07/11/16

၁၉၄၂ ခု ဗမာ့လွတ်လပ်ရေးတပ်မတော် စဖွဲ့သည်မှ ယနေ့ထိ သတ္တိရှိသော စစ်သားနှစ်ဦးကိုသာ တွေ့ပါသည်။ ၎င်းတို့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးမောင့်ဘက်တန်တို့ဖြစ်သည်။ ထိုနှစ်ဦးအပြင် အတိတ်ပစ္စုပ္ပန် ကျန်ရှိနေပါက ထောက်ပြဖြည့်စွက်စေလိုပါသည်။ သတ္တိ = စွမ်းရည်၊ ရဲရင့်ခြင်းဖြစ်၍ စစ်သားတိုင်း ၎င်းကိုမပိုင်ဆိုင်ကြဘူး လားအမေးကို Margaret Mitchell ၏ Gone With The Wind (ဆရာမြသန်းတင့် ဘာသာပြန် 'လေရူးသုန် သုန်') မှ အက်ရှလေ၏ စစ်မြေပြင်ထွက် စစ်သားတို့ သတ္တိ ဖွင့်ဆိုချက်ကိုဖော်ပြ၍ဖြေလိုသည်။ မင်းသမီးစကားလက်က အက်ရှလေကို သတ္တိကောင်းကြောင်း၊ သတ္တိကြောင်သူ မဟုတ်၍ တိုက်ပွဲတွင် အမြောက်ပေါ်တက်တိုင်ကာ တိုက်ပွဲဝင်သဖြင့် စစ်ဦးစီးမှူးကပင် ချီးကျူးရကြောင်းပြောရာ -
''ဒါက သတ္တိမဟုတ်ဘူး စကားလက်။ စစ်တိုက်ရတာဟာ အရက်သောက်ရတာနဲ့ အတူတူပဲ။ အရက်ဟာ သောက်တဲ့သူတိုင်းကို မူးစေသလို စစ်တိုက်ရရင် သူရဲ ကောင်းဖြစ်ဖြစ် လူကြောက်ဖြစ်ဖြစ် သတ္တိကောင်းလာမှာပဲ။ သတ္တိမကောင်းရင် သေသွားမှာပေါ့။ ဘယ်မကောင်းဘဲ နေရဲပါ့မလား'' (ဒု-တွဲ စာ-၄၄၇)

အများနှင့်အတူ သေနတ်ဆွဲကာ ရန်သူကို ရင်ဆိုင်ရဲ သော သတ္တိ ယောကျာ်းတိုင်းရှိကြသည်။ သို့သော် မတရား ဖိနှိပ်သောဖက်ဆစ်နှင့် ဖက်ဆစ်ဆန် အစိုးရလက်အောက်မှ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ဆို၍ အပ် တိုမျှမပါဘဲ ထိုမင်းဆိုးမင်းညစ်ကို တော်လှန်လျှင် ပစ်သတ်မည်မှန်းသိလျက်၊ ဖမ်းဆီးနှိပ်စက်ခံရမည်မှန်း သိလျက်၊ ဘ၀နှင့်အသက် ပျက်စီးမည်မှန်းသိလျက် ရင်ဆိုင်ခဲ့ကြသော သူ့ကျွန် ခေတ်တော်လှန်ရေးသမားများ၊ စစ်ကျွန်ခေတ် အရေးတော်ပုံတပ်သားများနှင့် မီးကုန်ယမ်းကုန် အစွမ်းကုန်နှိပ်စက်စစ်ကြောမှုကို ဒူးမထောက် အညံ့မခံအန်တုခဲ့ကြသော ဘဘဦးဝင်းတင်၊ ဦးသော်က စသူတို့၏ သတ္တိ မျိုးကား ၁၀ ရာခိုင်နှုန်းသာသာမျှရှိပါမည်။ ဗိုလ်ချုပ်အောင်ဆန်းလို ရာဇ၀င်ပြောင်သော အစွမ်းသတ္တိနှင့်စစ်သားကတော့ မြန်မာ့မြေမှာ ယခုထိ မရှိသေးပါ။ ''ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ ဟောစရာကား အလွန်များ၏''ဟု ဆရာဇော်ဂျီဆိုသည့်အတိုင်း ဗိုလ်ချုပ်၏ များစွာသောသတ္တိထဲမှ နှစ်ခုကိုသာတင်ပြပါမည်။

၁။ ၁၉၄၂ ဧပြီလတွင် BIA နှင့် ဂျပန်တပ်ကြောင့် ဗြိတိသျှတို့ မြန်မာ့မြေမှ ဆုတ်ခွာသည်။ ၁-၈-၄၃ တွင် ဂျပန်ပေးသောလွတ်လပ် ရေးရသည်။ အင်္ဂလိပ်ပြေးသည်မှ လွတ်လပ်ရေးအခါလည်သည်ထိ ပြည် သူတို့ဘ၀သည် ''ကျားကြောက်လို့ ရှင်ကြီးကိုး ကျားထက်ရှင်ကြီးဆိုးဘ၀ ကြုံရပြီး ဒုက္ခရောက်နေကြသည်ကို ၁-၈-၄၄ လွတ်လပ်ရေး နှစ်ပတ်လည်အခမ်းအနားတွင် ဗိုလ်ချုပ်က ဖွင့်ချခဲ့သည်။ ကြည့်ပါ။

''ယခု လွတ်လပ်ရေးရတာ တနှစ်စေ့လာပြီ။ ဒီအတောအတွင်းမှာ ကျွန်တော်တို့တတွေ ဘာတွေရခဲ့ကြသလဲ။ အမှန်ပြောရရင်တော့ ကျွန်ုပ်တို့တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးအရသာဆိုတာ မခံစား ရသေးဘူး။ ခံစားရတဲ့လူတွေဟာလည်း လူနည်းစုသာဖြစ်တယ်။ အဲဒီ လူနည်းစုတွေထဲမှာ ဘယ်သူတွေပါလဲဆိုလို့ရှိရင် ကျွန်တော်အပါအ၀င် ကျွန်ုပ်တို့အထက် အစိုးရအရာရှိကြီးတွေ။ ဒီလူတွေကို ကပ်မြှောင်ပြီး စားနေတဲ့လူတွေ။ အမြတ်အစွန်းကြီးကြီးယူပြီး လူတွေရဲ့ဒုက္ခကို ရင်းနှီးပြီး စီးပွားရှာနေတဲ့ ခေတ်ပျက်သူဌေးတွေ။ အဲဒါတွေလောက်ပဲ''

ဗိုလ်ချုပ်သည် ထိုစဉ်က ပြည်သူ့အပူကို မျှဝေခံစားရ၍ ထိုစကားများ ပွင့်အန်လာခြင်းဖြစ်ပါသည်။ မိမိတို့ ဖြတ်သန်းခဲ့သော ခေတ်ကိုကြည့်လျှင် ဦးနေ၀င်း၏ (၂၆)နှစ် ဆိုရှယ်လစ် အရသာ ပြည်သူတို့ ဘယ်ဆီနေမှန်းမသိပါ။ ဦးသန်းရွှေ စစ်ဖိနပ်အောက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဘ၀ နိုင်ငံ လည်းမဖြစ်ပြည်သူလည်းမရ။ ဦးသိန်းစိန်ခေတ်၊ ဒီမိုကရေစီ အရသာဝေး၊ ဘူဒိုဇာကြောင့် ပြေးရသည့် ပြည်သူတို့ဘ၀၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ဗလောင်ဆူအပူတွေနှင့် သာ။ ၁၉၆၂ မှ ၂၀၁၅ နိုင်ငံနှင့် ပြည်သူတို့ဘ၀ အခြေအနေမှန် မည်သည့်စစ်ခေါင်းဆောင်မျှ ဖွင့်ဟမပြောရဲခဲ့ကြ။ သို့ သော် အာဏာရှင်အကျိုးတွက်ကား မမှန်သောစကားကို ဆိုခဲ့ကြသည်။

(က) ၁၉၈၈ မှ ၂၀၁၀ အတွင်း စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး ကျောင်းသားရဟန်းရှင်လူ ပြည်သူတို့ စစ်အစိုးရဆန့်ကျင်လှုပ်ရှားမှုဖြစ်ရပ်တို့ကို သမ္မတနှင့် ကာချုပ်တို့သိပါလျက် ၂၀၀၈ ဖွဲ့စည်းပုံကို လူထု ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့သည်ဟု ဆိုကြခြင်းသည် သမိုင်းကို လိမ်လည်သောစကား။

