07/02/16

dassk-thai-worker-620.JPG
ထိုင်းနိုင်ငံ မဟာချိုင်မြို့က ထလေထိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စောင်းဆိုင်းနေတဲ့ အလုပ်သမားတွေကို ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေ မှာ မြန်မာမုန်းတီးရေးကို လှုံ့ဆော်မှုတွေရှိနေတဲ့အတွက် မြန်မာအလုပ်သမားတွေအနေနဲ့ သတိထားသွား လာကြဖို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာတွေကို မြန်မာပြည် ပြန်ပို့သင့်ကြောင်းနဲ့ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်ကြောင်း စတဲ့လှုံ့ဆော်မှုတွေ ပျံ့နှံ့နေတဲ့အတွက် သတိပေးတာဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းစာသင်ကျောင်းတွေမှာ ဆရာ ဆရာမတွေကလည်း မြန်မာကျောင်းသား ကျောင်းသူတွေကို လူစုလူဝေးနဲ့ မနေကြဖို့ သတိပေးတာတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက မြန်မာရေလုပ်သားတွေကိုလည်း အလုပ်ရှင်တွေက အလုပ်ထုတ်ပယ်တာတွေ ရှိနေတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ အိမ်ဖော်လုပ်ငန်းနဲ့ ရေ လုပ်ငန်းတွေရဲ့ အောက်ခြေသိမ်း အလုပ်နေရာတွေမှာသာ ထိုင်းအစိုးရက တရားဝင်လုပ်ကိုင်ခွင့်ပေးထားပြီး စကားပြန်၊ မန်နေဂျာ စတဲ့အလုပ်တွေမှာ တရားဝင် လုပ်ကိုင်ခွင့်ပြုထားတာ မရှိတဲ့အတွက် စတင်အရေးယူ တာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြဿနာကြုံတွေ့လာရင် ဆက်သွယ်နိုင်ဖို့ မြန်မာသံရုံးရဲ့ အရေးပေါ်ဖုန်းလိုင်းနံပါတ်တွေကိုလည်း ထုတ်ပြန်ပေးထားပါတယ်။

ပြီးခဲ့တဲ့ဇွန်လကုန်လောက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် အပြီး နှစ်နိုင်ငံအစိုးရအကြား မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ခံစားခွင့်ရရှိရေးနဲ့ပတ်သက်တဲ့ သဘောတူညီမှုတွေ ရရှိခဲ့သလို မြန်မာအလုပ်သမားတွေ ဘက်ကလည်း မျှော်လင့်ချက်တွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပြီးမှာ အခုလိုမြန်မာလူမျိုး မုန်းတီးရေး လှုံ့ဆော်မှုတွေ ရှိလာတာဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက သုံးသပ်ထားပါတယ်။

RFA

naw-zipporah-sein-620.jpg ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေးပွဲ" မှာ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ဖက်ဒရယ် ပြည်ထောင်စုကို ပုံဖော်နိုင်ဖို့အတွက် တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို ကြိုတင်တွေ့ဆုံဆွေးနွေး ဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေး ပွဲ" မှာ နော်စီဖိုးရာစိန်က ပြောလိုက်တာဖြစ်ပါတယ်။

ကြိုတင်ဆွေးနွေးပြီး ရရှိတဲ့အချက်အလက်တွေကို ပြည်သူလူထုကိုချပြပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရာမှာ ပြည်သူတွေကိုယ်တိုင်ပါဝင်လာဖို့ အရေးကြီးတယ်လို့လည်း နော်စီဖိုးရာစိန်က ပြောပါတယ်။

မူဝါဒဆွေးနွေးပွဲကို စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နဲ့ တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ENAC) တို့က ကျင်းပတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက် ကျင်းပခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲနောက်ဆုံးနေ့ ဒီနေ့မှာ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ် ဦးခူးရယ် တက်ရောက် ခဲ့ပြီး UNFC အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဆွေးနွေးခွင့် ရရှိအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

RFA



မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၂းဝဝ နာရီအချိန် ထုတ်ပြန်ချက်ကို တွေ့ရစဉ်။ ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(facebook)
ကချင်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုမှာ ဒီနေ့ကစပြီး  ၅ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မိုးကြီးပြီး မြစ်ရေကြီးနိုင်တဲ့ အခြေအနေတွေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မြစ်ရေကြီးနိုင်တဲ့ အခြေအနေတွေကြောင့် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့လိုအပ်ကြောင်းလည်း သတိပေး ထားပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာလည်း မိုးများနိုင် ပြီး မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးနည်းနိုင်တယ်လို့လည်း ပြောပါတယ်။

ကမ်းရိုးတန်းဒေသတွေမှာတော့ လှိုင်းအမြင့်ပေ ၆ ပေကနေ ၉ ပေအထိ ရှိနိုင်တဲ့အတွက် ပင်လယ်ကမ်းရိုးတန်း သွား ရေယာဉ်တွေအနေနဲ့ သတိပြုသွားလာကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese


Breaking news on 2July2016

အာရှနဂါးကြီးကို အပ်နဲ့ သွားထိုးတဲ့ ထိုင်ဝမ်ရဲ့ ယခုလုပ်ရပ်ဟာ တရုတ်အစိုးရအတွက် ဒေါသတကြီး လက်တုန့် ပြန်မှုတွေ ဖြစ်လာတော့မှာကြောင့် ထိုင်ဝမ် အစိုးရက အမျိုးသားကာကွယ်ရေးဌာနက တရားဝင် တောင်းပန်ချက် တွေ ထုတ်ပြန်ကြောင်း သိရပါတယ်။

ဇူလိုင်တရက်နေ့ က အဆင့်မြင့် နည်းပညာတွေတတ်ဆင်ထားတဲ့ supersonic ဒုံးကျည်Hsiung Feng III (ရတနာ အမှတ် (၃) အမည်နဲ့ မတော် တဆ ထွက်သွားတဲ့ဒုံဟာ တရုတ်ငါးဖမ်းလှေ ကိုထိသွားပေမယ့် မပေါက်ကွဲ ခဲ့ဘူးလို့ သိရပါတယ်၊ တရုတ်ငါးဖမ်းစက်လှေက ကပ္ပတိန်သေဆုံးခဲ့ကြောင်း သိရပါတယ်။


အဆင့်မြင်ဒုံးတွေဟာ ထိတ်ပိုင်းက ပေါက်ကွဲမဲ့ထိတ်ဖူး နေရာအဆင့်ကို ပိတ်ထားခဲ့တာ ဖြစ်နိုင်ပါတယ်။

ယခုလိုနှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ ဖြစ်တဲ့အတွက် လွဲမှားပစ်တာ မဖြစ်နိုင်ဘဲ စစ်လိုလားတဲ့ ထိုင်ဝမ်တွေရဲ့  သွေးတိုးစမ်းတဲ့ ရန်စပွဲ လို့  တရုတ် နိုင်ငံ သတင်းတွေမှာ အကျယ်တ၀င့်ရေးသားနေကြပြီး ဒုံးပျံနဲ့ ပစ်ပြီး တရားဝင်တောင်းပန်တာဟာ ဟာသဖြစ်နေတယ်လို့ လည်း ရေးသားနေကြပါတယ်။

Taiwanese warship accidentally fires missile towards China

Social Action for Women - SAW



မယ်ကမ္ဘာ (မြန်မာ) ပြိုင်ပွဲတွင် ထိပ်ဆုံး ၅ ဦး စာရင်းဝင် အလှမယ် ပိုးစန္ဒာခင် ရုတ်တရက် ကွယ်လွန်
    ရန်ကုန် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

    မယ်ကမ္ဘာ (မြန်မာ)၂၀၁၆ (Miss Myanmar World 2016) ပြိုင်ပွဲတွင် ထိပ်ဆုံး ဆန်ကာတင် ၅ ဦး စာရင်းဝင်  ရောက်ရှိခဲ့သည့် အလှမယ် ပိုးစန္ဒာခင်သည် ယနေ့ ဇူလိုင်လ ၂ ရက်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

“မနက်က လေ့ကျင့်ခန်း သွားလုပ်တာ၊  Gym ကစားရင်းနဲ့  ၁၀ နာရီလောက်မှာ ဖြစ်သွားတာပါ။ အိမ်ကတောင် မသိလိုက်ပါဘူး။ ရုတ်တရက် နှလုံးခုန်ရပ် (Heart Attack) လိုမျိုးပဲ ဖြစ်မယ် ထင်တယ်။

မယ်ကမ္ဘာ (မြန်မာ) ပြိုင်ပွဲတွင် ထိပ်ဆုံး ၅ ဦး စာရင်းဝင် အလှမယ် ပိုးစန္ဒာခင် အားတွေ့ရစဉ် (ဆင်ဟွာ)
ကစားရင်းနဲ့ မှ ရေသောက်လိုက်သေးတယ် ပြီးတော့ ခဏလေး ပြန်ထိုင်တဲ့ အချိန်မှာ လဲကျသွားပါတယ်”ဟု အလှမယ် ပိုးစန္ဒာခင်၏ မိသားစုဝင် တစ်ဦးက ပြောသည်။

အလှမယ် ပိုးစန္ဒာခင်သည် ၁၉၉၂ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် အားဖြင့် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်သည်။ ၄င်းသည် ၂၀၁၄ ခုနှစ်တွင် Nok Air မှ ပြုလုပ်သည့် ဝေဟင် နတ်သမီး ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်၍ အနုပညာလောကသို့ ရောက်လာခဲ့ခြင်း ဖြစ်ပြီး ထိုပြိုင်ပွဲတွင် ဝေဟင် နတ်သမီးဆုအား ရရှိခဲ့ကာ ၂၀၁၄-၂၀၁၅ အကယ်ဒမီ ဆုပေးပွဲ၏ ရွှေကြိုမယ် တစ်ဦးလည်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com


ဘိုကလေးမှ ဒလသို့ ထွက်ခွါလာသော နိုင်အောင်ကျော် ခရီးသည်တင်လိုင်းကားသည် ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ရှေ့ဘီးပေါက်၍ ထန်းပင်ကို ဝင်တိုက်ပြီး တိမ်းမှောက်သွားခဲ့ပါတယ်။


ကားပေါ်တွင် ခရီးသည်စုစုပေါင်း ၄၈ ဦးပါရှိပြီး ၄၃ ဦးကို ကွမ်းခြံကုန်းဆေးရုံသို့၎င်း ၃ ဦးကို ဒေးဒရဲ ဆေးရုံသို့၎င်း ပို့ဆောင်ပေးခဲ့ရပြီး ၂ ဦးမှာ ဒဏ်ရာ မရရှိကြောင်း သိရှိရပါသည်။ တစ်ဦးမှာ ကွမ်းခြံကုန်းဆေးရုံတွင် သေဆုံးသွားကြောင်းလည်း သိရှိရပါသည်။


အခင်းဖြစ်ပွာရာနေရာသို့ ဒေးဒရဲ ကွမ်းခြံကုန်း ဖျာပုံမြို့များမှ နာရေးကူညီမှုအသင်းများ ရဲတပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ စည်ပင်သာယာအဖွဲ့ဝင်များနှင့် ကျေးရွာသူကျေးရွာသားများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေကြပါတယ်။

ကိုစိန်သန်း
ဇွန်လိုင်လ ၂ ရက် ၂၀၁၆ ခုနှစ်



2July2016

ယခုရက်ပိုင်းအတွင်း ထိုင်းသတင်းတွေမှာ မျက်နှာဖုံးသတင်းအဖြစ် ဖေါ်ပြနေတဲ့ ၀မ်ထနီ (ခ)ကျေးကိုင် (ကြက်မကြီး) ကို ဘန်ကောက်မြို့  ပချာချင့် ရဲစခန်းက သူ့ အိမ်မှာ အလုပ်လုပ် ကိုင်နေသူတွေကို အမှူဆင်တရားစွဲ ထောင်ချနေတဲ့ စွဲချက်တွေနဲ့  ပြန်တရားစွဲ ခံရတဲ့ သတင်းဖြစ်ပါတယ်။

ငွေကြေးမပြည့်စုံတဲ့ တောင်ပေါ်တိုင်းရင်းသူ မိန်းခလေး တွေ ကို ပညာ တတ်ဖြစ်အောင် သင်ပေးမယ် သမီးအဖြစ်မွေးစား မယ်လို့  မိဘတွေကို ယုံလာအောင် ကတိတွေပေးပြီး ဘန်ကောက်နေအိမ်မှာ အိမ်ဖေါ်အဖြစ် ခိုင်းစားနေ သူဖြစ်ပါတယ်။

ရဲအရာရှိ တဦးရဲ့  ဇနီးဖြစ်တဲ့ ကြက်မကြီးဟာ တကယ်မွေးစားတာ မဟုတ်ဘဲ အခိုင်းအစေအဖြစ်ခိုင်းနေတာ ကိုသိလာပြီး အိမ်ကထွက်ပြေးတိုင်း သူ့ အိမ်က အဖိုးတန် ပစ္စည်းတွေခိုးမှုနဲ့  လိမ်ပြီး အမှုဖွင့် ဖမ်းခိုင်းပါတယ်၊ သူ့ ကြောင့် ထောင်ကျသွားခဲ့တဲ့ အိမ်ဖေါ်တွေလည်း ရှိနေပါတယ်။ အခိုးခံရတဲ့ ပစ္စည်းတန်ဘိုးဟာ ဘတ်(၁၀)သန်းကျော်ရှိတယ်လို့  အမှုတိုင်းမှာ ကြက်မကြီးက သတင်းလွှင့်ပြီး မိန်ခလေးထွက်ပြေးစဉ်က CCTV မှတ်တမ်းနဲ့ တရားစွဲခဲ့တယ်။ ထွက်ပြေးတဲ့ မိန်ခလေးကို ဖမ်းမိတဲ့အခါ အတင်းအကြပ် ၀န်ခံ လက်မှတ်ထိုး ခိုင်းကြောင်း ခံရတဲ့သူတွေကထွက်ဆိုခဲ့ပါတယ်။

တကယ်ဖြစ်ရပ်က ဘယ်အိမ်ဖေါ်ကမှ တန်းဘိုးရှိတဲ့ ပစ္စည်းတွေ ခိုးမသွားခဲ့ပါဘူး၊နောက်ဆုံး ထိုင်းကျာင်းသူလေးအမှုမှာ ပျောက်တဲ့ ပစ္စည်းတန်ဘိုးကို တနေ့ တမျိုးပြောနေတာရယ်၊ ကြက်မ အမှုဆင်ဖမ်းတဲ့ သူတွေများနေတာပေါ်လာလို့  အမျိုးသမီးအခွင့်ရေး အဖွဲ့ တွေကနေ ကြက်မကြီး ကိုပြန်တရားစွဲခဲ့ပါတယ်။ကြက်မကြီးတရားစွဲခံရတဲ့သတင်းကြောင့် သူမအမှုဆင် ထောင်ချခဲ့ဘူး တဲ့ တခြားမိန်းခလေးတွေလည်း ရဲစခန်းမှာလာရောက် အစစ်ခံနေကြပြီဖြစ်ပါတယ်၊

နောက်ဆုံးသိရတာကတော့ ကြက်မကြီးဟာ တရားမ၀င် လူကုန်ကူးမှုနဲ့  ပါတ်သက်နေပြီး အမျိုးသမီးငယ်တွေကို ပြည့်တန်ဆာရုံနဲ့  နိုင်ငံခြားတိုင်းပြည်တွေ ကိုပို့ နေတာတွေ့ ဆက်တိုက်ဖေါ်ထုတ်နေတဲ့အကြောင်း ထိုင်းသတင်းတွေ မှာရေး နေကြပါတယ်။

Manager online
Social Action for Women - SAW



ရက်တစ်ပတ်အတွင်း မိုးရွာသွန်းနိုင်မှု ခန့်မှန်း အခြေအနေ ပြသထားမှုအား တွေ့ ရစဉ် (ဓာတ်ပုံ-Tun Lwin)
    ရန်ကုန် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

    လာမည့် ရက်တစ်ပတ် အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ကုန်းမြင့်ဒေသတွင် နေထိုင်ကြသူများ တောင်ကျရေများ ၊ လျှပ်တပြက် ရေကြီးမှုများ ၊ မြေပြိုမှု များကို အထူး ဂရုပြု နေထိုင်ကြရန် လိုအပ်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် ထံမှ သိရသည်။

မိုးကြီးမည့် သတိပေးချက် အနေဖြင့် ဇူလိုင်လ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ၊ ချင်းပြည်နယ် တောင်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင်ပြည်နယ် တို့တွင် ဒေသအလိုက် နှင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ နံနက် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေကြောင်း ၊ မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ် ၊ ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့်‌ ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည် ဖြစ်ပြီး မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်ကြောင်း ၊ ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ရက်တစ်ပတ်အတွင်း မိုးရွာသွန်းနိုင်မှု ခန့်မှန်းရာတွင် မိုးရွာသွန်းနိုင်မည့် မိုးရေချိန်ပမာဏမှာ ရခိုင် ပြည်နယ် မြောက်ပိုင်း ၊ ချင်းပြည်နယ် တောင်ပိုင်း ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင်ပြည်နယ် တို့တွင် မိုးရေချိန် ၁၂-၂၀ လက်မ အထိ ရှိနိုင်ပြီး ချင်းပြည်နယ် မြောက်ပိုင်း ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် တို့ တွင် မိုးရေချိန် ၆-၁၂ လက်မ အထိ ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ထံမှ သိရသည်။
(Xinhua)
http://www.xinhuamyanmar.com



အင်တာနက်ပေါ် ပျံ့နှံ့ခဲ့သည့် ဆွမ်ယာ ဂါဂျာ (ယာ) ၊ အဓမ္မပြုကျင့်ခံရသူ (လယ်) နှင့် ဂါဂျာ၏ လုပ်ဖော်ဆောင်ဖက် တစ်ဦး (ဝဲ) တို့၏ ဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    နယူးဒေလီ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်းတွင် အစိုးရအရာရှိ တစ်ဦးနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးသည် အဓမ္မပြုကျင့်ခံရသူ တစ်ဦးနှင့်အတူ ပြုံးကာ ဆဲလ်ဖီ (Selfie) ဓာတ်ပုံ ရိုက်ခဲ့သည့်အတွက် ထိုအစိုးရ အရာရှိသည် ရာထူးမှ နုတ်ထွက်ခဲ့ ကြောင်း Times of India သတင်းစာ၌ ဖော်ပြထားသည်။

