08/25/16

 

သြဂုတ်လ(၂၄)ရက် မြန်မာစံတော်ချိန် (၁၇)နာရီ၊(၀၄)မိနစ်၊ (၅၄)စက္ကန့်က လှုပ်ခတ်ခဲ့သည့် မြေငလျှင်ကြောင့် ပုဂံရှေးဟောင်းနာမည်ကြီး ဘုရားများ ပျက်စီးခဲ့ပြီး ဘုရားများအတွင်း ဝင်ခွင့်ယာယီ ပိတ်ထားကြောင်း ပုဂံဒေသဖွံဖြိုးရေးအသင်းမှ သိရှိရသည်။

“မြေငလျင်ကြောင့် ပုဂံဘုရားတွေ ထီးတော်တွေ ပြိုကျပါတယ်။ ကျွန်တော်တို့လည်း လိုက်လံကြည့်ရှုနေပါ တယ်။ ခုတော့ ဘုရားတွေထဲ ဝင်ခွင့်ပိတ်ထားပါတယ်။ ဘယ်လောက် ပြိုကျတယ်တော့ တိတိကျကျ မသိရသေးဘူး”ဟု ပုဂံဒေသဖွံဖြိုးရေး အသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်နုကပြောသည်။

အဆိုပါ ငလျင်သည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်း  ယာဉ်ကျေးမှုဒေသတွင် ညနေ ၅ နာရီ ၅ မိနစ် တွင် လှုပ်ခတ်သွားခဲ့ပြီး ပုဂံရှေးဟောင်းဘုရားများဖြစ်သည့် စူလာမဏိစေတီတော်၊ ကွမ်းတောင်ပျက်စီးခဲ့ရပြီး လောကနန္ဒဘုရား၏ စိန်ဖူးတော်ပြုတ်ကျခဲ့ကြောင်း ပုဂံရှေးဟောင်းနယ်မြေ ဒေသခံများထံမှ သိရသည်။

“နာမည်ကြီးရှေးဟောင်းဘုရားတွေ တော်တော်များများ ပျက်စီးသွားပါတယ်။ လူအသေအပျောက်တော့ မရှိပါဘူး။ ခုတစ်ကြိမ်က ပုဂံကိုဗဟိုမပြုတော့ ၁၉၇၅ ကလှုပ်ခဲ့တဲ့ ငလျင်လိုတော့ မများဘူး ခုတစ်ကြိမ်မှာ ပုဂံဘုရားတွေ အပျက်အစီး တော်တော်နည်းပါတယ်။ ခုကြားရတာက ဘုရားတွေထဲ အန္တရာယ်ဖြစ်မှာစိုးလို့ ဝင်ခွင့်ယာယီ ပိတ်ထားပါတယ်” ဟု ပုဂံရှေးဟောင်းနယ်မြေမှ (ဦးဘငြိမ်း)ယွန်းထည်ဆိုင်ပိုင်ရှင် ဦးအောင်ကျော်ထွန်းက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ကနဦး မြေငလျင်သတင်း ထုတ်ပြန်ချက်အရ မန္တလေးမြေငလျင် စခန်းမှ အကွာအဝေးအနောက်တောင်ဘက် (၁၂၉) မိုင်ခန့်တွင် အင်အားရစ်(ခ်)တာစကေး (၆.၅) လှုပ်ခတ်ခဲ့ ကြောင်း သိရသည်။

MMK
Photo - MOI
The Ladies News 

http://www.theladiesnewsjournal.com/news/thu-2016-08-25-1018/3098

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅) စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ဒေသတစ်ဝိုက်နှင့် ငလျင်လှုပ်ခြင်းကို ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို သိရှိဆောင်ရွက်နိုင်စေရန် အောက်ပါလက်ကမ်းစာစောင်များတွင် ဖတ်ရှုလေ့လာနိုင်ပါသည်-

Relief and Resettlement Department - Myanmar



 ရဲ ချုပ်၊ ရဲမှူးချုပ် တို့ကပါ ဒီအမှု ကို ဦးဆောင်ပြီး စုံစမ်း နေ
မင်္ဂလာဒုံ မြို့နယ်က လေးလောင်း ပြိုင် လူသတ်မှုနဲ့ ပတ်သတ်ပြီး သတင်းတွေ အမျိုးမျိုး ထွက်နေသလို လူသတ်တရားခံ ကိုလည်း ယခု အချိန်ထိ ဖမ်းဆီး နိုင်ခြင်း မရှိသေးပါဘူး။

တောင်ကြီးက သုံးလောင်း ပြိုင် လူသတ်မှု က လက်သည် တရားခံကိုတော့ ဖော်ထုတ်နိုင်ပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြပါတယ်။

မင်္ဂလာဒုံ မြို့နယ်က လေးလောင်း ပြိုင် လူသတ်မှု နဲ့ ပတ်သက်ပြီး တရားခံ အမြန်ဆုံး ဖော်ထုတ် နိုင်မားလဆိုတာ လူတွေက စိတ်ဝင်စားနေကြပါတယ်။

လူသတ်မှု နဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့က ဖြစ်နိုင်တဲ့ အခြေအနေ တွေ ကို လေ့လာ စောင့်ကြည့်နေပြီး လူမှုကွန်ယက်မှာ ထွက်ပေါ်နေတဲ သတင်းတွေကိုလည်း စုံစမ်း နေပါတယ်။

မူးယစ်ဆေးဝါး စိတ်ကြွ ဆေးပြား ၆ သန်းနဲ့ ပတ်သတ်တယ် ဆိုတဲ့ မှန်းဆ ပြောကြားချက်တွေနဲ့ လိုင်စင်မဲ့ ကား ဖမ်းဆီးမှုမှာ ငွေကြေးယူထားလို့ ဆိုတဲ့ အချက် တွေကို ရဲတပ်ဖွဲ့ကငြင်းဆို ထားပါတယ်။

တရားခံ ဖမ်းဆီးနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးဆဲ ဖြစ်တယ်လို့ မြောက်ပိုင်းခရိုင် ရဲမှူး ဒုရဲမှူးကြီး စိုးဝင်း က ပြောပါတယ်။

ရဲတပ်ဖွဲ့ ဘက်ကလည်း ရနိုင်သမျှ သဲလွန်စတွေကို ရှာဖွေနေပြီး ရဲ ချုပ်၊ ရဲမှူးချုပ် တို့ကပါ ဒီအမှု ကို ဦးဆောင်ပြီး စုံစမ်း နေကြပါတယ်။

သဲလွန်စ အမျိုးမျိုး ကို ရဲ က စုံစမ်းနေသလို၊ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာနက် လူမှု ကွန်ယက်မှာထွက်ပေါ်ခဲ့တဲ့ လူသတ်မှု ဖြစ်တဲ့ အိမ်အနီး မှာ တွေ့ရတဲ့ လူသုံး ဦး ဓာတ်ပုံနဲ့ ပတ်သတ်ပြီး စုံစမ်း နေတယ်လို့ မိသားစု ဝင်တစ်ဦး ဖြစ်သူ ကိုဖြိုးမောင် က ပြောပါတယ်။

တောင်ကြီးနဲ့ ရန်ကုန် မင်္ဂလာဒုံ မြို့နယ်ထဲမှာ ကလေးငယ်တွေ အပါဝင် မိသားစု ဝင်တွေ အကုန်လုံး အသတ်ခံ ရတာတွေနဲ ပတ်သတ်လို့ လူတွေဘက်က စိုးရိမ်မှု တွေရှိ နေကြပါတယ်။

ရဲတပ်ဖွဲ့ ဘက် က လည်း လူသတ်မှုကို အပူတပြင်း စုံစမ်းမှု တွေလုပ်နေတယ်လို့ သိရပါတယ်။

တောင်ကြီးက လူသတ်မှု တရားခံ ကိုဖမ်းမိပြီ ဆိုပေမယ့် ရန်ကုန် မင်္ဂလာဒုံ မြို့နယ် ထဲက လူသတ်မှု ရဲ့ တရားခံ ကိုတော့ မမိသေးပါဘူး။

လေးလောင်းပြိုင် လူသတ်မှုဖြစ်စဉ် အပေါ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က လည်း အထူး စိတ်ဝင်စားနေပြီး လမ်းကြောင်း မလွဲဖို့ အတွက် လွှတ်တော်ဘက် ကပါ စောင့် ကြည့်သွားမယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese



မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်ကို သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။Photo: Htet Arker/ RFA
လာမဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်း ၃ မိုင် ကနေ ၅ မိုင်ကျော် အတွင်းမှာရှိတဲ့ ကျူးကျော်အိမ်တွေကို ဖယ်ရှားပေးဖို့ ရန်ကုန်တိုင်း အစိုးအဖွဲ့က အကြောင်းကြားထားပါတယ်။

ရန်ကုန်တိုင်း အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က အစိုးရရဲ့ ညွှန်ကြားချက်ကို အခုလို ပြောပါတယ်။

"တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့နှစ်ပါတ်အချိန်ပေးထားတယ် သူတို့ပစ္စည်းတွေ သယ်ဖို့ရွေ့ဖိုပေါ့နော် ရွေ့တာ မရွေ့တာ သူတို့ကိစ္စပေါ့ဗျာ တကယ်လို့များရွေ့ရင် အချိန်လေးပေးဖို့တော့လိုတယ်ဆိုတော့ နှစ်ပတ်ပေးမယ်တဲ့ အဲ့ဒါနဲ့ကျွန်တော်တို့က နှစ်ပတ်ပေးထားတယ်"

အဲ့ဒီကျူးကျော်နေရာမှာ တဲအလုံးပေါင်း၂ ထောင်ကျော်ခန့်ရှိပြီး မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ဖို့ အတွက် အရင်အစိုးရလက်ထက်က မဟာမိတ်ကြယ်များ ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မဟာမိတ်ကြယ်များကုမ္ပဏီက အဲဒီမြေနေရာမှာ တန်ဖိုးနည်းအိမ်ရာ၊ တက္ကသိုလ်၊ နိုင်ငံတကာ အဆင့်မီ စာသင်ကျောင်းနဲ့ ဂေါက်ကွင်းတွေ ဆောက်လုပ်မှာဖြစ်တယ်လို့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

စီမံကိန်းနယ်မြေမှာ ကျူးကျော်နေထိုင်သူတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖယ်ရှားခဲ့ပေမယ့် အစိုးရသစ် တက်ပြီးနောက်ပိုင်းမှာ ပြန်လည်ဝင်ရောက်နေထိုင်နေကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


သြဂုတ် ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ

ဖာပွန်မြို့နယ် သဲဖြူချောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ သြဂုတ် ၂၃ရက်(ယမန်နေ့) နေ့လည် ၁နာရီကျော်က မြန်မာအစိုးရ၏ တပ်မ(၄၄)လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၈) တပ်ဖွဲ့ဝင်တစ်ခုသည် နေ့ခင်းပိုင်း ဗီဒီယိုကြည့်ရန် မီးစက်ဓာတ်ဆီဖြည့်နေစဉ် မတော်တဆ မီးလောင်ကျွမ်းရာမှ ရွာဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားမှုကြောင့် ဘုန်းကြီးကျောင်းအဆောက်အဦးတစ်ခု အပါအဝင် ကျောင်းအသုံးအဆောင်ပစ္စည်းများ၊ ရှေးဟောင်းဘုရားအချို့နှင့် ဘုန်းကြီး၏ ရတနာပစ္စည်းအချို့ မီးထဲတွင် ပါသွားကြောင်းနှင့် အဆိုပါ ခလရ-၈ တပ်ရင်း က ကျောင်းထိုင်ဆရာတောင်အား သတင်းမပေါက်ကြားစေဘဲ ကျောင်းကို ပြန်လည် တည်ဆောက်ပေးမည်ဟု ပြောဆိုထားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“မီးလောင်တာ သူတို့က ရွာသားနဲ့ ဘုန်းကြီးတွေကို ပြောထားတာက ဘာမှ သတင်းပေးမပေါက်ကြားနဲ့တဲ့။ သူတို့က ဘုန်းကြီးကျောင်းကို ပြန်ဆောက်ပေးမယ်လို့ ပြောတယ်။ မီးလောင်ရာမှာ ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးတွေလည်း လျော်မလျော် သူတို့ မပြောသေးဘူး”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မီးလောင်ရာ၌ ဘုန်းကြီးကျောင်းဝင်းအတွင်း ရှိနေသည့် ခလရ-၈ တပ်ရင်းသည် အင်အား ၅၀ကျော်ရှိသော ဗိုလ် မှူးချစ်မင်းသိန်း ဦးစီးသည့် စစ်ကြောင်း(၂)တပ်ဖွဲ့ဝင်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားချိန်တွင် သေနတ်ကျည်ဆံများ မီးလောင် ပေါက်ကွဲမှုရှိခဲ့သော်လည်း မည်သူမျှ ဝင်ရောက်၍ မီးမငြိမ်းသတ်ရဲကြောင်း မျက်မြင်သက်သေများ၏ ပြောပြချက်အရ သိရသည်။

သဲဖြူကျောင်းကျေးရွာသည် ကရင်လူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်ပြီး မီးလောင်မှုဖြစ်ပွားသည့် ရွာဘုန်းကြီး ကျောင်းမှာလည်း နှစ်ကြာမြင့်စွာက တည်ဆောက်ထားသည့် ရွာမဘုန်းကြီးကျောင်း ဖြစ်သည်။

 ကေအိုင်စီ
http://kicnews.org



မြောက်ကိုရီးယားရေငုပ်သင်္ဘော ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်
မြောက်ကိုရီးယားအစိုးရက ပဲ့ထိန်းတပ်ဒုံးကျည်တစင်းကို ရေငုပ်သင်္ဘောပေါ်ကနေ ဒီကနေ့ အစောပိုင်းက စမ်းသပ် ပစ်လွှတ်လိုက်ပြီး တဲ့နောက် ဒီအပေါ်မှာ ဒေသတွင်း ခေါင်းဆောင်တွေနဲ့ အမေရိကန်အစိုးရက ရှုတ်ချလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ ဘယ်လိုနည်းနဲ့မှ သည်းခံနိုင်စရာ မရှိဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောပါတယ်။

“ခုလို ရန်လိုတဲ့အပြုအမူမျိုးကို ဘယ်လိုနည်းနဲ့မှ ခွင့်မလွှတ်နိုင်ပါဘူး။ ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ မြောက်ကိုရီးယားအစိုးရ အနေနဲ့ ဒီလို ရန်လိုတဲ့လုပ်ရပ်တွေကိုရပ်တန့်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ လုံခြုံရေးကောင်စီ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းတခုလုံး အနေနဲ့ ကျနော်တို့ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဦးဆောင်ပြီး ဒီကနေ့ အစည်းအဝေးမှာ တိုက်တွန်းဆောင်ရွက်သွားပါမယ်။” - လို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဖူမီအိုကိရှိဒ က ပြောသွားတာပါ။

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကျင်းပနေချိန်၊ မြောက်ကိုရီးယားက မစ်ဇိုင်းဒုံး စမ်းသပ်ပစ်လွှတ်အပြီး နာရီပိုင်းအကြာမှာပဲ အဲဒီလို ပြောခဲ့တာပါ။ အခုနောက်ဆုံး မစ်ဇိုးဒုံးကျည်ကိုတော့ ဒီကနေ့ ဒေသစံတော်ချိန် မနက် ၅ နာရီခွဲလောက်က Sinpo မြို့အနီးမှာ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တာမှာ ကီလိုမီတာ ၅၀၀ အထိ ရောက်အောင် ပစ်ခတ်နိုင်ခဲ့ပြီး ဂျပန်ပင်လယ်ထဲကို ကျခဲ့တာပါ။

ဒီစမ်းသပ်မှုဟာ အမေရိကန် ကုန်းတွင်းပိုင်း ဒါမှမဟုတ် ကမ္ဘာပေါ်က ဘယ်ပစ်မှတ်ကိုမဆို နျူးကလီးယားလက်နက်နဲ့ ပစ်ခတ်နိုင်ဖို့အတွက် မြောက်ကိုရီးယား စစ်တပ်ရဲ့ စစ်ရေးစွမ်းရည် တိုးတက်လာမှုကို ပြသလိုက်တာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



အီတလီအလယ်ပိုင်း အားပြင်းတဲ့ ငလျင်တခုလှုပ်ခတ်
အီတလီနိုင်ငံအလယ်ပိုင်းမှာ ဒီကနေ့အစောပိုင်းက အားပြင်းတဲ့ ငလျင်တခုလှုပ်ခတ်တာကြောင့် ငလျင်ဗဟိုချက်နားက ဒေသတွေ မှာ အကြီးအကျယ် ထိခိုက်ပျက်စီးပြီး လူ ၇၃ ယောက်ထက်မနည်း သေဆုံးပါတယ်။

ငလျင်ဟာ ပြင်းအား ၆.၂ ရှိပြီး Norcia မြို့ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာအကွာလောက်မှာ ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက ပြောပါတယ်။ ငလျင်လှုပ်တာကို ကီလိုမီတာ ၁၅၀ အဝေးမှာရှိတဲ့ ရောမမြို့တော်အပါ အ၀င် ဒေသတွင်း နေရာအတော်များများမှာ သိခဲ့ကြပါတယ်။

ဒီကနေ့မနက် အီတလီစံတော်ချိန် ၃ နာရီခွဲကျော်လေးမှာ ငလျင်ကြီးလှုပ်ပြီး နောက်ဆက်တွဲငလျင် အတော်များများလည်း ထပ် လှုပ်ပါတယ်။ လူရာပေါင်းများစွာ ဒဏ်ရာရပြီး လူအများအပြားဟာ ယာယီခိုလှုံဖို့နေရာတွေ လိုနေတယ်လို့ အီတလီ အရပ်ဖက် ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။ ဒီဒေသမှာ ဒီလောက်ပမာဏနဲ့ ဒီလောက်အနက်မှာ ငလျင်လှုပ်တယ်ဆိုရင် အဆောက် အဦးတွေ ပြိုကျစေတာကြောင့် သေဆုံး တာတွေဖြစ်နိုင်ပါတယ်လို့ အေဂျင်စီအကြီးအကဲ Fabrizio Curcio ကပြောပါတယ်။

ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ထဲမှာ Amatrice နဲ့ Accumoli မြို့တွေလည်းပါပါတယ်။

Amatrice မြို့ရဲ့ နေရာအများအပြား ပျက်စီးသွားတယ်လို့ မြို့တော်ဝန် Sergio Pirozzi က နိုင်ငံပိုင် RAI သတင်းဌာနကို ပြောပါ တယ်။ မိုးလင်းသွားပြီးတဲ့နောက် ပြိုကျသွားတဲ့ အဆောက်အဦး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေ ကယ်ထုတ်နေပါတယ်။ ဒီကနေ့ ငလျင်လှုပ်ခတ်တဲ့နေရာဟာ ၂၀၀၉ ခုနှစ်က ငလျင်ကြီးလှုပ်ခတ်ပြီး လူပေါင်း ၃၀၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ L’Aquila မြို့နဲ့ သိပ်မဝေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


သြဂုတ်လ ၂၄၊ ၂၀၁၆

ရန်ကုန်-ကျောက်ဖြူ  အဝေးပြေးကားလမ်းကို ယာယီပိတ်ထား လိုက်ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ညနေ ၅ နာရီ ၅ မိနစ်ခန့်က ရစ်(စ်)တာ စကေး ၆.၈ ပြင်းအားဖြင့် လှုပ်ခတ်သွားသော ငလျင်ကြောင့် ရန်ကုန်-ကျောက်ဖြူ  အဝေးပြေးကာလမ်းရှိ တံတားကြီး (၉)စင်းအနက် လုံးတော်ပေါက်တံတား  ရေလည်တိုင် နိမ့်ကျသွားကာ သံဘောင်လည်း ရွေ့သွားခဲ့ကြောင်း သိရသည်။


ထို့ကြောင့် ယခုဖြစ်ပွားခဲ့တဲ့ အချိန်က စတင်ကာ ရန်ကုန်-ကျောက်ဖြူ  အဝေးပြေးလမ်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

Kyauk Phru Youth Net
https://www.facebook.com/KyaukphruYouthNet/

 ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်
အာဏာရှင်အစိုးရအဆက်ဆက် အတိုက်အခံနိုင်ငံရေးသမားတွေ နဲ့ တက်ကြွ လှုပ်ရှားသူတွေကို ဖိနှိပ်တဲ့နေရာမှာ လက်ကိုင် တုတ် တခုသဖွယ် အသုံးပြုခဲ့တဲ့ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်ဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။ တပ်မတော်အရာရှိများနဲ့ ကြံ့ခိုင်ရေးပါတီ အမတ်များကတော့ နိုင်ငံတော်လုံခြုံရေးကိုထောက်ပြပြီး ဒီဥပဒေကို မရုပ်သိမ်း ဖို့ တင်ပြခဲ့ တာတွေရှိပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းဖို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့ လွှတ်တော်ကို ပြီးခဲ့တဲ့ ဒီလအစောပိုင်းကတင်သွင်းခဲ့တာ ပါ။ ဒီရုပ်သိမ်းတဲ့ ဥပဒေကြမ်းအပေါ်မှာ ဥပဒေကြမ်းကော်မတီဝင်အများစုကတော့ရုပ်သိမ်းဖို့ သဘော တူပေမယ့် အချို့သော ဥပဒေကြမ်းကော်မတီဝင် တွေကတော့ ဥပဒေတစ်ခုလုံးကို မရုပ်သိမ်းသင့်ကြောင်း သဘောထားပေးခဲ့သူတွေရှိခဲ့ပါတယ်။ တပ်မတော်အရာရှိများနဲ့ ကြံ့ခိုင်ရေးပါတီ အမတ်များကတော့ နိုင်ငံတော်လုံခြုံရေးလိုအပ်ချက်ကို ထောက်ပြပြီး၊ ဒီဥပဒေကို မရုပ်သိမ်းဖို့နဲ့ ဥပဒေတခုလုံးကို ပယ်မယ့်အစား ခေတ်နဲ့အညီပြင်ဆင်ဖို့ တင်ပြခဲ့တာတွေရှိခဲ့ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဒီဥပဒေကို ရုပ်သိမ်းဖို့ ဆွေးနွေးတာမှာ တပ်မတော်သားကိုယ်စားလှယ် တဦးဖြစ်တဲ့ ဗိုလ်မှုးကြီး အောင်မြင့် ကတော့ ဒီဥပဒေကို စိတ်ခံစားမှုသက် သက်နဲ့ ရုပ်သိမ်းဖို့ မလုပ်သင့်ဘဲ နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံတော် လုံခြုံရေးအတွက် လုပ်ဆောင်ပေးနေသူတွေအတွက် ဒီဥပဒေဟာရှိနေသင့်တယ်လို့ ခုလိုပြောဆိုခဲ့ပါ တယ်။

“နိုင်ငံတော်အတွင်း အကြမ်းဖက်မှုပြုလုပ်ရန် ကြိုတင်ကြံရွယ်ချက်များနှင့် ဥပဒေမဲ့ပြုလုပ်မှုများကို ကြိုတင်တားဆီးနိုင်မှသာ နိုင်ငံတော်နှင့် နိုင်ငံသားများရဲ့ လုံခြုံမှုကို အပြည့်အ၀ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လုံခြုံမှုရှိစေဖို့လည်း တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေဖို့ ပြဌာန်းထားတဲ့ အရေးပေါ်စီမံမူအက်ဥပဒေဟာ လက်ရှိအခြေအနေမှာလည်း ကျင့်သုံးဆောင်ရွက်ရန်လိုအပ်သကဲ့သို့ နောင်တွင်လည်း ဆက်လက်တည်ရှိနေရမယ့် ဥပဒေတရပ်ဖြစ်ကြောင်းဆွေးနွေးတင်ပြလိုပါတယ်။ ဒီ ဥပဒေကို ရုပ်သိမ်းခဲ့မယ်ဆိုလျှင် အကြမ်းဖက်မှုဖြစ်စဉ်များကို ဖန်တီးပြီး ပြည်သူလူထူအပေါ်ခြိမ်းခြောက်အန္တရာယ်ပြုရန် ကြံရွယ်နေသူများကို ထိထိရောက်ရောက် ဟန့်တားနိုင်မယ့် ဥပဒေမရှိတော့ဘဲ အဲဒီအားနည်းချက်အပေါ်အခွင့်ကောင်းယူပြီး ဥပဒေမဲ့ ကျူးလွန်မှုများ စဉ်ဆက်မပျက် ဖြစ်ပေါ်လာနိုင်ပါတယ်။”

ပြီးခဲ့တဲ့ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ၂၀၁၂ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်က တစ်ကြိမ် အဲဒီဥပဒေကို ရုပ်သိမ်းဖို့ အဆို တင် သွင်းခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။

ဒီဥပဒေ ရုပ်သိမ်းလိုက်တဲ့အတွက် နိုင်ငံတော်လုံခြုံရေးပိုင်း ပေါ်မှာဘာအားနည်းချက်မှရှိလာမှာမဟုတ်ဘူးလို့ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ခုလိုတင်ပြခဲ့ပါတယ်။

“အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းလိုက်ပါကလည်း ပြစ်မှုကျူးလွန်သူများကို မျှတသော ဥပဒေပြဌာန်းချက်များပါသည့် တခြားဥပဒေများဖြင့် အရေးယူနိုင်သည်ဖြစ်ပါတယ်။ နိုင်ငံတွင် အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါကလည်း မည်သို့မည်ပုံ စီမံဆောင်ရွက်ရမည်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ တွင် အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တွင် အသေးစိတ်တိကျစွာ ပြဌာန်းထားပြီး ဖြစ်ပါသည်။” ­

ဒီဥပဒေကို ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ ရုပ်သိမ်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးသိန်းညွှန့်ကတော့ ရုပ်သိမ်းနိုင်လိုက်တဲ့ အပေါ် ခုလိုပြောပါတယ်။

“ပုဒ်မ ၅(ည) ဆိုတာက နိုင်ငံရေးအကျဉ်းသမားတွေကို လိုသလိုအဓိပ္ပါယ်ဖွင့်ပြီးတော့ ဖမ်းတဲ့ပုဒ်မဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်လိုက်ခဲ့တဲ့ နိုင်ငံရေးအမှုတွေမှာ ၅(ည)နဲ့ ဖမ်းတာကြုံတွေ့ရသလို၊ ၅ (စ) နဲ့ ဟံသာဝတီ ဦးဝင်းတင်ကို ထောင်ထဲမှာ နောက်တိုးပေးလိုက်တဲ့ ပြစ်ဒဏ်ဆိုရင် ဘာမှန်းကို မသိတဲ့ ပုဒ်မတွေဒါက အင်မတန်ယေဘုယျဆန်တဲ့ ဖွင့်ဆိုထားတဲ့ ပုဒ်မပေါ့။ အရေးပေါ်ကာလ ဥပဒေကို ရုပ်သိမ်းပေမယ့် ဒီနေ့ နိုင်ငံတော်ပုန်ကန်မှုတို့ ၊ လက်နက်ပုဒ်မတို့ ၊ လွဲမှားစွာသတင်းရေးသားမှုတို့ကို အရေးယူနိုင်တဲ့ ဥပဒေပြဌာန်းချက်တွေက ရာဇသတ်ကြီးမှာလည်းရှိတယ်။ ဒါကြောင့် ဥပဒေတွေ မထပ်အောင် ၁၉၅၄ အရေးပေါ်စီမံမှု ဥပဒေကို အရင်ဆုံး ကျနော်ရုပ်သိမ်းဖို့ အဆိုတင်တယ်။”

အရေးပေါ်စီမံချက် အက်ဥပဒေကို ရုပ်သိမ်းဖို့ တင်သွင်းတဲ့ အခု ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရဦးမှာပါ။ အဲဒီဥပဒေဟာ အရင်အစိုးရအဆက်ဆက်က နိုင်ငံရေးသမားတွေ တက်ကြွ လှုပ်ရှားသူတွေကို အများဆုံးဖမ်းဆီး အရေးယူတဲ့ ပုဒ်မ ၅(ည) အဖြစ် နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေတွေဟာ အစိုးရက သူဟာသူ အကာအကွယ်ယူပြီး အများပြည်သူကို ဒုက္ခပေးနိုင်တဲ့ ဥပဒေတွေဖြစ်တယ်လို့ နိုင်ငံရေးသမားတွေ တက်ကြွ လှုပ်ရှားသူတွေ က ထောက်ပြကြပါတယ်။
VOA Burmese News

"ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် အောင်မြင်သလား’’ဟူသည့် မေးခွန်းကို ဘောလုံးစကားဖြင့် ပြောရလျှင် အဝေးကွင်းတွင် ပထမအကျော့အနိုင်ကန်ခဲ့သည်ဟု ဖြေရမည်ဖြစ်သည်။

သို့သော် အိမ်ကွင်းတွင် ဧည့်ခံကစားရမည့်ပွဲစဉ်ရလဒ်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ယင်းမှာ မြစ်ဆုံကော်မရှင်၏ အစီရင်ခံစာထွက်ပေါ်လာပြီးနောက် မြန်မာအစိုးရ၏ဆုံးဖြတ်ချက်ကို တရုတ်က မည်သို့တုံ့ပြန်မည်ဆိုသည်ကိုပင်။ ထို့ပြင် မြန်မာ့ငြိမ်းချမ်းရေးတွင် လက်တွေ့၌ တရုတ်က မည်မျှကူညီမည်ဆိုသည်ကိုပင်ဖြစ်သည်။

အဆိုပါအချက်အချို့မှလွဲ၍ ဒေါ်အောင်ဆန်းစုကြည်၏တရုတ် ခရီးစဉ်သည် အိမ်အပြန်မျက်နှာ ပန်းလှခဲ့သည်ဟု ဆိုနိုင်သည်။

နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်နှင့် တရားဝင်သတင်းထုတ်ပြန်ချက်များအရ အတိုင်ပင်ခံပုဂ္ဂိုလ်၏တရုတ်ခရီးစဉ်အတွင်း မြန်မာဘက်က အသာရသည်ဟု ရှုမြင်နိုင်သည်။

‘‘သံတမန်ရေးအရ အောင်မြင်တဲ့ခရီးစဉ်လို့ ပြောရမှာပါ။ အင်န်အယ်လ်ဒီအစိုးရတက်လာတဲ့အတွက် အနောက်အုပ်စုနဲ့ ပိုနီးစပ်သွားမလားဆိုတဲ့ တရုတ်ရဲ့စိုးရိမ်မှုကို လျော့သွားအောင် လုပ်နိုင်သလို မြစ်ဆုံစီမံကိန်း၊ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့စိုးရိမ်မှုတွေကို တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရခေါင်းဆောင်တွေကို အသိပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ၂၁ ရာစုပင်လုံညီလာခံမှာ ဒီခရီးစဉ်ရဲ့ရလဒ်ကို စတွေ့ရမယ်လို့ မျှော်လင့်ပါတယ်’’ဟု စင်ကာပူအခြေစိုက် အရှေ့တောင်အာရှလေ့လာရေး ဌာနအကြီးတန်းဧည့်သည် သုတေသနပညာရှင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောသည်။

အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအပါအဝင် မြန်မာနိုင်ငံ၏လိုအပ်ချက်နှင့်ကိုက်ညီမည့် အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း သမ္မတစီကျင်းပင်၏ ပြောကြားချက်သည် ၂၁ ရာစုပင်လုံအတွက် အရေးပါသည့် သတင်းကောင်းတစ်ခုလည်း ဖြစ်သည်။ နယ်စပ်ဒေသများစီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြခြင်းမှာ မြန်မာအတွက် မဟာဗျူဟာမြောက် အရေးပါမှုတစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်များမှာ မြန်မာ-တရုတ်နယ်စပ်တွင် အခြေစိုက်သောကြောင့်ဖြစ်သည်။

မြန်မာ-တရုတ် ‘ဆွေမျိုးပေါက်ဖော်’ ချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အတူတကွ ဖော်ထုတ်ခဲ့ကြသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေရေးအတွက် အတူတကွ ကြိုးပမ်းသွားကြရန်၊ မြန်မာ-တရုတ် နှစ်ဖက်အကြား အိမ်နီးချင်းကောင်း ပီသသော မူဝါဒကို ဆက်လက်ကျင့်သုံးမည်ဖြစ်ပြီး မဟာဗျူဟာကျသော မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား အစဉ်အလာရှိသော အဆင့်မြင့်ခေါင်းဆောင်များအကြား ရင်းနှီးစွာ ဆက်ဆံမှုကို ဆက်လက်၍ထိန်းသိမ်းရန် ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့မှုများသည် မြန်မာအစိုးရသစ်၏ တရုတ်ပေါ်လစီကို ပြသခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အတူ မြန်မာနှင့်တရုတ် ကြား ‘ဆွေမျိုးပေါက်ဖော်’ ဆက်ဆံရေးဟူသည့် အသုံးအနှုန်းကို (၁၄)ကြိမ်မြောက် တွေ့မြင်ရခြင်းလည်းဖြစ်သည်။ လွတ်လပ်ရေးရပြီးချိန်မှစ၍ တရုတ်ဘက်က ကိုးကြိမ်၊ မြန်မာဘက်က လေးကြိမ်သုံးစွဲခဲ့သည့် ယင်းအသုံးအနှုန်းကို ၂၀၁၀ နောက်ပိုင်း နှစ်နိုင်ငံမသုံးကြတော့ကြောင်း ဂျပန်နိုင်ငံတ ကာတက္ကသိုလ်တွင် အရှေ့တောင် အာရှနိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့ကို ပို့ချလျက်ရှိသော ဆရာ မောင်အောင်မျိုး၏ သုတေသနအရ သိရသည်။

နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသော မြန်မာ-တရုတ်နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှစ်ဖက်သဘောတူညီခဲ့ခြင်းသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အားတက်စရာဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ နိုင်ငံရေးဆွေးနွေးမှုများမှတစ်ဆင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံက ထောက်ခံအားပေးခဲ့ခြင်းနှင့် မြန်မာနိုင်ငံ၏အမျိုးသားပြန် လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအတွက် ကြိုးပမ်းချက်များအပေါ် တက်ကြွ၍ အပြုသဘောဆောင်သည့် တရုတ်နိုင်ငံ၏ပံ့ပိုး ကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့မှုသည် တရုတ်ထံမှ ကတိကဝတ်ရရှိခဲ့ခြင်းပင်ဖြစ် သည်။

၂၁ ရာစုပင်လုံနှင့် မြစ်ဆုံကိစ္စကို အဓိကထားပြီး သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အောင်မြင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

‘‘မြစ်ဆုံကော်မရှင်ဖွဲ့စည်းခဲ့ခြင်းရဲ့ အကျိုးဆက်က မြစ်ဆုံကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ပစ်မထားဘူး။ သင့်တင့်လျောက်ပတ်တဲ့ နည်းနဲ့ ဖြေရှင်းဖို့ သူ့ဘက်က ပြင်ဆင်နေတယ်ဆိုတာကို ပြတာပါ။ ဒါကိုလည်း တရုတ်ဘက်က ယုံကြည်တဲ့သဘောရှိပါတယ်’’ဟု ၎င်းက သုံးသပ်သည်။

သို့သော် တရုတ်နိုင်ငံအတွက် မြစ်ဆုံဆိုသည်မှာ မဟာဗျူဟာဆက်ဆံရေး၏အစိတ်အပိုင်းလေးတစ်ခုမျှသာဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

‘‘သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ကျောက်ဖြူပါပဲ။ ဒုတိယပိုးလမ်းမဖြစ်တဲ့ ရေလမ်းမှာ ကျောက်ဖြူက အထွက်ဖြစ်ပါတယ်’’ဟု ဦးသန်းစိုးနိုင်က ပြောကြားသည်။

တရုတ်ခရီးစဉ်အတွင်း ဆုံးဖြတ်ချက်မပေးခဲ့သော မြစ်ဆုံကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် သတိကြီးကြီးထားကိုင်တွယ်ရမည့်ကိစ္စဖြစ်ကြောင်း စာရေးဆရာ ကျော်ဝင်းက မှတ်ချက်ပြုသည်။ ‘‘မြစ်ဆုံက ပွင့်ပွင့်လင်းလင်းပြောရရင် POLITICAL SUICIDE ပဲ။ သေချာတာက ဗမာပြည်မှာတော့ လူကြိုက်တော်တော်နည်းတယ်။ ဒါလုပ်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ကွဲမယ်။ ဒေါ်အောင်ဆန်းစုကြည်ဒီအမှားမျိုးကို ကျူးလွန်မလားဆိုပြီး မျက်စိ ဒေါက်ထောက်စောင့်ကြည့်နေတဲ့သူတွေက အများကြီး။ ဒါကိုဒေါ်အောင်ဆန်းစုကြည်ရှောင်နိုင်ဖို့လိုတယ်။ ရှောင်နိုင်လိမ့်မယ်လို့လည်းထင်ပါတယ်’’ဟု နိုင်ငံရေးလေ့လာသူတစ်ဦးလည်းဖြစ်သော ဆရာကျော်ဝင်းက သုံးသပ်သည်။

ထိုသို့ ရှောင်လွှဲနိုင်ရန် မြစ်ဆုံကဲ့သို့ အရေးကြီးသည့် စီမံကိန်းတစ်ခုအစားထိုးပေးရလိမ့်မည်ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။

‘‘အဲဒါဘာလဲဆိုတော့ ကူမင်း -ကျောက်ဖြူလမ်းပဲ။ အခုလောလောဆယ် ပိုက်လိုင်းကပြီးသွားပြီ။ ဒီပရောဂျက်က မြန်မာပြည်မှာ တရုတ်အတွက် မဟာဗျူဟာအရ အရေးကြီးဆုံးပဲ။ သမုဒ္ဒရာနှစ်စင်း ပေါ်လစီမှာ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်။ နောက်တစ်ခုက ပစိဖိတ် အကျပ်အတည်းအတွက် ထွက်ပေါက်။ ဒါက အမေရိကန်ကို မဟာဗျူဟာအရ ယှဉ်နိုင်ဖို့ အရေးကြီးဆုံးပဲ။

အဲဒီအပေါ်မှာ ရထားလမ်း (သို့မဟုတ်) ကားလမ်းခင်းလိုက်ရင် POLITICAL SUICIDE ကို ကျော်နိုင်လိမ့်မယ်။ နာတာကတော့ ထူးပြီးမနာတော့ဘူး။ ပိုက်လိုင်းကတည်းက နာပြီးသားကို’’ဟု ဆရာကျော်ဝင်းက ပြောသည်။

အဆိုပါကိစ္စပြေလည်သွားလျှင် တရုတ်က ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်ကူညီမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

နှစ်နိုင်ငံအကြား အစဉ်အလာရှိသော အဆင့်မြင့်ခေါင်းဆောင်များအကြား ရင်းနှီးစွာဆက်ဆံမှုကို ဆက်လက်၍ ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက် ဆက်သွယ်မှုမြှင့်တင်ရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှု ပိုမိုနက်ရှိုင်းစေရန်တို့ကို ခရီးစဉ်အတွင်း သဘောတူခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ယင်းသို့ တရုတ်နှင့် နီးကပ်သွားခြင်းသည် အမေရိကန်အဖို့ စိတ်လက်မသာမယာ ဖြစ်စေနိုင်မည်မှာ မလွဲပေ။

‘‘အမေရိကန်နဲ့ တရုတ်ရဲ့ မဟာဗျူဟာပြိုင်ပွဲမှာ မြန်မာအနေနဲ့က မဟာဗျူဟာချိန်ခွင်လျှာထိန်းညှိဖို့တော့ လိုပါတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်မြင်ပါတယ်’’ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။ လာမည့် စက်တင်ဘာလလယ်တွင် သွားရောက်မည့် အမေရိကန်ခရီးစဉ်အတွင်း ထိန်းညှိနိုင်ရန် ၎င်းက မျှော်လင့်ထားသည်။

‘‘အမေရိကန်ခရီးစဉ်အတွင်းမှာ ထူးခြားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ သဘောထားတွေဖော်ထုတ် ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်’’ဟု ၎င်းက ပြောသည်။

စင်စစ် အဆိုပါပုစ္ဆာ၏အဖြေကို ဒေါ်အောင်ဆန်းစုကြည်ကတရုတ်ခရီးစဉ်အတွင်း၌ပင် ဂျာနယ်လစ်များအား ပေးခဲ့ပြီးဖြစ်သည်။

‘‘ယူအက်စ်၊ တရုတ်နဲ့ မြန်မာဆက်ဆံရေးကို ပြောရမယ်ဆိုရင် ကျွန်မအမြဲပြောခဲ့ပါတယ်။ ယူအက်စ်နဲ့ တရုတ်တို့ ဆက်ဆံရေး အဆင်ပြေကောင်းမွန်တာမြင်ချင်တယ်လို့။ အဲဒီလို ကောင်းမှ ကမ္ဘာကြီးအတွက် ကောင်းမယ်။ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာ နိုင်ငံအတွက်ကောင်းမယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက်ကို ဂျာနယ်လစ်မဂ္ဂဇင်းက ပြန်လည်ဖော်ပြခဲ့သည်။

စစ်ခေါင်းဆောင်များအလွန် ဒီမိုကရေစီခေါင်းဆောင်တစ်ဦး၏ တရုတ်ခရီးစဉ်မှာ ပြည်သူလူထုအတွက် ယုံကြည်အားကိုးမှုများပေးစွမ်းနိုင်သည်ကတော့ အမှန်ပင်။

‘‘အရင်လူတွေ သွားတုန်းကတော့တို့ဘာများနှပ်ချခံရမလဲလို့ အမြဲတွေးခဲ့ရတာ။ အခုတစ်ခေါက်ကတော့ သူတစ်ခုခုလုပ်လာနိုင်မှာပဲလို့ ယုံကြည်ခဲ့မိတာပါပဲ’’ ဟု ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေးစာအုပ်ကို ဘာသာပြန်သူစာရေးဆရာ စိန်ဝင်းစိန်က ပြောသည်။
.
7Day News Journal



ငလျင်ကြောင့် ပုဂံဘုရား ၁၀၀ ကျော် ပျက်စီး ( ဓါတ်ပုံ- David Greco/@daveinosaka)
အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ပုဂံမြို့က ရှေးဟောင်း ဘုရား ရာနဲ့ချီပြီး ပြိုကျ ပျက်ဆီးခဲ့ပြီး ရှေးဟောင်း ဘုရားတွေ အနီးမှာ ရဲလုံခြုံရေး ချထားပါတယ်။ ပြည်နယ်နဲ့ တိုင်းအတော်များများလည်း ခံစားခဲ့ရတဲ့ အင်အားပြင်း ငလျင်ကြောင့် လူသေဆုံးမှုတွေရှိခဲ့သလို နိုင်ငံတ၀န်း စေတီပုထိုးတွေ၊ ရှေးဟောင်း အဆောက်အအုံတွေလည်း ပြိုကျ ပျက်ဆီးခဲ့ရပါတယ်။ အခြေအနေ အသေးစိတ်ကို မသိင်္ဂီထိုက် တင်ပြပေးမှာပါ။

မန္တလေး မြေငလျင် တိုင်းတာရေး စခန်းရဲ့ အနောက်တောင်ဘက် ၁၂၃ မိုင်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၆ ဒသမ ၈ ရှိတဲ့ အင်အားပြင်း ငလျင်ကြောင့် ကနဦး ရရှိတဲ့ သတင်းတွေ အရ အနည်းဆုံး လူ ၃ ဦး သေဆုံးတယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။ ရှေးဟောင်းမြို့တော် ပုဂံမှာ ဘုရားစေတီတော် ၁၀၀ ကျော် ပြိုကျခဲ့ပါတယ်။ ပြိုကျခဲ့တဲ့ အရေးကြီးတဲ့ ရှေးဟောင်း စေတီတွေကို အခုတော့ ရဲတပ်ရင်းတွေက လုံခြုံရေးရယူထားသလို ပြန်လည်ထိန်းသိမ်းရေး အတွက် အရေးပေါ်စည်းဝေးနေကြပါတယ်။ ပုဂံ ရှေးဟောင်းညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်က အခုလို ပြောပါတယ်။

“ ဘုရား အပြိုအပျက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်မယ်၊ စာရင်းကောက်မယ်၊ လိုအပ်တာတွေ ဆောင်ရွက်ဖို့ရာ အတွက် အခု အစည်းအဝေး လုပ်နေပါတယ်။ ဌာနပေါင်းစုံ အကုန်လုံးပါပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့လည်း လုံခြုံရေးကိုလည်း ပြည်ထဲရေးက ရဲတပ်ရင်းတွေနဲ့ လုံခြုံရေးကိုလည်း ပေးထားပါတယ်။”

အခုအချိန်ထိ လက်ရှိ ကောက်ယူရရှိတဲ့ စာရင်းဇယားတွေ အရ ပြိုကျတဲ့ ဘုရားပုထိုးပေါင်း ၁၀၀ ကျော် ရှိသွားပြီလို့လည်း ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးမြင့်စိန်က ပြောပါတယ်။

“အခုလက်ရှိက ကျနော်တို့ ၁၄၀ ကျော်လောက် ရောက်သွားပြီဗျ။ ဒါ စာရင်းအတိအကျ မဟုတ်သေးဘူးဗျ။ နောက်ထပ်လည်း ကျနော်တို့ စာရင်းတွေ ထပ်ကောက်နေတယ်။ တော်တော်လေး ပျက်သွားတယ်ဗျ။ ၆ ဒသမ ၈ ဆိုတော့ တော်တော်လေး ပြင်းတယ်ဗျ။ အရင်တုန်းက ၇၅ က လှုပ်တဲ့ စကေးလောက် ရှိတာပေါ့။ စိန်ဖူးပြုတ်ကျတဲ့ နေရာတွေကနေ စိန်ဖူး ပြန်ရတာတွေလည်း ရှိပါတယ်ဗျ။ ရှေးဟောင်းဌာနနဲ့ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းနဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေနဲ့ ချက်ချင်း အဲဒီနေရာတွေမှာကို တကယ့် စေတီကြီးတွေ ရှေးဟောင်း စေတီကြီးတွေမှာတော့ ကျနော်တို့ တခါတည်း ပိတ်လိုက်ပါတယ်ဗျ။ ပြိုကျတဲ့ နေရာတွေကို ကျနော်တို့ ချက်ချင်း ပိတ်လိုက်ပါတယ်။”

ပြိုကျခဲ့တဲ့ အထဲ လူသိများတဲ့ ဘုရားပုထိုးတွေလည်း ပါတယ်လို့ ညောင်ဦး လွှတ်တော် အမတ် ဦးဝင်းမြင့်ခိုင်က ဗွီအိုအေကို ပြောပါတယ်။

“ စွယ်တော် လေးဆူက လောကနန္ဒာ ဆွယ်တော်က စိန်ဖူးတော် ပြုတ်ကျတယ်။ ထီးလိုမင်းလိုက ထီးတော်တွေ ပြုတ်ကျတယ်။ မင်္ဂလာစေတီကလည်း ကျနော်တို့ အပေါ်ပိုင်း ဖောင်းရစ်တွေက တခြမ်း ပြုတ်ကျတယ်။ မြင်းကပါ စေတီကလည်း ဖောင်းရစ်တွေ အကုန်ပြိုကျတယ်။ လူသိများတဲ့ ဘုရားတွေကတော့ အဲလောက်ဘဲပေါ့နော်။ ကျနော်တို့ အကုန်လိုက်ပြီး ကွင်းဆင်နေပါတယ်။ ”

ချောက်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင် အကွာမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ချောက်မြို့ အနီးမှာ စလေမြို့မှာလည်း အပျက်အစီးတွေ ရှိခဲ့တယ်လို့ ချောက်မြို့ တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးစိုးဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ ကျနော်တို့ ရှေးအဆောက်အအုံတွေနဲ့ ဘုရားတွေ တော်တော်များများ ပျက်တာ။ ကျနော်တို့ ချောက် - ဒုတိယ ပုဂံလို့ ခေါ်တဲ့ ဦးပုည စလေလေ။ လောလောဆယ် ဘုရားက ၈ ဆူ ၊ ၉ ဆူလောက် လောလောဆယ် ကျနော် လိုက်ပြီးတော့ သွားနေတုန်းဘဲ။ ကြာလှန် ကြာမှောက်ကနေ ပြီးတော့ ပြုတ်ကျတာပေါ့။ ထီးတော် အောက်နားကနေ ကပ်ပြီး ပြုတ်ကျတာပေါ့။ တိုက် ၂ လုံး အမိုး ပြုတ်ကျတာ ရှိတယ်။ လူတော့ အန္တရာယ် မရှိဘူး။ အင်းအားကတော့ ပြင်းတယ်။ ကျနော်တို့ အနှစ် ၅၀ အတွင်း မတွေ့ဘူးသေးဘူးဗျ။ ”

အင်အားပြင်း ငလျင်ဖြစ်တာကြောင့် ဗဟိုပြု လှုပ်ခတ်ရာ ချောက်မြို့ အနီးတ၀ိုက်ဒေသတွေမှာ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်လာနိုင်တာကြောင့်ဒေသခံတွေ သတိထားကြဖို့လည်း မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“ အင်အား ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်တာကြောင့် နောက်ဆက်တွဲ ငလျင်တွေလည်း ဒီရက်ပိုင်း အတွင်း လှုပ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ မိမိတို့နေတဲ့ အဆောက်အအုံတွေ မခိုင်ခံ့ဘူးဆိုရင်တော့ ဘေးအန္တရာယ် လွတ်တဲ့နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ လိုပါတယ်။”

မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ရဲ့ ရိုက်ခတ်မှုကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ် ၊ ရှမ်း ပြည်နယ်နဲ့ ကယားပြည်နယ်တို့ပါ ခံစားခဲ့ရတယ်လို့လည်း မိုးဇလ ဌာနက ပြောဆိုပါတယ်။

 မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရန်ကုန်၊ သြဂုတ်လ ၂၄ ။ ။ လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီးနောက် မင်္ဂလာဒုံမြို့နယ်တွင် လုံခြုံရေးစနစ် ပိုမိုကောင်းမွန်စေရန်အတွက် တစ်မြို့လုံးအနေအထားဖြင့် အဓိက အချက်အချာကျသည့် ၁၀ နေရာကို အရည်အသွေးမြင့် CCTV ကင်မရာများ စက်တင်ဘာလလယ်တွင် တပ်ဆင်သွားမည်ဟု မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက မဇ္ဈိမသို့ ဖြေကြားသည်။

မြို့နယ်အလိုက်သုံးစွဲရန် လွှတ်တော်မှချပေးထားသည့် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ထဲမှ ကျပ်သိန်း ၁၀၀ ကို CCTV ကင်မရာတပ်ဆင်မှုတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ပြည်သူတွေသိစေချင်တာ ဒီဖြစ်တဲ့ဖြစ်စဉ်မှာလည်း ပေါ်မှာစိုးလို့သတ်သွားတာပေါ့ ၊ဖော်ထုတ်နိုင်မယ်ဆို လို့ရှိရင် သူတို့က မကျူးလွန်ရဲတော့ဘူး၊ မပေါ်ဘူးဆိုလို့ရှိရင် ရှေ့ဆက်တိုးသူကတိုးရဲမယ်၊ မပေါ်တာကလည်း ဘာကြောင့်လဲဆိုတော့ ညဘက်ကိုစောင့်တဲ့ ကင်းကလည်းမရှိဘူး၊ ရဲတပ်ဖွဲ့ကလည်း အင်အားမလုံလောက်ဘူး။ ရပ်ကွက်မှာလည်း ကျွန်တော်တို့ အရင်တုန်းက စောင့်တဲ့ပုံစံ ကင်းတဲဆိုတာလည်းမရှိဘူး၊ မရှိတဲ့အခါ ကျတော့ လူဘယ်နှစ်ယောက်ဝင်သွားတယ်၊ လူဝင်လူထွက်ဘယ်သူတွေလဲ ဒါတွေကိုကျွန်တော်တို့က မှတ်တမ်းမတင်နိုင်ဘူးပေါ့၊ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က နည်းပညာအကူအညီယူပြီးတော့ မှတ်တမ်းတင်မယ် ဆိုလို့ရှိရင် CCTV ကင်မရာက အဲ့လမ်းမပေါ်မှာ တစ်လုံးလောက်ရှိမယ်ဆိုရင် ဒီအမှုက နာရီပိုင်းအတွင်း ပေါ်ပါတယ်၊ မပေါ်ဘူးဆိုတာက နည်းပညာအခက်အခဲတွေကြောင့် ဒီလိုပြသာနာလေးတွေ ကြုံတွေ့နေရတာပေါ့နော်" မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ဖွံ့ဖြိုးရေးရံပုံငွေ သိန်းတစ်ထောင်ကို မြို့နယ်အလိုက် သုံးစွဲရန် လွှတ်တော်က မေလမှ စပြီးခွင့်ပြုခဲ့ကာ၊ မြို့နယ်များတွင် အသေးစားဖွံ့ဖြိုးမှုလုပ်ဆောင်ရန် နှစ်စဉ်ချထားပေးခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်အတွက် ကျပ်သိန်း ၁၀၀၀ ထဲမှ ပထမဦးဆုံးသုံးစွဲမည့် ကျပ်သိန်း ၁၀၀ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်တွင် သြဂုတ်လ ၂၀ရက်က ရဲအရာရှိဟောင်း မိသားစုလေးဦး အသတ်ခံရပြီးနောက် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်။

ရဲနိုင် (လောက်ကိုင်)
Mizzima - News in Burmese

ယမန်နေ့ က နေပြည်တော်ရှိ ခမ်းနားထယ်ဝါလှသော ပါတီ အဆောက်အအုံကြီးအတွင်း ကျင်းပခဲ့သော ပါတီညီလာခံ ကြီးတွင် လက်ရှိ ဥက္ကဌ ဖြစ်သူ ဦးသိန်းစိန် နှင့် ဦးဌေးဦးတို့မှ ပါတီ ဥက္ကဌ ရာထူးမှ နှုတ်ထွက်ပြီး ခေါင်းဆောင်မှု ကို ယခင် စွမ်းအင် ၀န်ကြီး နဲ့ ပို့ဆောင်ရေး ၀န်ကြီး ဗိုလ်မှုးချုပ်ဟောင်း သန်းဌေးကို လွှဲပြောင်းပေးအပ် လိုက်ပါတယ်။ ၎င်းတို့ နှစ်ဦးကတော့ ပါတီ အကြံပေး နာယက များ အဖြစ် ဆက်လက် ရပ်တည်သွားမယ်လို့ သိရပါတယ်။

ဦးသိန်းစိန် က နောက်ဆုံး ပါတီ ဥက္ကဌ အဖြစ် ပြောကြားခဲ့သော နောက်ဆုံး မိန့်ခွန်းတွင် ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ် ကို ပြန်လည် သုံးသပ်ခြင်း၊ ပါတီ တွင်း အဆင့်ဆင့် တွင် ပြုပြင် ပြောင်းလဲမှုများ ဖေါ်ဆောင်ရေး၊ မျိုးဆက်သစ် များ နဲ့ အတူ လုပ်ကိုင်ပြီး ပါတီ တွင်း စည်းလုံးညီညွတ်မှု ခိုင်မာ တောင့်တင်းအောင် ပြုလုပ်ရေး တို့ ကို ပြောကြားသွားကြောင်း ဒီမိုကရေစီ စနစ်တွင် အမြဲရှုံးသော ပါတီ မရှိ။ အမြဲ နိုင်သော ပါတီ မရှိဟု စိတ်အား တက်ကြွဖွယ် ပြောသွားခဲ့သော်လည်း ဆိုရှယ်မီဒီယာများတွင် ဟာသ တခု သဖွယ် ဖြစ်သွားစေခဲ့ရပါတယ်။

သို့သော်လည်း ရွေးကောက်ပွဲ တခုတွင် မိမိတို့ ပါတီ အား မရှုမလှ ရှုံးနိမ့်အောင် ဖြစ်စေခဲ့ရသည့် အတွက် ပါတီ ခေါင်းဆောင်မှု ကို စွန့်လွှတ် ပေးခဲ့သည့် စိတ်ဓါတ်ကား နိုင်ငံတကာ ရှိ နိုင်ငံရေး ပါတီ များရဲ့ လုပ်ရပ်အတိုင်း ဖြစ်တာမို့ ချီးကျူးဖို့ ကောင်းတယ်လို့ ဆိုရပါမယ်။

သို့သော်လည်း ပြုပြင်ပြောင်းလဲမှုများ ဖေါ်ဆောင်ရေးသည် ရုပ်ပိုင်းဆိုင်ရာ များကိုသာ မက စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ ပါ ပြောင်းလဲရန် လိုနေသည်ကို ပြည်ခိုင်ဖြိုး ပါတီ မှ အကောင်းဆုံး သက်သေ ခံလျက် ရှိပါတယ်။

အဘယ်ကြောင့်ဆိုသော် ပါတီ ဥက္ကဌ အသစ် ဖြစ်သူ ဦးသန်းဌေး ဆိုသူသည် ဆိုရှယ် မီဒီယာ များနှင့် စိမ်းနေသူ မဟုတ် ထင်ရှားခဲ့ဖူးသူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ခွင့် ပေးလိုက်သည့် ဒုတိယ မြောက်နေ့တွင်ပင် ၎င်း၏ လက်ရှိ မဲဆန္ဒနယ်မြေ ဖြစ်သော မြန်အောင်တွင် မဲဆွယ် စည်းရုံးရေး ခရီးစဉ် အတွင်း အောက်ပါအတိုင်း ပြောကြား သွားခဲ့သူ ဖြစ်ပြီး ၎င်းရဲ့ စကားသည် ပြည်ခိုင်ဖြိုး ပါတီ အတွက် ဗွေဆော်ဦး ကျဆုံးခန်း ဖြစ်အောင် ဖန်တီး လိုက်သလို ဖြစ်သွားခဲ့ရပါတယ်။

‘ကျွန်တော် တစ်လ သိန်း ၃၀ ရတယ်၊ နိုင်ငံခြားကို တလ ၁၀ ခေါက်လောက် အပျော်ခရီး ထွက်လို့ရတယ်၊ ခုချိန် အိမ်မှာ အေးအေးနေလို့ရတယ်၊ ခု ခင်ဗျားတို့ အတွက်လာတာ၊ ခင်ဗျားတို့ ကျွန်တော်ကို ယုံကြည်ရင် မဲထည့်၊ မယုံရင် မထည့်နဲ့၊ ထည့်မယ်ဆိုရင် လမ်းတွေ ခင်းပေးမယ်’

ဒီလို အပြောအဆိုတွေ မဲရမယ်လို့ ယုံကြည်နေတဲ့ သူ ဖြစ်တာကိုက ပြည်သူတွေရဲ့ အသိညဏ် ကို လူသား တယောက်တွင် ရှိသင့်ရှိထိုက်သော အသိညဏ် မရှိဖူးဆိုတာ ယုံကြည်နေသူ ဖြစ်ကြောင်း ညွှန်းဆို ပြသနေပါတယ်လို့သာ ဝေဖန်ချက် ပေးလိုပါတယ်။ သို့သော် ပါတီ ညီလာခံ အတွင်း ထိုကဲ့သို့သော ဆိုးဝါးခဲ့သည် ပါတီ ပုံရိပ်ကို ပြုပြင်ပြောင်းလဲရေး အဓိက လိုအပ်နေသည့် အတွေး အခေါ် ခံယူချက်များ ပြောင်းလဲရေး ကိုကား မည်သူမျှ အရေးတယူ ဆွေးနွေးရန် လိုသည့် ကိစ္စဟု သတ်မှတ် ခဲ့ကြပုံမရပေ၊

ဒီနေရာမှာ အလျင်းသင့်လို့ ကျွန်တော် ရွေးကောက်ပွဲ ကာလ အတွင်း ရေးခဲ့ဖူးတဲ့ 'ကျိန်စာ" ဆိုတဲ့ စာစု ကို ပြန်လည် ဝေငှ ပေးလိုက်ပါတယ်။

ကျိန်စာ
=====

"နင်တို့လို မင်းဆိုး မင်းညစ်တွေနဲ့ ရောက်လေရာ ဘ၀မှာ မဆုံပါရစေနဲ့"

အဆိုပါ အဖွားအို၏ ကြောက်မက်ဖွယ်ရာ ငိုကြည်းချက်မနှင့် မြည်ကြွေးသံကြီးကား မြန်မာတမျိုးသားလုံး၏ ရင်တွင်း ဆန္ဒကို အတိအကျ ထင်ဟတ် ပြသ လိုက်ခြင်းပင် ဖြစ်ပေသည်။

ဟုတ်တော့လည်း ဟုတ်ပေသည်။ နိုင်ငံရေး ဆို၍ နကန်းတလုံးမျ မသိသော၊ ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် အမျိုးသမီးသည် တခါက ၎င်းတို့ လွန်စွာ အားကိုးအားထားပြုခဲ့ရသည့် ဗိုလ်ချူပ်အောင်ဆန်းဆိုသူ၏ သမီး ဖြစ်သည်က လွဲ၍ ဖြူ သလား မဲသလားပင် မမြင်ဘူးရှာကြသော လွန်စွာ ရိုးသားသော တောင်သူ များ ဖြစ်ကြပေသည်။

သို့သော် တတိုင်းပြည်လုံး.ရွှေရည်စိမ် ဒီမိုကရေစီ ကြီး ပေးကာ တိုင်းပြည် ဖြူကာပြာကာ ကျသည့်အထိ ဝေခြမ်း ရောင်းချ စားသောက်ယုံဖြင့် အားမရသော လောဘသား စစ်ဘီလူးများက အဖွားအို အပါအ၀င် ရိုးသားသော တောင်သူများ ကို ပင် ချမ်းသာ မပေးခဲ့ကြပေ။ ၎င်းတို့ ဓါးမ ဦးချ လုပ်ကိုင်လာကြသည့် လယ်ယာမြေ များ ကို သိမ်းပိုက်ရန် လက်နက်ကိုင်များ စေလွှတ်ခဲ့သည့် အဖြစ်ကို အဆိုပါ အဖွားအိုတယောက် အဘယ်သို့များ တွန်းလှန်နိုင်သော ခွန်အား ရှိပေမည်နည်း။

အဖွားအိုတွင် သာမက ပေ။ တနိုင်ငံလုံးက
ရန်သူမျိုးငါးပါးတွင် မီးဘေး၊ လေဘေး၊ ရေဘေး အပြင် အဆိုပါ လူမနိုင်မသားများနှင့် ဖွဲ့စည်းထားသော အစိုးရ ဆိုသည်ချည်းကိုလည်း ကြုံတွေနေရသဖြင့် ဗျာများနေရရှာသော လူထုကြီးမှာ ယင်း အစိုးရ ဆိုသူများက စိတ်လိုလက်ရရှိတိုင်း အကျဉ်းထောင်မှ ထုတ်လွှတ်ပေးတတ်သည့် လူဆိုးဒမြ ရန်ကိုပါ နောက်ထပ်ကြုံတွေနေရကား ရန်သူမျိုး ငါးပါး ဆိုသည်မှာ ပြည့်ယုံတင်မက လျံပင်ကျနေရသည့်
ဒဏ်ကို တတိုင်းပြည်လုံး ကျောကော့အောင် အလူးအလဲ ခံစားနေရချိန်လည်း ဖြစ်နေရပေသည်။

ထိုမတရားမှုများကို ရှေ့တန်းမှ ရွတ်ရွတ်ခ္ဈံခ္ဈံ ခုခံပြောဆိုခဲ့ကြသည့် များပြားလှစွာသော ဗမာ့သားကောင်း၊ သမီးကောင်း များစွာတို့သည်လည်း အကျဉ်းထောင် အသီးသီးတွင် စံမြန်းနေကြရပြန်သည်။

ထိုသို့သော အခါသမယ တွင် ၎င်းတို့အား နောက်ထပ် ဆက်လက် အုပ်ချူပ်ခွင့် ပေးကြပါရန် အဆိုပါ လူမနိုင်မသားများက အရှက်ကင်းမဲ့လှစွာ တစာစာ အော်ဟစ် တောင်းဆိုနေကြပေတော့သည်။

အေးချမ်းစွာ တောင်းဆို၍ မရက လူဆိုး လူမိုက်များ ဖြစ်သည့် အားလျော်စွာ အမျိုးမျိုးသော ညစ်နည်းပေါင်းစုံ သုံး၍ ညစ်ကြရန်လည်း အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်နေပေသည်။ ထိုမျနှင့် မလုံလောက်က ၎င်းတို့ ၏ ရိက္ခာတော် ဖွတ်မွဲဖြင့် မသဒ္ဒါ ရေစာ ကြွေးထားပြီး ထားရာနေ စေရာသွား ဖြစ်နေရသည့် တပ်မတော် ကို ယခင် အတိုင်း အသုံးချကြရန်လည်း မိုက်မဲလှစွာ ညှိနှိုင်း တိုင်ပင်ထားကြပြီးလည်း ဖြစ်သည်။

အဆိုပါ အန္တရယ် အမျိုး မျိုး နှင့် ကြောက်ခမန်းလိလိ ကြုံတွေ့နေရသည့် အချိန်တွင် ဗမာလူမျိုး များတွင် ဖြစ်တတ်သော မညီညွတ်မှုများနှင့် ခေါင်းဆောင် တဦးတယောက်၏ ဦးဆောင်မှုကို မခံယူလိုခြင်းဟူသော ငါမြင်းငါဆိုင်း စိတ်ဓါတ်များဖြင့် ပါတီ အသီးသီး ဖွဲ့ကာ တစင်ထောင်လာကြပြန်ပေသည်။ အသားထဲက လောက်ထွက်ကာ ညီညွတ်မှု စတင် ပျက်ပြားလာနေကြပြီး ဘုံရန်သူကို အပြီးအပိုင် ဖယ်ရှားနိုင်မှသာ ဗြမ္မာစိုတရား လောကပါလ တရားများ ထွန်းကားသော တိုင်းပြည် ဖြစ်လာမည့် အရေးကို မစောင့်ဆိုင်းနိုင်ဖြစ် ကြပြန်သည်ကို ၀မ်းနည်းဘွယ် တွေ့မြင်နေရပေတော့သည်။ ထိုအရေးတော်ပုံကြီး ပျက်ယွင်းသွားပါက မြန်မာ့သမိုင်းသည် ဆက်လက် သွေးစွန်းနေဦးမည်သာ။

သို့အတွက် တိုင်းပြည်ကြီး ပျက်စီးခြင်းငါးပါး ဆိုက်ကာ ၎င်းတို့၏ ခြေဖ၀ါး အောက်တွင် ဆက်လက်ဒူးထောက်ဝပ်ဆင်းကြရမည့် အရေးကို ကောင်းစွာ သိမြင် သဘောပေါက်ကာ ထိတ်လန့်လာကြသော လူအများစုကြီးကား ခွပ်ဒေါင်း ကြယ်ဖြူ အလံတော်အောက်ဝယ် တညီတညွတ်တည်း ခိုဝင်လာကာ တော်လှန်ရေးကို အရိုးကြေကြေ အရေ ခမ်းခမ်း ပြီးဆုံးသည့်အထိ ဆက်လက်တိုက်ပွဲဝင်ရန် သံဓိဌာန် ချထားပြီး ဖြစ်သည်ဆိုသည့် အချက်က အနာဂါတ် မြန်မာနိုင်ငံတော်ကြီး နှင့် အဖွားအိုအတွက် မျော်လင့်ချက် ရောင်ခြည်ပင် ဖြစ်ပေတော့သည်။

HSW
BrainWave ဉာဏ်လှိုင်း

မင်းဘူး သြဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့တွင် သြဂုတ်လ(၂၄)ရက်နေ့ ညနေ(၅း၀၅)မိနစ်ခန့်က ငလျင်လှုပ်ခတ်မှုကြောင့် မင်းဘူးမြို့ နဂါးပွက်တောင် ရွံ့ချော်ရည်များ လျှံကျပြီး နံရံများအက်ကွဲမှု ဖြစ်ပေါ်ကာ အမတော်၊မောင်တော်နတ်နန်းဆောင်အတွင်းရှိ မျက်နှက်ကျက်များ ပျက်စီးခြင်း၊ မြေသားများ မောက်ထွက်ခြင်း၊ နဂါးပွက်တောင်တော်ရှေ့ ရှိ ပေတရာလမ်းမမှာ အက်ကွဲခြင်းများ ဖြစ်ပေါ်ပြီ ကယ်ဆယ်ရေးအဖွဲ့မှ ပျက်စီးမှုများအား ကူညီရှင်းလင်းပေးခဲ့သည်။ မင်းဘူးမြို့အတွင်းရှိ ရှေးဟောင်း အဆောက်အဦးအချို့မှ အုတ်နံရံများ အနည်းငယ်ပြိုကြပျက်စီးမှုမှလွဲ၍ ကြီးကြီးမားမားပျက်စီးထိခိုက်မှု မရှိကြောင်း သိရှိရသည်။
ဖိုးပြည့်(မင်းဘူး)
MOI Webportal Myanmar


မကွေးတိုင်း ချောက်မြို့ အနီးမှာ ဗဟိုပြုပြီး အင်အား ၆ ဒသမ ၈ ရှိတဲ့ ငလျင်ကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိသလို ပုဂံဘုရားတွေလည်း ပြိုကျခဲ့ပါတယ်။ ငလျင်ဗဟိုပြုရာ ချောက်မြို့နယ်တွင်းမှာလည်း ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။

မကွေးတိုင်း၊ ချောက်မြို့နဲ့ ၁၂ မိုင် အကွာကို ဗဟိုပြုပြီး မကြာခင် နာရီပိုင်းကဘဲ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အင်အားက ၆ ဒသမ ၈ မဂ္ဂနီကျူရှိတယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေကို ပြောပါတယ်။

“ ချောက်ကနေ အနောက်ဘက် ၁၂ မိုင်လောက် အကွာမှာ ဗဟိုပြုပြီးတော့ လှုပ်သွားတာ၊ အင်အားကတော့ ၆ ဒသမ ၈ နဲ့ လှုပ်သွားပါတယ်။ မန္တလေး မြေငလျင် စခန်းကနေ တိုင်းရင်တော့ ၁၂၃ မိုင် ကွာတာပေါ့နော်။ မြေငလျင်ကိုတော့ တော်တော်များများ ခံစားလိုက်ရတာပေါ့။ ဒီမြေငလျင်ကိုတော့ တော်တော်များများခံစားလိုက်ရတာပေါ့နော် ပြည်နယ်နဲ့တိုင်း အရှေ့ဘက်အခြမ်း ရှမ်းတို့ ကယားတို့ ၊ အနောက်ဘက်ဆိုရင်လည်း ရခိုင်တို့ ဘာတို့အထိ ခံစားရတယ်။ အောက်ပိုင်းဆိုရင်လည်း ရန်ကုန်တို့ ဧရာဝတီတို့ အဲဒီအထိကို ခံစားရတဲ့အနေအထားရှိတယ်။ အဓိကတော့ အပျက်အစီးတွေအများဆုံးဖြစ်မှာကတော့ ချောက်နဲ့အနီးပတ်ဝန်းကျင်ပေါ့နော် အဲဒီဒေသတွေမှာကတော့ ငလျင် အင်အားလည်းပြင်းတဲ့အတွက်ကြောင့်မို့လို့ အဲဒီဒေသတွေမှာအများဆုံးတော့ ပျက်စီးဆုံးရှုံးမှု များမယ့်အနေအထားရှိတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်နိုင်ပါတယ်။ သူက အင်အား ၆ ဒသမ ၈ ဆိုတဲ့ အတွက်ကြောင့်မို့ပေါ့နော်။ ”

အင်အားပြင်း ငလျင်ဖြစ်တာကြောင့် နောက်ဆက်တွဲ ငလျင်တွေ ထပ်လှုပ်နိုင်တာကြောင့် ငလျင်ဗဟိုပြုရာ ချောက်မြို့ အနီးတ၀ိုက် ဒေသတွေ သတိထားကြဖို့ကိုလည်း မိုးဇလ ဌာနက သတိပေးပါတယ်။ ဒီနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပခုက္ကူမြို့မှာ တဦး သေဆုံးတယ်လို့ မြန်မာ အစိုးရကလည်း မကြာသေးခင်ကဘဲ သတင်းထုတ်ပြန်ထားပါတယ်။

ငလျင် ဗဟိုပြုရာ ချောက်မြို့အနီးက စလေမှာ ပြိုကျပျက်ဆီးမှုတွေ ရှိတယ်လို့ ချောက်မြို့ တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးစိုးဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ ကျနော်တို့ ရှေးအဆောက်အအုံတွေနဲ့ ဘုရားတွေ တော်တော်များများ ပျက်တာ။ ကျနော်တို့ ချောက် - ဒုတိယ ပုဂံလို့ ခေါ်တဲ့ ဦးပုည စလေလေ။ လောလောဆယ် ဘုရားက ၈ ဆူ ၊ ၉ ဆူလောက် လောလောဆယ် ကျနော် လိုက်ပြီးတော့ သွားနေတုန်းဘဲ။ ကြာလှန် ကြာမှောက်ကနေ ပြီးတော့ ပြုတ်ကျတာပေါ့။ ထီးတော် အောက်နားကနေ ကပ်ပြီး ပြုတ်ကျတာပေါ့။ တိုက် ၂ လုံး အမိုး ပြုတ်ကျတာ ရှိတယ်။ လူတော့ အန္တရာယ် မရှိဘူး။ အင်းအားကတော့ ပြင်းတယ်။ ကျနော်တို့ အနှစ် ၅၀ အတွင်း မတွေ့ဘူးသေးဘူးဗျ။ ”

မြန်မာတို့ရဲ့ အသည်းနှလုံးလို့ တင်စားကြတဲ့ ရှေးဟောင်း ပုဂံမြို့မှာလည်း ငလျင်ဒဏ်ကို ခံစားခဲ့ကြရပါတယ်။ ပုဂံမြို့က စေတီတော် တချို့ ပြိုကျတယ်လို့ လွှတ်တော် အမတ် ဦးဝင်းမြင့်ခိုင်က ဗွီအိုအေကို ပြောပါတယ်။

“ စွယ်တော် လေးဆူက လောကနန္ဒာ ဆွယ်တော်က စိန်ဖူးတော် ပြုတ်ကျတယ်။ ထီးလိုမင်းလိုက ထီးတော်တွေ ပြုတ်ကျတယ်။ မင်္ဂလာစေတီကလည်း ကျနော်တို့ အပေါ်ပိုင်း ဖောင်းရစ်တွေက တခြမ်း ပြုတ်ကျတယ်။ မြင်းကပါ စေတီကလည်း ဖောင်းရစ်တွေ အကုန်ပြိုကျတယ်။ လူသိများတဲ့ ဘုရားတွေကတော့ အဲလောက်ဘဲပေါ့နော်။ ကျနော်တို့ အကုန်လိုက်ပြီး ကွင်းဆင်နေပါတယ်။ “

ပြည်နယ်နဲ့ တိုင်းဒေသကြီး အတော်များများမှာ ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဒဏ်သင့်တဲ့ နောက်ဆက်တွဲ အခြေအနေ တွေကိုလည်း ဆက်လက် စုံစမ်းနေပါတယ်။
VOA Burmese News

ငလျင်လှုပ်ခပ်မှုကြောင့် ပခုက္ကူမြို့နယ် ရှိ ဘုရားပြိုကျ
1
ငလျင်လှုပ်ခပ်မှုကြောင့် ပခုက္ကူမြို့နယ် ရှိ ဘုရားပြိုကျ
ငလျင်လှုပ်ခတ်ပြီး ရေနံချောင်းမြို့နယ်တွင် စေတီတစ်ဆူပြိုကျမှုဖြစ် (Myanmar Fire Services Department)
2
ငလျင်လှုပ်ခတ်ပြီး ရေနံချောင်းမြို့နယ်တွင် စေတီတစ်ဆူပြိုကျမှုဖြစ် (Myanmar Fire Services Department)
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့အခြေအနေ
4
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့အခြေအနေ
 တောင်တွင်းကြီး နှစ် ၁၅၀ကျော် ရဟန်းမနေဘုန်းကြီးကျောင်းပြိုကျ (Myanmar Fire Services Department)
5
တောင်တွင်းကြီး နှစ် ၁၅၀ကျော် ရဟန်းမနေဘုန်းကြီးကျောင်းပြိုကျ (Myanmar Fire Services Department)
 တောင်တွင်းကြီး နှစ် ၁၅၀ကျော် ရဟန်းမနေဘုန်းကြီးကျောင်းပြိုကျ (Myanmar Fire Services Department)
6
တောင်တွင်းကြီး နှစ် ၁၅၀ကျော် ရဟန်းမနေဘုန်းကြီးကျောင်းပြိုကျ (Myanmar Fire Services Department)
7
ရစ်ချက်စကေး ၆.၈အဆင့်ရှိငလျင်ကြောင့် ဓမ္မရာဇကစေတီတော်တွင် စိန်ဖူးတော်မြေခ
8
ရစ်ချက်စကေး ၆.၈အဆင့်ရှိငလျင်ကြောင့် ဓမ္မရာဇကစေတီတော်တွင် စိန်ဖူးတော်မြေခ
VOA Burmese News

ပြင်သစ်နိုင်ငံပါရီမြို့တော်ဝန်၏တရားဝင်ဖိတ်ကြားချက်အရ ပြင်သစ် -မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း
ဦးဆောင်ကာရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော် နှင့်
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနော်ပန်းသဉ္ဇာမျိုးတို့ပါဝင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည်သြဂုတ်လ ၂၂ ရက် ဒေသစံတော်ချိန် ည ၇:၄၅ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်
ပြင်သစ်သံရုံးမှတာဝန်ရှိသူများလိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်
.
Credit : Naw Pann Thinzar Myo

၂၄-၈-၂၀၁၆ ရက်နေ့ ၁၇:၀၅ အချိန်၌ ၆.၈ ရစ်ချက်စတာစကေး လှုပ်ခတ် သွားသော မြေငလျင်ကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း ၊ စလေ ၊ ဆားလယ် ဒေသများရှိ ရှေးဟောင်း အဆောက်အအုံအချို့ အောက်ပါအတိုင်း ထိခိုက်ပျက်စီးမှုရှိကြောင်းကနဦးသတင်းရရှိမှု( ၂၀:၃၀ နာရီအချိန် )အထိ အခြေအနေ

(က) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ
***********************************************
၁။ ဘုရားအမှတ်၁၆၈၆ အပေါ်ပိုင်းပြိုကျ
၂။ ဘုရားအမှတ်၁၄၃၉(မင်္ဂလာစေတီ) အပေါ်ပိုင်းဖောင်းရစ်ပြိုကျ
၃။ ဓမ္မရံကြီး မုခ်ဦးပြိုကျ
၎။ တဘက်ကျ ဖောင်းရစ်ကစ ပြုတ်ကျ
၅။ ခေမင်္ဂဘုရား ထိပ်ပိုင်းပြတ်ကျ
၆။ ငါးမျက်နှာ အပေါ်ပိုင်းပြုတ်
၇။ မြစေတီ စိန်ဖူး၊ ခရေသီးငါးလုံးပြုတ်ကျ
၈။ ဘုရားအမှတ်၁၃၂၇ ထိပ်ဖူးပြုတ်ကျ
၉။ မြင်းကပါဂူပြောက်ကြီး ကွမ်းတောင်ထိပ်ပြုတ်ကျ
၁၀။ မြင်းကပါဂူပြောက်ငယ် ကွမ်းတောင်ထိပ်ပြုတ်ကျ
၁၁။ ဘုရားအမှတ်၁၃၂၅ ဖောင်းရစ်ပြုတ်ကျ
၁၂။ ထီးလိုမင်းလိုဘုရား ငှက်ပျောဖူးမှ အောက်သို့ပြိုကျ
၁၃။ အရှေ့ဖက်လိပ် ပြိုကျမှုများ
၁၄။ အနောက်ဖက်လိပ် ဖောင်းရစ်အထက်ပိုင်း ရှေ့ခြမ်းပြိုကျ၊ အရှေ့မြောက်ထောင့်ယိုင်၊
၁၅။ လောကနန္ဒာ စိန်ဖူးပြုတ်ကျ
၁၆။ စိမ်းညက်ညီမ ဓာတ်တော်တိုက်အထက် ဖောင်းရစ်ငါးရစ် အနောက်ဘက်ခြမ်းပြိုကျ
၁၇။ တရုတ်ပြေး ဖောင်းရစ်အထက်ပိုင်း အထွတ်ပြို
၁၈။ လေးမျက်နှာဘုရား မင်းနန်သူ
၁၉။ အာနန္ဒာ မြောက်ဘက်မုခ်ဦး၊အနောက်မုခ်ဦးကွာကျ
၂၀။ ဘုရားအမှတ်၁၄၉၃ (မြင်းပြဂူ) ဖောင်းရစ်မှစ ပြိုကျ
၂၁။ ရွာဟောင်းကြီး အပေါ်ပိုင်းပြုတ်ကျ
၂၂။ မဟာဂူကြီးမြောက်ဘက် စေတီ အပေါ်ပိုင်းပြုတ်ကျ
၂၃။ ဝက်ကြီးအင်းဂူပြောက်ကြီး ကွမ်းတောင်မူလနေရာထိ ပြုတ်ကျ
၂၄။ စေတနာကြီး အထွတ်ပိုင်းပြုတ်ကျ
၂၅။ ပြတိုက်အတွင်းရှိ (ဘုရားအမှတ်၁၆၁၉ ) သပိတ်မှောက်အပေါ်ပိုင်း
၂၆။ ဘုရားအမှတ်၁၁၅(ကူနီးဘုရား) ထီးတော်ပြိုကျ
၂၇။ စူဠာမဏိ ကွမ်းတောင်တစ်ခုလုံးပြိုကျ
၂၈။ ပုဂံမျှော် အပေါ်ထိပ်ပိုင်းစောင်း
၂၉။ မြေဘုံသာ ထိပ်ဖူးပြိုကျ
၃၀။ လောကထိပ်ပန် ထိပ်ဖူးပြိုကျ
၃၁။ ရေတော်မုနိ အပေါ်ပိုင်းငှက်ပျောဖူးပြုတ်ကျ
၃၂။ ပုတ္တလင် ထိပ်ဖူးပြိုကျ
၃၃။ အင်းဘုရား အပေါ်ပိုင်းပဲ့ကျ
၃၄။ ဘုရားအမှတ်၁၄၄၉ ကွမ်းတောင်ပြိုကျ
၃၅။ စိုးမင်းကြီး ခရေသီးအောက်ပိုင်းဖောင်းရစ်ပျက်စီး
၃၆။ စိုးမင်းကြီးအုတ်ကျောင်း ဘုရား(၂)ဆူ ထိပ်ဖူးပြုတ်ကျ
၃၇။ ပုဂံဟိုတယ်ဝင်းအတွင်း ဘုရား နံရံပန်းချီပြုတ်ကျ
၃၈။ ရွှေလိပ်တူး အထွတ်စေတီပြုတ်ကျ
၃၉။ ရွှေစေတီ ဖောင်းရစ်(၉)ရစ်အထက်မှပြိုကျ
၄၀။ ကန်တော့ပလ္လင် ထီးတော်အနည်းငယ်ယိုင်၊ စနေထောင့်အရံ စေတီလယ်သီးပြုတ်၊ ရှစ်မျက်နှာဘုရား ခေါင်းလောင်းအထက်ပိုင်းအက်
၄၁။ Treasure Hotel ဝင်း အတွင်းဘုရား ခရေသီးပြုတ်ကျ
၄၂။ မြင်းကပါအရှေ့ထိပ် သီဟိုဠ်ပုံစေတီ အထွတ်ပြို
၄၃။ လောကထိပ်ခေါင် တောင်ဘက်ဘုရား(၅)ဆူ ထိပ်ဖူးပြုတ်
၄၄။ ဘုရားအမှတ်၁၆၇၄ အပေါ်ပိုင်းပြို
၄၅။ မဟာဗောဓိ အရံစေတီ(၂)ဆူပြို
၄၆။ ဘုရားအမှတ်၁၆၆၇ အထွတ်စေတီပြုတ်ကျ
၄၇။ မြောက်ဂူနီဘုရား အထွတ်ပြုတ်
၄၈။ ဘုရားအမှတ်၁၆၈၀ ထိပ်ပိုင်းပြိုကျ
၄၉။ တဝဂူ ထိပ်ပိုင်းပြိုကျ
၅၀။ ဘုရားအမှတ်၁၄၅၉ ဖောင်းရစ်အထက်ပိုင်းပြိုကျ
၅၁။ အဂ္ဂတေ့ဘုရား အထွတ်စေတီပြိုကျ
၅၂။ ဧဒင် ၁၃၃၆ အထွတ်စေတီပြိုကျ
၅၃။ ဘုရားအမှတ်၂၆၃ အထွတ်ပြုတ်ကျ
၅၄။ ပါသာဒဘုရား အထွတ်စေတီပြုတ်ကျ
၅၅။ ဘုရားအမှတ်၁၃၅၈ အထွတ်စေတီပြုတ်ကျ
၅၆။ စားပွဲတင် လက်တံယိုင်
၅၇။ အနောက်ဖွားစောဘုရားနီ လက်တံပြုတ်
၅၈။ သစ္စာဝတီ အထွတ်စေတီပြုတ်ကျ
၅၉။ သိကြားဟစ် ခေါင်းလောင်းယိမ်းယိုင်
၆၀။ ဓမ္မရာဇိက အရှေ့ဘက်မုခ်ပြုတ်ကျ
၆၁။ ဘုရားအမှတ်၁၃၉၁ အထွတ်စေတီပြုတ်ကျ
၆၂။ သန့်ပြန့်စွာ (အနောက်ဖွားစော) အပေါ်ပိုင်းပြိုကျ
၆၃။ သာယာဝတေ့ ကွမ်းတောင်အထက်ပိုင်းပြိုကျ
၆၄။ ဘုရားအမှတ်၁၂၆၉(လှံကျဘုရား) ဖောင်းရစ်ထိပြို၊ သပိတ်မှောက် အက်ကွဲ၊ စိုင်ပေါင်ပြိုကျ
၆၅။ပုဂံပြတိုက် ပြတိုက်အတွင်းရှိ စောမင်းလတ်ဆင်းတု ရွှေဘုရားခေါင်းပြုတ်ကျ ပြတ်ထွက်
၆၆။ ဘုရားအမှတ်၃၇၃ ထိပ်ဖူးပဲ့
၆၇။ ဘုရားအမှတ်၁၇၂၂ ထိပ်ဖူးပဲ့
၆၈။ ဘုရားအမှတ်၁၇၀၄ အနီးရှိဘုရား ထိပ်ဖူးပဲ့
၆၉။ ဘုရားအမှတ်၁၄၉၇ ထိပ်ဖူးပဲ့
၇၀။ ဘုရားအမှတ်၁၄၉၆ ထိပ်ဖူးပဲ့
၇၁။ ဘုရားအမှတ်၁၄၉၉ ထိပ်ဖူးပဲ့
၇၂။ ရွှေဆံတော်ဘုရား ငါးဆင့်အထက် အဝိုင်းပတ်လည်အက်ကွဲ
၇၃။ သစ္စာမဏ္ဍိုင် ထိပ်ဖူးစောင်း
၇၄။ ရွှေသာလျောင်း အတွင်းအင်္ဂတေပျက်စီးပြိုကျ
၇၅။ ဘုရားအမှတ်၁၅၅၈ ကြာမှောက်၊ ကြာလှန်ထိပ်ဖူးကျိုးကျ
၇၆။ ဘုရားအမှတ်၁၅၅၁ ရွှေဆံတော်လမ်းဘေး ထိပ်ဖူးပြိုကျ
၇၇။ ဘုရားအမှတ်၁၅၃၆ (ငဖုန်းသင်ယောင်) ငှက်ပျောဖူးကျိုးကျ
၇၈။ ဘုရားအမှတ်၅၅၅ အထွတ်စေတီပျက်စီး
၇၉။ ဘုရားအမှတ်၇၉၅ ကွမ်းတောင်ပျက်စီး
၈၀။ ဘုရားအမှတ်၂၀၉၇ အထွတ်ပျက်စီး
၈၁။ ဘုရားအမှတ်၂၁၄၉ ကွမ်းတောင်အထိပျက်စီး
၈၂။ ဘုရားအမှတ်၂၁၅၁ ကွမ်းတောင်အထိပျက်စီး
၈၃။ ဘုရားအမှတ်၂၁၆၀ ဖောင်းရစ်ပျက်စီး
၈၄။ ဘုရားအမှတ်၂၁၆၈ ဖောင်းရစ်ပျက်စီး
၈၅။ ဘုရားအမှတ်၂၁၅၇ အာရုံခံရှေ့ချင်မိတ်တိုးပျက်စီး
၈၆။ ဘုရားအမှတ်၁၉၆၅ ဖောင်းရစ်ပျက်စီး
၈၇။ ဘုရားအမှတ်၁၈၅၂ တောင်ဘက်အတွင်းပိုင်းပြို
၈၈။ ဘုရားအမှတ်၂၁၃၆ ဖောင်းရစ်အထွတ်ပြို
၈၉။ ဘုရားအမှတ်၂၁၃၁ တစ်ဆူလုံးပြို
၉၀။ ဘုရားအမှတ်၁၉၆၂ ခရေသီးပြုတ်
၉၁။ ဘုရားအမှတ်၁၉၈၃ အက်ကွဲ
၉၂။ ဘုရားအမှတ်၁၉၈၂ ဖောင်းရစ်
၉၃။ ဘုရားအမှတ်၂၀၁၁ ရှေ့မုခ်ပြို၊ ငှက်ပျောဖူးပြို၊ တိုက်မကွဲအက် မှုများ
၉၄။ ဘုရားအမှတ်၄၆၉ အထွတ်စေတီပြုတ်
၉၅။ ကျောက်ကူးဘုရား အထွတ်ပိုင်းအက်ကွဲပြို၊ အတွင်းအက်ကွဲ ပြို၊ သံဖရိန်ကွေး
၉၆။ ဘုရားအမှတ်၂၃၃ (လောကချမ်းသာ) အရံစေတီပျက်စီးပြိုကျ
၉၇။ ဘုရားအမှတ်၈၀၁ ကွမ်းတောင်ပျက်စီး
၉၈။ မြစည်းခုံ ခေါင်းလောင်းအက်ကွဲ
၉၉။ ရပ်စောက်ဘုရား (ကျောက်ကူးအနီး) စနေထောင့်တစ်ခြမ်းပြို
၁၀၀။ဘုရားအမှတ်၉၈၇(စေတနာကြီး) ဓာတ်တော်တိုက်ဘက်မှ ပြိုကျ
၁၀၁။ ဘုရားအမှတ်၉၉၈(ကျောင်းကြီးညီမ) ဖောင်းရစ်များ အထက်မှပြို၊ အရှေ့ဘက် မုခ်ကပ်ပြိုကျ
၁၀၂။ ဘုရားအမှတ်၉၉၇ ခရေသီးပြိုကျ၊ မြောက်ဘက်၊ တောင်ဘက် မုခ်အလယ်ပိုင်းများပြိုကျ၊ မြောက်ဘက် အက်ကွဲကြောင်းဖြစ်ပေါ်၊ အတွင်းမုခ်ပြို
၁၀၃။ဘုရားအမှတ်၁၄၅(ချောက်ဘုရားလှ) ထီးတော်ပြိုကျ
၁၀၄။ဘုရားအမှတ်၁၅၅(ကုန်းတော်ကြီး) အရှေ့ဘက်မျက်နှာစာ အင်္ဂတေကွာကျ
၁၀၅။ဘုရားအမှတ်၁၁၂၃(ဆင်ပေါင်း) အထက်ပိုင်းပြတ်ကျ
၁၀၆။ဘုရားအမှတ်၁၁၂၄(ဆင်ပေါင်းအနီး) အထက်ပိုင်းပြတ်ကျ
၁၀၇။ဘုရားအမှတ်၁၃၀၀ ဓာတ်တော်တိုက်ဒုတိယပစ္စယံပြိုကျ
၁၀၈။ဘုရားအမှတ်၁၄၇၁(သိမ္မစည်း) အရှေ့မြောက်ထောင့်အရံစေတီပြိုကျ
၁၀၉။တာမဏီဘုရား အက်ကြောင်းရှိ
၁၁၀။ဘုရားအမှတ်၂၈၇ ကွမ်းတောင်ပြုတ်ကျ
၁၁၁။ဆူးလေကုန်းအစု ကွမ်းတောင်ပြိုကျ
၁၁၂။နှစ်ထပ်စေတီအရှေ့ဘက်မုခ်ပြုတ်ထွက်
၁၁၃။ ဗူးလည်သီးကွမ်းတောင်မုခ်ပြုတ်ထွက်
၁၁၄။ ဗူးလည်သီးအနီးဘုရား ကွမ်းတောင်မုခ်ပြုတ်ထွက်
၁၁၅။ဘုရားအမှတ်၁၂၂၈ ခရေသီးပြုတ်ကျ
၁၁၆။ဘုရားအမှတ်၁၀၃၂ ကြာမှောက်အခြေဖောင်းရစ်အထက်ပိုင်း ပြိုကျ
၁၁၇။ဘုရားအမှတ်၁၁၃၈ ခရေသီးပြုတ်ကျ
၁၁၈။သပိတ်မှောက် အက်ကြောင်းများဖြစ်ပေါ်
၁၁၉။သိကြားပုန်း မြောက်ဘက်ခြမ်းအက်ကြောင်းပေါ်
၁၂၀။ဘုရားအမှတ်၂၆၃ အထက်ပိုင်းပြိုကျ
၁၂၁။ဆုတောင်းပြည့်(တောင်ဘီ) ထီးတော်တိမ်းစောင်း
၁၂၂။ဆုတောင်းပြည့်(တောင်ဘီ) ဘုရားအနီး ထိပ်ပိုင်းပြိုကျ
၁၂၃။ ကျောင်းဦးဘုရား ထိပ်ပိုင်းပျက်စီး
၁၂၄။ အိမ်ရာကျောင်းငါးမျက်နှာ ထိပ်ပိုင်းပျက်စီး
၁၂၅။ စတုမုခ ထိပ်ပိုင်းပျက်စီး
၁၂၆။ စတုမုခဘုရားမြောက်ဘက် ဘုရား ကွမ်းတောင်ထိပြိုကျပျက်စီး
၁၂၇။ ခေမင်္ဂဘုရားစုမှဘုရားငယ် ကွမ်းတောင်အထက်ပိုင်းပျက်စီး
၁၂၈။လိုဏ်ရှည်ဘုရား ကွမ်းတောင်အထက်ပိုင်းပျက်
၁၂၉။ နွားပြဂူ ကွမ်းတောင်အထက်ပိုင်းအကုန်ပျက်
၁၃၀။ ဘုရားအမှတ်၁၅၁၂(ပုထိုးသားများ) ကွမ်းတောင်အထက်ပိုင်းအကုန်ပျက်
၁၃၁။ ဘုရားအမှတ်၁၅၉၇(သဗ္ဗညု) အနောက်ဘက်ကွမ်းတောင်အောက်ပိုင်းပဲ့
၁၃၂။ ရွှေဂူကြီး ကွမ်းတောင်အထက်ပိုင်းပဲ့၍ထီးတော်စောင်း၊ အနောက်ဘက်အရံစေတီထိပ်ပိုင်းပြတ်
၁၃၃။ နတ်လျောင်းကျောင်း မြောက်ဘက်ဘုရား ကွမ်းတောင်အထက်ပိုင်းပျက်
၁၃၄။ ဘုရားအမှတ်၁၅၁၁ ကွမ်းတောင်အထက်ပြိုကျ
၁၃၅။ ဘုရားအမှတ်၁၅၀၇ ကွမ်းတောင်အထက်ပြိုကျ
၁၃၆။ ဘုရားအမှတ်၁၅၁၈ ကွမ်းတောင်အထက်ပြိုကျ
၁၃၇။ဘုရားအမှတ်၁၅၁၉ ကွမ်းတောင်အထက်ပြိုကျ
၁၃၈။ ဘုရားအမှတ်၉၅၆ အုတ်ကျောင်း တောင်ဘက်ခြမ်းပြို
၁၃၉။ဘုရားအမှတ်၈၆၂ ထိပ်ပိုင်းပြိုကျ
၁၄၀။ ဘုရားအမှတ်၈၅၇ ထိပ်ပိုင်းပြိုကျ
၁၄၁။ ဘုရားအမှတ်၃၁၂၃ ထိပ်ဖူးပဲ့ကျ
၁၄၂။ ဘုရားအမှတ်၄၂၁ ထိပ်ဖူးပြိုကျ
၁၄၃။ ကုသဘုရား ထိပ်ပိုင်းပြိုကျ
၁၄၄။ သမုတ္တိ ထိပ်ပိုင်းပြိုကျ
၁၄၅။ ဘုရားအမှတ်၁၁၀၄ ထိပ်ပိုင်းပြိုကျ
၁၄၆။ ဘုရားအမှတ်၁၀၈၉ ထိပ်ပိုင်းပြိုကျ
၁၄၇။ ဘုရားအမှတ်၁၂၅၉(ဖြတ်စရွှေဂူ) ငှက်ပျောဖူးပြုတ်ကျ
၁၄၈။ ဘုရားအမှတ်၁၂၅၀ စေတီလုံးဖောင်းရစ်မှပြိုကျ
၁၄၉။ ဘုရားအမှတ်၁၂၅၁ ကွမ်တောင်ထိပ်အက်ကွဲ
၁၅၀။ ဘုရားအမှတ်၆၉၇(ဆင်ဖြူရှင်ဘုရား) ကွမ်းတောင်ထိပ်ပြိုကျ
၁၅၁။ ဘုရားအမှတ်၆၉၈ အပေါ်ထိပ်ပိုင်းပြိုကျ
၁၅၂။ ဘုရားအမှတ်၆၈၄ သိမ်မြောက်ဘက်ဘုရား အပေါ်ခရေသီးပြုတ်ကျ
၁၅၃။ ဘုရားအမှတ်၁၄၅၈ အတွင်းပိုင်းအင်္ဂတေကွာကျ
၁၅၄။ ဘုရားအမှတ်၁၄၆၇ ချင်မိတ်တိုးထောင့်ပိုင်းကွာကျ၊ ကွမ်းတောင် ထိပ်ပိုင်း တစ်ခြမ်းပဲ့
၁၅၅။ ဘုရားအမှတ်၁၄၇၁(လောကဥသျှောင်) အတွင်းနံရံကွာကျ
၁၅၆။ ဘုရားအမှတ်၁၅၈၀ ကွမ်းတောင်ထိပ်ပိုင်းပြိုကျ
၁၅၇။ မင်းအိုချမ်းသာဘုရားစု ဖောင်းရစ်အနည်းငယ်ပဲ့ကျ
၁၅၈။ စောလှဝန်းဘုရား လက်တံပြုတ်ကျ
၁၅၉။ဘုရားအမှတ်၁၂၃၆ လက်တံပြုတ်ကျ
၁၆၀။ဘုရားအမှတ်၁၂၂၃ လက်တံပြုတ်ကျ
၁၆၁။အပယ်ရတနာ လက်တံယိုင်၊ အရံစေတီ(၂)ဆူပြုတ်ကျ
၁၆၂။ဘုရားအမှတ်၁၁၉၇ လက်တံပြုတ်ကျ
၁၆၃။ဘုရားအမှတ်၁၂၀၃ အထွတ်စေတီပြုတ်ကျ
၁၆၄။ဘုရားအမှတ်၁၁၉၄ အထွတ်စေတီပြုတ်ကျ
၁၆၅။ဘုရားအမှတ်၁၂၀၄ ခရေသီး၊ ကြာမှောက် ကြာလှန်အက်ကွဲ
၁၆၆။ဘုရားအမှတ်၁၁၉၉ ခရေသီး၊ ကြာမှောက် ကြာလှန်အက်ကွဲ
၁၆၇။ဘုရားအမှတ်၅၀၆(အနောက်ကသပ) မြောက်ဘက်မုခ်ပြိုကျ၊ အရှေ့မြောက်ဘက် အရံစေတီပြိုကျ၊ အထွတ်စေတီပြိုကျ
၁၆၈။ ဘုရားအမှတ်၅၀၅(အရှေ့ကသပ) နံရံပန်းချီကွာကျ
၁၆၉။ဆင်ခံဘုရား ဓာတ်တော်တိုက်တောင်ဘက်အုတ်ခုံ ပြိုကျ၊ ဖောင်းရစ်အထက်ပြိုကျ
၁၇၀။ ဘုရားအမှတ်၇၉၅ ကြာမှောက် ကြာလှန်၊ ခရေသီးပြုတ်ကျ၊ အနောက်ဘက်ခြမ်း ဓာတ်တော်တိုက်ပြို
၁၇၁။ ရွှေမုခ်ဌော အရှေ့ဘက်မုခ်ပြို

(ခ) စလေဒေသ
************************
(၁) ဆားလယ်ရှိ ဘုရားအမှတ်(၉) တစ်ဆူလုံးပြိုကျ
(၂) ဘုရားအမှတ်(၇) နောက်မုခ်ဦးပြိုကျ
(၃) ရေလည်ရွာရှိ ဘုရားအမှတ်(၇၁) တောင်ဘက်ခြမ်းကွမ်းတောင်အောက်ပြိုကျ
(၄) ဘုရားအမှတ် (၉) ဖောင်းရစ်ဌာပနာပေါက် ပြိုကျ
(၅) ဘုရားအမှတ် (၁) ဖောင်းရစ်တစ်ခြမ်းပဲ့ကျ
(၆) ဘုရားအမှတ်(၁၅) မုခ်ဦးပြိုကျ
(၇) ဘုရားအမှတ် (၁၈) နှင့် (၁၉) ကွမ်းတောင်ရှိ မုခ်ကပ်ငယ်များပြိုကျ
(၈) ဘုရားအမှတ် (၃၀) ကြာမှောက်၊ ကြာလှန်ပဲ့ကျ
(၉) ရှင်ပင်စာကြို ၊ ဘုရားအမှတ် (၈၈ထီးတော်နှင့်ခေါင်းလောင်းတော်
စောင်း

(ဂ) မြောက်ဦးဒေသ
*************************
(၁) ရတနာမာန်အောင်ဘုရား(ထီးတော်နှင့် ငှက်ပျောဖူးမြေခ)
(၂) ကိုးသောင်းပုထိုး အရံစေတီအနည်းငယ်
(၃) ရတနာပုံစေတီတော် စိန်ဖူးတော်နှင့် ထီးတော်အနည်းငယ်ပဲ့

(ဃ) စစ်ကိုင်းဒေသ
*************************
(၁) စစ်ကိုင်းဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်အဆောင်(၅) တောင်ဘက်
နံရံအက်ကွဲ
(၂) မင်းကွန်းပုထိုးတော်ရှေ့တောင်ဘက်ခြင်္သေ့အနောက်ခြမ်းအင်္ဂတေကွာကျ
(၃) ချောင်းဦး ၊ အမြင့်ဒေသ ဘုရားအမှတ် (၁၃၅) တောင်ဘက်မုခ်ပြိုကျ
(၄) ဘုရားအမှတ် (၀၆၂) သပိတ်မှောက်နှင့်ကြာဝန်းပြိုကျ
(၅) ဘုရားအမှတ် (၀၈၆) ဖောင်းရစ်အထက်ပိုင်းပြိုကျ
(၆) ဘုရားအမှတ် ၀၄၁(သုံးပန်လှ)၊၀၄၂(ဒေါင်းဘုရား)၊ ၀၁၉
(ရန်အောင်မြင်)၊ ၀၉၁ ၊ ဆုတောင်းပြည့်ဘုရားကြီး စိန်ဖူးတော်ကျိုးကျ
(၇) ဘုရားအမှတ် ၀၈၂ (မိုးကောင်းဘုရားစု) ကြာလှန်အက်
ပျက်စီးဆုံးရှုံးမှုအခြေအနေအား ဆက်လက်ကွင်းဆင်း စာရင်းကောက်ယူလျက် ရှိပြီး အသေးစိတ် အခြေအနေအား ထပ်မံတင်ပြသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
24.8.2016
9:13PM
MoRAC
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန