07/14/16

IS ထိပ်တန်း တပ်မှူး အိုမာ ရှီရာနီ

IS အစ္စလာမ္မစ် နိုင်ငံ အုပ်စုက ထိပ်တန်း တပ်မှူး တယောက် ဖြစ်တဲ့ အိုမာ ရှီရာနီ သေသွားပြီလို့ IS ဘက်က အတည်ပြု ပြောဆိုပါတယ်။

အီရတ် နိုင်ငံ မိုဆူးလ် မြို့ တောင်ဘက်က Shirqat မြို့မှာ ဖြစ်တဲ့ တိုက်ပွဲ တခု အတွင်း အိုမာ ရှီရာနီ သေဆုံးသွားတယ်လို့ IS နဲ့ ဆက်စပ်တဲ့ သတင်း ဌာနတခုက ကြေညာ ပါတယ်။

ရှီရာနီ ဟာ IS အုပ်စုရဲ့ စစ်ဝန်ကြီးလို့ အမေရိကန် စစ်ဌာနချုပ်က သတ်မှတ်ခံရသူ ဖြစ်ပါတယ် ။

ချက်ချင်ညာက အိုမာ လို့ လူသိများတဲ့ ရှီရာနီ ဟာ ရုရှ တပ်တွေနဲ့ စစ်ဆင်နွှဲခဲ့တဲ့ စစ်ခေါင်းဆောင် တယောက် ဖြစ်ပါတယ်။

သူသေပြီလို့ မကြာခဏ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

မတ်လ တုန်းကလည်း ဆီးရီးယားမှာ အမေရိကန် လေကြောင်းစစ် ဆင်ရေး တခု အတွင်း သူသေသွားပြီလို့ အမေရိကန် ဘက်က ပြောခဲ့ပါတယ်။
BBC Burmese


 နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ၄၇ ပါး စုံညီ အစည်းအဝေး (ဇွန်လိုင် ၁၃၊ ၂၀၁၆)
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ၄၇ ပါး စုံညီ အစည်းအဝေး (ဇွန်လိုင် ၁၃၊ ၂၀၁၆)

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးရဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ နဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက် အပေါ် ကန့်ကွက်စရာ မရှိဘူးလို့ မဘသ ပြောခွင့်ရ ဆရာတော်က မိန့်ပါတယ်။ တချိန်တည်းမှာဘဲ အစိုးရဘက်ကလည်း(မဘသ) အနေနဲ့ ဘာသာရေး လူမျိုးရေး အမုန်းစကား ဖြန့်ဝေမှုတွေ မလုပ်ရင် ဘာသာရေး အခြေခံတဲ့ လူမှုရေး အဖွဲ့တခုအဖြစ် ဆက်လက် ရပ်တည်သွားနိုင်မယ်လို့ ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ အနေနဲ့ အမုန်းစကား ဖြန့်ဝေတာတွေ ဆက်မလုပ်ဘူးဆိုရင်တော့ လူမှုရေး အသင်းအဖွဲ့တခုအနေနဲ့ ရေရှည် ဆက်လက် ရည်တည်သွားနိုင်မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီး သူရ ဦးအောင်ကိုက ပြောဆိုလိုက်ပါတယ်။

“ဘာသာတခုနဲ့တခုအကြား ဘာသာကိုအခြေခံပြီးမှ လူမျိုးတမျိုးနဲ့တမျိုးအကြားမှာ ပဋိပက္ခတွေ ဖြစ်စေဖို့အတွက်ကို Hate Speech တွေပေါ့လေ အမုန်းစကားဖြန့်မူကို မလုပ်ဘူးဆိုရင် သူသည် ခုနက ဘာသာရေးကိုအခြေခံတဲ့ လူမှုရေးအဖွဲ့အစည်းတရပ်အနေနဲ့ ရေရှည်ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။”

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ၄၇ ပါး စုံညီ အစည်းအဝေးကို တက်ရောက်လာရင်း သတင်းထောက်တွေကို ၀န်ကြီး သူရ ဦးအောင်ကိုက ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မဘသ အဖွဲ့ အနေနဲ့ အာဏာရှင် စနစ်ကို ပြန်သွားလိုသူတွေရဲ့ အသုံးချခံ မဖြစ်ဖို့လည်း လိုအပ်တယ်လို့ ပြောဆိုသွားတာပါ။ မဘသ အဖွဲ့ကြီးရဲ့ ပြောခွင့်ရ ဆရာတော် တပါးဖြစ်တဲ့ ဒေါက်တာ သောပါက မဟန အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်ကြောင့် မဘသရဲ့ မူလ ရည်မှန်းချက် ဆောင်ရွက်ချက်တွေ အပေါ်မှာ သက်ရောက်မှု ရှိမှာ မဟုတ်သလို မဟနရဲ့ ထုတ်ပြန်ချက်ကိုလည်း ကန့်ကွက်စရာ မရှိဘူးလို့ ပြောပေမယ့် ၀န်ကြီးရဲ့ ပြောဆိုချက်ကိုတော့ မရှင်းဘူးလို့ အခုလို မိန့်ကြားပါတယ်။

“သာသနာရေးဝန်ကြီးဌာနကို ဒကာမကြီးတို့မေးချင်တာက အာဏာရှင်ဘယ်သူလဲ ဆိုတာကို ဦးပဉ္စင်းတို့ အရင် သိချင်တယ်။ အဲဒါသိမှ ဦးပဉ္စင်းတို့ပြောလို့ရမှာ အာဏာရှင်ကို ဦးပဉ္စင်းတို့မသိဘူး။ အခု သိတဲ့အာဏာရှင်ကတော့ လက်ရှိ အစိုးရသာလျှင်အာဏာရှင်လို့ ဘုန်းဘုန်းတို့က ဒီလိုပဲမြင်တာကို ။ ဒကာမကြီးတို့မြင်တာက ဘယ်လိုလဲ။ ဒါမှမဟုတ် သာသနာရေးဝန်ကြီးက အာဏာရှင်ကို ဘယ်သူလဲပေါ့ ပြည်သူက ဘယ်လိုမြင်နေသလဲ သာသနာရေးဝန်ကြီးက ဘယ်လိုမြင်နေသလဲ။ ဦးပဉ္စင်းတို့မသိဘူး မေးကြည့်ပေးပါလား။ ဒီကိစ္စတော့ ဘာမှမပြောတတ်ဘူး။

မေး။ ။ တင်ပါ့ဘုရား။ အခုဒီ မဟနရဲ့ ထုတ်ပြန်ချက်အပေါ်မှာရော ၊ နောက် အစိုးရရဲ့ မဘသအပေါ်မှာထားတဲ့ သဘောထားအပေါ်မှာရော ဦးပဉ္စင်းအနေနဲ့ ဘာများမိန့်ချင်ပါသလဲရှင့်။

ဖြေ။ ။ လက်တလောသူပြောတဲ့စကားတွေအပေါ်မှာတော့ မိန့်စရာဘာမှမရှိသေးဘူး ဒကာမကြီးရဲ့။ထူးထူးခြားခြားကိုမရှိသေးဘူး။ ထူးထူးခြားခြားဖြစ်ခဲ့တာကတော့ ဦးဖြိုးမင်းသိန်းက လက်လွတ်စပယ် ဘောင်ကျော်ပြီးတော့ ပြောခဲ့တဲ့စကားပေါ်မှာဘုန်းဘုန်းတို့က ဒါ မပြောသင့်တဲ့စကား ဖြစ်တဲ့အတွက်ထူးထူးခြားခြား ဖြစ်ခဲ့တယ်။ အဲဒီအပေါ်မှာ ဘုန်းဘုန်းတို့လာပြီးတော့ ညှိနှိုင်းပွဲတွေလုပ်ကြတယ်။ အဲဒါကတော့ ထူးခြားတယ်။ နောက်ပိုင်းပြောတဲ့စကားတွေက ထူးခြားမှုမရှိဘဲနဲ့ကို ဆရာတော်ကြီးတွေပြောတာလည်းပဲ သိပ်ပြန်ပြီးတော့ ပြန်ပြောစရာမရှိဘူးလေ။ သူတို့ဆောင်ရွက်ချက်တွေက မှန်တာပဲလေ။ ဒါကြောင့်မို့လို့ ဦးပဉ္စင်းတို့က သိပ်ပြီးထွေထွေထူးထူးမရှိပါဘူး။”

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသ အဖွဲ့ ရှိဖို့ မလိုအပ်တော့ဘူးဆိုတဲ့ ပြောဆိုချက်ကို အစိုးရ အဖွဲ့ဘက်က ဒီလ ၁၄ ရက်နောက်ဆုံးထား တောင်းပန်ဖို့ မဘသ အဖွဲ့က တောင်းဆိုတဲ့ ကြေညာချက်ကို ထုတ်ခဲ့တာပါ။ မနေ့ကတော့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဒီကြေညာချက်ကို ကန့်ကွက်တယ်လို့ဦးဆောင် ဆရာတော် ၁၄ ပါး လက်မှတ်နဲ့ ကြေညာလိုက်တာပါ။ မဘသ အဖွဲ့ဟာ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့မဟုတ်ဘူးလို့လည်း ကြေညာချက်က ဖော်ပြပါတယ်။ ဒီကြေညာချက် ထွက်မလာခင် နာရီပိုင်းအတွင်းမှာဘဲ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ ကလည်း မဘသ အဖွဲ့ဟာ သံဃာ့ အဖွဲ့အစည်းတခု မဟုတ်ဘဲ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သာသနာပြု အဖွဲ့သာ ဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

မသိင်္ဂီထိုက်
VOA Burmese News


အမေရိကန်ပြည်ထောင်စု၊ အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးမှူးများအဖွဲ့ BBG ဥက္ကဌ၊ NBC Universal ရုပ်သံဌာနရဲ့ အမှုဆောင် အရာရှိတဦးဖြစ်သူ Jeff Shell

အမေရိကန်ပြည်ထောင်စု၊ အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးမှူးများအဖွဲ့ BBG ဥက္ကဌ၊ NBC Universal ရုပ်သံဌာနရဲ့ အမှုဆောင် အရာရှိတဦးဖြစ်သူ Jeff Shell

 အမေရိကန်ပြည်ထောင်စု၊ အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးမှူးများအဖွဲ့ BBG ဥက္ကဌ၊ NBC Universal ရုပ်သံဌာနရဲ့ အမှုဆောင် အရာရှိတဦးဖြစ်သူ Jeff Shell ဟာ ဒီသီတင်းပတ်အတွင်း လုပ်ငန်းကိစ္စနဲ့ မော်စကိုကိုသွားတာမှာ ရုရှားနိုင်ငံက ပြည်ဝင်ခွင့်မပြု တဲ့အပြင် နာရီအတော်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။

မော်စကိုလေဆိပ်ကို ရောက်သွားပြီး ၀င်ခွင့်ရဖို့အတွက် တန်းစီစောင့်နေချိန်မှာ သူ့ကိုဆွဲထုတ်သွားပြီးတော့ ဖမ်းထားခဲ့တယ်လို့ မစ္စတာ Shell က New York Times သတင်းစာကိုပြောပါတယ်။ BBG ဟာ Voice of America အမေရိကန်အသံ၊ လွတ်လပ် သော အာရှအသံ RFA နဲ့ လွတ်လပ်သော ဥရောပအသံ RFE တို့အပါအ၀င် အမေရိကန်အစိုးရက ရန်ပုံငွေထောက်ပံ့ထားတဲ့ အသံလွှင့်လုပ်ငန်းတွေကို ကြီးကြပ်တဲ့ဘုတ်အဖွဲ့ပါ။

ရုရှားဘာသာနဲ့ရေးထားတဲ့ စာရွက်စာတမ်းတွေ သူ့ကိုလက်မှတ်ထိုးခိုင်းလို့ သူ နားမလည်တာကို လက်မှတ်မထိုးဘူးဆိုပြီး ငြင်းခဲ့ တဲ့အကြောင်း မစ္စတာ Shell ကပြောပါတယ်။ အဲဒီနောက် ဘာသာပြန်ထားတဲ့စာရွက်ကို အာဏာပိုင်တွေက ပေးတာမှာ သူ့ကို ပြည်ဝင်ခွင့် ပိတ်ပင်တားမြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

သူ့ကို ရုရှားနိုင်ငံထဲ ဘာ့ကြောင့် ပေးမ၀င်တာလည်းဆိုတာ ရှင်းမပြဘဲ နောက်ထပ် သုံးနာရီကြာ ထိန်းသိမ်းထားပြီးတဲ့နောက်မှာမှ ရုရှားကနေထွက်မယ့် လေယာဉ်တစင်းပေါ်တက်ဖို့ ရုရှားအာဏာပိုင်တွေက စီစဉ်ခဲ့တယ်လို့ မစ္စတာ Shell ကပြောပါတယ်။
VOA Burmese News



ပြည်တွင်းသက်တော်စောင့် ဥက္ကဌ ဦးဝင်းအောင် ကို တွေ့ရစဉ်။ Photo: ပြည်တွင်းသက်တော်စောင့်
အမျိုးဘာသာ သာသနာ စောင့်လျောက်ရေးအဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူ ကို သာသနာတော် ကို အကြည်ညိုပျက်စေတဲ့ ပြောဆိုဟောပြောမှုအတွက် တာမွေရဲစခန်းမှာ ရန်ကုန်မြို့နဲ့ နေပြည်တော်မှာ နေထိုင်သူ ဦးဝင်းအောင် က အမူဖွင့်တိုင်ကြားခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဦးဝင်းအောင်က ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက အမူဖွင့်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

"တာမွေမှာ ၁၁ ရက်နေ့ ၅ နာရီခွဲက သံဃာ့ဝတ်နည်းနဲ့ မညီတဲ့ဟာ သူကတရားပွဲမှာ ဖာသည်မ လို့ ဆဲတဲ့ဟာကို ကျနော်က တိုင်တဲ့သဘော တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာပေါ့၊ စခန်းအနေနဲ့က သံဃာ့အကြီးအကဲကို တင်ပြပြီးတော့မှ တရားစွဲတဲ့ပုဒ်မတွေ ပြန်ရမှာပေါ့"

ခုလိုတိုင်ကြားခြင်းဟာ ၂၀၁၅ခုနှစ် ဇန်န၀ါရီလက တာမွေမြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ တရားပွဲမှာ  ဦးဝီရသူ က ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့တာကြောင့် ဖြစ်တယ်လို့ ဦးဝင်းအောင် က ပြောပါတယ်။  ဒါပေမဲ့ ၂၀၁၅ခုနှစ်က ဟောပြောချက်ကို အခုမှ ဘာကြောင့် တိုင်ကြားရပါသလဲ လို့ မေးမြန်းရာမှာ အရင်ကကြောက်လန့်တာကြောင့်ဖြစ်ပြီး အခုအချိန်မှာ လိုအပ်လို့ဖြစ်တယ်လို့ ဖြေပါတယ်။

တာမွေရဲစခန်းက တိုင်ကြားချက်ကို လက်ခံခဲ့ပေမဲ့ အမူမဖွင့်သေးဘဲ သံဃာ့နာယက အဖွဲ့ကိုတင်ပြပြီးနောက် ဆက်လက်ဆောင်ရွက်မယ်လို့ ဦးဝင်းအောင် ကပြောပါတယ်။  RFAက တာမွေမြို့နယ်ရဲစခန်းကို ဆက်သွယ်ရာမှာ အဆက်အသွယ်လုပ်လို့ မရပါဘူး။

ဒီအမူကို  တိုင်ကြားသူ ဦးဝင်းအောင်ဟာ ရန်ကုန်၊ နေပြည်တော်၊ ကော့သောင်းနဲ့ မြိတ်မြို့တွေမှာ ပြည်တွင်း သက်တော်စောင့် ဆိုတဲ့ လူမှုရေးအဖွဲ့တွေကို တည်ထောင်ထားသူဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese



မဘသ အဖွဲ့ ဦးဆောင် ဆရာတော် တပါးဖြစ်တဲ့ ဦးဝီရသူ
နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ကြီးက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ) အဖွဲ့ဟာ သံဃာ့ စည်းမျဉ်းနဲ့ မကိုက်ညီဘူးလို့ မနေ့က ဇူလိုင်လ ၁၂ ရက်နေ့က ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ) အဖွဲ့ မလိုအပ်တဲ့ သဘောမျိုး ပြောလာတာဟာ လက်ရှိ အာဏာရပါတီနဲ့ နိုင်ငံတော်အစိုးရရဲ့ သဘောထားဖြစ်မှန်း သိသာတယ်လို့ ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက လည်းဖြစ် မဘသ အဖွဲ့ ဦးဆောင် ဆရာတော် တပါးလည်းဖြစ်တဲ့ ဦးဝီရသူ က တုံ့ပြန်လိုက်ပါတယ်။

မဟန ဆရာတော် ကြီးတွေ အနေနဲ့ ရွှေဝါရောင် အရေးအခင်းတုန်း ၊ ငွေကြာယံ ကို ၀င်စီးခဲ့တဲ့ ကာလတွေ တုန်းက အစိုးရ ဆန္ဒအတိုင်း ဒီလိုဘဲ နေပေးခဲ့ရတာဘဲ ၊ အခုလဲ မဘသကို ဖြိုခွင်းဖို့ ကြံရွယ်တဲ့ အခါကျတော့လည်း ဆရာတော်ကြီးတွေက ကိုယ်နဲ့ သွေးမတော် သားမစပ်ပါဘူးလို့ ငြင်းဆို ပေးရတာပေါ့ ၊ အဲဒီ အတွက် ဦးဇင်းတို့က အထူးအထွေ တုန်လှုပ်စရာ မရှိဘူးလို့ ဆရာတော် ဦးဝီရသူက ပြောပါတယ်။

မဘသ အဖွဲ့ဟာ အခြေခံ ဥပဒေ အရကော ၊ အသင်းအဖွဲ့ စည်းမျဉ် အရပါ ရပ်တည်ခွင့် ရှိသေးတဲ့ အတွက် ဒီနှစ်ခုနဲ့ ရပ်တည်သွားပြီး သာသာပြု အဖွဲ့ အနေနဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းတွေ ၊ နိုင်ငံ အကျိုးပြု လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ဆရာတော် ဝီရသူက မိန့်ပါတယ်။

မဘသ ဟာ ဂိုဏ်းပေါင်းစုံ သာသနာ အဖွဲ့ကြီးကနေ သံန္ဓေတည် ပေါက်ဖွားတယ် ဆိုတာကို မဟနက ငြင်းဆိုတာနဲ့ ပတ်သက်လို့ ဆရာတော်က ဦးဇင်း ကိုယ်တိုင် ဂိုဏ်းပေါင်းစုံ အစည်းအဝေး တက်ခဲ့ ပါတယ်။

အဲဒီတုန်းက ညွှန်ကြားချက်တွေကို သံဃာ့ အဖွဲ့ ဖွဲ့စည်းပုံ အဆင့် စတုတ္တ အကြိမ် ပြင်ဆင်ချက်များ ဆိုတဲ့ စာအုပ်မှာ အတိအလင်း ရိုက်နှိပ် ထုတ်ဝေ ထားကြောင်း ဦးဝီရသူက မိန့်ပါတယ်။

မဘသ အဖွဲ့ အနေနဲ့ ဒီအတိုင်း ဥပဒေနဲ့ အညီ ရပ်တည်နေပါလျက် တဖြည်းဖြည်း တင်းကျပ်လာပြီး နောက်ဆုံး အကြမ်းဖက် ဖြိုခွင့်တဲ့ အဆင့်အထိ မျှော်လင့်ထားသလို နောက်ဆုံး မဟာသံန္တိသုခကျောင်းတို့ ၊ ငွေကြာယံ ကျောင်းတိုက်တို့လို ဖြိုခွင်းလာရင်တောင် အသေခံ ရပ်တည်သွားမယ်လို့ မဘသ အဖွဲ့ ဦးဆောင် ဆရာတော်တွေထဲက တပါးဖြစ်တဲ့ ဦးဝီရသူ က မိန့်ကြားခဲ့ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ အဖွဲ့ မလိုအပ်တော့ပါဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောတာ အစိုးရမူ မဟုတ်ဘဲ သူ့သဘောထား မှတ်ချက်သာ ဖြစ်လို့ ဆန္ဒပြ ကန့်ကွက်တာတွေ မလုပ်ဖို့ မဘသ ဗဟိုက မနေ့က ဇူလိုင်လ ၁၂ ရက် နေ့စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မဘသ အဖွဲ့ မလိုအပ်ဘူးလို့ ဦးဖြိုးမင်းသိန်းက စင်္ကာပူမှာရော ရန်ကုန် လေဆိပ်မှာပါ ပြောခဲ့ပြီးနောက် ဒါကို တာဝန်ယူ ဖြေရှင်းဖို့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်း စုကြည်တို့ဆီ မဘသ က စာပေးပို့ခဲ့ပေမဲ့ တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။

အဲဒီနောက် ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောကွဲနိုင်တယ်၊ ဦးဖြိုးမင်းသိန်းက သူ့အယူအဆကို ထုတ်ဖော်ပြောတာ ဖြစ်တယ်လို့ ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကလည်း ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.bbc.com/burmese


မုံရွာ-သာစည်-နောင်ကြီးအိုင်လမ်း တစ်နေရာကို တွေ့ရစဉ်။ Photo: Kyaw Linn Facebook
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နဲ့ အရာတော်မြို့နယ်ကို ဖောက်လုပ်ထားတဲ့ မုံရွာ - နောင်ကြီးအိုင်လမ်း တိုးချဲ့ဖောက်လုပ်ရာမှာ လမ်းဘေးကသစ်ပင်တွေကို ခုတ်ရမယ့်အတွက် လမ်းဖောက်လုပ်သင့် မဖောက်လုပ်သင့် ကို ပြန်စဉ်းစားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

သစ်ပင်တွေခုတ်ခံရမှာနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ သဘောဆန္ဒအရ ပြန်သုံးသပ်သွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးဇင်မောင် က ပြောပါတယ်။

"အခုအချိန်ထိတော့ ဘယ်တော့လောက်ဖောက်မယ်ဆိုတာကို လမ်းဦးစီးရေးဌာနတွေ ကျနော်တို့ဆီကို တင်ထားတာမရှိသေးပါဘူး၊ ဒေသခံတွေရဲ့ သဘောဆန္ဒအပေါ်မူတည်ပြီးတော့ ဒီလမ်း ဖောက်လုပ်သင့် မဖောက်လုပ်သင့် ဆိုတာကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုပါလိမ့်မယ်ဗျ၊ ဒီလမ်းဖောက်လုပ်သင့် မသင့်ကို တိုင်းဒေသကြီး အစိုးရအနေနဲ့ ဘာမှမဆုံးဖြတ်ရသေးပါဘူး"

စစ်ကိုင်းတိုင်းဒေသကြီး မြို့ပြလမ်းဦးစီးဌာနက မုံရွာ - နောင်ကြီးအိုင်လမ်းပိုင်း ဖောက်တဲ့အခါ သစ်ပင်တွေခုတ်လှဲပြီး လမ်းပိုင်းတိုးချဲ့မယ့်ကိစ္စကို ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က မုံရွာမြို့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဦးစီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလမ်းဖောက်ဖို့အတွက် နှစ်ပေါင်းသက်တမ်းရာကျော်ရှိနေတဲ့ သစ်ပင်ပေါင်း ၂၀၀ ကျော်ကို ခုတ်လှဲမှာ ကို ဒေသခံတွေက သဘောမတူဘူးလို့လည်း ပြောကြပါတယ်။

အဲ့ဒီလမ်းကို တိုးချဲ့ဖောက်လုပ်ဖို့ ဆောက်လုပ်ရေးဌာနက ဘယ်တော့စတင်လုပ်ဆောင်မယ်ဆိုတာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီ တင်ပြထားတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


13July2016

ထိုင်းမြန်မာ နယ်စပ် ထိုင်းနိုင်ငံပိုင်နက် ရနောင်းခရိုင် အတွင်း စိုဆမ်ရမ် မြို့ နယ်က ခြံတခြံမှာ မည်သည့်ဘာသာဝင်တွေမှန်း မသိရတဲ့ လူ(၇၀)ခန့်  စုရုံးနေကြတာကို ရဲ နယ်စပ်တပ်ရင်း ၄၁၅ နဲ့ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ တွေက သွားရောက် စောင့်ကြည့် စစ်ဆေးနေကြကြောင်း သိရပါတယ်။


တိဘက်ဘုန်ကြီးပုံစံ ဘွဲ့ ယူရင် ၀တ်ရတဲ့ ၀တ်စုံလို ဇော်ဂျီလိုလို အနီရောင် နီညို ရောင် အ၀တ်အစားတွေနဲ့  စုရုံးနေကြတာဖြစ်ပါတယ်။ ဦးဆောင်တဲ့သူအမျိုးသား မှာ Mr. Anan Nat မစ္စတာ အနမ်နက် (နိုင်ငံသားမဖေါ်ပြ )ဖြစ်ပါ တယ်။

သူတို့ ဟာ အထက် ဆရာကြီး ဂိုဏ်းဝင်တွေဖြစ်တယ်လို့  ပြောခဲ့ပြီး ဘယ်ဘာသာဝင်ဆိုတာကို အတိအကြ မဖြေကြဘူးလို့  စစ်ဆေးရေး အရာရှိတွေကပြော ပါတယ်။


သွားရောက်စစ်ဆေးတဲ့ အဖွဲ့ ခေါင်းဆောင်က ရနောင်းမြို့ ဟာ နယ်စပ်ဒေသဖြစ်ပြီး စစ်အုပ်ချုပ်ရေး ဥပဒေ တည်ဆဲဖြစ်တာကြောင့် ခုလို ကြိုတင် အကြောင်းမကြားဘဲ ရက်ရှည် လာရောက်စုရုံး နေတာကို ထိုင်းလူမျိုးတွေ အထိတ်တလန့် ဖြစ်နေတယ်လို့ လည်း ပြောခဲ့ပါတယ်။

အဆိုပါ လူအုပ်စုဟာ မည်သည့် နိုင်ငံသားတွေ ဆိုတာ ထုတ်ပြန်ဖေါ်ပြတာ မျိုးလည်း မတွေ့ ရသေးကြောင်းထိုင်းလူမှုကွန်ရက်စာမျက်နှာ တွေမှာ ဖေါ်ပြထားပါတယ်။

Ampaipan
Social Action for Women - SAW


သံဃာဝတ်နည်းနှင့်မလျှော်ညီသည့်အတွက် သာသနာအကြည်အညိုပျက်စေမှုဖြင့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး (မဘသ) ဦးဆောင်သံဃာတစ်ပါးဖြစ်သည့် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူအား တာမွေမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးအမိန့်ရ ပြည်တွင်းသက်တော်စောင့် ဥက္ကဌ ဦးဝင်းအောင်က ဇူလိုင် ၁၃ ရက်တွင် The Ladies သို့ပြောသည်။

“၁၁ရက်နေ့ညငါးနာရီခွဲကရဲစခန်းမှာအမှုဖွင့်ထားတယ် အမှုဖွင့်တယ်ဆိုတာတိုင်ချက်အရလက်မှတ်ထိုးထားပြီးပြီ သာသနာရေးဌာနကိုအကြောင်းကြားပြီးမှ ဟိုကခွင့်ပြုချက်လာမှ ပုဒ်မတပ်ရမယ် လူဝတ်လဲရမယ် လို့ရဲစခန်းကပြောတယ်”ဟု ဦးဝင်းအောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကျိုက္ကစံကွင်းတွင် ကျင်းပသော ဟောပြောပွဲ အတွင်း အမျိုးသမီးတဦးအားဆဲဆို ပြောဆိုခဲ့မှု နှင့်ပတ်သက်၍ သံဃာဝတ်နည်းနှင့်မလျှော်ညီသည့်အတွက်သာသနာအကြည်အညိုပျက်စေမှုဖြင့် ဇူလိုင် ၁၁ ရက် ညနေ ငါးနာရီခွဲက တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျိုက္ကဆံကွင်းမှာဖြစ်တယ်ဆိုတော့ တာမွေအပိုင်ပေါ့သံဃာကသာသနာ ၊ဗုဒ္ဒဘာသာကို ညှိုးနွမ်းစေတယ် ထိခိုက်စေတယ် သံဃာ့ဝိနည်းနဲ့မညီ ဘဲ အမျိုးသမီးတွေကိုဆဲဆိုတယ် ၀ိနည်းနဲ့မညီလို့ ဒါကိုအဓိကထားပြီးအမှုဖွင့်တာ”ဟု ဦးဝင်းအောင်ကဆက်လက်ပြောဆိုခဲ့သည်။ဦးဝီရသူသည် ၂၀၁၅ ခုနစ်အတွင်းက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စရန်ဟီလီအား ရင့်သီးသည့် စကားလုံးများဖြင့် သုံးနှုန်းပြောဆိုခဲ့ပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ The Ladies ဂျာနယ်မှ သက်ဆိုင်ရာ တာမွေရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အတည်ပြုရာတွင် ပြန်ကြားရေးတာဝန်ရှိသူက အစည်းအဝေးအတွင်းရောက်ရှိနေသဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုးရုံးသို့ အတည်ပြုချက် သွားရောက်ရယူနိုင်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းက ပြန်လည်ဖြေကြားပြောဆိုခဲ့သည်။

ဆရာတော် ဦးဝီရသူမှာ ဘာသာခြားများအား အမုန်းပွားဖွယ် စကားများဖြင့် အမြဲသုံးနှုန်းဟောပြောလေ့ရှိပြီး လူမှုကွန်ယက်မီဒီယာများတွင်လည်း ဘာသာခြားများအား နှိမ့်ချရေးသားမှုများပြုလုပ်လေ့ရှိသည်ဟု လေ့လာသူများက ဆိုပါသည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies



ဗြိတိန်ဝန်ကြီးချုပ်သစ် Theresa May ကို ဘုရင်မကြီး Elizabeth ၀န်ကြီးချုပ်အဖြစ် အတည်ပြုပေးနေစဉ်။
ဗြိတိန်နိုင်ငံ ဘုရင်မကြီး Elizabeth က Theresa May ကို ၀န်ကြီးချုပ်သစ်အဖြစ် ဗုဒ္ဓဟူးနေ့က အတည်ပြုပေးလိုက်ပြီး အစိုးရသစ်ဖွဲ့ဖို့ တရားဝင် အဆိုပြုလိုက်ပြီ ဖြစ်ပါတယ်။ David Cameron က ၀န်ကြီးချုပ် အဖြစ်ကနေ နှုတ်ထွက်စာတင်တာကို Buckingham နန်းတော်မှာ သွားရောက် တင်သွင်းပြီးနောက်မှာ ဘုရင်မကြီးက ၀န်ကြီးချုပ်သစ်ကို အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ Theresa May ဟာ အီးယူကနေ ဗြိတိန်နှုတ်ထွက်မှုအတွက် ကြီးကြပ်ကွပ်ကဲရမယ့် ၀န်ကြီးတဦး အပါအ၀င် အစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီးတွေကို စတင် ခန့်အပ်နေတာမှာ Brexit လို့ခေါ်တဲ့ အီးယူထဲကနေ ဗြိတိန်နှုတ်ထွက်ရေးအတွက် ဦးဆောင် လှုပ်ရှားခဲ့သူလည်းဖြစ်၊ လန်ဒန်မြို့တော်ဝန်ဟောင်းလည်းဖြစ်တဲ့ Boris Johnson ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

သူ့အနေနဲ့ တိုင်းပြည် စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး လူတိုင်းအတွက် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ၀န်ကြီးချုပ်အဖြစ် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းထဲမှာ Theresa May က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ သူမအနေနဲ့ လူမှုရေး မညီမျှမှုတွေကို တိုက်ခိုက်သွားမှာဖြစ်ပြီး ဗြိတိန်တနိုင်ငံ အစိတ်အပိုင်းအားလုံး ညီညွတ်ရေးကို ယုံကြည်ကြောင်း ပြောပါတယ်။

Theresa May ၀န်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြောက်ခံရမှုအတွက် အမေရိကန်ပြည်ထောင်စုက ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားလိုက်ပြီး အီးယူထဲက ဗြိတိန်နှုတ်ထွက်ရေးကိစ္စတွေကို သူမအနေနဲ့ အောင်မြင်စွာ ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဝန်ကြီးချုပ် David Cameron အစိုးရအဖွဲ့အတွင်း ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း Theresa May ဟာ ဗြိတိန် အီးယူထဲမှာ ဆက်လက်တည်ရှိရေးကို ထောက်ခံခဲ့သူ ဖြစ်ပါတယ်။

Theresa May ဟာ ၁၉၇၉ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Margaret Thatcher နောက်မှာ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်သလို ဗြိတိန်နိုင်ငံနိုင်ငံသမိုင်းမှာ ဒုတိယမြောက် အမျိုးသမီး ၀န်ကြီးချုပ်လည်း ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com


ဂျူလိုင် ၁၃ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ SNLD ၏ စည်းရုံးရေး လုပ်ငန်းတွင် တက်ကြွလှုပ်ရှားသူ စိုင်းဆန်ခေးဆိုသူသည် ယနေ့ ဂျူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခံရကာ ကျည် ၄ ချက် ထိမှန်၍နမ့်ခမ်းဆေးရုံ ၌ သေဆုံးသွားသည်ဟုသိရသည်။


ဂျူလိုင် ၁၃ ရက်မွန်းလွဲပိုင်း ၃.၃၀ နာရီအချိန် စိုင်းဆန်ခေး ခေါ် စိုင်းမောင်လှိုင် အသက် ၅၄ နှစ်သည် သမီးဖြစ်သူ ၁၀ တန်းအောင်သည့် ဂုဏ်ပြု အခမ်းအနား တက်ရောက်ပြီး အပြန်တွင် လူတယောက်က စောင့် ဆိုင်းပစ်ခတ်ခဲ့ ကြောင်း၊ ကျန်လူတယောက်က ဆိုင်ကယ်အသင့် စက်နိုး ကာစောင့်ထားကြောင်း၊ တရားခံသည် ပစ်ခတ်အပြီး ဆိုင်ကယ်သမားဆီ သို့ပြေးကာ နှစ်ဦးစလုံး ထွက်ပြေး လွတ်မြောက်သွားကြောင်း - ဖြစ်စဉ်ကိုမြင်တွေ့ရ သည့် နမ့်ခမ်းဒေသခံများက ပြောသည်။

“စိုင်းဆန်ခေး က လူကောင်းပါ ။ သူကကိုယ်ရောစိတ်ပါ တက်ကြွလှုပ် ရှား တယ်။ အခုလိုမျိုးပစ်ခတ် သတ်ဖြတ်တဲ့ အဆင့်ရောက်တာတော့ မကောင်း ဘူးပေါ့။ ဘာမဆိုဆွေးနွေး ဖြေရှင်းလို့ရတယ်လေ” - ဟု နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ ဒုတိယဉက္ကဌ စိုင်းယီဖူးကပြောသည်။

စိုင်းဆန်ခေး အသက် ၅၄နှစ်သည် အဖခင်းမိုင်ငင်းတုန့်ဆိုင်း၊ အမိနိုင်းမိုင်ငင်းတုန့်ဆိုင်းတို့ ၏သားဖြစ် သည်။ သေဆုံးချိန် ဇနီးဖြစ်သူနှင့်အတူ သမီးနန်းနွံကွန်ခေး ၊ သားစိုင်းစွမ်ခေး တို့ ကျန်ရစ်သည်။

ဓါတ်ပုံ - Sao Sai
“သူက သျှမ်းအမျိုးသားရေးမှာ တအားတက်ကြွလှုပ်ရှားတယ်။ အဖွဲ့အစည်းတွေ ထဲဝင်ပြီး လှုပ်ရှားရ တာကို ကြိုက်တဲ့သူဖြစ်တယ်။ RCSS/SSA ၊ SSPP/SSA ၊ ဟိုမိန်းပြည်သူ့စစ် SSS - တို့နဲ့လည်း အလုပ်လုပ်ဖူးတယ်လို့ ကြားဖူးတယ်။ အခုနောက်ဆုံးကြားရတာတော့ သစ်၊ မီးသွေး လုပ်ငန်း မှာ ဒေသခံပြည် သူ့ စစ်တွေနဲ့ ပတ်သက်လုပ်ကိုင်နေတယ်လို့ ကြားတယ်။ တခြားတော့မသိဘူး” - ဟု တရပ်ကွက် တည်းသား အိုက်စိုင်းကပြောသည်။
ဓါတ်ပုံ - Sao Sai
စိုင်းဆန်ခေးသည် သျှမ်းစာပေပြန့်ပွားရေးအတွက် ဆရာမွမ်းမံသင်တန်း တက်ရောက်ပြီး ကလေးငယ် များအားသျှမ်းစာပို့ချပေးရေးတွင်လည်း မနားမနေကြိုး ပမ်းသူဖြစ်သည်ဟုလည်း သျှမ်းစာပေ ဆရာမ နန်းအေယေ့ က ပြောသည်။

အဆိုပါသေမှုသေခင်းနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ နမ့်ခမ်းရဲတပ်ဖွဲ့တို့ ထံကြိုးစားဆက်သွယ် သော်လည်းဖုန်းလက်ခံဖြေကြားပေးခြင်းမရှိပေ။စိုင်းဆန်ခေးပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ကျားခေါင်း ပါတီပြောရေးဆိုခွင့်ရ စိုင်းလိတ် ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပါသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

ဧကရာဇ် အခီဟီတိုဟာ ၁၉၈၉ ခုနှစ်မှာ သူ့ခမည်းတော် ဟီရိုဟီတို ဆီကနေ ထီးနန်း ဆက်ခံခဲ့။

ဂျပန် ဧကရာဇ် အခီဟီတိုက လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ထီးနန်း စွန့်ဖို့ ရည်ရွယ် ထားတယ်လို့ ကြေညာ လိုက်ပါတယ်။

အခု နှစ်တွေ အတွင်း ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံလာရတဲ့ အသက် ၈၂ နှစ် အရွယ် ဂျပန် ဧကရာဇ် အနေနဲ့ သူ့ရဲ့ ရုံးတာဝန်တွေကို လျှော့ချရမယ် ဆိုရင် ဧကရာဇ် အဖြစ်နဲ့လည်း ဆက်နေဖို့ ဆန္ဒ မရှိကြောင်း သတင်းတွေက ဆိုပါတယ်။

ဧကရာဇ် အခီဟီတို ထီးနန်း စိုးစံတဲ့ သက်တမ်းက ၂၇ နှစ် ရှိခဲ့ပြီ ဖြစ်ပြီး၊ သူ အခုလို နန်းစွန့်မယ့် အဖြစ်ဟာ ခေတ်သစ် ဂျပန်မှာ မကြုံဖူးသေး ပါဘူး။

သူ့ရဲ့ အကြီးဆုံး သားတော် ဖြစ်တဲ့ ၅၆ နှစ်အရွယ် မင်းသား နာရူဟီတိုက ထီးနန်းကို ဆက်ခံရဖို့ ရှိပါတယ်။

ဧကရာဇ် အခီဟီတိုဟာ ဂျပန် လူမျိုး အများစုရဲ့ အထူး လေးစားမှုကို ခံယူရသူ ဖြစ်ပြီး၊ ဒုတိယ ကမ္ဘာစစ်ရဲ့ တရားခံဖြစ်တဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒနဲ့ ခပ်ခွာခွာ နေခဲ့တဲ့အပေါ် အများက သူ့ကို လေးစားကြတာ ဖြစ်ပါတယ်။
BBC Burmese

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီဦးဆောင်သည့် အစိုးရအဖွဲ့ကို ရည်ညွန်းကာ အမျိုးသမီးအာဏာရှင်အစိုးရဟု မစိုးရိမ်တိုက်သစ်ကျောင်းမှ ဝီရသူက ဇူလိုင် ၁၃ရက်က ဝေဖန်လိုက်သည်။

"ယခင်က ဦးပဉ္စင်းကို ထောင်ချခဲ့သည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများသည် ဦးပဉ္စင်း၏အမျိုးဖြစ်၍ ၄င်းတို့အပေါ် ယခုအချိန်ထိ မေတ္တာမပျက်သကဲ့သို့ ယခု ဦးပဉ္စင်းကို ထောင်ချမည့် အမျိုးသမီးအာဏာရှင် အစိုးရအဖွဲ့သည်လည်း ဦးပဉ္စင်း၏အမျိုးများသာဖြစ်၍ ၄င်းတို့အပေါ်၌လည်း မည်သည့်အခါမျှ မေတ္တာပျက်မည်မဟုတ်ပါ။" ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက် အပြည့်အစုံ
---------------------------

“၀ီရသူသဘောထား (၁/၇၈) ”
========================================
၁၃၇၈ ခု၊ ၀ါဆိုလဆန်း (၈) ရက်၊ (၁၂.၇.၂၀၁၆) ရက်နေ့ ထုတ်ပြန်ကြေညာလိုက်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကြေညာချက်နှင့်ပတ်သက်၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ၀ံသာနုဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ (၀ီရသူ - မစိုးရိမ်)၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။
၁။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့မလိုအပ်ကြောင်း ပြောဆိုလာခြင်းသည် အာဏာရပါတီနှင့် နိုင်ငံတော်အစိုးရ၏ သဘောထားဖြစ်မှန်းသိသာထင်ရှားသည်။
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အားလျော်စွာ အစိုးရအစဉ်အဆက်၏ သဘောထားအတိုင်း ဆောင်ရွက်ရခြင်း ဖြစ်သောကြောင့် ၄င်းအဖွဲ့၏ ကြေညာချက်အပေါ် အထူးတလည် ခံစားဖွယ်မဟုတ်ဟု ရှုမြင်သည်။
နိုင်ငံတော်အစိုးရ၏ ပယောဂအရ ထွက်ပေါ်လာသော ကြေညာချက်ကြောင့် ဘုရားသားတော်ညီနောင် အချင်းချင်း တစ်စုံတစ်ရာစိတ်ဝမ်းကွဲစရာအကြောင်းမရှိဟု ခံယူသည်။
၂။ ၁၉၉၇ ခုနှစ်၊ မန္တလေးမြို့နှင့် အမရပုရမြို့၌ အေးရိပ်ငြိမ် အမျိုးသားရေးတရားများကို စတင်ဟောကြားသည်မှစ၍ ၂၀၀၃ ခုနှစ်၊ အိုးဘိုတောရ ရောက်သည့်အချိန်အထိ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၏ ပယောဂတစ်စုံတရာမပါဘဲ အမျိုးသားရေးလုပ်ငန်းများကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်ခဲ့သူဖြစ်သည်။
၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ ရခိုင်အရေးအခင်းကြီး ဖြစ်ပွားသည့်အချိန်မှစ၍ အမျိုးသားရေးတရားတော်များကို တစ်ကိုယ်တော်လှုပ်ရှားမှုအဖြစ် ပြန်လည် ဟောကြားခဲ့သူဖြစ်သည်။
၉၆၉ ဂဏ၀ါစက သံဃာ့ကွန်ယက်အဖွဲ့၊ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ) အဖွဲ့တို့ ပေါ်ပေါက်လာသည့်အခါ အဆိုပါအဖွဲ့များနှင့်ပူးပေါင်း၍ အမျိုးသားရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။
၃။ ယခုအခါ၌ အာဏာရပါတီနှင့် အရပ်သားအစိုးရသစ်ကြီးသည် ဦးပဉ္စင်းအား ရန်သူတော် နံပါတ်တစ်အဖြစ် ပစ်မှတ်ထား၍ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)တစ်ဖွဲ့လုံးကို ကျူပင်ခုတ် ကျူငုတ်မကျန် ဖြိုခွင်းဖျက်ဆီးဖို့ ခြေလှမ်း လှမ်းလာသည်ကို တွေ့ရှိနေရသည်။
ဦးပဉ္စင်း ၀ီရသူ(မစိုးရိမ်)ကို ၂၀၀၃ ခုနှစ်မှာ ဖမ်းဆီးခဲ့စဉ်က ဦးပဉ္စင်း၏နောက်မှာ NLD ရှိသည်၊ ကွန်မြူနစ်ရှိသည်ဟု ယူဆကာ စစ်ထောက်လှမ်းရေးများက နည်းမျိုးစုံဖြင့်ညှဉ်းဆဲခဲ့ကြသည်။
ယခုအခါ၌လည်း အစိုးရသစ်က ဦးပဉ္စင်း၏နောက်မှာ ခရိုနီရှိသည်၊ ကြံ့ခိုင်ရေးရှိသည်ဟု ယူဆကာ ရန်သူတော်နံပါတ်တစ်အဖြစ် ပစ်မှတ်ထား၍ အာဃာတကို ရှေ့တန်းတင်လျက် ဆက်လက်ရန်ရှာနေမည်ဆိုသည်ကိုလည်း ကြိုတင်တွေးမြင် ထားပြီးဖြစ်သည်။
၎။ ယခင်က ဦးပဉ္စင်းကို ထောင်ချခဲ့သည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများသည် ဦးပဉ္စင်း၏အမျိုးဖြစ်၍ ၄င်းတို့အပေါ် ယခုအချိန်ထိ မေတ္တာမပျက်သကဲ့သို့ ယခု ဦးပဉ္စင်းကို ထောင်ချမည့် အမျိုးသမီးအာဏာရှင် အစိုးရအဖွဲ့သည်လည်း ဦးပဉ္စင်း၏အမျိုးများသာဖြစ်၍ ၄င်းတို့အပေါ်၌လည်း မည်သည့်အခါမျှ မေတ္တာပျက်မည်မဟုတ်ပါ။
၅။ ဦးပဉ္စင်း ၀ီရသူ(မစိုးရိမ်)သည် ဗုဒ္ဓ၏ ညာတတ္ထစရိယလမ်းစဉ်ကို လျှောက်လှမ်းနေသည့် အမျိုးသားရေးဝါဒီ ပီသစွာ အသက်နှင့် ခန္ဓာကိုယ်တည်ရှိနေသရွေ့ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဦးဆွေးဆံမြည့် ဆက်လက်ဆောင်ရွက်နေမည်ဖြစ်သည်။
မြန်မာပြည်သည် ထေရ၀ါဒသာသနာတော်၏ နောက်ဆုံးခံတပ်ဖြစ်သကဲ့သို့ မဘသ အဖွဲ့ကြီးသည် နောက်ဆုံးခံတပ်၏ ရှေ့တန်းတပ်မှူးများဖြစ်သည့်အားလျော်စွာ လှေခွက်ချည်းကျန်အလံမလှဲ စိတ်ဓာတ်ဖြင့် နောက်ဆုံးထွက်သက်အထိ ဓမ္မ၀ိနယ ဥပဒေဘောင်အတွင်းမှ ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း အတ်အလင်း ထုတ်ပြန်ကြေညာလိုက်သည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ၀ံသာနုဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
(၀ီရသူ - မစိုးရိမ်)
၁၃၇၈ ခု၊ ၀ါဆိုလဆန်း (၉) ရက်၊
(၁၃.၇.၂၀၁၆) ရက်နေ့။

Mizzima - News in Burmese

ပုသိမ်၊ ဇူလိုင် ၁၃ ။ ။ ၆၉နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မိုဘိုင်းဖုန်း Alarm Ring Tone များဖွင့်ပြီး စက္ကန့် ၉၀ ငြိမ်သက်ကာ ပြည်သူများ ပူးပေါင်းပါဝင် ဂုဏ်ပြုရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီက ၎င်း၏ ဖေ့စ်ဘုတ်တွင် ရေးသားကာ တိုက်တွန်းထားသည်။

"၁၉.၀၇.၂၀၁၆ ရက်နေ့တွင် ကျရောက်မည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ ၁၀း၃၇ မိနစ်တွင်မိမိတို့၏ မိုဘိုင်းဖုန်း Alarm Ring Tone များဖွင့်၍ လည်းကောင်း၊ ကား၊ ရထား၊ ဆိုင်ကယ်၊ ရေယာဉ်၊ မော်တော်၊ သဘောင်္၊ ဆန်စက်များက ဥသြဟွန်းရှည် စက္ကန့် ၉၀ ဆွဲ ၍လည်းကောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရောက်ရှိရာနေရာတွင် ငြိမ်သက်ရပ်တန့်၍ လည်းကောင်းကျွန်ုပ်တို့ချစ်ခင်လေးစားရပါသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။" ဟု ရေးသားထားသည်။

၆၉နှစ်​​မြောက်​ အာဇာနည်​​နေ့တွင်​ တိုင်း​ဒေသကြီးအစိုးရမှ ပုသိမ်​မြို့၊ ပြည်​​ထောင်​စုကွင်း အာဇာနည်​​ကျောက်​တိုင်​တွင်​ နံနက်​၇း၃၀နာရီတွင်​ လွမ်းသူပန်း​ခွေ့ချခြင်း၊ ၁၀နာရီ ၃၇မိနစ်​တွင်​ ပြည်​သူများနှင့်​အတူ အ​လေးပြုမည်​ဖြစ်​​ကြောင်း လူမှု​ရေးဝန်​ကြီး​ဒေါက်​တာလှမြတ်​​သွေးက မဇ္ဈိမသို့​ပြောသည်​။

အာဇာနည်​​နေ့တွင်​ ပုသိမ်​မြို့လမ်းဆုံများတွင်​ မီးသတ်​ကားများ၊ လူမှု​ရေးအသင်းမှ ကားများ ဥသြဆွဲမည်​ဖြစ်​ပြိး၊မြစ်​​ကြောင်းအတွင်းမှ သ​င်္ဘောများ ပါဥသြဆွဲမည်​ဖြစ်​သည်​။

ပုသိမ်​မြို့၊မြို့​တော်​ခန်းမတွင်​ ဗိုလ်​ချုပ်​မိန့်​ခွန့်​များ အာဇာနည်​သီးချင်းများဖွင့်​လှစ်​ပြီး၊​ကျောင်းသားများ အာဇာနည်​​နေ့စာစီစာကုံးပြိုင်​ပွဲများ၊ ပြခန်းများဖွင့်​လှစ်​ပြသထားမည်​ဖြစ်​သည်​။
Mizzima - News in Burmese

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ခရစ္စတီး ကင်န်နီ နှင့် သံအမတ်ကြီး မာစီရယ်လ်တို့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ (U.S. Embassy Rangoon)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ခရစ္စတီး ကင်န်နီ နှင့် သံအမတ်ကြီး မာစီရယ်လ်တို့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ (U.S. Embassy Rangoon)

မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Kristie Kenney ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့အတူ ဒီကနေ့မနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့အကြား ဆက်ဆံရေး ပိုပြီးမြှင့်တင်နိုင်မယ့် နည်းလမ်းတွေနဲ့ စပ်လျဉ်း ပြီး ဆွေးနွေးကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒေသခံ လူမှုအသိုက်အ၀န်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်မယ့် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေ ပိုပြီးတိုးမြှင့်သွားနိုင်ဖို့အတွက် သူဟာ ဆက်ပြီး ဦးဆောင်လှုပ်ရှားသွားမယ့်သူတဦးဖြစ်တယ်လို့ မစ္စစ်ကင်န်နီက ဆွေးနွေးပွဲ မှာ ပြောခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး နဲ့ နိုင်ငံတစ်ဝန်းရှိပြည်သူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ စီးပွားရေး အခွင့်အလမ်းတွေ မြှင့်တင်ဆောင်ရွက်နေတဲ့အပေါ် အမေရိကန်ပြည်ထောင်စု ကလည်း ဆက်ပြီး ကူညီ ပံ့ပိုးသွားမယ် လို့လည်း သံရုံးက ရေးထားပါတယ်။

မစ္စစ်ကင်န်နီဟာ သမ္မတ ဘရာ့ခ် အိုဘားမားက ကမကထပြုထားတဲ့ အစီအစဉ်တခုဖြစ်တဲ့ အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်အစီအစဉ် YSEALI အဖွဲ့ဝင်တွေဖြစ်ကြတဲ့ မြန်မာလွှတ်တော်အမတ်တချို့နဲ့လည်း ဒီကနေ့မှာပဲ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ ကျန်ရှိသေးတဲ့ အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေကို ဆွေးနွေးကြတယ်လို့ သံရုံးရဲ့ ဖေ့စ် ဘုတ်မှာ ဖော်ပြထားပါတယ်။

မစ္စစ်ကင်န်နီဟာ အခုမြန်မာနိုင်ငံခရီးစဉ်ဟာ ဇူလိုင်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ အကူး အပြောင်းကို အမေရိကန်ပြည်ထောင်စုက အလေးအနက်ထားကြောင်း၊ ပြည်သူလူထု အချင်းချင်းကြား ဆက်ဆံမှုရဲ့တန်ဖိုးနဲ့ မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးမှုအတွက် အမေရိကန်ရဲ့ အထောက်အပံ့ အရေးပါမှုကို အလေးထားဖော်ပြရာ ရောက်တယ်လို့ သူ့ခရီးစဉ်မတိုင်ခင် ထုတ်ပြန်ချက်မှာ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောထားပါတယ်။
VOA Burmese News



စက်တင်ဘာလ ၂၃ရက် ၂၀၁၅ ခုနှစ်က တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ် ကမ်းခြေစောင့်တပ်ကိုတွေ့စဉ်။ ဓါတ်ပုံ - (AP Photo/Renato Etac)
စက်တင်ဘာလ ၂၃ရက် ၂၀၁၅ ခုနှစ်က တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ် ကမ်းခြေစောင့်တပ်ကိုတွေ့စဉ်။ ဓါတ်ပုံ - (AP Photo/Renato Etac)

တောင်တရုတ်ပင်လယ် အရေးကိစ္စနဲ့ပတ်သက်တဲ့ အနုညာတခုံရုံးရဲ့ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သားတဲ့အကြောင်း၊ အဲဒီ ဆုံးဖြတ်ချက်ရဲ့ အကျိုးသက်ရောက်မှုနဲ့ ဒေသတွင်းနဲ့ ပြင်ပကို ရိုက်ခတ်လာနိုင်မယ့် ဂယက်ကို မြန်မာနိုင်ငံက စောင့်ကြည့် လေ့လာနေတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူညီချက် နောက်ဆက်တွဲ ၇ အရ တောင်တရုတ်ပင်လယ်အရေး ကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင်လ ၁၂ ရက်၊ အင်္ဂါနေ့မှာ အနုညာတခုံရုံးက ဆုံးဖြတ်ချက်ချပြီးတဲ့နောက် မြန်မာနိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက် ထွက်လာတာပါ။

မြန်မာနိုင်ငံဟာ တောင်တရုတ်ပင်လယ်တွင်း နယ်မြေပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ နိုင်ငံတွေထဲမှာ မပါပေမဲ့ တောင်တရုတ် ပင်လယ်တွင်း ဖြစ်ပေါ် တိုးတက်မှုတွေကို အလေးအနက်ထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အငြင်းပွားမှု ကို ၁၉၈၂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်အပါအ၀င် နိုင်ငံအားလုံးက အသိအမှတ်ပြုတဲ့ အပြည်ပြည် ဆိုင်ရာ ဥပဒေ အခြေခံမူတွေနဲ့အညီ ဆွေးနွေးတာ၊ ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းတာတွေကနေတဆင့် ငြိမ်းချမ်းစွာဖြေရှင်းရေး ကြိုးပမ်းမှုတွေအားလုံးကို အစဉ်အမြဲ အားပေးထောက်ခံတယ်လို့လည်း ဆိုပါတယ်။

သက်ဆိုင်တဲ့နိုင်ငံတွေအနေနဲ့ အခြေအနေကို တင်းမာစေတဲ့ လုပ်ဆောင်မှုတွေအပေါ် ထိန်းသိမ်းဆောင်ရွက်ကြဖို့၊ ပြဿနာကို အင်အားသုံးဖြေရှင်းတာ ဒါမှမဟုတ် ခြိမ်းခြောက်တာတွေကနေ ရှောင်ကြဉ်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဟာ စည်းမျဉ်းဥပဒေကိုအခြေပြုတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ အလျောက် နိုင်ငံတကာအသိုက်အ၀န်းအတွင်း နိုင်ငံ ခြားဆက်ဆံရေးကို အကောင်အထည်ဖော်တာမှာ စည်းမျဉ်းဥပဒေကို လေးစားလိုက်နာရေး ကတိပြုထားပါတယ်လို့လည်း ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံတွေလိုက်နာရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် အပြည့်အ၀နဲ့ ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ တောင်တရုတ်ပင်လယ်တွင်း ကျင့်ထုံးတရပ် စောလျင်စွာ ပေါ်ထွက်ရေးအတွက် တူညီ ဆန္ဒအပေါ် အခြေပြုပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ပြီး လက်တွဲလုပ်ကိုင်သွားမယ်လို့လည်း မြန်မာနိုင်ငံ ခြားရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

VOA Burmese News

 farmers-620.jpg စပါးစိုက်တောင်သူတွေကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ပြီးခဲ့တဲ့အစိုးရလက်ထက်က စီမံကိန်းချလုပ်ကိုင်နေတဲ့ ပုလဲသွယ်စပ်မျိုးစပါး စိုက်ပျိုးတာတွေကို ရပ်နားထားဖို့ အတွက် အစိုးရက ညွှန်ကြားထားပါတယ်။

ထွက်နှုန်းကောင်းပေမယ့် ပြည်ပဝယ်လိုအားဈေးကွက်ရှာဖို့ အခက်အခဲရှိတာကြောင့် ပြည်ပ၀ယ်လိုအား ကောင်း မယ့်၊ ပြည်တွင်းမှာလည်း အသုံးတည့်မယ့် စပါးမျိုးတွေကို ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်သွားမယ်လို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်း က ပြောပါတယ်။

"ပြည်ပတင်ပို့ဖို့အတွက်ကလည်း ဒီဟာက အလားအလာ သိပ်မကောင်းဘူးပေါ့နော်၊ သူကအထွက် ကလေးတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဈေးကွက်ရှာတဲ့နေရာမှာ နည်းနည်းအခက်အခဲရှိမယ်၊ ပြည်ပဝယ်လက် ကတော့ သိပ်ပြီးတော့မကြိုက်ဘူး၊ မကြိုက်တော့ ဈေးမရဘူးပေါ့ဗျာ၊ demand မရှိတော့ Supply လျော့တဲ့ သဘောပါ၊ တွန်းအားပေး မလုပ်တော့ဘူးပေါ့နော်၊ ကျနော်တို့ဘက်ကတော့ နည်းနည်း export quality ကောင်း မယ့် ပြည်တွင်းမှာလည်းစားဖို့ကောင်းမယ့် စပါးမျိုးတွေကို ပြောင်းထုတ်လို့လုပ်နေတယ်"

လက်ရှိမြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲ့ စပါးအမျိုးအစားဟာ စုစုပေါင်း အမျိုး ၆၀ လောက်ရှိပြီး ပုလဲ သွယ်စပ်မျိုးစပါး ကို ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး စတဲ့တိုင်းဒေသကြီးတွေ နဲ့ ရှမ်းပြည်နယ်တွေမှာ အများဆုံးစိုက်ပျိုးနေတာ ဖြစ် ပါတယ်။

အဲ့ဒီစပ်မျိုးစပါးဟာ အထွက်နှုန်းကောင်းပေမဲ့ အခြားစပါးမျိုးတွေနဲ့ ယှဉ်ရင် စတင်စိုက်ပျိုးတဲ့ အချိန်ကစပြီး ရိတ်သိမ်း ချိန်အထိ ပိုပြီးဂရုတစိုက် စိုက်ပျိုးရတာကြောင့် တာဝန်ပိုကြီးကြောင်းလည်း ပြောပါတယ်။

အရင်အစိုးရလက်ထက်က လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပုလဲသွယ် စပ်မျိုးစပါးကို စိုက်ပျိုးကြဖို့ တွန်းအားပေးခဲ့ တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘယ်လိုစပါးအမျိုးအစားကို အလေးထားစိုက်ပျိုးကြဖို့ ဆိုတာထက် တောင်သူတွေရဲ့ အကြိုက် အမျိုးအစားတွေကို လေ့လာနေပြီး မျိုးကောင်း မျိုးသန့်ဖြစ်အောင် မျိုးထုတ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ပြောပါတယ်။

အဲ့ဒီစပ်မျိုးစပါးဟာ ဆည်ရေသောက်ဒေသတွေမှာ ဖြစ်ထွန်းအောင်မြင်နိုင်ပေမယ့် မိုးများတဲ့ဒေသတွေမှာတော့ စိုက်ပျိုးအောင်မြင်ဖို့ မလွယ်ဘူးလို့လည်း သိရပါတယ်။
RFA



၂ဝ၁၄ ခုနှစ် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်။ Photo: RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းနားကို မိသားစုဝင် တစ်ဦးအနေ နဲ့သာ တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် အခမ်းအနားအကြောင်း RFA ကမေးမြန်းခဲ့ရာမှာ သမ္မတရုံးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အာဇာနည်ဗိမာန်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုတာကို နိုင်ငံတော်အစိုးရ ဒုသမ္မတ(၁) ဦးစီးပြီးတော့ တက်ရောက်မှာဖြစ်တယ်၊ လွှတ်တော်ဘက်က လွှတ်တော်ဥက္ကဌတွေ တက်ရောက်မယ်လို့ သိရတယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ မိသားစုအနေနဲ့ ဒီအခမ်းအနားကို တက်ရောက်မယ်၊ တချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတပေါ့ နေပြည်တော်မှာ နေပြည်တော်ကောင်စီရဲ့ အစီအစဉ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် ဆွမ်းကျွေးအခမ်းအနား ကုသိုလ်ပြုတဲ့ဟာကို လုပ်မှာဖြစ်ပါတယ်"

အဲ့ဒီ အခမ်းနားကို နိုင်ငံတော်ဒုသမ္မတ (၁) ဦးမြင့်ဆွေ နဲ့ လွှတ်တော်အကြီးအကဲတွေလည်း တက်ရောက်ဖို့ရှိတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ နိုင်ငံပိုင်မီဒီယာတွေကနေ  ဥသြဆွဲမှာဖြစ်သလို နိုင်ငံတော်အလံတွေ တိုင်တစ်ဝက်လွှင့်ထူဖို့လည်း ညွှန်ကြားထားပါတယ်။

နေပြည်တော်မှာ အာဇာနည်ခေါင်းဆောင်တွေအတွက် ရည်စူးကျင်းပတဲ့ ဆွမ်းကျွေးအခမ်းနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်မှာဖြစ်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း အာဇာနည်နေ့ကျင်းပမယ့် အစီအစဉ်တွေမှာ ပါဝင်ဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းအနီးက ဆိပ်မူကျေးရွာအုပ်စု NLD ပါတီဥက္ကဌ ဦးရွှေသိန်းကို အမည်မသိ သူတချို့ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်နေ တယ်လို့ ကာယကံရှင် ဦးရွှေသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကစပြီး သုံးကြိမ် တိုင်တိုင် ခြိမ်းခြောက်ခံနေရတာလို့ ဦးရွှေသိန်းက ပြောပါတယ်။

ခြိမ်းခြောက်တဲ့သူတွေဟာ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေကလဲဆိုတာမသိရသေးကြောင်း ဖားကန့်မြို့နယ် တရားရုံးကိုတော့ ရာဇ၀တ်မှုဥပဒေ ပုဒ်မ ၂၀၂ နဲ့ အမှုဖွင့်ထားတယ်လို့လည်း ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ NLD ပါတီဝင်တွေအနေနဲ့ ကုမ္ပဏီတွေက မြေစာဖို့တဲ့ကိစ္စ၊ ယမ်းဖောက်ခွဲ တဲ့ကိစ္စတွေကြောင့် ဒေသခံတွေ ဒုက္ခခံစားရတာတွေကို လိုက်လံဖြေရှင်းပေးတာ၊ အိမ်ခြေ ၂၀၀ ၀န်းကျင်ရှိတဲ့ စန်းရွှင်ကွင်းဆိုတဲ့ရွာကို ရွာအဖြစ်တရားဝင် အသိမှတ်ပြုခံရဖို့ ဆောင်ရွက်ပေးနေ တာတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ မေလအတွင်းက ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ ရာအိမ်မှုး ဒေါ်နန္ဒာလှိုင်ကို လူနှစ်ယောက်က သေနတ်နဲ့ ပစ်သတ်သွားခဲ့သလို ပစ်သတ်ခံရတဲ့ ပိုင်ရှင်မဲ့ အလောင်းတွေ မကြာခဏ တွေ့ရှိနေရတဲ့ အတွက် တရားဥပဒေစိုးမိုးရေး အထူးလိုအပ်နေတယ် လို့လည်း ပြောပါတယ်။
RFA



အရင်က စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ တရားဝင်နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်ဖို့ အခက်အခဲ ရှိနေတဲ့ကိစ္စမှာ သက်ဆိုင်ရာ မြန်မာသံရုံးတွေကို ဆက်သွယ် အကူအညီ တောင်းခံလာမယ်ဆိုရင် လိုအပ်တဲ့ အကူအညီတွေကို ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကိုယ့်တိုင်းပြည်ကိုယ် နိုင်ငံသားအဖြစ်နဲ့ ပြန်လိုတဲ့ကိစ္စမှာ နိုင်ငံကူးလက်မှတ် ထုတ်ယူဖို့ အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲဖြစ်လာစေဖို့ ဂျပန်နိုင်ငံမှာနေထိုင်ရင်း စစ်အစိုးရ ဆန့်ကျင်ရေးလုပ်ခဲ့ကြတဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရခဲ့ကြပေမဲ့ ဂျပန်နိုင်ငံသားအဖြစ် မခံယူကြဘဲ နေထိုင်လာခဲ့ကြသူက အများစု ဖြစ်ပါတယ်။ အရပ်သားအစိုးရဖြစ်တဲ့ NLD အစိုးရလက်ထက် ကိုယ့်တိုင်းပြည်ကိုယ် ပြန်ဖို့လုပ်ဆောင်လာချိန် တိုကျိုမြို့က မြန်မာသံရုံးမှာ မြန်မာပတ်စ်ပို့ နိုင်ငံကူးလက်မှတ် ပြန်ထုတ်ယူဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ တိုကျိုမြို့က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးသန်းဆွေက ပြောပါတယ်။

“အခုချိန်မှာ စစ်အစိုးရမဟုတ်တော့ဘူး။ ဒီမိုကရေစီအစိုးရ ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ ကိုယ့်နိုင်ငံကိုယ် ပြန်သွားချင်တယ်။ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် ကိုယ့်နိုင်ငံရဲ့စာအုပ်ကို ကိုယ်ပြန်ကိုင်ချင်တယ်။ ဒါတွေကို သံရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခွန်ဆောင်ပါဆိုပြီးတော့ ပြောတာတွေရှိတယ်။ အခွန်ဆောင်ပါဆိုရင် ကျနော်တို့က Double Tax ဖြစ်နေပြီ။ ကျနော်တို့မှာကလည်း အလုပ်လုပ်လို့ရတဲ့ ၀င်ငွေတခုတည်းကို အခွန် ၂ ခါ ဆောင်ရသလို ဖြစ်နေပါတယ်။ အဲတော့ အခုချိန်ကျတော့မှ ဗမာနိုင်ငံကို ပြန်မယ်လည်းလုပ်လိုက်ရော အရင်တုန်းက အခွန်ကျန်ပါတယ်ဆိုပြီးတော့ အခွန်ကောက်တဲ့ကိစ္စတွေက ဗမာနိုင်ငံသားတွေအတွက်ကို အင်မတန်ကို ၀န်ထုပ်ဝန်ပိုး အင်မတန်ကြီးတယ်။ ဗမာနိုင်ငံသား ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတဲ့ အထောက်အထားကို ရဖို့အတွက် အခွန်ကိုဆောင်ဖို့ဖြစ်တယ်ဆိုတဲ့ ဥပဒေက မတရားဘူးလို့ ထင်တယ်။”

ဂျပန်နိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်အထိ ၀င်ငွေခွန်အဖြစ် တလကို ဂျပန် ယန်း ၁ သောင်း တိုကျို-မြန်မာသံရုံးက ကောက်ခံခဲ့တာပါ။ ၂၀၁၁ ခုနှစ်နောက်ပိုင်းကစပြီး နိုင်ငံခြားရောက် မြန်မာတွေ သံရုံးမှာ ၀င်ငွေခွန် ဆောင်စရာ မလိုတော့ဘူးလို့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကြေညာခဲ့ပါတယ်။ နိုင်ငံတကာရောက် နိုင်ငံရေးခိုလှုံခွင့် ရထားသူတွေကတော့ မြန်မာသံရုံးကို အခွန်ဆောင်လေ့ မရှိကြပါဘူး။ အခုလို နိုင်ငံရေးအပြောင်းအလဲတွေ ရှိလာချိန်မှာ မြန်မာနိုင်ငံ ပြန်လာချင်သူတွေအတွက် အကူအညီပေးဖို့ အဆင့်သင့်ရှိကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းက ရှင်းပြပါတယ်။

“ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးကနေပြီးတော့ ကျနော်တို့ကို လမ်းညွှန်ထားတာ ရှိပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်လိုအနေအထားပဲရှိရှိ မြန်မာနိုင်ငံသားဆိုတဲ့ဟာကိုတော့ သိဖို့လိုအပ်တယ်။ လိုအပ်တဲ့ အကူအညီတွေ ပေးပါလို့ ကျနော်တို့ကို လမ်းညွှန်ထားတာ ရှိပါတယ်။ အဲဒီလမ်းညွှန်ချက်နဲ့အညီ ကျနော်တို့ကနေပြီးတော့ တရားဝင် ထွက်သွားတဲ့သူပဲဖြစ်စေ၊ တရားမ၀င် ထွက်သွားတဲ့သူပဲဖြစ်စေ ကိုယ့်ဆီလာပြီး ဆက်သွယ်ပြီးတော့ အကူညီတောင်းတဲ့ မြန်မာနိုင်ငံသားတွေကို ကျနော်တို့ ကူညီဖို့ အဆင်သင့်ရှိပါတယ်။”

သမ္မတရုံး နိုင်ငံတော် အတိုင်ပင်ခံဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် အခြား သက်ဆိုင်ရာ ၀န်ကြီးဌာနတွေဆီ လိပ်မူပြီး ပေးပို့တဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ မေတ္တာရပ်ခံလွှာထဲမှာတော့ သူတို့အနေနဲ့ ဂျပန်အစိုးရကိုရော မြန်မာအစိုးရကိုပါ ဝင်ငွေခွန် နှစ်ခါ ပေးဆောင်နေရတဲ့အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ ပြောထားတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတခုထဲကသာ အခွန် ကောက်ယူကြမယ်လို့ မြန်မာအစိုးရနဲ့ ဂျပန်အစိုးရကြား နှစ်နိုင်ငံသဘောတူထားတာမျိုး မရှိတဲ့အတွက် စစ်အစိုးရလက်ထက်က ကောက်ခဲ့တဲ့ အခွန်တွေကို မြန်မာနိုင်ငံသားတွေ ပေးဆောင်ဖို့တော့ လိုမယ်လို့ ဦးအောင်လင်းက ပြောပါတယ်။

“နိုင်ငံသားတယောက်ဟာဆိုရင် နိုင်ငံသားဖြစ်နေတဲ့အချိန်မှာ အခွန်ထမ်းဆောင်ဖို့ တာဝန်ရှိပါတယ်။ သူရောက်နေတဲ့ နိုင်ငံရဲ့ ဥပဒေကို လိုက်နာဖို့ အခွန်ဆောင်ရတာလည်း ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံမှာ သူတို့ကြား အခွန်နှစ်ထပ်ပေးဆောင်ခြင်းကနေ ကင်းလွတ်တဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးထားတာ မရှိပါဘူး။ ဒါကြောင့်မို့ သူတို့အနေနဲ့ တချိန်တုန်းကတော့ အဲဒီအချိန်မှာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခဲ့စဉ်တုန်းက သူတို့က မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ အခွန်ပေးဆောင်ရတာ ဖြစ်သလို၊ သူတို့နိုင်ငံမှာလည်း အခွန်ပေးဆောင်ရတာ ဖြစ်ပါတယ်။”

ဒါပေမဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်အစိုးရလက်ထက်က ကောက်ခံခဲ့တဲ့ အခွန်ကိုတော့ ပေးဆောင်လိုစိတ် မရှိကြဘူးလို့ ဦးသန်းဆွေက ပြောပါတယ်။

“အခုလက်ရှိအစိုးရနဲ့ ကျနော်တို့က အခွန်ဆောင်သင့် မဆောင်သင့်ပေါ့လေ ဒါတွေကို ကျနော်တို့က ပြေပြေလည်လည် ဆွေးနွေးတင်ပြခွင့် ရမယ်ဆိုရင် ဒီမိုကရေစီအစိုးရလက်ထက်မှာ အခွန်ပေးဆောင်ဖို့အတွက် အဆင်သင့်ရှိတယ်။ စစ်အုပ်စုကနေ ကျနော်တို့ကို တဘက်သတ် နိုင်ငံသားအဖြစ်က ရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ကျနော်တို့မိသားစု၊ ကျနော်တို့ရဲ့ ညီအကို မောင်နှမတွေကို အင်မတန်ကို ဒုက္ခပေးပြီးတော့ အင်မတန်ကို ဖိအားပေးနေတဲ့အချိန်မှာ ကျရောက်တဲ့ သူတို့သတ်မှတ်တဲ့ အခွန်တွေကို ပေးချင်တဲ့ဆန္ဒ ကျနော်တို့ မရှိပါဘူး။”

၂၀၁၀ နှစ်လယ်အထိ ထုတ်ပြန်တဲ့ ဂျပန်အစိုးရရဲ့ စာရင်းအရ ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၉ ထောင်နီးပါးရှိပြီး၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကတော့ ဂျပန်မှာ မြန်မာနိုင်ငံသား နှစ်သောင်းထက်မနည်း ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ကိုဉာဏ်ဝင်းအောင်
VOA Burmese News


လာအိုနိုင်ငံတွင် ဇူလိုင်လ ၂၁ရက်နေ့မှ ၂၆ ရက်နေ့အထိကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

‘အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀ ကနေ ၂၃ အထိ လာအိုခရီးစဉ်မှာ ရှိမယ်။’ ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ အစည်းအဝေးပွဲကို တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ တတိယအပတ်တွင် လာအိုနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အတွက် အာဆီယံ၏ ဥက္ကဌ တာဝန်ကို ရယူထားသော လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံသည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး အပါအဝင် တခြား တဆက်တစပ်တည်း အပြိုင် ဆွေးနွေးပွဲ များကို အိမ်ရှင် အနေဖြင့် မြို့တော် ဗီယက်ကျင်းတွင် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ပြီးခဲ့သည့် မေလ ဆန်းကလည်း အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်သည့် လာအို နိုင်ငံကို သွားရောက် ခဲ့ကြောင်း သိရသည်။

ဝသာန်
The Ladies News
https://www.facebook.com/News.TheLadies


 ကျင့်ထုံးဥပဒေပုဒ်မ (၅၉) အရ ရဲအရေးပိုင်သည့် ပြစ်မှုမှန်သမျှကို အရပ်သားများက ဖမ်းဆီးခွင့်ရှိကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ပြည်သူလူထုအနေနှင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပျဉ်းမနားမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်ဋ္ဌေးက ပြောကြားသည်။

နေပြည်တော် ပျဉ်းမနားဝန်းကျင်တွင် အုပ်စုဖွဲ့ရမ်းကားမှုများ၊ လုယက်မှုများအဖြစ်များလာပြီး ဇူလိုင် ၁၂ ရက်နေ့ မနက်အစောပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ် နှင်းဆီပန်းအ၀ိုင်းအနီး၌ လူငယ် ၁၀ ဦးခန့် အုပ်စု ၂ စု ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လဆန်းပိုင်းကလည်း ပျဉ်းမနားမြို့လည်တွင် ဆိုင်ကယ်ဖြင့်လုယက်မှုမှ တရားခံကို ဖမ်းဆီးရမိမှုများ ရှိခဲ့ကြောင်း သိရသည်။

“လူငယ်တွေပေါ့ လမ်းသရဲဆန်ဆန် ရိုင်းပျချင်ကြတယ်။ စရိုက်တွေ ကြမ်းတယ်။ တချို့လူငယ်တွေကျတော့ မူးယစ်ဆေးသုံးဖို့ ငွေမရှိလို့ လုယက်မှု၊ ခိုးမှုတွေ ကျုးလွန်လာကြတယ်။ မူးယစ်ဆေးမသုံးရရင် ပတ်ဝန်းကျင်ကို ရန်ရှာတယ်။ သုံးစွဲပြီးရင်လည်း ရန်ရှာတယ်။ ရပ်ရွာ တရားဥပဒေစိုးမိုးဖို့ဆိုရင် ရဲတပ်ဖွဲ့နဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ရဲအရေးပိုင်တဲ့ပြစ်မှုမှန်သမျှကို ကျင့်ထုံးဥပဒေပုဒ်မ (၅၉) အရ အရပ်သားများက ဖမ်းဆီးပိုင်ခွင့်ရှိတယ်ဆိုတာကို ပြဋ္ဌာန်းပြီးသားရှိပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့စနစ်အရ ပြစ်မှုကျုးလွန်သူတိုင်းကို ပြည်သူတွေက ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင်သွားမယ်ဆိုရင် ဒုစရိုက်သမားတွေအတွက် နေရာကျဉ်းသွားမှာဖြစ်ပါတယ်”ဟု စခန်းမှူး ဒုရဲမှူး တင်ဋ္ဌေးက ပြောသည်။

ပျဉ်းမနားမြို့တွင် ရပ်ကွက် (၆) ခု၊ ကျေးရွာအုပ်စု (၃၀)၊ လူဦးရေ (၂၅၇၀၀၀) ခန့်ရှိပြီး ရဲတပ်ဖွဲ့အင်အား (၆၁) ဦးရှိသဖြင့် ရဲတပ်ဖွဲ့ဝင်တဦးလျှင် ပြည်သူ ၄၀၀ အချိုးဖြင့် လုံခြုံရေးပေးလျှက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


ရက် ၁၀၀ စီမံချက်အရ တာမွေမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက် နေသော ရဲတပ်ဖွဲ့ဝင်များက ပိုက်ဆံအိတ်လုယက်ထွက်ပြေးသူနှစ်ဦးအား ချက်ချင်းဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁၃

၁၃.၇.၂၀၁၆ ရက်နေ့ နံနက်ပိုင်းက ရက် ၁၀၀ စီမံချက်အရ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မော်တော်ာယာဉ်လှည့်ကင်းဆောင်ရွက်နေစဉ် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ တာမွေဗလီအနီး၌ ပိုက်ဆံအိတ်လုယူထွက်ပြေး သွားသည့် အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ (၁၃)ရက်နေ့ နံနက် ၀၁၀၅ အချိန်ခန့်က သန်လျင်မြို့နယ်နေ ကိုနေမျိုးလှိုင် သည် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ တာမွေဗလီကားမှတ်အနီးတွင် ၎င်းမောင်းနှင်သည့် အမှတ်(၁၀၇)ခရီးသည်တင်ယာဉ်အား ရပ်တန့်ထားရှိပြီး ပိုက်ဆံအိတ်အတွင်းမှငွေများအား ရေတွက်နေစဉ် အမျိုးသား ၂ ဦးမှ ယာဉ်ပေါ်သို့တက်လာကာ ၎င်းထံမှ ငွေကျပ်(၃၀၀၀၀)ပါရှိသည့် ပိုက်ဆံအိတ်အား လုယူခဲ့၍ ပြန်လည်လုယူရာ ၎င်းအမျိုးသား ၂ ဦးမှ ၀က်အူလှည့်ဖြင့် ရန်ပြုကာထွက်ပြေးသဖြင့် နောက်မှပြေးလိုက်သွားခဲ့စဉ် နယ်မြေအတွင်း ရက် ၁၀၀ စီမံချက်အရ မော်တော်ယာဉ်လှည့်ကင်းတာဝန်ဆောင်ရွက်နေသည့် တာမွေမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက အဆိုပါနေရာအနီးသို့ရောက်ရှိလာသဖြင့် ဖြစ်စဉ်အားပြောပြခဲ့ရာ လှည့်ကင်းယာဉ်မှတပ်ဖွဲ့ဝင်များက လုယက်သွားသူ အမျိုးသား ၂ ဦး အား လိုက်လံဖမ်းဆီးခဲ့ရာ အခင်းဖြစ်နေရာအနီး တာမွေဗလီ ထိပ်တွင် ချက်ချင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတို့အားစစ်ဆေးချက်အရ အဆိုပါလုယက်သူ အမျိုးသား ၂ ဦးမှာ ဒလ မြို့နယ်နေ ထွန်းထွန်းဝင်း၊ (၂၆)နှစ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ နွေနိုင်ဦး၊ (၂၁)နှစ်တို့ဖြစ်ကြောင်း သိရှိရကာ သက်သေခံပစ္စည်းပိုက်ဆံအိတ်အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး တာမွေမြို့မရဲစခန်း(ပ)၅၄၂/၂၀၁၆၊ ရာဇသတ် ကြီးပုဒ်မ-၃၈၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice


ဒီမိုကရေစီရဲလုပ်ငန်းဆိုသည်မှာ ပြည်သူတို့က ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ အဖွဲ့အစည်း ယန္တရားများမှတစ်ဆင့် ဒီမိုကရေစီစံနှုန်းများအတိုင်း ပြဌာန်းထားသော ဥပဒေများ နှင့်အညီ ဆောင်ရွက်ရသော ရဲလုပ်ငန်း ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ထောက်ခံအားပေးမှုဖြင့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရခြင်းသည် ဤစနစ်၏ အခြေခံဖြစ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းများကို လေးစားမှုဖြင့် စဉ်ဆက်မပြတ်ထိတွေ့ ဆက်ဆံရခြင်းများသည် ဤရဲလုပ်ငန်းစနစ်ဖြင့် တာဝန်များကို ထမ်းဆောင်ရန် အတွက် လွန်စွာအရေးကြီး ပါသည်။

ဒီမိုကရေစီနိုင်ငံများအတွက် နိုင်ငံ့ရေးရာများကိုထိန်းကျောင်းရာတွင် နိုင်ငံတဝှမ်း တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အများသဘော ဆန္ဒနှင့်အညီ ဆောင်ရွက်မှု (Consensus)၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံသားတို့၏ လွတ်လပ်ခွင့် (Freedom)ကို ကာကွယ်စောင့်ရှောက်မှုနှင့် သာတူညီမျှမှု (Equality) ဟူသည့် ဒီမိုကရေစီ စနစ်၏အနှစ်သာရများ ပါဝင်သည့် ဒီမိုကရေစီရဲလုပ်ငန်းစနစ်မှာ မရှိမဖြစ်လိုအပ်ပါသည်။ ဤစနစ်ကို ထူထောင်ရာတွင် နိုင်ငံသားပြည်သူတို့၏ ယုံကြည် ကိုးစားမှုကို တည်ဆောက်ခြင်းသည် ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းအတွင်း ပိုမို ထိရောက်ပြီး အကျိုးကျေးဇူးပြုနိုင်သော ရဲတပ်ဖွဲ့လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် အခြေခံအုတ်မြစ်ပင်ဖြစ်သည်။

၁။ ဒီမိုကရေစီရဲလုပ်ငန်း၏ရည်ရွယ်ချက်
ဒီမိုကရေစီနိုင်ငံရှိ ရဲတပ်ဖွဲ့၏ အဓိကရည်ရွယ်ချက်များမှာ နိုင်ငံသားများက ဖွဲ့စည်းပုံ အခြေခံဥပဒေပါလွတ်လပ်ခွင့်များကိုကျင့်သုံးနိုင်ရန်အတွက်ဘေးကင်းလုံခြုံ၍တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်များ ဖြစ်လာအောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပြည်သူတစ်ဦးချင်း၏ အခြေခံရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်၊ မှုခင်းများကို ကာကွယ်တားဆီး တိုက်ဖျက်ရာတွင် အကြောက်တရားနှင့် ဘက်လိုက်ခြင်း ကင်းရှင်းစွာဖြင့် နိုင်ငံသား အားလုံးအတွက် ပြစ်မှုဆိုင်ရာဥပဒေကို ညီတူညီမျှ အသုံးချရန်တို့ ဖြစ်သည်။

၂။ ဒီမိုကရေစီရဲလုပ်ငန်း၏ပင်မနိယာမများနှင့်အခြေခံမူများ
ဒီမိုကရေစီစနစ်ကို အကောင်းဆုံး မြှင့်တင်နိုင်ရန်အတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင် တစ်ရပ်ကိုဖန်တီးရာတွင် ရဲတပ်ဖွဲ့သည် တာဝန်ခံနိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေးများကို လေးစားမှု၊ သာတူညီမျှမှု စသည့် ပင်မနိယာမများနှင့်အညီ ကျင့်သုံးရမည်။ သို့မှသာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ ထောက်ခံအားပေးမှုဖြင့် ရဲတပ်ဖွဲ့၏“Legitimacy”ဟုခေါ်သည့်“ဥပဒေနှင့်အညီတာဝန်များကို ဆောင်ရွက်နိုင်စွမ်း” ကိုတည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ တည်ဆောက်ရာတွင် အောက်ဖော်ပြပါအခြေခံမူ (၄) ရပ်နှင့်အညီ ဖော်ဆောင်ရမည် ဖြစ်သည် -
(က) တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
(ခ ) ရဲကျင့်ဝတ်များနှင့်အညီ လူ့အခွင့်အရေးများကိုလေးစားမှုဖြင့် တာဝန်များ ထမ်းဆောင် ခြင်း
(ဂ ) တာဝန်ယူမှုနှင့်ပွင့်လင်းမြင်သာမှုရှိခြင်း
(ဃ) ရဲတပ်ဖွဲ့၏ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုများစနစ်ကျနခြင်း


(က) တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
နိုင်ငံတော်နှင့် နိုင်ငံတကာလုံခြုံရေးကို ထိပါးစေသော ခြိမ်းခြောက်မှုများ၊ မှုခင်းများနှင့်အကြမ်းဖက်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ ရဲတပ်ဖွဲ့ဝင်များသည် ဖိအားများအောက်တွင် အလုပ်လုပ်ကြရသည်။ သို့သော် လည်း အချိန်တိုင်းတွင် ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းဥပဒေများဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ရဲအက်ဥပဒေများအပြင် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ ပြစ်မှုတရားစီရင်ရေးကဏ္ဍနှင့် ပူးပေါင်း လျက် တရားဥပဒေ စိုးမိုးရေးအတွက်လည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မိမိတပ်ဖွဲ့၏ လုပ်ဆောင်ချက်တိုင်းသည် ဥပဒေနှင့် ညီညွတ်မှုရှိစေရန်နှင့် တရားသူကြီးများ၏ လွတ်လပ်စွာတရားစီရင်မှုနှင့် ဘက်မလိုက်မှုတို့ကို လေးစားမှုဖြင့် ဆောင်ရွက်ရန် အထူးသတိပြုရမည် ဖြစ်ပါသည်။

(ခ) ရဲကျင့်ဝတ်များနှင့်အညီ လူ့အခွင့်အရေးလေးစားမှုဖြင့်တာဝန် ထမ်းဆောင်ခြင်း
ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုဖြင့် ဒီမိုကရေစီ ရဲလုပ်ငန်းစနစ်ကို ဖော် ဆောင်နိုင်ရန်အတွက် ရဲတပ်ဖွဲ့သည် ရဲလုပ်ငန်းပိုင်ဆိုင်ရာကျင့်ဝတ်များကို လေးစားလိုက်နာလျက် အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို သက်သေပြနိုင်ရမည် ဖြစ်သည်။ ထိုသို့ ဖော်ဆောင်ရာတွင် လူသားတို့၏ဂုဏ်သိက္ခာကို လေးစားခြင်း၊ နိုင်ငံသား အားလုံးအပေါ် ခွဲခြားဆက်ဆံခြင်းမပြုဘဲ ညီတူညီမျှ ကာကွယ်စောင့်ရှောက်မှု ပေးခြင်း၊ စုံစမ်းစစ်ဆေးမှုများကို ခိုင်လုံသော အကြောင်းရင်းများပေါ်တွင်သာ အခြေပြုဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်ခြင်းခံရသူများကို အားပေးကူညီ ထောက်ပံ့ခြင်း၊ ပြစ်မှုကျူးလွန်သူများကို အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီး၍ တရားစွဲဆိုခြင်းအားဖြင့် မျှတစွာ တရားစီရင်နိုင်ရေးကို အထောက်အကူ ပေးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လူသားမဆန်သည့် ရက်စက်မှုများဖြင့် သက်သေရယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ နိုင်ငံသားတို့၏ ဒီမိုကရေစီ လွတ်လပ်ခွင့် များကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ရဲတပ်ဖွဲ့အင်အားကိုအသုံးပြုရာတွင် ပြည်သူလူထု၏ အသက်အိုးအိမ်များကို အလေးထား ကာကွယ်စောင့်ရှောက်ရန် ဟူသော မူဝါဒကို ရဲလုပ်ငန်း၏ အမြင့်ဆုံး ဦးစားပေးအဖြစ်ထားရှိခြင်း စသည့် အချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျစွာလိုက်နာရမည် ဖြစ်သည်။ ရဲတပ်ဖွဲ့သည် နိုင်ငံသားတို့၏ ဘေးကင်းလုံခြုံမှုကို သာမကလူ့အခွင့်အရေးများကိုပါ ကာကွယ်စောင့် ရှောက်ပေးရမည် ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေးများဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ပို့ချပေးရန်လည်း လိုအပ်ပါသည်။

(ဂ) တာဝန်ယူမှုနှင့်ပွင့်လင်းမြင်သာမှုရှိခြင်း
ဒီမိုကရေစီနိုင်ငံတိုင်းတွင် ပြည်သူလူထုဘေးကင်းလုံခြုံရေး (Public Safety) နှင့်ရဲတပ်ဖွဲ့ဝင်များ၏ ပြုမူဆောင်ရွက်ချက် (Police Behaviour) များ အတွက် တာဝန်ယူရသကဲ့သို့ နိုင်ငံတော်(State Control)၊ လူ့အဖွဲ့အစည်း (Social Control)နှင့် ဌာနတွင်း (Internal/ Departmental Control) ဟူသည့် ပင်မယန္တရားကြီး (၃) ခု ၏ ကြီးကြပ်ကွပ်ကဲမှုကိုလည်း တာဝန်ခံ ရပါသည်။

State Control ပိုင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့သည် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းများကို တာဝန်ခံ ရသည်။ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားများသည် ဒီမိုကရေစီနည်းလမ်း ကျသော ရဲတပ်ဖွဲ့အဖြစ်သို့ ပြုပြင်ပြောင်းလဲရာတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍက ပါဝင်သည်။ အဘယ်ကြောင့် ဆိုသော်ရဲတပ်ဖွဲ့၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ရဲတပ်ဖွဲ့သည် ရွေးကောက်ခံသမ္မတ၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် မြို့တော်ဝန်များ အပါအဝင် အစိုးရအရာရှိများကို တိုက်ရိုက်တာဝန်ခံရသည့်အတွက် အုပ်ချုပ်ရေး ကဏ္ဍ၏ စောင့်ကြည့်ကြီးကြပ်မှုသည် ရဲတပ်ဖွဲ့၏မဟာဗျူဟာပိုင်းမှသည် ဘတ်ဂျက်ပိုင်းအထိ ပါဝင်နေသည်။

ဒီမိုကရေစီနည်းလမ်းအရ တရားဥပဒေစိုးမိုးရေးအတွက် တရားရုံး များကို တာဝန်ခံရသည့်အပိုင်းတွင် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ၌ ဖိအားပေး ခြိမ်းခြောက်၍ ဝန်ခံချက်သက်သေများရယူခြင်းမျိုး မဖြစ်အောင် တာဝန်ခံရမည် ဖြစ်သလို တရားမဆိုင်ရာ တရားစွဲဆိုမှုများတွင်လည်း ကျင့်ဝတ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ခံရမည်ဖြစ်သည်။

ဥပဒေပြုရေးမဏ္ဍိုင်သည် ရဲတပ်ဖွဲ့၏လုပ်ပိုင်ခွင့် အာဏာများကို နိုင်ငံ၏ လိုအပ်ချက်နှင့်အညီ ဥပဒေများရေးဆွဲပြင်ဆင်ခြင်း၊ ရဲတပ်ဖွဲ့၏ ဌာနများ၊ စခန်းများနှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များအတွက် ရန်ပုံငွေ များချမှတ်ပေးခြင်း စသည်တို့အတွက် တာဝန်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ထိုကြောင့် ရဲတပ်ဖွဲ့ အနေဖြင့် ပြဌာန်းဥပဒေများ နှင့်အညီဆောင်ရွက် ခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့ဘဏ္ဍာများကို စီမံခန့်ခွဲခြင်း တို့ဖြင့် တာဝန်ခံရပါသည်။

Social Control ပိုင်းတွင် လူထုအခြေပြု အဖွဲ့အစည်းများ၊ မီဒီယာ များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံသားတို့၏ တိုင်တန်းချက်များကို သုံးသပ်စစ်ဆေး ပေးခြင်းအပြင် လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှု များအတွက် လမ်းဖွင့် ပေးထားခြင်းတို့ ပါဝင်သည်။

Internal/ Departmental Control ပိုင်းတွင် ရဲတပ်ဖွဲ့၏ ကျင့်ဝတ်ပိုင်း ဆိုင်ရာ စုံစမ်းစစ်ဆေးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတို့အတွက် ဌာနတွင်း စနစ်များ ရှိပါသည်။ ၎င်းဌာနတွင်း စည်းမျဉ်းစည်းကမ်းများသည် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို တည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော တာဝန်ခံမှု ဆိုင်ရာယန္တရား တစ်ခုဖြစ်သည်။

ဒီမိုကရေစီရဲလုပ်ငန်း၏ ဆောင်ရွက်ချက်များအားလုံးသည် ပွင့်လင်း မြင်သာမှုရှိမှသာ ပြည်သူလူထု၏ယုံကြည်မှုနှင့် ထောက်ခံမှုကိုရရှိနိုင်မည် ဖြစ်သော ကြောင့် ရဲတပ်ဖွဲ့သည် ဖြစ်နိုင်သမျှ အမြင့်မားဆုံးသော ပွင့်လင်း မြင်သာမှုများဖြင့် တာဝန်များကို ဆောင်ရွက်ရန် ကြိုးပမ်းရမည်ဖြစ်ပါသည်။ မှုခင်းများနှင့် ရဲလုပ်ငန်းဆောင်ရွက်ချက်များ ဆိုင်ရာသတင်းများကိုမီဒီယာမှ တစ်ဆင့်ပြည်သူလူထု သိရှိအောင် ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအတွက် ရဲတပ်ဖွဲ့ဝန်ဆောင်မှုများ တောင်းခံနိုင်မည့် စနစ်များထူထောင်ခြင်း၊ မှုခင်းနှင့် လုံခြုံရေး ဆိုင်ရာပြဿနာများကို ပြည်သူလူထုနှင့် ပွင့်လင်းစွာဆွေးနွေး နိုင်ရန် ဖန်တီးပေးခြင်း စသည်တို့သည် ရဲတပ်ဖွဲ့၏ ပွင့်လင်းမြင်သာမှုအတွက် အလေးထားဆောင်ရွက်ရမည့် အချက်များ ဖြစ်ပါသည်။

(ဃ) ရဲတပ်ဖွဲ့၏ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုများ စနစ်ကျနခြင်း
ရဲတပ်ဖွဲ့၏ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုများ စနစ်ကျနမှုရှိစေရန်အတွက် ဆောင်ရွက် ရာတွင် လုပ်ထုံးလုပ်နည်းများ၊ ရည်မှန်းချက်များနှင့်အညီ ရှင်းလင်းသော အမိန့်ညွှန်ကြား ချက်များဖြင့် ကွပ်ကဲအုပ်ချုပ်ခြင်း၊ ရဲတပ်ဖွဲ့၏ဝန်ဆောင်မှု အရည်အသွေးများ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် မြှင့်တင်ပေးခြင်း၊ ခွဲခြားဆက်ဆံမှု မပြုသည့် နိုင်ငံသားအားလုံးကို ကိုယ်စားပြုသောဖွဲ့စည်းပုံ ဖြစ်ခြင်း၊ တပ်ဖွဲ့ဝင်သစ် စုဆောင်းရာတွင် အမျိုးသမီးများနှင့် နိုင်ငံသား လူနည်းစုများ အရေအတွက် လုံလောက်စွာပါဝင်ခြင်း၊ ရဲအရာရှိများ ခန့်အပ် ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းများသည် ပွင့်လင်းမြင်သာမှုရှိ၍ ဝန်ထမ်း၏ အသိပညာ၊ ကျွမ်းကျင်မှုအရည်အသွေးနှင့် အကျင့်စာရိတ္တကောင်းများအပေါ်တွင် အခြေခံခြင်း၊ ရဲတပ်ဖွဲ့ဝင်တို့၏ နိုင်ငံသား အခွင့်အရေးများနှင့် ရပိုင်ခွင့် များကို အပြည့်အဝခံစားနိုင်အောင် စီမံပေးခြင်း၊ လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော ပစ္စည်းကိရိယာများ ဖြည့်ဆည်းပေးခြင်းနှင့် တပ်ဖွဲ့ဝင်များ၏ အသိအမြင်ဗဟုသုတနှင့် စွမ်းရည်များ တိုးတက် စေရန် ဒီမိုကရေစီရဲလုပ်ငန်း၏မူဝါဒများ၊ ရဲလုပ်ငန်းနှင့် လူ့အခွင့် အရေးများ ဆိုင်ရာ နိုင်ငံတကာစံနှုန်းများပါဝင်သည့် သင်တန်းများကို ရဲတပ်ဖွဲ့ဝင် အဆင့်အားလုံး အတွက် စဉ်ဆက်မပြတ် စီမံပေးခြင်းတို့ ပါဝင်သည်။

၃။ ဝန်ဆောင်မှုကိုရှေးရှုသောရဲလုပ်ငန်းဆောင်ရွက်ခြင်း
ဒီမိုကရေစီနိုင်ငံတစ်ခုရှိ ရဲတပ်ဖွဲ့၏ ပင်မတာဝန်သည် တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းများကို ကာကွယ်တားဆီးလျက် ပြည်သူလူထု ဘေးကင်းလုံခြုံမှုရှိစေရန် ရဲတပ်ဖွဲ့၏ ဝန်ဆောင်မှုများကို ထိရောက်မှု(Effectiveness)၊ ကျွမ်းကျင်မှု (Efficiency)၊ အများ ပြည်သူ လက်လှမ်းမီမှု (Accessibility)၊ တာဝန်ခံနိုင်မှု (Accountability) စသည့် စံနှုန်းများနှင့်အညီ ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ ဝန်ဆောင်မှုကိုရှေ့ရှုသော ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူဗဟိုပြုသောရဲလုပ်ငန်း (Community Policing)၊ ပြဿနာ ဖြေရှင်းမှုကို ရှေးရှုသော ရဲလုပ်ငန်း (Problem-oriented Policing) နှင့် သတင်း အချက်အလက်ကို လက်ဦးမှုရယူ ဆောင်ရွက်သည့်ရဲလုပ်ငန်း (Intelligent-led Policing) တို့ကို ဖော်ဆောင်ပေးရမည် ဖြစ်သည်။

၎။ ဒီမိုကရေစီရဲလုပ်ငန်းတွင်ရှိရမည့် သွင်ပြင်လက္ခဏာများ
ဒီမိုကရေစီရဲလုပ်ငန်း၏ သဘောသဘာဝအရ ရဲတပ်ဖွဲ့သည် ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာဥပဒေများနှင့် စံသတ်မှတ်ချက်များ၏ စည်းကမ်းဘောင်အတွင်းတွင် ရဲတပ်ဖွဲ့ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ရသည်။ ထို့အပြင် အင်တာနက်နှင့် အီးမေးလ်မှတစ်ဆင့် ပြည်သူတို့၏အခက်အခဲပြဿနာများကို တိုင်တန်းနိုင်သော စနစ်များထူထောင်ထားရှိခြင်း၊ ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်သော တိုင်ကြားချက်များကို စုံစမ်းတင်ပြရန် အတွက် အရာရှိများခန့်ထားခြင်း၊ ရဲတပ်ဖွဲ့အပေါ်အများပြည်သူ၏ ခံစားချက်အမြင် သဘောထားများကို သိရှိနိုင်မည့် လူထုသဘောထားစစ်တမ်းကောက်ယူမှု (Public Opinion Poll)များထားရှိခြင်းနှင့် ၎င်းတို့ကို အများပြည်သူသိရှိအောင် ဆောင်ရွက်ခြင်း တို့လည်း လိုအပ်ပါသည်။

နိဂုံးချုပ်အားဖြင့် ဒီမိုကရေစီခေတ်၏ရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုး ရေးအတွက် မှုခင်းတိုက်ဖျက်သူ (Crime Fighter) များအနေဖြင့်သာမက ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်း အတွက် လူ့အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ပေးသူ(Human Rights Protector)များ၊ နိုင်ငံသားများအားလုံး ဘေးကင်းငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် စောင့်ရှောက်ပေးရသူ (Peacekeeper) များဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင် အဆင့်ဆင့်သည် ဒီမိုကရေစီရဲလုပ်ငန်း၏ ကျင့်ဝတ်များနှင့် စွမ်းရည်များကို လေ့လာသင်ယူလျက် မိမိ၏လုပ်ပိုင်ခွင့်များနှင့် ဥပဒေကို အသုံးချမှုများတွင် ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ ဝင်ကောင်းများအဖြစ်သာမက လုပ်ငန်းခွင်နှင့် ဘဝလမ်းကြောင်း တစ်လျှောက်တွင် စံပြနိုင်ငံသား ကောင်းတစ်ယောက်၏ တန်ဖိုးများ၊ ကိုယ်ကျင့်သီလကောင်းများနှင့် အညီ ပြုမူကျင့်ကြံ နေထိုင်ကြရမည်ဖြစ်သည်။

ထို့ကြောင့် မိမိအဖွဲ့အစည်း၏ဂုဏ်သိက္ခာနှင့် မိမိ၏ကိုယ်ပိုင် အရည်အသွေး တို့ကို အစဉ်မြှင့်တင်လျက် နိုင်ငံတော်နှင့် ပြည်သူပေါ် အကျိုးပြုရသည့် မိမိအလုပ်ကို တန်ဖိုးထား ဂုဏ်ယူစွာဖြင့် အစဉ်ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

ဇော်ဝင်း
https://www.facebook.com/yezarnimedia/

References
“Democratic Policing: A Framework for Action” by Christopher Stone and Heather H.Ward
“Governing policing in a democracy - A primer”by Phillip Stenning, Professor in Criminology, Keele University
“Maintaining democratic policing: the challenge for police leaders” by Professor Rogers @ Public Safety Leadership Research Focus, Volume 2, Issue 2, June 2014
“Principles and Concept of Democratic Policing” by Dr. Markus H.F. Mohler, Lecturer on public, especially safety/security and police law at the University of Basel © Geneva Centre For the Democratic Control of Armed Forces, July 2009


 နေပြည်တော်မှ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ ယနေ့(ဇူလိုင် ၁၃ ရက်) မွန်းလွဲ ၁ နာရီက တပ်မတော် အထူးလေယာဉ်ဖြင့် ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - ဖြိုးမင်းသိန်း (Facebook)


မွန်ပြည်နယ်၊ သထုံခရိုင်နှင့် ကရင်ပြည်နယ်၊ မြဝတီသို့ ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲနေသည့် ယာဉ်များအား ဇူလိုင် ၁၃ ရက်၊ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာမှ လိုင်စင်မဲ့ခရီးသည်တင်မော်တော်ယာဉ် သုံး စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။

သထုံခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်းအဖွဲ့သည် ဘားအံဘက်မှ သထုံ ဘက်သို့မောင်းနှင်လာသော မော်တော်ယာဉ်များအား စစ်ဆေးရာတွင် ယာဉ်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတရာ ပြသနိုင်ခြင်းမရှိသော ယာဉ်မောင်း ကျော်လင်းထက်(၃၅)နှစ်မောင်းနှင်လာသော 3G /---- Caldina ယာဉ်၊ ယာဉ်မောင်း အေးလွင်(၅၃)နှစ်မောင်းနှင်လာသော 9K/---- Probox ယာဉ်နှင့် ယာဉ်မောင်း သိန်းလှ (၅၀)နှစ်မောင်းနှင်သော 4C/---- ယာဉ်တို့ကိုဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ လိုင်စင်မဲ့ယာဉ်တင်သွင်းမောင်းနှင်သူ ကျော်လင်းထက်အား(ပ) ၃၃၀ /၂၀၁၆၊ ပို့ကုန် သွင်းကုန်ပုဒ်မ(၈)၊ အေးလွင်အား (ပ) ၃၃၁ /၂၀၁၆၊ ပို့ကုန်သွင်းကုန်ပုဒ်မ (၈)နှင့် သိန်းလှအား (ပ) ၃၃၂/၂၀၁၆၊ ပို့ကုန်သွင်းကုန်ပုဒ်မ(၈)ဖြင့် သထုံမြို့မရဲစခန်းမှ အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper


Posted on 13July2016

ထိုင်းနိုင်ငံ ခွန်ကင် မြို့ နယ် က သံဃာတွေ ဘုန်းကြီးကျောင်းမှာ ရာဘ မူးယစ်ဆေးတွေ သုံးနေတာကို ရွာသားတွေ သည်းမခံတော့တာကြောင့် နယ်မြေ ခံစစ်တပ် အာဏာပိုင်တွေကို တိုင်းတန်းခဲ့ရပါတယ်။


နယ်မြေလုံခြုံရေးယူထားတဲ့ ဗိုလ်မှူးကြီးကိုယ်တိုင် ဘုန်းကြီးကျောင်းကို စစ်တပ်နဲ့  ၀ိုင်းပြီး ဖမ်းခဲ့ပါတယ်၊ အဆိုပါကျောင်းတိုက်အတွင်း ဆေးစွဲနေကြတဲ့ သံဃာ (၅)ပါးကို သက်သေခံ ရာဘ ဆေးပြားတွေနဲ့ ဖမ်းမိခဲ့တဲ့  နောက် လူဝတ်လဲခဲ့ပြီး ရဲစခန်းကို ဥပဒေကြောင်းအတိုင်းအရေး.ယူဖို့  ခေါ်ဆောင်သွားခဲ့ပါတယ်။


ထိုင်းစစ်တပ်ဟာ ထိုင်းနိုင်ငံအတွင်းမှာ မာဖီးယားဂိုဏ်း နဲ့ အနိုင်ကျင့်နေသူတွေ -စီးပွားရေးလုပ်နေတဲ့သံဃာတွေမူးယစ်ဆေးဆွဲနေတဲ့ ရဟန်းအတုတွေ ကို သာသနာသန့် ရှင်းအောင် လက်တွေ့  ရှင်းလင်းအရေးယူပေးခဲ့ တာဖြစ်ပါ တယ်။

Social Action for Women - SAW


ဒီနေ့  ၁၃.၀၇.၂၀၁၆ ရက်နေ့  နေ့လည် ၃း၃၀ နာရီခန့် တွင် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ၁၀ တန်းအောင် ကျောင်းသူ ကျောင်းသားများ ဆုပေးပွဲမှာ တအာင်းပလောင်စစ်သား တစ်ဦးက ခန်းမရှေ့မှ ၀င်လာပြီး ဆရာ စိုင်းဆန်ခေးအား  သေနတ်ဖြင့် (၆)ချက် ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။


ပစ်ပြီးတော့ သေနတ်သမားဟာ နောက်တစ်ယောက် သူ့ ကို ဆိုင်ကယ်စက်နိုးပြီး လမ်းနဲ့မနီးမဝေးမှာ အဆင်သင့်စောင့်နေသောသူက တင်ဆောင်ထွက်ပြေးသွားပါသည်။


 ဆိုင်ကယ်စက်နိုးစောင့်နေတဲ့ သူနဲ့  မျက်နှာချင်းဆိုင် တွေ့ ဆုံခဲ့တဲ့ လူငယ်တစ်ယောက် ပြန်ပြောပြတာက -  ဆိုင်ကယ်သမားဟာ" ဖုန်ကာပါးစပ် တပ်ပြီး လူငယ်ကိုလမ်းဖယ်မပေးလို့စကားနဲနဲ များခဲ့ရသေးတယ်။ တအာင်းစကားလေသံဖြစ်တယ်။ တအာင်းစကားဖြင့် ပြန်ပြောခဲ့သေးတယ်"ဟု လူတစ်ယောက်က ရှင်းပြသွားသည်။ ဒါကြောင့် တအာင်းစစ်သား ၂ ဦးလက်ချက်ဖြစ်ကြောင်း စကားပြောမိသော လူငယ်တစ်ဦးက ပြောပြသွားသည်။

သေနတ်ပစ်ခံရသောသူမှာ သျှမ်းစာပေယဉ်ကျေးမှုဆရာ တစ်ယောက်ဖြစ်သော စိုင်ဆန်ခေး (ခ) မော်လှိုင် ကွန်ကိုင်း ဖြစ်သည်။ လူမှုရေးတွင် အထူးလုပ်သော လူတစ်ယောက်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သတင်း - မာင်သန့်စင်
ခေတ္တ နမ့်ခမ်း


မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ရရှိခဲ့တယ်လို့ Nippon (နီပွန်) ကြေးနန်းနဲ့တယ်လီဖုန်း ကော်ပိုရေးရှင်း(NTT)ကဇူလိုင်(၁၃)ရက်မှာ ကြေညာလိုက်ပါတယ်။

 ပထမအဆင့်အနေနဲ့ ရန်ကုန်မြို့မှာ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုရရှိနိုင်အောင် စတင် အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

Digi-Path Premier ဆိုတဲ့ဝန်ဆောင်မှုမှာတော့၊ NTT ရဲ့ကမ္ဘာလုံး ဆိုင်ရာအင်တာနက်နက်ဝါ့ခ်ကွန် ယက်နဲ့ချိတ်ဆက်ပေးထားပြီး 1Mbps အင်တာနက်မြန်နှုန်းဝန်ဆောင်မှုကို ရရှိမှာဖြစ်ပါတယ်။

အခြားအပိုဝန်ဆောင်မှု အနေနဲ့ Global IP address အပါအ၀င်၊ web hosting, mail hosting၊ routers ငှားရမ်းမှု ၊ firewalls တွေကိုစီမံခန့် ခွဲမှု၊ internet VPN နဲ့ဖိုင်လွှဲပြောင်းတာတွေကိုလည်းရရှိနိုင်မှာ ဖြစ်ပါတယ်။

 NTT ရဲ့ဝန်ဆောင်မှုသစ်တွေမှာတော့ စိတ်ချယုံကြည်ရတဲ့ ဆက်သွယ်ရေးပတ်ဝန်းကျင်၊မြန်ဆန်တဲ့လွှဲပြောင်းမှုနဲ့ (၂၄)နာရီပတ်လုံး အသုံးပြုနိုင်မယ့်နက်ဝါ့ကွန် ယက်ကိုရရှိခံစားရမှာဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb