07/15/16


ဇူလိုင်လ ၁၃ရက်နဲ့ ၁၄ရက် ကျင်းပနေတဲ့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန) ၄၇ပါးစုံညီ အစည်းအဝေး။ သတင်းဓာတ်ပုံ -သာသနာရေးဝန်ကြီး သူရဦးအောင်ကို
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို ရန်လိုသူတွေက ဖြန့်နေတာကြောင့် ပြည်သူတွေ ကြားမှာ မဘသ.ကို အထင်အမြင်လွဲစရာတွေဖြစ်လာတယ်လို့ မသဘအဖွဲ့ ဆရာတော်တပါး က မိန့်ကြားလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ မဘသ အဖွဲ့ ဆက်လက် ရပ်တည်ခွင့် ရှိမှာဖြစ်ပေမယ့် ဒီမိုကရေစီ လမ်းကြောင်းကို နောက်ပြန် သွားတာမျိုး၊ အာဏာရှင်စနစ်ကို အသက်ပြန် သွင်းတာမျိုးကိုတော့ လက်ခံမှာ မဟုတ်ဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးက ပြောဆိုလိုက်အပြီး အခုလို တုန့်ပြန် လိုက်တာပဲ ဖြစ်ပါ တယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်လက် တင်ပြပါမယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တလောက စင်္ကာပူနိုင်ငံခရီးစဉ်အတွင်း မဘသ- မရှိသင့်တော့ဘူးဆိုတဲ့ ပြောဆိုမှုထွက်ပေါ်လာပြီး နောက်ပိုင်း မဘသအဖွဲ့နဲ့ ပတ်သက်လို့ နိုင်ငံတော် သံဃ မဟာနာယက(မဟန)အဖွဲ့က ဇူလိုင် ၁၂ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန် ပြီး မဘသအဖွဲ့ဟာ သံဃာ့အဖွဲ့အစည်းရဲ့အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွဲ့စည်းထားတာမျိုး မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။

သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းပိုင်ခွင့် ရှိတယ်လို့ ပြဌာန်း ထားတာကြောင့် မသဘ အဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်ခွင့် ရှိမှာဖြစ်ပေမယ့် ရှောင်ရန် အချက်တွေနဲ့ပတ်သက်ပြီးလည်း သူက သတိပေး ပြောကြားသွားပါတယ်။

" တည်ဆဲ ၂၀၀၈ အခြေခံဥပဒေမှာ မဘသအဖွဲ့အပါအဝင် ဘာသာရေးနဲ့ဆိုင်တဲ့ အသင်းအဖွဲ့တွေ လူမှုရေးအသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်တယ် ဆိုပြီး ပြဋ္ဌာန်းပါရှိပါတယ်။ အခြေခံဥပဒေပြဋ္ဌာန်းချက်အရတော့ ဘာသာရေးကို အခြေခံတဲ့ လူမှုရေးအဖွဲ့ အဖြစ် ကြေညာ ရပ်တည်ခွင့်ရှိတယ်။ တခုတော့ရှိတာပေါ့။

မဘသအနေနဲ့ ဒီမိုကရေစီကို နောက်ပြန်သွားလိုတယ်။ အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်းလိုတဲ့ လူပုဂ္ဂိုလ် တစုတဖွဲ့ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချခြင်း မခံဘူးဆိုရင်တော့ လူမှုရေးဘာသာရေးအသင်းအဖွဲ့တဖွဲ့အဖြစ်နဲ့ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်။"

အခုလို အထင်မြင်

လွဲမှားစရာ အခြေအနေတွေ ပေါ်လာရတာဟာ မဘသပေါ် ရန်လိုသူတွေက ဖြန့်နေတဲ့ သတင်းမှားတွေကြောင့် အထင်မှား စရာတွေဖြစ် လာရတယ် လို့ မသဘ(ဗဟို)ရဲ့ ပြောခွင့်ရဆရာတော် ဒေါက်တာ ဦးတေဇနိယက မိန့်ပါတယ်။

" ဘုန်းဘုန်းတို့ မဘသမှာ မူဝါဒတွေ ချမှတ်ထားပြီးသား။ ဘာသာပေါင်းစုံကြားထဲမှာ တဘာသာနဲ့ တဘာသာ လေးစားလိုက်နာရေး မူဝါဒ ဘုန်းဘုန်းတို့ဆီမှာ ရှိတယ်။ ဘုန်းဘုန်းတို့ အရင်တုန်းကလည်း ဒီအတိုင်းပဲ သွားတာပဲ။ ဒီကြားထဲမှာ ဘုန်းဘုန်းတို့ မဘသအပေါ် ရန်သူတွေက အစီအစဉ်တကျ သတင်းအမှားတွေ သတင်းအတုတွေနဲ့ လုပ်နေတယ်။ မူဝါဒ ဖြန့်နေပါတယ်။ အဓိက ကတော့ မဘသကို မဟုတ်မဟတ် သတင်းတွေ လွှင့်နေတာကြောင့် ဘုန်းဘုန်းတို့ မဘသအဖွဲ့ကို ဒီလိုဖြစ်နေတာဖြစ်ပါတယ်။"

မဘသပေါ် ဘယ်သူတွေက ရန်လိုနေတယ်ဆိုတာကိုတော့ ဆရာတော် ဦးတေဇနိယက ရှင်းမပြခဲ့ပါဘူး။ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ၀ိဇယ မင်္ဂလာဓမ္မသဘင်မှာ နှစ်ရက်ကြာ ကျင်းပတဲ့ မဟနအစည်းအဝေးမှာ မဘသ အဖွဲ့အစည်းနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး ဥပဒေကြမ်း တရပ် ရေးဆွဲသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မတူကွဲပြားတဲ့ ဘာသာဝင်တွေကြား မလိုလားအပ်တဲ့ ပဋိပက္ခပြဿနာ တွေ မပေါ်ပေါက်စေဖို့ လိုအပ်ရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဝန်ကြီး သူရဦးအောင်ကိုကပြောပါတယ်။

" ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အကြီးအကဲတွေရဲ့ တင်ပြချက်အရ အမုန်းစကားဖြန့်ဝေမှု သွေးခွဲမှုတို့ကြောင့်မို့လို့ မလိုလားအပ် တဲ့ နောက်ဆက်တွဲ ပြသနာတွေ ပဋိပက္ခတွေ မပေါ်ပေါက်စေနိုင်ဖို့ အတွက်ကို တားဆီးရေး ဥပဒေမူကြမ်းတခုရေးဆွဲဖို့အတွက်ကို ဆုံးဖြတ်ကြပါတယ်။ ဘာသာတခုနဲ့တခုကြားမှာလည်းပဲ ပဋိပက္ခဖြစ်စေမယ့်ဟာတွေကို ပြုလုပ်တဲ့ ရဟန်းသာမဏေဖြစ်ဖြစ် လူပုဂ္ဂိုလ်ဖြစ်ဖြစ် လိုအပ်ရင် အရေးယူဖို့ ကိစ္စကိုလည်းပဲ လျောက်ထားခဲ့ပါတယ်။"

ဘာသာရေးဆိုင်ရာ ပဋိပက္ခတားဆီးရေး ဥပဒေကြမ်းကို ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ရေးဆွဲဖို့ သဘောတူခဲ့ကြ ပါတယ်။ တကယ်တော့ မဘသအဖွဲ့ဟာ ကိုယ့်ဘာသာ၊ သာသနာနဲ့ ကိုယ့်လူမျိုးအတွက်သာ လုပ်ဆောင်လိုတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆရာတော် ဦးတေဇနိယက မိန့်ပါတယ်။

" ဦးဇင်းတို့ကတော့ အစကတည်းက မဘသဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ အတွက်သီးသန့်ပဲ။ တကယ်က အာဏာလည်း မမက်ဘူး။ ပါတီလည်း မဖက်ဘူး။ တကယ့်ကို ဗုဒ္ဓလမ်းစဉ်အတိုင်း ကိုယ့်ဘာသာ ၊ ကိုယ့်လူမျိုး ကိုယ့်သာသနာအတွက်ပဲ လုပ်တာပဲဖြစ်ပါတယ်။"

မဘသအဖွဲ့ကို လွန်ခဲ့တဲ့ ၃နှစ် ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

 ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ပြင်သစ်အမျိုးသားနေ့ လူအုပ် ကားဝင်တိုက် လူ ၇၀ ကျော် သေဆုံး။ (ဇူလိုင် ၁၄၊ ၂၀၁၆)
ပြင်သစ်နိုင်ငံ တောင်ပိုင်း Nice မြို့မှာ ကြာသာပတေးနေ့ ညပိုင်းမှာ ကျင်းပတဲ့ ပြင်သစ်အမျိုးသားနေ့ Bastille Day အထိမ်းအမှတ် အားလပ်ရက် မီးရှုးမီးပန်း ပစ်ဖေါက်ပွဲကို ကြည့်ရှုနေကြတဲ့ လူအုပ်ကြီးကို ကျနော်တို့ အသံမလွှင့်ခင် အချိန်မှာပဲ အရှိန်မြှင့် မောင်းနှင်လာတဲ့ လော်ရီထရပ်ကားကြီးတစီးက ၀င်ရောက် တိုက်ခိုက် ခဲ့တဲ့အတွက် လူပေါင်း ၇၀ ကျော် သေဆုံးပြီး တစ်ရာ ဒဏ်ရာရရှိ ခဲ့တယ်လို့ ပြင်သစ် ရုပ်သံသတင်းကို ကိုးကားပြီး အနောက်နိုင်ငံ သတင်းဌာနတွေ က ဖေါ်ပြကြပါတယ်။


ထရပ်ကားဟာ လူအုပ်ထဲကို ခပ်ဝေးဝေးထိအောင် တောက်လျှောက် တိုက်သွားခဲ့တယ်လို့ တာဝန်ရှိသူတဦးက BMF ရုပ်သံဌာနကို ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ကိုးကားဖေါ်ပြပါတယ်။


တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်ကို အကြမ်းဖက် လုပ်ရပ်အဖြစ် တရားဝင် ကြေညာပြောဆိုခြင်း မပြုသေးပါဘူး။ ဒါပေမဲ့ မျက်မြင်သက်သေတွေ ကတော့ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြပါတယ်။ ထရပ် ကားမောင်းသူကို လုံခြုံရေးတာဝန်ရှိသူတွေက ပစ်သတ် လိုက်တယ် လို့ ပြင်သစ် ရုပ်သံသတင်းမှာ ဖေါ်ပြပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



လူတွေ ကြောက်လန့်ပြီး ပြေးလာကြ
ပြင်သစ်နိုင်ငံ တောင်ပိုင်းက နိစ်မြို့မှာ အမျိုးသားနေ့ ကျင်းပနေတုန်း လော်ရီကားနဲ့ လူအုပ်ထဲ ဝင်တိုက်လို့ လူအများအပြား သေဆုံးတယ်လို့ သတင်းရပါတယ်။

လူ ၆ဝ လောက် သေဆုံးပြီး တရာကျော် ဒဏ်ရာ ရတယ်လို့ ဒေသခံ အရာရှိ တယောက်က ဆိုပါတယ်။

ဒါဟာ တိုက်ခိုက်မှုကြီးပဲ လို့လည်း သူက ဆိုပါတယ်။

ပစ်ခတ်သံတွေ ကြားရပြီး လမ်းပေါ်မှာ လူတွေ တုန်လှုပ်နေကြတယ် လို့လည်း မျက်မြင်တွေက ဆိုပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ရှိနေတဲ့ Colin Srivastava ပြောတာက

"နိစ် မြို့ဟောင်းထဲမှာ ထိုင်နေကြတုန်း လူတွေ ကြောက်လန့်ပြီး ပြေးလာကြ တာကို တွေ့ရပါတယ်။ လမ်းမှာ တွေ့တဲ့ ရဲတွေကလည်း သူတို့ကိုယ်တိုင် ထွက်ပြေးနေကြပြီး လူတွေကိုလည်း ပြေးခိုင်းလို့ ဆက်ပြေးခဲ့ရတယ်" လို့ ဆိုပါတယ်။

နိစ်မြို့ခံတွေကို အိမ်ထဲမှာပဲ နေဖို့ အမိန့်ထုတ်ထားပါတယ်။ လော်ရီကားမောင်းသမား ကိုတော့ ရဲက ပစ်သတ်ခဲ့ပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အောလန်း အရေးပေါ် အစည်းအဝေး လုပ်ဖို့ ပဲရစ်ကို ပြန်နေပါပြီ။

မနှစ်က ပဲရစ် မြို့တော်မှာ အစ္စလာမ္မစ် စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့ပြီးနောက် ပြင်သစ် တနိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာ ထားတာလည်း ခုထိ မရုပ်သိမ်းရသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese



စစ်ကိုင်းတိုင်း တချို့ မြို့တွေ စိုးရိမ်ရေမှတ် အထက်ရောက်
ကပ္ပလီ ပင်လယ်နဲ့ ဘင်္ဂလား ပင်လယ်အော် တို့မှာ မုတ်သုန်လေ အား အသင့်အတင့် ရှိနေတယ်လို့ မိုးလေ၀သ က ကြေညာထားပြီး စစ်ကိုင်းတိုင်း အတွင်းက တချို့ မြို့တွေမှာ စိုးရိမ်ရေမှတ် အထက်ကို ရောက်နေပါတယ် ။

စစ်ကိုင်းတိုင်း အတွင်းက ရွှေလှေ ၊ တောကျောင်း ၊ ပလောင်နဲ့ ဝဲကြီး ဝဲကွပ် စတဲ့ အရပ်တွေမှာ ရေကြီး ရေလျှံနေတဲ့ အတွက် အမြင့်ပိုင်းကို ပြောင်းရွှေ့နေရတဲ့ အိမ်ခြေ ရာနဲ့ချီရှိပြီး ကျောင်းတွေလည်း ပိတ်ထားရပါတယ်။

အဲဒီ အရပ်ဒေသတွေဟာ ရေတက်လေ့ရှိတဲ့ နေရာတွေ ဖြစ်တာကြောင့် စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့ စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် လွှတ်တော် အမတ် ဒေါက်တာ သိန်းနိုင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း အတွင်းက ရှစ်မြို့မှာ တိုင်းထွာ ကြည့်တဲ့ အခါ ခန္တီး ၊ ဟုမ္မလင်း နဲ့ ဖောင်းပြင် တို့မှာ အခုအခါမှာ စိုးရိမ်အမှတ်အောက် ရောက်သွားပြီ ဖြစ်ပေမယ့် မော်လိုက်နဲ့ မင်းကင်းမှာ စိုးရိမ်ရေမှတ် အထက် နှစ်ပေခွဲ ကျော်နေပြီး ကလေးဝနဲ့ မုံရွာ မှာတော့ စိုးရိမ် အမှတ်ထက် တပေ မြင့်နေသလို ကနီ မြို့မှာတော့ စိုးရိမ်ရေ သုံးပေခွဲ လွန်နေလို့ နောက်သုံးရက်လောက်ထိ ရေကျတာ စောင့်ရမယ်လို့ မိုးလေ၀သ ဌာနက ပြောပါတယ်။

နောက်နှစ်ရက်အတွင်း င၀န်မြစ် တလျှောက် ငသိုင်းချောင်းမှာ စိုးရိမ်ရေမှတ် အထက် ဆက်ရှိနိုင် သလို ဧရာဝတီ မြစ်ပေါ်က ညောင်ဦးမှာ စိုးရိမ်ရေမှတ်နား ကပ်နိုင်ပြီး ဇလွန်နဲ့ ဟင်္သာတ မြို့တွေမှာ ဂရုစိုက်ရနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနက ညွှန်ချုပ် ဦးကျော်မိုးဦးက ရှင်းပြပါတယ်။

ချင်းတွင်းမြစ်ပေါ်က မြို့တွေမှာတော့ ရေပြန်ကျနိုင်တယ်လို့ သိရပါတယ်။

နောက်နှစ်ရက်လောက်နေရင် ရခိုင်ဘက်မှာ မိုးအားလျော့နိုင် ပေမယ့် ကချင်နဲ့ စစ်ကိုင်းတိုင်းမှာတော့ မိုးအားပိုနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

 tuna-myanmar-workers-620.jpg အလုပ်ဖြုတ်ခံရတဲ့ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ TUNA ငါးသေတ္တာစက်ရုံက မြန်မာအလုပ်သမားတွေကို ဇူလိုင်လ ၁၄ ရက်နေ့က စက်ရုံရှေ့မှာတွေ့ရစဉ်

ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ တူနာ ငါးသေတ္တာစက်ရုံက ရရှိသင့်တဲ့ လုပ်အားခကို တောင်းခဲ့ကြသူ မြန်မာ အလုပ်သမား တစ်ရာကျော် အလုပ်ထုတ်ခံရတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။ မြန်မာ အလုပ်သမားတွေနဲ့အတူ အလုပ်အတူတူလုပ်တဲ့ ကမ္ဘောဒီးယားလုမျိုး ၁၀၀ ခန့်လည်း ရသင့်တဲ့ငွေကို တောင်း တာကြောင့် အလုပ်ထုတ်ခံလိုက်ရပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်ပါမစ် ပန်းရောင်လက်မှတ်နဲ့ နိုင်ငံကူးလက်မှတ်တွေ အပြည့်အစုံရှိတဲ့ တရားဝင်အလုပ်လုပ်ခွင့်ရှိ အလုပ်သမားတွေဖြစ်ကြပါတယ်။ သူတို့ရရှိသင့်တဲ့ လုပ်ခငွေ ဟာ ၁ လခွဲစာဖြစ်ပြီး အလုပ်ရှင်က လုပ်ခ ၁ လစာသာပေးပြီး အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ AAC အဖွဲ့က ကိုရဲမင်း က ပြောပြပါတယ်။

"သူတို့လုပ်အားခ ၄၅ ရက်စာကို ၁၅ ရက်တစ်ခါ ၁၅ ရက်တစ်ခါနဲ့ သုံးပတ်တောင်ကျော်သွားလို့ သုံးစရာမရှိတော့ လို့ တောင်းတာကို မပေးတော့ အလုပ်သမား ၂ဝဝ နီးပါးလောက်က အလုပ်သမားရုံးနဲ့ ကျနော်တို့ AAC အဖွဲ့ကို လာရောက်တောင်းဆိုတော့ အလုပ်ရှင်က အဲ့ဒါကိုသိသွားပြီးတော့ သူတို့သွားတိုင်ရမလားဆိုပြီး မကျေနပ်ဘူးပေါ့ ၊ အဲ့ဒါနဲ့ သူတို့ကို အလုပ်ဖြုတ်လိုက်တာပါ၊ အဲ့အလုပ်သမား ၂ဝဝ ကျော်ထဲမှာ ကမ္ဘောဒီးယားလူမျိုးက ၁ဝဝ ကျော် နဲ့ မြန်မာက ၁ဝဝ နီးပါးပါခင်ဗျ၊ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ဆင်းလာပြီးတော့ ဒီအလုပ်သမားတွေ လုပ်အားခအကျန်တွေနဲ့ ထိုက်သင့်တဲ့နစ်နာမှုတွေပေါ့၊ နောက်အလုပ်ပြောင်းရွှေ့ဖို့တွေ လာစီစဉ်ပေးတယ်"

အလုပ်ရှင်က အလုပ်သမားတွေကို တစ်လစာ လစာထုတ်ပေးပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ယူပြီး ချက်ခြင်း သူတို့နေထိုင်ရာ စက်ရုံဝင်းထဲက ထွက်ခိုင်းခဲ့ပါတယ်။ အလုပ်သမားတွေကို မဟာချိုင်မှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ယာယီနေထိုင်ဖို့ AAC က စီစဉ်ပေးပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကလည်း ဆန်နဲ့ စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်တယ်လို့ သိရပါတယ်။

ခုလိုမြန်မာအလုပ်သမားတွေ မတရား အလုပ်ဖြုတ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်လျောက်ရေးအဖွဲ့ကို တင်ပြပြီး ဆောင်ရွက်သွားမယ်လို့ AAC အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။

ထိုင်းနိုင်ငံမဟာချိုင်ရှိ ငါးသေတ္တာစက်ရုံက အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကိစ္စနဲ့ ပတ်သက်ပြီး စက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝင်းထိုက် ကို ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းထား ပါတယ်။

RFA
http://www.rfa.org/burmese/news/tuna-myanmar-workers-dismissed-at-thai-07142016122130.html



ပဲခူးတိုင်း ကဝမြို့နယ်က စာဖြူစုကျေးရွာအနီးမှာ စစ်တောင်းမြစ်ရေတိုက်စားပြီး မြေပြိုမှုဖြစ်နေတာကို တွေ့ရစဉ်
ပဲခူးတိုင်း ကဝမြို့နယ်မှာ စစ်တောင်းမြစ်ရေတိုက်စားပြီး မြေပြိုတာတွေဖြစ်နေတာကြောင့် အိမ်ခြေ ၁ဝဝ ကျော်ရှိတဲ့ စာဖြူစုကျေးရွာ တစ်ရွာလုံး ရွှေ့ပြောင်းဖို့အတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ လိုအပ်နေကြောင်း မြေပြို ကျမှုတွေ ဖြစ်နေတဲ့နေရာကို သွားရောက်လေ့လာခဲ့သူတွေက ပြောပါတယ်။

စစ်တောင်းမြစ်ရေတိုက်စားပြီး မြေပြိုကျမှုဖြစ်တဲ့နေရာနဲ့ စာဖြူစုကျေးရွာဟာ ပေ ၁ဝဝ ကျော် လောက်သာ ရှိတော့တယ်လို့ ကဝမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခိုင် က ပြောပါတယ်။

"စာဖြူစုရွာနဲ့ဆိုရင် ခုပြိုနေတဲ့ ကမ်းနဖူးနဲ့ ပေက ခန့်မှန်း ၁၃၅ ပေလောက်ပဲ ဝေးတော့တယ်၊ နောက် ၄၊ ၅၊ ၁ဝ ရက်အတွင်းမှာ ရွာထဲကို ရောက်လာနိုင်တာပေါ့နော်၊ အန္တရာယ်ရှိတဲ့ ကျေးရွာလေးတွေကိုတော့ အလျင် အမြန်ရွှေ့ပြောင်းပေးဖို့ အစိုးရအနေနဲ့ ထိုက်သင့်တဲ့ အကူအညီလေးတွေပေးဖို့ လိုအပ်တာပေါ့၊ တခြား CSO၊ NGO အဖွဲ့တွေအနေနဲ့လည်း ကူညီကယ်ဆယ် လှူဒါန်းထောက်ပံ့ပေးကြမယ်ဆိုရင် ပြောင်းရွှေ့မယ့် အိမ်ထောင်စုလေးတွေ အထိုက်အလျောက် အဆင်ပြေမှာပေါ့"

စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် တစ်ရက်ကို ပျှမ်းမျှ ၁၅ ပေလောက် မြေပြိုတာတွေဖြစ်နေပြီး ၂ ပတ် အတွင်းမှာ စာဖြူစုကျေးရွာအတွင်းမှာပါ မြေပြိုတာတွေ ဖြစ်လာနိုင်ကြောင်းလည်း ဦးမျိုးခိုင် က ပြောပါတယ်။

စာဖြူစုကျေးရွာမှာ အိမ်ခြေ ၁ဝဝ ကျော်ရှိပြီး တချို့အိမ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းထဲက ပြောင်းရွှေ့သွားကြကာ လက်ရှိအချိန်ထိ နေအိမ် ၉ဝ ကျော်ဟာ ပြောင်းရွှေ့နေထိုင်ရမယ့် နေရာအခက်အခဲ ရှိနေကြတယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ကြန့်ကြာနေမယ်ဆိုရင် အရေးပေါ်ကူညီရေး ဆောင်ရွက်ဖို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းသွားမှာဖြစ်ကြောင်းလည်း ဦးမျိုးခိုင် က ပြောပါတယ်။

စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကဝမြို့နယ်က သမာန်ဆိပ်ကျေးရွာနဲ့ ရွှေတဆုတ်ကျေးရွာတို့ ဟာလည်း မြေပြိုပြီး ရေထဲပါသွားခဲ့တဲ့အပြင် ရွှေ့ပြောင်းပေးထားတဲ့ ရွှေတဆုတ်ကျေးရွာသစ်ဟာလည်း မကြာခင်လပိုင်းအတွင်း မြစ်ရေတိုက်စားမှုခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

RFA Burmese
http://www.rfa.org/burmese


KNU ပင်မအဖွဲ့ အစည်းကြီးနဲ့ ခွဲထွက် သွားတဲ့ KNU/KNLA-PC နဲ့ DKBA အဖွဲ့ အစည်း တွေပြန်လည် ပေါင်းစည်းရေး ဆွေးနွေး ပွဲကို KNU တပ်မဟာ ၆ ရဲ့ လေးကေ့ကော် မှာ အခုလ ၁၂ ရက်နေ့ ကနေ ၁၄ ရက်နေ့ အထိ ဆွေးနွေး ခဲ့ကြ ပါတယ်။

အခု ဆွေးနွေး ပွဲမှာ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ KNU/KNLA-PC ကော့ကရိတ် မြို့နယ် ထော့ကိုကိုး အခြေစိုက် ကရင် ငြိမ်းချမ်းရေး အဖွဲ့နဲ့၊ ဗိုလ်ချုပ်ကြီး စောမိုရှေး ဉီးဆောင်တဲ့ မြ၀တီမြို့နယ် ဆုံဆည်းမြိုင် အခြေစိုက် DKBA ကရင် ငြိမ်းချမ်းရေး အဖွဲ့တွေ ဟာ KNU ရဲ့ ဦးဆောင်မှု နဲ့ ၂၁ ရာစု ပင်လုံ ညီလာခံကို သွားတက်ဖို့ ကိုလည်း အဓိက ဆွေးနွေး ညှိ နှိုင်းခဲ့ ကြပါတယ်။

KNU ကရင် အမျိုးသား အစည်း အရုံး ဟာ သူတို့ရဲ့ ၂၀၁၂ ခုနှစ် ၁၅ ကြိမ်မြောက် ညီလာခံ မူအရ ကရင် လက်နက်ကိုင် တွေ ပြန်လည် ပေါင်းစည်းရေး ဆောင်ရွက် ခဲ့တာ ဖြစ်ပြီး၊ အခု ဆိုရင် ၃ နှစ်တာ ကာလ ရှိခဲ့ပါပြီ။

ဒီအတော အတွင်းမှာ မူးယစ် ဆေးဝါး ပူးပေါင်း နှိမ်နင်းရေးနဲ့ လက်နက်ကိုင် ပဋိပက္ခ မဖြစ်အောင် တားဆီး နိုင်ပြီး၊ အရေးပေါ် ကိစ္စတွေ မှာ တွေ့ဆုံ ဖြေရှင်း နိုင်ခဲ့ တယ်လို့ ကေအန်ယူ အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် အခုနှစ် ဇန္နဝါရီလ တုန်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက် ရာမှာ KNU ရဲ့ နိုင်ငံရေး အရ ဦးဆောင်မှုကို ခံယူဖို့ KNU/KNLA-PC နဲ့ DKBA အဖွဲ့တွေ နဲ့ သဘောတူညီမှု ရတဲ့ အထိ တိုးတက်မှု ရှိခဲ့ ပါတယ်။

ဒါပေမဲ့ ၃ ဖွဲ့ ပြန်ပေါင်းဖို့ အထိ ကတော့၊ အချိန်ယူရ ဦးမယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် ကေအန်ယူ ဗဟိုအလုပ် အမှုဆောင် ဗဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

DKBA ဟာ ၁၉၉၄ ခုနှစ် မြစ်ဆုံ အရေးအခင်း မှာ KNU ကနေ ခွဲထွက် သွားပြီး၊ KNU/KNLA-PC ကတော့ ၂၀၀၇ ခုနှစ်မှာ ခွဲထွက် သွားပြီးတော့၊ အဲဒီ ၃ ဖွဲ့က ပြန်လည် ပေါင်းစည်းဖို့ ကြိုးစားရင်းနဲ့ အခု KNU ရဲ့ ဦးဆောင်မှုကို ခံယူတဲ့ အဆင့် အထိ တိုးတက် လာတာ ဖြစ်ပါတယ်။

KNU၊ DKBA နဲ့ KNU/KNLA-PC ကရင် လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ဟာ ပြီးခဲ့တဲ့ အစိုးရ လက်ထက် တုန်းက NCA တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


အင်ချွန်း ဇူလိုင် ၁၄

မွန်ဂိုလီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၁၁) ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော အင်ချွန်း အထူး စီးပွားရေးဇုန်ကို ယနေ့ နံနက်ပိုင်းတွင် ၀င်ရောက်လေ့လာ သည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက်(၉)နာရီတွင် အင်ချွန်းအထူးစီးပွားရေးဇုန်ရှိ ဆုံးဒို အပြည်ပြည်ဆိုင်ရာစီးပွားရေးမြို့တော် ၃၃ ထပ်မြင့် ဆုံးဒို ဂျီ တာဝါ (G-Tower) ကို ကြည့်ရှုလေ့လာသည်။

အမြင့် ပေ ၄၉၀ ရှိ ဆုံးဒို ဂျီတာဝါ(G-Tower)ကို ၂၀၁၀ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဂျီတာဝါ၏ ၂၉ ထပ်တွင် ပန်းခြံငယ် တစ်ခုနှင့် ၃၃ ထပ်တွင် ဆုံးဒို အပြည်ပြည် ဆိုင်ရာမြို့တော် ၏ လွတ်လပ်သော စီးပွားရေးဇုန် တို့ကိုထည့်သွင်း တည်ဆောက်ထားပြီး တာဝါ အပေါ်ဆုံးထပ်မှနေ၍ အင်ချွန်းတံတားနှင့် အင်ချွန်း အထူးစီးပွားရေး ဇုန်းအတွင်းရှိဆုံးဒိုမြို့သစ် တို့ကို ကြည့်ရှုနိုင်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဆုံးဒိုဂျီတာဝါအတွင်းရှိ ကမ္ဘာပေါ်၏ အကြီးဆုံး မြို့ပြပေါင်းစပ်မှုစင်တာတစ်ခုဖြစ်သည့် ယူစီး တီးစင်တာ သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဆုံးဒိုစီးပွားရေးမြို့တော်နှင့် စီးတီးစင်တာတည်ဆောက်ရခြင်းကို ရှင်းလင်း ပြောကြားသည်။

ဆုံးဒိုအပြည်ပြည်ဆိုင်ရာစီးပွားရေးမြို့တော်ကို ကိုရီးယားသမ္မတနိုင်ငံ၏ လူဦးရေ ထူထပ်သော မြို့များထဲတွင် ပါဝင်သည့် အင်ချွန်းမြို့၏ မြေဧရိယာ ၂၀ မီလီယံစတုရန်းပေ ပေါ်တွင် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံအကုန် အကျခံကာ ၂၀၀၅ ခုနှစ်၌ စတင်တည် ဆောက်ခဲ့သည်။ ၂၀၀၉ ခုနှစ်၌ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆုံးဒုံစီးပွားရေး မြို့တော်တို့ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့သတ္တမမြောက် အရှည်ဆုံးအင်ချွန်း တံတား နှင့်အတူဖွင့်လှစ်နိုင်ခဲ့သည်။

ဆုံးဒိုစီးပွားရေးမြို့သည် ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြဒေသ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် စံနမူနာထားသည့် မြို့တော်တစ်ခု ဖြစ်ပြီး ကိုရီးယားနိုင်ငံနှင့် အာရှ ဒေသ၏ အဓိကမြို့များဖြစ်သော ရှန်ဟိုင်း၊ ဟောင်ကောင် နှင့် တိုကျိုမြို့တို့ကို အဓိက ဆက်သွယ်ပေးရာ မြို့တစ်မြို့လည်းဖြစ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် စင်တာအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများသာမက လူသားများ နေထိုင်သက်မွေးမှု လုပ်ငန်းများ တွင် ခေတ်မီ နည်းပညာများဖြင့် ယာဉ်အသွားအလာထိန်းချုပ်မှုနည်းစနစ်များ၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် လေထု ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် အကောင်အထည်ဖော်နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာသည်။


ဆက်လက်၍ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် တောင်ကိုရီးယားနိုင်ငံအတွက် ၁၉၅၀ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ရဲဝံ့ပြောင်မြောက်စွာဖြင့် ကမ်းတက် တိုက်ပွဲဝင်ခဲ့သည့် အမေရိကန်ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်မက်အာသာ ဦးဆောင်သော တပ်ဖွဲ့ဝင်များကိုဂုဏ်ပြုသည့် အင်ချွန်းကမ်း တက်စစ်ဆင်ရေး အမှတ်တရခန်းမ (Memorial Hall for Inchwon Landing Operation) အတွင်းရှိ ကိုရီးယားစစ်ပွဲကာလ သရုပ်ဖော် ပန်းချီကားများ၊ အင်ချွန်း တိုက်ပွဲ၌ နှစ်ဖက် ကိုရီးယား တပ်ဖွဲ့များ အသုံးပြုခဲ့သည့် လက်နက် စနစ်များ၊ ယူနီဖောင်းများ၊ ချပ်ဝတ်တန်ဆာများ ပါဝင်သော ဗွီဒီယို မှတ်တမ်းများကို ကြည့်ရှု လေ့လာသည်။


အင်ချွန်းကမ်းတက် စစ်ဆင်ရေးအမှတ်တရခန်းမကို ၁၉၈၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ကိုရီးယားစစ်ပွဲကာလအတွင်း တောင်ကိုရီးယားတပ်ဖွဲ့များဘက်မှ ၀င်ရောက်တိုက်ခိုက်ပေး သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံ၏ အလံများ ကိုလွှင့်ထူဂုဏ်ပြုထားသည့်အပြင် စစ်ပွဲကာလ အတွင်း အသုံးပြုခဲ့သည့် တင့်ကားများနှင့် လက်နက်စနစ်များကို ပြသထား သည်။


ထို့နောက် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် အဖွဲ့ဝင်များ အား မြန်မာ သံအမတ်ကြီး သူရ ဦးသက်ဦးမောင်က ဆုံးဒို အထူးစီးပွား ရေးမြို့တော်ရှိ ကိုရီးယားရိုးရာစားသောက်ဆိုင်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည့်ခင်းခဲ့သည်။
မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံအင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးဖြင့် ဆက်လက်ထွက်ခွာလာရာ မွန်ဂိုလီး ယားနိုင်ငံ အူလန်ဘာတာမြို့ ဂျင်ဂျစ်ခန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ဒေသ စံတော် ချိန် ညနေ(၆)နာရီတွင် ရောက်ရှိကြသည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm/


ဇူလိုင်လ (၁၄)

ဒီရက်ပိုင်းကျမတို့ ဘီးလင်းအ.ထ.ကမှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုနဲ့ ပါတ်သက်ပြီး ကျမဆီကို ဖုန်းနဲ့ရော စာနဲ့ပါမေးမြန်းကြသူတွေအတွက် ကျမရဲ့ဖြေရှင်းခဲ့ပုံနဲ့ ပါတ်သက်ပြီး ပြန်လည်တင်ပြ လိုက်ပါတယ်။

၁၂၊၇၊၂၀၁၆ရက်နေ့ ကျမတို့ ဌာနချုပ်ရုံးကို သွားနေချိန်မှာ မြိုနယ် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးကော်မတီဟာ အခမ်းနားကျင်းပပြုလုပ်ဖို့ သင့်တော်တဲ့ အ.ထ.က ကျောင်းဘောလုံးကွင်းနေရာကို သွားကြည့်ခဲ့ကြချိန် ဒီကိစ္စဖြစ်ခဲ့တာလို့သိရပါတယ်။

ကန့်ကွက်တယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စမို့ ကျမပြန်ရောက်တာနဲ့ အ.ထ.ကကျောင်းဆီသွားခဲ့ပြီး တာဝန်ခံ ဆရာမကြီးနဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ တစ်နိုင်ငံလုံး ခမ်းနားစွာ ကျင်းပရေးကို လုပ်ဆောင်နေကြချိန်မှာ ဒီကိစ္စဟာ လုံးဝမဖြစ်သင့်ကြောင်းနဲ့ ကျမတို့ရဲ့ဘီးလင်း အ.ထ.က သမိုင်းအရိုင်းမခံနိုင်ကြောင်း ကျမကဒီကျောင်းရဲ့ကျောင်းသူဟောင်း တစ်ယောက်အနေနဲ့ရော ဒီမြို့သူတစ်ယောက်အနေနဲ့ပါ ကျမရဲ့မြို့မှာအဖြစ်မခံနိုင်တဲ့အတွက် ဆရာမတို့အနေနဲ့ အယူစွဲမထားသင့်တဲ့အကြောင်း အာဇာနည်တွေကို ဂုဏ်ပြုလွမ်းသူ့ပန်းခွေချခြင်းဟာ အာဇာနည်စိတ်ဓာတ်ကို ကလေးတွေဆီ လက်ဆင့်ကမ်းပေးခြင်းသာ ဖြစ်တဲ့အတွက်ပိုလို့တောင်မှ လူတော်ကလေးတွေ ပေါ်ထွက်လာနိုင်ကြောင်း ကျမတို့ငယ်ငယ်ဈေးဘေးနားမှာရှိခဲ့တဲ့ အာဇာနည်ကျောက်တိုင်မှာ အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချအလေးပြုရင်း ဗိုလ်ချုပ်တို့ကိုလေးစားမြတ်နိုးစိတ်တွေကိန်းအောင်း ခဲ့လို့လည်း ကျမဒီလိုဖြစ်လာရတာ သက်သေပဲဆိုတဲ့အကြောင်းတွေနဲ့ ကျမအခုလို လာဆွေးနွေးခြင်းဟာ ဆရာမတို့ရဲ့နေရာအဝန်းအဝိုင်းမို့ လေးစားသမှုနဲ့ လာခဲ့ကြောင်းနဲ့ ကိုယ့်အစိုးရမို့ လုပ်ချင်တဲ့နေရာမှာအာဏာသုံးပြီး လုပ်လိုက်တယ်ဆိုတာမျိုး အဖြစ်မခံနိုင်လို့ ကျေနပ်ကြည်ဖြူမှုနဲ့သာ သွားချင်လို့ဖြစ်
ကြောင်း သိုင်းသိုင်းဝိုင်းဝိုင်းပြောဆိုပြီး ချိန်မှာတော့ ဒီကျောင်းဝန်းထဲမှာ အခမ်းအနားပြုလုပ်ဖို့ ဆွေးနွေးရေးဟာအောင်မြင်ပါတယ်လို့ သမီးကိုယ်တိုင်ရေးပေးပါလို့ တာဝန်ခံဆရာမက ကျမကိုတောင်းဆို ခဲ့ပါတယ်။