(ခ) ၁၆-၃-၂၀၁၆ ရက်စစ်ကိုင်းရွာသစ်ကြီး ဖွံ့ဖြိုးရေးတက္ကသိုလ်၌ သမ္မတကြီးဦးသိန်းစိန်က ''ပြည်တွင်းစစ် အကျိုးသက်ရောက်မှုကြောင့် သယံဇာတများကို ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိသည့်အတွက် သယံဇာတများသာမက မူးယစ် ဆေးဝါးနှင့် တရားမ၀င်ကုန်သွယ်မှုများ ထွန်းကားခဲ့ကြောင်း''ဆိုခဲ့ခြင်းသည် ဖြစ်ရပ်မှန်နှင့် ကင်းကွာနေပြီး ၁၉၈၈ မှ ၂၀၁၀ စစ်အစိုးရ၏ ကိုယ်ကျိုးရှာမှုကို ကာကွယ် သည့် နောက်ဆုံးလိမ်လည် မုသားစကား။ မြင်သာပါသည်။ ဖဆပလနှင့် မဆလခေတ် ပြည်တွင်းစစ်မှာ တောမပြုတ်၊ တောင်မပြုန်း ပါ။ သူ့ကျွန်ဘ၀ နှစ် ၁၀၀ ကျော် ပဲခူးရိုးမတောင်ပေါ် တောမပြောင်။ စစ်ကျွန်ခေတ်၂၂နှစ် တောတောင်အစ ရေထွက်အလယ်၊ တွင်းထွက်အ ဆုံး ဆုံးရှုံးခဲ့ရခြင်းနှင့်မြစ်ဆုံ၊ လက်ပံတောင်း တရုတ်ကိုရောင်စားခဲ့ခြင်း သည် ပြည်တွင်းစစ်ကြောင့် မဟုတ်ပါ။ စစ်အာဏာရှင်တို့ တဖို့တည်းကြည့် ကိုယ်ကျိုးရှာမှုကြောင့်သာ။ ထို့ပြင်လယ်ယာခြံမြေ အဓမ္မခွဲဝေသိမ်းယူခဲ့၍ တိုင်းပြည်နှင့် လူထုသည် အာဏာရှင်ငယ်လတ်ကြီးတို့နှင့် ခရိုနီငယ် လတ်ကြီးတို့အတွက်ဖြစ်ခဲ့ရသည်ကို မည်သည့်စစ်ခေါင်းဆောင်မျှ မသုံး သပ်ဝံ့ပါ။ တကယ့်သတ္တိသည် ဖြစ်ရပ်မှန်ကို လက်ခံဝံ့ခြင်း၊ တင်ပြခြင်း၊ အမှားဝန်ခံဝံ့ခြင်း၊ ဖော်ထုတ်ခြင်းဖြစ်သည်။ ရိုးဖြောင့်ဖြူစင်ကာ ကိုယ် ကျိုးမကြည့်သူမှလည်း ထိုသတ္တိအပြည့်ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ခေတ်အစိုးရနှင့် ပြည်သူဘ၀ ခြားနားမှုဖြစ်ရပ်မှန်ကိုမြင်ပြီး ပြည်သူ့ဒုက္ခကို နားလည်ခံစားရ၍ ဂျပန်ဓားအောက် အသက်ပျောက်ကွယ်သွားနိုင်မှန်းသိလျက် ပြည်သူ့ဘက်က ပွင့်ထွက်ပြခဲ့ခြင်းဖြစ်သည်။

၂။ ၁၉၄၆ သြဂုတ်လ အိန္ဒိယဘုရင်ခံချုပ် အရှေ့တောင်အာရှ မဟာမိတ်စစ်သေနာပတိ လော့(စ်)လူဝီမောင့်ဘက်တန် ဂုဏ်ပြုပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းသတ္တိကို မြင်ခဲ့ရသည်။ ထိုပွဲတွင် ဗိုလ်ချုပ်ကို ချောင် ထိုးထားပြီး စကားပြောအစီစဉ်မှာမပါ။ ကက်စဘီအစိုးရအဖွဲ့ဝင်များ တလှည့်စီ ဂုဏ်ပြုစကားပြောကြ၍ နောက်ဆုံးမောင့်ဘက်တန်ပြောသည်။ သူ့မိန့်ခွန်းမှာ(Politics is the Refuge of Scoundrels)စကား လုံးပါလာသည်။ သူပြောအပြီး ဗိုလ်ချုပ်မှအပ အားလုံးသြဘာလက်ခုပ်ပေးသည်။ လက်ခုပ်သံအဆုံး ဗိုလ်ချုပ်က မောင့်ဘက်တန်အနီးသွားကာ ထိုစကား မှားကြောင်းပြောခဲ့ပုံကို ကိုယ်တွေ့ကျုံမငေး သခင်တင်မောင်က ဤသို့ ဖော်ပြပါသည်။

''နိုင်ငံရေးလောကဆိုတာ လူယုတ်မာတို့ ခိုကိုးရာဒေသဖြစ်တယ်လို့ ဘုရင်ခံချုပ်ကြီးက ပြောသွားပါတယ်။ ဒါဟာ အနောက်နိုင်ငံမှာတော့ မှန်ကောင်းမှန်မယ်။ ကျုပ်တို့ အရှေ့နိုင်ငံအယူအဆကတော့ ဘုရင်ခံချုပ်ကြီး ခံယူချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ကျုပ်တို့ဆီမှာ နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း၊ လောကတ္ထစရိယကျင့်တဲ့လုပ်ငန်း၊ ဒွိဟိတ်ပုဂ္ဂိုလ်တွေမလုပ်နိုင်ဘဲ တိဟိတ်ပုဂ္ဂိုလ်များသာလုပ်နိုင်တဲ့လုပ်ငန်း ဒါကြောင့် နိုင်ငံရေးဟာ အင်မတန်မွန်မြတ်ပါတယ်။ သူယုတ်မာတွေဟာ အလစ်မှာ နိုင်ငံရေးလောကထဲ ၀င်လာတတ်ပါတယ်။ ဒီလိုဝင်လာတဲ့အခါ ကျွန်တော်တို့ နိုင်ငံရေးသမားစစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြည်မပြတ် ဟန့်တားပိတ်ပင် ၀ိုင်းပယ်နိုင်သည်နှင့်အမျှ နိုင်ငံရေး လောကကြီးဟာ သန့်ရှင်းစင်ကြယ်မွန်မြတ်လာလာပါလိမ့်မယ်''

မောင့်ဘက်တန်က Refuge of Scoundrels စကားလုံးကို ဘာကြောင့်သုံးသနည်း။ ဗိုလ်ချုပ်က ဘာကြောင့်ချေပသနည်း။ ဤတွင် သူတို့ နှစ်ဦးဆက်ဆံရေးကို လေ့လာမိပါသည်။ မောင့်ဘက်တန်သည် ဗိုလ်ချုပ်ထက် ၁၅ နှစ်တိတိ ကြီးသည်။ (ဦးဘ၀င်းလက်ထက် ၁ နှစ် ကြီးသည်။) သူသည် ဗိုလ်ချုပ်၏ ရိုးဖြောင့်မှု၊ မြန်မာ့လွတ်လပ်ရေးအတွက် ခံယူချက်၊ စွန့်စားမှုသတ္တိတို့ကို ဗိုလ်ချုပ်နှင့်မတွေ့မီကတည်းက သိထားသည်။ အသက်ငယ်ငယ်ကလေးနှင့် လွတ်လပ်ရေးဦးဆောင်နိုင်မှုကို အံ့သြချီးမွမ်းထားသူဖြစ်သည်။ ၁၆-၆ -၄၅ တွင် လူချင်းစတွေ့ရာ တဦးသဘောတဦး သိနားလည်ခဲ့သည်။ ကန္ဒီဆွေးနွေးပွဲ၌ ၇-၉-၄၅ တွင် ဒုတိယ အကြိမ်ဆုံရာ မောင့်ဘက်တန်က ဗိုလ်ချုပ်ကို တပ်ထဲနေရန်ဆန္ဒရှိခဲ့ပြီး (''ခင်ဗျား ချာချီဖြစ်မလား ၀ဲလင်တန်ဖြစ်မလားဆိုတာ ဆုံးဖြတ်ရမယ်။ စစ်သားတယောက်နဲ့ နိုင်ငံရေးခေါင်းဆောင်တယောက် တပြိုင်တည်းမဖြစ်နိုင်ဘူး) ဟု လေးစားစွာပင် ပြောခဲ့သည်။ ဗိုလ်ချုပ်ကလည်း ၂၅.၉.၄၅ ပေးစာတွင် (နိုင်ငံရေးလောကထဲဝင်တော့မည်ဖြစ်ကြောင်း) ချစ်ခင်စွာ ပြန်ကြားခဲ့သည်။

