07/19/16

မြန်မာပြည်၏ ပထမဦးဆုံး အာဇာနည်ရင်ပြင်ဖြစ်သော တောင်တွင်းကြီး အာဇာနည်ရင်ပြင်တွင် စိုက်ထူထားသည့် အာဇာနည် ကြေးရုပ်တုများ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“ဒီနေ့ညနေမှာ ကြေးရုပ်တု ရှစ်ရုပ်ကို အလှူရှင်တွေက တစ်ရုပ်ချင်းစီ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတယ်။ နောက်ပြီး အဘက်ဘက်က အလှူရှင်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါတယ်။ ဇူလိုင် ၁၉ ရက်မှာတော့ ဒီရင်ပြင်မှာ အလေးပြုခြင်း အစီအစဉ်တွေနဲ့ မကွေးတိုင်း ၀န်ကြီးချုပ်လည်း လာရောက်ဖို့ ရှိပါတယ်” ဟု ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးနှင့် အာဇာနည်ရင်ပြင် တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး၏ ကြေးရုပ်တုများ စုံလင်စွာ တည်ရှိသည့် တောင်တွင်းကြီးမြို့ အာဇာနည်ရင်ပြင်တွင် ဖေဖော်ဝါရီ ၁၃ ရက်က ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်တုကို စိုက်ထူဖွင့်လှစ်ခဲ့ပြီး ကျန်အာဇာနည် ခေါင်းဆောင် ရှစ်ဦး၏ ကြေးရုပ်တုရှစ်ရုပ်ကို ဇူလိုင် ၁၄ ရက်က စိုက်ထူခဲ့ရာ လာရောက် ကြည့်ရှုသူ များပြားနေကြောင်း သိရသည်။

ယင်းအာဇာနည်ရင်ပြင်တွင် စိုက်ထူထားသည့် အာဇာနည်ကိုးဦး၏ ကြေးရုပ်တုများ၏ ကုန်ကျစရိတ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုမှာ အမြင့်ကိုးပေနှင့် ကြေးပိဿာချိန် ၃၆၀ ရှိကာ ကုန်ကျစရိတ် ၁၃၅ သိန်းရှိခဲ့ပြီး ကျန်အာဇာနည် ကိုးဦး၏ ရုပ်တုကုန်ကျစရိတ်မှာ တစ်ရုပ်လျှင် သိန်း ၄၀ စီကုန်ကျခဲ့ကြောင်း သိရသည်။ အဆိုပါ ရုပ်တုများကို မန္တလေးမြို့ တမ္ပ၀တီရပ် ချမ်းသာအောင် ကြေးသွန်းလုပ်ငန်းက သွန်းထုပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် ၁၀၁ နှစ်ပြည့်မွေးနေ့တွင် တောင်တွင်းကြီး အာဇာနည်ရင်ပြင်နှင့် ဗိုလ်ချုပ်ကြေးရုပ်တုကို NLD ပါတီနာယက ဦးတင်ဦးက လာရောက်ဖွင့်လှစ် ပေးခဲ့သည်။ တောင်တွင်းကြီး အာဇာနည်ရင်ပြင်သည် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ကိုးဦး၏ ကြေးရုပ်တုများ စုံလင်စွာ တည်ရှိသည့် မြန်မာပြည်၏ ပထမဦးဆုံး အာဇာနည်ရင်ပြင် ဖြစ်သည်။


Writer:
သက်ပိုင် (အောင်လံ)

Eleven Media Group

ထိုင်းနိုင်ငံ မဟာချိုင်ရှိ လုံးချင်းအသားလုံး အလုပ်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ အတွက် မြန်မာအလုပ်သမား သံအရာရှိထံ သွားရောက် အကူအညီ တောင်းခံခဲ့ရာတွင် အကူအညီ မပေးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရနှင့် လွှတ်တော်တို့ထံသို့ စာရေးသားပေးပို့၍ တိုင်ကြားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association in Thailand (MAT) သည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားအရေးကို ကိုယ့်ထမင်း ကိုယ်စားပြီး စားဝတ်နေရေး အတွက် အလုပ်လုပ်ရင်း ကူညီဆောင်ရွက် ပေးခဲ့သည်မှာ ဆယ်စုနှစ်နှင့် ရှည်ကြာခဲ့ပြီ ဖြစ်ပါကြောင်း၊ အကာအကွယ်မဲ့နေသော အလုပ်သမားများ၏ ဘ၀များကို အသွင်ပြောင်း အစိုးရလက်ထက်က အလုပ်သမား သံအရာရှိများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့မှုများကြောင့် အတော်အသင့် အဆင်ပြေချောမွေ့ လာခဲ့ကြောင်း အဆိုပါ တိုင်စာတွင် ရေးသားထားသည်။

ဇွန် ၂၃ ရက်တွင် ထိုင်းနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး ဇွန်လ ၂၅ ရက်တွင် သံရုံးအတွင်း၌ အလုပ်သမားရေး အဖွဲ့အစည်း ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း၊ အလုပ်သမား ပြဿနာများကို ဖြေရှင်းရာ၌ မြန်မာသံရုံးသို့ အချိန်ပြည့် ဆက်သွယ် အကူအညီ တောင်းခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် အလုပ်သမား သံအရာရှိများဖြစ်သည့် ဦးမိုးအောင်ခိုင်နှင့် ဦးအောင်ကိုသန်းတို့ထံ အလုပ်သမားများသည် ရုံးသို့သွားရောက်ပြီး အကူအညီ တောင်းခံခဲ့ကြောင်း ရေးသားထားသည်။

မဟာချိုင်ရှိ လုံးချင်း (အသားလုံး) အလုပ်ရုံမှ အလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရမှုများ အတွက် အလုပ်သမတစ်ဦးနှင့် MAT မှ ဦးအောင်မြတ်သူတို့သည် သွားရောက် အကူအညီ တောင်းခံခဲ့ရာ အလုပ်သမား သံအရာရှိတို့သည် သံတမန်အရ မလုပ်နိုင်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပျက်သွားမည် ဖြစ်ကြောင်း အကြောင်းပြကာ အကူအညီမပေးကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုင်စာကို အီးမေးလ်ဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီတို့ထံသို့ စာပေးပို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်မြတ်သူက The Daily Eleven သို့ ပြောကြားသည်။

“လုံးချင်းပင်လယ်စာ အလုပ်ရုံမှာ မြန်မာအလုပ်သမား ၂၃ ဦးလောက် အလုပ်လုပ်နေတယ်။ မနက် ၅ နာရီကနေ မွန်းလွဲ ၂ နာရီ အထိ အလုပ်လုပ်ရတယ်။ နားချိန်လည်း သီးသန့်မပေးဘူး။ ထမင်းလည်း အလှည့်ကျ စားရတယ်။ တစ်နေ့ကို ဘတ်ငွေ ၂၀၀ ပဲပေးတယ်။ ရိုက်နှက်တာတွေ၊ ဆဲဆိုတာတွေလည်း လုပ်တယ်။ ဒီလို အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို ပပျောက်ဖို့ အလုပ်သမား သံအရာရှိတွေကို ဇူလိုင် ၄ ရက်က တိုင်ထားတာ။ ဒါပေမဲ့ အခုထက်ထိ ဖြေရှင်းပေးမှု မရှိသေးဘူး။ ဆ၀ါဒီကန်ရုံးကို (ထိုင်းနိုင်ငံရှိ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးရုံး) ကို သွားလိုက်ပါပဲ အလုပ်သမားတွေကို ပြောပါတယ်။ အလုပ်သမားတွေက မသွားတတ် မလာတတ်ပါဘူး။ အခုဟာက အမေစု ခရီးစဉ်မှာ အလုပ်သမား သံအရာရှိတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ ပေါင်းစပ်ဆောင်ရွက်ပါဆိုလို့ မှာခဲ့လို့ ပူးပေါင်းတာပါ။ ဒါပေမဲ့ အခုထိဘာမှ အကောင်အထည် ဖော်မပေးသေးပါဘူး” ဟု MAT မှ ဦးအောင်မြတ်သူက ပြောကြားသည်။

အဆိုပါတိုင်စာတွင် အလုပ်သမား သံအရာရှိများသည် MoU ပွဲစားများဖြင့် အလုပ်သမား ခေါ်စာစစ်ရန်အသွား ကားပေါ်၌ အပေးအယူလုပ်ခြင်း၊ အလုပ်သမား သံအရာရှိ ရုံးခန်းအောက်တွင် ပွဲစားကိုယ်စားလှယ်တို့က အလုပ်သမား တစ်ဦးစီအတွက် ဘတ်ငွေ ၁၀၀ မှ ၃၀၀ အထိ ယူခြင်းတို့ကိုသာ စိတ်ဝင်စားကြောင်း၊ MoU Demend Letter ကိုသာ အထူးအလေးပေး ဆောင်ရွက်နေသဖြင့် အလုပ်သမား ပြဿနာများကို ဂရုမစိုက်နိုင်ကြောင်း၊ အလုပ်သမားများက အလုပ်သမားအရေး ဆောင်ရွက်သူများကို ဆက်သွယ်ပါကလည်း ၎င်းတို့ကို မဆက်သွယ်သဖြင့် အပြစ်တင်ကြောင်း၊ အမှုသွားအပ်ပါကလည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ အလုပ်သမားတို့၏ ဘ၀များမှာ ပိုမို၍ အကာအကွယ် မဲ့နေကြရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်နေသော လမ်းကြောင်းများကို အာဏာရှင်လက်ကျန် ၀န်ထမ်းဟောင်းများက ဖျက်လို ဖျက်ဆီး လုပ်နေသဖြင့် သံသယဖြစ်မိပါကြောင်း၊ လက်ရှိအလုပ်သမား သံအရာရှိတို့မှာ ထိုင်းရောက် အလုပ်သမားများအပေါ် စေတနာ မထားဘဲ အလုပ်သမားအရေး ကူညီဆောင်ရွက် နေသူများကို ရိုင်းပြမောက်မာစွာ ဆက်ဆံပြီး ငွေနောက်ကိုသာ လိုက်နေပါသဖြင့် နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနမှ အမြန်ဆုံး ပြန်ခေါ်ဆောင်ပေးပါရန် အလုပ်သမားများကိုယ်စား မေတ္တာရပ်ခံ အပ်ပါကြောင်းနှင့် သို့မဟုတ်ပါက ထောင်ချီသော အလုပ်သမားများနှင့် အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့များ စုပေါင်းပြီး ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ပါကြောင်း ရေးသားထားသည် ကိုလည်း တွေ့ရသည်။

Writer:
သက်မင်း
Eleven Media Group

အာဇာနည်နေ့ ( ၂၀၁၄)
အာဇာနည်နေ့ ( ၂၀၁၄)
မနက်ဖြန်မှာကျရောက်မယ့် အာဇာနည်နေ့အခမ်းအနား ကို နိုင်ငံတော်အဆင့်ကျင်းပမှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်လည်း တက်ရောက်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းက မိသားစုဝင်တဦးအနေနဲ့ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ နိုင်ငံ့အကြီးအကဲအဖြစ်တက်ရောက်မှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် ဖို့ ပြင်ဆင်နေတဲ့ လုံခြုံရေး အခြေအနေကိုတော့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

စစ်အစိုးရလက်ထက်မှာ ကန့်သတ်ပိတ်ပင်မှုတွေခံခဲ့ရတဲ့ အာဇာနည်နေ့အခမ်းအနားတွေဟာ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ တစုံတရာ လွတ်လွတ်လပ်လပ်ရှိလာသလို၊ ဒီနှစ် NLD အစိုးရလက်ထက်မှာတော့ တနိုင်ငံလုံးအတိုင်းအတာ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာ ကြမယ်လို့ မျှော်လင့် ရပါတယ်။

NLD ပါတီက ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကြုံတွေ့မယ့် အာဇာနည်နေ့ အခမ်းအနားမှာ အခုလိုမျိုး လုပ်ဆောင်နိုင်တာနဲ့ ပတ်သက်သလိုပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

“အဓိကတော့ အခုအချိန်မှာ NLD အစိုးရပေါ့။ NLD အစိုးရက ဦးဆောင်ပြီးတော့ ခါတိုင်းနဲ့ မတူဘူးဆိုတာ ဥပမာ ဥသြဆွဲတာက အစပေါ့နော်။ နောက် အခမ်းအနား ပြည်သူလူထု ဒါကတော့ မနက်ဖြန်မှာ ကျနော်တို့တွေ့ရမှာ လက်ခံခွင့်ပြုတာမျိုးတွေ ။ အရင်တုန်းကတော့ အလေးပြုခွင့်တော့ရတယ် ၊ အကန့်အသတ်တွေများခဲ့တယ်။ တိုင်းနဲ့ပြည်နယ်မြို့နယ်တွေမှာလည်း လွတ်လွတ်လပ်လပ် အာဇာနည်နေ့ကို ကျင်းပခွင့်ရမယ်၊ ကျင်းပနိုင်တယ်။ ကျင်းလည်းကျင်းပနေကြတယ်။ ဒါဟာ ထူးဆန်းမှုတခုပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့ ခါတိုင်းလည်းကျင်းပတယ် ခွင့်ပြုသည်ဖြစ်စေ၊ မခွင့်ပြုသည်ဖြစ်စေ ကျနော်တို့က တာဝန်ရှိလို့ကို ကျင်းပတယ်။ ဒီနှစ်ကတော့ တရားဝင်ကို ကျင်းပခွင့်ရတဲ့အတွက် ၀မ်းသာစရာပဲလို့ပြောချင်တယ်။”

ဒီနှစ် အာဇာနည်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တစ်ကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်မေ့တသခြင်း အားဖြင့် အလံ တစ်ဝက်လွှင့်ထူဖို့နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာလည်း ဥသြစွဲဖို့နဲ့ မော်တော်ယာဉ်တွေ အားလုံး ဟွန်းတီး အလေးပြုကြဖို့ အစိုးရသစ်က ညွှန်ကြားထားပါတယ်။ ဒါ့အပြင် ဒီနှစ် အာဇာနည်နေ့အခမ်းအနားမှာ ထူးထူးခြားခြားအနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗီုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရန်ကုန်မြို့က အာဇာနည် ဗိမာန်ကို လာရောက် ဂါရ၀ပြုမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အဆင့် ကျင်းပမယ့် ဒီနှစ်အခမ်းအနားမှာ လုံခြုံရေး ယူတဲ့ အပိုင်းနဲ့ ပက်သတ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုံခြုံရေး ညွှန်ကြားရေးမှုး ရဲမှုးကြီး ဇော်ခင်အောင်က အခုလို ပြောပါတယ်။

“အထူးသဖြင့် ကျနော်တို့ ရန်ကုန်အာဇာနည်ကုန်းမှာ နိုင်ငံတော်အဆင့်အခမ်းအနား ကျင်းပဖို့ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာလည်းကျနော်တို့ရဲ့ လုံခြုံရေးစီမံချက်ပါအတိုင်းပေါ့လေ အပိုငး ၇ ပိုင်းနဲ့ ကျနော်တို့ လုံခြုံရေးကို ဆောင်ရွက်ထားပါတယ်။

မေး။ ။ဟုတ်ကဲ့ခင်ဗျ။ ရဲတပ်ဖွဲ့အင်အားကရော အရင်ကထက်စာရင် တိုးချဲ့ချထားလား ဘယ်လိုအခြေအနေမှာ ရှိပါသလဲ။

ဖြေ။ ။ ရဲတပ်ဖွဲ့အင်အားကတော့ သီးခြားတိုးမြင့်ချထားတာမရှိပါဘူး။ ကျနော်တို့ ယခင်နှစ်ကလိုပါပဲ တိုင်းဒေသကြီးအစိုးရရဲ့ အစီအမံနဲ့ စီစဉ်တဲ့အတိုင်း အခုကတော့ နိုင်ငံတော်အဆင့် အခမ်းအနား ကျင်းပတဲ့ပုံစံမျိုးနဲ့ နိုင်ငံတော် အဆင့်ပြုလုပ်ပြီးဆောင်ရွက်တာဖြစ်ပါတယ်ခင်ဗျ။ လုံခြုံရေးက ကျနော်တို့ ရန်ကုန်မှာရှိတဲ့ ယခင် အင်အားတွေနဲ့ပဲ ကျနော်တို့ဆောင်ရွက်ထားပါတယ်ခင်ဗျ။ အထောက်အကူပြုပစ္စည်းတွေကိုတော့ ယခင်ထက်ပိုပြီးတော့မှာ သုံးထားတာရှိပါတယ်။”

ရန်ကုန်တင်သာမက တစ်ခြား နယ်မြို့တွေမှာလည်း အာဇာနည်နေ့အခမ်းအနားတွေ ကို သိုက်သိုက်ဝန်းဝန်း ကျင်းပသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့  မှာတော့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့ဖူးတဲ့ ကျောက်တိုင်ကွင်း ရင်ပြင်မှာ ပြုလုပ်သွားမှာဖြစ်တယ် လို့ ညောင်ရွှေမြို့နယ် ပြည်သူ့လွတ်ကိုယ်စားလှယ် ဦးနေမျိုးက ပြောပါတယ်။

“ကျနော်တို့ ညောင်ရွှေမြို့နယ်မှာကျတော့ ဒီလိုမျိုး ကြီးကြီးကျယ်ကျယ် တခါမှ မလုပ်ခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ကြေးရုပ် ကျောက်တိုင်ကွင်းကလည်း ကျဉ်းတယ်။ ပန်းခွေချဖို့အတွက်လည်း ဦးဆောင်ဦးရွက်က သိပ်မရှိကြဘူး အဲဒီခေတ်က ။ ဒီတနှစ်တော့ အားလုံးပါဝင်တဲ့ အာဇာနည်နေ့ဖြစ်အောင် ကျနော်တို့ ကြိုးစားနေတာ။ မနက်ဖြန်ကျတော့ ကျနော်တို့က မနက်အာရုံဆွမ်းကပ်မယ်။ ၁၀ နာရီ ၂၀ မှာတော့ အားလုံး စုမယ်ဗျာ။ ဌာနဆိုင်ရာတွေပါမယ်၊ ကျောင်းတွေပါမယ်၊ နိုင်ငံရေးပါတီတွေပါမယ်။ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေ ပြည်သူတွေပါမယ်။ စုပေါင်းပန်းခွေချမယ်၊ ဥသြဆွဲမယ် ဒီအစီအစဉ်လေးတော့ လုပ်ထားပါတယ်။”

၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည် ခေါင်းဆောင် ကြီးများ ရန်ကုန်မြို့ အတွင်းဝန်များ ရုံးမှာ အစည်းအဝေးလုပ်နေစဉ် မသမာသူတွေ လက်ချက်ကြောင့် ကျဆုံးခဲ့ကြရပါတယ်။ အဲဒီ့နောက်မှာတော့ အာဇာနည်နေ့အခမ်းအနားတွေကို နှစ်စဉ်လိုလို ကျင်းပခဲ့ကြပေမယ့်လည်း စစ်အစိုးရလက်ထက်မှာ အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွေအပေါ် ကန့်သတ်မှုတွေ ရှိခဲ့ပါတယ်။

NLD အစိုးရသစ်က ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပမယ့် ဒီနှစ် အာဇာနည်နေ့ အခမ်းအနားအတွက်တော့ ဒီမတိုင်ခင်ကတည်းက အာဇာနည် ဗိမာန်အပါအ၀င် ဗိုလ်ချုပ်ပြတိုက်နဲ့ ၀န်ကြီးများရုံးကို အကြီးစား ပြင်ဆင် မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

VOA Burmese News


ရန်ကုန်၊ဇူ လိုင် ၁၈

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွှေ့လျားစာကြည့်တိုက်အတွက် အသုံးပြုရန် ဂျပန်နိုင်ငံ Sumitomo Corporation Asia & Oceania Pte Ltd က အမေရိကန်ဒေါ်လာ ၂ သိန်းကျော် တန်ဖိုးရှိ မော်တော်ယာဉ် ၃ စီး လှူဒါန်းပွဲကို ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ တက်္ကသိုလ်ရိပ်သာ လမ်း ခြံအမှတ်(၅၄)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။


လှူဒါန်းပွဲတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ သန့်သော်ကောင်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရွှေ့လျားစာကြည့်တိုက် လုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားပြီး Sumitomo Corporation Asia & Oceania Pte Ltd မှ CEO Mr. Masao Sekiuchiနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Higuchiတို့က လှူဒါန်းရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။


ထို့နောက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း သဘာပတိ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်က မော်တော် ယာဉ်များလှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က CEO Mr. Masao Sekiuchi အား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအမှတ်တရ ဂုဏ်ပြုတံဆိပ် ပေးအပ်သည်။


ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Sumitomo Corporation Asia & Oceania Pte Ltd မှ လှူဒါန်းသည့် ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ်အား လှည့်လည်ကြည့်ရှုပြီး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယနေ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွှေ့လျားစာကြည့်တိုက်အတွက် Sumitomo Corporation Asia & Oceania Pte Ltd မှ လှူဒါန်းသည့် မော်တော်ယာဉ်များသည် တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၇ သောင်းခန့် တန်ဖိုးရှိပြီး မော်တော်ယာဉ် ၃ စီးလှူဒါန်းခဲ့ကြောင်း၊ ယခင် ၂၀၁၃ ခုနှစ်ကလည်း ဟီးနိုးကုမ်္ပဏီအနေဖြင့် ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ် ၂ စီး လှူဒါန်းခဲ့ကြောင်း သိရသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် စာဖတ်အားမြှင့်တက်လာစေရန်အတွက် ရွှေ့လျား စာကြည့်တိုက် များကိုတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စီစဉ်ဆောင်ရွက်နေပြီး လက်ရှိတွင် မြို့ကြီး ၅မြို့တွင် မော်တော် ယာဉ် ၈ စီးဖြင့် ရွှေ့လျားစာကြည့်တိုက် လုပ်ငန်းများကို ဆောင်ရွက် နေကြောင်း၊ ထို့အပြင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်းပြီး စာကြည့်တိုက် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် သဘောတူလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor



အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ခေါင်းဆောင်တွေ ဇူလိုင်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးကြစဉ်။ Photo: Aung Myo Myint/RFA
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မိမိလိုအပ်ချက်ရာနှုန်းပြည့်ရမှ လက်ခံနိုင်တဲ့ နိုင်ငံရေးအဖြေ လို့ သဘောမထားဘဲ သမာသမတ်ကျတဲ့ နိုင်ငံရေးအဖြေရဖို့သာ ရှေးရှုသင့်တယ်လို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး က တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ စတင်ဆွေးနွေးရာမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက. အဖွင့်မိန့်ခွန်းမှာ အခုလို ထည့် သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“မိမိတို့ရဲ့ နိုင်ငံရေး လိုလားချက် နိုင်ငံရေးဆွေးနွေးမှု တောင်းဆိုချက်များဟာ ပကတိတိုင်းပြည်ရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေကိုက်ညီပြီး သက်ဆိုင်ရာ အစုအဖွဲ့များအားလုံးက လက်ခံနိုင်တဲ့ လက်တွေ့ကျပြီး အကောင် အထည်ဖော်နိုင်တဲ့ နိုင်ငံရေးအဖြေကိုရရှိဖို့ လိုအပ်ပါတယ်၊ ဆိုလိုတာက မိမိလိုအပ်ချက် အကုန်လုံးရမှ လက်ခံနိုင် တဲ့ နိုင်ငံရေး အဖြေမဟုတ်ဘဲ သမာသမတ်ကျတဲ့ နိုင်ငံရေးအဖြေကိုရရှိဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်”

ဒီအစည်းအဝေးကို KNU ကရင်အမျိုးသားအစည်းအရုံး၊ CNF ချင်းအမျိုးသားတပ်ဦး၊ ABSDF မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနဲ့ DKBA ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော်က ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးနေကြပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသမှာ အခုလ ၂၆ ရက်နေ့ကျင်းပမယ့် “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး” ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကိုလည်း ဒီကနေ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


မိုင်းဖုန်းဆရာတော်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ နေပြည်တော်တွင် ဖူးမြှော်စဉ် ဆရာတော်က ဘူတန်နိုင်ငံဘုရင်ပေးလိုက်သည့် ဝမ်းမြောက်ကြောင်း သ၀ဏ်လွှာကို ပြန်လည်ပေးအပ်လိုက်ကြောင်း ဆရာတော်၏ ကပ္ပိယများထံမှ သိရသည်။

"ဆရာတော်က ဘူတန်ကပြန်လာတော့ ဘူတန်ဘုရင်မင်းမြတ်ပေးလိုက်တဲ့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာကို ပေးသွားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဘူတန်နိုင်ငံမှာ အခုဘုရင်ဖြစ်နေတဲ့ နံပါတ်(၅)ယောက်မြောက် ဘုရင်ကို စာသင်ပေးခဲ့ဖူးတယ်။ ဒါကြောင့် တပည့်ကနေပြီး ဆရာကို ၀မ်းမြောက်ကြောင်း ပေးလိုက်တဲ့ စာပါပဲ"ဟု တာချီလိတ်မှ မိုင်းဖုန်း ဆရာတော်နှင့် အတူပါသွားသော ကပ္ပိယတစ်ဦးက ပြောသည်။


မိုင်းဖုန်းဆရာတော်သည် ဘူတန်နိုင်ငံ သာသနာပြုခရီးစဉ်တွင် ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck မှ ဆရာတော်နှင့် သ၀ဏ်လွှာပါးလိုက်ခြင်းဖြစ်ပြီး ဆရာတော်က ဇူလိုင်လ(၆)ရက်နေ့တွင် တာချီလိတ်သို့ ပြန်လည်ကြွရောက်လာပြီး ဇူလိုင်(၈)ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သ၀ဏ်လွှာ သွားရောက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck မှာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ဘုရင်အဖြစ် ဆက်ခံခဲ့ခြင်းဖြစ်ပြီး မိုင်းဖုန်းဆရာတော်၏ ဆရာ၊ ဒါယကာအရင်းဖြစ်သဖြင့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရက နှစ်စဉ် ဘူတန်နိုင်ငံသို့ သာသနာပြုခရီးစဉ်အဖြစ် ကြွရောက်လေ့ရှိကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ဘုရားကြီး နေပြည်တော်ကြွရောက်သည့် ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေအိမ်သို့ ဇူလိုင်(၈)ရက်နေ့ ညပိုင်းက ကြွရောက်ခဲ့ကြောင်း သိရသည်။

သတင်း။ ။ ‪‎ကိုဇက်‬
Tachileik News Agency
http://www.tachileik.net


စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ် ၇ ရပ်ကွက်က ရွှေခြင်္သေ့ဘုန်းကြီးကျောင်းမှာ ရွှေဘိုခရိုင် ဗကသအဖွဲ့ က မနက်ဖြန် ၆၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပဖို့ စီစဉ်နေတာကို ခွင့်ပြုချက် ရယူပြီးမှ ကျင်းပဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ညွှန်ကြားခဲ့ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက မနက်ဖြန်ပွဲအတွက် ဒီနေ့မှ ခွင့်ပြုချက်တင်ဖို့ လာပြောခဲ့တာဖြစ်ပြီး အရင်လုပ်ခဲ့တဲ့ပွဲမှန်သမျှ ခွင့်ပြုချက်တင်ခဲ့တာမရှိသလို ဗကသအဖွဲ့ရဲ့ မူအရလည်း ခွင့်ပြုချက် တင်မှာမဟုတ်ကြောင်း ရွှေဘိုခရိုင်ဗကသအဖွဲ့ ဘဏ္ဍာရေးမှူး မချိုဇင် က ပြောပါတယ်။

"စာပေဟောပြောပွဲလုပ်ဖို့ မြို့ထဲမှာကြော်ငြာနေတာလည်း တော်တော်ကြာပြီ၊ ၁၅ ရက်၊ ရက် ၂ဝ လောက်ရှိနေပြီ၊ အလှူလည်းလိုက်ခံတယ်၊ စတစ်တာတွေလည်းဖြန့်တယ်၊ ဗွီနိုင်းတွေလည်းထောင်တယ်၊ အဲ့တုန်းကဘာမှ မပြောဘူး၊ အခမ်းအနားပြင်ဆင်နေမှ စာတင်ရမယ်ဆိုပြီး လာပြောပါတယ်ရှင့်၊ ခွင့်ပြုချက်မတင်ရင် သူတို့အနေနဲ့ လုပ်စရာရှိတာကို ဆက်လုပ်မယ်ဆိုပြီး လာပြောသွားတာရှင့်၊ ဗကသ အလုပ်မှန်သမျှ ခွင့်ပြုချက်တင်ခဲ့တာ မရှိပါဘူးရှင့်၊ ကျမတို့မူအရလည်း တင်ခွင့်မရှိဘူးရှင့်၊ အဲ့တော့ မတင်နိုင်ဘူးဆိုတဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်"

လုပ်ရိုးလုပ်စဉ်အတိုင်း တရားပွဲ၊ စာပေဟောပြောပွဲ စတဲ့ အသံချဲ့စက်အသုံးပြုတဲ့ပွဲတွေ ဖြစ်တဲ့အတွက် ခွင့်ပြုချက်စာတင်ဖို့ ပြောကြားခဲ့တာဖြစ်ကြောင်း အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စွေ က ပြောပါတယ်။

အဲ့ဒီ စာပေဟောပြောပွဲကို မနက်ဖြန် ညနေ ၃ နာရီကနေ ၇ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး စာရေးဆရာမ နှင်းပန်းအိမ်၊ စာရေးဆရာ ညီစေမင်းနဲ့ မောင်မှိုင်းလွင်(အင်းဝ) တို့က ဟောပြောမှာ ဖြစ်ပါတယ်။

မနက်ဖြန်မှာ ၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်၊ နေပြည်တော် အပါအ၀င် တစ်နိုင်ငံလုံးမှာ ကျင်းပသွားမှာဖြစ်ပြီး အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အစိုးရပိုင်မီဒီယာဖြစ်တဲ့ မြန်မာ့အသံကနေ ဥသြဆွဲပြီး အချက်ပေးမှာလည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.