07/17/16


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်များနှင့် ရင်းနှီးသော မိသားစုဝင်များအဖြစ် တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဦးအင်ဘန်လဦးဆောင်သည့် အဖွဲ့ဝင်များအား ယနေ့ညနေ ၃ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC ) ရန်ကုန်ရုံးခွဲတွင် ရင်းနှီးသောမိသားစုဝင်များအဖြစ် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ညနေ ၄နာရီ၄၅မိနစ် တွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။


တွေ့ဆုံဆွေးနွေးရာတွင် အစိုးဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးတို့တက်ရောက်သည်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC)ဘက်မှ UNFCဥက္ကဋ္ဌဦးအင်ဘန်လ နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးနိုင်ထောမွန်၊ ဦးခွန်းအေဘယ်တွိဒ်၊ ဦးဆေထင် နှင့် UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) ခေါင်းဆောင် ခူဦးရယ် အပါအ၀င်အဖွဲ့ဝင်(၈)ဦးတို့ တက်ရောက်ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/



မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်မှ စားဆီအဆိပ်အတောက် ဖြစ်မှုကြောင့် ဆေးရုံတက်ကုသခံရသည့် လူနာ ၆၀ ကျော် ဆေးရုံမှ ပြန်ဆင်းသွားပြီ
မင်းပြား (July 17, 2016)

ရခိုင်ပြည် မြောက်ဦးခရိုင် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်၌ ယနေ့ နံနက်ပိုင်းက ထမင်းကျော်နှင့် အစားအစာတချို့ စားသုံးမိကြသည့်အတွက် မင်းပြားမြို့ ပြည်သူ့ဆေးရုံ၌ အရေးပေါ် ဆေးကုသမှုခံယူနေကြရသည့် လူကြီး/ငယ်/ကလေး လူနာ ၆၀ ကျော်မှာ စိုးရိမ်စရာ မရှိသည့်အတွက်ကြောင့် ယနေ့ ညနေပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။


" ကျွန်တော်တို့ မင်းဘာကြီးရပ်ကွက်က ဒီနေ့ အစာအဆိပ်အတောက်ဖြစ်တာ အသက် ၂ နှစ်ကနေ ၇၀ ကျော်အထိ လူနာစုစုပေါင်း ၆၈ ယောက်ပါ။ အခု လူနာ ၁ ယောက်ကို ဆေးရုံကဆင်းခွင့် မပေးသေးပါဘူး။ ကျန်တဲ့သူတွေက ကျန်းမာရေး စိတ်ချရတဲ့ အခြေအနေမှာရှိလို့ ဆေးရုံကဆင်းခွင့်ပေးလို့ မိမိတို့နေအိမ် အသီးသီးကို ပြန်သွားကြပါပြီ။ ကျန် လူ ၁ ယောက်ကလည်း စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။ မနက်ဖြန်လောက်ဆို ဆေးရုံကဆင်းခွင့်ရမှာ ထင်ပါတယ်။" ဟု မင်းဘာကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသိန်းမောင် ကပြောသည်။


ယနေ့ နံနက်ပိုင်းက မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်၌ ထမင်းကျော် ရောင်းသည့် ဒေါ်မသန်းအေး ထံမှ ထမင်းကျော်ကို စားမိကြရာမှ အသက် ၂ နှစ်အရွယ်မှ ၇၀ ကျော်အရွယ်အထိ လူပေါင်း ၆၀ ကျော် အော့အန် ခေါင်းမူး သတိမေ့ ဖြစ်ပွားကာ မင်းပြားပြည်သူ့ဆေးရုံ၌ အရေးပေါ် ဆေးကုသမှုခံခဲ့ရသည်။


အလားတူ မင်းပြားမြို့နယ် ဖုံသာအုပ်စု တောင်ပုက္ကေကျေးရွာ၌လည်း မနေ့ညက လူ ၃၀ ကျော် အော့အန် ခေါင်းမူးဖြစ်ပွားခဲ့ကာ ဆီကြောင့်ဖြစ်သည်ဟု ယူဆရကြောင်း၊ လူနာများကို ကျေးရွာ ကျန်းမာရေးလုပ်သားက ဆေးကုသပေးနိုင်ခဲ့သည့်အတွက် အဆင်ပြေခဲ့ကြောင်းနှင့် အဆိုပါရွာ၌ စားသုံးဆီရောင်းချသူ ဦးအောင်ဘသိန်းမှာ စားဆီများကို မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက် မစောမြင့် စားကုန်ဆိုင်မှ ဝယ်ယူခဲ့သည်ဟု သိရှိရကြောင်း ဖုံသာအုပ်စု တောင်ပုက္ကေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းချေ ကပြောသည်။


အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာများမှ စုံစမ်းစစ်ဆေးချက်အရ စားသုံးဆီမှဖြစ်နိုင်သည်ဟု ယူဆကာ ထမင်းကျော်ရောင်းသူ အသုံးပြုသည့် စားဆီဝယ်ယူခဲ့သော မင်းဘာကြီးရပ်ကွက်ရှိ ဆန်းဆန်းဝင်း ကုန်စုံဆိုင်နှင့် အဆိုပါဆီအား မင်းပြားမြို့၌ ဖြန့်ဖြူးရောင်းချနေသည့် မစောမြင့် စားကုန်ဆိုင်တို့အား ဆက်လက်စစ်ဆေးကာ အဆိုပါဆီများကို ဆက်လက်မဖြန့်ဖြူးရေးနှင့် အစာအဆိပ်အတောက်ဖြစ်ရသည့် ရင်းမြစ်ကို သိရှိနိုင်ရန် သက်ဆိုင်ရာမှ ဓာတ်ခွဲစစ်ဆေးအဖြေရှာနိုင်ရန် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်းပြား - သတင်း
17 . 07 . 2016
https://www.facebook.com/mongbranews/



ဓါတ်ပုံ- ကျားခေါင်းပါတီ ဒုတိယ ဥက္ကဋ္ဌ စိုင်းစောအောင်
ဂျူလိုင် ၁၇ ရက် ၂၀၁၆

SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းစောအောင်သည် ယနေ့ ဂျူလိုင် ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ရုတ်တရက် ကွယ်လွန်သွားကြောင်း ပါတီတာဝန်ရှိသူများက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

ပါတီစတင်ထူထောင်စဉ်ကတည်းကပါဝင်ခဲ့သူ စိုင်းစောအောင်မှာ ဂျူလိုင် ၁၅ ရက်နေ့ကပင် ကျားခေါင်းပါတီရုံးချုပ်သို့ လာရောက်ကာ ရုံးလုပ်ငန်းများ လုပ်ကိုင်နေခဲ့ပြီး ဂျူလိုင် ၁၆ ရက်နေ့ ညနေပိုင်းက ရုတ်တရက် အမောဖောက်ကာ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရစိုင်းလိတ်က အတည်ပြုပြောဆိုသည်။

'ညနေ ၆ နာရီ ခွဲလောက်ကဖြစ်တာအရင်ကတော့ ရင်ကြပ်ရောဂါရှိတယ် ။ မနေ့ ကတောင် ထူထူထောင်ထောင်နဲ့ ကိုးမိုင်က ပါတီရုံးချုပ်မှာ ရုံးလာ တက်နေသေးတယ်။ ရုတ်တရက်အမောဖောက်လာတယ်ပြောတယ် ။ ' ဟု စိုင်းလိတ်က ဂျူလိုင်လ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မိုးညှင်းဇာတိဖြစ်သူ စိုင်းစောအောင်မှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် စတင်ထူထောင် လာခဲ့သည့် ၉၀ ရွေးကောက် ပွဲကာလကတည်းက ပါဝင်လာခဲ့သူလည်းဖြစ်ပြီး စစ်အာဏာရှင်စနစ်လက်ထက်တလျှောက် ပါတီနှင့်အတူ မယိမ်းမယိုင်ရပ်တည်ခဲ့သူဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်သည့် စိုင်းစောအောင်သည် ခွန်ထွန်းဦးအပါအဝင် ပါတီထိပ် သီးခေါင်းဆောင်များနှင့် သျှမ်းခေါင်းဆောင် များ ဖမ်းဆီးခံရပြီးနှစ်ရှည် ထောင်ဒဏ်ကျခံရစဉ် ကာလများတွင်ပါတီမ ယိုင် လဲစေရန် အဓိက အခန်းကဏ္ဍမှတာဝန်ယူ ဦးဆောင်ခဲ့သူဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအကြား ဖော်ဆောင်နေ သည့် ပြည် တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း တက်တက်ကြွကြွ ပါဝင်လှုပ် ရှားနေသူဖြစ်ကာ တိုင်းရင်းသားမဟာမိတ်အဖွဲ့ဖြစ်သည့် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့တွင်လည်း အခြားတိုင်း ရင်းသားပါ တီများ နှင့်ပူးပေါင်းကာ တိုင်းရင်းသားအရေးအတွက် လှုပ်ရှားဆောင်ရွက်နေ သူဖြစ်သည်။

စိုင်းစောအောင်မှာ သျှမ်းမျိုးနွယ်စုအားလုံးပါဝင်နိုင်သည့် ညီညွတ်ရေးကို လိုလားသူလည်းဖြစ်ကာ မြန်မာနိုင်ငံမြောက်ပိုင်းမှ သျှမ်းမျိုးနွယ်စု ဆိုင် ရာ နိုင်ငံရေးအင်အားစုများနှင့် သျှမ်းပြည်နယ်ရှိ သျှမ်းအင်အားစု များ နိုင် ငံရေးအရ ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် CSSU အခြေပြု ဆွေးနွေး ပွဲများတွင်လည်း တက်တက်ကြွကြွပါဝင်လှုပ်ရှားနေသူလည်းဖြစ်သည်။
သူက ပါတီအတွက်အရမ်းအရေးပါတဲ့ အခန်းကဏ္ဍမှာရှိ တယ်။ ထောင် မကျဖူးဘူးဆိုပေမဲ့ ပါတီဒီလိုရပ်တည်နိုင်အောင် ကျွန်တော်တို့တွေထောင် ကျနေတုန်းကာလတလျှောက်မှာ သူက ကြံ့ကြံ့ခံရပ်တည်ပေးခဲ့တယ်။ ဟု ပါတီအထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် လူငယ်များအားနေရာပေးလို သည့် အတွက် ရွေးေ ကာက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် ကျားခေါင်းပါတီထိပ်တန်းေ ခါင်းဆောင် ၅ ဦးအနက် စိုင်းစောအောင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese


 စစ်အာဏာ သိမ်းဖို့ ကြိုးစား ခံခဲ့ရတဲ့ သမ္မတ ရာဂျစ် တိုင်ရိ(ပ်) အာဒိုအန်။
တူရကီ နိုင်ငံမှာ စစ်အာဏာ သိမ်းဖို့ ကြိုးစားမှု မအောင်မြင် ခဲ့တဲ့နောက် နိုင်ငံ တလွှားက မြို့ကြီး တွေမှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ လမ်းတွေပေါ် သီချင်းတွေ ဆိုကြ၊ နိုင်ငံတော် အလံတွေ ဝှေ့ရမ်း ကြနဲ့ ရှိနေ ခဲ့ကြပြီး လက်ရှိ အစိုးရကို ထောက်ခံကြောင်း ပြသ နေ ခဲ့ကြပါတယ်။

ည အချိန် ရောက်လာ တဲ့တိုင် အစ္စတန်ဘူလ် မြို့က ရင်ပြင်တွေ မှာ လူတွေ စုဝေး နေကြပြီး တူရကီ နိုင်ငံရဲ့ ဒီမိုကရေစီ ကို စစ်သားတွေ လုယူလို့ မရဘူး ဆိုပြီး ကြွေးကြော် နေခဲ့ ကြပါတယ်။

စစ်အာဏာ သိမ်းဖို့ ကြိုးစား ခံခဲ့ရတဲ့ သမ္မတ ရာဂျစ် တိုင်ရိ(ပ်) အာဒိုအန် ဟာ သူ့ကို ထောက်ခံ အားပေးကြတဲ့ လူအုပ်ကြီးကို ပါလီမန်အရှေ့ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

ဒါဟာ မအောင်မြင် ခဲ့တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပေါ် ခဲ့ပြီး ၂၄ နာရီ မပြည့်ခင်မှာ တူရကီ သမ္မတ ဟာ ပြုံးပြုံးရွှင်ရွှင် သက်တောင့်သက်သာ နဲ့ပဲ လူထုကို စကားပြောလာတာ ဖြစ်ပါတယ်။

ပါလီမန်ရှေ့ စုရုံး နေကြတဲ့ လူထုကြီးကတော့ အာဏာသိမ်းဖို့ အစီအစဉ်ထဲ ပါဝင်ခဲ့ကြ သူတွေကို သေဒဏ် ချမှတ် အပြစ်ပေးဖို့ အော်ဟစ် တောင်းဆို ခဲ့ကြပါတယ်။

မစ္စတာ အာဒိုအန် က အမေရိကန် ရောက် တူရကီ နိုင်ငံရေး အတိုက်အခံ သမား လည်းဖြစ် ဘာသာရေး ဆရာ တစ်ယောက်လည်း ဖြစ်တဲ့ ဖာတူလာ ဂူလန်ဟာ စစ်အာဏာ သိမ်းဖို့ လှုံဆော် ခဲ့သူ အဖြစ် စွပ်စွဲ နေပြီး၊ သူ့ကို တူရကီ နိုင်ငံကို လွှဲပြောင်း ပေးဖို့ အမေရိကန် အစိုးရကို တောင်းဆို နေပါတယ်။

မစ္စတာ ဂူလန်ကတော့ သမ္မတ အာဒိုအန် ရဲ့ စွပ်စွဲမှုကို ငြင်းဆို ။
မစ္စတာ ဂူလန်ကတော့ သမ္မတ အာဒိုအန် ရဲ့ စွပ်စွဲမှုကို ငြင်းဆို ခဲ့တဲ့ အပြင်၊ စစ် အာဏာ သိမ်းဖို့ ကြိုးစား ခဲ့တဲ့ လုပ်ရပ် ကိုလည်း ရှုတ်ချ ပြစ်တင် ခဲ့ပါတယ်။

လက်ရှိ တူရကီ အစိုးရ က အာဏာကို သေချာ ပြန်လည် ဆောက်တည် နိုင်ဖို့ အတွက် လုပ်ဆောင် လာရာမှာ စစ် အမှုထမ်း ၃ ထောင်နီးပါး ကို ထိန်းသိမ်း လိုက်ပြီး၊ တရားသူကြီးပေါင်း ၂ ထောင့် ၅ ရာ ကျော်ကို လည်း ရာထူးကနေ ဖယ်ရှား ခဲ့ပါတယ်။

