07/03/16

ရန်ကုန်၊ ဇူလိုင် ၃

အင်အားပြင်း မြေငလျင်များ လှုပ်ခတ်နိုင်ခြေရှိသည့် စစ်ကိုင်းပြတ်ရွေ့ကြောတွင် ပျဉ်းမနား-သာစည်ပြတ်ရွေ့ အပိုင်းအခြားမှာ မြေငလျင် လှုပ်ခတ်နိုင်သည့် အန္တရာယ် စိုးရိမ်ဖွယ်ရှိကြောင်း မြေငလျင် ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ပဲခူး၊ တောင်ငူ၊ ဆွာ၊ စစ်ကိုင်းနှင့် ပူတာအိုအစရှိသည့် မြို့ကြီးများအပြင် ယခု အဆစ်အပိုင်းမှာလည်း အင်အားပြင်း မြေငလျင် လှုပ်ခတ်နိုင်ခြေ အများဆုံး ရှိနေသည့်အတွက် သုတေသနပြု လေ့လာမည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

အဆိုပါ ပြတ်ရွေ့ မြေလွှာအပိုင်းသည် ငလျင်ကြီးအန္တရာယ် စိုးရိမ်ရသည့်အတွက် အတိတ် ငလျင်လှုပ်ခတ်ထားမှု အခြေအနေကို စင်ကာပူ အခြေစိုက် Earth Observatory of Singapore (EOS) အဖွဲ့နှင့် ပူးပေါင်း၍ သုတေသနပြု လေ့လာမည်ဖြစ်ကြောင်း မြေငလျင်ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောကြားသည်။

“ဒီစီမံကိန်းမှာ GPS စက်တွေ တပ်ဆင်မယ်။ နောက်ပြတ်ရွေ့ကြော တစ်လျှောက် လေယာဉ်နဲ့ ကောင်းကင် ဓာတ်ပုံ ရိုက်ယူမယ်။ ဒီက ရလာတဲ့ ဓာတ်ပုံတွေ၊ အချက်အလက်တွေကနေ ကာဗွန်မြေထုချပ်တွေကို ပြန်ကြည့်ပြီးမှ အတိတ်ငလျင်တွေ လှုပ်ခတ်တာကို သိနိုင်မယ်”ဟု ၎င်းက ဆိုသည်။

၁၈၃၉ ခုနှစ်က အင်းဝ ငလျင်ကြီး လှုပ်ခတ်ထားခဲ့ပြီးနောက် ယခုအခါ အချိန်ကာလ ကြာမြင့်နေသည့်အတွက် စစ်ကိုင်းမြို့ တောင်ဘက်မှ နေပြည်တော်၊ ပျဉ်းမနားမြို့ အကျော်အထိ အဆစ်အပိုင်းရှိ အတိတ်ငလျင် လှုပ်ခတ်ထားမှု အခြေအနေကို ယင်းစီမံကိန်းအတွင်း သုတေသနပြု လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောကြားသည်။

အဆိုပါ သုတေသနပြု လေ့လာရေးစီမံကိန်းကို မြန်မာနိုင်ငံ မြေငလျင် ကော်မတီ၊ Earth Observatory of Singapore (EOS)အဖွဲ့နှင့် မိုးလေဝသနှင့် ဇလေဗေဒ ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။

The Voice


မုံရွာ၊ဇူလိုင်-၃

နှစ်ပေါင်းများစွာ ဌာနဆိုင်ရာ အစည်းအဝေးများ အခမ်းအနားများကိုသာ ကျင်းပခွင့်ပြုခဲ့သော မုံရွာမြို့ တော်ခန်းမတွင် ယနေ့ညနေပိုင်းတွင် အများပြည်သူ တက်ရောက်နိုင်သည့် စာပေဟောပြောပွဲကိုပြန်လည် ကျင်းပခွင့်ရခဲ့သည်။

ယခင်အစိုးရ လက်ထက်က မြို့ခံများငှားရမ်း သုံးစွဲခွင့်မရဘဲ အစိုးရအဖွဲ့ပွဲများသာ ကျင်းပခွင့်ပြုခဲ့ရာမှ လက်ရှိအစိုးရလက်ထက်တွင် အများပြည်သူအား ပြန်လည်အသုံးပြုခွင့်ပေးခဲ့သည်။


မြို့တော်ခန်းမတွင် အများပြည်သူ ဘီပိုးကာကွယ်ဆေး ထိုးပွဲများ ယခုအခါစာပေဟောပြောပွဲများ ကျင်းပခွင့် ပြုခဲ့သည်။

မြို့တော်ခန်းမ အသုံးပြုခွင့်သည် စည်ပင်သာယာရေး ကော်မတီထံမှ တောင်းခံရခြင်း ဖြစ်သည်။

Monywa Gazette
https://www.facebook.com/chindwingazet/


ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုက ပေါင်းကူသင်္ချိုင်းမြေ ၃ ဧကခွဲမှာ အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးက နေအိမ်ဆောက် လုပ်ထားတာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ထံ တင်ပြသွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

အများပိုင်မြေကို အုပ်ချုပ်ရေးပိုင်းက ရောင်းစားခဲ့တဲ့ ကိစ္စတွေဟာ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက် တိုင်းလိုလိုမှာ ရှိနေတာဖြစ်တယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောပါတယ်။

အဲဒီသင်္ချိုင်းမြေ ၃ ဧကခွဲကို အုပ်ချုပ်ရေးမှူးနဲ့ မြေယာကော်မတီတို့က ရောင်းထားပြီး အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးက အဲဒီမြေနေရာမှာ နေအိမ်နှစ် လုံးဆောက်ထားတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

အဲဒီမြေနေရာမှာ ခြံစည်းရိုးခတ်ပြီး နေအိမ်ဆောက်လုပ်ထားပေမယ့် မြေနေရာအတွက် အမည်ပေါက် ဂရံလာလျှောက်ထားသူ မရှိသေးဘူးလို့လည်း ဦးအောင်လှိုင်ဝင်း က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရန်ကုန်၊ ဇူလိုင် ၂-ဘုရားဖူးယာဉ်များ ပေါ်မှ ပိုက်ဆံပစ်ချလှူဒါန်းခြင်း မပြုလုပ်ရန် တားမြစ်သွား မည်ဖြစ် ကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီး သွားဝန်ဆောင်မှုအသင်းထံမှ သိရ သည်။

လာမည့်တောင်ပြုန်းပွဲတော် ချိန်ဖြစ်သည့် သြဂုတ် ၁၁ ရက်မှစတင် ၍ ပြည်တွင်းဘုရားဖူးခရီးသွားလုပ် ငန်းများထံ တားမြစ်စာပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တားမြစ်စာထုတ်ပြန် ရခြင်းမှာ ဘုရားဖူးယာဉ်ပေါ်မှ အလှူ ငွေများ ပစ်ချလှူဒါန်းခြင်းကြောင့် ငွေ လိုက်လံကောက်သည့် ကလေးများ ယာဉ်အန္တရာယ်ကြုံတွေ့နေရခြင်းနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင် ခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက ဇူလိုင် ၂ ရက်တွင် ပြောသည်။

ဘုရားဖူးတဲ့သူတွေက သူတို့လှူ ချင်တဲ့ သဒ္ဓါတရားကျပြီးတော့ ကား ပေါ် ကနေ ပိုက်ဆံကိုချလှူလိုက်တယ်။ နောက်ကားက ပိုက်ဆံချလှူတာကို မမြင်လိုက်တာမျိုးတွေကြောင့် ပိုက် ဆံလိုက်ကောက်တဲ့ ကလေးတွေကို တိုက်မိတာတွေ ခဏခဏဖြစ်နေ တယ်" ဟု ၄င်း က ပြောသည်။

ဘုရားဖူးယာဉ်ပေါ်တွင်လိုက်ပါ သည့် ယာဉ်လိုင်းတာဝန်ခံက ယင်း ကဲ့သို့ ပိုက်ဆံပစ်ချလှူဒါန်းခြင်းကို မပြုလုပ်ရန် ပြောပေး ရန်နှင့် ကလေး များ ယာဉ်အန္တရာယ်ကြုံတွေ့ရသည့် အကြောင်းအရာများကို ရှင်းလင်း ပြော ကြားပေးရန် အသိပေးအကြောင်း ကြားစာကို ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။

ပုဂံသို့ဘုရားဖူးထွက်ခဲ့သူ ဦးလွင် က " ကလေးတွေ လမ်းမှာလိုက်တောင်း နေကြတယ်။ တွေ့တော့ သနားတော့ ပေးချင် တယ်။ ပေးလိုက်ရင် သူတို့ ကိုယ်သူတို့ အားကိုးချင်စိတ်ပျောက် သွားပြီး အနာဂတ်ပျောက်သွားမယ်။ ရမှန်းသိတော့ အကျင့်တွေလည်းပျက် စီးတယ်။ ဒါကြောင့် သူတို့တွေကို အား မပေးသင့်ဘူး" ဟုပြောသည်။

လာမည့်ခရီးသွားရာသီတွင် ဘုရားဖူးယာဉ်ပေါ်မှ အမှိုက်စွန့်ပစ် ခြင်း၊ တည်းခိုသည့်နေရာများတွင် စနစ်တကျ အမှိုက်စွန့်ပစ်ရန်နှင့် အ မှိုက်ကောက်ရန်တို့ကိုပြောပြပေးမည့် ကားတာဝန်ခံကောင်းများကို မွေး ထုတ်ပေးနေကြောင်း ပြည်တွင်းဘုရား ဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း မှ သိရသည်။

" ယာဉ်ပေါ်ပါတဲ့ ဘုရားဖူးခရီး သည်တွေကို အမှိုက်စည်းကမ်းတကျ ပစ်ဖို့ တာဝန် ခံတွေကပြောပေးမယ်။ ငါးယောက်လောက်ပဲ လက်ခံလုပ်ပေး မယ်ဆိုရင်တောင် အများကြီးတန်ဖိုး ရှိပါမယ်။ နောက်ပိုင်း ပိုက်ဆံပစ်ချ တဲ့ကိစ္စတို့ အမှိုက်စွန့်ပစ်တဲ့ကိစ္စတွေ က နောက်ပိုင်းမှာ ပျောက်သွားပါလိမ့် မယ်" ဟု ၎င်း ကပြောသည်။

အဆိုပါအကြောင်းကြားစာကို ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန် ဆောင် မှုအသင်းဝင် လုပ်ငန်းရှင်များ အပြင် အသင်းဝင်မဟုတ်သည့် လုပ် ငန်းရှင် များထံပါ ပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။

ပြည်တွင်းဘုရားဖူးခရီးသွား ၀န်ဆောင်မှုလုပ်ငန်းရှင်ပေါင်း ၆၀၀ ၀န်းကျင် ရှိပြီး ယခုအခါ ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းဝင်ထား သည့် လုပ်ငန်းရှင် ၂၀၀ ခန့်ရှိကြောင်းသိရသည်။

TTMT
‪#‎Democracytoday‬


ထိုင်းနယ်စပ်ရှိ အုန်းဖျန်မြန်မာဒုက္ခသည်စခန်းမှ ဒုက္ခသည်များ။
ဇူလိုင် - ၃ - ၂၀၁၆

ထိုင်းနယ်စပ်မှာခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည် ၁ သိန်းခွဲကျော်ထဲက ဒုက္ခသည် (၂၀၀) ခန့်ဟာ သူတို့သဘောနဲ့သူတို့ နေရပ်ကို အမြန်ဆုံးပြန်ချင်တယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေကို မကြာခင်က ပြောဆိုလာတဲ့အတွက် မြန်မာအစိုးရဘက်က ပြန်ခေါ်နိုင်ရေးကိစ္စတွေကို ဦးစားပေးအနေနဲ့ လုပ်ဆောင်နေပါတယ်။

ဒီလူတွေ နေရပ်ပြန်လို့ အဆင်ပြေခဲ့မယ်ဆိုရင် နောက်ကနေဆက်လိုက်မဲ့ လူတွေလည်း အရံသင့်ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးကတော့ " အမှန်ကတော့ ဒီလိုမဖြစ်သင့်ဘူး အားလုံးတိုင်တိုင်ပင်ပင်နဲ့ဆိုရင် ပိုကောင်းတာပေါ့ ကိုယ်တို့ဆီမှာက ဘယ်နေရာဘယ်ဒေသ ဘယ်အဖွဲ့အစည်း ဘယ်အသိုင်းအ၀ိုင်းမှာဘဲဖြစ်ဖြစ် တယောက်တပေါက်ဆိုတဲ့ ပြသာနာကြီးက မြန်မာနိုင်ငံမှာ အမြစ်တွယ်လာတာ ကြာပြီးဆိုတော့ လူတွေလည်း အကျင့်ပါသွားကြပြီး " လို့ ပြောဆိုပါတယ်။

နေရပ်ပြန်ဘို့ စာရင်းပေးထားတဲ့ မြန်မာဒုက္ခသည် (၂၀၀) ခန့်ကို အစိုးရဘက်ကနေသူတို့ကို ဘယ်မှာနေရာချပေးမှာလဲ ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဒီလူတွေ နေရပ်ပြန်မဲ့ကိစ္စကို မြန်မာသံရုံး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနတွကနေ အဓိက ကိုယ်တွယ်မှာ ဖြစ်တယ်လို့တော့ သိရှိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ


ဘဂ္ဂဒက်၊ ဇူလိုင် ၃ ။

ဇူလိုင်လ ၃ ရက် (ယနေ့) နံနက်စောစောအချိန်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လူစည်ကားရာနေရာနှစ်ခုတွင်ဗုံး နှစ်လုံးပေါက်ကွဲခံရာ ကလေးငယ်များအပါအ၀င် လူ ၈၀ ထက်မနည်းသေဆုံးခဲ့ကြောင်းဇူလိုင်လ ၃ ရက်.aljazeera.သတင်းတွင်ဖော်ပြသည်။

ပထမဗုံးမှာကားဗုံးဖြစ်ပြီး၊ ဘဂ္ဂဒက်မြို့လူစည်ကားရာနေရာဖြစ်သည့် Karada ဒေသတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်ချိန်ပြီးဆုံးခါနီးတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲချိန်တွင်လမ်းပေါ်တွင်လူများပြည့်နှက်နေကြောင်း၊ ပေါက်ကွဲမှု ကြောင့် အနည်ဆုံး ၇၉ ဦး သေဆုံးခဲ့ပြီး၊ ၁၃၂ ဦးဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရရှိသူအများစုမှာ ကလေးငယ်များဖြစ်ကြောင်း၊aljazeera.သတင်းတွင်ဖော်ပြသည်။

ပထမဗုံးပေါက်ကွဲပြီးနောက်မကြာမီမှာပင်ဘဂ္ဂဒက်မြို့၊ မြောက်ဘက် လူစည်ကားရာဈေးတစ်ခုအနီးတွင် ဒုတိယဗုံးထပ်မံပေါက်ကွဲခဲ့ရာ အနည်းဆုံး ၅ ဦးသေဆုံးခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြသည်။


ဒုတိယဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၁၆ ဦးထက်မနည်းရှိခဲ့သည်ဟုလည်းaljazeera.သတင်းတွင်ဖော်ပြသည်။

ပထမဗုံးပေါက်ကွဲရာနေရာအနီး၊ အဓီကလမ်းပေါ်ရှိအဆောက်အဦးများမှာ မီးအကြီးအကျယ်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း၊ အဆောက်အဦးအများစုမှာလည်းဆိုးဝါးစွာထိခိုက်ပျက်စီးခဲ့ကြောင်း၊ အီရတ် ၀န်ကြီးချုပ် Haider al-Abadi အခင်းဖြစ်ပွားရာနေရာသို့ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာစဉ် စိတ်ဆိုးဒေါသထွက်နေသော ဒေသခံလူအုပ်ကြီးက၄င်းတို့အဖွဲ့ကိုကျောက်ခဲများ၊ အုတ်ခဲများဖြင့်ပစ်ပေါက်ခဲ့ကြကြောင်း BBC သတင်းတွင်ဖော်ပြသည်။

ပထမဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ ၄င်းတို့၏ လက်ချက်ဖြစ်သည်ဟု IS အဖွဲ့ကထုတ်ပြန်ထားသော်လည်း၊ ဒုတိယဗုံးနှင့် ပတ်သက်၍မူ တစ်စုံတရာထုတ်ပြန်ပြောဆိုမှုမရှိသေးကြောင်း၊ IS အဖွဲ့သည် အီရတ်နိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သောMosul. မြို့ကို ယခုအချိန်အထိထိန်းချုပ်ထားဆဲဖြစ်ကြောင်းaljazeera. သတင်းတွင်ဖော်ပြသည်။

PHOTO - BBC .aljazeera.
The Asia Heart News


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှု တစ်ခု အားတွေ့ရစဉ် (ဆင်ဟွာ)
    အစ္စလာမ်ဘတ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

    ပါကစ္စတန် အနောက်အမြောက်ပိုင်း ချီထရယ် ခရိုင်တွင် ရုတ်တရက် ရေကြီးမှု ဖြစ်ပွားခဲ့၍ အမျိုးသမီးများ နှင့် ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီး ၃၅ဦး ဒဏ်ရာရရှိခဲ့ကာ အများအပြား ပျောက်ဆုံးနေကြောင်း ပြည်တွင်း မီဒီယာများ နှင့် တာဝန်ရှိသူများက ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ချီထရယ်ခရိုင် ၏ မြို့တော်ဝန် Maghfirat Hussain က နိုင်ငံ၏ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် ရှိ ချီထရယ်ခရိုင်၊ အာရွှန်းရွာ တွင် ရေကြီးမှုဖြစ်ပွားခဲ့သောကြောင့် ဗလီကျောင်းတစ်ကျောင်း နှင့် လူနေအိမ် အလုံး ၃၀ ရေနှင့်အတူ မျောပါ ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဗလီကျောင်းအတွင်း ၌ လူအများ ဘာသာရေး ဥပုသ် စောင့်နေစဉ် ဇူလိုင်လ ၂ ရက်နေ့ ည တွင် ချီထရယ် မြစ် ရေလျှံမှုကြောင့် ရုတ်တရက် ရေကြီးမှု ဖြစ်ပေါ်ခဲ့ကြောင်း နှင့် ယင်း ဗလီကျောင်းသည်လည်း ရေကြီးမှု နှင့် အတူ မျောပါ ပျက်စီးခဲ့ကြောင်း သိရသည်။

Urdu သတင်းရုပ်သံလိုင်း ၏ ဖော်ပြချက်အရ ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ် နားတွင် တည်ရှိနေသည့် အာရွှန်းရွာ တွင် ရုတ်တရက် ရေကြီးမှုကြောင့် နေအိမ် ပြိုကျပျက်စီးမှု များအတွင်း ၃၅ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ၃၁ ဦးပျောက်ဆုံးနေကြောင်း သိရသည်။

စစ်တပ် နှင့် လက်နက်ကိုင် အဖွဲ့အစည်း များ၊ ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (P.D.M.A) မှ ကယ်ဆယ်ရေး အဖွဲ့များ သည် ရေကြီးမှု ဖြစ်ပွားခဲ့သောနေရာသို့ သွားရောက်၍  ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

သို့သော် အဆိုပါဒေသ အတွင်း ဇူလိုင်လ ၂ ရက် ညပိုင်း ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေသည့် အတွက်ကြောင့် ကယ်ဆယ်ရေးဝန်ထမ်းများ အနေဖြင့် အခက်အခဲ များစွာ ဖြင့် ရင်ဆိုင်နေရကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ- သူရ)

နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရသစ်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အမြစ်ဖြတ်ချေမှုန်းရေးက ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ကြေညာသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ညွန်ကြားမှုဖြင့် အစိုးရဝန်ကြီးဌာနများက မေလမှအစပြုပြီး ရက် ၁၀၀ စီမံကိန်းဖြင့် လုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ်ကိုင်လျက်ရှိနေကြောင်း သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

"မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများက ကျွန်တော်တို့ ပြည်သူတွေအတွက် ကြီးမားတဲ့ အန္တရာယ်ကြီးတစ်ရပ်ပါ။ အထူးသဖြင့် လူငယ်တွေအတွက်ပါပဲ။"ဟု ဦးဇော်ဌေးက ဆိုသည်။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံဖက်ခြမ်း တရုတ်နယ်စပ်အနီးတွင် မှောင်ခိုပေါက်ဈေး အမေရိကန်ဒေါ်လာ ၃၅ သန်းဖိုးပမာဏရှိ မက်သာဖီတာမင်းဆေးပြားများ ၂၁ သန်းကို တာဝန်ရှိသူများက ဖမ်းဆီးရမိသည်။

ယင်းဖမ်းဆီးမှုက နိုင်ငံအတွင်း ဒုတိယအများဆုံး ဖမ်းဆီးနိုင်မှု ပမာဏဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း စွန့်ပစ်ယာဉ်တစ်စင်းပေါ်မှ မှောင်ခိုဈေး အမေရိကန်ဒေါ်လာ ၁၀၆ သန်းဖိုးရှိသော မက်သာဖီသမင်းဆေးပြား ၂၇ သန်းကို အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။

ရဲဌာနက လူဒါဇင်များစွာကို ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့သော်လည်း အဓိကတရားခံအား ယခုတိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

"တကယ်ကို ကြီးကြီးမားမား အရေအတွက် စံချိန်တင် ဆေးဝါးတွေ ဖမ်းမိတဲ့ ဒီနှစ်မှုစလုံးက အဓိကမူးယစ်ကုန်ကူးသူတွေကို ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။"ဟု နေပြည်တော်က ရဲဌာနချုပ်ရုံးမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက အမည်မဖော်လိုဘဲ ပြောကြားသည်။

"ကျွန်တော်တို့အနေနဲ့ မူးယစ်ဆေးဝါးကုန်ကူးမှုရဲ့ အဓိကကြိုးကိုင်သူတွေကို သိရှိထားတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအတွင်းမှာတော့ သူတို့ကို ဖမ်းဆီးဖို့ရာက မဖြစ်နိုင်သလောက်ရှိတယ်။"ဟု ၎င်းက DPA သတင်းဌာနသို့ ပြောသည်။

"သူတို့က အချိတ်အဆက်ကောင်းတဲ့ စီးပွားရေးသမားတွေဖြစ်ပါတယ်။ တစ်ချို့တွေက သူပုန်တွေရဲ့ အကာအကွယ်ရှိနေပြီး တစ်ချို့ကတော့ အာဏာရှိစစ်တပ်ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်သူတွေဖြစ်တယ်။"ဟု ၎င်းကဆိုသည်။

"ကျွန်တော်တို့ အခု စံချိန်တင်ဖမ်းမိတယ်ဆိုတဲ့ ဆေးဝါးတွေဆိုတာကလည်း နိုင်ငံတွင်းမှာ ထုတ်လုပ်ထွက်ရှိနေတဲ့ ဆေးဝါးပမာဏရဲ့ သေးငယ်တဲ့ အချိုးအစား ပမာဏကို ဖမ်းဆီးမိတာပါ။ ဒါတွေကြောင့် ကျွန်တော်တို့ ဌာနအတွက် စိတ်ပျက်စရာကောင်းသလို ရှက်စရာလည်း ကောင်းတယ်။"ဟု ယင်းက ပြောသည်။

ကမ္ဘာတွင် ဒုတိယမူးယစ်ဆေးဝါးထွက်ရှိသည့် မြန်မာနိုင်ငံက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ၁၅ နှစ်တာ စီမံကိန်းကို နောက်ထပ် ငါးနှစ်ထပ်တိုးကာ ၂၀၁၉ အထိ သတ်မှတ်လုပ်ဆောင်နေသော်လည်း ထွက်ရှိမှုက မြင့်မားနေဆဲဖြစ်ကြောင်းကို သိမြင်ထားရသည်။

မူးယစ်မှောင်ခိုကူးသူတွေအဖြစ် သံသယရှိရသူများက လှည့်ပတ်ရှောင်တိမ်းနေကြရာတွင် တစ်ခါတစ်ရံ သူပုန်ထိန်းချုပ်ရာဒေသများက လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ပေးခြင်းကိုပါ ရရှိနေကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောခဲ့သည်။
Mizzima - News in Burmese

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ခွင့်ပြုချက်မရှိပဲ ဆောက်လုပ်ထားတဲ့ အစ္စလာမ် ဘာသာရေးဆိုင်ရာ ယာယီဝတ်ပြုဆောင်တစ်ခု မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေး နဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ဒီကနေ့ သွားရောက်စစ်ဆေးနေပါတယ်။

ဝတ်ပြုဆောင် မီးရှို့ခံရပြီးနောက်ဆက်တွဲ မလိုလားအပ်တာတွေ မဖြစ်ရအောင် ဖားကန့်ဒေသ တည်ငြိမ် လုံခြုံရေးအတွက် ဒေသခံရပ်မိရပ်ဖတွေအပါအဝင် ဌာနဆိုင်ရာတွေနဲ့ သွားရောက် ညှိနှိုင်းဆောက်ရွက်တာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးအေးမောင်ကြည်က ပြောပါတယ်။


ကချင်ပြည်နယ် အိုလမာ သာသနာ့ပညာရှင်များအဖွဲ့ခွဲကလည်း နောက်ထပ်မဖြစ်ပွားစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ထံ စာတင်ပြဖို့ ညှိနှိုင်းနေကြပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုံးခင်း-လယ်ပြင် ဥရုချောင်းကူးတံတားစီမံကိန်းမှာပါဝင်တဲ့ အစ္စလာမ် ဘာသာဝင် အင်ဂျင်နီယာတစ်ဦးက အစိုးရခွင့်ပြုချက်မရှိပဲ မူလဘာသာရေး အဆောက်အဦးငယ် တစ်ခုကို တိုက်ခံအဆောက်အဦးကြီးအဖြစ် တည်ဆောက်လိုက်တာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေက အဲ့ဒီအဆောက်အဦးအသစ်ကို ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် တောင်းဆိုရာကနေ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့က ဖားကန့်ဒေသမှာ ရေမဆေးကျောက်လာရောက်ရှာဖွေနေသူတွေ အများစုပါဝင်တဲ့ လူ ၁၅၀ လောက်က မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။

လောလောဆယ် အခြေအနေတွေ တည်ငြိမ်နေပြီး ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲအရံတပ်ရင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူထားပါတယ်။
Photo: Thurin Naymin/ Facebook ( ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ၀တ်ပြုသည့် အဆောက်အဦးကို ဇူလိုင်လ ၁ ရက်နေ့က မီးရှို့ ဖျက်ဆီးထားသည်ကို တွေ့ရစဉ် )
RFA

ဆင်မကြီးတစ်ကောင်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ထိုင်း-မြန်မာ နယ်စပ်မှာမြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်ပြတ်သွားခဲ့ရပါတယ်။
ဒါပေမယ့် အခုတော့ ဆင်မကြီးဟာ ခြေတုအသစ်ရရှိသွားပါပြီ။

မြေမြှုပ်မိုင်းနင်းမိတဲ့ မတော်တဆဖြစ်ရပ်ဖြစ်ပွားတုန်းက ဆင်မကြီး မိုရှာ ဟာ အသက် ၇ လသာရှိပါသေးတယ်။
ဒဏ်ရာရသွားတဲ့အချိန်မှာ သူ့ကို ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ လမ်ပန်း ဒေသက Friens of the Asian Elephant Foundation ကဖွင့်လှစ်ထားတဲ့ ဆင်ဆေးရုံကိုအလျင်အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။

မတော်တဆမှု ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ခွဲစိတ်ကုဆရာဝန် သတ်ချိုင်းဂျီဗာကတ်က သူ့ကို ခြေတုအသစ် တစ်ချောင်း တပ်ဆင်ပေးခဲ့ပါတယ်။ သူအသက်ကြီးလာတဲ့အခါမှာတော့ သူ့ခြေထောက်တွေဟာ ပိုမိုရှည်လျားပြီး ပိုမိုတောင့်တင်းလာတာကြောင့် သူ့အတွက် ခွဲစိတ်ကုဆရာဝန်က ခြေတုအသစ်တစ်ခု ထပ်လုပ်ပေးပါတယ်။

“သူခြေတုအသစ်မရခင် ကဆိုရင် သူလမ်းလျှောက်တဲ့အခါ ခြေတုကဟန်ချက်ညီအောင်မထိန်းပေးနိုင်တော့သူမှာ ညွှတ်ညွှတ်ကျနေခဲ့တယ်” လို့အသက် ၇၂ နှစ်အရွယ် သတ်ချိုင်းကပြောပြပါတယ်။
သူရဲ့ပထမဆုံးခြေတုကို ရတုန်းက မိုရှာဟာကိုယ်အလေးချိန် ကီလိုဂရမ် ၆၀၀ သာရှိသေးတာဖြစ်ပြီး အခုအခါမှာတော့ ပေါင်ချိန်က ကီလိုဂရမ် ၂,၀၀၀ ကျော်လောက်ရှိနေပြီ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ Friends of the Asian Elephant Foundation ဆေးရုံဟာကမ္ဘာ့ပထမဆုံး ဆင်ဆေးရုံဖြစ်ပြီး လက်ရှိမှာ ဆင် ၁၇ ကောင်ကို လက်ခံကုသပေးနေပါတယ်။
[Ref:metro; 1 July 2016]
မအေးသီမွန်
Kumudra

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အိုင်အက်စ်အဖွဲ့လို့ဆိုတဲ့ အဖွဲ့ရဲ့ နှစ်နေရာဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၈၀ထက်မနည်း သေဆုံးသွားပြီး ၁၃၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စနေနေ့နှောင်းပိုင်းကဖြစ်ခဲ့တဲ့ ပထမဆုံးတိုက်ခိုက်မှုမှာ အလယ်ပိုင်းခရိုင် ကာရာဒါရဲ့ ဈေးဝယ်ဧရိယာနဲ့ စားသောက် ဆိုင်တစ်ခုအနီးမှာ အသေခံကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ဒုတိယဗုံးပေါက်ကွဲမှုကတော့ သည်မြို့မြောက်ပိုင်း က အဓိကရှီးယာဧရိယာထဲမှာ ပေါက်ကွဲခဲ့ပါတယ်။

သည်ဗုံးပေါက်ကွဲမှုတွေဟာ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အိုင်အက်စ်လက်တွင်းကနေ ဖော်လူဂျာမြို့ကို ပြန်သိမ်း ပိုက်ပြီးနောက်တစ်ပတ်အကြာမှာ ဖြစ်ပွားခဲ့တာပါ။
အာဏာပိုင်တွေက သည်မြို့ဟာ ဘဂ္ဂဒက်မြို့မှာ တိုက်ခိုက်မှုတွေပြုလုပ်ဖို့အတွက် အိုင်အက်စ်တွေက ခြေကုပ်နယ်မြေ တစ်ခုအဖြစ် အသုံးပြုကြတယ်လို့ ပြောပါတယ်။

ကာရာဒါမြို့က သည်အသေခံကားဗုံးခွဲတိုက်ခိုက်မှုကို သူတို့ပြုလုပ်ခဲ့တယ်လို့ အိုင်အက်စ်က စနေနေ့က ကြေညာခဲ့ပါ တယ်။ သည်ကားဗုံးဟာ မွတ်စလင်တွေရဲ့ ရာမဒန် ဥပုသ်လအတွင်း လူတွေညစာ အပြင်ထွက်စားနေချိန်မှာ ပေါက်ကွဲခဲ့တာပါ။ အိုင်အက်စ်တွေဟာ အီရတ် ဒုတိယအကြီးဆုံးမြို့ မိုဆူးအပါအဝင် မြောက်ပိုင်းနဲ့အနောက်ပိုင်းက နယ်မြေတစ်ခွင်တပြင်ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ အမေရိကန်ထောက်ခံပေးထားတဲ့ သူပုန်တွေရဲ့ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ ဆီးရီးယားနဲ့အီရတ်နိုင်ငံမှာ အိုင်အက်စ်အဖွဲ့ဟာ ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။

ချိုလေးငယ်
Ref: BBC ( July 3, 2016 )
Kumudra

ဇူလိုင် ၃ ။ ဒါကာ စားသောက်ဆိုင်မှာ ဓားစာခံ အယောက် ၂၀ ကို သတ်ဖြတ်ခဲ့တဲ့ ဂျီဟတ်စစ်သွေးကြွတွေဟာ ပြည်တွင်းမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ ကသာဖြစ်ပြီး အိုင်အက်စ်အဖွဲ့ရဲ့ နောက်လိုက်တွေ မဟုတ်ပါဘူးလို့ တနင်္ဂနွေနေ့က အကြီးတန်းဝန်ကြီးတစ်ဦးကပြောကြားခဲ့ပါတယ်။

“သူတို့ဟာ Jamaeytul Mujahdeen Bangladesh အဖွဲ့ရဲ့ အဖွဲ့ဝင်တွေသာ ဖြစ်တယ်” လို့ ဘင်္ဂလားဒေ့ရှ်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာပိတ်ပင်တားမြစ်ခံထားရတဲ့ စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ကို ရည်ညွှန်းပြီး ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်း ကအေအက်ဖ်ပီ ကိုဖြေခဲ့ပါတယ်။

“သူတို့က အစ္စလာမ်မစ်စတိတ် အဖွဲ့နဲ့အဆက်အသွယ်မရှိပါဘူး” လို့ လည်းသူကဆိုပါတယ်။
စနေနေ့က ပြီးဆုံးသွားတဲ့ ၁၂ နာရီကြာ စားသောက်ဆိုင်ကို ဝင်ရောက်စီးနင်းမှုအတွင်း ဓားစာခံတွေ နဲ့ ရဲနှစ်ဦး ကိုသတ်ဖြတ်ခဲ့တဲ့ကိစ္စကို သူတို့လုပ်ဆောင်ခဲ့တာလို့ အိုင်အက်စ်အဖွဲ့က အခိုင်အမာပြောကြားခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ နိုင်ငံတကာ ဂျီဟတ်အဖွဲ့တွေ လှုပ်ရှားနေကြတယ်ဆိုတဲ့ ပြောဆိုမှုတွေကို အပြောင်းအလဲမရှိ ငြင်းဆန်နေတုန်းပါပဲ။

ဝင်ရောက်စီးနင်းမှုအပြီးမှာ ပစ်သတ်ခံခဲ့ရတဲ့ စစ်သွေးကြွတိုက်ခိုက်ရေးသမား ၆ ဦးရဲ့ဓာတ်ပုံ နဲ့ နာမည်တွေကို ရဲတပ်ဖွဲ့ ကထုတ်ပြန်ခဲ့ပါတယ်။ ၇ ယောက်မြောက် တိုက်ခိုက်ရေးသမား ကိုတော့ ထိန်းသိမ်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အေဂျင်စီ ကစစ်ဆေးမေးမြန်းနေပါတယ်။

တိုက်ခိုက်ရေးသမားအားလုံးဟာ ပညာတတ်တွေဖြစ်ကြပြီး အများစုက ပြည့်စုံကြွယ်ဝတဲ့ မိသားစုတွေကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ လို့ ခန်း ကပြောပါတယ်။

“ သူတို့အားလုံးဟာ ပညာရေးကောင်းတဲ့သူတွေဖြစ်ပြီး တက္ကသိုလ်ကျောင်းဆင်းတွေပါ။ ဘယ်သူကမှ ဘာသာရေး သက်သက်သင်ကြားတဲ့ကျောင်းတွေက မဟုတ်ကြပါဘူး။” လို့လည်း ဝန်ကြီးကပြောပါတယ်။

သူတို့တွေ ဘာလို့များအစ္စလာမ္မစ်စစ်သွေးကြွတွေ ဖြစ်လာရတာလဲဆိုတဲ့ အမေးကိုတော့ ခန်းက “ ဖက်ရှင်တစ်ခု ဖြစ်လာနေတာကြောင့်ပါ” လို့ပြန်ဖြေခဲ့ပါတယ်။


မအေးသီမွန်
Ref: AFP ( July 3, 2016 )
Kumudra

ဝက်ဝံညိုကြီး က စက်ဘီးသမား ကို ကိုက်သတ်

အမေရိကန် အနောက် မြောက်ပိုင်းက ဝေးလံတဲ့ မွန်တားနား ပြည်နယ်က ဂလေစီယာ အမျိုးသား ဥယျာဉ် အပြင်ဘက်မှာ ဂရစ်ဇလီ မျိုးနွယ် ဝက်ဝံညိုကြီး တကောင်က စက်ဘီးသမား တယောက်ကို ကိုက်သတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဥယျာဉ်နားက တောစခန်း တခုနားမှာ ဗုဒ္ဓဟူးနေ့က ဒီလို ကိုက်သတ်ခံခဲ့ရတာပါ။

လူသတ်သွားတဲ့ ဝက်ဝံကို လက်နက်ကိုင် ရဲတွေက လိုက်ရှာနေတယ်လို့ သိရပါတယ်။

ဒီလို ဝက်ဝံ ကိုက်လို့ သေသူ ဒီနယ်မြေမှာ ရှားပါးပြီး ဥယျာဉ် တည်ထောင်ပြီး အနှစ် တရာ အတွင်း လူ ၁ဝ ယောက်ပဲ သေဖူးတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၈ နှစ် အရွယ် သစ်တော အရာရှိ တယောက် ဖြစ်ပါတယ်။

ဝက်ဝံက တောလမ်း ပေါ်မှာ တွေ့တဲ့ စက်ဘီး သမား ၂ ယောက်ကို ရန်မူ တိုက်ခိုက်ခဲ့တာ လို့ သိရပါတယ်။

စက်ဘီး သမား တယောက်ကို ဝက်ဝံက ဆွဲချ တိုက်ခိုက်ချိန်မှာ နောက်တယောက်က နင်းပြေးပြီး အကူအညီ သွားတောင်းခဲ့တာပါ။

ဂရစ်ဇလီ ဝက်ဝံတွေကို မျိုးတုံးလုနီး စာရင်းက ပယ်ဖျက် သွားမယ်လို့ အမေရိကန် သားရဲ တိရစ္ဆာန် ဌာနက ကြေညာ ထားပါတယ်။
BBC Burmese

ချင်းပြည်နယ် တွန်းဇံမြို့နယ် တွီလီချောင်းပေါ်က နုန်းတားဆည်ကျိုးပေါက်နေတာကြောင့် ချောင်းအောက်ဘက်မှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က မှန်လုံချောင်းနဲ့ နေရဉ္စရာမြစ် ဘေးနားက ကျေးရွာ ၃ ရွာလောက် ဘေးလွတ်ရာ ပြောင်းရွှေ့နေကြတယ်လို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

နုန်းတားဆည်ကျိုးပြီး စီးလာတဲ့ရေတွေကြောင့် ရာဇဂြိုဟ်ဆည်မှာ ရေတက်လာတဲ့အတွက် နီးစပ်ရာ ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ပေးနေတယ်လို့ အထက်ချင်းတွင်း ကွန်ရက်က ကိုကျော်သက်ဝင်းက ပြောပါတယ်။

လတ်တလော ပြောင်းရွှေ့နေတဲ့ အိမ်ထောင်စုပေါင်း ၆၀ လောက်ရှိနေပြီး နေရဉ္စရာမြစ် တစ်လျှောက်က ခုံသာ၊ မော်လိုက်ကလေး၊ အင်တိုင်းကြီး၊ အင်တိုင်းကလေး စတဲ့ကျေးရွာတွေ အပါအ၀င် ကျေးရွာ ၁၀ ရွာလောက် ပြောင်းရွှေ့ဖို့ လိုအပ်နေတယ်လို့လည်း ဒေသခံအရပ်ဖက် အဖွဲ့တွေက ပြောပါတယ်။

လက်ရှိ ရာဇဂြိုဟ်ဆည်ထဲက ရေတွေကို ရေပိုလွှဲကနေ ထုတ်ပေးနေပေမယ့် မိုးကြီးလာရင် မြစ်၊ ချောင်းဘေးက ကျေးရွာတွေ အန္တရာယ်ရှိတဲ့အတွက် လူမှုအဖွဲ့အစည်းတွေ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ရွှေ့ပြောင်းကြဖို့ သတိပေးနေတာဖြစ်ပါတယ်။

Photo: MOI Webportal Myanmar/ Facebook ( ရာဇဂြိုဟ်ဆည် ရေတက်လာသည်ကို ဇူလိုင်လ ၃ ရက်နေ့ က တွေ့ရစဉ် )

RFA


မူဆယ် ဇူလိုင် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့(၁ဝ၅)မိုင် ကုန်သွယ် ရေးဇုန်တွင် ပါကစ္စတန်နိုင်ငံသားMr. Muhammad Aman (၃၈)နှစ်သည် ဇွန် ၃ဝ ရက် ညနေ ၄ နာရီခန့်က ဇုန်ယာဉ်ငယ်စစ်ဆေးရေးဂိတ်ရှေ့မှ ခြေကျင်ဖြတ်လျှောက် စဉ် ယာဉ်ငယ်စစ်ဆေးရေးအဖွဲ့ အမှတ်(၇) လူဝင်မှု ကြီးကြပ်ရေးဌာန အဖွဲ့(၅)မှ မသင်္ကာသဖြင့် ဆိုင်ကယ်ဖြင့် လိုက်လံစုံစမ်းခဲ့သည်။

အဆိုပါ ပါကစ္စတန်နိုင်ငံသားသည် စစ်ဆေးရေးဂိတ် အလွန် ကိုးမြို့ရှင်နတ်နန်းအနီး၌ အသင့်ရပ်စောင့်နေသော မူဆယ်-ရန်ကုန်လိုင်း9D။----- ဂျူပီတာကားအသင်း၏ မှန်လုံယာဉ်ပေါ်သို့ တက်ရောက်သည်ကို တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ ၂ဝ၁၄ ခုနှစ်၏ သက်တမ်းလွန် နိုင်ငံကူးစာအုပ်အမှတ်LA 4115511 ကိုသာ ကိုင်ဆောင် ထားပြီး တရားဝင်နိုင်ငံကူးလက်မှတ်မပါရှိသည့်အတွက် လူဝင်မှုကြီးကြပ်ရေးမှူး ဦးမြတ်ဇော်က မြို့နယ် လဝကမှူးရုံးသို့ အပ်နှံခဲ့သည်။

ပါကစ္စတန်နိုင်ငံ HNo.Pd949; st6.Pindora Rawalpindi တွင်နေထိုင်ပြီး တရုတ်ပြည် ကျဲကျန်ပြည်နယ် ဥယုံကျူးမြို့သို့ ၂ဝဝ၅ ခုနှစ်တွင် ရောက်ရှိကာ ဆေးအလှ ကုန်နှင့် အထည်အလိပ်တို့ကို ပါကစ္စတန်နိုင်ငံသို့ တင်ပို့နေ သူဖြစ်ကြောင်း သိရသည်။

ကြယ်ကောင်-မူဆယ် နယ်စပ်ခြံစည်းရိုး၏ တရား မဝင်ခိုးပေါက်များမှ မူဆယ်မြို့အတွင်းဝင်ရောက်ခဲ့ပြီး မူဆယ်မှ ရန်ကုန်မြို့ရှိ ပါကစ္စတန်သံရုံးသို့ Passport လုပ်ရန်သွားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

အလားတူ 9D။------ ၏ ယာဉ်မောင်း ဦးတင်စိုး သည် တရားမဝင် ဝင်ရောက်ခဲ့သူ ပါကစ္စတန်နိုင်ငံသားအား ယာဉ်ပေါ်မှဆင်း၍ ခြေကျင်လျှောက်စေကာ စစ်ဆေးမှု အား ရှောင်လွှဲရန်ကူညီခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည့် အတွက် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)ကို ပါကစ္စတန်နိုင်ငံသားနှင့် ယာဉ်မောင်း ဦးတင်စိုးတို့ကို အရေးယူပေးပါရန် မြို့နယ်ဦးစီးမှူးရုံး လဝကဦးစီးအရာရှိ ဦးဇော်မင်းသိန်းက တရားလိုပြုလုပ်တိုင်ကြားလာသဖြင့် မူဆယ်မြို့မရဲစခန်းက (ပ)၂၆၉/၁၆၊ လဝကအက်ဥပဒေ ပုဒ်မ ၁၃(၁)/၁၃(၂)ဖြင့်အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

ရက် ၁ဝဝ စီမံချက်၏ မြို့နယ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးအတွက် မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များက ပါကစ္စတန်နိုင်ငံသား မြန်မာပြည်အတွင်း ဝင်ရောက်ရသည့်ရည်ရွယ်ချက်နှင့် ပြည်တွင်းအဆက် အသွယ်ရှိသူများကို ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဆရာမောင်(မူဆယ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ယနေ့ထွက် News Watch journal ပါ ဆောင်းပါး-

လွန်ခဲ့သော (၁၀)ရက်ခန့်က သတင်းစာ၊ဂျာနယ်များ၏ ခေါင်းစီးပိုင်းမှာ အထူးသတင်းအဖြစ် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၂)ကျောင်းမှ လိုင်စင်မဲ့ကားများ ဖမ်းစီးရမိခြင်းဆိုပြီး ဖော်ပြ ရေးသားခဲ့ကြတာကို မိမိအပါအဝင် အများပြည်သူတို့ ဖတ်မိကြလိမ့်မယ်လို့ ထင်မိပါတယ်။ ဒီသတင်းဟာဆိုရင် ပုံနှိပ်မီဒီယာမှာသာလျှင်မဟုတ်ပဲ အင်တာနက်စာမျက်နှာများမှာလည်း အတော်လေးကို ဟိုးလေးတစ်ကျော် ဖြစ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး လူတွေရော၊ ရဟန်းသံဃာတွေပါ အမျိုးမျိုးသော ထင်မြင်ယူဆချက်တွေ ရေးခဲ့ကြ၊ပြောခဲ့ကြပြီး ငြင်းကြ၊ခုံကြနဲ့ ဘာသာခြားတို့၏ ကဲ့ရဲ့ပြစ်တင် ရှုတ်ချစရာ အကွက်တစ်ခုဖြစ်သွားပါတယ်။

အမှန်တကယ်လည်း လိုင်စင်မဲ့ကားတွေရဲ့ အရောင်းအဝယ် ဈေးကွက်ဖြစ်ထွန်းရာ နေရာမှာ ဘုန်းကြီးကျောင်း အတော်များများပဲ ဖြစ်ပါတယ်။ မန္တလေးမြို့ရှိ စာပေမသင်၊ ရဟန်းသံဃာမထား လူပုဂ္ဂိုလ်များနဲ့ တရုန်းရုန်း နေလေ့ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ကားတစ်စီး အရောင်းတည့်လျှင် ငါးသောင်းနှုန်းနဲ့ ကိုယ်ကျိုးစီးပွားရှာနေတဲ့ ဘုန်းကြီးတွေ ဒုနဲ့ဒေး ရှိပါတယ်။ ဒီလို တရားမဝင် လိုင်စင်မဲ့ကား ရောင်းဝယ်ရေးတွေကို ဘုန်းကြီးကျောင်းတွေမှာ အကာအကွယ်ယူ အခြေချပြီး လုပ်စားနေကြတာဟာ ယခုမှ မဟုတ်ပါဘူး။ ဟိုးအရင် အစိုးရတွေလက်ထက်ကတည်းက အခြေတည်ခဲ့တဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ပွဲစားကားပိုင်ရှင်တွေဟာ ဆိုရင်လည်း အကျင့်ပျက်ခြစားမှုကြောင့် ရာထူးကနေ အထုတ်ခံခဲ့ရတဲ့ ရဲမှူးကြီးတွေ၊ ဗိုလ်မှူးကြီးတွေ အစရှိတဲ့ အကောင်ကြီးကြီး အမြှီးရှည်ရှည်တွေ များပါတယ်။ ဆိုင်ရာပိုင်ရာတွေနဲ့ ပေါင်းစားပြီး ဒီလိုလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဒါတွေကို တစ်ချိန်က သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အိပ်ချင်ယောင်ဆောင်နေခဲ့ပြီး ယခုအစိုးရသစ်လက်ထက်မှသာ ဟိုးလေးတစ်ကျော် လူသိရှင်ကြား ဖြစ်လာတာပါ။

လိုင်စင်မဲ့ကားတွေကို တစ်စီးငါးသောင်းနှုန်းနဲ့ အခကြေးငွေယူပြီး ကျောင်းထဲမှာ အထားခံတဲ့ ဘုန်းကြီးတွေ ထက်ဆိုးတဲ့ သင်္ကန်းဝတ်တွေ ရှိပါသေးတယ်။ ဒါကတော့ ဒီလိုင်စင်မဲ့ကားတွေ အဝင်များတဲ့ မြဝတီနယ်စပ်ကနေ သက်ဆိုင်ရာ မြို့အထိ လမ်းခရီးမှာ အဖမ်းအစီးတွေကို အခွန်ရှောင်ဖို့ ကားပေါ်မှာ မိန့်မိန့်ကြီးလိုက်ထိုင်ကြတဲ့ ထိုင်ကိုယ်တော်ကြီးတွေပဲ ဖြစ်ပါတယ်။ အသွားအပြန် ခရီးတစ်ခေါက်ကို တစ်သိန်းနီးပါး ပေးရတယ်လို့ မိမိနဲ့နီးစပ် တဲ့ ပွဲစားတွေက ပြောပြလို့ ကြားသိရပါတယ်။ ဒီလိုမျိုး အခွန်ရှောင်ဖို့ ထိုင်ကိုယ်တော်လုပ်ရင်း နှစ်ကြာလာတော့ ဒီထက်တဆင့်တက်ပြီး ရရှိထားတဲ့ ပိုက်ဆံတွေနဲ့ လိုင်စင်မဲ့ကားဝယ်ရာမှာ ရှယ်ရာထည့်၊ ရရှိလာတဲ့အမြတ်ငွေနဲ့ ကိုယ်ပိုင်လိုင်စင်မဲ့ကားတွေ တစ်စီးပြီးတစ်စီးဝယ်ကာ ဘုန်းကြီးကားပွဲစားလုံးလုံး ဖြစ်သွားတဲ့ သူတွေလည်း မျက်မြင်ကိုယ်တွေ့ အများကြီးရှိပါတယ်။ အကျိုးဆက်ကတော့ (ပစ္စည်းမာတု ဤနှစ်ခု၊ ဘိက္ခုသေမင်း ဓားနှစ်စင်း) ဆိုသလိုပဲ လက်ထဲမှာ စိတ်ကြိုက်သုံးနိုင်တဲ့အထိ ငွေပိုငွေလျှံလေးတွေ ရှိလာတော့ လူပျံတော်ဘဝကို ရောက်ရှိ သွားကြတာလည်း မနည်းလှပါဘူး။

ယခုလို အစိုးရသစ်လက်ထက်မှာ ပြတ်ပြတ်သားသား လိုင်စင်မဲ့ကားကိစ္စ အရေးယူဆောင်ရွက်မှုကို မိမိအနေနဲ့ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ သို့သော် လူကြားကောင်းအောင် သတင်းစာ၊ဂျာနယ် စာမျက်နှာများမှာ ဖတ်ကောင်းရုံလောက်အဖြစ် ကွက်ကြားမိုးရွာသလို နေရာရွေးပြီး အရေးယူဆောင်ရွက်မှာကိုလည်း မိမိအနေနဲ့ မလိုလားပါဘူး။ ဒါကြောင့် ဒီထက်ပိုပြီး သေသေချာချာ စုံစမ်းစီစစ်ကာ မြောက်များစွာ ကျန်ရှိနေသေးတဲ့ လိုင်စင်မဲ့ကား ရောင်းဝယ်ရေးတွေကို မည်သူမျက်နှာမှမထောက် အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်။ ဒီမှောင်ခိုကားပြဿနာကို ကိုင်တွယ်နေတဲ့ အရာရှိတွေအနေနဲ့လည်း မိမိတို့အရေးယူဆောင်ရွက်ချိန်မှာ ရဟန်းသံဃာတွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ အရေတော်ဖြစ်တဲ့ သင်္ကန်းတော်ကို အားနာပြီး မိမိတို့အလုပ်ကနေ ရှောင်လွဲသွားတာမျိုး၊ အိပ်ချင်ယောင်ဆောင်နေတာမျိုး လုံးဝ (လုံးဝ)ကို မလုပ်သင့်ပါဘူး။ နိုင်ငံ့ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ ဘယ်ပုဂ္ဂိုလ်ကိုမဆို ဥပဒေအတိုင်း အရေးယူဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတော်ကောင်းတစ်ရပ်ကို ပုံဖော် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း တစ်ချို့သော ရဟန်းသံဃာတွေအနေနဲ့ ယခုလို လိုင်စင်မဲ့ကားတွေကို မိမိတို့ ကျောင်းဝင်းအတွင်းမှာ အခကြေးငွေယူပြီး လက်ခံထားရှိတာတို့၊ ခေါက်ကြေးယူပြီး လိုင်စင်မဲ့ကားပေါ် ထိုင်ကိုယ်တော် လုပ်ပေးတာတို့၊ မိမိတို့ကိုယ်တိုင် လိုင်စင်မဲ့ကားတွေကို ရောင်းခြင်းဝယ်ခြင်း ပြုလုပ်တာတို့ဟာ ဝိနည်းဥပဒေနဲ့ မညီညွတ်ဘူးဆိုတာ မေ့လျော့နေရင် ပြန်လည်အမှတ်ရစေဖို့ သတိပေးအပ်ပါတယ်။ မိမိတို့ရဲ့ ဝိသမလောဘကို မထိန်သိမ်းနိုင်မှုကနေတဆင့် မဆင်မခြင် မပြုလုပ်အပ်တာတွေကို ပြုလုပ်နေကြခြင်းဟာ အခြားအခြားသော ရဟန်းသံဃာကောင်းတွေရဲ့ ဂုဏ်ကျေးဇူးတို့ကို ထိခိုက်အောင် ညိုးမှိန်အောင် ပြုလုပ်နေတာနဲ့ အတူတူပဲဆိုတာ သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။

ဘုရားရှင်လက်ထက်တုန်းက အရှင်ဓနိယဆိုတဲ့ ရဟန်းတစ်ပါးရှိခဲ့ဖူးပါတယ်။ အဲဒီရဟန်းဟာ ကျောင်းဆောက်ဖို့အတွက် သူ့မိတ်ဆွေ သစ်တောစာရေးကြီးဆီမှာ ဘုရင်ပိုင်တဲ့ သစ်တွေကို အလှူခံပါတယ်။ စာရေးကြီးက ”အရှင်ဘုရား လှူဖို့သစ်တွေ မရှိပါဘူး၊ မြို့ပြုပြင်ဖို့ သိမ်းထားတဲ့ သစ်တွေပဲ ရှိပါတယ်။ ဘုရင်က လှူလိုက်ပါလို့ အမိန့်ရှိရင် တပည့်တော် လှူဖို့အသင့်ပါ”ဆိုပြီး ပြောပါတယ်။ ဒီအခါမှာ အရှင်ဓနိယက ခပ်တည်တည်နဲ့ ”ငါ့ကို ဘုရှင်က လှူပြီးပြီ”လို့ လိမ်ညာပြောဆိုပြီး ဘုရင့်သစ်တွေကို ယူသွားပါတယ်။ မကြာခင်မှာပဲ သစ်တွေပျောက်မှုနဲ့ သစ်တောစာရေးကြီး ဖမ်းဆီးခံလိုက်ရပါတယ်။ ဒါကို ကြားသိလိုက်ရတဲ့ အရှင်ဓနိယက ဘုရင့်ထံသွားပြီး ”အရှင်မင်းကြီး ဘိသိက်ခံစဉ်က မြက်၊ ထင်း၊ ရေများကို ရဟန်းပုဏ္ဏားတို့အား ပေးလှူပါတယ်”လို့ ပြောဖူးသောကြောင့် ဒီသစ်တွေ ယူတာပါလို့ ရှင်းပြပါတယ်။

အဲဒီအခါမှာ ဘုရင်ကြီးက ”ထိုစကားမှာ တောထဲ၌ ပိုင်ရှင်မရှိသော မြက်၊ ထင်း၊ ရေတို့ကို ရည်ရွယ်ပြောဆို သော စကားဖြစ်ပါတယ်။ ယခုလို ပိုင်ရှင်ရှိပြီးသား အဖိုးတန်တဲ့သစ်တို့ကို မဆိုလိုပါ။ ကိုယ်တော်ဟာ အရက်သမားလက်ထဲ ရောက်ပြီးဖြစ်နေပါလျက် အမွေးတွေက တန်ဖိုးရှိနေတဲ့အတွက် တစ်စုံတစ်ယောက်က ပြန်ဝယ်လိုက်လို့ သတ်စားမခံရတဲ့ သိုးကလေးကဲ့သို့ ဘုရားရှင်၏ အရေအမွေးတော်ကြာင့် သတ်လောက်သော အပြစ်မှ လွတ်ရပါတယ်။ နောင်ကို ဒီလိုမကျူးလွန်မိပါစေနဲ့”လို့ ပြောပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီအကြောင်းကို ဘုရားရှင်လည်းသိရော မောဃပုရိသ- အလကားယောကျာင်္းလို့ ကဲ့ရဲ့ပြီး ”ဘယ်ရဟန်း မဆို ရွာမှဖြစ်စေ၊ တောမှဖြစ်စေ ပိုင်ရှင်တို့ မပေးအပ်သော လူ့ပစ္စည်းဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူလျှင်၊ အောက်ထစ်ဆုံး တစ်မတ် သို့မဟုတ် တစ်မတ်တန်လောက်တဲ့ ပစ္စည်းဥစ္စာကို ခိုးယူလျှင် အစိုးရမင်းတို့က နိုင်ငံ့ဥပဒေအတိုင်း စီရင်လိုက စီရင်နိုင်တယ်။ ဒါ့အပြင် အဲဒီရဟန်းလည်း ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းဆက်ဆံခွင့်မရှိ”လို့ ဘုရားရှင်က ဒုတိယပါရာဇိက သိက္ခာပုဒ်ကို ပညတ်ခဲ့ပါတယ်။
ဒီနေရာမှာ ပါရာဇိကကျတယ်ဆိုတာ ကျူးလွန်သူရဟန်းကိုယ်တိုင် သိက္ခာမချပါပဲ အလိုအလျောက် ရဟန်းအဖြစ်မှ လူအဖြစ်ကို ရောက်ရှိသွားတာကို ဆိုလိုပါတယ်။ အဲဒီလိုပါရာဇိကကျသွားတဲ့ ရဟန်းဟာ ဒီဘဝတစ်သက်တာမှာ ဘယ်တော့မှ ရဟန်းပြန်ဖြစ်အောင် ပြုလုပ်လို့မရတော့ပါဘူး။ ဥပမာအနေနဲ့ ပြောရမယ် ဆိုရင် နှစ်ခြမ်းကွဲသွားတဲ့ ကျောက်ဖြာကြီးကို ဘယ်လောက်ကောင်းတဲ့ ကော်တွေနဲ့ ပြန်ကပ်ပါစေ နဂိုအတိုင်း ပြန်မရတော့သလို၊ ဦးခေါင်းပြတ်ပြီးသေနေတဲ့ လူသေကောင်ကို ဦးခေါင်းပြန်ဆက်ပေးပြီး အသက်ရှင်အောင် ပြုလုပ်လို့မရတော့သလို ပါရာဇိကကျပြီးတဲ့ ရဟန်းဟာ သီလတည်းဟူသော ဦးခေါင်းပြတ်ကျသွားလို့ ဒီဘဝမှာ ဘယ်တော့မှ ရဟန်းပြန်မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ခိုးခြင်းအမှုကို ကျူးလွန်တဲ့ ရဟန်းဟာ သင်္ကန်းဝတ်ထား ပေမယ့် ရဟန်းမဟုတ်တော့လို့ သက်ဆိုင်ရာ အစိုးရမင်းတို့က ထိုက်သင့်တဲ့အရေးယူမှုတွေကို ပြုလုပ်နိုင်တယ်လို့ ဘုရားရှင်က မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အဋ္ဌကထာတွေမှာ ခိုးမှုမြောက်ခြင်း အကြောင်းတရား (၂၅)ပါးဆိုပြီး ဖွင့်ဆိုထားပါသေးတယ်။ အဲဒီခိုးခြင်း (၂၅)ပါးထဲက တစ်ပါးပါးဟာ ရဟန်းတွေကို ပါရာဇိကကျစေနိုင်ပါတယ်။ ထို(၂၅)ပါးထဲက ဒီနေရာ သက်ဆိုင်တဲ့၊ ခိုးမှုမြောက်နိုင်တဲ့ အကြောင်းတရားဟာ သင်္ကေတဝီတိနာမန- ကင်းခွန် ကောက်ရာအရပ်ကို ရှောင်လွှဲ၍ အခွန်မပေးပဲသွားခြင်း ပဲဖြစ်ပါတယ်။ ဆိုလိုရင်းက အကောက်ခွန်ဌာနကို မြစ်ဆိပ်၊ ကားဆိပ်၊ ရွာတံခါး၊ မြို့တံခါး၊ နယ်စပ်တို့မှာ ထားရှိပြီး ဝင်လာသမျှ ကုန်ပစ္စည်းတို့ကို အခွန်ကောက်ရမည်ဟု အစိုးရမင်းတို့က သတ်မှတ်ထားသော အရပ်ဒေသကို ဆိုလိုပါတယ်။ အဲဒီအကောက်ခွန်ဌာနကို ကျော်ဖြတ်ပြီး ငါးပဲ- ငါးပဲထက်အလွန် ထိုက်တန်သော ပစ္စည်းဥစ္စာကို ခိုလိုသောစိတ်နဲ့ (အခွန်မပေးပဲ အချောင်ရလိုသော စိတ်နဲ့) ရှောင်ကွင်းသယ်ဆောင်ခဲ့ရင် အကောက်ခွန်ဌာနကို ခြေနှစ်လှမ်းမျှ ကျော်ရုံနဲ့ အဲဒီရဟန်းဟာ ပါရာဇိကကျပါတယ်။ ဒါ့ကြောင့် အခွန်ရှောင်လွှဲထားတဲ့ လိုင်စင်မဲ့ကားတွေကို အရောင်းအဝယ်ပြုလုပ်ခြင်းဟာ စာပေကျမ်းဂန်အရဆိုရင် ဒုတိယပါရာဇိကနဲ့ ငြိစွန်းနိုင်ပါတယ်။ ဒီတန်ဖိုးမရှိတဲ့ လိုင်စင်မဲ့ကားတွေဟာ အင်မတန်မွန်မြတ်ကာ ရခဲလှတဲ့ မိမိတို့၏ ရဟန်းဘဝကို လိုင်စင်မဲ့ဖြစ်အောင်၊ ရဟန်းအတု ရဟန်းအယောင်တွေ ဖြစ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတာ မမေ့မလျော့သင့်ပါဘူး။ ဒီသိက္ခာပုဒ်နဲ့ ပတ်သက်လို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ရဟန်းတို့ထံကို ရထား၊ကား၊သဘောင်္ စသည်တို့အပေါ်မှာ လူတို့က အကောက်ခွန် မပေးရအောင် ကုန်ပစ္စည်းတွေ လာအပ်လို့ မိမိတို့က ဝှက်ထားပေး၊ ဖုံးကွယ်ထား ပေးလျှင်လည်း အပြစ်သင့်နိုင်တယ်လို့ မှတ်ချက်ပေးထားကာ ဒီလောက်ထိ ထိရှလွယ်ကြောင်း နူးညံ့ကြောင်း သတိပေးထားတာကို ဖတ်မှတ်လေ့လာဖူးပါတယ်။

ဒါ့ကြောင့် လိုင်စင်မဲ့ကားတွေကို အခွန်တိမ်းရှောင်ပြီး ရောင်းခြင်းဝယ်ခြင်း ပြုလုပ်နေတဲ့ သင်္ကန်းဝတ်တွေ ကို သက်ဆိုင်ရာအစိုးရက လုပ်သင့်လုပ်ထိုက်တာ စီရင်သင့်စီရင်ထိုက်တာကို ဥပဒေအတိုင်း စီရင်နိုင်ပါတယ်။ သင်္ကန်းပတ်ထားလို့ အားနာပြီး၊ ကြောက်ပြီး ခွင့်လွှတ်မပေးသင့်ပါဘူး။ ဒီလိုပုဂ္ဂိုလ်တွေကို ခွင့်လွှတ်ပေးလိုက်ရင် သာသနာအတွက်ရော တိုင်းပြည်အတွက်ပါ များစွာ ထိခိုက်နစ်နာစေပါတယ်။ အခြားအခြားသော အယူဝါဒ မတူသူတွေရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခေါင်းငုံ့ခံရစေဖို့ အကြောင်းတရားကိုလည်း ဖြစ်စေပါတယ်။ သာသနာတော်မှာ လည်း ဒီလို ညစ်နွမ်းပျက်စီးနေတဲ့ အလဇ္ဇီရဟန်းတွေ မရှိသင့်ပါဘူး။ သင်္ကန်းဝတ်ထားလို့ အရေးမယူမှန်းသိရင် နောင်အခါမှာ လူဆိုး၊ သူခိုးတွေဟာ မိမိတို့သာသနာအတွင်း ယုတ်မာသော အကြံအစီတွေနဲ့ ဝင်ရောက်လာပြီး ခိုးဆိုးလုယက် ကုန်ကြပါလိမ့်မယ်။ ဒါကြောင့် တရားဥပဒေနဲ့ ငြိစွန်းနေတဲ့ မည်သူ့ကိုမဆို ခွင့်လွှတ်မပေးသင့်ပဲ၊ ဘုရားရှင်၏ အရေတော်ဖြစ်တဲ့ သင်္ကန်းတော်ကို ဝတ်ရုံထားပြီး ကျင့်ဝတ်နဲ့အညီ မနေတဲ့သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုး ချမှတ်ပေးဖို့ အထူးလိုအပ်ပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးဟာ စင်ကြယ်စွာနဲ့ နှစ်ပေါင်း ငါးထောင်မက တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့၏ တစ်ဘဝစာ ကောင်းစားမည့် မဆင်မခြင်လုပ်ရပ်များကြောင့် မိမိတို့အပါအဝင် နိုင်ငံ့ဂုဏ်သိက္ခာ၊ သာသနာတော်ကြီး၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်ကိုမျှ နောင်လာမည့် အနာဂတ်တွင် မကျူးလွန်ကြပဲ ဘဝကို ရိုးသားစွာ ဖြတ်သန်းကြဖို့ တိုက်တွန်းအပ်ပါတယ်။
-ဓမ္မသုတေသီ(မန္တလေး)

ကျမ်းကိုး။ ။ ပါရာဇိကဏ်ပါဠိတော်၊ ပါရာဇိကဏ်ပါဠိတော် နိဿယ၊ အရှင်ဇနကာဘိဝံသ (ဘုရားဥပဒေတော်ကြီး)

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့နယ်က နာနတ်သီးအလုပ်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၁၂၇ ဦး ဖမ်းဆီးခံထားရတယ်လို့ မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်ကော်မတီ (အေအေစီ) က သတင်းထုတ်ပါတယ်။

ထိုင်းစစ်တပ်အပါအဝင် အာဏာပိုင်တွေပါဝင်တဲ့ အဖွဲ့တွေက ဇူလိုင် ၁ ရက်မှာ TROFCO နာနတ်သီးအလုပ်ရုံတွင်း ၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အလုပ်ရှင်သူဌေး နာမည်မတူလို့ ဖမ်းတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ပန်းရောင်ကတ်နဲ့ ယာယီပတ်စပို့ ကိုင်ထားသူ မြန်မာလုပ်သား ၁၀၂ ဦး၊ နှစ်နိုင်ငံသဘောတူစာချုပ် (အမ်အိုယူ) နဲ့ လုပ်နေသူ လုပ်သား ၂၅ ဦး၊ ပေါင်း ၁၂၇ ဦးဖြစ်ပါတယ်။

အမ်အိုယူ လုပ်သား ၂၅ ဦးမှာ မြန်မာပြည်မှစာချုပ်ပါစည်းကမ်းတိုင်းမဟုတ်ပဲ အလုပ်နေရာမတူပဲ ပို့ထားတဲ့ လုပ်သားတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ရဲ့ ညွှန်ကြားချက်နဲ့ အေအေစီ အဖွဲ့က အလုပ်သမားတွေ အမြန်ဆုံးလွတ်မြောက်ရေး တရားရုံးမှာ ဒီနေ့ လုပ်ဆောင်ပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ – Ye Min
DVB TV News

ဓားကဲ့သို့ လူကို သေစေနိုင်သော လက်နက်များ အသုံးပြု၍ ဖုန်းနှင့် တန်ဖိုးကြီး ပစ္စည်းများ လုယက်မှု ဇွန်လအတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများ အရ သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုများမှာ ညပိုင်းများတွင်သာ လုယက်မှုဖြစ်သည် သာမက နေ့ခင်းပိုင်းများတွင်လည်း ဆိုင်ကယ်များ အသုံးပြု၍ လုယူ ထွက်ပြေးမှုများအပြင် ခရီးသည်တင် ယာဉ်ပေါ်တွင် အုပ်စုဖွဲ့ တိုက်ခိုက် လုယက်မှုများလည်း ပါဝင်ကြောင်း မှုခင်း မှတ်တမ်းများ အရ သိရသည်။

ပြီးခဲ့သည့် ဇွန် ၃ ရက် ည ၈ နာရီခန့်တွင် အင်းစိန်မြို့နယ် ရွာမအနောက် ရပ်ကွက်တွင် နေထိုင်သည့် ကို......(၄၂ နှစ်) မှာ ဇွန် ၃ ရက် ည ၇ နာရီ ခွဲခန့်တွင် ယင်းမြို့နယ်ရှိ ဘုရင့်နောင်လမ်း အမှတ် (၄၈) ကားဂိတ်အနီး၌ ဆိုင်ကယ် ကယ်ရီမောင်းရန် ဂိတ်ထိုးထားစဉ် အမျိုးသား တစ်ဦးက ကြို့ကုန်းအနောက် ရပ်ကွက်သို့ လိုက်ပို့ပေးရန် ငှားရမ်းသဖြင့် လိုက်ပါသွားကြောင်း၊ ထို့သို့ လိုက်ပါသွားစဉ် ကြို့ကုန်းအနောက် ရပ်ကွက်၊ စိန်ရောင်ခြည် ဘုရားအနီး မမာဦး လမ်းသွယ် မှောင်ရိပ်အရောက် စက်ဘီးဖြင့် ရပ်စောင့်နေသည့် အမျိုးသား တစ်ဦးကို တွေ့သည့် အချိန်တွင် ဆိုင်ကယ် ငှားစီးလာသည့် အမျိုးသား တစ်ဦးက ကို..... (၄၂ နှစ်) အား ရပ်ခိုင်းခဲ့ကြောင်း၊ ထိုသို့ ရပ်ပေးစဉ် စက်ဘီးဖြင့် စောင့်နေသည့် အမျိုးသားက ဦး....(၄၂ နှစ်) အား ချွန်ထက်သည့် အရာဖြင့် ထိုးပြီး ဦး.....(၄၂ နှစ်) ၏ ဆိုင်ကယ်ကို လုယူသွားကြောင်း သိရသည်။

ထို့ပြင် ဇွန် ၉ ရက် ည ၇ နာရီခွဲခန့်က အင်းစိန်မြို့နယ်တွင် နေထိုင်သည့် မ....(၂၂ နှစ်) သည် မောင်တစ်ဝမ်းကွဲ တော်စပ်သူ မောင်.....(၂၁ နှစ်) နှင့်အတူ တညင်းကုန်း ဘူတာဈေးတွင် ဈေးဝယ်ပြီး နေအိမ်သို့ ပြန်လာစဉ် မင်းကြီးမဟာ မင်းခေါင်လမ်းနှင့် မက္ခရာ မင်းသားကြီး လမ်းထောင့်အနီး အရောက်တွင် မီးပျက်သွားသည့် အချိန်၌ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ် နှစ်စီးနှင့် လူလေးဦးခန့် ရောက်လာပြီး ၎င်းတို့ လေးဦးထဲမှ တစ်ဦးမှ ဓားဟု ယူဆရသည့် အရာကိုင်ထားပြီး ‘ပါတဲ့ ပစ္စည်းချွတ်’ ဟု ပြောဆိုပြီး ကျန်သုံးဦးမှာ မောင်....အား ထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထိုးကြိတ်သဖြင့် မ.....(၂၂ နှစ်) မှာ ပါလာသည့် လက်ကိုင်ဖုန်းနှင့် ရွှေလက်စွပ် တစ်ကွင်းကို ချွတ်ပေးခဲ့ကြောင်း၊ ထို့နောက် ရွှေနားကွင်း ဖြုတ်ပေးနေစဉ် ၎င်းတို့ထဲမှ တစ်ဦးက “ကြာတယ်” ဟုပြော၍ ဆွဲဖြုတ်ယူခဲ့ပြီး ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။

ထို့ပြင် ဇွန် ၁ ရက်တွင် လှိုင်သာယာမြို့နယ်၊ ဇွန် ၂ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဇွန် ၃ ရက်တွင် အင်းစိန်မြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ဇွန် ၅ ရက်တွင် သန်လျင်မြို့နယ်၊ ဇွန် ၁၀ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇွန် ၁၃ ရက်တွင် လှိုင်သာယာမြို့နယ်၊ ဇွန် ၁၆ ရက်တွင် အင်းစိန်မြို့နယ်နှင့် တွံတေးမြို့နယ်၊ ဇွန် ၂၀ ရက်တွင် ကျောက်တံတားမြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်၊ ဇွန် ၂၇ ရက်နှင့် ဇွန် ၂၈ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ဇွန် ၃၀ ရက်တွင် မရမ်းကုန်းမြို့နယ် စသည့် မြို့နယ် အသီးသီးတွင်လည်း လုယက်မှုများ ဖြစ်ပွားခဲ့ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။

ပြီးခဲ့တဲ့ လလောက်က ကျွန်တော် စက်ရုံက ည ၈ နာရီလောက်မှာ စက်ဘီးနဲ့ ပြန်လာတယ်။ အဲဒီလို ပြန်လာပြီး အဝေးပြေးဝင်းနားက သုံးလမ်းဆုံနားရောက်တော့ နောက်ကနေ ဆိုင်ကယ် စီးလာတဲ့ လူနှစ်ဦးက ကျွန်တော့် စက်ဘီးမှာ ချိတ်ထားတဲ့ ဘေးလွယ်အိတ်ကို အတင်းဆွဲလုပြီး ထွက်ပြေးတယ်။ ကျွန်တော့် ဘေးလွယ်အိတ်က စက်ဘီးနဲ့ ကပ်ချည်ပြီး ချိတ်ထားတာဆိုတော့ ပါမသွားဘူး။ စက်ဘီးနဲ့ လူလမ်းဘေးလဲပြီး ဒဏ်ရာတော့ ရသွားတယ်။ စက်ရုံက ကောင်မလေးတွေလည်း မကြာမကြာ ဖုန်းတွေ အလုခံရလို့ အုပ်စုဖွဲ့ပြီး ပြန်ကြတယ်” ဟု မင်္ဂလာဒုံမြို့နယ်ရှိ အထည်ချုပ် စက်ရုံတစ်ရုံမှ လုံခြုံရေးဝန်ထမ်း ဦးဝင်းမြင့်က ပြောကြားသည်။

ဇွန် ၁၄ ရက် ည ၇ နာရီခွဲခန့်က ရွှေပြည်သာမြို့နယ်၊ (၅/၆) ရပ်ကွက်နေ မ.......(၂၅ နှစ်) သည် ၎င်း၏ ရည်းစားဖြစ်သူ ကို..... (၃၀ နှစ်) နှင့် အတူ ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ စက်မှုဇုန်၊ စက်မှုဇုန်ပတ်လမ်း အတိုင်း ဆိုင်ကယ် စီးနင်း မောင်းနှင်လာစဉ် ၎င်းတို့၏ အနောက်မှ အသက် ၂၀ ခန့်ရှိ အမျိုးသား လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လိုက်ပါလာပြီး အဆိုပါ အမျိုးသား လေးဦးက ၎င်းတို့အနားသို့ ရောက်လာကာ ဆိုင်ကယ်ပေါ်မှ ဆင်းပြီး ကို....(၃၀ နှစ်) အား ၀ိုင်းဝန်း ချုပ်နှောင်၍ ဓားဖြင့် ထိုးခဲ့ကြောင်း၊ ယင်းသို့ ဓားဖြင့်ထိုးပြီး မ....(၂၅ နှစ်) ၀တ်ဆင်ထားသည့် ရွှေဆွဲကြိုး၊ ဖုန်းနှင့် ငွေကျပ် ၂၀၀၀၀၊ ကို.... (၃၀ နှစ်) ၀တ်ဆင်ထားသည့် ရွှေလက်စွပ်နှင့် ငွေကျပ် ၅၀၀၀၀ တို့ လုယူကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဓားဖြင့် အထိုးခံခဲ့ရသည့် အတွက် ကို....(၃၀ နှစ်) မှာ ၀ဲဘက်နံဘေး ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိပြီး အင်းစိန် ဆေးရုံသို့ တင်ပို့ ကုသခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဇွန် ၂၀ ရက် ည ၉ နာရီ မ.... (၂၁ နှစ်) သည် ကျောက်တံတား မြို့နယ် (၃၃) လမ်း၌ ရှိသည့် အလုပ်သမား အဆောင်မှ ထွက်လာခဲ့ရာ မြို့တော်ခန်းမ နောက်ကျောဘက် အရောက်၌ အနောက်မှ အသက် (၂၅ နှစ်) ၀န်းကျင်ခန့်ရှိ အမျိုးသား တစ်ဦး လိုက်ပါလာပြီး မ....၏ လက်ထဲတွင် ကိုင်ထားသည့် ဖုန်းအား လုယူခဲ့ကြောင်း၊ ယင်းသို့ လုယူသဖြင့် မ.... က ဖုန်းအား ပြန်လည် ဆွဲယူလိုက်စဉ် အဆိုပါ အမျိုးသားက အသင့် ယူဆောင်လာသည့် အရိုးအသွား ခြောက်လက်မခန့်ရှိ သစ်သီး လှီးဓားဖြင့် မ..... အား ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဓားဖြင့် အထိုးခံခဲ့ရသည့် အတွက် မ..... မှာ ၀ဲဘက် နံကြားထိုးသွင်း ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ မှုခင်းများ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လူနေထူထပ်ပြီး မှုခင်းဖြစ်ပွားမှု များနေသည့် မြို့နယ်များတွင် မှုခင်းလျော့နည်း ကျဆင်းရေး ရက် ၁၀၀ စီမံချက် အပြင် အထူးတစ်လ စီမံချက်ဖြင့် လုံခြုံရေး တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့ကတော့ အခု ရပ်ကွက် အလိုက် မှုခင်း ကျဆင်းရေးတွေ ဟောပြောနေပါတယ်။ ဒါပေမဲ့ တချို့လည်း စီးပွားရေး မကောင်းလို့ ကြံမိကြံရာ ကြံတဲ့လူတွေက များတယ်။ အရင်တုန်းက ပြစ်ချက်ဟောင်းရှိတဲ့ လူတွေကလည်း ရဲတွေရဲ့ အငိုက်ကိုစောင့်ပြီး ပြစ်မှုတွေ ကျူးလွန်ကြတယ်။ ကျွန်တော်တို့ကတော့ ကျုးလွန်နိုင်ခြေရှိတဲ့ သူတွေရော၊ ကျူးလွန်ဖူးတဲ့ သူတွေကိုရော စောင့်ကြည့်မှုတွေ လုပ်နေပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

Writer:
နေမျိုးဝင်း

Eleven Media Group


ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ရိုက်တာ)

ရွေးကောက်ပွဲအနိုင်ရပြီး ရှစ်လ အကြာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်သည် ပြီးခဲ့သည့်တစ်ပတ်က စိတ်ခံစားမှုများ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံ ဘန်ကောက်ခရီးစဉ်ကိုသွား ခဲ့သည်။ မြန်မာကနေ ထိုင်းနိုင်ငံ ကို ထွက်ခွာလာပြီး လစာနည်းပါး သည့်အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြသော မြန်မာအ လုပ်သမားနှစ်သန်းကျော်ထဲက အချို့ကို တွေ့ဆုံခဲ့သည်။


မြန်မာအလုပ်သမားများ မကြာခင်ပြန်လာအလုပ်လုပ်ရ အောင် မြန်မာပြည်က အခြေအ နေသည် အလျင်အမြန်တိုးတက် လာမည်ဟု သူမျှော်လင့်ကြောင်း အလုပ်သမားများကို သူက ပြော ကြားခဲ့၏။ သည်လိုအပြုသဘော ဆောင်သည့်စကားကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောနေ စဉ်မှာ မိုးရွာထဲမှာ မြန်မာအလုပ် သမားများ မျက်ရည်မဆည်နိုင် သည်အထိ ဖြစ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါစကားသည် မရည်ရွယ် သော ပရိသတ်များကိုပါ သက် ရောက်သွားစေခဲ့၏။ ကမ္ဘောဒီး ယားလူမျိုးများ၏ ဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမှာ စကားကို ဘာသာပြန်ပြီး ပြန်လည်ကောက်နုတ်ထားသည့် ‘‘လာကြ။ အိမ်ကို ပြန်ကြစို့’’ ဟူ၍ သူ၏ပုံနှင့်တကွဖော်ပြထားသော ပို့စ်များ သည် စနေနေ့ကတည်းက ချက် ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

မကြာခဏဆိုသလို ညှဉ်း ပန်းနှိပ်စက်ခြင်းများ ခံနေရပြီး နယ်စပ်တစ်လျှောက် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရလင့်ကစား ကမ္ဘောဒီယားလူမျိုး ခြောက်သိန်း သည် ထိုင်းနိုင်ငံတွင် ပိုများသော လစာအတွက် မိသားစုများကို ခွဲခွာနေကြရသည်။ ဒေါ်အောင် ဆန်းစုကြည်၏ အဆိုပါစကား သည် သူတို့ရင်ကို ထိရှခံစားစေခဲ့ သည်။

‘‘ဒါက ခေါင်းဆောင်တစ် ယောက်ရဲ့ စကားသက်သက်မက ဘူး။ သားသမီးတွေအပေါ် ကရု ဏာနဲ့ ပြောလိုက်တဲ့ မိခင်တစ် ယောက်ရဲ့စကား။ သည်လိုခေါင်း ဆောင်မျိုးတွေ များများစားစား မရှိပါဘူး။ ကမ္ဘောဒီးယားကို ဒေါ်အောင်ဆန်းစုကြည် မကြာ ခင်လာစေချင်ပါတယ်’’ဟု Tran-sparency International Cam-bodia အဖွဲ့ ဒါရိုက်တာပရစ်ခိုလ် က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောသည်ကို ငိုနေကြသော မြန်မာအလုပ်သမားများ၏ ပုံနှင့် အတူ တင်ထားသော အဆိုပါ မစ္စတာခိုလ်၏စကားကို လူ ၅,၀၀၀ က ဖေ့စ်ဘွတ်ခ်မှာ သဘောကျကြောင်း ပြသခဲ့ပြီး လူ ၂,၀၀၀ က ပြန်လည်မျှဝေခဲ့ကြသည်။ တခြားကမ္ဘောဒီးယားလူမျိုးများ ၏ ပို့စ်များတွင် ဒေါ်အောင်ဆန်းစုကြည်အား သူတို့ကမ္ဘောဒီးယား ခေါင်းဆောင်များနှင့် မတူကွဲပြား ပြီး မြန်မာအလုပ်သမားများ၏ အဆင်မပြေသော ဘဝများကို အလေးထားဂရုစိုက်သည့် တိုင်း ပြည်၏ မိခင်အသွင်ဖော်ကျူးထား သည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က ထိုင်းကိုလာပြီး သူ့သားသမီးတွေ ကို အိမ်ကိုပြန်လာဖို့ ခေါ်တဲ့အ ကြောင်းကို တွေးမိရင် ကျွန်တော့် ရင်မှာ အရမ်းကို နာကျင်ခံစားရ တယ်။ ပြီးတော့ ကျွန်တော်တို့ ကလေးတွေလည်း ဘယ်တော့ များမှ အိမ်ပြန်လာဖို့ အခွင့်အရေး ရမလဲ တွေးမိတယ်။ ဒါက မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ စကား။ ဘယ်မှာလဲကမ္ဘောဒီးယားခေါင်းဆောင်တွေ ရဲ့ စကားတွေ’’ဟု ကမ္ဘောဒီးယား လွှတ်တော်အမတ် ဥချန်နရစ်က ရေးသားခဲ့၏။

မိသားစုအသိုင်းအဝိုင်းကို စွန့်ခွာပြီး နိုင်ငံခြားမှာ စားဝတ်နေ ရေးစရိတ်ကို ရှာဖွေခြင်းသည် ကမ္ဘောဒီးယားလူငယ်များအ တွက် မလုပ်မဖြစ်ဖြစ်လာခြင်းက နိုင်ငံရေးဖိအားတစ်ခုဖြစ်လာနေ သည်။ အလုပ်သမားများ မတရား နှိပ်စက်ခံရမှုများမှာ ကမ္ဘောဒီး ယားအစိုးရ တာဝန်ရှိသူများ၏ မကြာခဏ အရေးယူဆောင်ရွက် ခြင်း နှေးကွေးမှုကြောင့် ကူညီဖြေ ရှင်းနိုင်ခြင်းမရှိခဲ့ပါ။

အလုပ်သမားများ နှိပ်စက်ခံ ရမှု အဆိုးဆုံးဖြစ်နေသည့် မလေး ရှားလိုနိုင်ငံကို အိမ်ဖော်များ စေ လွှတ်သည့် အလုပ်သမားအေဂျင် စီများကို ထိပ်တန်းအစိုးရတာဝန် ရှိသူများ၏ ဆွေမျိုးများက လုပ် ကိုင်နေကြသည်ဆိုသော ဖော် ထုတ်သိရှိမှုများကြောင့် ကမ္ဘော ဒီးယားအစိုးရအပေါ် မကျေမနပ် ဖြစ်ခြင်းများမှာ ပိုဆိုးလာခဲ့သည်။

‘‘လက်ရှိ ကျွန်တော်တို့ ခေါင်းဆောင်တွေမှာ ဒေါ်အောင်ဆန်းစု ကြည်လို အယူအဆမျိုး၊ အတွေး အခေါ်မျိုး မမြင်ရဘူး။ ကျွန်တော် တို့ ခေါင်းဆောင်တွေက လူတွေ ကို နိုင်ငံခြားသွားဖို့ အားပေးကြ တယ်။ အလုပ်သမားတွေ နိုင်ငံ ခြားသွားလုပ်ပြီး နိုင်ငံ့စီးပွားရေး တိုးတက်လာတာကို အတော်ဂုဏ်ယူနေကြတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်၏ အမှာစကား ဘာ ကြောင့် ကမ္ဘောဒီးယားလူမျိုးတွေ အကြား ပျံ့နှံ့သွားသလဲဆိုသည့် အမေးကို မစ္စတာခိုလ်က ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ယခုလို နိုင်ငံခြားကို အလုပ် ထွက်လုပ်ပြီး ပြန်ပို့ကြသောငွေ များသည် ကမ္ဘောဒီးယားက ဆင်း ရဲသော မိသားစုများကို ကူညီပေး နေသည်ဆိုသည်ကို သူသံသယ မရှိပါဟု ဆိုသည်။ သို့သော်လည်းအလုပ်သမားများမှာ ရုပ်ပိုင်းဆိုင် ရာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု များ၊ လစာနည်းပါးခြင်း၊ အချိန်ပို မတရားလုပ်ရခြင်း၊ အကျဉ်းကျ ခံရခြင်း စသောအလုပ်ကနေ ထိခိုက်နစ်နာမှုများရှိနေဆဲဖြစ် သည်ဟု မစ္စတာခိုလ်က ပြော ကြား၏။

‘‘ကမ္ဘောဒီးယား အလုပ် သမားတွေ ထောင်သောင်းချီပြီး နိုင်ငံခြားကို သွားကြတယ်။ အ တော်များများဟာ တကယ့်ပြဿ နာတွေနဲ့ ကြုံကြရတယ်။ အထူး သဖြင့် ထိုင်းနိုင်ငံမှာ သူတို့ထဲက တချို့တွေဟာ ညှဉ်းပန်းနှိပ်စက် အနိုင်ကျင့်တာတွေ ခံရတယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည် စကားက သူတို့ရင်ကိုထိစေတာ ပေါ့’’

မလေးရှားနိုင်ငံက ကမ္ဘော ဒီးယားအလုပ်သမားအရေး အုပ် စုတစ်စု ခေါင်းဆောင်မိုရွန်တိုလာ ကလည်း ‘‘ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အမှာစကားကို တကယ့် ကိုရင်ထဲမှာ ထိခိုက်ခံစားရတယ်။ ဘယ်လို့လဲဆိုတော့ သူများနိုင်ငံ ကလာတဲ့ အလုပ်သမားဆိုရင် အ ကာအကွယ်မဲ့တာ၊ နှိပ်စက်တာ တွေ ခံရတယ်ဆိုတာ လူတိုင်းက နားလည်နေကြလို့ပဲ’’ဟုဆိုသည်။

ကမ္ဘောဒီးယားလူမျိုး အ တော်များများ ယခုလိုတုံ့ပြန်ခြင်း သည် ဒေါ်အောင်ဆန်းစုကြည် ကြောင့်မဟုတ်ဘဲ မြန်မာ၏ တိုး တက်လာသည့် အခွင့်အရေးများ ကြောင့် မြန်မာအလုပ်သမားများ ကို မတရားဆက်ဆံနေသည့် ထိုင်းနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ခြိမ်းခြောက်နိုင်သည့် အတွက်လည်း ဖြစ်သည်ဟု မစ္စ တာတိုလာက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံကမူ သည်အခြေအနေနှင့် ဆန့်ကျင် ဘက်ဖြစ်သည်။ မလေးရှားနိုင်ငံ တွင် ကမ္ဘောဒီးယားအလုပ်သမား များသည် အလုပ်ရှင်များ၏ ညှဉ်း ပန်းနှိပ်စက်ခံရသည်ဆိုသော တိုင်တန်းမှုများ အဆက်မပြတ်ဖြစ်နေ သော်လည်း ကမ္ဘောဒီးယားအစိုးရ သည် မလေးရှားသို့ အိမ်အကူများ စေလွှတ်ရန် ပြီးခဲ့သည့်ဒီဇင်ဘာ က မလေးရှားနှင့် နားလည်မှုစာ ချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။

‘‘သူတို့ လုပ်တာတွေက ဒေါ်အောင်ဆန်းစုကြည်က ထိုင်း ကိုသွားပြီး ‘လာကြဟေ့။ ငါတို့ တိုင်းပြည်ကို ပြန်ကြစို့’လို့ ပြော တာနဲ့များ လုံးဝတခြားစီပဲ။ ဒီလို သူပြောခဲ့တာက ထိုင်းအစိုးရကို အလုပ်သမားအခွင့်အရေးတွေအ တွက် ပိုပြီးကာကွယ်မှုတွေပေးဖို့ ဖိအားပေးတယ်။ ဘာလို့လဲဆို တော့ ထိုင်းရဲ့စီးပွားရေးလုပ်ငန်း တွေက အများအားဖြင့် နိုင်ငံခြား ကလာတဲ့ အလုပ်သမားတွေကို မှီခိုနေရတာ။ မြန်မာအလုပ်သမား တွေ ထွက်သွားရင်၊ ကမ္ဘောဒီး ယားတွေ ထွက်သွားရင် ဒီလုပ် ငန်းတွေလည်း ပြဿနာတွေကြုံ ရမှာပဲ။ ကျွန်တော်က မြန်မာက မဟုတ်တာတောင် သူပြောတဲ့ စကားကို အရမ်းခံစားရတယ်။ ဒါက တာဝန်ယူတတ်တဲ့ ခေါင်း ဆောင်ဆိုတာကို ပြသလိုက်တာမို့ ကျွန်တော်ငိုမိမတတ်ပါပဲ’’ဟု မစ္စ တာတိုလာက ပြောကြားသည်။

CPP အဖွဲ့အစည်း၏ ပြော ခွင့်ရဆုခ်အိုင်ဆန်ကမူ အလုပ် သမားများကို မြန်မာသို့ ပြန်ခေါ် သည့် ဒေါ်အောင်ဆန်းစုကြည် စကားကို မထောက်ခံကြောင်း၊ များသောအားဖြင့် ထိုင်းမှာ အ လုပ်လုပ်နေသည့် မြန်မာအလုပ် သမားအများစုသည် ရိုးရိုးအလုပ် လာရှာကြသည်မဟုတ်ဘဲ နယ်စပ်ဒေသတွင် ပဋိပက္ခများကြောင့် ထွက်ပြေးလာကြသည်ဟုဆိုသည်။

‘‘ကျွန်တော်တို့တော့ ဒေါ်အောင်ဆန်းစုကြည်ကို အတုမယူနိုင်ပါဘူး။ နိုင်ငံတိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေရှိတယ်။ ကျွန်တော်တို့ လူမျိုးတွေအတွက် အလုပ်သမားဈေးကွက်တွေ ကျွန်တော်တို့ရှာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူတွေကို ဥပဒေနဲ့အညီ လုပ်ကိုင်လို့ရအောင် ကျွန်တော်တို့ တောင်းဆိုတယ်’’ဟု မစ္စတာအိုင်ဆန်က ပြော၏။

ဘန်ကောက်ရှိ ကမ္ဘောဒီး ယားသံရုံးက အလုပ်သမားဌာန အကြံပေးလာမာတင်က ဒေါ်အောင်ဆန်းစုကြည်၏ အလုပ်သမားများကို တိုင်းပြည်ကို ပြန်ခေါ်ခြင်းသည် ထိုင်းအလုပ်သမားများအကြားက သူ့ကိုထောက်ခံသူများ စိတ်ကျေနပ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ သည်စကားသည် အမှန်မဟုတ် ဟု ပြောကြားသည်။

‘‘ဒါက ဒေါ်အောင်ဆန်းစု ကြည်ရဲ့ နိုင်ငံရေးစကားပါ။ နိုင်ငံရေးအတွက် သူပြောတာပါ။ ရွှေ့ပြောင်းအလုပ်သမားဆိုတာ ခေတ်ပေါ်ရေစီးပါ။ မကောင်းတဲ့ အရာမဟုတ်ပါဘူး။ သူတို့ တရားမဝင်လာခဲ့ရင်သာ မကောင်းတာပါ’’

သူတို့အလုပ်သမားများ မတရား နှိပ်စက်ခံနေရခြင်းအ တွက် ကမ္ဘောဒီးယားတာဝန်ရှိသူ များသည် ထိုင်းအာဏာပိုင်များ နှင့် လုပ်ဆောင်နေပြီဟုဆိုသည်။ သူ့အနေဖြင့် ကမ္ဘောဒီးယားအ လုပ်သမားများ ထိုင်းမှာ အလုပ် မလုပ်ရအောင် ဟန့်တားခြင်းမပြု နိုင်ပါဟု ပြောကြားသည်။

‘‘ထိုင်းက လစာက ကမ္ဘော ဒီးယားထက်များတယ်လေ။ ဒါ ကြောင့် လူတွေက အဲဒီမှာ အ လုပ်လုပ်ချင်တာပေါ့’’

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မီးပူတိုက်သည့် အလုပ်ကိုလုပ်ရန် ၂၀၁၁ တွင် ကမ္ဘောဒီးယားနိုင်ငံ ခွန်ပွန်ခရိုင်က မိသားစုအိမ်ကို စွန့်ခွာလာခဲ့သည့် အသက် (၃၆) နှစ်အရွယ် ရို့စ်ဆရာတပ်ဆိုသည့် အမျိုးသားက ယခုလို သူတို့အား လာတွေ့ခဲ့သည့်၊ မေတ္တာကရုဏာကြီးသည့်၊ ခေါင်းဆောင်တစ် ဦးကို ပိုင်ဆိုင်ထားသည့် မြန်မာအလုပ်သမားများကို သူအားကျ သည်ဟု ဆိုသည်။ အခွင့်အရေးရ လျှင် သူလည်း ကမ္ဘောဒီးယားကို အလွန်ပြန်ချင်လှသည်ဟု ပြောကြားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့နိုင်ငံသားတွေကို ပြန်ခေါ် ချင်ပြီး သူတို့တိုင်းပြည်မှာပဲ အ လုပ်လုပ်စေချင်တယ်။ ဘာလို့လဲ ဆိုတော့ သူ့နိုင်ငံသားတွေ ဒီမှာ အခက်အခဲတွေ ကြုံနေရတာ သူက မလိုချင်ဘူး။ ဒေါ်အောင် ဆန်းစုကြည်လုပ်သလို ကမ္ဘောဒီး ယားဝန်ကြီးချုပ်လည်း လုပ်စေ ချင်လိုက်တာ။ ဒါပေမဲ့ ကျွန်တော် တို့ အစိုးရခေါင်းဆောင်တွေမှာ ကျွန်တော်တို့ ပြည်သူတွေကို အ လုပ်ကောင်းရှာပေးဖို့၊ ကျွန်တော် တို့မိသားစုတွေကို ကူညီဖို့ စွမ်း ရည်ရှိမယ်လို့ မထင်ပါဘူးဗျာ’’

(The Cambodian Daily သတင်း စာပါ Suu Kyi's Message to Migrants Resonates in Camb-odia ကို ထားထားမြင့်ဘာသာ ပြန်ဆိုသည်။)

မှတ်ချက် - ဒေါ်အောင်ဆန်းစု ကြည်၏ ထိုင်းခရီးစဉ်အတွင်း ထိုင်းရောက်မြန်မာလုပ်သားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိ စေရန်၊ ထိုင်းနိုင်ငံသားများနည်း တူ ပညာရေး၊ ကျန်းမာရေးစောင့် ရှောက်မှုများပေးရန် ဒေါ်အောင် ဆန်းစုကြည်က ထိုင်းဝန်ကြီးချုပ် နှင့်တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားခဲ့သည်။ မြန်မာလုပ်သား များကိုလည်း ဥပဒေဘောင်အတွင်း မှ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိအောင် ကြိုးစားပေးမည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ မြန်မာအစိုးရက လျစ်လျူရှုထားခြင်းမရှိဘဲ ၎င်းတို့ကို တာဝန်ယူကြောင်း၊ ထိုသို့ တာဝန်ယူခွင့်ရခြင်းအပေါ်လည်း ဂုဏ်ယူကြောင်းပြောကြားခဲ့သည်။

7Day News Journal
http://www.7daydaily.com/story/69180



ပြိုင်ပွဲကြီးတွေမှာ အီတလီနဲ့တွေ့တိုင်း အနိုင်မရခဲ့တဲ့ ဂျာမနီအသင်းဟာ ယူရို-၂၀၁၆ ကွာတားဖိုင်နယ်မှာတော့ ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဒီပွဲမှာ အီတလီနည်းတူ (၃)ယောက်တန်း ခံစစ်နဲ့ ပွဲထွက်လာပြီး တစ်သင်းအမှား တစ်သင်းစောင့် ကစားခဲ့တာကြောင့် နှစ်သင်းစလုံး အခွင့်အရေးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဂျာမနီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရပြီး ဖိကစားနိုင်ခဲ့ပေမယ့် ပထမဆုံး ဂိုးပေါက်ကန်ချက်ကို (၄၁)မိနစ်ရောက်မှ ပြုလုပ်နိုင်ခဲ့တာပါ။

ဂျာမနီနဲ့ အီတလီတို့ ပြိုင်ပွဲကြီးတွေမှာ တွေ့ဆုံတိုင်း ပထမပိုင်းမှာ ဂိုးသွင်းယူမှု နည်းတဲ့အစဉ်အလာကို ဒီနေ့ပွဲမှာလည်း ဆက်ထိန်းပြီး ပထမပိုင်း ဂိုးမရှိ သရေကျခဲ့ပါတယ်။

ဒုတိယပိုင်း (၆၅)မိနစ်မှာတော့ ဂျာမနီအသင်း ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဂိုးမက်ဇ်က ဘယ်အစွန် နောက်ခံလူ ဟက်တာရဲ့ ပြေးလမ်းကြောင်းထဲခင်း၊ ဟက်တာရဲ့ ဖြတ်တင်ပေးပို့မှုက ဂျူဗင်တပ်စ် နောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းကာ အိုဇေးလ်ဆီရောက်၊ အိုဇေးလ်က အီတလီ ဂိုးသမား ဘူဖွန်ရဲ့ ညာဘက်ကို ကန်သွင်းသွားခဲ့တာပါ။

ဒီဂိုးရပြီးနောက်ပိုင်းမှာလည်း ဂျာမနီအသင်းပဲ ဆက်လက် အသာစီးရခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ဂျာမနီ နောက်ခံလူ ဘိုတန် ပယ်နယ်တီ ဧရိယာထဲမှာ လက်ထိဘော ဖြစ်ခဲ့တာကြောင့် အီတလီအသင်း ပယ်နယ်တီရခဲ့ပြီး ပွဲချိန်(၇၈)မိနစ်မှာ အီတလီ နောက်ခံလူ ဘိုနူချီက ကန်သွင်းနိုင်ခဲ့ပါတယ်။

မိနစ်(၉၀)အတွင်း (၁-၁)ဂိုး သရေကျခဲ့ပြီး အချိန်ပိုမှာ ဂိုးတွေ ထပ်မသွင်းနိုင်ခဲ့တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာ နှစ်သင်းစလုံး လွဲချော်မှုများခဲ့ပြီး (၉)ကြိမ်စီ ကန်သွင်းခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဂျာမနီအသင်းက (၆-၅)ဂိုးနဲ့ နိုင်ပြီး အီတလီအသင်းကို ပြိုင်ပွဲကြီးတွေမှာ ပထမဆုံးအကြိမ်အဖြစ် အနိုင်ရခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ပြင်သစ်နဲ့ အိုက်စလန်တို့ထဲက တက်လာတဲ့အသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

■ ပွဲရလဒ်

ဂျာမနီ ၁-၁ အီတလီ

(ပယ်နယ်တီတွင် ၆-၅ ဂိုးဖြင့် ဂျာမနီ နိုင်)

Photo: AFP, ESPN, Soccerway
Eleven Media Group



ကိုရ်အန် ထဲက စာသားတွေကို မရွတ် ဆို နိုင်ကြသူတွေကို လက်နက်ကိုင်တွေက နှိပ်စက် သတ်ဖြတ်ခဲ့။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကဖေးဆိုင် တစ်ခုကို အစ္စလာမ်မစ် လက်နက်ကိုင်တွေ တိုက်ခိုက် ခဲ့လို့ နိုင်ငံခြားသား အများစု အပါအဝင် လူတွေ အများအပြား သေဆုံး ခဲ့ရတဲ့ အတွက် ၊ အခုဆိုရင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက နိုင်ငံတဝှမ်း ဝမ်းနည်း ပူဆွေးဖွယ်နေ့ အဖြစ် ၂ ရက် သတ်မှတ် ကြေညာ ထားပါတယ်။

သေဆုံး ခဲ့ရတဲ့ လူ အယောက် ၂၀ ထဲ အီတလီ နိုင်ငံသား ၉ ယောက်နဲ့ ဂျပန် နိုင်ငံသား ၇ ယောက် ပါဝင် ပါတယ်။

အမေရိကန် နိုင်ငံသား တစ်ဦးလည်း အသက် ဆုံးရှုံးခဲ့တယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက သတင်း ထုတ်ပြန်ပါတယ်။

ကဖေးဆိုင်ကို သေနတ် သမားတွေ ဝင်ရောက် စီးနင်းပြီး ဓားစာခံ အယောက် ၃၀ ကျော်ကို ဖမ်းဆီး ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ အတောအတွင်း အစ္စလာမ် ဘာသာရေး ကျမ်းစာ ဖြစ်တဲ့ ကိုရ်အန် ထဲက စာသားတွေကို မရွတ် ဆို နိုင်ကြသူတွေကို လက်နက်ကိုင်တွေက နှိပ်စက် သတ်ဖြတ် ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲ့ဒီဆိုင်ထဲ ဘင်္ဂလားဒေ့ရှ် ကွန်မန်ဒို စစ်သားတွေ ဝင်ရောက် စီးနင်း ခဲ့တာမှာ သေနတ် သမား ၆ ယောက်ကို သတ်ဖြတ် နိုင်ခဲ့ပြီး၊ အသက်ရှင် ကျန်ရစ်သူ ဓားစာခံ ၁၃ ယောက်ကို ကယ်တင် နိုင်ခဲ့ ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကဖေးဆိုင် တိုက်ခိုက်မှုကို သူတို့ ပြုလုပ် ခဲ့တာလို့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ပြောထား ပါတယ်။

BBC Burmese
http://www.bbc.com/burmese



 သမ္မတလောင်း အဖြစ် အတည်ဖြစ်ကာနီး အချိန်မှာ FBI က စစ်မေးလာ။
အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း အဖြစ် အခုလ နှောင်းပိုင်းကျရင် အတည်ပြု ခံရတော့မယ့် ဟီလာရီ ကလင်တန်ကို FBI ထောက်လှမ်းရေး အဖွဲ့က တွေ့ဆုံ မေးမြန်းတာတွေ ပြုလုပ် ခဲ့ပါတယ်။

၂ဝဝ၉ ခုနှစ် ကနေ ၂၀၁၃ အကြား နိုင်ငံခြားရေး ဝန်ကြီး တာဝန် ယူထား ခဲ့တုန်းက မစ္စစ် ကလင်တန် အနေနဲ့ အစိုးရ ရုံးကိစ္စတွေကို ကိုယ်ပိုင် အီးမေးလ် အသုံးပြုပြီး စာပေး စာယူတွေ ပြုလုပ် ခဲ့တဲ့ အပေါ် FBI က မေးမြန်း တာ ဖြစ်ပါတယ်။

ကိုယ်ပိုင် အီးမေးလ်ကို အဆင်ပြေ လွယ်ကူလို့ သုံးခဲ့တာက လွဲပြီး ဘယ်လို အမှားမျိုးမှ သူ့ အနေနဲ့ မကျူးလွန် ခဲ့ဘူး ဆိုပြီး မစ္စစ် ကလင်တန်က ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် အတိုက်အခံတွေ ကတော့ အဲဒီ့လို ကိုယ်ပိုင် အီးမေးလ် အသုံး ပြုခဲ့ခြင်းဟာ အစိုးရ လျှို့ဝှက် စာရွက်စာတမ်း တွေ ရာနဲ့ချီပြီး အများသူငါ အသုံးပြုတဲ့ အင်တာနက် နေရာကို ရောက်သွား စေတယ် ဆိုပြီး ဝေဖန် နေကြပါတယ်။

ဒီ ကိစ္စနဲ့ ပတ်သက်ပြီး မစ္စစ် ကလင်တန် အနေနဲ့ ဥပဒေကြောင်း အရ အရေးယူ ခံရ နိုင်တာမျိုး မကြုံတွေ့ရ နိုင်ဘူးလို့ ဥပဒေ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဒါပေမယ့် သမ္မတလောင်း အနေနဲ့ အတည်ပြု ခံရတော့မယ့် ဒီမိုကရက်တစ် ပါတီ ညီလာခံ ကျင်းပဖို့ သီတင်းပတ် အနည်းငယ် အလိုမှာ FBI ဘက်က အခုလို မေးမြန်းတာတွေ ပြုလုပ် လာတာဟာ အင်မတန် တမျိုးတမည် ဖြစ်စေတယ် လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

 
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ၀တ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ မနေ့က ဗလီတစ်ခု မီးရှို့ဖျက်ဆီး ခံရတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် အိုလမာသာသနာ့ ပညာရှင်များအဖွဲ့က ပြည်နယ်အစိုးရထံ တင်ပြဖို့ စီစဉ်နေပါတယ်။

လုံခြုံရေး အကာအကွယ် မရခဲ့ဘဲ ဖျက်ဆီးခံရပုံကို အစိုးရထံ မိမိတို့တင်ပြမယ်လို့ ကချင်ပြည်နယ် အိုလမာသာသနာ့ပညာရှင်များအဖွဲ့ဝင် ဟာဂျီ ဦးမင်းလွင်က ပြောပါတယ်။

"ဘာသာရေးအဆောက်အအုံတွေဖျက်ဆီးတာကို နိုင်ငံတော်အစိုးရကလုံခြုံရေးပေးပေမယ့် ထိရောက် တဲ့လုံခြုံမှုမရှိလို့ ဒီလိုဖျက်ဆီးခံရ တာတွေဖြစ်တဲ့အတွက် နောက်နောင်ဒီလိုမဖြစ်ဖို့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ ကာကွယ်ပေးစေချင်ပါတယ်၊ ကချင်ပြည်နယ်အရင်အစိုးရအဖွဲ့ရော၊ လက်ရှိကချင် ပြည်နယ်အစိုးရအဖွဲ့ရော ဘာသာရေးမှာနှိပ်ကွပ်တာတို့ ပြင်းပြင်းထန်ထန် လုပ်တာဘာမှမရှိပါဘူး၊ လွတ်လွတ်လပ်လပ်ရှိပါတယ်၊ အခုလိုဖြစ်သွားတာတော့ ကျနော်တို့စိတ်မကောင်းပါဘူး"

လုံးခင်းကျေးရွာက အစ္စလာမ်ဘာသာဝင်တွေ ယာယီဝတ်ပြုတဲ့ အဆောက်အအုံတစ်ခုကို လူ ၁၅၀ လောက် မနေ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီဘာသာရေးအဆောက်အအုံဟာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတာဖြစ်ပြီး အုပ်ချုပ်ရေး အဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြပေမယ့် လူတွေက လက်မခံဘဲ ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ လုံးခင်းရွာမှာနေထိုင်တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးရော၊ ခရိုင်အုပ်ချုပ်ရေးမှူးရော ရှင်းပြပေမယ့်လည်း လူအုပ်ကြီးက တဖြေးဖြေးများလာပြီး တာဝန်ရှိလူကြီးမင်းများရှင်းပြတဲ့အနေအထားကို လက်မခံပဲ လူအုပ်ကြီးကဖောက်ထွက်ပြီးတော့မှ လူ ၁၅၀ လောက်မီးရှို့လိုက်ကြတယ်၊ ဝတ်ပြုကျောင်းဆောင်နဲ့ ပတ်သက်ပြီးတော့ ပိုင်ဆိုင်မှုအနေအထားအရေရော၊ သာသနာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိ ဝတ်ပြုနေတဲ့ကျောင်းဆောင်ဖြစ်သလို အဆောက်အဦးတွေလည်း ခွင့်ပြုချက်မရှိဆောက်လုပ်ထားတာဖြစ်ပါတယ်"

လုံးခင်းကျေးရွာမှာ မနေ့က အဲဒီလို လူစုလူဝေးဖြစ်ခဲ့ပေမယ့် ဒီကနေ့ အခြေအနေ တည်ငြိမ်နေပြီဖြစ် ပါတယ်။

မနေ့က မီးရှို့ရာမှာ ဒေသခံတချို့နဲ့ ဖားကန့်ဒေသမှာ တစ်နိုင်တစ်ပိုင် ရေမဆေးကျောက်လာရောက် ရှာဖွေတူးဖော်နေသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေးနဲ့ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေရှိ၊ မရှိကို စုံစမ်းဖော် ထုတ်ပြီး တရားဥပေဒနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်း အစိုးရပိုင်ကြေးမုံတင်းစာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
RFA

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ တက္ကသိုလ်နဲ့အခြေခံကျောင်းသားသမဂ္ဂများ နှီးနှောဖလှယ်ပွဲကို ပဲခူးမြို့အနား ကျောက်တန်းရွာက ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

ပထမနေ့မှာ သမဂ္ဂတွေလက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ကျောင်းသား ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြ သလို၊ ထောက်လှမ်းရေးတွေကလဲ စောင့်ကြည့်နေတယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုသီဟဝင်းတင်က ပြောပါတယ်။

"အဓိကဆွေးနွေးတာကတော့ တက္ကသိုလ်တွေနဲ့ ပတ်သက်တဲ့စိန်ခေါ်ချက်တွေပေါ့နော်၊ အဲ့ဒါတွေကို ဆွေးနွေးဖြစ်ကြတယ်၊ အခက်အခဲကတော့ အခုဆိုရင်ဘုန်းကြီးကျောင်းကိုလာပြီး စအဖတို့ဘာတို့ကတော့ ဖိအားပေးနေတာတွေရှိတယ်၊ ဘယ်လိုဖိအားပေးတာလဲဆိုတော့ ဘယ်သူတွေလာလဲဆိုပြီး အပေါက်ဝမှာထိုင်စောင့်နေတာ"

ဒီဆွေးနွေးပွဲအတွက် ရန်ကုန်မြို့မှာနေရာရှာတဲ့အခါမှာလည်း ၁၀ နေရာလောက်ကို စုံစမ်းခဲ့ပေမယ့် ဖိအားတွေကြောင့် လက်မခံရဲကြလို့၊ နောက်ဆုံးမှာ ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကလက်ခံခဲ့တဲ့အတွက်ကျင်းပနိုင်တာလို့ဆိုပါတယ်။

တက်ရောက်လာတဲ့ ကျောင်းသားကိုယ်စားလှယ်တွေကို (၈) အုပ်စုဖွဲ့စည်းပြီး အစုအဖွဲ့အလိုက် အကြောင်းအရာတူတွေစုစည်းပြီးဆွေးနွေးနေ ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ဇူလိုင်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့ထိ (၃) ရက်ကျင်းပမှာဖြစ်ပြီး၊ တိုင်းနဲ့ ပြည်နယ် အနှံ့ကတက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူ အယောက် (၂၀၀) ကျော်ရှိပါတယ်။
RFA

ဇူလိုင် - ၂ - ၂၀၁၆

ကရင်အမျိုးသားအစည်းအရုံး ဘိတ်/ထားဝယ်ခရိုင်ရှိ ထီးခီးအကောက်ဂိတ်ကို မြန်မာစစ်တပ်၏ ထီးထနည်းဗျူဟာမှူးက ၃ ရက်အတွင်းပိတ်ရန် အမိန့်ပေးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ (KNU) တပ်မဟာ ၄ ၏ စစ်ဆင်ရေးမှူးဗိုလ်မှူးကြီးမူကယ်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC - S) ဒုဥက္ကဌ (၁) အဖြစ်က နှုတ်ထွက်သွားသည်။

၎င်းနှုတ်ထွက်စာကို ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး (JMC - S) အဖွဲ့အနေနှင့် ပြသာနာတစုံတရာဖြစ်ပေါ်လာပါက ပါဝင်ဖြေရှင်းပေးမည့် ယန္တယားအဖြစ် အသုံးမပြုသည့်အတွက် အဆိုပါကော်မတီ၌ ပါဝင်နေခြင်းသည်လည်း နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းလာရန်အကြောင်းမရှိဟု ယုံကြည်ပါသဖြင့် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဗိုလ်မှူးကြီးစောမူကယ်သည် (JMC - S) အဖွဲ့မှ ပထမဆုံးနှုတ်ထွက်သည့် ကော်မတီဝင်တဦးဖြစ်သည်။

၎င်း၏နှုတ်ထွက်စာကို - ဥက္ကဌ တိုင်းဒေသကြီးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC - S) တနင်္သာရီတိုင်းဒေသကြီးသို့ လိပ်မူ၍ ပေးပို့ခဲ့ခြင်းဖြစ်သည်။

နှုတ်ထွက်စာ အပြည့်အစုံကို ပူတွဲဖော်ပြထားပါသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ





 လောလောဆယ်မှာ အခြေအနေတွေ တည်ငြိမ်နေပေမယ့် အဲဒီနားတဝိုက်ကို မသွားရ ကန့်သတ်ထားပြီး ရဲအင်အား (၁၀၀) လောက်တိုးချထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာက မွတ်စလင်ဝတ်ပြုဆောင်ကို မီးရှို့ဖျက်ဆီးခဲ့မှုမှာ ပါခဲ့တဲ့ ဦးဆောင်သူ အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေပါတယ်။

လောလောဆယ်မှာ အခြေအနေတွေ တည်ငြိမ်နေပြီ ဆိုပေမယ့် ပဋိပက္ခဖြစ်ခဲ့တဲ့ နေရာမှာ ရဲအင်အားတွေ တိုးချထားရပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းမှာ ရှိတဲ့ မွတ်စလင်ဝတ်ပြုဆောင်ကို တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ အမည်မသိလူအုပ်ကြီးက သောကြာနေ့က လာရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာ အခြေအနေတွေ တည်ငြိမ်နေပေမယ့် အဲဒီနားတဝိုက်ကို မသွားရ ကန့်သတ်ထားပြီး ရဲအင်အား (၁၀၀) လောက်တိုးချထားပါတယ်။

ဇွန်လ ၁ ရက်နေ့ က မီးရှို့ဖျက်ဆီးမှုကို နောက်ကွယ်က ဦးဆောင်သူတွေ ရှိနိုင်ပြီး ဒါတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး ဦးထွန်းဦးက ပြောပါတယ်။

လောလောဆယ်မှာလည်း မီးရှို့ဖျက်ဆီးရာမှာ ပါခဲ့သူတွေထဲက (၂)ဦးကို ဖမ်းဆီး စစ်ဆေးနေတယ် လို့ သိရပါတယ်။

သောကြာနေ့က ဖြစ်ခဲ့တဲ့ မွတ်စလင်ဝတ်ပြုဆောင် မီးရှို့ဖျက်ဆီးမှုမှာ ဒေသခံ ရွာသားတချို့နဲ့ ဒေသခံ မဟုတ်သူတွေ ပါတယ်လို့ ဖားကန့်မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် ဦးတင်စိုးက ပြောပါတယ်။

ဒီဖြစ်ရပ် နောက်ကွယ်မှာ အစွန်းရောက်တဲ့ သူတွေ ရှိနိုင်တယ်ဆိုပြီးတော့လည်း ဦးတင်စိုးက ပြောပါတယ်။

မီးရှို့အဖျက်ခံရတဲ့ မွတ်စလင် ဝတ်ပြုဆောင်ဟာ သတ်မှတ်ခွင့်ပြုချက်နဲ့ ဆောက်လုပ်ထားတာ မဟုတ်တဲ့အတွက် ဒါကို ဖျက်ပေးဖို့ ရွာသားတွေက ပြည်နယ်အစိုးရကို တိုင်ကြားထားခဲ့တာ ဖြစ်ပါတယ်။

ဒါကို အစိုးရပိုင်းက ကိုင်တွယ်ဖြေရှင်းမှု မပြုသေးခင် အမည်မသိ ရာနဲ့ချီတဲ့ လူအုပ်က မီးရှို့ ဖျက်ဆီးခဲ့တာပါ။

ဒီလို အဖြစ်မျိုး ထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးထွန်းဦးကတော့ ဒီလို အဖြစ်မျိုး ကချင်ပြည်နယ်မှာ ထပ်မဖြစ်ဖို့ လုံခြုံရေးအင်အားကို တိုးချပြီး ဆောင်ရွက်မယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese/


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ၀တ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ၀တ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)

ကချင်ပြည်နယ် ဖားကန့် လုံးခင်းဘက်မှာ ရာချီတဲ့လူအုပ်စုနဲ့ ယာယီ ဗလီ ဝတ်ပြု ကျောင်း အဆောက်အဦး မနေ့ သောကြာနေ့ ညနေပိုင်းက မီးရှို့ဖျက်ဆီး ခံရတဲ့ပြီးတဲ့ နောက်မှာတော့ ဒီကနေ့မှာ လုံးခင်းကျေးရွာနဲ့ အခင်းဖြစ်တဲ့ နေရာကို စစ်တပ်ဘက်က လုံခြုံရေး အပြည့် ယူထားလိုက်ပြီ ဖြစ်တယ် လို့ ဒေသခံ သတင်းသမားက ပြောပါတယ်။

ဒီကနေ့ စနေနေ့ မနက်ပိုင်းမှာတော့ စစ်တပ်ဘက်က လုံခြုံရေး ယူထား လိုက်ပြီ ဖြစ်တဲ့အတွက် နယ်မြေတွင်း ပဋိပက္ခတွေ ပြန်လည် ငြိမ်သက်သွားပြီး တင်းမာမှုတွေ လောလောဆယ် လျော့နည်း သွားပြီ ဖြစ်ပေမဲ့လို့ လုံခြုံရေး စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထား ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စုထဲမှာရှိတဲ့ လယ်ပြင် ကျေးရွာက ဗလီ ဝတ်ပြုကျောင်း ဆောက်လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေကြား အငြင်းပွားမှုတွေ ဖြစ်ပွားရာကနေ မနေ့သောကြာနေ့ ညနေ ၄ နာရီ ၀န်းကျင် လောက်မှာတော့ လူအုပ်စု အင်အား ၅၀၀လောက် စုဝေးပြီး အဲ့ဒီ လုံးခင်းကျေးရွာမှာရှိတဲ့ ဗလီ ဝတ်ပြုကျောင်းကို မီးရှို့ဖျက်ဆီး ပစ်လိုက်ကြတာ ဖြစ်ပါတယ်။

ဗလီဝတ်ပြုကျောင်း လုံးခင်းကျေးရွာထဲမှာ ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး မကျေနပ်ချက် တင်းမာမှုတွေဖြစ်နေချိန်မှာပဲ အခုလို လူအင်အားနဲ့ ဖျက်ဆီးမှုဖြစ်ခဲ့တာပါ။

ဖြစ်ပွားချိန်မှာ ရဲလုံခြုံရေးတွေ ရှိခဲ့ပေမဲ့လို့ လုံခြုံရေး အားနည်းခဲ့တဲ့အတွက် ထိရောက်တဲ့ ဟန့်တား ကာကွယ်မှု မပေးနိုင်ခဲ့ပဲ ဖြစ်ခဲ့တာပါ။ ဒီကနေ့ စနေနေ့မှာတော့ ဖားကန့် လုံးခင်းဘက်မှာ စစ်တပ်ဘက်က လုံခြုံရေး အပြည့် ယူထား ပေးတာတွေ့ရတယ်လို့ အခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့တဲ့ ဒေသခံ သတင်းထောက် ဦးဇော်မိုးထက်က အခုလို ပြောပါတယ်။

“ လုံးခင်းရွာနဲ့ အဲဒီနေရာက ချောင်းပဲ ခြားတာပေါ့။ လက်ရှိ တံတားဆောက်နေတဲ့ အရှေ့ရဲ့ ဒီဘက် ကမ်းပေါ့။ ဒီအတိုင်း ၀င်ဖျက်ပြီးတော့၊ ဖျက်ပြီးသားဟာတွေကို မီးရှို့သွားတာပေါ့။ လက်ရှိ ဒီနေ့ အခြေအနေကတော့ စစ်တပ် နဲကလဲ နီးတော့ စစ်တပ်ကလဲ လုံခြုံရေး ယူထားပေးတာ ရှိတယ်။ လူအသေအပျောက်တွေ၊ ခိုက်ရန် ဒေါသ ဖြစ်တာတွေ၊ ရိုက်တာတွေ ပုတ်တာတွေတော့ ဘာမှ မရှိသေးဘူး။ ”

မနေ့သောကြာနေ့က ဗလီကျောင်းကို မီးရှို့နေတဲ့အချိန် ဒေသခံ လုံးခင်း ရဲတပ်ဖွဲ့ဘက်က ကြိုးစား တားမြစ် ခဲ့ပေမယ့် မီးရှို့ဖို့ လာတဲ့ လူအုပ်ကြီးတွေ များတဲ့အတွက် ရဲတွေအနေနဲ့ အခြေအနေ မထိန်းနိုင်တော့ပဲ အခုလို မီးရှို့ဖျက်ဆီး ခံခဲ့ရတာလို့လည်း ဆိုပါတယ်။

စနေနေ့မှာတော့ ဖြစ်ပွားခဲ့တဲ့နေရာမှာ စစ်တပ်ဘက်က လုံခြုံရေး ယူထားပေမဲ့လို့ ဒေသခံတွေကတော့ လုံခြုံရေးစိုးရိမ်နေဆဲ ဖြစ်တယ်လို့လည်း ဦးဇော်မိုးထက်ကပြောပါတယ်။ အခုအချိန်ထိ ကတော့ ဗလီယာယီ ဝတ်ပြုကျောင်း ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး လုံခြုံရေး ယူထားပေမဲ့ ဖျက်ဆီးခဲ့သူတွေကို အရေးယူ ဆောင်ရွက်မှု တွေကိုတော့ မရှိသေးဘူးလို့လည်း သူကဆိုပါတယ်။

“အဓိကကတော့ ဒီလို ကိစ္စမျိုးမှာ ကြပ်မတ်ပြီးတော့ ဆောင်ရွက်ပေးဖို့ လိုအပ်မယ်လို့ ထင်တယ်။ ဒီမှာရှိတဲ့ ဌာနဆိုင်ရာ အသိုင်းအ၀ိုင်း၊ စစ်တပ်နဲ့ ရဲတွေ အားလုံးအပါအ၀င်ပေါ့ လုံခြုံရေးက ပြောလို့ရှိရင် ထဲထဲဝင်ဝင် လုပ်ပေးတာ မရှိဘူး။ ကိုယ်လွတ်ရုန်းကြတာ များတယ်။ ဗလီဖျက်တဲ့ ကိစ္စမှာက လုံခြုံရေးက အထူးကြပ်မတ်ပေးလို့ ရတယ်။ နောက်ပြီးတော့ ဒီမှာက ပျံကျ ရွေ့ပြောင်း လုပ်သား တွေက များတော့ သူမသိ၊ ငါမသိ အဲဒီလို အနေအထားမှာ လုံခြုံရေးက ပိုပြီးတော့ ကြပ်ကြပ်မတ်မတ် လုပ်ပေးသင့်တယ်လို့ အဲဒီလိုပဲ ယူဆတယ်ခင်ဗျ။”

မေး ။ “ ကိုဇော်မိုးထက်လဲ အဲဒီကို သွားခဲ့တာဆိုတော့ အဲဒီမှာ လက်ရှိ လုံခြုံရေး ယူထားတဲ့ အခြေအနေကို ပြောပြပေးပါဦး။”

“အဲဒီနေရာနဲ့ စစ်တပ်နဲ့က အလွန်မဝေးဘူးဗျ။ စစ်တပ်နဲ့ လက်ရှိဖြစ်သွား တဲ့ နေရာနဲ့က ဘုရားကုန်းလေး တစ်ခုပဲ ခြားတယ်။ နီးနီးလေးပဲ။ နောက်ပြီးတော့ လုံးခင်း ရဲကင်းနဲ့လည်း အရမ် မဝေးဘူး။ လက်ရှိကတော့ စစ်တပ်မှပဲ ရတယ်။ ရဲလောက်ကတော့ အဆင်မပြေဘူး။ နောက်ပြီးတော့ ရဲက အင်အားလည်း အရမ်းနဲတယ်။ လုံးခင်းရဲစခန်းမှာက အလွန်ဆုံးရှိ ဆယ်ယောက်ပဲ။ ဒါက မိုင်ကုန် တွက်ထားတာ ပေါ့နော်။ အဲဒီတော့ စစ်တပ်လောက်မှ လုံခြုံရေး ယူမပေးရင် ရဲလောက်နဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ လုံခြုံရေးပိုင်းဆိုင်ရာက စစ်တပ်က ယူထားမှ ရမယ်။ လောလောဆယ်တော့ အဲဒီမှာ စစ်သားတွေလဲတွေ့တယ်။ လက်ရှိ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆွေလဲ အဲဒီရွာမှာ ရှိနေတယ်။ ”

ဖားကန့်ဒေသဟာ လုံခြုံရေး အားနည်းပြီး မကြာသေးခင်ကပဲ အမျိုးသမီး အုပ်ချုပ်ရေးမှူး တဦး နေအိမ်မှာပဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာမျိုး တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ ဥပဒေမဲ့ ဖြစ်ရပ်မျိုးတွေလည်း ဖြစ်လေ့ ရှိနေတာပါ။ ဒီလို အခြေအနေမှာ ဖားကန့်ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရဘက်က ဒေသခံတွေရဲ့ လုံခြုံရေးကို အလေးထား ကိုင်တွယ် ဖြေရှင်းပေးသင့်တယ် လို့လည်း ဖားကန့်ဒေသခံ ဦးဇော်မိုးထက် ကပြောပါတယ်။

ဘာသာရေး အသွင်ဆောင် လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေထဲ သက်ဆိုင်တဲ့ တာဝန်ရှိသူ အာဏာပိုင်တွေရဲ့ လုံခြုံရေး ကိုင်တွယ်မှုတွေမှာ အားနည်းချက်တွေရှိခဲ့ပြီး အချိန်နဲ့ တပြေးညီ ထိရောက်တဲ့ ကာကွယ်မှု မရှိဘူး ဆိုတာကိုလည်း ဝေဖန်နေကြတာဖြစ်ပါတယ်။

ဇူလိုင်လ ၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ သူ့စကားအတိုင်းဆိုရင်- ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာမှာ ရှိတဲ့ သတ်မှတ်ခွင့်ပြုချက် မရှိသော ယာယီ ၀တ်ပြုတဲ့ အဆောက်အဦးကို ဖျက်သိမ်းဖို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အကြိမ်ကြိမ် ညှိနှိုင်းထားသော်လည်း အဆင်မပြေပြီး ဒေသခံအချို့မှ ၀င်ရောက် ဖျက်ဆီးမီးရှို့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။

အခုလက်ရှိမှာတော့ ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားပြီး အခြေအနေ တည်ငြိမ်လျက်ပါတယ်။ ၊ ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် နေပြီဖြစ်ကြောင်း နှင့် နောက်ကွယ်ကနေ သွေးထိုး လှုံ့ဆော် သူများ ရှိ၊ မရှိကိုပါ စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ကြောင်းကိုလည်း ပြန်ကြားရေးက သတင်း ထုတ်ပြန်ထားပါတယ်။

မဆုမွန်
VOA Burmese News


စစ်သွေးကြွများ၏ ပြန်ပေးဆွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော ဒါကာမြို့၊ Gulshan ရပ်ကွက်တွင်းသို့ ၀င်ရောက်လာသော သံချပ်ကာ ကားတစ်စီးကို ဂျူလိုင်လ ၂ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - (AP Photo)
စစ်သွေးကြွများ၏ ပြန်ပေးဆွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော ဒါကာမြို့၊ Gulshan ရပ်ကွက်တွင်းသို့ ၀င်ရောက်လာသော သံချပ်ကာ ကားတစ်စီးကို ဂျူလိုင်လ ၂ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - (AP Photo)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က နိုင်ငံခြားသားတွေ အလာများတဲ့ စားသောက်ဆိုင် တခုမှာ စစ်သွေးကြွတွေက ဓါးစာခံ အယောက် ၂၀ ကို သတ်ပစ်ပြီး၊ လုံခြုံရေး တပ်တွေ နဲ့ ၁၁ နာရီကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးတဲ့နောက် ၊ အာဏာပိုင်တွေ ဘက်က မြို့တော်ဒါကာမှာ စနေနေ့က လုံခြုံရေးတွေ တင်းကြပ်လိုက်ပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက စားသောက်ဆိုင်ကို ၀င်ရောက်စီးနှင်းခဲ့ ပြီးတဲ့နောက်၊ စစ်သွေးကြွ ၆ ယောက်ကို သုတ်သင်နိုင် ခဲ့သလို၊ တစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ ပါတယ်။

စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ အများစု ဓါးနဲ့ ခုတ်သတ် ခံခဲ့ရတာဖြစ်ပြီး၊ စစ်သွေးကြွတွေက လုံခြုံရေးတွေ နဲ့ အပြန်အလှန် တိုက်ခိုက်နေစဉ် အတွင်း သူတို့ အစုလိုက်အပြုံလိုက် သတ်ထားတဲ့ သူတွေရဲ့ ဓါတ်ပုံတွေကို IS အဖွဲ့ကို ပို့ပေးခဲ့ပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက ဓါးစာခံ ၁၃ ယောက် ထက်မနည်း ကယ်တင်နိုင် ခဲ့ပြီး သေဆုံးသွားသူ အများစုကတော့ အီတလီ နဲ့ ဂျပန်နိုင်ငံသား တွေ ဖြစ်ကြပါတယ်။

နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုအတွင်း ဘင်္ဂလားဒေ့ရှ် ရဲ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပါတယ်။ IS အဖွဲ့ ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း တိုက်ခိုက်သူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ ဓါးစာခံတွေကို ၁၀ နာရီကျော်ကြာ ဖမ်းဆီးထားခဲ့ပြီး တဲ့နောက် ဘင်္ဂလားဒေ့ရှ် အထူး ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေ စနေနေ့ မနက်အစောပိုင်းက စားသောက်ဆိုင်ကို ၀င်ရောက် စီးနှင်းခဲ့စဉ်အတွင်း သေနတ်သံတွေ ပေါက်ကွဲတဲ့ အသံတွေကို ကြားခဲ့ရပါတယ်။

စားသောက်ဆိုင်နား တ၀ိုက်မှာ လက်နက် တပ်ဆင်ထားတဲ့ စစ်ကားတွေကို ၀ိုင်းရံထားပြီး၊ သတင်းထောက်တွေကိုတော့ အဲဒီအနားကို ပေးမလာခဲ့ပါဘူး။

http://burmese.voanews.com/a/bangladesh-attack-kills-20/3401528.html

ဖမ်းဆီးခံ ထားရတဲ့ ဓါးစာခံ လူ ၂၀ သေဆုံး ခဲ့ရကြောင်း တာဝန် ရှိသူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ မြို့က သေနတ်သမားတွေ စီးနင်း ထားတဲ့ စားသောက်ဆိုင် ကို စစ်တပ် က ဝင်ရောက် ရှင်းလင်း ခဲ့ရာမှာ ဖမ်းဆီးခံ ထားရတဲ့ ဓါးစာခံ လူ ၂၀ သေဆုံး ခဲ့ရကြောင်း တာဝန် ရှိသူက ပြောပါတယ်။

သေနတ် သမား ခြောက် ယောက်ကိုလည်း အသေပစ်ခတ် ဖမ်းဆီး ရမိခဲ့ပြီး နောက်ထပ် ဓါးစားခံ ၁၃ ယောက်ကို တော့ ကယ်တင် နိုင်ခဲ့တယ်လို့ စစ်တပ် တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

မနေ့က ဖြစ်ပွား ခဲ့တဲ့ ဒါကာ မြို့က စီးနင်း တိုက်ခိုက်မှုတွေ ကို သူတို့ လုပ်တာ ဖြစ်ကြောင်း IS အဖွဲ့ က ထုတ်ဖော် ပြောကြားပါတယ်။

စားသောက်ဆိုင် အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သံသယ ရှိသူ အတော်များများ ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ က အကြမ်းဖက် တိုက်ခိုက်မှုကို အမြစ်ပြတ် ချေမှုန်း သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။
BBC Burmese

မြန်မာ့ ပန်းပုပညာရှင် ကိုအောင်ကျော်ထွန်း ထုလုပ်သော ဗိုလ်ချုပ်အောင်ဆန်းစာကြည့်နေတဲ့ ပန်းပုရုပ်ကို အပြီးသတ် အချောကိုင်ပြီး ရန်ကုန်မြို့ တာဝါလိန်းလမ်းမှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ အများပြည်သူ ကြည့်ရှုနိုင်ရန်ပြသထားမှာ ဖြစ်ပါတယ်။

အခု ဗိုလ်ချုပ် အောင်ဆန်း ရုပ်တု ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ အပ်နှံတာ ဖြစ်ပါတယ်။

ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်း စာကြည့် နေတဲ့ ရုပ်တု ကို နတ်မောက်မြို့ က ဗိုလ်ချုပ် နေအိမ်ပြတိုက်မှာ ပြသထားပါတယ်။

ပန်းပု ပညာရှင် ကိုအောင်ကျော်ထွန်း က မကြာမီ ဗိုလ်ချုပ်အောင်ဆန်း မျက်နှာပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံပြောင်း၍ ထူးခြား ပြောင်မြောက်စွာ
ပန်းပု ထုလုပ်မည်ဖြစ်ကြောင်း ဒီကနေ့မှာ ပြောကြား ခဲ့ပါတယ်။ ‪#‎ဘီဘီစီမြန်မာပိုင်း‬

ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း
BBC Burmese

ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် တရုတ်နိုင်ငံ၊ Hefei မြို့၌ ကျင်းပသည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယအချီတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အောင်လအန်ဆန်သည် ရုရှားနိုင်ငံသား ဘူတိုရင်နှင့် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအချီ ၁ မိနစ် ၅၇ စက္ကန့်တွင် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး နှစ်ပွဲစလုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်မြို့၌ ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့် MMA ပြိုင်ပွဲတွင် အီဂျစ်နိုင်ငံသား မိုဟာမက် အလီကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

Photo-ONE Championship
Eleven Media Group