မောင့်ဘက်တန်အနေနှင့် Scoundrels (လူယုတ်မာ၊ ကလိမ်ကကျစ် ညစ်ပတ်သူ) စကားသုံးခြင်းသည် ဗိုလ်ချုပ်ကို ရည်ညွှန်းခြင်းမဟုတ်ဆိုသည်ကို သူတို့နှစ်ဦး၏ နှစ်ကြိမ်မျှသာ တွေ့ဆုံမှုက ပြဆိုပါသည်။
သူ့အနေနှင့် ထိုစကားလုံးသည် CAS(B) အစိုးရအဖွဲ့ပါ။ မြန်မာနိုင်ငံရေးစားဖားများနှင့် ဗိုလ်ချုပ်အပေါ် အမြင်မကြည်သော ဗြိတိသျှစစ် ပြေးအစိုးရ (အတွင်းဝန်ဆာဟင်နရီ၊ ICS မစ္စတာပီးယား) တို့လို နိုင်ငံရေး အတ္တကြီး သူတို့ကို ရွံရှာ၍ သုံးလေသလားဟူမူ အတွေးပွားမိသည်။ ဗိုလ်ချုပ်အောင်ဆန်းလို ရိုးသားဖြောင့်မတ်သူကိုမူ ဟန်ဆောင်မှု၊ မနာလိုမှု၊ ခြေထိုးမှု၊ လှည့်ပတ်မှုများရှိသည့် နိုင်ငံရေးနယ်ပယ်နေရသည်ကို ညီငယ်တယောက်အား သတိပေးလို၍လားဟုလည်း ထွေပြားမိပြန်သည်။

ဗိုလ်ချုပ်ကတော့ မောင့်ဘက်တန်၏ မြန်မာလူထုအပေါ်ထားစေတနာနှင့် တပ်မတော်အပေါ်ထားမေတ္တာကို ကောင်းစွာသိသော်လည်း Refuge of Scoundrels စကားသည် နိုင်ငံရေးလောကကို စွန်းထင်းစေသောအခါ ဆိုရေးရှိက ဆိုအပ်စွဟူသည့်အတိုင်း ချေပသည်။ သို့တိုင် ယနေ့စစ်အာရှင်တို့လို ''ငါ့စကားနွားရမဆို'' ခိုင်လုံစွာ ပြောသည်မှာ ''ဆန်း'' ၏ ပညာဖြစ်သည်။ ထိုစဉ်က ဗိုလ်ချုပ်အသက်သည် ၃၁ နှစ် ၆ လ။ ''ဒွိဟိတ်၊ တိဟိတ်'' ဝေါဟာရသုံးလိုက်ခြင်းသည် နိုင်ငံရေးစာပေသာမက ဘာသာရေးစာပေပါ ကျေညက်ခြင်းကိုပြပါသည်။ (ယနေ့ NLD အမတ်များ အင်္ဂလိပ်စာချည်း အထင်မကြီးပါနှင့်။ ထို ဒွိဟိတ်၊ တိဟိတ်စကား အဓိပ္ပါယ်ပင် သိပါသလား။ ရပ်၍ စဉ်းစားပါဦး။ ဆရာတော်တပါးမေး၍ ရသောအဖြေကို အောက်တွင် ရေးထားပါသည်။)

တိဟိတ်ပုဂ္ဂိုလ် = လောဘ၊ ဒေါသနည်းပါး၍ ဥာဏ်ပညာကြီးမားသော ပုဂ္ဂိုလ်
ဒွိဟိတ်ပုဂ္ဂိုလ် = လောဘဒေါသနည်းသော်လည်း ပညာမပါသူ
(စကားချပ်၍ ဆိုချင်သည်မှာ ၁၉၆၂မှ ၂၀၁၅ ထိ ဒွိဟိတ်များပင် တိုင်းပြည်ကို မအုပ်ချုပ်ခဲ့။

၁။ လောဘကြီးမား၍ ပြည်သူ့မြေယာသိမ်းနိုင်ငံတောခုတ်တောင် ရောင်းခဲ့ကြသည်။

၂။ ဒေါသကြီးမား၍ အစိုးရဆန့်ကျင်သူငါနှင့်မတူ ငါ့ရန်သူသဘောထားကား နှိပ်စက်ညှဉ်းပန်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်မမျှအောင် နှစ်ရှည်ထောင် ဒဏ်များချမှတ်ခဲ့သည်။

၃။ မောဟကြီးခဲ့၍ တိုင်းပြည်အကျိုးမရှိသည့် ပညာရေး၊ စီးပွားရေးစီမံကိန်းတို့ အကောင်အထည်ဖော်ခဲ့သည်။ ဥပမာ - မြစ်ဆုံစီမံကိန်း)

တိဟိတ်ပုဂ္ဂိုလ်များသာ ပရဟိတအများအကျိုးလောကတ္ထစရိယ လောကကောင်းကျိုးကို ဆောင်ရွက်နိုင်သည်။

တဖန် ဗိုလ်ချုပ်က Scoundrels ပါမလာအောင် နိုင်ငံရေးသမား အစစ်တို့က တားဆီးသင့်ကြောင်း ဆိုခဲ့သေးသည်။ ဗိုလ်ချုပ်စကားပြောပြီးသောအခါ မောင့်ဘက်တန်က ရပ်လျက်သြဘာပေးသည်။ သူမှားကြောင်း ၀န်ခံသည်။ ဗိုလ်ချုပ်မိန့်ခွန်းသည် အားလုံးထဲတွင် အကောင်းဆုံးဖြစ်ကြောင်း ရဲဝံ့စွာအသိအမှတ်ပြုသည်။ သူရယ်မောစရာပြောခဲ့သည့်စကားကို ၀မ်းနည်းမိကြောင်း ပြန်လည်ရုပ်သိမ်းပါကြောင်း အမှားကို သတ္တိရှိစွာ ပြုပြင်ဆိုသည်။

ဤဖြစ်ရပ်တွင် အမှားကို ဖော်ထုတ်ရဲအမှန်ပြောရဲသော ဗိုလ်ချုပ်သတ္တိနှင့် အမှားကို ပြုပြင်ရဲအမှန်ကို ၀န်ခံရဲသော မောင့်ဘက်တန်သတ္တိကို မြင်ရပါသည်။ အကယ်၍သာ ဗိုလ်ချုပ်သတ္တိမကောင်းခဲ့ပါက မောင့် ဘက်တန်အဆိုသည် မြန်မာ့မြေပေါ်တွင် ကျန်သွားမည်။ တခါ မောင့်ဘက်တန်သတ္တိမရှိပါက ၎င်းတို့နှစ်ဦး ပြောကြားချက်သည် အဆိုနှစ်ခု အဖြစ် ငြင်းခုံနေရဦးမည်။ ဘုရင်ခံချုပ်ကြီးပင်ဖြစ်သော်လည်း စစ်သေနာ ပတိကြီးပင်မှန်သော်လည်း ညီလေးအရွယ် ဗိုလ်ချုပ်ငယ်ကလေးစကားကို စံထားစရာအမှန်စကားဟု လက်ခံလိုက်ခြင်းက သူသည် သတ္တိနှင့်စစ်သား ဟု ပြလိုက်ခြင်းပင်။

သို့ငြားမြန်မာ့မြေမှ စစ်သူကြီးများကတော့ ငြင်းဆိုမရသော အမှားတို့ကို ပြောင်ပြောင်ပင်ပြောဆိုခဲ့ကြသည်။ (၁) ပုဒ်မ ၅၉ (စ) ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တာပါ။ (၂) အြွေကးကျေဖို့ ထမင်းတနပ် လျှော့စားပါ။ (၃) ငွေ ၂၀၀၀ိ/ နှင့် တနေ့စာလောက်င။ (၄) လျှပ်စစ်တွေပိုလို့ရောင်းစား (၅) နယ်လှည့်ပါးရိုက်လာတာ (၆) ဆိုက်ကားနင်းစားလည်း ချမ်းသာနိုင်တယ် စသည့် ၀စီကံအမှားတို့ကို ပြောခဲ့သူတို့ကိုယ်တိုင် ၀န်မခံရဲကြသေး။

တိုင်းပြည်နှင့်လူထုအပေါ်ကံသုံးပါးမှားယွင်းခဲ့ကြသည့် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ယနေ့သက်ရှိထင်ရှားရှိ ဦးသန်းရွှေ၊ ဦးခင်ညွန့်တို့ နိုင်ငံ အဓိကနေရာရခဲ့ငြား လူထုတံထွေးပက်တာခံရခြင်းဟာ အမှားဝန်မခံရဲသော ကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ သတ္တိနှင့်ပြည့်စုံသော စစ်သားမရှိသေးဟု ဆိုရကြောင်းနှင့် ဗိုလ်ချုပ်လို သတ္တိနှင့်စစ်သားများ ပေါများရှိစေချင်ပါကြောင်း။

ကိုဌေး(နတ်မောက်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ဗိုလ်မှူးကြီးဗထူး နှစ်တရာပြည့် အထိမ်းအမှတ် မှတ်တိုင်ဖွင့်ပွဲ (Than Min Htut)
ဗိုလ်မှူးကြီးဗထူး နှစ်တရာပြည့် အထိမ်းအမှတ် မှတ်တိုင်ဖွင့်ပွဲ (Than Min Htut)

ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ မြန်မာ့တပ်မတော်ကနေ ပထမဆုံးတော်လှန်ခဲ့တဲ့ ဗိုလ်မှူးကြီးဗထူး ရဲ့နှစ်၁၀၀ ပြည့်အခမ်းအနားကို သူကျဆုံးခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ကျင်းပနေပြီး သူရဲ့ဇာတိမြေ တနင်္သာရီတိုင်းဒေသကြီးလောင်းလုံမြို့နယ် မှာတော့ မနက်ဖြန် မှာ ကျင်းပမှာဖြစ်ပါတယ်။ ရွာငံမြို့နယ်မှာတော့ ဒီကနေ့ ကျောက်တိုင် စိုက်ထူပွဲကျင်းပခဲ့သလို မနက်ဖြန်မှာတော့ ကြေးရုပ်ဖွင့်ပွဲနဲ့ ရင်ပြင်ဖွင့်ပွဲအခမ်းအနား ကျင်းပဖို့ရှိနေရာမှာ ဒီအခမ်းအနားကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က သ၀ဏ်လွှာပေးပို့ထားပါတယ်။ ဗိုလ်မှူး ကြီးဗထူးရဲ့ရာပြည့်အခမ်းအနားသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ ထင်ရှားတဲ့ ဗိုလ်မှူးကြီးဗထူးရဲ့ ရာပြည့်ပွဲအခမ်းအနားကို သူကျဆုံးခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ရွာငံမြို့နယ်မှာ ဒီလ ၁၀ ရက်နေ့ကစတင်ပြီး ၃ ရက် တိုင် ကျင်းပနေတာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးဗထူး နှစ်တရာပြည့်အခမ်းအနားကျင်းပနေတဲ့အခြေအနေကို ပွဲတော်ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာ သန်းမင်းထွဋ်က အခုလို ပြောပါတယ်။

“ဒီနေ့ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ရွာငံမြို့နယ် ၊ တဲလုဆိုတဲ့ရွာမှာ သူ့အရိုးအိုးရှိပါတယ်။ သူ့အရိုးအိုးက အရင်တုန်းက သစ်သားတိုင်လေးနဲ့ စိုက်ထားခဲ့တာ ဖက်စစ်တော်လှန်ရေးမှာ ကျသွားတဲ့ သူရဲကောင်းတယောက်ရဲ့ သစ်သားတိုင်လေးနဲ့ လုပ်ထားတဲ့အခါကျတော့ ကျနော်တို့က အဲဒီသစ်သား တိုင်လေးကို ကျနော်တို့က ၁၅ ပေအမြင့်ရှိတဲ့ ကျောက်တိုင်တခု ကျနော်တို့ တည်လိုက်ပါတယ်။ တည်ပြီးတော့ ဒီနေ့မနက်မှာ ဖွင့်ပွဲလုပ်ပါတယ်။ မနက်ဖြန်မနက် ၁၀ နာရီမှာတော့ ဗထူးကြေးရုပ်နဲ့ ဗထူးရင်ပြင် ဆိုပြီး ဖွင့်ပွဲအခမ်းအနား လုပ်ဖို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်။

အဲဒီအခမ်းအနားကို နိုင်ငံတော်သမ္မတကြီးဦးထင်ကျော် နောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကနေပြီးတော့ သ၀ဏ်လွှာပေးပို့ ထားပါတယ်။ နောက်ပြီးတော့ ဘဘ ဦးသိန်းဦးကနေပြီးတော့ ဗွီဒီယိုဖိုင်နဲ့ speech တခု ကျနော်တို့ဆီကို ပို့ထားပါတယ်။ ”
ဒီလ ၁၀ရက်နဲ့ ၁၁ ရက်နေ့မှာ ဗိုလ်မှုးကြီးဗထူးအမှတ်တရစာပေဟောပြောပွဲတွေ စီစဉ်ထားကြောင်းနှင့် ရာပြည်မဂ္ဂဇင်းလည်း ဖြန့်ချိနေကြောင်းလည်း ပြောပါတယ်။

ဗိုလ်မှုးကြီးဗထူး ရာပြည့်ပွဲကျင်းပရတာနဲ့ပတ်သက်လို့လည်း အခုလို ဆက်ပြော ပါတယ်။
“အဓိက ဗိုလ်မှုးကြီးဗထူး ဟာ မြန်မာ့သမိုင်းမှာတော်တော်လေး မေ့ပျောက် ခံထားရတဲ့ပုဂ္ဂိုလ် လည်းဖြစ်တယ်။ သူ့သမိုင်းနဲ့ ပတ်သက်တဲ့ အကြောင်း တွေက တော်တော်လေးလည်း မှားနေတယ်။ မှားတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ အမှန်ပြန်ပြင်ချင်တယ်။ နောက်ပြီးတော့ လူတွေ သူ့ကိုမေ့ပျောက်အောင်လုပ်တာပေါ့နော် အရှေ့စစ်အာဏာရှင် ခေတ်အဆက်ဆက် က မေ့ပျောက်အောင်လုပ်ပေမယ့် ကျနော်တို့ သမိုင်းဆိုတာ ဖျောက်လို့မရဘူး ၊ ကျနော်တို့ ပြည်သူတွေရဲ့ရင်ထဲမှာ သူရှိနေတယ်ဆိုတာ ကျနော်တို့ပြချင်တယ်။ အဲဒီအတွက်လည်း ဒီရာပြည့်ပွဲကိုကျင်းပတာဖြစ်ပါတယ်။ သမိုင်းရင်းအမှန်တွေပြန်ပေါ် ချင်လို့လည်း ကျင်းပတာဖြစ်ပါတယ်။”
ဗိုလ်မှုးကြီးဗထူးနဲ့ပတ်သက်ပြီး သူကျဆုံးခဲ့ရာနေရာဟာ ရွာငံမြို့နယ် တဲ့လုရွာဖြစ်ကြောင်း၊ မွေးဖွားရာဇာတိဟာ လောင်းလုံမြို့နယ် လေးသွန်းခံရွာဖြစ်ကြောင်းနဲ့ ဦးဘထွန်းနဲ့ ဒေါ်စိန်မြရင်တို့က ၁၉၁၆ ဇူလိုင်လ ၁၂ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ကြောင်း ၊ အချို့စာအုပ်စာတမ်းတွေမှာ အချက်အလက်အမှားအယွင်းများရှိနေကြောင်းလည်း ထောက်ပြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့မှာလည်း ဒီလ ၁၂ ရက်နေ့မှာ ရာပြည့်ပွဲအခမ်းအနားကျင်းပဖို့ စီစဉ်ထားကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဌ ဦးအေးမင်းက ပြောပါတယ်။
“မနက်ပိုင်းကျတော့ ဘုန်းကြီးကျောင်းမှာလေ ၀တ်ရွတ်ပွဲ ဗိုလ်မှုးကြီးဗထူးအတွက် ရည်စူးပြီးတော့ အမျှဝေ သံဃာအပါး ၁၀၀ ကို ကျနော်တို့ ဆွမ်းကျွေးမယ်ခင်ဗျ။ ပြီးတဲ့အခါကျတော့ ဗိုလ်မှုးကြီးဗထူးရဲ့ ရုပ်ထုမှာ သွားပြီးတော့ အလေးပြုကြမယ်။”

ဒီနှစ်အတွင်းမှာပဲ အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေဖို့နဲ့ လေးသွန်းခံရွာမှာ ရုပ်ထုသွန်းလုပ်ထားရှိဖို့ စီစဉ်ထားကြောင်းလည်း ပြောပါတယ်။ လောင်းလုံမြို့မှာ ဗိုလ်မှုးကြီးဗထူး အထိမ်းအမှတ်အခမ်းနားကို ပြည်သူတွေက ၂၀၁၄ခုနှစ်တည်းက စတင်ကျင်းပပြီး ဒီနှစ်မှာတော့ ရာပြည့်ပွဲဖြစ် ပြည်သူတွေနဲ့ တိုင်းဒေသကြီး အစိုးရ ပူးပေါင်းကျင်းပကြမှာဖြစ်ပါတယ်။

မြောက်ပိုင်းတိုင်းမှုး ဗိုလ်မှုးကြီးဗထူးဟာ အခြေအနေအရပ်ရပ်ကြောင့် တပြည်လုံး ဖက်ဆစ်ဂျပန်တော်လှန်ရေး မစတင်မီု မတ်လ ၈ နေ့ကတည်းက စတင်ခဲ့ပြီး ဇွန်လ ၂ရက်နေ့ မှာ ငှက်ဖျားရောဂါကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကျဆုံးပြီးတဲ့နောက်မှာ ဗိုလ်မှုးအဆင့်ကနေ ဗိုလ်မှုးကြီးအဆင့်ကို တဆင့်ကျော်တိုးမြှင့်ခဲ့သလို ရှမ်းပြည်နယ် ရပ်စောက်မြို့အနီးမှာ ဗထူးတပ်မြို့ကိုလည်း အမှတ်တရ တည်ထောင်ခဲ့ပါတယ်။
VOA Burmese News




rakhine-flooding-620.jpg
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦး မြို့နယ်တို့မှာ ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နေသည်ကို ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

 လာမယ့် နှစ်ရက်အတွင်း ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ကချင်၊ စစ်ကိုင်း၊ ပဲခူး၊ ချင်း စတဲ့တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ် သတိထားကြဖို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မိုးများပြီး ရေကြီးရေလျှံတာတွေ ဖြစ်လာနိုင်တဲ့အတွက် သတိပေးတာဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ဟာ ရေဘေးဒဏ်ခံခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပျက်စီးသွားတဲ့ ရေကန်တွေကို ပြန်လည်ပြုပြင်နေဆဲဖြစ်ပါတယ်။

လက်ရှိ ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်မြို့၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တွေမှာ စိုးရိမ်ရေမှတ် ထက် ကျော်နေတဲ့အတွက် မြစ်ကမ်းတလျှောက် နေထိုင်သူတွေ ကို သတိထားနေထိုင်ကြဖို့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံသတိပေးနေ ပါတယ်။

ဒီနေ့ ကနီမြို့နယ် ယင်းရွာ၊ မဲဒင်ရွာမ၊ မယ့်လဘို့တောင်၊ ယင်းဘိုး၊ လက်ပံစု စတဲ့ ကျေးရွာ ၁၀ ရွာလောက်မှာ နေအိမ်တွေထဲကို ရေအမြင့်ပေ တစ်ပေကနေ ၄ ပေလောက်အထိ ၀င်ရောက်တာတွေ ရှိနေတယ်လို့ ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
RFA



အခင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ-မျိုးသိန်း
ရန်ကုန်၊ ဇူလိုင် ၁၁။

မလေးရှားနိုင်ငံ၊ ဘာတာဝပ်မြို့နယ်၊ နာဂါစာရီရပ်ကွက် အတွင်းရှိနေ အိမ်တစ်ခုတွင် ရေချိုးရန် ပြင်ဆင်နေသော မြန်မာအလုပ်သမားလေးဦးကို မျက်နှာဖုံးစွပ်ထားသည့် လူနှစ်ဦးက ဓါးဖြင့်ဝင်ခုတ်ရာ သုံးဦးမှာ ယင်းနေရာ၌တွင် သေဆုံးပြီး ပြင်းထန်ဒဏ်ရာရ တစ်ဦးကို ဆေးရုံတင်ထားရကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံအရာရှိ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၁ရက်၊ နံနက်၆နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လူသတ်မှုမှာ ဘာသာရေးဖြင့်ဆက်နွယ်မှုမရှိဘဲ သာမန်ရာဇ၀တ်မှုသာဖြစ်ကြောင်း၊မျက်နှာဖုံးစွပ်ထားသူများလုယက်မှု ကျူးလွန်စဉ် မြင်တွေ့ခဲ့သူများ ဖြစ်သောကြောင့် နှုတ်ပိတ်သတ်ပြစ်ခြင်း ဖြစ်ကြောင်း သိရသည်။

''အခုလူသတ်မှုက ဘာသာရေးကြောင့်မဟုတ်ပါဘူး၊ မြန်မာအလုပ်သမားတစ်ဦးကို လုယက်မှုကျူးလွန်စဉ်မှာ အခြားမြင်တွေ့တဲ့သူတွေက အော်ဟစ်လို့ နှုတ်ပိတ်တဲ့ သဘောနဲ့ သတ်လိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က သိရတယ်၊ရဲအရေးပိုင် ဖြစ်တဲ့အတွက်အသေးစိတ်တော့ ပြောလို့မရသေးဘူး။ သံရုံးအနေနဲ့ကတော့ နယ်မြေခံ လူမှုရေးအဖွဲ့တွေနဲ့ ညိုနှိုင်းပြီး ဥပဒေအရဆက်လက် ဆာင်ရွက်သွားမယ်''ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံအရာရှိတစ်ဦးက ပြောသည်။

ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ထားရသည့် ဓါးဖြင့် ခုတ်ခံရသူနောက်တစ်ဦးမှာလည်း အသက်အန္တရယ် စိုးရိမ်ရသော အခြေနေတွင်ရှိကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

အခင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ-မျိုးသိန်း
''အခုမူခင်းဖြစ်သွားတဲ့ အိမ်နားက မြန်မာအလုပ်သမား အချို့ဆို ဒီနေ့ညအဲဒီမှာ ပြန်မအိပ်ရဲလို့ သူတို့စက်ရုံတွေ မှာ အိပ်ကြမယ်လို့သိရတယ်။ မလေးရှားမှာတော့ လုယက်မှုက မကြာခဏဖြစ်နေပေမဲ့ အခုလို လူသတ်ခံရတာကတော့ ရှားတယ်။ ရိုက်နှက်တာ လောက်ပဲရှိတယ်''ဟု အမှုဖြစ်ပွားရာနေရာ အနီးတွင် နေထိုင်သည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ယခုရက်ပိုင်းတွင် အထူးသတိထား နေထိုင်ကြရန်နှင့် မိမိပတ်ဝန်းကျင်ကို ဂရုစိုက် နေထိုင် သွားလာကြရန် လူမှုအဖွဲ့အစည်းများမှ လူမှုကွန်ယက် များတွင် သတိပေးနှိုးဆော်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဟံသာဟိန်း
‪CentralNewsMyanmar‬
https://www.facebook.com/CNMyanmar



 ( ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည်တချို့ကို တွေ့ရစဉ် ) Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာအနီးတ၀ိုက်မှာ တအာင်းတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ စစ်ရေးတင်းမာနေတာကြောင့် မန်လွယ် ရွာသား ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်နေ့ကစပြီး သီပေါမြို့ ရတနာရွှေဂူ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။

မန်လွယ်ကျေးရွာက ရွာလုံးကျွတ်ထွက်ပြေးလာကြတာဖြစ်ပြီး ဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ပြောပါတယ်။

မန်လွယ်ရွာသူ ရွာသားတွေဟာ ပြီးခဲ့တဲ့မေလကလည်း RCSS/SSA နဲ့ TNLA တို့တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြပြီး သီပေါမြို့ ဘော်ကြိုဘုရားကြီးကျောင်းတိုက်မှာ တစ်လနီးပါးကြာ ခိုလှုံခဲ့ကြ တာဖြစ်ပါတယ်။ နယ်မြေတည်ငြိမ်မှုရှိနေပြီဆိုတာကြောင့် နေရပ်ပြန်သွားတာ တစ်လအကြာမှာ အခုလိုဒုတိယအကြိမ် ထွက်ပြေးလာရတာဖြစ်တယ်လို့ ဒေါ်နန်းမိုးက ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ ပြောပြချက်အရ TNLA နဲ့ RCSS/SSA တပ်တွေဟာ မန်လွယ်ရွာတ၀ိုက်မှာ ပစ်ခတ်မှုတွေရှိနေသလို နှစ်ဖက်တပ်တွေကို ဒေသခံတွေက ရိက္ခာထောက်ပံ့ပေးနေရတယ်လို့ သိရကြောင်း ဒေါ်နန်းမိုးက ပြောပါတယ်။ ဒုက္ခသည် ၃၀၀ ကျော်ထဲမှာ မွေးကင်းစကလေးအပါအ၀င် ကလေးငယ် တစ်ရာကျော်ပါဝင်ပြီး ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က သီပေါမြို့နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့မေလက လှူဒါန်းတဲ့ ငွေကျပ်သိန်းတစ်ရာကို အလှူငွေလက်ခံထားတဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဒုက္ခသည်တွေအတွက် အပြည့်အ၀မသုံးစွဲဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

TNLAနဲ့ RCSS/SSA တပ်တွေဟာ သီပေါမြို့နယ် မန်လွယ်ကျေးရွာမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွား နေတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


မြိတ်ခရိုင် တနင်္သာရီမြို့နယ်က ကရင်တိုင်းရင်းသားအများစုနေထိုင်တဲ့ ကဝတ်-ကော့မပြင်း ကျေးရွာတွေ တ၀ိုက်က မြေဧက ၄ သောင်းကျော်မှာ မလေးရှားနိုင်ငံ MSPP (Myanmar Stark Prestige Plantation) ကုမ္ပဏီက ဆီအုန်းစိုက်ပျိုးနေတာကို ရပ်ဆိုင်းထားဖို့ တနသာင်္ရီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။

MSPP ကုမ္ပဏီဟာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် MIC ရဲ့ ခွင့်ပြုချက်သာရရှိထားပြီး မြေယာ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ခွင့်ပြုချက်မရထားတဲ့အတွက် စိုက်ပျိုးတာတွေရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့တာလို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တနသာင်္ရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း က ပြောပါတယ်။

တနသာင်္ရီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

MSPP ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဆီအုန်းပင်တွေ စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပြီး လက်ရှိ မြေဧက ၇၀၀၀ ကျော်မှာ ဆီအုန်းပင်တွေစိုက်ပျိုးထားတယ်လို့ ဦးအောင်ကျော်ဟိန်း က ပြောပါတယ်။ MSPP ကုမ္ပဏီ ဆီအုန်းစိုက်ပျိုးတဲ့မြေတွေမှာ ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေ ပါဝင်နေတဲ့အတွက် တောင်သူတွေ စားဝတ်နေရေး ခက်ခဲနေတဲ့အကြောင်း တင်ပြကြတယ်လို့လည်း ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

အဲ့ဒီဒေသဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ခဲ့တဲ့ နေရာတွေဖြစ်ပြီး ဒေသခံတွေနဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။

Photo: Kyaw Lwin Oo/ RFA ( မြိတ်ခရိုင် တနင်္သာရီမြို့နယ်က ဆီအုန်းစိုက်ခင်းတစ်ခုကို တွေ့ရစဉ် )

RFA Burmese
https://www.facebook.com/rfaburmese



(Credit: Reuters) 
အမေရိကန်နိုင်ငံ ​အထူးတပ်ဖွဲ့ကနေ ​ပစ်သတ်ခဲ့တဲ့ ​Al ​Qaeda ​အကြမ်းဖက် ​ခေါင်းဆောင် ​အိုဆာမာ ​ဘင်လာဒင်အတွက် ​အမေရိကန်ကို ​လက်စားချေမယ်လို့ ​သားဖြစ်သူက ​အွန်လိုင်းပေါ်မှာ ​ပြောသွားခဲ့ပါတယ်။

အိုဆာမာ ​ဘင်လာဒင်ရဲ့သား ​Hamza ​bin ​Laden ​ဟာ ​We ​are ​all ​Osama ​ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​၂၁ ​မိနစ်ကြာ ​မိန့်ခွန်းပြောခဲ့တယ်လို့ ​SITE ​Intelligence ​Group ​က ​ပြောပါတယ်။

အသံဖိုင်ထဲမှာ ​Hamza ​bin ​Laden ​က ​အမေရိကန်ကို ​ပြည်တွင်းမှာပဲ ​ဖြစ်ဖြစ် ​ပြည်ပမှာပဲ ​ဖြစ်ဖြစ် ​ဆက်လက် ​တိုက်ခိုက်မှုတွေ ​လုပ်ဆောင်သွးမယ်လို့ ​ပြောဆိုလိုက်ပါတယ်။

အဲလို ​တိုက်ခိုက်မှု ​လုပ်ရတာဟာလည်း ​ပါလစ္စတိုင်း၊ ​အာဖဂန်နစ္စတန်၊ ​ဆီးရီးယား၊ ​အီရတ်နဲ့ ​ဆိုမားလီးယား ​နိုင်ငံက ​ပြည်သူတွေနဲ့ ​မွတ်ဆလင်တွေအတွက် ​လက်စားချေတာ ​ဖြစ်တယ်လို့လည်း ​ပြောလိုက်ပါတယ်။

အိုဆာမာ ​ဘင်လာဒင်ဟာ ​ပါကစ္စတန်နိုင်ငံမှာ ​ပုန်းအောင်းနေတုန်း ​အမေရိကန် ​ကွန်မန်ဒိုတပ်က ​၂၀၁၁ ​ခုနှစ်တုန်းက ​ဘင်လာဒင်ရဲ့ ​နေအိမ်ကို ​သွားရောက်ပြီး ​လုပ်ကြံသတ်ဖြတ်ခဲ့တာ ​ဖြစ်ပါတယ်။

အမေရိကန်က ​ရရှိထားတဲ့ ​အချက်အလက်တွေအရ ​အိုဆာမာ ​ဘင်လာဒင်ရဲ့ ​တပည့်ဟောင်းတွေဟာ ​အီရန်နိုင်ငံမှာ ​နေအိမ်အကျယ်ချုပ်အဖြစ် ​ထိန်းသိမ်းခံနေရတဲ့ ​အိုဆာမာ ​ဘင်လာဒင်ရဲ့သား ​Hamza ​နဲ့ ​အဆက်အသွယ်ရဖို့ ​ကြိုးစားတာကို ​တွေ့ခဲ့ကြရပါတယ်။

Hamza ​ဟာ ​အသက် ​၂၀ ​ဝန်းကျင်အရွယ်ရှိနေပြီး ​Al ​Qaeda ​ခေါင်းဆောင်မှာ ​သွေးသစ်လောင်းမယ့်လူ ​ဖြစ်နိုင်တယ်လို့ ​Brookings ​Institution ​က ​Bruce ​Riedel ​က ​ရိုက်တာ ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

Reuters
ABC Radio Australia
http://www.radioaustralia.net.au/burmese


မုံရွာ၊ ဇူလိုင်-၁၁

မုံရွာမြို့အနီး ချင်းတွင်းမြစ်ရေသည် ယနေ့နံနက်ပိုင်း ၈နာရီ တိုင်းထွာချက်များအရ (၁၀၀၂)စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက်၂စင်တီမီတာ ကျော်လွန်နေပြီ ဖြစ်သည်။

ယနေ့မှစတင်၍ မုံရွာမှအထက် ချင်းတွင်းပြေးဆွဲသော လူစီး၊ ကုန်တင်အမြန်ရေယာဉ်လိုင်းများကိုလည်းမြစ်ရေအခြေအနေအရ ယာယီပိတ်လိုက်ပြီဖြစ်သည်။

ယခင်နှစ်က ချင်းတွင်းမြစ်ရေမှာ (၁၀၅၀)စင်တီမီတာနီးပါး မုံရွာမြို့အနီး ရောက်ရှိခဲ့သော်လည်း မြို့အတွင်းရေဝင်ရောက်ခဲ့ခြင်းမရှိပေ၊ လက်ရှိရေအမှတ်(၁၀၀၂)စင်တီမီတာသည် စိုးရိမ်ရသည့် အခြေအနေသို့ မရောက်ရှိသေးကြောင်း မိုးဇလဌာနမှ သိရသည်။

Monywa Gazette
https://www.facebook.com/chindwingazet



အမေရိကန်တဝှမ်း ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်
Dallas ရဲ အရာရှိ ၅ ယောက်သေဆုံးခဲ့ရပြီး နောက် ၇ ဦး ဒဏ်ရာရခဲ့တဲ့ ချောင်းမြောင်းတိုက်ခိုက်မှုဟာ အခုထက် အတော်ကြီးပိုဆိုးမယ့် အနေထားဖြစ်သွားနိုင်တယ်လို့ Dallas ရဲချုပ် David Brown က ပြောပါတယ်။

သေဆုံးသွားတဲ့ သေနတ်သမားက သူဟာ လူဖြူတွေ အထူးသဖြင့် လူဖြူရဲတွေကို သတ်ချင်ကြောင်း ရဲညှိနှိုင်းသူတွေကို ပြောခဲ့တယ်လို့ ရဲချုပ်က တနင်္ဂနွေနေ့မှာ CCN သတင်းဌာနကို ပြောခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် Micah Xavier Johnson ရဲ့အိမ်ကို သောကြာနေ့က ရှာဖွေရာမှာ ဂျာနယ်တစောင်နဲ့ ဗုံးလုပ်တဲ့ပစ္စည်းတွေကို တွေ့ခဲ့ရပြီး ဒီပစ္စည်းတွေဟာ Dallas တမြို့လုံးသာမက Texas ပြည်နယ် မြောက်ပိုင်း တခုလုံးကိုပါ ပျက်စီး ထိခိုက်စေနိုင်လောက်အောင် ကြီးမားတယ်လို့လည်း ပြောပါတယ်။

သူကတော့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကို ရဲကသတ်ဖြတ်မှုအတွက် မကျေနပ်လို့ Dallas မှာ ဆန္ဒပြကြတဲ့ ကြာသပတေးနေ့ တိုက်ခိုက်မှုမှာပဲ ရဲတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လူဖြူရဲအရာရှိတွေရဲ့ပစ်ခတ်မှုနဲ့ နေရာ ၂ နေရာမှာ လူမဲ အမျိုးသား ၂ ဦးသေဆုံးခဲ့ချိန်ကစပြီး ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ဖြစ်ပွါးခဲ့ပါတယ်။ ဆန္ဒပြသူ အတော်များများ လည်း အဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲမှာ လူမဲအမျိုးသား တဦး အသတ်ခံခဲ့ရတဲ့ Louisiana ပြည်နယ် Baton Rouge က ထင်ရှားတဲ့ လှုပ်ရှားတက်ကြွသူ DeRay McKesson လည်း ပါပါတယ်။ အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့မှုနဲ့ ဖမ်းခဲ့တဲ့ သူ့ကို တနင်္ဂနွေနေ့ နေ့လည်မှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

နောက်တဦး သေဆုံးခဲ့ရတဲ့ Minnesota က St. Paul မှာတော့ စနေနေ့က ဆန္ဒပြသူ ရာနဲ့ချီရှိပြီး သူတို့က ရဲတွေကို ကျောက်ခဲတွေ ပုလင်းတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ ရဲတွေက မီးခိုးဗုံးတွေ ငရုပ်ရည်တွေ ဖျန်းပြီး လူစုခွဲခဲ့သလို လူပေါင်း တရာလောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီ အဓိကရုန်းအတွင်း ရဲ ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲကပြောပါတယ်။

ဆန္ဒပြပွဲတွေဟာ ဝါရှင်တန်မြို့တော်၊ နယူးရောက်၊ ဆန်ဖရန်စစ္စကို၊ Nashville နဲ့ Indianapolis မြို့တွေမှာလည်း ပြုလုပ်ခဲ့ကြတာပါ။ Tennessee နဲ့ Wisconsin ပြည်နယ်အပါအဝင် အနဲဆုံး ပြည်နယ် ၂ ခုမှာ ရဲကို ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့တာမို့ လုံခြုံရေးကင်းလှည့်ရာမှာ တယောက်ထဲ မသွားဖို့ မြို့ကြီး အတော်များများက ရဲအရာရှိတွေကို အမိန့်ထုတ်ထားပါတယ်။

ရဲနဲ့ တက်ကြွလှုပ်ရှားသူတွေ တဦး စကားကို တဦးက နားထောင်ဖို့ လိုအပ်တယ်လို့ သူ့ရဲ့ စပိန်ခရီးစဉ်ကို ချုံ့ပြီး ဒီသီတင်းပါတ်ထဲမှာပဲ Dallas ကို သွားရောက်ဖို့ စီစဉ်နေတဲ့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

   ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 မြို့တော် ဂျူးဘား နေရာ အနှံ့ တိုက်ပွဲတွေ ပြင်းထန်။
တောင်ဆူဒန် နိုင်ငံမှာ လတ်တလော ပြန်လည် ဖြစ်ပေါ် လာပြန်တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေဟာ အဓိပ္ပာယ် ကင်းမဲ့ သလို၊ လက်သင့် ခံဖွယ်ရာလည်း မရှိဘူး ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြစ်တင် ပြောဆို လိုက်ပါတယ်။

တောင်ဆူဒန် ခေါင်းဆောင်တွေ အနေနဲ့ မိမိတို့ရဲ့ တပ်တွေကို မတိုက်ခိုက် ကြဖို့ အသီးသီး အမိန့် ထုတ်ပါ ဆိုပြီး တော့လည်း မစ္စတာ ဘန်က တိုက်တွန်း ခဲ့ပါတယ်။

သမ္မတ ဆာလ်ဗာ ကီးယာရဲ့ သစ္စာ ခံတပ်တွေနဲ့ ဒုတိယ သမ္မတ ရိခ် မာချာ ရဲ့ နောက်လိုက် တပ်တွေ အကြား ပြီးခဲ့တဲ့ ကြာသပတေး နေ့ ဇူလိုင် ၇ ရက် က စလို့ တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ တိုက်ပွဲ တွေ ပိုမို ပြင်းထန် လာပြီး၊ တောင်ဆူဒန် ရဲ့ မြို့တော် ဂျူးဘား နေရာ အနှံ့အပြားမှာ အကြီးအကျယ် တိုက်ခိုက် ခဲ့ကြပါတယ်။

တနင်္ဂနွေ နေ့ နှောင်းပိုင်း မှာ တောင်ဆူဒန် အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစီးအဝေး ကျင်းပဖို့ ခေါ်ယူ ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese/


မစ္စတာ ကမ် လေး ဟာ ဝန်ကြီးချုပ် ရဲ့ လုပ်ရပ်တွေကို ဆန်းစစ် ဝေဖန် လေ့ ရှိပြီး လူသိများ ထင်ရှား သူ တစ်ဦးလည်း ဖြစ်
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ ရှိသူ မစ္စတာ ကမ်လေး ဖနွမ်းဖင် မြို့မှာ လုပ်ကြံ သတ်ဖြတ် ခံလိုက် ရပါတယ်။

မစ္စတာ ကမ် လေး ဟာ ဝန်ကြီးချုပ် ရဲ့ လုပ်ရပ်တွေကို ဆန်းစစ် ဝေဖန် လေ့ ရှိပြီး လူသိများ ထင်ရှား သူ တစ်ဦးလည်း ဖြစ်ပါတယ်။

လုပ်ကြံ သတ်ဖြတ်မှု နဲ့ ပတ်သက်လို့ အပြင်းအထန် ဝေဖန် ခဲ့ပြီး အခု လုပ်ရပ်က သူရဲဘော ကြောင်တဲ့ လုပ်ရပ် ဖြစ်ကြောင်း အစိုးရ ဘက်က ပြောပါတယ်။

မစ္စတာ ကမ်လေး ဟာ သူ့ရဲ့ အကြွေးတွေကို မပေးတဲ့ အတွက် လုပ်ကြံ ခဲ့ကြောင်း ဝန်ခံထားတဲ့ လူတစ်ယောက်ကို ဖမ်းဆီး ရမိထားတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကမ္ဘောဒီးယား မှာ နေထိုင် ကြသူတွေကတော့ ဝန်ကြီးချုပ်ကို ဝေဖန်တဲ့ အတွက် လုပ်ကြံခံရတာ ဖြစ်နိုင်ကြောင်း ပြောကြားနေပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဥရောပဖလား ဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပတာမှာ ပေါ်တူဂီအသင်းက အိမ်ရှင် ပြင်သစ်အသင်းကို ၁ ဂိုး ၊ ဂိုးမရှိနဲ့ အနိုင်ရပြီး ဥရောပချန်ပီယံဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်စွဲသွားခဲ့ပါတယ်။

ဘောလုံးဝါသနာရှင် အများစုက အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တဲ့ အိမ်ရှင် ပြင်သစ်အသင်းဟာ ပွဲစဉ်တလျှောက် ခြေအသာနဲ့ ဖိကစားခဲ့ပြီး အကြိမ်ကြိမ် ဂိုးသွင်းခွင့် ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။


ဘောလုံးပွဲစပြီး ၂၅ မိနစ်အကြာမှာ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှူး Cristiano Ronaldo ခြေထောက်ဒဏ်ရာရပြီး ပြိုင်ပွဲက ထွက်သွားခဲ့ရတာကြောင့် ပေါ်တူဂီအသင်းအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပေမယ့် ပြင်သစ်အသင်းရဲ့ ထိုးစစ်ဆင်လာမှုတွေ စံနစ်တကျ ခုခံ ကာကွယ်နိုင်ခဲ့ပါတယ်။

သတ်မှတ်ချိန် မိနစ် ၉၀ ပြည့်တဲ့အထိ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ပဲ ဖြစ်နေရာက အချိန်ပို ကစားကြတာမှာ နောက်ပိုင်းမှာ လူစားထိုးဝင်လာတဲ့ Eder က ၁၀၉ မိနစ်မှာ ပေါ်တူဂီအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးလိုက်တာ ဖြစ်ပါတယ်။ နောက်ပိုင်း ကျန်နေတဲ့ ၁၁ မိနစ်မှာ ပြင်သစ်အသင်းက ဂိုးပြန်သွင်းနိုင်ဖို့ အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့်လည်း အောင်မြင်မှုမရှိပဲ ၁ ဂိုး ၊ ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒါဟာ ဥရောပဖလား ချန်ပီယံပြိုင်ပွဲမှာ ပေါ်တူဂီနိုင်ငံအသင်းအနေနဲ့ ပထမဆုံး အနိုင်ရခြင်းလည်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ပေါ်တူဂီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဥရောပဖလား ချံပီယံပြိုင်ပွဲမှာ ပေါ်တူဂီအသင်း ဗိုလ်လုပွဲကို တက်ခဲ့ပေမယ့် ဂရိအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးခဲ့တာပါ။

အကောင်းဆုံး အားကစားသမားအဖြစ် ပေါ်တူဂီအသင်းရဲ့ နောက်တန်း အလယ်လူ Pepe က ရရှိသွားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)
ထိုင်းနဲ့ မလေးရှားနိုင်ငံနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း ပတ်သနီခရိုင်ထဲက ငါးဖမ်းလှေတွေပေါ်မှာ လူကုန်ကူးသူတွေက ရောင်းစားခံ ထားရတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ထိုင်းရဲတပ်ဖွဲ့ အကူအညီနဲ့ တနင်္ဂနွေညနေ ပိုင်းမှာ သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်း ကျေးရွာတွေကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့သွားကြတဲ့ အသက် ၁၃ နှစ်က နေ အသက် ၃၅ နှစ်အရွယ် ရှိတဲ့ လူ ၁၉ ဦးဟာ ထားဝယ် ကော့သောင်းလမ်းကနေတဆင့် ထိုင်း-မလေးနယ်စပ် ပတ်သနီခရိုင်ထဲက ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံခဲ့ရတာပါ။

တခြားအလုပ်သွားရှာရင်း ငါးဖမ်းလှေပေါ် ဘယ်လိုရောက်သွားရတယ်ဆိုတာ အသက် ၂၁ နှစ်အရွယ် လူငယ်တဦးက ရှင်းပြပါတယ်။

“ဒီကိုလာဖို့ ကျနော်တို့ကို အိမ်အထိလာခေါ်တယ်ခင်ဗျ။ကျနော်တို့ကို ဘာအလုပ်လုပ်ရမလဲလို့ ကျနော်တို့မေးတော့ သူပြောတယ် ကျနော်တို့လုပ်ငန်းသည် စက်ရုံမှာ အလုပ်လုပ်ရမယ်တဲ့ ၁ လ ၈၅၀၀ ရမယ် စားပြီး၊သောက်ပြီးတဲ့။ နောက်ကျနော်တို့ကို ထားဝယ်အထိခေါ်လာပြီး အဲဒါကတယောက် ထားဝယ်ထိခေါ်လာပေးပြီး သူပြန်သွားတယ်ခင်ဗျ။ တည်းခိုခန်းတခုမှာထားတယ် ထားပြီးတော့ ကျနော်တို့ အဲဒီမှာတစ်ည အိပ်ရတယ်ခင်ဗျ။ နောက်မနက်မိုးလင်းတော့ လူ ၁ ယောက်လာပြောတယ် မင်းတို့တနေရာသွားဖို့အတွက် လူတယောက်လာခေါ်မယ်လို့ပြောတယ်။ ပြောတော့ အဲဒီမှာပဲစောင့်ပြီး နောက်ကားတစီးနဲ့ဆက်သွားတယ်ခင်ဗျ။ ကျနော်တို့နောက်တော့ ဒီလှေဆိပ်ကိုရောက်လာတယ်ခင်ဗျ။”

အသက် ၁၃ နှစ်အရွယ် ကလေးတဦးကတော့ မိဘက ဆင်းရဲနွမ်းပါးတဲ့အတွက် အလုပ်လုပ်ဖို့ လိုက်လာခဲ့ကြောင်း၊ ကျောင်း မနေဘူးတဲ့အတွက် ဒီလိုအဖြစ်မျိုး ဖြစ်လာလိမ့်မယ်ဆိုတာ မတွေးတတ်ခဲ့ကြောင်း၊ ငါးဖမ်းလှေပေါ်ကိုရောက်မှ ကြောက် စိတ်ဖြစ်မိတယ်လို့ ပြောပြပါတယ်။

“ကျနော်တို့ကို စက်ရုံမှာအလုပ်လုပ်မယ်ဆိုပြီးခေါ်လာတာ ။ အဖေကတော့ မလွှတ်ဘူး သားလိုက်လာချင်လို့ လိုက်လာတာလေ။ ဒီရောက်တော့မှ လှေနဲ့ထွက်ရမယ်ဆိုတော့ ကြောက်တာပေါ့နော်။”

ငါးဖမ်းလှေပေါ်ကို ၆ ယောက်အုပ်စုအဖြစ် ပွဲစားကခေါ်သွားတဲ့ လူငယ်တဦးကလည်းစက်ရုံအလုပ်ရမယ်ဆိုလို့ လာခဲ့ကြောင်း၊ အလုပ်အကိုင်ရှားပါးမူအဆင်မပြေမူတွေကြောင့်ထိုင်းနိုင်ငံထဲကိုထွက်ပြိးအလာလာလုပ်တာဖြစ်ကြောင်းပြောပြပါတယ်။

“ဟုတ်ကဲ့။ အားလုံးပေါင်းဆိုရင်တော့ ၁၀ ရက်ကျော်၊ ၁၁ ရက်လောက်ရှိပြီ။ ကျနော်တို့က လိုက်ကိုမလိုက်ချင်တာ လှေကို ကြောက်လည်းကြောက်တယ်လေ တခါမှလည်းမလိုက်ဖူးဘူး။

သူတိုကို သွားရောက်ကယ်ဆယ်ခဲ့တဲ့ ထိုင်းနိုင်ငံေ၇ာက် မြန်မာနိုင်ငံသားများအဖွဲက ကိုစိုင်းအေးကတော့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းရာမှာ သူတို့ကို ကယ်ဆ ယ်ေ၇းစခန်းမှာထားပြိး အမူရင်ဆိုင်ခိုင်းပြီး မှနေရပ်ရင်းကိုပြန်ပိုပေးမယ်လို့ပြောဆိုကြောင်း အခုလိုပြောပြပါတယ်။

“အားလုံးကျနော်တို့ အခု စာရင်းရတာကတော့ ၁၉ ယောက်ပဲရှိသေးတယ်။ နောက်ပြီးတော့ ဒီက နယ်မြေအကြီးဆုံးနဲ့ စကားပြောတဲ့အခါကျတော့ သူတို့ကို လူကုန်ကူးမှုမြောက်တယ်၊ မမြောက်ဘူးဆိုတာကို သူတို့ကိုပြန်လည်ပြီးတော့ စစ်ဆေးမယ်။ နောက်ပြီးတော့ ပွဲစားတွေကိုဖမ်းမယ်။ နောက်ပြီးတော့ ပေးခဲ့တဲ့ ကုန်ကျစားရိတ်တွေကိုပြန်လည်ပေးအပ်မယ်။ နောက်ပြီးတော့ တရားရင်ဆိုင်ဖို့အတွက်ကို သူတို့ကို စီစစ်ပေးမယ် ဆိုပြီးလုပ်နေတယ်။ ကျနော်ကတော့ သူတို့ဘက်ကနေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရအောင်ပြန်လုပ်ပေးမယ်ဆိုရင်လည်း ကျနော်တို့ မြန်မာပြည်သားအတွက်တော့ တဘက်က နစ်နာမှုမရှိဘူးဆိုပေမယ့်လည်း တဘက်က နစ်နာမှုတွေတွေ့ရမှာလည်း ကျနော်တို့က စိုးရိမ်တာပေါ့နော်။ ကျနော်တို့လူတွေကို ကျနော်တို့ဖြစ်စေချင်တာကတော့ ကျနော်တို့လူတွေကို ကယ်ထုတ်လို့ရပြီဆိုရင် ကျနော်တို့ မြန်မာပြည်ကို ပြန်ခေါ်သွားမယ်။ ထိုင်းအထဲမှာတော့ ထားလို့မရဘူး သူတို့မှာ မှတ်ပုံတင်တွေလုပ်ထားတာမရှိတဲ့အတွက် ပတ်စပို့တွေ မရှိတဲ့အတွက် ထားလို့မရဘူးဖြစ်နေတယ်။ သူတို့ထိုင်းဥပဒေအရဆိုရင်လည်း သူတို့အနေနဲ့ မှား နေတဲ့အနေအထားမှာ ရောက်နေတယ်ဆိုတော့ မြန်မာပြည်ကိုပဲ ပြန်ပို့ဖို့ကို စဉ်းစားကြတာပေါ့နော်။”

လောလောဆယ်တော့ လှေပေါ်က ကယ်ဆယ်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦး ကို ပတ်သနီ ရဲစခန်းထဲမှာပဲထားပြီး စစ်ဆေးမေးမြန်းမှု တွေဆက်လုပ်နေပါတယ်။ အခုလူ ၁၉ ဦး ကတော့ ထိန်းသိမ်းရေး စခန်းမှာထားပြီး အမူရင်ဆိုင်ရမယ့် ကာလ တလခန့်သာကြာမြင့်မယ်လို့ ထိုင်းအာဏာပိုင်တွေက

ပြောဆိုခဲ့ပြီး တလတာ ကာလမှာ တနေ့ကိုဘတ်ငွေ ၅၀ ရရှိမှာဖြစ်ပြီး အလုပ်လုပ်ချင်တယ်ဆိုရင်တနေ့ ၃၀၀ ဘတ် ရရှိမယ်လို့ဆိုပါတယ် ။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲဟာ အဖွဲအစည်းတည်ထောင်ထားတဲ့

၁၂နှစ်တာကာလအတွင်းမှာ လူကုန်ကူးခံရသူ ၈ထောင်လောက်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ နေရပ်ရင်းအမြန်ဆုံးပြန်ပို့နိုင်ရေးသာအကောင်းဆုံးဖြစ်ပြီး

အမူရင်ဆိုင်နေတဲ့ကာလ ကြာရှည်ပြီ လူကုန်ကူးခံရသူတွေဟာ ထိမ်းသိမ်းရေးစခန်းထဲမှာနှစ်နဲချီကြာပြိးနေထိုင်ရတာမျိုးတွေမဖြစ်သင့်ဘူးလိုပြောဆိုပါတယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ရက်တာထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာတော့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့က မြန်မာပြည်သားတွေ သန်းနဲ့ချီအလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံတွင်းမှာလူကုန်ကူးမူ တွေဖြစ်ရင်ကာကွယ်တားဆီးနိုင်အောင်ကယ်ဆယ်မူတွေလုပ်နိုင်အောင်မြန်မာပြည်သားအများစုနေထိုင်တဲ့နေရာတွေမှာ လူကုန်ကူးမူတားဆီးရေးအတွက်တာဝန်ခံတွေထားပြီး ရုံးတွေဖွင့်လှစ်ပြီး ကူညီဆောင်ရွက်ပေးဖို့တောင်းဆိုထားပါတယ်။

မအေးမာ
VOA Burmese News

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.