08/07/16



ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာများ ပို့နေစဉ် (MOI)သြဂုတ်လ ၂ ရက်နေ့ ၂၀၁၆
မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာ မိုးများပြီးရေကြီးလို့ပြည်သူ သိန်းချီပြီး ရေဘေးသင့်ရတဲ့အခြေအနေဟာ လက်ရှိမှာတော့ မကွေးတိုင်းဘက်မှာ ရေကျသွားပြီး ဧရာဝတီတိုင်းဘက်က မြို့နယ်တချို့မှာတော့ ရေတက်နေတာ ရပ်သွားပြီလို့ သိရပါတယ်။ မကွေးတိုင်းဘက်က ရေဘေးသင့်ပြည်သူတွေကို နိုင်ငံတော်သမ္မတဦးထင်ကျော် ဒီကနေ့ သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်တာတွေ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ရေသန့်၊ ဆေးဝါး စောင့်ရှောက်မှုတွေကို အရေးပေါ်လိုအပ်နေသလို ရေနှစ်မြုပ်ခဲ့ရတဲ့အိုးအိမ်တွေနဲ့ လယ်ယာတွေအတွက် ရေကျချိန်မှာ ပြန်လည် ထူထောင်ရေးတွေကိုလည်း အဓိက ဦးစားပေး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ အသေးစိတ် ဆက်ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်အပါအဝင် မြစ် ချောင်းတချို့မှာ ရေကြီး ပြီး တချို့နေရာတွေမှာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ပြီး ရေလွှမ်းမိုးခဲ့တာကြောင့် မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ နှစ်သိန်းသုံးသောင်းလောက် ရေဘေးဒဏ်သင့်ရပါတယ်။ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့တွေနဲ့ တပ်မတော်၊ လူမှုဝန်ထမ်း ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပါအဝင် ရဲလုံခြုံရေး၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ရေဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေရာချထားပေးသလို အရေးတကြီးလိုအပ်တဲ့ သောက်သုံးရေ၊ စားနပ်ရိက္ခာတွေကို လည်း ဖြန့်ဝေပေးပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကိုယ်တိုင် ရေဘေးသင့် မကွေးတိုင်းဒေသကြီးကို သွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေကို အားပေးတယ်လို့ သမ္မတရုံးပြောခွင့်ရဦးဇော်ဌေးက ဗွီအိုအေကိုပြောပါတယ်။

“ဟုတ်တယ် ရေဘေးသင့်ပြည်သူတွေဆီ မကွေးတိုင်း ပွင့်ဖြူတို့၊ စကုတို့ အဲဒီဘက်ကတွေသွားတာ ။ ဒါပေမယ့် မိုးရွာနေတော့ weather နဲ့ ရဟတ်ယာဉ်နဲ့ အခြေအနေမသိသေးဘူး ဟုတ်။”

နိုင်ငံတော်သမ္မတ ကိုယ်တိုင် သွားရောက်ကြည့်ရှုတဲ့ မကွေးတိုင်းဒေသကြီးက ရေလွှမ်းမိုးမှုအခြေအနေ၊ ရေဘေးသင့်ပြည်သူတွေရဲ့ အခြေအနေ တွေနဲ့ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးက ညွှန်ကြားရေးမှူးဦးမြင့်စိုးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။

“ဒီနေ့အထိပေါ့ အိမ်ခြေပေါင်း ၃၃၉၂၁ လုံး ၊အိမ်ထောင်စုပေါင်းက ၃၅၅၄၀ ၊လူဦးရေးက ၁၄၄၁၃၆ အဲဒီတော့ အဲဒါတွေက ရေတွေနှစ်မြှပ်တာပေါ့။ မြို့နယ် ၁၄ မြို့နယ်က ကျေးရွာပေါင်း ၃၁၇ မြို့နယ်ပါ ရေနှစ်မြုပ်တဲ့အထိပါ။ လောလောဆယ်မှာတော့ ရေတွေ ပြန်ကျနေတယ်လို့သိရတယ်။ တဖြည်းဖြည်းနဲ့ ရေတွေကျနေတာပေါ့နော် ချက်ချင်းကြီးတော့မကျသေးဘူးပေါ့နော် ။အဲဒီတော့ အစိုးရအဖွဲ့အနေနဲ့ကတော့ ဆန်တို့ ၊ ငါးသတ္တာတို့၊ ခေါက်စွဲခြောက်တို့ အသင့်စားလို့ရမယ့်ဟာက သိန်း ၁ ထောင်နဲ့ ၉၀ ဖိုးလောက်ကို ထောက်ပံ့ပေးထားပြီဖြစ်ပါတယ်။ စခန်းပေါင်း ၄၃ ခုဖွင့်ထားတယ်။”

မကွေးတိုင်းဘက်မှာတော့ ဒီကနေ့ တနင်္ဂနွေနေ့ နောက်ဆုံးသိထားချက်အရ မြို့နယ်တချို့မှာ ရေပြန်ကျသွားပါပြီ။ ရေလွှမ်းမိုးခံ လိုက်ရတဲ့ဒေသက ရေဘေးသင့်ပြည်သူတွေအတွက် အိုးအိမ်တွေ ပြန်လည်ထူထောင်တည်ဆောက်ရေးနဲ့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လယ်ယာမြေတွေနဲ့ မျိုးစပါးတွေအတွက်လည်း ရေရှည်အတွက်ဦးတည်ပြီး အဓိကလုပ်ဆောင်ပေးနေတယ်လို့ မကွေးတိုင်းဒေသ ကြီး ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူးကပြောပါတယ်။

“ပြန်လည်ထူထောင်ရေးကတော့ ရေကျပြီးရင်တော့ ဆက်ပြီးတော့မှ သက်ဆိုင်ရာ ကဏ္ဍ အလိုက်တွေဆက်ပြီးတော့မှ လုပ်သွားရမှာပေါ့။ ဥပမာ- တကိုယ်ရေသန့်ရှင်းရေးကိစ္စဆိုရင် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ရေသန့်ရှင်းဖို့တို့ ၊ ရောဂါမဖြစ်ဖို့တို့ ဆက်ပြီးတော့ လုပ်သွားရမှာပဲ။ ပညာရေး ကဏ္ဍ မှာဆိုရင်လည်း ကျောင်းတွေဆက်ပြီးဖွင့်နိုင်ဖို့အတွက်ကို ဆက်ပြီးလုပ်သွားရမှာပဲ။ လယ်ယာမြေအတွက်ကလည်း လယ်မြေတွေပြန်ပြီးတော့မှ စိုက်ဖို့ ပျိုးဖို့အတွက်ကို ပြန်ပြီးလုပ်ရတော့မှာ။”

ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွားကြုံနေရတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူဘက်မှာတော့ တိုးနေတဲ့မြစ်ရေက တန့်သွားပြီဆို ပေမဲ့ လုံးဝ ရေကျသွားသေးတဲ့အခြေအနေတော့ မဟုတ်ဘူးလို့ ဓနုဖြူဒေသခံ ကိုအောင်ကျင်စိန်ကပြောပါတယ်။

“ကျနော်တို့သိတာတော့ ဧရာဝတီတိုင်းထဲမှာ ညောင်တုန်း၊ ဓနုဖြူ လောလောဆယ်မှာတော့ တော်တော်လေးဆိုးနေတာရှိတယ်။ ဟင်္သတလည်းရှိတယ် ဟင်္သတမှာဆိုရင် အိမ်ခြေ ၁ သောင်းလောက်ရှိတယ်လို့ပြောတယ်။ လက်ရှိ ကျနော်တို့ ဓနုဖြူအနေအထားကတော့ မနှစ်ကထက်ပိုကြီးတယ်။ ပိုကြီးတာက ရေတက်ရက်ရှိသေးတယ် အခုလက်ရှိရေက တိုးဝင်လာတုန်းရှိသေးတယ်။ အခုလက်ရှိရေက ဧရာဝတီရဲ့အခြေအနေက တဘက်ဘက်မှာ ကျိုးတယ်လို့တော့ကြားတယ်။ ရေက ဓနုဖြူမှာတန့်သွားတယ်။”

ဧရာဝတီတိုင်းဒေသကြီးက ကျေးရွာတွေမှာ အိုးအိမ်တွေ လုံးဝရေနှစ်မြုပ်သွားတာရှိသလို လယ်ယာကိုင်းကျွန်းတွေ ရေလွှမ်းမိုး တာကိုလည်း ဆိုးဆိုးဝါးဝါးကြုံခဲ့ရပြီး ရေဘေးသင့်ပြည်သူတွေဟာ ရေဘေးအန္တရာယ်လွတ်ရာ ကုန်းမြင့်ပိုင်းတွေနဲ့ ယာယီ ရေဘေး ကူညီကယ်ဆယ်ရေးစခန်းတွေမှာ လတ်တလော ခိုလှုံနေကြရပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ တကိုယ်ရေသန့်ရှင်းရေး၊ သန့်စင်ခန်းနဲ့ သောက်သုံးရေပြဿနာတွေ ကြုံလာရနိုင်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးဖို့ အရေး တကြီးလိုအပ်တယ်လို့ ရေဘေးသင့်ပြည်သူတွေကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့ဆောင် ပြည်သူ့ဘဝ တိုးတက် မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတဲ့ ကိုအောင်ကျင်စိန်ကပြောပါတယ်။

“ကျနော်တို့ဆီမှာမနေ့ကညနေအထိစာရင်းအရ ဓနုဖြူမှာ အိမ်ခြေပေါင်း ၁၇၉၈ လုံး၊ လူဦးရေပေါင်းက ၆၈၇၁။ ဒီနေ့မှာတော့ ၁ ထောင်ကျော်ထပ်တိုးပါတယ် လူဦးရေက။ ဘုန်းကြီးကျောင်း နဲ့ ဓမ္မာရုံတွေမှာများတယ်ခင်ဗျ။ ဒေသ ၂ ခုမှာ စခန်း ၂၀ ဖွင့်လစ်ထားတယ် ကျောင်းက ၄ ကျောင်းလောက် ပိတ်ထားတယ်ပေါ့နော်။ လူကယ်ပြန်ကနေပြီးတော့ ထောက်ပံ့မူကတော့ ဆန်နဲ့ ငါးသတ္တာဗူး အဲဒီလို ၁ ဦးကို ၂ ပြည်လောက်တော့ရထားပါတယ်။ လောလောဆယ် စားရုံလေးပါပဲ။ သူတို့ကလည်း အလုပ်တွေလည်းထွက်မလုပ်နိုင်ဘူး ။ နောက်ရေကျသွားရင်တော့ ဒီရေအနေအထားနဲ့ဆို မနှစ်ကထပ်ပိုများတာဆိုတော့ အရှေ့ဘက်အခြမ်း ကွင်းတွေမှာဆိုရင်တော့ စပါးတွေ အရမ်း ပျက်စီးနိုင်တာတွေရှိတယ်။ ရှိရင်တော့ သူတို့အတွက် ပြန်လည်ထူထောင်ရေး အတွက် မျိုးစံပါးတို့၊ ရင်းနှီးမြုပ်နှံမှုတွေတော့လိုတာပေါ့ ၊ အရင်အနှီးလိုအပ်သွားမှာပေါ့လေ။”

ဧရာဝတီတိုင်း ငသိုင်းချောင်းက င၀န်မြစ်ရေနဲ့ ဇလွန်ဘက်မှာတော့ ဧရာဝတီမြစ်ရေအခြေအနေက စိုးရိမ်ရေမှတ် အထက် ရောက်နေပြီး မကွေး၊ ပခုက္ကူ၊ ညောင်ဦး မင်းဘူး အောင်လံ ပြည်နဲ့ ချောက်ဘက်မှာတော့ ဧရာဝတီမြစ်ရေက စိုးရိမ် ရေမှတ်အောက် ပြန်ကျနေပြီဆိုတာကို ပြန်ကြားရေးဌာနကတဆင့် ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၇ ရက်နေ့ ညနေ ၄နာရီ ထုတ်ပြန်ချက်အရ မနက်ဖြန်ညနေအထိ ခန့်မှန်းချက်ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းနေပြီး စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်း) နဲ့ ကယားပြည်နယ်တွေမှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ တော့ နေရာကွက်ပြီး မိုးကြီးနိုင်သလို ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ဆိုထားပါတယ်။

မြန်မာ့ပင်လယ်ပြင်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာတော့ တခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး နောက်နှစ်ရက်အတွက် ခန့်မှန်းချက်ကတော့ မုတ်သုံလေ အားအသင့် အတင့်ရှိတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။

 မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဖမ်းဆီးရမိသော တစ်ဖက်နိုင်ငံသား ရှစ်ဦးနှင့် မော်တော်ယာဉ် နှစ်စီးကို တွေ့ရစဉ် ဖမ်းဆီးရမိသော တစ်ဖက်နိုင်ငံသား ရှစ်ဦးနှင့် မော်တော်ယာဉ် နှစ်စီးကို တွေ့ရစဉ်
နေပြည်တော် သြဂုတ် ၆

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ ရှဒူဇွပ်နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများက ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၂ ရက်အထိ နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ်၊ တရားမဝင် တူးဖော်လျက်ရှိသည့် ရွှေဖောင်များ၊ ရွှေတူးဖော်ရာတွင်အသုံးပြုသည့် ယာဉ်ယန္တရားများနှင့် တစ်ဖက် နိုင်ငံသားများအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားမဝင် တူးဖော်လျက်ရှိသည့် ရွှေဖောင်များမှ တစ်ဖက်နိုင်ငံသားများသည် ရှဒူဇွပ်မှ နမ္မတီးဘက်သို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း သတင်းများအရ နယ်မြေခံ တပ်မတော်စစ်ကြောင်းက လေးမိုင်-မိုးကောင်း-နမ္မတီး လမ်းပေါ်တွင် လှည့်ကင်းများ ဆောင်ရွက်၍ ဖြတ်သန်း သွားလာလျက်ရှိသည့် မော်တော်ယာဉ် များအား ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်စဉ် သြဂုတ် ၅ ရက် ည ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် မရမ်ကထောင်မှ လေးမိုင်ဘက်သို့ ဦးတည်၍ ယာဉ်မောင်း ဦးကျော်ဦးနှင့် ဦးမောင်ဇော်တို့နှစ်ဦး မောင်းနှင် လာသည့် အေဒီဗင် အမျိုးအစား အဖြူရောင် ယာဉ်အမှတ် MDY/GG ------ နှင့် YAA/CC ----- တို့အား လေးမိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းရှေ့၌ ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် တစ်ဖက်နိုင်ငံသား လီယွန်၊ ဇန်ဆော်ဒေါင်၊ တန်ယုလင်၊ ချန်ဒုံလောင်၊ ဇန်ဆုံချောင်၊ ဝူယုလောင်၊ ကျိန်ချင်ချင်းနှင့် လင်လိစိန်တို့ စုစုပေါင်း ရှစ်ဦးအား ငွေကျပ်သိန်း ၂ဝဝ ကျော်၊ တရုတ်ယွမ်ငွေ ၇၅ဝဝ ကျော်၊ တက်ဘလက်တစ်လုံး၊ မိုဘိုင်းလ်ဖုန်း ရှစ်လုံးနှင့် တစ်ဖက်နိုင်ငံ အေတီအမ်ကတ် ၁ဝ ခု တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိ တစ်ဖက်နိုင်ငံသားရှစ်ဦး၊ ယာဉ်မောင်းနှစ်ဦး၊ မော်တော်ယာဉ်နှစ်စီး၊ ငွေနှင့် ပစ္စည်းများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး မိုးကောင်းမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia



ကျောင်းကုန်းမြို့နယ်တွင် အိမ်ခြေ ၇၀၀ ကျော်၊ စာသင်ကျောင်း ၁၂ ကျောင်းနှင့် လယ်မြေဧက ၂၂၀၀. ရေနစ်မြုပ်
ကျောင်းကုန်း၊ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တွင် ဒါးကမြစ်ရေ လျှံတက်လာမှုကြောင့် သြဂုတ် ၇ ရက်နေ့ နံနက် ရေအမှတ် (၁၆.၆)ပေ သို့ ရောက် ရှိနေရာ ရပ်ကွက်(၂)ခု၊ကျေးရွာအုပ်စုကြီး(၃)ခုမှ ရွာခွဲ (၁၀) ရွာ စုစုပေါင်း အိမ်ခြေ(၇၀၀)ကျော် ရေနစ်မြုပ်ပြီ ဖြစ်သည်။ ထပ်မံတိုးသည့် ရပ်ကွက် မှာ အမှတ် (၃) ရပ်ကွက် ဖြစ်ပြီး၊ အိမ်ခြေ (၅၈)အိမ်၊လူဦးရေ(၂၁၆)ဦး ထပ်မံရေ နစ်မြုပ် လျှက် ရှိပြီး ၊ရေလွတ်သည့်နေရာ သို့ ရွှေ့ပြောင်းပေးထား ကြောင်းနှင့် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း သိရှိရသည်။


ယနေ့ ထပ်မံ ရေနစ်မြုပ်သည့် စာသင်ကျောင်းမှာ အ.ထ.က (ဂုန်မင်း)ဖြစ် ၍ ကျောင်းကုန်းမြို့နယ်တွင် အထက်တန်းကျောင်း(၁)ကျောင်း၊ အထက် တန်းကျောင်း ခွဲ(၁)ကျောင်း၊ အလယ်တန်းကျောင်းခ (၁)ကျောင်း၊ မူလ တန်း ကျောင်း(၉)ကျောင်း၊စုစုပေါင်း စာသင်ကျောင်း(၁၂)ကျောင်း ယာယီ ပိတ် ထားပြီး ရေပြန် ကျသွားချိန်တွင် အစားထိုးသင်ကြားပေးသွားမည် ဖြစ်ကြောင်း ပညာရေးမှူး ရုံးမှ သိရသည်။


ကျောင်းကုန်းမြို့နယ် အတွင်းရှိ ရေနစ်မြုပ်သော လယ်ဧကမှာ (၂၂၀၀) ဧက ရေနစ်မြုပ်သွား ကြောင်း မြေစာရင်း ဌာနမှသိရသည်။

ကျောင်းကုန်း (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


နေပြည်တော် သြဂုတ် ၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာအောင်သူ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ ၀င်းမြတ်အေး၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ မကွေးမြို့သို့ ရောက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက မကွေးလေဆိပ်၌ ကြိုဆိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတအား လေဆိပ်ဧည့်ခန်းမဆောင်၌ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု အခြေအနေ၊ ဆည်မြောင်း တာတမံ များအတွင်း ရေ၀င်ရောက်မှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စာရင်းဇယားများ စနစ်ကျမှန်ကန်ရန်၊ အဖွဲ့ အစည်းအသီးသီးမှ ကူညီထောက်ပံ့ပေးသည့် ထောက်ပံ့ရေးပစ္စည်းများကို ရသင့်ရထိုက် သူများထံ အမှန်တကယ်ပြည့်ပြည့်၀၀ ရောက်ရှိအောင် တာဝန်ရှိသူအဆင့်ဆင့်က စေတနာ ထားကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုအဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မကွေးမြို့မှ တပ်မတော် ရဟတ်ယာဉ် များဖြင့် မင်းဘူးမြို့သို့ရောက်ရှိကြပြီး မင်းဘူးမြို့ မှန်ကင်းဘုန်းတော်ကြီးကျောင်း ပဓာန နာယက ဆရာတော်ဘဒ္ဒန္တသာသနဓဇ အမှူးပြုသည့် ဆရာတော်သံဃာတော် များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက် အဆိုပါကျောင်းတိုက် မြသုခဓမ္မာရုံ၌ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများအား ပေးအပ်သည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်ပဓာန နာယကဆရာတော်ဘဒ္ဒန္တနန္ဒက အမှူးပြုသည့် ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ် သည်။

ထို့နောက် ကုန်းဇောင်းကျေးရွာ စက်တန်းရပ်တာ၌ ကုန်းဇောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများ၏ အခြေအနေများနှင့် ရေ၀င်ရောက်မှု အခြေအနေများကို ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

ယင်းနောက် ပခုက္ကူမြို့ ရွှေသိမ်တော်ဓမ္မရိပ်သာ၌ ကျောင်းတိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒောဘာသအမှူးပြုသည့် ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်ယာယီဓမ္မာရုံ အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားများ၌ နိုင်ငံတော်သမ္မတက ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားရာတွင် ယခုကဲ့သို့ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရသည့်အခါများတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူလူထုနှင့် လူမှုအဖွဲ့အစည်းအသီးသီးတို့က စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသည်ကို တွေ့မြင်ရသဖြင့် ၀မ်းသာမိပါကြောင်း၊ ထိုကဲ့သို့ မိသားစုဆွေမျိုး အရင်းအချာသဖွယ် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီကြသည့်အတွက်လည်း အားတက်မိပါ ကြောင်း၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ လတ်တလော လိုအပ်ချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း ပြောကြား သည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များတွင် မြို့နယ်ပေါင်း ၁၅ မြို့နယ်မှ ရပ်ကွက်နှင့် ကျေးရွာ ၃၆၀ ၊ အိမ်ထောင်စု ၃၁၄၄၁ စုတို့အား ရေဘေးကင်းလွတ် သည့်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ပြီး နိုင်ငံတော်အစိုးရနှင့် အလှူရှင်များက ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ပဲအမျိုးမျိုး၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် အလှူငွေအပါအ၀င် စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်းနှစ်ထောင့်နှစ်ရာကျော် ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Myanmar President Office



 ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် နိုင်ငံခြားရေး ဝမ်ရိတို့ လာအိုမှာ တွေ့ဆုံစဉ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ် နိုင်ငံ ခရီးစဉ် အခု ဩဂုတ်လ တတိယပတ် ထဲ ရှိနေပါတယ်။

ဩဂုတ်လ ၁၇ ရက် နေ့က နေ ၂၀ ရက် ထိ ၄ ရက်ကြာ ခရီး သွားဖို့ မြန်မာ ဘက်က ရည်ရွယ် ထားပြီး တရုတ် နိုင်ငံနဲ့ကြား အပြီးသတ် ရက် အတည်ပြု နိုင်အောင် လုပ်ဆောင် နေတယ် လို့ နိုင်ငံခြားရေး ဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးအောင်လင်းက ဘီဘီစီ ကို ပြောပါတယ်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင်နဲ့ ဝန်ကြီးချုပ် လီကာချန်း အပါအဝင် ထိပ်တန်း ခေါင်းဆောင် တွေ အားလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ သွားဖို့ ရည်ရွယ် ထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာ နိုင်ငံထဲ တရုတ်ရဲ့ စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ မှုတွေ ဖြစ်တဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်း နဲ့ ရခိုင်ပြည်နယ် ထဲက ကျောက်ဖြူ အထူး စီးပွားရေး ဇုံ စီမံကိန်း တွေ အကြောင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီစဉ် အတွင်း တရုတ် ခေါင်းဆောင် တွေ နဲ့ ဆွေးနွေး သွားဖို့ ရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားမှုနဲ့ အမေရိကန်ကို သွားရောက်ဖို့လည်း ရှိနေပြီး၊ အမေရိကန် ခရီးစဉ် မတိုင်ခင် အခုလို တရုတ် ပြည် ကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥက္ကဌ အနေ ပြီးခဲ့တဲ့ နှစ်ကပဲ တရုတ်ပြည် ကို သွားရောက် ခဲ့တာမှာ တရုတ် သမ္မတ အပါအဝင် ထိပ်တန်း ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အခုအချိန်မှာတော့ တိုင်းပြည်ကို လက်တွေ့ ဦးဆောင်မှု ပေးနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး ရယူပြီး နောက်ပိုင်း တရုတ် နိုင်ငံကို သွားရောက် မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/



ဗီယက်နမ် အတွက် ပထမဆုံး အိုလံပစ် ရွှေတံဆိပ်
ရီယိုဒီဂျနေယို အိုလံပစ် ပထမဆုံး နေ့မှာပဲ ရုရှက ပထမဆုံး ရွှေတံဆိပ် ရခဲ့ပါတယ်။ Beslan Mudranov က ကီလို ၆ဝ တန်း ဂျူဒို မှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား စက်ဘီးစီးမှာတော့ ဘယ်လ်ဂျီယံက Greg Van Avermaet က အကြိတ်အနယ်နဲ့ ရွှေတံဆိပ်ရပါတယ်။

ဗီယက်နမ်ကလည်း ဆယ်မီတာ လေသေနတ်ပစ် ပြိုင်ပွဲမှာ သူ့အတွက် ပထမဆုံး အိုလံပစ် ရွှေတံဆိပ် ရရှိခဲ့ပါတယ်။

အမျိုးသား အဖွဲ့လိုက် မြားပစ်မှာတော့ တောင်ကိုရီးယားက အမေရိကန်ကို ကျော်ပြီး ရွှေတံဆိပ်ရခဲ့ပါတယ်။

ရီယို ရောက် မြန်မာ အိုလံပစ် အဖွဲ့
မြန်မာနိုင်ငံက ရဲထွန်းနောင် ဝင်ပြိုင်နေတဲ့ ၁၀ မီတာ လေသေနတ် ပစ္စတို ပြိုင်ပွဲမှာ ဗီယက်နမ်က ရွှေ၊ တောင်အာဖရိကက ငွေ၊ တရုတ်က ကြေးရသွားပြီး ပြိုင်ပွဲဝင် ၄၆ ယောက်မှာ ရဲထွန်းနောင်က အဆင့် ၃၃ ရခဲ့ပါတယ်။

ရဲထွန်းနောင်ဟာ ၅ မီတာ အလွတ် ပစ္စတိုပြိုင်ပွဲလည်း ဝင်ဦးမှာ ဖြစ်ပါတယ်။

သောကြာနေ့က စ ယှဉ်ပြိုင်ခဲ့တဲ့ မြားပစ်ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်မှာ မြန်မာက စန်းယုထွေးက ၆ဝ၈ မှတ်နဲ့ ပြိုင်ပွဲဝင် ၆၄ ယောက်မှာ အဆင့် ၅၁ ရခဲ့ပါတယ်။

မြန်မာက ရေကူးနဲ့ ပြေးခုန်ပစ်အပါအဝင် အားကစားနည်း ၄ မျိုးမှာ ခြောက်ယောက် ဝင်ပြိုင်နေတာ ဖြစ်ပါတယ်။

ဘောလုံးပြိုင်ပွဲ အမျိုးသမီးပွဲတွေမှာ အမေရိကန်က ပြင်သစ်ကို တဂိုးဂိုးမရှိ၊ ကနေဒါက ဇင်ဘာဘွေကို ၃ ဂိုး ၁ ဂိုး၊ သြစတြေးလျက ဂျာမနီကို ၂ ဂိုးနဲ့ ဦးဆောင်နေပြီးမှ ဂိုးတွေ ပြန်ပေးလိုက်ရပြီး ၂ ဂိုးစီသရေကျခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ အမျိုးသားဘောလုံးပွဲတွေမှာ ဂျာမနီနဲ့ တောင်ကိုရီးယား၊ အာဂျင်တီးနားနဲ့ အယ်လ်ဂျီးရီးယား၊ ဆွီဒင်နဲ့ နိုင်ဂျီးရီးယားတို့ ကစားကြမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 yig-workers-protest-620.jpg YIG ကုမ္ပဏီက ဝန်ထမ်းတွေ သြဂုတ်လ ၇ ရက်နေ့က တာမွေမြို့နယ်က ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Kyaw Htoon Naing/ RFA

ရန်ကုန်မြို့ပြည်လမ်းပေါ်က Young Investment Group(YIG) ကုမ္ပဏီဟာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို လိုက်နာမှုမရှိတဲ့အတွက် အရေးယူပေးဖို့ ကုမ္ပဏီဝန်ထမ်းတွေက ဒီနေ့ တာမွေမြို့နယ်က ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

YIG ကုမ္ပဏီဟာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး တခြားလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတာကြောင့် ကုမ္ပဏီကို ဖယ်ရှားပေးဖို့တောင်းဆို တာဖြစ်ကြောင်း YIG ကုမ္ပဏီဝန်ထမ်း ကိုအောင်ကျော်ထွန်းနိုင်ဦးက ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင် လယ်ယာသုံးစက်ကရိယာ ထုတ်လုပ်ရေးစက်ရုံနဲ့ အလုပ်သမားတွေကို ၂၀၁၃ ခုနှစ် ဧပြီလကစပြီး YIG ကုမ္ပဏီက အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစာချုပ်မှာ YIG ကုမ္ပဏီအနေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေကိုသာ အဓိကထုတ်လုပ်ဖို့ဆိုတဲ့ အချက်ပါရှိပြီး ယခုအချိန်မှာ ဆက်သွယ်ရေးလုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေကိုလုပ်ကိုင်နေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အဲ့ဒီနောက် အရင်က လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေး လုပ်သားတွေကို ပိုလျံဝန်ထမ်းတွေ အဖြစ်သတ်မှတ်ပြီး လက်ရှိလုပ်ငန်းနဲ့ ကျွမ်းကျင်မှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ် တာတွေ မူလဝန်ကြီးဌာနကို ပြန်လည်ပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ပြောပါတယ်။

အလုပ်သမားတွေက အလုပ်ရှင်ကို အရေးယူပေးဖို့အပြင် စာချုပ်ဖောက်ဖျက်တဲ့ အလုပ်ရှင်ကို အရေးမယူတဲ့ ဝန်ကြီးဌာနကိုလည်း စိစစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ လှိုင်သာယာမြို့နယ်က ဆာကူရာ အထည်ချုပ်စက်ရုံ၊ ငွေခြင်္သေ့ ပလပ်စတစ်စက်ရုံ တိုကျိုပိုက်စက်ရုံနဲ့ ပရီမီးယာကော်ဖီမစ်စက်ရုံတွေက အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
RFA

thai-myanmar-workers-press-620.jpg ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့တာဝန်ရှိသူတွေ သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တဲ့ ထိုင်းရောက်မြန်မာ အလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့တာဝန်ရှိ သူတွေကို ထိုင်းအာဏာပိုင်တွေက ခေါ်ယူမေးမြန်းတာတွေ ရှိနေပါတယ်။

AAC အဖွဲ့က ကိုရဲမင်းက ထိုင်းအာဏာပိုင်တွေက မေးမြန်းရာမှာ အဖွဲ့ရဲ့ရပ်တည်ချက်နဲ့ လုပ်ငန်းသဘောတွေ ကို မေးမြန်းခဲ့ပြီး လိုက်လံစောင့်ကြည့်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ပြောပါတယ်။

ထိုင်းအစိုးရရဲ့ ဘယ်အဖွဲ့အစည်းက ခေါ်ယူစစ်ဆေးမေးမြန်းတယ်ဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘူးလို့ လည်း ကိုရဲမင်းက ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း AAC အဖွဲ့ဘက်ကနေ လိုက်ပါကူညီဆောင်ရွက်ပေးနေပြီး မနက်ဖြန်မှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့တွေ့ ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ အရေးကိစ္စတွေ၊ ဖမ်းဆီးခံနေရတဲ့ အခြေအနေတွေ ကို သြဂုတ် ၂ ရက်နေ့က ရန်ကုန်မြို့ယုဇန ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

AAC အဖွဲ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT လည်း ထိုင်းအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို ခံနေရတယ်လို့ သိရပါတယ်။
RFA




Air Algerie ပိုင် ဘိုးရင်း ၇၃၇-၆၀၀ အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    အယ်လ်ဂျီးရီးယား၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

    အယ်လ်ဂျီးရီးယားလေယာဉ်တစ်စီးသည် သြဂုတ် ၆ ရက်က  ပြင်သစ်နိုင်ငံ Marseille မြို့သို့ ဦးတည် ပျံသန်းနေစဉ် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ပေါ်ခဲ့၍ မက်ဆီးဒိုးနီးယားပင်လယ် အလယ်လောက်ခန့်မှ အယ်လ်ဂျီးရီးယားနိုင်ငံသို့ ယူ- ပုံသဏ္ဍာန် ပြန်ကွေ့ခဲ့ရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air Algerie ပိုင် ဘိုးရင်း ၇၃၇-၆၀၀ ခရီးသည်တင်လေယာဉ် သည် အယ်လ်ဂျီးရီးယား အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ထွက်ခွာလာပြီး နာရီဝက်အကြာတွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်ပေါ်လာကြောင်း Air Algerieလေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ TSA သတင်းဝက်ဘ်ဆိုက် ၌ဖော်ပြခဲ့သည်။

သတင်း၌ လေယာဉ်သည် ယူ- ပုံသဏ္ဍာန် ပြန်ကွေ့ခဲ့ပြီးနောက် အယ်လ်ဂျီးရီးယား အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပြီး လေယာဉ်ပေါ်၌လိုက်ပါလာကြသည့် ဝန်ထမ်းများနှင့် ခရီးသည်အားလုံး ဘေးကင်းလုံခြုံမှုရှိကြောင်း ဖော်ပြခဲ့သည်။

လေဆိပ်မှ လေယာဉ်ထွက်ခွာပြီး နာရီဝက်အကြာတွင် လေယာဉ်ဝန်ထမ်းတစ်ဦးက ချို့ယွင်းမှု တစ်ခု ဖြစ်ပေါ်နေကြောင်း သတင်းပေးပို့ခဲ့ပြီးနောက် လေယာဉ်သည် ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း   ရေဒါအချက်အလက်ကို ကိုးကား၍ ပြည်ပ သတင်းမီဒီယာများက ဖော်ပြသည်။

သို့သော် Air Algerieလေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူ က လေယာဉ် ရေဒါမျက်နှာပြင်မှ ပျောက်ကွယ် သွားခြင်းနှင့်ပတ်သက်၍ ငြင်းဆိုထားပြီး လေယာဉ်မှူးသည် လေယာဉ် ၌ ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခု ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့၍ ဘေးကင်းစေရန်အတွက် အယ်လ်ဂျီးရီးယားသို့ ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂နှစ်ကလည်း Air Algerieလေကြောင်းလိုင်းက Spanish Swift Air လေကြောင်းလိုင်းထံမှ ငှားရမ်းထားသည့် ဘာကီနာဖာဆိုနိုင်ငံမှ အယ်လ်ဂျီးရီးယားနိုင်ငံသို့ ပျံသန်းနေသော လေယာဉ်တစ်စီးသည် လေဆိပ်မှ ထွက်ခွာလာပြီးနောက် မိနစ် ၅၀ ခန့် ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။

ရေဒါမှ ပျောက်ကွယ်သွားသည့် ယင်း AH 5017 လေယာဉ်သည် မာလီနိုင်ငံ၌ ပျက်ကျခဲ့ခြင်းဖြစ်ကာ လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၁၁၆ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com




လူ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ငွေကြေးဖြင့် အရောင်းအဝယ်ပြုလုပ်နေသည့် သရုပ်ပြပုံအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ကမ်ဘာရာ ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

    သြစတြေးလျနိုင်ငံသားများသည်  လူ့ ခန္ဓာကိုယ်အစိတ်အပိုင်များအားဝယ်ယူရန် တရားမဝင် အရောင်းအဝယ်ပြုလုပ်နေသည့် ဈေးကွက်အတွင်းသို့ တစ်ဆထက်တစ်ဆ တိုး၍ ဝင်ရောက်လျက်ရှိကြောင်း စုံစမ်းထောက်လှမ်းခြင်းဆိုင်ရာ News Limited သတင်းအရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ၂ဝဝ၁ ခုနှစ်မှ စတင်ကာ  သြစတြေးလျနိုင်ငံသား တစ်ရာကျော်သည် နိုင်ငံရပ်ခြား၌ လူ့ ခန္ဓာကိုယ်အစိတ်အပိုင်းများအားဝယ်ယူရန် တရားမဝင် မှောင်ခိုဈေးကွက်များသို့ သွားရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ လူ့ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ရယူရန် တရားမဝင် ခွဲစိတ်မှုများပြုလုပ်ပေးနေသည့် ဆရာဝန်တစ်ဦးသည် ခွဲစိတ်မှုတစ်ကြိမ်ပြုလုပ်ပေးတိုင်း အမေရိကန်ဒေါ်လာ ၁၉ဝ,ဝဝဝ ထိ ဝင်ငွေရလျက် ရှိကြောင်း သိရသည်။စုံစမ်းထောက်လှမ်းချက်များအရသိရသည့် ဖြစ်စဉ်တစ်ခုတွင် လူ့ အသည်းတစ်ခု အတွက် အမေရိကန်ဒေါ်လာ ၆ဝ,ဝဝဝ ထိ ပေးချေခဲ့ရကြောင်း ဆိုထားသည်။

သြစတြေးလျနိုင်ငံသူ ကလေး ၂ ယောက် မိခင် တစ်ဦးဖြစ်သည့် Sarah က ၂ဝ၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ လူ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ဝယ်ယူအစားထိုးကုသရာတွင် ငွေသား အမေရိကန်ဒေါ်လာ ၉၁,ဝဝဝ ထိ ပေးချေခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“အကယ်၍ တစ်ယောက်ယောက်ကို ခင်ဗျား ပိုက်ဆံပေးပြီး ကျောက်ကပ်ကို အလှူခံမယ်ဆိုရင်တော့ သူလည်း ခင်ဗျားပေးတဲ့ ပိုက်ဆံနဲ့ အဆင်ပြေသွားမယ်။ ကိုယ်လည်းအဆင်ပြေသွားမယ်။ အဲဒီလောက် ငွေအများကြီးရဖို့ ဆိုတော့ သူ့ အတွက်လည်း မလွယ်ဘူးလေ” ဟု Sarah က  News Limited သတင်းဌာနသို့ ပြောကြားသည်။

Griffith တက္ကသိုလ်မှ နိုင်ငံတကာ လူ့ ခန္ဓာကိုယ် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု ကျွမ်းကျင်ပညာရှင် Dr Campbell Fraser က လူ့ ခန္ဓာကိုယ်တရားမဝင်ရောင်းဝယ်မှုများသည် အရှေ့ တောင်အာရှနိုင်ငံများ၌ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းက အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်း Chennai မြို့ ၌ အသက်သေဆုံးလုနီးပါး လူနာများမှ ကျောက်ကပ်ကိုထုတ်ယူပြီး နိုင်ငံခြားသားများအား ရောင်းချနေသည့် ဆရာဝန်တစ်ဦးသည် အမေရိကန်ဒေါ်လာ ၃၈,ဝဝဝ ထိ ဝင်ငွေရရှိခဲ့ကြောင်း ဆိုသည်။

သြစတြေးလျနိုင်ငံ၌ လူ့ ခန္ဓာကိုယ် အစားထိုးကုထုံးများ အတွက် ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃၈ဝ,ဝဝဝ ထိ ရှိနေရာ အချို့ နိုင်ငံသားများသည် ကုန်ကျစရိတ်သက်သာစေရန်အလို့ ငှာ နိုင်ငံရပ်ခြားတိုင်းပြည်များ မှ လူ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တရားမဝင် သွားရောက်ဝယ်ယူ၍ ဆေးကုသမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ဘန်ကောက်၊ သြဂုတ် ၇ ။ ။ ထိုင်းနိုင်ငံတွင် စစ်တပ်ခန့်အပ်သည့် ကော်မတီက ရေးဆွဲထားသည့် ဖွဲ့စည်းပုံဥပဒေသစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ နိုင်ငံတစ်နံတစ်လျား စတင်ကျင်းပလျက်ရှိနေပြီဖြစ်သည်။

နိုင်ငံအတွင်း လပေါင်းများစွာ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ဆူပူမှုများကြောင့် ၂၀၁၄ ခုနှစ်အတွင်းက အာဏာသိမ်းပြီးနောက် စစ်တပ်က ဖွဲ့စည်းပုံဥပဒေဟောင်းကို ပယ်ဖျက်လိုက်သည်။

အကယ်၍ ယခုဖွဲ့စည်းပုံသစ်ကို ပြည်သူ့ဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့ပါက ဒီမိုကရေစီပြည့်ဝသောနိုင်ငံသို့ ပြန်လည် ခြေလှမ်းခြင်း အဓိကစတင်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းစစ်အစိုးရက ပြောသည်။

သို့သော် အတိုက်အခံများဖက်က မဲဆွယ်စည်းရုံးမှုများကို ကန့်သတ်ချုပ်ခြယ်ခြင်းများရှိ၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲက မျှတစွာကျင်းပခြင်းမဟုတ်ကြောင်း ဝေဖန်နေကြသည်။

ဆန္ဒခံယူပွဲလုပ်ငန်းစဉ်တွင် စီမံခန့်ခွဲအုပ်ချုပ်ရေးလုပ်ငန်းများအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အက်ဥပဒေသစ်တစ်ရပ်ကို ပြဌာန်းပြီး တင်းကျပ်စွာ စီရင်ခဲ့သည်။

လူ့အခွင့်အရေးအုပ်စုများက ယင်းအက်ဥပဒေသည် ဖွဲ့စည်းပုံဥပဒေကြမ်းအကြောင်း ပြောဆိုမှုများကို တင်းကျပ်စွာ ပိတ်ပင်ထားသည့် အက်ဥပဒေတစ်ရပ်ဖြစ်ကြောင်း ပြောကြသည်။

အက်ဥပဒေကို ချိုးဖောက်မှုဖြင့် လူ ၁၇ ဦးကို ဖမ်းဆီးထားကာ ထောင်ဒဏ်အမြင့်ဆုံး ဆယ်နှစ်ချမှတ်ထားသည်။
Mizzima - News in Burmese

တီဟီရန်၊ သြဂုတ် ၇ ။ ။ အီရန်နိုင်ငံတွင် ၂၀၁၀ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရသည့် နျူကလီးယားသိပ္ပံပညာရှင်ကို သေဒဏ်ပေးကွပ်မျက်ကြောင်း ၎င်းပညာရှင်၏ မိသားစုက ပြောသည်။

နျူကလီးယားပညာရှင် ရှာဟရမ်အမီရီ၏ မိခင်ဖြစ်သူက သားဖြစ်သူ ရုပ်အလောင်းသာ ပြန်ရကြောင်း၊ လည်ပင်းတွင် ကြိုးရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဘီဘီစီသို့ ပြောသည်။

စီအိုင်အေက အမေရိကန်သို့ အတင်းခေါ်သွား၍ ရောက်ရှိခဲ့ရခြင်းဖြစ်သည်ဟု အီရန်နိုင်ငံသို့ ပြန်ဝင်ရောက်လာချိန်တွင် ရှာဟရမ်က ပြောခဲ့သည်။ ၎င်းအား ဖမ်းဆီးသွားပြီး လျှို့ဝှက်တစ်နေရာတွင် ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

ရှာဟရမ်က အီရန်၏ နျူကလီးယားစီမံကိန်းအကြောင်း အတွင်းကျကျ သိထားသူတစ်ဦးဖြစ်သည်ဟု သတင်းအချို့တွင် ဖော်ပြသည်။

၁၉၇၇ ခုနှစ်အတွင်းက မွေးဖွားသည့် ရှာဟရမ်သည် ၂၀၀၉ ခုနှစ်အတွင်းက မက္ကာသို့ ဘုရားဖူးသွားခရီးတွင် ပျောက်ဆုံးသွားခဲ့သည်။

တစ်နှစ်အကြာ အမေရိကန်တွင် ပြန်ပေါ်လာခြင်းဖြစ်ပြီး စီအိုင်အေက သတင်းအချက်အလက်ရရှိရန် သူ့ကို ပြန်ပေးဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောသည်။

နောက်ပိုင်းတွင် အမေရိကန်က ပြန်လွှတ်၍ အီရန်သို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။

အီရန်သို့ ပြန်ရောက်ပြီး နှစ်ရှည်ထောင်ဒဏ်ဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
Mizzima - News in Burmese

သြဂုတ် ၇။ ။ ထိုင်းနိုင်ငံတ၀န်းက ပြည်သူတွေဟာ စစ်အစိုးရခန့်အပ်ထားတဲ့ကော်မတီတစ်ခုက ရေးဆွဲတဲ့ အခြေခံဥပဒေကို ဒီနေ့ သြဂုတ် ၇ ရက်မှာ ဆန္ဒမဲပေးခဲ့ကြပါတယ်။
စစ်တပ်ဟာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက် အခြေခံဥပဒေဟောင်းကို ပယ်ဖျက်လိုက်ပါတယ်။
သည်ဥပဒေကို လက်ခံလိုက်ရင် အခြေခံဥပဒေကတဆင့် ဒီမိုကရေစီအပြည့်အ၀ဖော်ဆောင်ဖို့ အဓိကခြေလှမ်းတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ အစိုးရကဆိုပါတယ် ။
ဒါပေမယ့် ဆန့်ကျင်သူတွေကတော့ ဆန့်ကျင်မဲပေးဖို့ နှိုးဆော်တာတွေကို ကန့်သတ်ထားတဲ့အတွက် အခု လူထုဆန္ဒခံယူပွဲ ဟာ မမျှတကြောင်း ပြောကြပါတယ်။
မြို့တော်ဘန်ကောက်က မဲရုံတစ်ရုံမှာ တဖြည်းဖြည်းသာ မဲလာပေးနေကြောင်း ဘီဘီစီသတင်းထောက် ဂျိုနသန်ဟက်က ဆိုပါတယ်။
စာရင်းရှိ မဲဆန္ဒရှင် ၇၈၅ ယောက်အနက် မဲရုံဖွင့်ပြီးတစ်နာရီအတွင်း အယောက် ၃၀ လောက်သာ မဲလာထည့်သေးတယ်လို့ သူက ပြောပါတယ်။

'ထိုင်းတွေ ဘာကို မဲထည့်ကြမှာလဲ'

သန်း ၄၀ သော မဲဆန္ဒရှင်တွေဟာ အခြေခံဥပဒေကြမ်းကို လက်ခံသလားဆိုတဲ့ မေးခွန်းအတွက် ထောက်ခံမဲ သို့မဟုတ် ဆန့်ကျင်မဲတစ်ခုကို ထည့်ရမှာပါ။
တကယ်လို့ အများစုက ထောက်ခံရင် ဥပဒေကြမ်းဟာ အတည်ဖြစ်ပြီး စစ်တပ်က နောက်နှစ်ရွေးကောက်ပွဲအထိ တရားဝင်အုပ်ချုပ်မှာဖြစ်ပါတယ်။
အခြေခံဥပဒေကြမ်းကို ဆန့်ကျင်ရင် ဖြစ်လာမှာတွေက မရေရာပေမယ့် စစ်အစိုးရက ဆက်လက်အုပ်ချုပ်နေဦးမှာတော့ သေချာပါတယ်။

'အခြေခံဥပဒေကြမ်းမှာ အဓိကအပြောင်းအလဲက ဘာတွေလဲ'

နှစ်ပေါင်းများစွာ မတည်ငြိမ်မှု၊ နိုင်ငံရေးကွဲပြဲမှုတွေ ဖြစ်နေတာက လာဘ်စားတဲ့နိုင်ငံရေးသမားတွေကြောင့်လို့ စစ်တပ်က ပြောပါတယ်။
မတ်လမှာ အများပြည်သူကို ထုတ်ပြန်တဲ့ဥပဒေကြမ်းအတွင်း နိုင်ငံရေးပါတီတစ်ခုတည်းက အများဆုံးချုပ်ကိုင်ဖို့ အလွန်ခက်အောင် လုပ်ထားပါတယ်။
အငြင်းပွားစရာအဖြစ်ဆုံး ဥပဒေတစ်ခုက အမတ် ၂၅၀ ပါ အထက်လွှတ်တော်ကို စစ်အစိုးရက အပြည့်အ၀ ရွေးချယ်ဖို့ဖြစ်ပါတယ်။ စစ်အာဏာမသိမ်းခင်က အထက်လွှတ်တော်ရဲ့တစ်ဝက်ကို တိုက်ရိုက်ရွေးကောက်ပြီး ကျန်တာကို ခန့်ထားခြင်းဖြစ်ပါတယ်။ အခုလိုဥပဒေအပြောင်းအလဲကြောင့် ထိုင်းအမျိုးသားလွှတ်တော်အတွင်း ရွေးကောက်ခံအမတ်တွေထက် စစ်အစိုးရခန့်ထားတဲ့အမတ်တွေက ပိုများနေမှာဖြစ်ပါတယ်။
ဝေဖန်သူတွေက အခုလိုအပြောင်းအလဲဟာစစ်တပ်ရဲ့သြဇာကို ကြီးမားစေပြီး နောက်ထပ် အနည်းဆုံး ၅ နှစ်လောက် ထိုင်းနိုင်ငံရေးကို စစ်တပ်က ထိန်းချုပ်ထားမှာဖြစ်ကြောင်း ပြောကြပါတယ်။

စုပြည့်စုံ

Kumudra
ref: BBC, Aug 7th
ပုံ ၁ - ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လက် မဲလာပေးစဉ်။

ပုံ ၂ - အာဏာသိမ်းခေါင်းဆောင်နဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ် မဲလာပေးစဉ်။

ပုံ ၃ - ထိုင်းစစ်သားများ မဲလာပေးစဉ်။

ပုံ ၄ - ထိုင်းပြည်သူများ မဲလာပေးစဉ်။

မြန်မာနိုင်ငံစစ်စရိတ် GDP ရဲ့ ၅၀% ကျော် ဆိုရင် ၃.၃ ဘီလျံဆိုတော့ ဂျပန်ရဲ့ ၄.၆ ဘီလျံနဲ့ မတိမ်းမယိမ်းပဲလေ။ ဒါပေမယ့်၊ စစ်လက်နက်ချင်း၊ စစ်သည်တွေရဲ့ အသုံးအဆောင်ကိရိယာချင်း၊ စားနပ်ရိက္ခာချင်း၊ စစ်သည်မိသားစုတွေရဲ့ စားဝတ်နေရေး အဆင့်အတန်းချင်း မိုးနဲ့မြေလို ကွာခြားတာ ဘာကြောင့်လဲ။ ကာကွယ်ရေးစရိတ်ဆိုတဲ့ ဘဏ္ဍာငွေတွေ ဘယ်သူ့အိတ်ထောင်ထဲ ရောက်သွားသလဲ တပ်မတော်သားတွေကိုယ်တိုင် မေးကြည့်သင့်တယ်။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အင်အားဟာ လိုအပ်တာထက် ပိုများနေတယ်။ အခု ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်သည်အင်အားအဆင့် ၂၁ နဲ့ တပ်ဖွဲ့ဝင် ၂ သိန်းခွဲရှိတယ်။ မြန်မာနိုင်ငံကတော့ အဆင့် ၁၃ နဲ့ စစ်သည် ၄ သိန်းကျော်ရှိတယ်။ ဒီနေရာမှာ မြန်မာက ဂျပန်ထက်သာတယ်ဆိုတာ သဘောပေါက်။ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရင် စစ်စရိတ်ကို အများကြီး လျှော့ချနိုင်ပြီး အဖက်ဖက်က ခေတ်နောက်ကျနေတဲ့ နိုင်ငံနဲ့ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲနိုင်ပါမယ်။
ကွန်မန့်ရေးသူများရဲ့ ကျေးဇူးကို ထုတ်ဖော်ချီးကျူးပါရစေ။ ကျနော်ရေးတဲ့ ပို့စ်တွေမှာ ကွန်မန့်ရေးဖို့ အမြဲတိုက်တွန်းတာဟာ ကျနော့ကို ချီးမွမ်းစေချင်လို့ မဟုတ်ရပါဘူး။ အများရဲ့ ထင်မြင်ယူဆချက်ကို သိချင်လို့ လမ်းဖွင့်ပြီး နားစွင့်ကြည့်တာပါ။

ကွန်မန့်တွေကို ဖတ်ကြည့်တဲ့အခါ ဘယ်နေရာမှာ နားမရှင်းသလဲ၊ ဘယ်နေရာမှာ နားလည်မှုလွဲသလဲဆိုတာ ကွဲကွဲပြားပြားသိရပါတယ်။ အသေးအဖွဲလောက်ကို ပြန်ပြီး ဖြေရှင်းမနေပေမယ့်၊ တော်တော် လွဲမှားနေရင်တော့ သေသေချာချာ ပြန်ရေးဖို့ လိုတာပေါ့။

မကြာခင်က ရေးလိုက်တဲ့ "ကမ္ဘာ့ထိပ်တန်းဖာနိုင်ငံ" အကြောင်းမှာ တချို့ နားမရှင်းတဲ့နေရာတွေ ရှိတယ်။ စာရှည်မှာစိုးလို့ သိပ်မဆိုင်တဲ့ အကြောင်းအရာတချို့ကို ချုံ့ပြီးရေးလိုက်တော့ အဲဒီလို မရှင်းမလင်း ဖြစ်သွားရတာပါ။ ဒါပေမယ့်၊ တချို့လူတွေက ဆဲစရာအကြောင်းရှာနေပုံ ရတယ်။ မဖြစ်စလောက် ဗဟုသုတလေးနဲ့ လျှောက်မရေးနဲ့တွေ ဘာတွေ ပတ်ရမ်းကုန်ရော။

ဥပမာ၊ ကာကွယ်ရေးစရိတ်ကိစ္စမှာ ပြောစရာတွေ အများကြီးရှိတာ ချန်ထားခဲ့ရလို့ နားလည်မှု လွဲတာလေးတွေ ပြန်ရေးရပါဦးမယ်။ မြန်မာစစ်အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ကာကွယ်ရေး အသုံးစရိတ် တနည်းအားဖြင့် စစ်စရိတ် ၅၀% မကျော်ဘူးလို့ ထောက်ပြသူတွေရှိတယ်။ ပြဿနာက နိုင်ငံတကာ ငွေကြေးနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း အများစုဟာ စစ်အစိုးရရဲ့ စာရင်းဇယားတွေကို အယုံအကြည်မရှိကြဘူး။ တချို့တွေက ၇၀% ကျော်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပေမယ့်၊ ကျနော်က မယုတ်မလွန် ၅၀% ကျော်လို့သာ ရေးခဲ့တာပါ။ (စစ်အစိုးရရဲ့ စာရင်းတွေကို ကျနော်မယုံကြည်နိုင်တာတော့ ခွင့်လွှတ်ကြပါ။)

နောက်တစ်ချက်က ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်က GDP ရဲ့ ၁ ရာခိုင်နှုန်း မကျော်စေရအောင် ဥပဒေနဲ့ ကန့်သတ်ထားပြီး၊ ဂျပန်တပ်မတော်ဆိုတာ မရှိဘဲ ကာကွယ်ရေးတပ်ဖွဲ့သာရှိတယ်လို့ သိထားကြတယ်။ ဒီတော့ မြန်မာအများစု စိတ်ထဲမှာ ဂျပန်စစ်တပ်ဆိုတာ ပါချီပါချဲ့လေးလို့ ထင်နေကြတယ်။

တကယ်တော့၊ ဂျပန်နိုင်ငံမှာ အခြေခံဥပဒေအရ စစ်တပ်ဆိုတာ မရှိဘူး။ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (ဂျေးတိုင်း 自衛隊 ) ပဲ ရှိပါတယ်။ ဒါပေမယ့်၊ အများထင်သလို မည်ကာမတ္တမဟုတ်ဘဲ သိပ်မကြာသေးခင် ၂၀၀၅ ခုနှစ်လောက်ထိ ကမ္ဘာ့တတိယ စစ်အင်အားအကြီးဆုံး ဖြစ်ပါတယ်။ ဟာ…ဟင်…ဟယ် ဟုတ်ပါ့မလားကွယ်။ (အဲဒီအချက်ဟာ လူတိုင်းမျက်စိလည်လို့ ရှင်းပြပါရစေ။)

ဂျပန်အစိုးရဟာ နောင်ကျမှ ဂျပန်ပြည်သူတွေရဲ့ ဆန္ဒအရ စစ်အင်အားကို လျှော့ချလို့ တတိယကနေ ပဉ္စမ၊ အခုလက်ရှိ သတ္တမနေရာအထိ ရောက်သွားခဲ့တာပါ။ ဒါပေမယ့်၊ လိုအပ်ရင် ဂျပန်ဟာ ကမ္ဘာ့စစ်အင်အား တတိယနေရာကို အချိန်မရွေး ပြန်ယူလို့ရတယ်ဆိုတာ သိစေချင်ပါတယ်။

ကာကွယ်ရေးစရိတ်က GDP ရဲ့ ၁% မကျော်ဘဲ ဘယ်လိုလုပ်ပြီး စစ်အင်အားကြီးနိုင်ငံ ဖြစ်ရသလဲဆိုတော့ ဂျပန်ရဲ့ ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံတကာကုန်သွယ်ရေး ပိုငွေဟာ အဆမတန် များပြားလွန်းလို့ ဖြစ်ပါတယ်။ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်စ်ရဲ့ ဝင်ငွေ ၁% နဲ့ မာစီးဒီးကား ၁၀ စင်း ဝယ်နိုင်ပေမယ့်၊ ကုန်ထမ်းသမား ကိုဖိုးပြားရဲ့ ဝင်ငွေ ၁% ဟာ စက်ဘီးတောင် မဝယ်နိုင်တဲ့ သဘောပါပဲ။ ဂျပန် GDP ရဲ့ ၁ ရာခိုင်နှုန်းဟာ ဒေါ်လာ ၄.၆ ဘီလျံ ရှိပြီး မြန်မာလို ဆင်းရဲတဲ့နိုင်ငံရဲ့ GDP စုစုပေါင်း ၆.၆ ဘီလျံနဲ့ ယှဉ်ပြီး တွက်ကြည့်ပါ။

မြန်မာနိုင်ငံစစ်စရိတ် GDP ရဲ့ ၅၀% ကျော် ဆိုရင် ၃.၃ ဘီလျံဆိုတော့ ဂျပန်ရဲ့ ၄.၆ ဘီလျံနဲ့ မတိမ်းမယိမ်းပဲလေ။ ဒါပေမယ့်၊ စစ်လက်နက်ချင်း၊ စစ်သည်တွေရဲ့ အသုံးအဆောင်ကိရိယာချင်း၊ စားနပ်ရိက္ခာချင်း၊ စစ်သည်မိသားစုတွေရဲ့ စားဝတ်နေရေး အဆင့်အတန်းချင်း မိုးနဲ့မြေလို ကွာခြားတာ ဘာကြောင့်လဲ။ ကာကွယ်ရေးစရိတ်ဆိုတဲ့ ဘဏ္ဍာငွေတွေ ဘယ်သူ့အိတ်ထောင်ထဲ ရောက်သွားသလဲ တပ်မတော်သားတွေကိုယ်တိုင် မေးကြည့်သင့်တယ်။

ပြီးတော့၊ ဂျပန်ရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ကန့်သတ်ထားတဲ့ တိုက်လေယာဉ်နဲ့ ဒုံးကျည်တွေကလွဲလို့ ကျန်တာအားလုံး မိတ်ဒ်အင်ဂျပန် ပြည်တွင်းဖြစ်တွေချည်းပဲ။ ကျနော်တို့ မြန်မာ့တပ်မတော်က တရုတ်လုပ် စစ်သည်တင်ယာဉ်တစ်စင်း ဝယ်တဲ့ငွေပမာဏနဲ့ ဂျပန်က မစ်ဆုဘိရှီ စစ်ထရပ်ကားနှစ်စင်း ဝယ်လို့ရတယ်။ ဈေးသက်သာတာပေါ့ ပြည်တွင်းဖြစ်ကိုး။

ဂျပန်စစ်တပ်ဟာ ခေတ်မီ လက်နက်အင်အား တောင့်တင်းရုံမကဘူး။ လေ့ကျင့်ရေးမှာလည်း တိုက်စွမ်းအားအပြည့်ရှိတယ်ဆိုတာ ယုံလိုက်စမ်းပါ။ ကျနော်တို့ မြန်မာ့တပ်မတော်တောင် ဂျပန်ဆီက စစ်ပညာသင်ခဲ့ရတာ မမေ့လိုက်နဲ့ဦး။

နှစ်စဉ်၊ ဖူဂျီတောင်ခြေရင်းက ဂေါ်တင်းဘဆိုတဲ့အရပ်မှာ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်ပွဲရှိတယ်။ တကယ့်လက်နက်အစစ်၊ ကျည်ဆံအစစ်တွေနဲ့ စစ်ဆင်ရေးစွမ်းရည်ပြတာ အံ့မခမ်းပါပဲ။ ခေတ်မီ အမြောက်၊ ဒုံးကျည်၊ တင့်ကား၊ ရဟတ်ယာဉ်တွေနဲ့ ဝုန်းဒိုင်းကျဲ ဆော်တာ ကြောက်ခမန်းလိလိပါဗျာ။

ကွန်မန့်ရေးသူအတော်များများ ပြောကြတာ တစ်ခုကတော့ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံနှစ်ခုကြားမှာ တည်ရှိနေလို့ စစ်အင်အား၊ စစ်စရိတ်ကို လျှော့လို့ မဖြစ်ဖူးလို့ စောဒက တက်ကြတယ်။ ကျနော်သိမီသလောက် မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ စစ်ရေး၊ နိုင်ငံရေးတင်းမာတဲ့အခြေအနေမျိုး မရှိခဲ့ပါဘူး။

တရုတ်နဲ့လည်း ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ။ တရုတ်ရဲ့ ဒုံးကျည်တွေကို မြန်မာ့တပ်မတော်က ဆီပုလင်းတစ်လုံးနဲ့ပဲ အောင်မြင်စွာ ဖြေရှင်းခဲ့တာ ပြည်သူတွေအားလုံး သိကြပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ထဲက နယ်မြေတွေ တရုတ်ကို အလီလီဖဲ့ပေးခဲ့ရတာပဲ။

ပြီးတော့ တရုတ်နဲ့ စစ်အင်အားချင်း ယှဉ်နိုင်ဖို့ဆိုတာ မြန်မာ့ GDP အားလုံး တစ်ပြားမကျန်သုံးတောင် မလိုက်နိုင်ဘူး။ ရှင်းနေတာပဲ။ အရေးကြီးတဲ့အချက်ကတော့ တရုတ်ဆီက ဝယ်တဲ့လက်နက်နဲ့ တရုတ်ကို ဘယ်လိုမှ ပြန်တိုက်လို့ မရဘူး။ တရုတ်နဲ့ စစ်ဖြစ်လို့ ဒုံးကျည်လိုရင် တရုတ်ဆီက ပြန်ဝယ်လို့ ရပါ့မလား။ ရုရှားကရော ရောင်းပေးမှာလား။ အဲလို ယုတ္တိသဘောနဲ့တောင် မစဉ်းစားဘဲနဲ့ အင်အားကြီးနိုင်ငံနှစ်ခုကြားမှာ တည်ရှိလို့ စစ်အင်အား လျှော့လို့မရဘူး တွေးနေရင် တော်တော်လွဲနေပြီ။

ပညာတတ်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေက နှစ်နိုင်ငံပြဿနာတွေကို ဖြေရှင်းရာမှာ စစ်ရေးနည်းလမ်းကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး၊ နိုင်ငံရေးနည်း၊ သံတမန်ရေးနည်းတွေနဲ့သာ ဖြေရှင်းကြတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်၊ ပါလီမန်ဒီမိုကရေစီခေတ်မှာ စစ်ရေးတည်ဆောက်ဖို့ထက် နိုင်ငံတကာမှာ ဂုဏ်သိက္ခာ မြင့်မားပြီး နိုင်ငံရေးဩဇာရှိဖို့ ကြိုးစားခဲ့ကြတယ်။

မြန်မာနိုင်ငံက အတော်ဆုံးလူတွေကို နိုင်ငံတကာ ဆက်ဆံရေးအတွက် အသုံးချတယ်။ ထူးချွန်ထက်မြက်တဲ့ ဦးသန့်ကို ကမ္ဘာ့ကုလသမဂ္ဂမှာ သံတမန်အဖြစ် စေလွှတ်တာဝန်ပေးခဲ့တာ အဲဒါကြောင့်ပဲ။ အင်အားကြီးနိုင်ငံတွေနဲ့ ပြဿနာဖြစ်ရင် သံတမန်နည်းလမ်းတွေနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်အောင် အတော်ဆုံးလူကို ရွေးချယ်ထားတာ ပညာရှိတွေရဲ့ အမျှော်အမြင်ပါ။ စစ်ရေးနဲ့သာ ဖြေရှင်းရင် နောက်တစ်ခါ ကျွန်ဖြစ်တာ ကြာလှပေါ့။

ပြီးတော့၊ လူအများမသိကြတာက ဂျပန်ဟာ မြန်မာနိုင်ငံလို အင်အားကြီးနိုင်ငံနှစ်ခုကြားမှာ ရှိတာတောင် မဟုတ်ဖူး။ ဂျပန်ဆိုတာ ရန်စွယ်ပတ်လည် ဝိုင်းနေတဲ့နိုင်ငံပါ။ စကားကုန်ပြောရမယ်ဆိုရင် သူ့နိုင်ငံတစ်ဝိုက်မှာ ဂျပန်နဲ့ စစ်မဖြစ်ဖူးတဲ့နိုင်ငံ မရှိဘူး။

တရုတ်၊ ရုရှားနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေလို့ အားပြိုင်မှုတွေ မကြာခဏ ဖြစ်တယ်။ နယ်မြေအငြင်းပွားမှုကနေ စစ်ဖြစ်မလို တင်းမာခဲ့တာလည်း အကြိမ်ကြိမ်ပဲ။

ရုရှားတိုက်လေယာဉ်တွေ ဂျပန်လေကြောင်းပိုင်နက်ထဲကို ဝင်လာလို့ သတိပေးပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်။ ရုရှားကလည်း သူ့ရဲ့ ခေတ်မီ MiG တိုက်လေယာဉ်တွေ စွမ်းအားသိအောင် ဂျပန်နဲ့ အမေရိကန်ဖက်စပ် ထုတ်လုပ်တဲ့ F တိုက်လေယာဉ်တွေကို လာလာပြီး ယှဉ်လေ့ရှိတယ်။ တိုက်လေယာဉ်ချင်း အကြိတ်အနယ် ယှဉ်ပြီး ပျံသန်းရင်း သတိပေးမီးကျည်ဖောက်တယ်။ ခုချက်ချင်း လေပိုင်နက်က မထွက်ရင် တကယ်ပစ်ချမယ်လို့ ဖြစ်ခဲ့တာတွေ ရှိခဲ့တယ်။ မြန်မာပြည်မှာ ဒါမျိုးကြားဖူးလား။

တရုတ်နဲ့လည်း စစ်ရေးတင်းမာတာ ခဏခဏပဲ။ လွန်ခဲ့တဲ့ သုံးနှစ်၊ ၂၀၁၃ ခုနှစ်က တကယ်ကို ချတော့မလို ဖြစ်ခဲ့သေးတယ်။ ထိုင်ဝမ်နားက ဆန်းခေါခုဆိုတဲ့ ကျွန်းကို သူပိုင်တယ်၊ ငါပိုင်တယ် အငြင်းပွားနေတာ ကြာပြီ။ တရုတ်ဘာသာနဲ့ ဒိုင်းအိုးယုဆိုတဲ့ ကျွန်းနားကို တရုတ် ဖရီဂိတ်စစ်သင်္ဘော ဝင်လာလို့ ဂျပန်ရေတပ်က ပိတ်ဆို့တားဆီးတယ်။ ဂျပန်ရေတပ် ဖျက်သင်္ဘောနဲ့ စစ်ရဟတ်ယာဉ်ကို တရုတ်ဖရီဂိတ်စစ်သင်္ဘောက ရေဒါပစ်မှတ်ချိန်တဲ့အထိ ဖြစ်ခဲ့တာပါ။ Radar target locked ဆိုတာကို ဂိမ်းကစားသူတွေလည်း သိမှာပေါ့။ ပစ်မှတ်ကို ရေဒါနဲ့ အသေစွဲထားပြီးပြီမို့ ခလုတ်နှိပ်ပြီး ပစ်ဖို့ပဲကျန်တော့တယ်။

တရုတ်ပြည်မ အနီးကမ်းရိုးတန်းမှာ ယာဉ်တင်ဒုံးကျည်တပ်ဖွဲ့ကို တပ်ရွှေ့နေရာယူတယ်။ အဲဒီလို တင်းမာတဲ့အခြေအနေမှာ အိုကီနာဝါမှာ ရှိတဲ့ အမေရိကန် တပ်ပေါင်းစု ဗိုလ်ချုပ်ကလည်း စစ်ဖြစ်ရင် ဂျပန်ဖက်က ကူမယ်လို့ ပြောရတဲ့အထိ ဖြစ်ခဲ့ကြတယ်။

နောက်ပြီးတော့၊ တကယ့်အန္တရာယ်က ငပွကြီးလေ။ ဘယ်သူရှိရဦးမှာလဲ၊ မြောက်ကိုရီးယားပေါ့။ မြောက်ကိုရီးယားက ဒုံးကျည်တွေ ဂျပန်ပင်လယ်ပြင်ထဲကို မကြာမကြာ စမ်းသပ်ပစ်ခတ်တယ်။ ကျနော်ဂျပန်မှာ ရှိတုန်း တစ်ညတော့ ဂျပန်ပေါ်ကို ကျော်ဖြတ်ပြီး မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်လို့ ရုတ်ရုတ်သဲသဲ ဖြစ်ကြသေးတယ်။ မြောက်ကိုရီးယားမှာ ညူကလီးယားအဏုမြူလက်နက်ရှိတယ်လို့ သံသယရှိထားတော့ ပိုပြီး စိုးရိမ်ကြောက်လန့်ကြတာပေါ့။

ကျနော်ဆိုလိုချင်တာကတော့ မြန်မာနိုင်ငံပဲ အင်အားကြီးနှစ်နိုင်ငံကြားမှာ ရှိတာမဟုတ်ဖူး၊ ဂျပန်လည်းပဲ တကယ့် ဆူပါမိုက်တီးတွေနဲ့ ယှဉ်နေရတဲ့နိုင်ငံပါ။ ဒါပေမယ့်၊ စစ်အသုံးစရိတ်ကို လိုတာထက် မပိုအောင် လျှော့ထားနိုင်တော့ ပညာရေး၊ ကျန်းမာရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုပြီး အသုံးပြုနိုင်တယ်။ ပြည်သူလူထု အကျိုးရှိတယ်။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အင်အားဟာ လိုအပ်တာထက် ပိုများနေတယ်။ အခု ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်သည်အင်အားအဆင့် ၂၁ နဲ့ တပ်ဖွဲ့ဝင် ၂ သိန်းခွဲရှိတယ်။ မြန်မာနိုင်ငံကတော့ အဆင့် ၁၃ နဲ့ စစ်သည် ၄ သိန်းကျော်ရှိတယ်။ ဒီနေရာမှာ မြန်မာက ဂျပန်ထက်သာတယ်ဆိုတာ သဘောပေါက်။ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရင် စစ်စရိတ်ကို အများကြီး လျှော့ချနိုင်ပြီး အဖက်ဖက်က ခေတ်နောက်ကျနေတဲ့ နိုင်ငံနဲ့ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲနိုင်ပါမယ်။

ဒီလောက် ရှည်ရှည်ဝေးဝေး ရှင်းပြရင် နားဝင်မယ်ထင်ပါရဲ့ဗျာ။

(နောက်တစ်ခုက ဂျပန်နိုင်ငံမှာ ပြည့်တန်ဆာတွေ ပေါများနေဆဲပဲလို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ ကျနော်ဆိုလိုတာက ဂျပန်အမျိုးသမီးတွေ ပြည့်တန်ဆာလုပ်တာ နည်းပါးသွားပြီလို့ ပြောချင်တာပါ။ ရှိတော့ရှိတယ်၊ နည်းတယ်။ တခြားလူမျိုးပြည့်တန်ဆာတွေက ပိုများပါလိမ့်မယ်။ ပြီးတော့၊ ဂျပန်ဟာ အပြာကား (အောကား) ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံမို့ ပြည့်တန်ဆာနည်း တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ တချို့က ကျနော့ကို လှောင်ကြပြောင်ကြတယ်။ အဲဒီ အယူအဆက လုံးဝ လွဲမှားနေတယ်၊ မဆိုင်ဘူး၊ တခြားစီပါခင်ဗျာ။ အောင်မယ် အောကားရိုက်တာ လွယ်လွယ်မှတ်နေသလား။ သေသေချာချာ ရှင်းပြရင် 18+ တွေ ရေးရမှာမို့ မျက်စိရှက်သူများကို အားနာပါတယ်။ ဒါပေမယ့်၊ တကယ်ကို စစ်စစ်ပေါက်ပေါက် နှိုက်နှိုက်ချွတ်ချွတ် "‪#‎ဗဟုသုတသက်သက်‬" သိချင်သူတွေ တောင်းဆိုရင်တော့ ရေးလိုက်ပါဦးမယ်လေ။ ဖတ်ချင်ရင် ကွန်မန့်လေးနဲ့ ပြောပေါ့နော်။ :P )

Min Myat Maung Facebook

“၁၉၈၈ မှာ မြန်မာနိုင်ငံမှာ သတင်းထောက်လုပ်ခဲ့ခြင်းကနေ ကျွန်တော်ရရှိခဲ့တာက မြန်မာပြည်သူတွေရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ မြန်မာလူထုရဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓါတ်ပဲဖြစ်ပါတယ် …”
------ ------ ------ ------ ------ ------

မြန်မာ့ခေတ်သစ်သမိုင်းမှာ အာဏာရှင်စနစ်ကို တတိုင်းပြည်လုံး တော်လှန်ခဲ့ကြသည့် မြန်မာပြည်သူ လူထု၏ ရှစ်လေးလုံး(၈၈၈၈)အရေးတော်ပုံကို ချန်လှပ်ထားလျှင် သမိုင်းသည် မည်သို့မျှ ပြည့်စုံမည် မဟုတ်တော့ပေ။ ရှစ်လေးလုံးအရေးတော်ပုံနှင့် တွဲလျက်သိနေကြသည်ကတော့ ခရစ္စတိုဖာဂါးနက်စ် ဆိုသည့် အမည်ပါပဲ။ ထိုစဉ်တုန်းက မြန်မာပြည်သူများ စိတ်အ၀င်စားဆုံး၊ သတင်းနှင့်ပတ်သက်လျှင် အားကိုး အယုံကြည်ဆုံး သူကလည်း သတင်းသမား ခရစ္စတိုဖာဂါးနက်စ်ပဲ ဖြစ်သည်။

သူသည် မြန်မာပြည်သို့ တိုးရစ်ဗီဇာနှင့် ၀င်ရောက်လာသူဖြစ်သည်။ ထို့နောက် မြန်မာပြည်ကရှေ့နေ သတင်းထောက် 'နေမင်း'နှင့်တွေ့ဆုံကာ ရှစ်လေးလုံးလှုပ်ရှားမှုသတင်းများကိုရယူပြီး လန်ဒန်ရှိ ဘီဘီစီမြန်မာပိုင်းသို့ အသံလွှင့်ရန် သတင်းများပေးပို့ခဲ့သည်။ မြန်မာပြည်တွင် ခေတ္တမျှ နေထိုင်ပြီး အရေးကြီးသော နိုင်ငံရေးသမားများ၊ ကျောင်းသားများနှင့်တွေ့ဆုံကာ ပြန်သွားသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်မှနေပြီး မြန်မာပြည် သတင်းများကို ဆက်တိုက်ရယူကာ BBC သို့ပေးပြီး ထုတ်လွှင့်စေ ခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံမှာ အရေးကြီးသော အခန်းကဏ္ဍကပါဝင်ခဲ့သူ ခရစ္စတိုဖာဂါးနက်စ်ကို News Watch ဂျာနယ်က ဆက်သွယ် မေးမြန်းချက်များကို ရှစ်လေးလုံးအရေးတော်ပုံ ၂၈ နှစ်မြောက် နှစ်ပတ်လည်အဖြစ် ဖော်ပြလိုက်ပါသည်။

မေး- မြန်မာနိုင်ငံရေးမှာ သမိုင်းဝင်ဖြစ်ရပ်တခုဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်လုဖြစ်ဆဲ အချိန်မှာ မြန်မာနိုင်ငံရဲ့အခြေအနေကို မှတ်မိသလောက် ပြန်ပြောပြပေးပါလား။

ဖြေ- အခြေအနေက အချိန်မရွေးပေါက်ကွဲနိုင်တဲ့ အခြေအနေဆိုတာ ကျွန်တော် ရန်ကုန်ကို ရောက်ရောက်ချင်းပဲ ခံစားမိတယ်။ ၁၉၅၀ ၀န်းကျင်က ချမ်းသာတဲ့နိုင်ငံတခုကို ဆင်းရဲမွဲတေပြီး သူများနောက်လိုက် နိုင်ငံတခုဖြစ်အောင်လုပ်ပစ်လိုက်တဲ့ စစ်ဗိုလ်ချုပ်များရဲ့ အကျင့်ပျက်ခြစားမှု၊ ရက်စက်ပြီး သနားကြင်နာကင်းမဲ့မှုတွေအပေါ် လူထုက အပြင်းအထန် စက်ဆုပ်နေကြတယ်။ ၂၅ နှစ်လောက် စီမံခန့်ခွဲမှုအလွဲတွေနဲ့ အုပ်ချုပ်ခဲ့တဲ့အပြင် ၁၉၈၇ မှာ ငွေစက္ကူတရားမ၀င် ကြေညာတာတွေ တခုပြီးတခု လုပ်ခဲ့တယ်။ ၈၈ အရေးတော်ပုံရဲ့ ရှေ့ပြေးလို့ပြောလို့ရတဲ့ ကျောင်းသားသပိတ်တွေကိုလည်း ရက်ရက်စက်စက် ဖိနှိပ်ခဲ့တယ်။ အဲဒါကြောင့် လူထုက ဒေါသထွက်နေပြီး အပြောင်းအလဲကို အသည်းအသန် လိုလားနေခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆူနာမီကြီးဖြစ်တော့မယ်ဆိုတာ ကျွန်တော် အာရုံရနေတယ်။

မေး- နောက်လာမယ့်လပိုင်းတွေမှာ သွေးချောင်းစီးမှုတွေ၊ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေ ဖြစ်လာမယ်ဆိုတာကိုရော ကြိုတင်တွေးမြင်မိခဲ့ပါသလား။

ဖြေ- ကျွန်တော် သေချာပေါက်သိနေတာကတော့ လူထုဒေါသက ပေါက်ကွဲထွက်တော့မယ်ဆိုတာပါ။ ဒါပေမဲ့ အပြောင်းအလဲကို တကယ်တမ်း ဖော်ဆောင်နိုင်မယ့် အင်စတီကျုးရှင်းတွေကို စစ်တပ်က ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီတော့ ဒီဆန္ဒပြမှုတွေ ဘယ်လောက်အထိ ဆက်ဖြစ်မလဲ။ သပိတ်သမားတွေအနေနဲ့ ဘယ်လောက်ထိ တောင့်ထားနိုင်မလဲဆိုတာ ကျွန်တော် မစဉ်းစားနိုင်ဘူး။ အဲဒီမှာ ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့တွေမှာရော သန်းနဲ့ချီတဲ့လူတွေ လမ်းပေါ်ထွက်လာတော့ ကျွန်တော် အံ့အားသင့်မိသလို ၀မ်းသာပျော်ရွှင်မိတယ်။ ဒီတော်လှန်ရေးကြီးကို စစ်ဗိုလ်ချုပ်များက ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပုံတွေကိုလည်း အံ့အားသင့်မှင်သက်မိတယ်။ သာမန်ပြည်သူတွေရဲ့ ကုပ်ကျောကို ခွစီးပြီး ချမ်းသာကြွယ်ဝသွားတဲ့ ဗိုလ်ချုပ်တွေက ပြည်သူ့ဘ၀ကို ဘာတခုမှ ဂရုမစိုက်ခဲ့ဘူး။ အထူးသဖြင့် တပ်မတော်ထိပ်ပိုင်းက ဗိုလ်ချုပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အံ့သြတုန်လှုပ်မိတယ်။ ဘာလို့လဲဆိုတော့ တချို့ တပ်မတော်သားတွေဆိုရင် အရေးတော်ပုံကြီးမှာ ဒီမိုကရေစီဘက်တော်သားတွေဘက်က ပူးပေါင်းပါဝင်ခဲ့ကြတယ်။ အဲဒီတော့ သူတို့ဟာ လက်နက်မဲ့ ပြည်သူတွေကိုသာမက (ဒီမိုကရေစီဘက်တော်သား) တပ်မတော်သားတွေဘက်ကိုပါ သေနတ်ပြောင်းကို လှည့်လိုက်တာပေါ့။ ဒါဟာ အင်မတန် စက်ဆုပ်ရွံရှာစရာကောင်းပါတယ်။ ဒီလို တုန်လှုပ်ချောက်ချားစရာ ရာဇ၀တ်မှုကြီးတွေကို ကျုးလွန်ခဲ့ကြတဲ့ ဗိုလ်ချုပ်တယောက်တလေမှ တရားခွင်ကို မရောက်ခဲ့တာ ပိုပြီး စက်ဆုပ်ဖို့ကောင်းပါတယ်။

မေး- ခင်ဗျားအတွက် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အမှတ်အရဆုံးဖြစ်ရပ်က ဘာဖြစ်မလဲ။

ဖြေ- ၁၉၈၈ မှာ မြန်မာနိုင်ငံမှာ သတင်းထောက်လုပ်ခဲ့ခြင်းကနေ ကျွန်တော်ရရှိခဲ့တာက မြန်မာပြည်သူတွေရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ မြန်မာလူထုရဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓါတ်ပဲဖြစ်ပါတယ်။ လူကြီးလူငယ် ယောက်ျားမိန်းမ ရဟန်းသံဃာနဲ့စစ်သား၊ ဘ၀ပေါင်းစုံက မြန်မာပြည်သူတွေ လမ်းပေါ်ထွက်ကာ အကြင်နာတရားကင်းမဲ့ပြီး လိုအင်လောဘကြီးမာတဲ့ စစ်တပ်နဲ့ရင်ဆိုင်ပြီး အသက်စွန့်ခဲ့ကြတယ်။ လူထုက သူတို့အရေးအတွက် ရဲရင့်ပြတ်သားမှု၊ သန္နိဋ္ဌာန်ခိုင်မာမှုကို ပြသခဲ့ကြတယ်။ သူတို့ရဲ့ သတ္တိရှိမှု၊ အကြောက်တရားကင်းမဲ့မှုနဲ့ သူတို့ယုံကြည်ရာရရှိဖို့ လုံးဝ သန္နိဋ္ဌာန်ခိုင်မာမှုတွေကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ယနေ့မြန်မာနိုင်ငံမှာ ရှစ်လေးလလုံးစိတ်ဓါတ်က အဲဒီတုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မသိမီလိုက်သူတွေကြားမှာတောင် ယနေ့တိုင် ရှင်သန်နေဆဲဆိုတာကို ကျွန်တော် လုံးဝယုံကြည်တယ်။ ဒီ ရှစ်လေးလုံးစိတ်ဓါတ်ကို ဘယ်နိုင်ငံရေးသမား ဘယ်ဗိုလ်ချုပ်ကြီးတွေကမှ ဖျောက်ဖျက်ပစ်လို့ ရမှာမဟုတ်ပါဘူး။

မေး- အဲဒီတုန်းက မစ္စတာဂါးနက်စ်က ဘီဘီစီမှာ ဘာတာဝန်ယူထားတာလဲဗျ။ မြန်မာပြည်သူ တွေကြားမှာ ခရစ္စတိုဖာဂါးနက်စ်ဆိုတာ ရှစ်လေးလုံးအရေးတော်ပုံနဲ့တတွဲတည်း မှတ်မိနေတဲ့ နာမည်တခုဆိုတာကို ခင်ဗျား သတိပြုမိသလား။ အဲဒီကာလမှာ သတင်းထောက်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ အမှတ်ရစရာတွေလည်း သိပါရစေ။

ဖြေ- အဲဒီတုန်းက ကျွန်တော်က သတင်းထောက်ပေါက်စလေးတယောက်ပါ။ ဒီထက် ဘာမှမပိုဘူး။ မြန်မာ့အရေးကျွမ်းကျင်သူလည်း မဟုတ်ခဲ့ဘူး။ ဒါ့အပြင် စာနယ်ဇင်းအတတ်ပညာမှာလည်း ဘာအတွေ့အကြုံမှရှိတာမဟုတ်ဘူး။ ဦးနေမင်းဆိုတဲ့ ရန်ကုန်က ရှေ့နေတယောက်ကနေ သူ့အသက်အန္တရာယ်ကို မမှုဘဲ လူထုအုံကြွမှုသတင်းတွေကို ပေးပို့ခဲ့တယ်။ ဒီအတွက် သူလည်း တော်တော်ပေးဆပ်ခဲ့ရပါတယ်။ ကျောင်းသားလူငယ်တွေနဲ့ တခြားခေါင်းဆောင်တွေကိုတော့ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုအတွက် ချီးကျုးဂုဏ်ပြုရမှာပါ။ ကျွန်တော်က ကျွန်တော့်အလုပ်ကို ဆက်လုပ်နိုင်ခဲ့ပေမယ့် သူတို့တွေကတော့ ထောင်သွင်းအကျဉ်းချပြီး နှိပ်စက်ခံခဲ့ရတယ်လေ။ အဲဒီအတွက် ဒီနေ့ထိတိုင် ကျွန်တော်မှာအပြစ်ရှိသလို ခံစားနေရတုန်းပဲ။ ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံဖြစ်စဉ်ကို ကျွန်တော် သတင်း စတင်ထုတ်လွှင့်ချိန်မှာတော့ ကျွန်တော့်သတင်းတွေကို ဘီဘီစီကတဆင့် ကျယ်ကျယ်ပြန့်ပြန့် နားထောင်ကြတယ်ဆိုတာ သိပါတယ်။ ဒီသတင်းတွေကတဆင့် မြန်မာပြည်အနှံ့မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပြည်သူတွေ သိခွင့်ရခဲ့တယ်။ ရုတ်တရက်ဆိုသလိုပဲ တချို့ရက်တွေမှာ သတင်းပေါင်း ဒါဇင်နဲ့ချီပြီး ပေးပို့ဖြစ်ခဲ့တယ်။ ဖြစ်ပျက်သမျှ အလုံးစုံ ကားချပ်ကြီးတခုလုံးကို မြင်တွေ့ခွင့်ရသလို သိခွင့်ရခဲ့ကြတယ်။ နိုင်ငံအနှံ့ ဆန္ဒပြမှုတွေ အရှိန်အဟုန်ရခဲ့ခြင်းမှာ ဒါဟာ တွန်းအားတရပ်ဖြစ်ခဲ့ပါတယ်။

မေး- အဲဒီတုန်းက အင်တာနက်၊ အီးမေးလ်လို နည်းပညာတွေ မထွန်းကားသေးဘူး။ ဖေ့စ်ဘုတ်၊ တွစ်တာလို လူမှုကွန်ရက်တွေလည်းမရှိခဲ့တော့ ကိုယ့်သတင်းတွေ လူအများဆီရောက်ဖို့အတွက် လုပ်ကိုင်ရတဲ့နေရာမှာ ဘယ်လို အခက်အခဲတွေရှိခဲ့သလဲ။

ဖြေ- ဒီလူမှုကွန်ရက်တွေမပေါ်ခင်ကတည်းက ကျွန်တော်ဟာ ဖေ့စ်ဘုတ်၊ တွစ်တာဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဦးနေ၀င်းအာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစလို့ နှစ်ပေါင်းများစွာပေါ့ မြန်မာပြည်သူတွေ သတင်းငတ်နေခဲ့ကြတယ်။ အဲဒီမှာ ချက်ချင်းဆိုသလို ဘီဘီစီသတင်းတွေကတဆင့် မြန်မာပြည် တနံတလျားက နေ့စဉ်သတင်းတွေ လျှပ်တပြက်သတင်းတွေကို သိခွင့်ရခဲ့ကြတယ်။ မြောက်ဘက်က လူတွေ အရှေ့၊ အနောက်နဲ့တောင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကြားသိနားလည်ခဲ့ကြတယ်။ ဒီလိုနဲ့ တော်လှန်ရေးကြီး အရှိန်အဟုန်ရခဲ့တယ် ဆိုပါတော့ဗျာ။

မေး- ရှစ်လေးလုံးအရေးတော်ပုံသည် ဘယ်အဖွဲ့အစည်း အသင်းအဖွဲ့က နောက်ကွယ်ကကြိုးကိုင် လှုံ့ဆော်ခဲ့တာလဲ။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်ချက်ဆိုတဲ့ စွပ်စွဲချက်တချို့လည်း ရှိတယ်။ ဒီဟာ ဘယ်လောက်ထိ မှန်ကန်မှုရှိသလဲ။

ဖြေ- ဒီတော်လှန်ရေးကြီးမှာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ခဲ့ပါတယ်။ ဒီအတွက် ဘယ်အသင်းအဖွဲ့ တဖွဲ့တည်းကမှ ငါတို့စခဲ့တာဆိုပြီး ပြောလို့မရနိုင်ပါဘူး။ ကျွန်တော်ပြောနိုင်တာကတော့ မဆုတ်မနှစ်တဲ့ ဇွဲလုံ့လနဲ့ သတ္တိပြောင်ပြောင်နဲ့ ပါဝင်ခဲ့တဲ့ ဦးနေမင်းရဲ့အခန်းကဏ္ဍက လုံးဝ အရေးပါခဲ့ပါတယ်။ သူ့အကြောင်းကို မှန်ကန်သင့်မြတ်စွာ ဖော်ပြခြင်းမခံရသေးတာနဲ့ သူ့ရဲ့ပါဝင်မှု ဘယ်လောက် အရေးပါခဲ့တယ်ဆိုတာကို ကောင်းကောင်းမသိကြသေးတာကိုတော့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ တကယ်ဆိုရင် သူ့ရုပ်တုအလယ်မှာထားလို့ သူ့နာမည်နဲ့ ရင်ပြင်တခု မြန်မာပြည်မှာ ထားရှိသင့်တယ်။

မေး- အဲဒီတုန်းက အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ ပြည်သူတွေကို အညှာတာမဲ့ ချေမှုန်းခဲ့တာတွေမြင် တော့ ဘယ်လိုဖြစ်ခဲ့သလဲ။ သတင်းသမားတယောက်ရဲ့ဘ၀မှာ ဒီထက်ရက်စက်ကြမ်းကြုတ်တဲ့ သွေးချောင်းစီး မှုမျိုး ကြုံတွေဖူးသလား။

ဖြေ- စစ်တပ်ရဲ့ ရက်စက်မှုအပေါ် ကျွန်တော် အံ့အားသင့်သလို တုန်လှုပ်ချောက်ချားမိပါတယ်။ ယနေ့ထိတိုင်ပါပဲ။ ဗြိတိသျှနဲ့ ဂျပန်တွေဆီကနေ လွတ်လပ်ရေးအရယူပေးခဲ့တဲ့ ဗမာ့တပ်မတော်ကို အများပြည်သူ လေးစားအားကိုးခဲ့ကြတယ်။ ဒါပေမဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ လူထု အမုန်းဆုံး အဖွဲ့အစည်းကြီးဖြစ်သွားတယ်။ ၁၉၈၈ မြန်မာနိုင်ငံရဲ့အဖြစ်နဲ့ အခြားစစ်တပ်တွေရဲ့ ရိုင်းစိုင်းကြမ်းတမ်းမှုနဲ့ နှိုင်းယှဉ်ဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ရှစ်လေးလုံးမှာ လူဘယ်နှယောက် သေခဲ့သလဲဆိုတာ ဒီနေ့အထိ ဘယ်သူမှ အတိအကျ မသိဘူး။ စနစ်တကျနဲ့ သေချာစေ့ငတဲ့ စုံးစမ်းစစ်ဆေးမှု မလုပ်နိုင်သရွေ့ ဒါကို မသိနိုင်ဘူး။ ဒါကြောင့် ဒီလို စုံစမ်းစစ်ဆေးမှုမျိုးလုပ်သင့် တယ်လို့ ကျွန်တော် ထင်တယ်။ မြန်မာပြည်သူတွေအနေနဲ့ ရှစ်လေးလုံးဖြစ်ရပ်တွေကို ဖော်ထုတ်ရာမှာ တသီးပုဂ္ဂလအရရော အဖွဲ့အစည်းလိုက်ပါ ပါဝင်ကြဖို့လိုပါတယ်။

မေး- ရှစ်လေးလုံးမှာအလွှာပေါင်းစုံက မြန်မာပြည်သူအားလုံးအာဏာရှင်ကို ဖြုတ်ချဖို့ လမ်းပေါ်ထွက် ခဲ့ကြတယ်။ ဘ၀ပေါင်းများစွာ စတေးခဲ့တယ်။ ဒီမိုကရေစီအတွက် အသက်ပေါင်းများစွာ လူမသိ သူမသိသေဆုံးခဲ့ရတယ်။ ဒီလောက်ထိပေးဆပ်ခဲ့ပြီးမှ မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် နှစ် ၂၀ ကျော်ကြာပြီးမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရတဲ့အဖြစ်နဲ့ပတ်သက်လို့ ဘယ်လိုထင်ပါသလဲ။

ဖြေ- တနေ့တော့ မြန်မာနိုင်ငံမှာဒီမိုကရေစီထွန်းကားလိမ့်မယ်လို့ ကျွန်တော် အမြဲယုံကြည်ခဲ့တယ်။ ဒီထက် ရှေ့ဆက်တက်ဖို့ပဲရှိပါတယ်။ လက်ရှိမှာလည်းလမ်းကြောင်းမှန်ကိုသွားနေတာ ကျွန်တော်တို့ မြင်နေရတယ်။

မေး- နောက်ဆုံးအနေနဲ့မေးချင်တာကတော့ လက်ရှိ NLD အစိုးရက ကြိုးပမ်းနေတဲ့ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ ၂၁ ရာစုပင်လုံညီလာခံနဲ့ပတ်သက်လို့ ဘယ်လိုထင်မြင်ယူဆပါသလဲ။ ဘယ်လောက်ရာခိုင်နှုန်း အထိ အောင်မြင်နိုင်ခြေရှိသလဲ။ အစိုးရအနေနဲ့ အရေးတကြီးလုပ်ဆောင်ရမှာက ဘာတွေဖြစ်မလဲ။ ကျေးဇူးတင်ပါတယ်။

ဖြေ- တိုင်းရင်သားဒေသတွေမှာ တကယ်စစ်မှန်ပြီးတည်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ အမှန်တကယ် လိုအပ်ပါတယ်။ Level အဆင့်ဆင့်မှာ လူ့အခွင့်အရေးနဲ့ အခြားအခွင့်အရေးများကို လေးစား လိုက်နာမှုရှိဖို့အတွက် အများကြီးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးပြီးတဲ့နောက်မှာလည်းတရားမျှတမှုနဲ့ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် လုံးဝမေ့ထားလို့မရတဲ့အရာတခုကတော့ ရှစ်လေးလုံးတော်လှန်းရေးနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ အရေးကြီးပါတယ်။ လွတ်လပ်ပြီးပွင့်လင်း မြင်သာမှုရှိတဲ့ ထောင်စုံတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့လိုပါမယ်။ ဒါမှပဲ ဒီသမိုင်းအမှန် ဘာတွေဖြစ်ခဲ့သလဲ ပြည်သူတွေ သိနိုင်မယ်။ ကိုယ်ချစ်ခင်တဲ့လူတွေ ဘာဖြစ်သွားမှန်းမသိနိုင်တဲ့ တိုင်းပြည်၊ လူတွေ ပစ်သတ်ခံရ၊ ပျောက်ဆုံးသွားရပြီး ဒီအတွက် မျှတတဲ့ တရားစီရင်မှုကိုလည်းမရရှိနိုင်တဲ့ နိုင်ငံ၊ လူအစုလိုက်အပြုံလိုက်သတ်တဲ့လူတွေ ထိုက်သင့်တဲ့ပြစ်ဒဏ်မခံရဘဲလူအရေအတွက် ဘယ်လောက်သေဆုံးခဲ့သလဲအတိအကျ မသိနိုင်တဲ့နိုင်ငံတခုဟာ အမြဲတမ်းမတည်မငြိမ်ဖြစ်နေမှာ ပါပဲ။ ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တုန်းက ၈၈ အရေးအခင်းအတွက် တရားမျှတမှုရှာဖွေဖို့လိုကြောင်းပြောခဲ့ပါတယ်။ သူကလည်း ဖြစ်ရပ်မှန်အတိုင်းလူတွေသိဖို့ အရေးကြီး ကြောင်းပြောပါတယ်။ ဒါကြောင့် ဒီအတိုင်းရပ်တည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် တိုက်တွန်းပါတယ်။

(ဥက္ကာဦး မေးမြန်းသည်။)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရီယိုအိုလံပစ်ပြိုင်ပွဲရဲ့ပထမနေ့မှာကျင်းပတဲ့အားကစားနည်းတွေထဲမှာ အရှေ့ တောင်အာရှနိုင်ငံက ဗီယက်နမ်နဲ့ ထိုင်းတို့က ရွှေတံဆိပ်တစ်ခုစီရရှိခဲ့ကြပါ တယ်။ ဗီယက်နမ်က အစောပိုင်းကကျင်းပခဲ့တဲ့ သေနတ်ပစ်ပြိုင်ပွဲကနေရရှိခဲ့ တာဖြစ်ပါတယ်။ အမျိုးသား ၁၀မီတာ ပစ္စတိုပြိုင်ပွဲမှာ ဗီယက်နမ်နိုင်ငံသား Hoàng Xuân Vinhက ဖိုင်နယ်အဆင့်မှာ အိမ်ရှင် ဘရာဇီးလ်နိုင်ငံသား ဖိလစ်ပီ အယ်မေးဒါးလ်ကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။ Hoàng Xuân Vinh ဟာ ဖိုင်နယ် အဆင့်မှာ ရမှတ် ၂၀၂.၅မှတ်အထိရခဲ့ပြီး အိုလံပစ်ပြိုင်ပွဲရဲ့ စံချိန်ကိုလည်းတင် နိုင်ခဲ့တာပါ။ တတိယဆုကိုတော့ တရုတ်နိုင်ငံက ရရှိခဲ့ပါတယ်။

ညပိုင်းမှာဆက်လက်ကျင်းပတဲ့ အမျိုးသမီး ၄၈ကီလိုတန်း အလေးမပြိုင်ပွဲမှာ အရှေ့တောင်အာရှကပဲ ထိုင်းက ရွှေရခဲ့ပြီး အင်ဒိုနီးရှားက ငွေ၊ ဂျပန်က ကြေးရခဲ့ပါတယ်။ အသက် ၂၁နှစ်အရွယ်ရှိတဲ့ ဆိုပီတာ တနာဆန်ဟာ အင်ဒိုနီးရှားသူ Sri Wahyuni Agustiani ကို အကြိတ်အနယ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။ စနေနေ့မှာပဲကျင်းပခဲ့တဲ့ အမျိုးသားစက်ဘီးပြိုင်ပွဲမှာ ဘယ်ဂျီယံနိုင်ငံသားက ဗိုလ်စွဲခဲ့ပြီး ဓားခုတ်ပြိုင်ပွဲမှာ ဟန်ဂေရီသူက နာမည်ကြီး အီတလီသူကိုအနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

ဂျူဒိုပြိုင်ပွဲမှာလည်း နာမည်ကြီး ဂျပန်အသင်းက ဆီမီးဖိုင်နယ်တွေမှာရှုံးခဲ့ပြီး ကြေးတံဆိပ်နဲ့သာကျေနပ်ခဲ့ရပါ တယ်။ အမျိုးသား ၆၀ကီလိုတန်းမှာ ရုရှားဗိုလ်စွဲခဲ့ပြီး အမျိုးသမီး ၄၈ကီလိုတန်း မှာ အာဂျင်တီးနားသူဗိုလ်စွဲခဲ့ပါတယ်။

အမျိုးသားအသင်းလိုက် မြှားပစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ကိုရီးယားအသင်းက အမေရိကန်ကိုနိုင်ပြီး ရွှေတံဆိပ်ရခဲ့ပါ တယ်။ ရွှေတံဆိပ် ၁၂အထိချီးမြှင့်မယ့် ပထမနေ့မှာ ပြိုင်ပွဲ ၈ခုအပြီး အမေရိကန်နဲ့ ကိုရီးယားအသင်းတို့ က ရွှေ ၁၊ ငွေ ၁စီနဲ့ ဇယားထိပ်ကနေဦး ဆောင်နေပါတယ်။ စနေနေ့ရဲ့ နောက်ဆုံးရွှေတံဆိပ် ၄ခုကိုတော့ မကြာမီ ကျင်းပမယ့် ရေကူးပြိုင်ပွဲကနေ ချီးမြှင့်မှာဖြစ်ပါတယ်။
BBC Burmese


မြန်မာနိုင်ငံဟာ ဒီမိုကရေစီအပြောင်းအလဲကို ရောက်နေပြီလို့ ပြောနေကြပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံ စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂၈ နှစ်တာကာလ ဖြတ်သန်းမှု ပေးဆပ်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီစနစ်ဟာ စပ်ကူးမတ်ကူး အခြေနေသာရှိပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ မဟုတ်သေးဘူးလို့ ရှစ်လေးလုံးမှာကိုယ်တိုင်ပါဝင်ခဲ့သူတွေက သုံးသပ်လိုက်ကြပါတယ်။ ရှစ်လေးလုံးအရေးတော် အခမ်း အနားတွေကို ပြည်တွင်းပြည်ပမှာ ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့ အခြေအနေကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

၁၉၈၈ ခုနှစ်မှာစတင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံဟာ အခု သြဂုတ်လ (၈) ရက်နေ့ဆိုရင်၂၈ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်း ဖြိုခွင်းခဲ့တာကြောင့် ရှစ်လေးလုံးကာလအတွင်း လူအများအပြားသေဆုံး ပျောက်ဆုံးခဲ့ရသလို၊ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ မြန်မာနိုင်ငံ နယ်စပ်တလျှောက်ကိုလည်း တောခိုခဲ့ကြတာပါ။ ဒီလိုဘ၀နဲ့ရင်းပြီး ပေးဆပ်မှုတွေရှိလာခဲ့တဲ့ ရှစ်လေးလုံး (၂၈) နှစ်ကာလကို ပြန်ပြောင်းသုံးသပ်ရင် ဒီကနေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ အားရစရာမရှိသေးဘူးလို့ လက်ရှိအမေရိကန် ပြည်ထောင်စုမှာနေထိုင်သူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်မင်းက ပြောဆိုလိုက်ပါတယ်။

“၁၉၈၈ ခုနှစ်က တပါတီ အာဏာရှင်စံနစ် ပျောက်ဆုံးဖို့၊ စစ်အာဏာရှင်စံနစ် ပျောက်ဆုံးဖို့ ကျနော်တို့ ကြိုးစားခဲ့ကြတယ်။ အဲဒီလို ပျောက်ဆုံးဖို့ ခရီးလမ်းတလျှောက်မှာ သေသွားတဲ့ သူရဲကောင်းတွေ အများကြီး ရှိခဲ့သလို နစ်နာခဲ့တဲ့သူတွေ၊ ဘ၀ပျက်သွားခဲ့တဲ့သူတွေ အများကြီး ရှိခဲ့တယ်။ အဲဒီ ပေးဆပ်မှုတွေဟာ ဒီကနေ့ ဒီအချိန်မှာ စစ်မှန်တဲ့ ဒီမိုကရေစီလို့ ပြောနေပေမယ့် လက်ရှိအချိန်မှာ ကျနော်တို့နိုင်ငံရဲ့ စပ်ကူးမတ်ကူး ဒီမိုကရေစီနဲ့ ကျနော်တို့ ဖြတ်သန်းနေရတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ ခေါင်းစဉ် တပ်ထားပေမယ့် ၂၈ နှစ်တာကာ ကျနော်တို့ ရင်းနှီး ပေးဆပ်မှုတွေနဲ့ တိုင်းတာမယ်ဆိုရင်တော့ အားရတဲ့အခြေအနေ မရှိသေးပါဘူး။”

ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့ မုံရွာမြို့က ကိုကျော်မိုးလှိုင်ကလည်း (၂၈) နှစ်တာကာလကို အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ ကျောင်းသားနဲ့ ပြည်သူတွေ အနစ်နာခံပြီးတော့ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့တဲ့ဟာတွေရဲ့ ရလဒ်ကတော့ အတိုင်းအတာ တခုအထိတော့ အပြောင်းအလဲ ဖြစ်လာခဲ့ပြီးပြီ။ ဒါပေမယ့် ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော့ ကျနော်တို့ လက်ရှိ အချိန်အထိက မဖြစ်ပေါ်သေးဘူး။”

ရှစ်လေးလုံး (၂၈) နှစ်တာကာလ ဆုံးရှုံးမှု အောင်မြင်မှုတွေကိုတော့ ကိုဇော်မင်းက ခုလိုသုံးသပ်ပါတယ်။

“ခေတ်ပြောင်း စံနစ်အပြောင်းမှာ ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဆုံးရှုံးမှုကို ကျနော်က အဓိကထားပြီး မပြောချင်ပါဘူး။ အဲ…. အောင်မြင်မှုအရ တစ်အချက်က ဒီ အရပ်သားအစိုးရ တခုကို လူထုက နှစ်နှစ်ကာကာ လိုချင်ကြတယ်၊ စစ်ဝါဒီနဲ့ စစ်အာဏာရှင်စံနစ်ကို မုန်းတီးကြတယ် ဆိုတဲ့အသိ၊ သူတို့ ဒီမိုကရေစီကို မြတ်နိုးတဲ့ စိတ်ဓာတ်၊ အဲဒါတွေကို သူတို့ လက်ခံလာတဲ့အတွက် ဒါဟာ ကျနော်တို့အတွက် အကြီးဆုံးသော အောင်မြင်မှု၊ အနာဂတ် ဒီမိုကရေစီမှာ တွန်းအားတခုအနေနဲ့ ခိုင်ခိုင်မာမာဖြစ်လာတဲ့ အခြေအနေ တခုလို့ပဲ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

ဒီမိုကရေစီ စပ်ကူးမတ်ကူး အခုလိုကာလမှာ NLD အစိုးရအနေနဲ့ နိုင်ငံရေးအင်အားစုတွေကို အခုထက်ပိုပြီးပါဝင်ခွင့်ပေးဖို့ တိုက်တွန်းလိုက် သလို၊ ၈၈မျိုးဆက်တွေ အနေနဲ့လည်း ဒီထက်ပိုပြီး တာဝန်ယူလုပ်ဆောင်ကြဖို့ ၈၈မျိုးဆက်ကျောင်းသား ကိုဇော်မင်းက တိုက်တွန်းလိုက် ပါတယ်။

“တချက်ကတော့ လက်ရှိနိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီဘက် အစိုးရပေါ့နော်။ သူတို့တွေမှာ အကျပ်အတည်းတခု ရှိပါတယ်။ အဲဒီ အကျပ်အတည်းက သူတို့ စိတ်ထင်တိုင်းသွားလို့မရဘူး၊ သူတို့ ရုန်းထရမှာ ကျနော်တို့ နားလည်တယ်။ အဲဒီလို ရုန်းထတဲ့အခါမှာ ပြည်သူ ပြည်သားတွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေကို ပါဝင်လာဖို့၊ ပါဝင်လာနိုင်ဖို့ အခွင့်အရေး သူတို့ ဖန်တီးပေးသင့်တယ်လို့ ကျနော် မြင်တယ်။ နောက်တချက်၊ ကျနော်တို့နဲ့ ခေတ်ပြိုင်တွေပေါ့နော်၊ ၁၉၈၈ က အသက် (၂၀) အရွယ် ကျောင်းသားတွေပေါ့၊ ကျနော်တို့နဲ့ ခေတ်ပြိုင်တွေဟာ သူတို့ ထိထိရောက်ရောက် ဆုံးဖြတ်ချက်တွေကို တိတိကျကျ မဆုံးဖြတ်နိုင်သေးဘူးဆိုတာကို ကျနော်တို့ သွားတွေ့တယ်။ ဒါက ကျနော်တို့တွေဟာ လိုအပ်ချက်တွေ ရှိနေသေးတယ်၊ ဒါကြောင့်မို့လို့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ရဲရဲတင်းတင်း လုပ်ဆောင်ပါ၊ အမျှော်အမြင်ကြီးစွာ လုပ်ဆောင်ပါလို့ ကျနော်တို့ ခေတ်ပြိုင်တွေကို ပြောချင်ပါတယ်။”

မုံရွာမြို့မှာ ကျင်းပမယ့် ရှစ်လေးလုံးအခမ်းအနားနဲ့ပတ်သက်လို့ ကိုကျော်မိုးလှိုင်က ရှင်းပြပါတယ်။

“အဲဒီ ရှစ်လေးလုံးအခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင် ကျဆုံးသွားတဲ့ အာဇာနည်တွေကို ပထမ အလေးပြုမယ့် အစီအစဉ် ဖြစ်ပါတယ်။ နောက် လူကြီးပိုင်းက ကျနော်တို့ မုံရွာ ရှစ်လေးလုံး သမိုင်းဖြစ်စဉ်ကို ပြောမယ်ပေါ့လေ။ အခမ်းအနားရှေ့မှာလည်း မှတ်တမ်း ပြခန်းဆိုပြီး လုပ်ပါမယ်။ အဲဒီ “သမိုင်းနဲ့မှတ်တမ်း ပြခန်း” ဆိုရင် အရေးအခင်းကာလမှာ ဓါတ်ပုံ မှတ်တမ်းတွေ၊ ကျနော်တို့ ဂျာနယ်တွေ၊ စာဆောင်တွေ၊ အဲဒီ စာအုပ်တွေ၊ စာဆောင်တွေဆိုတာကလည်း တကယ်တန်းက တချို့ဆို ဆယ်စုနှစ်နဲ့ချီပြီးတော့ မြေအောက်မှာ အသေအချာ လုံအောင်ထုပ်ပိုးပြီးတော့ မြုပ်ထားခဲ့တဲ့ စာရွက် စာတမ်းတွေ ဖြစ်ပါတယ်။ အဲဒီစာရွက် စာတမ်းတွေကို ကျနော်တို့ ပြန်လည် ပြသမှာ ဖြစ်ပါတယ်။”

မုံရွာမြို့မှာတော့ ရှစ်လေးလုံး အခမ်းအနားကို အရှေ့ရေမိန်ကျောင်းတိုက် နာရီစင်အနီးမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ (၂၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကိုတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဦးဆောင်ပြီး သြဂုတ်လ ၈ ရက်နေ့၊ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဓမ္မပီယသာသနာ့ရိပ်သာမှာ ကျင်းပသွားမှာဖြစ်ပြီး အားလုံးကို တက်ရောက်ကြဖို့ ဖိတ်ကြားထားပါတယ်။

 ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မုံရွာ၊ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ၊ မြို့သစ်ရပ်ကွက်၊ ထင်းရှူးပင်လမ်းရှိ လူနေအိမ်တစ်လုံးအား သြဂုတ် ၆ ရက်နေ့ည ၁၀ နာရီ ၄၅ မိနစ်အချိန်က စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသတင်းများအရ ၀င်ရောက်ဖမ်းဆီးခဲ့သည်။


ထိုသို့ ၀င်ရောက်ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးနှင့် သုံးစွဲရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ကားတစ်စီး၊ ဆိုင်ကယ်ငါးစီးနှင့် မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ဖော်ထုတ်စစ်ဆေးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရရှိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မုံရွာမြို့မရဲစခန်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းများအဖြစ် သိရှိရသည်။

ဓာတ်ပုံ၊ ငယ်လေး
သတင်း = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/



ကေအိုင်အေနဲ့ အစိုးရတပ်ကြား တိုက်ပွဲပြန်ဖြစ်ပွား
ကချင်ပြည်နယ် ဖားကန့်နဲ့ မိုင် ၈၀ လောက်ဝေးတဲ့ ဟူးကောင်းဒေသမှာ ကချင်လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေလို့ ဒေသခံတွေနဲ့ ရွှေတူးဖော်ရေး လုပ်နေသူ တထောင်ကျော် ဘေးလွတ်ရာကို ပြေးလာရပါတယ်။

အစိုးရတပ်တွေဖြစ်တဲ့ ခမရ ၃၈၁၊ ခမရ ၃၈၂ တပ်တွေနဲ့ ကေအိုင်အေရဲ့ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တို့ ရှဒူးဇွတ်ရွာနားမှာ တိုက်ပွဲဖြစ်နေလို့ ဘေးလွတ်ရာကို ပြေးလာ ကြတာပါ။

စစ်ဘေးရှောင် ပြည်သူတွေကို ရှဒူးဇွတ်ရွာ နှစ်ခြင်း ခရစ်ယာန်ကျောင်းတွေ အပါအဝင် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းနဲ့ စံပြရွာ သာသနာ့အောင်စံ ဘုန်းတော်ကြီးကျောင်းတွေမှာ ကူညီရေးအဖွဲ့တွေက ယာယီ ခိုလှုံခွင့် ပေးထားပါတယ်။

ခု ရှဒူးဇွတ်နဲ့ စံပြ ၂ ရွာမှာရောက်နေတဲ့ စစ်ရှောင်ပြည်သူတွေထဲက ဒေသခံမဟုတ်တဲ့သူတွေကို အိမ်ပြန်ချင်ရင် ပြန်ဖို့ ဒေသခံ ကူညီရေးအဖွဲ့တွေက အကူညီပေးနေပါတယ်။

အဲဒီဒေသမှာ အုပ်ချုပ်တဲ့ ရပ်ကျေးအုပ်ချုပ်သူတွေ ကိုယ်တိုင်က အားလုံးရှောင်ပေးဖို့ အမိန့်ပေးတာကြောင့် တိုက်ပွဲပြင်းထန်ဖို့ အလားအလာ ရှိတယ်လို့ ပြေးလာရသူတွေက ပြောပါတယ်။

ဒါ့ကြောင့် သူတို့လုပ်ကွက်တွေနဲ့ အိမ်တွေကို ပြန်ဖို့ လတ်တလောမဖြစ်နိုင်သေးဘဲ တိုက်ပွဲအခြေအနေကို စောင့်ကြည့်ရဦးမယ်လို့ ဆိုကြပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရေလွှမ်းမိုးမှုဒဏ်ခံနေရတဲ့ ဧရာဝတီတိုင်းတွင်း အရေးပေါ် ကယ်ဆယ်ရေးတွေကို အဆက်မပြတ် ဆောင်ရွက်နေကြောင်း ဒေသခံ မီးသတ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ဇလွန်ဘက်မှာ စိုးရိမ်ရေအမှတ် (၃၈) ပေ ကျော်ပြီး နောက်ထပ် ၃ ပေလောက် မြင့်တက်လာတဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။

အခုလို ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တပ်မတော်ဘက်က အချိန်မရွေး ပူးပေါင်းဆောင်ရွက်ဖို့ ညွန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီးကလည်း မနေ့က နေပြည်တော်မှာ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

အခုရေလွှမ်းမိုးမှုဒဏ် ဆိုးဆိုးရွားရွားခံနေရတဲ့ ဧရာဝတီတိုင်း ဇလွန်မြို့နယ်ဘက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လက်ရှိအခြေအနေထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဇလွန်မီးသတ်ဌာန ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တာဝန်ကျဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ညဘက်တွေမှာ ရေကင်းလှည့်ပေးပါတယ်ခင်ဗျ။ ရွှေ့ရတဲ့အိမ်တွေဘာတွေ ၀ိုင်းဆောက်ပေးပါတယ်။ ကျနော်တို့ကို ဌာနကချပေးတဲ့ speed boat တွေနဲ့ ကယ်ဆယ်ပါတယ်။ ဘုန်းကြီးကျောင်းတွေ အမျိုးအိမ်တွေ ဘာတွေမှာ ကျနော်တို့ ရွှေ့ပေးပါတယ်။ အိမ်ထောင်စုကတော့ ၁၀၀၀ ကျော်လောက်တော့ ရှိမယ်ခင်ဗျ။ စာရင်းဇယားနဲ့ပဲရှိတယ်။”

မေး - လူအသေအပျောက် ဒါမှမဟုတ် တိရစ္ဆာန်ပေါ့နော် မွေးမြူရေးလုပ်ငန်း အဲလိုအခြေအနေတွေကရော ဘယ်လိုရှိလဲရှင့်။

ဖြေ - “မရှိပါဘူးခင်ဗျ။ အဲဒါကတော့ ကျနော်တို့ ကြိုတင်ပြီးတော့ ကယ်ဆယ်ရေးလုပ်ထားတဲ့အတွက် မရှိသေးပါဘူး။”

မေး - ပြန်ပြီးတော့ ရေကျမယ့် အနေအထား၊ နောက်တခါ စိုးရိမ်ရတဲ့ အနေအထားတွေကျတော့ ဘယ်လိုဆောင်ရွက်ပေးနေလဲရှင့်။

ဖြေ - “ရေကတော့ နောက်ထပ် နည်းနည်း တက်မယ်လို့တော့ ရှိတယ်။ နောက်ထပ် ၁ ပေလောက်တော့ ထပ်တက်ပါမယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး နေ့တိုင်းပဲ ရှာဖွေကယ်ဆယ်ရေး ထွက်နေပါတယ်။”

မေး - အခုကတော့ ဇလွန်ဘက်အခြမ်းပေါ့နော်။ ဇလွန်ဒေသတ၀ိုက်ဆိုတော့ တခြား ဧရာဝတီတတိုင်းလုံး အနေအထားအရကျတော့ရော ဘယ်လိုရှိလဲရှင့်။

ဖြေ - “ဧရာဝတီတိုင်းတခုလုံး အနေအထားကတော့ ရေနည်းနည်းတော့ ကြီးနေပါတယ်။ ဒီဘက်မှာလည်း တော်တော် ရေကြီးနေပါတယ်။ မနှစ်ကထက် ၁ ပေတော့ ကျော်သွားပြီခင်ဗျ။ မိုးရွာသွန်းမှုကတော့ တနေ့ကို ၄၊ ၅ နာရီလောက်ရှိပါတယ်။ အဆက်မပြတ်ကိုရွာတယ်။ မြစ်ရေကလည်း တက်တယ်။ အခုဆိုရင် ကျနော်တို့ ဇလွန်က ၄၁.၈၅ တောင် ဖြစ်သွားပြီ။ စိုးရိမ်ရေမှတ်က ဇလွန်မှာဆို ၃၈ ပေ၊ အခုဆိုရင် ၃၈ ပေကို ၃ ပေထပ်ကျော်သွားတဲ့အတွက် အနီရောင်ဖြစ်သွားပါတယ်။”

မေး - အခု လူထု ဒေသခံအခြေအနေတွေရော ဘယ်လိုရှိလဲရှင့်။ သူတို့တွေက အချိန်နဲ့အမျှ ဘေးအန္တရာယ်အခြေအနေကိုရော သူတို့ သိနေလားရှင့်။

ဖြေ - “ဟုတ်ကဲ့ လူထုတွေက သတိအနေအထားတော့ ရှိတာပေါ့။ တခုခုဖြစ်တယ်ဆိုရင်လည်း ကျနော်တို့ကို အကြောင်းကြား၊ ချက်ခြင်း ပြောကြဖို့လည်း မှာထားပါတယ်။ တခုခုဖြစ်တယ်ဆိုရင်တောင် တရွာလုံးက ၀ိုင်းပြီး လုပ်ပါတယ်။ ကျနော်တို့လည်း အားရပါတယ်။ သူတို့ အဲ့ဒီလို လုပ်ပေးတဲ့အတွက်ကို။ ကျနော်တို့လုပ်ရတာလည်း ပိုပြီးတော့ အားရှိတယ်။ သူတို့လည်း ၀ိုင်းပြီးတော့ လုပ်ပါတယ်။ ကျနော်တို့လာတော့လည်း ရပ်ရွာက အားလုံး ပျော်ကြပါတယ်။”

အလားတူ မနေ့ သောကြာနေ့က နေပြည်တော်မှာ အစိုးရအနေနဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ အစည်းအဝေးမှာ ရေကြီးမှုဒဏ်ခံနေရတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို တပ်မတော်ဘက်က အချိန်မရွေးအဆင်သင့် ပူးပေါင်းဆောင်ရွက်ဖို့ ညွန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက အခုလို ပြောကြားသွားပါတယ်။

“ကျနော်တို့ တပ်မတော်အနေနဲ့ကတော့ အမိန့်စောင့်နေစရာ မလိုဘဲနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်တယ်လို့ သိတာနဲ့တပြိုင်တည်း အဲဒီတပ်ရင်းတပ်ဖွဲ့တွေက သွားရောက်ကူညီပေးကြဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ အမိန့်စောင့်စရာ မလိုပါဘူး။ သတင်းပို့သွားရုံနဲ့ လိုအပ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ လက်တွေ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမှာတော့ ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များ ပါဝင်တယ်။ ကျနော်တို့ဘက်က ဆောင်ရွက်ပေးနိုင်တာလေးတွေ တင်ပြတယ်။ တပ်မတော်ကဆိုရင် ဆေးရုံသင်္ဘောနှစ်စင်းရှိပါတယ်။ ကမ်းရိုးတန်းသွား တစီးရှိပါတယ်။ မြစ်တွင်းသွား တစီးရှိပါတယ်။ လိုအပ်ရင် တောင်းခံနိုင်ပါတယ်။”

ဒီအစည်းအဝေးကို တိုင်းနဲ့ပြည်နယ် အသီးသီးက ၀န်ကြီးချုပ်တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ ဧရာဝတီတိုင်း ၀န်ကြီးချုပ် မန်းဂျော်နီက လက်ရှိ ဧရာဝတီတိုင်းအတွင်း ရေလွှမ်းမိုးမှုဒဏ်ခံနေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ သတင်းထောက်တွေကို အစည်းအဝေးအပြီး အခုလို ပြောသွားပါတယ်။

“စိုးရိမ်တာက ရေသေနဲ့ ရေထ ဆိုတာရှိတယ်။ အခုက ရေထကြီးပဲဖြစ်နေတဲ့အတွက်ကြောင့်မို့ ပင်လယ်ထဲကို စီးဝင်မယ့်အစား ပင်လယ်က ပိတ်ထားတဲ့အတွက်ကြောင့်မို့ ကျနော်တို့ တော်တော်လေး ခံရမယ်လို့ ယူဆတယ်။ ဒါပေမဲ့လို့ အကုန်လုံး သဲအိတ်တွေဘာတွေ အကုန်လုံး လုပ်ထားပြီးသား။ ရေကာတာတွေလည်း အဲဒီအပေါ်မှာ သဲအိတ်တွေ အဆင်သင့် အကုန်လုံး သောင်းနဲ့ချီပြီး ယူထားပြီးပြီ။ ဘယ်လောက်မြင့်တက်လာမလဲဆိုတာတော့ မသိသေးဘူး။”

မုတ်သုန်မိုးရွာသွန်းမှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတွေ အပါအ၀င် ချင်းပြည်နယ်မှာ ရေလွှမ်းမိုးမှုဒဏ်ခံနေရပြီး သိန်းနဲ့ချီရှိနေတဲ့ ရေဘေးသင့်ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့ရေးတွေ လိုအပ်နေကြောင်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

 အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 သြဂုတ်(၇) မိုးမိတ်၊

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့ နယ်ရှိ ကျေးရွာများတွင် ဆက်ကြေးကောက်ခံမှုများ ဖြစ်ပွားနေသည့်အတွက် မိုးမိတ်စစ်ဗျူဟာမှူးနှင့် မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့ မှူးတို့ က ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သတင်းကွန်ရက်ချိတ်ဆက် တည်ဆောက်ကာ ဆက်ကြေးကောက်ခံရန်လာသူအား ခြေရာခံရှာဖွေခဲ့ရာ သြဂုတ်လ (၅) ရက်နေ့ ၊ မွန်းလွဲပိုင်း (၁၂း၃၀) အချိန်တွင် မိုးမိတ်မြို့ နယ်၊ မိုးကောင်းဦးကျေးရွာအုပ်ရေးမှူး၏နေအိမ်သို့  ဆက်ကြေးကောက်ခံရန် ရောက်ရှိလာသူအား ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူး က အတည်ပြုပြောကြားသည်။

မိုးမိတ်မြို့ နယ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်ခံမှုတွေဖြစ်ပွားနေတာကို သိခဲ့ရပါတယ်။ ဇူလိုင်လ (၆) ရက် မှာ မိုးကောင်းဦးကျေးရွာ၊ ဇူလိုင်လ (၅) ရက်နေ့ မှာ နံနိမ်ကျေးရွာ၊ ဇူလိုင်လ(၆) ရက်နေ့ မှာ ကွင်းတိုအင်းကျေးရွာ၊ ဇူလိုင်လ (၁၆) ရက်မှာ အုန်းတွန်းကျေးရွာ၊ ဇူလိုင်လ (၁၃) ရက်မှာ ရွှေဇာလီကျေးရွာ တို့ မှာ ဆက်ကြေးကောက် ခံမှု ဖြစ်ပွားခဲ့တဲ့သတင်းတွေအရ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ပြီး ဆက်ကြေးကောက်ခံသူကို ဖမ်ဆီးရ မိ နိုင်ဖို့  ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

သြဂုတ်လ(၅) ရက်နေ့ က ဆက်ကြေးကောက်ခံမည့်သူ ရောက်ရှိလာမည့်သတင်းအရ အသွင်ယူစောင့်ဆိုင်းနေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် မွန်းလွဲ ၁၂း၃၀ အချိန်တွင် မိုးမိတ်မြို့ နယ်၊ မိုးကောင်းဦးကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်သို့  အသက် (၄၀)နှစ်ခန့် အရွယ်အမျိုးသားတစ်ဦးက အရပ်ဝတ်ဖြင့်ရောက်ရှိလာပြီး ရှမ်းသောင်းကျန်းသူ အဖွဲ့  ဟု ပြောဆိုကာ သေနတ်ထုတ်ပြပြီး ဆက်ကြေးကောက်နေကြောင်း၊ မပေးလျှင် ခေါ်ယူသတ်ပစ်မည်ဟု ပြော ဆိုနေကြောင်း နမီကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးက လာရောက်သတင်းပေးပို့ ချက်အရ သက်သေများနှင့် အတူ သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့ ရာ စိုင်းထွန်း (၄၈) နှစ် (ဘ) ဦးစိုင်းပန်၊ ရှမ်း/ဗုဒ္ဓ၊ ကျပန်းလုပ်၊ မိုးဘုံကျေးရွာ၊ မိုးမိတ်မြို့ နယ်နေသူအား ခေါင်းစွပ် ပြောက်ကျားဓါတ်မီး(၁)လက်၊ အရိုးအသွား (၉)လက်မခန့်  ဓါးအိမ်ပါ ဓါးမြောင်(၁)ချောင်း၊ Mick အမျိုးအစား ဟန်းဆက် (၁) လုံး၊ ရောင်စုံရှပ်အင်္ကျီလက်တို (၁) ထည်၊ ပလတ်စတစ်ခြောက်လုံးပြူးသေနတ်အတု (၁) လက်၊ Nick တံဆိပ်ပိုက်ဆံအိတ် (၁)လုံး၊ Note Book အနက်ရောင်စာအုပ်တစ်အုပ်၊ အနက်ရောင်လွယ်အိတ် (၁) လုံး တို့ နှင့်အတူ တွေ့ ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့ ပါ၍ ရှမ်းသောင်းကျန်းသူအဖွဲ့ ဟု ပြောဆိုပြီး ကြောက်လန့် အောင်ခြောက်လှန့် ကာ ငွေတောင်းခံသူ စိုင်းထွန်း အား မိုးမိတ်မြို့ မရဲစခန်း က (ပ)၆၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ အရ အမှုဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

သမန်းကျား၊ ရတနာပုံနေ့ စဉ်။
Lashio News Diary



အမျိုးသမီး ရဲအရာရှိတွေကို ဓားနဲ့တိုက်ခိုက်
ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်းက ရှာလာရွိုင်းမြို့မှာ ဓားရှည်ကိုင်ထားတဲ့ လူတယောက်က အမျိုးသမီး ရဲအရာရှိနှစ်ဦးကို တိုက်ခိုက်ခဲ့လို့ ရဲတွေ ဒဏ်ရာရသွားပါတယ်။

အဲဒီလို တိုက်ခိုက်ချိန်မှာ သူက အာရဗီဘာသာနဲ့ ဘုရားသခင်သည် အကြီးမြတ်ဆုံးလို့ အော်ဟစ် ခဲ့တယ်လို့ ဆိုပါတယ်။

ဓားနဲ့တိုက်ခိုက်သူကို နောက်ထပ် ရဲတဦးက ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသွားပြီး အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားပါတယ်။

ဒဏ်ရာရသွားတဲ့ ရဲတွေကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို အကြမ်းဖက် လုပ်ရပ် ဖြစ်နိုင်ကြောင်း ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ရှားမီရှဲက ပြောပါတယ်။

မတ်လက ဘရပ်ဆဲ လေဆိပ်နဲ့ မြေအောက်ရထား ဘူတာတွေ ဗုံးခွဲ တိုက်ခိုက်ခံရလို့ လူ ၃ဝ ကျော် သေဆုံးပြီးနောက် ဘယ်လ်ဂျီယံမှာ လုံခြုံရေး တပ်လှန့်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဟိုမှာလဲရေဘေး ဒီမှာလဲရေဘေး
သဘာဝဘေးဒဏ်
ပြေးရန်မလွယ်ပါသော်လဲ
အတွေးမှန်မှန်နဲ့ တွေးကြံဖြေရှင်း
ထောက်ပံ့ကူညီခြင်းသာမက
ဖြစ်လာသမျှ ရေဘေး အစဉ်ဝေးအောင်
မေးပါများစကားရ သွားပါများခရီးပေါက်
ထိရောက်တဲ့နည်းပညာ
ကမ္ဘာအနှံ့ ရှာကြည့်ပါ…။

ကျွမ်းကျင်ရာ လိမ္မာတာမို့
လိမ္မာသူတွေ အရေးတယူ
ဖေးကူလာပါလိမ့်မယ်…။
ငါသိငါတတ် မလုပ်ဘဲ
သူသိသူတတ်တာကိုလည်း
ယူမိယူတတ်အောင် လုပ်ဆောင်ကြပါ…။

ပြဿနာပေါ်လာတိုင်း
မဆိုင်းမတွ ပြစ်တင်ကြမယ့်အစား
ဘယ်လိုဖြေရှင်းရပ..ဆိုတာကို
ဦးစွာပထမ -စဉ်းစားကြရမယ်
တိကျတဲ့အဖြေ ရှာဖွေတွေ့ရှိ
ကိုင်တွယ်မိပြီဆိုလျှင် ၀င်လာသမျှ
ကိစ္စအ၀၀ဟာ ပြဿနာမဟုတ်တော့ပါ
ခေါင်းသုံးလုံးဟာ
ခေါင်းတစ်လုံးထက်သာကြောင်း
ကောင်းကောင်းမှတ်သားသွားပါလျှင်
အမြင်မလွဲ ထင်ရာမကြဲကြတော့ဘဲ
အစဉ်အမြဲသာ ပြေရှင်းသွားရတော့မှာ…။

တက္ကသိုလ်ဘုန်းကြွယ်(သြဂုတ် ၆ ၁၆)



ဘန်ကောက်၊ သြဂုတ် ၇။ ။ ထိုင်းဟာ နိုင်ငံရေးပါတီတွေကို နှိမ်နင်းပြီး ဗိုလ်ချုပ်ကြီးတွေကို နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုကြီးကြပ်ရေး အတွက် အမြဲတမ်းရာထူးပေးထားမယ့် အခြေခံဥပဒေသစ်တစ်ခုကို တနင်္ဂနွေနေ့ (သြဂုတ် ၇) မှာ လူထုဆန္ဒခံယူ တော့မှာဖြစ်ကြောင်း အကြီးတန်းစစ်အရာရှိတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာအာဏာသိမ်းမှုသမိုင်းက ရှည်လျားပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးနှစ်ယောက်အပါအ၀င်အရာရှိတွေနဲ့ အင်တာဗျူးအရစစ်တပ်ဟာနောက်ပိုင်းမှာ စစ်အာဏာမသိမ်းရတော့အောင်နိုင်ငံရေးပါတီတွေကို အားပျော့အောင်လုပ်ပြီး ရွေးကောက်ခံအစိုးရအပေါ် စစ်တပ်က အမြဲတမ်းသြဇာလွှမ်းမိုးဖို့ ရည်ရွယ်ထားကြောင်း တွေ့ရပါတယ်။

နောက်တက်တဲ့အစိုးရတွေဟာ စစ်တပ်ကချထားတဲ့ အနှစ် ၂၀ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို တရားဝင် လိုက်နာ ရမှာဖြစ်ကြောင်း သူတို့က ဆိုပါတယ်။

အဆိုပြုထားတဲ့အခြေခံဥပဒေအရ စစ်အစိုးရဖွဲ့စည်းထားတဲ့ လွှတ်တော်ထဲမှာ စစ်သားအမတ်တွေ ရှိလာပြီး သူတို့က ရွေးကောက်ခံအမတ်တွေရဲ့ပါဝါကို စစ်ဆေးချိန်ညှိမှာဖြစ်ပါတယ်။

“ပြုပြင်ပြောင်းလဲမှုအားလုံး လုပ်ဆောင်အောင်၊ တချိန်တည်းမှာပဲ ရွေးကောက်ခံအစိုးရသစ်က ၀တ္တရားကျေပွန်အောင် သူတို့က (လွှတ်တော်ထဲမှာ) ရှိကြမှာပါ” လို့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး သာဝစ် နက်နီယွမ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဗိုလ်ချုပ်ကြီးတွေက ကလေးထိန်းမှာပါလို့ သူက ဆိုပါတယ်။

အခြေခံဥပဒေကြမ်းထဲမှာ ပါဝင်တဲ့စာပိုဒ်တစ်ပုဒ်ကတော့ နိုင်ငံရေးပဋိပက္ခဖြစ်လာရင် ရွေးကောက်ခံမဟုတ်တဲ့ ၀န်ကြီးချုပ် တစ်ယောက်ကို ခွင့်ပြုဖို့ပါဝင်ပါတယ်။ အဲဒီစာပုဒ်ကြောင့် ၂၀၁၄ မှာ ရွေးကောက်ခံယဉ်လပ်ရှင်နာဝပ်ထရာအစိုးရကို စစ်ဦးစီးချုပ် ပရာယွတ်ချန်အိုချာခေါင်းဆောင်ပြီး အာဏာသိမ်းပြီးနောက် ၀န်ကြီးချုပ်လုပ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းစစ်တပ်ဟာ အမြဲသြဇာကြီးမားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၄ အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ ပြိုင်ဖက်မရှိ အဖွဲ့အစည်းဖြစ်လာပြီး ပြည်သူတွေလေးစားကြည်ညိုကြတဲ့ ဘုရင်ဘူမိဘော အဒူယာဒက်ဂ်ျရဲ့ ကျန်းမာရေးယိုယွင်း လာချိန်မှာ ဘုရင်မျိုးဆက်ထက်တောင် ပိုပြီးသြဇာကြီးသလို ဖြစ်လာပါတယ်။

စစ်တပ်ဟာ ဘုရင့်သရဖူအပ်နှင်းမှုကို တင်းတင်းကျပ်ကျပ် ကြီးကြပ်သွားမယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး တွေနဲ့ အင်တာဗျူးအရ အခြေခံဥပဒေသစ်ဟာ ထိုင်းနိုင်ငံသွားမယ့်လမ်းကြောင်းမှာ စစ်တပ်က အမြဲတမ်းတစ်နေရာယူထားဖို့ တည်ဆောက်ထားကြောင်း တွေ့ရပါတယ်။

အခြေခံဥပဒေမူကြမ်းထဲမှာ စစ်တပ်နဲ့မဟာမိတ်တွေရေးဆွဲထားတဲ့ အနှစ် ၂၀ စီမံကိန်းအတိုင်း နောက်တက်မယ့်အစိုးရက ကျင့်သုံးအောင် တရားဝင်ပြဌာန်းထားကြောင်း လက်ထောက်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ၀ီရာခွန် ဆူခွန်ဟာပါတီပက် က ပြောပါတယ်။

ဘယ်ထိုင်းအစိုးရကမှ အနှစ် ၂၀ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဖို့ဝေးလို့ ပြဌာန်းထားခြင်းတောင် မရှိပါဘူး။

စီမံကိန်းကို ရေးဆွဲဆဲဖြစ်ကြောင်း ၀ီရာခွန်က ပြောပါတယ်။

၁၉၃၂ မှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ကူညီဖြုတ်ချပြီးနောက်ပိုင်း စစ်တပ်ဟာ အာဏာသိမ်းမှု ၁၉ ခု လုပ်ခဲ့ပြီး ၁၂ ခုက အောင်ြမင်ခဲ့သလို အဲဒီအချိန်က ၀န်ကြီးချုပ် ၂၉ ဦးအနက် ၁၂ ဦးဟာ စစ်တပ်က ခန့်ထားခဲ့ခြင်းဖြစ်ပါတယ်။

စစ်အစိုးရဟာ လူထုဆန္ဒမခံယူခင် ဝေဖန်မှုတွေကို လက်မခံဟန်ရှိပါတယ်။ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေကို အခြေခံဥပဒေကိုဆန့်ကျင်မှုနဲ့ အခုလတ်တလောမှာ ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။

တကယ်လို့ အခြေခံဥပဒေကို တိုင်းပြည်က ငြင်းပယ်ခဲ့ရင် ဘာဖြစ်မယ်မှန်း မသိရသေးပါဘူး။ အဲဒါဆိုရင် နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ စစ်အစိုးရရဲ့လမ်းညွန်မြေပုံ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။ စစ်တမ်းတွေအရ ထိုင်းပြည်သူ သန်း ၅၀ ထဲက အများစုဟာ ခုထက်ထိဆုံးဖြတ်ချက်မချရသေးကြောင်း တွေ့ရပါတယ်။

ထိုင်းစစ်အရာရှိတွေနဲ့ အင်တာဗျူးအရ စစ်တပ်ဟာ အရပ်ဘက်အုပ်ချုပ်ရေးကို မယုံကြည်တော့ပေမယ့် ဒီမိုကရေစီဟာ ထိုင်းရဲ့ဖွံ့ဖြိုးမှုနဲ့ နိုင်ငံတကာပုံရိပ်အတွက် အရေးပါကြောင်း အသိအမှတ်ပြုတာ တွေ့ရပါတယ်။

ရွေးကောက်ခံနိုင်ငံရေးသမားတွေဟာ နိုင်ငံ့အကျိုးစီးပွားအတွက် ဆောင်ရွက်မယ်လို့ ဘယ်တော့မှ မယုံရကြောင်း၊ ဘာကြောင့်လဲဆိုတော့ မဲဆန္ဒရှင်တွေဟာ အလေအလွင့်များတဲ့ လူပြိန်းကြိုက်မူဝါဒတွေကို ကတိပြုတဲ့ ပါတီတွေကိုသာ ရွေးချယ်လို့ဖြစ်ကြောင်း စစ်တပ်က ပြောပါတယ်။

“အစိုးရမူဝါဒတိုင်းဟာ သူတို့ရဲ့နိုင်ငံရေးအကျိုးစီးပွားပေါ် အခြေခံတာကြောင့် လာဘ်စားတာ၊ မညီမျှတာ၊ အငြင်းပွားတာလိုမျိုး ပြဿနာတွေ အများကြီးပေါ်လာတယ်” လို့ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ၀ီရာခွန်က ပြောပါတယ်။

တကယ်လို့ လက်ရှိအစိုးရတွေဟာ သူတို့ရဲ့မူဝါဒတွေအစား ပညာရှင်တွေရဲ့ ရေရှည်စီမံကိန်းအတိုင်း လိုက်နာရင် “ထိုင်းဟာ အခုလောက်ဆို ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်နေပြီ” လို့ သူက ပြောပါတယ်။

အခြေခံဥပဒေကြမ်းဟာ နောက်ပိုင်းမှာ စစ်အာဏာထပ်မသိမ်းရအောင် စီစဉ်ထားခြင်းဖြစ်ပြီး အကြောင်းက အရပ်ဘက်အုပ်ချုပ်ရေးကို သမိုင်းအဆက်ဆက်သီးခြားဆောင်ရွက်ခဲ့တဲ့စစ်တပ်ဟာ နောက်ပိုင်းအစိုးရတွေပေါ် သွယ်ဝိုက်ပေမယ့် ခိုင်မာတဲ့သြဇာအာဏာ ရှိလာမယ့်အတွက် ဖြစ်ပါတယ်။

“အဓိကကတော့ နောက်ထပ်အာဏာမသိမ်းရအောင်လို့ပါ” လို့ သာဝစ်က ပြောပါတယ်။ “နောက်တစ်ကြိမ် ထပ်မဖြစ်ပါစေနဲ့ ဆုတောင်းတယ်” လို့ ဆိုပါတယ်။

စုပြည့်စုံ

ref: Reuters, Aug 4th
Kumudra



ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒပြကန့်ကွက်သူများ ( မေ ၂၂၊ ၂၀၁၆)
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒပြကန့်ကွက်သူများ ( မေ ၂၂၊ ၂၀၁၆)

ထိုင်းနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ဦးဆောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ NLD အစိုးရထုတ် သတင်းစာ အယ်ဒီတာ အာဘော်မှာ ဝေဖန်ရေးသားလိုက်ပါတယ်။ အကယ်၍ သြဂုတ်လ (၇) ရက်နေ့မှာ ကျင်းပမယ့် ဒီဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုခဲ့မယ်ဆိုရင် ထိုင်းရဲ့ ဒီမိုကရေစီဟာ တဆင့်နိမ့်ပြီး အကန့်အသတ်များတဲ့ပုံစံ ဖြစ်သွားမယ်လို့လည်း သတိပေးရေးသားထားပါတယ်။

စစ်အစိုးရ အုပ်ချုပ်နေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားရေး ဘက်ကနေ မြန်မာအစိုးရထုတ် သတင်းစာက ထောက်ခံရေးသားထားတာ ထူးခြားတယ်လို့လည်း သုံးသပ်သူတွေရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြမှာပါ။

“ထိုင်းနိုင်ငံနှင့် ဒီမိုကရေစီအလားအလာ” ဆိုတဲ့ခေါင်းစဉ်နဲ့ သြဂုတ်လ (၅)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ထိုင်းမှာ စစ်တပ်က ရေးဆွဲထားတဲ့အခြေခံဥပဒေမူကြမ်းဟာ ဒီမိုကရေစီစနစ်ကို အကန့်အသတ်ဖြစ်စေတယ်ဆိုပြီး ဝေဖန်ထားပါတယ်။ အခုလို မြန်မာအစိုးရထုတ် သတင်းစာက ရေးသားချက်ဟာ ထူးခြားကြောင်း ထိုင်း-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူလည်းဖြစ်၊ ISP ခေါ် မဟာဗျူဟာနှင့် မူဝါဒရေးရာ အင်စတိကျု ရဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက အခုလိုသုံးသပ်ပါတယ်။

"ကျနော်မြင်တာတော့ စိတ်ဝင်စားစရာ တခုလို့ပြောလို့ ရပါတယ်။ အထူးသဖြင့်တော့ ဟို လွတ်လပ်တဲ့ သတင်းမီဒီယာ ဆိုတာလို သူတွေ့ရင် မတော်ရင် မတော်တဲ့ အတိုင်း ဝေဖန်ပြောဆိုတာ ရှိမှာပေါ့။ ဒါပေမယ့် ထူးခြားတာ တခုကတော့ မြန်မာ့အလင်း သတင်းစာက သိတဲ့ အတိုင်းဘဲ ဟို State Media ပေါ့လေ နိုင်ငံတော်ပိုင် သတင်းမီဒီယာ ဖြစ်နေတော့ ဟို ဒီတခုဘဲ စိတ်ဝင်စားစရာ ရှိတာပါ။"

ထိုင်းစစ်တပ်ကရေးဆွဲထားတဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာ ဒီမိုကရေစီစနစ်နဲ့ပတ်သက်လို့ အားနည်းချက်တွေ ပါဝင်နေကြောင်း ဦးအောင်သူငြိမ်းကပြောပါတယ်။

"ပြောရမယ်ဆိုလို့ ရှိရင် ဒီမိုကရေစီ မကျတဲ့ ကိစ္စတော်တော်များများ ပါပါတယ်။ ပါတယ်ဆိုတာ အထူးသဖြင့် ဆီးနိတ် လို့ ခေါ်တဲ့ အထက်လွှတ်တော်မှာ ဒါ ရွေးချယ်တင်မြှောက်မခံရတဲ့သူချည်းဘဲ အများစု ပါနေတယ်ပေါ့နော်။ ဆိုတော့ နောက်တခါ သူတို့က ဘာဖြစ်လာလဲ ဆိုတဲ့အခါကျတော့ ၀န်ကြီးချုပ် ဖြစ်တဲ့သူက ရွေးချယ်တင်မြှောက်ခံရသူလည်း ဖြစ်နိုင်တယ်၊ မတင်မြှောက်ဘဲနဲ့ခံရတဲ့သူကိုလည်း ၀န်ကြီးချုပ်အဖြစ် တင်နိုင်တယ်။ ဒါမျိုးတွေက ဒီမိုကရေစီ ပေတံနဲ့ တိုင်းရင်တော့ လိုအပ်ချက်တွေ ရှိပါတယ်။ နောက် အထူးသဖြင့် ဆိုးတာကတော့ အခုလက်ရှိ လက်ရှိ ဖွဲ့စည်းပုံ အခြေခံနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ပြည်သူတွေ သိအောင် လုပ်တာမျိုး မဟုတ်ဘူးပေါ့နော်။ ဆိုလိုတာက အရင်တုန်းကဆိုရင် ကျနော် တွေ့ဖူးပါတယ်။ အိမ်တိုင်းစေ့မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ်တွေ လိုက်ပို့တာမျိုးပေါ့။ အခုဟာကတော့ ရှင်းပြချက်ကလည်း နည်းနည်းဘဲ ရှိတယ်။ နောက် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ အကျဉ်းချုပ်သဘောမျိုးဘဲ ပြည်သူကို ချပြတဲ့ဟာမျိုး တွေ့ပါတယ်။ "

ဒါအပြင် သြဂုတ်လ (၇)ရက်နေ့မှာ ကျင်းပမယ့် အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲမှာလည်း ကြိုတင်စစ်တမ်းကောက်ယူချက်တွေ အရ ပြည်သူတွေရဲ့ ထောက်ခံမှု နည်းကြောင်း တွေ့ရတယ်လို့လည်း ဆိုပါတယ်။

" ထိုင်းနိုင်ငံမှာတော့ opinion polls လို့ခေါ်တဲ့ ဆန္ဒကောက်တဲ့ဟာတွေရှိပါတယ်။ ရှိတဲ့ခါကျတော့ ဖွဲ့စည်းပုံကို ထောက်ခံမယ်ဆိုတဲ့သူက နည်းပါတယ်။ အခုအချိန်မှာ သဘောထားမပေးသေးဘူးဆိုတဲ့ သူကပဲများပါတယ်။ ဆိုတော့ ကျနော်ထင်တယ် ၄၀%လောက်ရှိတယ်လို့ထင်တယ်။ အဲ့တော့ ယေဘူယျအားဖြင့် ကျနော် ပြောရဆိုရသလောက်တော့ ထိုင်းမိတ်ဆွေတွေနဲ့ပြောတဲ့အခါကျတော့ အခုနကလို အခုသဘောထားမပေးသေးဘူးဆိုတဲ့သူတွေက တကယ်မဲပေးရင် ကန့်ကွက်မဲဖြစ်သွားနိုင်တယ်ဆိုတဲ့သုံးသပ်ချက်မျိုးတွေရှိပါတယ်။ "

မြန်မာ့အလင်း အယ်ဒီတာအာဘော်မှာလည်း ဒီအခြေခံဥပဒေမူကြမ်းကို နိုင်ငံရေးပါတီတွေနဲ့ လူထုလူတန်းစားအဖွဲ့အစည်းတွေက ဆန့်ကျင်ထားကြောင်း ရေးသားထားပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံရေးပါတီတွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ထိုင်းရပ်ထိုင်း ပါတီက ခေါင်းဆောင်တွေက ဖွဲ့စည်းပုံမူကြမ်းအပေါ် ဝေဖန်ချက်တွေကိုလည်း ဖေါ်ပြထားတာပါ။

အခုလို မြန်မာအစိုးရထုတ် သတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီရေးအလား အလာနဲ့ပတ်သက်လို့ ရေးသားချက်တွေဟာ NLD အစိုးရရဲ့ သဘောထားကို ထင်ဟပ်မှုရှိမရှိဆိုတဲ့ မေးခွန်းကိုတော့ မြန်မာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ရော ပြန်ကြားရေးဝန်ကြီးဌာနဘက်က အတိအကျ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
VOA Burmese News


dr-winmyataye-620.jpg
မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ သြဂုတ်လ ၆ ရက်နေ့က ကျင်းပတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အထက်မြန်မာပြည်အခြေစိုက်လူမှုရေးအသင်းဖွဲ့ ၄၀၀ ကျော်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အမှာစကားပြောကြားနေစဉ်
Photo: Hset Paing Toe/ RFA

လူမှုရေးလုပ်ငန်းလုပ်ဆောင်ရာမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကွဲပြားမနေဘဲ အစိုးရနဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။

ဒီနေ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အထက်မြန်မာပြည် ခြေစိုက် လူမှုရေးအသင်းဖွဲ့ ၄၀၀ ကျော်နဲ့ မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ ပြော ခဲ့တာဖြစ်ပါတယ်။

"အစိုးရဖွဲ့တစ်ဖွဲ့တည်းလုပ်လို့မရဘူးဆိုတာ ကျနော်တို့နားလည်ထားပါတယ်၊ ဘယ်သူ့အကူအညီ တွေလိုလဲ၊ ကျနော်တို့အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အကူအညီလိုပါတယ်၊ ကျနော်တို့လက်တွဲ လုပ်ကြမယ်၊ အကွဲကွဲအပြားပြားမဖြစ်ဖို့လိုပါတယ်၊ ဒါကြောင့်ဒီနေ့ခေါ်ရတဲ့ရည်ရွယ်ချက်က လုပ်ငန်းတစ်ခု ကို ချောချောမွေ့မွေ့နဲ့ သတင်းအချက်အလက်ကအစ တစ်ကယ်ကို ထိထိရောက်ရောက်လုပ်တဲ့အချိန်ထိ ကျနော်တို့အစိုးရနဲ့ အရပ်ဖက်လူ့အဖွဲ့ အစည်းတွေ ချောချောမွေ့မွေ့လုပ်ဖို့ ဘယ်လိုထူထောင်ကြမလဲ၊ ဘယ်လိုဆက်သွယ်ကြမလဲ၊ ဘယ်လိုအချိန်နဲ့ တပြေးညီအကုန်လုံးတိတိ ကျကျဆောင်ရွက်နိုင် ဖို့ တွေ့ဆုံခြင်းဖြစ်ပါတယ်"

ပြည်သူတွေအတွက် ထိရောက်တဲ့ကူညီစောင့်ရှောက်မှုတွေ ရရှိနိုင်ဖို့ အစိုးရနဲ့ လူမှုရေး အသင်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောခဲ့ပါတယ်။

ရှေ့ဆက်လုပ်ဆောင်မယ့် လူမှုရေးလုပ်ငန်းတွေမှာ အစိုးရဌာနနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို ညှိနှိုင်းဖို့ တွေ့ဆုံကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို မန္တလေးတိုင်းမှာရှိတဲ့ လူမှုရေးအသင်းဖွဲ့တွေအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အသင်းအဖွဲ့တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

လတ်တလောကြုံတွေ့နေရတဲ့ ရေဘေးကူညီကယ်ရေးလုပ်ငန်းမှာလည်း အစိုးရနဲ့ နယ်မြေခံ လူမှုရေးအသင်း အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်မှု အားနည်းခဲ့တဲ့အတွက် ကူညီမှုမရရှိဘဲ ကျန်နေခဲ့တဲ့နေရာတွေနဲ့ပတ်သက်ပြီး လည်း ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ လူမှုရေးအသင်းအဖွဲ့ဝင် ၅၀၀ ကျော်က အစိုးရဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောဆိုဆွေးနွေးခဲ့ပါတယ်။
RFA

 jimmy-620.jpg ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ သြဂုတ်လ ၆ ရက်နေ့က ၈၈ အဖွဲ့ရဲ့ လူထုဆက်ဆံရေးနဲ့ လူအခွင့်အရေးဌာန တာဝန်ခံ ဦးဂျင်မီ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

တစ်နိုင်ငံလုံးက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကွန်ရက်တွေမှာ လူ့အခွင့်အရေးဌာနတွေထားရှိပြီး နှစ်စဉ် လူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကွန်ရက်အဖွဲ့ဝင်တွေ စုံညီတွေ့ဆုံပွဲ ဒုတိယနေ့မှာ ၈၈ အဖွဲ့ရဲ့ လူထုဆက်ဆံရေးနဲ့ လူအခွင့်အရေးဌာန တာဝန်ခံ ဦးဂျင်မီ က ပြောပါတယ်။

မနေ့ကစတင်ကျင်းပတဲ့ စုံညီတွေ့ဆုံပွဲမှာ နယ်ကွန်ရက်အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ အခက်အခဲတွေကို တင်ပြကြတာဖြစ်ပြီး ဒီတစ်ကြိမ်ဟာ ၃ ကြိမ်မြောက် တွေ့ဆုံပွဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက လူ့အခွင့်အရေး၊ လယ်ယာမြေအရေး၊ အလုပ်သမားအရေးနဲ့ အမျိုးသမီးရေးရာတွေမှာ ဆောင်ရွက်ခဲ့ပြီး အစိုးရသစ်လက်ထက်မှာ လွှတ်တော်၊ အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပြောပါတယ်။

၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့ကို ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီ စတဲ့ ကျောင်းသားခေါင်ဆောင်တွေ လွတ်မြောက်လာပြီး ၂ဝ၁၂ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

(ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ သြဂုတ်လ ၆ ရက်နေ့က ၈၈ အဖွဲ့ရဲ့ လူထုဆက်ဆံရေးနဲ့ လူအခွင့်အရေးဌာန တာဝန်ခံ ဦးဂျင်မီ ကို တွေ့ရစဉ်)

Photo: Kyaw Lwin Oo/RFA
RFA