08/15/16

 winkhaing-620.jpg ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က အားကစားပန်းခြံ မြေနေရာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာတင်ပြနေစဉ်
Photo: Win Naung Toe/ RFA

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်က အားကစားပန်းခြံ မြေနေရာဟာ ကြံ့ခိုင်ဖံွ့ဖြိုးရေးအသင်း နာမည်နဲ့ အရင်အစိုးရ လက်ထက်က နှစ် ၆၀ မြေငှားဂရမ် ချထားပေးတာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဲဒီမြေနေရာကို အားကစားပန်းခြံအား ပြန်လည်ခွင့်ပြုပေးဖို့ အစိုးရရဲ့ဆောင်ရွက်ထားတဲ့ အခြေအနေကို တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က မေးမြန်းရာမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်စား ၀န်ကြီး ဦးဝင်းခိုင် က ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဖြေကြားပြီးတဲ့နောက် ကိုယ်စားလှယ် ဒေါက်တာစောနိုင် ကြံ့ခိုင်ဖံွ့ဖြိုးရေး ပါတီနာမည်နဲ့ ပိုင်ဆိုင်နေတာကို ဥပဒေနဲ့ညီ မညီ စီစစ် သုံးသပ်ပေးဖို့ ထပ်ပြီး တင်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကလည်း ဒေါက်တာစောနိုင်ရဲ့ ထပ်ဆင့်တင်ပြမှုကို ထောက်ခံပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကို သေချာအောင်မေးမြန်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီမြေနေရာမှာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီရုံး ဆောက်လုပ်ဖို့ ပြင်ဆင်နေတာကို ရပ်ကွက်နေ ပြည်သူတွေက ကန့်ကွက်နေကြသလို ၂၀၁၃ ခုနှစ်ကစပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးဖုန်းမြင့်အောင်က တစ်ကိုယ်တော်ဆန္ဒပြခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ အခုမေးခွန်းမေးမြန်းတဲ့ ကိုယ်စားလှယ် ဒေါက်တာစောနိုင်တို့က လူအင်အား ၂၀၀ လောက်နဲ့ ဆန္ဒပြကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။
RFA


rakhine-land-620.jpg
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီးက သိမ်းဆည်းထားတဲ့ မြေယာတွေမှာ ခြံစည်းရိုးကာရံထားသည်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့က ဆတ်ရိုးကျရပ်ကွက်အနီး စက်မှုဇုန်တည်ထောင်ဖို့ သိမ်းယူထားတဲ့ မြေနေရာတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေ အပြင်အစိုးရ ဌာနဆိုင်ရာ အကြီးအကဲ တချို့က ခြံစည်းရိုးကာရံနေတာတွေကို ရပ်တန့်ထားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ညွှန်ကြားလိုက်ပါတယ်။

စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးကတစ်ဆင့် တားမြစ်စာထုတ်ပြန်ဖို့ မနေ့က ညွှန်ကြားလိုက်တာ ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်နဲ့ ကျေးတောကျေးရွာအုပ်စုမှာ စက်မှုရပ်ကွက်အဖြစ် အကောင် အထည်ဖော်ဖို့ သိမ်းဆည်းခဲ့တဲ့ မြေဧက ၅၀၀ ကျော်မှာ လယ်ယာမြေဧက ၃၀၀ ကျော်ပါဝင်ပါတယ်။

စီမံကိန်းအကောင်အထည်ဖော်တာမရှိသေးတဲ့ မြေယာတွေပေါ်မှာ လုပ်ငန်းရှင်တွေနဲ့ အစိုးရဌာန ဆိုင်ရာအရာရှိတွေက အိမ်ခြံမြေတွေအဖြစ် ခြံစည်းရိုးကာရံနေကြတာဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

အဲဒီအထဲက မြေယာဧက ၁၄၀ ကျော်ကို ပြန်ပေးဖို့ သိမ်းယူခံထားရတဲ့ တောင်သူတွေက တောင်းဆို နေတာကြောင့် မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေက ကွင်းဆင်း စိစစ်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ့်အကြောင်း တောင်သူတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။
RFA



ဓါတ်ပုံ- မူစယ်မြို့နယ် နောင်မွန်းကူးတို့ဆိပ်
သြဂတ်စ်လ ၁၅ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် မူစယ်မြို့နယ်ဘက်မှ လိုင်စင်မဲ့ တန်ချိန် ပိုကုန်ကား ကြီးများ ရွှေလီမြစ်တဖက်ကမ်း သို့ နေ့စဉ် ဖြတ် သန်းနေသဖြင့် ကားလမ်းပျက်စီးမှု ကားလမ်းပိတ်မှု များ ဖြစ်ပွါးကာ ဒေသခံကားများသွား လာမှု ခက်ခဲကြောင်းသိရသည်။

ဩဂတ်စ် ၁၂ ရက်နေ့က မူစယ်မြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော် အမှတ် ၁ စိုင်းကျော်သိန်းမှ ဒေသခံအကြီးအကဲ ၈၀ ကျော်အား တွေ့ဆုံကာ ကုန်တင်ကားကြောင့် ပျက်စီးနေသည့်လမ်းကိစ္စများ၊ ယာဉ်အသွားအလာကြပ် မှုများ ဖြေရှင်းဖို့ရန် ဆွေးနွေးခဲ့၏။

ရွှေလီမြစ်တဘက်ကမ်း စယ်လန့်သို့ ကူးရန် ကုန်ကားများမှာ နေ့စဉ် ကူးတို့ ဆိပ်တွင် ပြည့်နှက်နေသည့် အကြောင်း သျှမ်းလူငယ်အဖွဲ့မှ စိုင်းမောဝ်း ကပြော သည်။

“မူစယ်ဘက်ကနေ တရုတ်ဘက်ခြမ်းသွားဖို့ အသုံးများတာက နောင်မွန်း ကူးတို့ဆိပ်ပေါ့။ ဒီ ဆိပ် သွားဖို့ ရွာတွေဖြတ်သွားရတယ်။ ပန်ခမ်းရွာ ၊ နောင်ယန်း ရွာ ၊ တင်းလုံရွာ ၊ တုံးဟွန်းချိုရွာ ၊ စန်းဆာရွာ ၊ နောင်မိုရွာ ၊ ဆိုင်းခေါဝ်ရွာ နဲ့ စယ်လန့် ရွာ တွေပေါ့။ ကုန်ကားကြီးတွေ နေ့စဉ် ဖြတ် သန်းသွား လာတာကြောင့် ရွာခံတွေက အခက်အခဲတွေ ရင်ဆိုင်ရတယ်။ ရွာလမ်းပျက်စီးတာ၊ ပတ်ဝန်းကျင်လေထု ညစ်ညမ်းတာ၊ ရွာတွင်း ကလေး သူငယ်တွေအတွက် လုံခြုံရေး၊ ကားလမ်း ကျပ်ပိတ်မှု စတာတွေပေါ့နော် ” ဟု စိုင်းမောဝ်း ကဆက်ပြောပါသည်။

ဓါတ်ပုံ- မူစယ်မြို့နယ် နောင်မွန်းကူးတို့ဆိပ်
အဆိုပါကုန်တင်ကားကြီးများမှာ တရားဥပဒေနှင့်အညီ တင်ပို့သွားလာနေသည့် ကားများ မဟုတ်ကြောင်း၊ သျှမ်းပြည်ဘက်မှ ထွက်ကုန်များနှင့် သယံဇာတများ၊ သစ်များ ဝါးများနှင့် မြေကြီးများတင်ဆောင်သည့် ကားကြီးများလည်းပါဝင်ပြီးေ တ်ာတော်များများ မှာ လိုင်စင်မဲ့ ကားကြီးများဖြစ်နေကြောင်း မူစယ်ဒေသခံ စိုင်းအိုက်ယီ့ ကလည်းပြော သည်။

“၂၀၁၂ ခုနှစ် နောက်ပိုင်းမှာအခုလို တင်ပို့မှုတွေ များလာတာ။ တရုတ်ဘက် ကလာတာ အဲဒီကုန် ကားကြီးတွေက။ ၆ ဘီးကားတွေ ၁၂ ဘီးကားတွေ။ ရွာလမ်းက ဘယ်ခံနိုင်ပါ့ မလဲ။ သူတို့က တရုတ်ပြည်ဘက်က ဂိတ်တွေ ကိုရှောင်တာလေ။ အခွန်အရမ်း များတယ် ပြောတယ်။” - ဟု ကားသမား များအသိုင်းအဝိုင်းမှ စိုင်းအိုက်ယီ့က ဆက်လက်ပြောပြ သည်။

မြန်မာနိုင်ငံဘက်ခြမ်း မူစယ်မြို့၌ ၂၀၁၅ ခု နှစ်ကုန်ပိုင်းကစပြီး ၂၀၁၆ နှစ်ဦး ပိုင်းအထိ တရုတ် ပြည်မှ တရားမဝင် ၀င်ရောက်လာသော တရုတ်နံပါတ်ပြား တပ် ကုန်တင်ကားကြီး (ကဲ့ကား) များကို မြန်မာအာဏာပိုင်များက ဖမ်းဆီး ဒဏ်ငွေရိုက်နေသည်ဟု ဆိုသော်လည်း ထိရောက် သည့်အရေးယူမှုများမရှိဘဲ ကုန်ကားကြီးများမှာ မှော်ခိုပစ္စည်းများအား ယနေ့တိုင် သယ်ဆောင်မှုရှိေ န သေးကြောင်း မူစယ်မြို့ခံများကပြောသည်။

သျှမ်းသံတော်ဆင့်/ စိုင်းအိုက်ကွမ်းလျန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese


    မိုဆူးလ်၊ အီရတ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

    အီရတ်နိုင်ငံ မိုဆူးလ်မြို့ အရှေ့မြောက်ဘက်ရှိ အိုင်အက်စ်တို့ အဓိက ခြေကုတ်ယူထားသည့် နေရာရှိ ရွာ ၉ ရွာအား အီရတ် ကာ့ဒ် လုံခြုံရေး တပ်ဖွဲ့က သြဂုတ်လ ၁၄ ရက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကာ့ဒ် လုံခြုံရေး သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

အိုင်အက်စ် တည်နေရာများအား အမြောက် ပစ်ခတ်ခြင်းနှင့် အမေရိကန် ဦးဆောင်သည့် လေကြောင်း တိုက် ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့ပြီးနောက် အရုဏ်ဦးအချိန်၌ ကာ့ဒ် စစ်သားများသည် မိုဆူးလ်မြို့ အရှေ့ မြောက်ပိုင်းရှိ ကျေးရွာများတွင် ပြောက်ကျား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

အိုင်အက်စ်များဘက်ကလည်း မော်တာတပ် အမြောက်များ၊ စက်သေနတ်များ၊ လမ်းဘေး ဗုံးဖောက်ခွဲမှုများနှင့် ကားဗုံးဖောက်ခွဲမှုများ ပြုလုပ်ခြင်းဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

သို့သော် ကျေးရွာများ၌ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သော်လည်း ကာ့ဒ် တိုက်ခိုက်ရေးသမားများသည် သံချပ်ကာ ယာဉ်များဖြင့် အနည်းဆုံး ရွာ ၉ ရွာသို့ ဝင်ရောက်ရန် စီစဉ်ခဲ့ဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲ၌ အိုင်အက်စ် ၄၇ ဦးနှင့် ကာ့ဒ် တိုက်ခိုက်ရေးသမား ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုဆူးလ်မြို့ အနီးဝန်းကျင် နေရာများအား အိုင်အက်စ်တို့ လက်မှ ပြန်လည်ရရှိနိုင်ရန် အီရတ်စစ်တပ်နှင့် ကာ့ဒ် တိုက်ခိုက်ရေးသမားတို့ ပူးပေါင်း တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

မိုဆူးလ်မြို့သည် အီရတ်နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လကစ၍ အိုင်အက်စ် ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com


အစိုးရစစ်တပ်နှင့် KIA ထိပ်တိုက် ပစ်ခတ်မှုဖြစ်

မိုးကောင်း ၊ ဩဂုတ် ၊ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် ယနေ့(၁၅.၈.၂၀၁၆)ရက်(၁၂.၃၀)အချိန်ခန့်က အစိုးရစစ်တပ်နှင့် KIAတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာအတွင်းသို့ လက်နက်ကြီး ကျည်ဆံများ ကျရောက် ခဲ့ကြောင်း သိရပါသည်။

ကျရောက်တဲ့ လက်နက်ကြီး ကျည်ဆံများကြောင့် အိမ်အချို့မီးလောင်ကျွမ်းပြီး စာသင်ကျောင်းအတွင်း ကျရောက်ခဲ့သော လက်နက်ကြီးကျည်ဆံမှာ ဆရာမဒေါ်ခင်ရူပါငယ်၏ ယာဘက်ဂျိုင်းအောက်တွင် ထိမှန်ခဲ့ပြီး
ကျောင်းသားတစ်ဦး၏ ပါးတွင်လည်း ထိမှန်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

ဒါဏ်ရာရရှိခဲသော ဆရာမဒေါ်ခင်ရူပါငယ်အား မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိပါသည်။

မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ်

နေပြည်တော် သြဂုတ် (၁၅)

စစ်မှန်ခိုင်မာသည့် ပြည်ထောင်စုတည်ဆောက်မည် ဟူသည့် ဘုံသဘောတူညီချက်ရှိရန် လိုအပ်ပြီး မတူညီသော သဘောထားအမြင်အမျိုးမျိုးကို ညီလာခံတွင် ညှိနှိုင်းရမည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မိမိတို့နိုင်ငံအတွက် ငြိမ်းချမ်းရေးသည် အဓိကအရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ တွင် နိုင်ငံချမ်းရေးမရရှိခြင်းမှာ မိမိတို့ ပြည်ထောင်စုသားများအားလုံး၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ခြင်းကြောင့် ဖြစ်ပါ ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

၎င်းအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးရရှိမှ မိမိတို့ ပြည်သူ လူထု၏ စိတ်နှလုံးချမ်းသာနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အတိတ်ကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်သူလူထုတိုးတက်နိုင်ရန်မှာ ရေရှည်တွင် ငြိမ်းချမ်းရေးမရှိဘဲနှင့် စီးပွားရေးကိုမည်သို့မျှ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါကြောင်း၊ စီးပွားရေး မည်မျှတိုးတက်သည်ဖြစ်စေ ငြိမ်းချမ်းမှု မရှိလျင် စီးပွားရေး ပြိုလဲသွားနိုင်ပါကြောင်း။

ယင်းကို ဖြည့်ဆည်းပေးနိုင်ရန်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးဘက်က လည်း ဘုံသဘောတူညီချက်တစ်ခုဖြင့် အနာဂတ်တွင် စစ်မှန်သည့် ပြည်ထောင်စုကြီး တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး သဘောထားပါရှိရေးမှာ အရေးကြီးပါကြောင်း။

သို့သော်လည်း ၁၀၀ရာခိုင်နှုန်း သဘောတူရန် မဖြစ်နိုင်ပါကြောင်း၊ ယင်းမှာလူ သားများ၏ သဘာဝပင်ဖြစ်ကြောင်း။ သို့သော်လည်း မတူညီသည်သဘောထားများကို ညှိနှိုင်းနိုင်ရန် အရေးကြီးပါကြောင်း၊ မိမိတို့အတွက် အပေါင်းလက္ခဏာ ဆောင်ရန်ဆို လျှင် သဘောထားအမျိုးမျိုးရှိရမည်ဖြစ်ပြီး အမြင်အမျိုးမျိုးရှိရမည်ဖြစ်ကြောင်း၊ အမြင် အမျိုးမျိုးသည် အားလုံးအပေါ်အကျိုးပြုရန်ဆိုလျင် ညှိနှိုင်းတွေ့ဆုံရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ယခုအစည်းအဝေးတွင် ညီလာခံ အတွက်ဆွေးနွေးစရာများစွာရှိမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် အဖွဲ့အစည်း ၏ရပ်တည်ချက်၊ တစ်ဦးချင်းစီ၏ရပ်တည်ချက်များကိုလေးစားပြီးဆောင်ရွက်နိုင် မည်ဟု ယုံကြည်ပါကြောင်းဖြင့်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂) ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ယခုဆွေးနွေးပွဲမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁ရာစုပင်လုံ)အတွက် အခြေခံများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် နိုင်ငံရေးဆွေးနွေး ပွဲများ ကိုဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်းဖြင့်လည်းကောင်း။

တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ယနေ့ အစည်းအဝေးတွင် မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံအတွက် အခြေခံကောင်းများကို ဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် လည်းကောင်း၊ နိုင်ငံရေးပါတီများအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆွေးနွေးရာတွင် မိမိတို့ရပ်တည်ချက်များကို အစွန်းမရောက်ရန်လိုအပ်ပါကြောင်း၊ အားလုံးက အကောင်းမြင်စိတ်ဖြင့် ဆွေးနွေး ကြရန်လိုကြောင်း၊ သို့မှသာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်းဖြင့် လည်းကောင်း နှုတ်ခွန်း ဆက်စကားများ ပြောကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ညီလာခံတွင် ဆွေးနွေးမည့် အစီအစဉ်များ၊ ညီလာခံကျင်းပရေး ပူးတွဲကော်မတီဖွဲ့စည်းရေး၊ ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များကိစ္စ၊ ကျင်းပမည့်နေ့ရက်၊ ဖွင့်ပွဲနှင့်ညစားစားပွဲ အစီအစဉ်တို့ ဆွေးနွေးအတည်ပြုကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကားပြောကြား သည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပရာ ယခင် (UPDJC) ဆောင်ရွက်ချက်များပြန်လည်ဆွေးနွေးခြင်း၊ (UPDJC)ကိုယ်စားလှယ်များ အစားထိုး လဲလှယ်ခြင်း၊ မူဘောင်သုံးသပ်ခြင်း အစည်းအဝေးများမှ သုံးသပ်ချက်များကို ပြန်လည် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

သြဂုတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေးကို ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

Myanmar State Counsellor Office


'လစာ'ဆိုတော့၊ 'ငွေ'အကြောင်းပဲ ပြောရတော့မှာပေါ့ အယ်ဒီတာရေ။ နိုင်ငံတော်တခုလုံးအတွက်တော့ ရွှေဈေး၊ လောင်စာဆီဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကို နောက်ခံထားပြီး စဉ်းစားဆောင်ရွက်ကြရမှာပေါ့။

လူအများစုအတွက်တော့၊ 'ငွေ'ဆိုတာ အခြေခံစားသောက်ကုန်ဈေးနှုန်း (Cause of Living) တွေနဲ့ စံထားပြီး တန်ဖိုးဖြတ်ကြရမှာပါပဲ။ ရွှေတွေ၊ ဒေါ်လာတွေထားလိုက်ပါ။ ၀န်ထမ်းတွေရဲ့ လစာဟာ အဲဒီကုန်ဈေးနှုန်းတွေနဲ့ ဘယ်လိုအချိုးကျနေသလဲ။ မနိုင်မနင်းဖြစ်ရအောင် သိပ်ကွာနေသလား။ ကိုယ်တွေ့ကလေးပြောပါ့မယ်။

တနေ့က ကမာရွတ်-ဘူတာရုံလမ်းက ကျွန်တော့်ဖောက်သည် 'စွမ်းထက်'ဆိုတဲ့ ကွန်ပျူတာစာစီစာရိုက်ဆိုင်လေးမှာ အထက်တန်းပြ ဆရာမတယောက်နဲ့ စကားစပ်မိရင်းမေးကြည့်တော့ သူ့လစာက တသိန်းရှစ်သောင်း (ကျပ် ၁၈၀,၀၀၀)တဲ့ခင်ဗျ။ ဘွဲ့ရမူလတန်းပြဆရာ၊ ဆရာမရဲ့ လစာက တသိန်းငါးသောင်း (ကျပ် ၁၅၀,၀၀၀)တဲ့ဗျာ။ ကနေ့ ကုန်ဈေးနှုန်းနဲ့ တော်တော်ကွာဟတာပဲ။ ကောင်းကင်မှာ ကင်းမြီကောက်ထောင်၊ ဒိုက်ဗင်ထိုးပြီး၊ ကျွမ်းပစ်နေတဲ့ ကုန်ဈေးနှုန်းကို ဆရာမလေးတွေအနေနဲ့ လိုက်မမီနိုင်ပါဘူး။ ဒီတော့ဆရာ၊ ဆရာမတွေ ကျူရှင်ပြတာကို လက်မခံနိုင်ပေမယ့် နားလည်ပေးလို့ရပါတယ်။ ပြီးခဲ့တဲ့အပတ် News Watch မှာ ကျွန်တော်ရေးခဲ့သလိုပါပဲ။ ၀န်ထမ်းတွေကို သူတို့တာဝန်ယူထားရတဲ့အလုပ်၊ ထမ်းဆောင်နေတဲ့အဆင့်နဲ့ လိုက်လျောညီထွေတဲ့ လစာတွေ ပေးသင့်တာကြာပါပြီ။ ခိုင်းလည်းခိုင်းပါ။ ကျွေးလည်းကျွေးပါ။ ဒါမှ လာဘ်စားတာတွေလည်း ပျောက်သွားမှာပါ။

၁၉၆၇-၆၈ မှာ ကျွန်တော် အထက်တန်းပြဆရာလုပ်တော့ လစာ ၂၉၇ ကျပ်ရသဗျ။ ရွှေဈေးက ၃၈၀ ပါ။ ၄၀၀ မပြည့်ပါဘူး။ လမ်းဘေးထမင်းဆိုင်လေးတွေမှာစားရင် အသားဟင်း၊ အသီးအရွက်ကြော်၊ ဟင်းချို/ ချဉ်ရည်၊ ငါးပိရည်၊ တို့စရာနဲ့ အ၀စား တကျပ်ခွဲပါ။ ဈေးထဲက ထမင်းဆိုင်ကောင်းကောင်းမှာ ဟင်းကောင်းကောင်း ပုစွန်တုပ်နဲ့စားမယ်ဆိုရင်တော့ တခါပြင် ၃ ကျပ်ခွဲပါ။ ၀ါသနာအရပြောရရင် BE လို့ခေါ်တဲ့အစိုးရ အရက်ဖြူသန့်သန့်က ၁-ပဂ်ကို ပြား ၃၀ ပါ။ အရှေ့တောင် အာရှအထိ နာမည်ကျော်တဲ့ မန္တလေးရမ်ကတလုံးကို ၇ ကျပ်ခွဲပါ။ အဲဒီတုန်းက လူပျိုလူလွတ်ဆိုတော့ အပိုသုံးတွေများတဲ့ ကျွန်တော့်အတွက်တောင်လောက်ငရုံမက ပိုလျှံနေပါသေးတယ်။ မိတ်ဆွေ အိမ်ထောင်ရှင်ဆရာ၊ ဆရာမတွေလည်း သားသမီး ၄-၅ ယောက်နဲ့ ၀၀လင်လင်စားလို့၊ လူတန်းစေ့ဝတ်စားလို့၊ သားသမီးတွေကို ပညာသင်ပေးလို့ ဣနြေ္ဒမပျက် ခဲ့ကြပါဘူး။

ဟုတ်တယ်လေ။ ရွှေဈေး ၃၈၀ နဲ့ တွက်ကြည့်ရင် ကျွန်တော့်လစာက ရွှေသုံးမတ်သားဝယ်လို့ရသဗျ။
ဟိုအထက်တန်းပြဆရာမလေးရဲ့ လစာက တသိန်းရှစ်သောင်းဆိုတော့ ကနေ့ရွှေဈေး ရှစ်သိန်းကျော်နဲ့တွက်ကြည့်ရင် သူ့ခမျာ ရွှေတမတ်သားတောင် မ၀ယ်နိုင်ရှာပါဘူး။

တချို့ဌာနတွေကတော့ နေစရာနဲ့ အခြေခံစားကုန်တွေပါ ထောက်ပံ့နိုင်တော့ အဲဒီဌာနတွေရဲ့ အနိမ့်ဆုံးဝန်ထမ်းတွေဟာ အထက်တန်းပြဆရာ၊ ဆရာမတွေထက် သက်သာချောင်ချိကြမှာပါ။ အဲဒီအတွက် မုဒိတာပွားပါ တယ်။ ဒါပေမဲ့ ပြည်သူ့ဝန်ထမ်းအားလုံး တပြေးညီခံစားကြရစေချင်ပါတယ်။

တပြည်လုံးမှာရှိတဲ့ ဌာနမရွေးဝန်ထမ်းမှန်သမျှကို ထမင်းစားဖို့လုံလောက်တဲ့ ၀န်ထမ်းလစာလောက်တော့ ပေးသင့်ပါပြီ။ အခုပေးနေတဲ့ လစာနန်းထားကို မဆလ၊ န၀တ၊ နအဖနဲ့ ပထမဆုံးအရပ်သား အစိုးရ လက်ထက်အထိ မကြာခဏပြင်ဆင်တိုးမြှင့်ပေးခဲ့တာ တွေ့ခဲ့ကြရပါတယ်။ ကျေးဇူးတင်ပါတယ်။ သာဓုလည်းခေါ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို တာဝန်ယူရတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဘယ်ပေါ်လစီ၊ ဘယ်သီအိုရီတွေနဲ့ ရေးဆွဲခဲ့တာလဲ။ စီမံ/ဘဏ္ဍာဝန်ကြီးဌာနရဲ့ အထက်မှာ ပေါ်လစီချပေးတဲ့ အာဏာရှင်တွေများရှိခဲ့လေသလား။ အစိုးရမင်းများ ကိုယ်ချင်းစာတရားလေး ထားကြပါခင်ဗျာ။

အယ်ဒီတာရေ၊ ခင်ဗျားတို့ရဲ့ News Watch မှာလည်း စိတ်ချမ်းသာရတဲ့ ဖတ်စရာဆိုလို့ 'အင်္ဂလိပ်တို့ တိုင်းပြည်မှာ'ပဲရှိပါတယ်ဗျာ။ အဲဒီဆရာမ မြသဉ္ဇလီနွယ်ရေးတဲ့ ဆောင်းပါးတွေကို ဒီတိုင်းပြည်က အစိုးရမင်းတွေ ဖတ်စေချင်လိုက်တာ။ ကျွန်တော်တို့ဆီမှာ လူမှုဖူလုံရေးဆိုတဲ့ဌာနတော့ ရှိပါရဲ့၊ ၀န်ထမ်းနဲ့ ပင်စင်စားတွေအတွက် ရေတို-ရေရှည် စီမံကိန်းတွေမရှိပါဘူး။ လူမှုဖူလုံရေးဆေးခန်းလေးတွေ ကျဲတိ ကျဲတောက် ဖွင့်ထားပြီး အလုပ်သမားဆေးရုံကြီးဆိုတာကလည်း ရန်ကုန်နဲ့မန္တလေး (၂)မြို့တည်းမှာပဲ ဖွင့်ပေးထားတာပါ။ (ကျွန်တော်မှားရင် ပြင်ပေး ပါ)။ ကျွန်တော်လည်း ဆရာမ မြသဉ္ဇလီနွယ်ကို အားကျလို့မရနိုင်တော့ ''မြန်မာတို့ တိုင်းပြည်မှာ''ဆိုပြီး ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ပါဦးမယ်။

ကဲ၊ ၀န်ထမ်းလစာ ပြီပြီးတော့ ပင်စင်လစာပေါ့ဗျာ။
အဆင့်ကွာခြားလှတဲ့ ၀န်ထမ်းနှစ်ဦးကြားမှာ ပင်စင်လစာ အလွန်အကျွံကွာခြားနေကြပုံကိုလည်း ပြောပါဦးမယ်။
ကျွန်တော့် ယောက်ဖတယောက်ဟာ ၁၉၆၂ တော်လှန်ရေးကောင်စီ ဆိုတဲ့ အာဏာသိမ်းစစ်အစိုးရလက်ထက်မှာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနက နည်းပြဆရာတဦးပါ။ နောက်တော့ ရှေ့ကတယောက် သေမှ နောက်ကလူတွေ ရာထူးတိုးရတဲ့ တက္ကသိုလ်ကိုကြောက်ပြီး ဘဏ်အရာရှိလိုင်းကို ကူးသွားပါတယ်။

ကြီးကြပ်ရေးမှူး၊ လက်ထောက်မန်နေဂျာ၊ မန်နေဂျာနဲ့ လက်ထောက်အထွေထွေ မန်နေဂျာဆိုတဲ့ဘ၀တွေမှာ လုပ်သက် ၃၈ နှစ်ကျော်အောင် ကျင်လည်ခဲ့ပြီး ပင်စင်ယူခဲ့ပါတယ်။ သူဟာ မဆလ၊ န၀တနဲ့ နအဖ လက်ထက်တွေမှာ နိုင်ငံပေါင်း (၆)နိုင်ငံ လောက်သွားခဲ့ရပါတယ်။ ကမ္ဘာ့ဘဏ် (World Bank)၊ အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) နဲ့ မြန်မာနိုင်ငံကို ကူညီလေ့ရှိတဲ့ နိုင်ငံတွေကို အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေတက်ဖို့ သွားရပါတယ်။ ကျွန်တော်တို့ လူပြိန်းအမြင်ကတော့ ကမ္ဘာပတ်ပြီး ပိုက်ဆံချေးနေကြရှာတာပါ။ အဲဒီလိုသွားရင် ဘယ်ဝန်ကြီးလက်ထက်မှာပဲဖြစ်ဖြစ် အစည်းအဝေးတွေမှာ သူပဲဒိုင်ခံရှင်းလင်းတင်ပြရပါတယ်။ သူပဲ အင်္ဂလိပ် စာတတ်တာကိုး။ သူပဲ စာရင်းဇယား ကိန်းဂဏန်းတွေကို ပိုင်ပိုင်နိုင်နိုင် ရှင်းပြနိုင်တာကိုး။ မိုးကျရွှေကိုယ်တွေ မ လုပ်တတ်တဲ့အလုပ်တွေကို သူပဲလုပ်ခဲ့ရတာပါ။

အဲဒီ ယောက်ဖကြီးဟာ Assistand General Manager (လက်ထောက်အထွေထွေမန်နေဂျာ) ဆိုတဲ့ ရာထူးကြီးနဲ့ လုပ်သက်ပြည့်နဲ့ သက်ပြည့်ပင်စင်ယူခဲ့ပါတယ်။

တလောကတော့ နိုင်ငံတော်အတွက် နိုင်ငံတကာမှာ ငွေချေးခဲ့တဲ့ ပြည့်သားကောင်း ကျွန်တော့်ရဲ့ ယောက်ဖကြီးဟာ ပင်စင်ထုတ်ရာက အပြန် ထိုင်မှိုင်နေရှာပါတယ်။ အကျိုးအကြောင်းမေးကြည့်တော့ ဌာနတခု က ပြန်တမ်းဝင်အရာရှိမဟုတ်တဲ့ သူ့ရာထူးနဲ့ယှဉ်ရင် လေးငါးဆင့်လောက် နိမ့်တဲ့သူက သူ့ထက်ပင်စင်လစာ အများကြီးပိုရနေပါတယ်တဲ့။လက် ထောက်အထွေထွေမန်နေဂျာကြီးဟာ ပင်စင်လစာတသိန်းနှစ်သောင်း ကျော်ကျော်လေးပဲရပြီး အဲဒီပြန်တမ်းဝင်အရာရှိမဟုတ်တဲ့ အဆင့်နိမ့်ရာထူးနဲ့ သူက ပင်စင်လစာ တသိန်းခုနစ်သောင်းရပါသတဲ့။
ယောက်ဖကြီးလည်း တောက်တခေါက်ခေါက်နဲ့ မချိတင်ကဲ ကြေကွဲနေရှာပါတယ်။ ကျွန်တော့်စိတ်ထဲကတော့ ပြောနေမိပါတယ်။ 'ခင်ဗျားက နိုင်ငံမှားပြီး လူဖြစ်လာတာကိုး။ အင်္ဂလိပ်တို့တိုင်းပြည်မှာမှ လူသွားမဖြစ်တာကိုး'လို့။

ကဲ၊ ဒီပင်စင်လစာ စာရင်းတွေရေးဆွဲတဲ့၊ စီမံကိန်းနဲ့ဘဏ္ဍာရေး ၀န်ကြီးရဲ့ အထက်မှာရော၊ ဘယ်ခေတ်က အာဏာရှင်တွေက ဘယ်စနစ်၊ ဘယ်အာဏာနဲ့ စီမံခန့်ခွဲခဲ့ကြတာလဲ။ အစိုးရမင်းများ ပြန်ပြီးစစ်ဆေးကြည့် ကြပါဦး။ ခုတော့ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်မှာမှမရှိတဲ့ လစာစာရင်းနဲ့ ပင်စင်လစာ စာရင်းကို ဒီတိုင်းပြည်မှာ တွေ့နေရပါတယ်။ တကယ့်ကို ရုပ်ပျက်ဆင်းပျက်နဲ့ ရှက်ဖို့ကောင်းလှပါတယ်။
ဘာကြောင့် အဲသလို ဖြစ်ရလဲဆိုတဲ့ မေးခွန်းကိုဖြေဖို့ ပင်စင်လစာကိုတွက်တဲ့အခါမှာ (အချို့ဌာနတွေ၊ ဥပမာ ဘဏ်)မှာ တည်ကိန်းမှားသွားတဲ့ စနစ်အကြောင်းကို ကျွန်တော့်မှာ သက္ကရာဇ်တွေ၊ အခြေခံအချက်အလက် တွေနဲ့ ကိန်းဂဏန်းတွေ ရှိပါတယ်။ ဌာနတခုတည်းကွက်မပြောချင်လို့ စာလည်းလေးမှာစိုးလို့ ချန်ထားခဲ့တာပါ။

တရားနဲ့ဖြေကြပေါ့ဗျာ။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ တွေးကြည့်မယ်ဆိုရင် အရင်ဘ၀က အကုသိုလ်အားကြီးခဲ့လွန်းလို့ အခုဘ၀မှာ ဘုံဆိုးဘုံညံ့တခုကို ရောက်နေရတယ်လို့ပဲ ဖြေကြပါ။

ယူတတ်ရင် ကုသိုလ်ရပါတယ်။

ခန္တီပါရမီ ဆက်တိုင်းမှီ နိုင်ကြပါစေ။

(မင်းသစ်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဒေါ်နယ်ထရမ့်ကိုမြန်မာပြည်မှာ
သမ္မတလာလုပ်ခိုင်းကြည့်လိုက်..
အလွယ်တကူထုတ်ပေးခဲ့တဲ့
မှတ်ပုံတင်တွေကိုမြင်ပြီး
ဆွဲကြိုးချ သက်သေသွားလိမ့်မယ်..

ပူတင်ကိုသမ္မတလာလုပ်ခိုင်းကြည့်..
တပ်ကိုစည်းရုံးရဦးမဲ့ကိစ္စတစ်ခုထဲနဲ့တင်
ထွက်ပြေးသွားလိမ့်မယ်..

လီကွမ်ယူကိုသမ္မတလာလုပ်ခိုင်းကြည့်..
အကြွေးတွေကိုတွေ့ပြီး
လေဖြတ်မသွားရင်ကံကောင်း..

အဖမ်းအဆီးကြမ်းပါတယ်ဆိုတဲ့
ဖိလစ်ပိုင်သမ္မတကိုလည်းခေါ်လာခဲ့..
တစ်ပါတ်အတွင်း သူ့ကိုပြန်ဖမ်းပြီး
အာဏာသိမ်းလိုက်ကြလိမ့်မယ်..

မြန်မာပြည်ဆိုတာက
မူးယစ်ဆေးဝါးပြသနာပဲဖြစ်ဖြစ်..
စီးပွားရေးပြသနာတွေပဲဖြစ်ဖြစ်..
ဘင်ဂါလီပြသနာပဲဖြစ်ဖြစ်..
ကြိုက်တဲ့အစကိုဆွဲထုတ်..
အဆုံးမှာစစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့
သူတို့ရဲ့အပေါင်းအဖော်ခရိုနီတွေရဲ့
ခြေရာလက်ရာကိုအမြဲတွေ့ရမယ့်တိုင်းပြည်..
ခပ်တင်းတင်းဆွဲကြည့်လိုက်
အဆုံးရဲ့အဆုံးသက်မှာ
အာဏာသိမ်းခြင်းဆိုတဲ့စကားလုံးပဲ
ထွက်လာလိမ့်မယ်..

လီကွမ်ယူတော်တယ်ဆိုတာက
နိုင်ငံသေးသေးလေး လူနည်းနည်းလေးမှာ
သူကအာဏာအရှိဆုံးလူ..
သူ့ကိုကန့်လန့်တိုက်မယ့်သူတွေ အဖွဲ့တွေ
တစ်ယောက်မှမရှိဘဲ
တိုင်းပြည်ကိုစိတ်ကြိုက်ပုံဖော်ခွင့်ရခဲ့တာ..

ဒေါ်နယ်ထရမ့်ကအမျိုးသားရေးကိုအသံ
ကုန်ဟစ်ပြီးအော်နိုင်နေတယ်ဆိုတာ..
သူ့နိုင်ငံဟာချမ်းသာပြီးသားတိုင်းပြည်..
ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ်အချိန်မရွေး
တိုက်ခိုက်နိုင်စွမ်းရှိပြီး..
သူ့ကိုခြိမ်းခြောက်လာမယ့်ဘယ်လိုစစ်ရေး
ခြမ်းခြောက်မှုမျိုးကိုမဆို..
အချိန်မရွေးရင်ဆိုင်ကျော်လွှားနိုင်စွမ်း
ရှိတဲ့နိုင်ငံ..

ဖိလစ်ပိုင်သမ္မတပြတ်သားနိုင်နေတယ်
ဆိုတာက..
ဖိလစ်ပိုင်လွှတ်တော်ထဲမှာ၂၅%မရှိသလို
တပ်မတော်ဟာသမ္မတအမိန့်ကိုတိုက်ရိုက်
နာခံနေတဲ့နိုင်ငံ..

မတူတာတွေကို တန်းမညှိကြနဲ့..
ဒီနိုင်ငံမှာ သူတို့လုပ်သလိုမျိုး..
သူတို့အော်နေသလိုမျိုး..
လုပ်လို့မရသေးဘူးဆိုတာ
ပညာဥာဏ်ရှိမှမြင်နိုင်လိမ့်မယ်..
ဘာမှမပြောင်းလဲသေးဘူးဆိုပြီး
ဖင်ပိတ်မအော်ကြနဲ့..
ပြန်လည်နွေးထွေးလာကြတဲ့တပ်မတော်နဲ့
ဆက်ဆံရေးဟာ..
အကောင်းဆုံးပြောင်းလဲမှုပဲ..
အချိန်သုံးလကျော်အတွင်းမှာ
တပ်ချုပ်ကြီးကို အိမ်ဆွမ်းကပ်ပွဲဖိတ်ပြီး
အတူရေစက်ချ နိုင်ခဲ့တာကတင်ပဲ..
အနာဂါတ်နိုင်ငံတော်ကြီးအတွက်
တော်တော်ကျေနပ်စရာကောင်းနေပြီ...

Credit: Naw Khan Aung

နာမည်ကြီး ဂျမေကာ အပြေးသမား အူစိန်ဘော့ဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးပြီးနောက် အိုလံပစ်ပြိုင်ပွဲ ၃ ခါဆက် ရွှေတံဆိပ်ဆုရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

သူဟာ ၂၀၀၈ ဘေဂျင်းအိုလံပစ်၊ ၂၀၁၂ လန်ဒန်အိုလံပစ်နဲ့ ၂၀၁၆ ရီယိုအိုလံပစ်တို့မှာ ရွှေတံဆိပ်တွေ ဆက်တိုက်ဆွတ်ခူးခဲ့တာပဲ ဖြစ်ပါတယ်။

အူစိန်ဘော့ဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉ ဒသမ ၈၁ စက္ကန့်နဲ့ ပန်းဝင်ခဲ့တာဖြစ်ပြီး သူ့နောက်က ပန်းဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျက်စတင် ဂယ်လ်တင်ကတော့ အူစိန်ဘော့ထက် ၀ ဒသမ ၀၈ စက္ကန့် နောက်ကျပြီး ပန်းဝင်ခဲ့ပါတယ်။

အူစိန်ဘော့အတွက် မီတာ ၁၀၀ ကမ္ဘာ့စံချိန်ကတော့ ၂၀၀၉ ခုနှစ်က ဘာလင်မှာ ကျင်းပတဲ့ ကမ္ဘာ့ပြေးခုန်ပစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၉ ဒသမ ၅၈ စက္ကန့်နဲ့ တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

သူဟာ လက်ရှိအချိန်ထိတော့ ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။
DVB TV News

pyithu-hluttaw-620.jpg ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပနေစဉ်
Photo: MOI
 အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အဆို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုတင်သွင်းတဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ သက်တမ်းမတိုး သင့်တော့ကြောင်း ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးလိုက်မယ်ဆိုရင် နိုင်ငံတော်အတွက် စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း အဆိုကို ထောက်ခံတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်ပြခဲ့ပါတယ်။

လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ အဆိုကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ သင့်၊ မသင့် လွှတ်တော်ဥက္ကဌ က မေးမြန်းရာ ကန့်ကွက်သူရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ခဲ့စဉ်မှာ ကန့်ကွက်မဲ ၂၀၀ ကျော် ထောက်ခံမဲ ၁၅၀ ကျော်သာ ရရှိတဲ့အတွက် အဆိုရှုံးနိမ့်သွားတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ကစပြီး စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ပြန်လည်ဖြေလျှော့ပေးတာတွေ ရှိခဲ့ပြီး လက်ရှိမှာ အရင် စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ်သူတွေကိုသာ ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တချို့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့မှုသက်တမ်း ၁ နှစ် တိုးတာတွေ လုပ်ဆောင်ထားပါတယ်။
RFA


ဧရာဝတီ မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စီစစ်သုံးသပ်ရေး ကော်မရှင်အနေဖြင့် မြစ်ဆုံစီမံကိန်း အကောင်အထည် ကိစ္စပြတ်သားစွာ လုပ်ဆောင်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်များက ဝေဖန်ပြောသည်။

မြစ်ဆုံစီမံကိန်းအား လေ့လာခဲ့သူတစ်ဦးဖြစ်သည့် ပါမောက္ခ ဦးညိုမောင် က“ကျွန်တော် သဘောထား ကတော့ ကျွန်တော် အရင်ကတည်းက ပြောသွားခဲ့ပြီးဖြစ်တယ်။ ကျွန်တော်တို့ သဘော ထားတွေက ကျွန်တော်တင်ပြပြီးပြီ ဒီနေရာကိုမလုပ်ပါနဲ့လို့ ပြောထားပြီးပြီ။ ဘယ်နေရာကိုလုပ်ပါလို့ ကျွန်တော်တို့ အစားထိုးတင်ပြပြီး ဖြစ်တယ်။ အဲ့ဒီသဘောထား အယူအဆတွေ မပြောင်းပါဘူး။ အဲ့ဒီအတိုင်းပဲရှိပါတယ်” ဟု The Ladies News သို့ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ် မသွားခင်အချိန်ဖြစ်သည့် သြဂုတ် ၁၂ ရက်နေ့စွဲဖြင့် ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများလေ့လာ စိစစ်သုံးသပ်ရေး ကော်မရှင်ဖွဲ့စည်းခဲ့သည်။ ကော်မရှင် တင်ပြချက်များကြောင့် အဆိုပါစီမံကိန်း ပတ်သက်ပြီး ပြန်လည် အကောင်အထည်ဖော်မည်ကို စိုးရိမ်လျက်ရှိကြောင်း သို့ရာတွင် ပြည်သူသဘောထား လက်ခံသူဆိုလျှင် ဆက်လက်လုပ်မည်မဟုတ်ကြောင်း ယခင်အစိုးရ လက်ထက်ကတည်းက မြစ်ဆုံစီမံကိန်း အကောင်အထည် မဖော်ရေးကန့်ကွက်ခဲ့သည့် ပညာရှင်များက ပြောပြချက် အရ သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသူတစ်ဦးဖြစ်သည့် ဦးဝင်းမျိုးသူက“ရှောင်ပြေး နေလို့ ဆိုင်းငံနေလို့ မှ တစ်သက်လုံးနေမရတာ။ မပူဘူးလား မြစ်ဆုံ အကြောင်းကြောင်းကြောင့် ပြန်လုပ်သင့်ပါတယ်။ ပြောရင် ဘယ်နှယ့်လုပ်မလဲ။ အဲဒီလိုတော့ မဖြစ်ဘူးထင်တယ်။ ဒီလိုကော်မရှင်မျိုးက ဘယ်တော့မှ အဖြူအမဲသဲကွဲအောင် ရေးလေ့မရှိဘူး။ ကောင်းတာရော ဆိုးတာရော ကြည့်ရေးမှာပါ။ နိုင်ငံရေး မိုးလေဝသကြည့်ပြီး အဖြေထုတ်မှာပါ။ ဖျက်ဖို့နဂိုတည်းက ဆုံးဖြတ်ပြီးသားဆိုရင် ရဲရဲတောက်ရေးမှာပါ။ လုပ်မယ်လို့ သဘောထား အရိပ်အယောင် တွေ့ ပြီးသားဆိုရင် ကျားဥပုတ်စောင့် သက်သတ်လွတ်စားကြောင်း မရုတ်မလွန် ထောက်ခံရေးမှာပါ။ ဘာအရိပ်အယောင် သဘောထားမှ မတွေ့ဘူးဆိုရင်တော့ ပြည်သူကြိုက်ရင် လုပ်ပါလို့နဲ့ အဆုံးသတ်မှာပါ”ဟု ယင်းကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ယခင်အစိုးရလက်ထပ်က မြစ်ဆုံစီမံကိန်းအား ပြည်သူများ ကန့်ကွက်ခြင်းများရှိသည့်အတွက် ယင်းတို့အစိုးရ သက်တမ်း ကာလအတွင်း ရပ်ဆိုင်းရန် အမိန့်ချမှတ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ကဲ့သော်လည်း မြစ်ဆုံဧရိယာအား ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်အတွက် ပြည်သူများ သွားလာခွင့်မရဘဲ စီမံကိန်းဧရိယာအတွင်း လုပ်ဆောင်နေမူအား ပွင့်လင်းမြင်သာစွာ မသိရှိကြောင်း ဒေသခံများက ပြောသည်။

မြစ်ဆုံစီမံကိန်း ပတ်သက်ပြီး ဒေသခံတိုင်းရင်းသားများအတွက် စဉ်စားပေးနိုင်ရန်အတွက် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အပြီးတိုင်ရပ်ဆိုင်းရန် လုပ်ဆောင်သင့်ကြောင်း လျော်ကြေးပေးရမည်ဆိုပါက စီမံကိန်းစတင်ခဲ့သူများက လျော်ကြေးပေးသင့်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက သတင်းမီဒီယာများအား ပြောဆိုထားချက်အရ သိရသည်။

အဆိုပါမြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်သည့် ACHC ကုမ္ပဏီသည် China Power Investment Corporation-CPI မှ ၈၀ ရာခိုင်နှုန်း၊ ယခင်လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း နှင့် Asia World ကုမ္ပဏီ အနေဖြင့် ၅ ရာခိုင်နှုန်းပါဝင်ထားကြောင်း သတင်းများအရ သိရသည်။

အစိုးရဘက်မှ ပြောဆိုနိုင်ခြင်းမရှိသေးခင် တရုတ်နိုင်ငံဘက်မှ မြစ်ဆုံစီမံကိန်း အကောင်အထည် မဖော်ဖြစ်ပါက မြစ်ဆုံစီမံကိန်းအတွက် ကုန်ကျထားသည့်အရာများအတွက် လျော်ကြေး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်ကုန်ပိုင်းက သတင်းမီဒီယာများ ဖော်ပြချက်အရ သိရသည်။

၂၀၁၅ ခုနှစ်ကုန်နောက်ပိုင်းတွင် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် တရုတ်ဘက် တဖြည်းဖြည်း အသက်သွင်းလာပြီး ကချင်ပြည်နယ်အစိုးရ အဖွဲ့အပေါ် တရုတ်နိုင်ငံ နိုင်ငံတကာ စီးပွားရေးဌာနမှ ညွန်ကြားရေးမှူးချူပ် Mr.Lieu Zanက မြန်မာနိုင်ငံအနေဖြင့် ရွေးချယ်နိုင်သည့် လမ်းကြောင်း သုံးခုကိုပြောခဲ့သည်။

ယင်းအချက်များမှာ ဆည်စီမံကိန်း ဖျက်ပစ်နိုင်ကြောင်း၊ ထိုသို့ ဖျက်ပစ်သည့်အတွက် လျော်ကြေးငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ဆည်စီမံကိန်းပြန်စပြီး ဆည်ပြီးစီးသည့်အထိ ဆောက်ခွင့်ပြမည်ဆိုပါက နှစ်စဉ်အမေရိကန်ဒေါ်လာသန်း ၅၀၀ အခွန်ငွေရမည်ဖြစ်ကြောင်း နောက်ဆုံးအချက်အနေဖြင့် အပေါ်ကအချက်နှစ်ချက် မလုပ်ဆောင်ဘဲ စီမံကိန်း ရပ်ဆိုင်းနေသေးသရွေ့ တရုတ်ကုမ္ပဏီက တင်ရှိနေသည့် အလုံးအရင်း ချေးငွေတွေရဲ့အတိုးဖြစ်သည့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို တရုတ်ကုမ္ပဏီတွေ ကိုယ်စားလှယ် မြန်မာနိုင်ငံက ပြန်ဆပ်ရမည်ဖြစ်ကြောင်း Frontier သတင်းတွင် ဆိုထားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ထိုကဲ့သို့ လျော်ကြေများ တောင်းဆိုလိုက်ခြင်းသည် လက်ရှိအစိုးရအပေါ် သွေးတိုးစမ်းလိုက် သကဲ့သို့ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း တရုတ်နိုင်ငံ သွားမည့်ခရီးစဉ် မတိုင်မီကာလတွင် အဆိုပါကိစ္စအား ပြောစရာစကား တစ်ခုလုပ်နိုင်ရန်အတွက် ယခုကဲ့သို့ မြစ်ဆုံစီမံကိန်း လေ့လာရေးကော်မရှင်အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ အချို့ကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်အစိုးရ လက်ထပ်အတွင်း အတိုက်အခံပါတီ ခေါင်းဆောင်အနေဖြင့် မြစ်ဆုံအရေးကိစ္စနှင့် ပတ်သက်ပြီး ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုစဉ်ကရှိခဲ့သော သဘောထားနှင့် လက်ရှိ အစိုးရဖြစ်လာပြီး နောက်ပိုင်းတွင် လုပ်ဆောင်ရမည့် အခြေအနေများသည့် အကျပ်အတည်းတွင် ရင်ဆိုင်နေရဖွယ်ရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများဆိုသည်။

သြဂုတ် ၁၂ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်မီးလုံလောက်စွာ ရရှိရေး စိန်ခေါ်မူများ ရှိနေသည့်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စွမ်းအင်များစဉ်းစားရာတွင် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် ရေအရင်းအမြစ်တို့ကို အားထားနေရကြောင်း ပြောဆိုသွားခဲ့သည်။

ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အပြင်းအထန် ကန့်ကွက်မှုများရှိနေခြင်း၊ သဘာဝဓာတ်ငွေ့ ရှားပါးလာခြင်းနှင့် ရေအရင်းအမြစ်အပေါ်၌လည်း ဝေဖန်မှုများ ရှိနေခြင်းတို့ကြောင့် စီမံကိန်းအချို့ နှောင့်နှေးမှုနှင့် ကြုံနေရသည်ဟု လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်ကပြောခဲ့သည်။

ထိုကဲ့သို့ ပြောခဲ့ခြင်းသည် ယခု NLD အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်း အကောင်အထည်မဖော်ဖြစ်ပါက သံလွင်မြစ်ကဲ့သို့ အခြားသောမြစ်ပေါ်တွင် လျှပ်စစ်ရရှိရေး အကောင်အထည် ဖော်သွားနိုင်ရန်ရှိကြောင်း အရိပ်အမြွက် ပြောဆိုခြင်းဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာသူများကဆိုထားသည်။

ဧရာဝတီမြစ်ဆုံနေရာတွင် အကောင်အထည် ဖော်မည်ဆိုပါက လက်ရှိ ပြည်သူများ ရင်ဆိုင်ကြုံတွေနေရသည့် သဘာဝပတ်ဝန်းကျင် အခြေအနေ ဆိုးရွားလာမည်လားဆိုသည့် မေးခွန်းအား ပိုမိုအားကောင် လာစေနိုင်မည်ဖြစ်သည်။

ဧရာဝတီမဟုတ်ဘဲ အခြားမြစ်တစ်ခုတွင် အကောင်အထည် ဖော်ဖြစ်ခဲ့ပါကလည်း သံလွင်မြစ်ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အများစု တည်ရှိရာနေရာ ဖြတ်ကျော်သွားသည့် မြစ်တစ်စင်းတွင် အကောင်အထည်ဖော်ပါက လက်ရှိအေးချမ်းအောင် တည်ဆောက်နေသည့် တိုင်းရင်းသား ငြိမ်းချမ်းရေးကိုပါ ထိခိုက်သွားမည်လား စိုးရိမ်ရခြင်းများရှိပြီး သံလွင်မြစ်ဝှမ်းဒေသရှိ တိုင်းရင်းသားများကလည်း ကန့်ကွက်ခြင်းများရှိကြောင်း သိရသည်။

ယခုဖွဲ့စည်းလိုက်သည့် ကော်မရှင်အနေဖြင့် ဖွဲ့စည်းလိုက်သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည့်အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ခရီးစဉ်သွားမည့်နေ့သည် နီးကပ်နေသည့်အတွက် တိကျသည့် သတင်းအချက်အလက်များ ရရှိနိုင်မည်လား လက်ပံတောင်းတောင် အရေးကိစ္စကဲ့သို့ ဖြစ်သွားမည်လား စိုးရိမ်မှုများ ရှိနေကြသည်။ သို့ရာတွင် ကော်မရှင်တစ်ရပ် ရှိနေသည့်အတွက် မြစ်ဆုံကိစ္စအား တိကျစွာကိုင်တွယ်နိုင်မည်ဟု ယူဆကာ အကောင်းမြင်ခြင်းများ ရှိကြောင်း ပြောပြချက်များအရ သိရသည်။

မည်သို့ပင်ဆိုစေကာမူ မြစ်ဆုံစီမံကိန်း လေ့လာသည့်အဖွဲ့ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် အရေး ဆောင်ရွက်နေသူများက စောင့်ကြည်လျှက်ရှိနေကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူများအပေါ် ဖိအားမဖြစ်စေရန် မြစ်ကဲ့သို့ အလားတူစီမံကိန်းများ အပေါ်တွင် အစိုးရအနေဖြင့် ပြတ်သားစွာ လုပ်ဆောင်စေလိုကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများကဆိုသည်။

မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးကိစ္စတွင် တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ဒေါ်ခွန်ဂျာက “လက်ရှိကော်မရှင်အဖွဲ့ အပေါ်တော့ ဘာမှမပြောလိုပါဘူး။ ဘယ်အစိုးရတက်တက် မြစ်ဆုံကို မထိစေချင်ဘူး။ မြစ်ဆုံစီမံကိန်းရပ်ဖို့ကို ပြတ်ပြတ်သားသား လုပ်သင့်တယ်။ ထပ်ပြီး ပြည်သူတွေကို ခေါင်းမကိုက်ခိုင်းပါနဲ့” ဟု ပြောသည်။

စိုင်းဟန်
The Ladies News
http://www.theladiesnewsjournal.com/news/mon-2016-08-15-1609/2976

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်နှင့် လမ်းမတော်မြို့နယ်များအတွင်းရှိ နောက်ဖေးလမ်းကြားအမှိုက်များကို သြဂုတ် ၁၅ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ယူရှင်းလင်းဆောက်ရွက်နေကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်နှင့် ၇ ရပ်ကွက်မှ ဘုန်းကြီးလမ်း၊ ၁၃လမ်း၊ ၁၄လမ်းကြားအတွင်းရှိ အမှိုက်များနှင့် ပုဇွန်တောင်မြို့နယ်တွင် အမှတ် ၇ ရပ်ကွက်၊မဟာဇေယျလမ်းအတွင်းရှိ အမှိုက်များကို ရှင်းလင်းနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ထားသော နောက်ဖေးလမ်းကြား အမှိုက်များကို စည်ပင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ၀န်ထမ်း၊ အမှိုက်သိမ်းယာဉ်၊ စက်သုံးဆီများကို စိုက်ထုတ်သုံးစွဲကာ တာဝန်ယူရှင်းလင်းဆောင်ရွက်နေခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ရပ်မိရပ်ဖများတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ယင်းဌာနမှ သိရသည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ် တထောင်မြို့နယ်များရှိ နောက်ဖေးလမ်းကြားအမှိုက်များကို ယင်းဌာနမှ တာဝန်ယူရှင်းလင်းပေးနေပြီး ယင်း မြို့နယ်များအနက် လမ်းမတော်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်နှစ်ခုတွင် စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအကြားတွင် တက်တူး ဆေးမင်ကြောင်ထိုးခြင်းကို ဖက်ရှင်သဖွယ် ပံျ့နှံ့လာလျက်ရှိရာ ခန္ဓာကိုယ်ပေါ် တက်တူးဆေးမင်ထိုးသူများတွင် တက်တူးထိုးခြင်းကြောင့် မလိုလားအပ်သော ရောဂါကူးစက်ခံရမှုများနှင့် အရေပြားရောဂါပြဿနာဖြစ်သူများ ပို၍များပြားလာလျက်ရှိသည်ဟု မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ အထွေထွေရောဂါကုဆရာဝန်ကြီးတဦး၏ ပြောပြချက်အရ သိရသည်။

''ဒီနေ့လူငယ်ထုအကြားမှာ တက်တူးထိုးခြင်းကို ဖက်ရှင်တခုအသွင်နဲ့ နေရာဝင်ယူလာပါတယ်။ တက်တူးထိုးတာကို လူငယ်ယောကျာ်းလေးတွေအပြင် မိန်းကလေးတွေပါ ထိုးလာကြတာက ခေတ်ရဲ့တိုးတက်မှုဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံအနာဂတ်မျိုးဆက်လူငယ်တွေအတွက် ကောင်းတဲ့ လက္ခဏာတခုမဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ တက်တူးဆေးမင်ကြောင့် မလိုလားအပ်တဲ့ရောဂါတွေ ကူးစက်ခံရမှုနဲ့ အရေပြားရောဂါပြဿနာဖြစ်သူတွေ များလာပါတယ်။ အရင်က အရေပြားရောဂါနဲ့ပတ်သက်လို့ ဖြစ်ပွားသူ အလွန်နည်းပါတယ်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ တက်တူးဆေးမင်ကြောင်ထိုးခြင်းကြောင့် အရေပြားရောဂါဖြစ်ပွားသူ ပိုများလာပါတယ်။ တက်တူးဆေးမင်ထိုးလို့ ခန္ဓာကိုယ်က ပိုလှမလာပါဘူး။ မိမိရဲ့ ခန္ဓာကိုယ်ကို တကယ်လှပစေချင်တယ်ဆိုရင် ကျန်းမာရေးကို လေ့လာလိုက်စားပြီး အားကစားတခုခုကိုလုပ်ကြဖို့ လိုအပ်ပါတယ်''ဟု မြန်မာနိုင်ငံဆရာဝန်များအသင်း (မန္တလေး)မှ အထွေထွေရောဂါကုဆရာဝန်ကြီးတဦးက ပြောသည်။

မန္တလေးအထွေရောဂါကုဆေးရုံကြီးရှိ အရေပြားရောဂါကုဌာနတွင် ယခုနှစ် ဇန်န၀ါရီမှ ဇူလိုင်လအထိ တက်တူးဆေးမင်ကြောင်ထိုးခြင်းကြောင့် ဖြစ်ပွားသည့် အရေပြားဝေဒနာရှင် ၁၃၀ ခန့်ရှိသည်ဟု ဆေးကုသမှုမှတ်တမ်းများအရ သိရသည်။

ယခုအခါ ခန္ဓာကိုယ်ပေါ် တက်တူးဆေးမင်ထိုးသူများတွင် မလိုလားအပ်သော ရောဂါကူးစက်ခံရမှုများနှင့် အရေပြားရောဂါ ပြဿနာဖြစ်သူများလာပြီး ဆေးမင်ထိုးထားသူ ၅၀၀ အား အမေရိကန်ကျန်းမာ ရေးသုတေသီများက တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၄၀ ရာခိုင်နှုန်းခန့်သည် အရေပြား ယားယံခြင်း၊ နာကျင်ခြင်း၊ အနာဖြစ်ခြင်းစသည့် လက္ခဏာများကို ခံစားကြရကြောင်း၊ ၎င်းဝေဒနာခံစားရသူများ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ဝေဒနာကို အနည်းဆုံး လေးလခန့်အထိ ခံစားကြရကြောင်း၊ သို့သော်လည်း ဆေးမင်ထိုးသူတိုင်း အဆိုပါရောဂါ လက္ခဏာများဖြစ်ပွားခြင်းမရှိသော်လည်း ဆေးမင်ရည်၌ပါဝင်သည့် ဓာတုပစ္စည်းကြောင့် လူ့ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံအားအပေါ်မူတည်ပြီး အရေပြားယားယံခြင်း၊ နာကျင်ခြင်း၊ အနာဖြစ်ခြင်းစသည့် လက္ခဏာများကို ခံစားရလေ့ရှိကြောင်း၊ ဆေးမင်ထိုးသူ ၅၀၀ ဦးအနက် ဆေးမင်ထိုးခြင်းကြောင့် မလိုလားအပ်သော ရောဂါကူးစက်ခံရမှုသည် ၅ ရာခိုင်နှုန်း ခန့်ပါဝင်သည်ဟု အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်မှ သုတေသနပါမောက္ခ Marie Leger ဦးဆောင်၍ သုတေသန ပြုထားသည့် ကျန်းမာရေးသုတေသနစစ် တမ်းများအရ သိရသည်။

''လက်ရှိအခြေအနေမှာက တက်တူးထိုးတဲ့ဆိုင်လေးတွေလည်း မြို့ပေါ်မှာ နေရာအနှံ့မှာ ခပ်စိပ်စိပ်တွေ့လာရတယ်။ ဆိုင်လေးတွေကို သပ်သပ်ရပ်ရပ်ပြုလုပ်ထားပြီး လူငယ်တွေဆေးမင်ထိုးလာတာ လည်းပိုများလာတယ်။ အဲဒီလို လူငယ်တွေထဲမှာ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအရွယ်တွေ ပါဝင်နေမှု များပြားလာတာကလည်း နိုင်ငံရဲ့အနာဂတ်အတွက် စိန်ခေါ်မှုတမျိုး ဖြစ်လာနိုင်ပါတယ်။ တက်တူးထိုးတဲ့အခါ အပ်တွေကို တခါသုံး အပ်နဲ့သုံးကြတယ်ဆိုပေမယ့် ထိုးတဲ့စက်တွေက တခါသုံးစက်တွေမဟုတ်တော့ ပထမလူထိုးပေးထားတဲ့ ဆေးမင်ထည့်တဲ့ ခွက်ထဲကို ဆေးအသစ်ထည့် ပထမလူထိုးတဲ့ စက်နဲ့ပဲ အပ်အသစ်လဲထိုးတာဆိုတော့ ဆေးမင်ထိုးတဲ့အခါ သွေးထွက်မှုရှိတယ်။ အဲဒီသွေးက ဆေးခွက်မှာ ကျန်ခဲ့မယ်။ အဲဒီလိုပဲ အပ်ပဲလဲတာလေ စက်မလဲတော့ မဖြစ်မနေ သွေးစသွေးနတွေ ကပ်ကျန်ခဲ့ မှာဆိုတော့ ရောဂါကူးစက်ခံရမှုအတွက် ရာနှုန်းပြည့်အာမခံမှုမရှိတဲ့အတွက် တက်တူးထိုးကြမယ်ဆိုရင် အထူးသတိထားဖို့ လိုပါတယ်''ဟု မန္တလေးမြို့မှ အထက်တန်းပြကျောင်းဆရာ ဦးဇော်မောင်က ပြောသည်။

လက်ရှိကျင်ပလျက်ရှိသော မြန်မာနိုင်ငံ၏ အစည်ကားဆုံးပွဲတော်တခုဖြစ်သည့် တောင်ပြုန်းပွဲတော်တွင် လူငယ်အများအပြား တက်တူးထိုးလေ့ရှိကြောင်း၊ မန္တလေးမြို့၏ ဘုရားပွဲတော်များတွင်လည်း တက်တူးထိုးပေးသည့် ဆိုင်လေးများကို တွေ့မြင်ရလေ့ရှိရာ ၎င်းကဲ့သို့ တက်တူးထိုးပေးသူများကိုလည်း အမျိုးသားရေးကျန်းမာရေးရှုထောင့်မှကြည့်၍ တတ်နိုင်သမျှထိန်းချုပ်ပေးရန်လိုအပ်သည်ဟု မန္တလေးမြို့စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)က သုံးသပ်ပြောပြသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



ငြိမ်းချမ်းရေးမရသေးခြင်း၏ အကြောင်းအရင်းသည် ပြည်ထောင်စုသားအားလုံး၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်၍ ဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးပွဲကော်မတီ(UPDJC)၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးသည် တိုင်းပြည်အတွက် အဓိကအရေးကြီးသော်လည်း စီးပွားရေးဖွဲ့ဖြိုးမှုအတွက် လျစ်လျူရှုထားမည်မဟုတ်ကြောင်း၊ စီးပွားရေးတိုးတက်မှုများကိုလည်း ငြိမ်းချမ်းရေးမရရှိဘဲ ထိန်းသိမ်းထားနိုင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ရေရှည်မှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုစီးပွားရေး တိုးတက်မှုကိုမှ ကျွန်မတို့ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေးဘက်က ဘယ်လောက်ပဲ တိုးတက်တိုးတက်၊ ငြိမ်းချမ်းရေးပြိုပြီဆိုတာနဲ့ ဒီတိုးတက်မှုတွေကလည်း ပြိုသွားနိုင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရသစ်အနေဖြင့် တိုင်းပြည် စီးပွားရေးမူဝါဒများကို ထုတ်ပြန်ထားပြီးဖြစ်ကာ အဆိုပါ မူဝါဒများအပေါ် ဝေဖန်မှုတချို့လည်း ရှိသည်။ အစိုးရသစ်၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒနှင့်ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးတွင် ထပ်မံပြောဆိုခဲ့သေးသည်။

“အတိတ်တုန်းက အဆိုးတွေကို ပယ်ဖျက်ပြီးတော့ အနာဂတ်ကို ချီတက်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ညီညီညွတ်ညွတ်၊ ယုံယုံကြည်ကြည်နဲ့ ချီတက်နိုင်အောင်လို့ ဘယ်လို လုပ်ရမယ်ဆိုတာ ဝိုင်းပြီးတော့ စဉ်းစားပေးကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံကျင်းပမည့် နေ့ရက်အတည်ပြုခြင်း၊ ညီလာခံဖွင့်ပွဲ၊ ညစာစားပွဲနှင့် ဖိတ်ကြားမည့် အစီအစဉ်များ အတည်ပြုခြင်း၊ ညီလာခံတွင် ဆွေးနွေးမည့် အစီအစဉ်များ အတည်ပြုခြင်းနှင့် ညီလာခံကျင်းပရေး ပူးတွဲကော်မတီဖွဲ့စည်းရေး အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

The Ladies News
Photo - တိုင်းရင်းသား ကိုယ်စားလှယ်များကို နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည်
http://www.theladiesnewsjournal.com/news/mon-2016-08-15-1415/2974

မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းပေးရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် တောင်းဆိုဆန္ဒပြနေကြသူများကို စက်တင်ဘာ ၂၂ ရက် ၂၀၁၁ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ - အီးပီအေ)
၂၀၁၁ ခုနှစ်မှစကာ ရပ်ဆိုင်းထားရသည့် တရုတ်တို့၏ မြစ်ဆုံဆည် စီမံကိန်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မတိုင်ခင် အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိလာတော့မည်ဟု ခန့်မှန်းရသည်။

သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ မြန်မာအစိုးရသည် မြစ်ဆုံဆည် စီမံကိန်းအပါအ၀င် ကချင်ပြည်နယ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများကို ပြန်လည်သုံးသပ်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုက အစိုးရသစ်အနေဖြင့် စီမံကိန်းပြန်စမည့် သဘောကို ဆောင်နေသည်ဟု အကဲဖြတ်များက သုံးသပ် ထင်မြင်နေကြ သကဲ့သို့ အစိုးရသစ်လက်ထက် တရုတ်-မြန်မာ စီးပွားရေးဆက်ဆံမှုဆိုင်ရာ ရပ်တည်ချက်ကို ပြသရန်နှင့် အနောက်အုပ်စုနှင့် အာရှက တရုတ်တို့အကြား ရပ်တည်ချက်ကို ပြသသွားမည်ဟု မျှော်လင့်နေကြသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အတွင်း သတင်းကောင်းများကို ကြားရရန် မျှော်လင့်နေကြပြီး အစိုးရသစ် အနေဖြင့်လည်း နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု၏ ထိလွယ်ရှလွယ်အဖြစ်ဆုံး ကိစ္စရပ်များကို စတင်ကိုင်တွယ် ဖြေရှင်းသွားတော့မည်ဟု ယူဆရသည်။ သို့ရာတွင်လည်း ခရီးစဉ်အတွင်းမှာပင် ကာလအတန်ကြာ ပြဿနာ ဖြစ်နေခဲ့သော မြစ်ဆုံဆည်ကိစ္စရပ်ကို အပြီးတိုင် ဖြေရှင်းနိုင်မည်ဆိုသည်ကတော့ လက်တွေ့ကျကျ ယူဆ၍ ရနိုင်မည် မဟုတ်ပေ။

မြန်မာနိုင်ငံတွင်မူ အဆိုပါ ဆည်တည်ဆောက်မှု စီမံကိန်းနှင့် ပတ်သက်၍ အစိုးရသစ်၊ ပြည်တွင်းလက်နက်ကိုင် အုပ်စုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူလူထု စသည့် မတူညီသည့် အုပ်စုများထံမှ ကွဲပြားခြားနားသော ထင်မြင်ယူဆချက်များ ထွက်ပေါ်နေခဲ့ပြီးဖြစ်သည်။

အကယ်၍ အစိုးရအနေဖြင့် ကာလကြာ ရပ်ဆိုင်းထားသည့် မြစ်ဆုံဆည် စီမံကိန်းကို ပြန်စရန် မျှော်လင့်ကောင်း မျှော်လင့်နိုင်သော်လည်း တရုတ်၏ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်ကမူ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းများထံမှ ထောက်ခံမှု ရရှိနိုင်မည် မဟုတ်သောကြောင့် စီမံကိန်း ဖော်ဆောင်ရေးလမ်းကြောင်း ဖြောင့်ဖြူးနိုင်မည်တော့ မဟုတ်ပေ။

အဆိုပါ မြစ်ဆုံဆည် စီမံကိန်းမှာ ကချင်လွတ်မြောက်ရေး တပ်မတော် ရှိနေသည့် ကချင်ပြည်နယ်ထဲတွင် တည်ရှိနေလျက် ရှိသည်။ လက်ရှိ ဒေသခံ နိုင်ငံရေးလှုပ်ရှားမှု အဖွဲ့အစည်းများ၏ သဘောထားအရဆိုလျင် တရုတ်တို့ အနေဖြင့် အစိုးရနှင့် မည်သည့် သဘောတူညီချက်မျှ လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ ဒေသတွင်း နိုင်ငံရေးအင်အားကို လေးစားရရန် ရှိနေကာ စီမံကိန်းအပေါ် လူထုသဘောထားများကိုလည်း နားထောင်သွားရမည်ပင်ဖြစ်သည်။

လက်ရှိအချိန်တွင်မူ တရုတ်တို့အနေဖြင့် စီမံကိန်းအပေါ် အခြားရှုထောင့်မှ ထောက်ခံမှုရနိုင်သည့် အခွင့်အလမ်း တစ်ခုလည်း ရှိနေသည်။ ယင်းမှာ အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ယင်း၏ တိုးတက် လိုအပ်လာနေသော လျှပ်စစ်စွမ်းအင် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရေအားလျှပ်စစ် စီမံကိန်းများ အရေးတစ်ကြီး လိုအပ်နေသည်။

ယင်းအပြင် အစိုးရသစ်မှာလည်း နိုင်ငံ၏ စီးပွားရေး အင်ဂျင်ကို ပြန်လည်စတင် မောင်းနှင်နေလျက်ရှိသည်။ မီဒီယာဖော်ပြချက်များအရ တာဝန်ရှိသူတစ်ချို့သည် နိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်းများကို ထောက်ခံကြရန် လူထုကို တိုက်တွန်းနေသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် လက်တစ်လော နိုင်ငံလူဦးရေ၏ သုံးပုံ ပုံတစ်ပုံသာ လျှပ်စစ်မီး သုံးစွဲနေရသည်။

အလားတူ မီဒီယာသတင်းများအရ မြန်မာအစိုးရအနေဖြင့် မြစ်ဆုံဆည် စတင်လည်ပတ် နိုင်ခဲ့ပါက ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အား ၁၀ ရာခိုင်နှုန်းကို အလကားရရှိစရာ ရှိနေသည်ဟုသိရသည်။ ခန့်မှန်းရမည်ဆိုပါက မြန်မာပြည်သူ လူထုအကြား ယုံကြည်အားထားခံရဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့် တရုတ်ခရီးစဉ်တွင် စီမံကိန်းနှင့်ပတ်သက်၍ အပြုသဘောဆောင်သော သဘောထား ရပ်တည်ချက်ကို ပြသမည်ဟု ယူဆရသည်။ အလားတူ တရုတ်အစိုးရက ငွေကြေးစိုက်ထူထားသည့် ရေအားလျှပ်စစ် စီမံကိန်းအပေါ် ပြည်တွင်းက ပြည်သူလူထုသည် သတိဖြင့် စောင့်ကြည့် ကန့်ကွက်မည့် အခြေအနေများကိုပါ ပြေလျော့ သွားစေနိုင်သည်ဟု ခန့်မှန်းရသည်။

( Global Times အင်တာနက် စာမျက်နှာတွင် ဖေါ်ပြသည့် “Hopefully Suu Kyi’s China visit will show positive attitude toward Myitsone dam” ကို ဘာသာပြန်ဆိုဖေါ်ပြပါသည်။ )
Mizzima - News in Burmese


ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း က ကျေးရွာအုပ်စု ၉ အုပ်စုမှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်ခဲ့လို့ ပျက်စီးသွားခဲ့ရတဲ့ လယ်ယာမြေတွေ ကို အာဏာပိုင်တွေက စစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး ဩဂုတ်လ ၁၄ ရက်နေ့က စပြီး စစ်ဆေးနေပြီ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က ပိုက်လိုင်း စတင် လုပ်စဉ်မှာ လယ်သမားတွေ က သီးနှံ လျော်ကြေး သာ ရရှိခဲ့ပြီး မြေလျော်ကြေး မရ ရှိခဲ့တဲ့ အတွက် အခုလို စစ်ဆေးတာ ဖြစ်ကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောပါတယ်။

စစ်ဆေးရေး အဖွဲ့မှာ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား လက်ထောက် ညွှန်ကြား ရေးမှူးက ဦးဆောင်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် စိုက်ပျိုးရေး နဲ့ ဆည်မြောင်း တာဝန်ရှိသူတွေနဲ့ တောင်သူ ၁၂ ဦး ပါဝင်ပါတယ်။

သက်ဆိုင်ရာက ထုတ်ပြန်တဲ့ စာရင်းထဲမှာ ကျပ်ငွေသိန်းပေါင်း ရှစ်ထောင် ကျော် လျော်ကြေးပေးခဲ့တယ်လို့ ထုတ်ပြန် ပေမယ့် လယ်သမားတွေက ကျပ် သိန်းပေါင်း သုံးထောင် ကျော်သာ ရရှိသေးတဲ့ အတွက် လျော်ကြေး ကွာဟမှု ကိုလည်း ဖြေရှင်းပေဖို့လိုကြောင်း လယ်သမား ခေါင်းဆောင် ဦးမျိုးလွင် က ပြောပါတယ်။

လျော်ကြေးငွေ သိန်းပေါင်း ငါးထောင် ကျော်ကွာဟ နေတဲ့ အပေါ်မှာ အချက်အလက် အတိအကျ ရရှိဖို့ စုံစမ်း မှုတွေ လုပ်နေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ က ပြောပါတယ်။

လယ်သမားတွေ ရဲ့ တောင်းဆိုချက် ကို တာဝန်ရှိသူတွေက စုံစမ်းရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုတွေ လုပ်လာတဲ့ အပေါ်မှာတော့ ဒေသခံ လယ်သမားတွေက ကြိုဆိုခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese


15August 2016

ထိုင်းနိုင်ငံမိုးဇလက ထုတ်ပြန်ထားချက်မှာ မြောက်ပိုင်း အရှေ့ပိုင်းနဲ့  တောင်ပိုင်း ပြည်နယ်တွေမှာ ယခုရက်ပိုင်းအတွင်း မိုရွာသွန်းမှု များပြား စံချိန်တင် ရွာသွန်း မှာဖြစ်ပြီး လေတိုက်နုန်း ပြင်းထန်မယ်လို့  ထုတ်ပြန်ထားပါတယ်။

ပင်လယ်ရေမျက်နှာပြင်ဟာ (၉)ပေအထိမြင်တက်လာမှာဖြစ်ပါတယ်။
ဖေါ်ပြထားတဲ့ မြို့ နယ်တွေကတော့ ..

Mae Hong Son, မဲဟောင်ဆောင် Chiang Mai,ချင်းမိုင်-ချင်းရိုင် Phayao,ဖရောင် Nan,နမ့် Phrae,ဖေ Lamphun, လမ်းပန်း -လမ်းပူး Tak, တပ် Uttaradit ဥတရဒစ် and Phetchabun ဖက်ချပူး in the North; ကျန်ထဘူရီ Chanthaburi and သရပ် Trat in the East; and,ရနောင်း Ranong, ဖန်းငါး Phangnga, Phuket,ပူးကက် Krabiကရဘီ and သရမ်Trang in the South


ပင်လယ်ပြင်ကနေ ဖြတ်သန်းတိုက်ခတ်လာတဲ့ မုန်သုန်လေအား ကောင်းနေတာကြောင့် မြန်မာ ထိုင်းနယ်စပ်တလျောက်မှာ ဖြတ်သန်းတိုက်ခတ်မှာဖြစ်ပြီး အဓိက မိုးရေချိန်အလွန်များလာတဲ့အခါ တောင်ကျရေနဲ့  မြစ်ရေမြင့်လာတာတွေ နယ်စပ်တလျောက် မှာ ဖြစ်ပွားလာမှာဖြစ်ပါတယ်။

Social Action for Women - SAW
ကိုကား Bangkok post


မန္တလေး သြဂုတ် ၁၅

မြန်မာနိုင်ငံတွင် အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် တောင်ပြုန်းပွဲတော်ကို စတင်ကျင်းပလျက်ရာ မြန်မာနိုင်ငံတစ်ဝှမ်းမှ လာရောက်ဆင်နွှဲနေသူများဖြင့် စည်ကားနေကြောင်းသိရသည်။အဆိုပါ ထူးခြားခြား ရက်ရှည်ကျင်းပသည့် ရိုးရာနတ်ပွဲကြီးကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာတွင် သြဂုတ်၁၁ ရက်က စ၍ ကျင်းပလျက်ရှိရာ ၅ ရက်မြောက်နေ့အဖြစ် ယနေ့ဆက်လက်ကျင်းပလျက်ရှိသည်။


တောင်ပြုန်းပွဲတော်ဟု လူသိများသောအဆိုပါပွဲတော်ကြီးကို ၀ါခေါင်လဆန်း ၈ ရက် သြဂုတ် ၁၁ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မနေ့က ပြုလုပ်သည့် ပွဲမှာ ပွဲတော်ကြီး၏ အစည်ကားဆုံးရက်ဖြစ်သည့် တောင်ပြုန်းမင်းနှစ်ပါး ချိုးရေတော်သုံးပွဲအခမ်းအနားဖြစ်သည်။ နောက်ရက်များတွင်လည်း နတ်သဘင်အခမ်း အနားများ ဖြင့်ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ၀ါခေါင်လပြည့်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ် ကြောင်း သိရသည်။

ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm/



ရီပါတ်ဘလစ်ကင်ပါတီက သမ္မတလောင်း Donald Trump
ရီပါတ်ဘလစ်ကင်ပါတီက သမ္မတလောင်း Donald Trump က အစ္စလန်မစ် အကြမ်းဖက်မှုကိုတိုက်ဖျက်ဖို့သူဘယ်လိုလုပ်ဆောင်မယ် ဆိုတာကို တနင်္လာနေ့မှာ ပြောမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ သမ္မတ Barack Obama နဲ့ ဒီမိုကရက်တစ်ပါတီက သူ့ပြိုင်ဘက် သမ္မတလောင်း Hillary Clinton တို့ဟာ အိုင်အက်စ်စစ်သွေးကြွ အဖွဲ့ကိုထူထောင်သူလို့ သူပြောခဲ့ပြီး ရက်သိပ်မကြာခင်မှာပဲ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အိမ်ခြံမြေ သူဌေးကြီး ထရန့်က သူဟာ အရှေ့အလယ်ပိုင်းဒေသက ဂျီဟတ်တွေ အရေးနဲ့ ပါတ်သက်ပြီး သမ္မတ အိုဘားမားထက် ပိုတင်းတင်းကြပ်ကြပ် ကိုင်တွယ်မှာ ဖြစ်ကြောင်း သူဝင်ရောက် အရွေးခံချိန်က တည်းက ပြောနေ တာ ဖြစ်ပေမယ့် အခုထိ ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်တယ် ဆိုတာကို အသေအချာ မပြောသေးပါဘူး။ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပါတ်သက်ပြီး သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် မစ္စက် ကလင်တန်တို့က ထူထောင်ခဲ့တယ်လို့ ထပ်တလဲလဲ ဝေဖန်ခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာတော့ ဒါဟာ တမင်သူပြောတာဟာ လှောင်ပြောင် ပြော တာ ဖြစ်ကြောင်း ပြန်ဖြေ ရှင်းခဲ့တာပါ။

ထရန့်ကို အဓိက ထောက်ခံသူတွေထဲက တယောက်ဖြစ်တဲ့ Alabama ပြည်နယ် အထက်လွှတ်တော် အမတ် Jeff Sessions ကတော့ ထရန့်ဟာ တနင်္လာနေ့ ပြောကြားတဲ့အခါမှာ - အကြမ်းဖက်မှုနဲ့ ပါတ်သက်ပြီး ထရန့်အပေါ် မကျေမနပ် ဖြစ်နေကြတဲ့ အဲဒီဒေသတွင်းက အမေရိကန်ရဲ့ မိတ်ဆွေတွေနဲ့ မဟာမိတ်တွေရဲ့ ယုံကြည်မှုကိုပြန်ရအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို ရှင်းပြမယ်လို့ ဆိုပါတယ်။ဒါ့အပြင် အိုဘားမားနဲ့ ကလင်တန်တို့ လုပ်ခဲ့သလို အဲဒီဒေသက နိုင်ငံတွေ မတည်မငြိမ်ဖြစ်အောင်ရော လိုတာထက်ပိုလုပ်တာမျိုးရော မရှိပဲ ရန်သူတွေကိုဘယ်လို ပစ်မှတ်ထားမယ် မိတ်ဆွေတွေနဲ့ ဘယ်လို လက်တွဲ လုပ်ဆောင်မယ် ဆိုတာတွေကို ရှင်းပြမှာ ဖြစ်ကြောင်း ပြောပါတယ်။

ထရန့်ရဲ့ ဒုသမ္မတ အဖြစ် ရွေးချယ်ထားတဲ့ Indiana ပြည်နယ် အုပ်ချုပ်ရေးမှုး Mike Pence ကလည်း ထရန့်ဟာ အိုင်အက်စ် စစ်သွေးကြွတွေကို ဘယ်လို ချေမှုန်းမယ် ဆိုတာနဲ့ ပါတ်သက်ပြီး တကယ့် အသေးစိတ်တွေကို တင်ပြမှာ ဖြစ်ကြောင်း ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


Milwaukee မြို့ ဓါတ်ဆီဆိုင် မီးရှို့ ဖျက်ဆီးခံရစဉ်
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း Wisconsin ပြည်နယ်က Milwaukee မြို့မှာ ရဲက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် လူမည်းအမျိုးသားတဦးသေဆုံးခဲ့တဲ့အပေါ် အကြမ်းဖက်ဆူပူမှုတွေ စနေနေ့ညက ဖြစ်ခဲ့တဲ့အတွက် အခြေအနေတွေကို ထိန်းသိမ်းလို့မရဘူး ဆိုရင် ပြည်တွင်းကာကွယ်ရေး အရံတပ်ဖွဲ့ကို နေရာချထားဖို့ အသင့်တပ်လှန့်ထားကြောင်း မြို့တော်ဝန် Tom Barrett ကပြောကြားလိုက်ပါတယ်။

Milwaukee မြို့မှာ စနေနေ့ညက ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်တွေကြောင့် စတိုးဆိုင် ခြောက်ဆိုင် မီးရှို့ခံခဲ့ရသလို ရဲကားတွေလည်း ဖျက်ဆီးခံရပြီး ဆယ်ကျော်သက် မိန်းကလေးတဦးလဲ သေနတ်ဒဏ်ရာရခဲ့ပါတယ်။ ဒါအပြင် ကွန်ကရစ်ပြိုကျမှုဒဏ်ကြောင့် ရဲအရာရှိတဦး ဦခေါင်းဒဏ်ရာရပြီး သတိမေ့သွားခဲ့သလို အခြားရဲအရာရှိ အတော်များများလည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ အကြမ်းဖက်မှုတွေကြေင့် လူပေါင်း (၁၇)ဦး ဖမ်းဆီးခံထားရပါတယ်။

စနေနေ့ညက ဖြစ်ခဲ့တဲ့ ဆူပူမှုမှာ ဘယ် ရဲတယောက်ကမှ သေနတ်နဲ့ပစ်ခတ်မှု မရှိခဲ့ဘူးလို့ မြို့တော်ဝန် Barrett က သတင်းထောက်တွေကို ပြောပါတယ်။ အခြေအနေတွေကို ရဲတွေဘက်က သည်းခံပြီး ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်နိုင်ခဲ့တယ်လို့လည်း မြို့တော်ဝန်က ချီးကျူး ပြောဆိုခဲ့တာပါ။

ဒါအပြင် ဆူပူအကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမှာဖြစ်တာကြောင့် မိဘတွေအနေနဲ့ မိမိတိုရဲ့ ဆယ်ကျော် သက်သားသမီးတွေကို အပြင်ပေးမထွက်ဖို့ Mr. Barrett က မေတ္တာရပ်ခံခဲ့ပြီး၊ လိုအပ်ရင် curfew ညမထွက်ရအမိန့်ကို ထုတ်ပြန်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

စနေနေ့ညက ရဲကသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့သူဟာ အသက် (၂၃)နှစ်အရွယ် လူမည်းအမျိုးသား Sylville Smith ဖြစ်ပြီး သူဟာ အကြိမ်ကြိမ်အဖမ်းခံရဘူးတဲ့ ရာဇ၀င်ရှိသူဖြစ်တယ်လို့ Milwaukee ရဲတပ်ဖွဲ့အကြီးအကဲ Edward Flynn ကပြောပါတယ်။ Smith ရဲ့ ရင်ဘတ်နဲ့ လက်ကို ပစ်ခတ်ဖမ်းဆီသူဟာ လူမည်းရဲအရာရှိတဦးဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ပျက်စီး သွားတဲ့ လယ်မြေ တွေ ပြန်လည် ထူထောင်ရေး အတွက် ကူညီ သွားမယ်။
မြန်မာနိုင်ငံ အနှံ့ ကြုံတွေ့နေရတဲ့ ရေဘေး အတွက် ထောက်ပံ့ ကူညီရေး တွေ လုပ်ဆောင်ရာ မှာ ချက်ခြင်း မရောက် နိုင်ရင်တောင် နေရာ တိုင်းကို သွားနိုင်ဖို့ လုပ်ဆောင် နေတယ်လို့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာ ပြန်လည် ချထားရေး ဝန်ကြီးဌာန က ပြောပါတယ်။

ရေဘေးကြောင့် ဒုက္ခရောက် သူတွေကို ကျပ်ငွေ သိန်းပေါင်း ကျော် သုံးစွဲပြီး ထောက်ပံ့ နေသလို၊ ပျက်စီး သွားတဲ့ လယ်မြေ တွေ အတွက် ပြန်လည် ထူထောင်ရေး အတွက်ပါ ကူညီ သွားမယ်လို့ လူကယ်ပြန် ဝန်ကြီး ဌာနက ညွှန်ကြားရေးမှုး ဒေါ်ဖြူလဲ့လဲ့ထွန်း က ဘီဘီစီကို ပြောပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ထဲက သာပေါင်း၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း မြို့နယ် တွေမှာ မြို့ချင်းဆက် အဝေးပြေး လမ်းမကြီးတွေ ပေါ် တချို့ နေရာတွေ ဆို ရေ ၄ ပေ ကျော်အောင် ရေဖုံး နေလို့ ကူညီရေး ပစ္စည်းတွေ အရောက်ပို့ နိုင်ဖို့ ခက်ခဲ နေတယ် ဆိုပြီး ဒုက္ခသည် ကူညီရေး လှုပ်ရှား နေသူတွေက ဆိုပါတယ်။

လတ်တလော ဖြစ်ပေါ် ခဲ့တဲ့ တနိုင်ငံလုံး အနှံ့ ရေကြီး မှုတွေကြောင့် လူ ၄ သိန်းလောက် အိုးအိမ်တွေ စွန့်ခွာ ရွှေ့ပြောင်း ခဲ့ရပြီး၊ လူ ၈ ဦး အထိ သေဆုံး ခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese


၁။ လူချင်းလည်းခင်၊ကိုရင့်နိုင်ငံရေးဘဝဖြတ်သန်းမှုကိုလည်း
အသိအမှတ်ပြုတဲ့စိတ်နဲ့၊ ကိုရင့်အကြောင်းကိုရေးဖို့
လက်ရှောင်နေခဲ့တယ်။
လူချင်းတွေ့စဉ်တုန်းက..၊ ကိုရင်ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ၊
မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ၊ကိုရင်ဟာသမိုင်းထဲက၊သက်ရှိထင်ရှား
ဇာတ်ကောင်တကောင်ပဲလို့၊ကိုယ်ပြောခဲ့ဖူးတာမှတ်မိမယ်ထင်ပါတယ်။

၂။ ကိုရင်တင်မကပါဘူး။ပြည်ပရောက်(၈၈)ကျောင်းသားခေါင်းဆောင်
တွေဖြစ်တဲ့ကိုဝင်းမင်း၊ကိုအောင်သူငြိမ်း၊ကိုဇော်မင်း(လူ့ဘောင်သစ်)၊
ဒေါက်တာနိုင်အောင်၊ပီတာလင်းပင်ကိုအောင်နိုင်ဦးအစရှိတဲ့ နာမည်ကြီးတက္ကသိုလ်တွေက ဘွဲ့ရတွေကို
လူချင်းဆုံပြီး၊အဝေးကကောအနီးကပ်ပါလေ့လာခဲ့ဖူးပါတယ်။

၃။ တိတိကျကျပြောရရင် အများစုဟာ၊နိုင်ငံပြန်လည်ထူထောင်ရေး၊ဒီမိုကရေစီရေးတွေမှာ သဘောတရားရေးသာရှိပြီးလက်တွေ့ဘဝနဲ့၊သိပ်ကင်းကွာနေတာကို
တွေ့ရတယ်။ဘယ်လောက်တောင်အလှမ်းဝေးသလဲဆိုရင်၊
ကိုအောင်သူငြိမ်းဆိုတဲ့ပုဂ္ဂိုလ်ဟာ၊ စားဝိုင်းသောက်ဝိုင်းထဲက၊လူကြီးတယောက်ရှင်းပြနေတဲ့၊

တိရိစ္ဆာန်အရိုးတွေကနေ၊ဓာတ်မြေ
သြဇာထုတ်လုပ်တဲ့၊(အလွန်ခေတ်နောက်ကျပြီး၊လက်တွေ့မှာ ဘယ်လိုမှ
မဖြစ်နိုင်တဲ့၊ကိုယ်ကိုယ်တိုင်လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က လုပ်ခဲ့ဖူးတဲ့)
ခေါင်းစဉ်တခုကို၊ တနာရီနီးပါး၊ပါးစပ်အဟောင်းသားနဲ့နားထောင်နေခဲ့တယ်။

၎။ အခုလည်းကိုရင်ရေးထားတဲ့စာကို ဖတ်ရတော့၊လဲသေချင်လောက်အောင်
စိတ်ပျက်မိတာအမှန်ပဲ။ကိုယ်ကဘာနိုင်ငံရေးမှကျွမ်းကျင်သူမဟုတ်ပါဘူး။
သို့သော်...၊
လက်ရှိအစိုးရသစ်အနေနဲ့ ပြည်လည်ထူထောင်ရေးလုပ်နေရာမှာ၊
စစ်တပ်၊ခရိုနီ၊အကျင့်ပျက်ဝန်ထမ်း၊စတာတွေကို
တန်းစီခိုင်းပြီး၊ပစ်သတ်လို့မရဘူးကိုယ့်လူ။

ဒီအချိန်မှာတရုတ်ကိုလည်း -ီးထင်တယ်ဆိုတဲ့အချိုးနဲ့၊
မထီမဲ့မြင်သွားလုပ်လို့မရဘူး။

နိုင်ငံတကာသံအမတ်တွေကိုလည်း၊တချိန်တည်းဗြုန်းစားကြီး
ဖြုတ်ထုတ်သတ်လို့မရဘူး။ဒီလိုလုပ်ရင်နိုင်ငံတကာဆက်ဆံရေးကိစ္စ
တွေမှာ၊နကန်းတလုံးမှမသိ၊အတွေ့အကြုံမရှိတဲ့လူသစ်တွေနဲ့
သေချာပေါက်အကြပ်အတည်းဆိုက်မယ်။ဒါကြောင့် တဖြည်းဖြည်းချင်း
ဖယ်ရှားဖို့အစားထိုးဖို့၊လက်ရှိသံအမတ်တွေကို အကြိမ်ကြိမ်ခေါ်ယူ
တွေ့ဆုံသတိပေးနေတာမြင်အောင်ကြည့်ပါ။

တိုင်းပြည် Failed State ဖြစ်ရတာလည်း၊ခေတ်ဟောင်းကဆိုးမွေ
မို့လက်ရှိအစိုးရကိုအပြစ်တင်လို့မရဘူး။နယ်တွေမှာအစိုးရအာဏာ
မသက်ရောက်တော့ပဲ၊ရန်ကုန်မန္တလေးလောက်မှာသာရုပ်သေးအစိုးရ
အဆင့်ပဲရှိတယ်ဆိုတဲ့သုံးသပ်ချက်မျိုးကိုရင့်ပါးစပ်ကထွက်တာ
အံ့ပါရဲ့။ တတိုင်းပြည်လုံးကြွေးဆုံးတိုင်းပြည်ဖြစ်နေခဲ့
တာကိုရင်မသိလေရော့သလား။

၅။ ပင်လုံလိုကိစ္စနဲ့စစ်တပ်ကိုတဖြည်းဖြည်းချင်း၊လူထုဖက်ပါအောင်
သိမ်းသွင်းနေတာကိုရင်မမြင်နိုင်ဘူးလား။
မြစ်ဆုံလိုကိစ္စကို လူထုအဆုံးအဖြတ်ဖြစ်လာအောင်၊တလှမ်းချင်းလှမ်း
နေတာကိုမြင်အောင်ကြည့်စေချင်တယ်။

၆။ နောက်ဆုံးပြောချင်တဲ့အချက်ကတော့၊

မြန်မာပြည်လိုပျက်စီးခြင်းငါးပါးဆိုက်နေခဲ့တဲ့တိုင်းပြည်ကို
ပြည်လည်ထူထောင်ရာမှာ..၊

အကောင်းအဆိုးအပြင်းအထန်အားပြိုင်နေတဲ့အနေအထားကြီးကို
အကောင်းဖက် တဖြည်းဖြည်းချင်းဦးတည်ရွေ့လျားလာအောင်
လုပ်ခြင်းသာ၊နည်းမှန်လမ်းမှန်ဖြစ်တယ်။

အပြောင်းအလဲနဲ့အံမဝင်တဲ့အဖွဲ့တွေ၊လူပုဂ္ဂိုလ်တွေကို
အကုန်ရိုက်သတ်ပြီး၊လူကောင်းတွေနဲ့ခေတ်သစ်ကြီးကို
ထူထောင်မယ်ဆိုတာ အရူးတယောက်ရဲ့အတွေးမျှသာဖြစ်တယ်။

ကိုရင်တို့အရည်အချင်းနဲ့လမ်းဘေးမှာအကြော်၊ကြော်ရောင်းလို့တောင်
မရဘူးကိုယ့်လူ။

၇။ အာဏာရှင် တော်လှန်ရေးမှာပါဝင်ခဲ့ပြီး၊အသက်တွေဘဝတွေ
စွန့်ခဲ့ကြသူတွေကိုတော့ အားနာလှပါတယ်။တကယ်တမ်းသေချာ
ပြန်စဉ်းစားကြည့်ရင်၊ ပြည်ပရောက်အခွင့်ထူးခံတော်လှန်ရေးခေါင်းဆောင်၊
သာရာနားပညာတတ်တွေကြောင့်၊ အာဏာရှင်ချေမှုန်းရေးဟာ
လိုအပ်တာထက်၊အချိန်ကာလပိုပြီးတာရှည်ခဲ့ရတယ်လို့ပဲ၊
ခတ်ပြတ်ပြတ်ပြောချင်တယ်။
ဘာကြောင့်လဲဆိုတော့ အာဏာရှင်စစ်အစိုးရနဲ့၊ပြည်ပရောက်
တော်လှန်ရေးခေါင်းဆောင်တချို့ လားရာတူပြီး၊
အညမညသဘောတရားအရ၊အပြန်အလှန်အကျိုးပြုနေခဲ့ကြလို့ပါပဲ။

ဥခွံထဲကနေထွက်ချိန်တန်ပြီကိုယ့်လူ။
ဘေးထိုင်ဘုပြောတာတွေရပ်တော့။
ကိုရင်တို့အုပ်စုတွေ၊တော်လှန်ရေးအောင်မြင်ပြီး
အာဏာမရခဲ့တာဟာ၊မြန်မာပြည်ကြီးအတွက်
ထူးကဲလှတဲ့ကံကောင်းခြင်းတစ်ရပ်ပါပဲ။

စိတ်ဆိုးချင်သပဆိုရင်ဆိုးပေတော့။ ။

မင်း ဒင်
https://www.facebook.com/min.din.58




ဘိုကို ဟာရမ်းမ်အဖွဲ့ထုတ်ပြန်သည့် ဗွီဒီယိုမှ ရယူထားသည့်ပုံ။ သြဂုတ် ၁၄၊ ၂၀၁၆။
နိုင်ဂျီးရီးယားနိုင်ငံ Chibok ရွာက ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသူတွေထဲကတချို့ ဟာ နိုင်ဂျီးရီးယားစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ရတယ် လို့ ဘိုကို ဟာရမ်မ်း အစ္စလာမ်အစွန်းရောက်တွေက ထုတ်ပြန်လိုက်ပုံရတဲ့ အသစ် ထွက်ပေါ်လာတဲ့ ဗွီဒီယိုထဲမှာ ပြောကြားထားပါတယ်။ ပြန်ပေးဆွဲခံခဲ့ရတဲ့ မိန်းကလေးတွေ ပြန်လွတ်လာဖို့အတွက် အာဏာပိုင်တွေကဖမ်းထား တဲ့ စစ်သွေးကြွတွေကို ပြန်လွှတ်ပေးလိုက် ပါလို့ ပြန်ပေးဆွဲခံခဲ့ရသူတွေထဲက တဦးလို့ဆိုတဲ့ မိန်းကလေးက အာဏာပိုင်တွေကို ပန်ကြားထားပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ Twitter မှာ တင်ထားတဲ့ ဗွီဒီယိုထဲမှာ ၂၀၁၄ ခုနှစ် ဧပြီလက ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူ ၂၇၆ ဦးထဲက တဦးဖြစ်တယ်လို့ ဆိုတဲ့ ခေါင်းမြီးခြုံဝတ်ထားတဲ့ မိန်းကလေးငယ်တဦးက နိုင်ဂျီးရီးယားစစ်တပ် ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သူမရဲ့ သူငယ်ချင်းတချို့ သေဆုံးခဲ့ရတယ် လို့ ပြောပါတယ်။ ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းသူတွေထဲက အယောက် ၄၀ တို့က အစွန်းရောက် တိုက်ခိုက်ရေးသမားတွေနဲ့ လက်ထပ်ထားတယ်လို့လည်း ပြောပါ တယ်။

နိုင်ဂျီးရီးယားသတင်းထောက် Ahmad Salkida တင်ထားတဲ့ ဗွီဒီယိုထဲမှာလည်း တိုက်ခိုက်ရေးသမားတဦးက ချာဒ့်နိုင်ငံတွင်း လူများစုပြောဆိုတဲ့ Hausa ဘာသာ စကားနဲ့ သတိပေး ပြောဆိုထားပါတယ်။ သမ္မတ မူဟာမာဒူ ဘူဟာရီ အစိုးရအနေနဲ့ ဘိုကိုဟာရမ်းမ်အဖွဲ့ကို စစ်တပ်နဲ့ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ဒီမိန်းကလေးတွေကို နောက်တကြိမ် တွေ့ရတော့မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။

အခုတော့ မိန်းကလေးတချို့ မသန်စွမ်းဖြစ်နေကြတယ်၊ တချို့က အတော်လေး ဖျားနာနေကြတယ်၊ တချို့ကတော့ ပြောခဲ့သလိုပဲ နိုင်ဂျီးရီးယားစစ်တပ် က လေကြောင်းကနေ ဗုံးကျဲလို့ သေကုန်ကြပြီလို့ တိုက်ခိုက်ရေးသမား က ခေါင်းစည်းပုဝါခြုံထားတဲ့ အမျိုးသမီးငယ် ၄၀ လောက်ရှေ့မှာ ရပ်ပြီး ပြောဆို ခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ သူတို့အဖွဲ့သားတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း အစိုးရကို တောင်းဆိုသွားပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Chibok ရွာက ကျောင်းတခုကနေ ကျောင်းသူ ၂၇၆ ယောက် ပြန်ပေးဆွဲ ခံခဲ့ရတာဖြစ်ပြီး အခုအချိန်ထိ ၂၁၈ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com



ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ဖားကန့်မြို့နယ်မှာ အခုတလော အစိုးရတပ်နဲ့ ကေအိုင်အို တပ်တွေ အကြား စစ်ရေးတင်းမာမှုတွေ များလာတာတွေကြောင့် ဒေသခံ လယ်သမားတွေ လယ်ယာလုပ်ငန်းမလုပ်နိုင် ကြဘူးလို့ သိရပါတယ်။

ဖားကန့်မြို့နယ် ရှထူးစွပ် ကျေးရွာအနီး ချောင်းစုံ၊ လောဂျာ၊ စတဲ့ဒေသတွေမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေ အကြား မနေ့က တိုက်ပွဲဖြစ်ပွါးခဲ့သလို ဒီနေ့လည်း စစ်ရေးတင်းမာနေတဲ့အကြောင်း ရှထူးစွပ် ဒေသခံ ဦးထွယ်အောင်က RFA ကို ပြောပါတယ်။

"မနေ့ကတော့ ခါဒါ ချောင်းနဲ့ လမုန့်ဒူ အဲ့ဒီဝန်းကျင်မှာဖြစ်ပါတယ်၊ မနက် ၃ နာရီလောက်ကနေ စဖြစ်ပြီး ညနေစောင်းလောက်မှ အသံတွေ တိတ်သွားတယ် ၊ တင်းမာနေတုန်းပဲ အခုအချိန်အထိ လောလောဆယ် စစ်အင်အားတောင်မှ တက်လာတယ်လို့ ကျနော်တို့ သတင်းကြားမိပါတယ်၊ နမ္မတီးဘက်ကနေ တက်လာပါတယ်၊ ရှထူးစွပ် ဘက်ကို ကားနဲ့တက်ခဲ့တာ သူတို့က"

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် ရှထူးစွပ်ကျေးရွာက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ စစ်ဘေးရှောင် ဒုက္ခသည် ၅ဝဝ လောက်ရောက်ရှိနေသလို ဒေသခံတွေအနေ နဲ့ နှစ်ဘက်တပ်တွေက သွားလာခွင့်ပိတ်ထားတာကြောင့် သူတို့ရဲ့လယ်တောတွေကိုသွားပြီး လယ်ယာ မလုပ်နိုင်ကြဘူးလို့လည်း သူက ဆက်ပြောပြပါတယ်။

"ကားလမ်းတွေမှာကျတော့ လိုင်းကားတွေ သွားနေတုန်းပဲ ဒါပေမဲ့ တော်တော်လေး အမေးအမြန်းတွေ ရှိပါတယ်၊ စစ်ဖြစ်နေတဲ့ နေရာတွေမှာကျတော့ ကျနော်တို့သွားလို့မရတော့ဘူး ၂ ဘက်စလုံးကနေ မာရှယ်လော ထုတ်လိုက်ပြီ၊ ဘယ်လိုမှ သွားလို့မရတော့ဘူး လောလောဆယ် အခက်အခဲဖြစ်နေတာက ဒီမှာ ရှထူးစွပ်ဒေသခံတောင်သူတွေက အခုအချိန်မှာ လယ်လုပ်နေတာ၊ လယ်လုပ်တာကို တချို့တွေက မပြီးသေးဘူး အခုမှ စိုက်နေတုန်း ရှိသေးတယ်၊ မြစ်ကြီးနားနဲ့ လော့ဒ်ဂျာလမ်းမှာ အစိုးရတပ်က ဂိတ်နဲ့ပိတ်ထားတော့ ဘယ်သူမှ သွားခွင့်မရတော့ဘူး၊ အခုက လယ်လုပ်တဲ့အဖွဲ့တွေလည်း လုံခြုံမှုမရှိတော့ ထားခဲ့ပြီးတော့ အကုန်လုံးရွာဘက်ကို ထွက်လာကြပါပြီ"

ရှထူးစွပ် ဒေသခံ ကချင်နဲ့ ရှမ်းလူမျိုးအများစုဟာ လယ်လုပ်ငန်း လုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းအတွင်းရှိ ဖားကန့်မြို့နယ် ရှထူးစွပ်ကျေးရွာ အနီးဝန်းကျင်မှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေ အခုလဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွါးလာခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ရွှေတူးဖေါ်ရေးလုပ်ငန်းနဲ့ တခြားရောင်းဝယ်ရေးလုပ်ငန်းတွေလည်း အတော်များများ ရပ်ဆိုင်းကုန်တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese