08/31/16

 ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြား
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံရေးအရဆွေးနွေးပွဲတွေကို NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် အခြေခံပြီး ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်၊ NCA ထီးရိပ်အောက်မှာ အားလုံးပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ဒီကနေ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲသတင်းကို ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ဒီကနေ့ ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲနေ့မှာ ဒီခေါင်းဆောင်တွေ မိန့်ခွန်းပြောသွားတာကို ခြုံပြီး တော့ကြည့်မယ်ဆိုရင် ဒီညီလာခံကနေပြီးတော့ ရလာမယ့် ရလဒ်နဲ့ ပတ်သက်ပြီးတော့ တစုံတရာ စိုးရိမ်ချက်ရှိကြတာတွေ့ရပေမယ့် ဒီရလဒ်အပေါ်မှာလည်း သူတို့အနေနဲ့ တော်တော်လေးမျှော်လင့် တကြီးထားကြတာတွေ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းစစ်ကြောင့် ဒုက္ခခံခဲ့ရတဲ့ဒုက္ခသည် ပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း အတော်လေးမီးမှောင်းထိုးပြီးပြောဆိုသွားတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးကင်းမဲ့ခဲ့တာကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေကို အမှတ်ရကြဖို့နဲ့၊ နိုင်ငံရဲ့ ကောင်းမွေဆိုးမွေတွေကို ခံစားရမယ့် နောင်မျိုးဆက်အတွက် ရည်စူးပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းလုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တတ်ရောက်လာသူတွေကို တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့တော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် NCA ထီးရိပ်အောက်မှာအားလုံးပါဝင်နိုင်ဖို့ သူ့အစိုးရအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(Nationwide Ceasefire Agreement)ဆိုတာ ငြိမ်းချမ်းရေးအတွက်သာမက ကျွန်မတို့အားလုံး ရှည်ကြာစွာ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။NCA နဲ့ ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေရှိသလို အကြောင်းကြောင်းကြောင့်မထိုးရသေးတဲ့ အဖွဲ့တွေလည်းရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုပ်တဲ့အခါ NCA ကို အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။”

ဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားသူတဦးဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA ကို အခြေခံဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေအရ မိမိလိုလားချက်တွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဆောင်ရွက်ဖို့မလိုအပ်တော့ဘူးလို့ ပြောသွားပါတယ်။

“လိုအပ်ချက်များကို နိုင်ငံရေးလမ်းကြောင်းအရ တစ်နည်းအားဖြင့် အစိုးရ၊ လွှတ်တော်လမ်းကြောင်းများကသာ ဒီမိုကရေစီ နည်းလမ်းတကျ တောင်းဆိုရယူကြရမှာဖြစ်ပါတယ်။ ဒါ့အပြင်ဒီမိုကရေစီရဲ့ အခြေခံမူများဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေနိုင်ပြီဖြစ်ပါတယ်။ဒီလို ဒီမိုကရေစီ နည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီဖြစ်တဲ့ အခြေအနေအချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် မိမိတို့ရဲ့ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင် ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်ဆိုတာကို အလေးအနက် သတိပြုရမှာဖြစ်ပါတယ်။”

တပ်မတော်က လက်ရှိကိုင်စွဲထားတဲ့ ငြိမ်းချမ်းရေးမူ (၆)ချက်ဟာ သမိုင်းကြောင်းအတွေ့အကြုံနဲ့ လက်တွေ့အခြေအနေတွေကို ပေါင်းစပ်ထားတာကြောင့် ဒါဟာ စ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ ပြောသွားပါတယ်။ ဒါပေမယ့်လို့လည်း ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လကတော့ ၁၉၄၇ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို ပြည်စုံအောင် အကောင်အထည်မဖော်နိုင်တာကြောင့် တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီရေး တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆုံးရှူံးနေရတယ်လို့ ပြောသွားပါတယ်။ ဒါပေမယ်လို့ ဖယ်ဒရယ်ဟာ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာကို ဗိုလ်ချုပ်ကြီးအန်ဘန်လက အသေအချာ ထောက်ပြပြောသွားပါတယ်။

ဒီ ညီလာခံဖွင့်ပွဲကို တတ်ရောက်ဖို့ မြန်မာနိုင်ငံရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းကတော့ နှစ်ဖက် အပေးအယူရှိရှိ ဆွေးနွေးကြပြီး၊ စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“နှစ်ရှည်ကြာတဲ့ ပြည်တွင်းစစ်ကြီးကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှူံးကြရသလို၊ မျိုးဆက်အလိုက် လူတွေရဲ့ ဂုဏ်သိက္ခာ၊ တည်ငြိမ်အေးချမ်းမှူ၊ မူရင်းအခြေအနေတွေ ပျောက်ကွယ်ဆုံးရှူံးခဲ့ရပါတယ်။ အခုတော့ ရှင်းပါပြီ၊ မတူကွဲပြားချက်တွေကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလို့မရတော့ဘူးဆိုတာပါပဲ။ အခု အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်မှာပါတဲ့ အဖွဲ့အစည်းအားလုံးကို ကျနော် တိုက်တွန်းလိုပါတယ်၊ ဘယ်သူမဆို ကိုယ့်ရဲ့ရည်မှန်းချက်အတိုင်းဖြစ်ရမယ်လို့ အားလုံးတော့ မျှော်လင့်ထားလို့မရပါဘူး။ တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့ဆိုရင် ဒီလုပ်ငန်းစဉ်ပါတဲ့ အဖွဲ့အစည်းတိုင်း တစုံတရာ အောင်မြင်မှူရှိရမှာလည်းဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှူနဲ့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်ခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကရော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကပါ အသိအမှတ်ပြု ချီးကျူးခဲ့တာတွေ့ရပါတယ်။ ဒီဖွင့်ပွဲမှာ သမ္မတဟောင်း ဦးသိန်းစိန် မတတ်ရောက်ပေမယ့်လို့၊ ဦးသိန်းစိန်အစိုးရလက်ထက်က ဒုသမ္မတနှစ်ဦးစလုံးနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့တဲ့ ၀န်ကြီးဟောင်းတွေ တတ်ရောက်လာတာတွေ့ရပါတယ်။

ဖွင့်ပွဲမှာ သမ္မတဦးထင်ကျော် တတ်ရောက်ပေမယ့် မိန့်ခွန်းမပြောပါဘူး။ အခြား အဖွင့်မိန့်ခွန်းပြောခဲ့တဲ့ခေါင်းဆောင်တွေကတော့ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ အန်အယ်ဒီ နာယက ဦးတင်ဦး၊ ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လနဲ့ ကေအန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖေါတို့ဖြစ်ကြပါတယ်။ ဖွင့်ပွဲပြောဆိုတဲ့ ခေါင်းဆောင်အားလုံးရဲ့ မိန့်ခွန်းတွေထဲမှာတော့ ပြည်တွင်းစစ်ဒဏ်ခံကြရတဲ့ တိုင်ရင်းသားဒုက္ခသည်တွေရဲ့ ခံစားချက်တွေ ဆုံးရှူံးမှူတွေကို ထည့်သွင်းပြောဆိုခဲ့ကြပါတယ်။

ဒီကနေ့ ဖွင့်ပွဲကို အစိုးရတာဝန်ရှိသူတွေ တိုင်းဒေသ၀န်ကြီးချုပ်တွေ တပ်မတော်အရာရှိကြီးတွေ၊ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှူအဖွဲပအစည်းက ပုဂ္ဂိုလ်တွေအပြင် သံတမန်တွေ အတော်များများလည်း တတ်ရောက်ကြပါတယ်။ ပြောရမယ်ဆိုရင် ဒီညီလာခံကနေ ငြိမ်းချမ်းရေးအတွက် တိပ တဲ့ အဖြေတော့ မထွက်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီ ဖွင့်ပွဲဟာဆိုရင် အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ခြေလှမ်း စတင်လိုက်ပြီဆိုတဲ့သဘောပါ။ဘာကြောင့်လဲဆိုတော့ ဒီညီလာခံကနေ အရင်တုန်းကချပြီးသား နိုင်ငံရေးမူဘောင် ပြန်လည်ပြင်ဆင်ဖို့ နိုင်ငံရေးဆွေးနွေးချက်တွေ စတင်မှာဖြစ်တာကြောင့်ပါ။

VOA Burmese News

၂၁ ရာစု ပင်လုံ ညီလာခံ
၂၁ ရာစု ပင်လုံ ညီလာခံ

ဒီကနေ့ စတင်ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ ဒိညီလာခံဟာ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် အရေးပါတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာလည်း များစွာအထောက်အကူဖြစ်စေတယ်လို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

NLD အစိုးရသစ်လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြီးမှုးကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဒီကနေ့ကို နေပြည်တော်မှာ စတင်ကျင်းပနေပြီး အမေရိကန်ပြည်ထောင်စုကလည်း ဒီညီလာခံကို ကြိုဆိုလိုက်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ စည်းလုံး ညီညွတ်ရေးတို့အတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကို လုပ်ဖို့ စိတ်အားထက်သန်ကြတဲ့ သူအားလုံးကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ချီးကျုးဂုဏ်ယူလိုကြောင်း ဒီကနေ့မှာပဲ ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး ရေရှည်တည်တံ့စေဖို့ အထောက်အကူကောင်းတစ်ခု ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရသူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီကနေ့ ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရေရှည်တည်မြဲဖို့အတွက် အရေးပါတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ခိုင်မာတောင့်တင်းတဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ကူးပြောင်းရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် မြန်မာလူထုအားလုံးရဲ့ ရပိုင်ခွင်အခွင့်အရေးတွေ ဒင်းပြည့်ကျပ်ပြည့် လေးစား လေးစားလိုက်နာတဲ့ အားလုံးပါဝင်တဲ့ ငြိမ်း နိုင်ငံရေး ဆွေးနွေးပွဲတစ်ခု ပေါ်ပေါက်လာဖို့လည်း ပထမ ခြေလှမ်းတစ်ခုလို့လည်း ဆိုရမှာပါ။”

ဒီကနေ့ ငြိမ်းချမ်းရေး ညီလာခံကို တစ်နိုင်ငံလုံး အဆင့် အပစ်အခက်ရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကော လက်မှတ်မထိုးတဲ့ အဖွဲ့တွေပါ တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့လို့ မဟာမိတ် လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ၊ တအောင်း ပလောင် ၊ AA ရခိုင့်တပ်မတော် နဲ့ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN - K အဖွဲ့တို့ကတော့ ဒီညီလာခံကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

တိုင်းရင်းသားတွေနဲ့ ဘာသာရေး မတူကွဲများမှုတွေကနေ အင်အားတွေနဲ့ သဟဇာတ ဖြစ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီညီလာခံကို တက်ရောက်တဲ့ လူတွေနဲ့ မတတ်ရောက်ကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေဆီကနေ ကတိက၀တ်တွေ ရဖို့ လိုတဲ့ ရေရှည် စိတ်ခေါ်မှုတစ်ရပ်ကတော့ ရှိနေဦးမှာ ဖြစ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စု အနေနဲ့ အကဲခတ်မိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်အားလုံး ချုပ်ငြိမ်းပြီး ရေရည်တည်တံတဲ့ ငြိမ်းချမ်းရေး ရဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆက်လက် ထောက်ခံအားပေးသွားမယ်လို့အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒေသခံ ပြည်သူတွေအားလုံး အကျိုးရလဒ်တွေ လုပ်ပိုင်ခွင့်တွေ ခံစားနိုင်မယ့် ရေရည်တည်တံတဲ့ ငြိမ်းချမ်းရေး ရဖို့ ပြည်တွင်း စစ်တွေ ချုပ်ငြိမ်းဖို့ မတူညီတဲ့ ရူ့ထောင့်ပေါင်းစုံကနေ စဉ်းစားတွေးခေါ်မှုတွေ ပြောဆိုဆွေးနွေးကြပြီး ဒီအမြင်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ အားထုတ်တာ အပါအ၀င် အကောင်းမြင်ဝါဒနဲ့ လုပ်ဆောင်တဲ့ သူအားလုံးအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်လက်ထောက်ခံ အားပေးသွားမှာ ဖြစ်ပါတယ်။”

ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် ၊ လွတ်တော် ဥက္ကဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကိုယ်စား ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ ကိုယ်စား ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ NLD ပါတီရဲ့ နာယက သူရ ဦးတင်ဦးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီညီလာခံကို စက်တင်ဘာလ ၄ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီနေ့စတင်ဖွင့်လှစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းအသီသီးက အကြီးအကဲတွေနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel လည်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုအပ်တဲ့ နည်းပညာကျွမ်းကျင်မှုအကူအညီတွေပေးရင်း၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို အားပေးတိုက်တွန်းနေကြောင်း၊ ဒီအချိန်အခါဟာ ငြိမ်းချမ်းရေးအတွက်အခွင့်အခါကောင်းဖြစ်ပါတယ်လို့ သံအမတ်ကြီး Scott Marciel က VOA နဲ့သီးသန့်တွေ့ဆုံခန်းမှာ ပြောဆိုထားပါတယ်။

VOA Burmese News


gwanmaw-21panglong-620.jpg
နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ သြဂုတ်လ ၃၁ ရက်နေ့ကကျင်းပတဲ့၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်ဂွမ်မော် ကို တွေ့ရစဉ်
Photo:Myo Thant Khaing/ RFA

ဒီနေ့ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်မှာဖြစ်ကြောင်း ကေအိုင်အို ဒုတိယ ဥက္ကဌ(၂) ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော် က ပြောပါတယ်။

နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပမီ ဗိုလ်ချုပ် ဂွမ်မော်က ညီလာခံအပေါ် သဘောထားကို သတင်းမီဒီယာတွေက မေးမြန်းရာမှာ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ AA ၊ MNDAA နဲ့ TNLA အဖွဲ့တွေလည်း နောက်ပိုင်းဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင် မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အခုတစ်ကြိမ်ကျင်းပတဲ့ပွဲဟာ ဖွင့်ပွဲနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေက စာတမ်းတွေ တင်ကြမှာဖြစ်ပြီး ဆုံးဖြတ်ချက်ချမယ့်ပွဲ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဒ့ါအပြင် ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား ခဲ့တဲ့ မိန့်ခွန်းအပေါ် သဘောထားကို သတင်းမီဒီယာသမားတွေက မေးမြန်းရာမှာ တပ်မတော်ရဲ့အမြင်ကို ဒီပွဲမှာ ပြော ကြားတဲ့သဘောလို့သာ မှတ်ယူကြောင်းနဲ့ လက်ခံလား လက်မခံဘူးလားဆိုတာ ပြောဖို့မလိုကြောင်း ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင်တာကို တောင်းဆိုတာမျိုး လက်နက်ကိုင်လမ်းစဉ် ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲနဲ့ ဖန်တီးနေတာဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း မိန့်ခွန်းမှာထည့် သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
RFA

sitagu-meet-bankimoon-620.jpg မစ္စတာ ဘန်ကီမွန်းနဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့တို့ သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်က Kempinski ဟိုတယ် မှာ တွေ့ဆုံစဉ်
Photo: သီတဂူဆရာတော်နှင့် သီတဂူသတင်းများ

ကုလသမဂ္ဂ အထွေထွေအတွင်းရေမှူးချုပ် မစ္စတာဘန်ကီမွန်းက ဘာသာမတူသူတွေအကြား အမုန်းစကားတွေ၊ ခွဲခြားဆက်ဆံမှုတွေ လျှော့နည်းအောင် ဘာသာရေးခေါင်းဆောင်တွေက ကြိုးစားကြဖို့ ဘာသာရေးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ ဘန်ကီမွန်းနဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့တို့ နေပြည်တော်က Kempinski ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံ စဉ် ပြောလိုက်တာဖြစ်တယ်လို့ ပွဲကိုတက်ရောက်ခဲ့တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ ဗဟိုအဖွဲ့ဝင် ဦးကျော်ငြိမ်း က ပြောပါတယ်။

မြန်မာပြည်ရဲ့ တိုးတက်မှုဖြစ်စဉ်မှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးတာကြောင့် အခုလိုတွေ့ဆုံတာဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောခဲ့ပါတယ်။

တွေ့ဆုံပွဲကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့ပြီး သီတဂူ ဆရာတော် အရှင်ဥာဏိဿရလည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီပွဲကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ ဘဟာအီ စတဲ့ ဘာသာပေါင်းစုံကိုယ်စားလှယ် ၂၅ ဦး ခန့် တက်ရောက်ခဲ့ကြပြီး ကိုယ်စားလှယ် ၁၀ ဦးခန့်က ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

RFA

drugs-arrest-muse-620.jpg
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ သြဂုတ်လ ၃၀ ရက်နေ့က ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မနေ့က စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီမူးယစ်ဆေးတွေဟာ တစ်ဖက်နိုင်ငံကနေ ၀င်လာတာဖြစ်ပြီး မြန်မာပြည်အတွင်းပိုင်းက မြို့ကြီးတွေကို ဖြန့်ဖြူးဖို့ သိုလှောင်ထားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။

"တဖက်နိုင်ငံကနေ ဝင်ရောက်လာပြီးတော့မှ မူဆယ်မှာတဆင့် သိုလှောင်ထားတယ်၊ ပြီးတော့မှ လားရှိုး၊ မန္တလေး၊ ရန်ကုန် အစရှိတဲ့ မြို့ကြီးတွေကို ဆက်လက်ဖြန့်ဖြူးတယ်လို့ ကျနော်တို့ ပဏမစစ်ဆေးချက်အရတော့ သိရှိထားတယ်"

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ရဲ့သတင်းပေးချက်အရ အခုလို ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး စိတ်ကြွဆေးပြား အရေ အတွက် နှစ်သိန်းနီးပါးနဲ့ ဘိန်းဖြူ ၃၄ ဒဿမ ၇၃၆ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီ မူးယစ်ဆေးတွေ လက်ဝယ်ထားရှိမှုနဲ့ မူဆယ်မြို့ ကောင်းမုလွယ် ရပ်ကွက်မှာနေတဲ့ မြန်မာနိုင်ငံသား နိုင်ယိုးနဲ့ မစိန်နီထွေးကို ဖမ်းဆီးရမိထားပြီး မူဆယ်မြို့ တရုတ်ကွမ်ရင်မယ်တော်ကျောင်းမှာ ဘိန်းဖြူသိုလှောင်ထားတဲ့ သီလရှင်တစ်ဦးက လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
RFA


ရိုးရိုးလေးဟိုတယ်အား ခွင့်ပြုချက်မဲ့အခန်းတိုးချဲ့တည်ဆောက်ခြင်းကြောင့် ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာနက လုပ်ငန်း လိုင်စင်ပိတ်သိမ်းခဲ့သည့်အတွက် လုပ်ငန်းလိုင်စင်ပြန်လည်ရရှိရန် ဝန်ကြီးဌာနသို့ ယခုလ ၃ဝ ရက်နေ့ ရက်စွဲဖြင့် ကရင်အမျိုးသားအစည်း အရုံး(KNU) ဥက္ကဋ္ဌစောမူတူးစေးဖိုးက ညှိနှိုင်း အကြောင်းကြားစာပေး ပို့ထားကြောင်း သိရသည်။

 အဆိုပါပေးပို့သည့်စာတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီး ရိုးဆံတော်ရှင်ရင်ပြင်၌ ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းရှင်တစ် ဦးဖြစ်သော ဦးသိန်းနိုင်(ခ)ဦးနေ ထက်သိန်းနိုင်၏ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင်(ဟ-ဝ၇၅၈)(၁၃၅) ခန်း လုပ်ငန်းလိုင်စင်ကို ပြန်လည် ရယူလိုကြောင်း ညှိနှိုင်းဆောင်ရွက် ပေးပါရန် တင်ပြကြောင်း၊ ရိုးရိုးလေးဟိုတယ်ကို လိုင်စင်ခွင့်ပြုပေးသော အဆောင်အမှတ်(၁)မှ (၅) အထိ အမြင့်ပေ ၃ဝ ကို ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးတို့ကို ဝန်ကြီးဌာနမှလည်း စိစစ်ခွင့်ပြုပေးခဲ့သည်ကို သိရှိရကြောင်း၊ သို့ရာတွင် ရိုးရိုးလေးဟိုတယ်လုပ်ငန်း ရှင်အနေဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြု ချက်မရဘဲတိုးချဲ့ဆောက်လုပ်ခြင်းကို ပယ်ဖျက်နိုင်ခြင်းကို လက်ခံနိုင်ကြောင်း၊ သို့ရာတွင် ယခင်ရရှိ ထားသော ခွင့်ပြုချက်လိုင်စင်ကိုပါ မနစ်နာစေလိုကြောင်းသနားခံတင်ပြလာကြောင်း ဖော်ပြထားသည်။

ထို့ပြင်ရိုးရိုးလေးကုမ္ပဏီသည် KNU ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်း မီးစိုင်းတောင်ကုမ္ပဏီနှင့်လည်း အကျိုးတူလုပ်ငန်းများ လုပ်ဆောင်နေသော ကုမ္ပဏီဖြစ်သည့်အပေါ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သောလူမှုရေး၊ကျန်းမာရေးတွင်လည်း ပံ့ပိုးဆောင်ရွက်နေသော ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း၊ဟိုတယ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဥပဒေမဲ့ပြုလုပ်ခြင်း၊ စည်းကမ်းနှင့်မညီညွတ်သောလုပ်ရပ်များကို ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ကြောင်း သိရှိရသည့်အပြင် ဟိုတယ်နှင့်ပတ်သက်၍လည်း မွန်ပြည်နယ်တွင် အခွန်ထမ်းအများ ဆုံးဆုကို ပထမရရှိခဲ့သည်ကို သိရှိ ရကြောင်း၊ သို့ဖြစ်ပါ၍ ကုမ္ပဏီအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုး ရှေးရှု၍ အဆိုပါ လိုင်စင် ဖျက်သိမ်းခြင်းကို ပြန်လည် သုံးသပ်ကာ သက်ဆိုင်ရာဝန်ကြီး ဌာနမှလုပ်ဆောင်ခွင့်ကို ပြန်လည် ခွင့်ပြုရန် လေးစားစွာညှိနှိုင်းတင်ပြ အပ်ပါသည်ဟူ၍ ဥက္ကဋ္ဌ စောမူတူး စေးဖိုးက လက်မှတ်ရေးထိုးတင်ပြ ထားသည်။

အစိုးရသစ် လက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် ရိုးရိုးလေးဟိုတယ် နှင့် Tourbox ကုမ္ပဏီတို့ကို လိုင်စင်ပိတ်သိမ်းပြီးနောက် ကုမ္ပဏီသုံးခုကို ခေတ္တယာယီလိုင်စင်ပိတ်သိမ်း ထားကြောင်း သိရသည်။

နေထက်ဝေ
The Union Daily
https://www.facebook.com/uniondaily.net



ကင်ဂျုံအန်း အာဏာရ ပြီးနောက် သူ့အပေါ် သစ္စာမဲ့တယ်လို့ ယူဆရသူတွေကို အကြောင်းရှာ ကွပ်မျက်လာခဲ့။
မြောက်ကိုရီးယား နိုင်ငံမှာ ပါလီမန် အစည်းအဝေး တက်စဉ် ပျော့ခွေခွေ ထိုင်ခဲ့တဲ့ ထိပ်တန်း ဝန်ကြီး တစ်ယောက်ကို ပြီးခဲ့တဲ့ လထဲမှာ ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိ တွေက ပြောပါတယ်။

ကွပ်မျက် ခံရတဲ့ ကင်ယွန်ဂျင် ဆိုသူဟာ မြောက်ကိုရီးယားရဲ့ ပညာရေး ဌာနကို ကိုင်တွယ်ရတဲ့ ဒုတိယ ဝန်ကြီးချုပ် တစ်ဦး ဖြစ်တယ်လို့ တောင်ကိုရီးယား ဘက်က နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီ ကင်ယွန်ဂျင် ဟာ အစည်းအဝေး တက်စဉ် ခုံပေါ်မှာ အိပ်ပျော်နေခဲ့တယ် လို့လည်း တချို့ သတင်းတွေက ဆိုပါတယ်။

အခုလို ကွပ်မျက်တဲ့ သတင်းကို တောင်ကိုရီးယား အရာရှိတွေ ဘယ်လို ရသလဲ ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ မြောက်ကိုရီးယား ဘက်က ကွပ်မျက်တဲ့ သတင်းတွေကို အရင်ကလည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလ တုန်းကလည်း ကွပ်မျက် ခံရတယ်လို့ ယူဆ ရတဲ့ မြောက်ကိုရီးယား စစ်တပ် အကြီးအကဲ တစ်ယောက်ကို သိပ်မကြာခင်မှာ အခမ်းအနားတွေမှာ ပြန်တွေ့ ခဲ့ရပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားမှာ ကင်ဂျုံအန်း အာဏာရ လာပြီးနောက်ပိုင်း သူ့အပေါ် သစ္စာမခံသူလို့ သူယူဆပြီး ကွပ်မျက်ခဲ့တဲ့ ထိပ်တန်း အရာရှိတွေ အတော်များများ ရှိလာပြီလို့ ယူဆ ရပါတယ်။

BBC Burmese
http://www.bbc.com/burmese


မန္တလေး သြဂုတ် ၃၁

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်အတွင်း အလုံပိတ်ခန်းများ ဖြင့် တရားမ၀င် ကော်ဖီဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆိုင် ၄ ဆိုင်အား ယနေ့သြဂုတ် ၃၁ ရက်နံနက် ၉ နာရီကျော်ခန့်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများပူးပေါင်း၍ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးလိုက်ပြီး ဆိုင်ခန်းပိုင်ရှင်နှင့်မန်နေဂျာအသီး သီးတို့အား စည်ပင်အထူးတရားရုံးတွင် တရားစွဲဆို ထားကြောင်းသိရသည်။

“ကျောင်းသားလူငယ်တွေ လမ်းမှားမရောက်အောင်လို့ ကျွန်တော်တို့ဖမ်းဆီးနေရတာပါ၊ မနှစ်ကစပြီးဖမ်းခဲ့တာ ဒီနှစ်အတွက် down town ဧရိယာမှာ ဒါပထမဦးဆုံးဖမ်းလိုက်တာပါပဲ၊ နောက်ထပ်လည်း သတင်းပေးတာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်လည်းစုံစမ်းပြီးဆက်ဖမ်းသွားမှာပါ၊ ခွင့်ပြုချက်မရှိဘဲနဲ့ ကော်မတီကတားမြစ်ထားတဲ့လုပ်ငန်းကိုလုပ်နေလို့ စည်ပင်ဥပဒေနဲ့အရေး ယူသွားမှာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး) မှ တပ်ဖွဲ့မှူးရဲမှူးငြိမ်းချမ်းအောင်က china.com myanmar သို့ပြောကြားသည်။


သတင်းအရ၀င်ရောက်ဖမ်းဆီးလိုက်သည့် Cupid ၊ Cafe 58 ၊ ဆုံနေကျ၊ ထူးခြား ဆိုင် ၄ ဆိုင်အနက် ထူးခြားနှင့် Cupid တို့မှာ တစ်ဦးတည်းပိုင်ဖြစ်ပြီး ၄င်းအား ချက်ချင်းဆိုသလို စည်ပင်အ ထူးတရားရုံး၌ တရားစွဲဆိုထားကြောင်း၊ Cafe 58 တွင် ပိုင်ရှင်ဖြစ်သူပြည်ပရောက်နေသဖြင့် မန်နေဂျာ ဖြစ်သူအား လတ်တလောတရားစွဲဆိုကာ ပိုင်ရှင်ဖြစ်သူအား ပြည်တွင်းသို့ပြန်လာရင်ခေါ်ယူထား ကြောင်း၊ ဆုံနေကျ ဆိုင်ပိုင်ရှင်နှင့်မန်နေဂျာတို့အား အလားတူ တရားစွဲဆိုထားကြောင်းသိရသည်။


၎င်းတို့အနေနှင့် စည်ပင်ဥပဒေပုဒ်မ ၁၁၈ အရ ငွေဒဏ် ၄ သောင်းမှ ၄ သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရ နိုင်ကြောင်းလည်း ရဲမှူးကဆိုသည်။

မန္တလေးမြို့တွင် ၂၀၁၅ ခုနှစ်လယ်ပိုင်းမှစတင်ကာ တရားမ၀င်အလုံပိတ်ခန်းများအား ပြည်သူ တိုင်ကြားချက်အပါအ၀င် စုံစမ်းသတင်းအရ၀င်ရောက်ဖမ်း ဆီးခဲ့ရာ ကန်တော်ကြီး ကန်ပတ်လမ်း နှင့်ရှမ်းလေးကျွန်းတို့တွင် ၂၀၁၅ ခုနှစ် ၇ လပိုင်းမှ ၂၀၁၆ ခုနှစ်အစောပိုင်းအထိ ၁၉ ဆိုင်၊ ရတနာပုံ တက္ကသိုလ် တောင်သမန်ကန်ပတ်လမ်းတစ်လျှောက် ၁၁ ဆိုင်တို့အား အမှုဖွင့်အရေးယူခဲ့ပြီး ယနေ့ဖမ်းဆီး အရေးယူမှုအပါအ၀င် စုစုပေါင်း ၃၄ ဆိုင် ၃၄ မှုရှိပြီဖြစ် ကြောင်းသိရသည်။

ဓာတ်ပုံ-မန္တလေးစည်ပင်ရဲတပ်ဖွဲ့
ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm



( သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပတဲ့၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းကို
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်) Photo: Myo Thant Khaing/ RFA
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် NCA ဟာ ငြိမ်းချမ်းရေးအတွက်သာမက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ NCA ကို လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာအောင် ကြိုးစားသွား မယ်လို့ အခုလို ပြောပါတယ်။

လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေနဲ့ မထိုးရသေးတဲ့အဖွဲ့တွေ ၀ိဝါဒကွဲပြားနေရင် ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ငြိမ်းချမ်းရေးဟာ ဒီကနေ့ ၂၁ ပင်လုံခန်းမထဲမှာ ရှိနေကြသူတွေအတွက်မဟုတ်ဘဲ ပြည်သူတွေ အားလုံးအတွက်ဖြစ်ကြောင်းလည်း ပြောပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်း က ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယုံကြည်ချက်၊ ခံယူချက် နဲ့ သဘောထားအမြင်တွေ ဘယ်လောက်ပဲ ကွဲပြားနေပါစေ ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူလိုစိတ် အပေါ် အရင်းခံပြီး လုပ်ဆောင်နေတာဖြစ်ကြောင်းပြောပါတယ်။ စစ်ရဲ့အနိဌာရုံတွေကြောင့် ပေးဆပ်ရသူတွေဟာ တပ်မတော်သားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင် တိုင်းရင်းသားတွေ ဖြစ်ကြောင်း ဒါကြောင့် မိမိတို့လက်ထက်မှာ အဆုံးသတ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုတိယဥက္ကဌ ဦးအင်ဘန်လက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်လာတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရကို ဂုဏ်ပြုလိုတာကြောင့်ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ၂၁ ပင်လုံညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ ၁၉၄၇ ခုနှစ် ပင်လုံရဲ့အဆက်ဖြစ်တယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

တိုင်းရင်းသားတွေ လက်နက်စွဲကိုင်တိုက်ပွဲဝင်နေကြတာဟာ အဲဒီအချိန်က ပင်လုံကတိ၊ စာချုပ်ကို လက်တွေ့အကောင်အထည်မဖော်ခဲ့တာကြောင့် ဖြစ်ကြောင်းပြောပါတယ်။ ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ လွှတ်တော်ဥက္ကဌ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ကေအင်ယူဥက္ကဌ မူတူဆေးဖိုး၊ ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ အန်အယ်လ်ဒီ နာယကကြီး သူရဦးတင်ဦးနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က စကားပြောကြားခဲ့ပါတယ်။

ဒီညီလာခံကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ နဲ့ လေ့လာသူ ကိုယ်စားလှယ် စုစုပေါင်း ၁၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


 
သြဂုတ် ၃၁၊ ၂၀၁၆ 

သြဂုတ်လ၃၁ရက်တွင်စတင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်
စုက ကြိုဆိုလိုက်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံး ညီညွတ်ရေးအတွက် အားလုံးပါဝင်သည့် အပြန်အလှန်ဆွေးနွေးမှု တစ်ရပ်တွင်ပါဝင်ရန်ဆန္ဒရှိကြသော ညီလာခံ၌် တက်ရောက်ကြသူ အားလုံးကိုလည်း အမေရိကန်ပြည်ထောင်စုက အတိအလင်းချီးကျူး
ပါသည်။ ဤညီလာခံသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတစ်ရပ် အတွက် အရေးကြီးသော ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ 

ထို့ပြင် နိုင်ငံကို ဒီမိုကရေစီပိုမိုပြည့်ဝသော ပြည်ထောင်စုကြီးတစ်ရပ်
အဖြစ် အသွင်ကူးပြောင်းရေးတွင် အထောက်အကူဖြစ်စေပြီး မြန်မာနိုင်
ငံသား အားလုံး၏ အခွင့်အရေးများကို အပြည့်အဝလေးစားလိုက်နာကာ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ခုအတွက် ပထမခြေလှမ်း တစ်ရပ်လည်းဖြစ်ပါသည်။

မြန်မာသည် တိုင်းရင်းသားများနှင့် ဘာသာရေး မတူကွဲပြားမှုများပေါင်း
စုံနေမှု တို့မှ အင်အားများနှင့် သဟဇာတဖြစ်မှုများကို ရယူနိုင်ရန် ကျားကုတ် ကျားခဲကြိုးစားအားထုတ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်နှင့်အညီ ဤကြိုးစားအားထုတ်မှုများသည် ညီလာခံတက်ရောက်နိုင်သော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ညီလာခံမတက်ရောက်နိုင်သေးသော ပုဂ္ဂိုလ်၊ အဖွဲ့
အစည်း များ အားလုံးထံမှ ကတိကဝတ်များ ရရှိရန်လိုအပ်သည့် ရေရှည် စိန်ခေါ်မှု ဖြစ်စဉ်တစ်ရပ် ဖြစ်မည့်အကြောင်းကိုလည်းအမေရိကန်
ပြည်ထောင်စုက အသိအမှတ်ပြုပါသည်။

 မြန်မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခများအဆုံးသတ်ရေးနှင့် ပြည်သူလူထု
အားလုံးအတွက် အကျိုးဖြစ်ထွန်းစေ၍ စွမ်းရည်များမြှင့်တင်ပေးနိုင် မည့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးအောင်မြင်မှုရရှိရန် အမြင်မတူ သည့်ရှုထောင့်မှ သဘောထားများကိုလည်း ထုတ်ဖော်ပြောဆိုကြကာ ယင်းအမြင်များကို ထည့်သွင်း စဉ်းစားကြရန်ရည်သန်၍ အားထုတ်ခြင်း အပါအဝင် ကောင်းမွန်သော ယုံကြည်မှုစိတ်ထားဖြင့် ပါဝင်ဆောင်ရွက် 
နေကြသူများကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ပါသည်။

The Ladies News

 

ကျွန်မတို့ ထားခဲ့မယ့် ကောင်းမွေ၊ ဆိုးမွေမှန်သမျှကို ခံစားရမယ့် နောင်မျိုးဆက်သစ်တွေအပေါ်မှာ မေတ္တာသက်သေထူပြီး ထမ်းဆောင်ရတဲ့ တာဝန်ဆိုတာဟာ ကြီးလေးတယ်လို့ ဘယ်တော့မှမရှိ နိုင်ပါဘူး။ သမိုင်းမှတ်ကျောက် တင်လောက်အောင် လုပ်ငန်းကြီးတစ်ခု အောင်မြင်အောင် လုပ်နိုင်ဖို့ ထူးခြားတဲ့ အခွင့်အရေးကြီးပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကြီးကို ကျွန်မတို့အားလုံး ပညာတတ်သိ၊ လုံ့လ၀ီရိယနဲ့ မိမိရရ ဆုပ်ကိုင်ပြီး အနာဂတ်တစ်ရပ် ဖော်ထုတ်ကြပါစို့။ 

မတူညီတဲ့ အမြင်သဘောထားတွေကို ပြည်သူတွေ ကောင်းကျိုးအတွက် ညှိနှိုင်းဖြစ်စေတဲ့ ပညာ ၊  လက်ခံသင့်တဲ့ အတွေးအခေါ် အပြုအမူတွေကို လက်ခံရဲတဲ့သတ္တိ၊ ခက်ခဲတဲ့လုပ်ငန်းတွေကို အောင်မြင်သည်ထိ ရွက်ဆောင်နိုင်တဲ့ ၀ီရိယတို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးမှာ ပါဝင်သူအားလုံးဟာ မိမိတို့ရဲ့ကဏ္ဍ သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုရင် ကျွန်မတို့မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်စဉ်က ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်း အပြန်အလှန် လေးစားခြင်း၊  ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းတို့မှာ အခြေခံမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားရင်ကြားစေ့ရေး မူကို အခြေခံတဲ့အစိုးရကလည်း ဒီရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဖို့ စိတ်အားထက်သန်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ဆိုင်ရာ သဘောတူညီစာချုပ် NCA ဆိုတာ ငြိမ်းချမ်းရေးအတွက် သာမက ကျွန်မတို့အားလုံး ရှည်ကြာစွာ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အစဦး ခြေလှမ်းဖြစ်ပါတယ်။

NCA နဲ့ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေရှိသလို၊ အကြောင်းကြောင်းကြောင့် မထိုးရသေး တဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုပ်တဲ့အခါမှာ NCAကို အခြေခံ ပြီး ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။

အမျိုးသား ရင်ကြားစေ့ရေးဟာ ပြည်ထောင်စုသား အားလုံးရဲ့ ဆန္ဒဖြစ်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်းကြားက သင့်မြတ်ရေး လည်း ပါဝင်ပါတယ်။ NCA လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြားမှာ ၀ိဝါဒကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ကျွန်မတို့ ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာနေမှာ ဖြစ်ပါတယ်။ 

ကျွန်မတို့ တိုင်းရင်းသား အချင်းချင်းကြားမှာ နားလည်မှု၊ နိုင်ငံသူနိုင်ငံသားတွေ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တ ခဲ့ကြတဲ့ ရေရှည်တည်တံ့ခိုင်မြဲစေမယ့် ငြိမ်းချမ်းရေးကို ရယူပေးဖို့ ကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ ပြည်ထောင်စုသား အားလုံးအပေါ် ယုံကြည်မှု အပြည့်အ၀နဲ့ ငြိမ်းချမ်းရေးခရီးကို လျှောက်လှမ်းဖို့ ကျွန်မတို့ စတင်ခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ညီညွတ်ရေး မတည်ဆောက်နိုင်ရင်  ရေရှည်တည်တံ့ခိုင်မြဲတဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့အားလုံး ညီညွတ်မှ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းပါမယ်။ ကျွန်မတို့နိုင်ငံငြိမ်းချမ်းမှ အခြားဒေသအတွင်း နိုင်ငံတွေ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်မှာပါ။ အချိန်လွန်နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်မတို့ဆွေးနွေးရမယ်။ ညှိနှိုင်းရမယ်။ ဒီလိုမျိုးနိုင်ငံရေး စားပွဲဝိုင်းမှာ စေ့စပ်ညှိနှိုင်း အဖြေရှာကြမယ်ဆိုရင် အားလုံးသဘောတူ လက်ခံနိုင်မယ့် မူဘောင်တစ်ခု ပြောင်းလွယ်၊ ပြင်လွယ် ဆောင်ရွက်နိုင်အောင် လုပ်ကြဖို့ တိုက်တွန်း ချင်ပါတယ်။

ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်စဉ်ကစပြီး နိုင်ငံရေးဆွေးနွေး၊ မူဘောင် ပြန်လည်သုံးသပ်ရေး လုပ်ငန်းတွေကို NCA လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေနဲ့ ညှိနှိုင်း ဆောင်ရွက် ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ လက်မှတ်မထိုးရသေးတဲ့ လက်ကျန်အဖွဲ့တွေ ပါဝင်လာနိုင်အောင်လို့ ဆောင်ရွက်ပေးခဲ့တယ်။ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ မူလဇာစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြသ၁နာ တွေကို ဖြေရှင်းနိုင်ဖို့ အဓိကလိုအပ်ချက်ဟာ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်း အဖြေရှာနိုင်ဖို့ဖြစ်တယ်ဆိုတာကို အမြဲပဲခံယူထားခဲ့ပါတယ်။

ပြည်သူလူထုအားလုံးရဲ့ လွတ်လပ်ရေးအတွက် မျှော်လင့်ချက်ကို ညီညွတ်ခြင်း ပေါင်းစည်းခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ ပင်လုံစိတ်ဓာတ်ဟာ ဆိုရင် ကျွန်မတို့လက်ရှိ ရောက်ရှိနေတဲ့ ၂၁ ရာစုအတွက်လည်း မရှိမဖြစ် လိုအပ်ချက်တွေပါပဲ။ ကျွန်မတို့အားလုံး မျှော်မှန်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို့ရှိရင် ကျွန်မတို့ တိုင်းရင်းသားတွေအားလုံး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တန်းတူညီတူ စုပေါင်းဆွေးနွေးညှိနှိုင်း အဖြေရှာစေမယ့် ၂၁ ရာစုမှာ ညီလာခံဖြစ်နိုင်ဖို့ ဒါပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီး စတင်ဖြစ်ပေါ်လာစေတဲ့ နောက်ခံအတွေးအခေါ် တွေ ဖြစ်ပါတယ်။

ကျွန်မတို့အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ်ကြီးတစ်ခု အနေနဲ့ ဒီမှာ စတင်ကျင်းပနိုင်ဖို့အတွက် ၂၀၁၆ ခုနှစ် မေလ ၉ ရက်နေ့ စတင်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ညီလာခံအကြို ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းပြီး တစ်ဖက်မှာလည်း မြန်မာပိစ်စင်တာကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကိုထူထောင်ပြီး အပစ်အခတ်ရပ်စဲအောင် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့၊ ယခင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များကို ကျွန်မတို့ ယခုဆက်လက်ပြီးတော့ တည်ဆောက်သွားပါမယ်။ NCA အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ဥပဒေပေါ်မူတည်ပြီး UPDJC ကို ပြင်ဆင်ဖွဲ့စည်းရာမှာ ကျွန်မကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်  အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးပွဲတို့ကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။ NCA လက်မှတ်မရေးထိုးရသေးတဲ့ UNFC ခေါင်းဆောင်တွေနဲ့ ရန်ကုန်မှာတွေ့ဆုံခဲ့ပြီး “၀” အထူးဒေသနဲ့၊ မိုင်းလားတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ 
ညီလာခံကျင်းပတဲ့ အခါမှာ ကျွန်မတို့အစိုးရသက်သက်ချည်း မဟုတ်ဘဲ အစိုးရလွှတ်တော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့စတဲ့ သုံးပွင့်ဆိုင်ပူးတွဲကျင်းပတဲ့ အနေအထားမျိုး ဖြစ်အောင် ပူးတွဲကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။ 
တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှာလည်း လက်မှတ်ထိုးပြီးသားရော လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေရော ပါဝင်လာအောင် အားလုံးညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။ လုပ်ရမယ့်အလုပ်တွေ များပြားလှတာကြောင့် ညီလာခံကျင်းပမယ့် အချိန်ကို ရွှေ့ဆိုင်းပေးဖို့ အချို့ပြောကြတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့လို့ နှစ်ပေါင်းများစွာကတည်းက မကျင်းပနိုင်ခဲ့တဲ့ ညီလာခံကြီးကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပါပြီ။ ဒီညီလာခံမှာ ပါဝင်ပတ်သက်တဲ့သူတွေမှာ မတူညီတဲ့ အမြင်သဘောထားတွေ ရှိနေကြပေမယ့် ၂၁ ပင်လုံညီလာခံ အောင်မြင်ရေးကို ဘုံရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ အခုလို ဒီနေရာမှာ စုစည်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ကျွန်မတို့နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ ရာစုနှစ်တစ်ဝက်ကျော် နှစ်ပေါင်း ခုနစ်ဆယ်နီးပါး သက်တမ်းရှည်ကြာခဲ့ပြီ ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ငြိမ်းချမ်းရေးပန်းတိုင်နဲ့ အလှမ်းကွာဝေး ခဲ့ရပါတယ်။ မအောင်မြင်ခဲ့တဲ့ အချိန်တွေကို သင်ခန်းစာယူပြီး ကျွန်မတို့ခေတ်၊ ကျွန်မတို့အချိန်အခါ ကျွန်မတို့အားလုံး စုပေါင်းပြီး သမိုင်းသစ်ကို ရေးကြရမှာပဲဖြစ်ပါတယ်။

အခုဆိုရင် တစ်နိုင်ငံလုံးမှာ ရှိနေကြတဲ့ နိုင်ငံသူနိုင်ငံသားတွေ အားလုံးဟာ စိုးရိမ်မျှော်လင့်ချက်များနဲ့ စောင့်ကြည့်နေကြပါပြီ။ မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသတွေမှာ ရှိနေတဲ့ တိုင်းရင်းသား တိုင်းရင်းသူတွေဟာလည်း ကျွန်မတို့ရဲ့ ညီလာခံကြီး ဘယ်လိုဖြစ်လာမလဲဆိုတာကို အားကိုးတကြီး စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ဖို့ ဟိုဟိုဒီဒီ ပြေးလွှားနေကြရတဲ့ လူအမျိုးမျိုးပါနေပါတယ်။ ဒီနေ့ကျွန်မတို့ နိုင်ငံရေး ပြသ၁နာတွေကို အဖြေရှာဖို့ နိုင်ငံရေးဆွေးနွေးပွဲက တစ်ဆင့် ငြိမ်းချမ်းရေးလမ်းကို စတင်လျှောက်လှမ်းလိုက်တာ ဖြစ်ပါတယ်။ ဘယ်အထိရောက်မလဲ၊ ငြိမ်းချမ်းရေးကို လျှောက်လမ်းနိုင်မှာလား ဆိုတာ မြန်မာသာမက ကမ္ဘာကပါ စောင့်ကြည့်နေပါတယ်။ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ စိတ်ကူးအိပ်မက်တွေကို ဖြည့်ဆည်းနိုင်မလား ဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးအပေါ်မှာ မူတည်ပါတယ်။ လူထုအခြေပြုအဖွဲ့တွေ အားလုံးပါဝင် ပတ်သက်မှု မရှိဘဲနဲ့ ငြိမ်းချမ်းရေးက မရရှိနိုင်ပါဘူး။ လူထုအခြေပြုအဖွဲ့တွေ တိုင်းရင်းသားဒေသနဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ အရေးကြီးပြီး တက်ကြွတဲ့ အခန်းကဏ္ဍမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။

ကျွန်မတို့တိုင်းပြည်အတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိဖို့ အားကြိုးမာန်တက် ဆောင်ရွက်ကြတဲ့ သူတွေကို ဒီနေရာကနေ ချီးကျုးဂုဏ်ပြုလိုက်ပါတယ်။ အထူးသဖြင့် ကျွန်မတို့လူငယ်တွေရဲ့ စွမ်းပကားနဲ့ တက်ကြွမှုတွေအတွက် ချီးမွမ်းအားရမိပါတယ်။ ပြီးခဲ့တဲ့ရက်အတွင်းမှာ လူငယ်တွေဟာ ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုပွဲတွေ လုပ်လာတာ တွေ့ရပါတယ်။

ငြိမ်းချမ်းရေးအတွက် ပြည်သူတွေအားလုံးရဲ့ တက်ကြွတဲ့ ပါဝင်လှုပ်ရှားမှု ထောက်ခံအားပေးမှု တွေလိုအပ်ပါတယ်။ အနာဂတ်တစ်ခု ပေါ်ပေါက်လာဖို့အတွက် ကျွန်မတို့ တိုင်းသူပြည်သားအားလုံးဟာ မဆုတ်မနစ်တဲ့ သန္နိဋ္ဌာန်ကို အကြိမ်ကြိမ် ချခဲ့ပြီးဖြစ်ပါတယ်။ ရှေ့လာမယ့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ဘယ်လောက် ခက်ခဲပါစေ၊ ကိုယ့်ရဲ့ခေါင်းဆောင်တွေက ဥာဏ်အမြော်အမြင် သတ္တိစာနာမှုတွေနဲ့ဆောင်ရွက်ကြမယ်ဆိုရင် ပြည်သူလူထုတွေလည်း လိုချင်တဲ့ငြိမ်းချမ်းရေးကို ရနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ဒီကနေ့ ဒီအခန်းထဲမှာရှိတဲ့ လူတွေရဲ့ အကျိုးကျေးဇူးများအတွက် အဓိကမဟုတ်ပါဘူး။ နောင်မျိုးဆက်သစ်တွေ ကြီးပြင်းလာဖို့အတွက် ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေဟာ ဆုံးရှုံးနစ်နာမှုတွေ၊ စိတ်ဒဏ်ရာ အနာတရတွေ ဘယ်တော့မှ မရသင့်တော့ပါဘူး။ 
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရမှသာ ကျွန်မတို့တိုင်းပြည် ကြီးပွားတိုးတက်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မတူကွဲပြားမှုတွေဟာ ပျော်ရွှင်ဂုဏ်ယူဖွယ် ဖြစ်လာပါမယ်။ နောက်ဆုံး ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ရင်သွေးတွေအဖြစ် မိမိတို့ရဲ့ ပင်ကိုယ် အရည်အချင်း တွေကို ဖော်ထုတ်ပြီး ပွဲလယ်တင့်သွားနိုင်မှာပါ။

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ကြမ်းတမ်းခက်ခဲလှတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ်မတိမ်းမစောင်း လျှောက်လှမ်းခဲ့နိုင်အောင် အားပေးကူညီခဲ့ကြတဲ့ ကျွန်မတို့ ပြည်သူတွေနဲ့ မိတ်ဆွေတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ မှန်ကန်တဲ့ အဖြေကို အတူတကွ ရှာဖွေ ဖော်ထုတ်မယ်ဆိုရင်၊ ကျွန်မတို့ရဲ့အိပ်မက်တွေ လက်တွေ့အကောင်အထည် ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အိပ်မက်ရှင်ဟာ အားလုံးရဲ့ တကယ့်အရှင်သခင် ဖြစ်တယ်ဆိုတဲ့ စကား ရှိပါတယ်။ တစ်တိုင်းပြည်လုံးရဲ့ အိပ်မက်တွေကို အမှန်တကယ် လက်တွေ့ အကောင်အထည် ပေါ်လာအောင် လုပ်နိုင်တယ်ဆိုရင် ကျွန်မတို့ဟာ အမှန်တကယ် ကိုယ့်ကိုယ်ကိုယ် လွှမ်းမိုးနိုင်တဲ့ အရှင်သခင်တွေ ဖြစ်ကြမှာပါ။ ကျွန်မတို့ရဲ့ လွတ်လပ်တဲ့နိုင်ငံရဲ့ ဖခင်ကြီးတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကိုယ့်ဘာသာ ဖန်တီးနိုင်တဲ့ အခွင့်အရေးကို မျှော်မှန်းခဲ့ပါတယ်။ ရရှိဖို့ကြိုးစားခဲ့ပါတယ်။ ရှင်းလင်းတိကျတဲ့ ရေရှည်အမြင်၊ ခိုင်မာတဲ့သန္နိဋ္ဌာန်တို့နဲ့ ညီညွတ် ယုံကြည်ခြင်းတို့ရဲ့ ခိုင်မာတဲ့စုစည်းမှုအတွင်းက ဒီအခွင့်အရေးကို ၀င့်ကြွားစွာ ကျင့်သုံးကြပါစို့။ အားလုံးကို ကျေးဇူးတင်ပါတယ်။

The Ladies News


http://www.theladiesnewsjournal.com/news/wed-2016-08-31-1234/3180


Abu Mohamed al Adnani
IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်၊ အဖွဲ့ရဲ့ ၀ါဒဖြန့်ချိရေး အကြီးအကဲလည်း ဖြစ်တဲ့အပြင် ဥရောပတိုက်အတွင်းမှာ IS အဖွဲ့အတွက် တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ရေး လူသစ် စုဆောင်းသူလည်း ဖြစ်သူဟာ ဆီးရီးယားနိုင်ငံ Aleppo ခရိုင်အတွင်းမှာ သေဆုံးသွားပြီလို့ ဆီးရီးယားကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

Aleppo မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို တွန်းလှန်နိုင်ဖို့ ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေကို စစ်ဆေးနေရင်း အဲဒီ Abu Muhammad al-Adnani ဆိုသူ အင်္ဂါနေ့က သေဆုံးသွားခြင်းဖြစ်ကြောင်း IS အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

IS အဖွဲ့ရဲ့ ခေါင်းဆောင်ကို ပစ်မှတ်ထားပြီး ဆီးရီးယားနိုင်ငံအတွင်းက al Bab ဒေသမှာ အင်္ဂါနေ့ အစောပိုင်းက ညွန့်ပေါင်းတပ်ဖွဲ့တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန အဆင့်မြင့် အရာရှိက ပြောပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုဟာ Adnani ကို ပစ်မှတ်ထားခဲ့သလား၊ ဒါမှမဟုတ် အဲဒီ တိုက်ခိုက်မှုကြောင့် Adnani သေဆုံးသွားသလားဆိုတာကိုတော့ အဲဒီအရာရှိက ပြောကြားခဲ့ခြင်း မရှိပါဘူး။ တိုက်ခိုက်မှုရဲ့ ရလဒ်ကို အမေရိကန် အရာရှိတွေအနေနဲ့ စမ်းစစ်နေတုန်းပဲလို့ သူက ပြောပါတယ်။

Adnani ကို ဖမ်းမိအောင် သတင်းပေးနိုင်ရင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ သန်း ချီးမြှင့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက မနှစ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ တန်ဖိုးကြီးတဲ့ IS အဖွဲ့ဝင်တွေကို Aleppo ခရိုင်အတွင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုက်လံ စုံစမ်းနေခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ Adnani ပါ မပါ ဆိုတာကို အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ ညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

    ယနေ့ စတင်ကျင်းပသော ၂၁ ရာစု ပင်လုံ ညီလာခံမှ ငြိမ်းချမ်းရေးလမ်းကို စတင် လျှောက်လှမ်းလိုက်ပြီ ဖြစ်ကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးကို ဘုံရည်မှန်းချက်ထားပြီး ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့်၂၁ ရာစု ပင်လုံညီလာခံကို ယနေ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပြင် ကမ္ဘာကပါ ငြိမ်းချမ်းရေး အတွက် စောင့်ကြည့်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲများ တက်လှမ်းရာတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) ကို အခြေခံသောကြောင့် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များကိုလည်း အစိုးရသစ်အနေဖြင့် NCA လက်မှတ်ထိုးလာအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ NCA လက်မှတ်ထိုးထားသော အဖွဲ့များနှင့် မထိုးရသေးသော အဖွဲ့များကြား သဘောထားမကွဲရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) သည် ငြိမ်းချမ်းရေးအတွက် သာမက ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးအတွက် အခြေခံထားကြောင်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ခဲ့သော ယခင် သမ္မတဟောင်း ဦးသိန်းစိန်ကို ဂုဏ်ပြုကြောင်း၊ ယခင်အစိုးရ ဖော်ဆောင်ခဲ့သော ငြိမ်းချမ်းရေး လမ်းစဉ်ကို အကောင်အထည်ဖော် ဆက်လက် လုပ်ကိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

“ခေတ်အဆက်ဆက်မှာ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားခဲ့ပါတယ်။ မအောင်မြင်ခဲ့တာတွေကို သင်ခန်းစာယူပြီး ကျွန်မတို့ခေတ်မှာ အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ အားလုံး ပါဝင်မှုမရှိဘဲ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ညီလာခံ ခန်းမထဲမှာသာ မွေးဖွား ပေါ်ပေါက်လာနိုင်တာ မဟုတ်ပါဘူး။ ပြည်သူအားလုံးရဲ့ အားပေးထောက်ခံမှု တက်ကြွ လှုပ်ရှားမှုတွေ လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုသည် ယနေ့အခမ်းအနားတွင် ရှိနေသော သူများအတွက်သာ မဟုတ်ဘဲ အနာဂတ် မျိုးဆက်လူငယ်များ၏ စိတ်ထဲမှာ မငြိမ်းချမ်းသော ဒဏ်ရာများ မရစေရန် ဖြစ်ကြောင်း ၎င်းကပြောသည်။ 

(Xinhua)
http://www.xinhuamyanmar.com


 
 
 
"ခေတ်အဆက်ဆက်မှာ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ပါတယ်။ မအောင်မြင်ခဲ့တာတွေကို သင်ခန်းစာယူပြီး ကျမတို့ခေတ်မှာ အောင်မြင်အောင်လုပ်ဆောင်ဖို့ လိုပါတယ်။ အားလုံးပါဝင်မှုမရှိဘဲ ငြိမ်းချမ်းရေးမရနိုင်ပါဘူး...။" 

"ငြိမ်းချမ်းရေးဆိုတာ 
ညီလာခံခမ်းမထဲမှာသာ မွေးဖွားပေါ်ပေါက်လာနိုင်တာ မဟုတ်ပါဘူး။ ပြည်သူအားလုံးရဲ့ အားပေးထောက်ခံမှု တက်ကြွလှုပ်ရှားမှုတွေ လိုအပ်ပါတယ်။ ရှေ့လာမယ့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ဘယ်လောက်ပဲ ခက်ခဲပါစေ နွေးထွေးမှုနဲ့ ဆောင်ရွက်မယ်၊ ပြည်သူရဲ့ အားပေးထောက်ခံမှုရှိမယ်ဆိုရင် ဆက်လျှောက်လှမ်းရမှာပဲဖြစ်ပါတယ် ...။"

"ကျမတို့ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ဒီကနေ့ခမ်းမထဲမှာ ရှိနေတဲ့သူတွေအတွက်သာ မဟုတ်ပါဘူး။ အနာဂတ်ကျမတို့မျိုးဆက်လူငယ်တွေရဲ့ စိတ်ထဲမှာ မငြိမ်းချမ်းတဲ့ ဒဏ်ရာတွေ မရစေဖို့ပါ ...။" 

"ကြမ်းတမ်းခက်ခဲလှတဲ့ ငြိမ်းချမ်းရေးလမ်းပေါ် လျှောက်လှမ်းနိုင်အောင် ကူညီခဲ့တဲ့ ကျမတို့ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် လွတ်လပ်ရေးဖခင်တွေဟာ လုပ်ဆောင်နိုင်ခဲ့ပါတယ်...။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှ ကောက်နှုတ်ချက်
(ဓာတ်ပုံ - ဝင်းနိုင်/ကမာရွတ်မီဒီယာ)

 
နေပြည်တော်၊သြဂုတ် ၃၁

ယခုလက်ထက်တွင် မငြိမ်းချမ်းမှုများ နိတ္တိတံ
 အဆုံးသတ်ဖို့ လိုပြီဟု တပ်မတော်ကာကွယ်ေရး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က 
ညီလာခံတွင် ထည့်သွင်းပြောဆိုသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
 ပြည်တွင်ငြိမ်းချမ်းရေးရရှိဖို့ အရေးကြီး ကြောင်း ၊
 လက်နက်ကိုင်ပြီး လိုချင်တာကို တောင်းဆိုမှုမျိုး
 မဖြစ်သင့်ကြောင်း ၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို
 ဖော်ဆောင်ပေးခဲ့ပြီး ဖြစ်၍ ထိုနည်းလမ်းအတိုင်း
သွားရန် လိုကြောင်း ၊ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူများတွင်
 တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ 
သည်အဓိကပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

===================

photo-ရဲလွင်

Popular News Journal


 

 
ပင်လုံ ညီလာခံ ကြီးကား နှစ်ပေါင်း  ၇၀ နီးပါး တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲကြကာ အချင်းချင်း လက်နက်ကိုင်တိုက်ခိုက်လာခဲ့သည်ကြသည့် အဖြစ်ကို အဆုံးသတ် ရင်ကြားစေ့နိုင်ရေး အတွက် ဒီနေ့ မှ စကာ ၅ ရက်ကြာကျင်းပဖို့ ရှိနေပြီး ငြိမ်းချမ်းရေး ကို မြတ်နိုးကြသော ပြည်သူ များက နိုင်ငံတ၀ှမ်း ကြို ဆိုလျက် ရှိကြပါတယ်။

ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူ ပ် ကိုယ်တိုင် တက်ရောက်မှာ မို့ တကမ္ဘာလုံး က စောင့်ကြည့်လျက် ရှိနေပါတယ်။ အလားတူ ပြည်သူ တရပ်လုံး က လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သံတမန်ရေး နိုင်ငံရေး နည်းလမ်းတွေ အကုန် မြုပ်နှံ ပြီး ရင်းနှီးမြု ပ်နှံထားတဲ့ ပွဲ မို့ လို့ လည်း  အယင်ကနဲ့ မတူ အထူး မျော်လင့်ချက် တွေ ထားနေကြပါတယ်။

တပ်မတော် ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် တွေ ရဲ့ သဘော ကို ကောင်းကောင်း နားလည် ထားတယ်လို့ ခံယူထားပြီး "အမကြီး ကြိုးစား ကြည့်ချင်သပ ဆို လုပ်ကြည့်ပေါ့ သဘောနဲ့ "အတတ်နိုင်ဆုံး ၀ိုင်းရံပေးတာတော့ တွေ့ နေရပါတယ်။ သိတ်တော့ မျော်လင့်ချက် မထားဖူး ဆိုတဲ့ အနေနဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း UNFC အဖွဲ့ ၀င် ဖြစ်တဲ့ SSPP/SSA စခန်းတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။

နှစ်ဖက် စလုံး က မည်သည့်ဖက်မှ အနိုင်မရ နိုင်သော စစ်ပွဲကြီးကို အသက်သွေးခ္ဈေး တွေ စတေးခံပြီး တိုက်လိုစိတ် မရှိကြတော့ ၍ အခုလို ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ သို့ ရောက်လာကြပြီး နိုင်ငံရေး အရ အဖြေရှာရန် ကြိုး ပမ်းလာကြခြင်း ဖြစ်တယ်ဆိုတာ တော့ အလေးအနက် ယုံကြည်ထားဖို့ တော့ လိုပါတယ်။

 သို့ သော် နှစ်ပေါင်း ၇၀ နီးပါး သဘောကွဲလွဲမှု များကို ၅ ရက်အတွင်း အပြု သဘောဆောင်တဲ့ ရလာဒ်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ရင်တော့ အကောင်းမြင်ရာ ကျ လွန်းနေပါလိမ့်မယ်။

ပင်လုံညီလာခံ နဲ့ ပါတ်သက်ပြီး ဘာတွေ မျော်လင့်သင့်သလဲ။ ဒီ နေရာ မှာ အလေး အနက် ထားပြီး စဉ်းစားကြရမယ့် အချက်ကတော့ တိုင်းရင်းသား တွေ လက်နက်စွန့် ပြီ ဆိုတာ နဲ့ ငြိမ်းချမ်းရေး ရရှိ ပြီလော။အသို့ဆိုက မိမိတို့ ငြိမ်းချမ်းရေ တောင်းဆိုနေမှုများသည် တဘက်သတ် ဆန်လွန်းနေပေမည်။

တိုင်းရင်းသား တွေ တကယ် လက်နက်စွန့် ပြီ ဆိုတာနဲ့ အစိုးရ ဖက်မှ လုပ်ပေးစရာ များက များစွာ ရှိ လာနေပြီ ဖြစ်တာကို သတိပြု မိကြရပါလိမ့်မယယ်။ ဒီ အတွက် ပြည်သူ များ ငြိမ်းချမ်းရေး အသီး အပွင့် များ ခံစားနိုင်ရေး ၂ ဆ တိုး ကြိုးပမ်းရပေတော့မည် ဆိုတာလည်း မမေ့သင့်ပေ။

အရေးကြီးဆုံး ထိမ်းသိမ်းရမည့် အရေးကား အချူ ပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဖြစ်ပါတယ်။
 အဲ့သည်မူ ကနေ လွတ်ထွက် မသွားပဲ တိုင်းရင်းသား တွေ တောင်းဆို လာနိုင်မယ့် အရာတွေကို မျမျ တတ စဉ်းစားပေးကြဖို့ လိုပါတယ်။

အဆိုပါ တိုင်းရင်းသား များသည် နှစ်ပေါင်းများစွာ လူ့ အခွင့် အရေး များ ဆုံးရှုံးလာခဲ့ကြရပြီး သေနတ်သံ ဗုံးသံ တွေ ကြားမှာ ကြီးပြင်းလာခဲ့ရသူ များ ဖြစ်ပါတယ်။ မိမိတို့ သမ္မတရုံ မှာ ဂျိမ်းဘွန်းကား မိသားစု နဲ့ အရသာခံ ကြည့်နေတဲ့ အချိန် မှာ သားတွေ သမီးတွေ လက်မှာ စွဲ ခေါင်းပေါ်မှာ အထုတ်ထမ်းပြီး တောကြို အုံကြား အသက်လုပြေးနေကြရတဲ့ သူ တွေ ဖြစ်တာကို လည်း ကိုယ်ချင်းစာတတ်ဖို့ လိုပါတယ်။

 ဒီ လို ကိုယ်ချင်း စာ စိတ်ဖြင့် ကချင်ကရင် ရှမ်း စသည်ဖြင့် မမြင်ကြပဲ  သူတို့ လည်း ငါတို့ လိုပဲ နေခြင်ရှာ ကြ ပေ လိမ့်မယ် ဆိုတဲ့  စာနာ နားလည်မှု ဖြင့် မိမိတို့ တအူတုံဆင်း ညီရင်းအစ်ကို  စိတ်ဓါတ် နဲ့ အပေးအယူ ပြု လုပ် သွားမယ် ဆိုရင် မည်သို့ မျ မအောင်မြင်နိုင်စရာ အကြောင်း မရှိပေ။

နိုင်ငံရေး အရ အဖြေ မရက စစ်ရေး နည်းလမ်းကိုသာ သုံး ရန် ရှိတော့သည်ဟူသော အပြောအဆို များက အမြင် တိမ်မှု များကို ပြသ  နေပါတယ်။

ဥပမာ အား ဖြင့် စစ်ရေး အရ ဖြေရှင်း လိုက်သဖြင့် ရှမ်းရိုးမ  တခွင် သူ ပုန် သူ ကန် များ လုံးဝ အေးချမ်းသွားသည် ဆိုကြပါစို။ ဘယ်လောက်ခံပေမည်နည်း။ ဒေသခံ တိုင်းရင်းသား များရဲ့  လုပ်အား အရင်း အမြစ်များ  မရရှိနိုင်သဖြင့် စီး ပွား လူမှု တိုးတက်မှု များကို ဖေါ်ဆောင်နိုင်ခြင်း မရှိနိုင်တော့။  ထိုအခါ A အဖွဲ့ မရှိတော့၍ B အဖွဲ့.ထပ် ပေါ် လာရပေမည်။ဤသို့ ဖြင့် သံသရာ တကျော့ ပြန်လည်လာကြဦးမည်သာ။

တိုင်းပြည် တည်ဆောက်ရေး တွင် သုံးရမည့် ငွေများကား စစ်စရိတ် ဖြင့် လုံးပါး ပါးလာရမည်ဖြစ်၍ အကူ အညီ ပေး လိုသော နိုင်ငံ များ နှင့် ရင်းနှီး မြုပ်နှံလိုသော ကုမ္ပဏီ များ လက်တွန့် ကုန်ကြပေတော့မည့် အရေးကား ထည့်သွင်းစဉ်းစားရပေအုန်းမည်။

ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်များကို ငြိမ်းချမ်းရေး ညီလာခံသို့ ဖိတ်ခေါ် ခဲ့ ခြင်းသည်ပင် ၎င်းတို့သည် ဒေသခံ တိုင်းရင်းသား များကို ကိုယ်စားပြု သည့် အဖွဲ့ အစည်းများဟု နိုင်ငံရေး အရ အသိ အမှတ်ပြု ခဲ့ခြင်း ပင် ဖြစ်သဖြင့် ရှေ့ သို့ ခြေ တလှမ်း စ လှမ်း လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တက်ရန် ကျနှိနေသော ကိုးကန့်၊ AA နှင့် တနန်း အဖွဲ'့ များ စဉ်းစားသင့်သည်မှာ ယခုလို ကုလသမဂ္ဂ အတွင်းရေးမှုး ချူ ပ်ကိုယ်တိုင် တက်ရောက်၍ legitimate ဖြစ်အောင် လုပ်ပေးမည့်ပွဲ၊ ရလာဒ်များ ထွက်ပေါ် လာပါကလည်း အာမခံ ချက် ပေးအုန်းမည်။ ဒီလို အခွင့် အရေး မျိုး ဘယ်သော အခါမျ ပြန်မရနိုင်တော့ပေ။

တပ်မတော်မှ တောင်းဆိုသည်က လည်း အလွန်မရှိ။ ငြိမ်းချမ်းရေး ရရှိပါက မိမိတို့ မှ လက်နက် စွန့် လွှတ်ရန် အသင့် ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပေးရန် သာ ဖြစ်ပါတယ်။

ယခု ၂၁ ရာစု ပင်လုံ ညီလာခံ ကို အကြောင်းအမျိုးမျိုးနှင့် ညင်းဆန်ပါကလည်း မည်သူမျ ထိခိုက်မည် မဟုတ်ပဲ မိမိတို့ အဖွဲ့ အစည်းသည်သာ နစ်နာစရာ ရှိသည်ကို သတိချပ်သင့် ပါတယ်။ အနည်းဆုံး မိမိ အဖွဲ့ ရဲ့ ရပ်တည်ချက်ကို တိုင်းပြည် နှင့် နိုင်ငံတကာသို့ တင်ပြနိုင်မည့် အခွင့်  ရမည့် အရေး သည် နဲနဲနောနော အခွင့် အရေး မဟုတ်ပေ။

မိမိတို့ ဖက်ကလည်း  ပကတိ အခြေအနေ များနှင့် ကိုက်ညီသော၊ နိုင်ငံရေး  အမြတ်ထုတ်လိုခြင်းကင်းသော မျတ သည့် တောင်းဆိုချက် များဖြင့် တိုင်းရင်းသား အားလုံး လိုလား သည့်   စစ်မှန်တဲ့ ငြိမ်းချမ်းရေး အပေါ် အခြေခံတဲ့ ဖက်ဒရယ် မူကြီး အမြန်ပေါ်ပေါက် လာရေး ပါဝင်သူ များ အားလုံး စိတ်ရင်းစေတနာကောင်းဖြင့်  ၀ိုင်းဝန်း ကြိုးပမ်းရမည့် အချိန် ကျလာနေပြီ ဖြစ်ကြောင်း တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။

HSW                                                  BrainWave ဉာဏ်လှိုင်း                                         


bankimoon-dassk-press-620.jpg
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၃၀ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းနေစဉ်
Photo: Myo Thant Khaing/ RFA

မြန်မာအစိုးရဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂ အနေနဲ့ အပြည့် အဝထောက်ခံကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြား လိုက်ပါတယ်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ဒီကနေ့ ကျင်းပတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဘန်ကီမွန်းက အခုလိုပြောဆို ခဲ့တာပါ။

"အားရကျေနပ်ဖွယ်ရာ တိုးတက်တဲ့ခြေလှမ်းတရပ်အနေနဲ့ မြန်မာအစိုးရက မစ္စတာ ကိုဖီအာနန် ဥက္ကဌ အဖြစ် တာဝန်ယူမယ့် ကော်မရှင်ကို ဖွဲ့စည်းခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်၊ မစ္စတာ ကိုဖီအာနန်က မိမိကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ရာမှာ မိမိက သူဦးဆောင်မယ့် ကော်မရှင်ကို ကုလသမဂ္ဂ အနေနဲ့ အတတ်နိုင်ဆုံး ပံ့ပိုးကူညီမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်၊ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဒီကိစ္စအတွက် ပါဝင်သက်ဆိုင်သူတွေကို တတ်နိုင်သမျှ အများဆုံး တွေ့ ဆုံဆွေးနွေးဖို့လည်း သူ့ကိုတိုက်တွန်းခဲ့ပါတယ် စသဖြင့် ဘန်ကီမွန်းက ပြောကြားသွားပါတယ်"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဌ အဖြစ် တာဝန်ယူတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂမှာ တာဝန်ယူဖူးတဲ့ တခြား ပြည်ပ ပညာရှင် ၂ ဦး နဲ့ ပြည်တွင်းက လူပုဂ္ဂိုလ် ၆ ဦး အပါအဝင် စုစုပေါင်း ၉ ဦးနဲ့ သြဂုတ်လ ၂၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ကော်မရှင်ဟာ ရခိုင်ပြည်နယ် ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေ တဆင့် အစိုးရထံ ၁ နှစ်အတွင်း တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီတင်ပြချက်ကို ပြည်သူတွေသိရှိနိုင်အောင် အစီရင်ခံစာတစ်စောင် ထုတ်ဝေဖြန့်ချိမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အခုဖွဲ့စည်းခဲ့တဲ့ အကြံပေးကော်မရှင်ကို ဖျက်သိမ်းဖို့ ရခိုင်အမျိုးသားပါတီ ANP က တောင်းဆို ခဲ့သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကလည်း စောင့်ကြည့်သွားမယ်လို့ကြေညာချက် ထုတ်ပြန် ထားပါတယ်။

ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က တတ်နိုင်သလောက် လူများများ တက်ရောက် နိုင်အောင် စီစဉ်ပေးမှာ ဖြစ်ကြောင်း၊ တက်ရောက်မယ် မတက်ရောက်ဘူး ဆိုတာကိုတော့ ကာယကံရှင်တွေကပဲ ဆုံးဖြတ်ကြရမှာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ နေပြည်တော်မှာ သြဂုတ်လ ၃၁ ရက်နေ့ ဒီကနေ့ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားဖို့ရှိပြီး အဲဒီ ညီလာခံကို စက်တင်ဘာလ ၄ ရက် နေ့ အထိ ပြုလုပ် မှာ ဖြစ်ပါတယ်။
RFA

(Credit: Htet Aung Khant)
(Credit: Htet Aung Khant)

ငြိမ်းချမ်းရေးကို အဓိက ဦးစားပေးဆောင်ရွက်မယ်လို့ NLD အစိုးရသစ်က ပြောကြားထားတဲ့အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ရေး အင်မတန်အရေးကြီးတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ဒီကနေ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီညီလာခံနဲ့ ပတ်သက်လို့ သတင်းယူနိုင်ဖို့အတွက် ကျမတို့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ကိုသားညွန့်ဦးလည်း အခု နေပြည်တော်မှာ ရောက်နေပါတယ်။ ဒါကြောင့် ဒီကနေ့ စတင်မယ့် ၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးပွဲအကြောင်း မစုမြတ်မွန်က ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ကိုသားညွန့်ဦးရေ ဒီကနေ့ မကြာခင်အချိန်မှာပဲ ၂၁ ရာစု ပင်လုံညီလာခံ စတော့မယ်ဆိုတော့ ဒီကနေ့ ညီလာခံစမယ့်နေ့မှာ ဘာတွေအစီအစဉ်တွေရှိတယ်၊ ဘယ်လိုမျိုးကိစ္စတွေ ဆွေးနွေးမယ်၊ ဘာတွေပြောကြမယ်လို့ မျှော်လင့်နိုင်မလဲရှင့်။

ဖြေ - ဒီကနေ့မနက် ၉ နာရီခွဲမှာ သူတို့ဖွင့်ပွဲလုပ်မှာပါ။ ဖွင့်ပွဲကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ သူတို့ကနေ အဓိက ဖွင့်ပွဲမိန့်ခွန်းတွေ ပြောကြမယ်။ ကာကွယ်ရေးဦးစီးချုပ်လည်း ပြောမယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါ ဖွင့်ပွဲအခမ်းအနားပေါ့။ ဖွင့်ပွဲပြီးတော့ အားလုံး ညီလာခံစပြီးတော့ လုပ်ကြမှာကတော့ နေ့လည် ၁ နာရီမှာ ပြန်ပြီးတော့ Myanmar Convention Center မှာပဲ တိုင်းရင်းသားတွေအားလုံး စုပြီးတော့ တကယ့် ညီလာခံကြီး စတင်ပြီးတော့ လုပ်မှာပါ။ အဲတော့ အဓိကကတော့ ဒီနေ့ကတော့ ဖွင့်ပွဲက အဓိကဖြစ်မှာပါ။

မေး - ဆိုတော့ ဒီညီလာခံမစခင်မှာပဲ ဒီညီလာခံကို တက်နိုင်ဖို့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တွေ၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၊ ဘယ်အဖွဲ့က ဘယ်နှစ်ယောက်တက်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးကို သူတို့ ဆွေးနွေးခဲ့ရတယ်၊ အချေအတင်ဖြစ်ခဲ့ရတယ်ပေါ့လေ။ အငြင်းပွားစရာတွေ ဖြစ်ခဲ့ရတယ်ဆိုတော့ - ညီလာခံကတော့ ဒီကနေ့ စပြီဆိုတော့ ဒီညီလာခံအပေါ်မှာ တိုင်းရင်းသားတွေဘက်က နောက်တခါ နိုင်ငံရေးအင်အားစုတွေဘက်က ဒီအပေါ် မျှော်လင့်ချက် ဘယ်လောက်ရှိသလဲ။ ဒီညီလာခံနဲ့ပတ်သက်လို့ စိတ်အားထက်သန်မှု ဘယ်လောက်ရှိတယ်လို့ရော မြင်ရပါသလဲ။

ဖြေ - ခုနက မစုမြတ်မွန် ပြောသွားသလိုပဲ ညီလာခံမတိုင်ခင်မှာ ညီလာခံတက်ရောက်နိုင်ဖို့နဲ့ ပတ်သက်လို့ပေါ့နော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရော၊ နိုင်ငံရေးပါတီတွေရော ဒီအပေါ် အတော်လေး အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ အငြင်းပွားမှုအတိုင်းပဲ တကယ်ညီလာခံကျင်းပတဲ့ အခါမှာလည်း အခုဆိုရင်တော့ ကျိန်းသေသလောက် ဖြစ်သွားပါပြီ။ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ နောက် တအာင်း-ပလောင်၊ နောက် AA ရခိုင့်တပ်မတော် အဲဒီ ၃ ဖွဲ့က အခု ညီလာခံ ပထမအကျော့မှာတော့ မတက်ရောက်နိုင်မယ့် အနေအထား ဖြစ်သွားပါပြီ။ အဲတော့ မတက်ရောက်နိုင်မယ့် အတွက်ကြောင့်မို့လို့ဆိုပြီးတော့ပဲ အခု SNLD ဥက္ကဌ ခွန်ထွန်းဦးကနေပြီးတော့ ဒီညီလာခံကို သူ မတက်တော့ဘူးဆိုပြီးတော့ ကျနော်တို့ သိရပါတယ်။ အဓိက ခွန်ထွန်းဦး ပြောတာကတော့ All Inclusive ပေါ့နော် အားလုံး ပါဝင်နိုင်တဲ့ ညီလာခံတခုဖြစ်ဖို့ သူတို့ လိုလားတယ်။ အဲလိုညီလာခံဖြစ်မှ တက်နိုင်မယ်ဆိုတဲ့သဘော ပြောတဲ့အခါကျတော့ ဒီ ၃ ဖွဲ့ မရှိတော့ သူ မတက်တော့ဘူးဆိုတဲ့သဘော ပြောပါတယ်။ အဲဒီအနေအထားမျိုးတော့ ကြုံပါတယ်။ ဒါပေမဲ့ ကျနော် မေးမြန်းကြည့်ရသလောက် တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရော၊ နိုင်ငံရေးပါတီတွေရော သူတို့ရဲ့ အမြင်ကတော့ ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကျင်းပတယ်ဆိုတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံးကတော့ မပြီးသေးဘူး ဆက်ပြီးတော့ သွားရမယ်။ ဒါပေမဲ့ ဒီညီလာခံက တစုံတရာ ရလဒ်ကောင်းတွေ ရလာလိမ့်မယ်လို့တော့ အခိုင်အမာ ယုံထားတာ တွေ့ရပါတယ်။

မေး - အဲတော့ တက်မယ့် ဒီအဖွဲ့တွေဘက်က သူတို့ ဘာတွေကို တင်ပြဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ရော သိရပါသလဲရှင့်။

ဖြေ - အခုက ဆွေးနွေးပွဲက ကျနော် သိရသလောက်တော့ နိုင်ငံရေးမူဘောင်တွေကို အရင်ဆုံး ပြန်ပြီး ဆွေးနွေးမယ်။ နိုင်ငံရေးမူဘောင်ဆိုတာက အရင်တုန်းက သမ္မတဦးသိန်းစိန်လက်ထက်မှာ NCA စာချုပ်ချုပ်တဲ့ အထဲမှာပါတဲ့ နိုင်ငံရေးမူဘောင်ကိစ္စတွေပါပဲ။ အဲတော့ နိုင်ငံရေးမူဘောင်တွေကို ဒီညီလာခံပထမအကျော့ ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ်လို့ သိရပါတယ်။ အဲဒါမျိုးကိုတော့ သူတို့ ယတိပြတ်အဖြေတခုရအောင်လို့ ချမယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် နိုင်ငံရေးမူဘောင်ဆွေးနွေးခဲ့တယ်ဆိုတာက အစိုးရရယ်၊ တပ်ရယ်၊ NCA လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့ပဲ ပါတယ်။ UNFC တို့ ဘာတို့ မပါပါဘူး။ အခုက UNFC တို့ ပါလာတော့ ဒီကိစ္စကို အဓိကဆွေးနွေးမယ်လို့ သိရပါတယ် ဒီအကျော့မှာ။

မေး - ပထမအကျော့လုပ်တဲ့ ၂၁ ရာစုပင်လုံညီလာခံက ဖွင့်ပွဲနေ့အပါအ၀င် စုစုပေါင်း ဆွေးနွေးမှာက ၅ ရက်ဆိုတော့ ဒီ ၅ ရက်အတွင်းမှာ ဘယ်လိုရလဒ်မျိုး ရလာလိမ့်မယ်လို့ တက်ရောက်တဲ့သူတွေဘက်က မျှော်လင့်ထားပါသလဲရှင့်။

ဖြေ - ကျနော် နားလည်သလောက်ရော၊ တက်ရောက်တဲ့သူတွေရဲ့ သိရှိမှုအရရော ကျနော် မေးမြန်းကြည့်တဲ့သဘောအရရော တကယ်တမ်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မပြီးပြတ်သေးပါဘူး။ အခုအနေအထားက ခုနက ကျနော်ပြောသလိုပါပဲ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာ ပထမအကျော့ပါပဲ။ ဒါပြီးရင် နောက်ထပ် ဒုတိယအကျော့၊ နောက်ထပ်အကျော့တွေလည်း လာဖို့ ရှိနေပါတယ်။ ပထမအကျော့မှာတော့ ခုနက ကျနော်ပြောသလိုပါပဲ နိုင်ငံရေးမူဘောင်လောက်ကိုပဲ ဖြတ်ပြီးတော့ နောက်ပိုင်းအသေးစိတ်ကိစ္စတွေ နောက်ပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဒါတွေ ထပ်သွားဖို့ရှိပါတယ်။ ဒါက process ဖြစ်စဉ်တခုအနေနဲ့ သွားမယ့်သဘောတော့ ရှိပါတယ်။ ဒီညီလာခံက ပထမအကျော့ပေါ့နော်။ ငြိမ်းချမ်းရေးအားလုံး အဆင်ပြေသွားမယ်ဆိုတဲ့ အနေအထားမျိုးကိုတော့ မှန်းလို့ မရသေးပါဘူး။ ဒီညီလာခံအပြီးမှာတော့။ နောက်ထပ်အကျော့တွေ လာပါဦးမယ်။

၂၁ ရာစုပင်လုံညီလာခံကို သတင်းယူဖို့ နေပြည်တော်မှာ ရောက်နေတဲ့ ကိုသားညွန့်ဦးကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်ရှင်။

မစုမြတ်မွန်
VOA Burmese News


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ (MOFA)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ (MOFA)

မြန်မာနိုင်ငံတွင်းက မတူညီတဲ့ ဘာသာ လူမျိုးနောက်ခံရှိ ပြည်သူအားလုံးဟာ တန်းတူရည်တူ နိုင်ငံသားအခွင့်အရေးတွေ ခံစား ရယူခွင့်ရှိသင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုဖြေရှင်းဖို့ ကော်မရှင်ဖွဲ့စည်းခဲ့တဲ့အပေါ်မှာလည်း လက်ရှိ အစိုးရကို ချီးကျူးပြောဆိုသွားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့တော့ နေပြည်တော်ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ညဦးပိုင်း နေပြည်တော် နိုင်ငံခြားရေးဌာနမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပေမယ့်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပဲ အဓိကထားပြီး ပြောဆိုထားတာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ချီးကျူး ပြောဆိုခဲ့ပေမယ့် စိန်ခေါ်အကဲစမ်းချက်တွေ ရှိတယ်ဆိုတာလည်း ထောက်ပြသွားပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်ထဲကအခြေအနေတွေကို မီးမောင်းထိုးပြောခဲ့ပါတယ်။

“ဘယ်လူမျိုးဖြစ်ဖြစ် ဘယ်ဘာသာဝင်ဖြစ်ဖြစ် ၊ဘယ်လိုစီးပွားရေးအခြေအနေ အောက်မှာဖြစ်ဖြစ် မြန်မာပြည်သူအားလုံးဟာ လွတ်လပ်မျှတပြီးတော့ ဘေးကင်းလုံခြုံတဲ့အခြေအနေအောက် ၊ ပိုပြီးကောင်းမွန်တဲ့ လူမှုစီးပွား အခွင့်အလမ်းတွေ လိုလားနေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရော ကျနော်ပါ သဘောထားတူခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေပါတယ် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းဖို့ကလည်း အစိုးရက လိုလားတာတွေ့ရပါတယ်။ IDP ဒုက္ခသည်စခန်းမှာ ၄ နှစ်ကြာဆင်းဆင်းရဲရဲ ကျပ်တည်းတဲ့ အနေအထားတွေအောက်နေနေရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုကိုလည်း ကျနော်ပြောပြပါတယ်။ တခြားနေရာက ပြည်သူတွေလိုပဲ သူတို့ဟာလည်း သူတို့အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ လူသားဂုဏ်သိက္ခာတွေ ရသင့်ပါတယ်။ ရိုဟင်ဂျာလူမှုအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ လူမျိုး လက္ခဏာသတ်မှတ်ချက်အခွင့်အရေးရဖို့ သတ်သတ် မဟုတ်ပါဘူး။ မတူတဲ့ဘာသာ မတူတဲ့ လူမျိုးရှိတဲ့ မြန်မာပြည်သားအားလုံး အခွင့်အရေး မျှမျှတတနဲ့ ဟန်ချက်ညီညီ အတူတကွ ယှဉ်တွဲနေထိုင်သွားလာဖို့ လိုပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံအတွက် မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးတန်းတူညီတူ နိုင်ငံသားအခွင့်အရေးရဖို့ အခြေအနေကိုလည်း သူက မီးမှောင်းထိုးပြောသွားပါတယ်။ သူ့အနေနဲ့ အတွင်းရေးမှူးချုပ်တာဝန်ယူစဉ်တလျှောက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ အခြေအနေတွေကိုလည်း အတွင်းရေးမှူးချုပ်က ပြောဆိုသွားပါတယ်။

အထူးသဖြင့်တော့ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရတာဝန်ယူချိန်မှာ အတူတကွ တွဲလုပ်ရတာကို သူ့အနေနဲ့ ဂုဏ်ယူတဲ့အကြောင်းပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ လက်တွဲလုပ်နိုင်တာအတွက် အင်မတန်ဂုဏ်ယူမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလိုမျိုး အစိုးရအဖွဲ့အတွင်း နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ အချိန်ကာလမျိုးမှာ ကုလသမဂ္ဂဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို အစဉ်မပျက်ထောက်ခံခဲ့တာပါ။”

သူ့အနေနဲ့ အတွင်းရေးမှူးချုပ်တာဝန်ယူစဉ်မြန်မာစစ်အစိုးရကို အပြောင်းအလဲအတွက် တိုက်တွန်းခဲ့တာကိုလည်း ပြောဆိုသွားသလိုပဲ၊ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်စတင်ဆောင်ရွက်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း ချီးကျုးပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရသစ်အတွက် အကဲစမ်းမှုတွေ အခက်အခဲတွေ ရှိပေမယ့်လို့ အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ညီလာခံကနေပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ရှေ့တိုးဆောင်ရွက်နိုင်ဖို့ဟာ နိုင်ငံတကာ မိသားစုရဲ့ မျှော်လင့်ချက်ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောပါတယ်။

၂၁ ပင်လုံနဲ့ ပတ်သက်လို့တော့ ပါဝင်သူတွေရဲ့ စိတ်ရှည်မှု၊ ပိုင်းဖြတ်မှုနဲ့ ဆွေးနွေးလိုစိတ်တွေအပေါ်မှာ သူ့အနေနဲ့ ချီးကျူးကြောင်းလည်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သတင်းပတ်က လှုပ်ခတ်သွားခဲ့တဲ့ ငလျင် ကြောင့် လူ ထိခိုက်သေဆုံးမှုတွေနဲ့ သမိုင်းဝင် ဘုရားပုထိုး ပျက်စီးမှုတွေအပေါ်မှာ ၀မ်းနည်းတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။
VOA Burmese News


အာနန်ကော်မရှင်၊ အကျိုးအကြောင်း၊ အကောင်းအဆိုး (၄)

မျှော်လင့်ချက်များ

အာနန်ကော်မရှင်မှာပါတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ရှေ့ပိုင်းမှာ ရေးခဲ့တဲ့ အစွဲတွေ၊ လွှမ်းမိုးမှုတွေ ရှိနေနိုင်ပေမယ့် ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ ပကတိအခြေအနေမှန်ကို ထင်ဟပ်တဲ့ အကြံပြုချက်တွေ ပေါ်ထွက်လာနိုင်မယ့် မျှော်လင့်ချက်တွေလည်းရှိတယ်။

ပထမမျှော်လင့်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့။ ကိုဖီအာနန်ရဲ့ နိုင်ငံ တကာမှာ ထင်ပေါ်ကျော်ကြားမှုကို ကျော်နိုင်တာ ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကော်မရှင်ရဲ့ ဘက်မလိုက်မှု၊ သမာ သမတ်ကျမှု ကို ရအောင်လုပ်နိုင်သလို ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ နိုင်ငံ ရဲ့ အခြေ အနေအရ လက်တွေ့အကောင်အထည်မဖော်နိုင်တာရှိရင်လည်း ဘာ့ ကြောင့် မလုပ်နိုင်ဘူးဆိုတာကို နိုင်ငံတကာကိုပြောပြနိုင်စွမ်းရှိပါတယ်။အဲဒီလိုပဲ လုပ် ဆောင်သင့်တယ်၊ အကောင်အထည် ဖော်သင့်တယ်ထင်ရင်လည်း ပြည်သူတွေ လက်ခံလာအောင် သူပဲ ရှင်းပြနိုင်စွမ်း ရှိမှာဖြစ် ပါတယ်။
နောက်ပြီး ကော်မရှင်ရဲ့ ဖွဲ့စည်းမှုကလည်း သမ္မတရဲ့ အမိန့်နဲ့ ဖွဲ့စည်း တာ မဟုတ်ပဲ နိုင်ငံ တော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနနဲ့ နားလည်မှုစာချွန်လွှာလက် မှတ်ရေးထိုးလုပ် ဆောင်မှာ ဖြစ်တဲ့အတွက် တစ်ဆင့်နိမ့်တဲ့သဘောရှိပါတယ်။ ဒါကလည်း တိုးသာ ဆုတ်သာ ပိုရှိမယ့် အနေအထားလို့ ယူဆလို့ရပါတယ်။

ဒုတိယမျှော်လင့်ချက်ကတော့နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေပေါ့။ ဦးကျော်တင့်ဆွေက န၀တ အစိုးရလက်ထက်မှာ ကုလသမဂ္ဂ ဆိုင် ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တာပါ။

ကျွန်တော့် လေ့လာမှတ်သားမိသလောက်ဆိုရင် ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ အထိ ဆယ်နှစ်တာဝန်ယူ ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ဘင်္ဂလီကိစ္စ အပါအ၀င် မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုအမျိုးမျိုးကို ကိုင်တွယ် ဖြေရှင်းတဲ့အတွေ့ အကြုံရှိသူဖြစ်တဲ့အပြင် ကိုဖီအာနန်နဲ့လည်း ထိတွေ့ဆက်ဆံခဲ့ဖူးသူ ဖြစ်ပါတယ်။ အဲဒီလို သံတမန်ဆိုင်ရာအတွေ့အကြုံများ၊ကုလသမဂ္ဂဆိုင်ရာ အတွေ့အကြုံ များကြောင့်ကိုဖီအာနန်ကော်မရှင်နဲ့ဆက်ဆံရာမှာအများကြီးအထောက်အကူဖြစ်မှာပါ။

တတိယမျှော်လင့်ချက်ကတော့ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြပါ။ ဦးဝင်းမြကလည်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ၁၉ ၉ ၄ ခုနှစ်က နေ ၂၀၀၁ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် နိုင်ငံတကာရေးရာတွေမှာ အတွေ့အကြုံ အများ ကြီးရှိခဲ့သူဖြစ်သလိုရခိုင်တိုင်းရင်းသားတွေထဲမှာ လည်းလေးစားခံရသူဖြစ်ပါတယ်။ မြန်မာ နိုင်ငံ လူ့အခွင့် အရေး ကော်မရှင်မှာ ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အခြေအနေကိုလည်း ထဲထဲဝင်ဝင်သိရှိသူဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုဖီ အာနန်ကော်မရှင်အတွင်းမှာ ဆွေးနွေးတဲ့အခါ လူ့အခွင့်အရေးအခြေအနေများနဲ့ ပတ် သက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်ပြောဆိုနိုင်မယ့်အခြေအနေရှိပါတယ်။

တကယ်တော့ ကိုဖီအာနန်ရဲ့ ရခိုင်ကော်မရှင်ဟာ အသွားနှစ်ဘက်နဲ့ ဓားပါ။ ကိုယ့် အတွက် အခွင့်အရေးရှိသလို စိန်ခေါ်မှုလည်းရှိတယ်။ ဒီတော့ ဘာလုပ်ကြမလဲ။

အကြံပြုချက်

အစိုးရအတွက်အကြံပြုချက်ကတော့တစ်ခုပဲရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန နှင့် ကိုဖီအာနန်ဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာထိုးပြီးရင်တော့ အဲဒီ စာချွန်လွှာပါအချက်တွေကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းအသိပေးဖို့ပါပဲ။ မပေးပဲ နေ လို့တော့ရပါတယ်။ ဒါပေမယ့် သတင်းအချက်အလက်မှန်မရရင် အဲဒီနေရာမှာ ကောလာ ဟလတွေ၊ သတင်းမှားတွေက ၀င်ပြီးနေရာယူမှာပဲ။ အဲဒီအခါကျမှ ရှင်းရပိုခက်သွားမှာ ဖြစ် ပါတယ်။

ရခိုင်တိုင်းရင်းသားများအတွက်နဲ့ ရခိုင်ပြည်နယ်အရေးကို စိတ်ပူပင်နေသူများကို အကြံ ပြုတင်ပြချင်တာကတော့

၁။ ကော်မရှင်လုပ်ငန်းစတဲ့အချိန်မှာ ပူးပေါင်းဆောင်ရွက်ပါ။ အခု အဆင့်က ကော်မရှင် ဖွဲ့သင့်မသင့် အကြံတောင်းတဲ့အဆင့်မဟုတ်တော့ဘူး။ ဖွဲ့သင့်တယ် ထင်လို့ ဖွဲ့ပြီးပြီ။ တိုင်းရင်းသားများဘက်ကကော်မရှင်နဲ့မတွေ့ဘူး၊စကားမပြောဘူးဆိုရင်လည်း ကော်မရှင် ကတော့အကြံပြုချက်ရေးမှာပဲ။ ကိုယ်မပြောဘူးဆိုရင် ကိုယ့် အယူအဆတွေ၊ ထင်မြင်ချက်ေ တွ၊သမိုင်းဆိုင်ရာအချက်အလက်တွေမပါတာပဲရှိတယ်။ ရခိုင်တိုင်းရင်းသားများဘက်က ကော်မရှင်ကို သပိတ်မှောက်မယ်ဆိုရင် အပျော်ဆုံးဖြစ်မှာ ကတော့ တစ်ဘက်အဖွဲ့အစည်း တွေပဲဆိုတာ သတိပြုစေချင်ပါတယ်။

၂။ ကိုယ့်ဘက်က ရပ်တည်ချက်တွေကို ကြိုတင်စဉ်းစားပြင်ဆင်ထားသင့်ပါပြီ။ အထောက် အထားတွေ၊ ကိုယ်စားပြုဆွေးနွေးမယ့်သူတွေကို ကြိုတင်ရွေးချယ်ထားသင့်ပါတယ်။ ကော် မရှင်မလာခင် ကြားကာလအချိန်တွေကို ကန့်ကွက်တာနဲ့ပဲ အချိန်မကုန်သင့်တော့ပါဘူး။

၃။ ပြည်တွင်းဥပဒေတွေ၊နိုင်ငံတကာဥပဒေတွေကို ကြိုတင်လေ့လာထားသင့်ပါတယ်။ ရခိုင် ပြည်နယ်နဲ့ပတ်သက်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အစီရင်ခံစာများကိုလည်း ကြိုတင် လေ့လာထားဖို့လိုပါ့မယ်။

၎။ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က ဖွဲ့စည်းပေးခဲ့တဲ့ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေး ရေးကော်မရှင်အစီရင်ခံစာကို အသေအချာပြန်လည်လေ့လာအသုံးချသင့်ပါတယ်။ အဲဒီ ကော်မရှင်ရဲ့ အစီရင်ခံစာကို နိုင်ငံတကာကလည်း လက်ခံပါတယ်။ အစီရင်ခံစာရဲ့ အကြံ ပြုချက်တွေထဲက ဆောင်ရွက်ပြီး၊ ဆောင်ရွက်ရန်ကျန်များကို အခြေခံပြီးဆွေးနွေးဖို့ လို သလို ကော်မရှင်ရဲ့တွေ့ရှိချက်တွေထဲက အသုံးတည့်မယ့်အချက်တွေကိုလည်း ရွေးချယ် ထားဖို့လိုပါတယ်။

၅။ ဆွေးနွေးဖို့အတွက်ပြင်ဆင်သလို ပြည်တွင်း၊ ပြည်ပမီဒီယာဆက်ဆံရေးများအတွက် လည်း ကြိုတင်ပြင်ဆင်ဖို့လိုပါပြီ။ ကျွန်တော်တို့ ရင်ဆိုင်ရမယ့်တစ်ဘက်အုပ်စုဟာ နှစ် ပေါင်းနှစ်ဆယ်ကျော် နိုင်ငံတကာမီဒီယာစာမျက်နှာမှာ လက်ဦးမှုရနေတယ်ဆိုတာ သတိ ပြုဖို့လိုပါတယ်။

၆။ ရခိုင်တိုင်းရင်းသားများရဲ့ ပုံရိပ်ကောင်းဖို့လိုပါတယ်။ တစ်ချို့နိုင်ငံခြားသားတွေ၊ အဖွဲ့ အစည်းတွေက ရခိုင်တိုင်းရင်းသားတွေကို ခေါင်းမာတယ်၊အစွန်းရောက်တယ်၊တစ်ယူ သန် တယ်လို့မြင်နေတာကို ဖယ်ရှားနိုင်ဖို့လိုပါတယ်။

၇။ ဘင်္ဂလီပြဿနာကို အစ္စလမ်ဘာသာဆန့်ကျင်ရေးအဖြစ် တစ်ဖက်က ပုံဖော်မခံ ရအောင် ဆောင်ရွက်ဖို့လိုပါတယ်။

၈။ ကိုယ့်ဘက်ကလည်း ပကတိအရှိတရားကို လက်ခံပြီးဆွေးနွေးနိုင်ဖို့လိုပါလိမ့်မယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဘင်္ဂလီတွေထဲမှာ အင်္ဂလိပ်လက်ထက်က စပြီး အခြေချနေထိုင်သူတွေကနေပေါက်ဖွားလာတဲ့၊ ၁၉ ၈၂ ဥပဒေအရ စိစစ်ရင် နိုင်ငံသား ဖြစ် နိုင်တဲ့သူတွေအများကြီးရှိနိုင်တယ်ဆိုတာမျိုးကို လက်ခံနိုင်ရပါ့မယ်။ လူတစ်သန်းကျော် ကို ပင်လယ်ထဲ မောင်းချမယ် ဆိုတာမျိုးနဲ့တော့ အလုပ်မဖြစ်နိုင်ပါဘူး။ လူမျိုး၊နိုင်ငံသား၊ တိုင်းရင်းသား စတဲ့ဝေါဟာရတစ်ခုချင်းအပေါ် အသေအချာနားလည်ပြီး ရွေးချယ်စရာ နည်းလမ်းတွေကို အဆိုပြုနိုင်ရပါမယ်။

၉ ။ ကော်မရှင်မလာခင် ကြားကာလ ရခိုင်ပြည်နယ်အခြေအနေကို တည်ငြိမ်အောင် ၀ိုင်း ၀န်းထိန်းသိမ်းကြပါ။ ပဋိပက္ခဖြစ်ရင် ကော်မရှင်ရှေ့မှာ လိုသလိုပုံဖော်ချင်တဲ့အုပ်စုတွေ အတွက် အခွင့်ကောင်းရသွားပါလိမ့်မယ်။

၁၀။ ရခိုင်ပြည်နယ်အရေးဖြစ်လို့ ရခိုင်တိုင်းရင်းသားများကို ခေါင်းစဉ်တင်ပြော နေပေမယ့် ဒါဟာ အမျိုးသားရေးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှု နဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ပေးနိုင်မယ့် မှန်ကန်တဲ့ဖြေရှင်းမှုရအောင် တိုင်းရင်းသား အားလုံး က ၀ိုင်းဝန်းကူညီဆောင်ရွက်ဖို့လိုပါတယ်။

ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုင်တွယ်နေပါတယ်ဆိုပြီး သွေးအေး နေလို့မရသလိုဘာလာလာလက်မခံဘူးဆိုပြီး သွေးဆူနေ လို့လည်းမရပါဘူး။ ခေါင်းအေး အေးနဲ့ စဉ်းစားဆုံးဖြတ်ဆောင်ရွက်ဖို့လိုပါတယ်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အသွားနှစ်ဘက်နဲ့ ဓားကတော့ လက်ထဲ ရောက် လာပါပြီ။ ကိုယ့်လက်ကို ဓားမရှအောင် ညီညီညွတ်ညွတ်နဲ့ကြိုးစားကြပါစို့။

Ye Htut
https://www.facebook.com/ye.htut.988



ရထားနဲ့ လေကြောင်း ခရီးစဉ်တွေ ရပ်ဆိုင်း ထားရ။
ဂျပန် နိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်းကို လိုင်းယွန်းရော့ခ် Lionrock တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့လို့ ၂၀၁၁ ဆူနာမီ လှိုင်းဒဏ် ခံရအပြီး ပြန်လည် တည်ဆောက်နေဆဲ ဖြစ်တဲ့ ဒေသတဝိုက်မှာ ပျက်စီးမှုတွေ ထပ်ကြုံခဲ့ရပါတယ်။

လိုင်းယွန်းရော့ခ် တိုင်ဖွန်း မုန်တိုင်းကြောင့် သောင်းနဲ့ချီတဲ့ လူတွေလည်း နေရပ် စွန့်ခွာ ပြောင်းရွှေ့ ခဲ့ရပါတယ်။

ရထား လိုင်းတွေနဲ့ လေကြောင်း ခရီးစဉ်တွေကိုလည်း ဖြတ်တောက် ခဲ့ရပါတယ်။

ဆူနာမီ ဒဏ်ကြောင့် ယိုစိမ့်ခဲ့တဲ့ ဖူကူရှီးမား နျူစက်ရုံက ပြင်ဆင် ရှင်းလင်းရေး အလုပ်တွေကိုလည်း အခု မုန်တိုင်းကြောင့် ရပ်ဆိုင်း ထားရပါတယ်။

အဲဒီ ဒေသမှာ တိုင်ဖွန်းမုန်တိုင်း ကုန်းတွင်းပိုင်း ဝင်ရောက် တိုက်ခတ်တာဟာ ဂျပန် မိုးလေဝသ အဖွဲ့က စတင် မှတ်တမ်းပြုစုတဲ့ ၁၉၅၁ နောက်ပိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ကရင်ပြည်နယ်အတွင်း တပ်မတော် နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော တိုးတက်သော ဗုဒ္ဓ္ဓဘာသာ ကရင် အမျိုးသားတပ်မတော်(DKBA- နားမကြားအဖွဲ့) မှ တပ်ခွဲမှူး တစ်ဦးဖြစ်သူ ဗိုလ်မှူး နားမကြားသည် သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက သေဆုံး သွားကြောင်း ယင်းအဖွဲ့က အတည်ပြု ပြောဆိုသည်။

အဆိုပါ အဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA မှ နှုတ်ထွက်ထားသည့် ခေါင်းဆောင်း ဟောင်းများ ဦးစီးပြီး အသစ်ဖွဲ့စည်း ထားခြင်း ဖြစ်ကာ ကရင်ပြည်နယ်အတွင်း တပ်မတော် နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည်။


ဗိုလ်မှူးနားမကြားသည် သြဂုတ်လ ၂၉ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဓားခုတ်ခံ ရမှုဖြင့် သေဆုံးခြင်းဖြစ်ပြီး ၎င်းသေဆုံးမှုသည် တိုက်ပွဲများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း DKBA ခွဲထွက် အဖွဲ့မှ ငြိမ်းချမ်းရေး အ ကျိုးတော်ဆောင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“တစ်ခြားအဖွဲ့ တစ်ဖွဲ့နဲ့ ပြဿနာတက်ထားတာရှိတယ်။ အဲဒီကနေပြီးတော့ ဆင်ဦးစီး တစ်ယောက်က ဓားနဲ့ ခုတ်လိုက်တာ၊ အဲဒါနဲ့ပဲ ဆုံးသွားတာပါ” ဟု ၎င်းကဆိုသည်။
သို့သော်လည်း အဆိုပါ ဖြစ်စဉ် အသေးစိတ်ကို DKBA ခွဲထွက် အဖွဲ့မှ တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

ထို့အပြင် သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်BGF ပူးပေါင်းအဖွဲ့ နှင့် DKBA ခွဲထွက် အဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန် ထားသည်။

ဓါတ်ပုံ ။  ။ Thein Kyaw (facebook)
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation

မနက်ဖြန်တွင်စတင်ကျင်းပမည့် ၂၁ ရာစု ပင်လုံမှာ တိုင်းရင်းသားများအတွက် မျှော်လင့်ချက်မရှိနိုင်သေးကြောင်း ရှမ်းလက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီးဆေထင်က ပြောသည်။

နေပြည်တော်တွင် သြဂုတ်လ ၃၁ ရက်နေ့စတင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ကြီးဆေထင်က သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
‘အခုချိန်အထိတော့ ဘာမှ မျှော်လင့်ချက်မရှိနိုင်သေးဘူးလို့ ထင်တာပဲ။’ ဟု ရှမ်းလက်နက်ကိုင်ခုခံမှု စတင်သည့် ၁၉၆၀ ကျော်ကာလကတည်းက ရှမ်းလက်နက်ကိုင်အဖွဲ့ဝင်ဖြစ်လာခဲ့သည့် ဗိုလ်ချုပ်ကြီးဆေထင်က မှတ်ချက်ပြုသည်။

ကျင်းပမည့် ၂၁ ပင်လုံတွင် တိုင်းရင်းသားများ မိန့်ခွန်းပြောဆိုခွင့် အပါဝင် ၊ အခြား အစည်းဝေးအစီစဉ်များနှင့် ပတ်သက်ပြီး ညှိနှိုင်းမှုများမှာ အထစ်အငေါ့ အချို့ရှိနေကာ ညီလာခံစတင်ရန် တရက်အလိုအထိ ညီလာခံကျင်းပမှု အစီစဉ် အချိန်ဇယားများမှာ အတိအကျထွက်ပေါ်နိုင်ခြင်းမရှိခဲ့ပေ။
၎င်းကိစ္စများအပြင် တိုင်းရင်းသားများအားလုံးပါဝင်နိုင်မှုမရှိခဲ့ခြင်းကို အကြောင်းပြ၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဦးခွန်ထွန်းဦးမှာ ညီလာခံတက်ရောက်မည့် အစီစဉ်အားဖျက်သိမ်းခဲ့သည်။
ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များနှင့်ပတ်သက်၍ အကြိုဆွေးနွေးမှုများတွင် နာမည်ရာထူးဖော်ပြသည့် ကိစ္စများကအစ ခွဲခြားမှုများရှိနေသည်ဟု ယူဆခံရမှုများလည်းပေါ်ပေါက်နေသည်။
‘ အခု UNFC နဲ့ အပါဝင်တိုင်းရင်းသားတွေနဲ့ ခက်ခက်ခဲခဲညှိနေရတယ်လေ။ အစည်းဝေး စီမံမှု စကားပြောတာကအစ ။ ဆိုတော့ ကျွန်တော်တို့လူတွေရဲ့ UNFC ဘက်က စစ်ရာထူးတွေမထည့်ဘူးပေါ့လေ။ ‘ ဟု ဗိုလ်ချုပ်ကြီးဆေထင်က သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၇ နာရီခန့်တွင်ပြောသည်။

သို့သော် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲထားခြင်းမရှိသည့် ၄င်းတို့၏ SSPP/SSA ရှမ်းတပ်မတော်အပါဝင် UNFC တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့ဝင်များမှာ အရပ်သားအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုဖြင့် ညီလာခံအားဆုံးခန်းတိုင်အောင်တက်ရောက်သွားမည်ဟုဆိုသည်။
နေပြည်တော်တို့ SSPP/SSA ကိုယ်စားလှယ်ရောက်ရှိနေစဉ်ကာလမှာပင် တန့်ယန်းမြို့နယ်ရှိ SSPP/SSA စခန်းအချို့မှ တပ်မတော်မှ တိုက်ခိုက်ခြင်းကို ခံနေရသည်ဟုလည်း SSPP/SSA တာဝန်ရှိသူအချို့က ဆိုသည်။

‘ခင်ဗျားတို့လည်းသိတဲ့အတိုင်းပဲ ဧပြီလကစလို့ အစိုးရသစ်တက်တယ် အင်မတန်တိုတောင်းတဲ့ ကာလမှာသူလည်း လုပ်တော့လုပ်နေတာပဲ ကျွန်တော်တို့ ဝေဖန်သုံးသပ်ဖို့က အင်မတန်စောလွန်းတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ လိုရင်းတိုရှင်းပြောမယ်ဆိုရင် လက်တွေ့ကနေပြီးတော့မှ အဖြေပေးလိမ့်မယ်။ ကျွန်တော်အဖြေပေးတာထက်စာရင်။ အစိုးရရဲ့ ဖြစ်စဉ်အောင်မြင်မလား ၊ မအောင်မြင်မလားဆိုတာ၊ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးလိုလားတယ်။ ‘ ဟု SSPP/SSA မှ ဒုတိယ ဥက္ကဌ စ၀်ခွန်ဆိုင်က ပြောသည်။

ရှမ်းတပ်မတော်မြောက်ပိုင်းမှာ အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲထားမှုမရှိသော်လည်း ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲထားသည့်အဖွဲ့အစည်းဖြစ်သည်။

The Ladies News

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစာရှင်းလင်းပွဲ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာပြုလုပ်နေစဉ်

BBC Burmese



 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေကြသူတွေ အားလုံး စိတ်ရှည်ဖို့ မစ္စတာ ဘန်ကီမွန်းပြော
သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစု ပင်လုံမှာ အားလုံး ပါနိုင်အောင် အစိုးရဘက်က တတ်နိုင်သမျှ ဆောင်ရွက်မှာ ဖြစ်ပြီး တက်တာ မတက်တာက တိုင်းရင်းသားတွေ အပိုင်းလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ သြဂုတ်လ ၃၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘီဘီစီက မေးတာကို အခုလို ပြန်ဖြေ ခဲ့တာဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်း ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မြန်မာ နိုင်ငံအတွက် အရေးကြီးလို့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေ အားလုံး စိတ်ရှည် ကြဖို့နဲ့ ကုလသမဂ္ဂက အဲဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အပြည့်အဝ ထောက်ခံကြောင်း ပြောခဲ့ပါတယ်။

အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်အရေးနဲ့ ပတ်သက်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောခဲ့ရာမှာ သူအနီးကပ် စောင့်ကြည့်ရသလောက် ရခိုင်အရေးဟာ ရှုပ်ထွေး နက်နဲတဲ့ ကိစ္စဖြစ်လို့ အားလုံးက အမြင်ကျယ်ကျယ်နဲ့ ဖြေရှင်းဖို့ လိုကြောင်းနဲ့ ကုလ သမဂ္ဂ ကလည်း နိုင်ငံတကာရဲ့ စိုးရိမ်ချက် တွေကို သယ်ဆောင်လာပြီး မြန်မာ အစိုးရကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အမည်အပေါ်မှာ အငြင်းပွားနေတာထက်စာရင် ဒုက္ခသည်စခန်းတွေမှာ နေကြရတဲ့ ထောင်သောင်းချီ သူတွေရဲ့ ဘဝတွေ သက်တောင့်သက်သာ နေနိုင်ကြစေဖို့နဲ့ လူတန်းစေ့ နေနိုင်ကြအောင် လုပ်ဆောင်ဖို့ အစိုးရမှာ ရည်ရွယ်ချက် ရှိတာ တွေ့ရကြောင်းနဲ့ ကုလသမဂ္ဂ ဖက်ကလည်း ဒါကို ကူညီသွားမယ်လို့ သူက ပြောပါတယ်။

မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ ရခိုင် အရေး အကြံပေး ကော်မရှင်နဲ့ ပတ်သက်လို့တော့ ဒါဟာ ရခိုင်အရေး အဖြေရှာရာမှာ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လေးနက်ကြောင်း ပြသတာ ဖြစ်ပြီး ကုလသမဂ္ဂကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် တက်ခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းထောက်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

အဆိုပါ သီချင်း ကို မဆို သင့် ဟု မန္တလေး တိုင်း ၀န်ကြီးချူ ပ် က ပြောသည်ဆိုကာ အဆဲ အဆို သမား များ အတွက် ကုန်ကြမ်း များ ရလာပြီး မကြားဝံ့မနာသာ ထုံး စံ အတိုင်း ဆဲကြ၊ အမျိုး ကို ချစ်ကြ နှင့် အလုပ်တွေ ရူပ်ကုန်ကြသည်။.အချို ကလည်း ၎င်းတို့ ရဲ့ အသိအမြင် ကလေး များနှင့် ဂွင်ထဲ ၀င်လာပြီဆိုကာ တွေ့ ရာ မြင်ရာ လျောက်ဝင်ရေးကြပြန်သည်။

ပြောသည့် သူ က (ဒေါက်တာ) ဇော်မြင့်မောင်။ နဲနဲရရ နိုင်ကျင်းကြီး တော့ မဟုတ်။ ဆိုးပေ့ ကြမ်းပေ့ ရက်စက်ပေ့ ဆိုသော စစ်အစိုးရ ရဲ့ နရသိမ် ထောင်ကြီး နှင့် နှစ်ပေါင်း ၂၀ နီးပါ ရင်းနှီးက္ဈမ်းဝင်ခြင်း ရှိခဲ့သူ။

အဖမ်းခံခဲ့ရသည်ကို ကြည့်ပါဦး။ အစိုးရ အား လက်နက်နှင့် တိုက်ခိုက် ဖြုတ်ချရန် ကြံစည်ခဲ့သော နိုင်ငံတော် သစ္စာဖေါက်မှုကြီးများလားဟု မထင်ကြပါလင့်။

၁၉၉၀ နိုဝင်ဘာ ၂၂ ရက်က ယာယီ အစိုးရ ဖွဲ့ စည်းရန်ခေါ်ယူသော အစည်းအဝေးသို့ သွားတက်ကာမျ နှင့် ရာဇသတ်ကြီး ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ် ချမှတ်တော် မူ ခြင်း ခံခဲ့ရသူ ဖြစ် ပေသည်။ သို့ အတွက် မန္တျလေး ဆေးတက္ကသိုလ် က ရ လာခဲ့သော ဆရာဝန် လက်မှတ်လည်း ပြုတ်သွား ခဲ့ပြန်သည်။

ထိုမျ နှင့် မပြီးသေး ၁၉၉၅ ၌ ထောင်ထဲတွင် ရန်ကုန် တက္ကသိုလ် စိန်ရတု မဂ္ဂဇင်း ထုတ် ရန် ကြံသည်ဆိုကာ ၁၉၅၀ အရေးပေါ် ဥပဒေ အရ နောက်ထပ် ထောင်ဒဏ် ၇ နှစ် ထပ်တိုး လိုက်ပြီး လွန်စွာ ချမ်းအေးလှသော မြစ်ကြီးနား ထောင်သို့ ပြောင်းပေးခဲ့သည့်အပြင် ရေခဲတမျ အေးသော ရာသီဥတု တွင် ခွေးတိုက်ထဲ ပိတ်လှောင်ထားခြင်းကိုပါ လပေါင်း များစွာ ခံခဲ့ရသူ လည်း ဖြစ်ပြန်သည်။

အစားဆင်းရဲ အနေဆင်းရဲ လှစွာဖြင့် ဖြတ်သန်းခဲ့ရပြီး ၂၀၀၉ တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ သူ ပြန်လည် လွတ်မြောက် လာချိန်တွင်ကား နောက်ထပ် ရွှေဝါရောင် တော်လှန်ရေး ကြီး ထပ်မဖြစ်ရေး အတွက် အာဏာပိုင်များက မဲမဲ မြင်ရာ နှိပ်ကွပ်နေချိန်လည်း ဖြစ်ပြီး ၎င်း၏ မိခင် ပါတီ NLD မှာလည်း ယဲ့ယဲ့လေးသာ ရှိပြီး အသက်ငွေ့ ငွေ့ လောက်နှင့် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေရှာသော အဖွဲ့အစည်း သာသာမျ သာ ဖြစ်သည်။

ဤကဲ့သို့ မိမိ အကျိုး အမြတ် အတွက် ဘာတခုမျ မျော်လင့်၍ မရသည့် အဖွဲ့ အစည်းကြီး ဖြစ်သည့်အပြင် ၎င်းတို့ နှင့် သွားရောက် ရောနှောယုံမျဖြင့် လာရာလမ်း ဖြစ်သည့် နရသိန် ထောင်ကြီးသို့ ပြန်သွားရမည့် အရေး ကိုလည်း လားလားမျ မမှုပဲ တတိုင်းပြည်လုံး စစ်က္ဈန် ဘ၀ မှ လွတ်မြောက်ရေး၊.တရားမျတမှု ရရှိရေး အတွက် ဘ၀ တခုလုံးကိုရင်း၍ အဆိုပါ အဖွဲ့ ကြီး ထဲသို့ ပြန်လည် ၀င်ရောက်ကာ မပြီးဆုံးသေးသော တိုက်ပွဲကြီးကို ဆက်လက်၍ တိုက်ခိုက် ပေးခဲ့ရှာသော သူရဲကောင်းကြီး တဦးပင် ဖြစ်သည်။

အကျဉ်းထောင်ဆိုသည်ကား ညှင်းပန်း နှိပ်စက်မှု အမျိုးမျိုး ကို နေစဥ့်နှင့် အမျ ခံစားရသောနေရာကြီးလည်း ဖြစ်သည်ကို အားလုံးအသိပင်။ တော်ယုံ စိတ်ဓါတ်ဇွဲ သတ္တိ ဖြင့် ခံနိုင်ဖို့ မလွယ်က်ါလှ။ အဆိုပါ ရက်စက်ကြမ်းကြုပ်လှသော အရပ်ဒေသ ကြီးမှ က္ဈန်တော် နိုင်ငံရေး မလုပ်တော့ပါဟု ခံဝန် လက်မှတ်ကလေး ထိုးလိုက်ယုံမျ ဖြင့် ချက်ခြင်း လွတ်မြောက်နိုင်သည်ကို သိသော်ငြားလည်း ဖိနှိပ်သူတို့ ကို အလျော့ပေးလိုခြင်း မရှိ လှေခွက်ချည်း: ကြံ အလံမလှဲ စိတ်ဓါတ် ဖြင့် ကြံ့ကြံခံ ရပ်တည်ခဲ့သော ဗမာ့သားကောင်းကြီး တဦးပင် မဟုတ်ပါလား။

မကြာမီ က အမျူိးသားရေး ဟု ကြွေးကြော်ခဲ့သော နိုင်ငံရေး ပါတီလေးတခုမှ ခေါင်းဆောင်ဆိုသည်ပင် ကောင်းကောင်းထား ကောင်းကောင်းနေရသည်ကို ပင် မနေနိုင်။ ရူးခြင်ယောင်ဆောင်၍ ထွက်လာခဲ့သည်ကို အားလုံး အသိပင်။

ယခု အဆိုပါ ပုဂ္ဂို လ်ကြီးကား "ဇာတိမန်" သီချင်း မဆိုသင့်ဟု အမှတ်မထင် ပြောကြားခဲ့သည်ဟု ဆိုသည်။ ပြောသည် မပြောသည်ကို သူ ကလည်း အရေးအရာ လုပ်၍ ဖြေရှင်းချက် ထုတ်နေခြင်းလည်းမရှိ။ သို့ သော် တိုင်းပြည် အပေါ် ၎င်း ၏ အပုံတရာ ပုံ တပုံမှပင် တခါဖူးမျ တာဝန် ကျေဖူးခြင်း မရှိခဲ့သောလူများ။ အာဏာပိုင်များနှင့် ပေါင်း၍ ငါးမူး တကျပ်မျ လောက် အကျိုးး အမြတ် ရဘို့ အရေး မိမိ ၀ိညာဉ်ကို ရောင်းစားရန် ၀န်မလေးသူများက ဆဲကြ ဆိုကြပြန်သည်ကို အမြင်မတော် နားကြားပြင်း ကပ်လာမိရသည်။

အဆိုပါ ပုဂ္ဂို လ်ကြီးဆိုလိုသည်ကား ကမ္ဘာကြီးသည် ရွာကြီးတရွာမျလောက်သာ ကျဉ်းမြောင်း လာနေချိန်တွင် ကလေးသူငယ်များ ပညာညဏ် မြင့်မားစေရေး ဦးစားပေး စေချင်သည့်သဘော၊ အမျိုးသားရေး ဆိုပြီး လွယ်လွယ် ခေါင်းစဉ်တပ်ကာ ထွန်တုံးလောက်မျပင် ပြည်တွင်း တွင် ထုတ်လုပ်နိုင်စွမ်း မရှိရှာသည့် အဖြစ်ကို မေ့၍ ဗမာဟေ့ ဟု အခြောက်တိုက် ဘ၀င် မြင့်သူ များ အဖြစ်ကို မရောက်စေလို၍ အမြင်ကျယ် စေရန် ခေတ် နောက် ပြန် သွားရမည့် အချိန် မဟုတ်တော့ဟု ပြောလို ခြင်း ဖြစ်ပေသည်။

ထို့ အပြင် မြန်မာပြည် တိုးတက်ကြီးပွားသွားမည့် အရေး ကို ဘယ်လိုမျ မရှူ့စိမ့်နိုင်ကြသော အာဏာလက်လွှတ် ခဲ့ရသူများ က ကောက်ကျစ်မှု ပေါင်း အစုံအလင် ဖြင့် လူမျိုးရေး ဘက်ကို မရမက ခေါင်းတည်ပေးနေကြသည့် အခုလို အချိန်အခါ တွင် ကျောင်းသား ကလေးသူငယ်များ အယူ လွဲသွားမှာကို စိုးရိမ် စိတ် ဖြင့် ပြောချင်းမျသာ ဖြစ်ပေလိမ့်မည်သာ။

ဇာတိမန် ရှင်သန်ရေး သီချင်း ဆိုယုံမျ ဖြင့် ဇာတိမန် ထက်သန် ကုန်ကြပြီလား။ ကိုယ်ဘာသာ ကိုယ် ပြန်မေးသင့်လှပေသည်။

HSW
Hla Soewai

နေပြည်တော် သြဂုတ် ၃၀
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့သည် ယနေ့ ညနေ ၆ နာရီ ၅ မိနစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအပေါ် ကုလသမဂ္ဂမှ ဆက်လက်ကူညီပံ့ပိုးရန်နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရန် အသင့်ရှိမှု၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အကြား လက်ရှိနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် သတင်းစာရှင်းလင်းပွဲကို ကျင်းပရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ရှေးဟောင်း သာသနိက အဆောက်အအုံများစွာ ပျက်စီးခဲ့သည့်အပြင် အသက်သေဆုံးခဲ့ကြသူများ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သောသူများအတွက် များစွာဝမ်းနည်းမိကြောင်း၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံး လုပ်ဆောင် နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သက်တမ်းကာလအတွင်း မိမိအနေဖြင့် မြန်မာအစိုးရ၊ မြန်မာပြည်သူများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုများကို စဉ်ဆက်မပြတ် ပံ့ပိုး ကူညီခဲ့ပါကြောင်း၊ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့စဉ်ကလည်း နိုင်ငံတကာ အကူအညီရရှိအောင် မိမိလုပ်ဆောင်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ မိမိလာရောက် ခဲ့သည်မှာ ငါးကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်က လွှတ်တော်၌ မိန့်ခွန်း ပြောကြားရန်အတွက် မိမိအား မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့စဉ် မိမိလာရောက်၍ မိန့်ခွန်းပြောကြားခဲကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကမ္ဘာ့ နိုင်ငံများက အံ့အားသင့်ခဲ့ရကြောင်း၊ ပြီးခဲ့သော နိုဝင်ဘာက ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ၏ စိတ်ပါဝင်စားစွာ ပူးပေါင်း ပါဝင်မှုကို တွေ့ရှိရတဲ့အတွက် ၀မ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၌ အေးချမ်းသာယာသော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေကြောင်း။

စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ တပ်မတော်နှင့် အရပ်ဘက် အဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အစိုးရ၌ စိန်ခေါ်မှုများစွာရှိပါကြောင်း၊ ယခုကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရန် အလားအလာများစွာ ရှိပါကြောင်း၊ တက်ရောက်မည့် အဖွဲ့အစည်းများ၏ စိတ်ရှည်သည်းခံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ချီးကျူး ဂုဏ်ပြု ပါကြောင်း၊

ရခိုင်ပြည်နယ်ဆိုင်ရာ နောက်ဆုံးဖြစ်စဉ်ဖြစ်ရပ်များကို မိမိတို့ဆွေးနွေးခဲ့ကြောင်း၊ ရခိုင် ပြည်နယ် အခြေအနေသည် နက်ရှိုင်းရှုပ်ထွေးသည့်အတွက် အစိုးရအနေဖြင့် ပြဿနာ အရင်းအမြစ်များကို ဖြေရှင်းရာတွင် စိန်ခေါ်မှုများရှိနေကြောင်း၊ မြန်မာနိုင်ငံသား မည်သည့် တိုင်းရင်းသား၊ မည်သည့်ဘာသာဝင်ဖြစ်စေ ပိုမိုကောင်းမွန်သော လူမှုစီးပွား အခြေအနေ ရရှိလိုသည်ဆိုသည်ကို မိမိနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြကြောင်း၊ IDP စခန်းများရှိ ထောင်ပေါင်းများစွာသောပြည်သူများ၏ ဆင်းရဲကြပ်တည်းစွာ နေထိုင်ကြရခြင်း နှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မှုရှိကြောင်းကို မိမိပြောပြခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံ၌ နေထိုင်လာခဲ့သော ပြည်သူများအတွက် တူညီသော အခွင့်အလမ်း များ ရရှိသင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် ရခိုင်ပြည်နယ် အတွင်းရှိ စိန်ခေါ်မှုများသည် ရှုပ်ထွေးနက်နဲပါကြောင်း၊ ယင်းတို့မှာ လူမှုရေး၊ စီးပွားရေးကို အခြေခံသည့် နက်ရှိုင်းသော ဘက်ပေါင်းစုံပြဿနာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပြဿနာများကို စောင့်ကြည့်စစ်ဆေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်သော ကော်မရှင်ဖွဲ့စည်းမှုကို ၀မ်းသာမိပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းနေ ပြည်သူများ၏ စီးပွားရေးနှင့်လူမှုရေးအခြေအနေမှာ နိမ့်ကျနေပါကြောင်း၊ ရခိုင် ပြည်နယ်ရှိ IDP စခန်းများနေ ပြည်သူများမှာလည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေသည့်အပြင် ငြိမ်းချမ်းရေး ရရှိရန်လည်း လိုအပ် ပါကြောင်း မစ္စတာ ဘန်ကီမွန်းက ဖြေကြားသည်။

ညပိုင်းတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ဇနီးတို့အား Park Royal ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

Myanmar State Counsellor Office

၃၀၊သြဂုတ်၊ရန်ကုန်။

၂၁ ရာစု ပင်လုံညီလာခံအပါအ၀င် နောင်ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံတွေမှာ မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့ ပါဝင်တက်ရောက်ခွင့်ရရှိရေးအတွက် တအောင်းပါတီကိုယ်စားလှယ်တွေနဲ ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဒီကနေ့လက်မှတ်ရေးထိုး တောင်းဆိုထားတယ်လို့ သိရပါတယ်။

လတ်မှတ်ထိုးတောင်းဆိုသူတွေထဲမှာ တအောင်း(ပလောင်) အမျိုးသားပါတီနဲ့  ရခိုင်အမျိုးသားပါတီက ပြည်သူ့ လွတ်တော်နဲ့  အမျိုးသားလွတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း ၂၀ ခန့် ပါဝင်ခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော်( AA) စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကို မနက်ဖြန် ညီလာခံတက်ရောက်ဖို့ အစိုးရကဖိတ်ကြားထားတာ မရှိသေးတဲ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေ ထပ်မံဖြစ်ပွားလာမှာ စိုးရိမ်တယ်ဆိုတဲ့ အချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပေးပို့ တဲ့ တောင်းဆိုစာမှာ ထည့်သွင်းထားတယ်လို့  သိရပါတယ်။

” လွတ်တော်မှာ တိုင်းရင်းသားပါတီတွေအနေနဲ့  ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းထားတာရှိပါတယ်။အဲတော့ ဒီသုံးဖွဲ့ ကို လည်း ညီလာခံတက်ရောက်ဖို့  လက်မှတ်ထိုးတောင်းဆိုမယ်လို့  ပြောလာတယ်။အဲဒါကို ကျွန်တော်တို့ ကိုလည်း ပါဝင်ဖို့  ကမ်းလှမ်းလာတာကြောင့် ကျွန်တော်တို့ ဘက်ကလည်း ဒီအဖွဲ့ တွေကို ညီလာခံမှာ တက်ရောက်စေချင်တာကြောင့် ပါဝင်လိုက်တာပါ ” လို့  လက်မှတ်ရေးထိုး တောင်းဆိုသူတွေထဲမှာပါတဲ့ ရခိုင်အမျိုးသား ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ် ။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဟာ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေး မှာ ပါဝင်ဖို့  ဖိတ်ကြားခံရခြင်းမရှိခဲ့ပါဘူး။ဒါ့အပြင် အဲသည်သုံးဖွဲ့  အနေနဲ့  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လိုပါက လက်နက်ကိုင် လမ်းစဉ်/နည်းလမ်း ကို အပြီးတိုင် စွန့်လွှတ်/ချုပ်ငြိမ်းလိုတဲ့ ဆန္ဒအပြည့်အဝ ရှိပါတယ်ဆိုတဲ့ ထုတ်ပြန် ချက် တစောင်ကို ထုတ်ပြန်ရမယ်လို့  တပ်မတော်က ပြောဆိုထားပါတယ်။
Author/ ချမ်းသာ
Photo/AP
Kumudra