09/09/16

 
ငွေကျပ် သိန်း ၄၀၀ လိမ်လည်မှုဖြင့် အကယ်ဒမီ မေသန်းနုကို ကမာရွတ်မြို့နယ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက စက်တင်ဘာလ ၈ ရက်နေ့တွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကင်းမြို့နယ် ရဲမှူး မြင့်အောင်က ပြောကြားသည်။ 

“စရံငွေ သိန်းလေးရာပေးပြီး မေသန်းနုဆီက တိုက်ခန်းဝယ်တဲ့ အမျိုးသမီးက သူ့ငွေတွေ ပြန်မရလို့ ရဲစခန်းမှာ လာအမှုဖွင့်ထားတာပါ။ တိုင်ကြားချက် မှန်မမှန် လတ်တလော စုံစမ်း စစ်ဆေးနေဆဲပါ” ဟု ၎င်းက ပြောကြားသည်။ 

အမှုဖွင့် တိုင်ကြားသူမှာ ကမာရွတ်မြို့နယ်တွင် နေထိုင်သော ဒေါ်စန်းစန်းမြင့်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ၎င်းက ရုပ်ရှင်သရုပ်ဆောင် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနုထံမှ ခြောက်လွှာ တိုက်ခန်းတစ်ခန်းကို ဝယ်ယူရန် စရံငွေကျပ် သိန်း ၄၀၀ ကို သက်သေများရှေ့ စာချုပ်ချုပ်ဆို ပေးအပ်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ စုံစမ်းသိရှိရသည်။ 

စရံငွေပေး၍ ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူခဲ့သည့် တိုက်ခန်းမှာ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ မြေကွက်တစ်ကွက်ဖြစ်ပြီး ယင်းမြေနေရာတွင် သရုပ်ဆောင် မေသန်းနုက ကန်ထရိုက်အဖြစ် ရှစ်ထပ်တိုက် ဆောက်လုပ်ခွင့် ရရှိထားကြောင်း ပြောဆိုခဲ့ပြီး ယခုနှစ် နှစ်ဆန်းပိုင်းမှ ယင်းအဆောက်အအုံ၏ ကန်ထရိုက်မှာ အခြားသူ ဖြစ်နေကြောင်း စုံစမ်းသိရှိရသဖြင့် စရံငွေ ပြန်ပေးရန် တောင်းဆိုခဲ့ရာ ပြန်လည်မပေးသည့် အတွက် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ သရုပ်ဆောင် အကယ်ဒမီ မေသန်းနုထံ ဆက်သွယ်မေးမြန်းရာ မိမိအပေါ် အမှုဖွင့်ထားခြင်းကို ယခု The Voice မေးမြန်းသည့် အချိန်မှ စတင်သိရှိကြောင်း၊ ရန်ကင်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် တိုင်ကြားခံရမှုကို ရဲစခန်းမှ ယခုအချိန် စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီအထိ လာရောက်အသိပေးခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

သရုပ်ဆောင် မေသန်းနုနှင့် ၎င်းကို တရားလိုပြု အမှုဖွင့်တိုင်ကြားသည့် အမျိုးသမီးတို့မှာ ယခင်က စီးပွားရေးလုပ်ငန်း အချို့ အတူတကွ လုပ်ကိုင်ခဲ့ရာ ယခင်တစ်ကြိမ်ကလည်း သရုပ်ဆောင် မေသန်းနုကို အမှုဖွင့် တိုင်ကြားခဲ့ဖူးသော်လည်း အမှုရှုံးနိမ့်ခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံအမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မေသန်းနုက ပြောကြားသည်။

“ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် ကျွန်မ ရထားပြီး အသိမိတ်ဆွေ တစ်ယောက်ကို လုပ်ငန်းလွှဲအပ်ထားတာ။ ၂၀၁၄ ခုနှစ်ထဲက ပေးခဲ့တဲ့ စရံငွေကို ပြန်မရလို့ဆိုပြီး အခုမှ ဘာကြောင့် အမှုဖွင့် တိုင်ကြားရတာလဲ။ ဒါ ကျွန်မ ဂုဏ်သိက္ခာကျအောင် လီဆည်တိုင်ကြားတာပါ” ဟု ၎င်းက ရှင်းပြသည်။                                                                http://thevoicemyanmar.com/latest-news/1668-mtn

ဒီကနေ့ကမ္ဘာကြီးမှာ လူသားတွေဟာ လျှပ်စစ်ဓါတ်အားနဲ့ ကင်းလွတ်ရှင်သန်နေနိုင်ဖို့ဆိုတာ ဖြစ်တန်ခြေ အလွန်နည်းသွားပါပြီ။ လူ့အသုံးအဆောင်တွေ စဉ်ဆက်မပြတ် အသစ်အသစ်တွေပေါ်ထွန်းလို့အရှိန်အဟုန် နဲ့ ဖွံ့ဖြို့တိုးတက်နေတဲ့ လူနေမှု့ဘဝတွေမှာလျှပ်စစ်ဓါတ်အားသုံးရတဲ့ပစ္စည်းအတော်များများ ပါဝင်နေတာ လူတိုင်းသိကြပါတယ်။

မြန်မာနိုင်ငံမှာလုံခြုံစိတ်ချရမှု့မရှိတဲ့ လျှပ်စစ်ကြိုးသွယ်တန်းမှု့တွေ၊ အရည်အသွေးမပြည့်မှီတဲ့ လျှပ်စစ် ပစ္စည်းတွေ၊ ပေါ့ဆမှု့တွေ၊ လျှပ်စစ်အန္တရာယ်အသိနိမ့်ပါးမှု့တွေကြောင့်အိမ်တွင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ အများပြည်သူပိုင်နေရာဌာနတွေ၊ ဈေးတွေ၊ လမ်းမတွေပေါ်မှာတောင် ဓါတ်ကြိုးတွေ ပြတ်ကျလို့ သော်၎င်း၊ လျှပ်စစ်ဓါတ်အားကိုသုံးစွဲရင်းသော်၎င်း၊ မတော်တဆထိမိလို့သော်၎င်း ဓါတ်လိုက်ခံရပြီး အပြင်းအထန်ဒါဏ်ရာရတဲ့သတင်း၊ အသက်ဆုံးပါးရတဲ့သတင်းတွေကို စိတ်မချမ်းမြေ့ဖွယ် မကြာခဏ၊ ကြားကြရ၊ မြင်ကြရ၊ ဖတ်ကြရပါတယ်။

ဒီအတွက်ကြောင့် စာရေးသူသိရှိလေ့လာ နားလည်မိတာလေးတွေကို စာဖတ်သူတွေအတွက် မျှဝေရေးသား လိုက်ပါတယ်။ တစုံတဦးကို လျှပ်စစ်အန္တရာယ်ဘေးမှ ကင်းဝေးသက်သာဖို့ တထောင့်တနေရာက ဖြည်းဆီး နိုင်ခဲ့ရင် ဒီဆောင်းပါးကို ရေးရကျိုးနပ်ပါတယ်။

ဓါတ်လိုက်တယ်ဆိုတာ ... လျှပ်စစ်ဓါတ်အားက လူခန္ဓာကိုယ်ထဲကို ဖြတ်ပြီး မြေကြီးထဲကိုစီးဝင်သွား တာပါဘဲ။ အဲ့ဒီလိုဖြတ်စီးရာမှာ အဓိကကျတဲ့ လူကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ နှလုံးကိုဖြတ်စီးသွားခဲ့ ရင်တော့ လျှပ်စစ်ဗို့အားပေါ်မူတည်ပြီး အသက်ကိုပါသေစေနိုင်ပါတယ်။ လျှပ်စီးကြောင်း (Current, I) စီးနိုင်ဖို့အတွက် ဗို့ အား (Voltage, V) ကတွန်းပေးရပါတယ်။ လျှပ်စစ်စွမ်းအား (Power) အနည်းအများဟာ ဗို့ အားနဲ့ လျှပ်စီးကြောင်းပမာဏ (P=VI) အပေါ်မူတည်ပါတယ်။

လျပ်စစ်ဓါတ်ဟာ စီးဆင်းတဲ့အခါ ရေနဲ့ သဘာဝခြင်းတူပါတယ်။ရေကမြင့်ရာကနေ နိမ့်ရာကိုစီးဆင်းသလို လျှပ်စစ်ဓါတ်ကလည်း ပိုစွန်း (Potential) မြင့်ရာကနေ ပိုစွန်း (Potential) နိုမ့်ရာကိုစီးဆင်းတာပါ။ တနည်းပြောရရင်တော့ ဗို့ အားများတဲ့ နေရာကနေ ဗို့ အားနည်းတဲ့ဆီကို စီးဆင်းပါတယ်။ မြေကြီး (Earth) မှာ သုညဗို့ အား (Zero potential) ရှိပါတယ်။ လျှပ်စစ်အားသုံးပစ္စည်းတခုမှာသုံးတဲ့ဗို့ အားဟာ သုညထက် တော့များမှာပါဘဲ။

အဲ့ဒီပစ္စည်းမှာရှိတဲ့ လျှပ်စစ်ဓါတ်ဟာ လူခန္ဓာကိုယ်အပါအ၀င် ကြားခံလျှပ်ကူးပစ္စည်းတခုခုနဲ့ ရည်ရွယ်လို့  ဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ ချိတ်ဆက်မိပြီး မြေကြီးနဲ့အဆက်အသွယ်ရတာနဲ့  မြေကြီးထဲကို စီးဝင်တော့တာပါဘဲ။ လျှပ်ကူးပစ္စည်း (Conductor) ဥပမာကြေးနန်းကြိုးဝါယာ၊ သံကိုယ်ထည်၊ ရွှေ ငွေ သံ ကြေး ဒန် နီကယ် စတဲ့သတ္ထုပစ္စည်းတွေမှာ စီးဆင်းနေတဲ့လျှပ်စစ်ဓါတ်ကို လူကိုယ်ခန္ဓာတနေရာရာနဲ့ ထိမိ တယ်ဆိုရင် လျှပ်စစ်ဓါတ်ဟာ လူကနေမြေကြီးကိုစီးဆင်းသွားတာကို ဓါတ်လိုက်ခံရတယ်လို့ ခေါ်တာပါဘဲ။

အသွေးအသားစတဲ့ ရေဓါတ်တွေနဲ့ ဖွဲ့ စည်းထားတဲ့လူခန္ဓာကိုယ်ဟာ လျှပ်စစ်ဓါတ်စီးဆင်းစေနိုင်တဲ့ လျှပ်ကူးပစ္စည်းဆိုတာမမေ့ပါနဲ့ ။ ဒါကြောင့် ရာဘာလိုလျှပ်စစ်ဓါတ်မစီးဆင်းနိုင်တဲ့၊ ဖိနပ်မပါတဲ့သူဖြစ်ဖြစ်၊ ရေစိုနေတဲ့သူဖြစ်ဖြစ် ဓါတ်လိုက်ခံရရင်ဘုန်းဘုန်းလဲကျပြီး ဒါဏ်ရာအပြင်းအထန်ရတာ (သို့ ) အခန့် မသင့်ရင်အသက်ပါ ဆုံးရှုံးရတတ်ပါတယ်။

ဓါတ်လိုက်မခံရအောင် ဘယ်လိုကာကွယ်နိုင်မလဲ ? …

(၁) လျှပ်စစ်အားသုံး ကရိယာပစ္စည်းအသုံးအဆောင်တွေကို နဲ့  မီးခလုပ်တွေကို အသုံးမပြုခင်မှာ ကြိုတင် စစ်ဆေးပါ။ ၀ါယာကြိုးတွေ လျော့ရဲနေသလား? လွတ်နေတဲ့ဝါယာကြိုးတွေရှိသလား? ၀ါယာကြိုးတွေ ပေါက်ပြဲနေတာရှိသလား? အသုံးပြုမဲ့လျှပ်စစ်ဗို့ အားနှုန်းကိုက်ညီရဲ့လား ( ၂၂၀ ဗို့ အား ? ၄၄၀ ဗို့ အား လား?) ဆိုတာ သေခြာအောင်စစ်ဆေးသင့်ပါတယ်။

(၂) အိမ်တွင်းမှာဆိုရင် ရာဘာဖိနပ်စီးပါ၊ ခြောက်သွေ့ တဲ့အ၀တ်အထည်ဝတ်ဆင်ပြီးကိုင်တွယ်ပါ။ ရေစက် လက်စိုရွှဲနေတဲ့ကိုယ်ခန္ဓာနဲ့ ဖြစ်ဖြစ် ရေစိုနေတဲ့ကြမ်းပြင်၊ နံရံတွေနားမှာလျှပ်စစ်ပစ္စည်းတွေကို မကိုင်တွယ် ပါနဲ့ ။ လုပ်ငန်းခွင်ထဲဆိုရင်တော့ အသုံးပြုရမဲ့ ဗို့ အားပေါ်မူတည်ပြီး ကိုက်ညီသင့်တော်တဲ့လျှပ်စစ်ဓါတ်လိုက် ခြင်းဒါဏ်ခံနိုင်ရည်ရှိတဲ့လက်အိပ် (Electric Shock Resistance Gloves/ High Voltage Gloves/Insulation Gloves) ကိုစွပ်ပြီးမှ ၀ါယာကြိုးများကို ကိုင်တွယ်ပါ။ လုပ်ငန်းခွင်သုံး ဘွတ်ဖိနပ်တွေဝတ်ဆင်ပါ။ ကြမ်းပြင်ကိုဖြစ်စေ၊ အလုပ်စားပွဲကိုဖြစ်စေ၊ လျှပ်စစ်ဓါတ်မလိုက်စေနိုင်တဲ့ ရာဘာဖျာအခင်းတွေ (Electric Shock Proof Mats) နဲ့ ဖုံးအုပ်ကာကွယ်ပါ။

(၃) ဓါတ်လိုက်ခံရတဲ့အခါ အသက်မသေရအောင်(သို့ ) ဒါဏ်ရာအပြင်းအထန်မရအောင် မိမိအိမ်ကလျှပ်စစ် ဓါတ်အားဝင်တဲ့နေရာမှာ ရိုးရိုးအသေးစားဘရိတ်ကာ (Miniature Circuit Breaker) ကို မတပ်ဘဲနဲ့  လူတယောက်ယောက် ဓါတ်လိုက်ရင်ဖြစ်ဖြစ်၊ ပျက်နေတဲ့ (Faulty) လျှပ်စစ်သုံးပစ္စည်းတခုခုမှာ အပူကြိုး (Live Wire) နဲ့ သံကိုယ်ထည် (Body) ထိတွေ့ နေပြီး Short Circuit or Earth Leakage ဖြစ်နေရင် လျှပ်စစ်ဓါတ်ကိုဖြတ်ချပေးနိုင်တဲ့ RCCB (Residual Current Circuit Breaker)၊ ELCB (Earth Leakage Circuit Breaker) တွေတပ်ထားသင့်ပါတယ်။

(၄) လျှပ်စစ်သုံးပစ္စည်းအားလုံး ( All Electrical Appliances) မှာ မြေစိုက်ကြိုး ( Earth/Ground Wire) တပ်ပါ၊ အဆောက်အဦးတိုင်းမှာ မိုးကြိုးလွှဲတပ်ပါ၊ မြေစိုက်ကြိုးအားလုံးပေါင်းပြီး မြေစိုက်တန် (Earth Rod) နဲ့ ဆက်သွယ်ပါ။

(၅) အဆောက်အဦးတိုင်းတွင် ၀ါယာသွယ်တန်းရာတွင် သတ်မှတ်ထားသော အဆောက်ဦးဆိုင်ရာ လျှပ်စစ်အန္တရာယ်ကင်းဝေးရေး စံရည်စံညွှန်း (Building Code) အတိုင်းလိုက်နာဆောင်ရွက်ပါ။

ဓါတ်လိုက်ခံရတဲ့သူကို ဘယ်လိုကူညီ ကယ်တင်နိုင်မလဲ ?

လျှပ်စီးကြောင်းမှာ တဖက်ထဲစီးတဲ့ တိုက်ရိုက်စီး ( Direct Current) နဲ့ အပြန်အလှန်စီးတဲ့ ပြန်လှန်လျှပ်စီး ( Alternateive Current) ဆိုပြီး လျှပ်စီးကြောင်း ၂ မျိုးရှိပါတယ်။ အဲ့ဒီထဲမှာ ပြန်လှန်လျှပ်စီးက ပိုအန္တရာယ်များပါတယ်။ ပြန်လှန်လျှပ်စီးရဲ့ကြိမ်နှုန်းဟာ တစ်စက္ကန့်ကိုအကြိမ် (၅၀/၆၀) ရှိပါတယ်။ လူ့ နှလုံးသားကညှစ်တဲ့ သွေးခုန်နှုန်းဟာ တစ်မိနစ်ကိုအကြိမ်(၇၀/၈၀) သာရှိပါတယ်။ ဒါကြောင့်ဓါတ်လိုက် ခံရတဲ့လူတွေထဲမှာ လျှပ်စီးကြောင်းပမာဏ (Current) ၁၈ မီလီအမ်ပီယာ ထက်ပိုတဲ့လျှပ်စီးက ရင်အုပ်ကို ဖြတ်စီးခံရသူအားလုံးဟာအသက်ရူရပ်သွားနိုင်ပါတယ်။ ဖြတ်ဆီးသွားတဲ့ ပြန်လှန်လျှပ်စီးကြောင်းက နှလုံး ကြွက်သားတွေကို တစ်စက္ကန့်မှာအကြိမ် ၅၀/၆၀ နှုန်းနဲ့ လှုံ့ဆော်တုန်ခါစေပါတယ်။ လျှပ်စီးပမာဏ များရင်များသလို နှလုံးအကြီးခန်းများရဲ့ ကြွက်သားတွေကို ကြုံ့သွားစေပြီး သွေးလည်ပတ်မှုကိုရပ်ဆိုင်း စေနိုင်ပါတယ်။

(၁) ဓါတ်လိုက်ခံနေရသူကို ကယ်တင်ဖို့ ဘယ်တော့မှာ အရမ်းကာရော ပြေးပြီး ကိုယ်တိုင်လည်းမဆွဲပါနဲ့  ဆွဲဖို့ ပြင်နေတဲ့သူရှိရင်လည်း ချက်ခြင်းတားဆီးပါ။
(၂) လျှပ်စစ်ဓါတ်အားကိုဖြတ်တောက်နိုင်အောင် မိန်းခလုပ် (Power Source) ကို ဦးစွာပိတ်ပါ။
(၃) ဓါတ်လိုက်ခံနေရသူရဲ့ ပတ်ဝန်းကျင်မှာ တခြားအန္တရာယ်ရှိမရှိ သေသေခြာခြာစစ်ဆေးပါ။ (သင်ကိုယ်တိုင် ဒုတိယမြောက် ဒါဏ်ရာရသူမဖြစ်ပါစေနဲ့ )
(၄) ဓါတ်လိုက်ခံရသူကို ဘေးအန္တရာယ်ကင်းရာနေရာကို ရွေ့ ပြောင်းပါ။
(၅) ဓါတ်လိုက်ခံနေရသူရဲ့အခြေအနေကို အသက်ရှူမရှူ၊ သွေးခုန်မခုန်၊ သတိလည်မလည် (ABC model) ဖြင့် စစ်ဆေးပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အခြေအနေ (Emergency Case) ဖြစ်ပါက လူနာတင်ကား ခေါ်ရန်အနီးဆုံးဆေးရုံကိုအကြောင်းကြားရန် ဘေးလူများကိုအကူအညီတောင်းပြီး စီစဉ်ပါ။
(၆) အကယ်၍ ဓါတ်လိုက်ခံရသူဟာ နှလုံးမခုန်တော့ရင် ရှေးဦးသူနာပြုနည်းတတ်ပါက CPR (Cardio-Pulmonary Resuscitation) နည်းနဲ့ နှလုံးပြန်ခုန်နိုင်အောင် အသက်ကယ်လူနာတင်ယာဉ်မလာမခြင်း ကူညီနိုးဆွပေးပါ။ အသက်ကောင်းစွာ မရှုနိုင်သေးပါက ရှေးဦးသူနာပြုနည်းအတိုင်း ပါးစပ်ခြင်းတေ့မှုတ်ပြီး အသက်ကူအားရှုနည်း (Artificial Respiration) ပြုလုပ်ပေးပါ။
(၇) ဓါတ်လိုက်ခံရသူရဲ့ ခန္ဓာကိုယ်တွင် ကိန်းအောင်းကျန်နေသေးသော လျှပ်စစ်ဓါတ်များကုန်သွားအောင် (Discharge)လုပ်ပေးဖို့ နီးစပ်ရာ မြေစိုက်လျှပ်ကူးပစ္စည်းတခုခု (ဥပမာ-ဆေးမသုတ်ထားတဲ့ သံရေပိုက်လုံး) နှင့်ထိပေးခြင်းကို ပြုလုပ်ပေးပါ။
(၈) ဓါတ်လိုက်ခံရသူ ပြန်လည်သက်သာစပြုရင် သူ့ ရဲ့အဝတ်အစားဖိနပ်များကို ချွတ်ပစ်ခြင်း (သို့) ချောင် အောင်လျော့ပေးခြင်းတို့ ပြုလုပ်ပေးပြီး သက်တောင့်သက်သာ နွေးနွေးထွေးထွေးရှိတဲ့ အနေအထား ပုံစံ (Recovery Position) နဲ့ ထားလျှက် လူနာတင်ယာဉ်လာသည့်တိုင်အောင် စောင့်ကြည့်ပြုစုပါ။

မြန်မာနိုင်ငံသားအားလုံး ကျားမြီးမဆွဲမိကြပါစေကြောင်းနဲ့ လျှပ်စစ်အန္တရာယ်ဘေးမှ ကင်းဝေးကြပါစေလို့  ဆန္ဒပြုလျှက် … ။

(မင်းကောင်းချစ်)
စက်တင်ဘာ ၈ ရက်နေ့  ၂၀၁၆ ခုနှစ်


မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပနေထိုင်နေကြတဲ့ တိုင်းရင်းသား လူမျိုးနွယ်စုများအားလုံး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ပင်လုံညီလာခံကို မျှော်လင့်ကြီးစွာနဲ့ စောင့်စားပြီး ဘယ်လို ရလဒ်ကောင်းတွေ ထွက်ပေါ်လာမလဲ ဆိုတာကို အကောင်းဘက်ကနေ စောင့်မျှော်နေကြပါတယ်။ ပင်လုံညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ အသီးသီးက သူတို့ခံစားချက် လိုလားချက်တွေကို စင်ပေါ်တက်ပြီး ပွင့်လင်းစွာ ရင်ဖွင့်ခဲ့တဲ့ပွဲကြီးလည်း ဖြစ်ပါတယ်။ သူတို့အသီးသီးမှာ အတိတ်က ခါးသီးတဲ့ခံစားချက်တွေကို မျိုချပြီး စည်းလုံးညီညွတ်တဲ့ နိုင်ငံတော်ကြီး ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာတာကို မြင်ချင်တာ ချင်းတူညီကြပေမယ့် အခြားမတူတဲ့ အမြင်တွေလည်း အများအပြား ရှိနေပါတယ်။

အမြင်ကွဲပြားမှု မရှိဘဲ တိုင်းရင်းသားတွေ အားလုံး တူညီနေတာကတော့ ဗမာလူမျိုးစုကြီးကို မယုံကြည်မှု ဖြစ်နေတာပါပဲ။ တစ်နည်းအားဖြင့် ဗမာကြောက်ရောဂါ ရှိနေတဲ့ သဘောပါ။ မြန်မာပြည်ကို အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေး အရယူခဲ့တုန်းက မညီညွတ်ရင် မရနိုင်တာကြောင့် အားလုံး ညီညွတ်ရမယ်ဆိုတဲ့ အသိနဲ့ရယူခဲ့ကြပေမယ့် ဗမာက ဗိုလ်ကျမှာစိုးပြီး ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို ထည့်ခဲ့ကြတာလည်း ဗမာလူမျိုးစုကြီးကို မယုံတဲ့ သက်သေပြချက် တစ်ခုပါပဲ။ ဒီအချက်ပါခဲ့လို့လည်း ဗိုလ်နေဝင်းက တိုင်းပြည်ကြီး ပြိုကွဲတော့မယ်ဆိုပြီး စစ်အာဏာသိမ်းခဲ့တာပဲ မဟုတ်လား။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီး ကတည်းက တိုက်လာခဲ့တဲ့ ပြည်တွင်းစစ်မှာ နဂိုတောင်းဆိုတဲ့ လွတ်လပ်တဲ့ မိမိတို့ အမျိုးသားနိုင်ငံကို ခွဲထွက်ပြီး ထူထောင်ရေးဟာ ဘယ်လိုမှ မနီးစပ်နိုင်တဲ့အပြင် နိုင်ငံတကာကလည်း အားပေးထောက်ခံမှု မရှိတဲ့အခါ ပြီးတော့ ဒီတောင်းဆိုမှုတွေကြောင့် စစ်အာဏာရှင်စနစ်ကို ကိုင်စွဲထားနိုင်ဖို့ ကောင်းမွန်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့တယ် ဆိုတာ သိမြင်လာတဲ့အခါ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို လက်နက်ကိုင်အဖွဲ့များက စွန့်လွှတ်ခဲ့ကြပါတယ်။ ဒီလို စွန့်လွှတ်လိုက်တာဟာ ညီညွတ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ရောင်နီသန်းမှုပဲလို့ ပြောလို့ရပါတယ်။

၂၁ ရာစုပင်လုံမှာ ကေအိုင်အေ ဒုဥက္ကဋ္ဌကြီးအင်ဘန်လက “ဗမာ မဟုတ်တဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ပင်လုံမှာ ပြုခဲ့ကြတဲ့ကတိ၊ ချုပ်ခဲ့ကြတဲ့စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်ခဲ့ကြလို့ ကျွန်တော်တို့လိုလား တောင့်တတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲ ဆိုတာကို ပြောလိုပါတယ်” လို့ ညီလာခံဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။ ကေအိုင်အေ ဒုဥက္ကဋ္ဌကြီး ပြောတဲ့အချက်တွေဟာ အမှန်တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချက်ဖြည့်ပြောချင်တာက ဗမာတိုင်းရင်းသား လူမျိုးတွေလည်း အဲဒီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို မရရှိခဲ့ကြပါဘူး။ ဒါဖြင့် ဘယ်သူတွေက တိုင်းပြည်ကို အုပ်ချုပ်နေပြီး ဘယ်သူတွေက မပေးတာလဲမေးရင် စစ်အာဏာရှင်စနစ်က အုပ်ချုပ်နေတာဖြစ်ပြီး စစ်အာဏာရှင်တွေက မပေးတာလို့ ဖြေရပါ့မယ်။ ကျန်တိုင်းရင်းသားတွေလို ဗမာလူမျိုးစုကြီးလည်း စစ်ကျွန်ဖြစ်နေခဲ့တာပါ။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌကြီး နိုင်ဟံသာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကားပြီး မြန်မာနဲ့ ဗမာဟာ အတူတူ ဖြစ်တယ်။ မြန်မာဟာ လူမျိုးတစ်မျိုးကိုပဲ ကိုယ်စားပြုနေတဲ့အတွက် အားလုံးကို ခြုံငုံတဲ့အမည် ပြောင်းသင့်တယ်လို့ သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဗမာနဲ့ မြန်မာဟာ ဗမာလူမျိုးကို ကိုယ်စားပြုနေတာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ မကြိုက်ဘူးလို့ နိုင်ဟံသာက ၂၁ ပင်လုံမှာ ပြောသွားတယ်။ အဲဒီလို အပြောမျိုးကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အမေရိကန်နိုင်ငံမှာ ဖို့ဝိန်းမြို့၊ ပါဒူးတက္ကသိုလ်မှာ အစည်းအဝေးလုပ်တော့ မွန်နဲ့ ရှမ်းကိုယ်စားလှယ်တွေက ဒီလိုပဲပြောလို့ ကျွန်တော် ပြန်လည် ဆွေးနွေးခဲ့ဖူးတယ်။ “ကျွန်တော့်အနေနဲ့ ဗမာဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် တခြားနာမည်ဖြစ်ဖြစ် ဘာပြသ၁နာမှ မရှိဘူး။ အဓိက အနှစ်သာရအားဖြင့် အားလုံးသဘောကျတဲ့ နာမည်ဖြစ်ရင် လက်ခံပါတယ်။ အဓိကက အားလုံး ညီညွတ်ရေးပဲ၊ ညီညွတ်မှ ငြိမ်းချမ်းရေး ရကြမှာ မဟုတ်လား။ ခင်ဗျားတို့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တွေးထားမိတဲ့နာမည် ရှိလား” လို့ မေးတော့ အဆိုရှင်တွေက သူတို့ဆီမှာ “တွေးထားတာ မရှိပါဘူး။ လက်ရှိ ဗမာလူမျိုးကို ကိုယ်စားပြုထားသလို ဖြစ်နေတဲ့နာမည်ကို မကြိုက်တာ” လို့ ပြောတယ်။

