07/25/16



မန္တလေးမြို့မှာ ဂျာနယ်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အဖိုးအို ဦးဘိုနဲ့ ဇနီးကို တွေ့ရစဉ်။ Photo: Hset Paing Toe/ RFA
အသက် ၉၀ နဲ့အထက် သက်ကြီးရွယ်အိုတွေကို နိုင်ငံတော် ဘတ်ဂျက်နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က နှစ်စဉ်ငွေကြေးထောက်ပံ့ပေးမယ့်အစီအစဉ်ကို စတင် လိုက်ပါတယ်။

အသက် ၉၀ နဲ့ ၁၀၀ ကြား လူကြီးတွေအတွက် တစ်နှစ် ငွေကျပ် တစ်သောင်းခွဲနဲ့ အသက် ၁၀၀ နဲ့အထက်ကို တစ်သောင်းရှစ်ထောင်ကျပ် ထောက်ပံ့ပေး သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည် က ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် ၉၀ နဲ့အထက် သက်ကြီးရွယ်အို တစ်သောင်းခွဲနီးပါးရှိပြီး ထောက်ပံ့ငွေကြေးတွေကို ပြည်နယ်နဲ့ တိုင်းအလိုက် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေက ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တာဖြစ်ပြီး အသက် ၉၀ နဲ့အထက်ကို အစိုးရဘတ်ဂျက် နဲ့ထောက်ပံ့ခဲ့ပြီး အသက် ၁၀၀နဲ့ အထက်ကို ၀န်ကြီး၊ ဒုတိယ၀န်ကြီးတွေရဲ့ လစာငွေနဲ့ ထောက်ပံ့ ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ကစတင်ပြီး အစိုးရဘတ်ဂျက်နဲ့ပဲ နှစ်စဉ်ထောက်ပံ့သွားမှာဖြစ်သလို နှစ်အလိုက် ထောက်ပံ့တဲ့ ငွေကြေး ပမာဏ တိုးလာနိုင်တယ်လို့လည်း ဦးစိုးကြည် က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese



တရုတ်နိုင်ငံ ဘေဂျင်းမြို့ က ဧကခြောက်ထောင် ကျယ်ဝန်းပြီး နံမည်ကျော် Badaling Wildlife Park သားရိုင်းတိရိစ္ဆာန်တွေကို သဘာဝ အတိုင်း မွေးထားပြီး ကားတွေနဲ့  ကြည့်ရတဲ့ ဥယျာဉ်မှာ လှည့်ပါတ် ကြည့်နေ တဲ့ ကားပေါ်က နေ အောက်ဆင်းမိတဲ့ အမျိုးသမီးတဦးကို ကျားတစ်ကောင်က ဆွဲသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ ကားတခါးကို တွန်းဖွင့်ပြီး အောက်ဆင်းဖို့  ကြိုးစားနေတဲ့ သမီးကိုတားဘို့ တံခါးဆင်းအပိတ်မှာ ရုတ်တရက် ကျားဆွဲခံခဲ့ရတာပါ။

နောက်ကလိုက်ကယ်တဲ့ အမျိုးသမီးတစ်ဦးကိုပါ ကျားကိုက်ခံရကြောင်း သိရပါတယ်။ ကံကောင်းတာက ကားထဲမှာ ကျန်နေတဲ့ ခလေးသုံးယောက် က အောက်ဆင်းမလာခဲ့ကြလို့  ကျားကိုက်မယ့် ဘေးက လွတ်သွားခဲ့ပါတယ်။


ယခုဖြစ်ရပ်မှာ ကျားဆွဲ ခံရတဲ့ မိခင်ဖြစ်သူဟာ ဒဏ်ရာပြင်းထန်လို့  ဆေးရုံမှာေ သဆုံးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်တွင်းသတင်းတွေမှာရေး သားဖေါ်ပြေ နပါတယ်။

အန္တရယ်ရှိတဲ့ ဆိုက်ဘေးရီးယားကျားရိုင်း မျိုးဟာ လူတွေကို တိုက်ခိုက်ဘို့  အမြဲကြိုးစားနေခဲ့တာကို လူတွေက ကားပေါ်ကနေ သဲထိတ်ရင်ဖို့  ကြည့်ရတာ ကို ကြိုက်နှစ်သက်ကြပါတယ်။ ယခုဖြစ်ရပ်မှာ အစောင့်ဝန်ထမ်းတွေ အချိန်မှီရောက် မလာခဲ့ကြတာကြောင့် အမျိုးသမီးသေဆုံးရတာဖြစ်လို့  တိရိစ္ဆာန်ဘေးမယ့်တောက တာဝန်ရှိသူတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

Social Action for Women - SAW


ဗီယင်ကျန်း ဇူလိုင် ၂၄

(၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Don Chan Palace Hotel ၌ ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ပါပူးဝါးနယူးဂီနီ၊ တီမော လက်စ်တေနှင့် နော်ဝေနိုင်ငံတို့မှ နိုင်ငံခြားရေး ၀န်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့် အရေး ကော်မရှင်ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော် များနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြသည်။

အခမ်းအနားတွင် လာအိုနိုင်ငံခြားရေးဝန်ကြီး Mr. Saleumxay Kommasith က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး လာအိုနိုင်ငံ ၀န်ကြီးချုပ် Mr. Thongloun SISOULITH က အဖွင့်အမှာစကား ပြောကြားသည်။
လာအိုနိုင်ငံ ၀န်ကြီးချုပ်က အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်ကြမည့် အာဆီယံ၏ စိတ်ဓာတ်ကို အခြေခံလျက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ဗီယင်ကျန်းမြို့တွင် ကျင်းပသော အဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ သီးသန့်အစည်းအဝေးနှင့် ချမှတ်ခဲ့သော အာဆီယံသဘာပတိ ၂၀၁၆ ၏ ရည်မှန်းချက်အဖြစ် Turning Vision into Reality for a Dynamic ASEAN Community ဟူသောရည်မှန်းချက်နှင့် ဦးစားပေး အချက် ရှစ်ချက်ကို လာအိုပြည်သူ့ သမ္မတနိုင်ငံက အဆိုပြုကမ်းလှမ်းခဲ့ပါကြောင်း။

ထို့အပြင် IAI Work Plan III နှင့် Master Plan for ASEAN Connectivity 2025 ဟူသော အရေးကြီးသည့် မှတ်တမ်းမှတ်ရာ နှစ်ခုကိုလည်း အာဆီယံအသိုက် အ၀န်း ရည်မှန်းချက် ၂၀၂၅ ၏ အရေးကြီးသော အစိတ်အပိုင်းများအဖြစ် တည်ရှိနေရန် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အာဆီယံ ခေါင်းဆောင်များက ရွေးချယ်ချမှတ်လိမ့် မည် ဖြစ်ကြောင်း၊
၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် အာဆီယံအဖွဲ့က အာဆီယံအသိုက်အ၀န်း ရည်မှန်းချက် ၂၀၂၅ အကောင်အထည်ဖော်နေမှု၊ ပြည်ပ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်မှု အပေါ် အာရုံစိုက်လုပ်ဆောင်နေချိန်ဖြစ်သည့် အထူး အရေးကြီးသော အချိန်ကာလတွင် ကျင်းပလိုက်သော အစည်းအဝေးများဖြစ်ကြောင်း၊

တစ်ချိန်တည်းမှာပင် အခွင့်အလမ်းနှင့် စိန်ခေါ်မှု နှစ်မျိုးစလုံးကို ပေးစွမ်းနိုင် သည့် မြန်ဆန်သော ပြောင်းလဲမှု များကို ဒေသတွင်းနှင့် နိုင်ငံတကာတို့က ဆက်လက်ရင်ဆိုင်နေရချိန်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် ပိုင်နက်အငြင်းပွားမှု၊ အစွန်းရောက်မှုနှင့် အကြမ်းဖက်မှု၊ သဘာဝဘေး အန္တရာယ်၊ ရာသီဥတုပြောင်းလဲမှု၊ ဒုက္ခသည်များပြဿနာ၊ တရား မ၀င် ရွှေ့ပြောင်းသွားလာမှု၊ လူမှောင်ခိုကုန်ကူးမှု ကဲ့သို့သော သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေ ရကြောင်း၊ ထို့အပြင် မကြာသေးမီ က ဖြစ်ပွားသည့် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံခွဲထွက်မှု အပါအ၀င် ကမ္ဘာအနှံ့တွင် ဖြစ်ပွားနေသော ဖြစ်ရပ် အချို့နှင့် ပတ်သက်ပြိး မိမိတို့ သေချာစွာ သဘောပေါက် နားလည်ရန် လိုအပ်ကြောင်း၊

အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများနှင့် ပြင်ပမိတ်ဖက်များ အနေဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ အစောပိုင်းတွင် ဗီယင်ကျန်းမြို့၌ ကျင်းပမည့် ၂၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၊ ၂၉ ကြိမ်မြောက်အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာအရပ်ရပ်ရှိ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြော ရေးမြှင့်တင်ရန် ပွင့်လင်းပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုများ လုပ်ဆောင်ကြ လိမ့်မည် ဟု မျှော်လင့်ပါကြောင်း၊

နိဂုံးချုပ်အားဖြင့် လွန်ခဲ့သော လေးဆယ့်ကိုးနှစ်တာ ကာလအတွင်း အာဆီယံအဖွဲ့ ရရှိခဲ့သည့် သိသာ ထင်ရှားသော အောင်မြင်မှုများကို မိမိတို့အားလုံးအသိ အမှတ်ပြုသည် ဟု ယုံကြည်ပါကြောင်း၊ ထိုကာလ အတွင်း မိမိတို့အနေဖြင့် ကွဲပြားခြားနားသော အဖွဲ့ဝင် ဆယ်နိုင်ငံပါဝင်သော အာာဆီယံ အသိုက်အ၀န်းအား ထူထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အကြားတွင် ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုများ ကိုလည်း ဖေါ်ဆောင်နိုင်ခဲ့ကြောင်း၊

မိမိတို့အနေဖြင့် ပြင်ပမိတ်ဖက်များနှင့်လည်း ပူးပေါင်းဆောင် ရွက်မှုများ မြှင့်တင်နိုင်ခဲ့ကြောင်း။

ထို့အပြင်ဒေသအတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် အာဆီယံ၏ အခန်းကဏ္ဍ နှင့်ပုံရိပ်ကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ ယင်းအောင်မြင်မှုများသည် အာဆီယံ၏ ရည်မှန်းချက်နှင့် အခြေခံမူများကို မိမိတို့ အမြဲတစေ လိုက်လံကျင့်သုံးခဲ့သည့်အတွက် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဒေသတွင်းရှိ အာဆီယံ၏ အခန်းကဏ္ဍကို ထိန်းသိမ်း မြှင့်တင်ခြင်းဖြင့် အာဆီယံ အား ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်များ အတွင်း ဆက်လက် တည်ရှိရန် အထောက်အကူပြုမည်ဟု ပြောကြား လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီး များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့သည် လာအိုနိုင်ငံ ၀န်ကြီးချုပ်နှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။
ထို့နောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ် တို့အား လာအိုနိုင်ငံ ၀န်ကြီးချုပ်က ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

(၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ မျက်နှာစုံညီ အစည်းအဝေးကို အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန၌ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ကျင်းပရာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံအသိုက်အ၀န်း မျှော်မှန်းချက် ၂၀၂၅ အား အကောင် အထည်ဖော်မှုနှင့် တိုးတက်မှု၊ အထူးသဖြင့် အာဆီယံနိုင်ငံရေး၊ လုံခြုံရေး အသိုက်အ၀န်း အပြီးသတ်စီမံကိန်း ၂၀၂၅ အား အကောင် အထည်ဖော်မှုတွင် တိုးတက်မှုတို့ကို ဆွေးနွေး ခဲ့ကြသည်။

ထို့ပြင် အာဆီယံ အစိုးရများအကြား လူ့အခွင့်အရေး ကော်မရှင် (AICHR) ၂၀၁၇ ၏ ဦးစားပေး အစီအစဉ်များနှင့် လှုပ်ရှား ဆောင်ရွက်မှုများကို အတည်ပြုခဲ့ပြီး အရှေ့တောင်အာရှ ၌ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးစာချုပ် (TAC) ၏ နှစ် ၄၀ မြောက် အခါသမယ အပေါ် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ၏ ကြေညာချက်ကို ချမှတ်ခဲ့သည်။

အစည်းအဝေးက ချီလီ၊ အီဂျစ်၊ အီရန်နှင့် မော်ရိုကို နိုင်ငံတို့က TAC သို့ ၀င်ရောက်ရေး မေတ္တာ ရပ်ခံချက်ကိုလည်း သဘောတူခဲ့သည်။
အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများသည် အာဆီယံ၏ ပြည်ပဆက်ဆံရေးကို တိုးမြှင့်ရေး နှင့် အာဆီယံက ဦးဆောင်သော ယန္တရားများအတွင်း အာဆီယံ၏ အဓိက ကျမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ၎င်းအပြင် ၀န်ကြီးများသည် အကြမ်းဖက်ဝါဒ၊ လူကုန်ကူးမှု၊ တရားမ၀င် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သဘာဝဘေး အန္တရာယ်များ၊ ပုံမှန်မဟုတ်သော ကူးပြောင်းဝင် ရောက်မှုနှင့် အရှေ့အလယ်ပိုင်း၊ ကိုရီးယားကျွန်းဆွယ်နှင့် တောင်တရုတ် ပင်လယ်တို့၌ ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများအား ရင်းနှီးပွင့်လင်းပြီး အပြုသဘောဖြင့် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ၏ သီးသန့် အစည်းအဝေး ကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ အာဆီယံဒေသ တွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ ပြင်ပ ဆက်ဆံရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် (၇) ကြိမ်မြာက် မဲခေါင်- ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးနှင့် (၆) ကြိမ်မြောက် မဲခေါင် - ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။

(၇) ကြိမ်မြာက် မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတွင် မဲခေါင်- ဂင်္ဂါ ခရီးသွား လာရေး၊ ပညာရေး၊ ပို့ဆောင်ရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှုမြှင့် တင်ရေးတို့ကို ဆွေးနွေးကြသည်။

မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုကို အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာ-လာအို-ကမ္ဘောဒီယား-ထိုင်း-အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့က ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်တွင် လာအိုနိုင်ငံတွင် ကျင်းပသည့် ပထမအကြိမ် မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု ၀န်ကြီးအဆင့် အစည်းအဝေးတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

(၆) ကြိမ်မြောက် မဲခေါင် - ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မဲခေါင်- ကိုရီးယားသမ္မတနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့် အနာဂါတ်ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များကို ဆွေးနွေးကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/



ရန်ကုန်က အမေရိကန် သံရုံး (ဓါတ်ပုံ - state.gov )
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမပေါ်ရှိ အမေရိကန်သံရုံးမှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းမှာ မျက်ရည်ယို ဗုံး စမ်းသပ်လေ့ကျင့်မှု ကနေ ထွက်လာတဲ့ ဂတ်စ်ငွေ့တွေကြောင့် ဖြတ်သွားဖြတ်လာ သူတွေ ကြား ထိတ်လန့်မှု ဖြစ်ပွားခဲ့ပါတယ်။

ည ၈နာရီ ၀န်းကျင်လောက်မှာ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးအတွင်း မျက်ရည်ယို ဗုံး စမ်းသပ်လေ့ကျင့်ရာမှ ဂတ်စ်ငွေ့များထွက်လာပြီး အနီးက သွားလာသူတွေမှာ အသက်ရှုကျပ်ကာ မျက်ရည်ယိုမှု ဖြစ်ပွားခဲ့တယ်လို့ ကမာရွက် ရဲစခန်းက တာဝန်ကျ ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် ထိခိုက် ဒဏ်ရာမှု မရှိဘူးလို့လည်း ရဲအရာရှိက အတည်ပြု ပြောကြားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေမှာ သွာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေကို တွေ့ရစဉ်။ Photo:Kan Thar/RFA
တရုတ်နိုင်ငံက ဖမ်းဆီးထားတဲ့ တရားဝင်နေထိုင်ခွင့် လက်မှတ်မရှိသူ မြန်မာနိုင်ငံသား ၄၅ဝ ကို မြန်မာ အာဏာပိုင်တွေဆီ အခုလအတွင်း ပြန်လည်လွှဲအပ်ပေးလိုက်တယ်လို့ သိရပါတယ်။

တရုတ်မြန်မာနယ်စပ် ကျယ်ဂေါင်နဲ့ မူဆယ်မြို့ နယ်ခြားဂိတ်မှာ တရုတ်နိုင်ငံက ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံ သားတွေကို တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်း မရှိတာကြောင့် ပြန်လွှဲပေးလိုက်တယ်လို့  မူဆယ် ရဲစခန်းမှူး က ပြောပြပါတယ်။

"ဒီလအတွင်း လွှဲတာ စုစုပေါင်း ၉ ကြိမ်ရှိပြီ၊ အဲ့ဒီ ၉ ကြိမ်မှာ ကျား - ၃၆၅ ယောက်၊ မ - ၈၄ ယောက် ပေါင်း ၄၄၉ ယောက်၊ အဓိကအားဖြင့်တော့ သူတို့က အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘူး ပြီးတော့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းကျော်တာတွေရယ်၊ အဓိကတော့ သူတို့က နေထိုင်ခွင့် သက်တမ်းကုန်ဆုံးတာပေါ့၊ သူတို့က တစ်နှစ်တစ်နှစ် နေထိုင်ခွင့် လုပ်ပေးတယ်လေ၊ အခုက နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လဲမရှိဘူး၊ နေထိုင်ခွင့် သက်တမ်းကလည်း ကုန်နေတော့ သူတို့က စိစစ်ပြီးတော့ မရှိဘူးဆိုသူတွေကို အဓိက ပြန်လွှတ်တာပဲ"

မနက်ဖြန် ဇူလိုင်လ ၂၅ ရက်နေ့မှာလည်း အလားတူ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၃ဝ ကျော်လောက် ကို မြန်မာနိုင်ငံဘက် ပြန်လွှဲပေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံဘက်မှာ မြန်မာနိုင်ငံသားတွေဟာ စက်ရုံ၊ ဆောက်လုပ်ရေး၊ အိမ်ဖော်လုပ်ငန်း၊ ဆိုင် အလုပ်သမား စသဖြင့် လုပ်ငန်းပေါင်းစုံမှာ လုပ်ကိုင်နေတဲ့သူတွေ အများအပြားရှိပါတယ်။ တရားဝင် နေထိုင်ခွင့် လက်မှတ်တွေ လုပ်ကိုင်ပြီးနေကြသူတွေရှိသလို လက်မှတ်အပြည့်အစုံမရှိပဲ လုပ်ကိုင်နေကြတဲ့သူတွေလည်း ရှိကြပါတယ်။

RFA Burmese
http://www.rfa.org/burmese



 မြူးနစ် တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ နေရာက မြင်ကွင်း
ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ ဂျာမနီ နိုင်ငံ မြူးနစ်မြို့က လူကိုးယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ အသက် ၁၈နှစ်သာရှိသေးတဲ့ သေနတ်သမားဟာ ဒီတိုက်ခိုက်မှုကို ကြံရွယ်နေတာ တနှစ်ကြာပြီလို့ ပြစ်မှုဆိုင်ရာ ဌာနက အာဏာပိုင်တွေက ပြောပါတယ်။

သေနတ်သမားလို့ ဆိုနေတဲ့ David Ali Sonboly ဟာ ဂလော့ခ် ပစ်စတို သေနတ်ကို အင်တာနက် ပေါ်ကနေ တဆင့် တရားမ၀င် ၀ယ်ယူခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ နိုင်ငံရေး နဲ့ ပတ်သက် ဆက်နွယ်မှု အထောက်အထားတွေ မတွေ့ရသလို သေနတ်သမား အနေနဲ့ သေဆုံး ဒဏ်ရာရခဲ့တဲ့ လူတွေကို ချိန်ရွယ် ပစ်ခတ်တာမျိုးလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဂျာမနီ နိုင်ငံ မြူးနစ်မြို့မှာ သေနတ် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်မှု ဆိုင်ရာ ဥပဒေကို ပြန်ပြီး သုံးသပ်ဖို့ ပြင်နေပြီး ဂျာမန် ပြည်ထဲရေး ဝန်ကြီး သေမတ်စ် ဒါ မဲန်ဇယဲ က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese



(မှတ်တမ်းဓာတ်ပုံ) ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် လုံခြုံရေးယူပေးနေသည့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ။
ရန်ကုန်မြို့ အမေရိကန်သံရုံးအတွင်းမှာ တနင်္ဂနွေနေ့ညပိုင်းက ပေါက်ကွဲမှုတခုဖြစ်တယ်ဆိုတဲ့သတင်းတွေ ထွက်လာပေမဲ့ အဲဒါ ဟာ ပေါက်ကွဲမှုမဟုတ်ဘဲ သံရုံးအတွင်းမှာ မျက်ရည်ယိုဗုံးကို စမ်းသပ် လေ့ကျင့်တာကနေ အပြင်ကို ဓာတ်ငွေ့ထွက်လာတာသာ ဖြစ်ပါတယ်လို့ ကမာရွတ်ရဲစခန်းက တာဝန်မှူး ဒုရဲအုပ်စိုးသူက ဗွီအိုအေကိုပြောပါတယ်။ သံရုံးကဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒုရဲအုပ် စိုးသူကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

“ အဓိကတော့ သူတို့ စမ်းသပ်မှုလုပ်တာပါခင်ဗျ။ အမေရိကန်သံရုံးအနေအထားနဲ့လေ။ သူတို့ စမ်းသပ်မှုတခုလုပ်တယ်။ စမ်းသပ်မှုက ပထမဦးဆုံးအကြိမ်ပေါ့နော် မျက်ရည်ယိုဗုံးကို သူတို့စမ်းသပ်မှုလုပ်တာပေါ့နော်။ သူတို့အမေရိကန်သံရုံးဝန်း ဧရိယာအပိုင်းမှာပေါ့လေ။ အဲဒီစမ်းသပ်မှုလုပ်တာကနေပြီးတော့ ဂတ်စ်ကပေါ့နော် ဂတ်စ်ငွေ့ကနေပြီးတော့ ပတ်ဝန်းကျင်ကို လေနဲ့ တိုက်ခတ်သွားတာပေါ့နော်။ အဲဒီလေကိုရှုမိတဲ့လူတွေက မျက်ရည်လေးတွေ စပ်တာတွေ ဒါမျိုးခံစားရတာတွေရှိပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့အဲဒီတော့ ပေါက်ကွဲမှုက ဘယ်လောက်အထိ အသံကျယ်ကျယ်နဲ့ ဘယ်လောက်အထိ အပြင်းအထန်ဖြစ်တာပါလဲ ခင်ဗျ။

ဖြေ။ ။ ပေါက်ကွဲမှုကတော့ ကျနော်တို့ ရဲစခန်းတောင်မသိလိုက်ပါဘူးခင်ဗျ ပေါက်ကွဲမှုကလေ။ အဲဒီပတ်ဝန်းကျင်ကလည်း ဒီ ပေါက်ကွဲသံကို သူတို့က သဲသဲကွဲကွဲမကြားရဘူးခင်ဗျ။ ပေါက်ကွဲသံကို မကြားရဘူးခင်ဗျ။ ပေါက်ကွဲတာတော့ မရှိဘူးခင်ဗျ ။ခုနကပြောတဲ့ ဓါတ်ငွေ့ကနေပြီးတော့ ပတ်ဝန်းကျင်ကို အဲဒီအရှေ့ကဖြတ်သွားတဲ့ လမ်းသွားလမ်းလာတွေမှာ သူတို့ နည်းနည်းလေး မျက်ရည်စပ်တာတွေ ၊ မျက်ရည်ယိုတာတွေ ဒါမျိုးလေးတွေတော့ရှိတာပေါ့လေ။

မေး။ ။ ဖြစ်တာက ဘယ်အချိန်လောက်ကဖြစ်ပြီးတော့ ဆရာတို့က ဘယ်အချိန်လောက်မှာ သိပါသလဲခင်ဗျ။

ဖြေ။ ။ သူတို့က ၈ နာရီ ၁၀ မိနစ်လောက် မှာဖြစ်တာပေါ့လေ ။ ၈ နာရီ ၁၀ မိနစ်လောက် မှာ သူတို့စတင်တာပေါ့နော် ။ ပတ်ဝန်းကျင်ကနေပြီးတော့မှ သိရတာပေါ့နော် လေနဲ့ပါပြီးတော့မှ ဖြတ်သွားဖြတ်လာတွေကို။ အဲဒီတော့ ကျနော်တို့ ရဲစခန်းကိုအကြောင်းကြားတယ်။ ၈ နာရီ ၁၅ မိနစ်လောက် မှာ ကျနော်တို့ဒီကနေပြီးတော့ ကျနော်တို့တာဝန်ရှိတဲ့လူတွေ သွားပြီးတော့မှ စစ်ဆေးတာပေါ့လေ။ စစ်ဆေးတာမှာ ဒီလိုမျိုးတွေ့ရှိတာပေါ့။ အဲဒီတော့ သံအရာရှိတွေကလည်း ဒီလိုမျိုး သူတို့ကြောင့်မို့လို့ ဒီလိုဖြစ်တာပေါ့နော်။ သူတို့ကလည်း တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း သူတို့လည်း ဒီဟာနဲ့ ပတ်သက်ပြီး တာဝန်ယူပေးမယ်။ ဘာပဲဖြစ်ဖြစ် တောင်းပန်ပါမယ် တရားဝင်ပေါ့နော်။ ဒီလိုမျိုး ကျနော်တို့ တာဝန်ရှိတဲ့လူတွေနဲ့ ညှိနှိုင်းမှုရပါတယ်ခင်ဗျ။

မေး။ ။ အခု နောက်ဆုံးအခြေအနေကရော ပြီးသွားပါပြီလား။ ရှင်းသွားပါပြီလား။

ဖြေ။ ။ ဟုတ်ကဲ့ ခနလေးပါပဲခင်ဗျ။ ဒီလိုမျိုး ၅ မိနစ်၊ ၁၀ မိနစ်အတွင်းမှာ သူတို့ ဒီလိုမျိုးဖြစ်သွားတာ။ ကျနော်တို့ အခုကတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီခင်ဗျ။ အန္တရာယ်တွေ အသက် အန္တရာယ်တွေလည်းမရှိပါဘူးခင်ဗျ။ စမ်းသပ်မှုလေးတခုလုပ်တာကနေ ဒီလိုမျိုးလေး ဖြစ်သွားတာပါပဲခင်ဗျ။

မေး။ ။ ဆရာတို့ တာဝန်ရှိတဲ့လူတွေအနေနဲ့ အဲဒီ ဓါတ်ငွေ့ထွက်တဲ့၊ ဂတ်စ်ထွက်တဲ့ ပစ္စည်းဟာ ဘာလဲဆိုတာရော ကိုယ်တိုင်တွေ့ခဲ့ရပါသလား။ အဲဒီပစ္စည်းက ဘာဖြစ်ပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ အဲဒါနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ အဖြေမပေးနိုင်ပါဘူးခင်ဗျ။ဒါပေမယ့်လို့ ခံစားရတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး မျက်လုံးစပ်တာမျိုးတွေ ဒါမျိုးဖြစ်စဉ်လေးတွေတော့ ဖြစ်သွားပါတယ်ခင်ဗျ။ ကြီးကြီးမားမား အသက် အန္တရာယ်စိုးရိမ်ရလောက်တာတော့ မရှိပါဘူးခင်ဗျ။

မေး။ ။ သံရုံးဘက်ကရော သူတို့ဘာကိုစမ်းသပ်တယ်ဆိုတာ တိတိကျကျပြောပါသလားခင်ဗျ။

ဖြေ။ ။သူကတော့ ဒီလိုဗျ တခုခုပေါ့နော် ဒီသံရုံးကို အနှောက်အယှက်တွေပေးတာမျိုး ဖြစ်ခဲ့မယ်ဆိုရင်၊ လူအုံကြွပြီးတော့ ဖြစ်ခဲ့မယ်ဆိုရင် ၊ သူတို့အသက် အန္တရာယ်တွေစိုးရိမ်ရတဲ့ အနေအထားဖြစ်ခဲ့လို့ရှိရင် သူတို့က ဒီလို မျက်ရည်ယိုတွေကိုအသုံးပြုမယ်ဆိုတာမျိုးလုပ်ပါတယ်ခင်ဗျ။

မေး။ ။ ဒါဟာ သံရုံးက မျက်ရည်ယိုဗုံးစမ်းသပ်လေ့ကျင့်လုပ်တာပေါ့နော်။

ဖြေ။ ။ ဟုတ်ကဲ့ ဒါဟာ ပထမဆုံးအကြိမ် ပြုလုပ်စမ်းသပ်ခြင်းဖြစ်ပါတယ်။ နောက်နောင်တော့မပြုလုပ်တော့ပါဘူးလို့တော့ သူတို့ကတော့ပြောတယ်။

မေး။ ။ ဆိုတော့ အဲဒီလိုမျိုး သံရုံးက မျက်ရည်ယိုဗုံး စမ်းသပ်တယ်ပေါ့၊ လေ့ကျင့်တယ်ပေါ့။ ဆိုတော့ အဲဒီဟာမျိုးကိုမလုပ်ခင်မှာကော ဆရာတို့ ရဲစခန်းကိုသော်လည်းကောင်း၊ ဆရာတို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေကိုရော ကြိုပြီးတော့ အသိပေး၊ အကြောင်းကြားခဲ့တာကော ရှိပါသလားခင်ဗျ။

ဖြေ။ ။ မရှိဘူးခင်ဗျ။ ကျနော်တို့ဆီကို ဒီလိုမျိုးလုပ်တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဆီကို ဆက်သွယ်အကြောင်းကြားတာ မရှိပါဘူးခင်ဗျ။

မေး။ ။ ဆိုတော့ ဆရာတို့ ဒီကိစ္စက ဆရာတို့အနေနဲ့ကော တခြားအရေးယူဆောင်ရွက်ဖို့၊ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းပိုင်းကရော လုပ်ဆောင်ရမယ့်ဟာမျိုး ဒါမျိုးတွေကော ရှိလာနိုင်ပါသလားခင်ဗျ။

ဖြေ။ ။ ကျနော်တို့ကတော့ဒီ အထက်က အဆင့်ဆင့်ကို တင်ပြထားတဲ့အတွက်ပေါ့နော်။ အထက်က အစိုးရအဖွဲ့ရဲ့ အမိန့်အတိုင်းပဲပေါ့နော် ကျနော်တို့ကတော့ လောလောဆယ်တော့ အရေးယူဆောင်ရွက်တာမျိုးမရှိပါဘူး။

မေး။ ။ ဒါမျိုးဖြစ်စဉ်မျိုးအရင်က တခြားသံရုံးတွေ ၊ တခြားအဖွဲ့အစည်းတွေနဲ့ကော ဖြစ်ခဲ့ဖူးတာ ရှိပါသလားခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့မရှိခဲ့ဘူးခင်ဗျ။ တခြားဒါမျိုးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ မတွေ့ရပါဘူးခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ပါဆရာ တခြားထူးထူးခြားခြား ဘာများ ထပ်ပြောစရာရှိပါသေးသလဲ ခင်ဗျ။

ဖြေ။ ။ ထူးခြားတာကတော့ ဒီလိုစမ်းသပ်မှုတွေလုပ်ခဲ့တာကနေပြီးတော့ အခုလိုမျိုး လေတိုက်ပြီးတော့ ပါသွားခဲ့တယ် လူတွေအနှောက်အယှက်နည်းနည်းလေးဖြစ်သွားတာပေါ့နော် ။ အဲဒါကြောင့်မို့လို့ သူကလည်း တရားဝင်တောင်းပန်မှာဖြစ်တဲ့အတွက် ကျနော်တို့ ဒီကတော့ ဘာမှ လောလောဆယ် အရေးယူဆောင်ရွက်ဖို့တော့ မရှိသေးပါဘူးခင်ဗျ။”

သံရုံးကဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒုရဲအုပ် စိုးသူကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်း ခဲ့တာပါ။

နောက်ဆုံးသိထားတဲ့သတင်းအရ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့အမေရိကန်သံရုံးက သတင်းစာရှင်းပွဲ လုပ်ပြီး ရှင်းလင်းပြောဆိုဖို့ရှိပါတယ်။

 ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီရဲ့ အစည်းအဝေးကို ဇူလိုင်လ ၄ ရက်နေ့ က နေပြည်တော် Horizon Lake View Hotel မှာ ကျင်းပစဉ်။ Photo: Win Naung Toe/RFA
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ၂၁ရာစု ပင်လုံညီလာခံမှာ ပါဝင်လာနိုင်ရေး အတွက် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသမှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ အောင်မြင်စွာဆွေးနွေးနိုင် ဖို့ မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ကြေညာချက်မှာ ကော်မရှင်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မိုင်ဂျာယန်မြို့ကို သွားလာရာမှာ အဆင်ပြေစေဖို့ ကူညီနေကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ရေး မှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးသား အဖွဲ့တွေရော မထိုးရသေးတဲ့ အဖွဲ့တွေပါ ပါဝင်နိုင်ဖို့ ဖိတ်ကြားထားကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် NCA မှာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်နေတဲ့အချက်တွေကို ညှိနှိုင်းဖို့ စီစဉ်နေတယ် လို့လည်း ပါရှိပါတယ်။

မိုင်ဂျာယန် ဆွေးနွေးပွဲကနေ လာမယ့် ၂၁ ရာစု ပင်လုံ ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး စုံညီစွာ တက်ရောက်နိုင်မယ့် ရလဒ်ကောင်းတွေ ဆောင်ကြဉ်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပါရှိပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်မှာ ဥက္ကဌအဖြစ် ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဌအဖြစ် ဦးသိန်းဇော်၊ အတွင်းရေးမှူးအဖြစ် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်တွေအဖြစ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး တို့ ပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မျက်နှာစုံညီ အစည်းအဝေးကို မိုင်ဂျာယန်မြို့မှာ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးဝန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခြင်းမှာဝန်းအတွင်း လေ့ကျင့်ရေးပြုလုပ်စဉ် မျက်ရည်ယိုဗုံး စမ်းသပ်ဖောက်ခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
ဇူလိုင်လ ၂၄ ရက် ည၇နာရီ၄၅မိနစ်အချိန်၌ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးဝန်းအတွင်း မျက်ရည်ယိုဗုံး ဖောက်ခွဲမှု လေ့ကျင့်ရေးပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဓါတ်ငွေ့များ ထွက်ခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ်မှူးရဲမှူးဇော်ဝင်းကပြောသည်။

"သူတို့ကအထဲမှာလေ့ကျင့်ရေးပြုလုပ်နေကျပါ။ဒီနေ့မှ မျက်ရည်ယိုဗုံး ဖောက်ခွဲမှုလေ့ကျင့်ရေးပြုလုပ်နေစဉ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်"ဟု ရဲမှူးဇော်ဝင်းကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီး ဓါတ်ငွေ့ထွက်သည်မှာ မိနစ်၂ဝခန့်ကြာမြင့်ခဲ့ပြီး သံရုံးဝန်းအပြင်သို့ ဓါတ်ငွေ့များ လွင့်ပျံ့လာခြင်းကြောင့် လမ်းသွားပြည်သူအချို့ ဓါတ်ငွေ့ကြောင့် မျက်ရည်ကျမှုများဖြစ်ပွားခဲ့ကြောင်း ပြည်သူတစ်ဦး ကပြောသည်။

ဓာတ်ပုံ-စိုင်းဇော်
7Day News Journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.