09/11/16
 tuntunhein-620.jpg ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်ကို စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းထဲမှာ တွေ့ရစဉ်
Photo: Win Naung Toe/ RFA
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ၆ ဦး ထုတ်ပယ် ခံရတဲ့ကိစ္စကို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ကော်မတီဝင် တွေကို ဒီနေ့ တွေ့ဆုံရှင်းပြခဲ့ပါတယ်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းထဲမှာရှိတဲ့ ယူနီစန် စားသောက်ဆိုင်မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပတာဖြစ်ပါတယ်။
အစည်းအဝေးမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဦးဝင်းထိန်း ရှင်းပြတာတွေ နဲ့ပတ်သက်ပြီး ကော်မတီဝင် ဦးထွန်းထွန်းဟိန်က အခုလိုပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးခရိုင် NLD ပါတီ ဥက္ကဌ ဦးတင်မောင်တိုးကို ဖေ့ဘွတ်စ်မှာ စော်ကားတဲ့ စာသားတွေ ရေးတင်ခဲ့တာဟာ ပါတီစည်းကမ်းကို ဖောက်ဖျက်တာဆိုပြီး ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ပြည်နယ်ပါတီဥက္ကဌ ဒေါ်ခင်မိုးမိုးကို ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ဆောင်တာ အားနည်းခဲ့တယ်ဆိုတဲ့ အချက်နဲ့ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
ဒီနေ့ အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးထွန်းထွန်းဟိန် ၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးအုန်းကြိုင် ၊ မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့ တက်ရောက်ခဲ့ကြပါတယ်။
RFA
 dassk-landon-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၁၁ ရက်နေ့က လန်ဒန်မြို့ မြန်မာသံရုံးမှာ တွေ့မြင်ရစဉ်
Photo: Ministry of Foreign Affairs Myanmar
အင်္ဂလန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဥရောပ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက မြန်မာသံ အမတ်တွေနဲ့ ဒီနေ့ လန်ဒန်မြို့က မြန်မာသံရုံးမှာ တွေ့ဆုံ ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်းနဲ့ ဥရောပအခြေဆိုက် မြန်မာသံ အမတ် ၁၃ ဦးနဲ့  တွေ့ဆုံ တာဖြစ်ပါတယ်။
မနေ့ညနေက လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင် ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် ကြိုးပမ်းစဉ် လန်ဒန်မြို့ ကို ရောက်ရှိချိန်မှာ တည်းခိုခဲ့တဲ့ ဒေါ်ချက်စတာဟိုတယ် (Dorchester Hotel) က အခန်းမှာပဲ တည်းခို နေတာဖြစ်ပါတယ်။
အဲ့ဒီဟိုတယ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်နဲ့ မြေး ၂ ဦးက လာရောက်တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ အင်္ဂလန်နိုင်ငံ ၀န်ကြီးချုပ် ထရီဇာမေ ၊ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင် တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ အမေရိကန်နိုင်ငံ ကို သွားရောက်မှာ ဖြစ်ပြီး အမေရိကန် ခရီးစဉ်အတွင်း ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပမယ့် အထွေထွေ ညီလာခံမှာ စကားပြောမှာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ အမေရိကန်သမ္မတ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်၊ နိုင် ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ၊ အထက်လွှတ်တော် အမတ် John McCain ဂျွန်မက်ကိန်းတို့နဲ့ တွေ့ဆုံသွားမှာ ဖြစ် သလို US-ASEAN Business Council က တာဝန်ရှိသူတွေအပြင် အမေရိကန် ကုန်သည်ကြီးများ အသင်းက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
RFA
စားကျက်မြေကို အများပိုင်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ စက်တင်ဘာလ ၁၁ ရက်နေ့က ဒေသခံတွေ လက်ပံတန်းမြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုနေစဉ်။ Photo: U Zaw Win
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မန်ကျည်းကွင်းကျေးရွာအုပ်စုပိုင် စားကျက် မြေဧက ၁၆၀ ကျော်ကို အများပိုင်မြေအဖြစ် ပြန်လည်သတ်မှတ်ပေး ဖို့ ဒေသခံ ၁၀၀ ကျော်က ဒီကနေ့ လက်ပံတန်းမြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
စားကျက်မြေတွေမှာ ၀င်ရောက်လုပ်ကိုင်ခဲ့တဲ့ လယ်သမားတချို့က ပုဂ္ဂလိကုမ္ပဏီ တစ်ခုကို ရွာကလူတွေကို အသိမပေးဘဲ ရောင်းချလိုက်တဲ့အတွက် ရွာမြေအဖြစ် ပြန်သတ်မှတ်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်သူ ဒေသခံ ဦးဇော်ဝင်း က ပြောပါတယ်။
"သက်ဆိုင်ရာဌာနအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေက ခွဲဝေပြီးတော့ ဒီလယ်သမား ၁၃ ဦးကို လယ်လုပ်ပိုင်ခွင့် ပေးပြီးတော့ သီးစားနဲ့ ပြန်ချထားတာပါ၊ အဲ့ဒီ ၁၃ ဦးကနေ ပြီးတော့ ကုမ္ပဏီတစ်ခုကို လက်လွှဲပြီးတော့ ရွာကလူတွေကိုမသိဘဲနဲ့ သူတို့ချင်း တိတ်တဆိတ် ၁ ဧကကို ၁၂ သိန်းနှုန်း နဲ့ ရောင်းလိုက်ကြတာပါ။" လို့ ဦးဇော်ဝင်း က ပြောတာဖြစ်ပါတယ်။
အဲ့ဒီလယ်သမား ၁၃ ဦးဟာ ၁၉၉၀ ခုနှစ်လောက်ကစပြီး အဲ့ဒီစားကျက်မြေတွေပေါ်မှာ သီးစားအနေနဲ့ လုပ်ကိုင်နေရာကနေ ၂၀၁၄ ခုနှစ်မှာ ကုမ္ပဏီတစ်ခု ကို ရောင်းစားလိုက်တာ ဖြစ်တယ်လို့ ဦးဇော်ဝင်း က ပြောပါတယ်။
အဲ့ဒီစားကျက်မြေတွေ ပြန်လည်ရရှိဖို့ အရင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးပြီး တင်ပြခဲ့ပေမယ့် ဖြေရှင်းပေးခဲ့တာမရှိတဲ့အတွက် အစိုးရသစ်လက်ထက်မှာ ပထမဆုံး အကြိမ်ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။
မန်ကျည်းကွင်းကျေးရွာအုပ်စု ရွှေဘိုစု၊ ဂရံစံပြ၊ မန်ကျည်းကွင်း အနောက်စု၊ မန်ကျည်းကွင်း အရှေ့စု၊ မန်ကျည်းကွင်း၊ အုန်းကုန်း စတဲ့ ကျေးရွာ ၇ ရွာက ပိုင်တဲ့ အဲ့ဒီစားကျက်မြေတွေဟာ လက်ရှိမှာ ကုမ္ပဏီက စပါးစိုက်ပျိုးထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရန်ကုန်မြို့တွင်း မောင်းနှင်နေသည့် မော်တော်ယာဉ်လိုင်းများတွင် တုတ်၊ ဓား စသည့် လက်နက်များ တင်ဆောင်ထားမှု များရှိပြီး ယာဉ်လိုင်းအချင်းချင်း ယာဉ်လုပ် သားများနှင့် ခရီးသည်များအကြား ရန်ဖြစ် ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားမှုကြောင့် ခရီးသွားပြည်သူများ စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။
''လိုင်းကားသမားတွေ့က ရန်ကုန်မှာကြီးစိုးနေတယ်။ တခုခုဆိုရိုက်မယ်၊ နှက်မယ် ဥပဒေမဲ့နေတဲ့အတိုင်း ဖြစ်နေတာ ကြာပြီ။ ခုနောက်ပိုင်း ပိုဆိုးလာတယ်။ ခရီး သည်တွေအတွက်ပါ အသက်အန္တရာယ်ရှိ ပါတယ်'' ဟု မြောက်ဒဂုံမှ ဆူးလေသို့ နေ့စဉ်အလုပ်ဆင်းနေရသည့် ကိုအောင်ဇင်က ဆိုသည်။
ရန်ကုန်မြို့တွင်း ယာဉ်လိုင်းများတွင် တုတ်၊ ဓား အစရှိသည့် လက်နက်များ မတင်ဆောင်ရန် မထသ (ဗဟို) နှင့် ယာဉ် ထိန်းရဲတပ်ဖွဲ့က သတိပေးထားပြီး စစ်ဆေး မှုများ ပြုလုပ်နေသော်လည်း ပုဂ္ဂလိက ကိုယ်ပိုင်ယာဉ်များ၊ အငှားကားများနှင့် လိုင်း ကားများ အချင်းချင်းရန်ဖြစ်ရိုက်နှက်မှုများရှိနေကြောင်း သိရသည်။ ယင်းကဲ့သို့ ရန် ဖြစ်ရိုက်နှက်မှုများနှင့် ပတ်သက်၍ မထသ (ဗဟို) အနေဖြင့် အရေးယူဆောင်ရွက်နိုင် မည်မဟုတ်ဘဲ စစ်ဆေးတားဆီးမှုများသာ ပြုလုပ်နိုင်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။
''မထသမှာ ယာဉ်လိုင်းတွေအတွက် သတ်မှတ်ထားတဲ့ အချက် ၁၃၈ ချက်ရှိတယ်။ ရန်ဖြစ်ရိုက်နှက်ကြတယ်ဆိုတဲ့ကိစ္စမှာ ရာဇ၀တ်ကြောင်းအရ ဥပဒေအရပဲ သူတို့ ရင်ဆိုင်ရပါမယ်။ ခုလိုမဖြစ်ပွားရေးအတွက် မထသတွေအနေနဲ့ ဇန်န၀ါရီလကစပြီး ၄ လစီမံချက်နဲ့ ထုတ်တွေ၊ သံတုတ်တွေအားလုံးကို စစ်ဆေးသိမ်းဆည်းပါတယ်။ ဒီကိစ္စက လိုင်းကားတခုတည်းတင်မဟုတ်ဘဲ ပုဂ္ဂလိကကားတွေမှာလည်း တင်ကြတယ်'' ဟု ဦးလှအောင်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းတွင် ၈၈ အစိမ်းမှ ယာဉ်မောင်းစပယ်ယာတို့နှင့် ခရီးသည်နှစ်ဦးတို့ ရန်ဖြစ်ရိုက်နှက်မှုများ ရှိခဲ့ကြောင်း၊ ၄၈ အထူးနှင့် ပုဂ္ဂလိကကား တစီးမှ ကားသမားများ စကားများဆဲဆိုရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယခုလ အတွင်း ၁၈၈ ရွှေအင်းဝလိုင်းကားနှစ်စီးမှ ကိုယ်ပိုင်ယာဉ်မောင်းတဦးကို ရိုက်နှက်ကြ သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လိုင်းကားများပေါ်တွင် တုတ်နှင့် အခြားလက်နက်များ တင်ဆောင်ခြင်းကို ဂိတ်တွင် စစ်ဆေးခြင်းများရှိသကဲ့သို့ ဂိတ်က ထွက်လာသည့်ကားများကိုလည်း မထသနှင့် ယာဉ်ထိန်းအဖွဲ့ ၁၆ ဖွဲ့တို့ဖြင့် စစ်ဆေးနေသည်ဟုဆိုသော်လည်း တုတ်လက်နက်များတင်ဆောင်၍ ရန်ဖြစ်ရိုက်နှက်မှုများရှိနေခြင်းကြောင့် ယင်းကဲ့သို့သော ကားဒရိုင်ဘာ၊ စပယ်ယာများကို ထိထိရောက်ရောက် အရေးယူရန်လိုကြောင်း အငှားယာဉ်မောင်းကိုလူမွှေးက မှတ်ချက်ပြုသည်။
လိုင်းကားသမားများကြားတွင် ရန်ဖြစ်ရိုက်နှက်ခြင်းဘာမဟုတ်ဘဲ ခရီးသည်များကို မချေမငံပြောခြင်း ရိုင်းပြစွာ ဆက်ဆံခြင်း၊ ကားအပိုတောင်းခြင်း ပြဿနာများမှာ ဖြစ်ပွားနေဆဲဖြစ်ပြီး သြဂုတ်လ တလတည်းတွင်ပင် မထသ (ဗဟိုသို့) တိုင်ကြားမှု ၂၀၅ မှုရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အချို့သော ယာဉ်လိုင်းများ၌ ယာဉ်မောင်းမှတ်ပုံတင်မရှိသည့် ယာဉ်လုပ်သားများ၊ စပယ်ယာများလည်းရှိနေပြီး ယင်းကိစ္စများကို စိစစ်နေဆဲဖြစ်ကြောင်း ဦးလှအောင်က ဆိုသည်။ လက်ရှိတွင် ခရီးသည်နှင့် ယာဉ်လိုင်းများအကြား အဖြစ်အများဆုံး ပြဿနာမှာ ယာဉ်စီးခပိုတောင်းသည့် ပြဿနာဖြစ်ပြီး ယာဉ်စီးခပိုတောင်းသည့် ယာဉ်မောင်းနှင့် စပယ်ယာတို့ကို ဒဏ်ငွေ ၃ သောင်းနှင့် အလုပ်တလပိတ်သိမ်းသည် အထိအရေးယူမှုရှိကြောင်း မထသ(ဗဟို)မှ သိရသည်။
မောင်ထက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဆီးရီးယားနိုင်ငံ၌ စက်တင်ဘာလ ၁ဝရက်က သူပုန်များထိန်းချုပ်ထားရာIdlib ပြည်နယ်အတွင်းရှိ ဈေးအား လေကြောင်းမှ တိုက်ခိုက်မှု အပြီးတွေ့ ရစဉ် (ဆင်ဟွာ)
    ဒမတ်စကပ်စ် ၊ စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ)
    ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Idlib ပြည်နယ်၌ စက်တင်ဘာလ ၁ဝ ရက်တွင် ဆီးရီးယားတပ်ဖွဲ့ ဝင်များ၏ လေကြောင်း တိုက်ခိုက်မှုဖြင့် သူပုန်တပ်သား ၂၄ ဦး သေဆုံးသွားကြောင်း စောင့်ကြည့်အကဲခတ်ရေးအဖွဲ့ က ဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် Jaish al – Fateh (သို့ မဟုတ်) အောင်နိုင်ရေးစစ်တပ် ဟု အမည်ပေးထားသည့် သူပုန်တပ်ဖွဲ့ ဝင်များ အဓိက သိမ်းပိုက်ထားရာ Jisr al-Shughour နယ်မြေတွင်ဖြစ်ပေါ်ခဲ့ကြောင်း နှင့်  Idlib ပြည်နယ်အတွင်းရှိ ပစ်မှတ်များစွာကို လည်း တိုက်ခိုက်ခဲ့ကြောင်း  ဆီးရီးယားလူ့ အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆီးရီးယားတပ်ဖွဲ့ ဝင်များသည် မကြာသေးမီက Latakia ကမ်းခြေမြို့ ကိုသိမ်းပိုက်နိုင်ခဲ့ပြီး သူပုန်တပ်ဖွဲ့ ဝင်များအဓိက တပ်စွဲထားသည့် Jisr al-Shughour မြို့ အား ချင်းနင်းဝင်ရောက်ရန် နီးကပ်လာနေပြီ ဖြစ်သည်။
အလွန်စိုးရိမ်ဖွယ် အခြေအနေတွင်  နေထိုင်နေကြရသည့် ပြည်သူအရေအတွက်မှာ အများအပြားရှိနေခြင်းကြောင့် သေဆုံးမှုနှုန်းမှာလည်း မြင့်တက်နိုင်ဖွယ်ရှိကြောင်း  အင်္ဂလန်အခြေစိုက်သတင်းအဖွဲ့ ကပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံပိုင် SANA သတင်းတစ်ပုဒ်တွင် အိုင်အက်စ်အကြမ်းဖက်သမားများက ဒုံးကျည်ပေါင်းများစွာဖြင့် ပစ်ခတ်မှုကြောင့် နိုင်ငံအရှေ့ ပိုင်းရှိ Deir al-Zour မြို့ ၌ လူပေါင်း ၉ ဦးသေဆုံးသွားကြောင်း ဖော်ပြထားသည်။အဆိုပါ တိုက်ခိုက်မှုများသည် ရုရှားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့ က ဆီးရီးယားအပစ်အခတ်ရပ်စဲရေးကို သဘောတူကြောင်း ထုတ်ဖော်ပြောဆိုပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးကို စက်တင်ဘာလ ၁၂ ရက် ညဦးပိုင်းတွင် စတင် ပြုလုပ်သွားရန် သဘောတူညီထားကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ရခိုင်အမျိုးသားပါတီ ANP ရဲ့ သဘောထားကြေညာချက်နဲ့ ပတ်သက်ပြီး ALD ခေါင်းဆောင်တချို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ မတ်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းစဉ်။ Photo: Aung Thain Kha/ RFA
ရခိုင်အမျိုးသားပါတီ ANP ကနေ ခွဲထွက်ပြီး ပါတီအသစ်တည်ထောင်ဖို့အတွက် ပြင်ဆင်နေပြီလို့ ပါတီဟောင်းဖြစ် တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ခေါင်းဆောင် တွေကပြောပါတယ်။
ANP ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDPနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ၂ ပါတီကို ပေါင်း ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ALD ပါတီဝင်ဟောင်းတွေ စုပေါင်းပြီး သီးခြားပါတီတစ်ခု ပြန်ထောင်ဖို့ရှိတယ်လို့ ALD ပါတီရဲ့ အတွင်းရေးမှူး ဟောင်း ဦးမျိုးကျော်က ပြောပါတယ်။
မနေ့က ရန်ကုန်မြို့မှာ ALD ပါတီ ခေါင်းဆောင်တွေနဲ့ ပါတီဝင်ဟောင်းတွေ အစည်းအဝေးကျင်းပပြီး ပါတီသစ် တည်ထောင်ရေးကိစ္စ ဆောင်ရွက်ဖို့ အဖွဲ့ဝင် ၁၁ ယောက်ပါတဲ့ ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့လည်း ဦးမျိုးကျော်က ပြောပါတယ်။
ALD ပါတီဝင်ဟောင်းတွေနဲ့ ခေါင်းဆောင်တွေဟာ လက်ရှိ ရခိုင်အမျိုးသားပါတီ ရဲ့ အရေးပါတဲ့နေရာတွေကနေ ဖယ်ထားခံရတာတွေ ရှိနေသလို ထုတ်ပယ် ခံထားရသူတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီဟာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်တွေမှာ စုစုပေါင်းကိုယ်စားလှယ် ၄၄ နေရာ ရွေးချယ်ခံထားရပြီး ရခိုင်ပြည်နယ်မှာ အင်အားအကြီးဆုံး ပါတီဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဓာတ်ပုံ-သူရ/မဇ္ဈိမ
ယနေ့ စက်တင်ဘာ ၁၁ရက်တွင် ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်သည့် အမျိုးသားရေးထိပါးနှောက်ယှက်သူများ ကန့်ကွက်ရှုတ်ချသည့်ပွဲတွင် ရပ်ကွက်နေပြည်သူအချို့နှင့် ဆန္ဒဖော်ထုတ်သူများကြား ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့၍ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကျပ်ကာ ဝင်ထိန်းခဲ့ရသည်။
ဆန္ဒပြပွဲတွင် ဗိုလ်စိန်မှန် ရပ်ကွက်နေပြည်သူ အချို့နှင့် ပွဲစီစဉ်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အင်အား ၂၀ လောက်က ၀င်ရောက်တားဆီးခဲ့ခြင်းဖြစ်သည်။
အမျိုးသားရေး လှုပ်ရှားတက်ကြွသူများ နှင့် မဘသ အဖွဲ့ဝင်အချို့ ဦးဆောင်သည့် အမျိုးသားရေးထိပါးနှောက်ယှက်သူများ ကန့်ကွက်ရှုတ်ချ ဆန္ဒပြပွဲတွင် ဇာတိမာန် သီချင်းကို မဆိုသင့်ဟု ပြောဆိုခဲ့သည့် မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ကိုယ့်စကားကို တာဝန်ယူရန် နှင့် ကန့်ကွက်ရှုတ်ချခြင်း ၊ ပြည်တွင်းရေးပြဿနာကို ကိုဖီအာနန်အားဖြေရှင်းပေးရန် တာဝန်ပေးအပ်မှု့ကို ကန့်ကွက်ခြင်း၊ ခိုးဝင်ဘင်္ဂလီများ အမြန်ဆုံးဖော်ထုတ်အရေးယူပေးပါရန် နှင့် လူသတ်တရားခံများ အမြန်ဆုံးဖမ်းဆီးပေးရန်တောင်းဆိုခြင်းတို့ကို ကြွေးကြော်တောင်းဆိုခဲ့သည်။
ဆန္ဒပြပွဲကို ဗိုလ်စန်မှန် ရပ်ကွက်အတွင်း နေထိုင်သူများက ၎င်းတို့ ရပ်ကွက်ပိုင် ဘောလုံးကွင်းအတွင်း ဆန္ဒပြပွဲများ မလုပ်ရန် တားမြစ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့မပြုလုပ်ရန်လည်း လက်မှတ်များကောက်ခံကာ အစိုးရကို တင်ပြထားကြောင်း သိရသည်။
အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ဗွီဒီယို မှတ်တမ်းတွေကို မီဒီယာတွေပေါ်မှာ မပြန့်နှံ့စေရန် မီဒီယာသမားများ၏ ကင်မရာများကို လုယူခြင်း၊ သတင်းသမားအချို့ကို ထိုးနှက်ရန်ပြုမှုများလည်း ရှိခဲ့သည်။
အမျိုးသားရေးထိပါးနှောက်ယှက်သူများ ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅နာရီထိ ပြုလုပ်ခဲ့သည်။
Mizzima - News in Burmese
ယနေ့မွန်းလွဲ ၂ နာရီခန့်က မြန်မာအမျိုးသားကွန်ရက်မှ ဦးဆောင်၍ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းအတွင်း အမျိုးသားရေးထိပါးမှု ကန့်ကွက်ရှုံ့ချမှု ဟောပြောပွဲပြုလုပ်နေစဉ်ဝယ် ရပ်ကွက်နေပြည်သူအချို့နှင့် ရုန်းရင်းဆန်ခတ် ပဋိပက္ခဖြစ်ပွားခဲ့သည်။
ထို့အပြင် သတင်းယူနေသော မီဒီယာသမားအချို့ ပဋိပက္ခဖြစ်စဉ်မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်းနှင့်ပတ်သက်၍ ပုံများပြန်လည်ဖျက်ဆီးပေးရန်ကိုလည်း ပွဲပြုလုပ်သူများအနက် အချို့ကသတိပေးပြောဆိုသေးကြောင်းသိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအင်အား ၂၀ခန့်က ပဋိပက္ခပြေငြိမ်းသွားသည်အထိ တာဝန်ယူထိမ်းသိမ်းခဲ့ရသည်။
ပြည်သူများဖြစ်သော ရခိုင်လူမျိုးများမနှစ်သက်သည့်ကိုဖီအာနန်ကို အလိုမရှိဟုပြောနေသော်လည်းအကြီးအကဲများက အရေးမစိုက်ခြင်းမှာ ဘာကြောင့်လဲဟု
မြန်မာအမျိုးသားကွန်ရက်က ဗိုလ်စိန်မှန်ကွင်းအတွင်း ယနေ့စက်တင်ဘာလ ၁၁ရက်နေ့ မွန်းလွဲ၁နာရီကစ၍ ကျင်းပသော အမျိုးသားရေးထိပါးမှုများ ကန့်
ကွက်ရှုံ့ချပွဲတွင် ပြောကြားခဲ့သည်။
ဗဟန်းမြို့နယ်၊ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်သော အမျိုးသားရေးထိပါးမှုများကန့်ကွက်ရှုံ့ချပွဲနှင့် တရားဥပ
ဒေစိုးမိုးရေး တောင်းဆိုပွဲတွင် မြန်မာအမျိုးသားကွန်ရက်မှ ဥက္ကဌဦးဝင်းကိုကိုလတ်က အထက်ပါ
အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" မြန်မာလူမျိုးတွေ မြင်ဖူးခြင်းမရှိတဲ့ ဒီကိုဖီအာနန်ဆိုတဲ့လူကြီးကို ခေါ်ပြီး ပြဿနာကိုဖြေရှင်းခိုင်းတာဟာ
သမီးရဲ့ တင်ပါးက အနာကို သူများကိုဆေးထည့်ခိုင်းတာနဲ့ အတူတူပဲ၊ ကုလသမဂ္ဂရဲ့အထွေထွေအတွင်း
ရေးမှူးချုက်ဖြစ်ဖူးခဲ့လို့ သိပ်တော်တယ်ထင်နေရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ရာထူးကို ဥပဒေရေး
ဆွဲပြီး ပေးလိုက်ပေါ့ဗျာ " ဟု မြန်မာအမျိုးသားရေးကွန်ယက်မှ ဥက္ကဌ ဦးဝင်းကိုကိုလတ်က ပြောသည်။
ယနေ့ပြုလုပ်သောအခမ်းအနားကို အမျိုးသားရေးတက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက
ဟောပြောခဲ့ကြပြီး လူဦးရေ ၃ရာဝန်းကျင်ခန့်တက်ရောက်ခဲ့သည်။
မကြာသေးခင်က မန္တ​လေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်မြင့်မောင်၏ ဇာတိမာန်သီချင်းနှင့်ပတ်သတ်၍
လည်းကောင်း၊ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်တွင် ကိုဖီအာနန်အပါအဝင်နိုင်ငံခြားသားပါဝင်နေမှု၊ခိုးဝ
င်ကိစ္စရပ်များကို တရားဥပဒေအရအရေးယူပေးရန်စသည့် ကိစ္စရပ်များကို အဓိကထားဟောပြောခဲ့ကြပြီး
တာမွေမြို့နယ်၊ဟစ်တိုင်သို့ ညနေ၃နာရီခန့်အချိန်တွင် လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဟောပြောပွဲပြုလုပ်နေစဉ်အတွင်း ဗဟန်းမြို့နယ်၊ဗိုလ်စိန်မှန်ကွင်းအတွင်းမှ ရပ်ကွက်နေပြည်သူအချို့နှင့် ရု
န်းရင်းဆန်ခတ် ပဋိပက္ခဖြစ်ပွားခဲ့သေး၍ ရဲတက်ဖွဲဝင်၂၀ ခန့် ဝင်ရောက်လုံခြုံရေးယူပေးခဲ့ရသည်။
သတင်း၊ဓါတ်ပုံ-ဖြိုးထက်အောင်
Popular News Journal
ဒီနေ့မနက် မြန်မာစံတော်ချိန် ၈ နာရီ မီးနစ် ၄၀ လောက်ကစပြီး မဲသဝေါဒေသက (DKBA) ဌာနချုပ်စခန်းလုပ်ထားတဲ့ ၀ါးကူးလူး စခန်းကို မြန်မာစစ်စစ်တပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့ကနေ လက်နက်ကြီးတွေနဲ့စတင်တိုက်ခိုက်နေကြပြီး နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ ထိုင်းနယ်စပ်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
- မနေ့ကစလို့ နေရပ်ကိုစွန့်ခွာနေကြတဲ့ မဲသဝေါဒေသခံတွေ။
မြန်မာစစ်တပ် ခမရ - ၃၃၉ - ၃၃၈ - ခလရ ၉ - နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ - ၁၀၁၄ တို့ကနေ ၁၂၀ မမ - ၈၁ မမ - ၆၀ မမ -တို့နဲ့တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မွန်းလွဲပိုင်းအထိ တိုက်နေတုံးဘဲလို့ သိရှိရပါတယ်။
ဒီနေ့တိုက်ပွဲမှာ နှစ်ဖက်စစ်သည်တော်တွေ မိုင်းနှင်းမိသူတွေနဲ့လက်နက်ကြီးကျည် အစအနတွေကြောင့် ဒဏ်ရာရရှိသူတွေရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီနေ့တိုက်ပွဲကတော့ ပြင်းထန်တဲ့တိုက်ပွဲဖြစ်တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က တပ်မှူးတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်မှာကို ကြိုတင်သိထားတဲ့ မဲသဝေါက ဒေသခံတွေကတော့ မနေ့မနက်ကစလို့ သူတို့နေရပ်တွေကို စွန့်ခွာသွားပြီး ဖြစ်ပါတယ်။
ဒီကနေ့တိုက်ပွဲနဲ့ပတ်သက်လို့ ထိုင်းသတင်းဌာနတွေကလည်း အချိန်နဲ့ တပြေးညီ သတင်းထုတ်လွင့်နေတာကို တွေ့ရပါတယ်။
အရင်ကလည်း မဲသဝေါက တိုက်ပွဲတွေကြောင့် ရွာသားတွေ ထိုင်းဘက်ခြမ်းကို တိမ်းရှောင်လာတာတွေရှိပါတယ်။
မဲသဝေါဒေသ ထိုင်းဘက်ခြမ်းမှာတော့ ထိုင်းနယ်ခြားစောင့်တပ်တွေက လုံခြုံရေးကို တိုးမြှင့်ချထားပြီး နယ်စပ်အခြေအနေကို စောင့်ကြည့်နေပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ မဲသဝေါဒေသနဲ့ထိုင်းဘက်ခြမ်းနယ်စပ်က
နယ်ခြားသောင်ရင်းဖြစ်ကနေ ၈ ကီလိုမီတာလောက်ဘဲ အကွာအဝေးရှိပါတယ်။
သတင်း - ကရင်အမျိုးသား မီဒီယာ
ဓာတ်ပုံ - မူရင်းဓာတ်ပုံပညာရှ
မကြာသေးသည့် လပိုင်းအတွင်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် ထိုင်းထိပ်တန်း တက္ကသိုလ် များမှ ကျောင်းသား သုံးရာခန့်နှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနရုံးတွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာ+အာစီယံနှင့် ကမ္ဘာ ရှေ့ခရီး” ဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သော်လည်း ဟောပြောမှု အကြောင်းအရာကို “လူငယ်များက ရှေ့ခရီးအတွက် မည်သို့ တွန်းအားပေးနိုင်သနည်း” ဆိုသည့် ရှုထောင့်သို့ ပြောင်းလဲခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပေါ့ပေါ့ ပါးပါးနှင့် ပျော်ရွှင်နေသည့်ပုံ ပေါ်ခဲ့ပြီး အနာဂတ်မှာ လူငယ်များအပေါ်တွင် လုံးဝ မူတည်နေသဖြင့် နိုင်ငံခြား ခရီးစဉ်တိုင်းတွင် သက်ဆိုင်ရာ နိုင်ငံများမှ လူငယ်များနှင့် တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အမေးအဖြေကဏ္ဍ ထည့်သွင်းခဲ့ပြီး မူးယစ်ဆေး၊ ငြိမ်းချမ်းရေး၊ အာစီယံနှင့် အီးယူကြား ကွာခြားမှု စသည့် အကြောင်းအရာ ပေါင်းစုံ မေးခွန်း များကို ဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အကြောင်းအရာအလိုက် ဖြေကြားခဲ့မှုများမှာ -
** ငယ်ရွယ်ခြင်း၏ အားသာချက်
လူငယ်တွေဟာ သူတို့ဘက်မှာ အချိန်ရှိတဲ့အတွက် ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ သူတို့ အမှားလုပ်မိတယ်ဆိုရင် ပြင်ဆင်ဖို့ အချိန်ရှိပါတယ်။ ကျွန်မ ဘယ်သွားသွား မျိုးဆက်သစ်တွေနဲ့ အမြဲတမ်း တွေ့ဆုံပါတယ်။ ကျွန်မအတွက် အချိန်က အကန့်အသတ်ရှိပေမယ့် သူတို့က အနာဂတ်ကို ပုခုံးပေါ် ထမ်းထားသူတွေဆိုတာ သိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း နှစ်ခုလုံး ဖွံ့ဖြိုးဖို့ လိုတာပါ။
** တရားထိုင်ခြင်း
ကျွန်မတို့ နိုင်ငံတွေရဲ့ ပညာရေးစနစ်တွေမှာ တရားထိုင်တာကို မိတ်ဆက်ပေးသင့်ပါတယ်။ တရားထိုင်တာက နိုးကြားစေတဲ့အပြင် ရုပ်ပိုင်း စိတ်ပိုင်း နှစ်မျိုးလုံး ဖွံ့ဖြိုးဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါက ကျောင်းသားတွေကို စဉ်းစားတွေးခေါ်ဖို့၊ မိမိကိုယ်ကို သုံးသပ်ဖို့ အချိန်ရစေပြီး မူးယစ်ဆေးလို ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ စွဲလမ်းမှုတွေ မဖြစ်အောင် တားဆီးပေးပါတယ်။
** မူးယစ်ဆေး၏ ဆိုးကျိုး
ယနေ့ လူငယ်တွေအတွက် မူးယစ်ဆေးဟာ အဆိုးဝါးဆုံး ပြသ၁နာတစ်ခု ဖြစ်ပြီး ကျွန်မ ဒီအကြောင်းကို အမြဲမပြတ် ပြောသွားမှာပါ။ လူတွေက အားပြင်းတဲ့ မူးယစ်ဆေးတွေရဲ့ အန္တရာယ်ကိုပဲ ပြောလေ့ရှိကြပြီး မီသာဖီတာမင်းလို မူးယစ်ဆေးတွေက ဘ၀အတွက် ဆိုးကျိုးဖြစ်စေတယ်ဆိုတာကိုလည်း ကျွန်မ ထောက်ပြချင်ပါတယ်။ မူးယစ်ဆေးက စွဲဖို့ အလွန်လွယ်တဲ့အတွက် လူငယ်တွေကို စမ်းကြည့်တာမျိုး လုပ်စေလိုပါဘူး။ မူးယစ်ဆေးက တစ်ကမ္ဘာလုံးအတွက် ကျန်းမာရေး၊ စီးပွားရေးနဲ့ ဥပဒေဆိုင်ရာ ပြသ၁နာ ရပ် ဖြစ်နေပါတယ်။
** အကောင်းမြင်စိတ်
ဘ၀ရဲ့ အနုတ်လက္ခဏာဆောင်တဲ့ အပိုင်းတွေကို ဂရုမစိုက်သင့်ပါဘူး။ ဒါကြောင့် ကျွန်မအကြောင်း ဗေဒင်ဟောရင် ကောင်းတဲ့အကြောင်းတွေပဲ ရွေးနားထောင်တယ်။ ကျွန်မတို့ အကောင်းမြင်စိတ်ရှိနေဖို့ လိုအပ်ပါတယ်။
** ကြင်နာခြင်း၏ အရေးပါမှု
ကြင်နာခြင်းဆိုတာ အရေးအပါဆုံး အရည်အချင်းတစ်ခုဆိုတာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကျွန်မသိခဲ့ရပါတယ်။ ပါဠိဘာသာမှာ ကြင်နာမှုကို ကရုဏာလို့ ခေါ်ပါတယ်။ အချင်းချင်း နားလည်ခြင်းလို့ အဓိပ္ပာယ်ရပြီး ကျွန်မတို့ ချိတ်ဆက်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။ ကျွန်မတို့ဟာ လူတစ်ဦးချင်းအနေနဲ့ နိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်လို့ ရနိုင်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံ အများအပြားမှာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှု မရှိပါဘူး။ အာစီယံနိုင်ငံတွေက အီးယူနိုင်ငံတွေကို သင်ပေးနိုင်တဲ့ အရာအချို့ ရှိနေပါတယ်။
** စစ်မှန်သည့် ပညာရေး
စစ်မှန်တဲ့ ပညာရေးဆိုတာ ဘ၀အကြောင်း သင်ကြားမှုဖြစ်ပြီး ရယူမှုနဲ့ ပေးဆပ်မှုနှစ်မျိုးလုံး ပါဝင်ပြီး လူကြီးလူငယ်အားလုံးအတွက် ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပညာရေးဟာ ကျောင်းသားဗဟိုပြုမဟုတ်သလို ဆရာဗဟိုပြု ပုံစံလည်း မဟုတ်ဘဲ သင်ယူမှု ဗဟိုပြုပုံစံ ဖြစ်ပါတယ်။ ပုံမှန် စာသင်ခန်းတွေအပြင် နေ့စဉ်ဘ၀မှာပါ သက်ဆိုင်ပါတယ်။
** ပေးဆပ်ခြင်းနှင့် ရယူခြင်း
လူတစ်ဦးဟာ ရယူခွင့်ရှိသလို ပေးဆပ်ဖို့တာဝန်လည်း ရှိပါတယ်။ ဒါဟာ နေအိမ်ကျောင်း၊ လုပ်ငန်းခွင် စတဲ့ နေရာတိုင်းမှာ အရေးပါပြီး နေ့စဉ် အလေ့အထတစ်ခု ဖြစ်သင့်ပါတယ်။
** နေ့စဉ်ဘ၀ သင်ကြားမှု
ကိုယ့်အိမ်ကိုယ် သန့်ရှင်းအောင် ထားတာက နိုင်ငံကို သန့်ရှင်းအောင် ထားတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် နေတာက နိုင်ငံကို ကျန်းမာအောင် ထားတာပါပဲ။
** အစိုးရတွေကို လူငယ်တွေက ဘယ်လို ကူညီနိုင်မလဲ
ပြည်သူလူထု ကြံ့ခိုင်ကျန်းမာဖို့ အစိုးရတစ်ခုတည်းက ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ပြည်သူအားလုံး အထူးသဖြင့် လူငယ်တွေ ကြိုးစားဖို့လိုပါတယ်။ နိုင်ငံရေးသမားတွေက နောက်ရွေးကောက်ပွဲအတွက် စဉ်းစားကြပြီး နိုင်ငံတည်ဆောက်သူတွေက နောက်မျိုးဆက်အတွက် စဉ်းစားကြပါတယ်။ တကယ်လို့ နောက်မျိုးဆက်သစ်က ကြံ့ခိုင်ကျန်းမာပြီး အသိတရားရှိမယ်ဆိုရင် နယ်စပ်မျဉ်းတွေ၊ နိုင်ငံတွေ၊ ယဉ်ကျေးမှုတွေကို ဖြတ်ကျော်ပြီး အာစီယံကို ကြံ့ခိုင်ကောင်းမွန်တဲ့ အသိုင်းအ၀ိုင်း ဖြစ်အောင် ကူညီပေးနိုင်မှာပါ။
KHTun
The Ladies News
အလွမ်းအဆွေးဇာတ်ကို ဟာသဇာတ်ထက်ပိုကြိုက်ခဲ့လေ တဲ့ ကျွန်တော် ဒီဇာတ်တော့ ဆက်မကြည့်ရက်ပါ။
ဒီမနက်ခင်းမှာ ဘီဘီစီမြန်မာပိုင်းသတင်းဖတ်ရတာလည်း ဒရာမာဇာတ်ကား အခန်းဆက် ကြည့်နေရသလိုပဲလားဗျာ။
` ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေဆီ နှစ်ပတ်ကြာသွားရောက် မယ့်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ (၁၀)ရက်၊ ဒေသ စံတော်ချိန် ည ၈ နာရီခန့်မှာ လန်ဒန် မြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ အခု လောလောဆယ်မှာ လန်ဒန်မြို့ Mayfair အရပ်က ဒေါ်ချက်စတာဟိုတယ်မှာ ခေတ္တတည်းခိုလျှက် ရှိပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ဗြိတိန်နိုင်ငံကိုရောက်ရှိ စဉ် ဒေါ်ချက်စတာဟိုတယ်မှာတည်းခိုနေထိုင်ခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့တဲ့အခန်းကို ဒေါ်အောင်ဆန်းစု ကြည်အတွက် ပြန်လည်စီစဉ်ပေးထားတယ်လို့ ဟိုတယ် တာ ဝန် ရှိသူတွေက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ရက်တွေမှာ ဗြိတိန် ဝန်ကြီးချုပ်ထရီစာမေ နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရ ပါတယ်။
လန်ဒန်မြို့မှာ နေထိုင်လျှက် ရှိတဲ့ သားဖြစ်သူ Kim Aris ခေါ်ကိုထိန်လင်း နဲ့ ဘီဘီစီ သတင်းထောက်တို့ ဘတ်စ် ကားပေါ်မှာ အမှတ်မထင် တွေ့ဆုံခဲ့ပါတယ်။ ။ BBC Burmese (ဘီဘီစီမြန်မာပိုင်း)´ တဲ့။ တကယ်ပါပဲဗျာ …
သူ့ လောက် ဇာတ်နာတဲ့ ဇာတ်တောင် ဒီလောက်ဇာတ်နာ လိမ့်မယ်မထင်ဘူး။
ဒါနဲ့ပဲ ကိုယ့်အတွေးထဲလား နိုးတစ်ဝက်အိပ်မက်မှာလား ကဇာတ်လိုလို ရုပ်ရှင်လိုလို နန်တွင်းဇာတ်ထုပ် တစ်ထုပ် ကြည့်မြင်နေရတယ်။
ရာဇဝင်အူပေါက်ခေါ်မလား ရာဇဝင်ထိုးဇာတ်လား အမည် လည်းမပေးတတ် မခေါ်တတ်ပါဘူးဗျာ…
ထီးမွေနန်းမွေ ထိုက်တန်သူပေမို့ တစ်ချိန်မှာ နန်းရပ်ထီးဖြူ ပြန်လုယူမှာ စိုးရိမ်ပုံရလို့မြိုင်ရပ်နှင်ခံရ၊ အိမ်နိမ့်စံဘဝနဲ့ ဆင်းရဲပင်ပန်းကြီးစွာ ရှင်သန်ခဲ့ရရှာသူ တော်ဝင်သွေးအစစ် ပြည်သူချစ်တဲ့မင်းသမီးလေးခမျာ တိုင်းသူပြည်သားများက လိုလားတောင့်တနေခဲ့တဲ့ကြား သူပုန်မင်းသမီးဘဝနဲ့သာ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ရင်း အကြိမ်ကြိမ်အခါခါ အမှုဆင် ဖမ်းဆီး နှိပ်စက်ခံခဲ့ရရှာရာကနေ ပြည်သူ လူထုများက ဝိုင်း ကာဝန်းကာတင်မြှောက်ခဲ့လို့ ထီးနန်းကို ဆက်ခံလာရတဲ့တိုင် တိုင်းပြည် တာဝန်တွေကများမြောင် နေလို့ အိမ်နိမ့်စံဘဝက ကွဲကွာနေရရှာတဲ့ သားတွေကို ပြန်လည်မရှာဖွေနိုင်အား၊ ဒီကြားထဲမှာလည်း သားတွေရှိရာအရပ် သွားရောက်ရချိန် နိုင်ငံ့ဥသျှောင်မင်းသမီးကြီးအဖြစ်နဲ့ ခမျာမှာ စိတ်နွမ်း ကိုယ်ပမ်းနေရလေပေမဲ့ ရာဇဣနြေ္ဒမပျက်တဲ့ အပြုံးကို ဆောင်ရရှာ တစ်ဖက်မှာလည်း သားတွေခမျာ မိခင်နဲ့ အဆင့်အတန်းချင်းက ကွာခြားသွားရပြန်လို့ သာမာန် ဘဝနဲ့သာမာန် ပြည်သူတွေကြား မထင်မရှားသွားလာ နေရင်းမိခင်ရဲ့သတင်းတွေကို အဝေးကသာ မြင်ရတွေ့ရ
နေရရှာတဲ့ ဇာတ်ထုပ် ။ ဘယ်နဲ့လုပ် ဆက်ကြည့်ရက်နိုင် ပါ့မလဲဒါပေမဲ့ မကြည့်လိုလျက်မြင်နေရတယ်…
သြော်…လူမမယ်ဘဝကတည်းက ဖခင် နဲ့သေကွဲ ကွဲ ၊ အမေမုဆိုးမကြီးနဲ့ တပြည်တရွာကိုလိုက်ပါရကာ ပျော်ရာ မှာမနေရ တော်ရာမှာနေရ အမိနိုင်ငံဆိုတဲ့ အိမ်မှာလည်း အေးချမ်းစွာ နေခွင့်မရခဲ့ရှာ အခုထိလည်းဇာတ်လမ်းက အပျော်ခန်းမပါသေး သားတွေနဲ့ရှင်ကွဲ ကွဲနေရသေးတဲ့ လွဲနေရသေးတဲ့အသက် ၇၀ကျော် အမေအိုကြီးရဲ့ ဇာတ် လမ်းဒီတစ်ခါ တစ်ခန်းရပ်ရင် ကြည်နူးစရာအခန်းလေး တော့ထည့်ပေးပါ ဇာတ်ဆရာခင်ဗျာ…
သတ္တဝါအပေါင်း ကိုယ်စိတ်နှလုံးနွမ်းလျခြင်းကင်းကြပါစေ…
ကိုမျိုး(မြန်မာစာ)
စက်တင်ဘာ ၁၁
Photo Credit- BBC Burmese နဲ့ fbမှ
အမျိုးသားရေး အစွန်းရောက် ဝါဒဟာ IS လိုပဲ လူတွေကြား အကြောက်တရား ပေါက်ဖွားစေ။
အနောက်နိုင်ငံ တွေမှာ အမျိုးသားရေး လက်ျာ ဝါဒ ခေါင်းထောင် ထ လာ တာကနေ အကြမ်းဖက်မှု အန္တရာယ် တွေ ပေါ်ပေါက် လာနိုင်တယ် ဆိုပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မင်းကြီး ဇိတ် ရာအာ့ဒ် အယ်လ် ဟူစိန် က သတိပေး ပြောကြား လိုက်ပါတယ်။
အမေရိကန်ရဲ့ ရီပတ်ပလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့် ဟာ လူမျိုးရေး ခွဲခြားမှု နဲ့၊ လူတွေကို ဘာသာ တရား အပေါ် မူတည် ခွဲခြားပြီး ဘယ်လို လူမျိုးလည်း ဆိုတာကို ကြိုတင် သတ်မှတ် ယူဆ မှု တွေ ဖြန့်ဖြူး ပေးနေသူ ဖြစ်တယ်လို့လည်း လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးက ဝေဖန် ခဲ့ပါတယ်။
နယ်သာလန် နိုင်ငံမှာ ပြုလုပ် ခဲ့တဲ့ လုံခြုံရေး ဆိုင်ရာ ညီလာခံ တစ်ခုမှာ အခုလို ပြောခဲ့တာပါ။
နယ်သာလန် နိုင်ငံထဲက ဒတ်ခ်ျ လက်ျာစွန်း ခေါင်းဆောင် Geert Wilders၊ ဗြိတိန် နိုင်ငံက Nigel Farage နဲ့ ပြင်သစ် က Marine Le Pen တို့ကိုလည်း လူ့ အခွင့်အရေး မင်းကြီး က နာမည် တပ် ဝေဖန် ခဲ့ပါတယ်။
အဲဒီ့ အမျိုးသားရေး အစွန်းရောက် ဝါဒဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လိုပဲ လူတွေကြား အကြောက်တရား ပေါက်ဖွား စေအောင် ပြုမူပြီး အမုန်တရား နဲ့ အကြမ်းဖက် ရန်လိုမှု တွေ ဖြစ်ပေါ် လာအောင် လှုံဆော် ပေးတယ်လို့လည်း လူ့ အခွင့်အရေး မင်းကြီး က ပြောဆို ခဲ့ပါတယ်။
BBC Burmese
အထူးခုံရုံးကနေ စစ်ရာဇဝတ်မှု စွဲချက်နဲ့ အသတ်ခံရတဲ့ ဆဋ္ဌမ မြောက်ပုဂ္ဂိုလ်လည်း ဖြစ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ် ပါတီဖြစ်တဲ့ ဂျမားတေး အစ္စလာမ်မီ ပါတိရဲ့ ခေါင်းဆောင် တယောက်ဖြစ်တဲ့ မီယာ ကွေဆမ်း အာလီ ကိုကြိုးပေးသတ်ဖြတ်လိုက်ပါတယ်။
သူဟာ အထူးခုံရုံးကနေ စစ်ရာဇဝတ်မှု စွဲချက်နဲ့ အသတ်ခံရတဲ့ ဆဋ္ဌမ မြောက်ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လွန်ခဲ့တဲ့ ၄၅ နှစ်ကြာက ဖြစ်ပွားခဲ့တဲ့ လွတ်လပ်ရေး စစ်ပွဲအတွင်း ကျူးလွန်ခဲ့ကြတယ်လို့ စွပ်စွဲခြင်းခံရတဲ့ ရာဇဝတ်မှုတွေ အတွက် ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ကွပ်မျက်ခံရသူတွေထဲမှာ သူဟာ ဆဋ္ဌမမြောက်ဖြစ်ပါတယ်။
မီယား ကွေဆမ်း အာလီ ဟာ သန်းကြွယ်သူဌေးကြီး တယောက်ဖြစ်သလို နိုင်ငံရေးသမားတယောက်လည်း ဖြစ်ပါတယ်။ ဂျမားတေး အစ္စလာမ်မီ ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
၁၉၇၁ ခုနှစ်က ပါကစ္စတန် အာမီကို ထောက်ခံသူဟာ သူ့အမိန့်နဲ့ စစ်တကောင်းမြို့မှာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားရုံးကဆုံးဖြတ်ပြီး အခုလိုကြိုးပေးကွပ်မျက်လိုက်တာ ဖြစ်ပါတယ်။
သူ့ကို အမှု ၁၄ မှုနဲ့ စွဲဆိုထားပြီး ၈ မှုမှာ သူဟာ အပြစ်ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
စက်တင်ဘာ ၃ ရက် စနေညနေမှာ ဒါကာမြို့အပြင်ဘက်က လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ အကျဉ်းထောင်မှာ သူ့ကိုကြိုးပေးကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးဟာ အကြီးအကျယ် ကွဲပြားနေကြပြီး တရားရုံးကိုယ်တိုင်ကိုက အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဝေဖန်သူတချို့က တရားရုံးဟာ ဆန့်ကျင်ဖက်နိုင်ငံရေး အမြင်ရှိသူတွေကို နှိပ်ကွပ်ဖို့ လက်နက်တခု အဖြစ်နဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Human Rights Watch ကတော့ တရားရုံးရဲ့ လုပ်ဆောင်မှု အဆင့်ဆင့်ဟာ နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ဆိုထားပါတယ်။
BBC Burmese
Samsung က နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Galaxy Note 7 စမတ်ဖုံးတွေက မီးလောင်ပေါက်ကွဲတတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီး အမေရိကန်ပြည်ထောင်စုမှာ အဲဒီစမတ်ဖုံးကို မသုံးစွဲဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။
အဲဒီ Galaxy Note 7 ဖုန်းတွေကို ပြီးခဲ့တဲ့လကမှ Samsung ကုမ္ဗဏီက အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ စတင်ရောင်းချတာပါ။
ဖုန်းတွေကို စရောင်းပြီး မကြာခင်မှာပဲ ဘတ်ထရီပေါက်ကွဲမှုသတင်းတွေ ထွက်ပေါ်ခဲ့ ပါတယ်။
ဒါကြောင့် ကုမ္ဗဏီကလည်း အဲဒီဖုန်းအရောင်းတွေကို ရပ်ဆိုင်းလိုက်ပြီး Galazy Note တဆင့်နိမ့် version နဲ့ ပြန်လဲပေးမယ်လို့ ပြောဆိုပါတယ်။
အမေရိကန်နည်းပညာပစ္စည်း ဘေးကင်းလုံခြုံရေးကော်မရှင်က အဲဒီဖုန်းတွေကို မသုံးကြဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာချက်ထုတ်ခဲ့ပြီး Samsung ကုမ္ဗဏီအနေနဲ့လည်း ဖုန်းတွေကို တရားဝင်ပြန် သိမ်းဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။
အမေရိကန်လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကလည်း အဲဒီဖုန်းတွေကို baggage တွေထဲမှာ မထည့်ထားဖို့ လေယာဉ်ပျံသန်းချိန် ဘက်ထရီအားမသွင်းဖို့နဲ့ ဖုန်းတွေကို ပိတ်ထားဖို့ သတိပေးထားပါတယ်။
Samsung ကုမ္ဗဏီဟာ စမတ်ဖုန်းဈေးကွက်ကို အများဆုံးရရှိထားတဲ့ ကုမ္ဗဏီဖြစ်ပြီး ဈေးကွက်ကို တိုးချဲ့ဖို့ ဒီဖုန်းသစ်တွေကို ထုတ်လုပ်လိုက်ပေမယ့်လည်း ဖုန်းတွေ ပြန်သိမ်းရရင် ရထားတဲ့ ဈေးကွက်ဝေစုတောင် ဆုံးရှုံးမယ့်အခြေအနေ ရှိနေပါတယ်။
DVB TV News
"ရန်ကုန်မြိုတော်စည်ပင်နဲ့ သက်ဆိုင်မယ်ထင်တယ်"
အမြင်မတော်တာနဲ့ မဖြစ်သင့်မဖြစ်ထိုက်တာ တွေ့နေရပါတယ် နိုင်ငံသားတစ်ယောက်အနေနဲ့ မျက်မြင်ကိုယ်တွေ့မို့တင်ပြလိုက်တာပါ။
ဒီနေ(11.9.16)မနက် လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေက ပညာပေးဟောပြောဘို့ ဖိတ်ကြားလို့မှော်ဘီအသွား သမိုင်းလမ်းဆုံမီးပွိုင့်မှာ အမြင်မတော်တာပါ စည်ပင်ပိုင်တယ်လို့ပြောတဲ့ အပြာရောင်အဆောက်အဦးကြီးရဲ့ နံရံမှာတပ်ဆင်ထားတဲ (gard wire)စက်ဝိုင်းပုံသံဆူးကြိုးဟာ အလွန်ကျဉ်းမြောင်းတဲ့ (2')သာကျယ်တဲ့လမ်းပေါ်အမြင့်(5')မှာ အပြင်ထွက်နေတာမို့ လမ်းသွားပြည်သူတွေအန္တရာယ်တွေ့ကြုံနေရပါတယ်။ မျက်နှာ မျက်စိနဲ့တစ်တန်းတည်းအမြင့်မို့ မျက်လုံးအတွက်အန္တရာယ်ပါ။ ခရီးသွားပြည်သူတစ်ဦးမျက်စိရှေ့မှာ ဒုက္ခရောက်လို့ ဒီ post ကိုရေးဖြစ်တာပါ။
လမ်းသွားပြည်သူတွေမှာရွေးစရာမရှိပါဘူး လမ်းကွေ့ကြောမို့ လမ်ဆုံကြီးမို့ ခဲရာခဲစစ်သွားနေရပါတယ်။ စည်ပင်ပိုင်အဆောက်အဦးလို့ပြောပါတယ်။ မကြာခင် ဦးပိုင်က စစ်တပ်ပိုင်ဆေးရုံကြီး GTI ဝင်းထဲကနေ ဒီအဆောက်အဦးကိုပြောင်မှာလို့လဲ သိရပါတယ်။ ယခုလောလောဆယ်တော့ မျက်စိကုဆေးရုံလို့သိရပါတယ်။
ပြည်သူတွေဘေးကင်းဘို့ သက်ဆိုင်သူတွေ ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။
Zaw Yan
https://www.facebook.com/zaw.yan.12?pnref=story
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့ရဲ့ စသွန် ခေါ် စီးပွားရေးအချက်အခြာဒေသထဲမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု ၂၁ မှု ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အာဏာပိုင်တွေ အနေနဲ့လည်း ထိုဒေသနဲ့ အခြားနီးစပ်တဲ့ဒေသ တော်တော်များများမှာ ဇီကာကူးစက်ခံရမှု ပိုဖြစ်လာနိုင်မလားဆိုပြီး လက်ရှိအချိန်မှာ စောင့်ကြည့်နေကြကြောင်း သိရပါတယ်။
ဘန်ကောက်မြို့တော် မက်ထရိုပိုလီတန် အုပ်ချုပ်ရေးဌာန (ဘီအမ်အေ) ရဲ့ လက်ထောက် အမြဲတမ်းအတွင်းရေးမှူး ဒေါက်တာ ၀မ်တနီ(Wantanee)မှ ထိုကူးစက်ခံ ရမှုများထဲတွင် စင်ကာပူနိုင်ငံမှ ပြန်လာသော အမျိုးသားတယောက်၏ ကိုယ်ဝန်ဆောင်ခဲ့တဲ့ ဇနီးသည်လည်း ပါဝင်ခဲ့ကြောင်း ပြောခဲ့တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ဒေသခံသတင်းဌာနတွေမှ သတင်းထုတ်ပြန်ခဲ့တာပါ။
ဒီအမျိုးသမီးဟာ ကိုယ်ပူချိန်မြင့်တက်တာ ခန္တာကိုယ်ပေါ်မှာ အနီစက်တွေ ပေါ်လာတာ အဆစ်အမြစ်တွေ နာကျင်လာတာနဲ့ မျက်စိတွေလည်း နီလာခဲ့ပါတယ်။
သူမကိုယ်ဝန် ၃၇ ပတ်မြောက်မှာ ဇီကာဗိုင်းရက်စ်ပိုး ကူးစက်ခံရတာဖြစ်ပေမဲ့ ကလေးမွေးဖွားပြီးကတည်းက မိခင်ရော ကလေးပါ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
သုတေသနတွေ့ရှိချက်ကတော့ ဒီကူးစက်ခံရသူအမျိုးသမီး မိသားစု နေထိုင်တာရဲ့ ၁၀၀ မီတာ အကျယ်အဝန်းအတွင်းဟာ ခြင်တွေ မြောက်များစွာ ပေါက်ဖွားရာ နေရာဖြစ်နေတာပါ။
ကူးစက်ခံရသူတွေကို စောင့်ကြည့်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ အဲဒီကူးစက်ခံရတဲ့ဒေသနဲ့ စသွန်ရပ်ကွက်အနီးဝန်းကျင်ဒေသတွေကို နောက်ထပ် ရက် ၃၀ ဆက်လက်စောင့်ကြည့်မှာပါ။
စသွန်ဒေသ နဲ့ထိစပ်နေတဲ့ ဒေသတွေကတော့ ဘန်ကလမ်၊ ဘန်ရက်က်၊ ကလုံတွိုင်၊ ပက်သမ်ဝန်နဲ့ရန်နဝ ဒေသတွေပါ။ ဇီကာရောဂါကူးစက်ခံနေရတဲ့ သူတွေကိုတော့ ရက် ၃၀ အိမ်မှာနေဖို့ အကြံပြုထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ နိုင်ငံအတွင်းမှာ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း ၁ နှစ်ကို ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ပျှမ်းမျှ လူနာ ၅ ယောက်ရှိကြောင်း အစောပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ဇီကာဗိုင်းရက်စ်ပိုးကြောင့် ဦးနှောက်မဖွံ့ဖြိုးတဲ့ ခေါင်းသေးသေးနဲ့ ကလေးမွေးဖွားတာတွေ အတော်များများ ဖြစ်နေတာနဲ့ ဆက်စပ်နေတာကြောင့် ဇီကာဗိုင်းရပ်စ်ပိုးဟာ အထူးစိုးရိမ်စရာဖြစ်နေပါတယ်။
ထိုင်းနိုင်ငံရဲ့ ဘန်ကန်၊ ချန်သဘူရီ၊ ချင်းမိုင်နဲ့ ဖက်ချဘန် ဒေသတွေမှာလည်း ခြင်ကြောင့် ဖြစ်ပွားတဲ့ရောဂါပိုး ကူးစက်ခံရတာ အမှု ၂၀ လောက် တွေ့ရှိတယ်လို့ လက်တစ်လော သတင်းထုတ်ပြန်ခဲ့ပေမဲ့လည်း ဒီလိုဖြစ်တာတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
DVB TV News
ဒေါ်အောင်ဆန်းစုကြည်၏သား ကင်မ် (ဘယ်)၊ ဒေါ်အောင်ဆန်းစုကြည်၏ မြေး (လယ်)နှင့် ဘီဘီစီသတင်းထောက် ကိုကျော်ဇေယျ (ဓာတ်ပုံ - ကျော်ဇေယျ)
ဗြိတိန်နိုင်ငံ၊ အင်္ဂလန်ကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့သွားတဲ့ သားအငယ်ဖြစ်သူ ကင်မ်နဲ့ ဘီဘီစီသတင်းဌာနက ကိုကျော်ဇေယျတို့ဟာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို လန်ဒန်က ဘတ်စ်ကားတစီးပေါ်မှာ သွားဆုံခဲ့ကြပါတယ်။
ဒေါ်စုသား ကင်မ်နဲ့အတူ သူ့သား(ဒေါ်စု မြေး)လည်း ကားပေါ်ပါလာပြီး သတင်းထောက်နဲ့ ကင်မ်တို့ ထိုင်နေကြတဲ့ ခုံနောက်ကသူဟာ ကင့်မ်သား ဒေါ်စု မြေး ဖြစ်ပါတယ်။
ကိုကျော်ဇေယျက အဲ့ဒီ ဓာတ်ပုံနဲ့ စာကြောင်းတချို့ ခုလို ရေးတင်ထားလိုက်ပြီး လိုက်ခ်ထားသူ ၇၀၀၀၀ ကျော်ရှိပြီး ရှယ်ထားသူ ၂၅၀၀ ခန့်ရှိတာ တွေ့ရပါတယ်။
ကိုကျော်ဇေယျ ရေးထားတာက “သူနဲ့တွေ့ရတာ ဝမ်းသာရပါတယ်။ ခါတိုင်းဆို မြေအောက် ရထားစီးနေကြ ဒီနေတော့ ဘတ်စ်ကား စီးချင်လို့ စီးမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ တွေ့တာပဲ။
အစမှာ ကိုယ့်ရဲ့ နောက်ခုံမှာ သူက သွားထိုင်နေတာ၊ သူ ကားပေါ် တက်လာကတည်းက သူ့ကို မျက်ခြေမပျက် လိုက်ကြည့်နေခဲ့တာ။
တချက်ကလေး အကြည့်ချင်းဆုံတော့ မင်းက ကင်မ် မဟုတ်လားဆိုတော့ သူက ဟုတ်ပါတယ်၊ ငါပါတဲ့။ ငါ့ဘေးနား လာ ထိုင်မလား ဆိုတော့ ရတယ်လေတဲ့။
(ကံကောင်းချင်တော့ ကိုယ့်ဘေးမှာ ခုံက လွတ်နေတယ်)
အဲဒါနဲ့ စကားစမြည်ပေါ့ မင်း အမေ လာမှာ ငါသိပါတယ်ပေါ့၊ ငါက သတင်းဌာနမှာ အလုပ်လုပ်တာ မင်း အခု သွားတွေ့မလို့လား ဆိုတော့ အေး …တဲ့။
နောက်က ငါ့သားလေတဲ့ သမီးကို သွားခေါ်နေတာ ပြီးရင် ဟိုတယ်ကို သွားမှာလို့ ပြန်ပြောတယ်။
အဲဒီတော့မှ သူက သူ့သားနဲ့ အတူတူ ထိုင်နေတာပါလား သိပြီး အားနာသွားတယ်။ ဆောရီးပါ ဆိုတော့ ရပါတယ်လို့ ခပ်အေးအေးပဲ ပြန်ပြောတယ်။ မင်း ကို ငါတစ်ခု မေးချင်လို့ စိတ်မရှိပါနဲ့ ဆိုတော့ မေးပါတဲ့။
ဒါနဲ့ မင်း မြန်မာပြည် သွားဖို့ စိတ်မကူးဘူးလား ဆိုတော့ I doubt it လို့ ပြန်ပြောတယ်။
မင်း အမေက အဆင်ပြေနေပြီပဲ ဆိုတော့ ငါ့ အမေ အဆင်ပြေ မှ ငါပြန်သွားရင် တချို့က ပြောကြမယ် ပြီးတော့ လူတအုပ်က သူ (သူမကိုဆိုလိုခြင်း ဖြစ်ဟန်တူ) ဘာလုပ်လုပ် အပြစ်မြင် နေမှာ စိုးတယ်တဲ့။
သူ့မှာ အမေနဲ့ ပတ်သက်လို့ ခံစားချက် အတော် ရှိမယ်လို့ သူ့မျက်ဝန်းတွေကို ကြည့်ရင်း စိတ်ထဲမှာ နားလည်မိသလိုပဲ။”
ကိုကျော်ဇေယျရဲ့စာ အောက်မှာ ကောမန့်ရေးထားသူတွေ အမြောက်အမြားတွေ့ရပြီး တချို့က “ဘတ်စ်ကားစီးမိတာ ကံကောင်းသွားတာဘဲ။ ရိုးရှင်းသော တွေ့ဆုံမှု”လို့ ရေးထားသလို၊ တချို့ကလည်း “အမေစုမြေးလေးလည်းအတော်ကြီးနေပီနော် ကိုကျော်ဇေယျတို့ ဘာတွေပြော ခဲ့ကြလဲ မျှဝေပါရှင်” လို့ တောင်းဆိုထားကြတာလည်း တွေ့ရပါတယ်။
DVB TV News
ဒေါက်တာတင်မာအောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ မည်သည့်အကြောင်းကြောင့် ထွက်ခဲ့ရခြင်းနှင့်ပတ်သက်၍ ကောလာဟလအမျိုးမျိုးထွက်နေလျှက်ရှိသည်။
ထို့ကြောင့် ယခုနှစ် ဧပြီလ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု လော့စ်အိန်းဂျလိစ်မြို့ဝယ် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဒေါက်တာတင်မာအောင်ကိုယ်တိုင်ပြန်လည်ဖြေကြားထားခြင်းအား အမေရိကန်ပြည်ထောင်စု အခြေစိုက် မန္တလေးဂေဇက် သတင်းစာက မှတ်တမ်းတင်ရုပ်သံရိုက်ကူးထားခြင်းမှ ခွင့်ပြုချက်တောင်း၍ ဖော်ပြလိုက်ရပါသည်။ ထို့အတွက် မန္တလေးဂေဇက်(USA)မှ တာဝန်ရှိသူများအား Popular News ဂျာနယ်မှ ကျေးဇူးအထူးတင်ရှိပါကြောင်း။
"NLD ဟာ အစိုးရဖြစ်တော့မယ်။ အစိုးရနဲ့ အတိုက်အခံ လုပ်ငန်းတွေဟာမတူပါဘူး။ အတိုက်အခံအချိန်မှာ အရမ်းခက်ခဲပါတယ်။ ဒီ အတိုက်အခံအချိန်မှာ ရှေ့တန်းတက်လာတဲ့သူ အရမ်းရှားပါတယ်။ အဲဒီအချိန်မှာ ကျွန်မအနေနဲ့ စွမ်းစွမ်းတမံ ကျွန်မလုပ်ခဲ့တယ်။ ဘာမှကိုမကွယ်မ၀ှက်ပဲနဲ့ တစ်ကယ့်ကို ရိုးရိုးသားသားနဲ့ ကျွန်မကူညီခဲ့တယ်။ အဲဒီတော့ ဒီလို အစိုးရဖြစ်လာတဲ့ အချိန်ကျရင် အစ်မကို ကူညီနိုင်မယ့် အစိုးရ၀န်ထမ်းတွေက အပြည့်ပါ။ ကျွန်မ ဒါကိုယုံကြည်ပါတယ်။ ဘယ်နိုင်ငံကို ကြည့်ကြည့်ပါ။ အစိုးရ၀န်ထမ်းက အမြဲတမ်းရှိနေတယ်။ အစိုးရတွေသာပြောင်းသွားတာပါ။ အဲဒီတော့ ကူညီနိုင်မယ့် အစိုးရ၀န်ထမ်းတွေဟာ အစ်မရဲ့ဘေးမှာ ၀န်းရံမယ်ဆိုတာ ကျွန်မသိလိုက်ပါတယ်။ ပြီးတော့ ကျွန်မအနေနဲ့ ကျွန်မပြောခဲ့ပါတယ်။ အစ်ကိုကလဲ ဖတ်ပြသွားပါတယ်။ ကျွန်မရဲ့ ကျွမ်းကျင်တဲ့လုပ်ငန်းက ကျန်းမာရေးနဲ့ ပညာရေးပါ။ ကျွန်မတစ်ကယ်လဲလုပ်ခဲ့ပါတယ်။ တစ်ကယ်လဲယုံကြည်ပါတယ်။ ကျွန်မ ယူနီဆက်မှာလဲလုပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့နိုင်ငံမှာရှိတဲ့ကလေးတွေဟာ ကျန်းမာရေးဆိုင်ရာအသိ အရမ်းနိမ့်ကျပါတယ်။ မသိလဲမသိဘူး။ ဆရာ ဆရာမတွေကလဲ မသင်ပေးဘူး။ အဲဒီတော့ အဆင်သင့်ဖြစ်နေတဲ့အခါမှာ သူတို့သင်ပေးနိုင်မယ်ဆိုတာ ကျွန်မယုံကြည်တယ်။ နောက် ကျွန်မအနေနဲ့ ကိုယ်စွမ်းနိုင်တဲ့ဟာ ဒီ လေ့ကျင့်ပေးရေး ထရိမ်နင်နဲ့ပတ်သက်တဲ့ဟာ ကျွန်မလုပ်နိုင်တယ်။ နောက် ကျွန်မရဲ့ တပိုင်တနိုင်လဲ ကျွန်မလုပ်နိုင်တဲ့ဟာကို ကျွန်မလုပ်ချင်တဲ့အတွက် အစ်မကို တောင်းဆိုပါတယ်။ ကျွန်မအနေနဲ့ လွပ်လပ်စွာနဲ့ ကိုယ်တတ်တဲ့ပညာနဲ့ တိုင်းပြည်ကို ပြန်ပြီးတော့ အကျိုးပြုချင်ပါတယ်။ အဲဒါကြောင့် ကျွန်မ အဲလိုပြောပြီးတော့ အစ်မကလဲ ခွင့်ပြုတဲ့အတွက်ကြောင့် ကျွန်မထွက်ခဲ့တာပါ။"
PN002
Popular News Journal
Source - https://www.youtube.com/watch?v=H0rQ0DMzxt4&feature=youtu.be
Visitors to the National September 11 Memorial take in the view from the north pool, Saturday, Sept. 10, 2016, in New York. Sunday marks the 15th anniversary of the attacks on the World Trade Center. (AP Photo/Mary Altaffer)
Visitors to the National September 11 Memorial take in the view from the north pool, Saturday, Sept. 10, 2016, in New York. Sunday marks the 15th anniversary of the attacks on the World Trade Center. (AP Photo/Mary Altaffer)
နယူးယောက်မြို့မှာဖြစ်ခဲ့တဲ့ စက်တာဘာ ၁၁ ရက် တိုက်ခိုက်မှုကြီးဟာ ဒီကနေ့မှာ ၁၅ နှစ် တင်း တင်းပြည့်ပြီဖြစ်ပေမယ့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရ သူတွေကတော့ အဲဒီနေ့က အဖြစ်အပျက်ကို မမေ့နိုင်ကြသေးသလို၊ အပြစ်မဲ့တဲ့ လူသားတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတဲ့ အကြမ်းဖက် မှုမျိုး မရှိသင့်တော့ဘူးလို့ သုံးသပ်ပြောဆို ကြပါတယ်။ နယူးယောက်မြို့က အထပ်ပေါင်း ၁၁၀ ရှိတဲ့World Trade Center အမွှာမျှော်စင် အဆောက်အဦကြီး လေယာဉ်နဲ့အတိုက်ခိုက် ခံရချိန်မှာ ကိုယ် တွေ့ကြုံခဲ့တဲ့ မြန်မာနိုင်ငံသားတွေက ပြောဆိုလိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ(၁၁)ရက်နေ့မနက် ၈ နာရီခွဲလောက်မှာ အယ်လ်ခိုင်းဒါး အကြမ်းဖက် သမားတွေ ပြန်ပေးဆွဲလာတဲ့ အမေရိကန် လေကြောင်းလိုင်းနဲ့ ယူနိုက်တက်အဲလိုင်း လေယာဉ်တွေက World Trade Center အမွှာမျှော်စင်အဆောက်အဦကြီးကို မိနစ်ပိုင်းပဲခြားပြီး ၀င်တိုက်ခဲ့တဲ့အတွက် လူပေါင်း သုံးထောင်နီးပါးသေဆုံးခဲ့ရပြီး၊ ခြောက်ထောင်ကျော် ဒဏ်ရာရရှိကာ၊ အဆောက်အဦနဲ့ ပိုင်ဆိုင်မှုပေါင်း အမေရိကန်ဒေါ်လာ ဆယ်ဘီလျံကျော်ဆုံးရှုံးခဲ့တာပါ။ နယူးယောက်တိုက်ခိုက်မှုအပြင် အဲဒီတရက်ထဲမှာပဲ ၀ါရှင်တန်ဒီစီမှာရှိတဲ့ ပင်တဂွန် စစ်ဌာနချုပ်လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲ့ဒီအချိန်က နယူးယောက်မြို့မှာ ဆူရှီဆိုင်ပိုင်ရှင်တဦးဖြစ်သူ ဦးရွှေထွန်းကတော့ ပြိုကျသွားတဲ့ World Trade Center နားက အဆောက်အဦမှာ အလုပ်လုပ်နေသူပါ။ သူ့အတွေ့အကြုံကတော့ -
“အဲဒီနေ့မနက် ၇နာရီ ၄၅လောက်မှာ ကျနော်ဆိုင်ရောက်တယ်၊ ဆိုင်ရောက်တော့ အဲဒီ South Tower ပေါ့၊ South Tower မှာ ပထမ လေယာဉ် တိုက်လိုက်တယ်ပေါ့။ အဲဒါရပ်ကြည့်ပြီးတော့ ဆိုင်လဲဖွင့်လို့မရဘူးလေ၊ ရဲတွေက အကုန်လုံး အဲဒီနေရာ တ၀ိုက်မှာ တားထား တာပေါ့။ အဲဒါရပ်ကြည့်နေတုန်းပဲ နာရီဝက်လောက် အကြာမှာ ကျနော့်ခေါင်းပေါ် တည့်တည့်မှာ အဲဒီ ဒုတိယလေ ယာဉ်ကြီးက ဖြတ်လာ တယ်။ ဖြတ်လာတော့ ဘာလဲဟ .. နောက်တစင်း လာပြန်ပြီလား ဆိုပြီးတော့ နိမ့်နိမ့်လေးပဲ၊ မြောက်ဖက်မျှောင်စင် တာဝါကြီးကို တိုက်လိုက်တာ အား … ၊ ကျနော်တို့ ခေါင်းပေါ် တည့်တည့်မှာပဲ တိုက်ချသွားတာ အဲဒီတိုက်ကြီးကနေပြီးတော့ အကွဲအစတွေနဲ့၊ ကျနော်တို့ဒီတိုက်ကြီးနဲ့ကလဲ သိပ်မဝေးတော့ ကျနော်တို့ တိုက်ကြီးကလည်း လှုပ်ထွက်သွားတာပေါ့။ သိတဲ့အတိုင်းပဲ လူတွေအကုန်လုံးလည်း ပြေးဟယ် လွှားဟယ်နဲ့ ကျနော်လည်း ပြေးတယ်၊ ဘယ်ပြေးလို့ ပြေးရမှန်းမသိဘူး။ မီးခိုးလုံးကြီးတွေက လှိမ့်ဝင်တော့ တယောက်နဲ့တယောက်က ၅ ပေလောက်တောင်မှ သဲသဲကွဲကွဲ မမြင်ရဘူးပေါ့ဗျာ။ အဲဒါနဲ့ ဘယ်ဖက်ကို ပြေးရမှန်းမသိတော့ ကျနော်ကဟိုဖက် West 9 ဖက်က ဟိုင်းဝေး လမ်းမကြီးပေါ် တက်ပြေးတယ်။ တက်ပြေးတော့ ကားတွေက တစီးနဲ့တစီးတိုက်ထားတယ် ဟိုင်းဝေးမှာ။ အဲဒီမှာပဲ မြင်မကောင်းပါဘူးဗျာ အဲဒီလေယာဉ်ပေါ်က ကျတဲ့ ခြေထောက်အပိုင်းအစတွေ ဘာတွေနဲ့တွေ့တော့ .. တချို့ဆို အဲ့မှာပဲထိုင်ငိုတာ ဘယ်မှ မသွားနိုင်ဘူး”
နယူးယောက်မြို့လယ် World Trade Center နဲ့ သိပ်မဝေးလှတဲ့နေရာမှာ ဂရပ်ဖစ်ဒီဇိုင်နာ လုပ်နေတဲ့ မစ္စတာဘာမားခေါ် ကာတွန်းဝင်းထွန်း ကလည်း သူကြုံခဲ့ရတဲ့ 9/11 ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြန်ပြောင်းပြောလာပါတယ်။
“အလုပ်မှာ မနက် ၈နာရီဆို ကျနော် အလုပ်ကိုရောက်လေ့ ရှိတယ်၊ 9/11 ဖြစ်တော့ အဲ့ဒီမှာ ပထမတစင်း အဆောက်အဦတခုကို တိုက်ပြီးတဲ့ အချိန်မှာ ကျနော်စသိလိုက်တာ။ ဒုတိယတစင်းက နောက်အဆောက်အဦ တခုကို တိုက်တဲ့အချိန်မှာ ကျနော်ကိုယ်တိုင် အဲဒီမှာတွေ့ လိုက်ရတယ်။ တာဝါကြီးလောင်နေတာကို တွေ့ခဲ့ရတာ။ ဘာလို့ဆို ကျနော်ဆင်းတဲ့ အချိန်မှာ နှစ်ခုလုံး လောင်နေပြီ၊ မပြိုသေးဘူး။ နောက် ကျနော်နဲ့ မနီးမဝေးမှာ အလုပ်လုပ်တဲ့ ဗမာမိတ်ဆွေတယောက်နဲ့ Manhattan မန်ဟက်တမ်ကျွန်းရဲ့ အထက်ဖက်ကို တက်ပြေးရတာ၊ အဲဒီက တံတားကြီး တခုကနေပြီးတော့ Queens ကို ဖြတ်ပြေးရတာ၊ အားလုံးက ခြေကျင်ပြေးရတာ။ စိတ်ထဲ ပြေးလွှားနေတဲ့အချိန်မှာ နောက်ကို လှည့်ကြည့် လှည့်ကြည့်နဲ့ မီးခိုးလုံးကြီးတွေနဲ့ .. ဘယ်ကို သွားသတိရလဲဆိုတော့ မြန်မာပြည်မှာ ရှစ်လေးလုံးတုန်းက ပြေးကြလွှားကြ ပစ်ကြ ခတ်ကြတဲ့အချိန်မှာ ကျနော်ရှိခဲ့တာကို သွားသတိရပြီးတော့ စိတ်လဲမကောင်းဘူး”
၁၅ နှစ်ကြာလာပြီဆိုပေမယ့် ကိုယ်တိုင်ကြုံခဲ့ရသူတဦးအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အမြဲအားပေးနေကြောင်း ဦးရွှေထွန်းက ပြော ပါတယ်။
“ကိုယ်က အရင်က နယူးယောက်မှာ အခြေချမယ့်သူဆိုတော့ ငါ့စီးပွားကို ပျက်တယ်ဆိုပြီးတော့ ဒီ Terrorist အကြမ်းဖက်သမားတွေပေါ် နည်းနည်း နာကျည်းတာပေါ့ကွာ။ အဲဒီတုန်းကတော့ နှစ်ဆိုင်ရှိတော့ ကျနော့် စီးပွားရေးက ပိုအဆင်ပြေတယ် ဘာလို့ဆိုတော့ World Trade Center အပေါ်ထပ်မှာ Delivery တခုရယ်၊ အဲဒီ ၉၄ ထပ်မြောက်မှာ ကျနော် Delivery ပို့တာ .. အဲဒီဆိုင်ကတော့ လုံးဝပဲ ပါသွားတယ်။ ဒီကောင်တွေက ဒီလိုပဲ လူထုတွေရဲ့စီးပွားရေးတွေကို လိုက်ဖျက်ဆီးနေတာ။ သူတို့ကိုတော့ အမြင်မကြည်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဒါကလဲ ကမ္ဘာနဲ့အ၀ှမ်း ဖြစ်နေတယ် ဆိုတော့လည်း ကိုယ့်ကံလို့ပဲ သတ်မှတ်တာပေါ့။ သို့သောလည်း အစိုးရတော့ဒီမှာ သိတဲ့အတိုင်းပဲ သူ့နည်း သူ့ဟန်နဲ့တော့ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်နေတာပဲ၊ ကိုယ်က ခံခဲ့ရသူဆိုတော့ အားပေးပါတယ်”
တကယ်တော့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတဲ့ အကြမ်းဖက်မှုဟာ မရှိသင့်တော့ဘူးလို့ ကာတွန်းဝင်းထွန်းက သုံးသပ်ပါတယ်။
“ ၁၅နှစ်ကြာလို့ အဲဒီအကြောင်း ပြန်တွေးတဲ့အခါမှာ လောကမှာ တစုံတယောက် ပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် နိုင်ငံပဲဖြစ်ဖြစ် မကြေနပ်လို့ ရှိရင် တခြားဖြေရှင်းစရာ နည်းလမ်းတွေ အများကြီး ရှိလျက်နဲ့ သက်သက်မဲ့ မဆီမဆိုင် ဘာမှမပတ်သက်တဲ့ လူသားတွေကို ဖျက်ဆီးဖို့ သတ်ဖို့ဖြတ်ဖို့ ကြံတယ်ဆိုတာဟာ အတော်မကောင်းတဲ့ ကိစ္စ၊ ဒါဘယ်လိုမှ လက်ခံစရာ အကြောင်း မရှိဘူး၊ အဲဒီတော့ ဒီလိုစိတ်ကူး စိတ်သန်း နဲ့ ဒီလိုအကျင့်ဆိုးကြီးဟာ ဘယ်ကမ္ဘာမှာမှ မရှိသင့်တော့ပါဘူး၊ အကြမ်းဖက်တယ်ပဲ ပြောပြော လက်စားခြေတယ်ပဲ ပြောပြော၊ ဘာပဲဖြစ်ဖြစ် လက်ခံစရာ မရှိဘူး”
တိုက်ခိုက်ပြိုကျသွားတဲ့ နယူးယောက် World Trade Center နေရာမှာ အ ခုတော့ လေးထောင့်တွင်းသဏ္ဍန် အထိမ်းအမှတ်နေရာ တခု ပြန်လည် တည်ဆောက်ထားပြီး သေဆုံးသူတွေရဲ့ အမည်စာရင်းကို ဖေါ်ပြထားပါတယ်။
VOA Burmese News
ဗြိတိန်ပါလီမန်ကို ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိစဉ် (၂၀၁၂ခုနှစ် ဇွန်လ ၂၁ ရက်) ဓါတ်ပုံ- UK Parliament Website
ဗြိတိန်ပါလီမန်ကို ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိစဉ် (၂၀၁၂ခုနှစ် ဇွန်လ ၂၁ ရက်) ဓါတ်ပုံ- UK Parliament Website
ဗြိတိန်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရကို ထောက်ခံသွားမှာဖြစ်သလို ဒီမိုကရေစီအသွင် ကူးပြောင်းရေး အောင်မြင်ဖို့ ဆက်ပြီး တွန်း အားပေးသွားမှာဖြစ်တယ်လို့ လန်ဒန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ CSW တာဝန်ရှိသူတဦးက ပြောပါတယ်။
မနေ့ စနေ့က သုံးရက်ကြာခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံ ကိုရောက်ရှိလာ တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ အပါအ ၀င် ဗြိတိန်ပါလီမန်အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီး တင်ဆက်မှာပါ။
ဇူလိုင်လက ဗြိတိန်ဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ ထရီစာမေ အနေ နဲ့ မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ မူဝါဒဘယ်လိုရှိမလဲဆို တာ ပြောဖို့ စောနေသေးပေမဲ့ အရင် ဗြိတိန် ၀န်ကြီးချုပ် အဆက်ဆက်ထားခဲ့တဲ့ မူဝါဒအတိုင်းပဲ ဖြစ်လိမ့်မယ်လို့ သုံး သပ်ကြောင်း CSW ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်ညီညွတ်ရေးအဖွဲ့ အရှေ့ အာရှရေးရာဌာန အကြီးအကဲ Benedict Rogers က ဗွီအိုအေကို ပြောပါတယ်။
“ပြောဖို့ အချိန်စောနေသေးတယ်ဆိုပေမဲ့ ၀န်ကြီးချုပ် ထရီစာမေဟာ အရင်မူဝါ ဒတွေအတိုင်းပဲဆက်ပြီး ထားရှိမှာဖြစ်တယ်လို့ ကျနော်မျှော်လင့် ပါ တယ်။ မြန်မာ့ဒီမို ကရေ စီပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးကို အားပေးတာ၊ တိုင်းရင်း သားဒေသတွေက ပဋိပက္ခတွေနဲ့ ဘာသာရေးခွဲခြားမှုတွေအပေါ် စိုးရိမ်မှုတွေကို ဆက်ပြီး ထုတ်ဖေါ်ပြောဆိုတာ၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ထောက်ခံတာ စတာတွေဟာ ဗြိတိန်နိုင်ငံက မြန်မာအပေါ်ထားတဲ့ မူဝါဒတွေဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် ဗြိတိန်ပါလီမန်ဘက် ကလည်း ထောက်ခံမှု အပြည့်ရှိတယ်ဆိုတာ တွေ့ရကြောင်း လန်ဒန်မြို့မှာနေထိုင် တဲ့ မြန်မာဆရာ ၀န် ဒေါက်တာတင့်လွင်က ပြောပါတယ်။
“ထရီစာမေနဲ့ ပတ်သက်လို့ ကျနော်တို့ မပြောတတ်ဘူး။ ဒါပေမဲ့ အင်္ဂလန် က အောက်လွှတ်တော် ဥက္ကဌ Richd Barker ကတော့ ဒေါ်အောင်ဆန်းစု ကြည်အပေါ်မှာ အမြဲကို လေးစားသမှု ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အတွက်ဆိုရင် သူကတော့ တတ်အားသရွေ့ လုပ်နိုင်တဲ့ ဘက်က တာဝန်ယူလုပ်ပေးမယ်လို့ သူပြောကြားတာကို ကျနော်ကြား ဘူးပါတယ်။”
ထရီစာမေဟာ အရင် ၀န်ကြီးချူပ်ဟောင်း ဒေးဗစ်ကင်မရွန်နဲ့ အခြား ဗြိတိန်ဝန်ကြီး ချုပ်တို့နဲ့ မတူတာက မြန်မာအရေးစိတ်ဝင်စား မှုရှိခဲ့တယ် ဆိုတဲ့ နောက်ကြောင်းမျိုး သူမှာ မရှိခဲ့ပေမဲ့ ဒေါ်အောင်ဆန်း စုကြည်တက် ခဲ့တဲ့ နာမည်ကျော် အောက်စဖို့ တက္ကသိုလ်မှာ ပညာ သင်ဘွဲ့ရခဲ့သူဖြစ်တယ်လို့Benedict Rogers ကဆိုပါတယ်။
ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂလိုပဲ လက်နက်ရောင်းချမှု ပိတ်ပင်ထားတာ ကလွဲ လို့ မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအားလုံးကို လွန်ခဲ့တဲ့နှစ်တွေ ကတည်းက ရုပ်သိမ်းထားတာပါ။
ဗြိတိန်နိုင်ငံအနေနဲ့ လက်ရှိဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ မြန်မာအစိုးရ ကို ထောက်ခံအားပေးနေသလို တပြိုင်နက်တည်းမှာပဲ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥ ပဒေအရ လွှတ်တော်မှာ စစ်တပ် ၂၅% ပါဝင်နေတာ၊ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတာ၊ လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေရှိနေ တာတွေ အပေါ် ဖိအားပေးတာမျိုး တွေရှိနေမှာဖြစ်တယ်လို့ Benedict Rogers ကပြောပါတယ်။
“မပြီးပြတ်သေးတဲ့ တိုင်းရင်းသားဒေသတွေက ပဋိပက္ခတွေ၊ ရခိုင်ပြည်နယ်ပြဿနာ စတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အခါမှာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ က ပြောဆိုဆွေးနွေးလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ တချိန်တည်း မှာပဲ ဒေါ်အောင် ဆန်းစုကြည် အစိုးရက မကြာသေးခင်က ဖွဲ့စည်းလိုက် တဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ကိစ္စ၊ ၂၁ရာစုပင်လုံညီလာခံ စတင်ကျင်း ပနိုင်ခဲ့တဲ့ကိစ္စတွေကို အလားအလာကောင်းတဲ့ခြေလှမ်းတွေအဖြစ် ဗြိတိန်နိုင်ငံ က ထောက်ခံအားပေးမှာပါ။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို ဗြိတိန်က ထောက်ခံ သွား မှာဖြစ်သလို ဆက်ပြီးရှိနေတဲ့ စိုးရိမ်ဖွယ် ပြဿနာတွေကို အဖြေရှာနိုင်ရေး ဖိအားပေး သွားမှာဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ခရီးစဉ်အတွင်းမှာ ဗြိတိန်ဝန်ကြီးချုပ်အပါဝင် ထင်ရှားပြီး မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဗြိတိန်ပါလီမန် အကြီးအကဲတွေနဲ့ လည်း တွေ့ ဆုံဖို့ရှိနေတာပါ။ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဥရောပနဲ့ အရှေ့အလယ် ပိုင်း က မြန်မာသံအမတ်ကြီးတွေနဲ့ လန်ဒန်မြို့မှာတွေ့ဆုံဖို့ရှိပါတယ်။
ဒါအပြင်ခရီးစဉ်အတွင်း လန်ဒန်မှာနေထိုင်နေတဲ့ သားအငယ်ဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်း မိသားစုနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှာဖြစ်တယ်လို့ ခန့် မှန်းပြောဆိုမှုတွေရှိနေပါတယ်။
ဗြိတိန်နိုင်ငံခရီးစဉ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ကို စက်တင်ဘာလ (၁၄)ရက်နေမှာ ဆက်လက်ထွက်ခွာ လာမှာဖြစ် ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားတယ်။
မအင်ကြင်းနိုင်
VOA Burmese News
(၁၀-၉-၂၀၁၆ ရက်နေ့ ၊လန်ဒန်မြို့)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့ Heathrow လေဆိပ်သို့ ဒေသစံတော်ချိန် ၁၉:၁၅ နာရီတွင် ရောက်ရှိခဲ့ပါသည်။
လေဆိပ်တွင် ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနှင့်‌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Patrick တို့မှ ခရီးဦးကြိုဆိုခဲ့ကြပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တည်းခိုမည့် Dorchester Hotel တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဗြိတိန်နိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Mr Sayakane Sisouvong ၊ ASEAN-London Committee (ALC) အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Dr. Rizal Sukma ၊ ဗြိတိန်နိုင်ငံဆိုင်ရာ ဘရူနိုင်း High Commissioner ဖြစ်သူ H.E. Major-General Dato Amiuddin Ihsan ၊ သံအမတ်ကြီးဦးကျော်စွာမင်း၏ ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ်တင်မောင်ဆွေနှင့်‌ ဇနီး နှင့်သံရုံးဝန်ထမ်းများကကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းဓာတ်ပုံ- မြန်မာသံရုံး ၊ လန်ဒန်မြို့
Ministry of Foreign Affairs Myanmar
 တံခါးပိတ် အစည်းအဝေးမှာ ပါတီ ပြန်ထောင်သင့် မထောင် သင့် ဆွေးနွေး ခဲ့
ရခိုင်ပြည်နယ် အတွင်း အင်အား အကြီးမားဆုံး ပါတီ တစ်ရပ် ဖြစ်တဲ့ ရခိုင် အမျိုးသားပါတီ ANP ကို ဒေါက်တာ အေးမောင် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တို့ကို ပေါင်းစည်းထားရာမှာ အခုအခါ ပြဿနာတွေ ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်က ခေါင်းဆောင်တွေဟာ နောက်ထပ် ပါတီ တစ်ရပ်ကို ထူထောင်နိုင်ရေး အတွက် စက်တင်ဘာလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ Orchid ဟိုတည်မှာ အစည်းအဝေး တစ်ရပ်ကို တံခါးပိတ် ပြုလုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်က နာမည်ကြီး ပါတီ တစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသား ပါတီ ANP အကြားမှာ ကွဲအက်မှုတွေရှိနေရာမှာ အခုခါ ပိုမိုပြင်းထန်တဲ့ အနေအထားသို့ ရောက်ရှိလာတာကို တွေ့နေရပါတယ်။
ရခိုင်အမျိုသားပါတီဆိုတာဟာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့ ပေါင်စည်းထားတဲ့ ပါတီ တစ်ခု ဖြစ်ပါတယ်။
အခုအခါ ပါတီထဲမှာ ပါဝင်တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် က သီးသန့် ပါတီတစ်ရပ်ကို ပြန်လည် ထူထောင်ဖို့ စိုင်းပြင်းတဲ့ ခြေလှမ်းမျိုး လှမ်းလာတာကို တွေ့နေရပါတယ်။
ANP ပါတီထဲက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေရဲ့ တံခါးပိတ် အစည်းအဝေးမှာ ပါတီ ပြန်ထောင်သင့် မထောင် သင့် ဆွေးနွေး ခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမျိုးကျော်က ပြောပါတယ်။
ပါတီခွဲထောင်ရင် လူထုတွေက လက်ခံ မလား လက်မခံဘူးလားဆိုတာကို ဆန်းစစ်နိုင်အောင် အောက်တိုဘာလ အတွင်းမှာ မြို့နယ် ကော်မတီတွေ၊ ရခိုင်အမျိုးသားပါတီက အပြင်ဘက်ကို ရောက်နေတဲ့ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေး တစ်ရပ်ပြုလုပ်ကာ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။
ခုလို ရခိုင်အမျိုးသား ပါတီတွင်း သဘောထားကွဲလွဲမှုတွေကို ပါတီတွင်းမှာ ဖြေရှင်း ဖို့က နှစ်ပါတီ ပေါင်းထားပေမယ့် ဗဟို အလုပ်အမှုဆောင် ခွဲဝေတဲ့ ကိစ္စတွေမှာ မညီမျှမှုတွေ ရှိတယ်လို့လည်း ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမျိုးကျော်က ပြောပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်ထဲက အင်အား အကြီးမားဆုံး ပါတီတရပ် ဖြစ်ပြီး လက်ရှိ မြန်မာ နိုင်ငံရေး အခင်းအကျင်းမှာ အဓိက ထဲထဲဝင်ဝင် လူပ်ရှားဆောင်ရွက်နေတဲ့ ပါတီလည်း ဖြစ်ပါတယ်။
ပါတီတွင်း အခြေအနေတွေကြောင့် ပါတီ စည်းလုံး ညီညွတ်မှုကိုတော့ အနည်းနဲ့ အများဆိုသလို ထိခိုက်မှု တွေ ရှိလာနိုင်တယ်လို့ လေ့လာသုံးသပ်သူ မှုတွေ ရှိနေပါတယ်။
BBC Burmese
http://www.bbc.com/burmese
အတိုက်အခံ တွေ ထိန်းချုပ် ထားတဲ့ နေရာ တွေကို အစိုးရ စစ်တပ်က လေကြောင်း ကနေ လာရောက် တိုက်ခိုက်
ဆီးရီးယား ပြည်တွင်းစစ် ရပ်စဲရေး အတွက် အမေရိကန် နဲ့ ရုရှ နိုင်ငံတို့က အစီအစဉ်သစ် ကို သဘောတူညီ ခဲ့ပြီး နောက်ရက်မှာပဲ အစိုးရ တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံး လူ ၄၅ ယောက် သေဆုံး ခဲ့ရပါတယ်။
အလက်ပို မြို့ နဲ့ အနီးအနား တစ်ဝိုက်က အတိုက်အခံ တွေ ထိန်းချုပ် ထားတဲ့ နေရာ တွေကို အစိုးရ စစ်တပ်က လေကြောင်း ကနေ လာရောက် တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။
အစိုးရ အတိုက်အခံ အဖွဲ့ဝင် တစ်ဦး က လေကြောင်း တိုက်ခိုက်မှု နဲ့ ပတ်သက်လို့ အရင်တုန်း ကလည်း အပစ်ရပ်ဖို့ ဆုံးဖြတ် ခဲ့ပေမယ့် အစိုးရ ဘက်က လိုက်နာ ခဲ့ခြင်း မရှိဘူး။
အခုလည်း သူတို့ အပစ်ရပ်မယ်လို့ ပြောတယ် ဒါပေမယ့် လေကြောင်း က ဗုံးကြဲနေတုန်း ပဲလို့ ပြောပါတယ်။
အတိုက်အခံတွေ ထိန်းချုပ် ရာ အခြားမြို့ တစ်မြို့ ဖြစ်တဲ့ အစ်ဒ်လစ် မြို့မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံး လူ ၄၀ သေဆုံး ခဲ့တယ်လို့ ဆီးရီးယား အရေး လှုပ်ရှား သူတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့က ဂျနီဗာ မှာ အမေရိကန် နဲ့ ရုရှ နိုင်ငံ တို့ရဲ့ ဆီးရီးယား အရေး ဆွေးနွေး သဘောတူညီမှု ရလဒ်ကို အစိုးရ နဲ့ အတိုက်အခံ တွေ ဘက်ကလည်း သဘောတူညီ ခဲ့ကြပါတယ်။
လာမယ့် တနင်္လာနေ့မှာ အပစ်အခတ် ရပ်စဲ ရေး အတွက် နှစ်ဘက် အဖွဲ့တွေက စတင် လုပ်ဆောင် ကြမှာဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ရန်ကုန် စက်တင်ဘာ ၁ဝ
ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ဂွ-ငသိုင်းချောင်းကားလမ်းနံဘေး မိုင်တိုင်အမှတ်(၃၈/ဝ) ဒေသအခေါ် (၁၁)မိုင်အနီး ငထွေ ချောင်းဖျားတွင် တောဆင်ရိုင်းတစ်ကောင် သေဆုံးနေကြောင်း ရခိုင်ရိုးမဆင်ဘေးမဲ့အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၏ သတင်းပေး ချက်အရ မြို့နယ်ရဲစခန်းမှူး ဒုရဲမှူး မြင့်ဌေး ဦးစီးရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်ခဲ့ရာ ဆင်ပစ်ခတ်ဖမ်းဆီးသူအား ဖမ်းဆီး နိုင်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ယခင်ဖမ်းဆီးသတ်ဖြတ်ထား သော တောဆင်ရိုင်းအရိုးစုတို့ကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့၍ စက်တင်ဘာ ၉ ရက်က ရုံးတင်တရားစွဲဆိုထားကြောင်း ဂွမြို့မရဲစခန်းမှ သိရသည်။
ရခိုင်ရိုးမ ဆင်ဘေးမဲ့အုပ်ချုပ်ရေးမှူး၏ သတင်း ပေးချက်အရ သြဂုတ် ၄ ရက်က ဂွမြို့နယ် ရဲစခန်းက အမှုဖွင့်၍ တောဆင်ရိုင်းများ ပစ်ခတ်ဖမ်းဆီးနေသော မုဆိုးများကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး မောင်မောင်စိုး၏ ကြီးကြပ်မှုဖြင့် ဂွမြို့နယ်စခန်းမှူး ဒုရဲမှူး မြင့်ဌေးနှင့်ရဲတပ်ဖွဲ့များက စုံစမ်းဖော်ထုတ်ခဲ့ရာ ဂွမြို့နယ် ပေါက်တူးကျေးရွာအုပ်စု ဥမင်ဝကျေးရွာနေ မြင့်နိုင်(ခ)ငနိုင်(၄၅ နှစ်) နှင့် ဓနိကျေးရွာအုပ်စု ကုလားချောင်းကျေးရွာနေ လှကြိုင်(၃၃ နှစ်)တို့ နှစ်ဦးအား တူမီးသေနတ်နှစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကုလားချောင်းကျေးရွာမှ သန်းမြင့်(၅၉နှစ်)မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ဇူလိုင်လ တတိယပတ်ကလည်း မြင့်နိုင်(ခ)ငနိုင်နှင့် လှကြိုင် တို့မှာ သန်းမြင့်တို့အဖွဲ့နှင့်ပူးပေါင်းကာ ပေါက်တူးကျေးရွာအုပ်စု သံက္ကတ-လိပ်ပုတ်ချောင်းအတွင်း တောဆင်ရိုင်းတစ်ကောင် ကို သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ၍ သွားရောက်စစ်ဆေး ရာ ချောင်းရိုးအတွင်း သတ်ဖြတ်ခံထားရသည့် ဆင်ရိုင်း အရိုးစုကို တွေ့ရှိခဲ့ရသည်။ ထွက်ပြေးတိမ်းရှောင်သူ သန်းမြင့် နှင့်အတူ ဆင်သားရေနှင့် အစွယ်တို့အားဝယ်ယူပြီး ထွက်ပြေး တိမ်းရှောင်နေသော မောင်မောင်ရွှေ(၄၅ နှစ်) ဂွမြို့နယ် ရတနာမြိုင်ကျေးရွာနေ ၄င်းတို့နှစ်ဦးအား တရားရုံး၌ အမှု ဖွင့်အရေးယူထားကြောင်းနှင့် တူမီးသေနတ်နှင့်အတူ ဖမ်းဆီးရမိသော တောဆင်ရိုင်းသတ်ဖြတ်သူ နှစ်ဦးကိုလည်း ဂွမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
 မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေ စော်ဘွားကြီး စပ်ရွှေသိုက်
မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ ဟော်နန်း ဝင်းအတွင်းမှာ ညဈေး ဖွင့်မယ့် အစီအစဉ်ကို ညောင် ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ မိသားစုက ကန့်ကွက်လိုက်ပါတယ်။
ညောင်ရွှေ ဟော်နန်း ဝင်းအတွင်း ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်ရာ နေရာအဖြစ် ညဈေး ဖွင့်ပြီး ပြည်သူ့ ဘဏ္ဍာငွေ ရှာဖွေဖို့ စီစဉ်နေတယ် ဆိုပြီး ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့တာပါ။
ညောင်ရွှေ ဟော်နန်းကို မိသားစုဆီ ပြန်လွှဲပြောင်းပေးဖို့ တောင်းဆိုနေတဲ့ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက် မိသားစုကတော့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ သူတို့ကို အသိပေး အကြောင်းကြားတာမျိုး မရှိဘူးလို့ ပြောပါတယ်။
သူတို့ မိသားစု အလွန် တန်ဖိုးထားတဲ့ ရှေးဟောင်း အမွေအနှစ် ဟော်နန်း ဝင်းထဲမှာ ညဈေး လာဖွင့်ခြင်းအားဖြင့် ဟော်နန်း ညစ်ပတ် ပျက်စီးပြီး အဆင့်အတန်း နိမ့်ကျသွားနိုင်တယ်လို့ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ သမီး တဦး ဖြစ်တဲ့ စဝ်ဟေမာသိုက် က ဘီဘီစီကို ပြောပါတယ်။
ညောင်ရွှေ ဟော်နန်းကို မိသားစုလက်ထဲ ပြန်လွှဲအပ်ပေးဖို့အတွက် ၂၀၁၃ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက် ကတည်းက တောင်းထားခဲ့တာ ဖြစ်ပြီး အခု ၂၀၁၆ခုနှစ် အစိုးရသစ် လက်ထက် ရောက်တဲ့အထိ ဘာအကြောင်း ပြန်ကြားချက်မျိုးမှ မရှိဘူးလို့ ပြောပါတယ်။
ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ မိသားစုအနေနဲ့လည်း ဟော်နန်း ပြန်ရခဲ့ရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရန်ကုန်မြို့က နေအိမ်လိုမျိုး အများပြည်သူ ကြည့်ရှုနိုင်အောင် ပြတိုက်ဖွင့်ပြီး ခြံဝင်းထဲမှာ အားကစားကွင်းနဲ့ လူငယ်စခန်းတခု ဖွင့်လှစ်သွားဖို့ ကြံရွယ်ထားတယ်လို့ စဝ်ဟေမာသိုက်က ပြောပါတယ်။
ဒါပေမယ့် ညောင်ရွှေ ဟော်နန်း ဝင်းတွင်းမှာ ညဈေးဖွင့်မယ့် အစီအစဉ်ကိုတော့ လုံးဝ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ဒေသခံတွေ အကြားမှာရော၊ လူမှုကွန်ရက် စာမျက်နှာပေါ်မှာပါ ဝေဖန် ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။
BBC Burmese
http://www.bbc.com/burmese
စက်တင်ဘာ ၉ ။ သောကြာနေ့ကမြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချိုးဖောက်လိုက်တာဖြစ်ပြီး ဂျပန်အစိုးရအနေနဲ့ လိုအပ်လာရင်တုံ့ပြန်နိုင်ဖို့ စစ်ရေးအရပြင်ဆင်မှုတွေလုပ်ထားသင့်တယ်လို့ ကနေဒါဆိုင်ရာ ဂျပန်သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ အခုဖောက်ခွဲမှုဟာ ၈ လ အတွင်း ဒုတိယအကြိမ်မြောက် နျူစမ်းသပ်မှုဖြစ်ပါတယ်။ သည်စမ်းသပ်မှုက မြောက်ကိုရီးယား အစိုးရမှာ မြောက်အမေရိကတိုက်ရဲ့အနောက်ဘက်ကမ်းရိုးတန်းအထိကို ပစ်လို့ရနိုင်တဲ့အပြင် ဒုံးကျည် တွေရဲ့ထိပ်ဖူးမှာတပ်ဆင်ပြီးပစ်လို့ရလောက်အောင်သေးငယ်ပြီး ပိုမိုပေါ့ပါးတဲ့ နျူလက်နက်တွေကို တည်ဆောက်နေနိုင်ပြီ လားဆိုတဲ့ စိုးရိမ်မှုတွေကိုတိုးစေခဲ့ပါတယ်။
ဂျပန်အစိုးရက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမှုကိုထောက်ခံအားပေးတယ်ဆိုပေမယ့် ဒုံးကျည်ကာကွယ်ရေး စွမ်းရည်တွေကို အသုံးပြုတာအပါအဝင်ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့လုပ်ဆောင်ထားရမယ်လို့ သောကြာနေ့က ရုပ်သံအစီအစဉ်တစ်ခုမှာ ကင်ဂျီရို မွန်ဂျီက ပြောပါတယ်။
“ကျွန်တော်တို့မှာအမေရိကန်နဲ့တွဲလုပ်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ရော၊ ပြည်တွင်းလုပ် ဒုံးကျည်ကာကွယ်ရေး စနစ်ပါ ရှိနေပါတယ်။ သည်စနစ်ကအရမ်းကိုအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်လာနေပြီလို့ကျွန်တော်ထင်တယ်။ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ကျွန်တော်တို့ဘက်ကအသင့်ပြင်ထားသင့်တယ်” လို့လည်း မွန်ဂျီကပြောပါတယ်။
ဂျပန်ပင်လယ်ပြင်ဟာ မြောက်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကို ကီလိုမီတာရာဂဏန်းမျှသာ ပိုင်းခြားထားပါတယ်။ မြောက်ကိုရီးယား အစိုးရဆီမှာ ဂျပန်ကိုတိုက်ခိုက်နိုင်တဲ့နည်းပညာရှိနေတယ်လို့ ယုံကြည်ရတယ်လို့လည်း မွန်ဂျီကပြောပြပါတယ်။
“ ဒီလိုနည်းပညာတွေကို သူတို့ အဆင့်မြှင့်တင်လာတာ သေချာတယ်”
မြောက်ကိုရီးယားကစမ်းသပ်မှုလုပ်ပြီးတဲ့နောက် ဂျပန်အမျိုးသားလုံခြုံရေးကောင်စီက အစည်းအဝေးတစ်ခု ကျင်းပခဲ့တယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း သောကြာနေ့ နေ့လယ်ပိုင်းမှာအရေးပေါ် အစည်းအဝေး တစ်ရပ်ခေါ်ယူခဲ့ပါတယ်။
“သည်အစည်းအဝေးမှာ ခိုင်မာတဲ့ ဆွေးနွေးမှုတွေထွက်ပေါ်လာမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်” လို့မွန်ဂျီက ကုလသမဂ္ဂ အစည်းအဝေးကိုရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ကမ္ဘာတလွှားကခေါင်းဆောင်တွေဟာ မြောက်ကိုရီးယားအစိုးရရဲ့လုပ်ရပ်ကိုဝေဖန်ခဲ့ကြပါတယ်။ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟီးက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီယားစမ်းသပ်မှုတွေကို အတောမသတ်တမ်း လုပ်ဆောင်နေတယ်၊ အခုစမ်းသပ်မှုဟာ မဆင်မခြင်တယူသန်လုပ်ရပ်သာဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ အိုဘားမားကတော့ အမေရိကန်အစိုးရအနေနဲ့ မြောက်ကိုရီးယားကို နျူကလီးယား နိုင်ငံတစ်ခုအဖြစ် ဘယ်တော့မှ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့နျူစမ်းသပ်မှုဟာ လက်ခံနိုင်ဖွယ်ရာမရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို ချိုးဖောက်မှု တစ်ရပ်သာဖြစ်တယ်လို့ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါ ကပြောကြားခဲ့ပါတယ်။
Ref: CTV News; 9 September, 2016
မအေးသီမွန်
Kumudra
ယူကေနှင့် အမေရိကန်ခရီးစဉ်များအတွက် ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့။ စက်တင်ဘာ ၁၀၊ ၂၀၁၆။ (ဓာတ်ပုံ - MOI)
ယူကေနှင့် အမေရိကန်ခရီးစဉ်များအတွက် ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့။ စက်တင်ဘာ ၁၀၊ ၂၀၁၆။ (ဓာတ်ပုံ - MOI)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဗြိတိန်နိုင်ငံခရီးစဉ်အတွင်းမှာ ဗြိတိန်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ လွှတ်တော်အပါအဝင် စစ်ဘက်ရေးရာ အကြီးအကဲတွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စနေနေ့မနက်ပိုင်းမှာပဲ သူ့ရဲ့ဗြိတိန်နိုင်ငံခရီးစဉ်နဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နောက်ဆုံးရအခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒ်ါအောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ စက်တင်ဘာလ ၁၀ရက်နေ့ စနေနေ့ မနက်ပိုင်း ၉နာရီ ၄၀မိနစ်မှာပဲ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံခရီးစဉ်တွေ အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင် ထွက်ခွာ သွားပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ပထမဆုံး ဗြိတိန်နိုင်ငံကို အရင် သွားရောက် မှာဖြစ်ပြီး သူ့ ဗြိတိန် ခရီးစဉ်အတွင်းမှာ ဗြိတိန်ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ လွှတ်တော်နဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဖို့ရှိ တယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
လန်ဒန်ချိန်စနေညမှာတော့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ကို ရောက်ရှိမှာဖြစ်ပြီး ညအိပ်ရပ်နားပါမယ်။ တနင်္ဂနွေနေ့မှာတော့ ဗြိတိနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က နိုင်ငံတွေမှာ တာဝန်ကျနေတဲ့ မြန်မာသံအမတ်ကြီး (၁၂)ဦးနဲ့ တွေ့ဆုံပြီး အစိုးရသစ်ရဲ့ မူဝါဒရေးရာဆိုင်ရာ ရှင်းလင်းပြောပြမယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရလည်းဖြစ်တဲ့ ဦးဇော်ဌေးက ပြောပါတယ်။
“ဟီးသရိုး(လေဆိပ်)ကို စနေနေ့ရောက်မယ်ဗျ။ နောက်ပြီးတော့ သူတည်းတဲ့ဟော်တယ်သွားမယ်။ အဲ့ဒီည ဟော်တယ်မှာပဲတည်းမယ်ပေါ့နော်။ နောက်တနင်္ဂနွေနေ့၊ မနက်ဖြန်ကျရင် ကျွန်တော်တို့သံရုံးသွားမယ်။ သံရုံးမှာ ကျွန်တော်တို့ ဥရောပရယ်၊ အရှေ့အလယ်ပိုင်းရယ်၊ နောက် အာဖရိကမှာရှိတဲ့ မြန်မာသံအမတ်ကြီးအားလုံးပေါင်း ၁၂ ယောက်နဲ့ အဲ့ဒီမှာတွေ့မယ်ပေါ့နော်။ အဲ့ဒီမှာတော့ပြီးတော့ သူ့ရဲ့ မူဝါဒ ရှင်းလင်းပွဲတွေလုပ်မယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနဲ့ အင်္ဂါနေ့မှာ ပြုလုပ်မယ့် ဗြိတိန်နိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ဦးဇော်ဌေးက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
“ လွှတ်တော်ပိုင်းရယ်၊ အစိုးရပိုင်းရယ်၊ ၀န်ကြီးချုပ်ရယ် အဲ့ဒီလို ပါပါတယ်။ နောက် စစ်ဘက်ပေါ့နော်။ အဲ့ဒီစစ်ဘက်မှာအဲ့ဒီ Royal College of Defense အဲ့တာလည်းပါတယ်။ College of Defense Studies ကာကွယ်ရေးတက္ကသိုလ်ပေါ့၊ အဲ့ဒီကိုသွားမယ်။ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေနဲ့တွေ့မယ်။ အဲ့ဒီမှာလေ့လာမယ်။ ပြီးတာနဲ့ နိုင်ငံခြားရေးဝန်ကြီးတည်ခင်းတဲ့ နေ့လည်းစာစားမယ်။ ပြီးရင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်းနဲ့တွေ့မယ်။ နောက် အင်္ဂါနေ့ပေါ့နော်၊ အင်္ဂါနေ့မှာ ၀န်ကြီးချုပ်နဲ့တွေ့မယ်။ အင်္ဂါနေ့မှာပဲ ဗြိတိန်အစိုးရ တာဝန်ရှိသူတွေနဲ့တွေ့မယ်။ အဲ့ဒီကနေပြီးတော့ ကျွန်တော်တို့ ၀ါရှင်တန်ကို ထွက်ခွါမယ်။
ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ပတ်သက်လို့ ဦးဇော်ဌေးက-
“ကျွန်တော်တို့ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေး၊ နောက် ကျွန်တော်တို့ နိုင်ငံဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီကူုးပြောင်းရေး၊ နောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ ဗြိတိန်နိုင်ငံက ပါဝင်ကူညီဆောင်ရွက်နိုင်မှုအကြောင်းအရာတွေ၊ နောက် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့အကြောင်းအရာတွေ ဒါတွေကတော့ များသောအားဖြင့် ဆွေးနွေးမှာဖြစ်ပါတယ်။”
အခုလို NLD အစိုးရသစ်လက်ထက် နိုင်ငံတော် အကြီးအကဲတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာမယ့်အပေါ် ဗြိတိန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစုတွေဘက်က ဒီခရီးစဉ်အပေါ် များစွာမျှော်လင့်ချက်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း ဗြိတိန်အစိုးရနဲ့ NLD အစိုးရသစ်တို့ကြား ပိုပြီးတော့မှ ခိုင်မာတဲ့နှစ်နိုင်ငံဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ်လို့လည်း နှစ်နိုင်ငံရေးအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ဗြိတိန်နိုင်ငံက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ဒေါက်တာဝင်းနိုင်ကတော့-
“ တိုင်းပြည်အတွက်တော့ အင်မတန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ အင်မတန်အရေးကြီးတဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် အင်မတန်အကျိုးပြုမယ့် လုပ်ငန်းတွေလုပ်သွားနိုင်မယ်လို့ကျွန်တော်ယူဆပါတယ်။ ကျွန်တော်ကတော့ မြန်မာ နိုင်ငံအစိုးရအနေနဲ့ ဒီ.. ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် အင်မတန်အကျိုးရှိမယ့်လုပ်ငန်းလို့ ကျွန်တော်ယူဆပါတယ်။ ယုံကြည်ပါတယ်။ “
ဗြိတိန်နိုင်ငံကိုရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ သီးသန့်တွေ့ဆုံဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။ ဗြိတိန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ခရီးဆက်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ (၁၄)ရက်နေ့မှာတော့ အမေရိကန် သမ္မတ ဘရက်အိုဘားမားနဲ့ အိမ်ဖြူတော် မှာ တွေ့ဆုံဖို့ရှိပြီး ဒုသမ္မတ Joe Biden နဲ့ သီးခြားတွေ့ဆုံဖို့ရှိသလို အဲဒီနောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ လည်း ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှာဖြစ်ပါတယ်။
စက်တင်ဘာလ (၁၅)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် လွှတ်တော်ကို သွားရောက်ပြီး အောက်လွှတ်တော် လူနည်းစု ဒီမိုကရက် ပါတီ ခေါင်းဆောင် Nancy Pelosi၊ အထက်လွှတ်တော် လူများစု Republican ပါတီ ခေါင်းဆောင် Mitch McConnell အပါအ၀င် အခြားထင်ရှား တဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ လွှတ်တော်အမတ်အများအပြားနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ ညစာစားပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မှာပါ။ ဒါ့အပြင် ၀ါရှင်တန်ဒီစီမှာရှိတဲ့ Theodore Roosevelt အထက်တန်းကျောင်းကို သွားရောက် ကြည့်ရှုပြီး မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ၀ါရှင်တန်ခရီးစဉ် အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။ စက်တင်ဘာလ (၁၉)ရက်နေ့ မှာတော့ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂဆွေးနွေး ပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
ဒါ့အပြင် စက်တင်ဘာလ (၂၁)ရက်နေ့မှာတော့ နှစ်ပေါင်း (၆၀)နီးပါးအတွင်း ပထမဆုံးအကြိမ် မြန်မာ အရပ်သားအစိုးရ ခေါင်းဆောင်တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့် ခွန်းပြောကြားမှာဖြစ်ပြီး စက်တင်ဘာလ (၂၆)ရက်နေ့မှာ မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
မဆုမွန်
VOA Burmese News
Russia Putin
Russia Putin
ဆီးရီးယားနိုင်ငံမှာ ၅ နှစ်ကြာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုရပ်တန့်ပြီး၊ နိုင်ငံတွင်းက အကြမ်းဖက်အဖွဲ့တွေကို တိုက်နေတာမှာ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားဖို့အတွက် ရှုပ်ထွေးပြီး ရည်မှန်းချက်ကြီးမားလှတဲ့ အစီအစဉ်တရပ်ကို အမေရိကန် နဲ့ ရုရှား ၂ နိုင်ငံက စနေနေ့မနက်က ဂျနီဗာမြို့မှာ ကြေငြာလိုက်ပါတယ်။
အဲဒီသဘောတူညီချက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ထားတာကို အဖွဲ့အားလုံးအနေနဲ့ ပြန်လည် လုပ်ဆောင်ကြဖို့ တောင်းဆိုထားပါတယ်။ မွတ်စလင်တွေရဲ့ အစ်ပွဲတော်စတင်တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ညနေနေ၀င်ချိန်ကစတင်ပြီး၊ ပစ်ခတ်တိုက်ခိုက်မှုတွေကို အဆုံးသတ်ရမှာဖြစ်ပါတယ်။
ဆီးရီးယား နဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေအတွက် ပိုပြီးတော့ အဓိပ္ပါယ်ပြည့်ဝတဲ့အစ်ပွဲတော်ဖြစ်အောင်လုပ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေ အားလုံးပေါင်းပြီးလုပ်တာသင့်မယ်လို့ ထင်ပါတယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်နဲ့အတူပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသွားခဲ့ပါတယ်။
အတိုက်အခံတွေရှိတဲ့နေရာတွေနဲ့ တခြားသဘောတူထားတဲ့နေရာတွေမှာ ဆီးရီးယားအစိုးရတပ်တွေအနေနဲ့ လေကြောင်ကနေ ပျံသန်းပြီး ထိုးစစ်ဆင်တာတွေမလုပ်ဖို့ တားမြစ်ထားတဲ့ အချက်တွေကိုအမေရိကန် နဲ့ ရုရှား ၂ နိုင်ငံက သဘောတူခဲ့တာဖြစ်ပါတယ်။
အစိုးရတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားသေဆုံးမှု၊ ရွှေ့ပြောင်းအခြေချနေထိုင်မှု နဲ့ တိုက်ခိုက်မှုတွေမှာ အများဆုံးမကြာခဏဖြစ်တဲ့ ချိုးဖောက်မှုတွေရဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ဝန်ကြီးကယ်ရီက ပြောပါတယ်။
VOA Burmese News
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ပတ်သက်၍ ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ထူးခြားဖြစ်စဉ်များ ရှိသည်။ ယင်းသတင်းများမှာ NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်နှင့် ပတ်သက်လျက်ရှိသည်။ အထူးသဖြင့် ရှမ်းပြည်နယ် NLD ကိစ္စနှင့် ပတ်သက်သည်။ ထိုကိစ္စ အချက်လေးချက်ကို ထုတ်ကြည့်သည်။
၁။ နှုတ်မိန့်ဖြင့် အငြင်းပွားဖွယ် ထုတ်ပယ်ခြင်း
စက်တင်ဘာလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ်သို့ ဦးဝင်းထိန် ရောက်ရှိခဲ့သည်။ ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းရေး ဖြစ်သည်။
သို့သော်လည်း ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက သူ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားသည့် “CEC ဆိုတာ ဝယ်လို့ရတယ်။ သမိုင်းဆိုတာ ဝယ်လို့မရဘူး” ဟူသောပို့စ်ကို ဦးဝင်းထိန် တွေ့ရှိပြီးနောက် ဦးတင်မောင်တိုးကို နှုတ်မိန့်ဖြင့် ထုတ်ပယ်ခဲ့သည်။
ဦးတင်မောင်တိုးသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အတွက် NLD မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သူဖြစ်သည်။
ဦးဝင်းထိန်၏ ယခုလုပ်ရပ်သည် အာဏာရှင်ဆန်ကြောင်း ဦးတင်မောင်တိုးကလည်း ပြန်လည်တုံ့ပြန်ထားသည်။
ဦးဝင်းထိန်ကမူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ “လုပ်စရာရှိတာ ပြတ်ပြတ်သားသား လုပ်ခဲ့ပါ” ဟူသည့် အကြံပေးချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် ဦးဝင်းထိန်နှင့် ဦးတင်မောင်တိုး တွေ့ဆုံစဉ် ဦးတင်မောင်တိုးထံမှ အရက်နံ့ရကြောင်း ဦးဝင်းထိန်က ဆိုသည်။
ယင်းဖြစ်ရပ်ကြောင့်ပင် နိုင်ငံရေးလေ့လာသူများ အကြား ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။
“(NLD) ပါတီတွင်းမှာ ဒီမိုကရေစီ မရှိတာတွေ၊ လုပ်ပုံလုပ်နည်း မှားယွင်းတာတွေကို ကျွန်တော် သတိထားမိတာ ကြာပါပြီ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ဆိုသည်။
ပါတီတွင်းမှ တစ်ဦးတစ်ယောက်ကို အပြစ်ရှိသည်ဟု ယူဆပါက အလုပ်အမှုဆောင် အစည်းအဝေးထိုင်၍ ဆုံးဖြတ်သင့်ကြောင်း ၎င်းက ဆိုသည်။
အာဏာရ NLD ပါတီသည် ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများ ရှိပြီးဖြစ်ရာ အပြစ်ပေး အရေးယူသည့် ကိစ္စများအတွက် ပါတီ၏ စည်းမျဉ်းစည်ကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ကြေညက်ရန်လိုကြောင်း ဦးရဲထွန်းက ထောက်ပြသည်။
ဦးဝင်းထိန်၏ နှုတ်မိန့်ဖြင့် ဦးတင်မောင်တိုးကို ပါတီမှ ထုတ်ပယ်လိုက်ခြင်းအပေါ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကလည်း မသိရှိကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးဉာဏ်ဝင်းကလည်း ဆိုသည်။
“ဒါမျိုးထုံးစံ မရှိခဲ့ပါဘူး။ တစ်ခါမှ မရှိခဲ့ပါဘူး” ဟု ပါတီသမိုင်းတစ်လျှောက် ပါတီဝင်များကို နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်း ယခင်က မရှိခဲ့ဖူးခြင်းကို ရည်ရွယ်၍ ၎င်းက ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်ကလည်း NLD တွင် ၎င်းရှိခဲ့စဉ်က NLD ပါတီ၏ စည်းကမ်းထိန်းသိမ်းရေး စာတမ်းကို ပြုစုပေးခဲ့ဖူးကြောင်း၊ သို့သော်လည်း ပါတီတွင် နှုတ်မိန့်ဖြင့် ထုတ်ပယ်ခဲ့သည့် အလေ့အထ မရှိခဲ့ဖူးကြောင်း ပြောကြားသည်။
“ရှေ့နေတစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင် လူတစ်ယောက် အပြစ်ရှိတယ်ဆို သူ့ကို ခုခံချေပခွင့် ပေးသင့်တာပေါ့ဗျာ” ဟု ဦးသိန်းညွန့်က မှတ်ချက်ပြုသည်။
ဦးသိန်းညွန့်သည် NLD ပါတီမှ နုတ်ထွက်ခဲ့ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည် ပါတီကိစ္စ လုပ်၊ မလုပ်
ဦးတင်မောင်တိုးကို ဦးဝင်းထိန်က နှုတ်မိန့်ဖြင့် ထုတ်ပယ်ခဲ့ခြင်းမှ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ မေးခွန်းမှာ “ဒေါ်အောင်ဆန်းစုကြည် ပါတီအရေးကို လုပ်၊ မလုပ်” ဟူ၍ ဖြစ်သည်။
အကြောင်းမှာ ဦးဝင်းထိန်က ဦးတင်မောင်တိုးကို ထုတ်ပယ်ခဲ့ခြင်းမှာ “လုပ်စရာရှိတာ ပြတ်ပြတ်သားသား လုပ်ခဲ့ပါ” ဟူသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားထားသည်။
ထိုအခါ ဝေဖန်သူများက ယင်းလုပ်ရပ်သည် ဖွဲ့စည်းပုံနှင့် မညီကြောင်း ဝေဖန်သောအခါ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်သည် ပါတီခေါင်းဆောင်လည်း ဖြစ်နေ၍ အသိပေးခြင်းသာ ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားသည်။
“ဆိုတော့ သူ (ဦးဝင်းထိန်) ပြောခါမှ ဒေါ်အောင်ဆန်းစုကြည်ပါ အမှုပတ်သလို ဖြစ်တော့မယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက မှတ်ချက်ပြုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဦးဝင်းထိန်ကို အဆိုပါစကား ပြောကြားခဲ့ခြင်း ရှိ၊ မရှိ ၎င်းတို့နှစ်ဦးမှအပ မည်သူမျှ အတိအကျ မသိနိုင်ပေ။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်သည်။ သမ္မတရုံး ဝန်ကြီးလည်း ဖြစ်ပြန်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဋ) တွင် ပြည်ထောင်စုအဆင့် ဝန်ကြီးများ ပါတီ တာဝန်ထမ်းဆောင်ခြင်းကို ခွင့်ပြုမထားပေ။
ထို့ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်သာ ဦးဝင်းထိန်ကို အဆိုပါစကား ပြောကြားခဲ့ပါက ဖွဲ့စည်းပုံ ဥပဒေနှင့် မကိုက်ညီကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်က မှတ်ချက်ပြုသည်။
“ကျွန်တော်ကတော့ ဒါဟာ ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်ကို စိန်ခေါ်တာလို့ ထင်တယ်။ ဖွဲ့စည်းပုံနဲ့ ငြိတယ်လို့ ထင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ “ကျွန်တော်တို့ နားလည်တဲ့ ပါတီကိစ္စလုပ်တယ် ဆိုတာ လူသစ်စုတာ၊ လေ့ကျင့်ပေးတာနဲ့ အရေးယူ အပြစ်ပေးတာတွေပဲ”
၃။ လစ်လပ်နေရာ အစားထိုးခြင်း
ယခုအခါတွင် ရှမ်းပြည်နယ် NLD ရှိ လစ်လပ်နေရာ အချို့ကို အစားထိုး ခန့်အပ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း နှုတ်မိန့်ဖြင့် ရာထူးမှ ထုတ်ပယ်ခံရသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုး နေရာကိုမူ မခန့်အပ်ရသေးပေ။
“ဒီနေရာကို ကျွန်တော်တို့ စဉ်းစားနေတုန်းပဲ” ဟု ဦးဝင်းထိန်က ပြောကြားသည်။
ဦးဝင်းထိန်၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO) တစ်ရပ်တွင် ထဲထဲဝင်ဝင် လုပ်ကိုင်နေသည်ဟုဆိုကာ ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး အပါအဝင် အလုပ်အမှုဆောင် ငါးဦးကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ယင်းငါးဦးကိုမူ ပြည်နယ်အစည်းအဝေးထိုင် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ငါးဦးနေရာကို ယခုအခါ NLD က လူစားထိုး ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ဦးဝင်းထိန်က The Voice သို့ အတည်ပြုသည်။
ရှမ်းပြည်နယ် NLD အလုပ်အမှုဆောင်အဖွဲ့သစ်တွင် လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးဇော်မင်းလတ်က ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်စိန်၊ အဖွဲ့ဝင်များအဖြစ် ဒေါ်စန်းစန်းမော်၊ ဦးနေဇော်နိုင်နှင့် ဦးစိုင်းသိန်းဝင်းထွန်းတို့ကို ပြန်လည်ခန့်အပ်ခဲ့သည်ဟု ဦးဝင်းထိန်က ပြောကြားသည်။
ခန့်အပ်စာတွင်လည်း ဦးဝင်းထိန် လက်မှတ်ရေးထိုးထားပြီး ခန့်အပ်စာမိတ္တူကို ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ရုံးချုပ်နှင့် တောင်ကြီးမြို့ ရှမ်းပြည်နယ် NLD အလုပ်အမှုဆောင်အဖွဲ့ထံသို့ ဖြန့်ဝေရန် ပါရှိသည်။
“ကျွန်တော်တို့ဘာမှ မသိသေးပါဘူးဗျာ။ ရန်ကုန်က ဘာမှမသိရသေးပါဘူး။ သတင်းတော့ ကြားပါတယ်” ဟု ရွှေဂုံတိုင် NLD ရုံးချုပ်မှ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
၎။ ကိုယ်တိုင်ထွက်မည်
ယခုရက်ပိုင်း အတွင်းကပင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သန်းလွင်ကလည်း ရာထူးမှ နုတ်ထွက်၍ ပါတီဝင်တစ်ယောက် အဖြစ် ဆက်လက်ပါဝင်လိုကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ တင်ပြခဲ့သည်။
ပါတီ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောက်ခြေလုပ်ငန်း အဆင့်ဆင့်တွင် အကောင်အထည် ဖော်ရသည်မှာ ခက်ခဲသောကြောင့် နုတ်ထွက်စာ တင်သွင်းခြင်း ဖြစ်ပြီးသော်လည်း ပါတီဝင်အဖြစ် NLD ပါတီ၏ လုပ်ငန်းများကို ထောက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း နုတ်ထွက်စာတွင် ဖော်ပြထားသည်
ထိုပြင် NLD ပါတီကို တိုက်ခိုက်ပြောဆို ရေးသားခြင်းကိုလည်း မည်သည့်အခါမျှ ပြုလုပ်မည် မဟုတ်ကြောင်း အဆိုပါ နုတ်ထွက်စာတွင် ဦးခွန်သန်းလွင်က ကတိပြုထားသည်။
သို့သော်လည်း ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်ကမူ ယင်းကဲ့သို့ မထင်ပေ။
ယခုကဲ့သို့ မှတ်ချက်ပြုသည်။
“သူကတော့ ကျွန်တော်တို့ လုပ်ရပ်တွေကို မကျေနပ်လို့ နှုတ်ထွက်တာနဲ့ တူပါတယ်။ ဒါမျိုးတွေက ကျွန်တော်တို့ဆီမှာ မဆန်းဘူးဗျို့။ ဖြစ်လိုက်ပျက်လိုက်ပဲ”
ရဲနိုင်ဦး
============
The Voice
http://thevoicemyanmar.com/article/1696-uwh
shan-state-police-620.jpg
လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာမှာ စက်တင်ဘာလ ၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ဓါးခုတ်မှုနဲ့ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ စက်တင်ဘာလ ၁ဝ ၇က်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ဓါးခုတ်မှု တရားခံတွေ ဟာ တရုတ်လူမျိုးတွေ ဖြစ်နိုင်ကြောင်းနဲ့ တရားခံတွေကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ပေးကြဖို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ ဓါးခုတ်မှုနဲ့ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လားရှိုးမြို့ အမှတ် ၁ ရဲတပ်ဖွဲ့က စခန်းမှူး ဒုတိယရဲမှူး ကျော်နိုင် က လူငယ် ၅ ဦးကို အုပ်စုဖွဲ့ပြီး ဓါးနဲ့ခုတ်သူတွေဟာ တရုတ်စကားပြောသူတွေဖြစ်တယ်လို့ ပြောပါတယ်။
"လွတ်သွားတဲ့ကလေး ၂ ယောက် ဆိုင်ကယ်က ဘီးပေါက်သွားတယ်၊ ပေါက်တော့ပြန်လှည့်လာတယ်၊ ဘီးပေါက်တဲ့ဆိုင်ကယ်က ရှေ့ကမောင်းတယ်၊ မပေါက်တဲ့ဆိုင်ကယ်မှာ အခုဆုံးတဲ့ကလေးရယ်၊ ဒဏ်ရာရတဲ့ကလေးရယ်၊ နောက်ဆုံးမှာထိုင်တဲ့ကလေး ၃ ယောက်တစ်စီး ဆိုင်ကယ်အကောင်းက နောက် ကစီးတယ်၊ ရှေ့ကဘီးပေါက်တဲ့ဆိုင်ကယ်ကို သူတို့ကလွှတ်လိုက်တယ်၊ ပြောလိုက်သေးတယ် တရုတ်လို၊ မင်းတို့ကငယ်သေးတယ်၊ တရုတ်လိုပြောတာ၊ တရုတ်လိုပြောတာဖြစ်တဲ့အတွက် တရုတ်လူမျိုးပေါ့"
ဓါးနဲ့ခုတ်ခံရသူ လူငယ် ၅ ဦးထဲက တစ်ဦး သေဆုံးပြီး တစ်ဦးက ထိခိုက်ဒဏ်ရာရရှိထားတဲ့အတွက် ဆေးကုသခံနေ ပါတယ်။
အဲ့ဒီလိုအုပ်စုဖွဲ့ ဓါးခုတ်မှုတွေဟာ လားရှိုးမြို့ပေါ်မှာ ဒီနှစ်အတွင်း ၈ မှုအထိရှိနေပြီဖြစ်ပြီး ကျူးလွန်သူ ၂၂ ဦးကို ဖမ်းမိထားပေမယ့် အမှုနဲ့ဆက်စပ်သူ ၁၉ ဦးနီးပါး လွတ်မြောက်နေပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဓါးနဲ့ခုတ်သူတွေဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်နိုင်တယ်လို့ တင်ပြခဲ့ကြပါတယ်။
RFA
"သေသူက ဗုံးထောင်သူဖြစ်မလားလို့ ထင်တယ်။ကျောက်စိမ်းကုမ္ပဏီ တစ်ခုနဲ့နီးပြီး တခြား ထိခိုက်တာ တွေမရှိဘူး။"ဟု ၄င်းကပြောသည်။
သေဆုံးသူမည်သူဖြစ်ကြောင်းနင့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို စစ်ဆေးနေပြီး ယနေ့နံနက် ၁၂ နာရီထိ အသေးစိပ် မသိရသေးကြောင်း။ဖြစ်ပွားသည့်နေရာမှာ ဖုန်းလိုင်း မမိသောကြောင့် စစ်ဆေးသူများ ရောက်ရှိမှ သိရှိရမည်ဟုခန္တီးရဲစခန်းမှ စခန်းမှူးက ဖြေကြားသည်။
ခိုင်ဆက်ဝေ။
News Watch(စောင့်ကြည့်သတင်းဂျာနယ်
https://www.facebook.com/NewsWatchJournal