အဲဒီလိုပဲ အခုပြည်နယ်တွေမှာလည်း လူမျိုးစုနာမည်တွေ ပေးထားတာကြောင့် တိုင်းပြည်နာမည် ပြောင်းလဲသလို ဒီပြည်နယ်က လူမျိုးစုနာမည်တွေကိုလည်း လူမျိုးနာမည်မပေးဘဲ ဒေသနာမည်တွေအဖြစ် ပြောင်းသင့်တယ်။ ဒါမှ လူမျိုးစွဲတွေ ပျောက်ပြီး ပြည်နယ်ဒေသတွင်း နေထိုင်တဲ့ လူတိုင်းနဲ့ဆိုင်တဲ့ ပြည်နယ်တွေအဖြစ် အမြင်ပြောင်းလာမှာ ဖြစ်တယ်။

နိုင်ဟံသာပြောသလို တိုင်းပြည်နာမည်ကို အများသဘောတူတဲ့ နာမည်ပြောင်း ဘယ်လူမျိုးစုကိုမှ ကိုယ်စားမပြုတဲ့ နာမည်ဖြစ်ရမယ်။ ဥပမာဆိုပါဆို့ သုဝဏ္ဏဘုမ္မိလို့ တိုင်းပြည် နာမည်ပေးရင်ကော (သုဝဏ္ဏ = ရွှေ ၊ ဘုမ္မိ = မြေ) ရွှေမြေလို့ အဓိပ္ပာယ် ရတယ်။ ပြည်နယ်တွေကိုလည်း ရှမ်းကို ကမ္ဘောဇပြည်နယ်၊ ကချင်ကို ဖားကန့်ပြည်နယ်၊ ကရင်ကိုဇွဲကပင်ပြည်နယ်၊ ချင်းကို တီးတိန်ပြည်နယ်၊ ကယားကို ဒီမောဆိုးပြည်နယ်၊ မွန်ကို ဟံသာဝတီပြည်နယ်၊ ရခိုင်ကို ဓညဝတီ ပြည်နယ်လို့ မှည့်လိုက်ရင် လူမျိုးရေး ရှေ့တန်းတင်မှုတွေ ပပျောက်ပြီး ကျုပ်တို့ နိုင်ငံကြီး စည်းလုံးညီညွတ်သွားမှာ။ ရှမ်းပြည်မှာရှိတဲ့ ကျန်လူမျိုးစုတွေကလည်း သူတို့လူမျိုးကို ကိုယ်စားမပြုလို့ဆိုပြီး ပြည်နယ် တောင်းဆိုတာတွေ၊ တိုက်ပွဲဝင်တာတွေ ရပ်သွား နိုင်ပါတယ်။

ညီလာခံမှာ ပအိုပ်းခေါင်းဆောင် ခွန်မြင့်ထွန်းက ပအို့ပ်လူမျိုးတွေအတွက် သူတို့ရဲ့ အန္တိမရည်မှန်းချက်က ပအိုပ်းပြည်နယ် ရရှိရေးပဲ ဖြစ်တယ်။ ဒီပြည်နယ်ရရှိဖို့ကို သူ့အနေနဲ့ ရှမ်းပြည်အတွင်းမှာ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာမှုနဲ့ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ကိုယ်ပိုင်ပြည်နယ် ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေက ဘာကြောင့် ဒီလိုကိုယ်ပိုင် ပြည်နယ်တွေ တောင်းဆိုနေကြသလဲဆိုတာကို လေ့လာကြည့်ရင် အဓိက တွေ့ရတဲ့အချက်က သူတို့လူမျိုးပျောက်ကွယ် မသွားအောင်၊ သူတို့ဘာသာစကားနဲ့ ယဉ်ကျေးမှု တိမ်ကော မသွားအောင် သူတို့လူမျိုးတွေရဲ့ ကိုယ့်ဘဝကို ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင့်ရအောင် ပြုလုပ်နိုင်တဲ့အခွင့်အရေး လိုချင်တာကြောင့်လို့ ယေဘုယျပြောနိုင်ပါတယ်။

ဒီကိစ္စတွေကို ဖြေရှင်းတဲ့အခါမှာ လူမျိုးစု နာမည်တပ်ထားတဲ့ ပြည်နယ် ဒါမှမဟုတ် ဒေသတွေကို လူမျိုးစုနာမည် မတပ်ဘဲ ဒေသခံ ပြည်သူတွေ ကြိုက်တဲ့ဒေသခံအမည်ကို ဆန္ဒသဘောထား ကောက်ခံပြီး ပြောင်းလဲမယ်၊ နောက်ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြားခဲ့တဲ့ အချက်တွေဖြစ်တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အားလုံး ပေးလိုက်ခြင်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ ပြည်နယ်တွေကို လူမျိုးစုအမည် မတပ်ထားတဲ့အတွက် ပြည်နယ်တွေမှာ လူမျိုးရေး ဦးစားပေးမှုတွေ ပျောက်ကွယ်ပြီး ပြည်နယ်တွင်းနေထိုင်သူ လူတိုင်းတန်းတူ အခွင့်အရေးတွေရှိလာမှာ ဖြစ်ပါတယ်။ ဘယ်တိုင်းရင်းသားကိုမှ လူမျိုးကြီးအဖြစ် မမြင်ရတော့ပါဘူး။ ဒီလိုရမယ်ဆိုရင် သဘောတူနိုင် ကြမလားလို့ မေးချင်ပါတယ်။ ဘာကြောင့် လူမျိုးစုနာမည် မတပ်ချင်တာလဲဆိုရင် ရေရှည်စည်းလုံး ညီညွတ်ရေး အမြင်ရှိလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လူမျိုးစွဲဆိုတဲ့ ဘောင်အပြင်ကနေရပ်ပြီး ပြသ၁နာကို ကြည့်မှသာ ဖြေရှင်းနိုင်မှာ လူမျိုးစုပြသ၁နာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ လူမျိုးစွဲ ဘောင်ထဲကနေ စဉ်းစားရင် ဘယ်လိုမှ အဖြေကိုမြင်မှာ မဟုတ်ပါဘူး။ စာရေးသူအနေနဲ့ မဟာဗမာဝါဒကို လုံးဝ ဆန့်ကျင်ပါတယ်။ ဗမာလူမျိုးအများစုဟာ မဟာဗမာဆိုတဲ့ အတွေးအမြင်ကို စဉ်းတောင် မစဉ်းစားမိခဲ့ကြပါဘူး၊ ရှမ်းတွေ၊ ကရင်တွေ၊ ကချင်တွေ၊ မွန်တွေ၊ ချင်းတွေ၊ ကယားတွေကို မိမိတို့ညီနောင်တိုင်းရင်သားတွေ၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်တွေဆိုပြီး အများစုက မြင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ပြည်တွင်းဆန္ဒပြပွဲတွေကို တပ်မတော်က အကြမ်းဖက်ဖြိုခွဲတဲ့အခါ ချင်းတပ်တွေကို ခေါ်လာတယ်တို့ ဗမာနဲ့ ချင်းလူမျိုးတွေ သားချင်းတွေ အထင်အမြင် မှားအောင် ဝါဒဖြန့်တတ်သလို၊ တပ်မတော်သားတွေ ကရင်ပြည်နယ်ကို တိုက်ပွဲဆင်တဲ့ အခါမှာလည်း ကရင်တော်လှန်ရေးအဖွဲ့အစည်းတွေက ဗမာတပ်တွေ လာပြီလို့ ပြောတဲ့အတွက် ဗမာတွေဟာ တိုင်းရင်းသားတွေကို ဖိနှိပ်တဲ့လူမျိုးအဖြစ် မုန်းတီးလာခဲ့တာဖြစ်ပါတယ် ဘဝတစ်လျှောက် တိုင်းရင်းသား ညီအစ်ကိုတွေကို ရင်ဖွင့်ပြီး ပေါင်းခဲ့တယ်။ လက်တွဲပြီး အတူတကွ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူပါ။ လူမျိုးရေး အစွန်းရောက်မှုတွေဟာ ရေရှည်တည်တံ့မှုကို မပေးနိုင်ပါဘူး။ စစ်အာဏာရှင်လက်ထက် ဗမာမှုပြုတာ (Burmanization) ကို အပြတ်ဆန့်ကျင်ခဲ့သူပါ။ ပြည်နယ်တွေမှာရှိတဲ့ ကျောင်းတွေမှာ စစ်အာဏာရှင်တွေက ဗမာစာပဲ သင်ရမယ်ဆိုတဲ့ ပေါ်လစီကို ဆန့်ကျင်ခဲ့သူပါ။ တိုင်းရင်းသားတိုင်း မိမိပြည်နယ်မှာ တိုင်းရင်းသား စာပေသင်ကြားခွင့်ရှိရမယ်လို့ နယ်လှည့် ပြောကြားခဲ့သူပါ။

နိုင်ငံတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘာကိုဖြစ်ချင်ကြတာလဲ။ မိမိလူမျိုးစုရဲ့ ခေါင်းဆောင်နေရာကို ရယူချင်တာလား၊ မိမိလူမျိုးတွေအတွက်ပဲ ကြည့်ရမယ်လို့ ယူဆနေကြတာလား၊ ဒါမှမဟုတ် မိမိနေထိုင်ရာ ပြည်နယ်တွင်းရှိ လူသားအားလုံးအတွက် တန်းတူညီမျှရေးအတွက် ဆောင်ရွက်ကြမယ်၊ အဲဒီကတစ်ဆင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ အားလုံး တန်းတူညီမျှမှု ရရှိရေးအတွက် ဆောင်ရွက်ကြမယ်ဆိုတဲ့ အမြင်ကောရှိကြရဲ့လား။ ရှိကြတယ်ဆိုရင် ပြည်နယ်တိုင်းမှာ မိမိလူမျိုးတစ်မျိုးတည်း နေထိုင်နေတာ မဟုတ်ဘူး။ ကျန်လူမျိုးတွေလည်း စုပေါင်းနေထိုင်ကြတာကြောင့် မိမိလူမျိုးက လူများစုဖြစ်ပေမယ့် လူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစားတယ်ဆိုရင် ဒီမိုကရေစီစနစ်ကို နှစ်နှစ်ကာကာ ယုံကြည်တယ်ဆိုရင် လူမျိုးစုနာမည်မတပ်တဲ့ ပြည်နယ်နာမည်ကို ယူရမှာဖြစ်တယ်။ ဒါမှသာလူတိုင်းတန်းတူညီမျှမှုရှိမယ်။

နိုင်ဟံသာပြောသလို မြန်မာပဲခေါ်ခေါ် ဗမာပဲခေါ်ခေါ် ဗမာလူမျိုးတွေပဲ ပိုင်သလိုဖြစ်ပြီး တခြားလူမျိုးတွေက မပိုင်သလိုမျိုး ဗမာလက်အောက်ခံ သဘောမျိုး ခံစားရတယ်။ မှန်ပါတယ်၊ အပြန်အလှန်အားဖြင့် ပြည်နယ်တွေမှာလည်း လူမျိုးစုနာမည် တပ်ထားရင် အဲဒီတပ်ထားတဲ့ လူမျိုးက ပိုင်ဆိုင်တယ် ပြည်နယ်တွင်းမှာ နေထိုင်တဲ့ တခြားလူမျိုးတွေနဲ့ မဆိုင်သလို ဖြစ်သွားတယ်လို့ ခံစားသွားရတယ်။ ဒါကြောင့် လူမျိုးစုငယ်တွေက မိမိပြည်နယ် တောင်းဆိုမှုတွေ ပြုလုပ်လာတာဖြစ်တယ်။ ရှမ်းပြည်နယ်မှာဆိုရင် ပအိုပ်း၊ ပလောင်၊ လားဟူ၊ ဝ၊ လရှီး၊ တောင်သူ၊ အင်းသား စတဲ့ တိုင်းရင်းသားလူမျိုးစုများစွာက မိမိပြည်နယ် မိမိလိုချင် လာကြတာဟာ သူတို့က ရှမ်းမဟုတ်တဲ့အတွက် ပအိုပ်းခေါင်းဆောင် ခွန်မြင့်ထွန်းတို့လို သူတို့ ကိုယ်စားပြု ပြည်နယ်တွေ တောင်းလာတာဖြစ်တယ်။

ဒီလိုပဲ ချင်းပြည်နယ်မှာ တီးတိန်ချင်း၊ ဖလမ်းချင်း၊ ကူကီး၊ ဇိုမီးစတာတွေလည်း ရှိတယ်။ ကူကီးကလည်း သူတို့ဟာချင်း မဟုတ်ဘူး ကူကီးပြည်နယ် လိုချင်တယ် ပြောလာတယ်။ ကချင်ပြည်နယ်မှာလည်း ရှမ်းနီတွေက သူတို့ဟာ ကချင်လူမျိုးတွေထက် များတယ်။ လူများစုဖြစ်တယ်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရွာတွေ၊ ဘူတာတွေ နာမည်ကြည့်ရင် ရှမ်းနာမည်တွေချည်းပဲ၊ ကချင်နာမည်တွေ မဟုတ်ဘူး။ ဒါကြောင့် သူတို့ ပြည်နယ် သီးသန့် လိုချင်လာကြတယ်။ ဒါတွေကို ဖြေရှင်းရာမှာ လူမျိုးစုနာမည်တွေအစား ဒေသနာမည်တွေ ပြောင်းပေးခြင်းကသာ ပြသ၁နာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ ဒေသနာမည်တွေ ပြောင်းမယ် လူမျိုးစုတိုင်းအတွက် သူတို့လူမျိုးစု အများစု နေထိုင်ရာဒေသမှာ ကိုယ်ပိုင်စာပေ သင်ကြားမှု ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိမယ်။ လက်နက်မိုး ခြိမ်းခြောက်စရာ မလိုဘဲ ဒီမိုကရေစီနည်းကျ ပြည်သူက မိမိကြိုက်တဲ့ ခေါင်းဆောင်ကို ဖြူဖြူမည်းမည်း ရွေးချယ်တင်မြှောက်ခွင့် ရှိမယ်ဆိုရင် လက်ခံနိုင်ရမယ်လို့ ယူဆတယ်။

မိမိပြည်နယ်ကောင်းကျိုးကို လုပ်ရင် ပြည်နယ်ခေါင်းဆောင် ဖြစ်လာခွင့်ရှိမယ်။ ပြည်နယ်ခေါင်းဆောင်ဘဝကနေ နိုင်ငံတစ်ခုလုံး တိုးတက်ကြီးပွားရေးအတွက် တစ်ဆင့်တက်လုပ်ရင် နိုင်ငံခေါင်းဆောင် ဖြစ်လာမယ်ဆိုတဲ့ တစ်နိုင်ငံလုံး တိုးတက်ရေးအတွက် အမြင်ရှိတဲ့ ခေါင်းဆောင်တွေ ပြည်နယ်တိုင်းမှာ ပေါ်လာရင် တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့ မဝေးတော့ဘူးလို့ ပြောလို့ရတယ်။ နောက်ဆုံး အရေးကြီးဆုံးအချက်က မိမိပြည်နယ် မိမိလူမျိုး ကောင်းစားရေး လုပ်တာ လုပ်သင့်တဲ့အလုပ်ပါ၊ လုပ်ရမယ့်အလုပ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ငါ့ပြည်နယ်မှ ငါ့ပြည်နယ်၊ ငါ့လူမျိုးမှ ငါ့လူမျိုးဆိုတဲ့ အစွန်းမရောက်ဖို့ လိုပါတယ်။ ငါ့ပြည်နယ် ငါ့လူမျိုးကို ချစ်သလို ငါ့နိုင်ငံတော်ကြီးကိုလည်း ချစ်တယ်၊ ငါ့နိုင်ငံတော်ကြီး တိုးတက်ရေးကိုလည်း ငါတို့ဝိုင်းလုပ်ကြမယ်ဆိုတဲ့ စိတ်ရှိတဲ့သူတွေဟာ လူမျိုးစုခေါင်းဆောင်အဆင့်မှာ ရပ်မနေဘဲ နိုင်ငံကိုယ်စားပြု ခေါင်းဆောင်တွေနေရာကို တက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ မြင်လည်း မြင်လိုပါတယ်။

ဒါကြောင့် အများသဘောတူ တိုင်းပြည်နာမည်ကို လူမျိုးကိုယ်စားပြု မဖြစ်တဲ့နာမည် ပြောင်းသလို ပြည်နယ် နာမည်တွေကိုလည်း ပြောင်းသင့်ပါတယ်။ နိုင်ဟံသာရဲ့ခံစားချက်ကို နားလည်သဘောပေါက်ပါတယ်။ ထောက်ခံပါတယ်။ နိုင်ဟံသာကလည်း ပြည်နယ်တွေကို လူမျိုးစုနာမည်ကနေ ဒေသခံနာမည်ပြောင်းဖို့ ရေရှည်တိုင်းပြည်စည်းလုံး ညီညွတ်ရေး အတွက် လူမျိုးရေးအစွန်းရောက်မှုတွေ ခေါင်းထောင် မလာအောင် ကာကွယ်တဲ့အနေနဲ့ သဘောတူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုအပ်ချက်များကို နိုင်ငံရေးနည်းလမ်းအရ တောင်းဆိုနိုင်ပြီဖြစ်တဲ့ အခြေအနေတွင် လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ထားခြင်းမှာ ဒီမိုကရေစီနှင့် ဆန့်ကျင်နေတယ်လို့ ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်၊ နိုင်ငံရေးနည်းလမ်းအရ တောင်းဆိုနိုင်ပြီ ဖြစ်တယ်ဆိုပေမယ့် တပ်မတော်က ပြုပြင်ပြောင်းလဲရန် ငြင်းဆန်နေတဲ့တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီနည်းကျ မဟုတ်သေးဘူးဆိုတာတော့ မေ့သွားပုံရပါတယ်။ ဒီမိုကရေစီ စကားပြောရင် အခြေခံဥပဒေဟာ ဒီမိုကရေစီနည်းကျ ရေးဆွဲထားတာ ဖြစ်ရပါ့မယ်။ ကိုယ်ကကျားကန်ထောက်ခံထားတဲ့ အခြေခံဥပဒေက ဒီမိုကရေစီနည်းကျ မဟုတ်သလို ဒီအခြေခံဥပဒေဟာလည်း ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ရေးဆွဲလိုက်တဲ့ အခြေခံဥပဒေလည်း မဟုတ်ပါဘူး။ တပ်ချုပ်အနေနဲ့ ကိုယ့်ဘက်က လိုအပ်နေတာ တွေကိုလည်း ပြည်သူ့အကျိုးကို ကြည့်ပြီး လိုက်လျောပေးဖို့ လိုပါတယ်။ ဒီလို လိုက်လျောပေးရင် ဒီမိုကရေစီနည်းကျ အများသဘောထား ကြိုက်ညီတဲ့ ဖက်ဒရယ် အခြေခံဥပဒေ ပေါ်ပေါက်ဖို့ လမ်းပွင့်သွားပြီး ပြည်တွင်းစစ်မီးကို ချုပ်ငြိမ်းနိုင်မှာ အသေအချာဖြစ်ပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေက မိမိတို့တိုင်းရင်းသား လူမျိုးစုတွေကို စည်းရုံးတဲ့အခါမှာ အစွန်းရောက် မျိုးချစ်စိတ်နဲ့ စည်းရုံးပြီး ဗမာလူမျိုးစုကို ရက်စက်ကြမ်းကြုတ်တဲ့ သူတွေဖြစ်တယ် ဗမာတွေက အနိုင်ကျင့်တယ်ဆိုပြီး လူမျိုးရေးမှိုင်းတိုက်ပြီး စည်းရုံးတဲ့အတွက် ဗမာမုန်းတီးရေး စိတ်ဓာတ်ဟာ တိုင်းရင်းသားတွေကြားမှာ အမြစ်တွယ်နေတယ်။

ဒီမုန်းတီးရေးစိတ်ကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ဟာ အခုမျိုးဆက်သစ်တွေက ၂၁ ပင်လုံမှာ လေ့လာပြီး လူမျိုးစုစွဲစိတ် ကင်းကင်းနဲ့ ကြည့်ပြီး အရင်က နာကြည်းချက်တွေကို ရှေ့တန်းမတင်ဘဲ ငါတို့ညီညွတ်ရေးကို ဘယ်လိုလုပ်ရင် ရမယ်ဆိုတဲ့ ဇာစ်မြစ်ကို ကြည့်ပြီး ဖြေရှင်းနိုင်မှသာ ဒီအကျိတ်အခဲကို ဖြေရှင်းနိုင်မယ်။

နိဂုံးအားဖြင့် ဒေါ်စုပြောကြားသွားသလို ပြသ၁နာ ရှိနေတာ လိပ်ခဲတည်းလည်း ဖြစ်နေတာတွေကို မကွယ်မဝှက်ဘဲ တင်ပြကြဖို့ လိုတယ်။ တစ်ခါတစ်ရံ တစ်ဖက်က အကြီးအကျယ် ခံစားနေရတာကို တစ်ဖက်က မသိတော့ မဖြေရှင်းနိုင်ဘဲ ပြသ၁နာက အတွင်းကျိတ် ပိုကြီးထွားလာပြီး ဘာမဟုတ်တဲ့ အသေးအဖွဲလေးကနေ ခေါင်မိုးမီးလောင်တာမျိုး ဖြစ်တတ်တဲ့အတွက် မြုံမထားကြဘဲ စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေးအဖြေရှာကြမယ်ဆိုရင် ၂၁ ပင်လုံညီလာခံဟာ အချိန်ကာလ တစ်ခုအတွင်း အောင်မြင်မှာ ဖြစ်ပါတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News

ထရမ့်မှာ သမ္မတ ဖြစ်ထိုက်တဲ့ အရည်အချင်း မရှိဘူးလို့ အိုဘားမား ပြော။

အမေရိကန် သမ္မတ အိုဘားမားထက် ရုရှား သမ္မတ ပူတင်က ပိုတော်တဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ ပြောခဲ့တဲ့ ဒေါ်နယ် ထရမ့်ကို ပေါတောတောနဲ့ ဘာမှမသိဘဲ ထင်ရာပြောတဲ့ လူလို့ သမ္မတ အိုဘားမားက ဝေဖန် ပြောဆို လိုက်ပါတယ်။

ရီပက်ဘလီကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာတဲ့ ဒေါ်နယ် ထရမ့်ဟာ သမ္မတ ရာထူးနဲ့ မထိုက်တန်ဘူး ဆိုတာကို သူပြောတဲ့ စကားတွေက ဇာတိပြ လာတယ်လို့ လာအို နိုင်ငံမှာ အာဆီယံ အစည်းအဝေး တက်အပြီး မစ္စတာ အိုဘားမားက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ ရုပ်သံ စကားဝိုင်း တစ်ခုမှာ မစ္စတာ ထရမ့်က ရုရှား သမ္မတ ပူတင်ဟာ ခေါင်းဆောင် နေရာမှာ အိုဘားမားထက် အများကြီး သာလွန်တယ်လို့ ပြောဆို ခဲ့တာပါ။

မစ္စတာ ထရမ့်နဲ့ ပြိုင်ဖက် ဟီလာရီ ကလင်တန်နဲ့ အတူ စစ်ပြန်တွေရဲ့ မေးခွန်းတွေကို ဖြေစဉ် အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။

''ဒီလူ သမ္မတ ဖြစ်ဖို့ အရည်အချင်း မမီဘူးလို့ ကျွန်တော် မြင်တယ်၊ သူ ပြောတဲ့ စကားတိုင်းက ကျွန်တော့် အမြင်ကို ပိုခိုင်မာ လာစေတယ်'' လို့ အိုဘားမားက ပြောပါတယ်။

မစ္စတာ အိုဘားမားက အာဆီယံ အစည်းအဝေးနဲ့ ဂျီတွမ်တိ အစည်းအဝေးတွေမှာ လတ်တလော ကြုံခဲ့ရတဲ့ သူ့ရဲ့ သံတမန်ရေးရာ ဆောင်ရွက်ချက်တွေကို ထောက်ပြ ပြောဆိုသွားပြီး ထရမ့်က ဘာမှ မသိဘဲ ထင်ရာ ပြောတာပဲလို့ ချေပ ပြောဆိုသွားပါတယ်။
BBC Burmese



ဗိုလ်တထောင်မြို့နယ်မှာ စစ်တပ်က သိမ်းယူခဲ့တဲ့ COD ၊ BOD ၊ AOD မြေတွေနဲ့ပတ်သက်ပြီး မြေသိမ်းခံရသူတွေက နစ်နာမှုတွေကို ဖြေရှင်းပေးဖို့နဲ့ မူလပိုင်ရှင်တွေဆီပြန်လည်ပေးအပ်ဖို့ စက်တင်ဘာ ၈ရက်နေ့ကဟစ်တိုင်မှာ ဆန္ဒပြခဲ့ကြပါတယ်။

Kamayut Media

kofi-annan-press-620.jpg
ရန်ကုန်မြို့ Shangri-la ဟိုတယ်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကိုဖီအာနန် ကို စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

မိမိတို့ရဲ့ တာဝန်ဟာ ရခိုင်ပြည်နယ်ရဲ့ လူ့အခွင့်အရေး အစီရင်ခံစာ ရေးဖို့မဟုတ်ကြောင်းနဲ့ ကော်မရှင်ရဲ့ တာဝန်ဟာ တင်းမာမှုတွေလျော့နည်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကို အကြံပေးဖို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်က ပြောပါတယ်။

၂ ရက်ကြာ ရခိုင်ပြည်နယ်ခရီးစဉ်အပြီး ဒီကနေ့ညနေက ရန်ကုန်မြို့ Shangri-la ဟိုတယ်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ အာနန်က ပြောတာဖြစ်ပါတယ်။

ဒါ့အပြင် မစ္စတာ အာနန်က သူတို့အလုပ်ဟာ အကြံပေးဖို့သာဖြစ်ပြီး ဆရာလုပ်ဖို့ မဟုတ်ကြောင်း၊ ရဲလို စုံစမ်းစစ်ဆေးတဲ့အလုပ်မျိုးလည်း မဟုတ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်ခရီးစဉ်ဟာ သူ့အတွက် လေ့လာခွင့်ရခဲ့တဲ့ ခရီးစဉ်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း သံဃာတော်တွေ၊ နှစ်ဖက်လူ့အဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလို တွေ့ဆုံရာမှာ ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်းကို ရှင်းပြကြတာ ရှိသလို ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ပြဿနာတွေကိုလည်း ဆွေးနွေးကြတာ ရှိကြောင်းပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာလို့ မသုံးနှုန်းဖို့ ပြောတာရှိပါသလားလို့ မေးရာမှာ မစ္စတာ အာနန် က ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောတာမရှိကြောင်း၊ ခရီးစဉ်အတွင်း ဖိနှိပ်မှုပုံစံမျိုး မြင်ခဲ့ရတာရှိပါသလား လို့ မေးရာမှာ အဲ့ဒီလိုလည်း မတွေ့ခဲ့ကြောင်း ပြောပါတယ်။ ကော်မရှင် အဖွဲ့ဝင် ဟာဂျီဦးအေးလွင်က ဒီခရီးစဉ်ဟာ ၂ ရက်သာဖြစ်ပြီး ကြိုတင်စီစဉ်တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် အဲ့ဒီလို မတွေ့ကြောင်း ပြောပါတယ်။

ကော်မရှင်ရဲ့ သက်တမ်းဟာ ၁ နှစ်ကြာမြင့်မှာဖြစ်ပြီး နောင်မှာလည်း ရခိုင်ခရီးစဉ်များစွာ ရှိဦးမှာ ဖြစ်ပါတယ်။
RFA

ye-soldier-shoot-press-620.jpg တပ်မတော်အရာရှိတစ်ဦးက သေနတ်နဲ့ ပစ်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့တဲ့အပေါ် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က မော်လမြိုင်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ဓါတ်ပုံ - နိုင်မွန်ထော (ဖေ့ဘွတ်)

မွန်ပြည်နယ် ရေးမြို့နယ်က မန်ကျီးချောင်းဝကျေးရွာမှာ တပ်မတော်အရာရှိတစ်ဦးက သေနတ်နဲ့ ပစ်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့တာ ၆လ ကြာပြီဖြစ်ပေမယ့် အမှုမှန်မပေါ်ပေါက်သေးတာကို ဖြေရှင်းပေးဖို့ ဒေသခံတွေနဲ့ မိသားစု ဝင်တွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ မော်လမြိုင်မြို့ မြိုင်သာယာရပ် ပိုင်ခေတ်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွာသား နှစ်ဦး အသတ်ခံ ရတာကို အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ ပွင့်လင်းမြင်သာစွာချပြပေးဖို့ တောင်းဆိုတာလို့ မန်ကျီးချောင်းဝ ရွာသား ကိုသိန်းစိုးက ပြောပါတယ်။

"၆ လပြည့်ပေမယ့် ကျနော်တို့အတွက် အမှုမှန်ကိုင်တွယ်နေတာ လုံးဝမသိတဲ့အခါ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်တယ်၊ ရှေ့ဆက်ပြီးတော့လည်း လူ့အခွင့်ရေးကော်မရှင်အပါအဝင် အကုန်လုံး မြန်မြန်ဆန်ဆန် အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဆောင်ရွက်စေချင်တယ်၊ ပြီးတော့ စစ်တရားရုံးမှာအမိန့်ချပြီးရင် အရပ်ဘက်တရားရုံးကို ဖြစ်နိုင်ရင်လွဲပေးဖို့ တောင်းဆိုချင်ပါတယ်"

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ သေဆုံးသူမိသားစုဝင်တွေ၊ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စား လှယ်တွေအပြင် မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်ပါ တတ်ရောက်ခဲ့ပြီး သူတို့ဆောင်ရွက်ထားတာတွေကိုလည်း ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

ညနေပိုင်းမှာလည်း မော်လမြိုင်မြို့ ကျိုက်သုတ်ဘုရားမှာ အမှုမှန်ပေါ်ပေါက်ဖို့ ဝတ်ပြုဆုတောင်းတာ တွေလည်း ပြု လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ညက မကျည်းချောင်းဝကျေးရွာသား တံငါသည် ကိုမိုးနဲ့ ကိုချစ်စိုးတို့ဟာ ခရလ ၂၈ဝ က ဗိုလ်ကြီး ဇော်မျိုးထက် က သေနတ်နဲ့ပစ်တာ ခံခဲ့ရတာဖြစ်ပါတယ်။

ဗိုလ်ကြီး ဇော်မျိုးထက်ကို စစ်ဘက်ဆိုင်ရာခုံရုံးထံ လွှဲပြောင်းပေးလိုက်ပေမယ့် ဒီနေ့အထိ အရေးယူတာ မတွေ့ရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
RFA


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးမှာ မဟုတ်ပဲ ရခိုင်ပြည်နယ်က နှစ်ဖက် အသိုင်းအဝိုင်းကြား တင်းမာမှုတွေကို လျှော့ချနိုင်ဖို့အတွက် အကြံ ပြုချက်တွေ ပေးနိုင်ဖို့သာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ တာဝန်ယူထားတဲ့ ကုလ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်က ပြောဆိုလိုက်ပါတယ်။ ရခိုင်အကြံပေးကော်မရှင်အနေနဲ့ တဖက်တည်းကို အာရုံ စိုက်လုပ်ဆောင်မှာ မဟုတ်ဘဲ အသိုင်းအဝန်းအားလုံးအတွက်ရည်ရွယ်ပြီး အကြံပြုသွား မှာဖြစ်တယ်လို့ ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဖီအာနန်က ပြောလိုက်တာပါ။ ဒါနဲ့ ပတ် သက်လို့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာ နန်က ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးမှာမဟုတ် ဘဲ ရခိုင်ပြည်နယ်က နှစ်ဖက်အသိုင်းအဝိုင်းကြား တင်းမာမှုတွေကို လျှော့ချဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အ တွက်အထောက်အကူဖြစ်မယ့် အကြံတွေပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ရန်ကုန်မှာပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းဖို့နဲ့ လူ့အခွင့်အရေး အစီရင်ခံစာရေးဖို့ ဒီကို ရောက်နေတာ မဟုတ်ပါဘူး။ ဒီကော်မရှင်ရဲ့ တာဝန်နဲ့ ပတ်သက်လို့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြော ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်က အကြံပြုချက်တွေ ပေးဖို့ပဲဖြစ်ပါတယ်။ ဒီအကြံပေး ချက်တွေက ရခိုင်ပြည်နယ်က နှစ်ဖက်အသိုင်းအဝိုင်းကြားက တင်းမာမှုတွေကို လျှော့ချပေးနိုင်ဖို့နဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုဖို့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်နဲ့ အစီရင်ခံစာကို စောင့်ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီမှာ ရဲတွေလို စုံစမ်းစစ်ဆေးသူလို ပုံစံမျိုးနဲ့ ရောက်နေတာမဟုတ်ပါဘူး။ အစိုးရရဲ့တောင်းဆိုချက်အရ ကျွန်တော်တို့ ဒီကိုရောက်ရှိနေတာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒီ ကော် မရှင်ကို မြန်မာကော်မရှင်အဖြစ်သာရှုမြင်ပါတယ်။ ကျွန်တော်တို့က နိုင်ငံတကာရဲ့ အမြင်တွေ ထည့်သွင်း စဉ်းစားနိုင်ဖို့အတွက် ပါဝင်တာဖြစ်ပါတယ်။"

ရခိုင်အကြံပေးကော်မရှင်အနေနဲ့ လက်တွေ့ မြေပြင်အခြေအနေတွေကို လေ့လာရာမှာ တဖက်တည်းကို အာရုံစိုက် တာမျိုးမဟုတ်ဘဲ အသိုင်းအဝိုင်းအားလုံးအတွက် အထောက်အကူဖြစ်မယ့် အကြံပြုချက်တွေ ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ကော်မရှင်ဥက္ကဌ ကိုဖီအာနန်က ပြောဆိုလိုက်ပြီး သူ့အနေနဲ့ အချိန်လည်း မဆွဲဘဲ အလောလည်းမကြီးပဲ အစီရင်ခံတင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အကြံပေး ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်ကို ၂ရက်တာ သွားရောက် လေ့လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ လိုအပ်ချက်တွေ အပါအဝင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို နား လည်နိုင်ဖို့အတွက် သမိုင်းကြောင်း ကိစ္စတွေကို ခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့တာလည်း ဖြစ်ပါ
တယ်။

ရခိုင်အကြံပေးကော်မရှင်အနေနဲ့ နယ်စပ်ဖြတ်ကျော်သွားလာမှု ကိစ္စတွေနဲ့ ပတ်သက်လို့လည်း အိမ်နီး ချင်းတိုင်းပြည်တွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်အောင်လည်း ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ကိုဖီ အာနန်က ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံတွင်းမှာတင်မကဘဲ အိမ်နီးချင်းတွေနဲ့လည်း နယ်စပ်အခြေ အနေ တွေ၊ နယ်စပ်ဖြတ်ကျော်သွားလာမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုပိုကောင်းအောင် ကိုင်တွယ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်သွားမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အကြံပေးချက်တွေနဲ့ အစီရင်ခံစာထုတ်ပြန်တဲ့ အခါမှာ အသိုင်းအဝိုင်းအားလုံးကို အကူညီပေးဖို့ဖြစ်ပါတယ်။ တဖက်တည်းကို အာရုံစူးစိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာမဟုတ်ဘဲ အားလုံးအတွက် အထောက်အကူဖြစ်အောင် အကြံပြုသွားမှာဖြစ်ပါတယ်။”

ကော်မရှင်ရဲ့အကြံပြုချက်တွေဟာ လက်ရှိ ရခိုင်ပြည်နယ်က နှစ်ဘက်အသိုင်းအဝိုင်းကြား သဘောထား ကွဲလွဲနေတဲ့ “ရိုဟင်ဂျာ၊ ဘင်္ဂါလီ” ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုလည်း လျှော့ပါး သွား စေမယ်လို့ မျှော်လင့်ကြောင်း ကိုဖီအာနန်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုသွား ပါတယ်။

ရခိုင်အကြံပေးကော်မရှင်ရဲ့ အခုတခေါက် ရခိုင်ခရီးစဉ်အတွင်းမှာ ဖိနှိပ်ချုပ်ချယ်တဲ့ ဖြစ်ရပ်မျိုးတွေ မတွေ့ခဲ့ရဘူးလို့ ကော်မရှင် ဥက္ကဌ ကိုဖီအာနန်က ပြောပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကတော့ တကယ့်မြေပြင်အခြေအနေမှာ ဖိနှိပ်မှုတွေရှိမရှိ သိနိုင်ဖို့အတွက် အချိန်ယူလေ့လာဖို့လိုတယ်လို့ ပြော ပါတယ်။

“ကျနော်တို့အနေနဲ့ လက်တွေ့မြေပြင်အခြေအနေမှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိမရှိဆိုတာကို အချိန်ယူစောင့်ကြည့်လေ့လာဖို့ လိုတယ်” လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ပြောသွားတာပါ။
ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီးနောက် ဒီကနေ့ မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အရေးအကြံပေးကော်မရှင်ကို မကြာသေးခင်ကာလက ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မရှင်မှာ နိုင်ငံတကာ က ပုဂ္ဂိုလ်တွေ ပါဝင်မှုနဲ့ ပတ်သက်လို့ ကန့်ကွက်ခံရမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်ခံမှာ မဟုတ်ဘူး လို့တော့ ပြောဆိုထားပါတယ်။

ရခိုင်အကြံပေးကော်မရှင်အနေနဲ့ မြေပြင်အခြေအနေတွေကို ကွင်းဆင်းလေ့လာပြီးနောက် ၁၂လ အ တွင်း အစီရင်ခံထုတ်ပြန်သွားမှာလည်းဖြစ်ပါတယ်။
VOA Burmese News

KNU ရှေ့တန်းတပ်များကို တွေ့ရစဉ်
KNU ရှေ့တန်းတပ်များကို တွေ့ရစဉ်

၂၈နှစ်နီးပါးစစ်ရေးပဋိပက္ခငြိမ်သက်နေတဲ့ မွန်ပြည်သစ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ အငြင်းပွါးဖွယ်ရာ နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် ဒီကနေ့ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ဒီလိုဖြစ်တဲ့တိုက်ပွဲမှာ တဖက်နဲ့တဖက် စတင်ကျူးလွန်ကြောင်းပြောဆိုနေကြပါတယ်။ VOA ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထား ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးမှာ ဒေသတွင်းအခြေချနေ တဲ့ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်ဖွဲ့ဝင်တို့ ဒီကနေ့ညနေပိုင်းမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့ကြပါတယ်။

သဲချောင်းရွာမှာခြေပြုနေတဲံ့မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားအစည်းအရုံးတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ တယ်လို့ ထားဝယ်ခရိုင်ဥက္ကဌနိုင်ဧကက မွန်ဘာသာနဲ့အခုလိုပြောပါတယ်။

မွန်းလွှဲ တနာရီ(၄၅)မိနစ်အချိန်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေအခြေချစခမ်းကို KNUအဖွဲ့တွေ စစ်ကြောင်းနှစ်ဖွဲ့ညှပ်ပြီး ရောက် လာတယ်။ ကျွန်တော်တို့ဘက်ကို ဒီလိုသွားလာရင် အကြောင်းကြားပြီးသွားရင်ကောင်းမယ်။ တပ်ချင်းမှားမှာစိုး လို့ဆိုပြီး ပြောတယ်။ အဲဒီအချိန်မှာဘဲ KNUဘက်က စပစ်တယ်။ သူတို့ကအစီစဉ်ရှိရှိနေရာယူပြီးစပစ်လို့ တိုက်ပွဲဖြစ်ပွါး ခဲ့တယ်ဆိုပြီးမွန်ဘာသာနဲ့ပြောဆိုသွားတာပါ။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုမရှိပေမဲ့ သဲချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်နဲ့ တခြားအိမ်ခြေတွေ ပျက်စီးမှုရှိခဲ့တယ်လို့လဲ နိုင်ဧက ကပြောပါတယ်။

ဒီကနေ့ရေဖြူမြို့နယ်သဲချောင်းကျေးရွာမှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲနဲ့ပက်သက်ပြီး KNU အတွင်းရေးမှူးပဒိုစောကွယ်ထူးဝင်းက အခုလိုပြောပါတယ်။

“ကျနော်သိရသလောက်ကတော့ ကျနော်တို့ အဲဒီမှာရှိတဲ့ သဲချောင်းကို ဖြတ်သွားတဲ့ KNU တပ်ဖွဲ့တွေကို မွန်ပြည်သစ်ပါတီက ပစ်လို့ သူတို့ ပြန်ပစ်တာ ထိခိုက်မှုတော့ ဘာမှမရှိဘူး။”

အခုတိုက်ပွဲဖြစ်ပွါးတဲ့ဒေသဟာ KNU နဲ့မွန်ပြည်သစ်ပါတီတို့အကြား နယ်မြေနဲ့ပက်သက်ပြီးအငြင်းပွါးဖွယ်ရာဖြစ်နေပါတယ်။

တိုက်ပွဲဖြစ်ပွါးတဲ့ အကြောင်းအရင်းဟာ နယ်မြေအငြင်းပွါးမှုပြဿနာကြောင့်လို့ KNU အတွင်းရေးမှူးပဒိုစောကွယ်ထူးဝင်းက အခုလိုပြောပါတယ်။

“အဲဒီမှာ နယ်မြေပြဿနာလေးတော့ နည်းနည်းရှိတယ်။ အဲဒီဒေသမှာ ကျနော်တို့ သိတာက ဟိုတုန်းက မွန်ပြည်သစ်ပါတီက အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့နောက်ပိုင်းမှာ အစိုးရက သူတို့ကို အဲဒီနေရာမှာ နေရာသွားချတာကို ။ သွားချတော့ KNU ကတော့ အပစ်အခတ်ရပ်စဲရေးမလုပ်တော့ အဲဒီမှာ တိုက်ပွဲတွေဖြစ်တဲ့အပေါ်မှာ ပြည်သူလူထုတွေပြောင်းသွားတယ် ၊မွန်လူထုတွေ ၀င်လာတဲ့အပေါ်မှာ သူတို့ မှာ နယ်မြေပြဿနာတွေတော့ နည်းနည်းရှိတယ်ဗျ အဲလိုတော့ သိရတာပေါ့နော် အဲဒီခရိုင်က တင်ပြတဲ့အပေါ်မှာ။”

KNU အနေနဲ့အစိုးရနှင့် အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ NCAသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်တဲ့အတွက် ၎င်းတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေအတွင်း ပြန်လည်လှုပ်ရှားသွားမယြ့်ဖစ်ကြောင်း KNU လယ်ဒိုစိုးမြို့နယ် (ရေဖြူမြို့နယ်) အတွင်းရေးမှူး စောဆီဆိက လက်မှတ်ရေးထိုးပြီးတော့  သြဂုတ်လ ၂၄ ရက်နေ့မှာ ဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စာပေးပို့ထားပါတယ်။

ဒီလိုလက်နက်ကိုင်နှစ်ဖွဲ့အကြားဖြစ်ပွါးနေတဲ့ပဋိပက္ခနဲ့ပက်သက်ပြီး အောက်ခြေအဖွဲ့တွေအနေနဲ့တွေ့ဆုံဆွေးနွေး ဖြေရှင်း သွားဖို့တိုက်တွန်းထားကြောင်း ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။

လက်ရှိမှာတော့ တဖက်နဲ့တဖက်စစ်ရေးအသင့်အနေအထားရှိနေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ ၁၉၈၈ခုနှစ်မှာ နယ်မြေမငြင်းပွါးမှုပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး အဲဒီတုန်းက အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)ရဲစေ့စပ်ညှိနှိုင်းမှုအရ စစ်ရေးပြဿနာ ပြေလည်သွားခဲ့ပြီး (၂၈)နီးပါးပဋိပက္ခရပ်တန့်ရာကနေ အခုတဖန်တိုက်ပွဲဖြစ်ပွါးလာတာလဲဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဟာမြန်မာအစိုးရနဲ့ NCAသဘောတူစာချုပ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ် ပါတီ ကတော့ သဘောတူစာချုပ်ရေးထိုးထားခြင်းမရှိသေးပါဘူး။


လူမှုကွန်ယက်ပေါ်က သေနတ်နဲ့ချိန် ငေါက်ငမ်းပြောဆိုခဲ့တဲ့ ရဲအရာရှိပုံ (Citizen Journalist)
လူမှုကွန်ယက်ပေါ်က သေနတ်နဲ့ချိန် ငေါက်ငမ်းပြောဆိုခဲ့တဲ့ ရဲအရာရှိပုံ (Citizen Journalist)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် က မဒဲယန်ခေါ် မှော်ပုံကျေးရွာက ဆယ်အိမ်မှုးရွေးချယ်ပွဲမှာ တက်ရောက်လာသူတွေကို သေနတ်နဲ့ချိန် ငေါက်ငမ်းပြောဆိုခဲ့တဲ့ ရဲအရာရှိတဦးရဲ့ပုံတွေ အင်တာနက် လူမှုကွန်ယက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အခုအခါ၊ သက်ဆိုင်ရာ ရဲအရာရှိကို ထိန်းသိမ်းထားပြီး စစ်ဆေးအရေးယူဖို့ ပြင်ဆင်နေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ရာဇ၀တ်မှုတွေ ဖြစ်ပွားလေ့ရှိတဲ့ ဖားကန့်ဒေသမှာ တရားဥပဒေစိုးမိုးရေးအတွက် အာဏာပိုင်တွေ အနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လည်း ဒေသခံနိုင်ငံရေး အသိုင်းအ၀ိုင်းက လိုလားနေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခင်းဖြစ်ပွားခဲ့တာကတော့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက မဒဲန်ယန်ခေါ်မှော်ပုံကျေးရွာအတွက် ဆယ်အိမ်မှုးရွေးခြယ်ပွဲမှာ အရင် အုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး အသစ်ရွေးချယ်ဖို့ ဆွေးနွေးရာကနေစတင်တာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးရာမှာ နှစ်ဘက်အချေအတင်ဖြစ်ပြီးတဲ့နောက် အစည်းအဝေးမှာ ရောက်ရှိနေတဲ့ ရဲတပ်ရင်း ၁၆ က ဒုရဲအုပ်က သေနတ်နဲ့ချိန်ပြီး တက်ရောက်လာတဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ တက်ရောက်လာသူတွေကို ငေါက်ငမ်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီလိုသေနတ်နဲ့ချိန် ခြိမ်းခြောက်ခဲ့တဲ့ နောက်မှာ ဒုရဲအုပ်က ၀န်ချတောင်းပန်ခဲ့သလို ကာယကံရှင် တွေက နားလည်ခွင့်လွှတ်ကြောင်း တုံ့ပြန်တာတွေလည်း ရှိခဲ့ပါတယ်။

ဒီအခင်းဖြစ်ပွားခဲ့တာဟာ ဒီလ ၆ရက်နေ့မနက်ပိုင်းကဖြစ်ပြီး ၇ရက်နေ့ နေ့ခင်းမှာတော့ ဒီအခင်းဖြစ်ပွားတဲ့ ဓါတ်ပုံနဲ့အသံဖိုင်တွေဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံနှံသွားခဲ့ပါတယ်။

လောလောဆည်မှာတော့ သေနတ်နဲ့ချိန်တဲ့ ဒုရဲအုပ်ကို ရဲတပ်ဖွဲ့က အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ဒုရဲမှုးကြီး ၀င်းသူရနောင်က ပြောပါတယ်။

“လက်ရှိကတော့ ကျနော်တို့ သူ့ကို တပ်ဖွဲ့အတွင်း ဆောင်ရွက်စစ်ဆေးမှုတွေလုပ်နေပါတယ်။ သူ့ကိုတော့ သီးခြားတာဝန်မပေးပဲနဲ့ ထိန်းသိမ်းထားပါတယ်။ သူတို့ သက်ဆိုင်ရာ ကွပ်ကဲမှုမှာ စိစစ်ပြီးရင်တော့ ဒါကတော့ အရေးယူသွားမယ့် အပိုင်းတော့ ရှိမယ်ထင်ပါတယ်။”

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦတင်စိုးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးကလည်း အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။

“မနေ့ကညနေပိုင်းကပဲ တာဝန်ရှိတဲ့လူကနေပြီးတော့ ကျနော့်ကို လှမ်းပြီးတော့ သတင်းပို့ပါတယ်။ ဒုရဲအုပ်စိုးဇော်ဇော် ကို သူတို့ ရဲလုပ်ထုံးလုပ်နည်းကနေ အဲဒီမှာရှိတဲ့ တပ်ရင်းမှူးတွေ၊ ဒုတပ်ရင်းမှူးတွေနဲ့ ဖွဲ့ပြီးတော့ စစ်ဆေးမှုလုပ်နေပါပြီဆိုတာလည်း ကျနော်သိရပါတယ်ခင်ဗျ။ နောက်ပြီးတော့မှ တခါ ဒီထွေအုပ်ကလည်းပဲ ဒါထွေအုပ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စမှာ သူ့အနေနဲ့ ၀င်ပြီးတော့မှ မလုပ်သင့်တာကိုလုပ်တဲအတွက် ဒါကို ထွေအုပ်နဲ့ ဆိုင်တဲ့ ကဏ္ဍကလည်း သူတို့အနေနဲ့ အရေးယူဖို့ အဲဒီမှာရှိတဲ့ မှော်ပုံမှာရှိတဲ့ ဒေသခံတွေ ကိုလာရောက်တိုင်ကြားဖို့ ပြောဆိုထားတာလေးတွေကိုလည်း သိရပါတယ်ခင်ဗျ။ ဒီဘက်ကလည်း ထပ်ပြီးတော့မှ သူတို့ ဥပဒေကြောင်းအရ အရေးယူမယ်ဆိုတာ သိရပါတယ်ခင်ဗျ။”

တဆက်တည်းမှာပဲ ဒီကိစ္စကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ဖို့လည်း အကြံပြုပြောဆိုပါတယ်။

“ကျနော်တို့ ဖားကန့်ဒေသဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကြားထဲမှာ ညှပ်နေရတဲ့ ဒေသတခုပါ။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ရှိရင် အင်မတန်မှကို အားနည်းတဲ့ ဒေသတခုဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို အဓိက တာဝန်ယူဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီးတော့မှ ဆောင်ရွက်ပေးရမယ့်အစား အခုလို လုပ်နေတဲ့ အနေအထားမျိုးဟာ ကျနော်တို့ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုလည်း အင်မတန်မှ ထိခိုက်စေသလို ၊ ကျနော်တို့ရဲ့ အရပ်သားအစိုးရရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတဲ့အတွက် ဒါတွေကို ပြတ်ပြတ်သားသား တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူဆောင်ရွက်သင့်တယ်လို့ ကျနော့်အနေနဲ့ ဒါလေးကို အကြံပေးချင်ပါတယ်ခင်ဗျာ”

မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို ဆက်သွယ်ရာမှာတော့ တာဝန်ရှိသူတွေ မရှိသေးကြောင်းသာ ပြန်လည် ဖြေကြား ပါတယ်။

ဒီလ ၅ရက်နေ့ကလည်း ဖားကန့်မြို့နယ် ခရစ်ယာန် ဘာသာ ဂိုဏ်းပေါင်းစုံ ခေါင်းဆောင်တွေ၊ ရိုးရာ ယဉ်ကျေးမှု အဖွဲ့တွေနဲ့ နှင့် ရပ်မိ ရပ်ဖတွေပူးပေါင်းပြီး မရှီကထောင် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရား ရှိခိုးကျောင်းမှာ ၂၁ ရာစု ပင်လုံ ညီလာခံ အတွက် ဖားကန့် သယံဇာတနဲ့ အခြား အကြောင်းအရာများ ဆွေးနွေးနေစဉ် မှာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတဲ့ လူ ၂၀ကျော်လောက် ၀င်ရောက်ခြိမ်းခြောက်စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းကတော့ ဖားကန့်မြို့နယ် မှော်ရှန်ရွာက ရာအိမ်မှုး ဒေါ်နန္ဒာလှိုင်ဟာ သူ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး အခုချိန်ထိ တရားခံကို ဖော်ထုတ်နိုင်တာမရှိသေးပါဘူး။
VOA Burmese News


ဗီယင်ကျန်း စက်တင်ဘာ ၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ နာရင်ဒရာမိုဒီနှင့် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅မိနစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာများ အပြန်အလှန် ဖလှယ်ရေး၊ အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ ပဲသီးနှံအမျိုးမျိုးတင်ပို့ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။


ထို့ပြင် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်က ယခုနှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့၌ ကျင်းပမည့် ဘင်းစတက် ထိပ်သီးအစည်းအဝေးနှင့် BRICS ထိပ်သီးအစည်း အဝေးများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက် ရန် မျှော်လင့်ပါကြောင်း၊ အစည်းအဝေးများနှင့် တစ်ဆက် တည်း နှစ်နိုင်ငံတွေ့ဆုံပွဲကို ကျင်းပသွားလိုကြောင်း၊ မြန်မာနိုင်ငံ အစိုးရသစ်၏ ပြည်တွင်း ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးဆောင်ရွက်ချက်များကို အိန္ဒိယအစိုးရမှ အစဉ်ထောက်ခံ သွားမည်ဖြစ်ကြောင်း၊ ဂျပန်နှင့် အိန္ဒိယ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ထားသော အစီအစဉ်တစ်ခုဖြစ်သည့် ဗုဒ္ဓဘာသာ ထိပ်သီးအစည်းအဝေးကို ယခုတစ်ကြိမ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရန် အဆိုပြုပါ ကြောင်း ပြောကြားခဲ့သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၁) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ဗီယင်ကျန်း စက်တင်ဘာ ၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်းဗဟို ဌာန၌ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးနှင့် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပသည့် (၁၄)ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီး အစည်း အဝေးနှင့် ဒေသစံတော်ချိန် ၁၀ နာရီ မိနစ် ၄၀ တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာဆီယံ -အမေရိကန် ထိပ်သီးအစည်း အဝေးနှင့် ဒေသ စံတော်ချိန် နံနက် ၁၂ နာရီခွဲ တွင် ဆက်လက် ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် သည်။


အဆိုပါ အစည်းအဝေးများသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲ များ၊ ဆွေးနွေးဘက်နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲ များ၊ အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံ များမှဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့် အရေး ကော်မရှင်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ ပြည်တွင်း ပြည်ပမှ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ၀ပ်တေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ လာအိုနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီး H.E.Mr.Borviengkham Vondara လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ သံရုံးမိသားစုများနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျောင်တင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံရုံး ယာယီတာဝန်ခံနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယန်ကျင်းမြို့ရှိ အမျိုးသား ကွန်ဗင်းရှင်းဗဟိုဌာန၌ ယနေ့ညနေပိုင်းတွင် ဒေသ တွင်းဘက်စုံ စီးပွားရေး မိတ်ဘက် ပြုမှုဆိုင်ရာ နိုင်ငံခေါင်းဆောင်များ၏ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်း အခမ်းအနား၊ (၂၈) ကြိမ်နှင့် (၂၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနားနှင့် ၂၀၁၇ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့် ဖိလစ်ပိုင်သမ္မတနိုင်ငံသို့ အာဆီယံဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ဇီကာဗိုင်းရပ်စ်ပိုးဟာ မျက်စေ့ထဲမှာ ရှင်သန်နိုင်ပြီး၊ တိရစ္ဆာန်တွေရဲ့ မျက်ရည်တွေမှာ နေထိုင်နိုင်တာကိုလည်း အထောက်အထားနဲ့တကွ တွေ့ခဲ့ကြရပါတယ်။ ဒါပေမဲ့လည်း လူတွေကြားမှာ မျက်ရည်ကနေ ရောဂါကူးစက်နိုင်သလား ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေ အတိအကျ မသိကြသေးပါဘူး။

ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ မျက်လုံးတွေ ယောင်ယမ်းနေတာ တွေ့ရတတ်ပြီး၊ တခါတရံမှာ မျက်စေ့ကွယ်တဲ့အထိလည်း ဖြစ်တတ်ပါတယ်။

ဇီကာရောဂါ ကူးစက်ခံရတဲ့ အရွယ်ရောက်သူတွေ ကြားမှာတော့ ၁၅ ရာခိုင်နှုန်းလောက်ဟာ မျက်စေ့အလယ်လွှာယောင်ယမ်းတာ၊ မျက်စေ့နာတာလို ရောဂါမျိုးတွေ ဖြစ်တတ်တယ်လို့လည်း ဆိုပါတယ်။

သုတေသီတွေကတော့ ဇီကာဗိုင်းရပ်စ်ပိုးကို ကြွက်ရဲ့မျက်လုံးမှာ စမ်းသပ်လေ့လာကြည့်တဲ့အခါ - ရောဂါကူးစက်နေတဲ့ မျက်လုံးဟာ ပြူးထွက်လာတာ တွေ့ရတယ်လို့လည်း St. Louis မှာရှိတဲ့ ၀ါရှင်တန်တက္ကသိုလ် ဆေးပညာဌာနက မော်လီကျုးဆိုင်ရာ အဏုဇီဝဗေဒပညာ ပါမောက္ခ Michael Diamond က ပြောပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးနဲ့ စမ်းသပ်ကြည့်တဲ့ ကြွက်ရဲ့ မျက်ရည်ထဲမှာ ရောဂါပိုးဟာ ၂၈ ရက်အထိကြာမြင့်အောင် ရှိနေတာကိုလည်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ရောဂါရနေတဲ့ ကြွက်ရဲ့ မျက်ရည်နဲ့ တခြားကြွက်တွေကို ကူးစက်မှု ရှိနိုင် မရှိနိုင် စမ်းသပ်ကြည့်ရမှာ အောင်မြင်မှု မရှိတာကို တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဒီတွေ့ရှိချက်ကြောင့် လူတွေရဲ့ မျက်ရည်ဟာ ရောဂါ ကူးစက်မှု မရှိနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ လူတွေကြားမှာ မျက်ရည်ကတဆင့် ကူးစက်မှု ရှိ မရှိ ဆိုတာကို မလေ့လာရသေးဘူးလို့လည်း ပါမောက္ခ Diamond က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲမှာ ဒေသခံတွေကို သေနတ် ထုတ်ခြိမ်းခြောက်ခဲ့တဲ့ ဒု-ရဲအုပ် စိုးဇော်ဇော် ကို စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Thurin Naymin (Facebook)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲမှာ ဒေသ ခံတွေကို သေနတ်ထုတ်ခြိမ်းခြောက်ခဲ့တဲ့ ဒု-ရဲအုပ် စိုးဇော်ဇော်ကို ခုံရုံးဖွဲ့စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။

ဖားကန့်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

"အမှတ် ၁၆ ရဲတပ်ရင်း တာဝန်ရှိသူတွေက ခုံရုံးဖွဲ့ စစ်ဆေးပြီးတော့ မနေ့က ညနေကပဲ ဖားကန့်ရဲစခန်းမှာ စက်တင်ဘာလ ၇ ရက်နေ့က ၁၃ ရက်နေ့အထိ ချုပ်နှောင်ထားမယ်လို့ သိရပါတယ်"

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကကျင်းပခဲ့တဲ့ မှော်ပုံကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ ဒေသခံတွေက အရင်အုပ်ချုပ်ရေးမှူးဟောင်းကို လက်မခံကြောင်း ပြောတဲ့အတွက် သေနတ်ထုတ်ပြီး ခြိမ်းခြောက်ခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တဲ့ ဒုရဲအုပ်နဲ့ သူရဲ့ အထက်အရာရှိတွေက ဒေသခံတွေကို တောင်းပန်ခဲ့ပြီး အဲဒီဒုရဲအုပ် ကို ရဲတပ်ဖွဲ့စည်းကမ်းတွေနဲ့ အရေးယူဖို့စီစဉ်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



ရန် ​ကုန်​တိုင်း​အ​တွင်း ​အိမ်​ခြံ​မြေ ​အ​ကျိုး​ဆောင် ​လုပ်​ငန်း​တွေ​ကို ​နိုင်​ငံ​ခြား​သား ​အ​များ​အ​ပြား ​တ​ရား​မ​ဝင် ​လုပ်​နေ​တယ်​လို့ ​ဆို
ရန်​ကုန်​တိုင်း​အ​တွင်း​မှာ ​ဥ​ပ​ဒေ​နဲ့ ​မ​ညီ​ပဲ ​လာ​ရောက် ​ရင်း​နှီး​မြှုပ်​နှံ ​လုပ်​ကိုင် ​နေ​တဲ့ ​နိုင်​ငံ​ခြား​သား​တွေ ​အ​များ​အ​ပြား​ရှိ​နေ​တယ်​လို့ ​သိ​ရ​ပါ​တယ်။

စည်​ပင်​လိုင်​စင် ​မ​ရှိ၊ ​တ​ရား​ဝင် ​ဝင်​ငွေ​ခွန် ​ဆောင်​တာ​မျိုး ​မ​ရှိ​ပဲ ​ရန်​ကုန်​တိုင်း​အ​တွင်း​မှာ ​အ​ဝတ်​အ​ထည် ​စ​တိုး​ဆိုင်​တွေ၊ ​စား​သောက်​ဆိုင်​တွေ ​ဖွင့်​တာ​တွေ ​လုပ်​နေ​ပြီး ​အိမ်​နီး​ချင်း ​နိုင်​ငံ​ကြီး​တ​ခု​က ​အ​များ​ဆုံး ​ဖြစ်​တယ်​လို့ ​ရန်​ကုန်​တိုင်း ​လှိုင်​သာ​ယာ​မြို့​နယ် ​အ​မှတ် ၁ ​မဲ​ဆ​န္ဒ​နယ်​မြေ ​တိုင်း​လွှတ်​တော်​အ​မတ် ​ဦး​ဝင်း​မောင်​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။

အိမ်​ခြံ​မြေ ​အ​ကျိုး​ဆောင် ​လုပ်​ငန်း​တွေ​မှာ​လည်း ​တ​ရား​မ​ဝင် ​နိုင်​ငံ​ခြား​သား​တွေ ​အ​များ​အ​ပြား ​လုပ်​ကိုင်​နေ​ကြ​ပြီး ​ရန်​ကုန်​တိုင်း​အ​တွင်း​မှာ ​တ​ရာ​ကျော်​လောက်​တောင် ​ရှိ​မယ်​လို့ ​ဆို​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​ထဲ​ကို ​မှန်​မှန်​ကန်​ကန် ​ဗီ​ဇာ​နဲ့ ​ဝင်​လာ​သူ​တွေ ​ရှိ​သ​လို ​အ​လည်​အ​ပတ်​သ​ဘော​မျိုး​နဲ့ ​ဝင်​လာ​သူ​တွေ၊ ​နယ်​စပ်​က​နေ ​ဝင်​လာ​ပြီး ​အ​လုပ်​လုပ်​နေ​သူ​လည်း ​ရှိ​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese


ပါလီမန် ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေညာတဲ့ လေဘာပါတီ လွှတ်တော်အမတ် Sam Dastyari (Credit: AAP) 
အတိုက်အခံ ​လေဘာပါတီ ​လွှတ်တော်အမတ် ​Sam ​Dastyari ​ဟာ ​တရုတ်ကုမ္ပဏီတခုဆီကနေ ​ငွေကြေးလက်ခံခဲ့ရာက ​ဝေဖန်ခံရပြီးတဲ့နောက် ​ပါလီမန်ရာထူးကနေ ​နှုတ်ထွက်လိုက်ပြီ ​ဖြစ်ပါတယ်။

အသက် ​၃၀ ​ကျော်သာရှိသေးတဲ့ ​Sam ​ဟာ ​သူ့ရဲ့ ​ခရီးသွားလာရေး ​စရိတ် ​တစ်ထောင်ကျော်ကို ​တရုတ်ကုမ္ပဏီ ​တခုက ​ပေးပေးတာကို ​လက်ခံခဲ့ပါတယ်။

လက်ခံတဲ့အကြောင်းကိုလည်း ​မှတ်တမ်းတင်ခဲ့လို့ ​တရားဝင် ​လုပ်ဆောင်ပေမယ့် ​မလုပ်သင့်တာကို ​လုပ်ခဲ့တယ်ဆိုပြီး ​Sam ​က ​တောင်းပန်မှု ​လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ​နိုင်ငံရေး ​အတိုက်အခံဘက်က ​ဒီကိစ္စကို ​ထိုးနှက်မှုတွေ ​လုပ်လာတဲ့အတွက် ​သူ့ကိစ္စကြောင့် ​တခြားအရေးကြီးတဲ့ ​အရာတွေ ​မဆွေးနွေးဖြစ်မှာကို ​စိုးရိမ်လို့ ​သူလက်ရှိထမ်းဆောင်နေတဲ့ ​ရာထူးကနေ ​နှုတ်ထွက်ကြောင်း ​မနေ့တုန်းက ​ကြေညာလိုက်ပါတယ်။

Sam ​ဟာ ​လေဘာပါတီ ​အမတ်ဖြစ်သလို ​အရေးကြီးတဲ့ ​ရာထူး ​၂ ​ခုကိုလည်း ​ရယူထားတဲ့အတွက် ​အဲဒီရာထူးကနေ ​နှုတ်ထွက်ပေးလိုက်တာ ​ဖြစ်ပါတယ်။

အစိုးရပါတီဘက်ကတော့ ​အလျူရှင်တွေ ​ပေးလာတဲ့ ​အလျူငွေတွေကို ​ပါတီအနေနဲ့ ​လက်ခံနိုင်ပေမယ့် ​ပုဂ္ဂိုလ်ရေးအရတော့ ​မယူသင့်ဘူးလို့ ​ပြောဆိုနေပါတယ်။

Sam ​ရဲ့ ​ကိစ္စပေါ်လာပြီးတဲ့နောက် ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျူလီဘိရှော့ပ်ဟာလည်း ​သြစတြေးလျမှာ ​ခေတ်စားတဲ့ ​ဖူတီဘောလုံးပွဲကို ​ကြည့်တဲ့အခါမှာ ​ပြည်သူပိုင်ငွေနဲ့ ​ကုန်ကျခံခဲ့တယ်ဆိုပြီး ​စွပ်စွဲခံနေရပါတယ်။

ဂျူလီဘိရှော့ပ် ​အားပေးတဲ့ ​West ​Coast ​Eagles ​အသင်းရဲ့ ​ဖိုင်နယ်ပွဲကို ​သွားကြည့်တဲ့အခါ ​ဟိုတယ်ခတွေ၊ ​ဘောလုံးပွဲ ​ဝင်ကြေးနဲ့ ​ကားငှားခတွေကို ​ပြည်သူပိုင်ငွေနဲ့ ​သုံးခဲ့တယ်လို့ ​စွပ်စွဲကြပေမယ့် ​နိုင်ငံခြားရေး ​ဝန်ကြီးကတော့ ​အဲဒီ ​ဘောလုံးပွဲမှာ ​နိုင်ငံရေး ​သမားတွေ၊ ​အာရှ- ​ပစိတ်ဖိတ်မှာ ​ဖူတီအားကစား ​စိတ်ဝင်စားလာအောင် ​လုပ်ဆောင်တာ ​ရှိတဲ့အတွက် ​အဆက်အသွယ်တွေ ​ရဖို့အတွက် ​အလုပ်ကိစ္စနဲ့ ​သွားရောက်တာ ​ဖြစ်တယ်လို့ ​တုန့်ပြန်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese



အင်ဒိုနီးရှားနိုင်ငံက မူးယစ်တိုက်ဖျက်ရေး ခေါင်းဆောင် Budi Waseso (အလယ်) က ဖိလစ်ပိုင်လို ပေါ်လစီကျင့်သုံးလို (Credit: ABC) 
အင်ဒိုနီးရှားနိုင်ငံက ​တရားမဝင် ​မူးယစ်ဆေးဝါး ​ပြဿနာ ​ဖြေရှင်းတဲ့အခါမှာ ​ဖိလစ်ပိုင် ​သမ္မတရဲ့ ​ပြတ်သားတဲ့ ​ပေါ်လစီလို ​ကျင့်သုံးမှ ​ရမယ်လို့ ​အင်ဒိုနီးရှားနိုင်ငံက ​မူးယစ်ဆေးဝါး ​ဆန့်ကျင်ရေး ​အကြီးအကဲက ​ပြောလိုက်ပါတယ်။

တရားမဝင် ​မူးယစ်ဆေးဝါ ​ကုန်ကူးတဲ့ ​ပြဿနာကို ​အင်ဒိုနီးရှားနဲ့ ​ဖိလစ်ပိုင်တို့က ​ဖြေရှင်းနေကြပြီး ​အင်ဒိုနီးရှားက ​အပြစ်ရှိတဲ့လူတွေကို ​သေဒဏ်ပေးတဲ့အထိ ​လုပ်ဆောင်ထားပေမယ့် ​ဖိလစ်ပိုင်မှာတော့ ​တရားခွင်မရောက်ခင်ကတည်းက ​မူးယစ်ကုန်ကူးသူလို့ ​ယူဆရသူတွေကို ​ပစ်သတ်ခွင့်ပေးထားပါတယ်။

ဖိလစ်ပိုင် ​သမ္မတရဲ့ ​ပေါ်လစီကို ​အားကျပြီး ​အင်ဒိုနီးရှား ​မူးယစ်တိုက်ဖျက်ရေး ​အရာရှိက ​သူ့ရဲ့ ​လက်အောက်ငယ်သားတွေကို ​တိုးချဲ့လိုက်သလို၊ ​လက်နက်တွေကိုလည်း ​ပိုမိုတိုးချဲ့ချပေးလိုက်ပါတယ်။

လာမယ့် ​တပတ်မှာလည်း ​ဖိလစ်ပိုင်နိုင်ငံ ​ခေါင်းဆောင်နဲ့ ​အင်ဒိုနီးရှား ​ခေါင်းဆောင်တို့ ​ဂျာကာတာမြို့မှာ ​တွေ့ဆုံဖို့ရှိပြီး ​မူးယစ်ကုန်ကူးမှု ​တိုက်ဖျက်ရေးအကြောင်း ​ဆွေးနွေးနိုင်ပါတယ်။

အင်ဒိုနီးရှားက ​ဖိလစ်ပိုင်လို ​ပေါ်လစီကို ​ကျင့်သုံးနိုင်ပါ့မလားလို့ ​မေးတဲ့အခါ ​အင်ဒိုနီးရှား ​မူးယစ်တိုက်ဖျက်ရေး ​အရာရှိ ​Budi ​Waseso ​က ​သူတို့နိုင်ငံရဲ့ ​မူးယစ်ပြဿနာက ​ဖိလစ်ပိုင်လိုပဲ ​ဆိုးသွမ်းတဲ့အတွက် ​အလားတူ ​လုပ်ဆောင်နိုင်မယ်လို့ ​မျှော်လင့်ကြောင်း၊ ​မူးယစ်ကုန်ကူးသူတွေဟာ ​လူအများအပြားကို ​သတ်နေတဲ့လူ ​ဖြစ်တာကြောင့် ​သူတို့ရဲ့ ​အသက်က ​နှမြောစရာမဟုတ်ဘူးဆိုတဲ့ ​သဘောမျိုးနဲ့ ​ရိုက်တာ ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ ​မူးယစ်တိုက်ဖျက်ရေး ​အဖွဲ့ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ​ဖိလစ်ပိုင်လောက် ​ကြမ်းတမ်းတဲ့ ​ပေါ်လစီကို ​ကျင့်သုံးမှာ ​မဟုတ်ပဲ ​အင်ဒိုနီးရှားနိုင်ငံရဲ့ ​ဥပဒေနဲ့ ​နိုင်ငံတကာ ​ဥပဒေအရသာ ​လုပ်ဆောင်သွားမယ်လို့ ​ပြောသွားခဲ့ပါတယ်။

လူ့အခွင့်အရေး ​စောင့်ကြည့်ရေးအဖွဲ့ ​HRW ​ကတော့ ​ဖိလစ်ပိုင်နိုင်ငံလို ​လိုက်မတုဖို့ ​အင်ဒိုနီးရှား ​အာဏာပိုင်တွေကို ​တိုက်တွန်းထားပါတယ်။

ဖိလစ်ပိုင် ​သမ္မတ ​ရော်ဒရီကို ​ဒူတာတေး ​အာဏာရလာပြီး ​၂ ​လအတွင်း ​မူးယစ်ကုန်ကူးသူလို့ ​ယူဆရတဲ့ ​လူပေါင်း ​နှစ်ထောင်ကျော် ​ပစ်သတ်ခံခဲ့ရပြီး ​လူ့အခွင့်အရေးအဖွဲ့တွေက ​တရားခံတွေကို ​တရားရင်ဆိုင်ခွင့် ​မပေးတဲ့အတွက် ​တရားမဝင်လူသတ်မှုအဖြစ် ​သတ်မှတ်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် မြို့နယ်များ အတွင်း နေအိမ်များရှေ့၌ လမ်းမပေါ်ကျူးကျော်ကာ ဆောက်လုပ်ထားသောအမိုးအဖီများနှင့် ဈေးဆိုင်များအား ပြန်လည်ဖျက်သိမ်းလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့တွင် လူနေရပ်ကွက်နှင့် လမ်းများအတွင်း ကျူးကျော်ဆောက်လုပ်ထားသောဈေးဆိုင်များ၊ မြေညီထပ် တိုက်ခန်းများ၏ မျက်နှာစာရှေ့တွင် ကျူးကျော်ထားသော အမိုးအဖီများ၊ ကားဂိုဒေါင်များဆောက်လုပ်ထားခြင်းကိုစက်တင်ဘာလဆန်းမှစတင်၍ ဖျက်သိမ်းလျက်ရှိကြောင်း တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ရှိ စတိုးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

''ကျွန်တော်တို့ ဟိုအရင်တုန်းကတော့ ဒီလိုပဲနားလည် မှုနဲ့ လုပ်ခဲ့တာပါ။ အခုတော့ စည်ပင်မြေကို ကျူးကျော် ထားတာတွေ ပြန်ဖျက်ရတယ်။ ကိုယ့်အိမ်ရှေ့ အမိုးထိုးပြီး ဖွင့်နေတာပေါ့။ တဖြည်းဖြည်းနဲ့ မြေညီထပ်တိုင်းကတော့ ဆိုင်တွေဖြစ်လာကြတယ်။ အိမ်ရှေ့မှာချဲ့လာကြတာပါ။ အခု မြို့နယ်ကလာပြောထားလို့ ပြန်ဖျက်နေရတယ်''ဟု တာမွေမြို့နယ် ပုသိမ်ညွန့် ရပ်ကွက်တွင် စတိုးဆိုင်ဖွင့်လှစ် ထားသူတစ်ဦးက ပြောသည်။

ကျူးကျော်ဆိုင်ခန်းများ၊အဆောက်အအုံများ၊ အမိုး အဖီများကို ဖယ်ရှားရှင်းလင်းလျက်ရှိပြီး မြို့နယ်များအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းအပြင် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် လည်း နောက်ဖေးလမ်းကြားများ သန့်ရှင်းသပ်ရပ်စေရေး ကိုဆောင်ရွက်လျက်ရှိရာ ကျူးကျော်အမိုးအဖီများကို ဖယ်ရှားရှင်းလင်းလျက်ရှိပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် မှုများကိုလည်း အရေးယူဆောင်ရွက်လျက်ရှိသည်။ ယင်း အစီအစဉ်ကိုလည်း မြို့တွင်းမြို့နယ်များအပြင် အခြား မြို့နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

''မြေညီထပ်တိုင်းက ဈေးဆိုင်တွေဖြစ်လာတော့ နေအိမ်ရှေ့မှာနေရာမရှိအောင် ဆိုင်တွေကျူးကျော်ထား ကြတယ်။ ကားရပ်စရာနေရာလည်း မရှိတော့ဘူး။ ဆိုင်ရှေ့ မရပ်နဲ့ ဆိုတာတွေ၊ ကားမရပ်ရဆိုပြီးနေရာဦးထားတာ တွေနဲ့ ရန်ဖြစ်နေတာလည်းခဏခဏပဲ။ အိမ်ရှေ့မြေနေရာ ကို ကိုယ်ပိုင်လိုသုံးနေကြတယ်။ အထူးသဖြင့် ကျားကွက် သစ်လမ်းကဆိုင်တွေပဲ။ လမ်းသားချဲ့ထားလည်းဘီယာဆိုင်တွေကြောင့် လမ်းပိတ်တာခဏခဏပဲ။ စည်ပင်က ခုလို ကြပ်မတ်တာကောင်းတယ်။ လာဘ်မစားဘဲမှန်မှန် ကန်ကန် အရေးယူသင့်တယ်''ဟုတာမွေမြို့နယ် ကျားကွက် သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

(ဆုနှင်းလဲ့)
The Mirror Daily
https://www.facebook.com/TheMirrorDaily


ရန်ကုန် စက်တင်ဘာ ၇

အလုံမြို့နယ် သစ်တောရပ်ကွက် ကမ်းနား လမ်းနှင့် အလုံလမ်းမထောင့်ရှိSKY WAY ကလပ်အတွင်းသို့ စက်တင်ဘာ ၇ ရက် နံနက် ၂ နာရီခန့်တွင် လူလေးဦး ခန့်က လက်နက်များ ကိုင်ဆောင်ကာ ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ သည်။

အခန်းအတွင်းသို့ ယင်းလူအုပ်စု ဝင်ရောက်ပြီး ခေါင်းဆောင်ဟု ထင်ရ သူက ဓားဖြင့်ခုတ်ရာ သာကေတမြို့နယ် နေ မောင်တေဇာလင်း (၁၉ နှစ်)တွင် ဒဏ်ရာများရရှိခဲ့သည်။ တစ်ချိန် တည်း၌ ပါလာသူများက လေးခွ များဖြင့် ပစ်ခတ်ရာ ဒဂုံ(တောင်ပိုင်း)မြို့နယ်နေ ကိုမောင်မောင်စိုး (၄၃ နှစ်)၊ လှိုင်သာယာမြို့နယ်နေ မောင်ဇင်မင်း ထက် (၂၃ နှစ်)တို့ ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။

လုယက်မှုတွင်ပါဝင်သူ အမျိုးသား တစ်ဦးက ငွေသိမ်းကောင်တာအတွင်း မှ ငွေကျပ် သိန်း ၂ဝ ကျော်ကို လုယူ ထွက်ပြေးရာ ဆိုင်ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများက ဝိုင်းဝန်း ဖမ်းဆီးစဉ် အလုံမြို့မရဲစခန်းမှ နယ်ထိန်း အရာရှိ ဒုရဲအုပ် ကျော်စိုးဦးနှင့်အဖွဲ့ ရောက်ရှိပြီး အောင်ဆန်း(၂၈ နှစ်) ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်း ရပ်ကွက်နေသူအား ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးခဲ့ရာမှ လုယက်မှုတွင် ပါဝင်သည်ဟု ဆိုသည့် ဆံရှည်(ခ)လင်းထိန်နှင့် ပိုင်ပိုင်တို့ နှစ်ဦးအား ထပ်မံဖမ်းမိခဲ့သည်။

လုယက်မှုတွင် ပါဝင်သူများ အား အလုံမြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး ကျန် ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသ ကြီး၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


နေပြည်တော် စက်တင်ဘာ ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်အား ယနေ့ နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ် ကိစ္စသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့်ကိစ္စရပ် တစ်ခုဖြစ်ပါကြောင်း၊ မစ္စတာ ကိုဖီအာနန်၏ ကျွမ်းကျင်သည့် ခေါင်းဆောင်မှုဖြင့် ပြဿနာကို ချဉ်းကပ် ဖြေရှင်း နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။


မစ္စတာ ကိုဖီအာနန်က ယခုကော်မရှင်ကို မြန်မာနိုင်ငံမှ ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ ပါဝင် ဖွဲ့စည်း ထားသည့် နိုင်ငံခြားသား သုံးဦးအနေဖြင့်လည်း ရခိုင်ပြည်နယ် ကိစ္စရပ်များအပေါ် မိမိတို့၏ နိုင်ငံတကာ အတွေ့အကြုံများဖြင့် ပေါင်းစပ်သုံးသပ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ဒီမိုကရေစီစနစ်နှင့်အညီ ဆန္ဒဖော်ထုတ်မှုများ ကြုံတွေ့ခဲ့ရခြင်း ကိုလည်း နားလည်လက်ခံပါကြောင်း၊ ကော်မရှင်အနေဖြင့် လူထု၏ သဘောထားများ တောင်းခံရာတွင် လိုအပ်ချက်များအား ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း၊ သို့မှသာ ပြဿနာအား ချည်းကပ်ဖြေရှင်းရာတွင် အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူများ၏ အတွေ့အကြုံများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။


ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစု ပင်လုံသည် နိုင်ငံအတွက် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်၍ အလေးအနက်ထားရှိမှု၊ ကိုဖီအာနန်ဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသော စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဝေမှုနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm