07/30/16
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာရှိ ဒေသခံရွာသား ၁၀၀ကျော်မှ ကုလားမတောင်တန်းကြီးကိုကာကွယ်ကြပါစို့ခေါင်းစဉ်ဖြင့် ကျေးရွာအတွင်း၌ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် ၇ နာရီအချိန်မှစတင်ကာ လက်ကမ်းစာစောင် ၁၃၀၀ ကျော်၊ ဆိုင်ကယ်စတေကာ ၄၀၀ ကျော်နှင့် နေအိမ်များ၌ကျောက်မိုင်းကန့်ကွက်ရေးစာ ၁၅၀၀ကျော်အား လိုက်လံဖြန့်ဝေကပ်ခဲ့ကြကြောင်း သိရသည်။
"အခုဆိုရင်ကျောက်မိုင်းက သက်တမ်းကုန်နေပြီ။ ဒါပေမယ့်လည်းမိုင်းကဒီနေ့အထိဆက်ခွဲနေတုန်းဘဲ။ ရွာသားတွေကိုလည်း သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုလည်း သိစေချင်တယ်။" ဟုဒေသခံတစ်ဦးဖြစ်သူ ကိုဇော်ဇော်ထွေး ကပြောသည်။
"အဓိကကတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုစိတ်ပိုမိုဖြစ်လာအောင်၊ ဘေးအန္တရာယ်မှရုန်းထွက်နိုင်အောင်၊ ခရိုနီတွေနဲ့အကျင့်ပျက်ခြစားဋ္ဌာနဆိုင်ရာတစ်ချို့ရဲ့ လုပ်ရပ်တွေကိုဖိအားဖြစ်စေရန်နှင့် အမှန်တရားကိုနားလည်သဘောပေါက်စေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်တယ်။"ဟု ၎င်းကဆက်လက်ပြောသည်။
ခေါက်ချိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 eao-plenary-meeting-620.jpg တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အစည်းအဝေးကို မိုင်ဂျာာယန်မှာ ကျင်းပနေစဉ်
မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေရဲ့ အစည်းအဝေးကို ဒီနေ့ ၃၀ ရက်နေ့အထိ တစ်ရက်တိုးကျင်းပကြပါတယ်။
တရုတ်မြန်မာနယ်စပ် ကေအိုင်အို ထိမ်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ အစည်းအဝေးကို နောက်ဆုံးနေ့ အဖြစ် ကျင်းပနေပါတယ်။ ဒီနေ့ သဘာပတိအဖြစ် ဆောင်ရွက် တဲ့ ကေအိုင်အို ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲက ဆွေးနွေးရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့တိုက်တွန်း လိုက်ပါတယ်။
"အခုလို ကျနော်တို့ တွေ့ဆုံနေတုံးမှာ ပိုပီးတော့ အရေးကြီးတဲ့တစ်ခုပေါ့ ကျနော်တို့ အပစ်ရပ်အဖွဲ့ရော အပစ်မရပ်အဖွဲ့ဆိုပီးတော့ ခွဲခြားလို့မနေပဲနဲ့ အစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာ စုစုစည်းစည်း ဖြစ်နိုင်ရေးအတွက် ဆွေးနွေးရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းပေးနိုင်ရင် အင်မတန်မှ ကောင်းမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်"
အဖွဲ့တစ်ရပ်ဖွဲ့နိုင်ရင် ရှေ့လုပ်ငန်းစဉ်တွေကို အားလုံးက ညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ပီးတော့ အစိုးရနဲ့ဖြစ်ဖြစ် တိုင်းရင်းသားပေါင်းစုံ ညီလာခံမှာပဲဖြစ်ဖြစ် ဦးဆောင်ဦးရွက်လုပ်နိုင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းတာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ ပင်လုံလက်စွဲစာတမ်း၊ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ပါဝင်ရမဲ့အခြေခံမူတွေ၊ အမျိုးသားကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေး မူဝါဒါဆိုင်ရာ အခြေခံမူတွေနဲ့ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ မူဝါဒနဲ့ဆိုင်တဲ့ စာတမ်းတွေ တင်သွင်းဆွေးနွေးကြ တာ ဖြစ်ပါတယ်။
ဒါ့အပြင်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် တွေမှာ ဆက်စပ်ညှိနှိုင်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ ကို ဆွေးနွေးကြပါတယ်။
RFA
ethnic-youth-conference-620.jpg ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ၄ ရက်မြောက်နေ့ကို တွေ့ရစဉ်
Photo: Htet Arkar/RFA
ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ၄ ရက်မြောက်နေ့မှာ တိုင်းရင်းသားဒေသအတွင်း အများဆုံးဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ ညီလာခံ ၄ ရက်မြောက်နေ့အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ညီလာခံရဲ့ ဦးဆောင်ကော်မတီဝင် တအောင်းကျောင်းသားနဲ့ လူငယ်အဖွဲ့က ကိုခွန်ဦးက ပြောပါတယ်။
"ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ကိစ္စလေးတွေပါမယ်၊ ကျနော်တို့ တိုင်းရင်းသားဒေသထဲမှာ အများဆုံးဖြစ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာကိစ္စလေးတွေက တော်တော်များများတူနေတဲ့ ပြဿနာဖြစ်နေတာပါ"
ဒီကနေ့ ဆွေးနွေးပြီးစီးခဲ့တဲ့ အချက် ၆ ချက်ထဲမှာ တိုင်ရင်းသားတွေ ဆုံးရှုံးနေတဲ့ အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ညီလာခံကို လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ တက်ရောက်ခဲ့ပါတယ်။
တိုင်းရင်းသားလူငယ်များညီလာခံကို တိုင်းရင်းသားလူငယ် ၆ဝဝ ၀န်းကျင် တက်ရောက်ဆွေးနွေးနေတာ ဖြစ် ပါတယ်။
ညီလာခံကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က စတင်ကျင်းပနေတာဖြစ်ပြီး မနက်ဖြန် ညီလာခံနောက်ဆုံးနေ့မှာ ၆ ရက်အတွင်း ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။
RFA
မန္တလေး ဧရာဝတီဆိပ်ကမ်း မြစ်ရေမှာ ဇူလိုင် ၃၀ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်များအရ စိုးရိမ်ရေ အမှတ်ထက် တစ်ပေခွဲခန့် (၄၂ စင်တီမီတာ)ကျော် လွန်ပြီဖြစ်သည်။
"ဘယ်နေရာရေကြီးကြီး အစိုးရက နောက်မှရောက်ပြီး NGO တွေအရင်ရောက်တယ်လို့ ပြောကြတယ်။ကျွန်တော်တို့မှာ အမိန့်ခံရ၊ ပစ္စည်းရှာရ၊ အလှူခံရနဲ့၊  ဒါမျိုးမဖြစ်ဘဲ ချက်ခြင်း ကူညီနိုင်အောင် လုပ်သွား မှာပါ။"ဟု မန်းတိုင်းဝန်ကြီးချုပ်ကပြောသည်။
တိုင်းဒေသကြီးအစိုးရ ဦးဆောင်မှုဖြင့် မြို့တော်စည်ပင် သာယာမှ သဲအိတ်များနင့် လူအင်အား အဆင် သင့် ထားရှိပြီး မီးသတ်တပ်ဖွဲ့နင့်အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များ၊ လူမှုရေးအသင်းများက ကမ်းနားတလျောက် အဆင်သင့်စောင့်ဆိုင်း နေကြပြီဖြစ်သည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
(မတ္တရာမြို့နယ် စောက်ခြုံပေါက်ကျေးရွာက ကျောင်းဆရာ၊ ဆရာမတွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး ဧရာဝတီမြစ်အတွင်းမှာ ဇူလိုင်လ ၂၉ ရက်နေ့က တိမ်းမှောက်စဉ်) Photo: Than Htay
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်က အင်းဝမြို့ဟောင်းနဲ့ ကျေးရွာ ၁၁ ရွာမှာ ရေကြီးနစ်မြုပ်နေပြီး စာသင်ကျောင်း ၉ ကျောင်း ယာယီပိတ်ထားရပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ရေကင်းတွေလည်း ချထားပေးတယ်လို့ တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင် က ပြောပါတယ်။
မနေ့ကစပြီး လူနေအိမ်တွေထဲကို ရေဝင်လာတာဖြစ်ပြီး လက်ရှိ ရေကြီးနစ်မြုပ်တဲ့ ကျေးရွာတွေအနီးက ကုန်းမြင့်ပိုင်းတွေမှာ ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားပါတယ်။
တံတားမြို့နယ်အတွင်းက ဧရာဝတီမြစ်ကမ်းအနီးမှာရှိတဲ့ ကျေးရွာတွေမှာ ရေနစ်မြုပ်နေတဲ့အတွက် သွားလာရေးခက်ခဲနေပြီး လှေတွေနဲ့ သွားလာနေရပါတယ်။
မနေ့က မတ္တရာမြို့နယ် စောက်ခြုံပေါက်ကျေးရွာက ကျောင်းဆရာ၊ ဆရာမတွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး ဧရာဝတီမြစ်အတွင်းမှာ တိမ်းမှောက်ခဲ့ပြီး ကျောင်းဆရာတစ်ဦး ဆရာမတစ်ဦးနဲ့ ဒေသခံတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ဟသာင်္တမြို့နယ်နဲ့ ဇလွန်မြို့တွေမှာလည်း စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေတာ ၂ ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအခြေအနေမှာ ရေကင်းစောင့်ကြည့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
(တနင်္သာရီတိုင်း မြိတ်မြို့က တိရစ္ဆာန်အစာ ထုတ်လုပ်တဲ့ ငါးအမှုန့်ကြိတ်စက်ရုံ တစ်ရုံကို တွေ့ရစဉ်) Photo: Kyaw Lwin Oo/RFA
တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတချို့ဟာ အနံ့ဆိုးမထွက်အောင် ဆောင်ရွက်ဖို့နဲ့ ရေဆိုးတွေကို ပင်လယ်ထဲမစွန့်ပစ်ဖို့ တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်ဆိုင်းဖို့ ညွှန်ကြားသွားမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။
စည်းကမ်းမလိုက်နာတဲ့စက်ရုံတွေကို ပိတ်ခိုင်းမှာဖြစ်ပြီး သန့်ရှင်းမှုရှိပြီး အနံ့ဆိုးမထွက်တဲ့ စက်ရုံတွေကိုတော့ လုပ်ကိုင်ခွင့်ပေးထားမယ်လို့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်လဝန်းကျင်က ငါးအမှုန့်ကြိတ်စက်ရုံတွေကို အနံ့ဆိုးမထွက်အောင်နဲ့ ရေဆိုးစွန့်ပစ်မှု စနစ်တွေကို စနစ်တကျဆောင်ရွက်ဖို့ သတိပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ဝန်ကြီးချုပ်ကိုယ်တိုင် ဝင်ရောက်စစ်ဆေးရာမှာ စက်ရုံတချို့ဟာ ညွှန်ကြားချက်တွေကို မလိုက်နာတာတွေ့ရှိခဲ့တဲ့အတွက် ယာယီရပ်နားခံရမှာဖြစ်ပါတယ်။
လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်နားရမယ့် ငါးအမှုန့်ကြိတ် စက်ရုံစာရင်းကို လာမယ့်သြဂုတ်လ ၁ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။
မြိတ်မြို့မှာ လွန်ခဲ့တဲ့အစိုးရလက်ထက်ကတည်းက ငါးအမှုန့်ကြိတ်စက်ရုံတွေရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ဝ၁၂ခုနှစ်က အနံ့ဆိုးထွက်တဲ့စက်ရုံတွေကို ပိတ်သိမ်းပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
မြိတ်မြို့က အင်းလေးမြိုင်စက်မှုဇုန်မှာ မင်းဇာနည်၊ ထူးထူးတိုး၊ အဆောင်ကောင်း၊ ဗဲင်(န်)တေ့(ခ်ျ)၊ ပထော်ပထက်ကျွန်း စတဲ့ ငါးအမှုန့်ကြိတ်စက်ရုံ ၅ ခုရှိပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ရနောင်းလူသတ်မှုတွင် အသုံးပြုခဲ့သော တုတ်၊ ဓား များတွင်ရှိနေသည့် မျိုးရိုးဗီဇ DNA နှင့် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား ၄ ဦး၏ DNA လုံးဝ (လုံးဝ) တူညီခြင်းမရှိကြောင်း ထုတ်ပြန်
ထိုင်း-မြန်မာ နယ်စပ်မြို့ ရနောင်းမြို့တွင်ဖြစ်ပွားခဲ့သော လူသတ်မှုတွင် ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား ၄ ဦး၏ မျိုးရိုးဗီဇ DNA နှင့် သေဆုံးသူ မအဲပဲလ်ကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော တုတ်၊ ဓားများတွင် ရှိနေသည့် မျိုးရိုးဗီဇ DNA တို့မှ လုံးဝ (လုံးဝ) တူညီခြင်းမရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ထုတ်ပြန်သည်။
အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများ၏ ပြောပြချက်နှင့် ၄င်းတို့ တွက်ချက်ပြမှုများအရ မိမိတို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အပြစ်ကျူးလွန်သူများ မဟုတ်ကြောင်းနှင့် ၂၀၁၅ ခုနှစ်က ကမ္ဘာကျော် လိပ်ကျွန်းလူသတ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် သေဒဏ်ကျခံနေရသည့် မောင်ဇော်လင်းနှင့် မောင်ဝေဖြိုးတို့၏အမှုထက် များစွာလွယ်ကူမည်ဟု သုံးသပ်ကြောင်း သိရသည်။
ရနောင်းလူသတ်မှု့တွင် အပြစ်ရှိသည်ဟု မတရားစွပ်စွဲခံထားရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦး လွတ်မြောက်ရန်အတွက် လက်ရှိ မြန်မာနိုင်ငံအစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ နည်းလမ်းပေါင်းစုံဖြင့် အမိန့်မချမှီ အမှုရင်ဆိုင်နေချိန်ကတည်းက အားကြိုးမာန်တက်နှင့် စနစ်တကျ စုစုစည်းစည်း ၀ိုင်းဝန်းကူညီဖြေရှင်းကာ ကြိုးစားပေးသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိမိတို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အနေဖြင့်လည်း လူ့အခွင့်အရေးများ ဆုံးရှုံးခြင်း၊ လူကုန်ကူးခံရခြင်း၊ မတရားအနိုင်ကျင့်ခံရခြင်း၊ လုပ်အားခမရရှိခြင်းတို့နှင့် မတရားစွတ်စွဲမှုများခံနေရသော မြန်မာနိုင်ငံအတွင်းမှ မည်သည့်ဘာသာ၊ လူမျိုး၊ တိုင်းရင်းသားများမဆို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေးကို စိတ်ဝင်စားသည့် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်များနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရနောင်းခရိုင်၊ စွိုင်လုံကျင်း ရပ်ကွက်တွင် နေထိုင်သော မိခင် (မြန်မာ) နှင့် ဖခင် (ထိုင်း) လူမျိုးတို့၏ သမီးထိုင်း-မြန်မာ ကပြားမလေး အက်ပဲလ်(ခ) အိပုတ် အသက်(၁၆)နှစ်အရွယ် ထိုင်းအထက်တန်းကျောင်းသူလေး အသတ်ခံခဲ့ရသည့် အမှုကို ရနောင်းခရိုင် ရဲတပ်ဖွဲ့မှ အမှုဖြစ်ပွားခဲ့သည့်ပတ်ဝန်းကျင်ရှိ ထိုင်းနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား တစ်လခန့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၀ ရက်တွင် ထိုင်းရဲတပ်ဖွဲ့များ၏ လုပ်ရိုးလုပ်နည်းအတိုင်း ဘာသာစကားမတတ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ဝသန်
The Ladies News
https://www.facebook.com/News.TheLadies
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများသည် လာမည့် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ ပန်းရောင်ကတ်ကိုင်ဆောင်ထားသော မြန်မာလုပ်သားများ ဗီဇာလျှောက်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။
ဗီဇာလျှောက်ထားရာတွင် မြန်မာနိုင်ငံမှပြုလုပ်လာသော သာမန်နိုင်ငံကူးလက်မှတ်အသစ်နှင့် ဘန်ကောက်သံရုံးမှပြုလုပ်ပေးသော သာမန်နိုင်ငံကူးလက်မှတ်အသစ် နောင်တွင်ပြုလုပ်ပေးမည်
C of I စာအုပ်များနှင်လျှောက်ထားနိုင်ပြီး ရရှိမည့် ဗီဇာသက်တမ်းမှာ ပန်းရောင်းကတ်သက်တမ်းအတိုင်းဖြစ်ကြောင်း သိရသည်။
ပန်းရောင်ကဒ်ကိုင်ဆောင်သူများအတွက် သာမန်နိုင်ငံကူးလက်မှတ်ထုတ်ယူထားပြီးဖြစ်ပါက ထိုင်းပြည်ထဲရေး ၀န်ကြီးဌာန၏ကြေညာချက်အတိုင်း ပန်းရောင်ကဒ်မှဗီဇာကို သာမန်နိုင်ငံကူးလက်မှတ်ပေါ်သို့ ပြောင်းပေးရန် ကိစ္စအတွက်ကိုလည်း ထိုင်းအလုပ်သမားရေးရာကော်မတီသို့ ဆက်လက်တင်ပြပြီး သက်ဆိုင်ရာ လ၀က ဌာနသို့ ပူးပေါင်းဆောင်ရွက်မှုပေးရန် အတွက် မြန်မာ ဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူများအတွက် မြန်မာဘက်မှ အထောက်အထား ထုတ်ပေးနိုင်ရန် ထိုင်းနိုင်ငံတွင်း စင်တာ(၆)ခုဖွင့်ရန် ကန့်ကွက်ရန် မရှိသော်လည်း မြန်မာဘက်မှ တရားဝင်စာပို့ပေးရန်နှင့် ထိုင်းအလုပ်သမားရေးရာကော်မတီနဲ့ သက်ဆိုင်ရာကို ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူ ဦးအောင်စိုး၏ လူမှုကွန်ယက် စာမျက်နှာတွင် ဇူလိုင်လ ၁၃ ရက်နေ့က ရေးသားခဲ့သည်။
စင်တာဖွင့်ရာတွင် ဖူနမ်ရွမ်-ထီးခီးစခန်းမှလွဲ၍ ကျန်နေရာ(၅)ခုဖြစ်သော မယ်ဆိုင်၊ မဲဆောက်၊ ရနောင်း၊ ကက်ခ်ျနာပူရီ၊ မဟာချိုင်နှင့် ဆွမ်မွတ်ပရာဂန်တို့တွင် စင်တာဖွင့်မည်ဆိုပါက ဖွင့်နိုင်ကြောင်း သဘောတူခဲ့ကြောင်း သိရသည်။
ဝသန်
The Ladies News
https://www.facebook.com/News.TheLadies
(ဖမ်းမိကားကို တွေ့ရစဉ်။ ဓာတ်ပုံ- ဦးမြသန်း)
ရန်ကုန်၊ ဇူလိုင်လ ၃၀
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အမည်မသိ ဘင်္ဂလီ ၁၀ ဦးခန့်အား တင်ဆောင်လာသည့် ကားတစ်စီးကို ယနေ့ နံနက်က ဖမ်းဆီးရမိပြီး ကားပေါ်ပါလာသူ ဘင်္ဂလီ ၁၀ ဦးခန့်မှာ အခြားကားတစ်စီးဖြင့် ထွက်ပြေး သွားသည်ဟု မြေပုံမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက နိရဉ္စရာသို့ ပြောသည်။
ဦးမြသန်းက" ဒီနေ့ မနက်က ဒင်္ဂါရကျေးရွာ ANP ပါတီ ဥက္ကဋ္ဌက ဖုန်းဆက်ပြောလာပါတယ်။ ဒီနေ့မနက် ၅ နာရီကျော်လောက်က ကားတစ်စီး ရွာနားမှာရပ်နေတာကို တွေ့ပါတယ်။ ရွာသားတွေ အများကြီး ဝိုင်းလာကြတော့ ကားပေါ်မှာ ပါလာတဲ့ ဘင်္ဂလီ ၁၀ နီးပါးခန့်က နောက်ကလာတဲ့ ကားတစ်စီးပေါ်ကို ပြေးတက် ထွက်ပြေးသွားကြတယ်လို့ အကြောင်းကြားလာပါတယ်။ အရင်သူတို့ စီးလာတဲ့ကားက ပျက်သွားတဲ့ အတွက် နောက်တစ်စီးနဲ့ ထွက်ပြေးသွားတာလို့ ပြောပါတယ်။ ပျက်နေတဲ့ကားပေါ်မှာ ပါလာတဲ့ တစ်ယောက်ကလည်း ကားကို သော့ချပြီး ထွက်ပြေးသွားတယ်။ နေ့လယ်ကတော့ အမ်းက လူနှစ်ယောက် ဒီကားကို လာတောင်းပေမယ့် ရွာသားတွေကတော့ မပေးလိုက်ဘူး လို့ပြောပါတယ်"ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
သော့ချထားခဲ့သော ကားရှေ့ခန်းတွင် ဦးအောင်ဌေး၊ အမှတ် ၁၅၄၊ ဗဟန်း ၃ လမ်း၊ ဗဟန်းမြို့နယ် ဆိုသည့် လိပ်စာ ကတ်တစ်ခု ချိတ်ဆွဲထားကြောင်း၊ စက်ပျက်ကျန်နေခဲ့သည့်ကားနံပတ်မှာ YNG 1G 2160 အိမ်စီးကား အမျိုးအစားဖြစ်ကြောင်း၊ ယခုအခါ၎င်းကားကို ကျောက်ငါးနွားရဲစခန်းသို့ အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
၎င်းကားနှင့် ဘင်္ဂလီများကို မြေပုံမြို့နယ် ယိုးဆနွင်းကျေးရွာအုပ်စု၊ ဒင်္ဂါးရကျေးရွာအနီး ကားလမ်းပေါ်တွင် ယနေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၅ နာရီခန့်က ကျေးရွာသားများက တွေ့ရှိခြင်း ဖြစ်ပြီး ရန်ကုန်သို့ ဦးတည်သွားသော ကားဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။
“ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမ်းမြို့နယ်က တာဝန်ရှိသူတွေကို အကြောင်းကြားထားသလို ပြည်နယ် အစိုးရ နယ်လုံဝန်ကြီးဆီကိုလည်း အကြောင်းကြားထားလိုက်ပါပြီ။ နယ်လုံဝန်ကြီးကတော့ ပြည်နယ်မှူးရုံးကို ဆက်လက် အကြောင်းကြားပေးမယ်လို့ ပြောပါတယ်။ ခက်တာက သူတို့တွေက ဘယ်သူတွေလဲ။ တိတိ ကျကျ မသိရတဲ့အတွက် အချိန်မီ လိုက်လံ ဖမ်းဆီးဖို့ လိုအပ်ပါတယ်” ဟု ဦးမြသန်းက ဆက်လက် ပြောဆိုသည်။
ယခုအခါ ကျောက်ငါးနွားရဲစခန်းက ရဲတပ်ဖွဲ့ဝင်များမှာ ကားဖမ်းဆီးရမိရာ နေရာသို့ ရောက်ရှိနေပြီး လိုက်လံ စုံစမ်းမှုများ ပြုလုပ်နေကြောင်း၊ ဒေသခံများကမူ ယခုထွက်ပြေးသွားသော ဘင်္ဂလီများမှာ ရခိုင်ပြည်နယ်မှ တဆင့် ဗမာပြည်ဘက်သို့ ခိုးဝင်ရန် လူမှောင်ခိုသမားများနှင့် အတူ လိုက်ပါလာကြသူများ ဖြစ်ပုံရသည်ဟု ယူဆနေကြကြောင်း သတင်း ရရှိသည်။
ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
မန္တလေး (ဧရာဝတီ) ဆိပ်ကမ်းတွင် မြစ်ရေသည် တနာရီလျှင် (၁)စင်တီမီတာခန့်မြင့်တက်နေရာ ဇူလိုင် ၂၉ ရက်တွင် စိုးရိမ်ရေမှတ်ကျော်လွန်သွားမည်ဖြစ်ကြောင်း မိုး/ဇလ(မန္တလေး)ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးသန်းဇော်က ပြောသည်။
ဇူလိုင် ၂၈ ရက်နေ့မွန်းလွဲပိုင်းက မြစ်ရေအမှတ် ၁၂၅၄ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိရန် ၆ စင်တီမီတာ (၂လက်မခန့်) သာလိုတော့ကြောင်း၊ ၂၀၁၅ ဇူလိုင် ၂၂ တွင် ၁၀၆၀ စင်တီမီတာသာရှိခဲ့၍ ၂၀၁၄ ခုနှစ် ဇူလိုင် ၂၇ ရက်က ၁၃၈၀ စင်တီမီတာကျော်ထိ စံချိန်တင်မြင့် တက်ခဲ့ ကြောင်း သိရသည်။
''မြစ်ရေတနာရီ တခါတက်နေလို့ ဒီညနေမှာ စိုးရိမ်ရေမှတ်ရောက်နိုင်တယ်။ မနက်ဖြန်ဆိုရင် စိုးရိမ်ရေမှတ် ကျော်နိုင်ပေမယ့် သိပ်အများကြီးတော့ မဟုတ်ဘူး။ ၁၀ စင်တီလောက်ကျော်နိုင်တယ်လို့ ခန့်မှန်းတယ်'' ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့စိုးရိမ်ရေအမှတ် ကျော်လွန်သော်လည်း မန္တလေးမြို့အနေဖြင့် တာရိုးများခိုင်ခံ့ပြီး မြစ်ရေမျက်နှာ ပြင်အထက် မြင့်မားစွာရှိသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ မြစ်ရေအမှတ် ၁၀၀၀ စင်တီမီတာလောက်တွင် ရွှေကြက်ယက်နှင့် ရှမ်းကလေးကျွန်း၊ ညောင်ကွဲ စသည့် အနိမ့်ပိုင်းရပ်ကွက်များ၌ ရေ၀င်လျက်ရှိကြောင်း သိရသည်။
''မြစ်ကြီးနားဘက်က ရေက အောက်ပိုင်းကို ဆင်းလာရင် နောက် ၄ ရက်လောက်မှာ မန္တလေးရောက်လာပြီး မြစ်ရေတက်လာမယ်။ မြစ်ရေကြီးချိန်မှာ ကမ်းပြိုတာတွေ မရှိတော့ဘဲ ရေကျရင်တော့ ကမ်းပြိုတာတွေ ဖြစ်လာမယ်'' ဟု ရေအရင်းအမြစ်ဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောသည်။
မြို့တော်စည်ပင်မှ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိပြီး မြို့နယ် ၆ ခုတွင် သဲအိတ် ၃၀၀၀ စီနှင့် လူအင်အား ၅၀ စီကို အဆင်သင့်ဖြစ်အောင် စီမံထား ရှိသည်။ ထို့အပြင် အချိန်နှင့်အမျှ သတင်း ထောက်လှမ်းကာ ကာကွယ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်ထားသည်ဟု ဆိုသည်။
''သဲအိတ်တွေ စုဆောင်းထားတယ်၊ မြစ်ရေစိမ့်ပြီးဝင်နိုင်မယ့် ကတွတ်ပေါက်တွေ၊ ချိုင့်ရှိတဲ့နေရာတွေမှာ လိုက်ကြည့်နေပြီး ရေစိမ့်လာတာနဲ့ သဲအိတ်တွေဖို့ဖို့လူအင်အား အဆင်သင့်လုပ်ထားတယ်။ စိုးရိမ်စရာမရှိနိုင်ဘူးလို့ သုံးသပ်တယ်'' ဟု စည်ပင်သာယာ တွဲဖက်အတွင်းရေးမှူးဦးသက်နိုင်ထွန်းက ပြောသည်။
မန္တလေးဆိပ်ကမ်းတွင် မွန်းတည့် ၁၂ နာရီခွဲ မြစ်ရေတိုင်းတာချက်များနှင့် ဇူလိုင် ၂၆ ရက်က ၁၂၂၁ စင်တီမီတာ၊ ၂၇ ရက်က ၁၂၃၄ စင်တီမီတာနှင့် ၂၈ ရက်တွင် ၁၂၅၄ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သြဂုတ်လပထမပတ် မိုး/ဇလ ထုတ်ပြန်ချက်တွင် သြဂုတ်လအတွင်း ဧရာဝတီမြစ်ရေသည် ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတနှင့် ဇလွန်မြို့များတွင် စိုးရိမ်ရေ အမှတ်အထက် တကြိမ်စီ၊ ချင်းတွင်းမြစ် ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့တို့တွင် တကြိမ်စီ စိုးရိမ်ရေအမှတ်များသို့ ကျော်လွန်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
အမေရိကန်သံအမတ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း။
အမေရိကန်သံအမတ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း။
အမေရိကန်ရွေးကောက်ပွဲအပြီး မြန်မာ-အမေရိကန်ဆက်ဆံရေးမူဝါဒ အပြောင်းအလဲမရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marcial က ဗွီအိုအေမြန်မာပိုင်းနဲ့သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောဆိုလိုက်ပါတယ်။
ကိုသားညွန့်ဦး။ ။ အခုလာမယ့် နိုဝင်ဘာလမှာ အမေရိကန်ရွေးကောက်ပွဲ ကျင်းပမှာပါ။ အဲဒီတော့ လာမယ့်၂၀၁၇ အစိုးရသစ်တက်လာတဲ့ အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်မူဝါဒအပြောင်းအလဲ ကြီးကြီးမားမားဖြစ် လာနိုင်စရာရှိပါသလား။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ ဒီအချိန်မှာတော့ အမေရိကန်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျနော်အနေနဲ့ မှတ်ချက်ပေးပြောဆိုဖို့ ခက်ခဲပါသေးတယ်။ အခုချိန်မှာ ဒါက တကယ့်ကို နိုင်ငံရေးကိစ္စကြီးဖြစ်နေပြီးတော့ အခုမှ ပါတီညီလာခံတွေ လုပ်နေကြတာပါ။ သမ္မတ ကိုယ်စားလှယ်လောင်းတွေ ဖက်က ဘယ်လို သဘောထားရှိမယ် ဘာလုပ်မယ်ဆိုတာ ကျနော်အနေ နဲ့ ပြောလို့မရပါဘူး။ ပြောလို့ရတာတခုကတော့ အာရှဒေသနဲ့ အပြည့်အ၀ ထိစပ် ဆက်ဆံသွားဖို့၊ မြန်မာနဲ့ ဆက်လက် ထိစပ်ဆက်ဆံဆောင်ရွက်သွားဖို့ဆိုတာဟာ အမေရိကန်ပြည်ထောင်စုက ပါတီကြီးနှစ်ရပ်စလုံးရဲ့ မူဝါဒဖြစ်ပါတယ်။ ဒါကြောင့် သမ္မတသစ် တက်လာရင်တော့ ဒီမူဝါဒအတိုင်းပဲ ဆက်ရှိနေမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။
အမေရိကန်ရွေးကောက်ပွဲအပြီး မြန်မာ-အမေရိကန်ဆက်ဆံရေးမူဝါဒ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marcial က ဗွီအိုအေမြန်မာပိုင်းနဲ့သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောဆိုလိုက်တာပါ။
VOA Burmese News
ဝ နဲ့ မိုင်းလား တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ-Senior General Min Aung Hlaing
ဝ နဲ့ မိုင်းလား တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ-Senior General Min Aung Hlaing
လက်ရှိ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းပြည် တိုးတက်ဖို့အတွက် တဦးနဲ့တဦး နားလည်မှုရှိရှိ စိတ်တူကိုယ်တူ ညီအကို လုပ်ဖေါ်ကိုင်ဖက်တွေအဖြစ် လက်တွဲလုပ်ဆောင်ဖို့ လိုအပ်ကြောင်း နေပြည်တော် ကို ရောက်ရှိနေတဲ့ UWSA “၀”အဖွဲ့နှင့် NDAA (မိုင်းလား) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မနေ့က နေပြည်တော် တွေ့ဆုံပွဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးယူမယ့်နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရမယ်ဆိုတဲ့ မူအပေါ်မှာ တပ်မတော်ဘက်က ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်တာကြောင့် ၂၁ ပင်လုံညီလာခံကြီးဖြစ်ဖို့ တဘက်နဲ့ တဘက် အပြန်အလှန် ဘယ်လောက်အထိ လိုက်လျောနိုင်မယ် ဆိုတာ ကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ စစ်ဖက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တဦးက ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တပ်မတော်ရဲ့ရပ်တည်ချက်နဲ့ ပတ်သက် လို့ ပြောကြားရာမှာ တိုင်းပြည်အေး ချမ်းဖွံဖြိုးတိုးတက်ရေး အတွက် နိုင်ငံသားတွေဖြစ် တဲ့ တပ်မတော်သားတွေရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာပါ တာဝန်ရှိကြောင်းနဲ့ တပ်မတော်ဟာ အမှန်တကယ်ငြိမ်းချမ်းရေးရရှိလိုစိတ်နဲ့ ဆောင်ရွက်နေကြောင်း မနေ့က တွေ့ဆုံပွဲမှာ ပြောသွားတာပါ။
ဒါပေမဲ့ စစ်တပ်ရဲ့မူဝါဒ ဖြစ်တဲ့ လက်နက်ကိုင်ပြီး ဒီမိုကရေစီတောင်းလို့မရဘူးဆိုတဲ့ အပေါ်မှာ အခြေခံပြော တာဖြစ်ကြောင်း စစ်ဖက်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ပြောပါတယ်။
"အဓိက ကတော့ တပ်မတော်ဘက်ကတော့ ကျနော်သိသလောက်ပေါ့လေ။ ဒီလက်နက်ကိစ္စပါပဲ။ ဒီလက်နက်ကိုင်လမ်းစဉ်ဆိုတဲ့ကိစ္စကို စွန့်ရမယ်ဆိုတာ အစဉ်အဆက်ကျနော်တို့ တောင်းခဲ့တာရှိပါတယ်။ ဒါကတော့ ကျနော်တို့ မူအရကတော့ လက်နက်ကိုင်ပြီးတော့ ဒီမိုကရေစီတောင်းလို့မရဘူးဆိုတဲ့ အခြေခံမူအပေါ် ထားတာဖြစ်ပါတယ်။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အစိုးရဘက်ပိုင်းကတော့ ကျန်တဲ့ပြည်မတွေ ကျန်တဲ့ နိုင်ငံရေးကိစ္စတွေပေါ့လေ။ ဒါတွေအပေါ်မှာ ဘယ်လောက်အထိ ခွင့်ပြုမယ် ခွင့်မပြုဘူး ဆိုတာကတော့ ရှေ့လျောက် ကျနော်တို့က ဆက်ကြည့်ရမယ့် အနေအထားမျိုးရှိတယ်လို့ ကျနော်မြင်ပါတယ်။ "
အခု UWSA “၀”အဖွဲ့နဲ့ NDAA (မိုင်းလား) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက နေပြည်တော်ကိုလာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံပြီး ၂၁ ပင်လုံညီလာခံ တက်ရောက်ဖို့ကိစ္စဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်လို့ ဦးအောင်လင်းထွဋ်က သူရဲ့အမြင်ကို အခုလိုပြောပါတယ်။
"အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာရော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့တဲ့အခါမှာရော ကျနော်ထင်တယ် ဘာမှ ထူးထူးထွေထွေ ပြဿနာမရှိဘူး။ ဒီဒုတိယပင်လုံညီလာခံကိုလည်း သူတို့တက်ဖို့ စိတ်ဝင်စားမှာပဲ။ အရင်တုန်းကလည်း အမျိုးသားညီလာခံတုန်းက ဒီအဖွဲ့တွေ တက်ခဲ့တဲ့ အနေအထားမျိုးတွေရှိပါတယ်။ သူတို့ကတော့ ညီလာခံတက်ဖို့ကိစ္စမှာ ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေလို ဘာမှ ပြဿနာလုပ်မယ့် အနေအထားတော့ မရှိဘူး။ သူတို့တက်မှာပဲ။ ဒါပေမဲ့ နောက်ပိုင်းပေါ့လေ ဒီညီလာခံကနေပြီးတော့မှ ညှိနှိုင်းပြီးတော့ ဆွေးနွေးတဲ့ အခြေအနေမျိုး အချိန်အခါကျရင်သာ တဖက်နဲ့တဖက် ဘယ်လောက်အထိ လိုက်လျောနိုင်မလဲ ဆိုတာကတော့ ကျနော်တို့က စောင့်ကြည့်ရမယ်။"
၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပြီးနောက် တက်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် အဆက်ဆက်နဲ့ အရှေ့မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် အခြေစိုက် UWSA “၀”အဖွဲ့နှင့် NDAA (မိုင်းလား) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ဆက်ဆံရေးအဆင်ပြေခဲ့သလို “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအထိ သတ်မှတ်ပေးခဲ့တာပါ။
ဒါကြောင့် သူတို့အဖွဲ့တွေနဲ့ပတ်သက်လို့ ထူးခြားချက်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုဟာ အရေးပါကြောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။
" ကျနော်တို့ ဒီ ဝရော ကိုးကန့်ရောက အားလုံးက တရုတ်အနွယ်တွေပဲ ပြောရမှာပါ။ သူတို့အားလုံး တရုတ်စကားပဲပြောကြတယ်။ တရုတ်ရဲ့ ကျောထောက်နောက်ခံ ရှိကြတယ်။ ကျနော်တို့ အခုပါလာတဲ့ သူတွေထဲ ကျနော်တို့သိသလောက်ပေါ့လေ တချိန်က မြန်မာပြည်ကွန်မြူနစ်ပါတီထဲကို တရုတ်ထောက်လှမ်းရေးကနေပြီးတော့ လွှတ်တဲ့ပုဂ္ဂိုလ်လို့ ကျနော်တို့ အကြမ်းဖျင်းသိရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ တရုတ်နဲ့ နီးစပ်တယ်လို့ပဲ ပြောရမှာပေါ့။ တရုတ်ရဲ့ ထောက်ပံ့မှု တရုတ်ရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုကျနော်တို့ နိုင်ငံရေး အပိုင်းပေါ့လေ တရုတ်ပြည်နဲ့ မြန်မာပြည်နဲ့ ရန်သူ ရန်ဘက်ဖြစ်လို့မရတဲ့ အနေအထားမျိုး ရှိပါတယ်။ နိုင်ငံရေးအရရော စီးပွားရေးအရရော ငြိမ်းချမ်းရေးကိစ္စတွေမှာ တဘက် တရုတ်နဲ့ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်နဲ့ အဆင်ပြေနေသမျှတော့ ဒီဝတို့ မိုင်းလားတို့ ဒေသတွေမှာ ပြဿနာ အထူးအထွေမရှိတဲ့အနေအထားမျိုးတွေမရှိဘူး။"
ဒီအဖွဲ့တွေဟာ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မတူတဲ့အချက်က တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့် ဆိုတာမျိုးတောင်းဆိုထားခြင်းမရှိပဲ တရုတ်နိုင်ငံက ပြည်နယ်တွေ အတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင်ကိုတော့ လိုလားကြောင်းတွေ့ရတယ်လို့ ဦးအောင်လင်းထွဋ်ကပြောပါတယ်။
နေပြည်တော်ကိုရောက်ရှိနေတဲ့ UWSA “၀”အဖွဲ့နှင့် NDAA (မိုင်းလား) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဒီကနေ့မှာ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
VOA Burmese News
 နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒများ ရှင်းလင်းပြောကြား။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒများ ရှင်းလင်းပြောကြား။
NLD အစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး ဘက်ညီမျှတစွာ တိုးတက်ရေး၊ အားလုံးပါဝင်ရေးနဲ့ အလုပ်အကိုင်ရရှိရေး စတာတွေကို အခြေခံတဲ့ စီးပွားရေးမူဝါဒ ၁၂ ချက် ကို ဒီနေ့ နေပြည်တော်မှာ ထုတ်ပြန်လိုက်ပါတယ်။ မူဝါဒတွေ ထုတ်ပြန်ပြီး အမှန်တကယ် အကောင်အထည်ဖော်နိုင်အောင်လို့ တိုင်းနဲ့ ပြည်နယ် အလိုက် စီမံကိန်းတွေ ဆက်ပြီး ရေးဆွဲသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်က ပြောပါတယ်။ ဝန်ကြီး ဦးသန်းမြင့်ကို VOA သတင်းထောက် မသိင်္ဂီလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မသိင်္ဂီလင်း ။ ။ ဒီနေ့ စီးပွားရေးမူဝါဒ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အပေါ် နောက်ကျတယ် ဆိုပြီးတော့ ဝေဖန်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီးတော့ ဆရာအနေနဲ့ ဘာများပြောချင်ပါသလဲ။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် ။ ။ ကျနော်တို့က အမှန်အတိုင်း သမိုင်းကြောင်းနဲ့ ပြန်ပြောမယ်ဆိုရင် နဂိုကတည်းက အာဏာမလွှဲခင် ကတည်းက နှစ်လလောက်ကတည်းက ကြိုတင်ပြီး အာဏာအလွှဲအပြောင်းကိစ္စမှာ အဆိုပြုချက်တွေ အများကြီးပေးခဲ့တယ်။ သို့သော်လည်း တဘက်က ပြီးခဲ့တဲ့ အစိုးရက ခွင့်မပြုဘူး။ ခွင့်မပြုတော့ ကျနော်တို့က အစိုးရအဖွဲ့ ဖွဲ့တဲ့ နေ့မှ ဝင်ရတဲ့အခါကျတော့ ပြီးခဲ့တဲ့ဟာတွေကို ပြန် လုပ်နေရတာက တော်တော်မှန်းတာနဲ့ ပိုပြီးတော့ ခက်ခဲတယ်ဗျ။ အာဏာမလွှဲခင် နှစ်လလောက်ကတည်းက ကြိုတင်ပြင်ဆင်မယ် ဆိုရင် အများကြီး အချိန် တော်တော်လုပ်နိုင်မယ်။ အခု ကျနော်တို့က ရောက်မှ ရှင်းရလင်းရဆိုတော့ သူတို့ထားခဲ့တဲ့ ပြဿနာတွေ၊ တချို့ကျတော့လည်း ကောင်းပါတယ်။ တချို့ကျတော့လည်း ဆက်ပြီးတော့ ရှင်းရမှာ။ အဲ့တာတွေကြောင့် ကျနော်တို့ ကြာနေတာ။ ကြာသွားတာပါ။
မသိင်္ဂီလင်း ။ ။ ဟုတ်ကဲ့။ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ စီးပွားရေးမူဝါဒမှာ ဘယ်လိုစနစ်တွေကို ဆရာတို့အဓိက အခြေခံထားပါသလဲ။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် ။ ။ ကျနော်တို့ မူဝါဒကတော့ အဓိက ကတော့ National Reconciliation ပေါ့ဗျာ။ အမျိုးသား စည်းလုံးညီညွတ် အခြေခံတဲ့မူဝါဒပေါ့။ အဲ့မူဝါဒမျိုးပဲဖြစ်ရမယ်။ အဲ့ဒီ့မူဝါဒရဲ့ အခြေခံကတော့ တချို့ သယံဇာတပစ္စည်းပဲဖြစ်ဖြစ် ရငွေဖြစ်ဖြစ် တိုင်းနဲ့ပြည်နယ် လူမျိုးစု၊ တိုင်းနဲ့ပြည်နယ် ဒေသတွေမှာ မျှတစွာ ခွဲဝေရရှိရမယ့် အခြေခံပဲဗျာ။ ဒါက ပထမအခြေခံပေါ့နော်။ ဒုတိယအခြေခံကတော့ ဒီစီးပွားဖွံ့ဖြိုးလုပ်တဲ့နေရာမှာ အဓိက ပြည်သူအများ အလုပ်အကိုင်ရရှိရေးက ပထမအကျဆုံး ပဓာနအကျဆုံးပဲ။ အလုပ်အကိုင်ရရှိမှသာလျှင် ဝင်ငွေလည်း ရရှိမယ်။ ဒီနှစ်ချက်ကို အခြေခံတာပါ။ အဲ့သလိုအခြေခံတဲ့နေရာမှာ ကျနော်တို့က တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် လယ်ယာ ဖွံ့ဖြိုးတိုးတက်အောင် မျှတစွာ ချိတ်ဆက်ရမယ်။ ဒါက အခြေခံ။ နောက်တခါ ပြည်သူ အားလုံး ပါဝင်မယ့် ပုဂ္ဂိုလိက လူငယ်၊ အမျိုးသမီး၊ ပြည်သူအများ အားလုံးပါဝင်မယ့် အဲ့တာကို အခြေခံတယ်။ ခေတ်မှီနည်းပညာတွေကို သုံးမယ်။ နောက်တခါ ကျနော်တို့က ကိုယ့်ပြည်တွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းတွေ အာဆီယံလို အဖွဲ့အစည်းတွေ သုံးမယ်။ အခြေခံ (၁၂)ချက်ကို အခြေခံထားတယ်ပေါ့ဗျာ အဓိကကတော့။
မသိင်္ဂီလင်း ။ ။ ဒါဆိုရင် NLDအစိုးရက ထုတ်ပြန်လိုက်တဲ့ စီးပွားရေးမူဝါဒ အသစ်က အရင်အစိုးရလက်ထက်နဲ့ဆိုလို့ရှိရင် ဘာတွေ ကွာတာမျိုး ပါမလဲ။ ထူးခြားတာ ဘာတွေများ ပါမလဲရှင့်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် ။ ။ အရင်အစိုးရတုန်း ကတော့ ပေါ်လစီပဲ ပြောကြတဲ့အခါကျတော့ အကောင်အထည်မဖော်နိုင်ကြဘူးပေါ့။ ကျနော်တို့ အစိုးရလက်ထက်က နံပတ်တစ် ထူးခြားတာကတော့ ရရှိတဲ့ အကျိုးအမြတ်ပေါ့နော်။ တိုင်းပြည်က ထုတ်လုပ်တဲ့ သယံဇာတက အကျိုးအမြတ် အားလုံးကို မျှမျှတတ လူမျိုးစုတွေကြား တိုင်းနဲ့ပြည်နယ်တွေကြား မျှမျှတတ ခံစားရမယ်။ ဒီလိုခံစားရခြင်းအားဖြင့် တိုင်းပြည်ရဲ့ National Reconciliation ရမယ်ပေါ့။ ဒါက အဓိက အကျဆုံးပါပဲ။ ကျနော်တို့ ဒီနေ့ တယောက်ကို တယောက် လူမျိုးစုခြင်း ဖြစ်နေတာ ရရှိတဲ့အကျိုးအမြတ်တွေကို သယံဇာတကပဲရရ၊ တခြားဝင်ငွေကပဲရရ၊ မျှတစွာ မခံစားရပဲ ဖြစ်တဲ့အတွက်ကြောင့် အဓိက ကတော့ အဲ့တာ အဓိက အချက်ပဲဗျ။
မသိင်္ဂီလင်း ။ ။ ဒီလိုမူဝါဒတွေကို ထုတ်ပြန်ပြီဆိုတော့ ဒီမူဝါဒတွေကို ဆက်အကောင်အထည်ဖော်ဖို့ ဆရာတို့ ဆက်ပြီးတော့ လုပ်ကြတော့မယ်ပေါ့နော်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် ။ ။ ကျနော်တို့ ကော်မတီတွေ ဖွဲ့ထားတယ်။ ဒါကတော့ ပညာရှင်များရယ်၊ NLD က ထိပ်တန်းပုဂ္ဂိုလ်တွေရယ် အစိုးရဘက်က ပေါင်းပြီးဖွဲ့ထားတယ်။ ဖွဲ့ထားပြီးတော့ ဒီကော်မတီကနေပြီးတော့ ဒီပေါ်လစီကို ဝန်ကြီးဌာနတွေကို ဖြန့်ပေးမယ်။ သက်ဆိုင်ရာ ဒေသဆိုင်ရာ အစိုးရတွေကို ဖြန့်ပေးမယ်။ သူတို့ကနေပြီးတော့ သူတို့သက်ဆိုင်ရာ ပေါ်လစီကို ရေးဆွဲပြီးတော့ လုပ်ငန်းရှင်တွေနဲ့ဆွေးနွေး ကျနော်တို့ကို ပြန်တင်ပြ ကျနော်တို့က တခုလုံးအတွက် တခုလုံးလွှမ်းခြုံသော National ရော ဒေသဆိုင်ရာရော ပါတဲ့ဝန်ကြီးဌာနဖြစ်လာမှာပေါ့ဗျာ။ ဖြစ်လာတော့ Plans of Actions ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ရေးဆွဲမယ်။ ရေးဆွဲတော့ အရင်အစိုးရ လုပ်ထားတဲ့ငါးနှစ်စီမံကိန်းတွေရှိတယ်မဟုတ်လား။ အဲ့တာကို ကျနော်တို့က ပြန်လည်ပြုပြင်ရေးဆွဲမယ်။ ဒီနှစ်ထဲကတော့ မမှီတော့ဘူးလေ။ ကျနော်တို့က လာမယ့် ၂၀၁၇၊ ၂၀၁၈ ကစပြီးတော့ ကျနော်တို့က Plans အသစ်တွေ ဖော်လာမှာပေါ့ဗျာ။ ဒီနှစ်ကတော့ restructure ပဲ ရှိတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေတွေ နည်းဥပဒေတွေ အကန့်အသတ်တွေရှိတော့ ဒါတွေကိုလည်း ကျနော်တို့က ပြုပြင်ပြောင်းလဲနေတယ်။
အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ တွေနဲ့ပတ်သက်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် ကို မသိင်္ဂီလင်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။
VOA Burmese News
မြန်မာနိုင်ငံက အကျဉ်းထောင်၊ ရဲဘက်စခန်းအကြောင်းနဲ့ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အခြေအနေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
အကျဉ်းသားတွေကို အလုပ်ကြမ်းခိုင်းပြီး ခေတ်နဲ့ညီတဲ့လုပ်အားခမပေးတာ၊ ကျန်းမာရေး စောင့်ရှောက် မှု ကောင်းကောင်းမပေးတာတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့တွေက ထောက်ပြဝေဖန်လေ့ရှိပါတယ်။
"ကျမကလေးဟာ တော်တော်လေးကို အခြေအနေဆိုးနေပြီ နေလို့မကောင်းတာ၊ ထောင်ကျတာ ၂ဝ၁၃ ကပါရှင့်၊ မန္တလေးအိုးဘိုထောင်ကို ပို့လိုက်တယ်၊ အဲ့ဒီကနေ ထုံးဘိုရဲဘက်စခန်းကို ရောက်သွားပြီး တစ်နှစ်ကျော်တော့ အဲ့ဒီအနာကပေါ်လာတာ၊ ဆရာဝန်ကိုပြတော့ နှလုံးသွေးကြောထုံးတာတဲ့၊ အဲ့ဒါ ခွဲပေးမယ်ခွဲပေးမယ်နဲ့ အခုဆိုရင်တစ်နှစ်ကျော်သွားပါပြီ၊ ခံစားနေရတာ သူ့မှာလည်ပင်းကြောလေးတွေ လည်းနာတယ်၊ နေပူလာလို့ရှိရင် အဲ့ဒီအနာတပြင်လုံးကရဲပြီးတော့ သွေးတွေစို့လာတယ်၊ ဂွမ်းနဲ့ ပလာစတာနဲ့ အုပ်အုပ်ပေးထားတယ်"
အခုကြားခဲ့ရတဲ့အသံကတော့ ပဲခူးတိုင်း ကျောက်တံခါးမြို့က ဒေါ်နီနီဝင်း ပြောပြနေတာပါ၊ သူ့သား ကိုရဲရင့်အောင်ဟာ နေပြည်တော်က တိုက်သစ်တွေမှာ မှန်ပြတင်းပေါက်တပ်ဆင်ပေးတဲ့ အလုပ်လုပ်ရင်း သူ့အလုပ်ရှင်နဲ့ အလုပ်သမား ခိုက်ရန်ဖြစ်တော့ သူပါရောပါခဲ့ပြီး အပြန်အလှန်ရိုက်နှက်ကြရာကနေ လူသေမှုဖြစ်လို့ အလုပ်ရှင်လင်မယားနဲ့အတူ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတာလို့ မိခင်ဖြစ်သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်စနစ်မှာ ပြစ်မှုကြွေးကိုချွေးဖြင့်ဆေးမည်လို့ ကြွေးကြော်သံတွေ တင်ထားပြီး၊ အကျဉ်းသားတွေကို သံခြေကျင်းတွေခတ်ပြီး ရဲဘက်စခန်းလို့ခေါ်တဲ့ အလုပ်ကြမ်းစခန်းတွေကိုပို့တာ ဦးနေဝင်း တစ်ပါတီခေတ်တည်းက ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အကျဉ်းသားတွေကို ကျောက်ထုတ်လုပ်ရေး စခန်းတွေ၊ အကျဉ်းဦးစီးဌါနရဲ့ လယ်ယာလုပ်ငန်းတွေကိုပို့ပြီး အလုပ်ကြမ်းခိုင်းတာတွေ ရှိနေသေးတယ်လို့ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး သုတေသနလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပါတယ်။
"ရဲဘက်စခန်းဆိုတာကတော့ အလုပ်စခန်းပေါ့ဗျာ၊ လူတစ်ယောက်ကို ပြစ်ဒဏ်ချပြီဆိုရင် အလုပ်ကြမ်း နဲ့ ထောင်ဒဏ်ဆိုပြီး ချလေ့ရှိပါတယ်၊ ဒါက ဥပဒေနဲ့ တရားစီရင်ရေး အပိုင်းနဲ့ သက်ဆိုင်ပါတယ်၊ တကယ်လို့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချခံရပြီဆိုရင်တော့ တချို့အလုပ်စခန်းတွေ ပို့တာရှိပါတယ်၊ သို့ပေမဲ့ ကျနော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက်က လာဘ်ပေးလာဘ်ယူမှုတွေ ကြီးနေတဲ့ကိစ္စတွေရယ်၊ အကျဉ်းသားတွေကို အခွင့်အရေးမပေးခဲ့တာတွေက တောက်လျှောက် နာမည်ကြီးခဲ့တာပါ၊ ဒါကြောင့်မို့လို့လည်း ရဲဘက်စခန်းတွေမှာ မနိုင်ဝန်ထမ်းရလို့ သေဆုံးသွားရသူတွေရှိတယ်၊ ထွက်ပြေးသွားတဲ့သူတွေရှိတယ်၊ အဲဒီအခြေအနေမျိုးတွေက တောက်လျှောက်ဖြစ်ခဲ့တာပါ" တဲ့။
နဝတစစ်အစိုးရခေတ်မှာတော့ နိုင်ငံရေးမှုနဲ့ ထောင်ချခံရသူတချို့ကိုပဲ အလုပ်ကြမ်းစခန်းတွေ ပို့ခဲ့ဖူးတာရှိပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ကိုတိတ်နိုင်က
"ရဲဘက်စခန်းပို့တယ်ဆိုတာက ရိုးရိုးအကျဉ်းသားတွေတင် မဟုတ်ပါဘူး၊ တချို့ နိုင်ငံရေး အကျဉ်းသားတွေ ပါ အပို့ခံရပါတယ်၊ အဲ့ဒီထဲမှာလည်း သေဆုံးသွားတဲ့သူတွေရှိတယ်၊ သံဃာတော်တွေလည်း ပျံလွန်တော်မူ သွားရတာတွေ ရှိပါတယ်၊ ၁၉၉၇ ခုနှစ်မှာဆိုရင် ညောင်လေးပင် NLD အဖွဲ့ဝင် ၃၆ ယောက်ကို ဖမ်းပြီးတော့ ရှေ့တန်းပို့လိုက်တာဖြစ်ခဲ့ပါတယ်၊ အဲ့ဒီထဲက ၂ ယောက် ရှေ့တန်းမှာပဲ သေဆုံးခဲ့ပါတယ်" လို့ ပြောပြပါတယ်။
အဲ့ဒီလို ရဲဘက်စခန်းအပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ထင်ရှားတဲ့သူတွေကတော့ မန္တလေးက ဆရာတော် ဦးရေဝတနဲ့ လူရွှင်တော် ဦးပါပါလေးတို့ ဖြစ်ပါတယ်။
အကျဉ်းထောင်လောကမှာ ရဲဘက်အလုပ်ကြမ်းစခန်းကို အပို့မခံရဖို့ မိသားစုတွေက ထောင်အာဏာပိုင်တွေ ကို ငွေအမြောက်အများပေးရတာမျိုးရှိပြီး၊ ငွေမပေးနိုင်တဲ့အကျဉ်းသားတွေ အပို့ခံရတာများတယ်လို့ အကျဉ်းသားဟောင်းတွေကတဆင့် သိရပါတယ်။ နောက်တစ်မျိုးကလည်း အလုပ်ကြမ်းစခန်းဆိုပေမယ့် ထောင်ထဲ မှာနေရတာမဟုတ်ပဲ ပြင်ပလောကမှာနေရတာဖြစ်လို့ ထောင်အာဏာပိုင်တွေကို ငွေပေးပြီး အနေအစားချောင်တဲ့ ရဲဘက်စခန်းကိုသွားတဲ့သူတွေလည်း ရှိပါတယ်။ ဒါ့အပြင် ထောင်ထဲမှာလဲ အမျိုးသမီး အကျဉ်းသူတွေဆိုရင် ဆေး လိပ်လိပ်ခိုင်းတာ၊ အမျိုးသားအကျဉ်းသားတွေဆို ထောင်တွင်း တောင်ယာစိုက်ပျိုးရေး လုပ်ခိုင်းတာတွေရှိပါတယ်။
ဒီလုပ်ငန်းတွေက အကျဉ်းဦးစီးဌာနရန်ပုံငွေအတွက်လို့ အာဏာပိုင်တွေကဆိုပေမယ့် အဲ့ဒီလုပ်ငန်းတွေမှာ ကွပ်ကဲရတဲ့ထောင်အရာရှိတွေအတွက်လည်း ချမ်းသာနိုင်တဲ့အထိ အခွင့်အလမ်းတွေရတဲ့အကြောင်း အကျဉ်းထောင်လောကမှာ ပြောလေ့ရှိပါတယ်။ AAPP ရဲ့ သုတေသနအရ မြန်မာနိုင်ငံမှာ ရဲဘက်အလုပ် ကြမ်းစခန်း ဘယ်နှစ်ခုလောက်ရှိလဲဆိုတော့ ကိုတိတ်နိုင်က " ကျနော်တို့ အရင်က သိထားသလောက်ဆိုရင်တော့ ၁ဝ၄ ခု ရှိပါတယ်" လို့ ပြောပါတယ်။
ဒီလိုအကျဉ်းသားတွေကို အလုပ်ကြမ်းစခန်းမှာ ခိုင်းတာမျိုးဟာ တရုတ်လို မြောက်ကိုရီးယားလို နိုင်ငံတွေမှာ လည်းရှိတဲ့အတွက် အကျဉ်းသားတွေကိုကျွန်လိုနှိပ်စက်ခိုင်းစေတာမျိုးမလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အမြဲမပြတ်ထောက်ပြဝေဖန်လေ့ရှိသလို ကုလသမဂ္ဂကလည်း ဒီလုပ်ရပ်မျိုးကို ပြစ်တင်ရှုံ့ချလေ့ရှိပါတယ်။
နောက်တစ်ချက်ကလည်း မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အလုပ်ခိုင်းပေမယ့် ခေတ် ကာလနဲ့လျော်ညီပြီး ထိုက်သင့်တဲ့လုပ်အားခမပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာတွေအပြင်၊ ထမင်းနဲ့ဟင်းကို ဝဝလင်လင်မကျွေးတာ၊ တကိုယ်ရည်သန့်ရှင်းရေးအတွက် ရေကောင်းကောင်းမချိုးရတာတွေ ကလည်း ထောင်အကြောင်းပြောတဲ့အခါမှာ ချန်ထားလို့မရတဲ့ကိစ္စတွေဖြစ်နေပါတယ်။ အကျဉ်းသား တစ်ယောက် ထောင်ထဲမှာဖျားနာနေရင် ပါရာစီတမော့တခြမ်း၊ ဘာမီတွန်တခြမ်း လောက်ပေးတာမျိုးကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေရေးတဲ့ ဆောင်းပါးတွေမှာ ဖတ်ရလေ့ ရှိသလို၊ ရက်လွန်ဆေးတွေ တိုက်တာ၊ ဆေးထိုးအပ်ကို အကြိမ်ကြိမ်ပြန်သုံးလို့ ကူးစက်ရောဂါ ရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
အခုရောထောင်တွေမှာ ဘယ်လိုအခြေအနေရှိလဲဆိုတော့ ကိုတိတ်နိုင်က "အခုအခြေအနေမျိုးမှာ တော့ အရင်အခြေအနေနဲ့ သိပ်မကွာလှဘူး၊ ၁၉၉ဝ ခုနှစ် ကာလတွေကထက်စာရင်တော့ အခုက နည်းနည်း သက်သောင့်သက်သာ ဖြစ်လာတယ်လို့ ပြောလို့ရပါတယ်၊ ဒါပေမယ့် ထောင်ဆိုတာကတော့ ထောင်ပါပဲ၊ သို့ပေမဲ့ အာဏာပိုင်တွေဘက် အကျဉ်းသားတွေကို လူတစ်ယောက်ရဲ့ရပိုင်ခွင့်ဆိုတဲ့ ကိစ္စမျိုးတွေ၊ ဒီစံနှုန်းတွေနဲ့ ဆက်ဆံကိုင်တွယ်ရမယ်လို့ ကျနော်ကမြင်ပါတယ်" လို့ ဆိုပါတယ်။
အကျဉ်းထောင်မှာ ဆေးကုသခွင့်ရဖို့ ခက်နေတဲ့အတွက် "ကျမကလေးလေးဟာ ပိန်လဲပိန်နေပြီ၊ အရိုးပေါ်အရေပဲ ရှိတော့တယ်၊ လူ့အခွင့်အရေးဆိုတာလည်း သူတို့ဆီမှာဘာမှမရှိဘူးလား မသိဘူး၊ ကျမရှေ့တင်မှာပဲ တဖြုတ်ဖြုတ်နဲ့ သေသွားတာတွေ အဲ့ဒီဆေးရုံမှာ၊ အခုလည်း ကျမကလေးလေးက အဲ့လိုပဲခံစားနေရတော့မှာလား မသိဘူး၊ ကျမတော်တော်လေးကို စိတ်ထိခိုက်နေပါပြီ" ဒေါ်နီနီဝင်းရဲ့ မိခင်သောကကို ကြားရပါတယ်။
အကျဉ်းသားတွေကို အလုပ်ကြမ်းခိုင်းတာ၊ ကျန်းမာရေးကုသမှု ညံ့ဖျင်းတာအပြင် အမှုတစ်ခုထက်ပိုပြီး တရားစွဲခံထားရတဲ့ အကျဉ်းသားတစ်ယောက်ကို ပထမတစ်မှုအတွက် ပြစ်ဒဏ်ချပြီးတဲ့အခါ၊ နောက်မှုတွေအတွက် တရားရုံးထုတ်တော့ အဲ့ဒီအကျဉ်းသားကို ခြေထောက်မှာသံခြေကျင်းခတ်ပြီးမှ ရုံးထုတ်တဲ့စနစ် ရှိနေပါတယ်၊ အဲ့ဒီစနစ်ကို မဆလအစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီးက လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီဝန်ကြီးကိုယ်တိုင် အကျဉ်းသားဘဝ ပြန်ရောက်ရတဲ့အခါ ခြေကျင်းခတ်ခံရလို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရတာမျိုးလည်းရှိခဲ့တယ်လို့ ၁၉၈ဝ လွန်ကာလက အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးသမားတချို့က ပြန်ပြောကြပါတယ်။
ပြီးခဲ့တဲ့ရက်ကဆိုရင် ဆန္ဒပြလို့ ရမည်းသင်းထောင်မှာ အဖမ်းခံထားရတဲ့ စစ်ကိုင်း မြန်မာဗီးနီးယား သစ်ပါးလွှာ စက်ရုံ အလုပ်သမားတွေခေါင်းဆောင်တွေကို တရားရုံးဖီဆန်မှုနဲ့ ထောင်တစ်လ ချထားပြီးပြီဖြစ်လို့ နောက်ထပ် စွဲချက်တင်ခံထားရတဲ့ အမှုတွေအတွက် တရားရုံးထုတ်တဲ့အခါ ခြေကျင်းခတ်တာငြင်းဆန်လို့ဆိုပြီး ထောင် အာဏာပိုင်တွေက ထိုးကြိတ်ကန်ကျောက်ခဲ့ပါတယ်။
ဒီလိုမျိုးအကျဉ်းသားတွေကို အကြမ်းဖက်နှိပ်စက်ပြီး ပြစ်ဒဏ်ပေးတဲ့စနစ်ကနေ အကျဉ်းသားကိုလည်း လူတစ်ဦး လိုဆက်ဆံပြီး သူ့ဘဝပြောင်းလဲအောင် လုပ်ဆောင်ပေးမယ့်စနစ်မျိုး ပြုပြင်ပြောင်းလဲနိုင်အောင် AAPP ကကြိုးပမ်းနေတယ်လို့ ကိုတိတ်နိုင်က ပြောပါတယ်။
ဒီမိုကရေစီနိုင်ငံတွေက အကျဉ်းထောင်တချို့မှာ အကျဉ်းသားတွေ ပညာသင်ခွင့်ရတာ၊ အလုပ်လုပ်ရင် ခေတ်နဲ့ ညီတဲ့ လုပ်အားခပေးတာ၊ စာတစ်အုပ်ဖတ်ပြီးရင် အမှတ်ကောင်းပေးပြီး ပြစ်ဒဏ်လျှော့ရက်ပေး တာမျိုးတွေ ရှိပါတယ်။
အဲ့ဒီလိုအကျဉ်းသားတွေကို ပြုစုလေ့ကျင့်ပေးတဲ့စနစ်မျိုး မကျင့်သုံးပဲ၊ နှိပ်စက်ညှင်းပမ်းခိုင်းစေတဲ့ စနစ်ကြောင့် ထောင်ကလွတ်မြောက်လာသူတွေမှာ စိတ်ဒဏ်ရာတွေရလာတဲ့အပြင် နောက်ထပ်ပြစ်မှု ကျူးလွန်ဖို့ ဝန်မလေးတော့ပဲ ထောင်နဲ့အိမ်သံသရာထဲကနေ ရုန်းမထွက်နိုင်ကြသလို လူ့အဖွဲ့အစည်းမှာလည်း ဆိုးကျိုး ရိုက်ခတ်ခံရမှု ပိုများတာတွေ့ရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒါကြောင့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးကလည်း အနှေးနဲ့အမြန်ဆိုသလို မဖြစ်မနေဆောင်ရွက်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောဆိုကြပါတယ်ခင်ဗျာ။
RFA
ဇူလိုင် ၂၉ရက်၊ ၂၀၁၆ခုနှစ်။
ထိုင်းစစ်တပ်ဦးဆောင်သည့် ပူးပေါင်းအဖွဲ့စုံမှ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ဒေသအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဇူလိုင် ၂၇ရက်နေ့မှစပြီး စီမံချက်(၅)ခုဖြင့် လိုက်လံဖမ်းဆီးရာ ယနေ့အချိန်အထိ လူဦးရေ ၃၀၀ နီးပါး ဖမ်းဆီးခံရမှုရှိသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။
ကနဦးသတင်းအရ ဇူလိုင် ၂၉ရက်နေ့နောက်ပိုင်းမှစ၍ အထောက်အထား မရှိသူ၊ အလုပ်ရှင်အလုပ်သမား အထောက်အထားလွဲနေသူ၊ တရားမဝင် ဈေးရောင်းသူ၊ မူးယစ်ဆေးဝါး၊ ကြက်၊ ချဲ လောင်းကစား စသည့် ရာဇဝတ်မှုပြုသူ၊ တရားမဝင် အလုပ်သမားပွဲစားများစသည့် စီမံချက်(၅)ခုဖြင့် ထိုင်းအာဟာပိုင်များက ဖမ်းဆီးမည် ဖြစ်သော်လည်း ၂၇ရက်နေ့ညတွင် ထိုင်းစစ်တပ်က ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ-JACBA ဥက္ကဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။
“မနေ့ကဆိုရင် ခန့်မှန်းခြေ အယောက်ကိုးဆယ်လောက် ဖမ်းတယ်။ ဒီနေ့ဆိုရင် တစ်ရာနီးပါး လောက်ရှိပြီ။ ၂၇ရက်နေ့ကနေ ဒီနေဆိုရင် သုံးရာနီးပါလောက်ရှိနေပြီ၊ ဒီမဲဆောက်မှာ။ အဖမ်းခံရတဲ့နေရာတွေက မယ်တော်၊ လောဇုရပ်ကွက်တွေမှာ၊ ဟွေးမုတ်ကျေးရွာက လှေဂိတ်တွေမှာ ဖမ်းတယ်။ နောက် မယ်ကု တိုက်နယ်ဘက်က ရွာတွေမှာလည်း ကားတွေနဲ့ ဖမ်းတယ်״ဟု ဦးမိုးကြိုးက ပြောသည်။
ဖမ်းဆီးခံရသောအလုပ်သမားများကို ထိုင်းရဲအချုပ်ကားများဖြင့် မြန်မာဘက်ခြမ်းသို့ နာရီပိုင်းအတွင်း ပြန်လည် ပို့ဆောင်ပြီး ယခုဖမ်းဆီးမှုသည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးကမောက်ကမာ့ အခြေအနေကြောင့်ဖြစ်သလို ဇူလိုင် ၂၉ရက်နေ့သည် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်(ပန်းရောင်ကဒ်)ထုတ်ပေးမည့် နောက်ဆုံးနေ့ဖြစ်သည့် အတွက် ထိုင်းအလုပ်ရှင်များအား ဖိအားပေးသည့် သဘောလည်း ဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်ပြောသည်။
ယခုဖမ်းဆီးမှုတွင် ထိုင်းစစ်တပ်မှ ဦးဆောင်ပြီး ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲ၊ ယာဉ်ထိန်းရဲ၊ မှုခင်းရဲ၊ ပြည်သူ့စစ်၊ ကျေးလက်နှင့် ဒေသန္တရဖွံ့ဖြိုးရေးအဖွဲ့နှင့် အလုပ်သမားဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့စုံမှ ဖမ်းဆီးခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးနေသည်ဟုလည်း JACBA က ဆိုသည်။
မဲဆောက်မြို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ မစိမ့်မိမ့်အေးက “မနေ့က ကျမတို့ (ဟွေးမုတ်)ရပ်ကွက်မှာ လာဖမ်းတယ်။ လက်မှတ်မရှိတဲ့သူ ၈၀ကျော်လောက် ပါသွားတယ်။ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ လုပ်ခ လစာလည်း အပြည့်မရကြတော့ ဝင်ငွေက နည်းတယ်။ မိသားစုစားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေရတော့ ဒီအလုပ်သမားကဒ် မလုပ်နိုင်ကြဘူး။ အလုပ်ရှင်တွေဘက်ကလည်း တာဝန်ယူပေးတာမျိုး အားနည်းတော့ အရမ်းနစ်နာစေတယ်״ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းခန့်ရှိသည့်အနက် ပန်းရောင်ကဒ် ကိုင်ဆောင်သူဦးရေ ၆သိန်းကျော်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။ မဲဆောက်မြို့တွင် မြန်မာနိုင်ငံမှ လာရောက်ရွှေ့ပြောင်းနေထိုင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားစုစုပေါင်း တစ်သိန်းကျော်ခန့် တည်ရှိပြီး အများစုမှာ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ဈေးရောင်းဈေးဝယ်၊ ညစောင့်အလုပ်သမားများ ဖြစ်ကြသည်။
စအိုင်ဆူး
ကေအိုင်စီ
http://kicnews.org
 ပြည်တွင်းမှာ တိုက်ပွဲတွေ သေနတ်သံတွေ ရပ်စဲသွားမယ့်နေ့ ကို မျှော်နေ ကြ
တိုင်းရင်းသား တော်လှန်ရေး အင်အားစုများရဲ့ ညီလာခံကို ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ပြုလုပ်နေပြီး တိုင်းရင်းသား ခေါင်းဆောင် တွေက အခု စုံညီအစည်းအဝေးကနေ ငြိမ်းချမ်းရေးအတွက် လမ်းစကောင်းတွေ ရလာဖို့ မျှော်လင့် နေကြ ပါတယ်။
ငြိမ်းချမ်းရေးရမှ ကိုယ့်နေရပ်ရင်း ပြန်ကြရမယ့် ဒုက္ခသည် တွေကလည်း ပြည်တွင်းမှာ တိုက်ပွဲတွေ သေနတ်သံတွေ ရပ်စဲသွားမယ့်နေ့ ကို မျှော်နေ ကြပါတယ်။
မိုင်ဂျာယန် မြို့ ကနေ သုံး နာရီလောက် ကားမောင်းသွားရင် အင်ခွန်ဂျာ ဒုက္ခသည် စခန်း ကို ရောက်မှာပါ။
၂၀၁၁ ခုနှစ်မှာ တပ်မတော် နဲ့ ကေအိုင်အေ တို့ အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွား ခဲ့တာကြောင့် အနီးအနား တစ်ဝိုက် ကျေးရွာ ၁၆ ရွာ က ဒေသခံတွေ အင်ခွန်ဂျာ ဒုက္ခသည် စခန်း မှာ လာရောက် ခိုလှုံနေတာ ဖြစ်ပါတယ်။
စစ်ပြေး ဒုက္ခသည် စုစုပေါင်း တစ်ထောင်ခန့် ရှိပါတယ်။ အများစု ဟာ ကလေးငယ် တွေနဲ့ အမျိုးသမီးများ ဖြစ်ကြပါတယ်။
ဒုက္ခသည် စခန်းကို အလှူရှင်တွေက လာရောက် လှူဒါန်း တဲ့ အတွက် လောလော ဆယ် စားဝတ် နေရေး အဆင် ပြေပေမယ့် ရေရှည် ရပ်တည်ဖို့ အတွက် မလွယ်ဘူးလို့ သိရပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လုပ်နေတဲ့ ငြိမ်းချမ်းရေး အတွက် အများကြီး မျှော်လင့် ထားတယ်လို့ ဒုက္ခသည် စခန်း ကို ရောက်နေတဲ့ ကေအိုင်ကေ ဗိုလ်မှူး တစ်ဦး က ပြောပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေမှာ ရလဒ်ကောင်း တစ်ခု ရမှ သူတို့ ရပ်ရွာ တွေကို ပြန်နိုင်မှာ ဖြစ်တယ်လို့ ဒုက္ခသည်တွေက မျှော်လင့်ချက် အပြည့်နဲ့ ပြောကြား နေပါတယ်။
BBC Burmese
http://www.bbc.com/burmese
နိစ်မြို့ တိုက်ခိုက်မှု ဖြစ်ပြီးနောက် ပြင်သစ် အနှံ့ လုံခြုံရေးတွေ ထပ်တိုးထားခဲ့။
ပြင်သစ် နိုင်ငံ၊ နော်မန်ဒီ ဒေသက ကက်သလစ် ဘုရားကျောင်းမှာ အင်္ဂါနေ့က ခရစ်ယာန် ဘုန်းကြီး အသတ်ခံ ခဲ့ရမှုဟာ ပြင်သစ် တရားစီရင်ရေး စနစ် ချို့ယွင်း ပျက်ပြားခဲ့တဲ့အတွက် ဖြစ်တယ်လို့ ပြင်သစ် ဝန်ကြီးချုပ် မန်နွယ် ဗောင်းစ် က ပြောပါတယ်။
အဲဒီ ဘုရားကျောင်းမှာ တိုက်ခိုက်ခဲ့သူ နှစ်ဦးအနက် တစ်ဦးဟာ အကြမ်းဖက်မှုနဲ့ နွယ်တဲ့ စွဲချက်တွေ စွဲခံထားရလို့ အီလက်ထရောနစ် ခြေရာခံ ကိရိယာ ဝတ်ထားရတဲ့သူ ဖြစ်နေတဲ့ အချက်ကို ပြင်သစ် ဝန်ကြီးချုပ်က သတင်းစာ တစ်စောင်နဲ့ အင်တာဗျူးမှာ ဝေဖန် ပြောဆို သွားတာပါ။
အဲဒီလူကို လွှတ်ပေးထားဖို့ ဆုံးဖြတ်ချက်ကို အစိုးရက ချခဲ့တာ မဟုတ်ဘဲ အလွတ် တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တာလို့ သူက ပြောပါတယ်။
နိစ်မြို့မှာ ၈၄ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု၊ ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက် ခံရမှုတွေနဲ့ ပတ်သက်ပြီး အစိုးရအပေါ် ဝေဖန်မှုတွေကို ဝန်ကြီးချုပ် မစ္စတာ ဗောင်းစ် ကြုံနေရတာ ဖြစ်ပါတယ်။
အင်္ဂါနေ့က ကက်သလစ် ဘုရားကျောင်းမှာ တိုက်ခိုက်ခဲ့တဲ့ လူငယ် နှစ်ဦးအနက် တစ်ဦးဟာ မနှစ်က ဆီးရီးယားကို သွားရောက်ဖို့ ကြိုးပမ်းစဉ် အဖမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူ့ကို ဆက်ဖမ်းထားဖို့ အစိုးရ ရှေ့နေတွေက တောင်းဆိုခဲ့ပေမယ့် အခုနှစ် အစောပိုင်းမှာ သူ့ကို အီလက်ထရောနစ် ခြေရာခံ ကိရိယာ ဝတ်ပေးပြီး လွှတ်ပေးခဲ့တာပါ။
ကက်သလစ် ဘုရားကျောင်းမှာ အင်္ဂါနေ့က စုဝေး ဝတ်ပြုချိန်အတွင်း အသက် ၈၆ နှစ်အရွယ် ဘုန်းတော်ကြီးကို လည်လှီး သတ်ဖြတ်ခဲ့တဲ့ အဲဒီ လူငယ် နှစ်ဦးကို ဘုရားကျောင်း အပြင်မှာ ရဲက ပစ်သတ် ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် မှာ လူ ၄ ဦးဟာ ခြင်ကိုက် ခံရပြီးနောက် ဇီကာ ဗိုင်းရပ်စ် ကူးစက် နေတာ ကို တွေ့ ရှိရကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး က အတည်ပြု ပြောကြား ပါတယ်။ ဒါပေမယ့် လတ်တလော အခြေအနေမှာ ရောဂါ ကူးစက် ခံထားရတဲ့ လူ ၄ ဦး ကို ဆေးရုံ ကို အရေးပေါ် တင်ပို့ ကုသ ဖို့ မလိုအပ်ဘူး လို့လည်း ပြောပါတယ်။
ဇီကာ ရောဂါ ပိုးကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ ကလေး မွေးဖွားလာတဲ့ အခါမှာ ဦးခေါင်းသေးငယ် တဲ့ ကလေးတွေကို မွေးဖွား ခဲ့ရပြီး ဦးနှောက် ချို့ယွင်းမှုတွေလည်း ရှိနေပါတယ်။
အမေရိကန် ဖလော်ရီဒါမှာ ဒေသတွင်း က ခြင်မှာ ဇီကာ ဗိုင်းရပ်စ် သယ်ဆောင် ထား တာ ကို ပထမဦးဆုံး တွေ့ ရှိရမှုလည်း ဖြစ်ပါတယ်။
အရင်က လက်တင်အမေရိက ဘက် က နိုင်ငံတွေ ကိုသွားတယ် အဲဒီ မှာ အေးဒီးစ် ခြင်ကိုက် လို့ ဇီကာပိုး ကူးစက်ခံရတာ တို့၊ တခါ ဇီကာ ဗိုင်းရပ်စ်ပိုး ဖြစ်သူနဲ့ လိင်ဆက်ဆံမိရာက နေ ကူးတာ တို့ က အရင် အမေရိကန် အတွင်းမှာ ဖြစ်ဖူးပါတယ်။
အခု တခါ ကတော့ က အဲဒီ သူတို့ဒေသတွင်း က အေးဒီစ် ခြင်ကိုက်လို့ ပဲ ဖြစ်တာဆိုတော့ဒါ ပထမဆုံး အမေရိကန် ပြည်တွင်းမှာ ဒီဗိုင်းရပ်စ ကို သယ်ဆောင်တဲ့ ခြင်တွေ ရှိနေပြီ။ အဲဒီ မှာ ဇီကာ ဗိုင်းရပ်စ ကြောင့်ဖြစ်နိုင်တဲ့ ပြသနာတွေ လာနေပြီဆိုတာပါ။
လူတွေအတွက် ဇီကာဗိုင်းရပ်စ် ဟာ သာမန်အဖျား လောက်သာ ရတတ်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်ကူးစက်ခံရရင် သူ့ဝမ်းတွင်းက ကလေး ကို ဦးနှောက်သေးစေတဲ့အထိ ဗိုင်းရပ်စ် က ထိခိုက်စေပါတယ်။ ဒီပြည်နယ် က ဇီကာဗိုင်းရပ်စ ရှိနေတဲ့ တခြားနိုင်ငံတွေ ကိုလည်း အသွားများ တဲ့ပြည်နယ် နောက်ပြီးတော့ အေးဒီးစ် ခြင်တွေ ကလည်း များတဲ့ ပြည်နယ် ဖြစ်တယ်။
ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ခ စကော့ က ဒါ ဖလော်ရီဒါ ပြဿနာ တင်မဟုတ်ဘူး အမေရိကန် ပြဿနာ လို့ ပြောနေပါတယ်။
သမ္မတ အိုဘားမား ကလည်း ဒီဗိုင်းရပ်စ် ကို ထိန်းနိုင်အောင် လိုအပ်တဲ့အရင်းအမြစ်တွေ သုံးပါလို့ ညွှန်ကြား ပါတယ်။
ဇီကာဗိုင်းရပ် နှိမ်နင်း ဖို့ ဘဏ္ဍာငွေ ဘတ်ဂျက်ကို ကွန်ကရက် လွှတ်တော် က အမတ် တွေ နွေရာသီ အားလပ်ရက် မယူကြခင် အတည်မပြုပေးခဲ့ဘူးလို့ လည်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် တယောက် ဖြစ်တဲ့ အဲရစ်ရှု က ဝေဖန်နေပါတယ်။
အခု ဇီကာဗိုင်းရပ်စ ကူးစက်ခံရသူတွေ က အမျိုးသား ၃ ယောက် အမျိုးသမီး ၁ ယောက် သာ ဖြစ်ပေမယ့်နောက် အချိန်နဲ့အမျှ ကူးစက်ခံရသူတွေ ထပ်ထပ်တိုးလာတော့မယ် ဆိုတာလည်း တွက်နေကြပါတယ်။
အဲဒီ ရောဂါ ကူးစက်ခံရရာနေရာဖြစ်တဲ့ မိုင်ယာမီ နဲ့ ဘရော့ဝဒ် ကောင်တီ တွေကလည်း လူဦးရေထူထပ်တဲ့ ဒေသတွေ ပါ။
အခုတော့ ရောဂါဖြစ်ရာ အိမ်တွေ နဲ့ ခြင်ပျံနိုင်တဲ့ မီတာ ၁၅၀ တဝိုက်လောက်ကို ကို ပညာရှင်တွေ ဆန်းစစ်နေကြပါတယ်။
BBC Burmese
http://www.bbc.com/burmese/
 ဗုံးဒဏ်ကြောင့် အဆောက်အဦ တချို့တဝက် ပျက်စီးခဲ့။
ဆီးရီးယား နိုင်ငံ အနောက်မြောက် ပိုင်းမှာ သားဖွား ဆေးရုံ တစ်ရုံ ဗုံးထိမှန်ခဲ့ပြီး လူနာတွေနဲ့ ဝန်ထမ်းတွေ အသေအပျောက် ရှိခဲ့တယ်လို့ ယူကေ အခြေစိုက် ပရဟိတ အဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် အိဒ်လစ်ဘ် ခရိုင်မှာ ရှိတဲ့ အဲဒီ ဆေးရုံ ဝင်ပေါက် ဗုံးထိမှန် ခဲ့တယ်လို့ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ Save the Children က ပြောတာပါ။
အဆောက်အဦ ပျက်စီးသွားပုံကို သတင်း ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ အသေအပျောက် စာရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။
အဲဒီ ဆေးရုံဟာ လစဉ် ကလေးမွေးဖွားမှု ၃၀၀ ကျော် ရှိပြီး ဒေသတွင်းမှာ အကြီးဆုံး သားဖွားဆေးရုံ ဖြစ်တယ်လို့ ပရဟိတ အဖွဲ့က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုက ဘယ်သူ့ လက်ချက်လဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တစ်ချိန်တည်းမှာပဲ အလက်ပို မြို့မှာ ပိတ်မိ နေသူတွေကို ကူညီဖို့အတွက် ဘေးကင်းတဲ့ လမ်းကြောင်းတွေကို ကုလ သမဂ္ဂက ကြီးကြပ်ခွင့်ရဖို့ ဆီးရီးယား ဆိုင်ရာ ကုလ သံတမန်က ရုရှားကို တောင်းဆို ထားပါတယ်။
ရုရှားက အဆိုပြုခဲ့တဲ့ အဲဒီ လမ်းကြောင်းတွေကို ကုလသမဂ္ဂက မူအရ လက်ခံပေမယ့် အသေးစိတ်ကို ရုရှားကို ထပ်မေးထားတယ်လို့ ဆီးရီးယား ဆိုင်ရာ ကုလ သံတမန် Staffan de Mistura က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhon။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အဖွဲ့ဝင် နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံတို့ကြား တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတာတွေကို တရုတ်နိုင်ငံနဲ့ မဟာမိတ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက ကြားဝင်စေ့စပ်နိုင်အောင် နောက်ကွယ်ကနေ ကြိုးပမ်းနေတဲ့အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhon ကပြောဆိုလိုက်ပါတယ်။
အငြင်းပွားမှုတွေမှာ တရုတ်နိုင်ငံဘက်က ရပ်တည်ပြီး၊ ဒီလဆန်းပိုင်းမှာ အာဆီယံက နောက်ထပ် ပူးတွဲကြေညာချက်တစောင် မထုတ်ပြန်နိုင်အောင်လည်း ဟန့်တားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ကမ္ဘောဒီးယားနိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံအနေနဲ့ ဘယ်သူ့ဘက်မှ ဘက်မလိုက်တဲ့ မူဝါဒအတိုင်း ကျင့်သုံးခဲ့သလို၊ တောင်တရုတ်ပင်လယ်ပြင်အရေးနဲ့ ပတ်သက်လို့ အခြေအနေတွေ ပိုဆိုးမလာအောင် ကြိုးပမ်းနေတယ်လို့လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ဖနွမ်းပင်မြို့တော်မှာ သောကြာနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုမှာ နိုင်ငံတကာ ခုံသမာဓိရုံးက မကြာသေးခင်ကပဲ အနိုင်ပေးလိုက်တဲ့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်တိုင်က ဆုံးဖြတ်ချက်ကို ရည်ညွှန်းထားတဲ့ အသုံးအနှုန်းတွေကို ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြခြင်း မလုပ်ဖို့ သဘောတူခဲ့တယ် လို့လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတော့ အာဆီယံရဲ့ ကြေညာချက် ထုတ်ပြန်မယ့် အစီအစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံက မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် တနင်္လာနေ့တုန်းကပဲ ချီးကျုးစကား ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက ချေးငွေအကူအညီ ဒေါ်လာသန်း ၆၀၀ လက်ခံမယ့်အကြောင်း ဇူလိုင်လဆန်းတုန်းက ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်းက ကြေညာခဲ့ ရာမှာတော့၊ တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာ အငြင်းပွားမှုမှာ သံတမန်ရေးအရ ထောက်ခံမှုရအောင် အပေးအယူ လုပ်ခဲ့တာလို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရုရှားသမ္မတနဲ့ တူရကီသမ္မတ တွေ့ဆုံကြစဉ်။
တူရကီနိုင်ငံမှာ ဇူလိုင်လ ၁၅ရက်နေ့က အာဏာသိမ်းဖို့ကြိုးပမ်းမှု ကျဆုံးသွားပြီးတဲ့နောက် အလားအလာကောင်းနိုင်ဖွယ်ကိစ္စတခုကတော့ တူရကီ-ရုရှားဆက်ဆံရေးပဲဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက် Dorian Jones က Istanbul မြို့က သတင်းပေးပို့ထားတာကို ဦးကျော်ဇံသာက ပြောပြပေးထားပါတယ်။
သွေးထွက်သံယို အာဏာသိမ်းမှုအပြီးမှာ တူရကီသမ္မတ Recep Tayyip Erdogan ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ ဆွေးနွေးပွဲတရပ်ကို အဆောတလျင် စီစဉ်ခဲ့တဲ့အတိုင်း အခုလာမယ့် သြဂုတ်လ ၉ရက်ကျရင် St. Petersburg မှာ သူတို့နှစ်ဦး တွေ့ဆုံကြတော့မှာပါ။ အာဏာသိမ်းပွဲဖြစ်ပွားနေစဉ်မှာပဲ သမ္မတ Putin က သမ္မတ Erdogan ကို ချက်ခြင်းထောက်ခံလိုက်တဲ့အတွက် အခုလိုတွေ့ဆုံဖို့ကိစ္စ ပိုမိုအဆင်ပြေစရာဖြစ်လာတယ်လို့ တူရကီနိုင်ငံ Kadir Has တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးပညာရှင် Soli Ozel က သုံးသပ်ပါတယ်။
" အာဏာသိမ်းမှုဖြစ်နိုင်တယ်ဆိုတာ တူရကီကို ပထမဦးဆုံး သတိပေးတာ ရုရှဖြစ်တယ်လို့ အတည်မပြုနိုင်တဲ့သတင်းတွေ ရှိနေပါတယ်။ သမ္မတ Erdogan အနေနဲ့ ဒါဟာ ပထမဦးဆုံး ကမ္ဘာ့ခေါင်းဆောင်တယောက်နဲ့ အဓိက တွေ့ဆုံတာ လည်းဖြစ်ပါတယ်။ အာဏာသိမ်းကြိုးပမ်းမှုအပြီး ဒါဟာ ပထမဆုံးဖြစ်နေတာလည်း ပိုထူးခြားနေပါတယ်။"
အနောက်နိုင်ငံတွေက တူရကီအာဏာသိမ်းမှုကို ရှုတ်ချဖို့ နောက်ကျနေခဲ့တဲ့ အတွက် ဖြစ်လာရတဲ့ တူရကီရဲ့ဒေါသကို သမ္မတပူတင်က အခွင့်ကောင်းယူဖို့ ကြိုးပမ်းလိုက်မယ်လို့ အကဲခတ်သမားတွေက ဆိုကြပါတယ်။
တူရကီနိုင်ငံရေးဆောင်းပါးရှင် Semih Idiz ကတော့ အခုလိုအချိန်မျိုးမှာ Erdogan ရုရှားကိုသွားမယ့်ကိစ္စဟာ သမ္မတ Putin အတွက် အကွက်ကောင်းပဲလို့ ဆိုပါတယ်။
"တစ်သီးပုဂ္ဂလတွေဆီကရော အစိုးရအဖွဲ့ဝင်တွေဆီကပါ အနောက်တိုင်း ဆန့်ကျင်ရေးဆောင်းပါးတွေ ကြေညာချက်တွေ အများကြီးရှိနေပါတယ်။ အမေရိကန်ဆန့်ကျင်ရေးတွေ၊ နေတိုးဆန့်ကျင်ရေးတွေလည်း အများအပြားပါပဲ။ ဒီနေရာမှာတော့ နိုင်ငံခြားရေးဝါဒအတွက် ပြဿနာကြုံတွေ့နိုင်ပါတယ်။"
တကယ်တော့ တူရကီ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးတည်ဆောက်မှုဟာ ဒီ့မတိုင်ခင်ကတည်းက စတင်နေပါပြီ။ ဒီအပတ်တွင်းမှာပဲ တူရကီ ဒုတိယဝန်ကြီးချုပ် Mehmet Simsek ဟာ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တခုကို ဦးဆောင်ပြီး မော်စကို ကို သွားခဲ့ပါတယ်။ ရုရှားလေယာဉ်ကို ပစ်ချပြီး ယိုယွင်းသွားခဲ့တဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဒါပေမဲ့ တူရကီသမ္မတရုံး နိုင်ငံတကာဆက်ဆံရေးအကြံပေးအရာရှိ Ayse Sozen Usluer ကတော့ ပြန်လည်သင့်မြတ်ရေးကြိုးပမ်းတာဟာ စီးပွားရေးဆက်ဆံမှု အတွက်လောက်တောင် မဟုတ်ဘူးလို့ဆိုပါတယ်။
"ယိုယွင်းနေတဲ့ဆက်ဆံရေးကြောင့် နှစ်နိုင်ငံစလုံးအကျိုးမရှိနိုင်ဘူး ဆိုတာ နှစ်ဘက် နားလည်ထားပါတယ်။ နှစ်ဘက်စလုံးက ပုံမှန်ဆက်ဆံရေး လိုလားနေကြတာပါ။ လေယာဉ်ပစ်ချမှု မဖြစ်ခင် အခြေအနေပြန်ရောက်ဖို့ ကျမ ခန့်မှန်းထားပါတယ်။ နှစ်ဘက်စလုံး အကျိုးရှိမယ့် ဆက်ဆံရေးပါ။"
သို့ပေငြားလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စေဖို့အတွက် ဆီးရီးယားပြဿနာအပေါ် သဘောထား ကွဲလွဲမှုအပေါ် ညှိနှိုင်းဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားနဲ့ တူရကီတို့ဟာ တဘက်စီ ကူညီနေကြတာဖြစ်ပါတယ်။
အာဏာသိမ်းကြိုးပမ်းမှုအပြီး Erdogan ရဲ့ ရက်စက်တဲ့နှိပ်ကွပ်မှုတွေကြောင့် အနောက်နိုင်ငံတွေနဲ့ တူရကီဆက်ဆံရေး တင်းမာနေတဲ့အတွက် ရုရှားနဲ့ ဆီးရီးယားကိစ္စမှာ အပေးအယူလုပ်ဖို့အရေး တူရကီအားမကောင်းလှဘူးလို့ သတင်းစာဆောင်းပါးရှင် Idiz က ဆိုပါတယ်။
" အာဏာသိမ်းကြိုးပမ်းမှုအပြီး တူရကီသိပ်အားမကောင်းလှပါဘူး။ ဆန္ဒရှိတိုင်း လုပ်လို့မရပါဘူး။ ဒေသတွင်း ပြဿနာတွေကို လက်တွေ့ဖြစ်နိုင်တဲ့အခြေအတိုင်း ချဉ်းကပ်ရပါလိမ့်မယ်။"
ဘာပဲဖြစ်ဖြစ် သမ္မတ Erdogan ကို ရုရှားသမ္မတ Putin နဲ့အတူထိုင်ဆွေးနွေး ရတာဟာ အနောက်မဟာမိတ်တွေနဲ့ဆက်ဆံရေးမှာ အလေးသာစေမယ့် လုပ်ရပ်ဖြစ်တယ်လို့ အကဲခတ်သမားတွေက တွက်နေကြပါတယ်။ သမ္မတ Erdogan ရဲ့ နိုင်ငံခြားဆက်ဆံရေး အကြီးအကဲကတော့ တူရကီနိုင်ငံဟာ နေတိုး အဖွဲ့ဝင် ဖြစ်မှုသာမက အမေရိကန်ဆက်ဆံရေးကိုပါ ဆက်လက်ထားရှိမှာဖြစ်ပြီး လက်တွေ့ကျတဲ့မူဝါဒကို ကျင့်သုံးသွားမယ်လို့ ပြောနေကြောင်းပါ။
 ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဇူလိုင်လ ၂၆ ရက်နေ့က အသတ်ခံခဲ့ရသူ အိမ်အကူအလုပ်သမလေး ပီအန်ငိုင်းဒွန် ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့ နယ်၊ ဒိမ်ပီးကျေးရွာမှ ဇိုမီတိုင်းရင်းသူလေးတစ်ဦးဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံ Strait Times သတင်းစာရဲ့  ဖော်ပြချက်အရ သေဆုံးချိန်တွင် သူမ၏အသက်ဟာ ၂၄ နှစ်ရှိနေပြီဖြစ်သော်လည်း တကယ့်အသက်အမှန်မှာ ၁၉ နှစ်ခန့်သာရှိကြောင်း ကြားသိရပါတယ်။ စင်္ကာပူနိုင်ငံဥပဒေအရ အိမ်အကူလုပ်မည့် အလုပ်သမတစ်ဦး၏ အနိမ့်ဆုံးအသက်ဟာ ၂၃ နှစ်ရှိရမှာ ဖြစ်ပါတယ်။ သူမတွင် ရင်သွေးငယ် ကလေးတစ်ဦးနှင့် အစ်ကို တစ်ယောက်၊ ညီအစ်မ ၂ ယောက် ရှိနေတယ်လို့သိရပါတယ်။
စင်္ကာပူနိုင်ငံတွင် maintenance coordinator တစ်ယောက်အဖြစ် အလုပ်လုပ်နေသော သူမတို့ရွာမှ အိမ်နီးနားချင်းဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုဆွောင့်ခန့်ခိုင် ၏ ပြောပြချက်အရ သူမဟာ အေးအေးဆေးဆေးနေတတ်သူတစ်ဦး ဖြစ်ကြောင်းနှင့် သူမ၏မိသားစုနဲ့ နီးကပ်စွာနေထိုင်တတ်သူဖြစ်ကြောင်းသိရပါတယ်။ သူမဟာ စင်္ကာပူကို မလာခင်တွင် ဆောက်လုပ်ရေးအလုပ်သမတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ လုပ်ခလစာနည်းပါးလွန်းတာရယ်၊ သူမ၏ မိသားစုကိုထောက်ပံ့ချင်တာရယ်ကြောင့် အဲဒီအလုပ်မှထွက်ခဲ့ပြီး စင်္ကာပူကို အိမ်အကူအလုပ်သမတစ်ဦးအဖြစ် ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ သူမ မသေဆုံးမီ ယခု ဇူလိုင်လထဲမှာပင် သူမအစ်ကိုထံ ဖုန်းခေါ်ဆိုခဲ့ပြီး နောက်လဆို သူမ အိမ်ပြန်လာတော့မည် ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါပေမယ့် သူမအနေဖြင့် လေယာဉ်လက်မှတ်ခအတွက် ပိုက်ဆံ မလောက်မှာကို စိုးရိမ်ပြီး စိတ်ပူနေမိတဲ့အကြောင်းလည်း ပြောပြခဲ့တယ်လို့ သိရပါတယ်။ သူမသေဆုံးခဲ့သော စင်္ကာပူနိုင်ငံကအလုပ်ရှင်အိမ်၏ အနီးနားပတ်ဝန်းကျင်တွင် နေထိုင်သော အိမ်နီးနားချင်းများနှင့် အနီးနားမှအိမ်အကူများ၏ ပြောပြချက်အရ သေဆုံးသူ ပီအန်ငိုင်းဒွန်သည် အရပ်ပုပု၊ ဆံပင်တိုတိုနဲ့ဖြစ်ပြီး အ၀တ်လှန်းချိန်နှင့် ပြတင်းပေါက်တွေ သန့်ရှင်းရေးလုပ်ချိန်လောက်တွင်သာ ရံဖန်ရံခါ တွေ့ရတတ်ကြောင်း သိရပါတယ်။
ယခုအမှုကိစ္စကို မြန်မာသံရုံးနှင့်တကွ ကူညီနိုင်သူများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်နေကြပြီး သေဆုံးသွားခဲ့သော ညီမငယ်တွင် နှိပ်စက်ခံထားရသော ဒဏ်ရာဒဏ်ချက်များတွေ့ရတယ်လို့ သိရပါတယ်။
စလုံး Page
www.facebook.com/SaloneCollection
ဒေါ်နယ်ထရမ့်သည် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက် ဟီလာရီကလင်တန်၏ အီးမေးလ်များ ပြည်ပအင်အားကြီးနိုင်ငံက ဖောက်ထွင်းရန် ‘တက်ကြွစွာ လှုံဆော်ခဲ့’ ကြောင်း ကလင်တန်အဖွဲ့မှ ဝေဖန်ခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။
နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူစဉ်က ပုဂ္ဂလိက အီးမေးလ်ဆာဗာ သုံးစွဲခဲ့မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးစဉ် သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ ပါဝင်သော အီးမေးလ် ၃၀၀၀၀ ကျော်ကို ကလင်တန်က လွှဲပြောင်းထုတ်ဖော်ခဲ့ခြင်း မရှိပေ။
ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (DNC) အီးမေးလ်များကို ရုရှားက ဖောက်ထွင်းခဲ့သည်ဆိုသော စွဲချက် ထွက်ပေါ်လာချိန်တွင် ကလင်တန်၏ အီးမေးလ် ၃၀၀၀၀ ကိုပါ ရုရှားက ဖောက်ထွင်းစေလိုကြောင်း ထရမ့်က မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
“ရုရှားရေ၊ ခင်ဗျားတို့ နားထောင်နေမယ်ဆိုရင်၊ ပျောက်နေတဲ့ အီးမေးလ် ၃၀၀၀၀ ကိုလည်း ခင်ဗျားတို့ ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျုပ်တို့ စာနယ်ဇင်းတွေက ဂုဏ်ပြုပါလိမ့်မယ်” ဟု ထရမ့်က ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအီးမေးလ်များတွင် ‘အလှတရား’ အချို့ ပါဝင်နေနိုင်ကြောင်းလည်း ထရမ့်က ပျက်ရယ်ပြုခဲ့သည်။
နောက်ပိုင်းတွင်မူ ထရမ့်က အဆိုပါ အီးမေးလ်များ လက်ဝယ်ရှိထားသူ မည်သူမဆို FBI သို့ လွှဲပြောင်းပေးသင့်ကြောင့် Twitter တွင် ထပ်မံရေးသားခဲ့သည်။
ရီပတ်ဘလစ်ကန်ပါတီမှ ထရမ့် အနိုင်ရစေရေးအတွက် ရုရှားက DNC သိက္ခာကျစေရန် အတွင်းရေး အီးမေးလ်များကို ဖောက်ထွင်းခဲ့သည်ဟု စွဲချက် ထွက်ပေါ်လာချိန်တွင် ထရမ့်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်ပြီး ရုရှားရော၊ ထရမ့်ကပါ ဒီမိုကရက်ဘက်မှ စွဲချက်များကို ငြင်းဆိုထားသည်။
“အဓိက သမ္မတလောင်း တစ်ယောက်က သူ့နိုင်ငံရေးပြိုင်ဘက်ကို ပြည်ပအင်အားကြီး နိုင်ငံတစ်ခုက ထောက်လှမ်းဖို့ တက်ကြွတာ၊ လှုံ့ဆော်တာမျိုး ဒါပထမဆုံးအကြိမ်လို့ ဆိုရမှာပါ။ ဒါက စူးစမ်းချင်တာ၊ နိုင်ငံရေးအရ ပြောရိုးပြောစဉ်ပြောတာ၊ ဆိုတာထက် ပိုသွားပါပြီ။ ဒါက အမျိုးသားလုံခြုံရေး ပြဿနာ ဖြစ်သွားပါပြီ” ဟု ကလင်တန်၏ မူဝါဒရေးရာ အကြီးတန်းအကြံပေး ဂျိတ်ခ်ဆူလီဗန်က ပြောကြားသည်။
ထရမ့်၏ မှတ်ချက် ထွက်ပေါ်အပြီး တစ်နာရီအတွင်း သူ၏ ဒုတိယ သမ္မတလောင်း မိုက်ပင့်စ်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် ရုရှားသာ ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်သည်ဟု FBI က သက်သေပြနိုင်ပါက ‘ဆိုးရွားသော အကျိုးဆက်များ’ ရှိလာနိုင်သည်ဟု ပါရှိခဲ့သည်။
DNC အီးမေးလ်များကို ဝီကီလိခ်အဖွဲ့က ဖွင့်ချခဲ့ခြင်း ဖြစ်ပြီး DNC တာဝန်ရှိသူများသည် ဘက်မလိုက်ဘဲ ပြိုင်ပွဲကို ကြီးကြပ်ရမည့်အစား ကလင်တန်ကို မျက်နှာသာ ပေးခဲ့ကြပြီး ပြိုင်ဘက် ဘာနီဆန်းဒါးစ်ကို လှောင်ပြောင်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် DNC သဘာပတိ နုတ်ထွက်ပေးခဲ့ရသလို FBI က ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးလျက် ရှိသည်။
ဒီမိုကရက်များ အားနည်းစေရန်နှင့် ထရမ့်ကို ကူညီနိုင်ရန် ရုရှားက အီးမေးလ်များကို ဖောက်ထွင်းရယူခဲ့ခြင်း ဖြစ်ကြောင်း ကလင်တန်၏ မဲဆွယ်မန်နေဂျာ ရော်ဘီမွတ်ခ်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားကလည်း ရုရှားက ဖောက်ထွင်းသည် ဆိုသော ဖြစ်နိုင်ခြေကို ပယ်ချခဲ့ခြင်း မရှိပေ။ “ရုရှားက ကျွန်တော်တို့ စနစ်တွေကို ဖောက်ထွင်းနေတယ်လို့ သိထားပါတယ်။ အစိုးရစနစ်တွေသာ မကပါဘူး၊ ပုဂ္ဂလိကစနစ်တွေပါ ပါဝင်ပါတယ်” ဟု အိုဘားမားက NBC ရုပ်သံနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အမေရိကန်အစိုးရ သည်လည်း အခြားအစိုးရများ၏ ဆက်သွယ်မှုများကို ဖောက်ထွင်း ကြားဖြတ်နားထောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က “ရုရှားဟာ တစ်ခြားတိုင်းပြည်တွေရဲ့ ပြည်တွင်းရေး၊ အထူးသဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ဝင်မစွက်ဖူးလို့ (သမ္မတပူတင်က) တစ်ခါမက ပြောခဲ့ဖူးပါတယ်” ဟု တုံ့ပြန်ခဲ့သည်။
အမေရိကန် ရွေးကောက်ပွဲအပေါ် ပြည်ပအင်အားကြီး နိုင်ငံများက ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုအပေါ် ရှုတ်ချရန် ရှိ၊ မရှိ မီဒီယာများက မေးမြန်းခဲ့ရာတွင် ထရမ့်က “မရှိပါဘူး။ ဒါကြောင့် ကျွန်တော့်ကို ရပ်တန့်စေမှာမှ မဟုတ်တာ။ ရုရှား ဒါမှမဟုတ် တရုတ်ကသာ ဒီအီးမေးလ်တွေကို ရသွားတယ် ဆိုရင်လည်း ကျွန်တော် အရိုးသားဆုံး ပြောရရင် ကျွန်တော်လည်း ကြည့်ချင်ပါတယ်” ဟုထရမ့်က တုံ့ပြန်ခဲ့သည်။
ဖလော်ရီဒါတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က “ရုရှားနှင့် ပတ်သက်စရာအကြောင်း မရှိကြောင်း” တုံ့ပြန်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထရမ့် အနိုင်ရရေး လိုလားသည် ဆိုခြင်းမှာ မှန်ပါသလား ဆိုသော မေးခွန်းကိုလည်း “ကျွန်တော် ပူတင်နဲ့ တစ်ခါမှ မတွေ့ဖူးဘူး။ ပူတင် ဘယ်လိုလူလဲ ဆိုတာလည်း ကျွန်တော် မသိဘူး” ဟု တုံ့ပြန်ခဲ့သည်။
အောက်လွှတ်တော် ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် ပါတီဝင် ပေါလ်ရိုင်ယန်၏ ပြောခွင့်ရပုဂ္ဂိုလ် ဘရန်ဒန်ဘက်ခ်ကမူ “ရုရှားဟာ မရိုးဖြောင့်တဲ့ ရာဇဝတ်သား တစ်ကောင် ဦးဆောင်နေတဲ့ ကမ္ဘာ့အန္တရာယ်ပါ။ ပူတင်ဟာ ဒီရွေးကောက်ပွဲနဲ့ ဝေးဝေးနေသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထရမ့်က အီးမေးလ်များကိစ္စ ဖြစ်စဉ်နှစ်ခုကို အတူတွဲပြီး ပြောသွားသော်လည်း တစ်ကယ်တမ်းတွင် သက်ဆိုင်ခြင်း မရှိပေ။
ကလင်တန်သည် ၂၀၀၉ ခုနှစ် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ကတည်းက နယူးယောက်ရှိ သူ့အိမ်တွင် အီးမေးလ်ဆာဗာတစ်ခု လုပ်ခဲ့ပြီး အလုပ်ကိစ္စရော၊ ကိုယ်ရေးကိုယ်တာ ကိစ္စပါ hdr22@clintonemail.com ဆိုသော လိပ်စာဖြင့် အသုံးပြုခဲ့သည်။ ယင်းအီးမေးလ် လိပ်စာဖြင့် ပေးပို့ခဲ့သော အီးမေးလ် ၃၀၀၀၀ ကို ထရမ့်က ရည်ညွှန်းခြင်း ဖြစ်သည်။
ကလင်တန်သည် ရုံးလုပ်ငန်းကိုပါ ကိုယ်ရေးကိုယ်တာ အီးမေးလ်နှင့် တွဲသုံးခဲ့ခြင်းအတွက် ဝေဖန်ခံခဲ့ရသော်လည်း FBI က စုံစမ်းစစ်ဆေးအပြီးတွင် စွဲချက်မတင်သင့်ဟု ကောက်ချက်ချခဲ့သည်။
သဘောရိုးဖြင့် သုံးစွဲခြင်းဖြစ်သော်လည်း နိုင်ငံတော်လျှို့ဝှက် သတင်းအချက်အလက်များ ကိုင်တွယ်ရာတွင် အလွန်ပင် အမှုမဲ့အမှတ်မဲ့ နိုင်ခဲ့သည်ဟု FBI က ကောက်ချက်ချခဲ့သည်။
Credit: the voice
UNESCO အစီအစဉ်ဖြင့် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဝင်ရောက်နိုင်ရေးအတွက် Experts Consultation Meetings on Bagan Word Hertiage OutstandingUniversal Value နှင့် Experts Meeting on the Strategic Action Plan forManagement of Bagan ဆွေးနွေးပွဲကို မန္တလေးမြို့ Hotel Mandalay တွင် ဇူလိုင် ၂၆-ရက်မှ ၂၉-ရက်နေ့လေးရက်ကြာပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီချုပ်
ဒေါက်တာဇော်မြင့်မောင်၊UESCO မှ ဘန်ကောက်နှင့် ရန်ကုန်မြို့မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ အပြင် ပုဂံဒေသမှ NGOများတက်ရောက်သည်။
"ပုဂံဒေသမှာ ပြည်တွင်း/ပြည်ပခရီးသွားများ နေ့စဉ်လာရောက်နေကြပြီးနှစ်ပေါင်း ထောင်ချီကြာပြီဖြစ်တဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များဖြစ်တယ်။ ယနေ့ဆွေးနွေးပွဲသည် ပုဂံဒေသကိုကမ္ဘာ့မွေအနှစ်အဖြစ် တင်သွင်းနိုင်ရေးမှာလိုအပ်တဲ့ စံနုန်းများနဲ့အညီဖြစ်ဖို့ ဆွေးနွေးကြတယ်"ဟု ပြောကြားသည်။
ကမ္ဘာ့မွေအနှစ်အဖြစ် တင်သွင်းရာတွင် လိုအပ်ချက် များပေါ် မူတည်၍ ဇုန်နယ်နိမိတ်အဖြစ် Boundary များပြန် လည်သတ်မှတ်ရေး၊ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များကို ၀န်ကြီးဌာနများ အချင်းချင်း ပေါင်းစပ်ကာUNESCO မှ နိုင်ငံတကာပညာရှင်များနှင့်ဒေသခံ များပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုသည် ဟုဆိုသည်။
"ပုဂံဒေသခံများက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ဆောင်ရွက်တာကို လိုလားပေမယ့်လက်ရှိနေရာကနေနောက် တစ်ကြိမ် ရွှေ့ပြောင်းရမည်ကို စိုးရိမ်နေကြတယ်။ခရီးသွားများလာရောက်မှုအတွက် ရှေး ဟောင်းယဉ် ကျေး မှုကိုမထိခိုက်ပဲ ဆောင်ရွက်ရန်လိုတယ်"ဟိုတယ်နှင့် ခရီးသွားဝန်ကြီဌာနပြည်ထောင်စု ၀န်ကြီး ဦးအုန်းမောင်က ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရန်နည်းစနစ်တကျဖြင့် ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းကာ ဒေသခံတို့စည်းပွားရေး ၊လူမှုရေး အချက်အလက်များကို တိုးမြှင့်၍ ခရီးသွားများပိုမိုဝင်ရောက်လာမည့် ဒေသဖြစ်အောင် ဖန်တီးပေးရန်အတွက် စီမံချက်များရေးဆွဲခြင်းဖြစ်ကြောင်းဆက်လက် ပြေကြားသည်။
"ဒေသခံပြည်သူတွေက ခုလို ကမ္ဘာ့အမွေအနှစ်ဝင်လိုက်ရင်နေရာပြောင်းရွှေ့ခံရမလား၊စိုးရိမ်ပူပန်နေပြီး ဒီလို စိုးရိမ်စရာမလိုဘူး။UNESCO သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဖြစ်လို့ လူသားတွေကို အဓိကဦးစားပေး တဲ့ အဖွဲ့ဖြစ်ပြီး ဒေသခံပြည်သူတွေ ဒုက္ခရောက်အောင် ဘယ်တော့မှလုပ်လို့မရပါဘူး။"ဟု UNESCO မှ National Project Co-ordinater ဒေါ်ဥမ္မာမျိုး ကပြေကြားသည်။
၎င်းအတွက် လိုအပ်သည့် Tourism Master Plan နှင့် ပုဂံဒေသဘက်စုံလွှမ်းခြုံသော Management Plan တို့ကို၂၀၁၇-ခုနှစ်တွင်အပြီးရေးဆွဲတင်ပြသွားမှာဖြစ်ကြောင်း၊လက်ရှိကောက်ယူထားသည့် စာရင်းများအရ
ဘုရားစေတီ ပေါင်း သုံးထောင်ကျော်ရှိပြီး ဆက်လက်၍စာရင်းပြုစုနေကြောင်းသိရသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဟု ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် ကတိပြုအာမခံခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)တွင် လက်မှတ်မရေးထိုးရသေးသည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA/UWSP)မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိနှင့် အမျိုးသားမဟာမိတ်တပ်မတော်(NDAA)မိုင်းလားအဖွဲ့ဥက္ကဌ ဦးစိုင်းလင်းတို့ အဖွဲ့နှင့် ဇူလိုင် ၂၉က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တွေ့ဆုံအပြီးတွင် သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၀”သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အထဲမှာ ရှိတဲ့ အစိတ်အပိုင်းတခုလို့ သူတို့က ခံယူတယ်။ နောက် မြန်မာနိုင်ငံကနေ ခွဲမထွက်ဘူးပေါ့။ ခွဲမထွက်ဘူးဆိုတဲ့ ကတိက၀တ်ကို အာမခံချက်ကို ပြောတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ၂၁ရာစုပင်လုံညီလာခံနှင့်ပတ်သက်ပြီး ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အနေဖြင့် မည်သို့သဘောထားရှိသည်ကိုပါ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့သည်ဟု ဦးဇော်ဌေးက”ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်ရေး Peace Process နဲ့ ပတ်သက်ပြီးတော့ ၂၁ ရာစု ပင်လုံအပေါ်မှာ သူတို့က မျှော်လင့်ချက် ကြီးကြီးမားမား ထားတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ပင်လုံစိတ်ဓါတ်နဲ့ တိုင်းပြည်ကို စုစည်း တည်ဆောက် တဲ့ ပုစံမျိုးနဲ့ ဒီနေ့ပေါ့ ၂၁ ရာစု ပင်လုံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်မယ့်အပေါ်မှာ သူတို့က အဲဒီအပေါ်မှာလည်း မျှော်လင့်ချက် ကြီးကြီး မားမားထားတယ်။” ဟုပြောသည်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA/UWSP)မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိနှင့် အမျိုးသားမဟာမိတ်တပ်မတော်(NDAA)မိုင်းလားအဖွဲ့ဥက္ကဌ ဦးစိုင်းလင်းတို့သည် ယနေ့နေ့လည်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီး နယ်မြေငြိမ်းချမ်းရေးကိစ္စများဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မူလက မိုင်ဂျာယန်သွားဖို့ အစီအစဉ် ကျွန်တော့်မှာ မရှိပါ။ သို့သော် ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းသို့ သုံးကြိမ်မြောက် ကျွန်တော်ရောက်ဖို့ အကြောင်းဖန်လာပါတယ်။ ပထမတိုက်က သတင်းထောက် တယောက်ကို စေလွှတ်ဖို့ စီစဉ်သော်လည်း စီအီးအို ဖြစ်သူရဲ့ စေခိုင်းမှုကြောင့်ပဲ ကျွန်တော်တစ်ခါမှ မရောက်ဖူးတဲ့ တရုတ်မြန်မာနယ်စပ် ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက မိုင်ဂျာယန်ကို ကျွန်တော်သွားရဖို့ အကြောင်းဖန်လာပါတယ်။ သတင်းထောက်တော်တော်များများက ကြိုတင်အကြောင်းကြားစာပို့ထားကြပေမဲ့ မိုင်ဂျာယန်တိုင်းရင်းသား အစည်းအဝေး သတင်းတက်ရောက် ရယူဖို့ ကျွန်တော့်အနေနဲ့ အကြောင်းကြားဖို့ သတ်မှတ်ထားတဲ့ရက်က သွားဖို့ ဆုံးဖြတ်တဲ့ အချိန်မှာ ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ အစည်းဝေး မစခင် သုံးရက်မှ လာဖို့ ဖြစ်လာတာကိုး။ သို့သော်လည်းကံကောင်းထောက်မစွာနဲ့ ဗိုလ်ချုပ်ဂွန်မော်နဲ့ အဆက်အသွယ်ရပြီး လာမဲ့ လမ်းကြောင်းအလိုက် ဆက်သွယ်ရမဲ့ ဖုန်းနံပတ်တွေ ရတာနဲ့ မူဆယ်ကနေတဆင့် မိုင်ဂျာယန်ကို လာဖို့ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ မိုင်ဂျာယန်နဲ့ ပတ်သက်လို့ ကျွန်တော်စိတ်ဝင်စားစရာ အချက်လည်း ရှိနေပါတယ်။ ဒါကတော့ မိုင်ဂျာယန်မှာ ကောလိပ်တွေ ကျောင်းတွေ ၊ အကယ်ဒမီတွေ ဖွင့်ထားတယ်ဆိုတဲ့ သတင်းကို ကြားသိထားတာကြောင့်လည်းဖြစ်ပါတယ်။
အစည်းဝေး စမဲ့ ဇူလိုင်လ ၂၆ ရက်နေ့ မတိုင်ခင် ဇူလိုင် ၂၅ ရက်မနက်မှာတော့ နယ်ခြားဖြတ်သန်းတဲ့ ပတ်စပို့ရတာနဲ့ မိုင်ဂျာယန်ကို ဂျယ်ခေါင်ကနေ တက္ကစီဌားပြီး ဂျယ်ခေါင်ကနေ ထွက်ခွာလာခဲ့ပါတယ်။ မိုင်ဂျာယန်က ကျွန်တော်အရင်က ရောက်ဖူးခဲ့တဲ့ လိုင်ဇာလောက် ခမ်းနားလား စည်ကားသလားလို့ ကျွန်တော် စဉ်းစားမိပါသေးတယ်။ တစ်ခါမှ မသွားဖူးတဲ့ နေရာကို ကျွန်တော်တစ်ယောက်တည်း သွားရပေမဲ့ တရုတ်ပြည်အတွင်းက ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေနေထိုင်ရာ ဒေသတွေကို ဖြတ်သန်းသွားရမှာ ဖြစ်တဲ့အတွက် ခရီးပန်းမှုကြောင့် ငိုက်မြည်းခြင်း မရှိပဲ ဘေးဘီဝဲယာကို ကြည့်လိုက်ငေးလိုက် ဓါတ်ပုံရိုက်လိုက်နဲ့ ၁ နာရီခွဲလောက်သာ ကားစီးရတဲ့ ခရီးစဉ်ကို ကျန်တော် သက်သောင့်သက်သာနဲ့ပဲ ကျော်ဖြတ်လာခဲ့ပါတယ်။ ဂျယ်ဂေါင် မိုင်ဂျာယန်
လမ်းတလျှောက် ဖြတ်သန်းခဲ့တဲ့ မြို့ရွာတွေမှာ စိတ်ဝင်စားစရာ ကောင်းတာကတော့ လမ်းဘေးဝဲယာက ဆိုင်းဘုတ်တွေမှာ တရုတ်စာအပြင် ကချင်စာနဲ့ ရှမ်းစာကို တွေ့ရခြင်းပဲဖြစ်ပါတယ်။ အိမ်ပုံစံတွေကိုကြည့်ရင်လည်း ကနှုတ်တွေ ဘုရားခန်းပါတဲ့ အိမ်တွေတွေ့ရင် ရှမ်းမျိုးနွယ်စုတွေရဲ့ အိမ်ဆိုတာ အလွယ်တကူ ခွဲခြားနိုင်သလို ၊ ကချင်စာနဲ့ မနောတိုင်ပုံလေးတွေကပ်ထားတာတွေ့ရင် ကချင်တွေရဲ့ နေအိမ်ဆိုတာ အလွယ်တကူ ခွဲခြားနိုင်ပါတယ်။ ရွာတိုင်းမှာ ကောင်းမွန်တဲ့ လမ်းမတွေ ၊ အိုးအိမ်တိုက်တာအဆောက်ဦးတွေ ခန့်ညားတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားရှိခိုးကျောင်းတွေကိုလည်း လမ်းမှာ တွေ့မြင်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ အတွေးဝင်လာတာက တစ်ချိန်က ဦးနုလက်ထက်မှာ ဆစ်ဆောင်ပဏ္ဏားတို့ မိန်းခွန် ( မံရှီ ) တို့ကို တရုတ်ပြည်ကို ပေးလိုက်တော့ အဲဒီဒေသက ရှမ်းနဲ့ ဂျင်းဖောတစ်ချို့ မြန်မာပြည်ထဲ ပြေးဝင်လာပြီး နေခဲ့တဲ့ ကိစ္စတွေက ဒီနေ့လို အချိန်မျိုးမှာဆိုရင် ဖြစ်ပါ့ဦးမလားဆိုတာပါပဲ။ ရှမ်း ၊ ဂျင်းဖော အပါဝင် ကချင်မျိုးနွယ်စုတွေ နဲ့ တရုတ်မျိုးနွယ်စုတွေ နေထိုင်တဲ့ မန့်လင်ရွာကို ကျော်ဖြတ်လို့ လမ်းဘေးဝဲယာတလျှောက်က ကြံခင်းတွေကို ကြည့်လို့ အတွေးရေယာဉ်ထဲနစ်မြောနေစဉ် ကားသမားက ကားရပ်လိုက်တာကြောင့် ကြည့်လိုက်တော့ တရုတ် မြန်မာ နယ်ခြားဂိတ်ကို ရောက်နေပြီဖြစ်ပါတယ်။
တရုတ်ဂိတ်ကို ဖြတ်အပြီးမှာတော့ မြန်မာဘက်ခြမ်းက ကေအိုင်အေဂိတ်မှာ ကေအိုင်အေ ကို Immigration က တာဝန်ကျအရာရှိကို တိုင်းရင်းသားဆွေးနွေးပွဲ သတင်းလာရောက်ရယူတာ ဖြစ်ကြောင်းအကြောင်းကြားပြီးတဲ့ အခါမှာတော့ အဲဒီ အရာရှိကိုယ်တိုင်ပဲ ကျွန်တော့်ကို ရောက်ရှိကြောင်းအကြောင်းကြားရမဲ့ နေရာကို လိုက်ပို့ခဲ့ပါတယ်။ မိုင်ဂျာယန်မြို့နယ်နိမိတ်ထဲ စရောက်ပြီဆိုတာနဲ့ သတိထားမိတာကတော့ တောင်ခြေနားက ကွင်းပြင်မှာတည်ထားတဲ့ မြို့ထဲမှာ အဆောက်အဦးကောင်းတွေအမြောက်အမြားတွေ့ရတာပါပဲ။ လမ်းတွေကလည်း ကတ္တရာလမ်းတွေခင်းထားသလို လျှပ်စစ်မီးတွေလည်း ရှိပြီး မြန်မာနိုင်ငံက ကျန်တဲ့ မြို့ငယ်တွေနဲ့ ယှာဉ်ရင်တောင် မြို့ပြဖွဲ့စည်းမှုက အတော်အတန်ပိုမိုကောင်းမွန်တဲ့ သဘောကိုတောင်တွေ့ရပါတယ်။ ဒါဟာ တိုင်းရင်းသားမျိုးနွယ်စုတွေအနေနဲ့ ကိုယ့်ဒေသကိုယ် အနည်းငယ် ချုပ်ကိုင်မှု ရထားတာတောင် တိုးတက်မှု ရှိအောင်လုပ်နိုင်တယ်ဆိုတဲ့ အချက်ကို ညွှန်းဆိုရာရောက်ပါတယ်။
ရောက်စနေ့မှာပဲ လမ်းမှာ ယာဉ်ထိန်းရဲနဲ့ သာမန်ရဲတွေကို တွေ့ရပါတယ်။ မိုင်ဂျာယန်မှာ အကောက်ခွန် ၊ ယဉ်ကျေးမှု ၊ စည်ပင် ၊ မီးသတ် ၊ လျှပ်စစ် စိုက်ပျိုးရေးဌာန စသဖြင့်တွေ့ရပါတယ်။ မြို့ကို အုပ်ချုပ်ဖို့ မြို့တော်ဝန်လည်း ရှိတယ်လို့ ကျွန်တေ့်ာကို လိုက်ပို့တဲ့ ကေအိုင်အို Immigration အရာရှိက ပြောပါတယ်။
ဒါပေမဲ့ အဆောက်အအုံကြီးတွေ ဟိုတယ်တွေ အရင်က နာမည်ကျော်ခဲ့တဲ့ ကာစီနိုဆိုင်တွေအများစုကတော့ ပိတ်ထားတာတွေ့ရပါတယ်။ ဒါက စစ်မဖြစ်မှီက မိုင်ဂျာယန်အနေနဲ့ ဘယ်လောက်စည်ကားခဲ့တယ်ဆိုတာ မှန်းကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ပိတ်ထားတဲ့ အဆောက်အုံ တော်တော်များများဟာ ခမ်းနားလှသလို စီစီတီဗီကင်မရာတွေလည်း ပတ်ပတ်လည်မှာ တပ်ဆင်ထားပါတယ်။
‘မိုင်ဂျာယန်က ၁၉၉၄ မှာ အပစ်ခတ်ရပ်ပြီးမှ မြို့အဖြစ်တည်တာ ရွာဟောင်းက တောင်ခြေနားမှာ အရင်တုန်းကတော့ အိမ်ခြေ ၃၀ လောက်ပဲရှိခဲ့တယ်။ ‘ လို့ ကေအိုင်အို ပြန်ကြားရေးဌာနမှာ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ကချင်လို ‘ မိုင်ဂျာ ကောင်းမွန်သော ‘ ယန်’ လွင်ပြင် ကောင်းမွန်တဲ့ လွင်ပြင်လို့ အမည်ရတဲ့ မိုင်ဂျာယန်မြို့တည်ထားတဲ့ နေရာမှာ မူလက ကချင်ရွာတစ်ရွာနဲ့ လက်ရှိမြို့တည်ထားတဲ့ နေရာရဲ့ မြောက်ဘက်အစွန်မှာ အုံလုံဆိုတဲ့ ရှမ်းရွာ ရှိခဲ့တယ်လို့ ဒုတိယ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။ ဂိတ်ကိုဖြတ်ပြီး သိပ်မကြာခင်မှာပဲ ရှမ်းစာနဲ့ ဆိုင်းဘုတ်တွေကို တွေ့ရပါတယ်။
မိုင်ဂျာယန်က တခေတ်တစ်ခါက ကာစီနိုတွေ ကစားဝိုင်းတွေနဲ့ စည်ကားခဲ့ပြီး စီးပွားကောင်းခဲ့ကြပေမဲ့ စစ်ပွဲတွေပြင်းထန်ခဲ့တဲ့ လွန်ခဲ့တဲ့ လေးနှစ်အတွင်း ခြောက်ကပ်နေမှာဖြစ်ပေမဲ့ ကေအိုင်အိုရဲ့ အစီစဉ်တရပ်နဲ့ ဒီနှစ်ပိုင်းမှာ အနည်းငယ်တော့ မြို့ဟာ ပြန်လည် ပြန်လည်သက်ဝင်လာတယ်လို့တော့ ဆိုကြပါတယ်။
‘ စစ်ဖြစ်စကဆို လုံးဝ ခြောက်ကပ်သွားတာ ဒီလို လူတောင် သိပ်မမြင်ရဘူး။ ညဘက်ဆို တဘက်ကလည်းပစ် ဒီဘက်က ဈေးနားကနေ နေရာယူပြီး ပြန်ပြစ်တာတွေကလည်း တွေ့နေရတယ်။ အခုက ကျောင်းတွေဖွင့်လာတာကြောင့် အနည်းငယ်တော့ ပြန်စည်လာတယ်။ စစ်မဖြစ်ခင်ခေတ်ကို မမှီသေးဘူးဆိုပေမဲ့လေ။ ‘ လို့ ရှမ်းစားသောက်ဆိုင် ဖွင့်ထားသူ နန်းသိန်းမေက ပြောပါတယ်။
ဆိုင်ခန်းခ အိမ်ဌားခတွေကတော့ စစ်မဖြစ်ခင်ကထက်ဈေးပေါသွားပါတယ်။ တချို့ဘဏ်အဆောက်အဦးတွေဆို ဒီအတိုင်းပစ်ထားတာတွေ့ရပါတယ်။
စစ်ဘေးကြောင့် မိုင်ဂျာယန်ဘက်ကို ထွက်ပြေးလာသူအချို့တွေအနေနဲ့လည်း အဲလို ဆိုင်ခန်းခတွေ ဈေးပေါတာကြောင့် နည်းနည်း တတ်နိုင်သူတွေအနေနဲ့ စခန်းမှာမနေတော့ပဲ ဆိုင်ခန်းနဲ့ အိမ်ခန်းပူးတွဲဌားရမ်းပြီး ဈေးရောင်းကာ မိမိတို့ စားဝတ်နေရေးအတွက် ဖြေရှင်းနေမှုတွေလည်း ရှိပါတယ်။
ကျွန်မယောက်ကျားက ကချင် ၊ ကျွန်မက ရှမ်းကချင် အရင်က နမ်ဆာယန်ဘက်မှာနေတာ။ ၂၀၁၁ စစ်စဖြစ်ဖြစ်ချင်းပဲ အိမ်တွေပါ မီးရှို့ခံရတယ် ။ ပထမ လိုင်ဇာကို ပြေးတယ်။ အဲမှာ သုံလလောက်နေပြီးမှာ ဒီမှာလာနေတာ။ အခု ဆိုင်ဖွင့်တာကတော့ နှစ်နှစ်လောက်ရှိပြီ။ ‘လို့ မိုင်ဂျာယန် မနောကွင်းနားမှာ အကင်ဆိုင်ဖွင့်ထားတဲ့ မဘောက်ရွှယ်က ရှင်းပြပါတယ်။ စုစုပေါင်းရပ်ကွက် ၅ ရပ်ကွက်ရှိတဲ့ မိုင်ဂျာယန်မှာ အရင်ကလောက်မစည်တော့ပေမဲ့ ဈေးကတော့ မနက် ၆ နာရီလောက်ဆိုစဖွင့်ပါပြီ။ အစားအသောက်ရောင်းသူတွေ ၊ ဟင်းသီးဟင်းရွက် ၊သားငါးရောင်းသူတွေ၊ အ၀တ်အထည်အပါဝင် ကုန်စုံရောင်းသူတွေနဲ့ မနက်အစောပိုင်းကိုသာ အဓိက ထားရောင်းကြပြီး ဈေးနားက လဘက်ရည်ဆိုင်တွေက နေ့လည်လောက်ဆိုရင် ပိတ်ကုန်ပါပြီ။ အထည်ဆိုင်တွေနဲ့ ဖုန်းဆိုင်တွေရဲ့ ပိုင်ရှင်အများစုကတော့ တရုတ်လူမျိုးတွေဖြစ်ပါတယ်။ တရုတ်တွေအနေနဲ့ မိုင်ဂျာယန်မှာ ဆိုင်ဖွင့်ပြီး မိုင်ဂျာယန်မှာပဲ နေဖို့ဆိုရင် ဧည့်စာရင်းလိုမျိုးတိုင်ရတယ်လို့ နန်းသိန်းမေက ပြောပါတယ်။ မိုင်ဂျာယန်မှာ သူတို့ စည်ပင်ဌာနအစီစဉ်နဲ့ ရေပေးဝေတဲ့ စနစ်တွေလည်း ရှိသလို လျှပ်စစ်မီးအတွက် မီတာခကတော့ တစ်ယူနစ်ကို ၃ ယွမ်ကောက်ခံပါတယ်။
ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ထားသူ အသက် ၄၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ နန်းသိန်းမေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက နမ့်ခမ်းကနေ မိုင်ဂျာယန်မှာ ရှမ်းခေါက်ဆွဲဆိုင် လာဖွင့်ခဲ့သူဖြစ်ပါတယ်။ အထက်မှာ နန်းသိန်းမေ ညွှန်းဆိုတဲ့ ကျောင်းတွေက ယခင်က ကာစီနိုနဲ့ နာမည်ကျော်ခဲ့တဲ့ မိုင်ဂျာယန်ကို ပညာရေးမြို့ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ကေအိုင်အို နဲ့ ကချင် လူမှု့အသိုင်းဝိုင်းတွေရဲ့ အစီစဉ်နဲ့ ဖွင့်ထားတဲ့ ဖက်ဒရာယ် ဥပဒေဆိုင်ရာ အကယ်ဒမီကျောင်း ၊ မိုင်ဂျာယန် ကောလိပ် ၊ ဆရာအတတ်သင်ကျောင်း ၊ အထက်တန်းအောင်ပြီးသူတွေ အင်္ဂလိပ်စာကို အဆင့်မြင့်မြင့် ဆက်လက်လေ့လာနိုင်ဖို့အတွက် အင်္ဂလိပ်စာအထူးသင်ကြားပေးတဲ့ Intensive English Program သင်တန်းကျောင်းတွေဖြစ်ပါတယ်။
အဲဒီကျောင်းတွေမှာအချို့က နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်မှုရှိပါတယ်။ ဒီနှစ်ပိုင်းမှာ နာမည်ရလာတဲ့ ဖက်ဒရာယ် ဥပဒေ အကယ်ဒမီဆိုရင် ကချင်ပြည်နယ်အတွင်းကသာမက အခြားပြည်နယ်ဒေသတွေက တိုင်းရင်းသားတွေပါ လာရောက်ပညာသင်ကြားနေတာပါ။ အဲဒီကျောင်းမှာ ဖက်ဒရယ် ၊ ဒီမိုကရေစီ ၊ မျိုးနွယ်စုနဲ့ ယဉ်ကျေးမှုအခွင့်ရေးဆိုင်ရာ ဥပဒေပညာရပ် ၊ လူ့အခွင့်ရေး ၊ မြေယာနဲ့ သယံဇတာဆိုင်ရာ မူလမျိုးနွယ်စုတွေရဲ့ အခွင့်ရေးဆိုင်ရာ ဥပဒေ စတဲ့ ဘာသာရပ်တွေအပါဝင် ဘာသာရပ်ပေါင်း ၂၀ ကို သင်ကြားပေးနေပါတယ်။ ကျောင်းကို ကမကထပြုသူတွေထဲမှာ ဆွီဒင်နိုင်ငံ စတော့ဟုမ်း တက္ကသိုလ်က ပါမောက္ခတွေလည်းပါဝင်ပါတယ်။၂ နှစ်အတွင်း ကျောင်းသားကျောင်းသူ အယောက် ၇၀ လောက်ရှိနေပါပြီ။
‘တိုင်းရင်းသား ၆ မျိုးလောက်တော့ ကျောင်းမှာ ရှိနေပြီ။ လာမဲ့နှစ်တွေမှာ အခြား တိုင်းရင်းသားဒေသတွေက တိုင်းရင်းသားတွေပါ ကျောင်းကို စိတ်ဝင်တစားလျှောက်ကြဖို့ မျှော်လင့်ထားတယ်။ ‘ လို့ ဖက်ဒရာယ် ဥပဒေအကယ်ဒမီရဲ့ ကျောင်းအုပ် ဦးအောင်ထူးက ပြောပါတယ်။ အဲဒီကျောင်းက ပြီးရင် ဒီပလိုမာရမှာဖြစ်ပါတယ်။ ထူးချွန်သူတွေ အခြားကျောင်းဆက်တက်လိုသူတွေအတွက်လည်း အနောက်နိုင်ငံက ပါမောက္ခတွေကျောင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းဖြစ်တာကြောင့် ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိတဲ့ အကယ်ဒမီကျောင်းလို့ ဆိုနိုင်ပါတယ်။ ကျောင်းဝင်ခွင့်လျှောက်ထားသူတွေဟာ အနည်းဆုံး ဆယ်တန်းအောင်ရမှာဖြစ်သလို အင်္ဂလိပ်စာအရည်အချင်းကလည်း မနိမ့်သူဖြစ်မှ ရမှာပါ။ ကျွန်တော်အဲဒီကျောင်းကို ရောက်သွားတဲ့နေ့မှာ မိုင်ဂျာယန်ရောက် ကေအန်ယူ ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်ကလည်း ကျောင်းကို စိတ်ဝင်တစား လာရောက်လေ့လာတာတွေ့ရပါတယ်။
ကျောင်းအဆောက်အုံကတော့ အရင်က စီးကရက်စက်ရုံဟောင်းကို ကျောင်းအဖြစ် ပြန်လည်အသုံးချထားတာဖြစ်ပါတယ်။ မိုင်ဂျာယန်ကောလိပ်မှာတော့ ကျောင်းသား ၊ ကျောင်းသူ အများစုဟာ ကျောင်းအိပ်ကျောင်းစားတွေ ဖြစ်ပါတယ်။
‘ ကောလိပ်က မြန်မာ ဆယ်တန်းအောင်တဲ့သူတွေကော ၊ ကချင် (ကေအိုင်အို ) ကျောင်းကနေ ဟိုက်စကူးအောင်တဲ့လူတွေကိုပါ လက်ခံတယ်။ ‘ လို့ မိုင်ဂျာယန် ရုပ်သံလွှင့်ဌာနက သတင်းထောက်တစ်ဦးက ရှင်းပြပါတယ်။
ကချင်အထက်တန်းကျောင်းတွေမှာတော့ မြန်မာ သင်ရိုးညွှန်းတမ်းတွေသင်ပါတယ်။ လိုင်ဇာက ကျောင်းတကျောင်းက တော့ ကေအိုင်အို ဗဟိုရဲ့ ခွင့်ပြုချက်နဲ့ စမ်းသပ်အနေနဲ့ အိန္ဒိယ သင်ရိုးညွှန်းတမ်းတွေနဲ့ ချိတ်ဆက် သင်ကြားပါတယ်။
မိုင်ဂျာယန်မှာ အထက်တန်းကျောင်းတစ်ကျောင်းလည်း ရှိပါတယ်။ မူလတန်း အလယ်တန်းအဆင့် ကျောင်းတွေလည်း အနီနားက ရွာတွေမှာဖွင့်ထားပါတယ်။ တခြားအရပ်ကနေ အထက်တန်းကျောင်းမှာ ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်းသားတွေအတွက်လည်း အဆောင်တွေလည်း ရှိပါတယ်။
ဟိုတယ် အဆောက်အုံတစ်နေရာကို အသုံးပြုပြီးဖွင့်ထားတာကတော့ မိုင်ဂျာယန် ကောလိပ်ဖြစ်ပါတယ်။ ဖွင့်တာ ၈ လ ရှိပါပြီ။ ကချင်လူမှု့အဖွဲ့အစည်းတွေရဲ့ အစီစဉ်နဲ့အတူ တည်ထောင်ထားတာပါ။ ဗိုလ်ချုပ်ဂွန်မော်ကတော့ မိုင်ဂျာယန်ကို ပညာရေးမြို့ ဖြစ်စေရမယ်လို့ ကြွေးကြော်ထားခဲ့ဖူးသလို လွန်ခဲ့တဲ့ နှစ်ကမှ ဖွင့်ခဲ့တဲ့ မိုင်ဂျာယန် ကောလိပ်အတွက် ကျောင်းအကျိုးတော်ဆောင်နဲ့ ကျောင်းဖြစ်မြောက်ရေးကော်မတီမှာ ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။
ကျွန်တော်တို့အဖွဲ့အဲဒီ ကျောင်းကို ရောက်သွားတော့ ကျောင်းအုပ်နဲ့ ကံကောင်းထောက်မစွာတွေ့ဆုံခွင့်ရခဲ့ပါတယ်။ ကျောင်းသူ ကျောင်းသား ၉၀ လောက်ရှိပြီး အားလုံးဟာ ကျောင်းအိပ်ကျောင်းစားတွေဖြစ်ပါတယ်။ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ တရားဝင်စာချုပ်စာတမ်းလက်မှတ်ထိုးပြီး ဆောင်ရွက်နေတာ မရှိသေးပေမဲ့ တရုတ်က မန်ရှီတက္ကသိုလ် အပါဝင် ကျောင်းတချို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကျောင်းအုပ်ဖြစ်တဲ့ ဦးခွန်ရှောန်က ရှင်းပြပါတယ်။ ကျောင်းမှာ B.A နဲ့ B.sc ဘာသာတွဲ နှစ်ရပ်ထဲက B.A ကိုသာ သင်ကြားပေးနိုင်ပါသေးတယ်။ နေရာအခက်ခဲအပါဝင် အခက်ခဲတချို့ကြောင့် လက်တွေ့စမ်းသပ်ခန်းတွေ မဖွင့်နိုင်သေးတာကြောင့် ၀ိဇ္ဇာတွဲတွေကိုပဲ အဓိကထားသင်ပေးနိုင်တာလို့ သူက ဆိုပါတယ်။ စာသင်ခန်းတွေဘက်ကို ရောက်ခဲ့ချိန်မှာတော့ အနုပညာအတန်းချိန်ဖြစ်တဲ့အတွက် တချို့ဟာ စန္ဒယားတီးသင်တာ ၊ ဂစ်တာတီးသင်တာတွေ လုပ်နေကြပါတယ်။ စာသင်နှစ်ကတော့ ၄ နှစ်သတ်မှတ်ထားပြီး နိုင်ငံရေး သိပ္ပံ ၊ လူမှု သိပ္ပံ ၊ အင်္ဂလိပ်စာ ၊ စိုက်ပျိုးရေး အပါဝင် မေဂျာ ၇ ခု ရှိပါတယ်။ အကုန်လုံးက နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေကို သင်ပေးတာပါ။ လူ့အဖွဲ့အစည်းမှာလက်တွေ့အသုံးချနိုင်အောင်လို့ အင်္ဂလိပ်စာ ၊ ကချင်စာ ၊ စီမံခန့်ခွဲမှု ၊ ကွန်ပြူတာ စတာတွေကိုတော့ ကျောင်းသားကျောင်းသူတိုင်းက မဖြစ်မနေ တတ်မြောက်အောင် သင်ကြားရပါတယ်။
‘ အဓိကက ကျောင်းကထွက်သွားပြီးရင် အလုပ်အကိုင်မခက်အောင်လို့ပါ။ နောက်နီုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေကို အဓိကထားသင်ရတာဟာ မြန်မာမှာသင်နေတဲ့ သင်ရိုးညွှန်းတမ်းတွေက ကျွန်တော်တို့ ပြည်သူတွေလိုလားတဲ့ သင်ရိုးညွှန်းတမ်းတွေ မဟုတ်လို့ပဲ‘ လို့ ဦးခွန်ရှောန်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်အယ်လ်ဒီ လက်ထက်မှာတော့ ပညာရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
ဒါ့အပြင် မိုင်ဂျာယန် ကောလိပ်ကနေ ကျောင်းပြီးသွားပြီး ကျောင်းဆက်တက်ချင်သူတွေ အခက်ခဲမဖြစ်အောင် ကျောင်းပြီးသွားရင် အင်္ဂလိပ်စာကို ၆ လလောက်သီးသန့် သင်ပေးတာ ၊ တခြား ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းတွေကို လုပ်နိုင်အောင်လေ့ကျင့်ပေးတာတွေကိုလည်း ကျောင်းဘက်ကနေ တတ်နိုင်သမျှ ဆောင်ရွက်ပေးတယ်လို့ သူက ဆက်ပြောပါတယ်။ သူတို့ကောလိပ်ရဲ့ ကျောင်းခွဲဖြစ်တဲ့ စိုက်ပျိုးရေးကျောင်းကို ကေအိုင်အို ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမှာလည်း ဖွင့်ထားပါတယ်။
‘ အခက်ခဲကတော့ လစာပေးနိုင်တာနည်းတော့ သင်ကြားပေးမဲ့ ဆရာ ဆရာမ အခက်ခဲကြုံရတယ်။ တချို့ကလည်း အစိုးရ အုပ်ချုပ်တဲ့ နေရာမဟုတ်တော့ မလာချင်တာလည်း ပါတာပေါ့လေ။ ‘ လို့ သူက ငြီးတွားပါတယ်။
ဒါပေမဲ့ ကချင် လူမှု့အဖွဲ့အစည်းတွေနဲ့ ကေအိုင်အိုရဲ့ အားပေးမှုတွေကြောင့်ပဲ စေတနာ ၊ ၀ါသနာ ၊ အနစ်နာ နာ ၃ နာ ခံယူပြီး လာလုပ်တဲ့ သူတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။ ကိုယ့်တိုင်းရင်းသားတွေရဲ့ အင်စတီကျူးရှင်းကို ကိုယ်ကောင်းအောင်လုပ်ပေးရမယ်ဆိုပြီး အနာဂတ် လူ့စွမ်းအားအရင်းအမြစ်တွေပေါ်ထွက်ရေးအတွက် အနစ်နာခံနေသူတွေကို တွေ့ရတဲ့အတွက်လည်း စာရေးသူအနေနဲ့ ချီးကျူးမိပါတယ်။
ကျောင်းမှာ ကချင်တိုင်းရင်းသားတွေအပြင် ရှမ်းတိုင်းရင်းသားအချို့ကိုလည်း လက်ခံထားပါတယ်။
‘တတ်နိုင်ရင် ဒီထက်တိုင်းရင်းသားပိုများစေချင်တယ်။ လူတွေ စာတတ်မြောက်ဖို့ မှန်မှန်ကန်ကန်တွေးခေါ်တတ်ဖို့၊ ကလဲ့စားချေတာမျိုးမဟုတ်ပဲ လူ့အဖွဲ့အစည်းအတွင်း အေးချမ်းသာယာစွာ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ ရည်ရွယ်တယ်။ ‘ လို့ သူက ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တချိန်က ကာစီနိုဝိုင်းတွေနဲ့သာ နာမည်ကျော်ခဲ့တဲ့ မိုင်ဂျာယန်ဟာ စစ်ဖြစ်စ နှစ်တွေတုန်းက ခြောက်ကပ်သွားခဲ့ပေမဲ့ အခုတော့ ကျောင်းတွေနဲ့အတူ ပြန်လည်လှုပ်ရှားသက်ဝင်လာပါပြီ။အရင်တုန်းက စည်ကားမှုနဲ့ အခုပြန်လည်သက်ဝင်လာမှုဟာ အဓိပ္ပာယ်ချင်းလည်းကွာဟပါတယ်။ အရင်တုန်းကလာတဲ့ တဘက်နိုင်ငံက လူတော်တော်များများက ဇိမ်ခံဖို့ ကာစီနိုကစားဖို့ဆိုတာလောက်နဲ့ တခြားလူတွေကလည်း ဆိုင်ဖွင့်ဖို့ အလုပ်လုပ်ဖို့ သက်သက်သာလာခဲ့ကြတာပါ။ အခုတော့ မိုင်ဂျာယန်ကို ရောက်လာသူတွေဟာ ကျောင်းတက်ဖို့ ဆိုတဲ့ ကိစ္စက အဓိကကျလာပါတယ်။
မိုင်ဂျာယန် ကောလိပ်ကျောင်းအုပ် ဦးခွန်ရှောန်ကတော့ ‘ မိုင်ဂျာယန်ဟာ ပညာရေးရဲ့ ရူပါရုံ ၊ ပညာရေးမြို့တော်ဖြစ်ရေးဟာ ကျန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါပဲ။ ‘ လို့ ပြောဆိုပါတယ်။
The Ladies News Journal
The Ladies News