ဒါကြောင့် အရင်ကကန့်ကွက်လို့ ဆုံးဖြတ်ခဲ့တဲ့ မြို့နယ်ဘောလုံးကွင်းနေရာအစား ကျမတို့ လုပ်ဆောင်ချင်တဲ့နေရာဖြစ်တဲ့ အ.ထ.က ကျောင်းဘောလုံးကွင်းနေရာမှာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်မဲ့အကြောင်း ကျမရဲ့မဲဆန္နရှင်များနဲ့ မိတ်ဆွေများကို အသိပေးတင်ပြအပ်ပါတယ်ရှင်။

ကျမကိုဒီအကြောင်းနဲ့ပတ်သက်ပြီးလာရောက်တွေ့ဆုံမေးမြန်းခဲ့ကြတဲ့Sky Net ရုပ်သံလိုင်းနဲ့ Eleven media ကိုလည်း ဒီအတိုင်းပဲဖြေပေးခဲ့ပါတယ်။

ဒေါ်သီရီရတနာ (ဘီးလင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
သတင်းနဲ့ဓါတ်ပုံ Thiri Yadanar


rakhine-farmer-620.jpg
ကောက်စိုက်နေတဲ့ လယ်သမားတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘိုအကျဉ်းဦးစီးဌာနရဲ့ ကျောက်ထုတ်လုပ်ရေးစခန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ပိုလျှံတဲ့မြေတွေကို ပြန်လည်ရယူလိုကြောင်း ဒေသခံတောင်သူတွေ က တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ မန္တလေးမြို့ မီဒီယာစင်တာမှာ ထုံးဘိုကျေးရွာက တောင်သူတွေဟာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပိုလျှံမြေ ဧက ၁၀၀ လောက်ကို ပြန်လည်ရယူလိုတာဖြစ်တယ်လို့ တောင်သူ ဦးအောင်မြင့် က ပြောပါတယ်။

"ကျန်တဲ့မြေတွေကို နှစ်စဉ်လေလံတင်ပြီးတော့ မြေကြီးတွေကို အငှားချတာပေါ့၊ အဲ့အတွက် ကျနော်တို့က ပြန် လိုချင်တယ်၊ လက်ရှိအသုံးချတဲ့မြေတွေပေါ့ဗျာ၊ အရင်တုန်းက ကျနော်တို့ကိုပေးတာက သီးနှံလျော်ကြေးပေး တာ၊ မြေလျော်ကြေးမရှိပါဘူး၊ အဲ့တော့ တကယ်သူတို့ အသုံးချတဲ့မြေတွေကိုလည်း အသိမ်းခံရတဲ့ တောင်သူတွေ အနေနဲ့ ထိုက်သင့်တဲ့တန်ကြေးလေး သတ်မှတ်ပြီးတော့ ပြန်ပြီးတော့ ဆောင်ရွက်ပေးစေချင်တာပေါ့၊ အသုံးမချ တဲ့မြေတွေကိုတော့ ပိုင်ရှင်တွေကို ပြန်ပေးစေချင်တာပေါ့"

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ထုံးဘိုကျေးရွာက တောင်သူ ၅၀ ကျော်ပိုင်ဆိုင်တဲ့ ယာမြေဧက ၂၀၀ နီးပါးလောက် ကို ၁၉၈၀ ခုနှစ်မှာ ရဲဘက်ကျောက်ထုတ်စခန်း တည်ဆောက်ဖို့ဆိုပြီး သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

သိမ်းဆည်းစဉ်ကာလက အကျဉ်းဦးစီးဌာနက မြေယာလျော်ကြေးအဖြစ် လျော်ကြေးမပေးခဲ့ပေမယ့် သီးနှံလျော်ကြေး အနေနဲ့တော့ ဇီးပင်တစ်ပင်ကို ၂၅ ကျပ်နှုန်း၊ သရက်တစ်ပင်ကို ၇၅ ကျပ်နှုန်းနဲ့ ပေးလျော်ခဲ့ပြီးဖြစ်တယ်လို့ သိရ ပါတယ်။
RFA

 kani-flooding-620.jpg စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့က မြစ်ရေတက်လာရင် ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်နိုင်ရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက ရပ်ကွက်နေပြည်သူတွေဆီ အိမ်တိုင်ယာရောက် ဟောပြောဆောင်ရွက်စဉ်
Photo: Myanmar Fire Services Department Facebook

ချင်းတွင်းမြစ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ နဲ့ ကနီ စတဲ့မြို့တွေရဲ့ စိုးရိမ်ရေ အမှတ်အထက်ကို ရောက်ရှိနေသလို င၀န်မြစ်ရေတွေလည်း ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေ မှတ်အထက်ကို ရောက်ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ပြောပါတယ်။

ချင်းတွင်းမြစ်ဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေတာ တစ်ပတ်လောက်ရှိနေပြီး င၀န်မြစ်ရေဟာ လက်ရှိ စိုးရိမ်ရေအမှတ်ထက် ပေ၀က်လောက်တက်နေကာ နောက် ၂ ရက်အတွင်း ထပ်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန မြစ်ရေခန့်မှန်းရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးဝင်းမော် က ပြောပါတယ်။

"ချင်းတွင်းမြစ်ဆို လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက စကျော်တာပေါ့၊ လက်ရှိအခြေအနေကတော့ ချင်းတွင်းမြစ်အပေါ်ပိုင်း ခန္တီးနဲ့ ဟုမ္မလင်းဆိုရင် စိုးရိမ်ချက်အမှတ်အောက်ကို ရောက်သွားပြီ၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မုံရွာရယ် စိုးရိမ်ချိန်အမှတ်အောက်ကို နောက်နှစ်ရက်အတွင်း ကျသွားလိမ့်မယ် ၊ မော်လိုက်ဆိုရင် နှစ်ပေခွဲလောက် စိုးရိမ်ချိန်အမှတ်အထက်မှာရှိတယ်၊ ကလေးဝဆို တစ်ပေခန့်ရှိ တာပေါ့နော်၊ နောက်တစ်ရက်အတွင်း ကျသွားလိမ့်မယ်၊ ကနီ သုံးပေလောက်ကျန်သေးတယ်၊ အကျနှေး တယ်ပေါ့နော်၊ ငါးသိုင်းချောင်းက ဘယ်ကရေတွေလာလဲဆိုရင် ဧရာဝတီမြစ်ကရေက ငဝန်မြစ်ထဲကိုစီးလာတယ်"

င၀န်မြစ်ရေ မြင့်တက်လာတာဟာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့်ဖြစ်သလို ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာပြည် အထက်ပိုင်းကရေတွေ အောက်ဖက်ကို စီးဆင်းလာတာဖြစ်တယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟသာင်္တနဲ့ ဇလွန်မြို့တွေမှာလည်း စိုးရိမ်ရေမှတ်နားကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။

င၀န်မြစ်ရေ မြင့်တက်လာမှုကြောင့် သာပေါင်းမြို့နယ် င၀န်တာအတွင်းက ကျေးရွာတွေအတွက် ဆည်မြောင်းဦးစီး ဌာနက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေသလို ရေကင်းတဲတွေနဲ့လည်း နေ့ညမပြတ် စောင့်ကြည့်နေကြရတယ် လို့ ပြောပါတယ်။
RFA

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လက်တွေ့ လုပ်ဆောင်ချက်များဖြင့် သက်သေပြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ရှိ၍ လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်သူများ၏ ယုံကြည်မှု၊ ဒေသခံပြည်သူများ၏ ယုံကြည်မှု၊ နိုင်ငံသူ နိုင်ငံသားများ၏ ယုံကြည်မှုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှု ရရှိရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကြုံတွေ့လာရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ အကြံပြုကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာနက ပထမအကြိမ် ဗဟ်ုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် ဆယ်ချက်အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် တင်ပြချက် စုစုပေါင်း (၁၄၂)ချက်အား ၀န်ကြီးဌာနအလိုက် သက်ဆိုင်ရာကဏ္ဍများအား ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေ အနေများကိုလည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်း အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အတွင်း သဘာဝဘေးဒဏ်ခံဒေသများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကဏ္ဍများ၊ NVC ကတ် ထုတ်ပေးမှု၊ အခက်အခဲများနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက NVC ကတ် ထုတ်ပေးရေးလုပ်ငန်း အပြည့်အ၀အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန် ယုံကြည်မှုများရရှိအောင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်မှု၊ လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က နိုင်ငံသားစိစစ်မှု ခံယူမည့်သူ၏ သက်သေခံ ကတ်ပြား စုစုပေါင်း (၁၉၁၉) ခု ထုတ်ပေးခဲ့မှု၊ ဆက်လက် ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပုံမြို့နှင့် တောင်ကုတ်မြို့ များတွင် သဘောဝဘေးဒဏ် ကြုံတွေ့ပါက ယာယီအသုံးပြုနိုင်ရန် မုန်တိုင်းဒဏ်ခံ အဆောက်အဦများ ဆောက်လုပ်ပေးထားမှု၊ ပြည်နယ်တွင်း မြို့နယ်အလိုက် မုန်တိုင်းဒဏ်ခံ အဆောက်အဦများ ဆက်လက် ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက် ထားရှိမှု၊ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များ၊ နိုင်ငံတကာ အကူအညီများ လိုအပ်ချက်နှင့်အညီ ရရှိရေး ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပြီး ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို သဘောတူ ဆုံးဖြတ်ကြသည်။

ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်ချိန်တည်း တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရ ချိတ်ဆက်ဆောင်ရွက်ရာတွင် နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယခုအစည်းအဝေးဆုံး ဖြတ်ချက်များသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများစွာ ရရှိမည်ဖြစ်သည့်အတွက် အားလုံးက တက်ညီလက်ညီဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ရခိုင်ပြည် နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Credit- State Counsellor Office facebook

ကလေးမြို့တွင် မူးယစ်ဆေးအန္တရာယ် ကြီးမားလွန်းသဖြင့် အစိုးရက စီမံကိန်းချပြီး တိုက်ဖျက်ရန် ချင်းတိုင်းရင်းသား နိုင်ငံရေးသမားတစ်ဦးက အစိုးရကို တိုက်တွန်းလိုက်သည်

(Myanmar Now) - စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူက မြို့နယ်အတွင်း မူးယစ်ဆေးဝါး အလွယ်တကူရရှိနေမှု ပြသ၁နာကို အရေးယူ ဖြေရှင်းပေးရန် အစိုးရကို တိုက်တွန်းလိုက်သည်။ ချင်းတောင်တန်းနှင့်ထိစပ်နေသည့် ထိုမြို့တွင် လူငယ် အများအပြား ဆေးစွဲနေကြသည်အထိ ဖြစ်နေပြီး ဒေသတွင်း မူးယစ်ရာဇာ များကို နှိမ်နင်းနိုင်ခြင်း မရှိသေးကြောင်းလည်း သူက ဝေဖန်လိုက်သည်။
မန္တလေး တက္ကသိုလ်ဆင်း ချင်းတိုင်းရင်းသူ ဒေါ်အေးအေးမူသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ကာလ ကြာရှည်စွာ လုပ်ကိုင်နေသူလည်း ဖြစ်သည်။ မကြာသေးမီက Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် တွေ့ဆုံစဉ် ၄၆ နှစ် အရွယ် ဒေါ်အေးအေးမူက မူးယစ်ဆေး၊ လူငယ်များ နှင့် ကလေး မြို့ဒေသအကြောင်း ပြောပြထားသည်။

မေး - ဒီဒေသရဲ့ မူးယစ်ဆေးပြသ၁နာက ဘယ်လောက်အထိ အခြေအနေ ဆိုးနေပြီလဲ။

ဖြေ - ကလေးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေကို သွားရောက်တိုင်းမှာ သူတို့ရဲ့အခက်အခဲတွေ၊ လူငယ်တွေရဲ့အခြေအနေတွေကို မေးတိုင်းမှာ အိမ်ထောင်ရှင်၊ မိဘတွေတိုင်းက သူတို့ စိတ်ဓာတ်အကျဆုံးကိစ္စကတော့ သူတို့ရွာရဲ့ လူငယ် ၇ဝ ရာခိုင်နှုန်းလောက်က မူးယစ်ဆေး သုံးစွဲတယ်ဆိုတာပဲ။ ဒါဟာ ကျွန်မတို့ မြန်မာနိုင်ငံအတွက် တော်တော် စိတ်မကောင်းစရာပါ။

မေး - မူးယစ်ဆေး လွယ်လွယ်ရနေကြတာ ဘာကြောင့်လဲ။

ဖြေ - ကလေးမြို့ဟာ အချက်အချာကျတဲ့မြို့လို ဖြစ်နေတာ။ အိန္ဒိယဘက် ကိုသွားလို့ရတဲ့ လမ်းက နှစ်လမ်း ဖြစ်နေတာ။ နယ်စပ်ဂိတ်တွေ မလုံခြုံ တာကြောင့်လည်း ပါတာပေါ့နော်၊ မူးယစ်ဆေးတွေ လွယ်လွယ်နဲ့ ခိုးသွင်း လို့ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ မူးယစ်ဆေးက လွယ်လွယ်နဲ့ ကိုယ့်မြို့ ထဲကို ရောက်လာတယ်။ ကိုယ့်မြို့မှာ နေထိုင်ကြသူထဲ မူးယစ်ဆေး ရောင်း ဝယ်ဖောက်ကားကြတဲ့လူတွေ တော်တော်များများ ရှိနိုင်တယ်၊ ရှိလည်းရှိနေ တယ်လို့ သိရတယ်။ ရွာတွေမှာက အဓိကဖျက်ဆီးလို့ အလွယ်ဆုံးက လူငယ် တွေဖြစ်နေတယ်။ မူးယစ်ဆေးနဲ့စီးပွားရေးလုပ်ချင်တဲ့ လူတွေ အတွက်တော့ လူငယ်တွေ ကိုစည်းရုံသိမ်းသွင်းဖို့က အလွယ်ဆုံးဖြစ်နေ
တယ်။ လူငယ်တွေက အလုပ်လက်မဲ့တွေကလည်းများတော့ မူးယစ်ဆေးကို ကယ်ရီလုပ်ရင်းနဲ့ ပျံ့နှံ့သွားတာလည်း တော်တော်များများပါနိုင်ပါတယ်။

မေး - မူးယစ်ဆေး အဓိက ဖြန့်ဖြူးနေသူတွေကို ဖမ်းလို့ မမိနိုင်သေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ - တကယ် မသိတာလား၊ သိပြီးတော့ မလုပ်နိုင်တာလားပေါ့။ လျှို့ဝှက် ချက်တော့ အများကြီး ရှိနိုင်ပါတယ်။ ရဲတွေအနေနဲ့ကတော့ မသိနိုင်စရာ အကြောင်း မရှိပါဘူး။ ဒါဟာ သူတို့ရဲ့ အဓိက အလုပ်ပဲလေ။ ရောင်း ဝယ် ဖောက်ကားနေတဲ့ အဓိကပုဂ္ဂိုလ်တွေကို သူတို့မသိဘဲလုံးဝမဖြစ်နိုင်ပါ
ဘူး။ အမှုတစ်ခုကို လိုက်ဖို့ဆိုရင်သူတို့ ပညာတွေသင်ထားတာ ပဲ၊ တော်တော်များများတော့ သူတို့သိနိုင်ပါတယ်၊ ဖမ်းဆီးဖို့ရာအတွက် အခက်အခဲဖြစ်နေတာလားပေါ့။ နိုင်ငံတော်ကနေ စီမံကိန်းကောင်းကောင်း ချပြီးတော့ ပြည်သူလူထုနဲ့ပေါင်းပြီးတော့ ဒီကိစ္စကိုတိုက်ဖျက်ဖို့ လိုမယ် ထင်ပါတယ်။ ဌာနဆိုင်ရာတွေကိုပဲ မျက်နှာလွှဲထားလို့တော့ မဖြစ်တော့ဘူး ထင်ပါတယ်။

မေး - မူးယစ်ဆေးစွဲသူတွေကို ဖမ်းဆီးထောင်ချနေတာ ဒီပြသ၁နာ ဘယ်လောက်အထိ ပြေလည်နိုင်မလဲ။

ဖြေ - မပြေလည်နိုင်ပါဘူး။ ဒီလောက်တောင် သူတို့ဖမ်းပြီးပြီလေ။ အဓိကဖြန့် နေသူတွေကို မဖမ်းဆီးဘဲ မူးယစ်ဆေးသုံးစွဲနေသူတွေကိုပဲ ဖမ်းနေတာ ကြာပါပြီ။ ဒါပေမဲ့ (မူးယစ်ဆေး သုံးသူ အရေအတွက်) လုံးဝ လျော့သွားတာ မရှိပါဘူး။ ဒါဟာထိရောက်တဲ့ နည်းလမ်း မဟုတ်ပါဘူး။

မေး - လူငယ်တွေ အတွက် အပျော်အပါး အစီအစဉ် ရွေးချယ်စရာ နည်းပါး တာဟာ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းနဲ့ သက်ဆိုင်ပါသလား။

ဖြေ - အပန်းဖြေစရာတို့၊ အားကစားတို့ ကျွန်မတို့ဒေသမှာ မြှင့်တင်စရာတွေ အများကြီး လိုအပ်ပါတယ်။ ပညာပေးလည်း အစိုးရပိုင်းကနေ လုပ်ပေးတာမျိုး သိပ်မရှိသေးဘူး၊ အစိုးရသစ်မှာ အဓိက စိန်ခေါ်မှုကြီးတစ်ခုပေါ့ ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရသစ် မဖွဲ့ခင်ကတည်းက လူငယ်တွေအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို ပြောပါတယ်။ အားကစားတို့ ဂီတတို့နဲ့ လုပ်မလား၊ ဒါကို ဘယ်လို အကောင်းဆုံး ဖြေရှင်း ရမလဲဆိုတာ အချိန်ယူပြီး အဖြေရှာရဦးမှာပါ၊ အလုပ်လက်မဲ့ပြသ၁နာကြောင့် လည်း ဖြစ်နိုင်တာပေါ့။

မေး - မူးယစ်ဆေး သုံးစွဲခြင်းနဲ့ ရောင်းဝယ်ဖောက်ကားခြင်း ဆန့်ကျင်ရေး ပညာပေး အစီအစဉ်တွေ ဘယ်လို ဆောင်ရွက်သွားသင့်သလဲ။

ဖြေ - နိုင်ငံတော် အစိုးရအနေနဲ့ချမှတ်ပြီး စနစ်တကျ အကောင်အထည် မဖော်ဘူး ဆိုရင်တော့ ဒီလိုပညာပေးဖို့ကို ကိုယ့်မြို့နယ်မှာကိုယ် ဌာန ဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။

မေး - မနှစ်က ရာသီဥတုဖောက်ပြန်ပြီး ကလေးမြို့မှာ ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရပါတယ်။ ဒီနှစ်မှာလည်း ဒီဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားဘူးလို့ မပြောနိုင်ပါ ဘူး။ ရေဘေး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ ရှိပါသလား။

ဖြေ - ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာပါတယ်။ သူနဲ့
လည်း ကြိုတင် ကာကွယ်ရေး အနေနဲ့ ဆွေးနွေးထားတာ ရှိပါတယ်။ အုပ်ချုပ်ရေးပိုင်းတွေလည်း ဒါနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေကြပါတယ်။ ဥပမာအားဖြင့် ကယ်ဆယ်ရေးကို ဘယ်နေရာမှာ ထားမလဲ။ ရေကြီးတဲ့အချိန်မှာ အိမ်ခြေပေါင်း ၁,၅ဝဝ အတွက် စားနပ်ရိက္ခာတွေ အဆင်သင့်လုပ်ထား ဖို့။ လှေလည်း ၈ စင်း လောက် ထားရှိဖို့၊ ပြီးတော့ သဘာဝ ဘေးအန္တရာယ် ကြုံရင် ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ သင်တန်းမျိုးပေးဖို့ ပြောသွားပါတယ်။ ဝန်ကြီးကတော့ အမြန်ဆုံးစီစဉ်ဖို့တော့ (အုပ်ချုပ်ရေးပိုင်းကို) ပြောသွားပါတယ်။

ဖြိုးသီဟချို / Myanmar Now
The Ladies News Journal

ဒီကနေ့ နိုင်ငံရေးကစားကွက်တွေဟာ ပေါ်ပေါ်ထင်ထင် ဖြစ်နေတာဖြစ်ပြီး မြုပ်နေတာတွေလည်း ရှိပါတယ်။ ပေါ်ပေါ်ထင်ထင် ဖြစ်နေတာကတော့ မဘသကို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လက်သပ်မွေးပေးလိုက်တာပါ။ မဘသဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့နဲ့အပြိုင် ဖွဲ့စည်းခွင့်မရှိပါဘူး။ ၁၉၈၈ - ၁၉၉၀ ခုနှစ် ဆရာတော်ဦးရေဝတ ဦးဆောင်တဲ့ မန္တလေး လေးပြင်လေးရပ် ရဟန်းပျိုသမဂ္ဂတွေ၊ ရွှေဝါရောင် သံဃာတော်တွေရဲ့ အဖွဲ့အစည်းတွေ၊ ကျောင်းတွေကို အကြမ်းဖက် သိမ်းပိုက်ဖြိုခွဲခဲ့ပေမယ့် မဘသအဖွဲ့ကြီး ပေါ်လာတာကိုတော့ ကြည့်နေတဲ့အပြင် မဘသက တင်တဲ့ မျိုးစောင့်ဥပဒေကို လွှတ်တော်ကနေ အတည်ပြုပေးလိုက်တာကို ကြည့်ရင် အစိုးရ ထောက်ခံမှုကြောင့် မဘသက ရပ်တည်နေနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ အစိုးရက ခွင့်မပြုရင် မဘသဆိုတာ ပေါ်လာခွင့်ရမှာမဟုတ်ပါဘူး။
မြန်မာ့ခေတ်သစ် နိုင်ငံရေး ကစားဝိုင်းကြီးကို လေ့လာရင် အတော်စိတ်ဝင်စားစရာ ကောင်းတာကို တွေ့ရပါတယ်။ တပ်မတော်ဦးစီးတဲ့ စစ်အစိုးရကတစ်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားမျိုးဆက်များက တစ်ဖက် အားပြိုင်ရင်း လူထုထောက်ခံမှု ရလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ လူစုလူဝေးနဲ့ အကွက်ချ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုဖြစ်ခဲ့ပါတယ်။ ဒီနောက် စွမ်းအားရှင်ဆိုတဲ့ အကြမ်းဖက်သမားတွေ စစ်အစိုးရ အထောက်အပံ့တွေနဲ့ ပေါ်လာပြီး လူထုကို ခြိမ်းခြောက်မှု အကြမ်းဖက်မှုတွေ ပြုလုပ်လာခဲ့ရာက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို တာဝန်ဆိုတဲ့ စာတန်းနဲ့ လက်ပတ်နီဝတ် စွမ်းအားရှင်တွေကို သုံးပြီး အကြမ်းဖက်ဖြိုခွဲတဲ့အခါ ကျောင်းသူလေးကို ဆေးမင်ကြောင် ထိုးထားတဲ့သူက လည်ပင်းကို သိုင်းဖက်ပြီး ချုပ်ထားတဲ့ပုံ သတင်းမီဒီယာတွေမှာ တက်လာအပြီး လူထုတွင်း မကျေနပ်မှုတွေ ပေါက်ကွဲထွက်လာခဲ့ပါတယ်။ အဲဒီလိုဖြစ်လာမှ ရန်ကုန်မြို့တော်ဝန်က ဒီစွမ်းအားရှင်တွေ အသုံးချမှုကို ဝန်ခံခဲ့ရပြီး စွမ်းအားရှင်သုံးစွဲမှုတွေ ငြိမ်သက်သွားခဲ့တာ တွေ့ကြရမယ်လို့ ထင်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဖဆပလအစိုးရ လက်ထက်မှာ မူဂျာဟစ်ဒင် မွတ်ဆလင်သူပုန်ထမှု ဖြစ်ပွားလာပြီး ရခိုင်ပြည်နယ်ကနေ မွတ်ဆလင်ပြည်နယ်ခွဲ ထွက်ဖို့ တောင်းဆိုလာခဲ့ပါတယ်။ မူဂျာဟစ်သူပုန်တွေကို အစိုးရက နှိမ်နင်းခဲ့ပြီးနောက် သူပုန်အတော်များများကို ထောင်သွင်းချထားခဲ့ပြီး လွတ်ရက်စေ့တဲ့အခါ တိုင်းပြည်မဲ့များအဖြစ် လွတ်ရက်မရှိဘဲ ထားခဲ့ကြပါတယ်။ စာရေးသူ ၁၉၇၅ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ကျတဲ့အခါ မူဂျာဟစ် အဘိုးကြီးတွေကို ထောင်ထဲမှာ တွေ့ခဲ့ရပါသေးတယ်။ ဦးနုအစိုးရ လက်ထက်မှာ ရိုဟင်ဂျာကို အသိအမှတ်ပြုခဲ့ရာက နောက်ပိုင်း ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးစု ဖြစ်တယ်ဆိုတဲ့ တောင်းဆိုမှုအဖြစ် စစ်အစိုးရလက်ထက်မှာ ပြောင်းလာခဲ့ပါတယ်။ အမှန်တော့ ရခိုင်ပြည်ကို ဘင်္ဂါလီ အများအပြား ဝင်ရောက်လာခဲ့တာ ၁၉၇၂-၁၉၇၄ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံကနေ ဘင်္ဂါလားဒေ့ရှ်အဖြစ် ခွဲထွက်တဲ့အခါ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကို စစ်ပြေးဒုက္ခသည်တွေအဖြစ် ပြေးလာခဲ့ကြပါတယ်။ အများစု ဆယ်သန်းက အိန္ဒိယဘက်ကို ပြေးခဲ့တာဖြစ်ပြီး ရခိုင်ပြည်ထဲကို ငါးသိန်းကျော် ဖြတ်သန်း ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ရခိုင်ပြည်မှာ ရိုဟင်ဂျာပြသ၁နာဟာ အပြည်ပြည်ဆိုင်ရာကို ပျံ့နှံလို့ လာခဲ့ပါတယ်။ စစ်အစိုးရက ရခိုင်ပြည်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား နယ်ခြားကို ကောင်းစွာလုံခြုံအောင် မလုပ်ခဲ့လို့ ဘင်္ဂါလီဦးရေ များလာတာကို လျစ်လျူရှုခဲ့တဲ့အပြင် တိုင်းမှူးတွေ၊ ဝန်ထမ်းတွေက လာဘ်စားပြီး ခိုးဝင်ဘင်္ဂါလီတွေကို ခွင့်ပြုခဲ့တာကြောင့် ရခိုင်လူမျိုးနဲ့ ဆတူနီးပါး လူဦးရေတိုးပွားလို့ လာခဲ့ပါတယ်။ ဒီကိစ္စမှာ အဓိက တရားခံက စစ်အာဏာရှင်စနစ်နဲ့ ဒီစနစ်ကို အကောင်အထည်ဖော်နေတဲ့ စစ်ဗိုလ်ချုပ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစစ်ဗိုလ်ချုပ်တွေ တည်ထောင်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ဒီကိစ္စကို သူတို့နဲ့ မဆိုင်သလို သူတို့ကပဲ မျိုးချစ်စိတ်ရှိသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာတဲ့အခါ အသံကောင်းဟစ်ပြီး အမျိုးဘာသာသာသနာကို စောင့်ရှောက်တာ သူတို့ပါတီက ဖြစ်ကြောင်း ပြသလာခဲ့ပြန်ပါတယ်။

လူဦးရေ သန်း ၁၅၀ ကျော်လာတဲ့ ဘင်္ဂါလားဒေ့ရှ်နိုင်ငံတွင်းမှာ လူဦးရေတိုးပွား ပေါက်ကွဲလာနေတဲ့ ဘင်္ဂါလီများဟာ မြန်မာနိုင်ငံကနေ တစ်ဆင့် ထိုင်း၊ မလေးရှားတို့ကို အလုပ်ရှာထွက်လုပ်ကြတဲ့ မြန်မာတိုင်းရင်းသားတွေလို သူတို့လည်း ထွက်ချင်ကြတာ ဓမ္မတာပါပဲ။ သူတို့မှာ ထွက်ပေါက်အဖြစ် ပင်လယ်၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ပဲ ရှိတဲ့အတွက် အဲဒီအိမ်နီးချင်း နိုင်ငံတွေကို ထွက်ကြတာ မဆန်းပါဘူး။ သူတို့ရဲ့ အိမ်နီးချင်း အိန္ဒိယမှာ တရားမဝင် ခိုးဝင်နေထိုင်သူ ဘင်္ဂါလီလေးသန်းကျော် ရှိနေတာက သက်သေပြချက်တစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း ဘင်္ဂါလီတစ်သန်း ဝန်းကျင်လောက် ရှိနေပါပြီ။ စစ်အစိုးရက ခိုးဝင်မှုတွေကို တင်းတင်းကျပ်ကျပ်မပြုဘဲ ရခိုင်ပြည်နယ်ကနေ နယ်ကျော် မလာအောင်သာ တားထားတဲ့အတွက် ဒီအုပ်စုကြီးဟာ ရခိုင်ပြည်ထဲက မထွက်နိုင်တော့ဘဲ တိုးပွားလာနေတာ မဆန်းဘူးလို့ဆိုရမှာပါ။

ဘင်္ဂါလားပြည်ကနေ ပင်လယ်ထွက်ပေါက်ကို အသုံးပြုပြီး မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတွေကို လှေနဲ့ ထွက်ကြသူတွေလည်း အများအပြားရှိပြီး သူတို့ကို ဖမ်းမိရင် မြန်မာပြည်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုယူပြီး အနှိမ်ခံနေရတဲ့သူတွေအဖြစ် အနောက်ကမ္ဘာကနိုင်ငံတွေမှာ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ကြိုးစားကြတာကြောင့် မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံ၊ လူနည်းစု မွတ်ဆလင်တွေကို နှိမ်ထားတဲ့ နိုင်ငံအဖြစ် နာမည်ပျက်ခဲ့ရပြန်ပါတယ်။ ဒါတွေအားလုံးဟာ စစ်အစိုးရလက်ထက် အမြင်တိမ်တိမ်ထားပြီး ပြသ၁နာကို ရေရှည်မကြည့်ဘဲ လက်တန်းဖြေရှင်း ခဲ့တာကြောင့်ဖြစ်တယ်။ နောက်တစ်ခုက ဘိုးဘွားဘီဘင် လက်ထက်ကစပြီး ရခိုင်ပြည်မှာနေလာတဲ့ ဘင်္ဂါလီတွေလည်း အများအပြားလည်းရှိပြီး သူတို့ကို ခိုးဝင်လာသူတွေနဲ့မရောဘဲ နိုင်ငံသားပေးဖို့ကိုလည်း တွန့်ဆုတ်နေလို့ မရပါဘူး။

ကချင်ပြည်နယ်၊ ကိုးကန့်၊ မူဆည်၊ နမ်းခမ်း၊ လားရှိုး ရှမ်းပြည်နယ်တို့မှာ ခိုးဝင်လာတဲ့ တရုတ်တွေက ကုလားဦးရေထက် ပိုများပြီး ဗမာစကားမတတ်ဘဲ မန္တလေးအထိ တက်နေကြသူတွေ ဒုနဲ့ဒေးရှိတယ်လို့ ပြောရမှာပါ။ ကဲ ဒါဖြင့်ဘာလို့ တရုတ်တွေကို ပစ်မှတ်မထားတာလဲ ဆိုတော့ တရုတ်တွေက စစ်အာဏာရှင်တွေကို တောက်လျှောက် ထောက်ခံလာပြီး အပြန်အလှန်အားဖြင့် မြန်မာ့ကျောက်စိမ်းတွေ၊ သစ်တောတွေ၊ သတ္တုမိုင်းတွေကို ဝါးစေ ဝေစားနေကြလို့ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ခုက ဗိုလ်နေဝင်းလက်ထက် ၁၉၆၇ ခုနှစ် စစ်တွေမှာငတ်လို့ ဆန်ပြသ၁နာဖြစ်တဲ့အခါ ငတ်လို့ဆန်လုတဲ့ ရခိုင်လူမျိုးတစ်ရာကျော်ကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီးနောက် တရုတ်ကျောင်းတွေမှာ စာသင်နေတဲ့ တရုတ်ကျောင်းသားတွေ မော်စီတုံးတံဆိပ်ရင်ထိုးတွေ ကျောင်းမှာ တပ်တာကို တားမြစ်ရင်းနဲ့ တရုတ်ဗမာ အရေးအခင်းကြီးကို ဖန်တီးခဲ့ကာ ငတ်နေတဲ့ လူထုဒေါသကို တရုတ်ဘက်လှည့် လူမျိုးရေးအဓိကရုဏ်းကို ဖန်တီးပြီး လမ်းကြောင်းပြောင်းပေးခဲ့တဲ့ အကွက်ထဲကို ဘာမှသိနားလည်မှုမရှိတဲ့ လူအုပ်ကြီးက တရုတ်ကျောင်းသားတွေကိုသတ်၊ တရုတ်ဆိုင်တွေကို ရိုက်ချိုးဖျက်ဆီးခဲ့တဲ့အတွက် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာသွားခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြားကို တရုတ်အစိုးရက ညီနောင်ပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ပေးပို့ပြီး ကူညီထောက်ပံ့ပေးခဲ့တဲ့ အပြင် တရုတ်တပ်နီတော်က တပ်သားတွေကိုလည်း ဗကပတံဆိပ်တပ်ပြီး ဝင်တိုက်ခွင့်ပေးလို့ ဗကပနဲ့စစ်ဖြစ်တာမှာ လူလှိုင်းစစ်ဆင်ရေးကြောင့် မြန်မာဘက်က အကျအဆုံးများစွာရှိခဲ့ပြီး တချို့စစ်သားတွေ ရူးသွပ်သွားစေတဲ့အထိ ဖြစ်ခဲ့တာကြောင့် တရုတ်ကို စမ်းဖို့ လက်တွန့်သွားခဲ့တာကြောင့်လည်း ပါမယ်ထင်ပါတယ်။

ဒီလိုသဘောမျိုးနဲ့ ဒီနေ့အချိန်မှာ လူမျိုးရေးပြသ၁နာကို ဖန်တီးတဲ့အခါ မွတ်ဆလင်တွေက ပစ်မှတ်ဖြစ်လာနေပါတယ်။ အဓိက ဗျူဟာက တိုင်းပြည် မတည်ငြိမ်အောင်လုပ်ပြီး လက်ရှိအစိုးရကို သိက္ခာချ၊ အမျိုးဘာသာကို တစ်ဖက်သတ်မြှင့်တင်ပြီး လူအုပ်စု အကြမ်းဖက်နည်းနဲ့ စစ်တပ်ကို ဖိတ်ခေါ်ပြီး အာဏာရယူရေးပဲ ဖြစ်ပါတယ်။ ဒီဗျုဟာကို အကောင်အထည်ဖော်တဲ့ နေရာမှာ အသုံးချခံ နယ်ရုပ်လေးတွေကတော့ ဘာသာရေးအယောင်ပြ သံဃာတော်တွေပဲ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မဖြစ်ခင် မွတ်ဆလင် ဆန့်ကျင်ရေးကို အုပ်စုတစ်စုက နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားလို့ လာခဲ့ပါတယ်။ ရိုဟင်ဂျာအကြောင်းပြပြီး ဖြစ်လာတဲ့ လှုပ်ရှားမှုဟာ ရိုဟင်ဂျာ မဟုတ်တော့ဘဲ မွတ်ဆလင် ဆန့်ကျင်ရေးအဖြစ် ပြောင်းလဲရွေ့လျားလာပြီး မိတ္ထီလာ၊ လားရှိုးး၊ ဥက္ကံစတဲ့ နေရာတွေကို ပျံ့နှံသွားတယ်။ မွတ်ဆလင်ရွာတွေကို စနစ်တကျဖျက်စီးမှုတွေ လုပ်ခဲ့တာကိုကြည့်ရင် အကြမ်းဖက်သူတွေဟာ စနစ်တကျ လေ့ကျင့်ထားတယ်ဆိုတာ ပေါ်လွင်ခဲ့တယ်။ ဒီပဲယင်း အကြမ်းဖက်မှုလိုမျိုး မွတ်ဆလင်တွေကို အမည်မသိ ဘယ်ကရောက်လာမှန်း မသိတဲ့ လူအုပ်စုကြီးက အကြမ်းဖက်မှုတွေလုပ်ပြီး တရားခံမမိ အရေးယူမှုမရှိဘဲ ဖြစ်နေတာဟာ ငရဲခွေးကြီးလွတ်နေတယ်လို့ ပြောရမလိုပါပဲ။ ဒီလိုအကြမ်းဖက်မှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကောင်း ဆက်စပ်နေနိုင်ပါတယ်။ နောက် မဘသဆိုတာ ပေါ်လာတယ်။ မဘသက အမျိုးဘာသာ စောင့်ရှောက်ရေးဆိုပြီး ဗုဒ္ဓဘာသာဝင်တွေ၊ နောက်တက်ကြွတဲ့ ရဟန်းပျိုတွေကို သိမ်းသွင်းလာခဲ့တယ်။ မဘသက အဓိကစည်းရုံးတဲ့ အကြောင်းအရာကတော့ မွတ်ဆလင်တွေကို ဆန့်ကျင်ပြီး အမုန်းမီးပွားစေရေးကို အားပေးအားမြှောက် ပြုသယောင်ဖြစ်နေတယ်။

စစ်အစိုးရဟာ ပြည်သူက သူတို့ကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်တဲ့ အခြေအနေပြလာတဲ့အခါ လူ့အခွင့်အရေးသမားတွေ တက်ကြွသူတွေကို အကြမ်းဖက်ဖိနှိပ်မှုတွေကို ရပ်ဆိုင်းပြီး ဗျူဟာပြောင်းလဲ လိုက်တယ်။ အဲဒါကတော့ လူမျိုးရေး ဘာသာရေး အစွန်းရောက် အတွေးအခေါ်တွေကို နောက်ကွယ်က ချမှတ်ပေးပြီး သူတို့မွေးထားတဲ့ ဒလန်တွေ၊ သံဃာအတုအယောင်တွေနဲ့ ပွဲထုတ်တာပါပဲ။ မြန်မာနိုင်ငံမှာ ကျောင်းသားနဲ့ ရဟန်းပျိုတွေဟာ စာတတ်ပေတတ်တွေဖြစ်တဲ့အပြင် အိမ်ထောင်မရှိတဲ့ တစ်ကိုယ်ရေတစ်ကာယ သမားတွေဖြစ်ကြတဲ့အတွက် နိုင်ငံရေးမှာ အလွန်တက်ကြွတဲ့ အုပ်စုနှစ်စုဖြစ်တယ်။ ဒီအုပ်စုနှစ်စုထဲက တက်ကြွတဲ့ ရဟန်းပျိုတွေအနေနဲ့ နိုင်ငံရေးလူမှုရေး ပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားမှုကနေ ဆွဲထုတ်ပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ် သဘောမျိုးနဲ့ သူတို့ယုံကြည်ကိုးကွယ်တဲ့ ဘာသာပျောက်ကွယ် တော့မယ်ဆိုတဲ့ ဘာသာရေး မှိုင်းတိုက်မှုတွေ၊ ခြောက်လှန့်မှုတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို ဆန့်ကျင်လာပြီး စစ်အုပ်စုထောက်ခံတဲ့ ပြည်ခိုင်ဖြိုးပါတီကသာ အမျိုးဘာသာသာသနာကို ထောက်ခံတဲ့ပါတီ ဖြစ်တယ်ဆိုတာမျိုး ဖြစ်လာအောင်ပြုလုပ်တဲ့ ဗျူဟာပဲဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်ရင် ချိုးဖောက်တာကို ဆန့်ကျင်ဝေဖန်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ဒီမိုကရေစီ အင်အားစုတွေဟာ မဘသရဲ့ပစ်မှတ်ဖြစ်လာပြီး ဗုဒ္ဓဘာသာကို ကာကွယ်တဲ့သူတွေ မဟုတ်ဘူး၊ မွတ်ဆလင်တွေကို အားပေးကာကွယ်နေတဲ့သူတွေ ဖြစ်တယ်ဆိုတဲ့ ဆိုင်းဘုတ်တပ်ပြစ်တင်ပြီး ရန်တိုက်ပေးမှုတွေ လုပ်လာခဲ့ကြပါတယ်။

မဘသရဲ့ ဦးဆောင်ဘုန်းကြီးတစ်ပါးဖြစ်သူ ဦးဝီရသူက သူ့အနေနဲ့ ဒေါ်စုကိုမဲမပေးဘူး။ နိုင်ငံခြားသားနဲ့ ယူထားလို့။ ဒါကြောင့် ပြည်ခိုင်ဖြိုးက ဦးရွှေမန်းကိုပဲ မဲပေးမယ်ဆိုပြီး ပြောခဲ့တယ်၊ နိုင်ငံခြားသားနဲ့ ယူထားလို့ဆိုတဲ့ သူ့စကားက ဘာကိုညွှန်ပြသလဲဆိုတော့ သူတို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ဗုဒ္ဓဘာသာ မပျောက်ကွယ်သွားရေး၊ ကမ္ဘာမှာ တည်တန့်ရေးဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ ခေါင်းဆောင်ဦးဝီရသူရဲ့ အတွေးအခေါ်ဟာ ဆန့်ကျင်နေတယ်ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးခြား ဗုဒ္ဓဘာသာဝင် တစ်ယောက်ကို ယူထားတာပါ။ အမျိုးဘာသာကို စောင့်ထိန်းပြီး သူ့သားတွေကလည်း ရဟန်းဘောင် ဝင်ခဲ့ကြသူတွေပါ။ အခု ဦးဝီရသူပြောပုံက ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် နိုင်ငံခြားသားဆိုရင် ဆန့်ကျင်ရမယ်ဆိုတဲ့ အမြင်ဖြစ်တာကို တွေ့ရမှာပါ။ နောက်ပိုင်း ၂၀၁၅ မဲပေးခါနီးမှာလည်း သူက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုံးဝနိုင်မှာမဟုတ်ဘူး။ မြေကြီးက အပ်တစ်စင်းနဲ့ ကောင်းကင်က အပ်တစ်စင်း ထိချင်ထိမယ်၊ ဒေါ်စုတို့ ပါတီနိုင်မှာမဟုတ်ဘူး” ဆိုပြီး ပြည်ခိုင်ဖြိုးဘက်ကနေ မဲဆွယ်ခဲ့ဖူးတယ်။ ဒီအချက်တွေက မဘသဦးဆောင်သူတွေရဲ့ လားရာဟာ ဒီမိုကရေစီအင်အားစုတွေကို အားပေးရေးထက် ဘာသာရေးလှုံ့ဆော်မှုနဲ့ အမုန်းပွားစေမှုတွေကို ဦးဆောင်ပြီး ပြည်ခိုင်ဖြိုးကို အားပေးရေးဆိုတာ တွေ့ရမှာပါ။ မွတ်ဆလင်ဆန့်ကျင်ရေးဆိုတာ အမှန်တော့ ပြည်ခိုင်ဖြိုးပါတီကို လူထုထောက်ခံလာရေးအတွက် မြင့်မြတ်တဲ့ ဗုဒ္ဓအယူဝါဒကို အောက်လမ်းနည်းနဲ့ လွဲမှားစွာ အသုံးပြုတဲ့ အသုံးချကိရိယာတစ်ခုပါပဲ။

ကျောင်းသားတွေကတော့ ဘာသာရေးအမြင်ထက် နိုင်ငံရေးအမြင်ရှိကြတဲ့အခါ သတိထားရှောင်နိုင်ကြပေမယ့် ရိုးစင်းတဲ့ ရဟန်းပျိုတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ အမျိုးဘာသာဆိုတဲ့ စည်းရုံးမှုအောက်မှာ ရိုးစင်းစွာ ထောက်ခံပါဝင်ခဲ့ကြပါတယ်။ သူတို့ကိုယ်သူတို့ အမျိုးဘာသာထွန်းကားရေး အတွက် လုပ်နေကြတယ်လို့ ထင်နေကြပေမယ့် သူတို့ဟာ အုပ်စုတစ်ခုရဲ့ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် တည်ကြက်အဖြစ်ထားတဲ့ အသုံးချခံ လူသားတွေ ဖြစ်နေတယ်ဆိုတာ လုံးဝမတွေးမိကြဘဲ တရားဟောတဲ့ ဘုန်းကြီးတွေရဲ့ မွတ်ဆလင် မုန်းတီးရေးလမ်းကြောင်း နောက်ကို လိုက်သွားနေခဲ့ကြပါတယ်။

ရခိုင်ပြည်က ရိုဟင်ဂျာကို အကြောင်းပြပြီး သံဃာတော်အမည်ခံတွေက မြန်မာပြည်တစ်ပြည်လုံးရှိ မွတ်ဆလင်ဗလီတွေ၊ ဘာသာဝင်တွေကို နှိမ်တာတွေ၊ ပိတ်ပင်တာတွေ လုပ်လာခဲ့တဲ့အခါ ဒီလိုကျူးလွန်သူတွေကို စစ်အစိုးရက အရေးယူမှုတွေ မပြုလုပ်ခဲ့တာဟာ အစိုးရကိုယ်၌က မီးစိမ်းပြထားတဲ့သဘော ရှိနေတယ်လို့ ကောက်ချက်ချလို့ ရပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အကြမ်းဖက်မှုတွေကို အရေးယူမှုအားနည်းခဲ့ပြီး လက်ရှိ ဦးထင်ကျော် လက်ထက်မှာလည်း အားနည်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အားနည်းရတဲ့ အကြောင်းအချက်တွေကတော့ မတူညီကြပါဘူး။ စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန် လက်ထက်မှာ လူအုပ်စုလိုက် အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေဟာ အုပ်ချုပ်သူတွေနဲ့ ဆက်နွှယ်နေကြလို့ အရေးမယူခဲ့တာဖြစ်နိုင်ပါတယ်။ ဦးထင်ကျော် လက်ထက်မှာတော့ ဒီလိုအကြမ်းဖက်မှုတွေကို အရေးယူဖို့ အာဏာရှိသင့်သလောက် မရှိသေးတာကတစ်ကြောင်း၊ ရဲတပ်ဖွဲ့တွေကို ပြည်ထဲရေးက ကိုင်ထားတာကတစ်ကြောင်း တို့ကြောင့် အားနည်းတာလို့ ယူဆမိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ မွတ်ဆလင်တစ်ယောက်မှ မရွေးထားခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေး အကြောင်းပြ တိုက်ခိုက်မှုတွေကို ရှောင်ရှားချင်လို့ ဖြစ်တယ်လို့မြင်ပါတယ်။ အဖွဲချုပ်မှာ မွတ်ဆလင်တစ်ယောက် ပါလာရင် အဲဒါကို အကြောင်းပြပြီး ဖွတာတွေလုပ်၊ တိုင်းပြည်မှာ အရေးကြီးတဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ မလုပ်ရဘဲ ဖြေရှင်းအချိန်ကုန်မှာကို သတိရှိရှိ ကြိုတင်ကာထားတာလို့ မြင်ပါတယ်။ ဒီလိုထောင်ချောက်တွေကို အများကလည်း မြင်ဖို့လိုပါတယ်။ ဒါမှသာ အသုံးချခံသတ္တဝါတွေ မဖြစ်မှာပါ။

ဒီကနေ့ နိုင်ငံရေးကစားကွက်တွေဟာ ပေါ်ပေါ်ထင်ထင် ဖြစ်နေတာဖြစ်ပြီး မြုပ်နေတာတွေလည်း ရှိပါတယ်။ ပေါ်ပေါ်ထင်ထင် ဖြစ်နေတာကတော့ မဘသကို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လက်သပ်မွေးပေးလိုက်တာပါ။ မဘသဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့နဲ့အပြိုင် ဖွဲ့စည်းခွင့်မရှိပါဘူး။ ၁၉၈၈ - ၁၉၉၀ ခုနှစ် ဆရာတော်ဦးရေဝတ ဦးဆောင်တဲ့ မန္တလေး လေးပြင်လေးရပ် ရဟန်းပျိုသမဂ္ဂတွေ၊ ရွှေဝါရောင် သံဃာတော်တွေရဲ့ အဖွဲ့အစည်းတွေ၊ ကျောင်းတွေကို အကြမ်းဖက် သိမ်းပိုက်ဖြိုခွဲခဲ့ပေမယ့် မဘသအဖွဲ့ကြီး ပေါ်လာတာကိုတော့ ကြည့်နေတဲ့အပြင် မဘသက တင်တဲ့ မျိုးစောင့်ဥပဒေကို လွှတ်တော်ကနေ အတည်ပြုပေးလိုက်တာကို ကြည့်ရင် အစိုးရ ထောက်ခံမှုကြောင့် မဘသက ရပ်တည်နေနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ အစိုးရက ခွင့်မပြုရင် မဘသဆိုတာ ပေါ်လာခွင့်ရမှာမဟုတ်ပါဘူး။

နမူနာယူသင့်တဲ့အချက်က ဂျာမနီမှာ အာဏာရှင်ဟစ်တလာ အာဏာမရခင် သူ့နာဇီပါတီက အလုပ်လက်မဲ့ လူငယ်တွေကို ရှပ်ညိုဝတ်တွေကို အတိုက်အခံ ဆိုရှယ်လစ်ပါတီဝင်တွေ၊ ကွန်မြူနစ်ပါတီဝင်တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်။ အလုပ်သမား အဖွဲ့အစည်းရုံးတွေကို ဝင်သိမ်းပိုက်ခဲ့တယ်။ နောက်ဆုံး ပြည်သူကို ဂျူးဆန့်ကျင်ရေးတွေ ဟောပြီး ဒီဂျူးတွေကြောင့် ဂျာမနီနိုင်ငံ ဆင်းရဲနေရတယ်ဆိုပြီး လူမျိုးရေးမုန်းတီးမှုကို ဦးဆောင်ပြီး အာဏာယူခဲ့တဲ့ဖြစ်စဉ်ကို သတိထားလေ့လာသင့်တယ်။ မြန်မာပြည်မှာလည်း လူမျိုးရေးဘာသာရေး မုန်းတီးမှုတွေကို လှုံ့ဆော်မှုတွေ ပြင်းထန်လာနေတယ်။

မဘသမပေါ်ခင် ဗိုလ်နေဝင်းက ၁၉၈၀ ခုနှစ်မှာ သံဃာတော်တွေကို ထိန်းချုပ်နိုင်မယ့် သံဃာအဖွဲ့အစည်း ၉ ဖွဲ့ ပါဝင်တဲ့ သံဃာ့မဟာနာယက အဖွဲ့အစည်းကြီး ပေါ်ပေါက်လာအောင် အခြေခံဥပဒေကို ရေးဆွဲပြီး မဟနကို အောင်မြင်စွာ ဖွဲ့စည်းပေးခဲ့တယ်။ ဖွဲ့စည်းပေးတဲ့ မဆလပါတီရဲ့ ရည်ရွယ်ချက်က သိန်းနဲ့ချီပြီး နိုင်ငံရေးအရ တက်ကြွတဲ့သံဃာထုကြီးကို ထိန်းချုပ်နိုင်ဖို့ပဲ ဖြစ်တယ်။ သာသနာတော်ကို ပြန့်ပွားအောင် သန့်စင်အောင် အားပေးဖို့ မဟုတ်ဘူး။ ဒါကြောင့် မြန်မာပြည်မှာ သိန်းနဲ့ချီရှိနေတဲ့ သံဃာထုကြီးကို အစိုးရက ထိန်းချုပ်နိုင်ခွင့်ကို ရရှိသွားခဲ့တယ်။ အကျိုးဆက်က ဒီလိုဖွဲ့စည်း ပေးလိုက်တဲ့အတွက် သံဃာတော်တွေ အရင်ကလို ဘယ်နေရာကြွကြွ ဘာမှပြစရာမလိုဘဲ လွတ်လပ်စွာ သွားလာနိုင်တဲ့ ဘဝကနေ သံဃာ့မှတ်ပုံတင်အစိုးရ သာသနာရေးဌာနမှာ လုပ်ရ၊ ခရီးသွားရင် ပြရတဲ့ဘ ရောက်လာတဲ့အပြင် မိမိကျောင်းထိုင်ဆရာတော် ထောက်ခံချက်လည်း ပါရမယ်ဆိုတာတွေ ဖြစ်လာပြီး သွားရေးလာရေးတွေမှာ ထိန်းချုပ်မှုတွေ ဖြစ်လာခဲ့တယ်။ နောက်သံဃာ့မဟာနာယက အဖွဲ့ကြီးကို ဖွဲ့စည်းရာမှာလည်း ဦးဆောင် ဆရာတော်တွေနေရာမှာ ထေရ်ကြီးဝါကြီးတွေကိ ရုပ်ပြထားပြီး စီမံခန့်ခွဲတဲ့နေရာတွေမှာ အစိုးရသဘောကို လိုက်နာမယ့် ကိုယ်တော်တွေသာ ခန့်ထားမှုတွေကြောင့် မဟနဟာ အစိုးရအကျိုးအတွက် အသုံးချခံ အဖွဲ့အစည်းကြီး ဖြစ်ခဲ့ပါသည်။ သံဃာတော်တွေ ဗုဒ္ဓဝိနည်းတော်နဲ့မညီတဲ့ အလုပ်တွေလုပ်လည်း မလှုပ်ဘဲ တုံဏှိဘာဝေနေတဲ့ အမည်ခံ အဖွဲ့အစည်းဘဝ ရောက်လာခဲ့တာပါပဲ။

ဒီလိုဖြစ်နေတဲ့ အခြေအနေမှာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးက ဒီနှစ်ဇူလိုင်လမှာ ရုတ်တရက် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ မဟနက မဘသဟာ သံဃာ့လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူးလို့ ကြေညာလိုက်ခြင်းပါ။ ဦးထင်ကျော် သမ္မတဖြစ်လာတဲ့အခါ စစ်အာဏာ လွှမ်းမိုးမှုအောက်က အသုံးချခံနေရာကနေ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိလာတာကို ပထမဦးစွာတွေ့ရပြီး ဝမ်းသာစွာ ကြိုဆိုရမှာဖြစ်ပါတယ်။

နိဂုံးအားဖြင့် ဘာသာရေး လှုံဆော်မှုတွေနဲ့ နိုင်ငံရေး အမြတ်ထုတ်မယ့် အကွက်ကို လူတိုင်းက မြင်ဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ ဒီအရှုပ်တွေကို တစ်နေ့ရှင်းရမှာဖြစ်ပြီး ဒီလိုရှင်းတဲ့အခါ ပြည်သူကို အသိပညာပေးဖို့ အထူးလိုအပ်ပါတယ်။ အာဏာလက်လွတ်လိုက်ရတဲ့ အဖွဲ့အစည်းဟာ နှစ်ပေါင်း ငါးဆယ်ကျော် အမြစ်တွယ်နေခဲ့တဲ့အတွက် အခြေခံအဆောက်အအုံ ခိုင်ခိုင်မာမာရှိနေပြီး သူတို့အာဏာ ပြန်လည်ရရှိဖို့အတွက် နည်းမျိုးစုံနဲ့ ကစားကြမှာ ကျိန်းသေပါတယ်။

လက်ရှိအစိုးရအပါအဝင် ဘယ်အစိုးရကမှ ဗုဒ္ဓဘာသာ ဦးဆောင် အဖွဲ့အစည်းဖြစ်တဲ့ မဟနကိုလွှမ်းမိုးခိုင်းစေခြင်း၊ ကိုယ်ကျိုးအတွက် အသုံးချခြင်း၊ သံဃာတော်များကို မဟနအဖွဲ့ကြီး ခွင့်ပြုချက်မရဘဲ အတင်းအဓမ္မ မင်းအာဏာသုံး သင်္ကန်းချွတ်ခြင်း မပြုလုပ်နိုင်ရေးနဲ့ မဟနအဖွဲ့အစည်းကြီးကို ဂိုဏ်းပေါင်းစုံ သံဃာတော်များက ဒီမိုကရေစီနည်းကျ ရွေးချယ်နိုင်ရေး၊ သံဃာကိစ္စကို သံဃာကသာ ဆုံးဖြတ်ပေးတဲ့ သံဃာ့ခုံရုံး ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများကို ကူညီဆောင်ရွက်ပေးပြီး ယိမ်းယိုင်နေသော ဘာသာရေး၊ သာသနာရေးကိစ္စကို အချိန်မီ တည့်မတ်ပေးဖို့လိုပါတယ်။ မဘသကိစ္စကို မဟနက ကိုင်တွယ်နိုင်ရန် အစိုးရက ထောက်ခံအားပေးဖို့ အထူးလိုအပ်ပါတယ်။ ဒါမှသာ ဘာသာရေး လူမျိုးရေးအကြမ်းဖက်မှုများကို တားဆီးနိုင်မှာ ဖြစ်သလို ဗုဒ္ဓဘာသာကိုလည်း အကြမ်းဖက်ဘာသာအဖြစ် နာမည်ပျက်မယ့် လုပ်ဆောင်မှုများကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News Journal

ဇူလိုင် ၁၄၊ အမေရိကန် ။ ။ ယူရိုဖလားကြီးကို ကိုင်မြှောက်ပြီး သုံးရက်အကြာတွင် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ESPYS ၏ကမ္ဘာ့အကောင်းဆုံးအားကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။

စီရော်နယ်ဒိုသည် ထိုဆုကို ဒုတိယအကြိမ်မြောက် ရရှိခြင်းလည်း ဖြစ်သည်။ ဆုရရှိခဲ့သော်လည်း စီရော်နယ်ဒိုမှာ ဆုပေးပွဲကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

အေဘီစီ ရုပ်သံကုမ္ပဏီက တစ်နှစ်တာအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြသည့် အားကစားအသင်းများနှင့် အားကစားသမားများကို ရွေးချယ်၍ ဆုများပေးအပ်ခြင်းဖြစ်သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိကို ESPN ကုမ္ပဏီက ကြီးမှူး၍ဆုများပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ABC က လွှဲပြောင်းယူခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် တစ်နှစ်တာအတွင်း အကောင်းဆုံးအမျိုးသားအားကစားသမားဆုကို အမေရိကန်ဘက်စကက်ဘောသမား လီဘရွန်ဂျိမ်းစ်က ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုကိုမူ အမေရိကန်ဘက်စကက်ဘောမယ် ဘရီယာနာစတီးဝက်က ရရှိခဲ့သည်။

အမေရိကန်အမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး အက်ဘီဝမ်းဘက်ခ်ျမှာ ဘက်စကက်ဘောသဘော ကိုဘီဘရိုင်ယန်နှင့်အတူ စံပြကစားသမားဆုကို ရရှိခဲ့သည်။

မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို ဂျီယိုဗင်ကို၊ တင်းနစ်(အမျိုးသား)တွင် ဂျိုကိုဗစ်၊ ဂေါက်သီး(အမျိုးသမီး)တွင် လိုင်ဒီယာကိုတို့က အသီးသီးဆုများ ရရှိခဲ့ကြသည်။

ရည်ညွှန်း အီးအက်စ်ပီအန်
Mizzima - News in Burmese

ဇူလိုင်လ ၁၃ရက်နဲ့ ၁၄ရက် ကျင်းပနေတဲ့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန) ၄၇ပါးစုံညီ အစည်းအဝေး။ သတင်းဓာတ်ပုံ -သာသနာရေးဝန်ကြီး သူရဦးအောင်ကို
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အနေနဲ့ သံဃာအဖွဲ့အစည်း မဟုတ်တာကြောင့် နောက်ပိုင်းတစုံတရာသော ပြဿနာအရှုပ်အရှင်းရှိလာမယ်ဆို ရင် ကျူးလွန်တဲ့အတိုင်း တည်ဆဲဥပဒေပုဒ်မနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ မည်သည့်ရဟန်းမဆို အမုန်း စကား ဒါမှမဟုတ် တည်ငြိမ်အေးချမ်းရေးကို ထိပါးတဲ့ပြောဆိုဟောပြောမှုရှိခဲ့ရင် တည်ဆဲဥပဒေအတိုင်း အရေးယူမယ်လို့လည်းပြောဆိုလိုက်တာပါ။ ဒီသတင်းကို ရန်ကုန်မြို့ ကမ္ဘာအေး ကုန်း မြေ ၀ိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်းအဝေးပွဲကို သွားရောက် သတင်းယူခဲ့တဲ့ မေခကပေးပို့ထားပါတယ်။

ရန်ကုန်မြို့ ကမ္ဘာအေး ကုန်း မြေ ၀ိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်းအဝေးပွဲကို ၂ရက်တာကျင်းပတာမှာ မဘသအဖွဲ့ နဲ့ပတ်သတ်ပြီး အစည်းအဝေးပထမနေ့မှာ ကြားဖြတ်အစီအစဉ် အနေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော် သံဃမဟာနာယက (မဟန)က မဘသအဖွဲ့အပေါ်ထုတ်ပြန်ထားတဲ့ အချက်ကိုဘဲ ဆွေးနွေးသဘောတူခဲ့တယ်လို့ ပြောကြပါတယ်။ ဘယ်အပိုင်း ဘယ်လိုဆွေးနွေးခဲ့လဲ ဆိုတာကိုတော့ အတိအကျပြော ဆိုခြင်းမရှိပါဘူး။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး - မဘသ အဖွဲ့ဟာ သံဃာ့အဖွဲ့အစည်းရဲ့ အခြေခံစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ သံဃနာယကလက်စွဲ၊ ညွှန်ကြား လွှာတွေ နဲ့အညီ ဖွဲ့ထားတဲ့အဖွဲ့မဟုတ်တဲ့အကြောင်းနဲ့ ဂိုဏ်းပေါင်း စုံသံဃာ့ ညီလာခံ ကနေ ပေါက်ဖွား လာတဲ့အဖွဲ့ မဟုတ်တဲ့အကြောင်း၊ ဒါကြောင့် ဘယ်ဂိုဏ်းပေါင်းစုံ အစည်း အဝေးကမှ မဘသအဖွဲ့ကို အသိအမှတ်ပြုတာ၊ သန္ဓေတည် ပေါက်ပွားစေ တာ မရှိတဲ့အပြင် မဘသ ဆိုတဲ့အသုံး အနှုန်းကိုတောင် ခေါ်ဝေါ်သုံးစွဲခဲ့တာ မရှိခဲ့တဲ့ အကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကကြေညာထားပါတယ်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကတော့ မဘသအဖွဲ့အနေနဲ့ ဘာသာရေး အခြေခံပြီး လူမှုရေးအဖြစ်ရပ်တည်မယ်ဆိုရင် တပါးသူ၊ အခြားသောဘာသာ၊ အခြားလူ ပုဂ္ဂိုလ်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မထိခိုက်စေတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်မယ်ဆိုရင် အစိုးရအနေနဲ့ လက်ကမ်း ကြိုဆိုမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းစကားတွေပြောဆိုမူတွေ၊ သွေးကွဲစေအောင် ၀ါဒဖြန့်ချီမှုတွေ လုပ်ဆောင် လာရင် ရဟန်းပုဂ္ဂိုလ်ဖြစ်ဖြစ် လူပုဂ္ဂိုလ်ဖြစ်ဖြစ် တားဆီး ထိန်းသိမ်းသွားမှာဖြစ်ပြီး လိုအပ်ရင် တည်ဆဲ ဥပဒေတွေအတိုင်း အရေးယူမယ်လို့ လည်းပြောဆိုလိုက်ပါတယ်။

(မဘသ) အနေနဲ့ သံဃာအဖွဲ့အစည်း မဟုတ်တာကြောင့် နောက်ပိုင်း တစုံတရာသော ပြဿနာ အရှုပ်အရှင်းရှိလာမယ်၊ အမုန်းစကားတွေဖြန့်ဝေမယ်ဆိုရင် ကျူးလွန်တဲ့ အတိုင်း တည်ဆဲဥပဒေပုဒ်မ အတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်ကပြောဆိုလိုက်ပါတယ်။

" ကျနော်တို့ဆီကို တရားဝင်ထုတ်ပြန်ပြီးတော့ တင်ပြပြီးတော့ တရားဝင်ခွင့်ပြုချက် ရယူထားတဲ့ဟာလည်း မဟုတ်ဘူး။ အဲ့တာအပြင် သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်းများနဲ့လည်း မကိုက်ညီဘူး။ ကျနော်တို့အနေနဲ့ကတော့ မဘသအဖွဲ့ဟာ ကျနော်တို့ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီခြင်း မရှိပါဘူးလို့ တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်ပါတယ်။ ကျန်ကိစ္စများကတော့ လက်ရှိတည်ဆဲဥပဒေအရပဲ ဖြစ်ပါတယ်။"

ဒီပြင် ဝန်ကြီးသူရဦးအောင်ကိုကလည်း လက်ရှိတရားဥပဒေ စိုးမိုးမှု အားနည်းနေသေးတာကြောင့်သာ အမှုတွေပေါ်ပေါက်မှု အားနည်းနေ တာဖြစ်ကြောင်း၊ တကယ်လို့ တရားဥပဒေစိုးမိုးလာခဲ့ရင် ဘယ်ပုဂ္ဂိုလ်မဆို ဥပဒေနဲ့မညီခဲ့တာတွေ ရှိရင် ဖော်ထုတ် အရေးယူသွားမယ်လို့ ပြောပါတယ်။

" ကနေ့ ဒီကနေ့ပေါ့လေ တရားဥပဒေစိုးမိုးမှုက အားနည်းနေတော့ တရားဥပဒေအားကောင်းအောင် တည်ဆောက်နေတဲ့အချိန်ဖြစ်တော့ တချို့ကိစ္စလေးတွေမှာ ဥပေက္ခာတရားရှိပါတယ်။ အဲ့ဒီ့တော့ တရားဥပဒေ အားကောင်းမှု ရှိလာတဲ့အခါမှာ မည်သည့်ပုဂ္ဂိုလ်မဆို အခိုင်အမာ တိုင်ကြားလာမှုတွေ ရှိလာလို့ရှိရင် ပြန်လည်ဖော်ထုတ်အရေးယူလို့ရပါတယ်။ ရာဇဝတ်မှုနဲ့ပတ်သက်လို့ရှိရင် time-barred ဆိုတာ မရှိပါဘူး။ မည်သည့် ရဟန်း သာမဏေ မဆို ခုနကပြောသလို တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ အန္တရာယ်ရှိစေတဲ့ ပြောဆိုမှု ဟောပြောမှုများ ပြုလုပ်လို့ရှိရင် တိုင်ကြားလို့ရှိရင် နိုင်ငံတော်သံဃမဟာနာယကက တွေ့ရင် စုံစမ်းစစ်ဆေး အရေးယူသွားမှာဖြစ်ပါတယ်။"

မဘသ အဖွဲ့ထဲက အချို့ဟာ အမုန်းစကားဖြန့်တာမျိုး ရှိခဲ့တယ်လို့လည်း သာသာနာရေးဝန်ကြီးက ပြောဆိုပါတယ်။ နိုင်ငံတော်မဟာသံဃနာယက (မဟန) ရှိပြီးသားမို့ မဘသအဖွဲ့ရှိစရာမလိုဘူးလို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ပြောဆိုခဲ့ တဲ့နောက် မဘသအဖွဲ့အစည်းနဲ့ အစိုးရအကြား တင်းမာမှုရှိခဲ့တာပါ။ မဘသ အနေနဲ့ သံဃာ အဖွဲ့အစည်းမဟုတ်တော့ဘူးလို့ မဟနက ကြေညာခဲ့တဲ့နောက်တော့၊ မဘသ အဖွဲ့အစည်းကို အရပ်ဖက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ကိုင်တွယ်သွားမယ်လို့ အာဏာပိုင်တွေဖက်က ပြောဆိုလာတာဖြစ်ပါတယ်။
VOA Burmese News


ထိုင်းနိုင်ငံ မဟာချိုင်အရပ်က ပင်လယ်စာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ အလုပ်ထုတ်ပြီး စက်ရုံပြင်ပနှင်ထုတ်။ Photo Credit to Ko Ye Min (ACC) FB
ထိုင်းနိုင်ငံ မဟာချိုင်အရပ်က ပင်လယ်စာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ အလုပ်ထုတ်ပြီး စက်ရုံပြင်ပနှင်ထုတ်။ Photo Credit to Ko Ye Min (ACC) FB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ၊ ဒီရက်ပိုင်းအတွင်း အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုရင်း အလုပ်အကိုင် လက်လွတ် ဆုံးရှုံးမှုတွေနဲ့ ကြုံနေကြရပါတယ်။

အခုနောက်ဆုံးမှာလည်း မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အရပ်က အလုပ်သမား အများအပြားဟာလည်း လုပ်ခလစာ အပြည့်မရပဲ အလုပ်က ထုတ်ခံလိုက်ရတယ်လို့ အလုပ်သမားရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြား အလုပ်အကိုင် အဆင်မပြေမှုတွေ ခပ်စိပ်စိပ် ဖြစ်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မသိင်္ဂီထိုက် စုစည်းတင်ပြပေးပါမယ်။

ထိုင်းနိုင်ငံ မဟာချိုင်အရပ်က ပင်လယ်စာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၇၅ ဦးတို့ကို လုပ်ခလစာ အပြည့်အပေးဘဲ ထိုင်းအလုပ်ရှင်က အလုပ်ထုတ်လိုက်တယ်လို့ အလုပ်သမားရေး လှုပ်ရှားနေသူတွေနဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတွက် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ လုပ်ခလစာ အပြည့်ရရှိဖို့နဲ့ အလုပ်ပြန်လုပ်ခွင့်ရရေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ဆောင်ရွက်ပေးမယ်လို့ အလုပ်သမားတွေထံ ကိုယ်တိုင် ရောက်ရှိနေတဲ့ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောပါတယ်။

" အခုလောလောဆယ် သူတို့ကို ကျနော်တို့က အရင်ဆုံးနေရာချပေးရမယ်။ ပြီးရင် သူတို့ကို အလုပ်ပြန်ရဖို့အတွက် ကျနော်တို့ လုပ်ပေးရမယ်။ တတိယ အချက် နောက်ဆုံး ကတော့ သူတို့ကျန်ခဲ့တဲ့ လစာပေါ့နော်။ လုပ်ခ လစာပြန်တောင်းပေး မယ်။ ကျနော့်အလုပ်။ ထိုင်းမှာကတော့ ဒီလိုပဲ အရင်က ကျနော်လည်း တာဝန်ကျခဲ့ဖူးတယ်။ အခုလောလောဆယ်မှာတော့ သူတို့ရဲ့ ဘတ်တွေပေါ့နော်။ ဘတ်ကဒ်တွေ သက်တမ်းက ၂၉ရက်နေ့ဆို ပြီးပြီ။ ပြီးမှ ဖြစ်တဲ့ အတွက် ဘတ်ကဒ် မရှိတဲ့သူတွေကို စစ်ဆေးရင်းနဲ့ စက်ရုံ အလုပ်ရုံတွေပေါ့။ ဒီစက်ရုံက ဖမ်းတာလည်း မဟုတ်ဘူး။ သူဟာသူ အလုပ်ရှင်က သူတို့ကို အလုပ်ထုတ်လိုက်တဲ့သဘောမျိုး။ ဒါ ကျနော်တို့က စိစစ်နေတုန်းပဲ ရှိသေးတယ်။"
လုပ်ခလစာ အပြည့်အဝ ရရှိရေးအတွက် အလုပ်သမားအားလုံးတို့က စုပေါင်းတောင်းဆိုပြီးနောက်မှာ အလုပ်ရှင်က အလုပ်ထုတ် လိုက်တာ ဖြစ်တယ် လို့လည်း အကူအညီပေးနေတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ AAC အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်က ပြောပါတယ်။

"အဲ့ဒီ့အလုပ်သမားတွေ အားလုံးက လုပ်အားခကို ပုံမှန်ပေးနေရင်း ပေးနေရင်းနဲ့ ဘတ် ဆို ရပ်ပစ်လိုက်တာ။ ရပ်တဲ့လုပ်အားခကို မပေးတဲ့အတွက် ကျနော်တို့ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ AAC အဖွဲ့ကို လာပြီးတော့ အကူအညီတောင်းတယ်။ ကျေန်ာတို့က ဥပဒေအတိုင်းပဲ။ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးတွေကို သွားပို့တယ်။ ပို့တော့ လက်ရှိလုပ်ငန်းရှင်နဲ့ အလုပ်သမားတွေနဲ့ ညှိနှိုင်းပေးလိုက်တဲ့အခါမှာ ပိုက်ဆံရတယ်။ ရပြီးတော့ ပေးလည်း ပေးပြီးရော ညမိုးချုပ်ချုပ်ကြီးကို မောင်းထုတ်ပစ်လိုက်တယ်။"
မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံကြား တရားဝင် အလုပ်သမား ပို့ဆောင်ခြင်းဆိုင်ရာ သဘောတူ စာချွန်လွှာ MOU အရ အလုပ်သမားတွေ အနေနဲ့ အလုပ်ရှင် ပြောင်း အလုပ်လုပ်ခွင့် မရှိတာကြောင့် အခုအလုပ်ပြုတ်လာတဲ့ အလုပ်သမားတွေ နောက်ထပ် အလုပ်လုပ်ခွင့်ရဖို့ကလည်း မရေမရာ ရှိနေဆဲပါ။
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား တရားဝင် အလုပ်သမားဖြစ်ရေး ဆောင်ရွက် ချက်တွေကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ဖြုတ်ခံရတာတွေ ပိုပြီးဖြစ်လာရတာလို့လည်း မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ AAC အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်က ပြောပါတယ်။

" MOU နဲ့ သွင်းတဲ့အလုပ်သမားတွေက ထိုင်းကို ခပ်စိပ်စိပ် ရောက်လာတော့ အရင်တုန်းကလည်း ဖမ်းတာဖြစ်ခဲ့ဖူးတယ်။ ဒီပြဿနာတွေက ဖြစ်ပေသော်ငြား လည်း သွားဖို့လမ်းစရှိတယ်။ လုပ်ငန်းရှင်မပြောင်းရလို့ ဟိုဘက်မသွားရ ဒီဘက်မသွားရ ဥပဒေတွေ မရှိတဲ့အတွက် ဘယ်လောက်ပဲ အလုပ်ထုတ်ထုတ် A က ထုတ်ရင် B ကိုသွားတယ်။ B က ထုတ်ရင် C ကိုသွားတယ်။ သိပ်ပြသနာမတက်ဘူး။

အခု MOU တွေ ထွက်လာပြီး ၂၀၁၁ လောက်ကနေ ကိုယ်စားလှယ်ခေတ် ကနေ အေဂျင်စီခေတ် အထိ MOU တွေ အများကြီး သွင်းလာတော့ နေရာတွေ အများကြီး ယူလာတော့ ကျနော်တို့ အပေါ်မှာ အလုပ်သမား တောင်ကျော်တွေ အတွက် ထွက်ပေါက်မရှိတော့ဘူး။ ထွက်ပေါက်မရှိတော့ တည်းခိုရာနေရာတွေမဲ့တယ် အလုပ်ရှင်တွေ မရှိတော့ အခုလို ကျနော်တို့ ကူညီတဲ့သူတွေ လာလာပြီးတော့ ထိပ်တိုက်တိုးလာတဲ့အခါကျတော့ ဒီပြဿနာက အခုမှ စပြီး ဒေါ်အောင်ဆန်းစုကြည် လာပြီးမှ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြင်သွားတာ။ အမှန်ကတော့ နဂိုကတည်းက ဖြစ်နေတာဗျ။"

ဒီကနေ့ အလုပ်ထုတ်ခံရတဲ့ ပင်လယ်စာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေကတော့ လုပ်ခလစာ တလစာ မရသေးတာ ဖြစ်ပါတယ်။ အခုတော့ အလုပ်သမားတွေ အားလုံးကို အလုပ်သမား အကူအညီပေးရေး အဖွဲ့ AAC ရဲ့ အကူအညီနဲ့ ဘုန်းကြီးကျောင်းမှာ ခေတ္တ နေရာချထားပေးထားပါတယ်။

မသိင်္ဂီထိုက်
VOA Burmese News

လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

 အနာဂတ်မှာ ဖယ်ဒရယ်ပြည်ထောင်စုကနေ ခွဲထွက်စရာမလိုတဲ့ အာမခံချက်မျိုး ၂၁ ရာစု ပင်လုံညီလာခံကနေ ရလာနိုင်မယ်လို့ သူတို့အနေနဲ့ မျှော်လင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။ ဒီလနောက်ဆုံးပတ်ထဲ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ကျင်းပမယ့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ EAO ထိပ်သီးညီလာခံ မတိုင်ခင် အခုလို ပြောဆိုလိုက်ကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ မျက်နှာစုံညီ အစည်းအဝေးတရပ်ကို အခုလာမယ့် ဇူလိုင်လ ၂၆ ကနေ ၂၉ ရက်နေ့ထိ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ကျင်းပသွားဖို့ ရှိနေတာပါ။ အဲဒီညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဘုံသဘောတူညီချက်တရပ် ရရှိဖို့ မျှော်လင့်ထားကြောင်း မိုင်ဂျာယန်ညီလာခံ ကျင်းပရေးကော်မတီ ပြောခွင့်ရသူ ဒေါက်တာ နိုင်ရွှေသိန်းက ရှင်းပြပါတယ်။

“အဓိက ကတော့ နှစ်ချက်ရှိပါတယ်။ ကျနော်တို့ ဘုံနားလည်မှု ဘာတွေရှိလာနိုင်မလဲ ဆိုတာကို ဒါကို ရည်ရွယ်ပြီးတော့ လုပ်နေတာပါ။ ကျနော်တို့ လိုချင်နေတဲ့ အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံကို ဘယ်လိုတည်ဆောက်မှာလဲ၊ ဘယ်လို ဖယ်ဒရယ်မျိုးကို ကျနော်တို့ ယူမှာလဲ။ အဲဒီအပေါ်မှာ ကျနော်တို့ တဦးကိုတဦး နားလည်ချက်ရှိရှိနဲ့ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ပုံစံတွေကို ဒါကိုရည်ရွယ်ပြီးတော့ လုပ်နေ တာပါ”

လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းစေပြီး ဖယ်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ပေါက်လာရေး ရည်ရွယ်ထားတဲ့ NLD အစိုးရသစ်ဟာ ၂၁ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လကုန်ပိုင်းမှာ ကျင်းပနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ အဲဒီ ၂၁ ရာစု ပင်လုံညီလာခံကို ဘယ်လိုအခြေခံ သဘောထား ဘယ်လို အနှစ်သာရတွေနဲ့ အကောင်ထည်ဖော် လုပ်ဆောင်သွားမလဲဆိုတာ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဒေါက်တာနိုင်ရွှေသိန်းက ပြောပါတယ်။

“အဲဒီမှာ သူတို့ပြောနေတဲ့ ဒီ၂၁ ရာစု ပင်လုံဆိုတာက ကျနော်တို့ အခုထက်ထိကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မသိသေးဘူးခင်ဗျ။ ဒီ ၂၁ ပင်လုံဆိုတာက ဘာကိုဆိုလိုသလဲ၊ အခုဟာ သူတို့ဟာက ဟိုတိုင်းရင်းသားညီလာခံလား ဘာလားဆိုတဲ့ သဘောကလဲ။ အဲဒီအပေါ်မှာလည်း ကျနော်တို့က မရှင်းသေးဘူးလေ။ အဲဒါကြောင့်မို့ ဒီတိုင်းရင်းသားညီလာခံ ခေါ်လိုက်လို့ရှိရင် ကျနော်တို့ လက်နက်ကိုင်တွေ အားလုံး EAO Summit ပုံစံပေါ့။ အဲဒီမှာ ကျနော်တို့အဖြေတခုတော့ ထွက်လာမယ်လေ။ အဖြေတခုထွက်လာတယ် ဆိုလို့ရှိရင် အဲဒီ အဖြေပေါ်မှာပဲ ကျနော်တို့ ရှေ့လုပ်ငန်းစဉ်တွေကို သုံးသပ်လုပ်ကိုင်သွားမယ် ဆိုလို့ရှိရင်တော့ ပြေလည်သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”

တိုင်းရင်းလက်နက်ကိုင်အများစုရဲ့ စိုးရိမ်မှုကတော့ အနာဂတ်မှာ ဖယ်ဒရယ်ပြည်ထောင်စုမှာ သူတို့ တိုင်းရင်းသားတွေအတွက် အာမခံချက်ရှိတဲ့ အခွင့်အရေးတွေ ရရှိဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကို လုံးဝ မခွဲထွက်ဖို့အတွက်ကို စီစဉ်ထားမယ် အခွင့်အရေးတွေ ပေးထားမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ဘာလို့ ခွဲထွက်ရမှာလဲ၊ အတူတူပဲနေရမှာပေါ့။ လက်နက်ကိုင်ကတော့ ဒါက ဖယ်ဒရယ်နိုင်ငံ ဆိုကတည်းကိုက ဖယ်ဒရယ်တပ်မတော်တို့ ဖယ်ဒရယ် ဟိုဒင်းတို့ ဒါ ရှိလာမှာပဲ၊ ဒါဆိုလို့ရှိရင်တော့ ကျနော်တို့ဘာမှ ပြောစရာမလိုပါဘူး”

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ပုန်ကန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့ရှိပါတယ်။ အဲဒီ ၂၁ ဖွဲ့ထဲမှာ ၁၇ ဖွဲ့က ဦးသိန်းစိန်အစိုးရလက်ထက်မှာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးဖို့ ကြိုးစားခဲ့ပေမယ့် ၈ ဖွဲ့ထဲသာ လက်မှတ်ထိုးနိုင်ခဲ့ကြပါတယ်။ ဒီလကုန်ပိုင်းကျင်းပမယ့် မိုင်ဂျာယန်ညီလာခံမှာ လက်နက်ကိုင် ၂၁ ဖွဲ့လုံးကိုဖိတ်ထားပေမယ့် “၀” ၊ မိုင်းလား၊ ကိုးကန့် စတဲ့ တပ်ဖွဲ့တွေ လာတက်မယ် မတက်ဖူးဆိုတာ မသိရသေးဘူးလို့ ဒေါက်တာနိုင်ရွှေသိန်းက ပြောပါတယ်။

“ဖိတ်တာကတော့ ၂၁ ဖွဲ့စလုံးကို ဖိတ်ထားတယ်။ ဒါပေမယ့် ဘယ်အဖွဲ့က တက်မယ် မတက်ဘူးဆိုတာကတော့ အခုချိန်ထိတော့ အကြောင်းမပြန်သေးဘူး။ သေချာပေါက်ကတော့ ကျနော်တို့ NCAကို လက်မှတ်ထိုးထားတဲ့အဖွဲ့ ၈ ဖွဲ့ရယ်.. နောက် ကျနော်တို့ UNFC မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေရယ်၊ ဟိုဒင်းပဲ နည်းနည်းလေး မိုင်းလားရော ‘၀’ရော ကိုးကန့်တို့ပဲ သူတို့လာမလား မလာဘူးလား ဘာမှ အသံမကြားသေးဘူးလေ”

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး NLD အစိုးရသစ်လက်ထက်မှာ ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ဖို့ တဖက်မှာကြိုးပမ်းနေပေမယ့် လက်တွေ့မြေပြင်မှာတော့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်ပွားနေတာ ကြောင့် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ရလာနိုင်မလားဆိုတာ နိုင်ငံရေးသုံးသပ်သူတွေကြား သံသယ၀င်နေကြပါတယ်။

ကိုဉာဏ်ဝင်းအောင်
VOA Burmese News

yaymasay-pharkant-620.jpeg ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးက သာယာကုန်းကမ်းပါးမှာ ၂၀၁၃ ခုနှစ်အတွင်းက ကျောက်စိမ်းတူးဖော်နေ မှုကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာက ဆုထူးပန် ကုမ္ပဏီလုပ် ကွက်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက ကျောက်ကြောကမ်းပါးပြိုကျလို့ တစ်နိုင် တစ်ပိုင်ကျောက်တူးနေသူ လေးဦး သေ ဆုံးခဲ့ပါတယ်။

ကျောက်ကမ်းပါးအလယ်မှာ ကျောက်တူးနေကြတာဖြစ်ပြီး တောင်ကမ်းပါးယံပြိုကျချိန် အရှိန်နဲ့ အောက်ဖက် က ရေအိုင်ထဲကျပြီး ရေနစ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတူးမိုင် က ပြောပြပါတယ်။

"ကုမ္ပဏီလုပ်ငန်းနားပြီဆိုတော့ သူတို့က ကုမ္ပဏီလုပ်ကွက်ထဲမှာ လွတ်လွတ်လပ်လပ်တူးတယ်၊ တူးတဲ့အချိန်မှာ အခုက နေပူလိုက် မိုးရွာလိုက်ဆိုတော့ အဲ့မှာကမ်းပါးပြိုတာလေ၊ ကမ်းပါးပြိုပြီးမှ သူတို့တူးတဲ့အောက်မှာ ရေအိုင် ရှိတယ်၊ ပြိုတာ ကမ်းပါးက ရေအိုင်ကိုလာရိုက်တော့ သူတို့ကျင်းတူးနေတဲ့ဟာတွေကို ရေနဲ့ ရိုက်ချလိုက်တာပေါ့ ၊ လေးယောက်က ရေအိုင်ထဲပြုတ်ကျသွားတယ်၊ လေးယောက်စလုံးက ရေနစ်သေတာ၊ အမြင့်ပေကတော့ ၁၅ဝ လောက်ရှိတယ်"

ရေထဲနစ်သေဆုံးခဲ့တဲ့အထဲက အလောင်းတစ်လောင်းကို ဒီကနေ့မှာ ပြန်လည်တွေ့ရှိပြီး ဖားကန့်မြို့နယ် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိပ်မူကျေးရွာအခြေစိုက် သင်္ခါလူမှုကူညီရေးအဖွဲ့ရဲ့ ဥက္ကဌ ဦးခင်မောင် က ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသက စွန့်ပစ်မြေစာပုံတွေနဲ့ ကျောက်ကြောတောင်ကမ်းပါယံတွေ၊ ရေဝပ်နေ တဲ့ ကျောက်ကျင်းလုပ်ကွက် စတဲ့ မြေပြိကျမှုအန္တရာယ်တွေ ရှိနိုင်တဲ့နေရာတွေမှာ ကျောက်မတူးကြဖို့ အသိပေးထားပါတယ်။

ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တွေနဲ့ စွန့်ပစ်မြေစာပုံတွေတစ်ဝိုက်မှာ မကြာခဏမြေပြိုလို့ ထိခိုက်သေ ဆုံးမှုတွေရှိနေပြီး မနှစ်က နိုဝင်ဘာ ၂၁ ရက်နေ့က ဆိပ်မူကျေးရွာအနီးက စုပေါင်းစွန့်ပစ် မြေစာပုံပြိုကျလို့ လူ ၁၁၄ ယောက် သေဆုံးခဲ့ပါတယ်။
RFA


namkham-murder-620.JPG သေနတ်အပစ်ခံရလို့ သေဆုံးခဲ့တဲ့ နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေးရွာက ဦးစိုင်းကောင်းခမ်း ကို ဇူလိုင်လ ၁၃ ရက်နေ့က သယ်ဆောင်လာစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့က တိုင်းခန်းမမှာပြုလုပ်တဲ့ ဆယ်တန်းအောင် ကျောင်းသားတွေ ဂုဏ်ပြုတဲ့ အခမ်းအနားကအပြန် အမည်မသိလူ ၂ ဦးက သေနတ်နဲ့ပစ်လိုက်တာကြောင့် နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေးရွာ က ဦးစိုင်းကောင်းခမ်း ဆိုသူ သေဆုံးခဲ့ပါတယ်။

ဆယ်တန်းကျောင်းသားတွေကို ဂုဏ်ပြုပွဲ အခမ်းအနားကအပြန်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီး သေနတ် ဒဏ်ရာ ၃ ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒုတိယ ရဲမှူးကြီး ဦးအောင်မြတ်မိုး က ပြောပါတယ်။

"သေဆုံးသူက ဦးစိုင်းကောင်းခမ်း ပေါ့နော်၊ သူ့သမီးပေါ့ နမ့်ခမ်းမှာရှိတဲ့ တိုင်းခန်းမမှာ ဆယ်တန်းကျောင်း သားတွေ ဂုဏ်ပြုပွဲ အခမ်းအနားကို လာတက်တာ၊ ကျားဖြူပါတီက ဦးဆောင်လုပ်တဲ့ ဂုဏ်ပြုပွဲပေါ့၊ အခမ်းအနား ပြီးတော့ ပြန်ဖို့ အတွက် ပါရာဒိုကားပေါ် တက်တဲ့အချိန်မှာ သူ့သမီးက ကားရဲ့တစ်ဘက်ခြမ်းမှာရှိတယ်၊ သူ့အဖေ က ကားမောင်း ဖို့အတွက် ဒါရိုက်ဘာဘက်အခြမ်းကို သွားနေတယ်၊ တံခါးဖွင့်ခါနီးမှာ အနောက်ကနေ နာမည်ခေါ်ပြီးတော့ လှည့်အကြည့်မှာ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်က ရုတ်တရက်ရောက်လာပြီး သေနတ်နဲ့ ပစ်သွားတာ၊ ပစ်ပြီး ချက်ချင်းထွက်ပြေးသွားတာပေါ့၊ ဒဏ်ရာက သုံးချက်မှန်တယ်"

သေဆုံးသွားသူဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီဝင်တစ်ဦးဖြစ်ကြောင်း စစ်ဆေး ချက်အရ တွေ့ရှိရပြီး လက်ရှိမှာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအတွက် ဆပ်ကြေးကောက်ပေးနေရသူ ဖြစ်တယ် လို့လည်း စုံစမ်းသိရှိရကြောင်းလည်း ဒုတိယ ရဲမှူးကြီး ဦးအောင်မြတ်မိုး က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နမ့်ခမ်းမြို့မရဲစခန်းမှာ လူသတ်မှု ပုဒ်မ ၃ဝ၂ နဲ့ အမှုဖွင့်ထားပြီး တရားခံကို ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။

ဒီလို ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တရားဥပဒေ စိုးမိုးရေး ကင်းမဲ့နေကြောင်းနဲ့ အစိုးရအပေါ် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု လျော့ပါးစေကြောင်း တရားဥပဒေ စိုးမိုးရေး ရှင်သန်လာအောင် ကြိုးပမ်းပေးဖို့ ရှမ်းပြည်နယ် အစိုးရကို တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
RFA


ကောလင်း၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကောလင်းမြို့နယ် လယ်ရင်းတဲကျေးရွာ၌ ဇူလိုင် ၁၄ ရက် ယနေ့မနက် ၅ နာရီအချိန်က မူးယစ်ဝရမ်းပြေးတစ်ဦးအား ကောလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ညီညီအောင်နှင့်သွားရောက်ဖမ်း ဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးရာတွင် မူးယစ်ဝရမ်းပြေးဖြစ်သူက ရဲများကို ဒုတ်၊ဓား၊ လေးခွများဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။ ထိုမျှမက မူးယစ်ဝရမ်းပြေးဖြစ်သူက သူ၏ နေအိမ်အနီးရှိ ပတ်ဝန်းကျင်နေအိမ်များကို မီးဒုတ်များဖြင့်ပစ်ပေါက်၍ မီးရှို့၍ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သည်။

ထို့ကြောင့် ရဲများက မူးယစ်ဝရမ်းပြေးဖြစ်သူ၏ နေအိမ်အား အပြင်စည်းမှ ၀ိုင်းဝန်းပိတ်ဆို့ထားခဲ့ရာ ထိုသူက အိမ်တွင်းမှနေ၍ အဆက်မပြတ် လေးခွဖြင့် ပစ်ခတ်နေသည့်အတွက် 12 Bore Pump action shot gun ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့် ပထမနှစ်ချက် ပစ်ဖောက်ခြောက်လှန့်ခဲ့သော်လည်း ထိုသူက ဆက်လက်၍ စဉ်မပြတ် ခုခံတိုက်ခဲ့နေသဖြင့် လောက်လေးခွကိုင်ဆောင်ထားသော ၎င်း၏ ညာဘက်လက်ကောက်ဝတ်နေရာအား အဆိုပါ သေနတ်ဖြင့် နောက်တစ်ကြိမ်ပစ်ခတ်၍ လုံးထွေးသတ်ပုတ်ကာ ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ဖမ်းဆီးရေးအဖွဲ့က ထိုသူ၏နေအိမ်အား ဆက်လက်၍ ရှာဖွေစစ်ဆေးသည့်အခါ မူးယစ်ဝရမ်းပြေးဆိုသူ၏ နေအိမ်အိပ်အတွင်းမှ ဘိန်းမဲ ၁၀၅ ဂရမ်းအထုပ်တစ်ထုပ်အား၎င်း၊ နေအိမ်ဧည့်ခန်းအတွင်းရှိ သောက်ရေအိုးထဲ၌ ဒီဇယ်ဆီထည့်၍ မီးရှို့ထားသော ဘိန်းဖြူမှုန့်ထည့်ထားသော ပုနယ်စလင်ပုလင်ခွံ သုံးလုံးအား၎င်း၊ ဘိန်းဖြူမှုန့် ( ၀ ဒသမ ၀၀၁ ) ဂရမ်ပါ ပုနယ်စလင်ပုလင်းတစ်လုံးအား၎င်း၊ ဖမ်းဆီးရဲများအား ခုခံတိုက်ခိုက်ရာတွင် အသုံးပြုသည့် ဓားဦးချွန် ခုနှစ်ချောင်းနှင့် ဓားရှည်တစ်ချောင်းအား၎င်း ဖမ်းဆီးရဲများက ရှာဖွေသိမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ မူးယစ်)ရမ်းပြေးသည် ကောလင်းမြို့မရဲစခန်း မူးယစ်(ပ) ၃၀/ ၂၀၁၆ မူးယစ်ပုဒ်မ ၁၅/ ၁၉(က) အမှုမှ ဆက်စပ်တရားခံအဖြစ်၎င်း၊ ကောလင်းမြို့မရဲစခန်း မူးယစ်(ပ) ၃၀/ ၂၀၁၅ မူးယစ်ပုဒ်မ ၁၅/ ၁၆(ဂ)၊ ကျင့် ၅၁၂ ကောလင်းမြို့နယ်တရားရုံး ရာသေးမှတ် ၂/၂၀၁၆ အမှုမှ အလိုရှိနေသော မူးယစ်ဝရမ်းပြေး ကိုနိုင်ဦး ဆိုသူဖြစ်ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ဖမ်းဆီးနှိမ်နင်းရေး လုပ်ငန်းများအား ရဲတပ်ဖွဲ့ဝင်များက အမျိုးသာရေးတာဝန်တစ်ရပ်အဖြစ် ဦးထိပ်ပန်ဆင်ကာ အသက်ကို ပဓာနမထားဘဲ ဖမ်းဆီးနှိမ်နင်းလျက်ရှိသည်။ အဆိုပါ ဖမ်းဆီးရေးတွင် ဖမ်းဆီးရဲများကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့သူ၏ လက်အား တည့်မတ်စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒုရဲမှူး ညီညီအောင်သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်ကလပ်၏ အသင်းဝင် ပလေယာတစ်ဦးဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော လအနည်းခန့်က ကသာခရိုင် ၀န်းသိုမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများသွားရောက်ဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့မှ အလားတူ ခုခံတိုက်ခိုက်သဖြင့် ရဲအရာရှိတစ်ဦးမှာ ပြင်ဒဏ်ရာများရရှိခဲ့သေးသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/


ချောက်မြို့နယ်၊ မကျီးစောက်(ရှေ့)ကျေးရွာတွင် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်သေဆုံးခဲ့မှု ဇူလိုင် ၁၄ နံနက်ပိုင်းကဖြစ်ပွားခဲ့ သည်။

 ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက်ည ၁၁ နာရီခွဲအချိန်က မကျီးစောက်(အရှေ့) ကျေးရွာ၌ လူတစ်ဦးပိုးသတ်ဆေးရည်သောက် သုံးမှုဖြစ်ပွားကြောင်းသတင်းအရ စလေနယ်မြေရဲစခန်းမှ ရဲအုပ်မြင့်သန်း သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 အဆိုပါကျေးရွာနေ မ၀င်းနွဲ့ ၊အသက် ၃၀ နှစ်သည် နေအိမ်၌ ရွက်လှပင်များ စိုက်ပျိုးရာတွင် ပလပ်စတစ်ပုံးအသစ်ကိုအသုံးပြုခဲ့သည့်အတွက် ဖခင်ဖြစ်သူမှငေါက်ငမ်းပြောဆိုရာ နေအိမ်တောင်ဖက် အဖီအောက်တွင်ထားရှိသော မြန်မာ့သြဘာကုမ္ပဏီထုတ် ဒါနာပိုးသတ်ဆေးရည်အား သောက်သုံးသဖြင့် ချောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသနေစဉ် ဇူလိုင် ၁၄ ရက်နံနက်နှစ် နာရီ ၁၀ မိနစ်အချိန်တွင် သေဆုံးသွားခဲ့ခြင်ြး ဖစ်ကြောင်းအမှုစစ်၏ စစ်ဆေးချက်အရသိရသည်။

ယင်းအမျိုးသမီးသေဆုံးမှုနှင့်ပက်သက်၍ ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၆ ဖြင့်အမှုဖွင့်ထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper



(သံဃမဟာနာယကအဖွဲ့ရဲ့ ၄၇ ပါးစုံညီအစည်းအဝေးမှာ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ်) Photo : Htet Arkar ,Thiha Tun/RFA
ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းစကား (Hate Speech) ရေးသား ပြောဆိုသူတွေကို အရေးယူနိုင်ဖို့ ဥပဒေမူကြမ်း တစ်ရပ်ရေးဆွဲပြီး လွှတ်တော်မှာတင်ပြသွားမယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာသဘင်မှာ ဒုတိယမြောက်နေ့အဖြစ်ကျင်းပတဲ့ နိုင်ငံ တော်သံဃမဟာနာယက အဖွဲ့ရဲ့ ၄၇ ပါးစုံညီအစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံး ကိုယ်ကြိုက်နှစ်သက်ရာ ဘာသာကို ကိုးကွယ်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားသလို အစိုးရအနေနဲ့လည်း ဘာသာပေါင်းစုံကို အသိအမှတ်ပြုကာကွယ်ပေးရမယ်လို့ ရေးဆွဲထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။

အမုန်းစကား (Hate Speech) တွေကို အရေးယူနိုင်ဖို့ ဥပဒေတစ်ရပ် မပေါ်ပေါက်သေးခင်မှာ ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးသူတွေကို လက်ရှိပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေး ၊ လူမှုရေးနဲ့ဆိုင်သော အသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်သည်လို့ ပြဌာန်းထားတာကြောင့် မဘသ အဖွဲ့အနေနဲ့ ဘာသာရေး၊ လူမူရေး လုပ်ဆောင်တဲ့အဖွဲ့အဖြစ် ရပ်တည်နိုင်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်း၊ လယ်ပြင် ဥရုချောင်းကူး တံတားအနီးက အစ္စလာမ် ယာယီဝတ်ကျောင်းဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သူ ၅ ဦးကို ဖမ်းဆီး အရေးယူမူတွေ ပြုလုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ သံဃမဟာနာယကအဖွဲ့ရဲ့ ၄၇ ပါးစုံညီအစည်းအဝေးမှာ မဘသ အဖွဲ့ဟာ သံဃအဖွဲ့အစည်းရဲ့ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွဲ့ထားတဲ့အဖွဲ့မဟုတ်ကြောင်းနဲ့ ဂိုဏ်းပေါင်းစုံသံဃညီလာခံကနေ ပေါက်ဖွားလာတဲ့အဖွဲ့ လုံးဝမဟုတ်တဲ့အကြောင်း ဆုံးဖြတ်ခဲ့ တယ်လို့လည်း သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဦးထွန်းညွန့်က ပြောပါတယ်။

မဘသ အဖွဲ့အနေနဲ့ သံဃအဖွဲ့အစည်း လုံးဝမဟုတ်တာကြောင့် သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ သံဃမဟာနာယကအဖွဲ့နဲ့ မသက်ဆိုင်ဘူးလို့လည်း ဦးထွန်းညွန့်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


(ထိုင်းနိုင်ငံ မဟာချိုင်မြို့က ထလေထိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စောင်းဆိုင်းနေတဲ့ အလုပ်သမားတွေကို ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်) Photo: Kyaw Zaw Win/RFA
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို တရားဝင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ်သက်တမ်းတိုးဖို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက်နေ့ နောက်ဆုံးထားသက်တမ်းတိုးကြဖို့ ကြေညာထားပေမယ့် မြန်မာ အလုပ်သမားတွေအနေနဲ့ အခက်အခဲရှိနေတယ်လို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

အချို့အလုပ်သမားတွေဟာ ခရီးလွန်နေပြီး အချို့က သက်တမ်းတိုးဖို့ ငွေကြေးအခက်ခဲရှိတာကြောင့် သက်တမ်းတိုးချိန် နောက်ထပ်တစ်လ သြဂုတ်လအထိ ထပ်တိုးပေးဖို့ ခွင့်တောင်းထားခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားရေးဝန်ကြီးဌာနက ပန်းရောင်ကတ်သက်တမ်းတိုးဖို့ သတ်မှတ်ထားတဲ့ ဇူလိုင် ၂၉ ရက်နေ့ကျော်ရင်တော့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာမျိုးတွေလုပ်မှာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေကို မြန်မာနယ်စပ်မြို့တွေဆီ ပြန်ပို့ခံရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် တရားမဝင်အလုပ်သမားတွေကို ခန့်ထားတဲ့ အလုပ်ရှင်တွေကိုတော့ ဘတ်ငွေ တစ်သိန်းအထိ ငွေဒဏ်ချမှတ်ခံရနိုင်တဲ့အတွက် ပန်းရောင်ကတ်မရှိတဲ့အလုပ်သမားတွေကို အလုပ်မခန့်တော့တာမျိုးတွေဖြစ်လာမယ်လို့လည်း ပြောပါတယ်။

ပန်းရောင်ကတ်သက်တမ်းတိုးဖို့အတွက် ဘတ်ငွေ ၃ ထောင်လောက်ကုန်ကျပေမယ့် တချို့အလုပ်သမားတွေဟာ အလုပ်ရှင်အတုနဲ့လုပ်ရတဲ့ အခက်ခဲတွေကြောင့် ပွဲစားတွေနဲ့လုပ်မယ်ဆိုရင် ဘတ်ငွေ ၅ ထောင်လောက်အထိ ကုန်ကျနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်သတ်တမ်းတိုးထားပြီးတဲ့ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနိုင်ငံတွေက အလုပ်သမားပေါင်း ၈ သိန်းနီးပါးရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese



ဖားကန့် ကျောက်တူးဖော်ရေး လုပ်ငန်းခွင် တခုအား တွေ့ ရစဉ်။ 
ဖားကန့် ဇူလိုင် ၁၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ အနောက်ဘက် ခြောက်ဖာလုံခန့်အကွာ ဆုထူးပန်ကုမ္ပဏီလုပ်ကွက်အတွင်းသို့ ရေမဆေးကျောက်ရှာဖွေကြရာ ကျောက် ကြော မြေစာထုပြိုကျခဲ့သဖြင့် လေးဦး သေဆုံးပြီး သုံးဦးလွတ်မြောက်ခဲ့ ကြောင်း သိရသည်။

ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီခန့်တွင် မှော်ရှန်ကျေးရွာ၏ အနောက်ဘက် ခြောက်ဖာလုံခန့်အကွာ ဆုထူးပန် ကုမ္ပဏီ၏လုပ်ကွက်အတွင်းရှိ ကမ်းပါးယံ အလျားပေ ၂ဝ ၊ ထု ပေ ၅ဝ ရှိ ကျောက် ကြောမြေစာထုသည် အမြင့်ပေ ၁၅ဝ ခန့် မှ အောက်ခြေရေကန်အတွင်းသို့ ပြုတ် ကျခဲ့ရာ ယင်းကမ်းပါးယံတွင် ရေမဆေး ကျောက်တူးဖော်နေသူ လေးဦးသည် ရေ လှိုင်းပုတ်၍ ရေကန်အတွင်းသို့ ပြုတ်ကျ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတူးမိုင်နှင့် ရဲတပ်ဖွဲ့ဝင် များနှင့် သင်္ခါလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေးဆောင် ရွက်ခဲ့ကြသော်လည်း အခင်းဖြစ်ပွား ရာ ကမ်းပါးယံသည် ထပ်မံပြိုကျမည့် အ္တရာယ်ရှိနိုင်သောကြောင့် ည ၈ နာရီ ခန့်တွင် ရှာဖွေမှုရပ်နားခဲ့သည်။

ကမ်းပါးယံ ပြိုကျမှုကြောင့် ရေကန်အတွင်း ပျောက်ဆုံးနေသူများ မှာ သန်းထက်(၄၂ နှစ်)၊ နိုင်လင်း(၂၉နှစ်)၊ ကျော်ဇင်ဖြိုး(၂၈နှစ်)၊ ကျော်သက်ဟန် (၂၈နှစ်)တို့ဖြစ်ပြီး နေဝင်းနိုင်(၂၆နှစ်)၊ ထွန်းထွန်း(၂၆နှစ်)နှင့် မောင်ဦးသန်း ဝင်း(၂၁နှစ်) တို့သုံးဦး အသက်မသေဘဲ လွတ်မြောက်လာခဲ့ကြကြောင်း သိရ သည်။

စိုးနိုင်ဦး(ဖားကန့်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS



အမေရိကန် မောင်းသူမဲ့လေယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဂျာလာလာဘတ်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

    IS စစ်သွေးကြွအဖွဲ့အား သစ္စာခံထားသည့် ဒေသတွင်း အကြမ်းဖက် အဖွဲ့ ပုန်းအောင်းနေသည့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ် Achine ဒေသရှိ ၄င်းတို့၏ ရေဒီယိုစခန်းအား ဇူလိုင်လ ၁၄ ရက်တွင် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သွေးကြွအချို့ သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

Nangarhar ပြည်နယ်ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ Attahullah Khogiani ၏ ပြောကြားချက်ကို ကိုးကား၍ Tolo ရုပ်သံက  မောင်းသူမဲ့လေယာဉ်၏ တိုက်ခိုက်မှု ကြောင့် IS ရေဒီယို နည်းပညာရှင်များ အပါအဝင် အရေးကြီးသည့် IS စစ်သွေးကြွအချို့ သေဆုံးခဲ့ကြောင်း နံနက်ခင်း သတင်းတွင် ဖော်ပြခဲ့သည်။
IS အဖွဲ့ ဘက်က မှတ်ချက် တစ်စုံတစ်ရာ မပေးသေးကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် Achine ဒေသရှိ IS စစ်သွေးကြွအဖွဲ့၏ ရေဒီယို စခန်းအား အရင်က ဖျက်ဆီးခဲ့သော်လည်း စစ်သွေးကြွများသည် ၄င်းတို့၏ ရေဒီယိုအား ပြန်လည်ပြင်ဆင်ကာ ဝါဒဖြန့်မှုအား ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


14July2016

ထိုင်းနိုင်ငံ အန်ထောင်း မြို့ နယ်အတွင်းမှာ မိဘနှစ်ပါးကို သတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ ထိုင်းနိုင်ငံသား တစ်ဦးကို ပြည်သူတွေက တရားခံ ရှိနေတဲ့နေရာကို သတင်းပေးနိုင်ခဲ့လို့  ဇူလိုင်လ ၁၃ရက် ညပိုင်းမှာ ဖမ်းဆီး မိခဲ့ပါတယ်။

အိတိချိုင်း အသက် ၂၈ နှစ် ဟာ အိမ်မှာ အလုပ်မလုပ်ဘဲ ထိုင်စားနေတာ ကို ဈေးရောင်းရှာဖွေကြွေးနေရတဲ့ မိခင်(အရင်း ) က ဆူပူဆုံးမ ခဲ့ရာက စကားများပြီး ဓါးနဲ့ ထိုးသတ်ခဲ့တာပါ။

အခင်းဖြစ်ပွားချိန်မှာ ၀င်ရောက်တားဆီးခဲ့သူ ဖခင်(အရင်း) ပါ ဓါးထိုးခံခဲ့ရပြီး အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရပါတယ်။ တရားခံဟာ အခင်းဖြစ်ပွားပြီး အိမ်ကထွက်ပြေး သွားခဲ့ပါတယ်။ မြို့ နယ် တနေရာကို ထွက်ပြေးဖို့  ကားစောင့်နေစဉ်မှာ တရားခံကို သိနေကြတဲ့ သူတွေက ရဲစခန်းကို သတင်းပေးခဲ့ကြလို့  ဖမ်းဆီးနိုင်ခဲ့တာပါ။

မူးယစ်ဆေးစွဲနေခဲ့သူ တရားခံဟာ ဒေါသကြောင့် လုပ်ခဲ့တာလို့  ၀န်ခံခဲ့တဲ့ အပြင် မိခင်ရဲ့ အလောင်းရှိရာကို နောက်ဆုံးအနေနဲ့  သွားပြီး တောင်းပန်ဖို့  ရဲတွေက ခွင့်ပေးခဲ့တာကို တရားခံက သွားစရာမလိုကြောင်းငြင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ လူငယ်တွေအကြား ဆေးစွဲနေမှုဟာ နိုင်ငံအတွင်း အလွန် အန္တရယ်ကြီးမား လာနေတာကြောင့် စစ်အစိုးရအဖို့  အရေးပေါ်နှိမ်နင်းနေရတဲ့ တာဝန်တခုဖြစ် ပါတယ်။

Credit The Nation
Social Action for Women - SAW


အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး မဘသ အဖွဲ့ခေါင်းဆောင် ဆရာတော် ဦးဝီရသူက နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်အဖြစ် စွပ်စွဲလိုက်ပြီး၊ အရပ်သား အစိုးရသစ်ဟာ မဘသ အဖွဲ့ကို ဖျက်ဆီးဖို့ ကြိုးစားနေကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မဘသ နဲ့ မသက်ဆိုင်ကြောင်း ထုတ်ပြန်အပြီးမှာ ဦးဝီရသူက အင်တာနက် ဖေ့စ်ဘွတ်မှာ ကြေညာချက် ထုတ်ခဲ့တာပါ။

အခုအခါ အာဏာရပါတီနဲ့ အရပ်သားအစိုးရသစ်ဟာ မိမိကို ရန်သူတော် နံပါတ်တစ်အဖြစ် ပစ်မှတ်ထားပြီး၊ မဘသတစ်ဖွဲ့လုံးကို ကျူပင်ခုတ် ကျူငုတ်မကျန် ဖြိုခွင်းဖျက်ဆီးဖို့ ခြေလှမ်းလှမ်းလာတာကို တွေ့ရှိနေရကြောင်း၊ အရင်က မိမိကို ထောင်ချခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများဟာ မိမိရဲ့ အမျိုးဖြစ်လို့ သူတို့အပေါ် အခုထိ မေတ္တာမပျက်သလို၊ အခု မိမိကို ထောင်ချမယ့် အမျိုးသမီးအာဏာရှင် အစိုးရအဖွဲ့ဟာလည်း မိမိရဲ့ အမျိုးတွေဖြစ်တဲ့အတွက် မေတ္တာပျက်မှာမဟုတ်ကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒါ့ပြင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဟာလည်း အစိုးရ သာသာနာရေးဝန်ကြီးဌာနရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ အစိုးရရဲ့သဘောအတိုင်းဆောင်ရွက်ရတာဖြစ်ကြောင်းလည်းဖော်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


ရန်ကုန် ဇူလိုင် ၁၃

မွန်ဂိုလီးယားနိုင်ငံအူလန်ဘာတာမြို့၌ ကျင်းပမည့် (၁၁)ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) သို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားသည်။


နိုင်ငံတော်သမ္မတဦးထင်ကျော်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။


အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး(ASEM)ကို ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင်ကျင်းပခဲ့သည်။ ယခုနှစ် မွန်ဂိုလီးယားနိုင်ငံ၌ ကျင်းပမည့် အစည်းအဝေးသည် (၁၁)ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး အေဆမ်၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ရက်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။


(၁၁)ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး(ASEM)၌ မြန်မာနိုင်ငံ သည် အာရှဒေသဆိုင်ရာ ညှိနှိုင်းရေးမှုးအဖြစ် နယူးဇီလန်နိုင်ငံနှင့် တွဲဖက်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုနှစ်တွင် အေဆမ်သည် နှစ် ၂၀ ပြည့်သည့် အတွက် အာရှ - ဥရောပဒေသအကြား အပြန်အလှန် ရောင်ပြန်ဟပ်စေမည့် အခွင့်အလမ်းများကို ဖန်တီးပေးအပ်သွားမည့်အပြင် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် ကို လည်း ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar