09/16/16

 
အာဇာနည်ခေါင်းဆောင် ဦးဘ၀င်းရဲ့ သားဖြစ်သူ ယခင် ပြည်ပြေး စင်ပြိုင် အစိုးရ NCGUB အဖွဲ့ ( ယခုဖျက်သိမ်း ) ခေါင်းဆောင်ဖြစ်ခဲ့သူ ဒေါက်တာစိန်ဝင်းရဲ့ မိသားစုတွေနဲ့ အတူ အမေရိကန်ရောက် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။

ဒေါက်တာစိန်ဝင်းတို့ ဇနီးမောင်နှံမှာ မြန်မာပြည်ဝင်ခွင့်အတွက် ခံဝန် လက်မှတ်ထိုးစရာ မလိုပဲ ပြည်ဝင်ခွင့်ရရှိထားတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ဓါတ်ပုံ- ဇော်ဝင်း                                                       The ladies news

 
 
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားလိုက်ပါက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးများကို အန္တရာယ်အဖြစ် ရောက်ရှိလာစေနိုင်သည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ Fortify Rights အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းလိုက်ခြင်းသည် မြန်မာစစ်တပ်နှင့် အပေါင်းအပါများကို အားပေးဂုဏ်ပြုရာ ရောက်နေသည့်အတွက် ဆုံးဖြတ်ချက်သည် အလျင်စလို ဆုံးဖြတ်ချက်ဖြစ်ပြီး အောက်ခြေ တကယ့်လက်တွေ့ အခြေအနေမှန်နဲ့ ဆန့်ကျင်နေကြောင်း အဖွဲ့ရဲ့အကြီးအကဲ မက်သယူးစမစ်က ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရဟာ အခုအချိန်အထိ ပိတ်ဆို့အရေးယူမှုတွေကို တိုးတက်မှုတွေနဲ့ တိုင်းတာပြီး ဖယ်ရှားပေးခဲ့ကြောင်း၊ အမေရိကန် လွှတ်တော်အနေနဲ့ စနစ်တကျ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု အားလုံး ဝါးလုံးသိမ်း မဖယ်ရှားရေးကို ကြပ်မတ်ကာကွယ်သင့်သည်ဟု ဆိုသည်။

အမေရိကန်အစိုးရ၏ လုပ်ရပ်များနှင့် ပတ်သက်၍ လွန်ခဲ့သည့် ၅ နှစ်ကတည်းက ဝေဖန်မှုများ ရှိခဲ့သော်လည်း အမေရိကန်အစိုးရ၏ ခြေလှမ်း မှန်ကန်သည်ဆိုခြင်းကို နေအိမ်အကျယ်ချုပ် ကျနေသော အတိုက်အခံခေါင်းဆောင် ယခု နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခြင်းက သက်သေခံနေကြောင်း သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများ ပယ်ဖျက်ပေးမည်ဟု သမ္မတ အိုဘားမားက ကတိပြုခဲ့သည်။

ဝသန်
The Ladies News
http://www.theladiesnewsjournal.com/news/fri-2016-09-16-1017/3408

 
 
 
"မဟတ္တမ ဂန္ဒီ ရွေးချယ်ခဲ့တဲ့ လမ်း ကို လိုက်ပြီး နိုင်ငံ ရဲ့ ပြယုဒ် အဖြစ် ကောင်းစွာ နေနိုင်ပါရက်နဲ့ အမှောင်ထု ထဲ ရောက်နေတဲ့ နိုင်ငံ ကို ဆွဲ ခေါ်တင်လာနိုင်ဖို့ မာဂရက် သက်ချာ လုပ်ဖို့ သူ မ ဆုံးဖြတ်ခဲ့တယ်" 

အထက်ပါ စကားကို ပြောခဲ့သူက အမေရိကန် အထက်လွှတ်တော်ရဲ့ လူများစု ခေါင်းဆောင် ရီပါတ်ဘလီကင် ပါတီ မှ မစ်ခ်ျ မက်ကွန်းနယ် ဆိုသူပဲ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံရေး လောက တွင် သူမ ကို အလေးစားဆုံး နဲ့ လွတ်မြောက်ရေး အတွက် မဆုတ်မနစ် နှစ်ပေါင်း များစွာ ကြိုးပမ်းခဲ့သူကို လက်ညှိုး ညွှန် ပြပါ ဆိုက မစ်ခ်ျကိုပင် ပြဆိုရမှာ ဖြစ်ပါတယ်။

သေအံ့ဆဲဆဲ ဖြစ်နေတဲ့ ခင်ပွန်းသည်ကို သွားတွေ့ဖို့ ညင်းပါယ်ခဲ့ပြီး ဒုက္ခသည်တွေ စက်နဲ့ ရိုက်ထုတ်သလို မွေးဖွားပေးနေတဲ့ သူမ နိုင်ငံ ကို ခုံမင်စွာ ဖက်တွယ်နေမှုကို မစ်ခ်ျ တယောက် အထင်မကြီးပဲ မနေနိုင်ခဲ့ပေ၊

လူထု ဆန္ဒ ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရဲ့ ရလာဒ်ကို စစ်အစိုးရမှ လက်နက်အားကိုး ဖြင့် ဆုတ်ဖြဲ ပြစ်လိုက်ချိန်ကစပြီး မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားမှု စတင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ထိုအချိန် က သူနှင့် လုပ်ဖေါ် ကိုင်ဖက် အတော်များများက ထိုအကြောင်းကို သိဖို့ဝေးစွ နိုင်ငံအမည်ကိုပင် ကြားဖူးသူ ရှားပါးခဲ့ပါတယ်။

တောင်အာဖရိက ရှိ အသားအရောင် ခွဲခြားမှုကို မသိသူ မရှိသလောက် ဖြစ်ခဲ့ တဲ့ အမေရိကန် ပြည်သူတွေ  မြန်မာအရေး ကို အလားတူ စိတ်ဝင်စားလာအောင် ကြိုးပမ်းပေးခဲ့တဲ့ မစ်ခ်ျ ရဲ့ တာဝန်ကြီးက တောင်တက်လမ်းကြီး ပမာ ကြမ်းတမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ရန်ကိုလည်း စိတ်ရောကိုယ်ပါ နှစ်ပြီး  အပြင်းအထန် လှုံ့ဆော် စည်းရုံးခဲ့သူ ဖြစ်ပါတယ်၊

၂၀၀၃ တွင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစား ခဲ့ပြီးနောက် ပါဝင်သူတွေကို ဒဏ်ခတ်ဖို့ Burmese Freedom and Democracy Act 2003 ဥပဒေကြမ်းကို ၎င်းကိုယ်တိုင် ရေးဆွဲ တင်သွင်းခဲ့ပြီး နောက် မစ်ခ်ျ တယောက် ကက်ပီတို ဟေးလ် ရဲ့ စင်္ကြန် လမ်းတွေပေါ် မှာ လုပ်ဖေါ်ကိုင်မက် အမတ်တွေကို ချောက်ခြည်တမျိုး ချော့ချီ တလှည့် ဥပဒေကို အတည်ပြုနိုင်ဖို့ လှုပ်ရှား ရုန်းကန်ခဲ့ရပြန်ပါတယ်။ ဒီရလာဒ်ကတော့ မြန်မာ စစ်အရာရှိများ နဲ့ ကရိုနီတွေ ကျောကော့အောင် အခုချိန်ထိ ခံစားနေရဆဲ ဖြစ်ပါတယ်။

ဒါတွင်မကသေးပဲ ၂၀၀၈ မှာ မစ်ခ်ျတယောက် ကယ်လီဖိုနီးယားက ဒီမိုကရက်တစ် အမတ် Dianne Feinstein နဲ့ ပူးတွဲပြီး အမေရိကန် ကွန်ဂရက် ရဲ့ အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံး ဆုတံဆိပ် ဖြစ်တဲ့ ရွှေတံဆိပ် (Congressional Gold Medal) ကို ချီးမြှင့် ပေးအပ်ဖို့ ဥပဒေကြမ်း တင်သွင်း ခဲ့ပြန်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ပါတယ်။

ဟီလာရီ ကလင်တန် ရဲ့ သမိုင်းဝင် မြန်မာခရီးစဉ်ကို မစတင်မီ ပထမဦးဆုံး သွားရောက်တွေ့ဆုံ ဆွေးနွေးပြီး အကြံညဏ် ရယူခဲ့ရသူကတော့ မစ်ခ်ျ ပဲ ဖြစ်ပါတယ်။ ဟီလာရီ က သူနဲ့ အခြေအတင် ဆွေးနွေးခဲ့ပြီး နောက်ဆုံးမှာ သူရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခဲ့မှုက မယ်မယ်ရရ ရလာဒ် မထွက်ပေါ်ခဲ့ဘူးလို့ ၀န်ခံခဲ့ပြီး ဟီလာရီ ရဲ့ unclenched the fist, extend the hand သံတမန် ထိုးစစ်ကို သူ ထောက်ခံမယ်လို့ ကတိပေးလိုက်ပါတယ်။ တချိန်တည်း "ကျုပ် အနေနဲ့ ဒီကိစ္စလောက် အခြား ဘယ်ဟာကိုမှ အချိန်ပိုပေးခဲ့တာ မရှိခဲ့ပေမယ့် ရလာဒ်က သိသိသာသာ ပြောင်းလဲမှု မရှိခဲ့ဖူး" လို့ ညည်းတွားခဲ့ပါတယ်။

ထိုကဲံသို ပြောမည်ဆိုလည်း ပြောလောက်ရန် လုံလောက်သော အကြောင်းများ သူ့တွင် ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခဲ့ချိန် ဂျော့ဘွတ်ရှ် (စီနီယာ) မှ အိုဘားမား အထိ အမေရိကန် အစိုးရ အဆက်ဆက် ကို မြန်မာပြည် ဒီမိုကရေစီ ရရှိရေး နည်းမျိုးစုံ နဲ့ တိုက်တွန်း ဖိအားပေးခဲ့တဲ့ အပြင် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု အစီအစဉ် တိုင်းမှာ မစ်ခ်ျ ရဲ့ ခြေရာလက်ရာများကို တွေ့ခဲ့ရသည် ခြည်းပင်၊

ဒေါ်အောင်ဆန်းစုကြည် နဲ့ ၂၀၁၁ မှာ ကိုယ်တိုင် တယ်လီဖုန်း စကားပြောခွင့်ရပြီး သူမရဲ့ တိုက်တွန်းမှုနဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန နဲ့ နီးနီးစပ်စပ် ပူးတွဲ လုပ်ကိုင်ခဲ့ပြီး ပြောင်းလဲလာတဲ့ မြန်မာပြည်အခြေအနေနဲ့ လျော်ညီမယ့် ဆက်ဆံရေး ဖေါ်ဆောင်နိုင်ဖို့ လုံးပမ်းခဲ့ပြန်ပါတယ်။

၂၀၁၂ မှာတော့ သူ တလေးတစား နဲ့ သူမ လွတ်မြောက်ရေး အတွက် လုံးပမ်းပေးခဲ့တဲ့ မစ်ခ်ျတယောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး အကြိမ် သူမ အနှစ် ၂၀ နီးပါးလောက် အကျယ်ချုပ်နေခဲ့ရတဲ့ အိမ်တော်ကြီး မှာ တွေ့ဆုံခွင့် ရခဲ့တဲ့ သူ ဖြစ်လာခဲ့တဲ့ အတွက် မစ်ခ်ျတယောက် မဖေါ်ပြနိုင်တဲ့ စိတ်ခံစားမှုတွေ ရောပြွမ်းခဲ့ရတဲ့ အချိန် ဖြစ်ခဲ့တယ်ဆိုလည်း မမှားပါဖူး၊ (ပုံတွင်ရှု့)

အဲံသည့်နှစ် ကုန် ပိုင်းမှာ အမေရိကန် ကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီးနောက် သူ့ အိမ် နဲ့ ခြံ ရှိတဲ့ ကင်တပ်ကီ ကို ခေါ်ဆောင်သွားခဲ့ပြီး မိသားစု နဲ့ တွေ့ဆုံပေးခဲ့ယုံတင်မက သူမ မြတ်နိုးမှန်းသိလို့ သူမွေးထားတဲ့ မြင်းဇောင်းကိုပါ ခေါ်သွားပြီး မွေးထားတဲ့ မြင်းတွေကို ပြသခဲ့ပါတယ်။(ပုံတွင်ရှု့)

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ဒုသမ္မတ ဂျိုးဘီဒင် ရဲ့ စံအိမ်မှာ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မီတီ ဥက္ကဌ တင်နက်စီ အမတ် ဘော့ ကော်ကာ အပါအ၀င် အမေရိကန် က ထိတ်ထိတ်ကျဲ နိုင်ငံရေးသမားတွေ နဲ့ တွေ့ဆုံခဲ့ရာမှာ မစ်ခ်ျတယောက်လည်း ပါဝင်ခဲ့ပါတယ်။

၂၀၁၁ မှာ ဒေါ်အောင်ဆန်းစုကြည်က သူမ ထံ ကျေးဇူးတင်ကြောင်း ရေးသား ပေးပို့ခဲ့တဲ့ စာကို မှန်ဘောင်သွင်းပြီး သူ့ရုံးခန်းမှာ တလေးတစား နဲ့ ယခုထက်တိုင် ချိတ်ထားခဲ့သူလည်း ဖြစ်ပါတယ်။

အခု ဒီနေ့ ကက်ပီတိုး ဟေးလ် ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မစ်ခ်ျတယောက် ဦးဆောင်ကြိုဆိုခဲ့ပါတယ် ခင်ဗျာ၊(ပုံကို ရှုပါ)

ကိုးကား ၊ ၊  The New York Times, September 14 2016

HSW                                                   BrainWave ဉာဏ်လှိုင်း                                            


စက်တင်ဘာ ၁၅၊DNJ

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း DKBAခွဲထွက်အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံတွင် ဆေးကုသနေကြောင်းသိရသည်။
ကရင်နယ်ခြားစောင့် BGFတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး စက်တင်ဘာ ၁၅ ရက်နေ့ ဝါးကလို့ လူးကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးကြီးစောဆန်းအောင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း BGFတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဝါးကလို့လူးကုန်း စခန်းကို စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅နာရီခွဲခန့်တွင် သိမ်းနိုင်ခဲ့ပြီး ရန်သူဘက်မှ အကျအရှုံးများကြောင်း နှင့် ယင်းထဲတွင် ၄င်းပါဝင်သည်ဟု ကနဦးကြားသိရပြီး လက်ရှိတွင် ဒဏ်ရာဖြင့် မဲဆောက်တွင် ဆေးကုသမှု ခံယူနေရကြောင်း BDF တပ်ဖွဲ့မှ သတင်းရရှိသည်။

ဒဏ်ရာရရှိခဲ့သည့် စောဆန်းအောင်အား မဲဆောက် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသနေပြီး ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။
ကရင်ပြည်နယ် မဲသဝေါဒေသတွင် ယခု စက်တင်ဘာလဆန်းမှ စတင်ပြီး နယ်ခြားစောင့် BGFတပ်ဖွဲ့နှင့် DKBAခွဲထွက် ဗိုလ်မှူးကြီး စောဆန်းအောင် တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင် ဒုက္ခသည်များအား မြိုင်ကြီးဂူ ဆရာတော် ဦးဆောင်ပြီး ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြင်မြတ်ဖြူ

Development Media Group
https://www.facebook.com/DevelopmentNJ



ဒီမိုကရက်ပါတီ သမ္မတလောင်းကလင်တန်
အမေရိကန် ပြည်ထောင်စုက အဓိက ပါတီကြီး တခုဖြစ်တဲ့ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဟီလာရီကလင်တန် အနေနဲ့ ဒီကနေ့ ကြာသပတေးနေ့မှာ စည်းရုံးရေး လုပ်ငန်းတွေ ပြန်လည် စတင်ဖို့ ရှိနေပါတယ်။ မစ္စစ် ကလင်တန်ဟာ နျူမိုးနီးယား အဆုတ်ရောင်ရောဂါကြောင့် စည်းရုံးလှုပ်ရှားမှုတွေမှာ မပါဝင်နိုင် ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နယူးယောက်မြို့က 9/11 အောက်မေ့ဖွယ် အခမ်းအနားက ပြန်လာတဲ့ မစ္စစ် ကလင်တန် နေထိုင်မကောင်း ဖြစ်နေတာကို တွေ့ရှိခဲ့ကြရတာ ဖြစ်ပြီး မစ္စစ် ကလင်တန် ခြေမခိုင်ဘဲ ယိုင်လဲသွားလို့ ကားပေါ်ကို တွဲတင်ခဲ့ရတာကိုလည်း ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။

မနေ့က သူမရဲ့ စည်းရုံးရေး အဖွဲ့က ထုတ်ပြန်လိုက်တဲ့ စာထဲမှာတော့ မစ္စစ် ကလင်တန်ရဲ့ ဆရာဝန်က နိုင်ငံခြားရေး ၀န်ကြီးဟောင်းဟာ ပဋိဇီဝဆေးတွေသောက်၊ အနားယူပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီလို့ ပြောဆိုခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် မစ္စကလင်တန်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ထပ်ဖြစ်လာခဲ့သလို သူမရဲ့ ပြိုင်ဘက် ရီပတ်ပလီကန် သမ္မတလောင်း Donald Trump အတွက်တော့ ထိုးနှက်စရာ အချက်တခု ထပ်ရသွားပါတယ်။

"ကျနော်တော့ မသိဘူးဗျ။ ဟီလာရီ အနေနဲ့ အခုလို တနာရီလောက် ရပ်ပြီး ဒီလို လုပ်နိုင်မယ်လို့ ခင်ဗျားတို့ ထင်လား။ ကျနော်တော့ မသိဘူး။ လုပ်နိုင်မယ်လို့ မထင်ဘူး" ဆိုပြီး ရီပတ်ပလီကန် သမ္မတလောင်း Trump က ပြောဆိုခဲ့တာပါ။

ဒါပေမယ့်လည်း မစ္စတာ Trump ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်လာပြီး သူ့ရဲ့ ကျန်းမာရေါ် မှတ်တမ်း အပြည့်အစုံ ထုတ်ပြန်ပေးဖို့ တောင်းဆိုမှုတွေလည်း တိုးလာခဲ့ပါတယ်။ မစ္စတာ Trump ထုတ်ပြန်လိုက်တဲ့ ပြီးခဲ့တဲ့ သတင်းပတ်က သူ့ရဲ့ ဆေးစစ်ချက် အကျဉ်းချုပ်ကိုတော့ Dr. Mehmet Oz တင်ဆက်တဲ့ လူကြိုက်များတဲ့ ရုပ်မြင်သံကြား Talk Show အစီအစဉ်ကိုမှာ တွေ့မြင်ခဲ့ရပါတယ်။ လူချမ်းသာ သူဌေးကြီး Trump ရဲ့ ကိုယ်အလေးချိန်က ၁၂၁ ကီလိုဂရမ်ရှိပြီး ကိုယ်အလေးချိန် အနည်းငယ် တက်လာတယ်လို့ Dr. Oz က ကြေညာခဲ့ပါတယ်။ အသက် ၇၀ အရွယ် Donald Trump သာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင်တော့ အမေရိကန်ရဲ့ အသက်အကြီးဆုံး သမ္မတ ဖြစ်လာမှာပါ။

Hillary Clinton ကတော့ ဇန်န၀ါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုမယ့် နေ့မှာ အသက် ၆၉ နှစ်ရှိမှာကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ ဒုတိယ အသက်အကြီးဆုံး သမ္မတ ဖြစ်လာမှာပါ။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



သေဆုံးသွားတဲ့ မိုင်းယော်ရွာသား ၅ ဦးရဲ့ မိသားစုဝင်များ
မိုင်းယော်ရွာသား ၅ ဦးသေဆုံးခဲ့မှု နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်ခဲ့တဲ့ မြန်မာစစ်တပ်က အရာရှိနဲ့ စစ်သည်တွေကို စစ်တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နဲ့ ၅ နှစ်ချမှတ်လိုက်သလို၊ အရပ်ဖက်အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံဖို့ စစ်တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အခုလို ပြစ်ဒဏ်ပေးလိုက်တာဟာ တပ်မတော်အတွင်းက အပြောင်းအလဲတခုဖြစ်ပြီး၊ အနာဂတ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့အတွက် ကောင်းမွန်တဲ့လက္ခဏာတခုဖြစ်တယ်လို့ လွှတ်တော်အမတ်တဦးက ပြောလိုက်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းက မိုင်းယော်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က သေဆုံးသွားခဲ့တဲ့ မိုင်းယော်ရွာသား ၅ ဦးသေဆုံးသွားခဲ့အမှုနဲ့ ပတ်သက်ပြီး စစ်တရားရုံးက ဒီကနေ့မှာ စီရင်ချက်တွေချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ စစ်တရားရုံးက ထောင်ဒဏ် ၅ နှစ် စီချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာတပ်မတော်က တပ်မမှူး ၁ ဦး အပါအ၀င် စစ်သည် ၇ ဦးကို တပ်မတော်အက်ဥပဒေပုဒ်မ ၇၁ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)/၃၄ ကျူးလွန်ခဲ့တယ်ဆိုတာ တွေ့ရှိရတဲ့အတွက် ပြစ်မှုကျူးလွန်တဲ့သူ အရာရှိ ၄ ဦးကို ရှုတ်ချပြီး တပ်မတော်က အမြဲထုတ်ပစ်ပြီး၊ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း၊ ဒါ့အပြင် အဲဒီပြစ်ဒဏ်တွေကိုလည်း နယ်ဘက်အကျဉ်းထောင်တွေမှာ ကျခံဖို့ စစ်တရားရုံး စီရင်ဆုံးဖြတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒ့ါအပြင် ဒီပြစ်မှုမှာ ပါဝင်တဲ့ အခြားအဆင့် စစ်သည် ၃ ဦးကိုလည်း တပ်သားအဆင့်ကို လျှော့ချပြီး နယ်ဘက်အကျဉ်းထောင်တွေမှာ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံသွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မိုင်းယော်ရွာသား ၅ ဦးသေဆုံးသွားခဲ့တာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး၊ မြန်မာစစ်တပ်ဘက်က အခုလို အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်ခမ်းက ပြောပါတယ်။

“ဒီတပ်မတော်ကနေပြီးတော့ စစ်ဆေးမှုတွေ ၊ ခုံရုံးတွေဖွဲ့တယ် ၊ ပြီးတော့ ကာယကံရှင်မိဘ ပြည်သူတွေရှေ့မှာ ကျေနပ်လောက်တဲ့အထိကို စစ်ဆေးမှုတွေ လုပ်တယ်၊ ပြစ်ဒဏ်တွေပေးတယ် ဆိုတာ တော်တော်လေးကို ရှားပါတဲ့ လုပ်ရက်ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် ကျနော်တို့က ဒါကောင်းတဲ့ အပြောင်းအလဲတခုပဲပေါ့နော်။ ကျနော်တို့ မဲဆန္ဒနယ်မှာဆိုရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ၀င်ထွက်ဖူးပါတယ်။ ပြီးခဲ့တဲ့ လာရှိုးမှာ ထိတွေ့မှုတုန်းက ဒါကတော့ ထုံးစံပါပဲ အရပ်သားတွေကို စစ်တပ်ဆိုတဲ့အတိုင်း သူတို့နယ်မြေမှာ မသင်္ကာတဲ့ ရွာသားတွေဖမ်းဆီးတာတွေဘာတွေရှိတယ်။ ကျနော်တို့က ကြိုးစားပြီးတော့ ပေါင်းစပ်ညှိနှိုင်းတဲ့အချိန်ကျမှ သူတို့ လွတ်တာတွေ ရှိတာပေါ့နော်။ အဲဒါကြောင့် တော်တော်လေး ပြောင်းလဲတိုးတက်မှုတခုလို့ ကျနော်တို့ ပြောနိုင်ပါတယ်ခင်ဗျ။”

မြန်မာစစ်တပ်အတွင်းက ပြစ်မှုကျူးလွန်သူတွေအပေါ် အခုလိုအရေးယူလိုက်တာဟာ အနာဂတ်ဒီမိုကရေစီနိုင်ငံတခုကို တည်ဆောက်ဖို့အတွက် စံပြလုပ်ရပ်တခုအဖြစ်နဲ့ လုပ်ဆောင်လိုက်တာမျိုးလည်း ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်ခမ်းက ပြောပါတယ်။

“ကျနော်တို့ ဒီမိုကရေစီနိုင်ငံကို ဦးတည်နေတဲ့ဟာက ယခုလိုလုပ်ပြတဲ့ပုံစံမျိုးနောက်လာမယ့် အချိန်တွေမှာ မရှိလာနိုင်တော့အောင် ၊ ရှောင်ကြဉ်အောင်ပေါ့လေ အဲလိုလုပ်ပြခြင်းဖြစ်တယ်လို့ ကျနော်သုံးသပ်လိုပါတယ်ခင်ဗျ။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ TNLA တပ်တွေ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားခဲ့စဉ်အတွင်း TNLA တပ်တွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး မြန်မာစစ်တပ်က မိုင်းယော်ရွာသား ၅ ဦးကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း အဆိုပါ ရွာသား ၅ ဦး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်အနေနဲ့ မှားယွင်းကောင်းမှားယွင်းနိုင်တယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းက မြန်မာတပ်မတော်ရဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့ပါတယ်။ တပ်မတော်အရာရှိ စစ်သည် ၇ ယောက်၊ ရဲအုပ် ၁ ယောက်နဲ့ နဲ့ မိုင်းယော်ရွာသာ ၁၈ ယောက်တို့ရဲ့ ထွက်ဆိုချက်တွေကို စစ်ဆေးပြီး၊ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိတဲ့အတွက် အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ကိုရန်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ ကဆောဝါး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မယ်သဝေါဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြိုင်ကြီးငူ စစ်ရှောင် စခန်းသို့ ရောက်ရှိလာသည့် ကလေးများအတွက် ယာယီပညာသင်ကြားရေး ဌာန ၃ သုံးခု ဖွင့်လှစ်ပေးထားသည်ဟု မယ်သဝေါ ဒေသအုပ်စုမှူး ဆရာစိုင်းမျိုးညွန့်က ကေအိုင်စီသို့ ယနေ့ ပြောသည်။

အဆိုပါ ယာယီပညာသင်ကြားရေး ဌာန ၃ ခုကို မြိုင်ကြီးငူရှိ ပန်းဝတ်မှုံ ခန်းမ၊ နှစ်သစ်ကူးကွင်း ခန်းမနှင့် ချယ်ရီမြိုင် ဓမ္မာရုံတို့ ၌ ဖွင့်လှစ်ထားပြီး ဆရာ၊ ဆရာမ ၄၇ ဦးဖြင့် ကျောင်းသူကျောင်းသား ၂၀၀ ခန့် ကို စက်တင်ဘာ ၁၃ ရက်နေ့ မှစတင်ကာ သင်ကြားပေးနေခြင်း ဖြစ်သည်ဟု ၎င်းက ယခုလိုပြောသည်။

“ ကျနော်တို့ ဒေသတွင်းက ဆရာ၊ ဆရာမတွေစုပြီး ဒီမှာသင်ပေးနေတယ်။ ကိုယ်တာဝန်ကျတဲ့ ဒေသမှာ စစ်ဖြစ်တာနဲ့ ကြုံနေတဲ့အတွက် ရွာတွေမှာ ကျန်နေခဲ့ကြတဲ့ ခလေးတွေကို အရမ်းဘဲစိတ်ပူတယ်။ ရွာတွေမှာ သူတို့စာသင်ပျက်မယ်။ ဒီစစ်ဖြစ်နေတာက ကြာမလား ရပ်မလားမသိရတော့ ခလေးတွေအတွက် တွေးပူတယ်” ဟု ဆရာစိုင်းမျိုးညွှန့် ပြောသည်။

လက်ရှိ မြိုင်ကြီးငူ ပန်းဝတ်မှုံ ခန်းမဆောင်၌ မူလတန်းမှ စတုတ္ထတန်းထိ အတန်းစုံ ကျောင်းသား ၈၁ ဦး၊ နှစ်သစ်ကူး ကွင်းခန်းမ၌ အတန်းစုံကျောင်းသား ၈၆ ဦးနှင့် ချယ်ရီမြိုင် ဓမ္မာရုံ၌ အတန်းစုံ ကျောင်းသား ၃၀ ဦး ကိုသင်ကြားပေးနေခြင်း ဖြစ်သည်။

ထိုသို့ သင်ကြားရာတွင် ပြည်နယ်ပညာရေးဌာနမှ ကျောင်းသုံးစာအုပ်၊ သင်ရိုးပြဌာန်းစာအုပ် ကျောင်းဝတ်စုံ များနှင့် ဘောပင်၊ ခဲတံများကို ထောက်ပံ့ပေးထားသလို တခြားလိုချက်များကိုလည်း စေတနာရှင်များ လူမှု့ ရေးပရဟိတအဖွဲ့များက ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးထားသည်ဟု ယာယီပညာကြားရေးဌာန တာဝန်ရှိသူ များထံမှ သိရှိသည်။

မယ်သဝေါဒေသတွင်း ယခုလ ၂ရက်နေ့မှ စတင်ကာ ယနေ့ ထိ အစိုးရတပ်၊ နယ်ခြားစောင့်တပ်နှင့် DKBA တို့ အကြား နှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာသောကြောင့်  ယာယီခိုလုံ ရေးစခန်းများတွင် လာရောက်ခိုလှုံနေသူ မိသားစုပေါင်း ၆၇၁ စုမှ စုစုပေါင်းလူဦးရေ ၃,၈၄၆ ဦးရှိပြီး ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် မယ်သဝေါ ဒေသတွင်မူလတန်း ကျောင်း ၁၂ ကျောင်း ပိတ်ထားရသလို တိုက်ပွဲ ဖြစ်နေရာများတွင် ကျန်ရှိနေသော ကျောင်းသားများအတွက် ပညာသင်ပေးရန် လက်လှမ်းမမှီ ဖြစ်နေ သေးကြောင်း ဒေသခံကျောင်းဆရာများ ထံမှသိရှိသည်။

 ကဆောဝါး (ကေအိုင်စီ)
http://kicnews.org



ဓါတ်ပုံ - မြိုင်ကြီးငူဆရာတော်။
စက်တင်ဘာလ - ၁၅ - ၂၀၁၆

မဲသဝေါတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအမြန်ဆုံးရပ်ဆိုင်းကြပြီး ပြန်လည်သင့်မြတ်ရေးတည်ဆောက်ကြရန် မြို င်ကြီးငူဆရာတော်အရှင်သုဇနက (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် BGF ၏ တပ်မှူးကြီးတဦးဖြစ်သည့် ဗိုလ်မှူးကြီးစောချစ်သူကို မေတ္တာရပ်ခံထားသည့် ရုပ်သံဖိုင်တခု ထွက်ပေါ်လာခဲ့သော်လည်း တိုက်ပွဲမှာ ယနေ့နံနက်ပိုင်းတွင် ထပ်မံဖြစ်ပွားလျှက်ရှိသည်။

ဆရာတော်ဦးသုဇနသည် အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြသည့် တိုက်ပွဲများရပ်ဆိုင်းရန် မေတ္တာရပ်ခံပန်ကြားမှု လုပ်ဆောင်ပြီးနောက် ကျန်းမာရေးကုသမှုခံယူရန်အတွက် ယနေ့နံနက်စောစောက မဲသဝေါမှတဆင့်ထိုင်းနိုင်ငံဘန်ကောက်ဘက် ထွက်ခွာသွားပြီးဖြစ်သည်။

မြိုင်ကြီးငူဆရာတော်၏ နောက်ပါကပ္ပိယတဦးက သားသမီးများကို ပြောဆိုဆုံးမ၍မရသောကြောင့် ဆရာတော် အတော်လေးကို စိတ်ထိခိုက်ခံစားနေရသည်ဟု ပြောဆိုသည်။

ယခုလ ၁၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ် (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် (BGF)နှင့် (ဒီကေဘီအေ) ခွဲထွက်အဖွဲ့တို့အကြား မဲသဝေါဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည်. ယနေ့နံနက်ပိုင်အထိ ပြီးဆုံးခြင်းမရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

နယ်စပ်အရေး စောင့်ကြည့်လေ့လာနေသူများက ဆရာတော်၏ မေတ္တရပ်ခံချက် အသိအမှတ်ပြု မခံရခြင်းမှာ လမ်းကြောင်းလွဲနေ၍ဖြစ်ပြီး ဆရာတော်အနေနှင့် (BGF) မှ ဗိုလ်မှူးကြီးစောချစ်သူအစား မြန်မာအစိုးရနှင့်မြန်မာ့တပ်မတော်ကို မေတ္တာရပ်ခံတောင်းဆိုမှု ပြုလုပ်မည်ဆိုပါက ထိရောက်မှုပိုရှိမည်ဟု သုံးသပ်ပြောဆိုကြသည်။

မဲသဝေါဒေသခံတဦင်္းက " အဓိကတိုက်ပွဲဖြစ်နေတာကတော့ (၀ါးပိုးတောင်) နေရာမှာဖြစ်တယ် ထိခိုက်သေကြေဒဏ်ရာရတာတွေကတော့ နှစ်ဖက်စလုံးမှာရှိတယ် မနေ့ကတောင် ဒဏ်ရာပြင်းထန်လို့ ထိုင်းဘက်ခြမ်းကို သုံးယောက် ပို့ပေးလိုက်ရသေးတယ် " ဟု ပြောဆိုသည်။

မြိုင်ကြီးငူဆရာတော်သည် ထိုင်းနိုင်ငံတွင် ရက်ပိုင်းမျှသာကြာမြှင့်မည့် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီးသည်နှင့် မြိုင်ကြီးငူသို့ ပြန်လာမည်ဖြစ်ကြောင်း တပည့်သာဝကတဦးက ပြောဆိုသည်။

၅ ရက်ရှိပြီးဖြစ်သည့် မဲသဝေါဒေသတိုက်ပွဲကြောင့် မြိုင်ကြီးငူဒေသရှိ ဒေသခံအများစုမှာ မြိုင်ကြီးငူတွင် သွားရောက်တိမ်းရှောင်နေကြပြီး အချို့ မှာ မိမိအစီအစဉ်ဖြင့် ထိုင်းဘက်ခြမ်းရှိ ဆွေမျိုးသားချင်းများ မိတ်ဆွေသင်္ဂဟများ၏ နေအိမ်များတွင်တွင် သွားရောက်ခိုလှုံနေကြသည်။

ထိုင်း-မြန်မာနယ်စပ် နယ်ခြားသောင်ရင်းဖြစ်ခြားထားသည့် မဲသဝေါဒေသတွင် မြန်မာဘက်ခြမ်းမဲသဝေါရွာနှင့်ထိုင်းဘက်ခြမ်းမဲသဝေါရွာဟူ၍ နယ်နမိတ်ပိုင်းခြားထားကာ နှစ်ဖက်နယ်စပ်တွင် ကရင်အမျိုးသားများ အများစုနေထိုင်ကြသည့် နယ်စပ်ဒေသဖြစ်သည်။

သတင်း - ကရင်အမျိုးသား မီဒီယာ



လက်ဖြောင့် သေနတ်သမားဟောင်း ဆိုတဲ့ Edgar Matobato
ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေးဟာ ဒါဗာအို မြို့တော်ဝန် ဘဝ က တရားရေး ဌာန ဝန်ထမ်း တယောက်ကို အူဇီ စက်သေနတ်နဲ့ ပစ်သတ်ခဲ့ဖူးတယ် ဆိုပြီး စွပ်စွဲမှုတွေ ပေါ်ထွက်လာပါတယ်။

အရင်က ဒူတာတေးရဲ့ လက်ဖြောင့် သေနတ်သမားဟောင်းလို့ ဆိုတဲ့ Edgar Matobato ဆိုသူက ဆီးနိတ် အထက်လွှတ်တော် ကြားနာပွဲတခုမှာ ဒီလို စွပ်စွဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Matobato တို့ပါခဲ့တဲ့ ဒီလက်ဖြောင့် လူသတ်သမားတွေကြောင့် ဒါဗာအိုမှာ လူရာချီ သေဆုံးခဲ့ရပါတယ်။

ကျုပ်တို့ အလုပ်က ဆေးသမား၊ မုဒိန်းသမားတွေနဲ့ လူဆိုးတွေကို ပစ်သတ်ဖို့ပဲလို့ သူက ဆိုပါတယ်။

သတ်ရမယ့် သူတွေရဲ့ နာမည်တောင် မသိဘဲ သူတို့ကို ခေါ်သတ်ခိုင်းတာပါ၊ ဒီထဲမှာ ဒူတာတေးရဲ့ ပြိုင်ဘက်တွေပါ ပစ်မှတ်ထား သတ်ဖြတ် ခံခဲ့ရတယ် လို့လည်း Matobato က ဆိုပါတယ်။

ပြိုင်ဘက် တယောက်ရဲ့ သက်တော်စောင့် ၄ ယောက်လည်း အသတ်ခံရတယ်လို့ ဆိုပါတယ်။

၁၉၉၃ တုန်းက သူတို့နဲ့ လမ်းမှာ ရင်ဆိုင်ပစ်ခတ်ခဲ့ တဲ့ တရားရေး ဌာန ဝန်ထမ်းကို ဒူတာတေးက အသေသတ်ခဲ့တယ်လို့ မာတိုဘာတိုက ပြောပါတယ်။

ဒူတာတေးက ဒီလူကို အူဇီ ကျည်ကတ် ၂ ကတ် သုံးပြီး ပစ်သတ်တာလို့ ဆိုပါတယ်။

လူတွေကို ကလီစာတွေ ဖောက်ထုတ်ပြီး ရေထဲ ချပစ်တာ၊ မိကျောင်းစာ ကျွေးတာ မျိုးလို ရက်ရက်စက်စက်တွေ လုပ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

သူဟာ ဒူတာတေး သမ္မတ ဖြစ်လာချိန်မှာ သူ့အသက် အန္တရာယ်ကို စိုးရိမ်လို့ ပုန်းနေရတယ်လို့ ဆီးနိတ် လွှတ်တော် ကော်မတီ ရှေ့မှာ ထွက်ဆို ခဲ့ပါတယ်။

ဒါဗာအိုမှာ ကက်သလစ် ဘုရားကျောင်းတကျောင်း တိုက်ခိုက်ခံရတာကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဒူတာတေးက မွတ်ဆလင် ဗလီကို ဗုံးခွဲခိုင်းတယ်လို့လည်း သူက ဆိုပါတယ်။

ဒါဗာအိုမှာ ဒီလို ဥပဒေမဲ့ သတ်နေတာတွေကို ဖိလစ်ပိုင် လူ့အခွင့်အရေး ကော်မရှင်က ဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေး
အပြန်အလှန် စွပ်စွဲ

ဒီလူပြောနေတာတွေကို မသိဘူး၊ သူ့ကို လူတစုက အသုံးချ နေတာ ဖြစ်မယ်လို့ ဒူတာတေးရဲ့ ပြိုင်ဘက်ရဲ့သား ကာလိုက ဆိုပါတယ်။

ဒီ အထက် လွှတ်တော် ကြားနာပွဲကို ခေါင်းဆောင်တဲ့ အမျိုးသမီး Leila de Lima ဟာလည်း ဒူတာတေးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူပါ။

သူ့ကို မူးယစ် ရာဇာတွေနဲ့ ဆက်တယ်လို့လည်း စွပ်စွဲခံရပါတယ်။

မာတိုဘာတို ကို ခုလို ထွက်ဆိုခွင့် ပြုတာနဲ့ ပတ်သက်ပြီး ဒါဟာ သမ္မတကို ဖယ်ရှားဖို့ ကြံစည်တာလားဆိုပြီး ဒူတာတေး ဘက်တော်သား လွှတ်တော်အမတ်တွေက ပြန်လှန် မေးခွန်းထုတ်ကြပါတယ်။

ဒူတာတေး လက်ထက် ဒါဗာအိုမှာ မှုခင်းတွေ ကျဆင်းခဲ့တာမို့ ဒါကို တနိုင်ငံလုံး အဆင့် ရောက်အောင် လုပ်မယ်ဆိုပြီး သူက ကြိမ်းဝါးနေတာပါ။

သူ့လက်ထက်မှာ မူးယစ်ဆေးသမား ၃ ထောင်ကျော် သတ်ဖြတ်ခံခဲ့ရတာမို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဝေဖန် ခံခဲ့ရပါတယ်။

ဒီလို ဒူတာတေး နောက်ကြောင်း စုံစမ်းမှုတွေ လုပ်တာဟာ ဘယ်မှ ခရီးရောက်မှာ မဟုတ်ပါဘူးလို့ပဲ သမ္မတ ဒူတာတေးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က တုံ့ပြန်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မေးမြန်းသူ - စိုင်းဟန်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဗြိတိန်နှင့် အမေရိကန်ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံမှာ စတာပေါင် သန်း ၁၀၀ ကျော်ကူညီဖို့ ကတိပြုခဲ့သလို အမေရိကန် ခရီးစဉ်မှာတော့ ကာလရှည် ပိတ်ဆို့အရေးယူမှုတွေ ရှိခဲ့တဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းပေးမယ်လို့ အမေရိကန် သမ္မတက ကတိပြုခဲ့ပြီဖြစ်သလို ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်ရေးတွေလည်း ရရှိခံစားရတော့မှာ ဖြစ်ပါတယ်။ အမေရိကန်ခရီးစဉ်မတိုင်မီ ပိတ်ဆို့အရေးယူမှုတွေ ဆက်ထားရေးအတွက် တောင်းဆိုမှုအချို့လည်း ရှိနေခဲ့တာပါ။ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့အတွက် အမေရိကန်လွှတ်တော်မှာ ဥပဒေကြမ်းလည်း တင်ထားပြီးမကြာခင်မှာ ဘယ်သူတွေ ကင်းလွတ်ခွင့်ရတော့မယ် ဆိုတာ အတိအကျ သိရမှာဖြစ်ပြီး အကောင်းအဆိုး ဝေဖန်ချီးကျူးမှုတွေ ရောပြွန်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနောက်နိုင်ငံ ခရီးစဉ်အပေါ် အောင်မြင်မှု ရှိမရှိဆိုတာ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးအောင်သူငြိမ်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
.
မေး - မနေ့က အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘားရက်အိုဘားမားတို့တွေ့ဆုံချိန်မှာပဲ မြန်မာနိုင်ငံကို ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး-(Generalised System of Preferences-GSP) ပေးဖို့တွက် အိုဘားမားက ခွင့်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံက ထုတ်ကုန်တွေကို အခွန်မဲ့ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့် ရှိလာမယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်နေတယ်။ ဒီကိစ္စက အလားအလာ ကောင်းလို့ ယူဆလို့ရပါသလား။
.
ဖြေ - ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ သံတမန်ရေးအရ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်က အောင်မြင်တယ် လို့ ပြောလို့ရပါတယ်။ ဒါဟာ ရလဒ်အနေနဲ့ မြင်ရတာဖြစ်တယ်။ နောက် အကျိုးဆက်တွေကတော့ ပြောမယ်ဆိုလို ရှိရင် မြန်မာကုန်ပစ္စည်းတွေ အမေရိကန်ကိုပို့တဲ့အခါ အခွန်အတုပ်တွေ မရှိတော့ဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ မြန်မာပြည်က အမေရိကန်နဲ့ ကုန်သွယ်မှုမှာ သိပ်များများစားစား မရှိဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အလားလာကောင်းတယ်လို့ ထင်ပါတယ်။
.
မေး - အခုကုန်သွယ်မှု မရှိသေးဘူးဆိုတော့ လက်ရှိအခြေအနေနဲ့ သွားမယ်ဆိုရင် ကုန်သွယ်မှုတွေ အပြန်အလှန် လုပ်လို့ရဖို့ကို ဘယ်လောက် အချိန်ယူရမယ်လို့ ထင်ပါသလဲ။
.
ဖြေ - ကျနော်သေချာတော့ မသိဘူး။ ဒါပေမယ့် အမေရိကန်ကနေ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ဆန်ရှင်လုပ် ပိတ်ဆို့ထားတာတွေ ရှိတယ်။ ဒီလိုဖြစ်နေတော့ အမေရိကန် ကုမ္ပဏီကြီးတွေက ကျွန်တော်တို့ဆီ လာလို့မရဘူးပေါ့။ နောက်တခုက ကျနော်တို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ငွေကြေးပေးပို့တဲ့ကိစ္စတွေမှာ အခက်အခဲတွေ ရှိပါတယ်။ ဒီလိုကိစ္စတွေအတွက် စီးပွားရေးပိတ်ဆို့ ထားတာတွေ ရုပ်သိမ်းလိုက်မယ်ဆိုရင် ကျနော်တို့ ဘဏ်လုပ်ငန်းကဏ္ဍတွေ ဖွံ့ဖြိုးလာမယ်၊ အလားအလာတွေ ရှိလာနိုင်ပါတယ်။ အဲ့ဒါတွေကလည်း တစ်ဖက်က ကောင်းကျိုးလို့ ပြောလို့ရတယ်။ ကုန်သွယ်မှုအပိုင်းမှာ ကျနော်တို့က အများကြီးတော့ ပြင်ဆင်ရဦးမယ် ထင်ပါတယ်။
.
မေး - မနေ့က ပြောတဲ့အထဲမှာ ဆန်ရှင်နဲ့ ပတ်သက်ပြီး ရုပ်သိမ်းပေးဖို့အတွက် အိုဘားမားက ပြောသွားပါတယ်။ ဒီလိုဆန်ရှင် ရုပ်သိမ်းပေးလိုက်မယ့်ဆိုရင် ဘယ်လုပ်ငန်းတွေက ဆန်ရှင်ကနေ လွတ်သွားနိုင်မလဲခင်ဗျာ။

ဖြေ - ဒီလို ကျနော်တို့ဆီမှာ ပိတ်ဆို့ခံထားရတာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက သမ္မတရဲ့အမိန့်နဲ့ ပိတ်ဆို့ထားတာ ရှိတယ်။ နောက်တစ်ခုက ကျနော်တို့ ကွန်ကရက်တို့ စီင်္းနိတ်တို့က ပိတ်ဆို့ထားတာ ရှိပါတယ်။ ဆိုတော့ သမ္မတ ပိတ်ဆို့ထားတာကတော့ သူ့အမိန့်နဲ့ ပြန်ဖျက်လိုက်လို့ ရတာပေါ့။ ကွန်ကရက်ကတော့ သူတို့ဆုံးဖြတ်ချက် လိုတာပေါ့။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ဆီမှာ လုပ်ထားတာက Targeted sanction ခေါ်တဲ့ တစ်ဦးချင်းအပေါ်မှာ ပစ်မှတ်ထား ပိတ်ဆို့ထားတာ ရှိပါတယ်။ အဲ့ဒီလူတွေက တော်တော်များများ ပြန်လွတ်သွားနိုင်ချေ ရှိတယ်လို့ ထင်ပါတယ်။ နောက်တခုက အချို့ကုမ္ပဏီတွေပေါ့။ အထူးသဖြင့် ဦးပိုင်လိုဟာမျိုး ။ အရင်တစ်ချိန်တုန်းက စစ်တပ်ပိုင်ဆိုပေမယ့် အခုတော့ အများပိုင်ကုမ္ပဏီ လုပ်ထားပြီ။ ဒီလိုကုမ္ပဏီမျိုးတွေတောင် ပြန်လွတ် သွားနိုင်တယ်ဆိုတဲ့ သတင်းမျိုးလည်း ကျနော်တို့ကြားပါတယ်။ အတိအကျတော့ မသိဘူးပေါ့နော်။
.
မေး - ဒါဆိုရင် ဆန်ရှင် ရုပ်သိမ်းကတာကနေ ဘယ်လိုလုပ်ငန်း အမျိုးအစားက လူတွေကျန်ခဲ့နိုင်လဲမသိဘူး။
.
ဖြေ - အထူးသဖြင့်တော့ အရင်က လူတစ်ဦးချင်း ပစ်မှတ်ထားပိတ်တဲ့ ဆန်ရှင်မှာဆိုရင် စစ်အစိုးရ ခေါင်းဆောင်ပိုင်း တွေကို ပိတ်ဆို့ထားတာ ရှိပါတယ်။ အဲ့ဒီထဲမှာတော့ ဘယ်သူတွေလည်းတော့ ကျနော်သေချာ မသိဘူးပေါ့။ ဒါပေမယ့် တချို့လူတွေ ကျန်ခဲ့ကောင်း ကျန်ခဲ့နိုင်ပါတယ်။
.
မေး - ဒီဆန်ရှင်ရုပ်သိမ်းလိုက်ရင် ခရိုနီတွေက တော်တော်များများ လွတ်သွားနိုင်တာပေါ့နော်။ ဒီလိုလွတ်သွားရင် လက်ရှိအစိုးရအနေနဲ့ သူတို့တွေအပေါ် စီးပွားရေး နဲ့ပတ်သက်ပြီး အစီအစဉ် တွေချမှတ်ထားဖို့ လိုအပ်သလား။ ပြည်သူတွေက ခရိုနီတွေဆိုရင် အစဉ်အဆက် တပ်မတော်နဲ့ နီးစပ်ခဲ့သူ အခွင့်ထူးခံလုပ်ငန်းတွေနဲ့ ပတ်သက်ခဲ့သူတွေဆိုပြီး မြင်တာတွေရှိတယ်။ ခရိုနီတွေအနေနဲ့ ပိတ်ဆို့မှု လွတ်သွားရင် ဘာတွေ တာဝန်ခံဖို့ လိုအပ်မလဲ။
.
ဖြေ - တစ်ခုတော့ ရှိတာပေါ့နော်။ အစိုးရတစ်ခုအနေနဲ့ ခရိုနီတွေကို ဦးစားပေးတာမျိုး မဟုတ်ဘဲ ပြိုင်ဆိုင်မှု ပိုကောင်းအောင် လုပ်ဖို့အတွက် တာဝန်ရှိတာပေါ့။ ကျွန်တော်ထင်တာ ခရိုနီတွေက သူတို့ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေမှာ တာဝန်ခံမှု တာဝန်ယူမှု ရှိလာဖို့ ဆိုတဲ့ ကိစ္စတွေမှာ အစိုးရဘက်က ဒီကိစ္စအပေါ်မှာ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ပိုအရေးကြီးတယ် ထင်တယ်။ ဟိုလူတွေကတော့ တစ်ယောက်ချင်းအနေနဲ့ စီးပွားရေးမှာဆိုရင် သူတို့အကျိုးမြတ် ကြည့်ပြီး လုပ်ကျတာဖြစ်တယ်။ ဥပမာအားဖြင့် ကျနော်မြင်တာက သူတို့တံခါးဖွင့်သွားပြီပေါ့။ ကျနော်တို့ခေါ်တာက capital flight လို့ ခေါ်တယ်။ ဒီက အရင်းအနှီးတွေ အပြင်ကိုထွက်သွားနိုင်တဲ့ အလားလာရှိလာနိုင်တယ်။ ဆိုပါစို့ မြန်မာပြည်မှာ ဘာလို့မြုပ်နှံမှာလည်း ဒီပိုက်ဆံတွေကို နယူးယောက်မှာ စတော့သွားဝယ်ရင် မမြတ်ဘူးလား။ ဒီလိုမျိုးအပြင်ကို ထွက်သွားနိုင်တဲ့ အလားအလာတွေ ရှိတယ်။ ဒီလိုအပြင်မထွက်သွားနိုင်အောင် ကိုယ့်တိုင်းပြည်မှာပဲ ရင်းနှီးမြှုပ်နှံမှုလုပ်ရအောင် စီမံဖို့ဆိုတာက အစိုးရရဲ့ တာဝန်ဖြစ်တယ်။
.
မေး - သူတို့အရင်က ပြည်တွင်းမှာ အရင်စစ်အစိုးရနဲ့ပေါင်းပြီး လယ်သိမ်း ယာသိမ်းတာတွေ ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်။ အဲ့ဒီအတွက်ကော သူတို့အပေါ် ဘယ်လိုကိုင်တွယ်ဖို့ လိုအပ်မယ် ထင်သလဲခင်ဗျာ။
.
ဖြေ - ဟုတ်ကဲ့ ဒီလိုဆန်ရှင်ဖွင့်တဲ့အပေါ်မှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအချို့ ဝေဖန်တာတွေရှိပါတယ်။ ဘာတွေပြောကြသလဲ ဆိုရင် ဒီလူတွေက ဒီလောက်ကြီး လုပ်ထားခဲ့တာတွေ ရှိတယ်။ေ ငွမဲကနေ ငွေဖြူဖြစ်အောင် လုပ်ပေးလိုက်တာလား ဒီလိုဝေဖန်မှုတွေ ရှိတယ်။ နောက်တစ်ခု လူ့အခွင့်အရေးသမားတွေက အချိန်မတန်သေးဘူးလို့ ဝေဖန်မှုရှိပါတယ်။ ဒီလိုဝေဖန်မှုတွေအပေါ်မှာ ဘယ်လို ဆက်လက် ကိုင်တွယ်မလဲဆိုတာ ဒါကတော့ ကျနော်ထင်တယ် ကျနော်တို့အစိုးရနဲ့ ဆိုင်တယ်။ ဟိုဘက်က အမေရိကန်အစိုးရနဲ့လည်း ဆိုင်ပါတယ်။
.
မေး - ကျောက်မျက်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်ကို တင်ထားတဲ့ ဥပဒေကြမ်းထဲမှာ ပါတာလည်း တွေ့ရတယ်။ သယံဇာတလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဆန်ရှင် ကင်းလွတ်ဖို့ ရှိလာနိုင်ပါသလား။
.
ဖြေ - ယေဘုယျတော့ ပြောမယ်ဆိုရင် မြန်မာပြည်မှာ လာပြီးရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေက ဒီသယံဇာတ လုပ်ငန်းပဲ လာလုပ်ကြတာများတယ်။ ဆိုတော့သူတို့ အရင်အတိုင်းပဲ ဆက်ဖြစ်ဦးမယ်ထင်ပါတယ်။ အဲ့ဒါတော့ ကျနော် သေချာမပြောတတ်သေးဘူး။ ခုနက ကျောက်စိမ်းဥပဒေ တို့မှာဘယ်လောက်အထိ ဖြေလျော့ပေးမလဲ၊ ဘယ်လောက်အထိ လွတ်ပေးမလဲဆိုတာက သေချာမသိသေးဘူး။
.
မေး - ပိတ်ဆို့အရေးယူမှု စာရင်းဝင်တဲ့ သူဌေးတွေ လုပ်ငန်းတွေထဲမှာ ဒေသခံတွေ လက်မခံတဲ့ ဓါတ်သတ္တု တူးဖော်ရေးအပါဝင် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ လုပ်ကိုင်သူတွေလည်း အများကြီးရှိနေတယ်။ အဲ့ဒီကိစ္စတွေအပေါ် ဘယ်လိုကိုင်တွယ်ဖို့ လိုအပ်မလဲခင်ဗျာ။
.
ဖြေ - အဲ့ဒါကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဥပဒေတွေရှိတယ်။ နောက် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေရှိတယ်။ အဲ့ဒီမှာတော့ တင်းတင်းကျပ်ကျပ် သေချာကြည်ပြီးတော့မှ ခွင့်ပြုတာက ပိုကောင်းမယ်ထင်တယ်။
.
မေး - စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှု အများစုက ရုပ်သိမ်းဖို့ အလားအလာ များသွားပြီ။ အမေရိကန်နဲ့လည်း ဆက်ဆံမှု ပိုပြီးတိုးလာဖို့ မျှော်လင့်နေတာတွေလည်း ရှိတယ်။ ပိတ်ဆို့မှု ဖြေလျှော့ ဖျက်သိမ်းပေးမှုတွေကနေ မြန်မာနိုင်ငံ အနေနဲ့ ဘယ်လို အကျိုးရလဒ်တွေ ရရှိနိုင်မလဲခင်ဗျာ။
.
ဖြေ - ကျနော်တို့အရင်က ပိတ်ဆို့မှု တော်တော်များများ အောက်မှာနေခဲ့ရတော့ လုပ်ငန်းတော်တော်များများ မဖွံဖြိုးတဲ့ အလားအလာ ရှိနေပါတယ်။ အမေရိကန်က ပြောမယ်ဆိုရင် စီးပွားရေးမှာဆိုရင် လူတိုင်းက ဆက်ဆံချင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အဲ့လိုအနေအထားမှာ အမေရိကန်က နည်းပညာရော ပံ့ပိုးမှုတွေရော ရနိုင်တယ်ထင်ပါတယ်။
.
အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။

စိုင်းဟန်
The Ladies News
http://www.theladiesnewsjournal.com/news/thu-2016-09-15-1601/3397

ဒေါ်စု ကန်လွှတ်တော်အကြီးအကဲများနဲ့တွေ့ဆုံ
ဒေါ်စု ကန်လွှတ်တော်အကြီးအကဲများနဲ့တွေ့ဆုံ

မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ၀ါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်လွှတ်တော်ကို သွားရောက်ပြီး လွှတ်တော်အကြီးအကဲတွေနဲ့ တွေ့ဆုံနေပါတယ်။ အောက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ပလင်ကန်အမတ် Mitch McConnell နဲ့ တွေ့ဖို့ရှိသလို၊ အခု မနက်ပိုင်းမှာတော့ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဒီမိုကရက်တစ်အမတ် Nancy Pelosi နဲ့လည်း တွေ့ဖို့ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းကတော့ သမ္မတအိမ်ဖြူတော်မှာ သမတအိုဘားမား ဒု သမ္မတ ဂျိုးဘိုင်ဒန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်င့တွင်း ဒီမိုကရေစီစနစ်အောင်မြင်စွာ အသွင်ကူးပြောင်းမှုတွေကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့စီးပွားရေးပိတ်ဆိုမှုတွေကို ပြန်လည်ရုတ်သိမ်းပေးပြီး မြန်မာနိုငငံကို GSP အထူးကုန်သွယ်ရေးအခွင့်အလမ်းလည်း ပြန်လည်ပေးအပ်မယ်လို့ သမ္မတအိုဘားမားက အဲဒီတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှုတွေကို မြန်မာပြည်သူတွေအနေနဲ့ အထူးပဲ ကျေးဇူးတင်ပြီး၊ ဆက်ပြီးတော့လည်း နှစ်နိုင်ငံ နီးနီးကပ်ကပ်ဆက်ဆံမှုတွေ လုပ်သွားဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ နှစ်ပေါင်းများစွာကြာတဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွက် မိတ်ဆွေကောင်းဖြစ်ပါတယ်။ ကျမတို့ဟာ ဟိုး လွတ်လပ်လပ်ရေးရတဲ့အချိန်ကာလကတည်းက မိတ်ဆွေတွေဖြစ်ခဲ့ကြတာပါ။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွက် အမေရိကန်ကွန်ဂရက် အမေရိကန်အစိုးရဖက်က ထောက်ခံအားပေး လုပ်ဆောင်ခဲ့မှုအားလုံးအတွက် မြန်မာပြည်သူတွေက အထူးပဲ ကျေးဇူးတင်ကြပါတယ်။ ဒီထက်ပိုပြီး နီးကပ်တဲ့ဆက်ဆံရေးဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့်တော့ ကျမတို့ရဲ့စီးပွားရေးတခါးဖွင့်လာတဲ့ အခြေအနေမှာ စီးပွားဆက်ဆံမှုတွေ ပိုရှိလာမှာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ်အတွင်း စီးပွားရေးအရေးယူမှုတွေကို အမေရိကန်ဖက်က ရုပ်သိမ်းသွားဖို့ရှိသလို၊ အမေရိကန် မြန်မာနှစ်ဖက် စီးပွားရေးဆက်ဆံမှုတွေလည်း ပိုမို တိုးလာဖွယ်ရှိပါတယ်။

ဒီကနေ့ ညမှာပဲ အာဆီယံ အမေရိကန် စီးပွားရေးကောင်စီမှာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ညစာစားဖို့ရှိနေပါတယ်။ အခု လွှတ်တော်မှာတော့ ဒီကနေ့ မနက်ပိုင်း အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Nancy Pelosi နဲ့ တွေ့ဆုံနေပြီဖြစ်ပါတယ်။ VOA ကနေ သတင်းသွားယူနေတဲ့ ကိုသိန်းထိုက်ဦးက အခုလိုပြောပြပါတယ်။

“ဟုတ်ကဲ့ ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ လူနည်းစုခေါင်းဆောင် လွှတ်တော်အဆောက်အဦးအတွင်းမှာပေါ့လေ ဒေါ်အောင်ဆန်းစုကြည်နဲ့ Nancy Pelosi တို့တွေ့ကြပါတယ်ခင်ဗျ။ သတင်းထောက်တချို့ကိုလည်း ၀င်ပြီးတော့ ဓါတ်ပုံရိုက်ခွင့်ပေးပါတယ်။ သူတို့ စကားလေး နည်းနည်းပြောပါတယ်။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်အခုလိုရောက်လာတာ ကိုကြိုဆိုတဲ့အကြောင်းပေါ့လေ။ အဲဒီတော့ Nancy Pelosi နဲ့အတူ နူးယောက်ပြည်နယ်က ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Joe Crowley လည်း ကျနော်တို့ တွေ့ရပါတယ်။ နောက်တယောက်ကတော့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးအောင်လင်းလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်နေတာကို တွေ့ရပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ သူတို့ဘက်ကရော သတင်းထောက်တွေကို တစုံတရာ သူတို့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ပြောတာဆိုတာ ရှိပါသလားခင်ဗျ။

ဖြေ။ ။ သတင်းထောက်တွေကို မေးမြန်းခွင့်မပေးတဲ့အတွက်ကြောင့် တစုံတရာတော့ ပြောတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် လာရောက်ရတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမြန်မာပြည်အတွက်ကို ဆက်လက်ပံ့ပိုးကူညီ သွားမယ်ဆိုတဲ့အကြောင်းတွေကို သူတို့ နည်းနည်းတော့ ပြောကြပါတယ်။ လွတ်တော်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာရောက်ပြီးတော့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ တာကလည်း မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အခုလို စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်း တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အချိန်မှာ လွှတ်တော်ခေါင်းဆောင်တွေအတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေရှိနေတော့ ဒီလာရောက်တဲ့ ခရီးစဉ်က အကျိုးရှိတဲ့ ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လိုအပ်ချက်တွေကို လွှတ်တော်ခေါင်းဆောင် တွေကို နားချနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒါပြီးရင်တော့ အမေရိကန်လွှတ်တော်မှာပဲ အောက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ပလင်ကန်အမတ် Mitch McConnell အပါအ၀င် လွှတ်တော်အကြီးအကဲတွေ မြန်မာ့အရေးစိတ်ဝင်စားတဲ့ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ လွှတ်တော်အမတ်တွေ အနေနဲ့ကတော့ အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကိစ္စအပြင် အခြားလူ့အခွင့်အရေးကိစ္စရပ်တွေကိုပါ ဆွေးနွေးဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

ကိုသားညွန့်ဦး
VOA Burmese News

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းပေးမယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း - မြန်မာနိုင်ငံ အရေး အမေရိကန်အောက်လွှတ်တော်အမတ်များအဖွဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ New York ပြည်နယ် ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် Joe Crowley နဲ့ Ohio ပြည်နယ် ရီပတ်ဘလစ်ကန်ပါတီ အောက်လွှတ်တော်အမတ် Steve Chabot တို့က ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တဦးအနေနဲ့ ဒီအချိန် အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် ပြန်လာတဲ့အပေါ် ၀မ်းသာမိကြောင်း၊ ဒီသီတင်းပတ်ထဲ သူမရဲ့ အမေရိကန်ခရီးစဉ်ဟာ - အထူးသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက နိုင်ငံတ၀ှမ်း အနိုင်ရခဲ့ပြီးနောက် - မြန်မာနိုင်ငံမှာ မြင်တွေ့ခဲ့ရတဲ့ တိုးတက်မှုတွေကို ရောင်ပြန်ထင်ဟပ်နေ တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်မှုကို ပြတ်ပြတ်သားသား ငြင်းပယ်မှုတခုပဲလို့လည်း ဆိုထားပါတယ်။

တိုးတက်မှုတွေ ရှိလာတဲ့အတွက် ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးလိုက်ပေမဲ့၊ ဒါဟာ မြန်မာနိုင်ငံမှာ ရှေ့မတိုးနောက်မဆုတ် အခြေအနေမျိုး ဖြစ်နေတာကို ထောက်ခံအားပေးမယ့် သဘောမျိုး မဟုတ်ပါဘူး။ လွှတ်တော်ရဲ့ ၂၅% နေရာယူထားတဲ့ စစ်တပ်ကိုယ်စားလှယ်တွေကနေ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဗီတိုသုံး ပယ်ချနိုင်စွမ်း ရှိနေတဲ့ အချက် အပါအ၀င် မြန်မာနိုင်ငံ အဓိကကျတဲ့ ၀န်ကြီးဌာနတွေမှာ စစ်တပ်ရဲ့ ချုပ်ကိုင်ထားတာနဲ့ ပတ်သက်လို့လည်း သိပ်ကို စိုးရိမ်နေဆဲဖြစ်ပါတယ်။ ကချင်နဲ့ ရှမ်းပြည်မှာလို တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ဆက်လက် တိုက်ခိုက်နေတာတွေကိုလည်း အတော်လေး စိုးရိမ်မိပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်စေဖို့နဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုတွေ အဆုံးသတ်စေဖို့ မြန်မာစစ်တပ်အပေါ် အမေရိကန်ပြည်ထောင်စုက ဆက်လက် ဖိအားပေးရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်-မြန်မာ စစ်ဘက် ဆက်ဆံရေးတွေကို ပုံမှန်ပြန်လုပ်ဖို့ အချိန်မတန်သေးဘူးလို့လည်း အောက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Crowley နဲ့ Chabot တို့က ကြေညာချက် မှာ ပြောဆိုခဲ့ပါတယ်။

အလားတူ - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကက အဒ် ရိုက်စ်ကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာလည်း - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်တွေကို အသိအမှတ်ပြု လေးစားကြောင်း ပြောဆိုခဲ့ပါတယ်။ NLD အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေကို ဆောင်ကြဉ်းနိုင်တယ်ဆိုပေမဲ့လည်း ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေဆဲပဲလို့လည်း အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဌ အဒ် ရိုက်စ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ - မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်မှာ အရိပ်လိုဖြစ်နေတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ၊ လူကုန်ကူးမှုပြဿနာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ပုံကို သူ့အနေနဲ့ အံ့အားသင့်စရာ ဖြစ်ခဲ့ရတယ်လို့ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Bob Corker က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုသမ္မတ ဂျိုးဘိုင်ဒန်အပါအ၀င် အထက်လွှတ်တော်အမတ်တွေနဲ့ မနက်စာ အတူစားသုံးစဉ် အထက်လွှတ်တော် နို်င်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ Bob Corker က - မြန်မာနိုင်ငံမှာ လူကုန်ကူးမှု ပြဿနာတွေနဲ့ ပတ်သက်လို့ သူ့ရဲ့စိုးရိမ်မကင်းဖြစ်မှုကို လွှတ်တော်အမတ်က ထုတ်ဖော်ပြောကြားရာမှာ - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စကို အလေးမထားတဲ့ပုံစံမျိုး တုံ့ပြန်ခဲ့တဲ့အတွက် သူ့အနေနဲ့ အံ့အားသင့်ခဲ့ရကြောင်း - အထက်လွှတ်တော်အမတ် Bob Corker က ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

VOA Burmese News
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်မှာတော့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် နှစ်ရပ်စလုံးတို့ရဲ့ အထင်ကရ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

မိုင်းယော်ရွာသား ၅ ဦး သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တပ်မမှူးအပါအ၀င် အရာရှိစစ်သည် ၇ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။

လားရှိုးမြို့နယ်က မိုင်းယော်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရွာသား ၅ ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ နေ့လယ် ၃ နာရီအချိန်လောက်က အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှာ မြန်မာ့တပ်မတော်မှ တပ်မမှူးအပါဝင် အရာရှိစစ်သည် ၇ ဦးကို စစ်တရားရုံးနဲ့ စစ်ဆေးပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ကာ အရပ်ထောင်ကို ပို့သွားမယ်လို့ ကာယကံရှင် မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။ ဒီစီရင်ချက်ကို ကာယကံရှင်မိသားစုဝင်တွေ ရှေ့မှောက်မှာ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုတွေ ကတော့ ကျေနပ်မှုသိပ်မရှိပါဘူး။ သေဆုံးသူတွေရဲ့ အမျိုးသမီးတွေမှာ သားသမီးတွေ ၂ ယောက်၊ ၃ ယောက်စီရှိနေတာကြောင့် သူတို့ရဲ့ မိသားစုဘ၀တွေအတွက်လည်း လုံးလောက်တဲ့ ထောက်ပံ့မှုတွေ ပံ့ပိုးပေးဖို့ ဆန္ဒရှိနေကြပါတယ်။
သေဆုံးသွားသူတွေရဲ့ မိသားစုဝင်အချို့
သေဆုံးသွားသူတွေရဲ့ မိသားစုဝင်အချို့
ဒီလို စီရင်ချက်ချမှတ်ခဲ့တာကို တပ်မတော်ဘက်ကတော့ တရားဝင်ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
DVB TV News


လင်ကွန်းအထိမ်းအမှတ်ဗိမာန်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုနေစဉ် (စက်တင်ဘာလ ၁၄ ၂၀၁၆)
လင်ကွန်းအထိမ်းအမှတ်ဗိမာန်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုနေစဉ် (စက်တင်ဘာလ ၁၄ ၂၀၁၆)

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မနေ့ညနေပိုင်းက ၀ါရှင်တန်မှာရှိတဲ့ လင်ကွန်းအထိမ်း အမှတ် ဗိမာန်ကို သွားရောက် ကြည့်ရှုခဲ့ ပါတယ်။

ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

အထူး ဧည့်သည်တော် လည်ပတ်မှုအစီအစဉ်အနေနဲ့ ၀ါရှင်တန်မှာရှိတဲ့ အထင်က ရ နေရာတွေထဲက တခုဖြစ်တဲ့ လင်ကွန်းအထိမ်းအမှတ်ဗိမာန်နဲ့ ၁၉၆၃ခုနှစ်က အဲဒီနေရာမှာ မာတင်လူသာကင်းရဲ့ “ကျနော်မှာ အိပ်မက်တ ခုရှိတယ်” ဆိုတဲ့ အထင်ကရ မိန့်ခွန်းပြောကြားခဲ့ တဲ့နေရာ ကို ဒေါ်အောင်ဆန်း စုကြည် လာရောက်ကြည့်ရှုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့ အမေရိကန် ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးအောင်လင်း တို့လိုက်ပါလာ ခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့အတူ အမေ ရိကန်နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူတွေက ကြိုဆိုခဲ့ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် လင်ကွန်းဗိမာန်ကို လာရောက်ကြည့်ရှုတာနဲ့ပတ်သက်လို့ သံအမတ်ကြီး Scot Marciel ရဲ့ အမြင်ကိုမေးကြည့်တော့-

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအိုဘားမားတို့ နှစ်ဦးလုံးတွေ့ဆုံချိန်မှာ အပြည့်အစုံပြောကြားခဲ့တဲ့အတွက် ကျနော့်မှာ အထူးအထွေပြောဖို့ မရှိပါဘူး။”

လင်ကွန်းအထမ်းအမှတ်ဗိမာန်တည်ဆောက်ထားပုံ၊ နောက်ပြီးအဲဒီမှာ ဖေါ်ပြထားတဲ့ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအချက်တွေ၊ သမ္မတ လင်ကွန်းရဲ့ မှတ်သားဖွယ်မိန့်ခွန်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တနာရီနီးပါး သေချာလေ့လာကြည့်ရှု သွားပါတယ်။ အဲဒီနောက် မြန်မာသံရုံး မှာ ပြုလုပ်တဲ့ ညစားစားပွဲကိုတက်ရောက်ဖို့ ဆက်လက်ထွက်ခွာသွားပါတယ်။



VOA Burmese News


စင်ကာပူမှာ စီးပွားရေးတုံ့ဆိုင်းမှုကြောင့် အလုပ်လက်မဲ့နှူန်းမြင့်တက်လာနေ တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

 စကာင်္ပူနှိုင်ငံသား အလုပ်လက်မဲ့နှူန်းဟာ မတ်လအတွင်း ၁% ကနေ ၂% အထိ၊ အမြဲတမ်းနေထိုင်သူ အလုပ် လက်မဲ့နှူန်းဟာ ၂.၅% ကနေ ၃%အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

 အဲ့ဒီလိုမြင့်တက်လာတာဟာ ၂၀၁၂ ဇွန်လကစတင်ပြီး ပထမဆုံးအကြိမ်လို့သိရပါတယ် ။အလုပ်လက်မဲ့တွေဟာ အသက် ၃၀ နဲ့ ၅၀ ကြားအရွယ်တွေဖြစ်ပါတယ်။

 အဲ့ဒီ အလုပ်လက်မဲ့တွေထဲမှာ အဆင့်မြင့်ပညာဘွဲ့ရ တွေလည်းပါဝင်ပြီး ယခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း လုပ်သား ၉၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ Channel News Asia သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews


တပ်ကုန်းမြို့အနီး ကားလမ်းဘေး ၆ပေခန့်အကွာမှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးအလောင်းကို စက်တင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူ အမျိုးသားရဲ့ ကားရပ်ထားခဲ့တဲ့ နေရာနဲ့ ၃မိုင် ခန့်အကွာမှာတွေ့ရှိတာလို့သိရပါတယ်။ ဓါတ်ပုံ - Tin Ko Win
ပင်လောင်းမြို့ အမှတ် (၃) အထူးဆောက်လုပ်ရေးအင်ဂျင်နီယာတပ်မှူး ဗိုလ်မှူးဝေဖြိုးအောင်နှင့် ၎င်း၏ ဇနီးဖြစ် သူတို့ သေဆုံးမှုနှင့်ပတ်သက်၍ နှစ်ဖက်မိသားစုဝင်များက အပြန်အလှန်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်တွင် ဗိုလ်မှူးဝေဖြိုးအောင်က ၎င်း၏ ဇနီးဖြစ်သူသည်၎င်း၏ လည်ပင်းကို ဓားဖြင့်ထိုးနေကြောင်း ညီဖြစ်သူထံ ဖုန်းဆက်သွယ်ပြောဆိုသဖြင့် မိခင်ဖြစ်သူကသွားရောက်ကြည့်ရှုရာ တပ်ကုန်း-ပင်လောင်းလမ်း မိုင်တိုင်အမှတ် ၈/၄ တွင် ကားပေါ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ချွေးမဖြစ်သူပျောက်ဆုံးနေသောကြောင့် ချွေးမဖြစ်သူ ဒေါက်တာခင်စန္ဒီကျော်ကို တပ်ကုန်းရဲစခန်း၌ အမှုဖွင့်ခဲ့သည်။


ထို့နောက် ဒေါက်တာခင်စန္ဒီကျော်အား ၎င်း၏ အစ်မဖြစ်သူ ဒေါ်စုမွန်မွန်ကျော်က ဆက်လက်ရှာ ဖွေခဲ့ရာ တပ်ကုန်း-ပင်လောင်းလမ်း မိုင်တိုင်အမှတ် (၅/၁) တွင် နေရာအနှံ့ထိုးသွင်းဒဏ်ရာ (၂၉) ချက်၊ ပြတ်ရှဒဏ်ရာ (၂) ချက် စုစုပေါင်း ဒဏ်ရာ (၃) ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် အစ်မဖြစ်သူ ဒေါ်ခင်စုမွန်မွန်ကျော်က ညီမဖြစ်သူ သေဆုံးမှုအတွက် ဗိုလ်မှူးဝေဖြိုးအောင်ကို အရေးယူပေးရန် တပ်ကုန်းမြို့မရဲစခန်းသို့ စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီခွဲခန့်တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။


ကားပေါ်တွင် ကျန်ရစ်နေသည့်ဗိုလ်မှူးဝေဖြိုးအောင်နှင့် ဒေါက်တာခင်စန္ဒီကျော်တို့၏ ၄ နှစ်အရွယ်သမီးဖြစ်သူက“ဖခင်ဖြစ်သူက မိခင်ဖြစ်သူအား ဓားဖြင့်ထိုးရန် ပွေ့ထမ်းပြီး ချောက်ထဲသို့ ပစ်ချခဲ့ကြောင်း၊ ဖခင်ဖြစ်သူသည် ကားကို သမီးနှင့်အတူ ဆက်မောင်းပြီး ကားရပ်ကာ ဖေကြီးက မိမိကိုယ်တိုင် ဓားဖြင့်ထိုးနေသည်ကို မြင်တွေ့ရကြောင်း” ပြောကြားခဲ့သည်ဟု ဒေါ်စုမွန်မွန်ကျော်၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ဗိုလ်မှူးနှင့် ဇနီးဖြစ်သူတို့ သေဆုံးမှုနှင့် ပတ်သက်ရန် တပ်ကုန်းမြို့မရဲ စခန်းက အမှုမှန်ပေါ်ပေါက်ရေး အတွက် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal



(အလောင်းစွန့်ပစ်ခဲ့တဲ့ ချောက်ရှိရာ ရေနှုတ်မြောင်း တနေရာ)
နေပြည်တော်တပ်ကုန်းမြို့နယ် အမှတ်(၃) အထူးဆောက်လုပ်ရေး အင်ဂျင်နီယာတပ်က ဗိုလ်မှူး ဝေဖြိုးအောင်နဲ့ ဇနီးဖြစ်သူတို့ နှစ်ဦးစလုံး ဓါးဒဏ်ရာနဲ့သေဆုံးတဲ့ ဖြစ်စဉ်မှာ သူတို့ရဲ့ (၄)နှစ်သားအရွယ် သမီးဖြစ်သူကထုတ်ဖေါ်ပြောဆိုခဲ့တာကြောင့် အမှုမှန်ပေါ်ပေါက်သွားခဲ့ပါတယ်။

ဗိုလ်မှူး ဝေဖြိုးအောင်ဟာ ဇနီးဖြစ်သူနဲ့စကားများရာကနေ ဇနီးဖြစ်သူကို ဓားနဲ့ထိုးမိပြီး အလောင်းကို ချောက်ထဲပစ်ချကာ မိမိကိုယ်ကိုယ်လည်း ဓားနဲ့ထိုးပြီး အဆုံးစီရင်ခဲ့တာကို (၄)နှစ်သားအရွယ်သမီးဖြစ်သူက တွေ့ရှိခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း တပ်ကုန်းမြို့မရဲစခန်းက အတည်ပြုပါတယ်။

 စက်တင်ဘာလ(၁၄)ရက် နံနက်(၄)နာရီခွဲလောက်က အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဗိုလ်မှူးဝေဖြိုးအောင်ဟာ ကင်းသာ-ပင်လောင်းကားလမ်း မိုင်တိုင်(၈)မိုင် (၃)ဖာလုံအရောက်မှာ ဇနီးဖြစ်သူနဲ့စကားများပြီး ဇနီးဖြစ်သူက ဓားနဲ့စထိုးခဲ့ကြောင်း၊ ဇနီးဖြစ်သူ သေဆုံးခဲ့ပြီးနောက် ခင်ပွန်းက အလောင်းကို ချောက်ထဲချထားခဲ့ကြောင်း၊ အဲဒီနောက် ကားကိုဆက်မောင်းလာပြီး မိုင်တိုင်(၅)မိုင်အရောက်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သမီးဖြစ်သူရဲ့ ပြောကြားချက်အရသိရပါတယ်။

 မသေဆုံးမီ ဗိုလ်မှူးဝေဖြိုးအောင်က သူ့ရဲ့ညီဖြစ်သူကို ဖုန်းလှမ်းဆက်ပြီး ဇနီးဖြစ်သူက ဓားနဲ့ထိုးနေကြောင်း အကြောင်းကြားခဲ့ပါတယ်။

 အဲဒီနောက် ဗိုလ်မှူးဝေဖြိုးအောင်ရှိတဲ့နေရာကို သူ့ရဲ့မိသားစုဝင်တွေက လာရောက်ခဲ့ရာမှာတော့ သေဆုံးနေတာကိုတွေ့ခဲ့ရပြီး ဇနီးဖြစ်တဲ့ ဒေါက်တာမြတ်စန္ဒီကျော်ကိုတော့ အဲ့ဒီနေ့ညနေ (၆)နာရီလောက်မှ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ဒါပေမယ့် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကတော့ လူသတ်မှုနဲ့ နှစ်ဘက်အပြန်အလှန်အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။

 ဒဏ်ရာဒဏ်ချက် စစ်ဆေးချက်တွေကို ကျွမ်းကျင်တဲ့ ပါရဂူတွေကို အဖြေရှာခိုင်းထားပြီး စီအိုင်ဒီကို စုံစမ်းဖို့ အထူးတာဝန်ပေးထားတယ်လို့ နေပြည်တော်ကောင်စီနယ်မြေ ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews



စာတတ်မြောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- မြဝတီ)
    ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ စာမတတ်သူ သုံးသန်းကျော် ရှိနေသေး သောကြောင့် ၂၁ ရာစုအတွင်း စာမတတ်သူ မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စာတတ်မြောက်ရေး နှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ထံမှ သိရသည်။

မြန်မာနိုင်ငံ၌ စာမတတ်သူ မရှိစေရေး အတွက် ၂ဝ၁၃ ခုနှစ်မှ စတင်၍ အ-သုံးလုံး လုပ်ငန်းကို နိုင်ငံတော် အစိုးရ ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက် ရှိပြီး စီမံကိန်းအရ ကယားပြည်နယ် တစ်ခုလုံးကို စာတတ်မြောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ စာမတတ်သေးသူ များအတွက် စာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှစ်စဉ် စာသင်သားများ အတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များနှင့် ဗလာစာအုပ်များ ဝေငှခြင်း၊ တိုးချဲ့မြို့နယ်များ သတ်မှတ်ပြီး အ-သုံးလုံး လုပ်ငန်းများကို နိုင်ငံတော် အစိုးရ၏ လုပ်ငန်းစဉ်အဖြစ် နည်းပညာ ပံ့ပိုးမှုများ ပေးခြင်းအပြင် ကျောင်းနေ အရွယ်ကလေးများ ကျောင်းမနေနိုင် ပါက ကျောင်းပြင်ပ ပညာရေးအဖြစ် သင်ကြားပေး ခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာပေါ်၌ လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်ရှိသည့် အနက် စာမတတ်သူ ဦးရေမှာ သန်း ၈ဝဝ ခန့်ရှိကြောင်း ကမ္ဘာ့ စာတတ်မြောက်ရေး နေ့တွင် ယူနက်စကို၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီး ရှေ့တန်းစစ်မြေပြင်တွင် ကချင်စစ်သားတစ်ဦးကို တွေ့ရစဉ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ် လိုင်ဇာမြို့အနီးမှာ ဒီကနေ့ မနက်အစောပိုင်းက အစိုးရတပ်မတော်ဖက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကချင်တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ ဒီရက်ပိုင်းတွေအတွင်းတွေမှာ လိုင်ဇာအနီးမှာ လက်နက်ကြီးနဲ့ပစ်ခိုက်တိုက်ခိုက်တာတွေ ရက်ခြားဆိုသလိုဖြစ်လာနေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထိခိုက်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က နှစ်ဖက်တပ်တွေအကြား အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဟူးနေ့က ငြိမ်သက်နေခဲ့တဲ့ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြားမှာ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်တာတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့တိုက်ခိုက်မှုကတော့ အစိုးရတပ်မတော်ဖက်က လိုင်ဇာမြို့အနီးက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ဒီမနက် ၆ နာရီခွဲအချိန်လောက်မှာ ဒီလိုင်ဇာနဲ့ နီးတဲ့နေရာမှာ လက်နက်ကြီးနဲ့ ပစ်ကြတာတွေ ရှိပါတယ် ဟုတ်ကဲ့။ လက်နက်ကတော့ ၈၁ မမ လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ ရဲဘော်တွေ ထိခိုက် ဒဏ်ရာရတာတွေ ရှိပါတယ်။ ၄ ယောက်လောက်ထိတယ် ဒါပေမယ့် စိုးရိန်ရတဲ့ အဆင်တော့ မရှိပါဘူး။ အားလုံးကတော့ ဆေးရုံမှာ ဆေးကုသမှုကို ခံယူနေတယ် အဆင်ပြေပါတယ်။”

ဒီလိုတိုက်ခိုက်တာတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးတာတွေအပေါ်မှာ အလှမ်းကွာဝေးစေမယ့် အခြေအနေ ဖြစ်လာကြောင်း ဒုဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ဒီတပ်မတော်ဘက်က အခုလိုမျိုးတိုက်ပွဲတွေ ဆင်နွဲတယ်ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေအတွက်ကတော့ စိုးရိမ်စရာတွေ ရှိပါတယ်။ ကျနော်တို့ဆီမှာ တိုက်ပွဲတွေဆင်နွဲတယ်ဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့တော့ အလှမ်းဝေးနေသလားလို့ပေါ့နော် စဉ်းစားမိပါတယ်။”

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး မေးမြန်းဖို့ တပ်မတော်ပြောခွင့်ရသူကိုဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ဥက္ကဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန်ကတော့ နိုင်ငံရေးဆွေးနွေးနေစဉ်မှာ ဒီလို တိုက်ခိုက်တာတွေဖြစ်နေရင် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

“ကျနော်တို့ကတော့ ဒီမှာ တောက်လျှောက် အားလုံးက ကြိုးစားဆွေးနွေးနေကြတာပေါ့လေ။ ပြီးရင် NCA နဲ့ ပတ်သက်တဲ့ဟာ နောက် Political framework နဲ့ ပတ်သက်တာတွေလည်း review လုပ်တာတွေလည်း စေ့စပ်နိုင်ဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ အောက်ခြေမှာတော့ တိုက်ပွဲတွေဖြစ်နေတယ် ခပ်စိပ်စိပ်လည်းဖြစ်နေတယ်ဆိုတဲ့အတိုင်းအတာက အနည်းနဲ့အများကတော့ ငြိမ်းချမ်းရေးကို ရှေ့ဆက်ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ ထိခိုက်စေမှာပဲ၊ ဒီလိုဖြစ်နေတဲ့ကိစ္စကတော့ အစိုးရအတွက်ရော ၊ လက်မှတ်ထိုးပြီးသားအဖွဲ့တွေအတွက်ရေ၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအတွက်ရော အထူးသဖြင့် ပြည်သူတွေအတွက်ရော အခက်အခဲအများကြီးဖြစ်စေတာပေါ့။ ကျနော်တို့ အားလုံးမျှော်လင့်ချက် ၊ ပြည်သူတွေအားလုံးလိုလားတဲ့ ငြိမ်းချမ်းရေး ကလည်း မရနိုင်ဘူးလေ။”

ဒီရက်ပိုင်းတွေအတွင်းမှာ ကချင်ပြည်နယ်အတွင်းမှာ ပစ်ခတ်တာတွေ ရှိနေသလို ကရင်ပြည်နယ် အတွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။

ဒီလ ၁၃ရက်နေ့ကတော့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးကို အစိုးရကိုယ်စားလှယ်နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေ ရန်ကုန်မှာ ၃ရက်ကြာဆွေးနွေးနေပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းဖို့၊ ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ အချက်အလက်တွေ စုစည်းထားရှိရေး။ နယ်မြေသတ်မှတ်ရေးနဲ့ မြေမြုပ်မိုင်းရှင်းလင်းရေးတွေကို ဆွေးနွေးနေကြပါတယ်။

 ကိုမိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဂျွန်လ ၂၅ ရက်က အစိုးရစစ်ကြောင်းမှဖမ်းဆီးပစ်သတ်ခံရသော ရွာသား ၅ ဦးအား ကျန်ရစ်သူမိသားစုမှ ဆွမ်းသွတ်ပေးစဉ် (ပုံ- SNLD)
စက်တင်ဘာလ ၁၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်အုပ်စုတွင် ရွာသား ၅ ဦး အသတ်ခံရမှုမှ တရားခံတပ်မတော် သားများအား ပြစ်ဒဏ်ချမှတ်လိုက်သော် လည်း သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများအတွက် တာဝန်ယူပေး မှုတစုံတရာမရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက် ယနေ့ညနေပိုင်းက လူသတ်မှုကျူးလွန်သူများအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် လားရှိုးခရိုင်တရားရုံးမှ ပြစ်ဒဏ်ချ မှတ်သည်ဟု စီရင်ချက်တွင်လိုက်ပါနားထောင်သည့် မိုင်းယော်ဒေသခံ စိုင်းလောဝ်ဖ ကသျှမ်းသံတော်ဆင့်အား ပြောသည်။


လူသတ်မှုကျူးလွန်သည်ဟု ( သြဂတ်စ်လ ၁၀ ရက်နေ့က) လားရှိုးစစ်ခုံရုံး တွင် ၀န်ခံချက်ပေးသွားသော အမှတ် ၁၀ (စကခ) စစ်ဆင်ရေး နှင့် ကွပ် ကဲ ရေးဌာန ယာယီ တပ်မမှူး ဗိုလ်မှူးကြီး မျိုးအောင်၊ ဟိုပန်အခြေစိုက် အမှတ် ၃၆၂ ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူး တင်မျိုးဇော် ၊ ဒုတိယ စစ်ဦးစီးမှူး (IO) ဗိုလ်မှူးအောင်နေဖြိုး နှင့် စရဖ အရာရှိ ဗိုလ်ကြီး လင်းနိုင်စိုး ၊ တပ်ကြပ်ကြီး စိန်ဝင်းမောင်၊ တပ်ကြပ်ကြီး မောင်အုန်း နှင့် တပ်ကြပ်ေ မာင်ေ မာင် ထွေး တို့ ၇ ဦးအား ယနေ့ညနေပိုင်းက တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။

"သူတို့ပြစ်ဒဏ်ချမှတ်ပေး မယ် ဆိုပြီး သေဆုံးသွားသူတွေရဲ့ကျန်ရစ်သူ မိသားစု ကို ခေါ်လာလို့ သွားနားထောင်ရတယ်။ ကျန်ရစ်သူ မိသားစုဝင်တွေအတွက်တော့ တာဝန်ယူမှု၊ လျော်ကြေးပေးမှု အကြောင်းလုံးဝ မပြောဘူး။ ကျနော်တို့တွေအခက်အခဲတွေအများကြီးရှိပါတယ်။ မိသားစုကို ရှာကျွေး တဲ့သူကို သူတို့သတ်လို့သေသွားပြီလေ။ ကျန်ရစ်သူတွေဆက် လက်အသက် ရှင်နေထိုင်ဖို့ အရမ်းခက်သွားပြီလေ။ ဒါကြောင့် လျော်ကြေး လိုချင်ပါတယ်။ တာဝန်ယူပေးမှုလိုချင်ပါတယ် " - ဟု အသတ်ခံရသူများ၏ ကျန်ရစ်သူမိသားစုဝင်တဦးဖြစ်သော စိုင်းလောဝ်ဖ ကပြောသည်။

ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ချမှတ်ရာတွင် လားရှိုးမြို့ အခြေစိုက် ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တရားရုံးတွင် ခုံရုံး ဉက္ကဌ ဗိုလ်မှူး ချုပ် နေဝင်းအောင် ၊ တရားလိုအရာရှိ ဒု ဗိုလ်မှူးကြီး ကျော်မိုးမြင့်၊ တရားခံ အရာရှိ ဒု ဗိုလ်မှူးကြီး နိုင်ဝင်း တို့ပါဝင်ခဲ့ကြောင်းလည်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၌ ဂျွန်လ ၂၅ ရက်ေ န့က အစိုးရတပ်မတော် ခမရ ၃၆၂ က စစ်ကြောင်းတကြောင်း က ပြောင်းခြံ လုပ်သား မိုင်းယော်ဒေသခံ ရွာသားငါးဦးအား ဖမ်းဆီးေ ခါ် ဆောင် ကာ ရိုက်နှက် စစ်ဆေး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ဝတ်စုံများဝတ်ပေးပြီး ဓါးဖြင့်ထိုးသတ် ခဲ့သည့်အမှုဖြစ်ပွါးခဲ့သည် ။

အဆိုပါလူသတ်မှုမှာ တပ်မတော်ဘက်က ကျူးလွန်မိကြောင်း ဂျူလိုင် ၂၀ ရက်နေ့က ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ၀န်ခံပြောကြားခဲ့သည် ။

ဂျွန်လ ၂၅ ရက်က အစိုးရစစ်ကြောင်းမှဖမ်းဆီးပစ်သတ်ခံရသော ရွာသား ၅ ဦးမှာ မန်ကစ်ရွာမှ စိုင်းအိုက်ဆိုင် (အသက် ၂၃ နှစ်) စိုင်းအိုက်လွတ် ၃၉ နှစ် ၊ အိုက်မောင် ၂၇ နှစ် ၊ မန်တပ်ရွာမှ စိုင်းရွှေလူ ၁၇ နှစ်နှင့် အိုက်မောင်၂၃ နှစ် တို့ဖြစ်ပါသည် ။

သျှမ်းသံတော်ဆင့် ၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese



စက်တင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စင်ထရယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လူကုန်ကူးမှုလျော့နည်း ပပျောက်ရေးအတွက် ကူညီခဲ့သူတွေကို ဂုဏ်ပြုဆုပေးအပ်ခဲ့တဲ့ အခမ်းအနားကို တွေ့ရစဉ်။ Photo:MAT
ထိုင်းနိုင်ငံ လူကုန်ကူးမှုလျော့နည်းပပျောက်ရေးမှာ ကူညီဆောင်ရွက်ခဲ့သူတွေကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး စုံစမ်းထောက်လှမ်းရေး DSI အဖွဲ့က ဂုဏ်ပြုလွှာနဲ့ ရွှေတံဆိပ်ဆုတွေ ချီးမြှင့်ခဲ့ရာမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်းနဲ့ မြန်မာသံရုံးတို့ကို လည်း ပေးအပ်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စင်ထရယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ နိုင်ငံတကာသံရုံးတွေက သံအရာရှိတွေနဲ့ လူကုန်ကူးမှုမှာ ပူးပေါင်းပါဝင်ကူညီခဲ့ကြသူ ၁၉  ယောက်ကို ဆုချီးမြှင့်ခဲ့ရာမှာ မြန်မာနိုင်ငံသားအရေး ကူညီဆောင်ရွက်ပေးနေကြသူတွေကိုလည်း ဆုပေးအပ် ခြင်းခံခဲ့ရတာဖြစ်တယ်လို့ ဆုလက်ခံရယူခဲ့တဲ့ MAT အဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

"မနေ့က ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ Department of Special Investigation ပေါ့၊ သူတို့ရဲ့ လူကုန်ကူးမှု လျော့နည်းပပျောက် ဝိုင်းဝန်းကူညီပေးကြတဲ့ဆုပေါ့၊ နာမည်ကတော့ ဘယ်လိုရေးထားလဲဆိုတော့ DSI Model Network လို့ရေးထားတယ်၊ သူတို့ပြောတာ ကတော့ သူတို့နိုင်ငံရဲ့ ဒီလူကုန်ကူးမှု အဆိုးဆုံးအဆင့်ကနေ သုံး Tair (3) ကနေ Tair (2) သို့ လျော့နည်း သွားအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့ ထိုင်းနိုင်ငံသား အပါအဝင် နိုင်ငံခြားသံရုံးက သံတမန်တွေ နောက်ပြီးတော့ မြန်မာထဲကတော့ ကျနော်ရယ် နောက်ပြီးတော့ မြန်မာသံရုံးကိုလည်း ပဲ ပေးတယ်ဗျ"

လူကုန်ကူးမှုလျော့နည်းပပျောက်ရေးအတွက် ကူညီခဲ့သူတွေကို ဂုဏ်ပြုဆုပေးအပ်ခဲ့တဲ့ အဲ့ဒီအခမ်းအနားမှာ နည်းပညာပိုင်ဆိုင်ရာ ကူညီပံ့ပိုးပေးသူတွေ၊ နိုင်ငံတကာက ကူညီပံ့ပိုးခဲ့သူတွေ၊ ထိုင်းနို်င်ငံတွင်းက လူမှုအဖွဲ့အစည်းတွေ အပါအဝင် မြန်မာသံရုံးကလည်း ဆုလက်ခံရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့ မြန်မာသံရုံးကိုယ်စား ဆုလက်ခံရယူခဲ့တဲ့ သံမှူး ဒေါ်စန္ဒီဝင်းကျော် က RFA ကို အခုလို ပြောဆိုပါတယ်။

"သံရုံးက သူတို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်တဲ့အတွက် သူတို့က ဆုပေးတာပါ၊ အသိအမှတ်ပြုတာပေါ့နော် ၊ ကျေးဇူးတင်တဲ့အနေနဲ့ ဆုပေးပါတယ်၊ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့်လေ၊ လူကုန်ကူး ကိစ္စ တွေပေါ့နော်၊ ကျမတို့ကတော့ သံရုံးက  အမြဲတမ်း ဒီကိစ္စတွေကို ဆောင်ရွက်ပေးနေတာဆိုတော့လေ ဒါပေမဲ့ သူတို့နဲ့ ပိုပြီးတော့ နီးနီးစပ်စပ်ရှိတော့ အလုပ်လုပ်ရတာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ရှိတာပေါ့နော်၊ ပိုပြီးတော့ ရင်းနှီးသွားတာပေါ့"

ဂုဏ်ပြုဆုရရှိခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ဟာ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရဲ့ ဦးဆောင်မှုနဲ့ သံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဖွဲ့စည်းပြီး လူကုန်ကူးမှု တားဆီးနှိမ် နင်းရေးတွေကို ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

MAT အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်နဲ့ ၂ဝ၁၄ ခုနှစ်တွေကလည်း ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ Anti-Human Trafficking Division (AHTD) အဖွဲ့ကနေပြီး ဂုဏ်ပြုလွှာနဲ့ ထိုင်းဘတ်ငွေ တစ် သောင်းခွဲ ဆုချီးမြှင့်တာခံခဲ့ရပါတယ်။

RFA Burmese
http://www.rfa.org/burmese


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ မြန်မာသံရုံး/စစ်သံရုံး ၀န်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံမှာကြား

(၁၄-၉-၂၀၁၆ ရက် နေ့၊ ၀ါရှင်တန်မြို့)

ဝါရှင်တန်မြို့တွင်ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဒေသစံတော်ချိန် ၁၉း၀၀ နာရီတွင် အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ နှင့် မြန်မာသံရုံး/စစ်သံရုံးမိသားစုများနှင့် တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပါသည်။

မြန်မာသံရုံး/စစ်သံရုံးမိသားစုများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ-

- မိမိတို့တိုင်းပြည်ကောင်းစားမှ ပြည်သူတစ်ဦးချင်းစီ၏ လူမှုဘ၀ ကို မြှင့်တင်ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း၊

- အမေရိကန်ပြည်ထောင်စုတွင် မြန်မာနိုင်ငံသားများစွာရှိပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအကျိုးကို ဆောင်ရွက်ရန် လိုလား စိတ်အားထက်သန်သူ များစွာရှိကြောင်း၊


- မြန်မာသံရုံးနှင့် သံရုံးဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံသားများနှင့် ရင်းနှီးခင်မင်မှုရရှိစေရန်နှင့် မိခင်မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် ဆန္ဒရှိသူများအား မိမိနိုင်ငံသို့ပြန်လာနိုင်ရန်အတွက် ဆောင်ရွက်စေလိုကြောင်း၊

- သံရုံးဝန်ထမ်းများ အနေဖြင့်လည်း တစ်ဦးချင်း၏ အရည်အချင်းမြှင့်တင် ကြိုးစားမှုကို အားပေးနေကြောင်း ၊ အားပေးရန်လည်းမှာကြားလိုကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ ၀ါရှင်တန်မြို့
Ministry of Foreign Affairs Myanmar


ဆိပ်ဖြူ  - စက်တင်ဘာ ၁၅

မကွေးတိုင်ဒေသကြီး ဆိပ်ဖြူမြို့နယ် ဒေါသာကျေးရွာ၏ အနောက်မြောက်ဘက် (၂)မိုင်ခန့် အကွာ ချစ်ချောင်းအနီး ဖျောက်ဆိပ်ပင် မိုးကြိုးထိပြစ်ခြင်းကြောင့် ဆိတ်၊ သိုး (၆၃)ကောင် မိုးကြိုးစက်ကွင်း မိသေဆုံးခြင်းကို စက်တင်ဘာလ (၁၅)ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲက ဖြစ်ပွားသည်။


အဆိုပါဖြစ်စဉ်ကြောင့် ဒေါသာကျေးရွာမှ ဦးလှမောင်ဌေး ပိုင်ဆိုင်သော ဆိတ် (၅၁)ကောင်နှင့် ဦးသိန်းထွန်း ပိုင်ဆိုင်သည့် သိုး(၁၂)ကောင် စားကျက်ချ လွှတ်ကျောင်း ချိန်တွင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်းသိရှိရသည်။ မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အေး ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းမြင့်ဝင်းနှင့်တပ်ဖွဲ့ဝင်များ ၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ကျော် တို့ပါဝင်သော အဖွဲ့သည် အဆိုပါကျေးရွာသို့သွားရောက်ခဲ့ပြီး မိုးကြိုထိမှန် သေဆုံးခဲ့သည့် ဆိတ်နှင့် သိုးများကို မြေမြှပ် သုတ်သင် ရှင်းလင်စေရေးလုပ်ငန်းများ ကို လမ်းညွှန်ကြီး ကြပ်ဆောင်ရွက်ခဲ့ပြီး မိုးကြိုးထိမှန် သေဆုံးခဲ့သည့် ဆိတ်၊ သိုး (၆၃) ကောင်၏ ဆုံးရှုံးမှုတန်းဖိုးမှာ ၂၃ သိန်း ၈ သောင်း ၅ထောင်ကျပ်ခန့်ရှိကြောင်းသိရှိရပြီး လူထိခိုက် သေဆုံးမှု မရှိကြောင်းသိရှိရသည်။

စိုးလင်းနိုင်(IPRD)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



ချင်းတွင်းမြစ်ရေ အမဲရောင်ဖြစ်နေတာကြောင့် နန့်စလိန်ချောင်းဘက် သွားရောက်စစ်ဆေးနေစဉ်။Photo : Ohnmar Myint Ncea's Facebook
ချင်းတွင်းမြစ်ရေ အမဲရောင်ဖြစ်နေတာ ဘာကြောင့်လဲဆိုတာကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ကွင်းဆင်းလေ့လာ ရာ ကျောက်မီးသွေးကြောတစ်ခုကြောင့် ဖြစ်နိုင်တာကို တွေ့ခဲ့ရတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောပါတယ်။

ချင်းတွင်းမြစ်ထဲကိုစီးဝင်တဲ့ နန့်စလိန်ချောင်းမြစ်ဖျားခံရာ စာရာမေတိတောင်ခြေက ကျောက်မီးသွေးကြော ကို ဖြတ်ပြီး ချောင်းရေစီးနေတာကို တွေ့ရှိခဲ့ရတယ်လို့ အဖွဲ့ထဲမှာပါတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေး က ပြောပါတယ်။

"၂ ဖွဲ့ခွဲလိုက်တယ်၊ တစ်ဖွဲ့က ဖြစ်နိုင်တဲ့နေရာကို ဆိုင်ကယ်တွေနဲ့သွားရတာပေါ့၊ ဆိုင်ကယ်စီးလို့ရတဲ့အထိ စီးတယ်၊ စီးလို့မရတဲ့နေရာကျတော့ ခြေလျင်လျှောက်သွားရတယ်၊ ကျွန်တော်တို့ အဲ့ဒီရေမဲကျတယ်ဆိုတဲ့ နန့်စလိန်ချောင်းမြစ်ဖျားခံရာ စာရာမေတိတောင်ခြေအထိ ရောက်ပါတယ်၊ ဖြစ်ရတဲ့ အရင်းအမြစ်ကို တွေ့ခဲ့ တယ်၊ အဲ့လိုတော့ အကြမ်းဖျင်းပြောလို့ရပါတယ်၊ သူက ကျောက်မီးသွေးကြောကို ဖြတ်ပြီးတော့ မှ ချောင်းရေက စီးတာပေါ့လေ၊ အဲ့မှာဖြစ်ပြီးတော့မှ မိုးကြီးတော့ တောင်ပြိုပြီးတော့ ပါလာတာပေါ့"

chပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံးပတ်ကစပြီး ဟုမ္မလင်းနဲ့ ခန္တီးမြို့နယ်တဝိုက်မှာ ချင်းတွင်းမြစ်ရေတွေ မဲနေတာကြောင့် ဓါတ်ခွဲစစ်ဆေးရာမှာ ခဲဓာတ်တွေ အများအပြားပါဝင်နေတာကို တွေ့ရတာကြောင့် တိုင်းအစိုးရအဖွဲ့က စက်တင်ဘာလ ၆ ရက်နေ့ကစပြီး အခုလို ကွင်းဆင်းစစ်ဆေးနေတာပါ။

တစ်ဖွဲ့က ချင်းတွင်းမြစ်ရဲ့ မြစ်လက်တက်တွေဖြစ်တဲ့ နန့်စီဘွန်နဲ့ နန့်စလိန်ချောင်းတွေဘက်ကို သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဘက်က ရေတွေကို ဓါတ်ခွဲစစ်ဆေးရာမှာတော့ ခဲပါဝင်မှုတွေ များနေတာတွေ့ရပြီး ချင်းတွင်းမြစ်ရေမှာတော့ ခဲပါဝင်မှုမရှိတော့ဘူးလို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ပြောပါတယ်။

လက်ရှိမှာတော့ ရေမဲတွေစဖြစ်တဲ့ အရင်းအမြစ်လို့ ယူဆရတဲ့ စာရာမေတိတောင်ခြေက ရေနမူနာတွေကို ယူဆောင်လာပြီး မန္တလေးဓါတ်ခွဲခန်းမှာ ထပ်မံစစ်ဆေးမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


သြဂုတ်လ ၃၀ ရက်နေ့ကစပြီး ရေကြီးတဲ့ဒဏ်ကို ခံနေရတဲ့ မြောက်ကိုရီးယားနိုင်ငံအတွက် လူပေါင်း ၂ သိန်းလောက် ပါဝင်မယ့် ကြီးမားကျယ်ပြန့်တဲ့ ကယ်ဆယ်ကူညီရေးတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။

အဲဒီရေဘေးဒဏ်ကြောင့် လူပေါင်း ၁၄၀ လောက် သေဆုံးခဲ့ရသလို ပျောက်ဆုံးနေသူကလည်း ၄၀၀ လောက် ရှိတဲ့အပြင် အိုးအိမ်ရွှေ့ပြောင်းနေရသူက သိန်းနဲ့ သောင်းနဲ့ချီ ရှိနေတာပါ။

အိမ်တွေနဲ့ အိုးအိမ်ပစ္စည်းတွေ ရေထဲမျောပါကုန်ပြီး လူပေါင်း ၆ သိန်းလောက်ဟာ သောက်သုံးရေမရှိဘဲ နေနေကြရပါတယ်။ ဒါ့အပြင် စိုက်ပျိုးသီးနှံတွေလည်း ပျက်စီးကုန်ပြီး ကျန်းမာရေး စောင့်ရှောက် ကုသပေးသူလည်း မရှိကြဘဲ ဖြစ်နေတဲ့အတွက် အရေးပေါ် အကူအညီ လိုအပ်နေသူပေါင်းက တသိန်း လေးသောင်းလောက် ရှိနေပါတယ်။

အိမ်တွေနဲ့ ကျောင်းတွေ အပါအဝင် သိန်းနဲ့သောင်းနဲ့ ချီတဲ့ အဆောက်အဦးတွေဟာ တချို့တစိတ်တပိုင်း ပျက်စီးခဲ့ရပေမဲ့ တချိုကတော့ လုံးဝ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ အခြေခံ အဆောက်အအုံတွေက ညံ့သလို သစ်တော ပျက်သုန်းမှုလည်း ကြီးမားတဲ့အတွက် ရေကြီး ရေလျှံတဲ့ ဒဏ်ကို အတော်ခံစားနေရတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ရေဘေးဒဏ်သင့်သူတွေအတွက် နားခိုစရာနေရာရဖို့ အရင် ရှာပေးနေရပေမဲ့ တကယ်တမ်း အဓိက စိုးရိမ်စရာ ကောင်းလောက်အောင် လိုအပ်နေတာက သောက်သုံးရေသန့် ဖြစ်တယ်လို့ Pyongyang မှာ ရှိတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အကြီးအကဲ Chris Staines က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



နှစ်ရက် တာ အပစ်ရပ်ခဲ့တဲ့ ရက်တွေမှာ အရပ်သား အသေအပျောက် လုံးဝ မရှိခဲ့။
ဆီးရီးယား နိုင်ငံထဲ ရယူ ထားတဲ့ အပစ်ရပ် သဘောတူမှု ကို နောက်ထပ် ၄၈ နာရီ ကြာ တိုးမြှင့် ဖို့ အမေရိကန် နဲ့ ရုရှား အစိုးရ နှစ်ရပ် အကြား သဘောတူ ခဲ့ကြတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

အမေရိကန် နဲ့ ရုရှား နှစ်နိုင်ငံ ပူးပေါင်းပြီး ကမကထ လုပ် ရယူထားတဲ့ လက်ရှိ အပစ်ရပ် သဘောတူမှု ဟာ ဆီးရီးယား နိုင်ငံထဲ သက်ဝင် ခဲ့တာ နှစ်ရက် ကြာမြင့် နေပြီ ဖြစ်ပါတယ်။

ဒီ နှစ်ရက် တာ ကာလ ထဲမှာ အပစ်ရပ် ကျိုးပေါက် မှု တွေ အကြိမ်ရေ တချို့ ရှိခဲ့ ပေမယ့်၊ အရပ်သား အသေအပျောက် တော့ လုံးဝ မဖြစ်ပေါ် ခဲ့ဘူးလို့ စောင့်ကြည့် နေသူ တွေက ပြောပါတယ်။

ဒါပေမယ့် လုံလောက်တဲ့ လုံခြုံရေး ဆိုင်ရာ အစီအစဉ် တွေ ရှိ မနေတဲ့ အတွက် အရပ်သားတွေကို ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ ပေးဖို့ ရာ ကတော့ မတွင်ကျယ် နိုင် ဖြစ်နေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်း က ဆိုပါတယ်။

ဒါ့ကြောင့် လမ်းကြောင်းတွေ ပွင့်သွားအောင် ဆီးရီးယား အစိုးရ အပေါ် သူ့ရဲ့ မဟာမိတ် ဖြစ်တဲ့ ရုရှား အစိုးရ က တောင်းဆို ပေးဖို့ နဲ့ ၊ အမေရိကန် အနေနဲ့လည်း သူ ဩဇာညောင်းတဲ့ သူပုန် တပ်ဖွဲ့ဝင် တွေကို တောင်းဆိုဖို့ မစ္စတာ ဘဲန်က တိုက်တွန်း နေပါတယ်။

BBC Burmese
http://www.bbc.com/burmese



ဂျပန်နိုင်ငံအတိုက်အခံပါတီ ခေါင်းဆောင် Renho အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    တိုကျို ၊ စက်တင်ဘာလ ၁၅ ရက် (ဆင်ဟွာ)

    ဂျပန်နိုင်ငံ၏ အဓိက အတိုက်အခံပါတီ(ဒီမိုကရက်တစ်ပါတီ)သည် စက်တင်ဘာလ ၁၅ ရက်က အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသမီးခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ်ရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။

ယခင်က ရုပ်မြင်သံကြား သတင်းတင်ဆက်သူတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည့် Renho သည် ဂျပန်ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်ရွေးချယ်ပွဲတွင် ထောက်ခံမဲအများဆုံး ရရှိခဲ့သည်။

စက်တင်ဘာလ ၁၅ ရက်က ပြုလုပ်သော ဒီမိုကရက်တစ်ပါတီ(DP)၏ ဥက္ကဋ္ဌ ရွေးချယ်ပွဲတွင် ဒိုင်ယက်လွှတ်တော်အမတ်များ နှင့် ပါတီတွင်းမဲပေးခွင့်ရှိသူကိုယ်စားလှယ်များ၏ စုစုပေါင်းမဲအရေအတွက် ၈၄၉ မဲ အနက် Renho က ၅ဝ၃ မဲ ရရှိခဲ့ကြောင်း သိရသည်။Renho ၏ အဓိကပြိုင်ဖက်နှစ်ဦးဖြစ်သည့် ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း Seiji Maehara နှင့် အောက်လွှတ်တော်အမတ် Yuichiro Tamaki တို့ နှစ်ဦးသည် ၂၃ဝ မဲ နှင့် ၁၁၆ မဲ ဖြင့် အသီးသီးရပ်တည်ခဲ့ကြောင်း သိရသည်။

Renho သည် ယခင်က မော်ဒယ် နှင့် ရုပ်မြင်သံကြားသတင်းတင်ဆက်သူတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှ စတင်ကာ တိုကျိုမဲဆန္ဒနယ်၏ အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံထားရသူတစ်ဦးဖြစ်သည်။၎င်းသည် ဂျပန်နိုင်ငံ၌ DPJ ပါတီအာဏာရခဲ့သော ၂ဝဝ၉ ခုနှစ် မှ ၂ဝ၁၂ ခုနှစ်အတွင်း တခါတရံ အစိုးရအဖွဲ့ ဝင် ဝန်ကြီးတစ်ဦးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။

Ishin no To ပါတီ နှင့် ဂျပန်ဒီမိုကရက်တစ်ပါတီ ( DPJ) တို့ ပူးပေါင်းပြီး ၂ဝ၁၆ ခုနှစ် မတ်လတွင် ဒီမိုကရက်တစ်ပါတီကို စတင်ဖွဲ့ စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ပါတီခေါင်းဆောင်သစ်သည် ၂ဝ၁၉ ခုနှစ် စက်တင်ဘာလအထိ ပါတီကို ဦးဆောင်ခွင့်ရမည်ဖြစ်ပြီး ၂ဝဝ၉ ခုနှစ် မှ ၂ဝ၁၂ ခုနှစ်အထိ အာဏာရခဲ့သော ယခင် DPJ ပါတီကို ဆက်ခံသည့် ဒီမိုကရက်တစ်ပါတီအနေဖြင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိအောင် လုပ်ငန်းစဉ်အသစ်များကို ကြိုးပမ်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ဆိုးလ် ၊ ၁၅-၉-၂၀၁၆

မြောက်ကိုရီးယား နိုင်ငံတွင် ယူရေနီယံ ပေါကြွယ်ဝမှုနှင့် ပလူတိုနီယံများ စုဆောင်းထားရှိမှု အရ ယခုနှစ် အကုန်တွင် ယင်းနိုင်ငံ၌ နျူကလီးယားဗုံး စုစုပေါင်းအလုံး ၂ဝ အထိ ရှိလာမည် ဖြစ်ကြောင်း စစ်လက်နက် ပစ္စည်း ကျွမ်းကျင်သူ များ၏ လေ့လာ ဆန်းစစ်ချက် အသစ်အရ သိရသည်။

မြောက်ကိုရီးယား နိုင်ငံသည် တစ်နှစ်လျှင် နျူကလီးယားဗုံး ခြောက်လုံး ထုတ်လုပ်နိုင် သည်အထိ ယူရေနီယံများ ပေါကြွယ်ဝပြီး ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကို လျစ်လျူရှုကာ ၄င်း၏ နျူကလီးယား အစီအစဉ် အတွက် လိုအပ်သော ယူရေနီယံ သန့်စင်မှုကို ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များက ပြောကြားသည်။

အဆိုပါနိုင်ငံ၏ နျူကလီးယား စွမ်းဆောင်ရည် အမှန်ကို တိတိကျကျ အတည်ပြုနိုင်ရန် ခဲယဉ်းကြောင်း၊ သို့သော် မကြာသေးမီက ပြုလုပ်ခဲ့သည့် ၄င်း၏ ငါးကြိမ်မြောက် နှင့် အားအပြင်းဆုံး နျူကလီးယား စမ်းသပ်မှု ပြီးနောက် နောက်ထပ် နျူကလီးယား စမ်းသပ်မှုပြု လုပ်ရန် ပြင်ဆင်ေ နပြီ ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံ၏ ပြောကြားချက် အရ ၄င်းနိုင်ငံတွင် နျူကလီးယား စမ်းသပ်မှု မကြာခဏ လုပ်ဆောင်ရန် အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း များရှားပါးခြင်း မရှိသည်ကို ထုတ်ဖော်ပြရာ ရောက်ကြောင်း ကျွမ်းကျင် ပညာရှင်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား သည် ယူရေနီယံ ပေါကြွယ်ဝသည့် အပြင် ၄င်းကို လက်နက်ထုတ်လုပ် နိုင်သည့် အဆင့်ထိ ရောက်အောင် သန့်စင်မှုကို ဆယ်စုနှစ် တစ်ခုကြာ လုပ်ဆောင်ခဲ့ပြီး ယခုအခါ တစ်နှစ်လျှင် သန့်စင် ယူရေနီယံ ၁၅ဝ ကီလိုဂရမ် ထုတ်လုပ်နိုင်ဖွယ် ရှိပြီး ယင်းပမာဏ သည် နျူကလီးယားဗုံး ခြောက်လုံး ထုတ်လုပ်ရန် လိုအပ်သည့် ပမာဏနှင့် ညီမျှကြောင်း မြောက်ကိုရီးယား ၏ နျူကလီးယား အစီအစဉ် ဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဆိဂ်ဖရိုင်းဒ်ဟက်ကာ က ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com