08/13/16



မလေးရှားနိုင်ငံ အကျဉ်းစခန်း ၁၁ ခုမှာ ထိန်းသိမ်းဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၁၃ဝ ကျော်ဟာ ရန်ကုန်မြို့ကို ဇူလိုင်လ ၈ ရက်ညပိုင်းက ပြန်လည်ရောက်ရှိလာစဉ်။ Photo: Aung Thain Kha /RFA
မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားတွေကို ပြန်လည်ခေါ်ယူဖို့ အတွက် ကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်စရိတ် ထောက်ပံ့ပေးသွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။

မနေ့ညက မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာအလုပ်သမား ၁၃၇ ပြန်အလာကို လေဆိပ်မှာစောင့်ကြိုချိန်မှာ ဦးမျိုးအောင်က ပြောတာဖြစ်ပါတယ်။

နိုင်ငံတော်အဆင့်နဲ့ မလေးရှားနိုင်ငံကနေ မြန်မာအလုပ်သမားတွေကို ပြန်လည်ခေါ်ယူတာ မနေ့ညက ဒုတိယအကြိမ် ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက ထိန်းသိန်းရေးစခန်းတွေမှာ မြန်မာအလုပ်သမား နှစ်ထောင်ကျော်လောက် ရှိနေပါတယ်။

မနေ့ညကပြန်လည်ရောက်ရှိလာတဲ့ မြန်မာအလုပ်သမားတွေထဲမှာ လူကုန်ကူးခံရသူတွေ ပါ မပါ ကိုလည်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/


မော်လမြိုင်၊ သြဂုတ် ၁၃ ။ ။မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာအပိုင်း နှီးပဒေါ-ရောင်းဒေါင်း ကားလမ်းမကြီးဘေးဇရပ်တွင် မွေးကင်းစ မိန်းကလေးငယ်ကို စွန့်ပစ်ထားသည်ကို နှီးပဒေါကျေးရွာ ရွာသားတစ်ဦးက သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီက တွေ့ရှိခဲ့ကြောင်း နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။

ထိုကလေးငယ်ကို ဈေးဆွဲခြင်းထဲတွင် ဆန်အိတ်ဖြူခံ၍ ထမိန်စုတ်နှင့်ပတ်ကာ ခေါင်းပတ် ရော်ဘာခြစ်ဓာတ်မီးနှင့် အလင်းပေးစွန့်ပစ်ခဲ့ပြီး၊ ထိုအချိန်တွင် မိုးများရွာသွန်းနေသဖြင့် ကလေးငယ်မှာ မိုးရေးများ အပတ်ခံထားရသည်ဟု ကလေးကောက်ခံရခဲ့သူ နှီးပဒေါရွားသား ဦးရဲမွန်ထံမှ ရှင်းပြသည်။

နှီးပဒေါရွာသား ဦးရဲမွန် (ခ) ခရော့သည် နံနက်စောစော မှိုရှာရန် တောထဲသို့ ထွက်လာစဉ် ဈေးဆွဲခြင်းတောင်း တစ်ခုကို မြင်တွေ့ခဲ့သော်လည်း ဝင်မကြည့်မိခဲ့ကြောင်းနှင့် မှိုရှာပြီးနောက် နေအိမ်ပြန်လာစဉ် ထိုဈေးဆွဲခြင်းမှာ ကားလမ်းဘေး ဇရပ်ပေါ်တွင် ရှိနေသေးသဖြင့် ဈေးဆွဲခြင်းထဲချောင်းကြည့်ခဲ့ရာ စွန့်ပစ်ခံရသော ကလေးငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဦးရဲမွန်က ခလေးကောက်ရမှု အဖြစ်အပျက်ကို ထပ်မံရှင်းပြသည်။

ကလေးငယ် မွေးဖွားအချိန်က ဆွဲထုတ်ထားသည့် လက်ရာများကြောင့် ကလေးငယ်၏ နောက်ကျောတွင် ဒဏ်ရာအနည်းငယ် ရရှိထားသဖြင့် သံဖြူဇရပ်ဆေးရုံသို့ ဆေးကုသခံယူရန် စီစဉ်နေကြောင်း ဦးသိန်းဝင်းက ထပ်လောင်း ပြောဆိုသည်။

“အခု လောလောဆယ်တော့ ကလေးက ကောက်ရတဲ့လူကပဲ ကြည့်ထားတာပေါ့။ ကျွန်တော်တို့ကတော့ ကလေးအတွက် ဆေးဖိုး၊ စားသောက်ဖိုး တတ်နိုင်သလောက် ကူညီပေးမယ်”ဟု နှီးပဒေါအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ဆိုသည်။

ဦးရဲမွန်သည် တောထဲတွင် မှိုချိုး၊ မျှစ်ရှာသည် အလုပ်ဖြင့် ၎င်း၏ မိသားစုငါးဦးကို ကျွေးမွေးပြုစုနေရသဖြင့် ထိုကလေးအား ထပ်မံမွေးစားရန် အခက်အခဲရှိကြောင်းနှင့် ကလေးငယ်အတွက် နို့ရည်တိုက်ကျွေးရန် ယခုခေတ်ကာလ၏ ငွေကုန်ကျစရိတ်ကို မတက်နိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ဆိုသည်။

စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ်အား မွေးစားလိုပါက ကောက်ခံရထားသူ၏ ခွင့်ပြုချက်ရယူကာ စာချုပ်ချုပ်ဆို၍ မွေးစားနိုင်ပြီး ထိုကလေးအား မွေးစားမည့်သူမရှိပါက သက်ဆိုင်ရာရဲစခန်းထံ အကြောင်းကြားမည်ဖြစ်ကြောင်း ဦးသိန်းဝင်းက ပြောသည်။

ရောင်နီဝင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation



ကချင်ဒေသ ရှေ့တန်းမှ မြန်မာအစိုးရ စစ်သားများ
တပတ်ကျော် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေစဉ် ကချင်ပြည်နယ် လီဒို လမ်းမပေါ် Shahtu Zup ကျေးရွာ အစိုးရ အထက်တန်း ကျောင်းကို သြဂုတ် ၁၃၊ ယနေ့ နံနက်ပိုင်းမှ ပိတ်လိုက်ပြီ ဖြစ်သည်။

ဟူးကောင်းချိုင့်ဝှမ်း Shahtu Zup (ရှထူးဇွပ်) ကျေးရွာ အနီး ရွှေမှော်များတွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂)၊ တပ်ရင်း (၁၄) ကြား သြဂုတ် ၃ ရက်နေ့မှ တိုက်ပွဲ ပြင်းထန် လာခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်း တပ်မတော် စစ်ကြောင်းများ Hka Da Zup (ခ ဒ ဇွပ်)၊ Lawt Ja mare (လောဒ်ဂျာရွာ) ကို မိနစ် ၃၀ ကျော် အဆက်မပြတ် လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် KIA တပ်ဖွဲ့များနှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ဆိုပါသည်။

တိုက်ပွဲစတင်ချိန်မှ Shahtu Zup ကျေးရွာ အနောက်ဘက် KIA တပ်ရင်း (၁၄) နယ်မြေရှိ ရွှေမှော်များ အားလုံး ပိတ်လိုက် ရပြီဖြစ်သည်။ စစ်ရှောင် ရွှေတူးဖော်သူ အရပ်သား ပြည်သူ တစ်ထောင်ကျော်သည် နီးစပ်ရာ ကျေးရွာများတွင် ခေတ္တခိုလှုံပြီး အများစုမှာ မိမိ နေရပ်များသို့ ပြန်သွားကြပြီ ဖြစ်သည်။
ရွာသူ ၂ ဦး အဖမ်းခံရ
Shahtu Zup၊ စံပြရပ်ကွက် နေထိုင်သူ နှစ်ဦး Ndau Awng (အင်ဒေါင်အောင်) နှင့် Galang Awng (ဂလန်အောင်) တို့ကို ယမန်နေ့ ည အစိုးရတပ်များ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ယနေ့ ညနေပိုင်း အထိ မလွှတ်သေးကြောင်း သိရသည်။

၎င်းတို့ ၂ ဦးကို လွှတ်ပေးရန် ရပ်ကွက်လူကြီးများ တောင်းဆိုစဉ် စစ်သားများ က ‘ထောက်ခံစာ ပါရမယ်’ ဟု ပြောပြီး ထောက်ခံစာ ယူလာပြန်ရင်လည်း ‘အခုချိန် တိုက်ပွဲနဲ့ အလုပ်များတယ်…ခေါ်မှ ပြန်လာပါ’ ဆိုပြီး အကြောင်းကြားခြင်း မရှိသေးသောကြောင့် အဖမ်းခံ ရွာသား ၂ ဦး၏ မိသားစုများနှင့် ရပ်ကွက်လူကြီးများ စိုးရိမ်နေကြသည်ဟု ရွာသားများ ပြောပါသည်။

Kachin News Group
http://burmese.kachinnews.com



စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က မိုးကြိုးဆာလဖျူလ်ရစ် အက်ဆစ်စက်ရုံကို တွေ့ရစဉ်။ Photo: RFA
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မိုးကြိုးဆာလဖျူလ်ရစ် အက်ဆစ်စက်ရုံဟာ စွန့်ပစ်အညစ် အကြေးတွေကို စနစ်တကျ စွန့်ထုတ်နေတာကို တွေ့ရှိရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။

ကော်မတီအဖွဲ့ဝင် ၁၁ ဦးက မနေ့က စက်ရုံကိုသွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်က ပြောပါတယ်။

မိုးကြိုးဆာလဖျူလ်ရစ်စက်ရုံက အနံ့အသက်ဆိုးတွေထွက်နေတာကြောင့် စက်ရုံအနီးမှာရှိတဲ့ ကံကုန်း၊ ထနောင်းကုန်းနဲ့ အေးကုန်းကျေးရွာကဒေသခံတွေက စက်ရုံကို ပိတ်သိမ်းပေးဖို့ အစိုးရထံ တောင်းဆို ထားတာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဟာ စက်ရုံအတွင်းလေ့လာတွေ့ရှိချက်တွေကို တိုင်းလွှတ်တော် ဥက္ကဌထံ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ အစီရင်ခံစာတင်သွင်းသွားမယ်လို့ ပြောပါတယ်။

အက်ဆစ်စက်ရုံဟာ စက်ပစ္စည်းတွေကို တစ်နှစ်တစ်ကြိမ် အကြီးစားပြင်ဆင်မှုတွေ ဆောင်ရွက်တာကြောင့် စက်ရုံကို တစ်နှစ်တစ်ကြိမ်ရပ်နားထားလေ့ရှိပြီး ပြန်လည်စတင် လည်ပတ်တဲ့အခါ ၃ရက်ကြာ အနံ့ဆိုးတွေ ထွက်လေ့ရှိတယ်လို့လည်း ပြောပါတယ်။

မိုးကြိုးဆာလဖျူလ်ရစ် အက်ဆစ်စက်ရုံဟာ ဦးပိုင်ကုမ္ပဏီက အကောင်အထည်ဖော်နေတာဖြစ် ပြီး ပြည်ထောင်စုအစိုးရက လာမယ့် အောက်တိုဘာလအထိ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


မွေးကင်းစကလေးငယ်တွေ ရောင်းချနေမှုအပေါ် တိုက်ဖျက်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့က ဆေးရုံဝန်ထမ်းအများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ BBC သတင်း မှာဖော်ပြထားပါတယ်။

 မွေးကင်းစ ကလေးငယ်တွေကို ရောင်းချတဲ့ ဂိုဏ်းဟာ မွေးဖွားလာတဲ့ ကလေးငယ်တွေ ကို ဆေးရုံတွေ၊ သားဖွားဆေးခန်းတွေမှာ မွေးဖွားရင်းသေဆုံး ခဲ့ကြတဲ့ ကလေးတွေရဲ့ အလောင်းနဲ့ လဲလှယ်ကြပါတယ်။

အဲ့ဒီနောက် မှာတော့ မွေးကင်းစကလေးငယ်တွေရဲ့ မိဘတွေကို ကလေးတွေ သေဆုံးပြီဖြစ်တယ်လို့ လိမ်လည် ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က BBC သတင်းဌာနကို ပြောပါတယ်။

အဲ့ဒီဂိုဏ်းဟာမွေးကင်းစ ကလေးတစ်ဦးကို ရူပီး(၇)သောင်းကနေ (၃)သိန်းကြား ရောင်းချကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံဝင်းအတွင်းရှိ ဆောက်လုပ်ဆဲ တိုးချဲ့အဆောက်အအုံ၏ ပဉ္စမထပ်တွင် အင်္ဂတေကြမ်းခင်းလောင်းရာမှ ပြိုကျမှု ယနေ့ (သြဂုတ် ၁၃) မနက် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးဝန်ထမ်း ကိုထွန်းလင်းနောင် (၃၂ နှစ်) သေဆုံးသွားကြောင်း သိရသည်။

ယင်းတိုးချဲ့အဆောက်အဦသည် ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ(အဆောက်အအုံ )ဌာနထံမှ ခွင့်ပြုချက်ပေးထားခြင်း မရှိသည့်အတွက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လည်စိစစ်ကာ စည်ပင်ဥပဒေအရေ အရေး ယူသွားမည်ဖြစ်ကြောင်း စီမံရေးရာဌာနမှ လက်ထောက်ဌာနမှူး ဦးအောင်သန်းထွဋ်ကပြောသည်။

“ ဒီအဆောက်အဦက ကျန်းမာရေးဝန်ကြီးပိုင်တဲ့ မြေနေရာဝန်းထဲမှာ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တိုးချဲ့အဆောင်။ တည်ဆောက်တဲ့ ကုမ္ပဏီက မင်းလွင်ဆောက်လုပ်ရေးကုမ္ပဏီ။ ဒီလိုမျိုး ပြိုထွက်သွားတယ်ဆိုတဲ့အချိန်မှာ မြို့တော် စည်ပင်ရဲ့ ခွင့်ပြုချက်ရှိလားဆိုတော့ မြို့တော်စည်ပင်က ခွင့်ပြုချက်တော့ မရှိသေးဘူး။ မြို့တော်စည်ပင်က ခွင့်ပြုချက် ပေးထားတာ မဟုတ်သေးဘူး။ အဲဒီတော့ မြို့တော်စည်ပင် စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူဆောင်သွားမယ်။ တည်ဆောက်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့ပညာရှင် မရှိသေးဘူး။ စည်ပင်ရဲ့ စည်းမျဉ်းစည်းကမ်းအရ စစ်မယ်။ စစ်ပြီးတော့ ဒီဟာသည် ခိုင်ခံ့မှု ရှိမရှိကို ပြန်ကြည့်မယ်။ ကြည့်ပြီးတော့ အရေးယူဆောင်ရွက်သွားမှာပါ” ဟု ဦးအောင်သန်းထွဋ်ကပြောသည်။

အဆိုပါအဆောက်အဦ ဆောက်လုပ်ခွင့်ပြုရန် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆောက်လုပ်ခွင့်တင်ပြထားသော်လည်း စာရွက်စာတမ်း အထောက်အထားများ မပြည့်စုံသေးသည့်အတွက် ခွင့်ပြုချက်မပေးခဲ့ကြောင်းနှင့် အထောက်အထားအ ပြည့်အစုံဖြင့် ပြန်လည်တင်ပြရန် ညွှန်ကြားထားသည့် အဆောက်အဦဖြစ်ကြောင်း အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှသိရသည်။

အဆိုပါအဆောက်အအုံ၏ ပဉ္စမထပ်အင်္ဂတေကြမ်းခင်းပြိုကျခဲ့သည့်အတွက် ဆောက်လုပ်ရေးဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့သည်။ ယင်းသေဆုံးမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း တာမွေမြို့ နယ်၊ ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမျိုးမြင့်ကြိုင်က ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

naga-village-620.jpg နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဝက်သက်ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာကို တွေ့ရစဉ်
Photo: Ke Jung
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ ဝက်သက်ရောဂါအပါအဝင် ရောဂါ ၅ မျိုး ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ၆၅ ဦးသေဆုံးပြီး ၂ဝဝ ကျော်ကူးစက်ခံထားရတယ်လို့ နာဂအမျိုးသားရေးရာ ကောင်စီက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် အချိန်ပြည့်စောင့်ရှောက်နိုင်တဲ့ ဆရာဝန်တွေမရှိပဲ ထိန်းချုပ်ဖို့ ခက်ခဲနေတယ်လို့ နာဂအမျိုးသားရေးရာ ကောင်စီ ပြန်ကြားရေးတာဝန်ခံ ကိုကဲယုန်းက ပြောပါတယ်။

ဝက်သက်ရောဂါအပြင် ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ ရင်ကြပ်ပန်းနာ အသက်ရှုကြပ်တဲ့ရောဂါတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

မတ်လလောက်က စတင် ရောဂါဖြစ်ပွားနေတာဖြစ်ပြီး ဒေသမှာ စားနပ်ရိက္ခာလည်း ပြတ်လပ်နေတယ်လို့ သိရပါတယ်။

လိုအပ်တဲ့ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းလိုင်းနဲ့ ပို့ဆောင်နိုင်ဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကူညီတောင်းထားတယ်လို့ ပြောပါတယ်။

အဲ့ဒီဒေသအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် သိန်း ၂ဝဝဝ နဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက သူတို့ရဲ့ တစ်ရက်စာ အသုံးစားရိတ် ငွေကျပ် ၁၉ သိန်း လှူဒါန်းထားပါတယ်။
RFA


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်များ ဓာတ်အားရရှိရေးအတွက် တိုက်ခန်း(၄)ခန်းအထက်ပိုမိုဆောက်လုပ်ထားပြီး ဓာတ်အားသတ်မှတ်ယူနစ်ထက်ကျော်လွန် သုံးစွဲသောတိုက်များအနေနှင့် ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကော်ပိုရေးရှင်း YESC မှ အထွေထွေမန်နေဂျာဦးသန့်ဇင်က News Watch သို့ သြဂုတ် (၁၁)ရက်တွင် ပြောသည်။

ယခင်မူလနေအိမ်တလုံးအား ကန်ထရိုက်တိုက်များအဖြစ် ပြောင်းလဲဆောက်လုပ်ရာတွင် အနည်းဆုံး ၄ခန်းနှင့်အထက် အခန်းများစွာဖြင့် ဆောက်လုပ်နေမှုများကြောင့် ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်းပိုင် ထရန်စဖော်မာများသည် ၀န်အားမနိုင်နင်းမှုအခြေအနေ မျိုးဖြစ်နေသည့်အတွက် ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

''ကန်ထရိုက်တိုက်ဆိုတာ စီးပွားရေးအရ လုပ်ကြတာဆိုတော့ ပထမနေအိမ်တလုံးကနေ အခန်း(၁၀)ခန်း၊ (၁၅)ခန်းအထိ ဖြစ်လာတဲ့အတွက်ကြောင့် လက်ရှိပေးထားတဲ့ ဓာတ်အားအခြေအနေအရ အများပြည်သူပေးတဲ့ ထရန်စဖော်မာကနေ မီးပေးလို့ အဆင်မပြေတော့ဘူး။ ဒါကြောင့် သူတို့ကို သီးခြားထရန်စဖော်မာဆိုပြီး ထိုင်ခိုင်းတာပါ။ ပြောချင်တာကတော့ အခန်း ၄ ခန်းနဲ့အထက်ဆိုရင် ထရန်စဖော်မာထိုင်ရမဲ့သဘောပေါ့''ဟု ဦးသန့်ဇင်က ပြောသည်။

YESC ၏မူအရ ယခင်က တိုက်ခန်း (၁၈) ခန်း၊ အခန်း (၂၀) အထက် ဆောက်လုပ်ထားသော ကန်ထရိုက်တိုက်များကို ထရန်စဖော်မာတပ်ဆင်၍ ဓာတ်အားသုံးစွဲရန် သတ်မှတ်ထားခဲ့ရာမှ ယခုအခါ တိုက်ခန်းတခန်းလျှင် မိသားစုတစု လျှပ်စစ်ဓာတ်အား (၁၀ ကေဗွီအေ)၊ တိုက်ခန်း (၄)ခန်း ၄၀ ကေဗွီအေဟု သတ်မှတ်ထားသည့်အတွက် အခန်း(၄)ခန်းနှင့်အထက် ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန် စဖော်မာတပ်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆောက်အအုံပြီးစီးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လက်မှတ်ရရှိထားသည့် မည် သည့်အဆောက်အအုံမဆို ၃၀ ကီလိုဝပ် (၃၇ ဒသမ ၅ ကေဗွီအေ) ထက်ကျော်လွန် ၍ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲလိုပါက ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်အသုံးပြုရမည်ဖြစ်ကြောင်း YESC က သြဂုတ် (၁၁)ရက်တွင် ကြေညာခဲ့သည်။

YESC ကြေညာချက်နှင့်ပတ်သက်၍ KBS ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘိုစန်းက''ဒါက သူတို့ပြန် လည်သုံးသပ်သင့်တယ်လို့ထင်ပါတယ်။ ဒီလိုမျိုးလုပ်မယ်ဆိုရင်လည်း လမ်းတလမ်းအတွင်းမှာရှိတဲ့ ဆောက်ပြီးသားကန်ထရိုက်တိုက်တွေ ရှိတယ်။ အဲဒီအတွက် ပင်မထရန်စဖော်မာတခုထားပြီးတော့ အဲဒီကနေရယူသုံးစွဲမယ်ဆိုရင် တတိုက်ကို ဘယ်လောက်ကုန်ကျမယ်ဆိုတာက ပိုသင့်တော်မယ်ပေါ့''ဟု ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ကချင်ပြည်နယ် လီဒိုလမ်းမပေါ် ရှထူးဇွပ် (Shahtu Zup) ကျေးရွာအနီး မြန်မာအစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား သြဂုတ် ၁၃၊ ယနေ့ နံနက်ပိုင်း ၆ နာရီခန့်မှ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပါသည်။

ရွှေမှော်များရှိသည့် Shahtu Zup ကျေးရွာ အနောက်ဘက် ခ ဒ ဇွပ် (Hka Da Zup)၊ KIA တပ်ရင်း (၁၄) စခန်းများကို အစိုးရတပ်များ မိနစ် ၃၀ ကျော် အဆက်မပြတ် လက်နက်ကြီးများ ပစ်ခတ် ပြီးနောက် နှစ်ဖက် တိုက်ပွဲ ဖြစ်လာသည်ဟု ဒေသခံများ ဆိုပါသည်။

သြဂုတ် ၁၁ ရက်နေ့ KIA နောက်ဆုတ်ပေးသည့် Awng Len မှော်သို့ ၀င်လာသော အစိုးရတပ်များကို ယမန်နေ့ မွန်းလွဲပိုင်းမှာ တန်ပြန် တိုက်ခိုက်ခဲ့မှုကြောင့် ထိုနေရာမှ အစိုးရတပ်များ ပြန်ဆုတ်ကာ တကွဲတပြားစီ ဖြစ်သွားကြသည်ဟု KIA က ဆိုပါသည်။

ယမန်နေ့ က Lawa (လ၀ါး)-Dumbang (ဒွမ်ဘန်) ဘက်မှ အစိုးရတပ် အင်အား ၁၀၀ ကျော်သည် Shahtu Zup ကျေးရွာသို့ အင်အားဖြည့်လာပြီး ယနေ့ တိုက်ပွဲ ဖြစ်လာသည်။

သြဂုတ် ၃ ရက်မှ စပြီး ဟူးကောင်းချိုင့်ဝှမ်း ဒေသ၊ ဖားကန့်မြို့နယ် KIA တပ်ရင်း (၁၄) Shahtu Zup ရွှေမှော်များတွင် အစိုးရတပ်များ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွားလာသည်။

Kachin News Group
http://burmese.kachinnews.com

လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသစ်၏ ရက်(၁၀၀)စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုများမှာ ယခင်စိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် ရက်(၁၀၀)စီမံချက်များနှင့် ကွာခြားမှုမရှိကြောင်း ရက်(၁၀၀) စီမံကိန်းများဖော်ဆောင်ခဲ့သည့် သက်ဆိုင်ဝန်ကြီးဌာနများရှိ တာဝန်ရှိသူများထံမှ သိရှိရသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် သြဂုတ်(၁၂)ရက်ကပြုလုပ်သည့် အစိုးရသစ်၏ ပထမရက်(၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပြောပြချက်အရ သိရသည်။

“နိုင်ငံတော်တစ်ခုလုံးကို တာဝန်ယူဆောင်ရွက်ရတဲ့ ဘယ်ခေါင်းဆောင်မဆို တိုင်းပြည် တိုးတက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ကြတာပါ။ အဲဒါကြောင့် တိုင်းပြည်ကိုစီမံအုပ်ချုပ်တဲ့ အပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ဘာမှမကွာပါဘူး။ အဓိကက စေတနာနဲ့ ကောင်းရာကောင်းကျိုးတွေ လုပ်ဆောင်နေကြတာပါ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်ကပြောသည်။

ရက်(၁၀၀)စီမံကိန်းသည် လုပ်ငန်းအသစ်များ ဖော်ဆောင်လုပ်ကိုင်ခြင်းမဟုတ်ဘဲ လုပ်ဆောင်နေသည့် လုပ်ငန်းများအနက်မှ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ရွေးချယ်ကာ ဦးစားပေးအနေ ဖြင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ရက်တစ်ရာစီမံကိန်းဆိုတာ အခုမှရေးဆွဲပြီး လုပ်ဆောင်တဲ့ စီမံကိန်းမဟုတ်ပါဘူး။ အစိုးရလက်ထက်ပေါင်းများစွာက ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ဒီရက်(၁၀၀)အတွင်းမှာ ထိထိရောက်ရောက်နဲ့ အချိန်တိုအတွင်းမှာ အကောင်အထည် ဖော်နိုင်မယ့်လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လုပ်ငန်းတွေအ နေနဲ့ပြောရမယ်ဆိုရင်တော့ ဒီရက်(၁၀၀)အတွင်း နောင်လည်း ဒီလုပ်ငန်းတွေကို ဆက်ပြီးလုပ်သွားရမယ့် လုပ် ငန်းတွေမို့လို့ ကွာခြားမှုအနေနဲ့တော့ သီးခြားမရှိဘူးလို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်”ဟု နယ်စပ်ရေးရာဝန် ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်ကပြောသည်။

ရက်(၁၀၀)စီမံကိန်းအတွင်းလုပ်ဆောင်ခဲ့သည့် လုပ်ငန်းများသည် ခဏတာအချိန်ဖြင့် ပြီးပြတ်သည့်လုပ်ငန်းများ မဟုတ်ဘဲ နောင်နှစ်များတွင်လည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ် ကြောင်း သိရသည်။

“ကျွန်တော့်အဖြေကလည်း ရှေးက အမြဲတမ်းအတွင်းဝန်တွေ ဖြေတဲ့အဖြေနဲ့ အတူတူလောက်ပါပဲ။ သတိထားမိတဲ့အချက်က ကျွန်တော်တို့ဒီရက်(၁၀၀)မှာ ပိုမိုပြီးအလေးပေး ပြုလုပ်ရာမှာ ပီပြင်တဲ့ ဦးတည်ချက်နဲ့သွားတဲ့ အခြေခံမူလို့မြင်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောသည်။

အစိုးရသစ်၏ ပထမရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ တာဝန်ခံများက
သက်ဆိုင်ရာဝန်ကြီးဌာနမှ လုပ်ဆောင်ပြီးစီးခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ကြသည်။

MMK
The Ladies News Journal


လက်ပံတန်း၊ သြဂုတ်၁၃ ။

သြဂုတ်လ ၁၁ ရက် မနက်ပိုင်းက ၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ အထက်တန်းကျောင်း(အ.ထ.က-၁)တွင်ပညာသင်နေသော န၀မတန်းကျောင်းသားနှစ် ဦးသည် ရေကျော်နေသည့်မြင်ကွင်းများကို ကြည့်ရန်ဆိုင်ကယ် နှစ်စီးဖြင့်သွားစဉ် ရေစီးဖြင့်မျောပါသေဆုံးခဲ့ကြောင်း လက်ပံတန်းမြို့ခံတစ်ဦးက သြဂုတ်လ ၁၁ ရက် နေ့တွင် AHN သို့ပြောသည်။


ရေကျော်နေသော လက်ပံတန်း-ဟင်္သာတ မဟာဗျူဟာကားလမ်း၊ တော်လဿနယ်မြေရဲကင်းအပိုင် မိုင်တိုင်၆/၀နှင့် ၆/၁အကြားအရောက်တွင်ရေစီးသန်သဖြင့်နှစ်ယောက်စီးမရသောကြောင့်ဆိုင်ကယ် အနောက်တွင် လိုက်ပါစီးနင်းလာသည့် ကျောင်းသားနှစ်ဦးမှာ အခင်းဖြစ်ပွားရာနေမရောက်မီနောက်မှဆင်းလိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူကျောင်းသား နှစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင်ဆိုင်ကယ်ကိုမောင်းနှင်စဉ် ရေစီးနှင့်မျောပါပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်အနောက်မှကျန်ခဲ့သည့်ကျောင်းသားမောင်မျိုးဇော်ဦး နှင့်မောင်ကောင်းစံဝင်းတို့သည် နေ့လယ်၂နာရီ၃၀အချိန်ခန့်တွင် လက်ပံတန်းမြို့မရဲစခန်းသို့လာရောက်သတင်းပေးတိုင်ကြားခဲ့၍ ပူးပေါင်းရှာဖွေရေးအဖွဲ့များနှင့်ရှာဖွေခဲ့ရာ ဆိုင်ကယ်နှစ်စီး (လိုင်စင်စိစစ်ဆဲ)ကိုသာ ညနေ၃နာရီ၃၀အချိန်ခန့်တွင်တွေ့ရှိခဲ့ကြောင်း လက်ပံတန်းမြို့ နယ် ရဲတပ်ဖွဲ့မှူး-ဦးဖုန်းမြင့်က သြဂုတ်လ ၁၁ ရက် နေ့တွင် AHN သို့ပြောသည်။


"ကျတော်တို့ ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ နဲ့အတူ မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ မြို့နယ်မီးသပ်တပ်ဖွဲတွေက ဒေသခံများရဲ့ပူးပေါင်းကူညီမှုနဲ့ ရေစီးနောက်မျောပါသွားတဲ့ကလေးနှစ်ဦးနဲ့ဆိုင်ကယ်ကိုရှာဖွေပါတယ်။ ကလေးတွေကိုတော့ အဓိကထားကယ်ဖို့လုပ်ကြတယ်။ အဲ့ဒီမှာ အသင့်ရှိနေတဲ့ တပ်မတော်ကလှေ နှစ်စင်း၊ အရပ်ဖက်ကကယ်လှေနှစ်စင်းပေါင်း လေးစင်းနဲ့ ရှာတယ်။ တောက်ရှောက်မနားမနေရှာကြတယ်။ ညနေသုံးနာရီခွဲလောက်ကျမှ ရေငုတ်ရှာဖွေသူတွေရဲ့ ကြိုးစားမှုကြောင့် ဆိုင်ကယ်နှစ်စီးကိုတော့ ရှာလို့တွေ့တယ်။ ခုအချိန်အထိကလေးတွေကိုတော့ မတွေ့သေးဘူး"ဟု ဖြူစင်မေတ္တာပရဟိတအဖွဲ့မှ လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသော ဦးကျော်ကြီး က သြဂုတ်လ ၁၁ ရက် နေ့ညနေပိုင်းတွင် AHN သို့ပြောသည်။

သြဂုတ်လ ၁၂ ရက် မနက်ပိုင်းတွင် ပျောက်ဆုံးသွားသောကျောင်းသားနှစ်ဦး ကိုသေဆုံးလျက်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ မနက် ၇ နာရီတွင် ကျောင်းသား တစ်ဦး၏ရုပ်အလောင်းကိုဆိုင်ကယ် လှဲကျသည့် နေရာနှင့် ၃၅ ပေခန့်အကွာတွင်လည်းကောင်း၊ နံနက် ၉ နာရီတွင် အခြားကျောင်းသားတစ်ဦး၏ ရုပ်အလောင်းကို ဆိုင်ကယ်လှဲကျသည့် နေရာနှင့် ၄၅ ပေခန့်အကွာတွင်လည်းကောင်း၊ တွေ့ရှိခဲ့ခြင်းဖြစ်ပြီးလက်ပံတန်းဆေးရုံ သို့ပို့ဆောင်ထားကြောင်း၊ ကျောင်းသားများကိုရှာဖွေရာတွင် ပါဝင်ခဲ့သည့်လက်ပံတန်းမြို့ခံတစ်ဦးကပြောသည်။

ရေကျော်နေသောနေရာမှာ ပေ-၁၀၀ခန့်ကျယ်ဝန်းကြောင်း၊ ၎င်းလမ်းအား ဒေသအာဏာပိုင်များအနေဖြင့် သွားလာခွင့်ပြုထားပါက လုံခြုံစွာသွားလာနိုင်ရန် ယာယီအစီမံများပြုလုပ်ပေးသင့်ကြောင်း၊ အန္တရာယ်ရှိ၍ စိုးရိမ်ရသောအခြေအနေရောက်လာပါ လမ်းများတွင် အသိပေးဆိုင်းဘုတ်များ ၊ အချက်ပြစနစ်များအား ထင်ရှားစွာဖော်ပြစေလိုကြောင်း၊ အခင်းဖြစ်ပွားရာနေရာနှင့် မလှမ်းမကမ်းဖိုးကတိုတာတွင်လည်း လွန်ခဲ့သောနှစ်ရက်ခန့်က စက်လှေတစ်စင်းကမ်းကပ်ရန်ကြိုးပမ်းစဉ် လျှပ်စစ်ဓာတ်အားလိုင်းကြိုးအားဝင်တိုက်မိ၍ စက်လှေပေါ်လာသူများဓာတ်လိုက်ပြီးပြင်းထန်စွာဒဏ်ရာများရခဲ့ကြောင်း၊ ပြည်သူများအန္တရာယ်ကင်းရေးအတွက် ကြိုတင်ကာကွယ်ရေးအစီမံများအား သက်ဆိုင်ရာတာဝန်ရှိလူကြီးမှ ဆောင်ရွက်ပေးစေလိုကြောင်းဒေသခံများAHNသို့ပြောသည်။

ဓာတ်ပုံ(Kyaw Gyi - LPN)။ ပျောက်ဆုံးသွားသောကျောင်းသားနှစ်ဦးကိုရှာဖွေစဉ်။

ငြိမ်းချမ်း(လက်ပံတန်း)
The Asia Heart News

လက်ရွေးစင်အသင်းမှ နှစ်လလောက် အနားယူသွားတဲ့ မက်ဆီဟာ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ လူစာရင်းမှာ ပြန်လည်ပါဝင်လာပြီဖြစ်ပါတယ်။

အသက် (၂၉) နှစ်အရွယ်ရှိ မက်ဆီဟာ ဇွန်လက ကိုပါအမေရိက ဗိုလ်လုပွဲမှာ အာဂျင်တီးနားက ချီလီကို ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်အသင်းမှ အံ့အားသင့်ဖွယ် အနားယူခဲ့ပါတယ်။

သို့သော်လည်း မက်ဆီရဲ့ ကြေငြာချက်ကို အာဂျင်တီးနားရှိ မီဒီယာများရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ တိုက်စစ်မှူးက "နိုင်ငံရဲ့ ချစ်ခြင်း" နှင့် "ကူညီဖို့" အတွက် အခုလို ပြန်လည်ကစားပေးတာဖြစ်ကြောင်း ဆိုပါတယ်။

စက်တင်ဘာလအစပိုင်းမှာ အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲအတွက် ဥရုဂွေး၊ ဗင်နီဇွဲလားတို့နဲ့ ကစားဖို့ရှိပါတယ်။

ကိုပါအမေရိက ဗိုလ်လုပွဲမှာ မက်ဆီဟာ ပင်နယ်တီ လွဲချော်ခဲ့ရခြင်းကြောင့် ချီလီကို ရှုံးနိမ့်ခဲ့သလို အာဂျင်တီးနားဟာ (၉) နှစ်အတွင်း အဓိက ဗိုလ်လုပွဲ (၄) ကြိမ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

"အဲဒီဗိုလ်လုပွဲညက အဖြစ်အပျက်တွေကြောင့် ကျနော့်စိတ်ထဲမှာ အကြောင်းအရာ အများအပြား ဝင်လာပြီး လက်ရွေးစင်အသင်းကနေ ထွက်ဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ကျနော့် နိုင်ငံကို ကျနော် ချစ်ပြီး ဒီဝတ်စုံဟာ အရမ်းပဲ ကြီးကျယ်ပါတယ်"လို့ အာဂျင်တီးနားရဲ့ ထာဝရဂိုးသွင်းရှင်က ပြောပါတယ်။

"အာဂျင်တီးနား ဘောလုံးလောကမှာ ကျနော်တို့ အရာများစွာ ပြုပြင်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အပြင်ကနေ မဝေဖန်လိုပဲ အတွင်းပိုင်းက လုပ်ဆောင်ဖို့ ကျနော် ပိုပြီး လိုလားပါတယ်။"လို့ မက်ဆီက ဆိုပါတယ်။

မက်ဆီရဲ့ တစ်ခုတည်းသော နိုင်ငံတကာ ဆုတံဆိပ်ဟာ ၂၀၀၈ ခုနှစ်က ဘေဂျင်းမှာ အိုလံပစ်ရွှေကို ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆုကို (၅) ကြိမ်မြောက် ရရှိထားသူဖြစ်ပြီး သူဟာ ၂၀၀၇ ကိုပါအမေရိက ဗိုလ်လုပွဲမှာလည်း ဘရာဇီးအသင်းကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။

Ref; BBC
Mizzima - News in Burmese


လူအများအကြားမှာ ရေပန်းစားခေတ်စားနေတဲ့ ပိုကီမွန်ဂိမ်းက မှင်စာလေး အကုန် ဖမ်းဆီးဖို့ ဂိမ်းကစားသူတဦးက ကမ္ဘာတ၀န်း ခရီးထွက်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပိုကီမွန်ဂိမ်းကို မိတ်ဆက်ပြီး သတင်းတပတ်အကြာမှာတော့ ကမ္ဘာတ၀န်း ခရီးထွက်ပြီး မှင်စာတွေအားလုံးကို နစ်ဂျွန်ဆင်က ဖမ်းဆီးကာ ပထမဆုံး ဂိမ်းကို ကျွမ်းကျင်စွာ ကစားနိုင်တဲ့သူတဦး ဖြစ်လာပါတယ်။

ကမ္ဘာတ၀န်းကို သွားလာပြီး ပိုကီမွန်းဖမ်းရတာဟာ ပျော်စရာကောင်းသလို ဖမ်းဆီးလိုက်တဲ့ နောက်ဆုံး အကောင်ကတော့ သားပိုက်ကောင်နဲ့ တူတဲ့ ကန်ကပ်စ်ရူးလို့ စီအန်အန်သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ပြောပါတယ်။
ဒီအကောင်ကို သြစတြေးလျ ဆစ်ဒနီမှာ ဖမ်းဆီးခဲ့သလို မနက် ၄ နာရီအထိ မိုးရွာနေတဲ့ အေးစက်တဲ့ လမ်းပေါ်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီလို ဖမ်းဆီးနေစဉ် တချို့ကလည်း လူမှုရေး ကွန်ရက်ကနေ မက်ဆေ့ခ်ျပို့ပြီး ဘာတွေ ဖြစ်နေသလဲလို့ မေးမြန်းတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
လိုက်ဖမ်းရာမှာ ဆောက်လုပ်ရေး လုပ်နေတဲ့နေရာတွေကို ရှောင်ကွင်းသွားပြီး နောက်ဆုံးမှာတော့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အကြိုက်ဆုံး ပိုကီမန်ကတော့ အီးဗီဖြစ်သလို အခန်းတွေကို မြန်မြန် ကျော်ချင်ရင်တော့ အားနည်းတဲ့ ပိုကီမွန်းတွေကို အရင်ဖမ်းဖို့ သူက အကြံ့ပြုထားပါတယ်။
pokemon
ဒီဂိမ်းဟာ ကစားရင်းဆော့ရတဲ့ အတွက် တချို့နိုင်ငံတွေမှာ ပြဿနာတွေ ကြုံတွေနေရသလို တချို့နေရာတွေမှာတော့ မကစားဖို့ အမိန့်ထုတ်ထားတာတွေလည်း ရှိနေပါတယ်။

DVB TV News


ဧရာဝတီတိုင်း ဟင်္သာတ ရေလွှမ်းမိုးနေပုံ-သတင်းဓာတ်ပုံ ဦးအောင်သူရိန်(Deputy Director at Ministry of Social Welfare, Relief and Resettlement)
ဧရာဝတီတိုင်း ဟင်္သာတ ရေလွှမ်းမိုးနေပုံ-သတင်းဓာတ်ပုံ ဦးအောင်သူရိန်(Deputy Director at Ministry of Social Welfare, Relief and Resettlement)

ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်ပြီး စိုးရိမ်ရေမှတ်အထက် ရောက်နေတာကြောင့် အသုတ်၊ သာပေါင်းနဲ့ ကန်ကြီးထောင့်မြို့နယ်တွေမှာ ရေကြီးပြီး အနိမ့်ပိုင်း လူနေအိမ်တွေ ရေမြုပ်နေသလို၊ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ဖက်မှာတော့ ဥတို-အဖျောက်ကားလမ်း ရေမြုပ်နေပြီး တံတားတစင်း ကျိုးသွားတာကြောင့် လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။ အခြေအနေ အသေးစိတ်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဧရာဝတီမြစ်အောက်ပိုင်းဒေသတတောက်လုံး ရေကြီးခဲ့တာမှာ ဧရာဝတီတိုင်း ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ ရေအနည်းငယ်ပြန်ကျသွားပြီ ဆိုပေမယ့် အဲဒီမြို့တွေရဲ့မြစ်အောက်ပိုင်းကျတဲ့ အသုတ်၊ သာပေါင်းနဲ့ ကန်ကြီးထောင့်မြို့နယ်တွေ မှာ ရေကြီးပြီး နေအိမ်တချို့ရေမြုပ်နေတာပါ။

အသုတ်မြို့နယ်က ကားလမ်းမတွေမှာ အနည်းဆုံး(၄)ပေလောက်ရေမြုပ်နေပြီး မြို့ပတ်ဝန်းကျင်တ၀ိုက် ရွာတွေမှာနေအိမ်တွေရေမြုပ်နေပြီလို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အသုတ်မြို့ခံ ကိုတူးဘောက်က ပြောပါတယ်။

" ကျနော်တို့အိမ်ဆိုရင် အသုတ်ရဲ့ မြို့လည်ခေါင်တည့်တည့် အခုဆိုရင် အိမ်အထဲထိ ဝင်သွားပြီ တခါမှ အိမ်ထဲအထိ မရောက်ဖူးဘူး။ ကားလမ်းမကြီးပေါ်မှာဆိုရင် ၄ပေကျော်လောက်အထိဖြစ်သွားပြီ။ အိမ်တွေဆို ခေါင်တွေပဲရှိတော့တယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ ၄၊ ၅၊ ၆ ခုလောက်ဖြစ်သွားပြီ။ ကျနော်တို့ အသုတ်အပိုင်ဆိုရင် ရွာတွေကတော့ ခေါင်မြုပ်တဲ့သူက မြုပ်၊ ဒါပေမဲ့ ဓနုဖြူ ဇလွန်မှာ ဆိုးတယ် ဒါပေမဲ့ ဇလွန်က အခုတော့ ပြန်ကျသွားပြီ။ သူတို့က ကျတော့ ကျနော်တို့ အသုတ်က ရေပြန်တက်နေတယ်။ ကျကို မကျတာ။"

အသုတ်မြို့ခံတွေက တပိုင်တနိုင် ကူညီကယ်ဆယ်ရေးလုပ်နေပေမယ့် မနှစ်တုန်းကလို ကူညီကယ်ဆယ်ရေးတွေ ရောက်မလာဘူးလို့ ကိုတူးဘောက်က ပြောပါတယ်။

" ကိုယ့်ရပ်ကွက်တွေ ရပ်ကွက်တွေမှာ ကယ်ဆယ်ရေးစခန်းတွေရှိတယ်။ ကျန်းမာရေးက လူတွေ လာပြီး နေပေးတယ်။ သူနာပြု၊ နပ်စ်မတွေ သားဖွားတွေ နပ်စ်မတွေ နေပေးတယ်။ ကျနော်တို့ ကူညီကယ်ဆယ်ရေးသမားတွေက ထမင်းထုပ်ချိန်ဆို ထမင်းထုပ် လိုက်ဝေတယ်။ ဆန်တွေ လိုက်ဝေတယ်။ မီးဘာညာ မရှိတော့ ဆန်တို့ ပေါင်မုန့်တို့ အသင့်စားနိုင်တဲ့ဟာတွေပေါ့ လောလောဆယ်တော့ အဝတ်အစားမလာဘူး။ မနှစ်ကလောက်တော့ ကူညီကယ်ဆယ်ရေး မ လာတော့ဘူး။ မနှစ်ကဆို ကားတွေတောင် ကျပ်တောက်ပြီး လာတာ။ ဒီနှစ်က ကူညီကယ်ဆယ်ရေး လုံးဝ မရှိဘူး။ "

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာတော့ ဥတို-အဖျောက်ကားလမ်း ရေမြုပ်ပြီး တံတာတစင်း ကျိုးသွားလို့ လမ်းပမ်းဆက်သွယ်ရေး ပြတ် တောက်နေတယ်လို့ ကူညီကယ်ဆယ်ရေး သွားဖို့ပြင်နေတဲ့ မမိုးသူဇာကပြောပါတယ်။

" အဖျောက်ကိုသွားနိုင်တာကတော့ အဲ့ကားလမ်းတခုပဲ ရှိတာ။ အခုပြတ်ကျသွားတဲ့ တံတားက ပန်းတောရွာနားမှာပေါ့နော် ပြတ်ကျသွားတာ၊ တံတားပြတ်ပါ သွားတဲ့အတွက်ကို အခုက အဖျောက်ကို လုံးဝ သွားလို့မရတော့ဘူး။ လမ်းတွေက အဖျောက်ကနေ ဒီဘက်ကိုလည်း လာလို့မရတော့ဘူး။ ကုန်းလမ်း ဆက်သွယ်ရေးအနေနဲ့ လုံးဝ ပြတ်သွားပြီ။ စက်လှေနဲ့ပဲ သွားလို့ရတော့တယ်။"

အဖျောက်မြို့နယ်တခုထဲမှာတင် ရေဘေးဒုက္ခသည် ၃သောင်းကျော်ရှိနေပြီး ကယ်ဆယ်ရေးစခန်း ၈ခုဖွင့်ထားပေမယ့် အကူအညီတွေ အလုံ အလောက် မရသေးဘူးလို့ မမိုးသူဇာကပြောပါတယ်။

" အဖျောက်အနီးနားပတ်ဝန်းကျင်မှာ ချောင်းကြီး၊ ပိတုံးပိတ်တို့ သာရဝေါတို့ရွာတွေ ရှိတယ်။ ဒါတွေလည်း ရွာကြီးတွေပဲပေါ့။ ရွာတွေ အကုန်လုံး က ရေတွေမြုပ်နေပြီ။ မြုပ်နေသမျှ ရေဘေးဒုက္ခသည်တွေ အားလုံး အဖျောက်မှာရှိတဲ့ တန်ဆောင်းတို့ ဘုန်းကြီးကျောင်းတို့မှာ ဘယ်လိုပြောမလဲ ဒုက္ခသည်စခန်းတွေ ၈ခုဖွင့်ထားတယ်ပေါ့နော်။ အခုကယ်ဆယ်ရေးစခန်းကိုရောက်တာက တစ်ထောင့်ရှစ်ရာ ဆယ့်တစ်ယောက်ရောက်တယ်။ ဒါပေမဲ့ တကယ့်ဟိုမှာ ရေဘေး ဒုက္ခသည်က သုံးသောင်းကျော်ရှိနေတယ်။ ၈ခုဖွင့်ထားတဲ့နေရာမှာ ထားထားတယ်။ ဒါပေမဲ့ သူတို့ကို ကယ်ဆယ်ရေးအနေနဲ့ စားနပ်ရိက္ခာပို့ဖို့တို့ ဘာတို့ပေါ့နော်။ အသွားအလာက အခက်အခဲတွေရှိနေတယ်။ စိုးရိမ်နေတာကတော့ အဓိက စားရေးသောက်ရေးထက်ဆေးဝါးက အဓိက လိုအပ်တယ်။"

နောက်(၂)ရက်အတွက် မိုးလေ၀သခန့်မှန်းချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုများပြီး ။ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက် ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပါတယ်။
VOA Burmese News


ရန်ကုန် ဩဂုတ် ၁၂

ကမ္ဘာကျော် ပိုကီမွန်ဂိုး အင်တာနက်ဂိမ်းကို ဩဂုတ်လဆန်းပိုင်းမှစတင်ကာ ရန်ကုန်၊ မန္တလေးမြို့ ကြီးများရှိ နေရာအတော် များများတွင် စိတ်ဝင်တစား ဆော့ကစားလာကြသည်ကို တွေ့ရသည်။ ယင်းဂိမ်းနှင့်ပတ်သက်၍ ဂိမ်းကစားသူတစ်ဦးက “ကျွန်တော်က မြောက်ဒဂုံမှာနေပါတယ်။ ဆိပ်ကမ်းသာလမ်းက ဖုန်းဆိုင်မှာ အလုပ်လုပ်ပါတယ်။ ဒီဂိမ်းကို စကစားဖြစ်တာက သူများတွေ မနက်ပိုင်းအလုပ်တက်ချိန်နဲ့ ညနေပိုင်း ရုံးဆင်းချိန်တွေမှာ ခေါင်းငုံ့ပြီး ဖုန်းကိုကြည့်နေတဲ့သူတွေနဲ့ အုပ်စုလိုက်ထိုင်ပြီး ‘မိပြီ’ ဆိုပြီး ဆော့နေတာတွေ့လို့ အစ်ကိုတစ်ယောက်ကို မေးကြည့်တော့ အဲဒါ ပိုကီမွန်ဂိုးဂိမ်းဆော့နေတာဆိုပြီး ပြောပြလို့ သိရတယ်။ နောက်တော့ ကျွန်တော်လည်း သူတို့လိုပဲ လမ်းသွားရင်း ခေါင်းငုံ့ပြီး ဆော့တော့တာပဲ။ အန္တရာယ်များ မှန်းတော့သိတယ်။ ဒါပေမဲ့ သူတို့ဖမ်းခိုင်းတဲ့အကောင်လေးတွေကို လိုက်ဖမ်းဖို့ပဲ မဲနေတော့ အန္တရာယ်ကို သတိမမူမိဘူး။ အခုတော့ မဟာဗန္ဓုလပန်းခြံထဲမှာပဲ လာဆော့တော့တယ်။ အန္တရာယ်ဖြစ်မှာ မစိုးရိမ်ရတော့ဘူး ပေါ့။ ဒါပေမဲ့ ဖုန်းဘီလ်ကတော့ တစ်ရက်ကို ၈၀၀၊ ၁၀၀၀ လောက်တော့ကုန်တယ်။ ပိုကီမွန်ဂိမ်းဆော့တဲ့ သူတွေကို အကြံပေး လိုတာကတော့ ဖုန်းကိုလည်းကြည့်၊ အန္တရာယ်ကိုလည်း သတိထားပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ပိုကီမွန်ဂိုးဂိမ်းသည် အခြားဂိမ်းများကဲ့သို့ ထိုင်ရာမထ ကစား၍မရဘဲ ဂိမ်းက လုပ်ဆောင်ခိုင်းသည့် မိမိဖမ်းဆီး ရမည့် အကောင်များကို လမ်းလျှောက်ရှာဖွေရခြင်းဖြစ်သည်။ ယင်းဂိမ်းသည် ဘေးပတ်ဝန်း ကျင်ရှိအရာများကိုအာရုံမရှိဘဲ ဖုန်း မျက်နှာပြင်မှ ပြသထားသည့် အကောင်ငယ်လေးများနေရာကိုသာ ကစားသူများ အနေဖြင့် ကြည့်ရှုနေရသောကြောင့် လူရှုပ် သည့်နေရာများ တွင် လမ်းသွားလမ်းလာများကို သတိမမူတော့ဘဲ တိုက်မိခြင်း၊ ဂိမ်းအတွင်း အာရုံစိုက်နေသဖြင့် ယာဉ်အန္တရာယ်ဖြင့် ကြုံတွေ့ နိုင်ခြင်း စသည့် မလိုလားအပ်သောပြဿနာများနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ အလားတူဖြစ်ရပ်မျိုး အခြားနိုင်ငံများ တွင်လည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပိုကီမွန်ဂိုးဂိမ်းဆော့ကစားသူများအနေဖြင့် ဂိမ်းကစားချိန်တွင် သတိလက်လွတ်ဖြစ်တတ်သဖြင့် မိမိအတွက်ရော သူတစ်ပါး အတွက်ပါ အန္တရာယ်မဖြစ်စေဘဲ ဆော့ကစားရန် ဂိမ်းကစားသူတစ်ဦးကလည်း အကြံပြုပြောကြားသည်။

မောင်မောင် ၊ ဓာတ်ပုံ-ထွန်းအောင်ရှိန်(မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



လျှပ်စစ်မီး မလုံလောက်မှုက မြန်မာ နိုင်ငံအတွက် အဓိက ပြဿနာကြီး တစ်ခုဖြစ်နေ
မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓါတ်အားကို အမြန်ဆုံး ဖြည့်ဆည်း ပေးနိုင်ဖို့ အချိန်တို အတွင်း ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဝန်ကြီးဌာန ရဲ့ရက် ၁၀၀ စီမံကိန်းမှာ ရေတိုရေရှည် စီမံကိန်းတွေ ရေးဆွဲခဲ့ပါတယ်။

ရေတိုစီမံကိန်း အနေနဲ့ ပြည်ပကနေ သဘာဝဓါတ်ငွေ့ကို ဝယ်ယူပြီး လျှပ်စစ် ဓါတ်အား ထုတ်လုပ်ဖို့စီ စဉ်ထားတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က ပြောပါတယ်။

လျှပ်စစ်ဓါတ်အား ကိစ္စနဲ့ ပတ်သက်လို့ သုတေသန လုပ်နေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာ ဒီဇင်ဘာလ မှာ ထွက်လာပြီးရင် လာမယ့်နှစ်မှာ စီမံကိန်းတွေ စနိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

ပိုက်လိုင်းတွေ များတဲ့ ရန်ကုန်၊ မန္တလေးနဲ့ ကျောက်ဆည် စတဲ့ နေရာတွေကို အရင်ဆုံး ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ဦးထိန်လွင်က ပြောပါတယ်။

လောလောဆယ် မြန်မာနိုင်ငံအနေနဲ့ ရေအားလျှပ်စစ်က ရရှိတဲ့ လျှပ်စစ်ဓါတ်အားကိုသာ အဓိက အသုံးပြုနေပြီး တစ်နိုင်ငံလုံး လျှပ်စစ်မီးရဖို့ လိုအပ်ချက်ရဲ့ ထက်ဝက်ခန့်သာထုတ်လုပ်နိုင် ပါတယ်။

အခုလို သဘာဝဓါတ်ငွေ့ကို ပြည်ပက ဝယ်ယူပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်မယ့် အစီအစဉ်ဟာ အချိန်တို အတွင်း လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ပေမဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲခ ဈေးနှုန်းတွေမြင့်တက် လာနိုင်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာန မှာ ဦးဆောင် ညွှန်ကြားရေးမှူး တာဝန်ယူခဲ့တဲ့ ဦးကြည်သာက ပြောပါတယ်။

နိုင်ငံအများစုမှာ လျှပ်စစ်ဓါတ်အားကို ရေအား၊ ကျောက်မီးသွေးနဲ့ သဘာဝဓါတ်ငွေ့တို့က ထုတ်ယူသုံး စွဲနေပါတယ်။

မြန်မာနိုင်ငံ အနေနဲ့လည်း ရေအားလျှပ်စစ်ကနေ လျှပ်စစ်မီးထုတ်လုပ်ဖို့ အရင်းအမြစ် အမြောက်အမြား ရှိပေမဲ့ဒေသခံတွေ ကန့်ကွက်တဲ့အတွက် မဆောင်ရွက်နိုင်ခဲ့ ပါဘူး။

ဒါပေမဲ့ ရေရှည်မှာ ရေအားကို အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ စဉ်းစား ထားတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

အမေရိကန် မောင်းသူမဲ့ယာဉ်
အာဖဂန်နဲ့ ပါကစ္စတန် က IS အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ အကြီးအကဲကို အမေရိကန် မောင်းသူမဲ့ယာဉ်နဲ့ အရင်လက သတ်ဖြတ်နိုင်ခဲ့တယ်လို့ ပင်တာဂွန်က ဆိုပါတယ်။

Hafiz Saeed Khan ဟာ အရင် တာလီဘန် တပ်မှူးဟောင်း တယောက် ဖြစ်ပြီး အာဖဂန်မှာ အသေအပျောက်များတဲ့ တိုက်ခိုက်မှုတွေကို ခေါင်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အရင်ကလည်း သူသေပြီလို့ ပြောတာတွေ ရှိခဲ့ပါတယ်။

တခြား IS တပ်မှူးတွေလည်း အာဖဂန် အရှေ့ပိုင်းက နန်ဂဟာ ခရိုင်မှာ သတ်ဖြတ်ခံရတယ်လို့ ပါကစ္စတန် ဆိုင်ရာ အာဖဂန် သံအမတ်ကြီးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


အကြင်ပုဂ္ဂိုလ်အား ပြင်းပြင်းထန်ထန် နှစ်သက်ဖွယ်အာရုံတို့သို့ စီးကုန်သော သုံးဆယ့်ခြောက်ပါးသော တဏှာရေအလျဉ်တို့သည်ရှိကုန်၏၊ မှားသောအယူရှိသော ထိုသူတို့ကို ရာဂနှင့်စပ်သော အားကြီးသော အကြံအစည်တို့သည် ဆောင်ယူသွားကုန်၏။

(ဓမ္မပဒပါဠိတော်)

လွန်ခဲ့တဲ့နှစ်ရက်လောက်က မိမိရဲ့ ဇာတိမြို့မှ မိတ်ဆွေဘုန်းကြီးနှစ်ပါး မိမိဆီကို ဖုန်းဆက်လာခဲ့ပါတယ်။ သူတို့ဒကာ၊ ဒကာမတချို့နဲ့ လာမည့်ဝါခေါင်လဆန်းမှစပြီး ကျင်းပမယ့်တောင်ပြုန်းနတ်ပွဲကို လာချင်လို့ပါတဲ့။ အဲဒါ သူတို့လာတဲ့အခါ မိမိကျောင်းမှာတည်း ခိုဖို့ အကူညီတောင်းကြတာပါ။ မိမိလည်း သိပ်သဘောမတွေ့ပေမယ့် မကင်းရာမကင်းကြောင်းမို့ ရောက်လာခဲ့ရင် ကျောင်းထိုင်ဘုန်းကြီးကို လျှောက်ထားပြီး တတ်နိုင်သလောက် ကူညီပေးမယ်လို့ ပြန်ပြောပြီး ဖုန်းချလိုက်ပါတယ်။ သူတို့ပြောကာမှ ပြက္ခဒိန်လှန်ကြည့်မိတော့ တောင်ပြုန်းပွဲကျင်းပဖို့ အတော်လေးကို နီးကပ်နေပြီပဲဖြစ်ပါတယ်။ မိမိစိတ် ထဲမှာတော့ လာပြန်ပြီ လူ့ငရဲပွဲကြီးလို့ မကျေမချမ်းရေရွတ်ခဲ့မိပါသေးတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ညရောက်တော့ လူမှုကွန်ရက်ပေါ်က စတေးတပ်တခုမှာ ထေရ၀ါဒဗုဒ္ဓ ဘာသာဝင်တွေဆိုသူတွေ တောင်ပြုန်းပွဲခေါ် မိန်းမလျာပွဲတော်ကို လည်ပတ်သွားလာနေကြတာဖြစ်သင့်၊ မဖြစ်သင့်ဆိုပြီး မိမိရဲ့ မိတ်ဆွေ ဒကာရင်းတချို့ပါဝင်ရောက်ဆွေးနွေးနေကြပါတယ်။ သူတို့တွေ ငြင်းခုံနေကြရင်းကနေ ထုံးစံအတိုင်း မိမိထံကို မေးမြန်းဖို့ ခြေဦးလှည့်လာခဲ့ကြပါတယ်။ မိမိလည်း ဒီလိုပြဿနာတွေနဲ့ ပတ်သက်ရင် ရေးရ၊ ပြောရပါများတော့ အမှန်တကယ်ကို စိတ်ပျက်ငြီးငွေ့နေပါပြီ။ ဒါပေမဲ့လည်း မိမိဟာ မြတ်စွာဘုရားရှင်ရဲ့သားတော်တပါးဖြစ်ပြီး ဘာသာရေးခေါင်းဆောင်လည်း ဖြစ်သည့်အားလျော်စွာ ရှောင်လွှဲဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် အနားရှိတဲ့သူတွေ စပ်မယ်မှန်းသိသိနဲ့ အမုန်းခံကာ ကျမ်းဂန်နှင့်အညီ ရေးသားဖြေဆိုလိုက်ပါတယ်။

တစုံတယောက်ကို သို့မဟုတ် အဖွဲ့အစည်းတခုကို ရှိခိုးခြင်း၊ ကိုးကွယ်ခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပြုခြင်းဟာ ဘယ၊ လာဘ၊ ကုလ၊ အာစရိယ၊ နိဿရဏရယ်ဆိုပြီး ငါးမျိုးရှိပါတယ်။ ဘယ-ဆိုတာ ကြောက်ရွံ့လို့ ကိုးကွယ်ခြင်း၊ လာဘ-ဆိုတာ လာဘ်ပစ္စည်းရချင်လို့ ကိုးကွယ်ခြင်း၊ ကုလ-ဆိုတာ မျိုးရိုးအလိုက် ကိုးကွယ်ခြင်း၊ အာစရိယ-ဆိုတာ ဆရာဖြစ်လို့ ကိုးကွယ်ခြင်း၊ နိဿရဏ-ဆိုတာ သံသရာက လွတ်မြောက်ဖို့ ကိုးကွယ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီကိုးကွယ်ခြင်း ငါးမျိုးမှာ သံသရာကလွတ်မြောက်ဖို့ ကိုးကွယ်ခြင်းဆိုတာ ရတနာသုံးပါးကို ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် မွန်မြတ်တဲ့ ကိုးကွယ်မှုဖြစ်ပါတယ်။ ကျန်တဲ့လေးပါးဟာ ဒီကိုးကွယ်မှုလောက် တန်ဖိုးမရှိပါဘူး။

ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေဖြစ်နေလို့ နတ်တွေကို ကိုးကွယ်ခွင့်၊ ပူဇော်ခွင့်လုံးဝမရှိဘူးလို့မဆိုလိုပါဘူး။ သို့သော် နတ်တွေကို ကိုးကွယ် ပူဇော်ပုံနှင့် ရတနာသုံးပါးကို ကိုးကွယ်ပူဇော်ပုံကွဲကွဲပြားပြားသိထားဖို့ လိုအပ်ပါတယ်။ နတ်တွေကို ပူဇော်တာက လောကီအကျိုးကို အခြေခံပြီး ရတနာသုံးပါးကို ပူဇော်တာက သံသရာက လွတ်မြောက်ဖို့ (နိဿရဏ)ကို အခြေခံပါတယ်။ ဒါကြောင့် ဒီနှစ်ခုမှာ ရတနာသုံးပါးကို ပူဇော်တာက ပိုပြီးဂုဏ်ကြီးပါတယ်။ ဒီလိုမှမဟုတ် လောကီအကျိုးကို ပေးနိုင်တဲ့ နတ်တွေက ရတနာသုံးပါးထက် အကျိုးပေးပိုတယ်ထင်ခဲ့ရင် အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သာသနာတော်ပျက်စီးသွားပြီ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ဥပမာပြရရင် အိန္ဒိယနိုင်ငံတော်ဟာ ဗုဒ္ဓဘုရားရှင် မွေးဖွားရာ၊ သစ္စာလေးပါးသိရှိရာ၊ ပရိနိဗ္ဗာန်စံဝင်တော်မူရာ မဇ္ဈိမဒေသဖြစ်ပြီး သာသနာ့သမိုင်း အလွန်အမင်းထွန်းတောက်ခဲ့တဲ့ နေရာပဲဖြစ်ပါ တယ်။ သို့သော် နောက်ပိုင်းကာလတွေမှာ ယစ်ပူဇော်မှုဝါဒတွေဟာ တခြားဘာသာတွေမှတဆင့် ပြန့်ပွားလာခဲ့ပါတယ်။ ဘယ်လောက်ထိဆိုးဝါးသလဲဆိုရင် ရဟန်းတော်များကိုယ်တိုင် ဘုရားရုပ်ပွားတော်နှင့်အပြိုင် နတ်ရုပ်များကို ကိုးကွယ်ပူဇော်ခဲ့ကြပါတယ်။ လောကီအာရုံကာမဂုဏ်တွေ ကိုခံစားရင်း နတ်တွေကိုပူဇော်ပသပါက မိမိတို့တောင့်တတဲ့ ချမ်းသာခြင်း စည်းစိမ်တွေ မုချရရှိလိမ့်မယ်ဆိုတဲ့ ၀ါဒဟာ တဖြည်းဖြည်း ပြန့်ပွားပြီး လူကြိုက်များလာခဲ့ပါတယ်။ အဲဒီမှာပဲ လာဘ်လာဘကိုမျှော်ကိုးတဲ့ အခိျု့ ရဟန်းတွေဟာ သပိတ်အစား လူဦးခေါင်းခွံများကိုဆောင်းပြီး ဗလိနတ်စာကျွေးခြင်း၊ အင်းအိုင်၊ မန္တာန်စီရင်ခြင်း အစရှိတဲ့ မိစ္ဆာဇီဝအလုပ်တွေကို ပြုလုပ်လာကြပါတယ်။ သာသနာတော်ကြီးအပေါ် နတ်ကိုးကွယ်မှုဆိုတဲ့ အတုအယောင်တွေ လွှမ်းမိုးလာတဲ့အခါ သာသနာတော်ရဲ့ မူလဘူတဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီးမှာ စောစောစီးစီးပဲ သာသနာဟာ ပျောက်ကွယ်ခဲ့ရပါတယ်။

ယခုလည်း မိမိတို့နိုင်ငံမှာ ၃၇-မင်းသော နတ်တွေကို ယုံကြည်ကိုးကွယ်နေကြတယ်လို့ လေ့လာသိရှိဖူးပါတယ်။ ဆိုတော့ ဒီနတ်မင်းတွေဟာ သူတော်ကောင်းနတ်တွေလား၊ သူယုတ်မာနတ်တွေလားဆိုတာ သိဖို့လိုအပ်ပါတယ်။ ဘုရှားရှင်ကတော့ သုကမ္မကာရီ- ကောင်းတာကိုလုပ်တယ်။ သုဘာသိတဘာသီ- ကောင်းတဲ့စကားကိုပြောတယ်။ သုစိန္တိတစိန္တီ- ကောင်းတဲ့အကြံကို ကြံတယ်။ အဲဒီလက္ခဏာ သုံးပါးနှင့်ပြည့်စုံရင် သူတော်ကောင်းနတ်တွေ ဖြစ်တယ်လို့ ဟောကြားထားပါတယ်။ ဒီတော့ မိမိတို့နိုင်ငံမှာ ကိုးကွယ် ပူဇော်ပသနေကြတဲ့ နတ်တွေကို ဒီအင်္ဂါရပ်တွေနဲ့ ညှိကြရမှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ ဒီ ၃၇-မင်းသော နတ်တွေဟာ ၀ိနိပါတိက အသုရာလို့ခေါ်တဲ့ နတ်သေး၊ နတ်မွှား၊ နတ်အငယ်စားတွေပဲဖြစ်ပါတယ်။ မျိုးရိုးအားဖြင့် စတုမဟာရာဇ်နတ်မျိုးဖြစ်ပေမယ့် ဘုမ္မဿိတ ၀ိနိပါတိက နတ်ဖြစ်လို့ လူ့လောကမှာ အမှိုက်ကောက်သမားဟာ လူဖြစ်သော်လည်း လူ့အောက်တန်းစားဖြစ်ရသလို၊ နတ်လောကမှာလည်း သူတို့ဟာ နတ်အောက်တန်းစား၊ နတ်သေး၊ နတ်မွှားတွေပဲ ဖြစ်ပါတယ်။ ဒီလိုနတ်တွေကို ကိုးကွယ် ပူဇော်ခြင်းဟာ ကောင်းကျိုးရဖို့ထက်၊ ဆိုးကျိုးရရှိဖို့က ပိုပြီးအလေးသာပါတယ်။ သူတို့မှာ ဘာမျှကြီးကြီးမားမား ဘုန်းတန်ခိုးမရှိကြပါဘူး။

ယနေ့ခေတ်မှာ တောင်ပြုန်းရှိ ဒီလိုနတ်အောက်တန်းစားတွေရဲ့ ပွဲတော်ကို အကြောင်းပြုပြီး စီးပွားရှာနေတဲ့ နတ်ကတော်တွေ ဒုနဲ့ဒေးရှိ ကြပါတယ်။ အစစ်အမှန် နတ်ကတော်တွေ၊ နတ်ထိန်းတွေလည်း သီလက္ခာန်ပါဠိတော် ဗြဟ္မဇာလသုတ်၊ မဟာသီလအခန်းမှာ အာဒါသပဥှာ၊ ကုမာရိကပဥှာ၊ ဒေ၀ပဥှာဆိုတဲ့ အတတ်ပညာမျိုးကို ဘုရားရှင်က ဟောကြားထားတာရှိလို့ရှိမည်မှာ မလွဲပါဘူး။ သို့သော် တကယ်နတ်သွင်းနတ် ခေါ်နိုင်တဲ့ ပညာရှင်တွေက အလွန်နည်းပါးပါတယ်။ လူတွေကို လှည့်ဖြားပြီး စီးပွားရှာနေတဲ့ နတ်ကတော်တွေ၊ နတ်ထိန်းတွေသာ မှိုလိုပေါက်နေကြတာပါ။ ဒါကြောင့် ဘုရားရှင်က နတ်ကတော်တွေသေရင် ပြိတ္တာဖြစ် တတ်ကြောင်း ဟောကြားခဲ့ဖူးပါတယ်။

နောက်တခါ တောင်ပြုန်းနတ်ပွဲကို သွားရောက်ကြတဲ့ လူအများစုဟာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကို ကျင့်သုံး နေထိုင်ကြတဲ့သူတွေပါလို့ ကြွေးကြော်ထားတဲ့ သူတွေပဲဖြစ်နေကြပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာ သာဝင်တိုင်းဟာ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံစွာစောင့်ထိန်းရမှာ အားလုံးအသိပဲ ဖြစ်ပါ တယ်။ ဒီငါးပါးသီလရဲ့ ခေါင်ချုပ်ဖြစ်တဲ့ သုရာမေရာယကံလို့ခေါ်တဲ့ သေရည်အရက်သောက်စားမူးယစ်ခြင်းကို ၃၇-မင်းသော နတ်များနှင့်တကွ မိမိတို့ပါ ပျော်ပျော်ကြီးချိုးဖောက်ဖျက်ဆီးနေကြတာဟာ ပါးစပ်က ဘုရားဘုရားတပြီး လက်က ကားယားကားယားလုပ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုပြန် ကလည်း တောင်ပြုန်းနတ်ပွဲမှာ နတ်ကနားတပွဲပေးဖို့က ၁၀ သိန်း ၁၅ သိန်းဝန်းကျင်မှာရှိပါတယ်။ ဒါတောင်သိန်းရာချီကုန်တဲ့ အထက်တန်းစားပွဲတွေ မပါသေးပါဘူး။ ဒီလောက်များတဲ့ ငွေပမာဏကို တရက် နှစ်ရက်အတွင်းမှာ ဖြုန်းပစ်လိုက်ကြတာဟာ အင်မတန်ရူးမိုက်ရာကျပါတယ်။ ဒီလိုနေရာမှာ အကုသိုလ်အဖြစ်ခံပြီး ငွေကုန်ခံမည့်အစား ပရဟိတလုပ်ငန်းတွေ၊ ဒုက္ခရောက်နေတဲ့သူတွေ၊ ဆေးရုံဆေးခန်းတွေမှာ အသုံးပြုလိုက်ရင် ကုသိုလ်လည်းရ စိတ်ကြည်နူးမှုတွေလည်း အတိုင်းမသိရရှိကြမှာ မလွဲပါဘူး။

တဖက်မှာလည်း လူပုဂ္ဂိုလ်တွေတောင် မသွားသင့်၊ မသွားအပ်တဲ့ နေရာကို အချို့သော ရှင်ရဟန်းတွေက အရှက်သိက္ခာမဲ့စွာ သွားရောက်လည်ပတ်နေတာကို တိုင်းသိပြည်သိ မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။ အချို့ရှင်ရဟန်းတွေဆိုရင် လိုင်စင်မဲ့ကားတွေ မှာ သာသနာ့အလံကို တလူလူလွှင့်ထူပြီး မိန်းမတွေ၊ မိန်းလျာတွေ တရုန်းရုန်းနဲ့ တောင်ပြုန်းနတ်ပွဲကို ၀င်နွှဲနေကြပါတယ်။ အမှန်တကယ်တော့ ရှင်ရဟန်းဆိုတာ ဒီလိုရှက်ဖွယ်လိလိ ပွဲမျိုးမဆိုထားဘိ သာမန်ဇာတ်ပွဲ၊ အငြိမ့်ပွဲများကိုတောင် မကြည့်ရှုရပါဘူး။ တကယ်လို့ ကြည့်ရှုခဲ့မယ်ဆိုရင် အပြစ်သင့်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေနဲ့ ပြည့်နှက်နေတဲ့ လူပုဂ္ဂိုလ်တွေကို သံသရာက လွတ်မြောက်နည်း ဟောကြားပြောပြပေးရမည့် ရှင်ရဟန်းများ ကိုယ်တိုင်က သီလမစင်ကြယ်ဘူးဆိုရင် တပည့်ဒကာ၊ ဒကာမများအတွက် ဆိုဖွယ်မရှိတော့ပါဘူး။

သာသနာတော်ကြီးကို မျက်နှာမငယ်စေချင်ဘူး၊ ဂုဏ်မညှိုနွမ်းစေလိုဘူးဆိုရင် ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ မိမိတို့ကစပြီး သန့်ရှင်းစင်ကြယ်စွာနဲ့ အများကဲ့ရဲ့မည့် အပြုအမူတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် လူတကာနဲ့ရောထွေးပြီး သူတော်ကောင်းလူဝတ်ကြောင်တွေတောင် မပြုလုပ်တဲ့ ရှက်ဖွယ်လိလိ အလုပ်တွေကို လုပ်ကိုင် နေမယ်ဆိုရင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန် မအပ်စပ်ပါဘူး။ သာသနာ့ဝန်ကိုမထမ်းဘဲ မိမိတို့ရဲ့ မကောင်းတဲ့ဝန်ကို သာသနာကြီးက ပြန်ထမ်းနေရသလို ဖြစ်နေပါလိမ့်မယ်။ ကိုယ်တည်း ဟူသောအကြောင်းကြောင့် ရှင်ရဟန်းကောင်းတို့၏ ဂုဏ်၊ သာသနာ တော်ကြီး၏ဂုဏ်ကို မညစ်နွမ်းစေသင့်ပါဘူး။

နိဂုံးချုပ်ပြောရမယ်ဆိုရင် အချို့သောရှင်ရဟန်းများအပါအ၀င် ထေရ၀ါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြတဲ့ မည်သူမဆို သာသနာတော်ကြီးအသက်ရှည်စေဖို့၊ ဂုဏ်သတင်းမွှေးပြန့်ဖို့ဆို မိမိတို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ အမြဲတမ်းအောက်မေ့ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ မကြာမီကျရောက်လာတော့မည်ဖြစ်တဲ့ တောင်ပြုန်းနတ်ပွဲခေါ် မိန်းမလျာပွဲကို သွားသင့်၊ မသွားသင့်ဆိုတာ မိမိချပြခဲ့တဲ့အပေါ်က အချက်အလက်တွေနဲ့ တိုက်ကြည့်ပြီး မိမိတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့ဆက်ပြီးလည်း တောင်ပြုန်းနတ်ပွဲလိုမျိုး အချိန်ကုန်၊ ငွေကုန်ပြီး အကုသိုလ်တွေ တစ်ထောကြီးရမယ့်၊ ဗုဒ္ဓ၀ါဒနှင့်ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလိုနတ်များ ပူဇော်ပသပွဲမျိုးကို ရှောင်ကြဉ်နိုင်ကြပြီး မိမိတို့၏ အမျိုးဘာသာ၊ သာသနာအကျိုးကို ဆတက်ထမ်းပိုးတိုးတက်စည်ကားအောင် ပြုလုပ်နိုင်ကြပါစေကြောင်း အလေးအနက်တိုက်တွန်းအပ်ပါတယ်။

ဓမ္မသုတေသီ(မန္တလေး)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဓာတ်ပုံ-နစ်ကီ
သည်ရက်ပိုင်းထဲ လမ်းမများပေါ်မှာ လက်ဝါးပြင်ပေါ်ဖုန်း တင်ပြီး ခေါင်းငိုက်စိုက်ဖြင့် လမ်းလျှောက်လာတဲ့ လူအုပ်နှင့် တိုးလျှင် သင်ဘေးကပ်ပေးနေဖို့လို ပါလိမ့်မည်။ အခန့်မသင့် လျှင် ၀င်တိုက်ခံရနိုင်ပါသည်။

သူတို့တွေက အကောင်ဖမ်းသည့်လူတွေဖြစ်၏။ ရန်ကုန်မြို့ထဲတွင် ယင်းသို့ အကောင်ဖမ်းသူများ ရက်ပိုင်းအတွင်း ပြည့်နှက်လာပါ၏။ အထင်ကရလမ်းမကြီးတွေပေါ် ပန်းခြံများနှင့် လူစည်ကားသည့်နေရာများတွင် ထိုကဲ့သို့ခေါင်းငိုက်စိုက်ဖြင့် ပတ်ဝန်းကျင်ကို သတိမထားမိသည့် လူအများကြီး တွေ့ရပါလိမ့်မည်။ တကယ်တော့သူတို့အားလုံးက မကြာသေးမီက ကမ္ဘာတစ်ဝန်းရှိ လူအများအ ကြိုက်တွေ့နေသည့် ဂိမ်းတစ်မျိုးကို သဲကြီးမဲကြီး ကစားနေကြခြင်း ဖြစ်ပါသည်။

‘‘ဒီနေ့ ဘယ်နှကောင်ရပြီးပြီလဲ’’

‘‘အဲဒီကောင်ကို ဖမ်းရတာ တော်တော်ခက်တယ်။ သုံးခါလောက်ဖမ်းယူရတယ်’’

သင်ရောက်ရှိရာ နေရာပတ်ဝန်းကျင်တွင် ထိုသို့သောစကားသံများ ကြားရပါက မထိတ်လန့်ပါနှင့်။ ယင်းစကားသံများက ပိုကီမွန်ဂိုးဟုခေါ်သည့် မိုဘိုင်းဖုန်းဂိမ်းတစ်မျိုးကို ကစားသူများ ပြောဆိုကြသည့်စကားများသာ ဖြစ်ပါသည်။

ကမ္ဘာ့အနောက်ခြမ်းရှိ အမေရိကန်ပြည်ထောင်စုမှ တီထွင်လိုက်သော ပိုကီမွန်ဂိုးအမည်ရှိ မိုဘိုင်းဂိမ်းကို သြဂုတ် ၆ ရက်နေ့ ကစပြီး မြန်မာပြည်၌ ဆော့ကစား ခွင့်ရကတည်းက ရက်ပိုင်းအတွင်းလူကြီး၊ လူငယ်များအကြား ပျံ့နှံ့မှုနှုန်းမြန်ဆန်ခဲ့သည်။ ဆော့ကစားသူအရေအတွက် အတိအကျမသိရသေးသော်လည်း ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမနှင့် လမ်းဘေးပလက်ဖောင်းများတွင် အနည်းဆုံးလူ လေး၊ ငါး၊ ခြောက်ယောက်စုပြုံကာ မိုဘိုင်း ဖုန်းကိုယ်စီပွတ်၍ ပါးစပ်ကလည်း တစ်စုံတစ်ရာကို ကျေနပ်ဟန်(သို့မဟုတ်) ဒေါသထွက်ဟန်ဖြင့် ရေရွတ်နေသည့် မြင်ကွင်းများကိုကြည့်ရှုကာ ယင်းဂိမ်းကို လူကြီး၊ လူငယ်မရွေး စွဲလမ်းနှစ်သက်နေသည်ကို တွေ့မြင်ရနိုင်သည်။ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်၌လည်း ပိုကီမွန်များက နေရာယူ ထား၏။

ဂိမ်းထဲမှ သားကောင်များသည် အပြင်ပတ်ဝန်းကျင် တွင် အမှန်တကယ်ရှိသယောင် ဖန်တီးထုတ်လုပ်ထားပြီး သားကောင်များကို ဘောလုံးများဖြင့်ပစ်၍ ဖမ်းဆီးရခြင်းဖြစ် သည်။ သားကောင်များမှာ ဘေးနားဝန်းကျင်အနှံ့တွင် ရှိနေ နိုင်သည်။ သို့သော် ထိုင်ရာမထ ဆော့ကစား၍မရပေ။ ဂိမ်းအမည်ထဲတွင်ပါဝင်သည့် “Go” ဟူသော စကားလုံးအတိုင်း လျှောက်သွားနေရန် လိုအပ်သည်။ ပြဿနာက လမ်းမပေါ် ထွက်၍ မိမိဖမ်းဆီးရမည့် အကောင်ငယ်များအားမိုဘိုင်းဖုန်း ကို မလွတ်တမ်းကြည့်၍ ရှာဖွေနေရသည်ဖြစ်ရာ ကားအ သွားအလာများသည့်နေရာများ၊ လူထူထပ်သည့်နေရာများ တွင်တော့ ကစားသူများအတွက် အန္တရာယ်ရှိနိုင်ပါသည်။

အချိန်မရွေး ကားတိုက်နိုင်ခြေများပြီး၊ လုယက်မှုကျူးလွန်လိုသူများအတွက်လည်း အလွန် လွယ်ကူနေ သည့် အခြေအနေများဖြစ်နေသည်။ မိမိကားပေါ် ထိုင်နေလျက်နှင့်ပင် ကားတံခါးဆွဲဖွင့်ကာ လုယက်ရန်ကြိုးပမ်းမှု ကြုံနေရသည့် ရန်ကုန်မြို့တွင် ပိုကီမွန်ကစားသူများအတွက်တော့ မမြင်နိုင်သည့် အန္တရာယ်များ ရှိနေပါသည်။

တည်နေရာမြေပုံကို အခြေခံ၍ ထုတ်လုပ်ထားသည့် အတွက် ဂိမ်းကစားသူကိုယ်တိုင် လမ်းများပေါ်တွင် ကိုယ်တိုင်လမ်းလျှောက်၍ သားကောင်ရှာဖမ်းခြင်း၊ သားကောင်တွေ့ ချိန်တွင် ပစ်ဖမ်းရန် ဘောလုံးစုဆောင်းခြင်းနှင့် အရည်အသွေးတိုးတက်ရန် သတ်မှတ်ထားသောနေရာ (Gym)များတွင်သာတိုက်ခိုက်ရခြင်း စသည့်အချက်များက ယင်းဂိမ်း၏ဆွဲဆောင်မှုပင်ဖြစ်သည်ဟု ပြည်တွင်းရှိဆော့ကစားသူ အချို့က မှတ်ချက်ပြုသည်။

သို့ရာတွင် ယင်းဂိမ်းဆော့ကစားရန် ရင်းနှီးရသည့် ကုန်ကျစရိတ်က မနည်းပေ။ အင်တာနက် (Mobile Data)ကို အချိန်ပြည့်ဖွင့်ထားရန်လိုအပ်သည်။ တည်နေရာမြေပုံကို ကြည့်ရှုရသည့်အတွက် GPS စနစ်ကို ကောင်းမွန်စွာ ထောက်ပံ့ပေးသော နောက်ဆုံး ပေါ်စမတ်ဖုန်းများဖြစ်ရန်လို သည်။ တစ်ခဏအတွင်း ဖုန်းဘက်ထရီ အကုန်မြန်သော ကြောင့် Power Bank အပိုတစ်ခုဆောင်ထားသင့်သည်။ ယင်းတို့မှာ အခြေခံလိုအပ်ချက်မျှသာဖြစ်၏။ပြီးခဲ့သည့် ဇူလိုင်အတွင်းက ပိုကီမွန်ဂိုးဂိမ်းအား ရွေးချယ်ထားသော နိုင်ငံများတွင် စတင်ကစားခွင့်ရရှိခဲ့ပြီး အချိန်တိုအတွင်းအောင်မြင်မှုရရှိခဲ့သည်။ အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံ များတွင် ပိုကီမွန်၏အောင်မြင်မှုမှာ လက်ရှိအချိန်အထိ ရပ်တန့်မည့် အရိပ်အယောင်မရှိသေးဘဲ ယင်းဂိမ်းအက် ပလီကေးရှင်းက ဒေါင်းလုတ်ပြုလုပ်သူစာရင်းတွင် ထိပ်တန်းအဆင့်ရှိနေဦးမည်ဟု နိုင်ငံတကာမီဒီယာများက သုံးသပ် ထားကြသည်။

သို့သော် လမ်းလျှောက်ရင်း သားကောင်ဖမ်းရသည့် ပိုကီမွန်ဂိုးသည် အကောင်းဘက်ကချည်း နာမည်ကျော်နေ ခြင်းမျိုးလည်းမဟုတ်ပေ။

ပိုကီမွန်ဂိမ်း၏ ဆိုးကျိုးကြောင့် လမ်းပေါ်တွင် ခလုတ် တိုက်ခြင်းမှအစ၊ ယာဉ်မတော် တဆဖြစ်မှုအလယ်၊ အသက်သေ ဆုံးမှုဖြစ်သည်အဆုံး ဖြစ်ပွား လျက်ရှိသည်။ လက်ဖ၀ါးပေါ်ရှိ ဂိမ်းကို အာရုံစူးစိုက်နေချိန်တွင် မိုဘိုင်းဖုန်းများအား လုယက်၍ပြေးထွက်သွားသည့်ဖြစ်ရပ်များ လည်း ရှိနေသည်။ အနီးစပ်ဆုံး ဥပမာပေးရလျှင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံ၌ ပိုကီမွန်ဂိမ်းနှင့်ပတ်သက် ၍ ဆော့ကစားသူများအား သတိ ရှိစေရန် တိုက်တွန်းနှိုးဆော်စာကို သြဂုတ် ၆ ရက်တွင် ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

‘‘ဒီမှာ ဘာလုပ်လို့ရမလဲဆို တော့ ရှင်းရှင်းပြောရင် ဘာမှလုပ်လို့မရဘူး။ အစိုးရအာဏာပိုင် အဖွဲ့အစည်းက ဒီလိုထုတ်ပြန် သတိပေးတာ လောက်ပဲရမယ်။ သတိထားဖို့လောက်ပဲ ထုတ်ပြန် လို့ရမယ်။ ဒါပေမဲ့လည်း အသက် ဉာဏ်စောင့်ဆိုသလိုပဲ ကိုယ့် အန္တရာယ်ကိုယ် ကြည့်ရှောင်ရမှာပေါ့’’ဟု အွန်လိုင်းဒစ်ဂျစ်တယ် ဈေးကွက်ကျွမ်းကျင်သူ ကိုပြည့် ဖြိုးနိုင်က ပိုကီမွန်ဂိမ်းဆော့ကစား သူများအား သတိပေးသည်။

စင်ကာပူရဲတပ်ဖွဲ့၏ သတိ ပေးထုတ်ပြန်ချက်တွင် အချက် ခုနစ်ချက်ပါဝင်ပြီး အဓိကအားဖြင့် ပိုကီမွန်ရှာဖွေနေစဉ် သတိအ မြဲရှိရန်၊ လမ်းလျှောက်လျှင် ဘေး ပတ်ဝန်းကျင်ကြည့်ရှုရန်၊ မည် သည့်ယာဉ်ကိုမဆို မောင်းနှင်ရင်း ပိုကီမွန်အသုံးမပြုရန်၊ ကလေးငယ်များ၏ အသက်အန္တရာယ်မရှိ စေရေး ပညာပေးဆွေးနွေးရန်၊ အခြားသောအွန်လိုင်း ရာဇ၀တ်မှု များမဖြစ်ပွားရန်၊ ကြိုတင်ကာ ကွယ်ထားရန် စသည့်အချက်များ ကို ထည့်သွင်းထားသည်။

ပိုကီမွန်ဂိမ်း ကိုယ်တိုင်က လည်း ကားမောင်းနေရင်း ဂိမ်းမဆော့ရန်၊ ကစားနေစဉ် ဘေးအန္တရာယ်ရှိသောနေရာများသို့ ၀င်ရောက်ခြင်းမပြုရန်၊ ဂိမ်းအတွက်အချိန်ပြည့် အရန်သင့်ဖြစ်နေစေရန်နှင့် ပတ်ဝန်းကျင်အား သတိပြု နေထိုင်ရန် စသည့်အချက်တို့ကို ဂိမ်းဖွင့်ချိန်နှင့် ဆော့ကစားနေစဉ် အတွင်း မကြာခဏ သတိပေးနေ ၏။

ယင်းကဲ့သို့ ဂိမ်း၏လုပ် ဆောင်ချက်တစ်ခုအနေဖြင့် ဆော့ကစားသူအား သတိပေးမှုပြုလုပ် နေသော်လည်း နေ့စဉ်နီးပါး ပိုကီမွန်ဂိမ်းကြောင့် ဒုက္ခရောက်ကြသူများ အများအပြားပင်ရှိနေသည်။

ပြည်တွင်း၌ ပိုကီမွန်ဂိမ်းကို နှစ်ခြိုက်စွဲလမ်း၍ လမ်းပေါ်ထွက် သားကောင်လိုက်ဖမ်းနေသူအ များအပြားရှိသကဲ့သို့ပင် ယာဉ် မောင်းနှင်သူများကလည်း ဂိမ်း ဆော့ကစားသူများ၏ သတိမမူ ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မတော်တဆဖြစ်မှုများအတွက် စိုးရိမ်မှုများရှိနေသည်။

‘‘အစ်ကိုတို့ဆီမှာက လမ်းသွားရင်း ဂိမ်းဆော့တယ်။ ဖေ့စ်ဘွတ်ခ်သုံးတယ်။ ကားဟွန်းတီး ရင် မကြိုက်ကြဘူး။ ကိုယ်ကိုယ်တိုင်ကျတော့ စည်းကမ်းမလိုက် နာဘူး။ တစ်ခုခုဖြစ်ရင် ယာဉ် မောင်းတွေပဲ အေ ရးယူခံရတာ’’ဟု တက္ကစီယာဉ်မောင်း ကိုဇော် အောင်က ၄င်း၏ အတွေ့အကြုံ ကို ဖွင့်ဟသည်။

ပိုကီမွန်ဂိမ်း ပြည်တွင်းသို့ ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း အသက်အရွယ်မရွေး စိတ်ဝင်စား မှုမြင့်တက်နေချိန်တွင် စီးပွားရေးလုပ်ငန်းအချို့က အခွင့်အရေးကို အမိအရအသုံးချကြသည်။ ၎င်းတို့၏လုပ်ငန်းများကို ပိုကီမွန်နှင့် ဆွဲဆောင်ခြင်း၊ ဆော့ကစားသူများ အား ဈေးလျှော့ပေးခြင်း စသည့်အစီအစဉ်သစ်များကို ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့် ကြော်ငြာထားကြ ၏။

လက်ဖ၀ါးတစ်ခုစာခန့်သာ ရှိသော မိုဘိုင်းစမတ်ဖုန်းတစ်လုံး က အသုံးပြုသူ၏ လုပ်ငန်းတာဝန် အလုံးစုံကို ပြီးမြောက်စေသည့် ကောင်းကျိုးများကို စွမ်းဆောင် ပေးနိုင်ပြီး တစ်ဖက်တွင်လည်း ထွက်ပေါ်လာသမျှသော အက် ပလီကေးရှင်း၊ ဂိမ်း စသည့်ထုတ် ကုန်များနောက် မျောပါရင်းအသက်အန္တရာယ် ထိခိုက်သည်အ ထိ နည်းပညာ၏ ဆိုးကျိုးကိုခံစား နေကြရသည်။

‘‘နိုင်ငံခြားမှာကတော့ ဖြစ်ပြီးပြီ။ လမ်းလျှောက်နေရင်း သစ်ပင်နဲ့ဝင်ဆောင့်တယ်။ လမ်းလျှောက်နေရင်း ရပ်ထားတဲ့ကားကို ၀င် တိုက်တယ်။ လမ်းလျှောက်နေ ရင်း ကားလမ်းပေါ်ရောက်သွားလို့ ကားက ၀င်တိုက်တယ်။ လမ်းလျှောက်နေရင်း ခလုတ်တိုက်လဲ တယ်။ လမ်းလျှောက်နေရင်း လှေကားပေါ်က ချော်ကျတယ်။ သေ ချာတာက ခုနေမသေသေးတောင် တစ်နေ့ ပိုကီမွန်ကြောင့် သေတဲ့ သူတော့ ပေါ်လာမှာ’’ဟု ကိုပြည့်ဖြိုးနိုင်က ဆိုသည်။

ထို့အပြင် ဂိမ်းကစားသူ၏ တည်နေရာ (တစ်နည်းအားဖြင့်) GPS ကို အချိန်ပြည့်ဖွင့်ထားရခြင်း ကြောင့် အသုံးပြုသူ၏ အချို့ သော ကိုယ်ရေးအချက်အလက် များ လုံခြုံမှုမရှိနိုင်ကြောင်း နည်း ပညာနှင့် အကျွမ်းတ၀င်ရှိသူတစ် ဦးက သုံးသပ်သည်။

နိုင်ငံတကာသတင်းစာမျက် နှာများတွင်လည်း ပိုကီမွန်ဂိမ်းထုတ်လုပ်သူ၏ ကိုယ်ရေးမှတ် တမ်းများနှင့် ယင်းဂိမ်းအသုံးပြုသူ များ၏ သတင်းအချက်အလက် လုံခြုံမှုဆိုင်ရာများအတွက် မေးခွန်းထုတ်ရေးသားနေကြသည်။ သို့သော် ယင်းကဲ့သို့ ရေးသားဖော်ပြချက်များတွင် ပိုကီမွန်ဂိမ်းမှတစ်ဆင့် ပေါက်ကြားမှုကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ လေ့လာစောင့်ကြည့်နေရသည့်အဆင့်တွင်သာ ရှိသည်။

နည်းပညာ၏ ကောင်းကျိုးနှင့် ဆိုးကျိုးက အလွှာပါးပါးလေး သာခြား၏။ အသုံးပြုသူက နှစ်ခုထဲမှ တစ်ခုကိုရွေးချယ်နိုင်သည်။ ပိုကီမွန်ဂိမ်းအား စွဲလမ်းသူက လမ်းမထက်တွင် ဆက်လက်ဆော့ ကစားနေမည်သာဖြစ်သည်။

လက်ရှိ ပိုကီမွန်ဂိုဂိမ်းဆော့ ကစားသူ ကိုမင်းဆက်ပိုင်က အောက်ပါအတိုင်း အကြံပြုပြော ဆိုသည်။

‘‘မြန်မာနိုင်ငံမှာ ပလက်ဖောင်းတွေကလည်း မကောင်း၊ယာဉ်မောင်းရော၊ လမ်းလျှောက် တဲ့လူပါ စည်းကမ်းမရှိတာမို့ လမ်းပေါ်ထွက်ဆော့တဲ့အခါ နည်းနည်းတော့ ဆင်ခြင်စေချင်ပါတယ်။ ကျွန်တော်ကတော့ phone screenကို အမြဲဖွင့်ထားပြီး vibrate ဖွင့်ထားတယ်။ လမ်းလျှောက်နေရင်းပိုကီမွန်တွေ့ရင်တောင် လမ်း ဘေးစိတ်ချရတဲ့နေရာကို ဆင်းပြီး မှ ဖမ်းပါတယ်’’

မြန်မာနိုင်ငံတွင် ရက်ပိုင်း အတွင်း လူတွေ ပိုကီမွန်ဂိမ်းနှင့် လမ်းမများပေါ်ရောက်လာကြ သော်လည်း အခြားနိုင်ငံများမှာလိုတော့ မတော်တဆဖြစ်ပွားမှု များ၊ လုယက်မှုများ၊ သေဆုံးမှု များမရှိသေးပေ။

သို့သော် ပိုကီမွန်ကြောင့် ဖြစ်ပွားရမည့် မတော်တဆမှုများ တွင်တော့ မည်သူမျှ ပါဝင်လိုမည် မဟုတ်ချေ။

ပျော်စရာဂိမ်းတစ်ခုက တစ်ဖက်တွင်လည်း အန္တရာယ်ရှိနေသည်ကိုတော့ သတိပြုရန်လိုပါ သည်။

ထက်အာကာကျော်
http://www.7daydaily.com/story/72597



တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံကို သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။ လေးရက်ကြာမြင့်မယ့်ဒီခရီးစဉ်ကို တရုတ်အစိုးရက နိုင်ငံတော် အကြီးအကဲအဖြစ် ခမ်းခမ်းနားနားကြိုဆိုမယ်လို့ ဂလိုဘယ်တိုင်းမ်သတင်းက ရေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလမှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မှာမို့ တရုတ်နိုင်ငံရဲ့ သံတမန်ရေးအောင်ပွဲငယ်တခုအဖြစ် သုံးသပ်ရေးသားဖော်ပြပါတယ်။ ဒီခရီးစဉ်ဟာ ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ သီတင်း ၂ ပတ်အလိုမှာဖြစ်ပါတယ်။

မနေ့ကလည်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။
နှစ်နိုင်ငံအစိုးရက ဘာတွေ ဆွေးနွေးကြမယ်ဆိုတာ တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေး ပါဘူး။
တရုတ်နိုင်ငံနဲ့စပ်လျဉ်းပြီး လူအများစိတ်ဝင်စားနေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ သမ္မတ ဦးထင်ကျော်က ဆက်လက်အကောင်အထည်ဖော်သင့်-မသင့် စိစစ်သုံးသပ်ရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံမှာ အခြေစိုက် နိုင်ငံရေးအကဲခတ် ဒေါက်တာလှကျော်ဇောကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။

တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အကြီး အကဲအဆင့်ခေါင်းဆောင်တဦး အဖြစ် ကြိုဆိုမယ်လို့ တရုတ်ဂလိုဘယ်တိုင်းမ်သတင်းမှာ တွေ့တယ်။ မြန်မာခေါင်းဆောင်ရဲ့ ခရီးစဉ်ကို တရုတ်ခေါင်းဆောင်တွေက ဘယ်လောက်အရေးထားလဲခင်ဗျ။
“တရုတ်နိုင်ငံက ဒီလိုဖြစ်တယ်လေ။ အခု ခင်ဗျားလည်းကြားမှာပဲ တရုတ်ပြည်မှာက သူက အိမ်နီးနားချင်းတွေနဲ့ ပြဿနာတွေ တော်တော်များများတက်နေတယ်။ အေစီယံနိုင်ငံတွေနဲ့၊ ဥပမာ ဖိလစ်ပိုင်နဲ့ တောင်တရုတ်ပင်လယ်ကိစ္စပဲဖြစ်ဖြစ်၊ တောင်ကိုရီယားမှာ THAAD ဆိုတဲ့ ဒုံးပျံကာကွယ်ရေးစနစ်တတ်ဆင်ကိစ္စပဲဖြစ်ဖြစ် သူ့မှာ တော်တော်ပြဿနာတွေတက်နေတယ်။ အဲဒီတော့ သူက ကျန်တဲ့အိမ်နီးနားချင်းနိုင်ငံတွေကို အများကြီး ဘယ်လိုခေါ်မလဲ ဟန့်ပြီးတော့ပေါ့ ဆက်ဆံလိုပါတယ်။ အဲဒီတော့ ဗမာပြည်ကလည်း သူ့အတွက် အင်မတန်ကို အရေးကြီးတဲ့ နိုင်ငံတနိုင်ငံပဲလေ။ သူနဲ့က နယ်စပ်မျဉ်းတလျှောက်နည်းတာမဟုတ်ဘူး ဆက်စပ် နေတာ။ နောက်တခုကလည်း ဗမာနိုင်ငံက တရုတ်ပြည်ရဲ့ ရှေ့ သေနင်္ဂဗျူဟာခြေလှမ်းတွေဖြစ်တဲ့ ပိုးလမ်းမကြီးဖောက်တာတို့ဘာတို့ အားလုံးက ဗမာပြည်ကိုဖြတ်မှာဖြစ်တော့ ဗမာပြည်ဟာ ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အဲဒီဟာတွေအားလုံးရဲ့ အခြေခံပေါ်မှာ ဗမာပြည်ကို တော်တော်အရေးထားပြီး ဆက်ဆံတာဖြစ်တယ်။”
“နှစ်အချက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သူတို့က၊ တရုတ်မှာ သံခင်းတမန်ခင်းလုပ်နည်းတခုရှိတယ်ဗျ ကျမ သတိထားမိတာ။ သူက မိရိုးဖလာအစဉ်အဆက် ရင်းနှီးခဲ့တဲ့ လူတွေရဲ့ သားတွေ၊ သမီးတွေဆို သူတို့ တော်တော်ဂရုစိုက်တယ်။ ဥပမာ ရာဂျစ်ဂန္ဓီ သားသမီးတွေတို့၊ သီဟိုက မစ္စစ်ဘန္ဒရာနာရကေးတို့ မိသားစုတို့ အဲဒါမျိုးတွေကို သူတို့ တော်တော်ဂရုစိုက်တယ်။ ကျမသိသလောက်လည်း ၀န်ကြီးချုပ်ချူအင်လိုင်းခေတ်က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်အမေ သံအမတ်ဖြစ်စဉ်က သူတို့ အင်မတန်ရင်းနှီးတဲ့ ဆက်ဆံမှုတွေရှိခဲ့တယ်လို့ ကြားတယ်။ အဲဒီဟာတွေရဲ့ အဆက်အစပ်လည်း ပါပုံရတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို တလေးတစား ကောင်းကောင်းမွန်မွန် ဆက်ဆံကြိုဆိုတာ တွေ့ရတယ်။”

မြစ်ဆုံရေကာတာနဲ့ ပတ်သက်လို့လည်း မြန်မာပြည်မှာ တအုံနွေးနွေးဖြစ်နေတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာတွေဖြစ်နိုင်တယ်လို့ထင်လဲ။
“ဒီိလိုရှိတယ် အဲဒီမြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီကို ဗီယန်ကျင်းမှာတုန်းက ဗမာနိုင်ငံက သတင်းထောက်လေးတယောက်မေးတာကြားတယ်။ မြစ်ဆုံကိစ္စဆွေးနွေးသလား ဆိုတော့ ၀မ်ရီကတော့ ဒီလိုပြောတယ်။ ‘ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အခါမှာ ဗမာပြည်နဲ့ ကုန်သွယ်ရေးအခြေအနေအရပ်ရပ်ကိုသာ ယေဘုယျဆွေးနွေးဖူးတယ်’ တဲ့။ ‘စီမံကိန်းတခုချင်းတခုချင်း အသေးစိတ် မဆွေးနွေးဖူးပါဘူး’ တဲ့ ‘နောင်ကျမှ၊ ဖြေးဖြေးကျမှ ဒါတွေဟာ ဆွေးနွေးမှာပါ’လို့ ပြောတယ်။ အဲဒီတော့ မြစ်ဆုံကိစ္စကိစ္စနဲ့ပတ်သက်လို့ ပြည်သူလူထုရဲ့ ခံစားချက်ကိုလည်း တရုတ်က နားလည်ပုံရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ဒီလိုကိစ္စမျိုး ဒီတစ်ခုတည်းကြုံတာမဟုတ်ဘူး။ နိုင်ငံအများမှာလည်း ကြုံတတ်တာတွေ ရှိတယ်။ နောက် သူ့နိုင်ငံမှာလည်း ကြုံဖူးတာတွေရှိတယ်။ သူက လုပ်လေ့လုပ်ထရှိတာကတော့ ဒီလို၊ အဲလို လူထုရဲ့ခံစားမှုတွေကြီးနေရင် သူတို့က နည်းနည်း နောက်ပြန်ဆုတ်တယ်။ ဆုတ်ပြီးတော့ လူထုက ဘာကိုပူပင်တာလဲ၊ ဘာကို မကြိုက်တာလဲဆိုတာကို ရအောင်ရှာပြီးတော့ အဲဒီဟာတွေကို ပြုပြင်ပြောင်းလဲပြီးတော့ လုပ်နိုင်လည်း လုပ်မယ်၊ မလုပ်နိုင်လည်း အပြီးအပြတ်ဆုတ်သွားတာတွေ ရှိတတ်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း ရှိတာ တွေ့ရပါတယ်။”

နယ်နိမိတ်ရှည်လျားလှတဲ့ မြန်မာ-တရုတ်နယ်စပ်တကြောမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း အများအပြားရှိကြတယ်။ တရုတ်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘာတွေပြောနိုင်၊ ဆွေးနွေးနိုင်လဲ။
“ကျမ ၂၀၁၅ ခုနှစ်လေ၊ ကိုးကန့်အရေးအခင်းဖြစ်စဉ်ကတည်းက တရုတ်ပြည်မှာ ဗမာပြည် အရေးနဲ့ပတ်သက်လို့ သူတို့ အပြန်အလှန်ဆွေးနွေးပွဲတွေရှိတယ်ဗျ။ အဲဒီမှာကတည်းက သူတို့ ပြောနေတာက ဗမာပြည်ရဲ့ပြည်တွင်းစစ်၊ နှစ်ပေါင်း ၆၀ ကြာတဲ့ပြည်တွင်းစစ် ရပ်မှဖြစ်မယ်လို့ သူက ပြောတယ်။ မရပ်ဘဲနဲ့ တကယ်လို့ ဗမာပြည်ရဲ့ပြည်တွင်းစစ်ကြီးရေရှည်နေမယ်ဆိုရင် ဗမာပြည်ကြီးဟာ ကျဆုံးနိုင်ငံကြီးဖြစ်သွားနိုင်တယ်တဲ့။ သူတစ်နိုင်ငံတည်းကျဆုံးမှာမဟုတ်ဘူး၊ ဘေးပတ်ဝန်းကျင်နိုင်ငံတွေပါ ဆွဲချသွားနိုင်တယ်တဲ့။ ဒါကြောင့်မို့လို့ ဗမာပြည်ရဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် နိုင်ငံတကာက၊ ဥပမာ ကုလသမဂ္ဂလိုမျိုးက၊ ဥပမာ အာဆီယံလို အဖွဲ့အစည်းမျိုးက ၀ိုင်းဝန်းကူညီပြီးတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ရေးထားဖူးတာရှိတယ်။ အဲဒီတော့ တရုတ်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တော်တော်တက်တက်ကြွကြွ ပါဝင်မယ်လို့ ကျမထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က တရုတ်သမ္မတနဲ့လည်းတွေ့မယ်၊ တရုတ်ဝန်ကြီးချုပ်နဲ့လည်း တွေ့မယ်ဆိုတော့ ဒီထိပ်တန်းခေါင်းဆောင်တွေနဲ့ အဓိက ဘာတွေ ဆွေးနွေးနိုင်မယ်လို့ တရုတ်မီဒီယာတွေက ပြောနေရေးနေကြလဲ။
“ကျမကြည့်တာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီတခေါက်မှ၊ ဒီတခေါက် သူအာဏာရမှ၊ နိုင်ငံတော်အတိုင်ပင်ခံဖြစ်မှ ဒီလိုထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့တာမဟုတ်ပါဘူး။ သူ အတိုက်အခံပါတီ ခေါင်းဆောင်တယောက်အနေနဲ့တုန်းကတောင်မှ တကယ့်ထိပ်တန်း ခေါင်းဆောင်တွေ တွေ့တာပါ။ အဲဒါကြောင့်မို့လို့ အခုဒီတခေါက်တွေ့တာဟာ သူ့ရဲ့အစိုးရကို ထောက်ခံတဲ့သဘောမျိုးပေါ့။ မြန်မာပြည်ရဲ့ ဒီမိုကရေစီဖြစ်စဉ်ကို ထောက်ခံတဲ့ အနေအထား ပြသတာပါ။ ဗမာပြည်ကြီး ပိုမိုဖွံ့ဖြိုးလာဖို့၊ တိုးတက်လာဖို့ သူတို့တတ်နိုင်သမျှ ကူမယ်ဆိုပြီးတော့ လုပ်တဲ့သဘောပါပဲ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရတာနဲ့ ဂျပန်က ဒေါ်အောင်ဆန်းစုကြည်ကို သူ့နိုင်ငံကို ပထမဆုံးလာလည်ဖို့ ဖိတ်တယ်။ ဒေါ်စု မသွားဖြစ်ခဲ့ဘူးပေါ့။ အခု တရုတ်ပြည်၊ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယ ဆက်သွားဖို့ စီစဉ်ထားတာတွေ့ရတယ်။ အမေရိကန်ထက် တရုတ်ကို အရင်လာတဲ့အပေါ် ဘယ်လိုမြင်လဲ။
“ကျမကြည့်တာဒီလိုဗျ။ အခုဟာ ခင်ဗျားတို့လည်းသိမယ်။ အရှေ့တောင်၊ အာရှပစိဖိတ်ဒေသမှာ နိုင်ငံကြီးနှစ်နိုင်ငံရဲ့လွန်ဆွဲပွဲရှိတယ်။ အမေရိကန်နဲ့တရုတ်၊ အဲဒီနှစ်နိုင်ငံရဲ့လွန်ဆွဲပွဲကြားမှာ ကျမတို့က နိုင်ငံငယ်လေးဖြစ်တယ်။ အဲဒီတော့ အဲဒီကြားထဲမှာ နေတတ်ထိုင်တတ်မှဖြစ်မယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ကိုပဲဖြစ်ဖြစ်၊ အမေရိကန်ကိုပဲဖြစ်ဖြစ် အရင်မသွားတဲ့ အကြောင်းရင်းက အမေရိကန်နဲ့ရော၊ ဂျပန်နဲ့ရောက သူယုံကြည်တဲ့ လစ်ဘရယ်ဒီမိုကရေစီနဲ့ နီးစပ်ပြီးသားဖြစ်တယ်။ အဲဒီတော့ သူ့အနေနဲ့က ဒီနိုင်ငံတွေနဲ့ ဘာမှ သိပ်ခက်ခက်ခဲခဲ၊ ဆက်ဆံဖို့ ခက်ခဲစရာလမ်းမရှိဘူး။ ဒီတရုတ်ပြည်ကျတော့ သူ့ယုံကြည်ချက်နဲ့၊ သူယုံကြည်တဲ့ နိုင်ငံရေး လမ်းစဉ်နဲ့ တစုံတရာကွဲပြားတယ်။ အဲဒီတော့ အဲဒီလိုနိုင်ငံမျိုးနဲ့ ပိုပြီးတော့ ရင်းနှီးအောင်ဆက်ဆံဖို့ အရင်လုပ်သင့်တယ်လို့ သူက တွက်ပုံရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုသူ့ခြေလှမ်းတွေ ကြည့်ရတာ နိုင်ငံကြီးတွေအကြားမှာ သူ လိမ်လိမ်မာမာ ကစားပြီးတော့ ဗမာပြည်အတွက် အကျိုးရှိမယ့်အရာတွေကို သူရှာကြံပြီး ရှာဖွေလိမ့်မယ်လို့ ထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်မှာ နိုင်ငံအကျိုးအတွက် ဘာတွေဆောင်ရွက်သင့်တယ်လို့ အန်တီမှတ်ချက်စကားပြောပေးပါခင်ဗျ။
“ဒီလိုရှိတယ်၊ တရုတ်ပြည်နဲ့ အရင်တုန်းက ဆက်ဆံနေတဲ့အခါမှာ ကျမအကြိမ်ကြိမ်လည်း ပြောခဲ့ဖူးတယ်။ သက်ဆိုင်ရာအစိုးရက ပြည်သူလူထုအကျိုးစီးပွားကို ဘယ်လောက် ကိုယ်စားပြုလဲဆိုတာမှာ မူတည်တယ်။ တရုတ်ကလည်း ခင်ဗျား သူက သူအစကတည်းက ပြောဖူးတယ်။ သူတို့ ဆိတ် မဟုတ်ဘူးတဲ့။ အပြန်အလှန်အကျိုးရှိဖို့ပဲ သူက စဉ်းစားတာ၊ သူ အနစ်နာခံမယ်လို့ သူမစဉ်းစားဘူး။ ထို့အတူပဲ ဗမာပြည်ဘက်က စဉ်းစားရင်လည်း ကိုယ့်ပြည်သူလူထု ဘယ်လောက်အကျိုးရှိမလဲဆိုတာ စဉ်းစားဖို့လိုတယ်။ အဲဒီတော့ ခေတ် အဆက်ဆက်က၊ န၀တ၊ နအဖ ခေတ်အဆက်ဆက်က ဗိုလ်ချုပ်ကြီးများ ရသမျှကိုယ့်အိတ်ထဲထည့်ဖို့ပဲ သူတို့က စဉ်းစားခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့ ပြည်သူတွေ ဘယ်လောက်နာနာဆိုပြီး သူတို့ လုပ်ခဲ့ကြတာ။ ဒါပေမယ့် ဒေါ်စု ကျတော့ ပြည်သူလူထုက ရွေးကောက်ပြီးတင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူလူထုအတွက် ပိုမိုအကျိုးရှိတဲ့ ရရှိချက်တွေ ရနိုင်တယ်လို့တော့ ကျမက ထင်ပါတယ်။”

By အေးနိုင်
DVB TV News



စစ်တွင်းကာလက ဇိမ်မယ်တွေအဖြစ် ပြုခံရသူတွေကို ထောက်ပံ့ကူညီဖို့ ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းမှာ ဂျပန်နိုင်ငံက ရန်ပုံငွေထည့်ဝင်ဖို့ ဂျပန်-ကိုရီးယားနှစ်နိုင်ငံအကြား အခြေခံသဘောတူညီချက်ရသွားပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအိုကီရှီဒါနဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ယန်ဗျန်စဲတို့ ဒီကနေ့ တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးသဘောတူခဲ့တာလို့ ဂျပန်အန်အိပ်ခ်ျကေသတင်းက ဆိုပါတယ်။

တောင်ကိုရီးယားက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ထူထောင်ခဲ့တဲ့ ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ ၀န်ကြီးနှစ်ဦးက အသေးစိတ်ဆွေးနွေးခဲ့ကြပြီးနောက် ဂျပန်နိုင်ငံက ဖောင်ဒေးရှင်းအတွက် ဂျပန်ယန်းငွေ တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဒေါ်လာ) ထည့်ဝင်မှာဖြစ်ပါတယ်။

အခြေခံသဘောတူညီချက်အရ ဂျပန်ရဲ့ထောက်ပံ့မှုဟာ အဖွားအိုတွေရဲ့ ဆေးဘက်ဆိုင်ရာကိစ္စနဲ့ ပြုစုစောင့်ရှောက်တဲ့နေရာမှာ သုံးစွဲဖို့ဖြစ်ပြီး ရန်ပုံငွေထည့်ဝင်မှုကို စတင်တော့မယ်လို့ ကီရှိဒါက သတင်းထောက်တွေကို ပြောပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံအကြား ဒီအမျိုးသမီးတွေကိစ္စနဲ့ပတ်သက်လို့ ဖောင်ဒေးရှင်းတရပ် ထူထာင်ကူညီကြဖို့ မနှစ်ဒီဇင်ဘာလမှာ သမိုင်းဝင်သဘောတူညီချက်ရရှိခဲ့တာ ဖြစ်ပါတယ်။
DVB TV News

ကမ္ဘာ့ဘောလုံးပရိသတ်တွေအများစုံးစိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ဘောလုံးရာသီကတော့ မနက်ဖြန်စနေနေ့မှာ စတင်တော့မှာပါ။ ပြီးခဲ့တဲ့ရာသီမှာ မထင်မှတ်တဲ့အသင်းငယ် လက်စတာ စီးတီး က အသင်းလိုက်စည်း လုံးညီညွတ်မှု၊ အကောင်းဆုံးခြေစွမ်းနဲ့ ကမ္ဘာ့ဘောလုံး ပရိသတ်တွေ အံ့အားသင့် လောက်အောင်ကို ပရီးမီးယားလိဂ်အမှတ်ပေး ချန်ပီယံဆုကို ရမှတ် (၁၀)မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီနှစ်ရာသီမှာတော့ ပရီးမီးယားလိဂ်က လက်စတာစီးတီးရဲ့ ချန်ပီယံဘွဲ့ကို ပြန်လည်ရယူဖို့ အသင်းကြီးတွေအားလုံးပြင်ဆင်မှုတွေပြုလုပ်ခဲ့ကြ ပါတယ်။ မန်ချက်စတာစီးတီးက နည်းပြ ပယ်လက်ဂရီနီကို စာချုပ်သက်တမ်းမတိုး တော့ဘဲ ဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်ရဲ့ စပိန်နာမည်ကျော်နည်းပြ ပတ်ဂွါဒီယိုလာ နဲ့ အစားထိုးခဲ့ပါတယ်။ တစ်ခါ မန်ချက်စတာယူနိုက်တက် ကလည်း အက်ဖ်အေကပ် ချန်ပီယံဖြစ်ခဲ့တဲ့ လူဝစ်ဗန်ဟားစ်ကို ထုတ်ပြီး ချယ်လ်ဆီးနည်းပြဟောင်း ဂျိုဇေမော်ရင်ညိုကို ခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဆိုးရွားခဲ့တဲ့ ချယ်လ်ဆီးက တော့ ယူရို ၂၀၁၆မှာ အီတလီနဲ့ အတူပရိသတ်ကြိုက်ခဲ့တဲ့ ကွန်တေကို ခေါ်ယူခဲ့သလို အဲဗာတန်၊ ဆောက်သမ် တန်၊ ဆန်းဒါးလန်း၊ ဟားလ်စီးတီးတို့ကလည်း နည်းပြသစ် တွေနဲ့ဖြစ်ပြီး ပရီးမီးယားလိဂ်က အရင်နှစ်တွေထက်ကိုပိုပြီး စိတ်ဝင်စားစရာပါ။
ပတ်ဂွါဒီယိုလာ၊ ကွန်တေတို့လိုနည်းပြတွေ၊ နောက် ဂျိုဇေမော်ရင်ညို၊ ယာဂန် ကလော့ပ်၊ အာစင်ဝင်းဂါ၊ ပိုချက်တီနိုလို ပရီးမီးယား လိဂ်နည်းပြတွေကြောင့် နာမည် ကျော်ကစားသမားတွေဟာလည်း ပရီးမီးယားလိဂ်မှာ ကစားဖို့ ပိုပြီး ရွေးချယ်လာကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ကစားသမားဟောင်း ပေါ့ပ်ဘာကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀လောက်ထိပြန်လည်အသုံးပြုပြီး ခေါ်ယူထားသလို မန်ချက်စတာစီးတီးက လီရိုရီ ဆာနေ၊ အာဆင်နယ်က ဂရားနစ်ဂျက်ကာ၊ တော့တင်ဟမ်က ယန်ဆင်၊ ချယ်လ်ဆီးက မစ်ချီဘတ်ရှရွိုင်း၊ ချန်ပီယံ လက်စတာစီး တီးက မူဆာ စတဲ့ကစားသမားတွေကို ဥရောပလိဂ်တွေ အသီးသီးကနေခေါ်ယူထား ပါတယ်။ ဒီနှစ်ပရီးမီးယားလိဂ်မှာ ဘောလုံးဥပဒေ အသစ်တွေကို စတင်အသုံးပြုဖြစ် သလို စံချိန်တင်ရုံသံဝင်ငွေကြောင့် ပရီးမီးယားလိဂ်ကလပ်တွေအားလုံးက အနည်း ဆုံးပေါင် ၁၀၀သန်းအထိ ရရှိမှာဖြစ်ပါတယ်။

“ထိပ်တန်းကလပ်တွေရဲ့ ကစားသမားဝယ်ယူထားမှု”

“မန်ချက်စတာယူနိုက်တက်”
၁) ပေါ့ပ်ဘာ -( ပေါင် ၈၉ မှ သန်း၁၀၀ အထိ) ဂျူဗင်တပ်စ်မှ
၂) အဲရစ်ဘေယီ - ( ပေါင်သန်း ၃၀) ဗီလာရီးယဲယ်မှ
၃) မစ်ခါတာယန် - ( ပေါင်သန်း ၂၇) ဒေါ့မန်မှ
၎) အီဘရာဟီမိုဗစ် - ( အလွတ် ) PSG

(ဗစ်တာဗဲလ်ဒတ်အပါအ၀င် လူငယ်ကစားသမားပေါင် ၈ယောက်လည်း အသင်းက နေထွက်ခွာသွားခဲ့ပါတယ်။)

“မန်ချက်စတာစီးတီး”

၁) ဂျွန်စတုန်းစ် - ( ပေါင် ၄၇.၅သန်း) အဲဗာတန်မှ
၂) လီရိုရီ ဆာနေ - ( ပေါင် ၃၈သန်း) ရှောလ်ကာမှ
၃) ဂါဘရီယယ် ဂျေဆု - ( ပေါင် ၂၈သန်း) ပါးမီးယက်စ်မှ
(ဇန်န၀ါရီအပြောင်းအရွှေ့မှ ရောက်ရှိမှာဖြစ်ပါတယ်။)
၎) ဂန်ဒိုဂန် - ( ပေါင် ၂၂သန်း) ဒေါ့မန်
၅) နိုလီတို - ( ပေါင် ၁၃သန်း) ဆယ်တာဗီဂိုမှ
၆) မိုရီနို - ( ပေါင် ၄.၆သန်း) နေစီယိုနယ်မှ
၇) ဂရိုနီမိုရူလီ - ( ပေါင် ၄သန်း) မယ်ဒိုနာဒိုမှ
၈) ဇန်ချန်ကို - ( ပေါင် ၁.၇သန်း) ယူဖာ

( အက်ဒင်ဂျက်ကို ကိုရိုးမားကိုပေါင် ၉သန်း၊၀ါရင့်နောက်ခံလူ ဒီမစ်ချယ်လစ်နဲ့ကို ထွက်ခွာခွင့်ပေးပြီး အသစ်ခေါ်ထားတဲ့ မိုရီနိုနဲ့ ဂရိုနီမိုရူလီတို့ကို အငှားပြန်ချခဲ့)

“လီဗာပူးလ်”

၁) မာနေ - ( ပေါင် ၃၅သန်း) ဆောက်သမ်တန်မှ
၂) ၀ိုင်နယ်လ်ဒန် - ( ပေါင် ၁၈သန်း) နယူးကာဆယ်မှ
၃) လိုရစ် ကာရီယက်စ် - ( ပေါင် ၅.၂သန်း) မိန့်ဇ်မှ
၎) ကလာဗန် - ( ပေါင် ၄.၂၅သန်း) အော့စ်ဘတ်မှ
၅) မန်နင်ဂါ - ( အလွတ်) အော့စ်ဘတ်မှ
၆) ဂျိုးလ်မာတစ်( အလွတ်) ရှောလ်ကာမှ

(၀ါရင့်ကွင်းလယ်လူ ဂျိုးလ်အလန် အပါအ၀င်၊ ဂျော်ဒန်အိုင်း၊ စကာတယ်လ်၊ တိုရေး၊ ဖလာနန်ဂမ် ဘော့ဒန် တက်ရှယ်ရားစတဲ့ကစား သမားတွေထွက် ခွာသွားခဲ့)

“ချယ်လ်ဆီး”

၁) မစ်ချီဘတ်ရှရွိုင်း - ( ပေါင် ၃၃.၅သန်း) မာဆေးလ်မှ
၂) ကန်တေ - ( ပေါင် ၃၀.၄သန်း) လက်စတာစီးတီးမှ

( မိုဟာမက်ဆာလက်၊ ဘာဘာ၊ အာကီ၊ အယ်မီလီယာ အပါအ၀င် ကစားသမားပေါင်း ၁၀ယောက်ထွက်ခွာသွားခဲ့)

“အာဆင်နယ်”

၁) ဂရားနစ်ဂျက်ကာ - ( ပေါင် ၃၅သန်း) မိုချန်ဂလာဘတ်မှ
၂) အဆာနို - ( ပေါင် ၃.၄သန်း) ဟီရိုရှီးမားမှ
၃) ဟိုးဒင်း ( ပေါင် ၂.၅သန်း) ဘော်လ်တန်မှ

( ဖလာမီန၊ အာတက်တာ၊ ရိုဆစ်စကီး၊ ၀ယ်လင်တန်ဆေးလ်ဗားတို့ အသင်းက ထွက်ခွာခဲ့)

“တော့တင်ဟမ်”

၁) ယန်ဆင် - ( ပေါင် ၁၈.၇သန်း) AZ အယ်ခမာမှ
၂) ဗစ်တာဝန်ယာမာ ( ပေါင် ၁၂သန်း) ဆောက်သမ်တန်မှ

( ဖာဇီယိုနဲ့ ပစ်ချက်တို့နှစ်ဦး အသင်းမှထွက်ခွာခဲ့)

“လက်စတာစီးတီး”

၁) မူဆာ ( ပေါင် ၁၈သန်း) CSKA မော်စကိုမှ
၂) မန်ဒီ ( ပေါင် ၁၃.၁သန်း) ONG နိ့စ်မှ
၃) ကာပူရှာ ( ပေါင် ၇.၆သန်း) ကာရာပိုဗီယာ ကရာကောမှ
၎) ရော်ဘတ်ဇီဂါ ( ပေါင် ၂.၉သန်း) ဟန်နိုဗာမှ
၅) လူးဝစ်ဟာနန်ဒက်ဇ် ( အလွတ်) စပို့တင်ဂီယွန်မှ

( ကန်တေနဲ့ ကရာမာဆစ်တို့နှစ်ဦးကို ပေါင် ၃၉သန်းကျော်နဲ့ ရောင်းချပြီး ကစားသမား ၆ယောက်ကိုလည်း ထွက်ခွာခွင့်ပေးခဲ့)

“အခြားပရီးမီးယားလိဂ်ကလပ်တွေရဲ့ ခေါ်ယူမှုများ”

၁) ဆောက်သမ်တန်က မာနေ၊ ပယ်လီ၊ ၀န်ယာမာ၊ ဟွမ်မီတို့ကို ပေါင်သန်း ၆၅ သန်းနဲ့ရောင်းချပြီး ကစားသမား ၄ယောက်ကို ပေါင် ၂၄သန်းကျော်နဲ့ ပြန်လည်အား ဖြည့်ထားပါတယ်။
၂) ၀က်စ်ဟမ်းက အလယ်လတ်အသင်းတွေထဲမှာအများဆုံးသုံးထားတဲ့အသင်းဖြစ် ပြီး အန်ဒူအေယူ ( ပေါင်၂၂သန်း) လန်ဇီနီ ( ပေါင်၁၀.၂သန်း အပြီးသတ်ဝယ်)၊ မာဆူကာ ( ပေါင် ၆သန်း) ကလယ်ရီ၊ တိုရီတို့အပါအ၀င် ၈ယောက်အထိအားဖြည့် ထားပါတယ်။
၃) စတုတ်စီးတီးက လီဗာပူးလ်က ဂျိုးလ်အလန်ကို ပေါင် ၁၃သန်းအပါအ၀င် ကစာသမား ၄ဦးကို ပေါင် ၁၇သန်းခန့်နဲ့အားဖြည့်ထားပါတယ်။
၎) အဲဗာတန်က ဂျွန်စတုန်းစ်ကိုရောင်းချရငွေနဲ့ အက်ရှ်လေ၀ီလျံကို ပေါင် ၁၂သန်း အပါအ၀င် ကစားသမား ၄ဦးနဲ့ နည်းပြသစ်အဖြစ် ဆောက်သမ်တန်နည်းပြဟောင်း ရော်နယ်လ်ကိုးလ်မန်းက တာဝန်ယူမှာဖြစ်ပါတယ်။
၅) ဆွမ်ဆီးက အက်သလက်တီကိုတိုက်စစ်မှူး ဘော်ဂျာဘတ်စတန်ကို ပေါင် ၁၅သန်း၊ ဆီဗီးလားက လော်ရန်တေးကို ပေါင် ၅သန်းအပါအ၀င် ကစားသမား ၅ ယောက်ကို ပြန်လည်ခေါ်ယူထားပါတယ်။
၆) ၀က်ဖို့ဒ်ကလည်း ဂရာနာဒါတောင်ပံကစားသမားအပါအ၀င် ကစားသမား ၄ယောက်အတွက် ပေါင် ၂၁သန်းကျော်သုံးထားပါတယ်။
၇) ခရစ္စတယ်ပဲလေ့စ်က တောင်ဆန်ကို နယူးကာဆယ်ကနေ ပေါင် ၁၃သန်း၊ ၀က်စ်ဟမ်းနောက်ခံလူ တွမ်ကင်ကို ပေါင် ၁၀သန်းနဲ့ ၀ါရင့်ပြင်သစ်ဂိုးသမား မန် ဒန်ဒါကိုလည်းခေါ်ယူအားဖြည့်ထားပါတယ်။
၈) ဘွန်းမောက်ကလည်း ဂျော်ဒန်အိုင်းတစ်ဦးတည်းကို ကလပ်စံချိန်တင် ၁၅သန်း အထိပေးထားပြီး ကစာသမား ၅ယောက်အတွက် ပေါင် သန်း ၃၀နီးပါသုံးထားပါ တယ်။
၉) ဆန်းဒါးလန်က နည်းပြ မွိုက်စ်ကို ခန့်အပ်ထားသလို မန်ချက်စတာယူနိုက်တက် ကစားသမားတွေနဲ့ ကစား ၅ယောက်ကို ပေါင် ၁၃သန်းကျော်သုံးထားပါတယ်။
၁၀) မစ်ဒယ်ဘရော့က နီဂရယ်ဒို၊ ဗဲလ်ဒတ်စ်တို့လို့ ၀ါရင့်ကစားသမားတွေအပြင် ကစားသမား ၈ယောက်ကို ပေါင် သန်း ၂၀သုံးထားပါတယ်။
၁၁) ၀က်စ်ဘရွန်း၊ ဘန်လေတို့က ကစားသမား ၁ယောက်စီသာခေါ်ထားပြီး ဟားလ်စီးတီးက နည်းပြ စတိဗ်ဘရုဇ်ကိုဆုံးရှုံးလိုက်ရသလို ကစားသမား အသစ် ကိုလည်းခေါ်ယူထားခြင်းမရှိသေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ် အသင်း ဖြစ်ပါတယ်။

“၀င်ငွေအကောင်းဆုံးကစားသမား”

လက်ရှိပရီးမီးယားလိဂ်ရဲ့ဝင်ငွေအကောင်းဆုံး( လစာအမြင့်ဆုံး)ကစားသမားက မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားတွေဖြစ်တဲ့ ပေါ့ပ်ဘာနဲ့ အီဘရာဟီမိုဗစ် တို့ဖြစ်ပါတယ်။ ပေါ့ပ်ဘာက တစ်ပတ်လုပ်ခ ပေါင် ၂သိန်း ၉သောင်းအထိရရှိပြီး အီဘရာဟီမိုဗစ်က ၂သိန်း ၇သောင်းနီးနီးရရှိပါတယ်။ ကမ္ဘာ့မှာ လက်ရှိလစားအများ ဆုံးရတဲ့ကစားသမားတွေကတော့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဖြစ်ပြီး တစ်နှစ်ကိုယူရို ၂၁သန်းအထိရရှိကြပါတယ်။ ပေါ့ပ်ဘာကတော့ ယူရို ၁၇သန်းနဲ့ အဆင့် ၅နေရာ အတွင်းမှာပါဝင်ပါတယ်။

“ပရီးမီးယားလိဂ်ကလစာအမြင့်ဆုံးဘောလုံးသမားများ”

၁) ပေါ့ပ်ဘာ (မန်ချက်စတာယူနိုက်တက်) - (တစ်ပတ် ၂သိန်း ၉သောင်း)
၂) အီဘရာဟီမိုဗစ် ( မန်ချက်စတာယူနိုက်တက်) - ( တစ်ပတ် ၂သိန်း ၇သောင်း)
၃) ရူနီ ( မန်ချက်စတာယူနိုက်တက်) - ( တစ်ပတ် ၂သိန်း ၆သောင်း)
၎) အဂွဲရိုး (မန်ချက်စတာစီးတီး) - ( တစ်ပတ် ၂သိန်း ၄သောင်း)
၎) ယာယာတိုရေး ( မန်ချက်စတာစီးတီး) - ( တစ်ပတ် ၂သိန်း ၄သောင်း)
၆) ဟာဇက် ( ချယ်လ်ဆီး) - (တစ်ပတ် ၂သိန်း ၂သောင်း)
၇) ဒါးဗစ်ဆေးလ်ဗား ( မန်ချက်စတာစီးတီး) - ( တစ်ပတ်၂သိန်း )
၈) စတာလင်း (မန်ချက်စတာစီးတီး) - (တစ်ပတ် ၁သိန်း ၉သောင်း)
၉) အိုဇေးလ် ( အာဆင်နယ်) - ( တစ်ပတ် ၁သိန်း ၈သောင်း)
၁၀) ဖာဘရီဂတ်စ် ( ချယ်လ်ဆီး) - ( တစ်ပတ် ၁သိန်း ၇သောင်း)
၁၀) ဒီဘရိုင်းနေ ( မန်ချက်စတာစီးတီး) - ( တစ်ပတ် ၁သိန်း ၇သောင်း)။

“နောက်ဆုံး ၁၁နှစ်အတွင်း ပရီးမီးယားလိဂ်သုံးစွဲငွေ”

၂၀၀၆-၀၇ = ပေါင် သန်း ၂၆၀
၂၀၀၇-၀၈ = ပေါင် သန်း ၄၇၀
၂၀၀၈-၀၉ = ပေါင် သန်း ၅၀၀
၂၀၀၉-၁၀ = ပေါင် သန်း ၄၅၀
၂၀၁၀-၁၁ = ပေါင် သန်း ၃၆၅
၂၀၁၁-၁၂ = ပေါင် သန်း ၄၈၅
၂၀၁၂-၁၃ = ပေါင် သန်း ၄၉၀
၂၀၁၃-၁၄ = ပေါင် သန်း ၆၀
၂၀၁၄-၁၅ = ပေါင် သန်း ၈၃၅
၂၀၁၅-၁၆ = ပေါင် သန်း ၈၇၀
၂၀၁၆-၁၇ = ပေါင် သန်း ၈၁၁သန်းကျော် သုံးစွဲထားဆဲဖြစ်ပြီး ၁ဘီလျံအထိသုံး စွဲမယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

“အပြောင်းအရွှေ့ဈေးကွက်အတွင်း အဈေးအကြီးဆုံးခေါ်ယူမှုများ”

၁) ပေါ့ပ်ဘာ - ( ပေါင်၈၉ သန်းမှ ၁၀၀အထိ) မန်ယူ
၂) ဟီဂွယ်ရင် - ( ပေါင် ၇၅.၆သန်း) ဂျူဗင်တပ်စ်
၃) ဟော့ခ် - ( ပေါင် ၄၇.၇သန်း) ရှန်ဟိုင်း
၎) စတုန်းစ် - ( ပေါင် ၄၇.၅သန်း) မန်ချက်စတာစီးတီး
၅) ဆာနေ -( ပေါင် ၃၈သန်း) မန်ချက်စတာစီးတီး

“စံချိန်တင်ရုပ်သံဝင်ငွေ”

သြဂုတ်လ ၁၃ရက်နေ့မှာစတင်တော့ အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ ဟာ သမိုင်းတစ်လျောက်စံချိန်တင်ရုပ်သံဝင်ငွေရရှိတော့မယ့် ရာသီဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ နာမည်ကြီးရုပ်သံ နှစ်ခုဖြစ်တဲ့ SKY နဲ့ BTတို့ဟာ ပရီးမီးယား လိဂ်ပွဲစဉ်တွေပြသခွင့်ကို ၂၀၁၆ခုနှစ်ကနေ ၂၀၁၉ နှစ်အထိ ၃နှစ်စာ ချုပ်ထပ်ချုပ်ဆိုနိုင်ခဲ့ပြီး အဲ့ဒီ ၃နှစ်အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ပေါင် ၅.၁၄ ဘီလျံကျော်ရှိပါတယ်။ အခုလိုစံချိန်တင်ရုပ်သံ စာချုပ်အရ ပရီးမီးယားလိဂ်က လပ်တွေဟာ ရာသီသစ်မှာ ပြည်တွင်းရုပ်သံကနေ ပေါင်သန်း၈၀စီအနဲ့ နိုင်ငံတကာ ကနေ ပေါင်သန်း ၂၀ကျော်ရရှိမှာဖြစ် စုစုပေါင်းဝင် ငွေဟာပေါင်းသန်း၁၀၀ကျော်အ နည်းဆုံရရှိမှာဖြစ်ပါတယ်။ ချန်ပီယံဖြစ်မယ့်အသင်း ကပေါင်သန်း ၂၀၀နီးပါးအထိရ ရှိနိုင်ပြီး အဆင့် ၂၀အသင်းမှာ အနည်းဆုံး သန်း ၁၀၀ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ရာသီ အတွင်း ချန်ပီယံ လက်စတာစီးတီးဟာ ဆုကြေးငွေနဲ့ ရုပ်သံဝင်ငွေပေါင်းကနေ ပေါင် ၉၃သန်းရရှိခဲ့ပြီး အာဆင်နယ်က သန်း ၁၀၀ကျော်ရရှိခဲ့ပါတယ်။ ၅.၁၄ဘီလျံစာချုပ်သစ်အရ ပရီးမီးယားလိဂ်ရဲ့ အနိမ့်ဆုံးပွဲစဉ် ၁ပွဲရဲ့တန်ဖိုးဟာ ပေါင် ၁၀.၁၉သန်းကျော်ရှိပြီး အသင်းကြီးတွေရဲ့ ထိပ် တိုက်ပွဲစဉ်တွေဟာ ၃ဆကျော်အထိရှိလာနိုင်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်၂၀ရတဲ့အသင်းဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးထိပ်ဆုံး ၃၀နေရာကိုဝင်လာနိုင်မှာဖြစ်ပါတယ်။ ခရစ်တယ်ပဲလေ့စ်အသင်းရဲ့ ပိုင်ရှင်တစ်ဦး ဖြစ်တဲ့ စတိဗ်ပါရပ်က သူတို့အသင်းရဲ့ ရုပ်သံကရမယ့်ဝင်ငွေဟာ စပိန်ချန်ပီယံ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲယ်ထက်ကိုပင် ပိုရနိုင်ဖွယ်ရှိပြီး အက်သ လက်တီကိုမက်ဒရစ် အသင်းပေးချေရတဲ့ ကစားသမားလစာထက်ပိုပြီးပေးချေရ မှာဖြစ်တယ်လို့ ပရီးမီးယားလိဂ်ရုပ်သံစာချုပ်သစ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ တာဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်များ”

*(စနေနေ့ ၁၃-၀၈-၂၀၁၆)
ဟားလ်စီးတီး - လက်စတာစီးတီး ( ညနေ ၆နာရီ)
ဘန်လေ - ဆွမ်ဆီး ( ည ၈နာရီခွဲ)
ခရစ္စတယ်ပဲလေ့စ် - ၀က်စ်ဘရွန်း ( ည ၈နာရီခွဲ)
အဲဗာတန် - တော့တင်ဟမ်ဟော့စပါး ( ည ၈နာရီခွဲ)
မစ်ဒယ်ဘရော့ - စတုတ်စီးတီး ( ည ၈နာရီခွဲ)
ဆောက်သမ်တန် - ၀က်ဖို့ဒ် ( ည ၈နာရီခွဲ)
မန်ချက်စတာစီးတီး - ဆန်းဒါးလန်း (ည ၁၁နာရီ)

*(တနင်္ဂနွေနေ့ ၁၄-၀၈-၂၀၁၆)
ဘွန်းမောက် - မန်ချက်စတာယူနိုက်တက် ( ည ၇နာရီ)
အာဆင်နယ် - လီဗာပူးလ် ( ည ၉နာရီခွဲ)

*(တင်္နလာနေ့ ၁၅-၀၈-၂၀၁၆)
ချယ်လ်ဆီး - ၀က်စ်ဟမ်း
မြန်မာစံတော်ချိန် အင်္ဂါနေ့ နံနက် ၁နာရီခွဲ)

သြဂုတ်လ ၁၃ရက်နေ့ စနေနေ့ ညနေပိုင်းမှာ စတင်တော့မယ့် ၂၀၁၆-၁၇ ရာသီသစ်မှာ ပရီးမီးယားလိဂ်ကို အားပေးကြတဲ့ မြန်မာ့ဘောလုံးပရိသတ်တွေ ကရော ကိုယ့်အားပေးတဲ့ အသင်းက ရာသီသစ်အတွက် ပြင်ဆင်မှုတွေ၊ ခေါ်ယူမှု တွေကိုအားရပါရဲ့လား…… ကစားသမားတွေခေါ်ယူမှုမှာ အားရတဲ့ အသင်းတွေရှိ ကြမှာဖြစ်သလို အားမရတဲ့ အသင်းတွေလည်းရှိကြမှာပါ။ ကိုယ့်အသင်းအတွက် ဘယ်လိုကစားသမားမျိုးတွေခေါ်ယူ သင့်တယ်လို့ထင်ပါသလဲ…. ဘီဘီစီမြန်မာပိုင်းရဲ့ Facebook စာမျက်နှာပေါ်မှာ ကိုယ့်ကြိုက်နှစ်သက်တဲ့ အသင်းက ကိုယ်ခေါ်ယူချင်၊ မြင်ချင်တဲ့ ကစားသမားတွေကို ရေးသားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်။
BBC Burmese


2016 Rio Olympics ဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမားများ။
2016 Rio Olympics ဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမားများ။

၂၀၁၆ ရီယိုအိုလံပစ်အားကစားပြိုင်ပွဲမှာတော့ အမေရိကန်ရေကူးအားကစားသမား Michael Phelps ဟာ မီတာ ၂၀၀ လေးမျိုးကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ရပြီး ၊ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂၂ ခုနဲ့ စံချိန်သစ်ထပ်တင်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရီယိုအိုလံပစ် အားကစားပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ အားကစားအဖွဲ့က ဂျူဒိုအားကစားသမား ကိုရန်နိုင်စိုး ဟာလည်း ပထမအဆင့်မှာ အနိုင်ရပြီး၊ ဒုတိယအဆင့်မှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံ က ရေကူး နဲ့ ပြေးခုန်ပစ်ပြိုင်ပွဲတွေ ဆက်ပြီးတော့ ပြိုင်ဖို့ရှိတယ်လို့ မြန်မာအိုလံပစ် အားကစားအဖွဲ့ ခေါင်းဆောင် က ပြောပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ရီယိုအိုလံပစ်ပြိုင်ပွဲကြာသာပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲတွေမှာတော့ အမေရိကန်က ရေကူးနဲ့ ကျွမ်းဘားပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေ ထပ်ရပြီး ပြိုင်ပွဲကို ရှေ့ကနေဆက်ပြီး ဦးဆောင်နေပါတယ်။ အမျိုးသားမီတာ ၂၀၀ လေးမျိုးကူးပြိုင်ပွဲမှာ အမေရိကန်က Michael Phelps က အနိုင်ရပြီး ၊ ရွှေတံဆိပ်ထပ်ရခဲ့ပါတယ်။ ဒါဟာ သူ့အတွက်တော့ ရီယိုအိုလံပစ်မှာ စတုတ္ထမြောက် ရွှေတံဆိပ်ဖြစ်သလို၊ ၂၂ ခုမြောက် အိုလံပစ်ရွှေတံဆိပ်ဖြစ်ပါတယ်။
Michael Phelps (USA)
Michael Phelps (USA)
အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်စံချိန် ထပ်တင်နိုင်ခဲ့တဲ့အပေါ်မှာ သူကအခုလို ပြောပါတယ်။
"နေ့တိုင်းပဲ ကျနော်ရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာနေပါတယ်။ ကလေးဘ၀ကတည်းကပဲ ကျနော်က ဘယ်သူမှမလုပ်နိုင်သေးတဲ့ ၊ ဘယ်သူမှမလုပ်ရသေးတဲ့ဟာမျိုးကျနော်လုပ်ချင်ပါတယ်။ အခုလိုမျိုးအနိုင်ရတာကို ကျနော်ပျော်ပါတယ်။"

Michael Phelps ဟာ ဒီကနေ့မှာတော့ အမျိုးသားမီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ ထပ်ပြိုင်ဖို့ရှိနေပြီးတော့၊ အမေရိကန် အမျိုးသမီးရေကူးအားကစားသမား Katie Ledecky ကတော့ မီတာ ၈၀၀ အလွတ်ကူးပြိုင်ပွဲမှာ ပြိုင်ဖို့ရှိပါတယ်။ မနေ့ကပြိုင်ပွဲမှာ ထူးထူးခြားခြားတခုကတော့ အမျိုးသမီးမီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲမှာ အမေရိကန်က Simone Manuel နဲ့ ကနေဒါက Penelope Oleksiak တို့ ၅၂.၇၀ စက္ကန့်နဲ့ ပူးတွဲရွှေတံဆိပ်ရခဲ့ကြတာပါ။ ဒါ့အပြင် ဘက်စုံကျွမ်းဘားပြိုင်ပွဲမှာလည်း ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်ဖူးတဲ့ အမေရိကန်က အသက် ၁၉ နှစ်အရွယ် Simone Biles ကလည်း အနိုင်ရပြီး အိုလံပစ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။

စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာတော့ တရုတ်နိုင်ငံက ကမ္ဘာ့အကောင်းဆုံးကစားသမား Ma Long က တနိုင်ငံတည်က Zhang Zike ကို အနိုင်ရပြီး ရွှေတံဆိပ်ရ သွားခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ငွေတံဆိပ် ၂ ခုစလုံးကို ၃ ကြိမ်ဆက်တိုက် ရခဲ့တာဖြစ်ပါတယ်။ Rugby ပြိုင်ပွဲမှာတော့ - ဖီဂျီက ဗြိတိန်ကို ၄၃-၇ မှတ် နဲ့ အနိုင်ရပြီး၊ ဖီဂျီနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကို ယူပေးနိုင်ခဲ့ပါတယ်။ အသင်းလိုက် မိုးလုံလေလုံ စက်ဘီစီးပြိုင်ပွဲမှာတော့ ဗြိတိန်က နယူးဇီလန်ကိုနိုင်ပြိး ရွှေတံဆိပ်ရသွားပါတယ်။
ကြာသပတေးနေ့က ကစားတဲ့ ဂျူဒိုပြိုင်ပွဲ အမျိုးသမီး ၇၈ ကီလိုတမ်းမှာတော့ - အမေရိကန်က Kayla Harrison က ပြင်သစ်က Audrey Tcheumeo ပွဲပြီးခါးနီး ၆ စက္ကန့်အလိုမှာ အနိုင်ယူပြီး အိုလံပစ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။
ကိုရန်နိုင်စိုး အနိုင်ရခဲ့စဉ်။
ကိုရန်နိုင်စိုး အနိုင်ရခဲ့စဉ်။

မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသား ကီလို ၁၀၀ တန်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ကိုရန်နိုင်စိုးက ထရီနီဒတ် နဲ့ တိုဘေဂိုက George Christopher ကို အနိုင်ရခဲ့ပေမယ့် ဒုတိယအဆင့် ရှုံးထွက်မှာတော့ ရှုံးနိမ့်သွားခဲ့တယ် လို့ မြန်မာအိုလံပစ်အားကစားအဖွဲ့ခေါင်းဆောင် ဦးသက်လွင်က ပြောပါတယ်။
"သူက ပထမတပွဲကတော့ ကျနော်တို့က နိုင်တယ်။ ဒုတိယအပွဲ ဂျာမနီကိုတော့ ကျနော်တို့က ရှုံးပါတယ်။ ရှုံးထွက်ပွဲကျတော့ ကျနော်တို့ရှုံးလို့ ထွက်လိုက်ရတယ်။ တစ်ပွဲနိုင် တစ်ပွဲရှုံးပေါ့။ ပထမတပွဲနိုင်တယ်။ ဒုတိယတပွဲကျတော့ ဂျာမနီကိုရှုံးပြီး ထွက်သွားရတာပေါ့။"
ကိုရန်နိုင်စိုး ရှုံးထွက်အဆင့်ယှဉ်ပြိုင်စဉ်။
ကိုရန်နိုင်စိုး ရှုံးထွက်အဆင့်ယှဉ်ပြိုင်စဉ်။

ရီယိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာအားကစားသမားတွေ ဆက်ပြီး ပြိုင်ဖို့ရှိနေတဲ့ ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ဦးသက်လွင်က အခုလို ပြောပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ ဒီက ဒေသစံတော်ချိန် ၁နာရီမှာတော့ ရေကူးအမျိုးသမီး အိအိသက် ရေကူးရမယ်ပေါ့နော်။ မီတာ ငါးဆယ် ဖရီးစတိုင်လ်။ ဒီနေ့ကတော့ အဲ့ဒီ့တပွဲပဲ ပြေးခုန်ပစ်ကတော့ ၁၇ရက်နေ့မှ အမျိုးသားမီတာ ၈၀၀ နဲ့ မီတာငါးထောင်။ အမျိုးသား။ အမျိုးသမီးကတော့ မီတာ ၈၀၀။"

ကြာသပတေးနေ့ကအထိ ကစားပြီးသမျှပြိုင်ပွဲတွေမှာတော့ - အမေရိကန်က ရွှေ ၁၆ ခု နဲ့ ပြိုင်ပွဲကို ဦးဆောင်နေပြီး၊ တရုတ်နိုင်ငံ ရွှေ ၁၁ ခု နဲ့ ဒုတိယ၊ ဂျပန်နိုင်ငံက ရွှေ ၇ ခု နဲ့ တတိယနေရာမှာရှိပြီး၊ အဲဒီနောက်မှာတော့ သြစတြေးလျ နဲ့ တောင်ကိုရီးယားနိုင်ငံတွေက အစဉ်လိုက် ရပ်တည်နေပါတယ်။


padoh-mahn-sha-lah-phan-620.jpg
မဲဆောက်မြို့နေအိမ်မှာ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ က လုပ်ကြံခံခဲ့ရတဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းပုံ
Photo: Zoya Phan's Facebook

၂ဝ၁၅ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဘားအံ လူငယ်အဖွဲ့က လူမှုရေးတတ်ကြွလှုပ်ရှားသူ စ ရှိုင်း ဆိုသူက ရရှိတယ်လို့ ဖန်း ဖောင်ဒေးရှင်း အဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာ ပါတယ်။

ကွယ်လွန်သူ KNU ကရင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူး ပဒိုမန်းရှာကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် ထူထောင်ထားတဲ့ ဖန်းဖောင်ဒေးရှင်းက ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုရေး ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်ရေး၊ ရိုးရာယဉ်ကျေးမှု စတဲ့ကဏ္ဍတွေမှာ တတ်ကြွစွာဆောင်ရွက်တဲ့ အသက် ၃၅ နှစ်အောက် လူငယ်တွေ ကို နှစ်စဉ်ရွေးချယ်ပြီး ချီးမြှင့်ပေးအပ်တာ ဖြစ်တယ်လို့လည်း ဖန်း ဖောင်ဒေးရှင်းအဖွဲ့က မနန့်ဇိုရာဖန်းက ပြော ပါတယ်။

"ကရင်လူမျိုးပေါ့နော် အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ပြီးတော့ လူမှုရေးလုပ်ငန်းတွေကို လှုပ်ရှားနေ တဲ့လူ၊ ကိုယ့်အသိုင်းအဝိုင်းမှာပေါ့နော် ဖွံ့ဖြိုးရေးတွေရော၊ လူမှုရေးရော၊ လူ့အခွင့်အရေး၊ ကရင်ရဲ့ရိုးရာ ယဉ်ကျေးမှုအတွက်ပါ၊ ကျန်းမာရေးကဏ္ဍမှာရော၊ ပညာရေးကဏ္ဍမှာရော၊ လူမှုအကျိုးဆောင်လုပ်ငန်းတွေ ကို လုပ်နိုင်တဲ့လူငယ်ခေါင်းဆောင်တစ်ယောက်ကို ကျမတို့ ရွေးတာဖြစ်ပါတယ်၊ အသက်အရွယ်ကတော့ ၃၅ နှစ်အောက်ဖြစ်ရမယ်"

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ရရှိသူဟာ ချီးမြှင့်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ဝဝဝ ရရှိမှာဖြစ်ပြီး ၂ဝဝ၈ ခုနှစ်ကနေ ယနေ့အထိ ဒီဆုရရှိသူ ၈ ဦးရှိသွားပြီ ဖြစ်ပါတယ်။
RFA


ဗုံးဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ရာ နေရာတွေထဲကတ ခုဖြစ်တဲ့ Hua Hin ကမ်းခြေမြို့။
ထိုင်းနိုင်ငံတောင်ပိုင်း နေရာတော်တော်များများမှာ လူ ၄ ယောက်ထက် မနည်း သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတွေ တင်းကျပ်ထားတဲ့အတွက် မြန်မာနိုင်ငံသားတွေလည်း သတိရှိကြဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။ မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်ရာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မနေ့ညပိုင်းကနေ ဒီကနေ့ မနက်ပိုင်း အထိ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက လုံခြုံရေးအတွက် စစ်ဆေးမေးမြန်းမှုတွေ ရှိနိုင် တာကြောင့် နေထိုင်ခွင့် အထောက်အထားလက်မှတ်တွေကို ကိုင်ဆောင်ထားဖို့ လည်း သတိပေးနေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးမာ ကသတင်းပေးပို့ထားပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ
ထိုင်းနိုင်ငံ ဖူးခက်ကမ်းဖြေ ဖန်ငါ၊ Hua Hin အပန်းဖြေ ကမ်းခြေ နဲ့ ကျွန်းစုတွေ အများအပြားရှိရာ Surat Thani မြို့၊ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ အပန်းဖြေဒေသတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ ဒီပေါက်ကွဲမူဖြစ်ပြီး ဖူးခက်နဲ့ ဖန်င ကမ်းခြေတွေမှာ စစ်ဆေးမေးမြန်းမူတွေ ကို ဆက်တိုက် လုပ်လာနေပြီ ဖြစ် တာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ သတိရှိဖို့လိုတယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး ဖောင်ဒေးရှင်းက တာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုမင်းဦးကပြောပြပါတယ်။

" အခုက အစစ်အဆေးတွေ များတာပေါ့။ ရဲတွေ ဘာတွေရော အကုန်လုံးလေ။ အဓိက ကတော့ အဲ့ဒီ့ဗုံးအတွက် စစ်တာပေါ့။ ဖူးခက်မှာကတော့ ဖထောင်မှာ ပေါက် တာပေါ့။ သေတာတို့ဘာတို့တော့ မရှိဘူး။ ဖန်ငါမှာလည်း ပေါက်တယ်။ ဖန်ငါမှာလည်း နှစ်လုံးပဲ။ ဖူးခက်မှာလည်း နှစ်လုံးပဲ။ နောက်စိုးရိမ်စရာက သူတို့သတင်း ရထားတာက မဖောက်သေးပဲ ကျန်နေတဲ့ဆိုတဲ့ ဗုံးပေါ့။ ဗုံးရှိတယ်ဆိုပြီး သူတို့က သိထားတယ်လေ။ သူတို့က ရှာလည်း တွေ့ထားတာကိုး။ အဲ့တာ သူတို့က ရှာဖွေရေးတွေ စစ်ဆေးရေးတွေကတော့ တောက်လျောက် လုပ်နေတဲ့အခါကျတော့ အလုပ်သမားတွေအတွက်ကတော့ ပိုပြီးတော့ ကြပ်ပြီပေါ့။ သတင်း သူတို့က သံသယရှိတဲ့သူ ဘာညာ အဲ့လိုမျိုးတွေတော့ မကြားသေးဘူး။ သူတို့ကြားပြီ သိပြီဆိုရင်တော့ အဲ့နေရာတွေကို ဝင်စစ်ရင် အဲ့နေရာတွေမှာရှိတဲ့ ဗမာတွေလည်း ရောပြီး ပါသွားမှာပေါ့။ ဥပမာ စစ်တာကတော့ ဗုံးကြောင့်ပဲ အခုက ဖန်ငါမှာတော့ ဒီနေ့ကစ စစ်ပြီ။"

ပေါက်ကွဲမှုဖြစ်ပွားရာ။
ဒီနေ့ဟာ ထိုင်းနိုင်ငံက အထွတ်အမြတ်ထားတဲ့ ထိုင်းဘုရင်မကြီးမွေးနေ့ ဖြစ် တာကြောင့် ထိုင်းနိုင်ငံအနှံ့မှာ အမေများနေ့ကို ကျင်းပနေကြတာပါ။ ဒီလိုကျင်းပပြီးချိန်မှာပဲ ဆူရတ်ဌာနီ ရဲစခန်း အနီးမှာ ပေါက်ကွဲမူဖြစ်ပွား ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲ့က အလုပ်သမားရေး လှုပ်ရှားသူ ရှေ့နေဦးအောင်မျိုးသန့်ကဆိုပါတယ်။

" အခမ်းအနားလုပ်တယ်ပေါ့။ အဲ့ဒီ့အခမ်းအနားပြီးတဲ့အချိန် မှာ သန့်ရှင်းရေး လုပ်နေတဲ့ အသက် ၅၃နှစ်ရှိတဲ့မိန်းမ အမှိုက်တွေ လိုက်သိမ်းရင်းနဲ့ အဲ့နေရာကနေ ထကွဲတာ။ အဲ့မိန်းမတော့ သေသွားတယ်။ အခုလောလောဆယ်မှာတော့ မြို့ရဲ့ အဝင်အထွက် လမ်းတွေ အားလုံး စစ်နေတယ်။ ဈေးဝယ်တွေလည်း နည်းတယ်။ ဈေးတွေမှာလည်း လူနည်း အဲ့လိုဖြစ်ကြတာပေါ့။"

အခုပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာတိုင်းမှာ မြန်မာအလုပ်သမားတွေ ထောင်ဂဏန်းကနေ သောင်းဂဏန်းထိ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်နယ်တွေဖြစ် ပါတယ်။ ဒီ့အတွက် မြန်မာတွေဟာ စစ်ဆေးမေးမြန်းခံရရင်းနဲ့ အထောက်အထား လက်မှတ်မရှိတာကြောင့်ပဲဖြစ်ဖြစ် သံသယကြောင့်ပဲဖြစ်ဖြစ် ဖမ်းဆီးတာကို ခံရနိုင်တာမို့  အပြင်ထွက် သွားလာမှုတွေမှာ သတိထားကြဖို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဆက်ပြောပြပါတယ်။

" အန်ကယ်လ်တို့ သတိပေးချင်တာ သွားသွားလာလာဆင်ခြင်ဖို့ လူသွားလူလာများတဲ့နေရာတွေ မသွားဖို့။ နောက်ပြီးတော့ သွားလို့ရှိရင်လည်း အထောက်အထားတွေ ပြည့်စုံအောင် ယူသွားဖို့ပေါ့။"

ဒီပေါက်ကွဲမူကြောင့် နိုင်ငံခြားသားခရီးသွားတွေ ထိခိုက်မူတွေရှိခဲ့ပြီး ထိုင်းတောင်ပိုင်းကို ခရီးသွားလာမူတွေ ရှောင်ရှားကြဖို့ နိုင်ငံတကာ သံရုံးတွေက သူတို့ နိုင်ငံသားတွေကို သတိပေးနေပါတယ်။ အခုချိန်ထိတော့ အဲ့ဒီပေါက်ကွဲမှုဖြစ်နေတဲ့ ထိုင်းတောင်ပိုင်းပြည်နယ်တွေက လမ်းတချို့ကိုပိတ်ပြီး စစ်ဆေးမေးမြန်းမူတွေကိုဆက်တိုက်လုပ်ဆောင်နေပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအနီး သြဂုတ် ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် ချင်းတွင်းမြစ်ကမ်းနံဘေးတွင် ရေဆင်းချိုးရာမှ ရေနစ်ခဲ့သည့် ကျောင်းသား/သူ ခြောက် ဦးအနက် သုံး ဦးအား ရှာမတွေ့သေးကြောင်း သိရှိရသည်။

 ရေနစ်သူများထဲမှ မောင်အောင်နိုင်ဝင်း၊ မောင်ဝဏ္ဏအောင်၊ မသီရီဟန်တို့ သုံး အား ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံး ခဲ့သည့် မမြတ်သဉ္စာစိုး၊ မနန်းဆုကျော်၊ မောင်မျိုးနိုင်ဝင်းတို့ သုံး ဦးအား ရှာမတွေ့သေးကြောင်း သိရသည်။
“ကျွန်တော်တို့က အခုထိ ရှာလို့ မတွေ့သေးဘူးဖြစ်နေတယ်။ မနေ့ကလည်း ရှာနေတယ်။ ညကလည်း ရှာနေတယ်။ ဒီနေ့လည်း ဆက်လက်ရှာဖွေနေတယ်။ အခုထိ မတွေ့ဘူးဖြစ်နေပါတယ်။”ဟု ယင်းမာပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။


 ပျောက်ဆုံးသွားသည့် ကျောင်းသူ/သားများမှာ မုံရွာမြို့ အစိုးရ နည်းပညာအထက်ကျောင်း GTHS မှဖြစ်ပြီး အသက် (၁၈)နှစ်မှ အသက်(၁၉)နှစ်အရွယ်ရှိသူများဖြစ်ကြောင်း သိရသည်။
 “မြို့နယ်မီးသတ်အဖွဲ့တွေရော၊ ကယ်ဆယ်ရေးအဖွဲ့တွေရော၊ အရပ်ဖက်က လူမှုအဖွဲ့အစည်းတွေရော အင်တိုက် အားတိုက် ရှာဖွေနေတာပါ။ သူတို့ ရေနစ်သွားတဲ့ နေရာက ဝဲရှိတယ်။ အဲဒီဝဲက ရေအနစ်ပေက လည်းများတယ်။ ဝဲထဲရောက်သွားလို့ ရှာမတွေ့သေးတာဖြစ်ပါလိမ့်မယ်။”ဟု ယင်းမာပင်မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်ဇော်မိုးက ပြောသည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းမာပင်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားခြင်း မရှိသေးကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper



(ပန်ဒိုရာအဆီချလုပ်ငန်းက အလုပ်သမားတွေကို မန္တလေးမြို့ ချမ်းအေးသာဇံ တရားရုံးရှေ့မှာ တွေ့ရစဉ်) ဓါတ်ပုံ - ဒေါ်အမာ နီ (facebook)
မန္တလေးမှာဖွင့်လှစ်ထားတဲ့ ပန်ဒိုရာအဆီချလုပ်ငန်းက အလုပ်သမားဟောင်း မဇာလီဝင်းကို ပိုင်ရှင်က တရားစွဲဆိုထားတဲ့အမှုကို ချမ်းအေးသာဇံမြို့နယ် တရားရုံးက ဒီနေ့ ရုပ်သိမ်းလိုက်ပါတယ်။

လုပ်ငန်းပိုင်ရှင်က ပါးကျိုးအောင်ရိုက်နှက် နှိပ်စက်လို့ မန္တလေး နိုင်ငံရေး အင်အားစုအဖွဲ့က ဒေါ်အမာနီက ကယ်ဆယ်လိုက်ပြီးတဲ့နောက် ပိုင်ရှင်က မဇာလီဝင်းကို တရားစွဲဆိုတဲ့အမှုဖြစ်ပါတယ်။ ဒီတရားမှုကို တရားသူကြီးက ရုပ်သိမ်းလိုက်တာလို့ ပိုင်ရှင်ကိုယ်စား တရားစွဲဆိုပေးရတဲ့ မန်နေဂျာ မဆွေဆွေနှင်းက ပြောပြပါတယ်။

"ပန်ဒိုရာဘက်ကနေပြီးတော့ သမီးကိုစွဲခိုင်းထားတဲ့ တရားမမှုကို ဒီနေ့ တရားသူကြီးက ရုပ်သိမ်းပေးလိုက်ပါတယ်ရှင့်၊ အကြွေးတွေမပေးချင်လို့မို့ တရားမမှုရယ်၊ ၄၂ဝ ကျတော့ ၁၅ သိန်းဆိုပြီးတော့မှစွဲတယ်ရှင့်၊ တရားမမှုက ၈ သိန်းဆိုပြီးတော့ စွဲထားတာရှင့်၊ တကယ်တမ်း ၁၅ သိန်းတွေ ၈ သိန်းတွေဆိုတာလည်း တစ်ခါမှ မယူဖူးဘူးရှင့်၊ ယူမယ်ဆိုရင် လစာကိုကြိုထုတ်တယ်၊ အဲ့သဘောပဲရှိတယ်ရှင့်၊ လစာကိုကြိုထုတ်တဲ့အခါကျလို့ရှိရင် စာချုပ်အလွတ်တွေပေါ်မှာ လက်မှတ်ထိုး၊ လက်ဗွေနှိပ်လုပ်ပေးရတယ်၊ အခုလည်း သူတို့ဆီမှာရှိသေးတယ်၊ ဇာလီဝင်းရဲ့ စာချုပ်အလွတ်တွေလေ၊ လစာထုတ်ပြီဆိုလို့ရှိရင် ငွေထုတ်ဘောက်ချာမှာ လက်မှတ်ထိုးရတယ်၊ လက်ဗွေနှိပ်ရတယ်၊ ဘာစာသားမှ မရေးဘူး"

ရုံးချိန်းတစ်ခုမှာ ပိုင်ရှင်ကိုယ်စား တရားစွဲပေးရတဲ့ မဆွေဆွေနှင်းကိုယ်တိုင် သူ့ကိုကယ်ပါဆိုလို့ ဒေါ်အမာနီကပဲ စောင့်ရှောက်ထားရပါတယ်။

မဆွေဆွေနှင်း အပါအဝင် ပန်ဒိုရာအဆီချလုပ်ငန်းက အလုပ်သမား ၉ ယောက်ကို ဒေါ်အမာနီက ကယ်ဆယ်ထားတဲ့အမှုလည်းဖြစ်ပါတယ်။

ဒီ အလုပ်သမားတွေရဲ့ မိဘတွေကိုတည်းခိုနေတဲ့ ဘုန်းကြီးကျောင်းကအပြန် ဒီလ ရ ရက်ညမှာ နောက်ကနေကားတစ်စီးက ဝင်တိုက်လို့ ဒေါ်အမာနီ စီးလာတဲ့ကားနောက်ပိုင်း ကြေမွသွားပြီး ကားတိုက်ခံရတဲ့ ဒဏ်ရာနဲ့ ဒေါ်အမာနီဟာ ဆေးရုံမှာခုထိ ဆေးကုသနေရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ပန်ဒိုရာအဆီချလုပ်ငန်းနဲ့ ဆက်စပ်သတင်းတွေ လိုက်လံစုဆောင်းနေတဲ့ မန္တလေးအလင်း သတင်းထောက်ချုပ်ဟောင်း မြူငှက်စီးလာတဲ့ ဆိုက်ကယ် အတိုက်ခံရပြီး ဦးခေါင်းဒဏ်ရာနဲ့ ဆေးရုံမှာကွယ်လွန်သွားပါတယ်။

ဒီယာဉ်တိုက်မှုနှစ်ခု တိုက်ဆိုင်တာဖြစ်ပြီး သူ့ကားအတိုက်ခံရတဲ့ အမှုနဲ့ သီးခြားစီဖြစ်တယ်လို့ ဒေါ်အမာနီက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


ဖိလစ်ပိုင်ထောင် ပေါက်ကွဲမှု အတွင်း သေဆုံးသွားသူတစ်ဦးအား သယ်ထုတ်လာစဉ် (ဓါတ်ပုံ-အင်တာနက်)
    မနီလာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

    ဖိလစ်ပိုင်နိုင်ငံ Paranque မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ် ၁၁ရက်ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ တရုတ်လူမျိုးအကျဉ်းသား နှစ်ဦးအပါအဝင် လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း DZBB ရေဒီယို က ထုတ်လွှင့်ခဲ့သည်။

အကျဉ်းထောင် ရုံးအဆောက်အအုံပထမထပ် ရှိ ထောင်ကြီးကြပ်ရေးမှူး Gerald Bantag ၏ ရုံးခန်း၌ ည ၈း၃၀ ပတ်ဝန်းကျင် တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့် Paranque မြို့တော်ဝန် Edwin Olivarez ၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။

Bantag သည် ဗုံးစမှန်၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

အကျဉ်းထောင် ဝင်းအတွင်း သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး ပေါက်ကွဲမှု ၃ခုထက်မနည်း ကြားခဲ့ရကြောင်း  အကျဉ်းထောင် အနီး နေထိုင်သူများက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့များသည် ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com