာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းအရမ်းကို ဆိုးယုတ်သွားပါတယ်။ တကယ်လို့ ဒီပေတံတလွဲကြီးနဲ့ တိုင်းတာတဲ့ အခါမှာ ထပ်လွဲသွားတာမျိုးပေါ့နော်။ တချက်လွဲသွားတာနဲ့ လူငယ်တွေဘ၀မှာ တော်တော်လေး ထိခိုက်ရတာ။ ကျမကတော့ စာမေးပွဲကျတဲ့ ဒီစနစ်ကြီးကို ပြန်ပြီးတော့ မေးခွန်းထုတ်ချင်တယ်။ နိုင်ငံတကာမှာဆိုရင် အထူးသဖြင့်ပေါ့နော် ပညာရေးနဲ့ပတ်သက်လို့ အကောင်းဆုံးလို့ပြောနေတဲ့ ဖင်လန်နိုင်ငံမှာဆိုရင် စာမေးပွဲလည်းမရှိဘူး။ အိမ်စာလည်း မပေးဘူး။ ဒါပေမဲ့ လူငယ်တွေ အတွေးအခေါ်တတ်အောင် သင်ပေးတာ အဓိကပဲ။ သူတို့က ဘယ်လို တွေးခေါ်တတ်ရမယ်ဆိုတာပဲ သင်ပေးတာ။ ပြဿနာတွေ ဖြေရှင်းတတ်အောင်၊ တွေးခေါ်တတ်အောင်၊ သူ့ခြေထောက်ပေါ် သူ ရပ်တည်တတ်အောင် ဒါပဲ အဓိက သင်ပေးတယ်။ အဲတော့ မြန်မာပြည်က ဒီပေတံကြီးကို အရမ်းကြီး အလေးမထားကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ဒီပေတံကြီးလည်း လွဲနေပါတယ်။ လွဲနေတဲ့ ပေတံကြီးကိုလည်း ပြင်ကြပါဦး။ နောက်တခုက မိဘတွေရော၊ ကျောင်းသားတွေပါ ဒီပေတံအလွဲကြီးကို သိပ်ပြီး အာရုံမထားကြဖို့ပေါ့နော်။”

တချိန်တည်းမှာပဲ - မြန်မာနိုင်ငံမှာ ပညာမသင်နိုင်တဲ့ ကလေးတွေ အများကြီးရှိနေတယ်လို့ မလှလှဝင်း က ဆိုပါတယ်။ ကမ္ဘာတ၀ှမ်း ကမ္ဘာတ၀ှမ်း ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက် သန်း ၁၂၀ ကျော်ရှိပြီး၊ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ - လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု အပါအ၀င် ခွဲခြား ဆက်ဆံမှု၊ စရိတ်မြင့်မားမှု၊ မတရား ဆက်ဆံမှုနဲ့ အကြမ်းဖက်မှုကြောင့်လို့ - အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW ကနေ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ “ပညာရေးလိုအပ်ချက်” လို့ အမည်ပေး ထားတဲ့ စာမျက်နှာ ၈၅ မျက်နှာပါ အစီရင်ခံစာထဲမှာ - ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာကတော့ ဆင်းရဲပြီး ကျောင်းစရိတ် မတတ်နိုင်တာဟာ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ မလှလှဝင်း က ဆိုပါတယ်။

“မြန်မာနိုင်ငံမှာကတော့ ပညာမသင်နိုင်တဲ့ ကလေးတွေကတော့ ပိုက်ဆံမတတ်နိုင်ကြလို့ပါ။ များသောအားဖြင့်က ပိုက်ဆံမတတ်နိုင်လို့ အလုပ်ကို စောစောစီးစီး ၀င်လုပ်ရတဲ့ ဘ၀မျိုးပေါ့နော်။ ရန်ကုန်မြို့-မန္တလေးမြို့တွေမှာ အိမ်တွေတိုင်းလိုလို ရှိပါတယ်။ သူတို့ အိမ်မှာလာကူတဲ့ အိမ်အကူလေးတွေ ပေါ့။ သူတို့ဆိုရင် ပညာကို လေးတန်းလောက်ပြီးတော့ မိဘက မတတ်နိုင်တော့ဘူး။ နောက် ကလေးတွေကလည်း အများကြီး ထပ်ထွက်လာတယ်ဆို တော့ လူကြီးတွေရဲ့တာဝန်ကို တပိုင်းတစ ၀င်ကူရတဲ့အခါမှာ ရွာမှာအလုပ်လုပ်ရင် ဘယ်လောက်ရမလဲ။ မြို့မှာသွားပြီး အိမ်အကူလုပ်ရင် ဘယ်လောက်ရမလဲ တွက်ပြီးတော့ မိဘတွေက လွှတ်လိုက်တာမျိုးတွေ ရှိပါတယ်။ ယောကျာ်းလေးတွေကျတော့ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးတဲ့ ဘ၀တွေ။ အဲ့လိုမျိုးတွေပေါ့ အများကြီးရောက်သွားတယ်။ ခွဲခြားဆက်ဆံလို့ ပညာမသင်ရဘူးဆိုတာထက် အဓိက ပိုက်ဆံမတတ်နိုင်လို့ပေါ့။ တချို့နယ်တွေမှာက ကျောင်းတက်ဖို့ဆိုတာ ပိုက်ဆံတခုတည်းမဟုတ်ဘူး။ ၃၊ ၄ မိုင်လောက် လမ်းလျှောက်ပြီး သွားတက်ရတဲ့ဟာမျိုးဆိုတော့ လမ်းပေါ်မှာတင် အချိန်က ၃၊ ၄ နာရီလောက်ကြာနေပြီ။ အဲလိုမျိုးတွေကျတော့ မိသားစုတွေက နင် ကြီးလာရင်လည်း ဘာမှဖြစ်မှာမဟုတ်ဘူး။ သူတို့အတွက် မျှော်လင့်ချက်က သိပ်မရှိတော့ အလုပ်ထဲပဲ စောစောစီးစီး ၀င်သွားကြတယ်။”


ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက်ကတော့ အစိုးရအနေနဲ့ ပညာရေးအသုံးစရိတ်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ မလှလှဝင်း က ထောက်ပြခဲ့တာပါ။

“ကျမတို့လက်ရှိက ၁.၃၅ ရာခိုင်နှုန်း GDP ရဲ့ အဲ့လောက်ပဲ သုံးနိုင်သေးတယ်။ ကိုရီးယားတို့ စင်္ကာပူတို့ဆိုရင် ပညာရေးကို လုံးဝ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ၁၅%၊ ၂၀%၊ ၂၅% အဲ့လိုမျိုး သုံးသွားကြတယ်လေ။ ကျမတို့က အဲဒါနဲ့ယှဉ်လိုက်ရင် အရမ်းကို ရီစရာကောင်းပါတယ်။ အနည်းဆုံးတော့ ဒီအစိုးရလက်ထက်မှာ တကယ်လည်း လုပ်နိုင်ပါတယ်။ ၅% လောက် သုံးနိုင်မယ်ဆိုရင်ပဲ ပိုက်ဆံမရှိလို့ ကျောင်းမတက်နိုင်တဲ့ ဘ၀လေးတွေ တော်တော် လွတ်မြောက်သွားပါလိမ့်မယ်။”

HRW အဖွဲ့ရဲ့ ကလေးအခွင့်အရေးဆိုင်ရာ သုတေသီ အယ်လန် မာတင်နဇ် (Elin Martinez) ကတော့ - ကလေးအခွင့်အရေးဆိုင်ရာ ပဋိဥာဉ်စာချုပ်နဲ့ တခြား နိုင်ငံတကာ သဘောတူညီချက်တွေကို အစိုးရတွေအားလုံးက လက်မှတ်ထိုးထားကြပေမဲ့လည်း ကျောင်းစရိတ်မတတ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရဆဲဖြစ်ပြီး၊ ဒါတွေကို အခြေခံအဆင့်မှာကတည်းက ဖယ်ရှားပစ်ကြရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အခုလို ပညာရေးကဏ္ဍမှာ ကြုံနေရတဲ့ ပြဿနာတွေကိုတော့ ဇွန်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နော်ဝေနိုင်ငံမှာ ကျင်းပမယ့် ပညာရေးဆိုင်ရာ ကမ္ဘာ့ပူးပေါင်း ဆောင်ရွက်ရေး ညီလာခံမှာ ထည့်သွင်း ဆွေးနွေးကြဖို့လည်း ရှိပါတယ်ရှင်။



 (၂၀၁၀) ခုနှစ်ကနေ စလို့ (၆)နှစ်ကာလတွေ နဲ့ နှိုင်းစာရင် ဒီနှစ် က အောင်ချက် အနည်းဆုံးနှစ်
၂၀၁၆ ခုနှစ် တစ်နိုင်ငံလုံးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ဒီကနေ့ ထုတ်ပြန်ရာမှာတော့ တနိုင်ငံလုံး အောင်ချက် ရာခိုင်နှုန်း ဟာ ၂၉.၉၂ရာခိုင်နှုန်း ရှိတယ်လို့ မြန်မာနိုင်ငံ စာစစစ်အဖွဲ့ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီရလဒ်ဟာ ပြီးခဲ့တဲ့ (၂၀၁၀) ခုနှစ်ကနေ စလို့ (၆)နှစ်ကာလတွေ နဲ့ နှိုင်းစာရင် ဒီနှစ် က အောင်ချက် အနည်းဆုံးနှစ် ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ (၂၀၁၆) ခုနှစ်မှာ တနိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ (၆)သိန်း (၃) သောင်းကျော် ရှိပြီး အောင်မြင်သူဦးရေ (၁) သိန်း (၉) သောင်းကျော်ပဲ ရှိပါတယ်။

အောင်ချက် ရာခိုင်နှုန်း ကို တွက်ချက်ရင်လည်း ပြီးခဲ့တဲ့ (၆)နှစ်တာ ကာလအတွင်း တပြည်လုံး အောင်ချက် (၃၀)ရာခိုင်နှုန်း အထက်မှာ ရှိနေပြီး ဒီနှစ်အောင်ချက် ကတော့ ၂၉.၉၂ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုပြီး ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောင်ချက် ရာခိုင်နှုန်း ကျဆင်းရတာနဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက အောင်တဲ့ ကျောင်းသားတွေရဲ့ အရည်အချင်း ကိုပဲ ကြည့်တဲ့ အဓိက အတွက် အောင်ချက် ရာခိုင်နှုန်း နည်းရတာ ဖြစ်တယ်လို့ ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း တစ်ခု တည်းကိုပဲ အရည်အချင်း မြင့်အောင် လုပ်လို့ မရပဲ အခြေခံ အဆင့်မှာပါ အရည်အချင်း တိုးတက် အောင် လုပ်ရမယ်လို့လည်း ပြောပါတယ်။

ကျောင်းသား ကျောင်းသူတွေရဲ့ အရည်အချင်းပိုင်းကို အောက်ခြေအဆင့်ကနေ မြှင့်တင်ဖို့ လုပ်နေတယ်လို့ ပညာရေး ဌာန အမြဲတန်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောပေမယ့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ရက်က ဒေါက်တာ သိန်းလွင်ကတော့ ပညာရေး စနစ်ကို မပြင်ဘူး ဆိုရင် ကျောင်းသားတွေရဲ့ အရည်အချင်း ကို ပြည့်မီအောင် လုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ကျောင်းသား တွေရဲ့ စွမ်းရည် တက်လာဖို့က ကျောင်းသားတွေ အပြင်မှာ လက်တွေ့ အသုံးချ နိုင်တဲ့ ပညာရပ်ကို သင်ပေးရမှာ ဖြစ်ပြီးတော့ အလွတ်ကျက် ပြီး စစ်ဆေး မေးမြန်း တဲ့ စနစ်ကို ပြုပြင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းမှာတော့ အောင်ချက် အများဆုံး ကတော့ မွန်ပြည်နယ် ဖြစ်ပြီး ရန်ကုန်တိုင်းကတော့ ဒုတိယ အောင်ချက် အများဆုံး ဖြစ်ပါတယ်။

အောင်ချက်အနည်းဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး မနှစ်က အောင်ချက် ရာခိုင်နှုန်း အများဆုံးဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်းကတော့ ဒီနှစ်မှာ အောင်ချက် ရာခိုင်နှုန်း ဒုတိယ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese/


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနည်းစုတွေနဲ့ ဘာသာရေးအစွဲကင်းတဲ့ တက်ကြွလှုပ်ရှားသူတွေ ဆက်တိုက် အသတ်ခံရမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံတ၀ှမ်း နှိမ်နင်းမှု တစိတ်တပိုင်းအနေနဲ့ စနေနေ့က ဂျီဟဒ်ဝါဒီ အစွန်းရောက်သမားအဖြစ် သံသယရှိသူ ၃၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

မူဆလင်ဦးရေ အများစုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတ၀ှမ်း စစ်သွေးကြွနှိမ်နင်းတဲ့ အစီအစဉ်တွေကို သောကြာနေ့က စတင်ခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခဲ့တဲ့ မသင်္ကာသူ အစွန်းရောက် ၂၅၀၀ ကျော်အထိ ရှိသွားပြီလို့လည်း ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဆိုပါတယ်။

ဒါ့အပြင် သေနတ် ၁ လက်၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း အာဏာပိုင်တွေက သိမ်းဆည်းမိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိတဦးက ပြောဆိုခဲ့တာပါ။

လူသတ်တရားခံ တဦးချင်းကို မိအောင် ဖမ်းဆီးသွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာ က ကတိပေးထားတဲ့ အချိန်မှာပဲ ရဲတွေဘက်က နှိမ်နင်းမှုတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်လတွေအတွင်း - အစွန်းရောက်အုပ်စုတွေရဲ့ သတ်ဖြတ်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့တော်မှာသာမက နိုင်ငံမြောက်ပိုင်းနဲ့ ကမ်းရိုးတန်းတောင်ဘက်ပိုင်းတွေက ဝေးလံတဲ့ အရပ်ဒေသတွေအထိ ဖြစ်ပွားခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



အားကစား ဆိုတာ ရန်လို တိုက်ခိုက် ကြဖို့ မဟုတ်ဘူး ဆိုပြီး UEFA က ရှုတ်ချ။
ပြင်သစ် နိုင်ငံ မာဆေးမြို့မှာ ဇွန်လ ၁၁ ရက် စနေ ညနေခင်း ကစားကြတဲ့ အင်္ဂလန် နဲ့ ရုရှား အသင်းတို့ရဲ့ ယူရို ၂၀၁၆ ဘောလုံးပွဲ မစခင် နဲ့ ပွဲ အပြီးမှာပါ နှစ်ဘက် ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွား ခဲ့ကြပါတယ်။

မာဆေးမြို့ ဆိပ်ကမ်းဟောင်း ရပ်ကွက်နဲ့ ဘောလုံးကွင်းအနီး နေရာတွေမှာ ပွဲ မစခင် အုပ်စုလိုက် အုပ်စုလိုက် ရန်ပွဲတွေ ဖြစ်ပေါ် ခဲ့ကြတဲ့ အတွက် ပြင်သစ်ရဲတွေက မျက်ရည်ယို ဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီး လူစု ခွဲခဲ့ ရပါတယ်။

လမ်းပေါ် လဲကျ နေသူ အကန် ခံရတာမျိုး၊ ခေါင်းကို ခုံနဲ့ အရိုက် ခံရတာမျိုးတွေ မျက်မြင် ကြုံခဲ့ရတယ်လို့ မာဆေး မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

အဲဒီ ရန်ပွဲတွေ အတွင်း အနည်းဆုံး လူ ၁၃ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့ပြီး၊ အဲဒီထဲက ၂ ယောက်ကတော့ ဆေးရုံပေါ်မှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။

ပြင်သစ်ရဲတွေက လူအုပ်တွေကို ဖြိုခွဲခဲ့ သလို စုစုပေါင်း လူ ၆ ယောက်ကိုလည်း ဖမ်းဆီး ခဲ့ပါတယ်။

ပွဲ အပြီး မှာလည်း ကွင်းထဲမှာ ရုရှ ပရိသတ်တွေက အင်္ဂလန် အသင်း အားပေးသူ တွေကို တိုက်ခိုက် ခဲ့ပါတယ်။

အင်္ဂလန် နဲ့ ရုရှား ပွဲကတော့ ၁ ဂိုးစီ သရေကျ သွားပါတယ်။

အားကစား ဆိုတာ အခုလိုမျိုး ရန်လို တိုက်ခိုက် ကြဖို့ မဟုတ်ဘူး ဆိုပြီး ရန်ပွဲတွေ အပေါ် ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA က ရှုတ်ချ ပြောဆို ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese/


လေးကေ့ကော် မှာတော့ အိမ်ခြေ ၅ဝဝ ဆောက်လုပ်ပြီးစီး နှင့်ပြီး ရေမီး အသင့် ရှိနေပြီ။

ကရင် ပြည်နယ် ထဲ ဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရတဲ့ ဒုက္ခသည် တွေကို ထိုင်း မြန်မာ နယ်စပ် တလျှောက် နေရာ ၆ နေရာ မှာ ဂျပန် နိုင်ငံက ပရဟိတ အဖွဲ့ တစ်ခု ရဲ့ အကူ အညီနဲ့ အတည်တကျ နေရာ ချ ထား ပေးမှာ ဖြစ်တယ်လို့ ဒေသခံ ကရင်လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ က ပြောပါတယ်။

အခု မိုးရာသီ ကုန်ဆုံးလို့ ခြောက်သွေ့ ရာသီ ရောက်လာရင် ဒုက္ခသည်တွေ အတွက် အိုးအိမ် အသစ်တွေ အားလုံး အဆင်သင့် ဖြစ်တော့မယ် ဆိုပြီး အလှူရှင် နိပွန် ဖေါင်ဒေးရှင်း ဥက္ကဌ မစ္စတာ ရှီဂဲရူ ဆာတို နဲ့ တွေ့ဆုံကြတဲ့ ကရင် လက်နက်ကိုင် အဖွဲ့တွေ က ဆိုပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက်က ထာ့ဆောင်းယန်မြို့နဲ့ မျက်နှာချင်းဆိုင် မြန်မာဘက် ခြမ်းမှာ ၂ နေရာ၊ မဲ့လမတ်မြို့ တဘက်ခြမ်းမှာ ၂ နေရာ၊ မြ၀တီမြို့တောင်ဘက် လေးကေ့ကော် မှာ ၁ နေရာနဲ့ ဘုရားသုံးဆူဘက်မှာ ၁ နေရာ စုစုပေါင်း ၆ နေရာမှာ အိုးအိမ်သစ်တွေ ဆောက်လုပ် နေတာ ဖြစ်တယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဆောက်လုပ်နေတဲ့ အိမ်အရေအတွက် နဲ့တန်ဖိုး စတဲ့ အသေးစိတ် အချက်အလက်တွေကို အလှူရှင်နဲ့ အလှူလက်ခံသူ နှစ်ဘက်စလုံးက ထုတ်မပြော ပေမယ့်၊ မြ၀တီမြို့ တောင်ဘက် လေးကေ့ကော် မှာတော့ အိမ်ခြေ ၅ဝဝ ဆောက်လုပ်ပြီးစီး နှင့်ပြီး ရေမီး အသင့် ရှိနေပြီ လို့ KNU အရာရှိ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ကျန်တဲ့ နေရာတွေ မှာလည်း ၄၀% ဝန်းကျင် ပြီးစီးနေပြီး လာမယ့် ခြောက်သွေ့ ရာသီမှာ အပြီး သတ် နိုင်ဖို့ မျှော်လင့် ထားကြပါတယ်။

BBC Burmese
http://www.bbc.com/burmese



ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မလကျွန်းမှာရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အဆောက်အဦးကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးနစ်နာ ခဲ့ရတဲ့တောင်သူတွေကို ထိုက်သင့် တဲ့လျော်ကြေးတွေပေးနိုင်ဖို့အတွက် CNPC ကုမ္ပဏီနဲ့ မြန်မာ့ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်းစု MOGE ကတာဝန်ရှိသူတွေနဲ့ ဒေသခံတောင်သူ ကိုယ်စား လှယ်တွေ ဒီနေ့ သဘောတူလိုက်ကြ ပါတယ်။

ဒီနေ့ အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာပြုလုပ်တဲ့ တွေ့ဆုံညှိနှိုင်းခဲ့ကြရာမှာ တောင်သူတွေပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးသွားဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ အမ်းမြို့နယ်ပိုက်လိုင်းရေး ရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဌ ဦးမျိုးလွင်က ပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ MOGE ရယ်၊ ဒီဖက်က တရုတ်ကိုယ်စားလှယ်နှစ်ယောက်ပါပါတယ်၊ ကျနော်တို့ တောင်သူကိုယ်စားလှယ် ကျနော်အပါအဝင် ၄ ယောက်ပါ၊ တွေ့ဆုံမှုကတော့ ကုမ္ပဏီတစ်ရပ်ကို တရားဝင်ဖွင့်ခွင်ပေးလိုက်တာနဲ့ တောင်သူကိုယ်စားလှယ်ပါတဲ့အတွက်ကြောင့် တောင်သူတွေဖက်က ရလာဒ်တွေ ကောင်းမွန်တဲ့ ရလာဒ်တွေဖြစ်မယ်လို့ ကျနော်မျှော်လင့်ပါတယ်"

ကော်မတီရဲ့ စုံစမ်းစစ်ဆေးမှုရလာဒ်အပေါ်မှာ ကုမ္ပဏီဘက်က လိုက်လျောဖြေရှင်းသွားဖို့ သဘောတူခဲ့ကြတယ်လို့ လည်း ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံကိုသွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ကြောင့် အမ်းမြို့နယ်အတွင်းမှာ မြေယာဧကပေါင်း ထောင်နဲ့ချီ နစ်နာဆုံးရှုံးခဲ့ရသလို လူပျိုချောင်း၊ ခမောင်းချောင်း၊ သာယာကုန်း၊ ပတ်ကွေ့ စတဲ့ကျေးရွာ ၄ ရွာ ပြောင်းရွှေ့ခံခဲ့ရပါတယ်။

နစ်နာဆုံးရှုံးတဲ့တောင်သူတွေအတွက် ကုမ္ပဏီက မြေယာလျော်ကြေးနဲ့ သီးနှံလျော်ကြေးအချို့ ပေးဆောင်ရာ မှာ ငွေကြေးဖြတ်တောက်ခံရတာတွေနဲ့ အမှန် တကယ်နစ်နာတဲ့တောင်သူအများစုက လျော် ကြေးမရတာတွေ စတဲ့ပြဿနာတွေကြုံတွေ့ခဲ့ရတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ဒီကိစ္စအပေါ်ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့မေလက ရခိုင်ပြည်နယ်အစိုးရထံ တောင်သူတွေက တင်ပြတောင်း ဆိုခဲ့ပေမယ့် ဖြေရှင်းမပေးတာကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ကို ချီတက်ဆန္ဒပြဖို့ ပြင်ဆင်နေ ကြရာမှာ တောင်သူကိုယ်စားလှယ်တွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ဒီနေ့ သဘောတူညီမှုရခဲ့တာလို့ လည်း ပြောပါတယ်။

တောင်သူတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးဖို့ ဒီနေ့တွေ့ဆုံပွဲ ရဲ့ဆုံးဖြတ် ချက်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ ဒီနေ့ စာပေးပို့ လိုက်တယ်လို့လည်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese



မိုးလေဝသနဲ့ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင် ကို ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
လာမယ့် ဇွန်လလယ်ပိုင်းလောက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတစ် ခုကြောင့်  ပြည်နယ်နဲ့ တိုင်းဒေသကြီးခြောက် ခုတို့မှာ ရေလွှမ်းမိုးမှု ဖြစ်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင် က သတိပေးပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာ ရေလွှမ်းမိုး မှုတွေ ဖြစ်လာနိုင်တယ်လို့ ဦးထွန်းလွင်က အခုလို ပြောပါတယ်။

"ရခိုင်ရယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ နောက်မကွေးတိုင်း၊ အနောက်ပိုင်းပါတယ်၊ နောက်ပဲခူးတိုင်း အနောက်မြောက်ပိုင်းပါတယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းပါတယ်၊ လောလောဆယ်ရေဖုံးဖို့အများဆုံး ဖြစ် တဲ့နေရာတွေ၊ ရာခိုင်နှုန်းကတော့ ၆၀၊ ၇၀ နှုန်းပေါ့နော်၊ တော်တော်လေးသတိနဲ့နေဖို့လိုတယ်၊ ရေကြီး ဖို့အလားအလာလည်းရှေ့လျှောက်ရှိသေးတယ်၊ ဒါပထမဦးဆုံး အကြိမ်ပဲရှိသေးတာပေါ့နော်၊ ဒုတိယ အကြိမ်၊ တတိယအကြိမ်၊ နှစ်ကြိမ်ကျန်သေးတယ်၊ ရေကိုတော့ နည်းနည်းဂရုစိုက်ပါလို့"

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသိုနဲ့ ပင်လယ်ဘူးမြို့နယ်တွေမှာ မိုးကြီးခဲ့တဲ့ အတွက် တောင်ကျချောင်းရေတွေကြောင့် ရေကြီးရေလျှံတာတွေဖြစ်ကာ လူနှစ်ဦး သေဆုံးခဲ့သလို အဆောက်အဦးအတော်များများ ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ကာ ချင်းပြည်နယ် ဟားခါးမြို့ မှာဆိုရင် မြေပြိုကျတာတွေကြောင့် ဒေသခံတွေ ကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

RFA Burmese
http://www.rfa.org/burmese


ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း လာရောက်ကြည့်ရှုနေသူများ ကို ဂျူလိုင်လ ၁၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - MOI
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း လာရောက်ကြည့်ရှုနေသူများ ကို ဂျူလိုင်လ ၁၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - MOI

မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ မကြာခဏ ပြုပြင်ပြောင်းလဲမှုလုပ်တဲ့ အစမ်းသပ်ခံ ပညာရေးစနစ်မဟုတ်ပဲ ကျောင်းသားလူငယ်တွေ အနာဂတ်ဘဝ အတွက် သင်ကြား တတ်မြောက်စေတဲ့ ပညာရေးစနစ်ဖြစ်အောင် ဖော်ဆောင်သင့်တယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းတွေ ထွက်လာပြီးနောက် အခုလို သုံးသပ်သွားကြတာပါ။ မဆုမွန်က အပြည့်အစုံတင်ပြထားပါတယ်။

မြန်မာနိုင်ငံ တဝှမ်းလုံးနဲ့ နိုင်ငံပြင်ပက ဖြေဆိုခဲ့ကြတဲ့ ဆယ်တန်း ကျောင်းသူ ကျောင်းသားတွေ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လ က ဖြေဆိုခဲ့ကြတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဒီကနေ့ ဇွန်လ ၁၁ရက်နေ့ မနက်ခြောက်နာရီ တိတိမှာ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စာမေးပွဲအောင်မြင်မှုနှုန်းက ဖြေဆိုခဲ့သူပေါင်းရဲ့ ၃၀% ရာခိုင်နှုန်း ဝန်းကျင်လောက်ပဲ အောင်မြင်ခဲ့တာမို့ အရင်နှစ်တွေ ထက် အောင်ချက် အတော်လေးကို လျော့နည်းခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းမှာ အောင်ချက်နည်းခဲ့တယ်လို့ဆိုပေမဲ့ ရန်ကုန်တိုင်း ဒေသကြီးက ဝင်ရောက်ဖြေဆိုခဲ့သူတွေထဲမှာ ငါးဘာသာ ဂုဏ်ထူးရှင်အဖြစ် အောင်မြင်ခဲ့တဲ့ မောင်ကျော်မင်းထက်ကတော့ စာသင်နှစ် အစကတည်းကနေ စလို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် အခုလို ငါးဘာသာ ဂုဏ်ထူးကို ဆွတ်ခူးရခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“၉တန်း စာမေးပွဲ ပြီးကတည်းက ကျွန်တော်တို့ တစ်ရက် နှစ်ရက်ပဲ နားပြီး၊ ၁၀တန်း အတွက် မောင်းလာပါတယ် ခင်ဗျ။ တစ်နှစ်လုံးပေါ့နော်။ အဓိကကတော့ ဘာသာစုံ All D လို့တော့ မှန်းတာပဲ ခင်ဗျ။ အကုန်လုံး အားသွန် ခွန်စိုက်နဲ့ ကြိုးစားရပါတယ် ခင်ဗျ။ ဆရာတွေကော၊ မိဘတွေကော၊ ဂိုက်တွေကော အားလုံးရဲ့ ပံ့ပိုးမှုကြောင့် ကျွန်တော်တို့ တစ်နှစ်ပတ်လုံး စာကောင်းကောင်း ကြိုးစားနိုင်တယ်။ စာမေးပွဲမှာလဲ ကောင်းကောင်း ဖြေဆို နိုင်ခဲ့ပါတယ် ခင်ဗျ။ ဂုဏ်ထူးရတာက အင်္ဂလိပ်စာ၊ သင်္ချာ၊ Chemistry၊ Physics၊ Bio ပါ။ ကျွန်တော်ကတော့ ကျွန်တော် ၀ါသနာပါတဲ့ အင်ဂျင်နီယာ လိုင်းကို တက်ဖို့ စီစဉ်ထားပါတယ် ခင်ဗျ။”

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကိုယ်တိုင်ဖြေဆိုခဲ့ပေမဲ့ ကျရှုံးခဲ့တဲ့ ကျောင်းသား မောင်အောင်မင်းခိုင်က ဒီကနေ့ စနေနေ့ မနက်ပိုင်း အောင်စာရင်းထုတ်ပြန်ပေးခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“ကျောင်းခန်းမရဲ့ အောက်ထပ်။ အောက်ထပ် ရှေ့မှာ ကပ်တယ်။ နောက်ပြီးတော့ ပညာရေးမှုး ရုံးတွေမှာ ထားတယ်။ အလယ်တန်းကျောင်း၊ အထက်တန်း ကျောင်းတွေ၊ အဲလိုမှာ။ ၁၀တန်း တက်တဲ့ ကျောင်းတွေမှာ အကုန် ထားတယ်။ အချိန်က တရားဝင် ၆နာရီ ထိုး ကြေငြာထားတယ်ဗျ။ ဒီနှစ်က ကျွန်တော်တို့လည်း အရမ်းကြီး မျှော်လင့်မထားကြဘူး။ ကျွန်တော်နဲ့ အတူတူ ဖြေတဲ့ သူငယ်ချင်းတွေပေါ့။ အောင်တဲ့ သူတွေ ရှိသလို၊ ကျတဲ့ သူလည်း ရှိတယ်။ မေးခွန်းစာက လွယ်မလိုလိုနဲ့ ခက်တယ်ဗျ။”

အခုလို တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်မှုနှုန်း နည်းလွန်း ရတာ ဟာ မြန်မာနိုင်ငံတွင်းမှာ အခြေခံပညာ သင်ကြားတဲ့ ပညာရေးစနစ် ခိုင်မာမှု မရှိခဲ့ပဲ စမ်းသပ် ပညာရေးစနစ်ကြောင့်ဖြစ်ရ တယ်လို့ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းက ဆရာ၊ ဆရာမတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးသုတက မြန်မာနိုင်ငံမှာ ကျောင်းသား လူငယ်တွေရဲ့ ဘဝအနာဂတ်ကို ဆယ်တန်း အောင်စာရင်းအပေါ်မူတည်ပြီး ဆုံးဖြတ်တာကို မလုပ်သင့်တော့ဘူး လို့ အခုလိုပြောပါတယ်။

“မြန်မာ့ ပညာရေး စနစ်က ၁၀တန်းနဲ့ အကဲဖြတ်တာကိုတော့ ကျွန်တော်တို့ မှားယွင်းတဲ့ စနစ်လို့ မြင်တယ်။ မြန်မာပြည်မှာကကျတော့ သူငယ်တန်းကနေ အရင် ကိုးတန်းအထိပေါ့နော်။ လေးတန်းနဲ့ ရှစ်တန်းကို ပြန်ပြီးတော့မှ အစိုးရစစ် စာမေးပွဲတွေ ထည့်တယ်။ အဲဒီတော့ ပညာရေးက ကမောက် ကမတွေ ဖြစ်သွားတယ်။ နောက်ပြီးတော့ စာမေးပွဲ အောင်မှ လူ တစ်ယောက်က တော်တယ်ဆိုတာကလဲ လက်ခံလို့ မရတော့ပါဘူး ဒီခေတ်ထဲမှာ။ ဒီ ၁၀တန်းအောင်မှ တက္ကသိုလ်တက်ရမယ်။ ကျန်တဲ့ ၇၀က တော်တော် မတော်တော့ဘူး ဆိုတော့ တိုင်းပြည်အတွက် တော်တော် နစ်နာတဲ့ အခြေအနေပေါ့နော်။ အဲဒီတော့ အဓိက လုပ်သင့်တာက ကျွန်တော်တို့က ဒီ ၁၀တန်း စနစ်ကြီးကို ပြင်သင့်တယ်ပေါ့နော်။ တက္ကသိုလ် ၀င်ခွင့်ကို သူ့တက္ကသိုလ် အလိုက် သီးခြား ခေါ်မှသာ အဆင်ပြေမယ့် ကိစ္စတွေ ဖြစ်လာတယ် ခင်ဗျ။ အမြန်ဆုံး ပြန်လည်ပြီးတော့ ပြင်ဆင်ဖို့ လိုအပ်တယ်ပေါ့နော်။ ”

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် လက်ထက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပညာရေးဝန်ကြီးအဖြစ် ယခင်အစိုးရသစ် တက်ကာစက တာဝန်ယူပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမဲ့လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကို ပညာရေးဝန်ကြီးအဖြစ် တာဝန် လွှဲပြောင်း ပေးအပ်ပြီးနောက် နိုင်ငံရဲ့ အနာဂတ် ပညာရေးစနစ်ကို နိုင်ငံတကာ အဆင့်မှီအဆင့်မြင့် ပညာရေး စနစ် ဖြစ်အောင် ဆောင်ရွက်နေပါတယ်လို့ ပညာရေးဝန်ကြီး သစ်က ပြည်သူ့ လွှတ်တော်မှာ ပြောဆိုထားတာပါ။

အစိုးရသစ် လက်ထက် ပညာရေးစနစ်တွင်း မဖြစ်မနေ ပြုပြင်ပြောင်းလဲ သင့်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဒီမိုကရေစီ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး အကြမ်းဖက်အရိုက်နှက်ခံပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သူ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သူ မောင်အောင်မင်းခိုင်က အခုလိုပြောပါတယ်။

“ကျွန်တော့်အနေနဲ့ ဆယ်တန်းက ကျက်ဖြေ စနစ်ကြီးကို ပြုပြင်ပြောင်းလဲစေချင်တယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ စာသင်တယ်။ စာသင်ပြီးတော့ ကျက်တယ်။ အဲဒါကြောင့် ကျက်ဖြေစနစ်ကို အဓိက မလုပ်ပဲနဲ့ လေ့လာရေးပိုင်းတွေ၊ နောက်ပြီးတော့ စဉ်းစား ခိုင်းတာ တွေ၊ နောက်ပြီးတော့ ဗဟုသုတတွေ ရှာဖွေခိုင်း ပြီးတော့ ကျောင်းသားတွေရဲ့ သင်ကြားမှုကို မြှင့်တင်ပေးစေချင်တယ်ဗျ။”

အစိုးရသစ်လက်ထက်မှာ နိုင်ငံအနာဂတ် လူငယ်တွေအတွက် အသက်တမျှ အရေးကြီးတဲ့ မြန်မာ့ပညာရေးစနစ် ပြောင်းလဲမယ်လို့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမ များအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးသုတကတော့ ယုံကြည်မျှော်လင့်ပါတယ်။

“ပညာရေးကတော့ အရင် အစိုးရ ခေတ်အဆက်ဆက် အစိုးရတွေနဲ့ မတူတဲ့ ပုံစံနဲ့ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုဆိုရင်ပဲ ကျွန်တော်တို့ အခြေခံ ပညာကျောင်းတွေမှာ လာဘ်ပေး လာဘ်ယူမှုတွေဟာ ဒီကျောင်းဖွင့်ရာသီမှာ ဗြောင် လာဘ်မစားရဲတော့ဘူး။ ဗြောင် မတောင်းရဲတော့ဘူး။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ မြန်မာ့ ပညာရေးကို စွမ်းစွမ်း တမန် ပြုပြင်ပြောင်းလဲ နိုင်လိမ့်မယ်လို့ တော့ ယုံကြည်ပါတယ် ခင်ဗျ။”

နိုင်ငံပြင်ပ နိုင်ငံခြားက သံရုံးတွေမှာ ဖြေဆိုခဲ့သူတွေ အပါအဝင် နေပြည်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက ဖြေဆိုခဲ့သူတွေရဲ့ ၂၀၁၆ တက္ကသိုလ်ဝင် စာမေးပွဲ ရလဒ်တွေကို ထုတ်ပြန်ရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသ တွေ အတွက် မြန်မာ့အသံ ရေဒီယိုက ကြေညာပေးခဲ့ပြီး www.myanmarexam.org အွန်လိုင်းကနေလည်း စာမေးပွဲရလဒ်တွေကို သက်ဆိုင်ရာ မြို့နယ်တွေအလိုက် ကြည့်ရှုနိုင်ဖို့အတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က စီစဉ်ပေးထား ပါတယ်။
VOA Burmese News


 ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၀ တွင် နှစ်ရက် ကြာ ရေခေတ္တဖြတ်တောက် မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၀ တွင် ဇွန်လ (၁၅) ရက် နဲ့ (၁၆) ရက် နှစ်ရက်အတွင်း ရေခေတ္တ ပြတ်တောက်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ကနေ ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းသို့ ဖြတ်တောက်ရခြင်းမှာ ငမိုးရိပ်ရေလှောင်တမံ ၏ ရေထုတ်ပြွန်နှင့် ရေထိန်းတံခါးများ ကြံခိုင်မှုစစ်ဆေးခြင်း လုပ်ငန်းများကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံက သိရသည်။

ရေဖြတ်တောက်မည့် နှစ်ရက်အတွင်း ညောင်နှစ်ပင် ရေသန့်စင်စက်ရုံမှ ရေပေးဝေနေသည့် မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကဌလာ၊ သင်္ကန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ (တောင်ပိုင်း)၊ (အရှေ့ပိုင်း)၊ ဆိပ်ကမ်း၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ စမ်းချောင်း၊ ကြည်မြင်တိုင် စတဲ့ မြို့နယ်များ တွင် ရေပြတ်တောက်ခြင်းနဲ့ ရေအား လျော့နည်းခြင်းများ ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Ladies News
https://www.facebook.com/News.TheLadies


ရန်ကုန်မြို့ တာမွေအိုးရှင်းမှာ ဇွန်လ(၁၁)ရက်က စက်လှေကားအပေါ် အပေါက်ထဲကနေ ကလေးတစ်ဦးပြုတ်ကျခဲ့ပေမယ့် ထိခိုက်ဒဏ်ရာမရရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။


ည(၇)နာရီ မိနစ်(၄၀)ခန့်မှာ ဓါတ်လှေကားရဲ့ အပေါ်ထိပ်မှာရှိတဲ့ ဘေးကအပေါက်ကျဉ်းထဲကို မတော်တဆပြုတ်ကျ ခဲ့တာဖြစ်ပြီး ကလေးဟာ အထပ်သားနဲ့မှန်ကြားထဲကိုရောက်သွားတဲ့အတွက် အနီးအနားကလူတွေက မှန်ကိုရိုက်ခွဲပြီး ကယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။


 ပြုတ်ကျခဲ့တဲ့ကလေးဟာ (၃)နှစ်အရွယ်ဖြစ်ပြီး မကယ်ထုတ်နိုင်ခင်မှာ (၁၀)မိနစ်ခန့် အသက်ရှူကြပ်ခဲ့ရပါတယ်။ ကလေးပြုတ်ကျသွားတဲ့နောက် အမြန်ကယ်တင်ရတာဖြစ်တဲ့အတွက် အနီးအနားလူတွေကပဲ ကယ်တင်ခဲ့ရတာဖြစ်ပြီး ရဲတပ်ဖွဲနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို မစောင့်ဆိုင်းတော့ပဲ ကယ်တင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews/


မူဆယ်ခရိုင် ပန်ဆိုင်းမြို့မှာ ဇွန်လ(၉) ရက်တစ်ရက်တည်းမှာတင် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် စစ်သားတစ်ဦးနဲ့ အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲတပ်ဖွဲ့ တာဝန်ကျရဲအရာရှိတစ်ဦးက 5 plusက ပြောပါတယ်။

ပထမဖြစ်စဉ်ကတော့ ဇွန်လ (၉) ရက် မနက် (၃) နာရီချိန်က ပန်ဆိုင်းမြို့အ၀င် မောင်းတံနားမှာ ထိုင်နေတဲ့ စစ်သားတစ်ဦးနဲ့ အရပ်သားနှစ်ဦးကို အမည်မသိလက်နက်ကိုင်သုံးဦးက ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်သားတစ်ဦးနဲ့အရပ်သားတစ်ဦး သေဆုံးသွားပြီး ကျန်အရပ်သားတစ်ဦးကတော့ မူဆယ်ဆေးရုံမှာ ကုသမှု ခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယဖြစ်စဉ်ကတော့ နေ့လယ် (၁၂) နာရီခွဲအချိန်မှာ ပန်ဆိုင်းမြို့ ရွာသစ်နားမှာ လက်ပြန်ကြိုးတုပ်ထားပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ရှမ်းမြောက် ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒီလက်နက်ကိုင်ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ အတည်မပြုနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews/



လစ်ဗျားနိုင်ငံ၊ Sirte မြို့တွင် လှည့်လည်နေသော IS စစ်သွေးကြွများကို ၀ါဒ ဖြန့်ချီရေး မီဒီယာ Welayat Tarablos က ၂၀၁၅ခုနှစ်က က ဖြန့်ချီလိုက်သော ဓါတ်ပုံတွင် တွေ့ရစဉ်။ (AFP PHOTO / WELAYAT TARABLOS)
IS စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းမြို့ Sirte ကိုပြန်ပြီး ထိန်းချုပ် နိုင်တော့မယ် လို့ လစ်ဗျား ညွှန်ပေါင်း အစိုးရနဲ့ ပူးတွဲ လုပ်ကိုင်နေတဲ့ တပ်တွေ ကပြောပါတယ်။

IS တို့ရဲ့ အုပ်ချုပ်ရေးဌာန အဖြစ်အသုံးပြုနေတဲ့ Ouagadougou ကွန်ဖရင့်စင်တာ အနီးမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ပြင်သစ် သတင်းဌာန AFP က ပြောပါတယ်။ IS တို့ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်လေယာဉ်တွေ အသုံးပြု ပြီးတော့လည်း တိုက်ခိုက်ခဲ့တာပါ။

လစ်ဗျားအာဏာရှင်ဟောင်း မိုမာ ဂဒါဖီ ရဲ့ မွေးရပ် ဇာတိမြို့  ဖြစ်တဲ့ Sirte ကို အစိုးရတပ် GNA နဲ့အတူတွဲပြီး တိုက်ခိုက်ရေးသမားတွေက မေလ အစောပိုင်းမှာ စစ်ဆင်ရေးတွေ စတင်ခဲ့ကြပါတယ်။

တိုက်ပွဲ နောက်ဆုံးအဆင့် ရောက်ဖို့ နီးလာပြီလို့ အစိုးရကို ထောက်ခံတဲ့ တပ်တွေရဲ့ ပြောခွင့်ရ Ahmed Hadiya က AP သတင်းဌာန ကို သောကြာနေ့က ပြောပါတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာပဲ အသေခံ ဗုံးခွဲသူတွေ၊ မြေမြှုပ်မိုင်းတွေ ရှိတဲ့ကြားက Sirte မြို့ အပြင်ဘက်ပိုင်းတွေကို အနောက်ဘက် Misrata မြို့က တိုက်ခိုက်ရေးသမားတွေ ချည်းကပ်နိုင်ခဲ့ပါတယ်။ လစ်ဗျား အစိုးရကို ကုလ သမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတာဖြစ်ပါတယ်။

Sirte စစ်ပွဲအတွင်း အစိုးရ တပ်သား ၁၀၀ ထက်မနည်း သေဆုံးခဲ့သလို ၄၀၀ ထက် မနည်း ဒဏ်ရာရသွားတယ်လို့ လစ်ဗျားအစိုးရကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရခိုင်ပြည်နယ် တဝှမ်း ရေကြီးရေလျှံခဲ့
မြန်မာနိုင်ငံတဝှမ်းမှာ အခု ရက်ပိုင်းအတွင်း မိုးသည်းထန်နေရာမှာ ရခိုင်ပြည်နယ်မှာတော့ မိုးတွေ ရွာတဲ့အပြင် လေပြင်းတွေပါ တိုက်ခတ်နေပြီး ခါတိုင်း နှစ်တွေကထက် မိုးကြီးနေပါတယ်။

မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ အထဲမှာ လေပြင်းတွေပါ တိုက်ခတ်နေတဲ့ အတွက် လမ်းပန်း ဆက်သွယ်ရေးတွေ အကုန်လုံး ပြတ်တောက်နေပါတယ်။

ပင်လယ်ပြင်မှာ ၃၅မိုင်နဲ့ အထက် လေပြင်းတိုက်ရင် ခရီးသွားလာမှုတွေကို သက်ဆိုင်ရာက ရပ်ဆိုင်းထားခိုင်းလေ့ ရှိပြီး အခုလည်း သင်္ဘော၊ မော်တော်ဘုတ်၊ အမြန်ယာဉ် သွားလာမှုတွေကို ရပ်နားခိုင်းထားတယ်လို့ ရခိုင်ပြည်နယ် ရေကြောင်း ဒုဦးစီးမှူး ဦးကျော်ထင်က ပြောပါတယ်။

စစ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့ အတွက် ရန်ကုန်က လေယာဉ်တွေလည်း စစ်တွေ လေဆိပ်ကို မဆင်းနိုင်ပဲ ခရီးသည် ရာနဲ့ ချီပြီး သောင်တင်နေပါတယ်။

အမ်းမြို့နယ် သလူမော် ကျေးရွာမှာတော့ ရေတာတမံ ကျိုးသွားပြီး ရွာထဲကို ရေတွေ ဝင်လာရာမှာ အသက် ၉ နှစ်အရွယ် ကလေး တစ်ဦး သေဆုံးသွားခဲ့တယ်လို့ အမ်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ဘီဘီစီကို ပြောပြပါတယ်။

နောက်ထပ် နှစ်ရက်လောက် မိုးဆက်ကြီးနိုင်တယ်လို့ ခန့်မှန်းထားတဲ့ အတွက် ဒီထက် အခြေအနေ ပိုဆိုးလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မကြာခင် သွားရောက်မည့် ထိုင်းနိုင်ငံ ခရီးစဉ်က ထိုင်း-မြန်မာ ဆက်ဆံရေးသမိုင်းတစ်လျှောက်တွင် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်လာရန် ရှိနေသည်။ ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲနောက်ပိုင်း လွတ်လပ်မျှတသော အစိုးရတစ်ရပ်အောင်မြင်စွာ ရွေးကောက်တင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း ယခု ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်မှာ အများမျှော်လင့်စောင့်စားနေသော ကိစ္စရပ်တစ်ခုလည်းဖြစ်သည်။

သမ္မတရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံသို့ သုံးရက်တာ အလည်အပတ်ခရီးသွားရောက်မည်ဖြစ်သည်ဟု သိရသည်။
သူမ၏ ယခု ထိုင်းခရီးစဉ်မှ နှစ်နိုင်ငံစလုံးအတွက် အဓိကကျလာနိုင်သည့် အချက်သုံးချက်ကို တွေ့မြင်နိုင်သည်။

ပထမအချက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပထမဆုံး တရားဝင် နိုင်ငံခြားခရီးစဉ်အဖြစ် အာဆီယံဥက္ကဌတာဝန်ယူထားသော လာအိုသို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ၂,၄၀၁ ကီလိုမီတာ နယ်မြေချင်းထိစပ်နေသော ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ဟု ဆိုနိုင်သည်။ ကမ္ဘာ့အသိအမှတ်ပြု ဒီမိုကရေစီ ခေါင်းဆောင် တစ်ဦး ယခုကဲ့သို့ ထိုင်းနိုင်ငံကို လာရောက်မည့် အစီအစဉ်က ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်သော စစ်အစိုးရ အုပ်ချုပ်နေသော ထိုင်းနိုင်ငံအတွက် ကြီးမားသည့် အားတစ်ခု ဖြစ်လာစေရန် ရှိနေသည်။ အဘယ့်ကြောင့် ဆိုသော် ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် နှစ်နှစ်တာကာလကတည်းက အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံအားပေးမှုကို လိုအပ်နေခြင်းကြောင့်ပင်ဖြစ်သည်။

ဒေသတွင်း အတိုင်းအတာ အားဖြင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါက အခြား အနောက်အုပ်စုခေါင်းဆောင်များထက် ပိုမိုသာလွန်နေပြီး နိုဗယ်ငြိမ်းချမ်းဆုရရှိထားခြင်းဖြင့် ကမ္ဘာ့ နိုင်ငံရေးလောကတွင် နေရာယူထားနိုင်သူဖြစ်သည်။

ပိုမို၍ အရေးသည့်အချက်က ယခုကဲ့သို့ ထိုင်းနိုင်ငံကို သူမ လာရောက်ခြင်းက သူမထံမှ ပြုမှုပြောဆိုပုံများ နှင့် စွန့်လွှတ်အနစ်နာခံလိုမှုများကို လေ့လာသိရှိထားသော နိုင်ငံတွင်းရှိ မျိုးဆက်သစ် ဒီမိုကရေစီလိုလားသူ လူငယ်များ၏ အထင်ကြီးလေးစားမှုကို ရရှိစေနိုင်သည်။ အလားတူ နှစ်နိုင်ငံအကြား သမိုင်းကြောင်းအရ ဖြစ်ပွားထားခဲ့သော ပဋိပက္ခများ၊ အပြန်အလှန် မယုံကြည်မှုများကိုလည်း ပြေငြိမ်းသွားစေနိုင်ကာ ပိုမိုကောင်းမွန်သည့် နားလည်မှုနှင့် တန်ဖိုးထားမှုများကို တည်ဆောက်သွားနိုင်သည်။

အလားတူ ထိုင်း-မြန်မာ ဆက်ဆံရေးပိုင်းကို ကြည့်မည်ဆိုပါက အဆင်ပြေချောမွေ့မှုများ ပေါင်းစည်းထားသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံအတွက် မိတ်ဘက်နိုင်ငံကောင်းများ လိုအပ်ခဲ့ချိန်ကလည်း ထိုင်းနိုင်ငံအနေဖြင့် စီးပွားရေးနှင့် လုံခြုံရေးရှုထောင့်များအရ အနီးကပ်ဆုံး ရှိပေးသူနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။

ဒုတိယအချက်အနေဖြင့် ယခု ဒေါ်အောင်ဆန်းစုကြည်၏ ယခု ခရီးစဉ်က ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှုများကို ယခုထက် တိုးပွားလာစေရန် ရှိနေသည်။

သူမ၏ ခရီးစဉ်ကြောင့် လက်တစ်လော အမြတ်ထွက်လာနိုင်သည့်အချက်က ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဒသမ ၅ သန်း အတွက် ခွန်အားများ တိုးပွားသွားစေနိုင်သည်။ ယခင်နှစ်များအတွင်းက ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဆီမှ လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းလုပ်သားများ၏ သက်သာချောင်ချိရေး အခြေအနေများ တိုးတက်ရန် ကြိုးပမ်းပေးထားခဲ့သည်။ သို့သော် ဗျူရိုကရက် ကြိုးနီစနစ်နှင့် ခြစားမှု ကိစ္စရပ်များကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက လိုချင်ခဲ့သည့် ရလဒ်ကောင်းမျိုးကို ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ အထူးသဖြင့် ငါးဖမ်းလုပ်ငန်းများတွင် လုပ်သားများမှ ရံဖန်ရံခါဆိုသလို ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို ခံစားခဲ့ရသည်။ ယခုကဲ့သို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်ကြောင့် ထိုင်းရောက် မြန်မာလုပ်သားများအတွက် အကျိုးတစ်စုံတစ်ရာ ရရှိလာစရာ ရှိနေသည်။

တစ်ဘက်တွင်လည်း လုပ်ငန်းပါတနာသုံးဦး (မြန်မာ-ထိုင်း- ဂျပန်) တို့ လုပ်ကိုင်နေခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် ကိုလည်း ရှေ့ဆက်လုပ်ကိုင်နိုင်ရန် မီးစိမ်းပြထားခဲ့ပြီးဖြစ်သည်။ ယင်းစီမံကိန်းကို ဆက်လုပ်သင့်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောထားခဲ့သည်။ ယခင်ကာလများအတွင်းက ကာလကြာမြင့်လာနေခဲ့သော ယင်းစီမံကိန်းနှင့်ပတ်သက်၍ အစိုးရသစ်က မည်ကဲ့သို့ သဘောထားလာမည်နည်းအပေါ် မသေချာမရေရာမှုများ ရှိနေခဲ့ခြင်းဖြစ်သည်။

တတိယအချက်အနေဖြင့် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံစလုံးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အလျောက် ရှေ့အနာဂတ်အတွက် အမြင်ချင်း ဖလှယ်သွားနိုင်ရန် ရှိနေသည်။ အာဆီယံအုပ်စု၏ အစီအစဉ်များအားလုံးအတွင်း နှစ်နိုင်ငံ ပူးပေါင်းအားထုတ်ခြင်းက ရှေ့အနာဂတ်ကာလ မျှော်မှန်းချက်အစီအစဉ်များ ပြည့်ဝအောင်မြင်နိုင်ရန် အဓိကကျနေသည်။

ယခု မဝေးလှတော့သည့် ကာလတစ်ခုတွင် နှစ်နိုင်ငံစလုံးအတွက် ဦးစားပေးလုပ်ဆောင်ရမည့်အချက်က နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ထူထောင်ဖွဲ့စည်းရေးပင်ဖြစ်သည်။
Mizzima - News in Burmese

ပဲခူး၊ ရောဝတီ၊ ရခိုင် စတဲ့ ပြည်နယ်တိုင်းတို့ရှိ ဒေသတချို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့လို့ လူသေဆုံးမှု ရှိနေပါတယ်။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ မိုးကြီးပြီး ရေကြီးရေလျှံဖြစ်မှုကြောင့် ဒီနေ့မနက်ပိုင်းက ပေါင်းတည်ရဲစခန်းဝင်းအတွင်းမှာ သစ်ပင်ပြိုကျ ပိမိလို့ ရဲမေတဦး သေဆုံးခဲ့ပါတယ်။

ပေါင်းတည်မြို့နယ်က တိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက မိုးဆက်တိုက်ရွာသွန်းပြီး လူသေဆုံးမှု ရှိတယ်လို့ ပြောပါတယ်။

“မိုး အရမ်းရွာတယ်၊ နေ့ရောညရော ၃ ရက်လောက် ရှိပြီ ရွာနေတာ၊ ဒီမနက် ၅ နာရီထိုးလောက် ရဲတန်းလျားနောက်က ညောင်ပင်က လဲတယ်၊ လဲတဲ့နေရာမှာ ပိပြီး ဆုံးတာ၊ မနက် ၁၀ နာရီလောက်မှ ဆွဲထုတ်လို့ရတယ်။”

လောလောဆယ် ပေါင်းတည်ဘဏ်၊ ရဲစခန်းနဲ့ အထက်တန်းကျောင်းတို့မှာ ရေက ပေါင်လည်လောက်ထိ ရှိနေပြီး ဘဏ်ရှိ ပိုက်ဆံတွေကို မြင့်တဲ့နေရာဆီ ပြောင်းရွှေ့နေရကာ ပိုက်ဆံရေနစ်တာတော့ မရှိဘူး၊ ပေါင်းတည်အနီးတ၀ိုက်ရွာတွေလည်း ရေကြီးနစ်မြုပ်နေတယ်လို့ ပြောပါတယ်။

ရန်ကုန်ဘက်အထွက် ကားလမ်းနဲ့ ပြည်ဘက်အထွက် ကားလမ်းတွေပေါ်လည်း ရေကျော်နေပြီး ကားကြီးတွေတော့ သွားလာလို့ ရနေပါတယ်။

ဧရာဝတိတိုင်း၊ ကြံခင်းမြို့က တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးသော်ဇင်ဝင်းက ကြံခင်းဘက်လည်း မိုးကြီးလို့ ရေကြီးနေပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြင်နေကြတယ်လို့ ပြောပါတယ်။

“ညက ၂ နာရီခွဲလောက်မှာစပြီး ချောင်းရေတက်လာတာခင်ဗျ၊ မိုးရေချိန်လက်မ ၆ လက်မခွဲလောက်ရွာတယ်၊ ဖားတရှဉ်းချောင်ရေတက်တာ၊ လောလောဆယ်ကတော့ ခုံကြီးမြုပ်တယ်၊ ဘက်ရဲက ၂ ရပ်ကွက်မြုပ်တယ် နောက် အလုံမြုပ်တယ်၊ သစ်ပင်ကိုင်းမြုပ်တယ်၊ ကြံခင်းဘက်ခြမ်းက မဲကုန်းရေကျော်တယ်၊ နောက် မြို့ပေါ် ရပ်ကွက်တချို့ရေ၀င်နေပါတယ်၊ ဘက်ရဲဘက်ဆို ၇-၈ ကေလောက်အထိ ရေ၀င်နေပါတယ်။”

ရေကြီးမှုအခြေအနေကို တိုင်းအစိုးရထံ ဆက်သွယ်အကြောင်းကြားပြီး အကူအညီပေးဖို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။

ကြံခင်းနဲ့ အနီးနားက မြန်အောင်ဘက်မှာလည်း ရေကြီးနေပြီး ကားလမ်းတွေ ရေကျော်နေပါတယ်။

ရခိုင်ပြည်နယ် မြို့နယ်အချို့မှာလည်း ရေကြီးနေပြီး သံတွဲမြို့မှာတော့ မနေ့ကတည်းက ရေတွေ တဖြည်းဖြည်းတက်လာနေတယ်လို့ အထက ၂ မှ ကျောင်းဆရာမ မေဝင်းမော်က ပြောပါတယ်။

“မနေ့ကတည်းက ရေတွေတက်လာတာပါ။ အခုဖြည်းဖြည်းချင်းနစ်မြုပ်လာနေတယ်။ ဒီနေ့တော်တော်များများ မိုးတွေရွာတယ်။ ရေတွေတက်လာတယ်။ နစ်မြုပ်နေတဲ့ ရွာတွေကတော့ ဘုရားမော်၊ စူးပုတ်ကုန်း၊ ချင်းကွင်း၊ ပေါက်တော၊ နတ်မှော်၊ ပြီးတော့ ကျောင်းကုန်းဇီးကျွန်း၊ သဗြုချိုင်ကျေးရွာများမှာ ရေဆက်တိုက်နစ်မြုပ်နေပါတယ်။ အခုရေမြုပ်နေတဲ့ရွာတွေကို လက်တလော အကူအညီတွေ ဒေသခံတွေက လုပ်ပေးနေရပါတယ်။ အကူအညီတွေဘယ်ဌာနမှ မလာသေးဘူး။ ကားလမ်းတွေရော သွားလို့မရတော့ဘူး။ ကား ခရီးစဉ်တွေကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာမှာလည်း ခရီးသည်တင်ကားတွေ ပိတ်မိနေပြီး စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ ပြည်၊ ခရီးစဉ်တွေကို ယာယီရပ်ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရမှာတော့ ရခိုင်ပြည်နယ် သံတွဲနဲ့တောင်ကုတ်မြို့နယ်တွေဘက်မှာ ရေကြီးနေတာကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့တွေထံ ဆက်သွယ်ပြီး ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ပေးဖို့ ပြောကြားထားကြောင်း ပြောပါတယ်။

မိုးလေ၀သဌာနရဲ့ ဒီနေ့ညနေဘက် ထုတ်ပြန်ချက်ထဲမှာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်၊ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သံတွဲမြို့ ရေကြီးနေမှုမြင်ကွင်း (ဓာတ်ပုံ – မေဝင်းမော်)
DVB TV News

ယခင်အစိုးရလက်ထက် အိမ်ခန်း ၆သောင်းကျော်ပါဝင်သည့်အငှားအိမ်ယာစီမံကိန်းတည်ဆောက်ရန် ကျပ်ဘီလျှံ ၂၀နှင့် မြေများဘယ်ရောက်သွားပြီလဲဟု ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel တွင် ဇွန်လ ၁၁ ရက်နေ့က ကျင်းပပြုလုပ်သော ကျုးကျော်ပြသာနာဘယ်လိုဖြေရှင်းမလဲ DVB Debate ဆွေးနွေးပွဲအစီအစဉ်တွင် ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့သည်။

အဆိုပါ အငှားအိမ်ယာစီမံကိန်းမှ အိမ်ခန်းပေါင်း ၆သောင်းကျော်တည်ဆောက်ရန် ယခင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ရန်ပုံငွေ ကျပ်ဘီလျှံ ၂၀ချထားပေးကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့အား စီစဉ်ရန်ညွှန်ကြား ခဲ့ သည်ဟု ဒေါက်တာညိုညိုသင်းက NewsWatch ဂျာနယ်သို့ပြောသည်။

ယခင်ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အိမ်ခန်းပေါင်း ၆သောင်းကျော်အတွက် မြေနေရာများစီစဉ်သည်ဟု လွှတ်တော်တွင် (ယခင်)ဆောက်လုပ်ရေး ဒုဝန်ကြီးမှ ဖြေကြားထားသည်ကို သိရှိရကြောင်း၊ သို့သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အိမ်ခန်းပေါင်း ၁၀၀၀ ကျော် မှ၂၀၀၀ ထိသာ တည်ဆောက်ပေးမည်ဟု မီဒီယာများ မှတဆင့်ကြားသိခဲ့ရကြောင်း ၄င်းကပြောသည်။

“ဆောက်လုပ်ရေး ဒုဝန်ကြီးပြောထားတာက အိမ်ခန်းပေါင်း ၆ သောင်းကျော်အတွက် ကျပ်ဘီလျှံ ၂၀ချပေးမယ် လို့ ပြောထားတာ။ အခုလုပ်တာက အိမ်ခန်းပေါင်း ၂၀၀၀ ကျော်ပဲဆိုတော့ ကျန်တဲ့ အိမ်ခန်းတွေနဲ့ မြေတွေက ဘယ် ရောက်သွားလဲ။အိမ်ခန်းပေါင်း ၆သောင်းကျော်လုပ်မဲ့ မြေတွေကို အရင်ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဘယ်လို ဆောင်ရွက်လိုက်လဲ။အဲဒါတွေကိုသိချင်ပါတယ်။ အခုဟာက ပြန်ပဲအပ်လိုက်လား။အိမ်ခန်း ၆သောင်းကျော်လုပ်မဲ့ မြေတွေကိုတော့ အန်တီကစိတ်ပူတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

“ အန်တီကတော့ အငှားချပေးမဲ့ အိမ်ခန်း ၆သောင်းကျော်ကို အရင်အစိုးရက ကတိပေးခဲ့တဲ့ အတိုင်း ရန်ကုန်မြို့နေပြည်သူတွေ အတွက် လုပ်ပေးစေချင်ပါတယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ DVB Debate ဆွေးနွေးပွဲအစီအစဉ်တွင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန အကြံပေး ဦးမြင့်မိုရ်ဆွေအပါအ၀င် သင်္ကန်းကျွန်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ဦးနေဘုန်းလတ်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြောင်းသိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရေနံ၊ ဓာတ်ငွေ့၊ ဓာတ်သတ္တုအစရှိတဲ့ သယံဇာတဆိုတာဟာ အချိန်ကာလရဲ့ တိုက်စားမှုနဲ့အတူ တချိန်ကျရင် ကုန်ခန်းသွားမှာပါပဲ။
ဘယ်တော့မှ မကုန်ခန်းမှာကတော့ လူသားသယံဇာတဆိုတဲ့ လူသားအရင်းအမြစ်ကြီးပါပဲ။ ဒါပေမဲ့ ပညာတတ်တဲ့ လူသားအရင်းအမြစ်ဖြစ်ဖို့ လိုပါတယ်။ ရန်ကုန်မြို့လောက်တောင် မကျယ်တဲ့၊ သောက်စရာ ရေတောင်မရှိတဲ့ စင်ကာပူဆိုတဲ့ ကျွန်းနိုင်ငံလေးဟာ သူ့ရဲ့ပညာတတ်တဲ့ လူသားအရင်းအမြစ်တွေရဲ့ စွမ်းဆောင်မှုကြောင့် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် နိုင်ငံတနိုင်ငံဖြစ်နေပါပြီ။ ကျွန်တော်တို့လည်း ပညာတတ်တဲ့ လူသားအရင်းအမြစ်ကို တည်ဆောက်ဖို့အချိန်ကျနေပါပြီ။
''ပညာရွှေအိုး-တရုတ်ခိုးလို့မရပါဘူး၊ အယ်ဒီတာ''

ကဲ၊ ဒီလိုဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်ရှိပညာရေးအခြေအနေကို လေ့လာသုံးသပ်ကြည့်ရအောင်။

အစိုးရရဲ့ ရက်ပေါင်း ၁၀၀ တည်ဆောက်မှုရဲ့ပထမပိုင်းအခြေအနေအရ ကျွန်တော်တို့ရဲ့ ပညာရေးဌာနဟာ အကောင်းဘက်ကို တိုးတက်ဦးတည်နေတာ တွေ့ရပါတယ်။ အခြေခံပညာကျောင်းသူ၊ ကျောင်းသားလေးတွေ ကို ကျောင်းဝတ်စုံ၊ စာရေးကိရိယာနဲ့ ပြဋ္ဌာန်းစာအုပ်တွေအထိ အခမဲ့ထောက်ပံ့နေတာတွေ့ရတော့ ကြည်နူး ၀မ်းသာရပါတယ်။ သာဓုခေါ်မိပါတယ်။ ကျောင်းသားသမဂ္ဂတွေနဲ့လက်တွဲပြီး တက္ကသိုလ် ပဋိညာဉ်တွေ၊ တက္ကသိုလ်ဆီးနိတ်တွေဖွဲ့ဖို့ ပြင်ဆင်နေတဲ့အတွက်လည်း ပညာရေးခေတ်ပြောင်းပြီဆိုပြီး ၀မ်းသာအားတက် ရပါတယ်။

ဆရာ၊ ဆရာမတွေ သေနတ်ပစ်သွားသင်ကြရတဲ့ ဖောင်ကြီးနဲ့ ဇီးပင်ကြီးသင်တန်းတွေ မရှိတော့ဘူးဆိုတဲ့ မင်္ဂလာသတင်းလည်း ကြားရပါတယ်။ လက်ရှိ အာဏာရအစိုးရပါတီမူဝါဒတွေကိုပဲ အဓိကထားသင်တဲ့ ကျောင်းတွေပါ။ ဆရာ၊ ဆရာမမွမ်းမံသင်တန်း မဟုတ်ပါဘူး။ ''ဖောင်ကြီးက ဆင်းလာရင် ဖင်ကြီးစောင်း လာတာပဲ အဖတ်တင်တယ်။ ဘာမှထူးမလာဘူး''ဆိုတဲ့ ဟာသစကားလေးသာ သမိုင်းတွင်သွားပါတယ်။

အတိတ်က အကျင့်ဟောင်းလေးတွေ ကျန်နေသေးတာကိုတော့ တခါတလေ တွေ့တွေ့နေရပါတယ်။ ဥပမာ လေးတန်းနဲ့ ရှစ်တန်းကျတဲ့ ကလေးတွေကို 'ကုစား'ဆိုတဲ့ နောက်ဆက်တွဲ စာမေးပွဲတွေ ထပ်စစ်ပြီး ထပ်အအောင်ပေးတဲ့ ရုပ်ပျက်ဆင်းပျက်ကိစ္စမျိုးတွေပေါ့။ အကျင့်ဟောင်းဆိုတာ ဖျောက်နိုင်ခဲသားဗျ။ ဒါပေမဲ့ အချိန်က သင်ကြားပဲ့ပြင်သွားပါလိမ့်မယ်။ မုဆိုးစိုင်သင်သွားပါလိမ့်မယ်။


အခု KG ပညာရေးစနစ်ကို အကောင်အထည်ဖော်နေပါတယ်။ မွမ်းမံသင်တန်းဆင်းပြီး လေ့ကျင့်လာခဲ့တဲ့ ဆရာ၊ ဆရာမတွေက အောင် မြင်ပျော်ရွှင်စွာ သင်ကြားနေတယ်လို့သိရလို့ မိဘတွေလည်း စိတ်ချမ်းသာနေကြပါ တယ်။ ဟုတ်ပြီ၊ မူကြို KG တန်းကတော့ ပညာရေးစနစ်လည်း ပြင်ပြီးပြီ၊ စံမီအရည်အချင်းရှိ ဆရာ၊ ဆရာမ တွေလည်း အဆင်သင့်ရှိနေပြီ။ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးစနစ်ကရော ဘယ်လို၊ ဘာတွေပြောင်းလဲကြမှာလဲ။ ပြောင်းလဲချိန်တန်တာကတော့ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ ဘယ်ပညာရေးစနစ်ကိုပဲ ပြောင်းပြောင်း၊ ဘယ်သူတွေသင်ကြမှာလဲ။ ''မြန်မာနိုင်ငံမှာ စံမီဆရာ မျိုးဆက်ပြတ်နေပြီ''ဆိုတဲ့ ညည်းတွားသံတွေ ထွက်နေခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ရှေ့မီနောက်မီ ဆရာကြီးတွေက ညည်းကြတာပါ။

ဆရာမျိုးဆက်ပြတ်ရခြင်း၊ ဘွဲ့ရများ ပညာမတတ်ခြင်း၊ ပညာရေးစနစ်ကြီးတခုလုံး ပြိုပျက်ကျသွားရခြင်းရဲ့ အဓိကတရားခံကတော့ ဗိုလ်နေ၀င်းပါပဲ။ ၁၉၆၂ ခု တော်လှန်ရေးကောင်စီဆိုတဲ့ စစ်အစိုးရတက်အပြီး နှစ်နှစ်အကြာ ၁၉၆၄-၆၅ ပညာသင်နှစ်ကစပြီးတော့ တက္ကသိုလ်မှာ ဘာသာရပ်တိုင်းကို မြန်မာလိုသင်ကြား စေပါတယ်။ သင်ကြားရမယ့် တက္ကသိုလ်ဆရာတွေမှာ အဆင်သင့်မဖြစ်ကြသေးပါဘူး။ အဆိုးဆုံးကတော့ သိပ္ပံဘာသာရပ်တွေကို တရုတ်နဲ့ ဂျပန်နိုင်ငံလို အချိန်ယူကြိုတင်ပြင်ဆင်မှုမရှိဘဲ မြန်မာလိုသင်ကြားခိုင်းတာပဲ ဖြစ်ပါတယ်။ ဂျပန်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်က မေဂျီပြုပြင်ပြောင်းလဲရေးခေတ်ကတည်းက သိပ္ပံ ဘာသာရပ်တွေကို ဂျပန်ဘာသာနဲ့သင်ကြားနိုင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ကြရတာပါ။ သူတို့လည်း မဟာဘွဲ့၊ ပါရဂူဘွဲ့တွေအတွက်တော့ အင်္ဂလိပ်လို တွဲဖက်သင်ကြားကြရတာပါပဲ။ ဒါမှ နိုင်ငံတကာ သိပ္ပံပညာလောကမှာ ရင်ပေါင်တန်းဝင်ဆံ့နိုင်မှာပါ။


ဗိုလ်နေ၀င်းရဲ့ စနစ်သစ်ပညာရေးကတော့ တက္ကသိုလ်ပထမနှစ်နဲ့ ဒုတိယနှစ်မှာသာ အင်္ဂလိပ်စာကို မစို့မပို့သင်တယ်ဆိုရုံသာ သင်လွှတ်လိုက်ကြပြီး အချိန်တန်တော့ ဘွဲ့ယူကြတာပါပဲ။ ဒီတော့ ဘွဲ့ရတွေ အင်္ဂလိပ်စာမတတ်ဘူးဆိုတဲ့ အသံတွေကြားလာရပါတယ်။ တကယ်တော့ ကနေ့ခေတ် ဘွဲ့ရတွေရဲ့အပြစ် မဟုတ်ပါ။ သူတို့ခမျာ အသင်မှမခံခဲ့ကြရဘဲဗျာ။

ဘယ်ဘာသာတွဲယူယူ၊ အထူးသဖြင့် ၀ိဇ္ဇာ/သိပ္ပံတက္ကသိုလ်ကျောင်းသားတွေဟာ ဘွဲ့ယူ နောက်ဆုံးနှစ်အထိ အင်္ဂလိပ်စာကို အဆင့်မြှင့်သင် ကြားကြရမှာပါ။ ကျွန်တော်တို့စနစ်ဟောင်း တက္ကသိုလ်ခေတ် (ဦးနု- ပညာရေး စနစ်)တုန်းက ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ အင်္ဂလိပ်စာကို တနှစ်ပြီးတနှစ်၊ တဆင့်ပြီးတဆင့် မြှင့်ပြီး သင်ကြရပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက အဓိကဘာသာစနစ် မရှိသေးပါ။ ဒါကြောင့် ဘယ်ဘာသာကိုပဲ ယူယူ စာမေးပွဲကျပြီဆိုရင် အင်္ဂလိပ်စာနဲ့ ကျကြတာများပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကို ပိုကြိုးစားကြရပါ တယ်။ ဆရာတွေကလည်း ဖိဖိစီးစီးသင်ပြီး တင်းတင်းကျပ်ကျပ်စစ်မေးပါတယ်။ အဲဒီတုန်းက စိတ်ညစ် လိုက်တာ။ အခုတော့ ဘွဲ့ရလုပ်ပြီး အင်္ဂလိပ်စာအရေးနဲ့အဖတ်လောက်မှ မတတ်တဲ့ ဘွဲ့ရစာရင်းထဲမှာ မပါတော့မှ အဲဒီပညာရေးစနစ်နဲ့ အဲဒီဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ကြည်ညိုလို့ မဆုံးပါဘူး။

အဲဒီ ဗိုလ်နေ၀င်းပညာရေးစနစ်က မွေးထုတ်လိုက်တဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတချို့ဟာ ကျောင်းဆရာ၊ ဆရာမတွေ ဖြစ်လာကြပါတယ်။ ဒါပေမဲ့ သင်ကြားရေးကို မထိခိုက်သေးပါ။ ၁၉၈၆ အထိ န၀မတန်းနဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားတွေဟာ သိပ္ပံဘာသာရပ်တွေကို မြန်မာလိုပဲ သင်နေကြရလို့ပါ။ ဒါပေမဲ့ အဲဒီခေတ်က မြန်မာဆေးတက္ကသိုလ်ထွက် ဆရာဝန်တွေကို ကမ္ဘာက အသိအမှတ် မပြုတော့တဲ့အခါမှာ အင်္ဂလန်က ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့တွေယူဖို့ ဗြိတိသျှဆေးတက္ကသိုလ်တွေရဲ့ ၀င်ခွင့်စာမေးပွဲ တွေကို အာဏာရှင်တွေရဲ့သားသမီးတွေ ကျရှုံးကြတဲ့အခါမှာတော့ ၁၉၈၆-၈၇ မှာ သိပ္ပံဘာသာရပ်တွေကို အင်္ဂလိပ်လိုသင်စေလို့ ဖုတ်ပူမီးတိုက် အမိန့်တွေထုတ်လိုက်ပြန်ပါတော့တယ်။ သြော် . . . လက်သည်းဆိတ်မှ လက်ထိပ်နာတတ်သော ဗိုလ်နေ၀င်းပါတကား။


ကောင်းပြီ။ ရူပ၊ ဓာတု၊ ဇီဝဘာသာရပ်တွေကို တက္ကသိုလ်မှာ မြန်မာလိုသင်ပြီး ဘွဲ့ယူခဲ့ကြရတဲ့ ဆရာ၊ ဆရာမတွေ ဘာလုပ်ကြမလဲ။ သင်နိုင်တဲ့ ဆရာတွေမရှိဘဲ အဲဒီလိုပညာရေးစနစ်ကို ပြဋ္ဌာန်းရဲတဲ့ အစိုးရ တွေကတော့ တော်တော်မိုက်မဲခဲ့တာပါပဲ။ အာဏာရှင်တွေဟာ လမ်းမပေါ်မှာ ကျောင်းထဲမှာ ထောက်လှမ်းရေး၊ စစ်ကြောရေးမှာ၊ ထောင်ထဲမှာ ကလေးသူငယ်ကျောင်းသားလေးတွေကအစ ရဟန်းသံဃာတော်အထိ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အစားထိုးနိုင်ပါတယ်။ မျိုးဆက်သစ်တွေကတော့ ဆက်ပေါ် နေဦးမှာပါပဲ။ ဒါပေမဲ့ ပညာရေးကို သတ်တာကတော့ လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide)ပါပဲ။
စောစောက စကားဆက်ရရင် သိပ္ပံဘာသာရပ်တွေကို မြန်မာလို ဘွဲ့ရခဲ့ကြတဲ့ ဆရာ၊ ဆရာမလေးတွေ ဒုက္ခရောက်ကြရရှာတော့တာပါပဲ။
ဒီမှာတင် ကျွန်တော်တို့ စနစ်ဟောင်းဘွဲ့ရ ကထိက၊ ပါမောက္ခဟောင်းကြီးတွေနဲ့ ကျူရှင်ဆရာကြီးတွေ၊ ဘုရားပွဲကြီးတွေ့ကြတော့တာပါပဲ။ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ သင်ရိုးသစ် ရူပ၊ ဓာတု၊ ဇီဝအဖြေစုံ စာအုပ်တွေကို အစိုးရပြဋ္ဌာန်းချက်ပုံနှိပ်စာအုပ်တွေ တရားဝင်မထွက်ခင်မှာ ဘာသာပြန်ထုတ်ဝေလိုက်ကြ တယ်ခင်ဗျ။ နွေရာသီ မွမ်းမံသင်တန်းပို့ချချက်တွေကိုတောင် အဆစ်ထည့်ပေးလိုက်ကြပါသေးတယ်။

ထုံးစံအတိုင်း ရွှေသမင်က မင်းကြီးတာက ထွက်လာတာကိုးဗျ။ နွေရာသီမွမ်းမံသင်တန်းပို့ချချက်တွေကို တက္ကသိုလ်က ဆင်ကြီးတွေဆီက ၀ယ်လို့ရပါတယ်ဗျ။ အဲဒီမူရင်းပြဋ္ဌာန်းချက်စာအုပ်ကိုရော . . . လွယ်ပါတယ် ဗျာ။ ရန်ကုန်အောင်ဆန်းမြို့သစ်မှာရှိတဲ့ အစိုးရဗဟိုပုံနှိပ်စက်က ရပါတယ်ခင်ဗျ။ ကျွန်တော်တို့ရဲ့ထုတ်ဝေသူ တွေဟာ ဗဟိုပုံနှိပ်စက်ရဲ့တံတိုင်းဘေးမှာ သွားစောင့်နေကြရပါတယ်။ ကြိုချိတ်ထားတဲ့ စက်ရုံအလုပ်သမားက ပုံနှိပ်စာအုပ်ရိုက်ပြီးတဲ့ စာဖောင် Chapter တခုစီကို ကျောက်ခဲတလုံးမှာပတ်ပြီး တံတိုင်းအပြင်ကို ပစ်ပေးပါ တယ်။ ထုတ်ဝေသူတွေက ကျွန်တော်တို့ ကျူရှင်ဆရာတွေဆီကို တက္ကစီကား၊ ကိုယ်ပိုင်ကားတွေနဲ့ အမြန်ပို့ ပေးကြပါတယ်။ ကျွန်တော်တို့ကလည်း နေ့ချင်း၊ ညချင်း ဘာသာပြန်ကြရပါတယ်။ ပြီးရင်ပုံနှိပ်စက်ပေါ် တင်လိုက်ရုံပါပဲ။

ဒါကြောင့်အစိုးရမူရင်း ပုံနှိပ်စာအုပ်တွေမထွက်ခင် ကျွန်တော်တို့ရဲ့ ဘာသာစုံသင်ရိုးကုန် စာအုပ်တွေက တပြည်လုံးမှာ ရောင်းနေကြပါပြီ။ စာပေစိစစ်ရေး၊ ပုံနှိပ်မှတ်ပုံတင် အက်ဥပဒေနဲ့မကင်းလွတ်တဲ့ ကျွန်တော်တို့စာအုပ်တွေကို ရဲကဖမ်းပြီး တရားစွဲပါတယ်။ တရားခွင်ကို ကျူရှင်ဆရာအစစ်၊ တရားခံအစစ်တွေ တယောက်မှ ရောက်မလာကြပါဘူး။ ကျွန်တော်တို့ငှားထားတဲ့ တရားခံအတုက တရားရုံးရောက်နေချိန်မှာ တရားခံကျူရှင်ဆရာနဲ့ တရားလိုရဲအရာရှိတို့ဟာ ရန်ကုန်တိုင်းတရားရုံးနဲ့ မနီးမဝေးမှာရှိတဲ့ မဆလအစိုးရပိုင် ဟိုတယ်ကြီးတခုမှာ အရက်ထိုင်သောက်နေကြလေရဲ့။

ခေတ်ပျက်ကြီးထဲမှာ ကျွန်တော်တို့အားလုံး လူပြက်ကြီးများဖြစ်ခဲ့ ကြရပါတယ်ခင်ဗျား။


ပြောရရင်တော့ ဒီလိုနဲ့ ဆရာမျိုးဆက်ပြတ်ခဲ့ရပါတယ် ခင်ဗျာ။
နောက်တော့ ဗိုလ်နေ၀င်းစနစ်တကျဖျက်ဆီးခဲ့တဲ့ ပညာရေးစနစ်ထဲကို န၀တခေတ် ၁၉၉၁မှာ ဗိုလ်ခင်ညွန့်ရဲ့ ''အောင်ပါစေ ပညာရေးစနစ်''နဲ့ ရောသမမွှေလိုက်တဲ့အခါမှာ တနေ့တခြားပိုဆိုးလာတဲ့ ဘွဲ့ရပညာမ တတ် လေးတွေ ဗုံးပေါလအော ထွက်လာကြတော့တာပါပဲ။
ဆရာမျိုးဆက်ပြတ်နေပြီ။ ဘွဲ့ရတွေ အင်္ဂလိပ်စာမတတ်ဘူးဆိုတဲ့စကားတွေဟာ နားခါးစရာကောင်းလှပါတယ်။
ဘယ်သူ့အပြစ်လဲ။

''ဆရာ၊ ဆရာမများ၊ ဘွဲ့ရများရဲ့အပြစ်မဟုတ်ပါ''
သူတို့ကလေးအရွယ် ကျောင်းသားဘ၀ဖြတ်သန်းခဲ့ကြရတုန်းက ''အသင်မခံခဲ့ကြရလို့ပါ''။

ဘွဲ့ရတိုင်းကိုတော့ ၀ါးလုံးရှည်နဲ့ သိမ်းမရမ်းလိုပါ။ ကနေ့ ဆေးပညာလောက၊ အင်ဂျင်နီယာလောကနဲ့ ပညာရေးလောကက နိုင်ငံခြားပါရဂူဘွဲ့ယူခဲ့ကြသူတွေဟာ ကျွန်တော်တို့ရဲ့ တူအရွယ်၊ သားအရွယ်တွေပါပဲ။ သေချာတာက သူတို့လည်း ညံ့ဖျင်းစုတ်ပဲ့လှတဲ့ အဲဒီပညာရေးစနစ်ကြီးကို ဖြတ်သန်းခဲ့ကြရမှာပါပဲ။
သူတို့ ဘာကြောင့် ပညာတတ်ခဲ့ကြသလဲ။
ရှင်းပါတယ်။ ခေတ်ဟောင်း၊ ခေတ်ကောင်းရဲ့နှောင်းပိုင်းကို မီလိုက်ကြရပြီး စံမီတဲ့ ခေတ်ဟောင်းဆရာ၊ ဆရာမကြီးတွေရဲ့ သင်ကြားပေးတာကို ခံယူခဲ့ကြရလို့ပါ။ ဒါကြောင့် သင်ပေးနိုင်သူရှိရင် တတ်မယ်။ သင်ပေးနိုင်သူမရှိရင် မတတ်။
ကဲ၊ ခုတော့ စံမီဆရာမျိုးဆက်ပြတ်နေပြီတဲ့ဗျာ။


ဒီလိုဆိုရင် စံမီဆရာမျိုးဆက်ကို ဘယ်လိုပြန်ပြီး ထူထောင်ကြရမှာလဲ။ ကနေ့ ပထမတန်းကလေးတွေကစပြီး တက္ကသိုလ်နောက်ဆုံးနှစ်အထိ စံမီဆရာ၊ ဆရာမတွေနဲ့ သင်ကြားပေးလိုက်မယ်ဆိုရင် နောင်နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာ အရည်အချင်းပြည့်ဘွဲ့ရ၊ စံမီဆရာမျိုးဆက်တွေ ပေါ်ထွက်လာကြပါလိမ့်မယ်။

ဒါပေမဲ့ နှစ်ပေါင်း ၂၀ စောင့်ရပါလိမ့်မယ်။ ဒါလည်း မသေချာသေးပါဘူး။ ဘယ်မှာလဲ၊ သူတို့ကို သင်ပေးမယ့် စံမီဆရာ၊ ဆရာမတွေ။ဘာလုပ်ကြမလဲ။
လက်ရှိ ဆရာ၊ ဆရာမတွေကိုပဲ ဥာဏ်သစ်လောင်းပြီး ဘ၀ပြောင်းပေးကြရမှာပါပဲ ခင်ဗျာ။ ဆောင်းနဲ့ နွေကျောင်းပိတ်ရက်တွေမှာ ရက်ရှည်မွမ်းမံသင်တန်းတွေကို စခန်းသွင်း၊ ထမင်းပါကျွေး၊ နေစရာပါပေးပြီး သင်ပေးကြရပါလိမ့်မယ်။ ဖောင်ကြီးနဲ့ ဇီးပင်ကြီးမှာ ကုထုံးမရှိဘူးဆိုတာလည်း အားလုံး သဘောပေါက် သွားပါပြီ။
မွမ်းမံသင်တန်းတွေအတွက် ပိုက်ဆံတော့ တော်တော်ကုန်ပါလိမ့်မယ်။ ကုန်ပေ့စေပေါ့ဗျာ။ ဒီစာကို ရေးနေရင်း ဆရာအောင်သင်းပြောခဲ့တဲ့ စကားတခွန်းကို သတိရမိလိုက်ပါတယ်။

''တိုင်းပြည်တပြည်မှာ ပညာရေးနဲ့ ကျန်းမာရေး ဘတ်ဂျက်တွေက တခြားဌာနတွေရဲ့ ဘတ်ဂျက်ထက် နည်းနေပြီဆိုရင် အဲဒီတိုင်းပြည် ခွေးဖြစ်ပြီသာမှတ်''တဲ့ဗျ။


ကဲ၊ အဲဒီမွမ်းမံသင်တန်းတွေကို ဘယ်လိုဆရာ၊ ဆရာမတွေက သင်ကြားပေးကြမှာပါလဲ။
အင်္ဂလိပ်စာကို ရေး-ဖတ်-ပြော-ကြား (4- skills) ပိုင်နိုင်တတ်ကျွမ်းခဲ့ကြတဲ့ အငြိမ်းစားယူပြီး ဆရာ၊ ဆရာမ ကြီးတွေ၊ လူတော်တွေ အဟောသိကံဖြစ်သွားခဲ့ကြရတဲ့ ၈၈ အရေးအခင်းအပြီးမှာ အဖြုတ်ခံ၊ အနားပေးခံ ခဲ့ကြရတဲ့ ကထိက၊ ပါမောက္ခဆရာ၊ ဆရာမကြီးတွေကို ထိုက်ထိုက်တန်တန် ဥာဏ်ပူဇော်ခပေးပြီး ပင့်ဖိတ်ရပါမယ်။ သူတို့ဟာ ပညာကို သေရွာထိယူသွားချင်တဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ဆီက ရနိုင်သမျှ ယူထားကြရပါမယ်။ ပြီးတော့ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေက ဆရာတွေ (Native Speakers)တွေကို တာဝန်ပေးသင့်ပါတယ်။ နိုင်ငံတော်က ထိုက်တန်တဲ့ကုန်ကျမှုကို ဂုဏ်ယူစွာ ကျခံသင့်ပါတယ်။
မွမ်းမံသင်တန်းပြီးရင် စာမေးပွဲကို တင်းကျပ်တိကျစွာ စစ်ဆေးရပါမယ်။ စာမေးပွဲအောင်တဲ့ ဆရာ၊ ဆရာမတွေကို ထိုက်တန်တဲ့ လစာတိုးမြှင့်ပေးရပါမယ်။ အဲဒီ ဆရာ၊ ဆရာမတွေကိုသာ အခြေခံပညာအဆင့် ကျောင်းတွေမှာ အင်္ဂလိပ်စာနဲ့ သိပ္ပံဘာသာရပ်တွေ သင်စေသင့်ပါတယ်။

နောက်ထပ်အားဖြည့်နိုင်တဲ့ နည်းလမ်းတခုရှိပါသေးတယ်။ တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာအဓိကနဲ့ ဘွဲ့ရပြီးသူတွေကို မြင့်မားတဲ့ လစာနှုန်းထားနဲ့ မူ-လယ်-ထက် အခြေခံပညာကျောင်းတွေမှာ အထူးအင်္ဂလိပ်စာ ဆရာတွေအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ပါတယ်။ သူတို့ကိုလည်း အင်္ဂလိပ်စာ (4- skills) တတ်မြောက်မှု စစ်ဆေးရပါမယ်။ Ph.D တွေကို နေ့စားလပေး မူလတန်းပြဆရာခန့်ဖို့ ခေါ်နေတာကတော့ အဖြေ မဟုတ်သေးဘူး။ အခြေခံပညာအဆင့်မှာ လိုအပ်နေတာက အင်္ဂလိပ်စာနဲ့ သိပ္ပံဘာသာရပ်တွေအတွက် အင်္ဂလိပ်စာကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေ လိုအပ်နေတာပါ။

ဘွဲ့ရ အင်္ဂလိပ်စာမတတ် ဒုက္ခတွေနဲ့ ပင်လယ်ဝေနေတုန်းမှာ န၀တနဲ့ နအဖလက်ထက်ပညာရေးကို ဗိုလ်ခင်ညွန့်ဦးဆောင်နေတဲ့အချိန်မှာ ဟာသအမိန့်တခုထွက်လာတယ်။ မူလတန်းကလေးတွေကို အင်္ဂလိပ် စကားပြော (Spoken English)သင်ပေးရမယ်တဲ့။ ဒုက္ခပါပဲ။ ဆရာ၊ ဆရာမ တွေတောင်မှ အပြောမဆိုထားနဲ့ အရေးနဲ့ အဖတ်တောင် တတ်ခဲ့ကြတာ မဟုတ်ဘူးလေ။ အရေးဆိုတာ ကိုယ်ပိုင်ဝါကျ (Own Sentence) တည်ဆောင်နိုင်တဲ့အဆင့်ကို ပြောတာပါ။
ထားပါတော့။ သေနတ်နဲ့ထောက်ပြီးခိုင်းတော့လည်း သင်ကြရရှာတာပေါ့။ သင်ပုံပြောပြပါ့မယ်။ တကယ့် အဖြစ်အပျက်တွေပါခင်ဗျာ။
ဆရာမလေးက သူ့ရင်ဘတ်လေးသူပုတ်ပြီး ‘I’ ‘I’လို့ ပြောရှာတယ်။ ပြီးတော့ ကလေးကို လက်ညှိုးထိုးပြီး ‘You’ ‘You’လို့ ပြောရှာပါတယ်။ ပြီးတော့ စာစစ်ရော။

''I ဆိုတာ ဘာလဲကွယ်''
''ရင်ဘတ်ပါ ဆရာမ''
ဆရာမလေး စိတ်ညစ်သွားပါတယ်။
''You ဆိုတာကရော ဘာလဲကွယ်''
''လက်ညှိုးပါ ဆရာမ''
သေပြီဆရာ။

ကမ္ဘာပေါ်မှာ သင်နိုင်တဲ့ဆရာတွေမရှိဘဲ ပညာရေးစနစ် တခုပြီးတခု ပြောင်းရဲတာဟာ မြန်မာတနိုင်ငံတည်းပဲ ရှိပါတယ်။
ဒါကြောင့် စံမီဆရာမျိုးဆက်ထူထောင်ကြဖို့ ကျွန်တော် တိုက်တွန်းနှိုးဆော်နေတာပါ။ ဒါပေမဲ့ ပညာရေး စနစ်သစ်တခု တည်ဆောက်ဖို့ဆိုတာ တဦး၊ တဖွဲ့၊ တဌာနတည်းနဲ့ မလုံလောက်ပါဘူး။ ပညာရေးနယ်ပယ် အသီးသီးက ပညာရှင်ကြီးငယ်အပေါင်းပါဝင်တဲ့ ''ပညာတံခွန်အဖွဲ့ကြီး''တခုကသာ တည်ဆောက် နိုင်ပါလိမ့်မယ်။
စံမီ ဆရာမျိုးဆက်တွေ ပေါ်ထွက်လာပြီဆိုရင်လည်း သူတို့ကို အခြားဌာနအမှုထမ်းတွေထက် လစာတိုးမြှင့် ပေးရပါလိမ့်မယ်။ ကြိုးစား ထူးချွန်မှုအပေါ်မှာကြည့်ပြီး ဆုပေး-ဒဏ်ပေးစနစ်ကျင့်သုံးပြီး မြှောက်စားပေးသင့် ပါတယ်။

အစာမကျွေးဘဲ ခိုင်းမရပါ။ လစာနဲ့မလောက်ရင် သူတို့ခမျာ ကျူရှင်သင်နေကြရဦးမှာပါပဲ။
နယ်သာလန်၊ ဘယ်လ်ဂျီယမ်စတဲ့ နိုင်ငံတွေ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နဲ့ အိုက်စလန်ဆိုတဲ့ နော်ဒစ်နိုင်ငံတွေမှာ လစာအများဆုံးဝန်ထမ်းတွေဟာ မူလတန်းပြနဲ့ အလယ်တန်းပြ ဆရာ၊ ဆရာမတွေပါပဲ။

ဒါကြောင့် သူတို့နိုင်ငံတွေမှာ ဆရာဖြစ်သင်ကောလိပ်နဲ့ ပညာရေးတက္ကသိုလ်ဝင်ခွင့် အမှတ်တွေဟာ ဆေးနဲ့ စက်မှုတက္ကသိုလ်ဝင်ခွင့်အမှတ်တွေထက် မြင့်ပါသတဲ့။ ဒီတော့ ကျွန်တော်တို့ဆီမှာ သမီးက ဆရာဝန်လေလို့ ကြွားကြသလို သူတို့ဆီမှာကတော့ ကျွန်မသားလေးက မူလတန်းပြ ဆရာလေလို့ ဂုဏ်ယူကြပါသတဲ့။ တရားကျရင်းနဲ့ အားကျလိုက်တာဗျာ။
ကျွန်တော်ကတော့ ကျွန်တော်တို့တိုင်းပြည်မှာ ဆရာ၊ ဆရာမ လုပ်နေကြတဲ့သူတွေဟာ အင်မတန် မွန်မြတ်သန့်စင်တဲ့ သူတော်စင်တွေလို့ပဲ ဆိုလိုက်ချင်ပါတယ်။ ခပ်ညံ့ညံ့အတွေးအခေါ်ရှိတဲ့သူတွေကတော့ သူတို့ကို မိုက်လိုက်တာလို့ ပြောကြမလားဘဲ။
ပညာရေးဝန်ကြီးဌာနက စောင့်ရှောက်ချီးမြှောက်ပေးဖို့ အချိန်တန်ပါပြီဗျာ။


ကဲ အခြေခံပညာတွေ ပြီးတော့ တက္ကသိုလ်တွေဘက်လှည့်လိုက်ကြရအောင်။
ဗိုလ်ခင်ညွန့်ပညာရေး ဗိုလ်ချုပ်မှူးကြီးလုပ်နေတဲ့အချိန်မှာ တက္ကသိုလ်တွေဟာ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ထုတ်လုပ်မှု အပြေးပြိုင်ပွဲကြီး ကျင်းပခဲ့ကြတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီး နှစ်ခုစလုံး M.A, M.Sc တွေ၊ Ph.D တွေ အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ကြတယ်။ ဘယ်လောက်ထိ ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့တယ်ဆိုတာကို ဆရာကြီးဘိုးလှိုင် (ရူပဗေဒပါမောက္ခ ဒေါက်တာတင်လှိုင်)က ကျွန်တော့်ကို ပြောပြဖူးတယ်။ ဆရာကြီးက ကျွန်တော့်ရဲ့ ''ပညာရေး . . . ပညာရေး . . . ရှက်ဖွယ် . . . ရှက်ဖွယ်''ဆိုတဲ့ စာအုပ်အတွက် အမှာစာရေးရင်း ပြောပြသွားတာပါ။
မဟာသိပ္ပံသင်တန်းတွေပြီးဆုံးပြီး Thesis Defence လုပ်မယ့်နေ့မှာပါတဲ့။ သူတို့ဆရာကြီးက ကျောင်းသားတွေအားလုံးကို စာသင်ခန်းမကြီးတခုတည်းမှာ စောင့်ခိုင်းထားပါတယ်။ တနေ့လုံး အလုပ်ရှုပ်နေလို့ပေါ်မလာပါ။ ည ၇း၃၀ လောက်မှ ဆရာကြီး ၀င်လာပါသတဲ့။ ပြီးတော့ ကျောင်းသားတွေကို ''ကဲ၊ မင်းတို့အားလုံးကို ဆရာဘွဲ့ပေးလိုက်ပြီ။ ဒီကနေ့ကစပြီး မင်းတို့ဟာ မဟာသိပ္ပံဘွဲ့ရတွေ ဖြစ်ကြပြီ။ တကယ်တော့ မင်းတို့ဘာမှမတတ်ကြသေးဘူးဆိုတာ ဆရာသိသားပဲ။ ဒါပေမဲ့ မင်းတို့ ဒီအတန်းကို လာတက်ကတည်းက ဒီဘွဲ့ကိုလိုချင်လို့ ဆရာရဲ့သည်းညည်းကို အမျိုးမျိုးခံပြီး တက်ကြတယ်ဆိုတာ ဆရာသိပါတယ်''တဲ့ ခင်ဗျ။
ဆရာကြီး ဒေါက်တာတင်လှိုင်က ကျွန်တော့်ကို ဆက်ရှင်းပြပါတယ်။
''Thesis Defence ဆိုတာ နှုတ်မေးဖြေစာမေးပွဲ ဖြစ်ပါတယ်။ (၁) စာစစ်အဖွဲ့နဲ့ မျက်နှာစုံညီစစ်ဆေးရမယ်၊ (၂) တက္ကသိုလ်ပြင်ပက ပညာရှင်၊ ပြင်ပစာစစ် (External Examiner) ပါဝင်ရပါမယ်။ အဲဒီစာမေးပွဲမှာ ဘယ်မှာလဲ စာစစ်အဖွဲ့၊ ဘယ်မှာလဲ ပြင်ပစာစစ်''တဲ့ ခင်ဗျ။
ဆရာကြီး နောက်ထပ်ပြောပြတဲ့ ဇာတ်လမ်းတပုဒ်ကတော့ ပိုပြီး အံ့သြရပါတယ်။

''အိန္ဒိယက ဆရာတယောက်ကိုဖိတ်ခေါ်ပြီး (Ph.D) Thesis (၄၇)ခုကို တနေ့တည်း စစ်ဆေးပြီး ဘွဲ့ပေးသတဲ့။ အဲဒီ ပါမောက္ခကြီးပါပဲတဲ့။ ဟုတ်ရဲ့လားဗျာလို့ ရင်းနှီးတဲ့အတွင်းသိကို ကျွန်တော်မေးမြန်းစုံစမ်းကြည့်ပါတယ်။ ဟုတ်တယ်လို့ ပြောသူတယောက်မကပါ။ ဘယ်တက္ကသိုလ်ဖြစ်ဖြစ် Ph.D (Thesis) စစ်မေးတာဟာ တယောက်ကို တနာရီမက ကြာပါတယ်'' တဲ့ ခင်ဗျာ။
ဒီတော့လည်း စာချိုးလေးတခု ပေါ်လာတယ်။
''မြို့တိုင်းလိုလို တက္ကသိုလ်
မြင်မြင်သမျှ ပါမောက္ခ
သူယူငါယူ ပါရဂူ
မသေမချင်း extension''တဲ့ခင်ဗျာ။
ကောင်းကြပါလေရော။
၂၀၁၁ မှာ ရေးဆွဲခဲ့တဲ့ ပညာရေးနှစ် ၃၀ စီမံကိန်းရဲ့ ယနေ့တိုင် အသက်ဝင်နေဆဲ၊ အစီအရင်၊ အခင်းအကျင်း တွေကို ၁-၁၀-၂၀၁၂ ထုတ် VOICE ဂျာနယ်မှာ ကိုမာကျောရေးတဲ့ ''အင်္ဂလိပ်လိုလည်းမတတ်၊ ဗမာလိုလည်း နားမလည်တော့ပါဘူး''ဆိုတဲ့ ဆောင်းပါးကတဆင့် ဒီလို သိခွင့်ရခဲ့ပါတယ်။

''ဆရာ၊ ဆရာမတွေတောင် အင်္ဂလိပ်လို မပြောနိုင်၊ မရေးနိုင်တဲ့ စာတွေကို ကျောင်းသားတွေကို အလွတ်ကျက်ခိုင်းပြီး စာမေးပွဲဖြေဆိုစေတဲ့စနစ်ပါ။ အဲဒီကစပြီး စာမေးပွဲမှာ ကူးချတဲ့ အလေ့အကျင့်ကြီး တရားဝင် ပေါ်ထွက်လာတော့တာပါပဲ။ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးမူအရ သိမ်မွေ့ညင်သာစွာ ဖြေရှင်းပါ ဆိုတဲ့အမိန့်ကြောင့်၊ စာမေးပွဲအခန်းတွင်းမှာ ဆရာ၊ ဆရာမတွေ လက်ပိုက်ကြည့်နေခဲ့ရတာ၊ ခရစ်နှစ် ၂၀၀၀ ပြည့်လွန်နှစ်တွေတိုင်အောင်ပါ။ အဲဒီကာလက လူငယ်တွေဟာ အခုတော့ လူကြီးဖြစ်၊ တက္ကသိုလ်တွေမှာ ဆရာ၊ ဆရာမတွေဖြစ်၊ တချို့ဆိုရင် အင်တာနက်ကနေ Plagiarism သူတပါးအတွေးနဲ့စာတွေကို ကူးချခြင်းမှာ တော်လို့၊ ပါရဂူဘွဲ့ကြီးတွေများတောင် ယူပြမော်ပြနိုင်ကုန်ကြပါပြီ''တဲ့ဗျာ။ (ဆရာကိုမာကျောဟာ တက္ကသိုလ် အတွင်းစည်းက ၀ါရင့်ဆရာကြီးတယောက်ဆိုတာ အဲဒီဆောင်းပါးတနေရာမှာ သူရေးပြထားလို့ သိခွင့်ရလိုက် ပါတယ်)
ဒီတော့ တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ရ ကထိကဆရာမတယောက်က Physiocrat ကို ''မြေယာအဓိက စီးပွားရေးသမား''လို့ ပြောရမယ့် အစား၊ ''ရူပဗေဒလိုက်စားသူ''ဘာသာပြန်ပြီး သင်နေတယ်။ တွဲဖက် ပါမောက္ခတယောက်ကတော့ ''မြေပိုင်ရှင်''လို့ ဘာသာပြန်ပြီး သင်သတဲ့။ အင်း သူဖြီးတာက နည်းနည်းတော့ နီးစပ်သဗျ။
Mercantilist ကို ''ကုန်သွယ်ရေးထိန်းချုပ်မှုဝါဒ''လို့ ဘာသာပြန်ရေးမယ့်အစား ''ကုန်သည်ကြီး''လို့ ဘာသာပြန်ကြသဗျ။ ရယ်စရာအကောင်းဆုံးကတော့ Lightning Rod ကို ''မိုးကြိုးလွှဲ''လို့ ဘာသာပြန် ရမယ့်အစား ''မီးချောင်း''လို့ ဘာသာပြန်သတဲ့။ တခါတည်း ‘S’ ရှက်ကွဲတာပါပဲ။ Unlettered Man ကို ''စာမတတ်မြောက်သူ''လို့ ဘာသာပြန်ရမယ့်အစား ''စာအုပ်ကြီးအတိုင်းမလုပ်သူ''လို့ ဘာသာပြန်တဲ့ တက္ကသိုလ်ဆရာတွေ၊ What-ness ကို ''အနှစ်သာရ ဂုဏ်ရည်''လို့ ဘာသာပြန်ပြီး သင်ပေးရမယ့်အစား ''ပကတိအရှိတရား''လို့ ၀ါးချနေတဲ့ ဆရာတွေကလည်း တပုံကြီး။

အရင်းစစ်လိုက်တော့ သူတို့ဟာ အင်္ဂလိပ်စာကို နကန်းတလုံးသာသာလောက်သာ သိတဲ့သူတွေ ဖြစ်မယ် ထင်ပါတယ်။ အင်း . . . သူတို့လည်း အသင်မခံခဲ့ကြရရှာဘူးလေ။ ဒီတော့ ''တရုတ်ပြည်သူ့သမ္မတ မြန်မာ နိုင်ငံတော်''လို့ မေးခွန်းမှားရေးခဲ့တဲ့ အခြေခံပညာဆရာမလေးကို ခွင့်လွှတ်လိုက်ကြပါဗျာ။


ကဲ၊ ဒီလိုဆိုရင် အဲဒီမဟာဘွဲ့ရ၊ ပါရဂူဘွဲ့ရတွေအတွက် ဘယ်လို စီစဉ်ကြမလဲ။ မဟာဘွဲ့ရတချို့နဲ့ ပါရဂူဘွဲ့ရ တချို့ကတော့ ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ အကြံအဖန်မပါဘဲ မှန်ကန်တဲ့နည်းနဲ့ ဘွဲ့တွေယူခဲ့တယ်ဆိုတာ ယုံပါတယ်။
စာကူးချန်ပီယံပဲဖြစ်ဖြစ်၊ အကြံအဖန် M.A, M.Sc နဲ့ Ph.D တွေပဲဖြစ်ဖြစ် သူတို့ကို မွမ်းမံပြင်ဆင် မြှင့်တင် ပေးကြရမှာပေါ့။ ဒီကတက္ကသိုလ်တွေမှာတော့ အလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဂိတ်ဆုံးနေပါပြီ။

ဒီတော့ သူတို့ကို နိုင်ငံခြားတက္ကသိုလ်တွေကိုလွှတ်ပြီး Further Study လုပ်ခိုင်းပါ။ သူတို့ သေချာပေါက် တိုးတက်သွားပါလိမ့်မယ်။ ဟိုက တက္ကသိုလ်တွေက ကျေနပ်လို့ Ph.D ထပ်ပေးလည်း ယူလိုက်ပေါ့။ ကမ္ဘာပေါ်မှ Double Ph.D တွေ အများကြီးပါ။ အနည်းဆုံး M. Phil ဘွဲ့လောက်ရလည်း သူတို့ရဲ့ မူလကရခဲ့တဲ့ Ph.D ဘွဲ့က ခိုင်မာသွားပါပြီ။ သုတေသနလုပ်နည်းတွေကိုလည်း တတ်လာကြပါလိမ့်မယ်။
Further Study ဆိုတာ မဖြစ်မနေ လိုအပ်တယ်ဆိုတာကိုသိတဲ့ ဆရာကြီးဦးဖေမောင်တင်ဟာ သူ့တပည့်ဖြစ်တဲ့ မောင်စိန်တင်(သိပ္ပံမောင်ဝ)၊ မောင်သိန်းဟန်(ဇော်ဂျီ)နဲ့ မောင်ဝန်(မင်းသုဝဏ်)တို့ကို ဒုတိယ ကမ္ဘာစစ် မတိုင်မီကတည်းက အင်္ဂလန် Oxford တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ယူခိုင်းတာပေါ့။ ဒါဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက လုပ်ခဲ့တာနော်။

ဒီလိုမှ မပြင်ဆင်ကြရင်ဖြင့် တက္ကသိုလ်မှာလည်း ဆရာမျိုးဆက် ပြတ်သွားပြီး ပညာရေးငါးပါး မှောက်သွားပါလိမ့်မယ်။
ပညာရှင်များ ၀ိုင်းဝန်းကြံဆတော်မူကြပါ ခင်ဗျား။

မင်းသစ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဝါရှင်တန်၊ ဇွန် ၁၁ ။ ။ NBC ရုပ်သံ၏ “ The Voice” သီချင်းဆို ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်သူ အဆိုတော် ခရစ္စတီးနာဂရမ်မီသည် ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့တွင် ကျင်းပပြုလုပ်သော ဖျော်ဖြေပွဲတွင် သေနတ်သမားတစ်ဦး၏ တိုက်ခိုက်မှုခံခဲ့ရပြီးနောက် နာရီပေါင်းများစွာအကြာ ဇွန် ၁၁ ရက် အစောပိုင်းက သေဆုံးခဲ့ကြောင်း အော်လန်ဒိုရဲတပ်ဖွဲ့က ပြောကြားသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂရမ်မီသည် ဇွန် ၁၀ ရက် ညနေပိုင်းက အော်လန်ဒိုမြို့ Plaza Live တွင် “ Before You Exit” တေးဂီတအဖွဲ့နှင့်အတူ ဖျော်ဖြေခဲ့ကြောင်းနှင့် ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပရမ်မီနှင့် တေးဂီတအဖွဲ့သမားများသည် အမှတ်တရ လက်မှတ်ရေးထိုးစဉ် သေနတ်သမားတစ်ဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အော်လန်ဒို ရဲတပ်ဖွဲ့က ပြောကြားသည်။

သေနတ်သမားသည် ဂရမ်မီရှိရာသို့ လမ်းလျှောက်လာခဲ့ပြီး သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း အော်လန်ဒိုရဲတပ်ဖွဲ့က တွစ်တာတွင် ပြောကြားထားသည်။ ဂရမ်မီ၏ အစ်ကိုက သေနတ်သမားကို ချက်ချင်းလိုက်ဖမ်းခဲ့ကြောင်းနှင့် သေနတ်သမားသည် သေနတ်ဖြင့်ပစ်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သည်။

သေနတ်သမားသည် မည်သည်မည်ဝါဖြစ်သည်ကို မသိရသေးကြောင်းနှင့် ပစ်ခတ်ရခြင်း ရည်ရွယ်ချက်ကိုလည်း မသိရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဂရမ်မီသည် ခြောက်ကြိမ်မြောက် “ The Voice” တေးသီချင်းဆိုပြိုင်ပွဲတွင် တတိယနေရာကို ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်က “ The Voice” တေးသီချင်းဆိုပြိုင်ပွဲတွင် “ With Love” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
Mizzima - News in Burmese

ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် ဥသျှစ်ပင်မြို့တွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရပ်ကွက်များအတွင်းသို့ ရေ၀င်မှုများ ဖြစ်ပေါ်နေပြီး နေအိမ်တချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

မြို့ဘေးမှ ဖြတ်သန်းစီးဆင်းသော ဘူးရိုးချောင်း ရေလျှံမှုကြောင့် ရေမြုပ်နေသော နေအိမ်အချို့မှ မိသားစုဝင်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရခြင်းဖြစ်သည်။

ဥသျှစ်ပင်မြို့အ၀င်မှ ဘူးရိုးချောင်းမှာ ရေလျှံမှုကြောင့် အနိမ့်ပိုင်း နေအိမ် ၃၀ ခန့် ရေမြုပ်နေပြီး အဆိုပါအိမ်များမှ မိသားစုဝင်များကို ဇွန်လ ၁၁ ရက်နေ့မနက်ပိုင်းက လူမှုကူညီရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

“ချောင်းရေတက်လာတော့ ချောင်းဘေးရပ်ကွက်က နေအိမ်အချို့က သူတွေကို ရွှေ့ပြောင်းပေးတာတွေ ပြုလုပ်ရတယ်။ အခုချောင်းရေက မြို့ထဲရပ်ကွက်တွေဘက် လှည့်ဝင်နေပြီ၊ အရင်ရက်တွေကလည်း မိုးက ရက်ဆက်ရွာနေတော့ လမ်းတိုင်း၊ ရပ်ကွက်တိုင်း ရေတွေဝင်နေပြီ”ဟု ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြသိန်းက ပြောသည်။

ဥသျှစ်ပင်ဈေး၊ ဌာနဆိုင်ရာ ရုံးတချို့နှင့် ရပ်ကွက်တိုင်းနီးပါး ရေ၀င်မှုဖြင့်ကြုံတွေ့နေရပြီး မိုးဆက်လက်ရွာပါက ရေ၀င်မှုအခြေအနေ ပိုဆိုးလာနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

“အိမ်ထဲကို ရေရောက်နေပြီး လမ်းမှာလည်း ရေကများတော့ ဆိုင်ကယ်တောင် စီးလို့မရတော့ဘူး လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက ရေကစ၀င်လာတာ အခုထိမရပ်သေးဘူး၊ နောက်ရက်တွေ မိုးမတိတ်ပဲ ဆက်ရွာမယ်ဆိုရင်တော့ ဒီထက်ပိုဆိုးလာနိုင်တယ်” ဟု ဥသျှစ်ပင် ကွက်သစ်ရပ်ကွက်တွင် နေထိုင်သူ မသက်မာက ပြောသည်။

လက်ရှိအချိန်၌ ဥသျှစ်ပင်မြို့အပြင် ပန်းတောင်းမြို့နယ်အတွင်းရှိ ပဲကြီးအုပ်စု၊ ဇီးခုန်ကျေးရွာမှာလည်း တောင်ကျချောင်း ရေလျှံမှုကြောင့် ရွာလုံးကျွတ် ရေကြီးမှုနှင့် ကြုံတွေ့နေရပြီး ကျွဲ၊ နွားတိရစ္ဆာန်များပါ မျောပါ နေခြင်းကြောင့် ဥသျှစ်ပင်မြို့မှ လူမှုကူညီရေး အသင်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဇွန်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင်း ကူညီကယ်ဆယ်မှုများ သွားရောက် လုပ်ဆောင်နေကြောင်း သိရသည်။

MMK
The Ladies News Journal

ရှစ်ခွင်လုံးမှိုင်းပြီး မိုးတွေ သဲသဲမဲမဲ ရွာနေတော့ ဒေါ်အေးကြည်ရင်ထဲမှာ စိုးရိမ်စိတ်တွေ လျှံတက်လာသည်။ တလောကတော့ ပူလိုက်သည့်အပူ။ လူတွေမှာ အခိုးတွေ ထွက်လုမတတ် အပူဒဏ်ကို ခံစားခဲ့ရသည်။ ဦးနှောက်သွေးကြော ပြတ်သူတွေ ပြတ်၊ လေဖြတ်သူ ဖြတ်။ တော်တော်ခံလိုက်ကြရသည်။ အယ်နီညိုဆိုလား။

တက္ကသိုလ် တက်နေသည့် ဒေါ်အေးကြည်သား အငယ်ကောင်ကတော့ ပြောသည်။

‘အမေရေ… အယ်နီညိုပြီးရင် လာနီညာ လာမတဲ့ဗျ’

အယ်နီညိုတွေ၊ လာနီညာတွေ အကြောင်းတော့ ဒေါ်အေးကြည် သိပ်မသိ။ ပြီးခဲ့သည့်နွေကတော့ သူတို့တစ်တွေ ကျောကော့အောင် ခံကြရသည်။ ဘ၀အပူတွေကြားမှာ သဘာဝ အပူတွေ ထပ်ဆင့်တော့ ကျောတင်မက စိတ်ပါ ကော့သွားသည်။

ထို့ကြောင့် အေးမြသောမိုးကို မျှော်ကြရသည်။ သည်လို အနေအထားမှာ မုန်တိုင်းအချို့ အနီးအနား နိုင်ငံတွေဆီ ဖြတ်သန်း ၀င်ရောက်လာတော့ သည်မှာလည်း မိုးတွေ သည်းလာသည်။ အပူဒဏ် အထိုက်အလျောက် သက်သာသွားသဖြင့် မုန်တိုင်းကိုပင် ကျေးဇူးတင်ရမလို။ ခုတော့ မုတ်သုံလည်း ၀င်လာခဲ့ပါပြီ။ မိုးတွေလည်း နေရာအနှံ့ သွန်းဖြိုးကျဲဖြန့်နေပါပြီ။ အငယ်ကောင်ကတော့ သူ့ကို သတင်းအစုံ ပြောပြလေ့ရှိသည်။ ‘အမေရေ ဘယ်မှာတော့ ဘာဖြစ်နေပြီ၊ ဘယ်မှာတော့ ဘယ်လိုဗျ’ စသည်ဖြင့် သူ့ဆီက တစ်ဆင့်သိရသည်။ ခုလည်း -

‘ကောလင်းမှာ ရေတွေ မြုပ်နေတယ်အမေ၊ တော်တော် အခြေအနေဆိုးနေတယ်။ ပြီးတော့ လေဖိအားနည်း ရပ်ဝန်းဖြစ်ပြီး မိုးတွေကြီးမယ်တဲ့။ တချို့နေရာတွေ ရေမြုပ်နိုင်တယ်တဲ့’

အငယ်ကောင်ပြောသည့် ကောလင်းမြို့က ဒေါ်အေးကြည် သိရသလောက် သူတို့မြို့နှင့် အတော်ဝေးသည်။ မြန်မာပြည် မြေပုံကိုကြည့်လျှင် အထက်နှင့်အောက်။ တိုင်းချင်း ပြည်နယ်ချင်းလည်းမတူ။ သို့ပေမယ့် သဘာဝ ဘေးအန္တရာယ်ဆိုသည်က နယ်စည်းမခြား။ ဘယ်သူ့ကိုမှလည်း အားမနာ။ ဘယ်သူ့မျက်နှာမှလည်း မထောက်။ ဘယ်တန်ခိုးရှင်ကိုမှလည်း မကြောက်။

ခုဆို ဒေါ်အေးကြည်အသက်က ငါးဆယ်ကျော်။ သဘာဝဘေးရန်နှင့် ပတ်သက်၍ ငယ်ငယ်က ကြုံတော့ကြုံဖူးသည်။ ရေကြီး၊ လေပြင်းတိုက်၊ ငလျင်လှုပ် စသည်ဖြင့်။ ဒေါ်အေးကြည်တို့ အရပ်ဒေသက မိုးဦးလေဦးဆိုလျှင် တစ်နာရီ မိုင် သုံးဆယ်၊ လေးဆယ်လောက်ရှိသည့် လေပြင်းဒဏ်ကို ကြုံတွေ့နေကျဖြစ်သည်။ သည်အတွက် အိပ်ရေးပင် မပျက်ခဲ့။ ကြီးကြီးမားမား တိုက်ခတ်သည့် လေမုန်တိုင်း ဒဏ်ကိုတော့ ဒေါ်အေးကြည် အသက် ၂၀ ၀န်းကျင်ခန့်က မျက်ဝါး ထင်ထင် ကြုံခဲ့ရဖူးသည်။ ထိုမုန်တိုင်းက ဒေါ်အေးကြည်တို့ မြို့ဝန်းကျင်မှာ တိုက်ခတ်သည်တော့မဟုတ်။ သူတို့မြို့နှင့် မိုင်ရှစ်ဆယ်ခန့်ဝေးသည့် ဒေါ်အေးကြည့်အဒေါ်တွေ နေသော မြို့နားမှာ ဖြတ်သန်း တိုက်ခတ်သွားခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အေးကြည်ကလည်း ထိုမြို့ကို အလည်ရောက်နေတုန်း မုန်တိုင်းနှင့် ကြုံလိုက်ရခြင်းဖြစ်သည်။ အိမ်တွေပြို၊ သက်တမ်းရင့် အပင်ကြီးတွေလဲ၊ သက်ရှိအချို့ သေကျေပျက်စီး။ အဲသည်အခါတုန်းကတော့ ထိုအရပ်ဒေသမှာ ကမ္ဘာပျက်သည့်အလား။ နောက်ပိုင်း ၂၀၀၈ နာဂစ်မုန်တိုင်းသတင်းကို ကြားသိရတော့မှ ဒေါ်အေးကြည် အံ့အားသင့် ထိတ်လန့်ခဲ့ရသည်။ သူတို့ ကမ္ဘာပျက်သလို ခံစားခဲ့ရသည်မှာ နာဂစ်မုန်တိုင်းသင့် ဒေသနှင့်နှိုင်းစာ ပါက ဘာမှမဟုတ်ပါလားဟု သိလိုက်ရသည်။ ပြီးတော့ သဘာဝဘေးအန္တရာယ် ဆိုးဆိုးဝါးဝါး ကျရောက်သည့် ဒေသသည် လောကငရဲကို ကြုံတွေ့ခံစားရသည့် နေရာဒေသပါလားဟု သံဝေဂရမိသည်။

ငလျင်ဆိုသည်ကတော့ သူတို့ဒေသမှာ မေ့မှလျော့မှ လှုပ်တတ်သည်။ လှုပ်လျှင်လည်း ပုခက်လွှဲသလို အသေးစားလောက် လှုပ်သည်မို့ ချော့သိပ်နေသလောက်သာ ရှိသည်။ ရေကြီးရေမြုပ်သည့် ဖြစ်စဉ်ကိုလည်း ဒေါ်အေးကြည်တို့ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ရလေ့ရှိသည်။ မိုးတွင်းမှာ ချောင်းရေတက်ပြီး အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေမြုပ်ခြင်းဖြစ်သည်။ ငယ်ငယ်ကတော့ မြို့မှာရေကြီးပြီ ဆိုလျှင် ဒေါ်အေးကြည်တို့ တစ်တွေ တော်တော်ပျော်ကြသည်။ သူတို့ကျောင်းက မြို့ကို ပတ်ခွေစီးဆင်းနေသော ချောင်း၏ မလှမ်းမကမ်းမှာ ရှိသည်မို့ ချောင်းရေတွေ ကျောင်းခြံထဲ ၀င်လာပြီဆိုလျှင် သူတို့တွေ လှုပ်လှုပ်ရွရွနှင့် ပျော်လာကြသည်။ မကြာမီ ကျောင်းလွှတ်တော့မှာကိုး။

ကျောင်းလွှတ်လျှင်လည်း သူတို့ အိမ်မပြန်ကြသေး။ ထဘီတိုတိုဝတ်၊ လွယ်အိတ်ကို အဖုထုံးပြီး ရေတက်လာသည့် ရပ်ကွက်တွေဘက် လျှောက်သွားကြသည်။ တချို့ ယောက်ျားကလေးတွေကတော့ လွယ်အိတ်ကို လူကြုံနှင့် အိမ်ပို့ပြီး အင်္ကျီချွတ်နှင့် ရေထဲ လျှောက်ဆော့ကြသည်။ ခြံထဲရေမြုပ်သည့်အိမ်က လူကြီးတွေမှာတော့ အိမ်အောက်က ပစ္စည်းတွေကို ရွှေ့ကြပြောင်းကြနှင့် အလုပ်များရသည်။

သည်လိုမျိုး နှစ်စဉ်ကြီးသည့်၊ ပုံမှန် ကြီးသည့်ရေက နှစ်ရက် သုံးရက်လောက်ဆိုလျှင် ပြန်ကျသွားတတ်သည်။ ပုံမှန်မဟုတ်ဘဲ အတော့်ကိုကြီးသည့် အခါမျိုးတွေလည်း ရှိသည်။ သည်လိုမျိုး ရေကြီးသည်ကို သူတို့အရပ်မှ သက်ကြီးရွယ်အိုတွေ က ‘ရေမင်းကြီး ကြီးသည်’ ဟု ဆိုကြသည်။ ရေမင်းကြီးကလည်း ဆယ်နှစ် တစ်ကြိမ်လောက်မှသာ ကြီးတတ်သည်မို့ သိပ်တော့မစိုးရိမ်ကြ။

ခုနောက်ပိုင်းမှာတော့ စိုးရိမ်စရာ အနေအထားတွေ ဖြစ်လာသည်။ ၂၀၀၄ တုန်းကဆိုလျှင် မြို့သူမြို့သားတွေ သဘာဝဘေးဒဏ်ကို အလစ်အငိုက် ခံလိုက်ကြရသည်။ မိုးက စံချိန်တင်ရွာပြီး ရေတွေ တရိပ်ရိပ် တက်လာသည်။ ယခင်က တော်တော်နိမ့်သည့် အနိမ့်ပိုင်း ရပ်ကွက်လောက်သာ မြုပ်သည့်ရေက လမ်းတကာ၊ ရပ်ကွက်တကာထိ ၀င်ရောက်လာပြီး အိမ်တော်တော်များများ မြုပ်ကုန်သည်။ မြို့လယ်ကဈေး မြုပ်သွားသည်။ ကမ်းနားက စားသောက်ဆိုင်တစ်ဆိုင် ရေထဲပါသွားသည်။ သောက်ရေတွင်း၊ သုံးရေတွင်းတွေလည်း မြုပ်ကုန်သည်။ အထိအနာဆုံးက အရောင်းအ၀ယ်သမားတွေ ဖြစ်သည်။ ရေမင်းကြီး ကြီးလျှင်ပင် မမြုပ်နိုင်လောက်သည့် အမြင့်မှာရှိသော ကုန်ပစ္စည်းတွေ ရေဖုံးပြီး နုန်းလွှမ်းသွားသည်။ ဈေးထဲက ဆိုင်ခန်းတွေဆိုလျှင်လည်း ရစရာမရှိ။ သိန်းပေါင်းများစွာ တန်ကြေးရှိသော လှောင်ထားသည့် ကုန်ပစ္စည်းတွေ၊ စားသုံးကုန်တွေ၊ စိုက်ပျိုးထားသမျှတွေ ပျက်စီးဆုံးရှုံးကုန်သည်။ လူတွေသာမက ကျွဲ၊ နွားတိရစ္ဆာန်တွေပါ အတိဒုက္ခ ရောက်ကြရသည်။ ရေကျသွားတော့ ပျက်စီးကုန်စည်တွေကို စွန့်ပစ်ရသည့် စရိတ်၊ အိမ်ပေါ်၊ ဆိုင်ပေါ်၊ လမ်းတွေပေါ် တင်ကျန်ခဲ့သည့် နုန်းတွေကို ရှင်းလင်းရသည့် စရိတ်ပင် မနည်းလှ။ အားလုံး ကိုယ်ထူကိုယ်ထ ရက်ပေါင်းများစွာ လုပ်ကြရသည်။ သို့တိုင် ကိစ္စ၀ိစ္စတွေက ပြီးသေးသည်မဟုတ်။ နောက်ဆက်တွဲ ဖြစ်ပွားလာမည့် ၀မ်းရောဂါ၊ ယားနာ စသည့် ကျန်းမာရေး ပြသ၁နာတွေကိုလည်း တွေးကြောက် ပြင်ဆင်ရသေးသည်။ ဆင်ဆင်ခြင်ခြင် နေရသေးသည်။

၂၀၀၄ မှစပြီး ကြီးကြီးမားမား ကြီးလိုက်သည့်ရေသည် နောက်ပိုင်း နှစ်တွေမှာလည်း အစဉ်လာမပျက် ဆက်လက် ကြီးနေတော့သည်။ ဒေါ်အေးကြည်သား အငယ်ကောင်ကတော့ “ရေမင်းကြီး ကြီးတာထက်တောင် ဆိုးသေးတယ်ဆိုတော့ ‘ရေဧကရာဇ်’ လို့ ခေါ်ရမယ်အမေရေ။ သားတော့ ကားမ၀ယ်တော့ဘူး၊ လှေပဲဝယ်တော့မယ်ဗျ” တဲ့။ သူက ပြောင်ပြောင်နောက်နောက် ပြောပေမယ့် ဒေါ်အေးကြည်မှာ မရယ်နိုင်။ သူတို့ဒေသမှာတင်မက တစ်နိုင်ငံလုံးအနှံ့ ရေကြီး၊ ရေမြုပ် ဒုက္ခရောက်ကြသည့် သတင်းတွေကို ခပ်စိပ်စိပ် ကြားလာရတော့ စိတ်ထဲမသက်သာ။ အသက်တွေသေဆုံးပြီး ကယ်ဆယ်ရေး စခန်းတွေ ဖွင့်ရသည်အထိ ဆိုးဝါးလှသည်မို့ တွေးပြီး ကိုယ်ချင်းစာမိသည်။ ဒေါ်အေးကြည် ယောက်ျားကတော့ “အဲဒါပဲကွ၊ ဗြဟ္မစိုရ်တရား ခေါင်းပါးလာတဲ့အခါ ကပ်ဘေးတွေ ဆိုက်ကုန်တော့တာပေါ့” ဟု ညည်းပြောလေးပြောသည်။

“ကုန်းမြင့်ဒေသတွေမှာ သစ်တောပြုန်းတီးတဲ့အခါ တောင်ကျ ချောင်းရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းလာတတ်တယ်တဲ့။ အဲဒီအခါ အနိမ့်ပိုင်းတွေက ရေဖုံးလွှမ်းမှုဒဏ်ကို ခံကြရလေ့ရှိတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောထားတာ ရှိတယ် အမေ” ဟု ဒေါ်အေးကြည် သမီးအကြီးက ဆိုပြန်တော့ သူ့မှာ မျက်လုံးအ၀ိုင်းသားဖြင့်သာ နားထောင်နေရတော့သည်။

သူတို့ အရပ်ဒေသမှာလည်း ချောင်းအထက်ပိုင်း ကုန်းမြင့်က သစ်တွေ ကုန်သလောက်ရှိပြီဟု ကြားရသည်။ လွန်ခဲ့သည့် ၁၅ နှစ်ခန့်က သစ်မှောင်ခို ခိုးထုတ်နေသော သစ်ကုန်သည် စီးပွားရေးသမားတစ်ဦးအား ဖမ်းဆီးထောင်ချလိုက်ကြောင်း၊ ထိုမှောင်ခိုသမား၏ ဘ၀က ထောင်ထဲမှာ သေမသေတော့ မသိ၊ သူတို့နယ်က သဘာပတ်ဝန်းကျင်ကတော့ အသက်ငင်သွားပုံရကြောင်း သူ့ယောက်ျားက ပြောပြဖူးသည်။ မိုးတွင်းဆိုလျှင် ချောင်းအထက်ပိုင်းက ရေတွေ ဒလဟော စီးဆင်းလာတတ်သည်ကို ဒေါ်အေးကြည် ဈေးသွားရင်းတွေ့ဖူးသည်။ ချောင်းကလည်း သောင်တွေထွန်းပြီး တဖြည်းဖြည်း တိမ်လာပုံရသည်။ ထို့ကြောင့် အထက်မှ အားကုန် စီးဆင်းလာသောရေထုက ကုန်းပေါ်လျှံတက်ပြီး မြို့တွေဆီ ရောက်လာခြင်း ဖြစ်မည်ဟု သူတွေးမိသည်။ ရေကြီးရေလျှံဖြစ်စေသည့် အခြားသော အကြောင်းအချက်တွေလည်း ရှိပေလိမ့်ဦးမည်။ ဒေါ်အေးကြည်ကတော့ ဂဃနဏ မသိ။

သူသိသည်ကတော့ ရေကြီးလျှင် လူတွေ အတိဒုက္ခရောက်ကြဦးမည်။ ဖြစ်ခြင်းရှိလျှင် ပျက်ခြင်းလည်းရှိမည် ဆိုသော်ငြား အပျက်တွေ များလာသည်ကတော့ လက်သင့်မခံနိုင်။ သို့ပေမယ့် သူကိုယ်တိုင်လည်း မတတ်နိုင်။ လောလောဆယ်မှာတော့ ဒေါ်အေးကြည်ရင်ထဲမှာ သောကမိုးတွေ ထန်နေသည်။ ပရိဒေ၀ရေတွေ ကြီးနေသည်။ မြန်မာပြည်ဘေးကင်းပါစေ ဟုသာ သူ ဆုတောင်းနေရတော့သည်။

ဆောင်းဖြူ

The Ladies News Journal