Rajasthan Women’s Commission အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆွမ်ယာ ဂါဂျာ အမည်ရှိသော အစိုးရ အရာရှိသည် အိန္ဒိယ အစိုးရသို့ အမျိုးသမီးရေးရာများ အကြံပေးရသည့် National Commission for Women ထံမှ ဆင့်ခေါ်ခံရပြီးနောက် ဇွန်လ ၃၀ ရက်က ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
အဓမ္မပြုကျင့်ခံရသူ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးအား ကော်မရှင်အဖွဲ့ဝင်များမှ ရဲစခန်း၌ ဇွန်လ ၂၉ ရက်က တွေ့ဆုံခဲ့ပြီးနောက် အဆိုပါ ဓာတ်ပုံ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ယင်း ဓာတ်ပုံသည် ဖုန်းမက်ဆေ့ခ်ျ ဝန်ဆောင်မှု ဖြစ်သော WhatsApp မှ တဆင့် ဦးစွာ ပေါ်ထွက်လာခဲ့ပြီး နောက် လူမှုကွန်ရက် မီဒီယာပေါ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ အိန္ဒိယတွင် အဓမ္မပြုကျင့်ခံရသူ၏ ရုပ်ပုံ ဖော်ပြခြင်းအား အထူး တားမြစ်ထားခြင်းကြောင့် ပြည်သူများအကြား ယမ်းပုံမီးကျ ဖြစ်စေခဲ့သည်။

အဆိုပါ ဓာတ်ပုံအား အင်တာနက်ပေါ်သို့ မည်သူ တင်သည်ကို ရှင်းလင်းစွာ မသိရသေးပေ။အင်တာနက်ပေါ် ပျံ့နှံ့သွားသည့် ဓာတ်ပုံ၌ ဂါဂျာသည် တက်ဘလက် တစ်လုံးအား ကိုင်ထားပြီး ကော်မရှင် ဥက္ကဋ္ဌ စူမန် ရှာမာက အဓမ္မပြုကျင့်ခံရသူ၏ ညာဘက် လက်မောင်းအား မလျက် လက်ကိုင်ထားသည့် အနေအထား ပုံစံဖြင့် ရိုက်ကူးထားသည်။ အဓမ္မပြုကျင့်ခံရသူ၏ မျက်နှာကိုမူ မှေးမှိန်ထားခဲ့သည်။

အဓ္ဓမပြုကျင့်ခံရသူ၏ ပြောကြားချက်အရ သူမသည် ခန်းဝင် ပစ္စည်းကြေး ရူပီး ၅၁,၀၀၀ (အမေရိကန်ဒေါ်လာ ၇၅၀ ဝန်းကျင်) ပေးရန် သဘောတူထားသည်ကို မပေးနိုင်သည့်အတွက် ၎င်း၏ ခင်ပွန်းနှင့် ခင်ပွန်း၏ တူ နှစ်ယောက်တို့က အုပ်စုဖွဲ့၍ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ၎င်း၏ လက်ဖမိုးနှင့် လက်များပေါ်တွင် ယုတ်ညံ့သော စာသားများအား ဆေးမှင်ကြောင်ထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂါဂျာက အဓမ္မပြုကျင့်ခံရသူအပေါ် စော်ကားလိုစိတ် မရှိဘဲ ၎င်းအား စိတ်သက်သာမှု ရှိရန်အတွက် သူမနှင့် အတူ ဓာတ်ပုံ တွဲရိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com


အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ အဆက်မပြတ် ပြင်းထန်စွာ ရွာသွန်းတဲ့ မိုးကြောင့် ရေကြီးပြီး မြေပြိုမှု ဖြစ်ပွားခဲ့ကာ လူ(၃၀)ထက် မနည်း သေဆုံးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့တာကို presstv သတင်းမှာဖော်ပြထားပါတယ်။

 Uttarakhand ပြည်နယ် ဟိမ၀န္တာဒေသတာဝန်ရှိ သူတွေက ဒီအသေအပျောက်စာရင်းကို သောကြာနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မိုးကြီးရေလျှံမှုကို ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ခရိုင်တွေကတော့ တောင်ထူထပ်ပြီး Pithoragarhခရိုင်နဲ့ ချာမိုလီခရိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။


 မြေပြိုမှုကြောင့် ပြိုကျနေတဲ့ နေအိမ်တွေ အပျက်အစီးတွေ အောက်မှာ ပိမိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်နေကြတယ်လို့ သိရပါတယ်။ Pithoragarh ခရိုင်ရှိ ရွာ(၇)ရွာမှာ လူ(၂၅)ဦးထပ်မနည်း ပျောက်ဆုံးနေတယ်လို့ The Press Trust of India သတင်းမှာဖော်ပြထားပါတယ်။

 မိုးပြင်းထန်စွာ ရွာသွန်းမှုတွေကြောင့် ကမ်းပါးတွေ ကျိုးကာ မြစ်ရေလျံမှုကြောင့် ဒေသခံတွေက ဘေးလွတ်ရာကို ရွေ့ပြောင်းခဲ့ကြရတယ်လို့ လည်း သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews/


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီခိုင်မြဲရေး၊ အရပ်ဖက်နိုင်ငံရေးအဆောက်အအုံတွေ ပီပြင်လာရေး၊ တည်ငြိမ်ပြီးအားလုံးလွှမ်းခြုံတဲ့ တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် မတူကွဲပြားတဲ့ နိုင်ငံရေး စီးပွါးရေး အုပ်စုတွေ သက်ဆိုင်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း လိုက်ပါတယ်။ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးမှာ Mr Ban Ki Moon ကအခုလိုပြောကြားလိုက်တာပါ။ အသေးစိတ် ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။.

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးဟာ မနှစ်က စက်တင်ဘာမှာတွေ့ဆုံခဲ့ပြီးတဲ့နောက် တနှစ်လောက်အကြာမှာ အခု ထပ်တွေ့မှာဖြစ်ပါတယ်။ တနည်းပြောရရင် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ အစည်းအဝေးလည်းဖြစ်ပါတယ်။ ဒီကာလအတွင်း ဖြစ်ထွန်းခဲ့တဲ့ အပြောင်းအလဲတွေနဲ့ ပါတ်သက်ပြီး မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်သူတွေကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

တချိန်ထည်းမှာပဲ သမ္မတဟောင်း ဦးသိန်းစိန် ရဲ့ အပြောင်းအလဲဖော်ဆောင်ပေးမှု ကိုလည်း အသိအမှတ်ပြုတယ်လို့ပြောကြားသွားပါတယ်။ ဒီအစည်းအဝေးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မှတ်ချက်စကားကို သူ့ရဲ့ ပြောခွင့်ရ ဖာရင်ဟတ် - က ဗွီအိုအေမြန်မာပိုင်းအတွက် အခုလိုဖတ်ပြခဲ့ပါတယ်။

"၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ သိသိသာသာ ငြိမ်းချမ်းပြီးတော့ ဂုဏ်သိက္ခါရှိရှိ နဲ့ တက်တက်ကြွကြွ ပါဝင်မဲပေးခဲ့ကြတဲ့ အတွက် မြန်မာပြည်သူလူထုကို အတွင်းရေးမှူးချုပ်က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒီအရေးကြီးတဲ့ကာလ အပြောင်းအလဲ အတွက် အရင် သမ္မတ ဦးသိန်းစိန် ရဲ့ မဆုတ်မနှစ်သော ခေါင်းဆောင်မှုကိုလည်း သူက အသိအမှတ်ပြုပါတယ်"

ရွေးကောက်ပွဲမှာ ပြည်သူလူထုပေးအပ်ထားတဲ့ တာဝန် နဲ့ သူ့ရဲ့မြင့်မား တဲ့ မျှော်မှန်းချက်ကို အမျိုးသားဒီမိုကရေစီ အစိုးရက အကောင်အထည်ဖော်ပေးဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီအဖွဲ့ရဲ့ခေါင်းဆောင်တို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကြီးမားတဲ့စွန့်လွှတ်စွန့်စားလုပ်ခဲ့တာကို မြန်မာပြည်သူလူထုက အသိအမှတ်ပြုကြောင်း ရွေးကောက်ပွဲရလဒ် က ပြသလိုက်ပါပြီ။ သူတို့အနေတဲ့ လုံးဝဥသုံ တာဝန်ပေးအပ်လိုက် သလို မျှော်လင့်ချက် လည်း မြင့်မြင့်မားမား ထားရှိနေကြတာပါ။ ဒါ့ကြောင့် နိုင်ငံရေးအခင်းအကျင်းကိုပါပြောင်းလဲပြီး လူထုရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးရမှာဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်က မကြာသေးခင်က သမ္မတ ဦးထင်ကျော် ဒေါ်အောင်ဆန်း စုကြည် တို့ နဲ့ တယ်လီဖုန်း နဲ့ ဆက်သွယ် စကားပြောရာမှာ ဒါကို အလေးအနက်ထောက်ပြခဲ့ပါတယ်။"

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးနိုင်ဖို့အတွက် ကုလသမဂ္ဂ ရဲ့ ထောက်ခံမှု အရေးကြီးတယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ဖော်ပြထားပါတယ်။ ဒီနေရာမှာ အစိုးရသစ်အနေနဲ့ ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ရော လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့တွေနဲ့ပါ ဆက်ဆံတဲ့နေရာမှာ ရှုတ်ထွေးပြီး အကဲဆတ်တဲ့ ပြသနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သုံးသပ်ထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူလိုက်ရင်တော့ ဒီကိစ္စတွေပြေလည်နိုင် စရာ ငြိမ်းချမ်းရေး ရရှိနိုင်စရာဖြစ်တယ်လို့လည်း သူက ထောက်ခံ အားပေးထားပါတယ်။

"၂၁ ရာစု ပင်လုံညီလာခံဟာ ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ဖို့ အတွက် အခွင့်ကောင်းတရပ်ဖြစ်တယ်လို့ လူတိုင်း ယူဆထားကြပါတယ်။ ဒီညီလာခံဟာ အခု NCA မှာ လက်မှတ်ရေးမထိုး ထားတဲ့ အဖွဲ့အစည်းတွေ အရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ပြည်ထောင်စုငြိမ်း ချမ်းရေး ဆွေးနွေးပွဲဖော်ဆောင်နိုင်ဖို့ တခုထည်းသော ပူးတွဲကော်မတီ တခုကို အားလုံးပါဝင် ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ်လ အကုန်မှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပချင်တယ် လို့ ဆိုပါတယ်။ အစိုးရ စစ်တပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ မေတ္တာရပ်ခံချက်အရ NCA အတိုင်းဖွဲ့စည်းထားတဲ့ ပူးတွဲကြီးကြပ်မှုကော်မတီကို ဘက်လိုက်မှု မရှိတဲ့ နိုင်ငံတကာ အထောက်အပံ့ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ က ဆောင်ရွက်နေပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ ဘန်ကီမွန်းရဲ့ မှတ်ချက်စကားကို သူ့ရဲ့ ပြောခွင့်ရ ဖာရင်ဟတ် က ဗွီအိုအေမြန်မာပိုင်းအတွက် ဖတ်ပြသွားတာဖြစ်ပါတယ်။

တချိန်ထည်းမှာပဲ ရခိုင်ပြည်နယ်က ပြသနာနဲ့ ပါတ်သက်ပြီးတော့ လည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရ အရာရှိကြီးတွေက ချဉ်းကပ်မှုသစ်နဲ့ ချမှတ်ဆောင်ရွက်ဖို့ လုပ်နေတယ်ဆိုတဲ့ ကိစ္စကိုလည်း မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်သလို တင်းမာမှုဖြစ်ပွါးလာနိုင်မယ့် ကိစ္စတွေကို ကြိုတင် သတိထားနိုင်မယ့်လုပ်ရပ်မျိုး ဘာသာစုံ ချစ်ကြည်ရင်းနှီးမှု နဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး တည်ဆောက်နိုင်ဖို့ ကိစ္စတွေဟာလည်း အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။

 ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/a/3400968.html

အစိုးရဟောင်း အကူးအပြောင်းကာလတွင် မန္တလေးစည်ပင်ပိုင်မြေကွက်များကို လူပုဂ္ဂိုလ် ၉၉ ဦးထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း စိစစ်တွေ့ရှိ
ပြည်သူပိုင်မြေနှင့် ပလပ်မြေများ ပုဂ္ဂလိကပိုင်အဖြစ် ချထားပေးခဲ့မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ပြန်လည်စိစစ်မည်ဟု တိုင်းဝန်ကြီးချုပ်ပြော
=====================

ကျောင်း၊ ဆေးရုံ၊ အား ကစားကွင်းကဲ့သို့ အများပြည်သူ ပိုင်နေရာများအဖြစ် အကောင်အ ထည်ဖော်ရန် ချန်လှပ်ထားသည့် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီပိုင် မြေကွက်များကိုယခင်အစိုးရက အစိုးရအလွှဲအ ပြောင်းကာလအတွင်း လူပုဂ္ဂိုလ် ၉၉ ဦးထံသို့ ပုဂ္ဂလိကတစ်ဦး တည်းပိုင်မြေများအဖြစ် ချထား ခွင့်ပြုပေးခဲ့သည်ကို စိစစ်တွေ့ရှိ ရသည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

မြို့မြေယာ စီမံခန့်ခွဲရေး ကော်မတီက မြေအကွက်ရိုက် ချ ထားပြီး ကျန်ရှိနေသည့် မြေကွက် များ၊ အဓိကအားဖြင့် စီမံကိန်း တစ်ခုခုလုပ်ဆောင်ရန်၊ အား ကစားကွင်း၊ ကျောင်းနှင့်ကျန်းမာ ရေးဝန်ကြီးဌာန ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ်ရန် လျာထားသည့် မြေ ကွက်များကို အစိုးရအကူးအ ပြောင်းကာလအတွင်း ယခင် အစိုးရက ပုဂ္ဂလိကတစ်ဦးတည်း ပိုင် မြေကွက်များအဖြစ် ချထား ပေးခဲ့ခြင်းဖြစ်သည်ဟု မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ဇူလိုင် ၁ ရက်၌ ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး လွှတ် တော် အထူးအစည်းအဝေးတွင် ပြောကြားသည်။

‘‘အစိုးရ အကူးအပြောင်း ကာလ ရက်တိုတိုအတွင်းမှာပဲ တော်တော်လေး အံ့အားသင့်စရာ ကောင်းလောက်အောင်ကို မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ စီမံခန့်ခွဲလျက်ရှိတဲ့ မြို့နယ်တွေအတွင်းမှာ ၉၉ ဦး သော လူပုဂ္ဂိုလ်များကို မြေကွက် များ ချထားပေးခဲ့တယ်။ အလျင် အမြန်ဆောင်ရွက်ပေးခဲ့တာ တွေ့ ရပါတယ်။ မြေသုံးဧကကျော်ချ ထားပေးခဲ့တာ နှစ်ဦး၊ နှစ်ဧက ကျော်ချထားပေးခဲ့တာ လေးဦး၊ တစ်ဧကကျော် ချထားပေးခဲ့တာ ၁၂ ဦးပါဝင်ပါတယ်’’ဟု ဒေါက် တာ ရဲလွင်က ပြောသည်။

ယင်းမြေများကို ပုဂ္ဂလိကသို့ တစ်ဦးတည်းပိုင်များအဖြစ် ချ ထားပေးရာတွင် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီက သတ်မှတ်ထားသည့် ပေး သွင်းရမည့် မြေဖိုးငွေများ ပေး သွင်းခြင်းမရှိသကဲ့သို့ သတ်မှတ် ထားသည့် အချိန်အတိုင်း ကြန့် ကြာခြင်းမရှိဘဲ အလျင်အမြန် ချ ထားပေးခြင်းများကို တွေ့ရသည် ဟု ၎င်းက ဆိုသည်။

မန္တလေး စည်ပင်နယ်နိမိတ် ခြောက်မြို့နယ်နှင့် ပုသိမ်ကြီးမြို့ နယ်တွင်သာမက မန္တလေးတိုင်း ဒေသကြီးရှိ အခြားမြို့နယ်များ၌ ပါ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ပြီး စိတ် မကောင်းစရာဖြစ်ကြောင်း မြို့ တော်ဝန်က ပြောသည်။ လက်ရှိ တွင် အဆိုပါမြေများကို တစ်ဦး တည်းပိုင်အဖြစ် ရရှိသည့် လူ ပုဂ္ဂိုလ်များက စည်ပင်သာယာသို့ မြေဖိုးငွေပေးသွင်းကာ ဂရန် လျှောက်ထားရယူခြင်းများ ပြုလုပ် နေကြပြီ်ဟု ၎င်းက ပြောသည်။

အစိုးရအလွှဲအပြောင်းကာ လအတွင်း အစိုးရဟောင်းက စီမံ ခန့်ခွဲပြီး မြေကွက်များ ချထားပေး ခြင်းသည် ပွင့်လင်းမြင်သာမှု မ ရှိခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်းကို သာ ချထားပေးခြင်းနှင့် အခြားအ ချက်များကြောင့် ပြန်လည်စိစစ် ဖော်ထုတ်ကာ မြေငှားဂရန်များကို ပြန်လည် သိမ်းယူသင့်သည်ဟု ၎င်းက ဆိုသည်။

အစိုးရအလွှဲအပြောင်းကာ လ ဇန်န၀ါရီမှ မတ်လအတွင်း အ များပြည်သူနှင့်သက်ဆိုင်သော မြေကွက်များကို ပုဂ္ဂလိကပိုင်မြေ အဖြစ် ချထားခွင့်ပြုပေးခဲ့မှုများ အား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စည်းကာ ပြန်လည်စိစစ်မည်ဖြစ် ပြီး ပြည်သူလူထုအတွက် အကျိုး မရှိသော ချထားပေးမှုများဖြစ်ခဲ့ လျှင် ပြန်လည်ပယ်ဖျက်မည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအ ဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ပြောကြားသည်။

ယမန်နေ့က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ် တော်အထူးအစည်းအဝေးတွင် အစိုးရအကူးအပြောင်းကာလအ တွင်း အများပြည်သူနှင့်သက်ဆိုင် သည့် ဧရိယာကျယ်ဝန်းသော မြေ ကွက်များ၊ ပလပ်မြေများကို လူ ပုဂ္ဂိုလ်များအမည်ဖြင့် မြေနေရာ ချထားပေးမှုများ ပြန်လည်စိစစ်၍ အများပြည်သူအကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲဆောင်ရွက် နိုင်ရေးတိုက်တွန်းကြောင်း အဆို ကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးနောက် ၀န်ကြီး ချုပ်က အထက်ပါအတိုင်း စိစစ် ရေးကော်မတီဖွဲ့ကာ မြေယာချ ထားပေးခဲ့မှုများကို ပြန်လည်စိစစ် မည်ဟု ပြောကြားခြင်းဖြစ်သည်။

အစိုးရအကူးအပြောင်းကာ လအတွင်း အများပြည်သူနှင့် သက်ဆိုင်သော မြေကွက်များကို ပုဂ္ဂလိကတစ်ဦးတည်းပိုင်အဖြစ် ချထားပေးခဲ့မှုများနှင့်ပတ်သက်၍ အစိုးရအဖွဲ့ ၀န်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါ ၀င်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို အမြန်ဆုံးဖွဲ့စည်းကာ ပြန် လည်စိစစ်မည်ဖြစ်ပြီး အများပြည် သူအတွက် အကျိုးမရှိသော ချ ထားပေးခဲ့မှုများဖြစ်လျှင် အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန် လည်ရုပ်သိမ်းမည်ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

‘‘စုံစမ်းပြီးတော့ ရလာတဲ့ ဟာအပေါ် မူတည်ပြီး ပြည်သူကို တကယ့်ကို အကျိုးမပြုဘူးဆိုရင် တော့ ပြန်သိမ်းမယ်’’ဟု ၎င်းက ပြောသည်။

ပုဂ္ဂလိကပိုင်အဖြစ် မြေ ကွက်ရရှိထားသူများက စည်ပင် သာယာသို့ ငွေကြေးပေးသွင်းကာ ဂရန်ထုတ်ယူထားပြီးဖြစ်လျှင်ပင် အများပြည်သူအတွက် အကျိုးမရှိ သည့် စီမံကိန်း၊ ဆေးရုံ၊ဆေးခန်း၊ ပန်းခြံ၊ ကျောင်းစသည့် အများ ပြည်သူပိုင်မြေနေရာအဖြစ် အသုံး ပြုရန် လျာထားသည့် မြေကွက် ဖြစ်နေလျှင် ပေးသွင်းငွေပြန်အမ်း ကာ ဂရန်ပြန်သိမ်းမည်ဟု ၀န်ကြီး ချုပ်က ဆက်လက်ပြောကြား သည်။

အစိုးရ အကူးအပြောင်း ကာလတွင် အများပြည်သူပိုင် နေရာများကို ပုဂ္ဂလိကပိုင်အဖြစ် ချထားပေးခဲ့မှု မန္တလေးခရိုင်အ တွင်း အနည်းဆုံးမြေဧက ၁,၀၀၀ ကျော်ရှိပြီး အချို့မြေကွက်များကို အစိုးရသစ်ထံ အာဏာလွှဲပြောင်း ရန် သုံးရက်အလို မတ်လ ၂၉ ရက်တွင်မှ ချထားပေးခဲ့မှုများ တွေ့ရှိရသည်ဟု မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။

အစိုးရ အကူးအပြောင်းကာ လအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာကျယ်ဝန်း သော မြေကွက်များ၊ ပလပ်မြေ များအား လူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာချထားပေးမှုများကို ပြန် လည်စိစစ်၍ အများပြည်သူအ ကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရေး တိုက်တွန်း ကြောင်းအဆိုကို မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ၁၀ ဦးက ဆွေးနွေးပြီး ကန့် ကွက်သူမရှိ အတည်ပြုခဲ့သည်။ ယင်းအဆိုကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များနှင့် တပ်မ တော်သား ကိုယ်စားလှယ်များ က ၀င်ရောက်ဆွေးနွေးခြင်း မရှိသည် ကို တွေ့ရသည်။

7Day News Journal


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က စားသောက်ဆိုင်တခုမှာ ဓားစားခံအဖြစ် အဖမ်းခံထားသူတွေထဲက အနည်းဆုံး ၁၀ ဦးကို ကွန်မန်ဒို တပ်ဖွဲ့က ကယ်ထုတ်နိုင်ပြီလို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဆိုပါတယ်။

နိုင်ငံခြားသားတွေ အများစုပါဝင်တဲ့ ဓားစားခံ အယောက် ၂၀ ကို ကယ်တင်ဖို့ ကြိုးစားတဲ့ စစ်ဆင်ရေးမှာ ကွန်မန်ဒို အင်အား ၁၀၀ လောက် ပါဝင်တယ်လို့ အထူးစစ်ဆင်ရေး တပ်ဖွဲ့က ဒုတိယ ညွှန်ကြားရေးမှူး မီဇာနာ ရာမန် ဘိုင်ယန်က ပြောပါတယ်။

သံတမန် ရပ်ကွက်ထဲက စားသောက်ဆိုင်ကို ၀င်စီးထားတဲ့ လက်နက်ကိုင် အင်အားက အနည်းဆုံး ၈ ဦး၊ ဒါမှမဟုတ် ၉ ဦးအထိ ရှိနိုင်တယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ခန့်မှန်းပါတယ်။

ဓားစားခံအဖြစ် အဖမ်းခံထားရသူတွေထဲမှာ အီတလီ၊ အိန္ဒိယ၊ ဂျပန် နိုင်ငံသားတွေ ပါဝင်နေတယ်လို့ လုံခြုံရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၁ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီ ၂၀ မှာ သေနတ်သမားတွေက ဒါကာမြို့ပေါ် သံတမန် ရပ်ကွက်ထဲက ဟိုလေး အာတီစန် Holey Artisan စားသောက်ဆိုင်ကို ၀င်စီးခဲ့ပြီးနောက် ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့တာကြောင့် ရဲ ၂ ဦး သေဆုံးပြီး လူ ၃၀ လောက် ဒဏ်ရာခဲ့ပါတယ်။

အိုင်အက်စ်အဖွဲ့က လက်ချက်ဖြစ်တယ်လို့ ကြေညာထားပါတယ်၊ ဓားစားခံတွေကို ကယ်ထုတ်ဖို့ ကွန်မန်ဒို တပ်ဖွဲ့က စစ်ဆင်ရေး မစခင်မှာ အစိုးရဘက်က ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်လို့ ၀န်ကြီးချုပ်ရဲ့ အကြံပေးက သတင်းမီဒီယာတွေကို ပြောပါတယ်။

စနေမနက်မှာ အပြန်အလှန် ပစ်ခတ်နေတဲ့ သေနတ်သံတွေ ကြားရတယ်လို့ အနီးနားနေသူတွေက ပြောသလို၊ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့ စားသောက်ဆိုင်ကနေ လူနာတင်ယာဉ်တစင်း ထွက်ခွာသွားပုံကိုလည်း ဘင်္ဂလားဒေ့ရှ် ရုပ်သံလိုင်းတွေမှာ ပြသနေပါတယ်။
DVB TV News



ဖိလစ်ပိုင်နိုင်ငံမှာ မျက်မမြင် ဖခင်ကို ၅ နှစ်အရွယ်သမီးလေးက နေ့စဉ် အလုပ်လိုက်ပို့တဲ့ ရုပ်သံဟာ ဒီရက်ပိုင်းအတွင်း လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေပန်းစားနေပါတယ်။

သမီးလေး ဂျယ်နီက တုတ်အစတဖက်ကို ကိုင်ပြီး ဖခင် ဖခင် နယ်လ်ဆင်ပီပီက တခြားတဖက်ကို ကိုင်ကာ နေ့စဉ် အလုပ်ပို့ပေးတဲ့ ရုပ်သံကို ရူဘီကန်ပူးက မှတ်တမ်းတင်ထားပါတယ်။

၂ ဦးစလုံးက ခြေဗလာနဲ့ တုတ်ကို အသုံးပြုပြီး တောလမ်းခရီးကို နေ့စဉ် သွားရောက်နေတာ ဖြစ်ပါတယ်။

မျက်မမြင်ပေမယ့် ပီပီက အုန်းပင်တက်ပြီး မိသားစုကို ထောက်ပံ့ပေးနေသူတဦးလည်း ဖြစ်ပါတယ်။ တနေ့ကို အုန်းပင် ၆၀ ကျော်တက်ပြီး ဖိလစ်ပိုင် ပီဆို ၃၀၀ အထိ ၀င်ငွေရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒီရုပ်သံဖိုင်ကို အင်တာနက်ပေါ်တင်ခဲ့ပြီးတဲ့နောက် ကြည့်ရှုသူ ၂.၅ သန်းအထိ ရှိခဲ့ပါတယ်။ ဒီရုပ်သံဖိုင် ပျံ့နှံ့သွားပြီးတဲ့နောက် သူတို့ကို ကူညီဖို့အတွက် ရန်ပုံငွေ ကောက်ခံခဲ့သလို ပီပီရဲ့ မျက်လုံးကိုလည်း ဆေးရုံမှာ ပြသခွင့်ရရှိခဲ့ပါတယ်။

ဒါ့အပြင် သူတို့ ၂ ဦးကိုလည်း ပိုမို လုံခြုံစိတ်ချရတဲ့နေရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
DVB TV News

ယာဉ်ကြော ကျပ်တည်းမှု လျော့နည်းစေရန် လူကူးခုံးကျော် တံတားများ၊ ကားလမ်းကူး ခုံးကျော်တံတားများကိုလည်း တည်ဆောက်ပေးခဲ့ရာ တာမွေမြို့နယ် ဗညားဒလလမ်း၊ ဦးချစ်မောင်လမ်းနှင့် အရှေ့ မြင်းပြိုင်ကွင်းလမ်းတို့ ပေါင်းဆုံရာ Y ပုံသဏ္ဍာန် ခုံးကျော် တံတားစီမံကိန်းသည် ယခုလကုန်တွင် အပြီးတည်ဆောက် ဖွင့်လှစ်သွား နိုင်မည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။

Y ပုံသဏ္ဍာန် ခုံးကျော် တံတားကြီးကို ၂၀၁၅ ခုနှစ် အောက်တို ဘာ ၁၀ ရက်က စတင်ဖောင်ဒေးရှင်းချ တည်ဆောက်ခဲ့ကြောင်း၊ တံတားအရှည် ဗညားဒလလမ်းမှ ဦးချစ်မောင် လမ်းအတိုင်း အရှည် ၂၈၇၅ ပေ (လေးလမ်းသွား)၊ လမ်းဆုံမှ အရှေ့ မြင်းပြိုင်ကွင်းလမ်းအတိုင်း အရှည် ၁၉၇၂ ပေ(နှစ်လမ်းသွား) စုစုပေါင်း တံတား အရှည်ပေ ၄၈၄၇ ပေရှိကြောင်း သိရသည်။

ဗညားဒလလမ်းမှ ဦးချစ်မောင် လမ်းပိုင်းကို ဧပြီ ၁၃ ရက်က ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိသည်။ ခုံးကျော်တံတား တည်ဆောက်မှုမှာ ယခုအခါ ၉၇ ရာခိုင် နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ တံတားကြီးကို လှည်းတန်းခုံးကျော် တံတား တည်ဆောက်ခဲ့သည့် ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီက တည်ဆောက် နေခြင်းဖြစ်သည်။

Y ပုံသဏ္ဍာန် တံတားကြီးမှာ ရန်ကုန်မြို့တွင် တည်ဆောက်ခဲ့သော ခုံးကျော်တံတားများအနက် အကြီးဆုံးနှင့် အရှည်ဆုံး တံတားကြီးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရခွင့်ပြု ရန်ပုံငွေကျပ် ၂၂ ဒသမ ၅ ဘီလီယံ အကုန်ကျခံ တည်ဆောက်လျက်ရှိနေကြောင်း သိရသည်။ အဆိုပါ ခုံးကျော်တံတား၏ ခွင့်ပြုတန်ချိန် ၇၅ တန်ဖြစ်သည်။

Photo - MOI

The Ladies News Journal

မြန်မာစံတော်ချိန် ဇူလိုင် ၃ ရက် မနက်အစောပိုင်းမှာတော့ ယူရို ၂၀၁၆ ရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်အားလုံးထဲမှာ ပရိသတ်စိတ်အာရုံကို အဖမ်းစားနိုင်ဆုံး ပွဲစဉ်အဖြစ် ဂျာမနီနဲ့ အီတလီတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဂျာမနီကလက်ရှိ ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းမှာ ပါဝင်နေသလို အီတလီကလည်း လက်ရှိချန်ပီယံ စပိန်ကို ရှုံးထွက်အဆင့်မှာ ခြေစွမ်းပြပြီး ဖြုတ်ချထားခဲ့တာပါ။ ပြီးတော့ အီတလီအသင်းဟာ ဒီနှစ်ပြိုင်ပွဲရဲ့ စုဖွဲ့မှု အညီညွတ်ဆုံး အသင်းကောင်း တစ်သင်းအဖြစ်လည်း မှတ် ကျောက်တင်ခံထားရပါပြီ။ ဒီတော့ အခုနှစ်သင်း တွေ့ဆုံမှုဟာ အင်မတန် စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

အီတလီအသင်းဟာ ပြိုင်ပွဲမစခင်က သိပ်ပြီးရေပန်းမစားခဲ့ပါဘူး။ အထူးသဖြင့် လူကောင်း အချို့ကို နည်းပြကွန်တီက ချန်လှပ်ခဲ့တဲ့အပြင် တိုက်စစ်ပိုင်းမှာ လည်း အတွေ့အကြုံအားနည်း ချက်တွေ ရှိနေတာက ထောက်ပြ စရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ ပြိုင်ပွဲ တစ်လျှောက်လုံး အီတလီရဲ့ ခံစစ်အားပြုပြီး စုစုစည်းစည်းနဲ့ တန်ပြန်တိုက်စစ်ဆင်လေ့ရှိတဲ့ ဟန် ချက်ညီမှုဟာ အထင်ကြီးစရာဖြစ်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသားပေးကစားတတ်တဲ့ စပိန်လို အသင်းကိုတောင် လိုသလို ထိန်းချုပ်ပြီး အကြိမ်ကြိမ် ထိုးစစ်ဆင် နိုင်ခဲ့သလို ဂျာမနီအတွက် အဆိပ် ပြင်းလှတဲ့ ပြိုင်ဘက်ဆိုတာ မြင် သာစေခဲ့ပါတယ်။

ဂျာမနီက အဓိကအားထားရတဲ့ တိုက်စစ်မှူး သောမတ်စ် မူလာ ဂိုးမသွင်းနိုင်သေးတာဟာ အဓိကပြဿနာတစ်ခုလို ဖြစ်နေတယ်။ ပြိုင်ဘက်တွေကို ကွင်းလယ်အသာစီးနဲ့ ထိန်းချုပ်ထား ပေမယ့် တိုက်စစ်နဲ့ ကွင်းလယ် ကြား ဆက်စပ်ရာမှာ လိုအပ်ချက် တွေ ရှိနေပါသေးတယ်။ ရှုံးထွက် အဆင့်မှာ ဆလိုဗက်ကီးယားကို သုံးဂိုးပြတ် အနိုင်ရချိန်မှာတော့ နည်းပြဂျိုအာချင်လိုဟာ ဂျာမနီရဲ့အားနည်းချက်အချို့ကို ဖာထေး လာနိုင်ပြီလို့ ယူဆရပါမယ်။ ဂျာမနီက တစ်ဦးချင်း ပိုသာပေမယ့် အသင်းလိုက် စုစည်းမှုမှာတော့ အီတလီက ပြိုင်ပွဲဝင်အသင်းအားလုံးထဲမှာ အကောင်းဆုံးပါ။

ဒီနှစ်သင်းတွေ့ဆုံမှုမှာ ထူးခြားတဲ့ တစ်ချက်က အစဉ်အလာ ပိုင်းအရ ပြိုင်ပွဲကြီးတွေမှာ အီတလီက အသာစီးရလေ့ရှိခြင်းပါ။ မတ်လတုန်းက ခြေစမ်းပွဲမှာ ဂျာမ နီက ၄-၁ ဂိုးနဲ့ အပြတ်အသတ်နိုင်ထားပေမယ့် ယူရို ၂၀၀၆၊ ၂၀၁၂ ကမ္ဘာ့ဖလားတွေမှာ နာမည်ပိုကြီး တဲ့ ဂျာမနီက အီတလီကို အရေး နိမ့်ထွက်ခွာခဲ့ရတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ တွေ့ဆုံတိုင်း အီတလီက အနိုင်နဲ့ သရေချည်း ရလဒ်ထွက်ခဲ့တာ သ တိပြုရမယ့် အချက်ပါ။ ဒီအစဉ်အလာဟာလည်း အခုပွဲစဉ်အပေါ် ရိုက်ခတ်လာနိုင်ပါတယ်။ နှစ်သင်းစလုံး ဥရောပရဲ့ အတောင့်တင်းဆုံး အသင်းတွေဖြစ်တာ ကြောင့် တစ်ဖက်ဖက်က ပြတ် ပြတ်သားသား အသာစီးယူဖို့ မဖြစ်နိုင်ပါဘူး။

အစဉ်အလာအရ အီတလီကို ပိုသဘောကျမိပါတယ်။

၃-၇-၂၀၁၆ (တနင်္ဂနွေနေ့)
နံနက် ၀၁း၃၀ အီတလီ-ဂျာမနီ

============

7Day News Journal

ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ က တရားလိုပြုလုပ်တိုင်ကြားထား သည့် မုန်းဝန်းတရုတ်ဘာသာဖြင့် မဲဆွယ်ခဲ့သည့်အမှုကို ဇူလိုင်တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

နမ့်စန်မြို့နယ် အတွင်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မဲ ဆွယ်ကာလ၌ ဦးလျှောက်အန်းယု ဆိုသူက မုန်းဝန်း တရုတ်တံဆိပ် နှင့် ပြည်ခိုင်ဖြိုးပါတီ တံဆိပ်ပူးတွဲ ကာ ‘‘မုန်းဝန်း တရုတ်မှန်သမျှ ခြင်္သေ့ပါတီကို မဲထည့်ကြ’’ ဟု အဓိပ္ပာယ်ရသည့် စာသားများကို မုန်းဝန်းတရုတ်ဘာသာစကားဖြင့် ရေးသားဖြန့်ဝေခဲ့ပြီး ပုံနှိပ်ထုတ် ဝေခွင့်မပါရှိ၍ ကော်မရှင် ဥပဒေ ပုဒ်မ အခန်း (၁၃) ပုဒ်မ ၅၈ (ဂ) ဖြင့် နမ့်စန်မြို့နယ် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်က တရားလိုပြု လုပ်ပြီး တရားစွဲဆိုထားခြင်းဖြစ် သည်။

‘‘ရုံးချိန်းပေါင်း ၂၀ ကျော် လောက်ရှိပါပြီ။ အပြစ်ရှိတယ်ဆို တဲ့ စွဲချက်အမိန့်လည်း တင်ပြီး သွားပြီ။ အခုလာမယ့် လထဲမှာ အပြီးသတ်စီရင်ချက်ချသွားဖို့ရှိ တယ်ဆိုပြီး မြို့နယ်တရားရုံးကနေ ကျွန်တော်တို့ကို အကြောင်းကြား လာတာပါ’’ဟု နမ့်စန်မြို့နယ် ဒီ ချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်ကပြော သည်။ အဆိုပါ အမှုရုံးချိန်းကိုခုနစ် လကျော်ကြာ ရုံးချိန်းပေါင်း ၂၀ ခန့် စစ်ဆေးခဲ့ပြီးနောက် အပြီး သတ် အမိန့်ချမှတ်ရန် ပြင်ဆင် နေခြင်းဖြစ်သည်ဟု ဦးနေဇော် နိုင်ကပြောသည်။

ပုံနှိပ်ထုတ်ဝေခွင့်မရှိဘဲ ဦးလျှောက်အန်းယု ဆိုသူက ယင်း စာသားများကို ဖြန့်ဝေခဲ့ပြီး ကွတ် ခိုင်တာမိုးညဲ မုန်းဝန်းဗဟိုအဖွဲ့မှ ပေးပို့လာ၍ ပြန်လည်ဝေမျှပေး ခြင်းဖြစ်သည်ဟု ဦးလျှောက်အန်း ယုက တရားခွင်အတွင်း ထွက်ဆို ထားသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပြဋ္ဌာန်းချက် အခန်း (၁၃) ပုဒ်မ ၅၈(ဂ) တွင် လူမျိုးတစ်မျိုး ကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ ခုတုံးလုပ်၍ မဲဆွယ်ခြင်း၊ စည်းရုံး ခြင်း၊ ဟောပြောခြင်းမပြုလုပ်ရန် ဖော်ပြထားပြီး ယင်းသို့တားမြစ် ခြင်းကို ကျူးလွန်ဖောက်ဖျက်ပါ က ကျူးလွန်သူအား ငွေဒဏ်တစ် သိန်းကျပ် (သို့မဟုတ်) ထောင် ဒဏ် တစ်နှစ်ကျခံစေရန် ဖော်ပြ ထားသည်။

============

7Day News Journal


Ms Yanghee Lee ရဲ့ ၁၂ ရက်ကြာ မြန်မာပြည်ခရီးစဉ်အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ။
Ms Yanghee Lee ရဲ့ ၁၂ ရက်ကြာ မြန်မာပြည်ခရီးစဉ်အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ။

မြန်မာ့အစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ စစ်အစိုးရလက်ထက်မှာ အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ဗျူရိုကရေစီ ယန္တယားကြား အားပြိုင်မှုတွေရှိနေတာကြောင့် အတွေးအခေါ်ပြောင်းလဲမှုတွေပါ အချိန်ယူပြီး ပြောင်းလဲဖို့ လိုအပ်နေတယ် လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee က ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် မှာဖြစ်ပွားနေ တဲ့ နိုင်ငံသား စိစစ်ရေးနဲ့ ပတ်သက်လို့ အစိုးရ အနေနဲ့ ဒေသခံတွေ နဲ့ သေချာဆွေးနွေး သင့်ကြောင်း ထောက်ပြပြောဆိုလိုက်ပါတယ်။ Ms Yanghee Lee ရဲ့ ၁၂ ရက်ကြာ မြန်မာပြည်ခရီးစဉ်အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ VOA သတင်းထောက် မသိင်္ဂီလင်း က ပြောပြပေးပါ့မယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ ကို လေ့လာဖို့ ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ရဲ့ ခရီးစဉ်ဟာ ဒီနေ့မှာပဲ ပြီးဆုံးပြီဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း ဥပဒေပြုလွှတ်တော်ကို သွားရောက်လေ့လာတဲ့အခါ မြန်မာ့အစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ စစ်အစိုးရ လက်ထက် အဆက်ဆက်တည်ဆောက်ခဲ့တဲ့ ဗျူရိုကရေစီ ယန္တယား ကြား အားပြိုင်မှုတွေ ကို တွေ့ရှိခဲ့တာကြောင့် အတွေးအခေါ်ပိုင်း ဆိုင်ရာပြောင်းလဲမှုတွေ လိုအပ်နေတယ်လို့ Ms Yanghee lee က အခုလို ပြောဆိုလိုက်ပါတယ်။

"အရပ်သားအစိုးရ ဦးဆောင်မှုနဲ့ စစ်အစိုးရလက်ထက် အရိုးစွဲလာတဲ့ ဗျူရိုကရေစီယန္တယားကြား ပြင်းထန်တဲ့ အားပြိုင်မှုတွေရဲ့ ရလဒ်အဖြစ် မူဝါဒနဲ့ ချဉ်းကပ်နည်းတွေ ဒွန်တွဲနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဟန့်တားထားတဲ့ မူဘောင်ထဲမှာ ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်နိုင်ဖို့ စိန်ခေါ်မှုတွေရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒီ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက်ကတော့ အပြုအမူနဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ ဒီပြောင်းလဲမှုအတွက် အချိန်ယူရမယ်ဆိုပေမယ့် ဦးစားပေးဖို့ အရေးကြီးပါတယ်။"

Ms Yanghee Lee ဟာ အုပ်ချုပ်ရေးကဏ္ဍနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနတွေရဲ့ ရက် ၁၀၀ စီမံချက်တွေကိုလည်း သွားရောက်လေ့လာခဲ့တာပါ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကြိုတင်အကြောင်းကြားမှုမရှိတာကို ဒေသခံတွေဆီကနေ ပြန်ကြားရတာကြောင့် အစိုးရအနေနဲ့ လုပ်ငန်းစဉ် မစတင်မီ ဒေသခံတွေနဲ့ သေချာဆွေးနွေးသင့်တယ်လို့ Ms Yanghee Lee က အခုလို ထောက်ပြပြောဆိုလိုက်ပါတယ်။

"ကျမ ရခိုင်ပြည်နယ်ကို သွားတဲ့အခါမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတွက် ကြိုတင်အကြောင်းကြားမှုမရှိဘူးလို့ တင်ပြကြပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဒီလုပ်ငန်းစဉ်လုပ်မယ်ဆိုရင် စိစစ်ခံရမယ့် လူ့အဖွဲ့အစည်းတွေ နဲ့ သေချာဆွေးနွေးထားဖို့ လိုအပ်ပါတယ်။ စိစစ်ခံရမယ့်သူတွေအနေနဲ့ ဘယ်တော့ စိစစ်ခံရမယ်၊ ဘယ်တော့ ရလဒ်ကို ပြန်သိရမယ် စသဖြင့် တိကျတဲ့အချိန်သတ် မှတ်ချက်ထားရှိဖို့ လိုအပ်ပါတယ်။"

တဆက်တည်းမှာပဲ မြန်မာအစိုးရဘက်က ရခိုင်ပြည်နယ်အတွင်း လူ့အသိုင်းအဝိုင်း ၂ ခုကြား ပြသနာတွေ ပိုပြီး မရှုပ်ထွေးလာအောင် “ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်း”လို့ ပြောင်းလဲ ခေါ်ဝေါ်ဖို့ ကုလသမဂကို တိုက်တွန်းထားပေမယ့် Ms Yanghee Lee ကတော့ နိုင်ငံတကာ လူ့အခွင့်အရေးကာကွယ်သူတစ်ယောက်အနေနရဲ့ သူ့ရဲ့သဘောထားနဲ့ အခေါ်အဝေါ်ကို ပြောင်းလဲမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အမုန်းစကားပြန့်ပွားရေးနဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပကတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေတယ်လို့လည်း Ms Yanghee Lee က ပြောပါတယ်။ လတ်တလောဖြစ်ပွားခဲ့တဲ့ သူရဲသမိန်ကျေးရွာက ပဋိပက္ခနဲ့ပတ်သက်လို့ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ မှားယွင်းတယ်လို့ အခုလို ပြောပါတယ်။

"အစိုးရအနေနဲ့ ဖြစ်ရပ်ကို သေချာစုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူကို အမြန်အရေးယူဖို့ အရေးကြီးပါတယ်။ အစိုးရအနေနဲ့ ဗုဒဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြား အခြေအနေပိုဆိုးလာမှာ စိုးရိမ်လို့ အရေးမယူတာဟာ မှားယွင်းတဲ့လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အပြစ်ကျူးလွန်တဲ့ မည်သူကိုမဆို တရားဥပဒေနဲ့ အညီအရေးယခြင်းအားဖြင့် လူနည်းစု လူမျိုးနဲ့ဘာသာဝင်တွေအပေါ် အကြမ်းဖက်မှုတွေ မရှိအောင် ဆောင်ရွက်ရပါမယ်။"

တချိန်တည်းမှာပဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေဟာ တိုးတက်မှုမရှိလာသလို၊ တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာလည်း ရှိမြဲပဲဖြစ်တယ်လို့ Ms Yanghee Lee က ပြောပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် လိုအပ်ချက်တွေ အများကြီးရှိနေသေး တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးပါဝင်တဲ့ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပတဲ့အခါ နိုင်ငံရေးအရတင်မကဘဲ လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေလည်း ရှိဖို့လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်းကြီးတွေဆောင်ရွက်ရာ မှာလည်း ဒေသခံပြည်သူတွေရဲ့ အသံကို နားထောင်ဖို့လည်း Ms Yanghee Lee က အကြံပြုပါတယ်။

Ms Yanghee Lee ရဲ့ခရီးစဉ်ဟာ လေးကြိမ်မြောက် မြန်မာနိုင်ငံခရီးဖြစ်ပြီး NLD အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ်ရောက်လာတာလည်းဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ တွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေတွေကို စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာတင်သွင်းသွားမှာဖြစ်ပါတယ်။
VOA Burmese News



Bangladesh စားသောက်ဆိုင် IS တွေ ဓါးစာခံ ဖမ်းဆီး တိုက်ခိုက်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက်ကာမြို့တော်မှာ ရှိတဲ့ စားသောက်ဆိုင်တခုကို တိုက်ခိုက်ပြီး လူပေါင်း ၂၀ ထက်မနည်း ဓါးစာခံအဖြစ် ဖမ်းဆီးထားတာဟာ သူတို့ လက်ချက်လို့ IS စစ်သွေးကြွတွေက ပြောပါတယ်။ အဲဒီ့တိုက်ခိုက်မှုမှာ လူပေါင်း ၂၀ ကျော် သေဆုံးခဲ့တယ်လို့လည်း စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ Amaq သတင်းဌာနက ပြောပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ရဲတွေကတော့ ရဲအရာရှိ ၂ ဦးပဲ သေဆုံးခဲ့တယ်လို့ ပြောခဲ့ပြီး သူတို့ဟာ ဓါးစာခံအဖြစ် အဖမ်းခံနေရသူတွေ လွတ်မြောက်ရေး ကြိုးပမ်းနေတယ် လို့ ပြောပါတယ်။

သောကြာနေ့ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၂၀ လောက်မှာ ဒက်ကာမြို့တော်က သံတမန်ရပ်ကွက်မှာ ရှိတဲ့ Holey Artisan Bakery ဆိုင်ထဲကို သေနတ်သမား ၈ ဦး ၉ဦးလောက် ဝင်ရောက်လာတယ်လို့ ရဲကပြောပါတယ်။အခုထိ ဆိုင်ထဲမှာ ပိတ်မိနေသူတွေထဲမှာ နိုင်ငံခြားသား အများအပြား ပါနေတာ ဖြစ်ပါတယ်။

ရဲက အဲဒီနေရာတဝိုက်မှာ ဝိုင်းထားလိုက်ပြီး ဖေါက်ခွဲရေး ပစ္စည်းတွေနဲ့ စတင်ပစ်ခတ်တဲ့ တိုက်ခိုက်သူတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြ ပါတယ်။ ညသန်းကောင်အချိန်လောက်မှာတော့ စားသောက်ဆိုင်ဝန်းကျင်မှာ ပစ်ခတ်မှုတွေ ရပ်ဆိုင်းသွားပုံရပါတယ်။ ရဲတွေက စစ်သွေးကြွတွေနဲ့ ဆက်သွယ်ဖို့ ကျိုးစားခဲ့ပြီး သူတို့ဘာကို လိုချင်တယ် ဆိုတာကို သိရအောင်လုပ်နေတယ်လို့ RAB လုံခြုံရေးဆိုင်ရာ အထူးတပ်ရင်းအကြီးအကဲက ပြောပါတယ်။

အခုလို ဓါးစာခံ ဖမ်းဆီးထားတဲ့ အနေထားရောက်နေတာ မှန်ကန်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုခဲ့ပါတယ်။ လွတ်မြောက်လာတဲ့ မုန့်ဖုတ်သမား အလုပ်သမားတဦးကတော့ သေနတ်သမားတွေဟာ ဓါးစားခံတွေ အဖြစ်မဖမ်းဆီးခင်မှာ Allah Akbar -သူတို့ ဘုရား အမြင့်မြတ်ဆုံး ဖြစ်ကြောင်း အော်ဟစ်ခဲ့တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မကြာခင် လတွေအတွင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီး အများအားဖြင့် ဘလော့ဂါတွေ၊ လူနည်းစု ဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှု အများအပြားကို အိန္ဒိယတိုက်က အယ်လ်ကိုင်းဒါးအဖွဲ့ AQIS က လုပ်ဆောင်တာလို့ ကြေညာခဲ့ပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မန္တလေးတိုင်း ဒေသကြီး  တောင်သာမြို့နယ် ----------အခြေခံပညာ မူလတန်းကျောင်းမှ စတုတ္ထတန်းကျောင်းသူ မ-------------ကို ကျောင်းအုပ်ဆရာမကြီးက ထန်းလက်ပြားတုတ်ဖြင့် အချက်ပေါင်းများစွာ ရိုက်ခဲ့၍ ဇူလိုင်၁ရက် ညနေပိုင်းက ဆေးရုံသို့တင်ပို့ ကုသခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁ရက် နံနက်ပိုင်း ပထမစာသင်ချိန်၌ အိမ်စာအဖြစ် တွက်လာသော သချာင်္ပုဒ်စာများ အမှားများနေ၍ အခြားကျောင်းသူတစ်ဦးနှင့် မ----------------တို့နှစ်ဦးကို ဆရာမကြီးမှ ရိုက်ခဲ့ကြောင်း။

မုန့်စားကျောင်းဆင်း ပြန်တက်ရာ ဘဝတွက်တာဘာသာရပ်သင်ချိန်၌ ကလေးဗဟိုပြုသင်ကြားနည်းအရ တပည့်များကို ခုံသုံးခုံအား ပတ်ပြေးစေခဲ့ရာ မ----------၏ မျက်နှာမှာညှိုးငယ်နေသည်ကို သတိထားမိ၍ ကျန်းမာရေး အခြေအနေကြောင့် ရုံးခန်းထဲနားစေခဲ့ကြောင်း။


ထို့နောက် ဆရာမကြီးက မိဘများထံ အကြောင်းကြား၍ အိမ်သို့ပြန်ခေါ် သွားခဲ့ပြီး နေအိမ်အရောက်တွင် မိဘများက သမီးဖြစ်သူ၏ ခြေသလုံး ။ ပေါင် ။ ခါးတို့၌ ဒဏ်ရာများတွေ့ရ၍ ကျောင်းသားမိဘများနှင့် ကျောင်းကော်မတီများက ကလေးနှင့်အတူ ညနေပိုင်း၌ မြို့နယ်ပညာရေးမှူးရုံးသို့ သွား၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပညာရေးမှူးရုံး၌ ပညာရေးမှူးက ကလေး၏ ဒဏ်ရာကို ကိုင်ကြည့်ရာ မခံနိုင်ဘဲဖြစ်နေ၍ ဆေးရုံသို့ပြသရန် လမ်းညွှန်ခဲ့ကြောင်း။ တာဝန်ကျဆရာဝန်၏ စမ်းသပ်မှုအရ ညိုမဲဒဏ်ရာသည် အတွင်းသွေးကြော ထိခိုက်နိုင်ခြေ ရှိမရှိ ကို နှစ်ရက်ခန့် စောင့်ကြည့်ရန် လိုအပ်၍ ဆေးရုံ၌ ကုသနေခြင်း ဖြစ်ကြောင်းသိရသည်။

ညပိုင်းတွင် ဆရာမကြီးက ဆေးရုံတက်ရောက်နေသော တပည့်ဖြစ်သူနှင့် မိဘများထံ သွားရောက်တွေ့ဆုံခဲ့ပြီး မိမိလုပ်သက်ကာလ တစ်ခါမျှမဖြစ်ဘူးခဲ့ကြောင်း။ ယခင်က လူမှုရေးသာသင်ပြခဲ့ပြီး ယခုမှ သချာင်္ဆရာမပြောင်းသွား၍ အစားဝင် သင်ပေးခဲ့ကာ တတ်စေချင်၍ မှားရမလား ဆိုသည့်စိတ်ဖြင့် ရိုက်မိခဲ့ကြောင်း။
ယခုကဲ့သို့ ဖြစ်ခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ခဲ့ရပြီး မိဘနှင့်ကျောင်းကော်မတီများအား ဖြစ်စဉ်များအပေါ် တောင်းပန်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အပေါ် မြို့နယ်ပညာရေးမှူးက ဆရာမကြီးအား ချက်ချင်းအကြောင်းကြား ခေါ်ယူလျက်မည်သို့ပင် စေတနာဖြင့် ရိုက်နေစေကာမူ ကလေး၏ ခံနိုင်ရည် နုနယ်ချိန်နှင့် စိတ်ဒဏ်ရာများဖြစ်သွားကာ ဆရာတပည့် ဆက်ဆံရေး တင်းမာစေကြောင်း။ ဆရာဆိုတာ ကျေးရွာ၏ အတိုင်ပင်ခံသာဖြစ်ရန်နှင့် အတိုင်ခံ ဆရာများမဖြစ်စေရန် အမြဲမှာကြားခဲ့ကြောင်းပြောခဲ့ပြီး တိုင်ကြားမှုအပေါ် ဆက်လက် စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

Htun Lin Media - Taungtha
https://www.facebook.com/tunlinmedia/

 အစ္စရေး စစ်သား နောက်ထပ် ရာချီပြီး ဟီဘရွန်မှာ နေရာချ။
အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေ ဒေသက ဟီဘရွန်မြို့မှာ လူ အသေအပျောက် ဖြစ်ခဲ့တဲ့ အထိ တိုက်ခိုက်မှုတွေ ၂ ရက်ကြာ ဖြစ်ပေါ် လာခဲ့တဲ့နောက် အခုဆိုရင် တမြို့လုံးကို အစ္စရေး အစိုးရက ပိတ်ချ လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် အစ္စရေး စစ်သား ရာဂဏာန်း တချို့ကိုလည်း ဟီဘရွန်မြို့မှာ နေရာ ချထားလိုက်ပြီး ပါလက်စတိုင်း အာဏာပိုင်တွေဆီ လွှဲပြောင်း ပေးရမယ့် အခွန် ငွေတွေကိုလ ည်း လွှဲ မပေးပဲ ထိန်းချုပ် လိုက်ပါတယ်။

ပါလက်စတိုင်း သေနတ်သမား တစ်ဦးရဲ့ လက်ချက်နဲ့ အစ္စရေး အမျိုးသား တစ်ဦး သေဆုံးပြီး၊ သူ့ရဲ့ ဇနီးသည်နဲ့ ကလေး နှစ်ယောက် ဒဏ်ရာ ရခဲတဲ့နောက် အခုလို အခြေအနေ မျိုး ဖြစ်ပေါ် လာတာပါ။

ကြာသပတေး နေ့ တုန်း ကလည်း ဂျုး အခြေစိုက် အိမ်ယာ တစ်ခုမှာ ဆယ်ကျော်သက် အရွယ် ပါလက်စတိုင်း တစ်ဦးက ဓားနဲ့ ထိုး တိုက်ခိုက် ခဲ့လို့ အမေရိကန်နဲ့ အစ္စရေး နှစ်နိုင်ငံသား ခံယူထားတဲ့ ၁၃ နှစ် အရွယ် မိန်းကလေး တစ်ဦး နေအိမ် အိပ်ခန်းထဲမှာပဲ သေဆုံး ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ရဲ တစ်ဦး သေဆုံးကြောင်း အတည်ပြုထား။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါ့ကားမှာ သေနတ်သမားတွေက ကဖေးဆိုင် တစ်ခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ပြီး၊ အထဲမှာ ဓားစာခံ တချို့ကို ဖမ်းဆီး ထားပါတယ်။

နိုင်ငံခြားသား အယောက် ၂၀ လောက်ထိ ဖမ်းဆီး ခံထားရတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါ့ကား မြို့စွန် လူချမ်းသာ ရပ်ကွက် တစ်ခုထဲက ကဖေး ဆိုင်ကို သေနတ်တွေ၊ ဓားတွေ ကိုင်ဆောင် ထားတဲ့ လူငယ် ၈ ယောက် ဝန်းကျင် တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ မျက်မြင် သက်သေ တစ်ဦးက ပြောပါတယ်။

အဲဒီ့ သူတွေဟာ ဗုံးတွေ ခွဲခဲ့သလို၊ သေနတ်တွေနဲ့လည်း ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ် အတည် ပြု ထား နိုင်သမျှ ရဲ တစ်ဦး သေဆုံး ခဲ့ပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ဒီ တိုက်ခိုက် မှုရဲ့ နောက်ကွယ်မှာ သူတို့ ရှိတယ်လို့ ပြောပါတယ်။

တကယ်သာ IS အဖွဲ့ တိုက်ရိုက် ပတ်သက် နေတယ် ဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ တိုက်ခိုက်မှုတွေကို အကြီးအကျယ် အရှိန်မြှင့် ပြုမူ ကျူးလွန် လာတာပဲလို့ ဘီဘီစီရဲ့ တောင်အာရှ ရေးရာ အယ်ဒီတာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစုဝင တစ်ဦးချင်းစီ အပေါ် အစ္စလာမ်မစ် စစ်သွေးကြွ တွေလို့ ယူဆ ရသူတွေက ပစ်မှတ် ထား တိုက်ခိုက် နေတာ ကနေ အခုလို အခြေအနေ မျိုးထိ ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံ တွေ့ရှိချက် ရှင်းလင်း။ (ဇူလိုင် ၁-၂၀၁၆)
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ် နဲ့ အရင်အစိုးရ အဆက်ဆက်ဆီကနေ အမွေ ခံယူခဲ့ရတဲ့ ဗျူရိုကရေစီယန္တယားကြားမှာ တကယ့်ကို တင်းမာမှု ရှိနေပြီးတော့ အဲ့ဒီ့အခြေအနေကြောင့် မူဝါဒပိုင်းနဲ့ ချဉ်းကပ်မှုပိုင်းမှာ မကြာခဏဆိုသလို နှစ်မျိုး ကွဲပြားနေတာ လေ့လာတွေ့ရှိခဲ့ရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလအထူးစုံစမ်းစစ်ဆေးရေးမှူး Ms Yanghee Lee ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနည်းကျ လုပ်နည်းလုပ်ဟန်တွေ၊ လူ့အခွင့်အရေး လေးစား လိုက်နာမှုကို ဟန့်တား ဖြစ်စေတဲ့ အဖွဲ့အစည်း ဘောင်ထဲကနေ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး ကောင်းမွန်စေဖို့ ကြိုးစားတာမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကိုလည်း သူလေ့လာတွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

သက်တမ်းနုလှသေးတဲ့ အစိုးရသစ်လက်ထက် တိုင်းပြည်မှာ အလားအလာ ကောင်းတွေ အများကြီးရှိနေပြီး လူတွေရဲ့ အကောင်းမြင်မျှော်လင့်ချက်တွေ ဘယ်တုန်းကနဲ့မှ မတူအောင် မြင့်မားနေတာကို အသိအမှတ်ပြုတဲ့ တချိန်တည်းမှာပဲ လူ့အခွင့်အရေး အခြေအနေ ပိုပြီးတော့ တိုးတက်ကောင်းမွန်လာဖို့ လုပ်စရာတွေ အများကြီး ရှိနေသေးတာကိုလည်း Ms Yanghee Lee က ထောက်ပြထားပါတယ်။

Ms Yanghee Lee ဟာ ၁၂ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ် ဒီကနေ့မှာပဲ သူရဲ့ ကနဦး လေ့လာတွေ့ရှိချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



လုံးခင်းရွာက ဖားကန့်မြို့နယ် အတွင်းမှာရှိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း လုံးခင်း ကျေးရွာအုပ်စု ရွာတစ်ရွာက အစ္စလာမ် ဝတ်ပြု အဆောက် အဦ တစ်ခုကို လူအုပ်စု တစ်စုက ဇူလိုင်လ ၁ ရက်နေ့ သောကြာနေ့က သွားရောက် ဖျက်ခဲ့ကြ ပါတယ်။

ရွာ အထွက်က တံတားနားမှာ ရှိတဲ့ အဲဒီ အဆောက်အဦကို ညနေ ၃ နာရီလောက်က လူစုလူဝေးကြီးက သွားရောက် မီးရှို့ခဲ့တာဖြစ်ပြီး ရုန်းရင်းဆန်ခတ်လည်း ဖြစ်ခဲ့တယ်လို့ အဲဒီကို ကိုယ်တိုင်သွား ကြည့်ခဲ့သူ ရွာခံ ကိုနောင်လတ်က ဘီဘီစီကို ပြောပါတယ်။

မွတ်ဆလင် ဝတ်ပြုဆောင်ဟာ ခွင့်ပြုချက်မရဘဲ ဆောက်ထားတာ ဖြစ်တဲ့ အတွက် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့ စည်ပင်သာယာနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက အစ္စလာမ် အသိုင်းအဝိုင်းက လူကြီးတွေကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း လုံးခင်း ရဲစခန်း တာဝန်ကျ ရဲမှူးက ပြောပါတယ်။

ဆောက်လုပ်ထားသူတွေက ကိုယ်တိုင် မဖျက်နိုင်ကြောင်းနဲ့ သက်ဆိုင်ရာက လာဖျက်နိုင်တယ်လို့ ပြောထားပြီးချိန်မှာအခုလို လူစုလူဝေးနဲ့ သွားဖျက်ကြတာ ဖြစ်ပါတယ်။

တုတ်တွေ ဓါးတွေ ကိုင်ဆောင်လာကြတဲ့ ဖျက်ဆီးသူတွေက အဆောက်အဦကို ဓာတ်ဆီလောင်း မီးရှို့တာတွေ လုပ်ခဲ့ပြီး မီးသတ်ကားတွေကိုလည်း ဝင်ခွင့် မပေးဘူးလို့ ရွာခံ ကိုနောင်လတ်က ပြောပါတယ်။

အလံတွေကိုင်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်သူတွေဆိုရင် လာရောက် ဖျက်ကြဖို့ အသံချဲ့စက်တွေနဲ့ အော်ခေါ် နေကြသူတွေက ဦးဆောင် ဖျက်ခဲ့တာ ဖြစ်ပြီး လုံးခင်းသားတွေ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

လုံးခင်းမှာ နေထိုင်လာခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ် နီးပါး အတွင်းမှာ အခုလို ဖြစ်ရပ်မျိုး လုံးဝ မဖြစ်ဖူးကြောင်းလည်း ကိုနောင်လတ်က ပြောပါတယ်။

အယောက် ၅၀ လောက်ရှိတဲ့ ရဲတွေက အခင်း ဖြစ်တဲ့နေရာကို ချက်ချင်း ရောက်လာကြပေမယ့် ရုန်းရင်းဆန်ခတ် ဖြစ်တာကိုတော့ တားဆီးနိုင်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

လုံးခင်း ရဲစခန်း တာဝန်ကျ ရဲမှူးကလည်း လူစုအင်အားက ကြီးမားပြီး ရဲအင်အား နည်းတဲ့ အတွက် လက်နက် အင်အားသုံးမယ်ဆိုရင်လည်း လူတွေ သွေးထွက် သံယိုဖြစ်မှာ စိုးလို့ ဝင်ထိန်းဖို့ မဖြစ်နိုင်ခဲ့ကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ မီးရှို့ ဖျက်ဆီးခဲ့ရာနေရာမှာ အေးအေးဆေးဆေး ရှိနေပြီဖြစ်ကြောင်း လုံးခင်းရဲစခန်းက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


Wales အသင်း အောင်ပွဲခံနေစဉ်။
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူရို၂၀၁၆ ဥရောပဖလားဘောလုံးပွဲ မှာတော့ ဝေးလ်စ်အသင်း အကြိုဗိုလ်လုပွဲတက်သွားပါပြီ။ Lille မြို့မှာ ဒုတိယ ကွာတားဖိုင်နယ်ကို သောကြာနေ့က ကစားခဲ့တာမှာ ဝေးလ်စ်အသင်းက ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေရှိတယ်လို့ တစ်ပေးခံထားရတဲ့ ဘယ်လ်ဂျီယမ်အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး အကြိုဗိုလ်လုပွဲကို တက်သွားတာဖြစ်ပါတယ်။


ပွဲစပြီး ၁၃ မိနစ်မှာ ဘယ်လ်ဂျီယမ်က နိုင်ဂိုလန် (Nainggolan) ဂိုးအရင်သွင်းခဲ့တာကြောင့် ဘယ်လ်ဂျီယမ်က ရှေ့ကဦးဆောင်ခဲ့တာပါ။ ဒါပေမဲ့ ဝေးလ်စ်အတွက် ချေပဂိုးကို အသင်းခေါင်းဆောင် Williams က ၃၁ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။

ဝေးလ်စ်အတွက် ဒုတိယဂိုးကို ၅၅ မိနစ်မှာ ရှေ့တန်းလူ Robson-Kanu က ဂိုးရှေ့ မှာ ဘယ်ဂျီယမ်နောက်တန်းလူတွေကို လိမ်ခေါက်သွင်းခဲ့တာဖြစ်ပြီး၊ တတိယဂိုးကိုတော့ ၈၅ မိနစ်မှာ Vokes က ခေါင်းတိုက် သွင်းပြီး နောက်ဆုံး မှာ ဝေးလ်က ၃ ဂိုး ၁ ဂိုး နဲ့နိုင်ပြီး အကြိုဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဝေးလ်စ်နည်းပြ Chris Coleman ကတော့ - “သူတို့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာဖြစ်တယ်” လို့ ပွဲအပြီးမှာ ပြော လိုက်ပါတယ်။ ဝေးလ်စ်အသင်းဟာ အကြိုဗိုလ်လုပွဲ မှာတော့ ပေါ်တူဂီ နဲ့ ကစားရမှာဖြစ်ပါတယ်။

ဝေးလ်စ်အသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင် နိုင်ငံတကာပြိုင်ပွဲကို နောက်ဆုံးအကြိမ် ကစားခဲ့တာက ၁၉၅၈ ကမ္ဘာ့ဖလားမှာဖြစ်ပြီး၊ အဲဒီတုန်းက ကွာတားဖိုင်နယ်အဆင့်ကိုပဲ ရောက်ခဲ့တာပါ။ ဒါကြောင့် ၊ ဒီဥရောပဖလား ကတော့ ဝေးလ်စ်အသင်းရဲ့ နိုင်ငံတကာပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံး လို့ ပြောရမှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့မနက် ၁ နာရီခွဲမှာတော့ ကမ္ဘာ့ချန်ပီယံ ဂျာမနီ နဲ့ အီတလီတို့ တတိယကွာတားဖိုင်နယ် ကစားကြမှာဖြစ်ပါတယ်။

 ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဆိုရေးရှိက ဆိုရပေအုံးမည်။

NLD အစိုးရတက်လာပြီး ၃လခန့်အတွင်း ဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသော ဘာသာရေးနှင့်ဆက်နွှယ်သည့် ပြသနာများဆက်တိုက်ပေါ်လာနေသည်။ အစိုးရအဖွဲ့အားမူဝါဒများချမှတ်ထိန်းမောင်းပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေးအား အလွန်အလေးထားသူဖြစ်ပြီး ကိုယ်တိုင်လဲ ပြီးခဲ့သည့်အစိုးရလက်ထက် လွှတ်တော်တွင် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌဖြစ်ခဲ့သည်။ ပြသနာအားလုံးကို ဥပဒေစိုးမိုးရေးရှုထောင့်မှ ကြည့်မြင်ပြီး မျှတစွာသုံးသပ် ပြောဆိုလုပ်ဆောင်တတ်သူဖြစ်သည်မှာအားလုံးအသိ။ Rule of law ဆိုသည့်စကားကို ယခင်ကလုံးဝ မသုံးစွဲခဲ့သည့်နိုင်ငံမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကိုယ်တိုင်နှင့် သူ့အစိုးရသည်ပင် rule of law ဆိုသည့်စကားကို ဒေါ်အောင်ဆန်းစုကြည်သုံးစွဲသည့်အတိုင်း တွင်တွင်ကျယ်ကျယ်လိုက်လံသုံးစွဲခဲ့ကြရသည်အထိဖြစ်ခဲ့သည်။

ယခုအခါအစိုးရ၏ ပထမဦးစားပေးမှာ ၂၁ရာစုပင်လုံညီလာခံကြီးဖြစ်သည်။ အဲသည်အတွက် အစိုးရသည်အားသွန်ခွန်စိုက်လုပ်ဆောင်နေရင်း အခြားပဋိပက္ခဟူသမျှကို သတိကြီးစွာရှောင်ရှားလုပ်ဆောင်နေသည့် သဘောရှိသည်။ သို့သော် ငြိမ်းချမ်းရေးကဲ့သို့ high priority ကိစ္စများကို ဦးစားပေးဆောင်ရွက်နေရသဖြင့် သာမာန်ပြည်သူများ၏ နေ့တဓူဝဘ၀အားထိခိုက်စေသည့် အောက်ခြေပဋိပက္ခများကို လျစ်လျူရှုထား၍မရပေ။ အောက်ခြေမှာ ဥပဒေစိုးမိုးမှု၊ တရားမျှတမှုကင်းမဲ့လျှင် ထိပ်ပိုင်းတွင် သဘောတူညီချက်မှရရှိသည့် ငြိမ်းချမ်းရေးသည် အနှစ်သာရကင်းမဲ့နေမည်။

ဥပမာ NLD အစိုးရတာဝန်စယူသည့် April လအတွင်းမှာ အိပ်မက်အရဟုဆိုကာ မြိုင်ကြီးငူဆရာတော် ဦးသုဇနညွှန်ကြားချက်ဖြင့် ဗလီအနီး၊ ခရစ်ယန်ကျောင်းတော်ဝန်းအတွင်းစသည်နေရာတွေမှာ ဘုရားစေတီတွေ အတင်းအဓမ္မတည်ဆောက်ခဲ့ပါသည်။ ဆရာတော်နှင့် တွေ့ဆုံပြီး မေတ္တာရပ်ခံ လျှောက်ထားဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြိုးစားပေမယ့် အဆင်မပြေ ဖြစ်ခဲ့ပါသည်။ အဲဒီဖြစ်ရပ်အပေါ်မှာ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက စိတ်ရှည်သည်းခံဖို့ပြောကြားတာပဲရှိခဲ့ပြီး မည်သို့မှ အရေးယူဆောင်ရွက်တာမျိုးမရှိခဲ့ပါ။ နောက်ဆုံးမှာ ခရစ်ယန်ကျောင်းအာဏာပိုင်များက သဘောထားကြီးစွာဖြင့် ဘုရားဆောက်လုပ်ထားသည့်မြေကို လှုလိုက်ပါသည်။

April လ ၄ရက်နေ့မှာ သာသနာရေးဝန်ကြီးဟာ မဘသဦးဆောင်ဆရာတော်များကိုတွေ့ဆုံပြီး ဘာသာမတူညီသည့် အုပ်စုများအကြား အမုန်းတရားများ မပြန့်ပွားစေရေး လျှောက်ထားဆွေးနွေးခဲ့ပါသည်။ သို့သော် မဘသ၏ ၃နှစ်ပြည့် ညီလာခံတွင် ဘာသာခြားများအပေါ်အမုန်းပွားစေမည့်တရားများ ဟောကြားခဲ့သလို၊ လူအများမြင်နိုင်သည့် Facebook တွင် ဘာသာခြားများနှင့် နိုင်ငံခေါင်းဆောင်များအား သတ်မယ်ဖြတ်မယ်ခြိမ်းခြောက်နေသူ အစွန်းရောက် ဦးနေမျိုးဝေအား လွှတ်ပေးရေးအထိ စည်းဘောင်ကျော်ကာ တောင်းဆိုသည်များရှိခဲ့ပါသည်။ မဘသ၏ ထိုသို့ သာသနာတော်အဆုံးအမများနှင့်ဆန့်ကျင်နေသည့် ကြေညာချက်၊ လုပ်ဆောင်ချက်များအား သာသနာရေးမှ မည်သည့်တုံ့ပြန်လုပ်ဆောင်မှုမျှ မရှိခဲ့ပါ။

June ၂၅ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူမိန်သရဲကျေးရွာမှာ NLD အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် အရပ်ထဲရန်ဖြစ်ရာမှအစပြုကာ ဗလီနှင့်စာသင်ကျောင်းများ အဖျက်ဆီးခံရသည်အထိဖြစ်ခဲ့သည်။ အဖျက်စီးခံခဲ့ရသည့် မွတ်ဆလင်မိသားစုသည် သူတို့နှစ်ပေါင်းများစွာ အခြေချနေထိုင်လာသည့် ဒေသမှာ ပြန်လည်နေထိုင်လိုသဖြင့် ဗုဒ္ဓဘာသာဒေသခံများနှင့် မလိုလားအပ်သည့် ရန်မီးငြိမ်းစေရန် အမှုဖွင့်တရားစွဲဆိုခြင်း မပြုဖို့ရွေးချယ်ခဲ့သည်။ ပဲခူးတိုင်းရဲတပ်ဖွဲ့မှလည်း နစ်နာသူ ကာယကံရှင်၏ ရွေးချယ်မှုအတိုင်း ဖျက်ဆီးခဲ့သူများအား အရေးမယူဖို့ဆုံးဖြတ်ခဲ့သည်။ ဒီမှာ ဥပမာတစ်ခုပေးလိုပါသည်။ ၂၀၁၃ခုနှစ် စင်္ကာပူနိုင်ငံ Little India ဟုခေါ်သည့် India နိုင်ငံသားအများအပြားနေထိုင်သည့် နေရာမှာ လူပေါင်း၃၀၀ခန့်ပါဝင်သည့် အဓိကရုဏ်းဖြစ်ပေါ်ခဲ့သည်။ စဖြစ်တာက India နိုင်ငံသားတစ်ယောက် ဘတ်စ်ကား အက်ဆီးဒန့်ကြောင့် သေဆုံးရာကနေဖြစ်တဲ့အမှုဖြစ်ပါသည်။ ရဲကားများပါ မီးရှို့ခံရသည်အထိ အလွန်သေးငယ်တဲ့ ကျွန်းနိုင်ငံဖြစ်သည့် စင်္ကာပူမှာ အလွန်ကြီးမားသည့် အဓိကရုဏ်းကြီးဖြစ်ပါသည်။ ၀န်ကြီးချုပ် လီရှန်လွန်းက - ဘယ်လိုပြသနာကြောင့်ပဲ အဓိကရုဏ်းဖြစ်ဖြစ် အခုလို ဖျက်လိုဖျက်ဆီးလုပ်တဲ့ အကြမ်းဖက်မှုများကို လုံးဝသီးခံမှာမဟုတ်ပါ။ အဲဒီလို ဥပဒေမဲ့ကျူးလွန်သူတွေကို ဘယ်သူဖြစ်ဖြစ် ဖော်ထုတ်ပြီး တရားဥပဒေအရ ရင်ဆိုင်ခိုင်းရပါလိမ့်မယ်။ " ဟု ရဲရဲတောက်ပြောကြားခဲ့ပြီး ပြောသည့်အတိုင်းလဲ တကယ်လုပ်ခဲ့သည်။ နစ်နာသူ ကိုယ်စား တိုင်ကြားသူမရှိသော်လည်း ရဲများက တစ်နှစ်ကြာ စနစ်တကျ ဖော်ထုတ်ခဲ့ပါသည်။ ဓါတ်ပုံ၊ ဗီဒီယိုများမှတဆင့် ဖျက်ဆီးမှု လုပ်သူများကို စနစ်တကျ ဖော်ထုတ်ပြီး တရားရုံး အရောက်ပို့ခဲ့ပါသည် ။ အဲ့ဒီအဖြစ်အပျက်မှာ ၂၇ ယောက် ဒါဏ်ရာရ၊ ၄၀ ယောက် ဖမ်းပြီး ၃၁ ယောက်ကို ပြစ်ဒါဏ်ချမှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေးဖော်ဆောင်ရာမှာ အထူးအလေးထား လေ့လာသင့်သည့် Case study တစ်ခုဖြစ်သည်။ ယခုခဲ့သို့ လူအုပ်စုကြီးဖြင့် လုပ်ချင်ရာလုပ်သွားပါစေ ကာယံရှင်ဆန္ဒအရ အရေးမယူဆိုသည်မှာ ဥပဒေစိုးမိုးရေးအတွက် ကြီးစွာသော အန္တရယ်ဖြစ်ပါသည်။ အနည်းဆုံးတော့ဖြင့် ဖျက်ဆီးရေး လုပ်ဆောင်သွားသူများအား ဖေါ်ထုတ်ကာ ခံဝန်ချက်ရေးထိုးခိုင်းခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် မိမိတို့ (ပြည်သူ့ရဲများ) အမြဲမပြတ်စောင့်ကြည့်နေကြောင်း သက်ဆိုင်သူတို့အား သိစေအပ်သည်။

တမြန်မနေ့ကပဲ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရသာကျေးရွာ ရွာထိပ်ဝင်ဝင်ချင်းမှာ ကုလားမဝင်ရ ဆိုင်းဘုတ်ကြီးအား ဗုဒ္ဒဘာသာဘုန်းတော်ကြီးများ အပါအ၀င်ဒေသခံများက ဂုဏ်ယူဝံ့ကြွားစွာ စိုက်ထူလိုက်လေသည်။ ထိုဆိုင်းဘုတ် သည်နိုင်ငံတော်၏ အခြေခံဥပဒေပြဌာန်းချက်များအား ဆန့်ကျင်နေသည်မှာ အထင်အရှားဖြစ်သည်။ အခြေခံဥပဒေ ပုဒ်မ ၃၄၇၊ ၃၄၈ အရကိုးကွယ်ရာဘာသာ၊ လူမျိုးစု ကြောင့်ခွဲခြားဆက်ဆံခြင်းအား လုံးဝခွင့်ပြုမထားပါ။ ထို့ကြောင့် ယခုလိုလုပ်ရပ်များအား တားဆီးဖို့ ရဲတပ်ဖွဲ့နှင့်တကွ အစိုးရတွင်တာဝန်ရှိသည်။ ဒေသကိုယ်စားပြု အမတ်များမှလည်း ထိုကိစ္စအား ထုတ်ဖော်ပြောဆို အရေးတယူလုပ်သည်ကို မတွေ့ရပေ။

July ၁ ရက်နေ့တွင်တော့ ဖျက်သိမ်းဖို့ ချိတ်ပိတ်ခံထားရသည့် ဖားကန့် (လုံးခင်း)မှ ဗလီအား ဖျက်ဆီးပြီး မီးရှို့ခံရသည့် သတင်းများတက်လာသည်။ ကချင်ပြည်နယ်အစိုးရမှ အဆိုပါ နေရာအနီး လုံခြုံရေး ရဲဝန်ထမ်းအယောက် ၁၀၀ခန့် ချထားသည်ဆိုသော်လည်း ဖျက်ဆီးမှုများအား တားဆီးနိုင်ခြင်း မရှိခဲ့။ ထိုဗလီသည် တရားမ၀င်ခိုးဆောက်ထားသည့် ဗလီဟုဆိုသည်။ ထို့ကြောင့် ချိတ်ပိတ်ခံထားရသည်။ သို့သော် လုပ်ပိုင်ခွင့်ရှိသည့် အာဏာပိုင်အဖွဲ့မှမဟုတ်ပဲ အခြားသူများက ဖျက်လိုဖျက်ဆီလုပ်မှုသည် ဥပဒေချိုးဖောက်မှုဖြစ်သည်။

အထက်ဖေါ်ပြပါ ဥပမာများသည် လူများစုကိုးကွယ်သည့် ဘာသာမှ လူအုပ်စုများက လူနည်းစုအပေါ်ကျူးလွန်သည့် ဖျက်ဆီးသည့် လုပ်ရပ်များဖြစ်သည်။ ထိုလုပ်ရပ်များသည် NLD အစိုးရအား ဒုက္ခရောက်စေရန် တမင်ဖန်တီးသည့် နိုင်ငံရေး မသမာမှုများလည်း ပါနိုင်သလို ပြည်တွင်းစစ်ပြေငြိမ်းရေးအတွက် ကြိုးပမ်းနေသည့် အစိုးရအား အလုပ်ရှုပ်အောင် လမ်းကြောင်းလွဲအောင် ဖန်တီးမှုများလည်းရှိနိုင်သည်။

မည်သို့ဆိုစေကာမူ NLD အစိုးရသည် ထိုကဲ့သို့ကိစ္စများအား ပြေလည်အောင်မဖြေရှင်းနိုင်လျှင် ဥပဒေစိုးမိုးရေးမှ အစပြုကာ တိုင်းပြည်ငြိမ်းချမ်းရေးလုပ်ငန်းကိုပါ အောင်မြင်စွာ လုပ်ဆောင်နိုင်ပါ့မလားဟု အများသံသယဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရင်း အောက်ခြေမှာ ဥပဒေစိုးမိုးရေးအားကောင်းဖို့ အားထည့်ကာလုပ်ဆောင်နိုင်မှသာ ငြိမ်းချမ်ရေးအတွက် အထောက်အကူဖြစ်မှာဖြစ်သလို သာမန်ပြည်သူလူထု၏ နေ့တဓူဝ ဘ၀လုံခြုံမှာဖြစ်ကြောင်း တိုက်တွန်းလိုက်ပေသည်။

အရေးအသား ‪#‎HaveASay‬
Have A Say - ဆိုရေးဆိုရာ Fb


နေပြည်တော် ဇူလိုင် ၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ သတ်မှတ်ခွင့်ပြုချက် မရှိသော ယာယီဝတ်ပြုသည့် အဆောက်အဦအား ဖျက်သိမ်းရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြိမ်ကြိမ် ညှိနှိုင်းထားသော်လည်း အဆင်မပြေဖြစ်၍ ယနေ့မွန်းလွဲပိုင်းတွင် ဒေသခံအချို့မှ ၀င်ရောက်ဖျက်ဆီးမီးရှို့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

လယ်ပြင်ကျေးရွာမှ ဒေသခံအချို့သည် အဆိုပါ ယာယီဝတ်ပြုသည့် အဆောက် အဦနေရာသို့ တုတ်၊ ဓားများကိုင်ဆောင်၍ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ရောက်ရှိလာ ကြကြောင်း၊ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဖားကန့် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ အမှတ်(၈)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးတို့ ဦးစီးသည့် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များဖြင့် အဆင့်ဆင့် တားဆီးခဲ့သော်လည်း ဒေသခံများမှ လက်ခံခြင်းမရှိဘဲ ယာယီဝတ်ပြုသည့် အဆောက်အဦအား ဖျက်ဆီး၍ မီးရှို့ကာ ၎င်းနေရာမှ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာ သွားကြကြောင်းနှင့် ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု တစ်စုံ တစ်ရာမရှိကြောင်း သိရသည်။

အဆိုပါအဆောက်အဦသည် မြေရာဇ၀င်စိစစ်ချက်အရ ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ သက်ဆိုင်ရာမှ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦ ဖြစ်သည့်အတွက် တာဝန်ရှိ အဖွဲ့အစည်း အဆင့်ဆင့်မှ ဇွန် ၃၀ ရက်နေ့နောက်ဆုံးထား၍ ၎င်းတို့ကိုယ်တိုင်ဖျက်သိမ်းပေးရန် အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း သတ်မှတ်ရက်တွင် ဖျက်သိမ်းခြင်း မရှိသည့်အတွက် ဒေသခံများက မကျေမနပ် ဖြစ်ကာ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားပြီး အခြေအနေတည်ငြိမ်လျက် ရှိကြောင်း၊ ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများရှိ၊ မရှိကိုပါ စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


နေပြည်တော်၊ ဇူလိုင် ၁

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ လယ်ပြင်ကျေးရွာရှိ သတ်မှတ်ခွင့်ပြုချက်မရှိသော ယာယီဘာသာရေး အဆောက်အဦသို့ ဒေသခံ လူအင်အား(၅၀၀)ဦး ခန့်က တုတ်/ဓားများကိုင်ဆောင်ကာ ဝင်ရောက်လာကြသည်။

ထိုသို့ဝင်ရောက် လာသဖြင့် မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အမှတ်(၈)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးဦးစီးသည့် အမှတ်(၂၆)/(၃၀)လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ ဝင်များ ပါဝင်သည့်ပူးပေါင်းအဖွဲ့က ဥပဒေနှင့်အညီ အဆင့်ဆင့်တားဆီးဆောင်ရွက်ခဲ့သော်လည်း ဒေသခံ များက လက်ခံခြင်းမရှိဘဲ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် အဆိုပါယာယီဘာသာရေးအဆောက် အဦအား ဖျက်စီးခြင်း၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် မီးရှို့ခြင်းတို့ပြုလုပ်ခဲ့ကြပြီး နာရီဝက်ခန့်အကြာ ၎င်းနေရာမှ ပြည်လည်ထွက်ခွာသွားကြောင်းနှင့် ဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း တစ်စုံ တစ်ရာမရှိကြောင်း သိရှိရသည်။

အခင်းဖြစ်နေရာသို့ ဒုတိယကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော တပ်ခွဲ(၁)ခွဲသည် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ထွက်ခွာသွားပြီး ဖြစ်စဉ်အမှန်ဖော်ထုတ်ကာ ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လက်ရှိဒေသအခြေအနေမှာ တည်ငြိမ်အေးချမ်းလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

ရန်ကုန်ဆိပ်ကမ်း၌ သင်္ဘောများ ဆိုက်ကပ်ရပ်နားရသည်မှာ လွယ်ကူဆင်ပြေသော်လည်း ကွန်တိန်နာများ ထားရှိရာ နေရာတွင်မူ သွင်းကုန်ထုတ်ကုန် မညီမျှမှုကြောင့် ကုန်သတ္တာများ စုပုံပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လုပ်ငန်း ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။

ပုံမှန်အားဖြင့် သင်္ဘောများမှာ ၃ ရက်မှ ၅ ရက်အထိသာ ရပ်နားလေ့ ရှိသော်လည်း စုပုံနှောင့်နှေးမှု အဆိုးဝါးဆုံး ဖြစ်ပွားခဲ့သည့် မေလတွင် ၁၀ ရက်မှ ၁၁ ရက်အထိ နှောင့်နှေးမှုများရှိခဲ့ပြီး အချို့သင်္ဘောများမှာ ၁၆ ရက်ကြာအထိ ရပ်နားထားခဲ့ရသည့် အခြေအနေနှင့် ယှဉ်လျှင်မူ တိုးတက်မှုအချို့ ရှိလာသည်ဟု သင်္ဘောလိုင်းများက ဆိုသည်။

အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် တည်ဆောက်ရေး ပစ္စည်းများ အပါအ၀င် ဧပြီလကုန်မှစ၍ သွင်းကုန်အများအပြား မြင့်တက်လာသဖြင့် သွင်းကုန်ပို့ကုန် မညီမျှမှုဖြစ်ကာ ဆိပ်ကမ်းရှင်းလင်းရေး လုပ်ငန်းများ ကိုင်တွယ်ဆောင်ရွက်ရာတွင် ပြသ၁နာများ ဖြစ်ပေါ်ခဲ့သည်။

Maersk သင်္ဘောလိုင်းသည် ရန်ကုန်ဆိပ်ကမ်းတွင် ကွန်တိန်နာများ စုပုံမှုပြသ၁နာကို ရင်ဆိုင်ရန် လက်ရှိ အပိုကြေးအစား သွင်းကုန်စီမံခန့်ခွဲမှု အခငွေ ကောက်ခံသွားရန် စီစဉ်ထားသည်။ ဇူလိုင်လတွင် စတင်မည့် အစီအစဉ်အတွက် ပေ ၂၀ နှင့် ပေ ၄၀ ကွန်တိန်နာများအတွက် ဒေါ်လာ ၁၀၀ ကျသင့်ပြီး မြန်မာ့စက်မှုဆိပ်ကမ်းနှင့် သီလ၀ါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ သွင်းကုန်တင်ပို့မှုအားလုံး အကျုံးဝင်မည်ဖြစ်သည်။

ဂျပန်သင်္ဘောလိုင်း M၀L ကလည်း ရန်ကုန်မှ မြောက်အမေရိကသို့ တင်ပို့မှုများအတွက် ဆိပ်ကမ်းကွန်တိန်နာ နှောင့်နှေးမှုအပိုကြေးကို ဇွန် ၁၂ ကစတင်ခဲ့သည်။ M၀L က ပေ ၂၀ ကွန်တိန်နာအတွက် ဒေါ်လာ ၅၀ နှင့် ပေ ၄၀ နှင့် ၄၅ ပေ ကွန်တိန်နာများအတွက် ဒေါ်လာ ၁၀၀ ကောက်ခံသည်။

ကုန်သွယ်မှုပမာဏ မြင့်မားလာခြင်း၊ ဆိပ်ကမ်းအခြေခံ အဆောက်အအုံနှင့် ကိရိယာများ အားနည်းခြင်း ၊ ကုန်စည်ကိုင်တွယ်မှု လုပ်ငန်းစဉ် ထိရောက်မှု အားနည်းခြင်းနှင့် ဆိပ်ကမ်း၏ ရေအနက် ကန့်သတ်ချက်ကြောင့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မှုမရှိခြင်းတို့က ဆိပ်ကမ်းတွင် ကွန်တိန်နာများ စုပုံနေစေသည့် အကြောင်းရင်းများ ဖြစ်သည်။

ထို့ပြင် အမေရိကန်အစိုးရ၏ ကန့်သတ်အရေးယူမှု ခံထားရသည့် Asia World ကုမ္ပဏီပိုင် Asia World ဆိပ်ကမ်းကို နိုင်ငံခြား ကုမ္ပဏီအချို့က အသုံးပြုလိုခြင်း မရှိမှုကြောင့်ဖြစ်သည်။

ဆိပ်ကမ်းတွင် အခွန်ဆိုင်ရာ လုပ်ငန်းများ ၂၄ နာရီ ဆောင်ရွက်ခြင်း ကို မေလကုန်တွင် စတင်ခဲ့သည်။ မြန်မာ့ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းမှာ ရန်ကုန်ဆိပ်ကမ်းကို ဖြတ်သန်းရပြီး စီးပွားရေးဖွံ့ဖြိုးလာမှုနှင့် တံခါးဖွင့်လာမှု တို့ကြောင့် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း သင်္ဘောဆိုက်ကပ်မှု နှစ်ဆတိုးလာကာ ကွန်တိန်နာ စီးဆင်းမှုမှာ လေးဆအထိ တိုးလာခဲ့သည်။

ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်မှု တိုးတက်လာရန် မြန်မာဆိ့ပ်ကမ်း အာဏာပိုင်အဖွဲ့၊ ဆိပ်ကမ်း လုပ်ငန်းဆောင်ရွက်သူများနှင့် ပူးပေါင်း အဖြေရှာလျက်ရှိကြောင်းသိရသည်။ မြန်မာအာဏာပိုင်များက ထိုပြသ၁နာကို ဖြေရှင်းရန် ပုဂ္ဂလိက ကဏ္ဍ၏ အကူအညီရယူသည့် အနေဖြင့် စုံစမ်းစစ်ဆေးမှုနှင့် ဖြေရှင်းချက် အကြံပေးမှုပြုလုပ်ရန် အလုပ်အဖွဲ့တစ်ခု တည်ထောင်ခဲ့သည်။

ဆိပ်ကမ်းရှိ လာရောက်ထုတ်ယူခြင်း မရှိသည့် ကွန်တိန်နာများအား မည်သို့ ဆောင်ရွက်မည်နှင့် ကွန်တိန်နာလွတ်များအား လျင်မြန်စွာ ရှင်းလင်းအစားထိုးနိုင်မည့် နည်းလမ်းများကို ထိုအဖွဲ့က ရှာဖွေလျက်ရှိပြီး နိုင်ငံခြားသင်္ဘောလိုင်းများကလည်း ဆိပ်ကမ်း၏ ကုန်စည်စီးဆင်းမှု အခြေအနေ အသေးစိတ်ကို မေးမြန်းလျက်ရှိသည်။

KHTun
The Ladies News Journal

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ်တက်လာသောကြောင့် အခွင့်လမ်းများ ရှိနေသော်လည်း အစိုးရသစ် လက်ထက် လူ့အခွင့်ရေးအခြေနေမှာ ယခင်အစိုးရလက်ထက်အတိုင်း ဆိုးရွားဆဲ ရှိနေကြောင်းကုလ သမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စရန်ဟီလီက ပြောသည်။

တပ်မတော်မှလည်း လူ့အခွင့်ရေးချိုးဖောက်မှုများ ပြုလုပ်နေဆဲဖြစ်ကာ တိုင်းရင်းသား ဒေသများတွင်လည်း လူ့အခွင့်ရေးအခြေနေမှာ ပြောင်းလဲ တိုးတက်မှုမရှိကြောင်း မစ္စရန်ဟီလီက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လူ့အခွင့်ရေးအခြေနေ ၊ အရပ်ဘက်အဖွဲ့စည်းနှင့် မီဒီယာများ ကန့်သတ်ခံရမှု အခြေနေတို့မှာ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်နှင့် ကွာခြားမှု သိပ်မရှိလှပဲ သူမခရီးစဉ်အတွင်းမှာပင်ပဲခူး ဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအခြေနေတို့နှင့် ပတ်သက်၍ ယနေ့ညနေပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းမှုတွင် ပြောဆိုခဲ့သည်။

The Ladies News Journal

ဇွန်လ ၁၆ ရက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်က အများပြည်သူပိုင် မြေများအား ပြည်သူလူထုမှ အမှန်တကယ် ပိုင်ဆိုင်မှု ရရှိရေးအဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ခြင်းသည် အစိုးရသစ်၏ တိုးတက်သော ခြေလှမ်းတစ်ရပ်ပင် ဖြစ်သည်။

စစ်အာဏာရှင် ဗိုလ်နေဝင်းက ၁၉၆၂ ခုနှစ်မှ စတင် အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ပုဂ္ဂလိကပိုင် စက်မှုလက်မှု လုပ်ငန်းများ၊ စီးပွားရေး အဆောက်အအုံများ၊ မြေများကို “ပြည်သူပိုင်” ဆိုသည့် အသုံးအနှုန်းဖြင့် ဓားပြတိုက် သိမ်းယူခဲ့ကြသည်။ အမှန်တကယ်တော့ ပြည်သူပိုင်ဆိုသည့် အရာများသည် ပြည်သူများ ပိုင်ဆိုင်ခွင့်မရဘဲ ပြည်သူတို့၏အမည်ကို တလွဲအသုံးချ၍ ကိုယ်ကျိုးရှာခြင်းသာဖြစ်သည်။

နဝတခေတ်၊ နအဖခေတ်နှင့် ဦးသိန်းစိန်စစ်ဝတ်ချွတ် အစိုးရခေတ်တွင် ပြည်သူပိုင် အဆောက်အအုံများကို ပုဂ္ဂလိကများထံ လွှဲပြာင်းပေးခဲ့ကြသည်။ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ ရှုံးနိမ့်သွားပြီးနောက်တွင် ဌာနဆိုင်ရာ အဆောက်အအုံ အတော်များများကို တစ်လအတွင်း လက်သိပ်ထိုး၍ ပုဂ္ဂလိကများသို့ လွှဲပြောင်းမှုများကို ပြုလုပ်ခဲ့ကြသည်။ ထိုဆောက်အအုံများကို အများပြည်သူအား အသိပေးမှု ပွင့်လင်းမြင်သာမှု မရှိဘဲ ဗိုလ်ချုပ်များက မိမိလူများကို လက်သိပ်ထိုး ပေးခဲ့သလို မိမိအမည်ပေါက်အောင် ပြုလုပ်ရောင်းချခြင်း၊ မိမိသားသမီးအမည် ပေါက်အောင် ပြုလုပ်ရယူခြင်းတို့ကို တိုးတိုးတိတ်တိတ် တစ်မျိုး အကောင်ကြီးပါက ဗြောင်ယူ၍တစ်မျိုး သြဇာအာဏာသုံးပြီး ပြည်သူပိုင်မှ မိမိပိုင် ပြုလုပ်ခဲ့ကြသည်။

ကိုနေဘုန်းလတ်က “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင် မြေနေရာများသည် စည်ပင်ပိုင်မြေ၊ အိုးအိမ်ပိုင်မြေ၊ မီးရထားပိုင်မြေ၊ သမဝါယမပိုင်မြေ၊ စစ်မှုထမ်းဟောင်းပိုင်မြေ စသဖြင့် ဌာနအမည်များနဲ့ တည်ရှိနေပေမယ့် တရားကိုယ် သဘောအရ အဆိုပါ မြေနေရာတွေဟာ နိုင်ငံတော်ပိုင်မြေ၊ ပြည်သူပိုင်မြေများသာ ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ ဟုတ်ပါသည်။ ထိုမြေများ အားလုံးသည် ပြည်သူပိုင်မြေ ဖြစ်သလို ပြည်သူတင်မြှောက်ထားသည့် အစိုးရက ပြည်သူ့အကျိုးအတွက် အသုံးချပိုင်ခွင့်ရှိသည့် မြေ၊ စီမံခန့်ခွဲပိုင်ခွင့် ရှိသည့်မြေများ ဖြစ်သည်။

ဤကဲ့သို့ ပြည်သူပိုင်မြေများကို နာမည်တပ်ပြီး အများဆုံး သိမ်းပိုက်ယူထားသည့် အုပ်စုမှာ အများသိကြသည့် “တပ်ပိုင်မြေ” များပင်ဖြစ်သည်။ မြန်မာပြည်၏ တိုင်းနှင့် ပြည်နယ်အနှံတွင် “တပ်ပိုင်မြေ” ဆိုသည် လက်ညှိုးထိုး မလွဲပါ။ တပ်ပိုင်မြေ ဖြစ်သွားသည်နှင့် “အစိုးရပိုင်မြေ” တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် “ပြည်သူပိုင်မြေ” မဖြစ်တော့ပါ။ တပ်မှ ယင်းမြေကို ရောင်းလိုက ရောင်းနိုင်ပြီး အကွက်ရိုက်ပြီး ပေးချင်သည့်သူများကို တပ်မှူးများက ပေး၍ရနေသည်မှာ အလွန်အံ့သြစရာ ကောင်းလှပါသည်။ မည်သည့်ဥပဒေများကို ပြဋ္ဌာန်းပြီး လုပ်ဆောင်နေလျက် ရှိသည်ကိုတော့ မသိနိုင်တော့ချေ။

သာဓကအားဖြင့် မက်စ်ဦးဇော်ဇော်၏ ရုံးချုပ်သည် ယခင်က အမေရိကန်အစိုးရ အကူအညီနှင့် ဆောက်လုပ်ပြီး ပြည်သူများကို ဝန်ဆောင်မှု ပေးနေသည့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး ဖြစ်ပါသည်။ ဤကဲ့သို့ ပြည်သူလူထုအတွက် ထိရောက်စွာ ကုသပေးနေသည့် အထူးကုဆေးရုံကြီးကို စစ်ရုံးချုပ်နှင့်နီး၍ လုံခြုံရေးအရ ဆိုပြီး စစ်တပ်က ဦးသန်းရွှေ လက်ထက်၌ သိမ်းယူခဲ့ပါသည်။ ထို့နောက် စစ်ရုံးချုပ်ကြီးကို နေပြည်တော်သို့် ရွှေ့ပြောင်းသွားသည့်အခါ မက်စ်ဦးဇော်ဇော်ကို ပေးလိုက်ပါသည်။ မည်သူက မည်သို့ ပါဝါသုံးပြီး ပေးလိုက်သည်၊ မည်ကဲ့သို့ သဘောတူညီမှုနှင့် ပေးလိုက်သည်၊ ဦးဇော်ဇော်က မည်သည့်ဈေးနှင့် ရယူလိုက်သည်ဆိုသည်ကို ပြည်သူများ မသိခဲ့ပါ။ ဤနေရာတွင် မေးရမည့် မေးခွန်းမှာ မည်သည့်အတွက်ကြောင့် ပြည်သူအများအကျိုးအတွက် အမေရိကန်ဆေးရုံကြီးအဖြစ် ယခင်က စေတနာ့ ဝန်ထမ်းလုပ်နေသည့် အမေရိကန်များကို ပြန်မပေးဘဲ မက်စ်ဦးဇော်ဇော်ကို ဒေါ်လာသန်းချီတန်သည့် နေရာကို ပေးခဲ့သနည်း။ အများအကျိုးပြုနေသည့် ဆေးရုံဘဝမှ လူတစ်ဦးတည်း၏ အကျိုးအတွက် မည်သူတွေက မည်သည့် သဘောတူညီမှုများနှင့် လုပ်ပေးခဲ့သနည်း။ ယင်းသို့ လုပ်ခြင်းသည် တရားဝင် ဖြစ်သလားဆိုခြင်းကို ပြည်သူလူထု အကျိုးအတွက် သိလိုပါသည်။

ဦးသိန်းစိန်မဆင်းခင် ပြည်သူ့ဆေးရုံဝင်းထဲက မြေကွက်လပ်ကို စင်ကာပူကုမ္ပဏီနှင့် ဆေးရုံဆောက်လုပ်ခွင့် ပေးလိုက်ခြင်းနှင့် ပတ်သက်ပြီး ဆရာဝန်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက ကန့်ကွက်ကြသော်လည်း တပ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးစိုင်းအိုက်လှက လွှတ်တော်မှာ သူ့အမြင်ကို တင်ပြခဲ့ပါသည်။ သူက ပြည်ပ ပုဂ္ဂလိကအပိုင်း (Private sector) သည် ကျန်းမာရေး ဝန်ဆောင်မှုပိုင်းတွင် ပါဝင်ရင်းနှီး မြှုပ်နှံလာခြင်းသည် ပြည်သူလူထုအတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးရှိစေသည့်အတွက် အလေးထား စဉ်းစားပေးသင့်သည်ဟု ကာကွယ်ပြောဆိုခြင်းကို ကြားသိရပါသည်။ ဗိုလ်မှူးစိုင်းအိုက်လှက သူ့အမြင်နှင့် သူပြောသည်ဟု စာရေးသူက မထင်ပါ။ တပ်မှလွှတ်သည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ကိုယ်ပိုင်အတွေးအခေါ်များနှင့် တင်ပြဆွေးနွေးခွင့်များ မရှိပါ။ သူ့အာဘော်သည် သူ့အထက် အဖွဲ့အစည်း၏ အာဘော်သာဖြစ်ပြီး နိုင်ငံခြားက ဆေးရုံတည်ဆောက်ရေး၌ ရင်းနှီးမြှုပ်နှံသည့်နေရာတွင် တပ်မတော်ပိုင်းက အကျိုးအမြတ် ရရှိထားဖို့ရှိသည့်အတွက် ထောက်ခံခိုင်းခဲ့သည်ဟု မြင်ပါသည်။ အထက်ပါ အချက်နှစ်ချက်ကို နှိုင်းယှဉ်ကြည့်လျှင် ပြည်သူ့ကျန်းမာရေးအတွက် အကျိုးပြု ဝန်ဆောင်မှုပေးနေသည့် အမေရိကန် မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံကြီးကို စစ်တပ်က ပိတ်ပစ်ပြီး ပုဂ္ဂလိကတစ်ဦးတည်းကို အကျိုးကျေးဇူးခံစားခွင့် ပေးခဲ့သည်။ ယခုကျတော့ ပြည်သူ အကျိုးရှိနိုင်သည်ဆိုပြီး ဆေးရုံဆောက်ခွင့်ပေးခဲ့ပြန်သည်။ တစ်ခုသေချာတာကတော့ ဤဆေးရုံဆောက်လုပ်ရေးတွင် ထိပ်ပိုင်အကောင်ကြီးကြီး တစ်ယောက်၌ ခံစားခွင့်ရမည်ဆိုသည်မှာ သေချာပါသည်။

နောက်တစ်ချက်မှာ စစ်ရုံးချုပ်ကြီးကို ရွှေ့ပြောင်းလိုက်သည့်အတွက် ဤစစ်ရုံးချုပ်မြေနေရာနှင့် ရွှေတိဂုံဘုရားလမ်း တစ်လျှောက်မှာ ရှိသည့် တပ်ပိုင်မြေများ၊ ဆက်သွယ်ရေးရုံး မြေနေရာများနှင့် ဦးထောင်ဗိုလ်လမ်း ကုန်းဆင်း၌ ရှိသည့် တပ်မတော်ပိုင် မော်တော်ယာဉ်မြေနေရာများကို စစ်တပ်ပြောင်းသွားသည့်အခါ ပြည်သူပိုင်မြေအဖြစ် ပြန်လည်ရယူရမှာ ဖြစ်သော်လည်း ယခုအချိန်ထိ စစ်တပ်ပိုင် သဘောသာရှိနေသည်ဟု ကြားသိရသည်။ တိုင်းနှင့် ပြည်နယ် ဘယ်နေရာပဲသွားသွား တပ်ပိုင်မြေတွေလား၊ အရပ်ပိုင်မြေတွေလား ဆိုခြင်းကို သိသာထင်ရှားစေသည့် သင်္ကေတ တစ်ခုရှိပါသည်။ ၎င်းကတော့ မျက်စိတဆုံး မြင်ရသည့် အုတ်တံတိုင်းရှည်ကြီးများနှင့် ယင်းအုတ်တံတိုင်း၏ အပေါ်ဆုံးပိုင်းတွင် အင်္ဂတေဆန်ခါကွက်လေးများ ရှိနေခြင်းပင်ဖြစ်သည်။ နောက်ထပ်တစ်ခုမှာ တပ်က လယ်ယာမြေများကို သိမ်းယူပြီး တပ်အတွက် ရိက္ခာအဖြစ် သီးစားချထားခြင်းများသည် ဗိုလ်ချုပ်သန်းရွှေလက်ထက်၌ စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လုပ်ခွင့်ရနေသည့်အတွက် တပ်ပိုင်မြေများ တိုးပွားလာခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။

ယင်းကဲ့သို့ စစ်တပ်အား မတရားလုပ်ခွင့် ပေးထားသည့်စနစ်ကို ဖျက်သိမ်းပစ်ရပါမည်။ “တပ်ပိုင်ဆိုသည်မှာ တပ်က မပိုင်ဘဲ နိုင်ငံတော်က ပိုင်သည၊် ပြည်သူက ပိုင်သည်ဆိုခြင်း ဖြစ်လာဖို့ လိုအပ်ပါသည်။ ယင်းကဲ့သို့ သီးစားချထားခြင်းများကို ရပ်တန်းကရပ်ပြီး လယ်လုပ်သူများကို လယ်မြေများ ပြန်လည်ပေးအပ်ဖို့ လိုပါသည်။

စာဖတ်သူများအနေနှင့် ကားစီးပြီး ခရီးသွားလျှင် အုတ်တံတိုင်းအပေါ်၌ ဆန်ခါကွက်သည့် အုတ်တံတိုင်းရှည်ကြီးများကို တွေ့မြင်လျှင် တပ်ပိုင်မြေတွေသာဖြစ်ပြီး ပြည်သူတွေ မပိုင်တော့ဘူးဆိုခြင်းကို သိဖို့လိုပါသည်။ မြန်မာနိုင်ငံမှာ တိုင်းနှင့် ပြည်နယ်အနှံ့ တပ်ပိုင်မြေများ မည်သည့်အတွက်ကြောင့် အများကြီး ရှိနေသလဲ၊ ယင်းကဲ့သို့ သိမ်းပိုက်ထားသော မြေများမှာ မည်သူတွေ အတွက်လဲ၊ လိုအပ်ချက်အတွက် သိမ်းပိုက်ထားတာလား၊ တပ်ပိုင်မြေဖြစ်သည့်အတွက် တစ်ချိန်မှာ ရောင်းစားဖို့လား၊ လယ်သမားတွေကို သီးစားချပြီး မြေရှင်ကြီးများ လုပ်ချင်ကြလို့လား။ ဤမေးခွန်းများကို တစ်ချိန် ပြည်သူ့အာဏာ တည်လာသည့်အခါ ဖြေရပါမည်။

တပ်မြေအကြောင်းပြီးလျှင် ပြည်သူပိုင်မြေတွေကို မောင်ပိုင်စီးပြီး တရားမဝင် လက်သင့်ရာပေးကမ်း ကိုယ်ကျိုး အမြတ်ထုတ် နေသည့်ဌာနကတော့ စက်မှု ၁ ဝန်ကြီးဌာနပဲ ဖြစ်ပါသည်။ စက်မှု ၁ ဝန်ကြီးဌာနကို ဦးအောင်သောင်းဦးစီးသည့် အချိန်ကစပြီး ရှိသမျှ စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ၊ အလုပ်ရုံများကို လက်သိပ်ထိုး ဖျောလိုက်ကာ ဒေါ်လာသန်းနှင့်ချီပြီး အိတ်ထဲ ဝင်သွားခဲ့သည်။ အချို့စက်ရုံများကို ပုဂ္ဂလိကပိုင်ပေးသည်ဟုဆိုပြီး လက်သင့်ရာ အမည်ပေါက် ရောင်းချခဲ့ခြင်းကြောင့် ရသည့်မြေများကို ပြန်ရောင်းပြီး ခေတ်ပျက် သန်းကြွယ်သူဌေးများ ဖြစ်လာသူများ ရှိခဲ့ပါသည်။ ယခုချိန်အထိ စက်မှုဝန်ကြီးဌာနပိုင် မြေများကို အစိုးရလက်ထဲသို့ ပြန်မပေးဘဲ လက်ရှိအချိန်အထိ ငှားစားထားဆဲဖြစ်သည်။

အမှန်တကယ်တော့ ဘာအလုပ်မျှ မလုပ်တော့လျှင် သို့မဟုတ် စက်ရုံများ ပိတ်လိုက်ရလျှင် ယင်းအဆောက်အအုံနှင့် စက်ရုံများကို အစိုးရထံ ပြန်အပ်ပြီး အစိုးရက အများပြည်သူရှေ့၌ မြင်သာထင်သာ လေလံတင် ရောင်းချခြင်းများ၊ တင်ဒါ ခေါ်ယူခြင်းများ ပြုလုပ်ပြီး ရောင်းချခြင်းအားဖြင့် ပေါက်ဈေးလည်းရကာ လာဘ်ပေးလာဘ်ယူဖြင့် အောက်ဈေးနှင့် ရောင်းချပေးခြင်းများ ပပျောက်သွားမည် ဖြစ်သည်။ ဦးထင်ကျော်အစိုးရ အနေနှင့် စက်မှုပိုင်မြေ၊ စည်ပင်ပိုင်မြေ၊ အိုးအိမ်ပိုင်မြေ၊ မီးရထားပိုင်မြေ၊ သမဝါယမပိုင်မြေ၊ စစ်မှုထမ်းဟောင်းပိုင်မြေစသည့် မြေများအားလုံးသည် ပြည်သူပိုင်မြေများ ဖြစ်လာအောင် ပြန်လုပ်သင့်ပါသည်။

ယနေ့အချိန်အထိ ဦးနေဝင်းလက်ထက်က ပြည်သူပိုင် သိမ်းထားသည့်မြေများ၊ အဆောက်အအုံများ၊ တိုက်ခန်းများကို ဌာနဆိုင်ရာအမျိုးမျိုးက ရယူထားဆဲ ဖြစ်ပါသည်။ အသုံးမပြုတော့သည့် စက်ရုံတော်တော်များများကို ဝန်ကြီးဌာနများနှင့် ပွဲစားများက ပင်းပြီး မူလပိုင်ရှင်များကို ပြန်မပေးဘဲ ဖျောလိုက်သည်မှာ ဒုနဲ့ဒေး ဖြစ်ပါသည်။ သမဝါယမဝန်ကြီး ဌာနဆိုသည်လည်း မရှိတော့သည့်အတွက် သမပိုင်အဖြစ် သိမ်းယူထားသည့် တိုက်ခန်းများကို မူလပိုင်ရှင်များထံ ပြန်ပေးမည်ဆိုသော်လည်း ပြန်မပေးတော့ဘဲ ငှားစားထားခြင်းများလည်း ရှိနေဆဲ ဖြစ်ပါသည်။ ထိုသို့ မတော်မတရား အာဏာအလွဲသုံးစားပြုကာ ဓားပြတိုက်ယူထားသည့် မြေများ၊ တိုက်တာ အဆောက်အအုံများ၊ စက်ရုံများကို မူလပိုင်ရှင်များထံ တရားမျှတစွာ ပြန်လည်ပေးသင့်ပါသည်။

နောက်ဆုံး တင်ပြချင်သည်မှာ ပြည်ခိုင်ဖြိုးပါတီပိုင် အဆောက်အုံများ၊ မြေများ အကြောင်းပဲဖြစ်ပါသည်။ ဗိုလ်ချုပ်သန်းရွှေက ပြည်ခိုင်ဖြိုးအသင်းကို တည်ထောင်ပေးခဲ့ရာ နိုင်ငံရေးပါတီ မဟုတ်ကြောင်း ကြေညာပြီး ပြည်သူပိုင်မြေများ၊ အဆောက်အအုံများကို သုံးစွဲခွင့်ပေးခဲ့ပါသည်။ ပြည်ခိုင်ဖြိုးအသင်းသည် နိုင်ငံရေးပါတီများ အထူးသဖြင့် အဖွဲ့ချုပ်ကို ဦးတည်တိုက်ခိုက်ပြီး မိမိတို့သည် အာဏာရယူရေး လုပ်နေသည့် ပါတီနိုင်ငံရေးမဟုတ် အမျိုးသားနိုင်ငံရေးသာ ဖြစ်သည်ဟု ကြွေးကျော်ခဲ့ကြပြီး နောက်ပိုင်း ရွေးကောက်ပွဲနီးလာသည့်အခါ အရှက်ကင်းမဲ့စွာ ပြည်ခိုင်ဖြိုးအသင်းမှ ပါတီအသွင် မျက်နှာပြောင်တိုက်ပြီး ပြောင်းလဲလိုက်သည့်အခါ အသင်းပိုင်ပေးထားသည့်မြေများ၊ အဆောက်အအုံများကို ပါတီပိုင်အဖြစ် အသုံးပြုခဲ့ကြပြန်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ၇၁ နှစ်မြောက် မွေးနေ့၌ ဖွင့်လှစ်ခဲ့သည့် အဖွဲ့ချုပ် အဆောက်အအုံသည် အဖွဲ့ဝင်များ၏ သွေး၊ ချွေးများနှင့် စုဆောင်းထားသည့် ရန်ပုံငွေများနှင့် တည်ဆောက်ခဲ့သည့် အဆောက်အအုံငယ်လေးသာ ဖြစ်ပါသည်။ ဤအဆောက်အအုံသည် ပြည်ခိုင်ဖြိုး၏ ရန်ကုန်ရုံးထက် အများကြီး သေးငယ်ပါသေးသည်။ နေပြည်တော်ရှိ ဧကများစွာ ကျယ်သည့် ပြည်ခိုင်ဖြိုးရုံးချုပ်ဝင်းကြီးထဲက ရုံးချုပ်အဆောက်အအုံကြီး၊ အတွင်းရေးမှူးအတွက် အဆောက်အအုံကြီးများ ကပင် အဖွဲ့ချုပ် အဆောက်အအုံထက် အဆများစွာ ကြီးကျယ်ပါသည်။ ၎င်းအဆောက်အအုံများ၊ မြေများသည် ပြည်သူပိုင်မြေများ၊ အဆောက်အအုံများပင် ဖြစ်သည်။ ထိုသို့ပြောရခြင်းမှာ ပြည်သူ့ဘဏ္ဍာငွေဖြင့် တည်ဆောက်ထားခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။ စစ်အာဏာရှင်က ပေးခဲ့သည့်အတွက် မတရားရယူထားခြင်းသာ ဖြစ်သည်။ ယင်းကဲ့သို့ အခွင့်အရေးမျိုး အခြားမည်သည့် ပါတီကမျှ မရပါ။ ဤကဲ့သို့ အစပျိုးထားကတည်းက မညီမျှမှု၊ မတရားမှုများနှင့် လုပ်ခဲ့ခြင်းများကို ဤအတိုင်းမထားသင့်ပါ။ ပြည်ခိုင်ဖြိုးပါတီအနေနှင့် ပြည်သူပိုင် အဆောက်အအုံများကို အသုံးပြုခွင့်မရှိပါ။ အသုံးပြုလိုပါက အလကားယူထား၍ မရနိုင်ပါ။ စစ်အာဏာရှင်များသည် ဤမြေများနှင့် ဤအဆောက်အအုံများကို မပိုင်ဆိုင်ပါ။ ပြည်သူတွေကသာ ပိုင်ဆိုင်သည့်အတွက် တန်ရာတန်ကြေးပေးပြီး ယူရပါမည်။ သို့မှသာ အခြားနိုင်ငံရေး ပါတီများနှင့် မျှတမှုရှိမည် ဖြစ်ပါသည်။ ယနေ့အချိန်သည် ပြည်သူပိုင်မြေဆိုသည်မှာ တကယ့်ကို ပြည်သူက ပိုင်ဆိုင်ကြောင်း ဤမြေအပေါ်၌ ပြည်သူ့အကျိုးပြု ပန်းခြံများ၊ အားကစားကွင်းများ၊ ကျောင်းများကို စနစ်တကျ စီမံဆောက်လုပ်ပြီး အာဏာရှင်နှင့် ပင်းပြီး ဆောက်လုပ်ထားသည့် အဆောက်အအုံများကို လျော်ကြေး တောင်းသင့်သည်ကို တောင်း၊ ဖျက်သင့်သည်ကို ဖျက်ပြီး “ပြည်သူပိုင်မြေ မကျူးကျော်ရ” ဆိုသည့် ဆောင်ပုဒ်ကို စွဲကိုင်ကာ ပြည်သူပိုင်မြေများကို ပြည်သူ့အတွက် ပြန်လည် ဖော်ထုတ်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ပါသည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News Journal


 ဦးဂမ္ဘီရ နဲ့ ကုလအထူးကိုယ်စားလှယ် Ms Yanghee Lee တွေ့ဆုံ။ (သတင်းဓာတ်ပုံ- ဦးရောဘတ်စန်းအောင်)
ဦးဂမ္ဘီရ နဲ့ ကုလအထူးကိုယ်စားလှယ် Ms Yanghee Lee တွေ့ဆုံ။ (သတင်းဓာတ်ပုံ- ဦးရောဘတ်စန်းအောင်)

ရွှေဝါရောင်လှုပ်ရှားမှုလို့ ထင်ရှားခဲ့တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုမှာ ဦးဆောင် ရဟန်းတပါးဖြစ်ခဲ့တဲ့ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင် အပေါ် စွဲဆိုထားတဲ့ အမှုတွေ အားလုံးကို ဒီကနေ့မှာပဲ အာဏာပိုင်တွေ ရုပ်သိမ်းပြီး ပြန်လွှတ်ပေး လိုက်ပါတယ်။ မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee အပါအဝင် ပြည်တွင်းပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူတွေက၊ ပြန်လွှတ်ပေးဖို့ တိုက်တွန်းနေချိန်မှာပဲ အခုနောက်ဆုံး ပြန်လွှတ်ပေး လိုက်တာပါ။အကြောင်းစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ နဲ့ ပြီးခဲ့တဲ့ ဧပြီလက မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၆ လ ချမှတ်ခခံထားရတဲ့ ဦးဂမ္ဘီရ(ခေါ်) ဦးညီညီလွင် အပေါ် နောက်ထပ် တရားစွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပေးပြီး ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီသီတင်းပတ်ထဲမှာပဲ ရန်ကုန်တိုင်း ဗဟန်းနဲ့ သန်လျင်မြို့နယ် တရားရုံးတွေ က နောက်ထပ် တရားစွဲဆိုထားတဲ့ ဖောက်ထွင်းမှုပုဒ်မ ၄၅၄၊ ပိုက်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈၊ အကျိုးစီးပွားဖျက်ဆီးမှု ပုဒ်မ ၄၂၇ တွေကို ရုပ်သိမ်းပြီး၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ကျခံနေရတဲ့ ထောင်ဒဏ် ၆ လ ပြည့်တဲ့နေ့ မှာ ပြန်လွှတ်ပေး လိုက်တာ ဖြစ်တဲ့အကြောင်း အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

" ရွှေဝါရောင်က ပြန်ထွက်လာတဲ့ သံဃာတော်အရှင်သူမြတ်တွေက သီတင်းသုံးဖို့ နေရာမရှိဘူး။ အဲ့လို နေရာမရှိတော့ ဦးဂမ္ဘီရက ဦးဆောင်ပြီးတော့ ဒါတွေကို သော့ဖွင့်တာ။ အဲ့ဒီ့သော့ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အဲ့ဒီ့အချိန် အဲ့ဒီ့ကာလတုန်းက အမှုတွေဖွင့်ပြီးတော့ ထားခဲ့တယ်။ အသိမပေးဘူး။ ဖမ်းလည်း မဖမ်းဘူး။ အခုကျမှ ၄၅၄၊ ၄၄၈၊ ၄၂၇ စွဲလာတယ် ဒီအမှုတွေကို။ မဟာအောင်မြေ မြို့နယ်တရားရုံးမှာ လဝက ၁၃(၁) နဲ့ ထောင်ခြောက်လ ချလိုက်တာ ဒီနေ့ပြည့်တဲ့နေ့။ ပြည့်တဲ့နေ့မှာ ရုတ်တရက်ဆိုသလို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ် ၄၉၄ အရ အခုလိုခြွင်းချက်မရှိ လွှတ်ပေးခြင်းကို ခံရတာပါ။ ၄၉၄ မှာ ဆိုထားတာက မည်သည့် အစိုးရအမှုလိုက်ရှေ့နေကမဆို ရုံး၏ သဘောတူချက်ကို ယူပြီး ဆုံးဖြတ်ချက် မတင်သည်ဖြစ်စေ၊ စွဲချက်မတင် သည်ဖြစ်စေ နှုတ် သိမ်းခြင်း ပြုနိုင်သည် တဲ့။ အဲ့ဒီ့အခါမှာ တရားရှင်လွှတ်ရမယ်လို့ ဆိုထားပါတယ်။ စွဲချက်တင်ပြီးမှ လွှတ်တယ်ဆိုရင်တော့ တရားသေလွှတ်ရမယ်တဲ့။"
သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်လှုပ်ရှားမှုအတွင်း ချိပ် ပိတ်ခံခဲ့ရတဲ့ ဗဟန်းနဲ့ သံလျင်မြို့နယ်တွေက ဘုန်းကြီးကျောင်းတွေထဲကို ကိုယ့်သဘောနဲ့ကိုယ် ချိုးဖောက်ဝင်ရောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက တရားလိုလုပ် တရားစွဲဆိုခဲ့ကြတာပါ။
အခုအခါ ဒီအမှုတွေကို ပြန်ရုပ်သိမ်းပေး လိုက်တဲ့ အပေါ်မှာတော့ ရန်ကုန်မြို့ အင်းစိန်ထောင်က ဒီကနေ့ ပြန်လည် လွတ်မြောက်လာတဲ့ ဦးဂမ္ဘီရက အခုလို ပြောပါတယ်။

" အော် လွှတ်ပေးလိုက်တာကတော့ မစ်ယန်ယီးလီတို့က အလုပ်လုပ်တယ်ဗျ။ ယန်ဟီးလီက ထောင်ထဲအထိ ဝင်ဖို့လုပ်တာ ကျနော်နဲ့ မတွေ့ရဘူး။ အဲ့ဒီ့မှာ သူတို့က ကြိုပြီး လွှတ်ချလိုက်တာ။ အမှန်က ဒီနေ့ လွှတ်ဖို့ မဟုတ်သေးဘူး သူတို့။ တော်တော် ဝမ်းသာတယ်ပေါ့ဗျာ။ အကူအညီပေးကြတဲ့သူတွေ ဝိုင်းဝန်းပြီးတော့ အလုပ်လုပ်ပေးကြတဲ့သူတွေ အတွက် အဓိက ကတော့ မြန်မာပြည်သူလူထုနဲ့ ထိတွေ့ခွင့်ရတဲ့အတွက် ကျနော် တော်တော်ဝမ်းသာနေတယ်။ ကျနော် ကြည်နူးနေတာ အဲ့တာကို။"

၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုနဲ့ ဆက်နွယ်ပြီး ထောင်ဒဏ် ၆၈ နှစ် အပြစ်ပေးခံခဲ့ရတဲ့ ဦးဂမ္ဘီရဟာ ထောင်တွင်းနေထိုင်ခဲ့ရတဲ့ အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေပါ ခံစားနေရတဲ့အတွက် ပြန်လွှတ်ပေး ဖို့လည်း ပြည်တွင်း၊ ပြည်ပက လူ့အခွင့်အရေး လှုပ်ရှားသူတွေ က တောင်းဆိုခဲ့ကြ တာပါ။
ကုလကိုယ်စားလှယ်၊ ရှေ့နေ တို့နဲ့ ဦးဂမ္ဘီရတွေ့ဆုံနေစဉ်။
ကုလကိုယ်စားလှယ်၊ ရှေ့နေ တို့နဲ့ ဦးဂမ္ဘီရတွေ့ဆုံနေစဉ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Yanghee Lee ဟာလည်း ဦးဂမ္ဘီရနဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့သေးတယ်လို့လည်း အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင် ကပြောပါတယ်။

" နိုင်ငံတကာ ပံ့ပိုးကူညီမှုရယ် ပြည်တွင်းမှာရှိနေတဲ့ အင်အားစုတွေရယ် ပြည်ထောင်စုရှေ့နေ ချုပ် အပါအဝင် သံရုံးတွေရဲ့အကူအညီတွေ အားလုံးနဲ့ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ မစ်ယန်ဟီးလီတို့ ရဲ့ ဆောင်ရွက်ချက်တွေအရ အခုလို အပြီးအပိုင် လွှတ်ပေးခြင်းကို ခံရတာပါ။"
ဦးဂမ္ဘီရ (ခေါ်) ဦးညီညီအောင် အခုနောက်ဆုံး ထောင်ကပြန်လည် လွတ်မြောက် လာတဲ့ အပေါ်မှာတော့ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ကြိုဆိုကြောင်း Facebook လူမှုကွန်ယက်ကတဆင့် သတင်းစကားပါးခဲ့ပါတယ်။

ကိုဉာဏ်ဝင်းအောင်
VOA Burmese News

ကမ္ဘာ့နာမည်ကြီး Social Media Website တွေဖြစ်တဲ့ Facebook နဲ့ Twitter တို့က တိုက်ရိုက် ဗီဒီယို ထုတ်လွှင့်ပြသမှုကို အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပေမဲ့ ကမ္ဘာ့လူသုံးအများဆုံး ဗီဒီယို ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်သည့် YouTube ကတော့ တိုက်ရိုက် ဗီဒီယို ထုတ်လွှင့်မှုကို အသုံးပြုခွင့်ပေးဖို့ နှောင့်နှေးနေခဲ့ပါတယ်။ ယနေ့ခေတ်မှာ မိုဘိုင်းဖုန်း အသုံးပြုမှုတွင်ကျယ်လာမှုကို အချိန်နဲ့ တစ်ပြေးညီ အသုံးချနေတဲ့ Facebook နဲ့ Twitter တို့က တိုက်ရိုက် ဗီဒီယို ထုတ်လွှတ်မှုကို မိုဘိုင်းဖုန်းများမှ တစ်ဆင့် အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ YouTube ကတော့ အခုအချိန်မှသာ အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ဒီအတွက်ကြောင့်လည်း YouTube အနေနဲ့ နောက်ကျနေပြီလို့ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ YouTube မှာလည်း သူ့ရဲ့ အသုံးပြုသူနဲ့ သူရှိနေတဲ့အတွက်ကြောင့်ပါ။ Social Media Website များဖြစ်တဲ့ Facebook,Twitter တို့နဲ့ YouTube ကိုတော့ နှိုင်းယှဉ်လို့ မရပါဘူး။ YouTube ဟာ ဖျော်ဖြေမှုကို အသားပေးတဲ့ ဝက်ဘ်ဆိုဒ်ဖြစ်ပြီး၊ Facebook နဲ့ Twitter ကတော့ မိမိရဲ့ သူငယ်ချင်းနဲ့ ပိုမိုနီးစပ်ခွင့်ရတဲ့ Website တစ်မျိုးဖြစ်နေပါတယ်။

ပုံမှာပြထားတဲ့ ပုံစံအရဆိုရင် YouTube ရဲ့ အသုံးပြုသူတို့ မြင်တွေ့ရတဲ့ ဒီဇိုင်းပိုင်းဟာ Twitter မှာ တိုက်ရိုက် ဗီဒီယို ထုတ်လွှင့်ပြနိုင်တဲ့ Application တစ်မျိုး Periscope နဲ့ ဆင်တူပါတယ်။ တို်က်ရိုက်ဗီဒီယိုကြည့်နေရင်း အွန်လိုင်းပေါ်က မိတ်ဆွေအချင်းချင်း စကားပြောနိုင်ခြင်း၊ မိမိတစ်ဦးတည်းဖြစ်စေ၊ အများကိုဖြစ်စေ ပြသခွင့်ကို စီမံနိုင်ခြင်း၊ အုပ်စုဖွဲ့ ၍ တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ခြင်း စတဲ့ Feature တွေစုံလင်စွာ ထည့်သွင်းပေးထားပါတယ်။

ဒါ့အပြင် YouTube ဟာ အခြား ဗီဒီယို Website များနဲ့ မတူတဲ့ အချက်က အခြားသူများရဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ ဗီဒီယိုများကိုလည်း ရှာဖွေနိုင်ခြင်း၊ တိုက်ရိုက်ထုတ်လွှင့်ပြနေတဲ့ ဗီဒီယိုများကို တိုက်ရိုက်ထုတ်လွှင့်ပြသသူရဲ့ ခွင့်ပြုချက်မရပဲ အခြားသူများရဲ့ Playlist စာရင်းနဲ့ Recommendation စာရင်းထဲမှာ ထည့်သွင်းဖော်ပြမှု မရှိခြင်း စတဲ့အချက်များကတော့ အခြား ဝက်ဘ်ဆိုဒ်များနဲ့ မတူတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
å
Ref: The Next Web

Aung Ko Htet (MMA)

‪#‎aungkohtet_mma‬
http://www.myanmarmobileapp.com/2016/06/30/%E1%80%99%E1%80%AD%E1%80%AF%E1%80%AF%E1%80%98%E1%80%AD%E1%80%AF%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%96%E1%80%AF%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC-youtube-%E1%80%80/