07/26/16

 dassk-state-counselor-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office-Facebook

နယ်စပ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ လောက်က သူတို့ကို မူလနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ခွင့်ပြုဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့် ပေးစာ ပေးပို့တင်ပြလိုက်ပါတယ်။

ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ အခြေစိုက်ထားတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း ၄၀ တို့က စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ဆီ မနေ့က ရက်စွဲနဲ့ ပေးပို့လိုက်တာဖြစ်တယ်လို့ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်းအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ကဆုမွန်က ပြောပါတယ်။

အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေရဲ့ ပြီးခဲ့တဲ့ရက်ပိုင်း အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချပြီး အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ လူ့အခွင့်အရေးအဖွဲ့တွေဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ် အိန္ဒိယ မြန်မာနယ်စပ်တွေမှာ အခြေပြုပြီး ဖက်ဒရယ်အရေး လူ့အခွင့်အရေးတွေကို ဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

RFA

မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူဝင်မူကြီးကြပ်ရေးကောင်တာတွင် အစစ်ဆေးခံနေစဉ်
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူဝင်မူကြီးကြပ်ရေးကောင်တာတွင် အစစ်ဆေးခံနေစဉ်

နယ်စပ်အခြေစိုက် အရပ်ဖက် လူ့အဖွဲ့အစည်း ၄၀ မှာ လုပ်ကိုင်နေသူတွေက သူတို့ကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဆီကို မနေ့ ဂျူလိုင်လ ၂၅ ရက်နေ့က အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

၁၉၈၈ အရေးအခင်း နောက်ပိုင်းကာလတွေ ကတည်းက နယ်စပ်ဒေသမှာအခြေစိုက်ပြီး ဒီမိုကရေစီအရေး၊ တိုင်းရင်းသား လူငယ် အမျိုးသမီးတွေအရေးနဲ့ လူ့အခွင့်အရေး လုပ်ကိုင်ခဲ့ကြတဲ့ အရပ်ဖက် လူအဖွဲ့အစည်း ၄၀ က အဖွဲ့ဝင်တွေဟာ သူတို့ကို မြန်မာနိုင်ငံသားတွေအဖြစ် ပြန်လည် အသိအမှတ်ပြုပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂီုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ နယ်စပ်အခြေစိုက် အရပ်ဖက် လူ့အဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်တွင်းမှာ တရားဝင် လုပ်ကိုင်ခွင့် မရခဲ့ပေမယ်လို့ NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက အမှုဆောင်ဒါရိုက်တာ နိုင်ကဆော့မွန်က ပြောပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်ထဲမှာ နယ်စပ်မှာရှိတဲ့အဖွဲ့အစည်းများကို တရားဝင်ကြည့်ပေးဖို့နဲ့ အသိအမှတ်ပြုပေးဖို့နဲ့ ကျနော်တို့ ဒီ Federal Union ဖြစ်ဖြစ်ပေါ့ သူတို့ National ကိစ္စတွေမှာလည်း ကျနော်တို့ ပါဝင်နိုင်ဖို့ပေါ့နော်။ အဲဒါကျနော်တို့ဘက်က စာရေးတာဖြစ်ပါတယ်။”

နယ်စပ်အခြေစိုက် အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ အခုလိုမျိုး တောင်းဆိုတာဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာဒီမိုကရေစီ ရေချိန်လည်း တစ်ဖြည်းဖြည်း မြင့်တတ်လာတာကြောင့် အတူလက်တွဲ လုပ်ဆောင်ဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ နိုင်ကဆော့မွန်က ပြောပါတယ်။

“အရင်ကတော့မှရှိပါဘူး။ ကျနော်တို့ တီးခေါက်ပြီးတော့မှ ပြည်တွင်း လုပ်ငန်းတချို့ကို ဘယ်လိုလုပ်လို့ရမလဲ အဲဒါတွေရှိတာပေါ့နော်။ ဒါပေမယ့် လွတ်လွတ်လပ်လပ် ဒီအစိုးရဘက်က အားတက်သရော အသိအမှတ်ပြုတာတွေ မရှိခဲ့ဘူးလေ။ နားလည်မှုနဲ့ပဲ တချို့က ဒီလုပ်ငန်းတွေကို ပြန်ပြီး လုပ်ကြတာရှိတာပေါ့နော်။ ဒါပေမယ့် နယ်စပ်မှာ နှစ်ပေါင်း ၂၀ -၂၅ နှစ် အလုပ်လုပ်လာတဲ့ အမျိုးသမီးအဖွဲ့တွေရှိတယ်၊ လူ့အခွင့်အရေးအဖွဲ့တွေရှိတယ်၊ အခြားသောအဖွဲ့တွေကို အရင်အစိုးရက သူတို့ရဲ့အတိုက်အခံ တွေဆိုပြီးတော့မှ လက်ခံဖို့ ခဲယဉ်းတာပေါ့နော်။ အဲဒီတော့ အခုအစိုးရလက်ထက်မှာက ဒီမိုကရေစီ ပွင့်လင်းမှုလည်း နည်းနည်းရှိလာပြီလေ။ ဆိုတော့ ဒီလိုမျိုးအဖွဲ့အစည်းတွေကို သိက္ခာရှိရှိနဲ့ တရားဝင်လက်ခံသွားဖို့ပေါ့နော် အဲဒါကျနော်တို့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံအကြောင်းကြားတာပါ။”

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့မယ်ဆိုရင် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ညိုနိုင်းဆွေးနွေးပြီး မြန်မာပြည်တွင်း တရားဝင် လုပ်ဆောင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အစိုးရသစ်အနေနဲ့ အခုထိ အမည်မည်းစာရင်းမှာ ပါနေသေးတဲ့ သူစာရင်းကို ပြန်လည် ထုတ်ပေးဖို့နဲ့ မူလနိုင်ငံသား အခွင့်အရေးတွေ ပြန်လည် ရရှိဖို့လည်း တောင်းဆိုမှုတွေ ရှိပါတယ်။ သမ္မတရုံးဝန်ကြီး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ ပြစ်မှုတစ်စုံတရာ မရှိဘူးဆိုရင် သက်ဆိုင်ရာ သံရုံးတွေမှာ နိုင်ငံသားတွေအဖြစ် ပြန်လည် လျှောက်ထားခွင့်ရှိတယ်လို့ ဆိုပါတယ်။

“မူလနိုင်ငံသားပြန်ဖြစ်ဖို့က ကျနော်တို့နိုင်ငံရဲ့ လ၀က ဥပဒေရှိတယ် ကျနော်တို့က Dual citizen မရဘူး။ မရတဲ့အခါမှာ အရင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ အမြဲတမ်းနေထိုင်ခွင့်ပေါ့နော် အဲဒါမျိုးစဉ်းစားပြီးလုပ်တယ်။ အဲဒါကလည်း အဓိကတော့ အတက်ပညာရှင်၊ အသိပညာရှင်၊ စီးပွားရေးသမားတွေ ဒီမြန်မာနိုင်ငံပြန်လာပြီး လုပ်ကိုင်ရလွယ်ကူအောင်လို့ ပြန်ပြီးလျှောက်ထားပြီးတော့ လုပ်လို့ရတယ်။ မူလက မြန်မာနိုင်ငံသားဖြစ်ခဲ့တယ် အခြေအနေ အကြောင်းကြောင်းကြောင့် ကျနော်တို့ မြန်မာနိုင်ငံပြင်ပ ကို ရောက်ရှိသွားပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံသားဖြစ်သွားတဲ့လူတွေက နိုင်ငံသားအဖြစ်ပြန်ပြီးတော့ လျှောက်ထားလို့ရတယ်။ ဒါကလည်းကျနော်တို့ သက်ဆိုင်ရာနိုင်ငံတွေ မှာရှိတဲ့ မြန်မာသံရုံးကိုဆက်သွယ်၊ နောက် ဒီမှာရှိတဲ့ လ၀က ပေါ့နော် သူတို့ လုပ်ထုံးလုပ်နည်းနဲအညီဆောင်ရွက်ပေးလို့ရပါတယ်။ နိုင်ငံသားအဖြစ်ရှိနေတဲ့လူကတော့ တခြားရာဇ၀တ်မှုကင်းပေါ့နော် ၊ တခြားပြစ်မှုဆိုင်ရာ ရာဇ၀တ်မှုကင်းစသည်ဖြင့် ပြစ်မှုတွေမရှိဘူးဆိုရင် သူတို့ပြန်လာလို့ရတယ်။”

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး အပြောင်း အလဲတွေဖြစ်ခဲ့တဲ့နောက် နယ်စပ် နဲ့ပြည်ပရောက် လှုပ်ရှားတတ်ကြွသူ အတော်များများ မြန်မာနိုင်ငံကို ပြန်လည်အခြေချပြီး နိုင်ငံသားပြန်လျှောက်ခဲ့ရာမှာ နှောင့်နှေးမှုတွေ ကြုံခဲ့ရပါတယ်။ ဒါ့အပြင် အခုချိန်အထိ မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့ ဗီဇာပိတ်ပင်ခံရတာတွေ ကန့်သတ်ခံရမှုတွေလည်း ကြုံနေရဆဲပါ။ နယ်စပ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းဝင်အများစုကတော့ အခြားနိုင်ငံသားအဖြစ် ခံယူမှုမရှိသလို၊ အချို့ဆိုရင် အိမ်နီးချင်းတိုင်းပြည်တွေမှာ တရားဝင်နေထိုင်ခွင့်အထောက်အထားပါ မရှိပဲ နေကြရသူတွေဖြစ်ပါတယ်။

ကိုထက်အောင်
VOA Burmese News

မိုင်ဂျာယန်တိုင်းရင်းသားညီလာခံ
မိုင်ဂျာယန်တိုင်းရင်းသားညီလာခံ

ငြိမ်းချမ်းရေးအတွက် အဖြေရှာရာမှာ အပစ်ရပ်လက်မှတ်ထိုးတဲ့အဖွဲ့ မထိုးတဲ့အဖွဲ့ဆိုပြီး တိုင်းရင်းသားတွေအကြား ခွဲခြားနေဖို့မလိုပဲ တပေါင်းတစည်းထဲ ဆွေးနွေးအဖြေရှာကြဖို့ ကေအိုင်အို ဒု ဥက္ကဌက မိုင်ဂျာယန်တိုင်းရင်းသားညီလာခံ အဖွင့်မှာ တိုက်တွန်းပြောလိုက်ပါတယ်။ မိုင်ဂျာယန် မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံမှာ ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခက ညီလာခံပထမနေ့ အခြေအနေနဲ့ပတ်သက်လို့ သတင်းပေးပို့ထားတာပါ။

ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ၄ရက်တာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံကို ဒီကနေ့ စတင်ကျင်းပတာမှာ ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုင်းရင်းသားတွေအကြား အချင်းချင်းခွဲခြားမနေပဲ ငြိမ်းချမ်းရေးအတွက် စုစည်းအဖြေရှာဖို့ တိုက်တွန်းသွားတာပါ။

“အပစ်ရပ်၊ အပစ်မရပ်အဖွဲ့ဆိုတဲ့ ကန့်သတ်ချက်တွေဟာ မိမိတို့တိုင်းရင်းသားတွေကြားမှာ မရှိသင့်ပါဘူး။ ဒီဆွေးနွေးပွဲတလျှောက် အဖွဲ့အစည်းတခုနဲ့တခုအကြား ၊ လူမျိုးတခုနဲ့တခုအကြား သံသယနဲ့ အမုန်းတရားတွေ ပွားများစေပြီး ယုံကြည်မှုနဲ့ စုစည်းညီညွှတ်မှုကို ကျဆင်းစေမယ့် အကြောင်းအရာတွေကိုလည်း ရှောင်ရှားကြဖို့ နှိုးဆော်လိုပါတယ်။”

ဒီကနေ့ကျင်းပတဲ့တိုင်းရင်းသားညီလာခံမှာ UWSA (ဝပြည်သွေးစည်း ညီညွှတ်ရေးပါတီ) ၊ TNLA(ပလောင် တအောင်း ပြည်လွတ်မြောက်ရေး တပ်ဦး) ၊ MNDAA (မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်)၊ တို့တက်ရောက် ခဲ့ခြင်းမရှိပါဘူး။ မိုင်းလားအဖွဲ့ကတော့လေ့လာသူတွေစေလွှတ်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း စုစုပေါင်း (၁၇) တတ်ရောက် ခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကတော့ ခေတ်အခြေအနေရဲ့တောင်းဆိုချက်အရ ငြိမ်းချမ်းရေးကြိုးပမ်းခဲ့ကြပေမယ့်လို့၊ နိုင်ငံရေးပြဿနာဖြေရှင်းဖို့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်ခွင့် မရခဲ့ဘူးလို့ ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကပြောပါတယ်။

ဒီကနေ့ညီလာခံကို နိုင်ငံတကာကိုယ်စားလှယ်အနေနဲ့ ကုလသမဂ္ဂအထွေထွေတွင်းမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအကြံပေးမစ္စတာနမ်ဘီးယား၊ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ Sun Juo Xiang တို့တက်ရောက်ခဲ့ပါတယ်။ ပြည်တွင်းကလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့အပြင် ညီညွှတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ (UNA)၊ညီနောင်တိုင်းရင်းသားများပါတီများဖက်ဒရေးရှင်း (NBF) နဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တို့တက်ရောက်ခဲ့ပါတယ်။

မစ္စတာနမ်ဘီးယားက မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာတွေကို ဆက်လက် ကူညီသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့သလိုတရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ Sun JuoXiang ကတော့ အခုအစိုးရအသစ် အပြောင်းအလဲတွေဖြစ်လာပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ကူညီမယ်လို့ အသိပေး ပြောဆိုခဲ့ပါတယ်။

“အခုမြန်မာနိုင်ငံအစိုးရသစ်တက်လာပါတယ်။ တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးဟာပြောင်းလဲသွားမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံအစိုးရရဲ့မိမိနိုင်ငံဖွံဖြိုးတိုးတက်ဖို့လုပ်ဆောင်တာမှာ ကျနော် တို့ဘက်ကတတ်နိုင်သမျှကူညီပေးမှာပါ။”

ဒီညီလာခံမှာပင်လုံလက်ဆွဲစာတမ်းဆွေးနွေးခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာဖွဲ့စည်းပုံအခြေခံမူများ၊ လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာအခြေခံမူများနဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကိစ္စ တွေကိုဆွေးနွေးမယ်လို့ ပွဲကျင်းပရေးကော်မတီက ခူးဦးရယ်ကပြောပါတယ်။ မိုင်ဂျာရမ် ညီလာခံဟာ အစိုးရက ပြုလုပ်မယ့် ၂၁ ရာစုပင်လုံညီလာခံအတွက် တိုင်းရင်းသားတွေဖက်က ကြိုတင်ပြင်ဆင်ခြင်းဖြစ်တယ်လို့ ဆိုပေမယ့်လို့၊ ဒီညီလာခံဟာ လာမယ့် ငြိမ်းချမ်းရေးအတွက် တစုံတရာအနှောက်အယှက်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ မြန်မာ့တပ်မတော်ဘက်က ပြောဆိုထားပါတယ်။
VOA Burmese News

vivo-pyay-620.jpg ပြည်မြို့ Vivo ဖုန်းအရောင်းဆိုင်က ဆန္ဒပြဝန်ထမ်းတွေ တောင်းဆိုချက်များကို ညှိနှိုင်းနေစဉ်
Photo: Phyo Htet Paing Facebook

ပဲခူးတိုင်း ပြည်မြို့ ဆံတော်ရပ်ကွက်မှာရှိတဲ့ Vivo ဖုန်းအရောင်းဆိုင်မှာ ၀န်ထမ်းတွေကို ဒဏ်ကြေးသတ်မှတ်မယ့် အစီအစဉ်ကို မကျေနပ်လို့ ဆန္ဒပြနေတဲ့ ၀န်ထမ်း ၃၀ နီးပါးနဲ့ အလုပ်ရှင်တို့ဟာ မနက်ဖြန် မြို့နယ်အုပ်ချုပ်ရေးရုံး မှာ တွေ့ဆုံညှိနှိုင်းကြမယ်လို့ ဆန္ဒပြ၀န်ထမ်းတွေက ပြောပါတယ်။

သတ်မှတ်ထားတဲ့ အရေအတွက်ကို ပြည့်မီအောင် မရောင်းနိုင်တဲ့ ၀န်ထမ်းတွေကို ဒဏ်ကြေးသတ်မှတ် မှာဖြစ်ကြောင်း စာချုပ်ချုပ်ခိုင်းတာကို မကျေနပ်တာဖြစ်တယ်လို့ ဈေးကွက်ရှာဖွေရေးဝန်ထမ်း ကိုမျိုးဆွေဦး က ပြောပါတယ်။

ဝန်ထမ်းတွေဟာ မနေ့ညကစပြီး ဆိုင်ရှေ့မှာ ထိုင်သပိတ် နဲ့ ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြ၀န်ထမ်းတွေဟာ ဥပဒေအရ သတ်မှတ်ထားတဲ့ အခြေခံလုပ်ခလစာ တစ်ရက် ကျပ် ၃၆၀၀ ပေးဖို့၊ တရားဝင် သတ်မှတ်ထားတဲ့ အလုပ်ချိန် ၈ နာရီသာ သတ်မှတ်ဖို့၊ အစိုးရရုံးပိတ်ရက်တွေမှာ ဒဏ်ငွေဖြတ်တောက်ခြင်းမရှိဘဲ အလုပ်ပိတ်ပေးဖို့၊ ဖုန်းရောင်းမှုအပေါ် မူတည်ပြီး ရာခိုင်နှုန်းပေးဖို့တို့ကို တောင်းဆိုကြတာဖြစ်ပါတယ်။

အဲ့ဒီအရောင်းဆိုင်မှာ အစမ်းခန့် ဝန်ထမ်းတစ်ဦးဟာ တစ်လကျပ် ၇ သောင်းရရှိပြီး အမြဲတမ်းဝန်ထမ်းတွေက တစ်လ ကျပ် တစ်သိန်း ရရှိတာဖြစ်ပါတယ်။
RFA


NLD ​ဦးဆောင်တဲ့ ​မြန်မာအစိုးရက ​ဒီတပတ်အတွင်း ​မြန်မာနိုင်ငံရဲ့ ​စီးပွားရေး ​အစီအစဉ်တွေကို ​ချပြဖို့ ​ရှိနေတဲ့အတွက် ​စီးပွားရေး ​အသိုင်းအဝိုင်းက ​အနီးကပ် ​စောင့်ကြည့်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ​စီးပွားရေးပေါ်လစီ ​အသေးစိတ်တွေ ​မရှိသေးတဲ့အတွက် ​စီးပွားရှင်တွေ၊ ​ရင်းနှီးမြုပ်နှံသူတွေက ​စိုးရိမ်ပြီး ​ခိုင်မာတဲ့ ​စီးပွားရေး ​ပေါ်လစီတွေ ​ပေါ်ထွက်လာဖို့ ​စောင့်ဆိုင်းနေကြပါတယ်။

မြန်မာနိုင်ငံ ​ဆူပါမတ်ကက်လုပ်ငန်းမှာ ​အကြီးဆုံး ​ဖြစ်တဲ့ ​City ​Mart ​Holdings ​Co. ​Ltd ​က ​ဆူပါမတ်ကက် ​အသစ်တွေ၊ ​hypermarket ​နဲ့ ​အထွေထွေ ​အရောင်းကုန်ဆိုင်တွေကို ​တိုးချဲ့ဖွင့်လှစ်ဖို့ ​ဆန္ဒရှိပေမယ့် ​အစိုးရရဲ့ ​စီးပွားရေး ​ပေါ်လစီကို ​စောင့်ဆိုင်းနေရတယ်လို့ ​ဆိုပါတယ်။

အစိုးရရဲ့ ​ပေါ်လစီက ​စီးပွားရှင်တွေနဲ့ ​ရင်းနှီးမြုပ်နှံသူတွေအတွက် ​ရှင်းလင်းမှုတွေ ​ဖြစ်စေနိုင်ပေမယ့် ​လိုလားသလောက် ​ပြုပြင်ပြောင်းလဲမှုတွေ ​ဖြစ်လာဦးမှာ ​မဟုတ်ဘူးလို့လည်း ​သုံးသပ်နေကြတဲ့အကြောင်း ​ရိုက်တာ ​သတင်းမှာ ​ပါရှိပါတယ်။

အစိုးရကတော့ ​ဒီတပတ်အတွင်း ​စီးပွားရေး ​မျှော်မှန်းချက် ​အစိတ်အပိုင်းတချို့ကို ​ချပြမှာ ​ဖြစ်ပြီး ​စိုက်ပျိုးရေး ​ကဏ္ဍတိုးတက်ရေးနဲ့ ​ပုဂ္ဂလိက ​ကဏ္ဍမှာ ​အလုပ်အကိုင်တွေ ​ပိုများလာဖို့ ​ကိစ္စတွေကို ​ဦးစားပေးသွားမယ်လို့ ​ပြောဆိုထားတာ ​ရှိပါတယ်။

အခုလောလောဆယ် ​ရန်ကုန်မြို့က ​တိုက်အိမ်အမြင့် ​ဆောက်လုပ်ရေး ​လုပ်ငန်းတွေကို ​ရပ်တန့်ဖို့ ​အစိုးရက ​ညွှန်ကြားထားပါတယ်။

အစိုးရဟောင်းလက်ထက်တုန်းက ​ခွင့်ပြုထားတဲ့ ​တိုက်အိမ်မြင့် ​လုပ်ငန်း ​၁၈၅ ​ခုကို ​ရပ်ဆိုင်းထားပြီး ​တချို့ကိစ္စမှာတော့ ​၃၁ ​ထပ်ဆောက်ဖို့ ​ရည်ရွယ်ထားတဲ့ ​တိုက်အိမ်တွေကို ​၁၂ ​ထပ်အထိ ​လျှော့ချဖို့ ​ညွှန်ကြားထားတာမျိုး ​ရှိတဲ့အတွက် ​အလုပ်သမား ​လျှော့ချလိုက်တာတွေနဲ့ ​ငွေကြေးအခက်အခဲတွေ ​ဖြစ်နိုင်တယ်ဆိုပြီး ​စိုးရိမ်မှုတွေ ​ရှိနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


မြို့သစ်မြို့နယ်နေ အသက် ၁၈ နှစ်ရှိ အမျိုးသမီးတစ်ဦးမှ ၎င်းအား ဓါးဖြင့်ထိုးသတ်မည်ဟု ခြိမ်းခြောက်ခေါ်ဆောင် သားမယားပြုကျင့်ခဲ့သူအား တိုင်ကြားအမှုဖွင့်ခဲ့မှု ဇူလှိုင်၂၅ ရက်ကဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်ညနေ ၅ နာရီအချိန်က မြို့သစ်မြို့နယ်၊ကွင်းကြီးကျေးရွာနေ မ------၊အသက်(၁၈)နှစ်သည် ရွာအနောက်ဘက်တစ် မိုင်ခန့်အကွာရှိ ၎င်း၏နှမ်းခင်းထဲ၌ တစ်ဦးတည်းပေါင်းနှုတ်နေစဉ် တစ်ရွာတည်းနေ အူရဲ၊ အသက် ၂၅ နှစ်သည် အရိုး ၈ လက်မ၊အသွား ၁၀ လက်မခန့်ရှိသော ဓါးချွန်တစ်ချောင်း အားကိုင်ဆောင်ရောက်ရှိလာပြီး မ------အား သူနောက်လိုက်ရန်ပြောရာ မ-------မှ မလိုက်နိုင်ကြောင်းပြောရာ မလိုက်လျှင်ဓါးနှင့်ထိုးသတ်မယ်ဟုပြောကာ လက်အားဆွဲကာ ၎င်းနေထိုင်ရာတဲထဲသို့ခေါ်ဆောင်သွားကာ တဲထဲတွင် အူရဲ၏ဖခင်ဖြစ်သူ ကျော်လှ၊အသက် ၅၁ နှစ်အား တွေ့ရ၍ မ------မှ “ကျွန်မမကြိုက်ပါဘူး၊ကျွန်မကိုပြန်ပို့ပေးပါ၊ အစောကြီးရှိပါသေးတယ်၊ တိုင်လည်းမတိုင်ပါဘူး “ ဟုတောင်းပန်သော်လည်း ကျော်လှမှ အူရဲအား အဝေးသို့ ခေါ်သွား ဟုပြောဟန် မေးကော့ပြ၍ အူရဲမှ ဦးညဏ်တင်၊ အသက် ၅၄ နှစ်၊အိမ်မဲရွာနေသူ၏အိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဦးညဏ်တင် အိပ်နေသဖြင့် နှိုးမရ၍ ဦးညဏ်တင်နှင့် တစ်ဝိုင်းတည်းနေ နိုင်လင်းအိမ် သို့ခေါ်ဆောင်သွားပြီး သားမယားအဖြစ်နှစ် ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထိုနောက် ဇူလှိုင် ၂၄ ရက်နံနက် ၅ နာရီအချိန် အူရဲအိပ်နေစဉ် အိုင်မဲရွာနေ အဒေါ်ဖြစ်သူ မသန်းလှအိမ်သို့ ထွက်ပြေးခဲ့ပြီး ဖခင်ဖြစ်သူအား ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခဲ့ပြီး ဖခင်ဖြစ်သူလာရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။

 ယင်ဖြစ်စဉ်နှင့်ပက်သက်၍ အလိုမတူဘဲ သားမယားပြု အရေးယူပေးရန် ဇူလှိုင် ၂၅ ရက်တွင် ကျင့်သူ အူရဲအား မ-----မှတရားလိုပြုတိုင်ကြားခဲ့သောကြောင့် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၂၉၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper


ဗီယင်ကျန်း၊ ဇူလိုင် ၂၆

လာအိုနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ သမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး (Minister of State) Mr. V.K Singh တို့သည် ဗီယင်ကျန်းမြို့ရှိ အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန၌ ယနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ် တွင် တွေ့ဆုံဆွေးနွေးကြသည်။


ထိုသို့ တွေ့ဆုံစဉ် ရော်ဘာအသုံးချရေး ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ - အိန္ဒိယ ပူးပေါင်း ဆောင်ရွက် မှုမြှင့် တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ဗုဒ္ဓေါဟုသာ တ,မိလိုက်လေတော့သည်။ ရုံးကစာရေးစားပွဲပေါ်တွင် ယိုးဒယားကလာသည့် ငံပြာရည်ဆိုသည့် ဘူးအားတွေ့မြင်မိ၍ ထိုကဲ့သို့ ဗုဒ္ဓေါဟု တ,မိ ခြင်းဖြစ်သည်။ ဟုတ်တယ်၊ မြန်မာနိုင်ငံလောက် ငါးပိ၊ ငံပြာရည်ပေါများသည့်နိုင်ငံကို အိမ်နီးချင်းနိုင်ငံက အဆင့်မြင့်ထုပ်ပိုးကာ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချလာခြင်းအတွက် ဘုရားကိုသာ တ,မိလေတော့သည်။

ထိုငံပြာရည်ကောင်းသည် မကောင်းသည်တော့ မသိ၊ သို့သော်လည်း မြန်မာနိုင်ငံကဲ့သို့ ရေထွက်ကုန်ငါး၊ ငါးပိ၊ ငံပြာရည် အင်မတန်ပေါသော နိုင်ငံသို့ ငံပြာရည်လာရောင်းခြင်းမှာ တရုတ်ပြည်သို့ အပ်သွားရောင်းသူနှင့် တူသည်ဟု ထင်လိုက်မိလေသည်။ အထင်နှင့်အမြင်လွဲသွားသည့် အချက်ကား ထိုထိုင်းမှလာသည့်ငံပြာရည်ကို ရွှေမြန်မာများက ကြိုက်နှစ်သက်ကြသည်ဟုဆိုကြလေသည်။ လေးစားဖွယ်ကောင်းလေစွ ကိုရွှေထိုင်းတို့။ ငါး၊ငါးပိ ပေါသည့်နိုင်ငံကိုပင်လျှင် ငံပြာရည်လာရောင်းနိုင်သည့် အစွမ်းကို။

ဒီနေရာ၌ မြန်မာနိုင်ငံက ငါး၊ ငါးပိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများနှင့် များစွာကွာခြားသည်ကိုသတိပြုမိလေသည်။ မြန်မာနိုင်ငံက ငါး၊ ငါးပိထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ သည်ကား မြန်မာငါး၊ ငါပိ၊ ငံပြာရည်သည် အရည်သွေးမြင့်မားပြီး ကမ္ဘာသို့ပင်ထိုးဖောက်၍ရသည်ဟု ပြော သည်ကိုကြားဖူးခဲ့ပါသည်။ သို့သော်လည်း ထွက်လာသည့်သတင်းများမှာ ငါးပိထဲဓာတ်မြေသြဇာထည့်သည့် သတင်းနှင့် ဆိုးဆေးအလွန်အကျွံသုံးသည့်သတင်းများသာ ဖြစ်လေတော့သည်။ ကမ္ဘာ့ဈေးကွက်မဆိုနှင့် အိမ်နီး ချင်းထိုင်းနိုင်ငံကပင် မြန်မာနိုင်ငံသို့ ငံပြာရည်များတင်သွင်း ရောင်းချနေပြီး ပြည်တွင်းထုတ်ငါးပိ၊ ငံပြာရည်များမှာ ပြည်သူများ၏ ယုံကြည်မှုကိုမှ ရပါလေစ။ အားမလိုအားမရ ဖြစ်လိုက်လေခြင်းဗျို့။ ငါး၊ငါးပိ၊ ငံပြာရည်ပင် မယှဉ်နိုင်သည့်ကိစ္စများအတွက် စစ်အုပ်ချုပ်ရေး နှစ်ပေါင်းဘယ်လောက်ရှိခဲ့သည်တို့ အာဏာရှင်အုပ်ချုပ်တို့စသဖြင့် ဆင်ခြေမပေးစေလိုပါ၊ ပြည်တွင်း စားသုံးမှုဒီလောက်ကြီးမားသည့် ဈေးကွက်ကိုပင် အိမ်နီးချင်းကခြိမ်းခြောက် နေပေပြီ၊ အခြားသော ထုတ်ကုန်များအတွက် ဘယ်ပုံခရီးဆက်ကြမည်နည်း။ တခါတလေ နိုင်ငံတကာထုတ်ကုန်များ ပြည်တွင်း၌ လာရောက် ရောင်းချ နေသော အရာများအားကြည့်၍ ဘယ်သူ့ကိုအပြစ်တင်ရမည်မသိ များစွာစိတ်မကောင်းဖြစ်ရသည်များ ရှိလေ သည်။ ဥပမာ မြန်မာနိုင်ငံလောက် ဆန်စပါးရင်းမြစ်ပေါသည့်နိုင်ငံ၊ ကိုယ့်နိုင်ငံက ဆန်စပါး ပိုလျှံနေ၍ ပြည်ပသို့ပို့ဖို့ရာ တရုတ်နိုင်ငံသို့အောက်လမ်းမှမပို့ရလျှင် ဆန် စပါး ဈေးကွက် ကမောက်ကမဖြစ်လေသည်။ ဆန်စပါးဒီလောက်ပေါသည့် နိုင်ငံသို့ ဆန်ပြုတ်လာရောင်းသည့်နိုင်ငံက ရှိလေသည်။ ထိုဆန်ပြုတ်သည်လည်း ဈေးကွက်တွင် နေရာရနေလေ၏။ ထိုဆန်ပြုတ်သည် မြန်မာနိုင်ငံရှိ လူအများစားသုံးဖူးသည့် ခနောဆန်ပြုတ်ပင် ဖြစ်လေသည်။ သနားဖို့ကောင်းလေစွ။

မြစ်ဝကျွန်းပေါ်မှာ ဗေဒါပင်ပေါသော်လည်း ဗေဒါရိုးထုတ်ကုန်က ထိုင်းပစ္စည်းများသာ။ ထိုကိစ္စများအပြင် ဈေးကွက်အတွင်း၌ ယခုပင်ရှိပါ သည်။ ဂျပန်နိုင်ငံမှ တင်သွင်းဖြန့်ဖြူးသည့် သောက်ရေသန့်ဆိုသည်က ရှိသေးသည်။ ကျန်းမာရေးအတွက် အလွန်ကောင်းသည်ဟု ကြော်ငြာများတွင် တွေ့ရလေသည်။ ရေကိစ္စသည်ကား အရေးမကြီး၊ မည်သည့်နိုင်ငံမှ တင်သွင်းသည်ဖြစ်စေ ယုံသောသူသောက်လိမ့်မည်။ ကိုယ့်နိုင်ငံအတွင်းတွင်လည်း ISO လက်မှတ်ရ ရေသန့်များရှိနေသည်။ သိပ်မကြာသေး ခင်က ဂျပန်နိုင်ငံက မြန်မာစားသုံးသူများ ကြိုက်နှစ်သက်သည့် အရသာအား လေ့လာကာ မြန်မာ့ဟင်းအနှစ်အရသာ အသင့်စား ခေါက်ဆွဲခြောက်များ မိတ်ဆက်ကာဈေးကွက်အတွင်း ရောင်းချလာလေသည်။ ဥာဏ်ကြီးသည့် ကိုရွှေဂျပန်တို့ ပြောပုံအရ မြန်မာပြည်ဈေးကွက်တွင်ရှိနေသည့် အသင့်စား ခေါက်ဆွဲခြောက်ထုပ်များသည် မြန်မာပြည် သူများအကြိုက် သီးသန့်ထုတ်လုပ်ထားခြင်း မဟုတ်ဘဲ နိုင်ငံတကာဈေးကွက်၌ တင်သွင်း ဖြန့်ဖြူးနေသော ခေါက်ဆွဲများဖြစ်သဖြင့် ယခုကိုရွှေမြန်မာများအကြိုက် သုတေသနပြုလုပ်၍ ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုလေသည်။ အတု ယူဖွယ်ကောင်းလေစွ။

မြန်မာပြည်က ထုတ်လုပ်တင်ပို့သည့်ကုန်ပစ္စည်းများ နိုင်ငံတကာ ဈေးကွက်၌ နာမည်ရသည့်ပစ္စည်းစာရင်းအား ကြည့်လိုက်လျှင် ဘာတွေများ ထင်ရှားကျော်ကြားသည်ရှိသနည်း။ အထူးထင်ရှားသည်မှာ မြန်မာ့ကျွန်းသစ်ပင် ဖြစ်မည်ထင်၏။ အခြားထင်ရှားကျော်ကြားသည်များလည်းရှိ မည်ဖြစ်သည်။ ဥပမာ ကျောက်စိမ်း၊ ပတ္တမြားကဲ့သို့ ထင်ရှားသည့် မြန်မာနိုင်ငံထွက်ကုန်များရှိသော်လည်း တရုတ်နိုင်ငံမှတဆင့် ကမ္ဘာ့ဈေးကွက်သို့ ရောက်ရသဖြင့် ဂုဏ်ယူစရာကောင်းသည်ထက် ရှက်စရာကောင်းသည် က ပိုများလေသည်။ ယင်းကဲ့သို့ ထင်ရှားကျော်ကြားသည့် မြန်မာ့ကျွန်းသစ်ရှိသော်လည်း ကိုရွှေမြန်မာကုမ္ပဏီများက သစ်ကို နှစ်ပေါင်းများစွာ အလုံးလိုက်တင်ပို့ရောင်းချခဲ့ကြလေသည်။ ကမ္ဘာအလယ် မြန်မာထုတ်ကုန်ပစ္စည်းကို ဂုဏ်ယူစွာဖြင့် မြန်မာ့ အမှတ်တံဆိပ်တခုဖြစ်ရန် အားထုတ်ခြင်း မပြုဘဲ ပေါပါပဲပဲဖြင့်ရောင်းချကာ မိမိအကျိုးကိုသာ ကြည့်ခဲ့ကြလေတော့သည်။

မြန်မာများ စဉ်းစားပုံက ဘယ်လိုများရှိနေသလဲ။ ကျွန်တော့် အဖေ မဆုံးပါးခင်က ပြောဖူးသည့်စကားရှိသည်။ အဖေပြောသည်ကား ''ငါတို့ မြန်မာတွေက ကျွန်းပင်ကြီးကြီးတွေ့ရင်ဘာပြောတယ်မှတ်လဲဟာ ကောင်း လိုက်တဲ့ကျွန်းပင် နွားသခေါင်း (နွားစားခွက်ကိုဆိုလိုသည်) လုပ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲဆိုပြီး တွေးတယ်၊ ဂျုံတွေရိတ်သိမ်းပြီးလို့ ဂျုံတွေရရင် ဘာလုပ်တယ်မှတ်လဲ၊ ထန်းလျက်နဲ့ ဂျုံကျိုသောက်ဖို့ပဲ စိတ်ကူး တာ''ဟုပြောခဲ့ဖူးလေသည်။ ထိုစကားသည် များသောအားဖြင့်မှန်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြား သည့်ကျွန်းသစ်ကို မြန်မာများက နွား စားခွက်လုပ်ဖို့ စိတ်မကူးတော့လျှင်တောင် ကျွန်းသစ်အလုံးလိုက်ပဲ တင်ပို့တတ်ကြလေသည်။ ခုသစ်အလုံးလိုက် တင်ပို့ခွင့်မရှိသောအခါ သစ်ကိုခွဲပို့ကြလေသည် တော်ချက်။ ဂျုံတင်ပို့ရောင်းချမှုတွင်လည်း အမှုန့်ပင်ကြိတ် ခွဲ၍ ပို့ဖြစ်လားမပြောတတ်၊ ဂျုံမှထုတ်လုပ်၍ရသော စားသောက်ကုန်များအား စဉ်းစားလျှင်ခေါင်းရှုပ်၍ ထင်သည်။ ထိုကဲ့သို့အခြေနေများကြောင့် မြန်မာနိုင်ငံမှ လတ်တလော အဓိက ထွက်ကုန်များသည် ဘာများဖြစ်မည်ထင်သနည်း။ လတ်တလောအဓိက မြန်မာထုတ်ကုန်များမှာ လူများပင် ဖြစ်သည်။ ကိုယ့်နိုင်ငံ၌ အမြောက်အမြား ထုတ်ယူနိုင်သည့် ငါးပုစွန်စသည်များရှိပါလျက်နှင့် အိမ်နီးချင်းနိုင်ငံ ရှိ ငါး၊ ပုစွန်စက်ရုံများသို့သွားရောက် အလုပ်လုပ်ကိုင်နေရလေသည်။ ယနေ့ခေတ် မြေလတ်ဒေသက လူငယ်အများအပြားအားကြည့်လျှင် ဒေသတွင်း နိုင်ငံများသို့သွားလျှင်သွား၊ မသွားလျှင်လည်း ဖားကန့်ရေမဆေး ကျောက်ရှာသူနှင့် တရုတ်နယ်စပ် မူဆယ်၊ မိုင်းလားသို့သွားသူသာများပြီး မြန်မာနိုင်ငံမှ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် လူငယ်အများအပြား ပြည် တွင်း၌ မရှိတော့ပေ။

လက်ရှိအခြေနေက အိမ်နီးချင်းနိုင်ငံများက ကိုယ့်နိုင်ငံတွင် အရင်း အမြစ်ပေါများသည့်ထုတ်ကုန်ကိုပင်လျှင် ဈေးကွက်ဖောက်နေလေပြီ။ ကိုယ့်နိုင်ငံက လုပ်သားများကလည်း ဒေသတွင်းနိုင်ငံများသို့ အလုံးအရင်းသွား ရောက်လုပ်ကိုင်ဆဲ ဖြစ်နေသည်။ သို့သော်လည်း မြန်မာများကမူ ကျွန်းပင်အား နွားစားခွက်လုပ်လိုဆဲ ဂျုံကျိုသောက်ချင်ဆဲပင် ဖြစ်နေသည်ကို တွေ့နေရလေသည်။

ကိုခက်
https://www.facebook.com/NewsWatchJournal


ရန်ကုန် ဇူလိုင် ၂၅

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်အား ပိုင်းခြားထားသော လှိုင်မြစ်အတွင်း ရပ်နားထားသည့် ကုန်တင် သင်္ဘောများပေါ်သို့ ညနက်ပိုင်းတွင်တက်ရောက်ကာ တုတ်၊ ဓားတို့ဖြင့် ခြိမ်းခြောက် လုယက်နေသောအဖွဲ့အား ဇူလိုင်၂၃ ရက် နံနက် ၅ နာရီခွဲက ပန်းလှိုင်မြစ်ကမ်းအနီး ကျူးကျော်တဲအနောက်ဘက်ရှိ ပြွန် တံတားသို့ ဆိုက်ကပ်လာသော စက်လှေပေါ်မှ လူသုံးဦးအား ကင်းပုန်းဝပ် စောင့်ဆိုင်းနေသော ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ လက်နက်များနှင့်အတူ လုယက်ရာမှ ရရှိလာသောပစ္စည်းများပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက် ည ၁၁ နာရီခန့်က အပြင်ပဒံကျေးရွာ ဆိပ်ကမ်းသာလမ်းမ ပန်းလှိုင်မြစ်ဘေး ကျူးကျော်တဲ (ဦးသန်းလှိုင်ကျူးကျော်တဲ)သို့ မသင်္ကာဖွယ် ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦး ရောက်ရှိလာကာ အသင့်ဆိုက် ကပ်ထားသည့် စက်လှေဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲလွင်စိုး၏ ကြီးကြပ်မှုဖြင့် အဖွဲ့ သုံးဖွဲ့ ခွဲ၍ ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့ရာ ဇူလိုင်၂၃ ရက် နံနက် ၅ နာရီခွဲတွင် အဆိုပါစက်လှေမှာ ကျူးတဲနောက်ဘက်ရှိ ပြွန်တံတားတွင် ဆိုက်ကပ်ပြီး မသင်္ကာဖွယ် လူသုံးဦး ကုန်းပေါ် တက်၍ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်ခွာရန်ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ စိုးကျော်သူ(ခ) ချစ်မင်းသူ (၂၅ နှစ်) ကြည့်မြင်တိုင်နှင့် ညီညီ(၁၉ နှစ်) အတွင်းပဒံကျေးရွာတွင် နေထိုင်သူတို့ကို ဖမ်းဆီးရရှိခဲ့ပြီး ညီညီ၏ အစ်ကိုဖြစ်သူ ကိုကို(၂၀ နှစ်)မှာ မြစ်အတွင်း ခုန်ဆင်းလွတ်မြောက်သွား သည့်အတွက် ၎င်းနေထိုင်ရာ အတွင်းပဒံကျေးရွာ မြအေးကြည် လမ်းမှ ရဲတပ်ကြပ် စည်သူနှင့် အဖွဲ့က စောင့်ဆိုင်းဖမ်းဆီး ခဲ့သည်။

လှိုင်မြစ်နှင့် ရန်ကုန်မြစ်အတွင်း ညပိုင်းတွင် ရပ်နားထားသည့် သင်္ဘောများပေါ်သို့တက်၍ ခြိမ်းခြောက် လုယက် နေသော အဆိုပါအဖွဲ့ထံမှ ဓားရှည် သုံးချောင်း၊ သံပိုက်လုံး တစ်ချောင်း၊ လေးခွ လေးလက်နှင့် စက်လှေတစ်စင်းကို သိမ်းဆည်းရမိပြီး စက်လှေပေါ်မှ ဆိုင်ကယ် နှစ်စီး၊ ဖုန်းလေးလုံးနှင့်၊ ငွေကျပ် နှစ်သိန်း ခွဲတို့ကို သိမ်းဆည်းရမိရာ ယင်းနေ့ ညတွင် လှိုင်မြစ် အတွင်းရှိ ကျောက်ချရပ်နားထားသော သင်္ဘောများပေါ်မှ လုယက်ရရှိခဲ့ သော ငွေနှင့်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

စက်လှေပေါ်ပါသူ လေးဦးအနက် စက်ဆန်းဆိပ်ကမ်းတွင် ဆင်းကျန်ခဲ့သော ဇင်ကို(၂၀ နှစ်)အား စက်ဆန်း ရပ်ကွက် န၀ဒေးလမ်းရှိ ၎င်း၏အိမ်တွင် နယ်မြေခံစခန်းမှူး ရဲအုပ် မျိုးကျော်(ခေတ္တစခန်းမှူး )က ဇူလိုင် ၂၄ ရက်က ဖမ်းဆီးရမိခဲ့ သည့်အတွက် လုယက်သူလေးဦး (အောက်ပုံ) အား သောင်ကြီး နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားသည်။

ရန်ကုန်မြစ်နှင့် ပန်းလှိုင်မြစ်အတွင်းရှိ သင်္ဘောများပေါ်သို့ တက်ရောက်၍ လက်နက်ကိုင်ဆောင်လုယက်မှုများ ကျူးလွန် ခဲ့သောအဖွဲ့မှာ ကြည့်မြင်တိုင်မြို့နယ်၊ ဒလမြို့နယ်နှင့် ရွှေ ပြည်သာ မြို့နယ်တို့တွင်လည်း မြစ်ကြောင်းအတွင်း ရပ်နားထားသည့် သင်္ဘောများမှ လုယက်ခဲ့မှုများကို ရဲတပ်ဖွဲ့မှ စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပြီး ရွှေပြည်သာရဲတပ်ဖွဲ့က အရေးယူထားကာ မြစ်ကြောင်းအတွင်း အခက်အခဲကြုံပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့တွင် ၂၄ နာရီ ဖွင့်လှစ်ထားသည့် ၁၉၉ နှင့် ၀၁-၂၃၂၃၁၉၉ သို့ မည်သည့်အချိန်မဆို အကူအညီ တောင်းခံ နိုင်ကြောင်း သိရသည်။

သန်းထိုက်(လှိုင်သာယာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/



ဓါးခုတ်မှုဖြစ်သွားခဲ့သည့် Sagamihara က အဆောက်အဦးရှေ့တွင် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရဲ့ အနောက်ဖက်မှာရှိတဲ့ Sagamihara မြို့မှာရှိတဲ့ မသန်စွမ်းသူများ စောင့်ရှောက်ရေးဌာနမှာ လူတယောက်က ဓါးနဲ့ ၀င်ခုတ်တဲ့အတွက် အနဲဆုံး ၁၅ ဦး သေဆုံးပြီး တခြား လူ ၂၀ လည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဂျပန် အာဏာပိုင်တွေက ပြောပါတယ်။

Tsukui Yamayuri ပန်းခြံအတွင်းမှာ ဓါးကိုင်ထားတဲ့ လူတဦးကို တွေ့ရကြောင်း စောင့်ရှောက်ရေးဌာနက ၀န်ထမ်းတွေက ဒေသစံတော်ချိန် အင်္ဂါနေ့ မနက် ၂ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ ဂျပန်သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

အသက် ၂၀ ၀န်းကျင်းရှိတဲ့ အဲဒီ ဓါးနဲ့ တိုက်ခိုက်ခဲ့သူဟာ မနက် ၃ နာရီကျော်လောက်မှာ ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့တယ်လို့ ဂျပန် NHK သတင်းမှာ ဖော်ပြထားပါတယ်။

သူဟာ အရင်က အဲဒီ မသန်စွမ်းသူများ စောင့်ရှောက်ရေးဌာနမှာ အရင်က အလုပ်လုပ်ခဲ့သူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ဘာကြောင့် တိုက်ခိုက်တယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် - မသန်စွမ်းသူတွေ ဒီကမ္ဘာကြီးမှာ သူ့အနေနဲ့ ရှိမနေစေချင်ဘူးလို့ ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ကြောင်း ဂျပန် Asahi Shimbun သတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com



Solar Impulse 2 လေယာဉ် (Credit: AFP) 
လောင်စာဆီ ​မသုံးပဲ ​နေစွမ်းအင်နဲ့သာ ​ပျံသန်းတဲ့ ​Solar ​Impulse ​2 ​လေယာဉ်ဟာ ​ဒီကနေ့မှာပဲ ​ကမ္ဘာကို ​တစ်ပတ် ​ပတ်နိုင်သွားပြီ ​ဖြစ်ပါတယ်။

UAE ​နိုင်ငံ ​Abu ​Dhabi ​မြို့ကနေ ​လွန်ခဲ့တဲ့ ​၁၆ ​လကတည်းက ​စတင်ထွက်ခွာပြီး ​ကမ္ဘာကို ​ပတ်ရာကနေ ​ဒီမနက် ​အစောကြီးမှာပဲ ​Abu ​Dhabi ​မြို့ကို ​ပြန်လည်ရောက်ရှိလာတာပါ။

အဲဒီလေယာဉ်ဟာ ​ဝေဟင်ပေါ်မှာ ​နာရီပေါင်း ​၅၀၀ ​နီးပါး ​ဒါမှမဟုတ် ​မိုင်ပေါင်း ​၂၄၅၀၀ ​ပျံသန်းပြီး ​ကမ္ဘာကို ​ပတ်ခဲ့တာ ​ဖြစ်ပါတယ်။

လောင်စာဆီ ​လုံးဝ ​မသုံးပဲ ​နေစွမ်းအင်ကိုသာ ​အသုံးပြုပြီး ​ပျံသန်းတာဖြစ်လို့ ​အနာဂတ်မှာ ​အဲလိုနည်းနဲ့ ​ပျံသန်းနိုင်ဖို့ ​မျှော်လင့်ချက်တွေ ​ပိုရှိလာစေတာ ​ဖြစ်ပါတယ်။

Solar ​Impulse ​2 ​လေယာဉ်ဟာ ​မြေပေါ်ကို ​၁၆ ​ကြိမ် ​ရပ်နားခဲ့ရပြီး ​ရပ်နားခဲ့တဲ့ ​နိုင်ငံတွေထဲမှာ ​အိုမန်၊ ​အိန္ဒိယ၊ ​မြန်မာ၊ ​တရုတ်၊ ​ဂျပန်၊ ​အမေရိကန်၊ ​စပိန်၊ ​အီဂျစ်စတဲ့ ​နိုင်ငံတွေလည်း ​ပါဝင်ပါတယ်။

ရာသီဥတု ​အခြေအနေကြောင့် ​တချို့နေရာမှာ ​လနဲ့ချီ ​ရပ်နားရတာမျိုးတွေလည်း ​ရှိခဲ့ပါတယ်။

အဲဒီလေယာဉ် ​အခုလို ​ပျံသန်းနိုင်အောင် ​Abu ​Dhabi ​က ​ကုမ္ပဏီတစ်ခုက ​အဓိက ​ပါဝင်တာဖြစ်သလို ​ရေနံချမ်းသာ ​ကြွယ်ဝတဲ့ ​UAE ​အစိုးရဟာလည်း ​ပြန်လည် ​အသုံးပြုနိုင်တဲ့ ​စွမ်းအင် ​renewable ​energyမှာ ​ဒေါ်လာ ​ဘီလီယံနဲ့ချီ ​ရင်းနှီးမြုပ်နှံပြီး ​ရေနံအပေါ် ​မမှီခိုရအောင် ​ကြိုးစားလုပ်ဆောင်နေတယ်လို့ ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


လာအိုနိုင်ငံ ဗီယင်ကျန်း မှာကျင်းပနေတဲ့ (၄၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ တရုတ်နဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးနှစ်ဦး တနင်္ဂနွေနေ့က သီးသန့်တွေ့ ဆုံပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သြဂုတ်လအတွင်း သွားရောက်ဖို့အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားဖို့ရှိပေမယ့် အချိန်ကိုတော့ ညှိုနှိုင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးနှစ်ဦးတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်လာရောက်လည်ပတ်ဖို့ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိက ပြောကြားခဲ့တာပါ။

ဒီအတောအတွင်း တောင်တရုတ်ပင်လယ်ပိုင်နက်အရေး အာဆီယံအစည်းအဝေးတွင်း မြန်မာရဲ့ရပ်တည်ချက်ဟာ အတိမ်းအစောင်းမခံပဲ နှစ်ဖက်မျှတမှုရှိအောင် ထိန်းညှိုဆက်ဆံတာတွေ့ရကြောင်း သုံးသပ်သူတွေလည်း ရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးဆွေးနွေးပွဲ အတွင်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်လာရောက်ဖို့ တရုတ်အစိုးရ ရဲ့ဖိတ်ကြားချက်ကို မစ္စတာ ၀မ်ရိက ဒေါ်အောင်ဆန်းစုကြည်ကိုပြောဆိုခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံတွင်း သတင်းတွေအလျှင်အမြန်ထွက်ပေါ်လာကြောင်း တရုတ်နိုင်ငံက မကြာခင်ရက်ပိုင်းအတွင်း ပြန်ရောက်လာတဲ့ အမေရိကန်အခြေစိုက် Stimson သုတေသနဌာန တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Yun Sun က ဗွီအိုအေကို ပြောပါတယ်။

“တရုတ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန်ပဲ ဖေါ်ပြနေတဲ့ သတင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို သြဂုတ်လလယ်မှာ လာရောက်ဖို့ စီစဉ်ထားတယ်ဆိုတာပါပဲ။ အမေရိကန်ပြည်ထောင်စုကို သူသွားရောက်မယ့်ခရီးစဉ်က စက်တင်ဘာလလယ်လောက် ကုလသမဂ္ဂညီလာခံကြီး မကျင်းပမှီသွားဖို့ရှိတယ်ဆိုတာကိုလည်း ကျမတို့ သတင်းတွေရထားပါတယ်။”

အစိုးရထိပ်ပိုင်းခေါင်းဆောင်တဦးအနေနဲ့ တရုတ်နိုင်ငံကိုသွားမယ့်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် NLDဥက္ကဌအနေနဲ့ရော ပြည်သူ့လွှတ်တော်အမတ်တဦးအနေပါ ၂၀၁၅ခုနှစ်ဇွန်လက ပထမဆုံး အကြိမ်သွား ရောက်ခဲ့ပါတယ်။

ဝန်ကြီးနှစ်ဦးသီးသန့်ဆွေးနွေးပွဲအတွင်း တောင်တရုတ်ပင်လယ်ပိုင်နက်ကိစ္စအရေးပြောဆိုရာမှာလည်း သက်ဆိုင်ရာနိုင်ငံတွေအားလုံး လိုက်နာ ရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်ကို ထိရောက်စွာ အကောင်အထည်ဖေါ်ရေးနဲ့ ငြိမ်းချမ်းစွာ လက်တွဲဖြေရှင်းရေးမူအပေါ်မှာ မြန်မာအနေနဲ့ ရပ်တည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ အခုလို မြန်မာရဲ့ရပ်တည်ချက်နဲ့ ပတ်သက်လို့ Yun Sun ကသူရဲ့သုံးသပ်ချက်ကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံက တရုတ်ဖက်က ရပ်တည်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ တကယ်တော့ အဲဒီလို မဖြစ်လာခဲ့ပါဘူး။ ဒါကြောင့် တောင်တရုတ်ပင်လယ် ပြဿနာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်က ကြားနေတယ်၊ နှစ်ဖက်မျှတတယ်၊ အတိမ်းအစောင်းမရှိတော့ အန္တရာယ်ကင်းတယ်လို့ ဆိုရမှာပါ။”

အခုလို မြန်မာနိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ အာဆီယံဒေသတွင်းဆွေးနွေးပွဲမှာ ပထမဆုံးအကြိမ်တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့လည်း Yun Sun ကအခုလိုပြောပါတယ်။

“အာဆီယံနိုင်ငံခြားရေးဝန်ကြီး ထိပ်သီးညီလာခံ မှာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့မှုနဲ့ပတ်သက်လို့ ဒါဟာ သူ့ NLD အစိုးရတက်လာပြီး နောက်ပိုင်း သူ့အတွက် ပထမဦးဆုံးတက်ရောက်တဲ့ အာဆီယံညီလာခံပဲဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး တဦး လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။”

တနင်္လာနေ့က ကျင်းပတဲ့ အာဆီယံ-သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပူးတွဲဥက္ကဌ အနေနဲ့ ဆောင်ရွက်ခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ-သြစတြေးလျ မိတ်ဖက်ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှုး အဖြစ် ၂၀၁၅-၂၀၁၈ ခုနှစ်အထိ တာဝန်ယူထားတာကြောင့်လည်းဖြစ်ပါတယ်။ အစည်းအဝေးကိုတက်ရောက်လာတဲ့ အာဆီယံမိတ်ဖက်နိုင်ငံတွေက ရုရှ၊ မြောက်ကိုးရီးယား စတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမြင်ကွင်း။
ဇူလိုင်လ ၂၄ ရက် တနင်္ဂနွေနေ့ ညပိုင်းက ရန်ကုန် အမေရိကန်သံရုံးဝင်းအတွင်း လုပ်ခဲ့တဲ့ လုံခြုံရေး လေ့ကျင့်မှုကြောင့် အနီးဝန်းကျင်နဲ့ လမ်းသွားလမ်းလာတွေ အထိတ်တလန့် ဖြစ်ခဲ့ရတဲ့အတွက် နောက်ထပ် ဒီလိုမျိုး မဖြစ်အောင် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံးကို အကြောင်းကြားခဲ့ပါတယ်။

အမေရိကန်သံရုံးဝင်းထဲက ပုံမှန် လုံခြုံရေးလေ့ကျင့်မှုအတွင်း မျက်ရည်ယိုဗုံးငွေ့တွေ ပတ်ဝန်းကျင်ကို ပျံ့နှံ့ခဲ့တဲ့အတွက် စိုးရိမ်မှုတွေ ဖြစ်ခဲ့ကြတာပါ။ အဲဒီလို ပတ်ဝန်းကျင်ကို အနှောက်အယှက် တစုံတရာဖြစ်ခဲ့တဲ့အပေါ် တောင်းပန်ကြောင်း ရန်ကုန်အမေရိကန်သံရုံးက တနင်္လာနေ့က ထုတ်ပြန်ပြောဆို ခဲ့ပါတယ်။

ဒီလိုမျိုး နောက်ထပ် မဖြစ်စေဖို့ အထူးကြီးကြပ် ရှောင်ရှားဖို့နဲ့ အိမ်ရှင်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစား လိုက်နာဖို့ အတွက် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောခဲ့သလို၊ စာနဲ့လဲ ရေးသား အကြောင်း ကြားခဲ့တယ်လို့ နိုင်ငံခြားရေးရုံးရဲ့ Facebook လူမှု ကွန်ယက်ပေါ်မှာ ဖော်ပြထားပါတယ်။

သံရုံးပရဝဏ်အတွင်း ဖြစ်ခဲ့တဲ့ လေ့ကျင့်မှုအတွင်း တဦးတယောက်မှ ဒဏ်ရာရတာမရှိသလို၊ သံရုံးလုပ်ငန်းတွေကိုလည်း နေ့စဉ်အတိုင်း ပုံမှန် ဆောင်ရွက်နေပါတယ်လို့ သံရုံးတာဝန်ရှိသူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အခုနှစ် ဧပြီလအကုန်ပိုင်းက အမျိုးသားရေးလှုပ်ရှားသူတချို့က ရန်ကုန် အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တဲ့နောက် သံရုံးအ၀င်မှာ လုံခြုံရေး ပိုတင်းကြပ်မှုတွေ ရှိခဲ့ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com


မြန်မာနိုင်ငံမှ အမျိုးသမီးအများအပြား အနေဖြင့် ကလေးအရေအတွက် မည်မျှ မွေးဖွားမည်၊ မည်သည့်အချိန်တွင် မွေးဖွားမည်တို့ကို ဆုံးဖြတ်ရန်မှာ ခက်ခဲလျက်ရှိနေသေးသည်။ နိုင်ငံအတွင်း အရွယ်ရောက်ပြီး မျိုးဆက်ပွားနိုင်သည့် အသက်အရွယ်ရှိ အမျိုးသမီး ထက်ဝက်ခန့်မှာ ခေတ်မီ သန္ဓေသားနည်းလမ်းများကို လက်လှမ်းမီခြင်းမရှိဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ နောက်ဆုံးထုတ် စာရင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန် ဖျက်ချခြင်းအား မိခင်၏ အသက်ကို ကယ်တင်ရန် လိုအပ်ချိန်မှအပ ပြုလုပ်ခွင့်မရှိဘဲ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။ သန္ဓေသား နည်းစနစ်များအား အသုံးပြုနိုင်မှု နည်းပါးခြင်းကြောင့် အန္တရာယ်ရှိသော တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းများ ဖြစ်ပေါ်စေကာ မီးဖွားမှုနှင့် ပတ်သက်သည့် သေဆုံးနှုန်း မြင့်မားစေသည့် အဓိက အကြောင်းရင်း တစ်ခု ဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ မီးဖွားမှုအကြိမ် တစ်သိန်းတွင် သေဆုံးနှုန်း နှစ်ရာခန့်ရှိပြီး ဒေသတွင်း အမြင့်ဆုံးနှုန်းဖြစ်သည်။

မီးဖွားစဉ် သေဆုံးနှုန်းကို လျှော့ချရန်နှင့် မိသားစု စီမံကိန်း ၂၀၂၀ ရည်မှန်းချက် ကို ဖြည့်ဆည်းရန် ရည်ရွယ်၍ မြန်မာအစိုးရသည် လက်ရှိ သန္ဓေတားနည်းအသုံးပြုမှုနှုန်း ၄၁ ရာခိုင်နှုန်းအား လေးနှစ်အတွင်း ၆၀ ရာခိုင်နှုန်း အထိ မြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ တာရှည်ခံ သန္ဓေတားနည်းများနှင့် ကျေးလက်ဒေသများထံ ဖြန့်ဝေခြင်းတို့ကို ပေါင်းစပ်၍ အသုံးပြုနှုန်း တိုးတက်ရန် ဆောင်ရွက်မည်ဖြစ်သည်။

ပြည်သူ့ကျန်းမာရေးဌာန မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေး ဌာန ညွှန်မှူး ဒေါက်တာ လှမြင့်သွေးအိန္ဒြာက “မိသားစုစီမံကိန်း အစီအစဉ် ပိုမိုကောင်းမွန် တိုးတက်ဖို့ ကျွန်မတို့ ဆောင်ရွက်နေပါတယ်။ အမျိုးသမီးတွေက ဗဟုသုတရှိပေမယ့် အသုံးပြုဖို့ လက်လှမ်းမမီတဲ့ ပြသနာရှိနေပါတယ်” ဟု ပြောကြား သည်။ မီးဖွားစဉ် သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိမှာ တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

အစိုးရသည် ယခုအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် UNFPA အပြင် MSI နှင့် PSI တို့ အပါအ၀င် အခြားအန်ဂျီအိုများနှင့် ပူးပေါင်းကာ တာရှည်ခံ သန္ဓေတားနည်းစနစ်များအား ပြည်သူ့ကျန်းမာရေးဌာနများမှတစ်ဆင့် ဖြန့်ဝေနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ မြို့စွန်ဒေသများရှိ ဆင်းရဲသား အမျိုးသမီးများ၊ ဝေးလံခေါင်သီသော ဒေသရှိ လူနည်းစု တိုင်းရင်းသား အမျိုးသမီးများ စသည့် သန္ဓေတားနည်း ပညာ အဓိကလိုအပ်နေသူများထံ မတူညီသော နည်းစနစ်များ ဖြန့်ဝေပေးခြင်းဖြင့် အန္တရာယ်များသော တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းအား လျှော့ချနိုင်မည်ဟု အစိုးရက မျှော်လင့်ထားသည်။

မတူညီသော သန္ဓေတားနည်းများ အသုံးပြုနိုင်ေးမှာ လက်ရှိ ရင်ဆိုင်နေရသော ပြသ၁နာများထဲမှ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အသုံးပြုရန် လိုအပ်နေသူများ၊ ထိုနည်းစနစ်များကို လက်လှမ်းမီစေရေးက ပိုမိုခက်ခဲသော လုပ်ငန်းဖြစ်နေသည်ဟု ဆိုသည်။ မြန်မာ့လူဦးရေ သုံးပုံနှစ်ပုံသည် မိသားစုစီမံကိန်းများ ဆောင်ရွက်ခြင်း မရှိသည့် ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိသည်။ နိုင်ငံအတွင်း ကျွမ်းကျင်ကျန်းမာရေး သားဖွားဝန်ထမ်း မလုံလောက်မှုကြုံနေရပြီး သန္ဓေတားဆေး အပါအ၀င် ဆေးဝါးနှင့် ပစ္စည်းကိရိယာများ ပြတ်လပ်ခြင်း မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် နယ်စပ်ဒေသများရှိ ပဋိပက္ခဒေသများတွင် လုံခြုံရေး စိုးရိမ်ရမှုများရှိသဖြင့် မိသားစုစီမံကိန်းများအား နိုင်ငံအနှံ့ ပြုလုပ်ရန် အခက်တွေ့စေသည်။ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် ကိုယ်စားလှယ် ဒေါက်တာလှလှအေးက “တစ်ခါတစ်ရံ ပစ္စည်းတွေရှိပေမယ့် ပို့ဆောင်ပေးလို့ မရတာမျိုး ကြုံရပါတယ်” ဟု ပြောကြားသည်။

သို့သော် အကောင်းဘက်သို့ တဖြည်းဖြည်း ပြောင်းလဲလာမှုများ ရှိနေသည်ဟု ဒေါက်တာ လှလှအေးက ဆိုသည်။ ၁၉၉၀ ပြည့်လွန်ကာလများတွင် “မိသားစုစီမံကိန်း” ဆိုသည့် အသုံးအနှုန်းကိုပင် လက်မခံသူများရှိသဖြင့် ကွင်းဆင်းလုပ်ငန်း ဆောင်ရွက်သူများက “သားဆက်ခြားခြင်း” ဟု သုံးနှုန်းခဲ့ရသည်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အစီအစဉ်တစ်ခုဖြစ်သော “မိသားစုစီမံကိန်း ၂၀၂၀” အား အစိုးရက ၂၀၁၃ တွင် လက်မှတ်မတိုင်မီ ၂၀၁၁ မှစတင်ကာ အစိုးရက မိသားစုစီမံကိန်းအစီအစဉ်များကို အားပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ လှလှအေးက ပြီးခဲ့သည့် ဆယ်စုနှစ် သုံးစုအတွင်း မီးဖွားစဉ် သေဆုံးနှုန်းအား သိသာစွာ လျှော့ချနိုင်ခဲ့သည့် မလေးရှားနှင့် သီရိလင်္ကာနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံကို ဆောင်ရွက်စေလိုသည်ဟု ဆိုသည်။ “ဘယ်သူမှ နှစ်တိုင်း ကလေးမွေးနေတာမျိုး မဖြစ်ချင်ပါဘူး။ ဘ၀နေထိုင်မှု အဆင့်အတန်း အကြောင်း ပြောရမယ်ဆိုရင် မိသားစု အရွယ်အစား သေးတာက ပိုကောင်းပါတယ်” ဟု ဒေါက်တာ လှလှအေးက ပြောကြားခဲ့သည်။

“မီးဖွားစဉ် သေဆုံးမှုတိုင်းကို စစ်ဆေးသုံးသပ်ပြီး လိုအပ်ချက်တွေကို တုံ့ပြန် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှ နောက်ထပ် သေဆုံးမှုတွေကို ကာကွယ်နိုင်မှာပါ” ဟု ဒေါက်တာ လှလှအေးက ပြောကြားသည်။ မိသားစုအတွင်း ကလေးဦးရေ နည်းပါးခြင်း၏ အကျိုးကျေးဇူးကို မြန်မာအမျိုးသမီးများက နားလည်သဘောပေါက်မှု ရှိသည်ဟု ကျန်းမာရေး ကျွမ်းကျင်သူများက ဆိုသည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies


ပြင်သစ်နိုင်ငံ Rouen မြို့ရှိ ဘုရားကျောင်းတခုအတွင်း၌ အသက် ၈၆ နှစ်အရွယ် ခရစ်ယာန်ဘုန်းတော်ကြီးတပါး ခေါင်းဖြတ်သတ်ခံရမှုတခု ဇူလိုင် ၂၆ ဒေသစံတော်ချိန် နံမက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်သမားနှစ်ဦးသည် အဆိုပါ ဘုရားကျောင်းတွင်းသို့ ၀င်ရောက်၍ အသတ်ခံရသူ ဘုန်းတော်ကြီးအပါအ၀င် သီလရှင်နှစ်ပါးနှင့် ဘုရားကျောင်းတက်လာသူနှစ်ဦးအား ဓါးစာခံလုပ်၍ ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။

ဘုန်းတော်ကြီး Jacques Hamel မှာ ခေါင်းဖြတ်သတ်ခံလိုက်ရပြီး ဓါးစားခံအခြားတဦးမှာလည်း အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။ ဘုရားကျောင်းတွင်းသို့ ရဲတပ်ဖွဲ့ဝင်များက စီးနင်းဝင်ရောင်ခဲ့ပြီး အကြမ်းဖက်သမားနှစ်ဦးအား ပစ်သတ်ခဲ့သည်။


အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ လွန်စွာ နာကျင်၍ ထိန်လန့်မိကြောင်း၊ ယင်းသို့ ရိုင်းဆိုင်းကြမ်းတမ်းစွာ သတ်ဖြတ်မှုနှင့်ပတ်သက်၍ စက်ဆုတ်မိကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပြောသည်။ ရဲတပ်ဖွဲ့ဝင်များ Gambetta ဘုရားကျောင်းသို့ ရောက်ရှိလာပုံ၊ လူတဦးအား လူနာတင်ယာဉ်ပေါ် တင်ဆောင်ခေါ်ယူသွားပုံများကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



ယီမင်နိုင်ငံတွင် ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ် တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ရီယာ့ဒ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

    ယီမင်နိုင်ငံတွင် ဇူလိုင်လ ၂၅ ရက်က ရာသီဥတု ဆိုးရွားမှုကြောင့် ယီမင်နိုင်ငံ ရှိ Houthis စစ်သွေးကြွများအား တိုက်ခိုက်နေသည့် ဆော်ဒီ ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့၏ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ပြီး ဆော်ဒီ လေယာဉ်မှူး နှစ်ဦး သေဆုံး ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ Ma’rib မြို့တွင် စစ်ဆင်ရေး တာဝန်တစ်ခု ဆောင်ရွက်နေစဉ် အတွင်း ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ယီမင်နိုင်ငံ ရှိ Houthis စစ်သွေးကြွများအား လေကြောင်း စစ်ဆင်ရေးများ စတင်ပြုလုပ်ခဲ့သည့် မတ်လ ၂၆ မှစ၍ အလားတူ လေယာဉ်မတော်တဆ ဖြစ်မှုများကြောင့် လေယာဉ်မှူး နှင့် တွဲဖက် လေယာဉ်မှူးများစွာ သေဆုံးခဲ့ကြောင်း သိရသည်။

ဆော်ဒီ-ယီမင် နယ်စပ်ရှိ Najran မြို့တွင် ဆော်ဒီ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၅ ဦး အသတ်ခံရမှု ဖြစ်ပွားပြီး နာရီပိုင်း အကြာတွင် အဆိုပါ မတော်တဆ ဖြစ်ရပ်အား  ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com



ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ Horizon ကျောင်းတွေ ၂၀၀၀ ခုက စတင်ဖွင့်ထား
မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ Horizon International School ဟာ တူရကီနိုင်ငံ အာဏာသိမ်းမှုမှာ နောက်ကွယ်က ပါဝင် ပတ်သက်တယ်လို့ အစိုးရက စွပ်စွဲနေတဲ့ ဖယ်တိုဟူလာ ယူလန်နဲ့ အဆက်အသွယ် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာ နိုင်ငံဆိုင်ရာ တူရကီသံ အမတ်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က မေးမြန်းရာကနေ ဒီလို စွပ်စွဲချက် ထင်မြင်ချက် ထွက်ပေါ် လာတာပါ။

ဖယ်တိုဟူလာ ယူလန်ဟာ တချိန်က သမ္မတ ရီဂျက်ပ် တိုင်ရိ အာဒိုဝမ်နဲ့ မဟာမိတ်ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ သူ့ဖာသာ ထွက်ပြေးခိုလှုံနေသူ ဖြစ်ပါတယ်။

သူဟာ သမ္မတနဲ့ အရင်က မဟာမိတ်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သမ္မတနဲ့ အစိုးရကိုပစ်မှတ်ထားတဲ့ အကျင့်ပျက် လာဘ်စားမှု စုံစမ်းရေးတွေကို ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး နောက်ပိုင်းမှာ တိုင်းပြည်ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တူရကီ သံအမတ်ကြီးက ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ မြန်မာနိုင်ငံက Horizon International School နဲ့ မစ္စတာ ယူလန်တို့ ပတ်သက်ခြင်း ရှိမရှိ မေးမြန်းရာမှာ တူရကီ သံအမတ်ကြီးက ကျောင်းနံမည်ကို ထုတ်ဖော်မပြောပေမယ့် မစ္စတာယူလန်နဲ့ ပတ်သက်တဲ့ ကျောင်း မြန်မာနိုင်ငံမှာ ရှိကြောင်းပြောခဲ့လို့ အခုလို သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီသတင်း ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး Horizon International School ကျောင်းရဲ့ သင်ကြားလေ့လာရေးဆိုင်ရာ ဒါရိုက်တာ ရှာဟရီရာ တာရဂူနိုကို ကတော့ မစ္စတာယူလန်နဲ့ သူတို့ကျောင်း ဆက်စပ်မှု လုံးဝ မရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။

သံအမတ်ကြီးရဲ့ တရားဝင်ထုတ်ပြန် ကြေညာချက်ထဲမှာ သူတို့ကျောင်းရဲ့ နာမည် ထည့်သွင်းဖော်ပြမထား ကြောင်းနဲ့ အပြင်က တစ်ယောက်က သူတို့နာမည်ကို ထည့်သွင်း ပြောသွားတာလို့ လည်းသူက ပြောပါတယ်။

သူတို့ကျောင်းမှာ ကျောင်းသားတွေ အများအပြားရှိပြီး ကိုယ့်ဖာသာ ရပ်တည်နိုင်ကြေင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ ကူညီမှုလည်း မလိုဘူးလို့ ကျောင်းက ဒါရိုက်တာ ရှာဟရီရာ တာရဂူနိုကို က ပြောပါတယ်။ Horizon International School ကျောင်းဟာ ၂၀၀၀ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံကို ရောက်ခဲ့တယ်လို့ သူကဆိုပါတယ်။

ရန်ကုန်၊ မန္တလေး နေပြည်တော်မှာ ကျောင်းတွေ ဖွင့်လှစ်ထားပြီး နိုင်ငံတကာ သင်ရိုးနဲ့ သင်ပေးနေတယ်လို့ သူက ပြောပါတယ်။

သူတို့ကျောင်းက တူရကီ အာဏာသိမ်းမှုကို မထောက်ခံကြောင်းကြေညာချက်တစောင်ကိုလည်း ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


နိရဉ္စရာ၊ ဇူလှိုင် ၂၆

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်တွင် ယနေ့နံနက်က ပြုလုပ်သော အထူး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စီးနှင်းတိုက်ခိုက်မှု တစ်ခု အတွင်း စစ်သွေးကြွ ၉ ဦး သေဆုံးသွားကြောင်း ဘင်္ဂလာဒေ့ရှ့်က လာသော သတင်းများတွင် ဖော်ပြသည်။

လုံခြုံရေးတပ်ဖွဲ့များ (ရဲ၊ RAB ခေါ် အထူးမှုခင်းနှိမ်နှင်းရေး တပ်ဖွဲ့၊ စပါယ်ရှယ်ရဲတပ်ဖွဲ့) စုပေါင်းထားသော SWAT အဖွဲ့မှ Operation Storm 26 ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ခုကို ဒက္ကားမြို့တော်၏ Kalyanpur အရပ်တွင် ပြုလုပ်စဉ် အတွင်း စစ်သွေးကြွ ၉ ဦးကို ဘင်္ဂလာဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့က သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။

နောက်ထပ် တစ်ဦးကိုမူ သေနတ် ဒဏ်ရာဖြင့် အရှင် ဖမ်းဆီးရမိပြီး ဆေးရုံတင်ထားရကာ သူ့ကိုယ်သူ IS အဖွဲ့ဝင်ဟု ထုတ်ဖော်ပြောဆိုသည်ဟု ဆိုသည်။

နံနက် ၅ နာရီ ၅၁ မိနစ်အချိန်တွင် စစ်ဆင်ရေးကို စတင်ခဲ့ပြီး တစ်နာရီ ကြာမြှင့်ခဲ့သည်ဟု သိရသည်။

ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့နှင့် အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့တို့မှ Kalyanpur ရပ်ကွက် အမှတ် ၅ ရှိ “Jahaj Building” အဆောက်အအုံအား မနက် အစောကြီး ၁၂ နာရီ ၄၅ မိနစ်မှ စတင် ၀ိုင်းထားခဲ့ပြီး စစ်သွေးကြွများက လက်လုပ်ဗုံးများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။ နံနက် ၅ နာရီ ၅၁ မိနစ်တွင် ၎င်းအဆောက်အအုံအား SWAT တပ်ဖွဲ့ဝင်များက ၀င်ရောက် စီးနှင်းတိုက်ခိုက်ခဲ့သည်။

ဒက္ကားမြို့ ဂူလ်ရှန် သံတမန် ရပ်ကွက်အတွင်းရှိ ကဖေးဆိုင်တစ်ခုအား ၀င်ရောက် စီးနှင်းတိုက်ခိုက်မှု ဇူလှိုင်လ ၁ ရက်နေ့ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသားများ အပါအ၀င် လူ ၂၀ သေဆုံးခဲ့သည်။

ယင်းနောက်ပိုင်းတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အကြမ်းဖက်အဖွဲ့များအား နှိမ်နှင်းမှု စစ်ဆင်ရေးကို အကြီးအကျယ် တိုးမြင့် ပြုလုပ်လာခဲ့ရာ ယခု အကြိမ်သည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် စစ်သွေးကြွ အဖွဲ့ဝင် အရေအတွက် အများဆုံးသေဆုံးခဲ့သော စီးနှင်းတိုက်ခိုက်မှု ဖြစ်သည်။

နိရဉ္စရာ
http://www.narinjara.com/



မလေးရှားနိုင်ငံကနေ ဇူလိုင်လ ၂ဝ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူတွေကို ရန်ကုန်မြို့ကို လေဆိပ်မှာတွေ့ရစဉ်။ Photo: Htet Arkar/RFA
မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၃ထောင်ကျော်ကို လာမယ့် သြဂုတ်လဆန်းကစပြီး မြန်မာပြည်ကို ပြန်လည်ခေါ်ဆောင်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေမေးမြန်းမှုကို ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေ က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ထိန်းသိမ်းရေးစခန်းတွေက မြန်မာအလုပ်သမားတွေကို ပြန်ခေါ်မယ်ဆိုရင် မလေးရှားအစိုးရထံ အလုပ်သမား တစ်ယောက်အတွက် မလေးငွေ ရင်းဂစ် ၆၀၀ ကျော် ပေးသွင်းရသလို လေယာဉ်စရိတ်တွေလည်း လိုအပ်တယ်လို့ ဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

ကမ္ဘောဇလေကြောင်းလိုင်းက ကူညီပေးမှာဖြစ်ကြောင်း ကမ်းလှမ်းထားတယ်လို့လည်း ပြောပါတယ်။

ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ၊ ပြည်တွင်းမှာ အနည်းဆုံးလုပ်ခလစာ တစ်ရက် ငွေကျပ် ၃၆၀၀ သတ်မှတ်တာကို ပြန်လည်သုံးသပ်ပေးဖို့ နဲ့ ပြည်တွင်းမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေရဲ့ အခွန်ပေးဆောင်မှု အခြေအနေတွေကို လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။

အဲ့ဒီမေးခွန်းတွေကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားရာမှာ အနည်းဆုံးလုပ်ခလစာ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ချက် ကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ အလုပ်ရှင်၊ အလုပ်သမားအခြေအနေတွေကို စောင့်ကြည့်လေ့ လာနေတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားသား အလုပ်သမားတွေအတွက် နိုင်ငံခြားသားအလုပ်သမားဥပဒေကို ရေးဆွဲနေကြောင်း နဲ့ ပြည်တွင်း ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လိုအပ်ချက်ကို အကူအညီပေးဖို့ တိုင်ကြားရေးဌာနတွေ ကို နေပြည်တော်နဲ့ ရန်ကုန်မှာ ဖွင့်လှစ်ထားတယ်လို့ ဖြေကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese



Ansbach မြို့မှာ ဆီးရီးယားဖောက်ခွဲရေးသမား နေခဲ့တဲ့ ဟိုတယ်ကို ရဲတွေ ၀င်ရောက်ရှာဖွေအပြီး တွေ့ရစဉ်။
ဂျာမနီနိုင်ငံ၊ Bavaria ပြည်နယ်၊ Ansbach မြို့မှာ လူ ၁၅ ဦး ထိခိုက်ဒဏ်ရာသွားခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူ အသက် ၂၇ နှစ်အရွယ် ဆီးရီး ရွေ့ပြောင်းဒုက္ခသည်ဟာ IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ရဲ့ ရဲဘော်တဦးဖြစ်တယ်လို့ IS ထုတ်ပြန်တဲ့ Amaq သတင်း အေဂျင်စီမှာ ဖော်ပြထားပါတယ်။

IS အဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင် နိုင်ငံတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ IS အဖွဲ့ရဲ့ တောင်းဆိုချက်အရ အဲဒီလူက တိုက်ခိုက်ခဲ့ဖြစ်တယ်ဆိုတာကို အတွင်းလူရဲ့ ပြောပြချက်အရ သိရှိရကြောင်း Amaq သတင်းမှာ ဖော်ပြထားပါတယ်။

အသေခံ တိုက်ခိုက်ခဲ့သူက သူဟာ IS အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghadadi ကို သစ္စာခံထားသူဖြစ်ကြောင်း လက်ကိုင်ဖုန်းနဲ့ ဗွီဒီယို မှတ်တမ်းတင်ထားခဲ့တယ်လို့ Bavaria ထိပ်တန်း လုံခြုံရေးအရာရှိ Jaochhim Hermann က သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဗုံးလုပ်တဲ့ ဓါတ်ဆီနဲ့ ဓါတုပစ္စည်းတွေလည်း သူ့ရဲ့အိမ်မှာ တွေ့ရတယ်လို့ Jaochhim Hermann က ပြောပါတယ်။

ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဆိုင်ရာ အဓိက နေရာတွေမှာ လုံခြုံရေးတွေ တိုးမြင့် ချထားဖို့ အမိန့်ထုတ်ထားတယ်လို့လည်း ဂျာမန် ပြည်ထဲရေးဝန်ကြီး Thomas de Maiziere က ပြောပါတယ်။

အသေခံ တိုက်ခိုက်ခဲ့တဲ့သူဟာ အရင်ကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ၂ ကြိမ် ကြိုးပမ်းခဲ့ဘူးတဲ့အတွက် စိတ်ရောဂါဆိုင်ရာ ကုသမှု ခံယူနေသူဖြစ်တယ်လို့ ဂျာမန် အရာရှိတွေက ပြောပါတယ်။

 VOA (မြန်မာပိုင်း)
http://burmese.voanews.com

မန္တလေးမြို့ Pandora ပန်ဒိုရာ အမျိုးသမီးအဆီချလုပ်ငန်းက အနှိပ်စက်ခံရတဲ့ အလုပ်သမတွေကို ကယ်တင်ခဲ့သူ မန္တလေးနိုင်ငံရေးအင်အားစု အဖွဲ့က ဒေါ်အမာနီကို လုပ်ငန်းရှင်က ဆက်သွယ်ရေးဥပဒေ ပုဒ် ၆၆ (ဃ) နဲ့ အမှုဖွင့်လိုက်ပါတယ်။

ပန်ဒိုရာအဆီချလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မဇာလီဝင်းရဲ့ဖခင်က သမီးနဲ့ အဆက်အသွယ်မရတဲ့အကြောင်း မနှစ်က နိုဝင်ဘာလမှာ အကူအညီတောင်းတဲ့အတွက် ကယ်ထုတ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကျန်တဲ့သူတွေကို သွားရောက်ခေါ်ယူလာပြီးတဲ့နောက်ပိုင်းမှာ သူ့ကို ပြင်ဦးလွင် မြို့မရဲစခန်းက အမှုဖွင့်လိုက်တာလို့ ဒေါ်အမာနီက ပြောပါတယ်။

မန္တလေး ချမ်းအေးသာဇံတရားရုံးမှာ မဇာလီဝင်းက ပန်ဒိုရာပိုင်ရှင်ဇနီးမောင်နှံနဲ့ ပါးရိုက်ပေးရတဲ့ အမျိုးသမီးတွေကို တရားစွဲဆိုထားတာဖြစ်ပြီး ရုံးချိန်းမှာ ကျန်သူတွေက သူတို့ကိုပါ ကယ်ယူပါဆိုလို့ ဒေါ်အမာနီက ကယ်ဆယ်စောင့်ရှောက်ထားတာဖြစ်ပါတယ်။

RFA Burmese


မန္တလေးတိုင်း မေမြို့ နဝရတ်လမ်းနှင့် ရတနာ လမ်းကြား ရတနာလမ်းသွယ် ( ၁ ) ပန်ဒိုရာ အဆီချ လုပ်ငန်း ပိုင်ရှင် ဒေါ်တင်နွယ်မောင် မှ ပလောင်မ ( ခ ) မဝင်းဝင်းမော် ကို ၆လပိုင်း လကုန်ဖို့ ၃ ရက် အလိုမှာ ည ၁၂ နာရီ မှာ မီးပူတိုက်နေ ချိန်မှာ ရှေ့ဆံပင်ကို ကိုက်ဖြတ် လို့ဆိုပြီး ပါးကို ဘယ်ညာ အချက် ၄၀ ရိုက်ပြီး ဆောင့်တွန်းချ ရာခါးနာသွားပါတယ်။

နောက်နေ့နံက် ၉ နာရီ မှာ မဂ္ဂဇင်း စာအုပ်ယူဖတ်လို့ဆိုပြီး ပါးကို အချက်ပေါင်း ၃၀ ထပ်မံအရိုက်ခံရပါတယ် ။

 မြန်မာစကားကို လိတ်ပတ်လည်အောင် မပြောတတ်သော ပလောင်တိုင်းရင်သူလေးဟာ (၂၃ . ၇ . ၂၀၁၆ ) က မန္တလေး ၆၃ လမ်း ၂၇ x၂၈ ကြား ရှိ ပန်ဒိုရာ အဆီချလုပ်ငန်း သို့ ပစ္စည်းများ သိမ်း ခိုင်းရာမှ ထွက်ပြေး လွတ်မြောက်လာချင်းဖြစ်ပါတယ် ။


ပလောင်းမလေးဟာ အိမ်သာ ရေဘာ မပိတ်လို့ဆိုပြီး အိမ်သာပေါ်မှာ အတက်မခံဘဲ ပလပ်စတစ် အိုးတလုံး ဝယ်ပြီး ပါခဲ့ရပါတယ် တဲ့ ။

သတင်း - ဓါတ်ပုံ ။  ။ ဒေါ်အမာနီ


အူရီဒူး၏ ခုဖြေခုထောအစီအစဉ်တွင် ပါဝင်ခဲ့သူအားလုံးကို အစီအစဉ်အတွင်း သုံးစွဲခဲ့သည့် ကုန်ကျငွေများကို ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး ၊ ငွေပြန်ထုတ်ပေးရန်အတွက် ၄၈ နာရီခန့် စောင့်ဆိုင်းပေးရန် လိုအပ်ကြောင်း အူရီဒူး မြန်မာက ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

“အူရီဒူးမြန်မာမှာ ထုတ်ပြန်ကြေညာထားတဲ့ အတိုင်းပါပဲ။ ကုန်ကျသွားတဲ့ ငွေတွေကို ပြန်ထုတ်ပေးသွားမှာပါ၊ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ ဆက်သွယ်ရေးနဲ့လည်း လူကြီးတွေ ဆွေးနွေးနေပါတယ် ”ဟု အူရီဒူးမြန်မာ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက The Ladies သို့ပြောသည်။

အူရီဒူး၏ ခုဖြေခုထောအစီအစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန နှင့် ဆွေးနွေးဆဲကာလအတွင်း ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဆွေးနွေးပွဲရလဒ်ကို အကြောင်းပြု၍ အခါအားလျော်စွာ အစီအစဉ် ပြန်လည်စတင်သည့် အခါတွင်လည်း ရရှိပြီးသား အမှတ်များအားလုံး ဆက်လက်အကြုံးဝင်နေမည်ဖြစ်ပြီး အူရီဒူးသုံးစွဲသူများ အားလုံး ကျေနပ်နိုင်မည် မျှော်လင့်ကြောင်း ၊ အဆင်မပြေမှုများ အားလုံးအတွက် အနူးအညွတ် တောင်းပန်အပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies

နယူးဒေလီ၊ ဇူလိုင် ၂၅ ။ ။ အိန္ဒိယနိုင်ငံ ဟီမာချာပရာဒေ့ရှ်ပြည်နယ်တွင် အသက် ၂၅ နှစ်ရှိ အစ္စရေးကမ္ဘာလှည့်ခရီးသည်အမျိုးသမီးတစ်ဦးအား မောင်းနှင်နေသော ကားပေါ်တွင် အုပ်ဖွဲ့ကာ သားမယားပြုကျင့်ခံရသည်။

ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက အဆိုပါ အစ္စရေးသူသည် မနာလီမြို့မှ အနီးရှိ ခရိုင်တစ်ခုသို့ သွားရန်အတွက် တက္ကစီအမှတ်ဖြင့် ကားမှားတားကာ တက်စီးခဲ့ကြောင်း ရဲက ပြောသည်။

ကားပေါ်တွင် အမျိုးသားခြောက်ဦး ရှိနေပြီး ၎င်းတို့ထဲမှ နှစ်ဦးက သားမယားပြုကျင့်ကြခြင်းဖြစ်သည်ဟု ရဲကဆိုသည်။

မနာလီမြို့သည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှု များပြားသော ရေပန်းစားသည့် မြို့တစ်မြို့ဖြစ်သည်။

အဆိုပါ အစ္စရေးနိုင်ငံသူက သူငယ်ချင်းများထံ သွားရန်အတွက် ယင်းသို့ ကားငှားစီးခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနက ပြောသည်။

ကျုးလွန်ခဲ့သူများကို ဖမ်းဆီးနိုင်ရေး လုပ်ဆောင်လျက်ရှိသည်ဟု ရဲအရာရှိ ပါဒမ်ချန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောခဲ့သည်။

“ကျွန်တော်တို့တွေ စီစီတီဗီတွေကို ပြန်ကြည့်ရှာဖွေနေပါတယ်။ တရားခံတွေကို ဖမ်းမိမှာပါ။ အစ္စရေးသံရုံးကိုလည်း အကြောင်းကြားထားပါတယ်။”ဟု ၎င်းက ပြောသည်။

ရှုခင်းသာယာလှပသည့်အတွက်ကြောင့် မနာလီမြို့သည် နိုင်ငံခြားဧည့်သည်များ မျက်စိကျစရာဖြစ်နေသော်လည်း အမျိုးသမီးများ၏ လုံခြုံရေးက စိတ်မချသည့် မြို့အဖြစ် ရှိနေသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းကလည်း မနာလီမြို့၌ အမေရိကန်သူတစ်ဦးအား ထရပ်ကားပေါ် လူသုံးဦးက သားမယားဝိုင်းကျင့်မှု ဖြစ်ပွားခဲ့သည်။

ဘီဘီစီ
Mizzima - News in Burmese

နယူးယောက်၊ ဇူလိုင် ၂၅ ။ ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဖို့မိုင်ယာမြို့ရှိ နိုက်ကလပ်တစ်ခုတွင် ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွား၍ လူ နှစ်ဦး သေဆုံးကာ ၁၆ ဦးကျော် ဒဏ်ရာရကြောင်း ရဲက ပြောသည်။

ဇူလိုင် ၂၅ ရက် နံနက် ၀၀း၃၀ နာရီတွင် ဆယ်ကျော်သက်လူငယ်များ ပါတီပွဲများ ကျင်းပတတ်ရာ Club Blu နိုက်ကလပ်၌ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ကာ လူသုံးဦးကို ဖမ်းဆီးထားသည်။

ဒဏ်ရာရသူများတွင် အသက်ဘေးစိုးရိမ်စရာအထိ ရရှိသူများလည်း ရှိကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဒဏ်ရာပြင်းထန်၍ ဆေးရုံတွင် ကုသဆဲ လေးဦးကျော်ရှိနေသည်။

သေဆုံးဒဏ်ရာရသူများမှာ အသက် ၁၂ နှစ်မှ ၂၇ နှစ်ရှိကြသူများဖြစ်ကြသည်။ ပစ်ခတ်မှုက ကလပ်၏ ကားပါကင်နေရာတွင် ဖြစ်ပွားခြင်းဖြစ်သည်။ သွေးရူးသန်းရူး ပစ်ခတ်ကြခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောသည်။

ယခုပစ်ခတ်မှု၏ အကြောင်းရင်းခံကို တာဝန်ရှိသူများက ထောက်လှမ်းစစ်ဆေးလျက်ရှိနေသည်။
Mizzima - News in Burmese


ပြည်သူ့လွှတ်တော် အစည်းအဝေး ( ဇူလိုင် ၂၅၊ ၂၀၁၆)
ပြည်သူ့လွှတ်တော် အစည်းအဝေး ( ဇူလိုင် ၂၅၊ ၂၀၁၆)

NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ပြည်သူ့လွှတ်တော်မှာ စည်းမျဉ်းစည်းကမ်းတွေ ပိုတင်းကျပ်လာတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောဆိုလိုက်ပါတယ်။ပြည်တွင်း ပြည်ပ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေး၊ သင်တန်း၊ လေ့လာရေးတွေ မှန်သမျှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကနေ တဆင့် ဖိတ်ကြားရမှာဖြစ်ပြီး ဖိတ်ကြား လာသမျှကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကို မပျက်မကွက်တင်ပြ အတည်ပြုရမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးကို လွှတ်တော်ရုံး ပန်ကြားလိုက်တာပါ။ ဒီအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ NGOတွေနဲ့ ပေါင်းကူး ဆက်ဆံမှုအပေါ် ထိန်းချုပ်ဖို့ကြိုးစားလာမှုလို့ ရှု့မြင်တာတွေရှိပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပေးပါမယ်။

လွှတ်တော်အစည်းအဝေးတွေ ပြန်လည်စတင်ချိန်မှာပဲ ပြန်သူ့လွှတ်တော်ရုံးကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံးအတွက်ဆိုပြီး ဇူလိုင် ၂၂ရက်နေ့ရက်စွဲနဲ့ ပန်ကြားချက် ထွက်လာပါတယ်။ အဓိကသုံးချက်ပါတဲ့ ဒီပန်ကြားချက်ထဲမှာ INGOS ၊ NGO၊ CSO စတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကနေ အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ သင်တန်း၊ လေ့လာရေး စတာတွေ ဖိတ်ကြားလာရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို မပျက်မကွက်တင်ပြပြီး အတည်ပြုချက်ရယူဖို့ နဲ့ တကယ်လို့ ဖိတ်ကြားခံရရင်လည်း ဖိတ်ကြားခံရတဲ့ ကိုယ်စားလှယ်၊ ကော်မတီက သူတို့ကို ဖိတ်ကြားတဲ့ အဖွဲ့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို လိပ်မူပြီး ဖိတ်ကြားပေးစေလိုတယ် ဆိုတာ ပြန်ပြောပေးပါလို့ ဆိုပြီး ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်က လက်မှတ်ထိုးထုတ်ပြန်ထားတာပါ။

အရင်လွှတ်တော်တွေတုန်းက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်တို့ကြားပူးပေါင်းမှုတွေရှိခဲ့ပေမဲ့ အခုလွှတ်တော်လက်ထက်မှာ တင်းကျပ်မှုတွေ လုပ်လာတဲ့ အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက အခုလို သူ့သဘောထားပြောပါတယ်။

“အရင်လွှတ်တော် ၅ နှစ်မှာလည်း ကျနော်တို့ ဒီကိစ္စမျိုးကို မတွေ့ခဲ့ဘူးခင်ဗျ ။ လွှတ်တော်က ဒီလိုတွေ့တာတွေကို အစီအစဉ်လုပ်ပေးတာတွေ အားပေးတာတွေရှိခဲ့တယ်။ ဒီလွှတ်တော်အစပိုင်းတွေမှာ အဲလိုပဲ သင်တန်းတွေ ဘာတွေ လွှတ်တော်ထဲမှာ ခေါ်ပြီးတော့တောင်မှCSO တို့ NGO တို့ လုပ်ခိုင်းတာတွေရှိတယ်ပေါ့နော်။ ဒီညွန်ကြားချက်ထွက်လာတဲ့အပေါ်မှာလည်း ကျနော်တို့ က ဘာကြောင့်ထွက်တယ်ဆိုတာကိုတောင်မှ စဉ်းစားလို့မရနိုင်အောင် ဖြစ်တယ်ပေါ့ဗျာ။ ဒီတော့ ပန်ကြားချက်ဆိုတာကတော့ အဓိက အကျိုးအကြောင်းလေးတော့ ဖော်ပြသင့်တယ်ပေါ့နော်။

ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့ အကျိုးအကြောင်းလေး ဖော်ပြခဲ့ရင်တော့ ကျနော်တို့လည်းပိုသိရမှာပေါ့နော်။ ညွန်ကြားချက်ဆိုရင်လည်း ကျနော်တို့ နည်းဥပဒေတွေကိုညွှန်ကြားပြီးတော့ ဒါနဲ့ ငြိစွန်းတဲ့အတွက် ဒါကိုမလုပ်သင့်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်ရမှာပေါ့။ ညွန်ကြားချက်တော့မဟုတ်ဘူး ပန်ကြားချက်ပဲပါတော့ အလုပ်ရုံဆွေးနွေးပွဲတို့၊ အစည်းအဝေးတို့၊ သင်တန်းတို့ ၊ လေ့လာရေးတို့ ဆိုတာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အနည်းနဲ့အများ အထောက်အကူပြုတဲ့လုပ်ငန်းတွေလို့ပဲမြင်တယ်။ ဒီမှာပါတဲ့ အတိုင်းပေါ့နော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကို မပျက်မကွက်တင်ပြရမယ်။

အတည်ပြုချက်ရယူရမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကန့်သတ်လိုက်သလို၊ တဘက်က INGO၊NGO ၊CSO အဖွဲ့တွေကိုလည်း ဒီလွှတ်တော်ဥက္ကဋ္ဌက တဆင့်ပဲ လိပ်မူ ပြီးတော့လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ရမယ်ဆိုပြီးတော့ ၂ ဘက်ကို ကျပ်လိုက်တဲ့အခါမှာတော့ ဘာပဲပြောပြော ဒီကိစ္စတွေက ရပ်တန့်သွားသလောက်ကို ဖြစ်သွားမှာပေါ့နော်။ ကျနော်တို့ဘက်ကလည်း ဒါကို ခေါင်းစားခံပြီးတော့ လွှတ်တော် ဥက္ကဋ္ဌကိုတင်ပြ၊ အတည်ပြုချက်ရယူ ၊ ဟိုဘက်ကလည်း အဲဒီလိုလုပ်ဆိုတာတော့ ဒါအချိန်နဲ့တပြေးညီ လုပ်နေရတဲ့ သင်တန်းတွေ Workshop တွေ ကျတော့ တော်တော့ကို ဖြစ်နိုင်ခြေ နည်းသွားတာပေါ့နော်။ ဒါကြောင့်ဘာပဲပြောပြောဒီကိစ္စဟာ ကျနော်တို့လွှတ်တော် ကိုယ်စားလှယ်တွေအတွက်တော့ အခွင့်အရေးဆုံးရှုံးတယ်လို့ပဲမြင်ပါတယ်။”

ဒီလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး သတ်မှတ်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုပြီး စည်းကမ်းချက်ထုတ် ပန်ကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းကပြောပါတယ်။

“ဒီကိစ္စက ပိုပြီးတော့ ထူးခြားချက်က ကျနော်တို့ စဉ်းစားလို့တောင်မရဘူးပေါ့နော်။ ဘယ်လိုကြောင့်ထုတ်တာလဲ။ NLD ပါတီဝင်တွေကို ထုတ်တယ်ဆိုရင်တော့ ဒါက ကျနော်တို့မပြောလိုဘူး ဒါက ပါတီရဲ့ စည်းကမ်းချက် ။ လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးကိုပေးထားတယ်ဆိုတော့ ဒါက ကျနော်တို့ကို လိုက်နာရမယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတာပေါ့။ ဘာကြောင့်ထုတ်တယ် ၊ ဘယ်လိုအခက်အခဲရှိတယ်ဆိုတာကို ကျနော်တို့ကိုမရှင်းပြတော့ သူတို့ပဲသိလိမ့်မယ်ပေါ့ဗျာ။ ကျနော်တိုတော့ အဲဒီလိုပဲခံစားတယ်။ ဘာကြောင့်သူတို့ ဒီလိုလုပ်တယ် ၊ ဘာကြောင့်တဖြေးဖြေးကျပ်လာတယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်ဘူးဗျနော်။”

ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တော်တွေ တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့ လွှတ်တော်တွေမှာ NGOတွေ အရပ်ဖက်အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေဘက်ကလည်း လိုအပ်တဲ့ တင်ပြမှုတွေ၊ ဆွေးနွေးမှုတွေ ဖလှယ်မှုတွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးရမယ့်အချိန်မှာ အခုလို ဗဟိုဦးစီးစနစ်ဆန်ဆန် လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ ချုပ်ကိုင်မှုအောက်ကနေ သွားရမယ်ဆိုတဲ့အပေါ်မှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေဘက်က ဘဝင်မကျပါဘူးလို့ဆိုပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာလည်းဖြစ် လူ့အခွင့်အရေးလှုပ်ရှားသူဦးအောင်မျိုးမင်းကတော့ လွှတ်တော်ဥက္ကဋ္ဌက တဆင့်ဖြတ်ရမယ့်ဆိုတဲ့ ကန့်သတ်ချက်အပေါ် သူ့အမြင် အခုလိုပြောပါတယ်။

“ကျနော်လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့တဲ့အချိန်မှာ သူတို့အနေနဲ့ လေ့လာစရာတွေ ၊ သင်ယူစရာတွေ ၊ မှတ်သားစရာတွေ အများကြီးဖြစ်တယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ တင်ပြချက်ကို သူတို့က တကယ့်ကို ကြိုဆိုပါတယ်ဆိုတဲ့ဟာမျိုးတွေတွေ့ပါတယ်။ ဒါသူတို့ဘက်က လက်ကမ်းကြိုဆိုမှုပါ။ ဒါပေမယ့် အခုကျနော်တို့ သွားလို့ရှိရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က လွှတ်တော်ဥက္ကဋ္ဌ ကို ဖြတ်ရမယ် ဆိုတာက နည်းနည်းတော့ ဘ၀မကျစရာဖြစ်တယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် သူတို့တွေက ပြည်သူက ယုံကြည်လို့ တာဝန်ပေးအပ်ခံထားရသော ဆုံးဖြတ်ချက်ချနိုင်သောသူများဖြစ်ပါတယ် ကလေးတွေ မဟုတ်ပါဘူး။ အားလုံးပြောကြားတဲ့အရာတွေကို ချင့်ချိန်ယုံကြည်ပြီးတော့ တိုင်းပြည်အတွက်လုပ်ဆောင်မှုတွေကို လုပ်ဆောင်နိုင်သူများဖြစ်တယ်။ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်နဲ့ လုပ်ဆောင်မှုကတော့ ကျနော့်အနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ နည်းနည်းများလွဲနေသလားလို့ စိုးရိမ်မိပါတယ်။”

အဆင့်ဆင့်ဖြတ်သန်းပြီးမှ ခွင့်ပြုချက်ယူရမယ့်အနေအထားဖြစ်နေလို့ လွှတ်တော်တွင်း ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေမှာ နှောင့်နှေးမှုတွေ ကြုံလာရနိုင်တယ် ဆိုတာကိုလည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကြား လွှတ်တော်တွင်း လာရောက်လေ့လာတာတွေ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပသလို လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးလည်း လွှတ်တော် အတွေ့အကြုံ၊ ပြန်ရှင်းပြတာ၊ အရပ်ဖက် အဖွဲ့အစည်းတွေဘက်က ပြည်သူ့ ဆန္ဒတွေကို တဆင့်တင်ပြတာတွေ ဆွေးနွေးအကြံပြုတာ တွေ့ဆုံတာတွေ မကြာခဏလုပ်ခြင်းအားဖြင့်လည်း ပြည်သူ့အသံကို ပြည်သူ့ကိုယ်စားလှယ်တွေကြားပြီး လိုအပ်တာတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။
VOA Burmese News


တိုင်းရင်းလူငယ်များ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရန် နေပြည်တော်တွင်ရောက်ရှိလာစဉ် ( စက်တင်ဘာလ ၁၅ ရက်နေ့ ၂၀၁၅)
တိုင်းရင်းလူငယ်များ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရန် နေပြည်တော်တွင်ရောက်ရှိလာစဉ် ( စက်တင်ဘာလ ၁၅ ရက်နေ့ ၂၀၁၅)

ကချင်ပြည်နယ် မိုင်ဂျာယန်မှာ မနက်ဖြန်ဆိုရင် တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီမိုင်ဂျာယန်ညီလာခံအပေါ် တိုင်းရင်းသားလူငယ်တွေက ဘယ်လို အမြင်ရှိကြသလဲဆိုတာကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံနဲ့ပတ်သက်ပြီး ဘုံသဘောထားတရပ်ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ဒီလ ၂၆ရက်ကနေ ၂၉ရက်အထိ ကျင်းပကြမှာဖြစ်ပါတယ်။

ဒီညီလာခံဟာ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို ပလောင်ကျောင်းသားနဲ့ လူငယ်များအဖွဲ့ မိုင်မျိုးအောင်က အခုလို ပြောပါတယ်။

“ဒီအခုလုပ်မယ့် ၂၁ ရာစုပင်လုံညီလာခံအတွက်သာမကပဲ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းတဲ့နည်းလမ်းတွေ ရနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသားတွေလုပ်တဲ့ညီလာခံဆိုပေမယ့်လည်း တိုင်းရင်းသားတွေက ဘုံသဘောတူညီချက်တခုရပြီဆိုရင်တော့ ဒါက ကျနော်တို့ မြန်မာနိုင်ငံတခုလုံးရဲ့ ပြဿနာ ဖြေရှင်းဖို့ကို ရတယ်လို့ ကျနော်တော့ အဲဒီလိုသုံးသပ်ပါတယ်။”

လာမယ့် လမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံအပေါ်မှာ မိုင်မျိုးအောင်က အခုလို ဆက်ပြောပါတယ်။

“အခုလက်ရှိအကောက်အထည်ဖော်နေတဲ့ ၂၁ရာစုပင်လုံညီလာခံ ကိစ္စပေါ့နော်။ အဲဒီအပေါ်မှာကတော့ အလုံးစုံတော့မသိရသေးဘူးပေါ့နော်။ အလုံးစုံ မသိရသေးဘူးဆိုပေမယ့် သေချာတာတခုက နိုင်ငံရေးဆွေးနွေးပွဲလုပ်တာတော့အကောင်းဆုံး ၊ နိုင်ငံရေးဆွေးနွေးပွဲ တခု ဖန်တီးပေးတာတော့ ကောင်းတယ်လို့ ကျနော်မြင်မိပါတယ်။ သို့သော်လည်း အဲဒီ နိုင်ငံရေးဆွေးနွေးပွဲက အားလုံးပါဝင်ဆွေးနွေးနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ရမယ်။ ပြီးရင်လည်း ဆွေးနွေးတဲ့နေရာမှာ တန်းတူညီမျှမူရှိရမယ်။ ပြီးရင်အထူးသဖြင့် ချမှတ်တဲ့နေရာမှာလည်း တန်းတူညီမျှမှုရှိရမယ် ။ အဲဒီလိုဖြစ်တယ်ဆိုရင်တော့ ဒါတော်တော်ကောင်းတဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုးဖြစ်သွားမှာပေါ့နော် ။”

မွန်လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ မင်းနှောင်ထောကတော့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မိုင်ဂျာယန်ညီလာခံအပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“ နှစ်ဦး နှစ်ဘက် အပစ်အခတ်ရပ်စဲဖို့ကို တပ်မတော်ဘက်က ဒီဟာကို အာမ မခံရဲဘူးဆိုတဲ့ အနေအထားမျိုးကိုတွေ့ရတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း တပ်မတော်ဘက်ကို ပြန်ပြီးတော့ ညှိနှိုင်းပေးရတဲ့သဘောတွေတွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ကျနော်မြင်တာကတော့ ယုံကြည်မှုက အားနည်းသေးတယ်ပေါ့နော်။ ယုံကြည်မှုက အားနည်းတဲ့အတွက်ကြောင့် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအနေနဲ့ကျတော့ ဒီငြိမ်းချမ်းရေးစကားဝိုင်းကို ရောက်ဖို့အတွက် သူတို့ ယုံကြည်မှုအား အရမ်းနည်းသေးတယ်။ မိုင်ဂျာယန်က ဘာဆုံးဖြတ်မလဲဆိုတာ ကျနော်တို့ မသိသေးဘူး။ ဒီမိုင်ဂျာယန် ဆုံးဖြတ်ချက်အပေါ်မှာလည်း တမျိုးတဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ကျနော်ယူဆတယ်။”

ရခိုင်လူငယ်တဦးဖြစ်တဲ့ ခိုင်လမင်းကတော့ အခုလို ပြောဆိုပါတယ်။

“ပြည်တွင်းစစ်တွေမှာ အဓိက ခံစားနေရာတာတွေက လူငယ်နဲ့ အမျိုးသမီးတွေ၊ ကလေးတွေပဲဖြစ်တယ်။ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးတခုဖြစ်လာဖို့ဆိုရင် လူငယ်အင်အား၊ အမျိုးသမီးတွေ နေရာဒေသအလိုက် အများကြီးပါဝင်မှသာ ဒေသတခုလုံး ငြိမ်းချမ်းမယ်ဆိုတာ မြင်တယ်ပေါ့။ အဲဒါကြောင့် လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ လူငယ်ရဲ့အသံတွေ၊ အမျိုးသမီးတွေအသံတွေ ဆိုတာမျိုးက အရမ်းအားနည်းနေသေးတယ်လေ။ အဲဒါ ကျနော်တို့ရဲ့အမြင်ပါ။”

မိုင်ဂျာယန်ညီလာခံ ကျင်းပမယ့်အချိန်မှာပဲ တိုင်းရင်းသားလူငယ်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်ညီလာခံတရပ်ကို ကျင်းပဖို့ပြင်ဆင်ထားပြီး ဒီညီလာခံမှာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီညီလာခံကို တိုင်းရင်းသား ၂၆မျိုးက လူငယ်ကိုယ်စားလှယ်ကို ဖိတ်ကြားထားသလို ဒီလ ၂၇ရက်နေ့ကနေ ၅ရက်ကြာကျင်းပမှာဖြစ်ပါတယ်။

VOA Burmese News


ဗီယန်ကျင်း ဇူလိုင် (၂၅)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည်ယနေ့ ညနေပိုင်းက မြောက်ကိုးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။


ယင်းကဲ့သို့တွေ့ဆုံရာတွင် မြောက်ကိုးရီးယားနှင့် မြန်မာနိုင်ငံအကြားယခင်ဆက်ဆံရေးအတိုင်း ထိန်းသိမ်းသွားရန် မြောက်ကိုးရီးယားဘက်ကပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြောက်ကိုးရီးယားသို့ လာရောက်လည်ပတ်ရန်ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - စောဖိုးခွား
ဂျာနယ်လစ် မဂ္ဂဇင်း


ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ထဲမှာ စာရေးသူရဲ့ နောင်တော်ကြီး ရုတ်တရက်ဆုံးပါး သွားတာမို့ မြန်မာနိုင်ငံကို ကတိုက်ကရိုက်ပြန်ခဲ့ရတယ်။ တမြန်မနှစ်ကမှ ဘဝခရီးဖေါ်ဆုံးပါးလို့ စိတ်ထောင်းကိုယ်ကျေ ဖြစ်နေရဆဲမှာ အခုတခါထပ်ပြီး လက်ကတုံးဝှေးတချောင်းလို အားထားရတဲ့ သားကြီးဩရဿတယောက် လူ့လောကကို အချိန်မတိုင်ခင် စွန့်ခွာသွားတာမို့ ကြီးမားတဲ့ သောကတွေနဲ့ ကျေကွဲဝမ်းနည်းနေဆဲ မိခင်အိုအတွက် သီးသန့်အချိန်ပေး အားပေးနှစ်သိမ့်ရင်း ရတတ်သမျှ အချိန်လေးအတွင်း တွေ့မြင်မှတ်သားမိတာလေးတွေကို စာဖတ်သူတွေကို မျှဝေဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။

အကိုကြီးရဲ့ရက်လည်ဆွမ်းကို မှီနိုင်အောင်လို့  စာရေးသူရဲ့မိဘအိမ်က မန္တလေးမှာရှိတော့ ရန်ကုန် အောင်မင်္ဂလာကားဂိတ်ကနေ မန္တလေးကို အဝေးပြေးဘတ်စ်ကားစီးပြီး ညတွင်းချင်း ခရီးနှင်ခဲ့ရပါတယ်။ ရန်ကုန်မှာနေတဲ့ ကျောင်းနေဖက် အလွန်ရင်းနှီးတဲ့သူငယ်ချင်းတယောက်က မြို့ထဲကနေ ကားဂိတ်ကို သူကိုယ်တိုင်မောင်းပို့လို့ ရန်ကုန်မြို့ရဲ့လမ်းမတွေကို ဇူလှိုင်လရဲ့ မိုးဖွဲဖွဲအောက်မှာ လျှပ်တပျက်ပြန်တွေ့ခွင့်ရခဲ့တယ်။

ရန်ကုန်မြို့သူမြို့သားတွေဟာ သူတို့ရဲ့အသက်ကို ဖက်နဲ့တောင်မထုတ်နိုင်ကြတော့တဲ့အခြေအနေကို အထိတ်တလန့်တွေ့ခဲ့ရပါတယ်။ ကားကြီးတွေက ကားငယ်တွေကိုမညှာ၊ ကားငယ်တွေက ကားကြီးတွေမကြောက်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု့ ဆိုတာ ဗလာနတ္ထိ (စည်းကမ်းလိုက်နာတဲ့သူဆို ခရီးသွားလို့မရတဲ့အခြေအနေကိုး) နီးနီးဖြစ်နေပြီလေ။ လူ့ အဖွဲ့ စည်းကြီးတခုလုံးလိုလို နှစ်ပရိစ္ဆေဒကြာညောင်းစွာ အုံနဲ့ ကျင်းနဲ့  အကျင့်ပျက်လာတာက ဂိတ်ဆုံးကို ရောက်နေတော့ မှန်မှန်ကန်ကန်နဲ့ လူကူးမျဉ်းကျားက လမ်းကူးတဲ့သူကို စည်းမဲ့ကမ်းမဲ့ မောင်းနှင်နေတဲ့ ယာဉ်မောင်းသမားက အော်ဟစ်ဆဲရေးပြီး လမ်းမကူးတတ်ဖူးလားလို့ ပြောဆို ငေါက်ငမ်းခံရတဲ့ ခေတ်ဖြစ်လို့နေပြီ။

ဆင်းရဲသားအများပြည်သူအတွက် ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေဖြစ်တဲ့ အဓိပတိ၊ မထသ၊ ဟီးနိုး (ဘီအမ်) ဘတ်စ်ကားတွေဟာ တကားနဲ့တကား သေရေးရှင်ရေးတမျှ အသက်လုမောင်း၊ ရပ်ခြင်သလို နောက်ကားကျော်မတက်နိုင်အောင်ပိတ်ရပ်၊လူကူးမျဉ်းကျားမှာလည်းရပ် မီးပွိုင့်မှာလည်း ရပ်ချင်သလိုရပ်ပြီး မိမိကျေးဇူးရှင်ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကို လုံးဝငဲ့ကွက်ခြင်းမရှိဘဲ အတင်းမောင်းချ ၊ ဇွတ်ဆင်းခိုင်းကြတာ အလွန်ဝမ်းနည်းစွာတွေ့ရတယ်။

သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေဆိုတာ ကားကြိုကားကြားထဲ သက်စွန့်ဆံဖြား အဆူအဆဲခံပြီး ဖြတ်သန်းကူးလူးသွားလာနေကြရတယ်။ ခရီးသည်လုပ်သားပြည်သူ တွေအပေါ်မှာ ကားစပယ်ယာတွေနဲ့ ကားမောင်းဆရာတွေရဲ့ ဆက်ဆံရေးကလည်း အလွန်ရိုင်းပျကြတယ်။ ညစ်ညမ်းပြီး နားမခံသာတဲ့ အသုံးအနှုန်းတွေ ပေါ့ပေါ့ပါးပါးနဲ့  လှိုင်လှိုင်ကြီးသုံးစွဲနေကြတာဟာ လူ့အရိုင်းအစိုင်းတွေလိုပါဘဲ။ အခမဲ့ကူညီမောင်းပို့သူတောင်အဲ့ဒီလိုမဆက်ဆံသင့်ပါဘူး။

ဒီအခြေအနေကို ထင်ရှားအောင် ဥပမာပေးရရင် ရန်ကုန်မြို့မှာနေထိုင်သွားလာရှာဖွေ စားသောက်ရတဲ့ အောက်ခြေပြည်သူတွေရဲ့ဘဝတွေဟာ စစ်မြေပြင်ရှေ့တန်းက မြေမြုပ်မိုင်းကွင်းထဲ အသက်စွန့်ဖြတ်သန်းရတဲ့ လူတွေရဲ့ဘဝတွေလို့ အသက်အန္တရာယ်နဲ့ အလွန်နီးကပ်စွာ သေမင်းနဲ့ အလောင်းအစားပြုပြီး ရုန်းကန်ရှင်သန်နေရတဲ့ ဘဝတွေနဲ့တူလှတယ်။

အဲ့ဒီအကြောင်းတွေကို လိုက်ပို့တဲ့ သူငယ်ချင်းနဲ့ ပြောဖြစ်တော့ သူက ရီကျဲကျဲနဲ့ ငါတို့ပြည်သူတွေဟာ ဒီလို မလုံခြုံတဲ့ဘဝတွေနဲ့အသားကျပြီး စည်းကမ်းမလိုက်နာနိုင်ဘဲ ဖြစ်သလို ကြုံသလို နေထိုင်သွားလာ ရှင်သန်ကြရတာပါကွာလို့ ပြောရှာပါတယ်။ ဒါပေမဲ့ မြင်သာတာတခုကတော့ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ တိုင်းပြည်ဟာယိုယွင်းသထက်ယိုယွင်းပျက်ဆီးလာပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့တက်လာတဲ့ စစ်ဘောင်းဘီချွတ်အရပ်သားတပိုင်းအစိုးရလက်ထက်မှာတော့ မီးကုန်ယမ်းကုန် စည်းပျက်ကမ်းပျက်ဖြစ်ရာမှာ ရေချိန်အမြင့်ဆုံးကိုရောက်ရှိခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အဲ့ဒီနောက်တော့ ဝင်လမ်းထွက်လမ်းတွေရှူပ်ထွေးပြီး၊ လမ်းညွှန်ဆိုင်းဘုတ်တွေမပြည့်မစုံ၊ အဝေးပြေးဘတ်စ်ကားကြီးတွေအန္တရာယ်ကင်းစွာ လူတင်၊ ကုန်တင်နိုင်ဖို့ လိုအပ်တဲ့ ဆိုက်ကပ်ရာအဆောက်အအုံနေရာတွေ စနစ်တကျမရှိ၊ ကားအရေအတွက်နဲ့ ကားကွင်းအကျယ်အဝန်းက မမျှတာမို့ ဘဲ ကုလားအုပ်ကို ပုလင်းထဲထည့်သွပ်သလို ဖြစ်နေတဲ့၊ ဖြစ်သလို တည်ဆောက်ထားတဲ့ အောင်မင်္ဂလာကားကြီးကွင်းကို ရောက်ခဲ့ပါတော့တယ်။

မိုးဖွဲဖွဲလေးရွာနေတဲ့ရာသီဥတုနဲ့ ညအမှောင်အောက်မှာ မပြန်လမ်းမကြီးလို့ နံမည်ကြီးလှတဲ့ ရန်ကုန်မန္တလေး အမြန်လမ်းမကြီးပေါ်မှာ စာရေးသူလည်း ရောမရောက်ရင် ရောမလိုကျင့်ဆိုသလို ကိုယ့်အသက်ကို ဖက်နဲ့မထုတ်အားတော့ဘဲ မန္တလာမင်းကားမောင်းဆရာလက်ထဲ ဝကွက်အပ်လို့ ဘုရားစာ မပြတ်ရွတ်ဖတ်ရင်းလိုက်ပါခဲ့ပါတယ်။

မန္တလေးကို မနက် ၆ နာရီလောက်မှာ ရောက်ရှိခဲ့ပြီး ကားဆိုက်တာနဲ့ အပေါက်ဝမှာ ခြေချစရာမရှိအောင် ပြုံတိုးစောင့်နေကြတဲ့ ဆိုင်ကယ်တက္ကစီသမားလေးတွေနဲ့ စတွေ့ရတော့တာပါဘဲ။ တကယ်တော့ ဆိုင်ကယ်တက္ကစီဆိုတာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာဆို ဆိုင်ကယ်တက္ကစီဆိုတာ လမ်းမကြီးတွေပေါ်မှာ ပြေးဆွဲတာမဟုတ်ဘဲ လမ်းတိုလေးတွေထိပ်မှာ ခရီးတိုပို့ဆောင်ကြတာများသလို ကားတွေအလွယ်တကူမသွားနိုင်တဲ့လမ်းတွေမှာ ပြေးဆွဲ ကြတာများပါတယ်။ မြန်မာနိုင်ငံက ဆိုင်ကယ်တက္ကစီတွေတင်မက တခြားဆိုင်ကယ်တွေကတော့ မန္တလေးလမ်းမကြီးတွေပေါ်မှာ လူတင်မက ကုန်တွေပါ မတန်တဆတင်ပြီး မောင်းချင်သလို မောင်းနှင်နေကြတာကို တွေ့ရတယ်။

မန္တလေးမှာ ခဏနေစဉ်အတွင်း အံ့အားသင့်စဖွယ်တွေ့ရတဲ့အထဲမှာ ဆိုင်ကယ်တစီးကို လူရှစ်ယောက်စီးပြီး လမ်းပေါ်သွားလာနေတာပါဘဲ။ မောင်းသူယောကျာင်္းကြီးရှေ့မှာ ကလေးနှစ်ယောက်ကိုတင်၊ သူနောက်မှာ သားသည်အမေတယောက် ကလေးတယောက်ခါးထစ်ခွင်ထားပြီး သူတို့နောက်မှာ မိန်းကလေးတယောက်က မတ်တတ် ပ်လို နောက်ဆုံးမှာက မိန်းမတယောက်က ကလေးချီပြီးလိုက်လာတာလေ။

မန္တလေးရဲ့ လမ်းဆုံလမ်းခွတိုင်းလိုလိုမှာ ရပ်၊ ကြည့်၊ သွား ဆိုတဲ့ ဆိုင်းဘုတ်တွေစိုက်ထူထားပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်သမားတွေကော၊ ကားမောင်းသူအများစုဟာ မရပ်ဘူး၊ မကြည့်ဘူး၊တခါထဲခေါင်းထိုးဝင်ပြီး သွားနေကြတော့တာပါဘဲ။ တချို့ဆိုင်ကယ်သမားတွေဆိုတာ လမ်းဆုံလမ်းခွတွေကိုဖြတ်မောင်းတာများ .. ဘေးနှစ်ဖက်မှာ မျက်စေ့ကာတပ်ထားခံရတဲ့ စစ်မြင်းတွေ ကြိမ်တို့ခံရလို့ ရှေ့ကရန်သူဆီ အပြင်းချီတက်သလို .. တဟုန်ထိုးမောင်းဝင်မောင်းထွက်လုပ်ကြတာ .. အလွန်ကြောက်စရာကောင်းတယ်။ ကိုယ့်အသက်ကိုနည်းနည်းလေးမှ တန်ဘိုးမထားကြသလို အကြောက်အလန့်လည်းမရှိကြဘူး။

စာရေးသူထင်တာမမှားရင် ခန့်မှန်းခြေ ၆၀ % လောက်သော ဆိုင်ကယ်သမားတွေဟာ လိုင်စင်ရှိပုံမရဘူး။ ကြည့်လိုက်ရင်သိသာပါတယ်၊ ဆယ်ကျော်သက်အရွယ်လေးတွေမောင်းကြတယ်၊ ဘုန်းတော်ကြီးတွေ ဆိုင်ကယ်မောင်းတာလည်းတွေ့ရတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လုံးဝနားမလည်ဘဲ ဆိုင်ကယ်မောင်းနေကြတာ အလွန်သိသာပါတယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲမောင်းတယ်၊ ဆောင်းပြန်တော့လည်း မေးသိုင်းကြိုးမတတ်ကြဘူးလေ။

တချို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုနားလည်ပုံရပေမဲ့ သိသိကြီးနဲ့ စည်းကမ်းပျက်ကြတယ်။ လူ့အဖွဲ့အစည်းကြီးတခုလုံး ဗရမ်းပတာနဲ့ တအုံလုံး စည်းကမ်းပျက် အကျင့်ပျက်နေတော့ အတော်အတန်စည်းကမ်းလိုက်နာချင်သူတွေလည်း ရောယောင် စည်းကမ်းပျက်သွားတာပေါ့။ မြို့လယ်မဟုတ်တဲ့ ဆင်ခြေဖုံးတွေဆိုတာ ကိုယ့်အသက်ကိုရော၊ သူများအသက်ကိုပါ တန်ဘိုးမထားတဲ့ လမ်းသုံးစွဲသူတွေနဲ့ ပြည့်နှက်နေတော့တယ်။ အဆိုးဆုံးကတော့ ညပိုင်းအချိန်တွေဘဲ။ မီးပွိုင့်မရှိ ယာဉ်ထိန်းရဲမရှိ၊ မီးမလုံလောက်တော့ စစ်တလင်းပြင်ကြီးလိုဘဲ မောင်းနှင်သွားလာနေကြတာ။

စာရေးသူဟာ နိုင်ငံပေါင်းစုံကို လှည့်လည်သွားလာဖူးပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ အာဖရိက၊ တရုပ်၊ အိန္ဒိယ အရှေ့တောင်အာရှ နိုင်ငံများစွာရောက်ဖူးတွေ့ဖူးခဲ့ပေမဲ့ မန္တလေးမြို့လောက် စည်းကမ်းပျက်စွာ ဆိုင်ကယ်မောင်းနေတာမျိုး မတွေ့ခဲ့မိပါဘူး။ ကြောက်မက်ဖွယ်ကောင်းအောင် အကျင့်ပျက်နေတာ တွေ့ခဲ့ရတယ်။ စာရေးသူ မိဘအိမ်က အိမ်သား ၅ ဦး အနက် ၃ ဦးဟာ စည်းကမ်းမဲ့မောင်းနှင်တဲ့ ဆိုင်ကယ်တွေနဲ့တိုက်မိလို့ ခြေကျိုး၊ ညှပ်ရိုးကျိုးပြီး ထိခိုက်ဒါဏ်ရာရခဲ့ဘူးတယ်။

အဲ့ဒီလို လူတိုင်းဘဝကို မလုံခြုံအောင် အန္တရာယ်ပြုနေယုံမက တန်ဘိုးရှိတဲ့ လူ့အသက်တွေကို ဆုံးရှုံးစေ၊ ဒုက္ခိတဖြစ်စေတဲ့ စည်းကမ်းပျက်မှု့တွေ၊ စည်းကမ်းလိုက်နာလို့မရနိုင်တဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲဖို့ဆိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု့ လှုံ့ဆော်စည်းရုံး ပညာပေးရေး ကမ်ပိန်းကြီးတွေ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ရေရှည် လုပ်ဖို့လိုပါတယ်။ အဲ့ဒါအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပျက်စေကြောင်း အောက်ပါအခြေခံအကြောင်းတရားတွေကို ထည့်သွင်းစဉ်းစားပြီး အစိုးရနဲ့ပြည်သူလက်တွဲရင်း အဖြေရှာရမှာဖြစ်ပါတယ်။

၁) လမ်းကူးအတားအဆီးအကာအရံ မလုံလောက်မှု့
၂) မီးပွိုင့် အရေအတွက်နှင့် အချိန်အချိတ်အဆက် မကိုက်ညီမှု့
၃) လမ်းဘေးပလက်ဖေါင်းများပေါ်တွင် ဈေးဆိုင်များ ကျူးကျော်ဖွင့်ထားမှု့
၎) ယာဉ်မောင်း ဆိုင်ကယ်မောင်းလိုင်စင် ထုတ်ပေးရေးအတွက် အရည်အသွေးမြှင့်တင်ရန်လိုအပ်မှု့
၅) လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းကြပ်မတ်ရေးဆိုင်ရာ ဝန်ထမ်းမလုံလောက်မှု့
၆) ဆိုင်ကယ်မောင်းနှင်ရေးလမ်းကန့်သတ် စည်းခြားမှု့အားနည်းခြင်း
၇) ဆိုင်ကယ်နံပါတ်နှင့် အဝိုင်းပြားထုတ်ပေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများလိုက်နာမှု့လျှော့ရဲခြင်း
၈) ဆိုင်ကယ်ဦးထုတ် အရည်အသွေးနိမ့်ကျမှု့
၉) ဆိုင်ကယ်ရပ်နားထားရှိရေး စည်းစနစ်မကျမှု့
၁၀) ဆိုင်ကယ်ရောင်းချရေးဆိုင်များ ဆိုင်ရာစည်းမျဉ်းလျော့ရဲမှု့
၁၁) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေနည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို ခေတ်နှင့် အညီ ပြင်ဆင်ပြဌာန်းလိုအပ်မှု့
၁၂) လမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လမ်းပြလမ်းညွှန်ဆိုင်းဘုတ်များ မပြည့်စုံ မလုံလောက်မှု့

ကျွန်တော်တို့နိုင်ငံဟာ စစ်အာဏာရှင်အုပ်ချုပ်မှု့ စနစ်ဆိုးအောက် နှစ်ပေါင်း ၅၀ ကျော် ရုပ်ပိုင်း စိတ်ပိုင်း အကျင့်စာရိတ္တနဲ့ စည်းကမ်းလိုက်နာမှု့တွေ အဖက်ဖက်က ကဏ္ဍစုံမှာ ကြောက်ခမန်းလိလိ ကျဆင်း ယိုယွင်းခဲ့တာဆိုတော့ ပြုပြင်ပြောင်းလဲတဲ့အခါမှာ အာဏာစက်၊ ဥပဒေစက်တွေ ထိထိရောက်ရောက် အသုံးပြုရမှာဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အရွေးကောက်ခံအစိုးရဟာ နိုင်ငံကို ပြုပြင်ပြောင်းလဲကုသရမဲ့ ရောဂါဒါဏ်ရာအထွေထွေထဲက တိုင်းပြည်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု့အရှိဆုံး အဓိကပြဿနာ ဒါဏ်ရာတွေကိုသာ ဦးတည်ကုစားကယ်တင်နေရချိန်ဆိုတော့ ထိခိုက်ရှနာ ဒါဏ်ရာတွေကို အလေးအနက် မကုစားနိုင်သေးတဲ့ အချိန်ဖြစ်ဟန်တူပါတယ်။

နောက်တခု အရေးအကြီးဆုံးအချက်က လူအများရဲ့ အသိအမြင် ဗဟုသုတ၊ အကျင့်သီလ အတွေးအခေါ် စည်းကမ်းလိုက်နာလာအောင် ပညာပေးစည်းရုံးရာမှာ လူတိုင်းလူတိုင်းက သူတပါးတွေ အကျင့်ပျက်တာ၊ စည်းကမ်းပျက်တာကို ထိမ်းကျောင်းတည့်မတ်ရင်း မိမိကိုယ်တိုင်က စည်းကမ်းလိုက်နာဖို့ အကျင့်ကောင်းတွေမွေးမြူ ကျင့်သုံးဖို့လိုပါတယ်။

စစ်အစိုးရကိုဖြစ်ဖြစ်၊လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအစိုးရကိုဖြစ်ဖြစ်၊ ပြည်သူလူထုအပေါ်မှာဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုမှု့၊ ထိန်းကြာင်းမှု့ပြုရာမှာ သတိမမေ့အပ်တာက မှားယွင်းနေတာတွေကို လက်ညိုးထိုးပြောဆိုဝေဖန်မှု့တိုင်းမှာ မိမိရဲ့လက်သုံးချောင်းက မိမိကိုယ်ကို ညွှန်ပြနေတာမို့ မိမိကိုယ်တိုင်က ဥပဒေတွေကို လိုက်နာကျင့်ကြံရဲ့လား၊ စည်းကမ်းလိုက်နာနေရဲ့လားဆိုတာ အမြဲတမ်း ပြန်လည်ဆန်းစစ်ဖို့ အလွန်အရေးကြီးပါတယ်။ လူတဦးချင်းစီက စည်းကမ်းကောင်းပြီး၊ ဥပဒေတွေကို လေးစားလိုက်နာပါမှ နိုင်ငံတ၀ှမ်းလုံးမှာ ဥပဒေစိုးမိုးမှု့ရှိနိုင်မှာပါ။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဇူလှိုင်လ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်



အမေရိကန်သံရုံး တရားဝင် အမှတ်တံဆိပ်။
ဇူလှိုင် ၂၄ရက်နေ့ ညပိုင်းက အမေရိကန်သံရုံးအတွင်း ပုံမှန်လုံခြုံရေးလေ့ကျင့်မူ အစမ်းလုပ်ဆောင်ရာမှာ ပတ်ဝန်းကျင်ရှိကြသူတွေ အနှောက်အယှက်တစုံတရာဖြစ်ခဲ့တဲ့အပေါ် တောင်းပန်ကြောင်း ရန်ကုန်အမေရိကန်သံရုံးက ထုတ်ပြန်ပြောဆိုပါတယ်။

“ တနင်္ဂနွေနေ့ ညပိုင်းက ရန်ကုန်အမေရိကန်သံရုံး ပုံမှန်လုံခြုံရေးလေ့ကျင်မှု လုပ်ရာမှာ အမှုမဲ့အမှတ်မဲ့ဖြစ်သွားပြီး လမ်းသွားလမ်းလာတွေနဲ့ သံရုံးအနီးအနားရှိသူများ အနှောက်အယှက် တစုံတရာဖြစ်ခဲ့တဲ့ အပေါ် တောင်းပန်တဲ့ အကြောင်း ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရသူက ဗွီအိုအေကို ပြောဆိုခဲ့တာပါ။

တနင်္ဂနွေနေ့ ညပိုင်း ၈နာရီဝန်းကျင်က သံရုံးတွင်း ပုံမှန်လုံခြုံရေးလေ့ကျင့်မှု ပြုလုပ်ရာမှာ အသုံးပြုတဲ့ မျက်ရည်ယိုဗုံးငွေ့တွေ ပတ်ဝန်းကျင်ကို ပျံနှံ့ခဲ့ရာမှာ အနီးအနားမှာ စိုးရိမ်မှုတွေ ဖြစ်ခဲ့ကြတာပါ။

ရန်ကုန်မြို့တွင်းမှာ သတင်းတွေ အမျိုးမျိုးဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လာရောက် ရှင်းလင်းခဲ့ရပါတယ်။ မျက်ရည်ယိုဗုံးကို ပထမဆုံးအကြိမ် သံရုံးတွင်း စမ်းသပ်အသုံးပြုတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပေမယ့်၊ သံရုံးဖက်ကတော့ မျက်ရည်ယိုဗုံးအသုံးပြုမှုနဲ့ပတ်သက်လို့ တစုံတရာ မထုတ်ပြန်ပါဘူး။ ဒီဖြစ်ရပ်မှာ မည်သူတဦးတယောက်မှ ဒဏ်ရာရတာမရှိသလို၊ သံရုံးလုပ်ငန်းတွေ ကိုလည်း နေ့စဉ်အတိုင်း ပုံမှန်ဆောင်ရွက်နေပါတယ်လို့ သံရုံးတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

အခုနှစ် ဧပြီလအကုန်ပိုင်းက အမျိုးသားရေးလှုပ်ရှားသူအချို့က ရန်ကုန် အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တဲ့နောက်၊ သံရုံးအ၀င်မှာ လုံခြုံရေးပိုတင်းကြပ်မှုတွေ ရှိလာပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်းနဲ့ပတ်သက်လို့ အမေရိကန်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုတွေ မကြာမကြာဖြစ်လေ့ရှိပေမယ့်၊ အချို့ဖြစ်ရပ်တွေမှာ သံရုံး ပရ၀ဏ်အတွင်းအထိ ၀င်ရောက် အကြမ်းဖက်မှုမျိုးတွေလည်း ကြုံခဲ့ရဖူး ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် မြစ်ရေတိုး

မန့်ဟီးရိုး ဇူလိုင်လ ၂၅ ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့နယ်တွင် ဇူလိုင်လ ၂၄ ရက်နေ့နံနက် ၁၀ နာရီ အချိန်က နောင်ခေါ်၊ နောင်ဟင်၊ စိန်တိုက် ကျေးရွာများနှင့် ဇူလိုင်လ ၂၅ ရက်၊ နံနက် ၉ နာရီ ၃၀ အချိန်တို့တွင် တေဇာ၊ တိန်းဟေး၊ တိန်းခါး၊ နောင်ဖိုင်၊ ကောက်ကွတ်၊ မန်ဟော်တုန် ကျေးရွာများသို့ မိုးအဆက်မပြတ် ရွာသွန်း နေမှုကြောင့် ရွှေလီမြစ်ရေ လျှံတက်လာပြီး မြစ်ကမ်းရှိ လယ်ကွင်းများ၊ လူနေအိမ်များ အတွင်း ရေများ ၀င်ရောက် လျှက်ရှိကြောင်း သိရှိရာ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေရဲစခန်းမှူးနှင့် နယ်ထိန်း အဖွဲ့ဝင်များ၊ မီးသက် ဦးစီးဌာန စသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြစ်ရေ၀င်ရောက် သည့် နေရာများအား သွားရောက် ကြည့်ရှု ခဲ့ကြသည်။

အဆိုပါ မြစ်ရေ လျှံတက်မှုကြောင့် လူနေအိမ် အဆောက်အဦများ၊ လူနှင့်တိရိစ္ဆာန်များ၊ ပျက်စီးဆုံးရှုံးမှု မရှိ သော်လည်း အမက(နောင်ခေါ်)၊ အမက(စိန်တိုက်)ကျောင်း (၂)ကျောင်းမှာ ရေများဝင်ရောက် သောကြောင့် ကျောင်းအားခတ္တ ပိတ်ထားကြောင်းနှင့် ကျေးရွာ လမ်းများပေါ်တွင် (၁)ပေကျော်ခန့်နှင့် အနိမ့်ပိုင်းရှိ လူနေ အိမ်များတွင် (၅)လက်မခန့်ရေများ ၀င်ရောက်လျှက်ရှိပြီး ကူးတို့ဆိပ်များမှာလည်း ပိတ်ထား ရသဖြင့် သွားလာရေး ခက်ခဲမှုများ ရှိပါကြောင်း သိရရှိပါသည်။

မြို့နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



ယူနီကုတ် အသုံးပြုနည်း ပုံစံကို တွေ့ရစဉ် Photo: Myanmar Language
ယူနီကုတ်နဲ့ ဇော်ဂျီ ဖောင့်၂ မျိုးရှိရာမှာ အစိုးရ၀န်ကြီးဌာနတွေအနေနဲ့ ယူနီကုတ်ကိုသာ အသုံးပြုဖို့ ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

အရင်က စံသတ်မှတ်ချက်မရှိခဲ့ပေမယ့် အခု အစိုးရလုပ်ငန်းတွေအတွက် စံသတ်မှတ်လိုက် တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုး က ပြောပါတယ်။

တချို့ဝန်ကြီးဌာနတွေမှာ အရင်ကတည်းက ယူနီကုတ်ကို သုံးစွဲနေပြီဖြစ်ပေမယ့် မသုံးကြသေးတဲ့ ဌာနတွေရှိနေတယ်လို့လည်း ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နဲ့ ကွန်ပျူတာဖွံ့ဖြိုးရေး ကောင်စီအဖွဲ့ဝင်တွေဟာ ယူနီကုတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုနိုင်ရေးကို မနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပြည်တွင်းမှာ တယ်လီဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုသူတွေဟာ ယူနီကုတ်ကို အသုံးပြုတာနည်းပြီး ဇော်ဂျီကိုသာ သုံးစွဲကြတာဖြစ်ပါတယ်။ မြန်မာ့ဆက် သွယ်ရေး၊ အော်ရီဒူး၊ တယ်လီနော စတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကိုလည်း သုံးစွဲသူတွေထံ စာပေးပို့တဲ့အခါ ဇော်ဂျီဖောင့်နဲ့ ယူနီကုတ်ကို ရောပြီး ပေးပို့ဖို့ လည်း တောင်းဆိုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese


အမေရိကန်ကထောက်ပံ့ပေးထားတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF )ဟာ IS စစ်သွေးကြွတွေကို ဆီးရီးယားနိုင်ငံ Manbij မြို့ကနေ ထွက်ခွာသွားဖို့ (၄၈)နာရီကြာ အချိန်ပေးခဲ့ပြီးနောက် စစ်သွေးကြွတွေဟာ အမျိုးသမီးတွေပုံစံတုပ ၀တ်ဆင်ပြီး မြို့ထဲကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်။

 ကာဒ့်တိုက်ခိုက်ရေးအဖွဲ့တွေ ပါဝင်တဲ့ SDF အဖွဲ့ဟာ သူတို့ဝန်းရံထားတဲ့ မြို့ထဲက လွတ်မြောက်ဖို့ ကြိုးစားတဲ့ စစ်သွေးကြွ(၃)ဦးကို ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 အမျိုးသမီးတွေဝတ်ဆင်လေ့ရှိတဲ့ ပုံစံအတိုင်း ၀တ်ဆင်ပြီး အရပ်သားတွေနဲ့ ရောနှောကာ မြို့ထဲက ထွက်ခွာဖို့ ကြိုးစားတဲ့ စစ်သွေးကြွတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူတို့တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဗီဒီယိုကို SDF အဖွဲ့က ယူကျုပေါ်တင်ခဲ့တယ်လို့ သိရပါတယ်။


 မျက်နှာတွေကို ဖုံးအုပ်ထားတဲ့ စစ်သွေးကြွတွေကို SDF အဖွဲ့ဝင်တွေက စစ်ဆေးခဲ့တာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမျိုးသမီးတွေ မဟုတ်ကြောင်း သက်သေပြချက်အနေနဲ့ အတွင်းခံဘောင်းဘီတွေကို ချွတ်စေခဲ့တယ်လို့ SDF က ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုမှာ ဖော်ပြထားပါတယ်။

 IS စစ်သွေးကြွတွေကို မြို့ထဲက ထွက်ခွာဖို့ နောက်ဆုံးအခွင့်အရေးပေးခဲ့ပေမဲ့ အဲ့ဒီအမိန့်ကို မနာခံဘဲ စစ်သွေးကြွတွေက မြို့ထဲမှာဆက်လက်ကျန်ရှိနေကာ ပြန်လည်တိုက်ခိုက်နေခဲ့တာပဲ ဖြစ်ပါတယ်။

 မြို့ထဲမှာ ရာနဲ့ချီတဲ့ အရပ်သားတွေ ကျန်ရှိနေသေးပြီး စစ်သွေးကြွတွေက သူတို့တွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေကြတယ်လို့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Chris Garverက ပြောကြားခဲ့ပါတယ်။

5 Plus News
https://www.facebook.com/5plusnews



မြေယာလျော်ကြေးပြန်ပေးဖို့အတွက် ဇူလိုင်လ ၂၅ ရက်နေ့က မုံရွာမြို့မှာ တောင်သူတွေဆန္ဒပြတောင်းဆိုနေစဉ်။ Photo: Hset Paing Toe/ RFA
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်းနီကယ်စက်ရုံစီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ မြေယာဧက ၃ထောင် အတွက် လျော်ကြေးပေးဖို့ နဲ့ စက်ရုံကို ဖျက်သိမ်းပေးဖို့ ဒေသခံတောင်သူ ၅၀ ကျော်က ဒီကနေ့ မုံရွာမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ကျောက်မီးသွေးအသုံးပြုနေတဲ့ နီကယ်စက်ရုံကို ဖျက်သိမ်းပေးစေချင်ကြောင်းနဲ့ မြေယာလျော်ကြေး တွေကို ပြန်ပေးစေချင်ကြောင်း တောင်သူ ဦးနေ၀င်း က ပြောပါတယ်။

၂၀၀၈ ခုနှစ်က တောင်သူ ၁၄၀ ကျော်ပိုင်ဆိုင်တဲ့ ယာမြေဧက ၃ထောင်ခန့်ကို နီကယ်စက်ရုံစီမံကိန်း အတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သိမ်းဆည်းခဲ့ပြီး သီးနှံလျော်ကြေးအဖြစ် တစ်ဧကကို ငွေကျပ် ၅ သောင်းစီ ပေးအပ်ခဲ့ပါတယ်။

သိမ်းဆည်းစဉ်က သီးနှံလျော်ကြေးသာ ပေးခဲ့ပြီး မြေယာလျော်ကြေးပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြတောင်သူတွေက ပြောပါတယ်။

တကောင်းနီကယ်စက်ရုံကို အရင်က သတ္တုတွင်းဝန်ကြီးဌာန လက်အောက် အမှတ် ၃ သတ္တုတူး ဖော်ရေးလုပ်ငန်းနဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ CNICOကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက် တာဖြစ်ပါတယ်။

နီကယ်စက်ရုံအနီးမှာ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂရိတ်ဝေါကုမ္ပဏီက သကြား၊ မြေသြဇာနဲ့ သစ်စက်ရုံ ၆ရုံရှိပြီး အဲ့ဒီစက်ရုံတွေအတွက် မြေဧက တစ်ရာခန့် ကို ကုမ္ပဏီက သိမ်းယူထား တယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးရရှိဖို့၊ ဒေသခံတွေ အတွက် လုံခြုံရေးစိုးရိမ်ရတဲ့ နီကယ်စက်ရုံကို ဖျက်သိမ်းပေးဖို့ နဲ့ ဂရိတ်ဝေါစက်ရုံ ၆ ရုံကိုပိတ်သိမ်းပေး ဖို့တို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese