09/10/16


ပန်းရောင်းပြီး မိသားစုစားဝတ်နေရေးကူညီနေတဲ့ ကလေးငယ်တစ်ဦး

ရန်ကုန်၊ စက်တင်ဘာ ၄ – အသက် ၁၄ နှစ်အရွယ် မောင်သူရဦးက နေ့စဉ်ကျောင်းဆင်းချိန် ဆို သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားမှာ သန့်ရှင်းရေးတွေလုပ်ပါတယ်။ ကျွတ်ကျွတ်အိတ် တွေကိုဖိနပ်ထည့်ဖို့ ဘုရားမှာလိုက်ဝေရင်းဘုရားဖူးတွေ ပြန်ပေးသွားတဲ့ငွေတွေကိုစုပြီး  မိသားစုကို ဝင်ငွေရှာပေးနေတာ လေးနှစ်လောက်ကြာခဲ့ပါပြီ။

‘သားတို့က အဆင်မပြေတော့တစ်ဖက်တစ်လမ်းကနေ မိဘကိုကူညီချင်တယ်၊  အဲဒါကြောင့်  ကျောင်းပြန်ချိန်မှာရတဲ့အလုပ်တွေကိုလုပ်ပြီး မိသားစုကိုကူညီပေးနေတာပါလို့ ဟောင်းနွမ်း နေပြီးကျောဘက်ကစုတ်ပြဲနေတဲ့ အင်္ကျီအကွက်လက်တိုကို ဝတ်ဆင်ထားတဲ့ မောင်သူရဦး က ပြောပါတယ်။

မောင်သူရဦးမှာ  မောင်နှမငါးယောက်ရှိပြီး သူက ဒုတိယမြောက်သားပါ။  သူ့ရဲ့ အစ်မက ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေရောင်းချပြီး မိသားစုကိုကူညီနေတာပါ။ ကျန်မောင်နှမ သုံးယောက်ကို ပညာသင်ယူနိုင်အောင် မောင်သူရဦးတို့မောင်နှမနှစ်ယောက်က ဝိုင်းဝန်း ထောက်ပံ့နေရတာဖြစ်ပါတယ်။

ပညာသင်ယူရင်းအားလပ်ချိန်မှာ မိသားစုအတွက် တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကူညီပေး နေတဲ့ မောင်သူရဦးလို ကလေးငယ်တွေများစွာရှိနေပါတယ်။

တစ်နိုင်တစ်ပိုင် ဝိုင်းကူညီ

ကလေးငယ်တွေက ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာ နေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်။  ပန်းရောင်းသူတွေ၊ ဆိုက်ကားနင်းသူတွေ၊ ဘူးခွံကောက်တဲ့ကလေးတွေနဲ့ ဘုရားတွေ မှာသန့်ရှင်းရေးလုပ်၊ ဖိနပ်ထည့်ဖို့ ကျွတ်ကျွတ် အိတ်ရောင်းချနေတဲ့အလုပ်၊ တံဆိပ်ရိုက်စတဲ့ သူတို့တွေနိုင်နင်းတဲ့ အလုပ်တွေနဲ့ဝင်ငွေရှာနေတာပါ။

၁၄ နှစ်အရွယ်ဆိုက်ကားနင်းတဲ့ မျိုးဇော်သိမ်းက ကျွန်တော်ကမနက်ပိုင်းကျောင်းသွားတယ်၊ ၁၂ နာရီပြန်ရောက်ရင် ထမင်းစားတယ်၊ ခဏနားတယ်၊ ပြီးရင်ဆိုက်ကားနင်းတယ်၊ စာကို တော့ ညမှာကျက်တယ်လို့ပြောပါတယ်။ ရတဲ့ဝင်ငွေကို မုန့်ဖိုးအဖြစ်ရောအိမ်စရိတ်ရော  သုံးရ တာပါ။

ရွှေတိဂုံဘုရားမှာ ဖိနပ်အိတ်လိုက်ပေးသူကိုးနှစ်အရွယ်  မောင်ကျော်ထွန်းကသားကကျောင်း ပိတ်ရက်မှာလာလုပ်တာ၊ ကျောင်းပိတ်ရက်ဆို  အမေကမုန့်ဖိုးမပေးဘူး၊ ကိုယ့်ဘာသာကိုယ် ရှာပြီးသုံးတာ အမေကိုလဲပြန်ပေးတယ်၊ ဒီမှာလာလုပ်တာသားအစ်ကိုရယ်၊  ညီမလေးရယ် ပါတယ်လို့ ငါးနှစ်ကျော်လောက်ရှိတဲ့ သူ့ညီမဖြစ်သူကို လက်ဆွဲကာပြောပါတယ်။

တစ်နေ့တာဝင်ငွေ

ကျောင်းတက်တဲ့ ကလေးတွေက မနက်ပိုင်းကျောင်းတက်ပြီး ညနေအလုပ်လုပ်တာတွေ ရှိသလိုကျောင်းပိတ်တဲ့နေ့မှာအလုပ်လုပ်တာတွေရှိပါတယ်။ တချို့ကျောင်းနေတဲ့ ကလေးတွေ ဆိုရင် ငွေကြေးပြည့်စုံတဲ့ ကလေးတွေ ကျောင်းချိန်ပြီးလို့  အပြင်ကျူရှင်တက်နေတဲ့အချိန်မှာ သည် ကလေးတွေက မိသားစုအတွက်ဝင်ငွေရှာနေကြပါတယ်။  ကျောင်းမတက်တဲ့ ကလေး တွေဆိုရင် မိုးလင်းမိုးချုပ်အလုပ်လုပ်ကြရပါတယ်။

‘သားမှာ အဖေရော အမေရော ရှိတယ်၊  အဖေက ပိုက်ဆံရတစ်ချက်မရတစ်ချက်နဲ့ဆိုတော့ အမေ့မှာ မလောက်ဘူး၊ သားကအမေ့ကို ကြည့်ပြီးသနားလို့ပါ၊ အဖေက တစ်ခါတစ်ခါရတဲ့ ပိုက်ဆံတွေကို  အရက်သောက်ပစ်တယ်၊ ညီလေးတွေကျောင်းထားရတော့ မလောက်လို့ သားတို့ မောင်နှမကကူရှာပေးရတာပါလို့ ဘုရားသန့်ရှင်းရေးလုပ်သူ မောင်သူရဦးက ပြော ပါတယ်။

ကလေးအများစုရဲ့ တစ်နေ့တာဝင်ငွေ က ကျပ် ၂၀ဝ၀  ကနေ ကျပ် ၅၀ဝ၀  ကျော်အထိ ရပါတယ်။ ကျောင်းမတက်ဘဲတစ်နေကုန်လုပ်တဲ့ ကလေးတွေဆို  ကျပ် ၇၀ဝ၀ ကနေ  ကျပ် ၁၀,ဝ၀ဝ လောက်အထိရကြတယ်လို့ သိရပါတယ်။

ကျောင်းတက်ရင်းစံပယ်ပန်း ရွှေပန်းငွေပန်းတွေရောင်းပြီး မိဘကိုကူနေတဲ့  မသီတာရဲ့ မိခင် ဒေါ်ဌေးဌေးက ကျွန်မကမခိုင်းပါဘူး၊ ကျွန်မပင်ပန်းနေတာမြင်တော့လဲသနားတယ်ထင် ပါတယ်၊ ကျွန်မကတော့ သားသမီးတွေကို ပညာပဲသင်ပြီးပညာတတ်ကြီးတွေဖြစ်စေချင် တယ်လို့ ပြောပါတယ်။

ရှက်စရာလို့ မယူဆပါ


ကလေးငယ်တွေဖြစ်ပေမဲ့ ကျောင်းတက်ရင်းအလုပ်လုပ်နေရလို့ ရှက်စရာလို့မယူဆကြပါဘူး။ ကျောင်းမှာလှောင်ပြောင်ခြင်းလည်းမခံရဘူးလို့ ဆိုကြပါတယ်။

‘ဘုရားမှာဆိုတော့ ကုသိုလ်လဲရတယ်၊ မောင်နှမတွေကို ကျောင်းထားနိုင်တဲ့အတွက်ပျော် တယ်လို့ မောင်သူရဦးက ပြောပါတယ်။

ဆိုက်ကားနင်းတဲ့ မောင်မျိုးဇော်ကလည်းမရှက်ပါဘူး၊  သူများပစ္စည်းခိုးတာမှ မဟုတ်တာ၊ သူငယ်ချင်းရဲ့ အမေတွေကဆိုက်ကားကိုစီးကြတယ်၊ ကျောင်းစရိတ် နဲ့ မုန့်ဖိုးရအောင် အန်တီ တို့ကစီးကြတာလို့လဲ ပြောတယ်လို့ ပြောပါတယ်။

သူတို့ရဲ့  အနာဂတ်တွေ

သည်ကလေး တွေကဘွဲ့မရတောင် ၁၀ အောင်ပြီး အလုပ်တစ်ခုရတဲ့သူဖြစ်ချင်တယ်လို့ ပြောကြပါတယ်။

ဘွဲ့ရတဲ့အထိကျောင်းဆက်တက်ချင်ကြပေမဲ့ စားဝတ်နေရေးအခြေအနေတွေကြောင့်  ရည်မှန်းချက်ကြီးကြီးတွေ သူတို့မှာမရှိကြပါဘူး။

ဆိုက်ကားနင်းတဲ့ မောင်မျိုးဇော်က သားအမေကတစ်ယောက်တည်းမို့လို့  အမေနဲ့အတူတူ အလုပ်လုပ်နေတာပါ၊  အမေဖြစ်စေချင်တဲ့ ပညာတတ်ကြီးဖြစ်အောင် လုပ်မှာပါ၊ သားကလဲ  အတတ်နိုင်ဆုံးကြိုးစားမှာပါလို့ သူက ပြောပါတယ်။

မောင်သူရဦးကတော့ သူလုပ်နေရသလိုမျိုး ညီ၊ ညီမတွေကို မလုပ်စေချင်ပါဘူး။  ၁၀ တန်း အောင်လို့အလုပ်လေးရရင် ညီ၊ ညီမတွေကို ကောင်းကောင်းထားနိုင်မယ်လို့မျှော်လင့် ထားကြောင်း ကျောင်းပြန်ချိန်ဘုရား မှာအလုပ် လုပ်ပြီး ပြန်လာချိန်ချွေးတွေရွှဲနေလို့ အမောဖြေကာပြောပါတယ်။

အိမ်ကို သူပြန်ရောက်ချိန် က ညနေ ၆း၃၀ နာရီရှိနေပါပြီ။

Author – လဝန်း၊ လိမ္မာ
Kumudra


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံခရီးစဉ်၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့သို့ သွားရောက်မည့် တရားဝင်ခရီးစဉ်နှင့် နယူးယောက်မြို့ ၌ ကျင်းပပြုလုပ်မည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည့်ခရီးစဉ်တို့ အတွက် ယနေ့ မြန်မာစံတော်ချိန် ၀၉:၄၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားပါသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြကြောင်း သိရှိရပါသည်။

Ministry of Foreign Affairs Myanmar


ကရင်ပြည်နယ် ဘားအံမြို့  အမှတ် ၇ ရပ်ကွက် ရွှေကြက်ဖဆိုင်အနီးနားမှာ စက်တင်ဘာလ (၁၀)ရက်နေ့ ဒီကနေ့ သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်​။

ဆိုင်ကယ်ပေါ်ပါလူနှစ်ဦးထဲက တစ်ယောက်က သေနတ်မိုးပေါ်ထောင်ပြီး ပစ်ဖောက်သွားတယ်လို့ ကြားသိရပါတယ်။ ဖြစ်စဉ်ကို အနီးအနားက လူတွေကို မေးမြန်းပေမယ့် ဘာမှမသိလိုက်ဘူးလို့ ပြောပါတယ်။

ခုချိန်မှာ ဗိုလ်ကြီးဇော်လင်းဦးစီးတဲ့ BGF တပ်ဖွဲ့ဝင်များ ၊ စရဖ ၊ ရဲများ ရပ်ကွက်လူကြီးများ လာရောက်စစ်ဆေးမေးမြန်းနေပါပြီ။

သတင်း - ဓါတ်ပုံ ။  ။ ကရင်ပြည်နယ် ဘားအံမြို့တော်


စက်တင်ဘာ (၉) ရက်နေ့ က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ၊ ဘန့်ဘွေးအိုရီယမ်တယ်တိုးဂိတ်အနီးတွင် ရဲအုပ်အောင်ချစ်စု ဦးစီးသည့်အဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပိတ်ဆို့စစ်ဆေးရှာဖွေရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မန္တလေးမှ လားရှိုးသို့ ယာဉ်မောင်း တုံပေါင်ဟူ(ခ)ကိုစိုင်း မောင်းနှင်လာသော AD Van အမျိုးအစား အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ထိုင်ခုံအောက် ခြေနင်းပြားများအောက်တွင် ဖုံးအုပ်သယ်ဆောင်လာသည့် အ၀ါရောင်တိပ်ဖြင့်ပတ်လျှက် ကျောက်စိမ်းတုံးဆိုဒ်စုံ(၁၁၄)တုံး၊ အလေးချိန်(၂၂၈.၆၀၈၇)ကီလိုဂရမ်ခန့်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။


အဆိုပါ တရားမ၀င် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူ ယာဉ်မောင်း တုံပေါင်ဟူ(ခ)ကိုစိုင်း ၊ ရပ်ကွက်(၅)၊ လားရှိုးမြို့နေသူအား ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်း - ဓါတ်ပုံ Nay Myo


မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန် တဖက်ကမ်း ကျွန်းစုမြို့နယ်ပိုင် ဂဏန်းမွေးမြူရေး ကန်ရှိ အလုပ်သမား များသည် မိမိတို့ ရသင့် ရထိုက်သော အလုပ်သမားအခွင့် အရေးများ မရရှိကြပဲ ချိုးဖောက်မှုခံနေရကြောင်း အလုပ်သမားများမှ ပြောကြားသည်။

၂၄ နာရီကို ၂ ဆိုင်းနှင့် အလုပ် လုပ်ရတော့ လူတစ်ယောက် တနေ့ အလုပ်ချိန်ဟာ ၁၂ နာရီဖြစ်နေတယ်။ နေ့တိုင်းအဲလိုပဲ။ (OT)ကြေးက တစ်နာရီကို ၅၀၀ကျပ်ပဲပေးတယ်။ တစ်ဝက် လောက် ခေါင်းပုံဖြတ်ခံနေရတယ်။ ဟုအသက် ၃၀ ခန့်ရှိသူ ယင်းအလုပ်သမားက ပြောသည်။

အဆိုပါဂဏန်းမွေးမြူရေးကန်၌ ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာအလုပ်သမား ၄၀၀ ကျော်ခန့်ရှိပြီး ဂဏန်းပျော့များကို အေးခဲကာ နိုင်ငံခြားသို့ တင်ပို့ရောင်းချနေသော ကုမ္ပဏီတခု ဖြစ်သည်။


ပြီးခဲ့တဲ့ လဝက်လောက်က အလုပ်သမား ကောင်လေးတယောက် ရေစီးသန်တဲ့ ချောင်းထဲမှာ ဂဏန်းထည့်တဲ့ ပုံးကို ဆေးကြောနေတုန်း အဲဒီပုံးမျောပါသွားတယ်။ ဒီနေ့ လစာထုတ်တော့ ပုံးအတွက် ၃ သောင်း အဖြတ်ခံရတယ်။ ပုံးရဲ့ ပေါက်ဈေးက (၉၅၀၀)ကျပ် ပဲရှိတယ်။ မတရားကြီးကို ဖြစ်နေတယ် ဟု အထက်ပါ အလုပ်သမားက ဆက်၍ ပြောသည်။

၁၉၃၆ ခုနှစ် မြန်မာနိုင်ငံ လုပ်ခပေးရေး အက်ဥပဒေ ပုဒ်မ၇(၂)၌ အလုပ်ခွင် အတွင်း မတော်တဆပျက်စီး ဆုံးရှုံးမှု အတွက် ဒဏ်ငွေအား (၁)ကျပ်တွင် (၃)ပြားသာ တရားဝင် ဖြတ်တောက်ရမည် ဖြစ်ပြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ ခွင့်ပြုချက် ရယူရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆယ်စုနှစ် တခုကျော် သက်တမ်းရှိပြီး သီးသန့် ဆန်သော ကျွန်းဖြစ်၍လည်း အလုပ်သမားများ အပေါ် ဥပဒေ သက်ရောက်မှု အားနည်းကြောင်း ၄င်းတို့ကဆိုသည်။

၁နှစ် ၂နှစ်ကြာလို့မှ ဌာနဆိုင်ရာတွေ မရောက်တဲ့ နေရာပါ။ တပြည်လုံး ပြောင်းလဲနေပြီလို့ အော်နေ ကြတယ်။ ကျနော်တို့ဆီမှာ လုံးဝမပြောင်းလဲ သေးပါဘူး။ သက်ဆိုင်ရာ လူကြီးတွေ လာစစ် ပေးပါလို့ ပြောချင်တယ်။ ဟု ၄င်းအလုပ်သမား က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နယ်၌ ဂဏန်းပျော့ မွေးမြူရေးကန်၂ ခုနှင့် မြိတ်တဖက်ကမ်း ကျွန်းစု မြို့နယ်၌ ၂ ခုရှိပြီး အအေးခန်း စက်ရုံများမှ တဆင့် ထိုင်း မလေးရှားနှင့် ဟောင်ကောင် ၊ ထိုင်ဝမ် စသော နိုင်ငံများသို့ တင်ပို့ ရောင်းချနေကြောင်း စက်ရုံ အသိုင်းအဝိုင်းမှ သိရသည်။

ရဲရင့်
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news/


အစိုးရသစ်လက်ထက်တွင် စားသောက်ကုန်ပစ္စည်းဈေးနှုန်းများကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

''ကုန်ဈေးနှုန်းက ကြီးမြင့်နေတော့ ကျွန်တော်တို့မှာ ကျပ်တည်းတာပေါ့။ ၀င်ငွေနဲ့ ထွက်ငွေနဲ့က မမျှဘူး။ မိသားစု စားဝတ်နေရေးအတွက်ကတော့ အမြဲရုန်းကန်နေရတာပေါ့။ အခုအစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်းက ပိုဆိုးလာတယ်။ ဘဲဥ၊ ကြက်ဥတလုံး ၂၅၀ ကျပ်လောက်ဖြစ်နေပြီး ကန်စွန်းရွက်ဆို တစည်း ၃၀၀ ကျပ်လောက် ဖြစ်နေတယ်။ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအတွက်ကတော့ ဒီလိုပုံစံမျိုး ကုန်ဈေးနှုန်းကြီးမြင့်နေဦးမယ်ဆိုရင် ကြာရင် အကုန်ဒုက္ခရောက်တော့မှာ။ ဒီကိစ္စကို အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ အမြန်ဆုံးကြပ်မတ်ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်''ဟု သမ္ဗန်မောင်းသူတဦးဖြစ်သူ ဦးစိုးလှိုင်ကပြောသည်။

''ကျွန်တော်တို့ဒေသမှာ ရေကြီးရေလျှံမှုကြောင့် လယ်ယာမြေတွေပျက်စီးပြီး ဘာမှ လုပ်ကိုင် စားသောက်လို့ မရသေးဘူး။ ဒီလိုအခြေအနေမှာ ကုန်ဈေးနှုန်းက မတရားကြီးမြင့်နေတော့ ဒုက္ခရောက်တာပေါ့''ဟု ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ လယ်သမားတဦးဖြစ်သူ ကိုလတ်က ပြောသည်။

ပြည်သူရွေးချယ်တင်မြှောက်သည့် အစိုးရသစ်လက်ထက်တွင် ပြည်သူလူထု၏ စားဝတ်နေရေး ပြေလည်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ ယခုအခါပြည်သူများမှာ ကုန်ဈေး နှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်နှင့် ယင်းပြဿနာကို အစိုးရအနေဖြင့် စနစ်တကျ စီမံကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း လယ်သမားအရေးလှုပ်ရှားဆောင်ရွက်သူ ဦးအောင်မြင့်က ပြောသည်။

ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာနှင့်ပတ်သက်၍ ''အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ စီးပွားရေးဖွံ့ဖြိုးမှုကို အာရုံစိုက်မှုနည်းနေတယ်။ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုမှာ သက်သာအောင် အစိုးရက လုပ်ပေးသင့်တယ်။ ၀န်ဆောင်မှုကဏ္ဍကလည်း အရေးကြီးတယ်။ ကျွန်တော်တဦးထဲ မြင်တာက တော့ လက်ရှိအနေအထားမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချရမယ်ဆိုတာထက် စီးပွားရေးရပ်ဝန်းတခုလုံး ရပ်ဆိုင်းနေတာကို မူဝါဒတွေ စနစ်တကျချမှတ်ပြီး ဆောင်ရွက်သင့်တယ်''ဟု စီးပွားရေးပညာရှင် ဦးချစ်ထွန်းဖေက ပြောသည်။

'အစိုးရသစ်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်ဈေးနှုန်းကျဆင်းရေးကိစ္စများကို ဆောင်ရွက်မည်ဆိုပါက သုံးသင့်သည့်ကိစ္စများ၌ ခြိုးခြံချွေတာမနေဘဲ သုံးစွဲသင့်ကြောင်း ဘတ်ဂျက်လိုငွေပြမှုသည် အစိုးရတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာဖြစ်ကြောင်း လိုငွေပြမှုကိုကြောက်ပြီး သုံးစွဲမှုကိုလျှော့မည်ဆိုပါက စီးပွားရေးချွတ်ခြုံကျသွားမှုကို သက်ရောက်စေကြောင်း လက်ရှိအခြေအနေတွင် ပို့ကုန်ထက် သွင်းကုန် ပမာဏက ပိုမိုများပြားနေကြောင်း၊ ပို့ကုန်အများအပြားတင်ပို့နိုင်ရန် ဆောင်ရွက်လိုပါက အရည်အသွေးကို ယခုထက် ပိုမိုမြှင့်တင်နိုင်ရမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးမြင့်ဇော်က ဝေဖန်ပြောကြားသည်။

လင်းယုန်(ဟံသာဝတီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မန္တလေးမြို့ ရေဆိုးစွန့်ထုတ်စနစ် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆ဝ ဖြင့် ခုနစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းဆောင်ရွက်ရန်အတွက် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခွဲက မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည့် မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အတွက် ချေးငွေအမေရိကန်ဒေါ်လာသန်း ၆ဝ ရယူခြင်း သဘောတူညီမှု စာချုပ်လက်မှတ်ရေးထိုးပွဲမှ သိရသည်။ ယင်းစီမံကိန်းတွင် အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တွင် ရေဆိုး သန့်စင် စက်ရုံတည်ဆောက်သွားမည့်အပြင် မန္တလေးမြို့တွင်းရှိ အဓိက မြောင်းကြီးများဖြစ်သည့် ရွှေတချောင်း၊ ငွေတချောင်း၊ သင်္ဂဇာ ချောင်း၊ မင်္ဂလာချောင်းတို့မှ ရေဆိုးစနစ်များကို စနစ်တကျ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းမန်နေဂျာ ဒေါ်ခင်မေဌေးက ပြောသည်။

''မန္တလေးမြို့ ရေဆိုးစနစ် ကောင်းမွန်အောင် တစ်ခါမျှ မလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် အတိုင်ပင်ခံ အင်ဂျင်နီယာတွေ၊ အသိပညာရှင် အတတ်ပညာရှင် တွေ၊ မြို့ခံလူထုနဲ့ပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင် ရွက်သွားပါ့မယ်။ အိမ်သုံးစွန့်ပစ်ရေနဲ့ မိုးရေစွန့်ပစ်ရေကို ခွဲခြား ပြီး အခုဆောက်လုပ် မယ့် ရေဆိုးသန့်စင်စက်ရုံကို ပို့မယ်။ ဒီစက်ရုံ ကတစ်ဆင့် ဧရာဝတီမြစ် ထဲကို ရေသန့်အဖြစ် စွန့်ထုတ်မှာ ဖြစ်ပါတယ်။ ဒီနေ့လက်မှတ်ထိုးပြီးတာနဲ့ လုပ်ငန်းစတင်မှာ ဖြစ်ပါ တယ်''ဟု ၎င်းက ပြောသည်။

ယခုချေးငွေဖြင့် မန္တလေးမြို့ ရေဆိုးစနစ်ကို အဓိကဖြေရှင်း ဆောင်ရွက် သွားမည့်အပြင် ဒုတိယအနေဖြင့် ယင်းခုနစ်နှစ် အတွင်း မြို့တွင်းမြောင်း များ ရေစီးရေလာ ကောင်းမွန်စွာစီးဆင်း ရေးအတွက် ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် နိုင်ငံတကာ နည်းပညာအကူအညီများပါ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှCountry Director Mr. Winfried F. Winklein က ပြောသည်။

''ကျွန်တော်တို့ဘဏ်က ဖွံ့ဖြိုးရေးဘဏ်ဖြစ်တဲ့အတွက် အကျိုးအမြတ်ကို အဓိကမထားပေမယ့် ဒီစီမံကိန်းကြောင့် မ္တလေးဒေသခံ အားလုံး စီပွားရေး အခွင့်အလမ်းတွေ ပိုမိုရရှိ လာနိုင်တယ်။ ရေနဲ့ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးစီမံကိန်း ဖြစ်တဲ့အတွက် ရေကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေလည်း ကင်းရှင်း လာမယ်'' ဟု ၄င်းကပြောသည်။

အဆိုပါစီမံကိန်း သဘောတူညီချက်အရ ချေးငွေသန်း ၆ဝ အား ၃၂ နှစ် အတွင်း အပြီးပေးဆပ်ရမည်ဖြစ်ပြီး ဆိုင်းငံ့ကာလ ခုနစ်နှစ် သတ်မှတ်ပေး ထားကာ အတိုးနှုန်းမှာ ပထမရှစ်နှစ် အတွင်း တစ် ရာခိုင်နှုန်းနှင့် နောက်ပိုင်း ကာလများအတွက် ၁ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရ သည်။

MMK
The Ladies News


ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်ရှေ့လမ်းမပေါ်တွင် အခိုင်အမာကျူးကျော်ဆောက်လုပ်နေမှုများ၊ အမိုးအဖီများ ကျူးကျော်ဆောက်လုပ်နေမှုများကို စည်ပင်ဥပဒေဖြင့် အရေးယူမှုကို တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင် စတင်ပြီဖြစ်ကြောင်း တောင်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွဋ်က စက်တင်ဘာ ၈ ရက်တွင် ပြောသည်။

ယင်းရပ်ကွက် နေအိမ်ရှေ့ရှိ လမ်းမပေါ်တွင် အခိုင်အမာကျူးကျော်ဆောက်လုပ်နေမှုများ၊ အမိုးအဖီကျူးကျော် ဆောက်လုပ်ထားသော ဆိုင်ခန်းများအား ဖျက်သိမ်းပေးရန် စက်တင်ဘာလဆန်းပိုင်းက နို့တစ်စာများပေးပို့ထားပြီး သက်ဆိုင်ရာ စည်ပင်ဝန်ထမ်းများကလည်း လိုက်လံသတိပေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

''သူတို့အသိစိတ်ဓာတ်နဲ့ဖျက်ဖို့ သတိပေးတာပေါ့။ လာမယ့်တပတ်ကျရင် မဖျက်သိမ်းဘဲ ကျန်တဲ့လူတွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်မယ်။ ဖျက်ဖို့ ပြောမယ်။ အဲဒါမှ မဖျက်ဘဲ တင်းခံနေမယ်ဆိုရင် စည်ပင်ဥပဒေ ပုဒ်မ ၆၈၊ ၆၉ တို့နဲ့ အရေးယူမယ်။ တရားစွဲတာတွေလုပ်မယ်''ဟု ဦးအောင်သန်းထွဋ်က News Watch သို့ ပြောသည်။

တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်နှင့် ကျားကွက်သစ်ရပ်ကွက်တို့တွင် ဆောင်ရွက်ပြီးစီးပါက ဆက်စပ်မြို့နယ် များဖြစ်သည့် မင်္ဂလာတောင်ညွန်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ပုဇွန်တောင်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့တွင်လည်း နောက်ဖေးလမ်းကြား ကျူးကျော်အဆောက်အအုံများရှင်း လင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါကျူးကျော်အဆောက်အအုံများသည် ယခင်အစိုးရလက်ထက်ကတည်းက မရှင်းလင်းနိုင်ခဲ့သည့် ပြဿနာဖြစ်ပြီး ၂၀၁၃ စည်ပင်ဥပဒေအရ တိတိကျကျ အရေးမယူခဲ့သည့်အတွက်ကြောင့် ယခုကဲ့သို့ နေအိမ်ရှေ့ရှိ လမ်းမများပေါ်တွင် ကျူးကျော်အဆောက်အအုံများ များပြားလာရခြင်းဖြစ်ကြောင်းနှင့် ဥပဒေအရသေသေချာချာကိုင်တွယ်ပြီး ဒဏ်ကြေးများသတ်မှတ်၍ အရေးယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

ယင်းသို့ အရေးယူမှုများသည် စီမံချက်ဖြင့် ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ယခင်ကတည်းကရှိခဲ့သည့် စည်ပင်ဥပဒေဖြင့်သာ မြို့နယ်အလိုက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

လင်းလင်းအောင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)



ပြည်သူ့ဝန်ထမ်းဖြစ်သည့် စစ်ဗိုလ်ချုပ်များကို အစိုးရက ဘာကြောင့် ကြောက်ရွံ့နေသလဲဟု ဒီမိုကရေစီရေး စဉ်ဆက်မပျက်လှုပ်ရှားမှုအင်အားစုအဖွဲ့ MDCF မှ ကိုထင်ကျော်က မေးခွန်းထုတ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


၂၁ ရာစုပင်လုံသို့ တက်ရောက်လာတဲ့ တပ်မတော်သားများ
၂၁ ရာစုပင်လုံသို့ တက်ရောက်လာတဲ့ တပ်မတော်သားများ

တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို ကျန်လက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်ရေးထိုးနိုင်ဖို့ဆိုရင် တပ်မတော်သဘောထား အခုထက် ပိုပြီး ပျော့ပျောင်းဖို့လိုတယ်လို့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီက ပြောကြားလိုက်ပါတယ်။ NCA စာချုပ်ကို လက်မှတ်ရေးထိုးမှသာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်ခွင့်ရမှာဖြစ်တယ်လို့ ၂၁ ရာစု ပင်လုံညီလာခံ ကာလအတွင်း ညီလာခံပူးတွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတွေက ပြောကြားခဲ့တဲ့အပေါ် ခုလို တုန့်ပြန်လိုက်တာလဲ ဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီး တင်ပြပါမယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တနိုင်ငံလုံးအပစ်ရပ်ရေး NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီးမှသာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်ခွင့်ရမှာဖြစ်တယ်လို့ ၂၁ ရာစု ပင်လုံညီလာခံ တတိယနေ့အပြီး သတင်းစာရှင်းလင်းပွဲမှာ ပင်လုံညီလာခံ ပူးတွဲ ကျင်းပရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက သတင်းထောက်တွေရဲ့အမေးကို ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာ့ တပ်မတော်ဖက်က ဦးသိန်းစိန် အစိုးရလက်ထက် ချုပ်ဆိုခဲ့တဲ့ NCA စာချုပ်ကို အသေစွဲကိုင်ထားပြီး၊ ပြုသာပြင်သာ မရှိတာကြောင့် သူတို့ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ NCA စာချုပ် လက်မှတ်ရေးထိုးရေးကိစ္စမှာ အခက်အခဲဖြစ်နေကြောင်း UNFC တပ်ပေါင်းစုရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ UNFC တွဲဖက်အတွင်းရေးမှူးလဲဖြစ်တဲ့ ဦးထွန်းဇော်က ပြောပါတယ်။

“အဲဒီ NCA ဆိုတာကြီးက ကျနော်တို့ အတူတကွ ပြုစုခဲ့ကြတဲ့ စာချုပ်ကြီးဖြစ်တယ်လေ ။ NCA နဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့က မြင်တဲ့အမြင်တွေသဘောထားတွေကို အခုလက်ရှိ ရွှေ့လျားလာတဲ့ကာလမှာ ထပ်တင်ပြတယ်။ အဆိုပြုချက် ၈ ချက်ဆိုတာက နည်းနာပေးတာဖြစ်တယ်။ ဒီနည်းလမ်းနဲ့ဆိုရင် NCA အဆင့်ကိုကျနော်တို့ ကျော်လို့ရတယ်။ တဘက်ကတော့ တုန့်ပြန်တာပေါ့ဗျာ NCA ဆိုတာကြီးက အားလုံးပါဝင်မှုမရှိခဲ့လို့ လက်မှတ်မထိုးရတာဖြစ်တယ်။ ဆိုတော့ အားလုံးပါဝင်မှုကို လက်ခံသလားဆိုတော့လည်း အားလုံးပါဝင်မှုကို လက်မခံသေးဘူး ။ ဒီကိစ္စတွေကို နည်းလမ်းရှာရမယ်။ နည်းလမ်းရှာ လို့ရတယ်ဆိုရင် အဖြေရှိမယ်။ အဖြေရှိတယ်၊ အဖြေရှိမယ် ဆိုရင် ကျနော်တို့ ရှေ့ဆက်သွားနိုင်မယ် ။ အစိုးရဘက်ကတော့ အားလုံးကို အရာရာတိုင်းကို ညှိနှိုင်းလို့ရတယ်ဆိုတဲ့ သဘောထားရှိတယ်။ ဒါပေမယ့် တပ်မတော်ဘက်က ကျတော့ ညှိနှိုင်းလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ NCA အပေါ်မှာ သူက အသေဆုပ်ကိုင်ပြီးမှ ရပ်တည်နေတယ်ပေါ့လေ။”

NCA ကို လက်မှတ်ထိုးဖို့ဆိုရင် အချက် ၈ ချက် သဘောတူရမယ်လို့ UNFC တပ်ပေါင်းစုက အစိုးရကို တင်ပြအကြံပြုထားပါတယ်။ အဲဒီထဲမှာ စစ်ရေးဆိုင်ရာ ၄ ချက်၊ နိုင်ငံရေးဆိုင်ရာ ၃ ချက်နဲ့ တိုင်းရင်းသားနယ်မြေအတွင်း လုပ်ပိုင်ခွင့်ဆိုင်ရာ ၁ ချက် စုစုပေါင်း ၈ ချက်ဖြစ်ပါတယ်။ နိုင်ငံရေးတောင်းဆိုချက်ထဲမှာ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆိုတဲ့ အာမခံချက်အပါအဝင်၊ ၂၁ ရာစုပင်လုံညီလာခံတွေကနေ ပေါ် ထွက်လာတဲ့ အချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးတွေ ပါဝင်ပါတယ်။

အပစ်ရပ်ရေးစာချုပ်ကို လက်မှတ်မထိုးခင်မှာ တပ်မတော်ဖက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေဖက်ကပါ ယာယီအပစ်ရပ်စဲကြောင်း နှစ်ဖက်စလုံးက ကြေညာပေးဖို့ UNFC ဖက်က တောင်းဆိုခဲ့ပေမယ့် မြန်မာ့တပ်မတော်ဖက်ကတော့ လက်မခံခဲ့ဘူးလို့ UNFC ဦးထွန်းဇော်က ရှင်းပြပါတယ်။

“ ဒေါက်တာ တင်မျိုးဝင်းအနေနဲ့ တရားဝင် တုန့်ပြန်ထားတာရှိပါတယ်။ တနိုင်ငံလုံး အပစ်ရပ်စဲကြောင်းကို ကြေညာဖို့ဆိုတာ ယခင် NCA စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့တုန်းကလည်း အဲဒီလိုမရှိခဲ့ဘူးပေါ့နော်။ မရှိတဲ့အတွက် အခုလက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ နဲ့လည်း အဲဒီလိုလုပ်ဖို့ဆိုတဲ့ သဘောထားကတော့ သူတို့ဘက်မှာတော့ မရှိသေးဘူးဆိုတဲ့ သဘောထားမျိုး တုန့်ပြန်ထားပါတယ်။ ဒါကတော့ ကျနော်တို့ ဆက်ညှိရမယ့် သဘောတော့ရှိပါတယ်။ တနိုင်ငံလုံး အပစ်အခက်ရပ်စဲရေးကို တပ်မတော်ဘက်က ကြေညာဖို့လိုတယ်။ ကြေညာတဲ့အခါမှာ ကျနော်တို့ကလည်း ကာယကံရှင်အဖွဲ့အစည်းတွေအနေနဲ့ ကြေညာပေးမယ်။ သို့မဟုတ် အချိန်ကာလတခု သတ်မှတ်ပြီးတော့ တပြိုင်တည်း ကြေညာ အဲဒါလည်းဖြစ်တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့ဆိုရင် ထိုးစစ်တွေမရှိဖို့လိုတယ်။”

ဦးသိန်းစိန် အစိုးရလက်ထက် NCA စာချုပ်ကို လက်နက်ကိုင် ၈ ဖွဲ့သာ လက်မှတ်ထိုးခဲ့ပြီး၊ ကျန် ၉ ဖွဲ့ကတော့ လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ခွင့်မရတာကြောင့် ဆိုတဲ့အချက်ကြောင့် လက်မှတ်မထိုးခဲ့ကြတာပါ။ အခုထိလဲ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ တအာင်းပလောင်၊ ကိုးကန်နဲ့ ရခိုင့်တပ်မတော် အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပါ့မယ်ဆိုတဲ့ အာမခံချက်ပေးမှသာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခွင့် ရမယ်ဆိုပြီး တပ်မတော်ဖက်က ကန့်သတ်ထားပါတယ်။ ဒါဟာ အလုပ်မဖြစ်တဲ့နည်းလမ်းဟောင်းသာဖြစ်တယ်လို့ ဦးထွန်းဇော်က ဝေဖန်လိုက် ပါတယ်။

“နည်းလမ်းဟောင်းဆိုတာက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့အတွက် ဗိုလ်ချုပ်ကြီးနေ၀င်း စကတည်းကနေ သုံးခဲ့တဲ့ နည်းနာပါပဲ။ အဲဒီတုန်းကလည်း အလုပ်မဖြစ်ခဲ့ဘူး။ အလုပ်မဖြစ်ခဲ့တဲ့ နည်းနာကို အခုပြန်သုံးတယ်ဆိုတော့ ကျနော်ထပ်ပြီး အလုပ်ဖြစ်မယ်လို့ မမြင်ပါဘူး။ အဲဒီ ၃ ဖွဲ့ကိုမှ ကွက်ပြီးတော့မှ လက်နက်ကိုင်လမ်းစဉ်စွန့်ရမယ်ဆိုပြီးတော့မှ နည်းလမ်းဟောင်းကို ကျင့်သုံးရင်တော့ အလုပ်ဖြစ်မယ့် လက္ခဏာမဆောင်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ အလုပ်မဖြစ်လို့လဲ ဒီအနေအထားရောက်နေတာပေါ့လေနော်။ အဲဒါကြောင့် အားလုံးတန်းတူညီတူရှိရှိနဲ့ ဂုဏ်သိက္ခာ ရှိရှိလုပ်ဖို့တော့လိုပါတယ်။”

သြဂုတ်လအကုန် စက်တင်ဘာလအစမှာ ၂၁ ရာစုပင်လုံညီလာခံကို နေပြည်တော်မှာ ၄ရက်ကြာကျင်းပခဲ့ပြီး၊ နိုင်ငံရေးမူဘောင်ကို လာမယ့် တလလောက်အတွင်း အပြီးရေးဆွဲနိုင်ဖို့ အစိုးရဖက်က ကြိုးပမ်းနေပါတယ်။ အဲဒီလို မူဘောင်ရေးဆွဲပြီးရင်တော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တိုင်းနဲ့ပြည်နယ်အလိုက် မြို့နယ်တွေမှာကျင်းပသွားမှာဖြစ်ပြီး၊ နောက်ထပ် ၆လလောက်အကြာမှာ ၂၁ ရာစုပင်လုံညီလာခံကို ဒုတိအကြိမ်ထပ်မံ ကျင်းပမှာဖြစ်ပါတယ်။

VOA Burmese News



၂၀၁၂ တုန်းက ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးအစီအစဉ်
အမေရိကန် သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ချစ်ကြည်ရေးခရီးစဉ်ကို မကြာခင်ရက်ပိုင်းအတွင်း စတင်တော့မှာဖြစ်တယ်လို့ မြန်မာအစိုးရဘက်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စက်တင်ဘာလ (၁၄)ရက်နေ့မှာ သမ္မတ ဘရက်အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီးတဲ့နောက် ဒုသမ္မတ ဂျိုးဘိုင်ဒန်နဲ့ သီးခြားတွေ့ဆုံဖို့ရှိသလို အဲဒီနောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှာဖြစ်ပါတယ်။

စက်တင်ဘာလ (၁၅)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်ကို သွားရောက်ပြီး အောက်လွှတ်တော် လူနည်းစု ဒီမိုကရက်ပါတီ ခေါင်းဆောင် Nancy Pelosi၊ အထက်လွှတ်တော် လူများစု Republican ပါတီ ခေါင်းဆောင် Mitch McConnell အပါအ၀င် အခြားထင်ရှားတဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ လွှတ်တော်အမတ်အများအပြားနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

အဲဒီနောက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ ညစာ စားပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မှာပါ။ ဒါအပြင် ၀ါရှင်တန်ဒီစီမှာရှိတဲ့ Theodore Roosevelt အထက်တန်းကျောင်းကို သွားရောက် ကြည့်ရှုပြီး မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ၀ါရှင်တန်ခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။

စက်တင်ဘာလ (၁၉)ရက်နေ့ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

ဒါအပြင် နှစ်ပေါင်း (၆၀)နီးပါးအတွင်း ပထမဆုံးအကြိမ် မြန်မာအရပ်သားအစိုးရ ခေါင်းဆောင်တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စက်တင်ဘာလ (၂၁)ရက်နေ့မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး စက်တင်ဘာလ (၂၆)ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ စက်တင်ဘာလ (၁၀)ရက်နေ့မှာ စတင်ထွက်ခွာလာမယ့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ခရီးစဉ်မှာ အမေရိကန်မရောက်ခင် ဗြိတိန်နိုင်ငံ ခရီးတထောက် ၀င်ဖို့ရှိပြီး ဗြိတိန်အစိုးရ အကြီးအကဲတွေအပါအ၀င် ဥရောပနဲ့ အရှေ့အလယ်ပိုင်းက မြန်မာသံအမတ်ကြီးတွေနဲ့ လန်ဒန်မြို့မှာ တွေ့ဆုံဖို့ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



Boussy-Saint-Antoine အကြမ်းဖက်မယ့် အမျိုးသမီး ၃ ဦး ပြင်သစ်ရဲ ဖမ်းဆီးစဉ်
ဆီးရီးယားက IS အဖွဲ့ရဲ့ ညွှန်ကြားချက်အရ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ၊ အမျိုးသမီး အကြမ်းဖက် ကလပ်စည်း တခုကို ဖြိုခွင်းလိုက်နိုင်တယ်လို့ ပြင်သစ် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ပါရီမြို့တော်ကနေ VOA သတင်းထောက် Lisa Bryant ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြပါမယ်။

ဒီအကြမ်းဖက် ကလပ်စည်းမှာ အမျိုးသမီး ၃ ယောက်ပါဝင်ပြီး ၁၉ နှစ်၊ ၂၃ နှစ်နဲ့ ၃၉ နှစ်အရွယ်အသီးသီးဖြစ်တယ်လို့ ပါရီမြို့တော် ဥပဒေအရာရှိ Francois Molinsက ဆိုပါတယ်။ သူတို့ကို Boussy-Saint-Antoine အရပ်မှာ ကြာသပတေးညက ရဲကဖမ်းဆီးခဲ့တာပါ။ ပါရီမြို့နဲ့ဆိုရင် မိုင် ၂၀ လောက် ဝေးတဲ့အရပ်ဖြစ်ပါတယ်။ ဒီအထဲက တယောက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Notre Dame ဘုရားရှိခိုးကြောင်းအပြင်ဘက်မှာ စွန့်ပစ်ထားခဲ့တဲ့ ကားကိုမောင်းတဲ့သူဖြစ်ပါတယ်။ အဲဒီကားထဲမှာ ဓါတ်ဆီပုံးတွေ အပြည့်တင်ထားတာတွေ့ရပါတယ်။

“အဲဒီကားထဲမှာ ဒီဇယ် စွန်းထင်းနေတဲ့ စောင်တထည်နဲ့ စီးကရက်လိပ် ၁ ခုကိုလည်း တွေ့ရပါတယ်။ ဆီပုံး တပုံးလောက် မီးစွဲလောင်တယ်ဆိုရင်ပဲ ကားပေါက်ကွဲသွားမှာဖြစ်ပါတယ်။” လို့ပြောသွားတာပါ။

နောက်ထပ်ဖြစ်လာမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ပါရီမှာ နိုဝင်ဘာလက တိုက်ခိုက်ခဲ့သလို အသေခံ ခါးပတ်နဲ့ သေနတ်သမားပုံစံမျိုးမဟုတ်တော့ပဲ ကားဗုံးခွဲမှုနဲ့ တခြားဖောက်ခွဲမှုပုံစံမျိုးဖြစ်လာနိုင်တယ်လို့ ပြင်သစ်ထိပ်တန်းထောက်လှမ်းရေးအရာရှိ တဦးက ခန့်မှန်းထားတာဖြစ်ပါတယ်။

အခုဖမ်းဆီးခံရတဲ့ အမျိုးသမီး ၃ ယောက်ဟာ ပါရီမြို့တော်က Gare de Lyon လို့ခေါ်တဲ့ လီယွန်းဘူတာနဲ့ တခြားဆင်ခြေဖုံး ဘူတာတခုကို တိုက်ခိုက်ဖို့ စီစဉ်ကြတာဖြစ်တယ်လို့ ပြင်သစ်ရဲအရာရှိတွေကပြောကြောင်း မီဒီယာက ဖော်ပြကြပါတယ်။

“ ဒီ ၃ ယောက်ထဲက Sara H လို့ သိရတဲ့ အမျိုးသမီးတယောက်ဟာဆိုရင် မကြာသေးခင်က ရဲအရာရှိတွေနဲ့ ဘုန်းတော်ကြီးတပါးကိုတိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့ ပြင်သစ်အကြမ်းဖက်သမား ၂ ယောက်နဲ့ သီးခြားစီ ဆက်စပ်နေတယ်လို့ ပြောသွားတာဖြစ်ပါတယ်။

Sara Hနဲ့ နောက်တယောက်ဖြစ်တဲ့ အင်းအမ် တို့ဟာ အဖမ်းမခံရခင် ရဲတွေကို တိုက်ခိုက်ခဲ့ပြီး ရဲတယောက်ရဲ ပုခုံးကို မီးဖိုချောင်ဓါးနဲ့ ထိုးခဲ့တယ်လို့လည်း ဥပဒေအရာရှိကပြောပါတယ်။ ရဲ က သေနတ်နဲ့ ပစ်တဲ့အတွက် စွန့်ပစ်ထားခဲ့တဲ့ကားကို မောင်းတဲ့သူ အင်းအမ်လည်း ဒဏ်ရာရရှိသွားပါတယ်။ သူ့ရဲ့လက်ကိုင်အိတ်ထဲမှာတော့ IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို သစ္စာခံကြောင်း ရေးသားထားတဲ့ စာနဲ့ ပြင်သစ်မြေပေါ်မှာ တိုက်ခိုက်ဖို့ တောင်းခံထားတဲ့ ရေးသားချက်ကို တွေ့ရတယ်လို့ ပြောဆိုထားကြောင်းပါ။

ဦးကျော်ဇံသာ   / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဆီးရီးယား က အိုင်အက်စ် တို့ က ဒီ အကြမ်းဖက်လုပ်ငန်း စီမံချက် ကိုသူတို့ ကို စေခိုင်းခဲ့တာဖြစ်ပါတယ်။
ပဲရစ်မှာ စက်တင်ဘာလ ၈ရက်နေ့က ဖမ်းဆီးထားလိုက်နိုင်တဲ့ အကြမ်းဖက်ဖို့ ကြံစည် ကြတဲ့အမျိုးသမီး ၃ ယောက် ဟာ IS အဖွဲ့ရဲ့ ညွှန်ကြားချက် တွေနဲ့ လုပ်ဆောင်ခဲ့ကြတာ လို့ ပြင်သစ် ဖက် က ပြောပါတယ် ။

အိုင်အက်စ် က စည်းရုံးသိမ်းသွင်းထားတဲ့အမျိုးသမီး ငယ်တွေ ပါဝင်တဲ့အဖွဲ့ကို ဖြိုခွင်းနိုင်ခဲ့ပါတယ်။ ဆီးရီးယား က အိုင်အက်စ် တို့ က ဒီ အကြမ်းဖက်လုပ်ငန်း စီမံချက် ကိုသူတို့ ကို စေခိုင်းခဲ့တာဖြစ်ပါတယ်။

ဒါတွေကို ကြည့်ရင်အိုင်အက်စ် ဟာ အမျိုးသမီးတွေ ကို ပါ အကြမ်းဖက်တိုက်ခိုက်တဲ့ အလုပ်တွေ ကို လုပ်ခိုင်းနေပြီဖြစ်တယ် လို့ ပြင်သစ် အစိုးရရှေ့နေ ဖရန်ဆွာမော်လင်း ပြောသွားပါတယ်။

ရဲတွေ က ဂက်စ် ဓာတ်ငွေ့ဘူးတွေ အများကြီး ထည့်ထားတဲ့ ကား တစ်စီး ကို နော်ထရာဒိန်း ဘုရားရှိခိုးကျောင်းကြီးအနီးမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်း က တွေ့ ရ ပြီးတဲ့နောက် အဲဒီအမျိုးသမီး ၃ ယောက် ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်း က လိုက်လံဖမ်းဆီးနိုင်ခဲ့တာပါ။

ပဲရစ်မြို့ရဲ့ အရှေ့တောင်ဘက်မှာ ရှိတဲ့ ဘော့စီစိန့် အန်တိုအင်း အရပ်ဖက် မှာ သူတို့ကို ဖမ်းဆီးတုန်း ရဲတယောက် ဓားနဲ့ပြန်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

အဲဒီအမျိုး သမီး ၃ ယောက် ထဲက တယောက်လည်း ရဲတွေ က ပစ်လို့ သေနတ် ဒဏ်ရာရသွားပါတယ်။ အမျိုးသမီး တွေ ထဲ ကတယောက် က အသက် ၂၃ နှစ်အရွယ် ဖြစ်ပြီးနာမည် က ဆာရာ အိတ်ချ လို့ ခေါ်ပါတယ်။

ရဲ၂ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လပိုင်းတွင်း က ပစ်သတ်ပြီး ကိုယ့်ဘာသာကိုယ် အဆုံး စီရင်ခဲ့တဲ့ အကြမ်းဖက်သမား တယောက် နဲ့ သူ ကအဆက်အသွယ်ရှိခဲ့သလို၊ ဇူလိုင်တုန်း က ခရစ်ယာန်ဘုန်းတော်ကြီးတပါးကို လည်ပင်းလှီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် သမားနဲ့လည်းအဆက်အသွယ်ရှိခဲ့သူပါ။

သူ့ ရဲ့လက်ရှိ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့အမျိုးသား တယောက်ကိုလည်း ဖမ်းထားတယ် လို့ ပြင်သစ် အစိုးရရှေ့နေ က ပြောပါတယ်။

သူတို့ထဲက နောက်တယောက် က ၁၉ နှစ်အရွယ် ဖြစ်ပြီး အင်းနစ် မာဒါနီ လို့ သိရပါတယ်။ ဒီအမျိုးသမီးငယ် ဟာ အိုက်အက်စ ကို သူထောက်ခံတဲ့အကြောင်း စာ တစောင်မှာ ရေးသား ခဲ့ပါတယ်။

အစိုးရ တရားလို ရှေ့နေ ဖရန်ဆွာမော်လင်း က သူဟာ ဆီးရီးယား ကို သွားရောက်ဖို့ အကြိမ်ကြိမ်ကြိုးစား ခဲ့တယ် လို့ လည်း ဆိုပါတယ်။

နောက် ဆုံးတယောက် ကတော့ အသက် ၃၉နှစ်အရွယ် အမယ် အက်စ လို့အမည်ရပြီး သူ့ ရဲ့ ၁၅ နှစ်အရွယ် သမီး ဖြစ်သူ ဟာလည်း အစွန်းရောက် အတွေးအခေါ်တွေ သွပ်သွင်း ထားပြီးဖြစ်လို့ အကျဉ်းချ ထားတယ် လို့ ပြင်သစ် တရားလိုရှေ့နေ က ပြောပါတယ်။

အမျိုးသမီး ၃ ယောက် ဟာ ပြင်သစ်မှာ အကြမ်းဖက် တိုက်ခိုက်တာတွေ လုပ်ဖို့ ရည်ရွယ်ထားကြတယ် လို့ ရှေ့နေ ဖရန်ဆွာ မော်လင်း က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese



စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအတွက် Saudi Arabia ကိုတရားစွဲဖို့ ကန်အောက်လွှတ်တော်အတည်ပြု
သမ္မတအိမ်ဖြူက ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ခြိမ်းခြောက်ထားတဲ့ ကြားကပဲ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုမှာ ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုတွေက ဆော်ဒီအာရေဗျ အစိုးရကို အကြမ်းဖက်မှုကို ပံ့ပိုးပေးတယ်လို့ စွပ်စွဲပြီး တရားစွဲဆိုဖို့ လုပ်ဆောင်ခွင့်ရှိတဲ့ ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။

အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ဆော်ဒီအာရေဗျအစိုးရက ကန့်ကွက်နေတဲ့ ကြားကပဲ မေလတုန်းက အကြမ်းဖက်မှုဆိုင်ရာ ထောက်ခံပံ့ပိုးသူတွေကို တရားဥပဒေအရ အရေးယူမှုဆိုင်ရာ ဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။

အဲဒီအကြမ်းဖက်မှုမှာ လေယာဉ် အပိုင်စီးသူ ၁၉ ဦးထဲက ၁၅ ဦးဟာ ဆော်ဒီအာရေဗျနိုင်ငံသားတွေ ဖြစ်ပေမယ့် ဆော်ဒီအစိုးရကတော့ သူတို့ စွပ်စွဲသလို ဒီတိုက်ခိုက်မှုမှာ ပါဝင်ပါတ်သက်မှု မရှိတဲ့အပြင် အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ ကိုပါ သူတို့ပံ့ပိုးမှု မပေးခဲ့ကြောင်း ပြောပါတယ်။

ဒီဥပဒေကြမ်းကနေ အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ကြား ၂ နိုင်ငံ ဆက်ဆံရေးလျော့ပါးနိုင်သလို နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေအန္တရာယ် ရှိလာနိုင်တဲ့ အပြင် အမေရိကန်ပြည်ထောင်စုက တခြားနိုင်ငံတွေကို တရားစွဲဆိုနိုင်တဲ့ လမ်းပွင့်သွားမှာကို ပူပန်တဲ့အတွက် ဒီဥပဒေကြမ်းကို သမ္မတ အိမ်ဖြူက ကန့်ကွက်ထားတာပါ။

သမ္မတ အိမ်ဖြူက ဗီတိုအာဏာသုံးပယ်ချတာကို အထက်နဲ့ အောက်လွှတ်တော် အမတ်တွေထဲက အနည်းဆုံး သုံးပုံ နှစ်ပုံက ပယ်ဖျက် ပစ် နိုင်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ နဲ့ ရုရှ နိုင်ငံခြားရေး ဆာဂေး လဗ်ရော့ခ် တို့က အစီအစဉ် သစ်ကို သဘောတူ
ဆီးရီးယား ပြည်တွင်းစစ် ရပ်စဲ ရေး နဲ့ အာဏာ လွှဲပြောင်းရေး အတွက် အရေးပါ တဲ့ အစီအစဉ် တစ်ခု ကို အမေရိကန် နဲ့ ရုရှ နှစ် နိုင်ငံက သဘောတူ ကြေညာ လိုက်ပါ တယ်။

ဂျနီဗာ မြို့မှာ ကျင်းပနေတဲ့ ဆီးရီးယား အရေး ဆွေးနွေး ပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ နဲ့ ရုရှ နိုင်ငံခြားရေး ဆာဂေး လဗ်ရော့ခ် တို့က အစီအစဉ် သစ်ကို သဘောတူခဲ့ကြတာပါ။

အစီအစဉ်ထဲမှာ အတိုက်အခံတွေအပေါ် အစိုးရ စစ်တပ်က ပြုလုပ်နေတဲ့ လေကြောင်း တိုက်ခိုက်မှု တွေကိုလည်း ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။

အခု သဘောတူ ခဲ့တဲ့ အစီအစဉ် သစ်ကြောင့် လာမယ့် တနင်္လာနေ့က စတင်ပြီး ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်စဲဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

အခု အစီအစဉ်က ဆီးရီးယား အနာဂတ် အတွက် အရေးပါပြီး နိုင်ငံရေး ဆွေးနွေး ပွဲတွေ အမြန်ဆုံး စတင်ဖို့ ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

ဆီရီးယား နိုင်ငံ တစ်ဝန်း မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ က စတင်ပြီး အစိုးရ စစ်တပ် ကရော အတိုက်အခံ လက်နက်ကိုင် အဖွဲ့ တွေကပါ ပစ်ခတ် တိုက်ခိုက်မှုတွေကို ရပ် ဆိုင်းထားမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



Samsung Galaxy Note 7 က ဓာတ်အားသွင်းစဉ် မီးလောင်ခဲ့ဟု ဆို
လေယာဉ်တွေ ပေါ်မှာ လိုက်ပါစီးနင်း မယ့် ခရီးသည်တွေ ထဲက Samsung Galaxy Note 7 ကိုင်ထားတဲ့ သူတွေ ဆိုရင် ဖုန်းကို ပါဝါ မဖွင့်ပဲ ပိတ်ထား ဖို့ အမေရိကန် ဖက်ဒရယ် လေကြောင်း အုပ်ချုပ်ရေး ဌာနက သတိပေး ညွှန်ကြားလိုက်ပါတယ်။

ဖုန်း ကို လေယာဉ် ကုန်စည်တင်တဲ့ နေရာမှာ ထား ဖို့ ခရီးစဉ် မစခင် လေကြောင်းလိုင်း ကို အပ်ထားလိုက်တဲ့ ခရီးဆောင် သေတ္တာတွေ ထဲမှာလည်း ထည့် မပေးလိုက်ဖို့ အဲဒီဌာန က သတိပေးပါတယ်။

အဲဒီ Samsung Galaxy Note 7 က ဘက်ထရီအားသွင်း တုန်း အချိန် နဲ့ အားသွင်းပြီးပြီးချိန် မှာ ထပြီး မီးလောင် ကာ ပေါက်ကွဲတဲ့ တဲ့ အဖြစ်တွေ ကြုံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပြီးတဲ့နောက် ဆမ်ဆောင် ကုမ္ပဏီ က ဖုန်းတွေ ကို ပြန်သိမ်း နေတာ လွန်ခဲ့တဲ့ သီတင်းပတ် ထဲ က ပါ။

အခုလို အမေရိကန် လေကြောင်း ဌာန က သတိပေးတာတွေ ထွက်ခဲ့တာတွေမ တိုင်ကလည်း ကွမ်းတပ်စ တို့ ဗာဂျင်း သြစတြေးလျ လေကြောင်းလိုင်းတွေ က အဲဒီ Samsung Galaxy Note 7 ဖုန်းကို လေယာဉ်ပျံသန်းနေစဉ်မှာ ဖုန်းကို မသုံးဖို့နဲ့ ဖုန်းကို ဓာတ်အားမသွင်း ဖို့ ခရီးသည်တွေ ကို သတိပေးတားမြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်း က လည်း အမေရိကန် Fox 10 ရုပ်သံလွှင့် ချန်နယ် က Samsung Galaxy Note 7 မီးလောင် ပေါက်ကွဲ ခဲ့တာ ကြောင့် ဂျစ်ကား တစင်း မီးလောင် ခဲ့တယ် အကြောင်း သတင်းထုတ်လွှင့်ခဲ့ပါတယ်။

အခုလို ဆမ်ဆောင် ဖုန်းပြဿနာ ကြောင့် လေကြောင်းလိုင်းတွေ လေကြောင်းဌာန တွေမှာ သတိပေး တာတွေ ပေါ်လာပေမယ့် လေယာဉ် ပေါ်မှာ အဲဒီ ဖုန်းကြောင့် ပြဿနာ တက်ရတယ် ဆိုတဲ့ အဖြစ်တော့ မရှိသေးပါဘူး။

ဒီလို လီသီယမ် ဘက်ထရီ ဓာတ်ခဲ တွေနဲ့ပတ်သက်လို့ အမေရိကန် လေကြောင်းအုပ်ချုပ်ရေး ဌာန က သတိပေးတာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်တော့မဟုတ် ပါဘူး။

ဒီနှစ် အစောပိုင်းတုန်း ကလည်း လေယာဉ်တွေအနေနဲ့ လီသီယမ် ဓာတ်ခဲတွေ သယ်ဆောင်မယ် ဆိုရင်ဘေး အန္တရာယ် ကင်းနိုင်ဖို့ အတွက် အသေအချာ စစ်ဆေးကြဖို့ အဲဒီ ဌာန က လေကြောင်းလိုင်းတွေ ကို ညွှန်ကြားဖူးပါတယ်။

Samsung Galaxy Note 7 ကို ပြီးခဲ့တဲ့လ က ဈေးကွက်တင်ခဲ့တာဖြစ်ပြီးတော့ လူကြိုက်လည်းများခဲ့တဲ့ဖုန်းပါ။

အဲဒီဖုန်း အလုံးပေါင်း ၂ သန်းခွဲကို ကမ္ဘာ့ နိုင်ငံအသီးသီး ကို တင်ပို့ရောင်းချ ပြီး ဖြစ်တယ်လို့ လည်း သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

စက်တင်ဘာ ၂ ရက်က ဆိုးလ်ရှိ ဆမ်ဆောင်း အရောင်းပြခန်းတစ်ခုရှေ့၌ ဖုန်းပြောနေသည့် အမျိုးသားတစ်ဦး (Photo: AFP)

ဆမ်ဆောင်း၏ Galaxy Note 7 ဖုန်းများတွင် မီးလောင်ပေါက်ကွဲနိုင်သော ဘက်ထရီပြဿနာများကြောင့် လေယာဉ်ခရီးစဉ်များအတွင်း ယင်းဖုန်းများကို အသုံးမပြုရန်နှင့် ခရီးဆောင်အိတ်များတွင် ထည့်သွင်း သယ်ဆောင်ခြင်း မပြုကြရန် အမေရိကန် ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ (FAA) က စက်တင်ဘာ ၉ ရက်တွင် ခရီးသည်များကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဆမ်ဆောင်းက ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ မဆောင်ရွက်မီ ဂျပန်လေကြောင်းလိုင်းများအနေဖြင့် လေယာဉ်များပေါ်သို့ Note 7 ဖုန်းများ ယူဆောင်လာခြင်း၊ အသုံးပြုခြင်းတို့အား သတိဖြင့် ဆောင်ရွက်ကြရန် ဂျပန် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီ ဆမ်ဆောင်းသည် Note 7 ဖုန်းများကို ရောင်းချမှုအား ပြီးခဲ့သည့်တစ်ပတ်တွင် ရပ်ဆိုင်းခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ဖုန်း ၂ ဒသမ ၅ သန်းကို ပြန်လည်သိမ်းယူနေသည်။ လေကြောင်းခရီးစဉ်များတွင် ဆမ်ဆောင်း၏ Note 7 ဖုန်းများအသုံးပြုမှုကို တားမြစ်ကြောင်း စင်ကာပူလေကြောင်းလိုင်းက စက်တင်ဘာ ၉ ရက်တွင် ကြေညာထားသည်။
သြစတြေးလျလေကြောင်းလိုင်း သုံးခုကလည်း Note 7 ဖုန်းများကို တားမြစ်ကြောင်း စက်တင်ဘာ ၈ ရက် ကြေညာခဲ့သည်။

ဆမ်ဆောင်း၏ Note 7 ဖုန်းများ အားသွင်းခြင်းနှင့် သုံးစွဲခြင်းကို ခရီးစဉ်များအတွင်း တားမြစ်ကြောင်း စင်ကာပူလေကြောင်းလိုင်း၏ ထုတ်ပြန်ကြေညာချက်က ဆိုသည်။ သြစတြေးလျက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ခရီးသည်များသည် Note 7 ဖုန်းများကို လေယာဉ်ပေါ်သို့ ယူဆောင်လာနိုင်သော်လည်း ခရီးစဉ်အတွင်း လေယာဉ်၌ တပ်ဆင်အသုံးပြုခြင်းကို တားမြစ်ခဲ့သည်။

FAA ၏ ကြေညာချက်တွင် အမေရိကန် လေကြောင်းလိုင်းများအနေဖြင့် အရေးယူဆောင်ရွက်မှုပြုရန် ညွှန်ကြားခဲ့ခြင်းမဟုတ်ဘဲ အကြံပြုချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (IATA) က လေကြောင်းလိုင်းများသည် ဘေးအန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက်များ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး အခြားဖုန်းများသည်လည်း ဘက်ထရီပြဿနာများကြောင့် ပြန်လည်ရုပ်သိမ်းမှုများ ရှိထားကြောင်း IATA က ပြောကြားခဲ့သည်။

Note 7 ဖုန်း ဘက်ထရီများတွင် မီးလောင်ပေါက်ကွဲမှုများဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဆမ်ဆောင်းသည် Note 7 ဖုန်းများကို ပြန်လည်ရုပ်သိမ်းနေသည်။ ၂၀၀၇ ခုနှစ်တွင် ထိုစဉ်က ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်သော နိုကီရာသည် ဘက်ထရီပြဿနာ ကြောင့် ဖုန်း ၄၆ သန်းကို ပြန်လည်အစားထိုးရန် ရုပ်သိမ်းပေးခဲ့ရပြီး လူသုံးကုန် လျှပ်စစ်ပစ္စည်းသမိုင်းတွင် အကြီးမားဆုံးသော ပြန်လည်သိမ်းဆည်းမှု ဖြစ်ခဲ့သည်။
Writer:
Ref: AFP
Eleven Media Group


ငါးကြိမ်မြောက် နျူကလီယာ စမ်းသပ်မှု အောင်မြင်ကြောင်း မြောက်ကိုရီးယား က တရားဝင် ကြေညာ ခဲ့တဲ့နောက် အခု ဆိုရင် တကမ္ဘာ လုံးက အုတ်အော်သောင်းနင်း တုံ့ပြန် နေကြ ပါတယ်။

မြောက်ကိုရီးယား နျူကလီယာ စမ်းသပ်ကွင်း အနီး မြေငလျင် လှုပ်တာ လိုမျိုး တုန်ခါ သွားတာကို နိုင်ငံတကာ က သတိထား မိခဲ့ပြီး အခုတော့ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာ က တရားဝင် ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ တားမြစ်မှုကို အာခံပြီး မြောက်ကိုရီးယား ဘက်က နျူကလီယာ ဖောက်ခွဲ စမ်းသပ် တာတွေ ပြုလုပ် နေတာ မှာ အခုနှစ် ထဲမှာ ကို နှစ်ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

အခု နောက်ဆုံး အကြိမ်က တော့ မြောက်ကိုရီးယား ပြုလုပ်ဖူး သမျှ ထဲ အင်အား အပြင်းထန်ဆုံး နျူကလီယာ ဖောက်ခွဲမှုပဲ လို့ တောင်ကိုရီးယား အစိုးရ က ပြော နေပါတယ်။

ကိုယ့် နိုင်ငံ ကိုယ် ဖျက်စီး နေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း ရဲ့ ရူးသွပ် မိုက်မဲမှု ကို ပြသ လိုက်တာပဲ ဆိုပြီး တောင်ကိုရီးယား သမ္မတ ပတ်ခ် ဂွန်-ဟေး က ပြင်းပြင်း ထန်ထန် ဝေဖန် ပါတယ်။

တောင်ကိုရီးယား ဘက်က စိုးရိမ် ရတဲ့ အကြောင်းကလည်း၊ နျူကလီယာ ထိပ်ဖူး ဒုံးဆံ တွေကို အရွယ် အစားအရ သေးနိုင်သမျှ သေးအောင် ၊ ပေါ့နိုင်သမျှ ပေါ့ပါး အောင် ကြံဆောင် နေတာ အောင်မြင် ပြီလို့လည်း မြောက်ကိုရီးယားက ပြောလာ တဲ့ အတွက် ဖြစ်ပါတယ်။

ဒီတော့ တချီ ပစ်ခတ်ရုံနဲ့၊ ဖျက်စွမ်းအား အင်မတန် ကြီး အောင်ကို ထိပ်ဖူး တွေ အများကြီး ဆင့်ပြီး တပြိုင်နက်တည်း ပစ်နိုင်စွမ်း လာပြီ လို့ မြောက်ကိုရီးယားက ကြွေးကြော် လာပါတယ်။

မြောက်ကိုရီးယား အမျိုးသားနေ့ ကာလ မှာ စစ်ရေး စွမ်းရည် တွေကို ထုတ်ပြ နေကြ အတိုင်း၊ အခုလည်း နျူကလီယာ စမ်းသပ် ဖောက်ခွဲ ပြခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ရဲ့ အပြုအမူ ဟာ ဒေသတွင်း နိုင်ငံတွေကို သာမက တကမ္ဘာ လုံးကို ခြောက်ခြား စေတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က အခုလို ပြောပါတယ်။

လက်ရှိ မြောက်ကိုရီးယား အစိုးရ ပြိုလဲ သွားရင်၊ အနောက်အုပ်စုက ကြိုးကိုင် တဲ့ အစိုးရ ပေါ်ပေါက် လာမှာ ကို မလို လားတဲ့ တရုတ် တောင်မှ မြောက်ကိုရီးယား ရဲ့ နျူကလီယာ အစီအစဉ် အပေါ် စိုးရိမ် လွန်းတဲ့ အတွက် ကုလသမဂ္ဂ ဘက်က ပိုပြီး ပြင်းထန် တဲ့ အရေးယူ မှုတွေ ကင်မ်ဂျုံအွန်း အစိုးရ အပေါ် ချမှတ် ဖို့ အခု နှစ်ဆန်းကပဲ သဘော တူခဲ့ ပါတယ်။

ကျွမ်းကျင်သူတွေ ရဲ့ အဆိုအရ မြောက်ကိုရီးယား အခု နောက်ဆုံး ဖောက်ခွဲ ခဲ့တာဟာ ကီလို တန် ၂ဝ ပြင်းအား ရှိတယ် လို့ ခန့်မှန်း တဲ့ အတွက်၊ အမေရိကန်က ဟီရိုရှီးမားကို ကြဲချ ခဲ့တဲ့ အဏုမြူဗုံး ၁၅ ကီလိုတန် ထက် ပိုပြီး ပြင်းထန် နေကြောင်းပါ ခင်ဗျား။
[soundcloud src="282116043"/]
BBC Burmese

နျူစမ်းသပ်တဲ့ အရှိန်ကြောင့် ပြင်းအား ၅.၃ စကေး ရှိတဲ့ ငလျင်တစ်ခု ပေါ်ပေါက်ခဲ့။

မြောက်ကိုရီးယားရဲ့ ငါးကြိမ်မြောက်နဲ့ ပမာဏ အကြီးဆုံး နျူစမ်းသပ်မှုကို ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ ခေါင်းဆောင်တွေက ဒေါသတကြီး ရှုတ်ချ တုံ့ပြန် ခဲ့ကြပါတယ်။

တောင်ကိုရီးယားက ဒါဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ရူးမိုက်တဲ့ ရမ်းကားမှု ဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ တစ်နိုင်ငံတည်းသော မိတ်ဆွေ ဖြစ်တဲ့ တရုတ်ကလည်း ဒီစမ်းသပ်မှုကို ပြတ်ပြတ်သားသား ရှုတ်ချ ခဲ့ပါတယ်။

ဂျပန် ကလည်း အကျောက်အကန် ဆန့်ကျင် ကန့်ကွက်လိုက်ပြီး အမေရိကန် ကတော့ ဆိုးရွားတဲ့ အကျိုးဆက်တွေ တွေ့ရမယ်လို့ သတိပေး လိုက်ပါတယ်။

အဲဒီလို နျူစမ်းသပ်မှုတွေကို ကုလ သမဂ္ဂက တားမြစ်ထားတာ ဖြစ်ပေမယ့် မြောက်ကိုရီးယားရဲ့ အခု စမ်းသပ်မှုက ဒီနှစ်ထဲမှာတင် ဒုတိယ အကြိမ်မြောက် ဖြစ်သလို၊ ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အာစလျှာစ ကလည်း ပိုပိုပြီး ရန်လိုတဲ့ ပုံစံ ပေါက်လာပါတယ်။

ပထမဆုံး နျူစမ်းသပ်မှုကို စလုပ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က စပြီး အခုချိန်အထိ ကုလ သမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ငါးကြိမ်ကို မြောက်ကိုရီးယား ခံခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကို ဇက်သတ် ထိန်းချုပ်နိုင်ဖို့ ကမ္ဘာ့ ခေါင်းဆောင် နိုင်ငံတွေရဲ့ ပြောဆို ညှိနှိုင်း ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ပါဘူး။

အခု နျူစမ်းသပ်မှုကို မြောက်ကိုရီးယားက စစ်အင်အား ပြလေ့ရှိတဲ့ သူတို့ရဲ့ အမျိုးသားနေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား စမ်းသပ်ဖူးသမျှတွေထဲမှာ အားအပြင်းဆုံး ဖြစ်ပြီး အရင် တကြိမ် စမ်းသပ်ဖူးတဲ့ ပမာဏထက် ၂ ဆလောက် ပိုပြင်းတယ်လို့ ယူဆ ကြပါတယ်။ အဲဒီ ပြင်းအားက ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ဟီရိုရှီးမား မြို့ပေါ်ကို ချခဲ့တဲ့ ပမာဏလောက် ပြင်းအား ရှိတယ်လို့ ယူဆရပါတယ်။
BBC Burmese

စက်တင်ဘာ ၂၀၁၂ တုန်းက မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
စက်တင်ဘာ ၂၀၁၂ တုန်းက မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။

ကလေးစစ်သားပပျောက်ရေးအတွက် ကုလသမဂ္ဂနဲ့ ပူးတွဲလှုပ်ရှားမှု အစီအစဉ်အဖြစ် မြန်မာစစ်တပ်ကနေ ကလေးစစ်သား ၅၅ ယောက်ကို ဒီကနေ့ မှာပဲ အုပ်ထိန်းသူတွေရဲ့ လက်ထဲ ပြန်ပြီအပ်နှံလိုက်တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့စွဲနဲ့ ကုလသမဂ္ဂကနေ ကြေညာချက်ထုတ်ပြန်ပါတယ်။ဒါဟာ ဧပြီလမှာ စတင်တာဝန်ယူလိုက်တဲ့ NLD အစိုးရလက်ထက် ကလေးစစ်သားတွေကို လွတ်ပေးတဲ့ ပထမဆုံးလုပ်ရပ်ဖြစ်ပါတယ်။

ကလေးစစ်သားပပျောက်ရေးအတွက် ကုလသမဂ္ဂနဲ့ ၂၀၁၂ ခုနှစ်မှာသဘောတူလက်မှတ်ထိုးလိုက်တဲ့နောက်ပိုင်း အရွယ်မရောက်သေးတဲ့ ကလေးစစ်သားအယောက် ၈၀၀ လွှတ်ပေးခဲ့ပြီးပါပြီ။ဒါ့အပြင် ကလေးစစ်သားတွေအဖြစ် စုဆောင်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ လူငယ်တွေဖြစ်လာကြပြီဖြစ်တဲ့စစ်သား ၁၃ ဦးကိုလည်း ဒီကနေ့ပဲ အုပ်ထိန်းသူတွေဆီပြန်အပ်နှံလိုက်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ စစ်တပ်တွေမှာ ကလေးစစ်သားစုဆောင်းတာတွေရပ်တန့်သွားအောင် အတတ်နိုင်ဆုံးလုပ်ကိုင်နေချိန်မှာခုလို လွှတ်ပေးလိုက်တဲ့လုပ်ရပ်နဲ့ ကုလသမဂ္ဂနဲ့ ပူးတွဲလှုပ်ရှားမှုမှာ မြန်မာအစိုးရက ဆက်ပြီး လုပ်ကိုင်နေတဲ့အပေါ်ကြိုဆိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Renata Dessallien က မှတ်ချက်ပေးပြောဆိုပါတယ်။

ကလေးစစ်သားနဲ့ အရွယ်မရောက်သေးတဲ့လူငယ်တွေကို သူတို့ရဲ့ မိသားစုနဲ့အတူ ဘ၀သစ်ကို ပြန်စနိုင်ဖို့ လူမှု-စီးပွါး ပြန်လည် ၀င်ဆန့်ပေါင်းစည်းရေးစီမံချက် အစီအစဉ်ကနေ အကျိုးကျေးဇူးတွေ၇လာမယ့်အပြင် ပညာသင်ကြားရေးနဲ့ သက်မွေးဝမ်းမှု သင်တန်းတွေကိုသာမက မိသားစု ၀င်ငွေတိုးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့်ရရှိကြမှာဖြစ်ပါတယ်။
VOA Burmese News

ဦးဥတ္တမနေ့အခမ်းအနား - ရန်ကုန်
ဦးဥတ္တမနေ့အခမ်းအနား - ရန်ကုန်

တိုင်းပြည်မှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားတွေ အားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေးကို ရခိုင်ပြည်သူလူထုနဲ့အတူ တိုင်းရင်းသား ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ (၇၇)ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့မှာ ရခိုင်အဖွဲ့တွေက တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ စက်တင်ဘာ(၉)ရက်နေ့မှာ ကျရောက်တဲ့ (၇၇)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ပြည်သူလူထုက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ ဒီကနေ့ သောကြာနေ့မှာ ကျရောက်တဲ့ ၇၇ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ အမှတ်တရ ဂုဏ်ပြု အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးက ကြီးမှူးပြီး ရခိုင် လူမှုအသင်းအဖွဲ့တွေက “ ဦးဥတ္တမနေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ”ကို ဖွဲ့စည်းပြီး စီစဉ်ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ရခိုင်တိုင်းရင်းသားတွေနဲ့ ပြည်သူလူထုတွေ စုပေါင်း ပါဝင် ဂုဏ်ပြုတက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ရန်ကုန်မြို့က ရခိုင်ပြည်နယ် ဓမ္မာရုံမှာ သံဃာတော် ၂၇ပါးကို ပင့်ဖိတ်ပြီး ဆရာတော်ဦးဥတ္တမကို ရည်စူးပြီး ဆွမ်းကပ် အမျှဝေခဲ့သလို နေ့လည်ပိုင်းမှာတော့ ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ဦးဥတ္တမ ပန်းခြံမှာ (၇၇)ကြိမ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဦးဥတ္တမနေ့မှာ ပြည်သူကို တိုက်တွန်းနိုးဆော်တဲ့ သဝဏ်လွှာပေးပို့တိုက်တွန်းကြောင်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီအခမ်းအနားမှာ ကျနော်တို့ အဓိကပေးချင်တာကတော့ ဆရာတော်ဦးဥတ္တမ ရဲ့ ဂုဏ်သိက္ခာ၊ သူ့ရဲအနစ်နာခံမှု၊ နောက် လွတ်လပ်ရေးနဲ့ ပတ်သက်ပြီးတော့ သူမျိုးစေ့ချပြီးတော့ မျက်စိဖွင့်ခဲ့တဲ့အရာ တွေဟာ ကျနော်တို့ ဒီဟာတွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်တယ်။ ဒီဟာတွေပြန်ပြီးတော့ သတိရအောင့်မေ့တယ်။ ဒီဟာတွေကို ကျနော်တို့ ပြန်ပြီးတော့ နောင်လာနောက်သားတွေသိအောင်အတွက် တန်ဖိုးထားတက်အောင်လို့ ယူဆောင်လာတဲ့ ယဉ်ကျေးမှုတရပ်ဟာ ကျနော်တို့ နိုင်ငံသားအားလုံးလည်း ဒါတန်ဖိုးထားရမယ့်အရာတွေဖြစ်တယ်။ ဒီဟာတွေဖော်ထုတ်ခြင်းအားဖြင့် ပစ္စုပန် မှာလည်း လိုအပ်ချက်တွေလိုအပ်မှုတွေ ပျောက်ဆုံးနေတဲ့ ဂုဏ်သိက္ခာတွေ ပြန်လည်ရယူမြှင့်တင်ခြင်းဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ယူဆတယ်ပေါ့နော်။ ဦးဥတ္တမ အခမ်းအနားကနေပြီးတော့ ကျနော်တို့ ကျန်တဲ့ တိုင်းရင်းသားတွေက ကျနော်တို့ မြန်မာနိုင်ငံသူ ၊ မြန်မာနိုင်ငံသားအားလုံးပေါ့နော် ကျနော်တို့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နောက်ပြီးတိုင်းရင်းသားတွေရဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ပေါ့နော်။ ဒါတွေဆက်လက်ရရှိဖို့ ကျနော်တို့ အားလုံးပေါ့နော် လက်တွဲဆောင်ရွက်သွားကြပါစို့ဆိုတဲ့ အဓိက ပြည်သူကို သတင်းစကားပါးချင်တာပေါ့။”

ရခိုင်သဟာယအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးလှမောင်သိန်းကလည်း အခုလို လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုပြီး (၇၇)ကြိမ်မြောက် အခမ်းအနားကို သမိုင်းမဖျောက်ဖျက်ပဲ မျိုးဆက်တွေက အမှတ်တရ ဂုဏ်ပြုအလေးဂါရဝပြုတဲ့အပေါ် ဝမ်းသာဂုဏ်ယူကြောင်းပြောပါတယ်။

“ဆရာတော်ဦးဥတ္တမ ရဲ့ သတ်မှတ်ထားတဲ့နေရာကို ပြန်ပြီးတော့ရတယ်။ ပြီးတော့လည်း တခမ်းတနားနဲ့ ကျင်းပနိုင်တဲ့အပေါ်မှာ ကျနော်တို့ ရခိုင်လူထုကိုယ်စားကော ၊ ကျနော်တို့ အသင်းအဖွဲ့အနေနဲ့ကော အများကြီးကို တကယ့်ကို ကိုယ့်ဆရာတော်ကြီးတပါးကို ခမ်းခမ်းနားနား ပွဲကျင်းပနိုင်တဲ့အတွက်ကို အများကြီးကို ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ခင်ဗျ။”

ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့အစိုးရသစ်လက်ထက်မှာလည်း တိုင်းရင်းသားလူမျိုးတွေ လိုလားတောင့်တတဲ့ တန်းတူညီမျှ အခွင့်အရေးရရှိရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်း ညှိနှိုင်းအဖြေရှာသွားဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောပါတယ်။

“အစိုးရသစ်က အရင်အစိုးရရဲ့ စီမံခန့်ခွဲမှု လွှဲချော်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ နောက်ပြီး သူတို့ကိုယ်တိုင်ကလည်း စွမ်းဆောင်ရည်နဲ့ စွမ်းဆောင်မှု လိုအပ်ချက်တွေ လိုအပ်မှုတွေ အများကြီးရှိနေတာကို တွေ့ရတယ်။ အဲဒီတော့ စွမ်းဆောင်ရည်နဲ့ စွမ်းဆောင်မှု လိုအပ်ချက်တွေကို ကျနော်တို့ ဖြည့်ဆည်းဖို့အတွက် နောက် ကျန်တဲ့နေရာတွေမှာလည်း တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေ ၊ တိုင်းရင်းသားတွေရဲ့အသံတွေကို နားထောင်ဖို့လိုတယ်လို့ ကျနော်အဓိကအပြောချင်တယ်။”

မြန်မာ့လွတ်လပ်ရေးရယူခဲ့တဲ့ သမိုင်းဖြစ်စဉ်မှာ ဆရာတော်ရဲ့ ရွပ်ရွပ်ချွံချွံ သတ္တိအပြည့်နဲ့ နယ်ချဲ့ကို တော်လှန်ခဲ့တဲ့သမိုင်း၊ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အကြိမ်ကြိမ်ကျခံခဲ့ရပေမဲ့ တော်လှန်ရေးမှာ မတွန့်ဆုတ်ခဲ့တဲ့ ဆရာတော်ရဲ့ကျေးဇူး တရားကို ပြန်လည် သတိရအောက်မေ့ပြီး နောင်လာနောက်သားတွေဘက်က ဆရာတော်အတွက် အခုလို ဂုဏ်ပြုသလို အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့လည်း ဆရာတော်ဖြစ်စေချင်တဲ့အတိုင်း အနာဂတ်မြန်မာနိုင်ငံကို တည်ဆောက်သွားဖို့ အရေးကြီးတယ်လို့လည်း ဦးဥတ္တမနေ့အခမ်းအနားမှာ သဝဏ်လွှာတွေပေးပို့ နိုးဆော်တိုက်တွန်းခဲ့ကြပါတယ်။

ဦးဥတ္တမ ပန်းခြံမှာကျင်းပတဲ့ ၇၇ကြိမ်မြောက် ဦးဥတ္တမနေ့အခမ်းအနားမှာ ဆရာတော်အရှင်ဦးဥတ္တမအတွက် ရခိုင်လူငယ်တွေက ဂုဏ်ပြု ရတုသီချင်းတွေနဲ့ ဂုဏ်ပြုဖျော်ဖြေကြသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရခိုင်တိုင်းရင်းသားဝန်ကြီးက ဦးဆောင်ပြီး ဂုဏ်ပြုပန်းခြင်းနဲ့ ဂုဏ်ပြုသလို ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်ကျောင်းသားသမဂ္ဂ၊ ရခိုင်သာရေး၊ နာရေး လူမှုရေးအသင်းအဖွဲ့တွေ၊ ရခိုင်စာပေနဲ့ယဉ်ကျေးမှုအသင်းအဖွဲ့တွေနဲ့ ၈၈မျိုးဆက် အဖွဲ့ကလည်း တက်ရောက်ပြီး ဂုဏ်ပြုပန်းခွေပန်းခြင်းတွေ နဲ့ အမှတ်တရကျင်းပခဲ့ကြတာပါ။

ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို စစ်တွေ၊ ကျောက်ဖြုစတဲ့ ရခိုင်ပြည်နယ်တဝှမ်းလုံးမှာလည်း အောက်မေ့ဘွယ်အခမ်းအနားကို ကျင်းပသလို ရခိုင်ပြည်နယ်အစိုးရက ဆွမ်းဆက်ကပ်လှူဒါန်းတာ ဦးဥတ္တမရုပ်တုရှေ့မှာ ပန်းခွေချအလေးဂါရဝပြုတာပြုလုပ်ခဲ့ပါတယ်။ ဦးဥတ္တမ ပျံလွန်တော်မူတဲ့ စက်တင်ဘာလ၉ရက်နေ့ကစလို့ ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့တာ အခုဆိုရင်တော့ ၇၇ကြိမ်မြောက်ရှိလာပြီဖြစ်ပါတယ်။
VOA Burmese News

Kofi Annan ကော်မရှင်
Kofi Annan ကော်မရှင်

 ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ သောကြာနေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွါမှာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့တဲ့ မစ္စတာအာနန် ကြီးကြပ်တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်ကို ရခိုင်အမတ်တွေနဲ့ လူ့မှုလူ့အဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်။ ဒီကိစ္စကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိနေတာမို့ အခုလို ဗဟိုကချမှတ် ဖွဲ့စည်းပေးထားတဲ့ အဖွဲ့စည်းနဲ့ ပတ်သက်ပြီး ပြည်နယ်တွေက လက်မခံပဲ နေပိုင်ခွင့် ရှိမရှိ လက်မခံခဲ့ရင် အခြေနေက ဘယ်လို ဖြစ်လာနိုင်တယ် ဆိုတာကို AHRC အာရှလူ့အခွင့်ရေးကောင်စီက ရှေ့နေ ဦးမင်းလွင်ဦးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတဲ့ အခါ အခုလို စပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ အရဆိုရင် ပြည်နယ်အစိုးရတွေအနေနဲ့ ဥပဒေတွေ ပြဌာန်းပိုင်ခွင့်ရှိတယ်၊ပြည်နယ်တွေမှာ နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၊ ဒေသကြီးတွေမှာ ဥပဒေတွေ ပြဌာန်း နိုင်တယ်လို့ ဆိုတယ်။ အုပ်ချုပ်မှုအာဏာနဲ့ ပတ်သက်ရင်တော့ ပြည်ထောင်စုအစိုးရက ချမှတ်လိုက်တဲ့ မူဝါဒတွေ ကျန်ပြည်နယ် ၊ တိုင်း တွေက လိုက်လံအကောင်အထည် ဖော်ပေးဖို့ လိုတယ်ဆိုတာကို ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တွေ့ရတာဖြစ်တယ်။ အဲဒီတော့ ရခိုင်ပြည်နယ်လွှတ်တော်ကနေပြီးတော့ ဆွေးနွေးပြီးတော့ ပြည်ထောင်စုအစိုးရကနေ ချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ပြည်နယ်လွှတ်တော်နဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ပေါင်းစပ်ပေးဖို့ လိုအပ်လာမယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ တကယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီအရေးကို ကန့်ကွက်ခဲ့တယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ပြန်ပြီးတော့ ကိုင်တွယ်ရမယ့် သဘောပေါ့နော်။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲဒီတော့ ဒီပြည်ထောင်စုအစိုးရအဖွဲ့ကနေ ပြည်နယ်အစိုးရ နဲ့ ပြည်သူ့လွှတ်တော်အစိုးရအဖွဲ့ ကြားထဲမှာ ကွာဟနေတဲ့ အချက်အလက်တွေ ညှိနှိုင်းပေါင်းစပ်ပေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျနော် မြင်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ပြည်နယ်တွေနဲ့ ပတ်သက်တဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များတွေနဲ့ ပတ်သက်ပြီးတော့ ပါဝင် သက်ရောက် ပြန့်နှံ့ဆောင်ရွက် နိုင်တယ်ဆိုတာကိုလည်း ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၂၁၆ ၊ ၂၁၉ တွေမှာ ဖော်ပြထားတာကို တွေ့ရတယ်။

မေး။ ။ ဆိုတော့ အခုလိုမျိုးပေါ့နော် ရခိုင်ပြည်နယ်ကနေပြီးတော့ ပြည်နယ်လွှတ်တော် ခေါ်ယူပြီးတော့ ဒီရခိုင်ပြည်နယ်အကြံပေးကော်မရှင် သူတို့ ပြည်နယ်အတွင်းမှာ လာရောက် ခွင့်မရှိဘူးလို့ကော ပြောပိုင်ခွင့်ရှိလား။

ဖြေ။ ။ အဲဒီလိုတော့ ပြောပိုင်ခွင့်မရှိဘူးဗျ ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နယ်စပ်ဒေသချင်း ထိစပ်နေတဲ့ ဒေသဖြစ်တဲ့အတွက် အဲဒီဒေသတွေမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရယ်၊ နောက်ပြီးတော့ တခါ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့အတူ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့ ကာလုံ စတာတွေက အဓိက အာဏာ သက်ရောက်တဲ့ ဒေသတွေဖြစ်တယ်။ အဲဒီတော့ အဲလိုမျိုးတော့ လုပ်ပိုင်ခွင့်မရဘူးလို့တော့ ကျနော်တို့မြင်ပါတယ်။

မေး။ ။ရခိုင်ပြည်နယ်လွှတ်တော်ကနေပြီးတော့ အကြံပေးကော်မရှင်ကို ကန့်ကွက်ပေမယ့် အကြံပေးကော်မရှင်က ရခိုင်ပြည်နယ်ထဲမှာ လာရောက်ပြီးတော့ မြေပြင် အခြေအနေလို့သူတို့ခေါ်တဲ့ လက်တွေ့ ဖြစ်ပျက်နေတာတွေကို လာပြီးလေ့လာ ဆန်းစစ်ခွင့်တော့ ရှိတာပေါ့နော်။

ဖြေ။။ ဟုတ်ပါတယ်။ ဥပမာ တခုပြောရမယ်ဆိုရင် - ယန်ဟီးလီ လာတဲ့ကိစ္စမှာ ဒါကော်မရှင်မဟုတ်ဘူး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်လာတဲ့ ကိစ္စမှာ ရခိုင် ပြည်သူလူထုတွေကလည်း ဆန္ဒပြတယ်၊ ရခိုင် အစိုးရအဖွဲ့ကလည်း ဆန္ဒပြတယ် သို့သော်လည်း လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ လာတဲ့ ကိစ္စတွေမှာ ဘာမှ ကန့်သတ်တားမြစ်နိုင်တဲ့ ကိစ္စ မရှိဘူးဆိုတာကို ကျနော် တွေ့ရတယ်။ အဓိကကတော့ ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကာလုံရဲ့ အဆုံးအဖြတ်က အဓိက ကျတယ်လို့ ကျနော်မြင်ပါတယ်။ နယ်စပ်ဒေသချင်း ထိစပ်နေတဲ့ ဒေသတွေမှာ ။

မေး။ ။ အနောက်နိုင်ငံတွေမှာပေါ့လေ ဗဟိုအစိုးရကနေပြီးတော့ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ကို လွှမ်းမိုး လို့ မရဘူးပေါ့နော်။ ဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ် ပြီး နည်းနည်းပြောပြပေးပါ။

ဖြေ။ ။ အနောက်နိုင်ငံတွေမှာကတော့ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ကို ပြတ်ပြတ်သားသားပေးထားတာတွေရှိတယ် ။ အဲဒီတော့ ဗဟိုအစိုးရအနေနဲ့ ပြည်နယ်အစိုးရရဲ့ ဥပဒေတွေ ပြဌာန်းခွင့် လုပ်ပိုင်ခွင့်တွေကို ၀င်ရောက်စွက်ဖက်တာ မတွေ့ရဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီလိုမျိုးမဟုတ်ပဲနဲ့ အမေရိကန်က တစိတ်တပိုင်းယူတယ် အင်ဒိုနီးရှားက တစိတ်တပိုင်းယူတယ် ဟိုနားတပိုင်း ဒီနားတပိုင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ဟာ ဖြစ်နေတဲ့အခါကျတော့ နောက်ဆုံး နိုင်ငံတော်ရဲ့ အာဏာ ဘယ်မှာရှိနေသလဲဆိုတော့ ပြည်နယ်တွေကို ခွဲဝေပြန့်သွားတဲ့ အဆင့်ထိမရောက်ပဲ နဲ့ နောက်ဆုံး နိုင်ငံတော် သမ္မတရယ်၊ ကာလုံရယ် ဒီလူတွေရဲ့ အဆုံးအဖြတ်က အဓိက ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။

ဒါကြောင့်ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပင်လုံညီလာခံဆွေးနွေးတဲ့အခါမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ကန့်သတ်ချက်တွေကြောင့်ဆွေးနွေးတာတွေ အဆင်မပြေ ဖြစ်နေတာတွေ ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေကလည်း တကယ်တမ်း ထိထိရောက်ရောက် လုပ်ပိုင်ခွင့်ကို ကန့်သတ်ပေးထားတာ မရှိပဲနဲ့ နောက်ဆုံးကျရင် ပြည်ထောင်စုအစိုးရ က ၀င်ရောက်ညှိနှိုင်းဆောင်ရွက်ပြီးတော့ ပြည်ထောင်စုအစိုးရစီမံခန့်ခွဲမှုအောက်မှာ ပဲသွားတယ်ဆိုတာကို ကျနော်တို့ မြင်ရတာဖြစ်တယ်။ အဲဒါကတော့ အနောက်နိုင်ငံတွေနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ကွာခြားချက်ပဲဖြစ်တယ်။”

AHRC က ရှေ့နေဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်မှာ နိုင်ငံခြားသားတွေပါဝင်နေတာကို ရခိုင်အမျိုးသားပါတီက ကန့်ကွက်ပြီး ဒီအကြံပေးကော်မရှင်ကို ပြည်တွင်း တတ်သိပညာရှင်တွေနဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းခဲ့တဲ့ အရေးအကြီးအဆိုအတွက် ပြည်သူ့လွှတ်တော်မှာ အင်္ဂါနေ့က ကိုယ်စားလှယ် ၃၄ ဦးက အကြိတ်အနယ် ဆွေးနွေးခဲ့ ပေမယ့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကိုဆွေးနွေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးက စက်တင်ဘာလ ၁၂ ရက်နေ့မှာ အထူးအစည်းဝေးခေါ်ထားပါတယ်။
VOA Burmese News


 ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ တုန်းက အမေရိကန်လွှတ်တော်မှာ ဆုယူနေစဉ်
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ တုန်းက အမေရိကန်လွှတ်တော်မှာ ဆုယူနေစဉ်

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်လွှတ်တော်ဘက်က ဘယ်အဆင့်ထိရုပ်သိမ်းမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ပေါ်မှာသာ မူတည်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပညာရှင် တဦးက ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်သတင်းပတ်အတွင်း စတင်မယ့် အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေလျော့ချရေးကိစ္စကို သမ္မတအိုဘားမား အစိုးရနဲ့သာမက အမေရိကန်လွှတ်တော်နှစ်ရပ်လုံးရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ရှိနေတာပါ။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဆယ်စုနှစ်မက တညီတညွတ်တည်း ထောက်ခံခဲ့တဲ့ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းရေးကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ကိုပဲ ဦးစားပေးမှာဖြစ်တယ်လို့ သူ့အနေနဲ့ သုံးသပ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ၀ါရှင်တန်အခြေစိုက် အမေရိကန်ပါမောက္ခ ဒေးဗစ်စတိုင်ဘတ်က ပြောပါတယ်။

“အမေရိကန် လွှတ်တော်တခုလုံးက သူ့ကို အခိုင်အမာထောက်ခံထားပါတယ်။ တကယ်လို့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က လိုလားတယ်ဆိုရင် သူ့အတွက် အလွယ်ဆုံးနည်းကတော့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ ကျမတို့ အတွက် မလိုအပ်တော့ဘူးလို့ လွှတ်တော်ကို ပြောလိုက်ရုံပါပဲ။ တကယ်လို့ သူကသာ အဲဒီလို လုပ်မယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို လွှတ်တော်ဘက်ကလည်း ပယ်ဖျက်ပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အဲဒီလို ပြောမှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောထားတာကတော့ ဒဏ်ခတ်ပိတ်ဆို့မှုကို သူလိုလားတယ် ဘာကြောင့်လဲဆိုတော့ စစ်တပ် အနေနဲ့ သူကိုဆက်ပြီးထောက်ခံတယ်ဆိုတာ သေချာမှုရှိအောင်လို့ ဖြစ်တယ်လို့ ပြောထားပြီးသာ ဖြစ်ပါတယ်။”

သေချာတာကတော့ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ထောက်ခံတယ်ဆိုတာပဲဖြစ်တယ်လို့ ပါမောက္ခ စတိုင်းဘတ်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမား အစိုးရ အနေနဲ့ အမေရိကန်လွှတ်တော်နဲ့ ညှိုနှိုင်း ဆောင်ရွက်နေကြောင်း သမ္မတအကြံပေးလည်းဖြစ်၊ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေးအရာရှိ Ben Rhodes ကလည်း ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့လည်း တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် အခုချိန်ထိ အတည်ပြုလို့မရသေးပါဘူး။

အမေရိကန်နဲ့ မြန်မာ စစ်ရေးဆက်ဆံရေးနဲ့ပတ်သက်လို့ ပါမောက္ခစတိုင်ဘတ်ရဲ့ အမြင်ကတော့

“နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေးမှာတော့ လူကိုသေစေနိုင်တဲ့ ကိစ္စတွေမဟုတ်ပဲ သင်တန်းပေးတာ၊ ပညာတော်သင်တွေလက်ခံတာ စတဲ့ အဆင့်မျိုးရှိလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ အမေရိကန်စစ်တပ်ဟာ အဲဒီဘက်မှာ သိပ်ကောင်းပါတယ်။ အဲဒီလောက်တော့ ကျနော်တို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဒီအဆင့်မျိုးကို စိုးရိမ်ဖို့ မသင့်ဘူးလို့ မြင်ကြောင်း စတိုင်ဘတ်ကပြောပါတယ်။

စက်တင်ဘာလ (၁၄)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတအိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံဖို့ရှိသလို စက်တင်ဘာလ (၁၅)ရက်နေ့ ညနေပိုင်းမှာကျင်းပမယ့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ ညစာ စားပွဲကို တက်ရောက် မှာ ဖြစ်ပါတယ်။ အဲဒီနောက် နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမယ့် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ (၂၁) နေ့မှာ တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
VOA Burmese News


ပဲခူးတိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ ကို တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်ထားပြီး လက်ရှိအချိန်ထိ လုပ်ငန်းမစတင် ရသေးတဲ့ မြေကွက်နေရာ ၉ဝ ရာခိုင်နှုန်းကျော်ကို အရေးယူဖို့ ဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ချထားပေးတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို စာချုပ်ပါအချက်အလက်တွေအရ ဥပဒေနဲ့ညီညွှတ်မှု ရှိ မရှိ စစ်ဆေးနေတယ်လို့ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ က ပြောပါတယ်။

"အရင်အစိုးရလက်ထက်တုန်းက စက်မှုဇုန်မှာ အကွက်တွေယူထားတာရှိတယ်လေ၊ ပုဂ္ဂလိက ကယူထား တာတွေ အများကြီးရှိတာပေါ့၊ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြန်သုံးသပ်စိစစ်မယ်၊ ဒါတွေပြန် သုံးသပ်ပြီးတော့မှ ဥပဒေနဲ့ညီ မညီ ဥပဒေချုပ်ဆီကိုပို့ထားတယ်၊ အဲ့ဒါတွေကိုသုံးသပ်ပြီး ၂ ပတ်လောက်နေလို့ရှိရင် အသေးစိတ်သုံးသပ်ပြီးတော့ စာချုပ်ကတိအချက် ၂ဝ လောက်ရှိတာကို၊ အဲ့ဒါကို တစ်ချက်ချင်း တစ်ချက်ချင်း လေ့လာပြီးတော့မှ အဲ့ဒီအပေါ်မှာ ဘယ်လိုအရေးယူမလဲ၊ ဘယ်လိုဖြေလျော့ မလဲ ဆိုတဲ့ နှစ်လမ်းကိုတော့ ကျနော်တို့ စဉ်းစားတာပေါ့"

ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်မှာ မြေဧက ၆ဝဝ နီးပါးရှိပြီး ပုဂ္ဂလိကလုပ်ငန်းရှင် ၉ဝ နီးပါးက စက်မှုလုပ် ငန်းလုပ်ကိုင်ခွင့်ရရှိထားပြီး အဲ့ဒီထဲက လုပ်ငန်းရှင် ၆ ဦးသာ လုပ်ကိုင်နေတာဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်ဖို့ ၆ လအတွင်း စတင်အကောင်အထည်ဖော်ဖို့နဲ့ ၂ နှစ်အတွင်းမှာ လုပ်ငန်းစတင်လည်ပတ်ဖို့ဆိုတဲ့ အချက်တွေပါ ဝင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



(ပုဂံမြို့က သဗ္ဗေညုပုထိုးတော်ကြီးကို တွေ့ရစဉ်) Photo: Myo Zaw Ko/RFA
ပုဂံက သဗ္ဗေညုပုထိုးတော်ကြီးဟာ ပြီးခဲ့တဲ့သြဂုတ်လ ၂၄ ရက်နေ့က ငလျင်ဒဏ်ခံခဲ့ရတဲ့အတွက် အက်ကွဲကြောင်းတွေရှိနေပြီး အန္တရာယ်ရှိတဲ့အတွက် ဘုရားဖူးသူတွေကို အပြင်ကနေသာ ဖူးခွင့်သတ်မှတ်လိုက်ပါတယ်။
ဘုရားဖူးပြည်သူတွေ အန္တရာယ်ရှိနိုင်တာမို့ အခုလိုသတ်မှတ်လိုက်တာလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော် က ပြောပါတယ်။
"ကျွန်တော်တို့ စက်နဲ့တိုင်းတော့ကျတော့ ဒီအက်ကွဲကြောင်းတွေ ဘယ်လောက်နက်သလဲ တိုင်းတာပေါ့၊ ကျနော်တို့ wave လွှတ်လိုက်တော့ wave က တခြားအက်ကွဲကြောင်းတွေထဲကို ဝင်သွားတော့ ပြန်ထွက်မလာဘဲနဲ့ Error ပဲပြတာပေါ့၊ စက်နဲ့တော့ လောလောဆယ်တိုင်းမရဘူး၊ ရှေးဟောင်းတို့နဲ့ ယူနက်စကိုတို့နဲ့ ကျနော်တို့ တိုင်ပင်ပြီးတော့မှ ဘုရားဖူးပြည်သူတွေ အန္တရာယ်ရှိနိုင်တယ်ဆိုပြီး သတ်မှတ်ပြီးတော့ ဒီရှေ့တည့်တည့်ကပဲ ဖူးခွင့်ပေးတဲ့သဘောပါပဲ"
သဗ္ဗေညုပုထိုးတော်ကြီးမှာ အလျားလိုက်ရော ဒေါင်လိုက်ပါ အက်ကြောင်းတွေ ရှိနေတယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။

သဗ္ဗေညုပုထိုးတော်ကြီးကို ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့ကစပြီး ဘုရားပေါ် တက်ရောက်ခွင့်မပေးတော့တာလည်း ဖြစ်ပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့က ပြင်းအား ၆.၈ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် ပုဂံဒေသမှာ ဘုရားစေတီပုထိုး ၄၀၀ နီးပါး ပျက်စီးသွားခဲ့ပါတယ်။ အဲ့ဒီထဲမှာ အကြီးစားပျက်စီးသွားတာက ၄၅ ဆူလောက်ရှိတယ်လို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese



မြောက်ကိုရီးယားက စစ်အင်အား ပြသခဲ့စဉ် (Credit: Reuters) 
မြောက်ကိုရီးယား ​အစိုးရက ​ကုလသမဂ္ဂ ​လုံခြုံရေး ​ကောင်စီရဲ့ ​ဆုံးဖြတ်ချက်ကို ​အာခံပြီး ​နျူကလီးယား ​စမ်းသပ်မှု ​လုပ်ပြန်ပြီလို့ ​တောင်ကိုရီးယား ​သမ္မတက ​ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ​လုပ်ရပ်ဟာ ​နိုင်ငံတကာ ​အသိုင်းအဝိုင်းကို ​တိုက်ရိုက်စိန်ခေါ်သလို ​ဖြစ်နေပြီလို့လည်း ​တောင်ကိုရီးယား ​သမ္မတ ​Park ​Geun-hye ​က ​ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ​လုပ်ရပ်က ​ဒဏ်ခတ်ပိတ်ဆို့မှု ​ပိုခံရအောင်၊ ​ပိုပြီး ​အထီးကျန်ခံရအောင် ​လုပ်ဆောင်သလို ​ဖြစ်နေပြီး ​အဲဒီလုပ်ဆောင်ချက်က ​မြောက်ကိုရီးယားကို ​ပျက်စီးစေမယ့် ​လမ်းကို ​တွန်းပို့သလို ​ဖြစ်နေတယ်လို့ ​တောင်ကိုရီးယားက ​ပြောပါတယ်။

တောင်ကိုရီးယားအနေနဲ့ ​တတ်နိုင်သလောက် ​တုန့်ပြန်မှုတွေ ​လုပ်ဖို့ ​နိုင်ငံတကာကို ​ဖိအားပေးသွားမယ်လို့ ​ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ​နျူကလီးယား ​စမ်းသပ်တဲ့နေရာအနားမှာ ​ပြင်းအား ​၅.၃ ​အင်အားရှိတဲ့ ​ငလျင်လှုပ်ခတ်ခဲ့တယ်ဆိုတဲ့ ​သတင်းကို ​စုံစမ်းရာက ​ငလျင်မဟုတ်ပဲ ​နျူကလီးယား ​စမ်းသပ်မှုဆိုတာကို ​သိကြရတာ ​ဖြစ်ပါတယ်။

မြောက်ကိုရီးယား ​စမ်းသပ်ခဲ့တဲ့ ​နျူကလီးယားထဲမှာ ​ဒီတချီ ​အပြင်းထန်ဆုံး ​ဖြစ်ခဲ့ပြီး ​တွန်းကန်မှုအားက ​၁၀ ​kilotons ​ရှိခဲ့ပါတယ်။

ဟီရိုရှီးမားနျူကလီးယား ​ဗုံးတုန်းက ​တွန်းကန်မှုအားက ​၁၅ ​kilotons ​ရှိခဲ့တာ ​ဖြစ်ပါတယ်။

ဂျပန်အစိုးရကလည်း ​နျူကလီးယား ​လက်နက်ဟုတ်မဟုတ် ​လေထုထဲမှာ ​ရေဒီယို ​ဓာတ်သတ္တိတွေ ​ရှိမရှိ ​စမ်းသပ်ဖို့ ​လေယာဉ်တွေကို ​စေလွှတ်ပြီး ​လေထု ​အရည်အသွေးကို ​စမ်းသပ်သွားမယ်လို့ ​ဆိုပါတယ်။

မြောက်ကိုရီးယားက ​နျူကလီးယား ​စမ်းသပ်မှု ​လုပ်ရင်တော့ ​ဒီကိစ္စကို ​ဂျပန်က ​သီးခံမှာ ​မဟုတ်ပဲ ​ကန့်ကွက်မှုကို ​အတိအကျ ​လုပ်သွားမယ်လို့ ​ပြောလိုက်ပါတယ်။

ဒီတချီအပါအဝင် ​မြောက်ကိုရီးယားဟာ ​ငါးကြိမ်မြောက် ​နျူကလီးယား ​စမ်းသပ်မှု ​လုပ်တာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


ရခိုင်ဂေဇက်၊ စက်တင်ဘာ ၉ ရက်

မာန်အောင်မြို့နယ် ခအုန်းမောင်အုပ်စု ပုတ်ချောင်ရွာ၏ အနောက်ဘက်ကမ်းစပ်နားတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်က ဝေလငါးတစ်ကောင် သောင်တင်တွေ့ရှိကြောင်းသတင်းရရှိသည်။

၎င်းငါး၏ အလျားမှာ ၂၂ ပေ ၃ လက်မ၊ လုံးပတ် ၈ ပေ ၃ လက်မ ၊ ဘေးဘယက် ၃ ပေနှင့် ငါး၏ခေါင်းမှာ ၅ ပေရှိပြီး ယင်းငါးကို ဒီရေတက်ချိန်တွင် လူအင်အားဖြင့် ရေထဲပြန်ချလိုက်ကြောင်း မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က ပြောသည်။

ဓာတ်ပုံ - Ye Nay
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ပဲခူးရိုးမတောအစပ် ချောင်းဖျားဒေသတွင် ယခုအခါတောဆင်များလည်း မျိုးတုံး၍ သစ်တောဝါးတောများလည်း အားလုံးပြုတ် ပြုတ်ပြုန်းပြီဟု ပဲခူးတိုင်းဒေသကြီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအတွင်းရေးမှူးဦးကျော်ဝင်းကပြောသည်။

ရိုးမတောအတွင်း တောဆင်များ အသတ်ခံနေရခြင်းနှင့်ပတ်သက်၍ ဦးကျော်ဝင်းမှ ပြောပြရာတွင် ဒီဆင်သေကောင် ဓာတ်ပုံတွေက ကျွန်တော်တို့ကိုယ်တိုင် အဲဒီနေရာကို သွားပြီးရိုက်လာတဲ့ပုံတွေပါ။ ဘာကြောင့် တောဆင်တွေ တကောင်ပြီးတကောင် ဒီလိုသေနေတာလဲ၊ အဖြေက ရှင်းပါတယ်။ တောမုဆိုးတွေရဲ့ လက်ချက်ကြောင့်ပဲဆိုတာ မျက်မြင်တွေ့ရတယ်။
''အစွယ်ကို ဖြတ်တယ်၊ အသားကို နေပူလှန်း မီးကင်ပြီးရောင်းတယ်။ အဲဒီဒေသက ရွာတွေမှာ အခုဆို ဆင်အသားခြောက်တောင် အချိန်နဲ့ရောင်းနေပြီလို့ ဒေသခံများက ကျွန်တော်တို့ကို တိတိကျကျ သတင်းပေးပါတယ်'' ဟု ဦးကျော်ဝင်းက ပြောပါသည်။


ဆက်လက်၍ ဦးကျော်ဝင်းက တောတွင်းဆင်များကို ဆင်သတ်မုဆိုးများက အခုလိုပဲ တကောင်ပြီးတကောင် လိုက်ပြီး သတ်သည်။ ပြီးလျှင် အသားရောင်း အစွယ်ဖြတ်လုပ်နေတာကို သက်ဆိုင်ရာ လယ်ယာနှင့် သစ်တောဝန်ကြီးကို တိုင်းဒေသကြီးအစိုးရရုံးမှာ ကိုယ်တိုင်သွားတင်ပြကြောင်း၊ သစ်တော ဦးစီးဌာနကိုလည်း ဓာတ်ပုံမှတ်တမ်းများနှင့်တင်ပြကြောင်း၊ သို့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောဝန်ကြီးကိုယ်တိုင်က ယင်းကိစ္စကို လေးလေးနက်နက် မစဉ်းစားကြောင်း ပြောသည်။

ယခုအခါ ပဲခူးရိုးမတကြောတွင် ကျွန်းသစ်မှစပြီး သစ်ရိုင်းတော ၀ါးပင်ဝါးတောအားလုံး ပြုတ်ပြုတ်ပြုန်းနေပြီဖြစ် သည်။ ထို့ပြင် တောဆင်များ၏ အစာဖြစ်သည့် တောငှက်ပျောပင်များပါ မကျန်တော့ သဖြင့် ဆင်များသည် တောင်ယာခင်းများ လယ်ကွင်းများရှိရာ ဆင်းလာကြကာ တွေ့သည့် ယာခင်း၊ စပါးခင်းများကို စား သောက်ပစ်ကြသည့်အပြင် လူကိုလည်း ရန်မူကြသည်။
''အခုဖြစ်နေတာက ရွာထဲမြို့ထဲဝင်လာတဲ့ ဆင်များကို သက်ဆိုင်ရာသစ်တောဦးစီးဌာနက တောထဲ ပြန်မောင်းထုတ် လိုက်ပြီ၊ သူ့နေရာသူပြန်သွားပြီလို့ ပြောနေပေမယ့် တကယ်တမ်းကျတော့ ရိုးမတော ထဲမဟုတ်ဘဲ ဆင်သတ်ကွင်းဖြစ်သည့် တောမုဆိုးများဆီ မောင်းထုတ်လိုက်သလို ဖြစ်လို့ ဆင်များအခုလို သေရတာပါ'' ဟု တိုင်း NLDအတွင်းရေးမှူးက ရှင်းပြပါ သည်။

ရိုးမချောင်းဖျားဒေသနေ ၀င်းကရင် ရွာသား ဦးကျော်ရှိန်ကလည်း ''ဆင်တွေ အခုလို အသတ်ခံနေရတာ နွေထဲကပဲ၊ ကျွန်တော်က ဒီနေရာ၊ ဒီဒေသ၊ ဒီတောမှာ ကြီးပြင်းလာတဲ့သူဆိုတော့ ဆင်ကို ဘယ်နေရာမှာ သတ်တယ်ဆိုတာကအစ အသေးစိတ်သိတယ်၊ တခါသစ်တောက ဆင်းလာတယ်၊ ဆင်သေတာဟုတ်ရဲ့လား လို့ မေးလို့ လက်တွေ့ပဲ ဆင်အသားခြောက်ကို ၀ယ်ပေးလိုက်တယ်။ ရွာထဲမှာ တောင်းနှင့်ရွက်ပြီးတောင် ရောင်းနေပြီ ဆင်သေကောင်ကြီးတွေ့ပြီး ဆင်မှဟုတ်ရဲ့လားလို့ မေးတာတော့ အံ့သြရပါတယ်'' ဟု ဦးကျော်ရှိန်မှ ဆိုပါသည်။

ပြီးခဲ့သော နွေရာသီကပင် ပဲခူးရိုးမ ချောင်းဖျားဒေသ ၀င်းကရင် ၀ါးပြန်ကုန်း အောက်ကမ္ဘာကျေးရွာများတွင် တောဆင်များသည် စိုက်ပျိုးပြီးယာခင်းများကို ဖျက်ဆီးစားသောက်ပစ်ကြသလို ယခုမိုးရာသီမှာလည်း စိုက်ပျိုးပြီး စပါးခင်းများကို ဖျက်ဆီးစားသောက်ပစ်ကြကြောင်း တောင်သူများက ဆင်အန္တရာယ်မှ အချိန်မီ ကာကွယ်ပေးရန် တိုင်းလယ်ယာနှင့် သစ်တောဝန်ကြီးအား အကြိမ်ကြိမ်တင်ပြသော်လည်း ထိရောက်စွာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရသည်။

မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်
https://www.facebook.com/NewsWatchJournal


ပြုံယမ်း၊ စက်တင်ဘာ-၉

နျူကလီးယားထိပ်ဖူး ဖောက်ခွဲစမ်းသပ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် ယင်းမှာ အမေရိကန်၏ ရန်ပြုမှုကို တန်ပြန်ရန်ရွယ်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက အတည်ပြုပြောကြားခဲ့သည်။

“နိုင်ငံမြောက်ပိုင်း နျူကလီးယားစမ်းသပ်ကွင်းမှာ ကျနော်တို့ရဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေက အသစ်စက်စက်တီထွင်ထုတ်လုပ်ထားတဲ့ နျူကလီးယားထိပ်ဖူးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲခဲ့ပါတယ်”ဟု ရုပ်သံကြေညာသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။

သဘာဝအတိုင်းမဟုတ်သည့် ငလျင်ကို တိုင်းတာတွေ့ရှိခဲ့ပြီးနောက် မြောက်ကိုရီးယားမှာ အစဉ်အဆက် အကြီးမားဆုံးဖြစ်သည့် ငါးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ဖွယ်ရှိသည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ပြောကြားလာပြီးနောက်တွင် မြောက်ကိုရီးယားက ယခုကဲ့သို့ အတည်ပြုလာခြင်းပင်ဖြစ်သည်။

မြောက်ကိုရီးယား၏ ပန်းဂျီရီ နျူကလီးယားစမ်းသပ်ကွင်းအနီးတွင် ပြင်းအား ၅.၃ပမာဏရှိသည့် ငလျင်ကို တိုင်းတာတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား၏ မိုးလေ၀သအေဂျင်စီက ပြောကြားခဲ့သည်။

“၁၀ကီလိုတန်အား ပေါက်ကွဲမှုဟာ လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်တုန်းကထက် နှစ်ဆလောက် ပိုအားပြင်းပြီး ဟီရို၇ှီးမားအနုမြူဗုံးထက် နည်းနည်းပဲ လျော့ပါတယ်”ဟု တောင်ကိုရီးယား မိုးလေ၀သအေဂျင်စီမှ ကင်နမ်ဝုက ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် ကသောင်းကနင်း (သို့မဟုတ်) စစ်ဖြစ်ပါက မည်သူမျှ အကျိုးများမည်မဟုတ်သောကြောင့် အမှန်တကယ် နျူကလီးစမ်းသပ်သည် ဆိုစေဦးတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်သင့်သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုမှာ မိုက်မဲရာကျသည်ဟုဆိုပါလျှင် တောင်ကိုရီးယား၏ အမေရိကန် ဒုံးခွင်းဒုံးစနစ် ဖြန့်ချထားရန် ဆုံးဖြတ်ချက်မှာလည်း ဒေသတွင်း မဟာဗျူဟာမျှခြေကို ပျက်စီးစေသည်ဟု ဆင်ဟွာက ပြောကြားခဲ့သည်။

ပရပ်စ်တီဗီ
AM
china.com Myanmar
https://www.facebook.com/china.com.mm


သရပါမဂ္ဂဇင်းထုတ်ဝေသူ သရုပ်ဆောင်နှင့် ဒါရိုက်တာ မင်းအုပ်စိုးကို လူသတ်မှုဖြင့်ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားခဲ့ရာကနေ စက်တင်ဘာ ၉ ရက်တွင် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲချမှတ်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပုဒ်မ (၃၀၄) အရ ထောင်ဒဏ် တသက်တကျွန်းကနေ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ပြောင်းလဲချမှတ်ခဲ့ခြင်းဖြစ်ပြီး လူသတ်မှုမှလူသေမှုသို့ ပြောင်းလဲအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်မင်းအုပ်စိုး ပြီးခဲ့သော ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ၄င်း၏ နေအိမ်တွင် သရပါ မဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ်ကို လူမှုရေးကိစ္စမေးမြန်းစကားများရန်ဖြစ်ရာမှ အိမ်ခန်းအတွင်း ထိုးကြိတ်ကန်ဆောင့်မှုကြောင့် မတေးနုယဉ် သေဆုံးခဲ့ပြီး ပုဒ်မ ၃၀၂(ခ)ဖြင့် အရေးယူအပြစ်ပေးခံရခြင်းဖြစ်သည်။

မင်းအုပ်စိုးကို ရန်ကုန်၊ ဗဟန်းမြို့မရဲစခန်းက ပြစ်မှုအမှတ် ၅၁၉/၂၀၁၄ ပြစ်မှုဥပဒေ ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့ပြီး ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှုဥပဒေပုဒ်မ ၃၀၂ (၂) ဖြင့်၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့မှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal