08/03/16

 flooding-camp-620.jpg မန္တလေးမြို့က ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုကို သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Hset Paing Toe/ RFA

ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ မြင့်ထက်မှုကြောင့် မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ကချင် စတဲ့ တိုင်းနဲ့ပြည်နယ် ၆ခုမှာ ရေဘေးဒုက္ခသည် ၁သိန်း ၃ သောင်းနီးပါးအထိ ရှိနေပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသမှာလည်း ရေကြီးနိုင်တဲ့အတွက် ကူညီထောက်ပံ့ပေးဖို့ ပြင်ဆင်ထားတယ်လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

"ဖြစ်နိုင်တဲ့နေရာတွေမှာတော့ ကျမတို့ရဲ့ရုံးတွေလည်း ရှိတယ်ဆိုတဲ့အခါမှာတော့ အဆင်သင့်ထောက်ပံ့နိုင် ဖို့ကတော့ ကျမတို့က ပြင်ဆင်ထားတယ်၊ ဖြစ်နိုင်ခဲ့ရင် ပြောင်းရွှေ့ပေးမယ့် အစီအမံတွေက သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပြီးတော့ဆောင်ရွက်နေတယ်၊ သူတို့လည်း ပြောင်းဖို့ရွှေ့ဖို့ လိုလာပြီဆိုရင် ဆောင်ရွက်မယ့်အစီအမံတွေကို သူတို့ပြည်နယ်တိုင်းတွေမှာ ဆောင်ရွက်နေတယ်"

မကွေးတိုင်းက လူဦးရေ ၆ သောင်းနီးပါး ရေဘေးဒုက္ခရောက်နေပြီး၊ မန္တလေးတိုင်းဒေသကြီးမှာ ၄ သောင်းနီးပါး၊ စစ်ကိုင်းတိုင်းမှာ လူဦးရေ ၂ သောင်းကျော် ရေဘေးဒဏ်ခံနေရတာ ဖြစ်ပါတယ်။

ပြောင်းရွှေ့နေထိုင်ရတဲ့ သူတွေအတွက် ဆန်၊ ခေါက်ဆွဲခြောက်၊ ရေသန့်နဲ့ ငါးသေတ္တာ စတဲ့ စားနှပ်ရိက္ခာတွေကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထောက်ပံ့ပေး နေပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံအနှံ့ မိုးကြီးနိုင်တယ်လို့လည်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
RFA

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါတစ်မျိုးကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၃၃ ဦး သေဆုံးသွားတယ်လို့ လဟယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံ က ပြောပါတယ်။

လဟယ်မြို့နယ်မှာ ၂၁ ဦးနဲ့ နန်းယွန်းမြို့နယ်မှာ ၁၂ ဦး သေဆုံးခဲ့ပြီး ရောဂါဝေဒနာခံစားနေရ သူတွေကို ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်ကုသနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလော်ယုံ က ပြောပါတယ်။

"မနေ့က သတင်းအရဆိုရင် ၂၁ ယောက်ရှိပြီ၊ အသက်က ၁၅ နှစ်အောက်တွေများတယ်၊ နောက်သက်ကြီးရွယ်အို က နှစ်ယောက် သုံးယောက်လောက်ပါမယ်၊ ဒီနေ့သတင်းအရ နန်းယွန်းနဲ့ လဟယ်ကြားထဲက ရွာသုံးရွာမှာ ထပ်ပြီးတော့ ကူးနေတယ်ပြောတယ်၊ အဲ့သုံးရွာပေါင်းပြီး လူ ၁၂ ယောက်သေတယ်ပြောတယ်၊ ၂၃ နဲ့ ၂၄ ရက်မှာပဲ မြို့ပေါ်က ဆရာဝန်အပါ ဆေးအဖွဲ့အစည်းက တစ်ယောက်ဦးဆောင်ပြီး သွားကုတယ်၊ ဒါပေမဲ့ ရပ်တန့်သွားတာတော့မရှိဘူး"

ဆရာဝန်တွေရဲ့ ပြောပြချက်အရ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တာဖြစ်ပြီး ခန္ဓာကိုယ်မှာ အဖု အပိန့်တွေ ထွက်ရာကနေ မျက်လုံးတွေနီတာ၊ မျက်ရည်ကျတာနဲ့ နောက်ဆုံးမှာ သွေးအန်သေဆုံးတာ ဖြစ်တယ်လို့ ဦးလော်ယုံ က ပြောပါတယ်။

လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ တစ်မြို့နယ်ကို ဆရာဝန်တစ်ဦးစီသာရှိတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေသလို ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ တိုင်းအစိုးရအဖွဲ့ထံ အကူအညီတောင်းထားတဲ့အတွက် ရောဂါဖြစ်ပွားရာ ကျေးရွာတွေကို မနက်ဖြန်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ က စေလွှတ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထပ်မံရောက်ရှိမယ်လို့လည်း ပြောပါတယ်။

အဲ့ဒီရောဂါဟာ လဟယ်မြို့နယ် ထန်ခေါ်လားမားကျေးရွာမှာ စတင်ဖြစ်ပွားတာဖြစ်ပြီး ထန်ခေါ် နောက်ပိုး၊ စိမ့်ပါး၊ လမ်းတိုင်းနဲ့ ခမ်းလိုင်းရွာတွေအပြင် နန်းယွန်းမြို့နယ်ထဲက ကဲဆန်ဆာလင်၊ ကဲဆန်ကားလန်နဲ့ ကဲဆန်ဘောက်လွန်း စတဲ့ကျေးရွာတွေအထိပါ ကူးစက်ပြန့်ပွားလာတာ ဖြစ်ပါတယ်။
RFA

ဒေသခံတွေရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက စတင်ဖြစ်ပွားတာဖြစ်ပြီး ဒေသခံ ရွာသားတွေက လဟယ်မြို့နယ် ကျန်းမာရေးဌာနထံ အသိပေးခဲ့ပေမယ့် ဆောင်ရွက်ခဲ့တာမရှိဘဲ အခြေအနေဆိုးလာမှသာ သိရတာဖြစ်ကြောင်းလည်း ဦးလော်ယုံ က ပြောပါတယ်။

အဲဒီရောဂါကို လက်ရှိ လဟယ်မြို့နယ်ထဲက ကျေးရွာ ၅ ရွာမှာ လူဦးရေ ၂၀၀ နီးပါး ခံစားနေရပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေဟာ သွားလာရ ခက်ခဲတဲ့ နေရာတွေဖြစ်ပါတယ်။

theinswe-620.jpg ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကို သြဂုတ်လ ၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA
အရင်အစိုးရလက်ထက်ကရှိခဲ့တဲ့ Black List မှာ ထည့်သွင်းခံထားရတဲ့ အထဲက မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦးကို စာရင်းကနေ ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးမှာ RFA သတင်းဌာနက မေးမြန်းရာမှာ ၀န်ကြီး ဦးသိန်းဆွေ က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ရက် ၁ဝဝ စီမံချက်မှာ နိုင်ငံတော်က Back List တင်သွင်းထားတဲ့ ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံသားတွေလည်းရှိ တယ်၊ နိုင်ငံခြားသားတွေလည်းရှိတယ်၊ အဲ့ဒါတွေကို ဖြေလျော့မယ်လို့ ရက် ၁ဝဝ စီမံကိန်းမှာရေးထားတယ်၊ အခုအဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဖြေလျော့တာဟာ မြန်မာနိုင်ငံသား ၂၄၈ ဦး နိုင်ငံခြားသား ၃၇၁ ဦးကို Back List ထဲကနေ ပယ်ဖျက်လိုက်ပြီးပြီ၊ စုစုပေါင်း ၆၁၉ ဦးပေါ့နော်၊ ဆက်ပြီးတော့ Back List ထဲကပုဂ္ဂိုလ်တွေ ကို ပြန်စိစစ်ပြီးတော့မှ ဒါလေးတွေကို အဆင်ပြေအောင် ဖြေလျော့သွားဖို့ အစိုးရအနေနဲ့ ဆောင်ရွက်နေပါတယ်"

နိုင်ငံရေးအရ အစိုးရကို အကြည်ညိုပျက်အောင်လုပ်တယ်ဆိုပြီး အရင်အစိုးရအဆက်ဆက်က သတ်မှတ်ထား တာဖြစ်တယ်လို့ ၀န်ကြီးဦးသိန်းဆွေ က ပြောပါတယ်။

နာမည်ပျက်စာရင်းထည့်သွင်းခံထားရတဲ့ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတော့ အတိအကျ မပြောနိုင်သေး ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအပါအ၀င် ဝန်ကြီးဌာန ၁၅ ခု ပူးပေါင်းပြီး နာမည်ပျက်စာရင်းထဲမှာ ပါနေသူတွေကို စိစစ်ပြီးဖြေလျှော့ပေးနေတယ် လို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးမောင်မောင်ဝမ်း ကိုလည်း စာရင်းကနေ ပယ်ဖျက်လိုက်ကြောင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဌာနနဲ့ ညှိနှိုင်းချက်အရ မနေ့ညက ပြည်ဝင်ခွင့်ပေးလိုက်တယ်လို့လည်း ဦးသိန်းဆွေက ပြောပါတယ်။

ဒါပေမယ့် နိုင်ငံတကာရဲတပ်ဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းတွေက အကြမ်းဖက်သမားတွေ၊ ပြစ်မှုကျူးလွန်သူတွေ ၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေ ကျူးလွန်ထားတဲ့သူတွေကိုတော့ ပယ်ဖျက်မှာမဟုတ်ဘူးလို့လည်း ဦးသိန်းဆွေ က ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ ရက် ၁၀၀ စီမံချက်အနေနဲ့ ၀န်ကြီးဌာနအသီးသီးမှာ အရင်က ၀န်ထမ်းဟောင်းတွေကို နိုင်ငံရေးအရ နာမည်ပျက်စာရင်း အသွင်းခံထားရသူတွေရှိရင် ဌာနအလိုက် စာရင်းတင်ပြကြဖို့ ညွှန်ကြားထား ပါတယ်။
RFA



နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
အစ္စလမ်မစ်အစွန်းရောက် IS က မလေးရှားနိုင်ငံက ရဲစခန်းတစ်ခုကို ပေးပို့တဲ့ ခြိမ်းခြောက်စာထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပါနေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် အကြီးအကဲတွေ ရဲ့လုံခြုံရေးကို ပုံမှန်ထက်အလေးထားဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

မလေးရှား ရဲစခန်းတစ်ခုဆီ IS အဖွဲ့ကပေးပို့တဲ့ခြိမ်းခြောက်စာထဲမှာ မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇာတ်နဲ့ ဝန်ကြီးအဖွဲ့တွေအမည်အပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီ သတင်းတွေကြောင့် လုံခြုံရေးတိုးမြှင့်မှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

IS အဖွဲ့ရဲ့ အစွန်းရောက်အကြမ်းဖက်လှုပ်ရှားမှုတွေဟာ ကမ္ဘာ့နိုင်ငံအချို့မှာရှိနေတဲ့အတွက် လုံခြုံရေးကို ပေါ့ဆလို့ မရတဲ့အတွက် အထူးတင်းကြပ်မှာဖြစ်တယ်လို့ လည်း ပြောပါတယ်။

အစိုးရအနေနဲ့လည်း အိုင်အက်စ်အဖွဲ့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေပြီး ဒေသတွင်းနိုင် ငံတွေနဲ့လည်း သတင်းအချက်အလက်တွေကို လက်တွဲပူးပေါင်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ၂၊ တပ်ရင်း ၁၄ နယ်မြေ တွင် သြဂုတ် ၃ ရက် ယနေ့ အစိုးရတပ်နှင့် KIA ကြား တိုက်ပွဲ ဖြစ်ပွား နေပါသည်။

KIA တပ်ရင်း ၁၄ အဖွဲ့များ တည်ရှိရာ ရှထူးဇွပ် (Shahtu Zup)၊ ခ ဒ (Hka Da) ရွှေမော် ဘက်ကို အစိုးရ ပူးပေါင်း စစ်ကြောင်းများ ဝင်ရောက်လာသည့်အတွက် မနက် ၉ နာရီခွဲခန့်မှ တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့သည် ဟု KIA ရှေ့တန်း သတင်းများတွင် ဖော်ပြထားသည်။

အစိုးရစစ်ကြောင်းမှ KIA နယ်မြေ လုံခြုံရေးမိုင်း စတင် နှင်းမိ ပေါက်ကွဲ ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ မည်မျှ ပြင်းထန်နေသည့် အခြေအနေကိုမူ မသိရ သေးကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က ပြောပါသည်။

တပ်မတော်ဘက်မှ ခလရ ၁၀၅ နှင့် ၄၇၊ ခမရ ၃၈၁၊ ၃၈၂ နှင့် ၃၉၀ တို့ ပါဝင်ပြီး အခြား ဒေသခံ လီဆူ ပြည်သူ့စစ်၊ ရှမ်းနီ ပြည်သူ့စစ် နှင့် ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်တပ်ဖွဲ့တို့ ပါဝင်၊ မပါဝင် အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ဒုဗိုလ်မှုးကြီး နော်ဘူက ဆိုပါသည်။

ဖားကန့် KIA တပ်ရင်း ၆ တိုက်ပွဲများတွင် နန့်ယား (Nam Ya) ရှမ်းနီပြည်သူ့စစ်အဖွဲ့များ ပါဝင်နေသကဲ့သို့ ယခု တပ်ရင်း ၁၄ တိုက်ပွဲတွင်လည်း လီဆူပြည်သူ့စစ်များ ပါဝင်နိုင်ကြောင်း ပြောဆိုနေသူများလည်း ရှိပါသည်။

အစိုးရ စစ်ကြောင်းများသည် လက်ရှိ ရွှေမော် အနီးနေထိုင်ကြသည့် ရွာသားများအား ဖမ်းဆီး စုရုံးထားကာ ၄င်းတို့၏ ပစ္စည်းများကို သိမ်းယူမှုများ ရှိနေကြောင်း သိရသည်။

ယနေ့ တိုက်ပွဲ ဖြစ်ပွားပြီး မကြာမီ အစိုးရ တိုက်လေယာဉ် ပျံသန်း မှုများလည်း ရှိသည်ဟု ရွာသားများ ဆိုပါသည်။

KIA တပ်ရင်း ၁၄ နယ်မြေတွင်း အစိုးရ စစ်အင်အား တိုးခြင်း၊ ရိက္ခာတင်ပို့ထားခြင်းနှင့် စစ်ရေး လှုပ်ရှား မှုများကို လွန်ခဲ့သော သုံးလ ကျော်မှ ပြုလုပ်နေသည်ကို မြင်ရကြောင်း ဒေသခံများ ပြောပါသည်။

Kachin News Group
http://burmese.kachinnews.com



ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
ဒီနေ့မနက်က တနိုင်း ဒေသမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နဲ့ အစိုးရတပ်က ခလရ ၃၈၁၊ ခလရ၃၈၂၊ ခလရ ၁၀၅နဲ့ ၄၇ တပ်တွေ တိုက်ခိုက်နေကြတယ်လို့ တနိုင်းဒေသခံ တစ်ယောက်က ပြောပါတယ်။

"တပ်မတော်က နေအရှေ့မှာ သူတို့က အရင်တရက်နေ့ကနေ သူတို့ဟာသူတို့လာဖေါက်ခွဲပြီး ကေအိုင်အေ က ထောင်ထားတဲ့မိုင်းတွေ ဖေါက်ခွဲ့တဲ့ ပုံစံလုပ်ပြီးတော့မှ ဒီနေ့ကတော့ သူတို့ ထိုးစစ်ကို ဆင်နေတယ် အဲဒါအပြန်လှန်ပစ်ခတ်မှုဖြစ်နေတာ ခါတာဇွပ်မှာ ခါတာဇွပ် ဆိုတာ တပ်ရင်း ၁၄ အနီးနားမှာ ရှထူးဇွပ် ရဲ့ အောက်ဖက်မှာ တပ်မက များတယ် ၃၀၀ ကျော်ရှိနေတာ အခု မပခ က ကားတွေနဲ့ ပြန်တက်သွားပြီ လက်နက်ကြီးနဲ့ ထုနေတာတော့ မနေ့တနေ့ကပဲ ဒီနေ့ကတော့ ထိုးစစ်ဆင်တာ"

နေ့လည် ၁၂ လောက်ထိ တိုက်ပွဲတွေဖြစ်နေခဲ့ပြီး အစိုးရတပ်နဲ့အတူ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့တွေလဲ ပါတယ်လို့ သိရပါတယ်။

ယုဇန ကုမ္ပဏီ အနီးရှိ တရားမ၀င်ရွှေတူးနေတဲ့သူတွေကို ဖမ်းဆီးရာကနေ တဖက်နဲ့ တဖက် ပစ်ခတ်ကြတယ် လို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှုးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

တနိုင်းဒေသဟာ ရွှေနဲ့ ပယင်း အများအပြားထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။ အခုလို ၂ ဖက်စစ်ရေး တင်းမာ မှုတွေကြောင့် ပယင်းအရောင်းအ၀ယ်တွေလည်း ထိခိုက်နေတယ်လို့ တနိုင်းမြို့ခံတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


သြဂုတ် ၃ရက်၊ ၂၀၁၆ ခုနှစ်။ ကဆောဝါး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ သုံးဆယ့်သုံးဆူရွာမှ ကျိုက်သလိုက်ရွာသို့ ဆက်သွယ်ထားသော တံတားနှစ်စင်းမှာ သုံးနှစ်အာမခံဖြင့် တည်ဆောက်ခဲ့သော်လည်း တည်ဆောက်ပြီး မကြာမီ သုံးလကျော် အကြာတွင် ကွဲအက်ပျက်စီးမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ပေ ၇၀ အရှည်နှင့် ပေ ၈၀ အရှည်ရှိသော အဆိုပါ တံတားနှစ်စင်းမှာ ထက်မင်းခေါင် ကုမ္ပဏီမှ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၁၀၅/၁၆ ဘတ်ဂျက်နှစ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ တည်ဆောက်ပြီးစီးပြီးနောက် သုံးလကျော်အကြာတွင် ထိုသို့ ကွဲအက်ပျက်စီးသွား ခြင်းဖြစ်သည်ဟု ကျိုက်သလိုက်ရွာသားဖြစ်သူ စောစန်းအောင်က ကေအိုင်စီသို့ ပြောသည်။

“ဒီတံတားနှစ်စင်းဟာ ပြီးတာ မကြောသေးဘူး။ တံတားမြေထိန်း ကွန်ကရစ်ဘောင်များကွဲအက်လာပြီး တံတား အောက်ခြေမှာ ရေတိုက်စားတော့ မြေကျွံဂလိုင်များ ဖြစ်ပေါ်တယ်။ ဒီလိုမြေကျွံဂလိုင်ဖြစ်တာကို ပြိုကျမယ့် အရေး ကြုံလာနိုင်တဲ့အတွက် တာဝန်ရှိဌာနဆိုင်ရာနဲ့ တံတားတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီအနေနဲ့ အမြန်လာ ရောက်ပြင်ဆင်ပေးဖို့ ကျနော်တို့ လိုလားတယ်”ဟု ၎င်းက ပြောဆိုသည်။

ကွဲအက်နေသည့် ယင်းတံတားနှစ်စင်းသည် ကျပ်ငွေ ၇၆သန်းဖြင့် ထက်မင်းခေါင် ကုမ္ပဏီကို ပြည်နယ်အဆင့်မှာ စာချုပ်စာတမ်းနှင့်အတူ တည်ဆောက်ခွင့်ပေးကာ တံတားပေ အရှည်နှင့် အာမခံချက်အရ သုံးနှစ် သတ်မှတ်ချုပ်ဆိုထားခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့နယ်၊ ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးမြင့်အောင်လင်းက ဆိုသည်။

တံတားနှစ်စင်း တည်ဆောက်ခဲ့ခြင်းအပေါ် အရင်အစိုးရဟောင်းလက်ထက် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ စောရွှေတုံးကလည်း “သူတို့က တံတားတွေပဲ လာဆောက်ပေးသွားတာ တံတားကို သွားလို့ရအောင် မြေဖို့၊ မြေသယ်၊ မြေတူးလုပ်ရတာ ငါတို့ရွာသားတွေ လုပ်အားနဲ့ သွားလို့ရအောင် လုပ်ခဲ့ရတယ်။ မြေသယ်ခ ကားခ ဆီဖိုးတွေ ၁၁ သိန်းကျော်ကို စုပေါင်းကောက်ခံပြီး လုပ်ခဲ့ရတယ်။ အခုက ပြီးတာမှ မကြာသေးဘူး။ ပျက်တယ်ဆိုတော့ ပြီးစလွယ် လုပ်သွားတယ်လို့ပဲ မြင်တယ်”ဟု ပြောဆိုသည်။

သုံးဆယ့်သုံးဆူနှင့် ကျိုက်သလိုက် ကျေးရွာတို့သည် ကော့ကရိတ်မြို့မြောက်ပိုင်းရှိ ကျိုက်ဒုံ-အဇင်း ရွာချင်းဆက် လမ်းမများ၊ တံတားများ ချိတ်ဆက်ဖောက်လုပ်နေသော ကမိုင်ကုန်း၊ ရွာတန်းရှည်၊ အံကောင်၊ စသည့် ကျေးရွာများနှင့် ဆက်သွယ်သွားလာနေရခြင်းဖြစ်သည်။

၎င်းကျေးရွာများမှ ကော့ကရိတ်သို့ သွားလာရာတွင် လမ်းများ၊ တံတားများ ယိုယွင်းပျက်စီးနေမှုများကြောင့် ဒေသခံများအတွက် သွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေး အခက်အခဲများ ကြုံတွေ့လျှက်ရှိကြောင်း သိရသည်။

 ကဆောဝါး
http://kicnews.org/


    ရန်ကုန်၊ သြဂုတ်၃ ရက် (ဆင်ဟွာ)

    အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန် ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၆)မျိုးအား ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ် ဓာတုပစ္စည်း ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်သုံးစွဲရန် မသင့်လျော်ပါကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်သည်။

၎င်းအလှကုန် ၆မျိုးမှာ Jiaoli Miraculous Cream; 1, 2/ Harbin Gelidai Jiabao Cosmetics Co., Ltd.,Nanyuan /Mercury (+)၊ Kone’ Facial Cream–WhiteningCream (4g)/ Kone Natural Herb Co., Ltd., Thailand/ Mercury (+) ၊Kim Whitening Pearl With Collagen Cream /
Mercury (+) ၊Kim Whitening Pearl and Snow Lotus Cream Mercury (+) ၊ S’Zitang 7-Day Specific Whitening Anti-Speckle Cream/ Mercury (+) ၊Shichade’Japanese Rich Herb 3 in 1 Excellent Care/ Made in Japan Mercury (+) တို့ ဖြစ်ကြောင်း ကြော်ငြာချက်ထဲတွင် ပါရှိသည်။

အဆိုပါအလှကုန်ပစ္စည်းများကို အများပြည်သူလူထု သုံးစွဲခြင်း မပြုကြရန်နှင့် ပြည်တွင်း ဈေးကွက်တွင် တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေမှုများကို တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာပုဒ်မ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟူ၍ ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com


မလေးရှား ရဲစခန်းမှ လက်ခံရရှိထားသည့် မလေးရှား IS ၏ ခြိမ်းခြောက်စာတွင် မလေးရှားနိုင်ငံ၏ အာဏာပိုင်များ အမည်အပြင် အခြားနိုင်ငံခေါင်းဆောင်များ အမည်ထဲတွင် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အမည် ပါဝင်နေကြောင်း The Straits Time သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ ခြိမ်းခြောက်စာထဲတွင် မလေးရှားဝန်ကြီးချူပ်နာဂျစ် ရာဇတ် ( Najib Razak ) အပါအ၀င် မလေးရှား အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသည့် မလေးရှား ဒု-ဝန်ကြီးချုပ်၊ ရှေ့နေချုပ်၊ ရဲချုပ်နှင့် ဝန်ကြီးအများအပြားတို့၏ အမည်များ ပါဝင်နေပြီး မလေးရှားတွင် IS သြဇာလွှမ်းမိုးမူ ရှိနေကြောင်း ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်စာ ပေးပို့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက် များအရ သိရသည်။

မလေးရှား Nilai ရဲစခန်းမှ လက်ခံရရှိထားသော စာအိတ်ကို ယခုအခါ ရဲက မည်သူမည်ဝါ ပို့သည်ကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။ စာတွင် IS အင်အား ၇၀၀ ရှိသည်ဟု ရေးသားထားခြင်းကို မလေးရဲက ပယ်ချလိုက်ပြီး ယခု အဖြစ်အပျက်သည် IS ၏ ဩဇာ မလေးရှားတွင် ရှိနေကြောင်း ကြွားလုံးထုတ်ချင်ပုံ ပေါက်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ယင်းသို့ အလားတူ ခြိမ်းခြောက်စာ ၄ စောင်ကို Negri ရဲစခန်းက လက်ခံရခဲ့ကြောင်း မလေးရှားရဲက ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေသည့်အတွက် ယင်းအပေါ် ပေါ့ပေါ့တန်တန် သဘောထားမည် မဟုတ်ဘဲ တရားခံကို အလေးအနက်ထား ရှာဖွေဖော်ထုတ်မည်ဟု ဆိုထားကြောင်း သိရသည်။

ထိုကဲ့သို့ မလေးရှား IS ခြိမ်းခြောက်စာ ပေးပို့ထားမူသည် ဘင်္ဂါလီ အရေးကိစ္စနှင့် ပတ်သက်ပြီး ပြောဆိုထားသည့်ကိစ္စနှင် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာများ ပြည်တွင်းတွင် ဖြစ်ပေါ်ခဲ့ခြင်းများ ရှိနေသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် စိုးရိမ်ရဖွယ်ဖြစ်ကြောင်း နိုင်ငံရေး စိတ်ပါဝင်စားသည့် ပြည်သူများ က ဝေဖန်ပြောဆိုကြသည်။

စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies



(ယနေ့လွှတ်တော်တွင် ဦးထွန်းအောင်သိန်း အဆိုတင်နေစဉ်။ ဓာတ်ပုံ/ နိရဉ္စရာ)
နိရဉ္စရာ၊ သြဂုတ် ၃

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို သြဂုတ်လ ၃ ရက်နေ့ ယနေ့တွင် စတင်ကျင်းပသည်။

ပထမနေ့တွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသော ဘင်္ဂလီများကို ဘင်္ဂလီဟု ဆက်လက်ခေါ်ရန် ရခိုင်ပြည်နယ် လွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စု အစိုးရ အားတိုက်တွန်းသည့် အဆိုကို ဘူးသီးတောင်မြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းသိန်းမှ “ ပြည်ထောင်စု သမ္မတနိုင်ငံတော်၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာသည့် ခိုးဝင်ဘင်္ဂလီများကို မူလရှိရင်းစွဲ ဘင်္ဂလီဟု ခေါ်ဝေါ်သုံးနှုန်းရန် ရခိုင်ပြည်နယ် အစိုးရမှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့သည်။

၎င်းအဆိုအား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ထောက်ခံဆွေးနွေးခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းသိန်း၏ အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်က ဆွေးနွေးရန် သင့်မသင့်ကို သဘောထားရယူခဲ့သည်ဟု လွှတ်တော်သို့ သတင်း တက်ရောက်ယူခဲ့သူ နိရဉ္စရာ သတင်းထောက်က ပြောသည်။

ဆွေးနွေးမည့်သူ စာရင်းကို တောင်းခံပြီး ၎င်းအဆိုကို ဆက်လက် ဆွေးနွေးမည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara


သံဖြူဇရပ်၊ ဇူလိုင် ၃၀

ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဘုရားကြီးဝင်းအတွင်းရှိ ဓာတ်တော်တိုက်အဆောက်အဦး၏ တံခါးများ အား ဖျက်ဆီးခဲ့သည့် မူးယစ်သူများအား အရေးယူထားကြောင်း ကျိုက်ခမီနယ်မြေရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ကျိုက်က္ခမီဆုတောင်းပြည့် ရေလယ်ဘုရားကြီးဝင်းအတွင်း၌ တည်ဆောက်နေသောလုပ်ငန်း ခွင်တစ်ခုရှိ ဆောက်လုပ်ရေးအလုပ်သမားတစ်စုက မူးယစ်ရမ်းကားပြီးအော်ဟစ်နေသည့်အတွက် တာဝန်ကျ ဘုရားဝင်းလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူများသွားရောက်တားမြစ်ရာ လိုက်နာခြင်းမရှိသည့်အပြင် အဆောက်အဦး တခါးမကြီးရှိ တံခါးများကို ဇူလိုင်လ(၃၀)ရက်နေ့၊ ည(၇း၄၅)မိနစ်အချိန်ခန့်တွင် ဖျက်ဆီးခဲ့ကြောင်း လုံခြုံရေး အဖွဲ့များထံမှ သိရသည်။

ယင်းကဲ့သို့ မူးယစ်ဖျက်ဆီးမှုကြောင့် ဓါတ်တော်တိုက်အဆောက်အဦးတံခါးမကြီး အလယ်အကန့်ရှိ အလျား(၂၂)လက်မ၊ အနံ(၄.၆)လက်မရှိ တံခါးဆံပျဉ်ချပ်(၄)ချပ် ပျက်စီးသွားကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြ ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့အတွင်းရေးမှူးဦးအောင်မြင့်ရွှေမှ ကျိုက္ခမီနယ်မြေရဲစခန်းသို့ တိုင်ကြားသဖြင့် ယင်းနေ့တွင်ပင် ကျိုက္ခမီနယ်မြေရဲစခန်းမှကျူးလွန်သည်ဟုယူဆရ သည့် ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့မှ လာရောက်အလုပ်လုပ်သူ(၄)ဦးနှင့် ဝါးပြန်ကုန်းကျေးရွာမှ လာ ရောက် အလုပ်လုပ်သူ (၂)ဦးတို့အား (ပ)၈၉/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ၂၉၅အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်းနှင့် ဓါတ်ပုံ - ကျဲရောဒ့်
Than Lwin Times
https://www.facebook.com/thanlwintimes9



ခေတ္တ ပြည်နှင်ဒဏ် ခံရတဲ့ ကိုမောင်မောင်ဝမ်း (ဓာတ်ပုံ - မောင်မောင်ဝမ်း ဖေ့စ်ဘွတ်မှ) (Credit: ABC Licensed) 
၈၈ ​မျိုးဆက်ကျောင်းသား ​ခေါင်းဆောင်ဟောင်း ​ကိုမောင်မောင်ဝမ်းကို ​ဒေါ်အောင်ဆန်းစုကြည်က ​ပြည်ဝင်ခွင့် ​ပေးလိုက်ပေမယ့် ​ကိုမောင်မောင်ဝမ်းက ​ချက်ခြင်း ​ပြန်မလာနိုင်သေးဘူးလို့ ​ပြောပါတယ်။

မြန်မာနိုင်ငံကို ​ပြန်လာရင်း ​မနေ့တုန်းက ​ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ ​လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ​ပြည်ဝင်ခွင့်မပေးခဲ့တဲ့ ​အတွက် ​ပြန်လှည့်ပြန်ခဲ့ရတဲ့ ​၈၈ ​မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ​ကိုမောင်မောင်ဝမ်းကို ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်က ​ပြည်ဝင်ခွင့်ပေးလိုက်တာပါ။

အဲဒါကြောင့် ​မြန်မာနိုင်ငံ ​ရှစ်လေးလုံးမတိုင်ခင် ​ပြန်လာနိုင်ကြောင်း ​ရန်ကုန်တိုင်း ​ဝန်ကြီးချုပ် ​ဦးဖြိုးမင်းသိန်းက ​ပြောပေမယ့် ​လေယာဉ်ကို ​နာရီပေါင်း ​၅၀ ​လောက် ​ဆက်တိုက် ​စီးရတဲ့အပြင် ​သုံးရက် ​ဆက်တိုက်နီးပါး ​မအိပ်ရတဲ့အတွက် ​ချက်ခြင်း ​ပြန်လာနိုင်မှာ ​မဟုတ်ဘူးလို့ ​ကိုမောင်မောင်ဝမ်းက ​ပြောပါတယ်။

ကိုမောင်မောင်ဝမ်းဟာ ​သမ္မတဟောင်း ​ဦးသိန်းစိန် ​လက်ထက်တုန်းက ​မြန်မာနိုင်ငံမှာ ​တစ်ရက်ပို ​နေထိုင်မိတဲ့အတွက် ​ဒဏ်ငွေအစား ​ပြည်နှင်ဒဏ်ပေးခဲ့လို့ ​နာမည်ပျက်စာရင်းထဲ ​ထည့်သွင်းခံရတာ ​ဖြစ်ပါတယ်။

ကွန်ပြူတာမှာ ​နာမည်ပျက် ​စာရင်း ​တွေ့ရတဲ့အတွက် ​လူဝင်မှု ​ကြီးကြပ်ရေးကလည်း ​ပြည်ဝင်ခွင့်မပေးခဲ့တာပါ။ ​ဒါပေမဲ့ ​အဲလို ​ဖြစ်နေမယ်ဆိုရင် ​အမေရိကန်နိုင်ငံက ​မြန်မာသံရုံးက ​အစကတည်းက ​ဗီဇာမပေးသင့်ဘူးဆိုပြီး ​ဝေဖန်မှုတွေ ​ရှိခဲ့ပါတယ်။

ဒါကို ​ကြည့်ခြင်းအားဖြင့် ​မြန်မာနိုင်ငံက ​ဌာနဆိုင်ရာတွေ ​တခုနဲ့ ​တခု ​အချိတ်အဆက် ​မရှိသေးတာကို ​ပြသသလို ​ပြည်ဝင်ခွင့်ဆိုတာဟာလည်း ​လူတစ်ဦးတစ်ယောက်အပေါ် ​မူတည်နေတယ်ဆိုပြီးတော့လည်း ​ဝေဖန်မှုတွေ ​ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese



မြောက်ကိုးရီးယား နိုင်ငံ ၏ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်အား စစ်ရေးပြ အခမ်းအနား တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)
    ဆိုးလ် ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

    တောင်ကိုးရီးယား နိုင်ငံ ပူးတွဲ စစ်ဦးစီး အရာရှိချုပ် မှ မြောက်ကိုးရီးယား (DPRK) သည် ယနေ့ နံနက် ပိုင်း အချိန်တွင်  ကိုးရီးယား ကျွန်းဆွယ် အရှေ့ဘက် ရေပြင်သို့ ပဲ့ထိန်း ဒုံးကျည် တစ်စင်း ပစ်ခတ် ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

တောင်ကိုးရီးယား နိုင်ငံ Yonhap သတင်းဌာန ၏ ဖော်ပြချက် အရ မြောက်ကိုးရီးယား နိုင်ငံ သည် ဒေသ စံတော်ချိန် နံနက် ၇ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် မြောက်ကိုးရီးယား နိုင်ငံ တောင်ပိုင်း Hwanghae ပြည်နယ် တစ်ဝိုက် မှ ကိုးရီးယား ကျွန်းဆွယ် အရှေ့ဘက် ရေပြင်သို့ ပဲ့ထိန်း ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ တောင်ကိုးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ သုံးသပ်ချက်အရ မြောက်ကိုးရီးယား နိုင်ငံ ၏ ယခု အကြိမ် ဒုံးကျည် ပစ်ခတ်မှု သည် အမေရိကန် နိုင်ငံ ၏ တောင်ကိုးရီးယား နိုင်ငံ တွင် Terminal High Altitude Area Defense(THAAD) ဒုံးကျည် ကာကွယ်ရေး စနစ် ထားရှိရန် စီစဉ်ခြင်း ကို ဆန့်ကျင်သည့် အနေဖြင့် ပစ်လွှတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုးရီးယား နိုင်ငံ အစိုးရ သက်ဆိုင်ရာ ဌာန မှ ခန့်မှန်းချက်အရ မြောက်ကိုးရီးယား မှ ယခု အကြိမ် ပစ်လွှတ်ခဲ့သည့် ပဲ့ထိန်း ဒုံးကျည် မှာ Nodong အမျိုးအစား ပဲ့ထိန်းဒုံးကျည် ဖြစ်ပြီး ကီလိုမီတာ အကွာအဝေး ၁၀၀၀ ခန့် အထိ ပစ်ခတ်နိုင်သော ဒုံးကျည် ဖြစ်ကြောင်း ၊ ယင်းဒုံးကျည်သည်၎င်းအမျိုးအစားတူ ဒုံးကျည် များ၏ အဝေးဆုံး ပစ်ခတ်မှု အကွာအဝေး ၁၃၀၀ ကီလိုမီတာ နှင့် အလွန်နီးစပ်နေပြီး ဖြစ်ကြောင်း ၊ ယခု အကြိမ်ပစ်ခတ်မှု၏ ရည်ရွယ်ချက်မှာ အိမ်နီးချင်း နိုင်ငံ များအား တိုက်ခိုက်မှု စွမ်းရည် ပြသ လို၍ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုးရီးယား နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်မှ ဇူလိုင်လ ၁၃ ရက်နေ့က တောင်ကိုးရီးယား-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် THADD ဒုံးကျဉ်ကာကွယ်ရေး စနစ် အား တောင်ကိုးရီးယား နိုင်ငံ တွင် ချထားမည် ကို သဘောတူခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ မြောက်ကိုးရီးယား နိုင်ငံ ပြည်သူ့စစ် ဦးစီးချုပ် မှ ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်ချက်တွင် အမေရိကန်-တောင်ကိုးရီးယား နှစ်နိုင်ငံ အနေဖြင့် THADD ချထားမည့် နေရာကို ဆုံးဖြတ်ပြီးပါက မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှု ဖြင့် တုန့်ပြန် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com


ရန်ကုန် ဩဂုတ် ၂

မြန်မာနိုင်ငံတွင် များမကြာမီကာလအတွင်း ဒေဝူးဘတ်စ်ကားများ ထုတ်လုပ်ဖြန့်ချိ သွားနိုင်တော့ မည်ဖြစ် ကြောင်း ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံသို့ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိ နေသော ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မကြာမီကာလအတွင်း ဒေဝူးဘတ်စ်ကားတွေ ထုတ်လုပ်ဖြန့်ချိသွား နိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ အထူးသဖြင့် စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တော်မှာ လိုအပ်နေတဲ့ အများပြည်သူသုံးဘတ်စ်ကားတွေ၊ ကျောင်းသား ကျောင်းသူ များလုံခြုံ သက်သာစွာ အဆင့်အတန်းမြင့်စွာ အသုံးပြုနိုင်တော့မယ့် ကျောင်းကြို/ပို့ ယာဉ်တွေကို ဈေးနှုန်းသက်သာစွာဖြန့်ဖြူးပေးဖို့ ရည်ရွယ်ပါတယ်” ဟု Myanmar Coach Center Co; Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က ပြောသည်။

အဆိုပါကုမ္ပဏီက တင်သွင်းသော ဒေဝူးဘတ်စ်ကား ၁၅ စီး၊ ရန်ကုန်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်သို့ လွှဲပြောင်းပေးအပ်သော အခမ်းအနား၌ ဦးကျော်ကျော်အောင်က ပြောသည်။ ဒေဝူး ဘတ်စ် ကားများ မြန်မာနိုင်ငံ၌ ထုတ်လုပ်လာနိုင်သည်နှင့်အမျှ ပြည်သူများ အရည်အသွေးကောင်းမွန်သော ဘတ်စ် ကားများ ဈေးနှုန်းသက်သာစွာ သုံးစွဲလာနိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာ ကျွမ်းကျင်သည့် အတတ်ပညာရှင်များလည်း တိုးပွားလာမည်ဖြစ်ကြောင်း၊ ရန်ကုန် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးတွင် ဒေဝူးကားများ သုံးစွဲမှုတိုးပွားကာ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

ဒေဝူးကားထုတ်လုပ်ရေးကုမ္ပဏီသည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။

သတင်း - မြင့်မောင်စိုး၊ ဓာတ်ပုံ - တင်စိုး (မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



လစ်ဗျားနိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် အသေခံကားဗုံးဖောက်ခွဲမှု တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဘန်ဂါဇီ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

    လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် သြဂုတ် ၂ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားကာ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သည့် အတွက် အနည်းဆုံး လူ ၂၂ဦးသေဆုံးခဲ့ကြောင်း စစ်ဘက် နှင့် ဆေးကုသရေး သတင်းအရင်းအမြစ်များ ကပြောကြားခဲ့သည်။

ဘန်ဂါဇီမြို့၏ ဆင်ခြေဖုံးရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးပေါက်ကွဲမှုကြောင့် လူ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ဗုံးဖောက်ခွဲမှုအား အစ္စလာမ်မစ် စစ်သွေးကြွ ညွှန့်ပေါင်းအဖွဲ့ တစ်ခုဖြစ်သည့် Shura Council of Benghazi Rebels အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Shura Council of Benghazi Rebels အဖွဲ့ သည် ဂွာရှာဒေသ ၌ ဟောင်ဝစ်ဇာအမြောက်များ နှင့် စုရုံးရောက်ရှိနေသည့် လစ်ဗျားဗိုလ်ချုပ်ကြီး Hafter ၏ တပ်ဖွဲ့ အား ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ၄င်းတို့၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။

ကုလသမဂ္ဂကကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးထားသည့် လစ်ဗျားအစိုးရ ၏ တောင်းဆိုချက်အရ အမေရိကန်နိုင်ငံက Sirte မြို့တွင် သြဂုတ် ၁ရက် က IS စစ်သွေးကြွအဖွဲ့အား ပထမဆုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်အပြီး တွင် ယင်း ဗုံးပေါက်ကွဲမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဘန်ဂါဇီမြို့သည် လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာ ကဒါဖီ (Muammar Gaddafi) အား ဖြုတ်ချခဲ့သည့် ၂၀၁၁ခုနှစ် တော်လှန်ရေး စတင်ဖြစ်ပွား ဒေသဖြစ်ပြီး ဗိုလ်ချုပ်ကြီး Khalifa Haftar က မြို့အတွင်း ရှိ စစ်သွေးကြွများအား သုတ်သင်ရှင်းလင်းသော စစ်ဆင်ရေး စတင်ပြုလုပ်ခဲ့သည့် ၂၀၁၄ခုနှစ် မေလ ကတည်းက စ၍ ဘန်ဂါဇီမြို့တွင် စစ်သွေးကြွအုပ်စု နှင့် အစိုးရတပ်များကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ အား ကျောထောက်နောက်ခံပြုထားသည့် အစိုးရ၏ တပ်များကလည်း Sirteမြို့တွင် IS စစ်သွေးကြွအဖွဲ့များအား အပြင်းအထန်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


အင်ဒိုနီးရှား အရှေ့ပိုင်း ရှိ ဂါမာလာမာမီးတောင် မှ ပြာပူများ မှုတ်ထုတ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဂျာကာတာ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် သြဂုတ် ၃ရက်အစောပိုင်းက ဂါမာလာမာမီးတောင် လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့၍ မီးတောင်အနီးရှိ လေဆိပ်တစ်ခုအား ယာယီပိတ်ထားရန် ဒေသခံအာဏာပိုင်များက လုပ်ဆောင်ခဲ့ကြကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အင်အား ရစ်ခ်ျတာစကေး ၄.၆ ရှိသည့် ငလျင်ကြောင့် ဒေသစံတော်ချိန် နံနက် ၆း၂၈နာရီ ၌ ဂါမာလာမာမီးတောင် လှုပ်ခတ်ခဲ့ပြီး အမြင့် ၆၀၀မီတာအထိ ပြာပူများ မှုတ်ထုတ်ခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပေါ်ဝို နုဂရိုဟို ကပြောကြားခဲ့သည်။

မီးတောင်ပြာပူများသည် မီးတောင်ထိပ်ဝ၏ အရှေ့တောင်ဘက်နှင့် တောင်ဘက်ခြမ်း သို့ပျံ့နှံ့လျက် ရှိသော်လည်း အရေးပေါ်ပြောင်းရွှေ့မှုများ လုပ်ဆောင်ခြင်းမရှိသေးကြောင်း ၄င်းကပြောကြားခဲ့သည်။

၎င်းက Ternate မြို့မှ ဘာဘူလ်လာ လေဆိပ် အား မီးတောင်ပြာများကြောင့် ယာယီပိတ်ထားကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း တွင်မီးတောင်လုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည် ပြာပူများသည် အင်ဒိုနီးရှားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံကြား လေကြောင်းသွားလာမှုများကို အနှောက်အယှက်ဖြစ်ပေါ်စေကြောင်း သိရသည်။

ဂါမာလာမာမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံရှိ မီးတောင်ရှင် ၁၂၉ခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



၂၀၁၅ ဇန်နဝါရီမှာ ထုတ်ပြန်တဲ့ ဘိုကိုဟာရမ်ရဲ့ ဗီဒီယိုထဲမှာ Abu Musab al-Barnawi က အဖွဲ့ရဲ့ ပြောခွင့်ရသူ ဖြစ်တယ်လို့ ဖော်ပြဖူးခဲ့။
အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့ရဲ့ အနောက် အာဖရိက အဖွဲ့ခွဲ ဖြစ်တဲ့ ဘိုကိုဟာရမ် အဖွဲ့မှာ ခေါင်းဆောင်သစ် တင်လိုက်ပြီလို့ IS အဖွဲ့က ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ခေါင်းဆောင်သစ် ဖြစ်လာတဲ့ Abu Musab al-Barnawi ဆိုသူဟာ အရင်က ဘိုကိုဟာရမ် အဖွဲ့ရဲ့ ပြောခွင့်ရသူ ဖြစ်ခဲ့ပြီး သူ့အကြောင်းကို IS အဖွဲ့ရဲ့ နောက်ဆုံးထုတ် မဂ္ဂဇင်းထဲမှာ ဖော်ပြ ထားပါတယ်။

ဘိုကိုဟာရမ်ရဲ့ ခေါင်းဆောင်ဟောင်း ဖြစ်သူ Abubakar Shekau ဘယ်လို ဇာတ်သိမ်းသွားတယ် ဆိုတာကိုတော့ မသိရပါဘူး။

ခေါင်းဆောင်ဟောင်း အဘူဘေကာက အသက်ရှင် နေသေးတယ် ဆိုတာကို နောက်ဆုံး သိခဲ့ရတာက မနှစ်က သြဂုတ် လထဲမှာ ဖြစ်ပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ နိုင်ဂျီးရီးယား မြောက်ပိုင်းကနေ စတင် ထကြွ လှုပ်ရှားခဲ့တာ ဖြစ်ပြီး သူတို့ သိမ်းပိုက် နိုင်ခဲ့တဲ့ နယ်မြေအများစုကို အခု နောက်ပိုင်း လက်လွှတ် လာခဲ့ရပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ လှုပ်ရှားခဲ့တဲ့ ၇ နှစ် ကာလ အတွင်းမှာ လူပေါင်း ၂ သောင်းလောက် သေကြေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese/



အိန္ဒိယနိုင်ငံကအရေးပါသည့် အဝေးပြေးလမ်း တံတားပြိုကျမှုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    နယူးဒေလီ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာ ပြည်နယ်တွင် အရေးပါသည့် အဝေးပြေးလမ်း တံတားပြိုကျပြီးနောက် ယာဉ် စီးရေ တစ်ဒါဇင်နီးပါး ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး အနည်းဆုံး လူ ၂၂ ဦး ပျောက်ဆုံးနေကြောင်း အရာရှိများ က သြဂုတ်လ ၃ ရက်၌ ပြောကြားခဲ့သည်။

မဟာရက်ရှ်ထရာ ပြည်နယ်၏ မြို့တော် မွမ်ဘိုင်းမှ ၆၃ ကီလိုမီတာ ကွာဝေးသော Raigadh ခရိုင်ရှိ Savitri မြစ်အပေါ်တွင် ဗြိတိသျှခေတ်က တည်ဆောက်ထားသည့် အဆိုပါ တံတားသည် သြဂုတ်လ ၃ ရက် နံနက် အစောပိုင်းက ပြိုကျခဲ့ခြင်း ဖြစ်သည်။

“ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲနေတဲ့ ဘတ်စ်ကား နှစ်စီးနှင့် ယာဉ်များ အပါအဝင် ယာဉ်စီးရေ တစ်ဒါဇင်ခန့် တံတားအောက်က မြစ်ထဲကို ထိုးကျသွားခဲ့ပြီး ရေစီးနဲ့အတူ မျောပါသွားခဲ့တယ်၊ ဘတ်စ်ကား နှစ်စီးပေါ် ပါသွား တဲ့သူ ၂၂ ဦးခန့် ရှိမယ်လို့ ထင်ပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပျောက်ဆုံးသူများအား ရှာဖွေရန် ကယ်ဆယ်ရေးအဖွဲ့အား တာဝန်ရှိသူများက စေလွှတ်ထားပြီး ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားသည့် နေရာ၌ သဘာဝဘေး တုံ့ပြန်ရေး လုပ်ငန်းအဖွဲ့နှင့်အတူ ကယ်ဆယ်ရေးသမား ၈၀ ဦးခန့်က ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကယ် ဆယ်ရေးလုပ်ငန်းအား နှောင့်နှေးစေကြောင်း သိရသည်။

အဆိုပါ တံတားသည် မွမ်ဘိုင်းနှင့် ခရီးသွား ဧည့်သည်များအကြား ကျော်ကြားသည့် Goa အပန်းဖြေ စခန်း တို့ကို ချိတ်ဆက်ထားခြင်း ဖြစ်ပြီး သည်းထန်သည့် မုတ်သုန်မိုးများ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်ကာ Savitri မြစ်အတွင်းသို့ ပြိုကျခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် မတ်လတုန်းကလည်း West Bengal ပြည်နယ်၊ ကိုလ်ကတ္တားမြို့ရှိ မိုးပျံလမ်း၏ မီတာ ၆၀ ရှည်သော အပိုင်း ပြိုကျခဲ့ရာ လူ ၂၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com


ပခုက္ကူ သြဂုတ် ၂

ပခုက္ကူမြို့၊အမှတ် ၁၃ ရပ်ကွက်၊ ဘုရားကြီးလမ်း၊ သီဟိုဋ် ရှင်ဘုရားကြီးကျောင်းတိုက် မြောက်ဘက်ရှိ ရေဘေးရှောင် တဲစခန်းများပေါ်သို့ မန်ကျီးပင်တစ်ပင် လဲကျမှု သြဂုတ် ၂ရက် ည ၇ နာရီခွဲ ခန့်က ဖြစ်ပွားသည်။


အဆိုပါမန်ကျီးပင်သည် ဒေါ်ဌေးကြည်၊ ဦးရဲလှိုင်၊ ဦးဇာနည်၊ ဦးသောင်းထွန်းဦးနှင့် ဦးနိုင်ထွန်းတို့၏ ရေ ဘေးရှောင် တဲစခန်းများ ပေါ်သို့လဲကျ ပိမိပြီး တဲများ အတွင်းရှိ ဦးစိန်ဌေး၊ ဒေါ်သော်သော်၊ ဒေါ်သန္တာဝင်း၊ ဒေါ်အငယ်မနှင့် ဦးအောင်ကျော်မိုး တို့မှာထိခိုက်ဒဏ်ရာများ ရရှိသဖြင့် ဆေးရုံသို့ပို့ဆောင်ကုသလျက် ရှိကြောင်း သိရသည်။


မန်ကျီးပင်လဲကျရာသို့ အုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက မီးဆိုင်းများထိုး၍ ချက်ချင်းဖယ်ရှားရှင်းလင်းလျက် ရှိကြောင်း သိရသည်။


မြစ်ရေဝင်ရောက်မှုကြောင့် သစ်ပင်များ အမြစ်မခိုင် ယိုင်လဲတတ်သဖြင့် ရေဘေးရှောင် ပြည်သူများနှင့် ရေထဲတွင် မပြောင်းရွှေ့ဘဲ နေထိုင်သူများ သစ်ပင်ကြီးများ အနီးနေထိုင်ပါက သတိထားသင့်ကြောင်း ဒေသခံပြည်သူ တစ်ဦးက ပြောကြားသည်။

ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေထဲမှာ ကိုယ့်ဆန္ဒနဲ့ကိုယ် မြန်မာပြည်နေရပ်ကို ပြန်ချင်ကြ သူတွေကို ကူညီပေးဖို့အတွက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က Voluntary Repatriation Center လို့ခေါ်တဲ့ ရုံးခန်းတချို့ မကြာခင် စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ ဒါဟာ ဒုက္ခသည်တွေကို မြန်မာပြည်ပြန်ဖို့ တွန်းအားပေးတာမျိုး မဟုတ်ဘူးလို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့ လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ မရှိသေးဘူးလို့လည်း ပြောကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေထဲမှာ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် နေရပ်ရင်း ပြန်ချင်ကြတဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ သတင်း အချက်အလက်တွေ ကူညီပေးနိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ကြိုးစားနေတာပါ။ UNHCR နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM တို့ ပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း အားလုံးမှာ Voluntary Repatriation Center လို့ခေါ်တဲ့ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ရင်း ပြန်လိုသူတွေအတွက် သတင်းအချက်အလက်တွေနဲ့ အထောက်အပံ့တွေ ပေးနိုင်မယ့် ရုံးခန်းတချို့ကို ဒီလထဲမှာ စပြီး ဆောက်လုပ်ဖွင့်လှစ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အခုအစီအစဉ်ဟာ ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တွန်းအားပေးတာမျိုး မဟုတ်သလို၊ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေ ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့အတွက်လည်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးထားတယ်လို့ ကရင်ဒုက္ခသည်ကော်မတီ KRC က တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ် Blooming Night က ပြောပါတယ်။

“အခု UNHCR က လုပ်မယ့် ဒီ Center ဆိုတာကတော့ Volunteer ပြန်ချင်တဲ့သူတွေအတွက် သက်သက်ပဲ သူလုပ်ထားတာ ဖြစ်တယ်ဆိုတာကိုတော့ သေချာသိစေချင်တယ်ပေါ့နော်။ ပြန်ဖို့အတွက် တွန်းပို့တာမျိုး မဟုတ်ပါဘူး။ ပြန်ဖို့ရာအတွက် သွားပြီး ပြင်ဆင်ပေးတာမျိုးလည်း မဟုတ်ဘူး။ မိမိဆန္ဒအလျောက် ပြန်မယ်ဆိုတဲ့လူတွေက သတင်းအချက်အလက် သိချင်တဲ့ အကြောင်းအရာတွေကို မေးမြန်းနိုင်ဖို့အတွက် ထားထားမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲပေါ့နော်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အရပ်သားအစိုးရ တက်လာခဲ့ပြီးတဲ့နောက် နယ်စပ်ဒုက္ခသည်စခန်းတွေထဲကနေ နေရပ်ရင်းကို ပြန်ချင်ကြတဲ့ ဒုက္ခသည်တွေလည်း ရှိလာခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ရင်းမှာ ပြန်လည် အခြေချနေထိုင်နိုင်မယ့် အနေအထား မရှိသေးဘူးလို့ ဒေါ် Blooming Night က ပြောပါတယ်။

“အခုအချိန်ထိတော့ ကျမတို့ ဒုက္ခသည်ကိုယ်တိုင်မဆိုထားနဲ့ နိုင်ငံတော်အစိုးရကနေ အထူးသဖြင့်ပေါ့နော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကနေ တိုင်းပြည်တပြည်လုံးအတိုင်းနဲ့ ကြည့်လိုက်ရင် ဒုက္ခသည်တွေပြန်လာဖို့ အဆင်သင့် မရှိသေးတဲ့ အနေအထားမှာ ရှိနေတယ်လို့ သူက ပွင့်ပွင့်လင်းလင်းနဲ့ သေချာပြောခဲ့တာပေါ့နော်။ ထိုင်းနိုင်ငံကို ရောက်လာတဲ့အချိန်မှာ။ ကျမတို့ကလည်း အဲဒီအတိုင်းပါပဲ ကျမတို့ကလည်း ပြန်ဖို့ အခြေအနေတခုမှ မပေးသေးဘူး။ ဘာလို့လဲဆိုရင် ပြန်မယ်ဆိုရင် တနိုင်ငံလုံးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပြန်မယ့်ဒေသ အခြေအနေမှာ ငြိမ်းချမ်းရေးရှိတယ်ဆိုရင် အပစ်အခတ်ရပ်စဲမှု ရှိတယ်ဆိုရင် အဲဒါမျိုး၊ နောက်ပြီးတော့ ပြန်တယ်ဆိုရင်လည်းပဲ လုံခြုံစိတ်ချရတဲ့နေရာမျိုး၊ မြေမြှုပ်မိုင်းကင်းဝေးတဲ့နေရာမျိုး၊ ကင်းဝေးတဲ့အခါမျိုး၊ နောက်တခါ ပြန်လို့ရှိရင်လည်း လူ့အခွင့်အရေးချိုးဖောက်တဲ့ အခြေအနေမျိုး လုံးဝ မရှိရဘူး။ ပြန်လို့ရှိရင်လည်း ထိုက်သင့်တဲ့မြေနေရာနဲ့ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်စားသောက်ဖို့ မြေနေရာမျိုး၊ နောက် ပြန်လို့ရှိရင်လည်း ဘယ်သူမှ တွန်းအားပေးတာမျိုး မဟုတ်ဘဲနဲ့ မိမိရဲ့ဆန္ဒအလျောက် ပြန်ဖို့ အဲဒါတွေကအစ ရှိထားတယ်ပေါ့နော်။ ကျမတို့ VRC အနေနဲ့ ဒီကနေ့အထိဟာ ပြန်ဖို့အခြေအနေကတော့ မတော်သေးဘူး၊ မရောက်သေးဘူးလို့ပဲ ကျမတို့က ရပ်တည်ထားတာပေါ့။”

မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေရှိရာကို တိမ်းရှောင် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တသိန်းကျော် ရှိပါတယ်။ ဒီဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ တိုင်းပြည်ကို ပြန်လာနိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ UNHCR အဖွဲ့တို့ ပူးပေါင်း ကြိုးပမ်းနေတဲ့အကြောင်း မြန်မာအစိုးရကလည်း ပြောဆိုထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒုက္ခသည်တွေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့မှာ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေကို အချိန်ယူ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လက သူ့ရဲ့ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ပြောသွားခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/



ရှမ်းပြည်မြောက်ပိုင်းက ဘိန်းစိုက်ခင်းတခု
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးဟာ မြို့ကြီးတွေမှာတင်မက ကျေးရွာတွေ ကျောင်တွေမှာတောင် လွယ်လင့်တကူဝယ်လို့ ရနေတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ် နမ်ခမ်းမြို့က ဒေသခံအမျိုးသမီးတဦးက သူတို့ ဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေများလာနေပြီး သူတို့ရွာမှာဆိုရင် မူးယစ်ဆေးမသုံးတဲ့လူက ၁၀ ယောက်လောက်ပဲရှိတော့တယ်လို့ ပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့က အမျိုးသားလွှတ်တော်မှာလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလိုင်ခမ်းက ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေများပြားနေတဲ့ အတွက်နှိမ်နင်းဖို့ လိုအပ်ကြောင်းအဆိုကို တင်ပြခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေကြလို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အခက်အခဲဖြစ်နေကြတယ်လို့ သူက ပြောပြခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဆိုတာကိုတော့ သူက ဖေါ်ပြခဲ့ခြင်းမရှိပါဘူး။

ရန်ကုန်လိုမြို့ကြီးတွေမှာလည်း မူးယစ်ဆေးဝါးတွေ တနေ့တခြားများပြားလာတဲ့ကြောင့် သားသမီးတွေအတွက် စိုးရိမ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

မန္တလေးမှာဆိုရင် ဧရာဝတီမြစ်ထဲမှာ ဖေါင်တွေ လှေတွေ တဲတွေနဲ့ ဘိန်းဖြူ ရာဘ စတဲ့ မူးယဟ်ဆေးဝါးတွေကို တရားဝင်လိုလို ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူများလာနဲ့အမျှ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့ ခိုးဝှက် လူယက်မှုတွေ ခိုက်ရန်ဖြစ်ပွာမှုစတဲ့ ရာဇဝတ်မှုတွေလည်း များပြားလာတယ်လို့ ဆိုပါတယ်။

အမျိုးသားလွှတ်တော်ကတော့ အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလိုင်ခမ်းရဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းဖို့ လိုအပ်ကြောင်းအဆိုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆောင်ရွက်ဖို့လို့ ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုလိုက်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


2-8-2016

သြဂုတ်လ (၂)ရက်နေ့ ညနေ(၄း၃၀)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ရင်ဖုန်းလမ်းဆုံရှိ ဓါတ်ဆီဆိုင်အနီးတွင် ဆိုင်ကယ်တစ်စီးပေါ်မှ မိုင်းပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရှိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်မှာ တစ်စစီပျက်စီးသွားပြီး မောင်းနှင်လာသော ကား(၁)စီးလဲ မိုင်းဆံများထိမှန်ခံရကြောင်း သိရှိရပါတယ်။

အနီးပတ်ဝန်းကျင်ရှိလူနေတိုက်ခန်းများမှ ပြတင်းမှန်များ ကွဲကြေသွားခဲ့ကြောင်းနှင့် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

Nay Myo



ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပနေစဉ်။ Photo: MOI
နိုင်ငံတ၀န်းလုံးမှာ အဂတိလိုက်စားမှုတွေ ကျဆင်းလျော့နည်းနိုင်ဖို့အတွက် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းဆောင် ရွက်ပေးရေးအတွက် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်သွင်း လိုက်ပါတယ်။

အဆိုတင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက နယ်ပယ်အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုတွေကို မကိုင်တွယ်နိုင်ရင် တရားဥပဒေစိုးမိုးမှုရှိမှာမဟုတ်ကြောင်း တင်ပြခဲ့ပါတယ်။

"အဂတိလိုက်စားမှုများကို ထိရောက်မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံတော် ဟာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို မည်သည့်ကာလမှာရရှိမည် မဟုတ်လို့ ယုံကြည်ပါတယ်၊ ပြည်သူလူထုတခဲနက်ထောက်ခံမှုဖြင့် လက်ရှိအစိုးရအဖွဲ့အနေနှင့် တိုင်းပြည် အတွက်ကြီးမားသော ဆိုးကျိုးများပေးလျက်ရှိသည့် နယ်ပယ်အသီးသီးမှာ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်အရှိန်အဟုန်မြှင့်ပြီး ကိုယ်တွယ်ဖြေ ရှင်းဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို အလေးအနက်တင်သွင်းအပ်ပါသည်"

အကျင့်ပျက်ခြစားမှုတွေ အဂတိလိုက်စားမှုတွေဟာ ပြည်သူလူထုအကြားမှာ ရောဂါဆိုးသဖွယ် ဖြစ်ပေါ်နေကြောင်း နဲ့ အဲဒီလိုအကျင့်ပျက်ခြစား မှုတွေဟာ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု တွေအတွက် အနှောင့်အယှက် အဟန့်အတားဖြစ်စေကြောင်းလည်း ဒေါက်တာသန်းဝင်းက တင်ပြခဲ့ပါတယ်။

နိုင်ငံတကာပွင့်လွင်းမြင်သာမှုအဖွဲ့က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော် အနက် မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အဆင့် ၁၄၇မှာ ရှိနေတဲ့အတွက် ကမ္ဘာ့အလယ်မှ ရှက်စ ရာကောင်းကြောင်းနဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေဟာ အဂတိလိုက်စားမှုအများဆုံးဖြစ်ကြောင်းလည်း ဒေါက်တာသန်းဝင်းက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အလားတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ထုတ်ပြန်ထားပေမယ့် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားဖို့လိုအပ်ကြောင်း တင်ပြပြီး ဒေါက်တာသန်းဝင်းရဲ့ အဆိုကို ထောက်ခံခဲ့ ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ် သြဂုတ်လမှာ ပြည်ထောင်စုလွှတ်တော် က ပြဌာန်းခဲ့ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂ဝ၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီကော်မရှင်ထံ တိုင်ကြားစာတွေ ရောက်ရှိပေမယ့် သက်သေခိုင်မာမှုမရှိဘူးဆိုပြီး တိုင်စာအနည်း လောက် ကိုသာ အရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။ အစိုးရနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့အနေနဲ့ တိုင်ကြားစာတွေ မှန်ကန်မှု ရှိ မရှိကို နည်းလမ်းမျိုးစုံနဲ့ စုံစမ်းဖော်ထုတ် အရေးယူဖို့လည်း ဒေါက်တာ သန်းဝင်းက တင်ပြခဲ့ပါတယ်။

အဲဒီအဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့ အတည်ပြုပြီးနောက် ပါဝင်ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ အမည်စာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/


2August 2016

ထိုင်းအစိုးရရဲ့  မူဝါဒ အသစ်အရ ဇိမ်ခန်းတွေနဲ့  အချောက် ပြည့်တံဆာ တွေ ကို ပါ အပြတ်ရှင်းဖို့  လုပ်ဆောင်နေတာဟာ နိုင်ငံရဲ့  ၀င်ငွေ အများဆုံး ရနေတဲ့ နိုက်ကလပ်နဲ့  လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ ကို ရှင်းပစ်မယ်ဆိုရင် ထိုင်းစီးပွား ကျဆင်းလာပြီး အလုပ်လက်မဲ့ တွေ ပိုမိုများပြားလာမှာဖြစ်တယ်လို့ စာရေးသူ Alex Hickson က dailystar အွန်လိုင်း မှာ ဆောင်းပါး အဖြစ် ရေးသားဖေါ်ပြထားပါတယ်။


ထိုင်းနိုင်ငံမြို့ ကြီးတွေ ပင်လယ် ကမ်းခြေတွေ ရဲ့  အဓိက နိုင်ငံခြားသားတွေ လာရောက်နေကြတဲ့ လိင်ဖျော်ဖြေရေးဇုံ နေရာတွေမှာ လိင်လုပ်သားတွေကို အဖမ်းအဆီးတွေများ လာနေလို့  နိုင်ငံခြားသားတွေ သိသိသာသာ နည်းပါး လာတာတွေ့ ရပါတယ်။ ခုလိုလုပ်ရပ်ဟာ ထိုင်းမှာ စီးပွားပျက်ကပ် ရင်ဆိုင်လာရမယ်လို့ လည်း ပြော ဆိုနေကြပါတယ်။


ထိုင်းနိုင်ငံ မှာ ၂၀၁၄ ခုနှစ် UNAIDS ရဲ့ စစ်တမ်းအရ ပြည့်တန်ဆာပေါင်း တစ် သိန်းကျော် ရှိနေကြောင်း (123,530 sex workers )အစိုးရအနေ နဲ့  ပြည့်တန် ဆာ လုပ်ငန်းဟာ တရားဝင် ခွင့်ပြုထားတာ မဟုတ်ပေမယ့် သက်ဆိုင်ရာနဲ့  ရဲတွေကို လဒ်ငွေအကောက်ပေးပြီး လုပ်ကိုင်နေကြရတာဖြစ်တယ်လို့  သိရ ပါတယ်။

ထိုင်း တနိုင်ငံလုံး ပြည့်တံဆာ တွေ ရှင်းသွားဆိုတာဟာ နှစ်ပေါင်းများစွာ လိင်ရောင်း ၀ယ်ရေး အမြစ်တွယ်နေတဲ့ နိုင်ငံမှာ ဧရာမစိန်ခေါ် မှုတွေ နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါ တယ်။

By Alex Hickson
Daily Star
Social Action for Women - SAW



 ညောင်ဦးမြို့က ရေကြီးနေတဲ့ နေရာတစ်ခု
မြန်မာ နိုင်ငံတဝန်းက တိုင်းနဲ့ ပြည်နယ် တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ အတွက် ရေဘေးသင့်ဒေသက အိမ်ထောင်စုပေါင်း နှစ်သောင်းကျော်၊ လူဦးရေ တစ်သိန်းလောက် နေရာရွှေ့ပြောင်း ကြရတယ်လို့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းဘက်မှာ ဧရာဝတီမြစ်ရေ ကျဆင်းစ ပြုလာပေမဲ့ ညောင်ဦးမြို့မှာ သြဂုတ်လ ၂ ရက် နေ့လယ် ပိုင်းကစပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး စံချိန်တင် တက်လာခဲ့ ပါတယ်။

ညောင်ဦး မြို့ အောက်ဖက်ပိုင်းက ချောက်မြို့နယ်နဲ့ ရေနံချောင်းမြို့နယ် ထဲက ရွာတွေမှာလည်း မကြုံဖူးအောင် ရေတွေတိုးနေပါတယ်။

ရေနံချောင်း မြို့နယ် ဝက်လွတ် ကျေးရွာ အုပ်စုဝင် ရွာတွေမှာ နေအိမ်တွေ အားလုံး ရေမြုပ်နေပြီလို့ သူဌေးကုန်းရွာသား ကိုဇော်မင်းက ပြောပါတယ်။

ပြည်မြို့နယ် ဖက်မှာတော့ နဝင်းရပ်ကွက် ရေနစ်သွားပြီး ရွှေတောင်နဲ့ ပန်းတောင်းက အခြေနေဆိုးတယ်လို့ ပြည်မြို့မှာ ကူညီရေး လုပ်ငန်းတွေ လုပ်နေတဲ ကိုမြင့်သန်းထွန်းက ပြောပါတယ်။

နောက်ရက်တွေမှာ မန္တလေးဖက် ကနေ ဧရာဝတီမြစ်ရေက အောက်ဖက်ကို စီးလာ နိုင်တဲ့အတွက် မန္တလေး၊ စစ်ကိုင်း ကနေ မြင်းမူ အထိ ရေကျ သွားနိုင်ပေမဲ့ ပခုက္ကူ၊ ညောင်ဦးစတဲ့ ဧရာဝတီ မြစ်အောက်ပိုင်းက မြို့တွေမှာ နောက်တစ်ရက်အတွင်း ပေဝက်လောက် ထပ်တက်ပြီး စိုးရိမ်ရေမှတ် အထက် ရှိနေ နိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဦးစီးအရာရှိ ဦးမျိုးဝင်းထွန်းက ပြောပါတယ်။

မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဟင်္သာတနဲ့ ဇလွန်မှာ နောက်နှစ်ရက် အတွင်း မြစ်ရေ တစ်ပေခွဲ အထိ တက်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

လတ်တလော မြန်မာ နိုင်ငံအတွင်း ရေကြီး ရေလျှံမှု အခြေအနေဟာ နိုင်ငံတော် အဆင့် အရေးပေါ် အခြေအနေ ကြေညာဖို့ မလိုသေး ဘူးလို့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ပြောပါတယ်။

ရေဘေးဒုက္ခသည် တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတွေ အလိုက် နိုင်နိုင်နင်းနင်း အကူအညီပေးနေပြီး လက်တွေ့ ကွင်းဆင်း ကြည့်ရှု အကဲဖြတ် တာတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


ပြင်သစ်နိုင်ငံက ​မွတ်ဆလင်လူငယ် ​နှစ်ယောက်က ​ဘုန်းတော်ကြီး ​တစ်ပါးကို ​လည်လှီးသတ်ဖြတ်တဲ့ ​ကိစ္စကို ​ဆန့်ကျင်တဲ့အနေနဲ့ ​မွတ်ဆလင် ​ဘာသာရေး ​ခေါင်းဆောင်တွေက ​ကက်သလစ် ​ဘုန်းကြီးကျောင်းကို ​တက်ပြီး ​ဝတ်ပြုမှုမှာ ​ပါဝင်လိုက်ကြပါတယ်။

မွတ်ဆလင်တချို့ရဲ့ ​အကြမ်းဖက် ​လုပ်ရပ်ကို ​မွတ်ဆလင်အများစုက ​လက်မခံဘူး ​ဆိုတာကို ​ပြသနဲ့အနေနဲ့ ​ဘုရားကျောင်းတက်တာကို ​ကက်သလစ်ဘာသာဝင်တွေကလည်း ​ကြိုဆိုနေကြပါတယ်။

အသက် ​၈၆ ​နှစ်အရွယ် ​ဘုန်းတော်ကြီး ​Jacques ​Hamel ​ဟာ ​ဘုရားကျောင်းအတွင်း ​ဘုရားဝတ်ပြုပွဲ ​ကျင်းပနေတုန်း ​တခြားလူတွေနဲ့အတူ ​ဓားစာခံအဖြစ် ​ဖမ်းဆီးခံရပြီး ​လည်လှီးသတ်ဖြတ်ခံခဲ့ရတာ ​ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ​ဖရန်းစစ်ကလည်း ​မနေ့တုန်းက ​လူပေါင်း ​၂ ​သန်းနဲ့ ​ဘုရားဝတ်ပြုပွဲ ​ကျင်းပခဲ့ပြီး ​အစ္စလာမ်ကို ​အကြမ်းဖက်နဲ့ ​ဆက်စပ်တဲ့အမြင်ကို ​လက်မခံနိုင်ဘူးလို့ ​ပြောသွားခဲ့ပါတယ်။

ပိုလန်နိုင်ငံမှာ ​ပြုလုပ်တဲ့ ​ဝတ်ပြုဆုတောင်းပွဲအတွင်း ​ပုပ်ရဟန်းမင်းကြီးက ​ဘာသာတိုင်း ​ဘာသာတိုင်းမှာ ​အစွန်းရောက်တဲ့ ​လူနည်းစုတွေ ​ရှိတဲ့အကြောင်း ​အစ္စလာမ် ​ဘာသာကို ​အကြမ်းဖက်မှုနဲ့ ​ရောပြီး ​မြင်တာကို ​လက်မခံနိုင်ဘူးလို့ ​ပြောပါတယ်။

သူနေထိုင်တဲ့ ​အီတလီနိုင်ငံမှာ ​ဆိုရင်လည်း ​အကြမ်းဖက်မှုတွေကို ​နေ့တိုင်း ​သတင်းမှာ ​ဖတ်ရပြီး ​အဲဒါတွေကတော့ ​လူတစ်ယောက်က ​သူ့ရည်းစားကို ​သတ်ပစ်တဲ့အကြောင်း၊ ​တခါတလေ ​ယောက်က္ခမ ​ဖြစ်သူကို ​သတ်ဖြတ်တဲ့ ​သတင်းတွေကို ​ဖတ်ရပြီး ​သတ်ဖြတ်မှု ​လုပ်တဲ့လူဟာ ​ငယ်ငယ်တုန်းက ​ကက်သလစ် ​ဘာသာ ​ခံယူခဲ့သူ ​ဖြစ်တယ်လို့ ​ပြောဆိုလိုက်ပါတယ်။

မွတ်ဆလင်တိုင်းက ​အကြမ်းဖက်သူတွေ ​မဟုတ်ပဲ ​အကြမ်းဖက်မှု ​ဆိုတာ ​ငွေကို ​ဘုရားတစ်ဆူလို ​ကိုးကွယ်လို့ ​ဖြစ်ရတာတွေ၊ ​တခါတလေ ​လောဘ ​ဒေါတတွေကြောင့် ​ဖြစ်ရပြီး ​အကြမ်းဖက်မှုဟာ ​လူသားအားလုံးနဲ့ ​ဆန့်ကျင်တဲ့အရာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


ပြင်သစ်တွင် အစွန်းရောက်အစ္စလာမ်ဝါဒဖြန့်ဖြူးဟောကြားမှုများကို အရေးယူရာ ဒီဇင်ဘာလမှစ၍ ဗလီနှင့် ၀တ်ပြုခန်းမ ၂၀ ကျော်ကို ပိတ်သိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။ နောက်ထပ်လည်း ပိတ်သိမ်းပစ်မည့် ဗလီများရှိနေသေးကြောင်း ၎င်းကပြောသည်။

“ဗလီတွေ ၀တ်ပြုခန်းမတွေမှာ အမုန်းတရားဖြန့်ဖြူးသူတွေ၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ ခံယူချက်သဘောတရားတွေ အထူးသဖြင့် ယောက်ျားမိန်းမ သာတူညီမျှမှုတွေကို မလေးစားသူတွေအတွက် ပြင်သစ်မှာ နေစရာနေရာမရှိဘူး”ဟု ဘားနတ်ကာဇေနူးက ပြင်သစ်မွတ်စလင်ကောင်စီလူကြီးများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဒါကြောင့် ဥပဒေဘောင်၊ အုပ်ချုပ်ရေးဘောင်ထဲကနေပြီးတော့ အရေးပေါ်အခြေအနေအရ ဗလီတွေ ပိတ်ပစ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်တယ်။ လက်ရှိ ဗလီ ၂၀ လောက် ပိတ်ပြီးပြီး။ နောက်ထပ်လည်း လာဦးမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။


ယင်းအပြင် ၂၀၁၂ ခုနှစ်မှစ၍ လူဦးရေ ၈၀ ခန့် ပြင်သစ်မှ နှင်ထုတ်ခဲ့ကြောင်း၊ နောက်ထပ် ပြည်နှင်ဒဏ်ပေးမည့်သူများ ကျန်ရှိနေသေးကြောင်း ဆက်လက်ပြောကြားသည်။

ပြင်သစ်နိုင်ငံတွင် ဗလီနှင့် ၀တ်ပြုခန်း ၂၅၀၀ ကျော်ရှိပြီး ယင်းအနက်မှ ဗလီ ၁၂၀ ၀န်းကျင်ခန့်တွင် အစွန်းရောက် ဆာလာဖီ အစ္စလာမ်ဝါဒကို ဟောကြားဖြန့်ဖြူးနေသည်ဟု ယူဆရသည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သော အကြမ်းမှုများအပြီး လုံခြုံရေးတပ်ဖွဲ့များ၏ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေနှင့် ဗလီများကို ပြည်ပမှ ရံပုံငွေထောက်ပံ့နေခြင်းများနှင့်ပတ်သက်၍ ပြင်သစ်ပြည်သူများက မေးခွန်းထုတ်လျက်ရှိသည်။

ဗလီများအား ပြည်ပမှ ငွေကြေးထောက်ပံ့နေမှုနှင့်ပတ်သက်၍ ပြင်သစ်အစ္စလာမ်ဖောင်ဒေးရှင်းမှတဆင့် ဗလီများ၏ငွေကြေးစီးဆင်းမှု လုံးဝ ပွင့်လင်းမြင်သာမှုရှိစေရေး၊ ပြင်သစ်လူနေမှုဘ၀ကို လေးစားမှုရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း ကာဇေနူးက ပြောကြားသည်။

ပြင်သစ်ဝန်ကြီးချုပ် မန်နူရယ်ဗားလ်စ်ကလည်း ပြင်သစ်နိုင်ငံတွင် အစ္စလာမ်ဘာသာရေးလွတ်လပ်ခွင့်အတွက် ခက်ခဲသွားပြီဖြစ်ကြောင်း၊ ပြင်သစ်နှင့် အစ္စလာမ်ဘာသာ ဆက်နွယ်မှုများရှိသည့်တိုင် အစွန်းရောက်မှု၏ ကြောက်မက်ဖွယ်ရာ အဆိပ်အတောက်များ ပျံ့ပွားလျက်ရှိကြောင်း ပြောသည်။

“ပြင်သစ်ပြည်ရဲ့ လွတ်လပ်မှုကို ထိပါးစော်ကားသူတွေကို နှိမ်နင်းတဲ့နေရာမှာ အစ္စလာမ်က ကူညီပါဝင်မှု မရှိဘူးဆိုရင် ပြင်သစ်မှာ အစ္စလာမ်ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးဖို့ ပိုမို ခက်ခဲလာမှာဖြစ်တယ်”ဟု ၀န်ကြီးချုပ်က Dimanche ဂျာနယ်မှ ဖော်ပြခဲ့သည့် ဆောင်းပါးရှည်ကြီးတွင် ထည့်သွင်းရေးသားခဲ့သည်။

ပြင်သစ်နိုင်ငံရှိ ဗလီများအားလုံး၏ ငွေကြေးလည်ပတ်စီးဆင်းမှုကို တာဝန်ယူဆောင်ရွက်မည့် ဖောင်ဒေးရှင်းတခု တည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း ပြင်သစ်မွတ်စလင်ကောင်စီအကြီးအကဲ အာနူဝါကဘီဘက်က သြဂုတ် ၁ ရက်နေ့က ပြောသည်။

Ref;RT
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်ရှိ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်က မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရန် ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။ သူတို့ကို မူလနိုင်ငံသားများအဖြစ် ပြန်လည် အသိအမှတ်ပြုရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းကို ပါဝင်၍ ကျသည့်နေရာမှ ဝင်ရောက်လုပ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ “ကျွန်တော်တို့ နယ်စပ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အသွင်ကူးပြောင်းရေး ကာလ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် ကျွန်တော်တို့ နှစ်ပေါင်းများစွာ လေ့လာဆည်းပူး လုပ်ဆောင်ခဲ့တဲ့ ကျွမ်းကျင်ရာ လုပ်ငန်းတွေအလိုက် ကျရာအခန်းကဏ္ဍတွေမှာ ပါဝင်ဖြည့်ဆည်း ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်” ဟု မွန်အမျိုးသား လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ နိုင်ကဆုမွန်က ဆိုပါသည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ပြီး အာဏာပေးအပ်ရန် တောင်းဆိုသော ရွေးကောက်ခံ လွှတ်တော်အမတ်များကို ဖမ်းဆီးလာသည့်အခါ လွှတ်တော်အမတ် တစ်ဦးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲလည်းဖြစ်သူ ဦးစိန်ဝင်းနှင့် အမတ်အချို့ နယ်ခြားသို့ ထွက်ခွာ၍ အဝေးရောက် အမျိုးသားညွန်ပေါင်းအစိုးရ ဖွဲ့စည်းပြီး ဦးစိန်ဝင်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ ညွန့်ပေါင်းအစိုးရ၏ ရည်ရွယ်ချက်မှာ ပြည်တွင်း NLD ကို ကူညီပံ့ပိုးရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာသို့ ဖြန့်ဝေရေးဖြစ်သည်။ ဦးစိန်ဝင်းသည် ယခုအခါ အမေရိကန်တွင် နေထိုင်လျက်ရှိပြီး မြန်မာပြည် ပြန်လာရန်အတွက် သံရုံးတွင် လျှောက်ထားသည့်အခါ သူ့အားခံဝန်ချက် လက်မှတ်ရေးထိုးပေးခြင်းနှင့် နိုင်ငံရေးမလုပ်ဟု အာမခံခြင်း၊ ဆွေမျိုးများကိုသာ တွေ့ဆုံရမည် စသည်တို့ကို သဘောတူညီရမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ဦးစိန်ဝင်း၏ဇနီး ဒေါ်စီစီသွယ်က ဖေ့စ်ဘွတ်နှင့် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား ပြည်နယ်ထုတ် မိုးမခစာစောင်တွင် ထိုအကြောင်းကို ဆောင်းပါးရေး၍ ဒီမိုကရေစီရေးကို အသက်စွန့် လုပ်ဆောင်ခဲ့သူ တစ်ယောက်ရရှိတဲ့ ဆုလာဘ်က ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာလည်း “ခံဝန်ချက်ထိုး၊ အသနားခံစာတင်၊ ဘယ်ထဲမှဝင်မပါနဲ့၊ ဆွေမျိုးတွေနဲ့ပဲ တွေ့တဲ့လား” ဟု တင်ပြပြီး “မြန်မာပြည်အတွက် ပေးဆပ်နေသူတွေ ဘယ်တော့ “ခံဝန်ချက်ထိုးရတဲ့ဘ၀က လွတ်မလဲ” ဟု သူမ၏ “က၀ိအို၏ အိမ်ပြန်ချိန်” ဆောင်းပါးထဲတွင် ရင်နာစွာ ရေးသားတင်ပြခဲ့သည်။

ပြည်ပရောက် တက်ကြွလှုပ်ရှားသူများ အားလုံး ထိုသတင်းကို ကြားသိရသည့်အခါ အလွန်အံ့သြ တုန်လှုပ်သွားကြသည်။ အကြောင်းမှာ ဦးစိန်ဝင်းဦးဆောင်သည့် ညွန့်ပေါင်းအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်တို့၏ အရိပ်ပင်ဖြစ်ပြီး ဖိနှိပ်ခံရမှုကြောင့် မနေနိုင်တော့သည့်အဆုံး ပြည်ပသို့ ထွက်ပြေးလာသော ဒေါ်အောင်ဆန်းစုကြည် ပါတီဝင် အများစုနှင့် ဖွဲ့စည်းထားခြင်းဖြစ်သလို NLD ပါတီလုပ်ရပ်များကို ရာခိုင်နှုန်းပြည့် ပြည်ပမှ ထောက်ခံမှုပေးနေသည့် အဖွဲ့လည်းဖြစ်သည်။ ဦးစိန်ဝင်းအပြင် ပြည်ပရောက် ဒီမိုကရေစီရေး လှုပ်ရှားသူများသည်လည်း ဂုဏ်သိက္ခာရှိရှိ ပြည်တော် ပြန်ချင်ကြသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဖြစ်လာသည့်အခါ သူတို့အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ပြန်ခေါ်တော့မည်ဟုကြီးစွာ မျှော်လင့်ထား ကြသော်လည်း လက်တွေ့တွင်မူ ဖြစ်မလာခဲ့ချေ။

ထိုသို့ဖြစ်နေသည်မှာ အစိုးရသစ်အနေနှင့် ပြည်ပရောက် လှုပ်ရှားသူများတွင် နိုင်ငံတကာ အတွေ့အကြုံများ ရှိနေပြီး ထိုသူတို့ ဝင်လာပါက မည်သည့်အရာ မှားသည်၊ မှန်သည်၊ မည်သို့လုပ်ဆောင်သင့်သည် စသည်တို့ကို ပွင့်ပွင့်လင်းလင်း ထောက်ပြဆွေးနွေး ဝေဖန်သည့်အခါ အစိုးရကို အကျပ်ရိုက်စေနိုင်မည်ကို စိုးရိမ်ကောင်း စိုးရိမ်နေနိုင်သည်။ အကြောင်းမှာ အစိုးရသည် တပ်မတော်နှင့် အမျိုးသားရင်ကြားစေ့ရေးကို အစွမ်းကုန် လုပ်နေသော်လည်း ပြည်ပတက်ကြွ လှုပ်ရှားသူများသည် စစ်အစိုးရကို ခါးခါးသီးသီး မုန်းတီးခဲ့သူများဖြစ်၍ ထိုအချက်ကို အလေးထားချင်မှ ထားပေလိမ့်မည်။ အစိုးရသစ်အနေနှင့် ပြည်တော်ပြန်များသည် ထိန်းချုပ်ရန် ခက်ခဲလိမ့်မည်ဟု စိုးရိမ်မှုများလည်း ရှိနေနိုင်ပေသည်။ အခြားဖြစ်နိုင်ခြေတစ်ခုမှာ ပြည်ထဲရေးဝန်ကြီးဌာန ထိပ်ပိုင်း၌ လုပ်ကိုင်ဆောင်ရွက်နေသော ဗျူရိုကရက်များနှင့် သံရုံးဝန်ထမ်းများသည် စစ်အစိုးရနှင့် အလွမ်းသင့်သူများ၊ အခွင့်ထူး ရနေသူများဖြစ်သလို တချို့သည် မိုးကျရွှေကိုယ်များ ဖြစ်ကြပြီး ထိုသူတို့က ပြည်ပရောက်များကို ဂုဏ်သိက္ခာရှိရှိ ပြန်မလာစေချင်သည့် အတွက်ကြောင့် ယခင်အစိုးရပေါ်လစီအတိုင်း ခံဝန်လက်မှတ်ထိုးခိုင်းခြင်း၊ ပြည်တွင်းရှိ ဆွေမျိုးသားချင်းများထံမှ ထောက်ခံစာ တောင်းခိုင်းခြင်းတို့ကို ပြုလုပ်မြဲ ပြုလုပ်နေခဲ့ကြသည်။ NLD အစိုးရသည် ထိုခေါက်ရိုးကျိုးနေသော စစ်ထွက် ဗျူရိုကရက်များကို မသန့်စင်နိုင်ဘဲ နေမြဲအတိုင်း ဆက်ခန့်ထားပါက ပြည်ပရောက်များ ရွှေပြည်တော်မျှော်တိုင်း ဝေးနေကြဦးမည်သာ ဖြစ်သည်။

ထို့ပြင် ပြည်တွင်းရှိ ဒီမိုကရေစီရေးလှုပ်ရှားသူများ၊ မိမိလယ်မြေ ပြန်ရရေးအတွက်ဆန္ဒပြသဖြင့် ဖမ်းဆီးခံရသူများနှင့် ဒေါ်အောင်ဆန်းစုကြည်အား အစွမ်းကုန် အားပေးထောက်ခံရင်း ပြည်သူများ၏ နစ်နာမှုကို ဗြောင်ထုတ်ဖော်ရင်း ထောင်အကြိမ်ကြိမ်ကျခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများကို မည်သို့အားပေး ထောက်ခံမည်နည်း။ မြောက်ဥက္ကလာပ မြို့နယ် (င) ရပ်ကွက် ပြည်သူပိုင် နွယ်နီအားကစားကွင်းအား ဂရန်ဖောက်ရောင်းစားခြင်းကို လက်မခံဘဲ ကာကွယ်သူများထဲမှ ပြည်သူသုံးဦးနှင့် MDCF ခေါင်းဆောင်ပါ လေးဦးကို မြောက်ဥက္ကလာပမြို့နယ် တရားသူကြီးက ပုဒ်မ ၄၂၇၊ ၄၄၇ ဖြင့် စွဲချက်တင်ခဲ့ခြင်းသည်လည်း ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် မဖြစ်သင့်သည့် အချက်ဖြစ်ပါသည်။ စစ်အစိုးရလက်ထက် မတရားမြေယာသိမ်းမှုများ၊ ပြည်သူပိုင်မြေများ ဖြစ်သည့် ပြည်သူ့ အားကစားကွင်းများနှင့် အပန်းဖြေပန်းခြံများကို မောင်ပိုင်စီး ရောင်းစားမှုများ ရှိခဲ့သည်ကို မပြောလိုသော်လည်း လက်ရှိ ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ထိုမတရား လုပ်ဆောင်မှုများကို ကျူးလွန်သူများအား အမှုမဖွင့်ဘဲ ပြည်သူဘက်မှ ပြည်သူပိုင်မြေကို ကာကွယ်သူများကို အမှုဖွင့်ခြင်းမှာ မဖြစ်သင့်သော ကိစ္စပင်ဖြစ်သည်။ ပြည်သူ့ အားကစားကွင်းဖြစ်ကြောင်း ထင်ရှားသည့်အမှုတွင် ရောင်းစားသည့်သူကို စစ်ဆေးအရေးယူခြင်းမရှိဘဲ ဘက်လိုက်ဆုံးဖြတ်သည့် တရားသူကြီးများကိုလည်း ချက်ချင်း အရေးယူသင့်လှပေသည်။ တရားလိုမှ တရားခံအဖြစ် ရောက်စေသော ခေတ်ကုန်ဆုံးပြီဖြစ်ကြောင်း ပြသရန်လိုပေသည်။ သို့မှသာ တရားဥပဒေစိုးမိုးရေး ကြီးစိုးလာနိုင်မည် ဖြစ်သည်။

နိဂုံးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အခက်အခဲများစွာကို ကျော်လွှားပြီး တိုင်းရင်းသားများနှင့် တပ်မတော်ကြား ငြိမ်းချမ်းရေးရရှိရန် ခက်ခဲစွာ ကြိုးစားရဦးမည် ဖြစ်သလို၊ မိမိနှင့်ခံယူချက် တူညီသော ပြည်တွင်းရှိ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး လူ့အခွင့်အရေးတို့အတွက် လှုပ်ရှားသူများနှင့် လက်တွဲ ပေါင်းစည်းပြီး နိုင်ငံတော်ကြီးကို ထူထောင်ရန်လည်း အမြန်ဆုံး ကြိုးစားရဦးမည်ဖြစ်သည်။ ပြည်ပရောက် အင်အားစုများ ပြည်တွင်းသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လာပြီး တိုင်းပြည် တည်ဆောက်ရေးတွင် လုပ်ဆောင်နိုင်ရန် အခွင့်အလမ်း ဖွင့်ပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ခက်ခဲမှုမရှိနိုင်ဟု ထင်မြင်ယူဆမိပါသည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News Journal


အခု မနက် ဖြစ်ပျက်ခဲ့တဲ့ "ပြည်တော်ဝင် ဦးမောင်မောင်ဝမ်းနဲ့ ဆိုက်ရောက် ပြည်နှင်ဒဏ် အရှုပ်တော်ပုံ" ဖြေရှင်းတာ ၅၀ ရာခိုင်နှုန်းလောက် ပြေလည်သွားပါပြီ။ ဦးမောင်မောင်ဝမ်းရဲ့ မိတ်ဆွေတွေ ဖြစ်တဲ့ ဦးသူရ Maung Thura၊ ဦးထိန်လင်း Htein Lin တို့ စုစည်း ဦးဆောင်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဆီကို အဆင့်ဆင့် တင်ပြပြီး အရေးကိစ္စကို ပြေလည်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဦးမောင်မောင်ဝမ်း ပြည်တွင်းကို ပြည်တော်ဝင်ဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရပြီ ဆိုပေမယ့် အခု အချိန်မှာ ဦးမောင်မောင်ဝမ်း ဘယ်ရောက်နေသလဲ ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ မနက်တုန်းက သူ ဆိုက်ရောက်လာတဲ့ လေကြောင်း ခရီးစဉ်နဲ့ ပြန်လည် ထွက်ခွာဖို့ တာဝန်ရှိသူတွေက သူ့ကို ချက်ချင်း နှင်ထုတ်လိုက်တဲ့ အချိန်က စပြီး အခု အချိန်အထိ ဦးမောင်မောင်ဝမ်းနဲ့ ပြည်တွင်းက မိတ်ဆွေတွေ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ ဦးမောင်မောင်ဝမ်းက လက်ကိုင်ဖုန်းနဲ့ အင်တာနက် သုံးလေ့သုံးထ မရှိတဲ့ အတွက်ကြောင့် လေဆိပ် အကူးအပြောင်းမှာ ဆက်သွယ်ဖို့ အခက်ရှိနေပြန်ပါတယ်။

အခု မနက်ခင်းမှာ ပြည်တော်ဝင်လိုသူကို ပြည်နှင်ဒဏ် ချီးမြှင့်လိုက်တဲ့ အတွက်ကြောင့် ဦးမောင်မောင်ဝမ်း စိတ် အတော်ပဲ ထိခိုက်သွားတယ်လို့ မိတ်ဆွေ အရင်းအခြာတွေက ယူဆကြပါတယ်။ တိုင်းပြေ အတွက် တတ်စွမ်းသမျှ ၀န်းရံဖို့ ပြန်လာသူကို ရင်ဝ ခြေထောက်နဲ့ ဆောင့်ကန်သလို ဖြစ်သွားတဲ့ အတွက်ကြောင့် အခန့်မသင့်ရင် အင်မတန် ပြင်းထန်တဲ့ စိတ် နာကျင်မှု ဖြစ်ပေါ်နိုင်တာက အမှန်ပါပဲ။ စိတ် နာကျင်မှု အဆင့် ကျော်လွန်ပြီး စိတ် နာကျည်းမှု ဖြစ်သွားရင်တော့ ဘာမှ မတတ်နိုင်တော့ပါဘူး။ ဒါက စိတ်ပိုင်းဆိုင်ရာ ထိခိုက် ဆုံးရှုံးမှု ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ ဦးမောင်မောင်ဝမ်းက မီလျံနာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ သူ စာပေ ပို့ချဖို့ သူ့ စရိတ်နဲ့ သူ့ ပြန်လာတာ ဖြစ်တာပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံ အသွား အပြန် လေယာဉ်ခက အနည်းဆုံး ဒေါ်လာ ၁၅၀၀ (ကျပ်ငွေ ၁၅ သိန်း) ရှိပါတယ်။ မီလျံနာ မဟုတ်သူ တစ်ယောက် အနေနဲ့ ဒေါ်လာ ၁၅၀၀ ဆိုတာ မနည်းပါဘူး။ သူ စုဆောင်းထားတဲ့ ချွေးနည်းစာ ဆုံးရှုံးပြီပေါ့။ သူ့ အနေနဲ့ ပြည်တော်ဝင်ချင်စိတ် ရှိသေးတယ် ဆိုရင်တောင်မှ ဒီ ငွေကြေး ဆုံးရှုံးမှုက သူ့ အိမ်အပြန်လမ်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အိမ်နိမ့်စံဘ၀ ရောက်နေစဉ် ၁၉၉၅ ခုနှစ် လောက်မှာ ဦးမောင်မောင်ဝမ်းဟာ တကသ ရဲဘော် အဖြစ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံကို ဦးဆောင် ၀န်းရံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားလူထု အကြား အဆက်အသွယ် ပြတ်တောက်မှု မရှိရေး အတွက် ထောင် မကြောက်၊ တန်း မကြောက် ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒီလို လူမျိုး ပြည်တော်ဝင်ဖို့ ထပ်ပြီး အခက်အခဲ ဖြစ်ရဦးမယ် ဆိုရင်တော့ ရာဇ၀င် အင်မတန် ရိုင်းပေရော့မယ်။

ဦးမောင်မောင်ဝမ်း မြန်မာနိုင်ငံကို ထပ်ပြီး ပြန်လာဖို့ လေယာဉ် လက်မှတ်ခ အခက်အခဲ ရှိနိုင်တယ် ဆိုတာကို အထူးပဲ စဉ်းစားဖို့ လိုပါတယ်။ တကယ်လို့ သူ့ အနေနဲ့ ငွေရေးကြေးရေး အခက်အခဲ ရှိမယ် ဆိုရင် ဖြေရှင်းဖို့ ပန်းချီဦးထိန်လင်းက ဒေါ်လာ ၂၀၀၊ ကျွန်တော်က ဒေါ်လာ ၁၀၀ အသင့်ပြင်ထားပါတယ်။ သူ့ မိတ်ဆွေတွေ၊ တပည့်တပန်းတွေကလည်း သူတို့ ဆရာကို တတ်စွမ်းသမျှ ၀န်းရံဖို့ ပြင်ဆင်နေကြပါတယ်။

Htein Lin

phone-shop-620.jpg
ရန်ကုန်မြို့က ဖုန်းအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Photo: RFA
မိုဘိုင်းဖုန်း သုံးစွဲသူတွေအနေနဲ့ လာမယ့် ၂၀၁၇ မတ်လ ၃၁ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာ ဖုန်းအော်ပရေ တာတွေဆီမှာ ကိုယ်ရေးအချက်အလက်တွေနဲ့ မှတ်ပုံတင်ဖို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဖုန်းအော်ပရေတာတွေကို စရောင်းစဉ်ကတည်းက မှတ်ပုံတင်ပြီးမှ ရောင်းချဖို့ ပြောထားပေမယ့် လိုက်နာမှု မရှိကြတာကြောင့် အခုလို ညွှန်ကြားချက် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ က ပြောပါတယ်။

သုံးစွဲသူတွေအနေနဲ့ မှတ်ပုံတင် ပြုလုပ်မယ်ဆိုရင် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ဒါမှမဟုတ် ကျောင်း သားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ နိုင်ငံခြားသားဖြစ်ပါက Passport No၊ စတဲ့ ကတ်ပြားမိတ္တူတွေ၊ အဘအမည် ၊ မွေးသက္ကရာဇ်၊ လူမျိုး၊ နဲ့ နေရပ်လိပ်စာ စတဲ့ အချက်အလက်တွေ လိုအပ်ပါတယ်။

SIM Card ပျက်စီး၊ ပျောက်ဆုံးမှုတွေဖြစ်ရင် အလွယ်တကူ ပြန်လည်ရရှိသုံးစွဲနိုင်ဖို့အတွက် အခုလိုဆောင်ရွက်တာ လို့လည်း ဦးမျိုးဆွေက ပြောပါတယ်။

လက်ရှိသုံးစွဲနေတဲ့ သက်ဆိုင်ရာဖုန်းအော်ပရေတာတွေအနေနဲ့ Sim Card မှတ်ပုံတင်လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ထုတ်ပြန်ရမှာဖြစ်ပြီး အဲဒီနည်းလမ်းတွေအတိုင်း သုံးစွဲသူတွေက ၂၀၁၇ မတ်လ ၃၁ ရက်နေ့မတိုင်မီ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ရက်အတွင်း မှတ်ပုံတင်မပြုလုပ်ထားဘူးဆိုရင် Sim Card တွေကို ယာယီပိတ်ပင်သွားမှာ ဖြစ်ပြီး မှတ်ပုံတင်ပြီးမှသာ ပြန်လည်သုံးစွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။
RFA


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့

မကြာခင်ရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီး ကျင်းပတော့မှာမို့ ထိုင်းအစိုးရဘက်က လုံခြုံရေးအထူးတင်းကျပ်ထားလို့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေနဲ့ မြန်မာအလုပ်သမားတွေကို သတိရှိရှိ နေထိုင်သွားလာကြဖို့ ဘန်ကောက်မြန်မာသံရုံးက သံမှူးကြီးက သတိပေးနိုးဆော်လိုက်ပါတယ်။ ထိုင်းနိုင်ငံတွင်း ခရီးသွားလာကြတဲ့အခါ သက်သေခံအထောက်အထားတွေကို မိမိနဲ့မကွာယူဆောင်သွားကြဖို့ ထိုင်းရဲတွေဘက်က လုံခြုံရေးအရ စစ်ဆေးတဲ့အခါ အသာတကြည်စစ်ဆေးခံဖို့လည်း တိုက်တွန်းထားပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးကနေ ၂၀၁၆ခုနှစ် သြဂုတ်လ (၁)ရက်နေ့ နေ့စွဲနဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက် အထူးသတိပေးနိုးဆော်စာ ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ လာမယ့် သြဂုတ်လ(၇)ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပပြုလ်ုပမှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံအစိုးရဘက်က လုံခြုံရေးရဲတပ်ဖွဲ့ဝင်အင်အားအမြောက်အမြားသုံးပြီး လုံခြုံရေး တိုးမြှင့်ချထားမှာဖြစ်လို့ ထိုင်းနိုင်ငံရောက်မြန်မာတွေ လုံခြုံရေးအထူးသတိရှိကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးသတိပေးလိုက်တာပါ။

ထိုင်းနိုင်ငံမှာ အခုလို ဆန္ဒခံယူပွဲအတွက် လုံခြုံရေးတင်းကျပ်နေတာနဲ့တပြိုင်နက်တည်း ထိုင်းရောက်အလုပ်သမားတွေအတွက် စီမံချက်တွေနဲ့ အရေးယူတာတွေရှိနေတဲ့အတွက် ပိုပြိးတော့ သတိနဲ့နေထိုင်ကြဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးကြီးဦးဝဏ္ဏဟန်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ထိုင်းမှာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၇ ရက်နေ့မှာ ကျင်းပတော့မယ်လေ။ အဲဒီအတွက်ကြောင့် သူတို့ကလည်း လုံခြုံရေးကို တင်းကျပ်နေတဲ့ ကာလဖြစ်နေတာပေါ့နော်။ ပြီးတော့လည်း အလုပ်သမားတွေနဲ့ ပတ်သက်လို့လည်း စီမံချက်လိုမျိုးဆောင်ရွက်နေတာရှိတယ်။ အခုက တရားမ၀င်အထောက်အထားမဲ့ အလုပ်သမားတွေကို ဖမ်းဆီးပြီးတော့ နေရပ်ပြန်ပို့တာတို့ လုပ်နေတာပေါ့နော်။ အဲလိုမျိုးအချိန်ကာလဆိုတော့ ကိုယ့်နိုင်ငံသားတွေ ထိခိုက်နစ်နာမှု ဘာမှ မရှိအောင် ကြိုတင်သတိပေးထားတဲ့ သဘောမျိုးပေါ့ခင်ဗျာ။ အခုက ထိုင်းမှာဆိုတော့ အမတို့သိတဲ့အတိုင်း နိုင်ငံရေးကလည်း နည်းနည်းရှုပ်ထွေးနေတဲ့အနေအထားတွေရှိတယ်ပေါ့နော်။ သူတို့ Constitution အပေါ်မှာလည်း တချို့မလိုလားတဲ့အဖွဲ့အစည်းတို့ နိုင်ငံရေးပါတီတို့လည်း ရှိနေတော့လေ ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကလည်း ဘယ်လိုနည်းနဲ့ ဘာအကြောင်းပဲရှိရှိ ကိုယ့်နိုင်ငံသားတွေ အလည်ပဲလာလာ ဒီမှာလည်းနေတဲ့လူတွေရှိသလို ပညာသင်တဲ့လူတွေလည်းရှိတယ်လေ အခုကာလမှာ ဂရုတစိုက်သွားလာစေချင်တာပေါ့နော်။ တစုံတရာဖြစ်ခဲ့လို့ရှိရင်လည်း ကိုယ့်နိုင်ငံသားတွေ ဘာမှ မဖြစ်စေချင်ဘူးပေါ့လေ ။ ကျနော်တို့ဖြစ်စေချင်တာက အရေးကြီးကာလမို့ သတိပေးထားတဲ့သဘောပေါ့ဗျာ။ အခုစစ်ဆေးမှုတွေလည်း တော်တော်လေးတင်းတင်းကျပ်ကျပ်လုပ်နေတဲ့ ကာလဖြစ်တော့ ကိုယ်ရဲ့ passport တို့ ID တို့ သက်သေခံအထောက်အထားတို့ ကတော့ ခရီးသွားတဲ့အချိန်မှာ ထည့်သွားဖို့လိုတာပေါ့နော်။”

ထိုင်းရောက်မြန်မာတွေ အခက်အခဲတစုံတရာရှိရင် ဆက်သွယ်ဖို့အတွက်လဲ ကြေညာချက်ထဲမှာ သံမှူးကြီး၊ သံမှူး၊ ဒုတိယအတွင်းဝန်နဲ့ အလုပ်သမားသံအရာရှိစတဲ့ သံရုံးတာဝန်ခံ ငါးဦးရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေကို ဖော်ပြထားပြီး နေ့ညမရွေးဆက်သွယ်နိုင်ပါတယ်လို့လည်း သံမှူးကြီးဦးဝဏ္ဏဟန်ကပြောပါတယ်။

“ဆက်လို့ရပါတယ် ဒါကတော့ ကျနော်တို့ မိုဘိုင်းဖုန်းတွေပါခင်ဗျ။ နေ့ရောညရောဆက်လို့ရပါတယ်ခင်ဗျ။”

အခုချိန်ဟာထိုင်းနိုင်ငံမှာ နိုင်ငံရေးရေချိန်မြင့်နေချိန်ဖြစ်လို့ ထိုင်းရောက်မြန်မာတွေ မိမိလုံခြုံရေးကို အထူးသတိထားနေထိုင်ကြဖို့နဲ့ ကိုယ်နဲ့မဆိုင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို့လည်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေအတွက် ဥပဒေအကြံပေး ရှေ့နေဦးအောင်မျိုးသန့်ကလည်း သတိပေးပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူ၊ မတူဆိုပြီးတော့ စစ်အစိုးရကနေပြီးတော့ ချပြပေးမယ့် ဥပဒေအပေါ်မှာ ၀ိဝါဒ ကွဲလွဲမှုတွေ ထိုင်းနိုင်ငံထဲမှာ တော်တော်များပြားတင်းမာနေတဲ့အနေအထားရှိပါတယ်။ အဲဒီလို တင်းမာနေတဲ့အနေအထားထဲမှာ မိမိနိုင်ငံသားများအနေနဲ့ အသွားမတော်၊ အနေမတော်ခဲ့ရင် ဒုက္ခရောက်နေမှာစိုးလို့ ဒီကိစ္စတွေမှာ ကျနော်တို့ တက်နိုင်သမျှ ဆင်ဆင်ခြင်ခြင်နဲ့ သွားလာလို့ရှိရင်လည်း အထောက်အထားပြည့်စုံအောင်ယူသွားဖို့ ၊ လိုအပ်မှ သွားဖို့ဆိုတဲ့ဟာတွေ အလုပ်သမားတွေအားလုံးကို သိစေချင်ပါတယ်။”

အခုဆိုရင်တော့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထူးသတိပေးကြေညာချက်တွေနဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို အလုပ်သမားရေးလှုပ်ရှားသူတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေကနေတဆင့် အလုပ်သမားတွေကို လိုက်လံနိုးဆော်ပေးနေတယ်လို့လည်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့တာဝန်ခံ မသက်သက်ဦးက ပြောပါတယ်။

“ကိုယ့်မှာရှိနေတဲ့ စာရွက်စာတမ်းတွေကို အကုန်လုံးကို အပါယူသွားဖို့ပေါ့။ Work permit ယူသွား ၊ အလုပ်သမားကတ်ယူသွား နောက် ပက်စပို့စာအုပ်ရှိသေးတယ် သက်တမ်းမကုန်သေးဘူးဆိုရင်လည်း စာအုပ်ရှိထားတဲ့ဟာပါ ယူသွား ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်က ဖြေရှင်းချက်ပေးလို့လည်းမရဘူး။ ညှိနှိုင်းလို့လဲမရဘူး စစ်တပ်အစိုးရဖြစ်တယ်ဆိုတော့နော်။ အဲဒီအတွက် မိမိနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးကို တပါတည်း သွားလေရာရာမှာယူဆောင်သွားဖို့ အဲဒီတွေ ကျမတို့ပြောချင်ပါတယ်ရှင့်။”

ထိုင်းနိုင်ငံကို စီးပွားရေး၊ ကျန်းမာရေး ဆေးကုသမှု၊ ပညာသင်ယူဖို့ အလည်ပတ်နဲ့ အလုပ်လုပ်ကိုင်ဖို့ စတဲ့အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဒီရက်ပိုင်းအတွင်း ခရီးသွားလာတဲ့အခါ အထူးသတိထားသွားလာကြဖို့နဲ့ နိုင်ငံကူးလက်မှတ်၊ ပတ်စပို့ ၊ အလုပ်လုပ်ခွင့်သက်သေခံလက်မှတ် ID လို စာရွက်စာတမ်းအထောက်အထားအပြည့်အစုံ ယူဆောင်သွားကြဖို့နဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဘက်က စစ်ဆေးတဲ့အခါမှာလည်း အသာတကြည် စစ်ဆေးခံယူဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်ထဲက အာဏာသိမ်းခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရက ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲခဲ့ပြီး ထိုင်းလွှတ်တော်အပေါ် စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုကို ခိုင်မာအောင်ရေးဆွဲ ထားတယ်လို့ ဝေဖန်ထောက်ပြနေကြတဲ့ ဖွဲ့စည်းပုံမူကြမ်းနဲ့ပါတ်သက်လို့ကန့်ကွက်သူ အများအပြားကို ဖမ်းဆီးနေပါတယ်။ ဆန္ဒခံယူပွဲကျင်းပတဲ့နေ့ကျရင် ဆန္ဒပြမှုတွေ ကန့်ကွက်မှုတွေနဲ့ ကြုံလာရနိုင်တာမို့ ထိုင်းအာဏာပိုင်တွေဘက်က ရဲတပ်ဖွဲ့ဝင် ၁ သောင်းကျော်ကို ဖြန့်ချထားမှာဖြစ်သလို လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားမှာဖြစ်လို့ ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းရောက်နိုင်ငံခြားသားတွေ လုံခြုံရေးသတိထားကြဖို့ သက်ဆိုင်ရာသံရုံးတွေက သတိပေးနိုးဆော်နေချိန်လည်းဖြစ်ပါတယ်။

VOA Burmese News

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ လယ်ယာမြေများ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ လယ်ယာမြေများ

စစ်တပ်နေရာတိုးချဲ့ရေးနဲ့တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလုပ်ဆောင်ဖို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ သိမ်းဆည်း ထားပြီး အသုံးမလိုတော့တဲ့ လယ်ယာမြေဧက(၁၂၀၀)ကျော်ကို ပထမဆုံးအကြိမ်ဒေသခံ လယ်ပိုင်ရှင်တွေကိုပြန်လည် ပေးအပ်ခဲ့ ပါတယ်။ ဒါပေမယ့် ပြန်လည်ပေးအပ်တဲ့ လယ်ယာမြေတွေဟာ ငါး ပုဇွန်မွေးမြူရေးနေရာဟောင်းတွေသာဖြစ်ပြီး လယ်ယာပြန်လည် လုပ်ကိုင်ဖို့ဖြစ်နိုင်ချေ နည်းပါးတယ်လို့လဲ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကနေထောက်ပြပြောဆိုနေပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း စစ်တပ်ကနေ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက(၁၂၀၀)ကျော်ကို မနေ့က မူလ လယ်ပိုင်ရှင်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ပြန်ကြားရေးဌာနအရာရှိ တဦးကပြောပါတယ်။

“မနေ့ကပေါ့နော် အမှတ်(၅၄၃) ကနေ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ကို ဒေသခံ ကျေးလက် တောင်သူတွေဆီကို တပိုင်တနိုင်ပြန်လည်လုပ်ပိုင်နိုင်ခွင့် ခွင့်ပြုမိန့်လက်မှတ်တွေကို ပြန်လည်ပေးတာခင်ဗျ။ မူလပိုင်ရှင်ကိုပဲပြန်ပေးတာပါ။”

အမှတ်(၅၄၃) (၅၄၂)တပ်ရင်းကနေ ပထမဆုံးအကြိမ် လယ်ယာမြေလွှဲပြောင်း ပေးအပ်တဲ့ အခမ်းအနားကို မနေ့က ကျောက်ဖြူမြို့ နယ်မှာ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့အစိုးရအဖွဲ့နှင့် မူလလယ်ပိုင်ရှင် ၄၀ ဦးခန့်က တက်ရောက်ခဲ့ ပါတယ်။

လွှဲပြောင်းပေးအပ်တဲ့သိမ်းဆည်းခံမြေတွေဟာ ကျောက်ဖြူခရိုင်အတွင်းမှာရှိတဲ့ အုန်းတော မီးချောင်းရေသောက် သဲချောင်း တောင် ညို ပန်းတောင်ပြင် မင်းတက်တောင် ကျွန်းတောအစရှိတဲ့ကျေးရွာအုပ်စုကဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကနေ အသုံးပြုဖို့ မလို အပ်တော့လို့ စွန့်လွှတ်ကြောင်း ဇူလိုင်လ(၂၇)ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း အခုလိုပြန်လည်ပေးအပ်ခဲ့တာပါ။

ဒါပေမဲ့ ဒီလိုလွှဲပြောင်းပေးအပ်တဲ့မြေအများစုဟာ ငါး၊ပုဇွန်ကန်တွေဖြစ်ကြပြီး လယ်ယာလုပ်ကိုင်လို့မရတော့ဘူးလို့ ရခိုင်အမျိုးသား ပါတီက ကျောက်ဖြူမြို့ နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကပြောပါတယ်။

“စွန့်လွှတ်တဲ့လယ်မြေတွေက ၁၂၀၃ ဧက သို့သော် အဲဒီလယ်တွေဟာ လယ်သမားတွေ လုပ်ကိုင်စားသောက်လို့မရတော့တဲ့ လယ်တွေဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်က သိမ်းလိုက်တယ် နောက် သိမ်းပြီးသွားရင် ပုဇွန်မွေးမြူရေးကန်တွေလုပ်လိုက်တယ် အဲဒီကန်တွေကိုလေ ပုဇွန်ကန်တွေလုပ်လိုက်တော့ အဲဒီကန်တွေက အခုက နှစ်ကာလ ကြာရှည်လာတာနဲ့အမျှ ကျိုးပေါက်သွားတာတွေဖြစ် သွားတယ်။ ကျိုးပေါက်သွားတဲ့လယ်တွေကို ပြန်ပြီးပေးတာတွေရှိတယ်။ ရေတွေဝင်နေတော့ လယ်ယာလည်း စိုက်ပျိုးလို့မရတော့ဘူး အဲဒီလယ်တွေဟာ။ လူသမားတွေကိုတော့ ပေးတော့ပေးတယ် ဒါပေမယ့် အသုံးချလို့ရမှာက နည်းတယ်ဆိုပြီး ကျနော်တို့ဆီကို သတင်းတွေပို့ထားတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်အတွင်းမှာ ၁၉၉၂ခုနှစ်ကစလို့ စစ်တပ်အပါအ၀င် ကုမ္ပဏီတွေ ဌာနဆိုင်ရာတွေကနေ ဒေသခံတွေရဲ့လယ်ယာခြံမြေ တွေကို အဖွဲ့ပိုင်အဖြစ်သိမ်းဆည်းခဲ့တဲ့အခြေအနေကိုတော့ ဦးစံဖိုးကအခုလိုပြောပါတယ်။

“ဧက ၃ သောင်းထက်တော့ပိုနေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဟိုဘက်စာရင်းတွေက အခုမှ လိုက်ပြီးရှာနေရပါတယ်။ တောင်ကုတ်တို့၊ ဂွတို့ သံတွဲတို့မှာဆိုရင် အများကြီးပါ။”

ရခိုင်ပြည်နယ်တခုလုံးအတိုင်းအတာအနေနဲ့ လယ်ယာခြံမြေဧကပေါင်း (၃၀၀၀၀)ကျော် အသိမ်းဆည်းခံထားရတယ်လို့လဲ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့သမ္မတဦးသိန်းစိန်ရဲ့အစိုးရသက်တမ်းနောက်ဆုံးနှစ်တွေမှာ စစ်တပ်ဘက်ကရော စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကရော အစိုးရစီမံကိန်းအတွက်သိမ်းဆည်းထားတဲ့ ဒေသခံပြည်သူတွေရဲ့လယ်ယာခြံမြေတွေကို အထိုက်အလျှောက်ပြန်လည် ပေး ဆောင်ဖို့ ကော်မီတီဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမယ့်အသုံးမလိုတဲ့သိမ်းဆည်းလယ်ယာမြေတွေပြန်လည်ပေးဆောင်မှုအနေအထားကအလွန်တရာမှနည်းပါးနေပြီး အားရစရာ အခြေအနေမရှိသေးဘူးလို့လဲ လယ်ယာမြေအရေးလှုပ်ရှားသူ ND-Burma အဖွဲ့ဝင် စိုင်းခေးဆိုင်ကပြောပါတယ်။

“ပြန်ရတဲ့လယ်မြေက နည်းနည်းပဲရှိတယ်ခင်ဗျ။ ကျနော်သိရသလောက်ဆိုရင် ဧရာဝတီတိုင်းကဆိုရင် ဧက ရာတောင်မပြည့်ဘူးခင်ဗျ။ ရှမ်းပြည်နယ်မှာဆိုရင် ပြန်ပေးတာတော့ တွေ့ရတယ် ဒါပေမယ့် ဧကနည်းနည်းပဲ ပြန်ပေးတာတွေ့ရတယ်။ ဒါကြောင့်မို့လို့ အဲဒီကော်မတီဖြစ်လာတာက ဘယ်လောက်ပြန်ပေးတယ် ဆိုတာက သေသေချာချာ တိတိကျကျ ကျနော်တို့မတွေ့ပါဘူး။ နောက်ပြီးတော့ စုံစမ်းစစ်ဆေးတာလည်း ကျနော်တို့ မတွေ့ရသလောက်ပါပဲခင်ဗျ။”

မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ် ကစပြီး စစ်တပ်အခြေစိုက်စခမ်းတိုးချဲ့လာမှု နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအရ ပြည်တွင်းပြည်ပ စီးပွါးရေး ကုမ္ပဏီတွေ ဌာနဆိုင်ရာတွေကနေ ဒေသခံတွေရဲ့လယ်ယာခြံမြေတွေ စုစုပေါင်း ဧက(၅)သိန်း ကျော် သိမ်းဆည်းခဲ့တယ်လို့ လယ်ယာမြေအရေး လှုပ်ရှားသူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

VOA Burmese News


တိုင်းရင်းသားလူငယ်များညီလာခံသတင်းစာရှင်းလင်းပွဲ
တိုင်းရင်းသားလူငယ်များညီလာခံသတင်းစာရှင်းလင်းပွဲ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နေချိန်နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်မဖော်နိုင်တဲ့ ကာလမှာ အကြီးစားသံယံဇာတ ထုတ်ယူသုံးစွဲမှုစီမံကိန်းတွေကို ရပ်တန့်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံက သဘောထားထုတ်ပြန်လိုက်ပါတယ်။ ဒီလို စီမံကိန်းတွေ ရပ်တန့်ဖို့အတွက် အစိုးရကို တောင်းဆိုမှာဖြစ်သလို ၂၁ရာစုပင်လုံမှာလည်း တင်ပြသွားမယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

သဘာဝ သံယံဇာတ ထုတ်ယူမှုနဲ့ပတ်သက်တဲ့ သဘောထားကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ ၆ရက်ကြာ ကျင်းပတဲ့ ညီလာခံအပြီးမှာ ထုတ်ပြန်လိုက်တာပါ။

ဒီလိုတောင်းဆိုရတာဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ချိန်မှာ တိုင်းရင်းသားလူမျိုးတွေအကြား သံယံဇာတ ခွဲဝေ သုံးစွဲရေးနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ မဖြစ်ပေါ်စေဖို့ဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီရဲ့ ပြောခွင့်ရသူ မင်းနှောင်းထောက အခုလို ပြောပါတယ်။

“ကျနော်တို့မြင်တာကလည်း တိုင်းရင်းသားနယ်မြေ တော်တော်များများမှာ စစ်ဖြစ်နေတယ်။ နောက် မြေယာသိမ်းတဲ့ ကိစ္စတွေလည်းဖြစ်နေတယ်။ အဲဒီကြားထဲမှာ စီမံကိန်းတွေကလည်း အများကြီးထွက်နေတယ်။ အဲဒါမျိုးတွေကို မဖြစ်စေချင်ဘူးပေါ့နော် ဘာကြောင့်လဲဆိုတော့ ဒါကလည်း ဖက်ဒရယ်ကိစ္စလို့ပြောရင် Resource sharing တွေပါလာမှာ။ အဲဒါပါလာတဲ့အခါကျရင် ဒီစီမံကိန်းတွေက ၀င်ထားတယ်ဆို၇င် တိုင်းရင်းသားအချင်းချင်းကြား Resource sharing၊ Resource allocation လုပ်တဲ့အခါကျရင် ခက်ခဲနိုင်တယ်ပေါ့နော်။ ဒီလိုယူဆချက်နဲ့ ဒါကို ရပ်ဆိုင်းသင့်တယ်၊ ရပ်ဆိုင်းပေးဖို့ကို ဒီသဘောထားကို ကျနော်တို့ ထုတ်ပြန်တာပေါ့။”

ဒီသံယံဇာထုတ်ယူသုံးစွဲမှုစီမံကိန်းတွေ ရပ်ဆိုင်းရေးအတွက် အစိုးရကို တောင်းဆိုမှာဖြစ်သလို ၂၁ရာစုပင်လုံ မှာလည်း တင်ပြသွားမယ်လို့ ဆက်ပြောပါတယ်။

“ဒါအစိုးရပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်တာကို ။ အစိုးရပိုင်းကိုလည်း တောင်းဆိုမယ်ပေါ့ နောက်တခုက ၂၁ရာစုပင်လုံက သြဂုတ်လမှာစမယ်ဆိုတော့ ဒီတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆက်စပ်ပြီးတော့မှ ကျနော်တို့ က ဒီကိစ္စကို အရေးဆိုပေးဖို့လည်း ကျနော်တို့က တောင်းဆိုသွားမယ်ပေါ့နော်။”

KDNG ခေါ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး ကိုဆားဂျီးက တိုင်းရင်းသားလူငယ်ညီလာခံက ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး သံယံဇာတထုတ်ယူသုံးစွဲရာမှာ လူထုဆန္ဒသဘောထားကို အခြေခံသင့်တယ်လို့ ထောက်ပြပါတယ်။

“စစ်မှန်တဲ့ နိုင်ငံရေးပြဿနာဖြေရှင်းမှ စည်းစနစ်ကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ နည်းဥပဒေတွေ အားလုံးလုပ်ပြီးမှပဲ ဖက်ဒ၇ယ်ကို အခြေခံတဲ့ လုပ်ငန်းလိုင်စင်လုပ်ရမယ်။ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်း၊ အကြီးစားသတ္တုတွင်းစီမံကိန်းသည် သံယံဇာတ တွေကို သုံးစွဲမယ်ဆိုရင် ဒေသခံလူထုနဲ့ လူထူဘက်က ပါဝင်ဆွေးနွေးလို့ရတဲ့ ဆုံးဖြတ်ပါဝင်ခွင့်ရှိတဲ့ဟာ ဒီလိုမျိုးစဉ်းစားမှ ဒီ သဘာဝ သံယံဇာတ စီမံခန့်ခွဲတဲ့အပိုင်းကို စတင်လုပ်ဆောင်တာ အကောင်းဆုံးပဲလို့ ကျနော်ပြောကြားလိုတာပေါ့နော်။”

ဇူလိုင်လ ၂၇ရက်နေ့ကနေ သြဂုတ်လ ၁ရက်နေ့ထိ ကျင်းပတဲ့ တိုင်းရင်းသားလူငယ်ညီလာခံကို တိုင်းရင်းသားလူမျိုး ၂၆မျိုးက ကိုယ်စားလှယ်တွေအပါအ၀င် စုစုပေါင်း ၇၆၀ ကျော်တက်ရောက်ခဲ့ပြီး ၂၁ရာစုပင်လုံညီလာခံမှာ လူငယ်တွေ ပါဝင်ခွင့်ရရှိရေးအတွက်လည်း တောင်းဆိုထားပါတယ်။

ညီလာခံက ဆုံးဖြတ်ချက်တွေ တောင်းဆိုချက်တွေ အကောင်အထည်ဖော်ဖို့အတွက်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်မဟာမိတ်အဖွဲ့နဲ့ လုပ်ငန်းကော်မတီ ၇ခုကို ဖွဲ့စည်းခဲ့ကြပါတယ်။
VOA Burmese News


အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိ မြန်မာသံရုံးက တရားဝင် ဗီဇာပေးခဲ့သော်လည်း ရန်ကုန်လေဆိပ်တွင် အင်္ဂလိပ်စာဆရာ မောင်မောင်ဝမ်း ကို လူဝင်မှုကြီးကြပ်ရေးက ၀င်ခွင့်မပေးဘဲ လေယာဉ်ပေါ် ပြန်တင်ပေးလိုက်ကြောင်း ၄င်း၏ သူငယ်ချင်းဖြစ်သူ ပန်းချီဆရာထိန်လင်း က The Ladies သို့ သြဂုတ် ၂ ရက်တွင် တွင်ပြောသည်။

“ကျွန်တော် လေဆိပ်ထဲ ဝင်ခွင့်ကတ်တောင်းပြီး လူဝင်မှုကြီးကြပ်ရေးက အကြီးကဲကို ဝင်မေးတော့ သူတို့ ဆီမှာ ပြီးခဲ့အခေါက်က ကိုမောင်မောင်ဝမ်းကို ပြန်ပို့စဉ်က မှတ်တမ်းမှာ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုနဲ့  ပြန်ပို့စဉ်က မှတ်တမ်းဝင်နေတဲ့အတွက် ပေးဝင်လို့ မရပါဘူး။ ဒါကြောင့် လာခဲ့တဲ့ လေယဉ်ပေါ်ကို ပြန်တင်ပေးလိုက်ပြီလို့ အဖြေပေးပါတယ်။ စာရွက်ကိုလည်း ပြပါတယ်။ ဒါဆို ဝါရှင်တန်ဒီစီက သံရုံးက ဘာကြောင့်ဗီဇာပေးလိုက်သလဲ ဆိုတာ နားမလည်ပါဘူး။ နောက်ဆုံး စုံစမ်းရရှိများအရ ပြီးခဲ့ သမ္မတလက်ထက်က သမ္မတ လက်မှတ်နဲ့ ထုတ်ထားချက်၊ တားမြစ်ချက်ကို ပြင်နိုင်မှ ဝင်ခွင့်ရပါမယ်တဲ့ခင်ဗျာ”ဟု ပန်းချီဆရာထိန်လင်းက ပြောသည်။

ဦးမောင်မောင်ဝမ်းမှာ သြဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ် ပြန်ပို့ခံခဲ့ရခြင်း ဖြစ်သည်။

ယခင်အစိုးရလက်ထက်က ပြည်ပရောက် မြန်မာများကို ပြည်တွင်း ပြန်ဝင်ခွင့်ပြုခဲ့စဉ် ဦးမောင်မောင်ဝမ်းမှာလည်း ဆိုရှယ်ဗီဇာဖြင့် ပြန်လာပြီး လူငယ်များကို ပြည်တွင်းတွင် အင်္ဂလိပ်စာ သင်တန်းများအခမဲ့ ပို့ချမှုများရှိခဲ့သည်။ ယင်းနောက်ပိုင်း တွင် ဦးမောင်မောင်ဝမ်းကို တရားဝင်ခွင့်ပြုချက် မရှိဘဲ ရေနံချောင်းတွင် စာသင်ကြားသည်ဟုဆိုကာ ပြည်တွင်းမှ ထွက်ခွာရန် ဖိအားပေးခဲ့ခြင်းကြောင့် ပညာရေးလုပ်ငန်းများကို ရပ်တန့်ကာ ပြန်လည် ထွက်ခွာသွားခဲ့ရခြင်း ဖြစ်ပြီး ယခုတစ်ကြိမ်တွင် Business ဗီဇာ လျှောက်ထားကာ ပြန်လည် လာရောက်ခဲ့ရာ လ၀ကမှ
ဝင်ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း ပန်းချီထိန်လင်းက ပြောသည်။

“၀င်ခွင့်မပေးပါဘူးဆိုရင် ၀ါရှင်တန်သံရုံးက သူ့ကို ဘာလို့ဝင်ခွင့်ပေးလိုက်လဲ စဉ်းစားစရာပဲ။ အမှန်က ၀ါရှင်တန်သံရုံးက ၀င်ခွင့်မပေးရဘူး။ အဲ့ဒါဆိုရင် သူကလည်း စဉ်းစားမယ်ပေါ့။ ဘာဖြစ်လို့ ၀င်ခွင့်မပေးတာလဲ စသဖြင့် ပေါ့။ ၀ါရှင်တန်က ပေးလိုက်တဲ့ အခါကျတော့ သူကစိတ်ချလက်ချနဲ့ လေယာဉ်လက်မှတ်တွေ ၀ယ်ပြီး လာလိုက်တာ ၊ ပြောမယ်ဆိုရင်တော့ သံရုံးနဲ့ ပြည်ထဲရေးနဲ့ လ၀ကနဲ့ ကြားထဲမှာ Error ဖြစ်သွားတာပေါ့” ဟု ပန်းချီထိန်လင်းက ၎င်း၏ အမြင်ကို ဆက်လက်ပြောကြားသည်။

အင်္ဂလိပ်စာဆရာ ဦးမောင်မောင်ဝမ်းသည် ရှစ်လေးလုံး ကာလက ရေနံချောင်း သပိတ်ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၉၀ နောက်ပိုင်းက ပြည်ပသို့ ထွက်ခွာခဲ့သူဖြစ်ပြီး ဆိုရှယ်မီဒီယာများ စတင်ထွန်းကားချိန်တွင် ယင်းကိုအသုံးပြု၍ အင်္ဂလိပ်စာ လေ့လာလိုသည့် လူငယ်များကို တတ်စွမ်းသမျှ ကူညီပေးခဲ့သူဖြစ်သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies


မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန် လာသောကြောင့် ရေကြီးနစ်မြုပ်လျက် ရှိသော ကျောင်းများ ယာယီပိတ်ထား


မြန်အောင် သြဂုတ် ၂

မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်လာသောကြောင့် သြဂုတ် ၂ ရက်နေ့မှစ၍ ရေကြီးနစ်မြုပ်လျက်ရှိသော ကျောင်းများ ယာယီ ပိတ်ထားကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။


မြန်အောင်မြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာအုပ်စုများနှင့် ဧရာဝတီမြစ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အ.လ.က(ခွဲ) ကျောင်း(၆)ကျောင်းနှင့် အ.မ.က ကျောင်း(၁၇)ကျောင်း စုစုပေါင်း (၂၃)ကျောင်းတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားပြီး မြစ်ရေကျသွားပါက ကျောင်းများအမြန်ဆုံး ပြန်လည် ဖွင့်လှစ် နိုင်ရေးနှင့် ကျောင်းပိတ်ရက်များအတွက် အစားထိုး သင်ကြားသွားမည် ဖြစ်ကြောင်း မြို့နယ် ပညာ ရေးမှူးရုံးမှ သိရှိရသည်။

ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



ခင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြှင့်တက်ပြီး ရေကြီးနေပုံ (MOI)
လက်ရှိတစ်နိုင်ငံလုံးအနှံ့မှာရေလွှမ်းမိုးနေတာကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး၆ ခုမှာလူဦးရေ ၁ သိန်းနီးပါးပြောင်းရွှေ့နေထိုင်နေရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။ ရေဘေးဒဏ်ခံနေရတဲ့ ဒေသတွေမှာသက်ဆိုင်ရာအစိုးရတွေနဲ့ ပူးပေါင်းပြီးကူညီဆောင်ရွက်မှုတွေလည်းလုပ်နေတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းကပြောပြပေးပါမယ်။

ဇူလိုင်လနောက်ဆုံးပတ်ထဲက ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ ကြီးတာကြောင့် တစ်နိုင်ငံလုံးနီးပါးရေကြီးရေလျှံမှုတွေ ရင်ဆိုင်ခဲ့ရပြီးလက်ရှိ ပြည်နယ်နဲ့တိုင်းဒေသကြီး ၆ ခုမှာရေဘေးသင့်သူဦးရေ ၁ သိန်းနီးဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်ရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကအခုလိုပြောပါတယ်။

“အခုအခါမှာ ပြည်နယ်တိုင်းက ၆ ခုရှိတယ်ပေါ့ ရေဘေးသင့်ဖြစ်နေတာလေ။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ကချင်၊ ပဲခူး ဘက်ကို အမ။ အဲဒီထဲမှာဆိုရင် စစ်ကိုင်း၊ မကွေး၊ မန္တလေး တို့ကတော့နည်းနည်းများတယ်။ ကျန်တဲ့ပြည်နယ်တိုင်းကတော့ နည်းနည်းလေးနည်းသေးတာပေါ့။ နည်းသေးတဲ့အခါကျတော့ လူဦးရေစုစုပေါင်းအနေနဲ့ ဆိုရင် ၉ သောင်း ၇ ထောင် ၊ ၁ သိန်းလောက်တော့ရှိပြီ။ ၉ သောင်း ၇ ထောင် ဆိုတာ မနက်က ညီမတို့ စာရင်း ။ ဒါပေမယ့် မန္တလေးတို့မှာ ထပ်တိုးနေတာရှိတယ် ။ ၁ သိန်းနီးပါးတော့ရှိပါပြီ အခုအချိန်မှာ။”

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာတော့ အခြားဒေသတွေထက် ပိုပြီးရေဘေးသင့်နေတာပါ။

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်၊ တောင်သမန်အင်းမှာလည်းရေကြီးရေလျှံနေတာကြောင့် ဦးပိန်တံတားပေါ်မှာလည်းရေလွှမ်းခဲ့ပါတယ်။

သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ် အစိုးရတွေနဲ့ ပူးပေါင်းပြီးပြောင်းရွှေ့နေထိုင်ရေး၊ စားနပ်ရိပ်က္ခာစတဲ့ ကူညီထောက်ပံ့မှုတွေ ပေးနေတယ်လို့လည်းဒေါ်ဖြူလဲ့လဲ့ထွန်းကပြောပါတယ်။

“ဘေးဖြစ်လို့ပြောင်းတာရွေ့တာ ကယ်ဆယ်ရေးစခန်းတွေဖွင့်တာ အဲဒီနေရာတွေမှာကျတော့ ညီမတို့ ၀န်ကြီးဌာနတခုထဲနဲ့ မလုပ်ပါဘူး။ အဲဒီမှာကျတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ မီးသတ်တို့၊ ကြက်ခြေနီတို့ ရဲတို့ပေါ့နော်။ နောက် ညီမတို့ရဲ့ ၀န်ကြီးဌာန ဦးစီးဌာန အဲဒီအစိုးရအဖွဲ့တွေနဲ့ပေါင်းပြီး ဒေသမှာ ကတော့ အဲလိုအဖွဲ့တွေစုပေါင်းပြီးတော့ စီစဉ်ဆောင်ရွက်တယ်အမ။ ညီမတို့ရဲ့ ၀န်ကြီးဌာနအနေနဲ့ကတော့ အဲဒီဘေးသင့်ပြည်သူတွေကို အဓိကအားဖြင့်တော့ ထောက်ပံ့တဲ့လုပ်ငန်းတွေလုပ်တယ်။အခုလက်တလောမှာက သူတို့လိုအပ်တာက အရေးပေါ်စားနပ်ရိက္ခာလိုတဲ့အခါကျတော့ ညီမတို့က ဆန်တို့၊ ခေါက်ဆွဲခြောက်တို့ ရေသန့်တို့ နောက် မိသားစုတွေအတွက် ငါးသတ္တာဘူးတို့ အဲလိုမျိုးသူတို့လိုအပ်ချက်လေးကို ထောက်ပံ့နေပါတယ် အဓိကအဲဒီပစ္စည်းတွေပါ။”

လက်ရှိကူညီထောက်ပံ့မှုတွေအတွက် လူမှုဝန်ထမ်းဝန်ကြီးဌာနရဲ့ သဘာဝဘေးရန်ပုံငွေအပြင် အစိုးရကသီးသန့်ချထားပေးတဲ့ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေကိုပါ အသုံးပြုနေရတယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မြင့်တက်ခဲ့တဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေတွေဟာ မြစ်အောက်ပိုင်းကိုဆက်လက်စီးဆင်းလာမှာဖြစ်လို့ ပခုက္ကူမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တွေမှာသတိထားဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသလိုလူမှုဝန်ထမ်းဝန်ကြီးဌာနအနေနဲ့လည်းသက်ဆိုင်ရာအစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေပါတယ်။

 သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com