07/08/16



ရန်ကုန်တိုင်း ဝန်ကြီးချုပ် ရဲ့စကား နဲ့ ပတ်သက်ပြီး တပတ်အတွင်း ဖြေရှင်းပေးဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆို
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ မြန်မာနိုင်ငံ သံဃ နာယက ဆရာတော်တွေဆီ သွားရောက်ပြီး မဘသ အဖွဲ့အစည်း မရှိသင့်ဘူးလို့ ထပ်မံ လျှောက်ထား ခဲ့သလို့ မဘသ ( ဗဟို ) ဦးဆောင် ဆရာတွေ ကလည်း အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော်သံဃ မဟာ နာယက ဥက္ကဌ ဗန်းမော် ဆရာတော် ထံသွား ရောက်ပြီး မဘသ အဖွဲ့မရှိသင့်ဘူးလို့စင်္ကာပူနိုင်ငံမှာ ပြောဆိုခဲ့တဲ့ အကြောင်း သွားရောက် လျှောက်ထားခဲ့ တယ်လို့သူနဲ့အတူလိုက်ပါသွားတဲ့ သာသနာ ရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ဦးကပြောပါတယ်။

ဝန်ကြီးချုပ်ရဲ့ လျှောက်ထားချက် အပေါ် သံဃ နာယက ဆရာတွေ ဘက် က သာသနာရေး အဖွဲ့အစည်းတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုသာ ပြန်လည် မိန့်ကြားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ပြန်လည်တုန့်ပြန်ဖို့မဘသ ( ဗဟို ) က ဆရာတော်တွေဟာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

မဘသ ဗဟို အစည်းအဝေး ကနေ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ရဲ့စကား နဲ့ ပတ်သက်ပြီး တပတ်အတွင်း ဖြေရှင်းပေးဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆို ခဲ့ပါတယ်။

တောင်းဆိုချက်ကို မဖြေရှင်းပါကဆန္ဒပြတာမျိုး လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရုတ်သိမ်းဖို့တောင်းဆို တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့လဲ ဆရာတော် ဓမ္မ တေဇနိယ က မိန့်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး၇န်ကုန်တိုင်းအစိုးရဖက်ကိုဆက်သွယ်ပေးမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

BBC Burmese
http://www.bbc.com/burmese



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်မှာ ၂ဝ၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူစဉ်။ photo: Kyaw Myo Min/RFA
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခဲ့ရာမှာ ထုန်ပြန်ဖို့ ကျန်နေသေးတဲ့ ကိုးကွယ်မှုဘာသာ အလိုက် လူဦးရေစာရင်းကို လာမယ့် ဇူလိုင်လ ၂၁ ရက်မှာ ကြေညာသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက ပြောပါတယ်။

စာရင်းကောက်ယူရာက ရရှိခဲ့တဲ့အချက်အလက် အားလုံးနီးပါးကို ၂၀၁၅ ခုနှစ်က ထုတ်ပြန်ထားခဲ့ပြီး ကျန်ရှိနေတဲ့ ဘာသာအလိုက် လူဦးရေစာရင်းကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။

"၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကနေ ရရှိထားတဲ့အချက်တွေ ဖြစ်ပါတယ်ခင်ဗျ၊ သန်းခေါင်စာရင်းတုန်းက မေး ထားတဲ့မေးခွန်း ၄၁ ချက်နဲ့ ပတ်သက်ပြီး ၂ဝ၁၅ က အချက်အလက်အားလုံးနီးပါး ထုတ်ပြန်ပြီးသွားပြီဗျ၊ ဒီလ ၂၁ ရက်နေ့လောက်ကို ဘာသာအလိုက် လူဦးရေစာရင်းထုတ်ပြန်မယ်၊ နောက်လေး ငါးလလောက်ကြာရင် တိုင်းရင်းသားလူမျိုးအလိုက် လူဦးရေစာရင်းထုတ်ပြန်မယ်၊ ဒါပဲကျန်တော့တယ်"

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက် ကြာ တစ်အိမ်တက်၊ ဆင်း တွေ့ဆုံမေးမြန်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့လူဦးရေစာရင်းကို ပြီးခဲ့တဲ့ ၁၉၇၃ ခုနှစ်က တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာ တစ်ကြိမ် ကောက်ခံထားပြီး ၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တာဟာ နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် ကောက်ယူတာလည်း ဖြစ်ပါ တယ်။

အဲ့ဒီစာရင်းတွေအရ မြန်မာနိုင်ငံမှာ အမျိုးသား ၂၄ သန်းကျော်နဲ့ အမျိုးသမီး ၂၆ သန်းကျော်ရှိပြီး တစ်နိုင်ငံလုံး မှာ စုစုပေါင်းလူဦးရေ ၅၂ သန်း နီးပါးရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


7July 2016 Breaking news

ဟာရီကိန်း မုန်တိုင်းဖြတ်တော့မယ့် ထိုင်ဝမ် နိုင်ငံမှာယနေ့ ညပိုင်း မီးရထားတစင်းပေါ် ကနေ ဗုံးပေါက်ကွဲခဲ့ကြောင်းသိရပါတယ်။


Hsinchu စင်ချူ ကနေ Keelung. ကီလန် ကိုသွားနေတဲ့ မီးရထားဟာ Songshan မီးရထား ဘူတာကအထွက်မှာ အတွဲအမှတ်ခြောက်က ထိုင်ခုံအောက်ကနေ ပေါက်ကွဲခဲ့တာလို့ လည်း ထိုင်းဝမ်ကလာတဲ့ သတင်းတွေမှာဖေါ်ပြနေပါတယ်။


ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးကိုကြားခဲရပြီး တွဲအတွင်းကနေ မီးခိုးလုံးတွေ ထွက်လာခဲ့တာကို မြင်ရကြောင်း မျက်မြင်သက်သေတွေကပြောပါတယ်။

ယခုအချိန်မှာ သူနာပြုယာဉ် ၁၀ စီးနဲ့  ဒဏ်ရာရတဲ့ သူတွေကို ကယ်ထုတ်နေကြပါတယ်။

Credit CNA
Social Action for Women - SAW



ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် မာလိန်ရွာမှာ မိဘကအကြွေးမဆပ်နိုင်တဲ့အတွက် လယ်ပိုင်ရှင်က သံကြိုးနဲ့ခတ်ပြီး နှိပ်စက်တာခံရတဲ့ ကလေးငယ်ကို တွေ့ရစဉ်
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကြက်လျှာကျေးရွာအုပ်စု မာလိန်ရွာမှာ အကြွေးမဆပ်နိုင်လို့ဆိုပြီး လယ်ပိုင်ရှင်က လယ်လုပ်သားရဲ့ ကလေး ၂ ယောက်ကို ခေါ်ယူနှိပ်စက်ခဲ့တဲ့အမှုအတွက် လယ်ရှင်ကို တရားစွဲအရေးယူထားပေမယ့် အာမခံနဲ့ လွှတ်ပေးထားတယ်လို့ သိရပါတယ်။

မေလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီအမှုအတွက် လယ်ရှင် ဦးကျော်မျိုးအောင်ကို ရဲတပ်ဖွဲ့က ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၃/ ၃၄၂ နာကြင်စေမှုတွေနဲ့ တရားစွဲထားပြီး ဒီနေ့ ရုံးချိန်းရှိတယ်လို့ သိရပါတယ်။

ဒီအမှုကို ကလေးသူငယ် နှိပ်စက်ညှင်းပမ်းမှုနဲ့ဆိုင်တဲ့ ဥပဒေပုဒ်မတွေနဲ့ မိဘကပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကပဲဖြစ်ဖြစ် တရားစွဲလို့ရတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရှေ့နေဦးအောင်သိန်း က ပြောပါတယ်။

"ကလေးသူငယ် နှိပ်စက်ညှင်းပမ်းမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေရှိတယ်၊ တိုင်မှာသံကြိုးနဲ့ ချည်ထားတယ်ဆိုရင် မတရားဖမ်းဆီးချုပ်နှောင်ထားမှုနဲ့ အရေးယူလို့ရတယ်၊ နောက်တစ်ယောက်က ရေထဲကိုပစ်ချလိုက်တဲ့အတွက် လူသတ်မှုအရလည်း အရေးယူလို့ရတယ်၊ အဲ့ဒီလို ပုဒ်မနှစ်ခုရှိနေပါလျှက်နဲ့ ဘာဖြစ်လို့ ဒီတရားခံကို ရဲကအာမခံပေးရသလဲဆိုတာ စဉ်းစားစရာဖြစ်နေတယ်၊ အဲ့ဒီနစ်နာသူဘက်က မိဘအနေနဲ့ သို့မဟုတ် ပတ်ဝန်းကျင်တစ်ယောက်ယောက်ကဖြစ်ဖြစ် ရဲစခန်းမှာ သွားပြီးတိုင်ကြားလို့လည်းရတယ်၊ သတင်းရရှိရုံနဲ့ တိုင်ချက်သွားဖွင့်လို့ရတယ်၊ ခရိုင်ရဲမှူးတို့ မြို့နယ်ရဲမှူးတို့ တိုင်းရဲမှူးတို့ကို တက်ပြီးတော့ တိုင်ကြားပိုင်ခွင့်ရှိတယ်"

ကိုကျော်မျိုးအောင် ဆိုသူ လယ်ရှင်က လယ်စာရင်းငှားရဲ့ အသက် ၈ နှစ်အရွယ် မောင်ဇေထက်နိုင် ဆိုတဲ့ ကလေးကို တဲတစ်လုံးထဲမှာ သံကြိုးနဲ့ချည်ထားပြီး၊ အသက် ၅ နှစ်အရွယ် မောင်မျိုးသန့် ကို တံတားပေါ်ကနေ မြစ်ထဲကို ပစ်ချခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

*ပြင်သစ် ၂ဂိုး-ဂိုးမရှိ ဂျာမနီ
*အန်တွမ် ဂရီးဇ်မန်း ( ၄၇မိနစ်၊ ၇၂မိနစ်)
*Man of the Match - ဂရီးဇ်မန်း ( ပြင်သစ်)

ဒုတိယဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင်ပြင်သစ်က ကမ္ဘာ့ချန်ပီယံဂျာမနီကို ၂ဂိုးပြတ်နဲ့နိုင်ပြီး ဖိုင်နယ်ကိုတက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ပြင်သစ်က အိုက်စလန် ကိုအနိုင်ယူခဲ့တဲ့ လူစာရင်းကိုအပြောင်းအလဲမလုပ်ဘဲ ပွဲထွက်လာခဲ့ပါတယ်။ ဂျာမနီအသင်းမှာတော့ ပွဲပယ်ခံထားရတဲ့ ဟမ်းမဲလ်နေရာမှာ ဟိုဘီးဒက်စ်၊ ဒဏ်ရာရနေတဲ့ ခါဒီးယားနေရာမှာ ရှဝိန်းစတိုင်ဂါတို့ပါဝင်လာခဲ့သလို လီဗာပူးလ် ကွင်းလယ်က အမ်မရီချမ်လည်းပါဝင်ခဲ့ပါတယ်။ ဂျာမနီနည်းပြ ယာဂန်လိုးရဲ့ နည်းဗျူဟာ ပထမပိုင်းမှာ မှန်ကန်ခဲ့သလို တစ်ပိုင်းလုံးကိုလည်းထိန်းချုပ်နိုင်ခဲ့ ပါတယ်။ ပြင်သစ်က ပထမပိုင်း၁၀မိနစ်မှာ လျင်လျင်မြန်မြန်တိုက်စစ်ဆင်ကစား ခဲ့ပြီး အခွင့်အရေးတစ်ကြိမ်ရခဲ့ပါတယ်။ အဲ့နောက်ပိုင်းကစပြီး ဂျာမနီဟာ တစ်ပိုင်းလုံးကို ထိန်းချုပ်သွားခဲ့ပြီး ကစားကွက်အသာနဲ့ဂိုးရဖို့ကြိုးစားခဲ့ပါတယ်။ အခွင့်အရေးတစ်ချို့လည်းရခဲ့ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ဂိုးသွင်းခွင့်မျိုးမရ ခဲ့လို့ ဂိုးမရခဲ့တာပါ။ ဒီလိုနဲ့ ပထမပိုင်းပြီးခါနီး ၄၇မိနစ်မှာ ရှဝိန်းစတိုင်ဂါကြောင့် ပေးရတဲ့ ပင်နယ်တီကနေ ဂရီးဇ်မန်းက အမှားအယွင်းမရှိကန်သွင်းယူခဲ့လို့ ပထမပိုင်းမှာ ပြင်သစ်က မထင်မှတ်ဘဲ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ပထမပိုင်းမှာ ဂျာမနီနည်းပြသုံးခဲ့တဲ့ နည်းဗျူဟာ ကြောင့် ပြင်သစ်ရုန်းကန်ခဲ့ရတာပါ။ ဂျာမန် ရဲ့ နောက်ခံအစွန်လူတွေက ရှေ့ကိုလိုက်ပြီး တိုက်စစ်ဆင်ခဲ့လို့ ပြင်သစ်တောင်ပံ တစ်ခုလုံးအသုံးမရဖြစ်ခဲ့ပေမယ့် ပထမပိုင်းကိုတော့ ၁ဂိုးအသာနဲ့ဦးဆောင်ခဲ့ ပါတယ်။
ဒုတိယပိုင်းမှာ ဂျာမနီဟာ ပထမပိုင်းတုန်းကလောက်မကစားနိုင်တော့သလို ထိရောက်တဲ့ အခွင့်အရေးလည်းမရခဲ့ပါဘူး။ နောက် ဘိုတန်နာသွားလို့ သူ့နေရာမှာ မူစတာဖီကိုထည့်သွင်းခဲ့ရပါတယ်။ ၇၂မိနစ်မှာတော့ ဂျာမန်နောက်ခံလူ ကင်းမစ်ခ်ျရဲ့ အမှားကနေ ပေါ့ပ်ဘာပေးတာကို မန်ဝယ်နော်ယာပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင့်ရှိနေတဲ့ ဂရီးဇ်မန်းက ပိတ်သွင်းခဲ့လို့ ပြင်သစ်ဒုတိယဂိုးရခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြင်သစ်က အနိုင်ဂိုး ကိုထိန်းပြီးကစားခဲ့သလို ဂျာမနီကလည်း လိုအပ်တဲ့ ဂိုးတွေမသွင်းနိုင်လို့ အိမ်ရှင်ပြင်သစ်ဖိုင်နယ်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ပြင်သစ်နည်းပြ ဒီဒီယာ ဒမ့်ချမ့်ရဲ့ နည်းဗျူဟာပိုင်းအကောင်းဆုံးပုံစံမရှိခဲ့ပေမယ့် လူမှန်နေရာ မှန်ရွေးထုတ်နိုင်မှု၊ ပြိုင်ပွဲတစ်လျောက်လုံးမှာလည်း အကောင်းဆုံးလူထုတ်နိုင်မှု၊ လူလဲမှုတွေမှန်ကန်ခဲ့လို့ အခုလိုထိုက်ထိုက်တန်တန်ဖိုင်နယ်တက်နိုင်ခဲ့တာဖြစ်ပါ တယ်။
BBC Burmese

မဘသ အဖွဲ့ ဘာကြောင့်မရှိသင့်လဲ ...

မဘသ အဖွဲ့ ဘာကြောင့်ဖျက်သင့်သလဲ ဆိုတာကို
ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအများသိထားပြီး ဖြစ်တဲ့အတွက်
သိပ်ရှည်ရှည်ဝေးဝေး မပြောတော့ဘူး။ အရေးကြီးတဲ့ အပိုင်းကပဲ စလိုက်ရအောင် ...

- ဘာသာရေး၊ လူမျိုးရေး အမုန်းပွားအောင်ဦးဆောင်လှုံဆော်နေသူ ...

- ပြည်သူတွေ ရွေးကောက်တင်မြှောက်ခဲ့တဲ့ NLD ကိုပါတီအဖြစ်ရှိစဉ်ကနေစပြီး အစိုးရဖြစ်လာတဲ့ အချိန်ထိ
ဘယ်လောက်ကောင်းအောင် လုပ်နေနေ အကောင်းမမြင်နိုင်ပဲ ပြည်သူလူထုကို အထင်အမြင်လွဲမှားစေရန်
လူမျိုးရေးကို ခုတုန်းလုပ်ပြီး သတင်းမှားများဖြန့်ဝေ၍ဦးဆောင် တိုက်ခိုက်ဆန့်ကျင်နေသူ

- ပြည်သူလူထုအား လက်နက်အားကိုးဖြင့် အနိုင်ကျင့် နှိပ်စက်ဗိုလ်ကျခဲ့ယုံသာမက တိုင်းပြည်အား ချွတ်ခြုံကျစေခဲ့သောအာဏာရှင်ဟောင်းများအား ပြစ်တင်ဝေဖန်ခြင်း အလျှင်းမရှိပဲ
အစဉ်တစိုက် ထောက်ခံအားပေးနေသောသူ

- မန္တလေးပဋိပက္ခဖြစ်အောင် စတင်ဦးဆောင်လှုံဆော်သူ

- ကျန်သည့်မြို့များ၌ ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများအား ပိုမိုပြင်းထန်လာစေရန် စဉ်ဆက်မပြတ်သွေးထိုးလှုံဆော်ပေးနေသူ

- ၂၀၁၂ ခုနှစ်အထိ ကမ္ဘာအငြိမ်းချမ်းဆုံး ဘာသာဟုတင်စားခေါ်ဝေါ်ခဲ့ကြသော ဗုဒ္ဓဘာသာအား မဘသ
ပေါ်လာပြီးစဉ်မှ အစပြု၍ ဝီရသူ၏ ပုံရိပ်ကြောင့်အကြမ်းဖက်ဘာသာအဖြစ် အခေါ်ခံရသည်အထိ
ဖျက်စီးနိမ့်ကျစေခဲ့သူ

- မြန်မာနိုင်ငံ သာသနာသမိုင်းတွင် ပြည်သူလူထုမှမကြည်ငြို ရုံသာမက ဆဲဆိုကဲ့ရဲ့ ရွံ့ရှာခြင်းအား
ခံရသော သင်္ဃန်းဝတ်တစ်ဦးဖြစ်သူ

ထိုကဲ့သို့သော စက်ဆုတ်ဖွယ် အရည်အချင်းများနှင့် ပြည့်နေသော သာသနာနှင့် လုံးလုံးမှ မထိုက်သည့်
ဝီရသူ ဆိုသူမှ မဘသ အဖွဲ့ကြီး၌ ဦးဆောင်သူတစ်ဦးအဖြစ်ပါဝင်နေခြင်း

မဘသ အဖွဲ့မှ တာဝန်ရှိသော ဆရာတော်ကြီးများကိုယ်တိုင်မှဝီရသူ၏ သာသနာဖျက် လုပ်ရပ်များအား မတားဆီးမဆုံးမရုံသာမက မိမိတို့ မဘသ အဖွဲ့ကြီး ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများ၏ ဆန့်ကျင်မှုများကြောင့် နာမည်ပျက်၍ဝန်ကြီးချုပ်ကိုယ်တိုင် မဟန ဆရာတော်ကြီးများထံသို့ သွားရောက်လျှောက်ထားခြင်းအား အဘယ်ကြောင့်ဆိုသော
ကြောင်းတရားကို မလေ့လာ မသုံးသပ်နိုင်ကြခြင်း

မိမိတို့ မဘသ အဖွဲ့၏ ချို့ယွင်းချက်များကို ရှာဖွေပြင်ဆင်ရန်မစဉ်းစားပဲ ငါတို့သင်္ဃန်းခြုံ ထားတာကြောင့်
လူဝတ်ကြောင်တွေကို သောက်ဂရုစိုက်စရာ မလိုဘူးဆိုသော
သဘောဖြင့် မဘသ ကိုယ်စား ဝီရသူမှ အစိုးရအား တောင်းပန်ရန် ကြေငြာချက်ထုတ် ခြိမ်းခြောက်ခြင်း

စသည့် သာသနာတော်အတွက် အရုပ်ဆိုး အကျဉ်းတန်စရာလုပ်ရပ်များအား အကြိမ်ကြိမ် အခါခါ ကျူးလွန်နေသော မဘသအဖွဲ့ကြီးမှာ သံဃမဟန ဆရာတော်ကြီးများကိုယ်တိုင်
သြဝါဒပေး ပြန်လည်ပြု ပြင်ယူ၍ ရမည်မဟုတ်တော့သောကြောင့် သာသနာအတွက် ကြီးမားသော
ဓမ္မန္တရယ် ဖြစ်နေသည့် မဘသ အဖွဲ့ကြီးအား မရှိသည်မှာသာ ပို၍ကောင်းမည်ဖြစ်ခြင်းကြောင်း ဗုဒ္ဓဘာသာဝင်များမှသိရှိနားလည်ပြီး ဖြစ်ပါသည်။

ထို့ကြောင့် တာဝန်ရှိသော ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များမှ အမြန်ဆုံးဓမ္မစက် အာဏာစက်များ အသုံးပြု ၍ မဘသ အဖွဲ့အားတားဆီးပိတ်ပင်သင့်ပြီ ဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ပါသည်။

ဗုဒ္ဓသာသနာအတွက် အရှက်ရနေသူ
ဗုဒ္ဓဘာသာဝင်တစ်ဦး

ZN.H
Zarni Tike


သမဂ္ဂအဆောက်အအုံ မိုင်းခွဲဖြိုဖျက်ခံရတဲ့ 7 July နှစ်ပတ်လည် အထိမ်းအမှတ် ကို ကျောင်းသားသမဂ္ဂတွေ ဦးဆောင်ပြီး ပြုလုပ်ခဲ့ရာမှာ၊ ဒီနှစ်မှာတော့ ထူးထူးခြားခြား ဆိုသလို သမဂ္ဂအဆောက်အအုံဟောင်းနေရာ မြေကွက်လပ်ထဲ ၀င်ရောက် ကျင်းပခွင့်ရခဲ့ကြပါတယ်။ ဒီအခြေအနေဟာ လူထုထောက်ခံတဲ့ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တယ်ဆိုတဲ့ ကောင်းမွန်တဲ့လက္ခဏာဆောင်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောသလို၊ တချိန်တည်းမှာ တက္ကသိုလ် နယ်မြေ အသီးသီးမှာ သမဂ္ဂတွေ လွတ်လပ်ခွင့် ဖွဲ့စည်းခွင့်ရဖို့ကိုလည်း ဗကသများ အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ် သမဂ္ဂမြေနေရာဟောင်း ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။


ဒီနေ့ မနက်ပိုင်း မိုးရွာနေတဲ့ကြားကပဲ ဗကသများအဖွဲ့ချုပ်က ဦးဆောင်တဲ့ ကျောင်းသားတွေ နဲ့ အခြားတက်ကြွလှုပ်ရှားသူ ၅၀ ကျော်လောက်ဟာ ရန်ကုန် ပြည်လမ်းတလျှောက် ချီတက်ပြီး၊ ရန်ကုန်တက္ကသိုလ်ကို ၀င်ရောက်တဲ့ အခါမှာတော့ အရင်တုန်းကအမြဲလိုလို ပိတ်ထားတဲ့ သံတံခါးကို တက္ကသိုလ် အာဏာပိုင်တွေက ဖွင့်ပေးထားပါတယ်။


ဒါကြောင့်လည်း ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအဖို့ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ၀င်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။

" ကျနော်တို့ တောက်လျောက် ၇ဇူလိုင် ကျင်းပခဲ့တာ ဒီထဲကို ဝင်ခွင့်မရခဲ့ဘူး။ အခုကျနော်တို့ ဒီထဲဝင်ခွင့်ရတာဟာ ကျနော်တို့ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရရဲ့ တစုံတရာသော အားပေးမှုပေါ့။ တစုံတရာသော ကူညီမှုကြောင့်လို့ထင်ပါတယ်။ ဒီအတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်။ အရင်တုန်းကဆို ကျနော်တို့ ဒီထဲကို လုံးဝဝင်ခွင့်မရဘူး ဗိုလ်အောင်ကျော် ဂူခြေရင်းကို ဝင်ခွင့်ရခဲ့တယ်။"

၇၅ မျိုးဆက်ကျောင်းသားဟောင်း ဦးခင်ဝင်းပါ။

" ဒီကနေ့ ၇ ဇူလိုင် ၅၄နှစ်မြောက်မှာလည်း မျိုးဆက် အလိုက်ပေါ့နော်။ ကျောင်းသား သမဂ္ဂ စိတ်ဓာတ်ဟာ ဘယ်တော့မှ မသေသွားဘူး။ ကျောင်းသား အဆောက်အအုံကြီးကို ဖြိုဖျက်လိုက်သော်လည်း မသေသွားဘူးဆိုတာ သိရတဲ့အတွက် အလွန်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။"

ကိုဗသက်အောင် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ပြောသွားတာပါ။

ဒါဟာဆိုရင် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် သမဂ္ဂ လှုပ်ရှားသူတွေ သမဂ္ဂမြေနေရာကို ခြေချခွင့်ရတာပါ။


ဒါပေမယ့်လည်း တက္ကသိုလ်အသီးသီးမှာ သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့ လိုသေးတယ်လို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုမိုးထက်နေက ပြောပါတယ်။

" ၇ ဇူလိုင်ရဲ့ အခင်းအကျင်းကို ကြည့်ရင် ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို အစောဆုံးမီးမောင်းထိုးပြနိုင်ခဲ့တဲ့ တိုက်ပွဲဖြစ်တယ်လို့ ကျနော်တို့ နားလည်ထားတယ်ပေါ့။ အဲ့ဒီ့တော့ ဗကသများအဖွဲ့ချုပ်ဟာ ဗမာပြည်သမိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အလံကို အစောဆုံး လွှင့်ထူနိုင်ခဲ့တဲ့ နေရာဖြစ်တယ်။ အဲ့လို ကျနော်တို့ရဲ့ အသိတက်ကြွမှု ကျောင်းသားတွေရဲ့ ပြတ်သားမှုအပေါ်မှာ မကြိုက်တဲ့အတွက် အဆောက်အဦးကြီးတခုလုံး သမဂ္ဂကြီးတခုလုံးကို ဖြိုချခဲ့တယ်။ အဲ့ဒီ့အခြေခံအပေါ်မှာ ကျနော်တို့ဟာ တကသ အဆောက်အဦးကို ပြန်လည်ဆောက်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။

ဒါ့အပြင် ကျနော်တို့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တွေတင်မဟုတ်ဘူး။ အခုခေတ်မှာ ပေါ်ပေါက်လာတဲ့ တက္ကသိုလ်ပေါင်း ၁၇၀ လောက်ရှိတယ်။ အဲ့ဒီ့တက္ကသိုလ်တွေမှာလည်း တကသ အဆောက်အဦးမြေနေရာ၊ ဒါမှမဟုတ် တကသ ရုံးခန်းတွေကို ကျနော်တို့ တရားဝင်ခွင့်ပြုပေးဖို့ပေါ့ ခွဲခြားမှုမရှိပဲ တရားဝင် ခွင့်ပြုပေးဖို့ တောင်းဆိုတယ်။ နောက်ပြီးတော့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်၊ စည်းရုံးခွင့် ရအောင် ဥပဒေအရပြဋ္ဌာန်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။"

NLD အစိုးရသစ်လက်ထက်မှာ ကျောင်းသားသမဂ္ဂတွေအနေနဲ့ ပိုပြီး လွတ်လပ်စွာ လှုပ်ရှားလာနိုင်တယ်ဆိုပေမယ့်လည်း၊ အချို့နေရာတွေမှာတော့ အကန့်အသတ်တွေ ရှိနေသေးတယ်လို့လည်း ကိုမိုးထက်နေက ပြောပါတယ်။

" အဓိကအားဖြင့်ကတော့ ပေါ်လစီတွေက လုပ်တာမဟုတ်ပဲနဲ့ တစ်ကျောင်းချင်း ကျောင်းအုပ်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အရ လုပ်နေတာပေါ့လေ။ အဲ့တာ တော်တော်ပြဿနာကြီးပါတယ်။ တချို့ကျောင်းတွေမှာ သမဂ္ဂရုံးခန်းတွေ ရတယ်။ ရွေးကောက်ပွဲကျင်းပခွင့်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ရပေမဲ့ တချို့ကျောင်းတွေမှာ ဒီကနေ့ ဒီအချိန်အထိ သမဂ္ဂရဲ့ လှုပ်ရှားခွင့်တွေကို အသိအမှတ်မပြုပဲ မျက်ကွယ်ပြုထားတုန်းဖြစ်နေတယ်ပေါ့လေ။ အဲ့ဒီ့ဟာက ကျနော်တို့အမြင်ပေါ့လေ ဥပဒေအရ မပြဋ္ဌာန်းပေး ထားလို့ဖြစ်တဲ့ပြဿနာတွေလို့ မြင်တယ်။ အဲ့ဒီ့တော့ သမဂ္ဂဖွဲ့စည်းခွင့်ကို ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းဖို့လိုမယ်လို့ထင်ပါတယ်။ "

ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်တဲ့ ဒီနေ့ ချီတက်ပွဲနဲ့ ၇ ဇူလိုင် အခမ်းအနားတွေ ကျင်းပဖို့အတွက် အာဏာပိုင်တွေဆီက သီးခြားခွင့်ပြုချက် တောင်းခံတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ ဒါပေမယ့်လည်း ချီတက်တဲ့လမ်းတလျှောက်မှာရော အခမ်းအနား ကျင်းပရာနေရာမှာပါ ဘာအနှောက်အယှက် အတားအဆီးကိုမှ မတွေ့ရပါဘူး။

ညနေပိုင်းမှာတော့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ က ဦးစီးပြီးတော့ အလားတူ ချီတက်ပွဲနဲ့ ၇ ဇူလိုင်အခမ်းအနားကို ရန်ကုန်တက္ကသိုလ် သမဂ္ဂမြေနေရာမှာပဲ သီးခြား ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

 ကိုသားညွှန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စင်္ကာပူမှာ မေးခွန်းမေးဖြေလုပ်ခဲ့တယ်၊ မဟနဆိုတဲ့ သံဃာ့အဖွဲ့အစည်းတရားဝင်ရှိနေတယ်၊ ဒါကြောင့် မဘသမလိုအပ်ပါဘူး .. တဲ့ ။

ဦးဖြိုးမင်းသိန်းဟာ ရန်ကုန်တိုင်းရဲ့ဝန်ကြီးချုပ်ဖြစ်တယ်၊  သူ့ပြောတဲ့စကားကို သူတာဝန်ယူတတ်တဲ့သူ၊ သူပြောတဲ့အတိုင်း ဖြစ်အောင်လုပ်သွားမဲ့သူ ။

သူဟာ လူပုဂ္ဂိုလ်တဦးတယောက်အနေနဲ့ (ဖြိုးမင်းသိန်းအနေနဲ့) ဒီစကားတွေကို ပြောခဲ့တာမဟုတ်ဘူး၊ သူဟာ NLD ပါတီဝင်တယောက်အနေနဲ့လည်း ဒီစကားကိုပြောခဲ့တာမဟုတ်ဘူး (၀ါးလုံးချီးသုတ်ရမ်းချင်သူတွေသိဖို့) သူဟာ ရန်ကုန်တိုင်းဒေသကြီးးရဲ့ ၀န်ကြီးချုပ်တယောက်အနေနဲ့သာ ဒီစကားတွေကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ပြောခဲ့တယ်လို့ ယူဆလို့ရတယ်။

အဲဒီအယူအဆမှန်ကန်ကြောင်းကို ဒီနေ့ပဲ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော်နဲ့အဖွဲ့ဝင်ဆရာတော်များကို သွားတွေ့ခဲ့တယ်ဆိုတာက သက်သေပြနေတယ် ။

သူက စကားကို အထောက်အထားမဲ့ပြောတာမဟုတ်ဘူး အရင်န၀တအစိုးရ က ထုတ်ပြန်ထားခဲ့တဲ့
နိုင်ငံမှာ သံဃာ့အဖွဲ့အစည်းဆိုတာ တခုတည်းသာရှိရမယ် ဆိုတဲ့ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ
၁၉၉၀ အောက်တိုဘာလ (၃၁)ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ၂၀/၉၀ အထောက်အထား ကြေညာချက်က ရှိနေတယ် ။

ကျနော်တို့နိုင်ငံမှာ မဟနရှိတယ် မဟနဆိုတာ ကျနော်တို့ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ သာသနာထွန်းကားပြန့်ပွားအောင် လုပ်ဆောင်ပေးနေတဲ့ တခုတည်းသော အထွတ်အမြတ် သံဃာ့အဖွဲ့အစည်းပဲ ဒီအဖွဲ့အစည်းနဲ့ စင်ပြိုင်အဖွဲ့အစည်းပုံစံဖွဲ့စည်းတည်ထောင်လာပြီး ဗုဒ္ဓသာသနာတော်နဲ့ မလျော်ညီတဲ့ အရေးအရာတွေမှာ  ပါဝင်စွက်ဖက်နေတာဟာ သံဃာ့အဖွဲ့အစည်းကို ထီမထင်ရာ ရောက်နေတယ်။

ဒါက လှေကြီးပေါ်ကို လှေငယ်တင်ရုံ တင်တဲ့ ကိစ္စတင်မဟုတ်ဘူး လှေကြီးခါးကျိုးအောင် လှေငယ်ကိုပစ်တင်တဲ့ကိစ္စ ဖြစ်နေတယ် ။

ရှင်းရှင်းဆိုရရင်တော့ အဓိကရ ကျွန်းပင်ကြီးကို ညောင်ပင်က မျိုချင်လာတဲ့ကိစ္စ၊  ဒါကို အရေးမယူရင် အပ်နဲ့ထွင်းရမဲ့နေရာ ပုဆိန်နဲ့ပေါက်ရလိမ့်မယ် အခုတောင် ပဲကွပ်လောက်နဲ့ ဖဲ့ရမဲ့ အခြေအနေရောက်နေပြီ။

ဒီ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ရဲ့ နောက်ဆုံးအပိုဒ်မှာ ဤဥပဒေပါ ပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနသည် လိုအပ်လျှင် သံဃာ့မဟာနာယကအဖွဲ့နှင့် ညှိနှိုင်း၍ အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည် --- လို့ဖော်ပြထားတာကိုတွေ့ရတယ် ။
ပြီးတော့ အဲဒီဥပဒေဟာ ခုထိအသက်ဝင်နေဆဲ တည်ဆဲ ဥပဒေဆိုတာတွေ့ရတယ် ။

အခု မဟန နဲ့ ၀န်ကြီးချုပ်နဲ့တော့တွေ့ပြီးပြီ ဘာတွေအဖြေထွက်လာမလဲ အဓိက တာဝန်ရှိတဲ့ သာသနာရေး ၀န်ကြီး ဘာလုပ်မလဲ ဒီဥပဒေအရ ဘာလုပ်သင့်သလဲ ၀န်ကြီးတယောက်အနေနဲ့ မဟန နဲ့တွေ့ဆုံ ညှိနှိုင်းသြ၀ါဒ ခံယူပြီး ညောင်ပင်ကို ရှင်းမလား မသိသလို နေ - နေသာသလိုနေပြီး ကျွန်းပင်ကြီး အသေခံမလား။

ကဲ .. မျှော်လင့်နေခဲ့ရသော နေ့စွဲများ လာပါပြီခင်ဗျား
မေတ္တာတရားခြုံလွှမ်းသော
ဗုဒ္ဓသာသနံ စိရံ တိဌတု ပါဗျာ

ကဲ ဒီအမှတ်တံဆိပ်ကလေး မကြာခင် အသုံးဝင်လာမယ်ထင်ပါရဲ့ ။

Htin Lin Oo
https://www.facebook.com/htinlinoo.hlo


ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့ (ဇူလိုင် ၇) နံနက် ၀၈:၃၀ နာရီခန့်က နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (အဘိဓဇမဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက) အမှူးရှိသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်ကြီးများအား သွားရောက်ကြည်ညို သြဝါဒခံယူခဲ့ကြောင်း သိရသည်။


 ယင်းသို့တွေ့ဆုံရာတွင် ဆရာတော်ဘုရားကြီးများက ဦးဖြိုးမင်းသိန်းအား ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန်ပွားရေးအတွက် ဆရာ/ဒကာ ညီညွတ်စွာဆောင်ရွက်ရန် လမ်းညွှန်သြဝါဒ မိန့်ကြားခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဇူလိုင် ၃ ရက်နေ့က စင်ကာပူနိုင်ငံသို့ ၃ ရက်ကြာ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ (မဟန) ရှိပြီးဖြစ်၍ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဟူ၍ ထပ်မံထားရှိရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

 ယင်းအပြင် ယနေ့ (ဇူလိုင် ၆) ညနေ ၅ နာရီဝန်းကျင်တွင် ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာတွင်လည်း “မဘသရှိစရာ မလိုတော့ဘူး”ဟု သတင်းထောက်များ၏မေးမြန်းမှုကို ၎င်းက ထပ်မံဖြေကြားခဲ့သေးသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ မဘသ(ဗဟို) ဦးဆောင်ဆရာတော်တွေ ဇူလိုင်လ ၇ ရက်နေ့က အရေးပေါ်အစည်းအဝေး ကျင်းပနေစဉ်။ Photo : Myo Zaw Ko/RFA
မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တဲ့အပေါ် အစိုးရနဲ့ NLD ပါတီက ဇူလိုင်လ ၁၄ ရက်မတိုင်ခင် တောင်းပန်ဖြေရှင်းပေး တာတွေ မလုပ်ဘူးဆိုရင် ဆန္ဒပြတာတွေနဲ့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့စဉ်းစားထားတယ်လို့ မဘသ ဗဟိုက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ကျင်းပတဲ့ မဘသ ဗဟို အရေးပေါ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မဘသ ဗဟိုကော်မတီဝင် ဆရာတော် အရှင် ဦးဝီရသူက မိန့်ကြားခဲ့ တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ NLD ပါတီ နာယက ဦးတင်ဦး တို့ဆီကို စာရေးသားပေးပို့သွားမယ် လို့လည်း မိန့်ပါတယ်။

ဒါ့အပြင် မဘသ မလိုဘူးလို့ ပြောကြားခဲ့တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တဲ့အပေါ် ရှုံ့ချကြောင်းနဲ့ မဘသအဖွဲ့ဟာ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတာဖြစ်ကြောင်း မဘသနဲ့ မဟန မတူကြောင်း စတဲ့အချက် ၆ ချက်ပါတဲ့ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ စင်္ကာပူနိုင်ငံခရီးစဉ်မှာ မဘသအဖွဲ့မလိုကြောင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



ရန်ကုန်မြို့ စတော့ရှယ်ယာ ဈေးကွက်အားတွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

    ရန်ကုန် စတော့အိတ်ချိန်းတွင် FMI ကုမ္ပဏီ၏ အစုရှယ်ယာသည် ဇူလိုင်လဆန်းပိုင်းမှစ၍ အစုရှယ်ယာများ တစ်စုလျှင် ၂၁,၀၀၀ ကျပ်သို့ ကျဆင်းလာကြောင်း အဆိုပါ စတော့ အိတ်ချိန်းဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

FMI ကုမ္ပဏီက မတ်လ ၂၅ ရက် စတော့အိတ်ချိန်း စတင်ရောင်းချသည့်နေ့ ဖွင့်ဈေး ကျပ် ၂၆,၀၀၀ ဖြင့် စတင်ရောင်းချရာ ၁၁ နာရီတွင် ကျပ် ၅,၀၀၀ တက်သွားကာ နောက်ဆုံး ဈေးပိတ်ချိန်၌ ရှယ်ယာတစ်စုလျှင် ကျပ် ၃၁,၀၀၀ ထိဖြစ်ခဲ့ပြီး ပထမအကြိမ်တွင် စုစုပေါင်း အစုရှယ်ယာ ၄၂,၆၁၀ ရောင်းချနိုင်ခဲ့ပြီး ရှယ်ယာရောင်း ပမာဏ ကျပ်သန်း ၁,၃၂၁ သန်း ရှိခဲ့သည်။

ဇွန်လ အတွင်း FMI ကုမ္ပဏီ၏ ရှယ်ယာများသည် ရှယ်ယာတစ်စုလျှင် ကျပ် ၂၀,၅၀၀ အထိ ကျဆင်းခဲ့ဖူးသည်။

အဆိုပါ အစုရှယ်ယာ ဈေးနှုန်းများ ကျဆင်းလာမှုသည် ရှယ်ယာရောင်းချချိန် လေးလ အတွင်း ၁၆ ရာခိုင်နှုန်း ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ယင်း FMI ကုမ္ပဏီသည် ရှယ်ယာ စတင်ရောင်းချချိန်တွင် ဝယ်လို အားများ၍ အစုရှယ်ယာ တစ်စုလျှင် ၄၁,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက် ခဲ့ဖူးသည်။

လက်ရှိ သီလဝါကုမ္ပဏီ၏ အစုရှယ်ယာတစ်စုလျှင် ကျပ် ၄၉,၀၀၀ ရှိသည်။

(Xinhua)
http://www.xinhuamyanmar.com



 မြန်မာနဲ့ အာရှ တိုင်းပြည်တွေမှာ အသည်းရောဂါ အဖြစ်များ
WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန် လိုက်တဲ့ စစ်တမ်းအရ ကမ္ဘာပေါ်မှာ အသေအပျောက် အများဆုံး ရောဂါတွေထဲမှာ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့ အသည်းရောင် ရောဂါ ပါဝင်ပါတယ်။

အသည်းရောင် ရောဂါနဲ့ သေဆုံးသူ အရေအတွက်ဟာ AIDS ၊ တီဘီ ရောဂါတွေနဲ့ သေသူ အရေအတွက်နဲ့ နီးပါးလိုက်တယ်လို့ လန်းဆတ် ဆေးပညာ ဂျာနယ်က သုတေသန ဆောင်းပါး တစောင်မှာ ပါပါတယ်။

ရောဂါ ကာကွယ်ဆေးတွေ ပေါ်လာပြီး ကုထုံးတွေ ကောင်းမွန်တိုးတက် လာပေမယ့် ၂ဝ၁၃ ခုနှစ် တနှစ်ထဲမှာပဲ အသည်းရောင် ရောဂါနဲ့ နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သေသူ ၁.၄၅ သန်း ရှိတယ်လို့ သိရပါတယ်။

၂ဝ၁၄ မှာ AIDS နဲ့ သေသူ ၁.၂ သန်း ရှိပြီး တီဘီကြောင့် လူ တသန်းခွဲ သေဆုံးခဲ့ရပါတယ်။

ဒီရောဂါ ပြဿနာဟာ အရှေ့ အာရှမှာ အကြီးမားဆုံး ဖြစ်ပါတယ်။

ရောဂါ ကာကွယ်ဆေး ထိုးမှု အစီအစဉ်တွေ တိုးချဲ့ဖို့၊ မိခင်က ကလေးကို ကူးစက်တာ တားဆီးဖို့ နဲ့ ဘီနဲ့စီ အသည်းရောဂါရှင်တွေကို ကုသမှုတွေ ပိုမိုပေးဖို့ လိုအပ်တယ်လို့ WHO က ပြောပါတယ်။

ကုထုံးတွေ ကောင်းလာပေမယ့် ဒါကို အမီလိုက်ဖို့ ဆေးဝါးစရိတ်တွေ ကြီးမြင့်နေတာက အဓိက အကြောင်း ဖြစ်နေပါတယ်။

၂ဝ၂ဝ မှာ ရောဂါရှင်သစ် တွေ့ရှိမှု ၃ဝ ရာခိုင်နှုန်း လျော့ကျပြီး သေဆုံးမှု ၁ဝ ရာခိုင်နှုန်းထိ လျော့အောင် ကြိုးစားမယ်လို့ WHO က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese



ရေကြီးရေလျှံနေသည့် တနိုင်းမြို့ကို တနိုင်းတံတားမှ မြင်ရသည့် မြင်ကွင်း
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ် အတွင်း ယခုအပတ် အစောပိုင်းမှ စပြီး မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနိုင်းမြစ် ရေမြင့်တက်လာသဖြင့် ဒေသခံပြည်သူ့များ ဒုက္ခရောက်နေကြပါသည်။

နေအိမ် ရေလွှမ်းသွားသည့် ပြည်သူများမှာ ရေမရောက်သေးသည့် လမ်းမပေါ်ကုန်းမြင့်နေရာများတွင် နေထိုင် နေကြသလို အချို့ ငွေကြေးတတ်နိုင်သူများက တည်းခိုခန်း အထပ်မြင့်များတွင် ခိုလှုံနေသည့် အကြောင်း တနိုင်းမြို့မှ ကိုဖောရိုးခါး က ပြောပါသည်။

လက်ရှိ ရေဘေးသင့်နေသည့် ပြည်သူများမှာ အကူအညီ လိုအပ်နေပြီး အစိုးရဘက်မှ အကူအညီ ပေးလာခြင်း မျိုးလည်း မကြားသေးကြောင်း သူ က ပြောပါသည်။

လွန်ခဲ့သည့် ၄ ရက်က မိုးအဆက်မပြတ် ရွာသွန်းခဲ့သောကြောင့် ရေကြီးရေလျှံလာခြင်း ဖြစ်သော်လည်း ယနေ့မှာ နေသာသည့်အတွက် ရေမျက်နှာပြင် ပြန်ကျလာကြာင်း သိရပါသည်။

ယခုချိန် ကချင်ပြည်နယ်တွင် သာမက ရခိုင်ပြည်နယ်ရှိမြို့နယ်များနှင့် ချင်းပြည် မြို့နယ်အချို့တို့တွင်လည်း ရေလွှမ်းမိုးမှုကြောင့် ယင်းဒေသ ပြည်သူများ ဒုက္ခရောက်နေချိန် ဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ မြစ်ရေ ခန့်မှန်းချက်အရ တနိုင်းမြစ်မှ မြစ်ဖျား ခံလာသည့် ချင်းတွင်းမြစ် တလျှောက် စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့ကို စိုးရိမ်ရေအမှတ် ရောက်ရှိနေသည့် စခန်းအဖြစ် သတ်မှတ်ထားကြောင်း တွေ့ရသည်။

Kachinnews
http://burmese.kachinnews.com


7July2016

မွန်သာရုတ် (ကျေးကိုင်) အသက် ၅၆ နှစ်ကို ဘန်ကောက်မြို့  ရချဒါ ဖိစစ် တရားရုံမှာ အမှုပေါင်းများစွာနဲ့  တရားစွဲခံရပြီး အာမခံ မရဘဲ ဘန်ခင် အထူး အကျဉ်းထောင်ကို ပို့ လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနဲ့  မြန်မာ တိုင်းရင်းသူ မိန်ခလေးငယ်တွေကို ဖျားယောင်းသွေးဆောင်ပြီး အိမ်ဖေါ်အဖြစ်ခိုင်းစေ တာ ၊လူကုန်ကူးနေမှု၊ သူမစီမံရာကို မလိုက်နာဘဲ အိမ်ကနေ ထွက်ပြေးတဲ့သူတွေကို အမှုဆင်တရားစွဲ ထောင်ချမှုအပြင် ၊ အဆိုးဆုံး တရားစွဲခံရတာကတော့ ရာဇသတ်ကြီး ပုဒ်မ ၁၁၂ ဖြစ်ပါတယ်။


ထိုင်းဘုရင့်မျိုးနွယ် နံမယ်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးစီးပွာရှာတဲ့ အမှု(ပုဒ်မ ၁၁၂)ကသူမကို အာမခံပေးဖို့  တရာရုံးကငြင်းခဲ့ပါတယ်။ ကြက်မကြီးဟာ ထိုင်းမြန်မာနယ်စပ်က ကျေးရွာတွေကို လယ်ပါတ်တဲ့အခါမှာ ရွာသားတွေယုံကြည်အောင် ဘုရင့်ကိုခစားနေရတဲ့ သူဖြစ်တယ်လို့ လိမ်ပြောခဲ့ပြီး မိန်းခလေးတွေကို ပညာသင်ပေးမယ်လို့  စည်းရုံးပြီးခေါ်ခဲ့တာပါ။


သူမကိုမဖမ်းခင် တရက်မှာ ဖိစနုလို့  ခရိုင်က နံမည်ကြီး ၀ပ်ယိုင် ဘုန်းကြီးကျောင်း မှာ သူမ မဟုတ်မမှန်တာ ပြောဆိုခဲ့သော် ချက်ချင်းကျဆုံး အကျိုးပေး ပါစေလို့  ဘုရားရှေ့ မှာသစ္စာဆို ခဲ့ပြီး ညပိုင်းမှာတိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးကျောင်းဝင်ထဲက နှစ်၁၀၀ သက်တမ်းရှိ ညောင်ပင်ကြီး လေပြင်းတွေတိုက်လို့ လဲပြိုသွားခဲ့ပါတယ်။

Daily News
Social Action for Women - SAW



အမျိုးသား ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-MOI)
    ရန်ကုန် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

    နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကြောင့် ယာဉ်စီးရေတိုးပွား လာသည်နှင့်အမျှ ယာဉ်မတော်တဆမှု ဖြစ်စဉ်များ များပြားလာသည်ကို တွေ့ရပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူမှာ ဆယ်စုနှစ် တစ်စု အတွင်း ၃.၄၅ ဆ မြင့်တက်လာကြောင်း အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောကြားခဲ့သည်။

၂၀၀၅ ခုနှစ်က ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁,၂၈၃ ဦးရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၄,၄၂၀ ဦး အထိ ရှိလာခဲ့ကြောင်း ၊ ယာဉ်မောင်းရင်း လက်ကိုင်ဖုန်းအသုံး မပြုရန်၊ မူးယစ် သောက်စားပြီး ယာဉ်မမောင်းကြရန် ကိစ္စများသည် လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် အဓိက ဆောင်ရွက်ရမည့် ဦးစားပေး ကိစ္စရပ်များ ဖြစ်ကြောင်း၊ ယင်းအချက်များကို ပဓာန ဦးစားပေးအနေဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လူသေဆုံးမှုနှုန်းသည် သိသိသာသာ အချိန်တိုအတွင်း ကျဆင်းသွားမည် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူက အမျိုးသား ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မော်တော် ဆိုင်ကယ်စီးရေသည် အများဆုံးဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး စုစုပေါင်း ယာဉ်စီးရေ၏ ၈၃.၆၅ ရာခိုင်နှုန်း ရှိနေပါကြောင်း၊ ဆိုင်ကယ် ကြောင့်ဖြစ်ရသည့် မတော်တဆထိ ခိုက်မှုသည် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်မှု စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။
ယခု ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ယာဉ်မတော်တဆမှု ၈,၅၉၁ မှု ဖြစ်ပွားခဲ့ပြီး တစ်ရက် ပျမ်းမျှ ယာဉ်မတော်တဆမှု ၄၇.၂၀ မှု၊ ဒဏ်ရာရရှိမှု ၇၈.၆၇ ဦး၊ သေဆုံးသူ ၁၃.၉ ဦး ရှိခဲ့ကြောင်း သိရသည်။

ထိုကြောင့် ၂၀၂၀ ခုနှစ်ရောက်သည့်အချိန်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေကို ထက်ဝက် လျှော့ချနိုင်ရန် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေးကောင်စီ (National Road Safety Council- NRSC)ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက် ၂၀၁၄-၂၀၂၀ ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် စုစုပေါင်း ယာဉ်စီးရေ ၄ သန်း ၉ သိန်းကျော်ရှိကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com



ဓာတ်ပုံ-အရှင် ပညာဇောတ ဖေ့ဘုတ်
မုံရွာ၊ဇူလိုင်-၇

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် အတွင်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေဝင်ရောက်မှူ့များကြောင့် စာသင်ကျောင်း (၁၂)ကျောင်း အား ဇူလှိုင်လ ၅ ရက်နေ့မှစတင်၍ ယနေ့ထိ ပိတ်ထားရကြောင်းဟုမ္မလင်းမြို့နယ်လက် ထောက်ပညာရေးမှူးဦးအောင်အောင်ကပြောသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နယ်အတွင်း ဇူလိုင်လ ၅ ရက်နေ့မှစတင်ဝင်ရောက်ခဲ့ပြီးမြို့ပေါ်မှ အလက ခွဲ တစ်ကျောင်းနှင့် မြို့နယ်အတွင်းရှိကျေးရွာများမှ (၁၁)ကျောင်း ပိတ်ခဲ့ရခြင်းဖြစ်သည်ဟု၎င်းကဆက်ပြောသည်။

"ကျောင်းကဘယ်အချိန်ပြန်ဖွင့်မယ်လို့အတိအကျ မပြောနိုင်သေးပါဘူး ခုထိရေတက်နေတုန်းဆိုတော့
ရေကျမှပြန်ဖွင့်မယ်လို့တော့အသိပေးပြောထားတယ် ရေကျသွားတဲ့နောက်ကျောင်းပြန်ဖွင့်ချိန်မှာ အချိန်ပိုခေါ်ယူပြီးအစားထိုပြန်လည်သင်ကြားပေး သွားဖို့ စီစဉ်ထားပါတယ်"ဟု လက်ထောက် ပညာရေးမှူးကဆိုသည်။

ဟုမ္မလင်းမြို့တွင်းသို့ရေဝင်ရောက်မှူ့မရှိသေးဘဲ မြို့တွင်းအနိမ့်ပိုင်းရပ်ကွက်များသာရေဝင်ရောက်မှုရှိကြောင်းသိရပါသည်။

ယနေ့(ဇူလိုင်လ ၇ )ရက်နံနက်ပိုင်းတိုင်း ထွာချက်အရ ဟုမ္မလင်းမြို့အနီး ချင်းတွင်းမြစ်ရေမှာ(၁၃၉၅)စင်တီမီတာထိရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ကျော်လွန်နေဆဲဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရ သည်။

ခင်ရတနာမိုး
Monywa Gazette
https://www.facebook.com/chindwingazet


မုံရွာ၊ ဇူလိုင်၊၇

မုံရွာရွှေဘို ခရိုင်ချင်းဆက်လမ်း ချဲ့ထွင်ရန်အတွက် သက်တမ်းရင့်အပင်ကြီး ၂၀၀ ခန့် ခုတ်လှဲရမည့် ကိစ္စအား ကန့်ကွက်သည့် အနေဖြင့် လက်မှတ်ထိုးလှုပ်ရှားမှု တစ်ရပ်အား ဇူလိုင်လ ၁၁ ရက် တနင်္လာနေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ကွန်ရက်မှ ကိုဇော်သူရိန်ထွန်းက ပြောသည်။
လက်မှတ်များအား မုံရွာမြို့တွင်း ကားဖြင့်လှည့်လည်ကောက်ခံသွားမည်ဖြစ်ပြီး ရရှိလာမည့် လက်မှတ်များကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြသွားမည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

“ ဒီသစ်ပင်တွေက အင်မတန် တန်ဖိုးရှိတဲ့သစ်ပင်တွေ အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက စိုက်ခဲ့တဲ့ သမိုင်းဝင် အပင်ဆိုရင်လည်းဟုတ်တယ်။ နောက်သဘာဝပတ်ဝန်းကျင်အတွက်လည်း အများကြီး အကျိုးဖြစ်ထွန်း နေတဲ့အပင်တွေလေ ခုတ်စရာအကြောင်းမရှိဘူး”ဟု ကိုဇော်သူရိန်ထွန်းက ဆိုသည်။

သာစည်လမ်း အားချဲ့ထွင်ရန်အတွက် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားဆဲဖြစ်ပြီး၊ယခင်အကျယ်(၁၂)ပေရှိရာမှ (၁၈)ပေအဖြစ် ပြောင်းလဲဖောက်လုပ်မည် ဖြစ်ကာ လမ်းနှင့်မလွတ်သောသစ်ပင်များအားလုံးအား ရှင်းလင်းသွားရမည်ဖြစ်သည်ဟု မုံရွာခရိုင်လမ်းဦးစီးဌာန၌ဇူလိုင်လ၆ရက်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောကြားခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တိုင်းမှူးဗိုလ်ချုပ်လှမြင့်ဆွေလက်ထက်ကလည်း မုံရွာဗိုလ်ချုပ်လမ်းချဲ့ထွင်ရာတွင် သက်တမ်းရင့်အပင်ကြီးများအား ရှင်းလင်း၍ လမ်းချဲ့မှုများ ပြုလုပ်ခဲ့ဖူးသည်။

Monywa Gazette
https://www.facebook.com/chindwingazet


ယနေ့(၇.၇.၂၀၁၆)နံနက် ၈နာရီခွဲခန့်အချိန် မိုးကောင်း ဖားကန့်လမ်း၊ မိုးကောင်းမြို့အထွက် ၈မိုင်လမ်းခွဲ အကျော် ကွန်ကရစ်တံတား တစ်ခုတွင် မိုင်းပေါက်ကွဲ မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ယာဉ်မောင်း ဦးအောင်ဆန်ဦး(ခ)ဖိုးသား(၂၆နှစ်) (ဘ) ဦးသန်းအောင်၊ ရွှေအိုက်ရပ်ကွက်(၁)၊ မြစ်ကြီးနားမြို့နေ မောင်းနှင်သည့် လင်ခရူစာအမျိုးအစား၊ 1F ၆၆၈၈ ၊ ခဲဖြူရောင်သည် တံတားပေါ် ဖြတ်ကျော်စဉ် မိုင်းပေါက်ကွဲ မှု ဖြစ်ပွားခဲ့ပြီး ကား၏ ဝဲဘက်ခြမ်း မှန်ကွဲခဲ့ပြီး ဝဲဖက်ခြမ်းရှိ ရှေ့နောက် ကားဘီးများ ပျက်စီးခဲ့သည်။


ယဉ်ပေါ်တွင် စီးနင်း လိုက်ပါခဲ့သူ ဒေါ်ခွန်ရာ (၄၈နှစ်) (ဘ)ဦးဒီလတောင် ကချင်ခရစ်ယာန်၊ အရောင်းဝယ် လုပ်ကိုင်သူ ရွှေအိုက်ရပ်ကွက်(၁) မြစ်ကြီးနားမြို့ နေသူ တွင် မိုင်းစ(၁)ချက်ထိမှန်ခဲ့ (မစိုးရိမ်ရ) နှင့် မဆီဆိုင်းပန် (၂၀နှစ်) (ဘ)ဦးပဆီဇော်ခွန် ကချင်ခရစ်ယာန်၊ မှိခို၊ ရွှေအိုက်ရပ်ကွက်၁၊ မြစ်ကြီးနားမြို့ နေသူအား ဦးခေါင်း ဝဲဖက်ခြမ်း၊ ဝဲယာ ခြေဖမိုးတို့အား မိုင်းစများ ထိမှန် ခဲ့ကြောင်း သတင်းရရှိသည်။


လူနာများအား မိုးကောင်းဆေးရုံတွင် ကုသမှုပြုလုပ်ပြီး နောက် မြစ်ကြီးနားဆေးရုံသို့ ဆက်လက်ပို့ဆောင်မည် ဖြစ်ကြောင်းသိရှိရသည်။

 Kyaytaw Tharr


မုံရွာ၊ဇူလိုင်-၇

မုံရွာမြို့ပတ်လမ်းကံမရွာအနီး တွင်ဖွင့်လှစ်ထားသော လိုက်ကာတဲများဖြင့် ကော်ဖီနှင့်စားသောက်ဖွယ်ရာများရောင်းချသောဆိုင် အား မုံရွာမြို့နယ်ရဲတပ်ဖွဲ့က ဇူလိုင်လ၆ရက်နေ့ညနေပိုင်းတွင် ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲထံမှသိရသည်။


လိုက်ကာတပ်ထားသည့်တဲများရှိရာယင်းကော်ဖီဆိုင်သို့ စုံတွဲများသွားလာလေ့ရှိသည်ဟု ရဲတပ်ဖွဲ့အား အကြောင်းကြားတိုင် တန်းမှုများ ရှိခဲ့သဖြင့် ၀င်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟုရဲတပ်ဖွဲ့ကဆိုသည်။


“ဆိုင်ရှင်ကစည်ပင်ခွင့်ပြုပေးထားတဲ့စားသောက်ဖွယ်ရာများပြုလုပ်ရောင်းချခွင့်လုပ်ငန်းလိုင်စင်ထုတ်ပြတယ်၊ရဲတပ်ဖွဲ့အနေနဲ့ဝင်ရောက်စစ်ဆေးရုံဘဲရပါတယ်အရေးယူလို့တော့မရဘူး”ဟုယင်းဆိုင်အား ၀င်ရောက်စစ်ဆေးမှု တွင်ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးကပြောသည်။


ယင်းဆိုင်တွင် သီးသန့်ထိုင်၍ရသောတဲအိမ်၁၂လုံးရှိပြီး၊ တဲအိမ်များအတွင်းတွင် တစ်နာရီ( ၈၀၀)ကျပ် စာတန်းပါစာရွက်များကပ်ထားပြီး၊ ၀င်ရောက်စစ်ဆေးချိန်တွင် ဖြုတ်ထားသောလိုက်ကာများကိုတွေ့ရှိရ သည်ဟုရဲတပ်ဖွဲ့ကဆိုသည်။

Monywa Gazette
https://www.facebook.com/chindwingazet



ဒီနှစ်မိုးရာသီအတွက် မြစ်ကြီးနားမြို့ရဲ့အမြင့်ဆုံးရေမှတ် ၉၇၀ စင်တီမီတာကို ရောက်ရှိခဲ့တဲ့ ဧရာဝတီမြစ်ကို ဇူလိုင်လ ၄ ရက်နေ့ နေ့လည်ပိုင်းကတွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ စာသင်ကျောင်း ၁၆ ကျောင်းကို ပိတ်ထားရပါတယ်။

စာသင်ကျောင်းတွေထဲမှာ ရေတွေဝင်နေတဲ့အတွက် ပိတ်ထားတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေးက ပြောပါတယ်။

ချင်းတွင်းမြစ် ဝဲယာဘက်မှာရှိတဲ့ ကျေးရွာပေါင်း ၃ဝ ကျော်မှာလည်း ရေတွေဝင်ရောက်နေပြီး ပြောင်းရွှေ့ ဖို့ ပြင်ဆင်နေကြတယ်လို့လည်း ပြောပါတယ်။

အလားတူ အခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်နေတာကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်ထဲက သပြေကုန်းကျေးရွာဟာ ရွာလုံးကျွတ်ပြောင်းရွှေ့နေရတယ်လို့ ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဝေ က ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေအပါအဝင် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေက မနေ့ကတည်းက ကူညီပြောင်းရွှေ့ပေးနေပြီး အခြေခံစားကုန်တွေကိုလည်း ထောက်ပံ့ပေးနေတယ်လို့ ပြော ပါတယ်။

ဒါ့အပြင် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းမှာလည်း အနိမ့်ပိုင်းဒေသတွေက စိုက်ခင်းတချို့ ရေနစ်မြှပ်နေ တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မိုးဦးကာလတုန်းကလည်း ကချင်ပြည်နယ်မှာ မိုးကြီးလို့ ဧရာဝတီမြစ်ရေတက်လာပြီး ဗန်းမော်ခရိုင် အတွင်းက တောင်သူတွေရဲ့ သီးနှံစိုက်ခင်းတွေ ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

RFA Burmese
http://www.rfa.org/burmese


    ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

    မြန်မာပလာဇာနှင့် Junction Square တို့ကို ဗုံးဖောက်ခွဲမည်ဟု နောက်ပြောင် မက်ဆေ့ခ်ျပို့သူ လူငယ်တစ် ဦးကို ဆက်သွယ်ရေး ပုဒ်မနှင့် အရေးယူ ဆောင်ရွက်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးလှဝေက ပြောကြားသည်။

ယင်းပေးပို့ခဲ့သည့် မက်ဆေ့ခ်ျကြောင့် ဇူလိုင်လ ၄ ရက် ညပိုင်းက ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဗုံးဖောက်ခွဲမည့် သတင်းများ ပျံနှံ့ခဲ့ပြီး ပြည်သူများ ထိတ်လန့် ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ဗုံးဖောက်ခွဲမည့် မက်ဆေ့ခ်ျ ပေးပို့သည့် လူငယ်သည် မင်္ဂလာဒုံ မြို့နယ်ရှိ ခရေပင်ရိပ်မွန် အိမ်ရာ (၃) တွင် နေထိုင်သော အသက် ၁၇ နှစ် အရွယ် မြန်မာနိုဗယ် ကောလိပ်မှ ပထမနှစ် ကျောင်းသားဖြစ်ပြီး ဇွန်လ ၂ ရက်နေ့က ၎င်းသူငယ်ချင်း တစ်ဦး၏ လက်ကိုင်ဖုန်းထံ “AK 47 အလက် ၈၈ လက်၊ C4 ဗုံး အလုံး ၂၀ ရပြီ၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ Junction Square ကားပါကင်မှာ သုံးလုံး၊ မြန်မာပလာဇာမှာ လေးလုံး ဖောက်ခွဲမယ်။ အောင်မြင်ရင် ငွေလာထုတ်” ဟု ရေးထားသည့်စာ ပေးပို့ခဲ့စဉ် ဖုန်းနံပါတ် မှားယွင်းကာ အခြားအမျိုးသမီး တစ်ဦးထံ ရောက်ရှိသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ပြည်သူများ ထိတ်လန့်စေရန် ဗုံးဖောက်ခွဲမည် ဖုန်းမက်ဆေ့ခ်ျ မှားယွင်းပေးပို့ခဲ့သော လူငယ်ကို ဇူလိုင်လ ၅ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဗိုလ်တထောင် မြို့မ ရဲစခန်းက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



 ဘင်္ဂလားဒေ့ရှ် က မွတ်စလင်တွေရဲ့ အိဒ် ပွဲတော်
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မွတ်စလင် တွေ အိဒ် နေ့ ပွဲတော် ကျင်းပ နေစဉ် အတွင်း အကြမ်းဖက် သမားတွေက ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက် ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ ဦး နဲ့ အရပ်သား တဦး သေဆုံး ခဲ့ရပြီး အကြမ်းဖက် သမား တစ်ယောက် ကို အသေပစ်ခတ် ဖမ်းဆီး ရမိခဲ့တယ်လို့ တာဝန် ရှိသူ တွေက ပြောပါတယ်။

ဒါကာ မြို့တော် မြောက်ဘက် မှာ ရှိတဲ့ ကစ်ရှိုးဂွန့်ခ်ျ ဒေသမှာ ထောင်နဲ့ ချီတဲ့ လူတွေ တက်ရောက်နေကြတဲ့ အိဒ်နေ့ အခမ်းအနား မှာ ပစ်ခတ် တိုက်ခိုက်မှု တွေ ဖြစ်ပွား ခဲ့တာပါ။

အကြမ်းဖက် သမားတွေက လက်ပစ်ဗုံး တွေ၊ သေနတ် တွေ အပြင် ချွန်ထက် တဲ့ အရာတွေ နဲ့လည်း ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသတွင်းက လာတဲ့ သတင်းပေးပို့ ချက်တွေ အရ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


 သက်တမ်းရှည် ကမ္ဗောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်
ကမ္ဗောဒီးယား ဝန်ကြီးချုပ် မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေက အနည်းဆုံး ဒေါ်လာ သန်း ၂ဝဝ တန်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ဆိုပါတယ်။

ကမ္ဗောဒီးယား အစိုးရ စာရင်းဇယားတွေ အရ ဝန်ကြီးချုပ် ဟွန်ဆန် မိသားစု ဟာ မီဒီယာ သတင်းလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ စွမ်းအင်လို ကဏ္ဍတွေမှာ ရင်းနှီး မြှုပ်နှံထားတာ ကုမ္ပဏီ တရာကျော် ရှိတယ်လို့ Global Witness အဖွဲ့က ပြောပါတယ်။

ကမ္ဗောဒီးယားကို အနှစ် ၃ဝ အုပ်ချုပ်လာတဲ့ ဟွန်ဆန် အစိုးရမှာ ခြစားမှု၊ လက်သိပ်ထိုး သဘောတူညီမှုတွေနဲ့ ရှုပ်ထွေးနေတယ်လို့ ဗြိတိန် အခြေစိုက် Global Witness အဖွဲ့က ဆိုပါတယ်။

ဟွန်ဆန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဒီစွပ်စွဲချက်တွေကို ငြင်းဆို ပယ်ချခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese




စင်ကာပူနိုင်ငံ Holland Village ရှိ Standard Chartered ဘဏ်ခွဲအား လုံခြုံရေး စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)
    စင်ကာပူ ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

    စင်ကာပူနိုင်ငံရှိ Standard Chartered ဘဏ်ခွဲသည် ဓားပြ အတိုက်ခံရသည်ဟု သံသယရှိသဖြင့် ဇူလိုင်လ ၇ ရက် မွန်းလွဲပိုင်းတွင် အရေးပေါ် ပိတ်လိုက်ရကြောင်း သိရသည်။

မျက်မြင်သက်သေများ အဆိုအရ Holland Village တွင် ဖွင့်လှစ်ထားသည် ဘဏ်ခွဲကို မွန်းလွဲပိုင်းတွင် အရေးပေါ် ပိတ်သိမ်းလိုက်ရကြောင်း နှင့် ယခုအခါ ၄င်းနေရာ အနီးတဝိုက်တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ဝိုင်းရံထားကြောင်း သိရသည်။

စင်ကာပူနိုင်ငံ Holland Village ရှိ Standard Chartered ဘဏ်ခွဲအား လုံခြုံရေး စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)
စင်ကာပူ ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဓားပြတိုက်သည့် သတင်းပေးပို့မှုကို လက်ခံ ရရှိခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းသမားများအား ပြောကြားသည်။ သို့သော် ၄င်းဘဏ်မှာ အမှန်တကယ် ဓားပြ အတိုက်ခံလိုက်ရသလား ဆိုသည်ကိုမူ အတည်ပြု ပြောကြားခြင်း မရှိပါ။

(Xinhua)
http://www.xinhuamyanmar.com