06/15/16
အဝေးရောက် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား
အမေရိကန် သမ္မတ အိုဘားမားနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ တွေ့ဆုံမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တရုတ် အစိုးရက တရားဝင်ကန့်ကွက်လွှာတစောင် ကြေညာချက်ထုတ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် သံရုံးဆီကို တရားဝင် ကန့်ကွက်ကြောင်း ပေးပို့ခဲ့ပြီ ဖြစ်ပါတယ်။
တိဘက်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်ပြီး ပြည်ပ နိုင်ငံအနေနဲ့ ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ လုကန်က ပြောသွားပါတယ်။
သမ္မတ အိုဘားမားနဲ့ တိဘက် ဘာသာရေး ခေါင်းဆောင် တို့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အိမ်ဖြူတော်မှာ သီးသန့် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
တရုတ်အစိုးရနဲ့ သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းတဲ့အနေနဲ့ အခုလိုတွေ့ဆုံမှုမှာ အိမ်ဖြူတော်က မီဒီယာတွေကို သတင်းယူခွင့် ပိတ်ပင်ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာမယ့်သူ Donald Trump က အမေရိကန်နိုင်ငံအတွင်း မူဆလင်တွေ ၀င်ရောက်လာမှုကို ဟန့်တားမယ်လို့ ပြောမှုအပေါ် သမ္မတ Barack Obama က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။
Trump ရဲ့ ပြိုင်ဘက် ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကို ထောက်ခံမယ့်အကြောင်း ပြောကြားထားတဲ့ သမ္မတ အိုဘားမားက - Trump ရဲ့ အဲဒီအဆိုပြုချက်ဟာ လူမျိုးရေး၊ လူမျိုးစုနဲ့ ဘာသာရေးဆိုင်ရာ မတူညီမှုတွေကို အသိအမှတ်ပြု လက်ခံတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အစဉ်အလာကို သစ္စာဖောက်ရာ ရောက်နေကြောင်းနဲ့ အဲဒီလို ပြောဆိုမှုဟာ သူတို့လိုချင်တဲ့ အမေရိကန်ပုံစံမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။
အရှေ့အလယ်ပိုင်းမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို အနိုင်ရရေး သမ္မတ အိုဘားမားရဲ့ လုပ်ဆောင်မှုတွေဟာ အားပျော့နေကြောင်း အကြိမ်ကြိမ် ဝေဖန်ပြောဆိုနေတဲ့ Trump က အမေရိကန်ပြည်ထောင်စုအနေနဲ့ IS အဖွဲ့အပေါ် ပိုမို ပြင်းထန်စွာ ရပ်တည်လုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ နောက်ထပ် ဖြစ်ပေါ်လာမယ့် အကြမ်းဖက် တိုက်ခိုက်မှုရန်က ရှောင်ရှားနိုင်ရေးအတွက် နိုင်ငံခြားမှာ မွေးဖွားတဲ့ မူဆလင်တွေကို တိုင်းပြည်အတွင်း ၀င်လာခွင့် မပြုသင့်ကြောင်း ပြောပါတယ်။
လူပေါင်း ၄၉ ဦး သေဆုံးပြီး၊ ၅၃ ဦး ဒဏ်ရာရခဲ့တဲ့ ဖလော်ရီဒါပြည်နယ်၊ အော်လန်းဒိုးမြို့မှာရှိတဲ့ Gay လို့ခေါ်တဲ့ လိင်တူချင်း ချစ်သူတွေသွားကြတဲ့ Night Club ညကပွဲရုံမှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုဟာလည်း သမ္မတ အိုဘားမားရဲ့ ပေါ်လစီတွေကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုး Trump က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
JUNE 15, 2016
အမေရိကန်ပြည်ထောင် ဖလော်ရီဒါ ပြည်တွင်း Disney’s Grand Floridian Resort ဒစ္စနေ အပန်းဖြေ နေရာတွင် လာရောက် လယ်ပါတ်နေတဲ့ မိသားစုဝင်လေဦး မှာ ညပိုင်း ရေကန်အတွင်း ရေဆင်းကူးနေစဉ် မိချောင်းတကောင်က (၄)နှစ်သားကလေးငယ်ကို ကိုက်ယူဆွဲသွားကြောင်း သိရပါတယ်။
ခလေးဟာ မိချောင်းစပ်အတွင်း ပါသွားခဲ့ပြီး ပြောက်ဆုံးသွားခဲ့လို့  တာဝန်ရှိသူတွေ စက်လှေတွေနဲ့  အပူတပြင်း ရှာဖွေနေကြပါတယ်။ မိချောင်း ကိုက်သွား တဲ့ SevenSeasLagoon နေရာဟာ လာရောက်အပန်းဖြေသူတွေအတွက် ပြုလုပ်ပေးထားတဲ့ ကျွန်းကမ်းစပ် ပုံစံ ရေကူးကန်ဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်ပြည်ထောင် ဖလော်ရီဒါ ပြည်နယ်မှာ အာဖရိကမိချောင်းမျိုးတွေ မြစ်တွေကန်တွေမှာ လွတ်မြောက်နေပြီး လူတွေကို အန္တရယ်ပေးနေခဲ့တဲ့ဖြစ်ရပ်တွေ ၂၀၀၇ ခုနှစ်ကစတင် ဖြစ်ပွားနေခဲ့တာပါ ၊ မိချောင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးနေပေမယ့် မိချောင်းအတော်များများဟာ လွတ်မြောက် နေဆဲဖြစ်ပါတယ်။
USA Today
Social Action for Women - SAW
ခွဲဝေရရှိသည့် ပြည်သူ့ဘဏ္ဍာငွေများကို ဘယ်နေရာတွင် ဘယ်လောက်သုံးမည်၊
ဘယ်လိုသုံးနေသည် ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးကြရန်လိုကြောင်း
နိုင်ငံတော်သမ္မတမှာကြား
နေပြည်တော် ဇွန် ၁၅
မိမိတို့ အစိုးရသစ်အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကိုရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခု ပေါ်ပေါက်ရေးနှင့် ပြည်သူလူထုအများစု၏ လူနေမှုဘဝအဆင့်အတန်း တိုးတက် မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဘဏ္ဍာရေးနှစ်အလိုက် ယင်းမူဝါဒများနှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျော ညီထွေသည့် ဘဏ္ဍာငွေအရအသုံးများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘဏ္ဍရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၆) အစည်းအဝေးတွင် ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်သမ္မတက ယခုအစည်းအဝေးသည် မိမိတို့ အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံး ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ပြီးခဲ့သည့် အစိုးရလက်ထက်၌ အတည်ပြုခဲ့သည့်၂၀၁၆-၂၀၁၇ ခု ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုရန်အဓိကဆွေးနွေးကြမည်ဖြစ်ကြောင်း။
၂၀၁၆ ခုနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့တွင် အတည်ပြုခဲ့ပြီးယခင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း၊ ယခင်ရေးဆွဲခဲ့သည့် ဘတ်ဂျက်မှာ ပြီးခဲ့သည့်အစိုးရ လက်ထက်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အနေအထားအရ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း။
မိမိတို့ အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုအစိုးရဖွဲ့စည်းမှု အနေအထား ပြောင်းလဲ သွားခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန (၂၂) ခုဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြောင်းလဲသွားသည့် အခြေအနေနှင့် ကိုက်ညီအောင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေ စာရင်းများကို ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း။
ဘဏ္ဍာရေးကော်မရှင်အနေဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ၊ အသုံးဆိုင်ရာ ဥပဒေကြမ်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဘဏ္ဍာ ငွေခွဲဝေဆောင်ရွက်သည့် ကိစ္စများတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ စံနှုန်းသတ် မှတ်ချက်များဖြင့် စနစ်တကျ တိုင်းတာတွက်ချက်ပြီး အချိုးကျမျှတအောင် ခွဲဝေပေး သွားမည်ဖြစ်ကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာရန်ပုံငွေ၊ ပြည်ထောင်စုမှ ဖြည့်ဆည်း ထောက်ပံ့ပေးသည့် ရငွေတို့ဖြင့် တိုင်းဒေသကြီး ၊ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးပြီး နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုအတွက် ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများမှာလည်း တိုးမြှင့်သုံးစွဲသွားမည် ဖြစ်သည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးစသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒလမ်းစဉ်များ ချမှတ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ထို့ပြင် တယ်လီဖုန်းခေါ်ဆိုခများမှ ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြစ်သည့် ကျပ် ၇၅၀၀ သန်းကို နိုင်ငံတော်အနေဖြင့် ပြည်သူလူထုအတွက် တိုက်ရိုက် အကျိုးရှိစေမည့် ကဏ္ဍများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း။ ကနဦးအနေဖြင့် ပညာရေးအတွက် စတင်သုံးစွဲနေပါကြောင်း၊ နိုင်ငံ့ဘဏ္ဍာငွေသည် ပြည်သူ့ဘဏ္ဍာငွေ ဖြစ်ကြောင်း။ အစိုးရများက ကိုင်တွယ်ပြီး စီမံခန့်ခွဲရခြင်းဖြစ်ကြောင်း၊ ဘတ်ဂျက်လျာထားမှု ကို ကြည့်လိုက်ပါက သက်ဆိုင်ရာနိုင်ငံ၊ သက်ဆိုင်ရာ အစိုးရ၏ ဦးစားပေး အစီအစဉ် များကို သိရှိနိုင်ကြောင်း။
ဘတ်ဂျက်ကို သုံးစွဲကြရာတွင် စနစ်တကျ အလေအလွင့် အနည်းဆုံးဖြစ်အောင် အဆင့်ဆင့်ကြပ်မတ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်သည့် အစိုးရဖြစ်သည့်အတွက် ပြည်သူလူထု၏ ဘဏ္ဍာငွေများကို သုံးစွဲကြရာတွင် အမှန် တကယ် အကျိုးဖြစ်ထွန်းစေရန်၊ နိုင်ငံ့စီးပွားရေး ဟန်ချက်ညီစေရန်၊ နိုင်ငံ့စီးပွား ကြွယ်ဝမှုကနေ တစ်ဆင့် နိုင်ငံသူနိုင်ငံသားများကို အကျိုးဖြစ်ထွန်းမှု စီးဆင်းစေရန် အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက လျော့နည်းသွားမည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ အဆောင်အယောင် စရိတ်များကို လျော့နည်းသွားသည့်အတိုင်း လျှော့ချ ရေးဆွဲပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ဝန်ကြီးရုံးများ၏ သာမန်အသုံးစရိတ်၏ ၂ ရာခိုင်နှုန်းကို လျှော့ချခဲ့ပါကြောင်း၊ အသစ် ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့၏ ဖွဲ့စည်းပုံအရ အသုံးစရိတ်များကို ထည့်သွင်းရေးဆွဲခဲ့ကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ယခင် လွှတ်တော် အတည်ပြုထားပြီးဖြစ်သည့် ၂၀၁၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတို့တွင် ပါဝင်သည့်အတိုင်း ပြောင်းလဲခြင်း မပြုဘဲ ရေးဆွဲခဲ့ပါကြောင်း၊ ကြွေးမြီစာရင်းများကိုလည်း ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ပါဝင်သည့်အတိုင်း ပြောင်းလဲခြင်းမပြုဘဲ ရေးဆွဲထား ပါကြောင်း၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ဖြည့်ဆည်းပေးသော တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေကိုလည်း မူလ အတိုင်းပဲ ဖြည့်ဆည်းထားပါကြေင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ရငွေစာရင်းရှိ တယ်လီဖုန်းပြောဆိုခပေါ်တွင် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန် ရငွေမှ ကျပ် ၇.၅ ဘီလီယံကို ပညာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်တွင် တိုးမြှင့်ပြီး လျာထားပေးထားပါကြောင်း၊ တယ်လီဖုန်းပြောခပေါ် ကောက်ခံသည့် အခွန်များကို ကနဦးအနေနှင့် ပညာရေး အသုံးစရိတ်တွင် သုံးစွဲသွားရန် ဖြစ်ပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကာရံခြင်းနှင့် မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုး ကာရံခြင်းအတွက် ခွဲဝေ ပေးထားသည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၅.၅၄ ဘီလီယံကိုလည်း တစ်စုံတစ်ရာ ပြင်ဆင်ခြင်းမပြုဘဲ ရေးဆွဲထားပါကြောင်း တင်ပြသည်။
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုင်ငံတော်၏ လိုငွေနှင့် GDPအချိုး ၅ ရာခိုင်နှုန်း မကျော်စေရန်နှင့် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ သွင်းကုန်တင်သွင်းမှုအပေါ် ကောက်ခံရရှိသည့် ငွေမှအပ ကုန်သွယ် လုပ်ငန်းခွန်များ၏ ၁၅ ရာခိုင်နှုန်းကို ခွဲဝေပေးရန်တို့ကို ထည့်သွင်း စဉ်းစားပြီး လိုငွေဖြည့်ဆည်းခြင်းကို လျာထားခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ပေးရမည့် ငွေပမာဏ ကျပ် ၁၆၈၈.၂၁၉ ဘီလီယံဖြစ်ကြောင်း တင်ပြသည်။
ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ယခင်အစိုးရ လက်ထက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ခွဲခြားရေးဆွဲခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအကြား ဘဏ္ဍာရေးဆိုင်ရာ ဆက်နွယ်မှုများ၊ ပြင်ဆင်ရေးဆွဲ ထားသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း နှင့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအား ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များက ဒေသအလိုက် ဖြည့်ဆည်း ဆောင်ရွက် ပေးရမည့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေအားပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးပြီပါက ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် (Citizen's Budget) ကိုလည်း ထုတ်ဝေသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအလွယ် တကူ နားလည်အောင်၊ ပြည်သူများလက်လှမ်းမီ သိရှိနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း မှာကြားသည်။
Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm/
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်
ရန်ကုန်မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ သီပေါ စော်ဘွားနဲ့ မဟာဒေဝီ အကြောင်း ရုပ်ရှင် ကို ပြသခွင့် ရုပ်ရှင် ဆင်ဆာ အဖွဲ့က ခွင့်မပြု ခဲ့ပါဘူး။
"Twilight Over Burma"ရုပ်ရှင်ကားဟာ ၁၉၆ဝ ကျော် ရှမ်းပြည်နယ်က သီပေါ စော်ဘွားနဲ့ သြစတြီးယား အမျိုးသမီး မဟာဒေဝီ တို့ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူး ထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ တပ်မတော် ရဲ့ ပုံရိပ်ကို ထိခိုက်စေတာမို့ ပြသခွင့် မပြုနိုင်ကြောင်း ရုပ်ရှင်ပွဲတော် တက်ရောက် လာသူတွေကို ပြောကြားခဲ့ပါတယ်။
၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းပြီးနောက် သီပေါ စော်ဘွား စဝ်ကြာဆိုင် အထိန်းသိမ်း ခံရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။
ခင်ပွန်းသည် ဘယ်ရောက်နေသလဲ နိုင်ငံခြားသူ မဟာဒေဝီက လိုက်လံ စုံစမ်းပေမယ့် ခုထိ သိခွင့်မရပါဘူး။
ဒီအဖြစ်အပျက်ကို မဟာဒေဝီက စာအုပ်ရေးသားခဲ့ပြီး အဲဒီ စာအုပ်ကို အခြေခံ ရုပ်ရှင် ရိုက်ကူးတာပါ။
သူတို့ ၂ ယောက်ရဲ့ ကြေကွဲဖွယ် အချစ် ဇာတ်လမ်းကို ဖတ်ပြီး သီပေါ မြို့ကို ကမ္ဘာလှည့် ခရီးသည်တွေ အလာများပါတယ်။
အခုလို ရုပ်ရှင်ကို ခွင့်မပြုတာဟာ စာပေ စိစစ် ဖြတ်တောက်တာတွေ ကို မြန်မာပြည်မှာ ရပ်စဲ ပေးလိုက် ပေမယ့် ရုပ်ရှင် လောကမှာ ဆက်ပြီး စိစစ်မှုတွေ ရှိနေသေးတာကို ဖော်ပြ နေပါတယ်။
BBC Burmese
http://www.bbc.com/burmese/
တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံကို စစ်ဘက်ဆိုင်ရာမှာ အသုံးပြုနိုင်တဲ့ နည်းပညာနဲ့ ပစ္စည်းကိရိယာတွေ တင်ပို့ရောင်းချနေမှုကို ဗုဒ္ဓဟူးနေ့မှာ ပိတ်ပင်လိုက်တယ်လို့ အေပီသတင်းမှာ ဖော်ပြခဲ့ပါတယ်။
 မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်တွေ ထုတ်လုပ်နေမှုကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက အခုလို ပိတ်ပင်ချက် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက မြောက်ကိုရီးယား နိုင်ငံကို တင်ပို့ရောင်းချမှု ပိတ်ပင်လိုက်တဲ့ စာရင်းမှာ အရပ်ဖက်ရော စစ်ဘက်အတွက်ပါ အသုံးပြုလို့ရတဲ့ သတ္တုစပ်တွေ၊ လေဆာနဲ့ ဖြတ်တောက်နိုင်ပြီး ပြန်ဆက်နိုင်တဲ့ ကိရိယာတွေ၊ ဓါတုလက်နက်တွေမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေပါဝင်တယ်လို့ တရုတ် နိုင်ငံရဲ့ ကုန်သွယ်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
တရုတ်အစိုးရဟာ မြောက်ကိုရီးယား နိုင်ငံကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးလာခဲ့ပေမယ့် ဇန်န၀ါရီလအတွင်းက မြောက်ကိုရီးယားအစိုးရဟာ စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်အပြီးမှာတော့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေပြုလုပ်ရေးမှာ တရုတ်နိုင်ငံကလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဧပြီလအတွင်းကလည်း တရုတ်နိုင်ငံဟာ မြောက်ကိုရီးယား နိုင်ငံကို ကျောက်မီးသွေးနဲ့ သံ သတ္တရိုင်းတွေ တင်ပို့ရောင်းချမှုကို ပိတ်ပင်ခဲ့ပါတယ်။
 ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံကို ဂျက်လေယာဉ်ဆီတွေရောင်းချမှုကိုလည်း ပိတ်ပင်ခဲ့ပြီး၊တရုတ်နိုင်ငံကို ပြေးဆွဲနေတဲ့ မြောက်ကိုရီးယား အရပ်ဖက်သုံး လေယာဉ်တွေအနေနဲ့ တရုတ်နိုင်ငံမှာပဲ လောင်စာဆီဖြည့်ခွင့်ပေးထားခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။
5 Plus News
https://www.facebook.com/5plusnews/
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ ကွက်သစ်ရပ်ကွက် ရန်ကုန် - ပြည်လမ်းမ ကြီးပေါ် ရှိ တည်ထားကိုးကွယ်သော အောင်သိဒ္ဓိ ဘုရားဝန်းအတွင်း မဟာ မြတ်မုနီ ရုပ်ပွားတော် ဘုရားကြီး ၏ အဆောင်အတွင်းရှိ အလှူခံပုံး ကို ခိုးယူ မှုကို ၁၄ ၆ ၂၀၁၆ ရက်နေ့ ညနေ ၄း၀၀ နာရီ အချိန် ဖြစ်ပွားခဲ့ပါသည် ။
အဆိုပါ ခိုးယူ နေစဉ် ဘုရားဖူး လာရောက် နေသော မနန်းရီဝင်း မှ တွေ့မြင်သဖြင့် ဘုရား၏ လုံခြုံရေး တာဝန်ယူထားသော ကိုမြင့်အောင်ကို အော်ခေါ်ပြီး တိုင်ကြားခဲ့ရာ ကိုမြင့်အောင် နှင့်အတူ ဘုရား၏ဂေါပက အဖွဲ့ဝင် ဦးခင်ရီ တို့ ဝန်းဝိုင်းဖမ်းဆီးရာ ဝိသာခါလမ်း မှ ထွက်ပြေး ခဲ့ရာ တွင် ရွာသို့ပြန်ရန် ကိုမျိုးလှိုင် ( ခ ) ဖိုးချက် နှင့်တွေ့ကာ အကူအညီ ထပ်မံ ရယူကာ ဦးခင်ရီ နှင့်ဖိုးချက်တို့ ပူးပေါင်းကာ မော်တော်ဆိုင်ကယ်ဖြင့် ထပ်မံရှာဖွေရာ တွင် ဖိုးချက်မှာ ( ၄ )လမ်း လမ်းဆုံမှာ သွားရောက်စောင့်ဆိုင်းခဲ့၏ ။လူမှားမှာစိုးသဖြင့် သာယာဝတီမြို့မ ရဲစခန်းသို့ ထပ်မံအကြောင်းကြားရာ မြို့ပေါ် တာဝန် ထမ်းဆောင်နေသော နယ်ထိမ်း ရဲတပ်ကြပ် ကျော်မျိုးဦး နှင့်ရဲတပ်သား ထွန်းဖြိုးအောင် တို့နှင့်ရန်ကုန် -ပြည်လမ်း ရေဝေ အောင်ချမ်းသာဘုရားကြီးရှေ့တွင် ဆိုင်ကယ် ပေါ်တွင် တွေ့ရှိကာ ရပ်နားခိုင်းပြီး စစ်ဆေးရာတွင် ဘုရားထဲမှ အလှူခံပုံးအား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည် ခိုးယူ ခဲ့သော ငွေစုစုပေါင်းမှာ လေးသောင်းတစ်ထောင်ကျပ် ဖြစ်သည် ။ဆိုင်ကယ် ကယ်ရီ ကို သမဝါယမ ဘဏ် ( CB Bank ) ရှေ့တွင်ဌားစီးခဲ့သည်ဟုသိရသည် ။
သာယာဝတီ မြို့မ ရဲစခန်းသို့ ဘုရား၏ အလှူငွေများကို ခိုးယူ သွားသော အောင်သူရဇော် ( ၂၁ )နှစ် အား အရေးယူ ပါရန် ဘုရား ၏ လုံခြုံရေး တာဝန်ထမ်းဆောင်သော ကိုမြင့်အောင် မှ တရားလို လုပ်တိုင်ကြားလာသဖြင့် မြို့မ ရဲစခန်းမှ တိုင်ကြားမှု့ကို လက်ခံပြီး အမှု့ကိုခိုင်လုံစွာ တည်ဆောက်နိင်ရန် ဒု /ရဲအုပ် အုန်းခိုင် မှ အမှု့ကိုစီစစ်ပြီးလက်ခံကာ မြို့မ ရဲစခန်းမှ ( ပ ) ၁၅၆ / ၂၀၁၆ ပြစ်မှု့ဆိုင်ရာပုဒ်မ ၃၈၀ ဖြင့်အရေးယူနိင် ဆောင်ရွက်လျှ က်ရှိ သည်ဟုသိရသည် ။
အဆိုပါ အောင်သူရဇော်သည် အသက် ( ၂၁ )နှစ်သာရှိပြီး သာယာအေးကျေးရွာ တွင် နေထိုင်သူတစ်ဦ့းဖြစ်ပြီး လက်ပံတန်းမြို့ လမ်းမကြီးပေါ် သာမောဓရ ဘုရားကြီး ၏ မဟာဗောဓိ စေတီတော်မြတ်ကြီး ၏ စိနိဖူးတော် ကို လွန်ခဲ့သော ( ၄ )နှစ်ခန့်က ခိုးယူ ခဲ့ပြီး လက်ပံတန်းမြို့ တရားရုံးတွင် ခိုးမှု့ဖြင့်ထောင်ဒဏ် ( ၆ )နှစ် ကျခံဘူးပြီး လွတ်ငြိမ်းချမ်းသာခွင့် ကျိုက်စက္ကော ရဲဖတ် စခန်းတွင် ( ၃ )နှစ် နေခဲ့ပြီး လွတ်မြောက်လာခဲ့ရာ တစ်နှစ်ပင်မပြည့်သေးဘဲ ဘုရား၏ အလှူငွေကို ခိုးယူ သဖြင့် ယခု ထပ်မံဖမ်းဆီးခံရသည်ဟု ခိုးယူ အားတွေ့ဆုံမေးမြန်းရာ မှ ပြောကြားခြင်းဖြစ်သည် ။
ကိုဖိုးစံ
သာယာဝတီ
Kophoe San Tharrawaddy
https://www.facebook.com/tharrawaddy.tharrawaddy
photo - Lashio Media
တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တရုတ်ရဲများ က တရားမဝင် မြန်မာနိုင်ငံသားများကို မေလ နောက်ဆုံး အပတ်မှ စပြီး ယခုထိ ဖမ်ဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရပါသည်။
ည ၈ နာရီခန့်က စပြီး တရုတ် အာဏာပိုင်များက လူနေအိမ်များတွင် ဝင်ရောက် စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ် နေကြောင်း ဂျယ်ခေါင်(Jiegao) တွင် အလုပ်လုပ်သူ အမျိုးသမီးတစ်ဦးက ဆိုပါသည်။
ထို့အပြင် နေ့ခင်းဘက်တွင်လည်း တရုတ်ရဲများက တရားမဝင်နေထိုင်သူဟု မသင်္ကာသူများကို စစ်ဆေးနေကြောင်း ရွှေလီမြို့တွင်း အလုပ်သမား တစ်ဦးက ပြောပါသည်။
တရုတ်အာဏာပိုင်များက တရုတ်ပြည်တွင်း နိုင်ငံခြားသားများနေထိုင် အလုပ်လုပ် ခွင့်ကို တင်းကြပ်လိုက်ပြီးနောက် တရားဝင် “အစိမ်းရောင်ကတ်” ဖြင့်သာ အိမ်ငှား နေထိုင် ခွင့် ရနေပြီဖြစ်သည်။
ယခင် က “အနီရောင်ကတ်” နှင့် “အစိမ်းရောင်ကတ်” (တစ်ပတ်ကတ်) တို့မှာ ရွှေလီမြို့တွင်း နေထိုင်ခွင့် ရခဲ့သော်လည်း ယခုချိန် မရတော့သည့်အပြင် ည တည်းပါက ဟိုတယ် တွင်သာ တည်းခိုရမည်ဖြစ်ကြောင်း သိရပါသည်။
အဖမ်းခံရပါက အာဏာပိုင်များနှင့် သိကျွမ်းသူများသည် ၄င်း၏အလုပ်ရှင် သူဌေး က ငွေကြေးပေးရုံဖြင့် ပြန်လည် လွတ်မြောက်လာနိုင်ကြောင်း မြန်မာအလုပ်သမား တစ်ဦးက ပြောပါသည်။
သို့သော်လည်း သာမန်အလုပ်သမားလည်းဖြစ်၊ အလုပ်ရှင်သူဌေး ကလည်း မရွေးထုတ် နိုင်ပါက ဖမ်းဆီးခံရသူတို့ကို ရွှေလီမှ တဆင့် ဂျန်ခေါင် (Jang Hkawng)၊ မန်ရှီ (Mangshi) ဘက်အထိ ခေါ်ဆောင်သွားလေ့ ရှိကြောင်း အဖမ်းခံရသူတစ်ဦးနှင့် နီးစပ်သူ အလုပ်သမား တစ်ဦးက ပြောပါသည်။
ခေါ်ဆောင်သွားခံရသူ တစ်ဦးကို မိသားစုမှ လိုက်လံ စုံစမ်းယူရာ တရုတ်ယွမ်ငွေ (၇) ထောင် ခန့် (ကျပ် ၁၂ သိန်းကျော်) ကုန်ကျခဲ့ကြောင်း သိရပါသည်။
တရုတ်အာဏာပိုင်များ အနေဖြင့် တရားမဝင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီး အရေးယူရန် ဧပြီလမှ စပြီး အသိပေး ထားပါသည်။
Kachinnews
http://burmese.kachinnews.com
ဇွန်လ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ ဆောင်ပေးခဲ့သည့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ တွင် ထိန်းသိမ်းခံခဲ့ရသော မြန်မာရေလုပ်သားများအား တွေ့ ရစဉ် (ဓာတ်ပုံ-MOFA)
    ရန်ကုန် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
    အင်ဒိုနီးရှားနိုင်ငံ တန်ဂျွန်ပီနန် ကျွန်းနှင့် မကာဆန်ကျွန်းတို့မှ လူကုန်ကူး ခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးအား ရွှေ့ ပြောင်း သွားလာခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း (IOM) မှ တရားဝင် အကြောင်းကြားချက် အရ နိုင်ငံသား စိစစ်မှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ဇွန်လ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးအနက် နိုင်ငံသား စိစစ်မှုများ ပြုလုပ်ပြီး မကာဆန် ကျွန်းမှ ၁ ဦးအား ဇွန်လ ၈ ရက်တွင် လည်းကောင်း ၊ တန်ဂျွန်ပီနန်ကျွန်းမှ မြန်မာရေလုပ်သား ၉ ဦးအား ယနေ့ ဇွန်လ ၁၅ ရက်တွင် လည်းကောင်း မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိနေသည့် မြန်မာ ရေလုပ်သားများအား ဆက်လက် ပို့ဆောင်နိုင်ရေး အတွက် ဂျကာတာမြို့၊ မြန်မာသံရုံး အနေဖြင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြည်ပတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား အကျဉ်းသားများ၏ အရေးကိစ္စများကို ပိုမို အလေးထား ဆောင်ရွက်သွားရန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏  ရက် ၁၀၀ လုပ်ငန်းစဉ်များ အရ ပြီးခဲ့သည့် မေလကုန်ပိုင်းနှင့် ဇွန်လ ဆန်းပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားရှိ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ရေလုပ်သား ၂၄၉ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ရန်ကုန် ဇွန် ၁၅
ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင် ဇွန် ၁၅ရက် နံနက်ပိုင်းက ရပ်ကွက်နှစ်ခုကြားရှိ မြောင်းကျော် တံတားမှာ မြေသယ်ကား ဖြတ်ပြီးချိန်တွင် ကျိုးကျခဲ့ကာ လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
'' တံတားက နှစ် ၂၀ လောက်ရှိနေပြီ ဆိုတော့ ခိုင်ခံ့မူက မရှိတော့ဘူး။ ကားလည်း ဖြတ်ပြီးရော ပြိုကျတာပဲ''ဟု (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းကပြောကြားသည်။
အဆိုပါတံတားသည်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စပ်စံထွန်းလမ်းပေါ်တွင် တည်ရှိပြီး အမှတ်(၄) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်ကြားရှိ ရေမြောင်းအားဖြတ်ကာ တည်ဆောက်ထား သည့် တံတားငယ်ဖြစ်သည်။
ယနေ့ နေ့ နံနက် ၁၁ နာရီ ၀န်းကျင်ခန့်က တံတားကျိုးကျခဲ့ရာ တံတားပေါ်ထိုင်နေသည့် အမျိုးသားတစ်ဦး၊ တံတားပေါ် ဖြတ်သွားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့သောကြောင့် မြောက်ဥက္ကလာပမြို့နယ် ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/
မန္တလေး ဇွန် ၁၅
လူငယ်နှစ်ဦး၏ သတ်ဖြတ်မှုကြောင့် ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည့် ဆရာတော်ဘဒ္ဒန္တဥာဏ၀ံသ ၏ဈာပနအခမ်းအနားကို တစ်လအတောအတွင်း အပြီးဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စု ပြည်စိုးအောင်ရပ် ပြည်စိုးအောင်စာသင်တိုက် အသောကကျောင်းဦး စီးနာယကဆရာတော်ဘဒ္ဒန္တဥာဏ၀ံသ သည် ဇွန် ၁၄ ရက်နံနက် ၄ နာရီခန့်က ကျောင်းတိုက်အတွင်း လူငယ်နှစ်ဦး၏ ရက်စက်စွာသတ်ဖြတ်ခြင်း ခံခဲ့ရရာ ယခုအခါတွင် အဆိုပါလူသတ်တရားခံနှစ်ဦးအားဖမ်းဆီးရမိထားကြောင်း နယ်မြေရဲစခန်းသတင်းထုတ်ပြန်ချက်အရသိရပြီး ဆရာတော်၏ကြွင်းကျန်ရစ် သောရုပ်ကလာပ်တော်ကို ဈာပနအခမ်းအနားနှင့်တစ်ကွကျင်းပပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။
“မြို့ကဆရာတော်ကြီးတွေကလည်း မိန့်ကြားသွားပါတယ်၊ ၀ါမ၀င်ခင်ဈာပနအပြီးလုပ်ကြပါပေါ့၊ အစည်းအဝေးနဲ့တိုင်ပင်ဆွေးနွေးပြီး ဈာပနကျင်းပမယ့် ရက် ကြေညာပေးသွားပါမယ်” ဟု ဆရာတော့်တပည့်ရင်းဖြစ်သူဦးတင်သောင်းကပြောသည်။
ဆရာတော်အသတ်ခံရမှုနှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာတစ်ချို့တွင် ဘာသာရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်ရေးသားခြင်းတို့ရှိနေပြီး ထိုကိစ္စနှင့် ပတ်သက်၍လည်း မမှန်သတင်းမဖြန့်ကြရန် မျက်မြင်သိရှိသူ စဥ့်ကူးမြို့နယ်တာဝန်ရှိပုဂ္ဂိုလ်အသိုင်းအ၀ိုင်းက သတိပေးပြောဆိုထားသည်။
“ရဲစခန်းမှာနှစ်ယောက်ဖမ်းထားကတည်းက ကျွန်တော်တို့ရှိနေတယ်၊ ဘာလူမျိုးခြားမှမဟုတ်ပါဘူး၊ ရဲစခန်းကိုဝိုင်းထားတယ်လို့ဖွတာတစ်ချို့လည်း တွေ့ရတယ်၊ ဒုတ်ဓားလက်နက်တွေကိုင်လာတယ်၊ ချတော့မယ်ဆိုပြီး ရေးနေကြတာဖတ်ရတယ်၊ တကယ်မဟုတ်ပါဘူး၊ အထူးသဖြင့် လူမျိုးရေးပြဿ နာဖြစ်အောင် မဖွကြဖို့ပြောချင်ပါတယ်” ဟု လုံခြုံရေးဆိုင်ရာ တာ၉န်ရှိသူတစ်ဦးကပြောသည်။
လက်ရှိအခြေအနေတွင် မြို့တည်ငြိမ်အေးချမ်းနေကြောင်းသိရပြီး ဆရာတော့ဈာပနကျင်းပနိုင်ရေး အစည်းအဝေးလုပ်ပြီး မကြာခင်သတင်းထုတ်ပြန် ကြေညာပေးသွားမှာဖြစ်ကြောင်းသိရသည်။
ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm/
(လားရှိုး၊ ဇွန် ၁၅)
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ယခုရက်ပိုင်းအတွင်း မိုင်းများခွဲသွားမည်ဟု သောင်းကျန်းသူများ၏ သတင်းအပြန်အလှန် ပေးပို့မှုကို သက်ဆိုင်ရာမှ ကြားဖြတ်ဖမ်းယူရရှိခဲ့သည့်အတွက် ဇွန်လ ၁၅ ရက်မှစတင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လားရှိုးမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် မိုင်းရှာဖွေခြင်း၊ မိုင်းအသိ မိုင်းသတိရှိရန် ပညာပေးပြောကြားခြင်း၊ မသင်္ကာဖွယ်ရာလူများကို စောင့်ကြည့်ခြင်းများအား ပြုလုပ်လျှက်ရှိကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“ရန်သူသတင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့က သူတို့အချင်းချင်း အပြန်အလှန်ပေးပို့နေတာကို ဖမ်းယူရရှိခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်ကနေ ၃ ရက်အတွင်း လားရှိုးမြို့ပေါ်မှာ မိုင်း ၆ လုံးခွဲဖို့ ညွှန်ကြားနေတာကို ကြားသိရပါတယ်။ ဒါကြောင့် လုံခြုံရေးအဆင့်ကို တိုးမြင့်ဆောင်ရွက်ပြီး မြို့ထဲမှာလည်း မိုင်းရှာဖွေခြင်း၊ မိုင်းအသိ မိုင်းသတိရှိအောင် ပညာပေးပြောကြားခြင်း၊ လူစိမ်းအ၀င်အထွက် စောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်နေပါတယ်။” ဟု ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စည်ပင်သာယာရေးဌာန၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကြီးကြပ်ရေးကော်မတီ တို့နှင့် ပူးပေါင်းကာ အထင်ကရအဆောက်အဦများနှင့် လူစည်ကားရာနေများတွင် မိုင်းရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်နေလျှက်ရှိပြီး မြို့နေလူထုအနေဖြင့် မသင်္ကာဖွယ်ရာ အထုပ်အပိုးများ၊ လူပုဂ္ဂိုလ်များတွေ့ရှိပါက ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး ဖုန်း (၀၈၂၃၀၃၀၀)သို့ ဆက်သွယ်သတင်းပေးရန် အသိပေးကြေညာထားကြောင်း သိရသည်။
ကိုးတောင်ဝင့်
ကမ္ဘောဇတိုင်းသတင်းဂျာနယ်
https://www.facebook.com/kanbawzatai
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာတောင်ဘက်ခြမ်း ရာဘာခြံတွင် ဇွန်လ ၁၁ ရက်နေ့၊ ညနေ ၃း၃၀ နာရီဝန်းကျင်က မူလတန်းကျောင်းသူ အသက် ၉ နှစ်အရွယ်အား တရွာထဲနေသူ မောင်မင်းဦး (ခ) အဘု (၂၄) နှစ်က အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည် ဟုသိရသည်။
အဘော်ကျေးရွာနေ မိ—— ငါးရှာထွက်ရန် လမ်း၌ တရွာထဲနေ မောင်မင်းဦး (ခ) အဘုနှင့် တွေ့ဆုံ၍ ငါးရှာပေးမည်ဟု လိမ်ညာပြောဆိုပြီး လူသူမရှိသည့် ရာဘာခြံအရောက်တွင် သားမယားပြုကျင့်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါ မိ—– အား အခင်းဖြစ်ပွားသည့်နေ့တွင် ရေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ယနေ့ထိ အတွင်း လူနာအဖြစ် ဆေကုသခံလျှက်ရှိသည်ဟု အဘော်ကျေးရွာဒေသခံတဦးမှ သိရသည်။
မိ—–၏ မိခင်မှ အဓမ္မပြုကျင့်သူ မောင်မင်းဦး (ခ) အဘုအား တရားဥပဒေအရ အရေးပေးပါရန် ဇွန် ၁၂ ရက်နေ့က ရေးမြို့မရဲစခန်းသို့ တိုင်ကြားထားသဖြင့် ၎င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေးမြို့မရဲစခန်းမှ မောင်မင်းဦး (ခ) အဘုအား (ပ) ၉၀/၂၀၁၆၊ ပုဒ်မ-၃၇၆၊ ပြစ်မှုကြီး အမှတ်စဉ် (၆/၂၀၁၆) အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။­
အလားတူ ရေးမြို့နယ်တောင်ပိုင်း၊ ကဗျာဝရွာတွင် လွန်ခဲ့သည့် မတ်လ ၂၂ ရက်နေ့ ညနေ ၇ နာရီခန့်က အသက် (၄) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံမှု ဖြစ်ပွားခဲ့သည်။
မွန်ပြည်နယ်တွင် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း ၉၀ ကျော်၊ ၂၀၁၅ ခုနှစ်တွင် အမှုပေါင်း (၁၀ဝ) ကျော် ဖြစ်ပေါ်ခဲ့ရာ သက်ငယ်အဓမ္မပြုကျင့်မှု အများဆုံးပါဝင်ကြောင်း သိရသည်။
ရေးသားသူ: မွန်ထော
မွန်သတင်းအေဂျင်စီ
http://burmese.monnews.org
ဂျွန် ၁၅ ရက် ၂၀၁၆
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ဌာနချုပ်၌ ဥက္ကဌ ဗိုလ်ချုပ် ကြီး ပန်ဖှ မှ စစ်ဘေးစစ်ဒဏ်ခံသင့် ရဟန်းတော် များ၊ လူထုကိုယ်စားလှယ်များအား ဖိတ်ခေါ် ကာ ဂျွန် ၁၄ ရက်နေ့က လက်ခံတွေ့ဆုံပြီး လူထု တင်ပြချက်အရ TNLA နှင့် ဖြစ်နေ သည့် ပြဿနာ များကြား ကြားဝင်ဖြေရှင်းပေးသွားမည်ဟု ပြောကြားလိုက်သည်။
“အခု ဖြစ်နေတဲ့ သျှမ်းလူထု နဲ့ TNLA ကြား ပြဿနာကို ကျနော်တို့ SSPP/ SSA အနေနဲ့ ကြားဝင်ပြီး TNLA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံေ ဆွးနွေး မယ်။ TNLA နဲ့ အစိုးရ နဲ့လဲ ဆွေးနွေးရလိမ့်မယ်။ ထို့ အတူဘဲ RCSS နဲ့ TNLA မလွဲမသွေ တွေ့ဆုံဖြေရှင်းရလိမ့်မယ်။ ဖြေရှင်း နိုင်လိမ့် မယ်လို့လဲ ယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့ ဗမာ့တပ်မတော် နဲ့ နှစ်ပေါင်း ၅၀-၆၀ တိုက်ပွဲ ဆင်နွဲလာတာတောင်မှ လက်ခံတွေ့ဆုံဆွေးနွေးနိုင်တာဘဲ။ ဒါ တမြေထဲနေ တရေထဲသောက်တဲ့ လူမျိုးတွေလေ” - ဟု လူထု နှင့် လက် ခံတွေ့ဆုံစဉ်တွင် ဗိုလ်ချုပ်ကြီး ပန်ဖှက ပြောကြားသွားသည်။
တွေ့ဆုံမှုတွင် ဗိုလ်ချုပ်ကြီး ပန်ဖှ ဦးဆောင်သည့် သျှမ်းပြည်တိုးတက်ရေး ပါတီအနေဖြင့်၊ စစ်ဘေး စစ် ဒဏ်သင့်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၂၀၀၊ စာသင်ကျောင်း ပြန်လည်မွမ်းမံဖို့ ကျပ်သိန်း ၂၁၀၊ စစ်ဘေးစစ်ဒ ဏ်ကြောင့် ဒေသဆုံးသည့် မိသားစု ဝင်တွေ အတွက် တအိမ်ထောင် ကျပ် ၁၀ သိန်း ထောက်ပံ့သည်ဟု လည်း တက်ရောက်သူ ရပ်မိရပ်ဖ က ပြောသည်။
ဗိုလ်ချုပ်ကြီးပန်ဖှ နှင့်တွေ့ဆုံစဉ် တက်ရောက်သည့် လူထု ကိုယ်စားလှယ် များက - သျှမ်းလက်နက်ကိုင် တပ်နှစ်ခုပေါင်းစည်းရေး၊ ရံပုံငွေထောက်ပံ့ရေး၊ TNLA ဖြစ်နေသည့် ကိစ္စများ ဖြေရှင်းပေးရေး၊ တရွာလုံး မီးရှို့ခံရသည့် ဝိုးလုံ ရွာသားများအတွက် ဘ၀ပြန်လည်ထူထောင်ရေး - စသည့်ကိစ္စရပ် များေ ဆွးနွေးကြသည်ဟု ဆိုသည်။
လူထုအားလက်ခံတွေ့ဆုံပွဲ၌ - ခေါင်းဆောင် ဗိုလ်ချုပ်ကြီးပန်ဖှ နှင့် အတူ ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်း၊ ဗိုလ်ချုပ် ခွန်ဆိုင် နှင့် ဗဟိုကော်မတီဝင် အရာရှိများ တက်ရောက်ကြသည်ဟု သိရသည်။
သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
app ရေးဆွဲသူ ၉ နှစ် အရွယ် ကျောင်းသူလေး Anvitha Vijay အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    မဲလ်ဘုန်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
    သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့နေ ၉ နှစ်အရွယ် ကျောင်းသူလေး Anvitha Vijay သည် ဆန်ဖရန်စစ္စကို မြို့တွင် ကျင်းပခဲ့သော ကမ္ဘာတစ်ဝန်း ဆော့ဖ်ဝဲလ် ရေးဆွဲသူများ ညီလာခံ (WWCD) ၌ Apple ၏ စီအီးအို ဖြစ်သူ တင်မ်ကွတ်၏ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ကြောင်း သိရသည်။
Apple၏ WWCD ပွဲသို့် ဖိတ်ကြားခံရသည့် ကျောင်းသား ၃၅၀ အနက် Vijay သည် တင်မ်ကွတ်၏ အသိအမှတ် ပြုခံရပြီး ၄င်းအား ကမ္ဘာပေါ်ရှိ ငယ်ရွယ်ထက်မြက်သည့် ဆော့ဖ်ဝဲလ် ရေးဆွဲသူများအနက် တစ်ဦး ဖြစ်ကြောင်း တင်မ်ကွတ်က ၄င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
Vijay သည် app ရေးဆွဲခြင်းကို အသက် ၇ နှစ် အရွယ် ကတည်းက စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ပြုလုပ်နိုင်ရန် YouTube ဗီဒီယိုများမှ ဆော့ဖ်ဝဲလ် ကုတ်များအား  ကြည်ရှု မှတ်သားခဲ့ရကြောင်း သိရသည်။
WWCD ပွဲသို့် ဖိတ်ကြားခံရသူများ အနက် Vijay သည် အသက် အငယ်ဆုံး ဖြစ်ကာ ၄င်းသည် iPhone နှင့် iPad အတွက် app ၂ ခု ဖန်တီးခဲ့ကြောင်း သိရသည်။
မဲလ်ဘုန်း ကျောင်းသူလေးဖြစ်သည့် Vijay သည် ၄င်း၏ ပထမဆုံး ပညာရေးဆိုင်ရာ app တစ်ခု ဖြစ်သည့် GoalHi’ ဖြင့် OzApp ဆုပေးပွဲ၌ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၇,၀၀၀ ရရှိခဲ့ပြီး ၄င်း၏ ဒုတိယမြောက် app မှာ Smartkins Animals’ ဖြစ်ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
TNLA လက်နက်ကိုင်အဖွဲ့မှ ပြည်ထောင်စုလမ်းမကြီးပေါ် သွားလာနေသော မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံလျှက်ရှိ
(15-6-2016)
ဇွန်လ(၁၅)ရက်နေ့ ယနေ့နံနက် ၆ နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအုပ်စု၊ ဟန်ကိုင်ရွာအ၀င် ညောင်ပင်အောက်တွင် TNLA လက်နက်ကိုင်အဖွဲ့ဝင် အင်အား ၅၀ ခန့်မှ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသော မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံလျှက်ရှိကြောင်း သတင်းရရှိသည်။
တွဲကား(၁)စီးလျှင် ငွေကျပ် ၃ သိန်း၊ ခရီးသည်မှန်လုံယာဉ် Express ကား (၁)စီးလျှင် ငွေကျပ် ၂ သိန်း၊ ၁၂ ဘီးကုန်ယာဉ်ယာဉ်(၁)စီးလျှင် ငွေကျပ် ၁ သိန်း နှင့် ကားငယ်များကို (၁)စီးလျှင် ငွေကျပ် (၃)သောင်းနှုန်း ကောက်ခံလျှက်ရှိကြောင်း သတင်းရရှိပါသည်။
မူဆယ်တက်မည့် သူငယ်ချင်းများ လမ်းကြောအခြေအနေ နားစွင့်ပြီး တက်ကြပါခင်ဗျား
ဘေးကင်းကြပါစေ
 NayMyo (LashioNews)
(Photo: Citizen Journalist)
ရန်ကုန်တိုင်းအတွင်းက သံရည်ကျိုစက်ရုံတရုံမှာ အသက် ၁၆ နှစ်အရွယ် ကလေးအလုပ်သမားတဦး မျက်စေ့ဆုံးရှုံးတဲ့အထိ ထိခိုက်ဒဏ်ရာရတာနဲ့ ဆက်စပ်ပြီးတော့ ပြည်ထဲရေးဌာနကို တိုင်ထားတာမှာ သီတင်းတပတ်ကြာတဲ့အထိ မေးမြန်းစစ်ဆေးတာတွေ မလုပ်သေးဘူးလို့ လယ်သမား အလုပ်သမားအရေး လုပ်နေတဲ့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ယက် က ပြောပါတယ်။
မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်က စိုးမိုးခိုင်သံရည်ကျိုစက်ရုံမှာ ဒီလဆန်းတုန်းက သံရည်ကျိုနေရင်း ကျည်ဆံလို့ယူဆတဲ့ အရာတခု ပေါက်ကွဲပြီးတော့ အဲဒီကလေးရဲ့မျက်စေ့ ထိခိုက်ပျက်စီးပြီး မျက်စေ့ဆုံးရှုံးသွားတာပါ။ ဒီဖြစ်ရပ်အတွက် စက်ရုံက ကျပ်ငွေ ၁ သိန်းပေးတာကလွဲပြီး တာဝန်မယူတဲ့အပြင် စက်ရုံထဲမှာ ကျည်ဆံတွေရှိနေတဲ့ကိစ္စ ပြည်ထဲရေးဌာနကို တိုင်ထားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အလုပ်သမား ၂၀၀ ကျော်ရှိတဲ့ စိုးမိုးခိုင်သံရေကျိုစက်ရုံမှာ အဲဒီကလေး ကြုံခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့အကိုဖြစ်သူက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
“အခုအခြေအနေက ကျနော့်ညီလေးက မျက်လုံးထုတ်လိုက်ရတယ်။ လက်တွေမှာလည်း ဒဏ်ရာတွေနဲ့ မီးလောင်ထားတာတွေ၊ သံရည်ပူလောင်ထားတာတွေ ရှိတာပေါ့လေ။ မေးအောက်နေ ပေါက်တာ။ မျက်လုံးထုတ်လိုက်ရတယ်။ သူတို့ကတော့ ၁ သိန်းထုတ်ပေးတယ်။ ကျနော်တို့ကို။ ကျနော်တို့ကလည်း နယ်ကလာရတာဆိုတော့ လုပ်ရင်းကိုင်ရင်းနဲ့ ၂ သိန်းကျော်လောက် ကုန်ထားတယ် ကျနော်တို့လည်း။ ဘာမှလည်းမပြောဘူး။ မပြောဘဲနဲ့ ဆေးရုံကနေဆင်းခိုင်းတယ် မန်နေဂျာ ဦးခိုင်သောင်းက။ ဆေးရုံကဆင်းပြီး တောမှာ အနားပြန်ယူလို့ပြောတယ်။ ၂ နှစ်ရှိသွားပြီဗျ။ အသက် ၁၆ နှစ် ကျနော်တို့ကလည်း မပြေလည်ဘူး စားဝတ်နေရေးက။ သံရည်ကျိုတော့ သူက သံတွေထည့်ပြီး ကော်တွေနဲ့ ကပ်တာတို့ ဘာတို့ရှိတယ်လေ။ အဲဒါကို သူက သွားထိုးရတာ။ ပျော်အောင်လို့ ထိုးချပေးရတာ သံချောင်းနဲ့။ အဲဒီအချိန်မှာ အဲဒါ ပေါက်တာ။ သံတွေထဲမှာ ပါတာပေါ့။ ကျည်ဆံတွေ ဘာတွေက သံတွေပေါက်တော့ အဲဒီမှာ မျက်လုံးထိသွားတာ။ လည်ပင်းဘေးနား မေးအောက်ကနေ ပေါက်သွားတာ။ အဲဒီမှာ မျက်လုံးထိတယ်။ နောက် လက်မောင်းတွေမှာ သံရည်ပူလောင်ထားတာတွေရှိတယ်။ ကျောကုန်းတွေမှာလည်း ရှိတယ်။ သူပြောတာကတော့ ကျည်ဆံလည်းပေါက်တယ်။ သံတွေကလည်း ဖွှားကနည်းကို ထွက်တာ။”
စက်ရုံထဲမှာ အခုလိုမျိုး ပေါက်ကွဲစေနိုင်တဲ့အရာတွေ ထပ်တွေ့ထားတဲ့အတွက် ပြည်ထဲရေးဌာနကို တိုင်ထားတာ တပတ်ကြာပြီ ဖြစ်ပေမဲ့ ခုချိန်ထိ ဘာမှ မေးမြန်းစစ်ဆေးတာ မလုပ်သေးဘူးလို့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ယက် မူဝါဒရေးရာ ဥက္ကဌ ဦးကြည်လွင်က ပြောပါတယ်။
“တကယ် ရပ်တည်ပေးမယ့်အဖွဲ့အစည်း ကျနော်တို့က လိုအပ်နေတဲ့အတွက် ကျနော်တို့က ရဲချုပ်ကိုပဲ လှမ်းပြီး ဖုန်းဆက်ရတာကိုး။ ကျည်ဆံတွေ ရှိနေတယ်ဆိုတာကိုတောင် ပြည်ထဲရေးဌာနကို ကျနော်ကိုယ်တိုင် သတင်းပေးခဲ့တာပါ။ အဲဒါကိုတောင် အခုထိ လာပြီး မကြည့်သေးပါဘူးခင်ဗျ။ ကျနော်က ပြီးခဲ့တဲ့ ၅ ရက်နေ့မှာ ကိုယ်တိုင် ဖုန်းနဲ့ လှမ်းအကြောင်းကြားတာ။ အကြောင်းပြန်ပါ့မယ်ပဲ ပြောပြီးတော့ တပတ်သာကုန်သွားတယ်။ ဘာမှ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူးခင်ဗျ။ တကယ် ဒါကို လုပ် မလုပ် ဆိုတာကတော့ သူတို့ သက်ဆိုင်ရာအာဏာပိုင်တွေမှာ တာဝန်ရှိတာပေါ့နော်။ အခုဖြစ်တဲ့နေရာ ထိတယ်ဆိုတာက ကျည်ဆံက မေးစေ့ရဲ့အောက်မှာ အကွင်းလိုက် ပေါက်ထွက်သွားတဲ့ ဒဏ်ရာရှိတယ်။ ပြီးတော့ မျက်လုံးကို တက်မှန်တယ်။ ဆေးရုံကတော့ ဒါက အစ တခုလို့ပဲ နတ်မောက်လမ်းမှာရှိတဲ့ မျက်စိအထူးကုဆေးရုံကြီးမှာ သွားလုပ်ရတဲ့အတွက် မျက်လုံးကိုရော၊ အဲဒီအစကိုရော ယူထားပါတယ်။ သူ့အကိုဆီမှာ ရှိပါတယ်။”
သံရေကျိုစက်ရုံဟာ အလုပ်သမားတွေဆီကနေ လူမှုဖူလုံရေးကြေးတွေ လစဉ်ကောက်ခံနေပေမဲ့ စက်ရုံတွင်းမှာ အခုလိုမျိုး ထိခိုက်ဒဏ်ရာရသူတွေကို စက်ရုံက အပြည့်အ၀ တာဝန်မယူတာတွေ၊ ဒီရက်ပိုင်းအတွင်းမှာကိုပဲ အလုပ်သမား ၄ ဦးကို အလုပ်ထုတ်ပစ်တာတွေ၊ တနေ့ကို ၁၃ နာရီလောက် အလုပ်လုပ်ရတာတွေကြောင့် နစ်နာမှုတွေအတွက် လျော်ကြေးပေးဖို့ ခုံသမာဓိကောင်စီကို တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။
ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်က အလုပ်ပြန်ခန့်ပေးဖို့ ဆိုတာပဲပါပြီး အလုပ်သမားတွေ ကျေနပ်လက်ခံနိုင်လောက်တဲ့ အချက်တွေ မပါတာကြောင့် နေပြည်တော်ကောင်စီရုံးအထိ တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့လည်း ဦးကြည်လွင်က ပြောပါတယ်။ စိုးမိုးခိုင် သံရေကျိုစက်ရုံက တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ သံရေကျိုစက်ရုံကို တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်တယ်လို့ သိထားတဲ့အကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ယက်က ပြောပါတယ်ရှင်။
 မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
 လှိုင်သာယာ၊ကမာရွက်၊တောင်ဒဂုံနှင့် သန်လျင်မြို့နယ်များတွင် ရဲတပ်ဖွဲ့ကအင်အားအပြည့်သုံးကာ လူဆိုးလူမိုက်များအား ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးမည်
ရန်ကုန် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခုရှိ မူခင်းအများဆုံးဖြစ်ပေါ်သော မြိုနယ်လေးခုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားအပြည့်ဖြင့် မြိ့နယ်အတွင်းရှိ ဒုစရိုက်ပြုလုပ်သူများကို ရှာဖွေဖမ်းဆီးသွား မည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်အောင်ထွန်း ကပြောကြားသည်။
'' မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရှိတဲ့ အင်အားအကုန်လုံး ထုတ်နှုတ်ပြီးတော့ တစ်မြို့နယ်အလိုက် တစ်မြို့နယ် အလိုက် ဖမ်းစီးမယ်ရပ်ကွက်အတွင်း အင်အားအပြည့်နဲ့ သိမ်းပိုက်ပြီးရှာဖွေမယ်၊ တစ်ရပ်ကွက်လုံးပါဝင်ပြီးတော့ ရပ်ကွက်လုံခြုံရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ်၊ မူးယစ်ဆေးဝါး ကိစ္စအပါအ၀င် အခြားမှုခင်း၊ အားလုံးပါဝင်တယ်၊ အဲဒီမြို့နယ်ထဲမှာ နေတဲ့ ဒုစရိုက်လုပ်ငန်း လုပ်နေတဲ့သူ အားလုံးသည် ဒီဒေသမှာ နေလို့ကို မရတော့အောင် ဆောင်ရွက်မယ်။''ဟု နယ်လုံဝန်ကြီးဗိုလ်မှုးကြီးတင်အောင်ထွန်း ကပြောသည်။
 ယင်းဆောင်ရွက်မှု ကို ယခုရက်ပိုင်းတွင် အချိန်အကန့်သတ်မရှိ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ပြီး ၊ယခုမြို့နယ် လေးခုပြီးပါက မှုခင်းဒုတိယအများဆုံး မြို့နယ်များတွင် လည်းကောင်း အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေအောင်
china.com Myanmar
https://www.facebook.com/china.com.mm
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အာရှဒေသရှိ မြန်မာသံအမတ်ကြီးများ၏ တွေ့ဆုံဆွေးနွေးမှုကို ဇွန်လ (၁၄)ရက်နေ့  မွန်းလွဲ ၁၄း၀၀ နာရီအချိန်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာသံအမတ်ကြီးများသည် အစိုးရသစ်၏မူဝါဒများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာသံရုံးများ၏ ဆောင်ရွက်နေသည့် လုပ်ငန်းများညှိနှိုင်းရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အာရှဒေသမှ မြန်မာသံအမတ်ကြီး (၁၈)ဦး တက်ရောက်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီးများအား ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှုပြုရာတွင် သံတမန်ရေးရာနည်းလမ်းဖြင့် မိမိတို့နိုင်ငံကို ကာကွယ်ပေးရန်၊ လူမှုရေးအရ နိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံသားဟောင်းများကို ကာကွယ်စောင့်ရှောက်သွားရန်၊ မိမိတို့ထက် ရုပ်ပိုင်းဆိုင်ရာ များစွာရှေ့ရောက်နေသည့် နိုင်ငံများနှင့် ဆက်ဆံရာတွင် နှလုံးရည်၊ ဥာဏစွမ်းရည်နှင့် မိမိတို့ပြည်သူများ၏ ညီညီညွတ်ညွတ်ထောက်ခံမှုကို အသုံးပြုဆောင်ရွက်သွားကြရန်၊ ပြည်သူလူထုဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ အောင်မြင်ရန်အတွက် နိုင်ငံတကာဆက်ဆံရေးကောင်းမွန်ရန် မြန်မာသံအမတ်ကြီးများအနေဖြင့် ပိုမိုအလေးထားလုပ်ဆောင်သွားရန်၊ ပြည်သူလူထုထောက်ခံမှ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မည်ဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒအောင်မြင်မှ ပြည်သူလူထုကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း သတိချပ်ရန် စသည်တို့ ထည့်သွင်း ပြောကြားခဲ့ပါသည်။
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar
ရန်ကုန် ဇွန် ၁၄
ရန်ကုန်တိုင်း အတွင်း မြို့နယ်များတွင် အများပြည်သူ များ ကစားနိုင်ရန် အားကစားကွင်း ၉ကွင်းကို ၂၀၁၆ -၂၀၁၇ဘဏ္ဍာနှစ်တွင် ဖော်ထုတ်ပေးသွားမည်ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ဇွန်လ၁၄ ရက်တွင် ပြုလုပ် သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး(သတ္တမ)မြောက် တွင် ပြောကြားခဲ့သည်။
မင်္ဂလာတောင်ညွန့် ကိုယ်စားလှယ် ဦးရန်အောင်၏ ရန်ကုန်တိုင်းအတွင်း ရှိ မြို့နယ်များတွင် အားကစားကွင်းနှင့် ပန်းခြံများကို အကောင်အထည်ဖော်ရန် အစီစဉ်ရှိ/မရှိ မေးခွန်းကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။
အဆိုပါအားကစားကွင်း ၉ကွင်းကို မြောက်ဥက္ကလာပမြိုနယ်တွင်းမှာ နှစ်ကွင်း၊ သင်္ဃန်းကျွန်း မြိုနယ်တွင်းမှာ တစ်ကွင်း၊ ဒဂုံတောင်ြမိုနယ်တွင်တစ်ကွင်း၊ ဒဂုံဆိပ်ကမ်းမြိုနယ်တွင် တစ်ကွင်း၊ သာကေတ မြိုနယ်တွင်တစ်ကွင်း၊ လှိုင်သာယာတွင်တစ်ကွင်း၊ ရွှေပြည်သာ နှစ်ကွင်းတို့ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း ပန်းခြံ ၆၃ခြံနှင့် အားကစားကွင်း ၁၁၂ကွင်း ရှိကြောင်း တိုင်း ဒေသကြီး အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။
ဖြိုးဝေအောင်
china.com Myanmar
https://www.facebook.com/china.com.mm
ရန်ကုန် ဇွန် ၁၄
ရန်ကုန် - နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် (၅) မိုင်ဘေးရှိ၊ လှည်းကူးမြို့နယ်၊ စခန်းကြီး ကျေး ရွာအုပ်စု၊ ကံကော်ကျွန်း ကျေးရွာသစ်မှ နောက်တိုးကျူးကျော်များကို ဖယ်ရှားမည်ဖြစ်ကြောင်း ကျေးရွာဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးမောင်နိုင်ကယနေ့ဇွန် ၁၄ ရက် နံနက်ပိုင်းက အဆိုပါ ကံကော်ကျွန်းကျေးရွာသစ်၌ ကျေးရွာသစ် ဖော်ဆောင်ခြင်းအကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
'' ကျွန်တော့်ဆီမှာ အရင်ကနေထိုင်တဲ့သူတွေရဲ့ စာရင်းဇယားတွေ ရှိပါတယ်။ အပေါ်ကနေ စာရင်းလာကောက်တော့လည်း ဒီစာရင်းကိုပဲ ပေးခဲ့တာပါ။ ဒါကြောင့် ဒီစာရင်းအတိုင်း စိစစ်ပြီးတော့ နောက်မှဝင်လာတဲ့သူတွေကို ဖယ်ရှားသွားမှာပါ''ဟု ဦးမောင်နိုင်ကပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာသစ်သည် ၂၀၁၅ ခုနှစ်၊ မတ်လက စတင်ကာ နေအိမ်များဆောက်လုပ် နေထိုင်လာကြခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားခဲ့သောကြောင့် နေအိမ် ၅၀၀ ကျော် ပျက်စီးခဲ့ကြသည်။
နေအိမ်ဖျက်စီးခံရသူများက ယင်းနေရာ၌ပင် အိမ်များပြန်လည် ဆောက်လုပ်နေထိုင်ခဲ့ကြပြီး လက်ရှိအချိန်တွင် အိမ်ခြေ ၄၅၀ ခန့်ရှိနေပြီ ဖြစ်သည်။ ပျက်စီးနေအိမ်များကို ပြန်လည် မဆောက်လုပ်နိုင်သူများလည်း ရှိနေပြီး ရဲဝန်ထမ်းအချို့က နေစရာတောင်းခံမူကြောင့် မြေနေရာ ပေးရမူများလည်း ရှိကြောင်း ၎င်းကပြောသည်။
စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm
သံတွဲမြို့နယ်အတွင်း ရွာပေါင်း ၁၂ရွာက အိမ်ခြေ ၂၁၀ ရေထဲမှာ ပါသွား
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ရေကြီးမှုတွေအတွင်း တစ်ရွာလုံးနီးပါး အိမ်တွေ ရေထဲပါသွားတာ ရှိသလို တစ်ချို့ရွာတွေမှာဆိုရင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းက အစ ရေထဲပါသွားတယ်လို့ သိရပါတယ်။
ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက်နေတဲ့ သူဌေးချောင်းဘေးမှာ ရှိတဲ့ ရေကောက်ကျေးရွာ မှာဆိုရင် အိမ်ခြေ ၄၅ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ဆောင်၊ ဇရပ်နှစ်ဆောင်နဲ့ ဘုရားသိမ် တစ်ဆောင် ရေထဲ ပါသွားခဲ့သလို ပုရစ်ကျေးရွာမှာလည်း အိမ်ခြေ ၁၁၅ လုံးရှိရာမှာ အိမ်၎လုံးဘဲ ကျန်ခဲ့ပါတယ်။
ရွာပေါင်း ၁၂ ရွာက အိမ်ခြေပေါင်း ၂၁၀ ကတော့ လုံးဝ ရေထဲမှာ ပါသွားတယ်လို့ သိရပါတယ်။
လောလောဆယ် တပ်မတော်က ဆေးခန်းတွေ ဖွင့်ပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေသလို စားရေးသောက်ရေး အကူအညီတွေကိုတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရ တာဝန်ရှိသူတွေက တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။
ရခိုင်ဒေသမှာ အခုချိန်ဟာ မိုးဦးအစပဲ ရှိသေးပြီး နောက်ထပ် မိုးဆက်ရွာရင် ရေထပ်ကြီးနိုင်တာမို့ ပြန်လည် နေရာချထားရေးကို အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အသေအချာ စိစစ်ပြီး အမြန်ဆုံး ပြုလုပ်ပေးဖို့ ဒေသခံ ပြည်သူတွေက လိုလားနေကြပါတယ်။
BBC Burmese
http://www.bbc.com/burmese/