06/18/16


 တပ်မတော်မှ မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေမှုအပေါ် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ပြင်သစ်သမ္မတနိုင်ငံ ၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E.Mr. Jean-Marc AYRAULT က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မေးမြန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကို ရောက်ရှိနေသော ပြင်သစ်နိုင်ငံဝန်ကြီး အနေဖြင့် ဇွန်လ ၁၇ ရက်နေ့က နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင် တစ်ပါတီအုပ်ချုပ်ရေး၊ စစ်အုပ်ချုပ်ရေးတို့ဖြင့် နှစ် ၅၀ ခန့် ရပ်တည်ခဲ့ရ၍ ဒီမိုကရေစီ အလေ့အကျင့်မရရှိခဲ့သည့် အခြေအနေများ၊ တည်ငြိမ်သည့်၊ ခိုင်မာသည့် ဒီမိုကရေစီဖြစ်အောင် တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင် ပါဝင်ထိန်းသိမ်းနေမှုနှင့် ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာများကိုလည်း နောက်ဆုံးအဆင့် လွှတ်တော်တွင်ပင် ဆွေးနွေးရမည့် အခြေအနေများ၊ ယင်းရလဒ်များအရ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုအတွက် အာမခံနိုင်သည်အထိ၊ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်သည်အထိ လိုအပ်မှုတို့ကြောင့် တပ်မတော်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေရခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်ဟု Senior General Min Aung Hlaing facebook စာမျက်နှာတွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် ပါဝင်ထိန်းသိမ်း လုပ်ဆောင်ရန် လိုအပ်မှုအခြေအနေများကို ပြောကြားခဲ့ကြောင်း Senior General Min Aung Hlaing Facebook စာမျက်နှာတွင် ရေးသားထားသည်။

ပြင်သစ်နိုင်ငံဝန်ကြီးကလည်း တပ်မတော် အကြီးအကဲ တစ်ဦးအနေဖြင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများကို အလေးထား ဂုဏ်ယူကြောင်း ဦးစွာပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အမြင်နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒီမိုကရေစီတွင် လက်နက်ကိုင်ပြီး အာဏာရယူ၍ မရသဖြင့် လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရန် လိုအပ်မှု အခြေအနေများ၊ မကြာမီကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်တက်ရောက်ခွင့်၊ ၀င်ရောက် ဆွေးနွေးခွင့် နှင့်ပတ်သက်သည်များ ၊ ယင်းအပေါ်မူတည်၍ ဒီမိုကရေစီ လမ်းကြောင်းတွင် ခိုင်မာစွာ လျှောက်လှမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးအတွက် တပ်မတော်မှ အသင့်ရှိမှု အခြေအနေများအား ပြန်လည် ရှင်းလင်းပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရို သန်း၂၀၀ ကူညီထောက်ပံ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို လိုလားပြီး ဆက်လက် ကူညီဆောင်ရွက်မည့် အခြေအနေများ၊ မြန်မာ့တပ်မတော်ဆိုင်ရာ ခရီးစဉ်ကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်လုပ်ဆောင်မှု အခြေအနေများ၊ ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး ဆိုင်ရာများ၊ နည်းပညာဆိုင်ရာနှင့် လေ့ကျင့်ရေးသင်တန်း ကိစ္စရပ်များ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်နေမှုနှင့် ဥပဒေနှင့်အညီ ကူညီဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု ရေးသားဖော်ပြထားသည်။

ဝသန်
The Ladies News
https://www.facebook.com/News.TheLadies


ပါကစ္စတန်နိုင်ငံ Gujranwala မြို့မှာ မိဘတွေ သဘောတူကြည်ဖြူခြင်းမရှိတဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီးနောက် ကိုယ်ဝန်(၇)လရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို မိသားစုဝင်တွေက လည်ပင်းကို လှီးဖြတ်ပြီး သတ်ခဲ့တယ်လို့ ibt သတင်းမှာဖော်ပြထားပါတယ်။

 ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စနေနေ့မှာတော့ သမီးဖြစ်သူရဲ့ လည်ပင်းကို လှီးဖြတ်ခဲ့သူတွေထဲက မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ်က မိဘတွေရဲ့ သဘောထားကို ဆန့်ကျင်ပြီး Taufiq Ahmed နဲ့ လက်ထပ်ခဲ့တဲ့ Muqaddas Bibi ဟာ လက်ထပ်ခဲ့ပြီးနောက် မိဘတွေက စကားပြောဆိုခြင်း မပြုကြတော့သလို အဆက်အသွယ်လဲ ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

 အဲ့ဒီနောက်ပိုင်းမှာတော့ ဘီဘီရဲ့ မိဘတွေဟာ သူ့ကို သတ်ဖို့ စီစဉ်ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

 အဲ့ဒါကြောင့် ဆေးခန်းပြနေတဲ့ ဘီဘီကို မိခင်ဖြစ်သူနဲ့ အကိုတို့က အိမ်ပြန်ခေါ်ခဲ့ပြီးနောက် သူ့လည်ပင်းကို ဓားနဲ့ လှီးဖြတ်ခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

 ဒီလို သမီးဖြစ်သူနဲ့ မိသားစုကြား အခြေအတင်ဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိမ်နီးနားချင်းတွေကလည်း ၀င်ရောက် ဖြန်ဖြေခြင်း မရှိခဲ့ကြဘူးလို့ ဒေသခံမီဒီယာမှာဖော်ပြထားပါတယ်။

 ကိုယ်ဝန်(၇)လလွယ်ထားရတဲ့ ဘီဘီမှာ သမီးတစ်ဦးရှိတယ်လို့လည်း သိရပါတယ်။ အခင်းဖြစ်ပွားပြီးနောက် ဘီဘီရဲ့ မိသားစုတွေက နေအိမ်ကနေ ထွက်ပြေးခဲ့ကြပြီး စနေနေ့မှာတော့ မိခင်ဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

 ပါကစ္စတန်နိုင်ငံမှာ အခုရက်သတ္တပတ်အနည်းငယ်အတွင်း ဂုဏ်ယူစွာ သတ်ဖြတ်မှုတွေ အများအပြားဖြစ်ပွားနေပြီး လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေကတော့ ဒီအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိနေကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews

Facebook ကို အမြဲတမ်းစွဲလမ်းစွာဖြင့် အချိန်ကုန်နေသူများအတွက် ကုစားပေးမည့် ပုဂ္ဂလိက ဆေးခန်းတခန်းကို အယ်လ်ဂျီးရီးယားနိုင်ငံတွင် စိတ်ရောဂါကျွမ်းကျင်ပုဂ္ဂိုလ်များက ဖွင့်လှစ်ခဲ့သည်။ အဆိုပါဆေးခန်းသည် အာရပ်ကမ္ဘာတွင် ပထမဦးဆုံး ဖွင့်လှစ်သော ဆေးခန်းဖြစ်ပြီး ကမ္ဘာတွင် တရုတ်နှင့်တောင်ကိုရီးယားပြီးလျှင် တတိယမြောက် Facebook အစွဲအလမ်းကုသရေး တတိယမြောက် ဆေးခန်းဖြစ်သည်။ ယင်းဆေးခန်း၏ ဒါရိုက်တာမှာ လူ့ဖွံ့ဖြိုးရေးသိပ္ပံပညာရှင် ရောအော့ဖ်ဘိုကာဖာဖြစ်ပြီး အခြားသောမူးယစ်ဆေးဝါး၊ ဆေးလိပ်နှင့် အရက်စွဲနေသူများကို ကုသပေးသည့် စိတ်ရောဂါပညာရှင်များနှင့် အတူပူးပေါင်း၍ Facebook စွဲနေသူများကို ကူညီဖြေရှင်းပေးရန် လုပ်ဆောင်နေသည်။

ယင်းစွဲလမ်းမှုတွင် စိတ်ပိုင်းဆိုင်ရာ လူမှုရေးနှင့်လုံခြုံရေးဆိုင်ရာ ထိခိုက်မှုများရှိလာမည်ဖြစ်ပြီး ယင်းတို့ကိုကုစားပေးရန် အစီအစဉ်များပြုလုပ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းစွဲလမ်းမှုတွင် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့်လုံခြုံရေးဆိုင်ရာ ထိခိုက်မှုများရှိလာမည်ဖြစ်ပြီး ယင်းတို့ကိုကုစားပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ Facebook စွဲလမ်းနေမှုသည် အင်တာနက်ကို လူသစ်စုဆောင်းရေးလက်နက် ကိရိယာအဖြစ်အသုံးပြုနေသော အစွန်းရောက်အစ္စလာမ်ဝါဒီများ၏ ဦးနှောက်ဆေးကြောမှုကိုခံရနိုင်သည့် အခြေ အနေရှိကြောင်း ဘိုကာဖာက တင်ပြခဲ့သည်။

TWT
Ref : Reuters

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်လျှက်ရှိသော အခြေအနေနှင့် အစိုးရသစ်လက်ထက် လူUအခွင့်အရေး အခြေအနေများကို လေ့လာရန်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီသည် မြန်မာနိုင်ငံသို့ ဇွန်လ ၁၉ ရက်တွင် ရောက်ရှိမည်ကာ ဇူလိုင်လ ၁ ရက်အထိ ၁၂ ရက်တာ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီသည် ခရီးစဉ်ကာလအတွင်း မြန်မာနိုင်ငံတွင် တွေ့ကြုံခဲ့ရသည်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံစာ တင်သွင်းမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၄င်းအကြံပြုထားသော လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်နှင့် ပတ်သက်၍ မည်မျှ အကောင်အထည် ဖော်ဆောင်နိုင်ကြောင်းကိုလည်း လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး ကော်မရှင်နဲ့ ဇွန်လ ၂၇ ရက်မှာ သီးသန့်တွေ့ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ၊ မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေကို ဆွေးနွေးမှာပါ။ လောလောဆယ်မှာတော့ သီးခြား အကြောင်းအရာတော့ မရှိသေးပါဘူး ” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ဦးစစ်မြိုင်က The Ladies သို့ ဇွန်လ ၁၈ ရက်တွင် ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီသည် ၁၂ ရက်တာ ခရီးစဉ်အတွင်း လတ်တလောတိုက်ပွဲ ဖြစ်ပွားခဲ့သော ကချင်ပြည်နယ်၊ ရှမ်းပြည်န့ယ်နှင့် ရခိုင်ပြည်နယ်တို့ကို ကွင်းဆင်းလေ့လာမည်ဖြစ်ပြီး ရန်ကုန် အင်းစိန် အကျဉ်းထောင်ကိုလည်း သွားရောက်ရန် စီစဉ်ထားကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီ၏ ယခုတစ်ခေါက် မြန်မာနိုင်ငံကို လာရောက်သော ခရီးစဉ်သည် အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် လာရောက်သော ခရီးစဉ်ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ကချင်နှင့် ရှမ်းပြည်နယ်တို့၌ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လူ့အခွင့်ရေး ချိုးဖောက်မှုများ ရှိနေသည်ဟု စွပ်စွဲမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေသည်။

ဝသန်
The Ladies News Journal



အီဂျစ်လေယာဉ်ပျက်က အပိုင်းအစများ ထပ်မံတွေ့ရှိ။
ပြီးခဲ့တဲ့လက မြေထဲပင်လယ်ထဲကို ပျက်ကျသွားခဲ့တဲ့ အီဂျစ် ခရီးသည် တင်လေကြောင်းလိုင်း က လေယာဉ်ရဲ့ အချက်အလက်မှတ်တမ်းတွေ သိမ်းဆည်း ထားတဲ့ ဒုတိယမြောက် Black Box ကို ရှာဖွေတွေ့ရှိပြီလို့ အီဂျစ် အာဏာပိုင်တွေ က သောကြာနေ့မှာ ကြေညာပါတယ်။

ပဲရစ်မြို့ကနေ ကိုင်ရိုမြို့ကို ပျံသန်းခဲ့စဉ်မှာ ပျက်ကျသွားတဲ့ အဲဒီ အီဂျစ်လေကြောင်း ခရီးစဉ်အမှတ် M804 ရဲ့ လေယာဉ်ဦးခေါင်းခန်းက အသံဖမ်းကိရိယာ ကို ဒီမတိုင်ခင် တရက် ကြာသပတေးနေ့က တွေ့ရှိခဲ့တာပါ။

အခုအသစ်တွေရှိတဲ့ ဒီ Black Box ထဲမှာ လေယောဉ်ရဲ့ အမြန်နှုန်း၊ ပျံသန်းတဲ့အမြင့် နဲ့ ဦးတည်ပျံသန်းသွားနေတဲ့လမ်းကြောင်းတွေ စတဲ့အချက်အလက်တွေကို သိမ်းဆည်းထားပြီး၊ အဲဒီ Black Box ကို မြေထဲပင်လယ်ထဲ မှာ လေယာဉ် အပျက်အစီးအပိုင်းအစတွေကို တွေ့ရှိခဲ့တဲ့ သင်္ဘောကတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လေယာဉ်ရဲ့ အပျက်အစီးအပိုင်းအစတွေ နဲ့ လေယာဉ်မှူးရဲ့ အခန်းထဲက အသံဖမ်းကိရိယာကို ပင်လယ်သမုဒ္ဒရာရဲ့ ကြမ်းပြင်မှာ ရှာဖွေတွေ့ရှိ လိုက်တာကြောင့် လေယာဉ် ထူးထူးဆန်းဆန်း ဘာကြောင့် ပျက်ကျသွားတယ် ဆိုတာကိုသိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြသလို၊ လေယာဉ်ပေါ်ပါလာပြီး ပျောက်ဆုံးသွားတဲ့လူ ၆၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို လည်း ပြန်တွေ့မယ်လို့ မျှော်လင့်နေကြပါတယ်။

လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ ဆဲဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်ကျသွားသလား ဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း ဖယ်ထုတ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/



IAAF ကရုရှကစားသမားတွေကိုပြိုင်ပွဲတွေမှာမပါဖို့ ပိတ်ပင်
ရုရှအားကစားသမားတွေ တားမြစ်ဆေး သုံးစွဲတာကိုတွေ့ရှိရပြီးတဲ့နောက် နိုင်ငံတကာပြေခုန်ပစ်ဖက်ဒရေးရှင်း IAAF ကရုရှပြေးခုန်ပစ်အားကစားသမားအားလုံးကို ပြိုင်ပွဲဝင်ခွင့်ဆက်လက်ပိတ်ပင်ဖို့ဆုံးဖြတ် လိုက်ပါတယ်။

ဒီဆုံးဖြတ် ချက်ကိုရုရှအစိုးရ နဲ့ရုရှအားကစားသမားတွေက မတရား ဘူး လို့ဆိုနေကြပါတယ်။

ရုရှတွေဘယ်လိုဘဲမကျေနပ်ဘူးလို့ဆိုနေပါစေ၊ အားကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှုတိုက်ဖျက်ရေး ကမ္ဘာ့ အဖွဲ့အစည်း ရဲ့ ဗုဒ္ဓဟူးနေ့ကထွက်ပေါ်လာတဲ့ အစီရင်ခံစာအတိုင်းဆိုရင် ဒီဆုံးဖြတ်ချက်ကိုချေဖျက်ဖို့ကသိပ် လွယ်ကူမှာမဟုတ်ပါဘူး။

အားကစားသမားတွေတားမြစ်ဆေးသုံးစွဲတာကို အစိုးရကပါအားပေးနေတယ်လို့ စွပ်စွဲချက်တွေထွက်ပေါ်လာပြီးတဲ့နောက် IAAF ကရုရှကစားသမားတွေကိုပြိုင်ပွဲတွေမှာမပါဖို့ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ရုရှရဲ့ တုတ်ထောက်ခုန်နှစ်ထပ်ကွမ်း ချန်ပီယံ အယ်လီနာ အီစင်ဘာယီဗာက ဒီတားမြစ်မှုကြောင့် စိတ်ထိ ခိုက်ရတယ်လို့ဆိုရင်း အဲ ဒီဆုံးဖြတ်ချက်ကိုမကျေနပ်လို့တရားစွဲမယ်လို့ ပြောပါတယ်။

ပြေးခုန်ပစ်အားကစားဟာလူတဦးချင်းစီထူးချွန် အောင်ကြိုးစားရတဲ့အားကစားဖြစ်လို့ အိုလံပစ်ရွှေတံဆိပ်ရဖို့ ကိုယ်ကြိုက်တဲ့ကစားနည်းကို ကိုယ်ရွေးချယ် ရတာ ဖြစ်ပြီး တခြား ရုရှအားကစားသမားအားလုံး ရဲ့လုပ်ရပ်အတွက် သူ့မှာတာဝန် မရှိသင့်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

IAAF ကိုတရားစွဲမှာ အီစင်ဘာယီဗာ တယောက်ထဲမကနိုင်ပါဘူး။ အခြားအားကစားသမား အတော်များများလည်းပါလိမ့်မယ်လို့ ရုရှပြေးခုန်ပစ်အားကစားသမားများ အသင်း ဥက္ကဌ ဒီမစ်ထရီ ရှယ်လ်ယာက်တင် ကဘီဘီစီရုရှသတင်းထောက် စတိဗ်ရိုဇင်ဘတ် ကိုပြောခဲ့ပါတယ်။

ဆောင်း ရာသီအားကစားပြိုင်ပွဲတခုဖြစ်တဲ့ စကိတ်စီးရင်းရိုင်ဖယ်သေနတ်ပစ်ပြိုင်ရတဲ့ biathlon အားကစားသမား ဟောင်း အလက်ဇန်းဒါး တီခိုနော့ဗ် ကလည်း ဒီဆုံးဖြတ်ချက်ဟာကမ္ဘာ့အားကစားသမိုင်းမှာ အညံ့ဖျင်းဆုံး ဆုံး ဖြတ်ချက်ဘဲလို့ဝေဖန်ပါတယ်။

ခုဆုံးဖြတ်ချက်ထွက်မလာခင်က ရုရှသမ္မတဗလာဒီမျာပူတင်က ရုရှကစားသမား တွေကိုဖယ်ကျဉ်မထားဖို့နောက်ဆုံးကြိုးပမ်းဖျောင့်ဖြမှုတခုလုပ်ခဲ့ပါသေးတယ်။ ရုရှအာဏာပိုင်တွေအနေနဲ့ အား ကစားမှာတားမြစ်ဆေးသုံးစွဲတာကိုတိတိကျကျ ဆန့်ကျင်ကြောင်းသူကပြောခဲ့ပါတယ်။

တားမြစ်ဆေးသုံးစွဲတာ ရုရှတနိုင်ငံထဲမှာတွေ့ရတဲ့ပြဿနာမဟုတ်ဘဲ တကမ္ဘာလုံးမှာတွေ့ရတာဖြစ်တဲ့အတွက် အားလုံးရဲ့စုပေါင်းတာဝန် သာဖြစ်တယ်လို့လည်းသူကပြောခဲ့ပါတယ်။

တနည်းအားဖြင့် တားမြစ်ဆေးသုံးစွဲတဲ့အားကစားသမား တွေကြောင့် သန့်ရှင်းတဲ့အားကစားသမားတွေကိုပါအပြစ်မပေးသင့်ဘူးလို့ ရုရှအစိုးရကယူဆနေတာဖြစ် ပါတယ်။

BBC Burmese
http://www.bbc.com/burmese

၂၀၁၆ ခုနှစ်၊ ဇွန် ၁၉ ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ် မြောက်မွေးနေ့တွင် NLD ရုံးချုပ် အဆောက်အအုံသစ်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

''ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ရုံးသစ်တက် မင်္ဂလာအခမ်းအနားကျင်းပပြီး ရုံးအသစ်ကိုဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တက်ဖြစ်မယ်၊ မတက်ဖြစ်ဘူးတော့ မသိပါဘူး။ နာယကဦးတင်ဦးနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်တို့တော့ တက်မယ်လို့ကြားတယ်'' ဟု NLD ဗဟိုပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က ပြောသည်။ အမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးချုပ်ကို ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိမူလပိုင်ရှင် ဦးထွန်းကြိုင်က ရုံးခန်းဖွင့်လှစ်ခွင့်ပြုထားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် ၀ယ်ယူခဲ့ကြောင်းနှင့် ကြံ့ခိုင်မှုအားနည်နေသည့်အတွက် ၂၀၁၄ ခုနှစ်တွင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းတွင် ဖြိုဖျက်ခဲ့ခြင်း ဖြစ်ပြီး အသစ်ပြန်လည်တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါရုံးအသစ်ဆောက်လုပ်ရန် အတွက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က NLD နာယကသူရဦးတင်ဦးနှင့် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ ပန္နက်တင်အခမ်းအနားပြုလုပ်ခဲ့ကြောင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။ မူလက ရှစ်ထပ်အဆောက် အအုံအဖြစ်တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ရွှေတိဂုံဘုရားနှင့်နီးကပ်သည့်အတွက် ဗဟန်းမြို့နယ် နယ်စည်ပင်သာယာရေးကော်မတီက ၆ ထပ်အထိသာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံ အသစ်ဆောက်လုပ်ရာတင် သိန်းပေါင်း ခြောက်ထောင်ကျော် ကုန်ကျခဲ့ကြောင်း သိရှိရသည်။

နေနိုင်သူ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


အမေရိကန် နိုင်ငံခြားရေးဌာန ပဋိပက္ခနဲ့ တည်ငြိမ်ရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Robinson ။
အမေရိကန် နိုင်ငံခြားရေးဌာန ပဋိပက္ခနဲ့ တည်ငြိမ်ရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Robinson ။
အမေရိကန် နိုင်ငံခြားရေးဌာန ပဋိပက္ခနဲ့ တည်ငြိမ်ရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Robinson ဟာ ဇွန်လ ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၁၇ ရက် သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scott Marciel နဲ့အတူ မွန်နဲ့ ကရင်ပြည်နယ်တွေကို သွားရောက်ပြီး ဒေသခံ အစိုးရ အရာရှိတွေ၊ လူမှုလူ့အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ ဒေသတွင်းတည်ငြိမ်ရေး ဆိုင်ရာ စိန်ခေါ်မှုတွေ၊ တိုင်းရင်းသား အချင်းချင်းကြား တင်းမာမှုတွေ လျော့ပါးစေဖို့ နည်းလမ်းတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ရန်ကုန်မှာတော့ မတူညီတဲ့ လူမှုအသိုင်းဝိုင်းတွေကြား ပဋိ့ပက္ခတွေ ဖြစ်လာရတဲ့ အကြောင်းရင်းတွေကို အဖြေရှာနိုင်ရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ အကြံပေးဆွေးနွေး မှာ ဖြစ်ကြောင်း ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robinson ရဲ့ အာရှခရီးစဉ်ကို ဇွန်လ ၁၈ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ပထမဆုံး တောင်ကိုရီးယားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မစ္စတာ Robinson အနေနဲ့ ဆိုးလ်မြို့တော်မှာ ဇွန်လ ၂၀ - ၂၁ ရက်နေ့တွေမှာ ကျင်းပမယ့် အဓိကအချက်များ အကာကွယ်ပေးရေး တာဝန်ခံယှု ဆိုင်ရာ နိုင်ငံတကာကွန်ယက် Global Network of Responsibility to Protect Focal Pointsရဲ့ ဆဌမ အကြိမ် နှစ်လည်ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီးအပြန်မှာတော့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robinson ဟာ အမေရိန်ကန် အနောက်ပိုင်း ကယ်လီဖိုးနီးယား ပြည်နယ်က San Francisco Bay ဒေသကို သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ ဇွန်လ ၂၇ ရက်ကျင်းပမယ့် ဆွေးနွေးပွဲမှာ အာရှဖေါင်ဒေးရှင်းအဖွဲ့နဲ့ အရှေ့အာရှဒေသတွင်း CSO လူမှုလူ့အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို ဆွေးနွေမှာ ဖြစ်ပါတယ်။
VOA Burmese News


ပြည်တွင်းစစ်ရပ်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ။ ( နိုဝင်ဘာ ၂၀၁၅)
ပြည်တွင်းစစ်ရပ်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ။ ( နိုဝင်ဘာ ၂၀၁၅)

လာမယ့် တနင်္လာနေ့မှာကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်နေ့ အခမ်းအနားတွေ ကို နိုင်ငံတကာမှာ ကျင်းပဖို့ ပြင်ဆင်နေချိန် - မြန်မာနိုင်ငံသား ဒုက္ခသည်တွေအနေနဲ့ ကတော့ နေရပ်ပြန်ဖို့ အလှမ်းဝေးနေဆဲလို့ - ဒုက္ခသည် အရေး ဆောင်ရွက်ပေးနေသူတွေ နဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တဦး က ပြောဆိုလိုက်ပါတယ်။ မြန်မာပြည်က ဒုက္ခသည်ပြဿနာဟာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဆက်စပ်နေတဲ့အတွက် သေနတ်သံတွေမစဲသ၍ ဒုက္ခသည်တွေ ပြန်နိုင်ဦးမှာ မဟုတ်ဘူးလို့ ထောက်ပြခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက ပြောပြပါမယ်။

ကမ္ဘာတ၀ှမ်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ပိုမို သတိထားမိလာစေဖို့ ရည်ရွယ်ပြီး နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့ရောက်တိုင်း ကမ္ဘာ့ဒုက္ခသည်နေ့ အခမ်းအနားတွေကို ပုံစံမျိုးစုံနဲ့ နိုင်ငံတကာမှာ ဆင်နွှဲလေ့ရှိကြပါတယ်။ ဒီနှစ်ကျရောက်တဲ့ ၂၀၁၆ ကမ္ဘာ့ဒုက္ခသည်နေ့ရဲ့ ဆောင်ပုဒ်ကတော့ We Stand Together With Refugee – “ဒုက္ခသည်တွေနဲ့ အတူတူ ရပ်တည်ကြမယ်” ဆိုတာပါ။
စစ်ပြေးဒုက္ခသည်များ
စစ်ပြေးဒုက္ခသည်များ
ကမ္ဘာတ၀ှမ်း ဒုက္ခသည်ဦးရေ သန်းပေါင်း ၆၀ ကျော်ထဲမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။ ဘာသာရေး၊ လူ့အခွင့်အရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ မြန်မာဒုက္ခသည်အများစုဟာ - အိမ်နီးချင်း ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ အဓိက ခိုလှုံခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီကနေမှတဆင့် UNHCR အစီအစဉ်နဲ့ တတိယနိုင်ငံတွေဆီ ထွက်ခွာကြသူတွေလည်း ရှိပါတယ်။
ကချင်စစ်ပြေးဒုက္ခသည်များ
ကချင်စစ်ပြေးဒုက္ခသည်များ
Morrison Johnny ဟာဆိုရင် တချိန်က ထိုင်းနယ်စပ်ခိုလှုံဖူးပြီး စစ်ပွဲတွေက ထွက်ပြေးကြရတဲ့ IDP ဒုက္ခသည်တွေအရေး အဓိက ဆောင်ရွက်ခဲ့သူပါ။ လက်ရှိ အမေရိကန်ပြည်ထောင်စု မနီဆိုးဒါးပြည်နယ်မှာ နေထိုင်နေပေမဲ့ အတိတ်က သူ့အတွေ့အကြုံကို ပြန်ပြောင်း အမှတ်ရနေဆဲဖြစ်ပါတယ်။

“IDP ဆိုတာ ပြေးတဲ့လူတွေ ပြည်တွင်းထဲမှာရှိတယ်ဗျ။ ဒီလူတွေက တကယ်တော့ ဘာအပြစ်မှ ရှိတဲ့သူတွေမဟုတ်ဘူး။ မနက်ဖြန်ဆိုတာလည်း သူတို့အတွက် မရှိဘူး။ ဒီတော့ ဒီလူတွေကို ကျနောက်နေ ကျန်တဲ့လူတွေနဲ့ တွဲပြီးတော့ မိုင်းတွင်းထဲ၊ တိုက်ပွဲတွင်းထဲကနေ ဆွဲထုတ်၊ တချို့ကလည်း သေနတ်ဒဏ်ရာနဲ့ တချို့ကလည်း ရောဂါဘယနဲ့။ အများအားဖြင့် ကျနော်တို့ တွေ့ရတာကတော့ လူကြီး သက်ကြီးရွယ်အို အဖွားကြီးတွေ၊ ကလေးတွေပေါ့နော်။ ကျနော့်မျက်စိရှေ့မှာတင်ပဲ ဗုံးကွဲပြီးတော့ အပိုင်းပိုင်းဖြစ်သွားတာတွေ တွေ့ရတယ် တော်တော်တော့ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ခက်ခဲတဲ့ဘ၀လေးတွေကို ကိုယ်က ကျော်လွှားလာခဲ့တယ်။ သူတို့ကိုလည်း ကျော်လွှားစေချင်တယ်။ သူတို့ကိုလည်း ဒီဘက် နယ်ခြားထဲ ပြန်ခေါ်လာပြီးတော့ လုံခြုံစိတ်ချတဲ့နေရာတွေ၊ ဒုက္ခသည်စခန်းတွေ ပို့ရတယ်ပေါ့။”
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။
လက်ရှိ မြန်မာနိုင်ငံမှာ လူထုက ရွေးချယ်တင်မြှောက်ခဲ့တဲ့ NLD အရပ်သားအစိုးရစစ်စစ် တက်လာခဲ့ပါပြီ။ ဒါကြောင့် ဆယ်စုနှစ်ပေါင်း များစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ မြန်မာဒုက္ခသည်တွေကြား - အိမ်ပြန်ရတော့မလား ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်တွေလည်း သန်းလာနေပါတယ်။ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့လည်း - ငြိမ်းချမ်းရေးကိစ္စဟာ အဓိက ဦးစားပေးကိစ္စရပ် ဖြစ်တယ်လို့ ပြောဆိုထားတာကြောင့် ဒီဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဘယ်လောက် နီးစပ်လာနေပြီလဲ။

Morrison Johnny ကတော့ - နယ်စပ်က ဒုက္ခသည်တွေ အိမ်ပြန်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ မြင်ပါတယ်။

“အဆင်သင့်မဖြစ်သေးပါဘူး။ အိမ်ကလေးဆောက်ပြီးရုံနဲ့ မဖြစ်နိုင်ပါဘူး။ အများကြီးလုပ်စရာတွေ ရှိနေပါသေးတယ်။ လူတွေပြောသံ ကျနော် တခါမှ မကြားသေးဘူး။ မိုင်းဘယ်နှစ်လုံး ရှင်းလို့ရပြီးပြီလဲဆိုတာ တခါမှ မကြားဖူးဘူး။ ကြားတာက အခုနောက်ပိုင်းဆိုရင် သေနတ်ပေါက်သံကြီးပဲ ကြားနေရ တယ်။ ဆိုတော့ ကျနော်တို့ တကယ်လုပ်ရမယ့် အလုပ်လေးတွေ အများကြီးရှိပါတယ်။ နှစ်ပေါင်း ၄၊ ၅၊ ၆၀ နဲ့ ချီပြီးတော့ တက်လာခဲ့တဲ့ ပြဿနာကို ၄၊ ၅၊ ၆ ရက်နဲ့ ဖြေရှင်းလို့ မရဘူးလေ။ ကျနော်ထင်တာ ခေါင်းဆောင်တွေလည်း သိပါတယ်။ ဒီတော့ အချိန်ကကုစားသွားပါလိမ့်မယ်။ အချိန်ကိုတော့ ကျနော်တို့ အကျိုးရှိရှိ အသုံးချဖို့ လိုအပ်တယ်။ မူတွေ ကျနော်တို့ ချပြီးတော့ ဒီဒုက္ခသည်တွေနဲ့ အခုအစိုးရတွေကတော့ ဆွေးနွေးနေတာပေါ့နော် အသေးစိတ်။ ကျနော်ထင်တာကတော့ တော်တော်လေးတော့ စောသေးတယ်ပေါ့။”
စစ်ရှောင်ဒုက္ခသည်များ
စစ်ရှောင်ဒုက္ခသည်များ
လက်ရှိ မြန်မာနိုင်ငံက လာရောက်တဲ့ ဒုက္ခသည် ၁ သောင်း ၂ ထောင် နေထိုင်ရာ အမေရိကန်ပြည်ထောင်စု မနီဆိုးဒါးပြည်နယ်က ကရင်ခေါင်းဆောင် တဦးဖြစ်တဲ့ မန်းရောဘတ်ဇံ ကလည်း - ဒီဒုက္ခသည်တွေ အတွက် အခြေခံလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အခုလို ထောက်ပြခဲ့ပါတယ်။

“ဒုက္ခသည်ပြဿနာက ပြည်တွင်းစစ်နဲ့ ပတ်သက်လာတာကိုး။ အဲဒီတော့ စစ်ကြောင့် ထွက်ပြေးလာကြရတဲ့အတွက် ဒီစစ်ကို အဆုံးသတ်နိုင်ဖို့ အရေးကြီးပါတယ်။ အခုက မကြာတော့မယ့်ကာလမှာ ၂၁ ပင်လုံခေါ် ငြိမ်းချမ်းရေးညီလာခံကို ဒေါ်စုခေါင်းဆောင်ပြီးတော့ လုပ်ကြတော့မှာဆိုတော့ သူ့ရဲ့ဆုံးဖြတ်ချက်တိုင်းကို ဗမာ့တပ်မတော်က လိုက်နာပါ့မလား။ စစ်မဖြစ်တော့ပါဘူးလို့ ဒေါ်စုတို့က တာဝန်ယူနိုင်မလား။ ကျနော်ကတော့ သံသယရှိ တယ်လေ။ ဆိုလိုတာက ဒီနေ့ အပစ်အခတ်ရပ်စဲထားတယ်။

သမ္မတကိုယ်တိုင်က အမိန့်ပေးလို့ မရဘူး စစ်တပ်ကို။ သူတိုက်ချင်တိုက်နေတာပဲ။ အခု စစ်တပ်တွေကလည်း သွားနေတာပဲ။ တိုက်ပွဲတွေလည်း ဖြစ်နေတာပဲ။ ကရင်တို့ မွန်တို့၊ ကရင်နီတို့ဘက်မှာ မဖြစ်သေးတာပဲရှိတယ်။ ကျန်တဲ့စစ်မြေပြင် မှာ နေ့တိုင်း သူတို့အစီအစဉ်အတိုင်း တိုက်နေတယ်။ အဲဒါကြောင့်မို့ တကယ် စစ်ပွဲကို ရနိုင်မယ်ဆိုရင်တော့ ပြန်သင့်ပါတယ်။ အဲဒီတော့ ပြည်တွင်းစစ် မရပ်ဘဲနဲ့ ဒုက္ခသည်တွေပြန်ရင် ဒုက္ခပိုရောက်သွားမယ်။ ဆိုလိုတာက မိုင်းတွေရှင်းရဦးမယ်။ ပြန်သွားလို့ ရှိရင် အဆောက်အဦးကအစ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အစပေါ့ဗျာ။ ဘယ်သူတွေက တာဝန်ယူမှာလဲ။ ကျနော့်စိတ်ထင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ကတော့ မလွယ်သေးဘူး ထင်ပါ တယ်။”

လာမယ့်သီတင်းပတ်ကျရင်တော့မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို ၃ ရက်ကြာ သွားရောက်မှာဖြစ်ပြီး၊ သူ့ခရီးစဉ်အတွင်း - ဒုက္ခသည်စခန်းတွေကို သွားရောက်လိုတယ်လို့ ပြောဆိုထားပေမဲ့ - ဘယ်စခန်းတွေကို သွားမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

အခုလို ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တဦးရဲ့ ထိုင်းနယ်စပ်က ဒုက္ခသည် စခန်းတွေဆီ သွားရောက်မှာ ပထမဦးဆုံးလို့ ဆိုနိုင်ပေမဲ့ - ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ကတော့ မသေချာ မရေရာ အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။

VOA Burmese News


ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။
ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ဘင်္ဂလီလို့ခေါ်ပြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေကြသူတွေနဲ့ပတ်သက်ပြီးတော့ “ရခိုင်ပြည်နယ်က မူဆလင်” လို့ သုံးနှုန်းပြောဆိုကြဖို့ မြန်မာအစိုးရက ကုလသမဂ္ဂမှာ မနေ့ သောကြာနေ့က ပထမဆုံးအကြိမ် တရားဝင် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ အဓိကဖြစ်ပေါ်စေတာဟာ ဘာသာရေး အခြေခံဝါဒီကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai က သုံးနှုံးပြောဆိုခဲ့တဲ့အပေါ်မှာ တုန့်ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်နေတဲ့ လူမှုအသိုင်းအ၀ိုင်းနှစ်ဘက်ကြား နာမည် အသုံးအနှုန်းကြောင့် အခြေအနေတွေပိုပြီးဆိုးရွားမသွားရအောင် NLD အစိုးရ အနေနဲ့ ကြိုးစားကိုင်တွယ် သွားမှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့အသိုင်းအ၀ိုင်းတခုလုံးကို ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဘယ်လို အမည်နဲ့ သုံးနှုန်းခေါ်ဆိုရမလဲ ဆိုတာ မြန်မာအစိုးရဘက်က ကုလသမဂ္ဂမှာ မနေ့က တရားဝင်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂျနီဗာမှာကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက အခုလိုပြောဆိုသွားတာပါ။

"လူမှု အသိုင်းအ၀ိုင်းနှစ်ဘက်ကြားမှာ အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရဖို့ အတွက် “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအ၀ိုင်း”လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာ အစိုးရအနေနဲ့ အားလုံးကို အကြံပြုတင်ပြချင်ပါတယ်။"

မနေ့က လူ့အခွင့်အရေးကောင်စီညီလာခံမှာ နိုင်ငံတကာမှာ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခွင့်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai ရဲ့ အစီရင်ခံစာ အပေါ် မြန်မာအပါအ၀င် အဖွဲ့ဝင်နိုင်ငံတွေက တုန့်ပြန်ဆွေးနွေး ခဲ့ကြတာပါ။ ဒီအစီရင်ခံစာမှာ ဘာသာ၊ အယူအဆ တင်းကျပ်တဲ့ အခြေခံဝါဒီတွေကြောင့် အကြမ်းဖက်မှုတွေဖြစ်ပေါ်စေ တဲ့နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံလည်း ပါဝင်နေ ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Kiai က ပြောဆိုခဲ့တာပါ။

"မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုအများအပြားကို အဓိကဖြစ်ပေါ်စေတာဟာ ဗုဒ္ဓဘာသာအခြေခံဝါဒီကြောင့်ဖြစ်ပါတယ်။"

အခုလို ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေနဲ့ မမှန်ကန်တဲ့ နာမည်တွေပေးပြီး သုံးနှုန်းပြောဆိုသွားတာကို မြန်မာအစိုးရက ထောက်ခံမှာမဟုတ်ကြောင်းနဲ့ အဲဒီလို မှန်ကန်မှုမရှိတဲ့အမည်တွေသုံးခြင်းအားဖြင့် အခြေအနေတွေကို ပိုပြီး ဆိုးရွားစေကြောင်း မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ Buddhist Fundamentalist လို့ခေါ်တဲ့ ဗုဒ္ဓဘာသာအခြေခံဝါဒီ ဆိုတာမျိုးမရှိကြောင်းအခုလို ငြင်းဆိုသွားပါတယ်။

"မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအခြေခံဝါဒီဆိုတာလို့ မရှိပါဘူး။ စေတနာ၊ မေတ္တာနဲ့ သည်းခံဖို့ စတာတွေကိုပဲ ဗုဒ္ဓက အဓိကပြောကြားခဲ့တာပါ။ ဒေါသ၊ အမုန်းနဲ့ သည်းခံတဲ့ တရားမရှိတာမျိုးကို ဗုဒ္ဓက သင်ကြားမပေးခဲ့ပါဘူး။ ကျမတို့မြေပေါ်မှာ ဘာသာ၊ အယူအဆ တင်းကျပ်တဲ့ ဘယ်အခြေခံဝါဒီမဆို ကျမတို့အသိုင်းအ၀ိုင်း အများစုက လက်မခံကြပါဘူး။"

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ဇွန်လ (၁၃)ရက်နေ့ကနေ ဇူလိုင် (၁)ရက်နေ့အထိ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai ကမနေ့ကတင်သွင်းတဲ့ အစီရင်ခံစာမှာ ဘာသာ၊ အယူအဆတင်းကျပ်တဲ့အခြေခံဝါဒီတွေဟာ တကမ္ဘာလုံးမှာ ကြီးထွားလာနေပြီး ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်ကို စိုးရိမ်စရာကောင်းလောက်အောင် ခြိမ်းခြောက်နေကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

VOA Burmese News


 ပြင်သစ်က မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားမှု ဒေါ်လာသန်း ၅၀၀ ကျော်ပဲရှိ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ် နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး မစ္စတာ Jean-Marc Ayrult ဟာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဇွန်လ ၁၇ ရက် နေ့က တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။

တစ်နာရီနီးပါးတွေ့ဆုံ အပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံကို ယူရိုငွေသန်း ၂၀၀ ကူညီဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ကြေညာလိုက် ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ စီပွားရေး လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ချင်တယ်လို့လည်း ပြင်သစ် ဝန်ကြီးက ပြောခဲ့ပါတယ်။

စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အဦး တည်ဆောက်တဲ့ လုပ်ငန်း၊ ကျန်းမာရေး အခန်းကဏ္ဍတို့ မှာလည်း ဖွံဖြိုးတိုးတက်အောင်ကူညီချင်တဲ့ အကြောင်းနဲ့ အထူးသဖြင့် မြို့ပြဖွံဖြိုးရေး လုပ်ငန်းတွေမှာ ကူညီချင်ပါတယ်လို့ သူက ပြောခဲ့ပါတယ်။

မြို့ပြ ဖွံဖြိုးရေးဆိုရာမှာ အိမ်ဆောက်တာ၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ပြအတွက် ရေသုံးစွဲမှု စီမံခန့်ခွဲရေးတို့ ဖြစ်ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့တော်ဝန်ရုံးက ရန်ကုန်မြို့ပြ ဖွံဖြိုးရေးကို ကူညီဖို့ အဆင်သင့်ဖြစ်နေပြီ လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြင်သစ် ကုမ္ပဏီတွေလာရောက် စုံစမ်းတာ မရှိသေးကြောင်းနဲ့ အခု နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ် ပြီးရင်တော့ စုံစမ်းမှုတွေ ရှိလာ နိုင်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

လောလောဆယ် စွမ်းအင်ကဏ္ဍမှာ Total ရေနံတူးဖော်ရေး ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂ ခုနဲ့ စိုက်ပျိုးရေး ကဏ္ဍ တစ်ခုမှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ စုစုပေါင်း ပမာဏဟာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်သာ ရှိပါသေးတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ အပြီးမှာ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက သမ္မတ ဦးထင်ကျော်နဲ့ သွားရောက်တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံ လူမှုဘဝ ဖွံဖြိုးတိုးတက်ရေး ယဉ်ကျေးမှု ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

နေပြည်တော် ဇွန် ၁၇

မဂ္ဂါဝပ် ၆၉၀ ခန့် ထုတ်လုပ်နိုင်မည့် လေးမြို့ရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာရန် ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ တစ်သန်းကူညီပေး မည် ဖြစ်ကြောင်း သိရသည်။

မဂ္ဂါဝပ် ၆၉၀ ခန့် ထုတ်လုပ်နိုင်မည့် ရခိုင်ပြည်နယ် လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းနှင့် ပြင်သစ် နိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်ရေး ဝန်ကြီး မစ္စတာ ဂျီးမာ့ခ်အီရောင် တို့ သည် ယနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် ဖြည့် ဆည်းနိုင်ရေးနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ နေများအပေါ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထိန်လွင် က”ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူတွေသုံးစွဲတဲ့ ၀န်အားပြည့်မီဖို့ အဓိကထားထုတ်လုပ် ဖြန့်ဖြူးလျက်ရှိတယ်။ အဓိကထုတ်လုပ်တာ ကတော့ ရေအားလျှပ်စစ်နဲ့ ဂတ်စ်ကို အသုံးပြုပြီး ထုတ်လုပ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ၃၄ ရာခိုင်နှုန်းက လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပါတယ်။ ၆၆ ရာခိုင်နှုန်းကတော့ လျှပ်စစ်ဓာတ်အား မသုံးစွဲနိုင်သေးပါဘူး။ ၂၀၃၀ မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ဒီနေ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ သူတို့ဆီက စီးပွားရေးအဖွဲ့အစည်းတွေနဲ့ တွေ့ခဲ့ပါတယ်။ ဒီလိုတွေ့တဲ့ အခါမှာ အဓိက ပြင်သစ်နဲ့ ကျွန်တော်တို့ လျှပ်စစ်စွမ်း အင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ မဂ္ဂါဝပ် ၁၀၅၀ လောက်ထုတ်လုပ်နိုင်တဲ့ ရွှေလီ ၃ ရေအားလျှပ်စစ် စီမံကိန်းကြီးရှိပါတယ်။ ဒီစီမံကိန်းကို ကျွန်တော်တို့ ဘဏ္ဍာငွေနဲ့ စတင်အကောင်အထည်ဖော်တာဆိုရင် ၁၀ ရာခိုင်နှုန်းကျော်ကျော်လောက် ပြီးသွားပါပြီ။ ကျွန်တော်တို့မှာ ဘဏ္ဍာငွေကန့်သတ် ချက်ရှိနေပါတယ်။ ပြင်သစ်ကလည်း အကူအညီပေးမယ်ပြောတဲ့အတွက် ပြင်သစ်ချေး ငွေနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီစီမံကိန်းကြီးအတွက် ငွေရေးကြေးရေး ပူစရာ မရှိတော့ပါဘူး။



ပြင်သစ်နိုင်ငံနဲ့ ဆွေးနွေးတဲ့အခါမှာ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားအတွက် လည်း ဆွေးနွေးခဲ့တယ်။ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အား ဖြေရှင်းဖို့ အထောက်အကူ ပြုမယ်လို့ ကမ်းလှမ်းပါတယ်။ စိတ်ဝင်စားကြပါတယ်။ မဂ္ဂါဝပ် ၃၀၀ လောက် ထပ်ရဖို့ အစီအမံတွေ ဆောင်ရွက်နေတာရှိပါတယ်။ အဆင်ပြေနိုင်ပါတယ်။” ဟု ပြောပြသည်။

“ရခိုင်ပြည်နယ် လေးမြို့မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် အကြမ်းဖျဉ်း ခန့်မှန်းထားတာကတော့ လေးမြို့(၁)က မဂ္ဂါဝပ် ၆၀၀၊ လေးမြို့(၂)က မဂ္ဂါဝပ် ၉၀ စုစုပေါင်း မဂ္ဂါဝပ် ၆၉၀ ထုတ်လုပ်ဖို့ ရည်မှန်းထားတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖို့အတွက် မထုတ်ခင်မှာ အရင်ဆုံးဖြစ်မြောက်နိုင်စွမ်းကို လေ့လာရပါတယ်။ ဒီကြား ထဲမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုတွေကိုလည်း လေ့လာရပါတယ်။ ဒီလိုလေ့လာဖို့အတွက် ကုန်ကျစရိတ်ကို ပြင်သစ်က ဒေါ်လာ တစ်သန်း အကူအညီပေးပါမယ်။ ဒီဟာ ဆောင်ရွက်ပြီးသွားရင် ရခိုင်ပြည်နယ်အတွက် လုံလောက်တဲ့ ဓာတ်အားရရှိပါမယ်”ဟု အမြဲတမ်းအတွင်းဝန်က အဆိုပါစီမံကိန်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။

“ရေအားဆိုရင် ရေသယံဇာတကို အသုံးပြုတယ်။ ဘယ်လို သယံဇာတကိုမဆို အသုံးပြုရင် ထိခိုက်မှု side effect ကတော့ အနည်းနဲ့အများရှိမယ်။ ဒီလို ရေသယံဇာတကို အသုံးပြုတဲ့အခါမှာလည်း သဘာဝပတ်ဝန်း ကျင်မှာ ရေမြုပ်တဲ့ ဧရိယာတွေရှိနိုင်တယ်။ ဒါပေမယ့် အနည်းဆုံးဖြစ်အောင်လုပ်ရမယ်။ ထိခိုက်မှုအနည်း ဆုံးဖြစ်အောင် ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ လေ့လာဆန်းစစ်မှုတွေကို မူတည်ပြီးမှ Project တွေကို ဒီဇိုင်းလုပ်ရတာဖြစ်ပါတယ်။”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ဖလူဂျာ မြို့ အုပ်ချုပ်ရေး ကောင်စီ အဆောက်အဦကို အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ လက်ထဲ ကနေ ပြန်လည် သိမ်းယူ နိုင်ခဲ့ပြီ လို့ ဒုတိယ ဗိုလ်ချုပ်ကြီး Abdul Wahhab al-Saadi က ဘီဘီစီ ကို ပြောပါတယ်။

အကြမ်းဖက် နှိမ်နှင်ရေးနဲ့ လျှပ်တပြက် တုံ့ပြန်ရေး အထူးတပ်ဖွဲ့ဝင် တွေက စီးနင်း ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဖလူဂျာ မြို့ရဲ့ တောင်ဘက်ပိုင်းနဲ့ အရှေ့ဘက်ပိုင်း နယ်မြေ တွေ တော်တော် များများ ကိုလည်း အီရတ် အစိုးရ တပ်ဖွဲ့တွေ ပြန်လည် ရရှိ ခဲ့ပြီလို့ အစောပိုင်းက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဖလူဂျာ မြို့ဟာ ဘဂ္ဂဒက် မြို့တော်ရဲ့ အနောက်ဘက် မိုင် ၃၀ အကွာ လောက်မှာပဲ ရှိတာပါ။

IS တွေ လက်ထဲ ရောက်သွားခဲ့တဲ့ ဆီးရီးယားနဲ့ အီရတ် မြို့တွေ ထဲ ဖလူဂျာ မြို့ဟာ သက်တမ်း အကြာဆုံး ဖြစ်ပြီး ၂၀၁၄ နှစ်ဆန်းပိုင်း ကတည်းက IS တွေ သိမ်းပိုက် ထားခဲ့တာ ဖြစ်ပါတယ်။

အီရတ် အစိုးရတပ်ဘက်က ဖလူဂျာ မြို့သိမ်းပွဲ အကြီးအကျယ် ထိုးစစ် ဆင်လာတဲ့ အခါမှာလည်း မြို့ဟာ စစ်ဒဏ် အကြီးအကျယ် သင့်ခဲ့ရပါတယ်။

မြို့မှာ ရှိတဲ့ ပလီ ဝတ်ကျောင်းတော် ၁၀ လုံးနဲ့ လူ နေအိမ် ရာချီပြီး လက်နက်ကြီး ကျည် သင့် ခဲ့ရတယ်။ တချို့ အိမ်တွေ ထဲမှာဆို လူတွေ အများ အပြား ရှိနေ ခဲ့ကြတယ် လို့ ဖလူဂျာ မြို့ခံ တဦး က ပြောသွားပါတယ်။

အစိုးရတပ်တွေ ဟာ ဖလူဂျာ မြို့နဲ့ ပတ်ဝန်းကျင် ဒေသတွေကို လပေါင်း များစွာ ဝိုင်းရံ ပိတ် ဆို့ခဲ့ကြပြီး လွန်ခဲ့တဲ့ သီတင်း ၄ ပတ်က စလို့ မြို့ကို ပြန်လည် သိမ်းယူဖို့ ထိုးစစ် စတင် လာတာ ဖြစ်ပါတယ်။

ဖလူဂျာ မြို့ စစ်ပွဲ ကနေ လွတ်အောင် မြို့ခံ အရပ်သားတွေ ထွက်ပြေး ဖို့ ကြိုးစား ကြရင်း IS တွေ လက်ချက်နဲ့ အများအပြား သေဆုံး ခဲ့ရပါတယ်။

တိုက်ပွဲကြားက ထွက်ပြေးနေတဲ့ ဖလူဂျာ မြို့ခံတွေ
အစိုးရ တပ်ဘက်က ဖလူဂျာ မြို့သိမ်းပွဲ စတင် လာ ကတည်းက မြို့ခံ အရပ်သား ၄ သောင်း ၂ ထောင် ဝန်းကျင် ထွက်ပြေး ခဲ့ကြ ရတယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ ကိန်း ဂဏန်းတွေ က ဆိုပါတယ်။

ဒါပေမဲ့ နယ်စည်းမခြား ဆရာ ဝန်များ အဖွဲ့ MSF နဲ့ နော်ဝေ နိုင်ငံရဲ့ ဒုက္ခသည် ဆိုင်ရာ ကူညီ ကယ်ဆယ်ရေး အဖွဲ့ NRC က တော့ ဖလူဂျာ မြို့က ထွက် ပြေး လာနိုင်တာ ၃ သောင်း လောက်ပဲ ရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒီကနေ့မှာတော့ မြို့တော် အုပ်ချုပ်ရေး ကောင်စီ ရုံးမှာ အီရတ် နိုင်ငံ အလံကို ပြန်လည် လွှင့် တင် နိုင်လိုက်ပြီလို့ အီရတ် အစိုးရ ရုပ်မြင် သံကြား က ပြောသွားပါတယ်။

ဒါ့အပြင် ဖလူဂျာ မြို့ ဆေးရုံကြီး ရှိရာ အရပ်ကိုလည်း အစိုးရတပ် တွေ ဝင် ရောက်သွားပြီး အခိုင်အမာ တပ်စွဲ ထားလိုက်ပြီလို့ ဆိုပါတယ်။

အခုလို ဖလူဂျာ မြို့ရဲ့ အချက်အခြာ နေရာတွေကို ပြန်လည် ရရှိ ခဲ့တာဟာ မြို့မှာ ဗဟို အစိုးရ ရဲ့ ဩဇာ အာဏာ ပြန်လည် ထူထောင် နိုင်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲလို့ ရဲတပ်ဖွဲ့ အကြီးအကဲ Raed Shaker Jawdat က ပြောဆို ခဲ့တယ် ဆိုပြီး အေဂျင်စီ သတင်း တပုဒ်က ကိုးကား ရေးသား ထားပါတယ်။

အခုဆိုရင် ဖလူဂျာ မြို့ နယ်နိမိတ် ထဲမှာ IS တွေ ဘက်က တွန်းလှန် တိုက်ခိုက်မှု မဆိုစလောက်ပဲ ရှိနေတော့တယ် လို့ လည်း အီရတ် အစိုးရ စစ်တပ်ဘက်က ပြောနေပါတယ် ။

BBC Burmese
http://www.bbc.com/burmese


ရခိုင်လက်နက်ကိုင်တပ် AA က သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ - သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။
ရခိုင်လက်နက်ကိုင်တပ် AA က သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ - သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံ ထားရတဲ့ လူငယ် ၁၃ ယောက်ကို ဒီကနေ့မှာတော့ စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ရခိုင်တပ်မတော် (AA) နဲ့ ဆက်သွယ်ခဲ့တဲ့ ရခိုင်လူငယ်တွေကိုတော့ မတရားသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အပြစ်ပေးခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခဏဆိုသလို ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်တပ်မတော် (AA) ကို ဆက်သွယ်ခဲ့တယ်ဆိုပြီး လွန်ခဲ့တဲ့ ၄ လလောက် ကတည်းက ဖမ်းဆီးထားတဲ့ လူငယ်တွေကို အခုနောက်ဆုံး တရားရုံးက ထောင်ဒဏ် စီရင်ချက်တွေ ချမှတ်ခဲ့တာပါ။
စစ်တွေချက်ပှိုင့်မှာ လုံခြုံရေးတင်းကျပ်စွာရှာဖွေစစ်ဆေးနေစဉ်။
စစ်တွေချက်ပှိုင့်မှာ လုံခြုံရေးတင်းကျပ်စွာရှာဖွေစစ်ဆေးနေစဉ်။
စစ်တွေမြို့နယ် တရားရုံးမှာ ဒီကနေ့ပဲ ရခိုင်လူငယ် ၁၃ ယောက်ကို မတရားသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်တဲ့အကြောင်း အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန် ကပြောပါတယ်။ အသက် ၃၀ အောက်အရွယ် လူငယ်တွေဟာ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့ကြောင်း ၀န်ခံခဲ့ကြပြီးနောက် အခုလို စီရင်ချက် ချလိုက်တာလို့လည်း အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

" သူတို့ကို စွဲချက်တင်တဲ့အခါမှာ ဝန်ခံတယ်ဆိုတဲ့အနေအထားကိုရောက်သွားတယ်။ ဝန်ခံတော့ ပြစ်ဒဏ်ချမှတ်ခြင်း ခံရတဲ့သူတွေကတော့ အယူခံတက်ခွင့်မရှိတော့ဘူး။ သူတို့ကိုစွဲချက်တင်တာကတော့ AA ရခိုင့်တပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး စွဲတာပါ။ သူတို့ကတော့ ယုံကြည်ချက်နဲ့ လုပ်တဲ့အလုပ်အပေါ်မှာ ရဲရဲဝင့်ဝင့် ဝန်ခံမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဝန်ခံလိုက်တဲ့သဘောပါ။

သူတို့ကိုစွဲချက်တင်တဲ့အခါမှာ ဒီလိုငြိစွန်းတဲ့အတွက် မတရားအသင်းနဲ့ဆက်သွယ်တဲ့ ပုဒ်မ ၁၇ (၁) အရ စွဲချက်တင်တယ်။ အပြစ်ရှိလားဆိုတော့ ရှိပါတယ် ပေါ့ ဒီလိုပဲ ပြောကြတာ။ "
ဒါပေမဲ့လည်း သက်ဆိုင်ရာမိသားစုတွေက အကူအညီတောင်းခံခဲ့ရင်တော့ အမှုသည်တွေ သက်သာရာရအောင် ဥပဒေကြောင်းအရ ဆက်လက်ကြိုးပမ်းသွား ဖို့ ပြင်ဆင်နေတယ်လို့လည်း အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန် ကပြောပါတယ်။

" အဲ့ကလေးတွေက ဒီလိုထောင်သုံးနှစ်ချမှတ်တာကို ဥပဒေနဲ့အညီ ပြစ်ဒဏ် ကို ပြင်ဆင်မှု တရပ်ပေးပါဆိုရင်တော့ ကျမတို့ ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိ ပါတယ်။ အဲ့တာတော့ သူတို့ဆွေမျိုးတွေက မေးမြန်းပြီးတော့ လာပြီးတော့ ပြောကြပါလိမ့်မယ်။ ဒီပုဒ်မက အနည်းဆုံး ၂ နှစ် ၊ အများဆုံး ၃ နှစ်ဆိုတော့ ပြစ်ဒဏ်အပေါ်မှာ ပြင်ဆင်မှု တက်လို့ရပါတယ်။ ဝန်ခံထားတဲ့သူတွေက။"
အာဏာပိုင်တွေက တရားမ၀င် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အသင်းအဖွဲ့တွေနဲ့ ဆက်နွယ်သူတွေအဖြစ် အရေးယူလေ့ရှိတဲ့ မတရားသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ကိုတော့၊ စစ်အစိုးရတွေ အဆက်ဆက် လက်ထက်မှာ ကတည်းက ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည် ကတော့ တိုင်းပြည်မှာ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းနေတဲ့ အချိန်မျိုးမှာ အခုလို အပြစ်ပေးအရေးယူတာဟာ နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
" နယ်ချဲ့အစိုးရကနေ မြန်မာနိုင်ငံမှာ သူတို့ကိုတော်လှန်မှာစိုးလို့မတော်လှန်ရဲအောင် ထုတ်ထားတဲ့ ဥပဒေပေါ့လေ။ ဒီဥပဒေမျိုးက အခုသွားနေတဲ့ ဒီမိုကရေစီစနစ်မျိုးနဲ့ဆို မကိုက်ညီတော့ပါဘူး။ ဆက်သုံးနေတာကိုက ဘာကို ပြနေလဲဆိုတော့ မြန်မာနိုင်ငံ မှာ အစိုးရက တော်လှန် တာကို မကြိုက်ဘူးဆိုတဲ့ဟာမျိုးကို သွားပြနေတာကို သက်ရောက်နေတယ်။ နောက်တခုက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး က ဒီဥပဒေက အနှောင့်အယှက် အများကြီးဖြစ်စေပါတယ်။ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကို လျော့ကျ သွားစေပါတယ်။

ဒါကြောင့်မို့လို့ ဒီဥပဒေမျိုးကို အခုအချိန်မှာတော့ မသုံးသင့်တော့ပါဘူး။ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာတော့ ဒါမျိုးတွေ ဆွေးနွေး တာတွေ ရှိတယ်။ ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က တိုင်းပြည်မှာ မငြိမ်သက်မှုတွေရှိနေသရွေ့ ပုံစံမျိုးနဲ့ ဖြုတ်ဖို့အတွက်ကို ငြင်းထားတယ်။ အဲ့တော့ တကယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကို တကယ်စဉ်းစားတယ် ဆိုရင် ဒီလိုမျိုး ထောင် ထပ် ချတာမျိုးတွေ လုပ်မယ့်အစား လွှတ်ပေးတာ မျိုးတွေ၊ နောက် ထောင်ထဲမှာ ရှိတဲ့ တခြားတိုင်းရင်းသား တွေ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်မှာပါ။ ဖမ်းဆီးထားခြင်းကတော့ အနှောင့်အယှက်ပဲဖြစ်စေပါတယ်။ "

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ် တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (RCSS/SSA-တောင်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ နောက်ထပ် ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့တို့ကို မတရားအသင်းအဖြစ်ကနေ အစိုးရက ပယ်ဖျက်ပေးခဲ့တာပါ။

ဒါပေမဲ့လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကတော့ မြန်မာအစိုးရနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ လည်း မျှော်လင့်နေ တာ ဖြစ်ပါတယ်။
VOA Burmese News

ကန်သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်သူ Sanders၊ Clinton နဲ့Trump။
ရီပတ်ဘလီကန်ပါတီဘက်က Donald Trump ဘယ်တော့မှ သမ္မတဖြစ်မလာစေဖို့ အတွက် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ သေချာနေပြီဖြစ်တဲ့ Hillary Clinton နဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ကိုယ်တိုင်က သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေတဲ့ အထက်လွှတ်တော်အမတ် Bernie Sanders က ကြာသပတေးနေ့မှာပြောပါတယ်။

ကလင်တန်ကို ထောက်ခံတာမျိုး ဒါမှမဟုတ် ဒီမိုကရက်တစ် သမ္မတလောင်းရွေးပွဲ ကနေ ထွက်ပြီ ဆိုတာမျိုး Sanders က ပြော မသွားပေမဲ့ Trump ကို အကြီးအကျယ် အလဲထိုးဖို့ကိစ္စဟာ အဓိကနိုင်ငံရေး တာဝန်ကြီးဖြစ်တယ်လို့ ဆိုပါတယ်။

မဲဆွယ်စည်းရုံးပွဲတွေမှာ တဘက်သတ် တယူသန် ပြောဆိုစည်းရုံးနေသူကို အဓိကပါတီကြီးတခုရဲ့ သမ္မတလောင်းအဖြစ် ကျနော် တို့ မလိုချင်ပါဘူးလို့ သူ့ရဲ့ပြည်နယ်ဖြစ်တဲ့ Vermont ပြည်နယ်၊ Burlington မြို့မှာ Sanders က ပြောသွားတာပါ။

Trump ဟာ ဟစ္စပန်းနစ်အနွယ်လူမျိုးတွေ၊ မူစလင်တွေ၊ အမျိုးသမီးတွေ၊ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကို ပုတ်ခတ် စော်ကားပြီး ကမ္ဘာကြီး ပူနွေးလာနေတာကိုလည်း လှိမ့်လုံးတခုအဖြစ် သတ်မှတ်ပြောဆိုတယ်လို့ Sanders က စွပ်စွဲပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့ကလုပ်တဲ့ နောက်ဆုံးပဏာမရွေးချယ်ပွဲမှာ ကလင်တန် အနိုင်ရပြီးတဲ့နောက် Sanders နဲ့ ကလင်တန်တို့ တွေ့ခဲ့ကြ ပါသေးတယ်။ ရွေးချယ်ပွဲကနေ သူထွက်ဦးမှာမဟုတ်သေးဘဲ ပါတီညီလာခံမှာ မဲတိုင်းကိုရေတွက်ပြီးသွား ချိန်ထိ ဆက်နေသွားမယ်လို့ Sanders က ပြောထားပါတယ်။ ဒါပေမဲ့လည်း တကယ်ကတော့ Clinton က သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ ပါတီညီလာခံ ကိုယ်စားလှယ် ထောက်ခံမဲအရေအတွက် ရထားပြီးပါပြီ။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

[youtube src="hChQcpaUoow"/]
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်တံတားနံဘေးမှာ နေထိုင်တဲ့ မိသားစုကနေ ဆယ်တန်းစာမေးပွဲကို ငါးဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ မောင်ကောင်းပြည့်ရဲ့ သတင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက Facebook စာမျက်နှာတွေမှာ ချီးကျူးရေးသားခဲ့ကြပါတယ်။ မောင်ကောင်းပြည့်ရဲ့ မိဘတွေဟာ လှိုင်သာယာ မလိခလမ်းမှာ ထန်းရည်ရောင်းချပြီး အသက်မွေးဝမ်းကြောင်းနေသူတွေ ဖြစ်ပြီး အသိတယောက်ရဲ့ လယ်ထဲမှာ တဲထိုးနေကြတာပါ။

မောင်ကောင်းပြည့်နဲ့ သူ့မိဘတွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုကျော်လွင်ဦးက ရိုက်ကူးတင်ပြထားပါတယ်။

RFA



ဒေါ်အောင်ဆန်းစုကြည် ကို ၂ဝ၁၄ ခုနှစ်က ချင်းပြည်နယ်ခရီးစဉ်တစ်ခုမှာ တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံကို သုံးရက်ကြာ သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစု လုပ်ကိုင်နေကြတဲ့ မဟာချိုင်နဲ့ ထိုင်း-မြန်မာ နယ်စပ် မယ်လဒုက္ခသည်စခန်းတွေကို သွားရောက်မှာဖြစ် ပါတယ်။

မြန်မာရွှေပြောင်းလုပ်သားတွေ၊ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီးနောက်မှသာ ထိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြော ပါတယ်။

"အလုပ်သမားစုစုဝေးဝေး အများကြီးရှိတဲ့နေရာဖြစ်တဲ့ မဟာချိုင်ကအလုပ်သမားတွေနဲ့ တွေ့မှာ ဆိုတာဖြစ်တဲ့အတွက် အဲ့ဒီမဟာချိုင်နယ်မြေမှာပဲ ကျနော်တို့ရှာထားရတာကိုး၊ ၂၃ ရက်နေ့ အလုပ်သမားတွေနဲ့တွေ့မယ်၊ ၂၄ ရက်နေ့ မြန်မာဒုက္ခသည်စခန်းတွေသွားမယ်၊ မလေးရှားအနီး ပတ်ဝန်းကျင် မယ်လဒုက္ခသည်စခန်းဘက်လို့တော့ အကြမ်းအားဖြင့်သိထားတယ်၊ ၂၅ ရက်နေ့မှာ ထိုင်းအစိုးရနဲ့ စကားပြောမယ်လို့ ပြောတယ်၊ ဒီအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် အလုပ်သမားတွေ ဆီကရရှိတဲ့ သတင်းအချက်အလက်ရယ်၊ အဲ့ဒီဒုက္ခသည်စခန်းတွေရဲ့ အခင်းအကျင်းတွေရယ်၊ အကုန်လုံး စုပြုံပြီးတော့မှ ထိုင်းအစိုးရနဲ့ စကားပြောမယ်လို့ ကျနော်တို့ခန့်မှန်းတယ်"

ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာချိုင်က မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် အလုပ်သမား အရေး ဆောင်ရွက်နေသူတွေကို စီစဉ်ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က အကူ အညီတောင်းထားတာကြောင့် စီစဉ်ပေးနေတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ရှောင်တခင် ဖမ်းဆီးမှုတွေလည်း ဆက်တိုက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေဟာ ဥပဒေအရ ထောင် ၄၈ ရက်ကျခံရပြီး လွတ်မြောက်လာတဲ့အခါ ထိုင်း-မြန်မာ နယ်စပ်ကို ပြန်လည်ပို့ဆောင်ခံကြရတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၅ သန်းခန့်ရှိပြီး တရားဝင်မှတ်ပုံတင်ပြီး အလုပ်လုပ်နေတဲ့ လုပ်သားပေါင်းဟာ ၁. ၅ သန်းသာ ရှိတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အပြီး ပြင်သစ်-မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး လက်ဆွဲနှုတ်ဆက်။
ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အပြီး ပြင်သစ်-မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး လက်ဆွဲနှုတ်ဆက်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီပေးဖို့ အဆင်သင့်ရှိတယ် လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Jean- Marc Ayrault က ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးရုံး မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါ တယ်။ မြန်မာပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရသစ် ကို ထောက်ခံအားပေးဖို့ အတွက် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဟာ မြန်မာပြည်ကိုရောက်ရှိနေတာ လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမြင်မြင့်ခိုင်က တင်ပြထားပါတယ်။
မြန်မာပြည်ကို ၃ရက်ကြာရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ဟာ ဇွန်လ ၁၇ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်တို့ နဲ့ တွေ့ဆုံခဲ့ပါတယ်။
ပြင်သစ်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ပူးတွဲသတင်းစာရှင်းလင်းပွဲ
ပြင်သစ်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ပူးတွဲသတင်းစာရှင်းလင်းပွဲ
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံချိန်မှာ မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြောင်းဆွေးနွေး ခဲ့ကြပြီး ပြင်သစ်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကူညီပေးဖို့ အဆင်သင့်ရှိတယ် လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Jean- Marc Ayrault က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ ပူးတွဲသတင်း စာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး
"ဒေါ်အောင်ဆန်းစုကြည်ဦးစီးဦးဆောင်ပြုနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရအဖွဲ့က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ လေးစားအသိ အမှတ်ပြုပါတယ်။ ဒါတွေဟာအတော်လေးခက်ခက်ခဲခဲလုပ်ရမယ့်ကိစ္စ္စပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ အကူအညီမှန်သမျှ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရ အဖွဲ့က တောင်းခံလာရင် ကျနော်တို့ဘက်က ကူညီဖို့ အမြဲအသင့်ရှိ ပါတယ်။ ဒေါ်စုရဲ့ စိတ်ရှည်သည်းခံမှုနဲ့ ပိုင်းဖြတ်မှုတွေနဲ့ အတူ၊ ခက်ခဲတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ သတ္တိခွန်အားတွေ၊ ဂုဏ်သိက္ခာတွေနဲ့အတူ ဒီငြိမ်းချမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အပေါ်ကျနော်တို့လေးစား အသိအမှတ်ပြုရပါတယ်။"

ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဖွံဖြိုးရေးအတွက် ယူရိုသန်း ၂၀၀ ကူညီပေးသွားဖို့ လည်း ရှိတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး
မြန်မာနိုင်ငံခြားရေးဝန်ကြီး
အခုလို ပြင်သစ်နိုင်ငံ အကူအညီနဲ့ပတ်သက်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည်က လည်း ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
"ကျမတို့ဟာ ယဉ်ကျေးမှုဘက်မှာတင် မကပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေး ဘက်၊ နိုင်ငံရေးဘက်၊ စီးပွားရေးဘက်မှာ ပြင်သစ်နိုင်ငံဟာ ကျမတို့ကို တစိုက်မတ်မတ် ကူညီအားပေးခဲ့တာမို့ ဒီဟာကို ဒီအချိန်မှာ ကျေးဇူးတင်တယ်လို့ ကျမတို့ပြောနိုင်ခဲ့တာကို အင်မတန်မှ ကျမ ဝမ်းသာပါတယ်။"
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာအစိုးရသစ်ကိုထောက်ခံအားပေးဖို့နဲ့ ပြင်သစ်- မြန်မာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ကို မြှင့်တင်ဖို့ မြန်မာနိုင်ငံကို လာရောက်တာဖြစ် တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျကပြောပါတယ်။
"အနှစ်ချုပ်မယ်ဆိုရင်တော့ တစ်အချက်က အစိုးရ ကို ထောက်ခံ အားပေးကြောင်း၊ နောက်တခါ နိုင်ငံခြားမှာ ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ bilateral အခြားပူးပေါင်းဆောင်ရွက်ရေးတွေ ကို မြှင့်တင်ဖို့ ကိစ္စတွေ အဓိကပါပဲ။"

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုတခေါက် မြန်မာပြည် ခရီးစဉ်မှာ နှစ်နိုင်ငံကြား သီးခြား MOU လက် မှတ်ရေးထိုးဖို့ မရှိပေမယ့် ပြင်သစ်နိုင်ငံအနေနဲ့ မြို့ပြစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်းအမြစ်နဲ့ ရေဆိုးသန့်စင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စတွေမှာ ထောက်ပံ့ ကူညီပေးဖို့တော့ရှိတယ် လို့ ဦးကျော်ဇေယျက ဆက်ပြောပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ၃ရက်ကြာ မြန်မာပြည် ခရီးစဉ်မှာ ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပြင် ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခြားအစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေနဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။
VOA Burmese News

(၁)

မကြာခင်တုန်းက
ဒေါ်စုကိုယ်တိုင်အမှိုက်တွေကောက်တယ်
လူထုကိုအမှိုက်ကောက်အောင်ဆွဲဆောင်တယ်..
ဒီလိုဝင်ကောက်ကြလို့ တစ်နိုင်ငံလုံး
အမှိုက်ရှင်းသွားမှာမဟုတ်မှန်းသိတယ်..
ဒါပေမဲ့ နိုင်ငံသားတွေရဲ့စိတ်ကိုလမ်းကြောင်းမှန်ပေါ်
တင်ပေးချင်လို့ သူကိုယ်တိုင်အမှိုက်ကောက်ပြတဲ့သဘော..
အမှိုက်ကောက်တယ်ဆိုတာ စည်းကမ်းရှိမှုကိုအမြစ်တွယ်
စေတယ်ဆိုတာကို ပြချင်လို့ ဒီလိုလုပ်တာ..

သင်္ကြန်မှာလဲဒီလိုပဲ..
အခန်းတွေဖွဲ့ပြီး မတော်မတရားလုပ်တာတွေ
များနေတဲ့ ညစ်နွမ်းနေတဲ့သင်္ကြန်ကို အမုန်းခံပြီး
ပြောင်းလည်းဖို့ကြိုးစားခဲ့တယ်..
သရုတ်ပျက်ဝတ်စားတာတွေကိုသတိပေးတယ်..
အရက်ပုလင်းတွေသိမ်းတယ်..
စည်းကမ်းထိန်းသိမ်းတာတွေလုပ်တယ်..
သင်္ကြန်နာမည်ခံပြီး ဘယ်သူတွေစီးပွားဖြစ်သလဲ
ဘယ်သူတွေ ဘာတွေဖြစ်သွားသလဲ..
ကာယကံရှင်တွေအသိဆုံးဖြစ်တယ်..
ဒီလိုအမုန်းခံလုပ်လို့ သင်္ကြန်ကိုမှီပြီး..
ကစားကွက်အမျိုးမျိုးကစားလာတဲ့သူတွေ
ပျောက်မသွားဘူး ဆိုတာသိတယ်..
ဒါပေမဲ့ မြန်မာနိုင်ငံသားတွေရဲ့စိတ်ထဲမှာ..
သင်္ကြန်ဆိုတာ သရုတ်မပျက်ရဘူး..
ဆိုတဲ့ ခံယူချက်တွေအမြစ်တွယ်အောင်လုပ်တာ

လမ်းတွေမှာလဲဒီလိုပဲ..
ယာဉ်ထိန်းရဲတွေဖွေးနေအောင်ချထားတယ်
စည်းကမ်းမဲ့ဘတ်စ်ကားတွေ၊
တက္ကစီတွေလာရင်လမ်းကြောင်းတည့်တယ်..
သတိပေးတယ်..၊ အရေးယူတယ်..
စည်းကမ်းမဲ့ ဆိုက်ကားတွေ၊ဈေးသည်တွေကို
ရှင်းလာတယ်..
ဒီလိုအမုန်းခံပြီးလုပ်လို့ ရန်ကုန်တစ်မြို့လုံး
ယာဉ်ကြောပိတ်မှုတွေမပျောက်ဘူးဆိုတာသိတယ်..
ဒါပေမဲ့ ပြည်သူတွေရဲ့စိတ်ထဲမှာယာဉ်စည်ကမ်းဆိုတာ
ဒီလို၊ လမ်းစည်းကမ်းဆိုတာဒီလို ဆိုတဲ့ အသိတွေ
ရောက်လာအောင် ရိုက်သွင်းနေတာ..

အခုလဲ လူပြောများနေတဲ့ကွမ်းစားတဲ့ကိစ္စ၊
ကွမ်းရောင်းတဲ့ကိစ္စ လဲဒီလိုပဲ အလယ်အဆင့်က
ခပ်ကြမ်းကြမ်းကိုင်လိုက်တော့ လူပြောများလာတယ်..
တကယ်ဆို ဘောင်ထဲကလုပ်ရမှာ...
ဒါပေမဲ့ ဘယ်လောက်ပဲလူပြောများပါစေ..
ဘယ်ကလာမှန်းမသိတဲ့ဆေးမှုန့်တွေ..
ဘာတွေပါမှန်းမသိတဲ့ အထုတ်တွေဖေါက်ထည့်လာတဲ့
မြန်မာပြည်ကွမ်းတွေဟာ ကျန်းမာရေးနဲ့မညီယုံမက
ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်ပါထိခိုက်တယ်..
ကွမ်းကိစ္စကိုဖိအားပေးလိုက်တော့..
လူတွေရဲ့စိတ်ထဲမှာ ကွမ်းယာစားခြင်းရဲ့
ဘေးထွက်ဆိုးကျိုးတွေကိုသိလာရတယ်..

အခုအချိန် နိုင်ငံသားတွေရဲ့မသိစိတ်ထဲမှာ
ဒါတွေဟာ သတိထားရမယ်ဆိုတဲ့ခံယူချက်တွေမွေးလာပြီ
မယုံရင် သတိထားဆန်းစစ်ကြည့်...

ဒါဟာ ဘွဲ့ရပညာတတ်မှမဟုတ်ဘူး...
စောင့်ထိန်းရမဲ့နိုင်ငံသားကောင်းတွေရဲ့
အမူအကျင့်တွေဖြစ်တယ်..

---------------------

(၂)

နောက်ဆုံး စင်ကာပူဝန်ကြီးချုပ်ခရီးစဉ်မှာ
ကြက်သားကာလာသားဟင်းနဲ့ကျွေးတဲ့ကိစ္စ..
လစ်ပတန် Tea တိုက်တဲ့ကိစ္စ

အာဏာရှင်ဟောင်းရဲ့မြေးက စပြီး
ဒေါ်စုကိုဝေဘန်လိုက်တာ
ကျန်တဲ့ဖွတ်တွေကပါ သံယောင်လိုက်တယ်...

တကယ်ဆို စင်ကာပူဝန်ကြီးချုပ်ကိုညနေစာနဲ့
ဧည့်ခံတာဟာ ကမ္ဘာ့အတိုးတက်ဆုံး
အချမ်းသာဆုံးနိုင်ငံတွေကိုသွားပြီး
အဲဒီနိုင်ငံတွေကခေါင်းဆောင်တွေတည့်ခင်းတဲ့
နိုင်ငံတကာအဆင့်ညစာစားပွဲကြီးတွေကို
ခဏခဏတက်ခဲ့ဖူးတဲ့
ဒေါ်အောင်ဆန်းစုကြည်အစိုးရ ဆိုတာကို..
ဝေဘန်တဲ့သူတွေမေ့နေတယ်..

ဒီလိုရိုှးရှင်းတဲ့ မြန်မာအစားအစာကိုကျွေးလိုက်တဲ့အတွက်
စင်ကာပူဝန်ကြီးချုပ်ကို သူနိုင်ငံထူထောင်တုန်းက
ချွေတာခဲ့သလိုမြန်မာတွေလဲချွေတာနေပါတယ်ဆိုတာကို
သဘောပေါက်သွားစေတယ်..
မြန်မာတွေအစိုးရဟာ အရင်လိုဆန်မရှိစောက်စားကြီးတဲ့
အဖွဲ့တွေမဟုတ်တော့ပါဘူး ဆိုတာကို ပြသလိုက်တယ်..
မြန်မာ့အစားအစာကို ကမ္ဘာကိသိအောင်လုပ်ပေးလိုက်တယ်..
အစိုးရကိုယ်တိုင်ကချွေတာနေပြီနော်..လို့
ပြည်သူတွေကို Message ပေးလိုက်ပြီ...

ဒီအချက်တွေအားလုံးကိုညစာစားပွဲတစ်ခုတည်းနဲ့
ထင်ရှားအောင်ပြသသွားတာကို စင်ကာပူဝန်ကြီးချုပ်သာမက
မြန်မာနိုင်ငံသားတွေရော ၊ ကမ္ဘာကပါ.နားလည်သွားခဲ့တယ်..

ဘယ်လောက်ကောင်းတဲ့ အတွေးအခေါ်လဲ...

---------------

(၃)

အချုပ်ပြောရရင်..

ဒီအချက်တွေဟာ..

ကျွန်တော်တို့ခေါင်းဆောင်က..
ကျွန်တော်တို့ရဲ့ စိတ်ဓာတ်နဲ့ခံယူချက်လမ်းကြောင်းကို
တည့်ပေးနေတာ...

အတွေးအခေါ်မှန်တွေဖြစ်အောင်..
မီးမောင်းထိုးပေးနေတာ...

မလုပ်သင့်တာတွေကို..
သိသိသာသာရောမသိမသာပါ..
သတိထားမိအောင် ပြသနေတာ..

ဒါကို ခံယူတတ်ဖို့နားလည်ဖို့ပဲလိုတာပါ..

ပိုကောင်းသွားတာက..

အပေါ်အလုပ်တွေကိုဝိုင်းပြီးကူညီခဲ့တဲ့..
အစိုးရ၀န်ထမ်းတွေဖြစ်တဲ့ ...
ရဲ တို့ စည်ပင်တို့ကအစ..
သူတို့ရဲ့ အဓိက အလုပ်တွေတာဝန်တွေကို..
သိလာတယ်.. ခံယူချက်တွေပြောင်းလာတယ်..

ဒီလိုအလုပ်တွေလုပ်ပေးရလို့..
ဂုဏ်ယူလာကြတယ်..

ဘယ်လောက်ကောင်းသလဲဗျာ..

( Pa Yit)


၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနက ပေးအပ်မည့် ပညာသင်ထောက်ပံ့ ကြေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်ပြီး ပညာရေးဝန်ကြီးဌာနအပါအ၀င် မည်သည့်ဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်တွင်မဆို ပထမနှစ် (Day)နေ့ သင်တန်းတက်ရောက်နေသည့်တက္ကသိုလ် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများမှတဆင့် လျှောက်ထားရမည် ဖြစ်သည်ဟု အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ တာဝန်ရှိသူတဦးက News Watch သို့ ပြောသည်။

''ပညာရေးဝန်ကြီးဌာနရဲ့ဘတ်ဂျက်မှာ မနှစ်ကတည်းက အဆိုပြုထားခဲ့တာပါ။ ဒီနှစ်မှာ စခေါ်တာဆိုပေမယ့် မနှစ်ကတည်းက အကျုံးဝင်တာပေါ့။ ရွေးချယ်ခံရတဲ့ ကျောင်းသားတိုင်းဟာ လစဉ်ထောက်ပံ့ ကြေးသုံးသောင်း ကျပ်ကိုရမယ်။ သူဘွဲ့လွန်တက်မလား၊ ကျောင်းပြီးတဲ့ထိတက်မလား အဲဒီအထိရမှာပေါ့''ဟု ၎င်းက ပြောသည်။

အဆိုပါပညာသင်ထောက်ပံ့ကြေး လျှောက်ထားမည့် ကျောင်းသား/သူများ အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်လက် မှတ်၊ စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းထောက်ခံစာ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာတို့ဖြင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် ဇွန်လကုန်ထိ လျှောက်ထား ရမည်ဖြစ်ပြီး လျှောက်ထားလာသည့် လျှောက်လွှာများအနက်မှ လစာဝင်ငွေနည်းပါးပြီး အမှန်တကယ်မတတ် နိုင်သည့် မိသားစုမှဖြစ်ကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပညာရေးဝန်ကြီးဌာနသို့ စိစစ်ထောက်ခံ တင်ပြပေးမည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်ထောက်ပံ့ကြေးကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းသားဦးရေ ရှစ်ထောင်ကျော်ကို ရွေးချယ်စိစစ်ပေးအပ်သွားမည် ဖြစ်ပြီး ရွေးချယ်ခံရသည့် ကျောင်း သားတဦးလျှင် လစဉ်သုံးသောင်းကျပ်စီကို ကျောင်းပြီးဆုံးသည်အထိ လစဉ်ပေးအပ်သွားမည်ဖြစ်သည်။

အောင်နိုင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

 စစ်ကိုင်းတိုင်းဒေသကြီး ၊ ခန္တီးမြို့နယ်မှာဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ပါဝင်သူ (၉) ဦးကို ဖမ်းဆီးစစ်ဆေးနေ

ဇွန်လ(၁၆)ရက် ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်းစီပွန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြမှုမှာ ပါဝင်သူ(၉)ဦးကို ဖမ်းဆီးထားပြီး လက်ရှိမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ခန္တီးမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန်းထွေးက 5 Plus ကိုပြောပါတယ်။

 သံသယရှိသူတွေကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် တပ်မတော်က ကနဦးစစ်ဆေးနေပြီး မြို့နယ်ရဲစခန်းကို ပြောင်းလဲအမှုဖွင့်မှာဖြစ်တယ်လို့ လည်း ဒုရဲမှူးသန်းထွေးက ဆိုပါတယ်။


 ဖြစ်စဉ်ကတော့ ဇွန်လ(၁၆)ရက် ည(၉)နာရီဝန်းကျင်က ခန္တီးမြို့နယ် နန်းစီပွန်ကျေးရွာက ရှင်းရှင်း စတိုးဆိုင်ကို လူ(၉)ဦးက ၀င်ရောက်ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးလွင်ကို ငွေ(၁၀) သိန်း ပေးဖို့ပြောကာ ဓားပြတိုက်ခဲ့တယ်လို့ သိရပါတယ်။

 အဲဒီနောက် ဆိုင်ပိုင်ရှင်က တောင်းတဲ့ငွေမပေးဘဲ ရွာသားတွေကို အကူအညီတောင်းခံခဲ့ရာ ရွာခံတွေက ဓားပြတွေကို ၀ိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ကိုအောင်ဆန်းမြင့်က 5 Plus ကိုပြောပါတယ်။

ဓားမြတွေမှာ သေနတ်အရှည်(၁)လက်၊ သေနတ် အတို(၂)လက်လည်း ပါလာပြီး သေနတ်ဖောက်သံ(၂)ချက်ကြားခဲ့ရပေမယ့် တစ်ဦးမှ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ဘူးလို့ ကိုအောင်ဆန်းမြင့်ကပြောပါတယ်။

 အဲဒီနောက် ရွာသားတွေဟာ စစ်တပ်ကို အကြောင်းခဲ့ပြီးနောက် ဓါးပြ(၉)ဦးကို တပ်မတော်ကလာရောက်ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တယ်လို့ ဆိုပါတယ်။

ဓားပြတိုက်မှုတွေဟာ ခန္တီးမြို့မှာ အရင်က ဖြစ်ပွားခဲ့ဖူးသလို အခုဖြစ်စဉ် ကတော့ (၂၀၁၆)ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဓားပြတိုက်မှုဖြစ်တယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့ (၂၀၁၅)ခုနှစ်ထဲမှာလည်း ခန္တီးမြို့မှာ ဓားပြ တိုက်မှု(၉)ကြိမ်ခန့်ဖြစ်ပွားခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - Aung San Myint
5 Plus News
https://www.facebook.com/5plusnews/


ကမ္ဘာရွှေဈေးနှုန်းမြင့်တက်နေမှုကြောင့် ဈေးကွက်အတွင်းမှာ ပြန်လည်ရောင်းချသူတွေများ နေတယ်လို့သိရပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ လတ်တလောမြင့်တတ်နေပြီး ဇွန်လ(၁၆)ရက်မှာ ပြည်တွင်းရွှေဈေးနှုန်းဟာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် (၈၁၀၀၀၀) ၀န်းကျင်နဲ့ စံချိန်တင်မြင့်တတ်ခဲ့ကာ တစ်ပတ်အတွင်းမှာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ၃သောင်းဝန်းကျင်လောက်မြင့်တတ်သွားခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းရဲ့ အထွေအထွေအတွင်းရေးမှူး ဦးကျော်ဝင်းက 5Plusကိုပြောပါတယ်။

ပြည်တွင်းရွှေဈေးကွက်မှာရွှေဈေးနှုန်းဟာ ဒီတစ်ပတ်အတွင်းတစ်ကျပ်သားကို ကျပ် (၇၈၀၀၀၀)၀န်းကျင်ကနေ မြင့်တက်လာတာဖြစ်ပြီး ဇွန်လ(၁၆)ရက်နေ့ဈေးဖွင့်ချိန်မှာတော့ ကျပ် (၈၀၄၅၀၀)နဲ့ဈေးဖွင့်ခဲ့ကာ နေ့လည်ပိုင်းမှာတော့ ကျပ် (၈၁၀၀၀၀)ထိဈေးမြင့်တတ်ခဲ့ပါတယ်။ ညနေဈေးပိတ်ချင်မှာတော့ ကျပ် (၈၀၉၀၀၀)၀န်းကျင် ဖြစ်တယ်လို့လည်း ဦးကျော်ဝင်း ကပြောပါတယ်။ ဒါ့အပြင်ရွှေဈေးနှုန်းဟာ လာမယ့်တစ်ပတ်အတွင်း (၈)သိန်းဝန်းကျင်နဲ့ ဈေးငြိမ်မယ့် အနေအထားမှာရှိနေနိုင်သေးပြီး ဈေးနှုန်းအတတ်အကျကတော့ ကမ္ဘာ့ရွှေဈေးနှုန်းပေါ်မှာမှုတည်နေတဲ့အတွက် ကမ္ဘာ့ရွှေဈေးကိုပဲ စောင့်ကြည့် ရမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ ဒီလိုရွှေဈေးနှုန်းမြင့်တတ်နေတဲ့ အတွက် လက်ရှိအချိန်မှာ ရွှေဈေးကွက်အတွင်း ရွှေပြန်ရောင်းချတဲ့သူများနေပြီး ဇွန်လ (၁၆)ရက် တစ်ရက်အတွင်းမှာပဲ ရွှေဆိုင်မှာ ရွှေပြန်သွင်းတာဟာ (၈)ပိသာဝန်းကျင်ခဲ့ရှိတယ်လို့ အောင်သမာဓိရွှေဆိုင်ရဲ့ အရောင်းတာဝန်ခံ ကိုမျိုးမျိုးအောင်ကပြောပါတယ်။

ဇွန်လ(၁၇)ရက်မှာတော့ ရန်ကုန်ရွှေဈေးနှုန်းဟာ နေ့လည်(၁၂)နာရီ ၀န်းကျင်မှာ အခေါက်ရွှေတစ်ကျပ်သားကို ရောင်းဈေး (၈၀၂၉၀၀)နဲ့ ၀ယ်ဈေးမှာ (၈၀၂၇၀၀)ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကို (၁၂၈၄)ဒေါ်လာရှိနေတယ်လို့ သိရပါတယ်။ (၂၀၁၅)ခုနှစ် ဇွန်လအတွင်းကလည်း ပြည်တွင်းရွှေဈေးကွက်မှာ ရွှေဈေးနှုန်းဟာ ကျပ်(၈၀၁၅၀၀)ထိမြင့်တတ်ခဲ့ပြီး နာရီပိုင်းအတွင်း ဈေးပြန်လည်ကျဆင်းခဲ့ပါတယ်။

5 Plus News
https://www.facebook.com/5plusnews/


Breaking news on 17June2016

မြန်မာနဲ့  ထိုင်းနယ်ခြား တာချီလိတ် နဲ့  မယ်စိုင် ကို ဖြတ်သန်းစီးဆင်းနေတဲ့ မဲခေါင် မြစ်လက်တက် တခုကို ဇွန်လ (၁၇)ရက်နေ့ ယနေ့ မနက်ပိုင်းက မြန်မာလယ်သမား ၁၀၀ ကျော်က ရေစီးလမ်းကြောင်းကို မြေဖို့  ပိတ်ဆို့ နေကြကြောင်း ထိုင်နိုင်ငံပြည်တွင်းသတင်းမှာ ဖေါ်ပြထားပါတယ်။


တာချီလိတ်မြို့ နယ် မြစ်အထက်ပိုင်းက တရုတ်စက်ရုံတွေကစွန့် ပစ်နေတဲ့ အညစ်အကြေးတွေကြောင့် မြစ်ရေဟာ အ၀ါရောင်ပြောင်းသွားခဲ့လို့  ရေစီး ကို အားကိုးနေရတဲ့ ဒေသခံ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးမှာကို ကာကွယ် တာဖြစ်တယ်လို့  မြန်မာလယ်သမားတွေက ပြောဆိုခဲ့ပါတယ်။


မဲခေါင်မြစ်ဟာ ၄၆၆၀ ကီလိုမီတာ ရှည်လျားပြီးတိဗက်လွင်ပြင်မှစတင် မြစ်ဖျား ခံပြီး၊ တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်ကို ဖြတ်သန်း စီးဆင်းကာ မြန်မာ ထိုင်း-လာအို အဖွဲ့ဝင် လေးနိုင်ငံနှင့် ဆက်စပ်စီးဆင်းပြီး နောက်ဆုံး ဗီယက်နမ် တောင် ပိုင်းမှ တောင်တရုတ် ပင်လယ်ထဲသို့ စီးဝင်ခဲ့တာပါ။

တရုတ်ကိုဖြတ်စီးခဲ့လို့  မဲခေါင်မြစ်ကံကြမ္မာဆိုးနဲ့  ရင်ဆိုင်ခဲ့ရတာကတော့ မြစ်ကစီးနေတဲ့ ရေတွေကို ဆည်ကြီး(၈) ခုတည်ဆောင် မောင်ပိုင်စီး ထားခဲ့တော့ မဲခေါင်မြစ်ရေ အကြီးအကျယ် ခမ်းခြောက်သွားခဲ့ဖူးပါတယ်။ ။

Social Action for Women - SAW

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဂျာမနီနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ၀န်ကြီးဌာန ၀န်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၁၇

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျာမနီနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီးဌာန ၀န်ကြီးဒေါက်တာ Gerd Muller ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကြောင်း ပညာသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး၊ အသေးစား စက်မှု လုပ်ငန်းများအတွက် နည်းပညာနှင့် ဘဏ္ဍာရေး အကူအညီများ ပိုမိုပေးအပ်နိုင်ရေး၊ ခေတ်မီ စိုက်ပျိုးရေး နည်းပညာများ ရရှိရေးနှင့် လယ်ယာထွက်ကုန် ပစ္စည်းစက်ရုံများ ထူထောင် နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် (၂၁) ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက် နေမှုတို့ကို ဆွေးနွေးကြပြီး နိုင်ငံတော်သမ္မတအား ဧည့်သည်တော်ဝန်ကြီးက ဂျာမနီနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်နိုင်ပါရန် ဖိတ်ကြားခဲ့သည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်၊ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဦးမောင်မောင်ဝင်း တို့ တက်ရောက်ကြသည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး H.E. Mr. Jean-Marc AYRAULT အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် ယနေ့ နံနက် ၀၉း၁၅ နာရီ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။



ယင်းသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ကိစ္စ၊ ပြင်သစ်နိုင်ငံမှ ပံ့ပိုးပေးနေသည့် လူသားအရင်းအမြစ်နှင့် အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ကိစ္စ၊ မြန်မာနိုင်ငံရှိ မြို့တော်များ အတွက် မြို့ပြစီမံကိန်းများဆိုင်ရာကိစ္စ၊ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ စသည်တို့ကို အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါ သည်။

ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီးနှင့်အတူ ဇနီးဖြစ်သူပါ လိုက်ပါ လာပြီး ၀န်ကြီးနှစ်ဦး ၏ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီးအား ၎င်း၏ဇနီးနှင့် သီးခြားမိတ်ဆက် ပေးပြီး ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက် အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။

Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar


(ကျောက်မဲ၊ ဇွန်လ ၁၇)

နေပြည်တော် ဒက္ခိဏသိရိမြို့နယ်ရှိ Royal Preseident Hotel မှ ဇွန်လ ၁၅ ရက်နေ့က ခိုးယူလာသည်ဟုဆိုသော TOYATA HIACE ခဲရောင်ယာဉ်နှင့် အဆိုပါယာဉ်အား ခိုးယူမောင်းနှင်လာခဲ့သူကို ဇွန်လ ၁၇ တွင် ကျောက်မဲမြို့၌ ဖမ်းဆီးရမိခဲ့သည်ဟု ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းမင်းက ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၅ ရက် ည ၇ နာရီခွဲက နေပြည်တော် ROYAL PRESIDENT HOTAL အထွေထွေမန်နေဂျာသည် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ဧည့်သည်ကြို၍ ယာဉ်မောင်းနှင့်အတူ ပြန်လာပြီးနောက် ဟိုတယ်သို့ပြန်လည်ရောက်ရှိသည့်အခါ မော်တော်ယာဉ်ကို ဧည့်ကြိုဋ္ဌာနပေါ်တီကို အောက်တွင်ရပ်၍ မော်တော်ယာဉ်သော့အား ဧည့်ကြိုဌာန တာဝန်ကျထံတွင် အပ်နှံထားခဲ့ကြောင်း၊ နောက်တစ်နေ့နံနက်တွင် အဆိုပါ ရပ်ထားသောမော်တော်ယာဉ်ကို မတွေ့ရှိသဖြင့် မော်တော်ယာဉ်သော့အား ရှာဖွေရာ တွေ့ရှိရမှုမရှိခဲ့သဖြင့် တာဝန်ကျဝန်ထမ်းများအား မေးမြန်းကြည့်သောအခါ ဇွန်လ ၁၅ ရက် ည ၉ နာရီခွဲခန့်က မော်တော်ယာဉ်ထွက်သွားသည်ကို ပြောကြားခဲ့သဖြင့် မော်တော်ယာဉ်အား ခိုးယူသွားသူကို စုံစမ်းဖေါ်ထုတ်ပေးရန် မော်တော်ယာဉ်ပိုင်ရှင်ဖြစ်သူက တရားလိုပြုလုပ်၍ နေပြည်တော်၊ ဒက္ခိဏသီရိမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ အမှုအား ကူညီစုံစမ်းပေးရန် ညွန်ကြားချက်အရ ကျောက်မဲမြို့မရဲစခန်းမှ ရဲအုပ်မင်းမင်း ဦးဆောင်သောအဖွဲ့သည် ကျောက်မဲမြို့အတွင်းလှည့်လည်၍ စုံစမ်းစဉ် ဇွန်လ ၁၇ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်က ကျောက်မဲမြို့၊ ပင်လုံလမ်းခရိုင်ပြည်သူ့ဆေးရုံကြီးအရောက်တွင် မြို့ပြင်မုဒ်ဦးဘက်မှ မြို့တွင်းသို့ မောင်းနှင်လာသော နံပါတ်မပါ TOYOTA HIACE ခဲရောင်ကားအား ရပ်တန့် စစ်ဆေးမေးမြန်းခဲ့ရာ ယာဉ်မောင်းဖြစ်သူမှ ခိုးယူလာသောကားဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါနေပြည်တော် ROYAL PRESIDENT HOTAL မှကားကိုခိုးယူလာသူကို ကျောက်မဲမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မင်္ဂလာထွန်း ( ကျောက်မဲ )
ကမ္ဘောဇတိုင်းသတင်းဂျာနယ်
https://www.facebook.com/kanbawzatai/


မန္တလေး ၇၈ လမ်း၊ ၃၄လမ်း ၃၃ လမ်း ချမ်းအေးသာစံမြို့နယ်ရှိ ဒိုင်မွန်းပလာဇာ အပေါ်ထက်မှ အမျိုးသားတဦး ယနေ့ (ဇွန် ၁၇) နေလည် ၁၂း၄၅ နာရီအချိန်က ပြုတ်ကျသေဆုံးကြောင်း သိရသည်။


သေဆုံးသူမှာ အောင်မင်္ဂလာ (၁) ရပ်ကွက်နေ မောင်သက်ပိုင်စိုး (၂၃ နှစ်) ကုမ္ပဏီဝန်ထမ်းတဦးဖြစ်ပြီး မိသားစုကို လုပ်ကျွေးနေသူတဦးဖြစ်ကြောင်း၊ ၎င်း၌ စိတ်ညစ်စရာ ဘာတခုမှမရှိကြောင်း သေဆုံးသူ၏မိခင်က ပြောသည်။

"ဘာကြောင့် ခုလိုဖြစ်တယ်ဆိုတာ စုံစမ်းသင့်တယ်။ မတော်တဆ ပြုကျတာလား၊ တစုံတယောက်က လုပ်ကြံတာလား မပြောနိုင်ဘူး"ဟု မြို့ခံတဦးက ပြောသည်။

ခိုင်ဆက်ဝေ/စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မော်လမြိုင်၊ ဇွန် ၁၇ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့သပ်ကျေးရွာအတွင်းရှိ မွန်ပြည်သစ်ပါတီ၏ စစ်ဆေးရေးဂိတ်ရှိ လက်နက်များကို တပ်မတော် တပ်ရင်းတစ်ခုက ဝင်ရောက် သိမ်းဆည်းမှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ၏ ပြည်တွင်းဖွံ့ဖြိုးရေးတာဝန်ခံ နိုင်ဟံသာဗွမ်ခိုင်က ပြောကြားသည်။

ဇွန်လ ၁၇ ရက်နေ့၊နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြေအနေ အသေးစိတ်ကို မေးမြန်းအတည်ပြုလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ ဖြစ်သွားတာတော့ ဟုတ်ပါတယ်၊ လက်နက်တွေ သိမ်းသွားတယ်ထင်တယ်၊ အသေးစိတ်ကိုတော့ မေးနေတုန်းပါ” ဟု နိုင်ဟံသာဗွမ်ခိုင်က ထပ်လောင်းပြောဆိုသည်။

Written by - ဖိုးဝ

Hinthar Media Corporation
https://www.facebook.com/hintharmediacorporation


နိရဉ္စရာ၊ ဇွန် ၁၇

ရက္ခိုင့်တပ်မတော် AA နှင့် ဆက်စပ်မှု သံသဖြင့် ဖမ်းဆီးထားသူ ရခိုင်လူငယ် ၁၃ ဦးကို စစ်တွေမြို့နယ် တရားရုံးက ယနေ့ နေ့လယ်က ထောင် (၃) နှစ်စီ အသီးသီး ချမှတ်လိုက်သည်ဟု သတင်း ရရှိသည်။

စစ်တွေမြို့နယ် တရားသူကြီး ဦးကျော်ဇံသာက ထိုသို့ စီရင်ချက်ချလိုက်ခြင်း ဖြစ်ကြောင်း မိသားစုဝင် တစ်ဦးက ပြောသည်။

ထောင်ချခံရသူ လူငယ် ၁၃ ဦးမှာ မြင့်ကျော်(ခ) ထွန်းနိုင်၊ ဦးဆန်းမောင်၊ ဇော်လင်းထွန်း(ခ) မောင်သန်းထွန်း၊ ဇော်မင်းထွန်း (ခ) ကုလားချေ၊ စောရန်နိုင်(ခ) ကျော်စိုးမင်း(ခ) အာနိုး၊ ဦးဆန်းမောင် (၂)၊ မောင်ဟန်စိုး၊ ကျော်သိန်းချေ(ခ) လှိုင်သိန်းချေ၊ အောင်ကျော်သိန်း၊ ဇော်မင်းဦး၊ ညိုမောင်(ခ) မောင်ဝင်း(ခ) ဇော်ဝင်းနိုင်၊ အေးကျော်သန်း၊ ဇော်မင်းဌေး၊ ၀င်းအောင်(ခ) ကျန်ချေတို့ ဖြစ်ကြသည်ဟု သိရသည်။

သူတို့အား မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)/ ၁၇ (၂) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ခိုင်ခိုင်ဇံ (စစ်တွေ)
Narinjara
https://www.facebook.com/Narinjara


ဧရာဝတီတိုင်း မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ တိုးဧရာလမ်းကြားတွင် ၁၆.၆.၂၀၁၆ ရက်နေ့ နံနက်၀၄း၀၅ အချိန်ခန့်က ညအချိန် Probox တက္ကစီယာဉ်ဖြင့် ဆိုင်ကယ် ခိုးယူသည့်အဖွဲ့အား ဖမ်းဆီးရမိကြောင်း သိရပါသည်။

မအူပင်မြို့မရဲစခန်းမှ ရက်(၁၀၀)စီမံချက်ကာလအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ခိုးမှုများမဖြစ်ပွါးစေရေးအတွက် ရဲအုပ်ပြုံးချိုအပါအ၀င် တပ်ဖွဲ့ဝင်(၄)ဦးသည် သက်သေများနှင့်အတူ ညဥ့်နက်လှည့် ကင်းတာဝန်ဆောင်ရွက်နေစဉ်  မော်တော်ယာဉ်အမှတ်- 9J/5616 Probox အဖြူရောင်အနီးတွင် ၁၆ယ/၈၀၀၇၄ ၊ shogon 125 အပြာရောင်ဆိုင်ကယ်နှင့် ၄၄ယ/၉၇၅၃၅၊ Click 125၊ အဖြူရောင် မော်တော်ဆိုင်ကယ်နှင့်အတူ လူ(၄)ဦးအား မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် ၀င်ရောက်မေးမြန်းစဉ် ၄င်းတို့(၄)ဦးမှာ ရုတ်တရက်ထွက်ပြေးသဖြင့် ၀ိုင်းဝန်းဖမ်းဆီးကြရာမှ ဆိုင်ကယ်သူခိုးအုပ်စုကို ဖမ်းဆီးမိတာ ဖြစ်ပါသည်။


ဖမ်းမိတဲ့ ဆိုင်ကယ်သူခိုးများကတော့ --
(၁) ဇင်မျိုးထွဋ်(ခ)မျက်မှန်လေး၊ (၂၄)နှစ်၊ (ဘ)ဦးသန့်ဇင်ဦး၊ ၁၂/သဃက(နိုင်)၁၈၀၂၈၆၊ ယာဉ်မောင်း-အမှတ်(၆၇)၊ ခူး(၂)လမ်း၊ ၅(ခ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

(၂) ဇော်မျိုးထက်၊ (၂၁)နှစ်၊ (ဘ)ဦးအုန်းညွန့်၊ ၁၄/မအပ(နိုင်)၃၃၈၈၀၃၊ ကျဘမ်း၊ ဇဗူ ရစ်ရွှေစင်လမ်း၊ (၃၃)ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊

(၃) ကျော်ဇေယျ၊ (၁၇)နှစ်၊ (ဘ)ဦးမြင့်လေးလွင် ၊ မပတ-မရှိ၊ ကျဘမ်း၊ အမှတ် (၈၇/A)(၃၃)ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဒဂုံမြောက်ပိုင်းနေ ဘိုဘိုဆိုသူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။

မော်တော်ယာဉ်အမှတ်- 9J/5616 Probox အဖြူရောင်ယာဉ်အား စစ်ဆေးရာယာဉ်၏နောက်ဘက်ရှိ ထိုင်ခုံများအား အသင့်ဖြန့်ခင်းထားပြီး နောက်ဖုံးအား ဖွင့်ကာ ၁၆ယ/၈၀၀၇၄ ၊ shogon 125 အပြာရောင်ဆိုင်ကယ်နှင့် ၄၄ယ/၉၇၅၃၅၊ Click 125၊ အဖြူရောင် မော်တော်ဆိုင်ကယ်တို့အား တင်ဆောင်ရန် ပြင်ဆင်နေချိန်တွင် လှည့်ကင်းအဖွဲ့မှ တွေ့ ရှိခြင်းဖြစ်ပါသည်။


တွေ့ရှိရသော ဆိုင်ကယ်(၂)စီးမှာ သော့များမပါရှိသဖြင့် စိစစ်မေးမြန်းရာ ဆိုင်ကယ်(၂)စီးကို မည်သို့ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတရာပြသ ပြောဆိုနိုင်ခြင်းမရှိ၍ ၄င်းဆိုင်ကယ်(၂)စီးအား နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာပါသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းကာ သက်သေခံပစ္စည်းများနှင့်အတူ ၄င်းတို့ (၃)ဦးအား ရဲစခန်းသို့ခေါ်ဆောင်ကာ ရဲအုပ်ပြုံးချိုမှ တရားလိုပြုလုပ်၍ မအူပင်မြို့မရဲစခန်း၊ (ပ)၂၃၈/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၈၀/ကျင့်-၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် အမှုမှထွက်ပြေး လွတ်မြောက်သွားသော တရားခံဘိုဘိုအား အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိပါသည်။

Ayeyarwaddy region police force