07/23/16


စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် မြေယာသိမ်းဆည်းခံထားရတဲ့ တောင်သူနှစ်ရာလောက်ဟာ မြန်မာယန်စီကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ ဓါတ်ပုံ - ကိုမိုးမင်းဦး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် မြေယာ သိမ်းဆည်းခံထားရတဲ့ တောင်သူနှစ်ရာလောက်ဟာ မြန်မာယန်စီကုမ္ပဏီက တာဝန် ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး မြေယာလျော်ကြေးပေးဖို့နဲ့ ဒေသခံ နေ့စားအလုပ်သမားတွေကို အမြဲတန်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။

မြန်မာယန်စီကုမ္ပဏီဘက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရတဲ့အခါ မြေယာလျော်ကြေး ပေးဆောင် သွားမယ်လို့ တာဝန်ရှိသူတွေက ကတိပေးကြောင်း ဒီနေ့တွေ့ဆုံပွဲကို သွားရောက်ခဲ့တဲ့ ကံကုန်းကျေးရွာသား ကိုတင့်အောင်စိုးက ပြောပါတယ်။

မြန်မာယန်စီကုမ္ပဏီမှာ ဒေသခံ နေ့စားအလုပ်သမား ၃ဝဝ ကျော်ရှိပြီး အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ဖို့ စီစဉ်နေကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ပြန်လည်ပြောဆိုခဲ့တယ်လို့ ကိုတင့်အောင်စိုး က ပြောပါတယ်။

စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်း ဧရိယာအတွင်းက ဒေသခံတွေဟာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ ပါဝင်သွားတဲ့ လယ်ယာမြေတွေအတွက်ပေးတဲ့ လျော်ကြေးအတိုင်း ရရှိဖို့ တောင်းဆိုထား တာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေအတွက် ဝမ်ပေါင် ကုမ္ပဏီ ဘက်က နှစ်ကြိမ်လျော်ကြေးပေးတာရှိပြီး ပထမအကြိမ်က မြေတစ်ဧကအတွက် အများဆုံး ၁၅ သိန်းနဲ့ ဒုတိယအကြိမ်မှာ အများဆုံး ၁ဝ သိန်းပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ၆ဝဝဝ ကျော် ရှိပြီး အများစုက မြေယာလျော်ကြေး မယူထားရသေးဘူးလို့လည်း ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့က လုံခြုံရေးစောင့်ကြပ်ပေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


စစ်တွေမြို့မှာ အရက်ထုတ်လုပ်တဲ့ စက်ရုံ ၄ ခုကို ဒေသခံရဲတပ်ဖွဲ့က ဇူလိုင်လ ၂၃ ရက်နေ့က ဝင်ရောက်စစ်ဆေးစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီးလမ်း၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက် ၄ ခုမှာရှိတဲ့ အရက်ချက်စက်ရုံ ၄ ရုံကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အဲ့ဒီအရက်တွေကို သောက် သုံးဖို့သင့် မသင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသွားမယ်လို့ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင် က ပြောပါတယ်။

အရက်တွေကို စစ်ဆေးပြီး သောက်သုံးဖို့ မသင့်ကြောင်း တွေ့ရှိခဲ့ရင် အရေးယူသွားမယ်လို့ ဒုတိယရဲမှူးကြီး ဝင်းနောင် က ပြောပါတယ်။

အဲ့ဒီအရက်ထုတ်လုပ်တဲ့ စက်ရုံတွေဟာ ရန်ကုန်ကနေတင်သွင်းလာတဲ့ အရက်ဆီတွေကို ရေ၊ အရောင်နဲ့ အနံ့တွေရောစပ်ပြီးနောက် ကိုယ်ပိုင်တံဆိပ်တွေကပ်ပြီး ကျေးလက်ဒေသတွေကို ဈေးပေါပေါနဲ့ အဓိကဖြန့်ချိ ရောင်းချနေတာဖြစ်ပါတယ်။

အရက်ထုတ်လုပ်ခွင့်လိုင်စင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ချထားပေးတာဖြစ်ပြီး လိုင်စင်ရရှိထားသူတွေ အနေနဲ့ တံဆိပ် ၃ ခုကနေ ၆ ခုလောက်အထိ ထုတ်လုပ်ရောင်းချတာ ဖြစ်တယ်လို့လည်း ဒုတိယရဲမှူးကြီးက ပြော ပါတယ်။

အရက်ထုတ်လုပ်တဲ့နေရာတွေဟာ သန့်ရှင်းသပ်ရပ်မှုမရှိတာအပြင် ရပ်ကွက်အတွင်းက နေအိမ်တွေမှာ ထုတ်လုပ်နေကြတာဖြစ်ပါတယ်။

ဒီနေ့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ကျန်းမာရေးဌာန တို့လည်း ပူးပေါင်း ပါဝင်ခဲ့တာဖြစ်ပြီး အရက်နမူနာတွေအပြင် ခွင့်ပြုချက်မရှိဘဲ သိုလှောင်ထားတဲ့ အရက်၊ ဘီယာတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


23July 2016

ဂျာမနီနိုင်ငံ တောင်ပိုင်းက မြူးနစ်မြို့ တွင်းက အိုလံပီယာ ရှော့ပင်းစင်တာရှေ့  မှာ ဇူလိုင်လ ၂၂ ရက် ညနေပိုင်းကဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှု မှာ သေနတ်သမား အပါအဝင် လူ ၁၀ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြူးနစ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

သေနတ်သမားသည် အသက် ၁၈ နှစ်အရွယ် အလီ ဒေးဗစ် စံဘိုလီ Ali David Sonboly ဖြစ်ပြီး ဂျာမနီနှင့် အီရန် မှာ နိုင်ငံသားအဖြစ် ခံယူထားသူလို့ သိရပါတယ်။

သေနတ်သမားဟာ မက်ဒေါ်နယ်ဆိုင်ရှေ့  က မိန်းခလေးငယ်တွေကို စပစ်တာပါ လို့  မျက်မြင်သက်သေတွေက ပြောပါတယ်။ တကိုယ်တော် သေနတ်သမား ဖြစ်တဲ့ အကြောင်း၊ ပစ်ခတ်မှု အပြီး မှာ သူ့ကိုယ်သူ လည်း အဆုံးစီရင် ကြောင်း သိရပါတယ်။

အလီရဲ့ ကျောင်းနေဖက်တဦးက အလီဟာ မင်းတို့ တွေကို ငါသတ်မယ် လို့ အမြဲ တမ်း ပြောဆိုနေခဲ့သူဖြစ်ပါတယ်လို့  Glock 17 အမျိုးအစား semi-auto သေနတ်အတိုနဲ့  မိန်း ခလေးငယ်တွေကို လိုက်ပစ်ခဲ့ပြီး အမျိုးသမီး (၃)ဦး အမျိုးသား (၆)ဦး သေနတ်ထိမှန် သေဆုံးခဲ့ရပါတယ်၊ သေဆုံးသူတွေထဲ့မှာ ၁၃ နှစ်အရွယ် မိန်းခလေးတစ်ဦး ပါဝင်ပါတယ်။


လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ မိသားစု နဲ့  အခြေချ နေထိုင်ခဲ့သူ ဖြစ်ပြီး ဖခင်ဟာ တက္ကစီ ကားမောင်းသူ ဖြစ်ပါ တယ်လို့  မြူးနစ် ရဲချုပ် Hubertus Andrae က သတင်းစာရှင်းလင်း ပွဲမှာပြောသွားခဲ့ပြီး တရားခံဟာ ဘာရွယ်ရွယ်ချက် ကြောင့် ခုလို ကျူးလွန်ခဲ့တယ်ဆိုတာ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ခုလို တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် အနီးဝန်းကျင်မှ ပြည်နယ်တွေမှာ သြစတြီးယားနိုင်ငံမှ တပ်ဖွဲ့အပါအ ဝင် အထူးတပ်ဖွဲ့ ၂၃၀၀ ဦးက လုံခြုံရေးယူုထားကြပါတယ်။

Social Action for Women - SAW


ဇူလိုင်လ(၂၃)ရက် မနက်(၇)နာရီဝန်းကျင်က ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းမှာ (၁၂၄)ခရီးသည်တင်ယာဉ်တစ်စီးက ယာဉ်(၉)စီးကို ဆက်တိုက် တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ အမှတ်(၂)ယဉ်ထိမ်းရဲတပ်ဖွဲ့ခွဲမှုးရုံးကအတည်ပြုပါတယ်။

 စုစုပေါင်းယဉ်(၁၀)စီးပါဝင်ခဲ့တဲ့ဒီယဉ်တိုက်မှုဖြစ်စဉ်မှာ (၁၂၄)ခရီးသည်တင်ယာဉ်လိုင်း ယာဉ်အမှတ် (IC-1528) ယာဉ်ဟာ သိမ်ဖြူလမ်းအတိုင်းမောင်းနှင်လာစဉ် ကုန်သည်မီးပွိုင့်အရောက် မီးနီဖြတ်မောင်းခဲ့တဲ့အတွက် ကုန်သည်လမ်းအတိုင်း အရှေ့ကနေအနောက်ကို ယာဉ်မောင်းသန်းရွှေမောင်းနှင်လာတဲ့ တိုယိုတာ ကိုရိုလာဘင်ကားကို တိုက်မိခဲ့ပါတယ်။


အဲဒီကတစ်ဆင့် သိမ်ဖြူလမ်းပေါ်က ဘယ်ဘက်လမ်းစပ်တစ်လျှောက်မှာ ရပ်ထားတဲ့ ကား(၈)စီးကို ဆင့်ကာတိုက်မိပြီး နောက်ဆုံးတိုက်မိခဲ့တဲ့ယာဉ်ဟာ မြန်မာဖိုက်စတား သင်္ဘောလိုင်းပိုင် တိုက်ခန်းဝင်ပေါက်တံခါးကို ထပ်မံတိုက်မိခဲ့ပါတယ်။


 ဒီလိုတိုက်မိခဲ့တဲ့အတွက် (၁၂၄)ယာဉ်လိုင်းက ယာဉ်မောင်းဖြစ်သူဟာ အခင်းဖြစ်နေရာမှာတင် ယာဉ်ကိုထားပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး (၁၂၄)ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူ(စုံစမ်းဆဲ)ကို ယာဉ်ပြစ်မှုနံပါတ် (၁၈/၂၀၁၆) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (၂၇၉/၂၀၂)အရ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-ကတူး
5 Plus News
https://www.facebook.com/5plusnews/


ဗီယင်ကျန်း ဇူလိုင် ၂၃

လာအိုနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ၀န်ကြီးချုပ်ရုံး ၀န်ကြီးနှင့် နိုင်ငံခြားရေး ၀န်ကြီး Mr . Pehin Orang Kaya Pekerma Dewa Dato Seri Setia Lim Jock Seng တို့သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန ၌ တွေ့ဆုံ ဆွေးနွေးကြသည်။


အလားတူ ညနေ ၆ နာရီ ၄၅မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh တို့သည် Lao Plaza Hotel ၌ တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


ရန်ကုန်၊ ဇူလိုင် ၂၃

မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးဗိုလ်ကြည်သောင်း၏ နေအိမ်အတွင်းသို့ ၀င်ရောက်ခိုးယူနေကြောင်း လုံခြုံရေးကင်မရာမှ တဆင့်သိရှိရပြီး အိမ်ရှင်မှ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ(၂)ဦးအား အခင်းဖြစ်နေရာတွင် လက်ရဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ ၁၁.၇.၂၀၁၆ ရက်နေ့ ၂၄၀၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးဗိုလ်ကြည်သောင်းသည် မိသားစုနှင့်အတူအိပ်ယာဝင်ခဲ့ကြောင်း၊ ၁၂.၇.၂၀၁၆ ရက်နေ့ ၀၁၁၀ အချိန်ခန့်တွင် အ၀တ်အထည်များထည့်ထားသော ခရီးဆောင်သေတ္တာအိတ်(၂)လုံး၊ ခရီးဆောင်အ၀တ်အိတ်(၁)လုံးတို့မှာ ပျောက်ဆုံးနေသည်ကိုသိရှိရပြီး နေအိမ်တွင်တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာအား စောင့်ကြည့်ခဲ့ရာ ၁၃.၇.၂၀၁၆ရက်နေ့၀၁၃၀ အချိန်တွင် ပစ္စည်းများ ထပ်မံလာရောက်ခိုးယူနေသည်ကို တွေ့ရှိရသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ခိုးမှုကျူးလွန်သူများအား ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိသူ ကျော်ဆန်းဝင်းနှင့် ဇော်မင်းထိုက်တို့(၂)ဦးအား စစ်ဆေးခဲ့ရာ ကျော်ဆန်းဝင်းသည် ယခင်က ခိုးမှုဖြင့်ပြစ်ဒဏ်ကျခံနေစဉ် ၂၅.၅.၂၀၁၆ ရက်နေ့တွင် ရဲဘက်စခန်းမှ ထွက်ပြေးလာသူဖြစ်ကြောင်း၊ ၎င်းသည် ၂၀၁၆ခုနှစ်၊ ဇွန်လအတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ဆိုင်ခန်းအနီး ရပ်ထားသော လျှပ်စစ်စက်ဘီး(၁)စီးနှင့် လက်ကိုင်ဖုန်း(၁)လုံးတို့အား လည်းကောင်း၊ ထက်ထက်ထွန်း(ခ)ပုသိမ်းသားနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ အဆောက်အအုံအတွင်း၌ အိပ်ပျော်နေ
သူ အမျိုးသား(၂)ဦး၏ဘေးမှ လက်ကိုင်ဖုန်း(၂)လုံး၊ အ၀တ်အစားများ ထည့်ထားသော ကျောပိုးအိတ်(၁)လုံးတို့အားလည်းကောင်း၊ လသာမြို့နယ်၊ (၁၉)လမ်းရှိ မုန့်ဆိုင်တစ်ဆိုင်သို့သွားရောက်၍ ဆိုင်ရှင်အလစ်တွင် လက်ကိုင်ဖုန်း(၁)လုံး၊ မုန့်ပုံး(၁)ပုံး တို့အားလည်းကောင်း၊ ဇူလိုင်လအတွင်းက အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ ဓါတ်ဆီဆိုင်အနီးတွင် ရပ်ထားသော စက်ဘီး(၁)စီးနှင့် စမ်းချောင်းမြို့နယ်၊ ခရစ်ယာန်ဘုရားကျောင်းအနီးရှိ နေအိမ်အတွင်းမှ လက်တော့ကွန်ပျူတာ(၁)လုံး၊ လက်ကိုင်ဖုန်း(၁)လုံးနှင့်ငွေကျပ်(၁)သိန်းတို့အား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ၎င်းတို့ခိုးယူခဲ့သော သက်သေခံပစ္စည်းများပြန်လည် သိမ်းဆည်းနိုင်ရေးနှင့် ခိုးမှုကျူးလွန်ရာတွင်ပါဝင်ပြီး လွတ်မြောက်နေသူ ထက်ထက်ထွန်း(ခ)ပုသိမ်းသားအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိသူကျော်ဆန်းဝင်းနှင့် ဇော်မင်းထိုက်တို့ (၂)ဦးအား အမှုများရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်လာတော့မယ့် ဟီလာရီ ကလင်တန်က သူနဲ့တွဲပြီး ရွေးကောက်ပွဲဝင်မယ့် ဒုတိယသမ္မတ လောင်းအဖြစ် ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Tim Kaine ကို ရွေးလိုက်ပါတယ်။

ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Tim Kaine က ပျင်းစရာကောင်းသူ တဦးအဖြစ် သူ့ကိုယ်သူ ပုံဖော်ပြောဆိုပေမဲ့ မစ္စစ်ကလင်တန်ကတော့ သူ့အတွက် အဲဒါက ပြဿနာမရှိဘူးလို့ဆိုပါတယ်။ သူဟာ အလယ်အလတ်သဘောထားရှိသူ တဦး ဖြစ်တာကြောင့်လည်း Donald Trump ကိုမကြိုက်တဲ့ မဲဆန္ဒရှင်တွေ၊ မစ္စစ် ကလင်တန်ကို မဲပေးဖို့ အခက်တွေ့နေတဲ့ မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်မယ့် အလား အလာ ရှိပါတယ်။

သူဟာ ဘယ်ရွေးကောက်ပွဲကိုမှ မရှုံးဘူးတဲ့အကြောင်း၊ ကမ္ဘာ့အဆင့်အတန်းမီ မြို့တော်ဝန်၊ အုပ်ချုပ်ရေးမှူး၊ အထက်လွှတ်တော်အမတ်ဖြစ်ပြီး သူသိဖူးသမျှ အထက်လွှတ်တော်အမတ်တွေထဲမှာ လေးစားစရာအကောင်းဆုံးသူတဦး ဖြစ်တဲ့အကြောင်း မစ္စစ် ကလင်တန်က CBS သတင်းဌာနကို ပြောပါတယ်။

ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံရတဲ့အပေါ် ဂုဏ်ယူတဲ့အကြောင်း Kaine က Twitter မှာရေးပါတယ်။ အသက် ၅၈ နှစ် အရွယ် Kaine ဟာ မင်နီဆိုးတား ပြည် နယ်မှာ မွေးဖွားသူဖြစ်ပြီး ဟားဗတ်ဒ်တက္ကသိုလ်ကနေ ရှေ့နေဘွဲ့ရထားသူပါ။ သမ္မတ ဘရာ့ခ် အိုဘားမားဟာလည်း ဟားဗတ်ဒ်တက္ကသိုလ်ထွက် တဦး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Kaine က ဟားဗတ်ဒ်ကနေ တနှစ်နားပြီး ကက်သလစ် ခရစ်ယာန်သာသနာပြုနဲ့ ဆရာတဦးအဖြစ် ဟွန်ဒူးရပ်စ်နိုင်ငံမှာ သွားရောက် လုပ်ကိုင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



သေနတ်ပစ်ခတ်မှုအတွင်း အခင်းဖြစ်နေရာနဲ့ဝေးရာကို ထွက်ပြေးနေကြသူများ။ မြူးနစ်၊ ဂျာမနီ။ ဇူလိုင် ၂၂၊ ၂၀၁၆။
ဂျာမနီနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Munich မြို့က ဈေးဝယ်စင်တာတခုမှာ သောကြာနေ့ညနေခင်းက လူအုပ်ထဲကို သေနတ်နဲ့ပစ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အီရန်နွယ်ဖွား၊ ဂျာမနီနိုင်ငံသား သေနတ်သမားဟာ တကိုယ်တော်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် မြို့သူမြို့သားတွေ အထိတ်တလန့်ဖြစ်ခဲ့ကြရတာပါ။


အခြေအနေတွေ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာပဲ သေနတ်သမားက ကိုယ့်ခေါင်းကိုကိုယ် သေနတ်နဲ့ပစ်ပြီး သတ်သေသွားတယ်လို့ စနေနေ့မနက်အစောပိုင်းမှာ မြူးနစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Hubertus Andrae ကပြောပါတယ်။ ဘာကြောင့် အခုလို တိုက်ခိုက်ရသလဲဆိုတာနဲ့ပတ်သက်ပြီး ပြောဆိုတာ မရှိသေးသလို ဒီလုပ်ရပ်က အကြမ်းဖက်တိုက်ခိုက်မှု ဟုတ်မဟုတ်ဆိုတာ ပြောဖို့ စောနေသေးတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။

မြူးနစ်မြို့တိုက်ခိုက်မှုအတွင်း လူကိုးဦးအပါအ၀င် သေနတ်သမားလည်း သေဆုံးသွားသလို တခြားလူ ၁၆ ဦး ဒဏ်ရာရပြီး သုံးဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒဏ်ရာရသွား သူတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်ပါတယ်။ ဒါဟာ အနောက်ဥရောပမှာ ၈ ရက်အတွင်း အရပ်သားတွေကို တတိယမြောက် ကြီးမားတဲ့ တိုက်ခိုက်မှု တခုဖြစ်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Bahram Ghasemi က ဒီတိုက်ခိုက်မှု ကို ပြစ်တင်ရှုတ်ချလိုက်သလို အကြမ်းဖက် တိုက်ခိုက်မှုကို နေရာတိုင်းမှာ ဘယ်လို ပုံစံမျိုးနဲ့မဆို ခြေမှုန်းဖို့ ကမ္ဘာ့လူမှုအသိုင်းအ၀ိုင်းက အရေးတကြီး တောင်းဆိုနေပြီ ဆိုပြီးတော့လည်း ကြေငြာချက်ထုတ်ပြန်ပါတယ်။ အကာအကွယ်မဲ့တဲ့ အပြစ် မဲ့ပြည်သူတွေကို သတ်ဖြတ်တာဟာ လူ့သမိုင်းအတွက် အရှက်ရစရာဖြစ်လာပြီ ဆိုပြီးတော့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကဲလ်ကလည်း စနေနေ့နှောင်းပိုင်း ဘာလင်မြို့မှာ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတရပ်ကိုခေါ်ယူထားပါတယ်။

သောကြာနေ့ညနေခင်းက သတ်မှတ်ထားတဲ့ အရေးပေါ်အခြေအနေကို ရုပ်သိမ်း လိုက်ပြီလို့ ရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။

 ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com


စစ်တွေမြို့ တစ်မြို့လုံးမှ ထွက်ရှိလာသောအမှိုက်များကို စည်ပင်သာ ယာတွင်ရှိသော ကား ၇ စီးဖြင့်သိမ်းဆည်း ၍ မနိုင်ကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးရုံးမှ အမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးကျော်မိုးက ပြောဆိုလိုက်သည်။

ဦးကျော်မိုးက “ စစ်တွေမြို့ သန့်ရှင်းရေးဆောင်ရွက်တဲ့အခါ ထွက်လာတဲ့ အမှိုက် ပမာဏနဲ့ သိမ်းဆည်း နိုင်တဲ့အနေအထား မမျှတတာကတစ်ပိုင်း။ ကျွန်တော်တို့ ဌာနပိုင်ကား ၇ စီးရှိတယ်။ အဲဒီကား ၇ စီးနဲ့ တစ်မြို့လုံးက ထွက်တဲ့ အမှိုက်တွေကို သိမ်းဆည်းလို့ မနိုင်ဘူး။ နောက်ပြီး စက်ယန္တရား အခက်အခဲရှိသလို လုပ်သားတွေလည်း ရှားပါးလာတယ်။ ဒီအခက် အခဲတွေကို ကျော်လွှားပြီး ဒီထက်ကောင်း မွန်အောင် ဆောင် ရွက်မယ်ဆိုရင် အလုပ်သမားတွေ အစား စက်ယန္တရားတွေနဲ့ အစားထိုးဆောင်ရွက်နိုင်မှရမယ်” ဟု ပြောသည်။

၎င်းအပြင် ပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်ငွေကြေးမှာနည်းပါပြီး မြို့သန့်ရှင်းသာယာရေးကိစ္စများ ဆောင်ရွက်၍ ကုန်ကျငွေမှာ များပြားနေသည့်အတွက် မြို့နယ်စည်ပင်သာယာအနေဖြင့် အခက်အခဲ အကျပ်အတည်းများစွာနှင့်ကြုံတွေ့နေရကြောင်း ဦးကျော်မိုးက ရှင်းပြသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ တစ်နှစ်အခွန်ကောက်ခံရရှိမှုမှာ သိန်း ၂၀၀ ခန့်ဖြစ်ပြီး မြို့သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှု တစ်နှစ်ကုန်ကျငွေမှာ သိန်း ၅၀၀ ခန့်အထိရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နေသော် လည်း တစ်မြို့လုံးအတိုင်းအတာဖြင့် ကောင်းမွန်သည့် သန့်ရှင်းရေးလုပ်ငန်းတစ်ခု မဖြစ်လာသေးကြောင်း၊ နောင်လာမည့်နှစ်များတွင် ယင်းပမာဏထက်ပိုမိုသုံးစွဲလာရမည့် အနေအထားရှိကြောင်း၊ အမှိုက်သိမ်းဆည်း မှုမှာ ယခုထက် ပိုမိုကောင်းမွန်လာနိုင်ရန် စက်ယန္တာရားများနှင့် ငွေကြေးဆိုင်ရာများ ပံ့ပိုးရန် လိုအပ်ကြောင်း ၎င်းမှဆက်လက် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေမြိုအပါအ၀င် မြို့နယ်တိုင်းတွင် စည်ပင်သာ ယာ၏ လုပ်ငန်းဆောင်ရွက်ချက်များ မှာ အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်း ကျော် လွန်လာသော်လည်း ကောင်းမွန်သည့်လုပ်ဆောင်ချက်များနှင့် တိုးတက်သည့် လုပ်ငန်းဖော်ဆောင်မှုများကို မတွေ့ရကြောင်း ၊ ပို၍ပင်ဆုတ် ယုတ်ကျဆင်းမှုကို တွေ့ရှိ ရကြောင်း စစ်တွေမြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဦးစိုးနိုင်က ဇူလိုင်လ ၂၂ ရက်နေ့ တွင်ပြုလုပ် သော ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ရက် ၁၀၀ သတင်းစာရှင်း လင်းပွဲတွင် ထောက်ပြဝေဖန်ခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရပ်ကွက်ပေါင်း ၃၂ ကွက်ရှိပြီး လက်ရှိမြို့နယ် စည်ပင်သာယာမှ မြို့သန်ရှင်းသာယာရေးအတွက် အမှိုက်များကို သိမ်း ဆည်း ရာတွင် အမှိုက်ကန် ၂၂ ကန်၊ ၆၆၀ လီတာဆံ့ အမှိုက်ပုံး ၂၀ ပုံး ထားရှိပြီး အလုပ်သမား ၄၈ ဦး၊ အမှိုက်သိမ်းယာဉ် ၇ စီးဖြင့် လည်ပတ်နေရ ကြောင်းသိ ရသည်။

စည်/ပင်မှ အမှိုက်စွန့်ပစ်သောအာဂျိတ်တော်ကုန်း(သုသာန်)မြေနေရာမှာလည်း လက်ရှိ အနေအထားအရ အမှိုက်စွန့်ပစ်ရန်နေရာ လုံလောက်မှု မရှိသောေ ကြာင့် အမှိုက်စွန့်ပစ်မည့် မြေနေရာရရှိရေး အတွက် ရခိုင်ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့မှတစ်ဆင့် ဝန်ကြီးဌာနကိုတင်ပြထားကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ / နေ၀င်းစံ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal


ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်တွင် ဖြစ်ပွားနေသည့် ၀မ်းပျက်ဝမ်းလျော ရောဂါများတွင် ပြင်းထန်ကူးစက်မြန် ၀မ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပြည်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီးထံမှ သိရသည်။

ယင်း ၀မ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ တင်းတင်းကြပ်ကြပ် တိုးမြှင့် လုပ်ဆောင်နေကြောင်းလည်း ကျန်းမာရေးဌာနက ဆိုသည်။

“ပြည်သူတွေအနေနဲ့ ကျန်းမာရေးဗဟုသုတရှိဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းဖို့ လိုအပ်ပါတယ်။ ၀မ်းရောဂါပိုးက မသန့်ရှင်းရင်တော့ ကူးစက်မြန်တတ်တာမို့ အထူးဂရုစိုက်ဖို့ လိုတယ်” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း(ရန်ကုန်)မှ ယင်း ၀မ်းပျက်ရောဂါပိုး တွေ့ရှိကြောင်း အဖြေကို လက်ခံရရှိခဲ့ပြီးနောက် ပြည်ခရိုင်အဆင့် အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပြည်ခရိုင် ပြည်သူ့ကျန်းမားရေး ဦးစီးဌာနများ၊ လူမှုအအသင်းအဖွဲ့များအား အသိပေးအကြောင်းကြား၍ ရောဂါကာကွယ်ရေး၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies



မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ တစ်ရာကျော်ကို ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်။ Photo: Htet Arker/ RFA
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၇ဝဝ နီးပါးကို မလေးရှားနိုင် ငံ မြန်မာသံရုံးအစီအစဉ်နဲ့ သြဂုတ်လ ၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။

ဖိုးလမင်းထရေးဒင်းကုမ္ပဏီဒါရိုက်တာ ဦးစိုးမိုးနိုင်နဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ ပူးပေါင်းပြီး လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ စတင်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ မလေးရှားနိုင်ငံ ကပုန်း ၇ ရက် သားသမီးနာရေး ကူညီမှုအသင်း ဥက္ကဌ ကိုစန်းဝင်းက ပြောပါတယ်။

အဲ့ဒီထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား ၃ထောင် နီးပါးရှိပြီး ပြစ်ဒဏ်ခံယူပြီးတဲ့ သူတွေကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အများစုဟာ တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံထားရသူတွေဖြစ်ပါတယ်။

ပြစ်ဒဏ်ခံယူပြီးသူတွေဟာ မြန်မာပြည်ကို ပြန်လည်ပို့ဆောင်မယ့်အချိန်ထိ အကျဉ်းစခန်းမှာပဲ ဆက်လက်နေထိုင် ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား ၃ဝဝ နီးပါးကို မလေးရှားနိုင် ငံရောက် မြန်မာပရဟိတ လူမှုကူညီမှု အသင်းတွေစုပေါင်းပြီး မြန်မာပြည်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရန်ကုန်၊ ဇူလိုင်၂၂

သမ္မတအိုဘားမား၏ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသို့သွားရောက်မည်ဆိုသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ဦးစွာသွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထံမှသိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားဝင်ဖိတ်ကြားချက်အရ ဩဂုတ်လတတိယပတ်အတွင်း ဘေဂျင်းသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်က The Voice သို့ပြောဆိုသည်။

ယင်းအပြင် မလေးရှားနိုင်ငံသို့လည်း သွားရောက်ရန်စီစဉ်မှုများရှိနေပြီး သွားရောက်မည့်နေ့ရက်အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

သမ္မတသက်တမ်းကုန်ဆုံးမည့် ဇန်နဝါရီလမတိုင်မီ အမေရိကန်ပြည်ထောင်စုသို့လာရောက်ရန် သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်ကြားခဲ့ပြီး စက်တင်ဘာလဝန်းကျင်တွင် သွားရောက်ဖွယ်ရှိကြောင်း အမေရိကန်သတင်းဌာနအချို့က ခန့်မှန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ စုံစမ်းမေးမြန်းသော်လည်း အတည်မပြုနိုင်သေးကြောင်းသာပြောဆိုပြီး ဦးဝင်းထိန်ကမူ ဩဂုတ်လတတိယပတ်တွင် သွားရောက်ရန်စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ကိုဦးဆောင်နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံခေါင်းဆောင်အဖြစ်ရှိနေချိန် ၂၀၁၂ခုနှစ်က အမေရိကန်ပြည်ထောင်စုသို့ ၁၇ရက်ကြာသွားရောက်ခဲ့ဖူးပြီး ၂၀၁၅ခုနှစ်တွင် တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အာဏာရပြီးနောက် သမ္မတဦးထင်ကျော်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံသို့ခရီးဆက်ခဲ့ပြီး ယခုတစ်ဖန် အာဆီယံအစည်းအဝေးများကျင်းပနေသည့် လာအိုနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံသွားရောက်လျက်ရှိသည်။

The Voice

ဘီယာရောင်းချခွင့်၊ အရက်ရောင်း ချခွင့်လိုင်စင်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၁၃ ခုနှစ်မှ စတင်ပြီး ထပ်မံ ချထားပေးခြင်းမရှိဘဲ ပိတ်ပင်လိုက်သောကြောင့် လိုင်စင်ရှိသူနှင့် လိုင်စင်လိုအပ်သူတို့ကြား လက်လွှဲလက်ပြောင်း ပြန်လည်ရောင်းချရာတွင် လိုင်စင်တခုလျှင် ကျပ် သိန်း ၁၀၀ နီးပါးအထိရှိလာကြောင်း သိရသည်။

ယစ်မျိုးလိုင်စင်အမျိုးမျိုးရှိရာ ဘီယာရောင်းချခွင့်လိုင်စင်မှာ ကျပ်သိန်း ၉၀ ခန့်ရှိကြောင်း၊ ၀ီစကီအပါအ၀င် အရက်စုံ ရောင်းချခွင့်လိုင်စင်မှာ ကျပ်သိန်း ၇၀ ခန့်ရှိကြောင်း၊ ဘီယာနှင့် အရက်မျိုးစုံရောင်းချနေသူများထံမှ သိရသည်။

''လိုင်စင်တွေပိတ်လိုက်ပြီးကတည်းက တနှစ်ပြီးတနှစ် ဈေးတက်လာတယ်။ ဘီယာအရက်ရောင်းချင်တဲ့သူက များလာတာကိုး။ ပြီးခဲ့တဲ့နှစ်က ဘီယာရောင်းချခွင့်လိုင်စင်က ကျပ်သိန်း ၇၀ လောက်ပေါက်ခဲ့တယ်''ဟု ဘီယာ အရက်ရောင်း ၀ယ်ရေးဈေးကွက်အတွင်း လုပ်ကိုင်နေသူတဦးက ပြောကြားသည်။

လိုင်စင်ချထားပေးမှု ရပ်တန့်လိုက်သော်လည်း မြို့နယ်ပြောင်းဖွင့်လှစ်လိုပါက ခွင့်ပြုကြောင်း ကျောက်တံတားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးမှ တာဝန်ရှိသူတဦးက ဆိုသည်။

''ကျွန်တော်တို့ကတော့ သက်ဆိုင်ရာထောက်ခံချက်ပြည့်စုံရင် အထက်ကို ဆက်ပြီး တင်ပြပါတယ်။ ဒါကလည်း ခက်တယ်ဗျာ။ နှစ်ဦးနှစ်ဖက်က ရောင်းချတယ်လို့ မပြောကြပါဘူး။ လိုင်စင်ကို ရောင်းချတယ်ဆိုရင်တော့ ကျွန်တော်တို့ ပိတ်သိမ်းပါတယ်။ ဒါက သိမ်မွေ့ပါတယ်။ လက်လွှဲရောင်းချမှုအပြင် ပေါက်ဈေးကို ထိန်းချုပ် လို့မရဘူး။ နှစ်ဦးသဘောတူပြုလုပ်မှုဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယစ်မျိုးလိုင်စင် လွှဲပြောင်းရောင်းချမှုအဆင့်ဆင့်ဖြစ်လာသောကြောင့် ယခုလို ဈေးနှုန်းဖြစ်လာခြင်းဖြစ်ကြောင်း၊ အချို့မှာ ဘီယာသောက်သုံးမှုနည်းသော မြို့နယ်တွင် ဘီယာရောင်းချမှုလိုင်စင် လျှောက်ထားသော်လည်း ဆိုင်မရှိကြောင်း၊ ဘီယာ သောက်သုံးမှုများပြီး လူနေထူထပ်သော မြို့နယ်များတွင် ဘီယာဆိုင်များ မှိုလို ပေါက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဘီယာဆိုင်မန်နေဂျာတဦးက သုံးသပ်ပြောကြားသည်။

လိုင်စင်တည်နေရာပြောင်းမှုနှင့် ပတ်သက်ပြီး ကာယကံရှင်အနေဖြင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ ပတ်ဝန်းကျင် နေထိုင်သူကန့်ကွက်မှုမရှိ ထောက်ခံချက် များဖြင့် လျှောက်လွှာတင်လျှောက်ရကြောင်း သိရသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဟောင်ကောင်၊ မတ် ၁၀ ။ ။ ကမ္ဘာကျော်ဟောင်ကောင်အက်ရှင်မင်းသား ဂျက်ကီချန်း သေပြီဆိုတဲ့ ကောလာဟလတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့လို့ လာပြန်ပါတယ်။

တရုတ်လူမှုကွန်ယက်စာမျက်နှာတွေထက်မှာ တရုတ်ဘာသာတွေနဲ့ သတင်းအရင်ထွက်ပေါ်ပြီး နောက်ပိုင်းမှာတော့ တခြားနိုင်ငံတွေထိပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာ ဂျက်ကီချန်းတစ်ယောက် သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပြီး သေဆုံးသွားတာလို့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပြီး တစ်ချို့ကလည်း ရုပ်ရှင်ရိုက်ကွင်းမှာ စတန့်ခန်းတွေရိုက်ရင်းသေတာလို့ ဆိုကြပါတယ်။

အခုတစ်ခေါက် ထွက်ပေါ်လာတဲ့ကောလာဟလက အသစ်ဆိုပေမယ့် ၂၀၁၃ ခုနှစ်တုန်းကထွက်ခဲ့တဲ့ ကောလာဟလနဲ့ တည်နေရာချင်းကတော့ အတူတူပါပဲ။

ကောလာဟလတွေထွက်ပေါ်ပြီးမကြာခင်မှာပဲ ထုံးစံအတိုင်းဂျက်ကီချန်းမသေသေးကြောင်း ဓါတ်ပုံသက်သေတွေကို နိုင်ငံတကာ ဖျော်ဖြေရေးသတင်းဌာနတွေမှာ ဖော်ပြခဲ့ကြတာကြောင့် ဂျက်ကီချန်းပရိသတ်တွေ စိတ်အေးသွားကြရပြန် ပါတယ်။

ဂျက်ကီချန်းဟာ ကမ္ဘာကျော်အနုပညာရှင်တွေထဲမှာ သေပြီလို့ သတင်းအထွက်ဆုံးအနုပညာရှင်လို့ သတ်မှတ်ရလောက် အောင်အထိ တစ်နှစ်ကို တစ်ကြိမ်လောက် သူသေပြီဆိုတဲ့သတင်းထွက်ပေါ်လေ့ရှိပါတယ်။

Ref:Kotaku
Mizzima - News in Burmese

ဟောလိဝုဒ်အကျော်အမော် လီယိုနာဒို ဒီကာပီရိုသည် ၎င်း၏ ချို့တဲ့သူများ ကူညီရေးအဖွဲ့ ပျော်ပွဲရွှင်ပွဲမှ ရရှိသော စတာလင်ပေါင် ၃၄ ဒသမ ၁ သန်းအနက် ငွေကြေးအချို့ကို ပြင်သစ်နိုင်ငံ နိစ်မြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရှိသူများနှင့် ကျန်ရစ်သူမိသားစုဝင်များအတွက် လှူဒါန်းသွားမည် ဖြစ်သည်။

လီယိုနာဒို ဒီကာပီရိုသည် ဇူလိုင် ၂၀ ရက်က ဆန်ထိုပီမြို့တွင် ၎င်း၏ ချို့တဲ့သူများ ကူညီရေး အဖွဲ့ ပျော်ပွဲရွှင်ပွဲကို စီစဉ်ကျင်းပခဲ့ပြီး ပျော်ပွဲရွှင်ပွဲတွင် ထိပ်တန်းဆုများကို လေလံတင်ရောင်းချခဲ့သည်။

ရရှိသော ငွေကြေးများအားလုံးကို ကမ္ဘာတစ်ဝန်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်မှုကို ဦးတည်လုပ်ဆောင်နေသော လီယိုနာဒို ဒီကာပီရိုဖောင်ဒေးရှင်း (LDF) ကို လှူဒါန်းခဲ့ သော်လည်း ရရှိသောငွေကြေးများအနက် တစ်ချို့တစ်ဝက်ကို နိပ်စ်မြို့ တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာ ရရှိခဲ့သောသူများနှင့် ကျန်ရစ်သော မိသားစုဝင်များကို လှူဒါန်းသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်နိုင်ငံ နိစ်မြို့တွင် ပြင်သစ်နိုင်ငံအမျိုးသားနေ့Bastille Day အထိမ်းအမှတ်ပွဲတော် ကျင်းပမှုကို ကြည့်ရှုနေသော လူအုပ်ကြီးကို အရှိန်မြှင့်မောင်းလာသော ထရပ် ကားတစ်စီးက ၀င်တိုက်ခဲ့မှုကြောင့် လူ ၈၄ ဦး သေဆုံးခဲ့ရသည်။ ချို့တဲ့သူများ ကူညီရေး ပျော်ပွဲရွှင် ပွဲတွင် ကိတ်ဘလန်ချက်၊ စကားလက်ဂျိုဟန်ဆန်၊ တိုဘီမာဂူရီနှင့် ရောဘတ်ဒီနီရိုတို့ ပါဝင်ခဲ့ကြသည်။
Mizzima - News in Burmese

မြင်ရသော ဓာတ်ပုံတပုံကြောင့် စိတ်ချမ်းသာရသည်။ ဓာတ်ပုံထဲတွင် နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်သို့ လာရောက်လေ့လာကြည့်ရှု သည့်သတင်းနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒေါ်အောင် ဆန်းစုကြည်နှင့်တွဲ၍ မြင်ရသောကြောင့်ဖြစ်သည်။ သာမန်တွဲ၍ မြင်ရခြင်းပင်မဟုတ်၊ စစ်သမိုင်းပြတိုက်သို့ လာရောက်သော အရပ်သားနိုင်ငံရေးခေါင်းဆောင်တဦးကို တပ်မတော်မှ အမြင့်ဆုံးရာထူးယူထားသူတဦးက ခရီးဦးကြိုဆိုကာ လိုက်ပါရှင်းလင်းပြသသောဓာတ်ပုံဖြစ်သဖြင့် အဓိပ္ပာယ်များစွာရှိသော ဓာတ်ပုံတပုံပင် ဖြစ်ပါ သည်။ ဒီမိုကရေစီတိုက်ပွဲပြင်းထန်နေသော ၁၉၈၈-၂၀၁၂ ကာလများက

အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်တဦး၏ ဤသို့သောဓာတ်ပုံမျိုးကို မြင်တွေ့ရဖို့ စိတ်ကူးထဲမှာပင် မဖြစ်နိုင်သလောက် ရာခိုင်နှုန်းနည်းပါးလေသည်။ ယခုအခါ အိပ်မက်တို့ စတင်အကောင်အထည်ပေါ်လေပြီဟု ဆိုသော်ရနိုင်ပါ၏။ သွားလိုသောခရီးဆုံးသို့မူ မရောက်သေး၊ သို့သော် သွားရမည့်လမ်းကြောင်းပေါ်သို့ ရောက် နေပြီဟူ၍ ယူဆနိုင်ပါ၏။ အကယ် စင်စစ် မြန်မာနိုင်ငံဝယ် တပ်မတော်သည် သီးခြားရပ်တည်နေသည့် အဖွဲ့ အစည်းဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ တပ်မတော်သည် နိုင်ငံခြားရေးနှင့် ငွေစက္ကူမရိုက်နှိပ်သည်မှလွဲ၍ အစိုးရတရပ်ရှိရမည့် လိုအပ်ချက်အားလုံး သူတို့မှာရှိနေအောင် လုပ်ဆောင်ထားပြီးဖြစ်သည်။ အစိုးရတွင် နိုင်ငံပိုင်အသံလွှင့်ရုံ (MRTV)ရှိသလို တပ်မတော်တွင် မြ၀တီရုပ်မြင်သံကြားရှိ၏။

အစိုးရတွင် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာရှိသလို တပ်မတော်တွင် မြ၀တီသတင်းစာရှိ၏။ အစိုးရတွင် ပညာရေးဝန်ကြီးဌာန လက်အောက်ခံ စက်မှုတက္ကသိုလ်ရှိသလို တပ်မတော်တွင် တပ်မတော်နည်းပညာတက္ကသိုလ်ရှိ၏။ အစိုးရ လက်အောက်တွင် ဆေးတက္ကသိုလ်ရှိသလို တပ်မတော်လက်အောက်တွင် တပ်မတော်ဆေးတက္ကသိုလ် ရှိသည်။ အစိုးရတွင် နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်ရှိသလို တပ်မတော်တွင် မြ၀တီဘဏ်ရှိသည်။ အစိုးရတွင် ၀င်ငွေရပေါက်ရလမ်းရှိသော စီးပွားရေးလုပ်ငန်းများရှိသလို တပ်မတော်တွင် စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း(MEC) စသည်များရှိသည်။ ယခင်က ဦးနေ၀င်း၏ မဆလအစိုးရလက်ထက်အထိ တပ်မတော်စာရင်း အင်းများကို အရပ်ဘက်စာရင်းစစ်အဖွဲ့မှ စစ်ဆေးသည်။ ယခုသော် ၁၉၈၈ မှစကာ တပ်မ တော်စာရင်းအင်းများကို တပ်မတော်မှ စာရင်းစစ်များမှပင်စစ်သည်။ ဤသို့ဖြင့် တပ်မတော်သည် မည်သူကမျှ မတိုက်တွန်းရဘဲ အုပ်ချုပ်ရေး(အစိုးရ)၏ လက်အောက်မှ သီးခြားကင်းလွတ်သော အဖွဲ့တဖွဲ့အဖြစ်သို့ ရောက် မှန်းမသိရောက်လာလေသည်။ နိုင်ငံတကာတွင် ကာကွယ်ရေးဝန်ကြီးသည် တပ်ပိုင်းဆိုင်ရာကိစ္စများတွင် ရာထူး အကြီးဆုံးဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးအထက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှိနေသည်။ ကာကွယ်ရေးဝန်ကြီးသည် တပ်ချုပ်၏လက်အောက်သို့ ရောက်နေသည်။ တပ်မတော်၏ ကိစ္စအ၀၀ သည် နိုင်ငံတော်သမ္မတနှင့် လုံးဝမပတ်သက်တော့ဘဲ တပ်သည် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုမှ ကင်းလွတ် နေလေသည်။

ထိုသို့ ကင်းလွတ်ခွင့်ရအောင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(ခ)တွင် တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟုတမျိုး၊ ပုဒ်မ ၂၀(ဂ)တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဟူ၍တဖုံ ထည့်သွင်းဖော်ပြထားလေသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတ၏သြဇာသည် တပ်မတော်အပေါ် မရှိသလောက်ဖြစ်နေလေသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တ၀န်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်ဟု ရေးထားပြန်ပါသည်။ ကျွန်တော့်အမြင်တွင် ပုဒ်မ ၂၀(ခ)(ဂ)တို့သည် ပုဒ်မ ၅၈ နှင့် ဆန့်ကျင်ဖီလာ (Contra-) ဖြစ်နေသည်ဟု ထင်ပါသည်။

အကယ်၍ ပုဒ်မ ၅၈ တွင် ပြဋ္ဌာန်းထားသလို နိုင်ငံတော်သမ္မတသည် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာတွင် ရရှိသည်ဟူသည့် ပြဋ္ဌာန်းချက်ကိုသာ အတည်ယူလျှင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲသည်လည်း နိုင်ငံတော်သမ္မတပင်ဖြစ်ရပေမည်။ ထိုအခါ ပုဒ်မ၂၀(ခ)တွင် ပြဋ္ဌာန်း ထားသည့် တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိ သည်ဆိုသည့်ဥပဒေမှာလည်း တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို သမ္မတ၏သဘော တူညီချက် နှင့်အညီ လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည် ဟုဖြစ်သင့်ပေသည်။ သို့သော် ဤသို့မဖြစ်ခဲ့။ ထို့ကြောင့် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တ၀န်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်ဟု ရေးထားသော်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တ၀န်းလုံးဆိုရာ တွင် တပ်မတော်မပါသလို ဖြစ်နေပါသည်။ အကယ်၍ ပါသည်ဆိုသော်ငြားလည်း အထွတ်အထိပ်ဆိုသည်မှာ လည်း စီမံခန့်ခွဲခွင့်မရှိသော အထွတ်အထိပ်သဖွယ်ဖြစ်နေပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက် ဖြစ်ပါသည်။ အရပ်သားသမ္မတက တပ်မတော်အပေါ် အာဏာသက် ရောက်မှုမရှိသလောက်ဖြစ်နေခြင်း၊ တပ် နှင့်သမ္မတ ကင်းလွတ်နေခြင်းတို့ ဖြစ်နေပါသည်။

ဤအချက်များကြောင့် တပ်မတော်သည် အရပ်သားအစိုးရနှင့် ခပ်ကင်းကင်း ခပ်တန်းတန်း ဖြစ်နေစေပါသည်။ တပ်ကိစ္စကို သမ္မတက၀င်မပါ၊ အစိုးရကိစ္စကို တပ်က၀င်မပါရအောင် အခြေခံဥပဒေကစည်းခြားထားရာ တမြေထဲတရေတည်း တနိုင်ငံတည်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အရပ်ဘက်နှင့်စစ်ဘက်ဟူ၍ စည်းခြား ထားသလိုဖြစ်နေပါသည်။

စစ်ဘက်ဆိုင်ရာအခမ်းအနားများတွင် အရပ်ဘက်ခေါင်းဆောင်ကို ဖိတ်လေ့မရှိ (ဥပမာ တပ်မတော်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို မဖိတ်ခဲ့သဖြင့် မတက်ရောက်ခဲ့)သလို အရပ်ဘက် အခမ်းအနားများတွင်လည်း စစ်ဘက်ခေါင်းဆောင်များ ရောက်လာလေ့မရှိပါ။ ဤသို့ နှစ်ဦးနှစ်ဖက် ခပ်တန်း တန်းဖြစ်နေကြပါသည်။ နိုင်ငံတကာတွင်တော့ (ဥပမာ အမေရိကန်ပြည်ထောင်စုတွင်) သမ္မတသည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ စစ်သေနာပတိဖြစ်သည်။ သူ့လက်အောက်တွင် ကာကွယ်ရေးဝန်ကြီးရှိသည်။ ကာကွယ်ရေးဝန်ကြီးလက်အောက်တွင် ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်များရှိသည်။ အရပ်သား အစိုးရ၏စီမံခန့်ခွဲမှုကို စစ်ဘက်က လိုက်နာဆောင်ရွက်ကြပါသည်။ မြန်မာနိုင်ငံဝယ် ဤကဲ့သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် တပ်ဘက်ဆိုင်ရာတွင် အာဏာအရှိဆုံးပုဂ္ဂိုလ်မှာ သမ္မတမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ် နေပါသည်။ ဤအခြေအနေတွင် တပ်ချုပ်အနေနှင့်ဒေါ်အောင်ဆန်းစုကြည်လို သမ္မတ မဟုတ်သော နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်တယောက် တပ်မတော် စစ်သမိုင်းပြတိုက်သို့ လာရောက်လည်ပတ်ခြင်းကို ကိုယ်တိုင် မကြိုဆိုဘဲ သူ့လက်အောက်မှ ဒုတိယတပ်ချုပ်၊ သို့မဟုတ် အခြားတပ်မတော် အရာရှိတဦးဦးအား ကြိုဆို ဧည့်ခံလိုက်လံရှင်းပြခိုင်း၍ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်လာလျှင် တပ်ချုပ်က ဧည့်ခံရမည်ဟုလည်း စည်းကမ်းဥပဒေ ထုတ်ထားတာမဟုတ်ပါ။ ထိုအခြေအနေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မည်သူ၏ တိုက်တွန်းမှုမှမပါဘဲ သူ့သဘောနှင့်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ဖော်ရွေရွေ လက်ခံတွေ့ဆုံကာ လိုက်ပါရှင်းပြခြင်းသည် ချီးကျူးဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်။ မည် သည့်အကြောင်းကြောင်း ထိုသို့ လုပ်သည်ဖြစ်စေ အရပ်ဘက်စစ်ဘက်ဆက်ဆံရေးတွင် အေးခဲနေသောရေခဲမှတ်ကို စတင်ဖြိုခွဲပစ်လိုက်သော လုပ်ရပ်ဖြစ်ပါသည်။ ထိုသို့ အေးစက်မှုကို ဖြိုခွဲစေရန် စတင်ကမ်းလှမ်းသည့်သဘောဖြင့် တပ်မတော်စစ်သမိုင်း ပြတိုက်ကိုမှ တကူးတက လာလည်သော ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကျယ်မှုကိုလည်း အသိအမှတ်ပြုရ ပေမည်။ လက်ခုပ်တီးခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းတို့မှာ လက်တဖက်တည်းဖြင့်လုပ်၍မရကြောင်း အားလုံး အသိပင်ဖြစ်သည်။

တပ်မတော်နှင့်အရပ်ဘက်ရေခဲမှတ်ပြိုကျသွားခြင်းအထိမ်းအမှတ်ကို သိသာစေသော အချက်မှာ မကြာခင်က ကျင်းပပြုလုပ်ခဲ့သော (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတက်စဖူး တက်ရောက်အလေးပြုခဲ့သည့်ကိစ္စဖြစ်သည်။ ထို့ထက်ပို၍ ရေခဲတံတိုင်းများအရည်ပျော်လာပါက ပိုမိုနွေးထွေးသော ပူးပေါင်းဆောင်ရွက်မှုမျိုးပေါ်လာမည်ဟု မျှော်လင့်ရပေသည်။ ထိုသို့တိုးတက်မှုဖြစ်လာစေရန်အတွက် ဗိုလ်သင်တန်းဆင်းပွဲစသော တပ်မတော်ဘက်မှ အခမ်းအနားများတွင် သမ္မတကြီးဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပိုမိုဖိတ်ခေါ်သင့်သလို သမ္မတ ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှလည်း တပ်မတော်နှင့်ပတ်သက်သော အခမ်းအနားများ၊ နေရာဌာန များကို မကြာခဏသွားရောက်သင့်ပါသည်။

မကြာသေးမီရက်များအတွင်းက တူရကီနိုင်ငံတွင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုတခု ဖြစ်ပွားခဲ့သေးသည်။ ထိုမအောင်မြင်သော အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် လူ ၁၉၄ ဦးခန့် သေဆုံးပြီး တပ်ဖွဲ့ဝင်၂,၈၃၉ ဦး အပါအ၀င် လူ ၃,၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု သိရသည်။ တူရကီစစ်တပ်မှ အာဏာသိမ်းမှု မအောင်မမြင်ဖြစ်ခဲ့ရခြင်းတွင် စစ်တပ်အတွင်းမှာပင် အာဏာသိမ်းမှုကို ဆန့်ကျင်သူများရှိနေခြင်း၊ ပြည်သူ လူထုက စစ်အာဏာသိမ်းမှုကိုမထောက်ခံခြင်းက အဓိကကျခဲ့သည်။ တင့်ကားထဲမှ စစ်သားများကို လူအုပ်က အတင်းဆွဲထုတ်ခဲ့ကြသောမြင်ကွင်းကို သတင်းဌာနတခုက ထုတ်လွှင့်ပြသခဲ့ပြီး ထိုသို့လုပ်ဆောင်ခဲ့သော အရပ်သားအဘိုးအိုတဦးကို ဘာကြောင့်ထိုသို့လုပ်ခဲ့သလဲဟု သတင်းထောက်ကမေးမြန်းရာတွင်-
''အစိုးရလုပ်တာတွေကို စစ်တပ်က မကြိုက်သလို၊ ကျုပ်တို့လည်း မကြိုက်ပါဘူး၊ ဒါပေမဲ့ တူရကီမှာ ဒီမိုကရေစီကိုထိပါးစေမယ့် အာဏာသိမ်းတာမျိုးတော့ လက်သင့်မခံနိုင်ဘူး။ ဒါ့ကြောင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာပါ''ဟု ဖြေကြားခဲ့သည်။ သူပြောသည်မှာ မှတ်သားစရာ ကောင်းသည်။

အစိုးရတရပ် ကောင်းတာ၊ မကောင်းတာက တပိုင်းဖြစ်သည်။ စစ်အာဏာသိမ်းခြင်းဖြင့် တိုင်းပြည်ပိုကောင်းလာနိုင်စရာမရှိဟု တူရကီပြည် သူများ ယုံကြည်ကြသည်။ သူတို့နိုင်ငံသည် အတိတ်က သုံးကြိမ်တိတိ အာဏာသိမ်းမှုကြုံခဲ့ရသည်။ အာဏာ သိမ်းပြီးသောအခါ တိုင်းပြည်အတွက် ကောင်းလာတာထက် ပိုဆိုးသွားတာပဲ မြင်ခဲ့ရသည်။ ဒါ့ကြောင့် ယခု အကြိမ်(၄)ကြိမ်မြောက် အာဏာသိမ်းမှုဖြစ်ပွားသောအခါ လူတွေက လက်ရှိအစိုးရကိုမကြိုက်သော်လည်း စစ်အာဏာရှင်စနစ်ကို လက်သင့်မခံလိုကြခြင်း ဖြစ်သည်။ တကယ်တော့ စစ်အာဏာသိမ်း၍ ပိုကောင်းလာ သောနိုင်ငံဆိုသည်မှာ တကယ့်ကို ရှားတောင့်ရှားပါးဖြစ်သည်။ ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။ ကျွန်တော်တို့၏ အိမ်နီးချင်းထိုင်းနိုင်ငံ တွင်မူကား စစ်အာဏာသိမ်းမှု အကြိမ်ကြိမ်ပင် ကြုံခဲ့ရဖူးသည်။ ထိုသို့ မကြာခဏ အာဏာသိမ်းခဲ့သော်လည်း ယခုအချိန်အထိ ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် မတည်မငြိမ် အခြေ အနေမှာပင် ရှိသေးသည်။ ပို၍ထူးခြားကောင်းမွန်လာခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံတွင် ၁၉၃၂ မှ စကာ ယနေ့အချိန်အထိ စစ်အာဏာသိမ်းမှု(၁၉)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုအထဲတွင် (၇)ကြိမ်သည် မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး (၁၂)ကြိမ်မှာ အောင်မြင်ခဲ့သည်။ နောက်ဆုံးအာဏာသိမ်းခဲ့ခြင်းမှာ ၂၀၁၄ တွင် ဖြစ်သည်။

ထိုင်းနိုင်ငံလောက် မများသော်လည်း မြန်မာနိုင်ငံတွင်လည်း စစ်အာဏာသိမ်းရန် ကြံစည်မှုလေးကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ကြိမ်မှာအောင်မြင် ခဲ့သည်။ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၇ နှင့် ၁၉၈၈ နှစ်များတွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းရန် ကြိုးစားမှုများဖြစ်ပွားခဲ့သည်။ ၁၉၅၈ ၀န်ကြီးချုပ်ဦးနု၏လက်ထက်တွင် တပ်မတော်မှ အာဏာသိမ်းမှုများဖြစ်ပွားမည်ဟု ၀န်ကြီးချုပ်ဦးနုထံ သတင်းများရောက်လာသည်။ ဦးနုက သူ၏ကိုယ်တိုင်ရေး ဘ၀မှတ်တမ်းဖြစ်သော တာတေစနေသားဟူသည့် စာအုပ်စာမျက်နှာ ၃၀၁ တွင် ထိုစဉ်က အခြေအနေကို ဤသို့ ဖော်ပြခဲ့သည်။

''အစိုးရရှေ့နေရဲ့ထောက်ခံချက်အရ အထူးအရေးပေါ်အာဏာကိုသုံးပြီး ရ/သုံးခန့်မှန်းခြေစာရင်း(ဘတ်ဂျက်)ကို ၀န်ကြီးချုပ်ဦးနုက အတည်ပြုလိုက်တယ်။ အဲဒီလို အတည်ပြုလိုက်တာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းဖို့ တည်မြဲ(ဖဆပလ)တွေက တိုက်တွန်းတယ်။ စစ်တပ်က သဘောတူတယ်။ အဲဒီအချိန်မှာ ဦးနုဟာ မန္တလေးက ရန်ကုန်ကို ဧရာဝတီမြစ်တလျှောက်သင်္ဘောနဲ့ စုန်ဆင်းလာတုန်းရှိသေးတယ်။ စစ်တပ်အာဏာ သိမ်းဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကို ရထားတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဗိုလ်မင်းခေါင်ဟာ ၀န်ကြီးချုပ်ပြန်ရောက်ရောက်ချင်း ၀န်ကြီးချုပ်နဲ့တွေ့ပြီး အဲဒီနေ့ညမှာပဲ အာဏာသိမ်းလိမ့်မယ်ဆိုတဲ့အကြောင်းကို ပြောပြတယ်။ အဲဒီနောက် ၀န်ကြီးချုပ် ထွက်ပြေးချင်ရင် ထွက်ပြေး နိုင်ဖို့အတွက် လေယာဉ်ပျံအဆင်သင့်လုပ်ထားတယ်လို့လည်း ၀န်ကြီးချုပ်ကို အစီရင်ခံတယ်။ဝန်ကြီးချုပ်က 'သူဟာ တရားခံမဟုတ်ဘူး။ ဘာဖြစ်လို့ထွက်ပြေးရမှာလဲ'လို့ ပြန်ပြောပြီး လေယာဉ်ပျံအစီအစဉ်ကို ဖျက်ခိုင်း လိုက်တယ်။ အဲဒီနောက် စစ်တပ်က ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်ကို မတွေ့ တွေ့အောင်ရှာ ပြီးခေါ်ခဲ့ဖို့ ၀န်ကြီးချုပ်က ဗိုလ်မင်းခေါင်ကို အမိန့်ပေးလိုက်တယ်။ ညနေ (၆)နာရီလောက်ရှိတော့ ၀န်ကြီး ဗိုလ်မင်းခေါင်ရောက်လာပြီး ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ကိုတွေ့ရအောင် သူမျိုးစုံ ကြိုးစားတယ်။ ဒါပေမဲ့ ရှာမတွေ့တဲ့အကြောင်းကိုလည်း ၀န်ကြီးချုပ်ကို အစီရင်ခံတယ်။ အာဏာသိမ်းဖို့အတွက် မန္တလေးမှာထားတဲ့ တပ်ရင်းတရင်းဟာ ရန်ကုန်ကိုရောက်မလာသေးတဲ့အတွက် အဲဒီနေ့ညမှာ အာဏာမသိမ်း ဖြစ်သေးဘူးလို့လည်း အစီရင်ခံတယ်။ နောက်တနေ့မနက် (၉)နာရီလောက်မှာ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ ၀န်ကြီးချုပ်နဲ့လာတွေ့ကြတယ်။ တွေ့တွေ့ချင်းအချိန်ဖြုန်းမနေဘဲ ၀န်ကြီးချုပ်က အာဏာမသိမ်းကြနဲ့ အာဏာသိမ်းတာဟာ စစ်တပ်လည်း နာမည်ပျက်မယ်၊ တိုင်းပြည်လည်း နာမည်ပျက်တယ်။ အဲဒီတော့ နောက်(၆)လကြာရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိပြုရင် စစ်တပ်ကိုသူအာဏာလွှဲပေးမယ်။ အဲဒီလိုအာဏာလွှဲပေးဖို့အတွက် လွှတ်တော်ကိုခေါ်လိုက်မယ်။ လွှတ်တော်ကျင်းပတဲ့နေ့မှာ သူဝန်ကြီးချုပ်ရာထူးကထွက်ပြီး လွှတ်တော်က ဗိုလ်ချုပ်ကြီးနေ၀င်းကို ၀န်ကြီးချုပ် အဖြစ် ရွေးကောက်တင်မြှောက်အောင် သူအဆိုတင်သွင်းမယ်လို့ပြောပြီး သူပြောတဲ့အချက်တွေကို ၀န်ကြီးချုပ် ဦးနုဟာ စာရွက်တရွက်ပေါ်မှာ ရေးပေးလိုက်တယ်။ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ဟာ ဗိုလ်ချုပ်နေ၀င်းကိုမေးပါရစေဦးဆိုပြီး ဦးနုပေးတဲ့စာရွက်ကို ယူသွားတယ်။ ညနေ (၂)ချက်တီးလောက်ရှိတဲ့အခါ သူတို့ပြန်လာကြပြီး ဗိုလ်ချုပ်ကြီးနေ၀င်းက သဘောတူပါတယ်လို့ စကားပြန်တယ်''ဟု ရေးသားထားလေသည်။ ဤမှတ်တမ်းအရ ၁၉၅၈ တွင် တပ်မတော်မှ အာဏာသိမ်းရန်အစီအစဉ်ရှိခဲ့ပြီး ဦးနုမှ အနုနည်းဖြင့် အာဏာလွှဲ ပေးခဲ့သောကြောင့် အကြမ်းဖက်အာဏာသိမ်းမည့်အစီအစဉ် ပျက်ခဲ့ရခြင်း ဖြစ်သည်။ ၁၉၆၂ တွင်တော့ အများ သိသည့်အတိုင်း လက်ထိလက်ရောက်အာဏာသိမ်းပွဲဖြစ်ခဲ့ပါသည်။

တိုင်းပြည်ချောက်ထဲကျတော့မှာမို့ ကယ်တင်သည့်အနေနှင့် အာဏာသိမ်းရသယောင်ပြောပြီး တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တို့ဖြင့် တိုင်းပြည်ကို (၂၆)နှစ်အုပ်ချုပ်ခဲ့ပါသည်။ ထိုသို့ရှိစဉ် ၁၉၇၇ တွင် ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် အရာရှိ တချို့မှ ဗိုလ်ချုပ်နေ၀င်းကို လုပ်ကြံဖြုတ်ချပြီး အာဏာသိမ်းရန်ကြံစဉ်ခဲ့ရာ မအောင်မြင်သဖြင့် ဗိုလ်ကြီး အုန်းကျော်မြင့် သေဒဏ်ပေးခြင်းခံရပါသည်။ ၁၉၈၈ စက်တင်ဘာ (၁၈)ရက်တွင် ရှစ်လေးလုံးအရေးတော်ပုံ ဆန္ဒပြမှု အရှိန်မြင့်တက်နေဆဲဝယ် တပ်မတော်က အာဏာသိမ်းခဲ့ကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့(န၀တ)အစိုးရ (နောင်တွင် နိုင်ငံတော်အေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ/နအဖ) အဖွဲ့များ ဖြင့် နိုင်ငံကို ၂၀၁၀ အထိ (၂၂)နှစ်အုပ်ချုပ်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံဝယ် အောင်မြင်သော စစ်အာဏာ သိမ်းမှု နှစ်ကြိမ်သာရှိခဲ့သော်လည်း ပထမအကြိမ်တွင် (၂၆)နှစ်ကြာ အာဏာကိုဆုပ်ကိုင်ခဲ့ပြီးခဲ့ပြီး ဒုတိယ အကြိမ်တွင် (၂၂)နှစ်ကြာကာ စုစုပေါင်းစစ်အာဏာရှင်လက်အောက်တွင် မြန်မာနိုင်ငံသည် (၄၈)နှစ် ကြာမြင့် ခဲ့ရပါတော့သည်။

ဦးနုပြောခဲ့သလိုပင် စစ်အာဏာသိမ်းသည်ဆိုခြင်းမှာ မည်သည့်အကြောင်းကြောင့် အာဏာသိမ်းသည်ဖြစ်စေ စစ်တပ်အတွက်လည်း နာမည်ပျက်စေပြီး တိုင်းပြည်အတွက်လည်း နာမည်ပျက်စေပါသည်။ စစ်အာဏာရှင် ခေတ်အောက်တွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးတိုးတက်လာသည်က ရှားပါသည်။ အဖက်ဖက်မှ ချွတ်ခြုံကျခဲ့သည်က များပါသည်။ ထိုစဉ်က နိုင်ငံခြားတိုင်းပြည်များသို့သွားလျှင်ပင် မြန်မာပြည်မှဆိုသည်နှင့် မျက်နှာငယ်ကြရသည်။ အာဏာသိမ်းထားသော အစိုးရမို့ နိုင်ငံခြားတိုင်းပြည်များကလည်း မလေးစားကြပေ။

စီးပွားရေးပိတ်ဆို့မှုများကိုလည်းခံရသဖြင့် တိုင်းပြည်စီးပွားရေးမှာလည်း သဘာဝသယံဇာတများကို တရုတ်သို့ ဈေးပေါပေါဖြင့်ရောင်းချခြင်းမှတပါး လောက်လောက်လားလား အခြားစီးပွားရေး ဘာမှမရှိချေ။ ထို့ကြောင့် အာဏာသိမ်းသည်ဆိုလျှင်ဖြင့် ပြည်သူလူထုက မရှုမလှခံထားရသဖြင့် ကြောက်ရွံ နေချေပြီ။ ထိုအချိန်တွင် အရပ်သားအစိုးရတက်လာပြီဆိုသော်ငြား တပ်မတော်က အာဏာသိမ်းမှာကို ပြည်သူလူက အကြောက်ကြီး ကြောက်နေကြပေသည်။ တူရကီက လူတွေ စစ်အာဏာသိမ်းတာကို အလိုမရှိသလိုမျိုး၊ ထိုင်းကလူတွေ စစ်အုပ်ချုပ်ရေးကိုမလိုလားကြသလိုမျိုး၊ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု တဖန်ပြန်ဖြစ်လာမှာကို ပြည်သူ လူထုအားလုံးက မလိုလားပါ။ တတ်နိုင်လျှင် နိုင်ငံရေးနှင့်စီးပွားရေးမှ တပ်မတော်ထွက်ခွာသွားသည်ကိုသာ မြင်လိုပါသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်ပြောခဲ့သလို တပ်မတော်က စစ်တန်းလျားသို့ ပြန်သွားတာကိုပဲ မြင်လို တွေ့လိုလှပါသည်။ ထိုသို့ဖြစ်ဖို့ဆိုလျှင် အရပ်ဘက်စစ်ဘက်ဆက်ဆံရေးကောင်းဖို့ လိုအပ်ပါသည်။ ထို့ကြောင့် အဓိပ္ပာယ်ရှိလှသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဓာတ်ပုံကို သတင်းစာမှာတွေ့ တော့ ၀မ်းသာမိခြင်းဖြစ်သည်။ ဓာတ်ပုံထဲမှာ ချစ်ကြည်ရုံမျှမက အပြင်တွင်ပါ ချစ်ခင်ရင်းနှီးကြပြီး စစ်မှန်သော ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်လျှောက် လှမ်းနိုင်ကြပါစေသတည်း။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


တစ်ယောက်ကို တစ်ယောက် မုန်းစေတဲ့ စကားလုံးတွေ..ပြစ်တင်ရှုံ့ချ ကြမ်းတမ်းသောစကားလုံးတွေ hate speech ပေါ့ ..

အမုန်းတရားကို အရမ်းပွားများအောင် လုပ်တဲ့အလုပ်တွေ

ဒီလိုအလုပ်မျိုးတွေကို ရေးကြ သားကြ အားပေးကြ

ဒီကြားထဲ တချို့က ဒီလိုလုပ်တာကို share လုပ်တဲ့လူတွေကလည်း လုပ်ကြ

like လုပ်တဲ့လူတွေကလည်း လုပ်ကြ

မီးလောင်ရာကို လေပင့်နေတာနဲံ တူတူပဲ ။

- ဦး ဇာဂနာ

ဇူလိုင် ၂၀၊ ဂျာကာတာ- စမတ်ဖုန်းဂိမ်းက လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ စစ်တပ်အကြီးအကဲက သတိပေး ပြောကြားနေချိန်မှာပဲ အင်ဒိုနီးရှားအစိုးရက ရဲတပ်ဖွဲ့ဝင်တွေကို အလုပ်ချိန်အတွင်း ပိုကီမွန်ဂိုး ဂိမ်းမကစားကြဖို့ အမိန့်ထုတ်ခဲ့ပြီး စစ်တပ်တပ်ဖွဲ့ဝင်တွေကိုလည်း မကြာခင်မှာညွှန်ကြားသွားမှာဖြစ်တယ်လို့ဗုဒ္ဓဟူးနေ့က အရာရှိတွေကပြောကြား ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်က ပိုကီမွန်ဂိုးဂိမ်းကိုစတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကစပြီး ကမ္ဘာတလွှားမှာ သည်ဂိမ်းကို ဆော့သူတွေများပြားလာနေပြီး အင်ဒိုနီးရှားပြည်သူတွေကလည်း သည်ဂိမ်း ကို စွဲလမ်းသူတွေထဲမှာ ပါဝင်လာနေပါတယ်။ သည်ဂိမ်းက ကမ္ဘာတလွှားက မြို့တွေမှာ ရာဇဝတ်မှုတွေ၊ ယာဉ်စည်းကမ်းချိုးဖောက်မှုတွေနဲ့ တိုင်တန်းချက်တွေ ထွက်စေတယ် လို့အစောပိုင်းကတည်းကပြစ်တင်ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

အခုလက်ရှိမှာ ပိုကီမွန်ဂိုးဂိမ်းကို အင်ဒိုနီးရှားမှာ တရားဝင်အသုံးပြုခွင့်မရသေးပေမယ့်လည်း အများစုကတရားမဝင် ဒေါင်းလုဒ် ဆွဲပြီးကစားနေသလို ပိုကီမွန် အကောင်လေးတွေ ရဲ့ပုံရိပ်ယောင်တွေကို လမ်းတွေပေါ်မှာ လိုက်လံဖမ်းဆီးနေကြပါတယ်။

မြင့်မားတဲ့နည်းပညာစွမ်းဆောင်ရည်တွေကို သူလျှိုထောက်လှမ်းမှုမှာ အသုံးပြုလာနိုင်တယ်လို့အရာရှိတွေက သုံးသပ်မှုတွေနဲ့အတူ လုံခြုံရေးတပ်ဖွဲ့ကထိပ်တန်းအရာရှိ တွေကြားမှာ သည်ဂိမ်းရဲ့ လူကြိုက်များမှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။

“လျှို့ဝှက်ထောက်လှမ်းမှုက ပုံစံအမျိုးမျိုးနဲ့ရောက်လာနိုင်ပါတယ်။ ပထမတော့ ပိုကီမွန်ဂိုး ဂိမ်းကချစ်စရာကောင်းပေမယ့် ရေရှည်မှာတော့သည်အတိုင်းမမှန်နိုင်တော့လောက် ဘူးလေ” လို့ တရားသေသမား ကာကွယ်ရေး ဝန်ကြီး ရိုင်ယာကူဒူ ကပြောပြပါတယ်။

သည်တားမြစ်အမိန့်က ဂိမ်းကစားရာမှာအသုံးပြုတဲ့ကိရိယာတွေက နိုင်ငံရဲ့သတင်းအချက်အလက်တွေကို အင်တာနက်ကတဆင့်တခြားနိုင်ငံတွေဆီကို ရောက်ရှိသွားစေမှာကို စိုးရိမ်နေတယ်ဆိုတာကိုပြသနေပါတယ်။

ပြင်သစ်အမျိုးသားတစ်ဦးဟာ ပိုကီမွန်ဂိုး ဂိမ်းကစားနေတုန်း ဂျာဗားကျွန်းပေါ်မှာရှိတဲ့ စစ်အခြေစိုက်စခန်းကို အမှတ်တမဲ့ ဝင်ရောက်လေ့လာခဲ့မိတာကြောင့် ခဏတာချုပ်နှောင် ခံခဲ့ရပြီးတဲ့နောက်မှာ အခုလိုကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

တာဝန်ချိန်အတွင်း ပိုကီမွန်ဂိုး ဂိမ်းမကစားရဘူးလို့ တားမြစ်လိုက်တဲ့အမိန့်ကို နိုင်ငံတလွှားမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အင်္ဂါနေ့ကတည်းကလက်ခံရရှိခဲ့တာဖြစ်ပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေ သည်ဂိမ်းကို စွဲလမ်းလာမှာကို စိုးရိမ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဆိုတာက ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ပေးနေသူတွေဖြစ်တာကြောင့်ဂိမ်းကို စွဲလမ်းတာမျိုး မဖြစ်စေချင်ဘူး။ ရဲအလုပ်က ကြိုးကြိုး စားစားလုပ်ရသလို အာရုံလည်းစိုက်ရတယ်။”လို့အမျိုးသား ရဲတပ်ဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဘွိုင်းရာဖလီအမ်မာ ကပြောကြား ခဲ့ပါတယ်။

အကြမ်းဖက်ခြိမ်းခြောက်မှုတွေ နဲ့ပတ်သက်ပြီး သတိကြီးကြီးထားကြဖို့လည်း ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားထား တယ်လို့လည်းသူကပြောပြပါတယ်။

ဂိမ်းထဲက ပိုကီမွန်ဇာတ်ကောင်လေးတွေကို ဖမ်းဖို့နဲ့ တိုက်ပွဲမှာတိုက်ခိုက်နိုင်အောင်လေ့ကျင့်သင်ကြားပေးဖို့ ဂိမ်းကစားသူတွေကို စိန်ခေါ်နေမှုတွေနဲ့အတူ တကယ့်ပြင်ပ ကမ္ဘာဆီကို ကာတွန်းဇာတ်ကောင်လေးတွေကို ခေါ်ယူနိုင်ဖို့ ပိုကီမွန်ဂိုးဂိမ်းကစားသူတွေဟာ စမတ်ဖုန်းရဲ့ဂြိုလ်တု တည်နေရာ၊ ဂရက်ဖစ် နဲ့ ကင်မရာရဲ့ စွမ်းဆောင်ရည်တွေလို အပ်ပါတယ်။

မအေးသီမွန်

Ref: AFP ( July 20, 2016 )
Kumudra

တနင်္သာရီတိုင်း ဒေသကြီးအား မြန်မာနိုင်ငံ၏ “ဆီအိုး” အဖြစ် ဖော်ဆောင်ရန် ၁၉၉၉ တွင် စတင်ခဲ့သည့် နှစ် ၃၀ စီမံကိန်းမှာ ပြသ၁နာများစွာနှင့် ရင်ဆိုင်နေရသည်။ တနင်္သာရီတိုင်းဒေသကြီး အတွင်း ဆီအုန်းစိုက်ဧက ၅၀၀၀၀၀ အထိ စိုက်ပျိုးရန် ယခင် စစ်အစိုးရက ရည်မှန်းထားပြီး နိုင်ငံလူဦးရေ သန်း ၈၀ ခန့်ရှိလာနိုင်သည့် ၂၀၃၀ တွင် စိုက်ဧက ၇၀၀၀၀၀ အထိ တိုးချဲ့ရန် စီစဉ်ခဲ့သည်။

စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်အား ဖြည့်ဆည်းရန် ဖြစ်သော်လည်း စိုက်ပျိုးမြေတိုးချဲ့ရာတွင် ဒေသခံများ၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆီအုန်းစီမံကိန်းမှာ ပြည်တွင်းစားသုံးမှု လိုအပ်ချက် ဖြည့်ဆည်းရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် ရည်ရွယ်၍ စစ်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် စီမံကိန်းအတွက် သင့်လျော်မှန်ကန်သည့် သုတေသနပြုမှုများ မပြုလုပ်ခဲ့သဖြင့် လက်ရှိစိုက်ပျိုးပြီး ဒေသများတွင် အထွက်နှုန်းမှာ မျှော်မှန်းထားသည်ထက် နည်းပါးလျက်ရှိပြီး စီမံကိန်းအတွက် မြေနေရာ အသုံးပြုမှုတွင်လည်း ဒေသခံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။ ကော့သောင်း၊ ထားဝယ်နှင့် မြိတ် မြို့နယ်များတွင် ဆီအုန်းဧက ငါးသိန်း စိုက်ပျိုးရန် ရည်ရွယ်ခဲ့သော်လည်း ထိုပမာဏ၏ ၃၆ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်ခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Fauna and Flora International ၏ မကြာခင်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ အဆိုပါ သုံးမြို့နယ်တွင် ဆီအုန်းစိုက်ပျိုးရန် ကုမ္ပဏီ ၄၄ ခုအား အစိုးရက ဧက တစ်သန်းကျော်အထိ ခွင့်ပြုထားသော်လည်း လက်တွေ့စိုက်ပျိုးသည့် ကုမ္ပဏီ ငါးခုသာရှိသည်ဟု ဆိုသည်။

အစီရင်ခံစာတွင် စီမံကိန်းမြေနေရာအား မြေပုံပေါ်တွင် ကြည့်၍ ခွင့်ပြုခြင်းထက် တာဝန်ရှိသူတစ်ဦးက လက်တွေ့ကွင်းဆင်း စစ်ဆေးပြီးမှ ခွင့်ပြုသင့်သည်ဟု ဆိုသည်။ ထို့အပြင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီသည် စိုက်ပျိုးမြေနေရာတွင် သစ်တောရှင်းလင်းပြီးလျှင်ပြီးချင်း ဇီဝစနစ် မပျက်စီးစေရန် ဆီအုန်းစိုက်ပျိုးခြင်းကို ချက်ချင်း စတင်သင့်သည်ဟု ဖော်ပြထားသည်။

ဆီအုန်းစိုက်ပျိုးခြင်းကို တားဆီးရန် မဖြစ်နိုင်သော်လည်း စနစ်တကျ ဆောင်ရွက်ရမည်ဟု FFI ကဆိုသည်။ ယခင် စစ်အစိုးရလက်ထက် ဆီအုန်းစီမံကိန်းများ ခွင့်ပြုရာတွင် လက်တွေ့ကွင်းဆင်း လေ့လာခြင်းမရှိဘဲ ဗဟိုအစိုးရကသာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု သစ်တောဌာန၀န်ထမ်းဟောင်းတစ်ဦးက ပြောကြားခဲ့သည်။

FFI ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဖရန့်မွမ်ဘာ့ဂ်က “စိုက်ခင်းအများစုဟာ အစဉ်အလာ တန်ဖိုးမြင့်မားတဲ့ သစ်တောတွေကို ဖယ်ရှားပြစ်တဲ့အပြင် ကုမ္ပဏီ အများအပြားဟာ လုပ်ကိုင်ခွင့်ရထားတဲ့ နယ်မြေထက် ပိုပြီး သစ်တောတွေ ရှင်းလင်းခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

စီမံကိန်းတွင် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မျိုးရွေးချယ်ခြင်းအား စနစ်တကျ ပြုလုပ်ရန် ယခင် စစ်အစိုးရက စိတ်ဝင်စားခြင်းမရှိဘဲ သုတေသနလုပ်ငန်းမှာ ကန့်သတ်ချက်များစွာ ကြုံတွေ့ခဲ့ရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံ၏ အနောက်ဆုံးကျန်ရှိသည့် မြေနိမ့်ပိုင်း မိုးသစ်တောကို ကာကွယ်ရန် ခိုင်မာသည့် မူဝါဒများချမှတ်ပြီးချိန်နှင့် စီမံကိန်း၏ သက်ရောက်မှုအား ပိုမိုပြည့်စုံစွာ သုတေသနပြု သိရှိချိန်အထိ ဆီအုန်းစိုက်ခင်း တိုးချဲ့ခြင်းကို ရပ်တန့်ထားရန် အစိုးရသစ်အား FFI က တောင်းဆိုထားသည်။

KHTun

The Ladies News Journal

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံစဉ် ( နိုဝင်ဘာလ ၁၄ ရက် ၂၀၁၄)
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံစဉ် ( နိုဝင်ဘာလ ၁၄ ရက် ၂၀၁၄)

ပထမ ရက်ပေါင်း (၁၀၀)အတွင်း မြန်မာအစိုးရသစ်အနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ လုပ်ဆောင် နိုင်ခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောကြား လိုက်ပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်း စုကြည်ကို အိမ်ဖြူတော် အလည်လာဖို့ သမ္မတအိုဘားမားရဲ့ ဖိတ်ကြားမှုဟာ မြန်မာနဲ့ ဆက်ဆံရေးကို သမ္မတအိုဘားမားရော၊ အမေရိကန်ပြည်ထောင်စုကပါ တန်ဖိုး ထားတယ်ဆိုတာ ပြသတာဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်အတွင်း အမေရိကန်နိုင်ငံဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေးနှင့် အမျိုးသား လုံခြုံရေး ဒုတိယအကြံပေး Ben Rhodes ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာခေါင်းဆောင်တွေ နဲ့တွေ့ဆုံခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရှေ့လာမယ့် လတွေအတွင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကိုမြန်မာ ခေါင်းဆောင်တွေ အလည်လာဖို့ သမ္မတအိုဘားမားရဲ့ ဖိတ်ကြားလွှာကို ဒေါ်အောင်ဆန်းစုကြည်ကို Ben Rhodes ကပေးအပ်ခဲ့ ပါတယ်။ ဒီဖိတ်ကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာနဲ့ ပတ်သက်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးပြောခွင့်ရ ပုဂ္ဂိုလ် Myles Canggins က ဗွီအိုအေကို အခုလိုပြောပါတယ်။

“အခုလို မြန်မာခေါင်းဆောင်တွေ တရားဝင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာရောက်လည်ပတ်မယ့်ကိစ္စဟာ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးကို ကြိုပြီးတော့ အထောက်အကူပေးပါတယ်။ သမ္မအိမ်ဖြူတော်ကို လာ မယ့် မြန်မာခေါင်းဆောင် တွေကို ကြိုဆိုဖို့ သမ္မတအိုဘားမား က မျှော်လင့်နေတာပါ။”

၂၀၀၉ခုနှစ် သမ္မတတာဝန်ထမ်းဆောင်ခဲ့ချိန်ကတည်းကစပြီး သမ္မတအိုဘားမားဟာ အာရှပစိဖိတ်နိုင်ငံတွေနဲ့ အမေရိကန် ဆက်ဆံရေး ပြန်ပြီးထိန်းညှိုဖို့ ကိစ္စဟာ သူရဲ့ဦးစားပေးအစီအစဉ်တခုဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း အာရှခေါင်းဆောင်တွေ အထူးသဖြင့် မြန်မာအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံကတွေက ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်ရေးနွေးထွေးဆက်ဆံမှုကို သမ္မတအိုဘားမားက တည်ဆောက်ခဲ့ကြောင်း Myles Canggins ကပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးမှာ သမ္မတအိုဘားမားဘက်က အထူးအလေးထားတာနဲ့ပတ်သက်လို့လည်း သူကအခုလိုပြောပါတယ်။

“သမ္မတအိုဘားမားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အခွင့်အလမ်းနှစ်ကြိမ်လောက်ရခဲ့ပါတယ်။ အခု Ben Rhodes ကတဆင့် ဖိတ်ကြားတာဟာ တိုးတက်လာနေတဲ့ မြန်မာနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ရော သမ္မတအိုဘားမား ကိုယ်တိုင်ပါ ဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။ ဒီလို အမေရိကန်သမ္မတကိုယ်တိုင် အလေးထားဖိတ်ခေါ်မှုဟာ အတော်ရှားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ် အတွင်း မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုအားလုံးကို အမေရိကန်အစိုးရက ရုပ်သိမ်းပေး ဖို့ရှိမရှိမေး မြန်းရာမှာတော့---

“မြန်မာအစိုးရသစ်အနေနဲ့ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး တွေမှာ ပိုမိုကောင်းမွန်လာအောင် ထင်ထင်ရှားရှားဆောင်ရွက်နိုင်တဲ့အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာလည်း အရှိန်မြှင့် ဆောင်ရွက်နေသလို အုပ်ချုပ်ရေးကဏ္ဍနဲ့ လူအခွင့်အရေးကို လေးစား ကာကွယ်ရေးတို့မှာ တိုးတက်မှုရှိအောင်လုပ်ကိုင်နေပြီး လူထုအခြေပြုအဖွဲ့အစည်းတွေကိုလည်း ပံပိုးကူညီနေတာပါ။ခေါင်းဆောင်သစ်တွေ တက်လာပြီးတဲ့နောက် ပထမရက်ပေါင်း (၁၀၀)အတွင်း မြန်မာအစိုးရသစ်ရဲ့ စွမ်းဆောင်ချက်တွေမှာ ကြီးမားတဲ့ အောင်မြင်မှုတွေလုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန်အစိုးရက ယူဆပါတယ်။

အစိုးရသစ်ရဲ့ ကြိုးပမ်းမှုကို ထောက်ခံတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှု တွေကို ကူညီအားပေးမှုအဖြစ် မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို လျော့ချတဲ့ ပြင်ဆင်မွမ်းမံချက်ကို အမေရိကန်အစိုးဘက်က မေလ (၁၇)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း အရင်အစိုးရလက်ထက်မှာ ဒီမိုကရေစီ အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့တွေပိုပြီး အားကောင်းလာအောင် USAID ကနေတဆင့်အမေရိကန်ဒေါ်လာ (၁၈)သန်းကျော် ထောက်ပံခဲ့ပါတယ်။”

ဒါအပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရည်ရွယ်ချက်တွေနဲ့ ငြိမ်းချမ်းရေးညီလာခံကို သြဂုတ်လမှာကျင်းပဖို့ အစိုးရက စီစဉ်နေကြောင်းနဲ့ ဒီညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တက်ရောက်မှာဖြစ် တာကြောင့် မြန်မာနိုင်ငံက ခေါင်းဆောင်တွေအားလုံးရဲ့ ကြိုးပမ်း အားထုတ် မှုတွေကို အမေရိကန်အစိုးရက ချီးကျူး ဂုဏ်ပြုပါကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးပြောခွင့်ရ ပုဂ္ဂိုလ် Myles Canggins က ဗွီအိုအေကို ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စုလာမယ့် ခရီးစဉ် အချိန်ဇယား ကိုတော့ သမ္မတအိမ်ဖြူတော်ကနေ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
VOA Burmese News



Munich ပစ်ခတ်မှု အသေအပျောက်ရှိ သေနတ်သမားတွေ လွတ်နေဆဲ (သတင်းဓာတ်ပုံများ)
ဂျာမဏီနိုင်ငံ Munich မြို့ဈေးရုံကြီးတခုမှာ သောကြာနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး အသေအပျောက်တွေ ရှိခဲ့ပါတယ်။ Munich မြို့ Olympia ဈေးအဆောက်အဦးထဲမှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကြောင့် လူတချို့သေဆုံးပြီး အများအပြား ဒဏ်ရာရရှိတယ်လို့ ဂျာမန် မီဒီယာတွေမှာ ဖေါ်ပြနေပါတယ်။


လူတွေအိမ်ထဲမှာပဲနေကြဖို့နဲ့ အပြင်ထွက်တယ်ဆိုရင်လဲ လူစည်ကားတဲ့နေရာတွေကိုရှောင်ကြဖို့ ဒါမှမဟုတ် လုံခြုံတဲ့နေရာတွေမှာ အကာအကွယ်ယူနေကြဖို့ Twitter နဲ့ facebook တွေမှာ ရဲဘက်က အကြံပေးချက်တွေ မကြာခဏ ထုတ်လွှင့် ဖေါ်ပြနေပါတယ်။


သေနတ်သမား ဒါမှမဟုတ် သနတ်သမားတွေ လွတ်မြောက်နေဆဲဖြစ်ပြီး မျက်မြင်သက်သေတွေက လက်နက်ကိုင်ထားသူ ၃ ယောက်တွေ့လိုက်ရတယ်လို့ ဆိုကြောင်း ရဲဘက်ကပြောပါတယ်။ ဗွီဒီယိုတခုတည်းမှာတော့ သေနတ်ကိုင်ထားတဲ့ အမျိုးသားတဦးကို McDonald ဆိုင်ရှေ့မှာ တွေ့ရပြီး၊ မောင်းပြန်သေနတ်သံတွေ စတင် ထွက်လာတာနဲ့ တပြိုင်နက် ဗွီဒီယိုရိုက်ကူးသူ ထွက်ပြေးခဲ့ရပါတယ်။


Munich မြို့တခုလုံး ရဲတွေ အနှံ့အပြားမှာ လုံခြုံရေးတာဝန်ယူထားကြပါတယ်။ အခုပစ်ခတ်မှုဟာ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။ ၁၇ နှစ်သားအရွယ် အာဖဂန်ဒုက္ခသည်တဦး ပြီးခဲ့တဲ့ သောကြာနေ့က ရထားပေါ်မှာ ပုဆိန်နဲ့ ခရီးသည်တချို့ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီး တပတ်အကြာမှာ အခု ပစ်ခတ်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အခုအချိန်ထိသေဆုံးသူ ၆ ဦးရှိပြီဖြစ်ပါတယ်။ သမ္မတ အိုဘားမားက ဒီအတွက် ၀မ်းနည်းကြောင်း ပြောကြားပြီး ဂျာမနီ လိုအပ်တဲ့ အကူအညီ အားလုံးကိုပေးမယ်လို့လဲ ကတိပြုလိုက်ပါတယ်။

နောက်ပိုင်းအခြေအနေကို ဆက်လက်ဖေါ်ပြသွားမှာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဂျာမနီ မြူးနစ်မြို့ လုံခြုံရေး တင်းကြပ်
ဇူလိုင်လ ၂၂ ရက် မနေ့ ညနေပိုင်း က ဂျာမနီ နိုင်ငံ မြူးနစ်မြို့ရှိ ဈေးအဆောက်အအုံ ကြီးတခု ဖြစ်တဲ့ အိုလံပီယာ ရှော့ပင်း စင်တာ ထဲမှာ ဘယ်သူ ဘယ်ဝါမှန်း မသိရသေး တဲ့ သေနတ်သမား တွေ ဝင်ရောက် ပစ်ခတ်မှု ကြောင့် အနည်းဆုံး လူရှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါတယ်။ သောကြာနေ့ ညနေပိုင်း ဖြစ်လို့ မိသားစုတွေ အလိုက် ရော အလုပ်မှ ပြန်လာ သူ တွေ ပါ အိမ် ပြန် ဈေးဝယ်ကြတဲ့ အတွက် ဈေးရုံ ထဲမှာ လူစည်ကားနေတာပါ။ သေနတ်သံတွေ ထွက်လာတာနဲ့ ဈေးရုံ လုံခြုံရေး ဝန်ထမ်းတွေ က အဝင်တံခါးဝတွေ ကို ချက်ချင်းပိတ်လိုက်တဲ့ အကြောင်း မျက်မြင် ဈေးဝယ်တဦး က ပြောပါတယ်။

ဈေးဝယ်သူတွေဟာ သေနတ်ပစ်ခတ်မှု ဖြစ်လို့ ဆိုတာ ကို ကြားတာနဲ့ ကြောက်ရွံ့ တုံလှုပ်နေ ပြီး လူတွေလည်း အလန့်တကြား အော်ပြီး ထွက်လာ ကြတဲ့ အကြောင်း၊ လုံခြုံရေး တွေ က လည်း အပေါ်ထပ် ဘေးကင်းရာ အထပ်ငါးထပ် မှာ သွားနေကြဖို့ ပြော သလို ဒီ အဆောက်အအုံ ထဲကလည်း မထွက်ဖို့ ပြောလို့ ဈေးဝယ်ထွက်တဲ့ လူပေါင်း၁၅၀ ဟာ အပေါ်ထပ်မှာ စုနေကြပါတယ် လို့ ကိုယ်တွေ ကြုံသူ က ဆိုပါတယ်။

အခင်း ဖြစ်ပွားတဲ့ နေရာဆီ မရှေးမနှောင်း မှာ ရောက်လာတဲ့ ရဲဝန်ထမ်းတွေ လည်း ဈေးရုံ ကားရပ်တဲ့ အထပ်တွေ မှာရော၊ ပြင်ပ နေရာ မှာ နေရာယူပြီး သေနတ်သမားတွေ ကို လိုက်လံရှာဖွေ ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္လာ နေ့ကပဲ ဘာဗေးရီးယား ခရီးသည်တင် ရထားပေါ် မှာ အာဖဂန်လူငယ်တဦး က ပုဆိန်နဲ့ ရော ဓါး နဲ့ ပါ ခရီးသည်တွေ ကို တိုက်ခိုက် လို့ ၅ ဦး ဒဏ်ရာ ရခဲ့ အတွက် ဂျာမနီ ရဲ လုံခြုံရေး တွေ ဟာ တပ်လှန့်ထား တဲ့ အနေအထား မှာ ရှိနေစဉ် မှာပဲ အခု ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အခုတော့ သေနတ်သမား သုံးဦး လို့ ယူဆသူတွေ ကို ဖမ်းမိအောင် ရဲတွေ က မြို့တွင်း ကားအသွားအလာလမ်းတွေ၊ ရထား ခရီးစဉ်တွေ ပါ ပိတ်ထားလိုက်ပါပြီ။ လူတွေ ကိုလည်း အပြင် မထွက်ဖို့ မီဒီယာ သတင်းတွေ က တဆင့် မှာကြား လိုက်ပါပြီ။ အပြင် ရောက်နေသူတွေ ကို အိမ်ပြန်နိုင်ရေး လည်း စီစဉ် ပို့ဆောင် ပေးပါတယ်။

ရဟတ်ယာဉ်တွေ လည်း မြူးနစ်မြို့ တခွင် ပျံဝဲနေပါတယ်။ အထူးတပ်ဖွဲ့ဝင်တွေ နဲ့ ရဲ အဖွဲ့ပူးပေါင်းပြီး သေနတ်သမားတွေ ကို အပူတပြင်း ရှာနေကြပါတယ်။

မြူးနစ်ရဲ အဖွဲ့ မှ သတင်းစာရှင်းလင်းပွဲ မှာ ပြောခွင့်ရ အရာရှိ ကလည်း ရဲ ဘက် က ယူဆ တာ ကတော့ အကြမ်းဖက်တိုက်ခိုက်မှု လို့ ပဲ သုံးသပ် လို့ အရေးယူ ဆောင်ရွက်စရာတွေ ကို ရော သတင်းအချက် အလက်တွေ ကိုပါ အဆင့်အမြင့်ဆုံး ထားပြီး ဆောင်ရွက်နေတဲ့ အကြောင်း၊ ဒီဂျာမနီ နိုင်ငံထဲမှာ ရော ဥရောပ မှာပါ အကြမ်းဖက် တိုက်ခိုက်မှု တွေ ပေါ်ပေါက်နေလို့ လုံခြုံရေး တပ်လှန့် ထားပါတယ် လို့ ရှင်းပြ ပါတယ်။

BBC Burmese
http://www.bbc.com/burmese



အစိုးရ တပ်မတော် စစ်သားများ စစ်ရေးပြနေစဉ်
မြစ်ကြီးနားမြို့မှာ စစ်သား တယောက် ရဲ့ သေနတ်ကျည်ဆံမှန်လို့ သေဆုံးခဲ့ရတဲ့ မောင်ဂွမ်ဆိုင်းအောင် ရဲ့ ဖခင် က သူ့သား က စစ်သားဆီ က သေနတ်လုတယ် ဆိုတဲ့အချက် ဟာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ပြောဆိုကာ တရားမျှတမှု ကို ဖော်ထုတ် ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့တုန်းက စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က သတင်းစာရှင်းလင်းပွဲ မှာ အဲဒီ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား ဂွမ်ဆိုင်းအောင် နဲ့ တပ်မတော် က တပ်သား လုံးလားထွေးလား ဖြစ်ပြီး အဲဒီ ကျောင်းသား က သေနတ်လုရင်း ကျည်ဆံထွက်ကာ သေဆုံးသွားတာဖြစ်ကြောင်း၊ စစ်သား ဖက် က ရည်ရွယ်လုပ်ဆောင်တာ မဟုတ် ကြောင်း ပြောကြားသွားပါတယ်။

မောင်ဂွမ်ဆိုင်းအောင်ရဲ့ ဖခင် ဖြစ်သူ ဦးဂေးဝါ က စစ်တပ်ဘက် က ရှင်းလင်းချက်ကို မဖြစ်နိုင်ကြောင်းပြောပြီး ပယ်ချခဲ့ပါတယ်။

အခုအချိန်အထိ စစ်တပ်ဘက် က ကာယကံရှင်မိသားစု အိမ်ကို အကြောင်းကြားတာ၊ စုံစမ်းတာမျိုးမရှိသလို တရားမျှတမှု ရဖို့ အမှု ကလည်း ဘယ်လိုဖွင့်ရမှန်း မသိ ကြောင်းဘီဘီစီ ကို ပြောပါတယ်။

အဲဒီအမှု ကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ တယောက် က ရဲ က အမှု ကို အခုမှ တည်ဆောင်တုန်း လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က သူတို့ စစ်ဘက်တရားရေး စနစ်နဲ့ အဲဒီ တပ်သား ကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

BBC Burmese
http://www.bbc.com/burmese


ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်တွင်ဖြစ်ပွားလျှက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါများတွင် ပြင်း ထန်ကူးစက်မြန် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ရောဂါကာကွယ်ရေး၊ ကုသ ရေးလုပ်ငန်းများအား တင်းတင်းကျပ်ကျပ် တိုးမြှင့်လုပ်ဆောင်နေကြာင်း ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီး မှ သိရှိရသည်။

အဆိုပါရောဂါပိုးတွေ့ရှိကြောင်းအဖြေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း(ရန်ကုန်)ထံမှ ဇူလိုင် ၂၁ ရက်က လက်ခံရရှိခဲ့ပြီးနောက် ပြည်ခရိုင်အဆင့် အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၊ လူမှုအအသင်းအဖွဲ့များအား အသိပေးအကြောင်းကြားကာ ရောဂါကာကွယ်ရေး၊ ကု သရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၉ ရက်နေ့ကတည်းကစပြီး ကျွန်တော်တို့ပြည်ဆေးရုံကြီးကို ဝမ်းပျက်ဝမ်းလျောလူနာတွေ တိုးမြင့်ပြီးတော့ တက်လာတာကိုတွေ့ရပါတယ်။ ထူးထူးခြားခြားဝမ်းပျက်ဝမ်းလျှောနဲ့ သွေးပေါင်ကျပြီးတော့ လာတဲ့လူနာတွေကို တော်တော်များများတွေ့လာတယ်။ ပြင်းထန်ကူးစက်မြန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နိုင်တယ်လို့ သံသယဖြစ်မိ ပါတယ်။ ဒါကြောင့် ရောဂါရှာဖွေရေးအထူးကုတွေနဲ့ပေါင်းစပ်ပြီးတော့ ဓာတ်ခွဲစစ်ဆေးပါတယ်။ စစ်ဆေးတော့ သံယယဖြစ်ဖွယ်အဖြေထွက်ပါတယ်။ ဒါကြောင့် ဒီထက်သေချာအောင်ဆိုပြီးတော့ ဝမ်းနမူနာကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်း(NHL)ကိုပို့ပါတယ်။ ရောဂါပိုးတွေ့ရှိကြောင်း Confirm ဖြစ်တဲ့ အဖြေပို့တာကို ၂၁ ရက် နေ့မှာ လက်ခံရရှိပါတယ်”ဟု ပြည်မြို့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဦးတင့်ရွှန်းကပြောသည်။

ပြည်ဆေးရုံကြီးသို့ ဇူလိုင် ၉ ရက်မှ ဇူလိုင် ၂၂ ရက်အထိတက်ရောက်ကုသသော ဝမ်းပျက်ဝမ်းလျှောလူနာ(၉၆) ယောက်ထိရှိနေပြီး လူနာများအနက်မှ ထက်ဝက်ခန့်မှာ ပြင်းထန်ကူးစက်မြန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား နေသူများဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ပြည်ခရိုင်ရှိ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအထိ ပြည်သူ့ကျန်းမာရေးကုသမှုအဖွဲ့များနှင့် ပူး ပေါင်းကာ ရွေ့လျားကုသခြင်းအစီအစဉ်များဖြင့်ကုသခြင်း၊ အိမ်တိုင်ရာရောက် ရေများသို့ကလိုရင်းခတ်ပေးခြင်း၊ စည်ပင်နှင့် ပူးပေါင်း၍ မြစ်ရေပေးဝေမှုစနစ်တွင် ကလိုရင်းခတ်ပေးခြင်းများပြုလုပ်လျှက်ရှိကြောင်း ပြည်မြို့အ ထွေထွေရောဂါကုဆေးရုံကြီးမှသိရသည်။

“ပြီးခဲ့တဲ့တစ်ပါတ်လောက်က ဖိုးခေါင်အပိုင်း(၁)က ဝမ်းပျက်ဝမ်းလျှော(၇)ယောက်စလုံးဆင်းလာတယ်။ (၃) ယောက်ကတော့ ဆေးရုံမှာကျန်ခဲ့တယ်။ အနောက်လက်ခုပ်ပင်ဘက်မှာ ဆက်ပြီးတော့ဖြစ်တယ်။ သွေးပေါင်ချိန် သုညရောက်သွားလို့ ဆေးရုံကြီးကိုတင်လိုက်ရတာရှိတယ်။ အဲဒီအချိန်မှာလည်း သူတို့ရဲ့အသက်အန္တရာယ်က ဘယ်အတိုင်းအတာရှိနေတယ်ဆိုတာ ပြောလို့မရသေးဘူး။ ဆေးရုံကြီးကပြောမှသိရမှာ။ အခုကတော့ ကျွန် တော်တို့နယ်မြေကျန်းမာရေးမှူးက အိမ်မှာအထိုင်တစ်ခုဖွင့်ထားပြီး ရွာရဲ့အခြေအနေကို စောင့်ကြည့်ရတဲ့ အနေ အထားမှာရှိနေတယ်”ဟု ပြည်မြို့၊ နဝင်းနယ်မြေမှ ကိုကျော်ကျော်ဦးကပြောသည်။

အဆိုပါရောဂါများမှာ အစားအသောက်၊ ယင်ကောင်၊ ရေနှင့် လက်တို့မှတဆင့်ကူးစက်နိုင်ပြီး သန့်(၄)သန့်ဖြစ် သော အစာသန့်၊ ရေသန့်၊ လက်သန့်၊ အိမ်သာသန့်လုပ်ငန်းစဉ်များလည်းဆောင်ရွက်လျှက်ရှိကာ သက်ဆိုင်ရာ အာဏာပိုင်များနှင့်ပူးပေါင်း၍ သံသယဖြစ်ဖွယ်နေရာများမှ အစားသောက်ဆိုင်(မုန့်ဟင်းခါးဆိုင်၊ စားသောက် ဆိုင်)များအား ပိတ်ခိုင်းထားခြင်းမျိုးလည်းပြုလုပ်နေကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့(နေပြည်တော်)တို့မှ တာဝန်ရှိသူများလည်း ဇူလိုင် ၁၅ ရက်က ရောဂါဖြစ်ပွားနေသည့်နေရာများသို့ လာရောက်ကြည့်ရှုစစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်းသိရကာ ပြည်မြို့တွင်အဖြစ်များသောနေရာများမှာ ရွာဘဲနယ်မြေနှင့် ရေဝပ်နေသော နေ ရာများဖြစ်သည့် နဝင်း၊ မာလကာကုန်း၊ ဘောဂလမ်းသွယ်များနှင့် ရွှေပလ္လင်မှော်အောက်ချိုင့်တို့ဖြစ်ကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies


အရက်နဲ့ ကင်ဆာရောဂါ ၇ မျိုး ဆက်စပ်မှုတွေကို သုတေသန လေ့လာမှု အသစ်တခုက တွေ့ရှိခဲ့ပါတယ်။ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ စအိုကင်ဆာ၊ အစာမြိုပြွန်ကင်ဆာ၊ ရင်သားကင်ဆာ ရောဂါတွေဟာ အရက်ကြောင့် ဖြစ်ရတာလို့ နယူးဇီလန်နိုင်ငံ Otago တက္ကသိုလ်က သုတေသနပညာရှင်တွေ Addiction ဆေးပညာ ဂျာနယ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အရက်သောက်သုံးမှုနဲ့ ကင်ဆာရောဂါအကြား ဆက်နွယ်မှုရှိတဲ့ အထောက်အထားတွေ ရှိခဲ့ဖူးပေမဲ့ - အခုနောက်ဆုံး လေ့လာချက်ကတော့ ကင်ဆာရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းအဖြစ် ပြောဆိုထားပါတယ်။

ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေ၊ အမေရိကန် ကင်ဆာသုတေသနဌာနနဲ့ ကင်ဆာ သုတေသန နိုင်ငံတကာအေဂျင်စီ တို့လို အဖွဲ့တွေကနေ အချက်အလက်တွေကို စုဆောင်းပြီး၊ ၁၀ နှစ်နီးပါးကြာ အကြီးအကျယ် သုတေသန လေ့လာခဲ့တဲ့ တွေ့ရှိချက်လည်း ဖြစ်ပါတယ်။

အရက်အလွန်အကျွံ သောက်တဲ့သူတွေကြားမှာ ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ဟာ အများဆုံးဖြစ်ပေမဲ့ - နည်းနည်းပါးပါး နဲ့ တော်ရုံတန်ရုံ သောက် တဲ့သူ နှစ်မျိုးစလုံးမှာလည်း သက်ရောက်မှုတွေ ရှိကြတယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ကင်ဆာကြောင့် သေဆုံးရသူအားလုံးရဲ့ ၅.၈ ရာခိုင်နှုန်းဟာ အရက်ကြောင့်ဖြစ်တယ်လို့လည်း သုတေသန လေ့လာချက်က ပြောဆိုထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဗီယန်ကျင်း ဇူလိုင် ၂၂

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့မှ (၂၆)ရက်နေ့ အထိ ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံသို့ ဒေသစံတော်ချိန် ည ( ၉ ) နာရီခွဲခန့်တွင် ရောက်ရှိလာခဲ့သည်။

ဓါတ်ပုံများ - စောဖိုးခွား
ဂျာနယ်လစ် မဂ္ဂဇင်း

ပြီးခဲ့တဲ့ရက်က ရှေ့နေတယောက် ကျွန်တော့်ဆောင်းပါးလေးတွေ သဘောကျလို့ဆိုပြီး ကျွန်တော့်အိမ်ရှာပြီး ရောက်ချလာတယ်။ သူနဲ့ ဟိုအကြောင်းဒီအကြောင်း စကားလက်ဆုံကျရင်း အောက်ခြေပြည်သူတွေ စားဝတ် နေရေးအတွက် အတော်ရုန်းကန်နေရတဲ့အကြောင်းလေး စကားစပ်မိလို့ပြောကြရင်း သူက သူ့အိမ်နားက ကျောင်းသားလေးတဦး ဆံပင်ရှည်နေလို့ ကျောင်းကညှပ်ခိုင်းလိုက်တာ အဲ့ဒါဆံပင်ညှပ်ဖို့မရှိလို့ အိမ်လာပြီး ဆန်သုံးဘူး လာရောင်းတယ်တဲ့။ သူလည်း ဆံပင်ညှပ်ဖို့ပိုက်ဆံ ကုသိုလ်လုပ်ပေးလိုက်ပါတယ်လို့ ပြောပါတယ်။

စကားပြောပြီးလို့ ရှေ့နေကြီးကပြန်သွားပေမယ့် ကျွန်တော့်အတွေးထဲ ရှေ့နေကြီးပြောသွားတဲ့စကားက နားထဲကမထွက်ဘူး။ ယနေ့တိုင်းပြည်ရဲ့ အခြေခံလူတန်းစားတွေက ဒီလိုအခြေအနေကိုဖြစ်နေကြတယ်။ တိုင်းပြည်ရဲ့ လူဦးရေ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ တောင်သူတွေက မိုးလေ၀သ မကောင်းလို့ လယ်ယာလုပ်ငန်း မကောင်းတာ ၅ နှစ်ကျော်ပြီ။ ဒီကြားထဲ သဘာဝဘေးဒဏ်ဖြစ်တဲ့ ရေကြီးမှုတွေက ခံလိုက်ရသေးတော့ တောင်သူတွေဟာ နာလန်ကို မထူနိုင်ကြတော့ဘူး။ အသိမ်းခံရတဲ့ လယ်မြေတွေကလည်း ခုထိမှန်ကန်စွာ ပြန်မရကြသေးဘူး။ ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ကို ပြည်သူတွေ အလူးအလဲခံနေရတုန်း။ ယနေ့အစိုးရသစ် တာဝန်ယူတာ ရက် ၁၀၀ ပြည့်တဲ့အထိ ဒီမိုကရေစီရဲ့အရသာကို ပြည်သူတွေ မခံစားရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက အားကြိုးမာန်တက် နေ့မအားညမနား ဆောင်ရွက်နေကြတာတွေ့မြင်နေရပေမယ့် အောက်ခြေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေ ပြည်နယ် တိုင်းဝန်ကြီးချုပ်တွေက ကောင်းမွန်စွာမလှုပ်ရှားနိုင်သေးတော့ လူထုက အားမလိုအားမရ ဖြစ်နေကြပါတယ်။ ရက် ၁၀၀ ဆိုတာ အချိန်တိုတောင်း သေးတာမှန်ပေမယ့် ကျွန်တော်တို့က သူများနိုင်ငံထက် နှစ်ပေါင်း ၅၀ ကျော် နောက်ကျခဲ့တာဖြစ်တဲ့အတွက် သူများတလှမ်းခုန်ရင် ကျွန်တော်တို့က ငါးလှမ်း ခြောက်လှမ်းလောက်ခုန်မှ တော်ရုံပဲရှိဦးမှာပါ။ ဒီအချိန်မှာ ကျွန်တော်တို့က ဘာမူဝါဒမှ ပီပီပြင်ပြင်ချမှတ်ပြီး မဆောင်ရွက်နိုင်ဘဲ စမ်းတ၀ါးဝါးနဲ့ လျှောက်နေလို့မရပါဘူး။ ကျွန်တော်တို့အတွက် အချိန်ဟာ အရမ်းတန်ဖိုးရှိ ပါတယ်။ တရက်စောပြီး အကျိုးရှိအောင်ပေးနိုင်ရင် ပြည်သူအတွက် တရက်စောပြီး အကျိုးခံစားခွင့်ရမှာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူတွေဘက်ကလည်း ကိုယ့်တိုင်းပြည်အရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုအလွန်နည်းတာတွေ့ရပါတယ်။ မဘသကိစ္စအာရုံရောက်လိုက်သူများနိုင်ငံရေးကိစ္စ အာရုံရောက်လိုက် ဟိုကိစ္စအာရုံရောက်လိုက်နဲ့ ကိုယ့်အိမ်တွင်းရေးကိစ္စကို မေ့နေကြပါတယ်။ ဒါ့အပြင် ပြည်သူတွေရော စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာစာရေးဆရာများကပါ မရှိတော့တဲ့ အရင် အစိုးရရဲ့ ညစ်ပတ်အနိုင်ကျင့်ခဲ့တာတွေ မကောင်းခဲ့တာတွေကို ခုချိန်ထိ ပြောလို့ဆိုလို့ ရေးလို့မ၀ကြသေးတာ တွေ့မြင်နေရပါတယ်။

ဒီလို အရင်အစိုးရမကောင်းကြောင်းတွေ စားမြုံ့ပြန်နေလို့ ဘာအကျိုးမှ ထူးလာမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်အစိုးရလူကြီးတွေက သူတို့လုပ်ခဲ့တဲ့ အမှားတွေအတွက် တာဝန်ယူမှုတာဝန်ခံမှုလုပ်မှာ မဟုတ်တော့ဘူးဆိုတာ အားလုံးသိနေတာပဲ။ ဒါကြောင့် ပြီးခဲ့တာတွေကို သင်ခန်းစာအဖြစ်ယူပြီး အတိတ်မှာပဲ ထားခဲ့ပါတော့။ ဒီအချိန်ဟာ အရင် အစိုးရပေးခဲ့တဲ့ ဒဏ်ရာလေးတပြပြ လုပ်နေရမယ့် အချိန်မဟုတ်တော့ပါ ဘူး။ လက်ရှိအစိုးရနဲ့အတူ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာဘဲ ပြောကြ ဆိုကြဖို့ အချိန်ကျပါပြီ။

ဒီလိုပြည်သူတွေ တိုင်းပြည်အရေးကို စိတ်ဝင်စားမှုနည်းတယ်ဆိုတာဟာလည်း ပြည်သူတွေ အပြစ်မဟုတ်ပါဘူ။ နှစ်ပေါင်း ၅၀ကျော် တသွေးတသံတမိန့်နဲ့ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတော့ ပြည်သူတွေ ဟာ တိုင်းပြည်အရေးမှာ ပါဝင်ပတ်သက်ခွင့် မရခဲ့ကြဘူး။ ယူနီဖောင်းမြင်ရင်တောင် ကြောက်ခဲ့ရတော့ တိုင်းပြည်အရေးဟာ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့အသိ အရိုးစွဲသွားသလို ဖြစ်နေခဲ့တာပါ။ နိုင်ငံရေးကို နားမလည်လို့ မသိလို့ မတတ်လို့ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ စနစ်ပေါင်းများစွာ ဖြတ်ကျော်လာတဲ့ ပြည်သူတွေဟာ နိုင်ငံရေးအသိအမြင် ရေချိန်မြင့်ပြီးသား ဖြစ်ပါတယ်။

ဒီနေ့ကတော့ ခေတ်ပြောင်းသွားပါပြီ။ ဒီမိုကရေစီ ပြည်သူ့အစိုးရခေတ် ဖြစ်သွားပါပြီ။ ပြည်သူတွေစိတ်ကြိုက် မဲပေးရွေးချယ်လိုက်တဲ့ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ပြည်သူနဲ့တိုက်ရိုက် သက်ဆိုင်ပါတယ်။ ငါ့တို့က မဲပေးပြီးတင်မြှောက်လိုက်ပြီ တာဝန်ကျေပြီ ကျန်တာငါတို့အလုပ် မဟုတ်ဘူးလို့ မျက်နှာလွှဲခဲပစ်လုပ်လို့ မရပါဘူး။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တခုကနေ ရုန်းထွက်နိုင်ဖို့ အစိုးရအားနဲ့တင်မရ ပြည်သူ့အားပါ လိုအပ် ပါတယ်။ ကိုယ့်တိုင်းပြည်ကိုချစ်ရင် ကိုယ့်တိုင်းပြည်အရေးကို စိတ်ဝင်စားရ ပါမယ်။ ကိုယ်မဲပေးရွေးချယ်လိုက်တဲ့ ကိုယ့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေဘာလုပ်နေလဲ ကိုယ့်တိုင်းကိုယ့်ပြည်နယ်က ၀န်ကြီးချုပ် ဘာ လုပ်နေလဲဆိုတာ စိတ်ဝင်စားစွာစောင့်ကြည့်ရပါမယ်။ တိုင်းပြည်ရဲ့အရေး ကိစ္စဟာ တိုင်းရင်းသားပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

ကိုယ်တင်မြှောက်လိုက်တဲ့ အစိုးရကောင်းစေချင်တယ်ဆိုရင် အပြုသဘောနဲ့ စောင့်ကြည့်ဝေဖန်ထိန်း ကျောင်းပေးရမှာပါ။ ဝေဖန်တာနဲ့ တိုက်ခိုက်တာ မတူပါဘူး။ ဒါကို ကွဲပြားစွာသိဖို့ လိုပါတယ်။ ကျွန်တော်တို့က ကိုယ့်လုပ်ငန်းမှာခန့်ထားတဲ့ ၀န်ထမ်းတွေတာဝန်မကျေတာ အမှားလုပ်တာကျတော့ စောင့်ကြည့်ဝေဖန်တယ်။ ကိုယ့်ခန့်လိုက်တဲ့အစိုးရ ကိုယ်ရွေးချယ်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်ကျတော့ ကိုယ်နဲ့မဆိုင်သလို နေနေကြတယ်။ အဲ့ဒီစိတ်တွေ ပြောင်းလဲဖို့လိုပါပြီ။

ကျွန်တော်တို့ဟာ ကိုယ့်မြို့နယ်အတွက် ကိုယ့်တိုင်းအတွက် ကိုယ့်ပြည်နယ်အတွက် ကျွန်တော်တို့ကိုယ်စား အလုပ်လုပ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ခန့်ထားပေးလိုက်တာပါ။ သူတို့ကိုယ်တိုင်ကိုက ပြည်သူအတွက် အလုပ်အကျွေးပြုချင်လို့ဆိုပြီး ၀င်အရွေးချယ်ခံခဲ့တာ ဖြစ်တယ်။
တာဝန်စတင်ထမ်းဆောင်ကတည်းက ပြည်သူ အကျိုးအတွက် မှန်ကန်စွာဖြင့် တာဝန်ကျေပွန်စွာ အလုပ် အကျွေးပြုပါမယ်လို့ ကျမ်းသစ္စာလည်း ကျိန်ဆိုထားပြီးသားပါ။ ဒီလိုတာဝန်တွေထမ်း ဆောင်ပေးနိုင်ဖို့ အတွက်လည်း ထိုက်သင့်တဲ့ လခတွေ ခံစားခွင့်တွေကို ကျွန်တော်တို့ပြည်သူတွေက ပေးထားတာဖြစ်တယ်။ အဲဒီတော့ကိုယ် တာဝန်ယူထားတာကို တာဝန်ကျေအောင်လုပ်ဖို့က သူတို့တာဝန်စောင့်ကြည့်ဝေဖန် ထိန်းမတ်ပေးရမှာက ပြည်သူတာဝန်ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတခုမှာ ရှင်းရှင်းပြောရရင် အစိုးရဆိုတာ ပြည်သူ့ကျွန် (Public Servant) ဖြစ်ပါတယ်။ အစိုးရဆိုတာ အခွင့်ထူးခံလူတန်း စားမဟုတ်ဘူး။ အာဏာရှင် မဟုတ်ဘူး။ သူတို့ကိုထိုင်ပြီး ကိုးကွယ်နေဖို့ မလိုဘူး။ မိမိလွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့ဝန်ထမ်းတွေ ဘာလုပ်နေလဲ အမြဲစောင့်ကြည့် နေရပါမယ်။ ကိုယ့်ဒေသလိုအပ်ချက် ကိုယ့်နိုင်ငံလိုအပ်ချက်တွေ လုပ်ဆောင်ပေးဖို့ ခိုင်းပေးရပါမယ်။ တာဝန် မကျေရင် အမှားလုပ်ရင် ထောက်ပြဝေဖန်ရပါမယ်။ နောက်ဆုံးအဆင့် မိမိရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်မကျေဘူး၊ မတော်မတရားတွေလုပ်လာတယ်ဆိုရင် ဖြုတ်ချလို့ရတဲ့ အခွင့်အရေး ပြည်သူလက်ထဲမှာရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်။

ယနေ့အင်တာနက် နည်းပညာခေတ်ကြီးမှာ လူထုအသံကို အစိုးရသိအောင် ပြည်သူသိအောင် တိုက်ရိုက်ပြောလို့ရပါပြီ။ အရင်လို သတင်းစာဂျာနယ်တွေက ပုံနှိပ်ဖော်ပြချိန်ထိ စောင့်စရာမလိုတော့ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်လူကြီးတွေ အောက်ခြေ၀န်ထမ်းတွေရဲ့ တာဝန်မကျေတာ အမှားလုပ်တာတွေ တွေ့ရှိပါက အချိန်နဲ့တပြေးညီ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ဖော်ပြအသိပေးရပါမယ်။

ဂျာနယ်တိုက်တွေက တရားဝင်ခန့်ထားတဲ့သူမှ သတင်းသမား မဟုတ်ပါဘူး။ ယနေ့ အင်တာနက်နည်းပညာခေတ်ကြီးမှာ ပြည်သူအားလုံးဟာ သတင်းသမားဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ဟာ လက်ရှိ အချိန်မှာ ပြည်သူ့ခံစားချက်ကို အကောင်းဆုံးဖွင့်ချလို့ရတဲ့အထိရောက်ဆုံး နေရာပဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူအားလုံးက အချိန်တိုအတွင်း အလွယ်ကူဆုံး ပျံ့နှံ့လွယ်တဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို အကျိုးးရှိစွာ အသုံးချရပါမယ်။

သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အစိုးရအဖွဲ့အား စောင့်ကြည့်ဝေဖန်ပေးဖို့ ပြောထားပါတယ်။ ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီခေါင်းဆောင်တွေရဲ့ မှန်ကန်တဲ့စိတ်ဓာတ်ပါ။ ဒါကြောင့် ယနေ့မှ စပြီး နိုင်ငံနှင့်နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအလို့ငှာ ပြည်သူရော စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကပါ မိမိတင်မြှောက်လိုက်တဲ့ အစိုးရကိုစောင့်ကြည့်၊ ထိန်းမတ်၊ အကြံပြု၊ လမ်းပြအသိပေးရပါမယ်။ ဒါမှသာ တာဝန်ကျေတယ်လို့ သတ်မှတ်ရမှာပါပဲ။ ယနေ့ အွန်လိုင်းပေါ်မှာ မပြောနဲ့မဆိုနဲ့ဆိုပြီး ပိတ်ပင်နေတဲ့ လူတစုကို ထည့်တွက်စရာမလိုပါဘူး။ မပြောရ မဝေဖန်ရဆိုရင် ဒါဟာဒီမိုကရေစီ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံတခုမှာ လွတ်လပ် စွာရေးသားပြောဆိုခွင့် အခွင့်အရေး နိုင်ငံသားတိုင်းမှာ တန်းတူညီစွာ ရှိပြီးသားပါ။

ဒီလိုအစိုးရကို စောင့်ကြည့်ထိန်းမတ်ပေးတာဟာ မိမိကြိုက်နှစ်သက်လို့ တင်မြှောက်လိုက်တဲ့အစိုးရကို စေတနာထားကူညီပေးရာရောက်သလို အသက်အရွယ်နဲ့မလိုက်အောင် တိုင်းပြည်တာဝန်တွေကို ပင်ပန်း ဆင်းရဲကြီးစွာ ထမ်းဆောင်ပေးနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တဖက် တလမ်းကနေ ပခုံးထမ်းကူညီပေးရာ ချစ်ရာ ရောက်ပါလိမ့်မယ်။ ဒီလိုသာအစိုးရ၊ ပြည်သူ၊ မီဒီယာလက်တွဲညီညီ ကြိုးစားလိုက်မယ်ဆိုရင် ကျွန်တော်တို့အားလုံး လိုချင်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဆီကို အမြန်ဆုံးရောက်ရှိမှာဖြစ်သလို မိမိတို့ ကြိုက်နှစ်သက်လို့ တင်မြှောက်လိုက်တဲ NLD အစိုးရဟာလည်း နိုင်ငံမှာ ရေရှည်ရပ်တည်လို့ရသွားမှာ ဖြစ်ပါတယ်။

ကျော်ကြီး (MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းမှ ဆွေးနွေးနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

    အင်တာနက် သုံးစွဲခ နှုန်းထားများကို အများလက်ခံနိုင်သည့် သင့်တင့်သော ဈေးနှုန်းသို့ လျှော့ချနိုင်ရန် အခြေခံ အဆောက်အအုံများ တည်ဆောက်ရာတွင် ဆက်စပ် ဌာနများ၊ အဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များအကြား မျှဝေ ဆောင်ရွက်ခြင်း (Infrastructure Sharing) ကို စတင် ဆောင်ရွက်တော့မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ယနေ့ နေပြည်တော်၌ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန နှင့် A4AI (Alliance for Affordable Internet) တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဈေးနှုန်း ချိုသာသည့် အင်တာနက်ကို နိုင်ငံအနှံ့ အဆင်ပြေစွာ သုံးစွဲနိုင်ရေး စီမံချက် (Infrastructure Sharing) လုပ်ငန်းစဉ်ကို ၂၀၁၆ သြဂုတ်လကုန်တွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

“ဒီလုပ်ငန်းအတွက် အတိုင်ပင်ခံလုပ်ငန်းတွေ ဖိတ်ခေါ်ထားပြီ၊ သြဂုတ်လကုန်ပိုင်းမှာ စာချုပ်ချုပ်မယ်။ ပထမအဆင့်က ဘယ်နေရာတွေမှာ ဘယ်လို လုပ်သင့်သလဲ ဆိုတဲ့ ပေါ်လစီချမယ်။ ပြီးရင် အဲဒါတွေကို အကောင်အထည် ဖော်တာ ဆက်လုပ်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောသည်။

မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် A4AI အမှုဆောင်ညွှန်ကြားရေးမှူး Ms. Sonia Jorge မှ ဆွေးနွေးနေစဉ် (ဆင်ဟွာ)
“Infrastructure Sharing ကို သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) ကဏ္ဍမှာ မဖြစ်မနေ ပထမဦးဆုံး ဆောင်ရွက်ဖို့ လုပ်နေတယ်။ ICT ကဏ္ဍ တိုးတက်ဖို့ ဆိုတာလည်း အခြေခံအဆောက်အအုံ တိုးတက်မှ ရမယ်။ ICT ကဏ္ဍ တိုးတက်ရင် တစ်နိုင်ငံလုံး စီးပွားရေး တိုးတက်လာမယ်။ ပြည်တွင်းအသားတင်ကုန်ထုန်လုပ်မှု (GDP) ပါ တိုးတက်လာမယ်။ ဒါကြောင့် Infrastructure Sharing လုပ်တာဟာ ကျွန်တော်တို့  telecom ကဏ္ဍ တစ်ခုတည်းအတွက် မဟုတ်ဘူး။ operator တွေ အကျိုးအတွက်လည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးရဲ့ အကျိုးအတွက် ဒါကို တတ်နိုင်သရွေ့ အဟန့် အတား အခက်အခဲတွေ လျော့အောင်၊ ဈေးနှုန်းတွေ လျော့အောင်  ဦးစားပေးပြီး ဆောင်ရွက်နေပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ မြင်ကွင်း (ဆင်ဟွာ)
လွယ်ကူ လျင်မြန်ပြီး ဈေးသက်သာသည့် အင်တာနက် သုံးစွဲနိုင်ရေး အတွက် infrastructure က မဖြစ်မနေ နေရာ အနှံ့ အပြားသို့  ရောက်ရှိပြီး ဈေးနှုန်း သက်သာစွာဖြင့် ဆောင်ရွက်နိုင်ရမည်ဟု လည်း သူက ပြောသည်။ “ဈေးနှုန်းသက်သာဖို့ ကျတော့ sharing basic နဲ့  သွားရမယ်။ တချို့ နိုင်ငံတွေမှာ Dig-one policy ဆိုပြီး အဝေးပြေးလမ်းကြီး ဆောက်တယ်။ Infrastructure အနေနဲ့ အဲဒီမှာ လျှပ်စစ်လည်း သုံးလို့ ရတယ်။ ဆက်သွယ်ရေး ကေဘယ်လ်တွေလည်း ချလို့ ရတယ်။ ဒါတွေ တစ်ခါတည်း တူးပြီး ထည့်သွားလို့ ရှိရင် cost က တက်မလာတော့ဘူး။ duplicate cost မဖြစ်တဲ့ အခါကျတော့ အခြေခံအဆောက်အအုံအတွက် စရိတ်လျော့သွားပြီး ဈေးနှုန်းတွေလည်း အများကြီး လျော့သွားတယ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေလည်း လျော့နည်းသွားတယ်” ဟုလည်း Infrastructure Sharing နှင့် ပတ်သက်ပြီး သူက ရှင်းပြသည်။

မြန်မာနိုင်ငံ အနေဖြင့် အခြေခံအဆောက်အအုံ လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေအပြင် USF (Universal Service Fund) ဖြင့်လည်း ဆောင်ရွက်သွားမည် ဖြစ်ရာ အဆိုပါ USF သို့  ပြည်တွင်းရှိ ပုဂ္ဂလိက ဖုန်းအော်ပရေတာများ၊ ဆက်စပ် အဖွဲ့ အစည်းများကလည်း ဝင်ငွေ အချိုးအရ ထည့်ဝင်ကြရမည်ဟု ဦးစိုးသိန်းက ပြောသည်။

သုံးစွဲသူများ ဈေးနှုန်းချိုသာစွာ အသုံပြုနိုင်ရေးတွင် အခွန်အကောက်များ လျှော့ချပေးဖို့လည်း လိုအပ်သည်ဟု ၎င်းက ပြောသည်။“ အခွန်အကောက်လျှော့ချခြင်း (Taxation reduction) ကလည်း အဲဒီအတိုင်းပါပဲ။ အပြောင်းအလဲကြီးတစ်ခုလုံးကို ခြုံပြီး စဉ်းစားရတာပေါ့။ အခွန် (Tax) က ကျွန်တော်တို့ ဝန်ကြီးဌာန ဥပဒေအရ ကောက်တာ မဟုတ်ပါဘူး။ အခွန်ဥပဒေအရ ကောက်တာပါ။ ကျွန်တော်တို့ နဲ့လည်း လုပ်ငန်းအရ ပတ်သက်နေတော့ သုံးစွဲသူ ပေးရတဲ့ အခွန် ၅ % နဲ့ ပတ်သက်ပြီး တော့လည်း  အခွန်ဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ တစ်ချို့နိုင်ငံမှာ ၇ % ကောက်တယ်၊ တချို့ နိုင်ငံမှာ ၁၀ % ကောက်တယ်။ ကျွန်တော်တို့ အခု ညှိနေတာက အဲဒီအခွန်ကို သင့်လျော်တဲ့ နှုန်းထား ဖြစ်ဖို့ Tax တွေ နှစ်ဆမဖြစ်ဖို့ operator တွေအနေနဲ့ရော သုံးစွဲသူတွေ အနေနဲ့ရော အဆင်ပြေတဲ့ Tax ပုံစံမျိုး ရအောင် ညှိနှိုင်း ဆွေးနွေး နေကြပါတယ်” ဟု သူက ဆင်ဟွာ၏ အမေးကို ဖြေကြားခဲ့သည်။

A4AI သည် operator များ၊ ICT လုပ်ငန်း လိုင်စင်ရထားသူများ တွေ့ ကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ကူညီ ဖြေရှင်းပေးရင်း  မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို တိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်လျက် ရှိသော အဖွဲ့ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



တိုင်းအစိုးရအဖွဲ့၏ ခရီးစဉ်များတွင် လမ်းကြောင်းပိတ်ခြင်းများ မပြုလုပ်ရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီက ဇူလိုင် ၂၂ရက်က မြန်အောင်မြို့တွင် ပြောကြားခဲ့သည်။

"လူကြီးလမ်းကြောင်းဟုဆိုကာ မနက်ကတည်းက လမ်းပိတ်ထားသည်ဟုသိရှိရပါသည်။ လာရောက်မည့်မြို့တိုင်းသို့ လမ်းပိတ်ထားရန် ညွှန်ကြားထားခြင်းမရှိပါ။ ပြည်သူလူထုသွားလာမှု အဆင်ပြေစေရေးအတွက် နောက်နောင်ယခုကဲ့သို့ လမ်းပိတ်ထားခြင်းမျိုး မပြုလုပ်ပါရန်” ဟု ဝန်ကြီးချုပ်ဦးမန်းဂျော်နီက မြန်အောင်မြို့တွေ့ဆုံပွဲတွင် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

"အရင်လိုမဟုတ်ဘူး ပြည်သူတွေအတွက်ပဲ လုပ်ဆောင်နေတာ အရင်က လူကြီးလမ်းကြောင်းဆို လမ်းပိတ်ထားတာတွေ ရပ်စောင့်ရတာတွေရှိတယ်၊ဒီနေ့တော ဝန်ကြီးချုပ်က မလုပ်ဖို့ပြောတာကို ဖတ်ရလို ဝမ်းသာပါတယ်" ဟု ပုသိမ်မြို့နေဦးမိုးကျော်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမန်းဂျော်နီမှ လူကြီးလမ်းကြောင်းများတွင် လမ်းပိတိခြင်းများမပြုလုပ်ရန် ၎င်း၏ ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာတွင်လည်း ရေးသားခဲ့သည်။

============

Mizzima - News in Burmese

http://mizzimaburmese.com/article/16280


KIA ကချင်လက်နက်ကိုင် တပ်ကို ရှေ့တန်း စစ်မျက်နှာတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၂၂၊ ၂၀၁၃)
KIA ကချင်လက်နက်ကိုင် တပ်ကို ရှေ့တန်း စစ်မျက်နှာတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၂၂၊ ၂၀၁၃)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မှာ ကျင်းပဖို့ပြင်ဆင်နေချိန်မှာ ကချင်ပြည်နယ် အတွင်းမှာ အစိုးရတပ်မတော်နဲ့ KIA အကြား တိုက်ပွဲ ၂နေရာဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေဟာ မိုင်ဂျာယန်အသွား ကားလမ်းနဲ့ အလှမ်းကွာတဲ့နေရာ မှာ ဖြစ်တာကြောင့် သွားလာရေးနဲ့ ညီလာခံ ကျင်းပရေးကို ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ ပွဲကျင်းပရေး အတွက် ပြင်ဆင်ဆောင်ရွက်နေသူတွေက သုံးသပ်ထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကတော့ မြစ်ကြီးနား-ဗန်းမော်လမ်း ၀ိုင်းမော်မြို့နယ် ဒဘတ်ယန် ကျေးရွာအနီးနဲ့ မန်စီမြို့နယ် မုန်းဒိန်ပါ အနီးဒေသတွေမှာ ကြာသပတေးနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။

ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေး တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

" ဒဘတ်ယန်၊ ဒဘတ်ယန် အောက်နားလေးမှာ ခနလေးပဲ ထိတွေ့ရင်ဆိုင် တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်ခင်ဗျ။ ဘာမှ တိုက်ပွဲတွေ အကြီးအကျယ်တော့ မဟုတ်ပါဘူး။ ကားလမ်းနဲ့ ဝေးပါတယ် အောက်ရွာမှာပါ။ နှစ်မိုင် သုံးမိုင်လောက် ဝေး ပါတယ်။ အဲ့ဒီ့နေရာမှာ ငြိမ်သွားပြီ အားလုံးအေးအေးဆေးဆေးပါ။"

ဒီတိုက်ပွဲမှာ KIA တပ်ဖွဲ့က အစိုးရတပ်မတော်စစ်ကြောင်းကို မိုင်းခွဲ တိုက်ခိုက် တာကြောင့် ထိခိုက်ကျဆုံးတာတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဒုဗိုလ်မှုးကြီးနော်ဘူက တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားတာ မဟုတ်ကြောင်း ပြောပါတယ်။

နောက်ထပ်ဖြစ်ပွားတဲ့ တိုက်ပွဲကတော့ မန်စီမြို့နယ် အတွင်းမှာဖြစ်ပွားပြီး ဒီဒေသမှာ အခြေစိုက်တဲ့ KIA တပ်မဟာ ၃ တပ်ရင်း ၁၂က အရာရှိတဦးက တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"ဟုတ်ပါတယ်။ မနေ့မနက်ကပဲ ခနလေးပါ။ သုံးလေးခေါက်ပဲ ဟိုမှာ သူတို့ဖြတ်သွားတဲ့နေရာမှာ တိုက်ပွဲဖြစ်တာ။ အဲ့တာ ခနလေးပါ။ မုန်းဒိန်ပါအထက်မှာ။ အခုကလည်း စစ်ကြောင်းတွေကလည်း နည်းနည်းလှုပ်ရှားနေတယ်။"

မိုင်ဂျာယန်ညီလာခံကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာ အဖွဲ့တွေဟာ မြစ်ကြီးနား- ဗန်းမော်ကားလမ်းကတဆင့်သွားရောက်ဖို့ စီစဉ်ထား တာလည်းဖြစ်ပါတယ်။

လမ်းခရီးလုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ အခုလို ပြောပါတယ်။

" ကျနော်တို့သွားမယ့်လမ်းကြောကတော့ မြစ်ကြီးနားကနေ မိုးမောက်၊ မိုးမောက် ကနေ လွယ်ဂျယ်၊ လွယ်ဂျယ်ကနေပြီးမှ မိုင်ဂျာယန်ကို သွားမှာဖြစ်တဲ့ အတွက် အခုမန်စီဘက်ဖြစ်တဲ့ဟာကကျတော့ မိုင်ဝေးတဲ့နေရာဖြစ်တော့ ကျနော်တို့ သွားမယ့်အတိုင်း လမ်းမှာတော့ ဘာမှ ပြဿနာတော့ မရှိဘူး။"

လောလောဆယ်မှာတော့ မြစ်ကြီးနားက သွားမယ့် သူတွေအတွက် တပ်မတော်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

KIAရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးနော်ဘူကလည်း ညီလာခံ ကျင်းပရေး အတွက် အခက်အခဲ မရှိနိုင်ကြောင်း သုံးသပ်ပါတယ်။

" ကျနော်ထင်သလောက်ကတော့ ဘာမှ အခက်ခဲကတော့ မရှိလောက်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်အစိုးရနဲ့ အားလုံးညှိပြီးမှ တိုင်ပင်ပြီးမှ လုပ်တဲ့ အစည်းအဝေးဆိုတော့ လမ်းမှာတော့ အနှောင့်အယှက်တွေတော့ မရှိလောက်ဘူး လို့တော့ ကျနော် အဲ့လိုပဲမြင်ပါတယ်။"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို မိုင်ဂျာယန်မှာ ဒီလ ၂၆ရက်နေ့ ၂၉ရက်အထိကျင်းပဖို့ရှိနေပြီး ဒီညီလာခံဟာလာမယ့်လအတွင်းကျင်းပဖို့ ရည်ရွယ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းညီလာခံ-၂၁ရာစုပင်လုံမှာ ပါဝင် တက်ရောက်ရေးနဲ့ ဆွေးနွေးမယ့်အချက်တွေကို ညှိနှိုင်းကြမှာဖြစ်ပါတယ်။ ဒီညီလာခံမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေပါ တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒီလ ၂၀ရက်နေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒု ဗိုလ်ချုပ်ကြီးမြထွန်းဦးက မတူညီတဲ့အဖွဲ့အစည်းတွေအကြားမှာ သဘောထားတူညီဖို့ ခက်ခဲတာကြောင့် မိုင်ဂျာယန်ညီလာခံကို မကျင်းပစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကိုမိုးဇော်
VOA Burmese News

NLD အစိုးရသစ်အနေနဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍကို အမှန်တကယ် ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် လုံ လောက်တဲ့ အချိန် အတိုင်းအတာတခုယူဖို့ လိုအပ်တယ်လို့ NLD စီးပွားရေး ကော်မတီဝင် ဦးမင်းခင်က ပြောလိုက်ပါတယ်။ NLD အစိုးရသစ် စတင်တာဝန်ယူပြီး အခုချိန်ထိ စီးပွားရေးကဏ္ဍမှာ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲ မှု မတွေ့ရသလို နိုင်ငံအတွက် ခိုင်မာတိကျတဲ့ စီးပွားရေး မူဝါဒလမ်းစဉ်မျိုး မတွေ့ရသေးဘူးလို့ မြန်မာ့ အရေး လေ့လာသူတွေ ဝေဖန်နေကြတာပါ။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က တင်ပြထားပါတယ်။

လက်ရှိ အစိုးရသစ်အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့ ယေဘုယျဆန်တဲ့ စီးပွားရေးမူဝါဒအပေါ် အခြေခံပြီး လက်တွေ့မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဘယ်လို လုပ်မလဲဆိုတာနဲ့ ပတ်သက်လို့ ခိုင်မာတိကျတဲ့ မူဝါဒ လမ်းစဉ် တရပ် ထွက်လာဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိ NLD အစိုးရသစ်အနေနဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ အတွက် တိကျတဲ့ မူဝါဒ လမ်းစဉ် ချမှတ်ပြီး အကောင်အထည် ဖော်နိုင်ဖို့ လုံလောက်တဲ့ အချိန်ယူဖို့ လိုတယ်လို့ NLD စီးပွားရေး ကော်မတီဝင် ဦးမင်းခင်က ပြောပါတယ်။

" လက်ရှိ လုပ်လည်း လုပ်နေကြတယ်။ အချိန်တခုလည်း ကျနော်တို့ လိုတယ်။ ဘာဖြစ်လို့ လိုလဲ ဆိုတော့ တကယ့်တိုင်းပြည်စီးပွားရေး အခြေအနေအမှန်က ဘယ်လိုရှိနေတယ်။ ဒါကို ကြည့်ပြီးတော့ ဘယ်လိုပုံစံနဲ့ ရေရှည် အကောင်အထည်ဖော်သွားနိုင်မလဲဆိုတာကို ပြင်ဆင်ဖို့အတွက်ကတော့ အချိန်တခုတော့ လိုတယ်ဗျ။ ကျနော်တို့တိုင်းပြည် စီးပွားရေးအခြေအနေ၊ ကျနော်တို့တိုင်းပြည် ဖြစ်နေတဲ့အခြေအနေ မှန်ကို အစိုးရက သေသေချာချာ နားလည်သဘောပေါက်အောင် ကြိုးစားဖို့လိုတယ်။ နောက်တခုက လက်ရှိ လုပ်ဆဲကိုင်ဆဲ အနေအထားတွေမှာ ဘယ်လိုဟာမျိုးကို ပိုပြီးတော့ အားဖြည့်မယ်။ ဘယ်လိုဟာမျိုးကို အရှိန်အဟုန်ရအောင်ဆက်လုပ်မယ်။ ဘယ်လိုဟာမျိုးကို ပြုပြင်ပြောင်းလဲမယ်။ တကယ်လက်တွေ့အလုပ်ဖြစ်အောင် ဘယ်လိုနည်းလမ်းတွေနဲ့သွားရမယ်ဆိုတာက ပိုအရေးကြီးပါတယ်။"

မနေ့က ဇူလိုင်လ ၂၁ရက်နေ့မှာ NLD စီးပွားရေး ကော်မတီဝင်တွေ၊ နိုင်ငံတကာ ပညာရှင်တွေ ပါဝင်တဲ့ စီးပွားရေးဖိုရမ်တခု ပြုလုပ်ခဲ့ပြီး လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေကို ပြန်လည်သုံးသပ်ပြီး လက်တွေ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဖိုရမ်မှာ မြန်မာပြည်ရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ဦးစားပေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အဓိက ဆွေးနွေးခဲ့သလို ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုရှိလာဖို့နဲ့ သက်ဆိုင်ရာ တောင်သူတွေ အကျိုးခံစားခွင့်ရဖို့ လိုတယ်လို့ ဦးမင်းခင် က ပြောပါတယ်။

" အဓိက ကတော့ဗျာ စိုက်ပျိုးရေးကဏ္ဍဆိုရင် တကယ့်အရေးကြီးတဲ့ ကဏ္ဍလို့ ပြောပေမဲ့ လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့သေးဘူး အခုထက်ထိ။ လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုတာက အဓိက ပြောင်းလဲဖို့ဆိုတာက ရင်းနှီးမြှုပ်နှံမှု ရှိလာဖို့နဲ့ တကယ်လက်တွေ့ အကျိုးခံစားရဖို့ပေါ့ အဲ့ဒီ့အပိုင်းကတော့ အဓိကပါပဲ။"


သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုသမ္မတများ အစိုးရအဖွဲ့အစည်းအဝေးကျင်းပစဉ်။ (ဇွန် ၁၅၊ ၂၀၁၆)
သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုသမ္မတများ အစိုးရအဖွဲ့အစည်းအဝေးကျင်းပစဉ်။ (ဇွန် ၁၅၊ ၂၀၁၆)

NLD အစိုးရသစ်စတင် တာဝန်ယူပြီး အခုချိန်ထိ စီးပွားရေးနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ ပြုပြင်ပြောင်းမှု မတွေ့ ရတဲ့ အပေါ် မြန်မာ့အရေးလေ့လာသူ အများစုက ဝေဖန်နေကြပါတယ်။ အစိုးရသစ်ရဲ့ စီးပွားရေး ကဏ္ဍ ပြုပြင် ပြောင်းလဲမှု အားနည်းတဲ့အပေါ် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက အခုလိုပြောပါတယ်။

" နိုင်ငံရေးပါတီတွေအနေနဲ့က ဟိုးအစောပိုင်းမှာကတည်းက ကိုယ် တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရရင် ဘယ်လိုသွားမလဲဆိုတာလို ဒီစီးပွားရေးမူဝါဒကိုလည်း ကြိုပြင်ထားသင့်တာပေါ့နော်။ နောက်တခါ NLD အနေနဲ့လည်း အရင် သူတို့တင်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စီးပွားရေးမူဝါဒ ကြေညာ စာတမ်းတွေရှိပါတယ်။ ဒါပေမဲ့ တကယ်အစိုးရဖြစ်လာတဲ့အခါကျတော့ ဒါကို ပိုစနစ်တကျဖြစ်အောင် ပြန်လုပ်ရမယ့်ဟာ မျိုး တကယ်အကောင်အထည်ဖော်မယ့် ဟာမျိုး ဆိုတော့ အဲ့ဒီ့တော့ အခုအချိန်မှာ မူဝါဒ မရှိတဲ့အခါကျတော့ မူဝါဒကို တိတိကျကျ မထုတ်ပြန်တော့ ဘာဖြစ်နေလဲဆိုတော့ စီးပွားရေးလောကထဲမှာ သို့လော သို့လောတွေ ဖြစ်တယ်။ သံသယတွေဖြစ်တယ်ပေါ့နော်။ ဆိုတော့ အဲ့တာက မကောင်းတဲ့အခြေအနေလို့ ကျနော်ထင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အခြေခံကျတဲ့ စီးပွားရေးမူဝါဒအရ ဘဏ္ဍာ ရေးနဲ့ ငွေကြေးစနစ်တိုးတက်အောင်လုပ်ဖို့၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်နယ်နဲ့ တိုင်း အသီးသီး မျှမျှတတ ဆောင်ရွက်ဖို့နဲ့ နိုင်ငံခြား ပို့ကုန်တန်ဖိုး မြင့်ဖို့ စတာတွေ ပါဝင်ပေမယ့် အစိုးရသစ်ရဲ့ ပထမ ဆုံး ရက် ၁၀၀ ကာလအလွန်ထိ ခိုင်မာတိကျတဲ့ စီးပွားရေး မူဝါဒတွေ အကောင်အထည်ဖော်တာမျိုး မတွေ့ရ သေးပါဘူး။

မမြင့်မြင့်ခိုင်
VOA Burmese News