08/20/16



(ဓာတ်ပုံ- ပျောက်ဆုံးနေသူ ကျောင်းသူ လေးဦးကို ရှာဖွေနေမှု မြင်ကွင်း)
နိရဉ္စရာ၊ သြဂုတ် ၂၀

သြဂုတ်လ ၁၉ ရက် နံနက် ၉ နာရီကျော်က ရသေ့တောင်မြို့နယ် ဇီးကုန်တန်းမှ ကူးတို့လှေ နစ်ပြီး ပျောက်ဆုံးနေသည့် ကျောင်းသူ ၄ ဦးထဲမှ ၉ တန်းကျောင်းသူ မ ဦးတင်ရီ (၉ တန်း) အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဟု သိရသည်။

“ ခတောက်ချောင်းဝမှာ ၉ တန်းကျောင်းသူ အလောင်းကို တွေ့ရှိပါတယ်။ အခု အလောင်းကို လှေပေါ်တင်ပြီး စက်လှေနဲ့ ရွာကို ဆွဲယူလာပါပြီ” ဟု မယူကမ်း ဒေသဖွံ့ဖြိုးရေးအသင်း ဒုဥက္ကဋ္ဌ ဦးမောင်ကျန်ဝေက ပြောသည်။

မဦးတင်ရီမှာ ကျောက်စာတိုင်ကျေးရွာမှ ဦးစိန်ယဉ်မောင်၏ သမီးကြီး ဖြစ်ကြောင်း၊ သူမ၏ ပျောက်ဆုံးနေသည့် ညီမဖြစ်သူ မနီနီအေး (၇ တန်း) ကို မတွေ့ရှိသေးကြောင်းသိရသည်။

ယခုအခါ ပျောက်ဆုံးနေသည့် ကျောင်းသူ သုံးဦးအား ဆက်လက် ရှာဖွေနေဆဲ ဖြစ်ကြောင်း ဦးမောင်ကျန်ဝေက ပြောကြားသည်။

ကူးတို့လှေနစ်မြုပ်မှုမှာ လှေဦးပေါက်၍ ရေ၀င်နစ်မြုပ်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

Narinjara
https://www.facebook.com/Narinjara



အိုင်းရစ် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Patrick Hickey အား တွေ့ရစဉ် (ဓါတ်ပုံ-ဆင်ဟွာ)
    ရီယို ဒီ ဂျနေးရို၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

    အိုင်းရစ် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Patrick Hickey အား အိုလံပစ် လက်မှတ်များ တရားမဝင် ရောင်းချသည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်လာစေမှုဖြင့် သြဂုတ်လ ၁၉ ရက်တွင် ရီယို ဒီ ဂျနေးရို မြို့၌ ထောင်ချခဲ့ကြောင်း သိရသည်။

အသက် ၇၁နှစ် ရှိပြီဖြစ်သော Hickey အား သြဂုတ် ၁၇ ရက်က ဖမ်းဆီးခဲ့သော်လည်း ၄င်းသည်ကျန်းမာရေး အခြေအနေ အကြောင်းပြချက်ဖြင့် ဆေးရုံ၌ ၂ ရက် နေထိုင်ခဲ့ကြောင်း သိရသည်။

ဘရာဇီး ရဲတပ်ဖွဲ့၏ပြောကြားချက်အရ အိုင်းရစ် အိုလံပစ်ကော်မတီသည် ဘရားဇီးနိုင်ငံ၌ လက်မှတ်များ ရောင်းချရန် Pro 10 ကုမ္ပဏီအား ငှားရမ်းခဲ့သော်လည်း လက်မှတ်များကို အခြား အိုင်းရစ်ကုမ္ပဏီတစ်ခု ဖြစ်သည့် THG ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ကြောင်း နှင့် THG ကုမ္ပဏီဒါရိုက်တာ ဖြစ်သူ Kevin James Mallon အား ၄င်း၏ ရီယိုဟော်တယ်အခန်းအတွင်း ၌ အိုလံပစ်လက်မှတ်ပေါင်း ၁၀၀၀ နီးပါး တွေ့ရှိခဲ့ပြီးနောက် ၄င်းအား သြဂုတ်လအစောပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က လက်မှတ်များမှောင်ခိုရောင်းချနေသည့် အုပ်စုသည် လက်မှတ်များအား ပုံမှန်ဈေးထက် ၅ဆအထိ မြှင့်တင်ရောင်းချနေကြောင်း နှင့် ရောင်းချသည့် လက်မှတ်များအနက်မှ ရီယို အိုလံပစ် ဖွင့်ပွဲ လက်မှတ် အား အမေရိကန်ဒေါ်လာ ၈,၀၀၀ အထိ နှင့် ပိတ်ပွဲလက်မှတ်အား အမေရိကန်ဒေါ်လာ ၁၅,၀၀၀ အထိ ဈေးတင်ရောင်းချလျက်ရှိကြောင်း ပြောကြားခဲ့သည်။

Hickey အား ရီယို ဒီ ဂျနေးရိုမြို့ရှိ Bangu အကျဉ်းထောင်သို့ပို့ဆောင်ထားပြီး ၄င်း၏ အမှုအားဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

Hickey အား အိုင်းရစ် အိုလံပစ်ကော်မတီ ရှိ ၄င်း၏ ရာထူးအပြင် ဥရောပ အိုလံပစ် ကော်မတီ နှင့် အမျိုးသားအိုလံပစ် ကော်မတီများ အဖွဲ့အစည်း များမှ ၄င်းနှင့် သက်ဆိုင်သည့် ရာထူးများကိုလည်း ခေတ္တ ရပ်ဆိုင်းထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

တအာင်း ပလောင် အပါအဝင် လက်နက်ကိုင် ၃ ဖွဲ့ကို တပ်မတော် က လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ် ဖို့ ပြောထား
တပ်မတော်ဘက် က အပစ်မရပ်ထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ နဲ့ပတ်သက်ပြီး သူတို့ထုတ်ခိုင်းထားတဲ့ လက်နက်ကိုင်လမ်းစဉ် ကို စွန့်လွှတ်ပါ့မယ် ဆိုတဲ့ ကြေညာချက်ထုတ်မှ သာ ၂၁ ရာစု ပင်လုံ ညီလာခံတက်ခွင့်ရမှာ လို့ ပြောတဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဘက်ကလည်း အဲဒီ ကြေညာချက် မထုတ် နိုင်ဘူးလို့ ဆိုကာ ပယ်ချလိုက်ပါတယ်။

အစိုးရရဲ့ အားလုံးပါဝင်ရေးမူ အရ ၂၁ ရာစုပင်လုံညီလာခံ မှာ သူတို့ပါ ပါဝင် တက်ရောက်ခွင့် ရပြီ လို့ ယူဆ ထားတဲ့ တအာင်း ပလောင် TNLA ရခိုင် AA နဲ့ ကိုးကန့် MNDAA လက်နက်ကိုင်တပ်ဖွဲ့တွေ ဟာ သူတို့ ညီလာခံကို တက်ရောက် ဖို့ အဆင်သင့်ရှိတဲ့ အကြောင်း သဘောထား ကို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲထုတ်ပြန်ခဲ့ပါတယ်။

သူတို့သဘောထား ထွက်လာပြီးနောက်တရက် ဖြစ်တဲ့ ကြာသပတေးနေ့မှာတော့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် က တပ်မတော်ကိုယ်စားလှယ် ဦးခင်ဇော်ဦး က အရင်ပြောထားတဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပါ့မယ် ဆိုတဲ့ ကြေညာချက် ထုတ်မှသာ သူတို့ကို ညီလာခံတက်ခွင့်ပြုမှာ လို့ ပြောခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ကတော့ အဲလို ကြေညာချက်ထုတ်ခိုင်းတာ ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား သူတို့ ၃ ဖွဲ့ကို ပဲ ပစ်မှတ်ထားထုတ်ခိုင်းနေတာ ဖြစ်ပြီး ဒါဟာ သူတို့ကို လက်နက်စွန့်ဖို့ ကတိပြုခိုင်း နေတာ ဖြစ်တဲ့အတွက် လက်မခံကြောင်း TNLA ရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော် က ဘီဘီစီ ကို ပြောပါတယ်။

သူတို့အနေနဲ့ ညီလာခံတက်ရောက်ဖို့အရေး မရေမရာ ဖြစ်နေတဲ့အပေါ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး ကော်မီတီ က ဘာဆက်လုပ်မလဲ ဆိုတာ စောင့်ကြည့်သွားမယ် လို့ လည်း သူ က ဆိုပါတယ်။
BBC Burmese


နိုင်ငံတကာဆက်ဆံရေးမှာ နိုင်ငံတွေဟာ တနိုင်ငံနဲ့တနိုင်ငံ ဘယ်လောက်ပဲစေတနာရှိပါတယ်၊ ကူညီချင် ပါတယ်၊ မိတ်ဆွေရင်းချာလို ဆက်ဆံကြပါမယ်ပဲပြောပြော တကယ်တမ်းကတော့ မိမိနိုင်ငံရဲ့ အကျိုး စီးပွားအတွက်ပဲ အဓိကစဉ်းစားပြီးမှ အရာရာကိုပြောဆို ဆုံးဖြတ်လုပ်ကိုင်ကြစမြဲပါ။ ဒါပေမဲ့ သံတမန် စကားလှလှလေးတွေနဲ့တော့ မိတ်ဝတ်မပျက်ဆက်ဆံရေးတို့၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့၊ သာတူညီမျှဝါဒတို့၊ ဘန်ဒေါင်းအခြေခံမူတို့၊ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးတို့စသည် ဖြင့် လူကြားကောင်းအောင်တော့ ပြောကြ၊ ရေးကြ၊ အကြောင်းပြကြ ရတာပေါ့။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ ကမ္ဘာပေါ်မှာ နိုင်ငံတွေ အားလုံးဟာ အပေးအယူ အလျှော့အတင်းတွေနဲ့ ကိုယ့်နိုင်ငံအကျိုးရှိအောင်ပဲ လုပ်ကိုင်နေကြတာပါ။ ဒါကြောင့်ပဲ ပင်လယ်သမုဒ္ဒရာထဲက လူမနေတဲ့ ကျွန်းတွေကိုတောင် သူပိုင်ငါပိုင်ဆိုပြီး လုယက်နေကြတာ ရှက်ဖွယ်လိလိပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ခြောက်ဆယ်လောက်က ဒီကျွန်းတွေကနေ ဘာအကျိုးအမြတ်မှမရှိခင်တုန်းက သက်ဆိုင်ရာ အိမ်နီး ချင်းနိုင်ငံတွေဟာ ဘယ်သူကမှ ဒီကျွန်းတွေကို သူတို့ပိုင်တယ်လို့ အသည်းအသန် မပြောခဲ့ကြပါဘူး။ အားလုံးဟာ ဘာသိဘာသာနေခဲ့ကြတာပါပဲ။ ဒါပေမဲ့ ဒီနေ့ ခေတ်သိပ္ပံပညာတိုးတက်လာပြီး သဘာဝ သယံဇာတတွေ အဲဒီလူမနေတဲ့ကျွန်းတွေပေါ်မှာရှိတယ်ဆိုတာလဲ သိလာကြရော လောဘဇောတိုက်ပြီး သူပိုင်ငါပိုင်လုလာလိုက်ကြတာ မြင်မကောင်း ရှုမကောင်းအောင်ပါပဲ။

ဒါ့ကြောင့် အိမ်နီးနားချင်းဆိုတာ တကယ်တော့ သူတော်ကောင်းယောင်ဆောင်နေတဲ့ ရန်သူတွေပါပဲ။ တကယ်တမ်း လောဘတက်လာစရာရှိလာတဲ့အခါ သူတို့ရဲ့မင်းသားခေါင်းဆောင်းထားတဲ့ မျက်နှာဖုံးတွေ ကွာကျပြီး ဘီလူးခေါင်းဟာ အစွယ်တဖွေးဖွေးနဲ့ ထွက်လာကြစမြဲ မဟုတ်ပါလား။ ဒါ့ကြောင့် တောင်တရုတ် ပင်လယ်ထဲက ကျွန်းတချို့ကို ဖိလစ်ပိုင်နိုင်ငံက ပိုင်ဆိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂခုံရုံးက ဆုံးဖြတ်ပေးခဲ့ ပေမယ့် တရုတ်နိုင်ငံကလက်မခံဘဲ သူတို့အပိုင်လုပ်ပြီး လူလုပ်ကျွန်းတုတွေဆောက်ပြီး မောင်ပိုင်စီးထားတာ ခုထိ ကမ္ဘာမှာရော၊ ဒေသတွင်းမှာ ပါရှင်းမရ ပြုမရတဲ့ ပြဿနာကြီးဖြစ်နေတော့တာမဟုတ်လား။ အဲဒီတော့ နိုင်ငံတွေဟာ မနိုင်နိုင်ရာကိုင်ကြတာများပါတယ်။ ဖိလစ်ပိုင်ဟာ ကုလသမဂ္ဂဆုံးဖြတ်ချက်ကိုကိုင်တယ်၊ သူဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်လို့ အာဆီယံထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်က အငြင်းပွားကျွန်းကိစ္စမှာ တရုတ်ကိုရှုတ်ချတဲ့ဆုံးဖြတ်ချက် ချမှတ်ထုတ်ပြန် ကြေညာဖို့ သံတမန်ရေးကြိုးစား တယ်။ အာဆီယံကို အားကိုးရှာတယ်။ ဒါပေမဲ့ တရုတ်က သူ့ထက်ပိုပြီးလည်တယ်။ ဒီလိုကိစ္စတွေမှာ အံခွနေပြီမို့ အာဆီယံရဲ့ အားနည်းချက်ကိုရှာတယ်။ တွေ့ပြီ။ အာဆီယံမှာ ကမ္ဘောဒီးယားဟာ ဆင်းရဲတယ်။ တရုတ်ရဲ့ ချေးငွေတွေကို မီခိုအားထားနေရတယ်။ အဲဒီကမ္ဘောဒီးယားကို တရုတ်ဟာ ချေးငွေတွေ၊ ထောက်ပံ့ငွေတွေ ပုံအောပြီး ပေးပစ်လိုက်တယ်။ တရုတ်ရဲ့ တပည့်မွေးဆရာမွေးစီမံကိန်းဟာ အတော် အလုပ်ဖြစ်တယ်။ ကမ္ဘောဒီးယားဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်ပေမယ့် ကိုယ့်အာဆီယံနိုင်ငံဘက်ကမလိုက်ဘဲ တရုတ်ကို ပြစ်တင်ရှုတ်ချမယ့် အဆိုမှန်သမျှကို ခါးခါးသီးသီးကန့်ကွက်တော့တယ်။ သိတဲ့အတိုင်း အာဆီယံဆိုတာကလည်းအသံသာမြည်ပြီး အဆံမရှိတဲ့ သင်္ကြန်အမြောက်ဆိုတော့ အသင်းဝင်တနိုင်ငံက ကန့်ကွက်လိုက်တာနဲ့ ဟိုလိုလိုသည်လိုလိုနဲ့ ပြီးသွားတတ်တာထုံးစံပါပဲ။ ဒါကြောင့် နိုင်ငံတကာဆက်ဆံ ရေးဆိုတာ လူကြားကောင်းအောင် စကားလုံးလှလှလေးတွေနဲ့ ပြောနေကြပေမယ့် တကယ့်တကယ်တမ်း မှာတော့ ကိုယ်နိုင်မယ် ထင်တဲ့ အကွက်တွေကို ကိုင်နေကြတာပါပဲ။ အဲဒါကြောင့် IS လို အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်တာတောင်မှ ကိုယ့်အကျိုးစီးပွားကို အဓိထားပြီး လုပ်နေကြတာပါ။ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ ထွက်သွားတာလည်း ဥရောပအိမ်နီးချင်းရယ်၊ ဘာရယ်ဆိုတာထက် သူတို့ ဂရိတ်ဗြိတိန်အတွက် ပိုပြီးအကျိုး ရှိမယ်ထင်လို့ပါ။ မလေးရှားဟာ အရင်က စင်ကာပူနိုင်ငံကို သောက်သုံးရေတင်ပို့ပြီး နိုင်ကွက်တခု ယူထားပါ တယ်။ ဒီအားနည်းချက်ကိုသိတဲ့ စင်ကာပူခေါင်းဆောင်လီကွမ်ယုဟာ သူ့နိုင်ငံမှာပဲ ပင်လယ်ရေငန်ကို ရေချိုဖြစ် အောင်လုပ်နိုင်တဲ့နည်းပညာကိုရအောင် တည်ဆောက်ပြီး မလေးရှားကိုမှီခိုအားထားနေရတဲ့အဖြစ်ကနေ ရုန်းထွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ကမ္ဘာကြီးမှာ ပိုက်ဆံချမ်းသာတဲ့နိုင်ငံက ငွေအင်အားနဲ့၊ သဘာဝ သယံဇာတ ချမ်းသာတဲ့နိုင်ငံက သဘာဝသယံဇာတနဲ့၊ ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့နိုင်ငံတွေက ပထ၀ီနိုင်ငံရေးနဲ့ တနိုင်ငံနဲ့ တနိုင်ငံ နိုင်ကွက်တွေ ကိုင်တတ်ကြပါတယ်။

မြန်မာနိုင်ငံဟာ ပထ၀ီနိုင်ငံရေးအရ အိမ်နီးချင်းနိုင်ငံ(၅) နိုင်ငံတောင်ရှိတဲ့ ထူးခြားတဲ့နိုင်ငံဖြစ်ပါတယ်။ ပင်လယ်ထွက်ပေါက်အကျယ်ကြီး ရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အဲဒီလိုအိမ်နီးချင်း (၅) နိုင်ငံရှိတဲ့အထဲမှာ တရုတ်နိုင်ငံအပါအ၀င်ဖြစ်နေတာလည်း မြန်မာအတွက် ကံမကောင်းစေတဲ့ အချက်တချက်လို ဖြစ်နေခဲ့ပါတယ်။ အိမ်နီးချင်း (၅)နိုင်ငံအနက် မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံတို့နဲ့ သမိုင်းတလျှောက် စစ်မက်ဖြစ်ပွားခဲ့ခြင်းမရှိဖူးဘဲ တရုတ်၊ ယိုးဒယားနိုင်ငံများနဲ့တော့ စစ်ပွဲများ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒါဟာ ရှေးပဒေသရာဇ်ခေတ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာဟာ ဘယ်အိမ်နီးချင်းနိုင်ငံနဲ့မှစစ်မက်ဖြစ်ပွားခြင်းမရှိတော့ပါဘူး။ တရုတ်နဲ့မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့အပြင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်ရှည်လျားတာ၊ အဲဒီနယ်စပ်တလျှောက် မြန်မာနိုင်ငံ ဘက်မှာ တိုင်းရင်းသားလူမျိုးစုတွေနေထိုင်ကြတာကြောင့် အတော်ကို အရေးပါတဲ့အိမ်နီးချင်းနိုင်ငံ ဖြစ်ခဲ့ပါ တယ်။ အရင်ကတော့ တရုတ်ပြည်ဟာ ဆင်းရဲတဲ့နိုင်ငံတနိုင်ငံပါ။ ဒါပေမဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေပြု လုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်အပြီးမှာတော့ တရုတ်ဟာ ချမ်းသာ တဲ့နိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။ စီးပွားရေးမှာလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်လာပါတော့တယ်။

တရုတ်ဟာ စီးပွားရေးနဲ့နိုင်ငံရေးမှာ အင်မတန်အကင်းပါးတဲ့ နိုင်ငံဖြစ်တာကြောင့် သမိုင်းတလျှောက် မြန်မာနဲ့ဆက်ဆံခဲ့တဲ့အခါ ချဉ်းကပ်မှုအမျိုးမျိုးနဲ့ သူ့ဘက်ကအသာစီးရအောင် မူဝါဒပိုင်းကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ဂရုတစိုက်နဲ့ ပြောင်းလဲခဲ့နိုင်တာတွေ့နိုင်ပါတယ်။ ဥပမာ အရင်က တရုတ်ကွန်မြူနစ်ပါတီဟာ ဦးနုအစိုးရ၊ ဦးနေ၀င်းအစိုးရ လက်ထက်များမှာ အစိုးရနဲ့ထိတွေ့ဆက်ဆံမှုမလုပ်ဘဲ အဓိကစစ်ရေး အတိုက်အခံ အုပ်စုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကိုပဲ ပုံအော ထောက်ခံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၁၉၈၈ ကစလို့ တရုတ်အစိုးရဟာ သူတို့မူဝါဒကို ဂငယ်ကွေ့ကွေ့ချလိုက်သလို ကွန်မြူနစ် တွေကို ထောက်ခံတာရပ်စဲပြီး အာဏာသိမ်းစစ်အစိုးရကို ထောက်ခံခဲ့ပါတော့တယ်။ အဲဒီအချိန်က မြန်မာအစိုးရ ဘက်က အားနည်းချက်တွေကို တရုတ်အစိုးရဟာ ကောင်းကောင်းသဘောပေါက်ပြီး အမိအရဆုပ်ကိုင် အသုံးချ နိုင်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရရဲ့ နံပါတ်တစ် အားနည်းချက်ကတော့ ကုလသမဂ္ဂ၊ အမေရိကန်အပါအ၀င် အနောက်ကမ္ဘာနဲ့ ဆက်ဆံရေးဆိုးရွားနေပြီး တကမ္ဘာလုံးနဲ့တယောက်ဆိုသလို မိတ်ဆွေမရှိဘဲ အထီးကျန်နေ တာပါ။ အဲဒါကြောင့် သူတို့ကိုအဆက်အဆံလုပ်မယ့်၊ သူတို့ကို ကုလသမဂ္ဂမှာ ကာကွယ်ပေးမယ့် တရုတ် နိုင်ငံကို လုံးလုံးလျားလျား အလျှော့ပေး လိုက်လျောပြီး ပေါင်းခဲ့ရပါတော့တယ်။ ကုလသမဂ္ဂမှာ လိုအပ်လာတိုင်း တရုတ်က မြန်မာအစိုးရကို အကာအကွယ်ပေးခဲ့ရသလို တရုတ်ဘက်က လိုအပ်နေတဲ့ နိုင်ငံရေး စီးပွားရေး တောင်းဆိုချက် အားလုံးကို ဈေးပေါပေါနဲ့ မြန်မာကဖြည့်ဆည်းပေးခဲ့ရတာပါ။ မြန်မာအစိုးရရဲ့ နံပါတ်နှစ် အားနည်းချက်ကတော့ မြန်မာ့တပ်မတော်အတွက် အစောပိုင်းကာလတွေမှာ စစ်လက်နက်ပစ္စည်းတွေ ဘယ်ကမှ ၀ယ်ယူမရတာဖြစ်ပါတယ်။ အဲဒါကြောင့် တရုတ်အစိုးရဟာ နိုင်ကွက်ကို ကောင်းကောင်းအသုံးချပြီး မြန်မာဘက်က လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးခဲ့ပြီး မြန်မာ့တပ်မတော်ကို ထောက်ခံပေးခဲ့ကာ အပြန်အလှန်အနေနဲ့ သူတို့လိုအပ်တာမှန်သမျှ မြန်မာဘက်က ဖြည့်ဆည်းပေးခဲ့ရတာပါပဲ။ အဲဒီအချိန်တုန်းက မြန်မာစစ်အစိုးရမှာ တရုတ်ကိုအာခံနိုင်တဲ့ နိုင်ကွက်ဆိုတာ မရှိသလောက် နည်းပါးပါတယ်။ မြန်မာနဲ့ တရုတ်ရဲ့ ၁၉၈၈ က ၂၀၁၀ အထိ ဆက်ဆံရေးရာ ဆရာတပည့်ဆက်ဆံရေး အဆင့်ပဲရှိခဲ့တာပါ။ တရုတ်က ဆရာ၊ စစ်အစိုးရကတော့ တရုတ်နောက်လိုက်ပေါ့။

အခုတော့ရောတဲ့။ အခုအခါမှာတော့ မြန်မာဟာအရင်လို နိုင်ငံတကာက ၀ိုင်းကြဉ်ထားတဲ့ အထီးကျန်နိုင်ငံ တနိုင်ငံမဟုတ်တော့ပါဘူး။ နိုင်ငံတကာမှာ ထိုက်သင့်သလောက် လူရာဝင်လာပြီး အားလုံးက တန်ဖိုးထား လေးစားခံလာရပါပြီ။ အဲဒီအချိန်မှာ မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေးဟာ အရင်လို တလမ်းသွား မဟုတ် တော့ပါဘူး။ နှစ်နိုင်ငံလုံးဘက်မှာ အားနည်းချက်တွေ၊ အားသာချက်တွေနဲ့ နိုင်ကွက်ကိုယ်စီ ရှိနေခဲ့ပါပြီ။ ဒါပေမဲ့ လူဆိုတာ ကိုယ့်အားသာချက်ကို အားသာချက်လို့ သိဖို့လိုသလို သူများအားနည်းချက်ကို နိုင်ကွက် ဟာနိုင်ကွက်လို့ သိဖို့လိုမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ တရုတ်ဘက်ကရော မြန်မာဘက်ကပါ နိုင်ကွက်ကိုယ်စီရှိနေကြပြီ ဖြစ်ပါတယ်။ တရုတ်ဘက်က မြန်မာကို နိုင်ကွက်ကတော့ အရင်တုန်းကလို စစ်လက်နက်တွေပြိုင်ဘက်မရှိ ရောင်းချပေးတာ၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုအရေးယူမယ့် ဆုံးဖြတ်ချက်မှန် သမျှ ဗီတိုအာဏာနဲ့ပယ်ချပေးတာတွေ မဟုတ်တော့ပါဘူး။ ကမ္ဘောဒီးယားကို ချေးငွေတွေနဲ့ နိုင်ကွက်ယူသလို လည်း မြန်မာအပေါ်မှာ နိုင်ကွက်မယူနိုင်တော့ပါဘူး။ တရုတ်နိုင်ငံရဲ့ နှစ်တိုနှစ်ရှည်ချေးငွေအချို့ မြန်မာအစိုးရ အပေါ်မှာရှိပေမယ့် မြန်မာဟာ တရုတ်တနိုင်ငံတည်းကချေးငွေနဲ့ ရှင်သန်နေရတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့  (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်နိုင်ငံချေးငွေ၊ ဥရောပသမဂ္ဂထောက်ပံ့ငွေ စတဲ့အဖွဲ့အစည်းနဲ့ နိုင်ငံတွေဆီက ငွေကြေးအကူအညီတွေလည်း ရရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ရုရှားနိုင်ငံလိုနိုင်ငံမျိုးက စစ်လက်နက်ပစ္စည်းတွေလည်း ၀ယ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ စတဲ့နိုင်ငံတွေဆီက စီးပွားရေးပိတ်ဆို့မှု အတော်များများလည်း ကင်းလွတ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်က မြန်မာနိုင်ငံအပေါ်မှာ ကိုင်ထားနိုင်တဲ့နိုင်ကွက်ဆိုတာ ၀၊ မိုင်း လား၊ ကိုးကန့်စတဲ့ တရုတ်နိုင်ငံနယ်စပ်မျဉ်းတလျှောက်မှာ အခြေပြုလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ်မှာ ကြီးကြီးမားမားသြဇာသက်ရောက်နေတာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ပေမယ့် အမေကျော်ဒွေးတော်လွမ်းဆိုသလို တရုတ်ရဲ့ သြဇာကို လုံးလုံးလျားလျားခံယူထားသူများ ဖြစ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)ဟာ တရားဝင်လက်နက်ကိုင်အင်အားတပ်ဖွဲ့ဝင် ၂၀၀၀ ပဲရှိပေမယ့် သူတို့ရဲ့အဖျက်စွမ်းအားဟာကြီးမားလှကြောင်း၊ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့လောက်ကိုင်စစ်ပွဲဟာ သက်သေခံပဲ ဖြစ်ပါတယ်။ လူ ၂,၀၀၀ ပဲ အင်အားရှိတဲ့အဖွဲ့ရဲ့ နောက်ကွယ်မှာ တရုတ်ရဲ့ သြဇာဟာ ကြီးမားလှပါတယ်။ အဲဒီနေရာမှာတပ်ဖွဲ့ဝင်အင်အား ၃၀,၀၀၀ နဲ့ (အရန်တပ်သား အင်အား ၁၀၀၀၀)ရှိတဲ့ ၀လက်နက်ကိုင်အဖွဲ့ (UWSA) နဲ့သာ ရင်ဆိုင်ရရင် မြန်မာအစိုးရအတွက် ဘယ်လောက်ခက်ခဲမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ၀အဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာရှိနေပေမယ့် တရုတ်သြဇာအကြွင်းမဲ့ သက်ရောက်နေတဲ့ဒေသ ဖြစ်ပါတယ်။ ဥပမာ အထူးဒေသ(၄)ရဲ့ အဓိကမြို့တော် မိုင်းလား(Mong La)ဆိုရင် မြန်မာနိုင်ငံရဲ့ ပထ၀ီပိုင် နက်ထဲမှာရှိတယ်လို့ စာရွက်ပေါ်မှာပြောကြပေမယ့် တကယ့်လက်တွေ့မှာ တရုတ်သြဇာလွှမ်းမိုးမှုအောက်ကို ရာနှုန်းပြည့်နီးပါးကျရောက်နေတဲ့ မြို့ဖြစ်ပါတယ်။ မိုင်းလားမြို့ဟာ မြန်မာပြည်မှာရှိတယ်ဆိုပေမယ့် မြို့မှာရှိတဲ့ ဆိုင်းဘုတ်တွေအားလုံးကို တရုတ်ဘာသာနဲ့ရေးထားပါတယ်။ သုံးတဲ့ငွေကလည်း တရုတ်ယွမ်ငွေဖြစ်ပါတယ်။ ဖုန်းကွန်ရက်တွေကလည်း တရုတ်ဖုန်းလိုင်းတွေ။ ကြည့်တဲ့ရုပ်မြင်သံကြားလိုင်းတွေကလည်း တရုတ်ချန်နယ် တွေ၊ ပြောတဲ့စကားကလည်း တရုတ်စကား၊ ရေးတဲ့စာက တရုတ်စာ၊ အချိန်တောင်မှ နာရီတွေဟာ တရုတ်ပြည် ဘေဂျင်းစံတော်ချိန်ဖြစ်နေတယ်။ မြန်မာနိုင်ငံအလံတော်တောင်မှ အဲဒီမြို့မှ လွှင့်ရဲ့လား။ နိုင်ငံတော်သီချင်း ကိုရတဲ့သူ ဘယ်နှယောက်ရှိသလဲ။ အဲဒီမှာရဲကလည်း မြန်မာပြည်သူ့ရဲ မဟုတ်ဘူး၊ မြို့ကို အုပ်ချုပ်နေတဲ့ခေါင်း ဆောင်တွေ စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့ဖြစ်ပါတယ်။ မြို့ထဲမှာလည်း AK 47 သေနတ်တွေကိုကိုင်ပြီး ကင်းလှည့်နေတဲ့ အစိမ်းရောင်စစ်သားတွေကို တွေ့ရမှာဖြစ်ပါတယ်။ သေချာတာကတော့ အဲဒီစစ်သားတွေဟာ မြန်မာ့တပ်မတော်သားတွေ မဟုတ်ပါဘူး။ မိုင်းလားဟာ မြန်မာ့မြေပိုင်နက်ဆိုပေမယ့် ရွေးကောက်ပွဲကော်မရှင် မရှိပါဘူး။ ရွေးကောက်ပွဲလည်း တခါမှမကျင်းပနိုင်ခဲ့ပါဘူး။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာ သုံးရပ်စလုံးဟာ မြန်မာအစိုးရရဲ့အာဏာ ဘာမှမရှိပါဘူး။ ဆိုရရင် တရုတ်-မြန်မာနယ်စပ်က အဲဒီနယ်မြေတွေ ဟာ မြန်မာကို တရုတ်က နိုင်ကွက်တခုရသလို ဖြစ်နေပါတယ်။

စစ်ရေးတင်းမာမှုဖြစ်ပေါ်လာခဲ့ရင် '၀'စစ်သားလား၊ တရုတ်စစ်သားလားဆိုတာလဲ ခွဲခြားရအတော်ခက်ခဲလာမယ့် သဘောရှိပါတယ်။ ယခုတောင် '၀'နဲ့ မိုင်းလားအဖွဲ့ဟာ အခြားတိုင်းရင်းသားတော်တော်များများမရရှိခဲ့တဲ့ အထူးအခွင့်အရေးတွေအားလုံးကို ရရှိထားပါတယ်။

'၀'အဖွဲ့ဆိုလို့ရှိရင် လေယာဉ်ပစ်အမြောက်တွေ၊ ဟယ်လီကော်ပတာတွေတောင် ရှိတယ်လို့ အချို့က ပြောကြပါတယ် (၀အဖွဲ့ကတော့ ငြင်းပါတယ်)။ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုဥပဒေဟာလည်း မိုင်းလားမှာ အသုံးချနိုင်ခြင်းမရှိပါဘူး။ မိုင်းလားမှာ လောင်းကစားလုပ်ငန်းတွေဟာ တရားဝင်ဖြစ်ပါတယ်။ တားမြစ်ထားတဲ့ သားရဲတိရစ္ဆာန်အားလုံးကို တရားဝင်ရောင်းဝယ်ဖောက်ကားနိုင်ပါတယ်။ ဒီနေရာတွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ ယမ်းပုံကြီးတခုလိုဖြစ်နေပြီး မိုင်းလားနယ်မြေ၊ ၀နယ်မြေ၊ ကိုးကန့်ဒေသများဟာ တရုတ်တို့ရဲ့ မြန်မာ အပေါ်နိုင်ကွက်တခု၊ နောက်ပြီး တရုတ်မြန်မာနယ်စပ်တလျှောက် တပ်စွဲထားကြတဲ့ UWSA, KIA, RCSS, SSPP, MNDAA စတဲ့ လက်နက်ကိုင်တပ်တွေရှိနေတဲ့အဖြစ်ဟာ တရုတ်ရဲ့မြန်မာအပေါ် အချိန်မရွေးအနှောင့်အယှက်ပေးနိုင်တဲ့ နိုင်ကွက်တွေပါပဲ။ ၀န်ကြီးချုပ်ဦးနုလက်ထက်က ဖီမော်၊ ဂေါ်လန်၊ ဂန်ဖန်ဆိုတဲ့ ကချင်ရွာသုံးရွာကို မြန်မာက တရုတ်ကိုပေးလိုက်ရတာကမှ တရားဝင်နယ်နိမိတ် စာချုပ်ချုပ်ရင်း တခြားနယ်တွေနဲ့အပေးအယူလုပ်လိုက်ရတာမို့ ကြားလို့ကောင်းပါသေးတယ်။ အခုဆိုရင် မြန်မာ့ပိုင်နက်အချို့ဟာ တရားဝင်မဟုတ်ဘဲ တရုတ်လက် အောက်ရောက်ရမယ့်ကိန်း ဖြစ်နေပါတယ်။

ဒါဆိုရင် မြန်မာဘက်ကရော တရုတ်ပေါ်မှာနိုင်ကွက်က ဘာလဲဆိုရင် ရှင်းရှင်းလေးပါ။ တရုတ်အသည်းအသန် လုပ်ချင်နေတဲ့ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာက တရုတ်နဂါးကြီးကို ဇက်ကြိုးတင်း တင်းကိုင်ထား နိုင်တဲ့ နိုင်ကွက်နံပါတ်တစ်ဖြစ်ပါတယ်။ တရုတ်ဟာ အဲဒီမြစ်ဆုံစီမံကိန်းကို လုပ်ချင်လွန်းလို့ ဣနြေ္ဒမရဖြစ် နေပါတယ်။ ဟိုလူကို မြန်မာပြည်ကို လွှတ်လိုက်၊ သည်လူကို မြန်မာပြည်လွှတ်လိုက်၊ ဟိုလူကို တရုတ် ပြည်ဖိတ်လိုက်၊ သည်လူကိုဖိတ်လိုက်နဲ့ ဆောက်တည်ရာမရဖြစ်နေပါတယ်။ မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့် ထားမယ်လို့ ယခင်အစိုးရက ကြေညာလိုက်တော့ တရုတ်အစိုးရဟာ အိမ်မြှောင်အမြီးပြတ်သလို၊ တီကောင် ဆားပက်ခံရသလို ဖြစ်နေတာ အထင်အရှားတွေ့မြင်နိုင်ပါတယ်။ အရင်ကတခါဖူးမှ ဆေးဖော်ကြောဖက် မလုပ်ခဲ့တဲ့ NLD ပါတီနဲ့ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရပြီး အစိုးရဖြစ်ဖို့ အလားအလာလည်းရှိလာရော အာဏာတောင်မရသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ ခေါင်းဆောင်တယောက်အဆင့်မျိုးနဲ့ တရုတ်ကိုဖိတ်ခေါ်ခဲ့တာလည်း တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် တို့ကိုချစ်လွန်းလို့ထက် သူတို့အကျိုးစီးပွားအတွက် အဓိကပါ။ အခုလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ခေါင်းဆောင်တွေက သူတို့နိုင်ငံကို လေးလေးစားစား ဖိတ်ခေါ်ခဲ့ပါပြီ။ ဒါဟာလည်း မြစ်ဆုံအပါအ၀င် သူတို့ရဲ့လိုလားချက်တွေအတွက် အဓိကဖြစ်ပါတယ်။ မြန်မာဘက်က အဲဒီ အားသားချက်ကို ကောင်းကောင်းချင့်ချိန် အသုံးချရမှာဖြစ်ပါတယ်။

မြစ်ဆုံဆည်ပြန်လည်တည်ဆောက်မှု၊ မတည်ဆောက်မှုဟာ မြန်မာတနိုင်ငံလုံးနဲ့ဆိုင်တဲ့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကျင်းပပြီးမှသာ YES (or) NO အဖြေတခုကို ပေးသင့်ပါတယ်။ တရုတ်တို့ရဲ့ပျော့ကွက်ကို မြန်မာဘက်က အချိန်ဆွဲပြီးသေသေချာချာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီကိစ္စမှာ အညှာမလွယ်သင့်ပါ။ ဒီကိစ္စဆွေးနွေးဖို့ရှိနေသမျှ မြန်မာဘက်က နိုင်ဖဲတချပ် ရှိနေသလို ဖြစ်မှာပါ။ နောက်ထပ်နိုင်ကွက် တခုကတော့ တရုတ်နိုင်ငံဟာ သူတို့နိုင်ငံရဲ့အနောက်ဘက်မှာ ပင်လယ်ထွက်ပေါက်မရှိဘဲ ကုန်းပိတ်နိုင်ငံဖြစ်နေတာကို အတော်လေးမခံချိမခံသာ ဖြစ်နေပါတယ်။ သူတို့ နိုင်ငံက ထွက်ကုန်တွေကို ပင်လယ်ဆီပို့ဆောင်ဖို့ မြန်မာနိုင်ငံထဲကနေ ဖြတ်ထုတ်ဖို့ ကျောက်ဖြူကို မျက်စောင်း ထိုးနေပါတယ်။ ကူမင်းကနေ ကျောက်ဖြူကို ကူမင်းကျောက်ဖြူလမ်းဖောက်ချင်နေပါတယ်။ အဲဒိစီမံကိန်းကို One belt, One road မဟာဗျူဟာမြောက် စီမံကိန်းလို့တောင် အမည်ပေးထားပါတယ်။ မြန်မာနိုင်ငံအတွက် အဲဒိစီမံကိန်းမရှိလည်း ဘာမှအရေးမကြီးပါဘူး။ ဘာမှလဲ တိုင်းပြည်နစ်နာသွား စရာမရှိပါဘူး။ ဒါပေမဲ့ တရုတ်အတွက်တော့ အဲဒီပင်လယ်ထွက်ပေါက်ရသွားစေမယ့်စီမံကိန်းဟာ သူတို့နိုင်ငံကို အကြီးအကျယ် အကျိုးရှိစေမယ့် စီမံကိန်းဖြစ်ပါတယ်။ ဒါ့ကြောင့် မြစ်ဆုံဆည်စီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံ ကိန်းတွေဟာ တရုတ်အပေါ်ကို မြန်မာက ကောင်းကောင်းနိုင်ကွက်ရနိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကိုခွင့်ပြုပေးရမယ်လို့ မဆိုလိုပါဘူး။ ဒီစီမံကိန်းဟာ မြန်မာ့အချုပ်အခြာအာဏာကို တရုတ်တွေ မြန်မာ့မြေမှာ ၀င်စွက်ဖက်လာနိုင်တဲ့စီမံကိန်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံနိုင်ငံဆက်ဆံတဲ့အခါမှာ ကိုယ့်နိုင်ငံ က ပထ၀ီနိုင်ငံရေး(Geo-politics)အရ အားသာချက်တွေ၊ နိုင်ကွက်တွေရှိနေတာကိုသိဖို့ လိုသလို ကိုယ့်နိုင်ငံရဲ့ အားနည်းချက်တွေ ပျော့ကွက်တွေရှိနေတာကိုလည်း သေသေချာချာ ရှင်းရှင်းလင်းလင်းသဘောပေါက်ထားဖို့ လိုမှာ ဖြစ်ပါတယ်။ အဲဒီလိုသဘောပေါက်သွားပြီဆိုရင် သူတို့ခြောက်တိုင်းလည်း ကြောက်စရာမလိုသလို ကိုယ်တွေရထားတဲ့နိုင်ကွက်တွေအတွက် ပေါပေါပဲပဲနဲ့ မြှောက်တိုင်းလဲ မမြောက်ဖို့လိုပါတယ်။ တပည့်တော်တို့ က တရုတ်ကိုလည်း ကြောက်ရပါတယ်ဘုရားဆိုတဲ့ ရာဇ၀င်တွင်မယ့် အငုံ့စိတ်မျိုးလည်းရှိဖို့ မလိုတော့သလို၊ ကိုယ့်နိုင်ငံရဲ့အားသာချက်ကို ဗုံးပေါလအော ဖြုန်းတီးမပစ်ဖို့ လိုပါတယ်။ တကယ်တော့ တရုတ်တို့ မြန်မာနိုင်ငံ မှာ လုပ်ချင်တယ်ဆိုတဲ့ စီမံကိန်းတွေအားလုံးဟာ မြန်မာ့အကျိုးကနည်းနည်း သူတို့အကျိုးကများများ မစားရ ၀ခမန်းစီမံကိန်းတွေဖြစ်ပြီး အဲဒီစီမံကိန်းတွေမဖြစ်ရင် မစားရတဲ့အမဲသဲနဲ့ ပက်လာနိုင်ခြေရှိတဲ့အပေါက်တွေကိုလည်း တိုင်းရင်းသားအားလုံးက ကြိုတင်တွက်ဆထားဖို့လိုမှာဖြစ်ကြောင်းပါ။

သရ၀ဏ်(ပြည်)


BRTယာဉ်လိုင်း၏ လမ်းကြောင်း(၃)ကို ယာဉ်အစီးရေ (၂၀)ဖြင့် သြဂုတ်လ ၂၄ ရက်နေ့တွင် စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း YBPC Co.Ltd မှ သိရသည်။

BRT လမ်းကြောင်း ၃ကို အမှတ်(၃)လမ်းမကြီး၊ ပုလဲလမ်း၊ အမှတ် (၃)လမ်းဆုံ၊ စုပေါင်းရုံး၊ အောင်မင်္ဂလာအဝေးပြေး၊ ခြောက်ကွေ့၊ သုနန္ဒာလမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်း၊ ကုက္ကိုင်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကုလားကျောင်း၊ ကြို့ကုန်း၊ အင်းစိန်ပန်းခြံ၊ ဖော့ကန်၊ အောင်ဆန်းနဲ့ တညင်းကုန်းလမ်းဆုံတို့ကို အခြေပြုပြေးဆွဲသွားမည်ဖြစ်ပြီး အသွားအပြန်မှတ်တိုင် (၃၈)ခုကို ယာယီသတ်မှတ်ထားကြောင်း သိရသည်။

ထပ်မံတိုးချဲ့မည့် လိုင်း ၃ တွင် လက်ရှိ အားနည်းချက်များကို ဖြေရှင်းနိုင်ရန် ကားတိုင်းတွင် CCTV ကင်မရာ ၄ လုံးကို Control Room မှ မြင်နိုင်စေရန် ဆောင်ရွက်နေပြီး ၊ မိုက်ဖြင့် အသိပေးမှု၊ စက်ကိုလည်း မြန်မာအသံဖြင့် ပြန်ဖြေမှု လူကျပ်ချိန်တွင် ကတ်ထည့်ရန်နှင့် လက်မှတ်ကိုလည်း QR Code စနစ် အမြန်ပြောင်းလဲမှုများ ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားသည်။

BRT ယာဉ်လိုင်းကို ၂၀၁၆၊ ဖေဖော်ဝါရီလမှ စတင်ကာ လမ်းကြောင်းအမှတ်စဉ် ၁ ဖြင့် စတင်ပြေးဆွဲခဲ့ပြီး လက်ရှိတွင် အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) ခရီးစဉ်လမ်းကြောင်းများကို ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက သီးသန့်ဘက်စ်ကားလိုင်းများတွင် စီးနင်းသည့် ခရီးသည်အချို့ မမှန်ကန်သည့်နည်းဖြင့် ယာဉ်စီးခ အပြည်အ၀ မပေးခြင်းများ၊ ယာဉ်စီးခ မပေးခြင်းများ ရှိနေကြခြင်းကြောင့် ယာဉ်စီးခ မှန်မှန်ပေးစီးရန်နှင့် စည်းကမ်းရှိကြရန် ဘတ်စကားလိုင်း ကုမ္ပဏီဖြစ်သည့် YBPC Co.Ltd က အများပြည်သူသို့ ပြန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ဝသန်
The Ladies News



စားသောက်ကုန်ဈေးတွေ တရိပ်ရိပ်တက်နေ
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၂.၁၄ % ရှိ နေပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အမြင့်ဆုံး ဖြစ်ပါတယ်။

အရင် က ငွေကြေးဖောင်းပွမှုနှုန်း ဟာ တနှစ် တနှစ် ၇% ဒါမှမဟုတ် ၈% လောက်ရှိခဲ့တာပါ။

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တက်လာတာ ကိုအခြေခံပြီး အခုလို ငွေကြေးဖောင်းပွမှုနှုန်းကို ဗဟိုဘဏ် က တွက်ချက်တာ လို့လည်း သိရပါတယ်။

ကုန်ဈေးနှုန်းတွေ ကြီးတဲ့ပြဿနာ က အခြေခံလူတန်းစားတွေ အတွက် သိသိသာသာ ထိခိုက် သလို လူမှုရေးမတည်ငြိမ်မှု တာတွေဖြစ်လာမှာ ကိုလည်း စိုးရိမ်ရတဲ့အကြောင်း စီးပွားရေး ပညာရှင်တွေ က သုံးသပ်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန က ဘဏ္ဍာရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်း က ငွေကြေးဖောင်းပွ တာကို ထိန်းနိုင်ဖို့ က ဘဏ္ဍာရေး ဝန်ကြီးဌာန တခု က လုပ်ဆောင်တာ နဲ့တင် မလုံလောက်ပဲ ဗဟိုဘဏ် က ငွေကြေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲတာတွေ ၊ ကုန်ထုတ်လုပ်မှုနဲ့ ကုန်စည်စီးဆင်းမှုမှာ ကုန်ကျစားရိတ် သက်သာလာအောင် တခြားသက်ဆိုင်ရာဝန်ကြီးဌာန တွေ ကလုပ်ဆောင်မှုတွေ လည်း လိုအပ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ ရပ်ကျေး ဥပဒေ မူကြမ်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပြီး အုပ်ချုပ်ရေးမှုးကို ရွေးချယ်ခွင့်ရရေးနဲ့ ဧည့်စာရင်းတိုင်ကြားရေး စနစ် ပယ်ဖျက်ပေးရေး အပါအ၀င် အချက် ၁၀ ချက်ကို အရပ်ဖက်အဖွဲ့အစည်း၆၀ ကျော်က တောင်းဆိုလိုက်ပါတယ်။အမျိုးသားလွှတ်တော်မှာ တတိယအကြိမ် ပြင်ဆင်ပြီး အတည်ပြုထားတဲ့ ဒီဥပဒေမူကြမ်းမှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့ အချက်တစ်ချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက်သတင်းယူထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပြီးခဲ့တဲ့ဇွန်လ၃ရက်နေ့မှာတတိယအကြိမ်မြောက် ပြင်ဆင်ပြီးအမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ထပ်မံဆွေးနွေးသွားဖို့ ရှိပါတယ်။အဓိကအားဖြင့်တော့ လူ့အခွင့်အရေးနဲ့ရော နိုင်ငံသားတွေရဲ့  အခွင့်အရေးနဲ့ပါ မကိုက်ညီတဲ့ ဧည့်စာရင်း တိုင်ရတဲ့ ပုဒ်မတွေကို ပယ်ဖျက်ပေးရေးနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှုး ရွေးချယ်ရာမှာ လူထုက တိုက်ရိုက် ရွေးကောက်တင်မြောက်ခွင့်ရရှိရေးနဲ့ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့သူတိုင်း အုပ်ချုပ်ရေးမှုးအား မဲပေးရွေးချယ်ခွင့် ပြုဖို့ တောင်းဆိုလိုက်တာပါ။

“အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း၊ နိုင်ငံသားတိုင်းဟာ တဦးတယောက်ချင်းစီတိုင်းက မဲပေးပိုင်ခွင့်ရှိမှသာလျှင် ဒီသက်ဆိုင်ရာဒေသမှာရှိတဲ့ ရွေးကောက်ခံရတဲ့သူဟာ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုများလာပါလိမ့်မယ်။ သူ့ကိုရွေးကောက်တာဟာ တအိမ်တယောက်မဟုတ်ပဲနဲ့ အိမ်သူအိမ်သားတိုင်းက သူ့ရဲ့ သဘောဆန္ဒအရ ကောက်ခံထားတယ်ဆိုတဲ့ ခံစားချက်ကကျမတို့ပြောရမယ်ဆိုရင်တာဝန်ခံမှုတွေပိုများလာမယ်။ ကိုယ်စားပြုမှုတွေလည်းပိုပြီး ကျယ်ပြန့်လာမယ်။ ဒီတော့ ဒါကို ကျမတို့ တိုက်တွန်းနှိုးဆော်တယ်။ အိမ်ထောင်ဦးစီး သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဆိုတဲ့ ပြဌာန်းချက်ကလည်း တနည်းပြောရရင် ကန့်သတ်မှုတွေ ရှိနေတုန်းပါပဲ။ ဆိုတော့ လူငယ်၊ လူရွယ်တွေရဲ့  Rights to voteအမျိုးသမီးတွေရဲ့  ရွေးကောက်ပွဲတွေမှာ ပွင့်လင်းစွာ ကိုယ့်ရဲ့ သဘောဆန္ဒအတိုင်း ၀င်ရောက်နိုင်ခွင့်ပေါ့နော်။ ၀င်ရောက်ပိုင်ခွင့်ကို ကန့်သတ်ပြီးသားဖြစ်နေတယ်။ ဒါကြောင့်မို့ ကျွန်မတို့က သူတို့မဲပေးပိုင်ခွင့်ကို မဆုံးရှုံရအောင်အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းက တအိမ်တယောက်မဟုတ်ပဲနဲ့ အကုန်လုံး မဲပေးပိုင်ခွင့်ရှိအောင် တောင်းဆိုတာတွေရှိတယ်။

ဒီမိုကရေစီဖွံဖြိုး တိုးတက်ရေး လုပ်ရှားဆောင်ရွက်မှု ကော်မတီက လှုံ့ဆော်ရေးမှုး မသဉ္ဇာရွှန်းလဲ့ရည်က ဒီကနေ့ ရန်ကုန်မြို့ မှာ ပြုလုပ်ခဲ့တဲ့ ရပ်ကျေးဥပဒေ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။ဒီဥပဒေမူကြမ်းကို ပြည်သူ့လွတ်တော်မှာ ဆွေးနွေးသွားဖို့ လွှတ်တော် ကိုယ်စားလှယ် ၃၀ ကျော်ရှိပြီး ဘယ်အချိန် ဆွေးနွေးသွားမလဲဆိုတာကိုတော့ ပြောဆိုမထားပါဘူး။ ဒါပေမဲ့လို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ့် အခါကျရင် ဧည့်စာရင်း တိုင်ကြားမှုနဲ့ ပတ်သတ်တဲ့ ပုဒ်မတွေကို ပြန်လည် ထည့်သွင်းသွားမယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာ နှစ်ပေါင်း ၁၀၀ ကျော် ကျင့်သုံးလာခဲ့တဲ့ ဒီဥပဒေ ပုဒ်မတွေကိုအမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့တုန်းကလည်းလုံခြုံရေးအခြေအနေကြောင့်ဒီပုဒ်မတွေကိုဆက်လက်ကျင့်သုံးသွားဖို့တပ်မတော်သားကိုယ်စားလှယ်ဖက်က ဆွေးနွေးခဲ့တာပါ။ ဒါပေမဲ့လို့မဲအရေအတွက်အပေါ်မူတည်ပြီးအမျိုးသားလွှတ်တော်မှာတော့ ဒီပုဒ်မတွေကိုပယ်ဖျက်နိုင်ခဲ့ပါတယ်။အမျိုးသားလွှတ်တော်မှာ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ရပ်ကျေး ဥပဒေ မူကြမ်းမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက တောင်းဆိုထားတဲ့ အချက်အလက်တချို့ ပါဝင်တယ်လို့ ဒါနရှေ့ဆောင်မြန်မာရဲ့  ပရောဂျက် ဒါရိုက်တာ ကိုမြတ်မင်းဦးက ပြောပါတယ်။

“ကျွန်တော်တို့ ခြောက်လပိုင်း သုံးရက်နေ့မှာဆိုရင် အမျိုးသားလွှတ်တော်မှာ ဒီရပ်ကျေးဥပဒေ တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုပါတယ်။ အဲ့ဒီအတည်ပြုလိုက်တဲ့အခါမှာ ပုဒ်မပေါင်း ၁၉ ခုပါတယ်။ ပုဒ်မခွဲအနေနဲ့ ပြောမယ်ဆိုရင် ပုဒ်မခွဲ၃၂ ခုပါတယ်ပေါ့နော်။ အဲ့ဒီမှာ ကျွန်တော်တို့ ရပ်ကွက်အဖွဲ့အစည်းတွေ ဥပဒေကြမ်းကော်မတီနဲ့ တွေ့တဲ့အခါမှာ တောင်းဆိုတဲ့အချက်၊ တူညီတဲ့အချက် ၁၂ခုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တောင်းဆိုတဲ့တာ အပြည့်အ၀ပါတယ်လို့ ပြောလို့မရဘူး။ ကျွန်တော်တို့တောင်းဆိုတဲ့အချက်က တူညီတဲ့အချက် ၁၂ ချက်ရှိပါတယ်။ “

ရပ်ကျေးဥပဒေမူကြမ်းကို ပြည်သူ့လွတ်တော်မှာ ဆွေးနွေးအတည်ပြုသွားရင် ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာအတည်ပြု ပြဌာန်းပြီးသွားရင်တော့ ဒီဥပဒေကို လူထုကြား ပိုမိုသိရှိမှု ရှိလာဖို့ တိုက်တွန်းသွားမယ်လို့ မသဉ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။

“ဒီဥပဒေကို အတည်ပြုလာခဲ့ပြီဆိုရင် ပြည်သူလူထုကို ပြန်လည်ချပြရမှာဖြစ်ပါတယ်။ ဒီဥပဒေရဲ့အားနည်းချက်၊အားသာချက်ကိုပြန်လည်သုံးသပ်ပြီးတဲ့အခါမှာ ပြန်လည်ပြင်ဆင်ဖို့ကိုလည်း ကျွန်မတို့ ကျိုးစားရင်လည်း ကျိုးစားမှာပေါ့နော်။ ဒါဥပဒေဟာ ဘယ်တော့မှ Perfect ဖြစ်မနေဘူးဆိုတော့ ထပ်မံပြင်ဆင်ဖို့ကိုလည်း ကျွန်မတို့ တိုက်တွန်းသွားဖို့တွေရှိတယ်။ ကျွန်မတို့ နေရာ ဒေသအသီးသီးမှာအသစ်ဖြစ်လာတဲ့ ဥပဒေရဲ့ ပြည်သူလူထုသိသင့်သိထိုက်တဲ့အချက်တွေကို ဝေမျှသွားဖို့တွေရှိတယ်။ နောက်အကယ်၍ ရွေးကောက်ပွဲတွေထပ်မံဖြစ်လာမယ်ဆိုရင်လည်း ရွေးကောက်ပွဲတွေမှာ ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ပြည်သူလူထုတွေ သိသင့်သိထိုက်တဲ့ ရွေးကောက်ပွဲအသိပညာပေးတာတွေ နောက် ရွေးကောက်ပွဲ စောင့်ကြည့်  လေ့လာတာတွေ နောက် ရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှုးတွေရဲ့ လုပ်ဆောင်မှုတွေ၊ ဆောင်ရွက်ချက်တွေကို ကျွန်မတို့ လေ့လာစောင့်ကြည့်တဲ့ ပုံစံမျိုး လုပ်ဆောင်သွားဖို့တွေလည်း လျာထားတာတွေရှိပါတယ်။”

ရပ်ကျေးဥပဒေ ပြင်ဆင်ရေးပူးပေါင်းအဖွဲ့အနေနဲ့အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဥပဒေမူကြမ်း ကော်မတီတွေနဲ့ တွေ့ဆုံပြီးဒီဥပဒေနဲ့ပတ်သတ်လို့ တောင်းဆို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရပ်ကျေး ဥပဒေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အပါအ၀င် မြန်မာပြည်တစ်ဝှမ်း လူထုတွေ့ဆုံ ရှင်းလင်းပွဲ ၁၇ ပွဲလောက် လုပ်ခဲ့ပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ ရပ်ကျေးဥပဒေမှာ ပြင်ဆင်ချက် ၂၅ ချက်၊ ပယ်ဖျက်သင့်တာ ၁၂ ချက်နဲ့ ဖြည့်စွက် ရေးဆွဲသင့်တဲ့ အကြောင်းအရာ ၁၂ ချက် ပါဝင်တယ်လို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက တိုက်တွန်းပြောကြားထားပါတယ်။

 ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဖားကန့်လမ်း တလျောက် အစိုးရ တပ် ထိုးစစ်ဆင်
ကချင် ပြည်နယ်၊ ဖားကန့်နဲ့ မန်စီ မြို့နယ် တွေထဲ အစိုးရ စစ်တပ်နဲ့ ကချင် လက်နက်ကိုင် ကေအိုင်အေ တို့ကြား တိုက်ပွဲ တွေ ဖြစ်ပေါ် နေပါတယ်။

ကချင်ပြည်နယ် ဖားကန့်၊ မန်စီ မြို့နယ်ထဲမှာ ကေအိုင်အေ တပ်မဟာ ၃ ရဲ့ တပ်ရင်း ၂၇ ရှိရာဘက်ကို အစိုးရ စစ်တပ်တွေ ဒီရက်ပိုင်း တိုက်ပွဲဖြစ်နေလို့ ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်နေရပါတယ်။

ကေအိုင်အေ တပ်ရင်း ၂၇ အခြေစိုက်ရာ ဖားကန့် လမ်း တလျောက် အစိုးရ စစ်တပ်က အခု ရက်ပိုင်း တွေ အတွင်း ဆက်တိုက် ထိုးစစ် ဆင် နေတယ် လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

ကျဆုံး ဒဏ်ရာရသူတွေ ရှိသလား ဆိုတာကိုတော့ နှစ်ဘက်စလုံးက မထုတ်ပြန် သေးပါဘူး။

အခု နောက်ဆုံး ဖြစ်ပေါ် လာတဲ့ တိုက်ပွဲ တွေကြောင့် တနိုင်း လမ်းဘက်မှာ စစ်ဘေး ဒုက္ခသည် ထောင်ချီ ပြီး တိုး လာနေတယ်လို့ ဆိုပါတယ်။

ဒါကို တိုက်ဆိုင်မှု ထက် ပင်လုံ ညီလာခံ မတိုင်မီ ရည်ရွယ်ချက်နဲ့ ပစ်နေတယ်လို့ ယူဆကြောင်း ကေအိုင်အေ ၊ ကေအိုင်အို နည်းပညာအထောက်ကူပြုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး က ပြော ပါတယ်။

ဒါပေမဲ့လည်း မူဘောင် ဆွေးနွေးပွဲတွေမှာ အားလုံး လက်ခံနိုင်တဲ့ မူတွေကို ချနိုင်မယ် ဆိုရင် ညီလာခံကို တက်ဖို့ ဖြစ်နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

မြေပြင်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲတွေ ပိုပြင်းထန်လာနေလို့ ညီလာခံ ဖြစ်မြောက်ဖို့ စိန်ခေါ်နေတယ်လို့လည်း ဦးဒေါင်ခါး က ပြောကြား သွားပါတယ်။

BBC Burmese
http://www.bbc.com/burmese



ဟေတီဝမ်းရောဂါ
ဟေတီ နိုင်ငံမှာ လူကိုသေစေနိုင်တဲ့ ကာလ၀မ်းရောဂါ စတင် ပျံ့နှံ့ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကစလို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေက ဒီရောဂါ ပျံ့နှံ့ဖြစ်ပွားအောင်လုပ်ရာမှာ ပါဝင်ခဲ့တယ်ဆိုတာကို ကုလသမဂ္ဂက ပထမဆုံးအကြိမ် ၀န်ခံပြောဆိုလိုက်ပါတယ်။ ကာရေဘီယံ ကျွန်းနိုင်ငံ ဟေတီမှာ ဒီရောဂါကြောင့်လူ၁ သောင်းနီးပါးသေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ ရောဂါကူးစက်ခံခဲ့ရတာပါ။

 ဟေတီမှာ ဒီရောဂါ ကပ်ဘေး ပျံ့နှံ့ဖြစ်ပွားမှုကိုဟန့်တားနိုင်အောင် ကုလသမဂ္ဂအနေနဲ့ အခုထက်ပိုပြီး လုပ်ဆောင်သင့်ခဲ့ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့ ပြောခွင့်ရတဦးက ပြောဆိုပါတယ်။ ဖြစ်နိုင်ချေ လာမယ့် နှစ်လ-သုံးလအတွင်း ဒီရောဂါဆိုး တိုက်ဖျက်ရေးအတွက် ထိရောက်တဲ့ နည်းလမ်းသစ်တွေနဲ့ ကိုင်တွယ်လုပ်ဆောင်သွားမယ့်အကြောင်းလည်း သူက ကတိပေး ပြောသွားပါတယ်။

 ဒီရောဂါ ပျံ့နှံ့အောင်လုပ်မှုနဲ့ ကုလသမဂ္ဂကို တရားစွဲဖို့ ဟေတီ နိုင်ငံသားတွေက ကြိုးစားနေပေမဲ့ ကုလသမဂ္ဂ ကတော့ သူတို့ဟာသံတမန်ကင်းလွှတ်ခွင့်နဲ့အကြုံးဝင်တဲ့သူတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

၂၀၁၀ ခုနှစ်မတိုင်ခင်အထိ ဟေတီနိုင်ငံဟာ ကာလ၀မ်းရောဂါ ကင်းလွတ်တဲ့နိုင်ငံတခုပါ။ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့က ဟေတီမှာ ပြင်းထန်တဲ့ငလျင် လှုတ်ခဲ့ပြီး လူပေါင်း ၂ သိန်းလောက် သေဆုံးခဲ့ရပြီးတဲ့နောက်ပိုင်း ဒီရောဂါ ပျံ့နှံ့ဖြစ်ပွားလာခဲ့တာပါ။

 Mirebalais မြို့က နီပေါငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တွေ နေထိုင်တဲ့နေရာအနီး Artibonite မြစ်ပေါ်ကအဆောက်အအုံတခုမှာဒီရောဂါစတင်ဖြစ်ပွားခဲ့တယ်ဆိုတာကို တွေ့ခဲ့ရတာပါ။ နီပေါနိုင်ငံမှာ ကာလ၀မ်းရောဂါ ပျံ့နှံ့ဖြစ်ပွားနေချိန်မှာ နီပေါ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွေ ဟေတီနိုင်ငံကို ရောက်လာခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ ဘေဂျင်းမြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီး ဒီခရီးစဉ်က ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပေါ်လာဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ယုံကြည်ကြောင်း တရုတ်သမ္မတက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံအားပေးတယ် လို့ ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်နိုင်ငံအနေနဲ့ သူမကို နွေးနွေးထွေးထွေးကြိုဆိုတဲ့အပေါ်မှာ ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေမှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ကနေ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

“မြန်မာအစိုးရသစ် စတင်ဖွဲ့စည်းပြီးချိန်ကစပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်ကနေ ၂ နိုင်ငံကြား ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ကျုယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက် လာအောင် အခိုင်အမာလုပ်ဆောင်သွားနိုင်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်နိုင်ငံဘက်က နွေးနွေးထွေးထွေးကြိုဆိုတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောကြားလိုက်ပြီးပြီးခဲ့တဲ့တကြိမ်က တွေ့ခဲ့ရတဲ့တရုတ်ကွန်မြူနစ်ပါတီကမိတ်ဆွေဟောင်းတွေကို တွေ့ရတဲ့အတွက်လည်းဝမ်းသာတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံရဲ့ခရီးစဉ်အတွင်း အတော်များများအာရုံစိုက်နေကြတာကတော့ ဧရာဝတီမြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းကိစ္စပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် လီခချန်းနဲ့ ကြာသပတေးနေ့က တွေ့ဆုံစဉ်မှာတော့ - မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး သင့်တင့်တဲ့ အဖြေရှာဖို့ တရုတ်ဘက်က တိုက်တွန်းခဲ့ပြီး မြစ်ဆုံဆည်စီမံကိန်းကိုစုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့စည်းထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ထပ်မံပြောကြားခဲ့ပါတယ်။

“မြစ်ဆုံဆည်စီမံကိန်းနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ကျမတို့ ကော်မရှင်တရပ်ဖွဲ့စည်းထားပါတယ်။ ဒီကိစ္စအတွက် အကောင်းဆုံးအဖြေရှာနိုင်ဖို့က ကော်မရှင်ရဲ့ ကိစ္စပါ။ အခုချိန်မှာ ဘယ်ဟာက အကောင်းဆုံးဖြေရှင်းနည်း ဖြစ်တယ်ဆိုတာကို ကျမအနေနဲ့မပြောနိုင်ပါဘူး။ ပြောနိုင်တယ်ဆိုရင်တော့ကျမတို့ ကော်မရှင်ဘယ်ဖွဲ့မလဲ။ ဒါနဲ့ ပတ်သက်ပြီးအကောင်းဆုံးအဖြေက ဘာဆိုတာကို ရှာဖို့က ကော်မရှင်ရဲ့ တာဝန်ပါ။”

ကချင်ပြည်နယ်ကဧရာဝတီမြစ်ဆုံမှာတည်ဆောက်မယ့် မြစ်ဆုံဆည်စီမံကိန်းကိ မြန်မာပြည်သူတွေကအပြင်းအထန်ကန့်ကွက်ခဲ့ကြတာကြောင့်ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားတာပါ။ မြစ်ဆုံဆည်စီမံကိန်းကို စုံစမ်းစစ်ဆေးမယ့်ကော်မရှင်ကို တရုတ်နိုင်ငံကပညာရှင်တရပ်စေလွှတ်သွားမယ်လို့တရုတ်သတင်းတခုဖော်ပြတယ်လို့ တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါ်လှကျော်ဇောပြောပါတယ်။ တရုတ်သမ္မတ နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း မြစ်ဆုံကိစ္စကို ပြောဆိုခြင်းမရှိခဲ့ပဲ ကုန်သွယ်ရေး နဲ့ ၂ နိုင်ငံဆက်ဆံရေးကိစ္စရပ်တွေပဲအဓိကထားဆွေးနွေးခဲ့တယ်လို့သူကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့၂ နိုင်ငံကြားချစ်ကြည်ရေးပိုမိုခိုင်မြဲဖို့ မျှော်လင့်သလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း တရုတ်နိုင်ငံအနေနဲ့ အကူအညီပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကျမတို့နိုင်ငံရဲ့ ကိစ္စပါ။ အခြေခံကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို မြန်မာပြည်သူတွေက တည်ဆောက်ရမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့တရုတ်နိုင်ငံအနေနဲ့ကျမတို့ရဲ့ရည်မှန်းချက်တွေ အောင်မြင်အောင် စိတ်ကောင်းစေတနာထားပြီး အကူအညီပေးဖို့ကလည်း အရေးကြီးပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်းအိမ်နီးချင်းကောင်းပီသစွာကျမတို့ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်အောင် အစွမ်းကုန်လုပ်ပေးသွားမယ်လို့ ကျမတို့အနေနဲ့ ယုံကြည်ပါတယ်။ “

တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်ကို ထောက်ခံအားပေးတယ်လို့တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့တယ်လို့ ဒေါ်လှကျောဇောကပြောပါတယ်။တရုတ်နိုင်ငံဟာပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း မြန်မာ့စစ်ခေါင်းဆောင်တွေဘက်က ရပ်တည်ပြီး၊ ဒီမိုကရေစီရေးတောင်းဆိုတာတွေနဲ့ ပတ်သက်ပြီး အစဉ်တစိုက်လစ်လျှူရှုခဲ့တာပါ။ ဒါ့ကြောင့် NLD အစိုးရသစ်လက်ထက်မှာ ၂ နိုင်ငံ ဆက်ဆံရေးရှေ့အလားအလာဘယ်လိုဖြစ်လာနိုင်သလဲဆိုတဲ့အပေါ်မှာ ဒေါ်လှကျောဇော ပြောတာကတော့

“ကျမကတော့ ပိုပြီးကောင်းလိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ကလုပ်တဲ့အခါမှာ တော်တော်စေ့စပ်တယ်။ အရင်တုန်းက န.အ.ဖကိုလည်း အကြီးအကျယ်ထောက်ခံခဲ့တာအမှန်ပဲ။ အခုလည်း ဒီ NLD အစိုးရကိုထောက်ခံတယ်ဆိုတာအမှန်ပဲ။ သူ့အနေနဲ့ အိမ်နီးနားချင်း ပေါ်လစီအောင်မြင်ဖို့ဆိုရင် အိမ်နီးနားချင်းနိုင်ငံတနိုင်ငံရဲ့ အစိုးရကို သူကလေးစားဖို့ ထောက်ခံဖို့လိုတယ်။ ဒီတခေါက် တချို့ဝန်ကြီးတွေသွားတာမှာ ဦးသိန်းစိန်ကိုလည်းတွေ့တယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း ၀င်တွေ့တယ်။ ဒါတွေဟာ ဘာတွေကိုပြသလဲဆိုတော့ သူတို့ဆက်ဆံခဲ့တာ စဉ်ဆက်မပြတ်ဆက်ဆံခဲ့တယ်ဆိုတာပဲ ဆိုတဲ့သဘောမျိုးကို ပြတာပါပဲ။ အဲဒီတော့ ဆက်ဆံရေးက ပိုကောင်းသထက်ကောင်းလာဖို့ပဲရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတနဲ့ ဒီကနေ့ညနေပိုင်းက မတွေ့ဆုံခင်မှာတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင် ရန်ဂျီးချီ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဂျန်ဒီဂျန်း တို့ နဲ့ တွေ့ဆုံခဲ့သလို၊ အာရှအခြေခံ အဆောက်အအုံဖွံ့ဖြိုးတက်ရေးဘဏ် (AIIB) ဘဏ်ကတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကိုရန်နိုင်
VOA Burmese News

သြဂုတ် ၁၉ ရက် တရုတ်စံတော်ချိန် မနက် ၁၁ နာရီ မိနစ် ၂၀ တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံကြရာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်ကို (Jiějiě) 'အစ်မကြီး’ဟု နာမ်စားသုံး၍ ဆွေးနွေးပြောဆိုကြောင်း သိရသည်။

တရုတ်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်ကို ဒေသစံတော်ချိန် မနက် ၁၁ နာရီသတ်မှတ်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ မိနစ် ၂၀ နောက်ကျပြီးမှ ရောက်ရှိလာသော်လည်း တရုတ်သမ္မတက စိတ်ရှည်စွာ စောင့်ဆိုင်းရင်း ဆွေးနွေးကြကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြကြောင်း ပေကျင်းမှ News Watch ဂျာနယ်၏ သတင်းရင်းမြစ်က သတင်းပေးပို့သည်။

“တရုတ်-မြန်မာနယ်စပ် မြောက်ပိုင်းဒေသကို ရန်ကုန်-မန္တလေးနဲ့ အခြားမြို့ကြီးတွေလိုဖြစ်အောင် လုပ်ပေးဖို့ကိစ္စ ဆွေးနွေးကြပါတယ်။ စီးပွားရေးဖွံ့ဖြိုးဖို့ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေကို ကူညီဖို့ ဆွေးနွေးကြပါတယ်”ဟု အထက်ပါသတင်းရင်းမြစ်က သတင်းပေးပို့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၈ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ တရုတ်ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြန်မာ့လွှတ်တော်
မြန်မာ့လွှတ်တော်

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ ရပ်ကျေး ဥပဒေ မူကြမ်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပြီး အုပ်ချုပ်ရေးမှုးကို ရွေးချယ်ခွင့်ရရေးနဲ့ ဧည့်စာရင်းတိုင်ကြားရေး စနစ် ပယ်ဖျက်ပေးရေး အပါအ၀င် အချက် ၁၀ ချက်ကို အရပ်ဖက်အဖွဲ့အစည်း၆၀ ကျော်က တောင်းဆိုလိုက်ပါတယ်။အမျိုးသားလွှတ်တော်မှာ တတိယအကြိမ် ပြင်ဆင်ပြီး အတည်ပြုထားတဲ့ ဒီဥပဒေမူကြမ်းမှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့ အချက်တစ်ချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက်သတင်းယူထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပြီးခဲ့တဲ့ဇွန်လ၃ရက်နေ့မှာတတိယအကြိမ်မြောက် ပြင်ဆင်ပြီးအမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ထပ်မံဆွေးနွေးသွားဖို့ ရှိပါတယ်။အဓိကအားဖြင့်တော့ လူ့အခွင့်အရေးနဲ့ရော နိုင်ငံသားတွေရဲ့  အခွင့်အရေးနဲ့ပါ မကိုက်ညီတဲ့ ဧည့်စာရင်း တိုင်ရတဲ့ ပုဒ်မတွေကို ပယ်ဖျက်ပေးရေးနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှုး ရွေးချယ်ရာမှာ လူထုက တိုက်ရိုက် ရွေးကောက်တင်မြောက်ခွင့်ရရှိရေးနဲ့ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့သူတိုင်း အုပ်ချုပ်ရေးမှုးအား မဲပေးရွေးချယ်ခွင့် ပြုဖို့ တောင်းဆိုလိုက်တာပါ။

“အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း၊ နိုင်ငံသားတိုင်းဟာ တဦးတယောက်ချင်းစီတိုင်းက မဲပေးပိုင်ခွင့်ရှိမှသာလျှင် ဒီသက်ဆိုင်ရာဒေသမှာရှိတဲ့ ရွေးကောက်ခံရတဲ့သူဟာ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုများလာပါလိမ့်မယ်။ သူ့ကိုရွေးကောက်တာဟာ တအိမ်တယောက်မဟုတ်ပဲနဲ့ အိမ်သူအိမ်သားတိုင်းက သူ့ရဲ့ သဘောဆန္ဒအရ ကောက်ခံထားတယ်ဆိုတဲ့ ခံစားချက်ကကျမတို့ပြောရမယ်ဆိုရင်တာဝန်ခံမှုတွေပိုများလာမယ်။ ကိုယ်စားပြုမှုတွေလည်းပိုပြီး ကျယ်ပြန့်လာမယ်။ ဒီတော့ ဒါကို ကျမတို့ တိုက်တွန်းနှိုးဆော်တယ်။ အိမ်ထောင်ဦးစီး သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဆိုတဲ့ ပြဌာန်းချက်ကလည်း တနည်းပြောရရင် ကန့်သတ်မှုတွေ ရှိနေတုန်းပါပဲ။ ဆိုတော့ လူငယ်၊ လူရွယ်တွေရဲ့  Rights to voteအမျိုးသမီးတွေရဲ့  ရွေးကောက်ပွဲတွေမှာ ပွင့်လင်းစွာ ကိုယ့်ရဲ့ သဘောဆန္ဒအတိုင်း ၀င်ရောက်နိုင်ခွင့်ပေါ့နော်။ ၀င်ရောက်ပိုင်ခွင့်ကို ကန့်သတ်ပြီးသားဖြစ်နေတယ်။ ဒါကြောင့်မို့ ကျွန်မတို့က သူတို့မဲပေးပိုင်ခွင့်ကို မဆုံးရှုံရအောင်အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းက တအိမ်တယောက်မဟုတ်ပဲနဲ့ အကုန်လုံး မဲပေးပိုင်ခွင့်ရှိအောင် တောင်းဆိုတာတွေရှိတယ်။

ဒီမိုကရေစီဖွံဖြိုး တိုးတက်ရေး လုပ်ရှားဆောင်ရွက်မှု ကော်မတီက လှုံ့ဆော်ရေးမှုး မသဉ္ဇာရွှန်းလဲ့ရည်က ဒီကနေ့ ရန်ကုန်မြို့ မှာ ပြုလုပ်ခဲ့တဲ့ ရပ်ကျေးဥပဒေ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။ဒီဥပဒေမူကြမ်းကို ပြည်သူ့လွတ်တော်မှာ ဆွေးနွေးသွားဖို့ လွှတ်တော် ကိုယ်စားလှယ် ၃၀ ကျော်ရှိပြီး ဘယ်အချိန် ဆွေးနွေးသွားမလဲဆိုတာကိုတော့ ပြောဆိုမထားပါဘူး။ ဒါပေမဲ့လို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ့် အခါကျရင် ဧည့်စာရင်း တိုင်ကြားမှုနဲ့ ပတ်သတ်တဲ့ ပုဒ်မတွေကို ပြန်လည် ထည့်သွင်းသွားမယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာ နှစ်ပေါင်း ၁၀၀ ကျော် ကျင့်သုံးလာခဲ့တဲ့ ဒီဥပဒေ ပုဒ်မတွေကိုအမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့တုန်းကလည်းလုံခြုံရေးအခြေအနေကြောင့်ဒီပုဒ်မတွေကိုဆက်လက်ကျင့်သုံးသွားဖို့တပ်မတော်သားကိုယ်စားလှယ်ဖက်က ဆွေးနွေးခဲ့တာပါ။ ဒါပေမဲ့လို့မဲအရေအတွက်အပေါ်မူတည်ပြီးအမျိုးသားလွှတ်တော်မှာတော့ ဒီပုဒ်မတွေကိုပယ်ဖျက်နိုင်ခဲ့ပါတယ်။အမျိုးသားလွှတ်တော်မှာ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ရပ်ကျေး ဥပဒေ မူကြမ်းမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက တောင်းဆိုထားတဲ့ အချက်အလက်တချို့ ပါဝင်တယ်လို့ ဒါနရှေ့ဆောင်မြန်မာရဲ့  ပရောဂျက် ဒါရိုက်တာ ကိုမြတ်မင်းဦးက ပြောပါတယ်။

“ကျွန်တော်တို့ ခြောက်လပိုင်း သုံးရက်နေ့မှာဆိုရင် အမျိုးသားလွှတ်တော်မှာ ဒီရပ်ကျေးဥပဒေ တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုပါတယ်။ အဲ့ဒီအတည်ပြုလိုက်တဲ့အခါမှာ ပုဒ်မပေါင်း ၁၉ ခုပါတယ်။ ပုဒ်မခွဲအနေနဲ့ ပြောမယ်ဆိုရင် ပုဒ်မခွဲ၃၂ ခုပါတယ်ပေါ့နော်။ အဲ့ဒီမှာ ကျွန်တော်တို့ ရပ်ကွက်အဖွဲ့အစည်းတွေ ဥပဒေကြမ်းကော်မတီနဲ့ တွေ့တဲ့အခါမှာ တောင်းဆိုတဲ့အချက်၊ တူညီတဲ့အချက် ၁၂ခုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တောင်းဆိုတဲ့တာ အပြည့်အ၀ပါတယ်လို့ ပြောလို့မရဘူး။ ကျွန်တော်တို့တောင်းဆိုတဲ့အချက်က တူညီတဲ့အချက် ၁၂ ချက်ရှိပါတယ်။ “

ရပ်ကျေးဥပဒေမူကြမ်းကို ပြည်သူ့လွတ်တော်မှာ ဆွေးနွေးအတည်ပြုသွားရင် ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာအတည်ပြု ပြဌာန်းပြီးသွားရင်တော့ ဒီဥပဒေကို လူထုကြား ပိုမိုသိရှိမှု ရှိလာဖို့ တိုက်တွန်းသွားမယ်လို့ မသဉ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။

“ဒီဥပဒေကို အတည်ပြုလာခဲ့ပြီဆိုရင် ပြည်သူလူထုကို ပြန်လည်ချပြရမှာဖြစ်ပါတယ်။ ဒီဥပဒေရဲ့အားနည်းချက်၊အားသာချက်ကိုပြန်လည်သုံးသပ်ပြီးတဲ့အခါမှာ ပြန်လည်ပြင်ဆင်ဖို့ကိုလည်း ကျွန်မတို့ ကျိုးစားရင်လည်း ကျိုးစားမှာပေါ့နော်။ ဒါဥပဒေဟာ ဘယ်တော့မှ Perfect ဖြစ်မနေဘူးဆိုတော့ ထပ်မံပြင်ဆင်ဖို့ကိုလည်း ကျွန်မတို့ တိုက်တွန်းသွားဖို့တွေရှိတယ်။ ကျွန်မတို့ နေရာ ဒေသအသီးသီးမှာအသစ်ဖြစ်လာတဲ့ ဥပဒေရဲ့ ပြည်သူလူထုသိသင့်သိထိုက်တဲ့အချက်တွေကို ဝေမျှသွားဖို့တွေရှိတယ်။ နောက်အကယ်၍ ရွေးကောက်ပွဲတွေထပ်မံဖြစ်လာမယ်ဆိုရင်လည်း ရွေးကောက်ပွဲတွေမှာ ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ပြည်သူလူထုတွေ သိသင့်သိထိုက်တဲ့ ရွေးကောက်ပွဲအသိပညာပေးတာတွေ နောက် ရွေးကောက်ပွဲ စောင့်ကြည့်  လေ့လာတာတွေ နောက် ရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှုးတွေရဲ့ လုပ်ဆောင်မှုတွေ၊ ဆောင်ရွက်ချက်တွေကို ကျွန်မတို့ လေ့လာစောင့်ကြည့်တဲ့ ပုံစံမျိုး လုပ်ဆောင်သွားဖို့တွေလည်း လျာထားတာတွေရှိပါတယ်။”

ရပ်ကျေးဥပဒေ ပြင်ဆင်ရေးပူးပေါင်းအဖွဲ့အနေနဲ့အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဥပဒေမူကြမ်း ကော်မတီတွေနဲ့ တွေ့ဆုံပြီးဒီဥပဒေနဲ့ပတ်သတ်လို့ တောင်းဆို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရပ်ကျေး ဥပဒေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အပါအ၀င် မြန်မာပြည်တစ်ဝှမ်း လူထုတွေ့ဆုံ ရှင်းလင်းပွဲ ၁၇ ပွဲလောက် လုပ်ခဲ့ပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ ရပ်ကျေးဥပဒေမှာ ပြင်ဆင်ချက် ၂၅ ချက်၊ ပယ်ဖျက်သင့်တာ ၁၂ ချက်နဲ့ ဖြည့်စွက် ရေးဆွဲသင့်တဲ့ အကြောင်းအရာ ၁၂ ချက် ပါဝင်တယ်လို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက တိုက်တွန်းပြောကြားထားပါတယ်။
VOA Burmese News

 dassk-china-president-620.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင်းပင် တို့ သြဂုတ်လ ၁၉ ရက်နေ့က ပေကျင်းမြို့ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ Villa 18 မှာ တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

“တရုတ်-မြန်မာ” နှစ်နိုင်ငံဆက်ဆံရေးကို မှန်ကန်တဲ့လမ်းကြောင်းအတိုင်း တိုးတက်ဖြစ်ထွန်း စေလိုတဲ့အကြောင်း တရုတ်သမ္မတရှီကျင့်ဖိန်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံကို ငါးရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ဘေကျင်းမြို့မှာ တွေ့ဆုံရာမှာ သမ္မတရှီကျင့်ဖိန်က အခုလို ပြောခဲ့တာလို့ ရိုက်တာသတင်းဌာနက ရေးသားပါတယ်။

မြန်မာပြည်သူတွေဟာ ခမ်းနားထည်ဝါတဲ့ အနာဂတ်တစ်ခုကို ဦးတည်တဲ့ ခရီးအစမှာ ရောက်ရှိနေကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုအသစ်တွေ ဖြစ်ပေါ်ဖို့နဲ့၊ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် မိမိတို့အနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြရမှာ ဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖိန်က သတင်းထောက်တွေကို ပြောပါတယ်။

တွေ့ဆုံပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောရာမှာ တရုတ်နိုင်ငံဟာ အိမ်နီး ချင်းကောင်း နိုင်ငံတစ်ခုအနေနဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပြည့်အဝ ထောက်ခံကူညီမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ မေးရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို မြစ်ဆုံစီမံကိန်း စိစစ်သုံးသပ်လေ့လာရေး ကော်မရှင်က လေ့လာ ဆုံးဖြတ်မှာဖြစ်ပြီး လောလောဆယ် မပြောနိုင်သေးကြောင်း ဖြေဆိုသွားပါတယ်။

အလားတူပဲ တရုတ်သမ္မတရှီကျင့်ဖိန်ကလည်း မြစ်ဆုံရေကာတာစီမံကိန်း ပြန်စရေးကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုသွားတာ မရှိဘူးလို့ သိရပါတယ်။
RFA

 govt-100day-press-620.jpg ဝန်ကြီးဌာန လေးခုရဲ့ ရက် ၁ဝဝ စီမံကိန်းရှင်းလင်းပွဲကို သြဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Win Naung Toe/RFA

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ အမုန်းစကားပြောကြားမှုနဲ့ ပတ်သက်ပြီး ဥပဒေရေးဆွဲပြီး ပြည်ထောင် စုရှေ့နေချုပ်ရုံးကို ပေးပို့ထားပြီး ပြဌာန်းဖို့ ကြိုးစားနေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ဝန်ကြီးဌာန လေးခု ရက် ၁ဝဝ စီမံကိန်းရှင်းလင်းပွဲမှာ အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

"အမုန်းစကားများ ဖြန့်ဖြူးတဲ့ကိစ္စ၊ ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်တဲ့ကိစ္စတွေကို ထိန်းကျောင်းဖို့ဆိုတာ ကျနော်တို့နိုင်ငံမှာ လက်ရှိရေးဆွဲထားတဲ့၊ ပြဌာန်းထားတဲ့ဥပဒေ တစ်ခုမှမရှိပါဘူး၊ အဲ့ဒီတော့ ဒီဥပဒေတွေကို ပြဌာန်းနိုင်ဖို့အတွက် ကျနော်တို့ ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပါတယ်"

သာသနာရေးနဲ့ ယဉ်ကျေးမှု၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လေးခုက သူတို့ရဲ့ ရက် ၁ဝဝ စီမံကိန်းအတွင်း ဆောင်ရွက်ခဲ့တာတွေကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရက် ၁ဝဝ စီမံကိန်းအတွင်း သတ္တုတူးဖော်ရေး ကုမ္ပဏီတွေကို စနစ်တကျဖြစ်အောင် ဆောင်ရွက်နေကြောင်းပြောပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ကုမ္ပဏီတွေကို လိုင်စင်ချထားပေးရာမှာ ဖြေလျှော့မှုတွေ ဆောင် ရွက်ပေးနေကြောင်း ရှင်းလင်းပါတယ်။

စိုက်ပျိုရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ရက် ၁ဝဝ စီမံကိန်းအတွင်း မြို့နယ် ၁၂ဝ မှာ လယ်ယာမြေ မှတ်ပုံတင်ရေးကို ဒစ်ဂျစ်တယ်စနစ်နဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် လယ် တစ်ဧကကို ငွေကျပ် တစ်သိန်းခွဲ ထုတ်ချေးပေးခဲ့ပြီး စိုက်ပျိုးရေး နည်းပညာပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေကြောင်းရှင်းလင်းပြောကြား ခဲ့ပါတယ်။
RFA


တရုတ်-မြန်မာ ဆက်ဆံရေးကို နည်းမှန် လမ်းမှန်တဲ့ ဖွံ့ဖြိုး နိုင်ဖို့ တရုတ် အစိုးရဘက်က လိုလား။
တရုတ် နိုင်ငံ ဘေဂျင်း မြို့တော်မှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နဲ့ တရုတ် သမ္မတ ရှီကျင်းပင် တို့ တွေ့ဆုံ ခဲ့ကြပြီ ဖြစ်ပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေးကို နည်းမှန် လမ်းမှန်တဲ့ ဖွံ့ဖြိုး နိုင်ဖို့ တရုတ် အစိုးရဘက်က လိုလားတယ် ဆိုပြီး သမ္မတ ရှီကျင်းပင်က ပြောခဲ့တယ် လို့ အဲဒီ့က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

ဒါပေမယ့် မြစ်ဆုံ ရေကာတာ နဲ့ ပတ်သက်လို့တော့ သတင်းထောက် တွေ ရှေ့ တစုံတရာ ပြောကြား တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်ခြား ဒေသ တည်ငြိမ် ဖို့ အရေး မြန်မာ ဘက်က အစွမ်းကုန် ကြိုးစား သွားမှာ ဖြစ်ပြီး၊ ဘယ်လို အကြောင်းနဲ့မှ ဆက်ဆံရေး အထိခိုက် ခံမှာ မဟုတ်ဘူးလို့ ဒေါ် အောင်ဆန်းစုကြည် က ပြောတယ် လို့လည်း တရုတ် အစိုးရပိုင် ရုပ်မြင်သံကြား က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလက်တွေ့ အရ ဦးဆောင်မှု ပေးနေတဲ့ မြန်မာ အစိုးရနဲ့ ကြား မဟာဗျူဟာမြောက် ဆက်ဆံရေး တိုးတက်ဖို့ တရုတ် နိုင်ငံဘက်က လိုလား နေတယ် ဆိုပြီး လေ့လာသူတွေက ဆိုပါတယ်။

ဒါပေမယ့် မြစ်ဆုံ ရေကာတာ စီမံကိန်း အပါအဝင် မြန်မာ နိုင်ငံထဲက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံ မှု တွေ နဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တွေ ရဲ့ ကန့်ကွက်မှုတွေလည်း ပြင်းပြင်းထန်ထန် ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese



သမ္မတ ဦးထင်ကျော် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ကို သြဂုတ်လ ၁၉ ရက်နေ့က ရောက်ရှိလာစဉ်။ ဓါတ်ပုံ - မန်းဂျော်နီ ဖေ့စ်ဘွတ်
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဒီသြဂုတ်လကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ ရှိနေပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက သွားမယ်ဆိုတာ အတည်ပြုပြောပေမယ့် ရက်အတိအကျတော့ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

"ဒီလထဲမှာ ခရီးစဉ်ရှိတယ်၊ သွားဖို့ပြင်ဆင်နေကြတယ်ဆိုတာပဲ သိထားတာ၊ အသေးစိတ်လည်း မသိဘူး၊ ဘယ်ရက်လည်း မသိသေးဘူး၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အစ်မတို့ ဘာမှလောလောဆယ် မထုတ်ပြန်သေးဘူး၊ ထုတ်တဲ့အခါကျရင်တော့ ပြောပါမယ်"

နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်အဖွဲ့ ခေါင်းဆောင် ဦးကျော်ဇေယျက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တရုတ်နိုင်ငံ ခရီးစဉ်ကို လိုက်ပါသွားတာကြောင့် အိန္ဒိယခရီးစဉ်အတွက် အတိအကျ မပြောနိုင်သေးတာဖြစ် တယ်လို့လည်း ဒေါ်အေးအေးစိုးက ပြောပါတယ်။

အဲ့ဒီခရီးစဉ်ဟာ အိန္ဒိယနိုင်ငံဘက်က ဖိတ်ကြားတာဖြစ်ကြောင်းနဲ့ သွားဖို့ရက်နီးလာရင် သတင်းထုတ်ပြန် မှာ ဖြစ်တယ်လို့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

အိန္ဒိယနိုင်ငံခရီးစဉ်ကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ပါ သွားရောက်ဖို့ ရှိ/မရှိတော့ မသိရသေးပါဘူး။

သမ္မတဦးထင်ကျော်ဟာ လာအို၊ ရုရှားနဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို အစိုးရသစ်တက်လာပြီး မကြာသေးခင် ကာလတွေက သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



ဒေါ်အောင်ဆန်းစုကြည် တရုတ်သမ္မတနဲ့တွေ့ဆုံ။ သြဂုတ် ၁၉၊ ၂၀၁၆။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီး တရုတ်နိုင်ငံက နွေးထွေးစွာကြိုဆိုတဲ့အပေါ်မှာ ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံကို ၅ ရက်ကြာရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့အစောပိုင်းက တရုတ်နိုင်ငံရဲ့ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ တရုတ်နိုင်ငံရဲ့ AIIB ဘဏ်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေမှာတော့ တရုတ်သမ္မတ ရှီကျင်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ သူမအပေါ်မှာ နွေးနွေးထွေးထွေးကြိုဆိုတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တရုတ်သမ္မတ ရှီနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့နိုင်ငံရဲ့  ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလည်း ကျွန်မတို့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေခံပြီးတော့ .. ကျမတို့ကို ဒီလိုနွေးနွေးထွေးထွေးနဲ့ ကြိုဆိုတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇွန်လတုန်းက တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့တာဖြစ်ပြီး၊ အခုတကြိမ်ကတော့ ဒုတိယတကြိမ်မြောက်သွားရောက်တာဖြစ်ပါတယ်။အခုလို တရုတ်နိုင်ငံကို ဒုတိယတကြိမ်လာရောက်စဉ် ပြီးခဲ့တဲ့တကြိမ်က တွေ့ဆုံခဲ့သူတွေကို ထပ်မံတွေ့ဆုံရတဲ့အတွက်လည်း ၀မ်းမြောက်မိတယ်လို့ ပြောပါတယ်။

“မနှစ်ကဆိုလို့ရှိရင် ကျွန်မတို့အရင်တခါလာတုန်းက ပါတီက မိတ်ဆွေဟောင်းတွေကိုပြန်ပြီးတော့တွေ့ရတဲ့အတွက် အင်မတန်မှဝမ်းသာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ပါတီ၊ အိမ်နီးနားချင်းနိုင်ငံတွေဆိုတာ တဦးနဲ့တဦးနားလည်မှုရှိပြီးတော့ တဦးကနေပြီးတော့ တဦး..”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်အစောပိုင်းက အာရှအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဘဏ် (AIIB) ဘဏ်က တာဝန်ရှိသူတွေ နဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ဧည့်ဂေဟာ အဆောင်အမှတ် ၁၂ မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတော့ နေ့လည်ပိုင်းမှာတော့ တရုတ်သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းတုန်းကတော့တရုတ်နိုင်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင်နဲ့တရုတ်အထက်လွှတ်တော်ဥက္ကဋ္ဌ နဲ့ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်အေးအေးစိုးက ပြောပါတယ်။

“တရုတ်ပြည်နိုင်ငံတော်ကောင်စီဝင်မစ္စတာ ယန်ရှိချီ သူနဲ့တွေ့တယ်။ နောက်ပြီးတော့မှ National People’s Congress က ဥက္ကဌ မစ္စတာ ကျန်းဒေကျန်းနဲ့လည်းတွေ့တယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ တရုတ်ဝန်ကြီးချုပ် လီခချန်း နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အဲဒီတွေ့ဆုံမှုအတွင်းမှာ မြစ်ဆုံရေကာတာစီမံကိန်းကိစ္စအပါအ၀င် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ပါတယ်။ တရုတ်ဝန်ကြီးချုပ်ဘက်ကတော့ မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး သင့်တင့်တဲ့ အဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပြီးတော့ မြန်မာနိုင်ငံဘက်ကတော့ ဒီမြစ်ဆုံဆည်စီမံကိန်းကို သင့်တင့်မျှတစွာကိုင်တွယ်ပြီတော့ စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်းထားပြီဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

 ရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


တရုတ်နိုင်ငံအနောက်ပိုင်းရှိ ထွန်းသစ်စမြို့တစ်မြို့ဖြစ်တဲ့ ရှီးအန်းမြို့ဟာ တရုတ်နိုင်ငံရဲ့ သမိုင်းဝင်ခရီးသွားလာရေး နှင့် ယဉ်ကျေးမှုထွန်းကားတဲ့ မြို့လို့ပြောရလျှင်မမှားပါဘူး။ ရှီးအန်းမြို့ဟာ တရုတ်နိုင်ငံ၏အတွင်းပိုင်း မြစ်ဝါမြစ်ဝှမ်း အလယ်ပိုင်းရှိ ဆန်းရှီးပြည်နယ် ဝေ မြစ်ဝှမ်းဒေသ မြေနိမ့်လွင်ပြင်မှာတည်ရှိပါတယ်။မြို့က ဧရိယာစတုရန်းကီလိုမီတာ တစ်သောင်းနီးပါးရှိပြီး လူဦးရေ ၈ သန်းကျော်ရှိပါတယ်။


တရုတ်လူမျိုးတို့မှာ ဆိုးရိုးတစ်ခုလည်းရှိပါတယ်။ “ နှစ်နှစ်ဆယ်ရဲ့တရုတ်နိုင်ငံကိုကြည့်လျှင် ဆန်းကျန့်ကိုကြည့်၊ နှစ်တစ်ရာရဲ့တရုတ်နိုင်ငံကို ကြည်လျှင် ရှန်ဟိုင်းကိုကြည့်၊ နှစ်တစ်ထောင်ရဲ့ တရုတ်နိုင်ငံကို ကြည့်လျှင် ပေကျင်းကိုကြည့်၊ နှစ်ငါးထောင်ရဲ့ တရုတ်နိုင်ငံကို ကြည့်လျှင် ရှီးအန်းကိုကြည့် လို့” ရှီးအန်းမြို့ရဲ့ ရှည်ကြာတဲ့ သမိုင်းကြောင်းကို ရည်ညွှန်းခဲ့ပါတယ်။


ရှီးအန်းကိုယခင်က “ ချန်အန်း” လို့ခေါ်ပြီး တရုတ်နိုင်ငံ့သမိုင်းထဲက မင်းဆက်ပေါင်း ၁၃ ဆက်က ၄င်းဒေသမှာမြို့တည်ကာ အာဏာတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ BC နှစ်ရာစုလောက်မှာတော့ ဟန်ဝူတိ ဟာ အနောက်ဟန်မင်းဆက်ဒေသကို တိုးချဲ့ရန်အတွက် သံတမန် ကျန်းချန်ကို အနောက်ဒေသများသို့ နှစ်ကြိမ်တိုင်တိုင်စေလွတ်ခဲ့ကာ ချန်အန်းမှ တစ်ဆင့် ဥရောပ၊ အာရှ နှင့် အာဖရိက တို့နှင့် ကုန်သွယ်ရေးပိုးလမ်းမကြီးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဒါဟာ တရုတ်နိုင်ငံသမိုင်းမှာ အနောက်နိုင်ငံတွေနဲ့ ပထမဆုံး စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီကစပြီး နှစ်တစ်ထောင်အတွင်း ချန်အန်းဟာ တရုတ်နိုင်ငံနဲ့အနောက်ကမ္ဘာတို့အကြား ယဉ်ကျေးမှုဖလှယ်ရာမှာ အရေးပါတဲ့ နေရာဖြစ်လာခဲ့ပါတယ်။ အနောက်တိုင်းသားများရဲ့ အမျိုးဘာသာယဉ်ကျေးမှုတွေကို ဒီနေရာမှာ ရောနှောပေါင်းစပ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ထူးခြားသောယဉ်ကျေးမှုသမိုင်းအမွေအနှစ်တွေနှင့် ပြည့်နှက်နေတဲ့ ယနေ့ခေတ်ရှီအန်းကို တွေ့မြင်ရမည်ဖြစ်သည်။

တစ်ချိန်က မင်းဆက်အများအပြား၏ မြို့တော်ဖြစ်ခဲ့သောကြောင့် ရှီးအန်းမှာ သမိုင်းဆိုင်ရာခရီးသွားအမွေအနှစ်များနှင့် ပြည့်နှက်လျက်ရှိပါတယ်။ ၄င်းတို့ထဲမှ ချင်စီဟွမ် ဂူဗိမာန်၊ ရှေးဟောင်းစစ်သည်တော်များရုပ်တု၊ ဒါယန်းစေတီတော်၊ ဟွာချင်းရေကန်၊ ချန်လုံဘုရင်ဂူမိမာန်၊ ဖာမန်ဘုရားကျောင်း အစရှိသည်တို့မှာ ပြည်တွင်းသာမက ပြည်ပတွင်ပါ နာမည်ကြီးတဲ့ သမိုင်းဆိုင်ရာ အထင်ကရနေရာများပင်ဖြစ်သည်။ ရှီးအန်းမြို့မှာရှိတဲ့ အစားအသောက်တွေက တရုတ်ဒေသ အစားအသောက်ကောင်းတွေထဲမှ တစ်ခုပင်ဖြစ်သည်။ ဆန်ရှီးဒေသအစားအစာ ဆိတ်သားဟင်းရည်နှင့်တွဲဖက်စားရသောမုန့်ပဲသရေစာမှာ လာသမျှ ခရီးသွားတွေကို ရနံ့တလှိုင်လှိုင်ဖြင့် မွေးကြိုင်စွဲဆောင်နေပါတယ်။ ဟင်းရည်ကိုသောက်လိုက်ရင် မျက်ရည်ထွက်မတတ်စပ်သွားပါလိမ့်မယ်။ဒါဟာ ရှီအန်းရဲ့ အမှတ်သင်္ကေတပါ။လက်ရှိ တရုတ်နိုင်ငံ သမ္မတ ရှီကျင်ဖိန် ဟာလည်း ဆန်ရှီးပြည်နယ် ဖုဖိန်ခရိုင်သားဖြစ်ပြီး ရှီးအန်းမြို့နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဒေသပါ။


တရုတ်နိုင်ငံ က ခေတ်သစ်မှာ “ One Belt One Road” စီမံကိန်း အကောင်အထည်ဖော်လာခဲ့သည့် အားလျှော်စွာ ရှီးအန်းဟာ ပိုးလမ်းမသစ် အစပြုသည့်မြို့ဖြစ်နေတာကို မျက်ဝါးထင်ထင်မြင် တွေ့ရမည်ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ ရှီးအန်းဟာ တရုတ်နိုင်ငံအရှေ့အလယ်ပို်င်းဒေသ၏ သိပ္ပံနှင့် နည်းပညာ စက်မှုလုပ်ငန်းများ၊ ယဉ်ကျေးမှုလုပ်ငန်းများ၊ စက်ရုံများ၊ လေကြောင်းသယ်ယူပို့ဆောင်ရေး၊ပညာရေး၊ ပြပွဲများ၊ ခရီးသွားလာရေးလုပ်ငန်းများ ထွန်းသစ်စစက်မှုလုပ်ငန်းတို့ဖြင့် နိုင်ငံတကာအဆင့်မီ မြို့လည်းဖြစ်နေပါပြီ။ ၂၀၁၆ တရုတ်နိုင်ငံ မြို့တော်အဆင့်သတ်မှတ်ရေး အစီအရင်ခံစာမှောတာ့ ရှီးအန်းကို ဘေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ဆန်းကျန့်စတဲ့ မြို့များနဲ့ တပြေးညီသတ်မှတ်ခဲ့လို့ တရုတ်နိုင်ငံ ရှိ မြို့ကြီးအဆင့်သို့ ရှီအန်းမြို့က တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဖြိုး ( china.com )
https://www.facebook.com/china.com.mm


မြန်မာ-တရုတ်နှစ်နိုင်ငံ အစိုးရကြား သဘောတူညီချက် နှစ်ရပ်ကိုရေးထိုးခဲ့ပြီး ရှီးအန်းနှင့်ယူနန်သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်
တရုတ်ဝန်ကြီးလီခေါ့ချန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၁၈ ရက်ကတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီးနောက်မြန်မာအစိုးရနှင့်တရုတ်အစိုးရကြားစီးပွားရေးအရပူးပေါင်းဆောင်ရွက်မှုနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုသဘောတူညီမှုနှစ်ရပ်တွင်လက်မှတ်ရေးထိုးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီးMr.LiuZhenmin က ပြောကြားခဲ့ပါတယ်။Mr.LiuZhenminက ဒေါ်အောင်ဆန်းစုကြည်၏ငါးရက်ကြာတရုတ်ခရီးစဉ်အတွင်းရှာရှီးပြည်နယ်နှင့်ယူနန်ပြည်နယ်ကိုသွားရောက်မှာဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းCRI သတင်းဌာနကသတင်းဖော်ပြခဲ့ပါတယ်။

Mr.LiuZhenmin က တရုတ်-မြန်မာနိုင်ငံအကြီးအကဲများဆက်ဆံရေးကအလွန်ပဲအရေးကြီးကြောင်း၊ နှစ်ဖက်လုံးကနှစ်နိုင်ငံစီးပွားရေးနှင့်အခြားသောကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်သွားရန်သဘောတူညီမှုများရရှိခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ကလည်းတရုတ်ဝန်ကြီးလီခေါ့ချန်ကိုမြန်မာနိုင်ငံသို့သံတမန်ခရီးစဉ်လာရောက်ရန်ပြန်လည်ဖိတ်ခေါ်ခဲ့ပါတယ်ဟုပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံတကာရေးရာလေ့လာရေးဌာနမှဒုဥက္ကဌMr.YuanZongZeကတရုတ်သည်မြန်မာနိုင်ငံ၏အကြီးမားဆုံးသောနိုင်ငံခြားရင်းနှီးမြှပ်နှံသည့် နိုင်ငံဖြစ်ပါတယ်။တရုတ်-မြန်မာနှစ်နိုင်ငံ၏ဆက်ဆံရေး သမိုင်းကြောင်းကြာညောင်းနေပြီဖြစ်သည့်အပြင်နက်ရှိုင်းသောချစ်ကြည်ရေးလည်းရှိနေပါတယ်။တရုတ်နိုင်ငံကမြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်ရေးကိုလိုလားပြီးမြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင်ဆက်လက်ပြီးထောက်ခံအားပေးပြီးကူညီပေးသွားမယ်လို့ဆိုပါတယ်။Mr.Yuan ZongZeက မြန်မာနိုင်ငံကနိုင်ငံတကာကိုတံခါးဖွင့်ကြိုဆိုခဲ့ပြီးတရုတ်ဖက်မှလည်းပြောင်းလဲမှုများကိုသင့်တင့်လျှောက်ပတ်စွာနေပြီးမြန်မာနိုင်ငံနှင့်အတူတကွနှစ်ဦးနှစ်ဖက်လုံးအကျိုးရှိအောင်ပူးပေါင်းဆောင်ရွက်သွားပါမည်ဟုပြောကြားခဲ့ပါတယ်။

ဖူးဖူး (China.com)
china.com Myanmar
https://www.facebook.com/china.com.mm


နေပြည်တော် သြဂုတ် ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြား ပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာ မြင့်ထွေး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းတို့နှင့်အတူ နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော် အထူး လေယာဉ်ဖြင့် ထွက်ခွာရာ ပုသိမ်မြို့သို့ ရောက်ရှိကြသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ တပ်မတော်ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာကြရာ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့သို့ ရောက်ရှိကြသည်။

သာပေါင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ ကညင်ချောင်းဘုန်းတော်ကြီးကျောင်း ဓမ္မဗိမာန်၌ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံရာ နိုင်ငံတော်သမ္မတက အလှူပစ္စည်းများကို ဘေးသင့်ပြည်သူများအားလုံး မျှမျှတတရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များက စနစ်တကျ စီမံဆောင်ရွက်သွားရန်၊ နိုင်ငံတော်အစိုးရက ဘေးသင့်ပြည်သူများ အတွက် လိုအပ်သည်များကို တတ်စွမ်းသမျှ ဖြည့်ဆည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း စာရင်းဇယားများ မှန်ကန်တိကျစွာ ပြုစု တင်ပြသွားရန်နှင့် ရသင့်ရထိုက်သူများ လက်ဝယ်သို့ မှန်မှန်ကန်ကန် ရရှိအောင် ဆောင်ရွက် ပေးသွားရန် မှာကြားပြီး ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ ၀င်းမြတ်အေးနှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့မှ ဆေးဝါးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ် လှူဒါန်းကြသည်။

ဒေသခံပြည်သူလူထု၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က တင်ပြကြရာ နိုင်ငံတော်သမ္မတက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ငါးသိုင်းချောင်းမြို့ အမျိုးသားခန်းမသို့ ရောက်ရှိကြပြီး နိုင်ငံတော်သမ္မတက ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြား၍ ဆန်အိတ်များထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေးတို့က ဆေးပစ္စည်းများနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ကြသည်။

ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထိုမှတဆင့် ကျုံပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာအုပ်စုရှိ အင်းရဲကျွန်းပိုးကရင် နှစ်ခြင်း အသင်းတော် ခန်းမဆောင်သို့ ရောက်ရှိပြီး နိုင်ငံတော်သမ္မတက ရေဘေးသင့် ပြည်သူ များကို အားပေးစကားပြောကြားကာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်း၊ ဧရာဝတီဖောင်ဒေးရှင်းနှင့် ဝေဠုကျော် ဖောင်ဒေးရှင်းတို့က ထောက်ပံ့ရေးပစ္စည်းများနှင့် အလှူငွေများကိုပေးအပ် လှူဒါန်းကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက ကျေးဇူးတင်စကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတဦးထင်ကျော် နှင့်အဖွဲ့သည် ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် မဟာဗောဓိဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်း၌ ဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများက ထောက်ပံ့ ပစ္စည်းများ ပေးအပ် လှူဒါန်းကြသည်။

ထို့နောက် မော်တော်ယာဉ်များဖြင့် ဒါးကမြို့အနီး ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ် ၂၀/၁ မှ ၃၂/၄ အကြား ရေကျော်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေး၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံကာ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဒေသလိုအပ်ချက်များကို ရင်းရင်း နှီးနှီး ဆွေးနွေး ညှိနှိုင်းသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လမ်းပြင်ဆင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ငွေများကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ထံပေးအပ်သည်။

ထိုမှတစ်ဆင့် ကန်ကြီးဒေါင့်မြို့ မြို့နယ်အားကစားခန်းမ၌ ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး နိုင်ငံတော်သမ္မတက ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားကာ ပြည်ထောင်စုဝန်ကြီးများက ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ကြသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လလယ်ခန့်က စတင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၉ မြို့နယ်ရှိအိမ်ထောင်စု ၁၂၃၆၄၃ စုမှ လူဦးရေ ၅၀၄၄၇၁ ဦး ရေဘေးသင့်ခဲ့ကြသည်။ အဆိုပါရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်း ၃၆၂ ခုဖွင့်လှစ်၍ နေရာချထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်အိတ် ၄၆၃၀ နှင့် ငွေကျပ်သိန်းပေါင်း ၁၄၀၅ သိန်း၊ တိုင်းဒေသကြီးကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သြဂုတ်လ ၁၈ ရက်အထိငွေကျပ်သိန်းပေါင်း ၁၄၅၉ သိန်းကျော်တန်ဖိုးရှိအရေးပေါ်စားနပ်ရိက္ခာများနှင့် အိမ်ဆောက်ပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ ငွေကျပ်သိန်း နှစ်ထောင် တို့ကို လှူဒါန်း ထောက်ပံ့ပေးထားကြောင်း သိရသည်။


နိုင်ငံတော်သမ္မတ၏ ဧရာဝတီတိုင်းဒေသကြီးခရီးစဉ်အတွင်း ပုသိမ်မြို့နယ်၊ သာပေါင်း မြို့နယ်၊ ကန်ကြီးဒေါင့်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့တို့ အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် ရေသန့်ဆေးပြားများကို လှူဒါန်းထောက်ပံ့ ပေးခဲ့သည်။

Myanmar President Office
https://www.facebook.com/MOIWebportalMyanmar/


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးက ကွန်တိန်တာနဲ့ ပြုလုပ်ထားတဲ့ နေအိမ်တစ်ခုမှာ သြဂုတ်လ (၁၉) ရက် မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားနှစ်ဦး မီးလောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး ကိုတာဒမ်မာ ဆာရာကာယုအာရရပ်ကွက်က ကွန်တိန်နာနေအိမ်မှာမီးလောင်မှုဖြစ်ပွားခဲ့ပြီး အလုပ်ပိတ်ရက် အနားယူနေတဲ့ မြန်မာနိုင်ငံသားနှစ်ဦး မီးလောင်သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။


 သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးဟာ မလေးရှားနိုင်ငံကို လွန်ခဲ့တဲ့ (၆)လက အလုပ်လုပ်ကိုင်ဖို့ တရားဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

 သေဆုံးခဲ့မှုကို မြန်မာပြည် အေဂျင်စီက တစ်ဆင့် နိုင်ငံခြားရေးရာဌာနနဲ့ မိသားစုဝင်တွေကို အကြောင်းကြား ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ကိုဝင်းဦး
5 Plus News
https://www.facebook.com/5plusnews


(၁၉.၈.၂၀၁၆)ရက်နေ့ (၀၀၄၀)အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသော Dragon လေကြောင်းလိုင်း ခရီးစဉ်အမှတ် KA -252ဖြင့် တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်မှ ခုံအမှတ်(32/C)တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် မြန်မာနိုင်ငံသားတစ်ဦး သည်လေယာဉ်ပျံသန်းစဉ် အိပ်ပျော်နေရာ ၎င်းနှင့်အတူပါလာသော လက်ဆွဲအိတ်အတွင်းမှ ၎င်းပိုင်ဆိုင်သောငွေကြေး အမေရိကန်ဒေါ်လာ(၆၁၀၀) ခိုးယူခံခဲ့ရပါသည်။


အထက်ပါ ခိုးယူခြင်းခံရသည့် ခရီးသည် သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ် ဆိုက်ရောက်စဉ် ၎င်းအိတ်အတွင်းစစ်ဆေးရာ အိတ်အတွင်းမှ ပိုက်ဆံများပျောက်ဆုံးကြောင်းသိရ၍ လေယာဉ်ဝန်ထမ်းများမှတဆင့် လေကြောင်းလိုင်းလုံခြုံရေးသို့ချက်ချင်း အကြောင်းကြားခဲ့ရာ လေယာဉ်စီးခရီးသည်အားလုံးအား လေကြောင်းရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိဝန်ထမ်းများမှ စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့စဉ် မသကာင်္ဖွယ်ရာ တရုတ်နိုင်ငံသားတစ်ဦးအား စစ်ဆေးရာ အဆိုပါခိုးယူထားသည့်ငွေကြေးများနှင့်အတူဖမ်းဆီးရမိ၍ လိုအပ်သည့်အရေးယူမှုပြုလုပ်နိုင်ရေး မင်္ဂလာဒုံမြိုမရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။


လေကြောင်းဖြင့် ခရီးသွားသော မိဘပြည်သူများအနေဖြင့် လေယာဉ်ပေါ်တွင်မိမိတို့၏တန်ဖိုးရှိငွေကြေးများ ပစ္စည်းများခိုးယူခြင်းမခံရစေရေးစနစ်တကျ လုံခြုံစွာထိန်းသိမ်းထားရှိပါရန်နှင့် ခိုးယူခံရပါက သက်ဆိုင်ရာလေကြောင်းလိုင်းတာဝန်ရှိသူများ လုံခြုံရေးတာဝန်ကျ လေကြောင်းရဲတပ်ဖွဲထံ ချက်ချင်း အကြောင်းကြားပေးပါရန် အသိပေးအပ်ပါသည်။

Aviation Police-YGN



KIA တပ်ရင်း ၆ တပ်ဖွဲ၊ Nam Ya-Kap Maw ကြား
ကချင် ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော် လမ်းမပေါ် အခွန် ကောက်ခြင်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIA မှ ပြန်လည် ပြုလုပ်နေပါသည်။

မိုးကောင်း နှင့် ကားမိုင်း ကြား Gauri (ဂေါ်ရီ) ကျေးရွာ အနီး Ga Matep (ဂါးမတက်) အရပ်မှာ KIA တပ်မဟာ (၂) အောက် တပ်ရင်း (၆) တပ်ဖွဲ့များ လမ်းမပေါ် ထွက်လာပြီး ကျောက်စိမ်းမှော် ကုန်သည်နှင့် ဖြတ်သွား ဖြတ်လာသူများမှ ယနေ့၊ သြဂုတ် ၁၉ နံနက်ပိုင်း အခွန် ကောက်ခဲ့ကြောင်း ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ယခု မတိုင်မီက ဖားကန့် ကျောက်စိမ်းမှော် အထဲမှာသာ KIA မှ အခွန် ကောက်လျှက်ရှိ ပါသည်။

ယခင် Kachin Sub-state ဟု ခေါ်သော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဘက်မှာလည်း KIA တပ်မဟာ (၄) နှင့် (၆) မှ အခွန် ကောက်ခြင်းကို လွန်ခဲ့သည့် နှစ်လ ကျော်မှ ပြုလုပ် လာပါသည်။

မြန်မာ အစိုးရတပ် က ဖားကန့် ကျောက်စိမ်းမှော်မှ KIA ၀င်ငွေ ဖြတ်တောက်ပစ်ရန် စစ်ဆင်ရေး အမျိုးမျိုး ပြုလုပ်နေစဉ် KIA ဘက်မှ ဖားကန့်လမ်းတွင် ယခုလို အခွန် ပြန်ကောက် လာခြင်းဖြစ်သည်။

Kachin News Group
http://burmese.kachinnews.com/


နိရဉ္စရာ၊ သြဂုတ် ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရန်အောင်ပြင် အထက်တန်းကျောင်း သို့ ကျောင်းတက်လာသည့် ကျောင်းသူ လေးဦးမှာ ဈီးကုန်းတန်း ကူးတို့ လှေနစ်ရာမှာ ပျောက်ဆုံးနေသည်ဟု သတင်း ရရှိသည်။

အခင်း ဖြစ်ပွားရာနေရာသို့ ရောက်နေသူ ဦးမောင်ကျန်ဝေမှ ပျောက်နေသည့် မိန်းခလေး ၄ ဦးစလုံးမှာ ကျောက်စာတိုင်ကျေးရွာမှ ဖြစ်ကြောင်း၊ ၉ တန်းကျောင်သူ တစ်ဦး၊ ခုနှစ်တန်း ကျောင်းသူ နှစ်ဦးနှင့် ခြောက်တန်းကျောင်းသူ တစ်ဦးတို့ ဖြစ်ကြသည်ဟု သိရှိရကြောင်း နိရဉ္စရာသို့ ပြောကြားသည်။

“ ဒီကနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ ဈီးကုန်းတန်းကနေ ရန်အောင်ပြင်ကို ကူးတို့လှေ ကူးတာမှာ နစ်တာပါ။ စုစုပေါင်း လှေပေါ်မှာ ကျောင်းသား ကျောင်းသူ ၁၇ ဦးပါဝင်ပါတယ်။ ကျန်တဲ့ ကျောင်းသားတွေက အသက်ဘေးက လွတ်မြောက်သွားပေမယ့် ကျောင်းသူ လေးဦးက အခု ထက်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

တစ်ခြား ဒေသခံ တစ်ဦးကလည်း ပျောက်ဆုံးသူ မိန်းခလေး ၄ ဦးထဲတွင် ကျောက်စာတိုင်ရွာမှ ဦးစိန်ယဉ်မောင်၏ သမီးနှစ်ဦး ပါဝင်သည်ဟု ပြောကြားသည်။

ကူးတို့သမားက ထွက်ပြေးသွားသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်မှ ပျောက်ဆုံးနေသူ ကျောင်းသူ လေးဦးဟု သတင်းရကြောင်း၊ ယခုအခါ အခင်းဖြစ်ပွားရာ ဈီးကုန်းတန်းနှင့် ရန်အောင်ပြင်သို့ စပီဘုတ်ဖြင့် သွားနေကြောင်း ပြောကြားသည်။

ယခုနှစ် ဇွန်လ တစ်ရက် ကျောင်းဖွင့်သည့်နေ့ကလည်း ပုဏ္ဍားကျွန်းမြို့နယ် ပိုးရီပြင် အထက်တန်းကျောင်းသို့ ကျောင်းလာတက်သည့် ရခိုင် ဂန့်ဂါရွာမှ ကျာင်းသား ကျောင်းသူ ခုနှစ်ဦး ကူးတို့ စက်လှေ နစ်ရာမှ သေဆုံးခဲ့ကြရသည်။

Narinjara
https://www.facebook.com/Narinjara



နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN ( K ) တပ်ဖွဲ့ ဝင်တစ်ဦးအား တွေ့ ရစဉ်။ ဓါတ်ပုံ - Google Images
စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ-အိန္ဒိယ နယ်ခြားမှတ်တိုင်အမှတ် ၁၅၁ အနီးတဝိုက်မှာ အိန္ဒိယအစိုးရ တပ်မတော်နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN ( K ) တို့အကြား ဒီကနေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။

တိုက်ပွဲကြောင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ရွှေလောကျေးရွာတဝိုက်က ဝက်သက်ရောဂါ ခံစားနေရသူတွေကို ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ နာဂအမျိုးသားရေးရာကောင်စီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးရှုမောင်က ပြောပါတယ်။

အိန္ဒိယအအစိုးရရဲ့ အထူးတပ်ဖွဲ့နဲ့ အာဆမ်ရိုင်ဖယ်တပ်ဖွဲ့တွေဟာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်တွေမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

အဲ့ဒီလို တိုက်ပွဲဖြစ်ပွားတာကြောင့် အခုဆိုရင် နန်းယွန်းမြို့နယ်ထဲက ဝက်သက်ရောဂါ ကူးစက်ခံစားနေရတဲ့ ရွာတွေဘက်ကိုပဲ သွားရောက်ကူညီဖို့ အစီအစဉ်ပြောင်းလိုက်ရတယ်လို့ ဦးရှုမောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဝက်သက်ရောဂါခံစားရလို့ မနေ့ကအထိ လူ ၄၄ ယောက်သေဆုံးခဲ့ပြီး ငါးရာဝန်းကျင် ဝေဒနာခံစားနေရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


တရုတ်အစိုးရအာဘော်ဖြစ်သည့် Global Times သတင်းစာက ယနေ့ (သြဂုတ် ၁၉)တွင် “လက်တွေ့အကျိုးမျှော်ဝါဒကြောင့် မြစ်ဆုံစီမံကိန်း ပြန်စရန် မျှော်လင့်ချက်ရောင်ခြည်သန်းလာ”ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော်ကို ဖော်ပြသည်။

၎င်းအယ်ဒီတာ့အာဘော်တွင် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏တရုတ်ပြည်ခရီးစဉ်အတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ရှောင်လွှဲမရ ပြောဆိုဆွေးနွေးရမည်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြစ်ဆုံစီမံကိန်းအား ပြန်လည်လေ့လာဆန်းစစ်ရန် အထူးကော်မတီတခုကို သြဂုတ် ၁၂ ရက်က ဖွဲ့စည်းပေးလိုက်ခြင်းသည် စီမံကိန်းပြန်လည်စတင်မည့် အရိပ်လက္ခဏာပင်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်အတွင်း၌ စီမံကိန်းနှင့်ပတ်သက်၍ ယတိပြတ်အဖြေတခု ထွက်ပေါ်လာမည်မဟုတ်လင့်ကစား နှစ်ဦးနှစ်ဘက် လက်တွေ့ကျကျ ဆွေးနွေးအဖြေရှာမည်ဆိုပါက၊ အနောက်မီဒီယာများ၏ ကြားဝင်စွက်ဖက်မှုမှ ကင်းလွတ်ပါက မြစ်ဆုံဆည်စီမံကိန်းသည် အနှေးနှင့်အမြန် ပြန်လည်စတင်လိမ့်မည်ဟု ရေးသားထားသည်။

ယင်းအပြင် ကမ္ဘာ့ ၁၅ ခုမြောက်အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းကြီးကို ဆောက်လုပ်ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံ၏လျှပ်စစ်ဓါတ်အား မလုံလောက်မှုပြဿနာကို တပါတည်း ဖြေရှင်းပေးနိုင်မည့်အပြင် ပိုလျှံသည့်လျှပ်စစ်ဓါတ်အားကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ မြစ်ဆုံသည် မြန်မာ့စီးပွားရေးတွင် အဓိကကျသည့် စီမံကိန်းတခုဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားမည်ဟု ပြောကြားထားရာ စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာပြည်သူများ နားလည်သဘောပေါက်အောင် သူမအနေနှင့် အကျိုးကြောင်းသင့် ရှင်းလင်းတင်ပြလိမ့်မည်ဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်းသည် တရုတ်နှင့် မြန်မာစစ်အစိုးရအကြား သဘောတူလက်မှတ်ထိုးရေးထိုးခဲ့ခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီအကူးအပြောင်းကာလတွင် မြစ်ဆုံသည် မီဒီယာများ၏ ပစ်မှတ်ထားတိုက်ခိုက်မှုခံရခြင်းမှာ ရှောင်လွှဲမရနိုင်ကြောင်း ဆက်လက်ရေးသားသည်။

တရုတ်က ယူအက်စ်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံကုန်ကျခံ၍ဆောက်လုပ်မည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကြီးမားသော သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သဖြင့် ယခင်အစိုးရလက်ထက်က သမ္မတဦးသိန်းစိန်၏လက်မှတ်ဖြင့် ၂၀၁၁ ခုနှစ်က ရပ်ဆိုင်းထားခဲ့ပြီး ရှေ့မတိုးနောက်မဆုတ် အခြေအနေတွင် ရှိနေသည်။ မြစ်ဆုံစီမံကိန်းမှထွက်ရှိမည့် လျှပ်စစ်ဓါတ်အားပမာဏ၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံအတွက် သုံးစွဲမည်ဖြစ်ရာ စီမံကိန်းကို မူလသဘောတူညီချက်များအတိုင်း ပြန်လည်စတင်နိုင်ရန် တရုတ်က လိုလားလျက်ရှိသည်။

ထို့နောက် မြန်မာ့သယံဇာတများကို ဂုတ်သွေးစုပ်သည်ဟုဆိုကာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးလှိုင်းတခု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းမှာ လွဲမှားသောထင်မြင်ချက်သာဖြစ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ကနဦးကာလ၌ ဖြစ်ပေါ်တတ်သော ပြည်သူများ၏စိတ်ခံစားချက်နှင့် အနောက်မီဒီယာများ၏ ကြိုးဆွဲသွေးထိုးမှု၏ရလဒ်သာဖြစ်ကြောင်း၊ ယခုမူ နိုင်ငံရေးတည်ငြိမ်မှု ရှိလာပြီဖြစ်ကြောင်းများ ရေးသားထား၍ နိဂုံးပိုဒ်တွင်“မြစ်ဆုံစီမံကိန်းကို နိုင်ငံရေးရှုထောင့်မှ ကြည့်ရှုသုံးသပ်ရန် မလိုအပ်တော့ပေ။ စီးပွားရေးအကျိုးစီးပွားက အဓိကဖြစ်လာချေပြီ။ ကမ္ဘာ့အခြားနေရာများတွင်လည်း အစိုးရအပြောင်းအလဲကြောင့် ရပ်ဆိုင်းခံထားရသော တရုတ်စီမံကိန်းကြီးများ ပြန်လည်စတင်နိုင်ခဲ့ပြီဖြစ်သည်။ မြစ်ဆုံစီမံကိန်းသည်လည်း ထို့အတူပင်ဖြစ်လိမ့်မည်”ဟု ရေးသားထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း လက်နက်ကိုင်ပြီး ရွာထဲဝင်လာခဲ့သည့် KNPP တပ်သားများကြောင့် ဘောလခဲနေဒေသခံများ အချို့မှာ တိုက်ပွဲပြန်ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးကွန်ယက်အဖွဲ့ဝင် (KSPMN) ဦးရှုမောင်က ပြောသည်။

“သူတို့က လက်နက်တွေကိုယ်စီနဲ့ လက်နက်ကြီးတွေအပြည့်အစုံနဲ့ ဝင်လာတယ်လေ၊ ကျည်ဆံတွေလည်းအပြည့်ဆိုတော့   ဒေသခံအချို့တွေလည်း တိုက်ပွဲပြန်ဖြစ်မှာကို ကြောက်နေကြတယ်၊ တချို့ကြတော့လည်း သူတို့သွားလာနေကြပဲ သွားမှာပေါ့ လို့ပြောကြတယ်” ဟု ဦးရှုမောင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း လက်နက်ကိုင်ဆောင်ထားသည့် KNPP တပ်သားများ ဘော်လခဲဒေသတွင်းရှိ ကျေးရွာများသို့    ခြေလျင် ခရီးဖြင့် ဖြတ်သန်းသွားကြခြင်းအပေါ် ဒေသခံအချို့မှ စိုးရိမ်ပူပန်ခဲ့ကြခြင်းဖြစ်သည်။ လွိုင်ကော် KNPP ဆက်ဆံရေးရုံးမှ တာဝန်ခံခူးညေးရယ်ကမူ ၎င်းတို့သွားလာနေသည်မှာ ထူးခြားမှုမရှိကြောင်း၊ ပုံမှန်အတိုင်းသာ လမ်းလျှောက်သွား       လာနေခြင်းဖြစ်ပြီး ဒေသခံများအနေနှင့် စိုးရိမ်စရာမလိုကြောင်း ပြောသည်။

“အပစ်ခတ်ရပ်စဲရေး မတိုင်ခင်တုန်းက ကျနော်တို့နယ်မြေထဲမှာ အမြဲတမ်းသွားလာလှုပ်ရှားနေတယ်၊ အပစ်ခတ်ရပ်စဲရေး ယူပြီးနောက်ပိုင်း ကျနော်တို့ ပုံမှန်လှုပ်ရှားမှု မရှိခဲ့လို့ အခုမှပဲပြန်လှုပ်ရှားလာလို့ တမျိုးထင်ကောင်းထင်နိုင်တယ်ပေါ့နော ၊ ကျနော်တို့ ဘာရည်ရွယ်ချက်မှမဟုတ်ပါဘူး စစ်ရေးပြင်ဆင်တဲ့ လှုပ်ရှားမှု အကြောင်းလည်းမဟုတ်ပါဘူးလို့ အဲ့ဒါကျနော်ပြောချင်တယ်” ဟု ခူးညေးရယ်က ပြောသည်။

KNPP အနေဖြင့် ရှားတောဒေသတစ်ဝန်း၊ ဖားဆောင်း၊ ဖရူဆိုအနောက်ဘက်ခြမ်း၊ ဒီးမော့ဆိုတို့တွင်လည်း သွားလာလှုပ်ရှားမှုများ လုပ်နေကြောင်း ခူးညေးရယ်က ပြောသည်။

အစိုးရဖက်မှ KNPP တပ်သားများအား ကျေးရွာအတွင်းသို့ ၀င်ရောက်ခြင်းမပြုလုပ်ရန် ပြောဆိုမှုများ ရှိခဲ့သော်လည်း KNPP အနေဖြင့် ၎င်းတို့ ပိုင်ဆိုင်သည့် နယ်မြေအတွင်း စိတ်ကြိုက်သွားလာခွင့်ရှိသည်ဟု ယုံကြည်ထားကြောင်း ခူးညေးရယ်က ဆိုသည်။

မူအက်စတာ
Kantarawaddy Times
http://www.kantarawaddytimes.org



( ရေဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံရန်နှင့် ထောက်ပံ့ပစ္စည်းတွေပေးအပ်ရန် ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာကို သြဂုတ်လ ၁၈ ရက်နေ့က ရောက်ရှိခဲ့တဲ့ သမ္မတ ဦးထင်ကျော်နဲ့အဖွဲ့ကို တွေ့ရစဉ်) ဓါတ်ပုံ - မန်းဂျော်နီ ဖေ့စ်ဘွတ်
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ ပျက်စီးသွားခဲ့တဲ့ စပါးစိုက်ဧက ခြောက်ထောင်ကျော်အတွက် စိုက်ပျိုးစားရိတ်ချေးငွေတွေကို ပယ်ဖျက်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ တင်ပြလိုက်တယ်လို့ ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောပါတယ်။

ဒီနေ့ နိုင်ငံတော်သမ္မတက ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ဒေသခံလယ်သမားတွေရဲ့ ကိုယ်စား တင်ပြပေးခဲ့တာဖြစ်တယ်လို့ ဦးမျိုးညွန့် က ပြောပါတယ်။

ပြီးခဲ့တဲ့လတွေက ရေကြီးခဲ့တာကြောင့် ရေကြည်မြို့နယ်က စိုက်ခင်းဧက လေးသောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး အဲ့ဒီထဲက ဧကခြောက်ထောင်ကျော် ပျက်စီးသွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေအနေနဲ့ နှစ်စဉ် ငဝန်ရေကာတာ ကျိုးပေါက်မှာကို စိုးရိမ်နေရတဲ့အတွက် မြစ်ကြောင်းထိန်းသိမ်းရေးဆောင်ရွက်ဖို့နဲ့ တာတမံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့အတွက်လည်း သမ္မတထံ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က တရုတ်နိုင်ငံက ချေးငွေနဲ့ ငဝန်ရေကာတာ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် ချေးငွေမရတာကြောင့် မဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆည်မြောင်းဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေက နိုင်ငံတော်သမ္မတကို တင်ပြခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်၊ သာပေါင်း၊ ငါးသိုင်းချောင်းနဲ့ ကျုံပျော်မြို့တွေကို သွားရောက်ပြီး ရေဘေးသင့်ဒေသခံတွေကို ဆန်၊ ဆီနဲ့ ဆေးဝါးတွေ သွားရောက်ထောက်ပံ့ခဲ့တာဖြစ်ပါတယ်

RFA Burmese
https://www.facebook.com/rfaburmese


ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်း - မက်မန်းလမ်း မိုင်တိုင်(၁၁/၁ နှင့် ၁၁/၂)ကြား တံတားအမှတ်(၁/၁၂)၊ အရှည်(၆၀)ပေ နမ့်လီတံတား (DS ဘေလီတံတား) ပေါ်တွင် (၁၇-၈-၂၀၁၆)ရက်နေ့ (၁၁း၃၀)အချိန် ယာဉ်မောင်း ဦးဝင်းနိုင် မောင်းနှင်သည့် ယာဉ်အမှတ် ၉ခ/×××× မော်တော်ယာဉ်သည် ဘိလပ်မြေ (၁၇)တန်+ ယာဉ်အလေးချိန် (၁၀)တန်၊ စုစုပေါင်း(၂၇)တန်ဖြင့် ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျ ပျက်စီးသွားပါသည်။ တံတားခံနိုင်ဝန်မှာ (၁၃)တန်ဖြစ်ပါသည်။


 နမ့်လီတံတား၏ ရေစုန်ဘက်ခြမ်းတွင် လမ်းလွှဲရှိသော်လည်း ယာဉ်မောင်းဖြစ်သူမှ မဆင်မခြင် တံတားပေါ်မှ ဖြတ်သန်းမောင်းနှင်သဖြင့် တံတားကျိုးကျ ပျက်စီးရခြင်း ဖြစ်ပါသည်။


လမ်းလွှဲရှိသဖြင့် ယာဉ်သွားလာမှု ပြတ်တောက်ခြင်း မရှိပါ။ ပျက်စီးသွားသော ဘေလီတံတားအား ဖြုတ်သိမ်းပြီး ကျိုင်းတုံ - မိုင်းခတ်လမ်းရှိ ဘေလီပစ္စည်းများအား သယ်ယူကာ အမြန်ဆုံးပြန်လည် ပြင်ဆင်ပြီးစီးနိုင်ရေးအတွက် တံတားအထူးအဖွဲ့(၁၂)က တာဝန်ယူဆောင်ရွက်မည် ဖြစ်ပါသည်။

အဆိုပါ တန်ပိုယာဉ်အား မောင်းနှင်သူ ယာဉ်မောင်းအား တရားစွဲဆိုခြင်းနှင့် တံတားပျက်စီးမှု တန်ဘိုး ပေးလျော်စေခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Ministry of Construction
https://www.facebook.com/MinistryofConstruction/


Augest,19/DNJ

ရသေ့တောင်မြို့နယ် ၊ဈေးကုန်းတန်း ကျေးရွာမှ ရန်အောင်ပြင်ကျေးရွာ အထက်တန်းကျောင်းသို့ ကျောင်းတက်ရန် စီးနင်းလိုက်ပါလာသည့် ကူးတို့လှေတစ်စီးနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသူ(၄) ဦးကို ဒေသခံများနှင့် ကယ်ဆည်ရေးအဖွဲ့များက လက်ရှိအချိန်ထိရှာဖွေ လျက်ရှိကြောင်းသိရသည်။

အဆိုပါ ပျောက်ဆုံးနေသော ကျောင်းသူ(၄)ဦးအား ကယ်ဆယ်အဖွဲ့များ၊ဒေသခံများ၊ရသေ့တောင်မြို့ နယ် ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်းများ က စက်လှေ(၃၀)ခန့်ဖြင့် ရှာဖွေလျက်ရှိကြောင်း သိရသည်။

“ကျောင်းသူလေးယောက်ပျောက်ဆုံးနေပါသေးတယ်။အနီးအနားရွာတွေက လှေ(၃၀)ခန့်လောက်က တော့ ရှာဖွေနေပါတယ်။အဓိက အဲဒီကူးတို့လှေမြှပ်ရတာကကူးတို့လှေကသေးငယ်ပါတယ်။ ကျောင်းသား၊ကျောင်းသူတွေကလည်း ပုံမှန် ထက်တင်ဆောင်လာတာများလို့ပါ။ခုတော့ ပြည်နည်အစိုးရအဖွဲ့တွေကလည်းကွင်းဆင်းစစ်ဆေးဖို့ လာရောက်လို့ရှိနေပါတယ်။”ဟု ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှ ယ် ဦးသန်းနိုင်ကပြောသည်။


စက်လှေမြုပ်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသူ(၄) ဦး၏မိသားစုဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲမှ ငွေကျပ်(၃)သိန်း၊ပညာရေးဌာနမှကျပ်(၁)သိန်း၊ လူ/ကယ်ပြန်ဌာနမှ ကျပ် (၁)သိန်း စုစုပေါင်း ငွေကျပ်(၅)သိန်းစီအား ထောက်ပံ့ခဲ့ကြောင်းသိရသည်။

အဆိုပါ ကူးတို့လှေမြှပ်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသူ(၄)ဦးမှာ ရသေ့တောင်မြို့နယ်၊ ကျောက်စာတိုင်ကျေးရွာမှဖြစ်ပြီး မတင်ဦး-နဝမတန်း(ဘ)ဦးစိန်ယဉ်မောင်၊မနီနီအေး-သတ္တမတန်း(ဘ) ဦးစိန်ယာဉ်မောင်၊မခိုင်ဖြိုးဝေ-ပဉ္စမတန်း(ဘ)ဦးမောင်သန်းတင်၊မတင်မေဦး-ပဉ္စမတန်း(ဘ)ဦးအောင် ကျော်မိုးတို့ဖြစ်ကြောင်းသိရသည်။

ဓါတ်ပုံ - FB
Development Media Group
https://www.facebook.com/DevelopmentNJ/