တူရကီ သမ္မတရုံးရဲ့ ထုတ်ပြန် ချက်အရ စစ်အာဏာ သိမ်းဖို့ ကြိုးစားမှု အတွင်း သေဆုံးသူ စုစုပေါင်း ၂၆၅ ယောက် ရှိခဲ့ပြီး အများစုဟာ အရပ်သားတွေ ဖြစ်ကြပါတယ်။

ဒီဖြစ်ရပ် နောက်ပိုင်း ပါလီမန် အထူးအစည်းအဝေး တစ်ရပ် ကျင်းပ ခဲ့တာမှာ အစည်းအဝေး အစမှာ တစ်မိနစ် ငြိမ်သက် ခဲ့ကြပါတယ်။

စစ် အာဏာသိမ်းဖို့ ကြိုးစား ခဲ့တဲ့ ဖြစ်ရပ် အပေါ် တူရကီ ပါလီမန်ထဲက အဓိက နိုင်ငံရေး ပါတီ ၄ ခု စလုံးက တညီတညွတ် တည်း ကန့်ကွက် ရှုတ်ချ ခဲ့ကြ ပါတယ်။

စစ်အာဏာ သိမ်းမှု အပေါ် အခုလို ပါတီတွေ တစ်ပေါင်း တစ်စည်းတည်း ဆန့်ကျင်ကြတဲ့ ရပ်တည်ချက်ဟာ တူရကီရဲ့ ဒီမိုကရေစီ အရေး အတွက် တန်ဖိုးဖြတ် မရအောင် အရေးကြီး လှတယ်လို့လည်း နိုင်ငံရေး ပါတီတွေက ဆိုပါတယ်။

စစ်အာဏာ သိမ်းဖို့ ကြံစည်ခဲ့တဲ့ ညမှာ ပါလီမန် အဆောက်အဦ လည်း သံချပ်ကာ အမြှောက် ကားတွေ နဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။

တူရကီ အစိုးရ အနေနဲ့လည်း ဥပဒေ နဲ့ အညီ ပြုမူကြဖို့ အိုဘားမား တိုက်တွန်း။
ဒီ အချိန်မှာပဲ၊ အမေရိကန် သမ္မတ အိုဘားမားက တူရကီ နိုင်ငံမှာ ဒီမိုကရေစီ နည်းကျ အရွေးကောက် ခံထားရတဲ့ အရပ်သား အစိုးရ အပေါ် အမေရိကန် အစိုးရ အနေနဲ့ အပြောင်းအလဲ မရှိ ထောက်ခံ သွားမှာ ဖြစ်ပေမယ့်၊ တူရကီ အစိုးရ အနေနဲ့လည်း ဥပဒေ နဲ့ အညီ ပြုမူကြဖို့ တိုက်တွန်း ပြောဆို ခဲ့ပါတယ်။

တူရကီ နိုင်ငံမှာ ဖြစ်ပေါ် ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးစား ခဲ့မှု အပေါ် တကမ္ဘာလုံး အနှံ့ နိုင်ငံပေါင်း အများအပြား ကလည်း ကန့်ကွက် ရှုတ်ချ ခဲ့ပါတယ်။

ဒီမိုကရေစီ ကို ကာကွယ်သူတွေ နဲ့အတူ ရပ်တည်မယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်က ပြောဆို ခဲ့သလို၊ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ယန်း မာ့ခ် အေရူး ကလည်း အခု အဖြစ်အပျက် နောက်ပိုင်း တူရကီရဲ့ ဒီမိုကရေစီ ဟာ ပိုပြီး တောင့်တင်း ခိုင်မာ လာမယ်လို့ မျှော်လင့်ကြောင်း ပြောဆို ခဲ့ပါတယ်။

ဗြိတိန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးသစ် ဘောရစ် ဂျွန်ဆင် ကလည်း တူရကီ အစိုးရ ကို ထောက်ခံ ကြောင်း ပြောဆို ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese/


ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်း အောင်ကျေးရွာ အတွင်းရှိ ယခင်ရတနာစန်းရွှင်ကုမ္ပဏီရဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်း အသုံးမပြုတော့တဲ့ မြေစာပစ်ကွင်းအဟောင်းမှာ အိမ်ခြေ(၂၀၀) လူဦးရည်(၁၀၀၀)ကျော်နေထိုင်ကြသော ပြည်သူများ အကူညီတောင်းခံမှုကြောင့် ကျေးရွာရပ်ကွက်တစ်ခုအဖြစ်သတ်မှတ်ပေးနိုင်ရေး၊ သင့်တော်သော အုပ်ချုပ်ရေးလက်အောက်ခံရပ်ကွက် အဖြစ်ရပ်တည်နိုင်ရေးအား ကူညီပေးနေသော NLDဆိပ်မူ ရပ်/ကျေး ဥက္ကဌ ဦးရွှေသိန်းအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ခံခဲ့ရပါသည်။

 ဖြစ်စဉ်မှာ ၆.၇.၂၀၁၆ ရက်နေ့ညနေ(၅း၃၀)ခန့် အချိန်တွင် ဆိပ်မူကျေးရွာအုပ်စု၊ ယူမာကျေးရွာတွင် နေထိုင်သော ယခင် NLDဘီလူးမြို့နယ်ဉက္ကဌ ဦးညွန်ဝေထံသို့ အသက်(၃၅-၄၀)နှဓ်ခန်ရှိ အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး "အဘနာမည်က ဦးညွန့်ဝေနော် ကျမအကြောင်းမသိချင်ပါနဲ့ ပြောစရာရှိလို့ပါ အဘကဦးရွေသိန်းနဲ့ တော်တော်လေးရင်းနှီတယ်ဆိုတော့ ဦးရွေသိန်းပြောဖြစ်အောင်ပြောပေးပါ မော်လကင်ဆန်းရွှင်ကိစ္စဝင်မပါနဲ့ လက်ရှောင်နေပါ အဲ့ဒီလုပ်ငန်းထဲမှာ တောဘက်ရော ၊မြို့ဘက်ရော အားလုံးပါတယ် သူကရခိုင်တွေကိုမြောက်ပေးနေတယ် အဲဒီ လုပ်ကွက်က(၂)နှစ်ကျန်သေးတယ် အကယ်၍ ဦးရွေသိန်းကနားမထောင်ဘူးဆိုရင်တော့ အသက်အန္တရယ်ဆိုးရိမ်ရတယ်" ဟုပြောဆိုခြိမ်းခြောက်ကာပြန်သွားခဲ့ပါသည်။ ည(၉း၀၀)နာရီခန့်တွင် ဖုန်ကာနှာခေါင်းစွပ်(Mask)များ တပ်ဆင်ကာ မျက်နှာဖုန်းကွယ်ထားသော လူငယ်(၂)ဦးရောက်ရှိလာပြီး ညနေပိုင်းမှ အမျိုးသမီးပြောသွားသော စကားများအတိုင်းပြောပြီးနောက် "ကျွန်တော်တို့ပြောတာတွေ ကို လူတိုင်းမသိပါစေနဲ့ ဦးရွေသိန်းက ခေါင်းမာတယ်ကြားတယ် သူ့ကိုပြောဖြစ်အောင်ပြောပါ အဘ" ဟုမှာကြားကာထွက်သွားခဲ့ပါသည်။


နောက်တစ်နေ့ နံနက်(၁ဝးဝ၀) နာရီခန့်တွင် "ကျွန်နော်တို့ပြောခိုင်းတာတွေ ပြောပြီးပြီလား"ဆိုပြီး ဖုန်းဆက်မေးခဲ့သည်ဟု ဦးညွန့်ဝေ မှပြောကြားခဲ့ပါသည်။ NLDပါတီဥက္ကဌ တစ်ယောက်အားချိန်းခြောက်အကြပ်ကိုင် ခြင်းဟာ လုံးဝလက်ခံလို့မရပါဘူး ။ အခြေခံဆင်းရဲသား ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ ပုဂ္ဂိုလ်တွေကိုခြိမ်းခြောက် သက်ဖြတ်ခဲ့တာ မှော်ရှန်ရာအိမ်မှူး ဒေါ်နန္ဒာလှိုင် ရင်ဘက်နဲ့လက်မောင်းက သေနတ်ဒဏ်ရာ(၆)ချက်က ရှေ့မှာသာဓကတစ်ခုပါ။ ဦးကံဆက်၊ ဦးထွန်းလွင် တို့အသက်ခံရသလို တရားခံ မပေါ်တဲ့ လူသတ်မှုတွေလည်းများလှပါပြီ။ သေနတ်နဲ့ပစ်သတ်ပြီး ထွတ်သွားတယ် သေနတ်ဆိုတော့ လူတွေကကြောက် နောက်ကွယ်မှာက လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ စစ်တပ်ကလား ၊ KIA ကလား၊ ငွေပေးလုပ်ကြံခိုင်တာလား သို့လောသို့လောမေးခွန်းတွေနဲ့သာပြီးဆုံးခဲ့ရတာတွေက ဘယ်သူတွေလဲ ၊ ဘယ်ကလဲ ?

NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့အမြန်ဆုံး ကာကွယ်ဆောင်ရွက်ပေးစေလိုပါတယ်။ နဝတ/နအဖ လက်ထက်ကတည်းက ပါတီ၏တာဝန်တွေကိုထမ်းဆောင်လာခဲ့တဲ့ ပါတီဝင် ရဲဘော်၊ ရဲဘက်တစ်ယောက်ကို ယခုလိုခြိမ်းခြောက်အကြပ်ကိုင်ခြင်းခံရတာကို ကာကွယ်ပေးခြင်း ၊ အရေးယူဆောင်ရွက်ပေးခြင်း နှောင်နှေးနေမယ်ဆိုရင် ဦးရွှေသိန်းရဲ့အသက်အန္တရာယ်စိုးရိမ်စရာရှိနေပါတယ်။ လူတစ်ယောက်သေဆုံးပြီးမှ နှမျောနေလို့ကတော့ အလကားပဲ အလောင်းကိုင်္သဂြိုလ်ယုံကလွဲပြီး ဘာမှဖြစ်လာနိုင်စရာအကြောင်းမရှိနိုင်ပါဘူး။

ဦးရွှေသိန်းကတော့ ယခုခြိမ်းခြောက်အကြပ်ကိုင်မှုကို (၈.၇.၂၀၁၆)ရက်နေ့မှာ ဖားကန်မြို့နယ်တရားရုံးကို ဦးတိုက်တိုင်ကြားခဲ့ပါတယ်။ (၁၁.၇.၂၀၁၆)ရက်နေ့မှာ ဖားကန့်မြို့နယ်တရားရုံးမှ ရာဇဝတ်ဥပဒေပုဒ်မ(၂၀၂)နဲ့ မြို့နယ်ရဲတပ်ဖွဲ့အား တရားခံအမြန်ဆုံး စုံစမ်းဖမ်းဆီးရန် အမိန့်ချမှတ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ကို ကြက်ကလေး၊ငှက်ကလေး သတ်သလို လက်နက်အားကိုးပြီး ချိန်းခြောက်သတ်ဖြတ်နေတဲ့ ဖားကန့်နယ်မြေမှာ အစိုးရတပ်မတော်နဲ့ KIO/KIA ကရော ဘယ်အဖွဲ့အစည်းက တာဝန်ယူပြီး ပြည်သူကု ဘယ်လောက်အထိကာကွယ်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်နေရအုံးမှာပဲ ။

U-Ru Nyeinchan
Hpar Kant News - ဖားကန့် သတင်း

လာမယ့်သြဂုတ်လကုန်မှာ ကျင်းပဖို့ လျာထားတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေ အားလုံးပါဝင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားအားလုံး ပါဝင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ဒီနေ့တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်တယ်လို့ ၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်လင်းဦး ကပြောပါတယ်။

အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ အခုတစ်ကြိမ်တွေ့ဆုံတာဟာ ပထမဆုံးဖြစ်ပြီး နောင်မှာလည်း အလျဉ်းသင့်သလို တွေ့ဆုံကြဖို့ သဘောတူညီခဲ့တယ်လို့ ဦးကျော်လင်းဦးက ပြောပါတယ်။

UNFC ရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPNအနေနဲ့လည်း တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA နဲ့ပတ်သက်ပြီး တင်ပြစရာတွေ ရှိတဲ့အတွက် ချင်းမိုင်မြို့မှာ အစိုးရဘက်က ၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီနဲ့ လာမယ့်အပတ်မှာ ထပ်မံတွေ့ဆုံ ဖို့ သဘောတူညီခဲ့ပါတယ်။

လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ကျင်းပမယ့် တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များညီလာခံ ကျင်းပရေးအတွက်လည်း အစိုးရဘက်က သွားလာရေးပိုင်းကို တာဝန်ယူဆောင်ရွက်ပေးဖို့ သဘောတူညီထားတယ်လို့ ဦးကျော်လင်းဦး က ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ တင်မျိုးဝင်း အပါအဝင် ၄ ဦးတက်ရောက်ခဲ့ပြီး UNFC ဘက်က ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ နိုင်ထောမွန်၊ ခွန်အေဘယ်တွစ် အပါအဝင် ၁၃ ဦးတက်ရောက်ခဲ့ပါတယ်။

Photo: Aung Thain Kha, Htet Arker/ RFA ( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ညီညွတ်သော တိုင်ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့တို့ ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ တွေ့ဆုံနေစဉ် )
RFA

ဂျပန်-မြန်မာချစ်ကြည်ရေးအနေဖြင့် ဂျပန်နိုင်ငံမှ မစ္စတာ Minami Koji ဦးစီးသော ဂျပန်ချယ်ရီပင်အဖွဲ့မှ ရွှေတိဂုံဘုရားနယ်မြေအတွင်း ဂျပန်နိုင်ငံမှ ယူဆောင်လာသော ဆာကူရာပန်းပင်များကို ယနေ့(ဇူလိုင် ၁၇)တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆာကူရာ(ချယ်ရီ)မျိုးစိတ်သည် ဂျပန်နိုင်ငံတွင်သာရှိပြီး မြန်မာပြည်သူများအနေဖြင့် ဆာကူရာပန်းအလှကို ခံစားနိုင်ရေး၊ ဆာကူရာပန်းပင်အောက်၌ အပန်းဖြေနိုင်ရေးအတွက် ရည်ရွယ်၍ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်တွင် ဆာကူရာ ၈၈ ပင် စိုက်ပျိုးလှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအပင်မျိုးကို မြန်မာတွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာလောက်ပဲ မြင်ဖူးကြတာများပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ရွှေတိဂုံဘုရားကို လာဖူးမျှော်ရင်း ဆာကူရာပန်းအလှကို ခံစားနိုင်ဖို့ မွှေးရနံ့ကိုခံစားပြီး အပင်အောက်မှာ အနားယူနိုင်စေဖို့ ရည်ရွယ်ပြီး စိုက်ပျိုးပေးခြင်းဖြစ်တယ်”ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ယင်း ဆာကူရာပန်းပင်များ မြန်မာ့ရေမြေတွင် ရှင်သန်နိုင်ရေးအတွက် သုတေသနအကြိမ်ကြိမ် ပြုလုပ်စစ်ဆေးကာ စိုက်ပျိုးခဲ့ကြောင်းနှင့် စိုက်ပျိုးချိန်မှစ၍ သုံးနှစ်အတွင်း ဖူးပွင့်ဝေဆာနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်ကလည်း နေပြည်တော် စာကြည့်တိုက်အတွင်း၌ ဆာကူရာပန်းပင် ၂၀ ခန့်ကို စိုက်ပျိုးခဲ့ပြီး ၂၀၁၇ နှစ်လပိုင်းတွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း၌ စိုက်ပျိုးသွားရန်အစီအစဉ်ရှိကြောင်း သိရသည်။

ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဝါရှင်တန်၊ ဇူလိုင် ၁၇ ။ ။ အရေးနိမ့်ခဲ့သည့် တူရကီစစ်အာဏာသိမ်းမှုတွင် အမေရိကန်ပါဝင်သကဲ့သို့ ပြည်သူလူထုအထင်အမြင်မှားအောင် ပြောဆိုနေမှုများအား အမေရိကန်နိုင်ငံက လုံးလုံးလျားလျားမှားယွင်းသည့် ပြောဆိုနေမှုများဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်သွားနိုင်ကြောင်း တူရကီနိုင်ငံကို သတိပေးသည်။

အာဏာသိမ်းမှုနောက်တွင် အမေရိကန်ပါဝင်သည်ဟု တူရကီအလုပ်သမားဝန်ကြီးက မှတ်ချက်ပြုလိုက်ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုခြင်းဖြစ်သည်။

တူရကီသမ္မတ အာဒိုဂန်ကလည်း အမေရိကန်တွင် အခြေစိုက်နေထိုင်နေသည့် တူရကီဘာသာရေးခေါင်းဆောင် ဂူလန်အား လွှဲပြောင်းပေးပို့ရန် တောင်းဆိုထားသည်။

ဂူလန်သည် အာဏာသိမ်းမှုနောက်ကွယ်တွင် ရှိနေကြောင်း သမ္မတ အာဒိုဂန်က စွပ်စွဲပြီး ဂူလန်ကမူ စွပ်စွဲချက်အား ငြင်းဆန်သည်။

တူရကီနိုင်ငံတွင် ဇူလိုင် ၁၅ ရက် ညက စစ်တပ်တပ်ရင်းတစ်ခုက အစ္စတန်ဘူလ်နှင့် အန်ကာရာတို့တွင် လမ်းများကို ပိတ်ဆို့ဖြန့်ကြက်ပြီးနောက် စစ်တပ်အာဏာသိမ်းမှု စတင်ဖြစ်ပွားသည်။ အစိုးရက နောက်ပိုင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အာဏာသိမ်းမှုအတွင်း တိုက်ခိုက်မှုများ၌ အရပ်သား ၁၆၁ ဦးနှင့် အာဏာသိမ်းမှုအတွင်းပါဝင်သူ ၁၀၄ ဦး သေဆုံးကြောင်း၊ ဒဏ်ရာသူ ၁၄၄၀ ကျော်ရှိကြောင်း အစိုးရက ပြောသည်။

စစ်သား ၃၀၀၀ နီးပါးကို ဖမ်းဆီးထားရာ အစိုးရက အာဏာပြန်တည်ဆောက်ရေးအတွက် တရားသူကြီး ၂၇၀၀ နီးပါးကိုလည်း ရာထူးက ထုတ်ပယ်ပစ်ခဲ့သည်။

Mizzima - News in Burmese

(ဓာတ်ပုံ-အီးပီအေ)
ချင်းမိုင်၊ ဇူလိုင် ၁၇ ။ ။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ကျင်းပရန် စီစဉ်နေသည့် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှ ၁၀ မိုင်ကျော်အကွာတွင် ဇူလိုင်လ ၁၅ ရက်ညပိုင်းက လက်နက်ကြီး ကျရောက်ခဲ့သည်ဟု မိုင်ဂျာယန်ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက် ည ၁၀ နာရီခွဲချိန်တွင် လွယ်ဂျယ်မြို့ပြင် ပန်ရှန်း(Pang Shan)ကျေးရွာတွင် လက်နက်ကြီး ၂ ကြိမ် ကျရောက်ခဲ့သဖြင့် ယနေ့ နံနက်ပိုင်းတွင် သွားရောက် စုံစမ်းခဲ့ရာ လူမရှိတော့သည့် ကျေးရွာအတွင်း ကျရောက်ခဲ့သဖြင့် လူထိခိုက်မှု မရှိကြောင်း မိုင်ဂျာယန်မြို့ခံ တစ်ဦးက ပြောသည်။

“ညက လက်နက်ကြီးကျတယ်။ ပထမ အသံတော့ သိပ်မကျယ်ဘူး။ နောက်အသံက တော်တော်ကျယ်တယ်။ ဒီနေ့လည်း အစည်းအဝေးမှာ လူတွေ လက်နက်ကြီးကျတယ်ဆိုတာတွေတော ပြောနေကြတယ်”

လက်နက်ကြီး ကျရောက်မှုနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးသော်လည်း မိုင်ဂျာယန်၏ အနောက်ဘက် မိုင်ပေါင်း ၁၀ မိုင်ကျော် ၁၅ မိုင်ခန့် အကွာအဝေးရှိ မြန်မာ့တပ်မတော် စခန်းမှ ၈၂ မမနှင့် ၆၀ မမ လက်နက်ကြီးတို့ဖြင့် မကြာခဏ ပစ်ခတ်မှုများ ရှိခဲ့သည်ဟု KIO မှ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ခါတိုင်းလည်း ကျပါတယ်။ အဲဒီမှာ တပ်မတော်ရဲ့ ရှေ့တန်းစခန်းရှိတယ်။ ဗမာလိုတော့ မပြောတတ်ဘူး။ ကချင်လိုက ဘွမ်ဘောင်ဘွမ်ဆိုတဲ့ စခန်းကနေ ခဏခဏ ၈၂ တို့၊ ၆၀ မမတို့နဲ့ ပစ်ကြတယ်။ ကျနော်တို့ဘက်ကတော့ တပ်မဟာ ၃ က တပ်ရင်း ၁၅ ၊ နည်းဗျူဟာ ၂၀၄ နေရာချထားတာရှိတယ်။ သူတို့ဘက်နေ ခဏခဏ အချင်းချင်းချိန်းခြောက်တဲ့ ပုံစံနဲ့ ပစ်ကြတယ်။ ဒါကတော့ ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ၂ ၊ သုံးချက်ပစ်တာမျိုးတွေ ရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုသို့ လက်နက်ကြီး ပစ်ခတ်မှုများ ရှိသဖြင့် မကြာမီ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးအတွက် တစ်စုံတစ်ရာ စိုးရိမ်ဖွယ်မရှိကြောင်း သူက ဆက်လက် ပြောဆိုသည်။

“အဲဒီမှာက ခဏခဏ ပစ်ကြတယ်။ စိုးရိမ်စရာမရှိဘူးထင်တယ်။ ဒီအစည်းအဝေးကို ထိခိုက်တာမျိုး၊

အနှောက်အယှက်ပေးတာ မျိုးတော့ မရှိလောက်ဘူးခင်ဗျ”ဟု သူက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်ထိ ကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ယခင်က တပ်မတော်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် အင်ခေါင်းပါ စစ်ပြေး ဒုက္ခသည်စခန်း အနီးအနား ဘက်တွင်လည်း မကြာခဏ ကျရောက်ခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း မိုင်ဂျာယန် ဒေသခံ တစ်ဦးက ပြောသည်။

ယမန်နေ့ လက်နက်ကြီး ကျရောက်ခဲ့သော ပန်ရှန်းကျေးရွာတွင် တပ်မတော်နှင့် KIA တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လွယ်ဂျယ် စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက် ခိုလှုံနေသော်လည်း တစ်ချို့ ရွာသားများသည် မိမိတို့ ကျေးရွာအတွင်း ခြံများ သွားရောက် လုပ်ကိုင်သူများလည်း ရှိနေသည်ဟု မိုင်ဂျာယန် ဒေသခံ တစ်ဦးက ပြောသည်။

“အဲဒီရွာက လူတွေက အရင်ကတည်းက ဒုက္ခသည်စခန်းမှာ လာနေကြပြီ။ တိုက်ပွဲမဖြစ်တဲ့အချိန် တချို့ကတော့ သူတို့ရဲ့ ခြံတွေ သွားသွားကြည့်တဲ့လူတွေတော့ ရှိတယ်။ အခုလို လက်နက်ကြီး ကျလာတော့ ခြံသွားကြည့်တဲ့လူတွေ အိုင်ဒီပီ စခန်းကို ပြန် ထွက်ပြေးလာကြတယ်။ အားလုံးက လွယ်ဂျယ်စခန်းတွေမှာ နေနေကြတယ်”ဟု သူက ပြောသည်။

အလားတူ ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖားကန့်ဒေသဘက်တွင်လည်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ ဇူလိုင်လ ၆ ရက်မှစတင်၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၃ရက်နှင့် ၁၅ ရက်များတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု KIA တပ်ရင်း ၆ မှ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

“အခုတလော ကျနော်တို့လည်း လမ်းပေါ်ထွက်လာ။ သူတို့(တပ်မတော်) တပ်ကလည်း တက်လာဆိုတော့ လမ်းမှာ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တယ်။ ၁၃ နဲ့ ၁၄ မှာက ဂျာရာယန်ဘက် တိုက်ပွဲ ပြင်းထန်တယ်။ မနေ့ကနေ့ ဒီနေ့တော့ ငြိမ်နေတယ်”ဟု သူက ပြောသည်။

ဖားကန့်မြို့နယ် ဂျာရာယန်ကျေးရွာအထက်တွင် တပ်မတော်၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ) လက်အောက်ခံ တပ်ရင်း ခလရ ၁၀၂၊ ခမရ ၄၂၇ နှင့် ခမရ ၃၃၆ တို့ ပူးပေါင်း၍ စစ်အင်အား ၂၀၀ ကျော်က ထိုးစစ်တင်တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု သူက ပြောသည်။ တိုက်ပွဲအတွင်း KIA ဘက်က ကျဆုံးမှု မရှိသော်လည်း တပ်မတော်ဘက်မှ အရာရှိများ ထိခိုက်ကျဆုံးမှု ရှိသည်ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

ဇူလိုင် ၁၇ရက်တွင် KIO ဒုဥက္ကဌ လည်းဖြစ်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအဝင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ထိပ်သီးခေါင်းဆောင် ၄ ဦးတို့သည် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့တွင် တွေ့ဆုံလျက်ရှိသည်။

ဖနိဒါ
Mizzima - News in Burmese


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ညီညွတ်သော တိုင်ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့တို့ ရန်ကုန်မြို့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာဒီကနေ့ နေ့လည် ၃ နာရီ ကစတင်ပြီးတွေ့ဆုံနေကြတာဖြစ်ပါတယ်။

ရိုက်ကူး - အောင်သိင်္ခ၊ ထက်အာကာ/RFA


protest-dam-620.jpg
စိုက်ပျိုးထားတဲ့ သီးနှံတွေ ရေနစ်မြုပ် ပျက်စီးသွားတဲ့အတွက် လျော်ကြေးပေးဖို့ ဇူလိုင်လ ၁၇ ရက်နေ့က စေတုတ္တရာမြို့နယ်က ဒေသခံတွေ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: ကိုသန်းစိုး စေတုတ္တရာ/ Facebook

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်က ဒေသခံ ၅၀၀ ကျော်ဟာ ကြီးအုံကြီးရေလှောင် တမံကြောင့် ရေနစ်မြှုပ်ပျက်စီးသွားတဲ့ သီးနှံတွေ အတွက် လျော်ကြေးပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။

ဆည်ရေတက်လာတာကြောင့် လယ်တွေထဲရေဝင်ပြီး သီးနှံတွေ ပျက်စီးသွားသလို မိုးရာသီဆို ရေကြီးရေလျှံတာတွေဖြစ်နေတဲ့အတွက် ဆည်ရေပိုလွှဲကို နှိမ့်ပေးဖို့တောင်းဆိုတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဦးသန်းစိုးကပြောပါတယ်။

ဆန္ဒပြပွဲမှာ စေတုတ္တရာမြို့ပေါ် ရပ်ကွက်တွေ၊ လယ်ပြင်စု၊ ပိတောက်မြိုင်၊ ရွာသစ်၊ခိုဝင်၊ညောင်ပင် ကိုင်း၊ မြေနီကုန်း၊ ကြီးအုံကြီးဝ စတဲ့ကျေးရွာတွေ ရွာသား ၅၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

ဒီလဆန်းလောက်က မိုးကြီးပြီး ကြီးအုံကြီးဝ ရေလှောင်တမံမှာ ရေတွေလျှံတက်လာတာကြောင့် စေတုတ္တရာမြိုနယ်က လယ်ယာမြေ ဧက၂ထောင်ကျော်မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေ ရေနစ်မြုပ် ပျက်စီးသွားတာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ သီးနှံတွေ ပျက်စီးသွားတဲ့ တောင်သူတွေ မှာ စားဝတ်နေရေးနဲ့ စိုက်ပျိုးစရိတ်ချေးငွေပြန်ဆပ်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့လည်း ပြောကြပါတယ်။

လက်ရှိ တိုင်းဒေသကြီးအစိုးရက ရေနစ်မြုပ်ပျက်စီးသွားတဲ့ လယ်ယာမြေဧကစာရင်းကို စုဆောင်းနေပြီး သီးနှံပျက်စီးသွားတဲ့တောင်သူတွေကို အကူအညီပေးနိုင် ဖို့ စီစဉ်နေတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင် က ပြောပါတယ်။
RFA


myeik-620.jpg
မြိတ်မြို့နယ်အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာမည်သုံးပြီး မြိတ်မြို့မှာ မြေကွက်ရောင်းချနေသူ အားလုံးကို ဖမ်းဆီးထားပြီး ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှုတို့နဲ့ မြိတ်မြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။

မြေကွက်လိမ်လည်ရောင်းချနေတဲ့သူ ၁၂ယောက်ကိုဖမ်းမိထားပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ မြိတ်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြေကွက်ရောင်းချနေသူတွေဟာ မြိတ်မြို့နယ်မှာ လူမှုအထောက်အကူပြု အကျိုးဆောင်ကော်မတီ ဖွဲ့စည်းပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အိုးအိမ်မဲ့တွေအတွက် အိမ်ရာ ဖော်ဆောင်ပေးဖို့စီစဉ်နေတာကို အကြောင်းပြုပြီး မြေကွက်တွေ ရောင်းချနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်ကစပြီး မြိတ်မြို့ကုန်းဖောက်ရပ်ကွက်နဲ့ တောထွတ်ကြီးရပ်ကွက်တွေမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နဲ့ NLD ပါတီက ဆင်းရဲသားတွေအတွက် မြေယာဖော်ဆောင်ပေးနေတယ်ဆိုပြီး လူမှုအထောက်အကူပြုအကျိုးဆောင်ကော်မတီ က မြေတစ်ကွက်ကို ငွေကျပ် ၈သောင်း၊ ကျပ် ၅သောင်း စတဲ့နှုန်းတွေနဲ့ ရောင်းချနေတာဖြစ်ပါတယ်။

အဲဒီကော်မတီဟာ မြေကွက် ၃ထောင်ကျော်ရိုက်ထားပြီး မြေကွက် ၁၈၀၀ ကျော် ရောင်းချထား တာဖြစ်ပါတယ်။ မြေကွက်ရောင်းချသူတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်း NLD ပါတီရဲ့ ညွှန်ကြားချက်နဲ့ မြိတ်မြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားပြုပြီး ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွက် ပုဒ်မ ၅၀၀ နဲ့ တရားရုံးကို ဦးတိုက် လျှောက်ထားပါတယ်။

RFA

ယနေ့ တွင် ၂၁ ရာစု ပင်လုံ ညီလာခံ အကြို ဆွေးနွေးပွဲ စတင်တော့မယ် ဖြစ်ပါတယ်။ ယခင် သမ္မတ ဦးသိန်းစိန်ပင် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ခြင်း မရှိတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC (United Nationalities Federal Council) နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ပထမဆုံး အကြိမ် စတင် တွေ့ဆုံဘို့ ရှိနေပါတယ်။

အဆိုပါ အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကိုယ်တိုင် ကိုယ်ကျ သိလို၍ လာရောက်ခဲ့ကြခြင်း ဖြစ်ပြီး ဆွေးနွေးခဲ့သည်များကို ဂျူလိုင် နောက်ဆုံးပါတ်မှာ ကေအိုင်အို ကြီးစိုးရာ နယ်မြေဖြစ်တဲ့ မိုင်ဂျားယန်မှာ တွေ့ဆုံ ပြီး ၂၁ ရာစု ပင်လုံညီလာခံ ကြီးကို တက်ရောက်ရေး အပြီးသတ် ဆုံးဖြတ်ချက် ချဘို့ ရှိတယ်လို့ ဆိုပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ကြီးက တိုင်းရင်းသားများ အားလုံး ညီတူမျှတူ ပါဝင်မယ့် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေး အခြေခံ လုပ်ငန်းစဉ်များ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သို့သော် အဆိုပါ ရည်မှန်းချက် အောင်မြင်ရေး အတွက် အချက်ကြီး နှစ်ချက်ကို ကျော်လွှားနိုင်မှသာလျင် ဖြစ်မြောက်ဖွယ် ရှိတယ်လို့ ယူဆပါတယ်၊

ပထမ အချက်က တိုင်းရင်းသား လက်နက်ကိုင်များက ယခုလက်ရှိ ဖွဲ့စည်းပုံသည် တပ်မတော် အနေဖြင့် အစိုးရ အဖွဲ့ လက်အောက်တွင် ရှိမနေပဲ Parallel structure ဖြင့် ရှိနေ၍ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး လက်နက်ကိုင် လမ်းစဉ် ကို စွန့်လွှတ်ပြီးနောက် တပ်မတော်ဘက်ကကော အပြည့်အ၀ လိုက်နာမည်ဟု အာမခံချက် မရနိုင်ဟု သံသယ ရှိနေပါတယ်။ တပ်မတော်သည် အရပ်သား အစိုးရ အုပ်ချုပ်မှု အောက်တွင် အပြည့်အ၀ မရှိသေးသရွေ့ အဆိုပါ သံသယ များက ဆက်လက်ရှိနေခြင်း၊

ဒုတိယ အချက်ကတေှာ့ မြို့ရွာ တခုတလေမျှ ပင် သိမ်းယူနိုင်စွမ်း မရှိခဲ့သော အဆိုပါ လက်နက်ကိုင် အဖွဲ့များကို မည်သည့်အတွက်ကြောင့် တပ်မတော်ဘက်မှ အလျော့ပေး လိုက်လျောဘို့ လိုသနည်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လိုက အပြစ်အခတ် ရပ်စဲရေး ကို အရင် လက်မှတ်ထိုးမှသာ ပါဝင်ခွင့် ပြုသင့်တယ်လို့ ဆွဲကိုင်ထားတဲ့ အချက်၊

ဒီ အချက် နှစ်ချက် ကို ပြေလည်အောင် မညှိနှိုင်း နိုင်ပါက အပြည့်အ၀ အောင်မြင်ဘို့ သိတ်မလွယ်လှ၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အရ လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်မှု ကို မည်သူမျှ လျော့တွက်၍ မရ သဖြင့် စိတ်ဝင်စားစွာ စောင့်ကြည့်သင့်လှတဲ့ အပြင် မြန်မာပြည်သူ တရပ်လုံးကလည်း ငြိမ်းချမ်းရေး ကို မည်မျှ လိုလားကြကြောင်း ပြသသည့် အနေဖြင့် ၀ိုင်းရံသင့်လှပါတယ်။

HSW
BrainWave ဉာဏ်လှိုင်း

နယူးယော့ခ်၊ ဇူလိုင် ၁၆ ။ ။ ကမ္ဘာကျော်မင်းသား Dwayne ‘ The Rock’ Johnson သည် ၎င်းပါဝင်သရုပ်ဆောင်ထားသော မကြာသေးမီကထွက်ရှိခဲ့သော Furious 7 နှင့် ကမ္ဘာပျက်သောနေ့ ရုပ်ရှင်ကား “ San Andreas” ဇာတ်ကားတို့ဖြင့် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၆၄ဒသမ၅သန်း ၀င်ငွေရရှိခဲ့ပြီး ကမ္ဘာ့ကြေး အမြင့်ဆုံး သရုပ်ဆောင်မင်းသားအဖြစ် Forbe မဂ္ဂဇင်း၏ နှစ်စဉ်ပြုလုပ်နေကျ အနုပညာရှင် ၁၀၀ စာရင်းတွင် ဖော်ပြခံခဲ့ရသည်။

Forbes မဂ္ဂဇင်း၏ ကြေးအမြင့်ဆုံးအနုပညာရှင်များစာရင်း အစိတ်အပိုင်းတစ်ရပ်အဖြစ် ဇူလိုင် ၁၄ရက်က ထုတ်ပြန်ခဲ့ရာ တေလာဆွစ်ဖ်သည် အမေရိကန်ဒေါ်လာ သန်း၁၇၀ ၀င်ငွေရရှိမှုဖြင့် ထိပ်ဆုံး တွင် ရပ်တည်ခဲ့သည်။ ဗြိတိန် One Direction အဖွဲ့သည် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ကြေးအမြင့်ဆုံး ရရှိသည့် သရုပ်ဆောင်မင်းသားစာရင်းတွင် ၀င်ငွေအများဆုံး ရရှိသည့် မင်းသားကြီးများ ရှိနေဆဲဖြစ်သည်။ ဂျက်ကီချန်းသည် အမေရိကန်ဒေါ်လာ ၆၁ သန်းဖြင့် ကမ္ဘာ့ဒုတိယ ကြေးအမြင့်ဆုံး သရုပ်ဆောင်မင်းသားအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။ သရုပ်ဆောင်မင်းသားများ ဖြစ်သော မက်ဒါမွန်၊ တွမ်ခရုစ်နှင့် ဂျွန်နီဒပ်တို့သည် ထိပ်တန်းငါးနေရာတွင် ပါဝင်နေသည်။

ဂျနီဖာလော်ရင့်စ်သည် အမေရိကန်ဒေါ်လာ ၄၆ သန်းဖြင့် ကမ္ဘာ့ကြေးအမြင့် သရုပ်ဆောင်မင်း သမီးအဖြစ် ရပ်တည်နေပြီး ကမ္ဘာကြေးအမြင့်ဆုံး သရုပ်ဆောင်မင်းသားထက် အမေရိကန်ဒေါ်လာ သန်း၂၀ ခန့် နည်းသည်။

Ghostbusters ကြယ်ပွင့် မဲလစ်ဆာမက်ကာသီသည် “Spy”ဇာတ်ကားအပါအ၀င် မကြာသေး မီက အောင်မြင်မှုရရှိခဲ့သော ရုပ်ရှင်များကြောင့် အမေရိကန်ဒေါ်လာ ၃၃ သန်းဖြင့် ယခုနှစ်၏ ဒုတိယ ကြေးအမြင့်ဆုံး မင်းသမီးဖြစ်သည်။

Mizzima - News in Burmese

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းသူပြည်သားတွေရဲ့ လူနေမှုဘ၀ မြှင့်တင်ရေးတို့ကို အထောက်အကူပြုစေဖို့အတွက် တရုတ်နိုင်ငံက မြန်မာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်လိုကြောင်း တရုတ်ဝန်ကြီးချုပ် Li Keqiang က စနေနေ့မှာ ပြောပါတယ်။

မွန်ဂိုလီးယားနိုင်ငံမြို့တော်မှာ ကျင်းပနေတဲ့ (၁၁) ကြိမ်မြောက် ASEM - အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ် Li Keqiang က အဲဒီလို ပြောကြားလိုက်တာပါ။

လွန်ခဲ့တဲ့ ၆၆ နှစ်တုန်းက တရုတ်နဲ့ မြန်မာအကြား သံတမန် ဆက်ဆံရေးတွေ စတင် တည်ထောင်စဉ်က ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ (၅) ချက် အပေါ် အခြေခံပြီး အိမ်နီးချင်းကောင်း ပီသစွာနဲ့ ဆက်ဆံရေး ပိုမို ခိုင်မြဲအောင် ရပ်တည်နိုင်ခဲ့ကြောင်းလည်း တရုတ်ဝန်ကြီးချုပ် Li Keqiang က ပြောပါတယ်။

နှစ်နိုင်ငံကြား ရေရှည် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ရေး၊ တည်ငြိမ် ကောင်းမွန်တဲ့ နှစ်နိုင်ဆံ ဆက်ဆံရေး တည်ဆောက်နိုင်ရေးတို့အတွက် မြန်မာအစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နိုင်ငံက အဆင့်သင့်ရှိကြောင်းလည်း တရုတ်ဝန်ကြီးချုပ် Li Keqiang က ပြောပါတယ်။

မြန်မာသမ္မတ ဦးထင်ကျော်ကလည်း တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ (၅) ချက်နဲ့အညီ ရပ်တည်ခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးဟာ တိုးတက် ဖွံ့ဖြိုးနေကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ လူမှုဘ၀ မြင့်မာရေးနဲ့ လူထုကို အကျိုးဖြစ်ထွန်းစေဖို့အတွက် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်မှုတွေ ပိုရောက်လာဖို့ မြန်မာနိုင်ငံက မျှော်လင့်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

VOA Burmese News


(ဓာတ်ပုံ - ကိုကျော်သက်ဖေ့ဘွခ်)
(ဓာတ်ပုံ - ကိုကျော်သက်ဖေ့ဘွခ်)

မြန်မာနိုင်ငံ ဒီမိုကရေစီ တော်လှန်ရေးအတွင်း ကျဆုံးသွားကြတဲ့ ရဲဘော်၊ ရဲမေတွေအားလုံးကို အမြဲတမ်း ဂုဏ်ပြုနိုင်ရေးအတွက် ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ် Fort Wayne မြို့မှာရှိတဲ့ ABSDF - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဦးဆောင်ပြီး ဘာသာပေါင်းစုံ ရေစက်ချ အမျှဝေ ဂုဏ်ပြုခြင်း အခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

အနာဂတ်မှာတော့ ဒီလိုအခမ်းအနားတွေ မြန်မာနိုင်ငံအတွင်းမှာ အားလုံး စုစည်း ညီညွတ်စွာနဲ့ ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒီအခမ်းအနားကို ဦးဆောင် စီစဉ်သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံလို့ခေါ်တဲ့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး တောင်းဆို ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ ၂၈ နှစ်ပြည့်ခါနီးမှာ ဒီမိုကရေစီ အရေးတော်ပုံအတွင်း ကျဆုံးသွားကြတဲ့ သူရဲကောင်း ရဲဘော်၊ ရဲမေတွေရဲ့ ပေးဆပ်ခဲ့မှုတွေကို အမြဲတမ်း သတိရနေဖို့အတွက် ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ရေစက်ချ အမျှဝေ ဂုဏ်ပြုပွဲကို ကျောင်းသား တပ်မတော်လို့ခေါ်တဲ့ ABSDF ရဲဘော်ဟောင်းတွေက ဦးဆောင်ပြီး ကျင်းပကြတာလို့ အခမ်းအနား ဖြစ်မြောက်ရေး ဦးဆောင် စီစဉ်သူတဦးဖြစ်တဲ့ ကိုကျော်သက်က ပြောပါတယ်။

“ကျနော်တို့ အခု ဒီအခမ်းအနားကတော့၊ ကျနော်တို့ ဟိုတချိန်တုန်းကလည်း လုပ်ခဲ့တယ်။ အခု ဒီမိုကရေစီ အလင်းရောင်လေး ပွင့်လာတဲ့အချိန်မှာ ကျနော်တို့တွေကနေပြီးတော့ ဒီရဲဘော်တွေကို တကယ့်ကိုပေါ့နော်၊ အမှတ်တရနဲ့ ABSDF တခုထဲတင် မဟုတ်ပါဘူး၊ ကျနော်တို့ အခုလုပ်တာက၊ ဒီမိုကရေစီ အရေးအခင်းမှာ တောက်လျှောက်ပေါ့နော်၊ တော်လှန်ရေးအဆက်ဆက်မှာ၊ အရေးအခင်းအဆက်ဆက်မှာ ကျဆုံးသွားတဲ့ ရဲဘော်အားလုံးကို ရည်စူးပြီး ကျနော်တို့ လုပ်တာပါ။ ဒါပေမဲ့ ဒီအခမ်းအနားကို စတင်ပြီး ကမကထလုပ်တာကတော့ ကျနော်တို့ ABSDF က ရဲဘော်ဟောင်းတွေပေါ့နော်။ ဆိုတော့ ကျနော်တို့က အခုဒီမှာ ဘာသာပေါင်းစုံပေါ့နော်၊ ဗုဒ္ဓဘာသာလို ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တယ်။ တခါ အခုဆိုရင် အခမ်းအနားမှာ ထပ်ပြီးတော့ ခရစ်ယာန်လို ကျနော်တို့ ဒီမှာ မေတ္တာပို့မယ်၊ ကျနော်တို့ ဆုတောင်းမယ်။ နောက်တခါ မူဆလင်လို ဆုတောင်းမယ်ပေါ့နော်။ ကျနော်တို့ ဒီအခမ်းအနားကြီးမှာ တခြား State (ပြည်နယ်တွေ) ကလည်း အားလုံး လာကြတယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အမြဲတမ်း ဂုဏ်ပြုနိုင်ဖို့အတွက် ကျနော်တို့ လုပ်တဲ့အခမ်းအနား ဖြစ်ပါတယ်။ ဒီမိုကရေစီ အလင်းရောင်လေး ပွင့်လာတဲ့အချိန်မှာ ကျနော်တို့ ဒီရဲဘော်တွေကို ကျနော်တို့ တသက်လုံး ဆက်ပြီးတော့ အသိအမှတ်ပြုနိုင်ဖို့အတွက် ကျနော်တို့ ဒီလိုမျိုး သူရဲကောင်းတွေ ဆက်ပြီးတော့ ပေါ်ထွန်းလာဖို့အတွက်ကို ရည်ရွယ်ပြီးတော့ ကျနော်တို့ ဒီအလုပ်ကို လုပ်တာပါ။”

အခုလို ဂုဏ်ပြုပွဲ အခမ်းအနားတွေကို အနာဂတ်မှာလည်း မြန်မာနိုင်ငံအတွင်းမှာ ကျင်းပနိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေတယ်လို့ ကိုကျော်သက်က ပြောပါတယ်။

“ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ ကျနော်တို့ ဆက်လုပ်နိုင်ဖို့ အတွက်လည်း ကြိုးစားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာလည်း ဟိုဘက်၊ ဒီဘက်ရယ်လို့ မရည်ရွယ်ဘဲနဲ့ တိုင်းပြည်အတွက် ကျဆုံးသွားကြရတဲ့ ရဲဘော်တွေ အများကြီး ရှိပါတယ်။ တခါ ဒီမိုကရေစီ အရေးအခင်းတွေမှာလည်း ကျဆုံးသွားကြတဲ့၊ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ ဆုံးရှုံးသွားကြတဲ့ ရဲဘော်တွေလည်း အများကြီး ရှိတဲ့အခါကျတော့ ကျနော်တို့ ဒါတွေကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ ဆက်ပြီးတော့ အလုပ်လုပ်ဖို့အတွက် စဉ်းစားထားပါတယ်။”

မြန်မာနိုင်ငံမှာ လူထုက တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းလာပြီဆိုပေမဲ့လည်း အသက်ပေးသွားကြတဲ့ ရဲဘော်၊ ရဲမေတွေ မျှော်လင့်ခဲ့တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အပြည့်အ၀ရပြီလို့ ရာနှုန်းပြည့် မပြောနိုင်သေးကြောင်း ဦးဆောင်ကျင်းပရေးအဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ ကိုအာယုက ပြောပါတယ်။

“ကျနော်တို့ ယေဘုယျအားဖြင့် သုံးသပ်ရရင်တော့ ဒီမိုကရေစီ ရောင်ချည်သန်းလာပြီ၊ အထောက်အလျှောက် ပွင့်လန်းလာပြီ။ ကျနော်တို့တွေ အမြဲတမ်း လွတ်မြောက်ရေးကို တောင်းဆိုခဲ့ကြတယ်၊ မင်းကိုနိုင် လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေး။ ကျနော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ စတင် လျှောက်လမ်းနေပြီလို့ ရာနှုန်းတော်တော်များများ ယုံကြည်ပါတယ်။ ရာနှုန်းပြည်ကြီး အောင်မြင်သလားဆိုတော့ (၅၄) နှစ်တိုင်တိုင် ဖျက်ဆီးခဲ့တဲ့ တိုင်းပြည်ကြီးကို ပြန်ပြီးတော့ အဖတ်ဆည်နေရတဲ့ဘ၀၊ လူတွေရဲ့ အကျင့်စာရိတ္တကစ၊ အကုန်လုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ကြီးကို အဖတ်ဆည်နေရတဲ့ ဘ၀ဟာ အလွန် ပင်ပန်းပါတယ်။ အစိုးရရဲ့တာဝန် အင်မတန် ကြီးပါတယ်။ ကျနော်တို့ ဒီအပေါ်မှာ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ ကျဆေန်ာတို့အနေနဲ့ ဘယ်လိုပဲ ပြောပြော လွှတ်လပ်မှ အမျှဝေပါလို့ ကျနော်တို့ ရဲဘော်တွေ အများကြီး မှာခဲ့ဖူးပါတယ်။ အခုအချိန်ကတော့ အထိုက်အလျှောက်တော့ လွတ်လပ်လာပြီလို့ ကျနော် ယူဆပါတယ်။”

အခု အင်ဒီယားနားပြည်နယ်၊ Fort Wayne မြို့မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားလိုမျိုး မြန်မာနိုင်ငံအတွင်းမှာ အစိုးရက ဦးဆောင်ကျင်းပပေးနိုင်ရင်တော့ အသင့်တော်ဆုံး ဖြစ်မယ်လို့လည်း ကိုအာယုက ဆက်ပြောပါတယ်။

“ကျနော်တို့ မျှော်လင့်ထားသလို တကယ် အောင်မြင်ခဲ့မယ်၊ တကယ်တမ်း အစိုးရကနေပြီးတော့မှ ဦးဆောင်ပြီးတော့ ဆောင်ရွက်ခဲ့မယ်၊ ကျနော်တို့ကလည်း ပူးပေါင်း ပါဝင်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်၊ တံခွန်နဲ့ကုက္ကားပေါ့ဗျာ။ အလွန်တရာမှ ဖြစ်သင့်တဲ့ကိစ္စကြီးပေါ့။ တကယ့်ကို ကျနော်တို့လည်း မျှော်မှန်းတမ်းတဲ့လူတွေ။ အခု သေဆုံးသွားတဲ့လူတွေ မျှော်မှန်း တမ်းတခဲ့တဲ့ မျှော်မှန်းချက်တွေ၊ ကျနော်တို့ ရင်ထဲမှာရှိတဲ့ မျှော်မှန်းချက်တွေ အားလုံးဟာ တော်တော်များများကို ဒီအထဲမှာ စိမ့်ဝင်သွားပါလိမ့်မယ်။ ကျနော်ကတော့ အဲဒါကို အင်မတန် မျှော်လင့်ပါတယ်။”

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရတာပါ။

၁၉၈၈ ခုနှစ် စက်တင်ဘာလအတွင်း စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင် တော်လှန်ရေးဆက်လုပ်ဖို့အတွက် နယ်စပ်ဒေသအသီးသီးကို ထောင်နဲ့ချီတဲ့ ကျောင်းသား လူငယ်တွေ ထွက်ပြေးသွားခဲ့ကြတာပါ။

လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း နယ်ဒေသအသီးသီးတို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကျဆုံးသွားကြသူတွေ အပါအ၀င် တောတွင်း နယ်စပ်ဒေသတွေက ဆိုးရွားတဲ့ ရာသီဥတုဒဏ်၊ ငှက်ဖျားရောဂါဒဏ် စတဲ့ တခြား ရောဂါဘယတွေကြောင့် သေဆုံးခဲ့သူပေါင်း ၁,၂၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အတော်များများမှာ ရောက်နေကြတဲ့ တော်လှန်ရေး ရဲဘော်ဟောင်းတွေအပြင် ကနေဒါနိုင်ငံမှာ ရောက်နေကြတဲ့ ရဲဘော်ဟောင်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
VOA Burmese News



(၁၁)ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေးနှင့် ပိတ်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက်က အူလန်ဘာတာမြို့ တွင် ကျင်းပခဲ့ရာ မြန်မာ သမ္မတဦးထင်ကျော်မှ မွန်ဂိုလီးယားနိုင်ငံ သမ္မတ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ၊ ဆလိုဗက် နိုင်ငံဝန်ကြီးချုပ် နှင့် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးတို့ နှင့်အတူ ရှင်းလင်း ပြောကြားနေစဉ်။ (ဓါတ်ပုံ - နိုင်ငံတော် သမ္မတရုံး ဖေ့်စ်ဘွတ်)
၂၀၁၇ ခုနှစ်မှာ ကျင်းပမယ့် အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကို မြန်မာနိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ မြန်မာသမ္မတ ဦးထင်ကျော် ကပြောပါတယ်။

မွန်ဂိုလီးယား နိုင်ငံမှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီး ဆွေးနွေးပွဲ အပြီးမှာ မြန်မာ သမ္မတ ဦးထင်ကျော်ဟာ မွန်ဂိုလီးယား သမ္မတ နဲ့အတူ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

ဒေသ နှစ်ခုအကြား နှစ် ၂၀ ကြာ ဆက်ဆံရေး အခြေအနေကို ပြန်လည် သုံးသပ် ပြီးတဲ့နောက်၊ ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်လာအောင် နဲ့ ဒေသနှစ်ခု အကြား ဆက်ဆံရေးဟာ ဒေသနှစ်ခုမှာရှိတဲ့ ပြည်သူတွေ အတွက်တင်မကပဲ တကမ္ဘာလုံး အတွက်ပါ အကျိုးရှိစေမယ် လို့ မျှော်လင့်ထားတဲ့ အကြောင်း မြန်မာ သမ္မတ ဦးထင်ကျော်က ပြောခဲ့ပါတယ်။

အကြမ်းဖက် ပြဿနာ တရားဥပဒေ စိုးမိုးရေး ဆင်းရဲမွဲတေမှု လျှော့ချရေး စတဲ့ နိုင်ငံတကာ အခြေအနေရော ဒေသနှစ်ရပ်ရဲ့ ပြဿနာရပ်တွေကိုပါ သူတို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ဦးထင်ကျော် က ပြောပါတယ်။

ဆွေးနွေးပွဲ အတွင်း ဘေးပန်းမှာလည်း နိုင်ငံချင်း အပြန်အလှန် တွေ့ဆုံမှုတွေ ရှိခဲ့ရာမှာ မြန်မာ သမ္မတအနေနဲ့ မွန်ဂိုလီးယား သမ္မတ နော်ဝေး၀န်ကြီးချုပ် အင်ဒိုနီးရှား ဒု သမ္မတ တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ မွန်ဂိုလီယားနိုင်ငံ အူလန်ဘာတာမြို့မှာ နှစ်ရက်တာကျင်းပခဲ့တဲ့ ဒီ အာရှ ဥရောပ ထိပ်သီး အစည်းအဝေးမှာ သောကြာနေ့ကပဲ ဖြစ်ပွားခဲ့တဲ့ တူရကီနိုင်ငံက မအောင်မြင်တဲ့ အာဏာသိမ်းမှု အခြေအနေ ကိုလည်း ခေါင်းဆောင်တွေ ဆွေးနွေး ခဲ့ကြ ပါတယ်။

သမ္မတ ဦးထင်ကျော်ဟာ အခု အစည်းအဝေးရဲ့ ဖွင့်ပွဲမှာလည်း မိန့်ခွန်း စကားပြောကြားခဲ့ပြီး၊ ASEM အဖွဲ့ ထူထောင်တဲ့ အခု နှစ် ၂၀မြောက် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်တဲ့အတွက် ထူးခြားတဲ့ အစည်းအဝေး ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မြန်မာနိုင်ငံရှိ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းမှာ အလုပ်လုပ်နေသော နိုင်ငံခြား လုပ်သား အချို့။ ဓါတ်ပုံ - (AP Photo/Gemunu Amarasinghe)
နိုင်ငံခြားက လုပ်သားတွေကို တရားဝင် အလုပ် လုပ်ကိုင်ခွင့် ပေးမယ့် နိုင်ငံခြားသား အလုပ်သမား ဥပဒေပြဌာန်းဖို့ အလုပ်သမား ၀န်ကြီးဌာန ဖက်က စီစဉ်နေပါတယ်။ အထွေထွေ လုပ်သားမဟုတ်ပဲ နိုင်ငံခြားသား ကျွမ်းကျင် လုပ်သားတွေကို ခေါ်ယူ ခွင့်ပေးမယ့် အစီအစဉ် ဖြစ်သလို၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က သတ်မှတ်တဲ့ ပမာဏ အတိုင်းပဲ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အနေအထားအရတော့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် MIC ရဲ့ ဥပဒေ စည်းမျဉ်းတွေအရ နိုင်ငံခြားသား အလုပ်သမားတွေကို ခွင့်ပြု ထားပေမယ့်၊ ဘယ်လောက် အတိုင်းအတာ အထိ နိုင်ငံခြားသား အလုပ်သမားတွေ မြန်မာနိုင်ငံထဲမှာ ရှိလဲဆိုတာကိုတော့ စာရင်းကောက်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ဒါကြောင့်မို့ နိုင်ငံခြားသား အလုပ်သမားဥပဒေကို ပြဌာန်းပြီး၊ စနစ်တကျ ဖြစ်အောင် လို့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက ဥပဒေကြမ်း စတင် ပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေကို ခွင့်ပြုတဲ့ နေရာမှာတော့ အထွေထွေ အလုပ်သမားတွေကို ခေါ်ယူမှာမဟုတ်ပဲ ကျွမ်းကျင် လုပ်သားတွေ ကိုသာ ခေါ်ယူခွင့်ပေးမှာပါ။ ဒီအတွက် ပြည်တွင်း အလုပ်အကိုင် နေရာတွေ မှာ နိုင်ငံသားတွေ အတွက် ရှားပါးလာမလား စိုးရိမ်မှုတွေရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံခြားသား အလုပ်သမားတွေကို ပမာဏ သတ်မှတ်ပြီး ခွင့်ပြုမှာ ဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီးဌာန အလုပ်ရှင် အလုပ်သမားရေးရာ ဌာနခွဲ ညွှန်ကြားရေးမှုး ဦးညွှန်လွင်က ပြောပါတယ်။

“ ကျွန်တော်တို့ အလုပ်သမား ၀န်ကြီးဌာနကနေပြီးတော့ နိုင်ငံခြားသား အလုပ်သမားကို တိုက်ရိုက်ပေါ့နော်။ လာတာနဲ့ ရော့…အင့် ဆိုပြီးတော့ လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ MIC ရဲ့ အတည်ပြုချက် ယူမယ်။ ယူပြီးတော့မှ သက်ဆိုင်ရာ အလုပ်ရှင်တွေက တဆင့် နိုင်ငံခြားသား အလုပ်သမားကို သူတို့ရဲ့ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေမှာ သုံးချင်တယ်ဆိုရင် ဒီဥပဒေအရ ကျွန်တော်တို့ သက်ဆိုင်ရာ မြို့နယ် ရုံးက တဆင့် ၀န်ကြီးဌာနအထိ တင်ပြရမှာ ဖြစ်တယ်။ ဒါကို ပေါ်လစီချမှတ်ရာမှာတော့ စီးပွားရေး မူဝါဒအရ MIC ဘက်က သွားမှာ ဖြစ်ပါတယ်။ ဥပဒေအရတော့ ကျွန်တော်တို့က သက်တမ်းတွေ သတ်မှတ်တာတွေ ရှိတယ်။ အကြမ်းအားဖြင့် လေးနှစ် ပြီးတာနဲ့ ပြန်ကို ပြန်ရတယ်။ ပြန်ပြီးတော့မှ renew ပြန်လုပ်ပြီးတော့ ပြန်ဝင်၊ အဲဒီလို။ ငါးနှစ် တစ်ဆက်တည်း နေထိုင်ခွင့်တော့ ဥပဒေအရ ခွင့်ပြုမထား ပါဘူး။ လေးနှစ်ကလဲ တစ်နှစ်ချင်း တစ်နှစ်ချင်းပဲ လုပ်ကိုင်ခွင့် သက်တမ်း ကို ပေးသွားမယ်။ ”

ဥပဒေ မူကြမ်း ထဲမှာတော့ နိုင်ငံခြားသား အလုပ်သမားတွေဟာ နိုင်ငံတွင်း သက်ဆိုင်ရာ အလုပ်ရှင်နဲ့ ချုပ်ဆိုတဲ့ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက် အရဖြစ်စေ၊ တည်ဆဲဥပဒေ တရပ်ရပ်အရဖြစ်စေ၊ လုပ်ငန်း ကျွမ်းကျင်ပြီး ကာလ သတ်မျတ်ချက်နဲ့ လာရောက် အလုပ်လုပ်ကိုင်သူ ဖြစ်တယ်လို့ ဆိုထား ပါတယ်။

နိုင်ငံပိုင်၊ သမ၀ါယမ ပိုင်၊ ပုဂ္ဂလိကပိုင် အပြင် ဖက်စပ် လုပ်ငန်းများ ရဲ့စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများနဲ့ ဆက်စပ်တဲ့ ထုတ်လုပ်မှု လုပ်ငန်း၊ ပြင်ဆင်မှု လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ပြုပြင် ပြောင်းလဲမှု လုပ်ငန်း၊ စက်မှုလက်မှု လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းနဲ့ အခြား အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတွေမှာ ဒီနိုင်ငံခြားသား အလုပ်သမား တွေကို လုပ်ကိုင် ဆောင်ရွက်ခွင့် ပေးမှာဖြစ်ပါတယ်။

လက်ရှိ ရှိပြီးသားနိုင်ငံခြားသားအလုပ်သမားတိုင်းဟာလည်း ဒီဥပဒေ အတည်ဖြစ်ရင် ဥပဒေအတိုင်း လိုက်နာရမှာဖြစ်တယ်လို့ ဦးညွှန့်လွင်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား အလုပ်သမားတွေ ခံစားခွင့်နဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

“ အခွင့်အရေးကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ အလုပ်သမားရေးရာ ဥပဒေတွေ အတိုင်း ကျွန်တော်တို့ အခွင့်အရေး အပြည့်ပေးမှာ ဖြစ်ပါတယ်။ နောက် ကန့်သတ်ချက်ကလဲ သူတို့ နိုင်ငံမှာ ဒီဥပဒေ ရှိလို့ ဒီစံနှုန်းရှိလို့ ဆိုပြီး သူတို့နိုင်ငံမှာ ရှိတဲ့ အခွင့်အရေးနဲ့ သူတို့ နိုင်ငံမှာရှိတဲ့ ဥပဒေ ကိစ္စတွေကတော့ ဒီ ကျွန်တော်တို့ရဲ့ နိုင်ငံခြားသား အလုပ်သမား ဥပဒေမှာတော့ ခံစားခွင့်၊ အဲဒီဟာကို သူတို့ဆီမှာ ရှိတယ်ဆိုတဲ့ အသုံးပြုခွင့်တွေတော့ ကျွန်တော်တို့ ပေးမှာ မဟုတ်ပါဘူး။ ”

ဒီလို နိုင်ငံခြားသား လုပ်သား ခေါ်ယူမှုနဲ့ ပတ်သက်လို့ UMFCCI တွဲဖက် အတွင်းရေးမှူး (၁) ဦးအေးလွင်ကတော့ ခုလို မှတ်ချက်ပေးပါတယ်။

“သူတို့ကို အကာအကွယ်ပေးနိုင်သလို၊ သူတို့ မဟုတ်တာ၊ ဥပဒေ ချိုးဖောက်တာလဲ လုပ်လို့ မရတော့ဘူးလေ။ အခု ဗီယက်နမ် ဟိုတယ်ကြီး လာဖွင့်တယ်။ ဆီဒိုးနား ဟိုတယ်ဘေးမှာ။ ဗီယက်နမ် အလုပ်သမားတွေ လာလုပ်နေတယ်။ work permit မရှိဘူး။ ဘာအကျိုးကျေးဇူးရသွားလဲ တိုင်းပြည်က။ ဘာမှ မရဘူးလေ။ သူတို့လဲ လာရတာ တရားမ၀င်ဘူးလေ။ အဲဒီတော့ စည်းနဲ့ ကမ်းနဲ့ ဖြစ်သွားအောင် လုပ်တာပါ။ ”

လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်သမား ဥပဒေနဲ့ ဌာနလုပ်ထုံး လုပ်နည်းများ အားနည်းချက်တွေ ရှိနေတာမို့ မြန်မာနိုင်ငံကို လာရောက် အလုပ် လုပ်ကိုင်နေ တဲ့ နိုင်ငံခြားသား လုပ်သားများကို မြန်မာ နိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ သေချာ စိစစ်နိုင်ခြင်း မရှိပါဘူး။ ဘယ်လုပ်ငန်းတွေမှာ ကျွမ်းကျင်သလဲ၊ ဘယ်လို လုပ်ငန်းတွေမှာ လုပ်နေကြသလဲ ဆိုတာကိုလည်း တိကျစွာ စစ်ဆေးနိုင်ခြင်း မရှိသေးတာကြောင့် နိုင်ငံခြားသား အလုပ်သမားတွေ ထံက ရမယ့် အခွန်အခ ဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


anbanla-620.jpg
ရန်ကုန်မြို့ (NRPC)မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ကို ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

နိုင်ငံတော်အစိုးရက တိုင်းရင်းသားတွေကို လိုလိုလားလား လိုက်လျောမှုတွေရှိရင် ၂၁ ရာစု ပင်လုံညီလာခံ နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်မှာဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ကပြောပါတယ်။

မနက်ဖြန်မှာကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ဖို့ကို ဒီကနေ့ ရန်ကုန်အထူးလေဆိပ်ကိုရောက်ရှိချိန်မှာ သတင်းမီဒီယာတွေက မေးမြန်းရာမှာ ဗိုလ်ချုပ်ကြီး အန်ဘန်လ က ပြောတာပါ။

မနက်ဖြန် ရန်ကုန်မြို့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း နေပြည်တော်ကနေ ရန်ကုန်ကို ရောက်ရှိလာပါတယ်။

ဗိုလ်ချုပ်ကြီး အန်ဘန်လဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒု ဥက္ကဌဖြစ်ပြီး အရင်အစိုးရလက်ထက်ကပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ရန်ကုန်မှာ တက်ရောက်ခဲ့ခြင်းမရှိပဲ ဒီတစ်ကြိမ်ဟာ ပထမဆုံး ရန်ကုန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
RFA

တူရကီ ဝန်ကြီးချုပ် ဘင်နာလီ ရာလီရင်
တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပြီး အစိုးရကိုပုန်ကန် တယ်လို့ သံသယရှိသူတွေ ထောင်နဲ့ချီ အဖမ်းခံ ထားရပါတယ်။

အာဏာသိမ်းမှုဖြစ်ရတဲ့ အဓိက အကြောင်းရင်း ကတော့ တူရကီနိုင်ငံမှာ သမ္မတ အာဒိုဝမ် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ရော၊ အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ ပတ်သက်လို့ပါ စိတ်ဝမ်းကွဲ ပြားမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတာကြောင့် ဖြစ်ပါတယ်။

သမ္မတအာဒိုဝမ်နဲ့ သူ့ရဲ့ AK ပါတီဟာ ရွေးကောက်ပွဲ အနိုင်ရအောင် လုပ်တဲ့နေရာမှာ ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့် ဒီမိုကရေစီ စံနစ် ရေရှည်ခိုင်မြဲအောင် မစ္စတာအာဒိုဝမ် က တကယ် ဆန္ဒရှိရဲ့လားဆိုတာကို သူ့အပေါ် သံသယ ရှိလာ နေပါတယ်။

သူဟာ အစ္စလာမ္မစ် အယူဝါဒကို နိုင်ငံရေးမှာ ထည့်သွင်း စဉ်းစားသူဖြစ်ပြီး ခေတ်သစ် တူရကီနိုင်ငံရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်ရေးအမြင်ကို ပယ်ချ ထားခဲ့ပါတယ်။

မစ္စတာအာဒိုဝမ်ဟာ တဖြည်းဖြည်း အာဏာရှင် ဆန်လာပြီး၊ နိုင်ငံရဲ့ အာဏာ အများစုကို သမ္မတ၊ တဦးတည်းက ချုပ်ကိုင်ထားတဲ့ ပုံစံမျိုးကို ရောက်အောင် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းသူတွေက နိုင်ငံကို ဒီမိုကရေစီစံနစ်ဆီ ပြန်ရောက်အောင် လုပ်ဖို့ရည်ရွယ် တာလို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် မနေ့ညက တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အစ္စတန်ဘူး မြို့က ပြည်သူတွေကတော့ သူတို့ကို ရှုတ်ချခဲ့ပါတယ်။ ဒီပြဿနာတွေ ဖြစ်မလာခင် ပြီးခဲ့တဲ့နှစ်တွေ အတွင်းက ဖြစ်ရပ်တွေကို ပြန်သုံးသပ် ကြည့်ရင်တော့၊ ဆီးရီးယား စစ်ပွဲအစမှာကတည်းက မစ္စတာအာဒိုဝမ်ရဲ့ အစိုးရဟာ သမ္မတအာဆတ်ကို ဆန့်ကျင်တဲ့ အစ္စလာမ္မစ် ဝါဒီတွေ ဖက်က ရပ်တည်ပြီး ထဲထဲဝင်ဝင် ပါဝင်ပတ်သက် ခဲ့ပါတယ်။

ဒါပေမယ့် အကြမ်းဖက်မှုတွေဟာ နယ်ခြားစည်းကို ကျော်လွန်ပြီး တူရကီနိုင်ငံထဲ အထိ ရောက်ရှိလာခဲ့ပါတယ်။

တူရကီနိုင်ငံ ထဲက PKK ကာ့ဒ်သူပုန်အုပ်စုအပေါ် ကူညီအားပေးသူတွေ ရှိလာသလို အစ္စလာမ္မစ် နိုင်ငံအဖွဲ့လို ဂျီဟတ်ဝါဒီတွေ ကလည်း တူရကီကို ပစ်မှတ် ထားလာ ကြပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် မကျေနပ်မှု အများအပြားကို ကြီးထွားလာ စေခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာ တူရကီနိုင်ငံဟာ မတည်ငြိမ်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပြီး သမ္မတ အာဒိုဝမ်ကို ဖြုတ်ချဖို့ ကြိုးစားတာ တခုထဲနဲ့တင် ပြီးသွားမှာ မဟုတ်ဘူးလို့ ဘီဘီစီ အရှေ့ အလယ်ပိုင်းရေးရာ အယ်ဒီတာ ဂျရယ်မီဘိုဝင်က သုံးသပ် ပါတယ်။
BBC Burmese

ပြင်သစ်နိုင်ငံ နီးစ်မြို့ တိုက်ခိုက်မှုမှာ သုံးခဲ့တဲ့ လော်ရီကားကို အရှေ့က တွေ့ရပုံ
လူရှစ်ဆယ်ကျော် သေဆုံးခဲ့ရတဲ့ ပြင်သစ်နိုင်ငံ နီးစ်မြိုံက ထရပ်ကားနဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ သူတို့အဖွဲ့ဝင် နောက်လိုက် တယောက်ရဲ့ လက်ချက်လို့ အစ္စလာမစ် နိုင်ငံ အဖွဲ့က ပြောပါတယ်။

လတ်တလောမှာ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရဲက ဖမ်းထားသူ ငါးယောက် ရှိသွားပါပြီ။

ဒီတိုက်ခိုက်မှု အတွင်း လူအများအပြား သေဆုံးခဲ့ရတဲ့ အတွက် ပြင်သစ်မှာ ၀မ်းနည်းခြင်း အထိမ်းအမှတ် သုံးရက် ကျင်းပမယ်လို့ သတ်မှတ်ခဲ့ကြပြီး ဒီနေ့ စလုပ်ခဲ့ပါတယ်။

တချိန်တည်းမှာ ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်းက ဦးဆောင်ပြီး ထိပ်တန်း လုံခြုံရေး အကြံပေးတွေနဲ့ အစည်းအဝေး ကျင်းပနေပါတယ်။

အရေးပေါ် အခြေအနေ ကြေညာချက်ကိုလည်း အခုလကုန်ထိ ရက် ထပ်တိုးခဲ့ပြီး အရန်တပ်ဖွဲ့တွေနဲ့ နိုင်ငံတလွှားမှာ လုံခြုံရေး တိုးမြှင့်ချထားမယ်လို့ သူက ကြေညာခဲ့ပါတယ်။

အစ္စလာမ် ဝါဒီ အကြမ်းဖက် သမားတွေကို အစိုးရက လက်တုန့်ပြန် နှိမ်နင်းမှုဟာ ပြည့်စုံ လုံလောက်မှု မရှိဘူးလို့ အတိုက်အခံ ခေါင်းဆောင်တွေက ဝေဖန်ကြောင်း ပဲရစ်စ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြင်သစ် အမျိုးသားနေ့ ပွဲတော် ကို ဆင်နွှဲ နေကြတဲ့ လူစုလူဝေးကို တိုက်ခိုက်ခဲ့တာ ကြောင့် လူ ၈၄ ယောက် သေဆုံးခဲ့တာ နဲ့ ပတ်သက်လို့ ပြင်သစ် နိုင်ငံ ရဲ့ တရားလို ရှေ့နေ က ဒါဟာ အစ္စလာမ်မစ် စစ်သွေးကြွ တွေရဲ့ အထင်အရှား ပြယုဂ် လို့ ပြောပါတယ်။

ရှေ့နေ ဖရန်ဆွာ မိုလင်းစ် က တိုက်ခိုက်ခဲ့သူ နဲ့ပတ်သက်ပြီး သိထားပြီး သမျှတွေ ပြောပြရာမှာ မိုဟာမက် လဝှက်ရှ်ဘူလယ် ဟာ ကားဒရိုင်ဘာ ဖြစ်ပါတယ်။

ကုန်ပစ္စည်းတွေ လိုက်လံပို့ဆောင်သူ ဖြစ်တယ်။ တူနီးရှား နိုင်ငံသားဖြစ်ပြီး လက်ထပ်ဖူးသူ၊ သားသမီးတွေ ရှိသူ လို့ ပြောပါတယ်။

သူနဲ့ကွဲထားတဲ့ ဇနီးဟောင်း ကိုလည်း ရဲတပ်ဖွဲ့ က ထိန်းသိမ်းထားကြောင်း နဲ့ ဒီလူ ကို့ ရဲ က အသေးစား ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့သူ တယောက် အဖြစ် သိထားခဲ့ကြောင်း ပြောပါတယ်။

ဒါပေမယ့် သူဟာ အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တာ ရှိ မရှိ ဆိုတာ ကိုတော့ စုံစမ်း ဆဲပဲ လို့လည်း ပြောသွားပါတယ်။

ဒီ မိုဟာမက် လဝှက်ရှ်ဘူလယ် လူဟာ ဒီနှစ်အတွင်းမှာ ပဲ ကားလမ်းပေါ်မှာ ကိစ္စတခုနဲ့ စကားများကြပြီး တခြား ကားမောင်းသမား တယောက် ကို ထိုးကြိတ် တိုက်ခိုက်ခဲ့ဖူးတယ် ဆိုတဲ့ ရဲမှတ် တမ်းတွေ ရှိပေမယ့် ထောက်လှမ်းရေး ဆိုင်ရာ မှတ်တမ်းတွေမှာ တော့ သူ့ အကြောင်း ဘာမှ မရှိခဲ့ပါဘူး ။

အခုတော့ သူ့ ဇနီးဟောင်းကို လုံခြုံရေး တပ်ဖွဲ့တွေ က စစ်မေးနေပါတယ်။ သူ့ရဲ့ ဖခင်ဖြစ်သူ ကတော့ သူ့ သားဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူ လို့ ဆိုပါတယ်။ သူ ဟာ ဆေးအမြဲသောက်ရသူပါ။ သူတို့အနေနဲ့တော့ သူ့နေကောင်းနေတယ်လို့ ထင်မိခဲ့တယ်။ သူ့ကို စိတ်ရောဂါကု ဆရာဝန်ဆီ ခေါ်ပြခဲ့တယ် သူ ကလည်း ဆရာဝန်ပြောတဲ့အတိုင်း လိုက်နာပါတယ်။

ဒါပေမယ့် တခါတခါ သူ ထ ဖောက်ရင် တွေ့ရာမြင်ရာတွေ ကို ဖျက်ဆီး ပစ်တဲ့ ဟာမျိုးလုပ်တာတွေလည်း ရှိခဲ့တယ်။ အဲလို ဖြစ်ပြီးတိုင်းလည်း သူ ဆေးသောက်ဖို့လိုတယ် ဆိုတာ သူ့ဘာသာ သူ ပြောနေတယ်လို့ ဆိုပါတယ်။

ဒီ ပြင်သစ်နိုင်ငံအနေနဲ့ ဥရောပမှာ လောလောဆယ် နှစ်တွေ အတွင်း လူအသေအပျောက်များတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံရတဲ့ နိုင်ငံဖြစ်နေတာပါ။

မနှစ်က ပဲရစ်မှာ အိုင်အက်စ်တို့က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ တိုက်ခိုက်မှုမှာ လည်း လူ ၁၃ဝ သေဆုံးခဲ့ပါတယ်။
BBC Burmese


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ၏ ၂၀၁၆ ခုနှစ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် ၀ါဆို လဆန်း ၁၂ ရက် နံနက် ၉ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

---

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီမိခင်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်စားခေါ်ဝေါ်ကြပါတယ်။
၁။ အန်ဂျလာမာကယ်

ဂျာမနီအဓိပတိ အန်ဂျလာမာကယ်ကို မျက်မှောက်ကာလရဲ့ အကျော်ကြားဆုံး အမျိုးသမီးနိုင်ငံ့ခေါင်းဆောင်အဖြစ် တင်စားကြပါတယ်။ မာကယ်ဟာ အဓိပတိရာထူးကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ထမ်းဆောင်နေခဲ့တာဖြစ်ပြီး ကုလသမဂ္ဂရဲ့ သက်တမ်းရှည်ဆုံး အစိုးရခေါင်းဆောင်လည်း ဖြစ်ပါတယ်။ မာကယ်ရဲ့အသက်က ၆၁ နှစ် ရှိပါပြီ။
၂။ ဒေါ်အောင်ဆန်းစုကြည်

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်" ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ အနိုင်ရခဲ့သည့်တိုင်အောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဟာ အခြေခံဥပဒေမှာပြဌာန်းချက်အရ သမ္မတဖြစ်ခွင့်မရခဲ့ပါဘူး။
၃။ ပတ်ဂွမ်ဟေး

တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးဟာ သမ္မတဟောင်း ပတ်ချောင်ဟီးရဲ့ သမီးဖြစ်သလို တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင်လည်းဖြစ်လာပါတယ်။ ပတ်ဂွမ်ဟေးဟာ ၂၀၁၃ ခုနှစ်မှာ မဲပေးရွေးချယ်ခံရပြီး သမ္မတဖြစ်လာခဲ့သူပါ။
၎။ စီအင်ဝမ်

ထိုင်ဝမ်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ယခင်ကတော့ ဥပဒေ ပရော်ဖက်ဆာဖြစ်ပြီး စီရဲ့ DPP ပါတီက တရုတ်ကူမင်တန်ပါတီ (KMT)ကို အနိုင်ရကာ သူမက သမ္မတဖြစ်လာခဲ့ပါတယ်။
၅။ အယ်လန်ဂျွန်ဆင် ဆာလိဖ်

လိုက်ဘေးရီးယားနိုင်ငံရဲ့ ၂၄ ဦးမြောက် သမ္မတဖြစ်ပြီး အာဖရိကရဲ့ ပထမဆုံးအမျိုးသမီးခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ အယ်လန်ရဲ့အသက်က ၇၇ နှစ် ရှိပါပြီ။
၆။ ဒယ်လ်မာရူးဆက်ဖ်

ဘရာဇီးသမ္မတ ဒယ်လ်မာရူးဆက်ဖ်ဟာ နိုင်ငံရဲ့ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ပါတယ်။ ၃၆ ယောက်မြောက် သမ္မတရာထူးကို ဆက်ခံထားရတဲ့ ဒယ်လ်မာအတွက် အခက်အခဲအမျိုးမျိုးနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေရပြီး ဇီကာဗိုင်းရပ်စ်ပြဿနာကလည်း သူမအတွက်ခေါင်းခဲစရာ ဖြစ်နေပြန်ပါတယ်။ သို့ပေမဲ့ သူမရဲ့နိုင်ငံကတော့ ၂၀၁၆ ရီယိုအိုလံပစ်ကို မကြာခင် လက်ခံကျင်းပတော့မှာပါ။
၇။ ကိုလင်ဒါ ဂရက်ဘာ ကီတာရိုဗီ

အသက် ၄၇ နှစ်သာ ရှိသေးတဲ့ သူမဟာ ခရိုအေးရှားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင်ဖြစ်သလို နိုင်ငံရဲ့ လက်ရှိသမ္မတလည်း ဖြစ်ပါတယ်။
၈။ ထရီဆာမေ

ဗြိတိန်ရဲ့ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာထူးဟာ ဗြိတိန်မှာ အရေးပါဆုံးနေရာတစ်ခုဖြစ်ပြီး ထရီဆာမေ မတိုင်မီက မားဂရက်သက်ချာဟာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။ ထရီဆာမေဟာ ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းရဲ့နေရာကို ၂၀၁၆ ခုနှစ် ဇူလိုင်လဒုတိယသီတင်းပတ်မှာ စတင်ရရှိခဲ့တာဖြစ်ပါတယ်။

Source : CNN

============

Duwun

လက်ရှိဖြစ်ပွားသော စစ်တပ်က အာဏာသိမ်းရန် ကြံစည်မှုအတွင်း အဆင့်မြင့်အရာရှိပိုင်းအပါအဝင် စစ်သား ၂၈၃၉ ဦးကို ဖမ်းဆီးထားကြောင်း တူရကီဝန်ကြီးချုပ် ဘီနာလီရီဒင်ရမ်က ပြောသည်။

တူရကီ၏ ဒီမိုကရေစီ အိုးမည်းသုတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုကာ စစ်အာဏာသိမ်းမှုတွင် လူပေါင်း ၁၆၁ ဦး သေဆုံးကာ ၁၄၄၀ ဦး ဒဏ်ရာရကြောင်း ပြောသည်။

အန်ကာရာမြို့၊ အစ္စတန်ဘူလ်မြို့နှင့် အခြားနေရာများတွင် ပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုများကို လှမ်းကြားရပြီး သမ္မတအာဒိုဂန်က အာဏာသိမ်းရန်ကြံစည်သူများကို နိုင်ငံအား ပုန်ကန်သူများအဖြစ် ပြောဆိုသည်။

အာဏာသိမ်းမှုနောက်ကွယ်တွင် မည်သူရှိကြောင်း သေချာရှင်းလင်းမသိရသေးပေ။

သမ္မတအာဒိုဂန်ကမူ နိုင်ငံအာဏာကို ယှဉ်ပြိုင်သူတစ်ဦးကို အပြစ်တင်သည်။ သြဇာကြီးသော အမေရိကန်အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖတ်တူလက်ဂူလန်ကိုအား ရှင်းရှင်းလင်းလင်းရည်ညွန်း အပြစ်ဆိုကာ မတည်ငြိမ်မှုများ ဖြစ်ပွားအောင် လှုံ့ဆော်နေသူအဖြစ် စွပ်စွဲသည်။

သို့သော ဂူလန်ကမူ ယခုဖြစ်ပွားသည့် အာဏာသိမ်းရန်ကြံစည်မှုများနှင့် တစ်စုံတစ်ရာမျှ ပတ်သက်ခြင်းမရှိကြောင်း ထုတ်ပြန်ပြီး ၎င်းကိုယ်တိုင် တူရကီနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းရန်ကြံစည်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

တူရကီနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းမှုက ဇူလိုင် ၁၅ ရက် ညနေပိုင်းတွင် စသည်။ တင့်ကားများဖြင့် အစ္စတန်ဘူလ်မြို့တွင်း လမ်းများကို ပိတ်ဆို့မှုများ ချသည်။ အန်ကာရာမြို့တွင်လည်း လမ်းများတွင် စစ်သားများနေရာယူပြီး စစ်ဂျက်လေယာဉ်များက ဝဲပျံနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ လုပ်ဆောင်ပြီးနောက် စစ်တပ်တပ်စုတစ်ရပ်က နိုင်ငံကို ငြိမ်းချမ်းရေးကောင်စီက အုပ်ချုပ်ပြီဖြစ်ကြောင်း ကြေညာကာ ဖွဲ့စည်းပုံအသက်ဝင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုများ အာမခံကျိန်းသေရရေးအတွက် အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာသည်။

ထိုပုန်ကန်မှုများကို ပြည်သူများအနေဖြင့် လမ်းများပေါ်ထွက်၍ ဆန့်ကျင်ကြရန် သမ္မတအာဒိုဂန်က တီဗီမိန့်ခွန်း၌ တိုက်တွန်းသည်။

ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အာဏာသိမ်းရန် ကြံစည်ကြသော စစ်တပ်တပ်စုက လက်နက်ချလိုက်ရခြင်းဖြစ်သည်။

============

Mizzima - News in Burmese

http://mizzimaburmese.com/article/16121


သမ္မတဦးထင်ကျော်ဦးဆောင်တဲ့အစိုးရသစ်။
သမ္မတဦးထင်ကျော်ဦးဆောင်တဲ့အစိုးရသစ်။

ဆန္ဒပြမှုနဲ့ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းကိုင်တွယ်နိုင်ဖို့ ဒုသမ္မတ(၂) ဦးဆောင်မယ့် “အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ” တရပ်ကို သမ္မတဦးထင်ကျော် လက်မှတ်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ကော်မတီရဲ့ လုပ်ငန်း တာဝန်တွေကို ဖော်ပြထားရာမှာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီပဲ အရင် စစ်အာဏာရှင် လက်ထက် ပုံစံမျိုးဖြစ်နေတယ် ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်း ထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။ူ

ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းကိုင်တွယ်ဖို့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတအမိန့်နဲ့ ဇူလိုင်လ ၁၂ရက် နေ့စွဲမှာ ဖွဲ့စည်းလိုက်တာပါ။

ဒုတိယ သမ္မတ ဟင်နရီ ဗန်ထီးယူကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူမယ့် ဒီ အရေးပေါ်ကာလ စီမံခန့် ခွဲရေး ဗဟိုကော်မတီကို လုပ်ငန်းတာဝန် ၁၂ရပ် သတ်မှတ်ပေးထားပြီး ဒီထဲက တာဝန်တချို့ဟာ အစိုးရသစ် အပေါ် ပြည်သူလူထု အနေနဲ့ နားလည်မှုလွဲနိုင်ပြီး အရင် အာဏာရှင် အစိုးရလက်ထက် ပြောဆို သုံးနှုန်းတဲ့ ပုံစံမျိုး ဖြစ်နေတယ် လို့ ဝေဖန်မှုတွေရှိနေတာပါ။

ဒီကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ဖော်ပြထားရာမှာ မီဒီယာရဲ့သွေးထိုး လှုံဆော်မှုတွေကို မီဒီယာနဲ့ ရှင်းလင်းတုန့်ပြန်ဖို့၊ နိုင်ငံရေးသွေးထိုးလှုံဆော်မှုနဲ့ အထွေထွေ ဆန္ဒပြမှု အသွင်ဖြစ်လာရင် ပြည်သူ့အား ယူပြီး ပြန်လည် ဆန္ဒဖော်ထုတ်ချေဖျက်ဖို့ စတဲ့ အချက်တွေပါဝင်တာကြောင့်၊ ဒါဟာအရင် စစ်အစိုးရ လက်ထက် လုပ်ဟန်မျိုးဖြစ် တယ်လို့ ဝေဖန်မှုတွေရှိနေတာပါ။

အရေးပေါ်ကာလ စီမံခန့်ခွဲမှုဆိုတာ အင်မတန်အရေးကြီးတဲ့ ကိစ္စဖြစ်ပေမယ့် အခု ဖွဲ့စည်းလိုက်တဲ့ ကော်မတီရဲ့ လုပ်ငန်းတာဝန် အချို့ဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။

"တိုင်းပြည်မှာ အရေးပေါ်ကာလစီမံခန့်ခွဲမှုဆိုတာ အင်မတန်မှ အရေးကြီးတဲ့ပြင်ဆင်မှု လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့လို အရေးပေါ်ကာလ စီမံခန့်ခွဲမှု ကို တကယ် ကို စနစ်တကျ နည်းဗျူဟာ မဟာဗျူဟာနဲ့ စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့မြင်တယ်။ ပြီးတော့ လက်ရှိ လတ်တလော လုပ်ငန်းတာဝန် သတ်မှတ်မှုတွေကို ကြည့်မယ်ဆိုလို့ရှိရင် စကားလုံးတွေက ရှင်းလင်းမှု မရှိဘူး။ နောက်ပြီးတော့ အရင်အာဏာရှင် အစိုးရအဆက်ဆက်က သုံးနှုံးခဲ့တဲ့ ဝေါဟာရတွေ ပုံစံတွေနဲ့ တထပ်တည်း ကျနေတာတွေကို လည်း တွေ့ရတယ်။ အဲ့ဒီ့အခါကျတော့ ဒီ့ထက်ပိုပြီးတော့ ရှင်းရှင်းလင်းလင်းနဲ့ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ "

နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အထွေထွေ ဆန္ဒပြမှု အသွင်ဖြစ်လာ ရင် ပြည်သူ့အား နဲ့ ပြန်လည် ဆန္ဒဖော်ထုတ် ချေဖျက်ဖို့ဆိုတဲ့ ဒီကော်မတီရဲ့ လုပ်ငန်းတာဝန် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ဒေါက်တာ ရန်မျိုးသိမ်းက သူ့အမြင်ကို အခုလို ပြောပါတယ်။

" ပြည်သူလူထုအနေနဲ့ နစ်နာမှုတွေရှိမယ်။ ဆုံးရှုံးမှုတွေရှိမယ်။ ဖိအားပေးခံရ တာတွေ ရှိမယ်။ အဲ့ဒီ့အခြေအနေမျိုးမှာ အထွေထွေ ဆန္ဒပြမှုတွေရှိမယ် ဆိုတာလည်း ဖြစ် လာမှာပဲ။ ဒီလို ဖြစ်လာမယ့် အခြေအနေကို နိုင်ငံရေးသွေးထိုး လှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်ဆိုပြီး အရင်အာဏာရှင်အစိုးရ အဆက်ဆက် ပုံစံမျိုး ပြုမှုလာမယ်ဆိုရင် ဒါဟာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့မကိုက်ညီဘူး။ ဒီမိုကရေစီအပြောင်းအလဲနဲ့လည်း လိုက်လျောညီထွေ ဖြစ်မှာမဟုတ်ဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"

ဒါနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ ဒေါက်တာခင်မောင်ညိုကလည်း အခုလို ပြော ပါ တယ်။

" ကျနော်တို့က ဒီမိုကရေစီခရီးကို သွားတာလေ။ ဒီမိုကရေစီခရီးကို သွားတယ် ဆိုတာ ပြည်သူ့ဆန္ဒက အဓိက ကျတယ်။ အများစုဆန္ဒဆိုတာ သူတို့ကို နှိပ်ကွပ်မယ်။ ဖမ်းဆီးမယ်။ တုန့်ပြန်မယ် ဆိုတာကို အဓိက ထားမယ် ဆိုရင်တော့ သူများတွေ ပြောသလို အာဏာရှင်ဆန်သွားမယ်လို့ ကျနော်လည်း ယူဆပါတယ်။"

အစိုးရသစ်လက်ထက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီရဲ့ အဓိက တာဝန်တွေမှာ အစိုး ရနဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်ဖို့၊ ပဋိပက္ခတွေဖြစ်ရင် မြန်မြန် ဆန် ဆန် ကိုင်တွယ် ဖြေရှင်းဖို့၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မဖြစ်ပွားအောင် ကာကွယ်ဖို့ စတာတွေ ပါဝင်ပါတယ်။

အစိုးရသစ်ရဲ့ ဒီကော်မတီဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်၊ စေတနာ ကို မြင်အောင်ကြည့်ဖို့ လိုပြီး ပြဌာန်း ချက် အသေးစိတ် အပေါ်မှာပဲ ဝေဖန်ချက်ပေးတာမျိုး မဖြစ်သင့်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာ အကြံပေးဦးကိုနီက ပြောပါတယ်။

" စနစ်တခုကနေ စနစ်တခုကို အပြောင်းမှာ မပြောင်းချင်တဲ့သူဆိုတာလည်း ရှိတယ်။ အဲ့တော့ အဲ့လိုအနေအထားအမျိုးမျိုးမှာ ပြဿနာ အမျိုးမျိုး ပေါ်ပေါက်နိုင်တဲ့အတွက် ဒီပြဿနာတွေကို ကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဒီအဖွဲ့ကို ဖွဲ့တယ်လို့ ကျနော်က သဘောပေါက်ထားတယ်။ ကျနော်ကတော့ ရိုးရိုးသားသား ဒီလိုပဲမြင်တာပေါ့ဗျာ။ အဲ့တာကို တချို့က အဓိပါယ်ဖွင့်တဲ့အခါမှာ အမျိုးမျိုး ဖွင့်ကြတဲ့အခါ တချို့ကလည်း အဲ့လိုပြောကြတယ်။ အရင်အစိုးရ လက်ထက်ကနဲ့ အတူတူပဲဖြစ်နေတာပဲ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဘာညာပေါ့ဗျာ။ စကားလုံး အသုံးအနှုံးတူရင်တောင် စေတနာမတူဘူးဆိုတာ ခင်ဗျားကို ထောက်ပြချင်တယ်ဗျာ။"

NLD အစိုးရသစ်ရဲ့ ရက် ၁၀၀ ကာလအတွင်း ပဲခူးတိုင်း ဝေါမြို့နယ် သရဲ သမိန်ကျေးရွာနဲ့ ကချင် ပြည်နယ် ဖားကန့်မှာ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ခဲ့ပြီးနောက်ပိုင်း အစိုးရ သစ်အနေနဲ့ အခုလို အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါ တယ်။ ဒီအဖွဲ့ထဲမှာ အစိုးရအဖွဲ့ထဲက ပြည်ထဲရေး ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေး ၀န်ကြီးတွေ ပါ ၀င် သလို၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲချုပ်က တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။

မမြင့်မြင့်ခိုင်
VOA Burmese News


ဂျူလိုင်လ ၁၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဒေသတွင်း ပြည်သူလူထုစုပေါင်းကာ အပစ်မဲ့အရပ်သားများအား ပစ် မှတ် ထား တိုက်ခိုက်မှု ရပ်တန့်ေ ရး၊ ငြိမ်း ချမ်းလုံခြုံစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေး အတွက်ရည်ရွယ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြ ပွဲကျင်းပ သည်ဟုသိရသည်။


ဂျူလိုင်လ ၁၆ ရက် နံနက် ၉ နာရီမှစ၍ လားရှိုးမြို့ ရပ်ကွက် ၁ ကချင် နှစ်ခြင်း ဘုရားကျောင်းမှစ၍ စုပေါင်း ချီတက်ကာ ဆန္ဒပြပွဲတရပ် ကျင်းပနေကြောင်း၊ လားရှိုးမြို့တွင်း နှင့် ဒေသန္တရအတွင်း လူထုအင်အားစုစုပေါင်း ၁၂၀၀ ထက် မနည်းပူးပေါင်းပါဝင်သည်ဟု ပါဝင်သူလူငယ်တဦးကပြောသည်။


သျှမ်းလူငယ်ကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းနော်ဆိုင်က -" ကျနော်တို့ေ ဒသခံ ပြည်သူလူထု မတရား ဖမ်းဆီးသတ်ဖြတ်ခံနေရတယ်။ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိဘူး။ ဒါ့ကြောင့်တပ်မတော် အပါအ၀င် တိုင်းရင်း သားလက် နက်တွေကအစ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ပါ။ ကျနော်တို့တောင်းဆိုတာ ကတော့ ၇ ချက်ရှိပါတယ်" -ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

လူထုတောင်းဆိုချက် ၇ ချက်မှာ - စစ်ဒဏ် သင့်ပြည်သူများ ဘေးကင်း လုံခြုံစွာ နေရပ်ပြန်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး ၊ အပစ်မဲ့ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှု များရပ်တန့်ပေးရေး၊ ပြည်သူများအေးချမ်းစွာ သွားလာအသက်ရှင်နေထိုင်နိုင်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရေး၊ တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး၊ တိုင်းရင်းသားများ၏အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ် Federal ပြည်ထောင်စုပေါ်ပေါက်လာရေး စသဖြင့်ပါဝင်ပါသည်။


ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြနိုင်ရန်အတွက် သျှမ်းလူငယ်များကွန်ယက် ၊သျှမ်းလူငယ်အဖွဲ့၊ ကချင်လူငယ်အဖွဲ့အစည်း(ရှမ်းပြည်) တအာင်း အမျိုးသမီးအဖွဲ့အစည်း ၊ တအာင်းကျောင်း သားနှင့် လူငယ်များအဖွဲ့တို့မှ ဦးဆောင်ဦးရွက်ပြု စီစဉ်ပေးကြောင်းသိရသည်။

"အထက ၁ နာက ကချင်နှစ်ချင်းဘုရားကျောင်းကနေ စထွက်တာ။ သိန္နီလမ်း မကြီး၊ ရပ်ကွက် ၃ ၊ မြို့တော်ခန်းမ၊ ဆေးရုံ ၊ အမှတ် ၁ ရဲစခန်း ဘက်ကို သွား ကြမှာ။ ခွင့်ပြုချက်က လူငယ်အား ၁၂၀၀ တင်ထားတယ်။အခုလာပြီး ပူးပေါင်း ကြတဲ့ လူအင်အား ၁၀၀၀ ကျော်ရှိနေပြီ။ အခြေအနေကတော့ အေးဆေးဘဲ၊ ရဲတပ်ဖွဲ့ထဲကပုဂ္ဂိုလ်တွေ အာဏာပိုင် တချို့လည်းပူးပေါင်းတယ်။" ဟု စိုင်းလွယ်မံစမ် ကပြောသည်။

စီတန်းလှည့်လည်ရေးအား နံနက် ၉ နာရီမှ ၁၂ နာရီအထိ လားရှိုးမြို့ ရဲတပ်ဖွဲ့မှူးကခွင့်ပြုချက်ပေး ထားကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ရေးပဋိပက္ခကြောင့် ကျေးရွာမီးရှို့ခံရ မှု၊ ဒေသတွင်းလူငယ်နှင့် ခရီးသွားများ ဖမ်းဆီးခံရမှု၊ အကြောင်း မသိရဘဲေ ပျာက်ဆုံးသွားမှု၊ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ ဂျွန် ၂၅ ရက်နေ့က လားရှိုးကျေးလက်ဒေသခံ ၇ ဦး ပစ်သတ်ခံရမှုအပေါ် အကြောင်ြး ပုကာ ဒေ သ ခံလူထု ၁၀၀၀ ကျော်တို့ စုပေါင်းချီတက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်မှုပြုသည့် လူငယ်များအဖွဲ့ကပြောပါသည်။

ဓါတ်ပုံ- လားရှိုးမြို့တွင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် ပြည်သူလူထု ချီတက်ဆန္ဒပြကြသည့်ပုံရိပ်

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/


နေပြည်တော် ဇူလိုင် ၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ၂၀၁၆ ခုနှစ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် ၀ါဆို လဆန်း ၁၂ ရက် နံနက် (၉)နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာ တော်များ ကြွရောက်တော်မူကြသည်။


ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗိမာန် တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူ ပူဇော်သည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ်များ က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ကိုးပါးသီလ ခံယူ ဆောက် တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွား သရဇ္ဈာယ်တော် မူကြသည့် မေတ္တာသုတ် ပရိတ် တရားတော်များကို နာယူကြသည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။


ထို့နောက် နိုင်ငံတော် သမ္မတ၏ ဇနီး ဒေါ်စုစုလွင်က နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံ လည်းကောင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး တို့က နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကုန်းသာ ဆရာတော် ဘဒ္ဒန္တ၀ိလာသထံ လည်း ကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆင်ဖြူကျွန်းဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထံ လည်းကောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ဇနီး ဒေါ်နန့်ကြင်ကြည်က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆင်မင်းဆရာတော် ဘဒ္ဒန္တသြဘာသာ ဘိဝံသ ထံလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး က နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရေဦးဆရာတော် ဘဒ္ဒန္တဥတ္တမဉာဏာ ဘိဝံသထံလည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ် ကြူကြူလှတို့ က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်ဆရာတော် ဘဒ္ဒန္တပညာနန္ဒထံလည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီတို့က နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ တွဲဖက်အကျိုး တော်ဆောင် ရေတာရှည်ဆရာတော် ဘဒ္ဒန္တသြဘာသထံလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာတို့က နိုင်ငံတော် သြ၀ါဒါ စရိယ ဈေးကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တက၀ိသာရထံလည်းကောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ တွဲဖက်အကျိုး တော်ဆောင် မင်္ဂလာဒုံဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ ထံလည်းကောင်း၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဓမ္မရောင်ခြည် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံ လည်းကောင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော် ဆောင် ၀ါးတန်းဆရာတော် ဘဒ္ဒန္တသီလာစာရာဘိဝံသ ထံလည်းကောင်း၊ ပြည်ထောင် စု ၀န်ကြီးများနှင့်ဇနီးများနှင့် တာဝန်ရှိသူများက နိုင်ငံတော်သံဃ မဟာ နာယက အဖွဲ့ အဖွဲ့ဝင် ဆရာတော်ကြီးများ၊ တိပိဋကဆရာတော်ကြီး များနှင့် ဒေသခံဆရာတော်ကြီး များထံလည်းကောင်း ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်သံဃ မဟာနာယအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာ တရားနာယူကြပြီး ရေစက် သွန်း၍ အမျှပေးဝေ ကြသည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ် များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar