08/06/16



အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားရဲ့သမီး ဆာဟာ အိုဘားမားဟာ ပင်လယ်စာဆိုင်မှာ စားသုံးသူတွေကို ၀န်ဆောင်မှု ပေးနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသက် ၁၅ နှစ်အရွယ် ဆာဟာက မက်ဆာချူးဆတ်က မာသာ ၀ိုင်ခင်းမှာ အစားအသောက်တွေ ၀န်ဆောင်မှု ပေးတဲ့ အလုပ်ကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ သမ္မတ အိုဘားမားရဲ့ အငယ်ဆုံးသမီးက စားသောက်ဆိုင် ၀တ်စုံ အပြာရောင် တီရှပ် ဦးထုတ်တွေကို ၀တ်ဆင် အလုပ်လုပ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လျိုဝှက် ကိုယ်ရံတော် ၆ ဦးနဲ့ အတူ ဆာဟာက အလုပ်လုပ်ဖို့ လာတယ်လို့ ဘော်စတွန်ဟာရယ် သတင်းဌာနက ရေးပါတယ်။

အတူတွဲလုပ်တဲ့သူတဦးက ဆာဟာဟာ အောက်ထပ်က မုန့်တွေယူတဲ့ ကောင်တာမှာ အလုပ်လုပ်တာဖြစ်ပြီး ဘာကြောင့် လူ ၆ ယောက်က သူကို ကူနေလည်း မသိပေမယ့် နောက်ပိုင်းမှာတော့ သူဘယ်သူလဲဆိုတာ သိလာပါတယ်။

အိမ်ဖြူတော်ကတော့ ဒီကိစ္စအပေါ် တစုံတရာ မှတ်ချက်မပေးပေမယ့် အိုဘားမားရဲ့ဇနီး မစ်ရှယ်လ် အိုဘားမားကတော့ သူ့သမီးတွေကို သာမန်လူတွေလိုပဲ ပျိုးထောင်ကြီးပြင်းစေမယ်လို့ ပြောထားပါတယ်။

မုန့်ယူတဲ့ ကောင်တာအပြင် ဆာဟာက စားပွဲတွေမှာ စောင့်ဆိုင်းစေတာ၊ နေ့လယ်စာ စားသောက်ဆိုင် ဖွင့်ချိန်မှာ ကူညီပြင်ဆင်ပေးတာလည်း ပါဝင်ပါတယ်။

သူရဲ့ လုံခြုံရေး အဖွဲ့တွေက အနီးက ကားပေါ်နဲ့ ခုံတန်းရှည်ပေါ်မှာ စောင့်ဆိုင်းနေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဆာဟာ အလုပ်လုပ်နေတဲ့မြို့ဟာ နွေရာသီမှာ အိုဘားမားရဲ့ အကြိုက်နှစ်သက်ဆုံး မြို့တမြို့လည်း ဖြစ်ပါတယ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ လယ်တွင်တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက News Watch သို့ ပြောကြားသည်။

သြဂုတ်လလယ်မှာ တရုတ်နိုင်ငံကိုသွားဖို့ စီစဉ်ထားပါတယ်။ ဘယ်နှရက်ကြာမယ်ဆိုတာတော့ လောလောဆယ် မပြောနိုင်သေးပါဘူး။ စက်တင်ဘာလထဲမှာတော့ အမေရိကားကိုသွားပါမယ်'' ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကိစ္စနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို တရုတ်ခေါင်းဆောင်များနှင့် အဓိကဆွေးနွေးသွားမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌတာဝန်ဖြင့်၂၀၁၅ ခုနှစ် ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၊ ၀န်ကြီးချုပ်လီခချန်းအပါအ၀င် ထိပ်ပိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လအတွင်း မလေးရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း သွားရောက်မည့် အချိန်ကာလနှင့်ပတ်သက်ပြီး ညှိနှိုင်းဆဲအနေ အထားတွင်သာရှိသေးကြောင်း ဦးဇော်ဌေးက ပြောသည်။

''မလေးရှားခရီးစဉ်က ညှိနှိုင်းနေတုန်းပဲရှိပါသေးတယ်၊ အသေးစိတ်တော့ ပြောလို့မရသေးပါဘူး'' ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာခရီးစဉ်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့်တွေ့ဆုံခဲ့ပြီး ထိုင်းအစိုးရနှင့် နှစ်နိုင်ငံအစိုးရအဆင့် တရားဝင်အလုပ်သမားစေလွှတ်မှု နားလည်မှုစာချွန်လွှာ (MOU) အပါအ၀င် အခြားသဘောတူ စာချုပ်များကိုလည်း ချုပ်ဆိုနိုင်ခဲ့သည်။

နန္ဒမျိုးဆောင်
(Photo - ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ တရုတ်ပြည်ခရီစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့စဉ်)


News Watch(စောင့်ကြည့်သတင်းဂျာနယ်)


စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူ ၄၀ လောက် အစုအပြုံလိုက် သေဆုံးခဲ့ရတာဟာ ၀က်သက်ရောဂါကြောင့် ဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

“ဇူလိုင် ၂၉ လောက်မှာ သတင်းရတော့ ညွှန်ကြားချက်ထုတ်ပါတယ်။ ဓာတ်ခွဲနမူနာယူပါ၊ သွေးနမူနာယူပါ။ ဆီးနမူနာ ယူပါ။ အခုတော့ သွေး အဖြေရပါပြီ၊ ၀က်သက်ပေါ့။ ၀က်သက်ပိုး တွေ့ပါတယ်။ အခု ဗဟိုက ဆရာဝန်ကြီး ၃ ဦး၊ ရုံးချုပ်က ဆရာဝန်ကြီး ၃ ဦး၊ နောက် တိုင်းကလည်း ဆရာဝန်ကြီး ၃ ဦး၊ တပ်မတော်ကလည်း ရဟတ်ယာဉ်တစီး ပေးပါတယ်၊ ဆေးဝါးတွေလည်း ပို့နေပြီ၊ ကာကွယ်ဆေးထိုးဖို့လည်း ဆောင်ရွက်နေပါပြီ၊ တပ်မတော်ကလည်း စစ်ဆေး ဆရာဝန် ၃ ဦး ပါပါတယ်။”

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကလည်း အဲ့ဒီဒေသမှာ အလားတူ ၀က်သက်ရောဂါဖြစ်ဖူးပြီး ဒီတကြိမ်ဖြစ်ပွားရာမှာ အဲ့ဒီဒေသက ကျန်းမာရေးဆရာဝန်တွေ သတင်းပို့နောက်ကျတယ်လို့လည်း ပြောပါတယ်။

ဝက်သက်ရောဂါဖြစ်ပွားတဲ့ လဟယ်နဲ့ နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို သွားရောက်နေကြတဲ့ ဆရာဝန်ကြီးတွေဟာ ဆေးဝါးအပြည့်အစုံနဲ့ တရွာဝင်တရွာထွက် ဆေးကုသပေးမှာဖြစ်သလို ၀က်သက် ကာကွယ်ဆေးလည်း တခါထဲ ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ အဲ့ဒီဝက်သက်ရောဂါကြောင့် လဟယ်မြို့နယ် ကျေးရွာ ၅ ရွာက လူ ၂၆ ဦး၊ နန်းယွန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၄ ရွာမှာ လူဦးရေ ၁၃ ဦး၊ စုစုပေါင်း ၃၉ ဦးလောက် သေဆုံးခဲ့ပါတယ်။

နာဂဒေသအုပ်ချုပ်ရေးအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ဦးရိထင်ကတော့ ဇူလိုင် ၂၇ ရက်အထိ ရောဂါဖြစ်ပွားသူ ၁၆၀ လောက် ရှိပြီး အခုတော့ ဒီထက် ထပ်တိုးလာနိုင်စရာအကြောင်း ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

By ရွှေအောင်
DVB TV News

အီရတ်နှင့်ဆီးရီးယားရှိ IS အဖွဲ့ကို ဖြို ခွင်းသွားမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သြဂုတ် ၄ ရက်တွင် ကတိပြုခဲ့သည်။ သို့သော် ဖိအားများ ကြုံနေရသော ဂျီဟတ်များက ကိုယ့်ကိုယ်ကိုယ် မွတ်စလင်နယ်မြေဟု သတ်မှတ်ထားသော နေရာများကို ကျော်လွန်၍ အခြားနေရာများတွင် ရုတ်တရက် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြောင်းကို အိုဘားမားက ၀န်ခံခဲ့သည်။

ပင်တဂွန်တွင် လုံခြုံရေးနှင့် စစ်ဘက်တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီးနောက် အိုဘားမားက ဆီးရီးယားတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မူဝါဒကို ဝေဖန်ခဲ့သည်။ ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရာတွင် ရုရှားသမ္မတသည် ယုံကြည်စိတ်ချရမှု ရှိ၊ မရှိကို သံသယ ဖြစ်မိကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

IS အဖွဲ့သည် ချေမှုန်းခံရမည်မှာ မလွဲဧကန်ဖြစ်ကြောင်း၊ အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းသည် မည်သည့်နေရာတွင်မဆို ဂျီဟတ်များကို ပစ်မှတ်ထား၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

သို့သော် အီရတ်နှင့် ဆီးရီးယားတွင် IS အဖွဲ့ အင်အားယုတ်လျော့လာမှုက မိမိတို့ ကြုံတွေ့ခဲ့ရသည့် တိုက်ခိုက်မှု နည်းစနစ်များ ပြောင်းလဲလာနိုင်ခြေ ရှိကြောင်း၊ အမေရိကန် အပါအ၀င် ကြီးမားသော တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် လှုံ့ဆော်ရာတွင် ပို၍အလေးထားစရာ တစ်ခု ဖြစ်လာနိုင်ကြောင်း အိုဘားမားက IS အဖွဲ့၏ အခြားအမည် အတိုကောက်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

အမေရိကန် ညွန့်ပေါင်းက အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ကို ပစ်မှတ်ထား၍ တိုက်ခိုက်နေသော်လည်း တစ်ချိန်တည်းတွင် ရုရှားက ဆီးရီးယား သမ္မတဘာရှားအယ်အာဆတ် အစိုးရကို ထောက်ကူပေးသည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ရုရှားသည် IS ပစ်မှတ်များကို တစ်ခါတစ်ရံ တိုက်ခိုက်ခဲ့သော်လည်း ၎င်း၏ လေကြောင်းထိုးစစ် အများအပြားသည် အာဆတ်ကို ဆန့်ကျင်သော သူပုန်များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ဆီးရီးယားပဋိပက္ခကို အဆုံးသတ်နိုင်ရန်အတွက် နိုင်ငံတကာက စေ့စပ်ဆွေးနွေးပွဲများကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သော်လည်း ယခုအချိန်အထိ မအောင်မြင်သေးပေ။ ဆီးရီးယားတွင် အကြမ်းဖက် တိုက်ခိုက်မှုများ လျော့ကျစေရန်နှင့် IS နှင့် အယ်ကေးဒါးအဖွဲ့များကို တိုက်ခိုက်မှုအား အရှိန်မြှင့်ရန်အတွက် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်က ပြင်ဆင်ခဲ့ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ သို့သော် ရုရှားက လိုအပ်သော ခြေလှမ်းများလှမ်းရန် ပျက်ကွက်ခဲ့ကြောင်း၊ လတ်တလော၌ အခြေအနေများ ဆိုးရွားနေစဉ် ရုရှားအနေဖြင့် ယင်းရည်မှန်းချက်များကို လိုက်ပါလုပ်ဆောင်ရန် အလေးအနက် ရှိကြောင်း ပြသရမည်ဟု အိုဘားမားက ပြောကြားခဲ့ပြီး ပူတင်ကို ယုံကြည်ပေးနိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် မယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန် ညွန့်ပေါင်းက IS အဖွဲ့အား တိုက်ခိုက်မှုသည် အချိန်သုံးနှစ်သို့ ၀င်ရောက်လာစဉ် အိုဘားမားသည် ၎င်း၏သမ္မတသက်တမ်း နှစ်ကြိမ်အတွင်း ပင်တဂွန်သို့ နောက်ဆုံးအကြိမ် သွားရောက်မှုလည်း ဖြစ်လာနိုင်ခြေရှိသည်။

Eleven Media Group

လွန်ခဲ့တဲ့ ၈ နှစ်ကျော်လောက်က မြန်မာပြည် ပြည်တွင်းစစ်နဲ့ ဆက်စပ်ရိုက်ကူးထားတဲ့ ရမ်ဘိုဇာတ်ကားအကြောင်း မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲဒီ ဇာတ်လမ်းက စစ်အစိုးရလက်ထက်မှာ ဖြစ်တဲ့အတွက် တရားဝင်ပြသခွင့် မရခဲ့ပေမယ့် ရွှေဝါရောင်အရေးတော်ပုံပြီးစကာလမှာ ရုပ်ရှင်က နိုင်ငံတကာမှာ ပြသခဲ့တာတစ်ကြောင်း လူထုအကြား နိုင်ငံရေးနိုးကြားမှု မြင့်တက်နေချိန်ဖြစ်တာက တစ်ကြောင်းကြောင့် တရားမ၀င် ဈေးကွက်ကနေတစ်ဆင့် ၀ယ်သူကြည့်ရှုသူ များပြားခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ မြန်မာစစ်တပ်က တပ်ရင်းမှူးအဖြစ် သရုပ်ဆောင်ခဲ့သူကိုလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။ ကြမ်းတမ်းရက်စက်လွန်းလှတဲ့ သရုပ်သကန်ကို သရုပ်ဆောင်နိုင်ခဲ့သူအဖြစ် အဲဒီတုန်းက ရမ်ဘိုဇာတ်လမ်းကို ကြည့်ရှုခဲ့တဲ့ မြန်မာပြည်က ပရိသတ်တွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရပါတယ်။

ရမ်ဘို ၄ ဇာတ်လမ်းထွက်ပြီးလို့ ၈ နှစ်လောက် ကြာလာတဲ့ အချိန်မှာတော့ အဲဒီတပ်မှူးအဖြစ် သရုပ်ဆောင်ခဲ့တဲ့သူဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကျောင်းသားတပ်မတော် ABSDF ရဲ့ ကိုယ်စားလှယ်အဖြစ် ရံဖန်ရံခါ တက်ရောက်နေတယ်ဆိုရင် အံ့သြကြလိမ့်မယ် ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အဲဒီ စစ်တပ်အရာရှိအဖြစ် သရုပ်ဆောင်ခဲ့သူနဲ့ အပြင်မှာမဆုံဖူးပေမယ့် ၂၀၁၂ လောက်က အမှတ်မထင် ဖေ့စ်ဘုတ်မှာ စတင်သတိထားမိခဲ့ဖူးပါတယ်။ ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်တွေနဲ့ တပ်မတော်တပ်ရင်းတွေ အကြား လဂျားယန်ဒေသဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်ဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေမှာ ကျောင်းသားတပ်ဖွဲ့ဘက် တပ်မှူးအဖြစ် ကေအိုင်အေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲနေတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း သူ့ရဲ့ဖေစ့်ဘုတ်စာမျက်နှာတွေကနေ နေ့ညမပြတ် တင်ဆက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ တိုင်းရင်းသား အခွင့်အရေးအတွက် တိုက်တဲ့ တိုက်ပွဲ ထာဝရစစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် တိုက်နေတဲ့ တိုက်ပွဲလို့လည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တိုက်ပွဲအကြောင်းနဲ့အတူ မကြာခဏ ရေးသားတာ တွေ့ခဲ့ရပါတယ်။ သူအပါအ၀င် ကေအိုင်အေဘက်ခြမ်းက လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ ရေးသားမှုတွေကြောင့်ပဲ နောက်ပိုင်းတိုက်ပွဲတွေမှာ တပ်မတော်ကို အားပေးတဲ့ တိုက်ပွဲဆိုင်ရာ အချက်လက်တွေကို ရေးသားဖော်ပြတဲ့ တန်ပြန်အကောင့်တွေလည်း ဖေ့စ်ဘုတ်ကွန်ရက်မှာ ပေါ်လာခဲ့တာဖြစ်ပါတယ်။ တပ်မတော်မှ ကေအိုင်အေစခန်းတစ်ခုကို သိမ်းယူအပြီး တပ်မတော် လော်ဘီအကောင့်တစ်ခုရဲ့ ဖော်ပြချက်တစ်ရပ်မှာဆိုရင် “အခုဒီစခန်းကို သိမ်းပြီးသွားပြီဖြစ်တဲ့အတွက် ဖေ့စ်ဘုတ်ကနေ အရင်အပတ်တုန်းက ဒီစခန်းကနေ ထိုင်အော်နေတဲ့ မင်းဌေးတို့ တခြားနေရာကို ပြေးကုန်ပြီ” ဆိုပြီး ဖော်ပြခဲ့ဖူးတာကိုလည်း သတိထားမိပါတယ်။ ဖေဖော်ဝါရီလတုန်းက မြောက်ဦးမှာကျင်းပတဲ့ တိုင်းရင်းမီဒီယာညီလာခံမှာ သူနဲ့ တစ်ခါဆုံဖူးပေမယ့် အချိန်မရတာကြောင့် ကောင်းကောင်း စကားမပြောဖြစ်ခဲ့ပါ။

ဒါပေမဲ့ အခွင့်အခါသင့်တာကြောင့် ဇူလိုင်လကုန်ပိုင်းတုန်းက ကေအိုင်အေ အုပ်ချုပ်တဲ့ မြို့ဖြစ်တဲ့ မိုင်ဂျာယန်က တိုင်းရင်းသား မျက်နှာစုံညီအစည်းအဝေးမှာ သတင်းသွားယူတဲ့ ကျွန်တော်နဲ့ ညီလာခံမှာ ကိုယ်စားလှယ်အဖြစ် လာတက်တဲ့ ကိုမင်းဌေးနဲ့ အမှတ်မထင် ပြန်ဆုံခဲ့ပါတယ်။ ရမ်ဘို ဇာတ်ကားထဲမှာတော့ ကြမ်းကြုတ်ရက်စက်တဲ့ အသွင်နဲ့ သရုပ်ဆောင်ခဲ့ပေမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်နေရတဲ့ အပြင်လောကမှာတော့ သူဟာ ဖော်ရွေမှုရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ တကယ်တော့ သူလည်း မြန်မာနိုင်ငံက ပြည်သူတွေ အများစုထဲက တစ်ယောက်ဖြစ်ခဲ့သူပီပီ ငယ်တုန်းက ရည်မှန်းထားတာနဲ့ ဖြစ်လာတာ လက်တွေ့ဖြတ်သန်းနေရတဲ့ ဘ၀ တစ်ထပ်တည်း မကျခဲ့သူဖြစ်ပါတယ်။

“ငယ်တုန်းကတော့ နိုင်ငံရေး ၊ တော်လှန်ရေး လုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ ကျွန်တော့ဇာတိက မိုးကောင်းဆိုတော့
သိပ်ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ နယ်မျိုးလည်း မဟုတ်တော့ ကျောင်းပျော်လူပျော် သဘောမျိုးနဲ့ပဲနေ ၊ အိမ်က အလုပ်တွေလုပ်ဆိုတဲ့ စိတ်ကူးမျိုးလောက်ပဲရှိခဲ့တာ” လို့ အခု အသက် ၅၀ အရွယ်ရောက်လာချိန်မှာ ကျောင်းသားတပ်မတော် ABSDF ရဲ့ ဗဟိုကော်မတီဝင် ဖြစ်လာခဲ့တဲ့ ရဲဘော်မင်းဌေးက သူ့ရဲ့ ငယ်ဘ၀အကြောင်းကို အစချီပြောပြပါတယ်။

အဲဒီခေတ်ကာလ အခြေနေအရဆိုရင် ကိုမင်းဌေးတို့ နေထိုင်တဲ့ မိုးကောင်းနယ်ဘက်မှာ အခြားနယ်တွေက လာရောက်အခြေချ နေထိုင်သူတွေလည်း မများသေးသလို လယ်လုပ်သူ ၊ ကျောက်စိမ်းမှော်ဝင်သူ ( မှော်ကလည်း ဒီဘက်ခေတ်တွေလောက် မစည်ကားသေး ၊ ကေအိုင်အေနဲ့လည်း အပစ်မရပ်သေး ) မြစ်ကြီးနား ၊ မန္တလေးနဲ့ တစ်နိုင်တစ်ပိုင် ကုန်ကူးသူ ၊ အစိုးရ၀န်ထမ်း စတဲ့ သမားရိုးကျအလုပ်တွေကိုပဲ လုပ်ကြသူတွေပဲများတာပါ။ ၁၀ တန်းကျတဲ့အတွက် အိမ်အလုပ်တွေလုပ်လိုက် စာပြန်ကြည့်လိုက်နဲ့ စာမေးပွဲဖြေဖို့ လုပ်နေတုန်း အသက် ၂၀ အရွယ် ကိုမင်းဌေးအဖို့ ဘ၀အလှည့်အပြောင်းဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒါကလည်း နှစ်ပေါင်းများစွာ တိုင်းပြည်ရဲ့ တံခါးပိတ်ဝါဒအောက်မှာ ချွတ်ခြုံကျမှု ၊ တစ်ပါတီ အာဏာရှင်စနစ်တို့အပေါ် လူထုက မကျေနပ်မှုကြောင့် ဖြစ်လာခဲ့တဲ့ ၈ လေးလုံးအရေးတော်ပုံကြောင့်ပဲ ဖြစ်ပါတယ်။

“ကျောင်းသားတွေ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းတွေကလည်း ကြားနေရတယ်။ မခံချင်စိတ်ကလည်း တဖွားဖွား ပေါ်လာတယ်။ မြို့မှာက သပိတ်ကလည်း ထွက်ချင်နေပြီ။ သို့သော် မာရှယ်လောကလည်း ထုတ်ထားတော့ မြို့မှာက သပိတ်ကို ဦးဆောင်မယ့်သူကလည်း မရှိဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ မခံချင်စိတ်နဲ့ပဲ ဘယ်သူမှ မဦးဆောင်ရင် ဦးဆောင်ထွက်မယ်ဆိုပြီး မိုးကောင်းသပိတ်ကို ဦးဆောင်သူအနေနဲ့ စထွက်ခဲ့တယ်” လို့ နိုင်ငံရေး စိတ်မ၀င်စားသူ လူငယ်တစ်ဦးအဖြစ်ကနေ မခံချင်စိတ်ကြောင့် ၁၉၈၈ ခုနစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မိုးကောင်းသပိတ်ရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့တဲ့ ကိုမင်းဌေးက ပြောပါတယ်။ မိုးကောင်းသပိတ်ကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်းက လူထုလှုပ်ရှားမှုနဲ့အတူ မဆလ အာဏာရှင်အစိုးရကို ဖြုတ်ချကာ မြို့မိမြို့ဖတွေအုပ်ချုပ်တဲ့ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ခေတ္တခဏ ထိန်းထားနိုင်ခဲ့ပေမယ့် ကြားဖြတ်အစိုးရဖွဲ့ဖို့ နောက်ကျမှုနဲ့အတူ စစ်အာဏာရှင်တွေက လက်ဦးမှုကို ရယူနိုင်ခဲ့တာကြောင့် တစ်သက်လုံး မိုးကောင်းမှာပဲ အခြေချဖို့ စိတ်ကူးခဲ့တဲ့ ကိုမင်းဌေးတစ်ယောက် မိုးကောင်းမြေကို စွန့်ခွာခဲ့ဖို့ အကြောင်းပေါ်လာပါတယ်။ “အဲဒီတုန်းက ကျွန်တော်တို့ ယုံကြည်တာက မြို့ပြအုပ်ချုပ်ရေးက ကျွန်တော်တို့ လက်ထဲမှာတင် ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်တယ်။ ဒါကို စစ်တပ်က မတရားလုယူသွားတယ်။ ပြည်သူလက်ထဲ အုပ်ချုပ်ရေး ပြန်ရောက်အောင် ပြန်တိုက်ယူမယ်ဆိုပြီး ထွက်လာတာ၊ မြို့မှာလည်း ကျွန်တော်တို့လူတွေရှိတယ်။ စစ်ပညာသင် လက်နက်လေးဘာလေးရရင် ပြန်တိုက်မယ် ၊ ပြန်သိမ်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့လေ” လို့ အသက် ၂၀ ကျော်အရွယ် ၈ လေးလုံးကာလအပြီး စစ်တပ်အာဏာသိမ်းချိန်မှာ ကေအိုင်အေရဲ့ တပ်ရင်း ၁၁ နယ်မြေကို စတင်ထွက်ခွာလာပုံကို သူကပြန်ပြောပြပါတယ်။ ကိုမင်းဌေးတို့အဖွဲ့ စတင်ထွက်ခွာလာချိန်မှာ သူတို့မြို့က အဖွဲ့တွေပဲ ကေအိုင်အေဆီ ထွက်လာတယ်လို့ပဲ သူတို့ထင်နေခဲ့ပါတယ်။ ဒါပေမဲ့ ကေအိုင်အေ တပ်ရင်း ၁၁ ကို ရောက်သွားခဲ့ချိန်မှာ အခြား မြစ်ကြီးနား ၊ မန္တလေးစတဲ့ ဒေသတွေက ကျောင်းသားကျောင်းသူတွေကိုလည်း တွေ့ရတဲ့အတွက် အံ့သြသွားရတယ်လို့လည်း ဆိုပါတယ်။ တကယ်တော့ ကိုမင်းဌေးတို့ အဖွဲ့ စစဉ်းစားခဲ့တာက သူတို့ မိုးကောင်းမြို့လေးကို အရပ်ဘက် အုပ်ချုပ်မှုအောက် ရောက်အောင် ပြန်သိမ်းမယ်ဆိုပြီး စတင်ထွက်ခွာလာခဲ့တာ မဟုတ်ပါလား။ ကေအိုင်အေ ရင်း ၁၁ ကနေတစ်ဆင့် ဆက်သွယ်ပေးမှုကြောင့် ကေအိုင်အေ ဗဟိုကို သူတို့ ကျောင်းသားအဖွဲ့တွေ ရောက်သွားခဲ့ပါတယ်။ ဟိုမှာ ကြုံရတဲ့ အခြေအနေတွေ လက်တွေ့ စစ်ရေးနိုင်ငံရေး အခြေအနေတွေကို ဖြတ်သန်းခဲ့ပြီး နှစ်နှစ်လောက် အကြာမှာတော့ သူစတင်ထွက်ခွာလာချိန်က မက်ခဲ့တဲ့ မြို့ကို အရပ်သားအုပ်ချုပ်မှုအောက် ပြန်ရောက်ရေး ၊ ဒီမိုကရေစီအရေးဆိုတာက အများကြီး ကြိုးစားရဦးမယ်ဆိုပြီး သဘောပေါက်လာခဲ့ပါတယ်။ ကျောင်းသားတပ်မတော်ရဲ့ မြောက်ပိုင်းဗျူရိုမှာ ငါးနှစ်လောက် ဖြတ်သန်းပြီးခဲ့တဲ့အချိန်မှာ အနုပညာနဲ့ ပတ်သက်လို့တော့ နှစ်ပတ်လည်နေ့တွေမှာ ပြုလုပ်တဲ့ ပြဇာတ်တွေမှာ ၀င်သရုပ်ဆောင်တဲ့ ကိစ္စတွေလောက်သာ လုပ်ဖူးခဲ့ပါတယ်။ ၁၉၉၄ နှစ်ရောက်လာတော့ ကေအိုင်အေအနေနဲ့ န၀တ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်တော့ မြန်မာနိုင်ငံ မြောက်ပိုင်းသား ကိုမင်းဌေးလည်း မြန်မာနိုင်ငံ တောင်ဘက်ခြမ်းကို ပြောင်းရွှေ့ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကေအိုင်အေက အပစ်ရပ်မှာဖြစ်တဲ့အတွက် ကေအိုင်အေ နယ်မြေအတွင်း အပစ်မရပ်တဲ့ ကျောင်းသားတပ်မတော်ကို လက်ခံထားလို့ မရတော့ဘူးဆိုတဲ့ အခြေအနေမျိုး ပေါ်ပေါက်လာတဲ့အတွက် ဖြစ်ပါတယ်။ ကေအန်ယူနယ်မြေကို စတင်ထွက်ခွာလာခဲ့တဲ့ အချိန်မှာ ကိုမင်းဌေးဟာ အိမ်ထောင်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ တောင်ပိုင်းဌာနချုပ်က အခြေအနေတွေ တော်လှန်ရေးမှာ ဘာကြောင့် မအောင်မြင်ဖြစ်နေသလဲ ဆိုတာတွေကို သုံးသပ်လိုတာကြောင့်လည်း ABSDF ရဲ့ ဗဟိုကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုမင်းဌေးတို့ ထိုင်းနယ်စပ်ကို ထွက်ခွာလာချိန်မှာ ကျောင်းသားတပ်ဖွဲ့ရဲ့ မြောက်ပိုင်းဗျူရိုထဲမှာရှိနေတဲ့ ရှမ်းမျိုးနွယ် တပ်ဖွဲ့ဝင်အချို့လည်း ထိုင်းနယ်စပ်ကို လိုက်လာခဲ့ပါတယ်။ သူတို့တွေက အဲဒီတုန်းက စတင်တည်ထောင်တဲ့ SURA (ယခု RCSS ၊ SSA ဦးယွက်စစ် ဦးဆောင်တဲ့အဖွဲ့) နဲ့ ပူးပေါင်းလိုက်ကြပါတယ်။ အဲဒီတော့ ရှမ်းတပ်ဖွဲ့နဲ့ ကိုမင်းဌေးတို့ သိကျွမ်းဖို့ လမ်းကြောင်းပေါ်လာခဲ့ပါတယ်။ အဲဒီ ရှမ်းတပ်ဖွဲ့က အသိမိတ်ဆွေတွေကြောင့်ပဲ ကိုမင်းဌေးအနေနဲ့ ရမ်ဘိုဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ဖြစ်လာတာပါ။ ဒါပေမဲ့ အဲဒီဇာတ်လမ်းမှာ မပါဝင်ခင် သရုပ်ဆောင်မှုဆိုတာ အစိမ်းသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ နှစ်ပတ်လည်ပြဇာတ်တွေအပြင် ဘီဘီစီ မြန်မာပိုင်းကနေ တင်ဆက်ခဲ့ဖူးတဲ့ သပြေကုန်းရွာဆိုတဲ့ အပတ်စဉ် ဇာတ်လမ်းတွဲအစီအစဉ်မှာ အသံသရုပ်ဆောင်အနေနဲ့ ကိုမင်းဌေးတစ်ယောက် ပါဝင်ခဲ့ဖူးခဲ့ပြီးဖြစ်ပါတယ်။ ရမ်ဘိုဇာတ်ကားကို ထိုင်းမြန်မာနယ်စပ်မှာ လာရိုက်မယ်ဆိုတာ သတင်းတွေတော့ ကြားတယ်။ ဘယ်လိုရိုက်မလဲ ။ တခြား မြန်မာသရုပ်ဆောင်တွေ ဘယ်သူတွေကို သုံးမလဲဆိုတာ မသိခဲ့ဘူး။ သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ ဘယ်လို လျှောက်ရမယ်မှန်းလည်း မသိပါဘူး။ “ဒါပေမဲ့ RCSS ရှမ်းအဖွဲ့မှာက ကျွန်တော်တို့ မြောက်ပိုင်းက လာခဲ့တဲ့ သူငယ်ချင်းတွေရှိတော့ သူတို့ကနေ တစ်ဆင့် ဒေါ်နန်းခေးဆိုင်တို့နဲ့ ရင်းနှီးသွားတယ်။ အဲဒီဇာတ်ကားရိုက်မယ်လို့ သတင်းထွက်လာချိန်မှာ ဒေါ်နန်းခေးဆိုင်ကလည်း ရှမ်းအဖွဲ့ RCSS/SSA ကနေ အနားယူပြီးသွားပြီ။ သူကနေတစ်ဆင့် ဇာတ်ကားရိုက်ဖို့ လူလိုတယ်။ မြန်မာတွေ ဖြစ်ရမယ်။ နင်တို့ သွားလျှောက်ကြပါလားဆိုပြီး သရုပ်ဆောင်ရွေးဖို့ ကြော်ငြာတဲ့ကုမ္ပဏီနဲ့ ချိတ်ပေးတာနဲ့ ကျွန်တော်တို့ တစ်ဖွဲ့လုံး သရုပ်ဆောင်အဖြစ် သွားလျှောက်ကြတာ” လို့ အဲဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့ သွားလျှောက်ခဲ့တဲ့ အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ သူတို့သွားလျှောက်တဲ့ ခြောက်ယောက်စလုံး ရွေးချယ်ခံရပါတယ်။ “ကိုယ်က စင်ပေါ်မှာနဲ့ လေလှိုင်းမှာပဲ သရုပ်ဆောင်ဖူးတော့ တကယ့် ဟောလိဝုဒ်ရိုက်ကွင်းထဲ ရောက်သွားတော့ ကင်မရာရှေ့ သရုပ်ဆောင်ရတာ ပထမ တော်တော်ကြောင်တောင်တောင် ဖြစ်တယ်။ အပြင်မှာ ရုပ်ရှင်ရိုက်ကွင်းဆိုတာ တစ်ခါမှ မမြင်ဖူးတဲ့ သူတစ်ယောက်က ဟောလိဝုဒ်ရုပ်ရှင်ရိုက်ကွင်းထဲ ရောက်သွားတယ်ဆိုတော့ စဉ်းစားကြည့်လေ။ ဘာတွေလုပ်နေရမှန်း မသိဘူး။ သူများခိုင်းတာ လုပ်နေရတာ ပထမက။ ဒါရိုက်တာကလည်း စတားလုံး ၊ မင်းသားကလည်း စတားလုံးပဲလေ” လို့ အတွေ့အကြုံကို ပြန်ပြောင်းပြောပြပါတယ်။ ဒါပေမဲ့ သူသရုပ်ဆောင်ရတဲ့ နေရာကလည်း ဇာတ်လမ်းအတွက် အရေးပါတဲ့ ရက်စပ်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်က အရာရှိနေရာဖြစ်နေပြန်၊ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ ရက်စက်မှုတွေကို သူကိုယ်တိုင်လည်း မြင်တွေ့ခဲ့ရဆိုတဲ့ အကြောင်းအချက်တွေနဲ့ မခံမရပ်နိုင်တဲ့ စိတ်ကြောင့်ပဲ သရုပ်ဆောင်မှုတွေမှာ သူ့အနေနဲ့ အောင်အောင်မြင်မြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ မကောင်းမှုမှန်သမျှကို မြင်တွေ့ဖူးတဲ့အတွက် သရုပ်ဆောင်ရတာ အခက်ခဲမရှိဘူးလို့ အဲဒီတုန်းက ရေဒီယိုအသံလွှင့် သတင်းဌာနတချို့ကို သူဖြေဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရိုက်ကွင်းအတွေ့အကြုံ နည်းတာကြောင့်ပဲ အဲဒီဇာတ်ကား ရိုက်တဲ့အချိန်မှာ သူထိခိုက်မှု အချို့ ဖြစ်ခဲ့ပါသေးတယ်။

“တချို့ တကယ်အက်ရှင်ခန်းတွေ တိုက်ခိုက်တဲ့ နေရာတွေမှာ စတန့်သမားတွေကို သုံးရတာ၊ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က တော်လှန်ရေးသမား စစ်သားဆိုတော့ တချို့အခန်းတွေမှာ ကိုယ်တိုင် သရုပ်ဆောင်တော့ ထိခိုက်မှုတွေဖြစ်တာပေါ့။ ရမ်ဘိုက ကျွန်တော့်ကို ဓားနဲ့ ထိုးသတ်ပြီး ချောက်ထဲကန်ချလိုက်တဲ့ အခန်းမှာ ခါးနာသွားတယ်လေ” ဆိုပြီး ပြန်ပြောင်းပြောပြပါတယ်။ အဲဒီဇာတ်ကားက ၂၀၀၇ ရွှေဝါရောင် အရေးအခင်းအပြီး သိပ်မကြာခင်ကာလမှာပဲ ရုံတင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ ပြသခွင့်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ တရားမ၀င် ခိုးကူးဈေးကွက်ကနေ တစ်ဆင့် ၀ယ်ယူအားပေးခဲ့တဲ့အတွက် သူ့အနေနဲ့ ပင်ပန်းရကျိုးနပ်တယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။

“တိုင်းရင်းသားဒေသက အခြေအနေတွေကို ပြည်သူတွေ သိသွားတာပေါ့လေ။ လူဆိုတာကလည်း ပိတ်ပင်လေ စပ်စုချင်လေ မဟုတ်လား” လို့ ၀ံ့ကြွားစွာပြောဆိုပါတယ်။ အဲဒီ ဇာတ်ကားရိုက်ပြီးတော့ နောက်တစ်ကြိမ် သူ့အနေနဲ့ ဟောလိဝုဒ် ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီဇာတ်ကားမှာ သူသရုပ်ဆောင်ရတဲ့ အခန်းကနည်းပါးပြီး ရမ်ဘိုကားကလောက် မများခဲ့ပေမယ့် အရေးကြီးတဲ့ အခန်းကနေ သရုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားကတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ သူသရုပ်ဆောင်ရတဲ့ အခန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ချိန်ရွယ် ဟန့်တားခဲ့တဲ့ စစ်တပ်အရာရှိ နေရာကနေ သရုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။

အမှန်တော့ အဲဒီဇာတ်ကားမှာလည်း သူ့အနေနဲ့ ပါဝင်ခွင့်ရမယ်လို့ မျှော်မှန်းခဲ့တာတော့ မဟုတ်ပါဘူး။ ပထမ ဇာတ်ကားရိုက်ပြီးချိန်မှာ ထိုင်းက အနုပညာလုပ်ငန်း ၀န်ဆောင်မှု ကုမ္ပဏီတွေနဲ့ ရင်းနှီးသွားတာကြောင့် ဒီဇာတ်ကားရိုက်ဖို့ ဖြစ်လာတဲ့အချိန်မှာ ကုမ္ပဏီကနေတစ်ဆင့် သွားရောက် လျှောက်ထားဖို့ ဆက်သွယ်လာတာကြောင့် ဇာတ်ကားရိုက်ကူးမဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရမ်ဘိုဇာတ်လမ်းမှာ စစ်တပ်အရာရှိအဖြစ် သရုပ်ဆောင်ဖူးတာကြောင့်လည်း ဘာမှ သရုပ်ဆောင်ခိုင်းခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်တဲ့ မစ်ရှဲရိုးကို သေနတ်နဲ့ချိန်တဲ့အခန်းမှာ ဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာကလည်း ထည့်သွင်း အသုံးပြုခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တကယ့် အပြင်မှာဆိုရင် သေနတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချိန်ရဲပါ့မလားဆိုတဲ့ မေးခွန်းကိုတော့ “အမလေး ဘယ်ချိန်ရဲပါ့မလဲဗျာ။ ကျွန်တော်လေးစားတဲ့ ပုဂ္ဂိုလ်ပဲ ၊ တကယ်လည်း ပြည်သူပြည်သားတွေ အတွက် စွန့်လွတ်စွန့်စားခဲ့သူပဲ၊ သေနတ်နဲ့ချိန်ဖို့ မပြောနဲ့ တင်းတင်းမာမာ ပြောဖို့တောင် ခက်ပါလိမ့်မယ်” လို့ တော်လှန်ရေးသမားအဖြစ် နှစ်ပေါင်း ၂၅ ကျော် ဖြတ်သန်းလာခဲ့တဲ့ ရဲဘော်မင်းဌေးက စိုးရွှံ့စွာနဲ့ ပြောပါတယ်။

ဟောလိဝုဒ်က ရုပ်ရှင်ဇာတ်ကားနှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့မှု အပြီးမှာတော့ အနုပညာအလုပ်ဟာ သူနဲ့ အံဝင်ခွင်ကျ ဖြစ်တယ်ဆိုတဲ့ ဘေးက သူငယ်ချင်းတွေက တိုက်တွန်းမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ လောလောဆယ် ဇောက်ချလုပ်ဖို့ အခြေအနေ မပေးသေးဘူးလို့ သူကဆိုပါတယ်။ ဒါက အနုပညာပိုင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံပိုင်းကြောင့် ယုံကြည်မှုနည်းလို့ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။ တကယ်တော့ ဟောလိဝုဒ်ဇာတ်ကား နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ရဖို့ ဆိုတာ လွယ်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ “ကျွန်တော့် အယူအဆအရဆိုရင် အခုထိ ကျွန်တော်တို့က စစ်အာဏာရှင်စနစ် အောက်မှာပဲ ရှိသေးတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ဒီမိုကရေစီ တိုင်းရင်းသား အခွင့်အရေးတွေလည်း မရသေးဘူးမဟုတ်လား။ ကျွန်တော်တို့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ အခွင့်အရေးတွေရဖို့ ကြိုးစားသွားရဦးမယ်။ ငြိမ်းချမ်းရေးရပြီးရင်တော့ စာရေးတာဖြစ်ဖြစ်၊ အနုပညာအလုပ်တွေကို ဇောက်ချလုပ်တာဖြစ်ဖြစ် လုပ်သွားနိုင်ပါလိမ့်မယ်” လို့ ကျောင်းသားတပ်မတော်ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် မိုင်ဂျာယန် တိုင်းရင်းသား အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရမ်ဘိုဇာတ်ကားထဲက သရုပ်ဆောင်ဖြစ်သူက ဆိုပါတယ်။

စိုင်းထွန်းအောင်လွင်
The Ladies News Journal



စင်ကာပူနိုင်ငံ မရိန်နာ ဘေးကမ်းခြေဒေသကို ဒုံးကျည် ဖြင့် ပစ်ခတ်ရန်စီစဉ်နေသော အဖွဲ့ခေါင်းဆောင် အပါအ၀င် အ ကြမ်းဖက်သမား ခြောက်ဦးကို အင်ဒိုနီးရှား အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီး ရှားသတင်းဌာနများက ဖော်ပြ သည်။

အသက် (၁၉) နှစ်နှင့် (၄၆)နှစ်အရွယ်ကြား အမျိုးသား ခြောက်ဦးကို ဘာတမ်ဒေသတစ် ၀န်း နေရာများစွာတွင် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။

ယင်းနေရာများအနက် တစ်နေရာတွင် လက်နက်အများအ ပြားလည်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများကဖော်ပြသည်။

၎င်းတို့ခြောက်ဦးသည် KGR @katibah GR အကြမ်းဖက်အဖွဲ့ မှ အဖွဲ့ဝင်များဖြစ်ပြီး အဖွဲ့ခေါင်း ဆောင် ဂီဂီရာမတ်ဒီဝါ (၃၁) နှစ် သည် မရိန်နာဘေးကမ်းခြေကို တိုက်ခိုက်ရန်ကြံစည်မှုတွင် ပါဝင် ကြောင်း သိရသည်။

အခြားစစ်သွေးကြွငါးဦးမှာ ဘဏ်အလုပ်သမား ထရီယိုဆ ယာဖရီဒို (၄၆) နှစ်နှင့် စက်ရုံအ လုပ်သမားများဖြစ်သော အီကာ ဆာပူထရာ (၃၅)နှစ်၊ တာမီဒဇ် (၂၁)နှစ်၊ ဟာဒီဂူစတီယန်ဒါ (၂၀)နှစ်နှင့် အမ်တီဂါဆူစီယာတို (၁၉)နှစ်တို့ဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့သည် အိုက်ဂါလူ မျိုးနှစ်ဦးကိုလည်း ၀ှက်ထားသည် ဟု ရဲတပ်ဖွဲ့က သံသယရှိနေ ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောသည်။

ဘာတမ်ဒေသမှ စင်ကာပူ နိုင်ငံကို ဒုံးကျည်ဖြင့် ပစ်ခတ်ရန် အကြံမှာ ဆီးရီးယားတွင် အိုင် အက်စ်အဖွဲ့အတွက် တိုက်ခိုက် နေသော အင်ဒိုနီးရှားနိုင်ငံသား ဘာဟရွမ်နာအမ်၏ အကူအညီ ဖြင့် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဖော်ပြသည်။

ဘာဟရွမ်ထံမှရရှိသော ရန် ပုံငွေများကို ဂီဂီရာမတ်က အစွန်း ရောက် လုပ်ရပ်များအတွက် ငွေ ကြေးထောက်ပံ့နေသည်ဟု ရဲ တပ်ဖွဲ့က သံသယရှိနေသည်။

စင်ကာပူနိုင်ငံကို တိုက်ခိုက် မည့် အချိန် (သို့မဟုတ်) ယင်းကဲ့ သို့ တိုက်ခိုက်ရသည့် ရည်ရွယ် ချက်ကို မသိရသေးဟု အင်ဒိုနီး ရှား အမျိုးသားရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ရာဖလီက ပြောကြား ပြီး ယင်းအတွက် အထောက်အ ထားများမတွေ့ရဟု ပြောသည်။

စင်ကာပူပြည်ထဲရေးဝန်ကြီး ဌာန(MHA)က ယင်းတိုက်ခိုက် ရန် ကြံစည်မှုကို ၎င်းတို့ သတိပြု မိပြီး အင်ဒိုနီးရှားအာဏာပိုင်များ နှင့် လက်တွဲဆောင်ရွက်နေသည် ဟု ပြောသည်။

—Ref: CNA

============

7Day News Journal
http://7daydaily.com/story/72099


5August 2016

ဂျပန်နိုင်ငံရဲ့ ရှေ့ နေ အမျိုးသမီး ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်တဲ့ တိုမိုမိ အီနာဒါ ဟာ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး ရဲ့ လူယုံတစ်ဦးပါ။ သူမ စတင်တာဝန်ထမ်း ဆောင်တဲ့ ပထမဆုံးနေ့မှာပဲ စစ်တပ်ကိုလှည့် လည်ကြည့် ရှုခဲ့ပြီး တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေ ရဲ့ ရန်လိုတဲ့ အပြုအမူတွေကို သတိပေးပြောကြားခဲ့ပါတယ်။


မြောက်ကိုရီးယားနိုင်ငံက ဂျပန်ရေပိုင်နက်ထဲကို ပထမဆုံးအကြိမ်အဖြစ် ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာပဲ ဂျပန်အစိုးရက သဘောထားတင်းမာတဲ့ ဥပဒေပြုအမတ် အီနာဒါ ကို ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့တာ ကို အရေးကြီးတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို တိုမိုမိ က ဦးဆောင် ဆုံးဖြတ်တော့မှာပါ။


အသက် ၄၇ နှစ်သာရှိသေးတဲ့ တိုမိုမိဟာ အရပ်ပုပု ပိန်ပိန်ပါးပါး နဲ့  မျက်မှန်တတ်ထားပြီး နိုင်ငံတကာ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းထောက်ထောက်တွေကို ဂျပန်ဘာသာနဲ့ ပဲ ပြောကြားခဲ့ပါတယ် ။ သူမအနေနဲ့  ဂျပန်တွေ စစ်ပွဲရူံးနိမ့်ခဲ့ ရတဲ့ သမိုင်းကို ထားခဲ့ပြီး ဖွဲ့ စည်းပုံကို ပြင်ဆင်ပြီး ဂျပန်တွင် စစ်တိုက်ရမယ့် ဥပဒေကို အတည်ပြုဖို့  အဆိုတင်မယ် လို့  ပြောကြားသွားခဲ့ပါတယ်။

Social Action for Women - SAW



အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin
အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ ရှေ့သီတင်းပတ် ထဲ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ Rivkin ကို ဗွီအိုအေရဲ့ အမေရိကန်နိုင်ငံခြားရေးဌာန သတင်းထောက် နစ်ကီချန်း က တွေ့ဆုံမေးမြန်းချိန်မှာ -

"ဒီ သီတင်းပါတ်ကုန်ရင် ကျွန်တော် မြန်မာပြည်ကို ပြန်သွားမှာပါ။ လွန်ခဲ့တဲ့ ၂ နှစ် သြဂုတ်လတုန်းက သွားခဲ့တဲ့ အတွေ့အကြုံက သိပ်ကို ထူးခြားပါတယ်။ အခုလို ပြန်သွားရတဲ့ အကြောင်းတခုကတော့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရဲ့ နိုင်ငံခြားရေးနဲ့ စီးပွါးရေး တထပ်ထည်းကျနေလို့ပါ။ တကယ်တော့ မြန်မာနိုင်ငံ ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ နိုင်ငံတနိုင်ငံပါ။ ဘာလို့လဲ ဆိုတော့ စီးပွါးရေးအရ ဒဏ်ခတ်တဲ့မူဝါဒဟာ မြန်မာနိုင်ငံအတွက် ထိရောက်မှု ရှိနေတာ ရှင်းပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရပြီး တက်လာချိန်မှာ ဒဏ်ခတ်မှု ၈၀ ရာခိုင်နှုံးလောက် လျော့ချပေးလိုက်တာဟာ အမေရိကန် စီးပွါးရေးလုပ်ငန်းတွေ နဲ့ အမေရိကန်ပြည်ထောင်စု အတွက် ဆက်သွယ် လုပ်ကိုင်နိုင်ခွင့်တွေ ရမယ့် ခေတ်သစ်ကိုရောက်လာစေတာပါ။ ကျွန်တော့အတွက်တော့ ဒါဟာ ၂ နိုင်ငံဆက်ဆံရေး ပိုကောင်းအောင်လုပ်ဖို့ အထူးအခွင့်အရေးရတာပါ။

အမေရိကန်ရဲ့ ဆန်းသစ်တီထွင်ဖန်တီးမှု အစီအစဉ်ထဲက တခုအနေနဲ့ အမေရိကန် စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ - သြဂုတ်လ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း IBM၊ GE၊ GM၊ Coca-Cola၊ Dလွိုက် တို့လို စတဲ့ ကုမ္ပဏီကြီးတွေ က တာဝန်ရှိသူတွေလည်း လိုက်ပါသွားကြမှာဖြစ်ပြီး၊ ၀န်ကြီး Rivkin ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ - မြန်မာ့စီးပွားရေးရဲ့ အဓိကကျတဲ့ ကဏ္ဍတွေဖွံ့ဖြိုးရေးမှာ အခွင့်အလမ်းတွေကို နားလည်နိုင်ဖို့အတွက် မြန်မာအစိုးရခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ လည်း တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အတိုက်အခံတွေအပေါ် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုက ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာပါ။ မကြာသေးခင် နှစ်တွေ မှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ မြင်တွေ့လာရတဲ့အတွက် ဒဏ်ခတ်မှု တော်တော်များများကို ပြန်ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


Breaking news on 5August 2016

ဘရာဇီးနိုင်ငံ မှာ ကျင်းပနေတဲ့ ၂၀၁၆ အိုလံပစ် ပွဲမှာ အငယ်တန်း လက်ဝှေ့ ပွဲ ၀င်ပြိုင်မယ့် မော်ရိုကို နိုင်ငံသား Saada Hassan ဆာဒါ ဟတ်စန် အသက် (၂၂) နှစ်ကို အိုလံပစ်ဖွင့်ပွဲ မကျင်းပခင် တစ်နာရီသာ လိုတော့တဲ့ အချိန်မှာ ဘရာဇီး ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


အားကစားသမားတွေကို နေထိုင်ဖို့ စီစဉ်ပေးထားတဲ့ Olympic Village အိုလံပစ်ရွာ က တိုက်ခန်းတွေမှာ တာဝန်ယူပေးနေကြတဲ့ သန့် ရှင်းရေး ၀န်ထမ်း အမျိုးသမီးနှစ်ဦးကို ဟတ်စံက အင်အားသုံးပြီး သူနဲ့  အတူအိပ်ဖို့ ကြိုးစားခဲ့ တာဖြစ်ပါ တယ်။


လက်ဝှေ့ သမားဟာ သူ့ အခန်းကို လာကြည့်ဖို့  room service အခန်းသန့် ရှင်းရေးအမျိုးသမီးကိုခေါ်ခဲ့ပါတယ်၊ အမျိုးသမီးက သန့် စင် ခန်းမှာ သန့် ရှင်းရေး လုပ်နေတုံး ဟာစန်က အတင်းအကြပ် အင်းအားသုံး ပြီး အိပ်ယာပေါ် ဆွဲခေါ်သွားခဲ့ တယ်လို့  အမျိုးသမီး နှစ်ဦးက ရဲစခန်းမှာ တိုင်ချက်ဖွင့် ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်တာ မှန်ကန်တယ်ဆိုရင် လက်ဝှေ့ သမားဟာ ထောင်ချခံရမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်ခွင့် လည်း ပိတ်ပင်ခံရမှာဖြစ်တယ်လို့  Detective Rodrigo Amorim ရဲစုံထောက် က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Social Action for Women - SAW


သြဂုတ် ၅ ၊ မိုးကောင်း

မိုးကောင်းမြို့ နယ် ဆားမှော်ကျေးရွာ၏ အရှေ့ဘက်ခြမ်း ဆွမ်လဲယနန် ရွာအ၀င်တွင် သြဂုတ်လ ၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဆားမှော် အောင်တံခွန်ရပ်ကွက်မှ ဒေသခံ သုံးဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။


အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဆားမှော် အောင်တံခွန်ရပ်ကွက်မှ ကျန်အောင် ( ၂၈ နှစ် ၊ အဖအမည် - ဦးလှမောင် ၊ ရှမ်းနီ ) ၊ ချမ်းအေး ( ၂၁ နှစ် ၊ အဖအမည် - ဦးမောင်ထွေး ၊ ရှမ်းနီ ) တို့သည် ဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ၊ အောင်မင်းဝေ ( ၂၀ နှစ် ။ အဖအမည် - ဦးညွန့်အောင် ၊ ရှမ်းနီ ) သည် ညနေ ၆ နာရီ အချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်သည် ။


ထိုသေဆုံးသူများသည် သြဂုတ်လ ၅ ရက်နေ့ နံနက် ၂ နာရီမှသာ ဆားမှော်တိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဆရာဝန်စစ်ဆေးချက် အတည်ပြုမှုများပြုလုပ်နေကြောင်း ဆားမှော်ဒေသခံများ ထံမှ သိရသည် ။

မိုးကောင်းမြို့ နယ်အတွင်းတွင် မိုင်းပေါက်ကွဲမှုများသည် တစ်လအတွင်း သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ထောင်မိုင်းများလည်း အဆက်မပြတ်တွေ့ရှိနေကြောင်း သိရသည် ။

The Voice of Shan-Ni



 ၆ လ အတွင်း သူပုန် တွေ လက်နက်ချမယ်
ကိုလံဘီယာ နိုင်ငံမှာ အစိုးရနဲ့ လက်ဝဲယိမ်း FARC သူပုန်တွေကြား နှစ် ၅ဝ ကျော် ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ နောက်တဆင့် တက်လိုက်ပါပြီ။

ထောင်နဲ့ချီတဲ့ သူပုန် ပြောက်ကျားတွေကို လက်နက်ဖြုတ်ဖို့ အတွက် ကုလ သမဂ္ဂ စီစဉ် ပေးမှုနဲ့ အချိန်ဇယား ထားရှိဖို့ သဘောတူခဲ့ကြတာပါ။

ဒိသဘောတူညီမှု အရ ကြားအဆင့် ၃ ဆင့် ထားရှိမယ်၊ နောက် နိုင်ငံ အဝှမ်း စခန်းကြီး ၈ ခု ဖွင့်ပြီး ၆ လ အတွင်း သူပုန် တပ်သားတွေကို လာရောက် လက်နက် ချစေမှာ ဖြစ်ပါတယ်။

သူပုန်ဘက်က ကိုယ်စားလှယ်တွေ နိုင်ငံ အနှံ့ လွတ်လပ်စွာ သွားလာခွင့်ပြုပြီး ဒီဖြစ်စဉ်ကို အကဲခတ်ခွင့် ပြုမှာပါ။

အငြင်းပွားမှု ရှိလာရင်လည်း ကုလ သမဂ္ဂကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ညောင်တုန်း စာသင်ကျောင်း ရေကြီး။ (သတင်းဓာတ်ပုံ- MOI)
ဧရာဝတီတိုင်း မြို့တချို့မှာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ပြီး ရေကြီးနေ တာကြောင့် ညောင်တုန်းမြို့မှာဆိုရင် ဒီရက်ပိုင်းအတွင်း စာသင်ကျောင်း တွေ အားလုံး ပိတ်ထားလိုက်ရသလို၊ လယ်မြေတွေ ရေမြုပ်တာလည်းရှိနေပါတယ်။ တပ်မတော်ဘက်က ရေဘေးတားဆီးရေး လုပ်ဆောင်ပေး တာ ရှိပေမယ့်၊ ဒေသခံတွေ ကတော့ အရေးပေါ်အစားအသောက်နဲ့ ခိုလှုံဖို့နေရာ လိုအပ်ဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရေဘေးအန္တရာယ် အဝါရောင်အဆင့် သတိပေးထားတဲ့ ဧရာဝတီတိုင်းမှာတော့ ဒီရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေက ပိုတိုးပြီးတက်လာနိုင် တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန လူမှုမီဒီယာတွေမှာ သတင်းထုတ်ပြန်ထားတာပါ။ ဟင်္သာတ၊ ဇလွန်နဲ့ အင်္ဂပူမြို့နယ်ဖက်မှာ စိုးရိမ်ရေမှတ် ထက်ကျော်လွန်ပြီး နောက်လာမယ့် ရက်တွေမှာ နောက်ထပ် လက်မ၀က်ကျော် ရေထပ်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဧရာဝတီတိုင်း ညောင်တုန်း မြို့မှာတော့ သောကြာ ညနေပိုင်းတိုင်းတာချက်အရ ဧရာဝတီမြစ်ရေဟာ သတ်မှတ်ထားတဲ့အန္တရာယ်ရေမှတ်၂၄ ပေခွဲရဲ့အထက် ၂၆ ပေ အထိ တက်ခဲ့တာကြောင့် အထူးသဖြင့် မြေနိမ့်ပိုင်းအရပ်မှာ လယ်မြေတွေရော၊ တဲအိမ်တွေပါ ရေမြုပ်နေပြီး ဒီရက်ပိုင်းထဲ ညောင်တုန်းတ၀ိုက်က စာသင်ကျောင်း အားလုံး ပိတ်ထားလိုက်ရတယ်လို့ ညောင်တုန်းမြို့မိမြို့ဖဖြစ်တဲ့ ဦးဘုန်းမြင့် ကပြောပါတယ်။

" ညောင်တုန်းတဝိုက်မှာတော့ ရေက မနှစ်က ရေထက်ကို နည်းနည်း ပိုကြီးတာပေါ့။ နောက် စာသင်ကျောင်းတွေကတော့ ပိတ်ထားရတယ်။ အိမ်ြမုပ်တယ်ဆိုတာ တချို့အိမ်တွေကတော့ တဲအိမ်တွေကတော့ မြုပ်တာပေါ့။ မနှစ်ကထက်စာရင် ရွာတွေက ပိုဆိုးတာပေါ့။ အနိမ့်တွေကတော့ မြုပ်တာပေါ့ ဒီသဘောကတော့ရှိတယ်။ အခုရက်ပိုင်းကတော့ အိမ်သိပ်နိမ့်ရင် သူတို့ ဆင့်တွေ ဘာတွေ ထိုးနေရတယ်။ သူတို့လည်း ထိုးရင်းနဲ့ တက်လာတဲ့သဘောရှိတယ်။ အဲ့တော့ ဘုန်းကြီးကျောင်းတို့လို မြင့်တဲ့နေရာတွေမှာ သွားနေကြရတယ်။ "

ညောင်တုန်းမြို့နဲ့တ၀ိုက်မှာ ကျေးရွာအုပ်စုပေါင်း(၅၄)စုရှိပြီး၊ လယ်မြေဧက ၆၇၀၀ ကျော်ရေမြုပ်နေသလို၊ စာသင်ကျောင်းပေါင်း (၉၃)ကျောင်း ပိတ်ထားရပါတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းတွေ မှာဖေါ်ပြ ပါတယ်။ ရေကြီးတဲ့ဒဏ်ခံနေရတဲ့ ရွာအများစုမှာ စားရေးသောက်ရေး နေရေးပါ အခက်ကြုံနေရတယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

"သား ငါး ဘာညာရှာတဲ့သူတွေ မရဘူး။ နေစရာမရှိတော့ စားဝတ်နေရေးက အစ နည်းနည်း ခက်ခဲသွားတယ်။ အိပ်ဖို့ နေရာက အစ မရှိဘူး သဘောမျိုး ဖြစ်နေတယ်။ သူတို့မှာ ချက်ဖို့ ပြုတ်ဖို့ ထင်းတွေ ဘာတွေပါ ရေမြုပ်သွားတယ်။ တော်တော်ကို အခက်အခဲဖြစ်နေတယ်။"

၂၀၁၅ ခု မနှစ်တုန်းကလည်း မြန်မာနိုင်ငံဟာ ရေဘေးအန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပြီး ပုဂ္ဂလိကစေတနာရှင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အရေး ပေါ် အကူညီတွေကို တတ်နိုင်သမျှထောက်ပံ့ခဲ့တာပါ။ ဒီနှစ်မှာတော့ တပ်မတော်က ရေဘေးတားဆီးရေး လာရောက်လုပ်ဆောင်တာရှိပေမယ့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မလာရောက်သေး တာကြောင့် အကူညီတွေ လိုအပ်နေတယ်လို့ ဦးဘုန်းမြင့်ကပြောပါတယ်။

" အခုက ရန်ကုန်တိုင်း တပ်က စစ်တပ်က အကူအညီပေးတယ်။ တာတွေ ဘာတွေကို ထပ်ဆင့်ဖို့ သဲအိတ်တို့ ဘာတို့ ချဖို့၊ လုပ်အားပေးအကူအညီတွေပေါ့နော် ကျန်တဲ့ NGO တွေက မနှစ်ကတုန်းကတော့ တော်တော်များတယ်။ ဒီနှစ်ကတော့ မလာဘူး။ မလာတာက အထက်မှာ ဖြစ်နေတော့ အဲ့ဒီ့ဘက်ကို သွားနေကြတယ်ထင်တယ်။ ဒို့ဒီဘက်ကို အလာတော်တော် နည်းတယ်။ ရေဘေးဒုက္ခသည်တွေ အတွက် လိုတာကတော့ အစားအသောက်ပေါ့။ ဝယ်လို့ခြမ်းလို့လည်း အဆင်မပြေ။"

လောလောဆယ် ရေဘေးအခြေနေဟာ ဧရာဝတီနဲ့ ပဲခူးတိုင်းတွေမှာ အဆိုးဆုံးဖြစ်နေပြီး ရေဘေးဒုက္ခသည်တွေအတွက် အစိုးရက ရွက်ဖျင် တဲတွေကူညီပေးနေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အရေးပေါ်အဖွဲ့ တာဝန်ကျဝန်ထမ်းတဦး ကပြောပါတယ်။

" အခုလောလောဆယ် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့ အခုဘက်ဂျက်အရတော့ အကုန်လုံးက ပေးနေတာပေါ့။ ရွက်ဖျင်တဲတွေ ဘာတွေ အကုန်ထုတ်ပေးနေတာပဲ။"

လာမယ့် ၂ရက်အတွင်း ဧရာဝတီမြစ်ရေ ဆက်မြင့်လာဖွယ်ရှိနေပြီး စိုးရိမ်ရေမှတ် အထက် ဆက်ရှိနိုင် တာကြောင့် ညောင်တုန်းမြို့ခံတွေစိုးရိမ် နေရကြောင်း မြို့ခံအမျိုးသမီးက ပြောပါတယ်။

" အခုက အထက်မှာတက်တုန်း။ ရေကျရင် ဒို့လိုနေရာတွေက တော်တော်ထိမယ် ထင်တယ်။ ဘာဖြစ်လို့ဆိုတော့ အထက်က ရေက ကျလာမယ်ကွာ။ ဟင်္သာတတို့ ဇလွန်တို့ က အဲ့ကျတော့ ရေက တော်တော်တက်ပြီ။ အဲ့တောပင်လယ်ရေကလည်း တက်ပြီး ဒီရေကလည်း ထောက်နေပြီ။ အဲ့အချိန်ကျရင်တော့ တော်တော်ဆိုးမယ်။ အဲ့ဒီ့အခြေအနေကို စိုးရိမ်ရတာပေါ့။"

ဒီနှစ်ထဲဖြစ်နေတဲ့ မြစ်ရေလွှမ်းမှုကြောင့် မြန်မာနိုင်ငံတ၀ှမ်းမှာ ရေဘေးရှောင်ဒုက္ခသည် အနည်းဆုံး ၅သောင်းခွဲကျော်ရှိနေပါတယ်။ မိုးဇလဌာန ထုတ်ပြချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေပြီး လာမယ့်၂ရက်အတွင်း စစ်ကိုင်းတိုင်း၊ကချင် နဲ့ ရှမ်းပြည်နယ်တွေမှာ မိုးပိုများလာနိုင်ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မန္တလေး သြဂုတ် ၅

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ တောင်ပြုံးဆုတောင်း ပြည့်၊ ဆုတောင်းရ မြတ်စွာဘုရားပွဲတော်နှင့် တောင်ပြုံးအရှင် နှစ်ပါးပွဲတော်ကို သြဂုတ် ၁၁ ရက်မှ ၁၈ ရက်အထိ ရိုးရာအစဉ် အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည် ဖြစ် ကြောင်း သိရသည်။

တောင်ပြုံးပွဲတော်ကြီးကို မြန်မာပြည်အနှံအပြားမှ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လာရောက်ကြသဖြင့် အထက်မြန်မာ ပြည်တွင် အစည်ကားဆုံးပွဲတော်ဖြစ်သည်နှင့်အညီ ဒေသထွက် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချကြမည့် ဆိုင်ခန်းများနှင့်အတူ ဖျော်ဖြေရေးဇာတ်ရုံကြီးများကလည်း အားဖြည့်ဝန်းရံထားသဖြင့် နှစ်စဉ်တိုးမပေါက်အောင် စည်ကားလျက်ရှိသော ပွဲတော်ကြီးဖြစ်သည်။
 ''တောင်ပြုံးပွဲ တော်ကို မန္တလေးမြို့သစ်ကနေ လာရောက်ဈေးရောင်းတာပါ။ ပွဲတော်မစခင်ကတည်း က စည်ကားနေတာ၊ ပွဲတော်ပြီးသွားတဲ့ ရက်တောင် လူကမပြတ်သေးဘူး။ ဈေးလည်းရောင်း ကောင်းတယ်။ ပျော်လည်းပျော်ပါတယ်''ဟု ဈေးရောင်းချသူ တစ်ဦးကပြောသည်။ နတ်ကတော် တစ်ဦးကလည်း '' ဒီနှစ်က ဆိုင်ခန်း ခတွေဈေးတက်သွားတဲ့အတွက် အခက်အခဲတော့ ဖြစ်သွားတယ်။

 ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲတော်ကြီးကို အစဉ်အလာ မပျက် မရောက်ရောက်အောင်လာရတယ်လေ။ ကျွန်မတို့က အရှင်နှစ်ပါးကို ချစ်လည်းချစ်တယ်၊ ကြောက်လည်းကြောက်တယ်''ဟု ပြောသည်။

အဆိုပါ တောင်ပြုံးပွဲတော်ကြီးအား နှစ်ပေါင်းကြာမြင့်စွာ နှစ်စဉ်ကျင်းပလာခဲ့သော်လည်း ပွဲတော်သို့သွားလာသည့်လမ်း များမှာ ကောင်းမွန်မှုမရှိသောကြောင့် အခက်အခဲများစွာဖြင့်သွားလာနေရကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


mawlamyine-620.jpg
မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့ဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

မွန်ပြည်နယ်က စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမဝါယမအသင်းဝင်တွေကို တရုတ် EXIM သွင်းကုန် ထွက်ကုန် ဘဏ်ကနေ ၂ဝ၁၄ ခုနှစ်က စတင်ပြီး အတိုးနှုန်းသက်သက်သာသာနဲ့ အမေရိကန်ဒေါ်လာ ၈၆ သန်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ၁ဝ ဒဿမ ၃ ဘီလီယံ ထုတ်ချေးထားပါတယ်။

ဒီချေးငွေနဲ့ ဘဝတစ်ခုလုံးပြောင်းမသွားပေမယ့် တစုံတရာအတိုင်းအတာထိတော့ အထောက်အကူ ပေးပါတယ်လို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမဝါယမအသင်း တာဝန်ရှိသူ ဦးစိန်ဟန်က ပြောတဲ့အကြောင်း တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်းက ဖော်ပြပါတယ်။

ဒါပေမဲ့ မွန်ပြည်နယ်အခြေစိုက် မော်လမြိုင်နေ့စဉ် အွန်လိုင်းသတင်းစာ အယ်ဒီတာ ဥာဏလူကတော့ အသင်းဝင်တွေထက် စီမံဆောင်ရွက်သူတွေက အကျိုးပိုရှိတယ်လို့ ပြောတာပါ။

"နိုင်ငံတကာက ဘဏ်တွေချေးကြတယ်၊ ဌာနဆိုင်ရာတွေက ငွေတွေချေးကြတာပေါ့၊ စိုက်ပျိုးရေး ၊ မွေးမြူရေးသမားတွေပေါ့၊ တကယ့်တကယ် အကျိုးရှိသွားတာက အဲ့ဒီငွေထုတ်ချေးတဲ့အသင်းတွေပဲ၊ သူတို့တွေပဲ အကျိုးရှိသွားတာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစိုက်ပျိုးရေး၊ မွေးမြူရေးသမားတွေက သူတို့တွေက ဘယ်တော့မှမတိုးတက်လာဘူး၊ နောက်တစ်နှစ်လာရင်လည်း ထပ်ချေးရတာပဲ၊ နောက်တစ်နှစ်လာရင် လည်း ထပ်ချေးရတာပဲ၊ ဒါတွေကို အစိုးရတွေက အကုန်ယူနေကြတာ၊ သူတို့ရဲ့ပြောချက်တွေက အောင်မြင် တယ် အောင်မြင်တယ်လို့ ပြောသွားတာ၊ အောင်မြင်တယ်ဆိုတာ သူတို့ပဲ အောင်မြင်သွားတာပါ၊ ဆိုတော့ ဒီလူ့အဖွဲ့အစည်းထဲမှာ ဖွံ့ဖြိုးတိုးတက်သွားတယ်ဆိုတာ မရှိဘူး"

မွန်ပြည်နယ်က စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမဝါယမ အသင်းဝင်တွေကို ရိတ်သိမ်းရာသီမှာ တရုတ် EXIM ဘဏ်ချေးငွေကို ဒေသဆိုင်ရာ သမဝါယမအသင်းကတဆင့် ထုတ်ချေးပါတယ်။ တစ်ယောက်က ချေးငွေ ဆပ်ဖို့ပျက်ကွက်ရင် ကျန်တဲ့လူတွေက တာဝန်ခံရတဲ့ အဖွဲ့လိုက်အာမခံရတဲ့စနစ်နဲ့ အတိုးနှုန်း ၁ ရာခိုင်နှုန်းခွဲ (၁.၅ %)နဲ့ ချေးထားတာပါ။

ဒီချေးငွေနဲ့ သထုံမြို့နယ်မှာရှိတဲ့ သမဝါယမ ၅၁ သင်းက စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမဝါယမ အသင်းဝင် တစ်သောင်းသုံးထောင့်ကျော်ကို တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၉ဝ နဲ့ ညီမျှတဲ့ ကျပ်ငွေ တစ်သိန်း ထုတ်ချေးတာပါ။
RFA


နိရဉ္စရာ၊ သြဂုတ် ၅

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့သော ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောတွေကို စည်းကမ်းချက်အတိုင်း စိစစ်ရေးအဆိုနှင့် ဘင်္ဂလီကို နဂိုရှိရင်းစွဲ အတိုင်း ဘင်္ဂလီအဖြစ် ခေါ်ဝေါ်သုံးနှုန်းရေး  အဆိုနှစ်ရပ်လုံးကို ယနေ့ လွှတ်တော်တွင် ကန့်ကွက်သူမရှိအတည်ပြုလိုက်သည်ဟု သတင်းရရှိသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ၎င်းအဆိုနှစ်ရပ်ကို လွှတ်တော် တတိယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် ထောက်ခံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

“လွှတ်တော်အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့တဲ့ အဆိုတွေဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းနဲ့ပတ်သက်ပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောတွေကို စည်းကမ်းချက်အတိုင်း စိစစ်ရေးအဆို၊ နောက်အဆိုတစ်ခုက ဘင်္ဂလီကို နဂိုရှိရင်းစွဲ အတိုင်း ဘင်္ဂလီအဖြစ် ခေါ်ဝေါ်သုံးနှုန်းရေးအဆိုကို ဒီနေ့ လွှတ်တော်မှ ထောက်ခံ ဆွေးနွေးကြပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာပါ” ဟု သူကပြောသည်။

ပထမအဆို ရခိုင်ကမ်းရိုးတမ်းတွင် ငါး၊ ပုဇွန် ရှားပါးလာသဖြင့် ကမ်းနီး၊ ကမ်းဝေး သင်္ဘောများအား စည်းကမ်းချက်များနှင့် အညီ စိစစ်ပေးပါရန် ရခိုင်ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းမှ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယ အဆို ဘင်္ဂလီကို နဂိုရှိရင်းစွဲအမည်အတိုင်း ခေါ်ဝေါ်သုံးနှုန်းရေးအဆိုကို  ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းတို့က အဆို တင်သွင်း ခဲ့ကြခြင်းဖြစ်ပြီး  ၎င်း အဆိုကို ယနေ့တွင် ဦးဇော်ဇော်မြင့်၊ ဦးဖိုးစံ (ကျောက်ဖြူ ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂)၊ ဦးကျော်ဇောဦး (စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂)၊ ဦးကျော်လွင် နှင့် ဂွမြို့နယ်မှ အမတ် တစ်ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


ပထမအဆိုနှင့်ပတ်သက်၍ အဆိုရှင်က တင်သွင်းရာတွင် ကမ်းနီးကမ်းဝေး ငါးဖမ်းခြင်းများကို စိစစ်မှုမရှိဘဲ နဂိုအတိုင်းလုပ်ဆောင်ခွင့်ပြုထားပါက နောင် ၅ နှစ်တွင် ငါးမျိုးပြုန်းတီးမှုနှင့် ရင်ဆိုင်နိုင်ရကြောင်း နော်ဝေးနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ပြောကြားကြောင်း၊ အခြားဒေသမှ လာရောက်ပြီး ငါးဖမ်းကြသည့် သင်္ဘောများသည် စံဝင်ငါးများကို ရခိုင်ပြည်နယ်တွင် ရောင်းချခြင်းမရှိဘဲ အခြားဒေသသို့ တင်ပို့သဖြင့် ရခိုင်ပြည်နယ်တွင် စားသုံးသူများအခက်တွေ့နေရကြောင်း၊ ယင်းအပြင် စံမ၀င်သော ငါးငယ်များကို ဆောင်းရာသီနှင့် နွေရာသီတွင် ဘဲစာ၊ ကြက်စာအဖြစ် အသုံးပြုရန် နေလှမ်းကြသော်လည်း မိုးရာသီတွင် မြစ်ထဲသို့ သွန်ချလိုက်သဖြင့် စားသုံးသူများ လက်ထဲသို့ မရောက်ဘဲ ဆုံးရှုံးခဲ့ရ၍ မြန်မာ့ရေတပ်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က စိစစ်အရေးယူဖို့ လိုအပ်ကြောင်း တင်ပြခဲ့သည်။

ဒုတိယအဆိုနှင့်ပတ်သက်၍ ဇွန်လ ၁၆ ရက်နေ့ထုတ် ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဘင်္ဂလီ လူမျိုးများကို ဘင်္ဂလီရိုဟင်ဂျာဟု ဖေါ်ပြခြင်းမပြုဘဲ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဟု ခေါ်ဝေါ်သုံးနှုန်းရန်ထုတ်ပြန်ခြင်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် လူ့အခွင့်အရေး ကိုယ်စားလှယ်ကလည်း ၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံတွင် ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအ၀ိုင်းဟု လည်းကောင်း သုံးနှုန်းခဲ့ခြင်းသည် သူတို့၏ မူလလာရာ လမ်းကြောင်းကို ဖျောက်ဖျက်လိုက်ခြင်းသာဖြစ်ပြီး ရခိုင်ပြည်နယ်သည်ပင်လျှင် သူတို့၏ မူရင်းဒေသအဖြစ် သဘောသက်ရောက်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ပြီး မူလရှိရင်းစွဲအတိုင်း ဘင်္ဂလီဟု အသုံးပြုဖို့ အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသွားခဲ့သည်။

လွှတ်တော်အစည်းအဝေး ပထမနေ့က အဆို ၂ ရပ်လုံးကို အတည်နိုင်ပြုခဲ့သော်လည်း မေးခွန်းများ မေးမြန်းရာတွင် သက်ဆိုင်ရာ ၀န်ကြီးများက မေးခွန်းအားလုံးလိုလိုတွင် တိတိကျကျ ဖြေကြားခြင်းမရှိ၍ အားရကျေနပ်မှုမရှိဟု ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ
http://www.narinjara.com/burmese/


အမေရိကန်ရောက်မြန်မာနွယ်ဖွား ကျောင်းသားကျောင်းသူများ။ ( သတင်းဓာတ်ပုံ- Credit to Burmese American Community Institute Inc)
အမေရိကန်ရောက်မြန်မာနွယ်ဖွား ကျောင်းသားကျောင်းသူများ။ ( သတင်းဓာတ်ပုံ- Credit to Burmese American Community Institute Inc)

ကောလိပ်ကျောင်းတက်ရောက်တဲ့ အမေရိကန်ရောက် မြန်မာနွယ်ဖွါး အရေအတွက်ဟာ ၈၃ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ BACI လို့ခေါ်တဲ့ မြန်မာ အမေရိကန်အင်စတီကျူက ပြောလိုက်ပါတယ်။ အခုအခါမှာ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနွယ်ဖွားအရေအတွက်ဟာ ၃ သိန်းလောက်ရှိမယ် လို့ ခန့်မှန်းထားပြီး ၂ သောင်း ၂ ထောင်လောက်ဟာ အနောက်အလယ်ပိုင်းပြည်နယ် တခုဖြစ်တဲ့ အင်ဒီယာနားမှာ နေထိုင်တယ်လို့ BACI အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

အမေရိကန်ရောက် မြန်မာနွယ်ဖွါးတွေ ကောလိပ်ကျောင်းတက်ရောက်မှုနှုန်းဟာ ၂၀၁၂ ခုနှစ်က ၄၃ ရာခိုင်နှုန်း ကနေ ၂၀၁၆ ခုနှစ်မှာ ၈၀ ရာခိုင်နှုန်းအထိ တိုးလာတာကြောင့် ၄ နှစ်တာကာလအတွင်း ၈၃ ရာခိုင် နှုန်းအထိ တိုလာတာဖြစ်တယ်လို့ အင်ဒီယားနားပြည်နယ်အခြေစိုက် မြန်မာအမေရိကန် အင်စတီကျုက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လွတ်လပ်စွာပညာသင်ကြားခွင့်ရှိတဲ့ အခြေအနေအောက်မှာ လူငယ်တွေအနေနဲ့ ပညာရေးကို အလေးထားလာကြတယ်လို့ မြန်မာအမေရိကန် အင်စတီကျူ ဘုတ်အဖွဲ့ ဥက္ကဌ ဒေါက်တာ ရိုဒင်းက ပြောပါတယ်။

"ကျနော်တို့ ဗမာပြည်ကနေလာတဲ့ ဒုက္ခသည်အနေနဲ့ အမေရိကားဝင်လာတဲ့အခါမှာ ဗမာပြည် နောက် မလေးရှား အိန္ဒိယတို့မှာ အခွင့်အရေးမရရှိခဲ့တဲ့ လွတ်လွတ်လပ်လပ် ပညာသင်ကြားရေးကို အမေရိကားမှာရောက်ရှိတဲ့ အခါမှာ ရှေ့ရေးအတွက် စဉ်းစားပြီးတော့ ကျောင်းသူကျောင်းသားတွေ အင်မတန်တက်ကြွပြီးတော့ သူတို့က ပညာရေးကို အားသွန်ခွန်စိုက် ကြိုးစားလာတာ တွေ့ရပါတယ်။ နောက် ကျနော်တို့ BACI ကလည်း သူတို့ တက္ကသိုလ်တွေဝင်နိုင်အောင် ပံ့ပိုးပေးတဲ့အစီအစဉ်တွေလုပ်ပေးပါတယ်"

အင်ဒီယာနာအခြေစိုက် ပညာရှင်တွေ တခြားလူမှုနယ်ပယ်ထဲက အဖွဲ့ဝင်တွေပေါင်းပြီး စာရင်းပြုစုထားတာဖြစ်တယ်လို့ ဒေါက်တာရိုဒင်းက အခုလိုဆက်ပြောပါတယ်။

"နှစ်တိုင်းပေါ့ နွေရာသီ ၂ လ ကို ကျနော်တို့ ဗမာပြည် High School ကျောင်းသားတွေ အားတဲ့အချိန်မှာ အဖွဲ့ ၆ ဖွဲ့ခွဲပြီးတော့ သုတေသန ကျနော်တို့လုပ်ခိုင်းပါတယ်။ အမေရိကန်တက္ကသိုလ်က ဆရာဆရာမတွေ ဦးဆောင်ပြီးတော့"
၂၀၀၀ ခုနှစ်ကနေစလို့ အမေရိကန်ပြည်ထောင်စုကို ၀င်ရောက်လာသူ မြန်မာနွယ်ဖွား အရေအတွက်ဟာ ၁ သိန်း ၆ သောင်းကျော်ရှိပြီး အဲဒီထဲက ၂ သောင်းခွဲကတော့ အင်ဒီယားနားပြည်နယ်မှာနေထိုင်ပါတယ်။ BACI အဖွဲ့ အခြေစိုက်ရာ Indianapolis မြို့မှာတော့ ၁ သောင်းခွဲလောက်နေထိုင်ပြီး အင်ဒီယားနားပြည်နယ်ရဲ့ ဒုတိယအကြီးဆုံး ဖော့ဝိန်း မှာလည်း မြန်မာနွယ်ဖွား သောင်း ဂဏန်းနီးပါး နေထိုင် ပါတယ်။ ရွှေ့ပြောင်း အခြေချနေထိုင်သူ အများစုက တိုင်းရင်းသားတွေဖြစ် တယ်လို့ ဒေါက်တာရိုဒင်းက ပြောပါတယ်။

"ဒီ ၁ သောင်းခွဲလောက်မှာ ကျနော်တို့ ချင်းလူမျိုးက ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဓိကကတော့ ဒီစစ်အစိုးရ လက်ထက်မှာ ဘာသာရေး လူမျိုးရေး ဖိနှိပ်မှုတွေကြောင့် အိန္ဒိယ တို့ မလေးရှားတို့ နီးစပ်ရာ နိုင်ငံခြားကို နယ်စပ်ကျော်ပြီးတော့ထွက်ပေးလာကြတဲ့ ဒုက္ခသည်တွေဖြစ်ပါတယ်။ ဒီ အမေရိကန်အစိုးရရဲ့ Resettlement အစီအစဉ်အရ ဒီ အမေရိကန်ကို ရောက်လာကြတာဖြစ်ပါတယ်"
တချိန်က အစိုးရ အတိုက်အခံအင်အားစုဝင် အများအပြားလည်း ဖေါ့ဝိန်းမြို့ မှာ နေထိုင်ပါတယ်။ အသက် ၁၀ နှစ် အရွယ်မှာ မိဘတွေနဲ့အတူ ဖော့ဝိန်းမြို့ မှာ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့တဲ့ ကောလိပ်ကျောင်းသူတဦးဖြစ်သူ မအိအိခင်ဦးကတော့ သူ့ရဲ့ ပညာရေး ရည်မှန်းချက်ကို အခုလို ပြောပါတယ်။

"ပညာတတ်ထားမှ ကိုယ်လုပ်ချင်ရာ ဥပမာ ဆရာဝန်လုပ်ချင်လား အဲလိုမျိုးပေါ့နော်။ ကိုယ်ဖြစ်ချင်တာကို အရင် လုပ်လို့ ရမယ်ထင်တယ်။ Bachelor ကို ဇီဝဗေဒ ယူထားတာပေါ့နော်။ ဆရာဝန်ဖြစ်ချင်လို့ပေါ့နော်။ ဆရာဝန်လုပ်ပြီးတော့ စေတနာ့ ဝန်ထမ်းအနေနဲ့ တောရွာလေးတွေမှာ မရှိဆင်းရဲသားတွေကို ကူညီတာမျိုးလုပ်ချင်တယ်"

အခုအခါမှာတော့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနွယ်ဖွါးဦးရေဟာ ၃ သိန်းကျော်လောက်အထိ ရှိလာပြီလို့ BACI အဖွဲ့က ခန့်မှန်းထားပါတယ်။ ဒီအဖွဲ့ဟာ အင်ဒီယာနာပူလစ်မြို့မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအတွက် ပညာရေးနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားရာမှာ အကူအညီပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ လူ ၄၀၀၀ ကျော်လောက်ကို အကူအညီတွေ ပေးပြီးဖြစ်ပါတယ်။

VOA Burmese News

စစ်ကိုင်းတိုင်းအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်နဲ့ နန်းယွန်း မြို့နယ်တွေမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ "ကူးစက်မြန်" ရောဂါတမျိုးကြောင့် ၂ ရက်အတွင်း နောက်ထပ် ၅ ဦး သေဆုံးသွားတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၃၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဒီရောဂါဟာ လဟယ်မြို့နယ် ထန်ခေါ်လားမားကျေးရွာမှာ ဇွန်လ ၁၄ ရက်နေ့လောက်က စတင်ဖြစ်ပွားခဲ့ပြီး အနီးအနားကျေးရွာတွေကိုပါ ကူးစက်ဖြစ်ပွားခဲ့တာပါ။ ဒါ့အပြင် နန်းယွန်းမြို့နယ်ထဲက ကျေးရွာတွေမှာလည်း ဇူလိုင်လ ၂၈ ရက်နေ့လောက်က စလို့ ရောဂါဖြစ်ပွားနေတာလို့ သိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ… အသက်ရှူလမ်းကြောင်းကတဆင့် ရောဂါပိုးဝင်ပြီး ခန္ဓာကိုယ်မှာ အဖုအပိမ့်တွေ ထွက်ရာကနေ မျက်လုံးနီတာ၊ မျက်ရည်ကျတာနဲ့ နောက်ဆုံးမှာ ချောင်းဆိုးသွေးအန်ပြီး သေဆုံးတာလို့ သိရပါတယ်။

ရောဂါဖြစ်ပွားသူတွေရဲ့ သွေးနမူနာနဲ့ ဆီးနမူနာကို ရန်ကုန်မြို့ကိုပို့ပြီး ဓာတ်ခွဲစစ်ဆေးပြီးမှသာ ရောဂါအမျိုးအစားကို သိရမယ်လို့လည်း ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၅ နှစ်အောက် လူငယ်တွေ အများဆုံးပါဝင်ပြီး၊ အသက် ၄ဝ ကျော်တွေနဲ့ အသက် ၉ဝ ကျော်တဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ရောဂါဖြစ်ပွားတဲ့ကျေးရွာတွေကို ကျန်းမာရေးဝန်ထမ်းတွေ သြဂုတ်လ (၅) ရက် ဒီနေ့ ထပ်မံသွားရောက်ပြီး ကုသပေးနေတယ်လို့လည်း သိရပါတယ်။

VOA Burmese News



ပြည်မြို့ ရေလွှမ်းမိုးနေ (သတင်းဓာတ်ပုံ-Htet aung khant)
ဧရာဝတီတိုင်းဒေသကြီးက ခရိုင် ၃ ခုမှာ ကြိုတင်ကာကွယ်တာတွေ လုပ်ဖို့အတွက် အရေးကြီးအခြေအနေ အဖြစ်ထုတ်ပြန်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နဲ့လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိ ရေဘေးသင့်တဲ့ဒေသတွေမှာ သောက်သုံးရေနဲ့ ဆန်တွေ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးစခန်းတွေမှာ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်း က ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်ထဲက မြင့်တက်နေတဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေတွေဟာ မြစ်အောက်ပိုင်းဒေသတွေကို စီးဆင်း လာနေပြီဖြစ် တာကြောင့် ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်ခရိုင်၊ မအူပင်ခရိုင်နဲ့ ဟင်္သာတ ခရိုင်တွေမှာ ကြိုတင်ကာကွယ်ရေးအတွက် အရေးကြီးအခြေအနေအဖြစ် ထုတ်ပြန် လိုက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နဲ့လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက အခုလို ပြောဆိုလိုက်ပါတယ်။

" ကျနော်တို့ဘက်မှာ အဓိကကတော့ သဘာဝ ဘေးအန္တရာယ်ကို စီမံခန့်ခွဲမှုကော်မတီပေါ့နော်။ အဲ့တာမျိုးတွေ ကျနော်တို့ ကြိုပြီးတော့ ဖွဲ့စည်းထားတယ်။ နောက်ပြီးတော့ လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြင်ဆင်ထားတယ်။ ဆန်အိတ်တွေ သဲအိတ်တွေ လိုအပ်တဲ့ ဝါးတို့ ထရံတို့ ဒါတွေ အားလုံးကို အကုန်လုံး စုဆောင်းထားတာပေါ့နော်။ အဲ့လိုမျိုး။ ကျနော်တို့က အကုန်ပြင်ဆင် ထားတယ် ဘာဖြစ်လို့လဲဆိုတော့ ဖြစ်လာမှ ပြင်ဆင်တာထက်စာရင် ကျနော်တို့က ကြိုတင်ပြီးတော့ ပြင်ဆင်ထားတဲ့သဘောမျိုးပါ။ အရေးပေါ်အခြေအနေတော့ မဟုတ်ဘူးနော်။ အဲ့တာ လွဲမှာစိုးလို့။"

လက်ရှိ ဧရာဝတီတိုင်းဒေသကြီးထဲမှာ ကယ်ဆယ်ရေးစခန်း ၂၆ ခုဖွင့် ထားပြီး ရေဘေးသင့်သူတွေကို ကူညီ ကယ်ဆယ် ထားတာပါ။ နောက် ထပ် ရေမြင့်တက်လာနိုင်တဲ့အခြေအနေတွေရှိတာကြောင့် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဦးဝင်းဌေးက အခုလို ဆက်ပြောပါတယ်။

" မနေ့ကဆိုရင် ကျနော်တို့ ငဝန်တာမှာ ဖြစ်လာလို့ရှိရင် ဘယ်လိုလုပ်မလဲဆိုတဲ့ demonstration ပေါ့နော်။ ကြိုတင်ကာကွယ်မှုအတွက် သရုပ်ပြပွဲတွေ လုပ်တယ်။ နောက်တခုက လက်ရှိ ရေနည်းနည်း တက်နေတဲ့နေရာတွေ မှာပေါ့ ရေမြုပ်တဲ့နေရာတွေမှာ ဆန်တွေ စပေးနေပါပြီ။ ဆန်အိတ်တွေ သဲအိတ်တွေ စုဆောင်းပြီးတော့ ထားထားတာတွေရှိတယ်။ တာမှာ နည်းနည်းစိမ့်နိုင် တဲ့နေရာတွေအတွက် ပစ္စည်းတွေ စုဆောင်းထားတာတွေရှိပါတယ်။"

ပဲခူးတိုင်းဒေသကြီးက မြို့တော်တော်များများမှာလည်း ရေလွှမ်းမိုးမှုတွေ ဖြစ်နေပြီး ပြည်မြို့မှာ ရေဘေးသင့်သူဦးရေ ၄၀၀၀ ကျော် ရှိနေတာပါ။ ရေဘေး သင့်နေသူတွေ အတွက် သောက်ရေသန့် နဲ့ ဆန်အဓိက လိုအပ်နေတယ်လို့ ပြည်မြို့မှာရှိတဲ့ အရပ်ဖက် ကယ်ဆယ်ရေး ဗဟိုစခန်းတာဝန်ခံ ဦးဗိတ်က အခုလို ပြောပါတယ်။

" အဓိက လိုတာကတော့ နေ့စဉ်ဆိုရင် သောက်ရေနဲ့ ထမင်းအတွက်ပေါ့။ ဒါတွေကတော့ နေ့စဉ်ကိစ္စကို ကျနော်တို့က ရှင်းပေးတာ။ ပြီးတော့ အားလုံးပြီး သွားမယ်ဆိုရင် သူတို့ကို ပြန်ပြီးတော့ နေရာချတာမျိုးဆိုရင် တချို့အိမ်တွေဆို လုံးလုံး မြုပ်သွားတဲ့ဟာတွေ ရှိတယ်လေ။ အဲ့ဒီ့အတွက်ဆို အကုန်လုံးကအစ ကျနော်တို့ အခုလှူဒါန်းထားတဲ့ ပိုက်ဆံတွေထဲကအလှူငွေတွေ ပစ္စည်းတွေကနေ အားလုံးလည်း ပြီးရော သူတို့လိုအပ်တဲ့ဟာလေးတွေ တအိမ်ကို အားလုံး အချိုးကျပေါ့နော် ဆန်တစ်တင်းခွဲလိုလည်း တစ်တင်းခွဲ ဒါမှမဟုတ်လို့ရှိရင်လည်း တစ်တင်းခွဲအိတ် တစ်တင်းခွဲအိတ် တဝက်ဆိုလည်း တဝက် ပေါ့ ကျနော်တို့ အဲ့တာမျိုးတွေ လိုက်ပြီးတော့ စီစဉ်တယ်။ အဓိက လိုတာ ကတော့ ရေသန့်။ ရေသန့် ကတော့ ကျနော်တို့ ဒီကနေ အဲ့ဒီ့အိမ်တွေအကုန်လုံးကို ၂၀ လီတာဘူးတွေ ရှစ်ရာ၊ တစ်ထောင်လောက် ပို့နေတယ်ဆိုပေမဲ့ လိုနေတာပဲ။ အဲ့တာမျိုးတွေကတော့ ပုံမှန်လိုတယ်။"

မြစ်ရေကြီးမှုကြောင့် နိုင်ငံတ၀ှမ်းမှာ ရေဘေးသင့်ပြည်သူ (၂) သိန်းကျော် ရှိပြီဖြစ်ပါတယ်။ ရေဘေးသင့်ဒေသတွေမှာရှိတဲ့ ကျောင်းတွေပိတ်ထားရပြီး ကူညီကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။

ရေဘေးသင့်ဒေသများတွင် ရေပြန်မကျမချင်း သောက်သုံးရေနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောဆိုထားပါတယ်။

ဒီနေ့ မနက် နေပြည်တော်မှာလည်း ဒုတိယသမ္မတ ၂ ဟန်နရီဗန်ထီးယူ ဦးဆောင်တဲ့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး ရေဘေးနဲ့ ပတ်သက်တဲ့ ကြိုတင် ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်ဖို့ ရပ်ရွာလူထုကို အခြေပြုတဲ့ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

 သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


သြဂုတ် ၅ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်၊ နယ်စပ်တစ်နေရာ၌ မြန်မာဒုက္ခသည်လူနာ များကို တင်ဆောင်လာသည့် ကားတစ်စီးသည် ဇူလိုင်လ ၄ရက် နေ့၊ ညနေ ၃နာရီခွဲအချိန်တွင် သစ်ပင်ကြီးတစ်ပင်၏ လှဲကျထိမှန်မှုကြောင့် ကားပေါ်ပါလာ သူ ၉ဦးအနက် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ မဲစရီးယန်းမြို့မှ မယ်လအူးနှင့် မယ်ရာမိုဒုက္ခသည်စခန်းသို့ မောင်းနှင်သွားသော လူနာ ၇ဦး၊ ဆရာဝန် အမျိုးသမီးတစ်ဦးနှင့် ယာဉ်မောင်းသူတစ်ဦး အပါအဝင် ၉ဦးပါ HILUX အမျိုးအစား လူနာ တင်ကားသည် မဲ့စရီးယန်းမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၅၀ခန့် သေ့မုဖိုးကျေးရွာ အနီးအရောက်တွင် လျှပ်စစ်မီးကြိုးများနှင့်အတူ သစ်ပင်တစ်ပင်လှဲကျထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ-KRC မြောက်ပိုင်းတာဝန်ခံ စောတူးတူးက ပြောသည်။

“သစ်ပင်က မီးကြိုးနဲ့သွားငြိပြီး ကားပေါ်တည့်တည့်ကို လဲကျသွားတော့ ကားတစ်စီးလုံး ရှော့ခ်ဖြစ် သွားတယ်။ မိုးက ဖွဲဖွဲလေးရွာတယ်။ ကားပေါ်က ၉ ယောက်ထဲမှာ ၆လအရွယ် ကလေးလေး တစ်ယောက်၊ လူနာကို ပို့ဆောင်ပေးတဲ့ ဆရာဝန်မလေးတစ်ယောက်ရယ်၊ လူနာလင်မယား ၂ယောက်ရယ်၊ လေးယောက် ဒဏ်ရာရတယ်။ သစ်ပင်လှဲတာက ဘာမှ မဖြစ်ဘူး။ ဓာတ်လိုက်လို့ ဒဏ်ရာရတာ ဖြစ်တယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် လူနာပို့ဆောင်သည့် ဆရာဝန် အမျိုးသမီး၏ ပေါင်၌ ထိခိုက်ဒဏ်ရာ ၄ချက် နှင့် ၆လအရွယ်ကလေးငယ်မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။ ကျန်ဒဏ်ရာရရှိသည့် ဇနီးမောင်နှံ ၂ဦးမှာ ကားပေါ်မှ ပြုတ်ကျ၍ ဦးခေါင်းဒဏ်ရာရရှိကြပြီး ခင်ပွန်းဖြစ်သူကို အခင်းဖြစ်ပွားရာ နေရာအနီး ဆူပွဲဆေးရုံသို့ ပို့ဆောင်ထားပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာပိုမိုပြင်းထန်သဖြင့် ချိုင်းမိုင်မြို့သို့ ပို့ဆောင်ထားသည်ဟု KRC က ပြောသည်။

မဲ့စရီးယန်းမြို့နယ်ရှိ မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော ဒုက္ခသည်များသည် စခန်းအတွင်း၌ ကုသ၍ မရသော ရောဂေါများကို Malteser International အဖွဲ့၏ အကူအညီပေးမှုဖြင့် မဲ့စရီးယန်းမြို့သို့ ဆေးကုသပေးလျှက်ရှိသည်။

ထိုသို့ လူနာများကို သွားရောက်ဆေးကုသမှုများလုပ်ဆောင်ရာတွင် မိုးတွင်းကာလ၌ လမ်းခရီး ကြမ်းတမ်းသဖြင့် မတော်တဆ ကားဘီး လမ်းချော်မှုအဆင့်သာ ဖြစ်ပွားမှုများရှိခဲ့သော်လည်း ယခုလို လူနာများ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်မျိုးမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူများက ပြောသည်။

 စောသိန်းမြင့်
http://kicnews.org



 ရေဘေးကြောင့် ပြောင်းရွှေ့ နေထိုင်ရ
မြန်မာပြည် အလယ်ပိုင်း ရေလွှမ်းနေတဲ့ ဒေသအချို့မှာ ရေတွေ ကျဆင်းလာနေလို့ ဝမ်းသာစရာ ဖြစ်ပေမယ့် အဲဒီရေတွေဟာ ဧရာဝတီ မြစ်အောက်ပိုင်း ဒေသတွေ ကို မကြာမီ ရက်ပိုင်းအတွင်း ရောက်လာတော့ မှာ ဖြစ်ပါတယ်။

ဧရာဝတီ မြစ်လက်တက်တွေ ခွဲဖြာ ပြီး ပင်လယ် စီးဝင်ရာ ဧရာဝတီတိုင်း အတွင်းမှာ မြစ်ရေကြီးနေသလို ထပ်ပြီးတက်လာနိုင်တဲ့ အတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။

ဧရာဝတီ တိုင်းအတွင်း မှာ စိုးရိမ်ရေမှတ် ကျော်နေတဲ့ မြစ်ကြီး နှစ်စင်းကတော့ အထက်က စီးလာတဲ့ ဧရာဝတီမြစ်နဲ့ မြစ်လက်တက် ငဝန်မြစ်တို့ ဖြစ်ပါတယ် ။

မြန်မာပြည် အလယ်ပိုင်းနဲ့ နီးတဲ့ မြန်အောင်မြို့နယ်မှာ ရေကြီးနေသလို ဟင်္သာတမြို့ဟာလည်း စိုးရိမ်ရေမှတ်ကို ကျော်နေပါတယ် ။

နောက်ရက်တွေမှာ မြစ်ရေတွေ ဒီထက် တိုးလာနိုင်တဲ့အတွက် ဧရာဝတီတိုင်း အစိုးရက ပြင်ဆင်ထားတယ် လို့ အစိုးရ အဖွဲ့ရုံး ညွန်ကြားရေး မှူး ဦးမျိုးမင်းထွန်းက ပြောပါတယ် ။

လက်ရှိ ဧရာဝတီတိုင်း အတွင်းမှာ ရေဘေးကြောင့် ပြောင်းရွှေ့ နေထိုင်ရသူပေါင်း ၇ဝဝဝ ကျော်ရှိပြီး မြန်အောင် မြို့နယ်မှာ အများဆုံး ဖြစ်တယ် လို့ သိရပါတယ် ။

ဒါ့အပြင် ဧရာဝတီတိုင်း အတွင်း ဟင်္သာတမှာ ကယ်ဆယ်ရေး စခန်း ၅ ခု၊ ဇလွန်မှာ ၆ ခု၊ မြန်အောင်မှာ စခန်း ၃ဝ၊ ကြံခင်း ၇၊ အင်္ဂပူ ၂၊ စုစု ပေါင်း ၅ဝ ကျော် ဖွင့်ထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ် ။

မနှစ်က ရေကြီးမှု ပမာဏ ကို ကာကွယ် နိုင်အောင် ဆောင်ရွက်ထားတယ် လို့လည်း ဦးမျိုးမင်းထွန်းက ဆက်ပြောပါတယ် ။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေ ဖြစ်တဲ့ မင်းဘူး ချောက် တို့ မှာ မြစ်ရေတွေ ကျဆင်းစ ပြုလာပေမယ့် အောင်လံ၊ ပြည်၊ ဇလွန်၊ ဟင်္သာတ မှာ မြစ်ရေ လက်ရှိထက် နောက်တပေလောက် မနက်ဖြန် မှာ ဆက်တက်မယ်လို့ မိုးဇလက မှန်းပါတယ် ။

ဘင်္ဂလား ပင်လယ်အော် မှာလည်း အခုရက်ပိုင်း မုတ်သုံလေ အားကောင်း နေတာကြောင့် မြစ်ရေ အခုခန့်မှန်း တာထက် ပိုနိုင်တယ်လို့ သုံးသပ်နေ ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese


 သြဂုတ် ၎

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း ဆုံဆို့နာဟု သံသယ ဖြစ်ပွားဖွယ် ရောဂါ တစ်မျိုး ဖြစ်ပွား၍ ကလေးငယ် တစ်ဦးသေဆုံးခဲ့ကာ မည်သည့်ရောဂါ ဖြစ်သည်ကို အတည်ပြုချက် ရယူရန်အတွက် ရန်ကုန်သို့ ပို့ဆောင်ထားကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ခင်မောင်ရင်က ပြောသည်။

ဒေါက်တာခင်မောင်ရင်က “ ဒီလိုဖြစ်တာတော့ပထမဆုံးအကြိမ်ပေါ့ သူဖြစ်တာကတော့ချောင်းဆိုး ရင်ကြပ်ပြီတော့အသက်ရှူလို့မရဘူးဖြစ်တယ် ။ ကျွန်တော်တို့ကနောက် အဲဒီကလေးဖြစ်နေတဲ့ရောဂါ လက္ခဏာတွေကိုကြည့် လိုက်တော့ ကျွန်တော်တို့က အဲဒီရောဂါလို့ သံသယဖြစ်တာပေါ့နော် ဆုံဆို့နာရောဂါလို့တော့ အတိအကျပြော လို့မရသေးဘူး။ ပြည်နယ်အဆင့် ၊နေပြည်တော်ကိုပါ ရောဂါဖြစ်ပွားမှု အခြေအနေကို အကြောင်းကြား ထားပါတယ်။ အဲဒီကလေးရဲ့ ပါးစပ်က အရည်တွေကို ယူပြီး ပိုးစစ်ဆေးဖို့ သက်ဆိုင်ရာကို ပို့ထားပြီးပါပြီ ” ဟု ရှင်းပြသည်။

အဆိုပါ သေဆုံးသွားသည့် ကလေးငယ်မှာ အသက်ခြောက်နှစ်အရွယ်ဖြစ်ပြီး ၄င်းမြို့နယ်ဝဲကြီးထောင့်ကျေးရွာမှ ဖြစ်ပြီး ကြောင်း ၊ သြဂုတ်လ ၂ ရက်နေ့တွင် အဆိုပါ သံသယ ဖြစ်ဖွယ်ရာ ရောဂါဖြင့် ကျောက်တော်မြို့ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အဆိုပါ ၀ဲကြီးထောင့် ကျေးရွာအပါအ၀င် ဆက်စပ်တည်ရှိနေသော ကျေးရွာများမှ ကလေး၊ လူကြီးများပါမကျန် အလား တူရောဂါမျိုး ထပ်မံ ဖြစ်ပွားမှု ရှိ / မရှိအခြေအနေကို နေ့စဉ်စောင့်ကြည့် ကာ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးထားကြောင်း သိရသည်။

ဝင်းမောင်စိန်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/


ဂျကာတာ၊ သြဂုတ်-၅

အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အရ သောကြာနေ့က ဘန်တမ်ကျွန်းပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား ၆ယောက်ကို စင်္ကာပူကို တိုက်ခိုက်ရန်ကြံစည်မှုဖြင့် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
စင်္ကာပူအခြေစိုက် Todayonline.com၏ ပြောကြားချက်အရ အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ၆ယောက်မှာ ဘန်တမ်ကျွန်းပေါ်မှနေ၍ စင်္ကာပူနိုင်ငံ မရီနာဘေး (Marina Bay)ကို ဒုံးကျည်ဖြင့် ပစ်ခတ်ရန် ကြံစည်နေပုံရသည်ဟု ဆိုသည်။

အသက် ၁၉နှစ်မှ ၄၆နှစ်ကြားရှိသည့် သံသယရှိသူများကို သောကြာနေ့ နံနက်ခင်းက အင်ဒိုနီးရှား၏ အဆင့်မြင့် အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဖြစ်သည့် အထူးတပ်ဖွဲ့ ၈၈က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ နားလည်သလောက်ကတော့ သူတို့က ရဲတပ်ဖွဲ့ရုံးတွေအပါအ၀င် အရေးကြီးတဲ့ အရာဝတ္ထုတွေ၊ လူစည်ကားတဲ့နေရာတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတာပါပဲ”ဟု ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် အာဂတ်စ် ရီယင်တိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ ဆီးရီးယားက အိုင်အက်စ် အကြမ်းဖက်သမားတစ်ယောက်အပါအ၀င် သံသယရှိသူ ၆ယောက်တို့ဟာ ဘာတမ်ကနေ စင်ကာပူကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတာကို သတင်းရရှိခဲ့ပါတယ်”ဟုလည်း ၄င်းက ပြောကြားခဲ့သည်။

ဘန်ကောက်ပို့စ်
AM
china.com Myanmar
https://www.facebook.com/china.com.mm/


|| မိမိသန့် ||

“တကယ်တန်ဖိုးနည်းတဲ့ တန်ဖိုးနည်းအိမ်ရာတွေရမယ်၊

မဲနှိုက်ဖို့မလိုဘူး ။ တန်းစီမစောင့်ရဘူး ။

ဦးရာလူစနစ်နဲ့ ချက်ချင်းဝယ်လို့ရပါပြီ”

ရပ်ကွက်ထဲ ထူးထူးခြားခြား အော်သံကြောင့် အထပ်မြင့် တိုက်ခန်းနေသူများ ၀ရန်တာ ထွက်ကြည့်ကြသည်။ အော်နေသူကိုတွေ့တော့ အားလုံး ပြိုင်တူပြုံးလိုက်ကြပြီး တိုက်ခန်းထဲပြန် ၀င်သွားကြသည်။

အသက် ၇၀ ကျော်အရွယ် အဘိုးအိုတစ်ဦး သုံးထပ်သားပြားလေးများနှင့် ဆောက်လုပ်ထားသည့် စာကလေးအိမ်ကလေးများကို ထမ်းပိုးလျက် တိုက်ခန်းများကို မောကြည့်ကာ အော်နေခြင်းဖြစ်သည်။

အသားညိုညို ပိန်ပိန်ပါးပါး၊ ခပ်ညစ်ညစ်အရောင် အင်္ကျီဝတ်ထားပြီး စာကလေးအိမ်လေးများကို ထမ်းပိုးဖြင့် ထမ်းလျက် အရပ်လည်ရောင်းနေသူမှာ အဘဦးလှသွင်ဖြစ်သည်။

လူနေထူထပ်လာခြင်းနှင့် နေထိုင်စရိတ် မြင့်တက်လာခြင်းများကြောင့် အစိုးရက တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်ခဲ့ကြသည်။ ယင်းစီမံကိန်းသည် ရန်ကုန်မြို့နေပြည်သူများအတွက် စိတ်ဝင်စားမှုအရှိဆုံး ဖြစ်နေချိန်တွင် စာကလေးအိမ်ရောင်းသူ ဦးလှသွင်က ယင်းအချက်ကို အသုံးချလျက် ၀ယ်သူစိတ်ဝင်စားအောင် အော်ရောင်း လိုက်ခြင်းပင်။

အစိုးရက ရောင်းချပေးသည့် တန်ဖိုးနည်းအိမ်ရာဈေးနှုန်းသည် သိန်းတစ်ရာဝန်ကျင်အထိ ဈေးပေါက်သော်လည်း သူ၏ တန်ဖိုးနည်း စာကလေးအိမ်များကတော့ အနည်းဆုံး မြန်မာငွေ ၁,၂၀၀ ကျပ်မှ ၃,၀၀၀ ကျပ်အထိသာ ရှိသည်ဟု ဆိုသည်။

“ဟုတ်တယ်လေ။ အစိုးရပေးတဲ့ တန်ဖိုးနည်းအိမ်ရာက နည်းမှမနည်းတာ၊ အဘ စာကလေးအိမ်ကမှ တကယ်တန်ဖိုးနည်းတာ၊ ဘယ်လောက်မှမရှိဘူး” ဟု ရယ်ရမ်းသွေးလျက် ပြောသည်။ စာကလေးအိမ်များများဝယ်လှူမှ တန်ဖိုးနည်းအိမ်ရာမှာ နေရဖို့သေချာမှာပေါ့ဟု ၄င်းကဆိုသည်။

အဘဦးလှသွင်အနေဖြင့် တန်ဖိုးနည်းအိမ်ရာအကြောင်းပြုပြီး စာကလေးအိမ်များ ရောင်းချနေရသော်လည်း တန်ဖိုးမနည်းသည့် တန်ဖိုးနည်း အိမ်ရာအကြောင်းကို အသိမိတ်ဆွေမျာ ပြောပြသဖြင့် ကြားရုံပင်ကြားဖူးသည်၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လျှောက်ထားခြင်းလည်းမရှိ၊ တန်းစီစောင့်ရခြင်း ၊ မဲနှိုက်ရခြင်းစသည့် အကြောင်းချက်များကိုလည်း ဈေးဝယ်သူတစ်ဦးက သင်ပေးထား၍ လိုက်အော်နေခြင်းသာ ဖြစ်သည်ဟု ၄င်းကဆိုသည်။

စာကလေးအိမ်ရောင်းသူ အဘဦးလှသွင်၏ ရည်မှန်းချက်ကတော့ ကြီးမားလှပါသည်။ စာကလေးများအတွက် နေရာထိုင်ခင်းစီစဉ်ပေးလျှင် နောင်ဘ၀တွင် ဇိမ်ကျကျနေနိုင်မည်၊ အခုဘ၀တွင်မက နောင်ဘ၀အတွက်ပါ အမြတ်ကျန်မည့်သူများ ဖြစ်သည်ဟု ၄င်းက ယုံကြည်မှတ်ယူထားသည်။

မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲလာခြင်းကြောင့် အပူလွန်ကဲခြင်း၊ မိုးရွာလွန်းခြင်း ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် မြို့ကြီးပြကြီးများတွင် သစ်ပင်ကြီးများ ခုတ်လှဲခြင်း၊ ငှက်များကို ပစ်ခတ်ဖမ်းဆီး စားသောက်သူ များလာခြင်းကြောင့် စာကလေးငှက်တို့၏ လုံခြုံရေးကိုထိခိုက်လာသည်။ သစ်ပင်ခုတ်လှဲခြင်းသည် သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းကို ထိခိုက်စေရုံသာမက ငှက်မိသားစု ထောင်ပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။

သမ္မာအာဇီဝဖြင့် စီးပွားရှာခြင်းလုပ်ငန်းတွင် သစ်ပင်ခုတ်လှဲရောင်းချခြင်းမပါဟု ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားထားခဲ့သည်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းဟူသော ဆိုရိုးစကားအရ သစ်ပင်များမရှိသည့် လူနေထူထပ်သည့် မြို့လယ်ကောင်ရပ်ကွက်များတွင် စာကလေးငှက်တို့အတွက် ခိုကိုးရာမဲ့ဖြစ်လာသည်။ တိရစ္ဆာန်တို့၏သဘာဝ ကြီးနိုင်ငယ်ညှဉ်း ကိစ္စများကြောင့်လည်း ဝေးလံသောတောအရပ်သို့ ပြောင်းရွှေ့သွားရောက်ရန်လည်း မဖြစ်နိုင်။ အစရှိသော စာကလေးငှက်တို့၏ ပူပင်စရာ အကြောင်းခြင်းရာများကြောင့်ပင် စာငှက်လေးများ နေထိုင်ရေး စိတ်အေးရအောင် စာကလေးအိမ်ရောင်းသည့် အလုပ်ကို လုပ်ခဲ့သည်ဟု ဦးလှသွင်က ၀န်ခံပြောဆိုသည်။

“နောင်ဘ၀မှာ အေးအေးဆေးဆေး ဇိမ်ကျကျနဲ့ နေချင်လို့ အခုဘ၀မှာလည်း စိတ်ချမ်းသာချင်လို့၊ ကိုယ့်အတွက်လည်း အမြတ်ကျန်အောင် စာကလေးအိမ်ရောင်းတာ။ ငှက်သေးသေးလေးတွေဖြစ်တော့ ကျီးတွေ၊ စွန်တွေကလည်း တိုက်ခိုက်ကြတယ်။ ငှက်တွေမှာလည်း စည်းတားထားတဲ့ ကိုယ့်နယ်မြေနဲ့ကိုယ် ရှိကြတယ်။ အဘကတော့ သူတို့လေးတွေအတွက် စိတ်အေးချမ်းချင်တာပါ” ဟု သဘာဝပတ်ဝန်းကျင်ကို ချစ်သည့် ဦးလှသွင်ကဆိုသည်။

ဦးလှသွင်ပြောသလိုပင် ရန်ကုန်မြို့ပေါ်က စာကလေးငှက်တို့အတွက် အသိုက်ရှားပါးလာကြောင်း စမ်းချောင်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ထောက်ခံပြောဆိုသည်။ “ကျွန်မအိမ်မှာ တိုက်နံရံကိုဖောက်ပြီး အဲကွန်းတပ်တာ အဲဒီအပေါက်လေးထဲမှာ စာကလေးသိုက်လုပ်နေကြတယ်။ သနားလို့ မဖယ်ပစ်ပါဘူး၊ သစ်ပင်ခုတ်လှဲတာတွေကလည်း ငှက်ကလေးတွေ အိမ်ရာကိုဖျက်ဆီးတာနဲ့ အတူတူပဲဖြစ်နေတော့ သူတို့လည်း ရရာနေရာ ကျူးကျော်နေထိုင်ကြတာပဲ” ဟု ဆိုသည်။

ယခင်က ဦးလှသွင် အရပ်တကာလှည့် တံမြက်စည်းလိုက်ရောင်းသည်။ ပလတ်စတစ် တံမြက်စည်းများ ပေါ်လာချိန်တွင် ရောင်းအားနည်းလာခဲ့သည်။ တစ်နေကုန် တစ်လမ်းဝင်၊ တစ်လမ်းထွက်လျှောက်မှ တံမြက်စည်း ၅ ချောင်းလောက်သာ ရောင်းရပြီး ယင်းအမြတ်ငွေဖြင့် တစ်မိသားစုလုံးကို ထမင်း၀၀ မကျွေးနိုင်။ နောက်တော့ ဦးလှသွင်သမီးအကြီးက ငွေတိုးပေးစားရင်း အနည်းငယ်ပြေလည်လာခဲ့သည်။ သမီးကြီးက ရင်းနှီးငွေထုတ်ပေးသဖြင့် စာကလေးအိမ်လေးများကို နေ့ချင်းရှင်းစနစ်ဖြင့် ယူရောင်းခဲ့သည်မှာ ယခုနှစ်ထိဆိုလျှင် ၁၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

၂ ထပ်တိုက် စာကလေးအိမ်ဆိုလျင် ၂,၅၀၀ ကျပ်မှ ၃,၀၀၀ ကျပ်အထိ ရောင်းလို့ရသည်၊ တစ်ထပ်တည်း လုံးချင်းအိမ်ဆိုရင် ၁,၂၀၀ မှ ၁,၅၀၀ ထိ ဈေးရှိသည်။ ၄င်းတွက် အမြတ်ကြမ်းကြမ်းလေးလည်းရ၊ ကုသိုလ်လည်းရသည်ဟု ပြောသည်။ ဦးလှသွင်အဖို့ တံမြက်စည်းရောင်းတုန်းကလို တစ်နေကုန် လျှောက်သွားနေဖို့မလို။ မနက် ၈ နာရီစရောင်းပါက ၁၂ နာရီဆိုလျှင် ပါလာသည့် စာကလေးအိမ် အလုံး ၂၀ ပြိုက်ခနဲကုန်သွားသည်။

စာကလေးအိမ်များကို ကမာရွတ်၊ စမ်းချောင်းနှင့် ကြည့်မြင်တိုင်မြို့နယ်များက အ၀ယ်များကြပြီး နေပြည်တော် ဖောက်သည်တစ်ဦးဆိုလျှင် တစ်ခါဝယ် ဆယ့်လေးငါးလုံး ၀ယ်လေ့ရှိကြောင်း၊ စာကလေးအိမ်လုပ်သည့် ဒိုင်သည် မြောက်ဥက္ကလာမြို့နယ်တွင်ရှိပြီး တစ်နေ့ အလုံးနှစ်ထောင်လောက် ထုတ်လုပ်ရကြောင်း၊ နယ်ဖောက်သည်လည်း ပေးကြောင်း၊ ရန်ကုန်မြို့တွင်း ဖောက်သည်ယူရောင်းသူ ၆ ဦးရှိကြောင်း ဦးလှသွင်က ပြောသည်။

စာငှက်ကလေးများအတွက် အိမ်ရာစီစဉ်ပေးသည့် အကျိုးကျေးဇူးကြောင့်ဖြစ်မည်။ မဆလခေတ်ကတည်းက ၄င်းတို့ ကျူးကျော်နေထိုင်ခဲ့သည့် နေရာကို ကျူးကျော်အဖြစ်မှ ပယ်ဖျက်ထားပေးသည်ဟု ၄င်းက ၀မ်းသာအားရပြောသည်။ "အဘတို့အိမ်ကို မြေခွန်လာကောက်တာ အကြိမ် ၂၀ ရှိပြီ။ အရင်ကတော့ ကျူးကျော်ဆိုပြီး ဖျက်ရတော့မလိုနဲ့ အခုတော့ စိတ်မပူရတော့ဘူး"ဟု ဦးလှသွင်ကဆိုသည်။

သို့သော် ယင်းအိမ်တွင် မိသားစုဝင် စုစုပေါင်းအယောက် ၂၀ စုပေါင်းနေထိုင်ကြသည်။ ဦးလှသွင်ကတော့ မိသားစုဝင် အများကြီးနှင့် နေရသည်ကို စိတ်မပျက်ပါဟုဆိုသည်။ သားသမီးအရင်း ၈ ဦး၏ အစွယ်အပွား မြေးမြစ်များနှင့် စာကလေးအိမ်လိုပင် မိုးလင်းလျှင် အရွယ်သုံးပါးရှိသော မိသားစုဝင်များ၏ စကားသံများဖြင့် ဝေစီနေသည်မှာ ပျော်စရာပင်ဖြစ်တော့သည်။

ဦးလှသွင်ကို ပျော်ရွှင်မှုပေးနိုင်သည့် မိသားစုဝင် ၂၀ ဦးထဲတွင် ရင်ခုန်စရာအကောင်းဆုံးသူ တစ်ဦးလည်း ပါလေသည်။ ၄င်းမှာ ဦးလှသွင်၏ ဇနီးသည်ပင်ဖြစ်သည်။ သူက အဘ နဲ့ ဘာသာမတူတော့ဘူး၊ သူက ဟိန္ဒူဘာသာထဲ ၀င်သွားတာ၊ ကုလားမီးနင်းပွဲတိုင်း သူပါတယ်။ မီးနင်းပွဲတိုင်း သူ့ကိုမသိတဲ့သူ မရှိဘူး။ အဘနဲ့ စညားတုန်းကတော့ ဗုဒ္ဓဘာသာပဲ။ နောက်ပိုင်းမှ ပြောင်းသွားတာဟုပြောသည်။ ဇနီးသည် သည် မီးနင်းပွဲမတိုင်မီ အဓိဋ္ဌာန်ဖြင့် သက်သတ်လွတ်စားသည်။ ကုလားမီးနင်းနေပုံမှာ သူ့အတွက် ရင်ခုန်အံသြမိပါသည်ဟု ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။

လွန်ခဲ့သည် ၁၂ နှစ်ကတည်းက ဦးလှသွင် စာကလေးငှက်အိမ်လေးများ ရောင်းလာခဲ့သည်မှာ ယနေ့ထိပင်ဖြစ်သည်။ အရပ်တကာ လှည့်ရောင်းနေရသော်လည်း ပင်ပန်းခြင်းမရှိ၊ ယနေ့ချိန်ထိ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်၊ ဈေးမရောင်းရသည့် ရက်များဆို ခေါင်းကိုက်သလို၊ ခါးနာသလိုဖြစ်နေသည်။

ထမ်းပိုးထဲကို စာကလေးအိမ် အလုံး ၂၀ လောက်လျှိုသွင်းပြီး ထမ်းလိုက်ရပြီဆိုလျှင် ဦးလှသွင်ပျော်လာသည်။ တက်ကြွလာသည်။ စာကလေးအိမ်တစ်လုံး ရောင်းရတိုင်း သူတစ်ခါစိတ်ချမ်းသာမိသည်။ ပါလာသမျှ စာကလေးအိမ်များ တစ်ထိုင်တည်း ရောင်းထွက်သွားတိုင်း သူ့အိမ်နားက စာကလေးများအတွက် စာအိမ်တစ်လုံး ချိတ်ထားပေးလိုက်သည်။ အခုဆိုလျှင် သူ့အိမ်ရှေ့မှာ ၂ ထပ်တိုက် စာကလေးအိမ် ၄ လုံး ချိတ်ဆွဲထားပြီး ဖြစ်သည်။ တန်ဖိုးနည်းအိမ်ရာ ရောင်းနေသမျှ သူ့အိမ်ရှေ့တွင် စာကလေးအိမ်များ ပိုပိုတိုးပွားလာမည်ဟုလည်း ဦးလှသွင် ယုံကြည်ထားပါသည်။

မိမိသန့်
The Ladies News
https://www.facebook.com/News.TheLadies



ကိုခရာဂျာ ခရိုင်က အခင်းဖြစ် ဧရိယာမှာ အိန္ဒိယ လုံခြုံရေးတွေ ရှာဖွေ ရှင်းလင်းရေး ပြုလုပ်။
အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်းက အာသံ ပြည်နယ်မှာ သေနတ်သမား တချို့က လူစည်ကားတဲ့ ဈေးထဲကို ပစ်ခတ် တိုက်ခိုက်တဲ့ အတွက် အနည်းဆုံး လူ ၁၃ ဦး သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီ တိုက်ခိုက်မှုဟာ NDFB ခေါ် ဘိုဒို အမျိုးသား ဒီမိုကရက်တစ် တပ်ဦး သူပုန်တချို့ရဲ့ လက်ချက် ဖြစ်တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကိုခရာဂျာ ခရိုင်မှာ ဖြစ်ပွားတဲ့ အဲဒီ တိုက်ခိုက်မှု အတွင်း လုံခြုံရေးတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြပြီးနောက် သူပုန် တစ်ဦးကို အသေ ဖမ်းမိတယ်လို့ သတင်းတွေက ဆိုပါတယ်။

NDFB အဖွဲ့ဟာ ဘိုဒို လူမျိုးစုတွေ အတွက် အာသံ ပြည်နယ်ထဲက နယ်မြေ ခွဲပေးဖို့ တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့ ဖြစ်ပါတယ်။

ကိုခရာဂျာ မြို့ပြင်က ဈေးထဲကို သူပုန် ၆ ဦးက သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တာလို့ နယ်မြေ ရဲအရာရှိက အေပီ သတင်းဌာနကို ပြောပါတယ်။

၂၀၁၄ ခုနှစ် ကလည်း အာသံ ပြည်နယ်ထဲမှာ NDFB သူပုန်တွေ လက်ချက်နဲ့ အနည်းဆုံး လူ ၆၂ ဦး သေဆုံး ခဲ့ပါတယ်။

အာသံ ပြည်နယ်ထဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒါမှမဟုတ် ခွဲထွက်ခွင့် ရဖို့ လှုပ်ရှားနေတဲ့ သူပုန်တွေက တစ်ဖွဲ့မက ရှိနေပါတယ်။

RFA Burmese
http://www.bbc.com/burmese


မင်းဘူး သြဂုတ် ၅

မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ထုံးမကြီးကျေးရွာသည် ၂၀၁၅-ခုနှစ်၊ ဇူလိုင်လ မြစ်ရေကြီးမှုများ ကြောင့် ကျေးရွာ၏ အရှေ့ဘက် ရှိ မြစ်ကမ်းပါးများပြိုကျခဲ့သဖြင့် ယခင်ကျေးရွာ၏ အနောက်ဘက် (၁)မိုင်ခန့် အကွာရှိ မန်းကျိုးကျေးရွာ၏မြောက်ဘက်သို့ ရွာသစ် တည်ပြောင်းရွှေ့နေ ထိုင်လျက်ရှိရာ ယခုနှစ်၊ဇူလိုင်လ(၂၉)ရက်နေ့မှ စ၍ ဧရာဝတီမြစ်ရေမြင့် တက်လာမှုကြောင့် ရွာသစ်နေရာမှ ရေဘေး ကင်းလွတ်ရာ အောက်ကျောင်း ဘုရားကြီး ၀န်းအတွင်း ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။


ထုံးမကြီးကျေးရွာ ရွာသစ်တည်သည့်နေရာသည် ယခင်ရွာဟောင်းထက် (၅)ပေခန့် နှိမ့်ကျနေသဖြင့် ခြေတံရှည်အိမ်မြင့်များ တည်ဆောက်နေထိုင် လျက်ရှိသော်လည်း ဧရာဝတီမြစ်ရေများ ၀င်ရောက်လာသည့်အခါ ရေအနက် (၁၂)ပေခန့်ထိ မြင့်တက်လျက်ရှိသည်။


ကျွန်မတို့ကတော့ ကုန်းပိုင်းကျနေရာကိုပဲ ရွာရွှေ့ပြောင်းနေထိုင် လိုပါတယ်၊ ယခုနေရာက တတ်နိုင်သရွှေ့ တစ်ထပ်အိမ်ဆောက်နေဖို့ မလွယ်ဘူး၊နှစ်ထပ် အိမ်ဆောက်နေထိုင်သူတွေကျလည်း အိမ်အပေါ်ထပ်ထိ မြစ်ရေ တက်တာ၊ အခုနေရာကို နေထိုင်ချင်သူတွေက ဧရာဝတီမြစ်လယ် မြေနုကျွန်းကို တာချတာကို မက်ပြီး နေထိုင်ကြတယ်၊ အချို့ကလည်း ရေလုပ်ငန်းကို လုပ်ကိုင်ကြတယ်၊ကျွန်မတို့ကတော့ ဈေးရောင်းဈေးဝယ် လုပ်ကိုင် ကြသူတွေမို့ ကုန်းမြင့်ပိုင်းကျတဲ့ နေရာကိုပဲ ပြောင်းရွှေ့နေထိုင်လိုပါတယ်၊ကလေးတွေရဲ့ ပညာရေးလည်း အဆင်ပြေတယ်၊အခု ကျောင်းတွေပိတ်ထားတာ (၁)လခန့်ကြာနေပီ ဟု ထုံးမကြီးကျေးရွာနေ မ၀ါမှ ပြောသည်။


ကျွန်တော်တို့ ရွာသစ်တည်မည့် ယခုနေရာကို မြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ က သင့်တော်မည်ထင်လို့ သတ်မှတ် နေရာချ ထား ပေးခဲ့တာပါ၊ ယခုလို နှစ် စဉ်မြစ်ရေ တက်တာ ခံနေရရင် စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး စသည့်ကိစ္စများပါမကျန် အခက်အခဲ အမြဲတွေ့ကြုံရဖို့ပဲရှိတယ်၊ ကုန်းမြင့်ပိုင်း တစ်နေရာမှာ အတည်တကျ နေထိုင်ဖို့ စီစဉ်ရတော့မှာပေါ့´´ဟု ထုံးမကြီးကျေးရွာ ဒေသခံပြည်သူ ဦးမောင်ခိုင်မှ ပြောသည်။


ထုံးမကြီးကျေးရွာသည် ယခင်ရွာဟောင်းမှ ယခုနေထိုင်လျက်ရှိသည့် ရွာသစ် တည်ရာ နေရာအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၏ကူညီ ထောက်ပံ့မှုများဖြင့် ကိုင်းမြေများကို ၀ယ်ယူ၍ ရွာသစ်တည်ပေးခဲ့သော်လည်း ဧရာဝတီမြစ်ရေမြင့် တက်မှုများ နှစ်စဉ်ကြုံတွေ့နို င် သဖြင့် ထပ်မံရွာသစ်ရွှေ့ပြောင်း နေထိုင်ရန် လိုအပ်နေ လျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး(မင်းဘူး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


နာဂဒေသက ကူးစက်ရောဂါခံစားနေရတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်။ Photo: U Aung Htut
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါတစ်မျိုးကြောင့် ၂ ရက်အတွင်း နောက်ထပ် ၅ ဦးထပ်မံ သေဆုံးသွားတဲ့ အတွက် စုစုပေါင်း သေဆုံးသူ ၃၈ ဦး ရှိနေပြီဖြစ်ပါတယ်။

ရောဂါဝေဒနာခံစားနေရသူတွေကို ကျန်းမာရေးဝန်ထမ်းတွေက ဒီနေ့ ထပ်မံသွားရောက် ကုသနေတယ်လို့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော် က ပြောပါတယ်။

အဲ့ဒီရောဂါဟာ ဆရာဝန်တွေရဲ့ ပြောပြချက်အရ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တာဖြစ်ပြီး ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ ထွက်ရာကနေ မျက်လုံးတွေနီတာ၊ မျက်ရည်ကျတာနဲ့ နောက်ဆုံးမှာ ချောင်းဆိုး ပြီး သွေးအန် သေဆုံးတာဖြစ်တယ်လို့ ပြောပါတယ်။

သွေးနမူနာနဲ့ ဆီးနမူနာကို ရန်ကုန်မှာ ဓာတ်ခွဲစစ်ဆေးပြီးမှသာ ဘာရောဂါလဲဆိုတာ သေချာသိရမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

အဲ့ဒီရောဂါဟာ လဟယ်မြို့နယ် ထန်ခေါ်လားမားကျေးရွာမှာ ဇွန်လ ၁၄ ရက်နေ့လောက်က စတင်ဖြစ်ပွားခဲ့ တာဖြစ်ပြီး ထန်ခေါ်နောက်ပိုး၊ စိမ့်ပါး၊ လမ်းတိုင်းနဲ့ ခမ်းလိုင်းရွာတွေမှာပါ ကူးစက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နန်းယွန်းမြို့နယ်ထဲက ကဲဆန်ဆာလင်၊ ကဲဆန်ကားလန်နဲ့ ကဲဆန်ဘောက်လွန်းစတဲ့ ကျေးရွာတွေမှာ ဇူလိုင်လ ၂၈ ရက်နေ့လောက်က စတင်ဖြစ်ပွားခဲ့ပြီး ကဲဆန်လောင်ကျန်းကျေးရွာကိုပါ ကူးစက်ပြန့်ပွားလာ တာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၅ နှစ်အောက်တွေ အများဆုံးဖြစ်ပြီး အသက် ၄၀ ကျော်တွေ နဲ့ အသက် ၉၀ ကျော်လည်း တစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငါးရွာတွင် အမည်မသိကူးစက်ရောဂါတမျိုး ဖြစ်ပွားနေရာ အဆိုပါ ရောဂါကို စစ်ဆေးဖော်ထုတ်ရန် သဘာဝဘေးနှင့် ကူးစက်ရောဂါဌာနခွဲမှ ပညာရှင်များပါဝင်သောအဖွဲ့သည် သြဂုတ် ၄ ရက်တွင် စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း ယင်းဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

''ဗဟိုက လက်ထောက်ညွှန်ကြားရေးမှူး ၃ ဦး၊ တိုင်းက ၂ ဦးပါတဲ့ အဖွဲ့သွားမယ်။ ရောဂါရှာဖွေရေးပစ္စည်း အပြည့်အ၀နဲ့ပေါ့။ ခရီးကဝေးတော့ သုံးလေးရက်လောက် သွားရမယ်ထင်တယ်''ဟု ဒေါက်တာသန်းထွန်းအောင်က ဆိုသည်။

အဆိုပါ ရောဂါရှာဖွေရေးအဖွဲ့သည် ရောဂါဖြစ်ပွားရာ ကျေးရွာများတွင် သွေးရည်ကြည်များ စုဆောင်းရယူ မည်ဖြစ်ကြောင်းနှင့် ယင်းသွေးရည်ကြည်များကို ရန်ကုန်ရှိ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ပို့ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

ဓာတ်ခွဲစစ်ဆေးမှုမလုပ်နိုင်သေးသည့်အတွက် မျက်မြင်အနေအထားအရ ကလေးများတွင် ဖြစ်ပွားသည့် ရောဂါမှာ ၀က်သက်ရောဂါဟု ယူဆ၍ရကြောင်း၊ လူကြီးများမှာ အခြားရောဂါများနှင့် ရောနှောနေကြောင်း၊ ကလေးများမှာ ဖျားပြီး အနီစက်ထွက်ကာ ဗိုက်ပူလာကြောင်း သိရသည်။

''ရန်ကုန်မှာ ဓာတ်ခွဲစစ်ဆေးပြီးရင်တော့ ဘာရောဂါလဲဆိုတာ သိရမှာပါ'' ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

လက်ရှိအချိန်တွင် အမည်မသိ ကူးစက်ရောဂါခံစားနေရသော နန်းယွန်းမြို့ ဒုံဟီးမြို့နယ်ခွဲအတွင်းရှိ ကဲဆန်ကားလန်ရွာ၊ ကဲဆန်ဆားလင်းရွာ၊ ကဲဆန်ဘောက်လွန်းရွာ၊ လဟယ်မြို့နယ်အတွင်းရှိ ထန်ခေါ် လားမားရွာ၊ လမ်းတိုင်းရွာ၊ ခမ်းလိုင်းရွာ၊ ထန်ခေါ်နောက်ပိုးရွာ၊ စိမ့်ပါးရွာ စသည့် ရွာရှစ်ရွာတို့တွင် ဇွန်လလယ်မှစ၍ သြဂုတ် ၃ ရက်အထိရောဂါဖြစ်ပွားသူ ၁၀၀ ကျော်နှင့် သေဆုံးသူ ၃၆ ဦးအထိရှိနေကြောင်း၊ ရောဂါဝေဒနာခံစားနေရသူများလည်းရှိနေကြောင်း၊ နာဂဒေသဦးစီးအဖွဲ့၏ ထုတ်ဖော်ပြောဆိုချက်များအရ သိရသည်။

ကူးစက်ရောဂါဖြစ်ပွားနေသည့် နန်းယွန်းမြို့နယ်တွင် လူဦးရေငါးသောင်းကျော်နေထိုင်ပြီး လဟယ်မြို့နယ်တွင် လူဦးရေလေးသောင်းကျော်နေထိုင်လျက်ရှိကြောင်း ဆေးရုံမှလည်း တမြို့နယ်လျှင် တရုံသာရှိပြီး ဆရာဝန်မှာ တမြို့နယ်တယောက်သာရှိကြောင်း သိရသည်။

AT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မြန်မာနိုင်ငံသည် သယံဇာတ အလွန်ပေါသည့်နိုင်ငံဟု စကားလုံးဖြင့် ပျော်မွေ့နှစ်ခြိုက်နေပြီး အမှန် တကယ်တွင် အရှေ့တောင်အာရှ၌ အစေခံကောင်းများသာ ထုတ်လုပ်ပေးနိုင်သည့် ကျွန်နိုင်ငံဖြစ် နေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ဇူလိုင် ၃၁ ရက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးတွင်ပြောသည်။

၎င်းက ''အရှေ့တောင်အာရှမှာမွှေးတဲ့ ဂုဏ်သတင်းကတော့ Myanmar Made ကောင်းတယ်ဆိုပြီး ဖြစ်လာတယ်။ အားလုံးကတော့ ချီးကျူးတယ်ထင်တာ ပေါ့။ မြန်မာမိတ်ဆိုတဲ့နေရာမှာ Made ကို ဘာနဲ့ပေါင်းသလဲဆိုရင် Maid နဲ့ စာလုံးပေါင်းထားတယ်။ Myanmar Maid is good ဆိုတာ မြန်မာအစေခံ၊ အိမ်စေကျွန်တွေဟာ အရှေ့တောင်အာရှမှာ နာမည်ကြီးနေတာ အကောင်းဆုံးဖြစ်နေတာ။ ကျွန်တော်တို့တွေက အစေခံအဆင့်လောက်ပဲထုတ်တဲ့ ကျွန်နိုင်ငံဖြစ်နေတယ်။ ဗိုလ်ချုပ်ပြောတဲ့ ကျွန်နိုင်ငံပါပဲ။ တကယ့် ကျွန်နိုင်ငံ ပါပဲ''ဟု ပြောသည်။

မြန်မာနိုင်ငံ၌ ၂၀၁၄ လူဦးရေနှင့် သန်းခေါင်စာရင်း မကောက်ယူရသေးချိန်က လူဦးရေ ၆၂ သန်းဖြင့် တွက်ချက် ခဲ့ကြသော်လည်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူပြီးချိန်၌ ၅၂ သန်းသာရှိသည်ဟု ၎င်းက ဆိုသည်။

''စောစောက ကျွန်တော်ပြောတဲ့ ၁၀ သန်း ဘယ်ရောက်သွားလဲဆိုရင် ကျွန်တွေဖြစ်သွားတယ်။ ပတ်ဝန်းကျင် နိုင်ငံမှာ ကျွန်အမျိုးစားပေါင်းများစွာ လုပ်ငန်းပေါင်းများစွာမှာ လုပ်နေရတာပဲ။ ထိုင်း၊ မလေး ရှားတွေမှာ မြန်မာက လေးပုံသုံးပုံလောက်ရှိတယ်။ မွေးမြူရေးလုပ်ငန်းတွေ ကျွန်တော်တို့ဆီမှာရှိသော်လည်း ဖောင်စီးရင်း ရေငတ်နေတယ်။ ကမ္ဘာမှာ နာမည်အကြီးဆုံး မြစ်ဝကျွန်းပေါ်ကိုပိုင်ထားတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ချဉ်သီးပင် အောက် ချဉ်သီးရှားနေတယ်''ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၌ သယံဇာတပေါကြွယ်ဝသည်ဆိုသည့် စကားလုံးဖြင့် ၅၄ နှစ်ကျော် နေလာခဲ့ပြီး တချိန်က အရှေ့တောင်အာရှ၌ နံပါတ်(၁)ဖြစ်ခဲ့သည့် နိုင်ငံသည် ဆန်စပါးထုတ်လုပ်မှုမှ စတင်ပြီး စီးပွားရေးတွင် နံပါတ်(၁၀)၏ နောက်ဆုံးတွင်သာရှိနေသည်ဟုဆိုသည်။ ယင်းအပြင် သယံဇာတပေါကြွယ်ဝ သည်ဟုသာ ပြောဆိုနေခဲ့သော်လည်း ပြည်တွင်းစားသုံးသည့် ဆန်ကြမ်းနှင့် ဆန်ချောဈေးသည်ပင် ဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်နိုင်ငံထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ဈေးကြီးပေး၍ စာသုံးနေရသည် ဟု ဆိုသည်။

အရှေ့တောင်အာရှတွင် မြေသယံ ဇာတအပေါကြွယ်ဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် မြန်မာနိုင်ငံက မြေသယံဇာတ အပေါကြွယ်ဝဆုံးဖြစ်သော်လည်း ပြည်တွင်း၌ အကျိုးရှိအောင် အသုံးပြုသည့် ပမာဏသည် ၂၀ ရာခိုင်နှုန်းသော မြေသယံဇာတကိုသာ အသုံးပြုနိုင်သေးသည်ဟုဆိုသည်။

ယခင်အစိုးရ ၅ နှစ် သက်တမ်းအတွင်း စပ်မျိုးစပါးဖြင့်သာ အချိန်ကုန်ခဲ့ပြီး စိုက်ပျိုးသူတွက်ချေမကိုက်သကဲ့သို့ စားသုံးသူလည်းမရှိဟု ဆိုသည်။ မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် ၁၉၉၀ ကျော်နှစ်များက ၂ ဒသမ ၅ သန်းထုတ်လုပ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင်လည်း ၂ ဒသမ ၅ သန်းသာ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့်တိုး၍ ထုတ်လုပ်နိုင်ခြင်းများ မရှိဟုဆိုသည်။

''ထိုင်းနဲ့ ဗီယက်နမ်က ၈ သန်းနဲ့ ၆ သန်းသွားနေတယ်။ သူတို့ထက် လူဦးရေသန်း ၁၃၀၀ ရှိတဲ့ အိန္ဒိယက ၁၂ သန်းနဲ့ ကမ္ဘာ့ဆန်အများဆုံးပို့တဲ့နိုင်ငံစာရင်းမှာ ရှိတယ်''ဟု ဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို နောက်ကျောဓားဖြင့်ထိုးမည့် အဓိကစိန်ခေါ်မှုသည် ရာသီဥတုပြောင်းလဲမှုဖြစ်နေသည်ဟု ဆိုသည်။ သစ်တောသယံဇာတပြုန်းတီးမှုများကြောင့် မိုးရွာလျှင် ရေကြီးနေသည့်အခြေအနေကို ယခင်နှစ်မှ စတင်ရင်ဆိုင်နေရပြီး ယခင်နှစ်က ရေကြီးရေလျှံမှုများကြောင့် ပုစွန် ကန် ခြောက်သိန်း၊ ငါးကန် သုံးသိန်းခွဲရေမြုပ်ခဲ့ရသည်ဟု ဆိုသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal