09/17/16
စက်တင်ဘာ ၁၇
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ဘက် မြို့ရှောင်လမ်းနှင့် တစ်မိုင်ခန့်အကွာ နမ့်ဂျန်း(တောင်ယာသွားလမ်း) တွင် ယနေ့နေ့လည် ၁၂ နာရီ အချိန်ခန့်က မိုင်းပေါက်ကွဲမူကြောင့် ဒေသခံပြည်သူနှစ်ဦး သေဆုံးခဲ့ ကြောင်းသိရသည်။
အများပြည်သူ တောင်ယာသွားသည့် လမ်းဘေးတွင်ထောင်ထားသောမိုင်းပေါက်ကွဲခြင်းဖြစ်ပြီး အလောင်းကောက်သည့် အချိန်တွင် မပေါက်ကွဲသေးသော မိုင်းတစ်လုံးကိုလည်း တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရကြောင်း မေတ္တာမွန်လူမူကူညီရေးအသင်းတွဲဖက်အတွင်းရေးမှူး ကိုညီညီမြင့်က ရှမ်းနီအသံဂျာနယ်သို့ပြောကြားသည်။
“ မိုင်းကတော်တော်ပြင်းပါတယ်။ မြို့ထဲမှာတောင် မြေကြီးတုန်သွားတယ်။” ဟု မိုးညှင်းမြို့ပေါ်မှ ပြည်သူတစ်ဦးကပြောကြားသည်။
သေဆုံးသွားသူများမှာ အောင်သပြေ (၁) ရပ်ကွက်တွင်နေထိုင်သော ဦးမြင့်ဦး (၄၁ )နှစ် (ဘ) ဦးဌေးလှိုင် နှင့် ကိုမျိုးဝင်း (၃၀) နှစ်တို့ဖြစ်ကြကြောင်းလည်းသိရသည်။ ဖြစ်စဉ်ဖြစ်ပွားချိန် ဦးဌေးလှိုင်ပါဝင်သော်လည်း မစိုးရိမ်ရသော ဒဏ်ရာသာ ရရှိခဲ့ကြောင်းလည်း သိရသည်။
“ မိုင်းက ပေငါးဆယ်အကွာကနေ နှစ်လုံးဆက်တိုက်ပေါက်ကွဲတာပါ။ ရည်ရွယ်တာကတော့ တပ်ကိုရည်ရွယ်တာဖြစ်နိုင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ KIA တပ်မဟာ ၈ ကို စစ်တပ်ကသိမ်းပြီးကတည်းက အဲ့ဒီမှာ ထိုင်ထားတာ ။ ရိက္ခာကို တစ်ပတ်တစ်ခါ သယ်တယ်လို့ပြောတယ်။ အဲ့ဒီလမ်းမှာဖြစ်တာပါ။” ဟု ကိုညီညီက သုံးသပ်ပြောကြားသည်။
မိုင်းပေါက်ကွဲသောနေရာအနီးဝန်းကျင်တွင် ဥယျာဉ်ခြံများနှင့် တောင်ယာများ ရှိကြောင်းလည်းသိရသည်။
သေဆုံးသူများ၏ ရုပ်အလောင်းအား မိုးညှင်းမြို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၊ အရံမီးသတ်တပ်ဖွဲ့ နှင့် မေတ္တာမွန်လူမူကူညီရေးအသင်းတို့က သွားရောက်သယ်ဆောင်ခဲ့ ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
အခင်းဖြစ်ပွားရာသို့ အစိုးရစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျှက် ရှိကြောင်းလည်း သိရသည်။
Photo- Nyi Nyi Nyinyimyint Facebook
The Voice of Shan-Ni
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော် မုံရွာမြို့ ကို တွေ့ရစဉ်။ Photo: RFA
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မုံရွာမြို့ပေါ်က လမ်းဘေးဈေးသည်တွေကို ဖယ်ရှား ရှင်းလင်းသွားမှာဖြစ်ပြီး နေရာအစားထိုးပေးဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မုံရွာမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်း က ပြောပါတယ်။
လမ်းဘေးဈေးသည်တွေကို တစုတဝေးတည်း ဈေးရောင်းချနိုင်မယ့် နေရာ ၂ ခုကို လတ်တလော စည်ပင်သာယာရေးကော်မတီက စီစဉ်ဆောင်ရွက်ထားတယ်လို့ မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောပါတယ်။
"ကားလေးကွင်းရဲ့ တောင်ဘက်က မင်္ဂလာဈေးကွက်လပ်ကြီးထဲမှာ တစ်ခုစဉ်းစားထားတယ်၊ ချင်းတွင်းရတနာဈေးရဲ့ အလယ်ခေါင် ကွက်လပ်ကြီးပေါ့၊ ပေ ၈ဝ ပတ်လည်လောက်ရှိတဲ့ ကွက်လပ်ကြီးထဲမှာ လည်း  ကျနော်တို့ နေရာတွေ အခုတော့ အောက်ခံကြမ်းခင်းတွေ ဘာတွေနဲ့ နည်းနည်းလေး ချောချောမွေ့မွေ့ပြင်ဆင်နေပါပြီ၊ လောလောဆယ်တော့ နှစ်နေရာလောက်တော့ ကျနော်တို့ စဉ်းစားထားတာပေါ့နော်"
မုံရွာမြို့ပေါ်က လမ်းဘေးဈေးသည်တွေကို စာရင်းလိုက်လံကောက်ယူခဲ့ရာမှာ ပျံကျဈေးသည် ၂ဝဝ ကျော်ရှိပြီး လက်ရှိ ဆေးရုံလမ်း၊ လေသာလမ်းနဲ့ အောင်မဟာလမ်းတွေက လမ်းဘေးဈေးသည် ၂ဝ ကျော်ကို ဖယ်ရှားရှင်းလင်းပြီးဖြစ်တယ်လို့ ပြောပါတယ်။
ဒီနေ့ စည်ပင်သာယာရေးကော်မတီက မုံရွာမြို့ပေါ် မိတ်ဆက်လမ်းက လမ်းဘေးဈေးသည်တွေကို ဖယ်ရှားရှင်းလင်းမှာဖြစ်ကြောင်း မနေ့ညက သွားရောက်အသိပေးရာမှာ ဈေးသည်တွေဘက်က တားမြစ်မှုတွေရှိခဲ့ပြီး ဆူပူမှုတွေ ဖြစ်ပေါ်လာမှာစိုးတဲ့အတွက် ရှင်းလင်းမှုကို ခဏရပ်နားထားရပါတယ်။
လမ်းဘေးဈေးသည်တွေကို ဒီလကစပြီး လာမယ့်နှစ် ဖေဖော်ဝါရီလအထိ ခြောက်လ စီမံချက်နဲ့ ဖယ်ရှားရှင်းလင်းသွားမှာ ဖြစ်တယ်လို့လည်း ဦးကျော်မျိုးဝင်းက ပြောပါတယ်။
စည်ပင်သာယာရေးကော်မတီရဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ဈေးသည်တွေကို စည်ပင်ဥပဒေအရ တရားစွဲဆိုခွင့်ရှိပြီး တရားရုံးက ငွေဒဏ်ငါးသောင်းကနေ ကျပ်နှစ်သိန်းအထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရန်ကုန်မြို့ ဆရာစံ ပလာဇာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ကျင်းပတဲ့ အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Photo : Aung Thain Kha/RFA
ကျူးကျော်နေထိုင်သူတွေထဲက အလုပ်အကိုင်ရှိတဲ့သူတွေကို ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီး တန်ဖိုးနည်းအိမ်ရာတွေ အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ဆရာစံ ပလာဇာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ကျင်းပတဲ့ အလုပ်ရှင်-အလုပ်သမား တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သတင်းမီဒီယာသမားတွေကို ပြောခဲ့တာ ဖြစ် ပါတယ်။
ကလေးလုပ်သားတွေ ပပျောက်ဖို့၊ ကလေးလုပ်သား လျော့နည်းဖို့နဲ့ ကလေးလုပ်သားတွေ ပညာဆက်လက် သင်ကြားနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
၂ ရက်ကြာ ကျင်းပမယ့် အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံပွဲမှာ လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေရဲ့ အခက်အခဲတွေ လိုအပ်ချက်တွေ၊ အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည် တိုးတက်မြင့်မား ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပြီး သက်ဆိုင်ရာအစိုးရဌာနတွေက ဖြေရှင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။
ဒီနေ့ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အပါအဝင်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ မြို့တော်ဝန်၊ လုပ်ငန်းရှင်တွေ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ၅ဝ လောက် တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
နေပြည်တော် ၊ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၏ မြောက်ဘက်အစွန်၌ စက်တင်ဘာ ၁၅ ရက် ည ၉ နာရီ ၅ မိနစ်ခန့်တွင် ပေါက်ကွဲသံတစ်ခုကြားသိရသဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာမှာ ယခင်ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန်၏ နေအိမ်ဖြစ်ပြီး နေအိမ်အရှေ့မြောက်ဘက် အမိုးထိပ်စွန်းပျက်စီးနေပြီး ၎င်းအပျက်အစီး နေရာတစ်ဝိုက်မှ ဒုံးသီး သံထည်အပိုင်းအစ ၅ ခု အားသိမ်းဆည်းရမိသည်။
၎င်းဖြစ်စဉ်နေရာပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၆ ရက် နံနက် ၇ နာရီခန့်တွင် ဒုံးသီးသံထည် အပိုင်းအစ ၈ ခုအားထပ်မံသိမ်းဆည်းရမိသည်။
 မိမိတပ်များ နယ်မြေရှင်းလင်းရာတွင် ဒုံးသီးထိမှန် ၀င်ရောက်သည့်လမ်းကြောင်းနှင့် ၀န်းကျင်ရှိသစ်ပင်များ၏ မြင့်မားမှုအနေအထားအရ ပစ်ခတ်သည့်နေရာမှာ လောက်ကိုင်မြို့၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ ကုန်းစောင်းနေရာတစ်ဝိုက်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တွေ့ရှိရသော ဒုံးသီးအပိုင်းအစများအား စိစစ်ချက်အရ MNDAA သောင်းကျန်းသူများအသုံးပြုသည့် တစ်ဖက်နိုင်ငံလုပ် ၁၀၇ မမ ဒုံးပစ်လောင်ချာ ဒုံးသီး အစိတ်အပိုင်းများဖြစ်ပြီး အဆိုပါဒုံးသီးသည် အကွာအဝေး ၅ မိုင်ခန့်အထိ ပစ်ခတ်နိုင်ကြောင်း သိရှိရသည်။
ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲ ခန့်တွင် လောက်ကိုင်မြို့၏ အနောက်မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာ တောင်ကြောတစ်ဝိုက်၌ မသင်္ကာဖွယ်ရာ ဆာလာအိတ်များ တွေ့ရှိရကြောင်း သတင်းအရ သွားရောက်ရှင်းလင်းခဲ့ရာ အဆိုပါနေရာ အနီးတစ်ဝိုက်တွင် တစ်ဖက်နိုင်ငံလုပ် ညကြည့်မှန်ပြောင်း ၁ ခုနှင့် ၁၀၇ မမဒုံးသီး ပြောင်းပါ ၁၈ လုံး၊ ပြောင်းမပါ ၄ လုံး၊ စုစုပေါင်း ၂၂ လုံး၊ (၃လုံးတွဲ ၆ ခု၊ ၄ လုံးတွဲ ၁ ခု)တို့ကို လျှပ်စစ်ဝါယာကြိုးများဖြင့် သွယ်တန်းထားကာ ဒစ်ဂျစ်တယ်အချိန်ထိန်းကိရိယာဖြင့် တပ်ဆင်ထားပြီး လောက်ကိုင်မြို့၏ အဓိကနေရာများအား တစ်ပြိုင်တည်း ပစ်ခတ်ရန် ချိန်ရွယ်ထားကြောင်းတွေ့ရှိရသည်။
လျှပ်စစ်သွယ်တန်းမှုစနစ်အား အသေးစိတ်စစ်ဆေးရာ အချိန်ထိန်းကိရိယာ အတွက် NANFU တံဆိပ်ပါ ၉ ဗို့ဓာတ်ခဲ ၂ လုံး၊ ဒုံးသီးလျှပ်စစ်စနစ်အတွက် PAKKO တံဆိပ်ပါ ၉ ဗို့ဓာတ်ခဲ ၂လုံးနှင့် ဆားကစ် ၁ ခုတို့ဖြင့် အချိန်ကိုက် စုစည်းတပ်ဆင်ထားခြင်းဖြစ်ပြီး အန္တရာယ်လွန်စွာကြီးမားသည့် အခြေအနေတွင် နယ်မြေခံတပ်မတော်သားများက အသက်ကို ပဓာနမထားဘဲ ကြိုးစားဖော်ထုတ်ရှင်းလင်းမှုကြောင့် လောက်ကိုင်မြို့သူ၊ မြို့သားများနှင့် မြို့ပြအဆောက်အဦများ ထိခိုက်ပျက်စီးမှုအန္တရာယ်မှ အချိန်မီရှင်းလင်း ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေခံတပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ
https://www.facebook.com/mwdmedia
နိရဉ္စရာ၊ စက်တင်ဘာ ၁၇
မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင် အိုကီယားမြို့နယ်တွင် အရပ်ဘက် ရဟတ်ယာဉ် တစ်စီး ပျက်ကျရာမှ တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။
လူ ၅ ဦး လိုက်ပါလာသော ၎င်းရဟတ်ယာဉ်သည် သောကြာနေ့ နံနက် ၉ နာရီ ၃၀ က Ogilvy Bangladesh အေဂျင်စီ၏ ကြေငြာရိုက်နေစဉ် အိုကီးယားမြို့နယ် ပင်လယ်ကမ်းစပ် အနီးတွင် ပျက်ကျခဲ့သည်ဟု ဆိုသည်။
သေဆုံးသူမှာ ချာအလန် (၃၂) နှစ်ဖြစ်ပြီး ကော့စ်ဘဇားဆေးရုံသို့ ယူစဉ် လမ်းတွင် သေဆုံးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။ သူသည် Ogilvy Bangladesh အေဂျင်စီ၏ ငွေကြေးဘက်ဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ယခု ရဟတ်ယာဉ်ပျက်ကျရာ အိုကီးယားမြို့နယ်သည် တက်ကနက်မြို့နှင့် ကော့စ်ဘဇားမြို့ အကြားတွင် တည်ရှိပြီး မြန်မာနိုင်ငံမှ မောင်တောမြို့ မြောက်ဘက်ခြမ်းနှင့် ထိစပ်တည်ရှိသည်။
Narinjara
https://www.facebook.com/Narinjara
လွှတ်တော်တွင် ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်ထဲမှာ နိုင်ငံခြားသားများပါ၍ဟုဆိုကာ အချေအတင် ဆွေးနွေးသွား ကြသည်။ ရခိုင်ဘက်ကလည်း မိမိတို့အရေးကို မိမိတို့ဘာသာဖြေရှင်းမည်၊ မည်သည့်နိုင်ငံခြား သားမျှ မလိုဟုဆိုသည်။ တချို့ကလည်း ယခုနိုင်ငံခြားသားများသည် OIC လက်အောက်ခံဖြစ်၍ မွတ်စလင်ဘက်က ရပ်တည်မည်ဟု ကြိုတင်မှတ်ချက်နှင့်ကန့်ကွက်ကြသည်။
၂၀၁၆ စက်တင်ဘာ ၁၁ ရက်ကလည်း တာမွေဗိုလ်စိန်မှန်ကွင်းတွင် မဘသအပါအ၀င် လူအများစုဝေးကာ ''အမျိုးသားရေးထိပါးမှုများကို ကန့်ကွက်ရှုတ်ချပွဲနှင့် တရားဥပဒေစိုးမိုးရေးတောင်းဆိုပွဲ''ဟု အမည်တပ်ကာ အစိုးရကိုဆန္ဒပြကြသည်။ ထိုအနီးပတ်ဝန်းကျင်က လူများက လက်မခံ၍ နှင်ထုတ်ခံရသည်ဟုသိရသည်။ ရန်ပင်ဖြစ်ကြသေး၍ လုံခြုံရေးရဲများကိုပင် ခေါ်ယူရသည်ဟု ကြားသိရသည်။
ရခိုင်ပြဿနာကို စိစစ်မည့်ကော်မရှင်ထဲတွင် နိုင်ငံခြားသားများပါနေ၍ ကန့်ကွက်ကြသည်ဆိုရာမှာ သဘာဝကျကျ စဉ်းစားရမည့်ကိစ္စ ဖြစ်သည်။ ဤနိုင်ငံခြားသားများသည် မွတ်စလင်ဘက်က ရပ်တည်မည်ဟု ဘယ်သူကမျှ တထစ်ချသတ်မှတ်ထား၍မရပါ။ အမှားအမှန်ကို ဆင်ခြင် စိစစ်ကြမည့်သူများ ဖြစ်သည်။ နောက်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်(ဟောင်း) ကိုဖီအာနန်ကိုပင် ဆန့်ကျင်ဆန္ဒပြလိုက်ကြသေး သည်။ ဘာမျှမလုပ်ရသေးခင် အလိုမရှိကြောင်း ဆန္ဒပြသည်ဆိုခြင်းမှာ အခြားနိုင်ငံများက ထိုဆန္ဒပြသူများကိုကြည့်ပြီး ရခိုင်လူမျိုးတို့သည် စိတ်နှလုံးထားသေးသိမ်သည်၊ အမြော်အမြင်မရှိ၊ ရိုင်းပျသည်၊ ထို့ကြောင့် မွတ်စလင်များကို နှိပ်စက်သည်ဆိုသည်မှာ မှန်ကန်မည်ဟု အထင်ရောက်ဖွယ်ရှိပါသည်။ ဤကော်မရှင်ပါ နိုင်ငံခြားသားများသည် မည်သို့မျှစုံစမ်း စစ်ဆေးခြင်းမလုပ်ရသေးဘဲ ရခိုင်ဘက်က ရပ်တည်မည်။ ဘင်္ဂါလီဘက်က ရပ်တည်မည်ဟု မည်သူကမျှဆုံးဖြတ်လုပ်ဆောင်ကြမည် မဟုတ်ပါ။ ဒေသခံပညာရှင်များ ပါဝင်နေသည်ကိုလည်း ဘယ်သူကမျှ ထည့်မပြောကြပါ။
တကယ်တော့ ရခိုင့်ပြဿနာကို ကိုယ့်ဘာသာဖြေရှင်းနေခဲ့ကြသည်မှာကြာပါပြီ၊ ကမ္ဘာကိုမပေါက်ပါ။ အခြားပြင်ပ မီဒီယာများကလည်း မွတ်စလင်များ၏ ၀ါဒဖြန့်မှု၊ ငွေကြေးထောက်ပံ့မှုစသည့် အရင်းခံအကြောင်း တရားများကြောင့် ရခိုင်လူမျိုးတို့၏ အဆိုးကိုချည်း ကမ္ဘာကိုတင်ပြကြသည်။ ရခိုင်ဘက်က ကမ္ဘာကို သတင်းမဖြန့်နိုင်ကြ။ ထို့ကြောင့်လည်း မွတ်စလင် ဘင်္ဂါလီများကို ရခိုင်လူမျိုးများက ဖိနှိပ်နေပါသည်။ လူ့အခွင့် အရေးချိုးဖောက်နေပါသည်ဟုသာ မြင်ကြပါလိမ့်မည်။ ယခုအခါ နိုင်ငံ တကာမှ လူသိများထင်ရှားသည့် ကိုဖီအာနန်လိုပုဂ္ဂိုလ်မျိုး ပါဝင်နေသဖြင့် ကမ္ဘာက ရခိုင်ကိစ္စကို အတွင်းကျကျသိရပါလိမ့်မည်။ ဤလို ပုဂ္ဂိုလ်မျိုး သာလျှင် ကမ္ဘာကိုပေါက်အောင် ပြောနိုင်ပါလိမ့်မည်။ ရခိုင်ကကမ္ဘာကို သတင်းမဖြန့်နိုင်ကြ၍လည်း ရခိုင်အရေးကို အတွင်းကျကျမည်သူမျှ မသိကြရ။ ထို့ကြောင့် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီများတဖြည်းဖြည်းစိမ့်ဝင် လာကြသည်မှာ ယခုရခိုင်ပြည်နယ်မှာ ရခိုင်များ အလွန်နည်းပါးသွားပါပြီ။ ရခိုင်များမှာ တတ်နိုင်သူများက ရန်ကုန်လို၊ မန္တလေးလို၊ မော်လမြိုင်လို မြို့များသို့ပြောင်းရွှေ့ကုန်ကြသည်။ နောက်ဆုံး ဖားကန့်သို့ပင် ထွက်ခွာ သွားကြပြီး ရေမဆေးကျောက်ရှာဖွေရာမှာ ရခိုင်တွေအများအပြားရှိသည်။ မြေစာပုံပြို၍ သေကျေကြရသည့် အခါလည်း ရခိုင်တွေ အများအပြားပါဝင်သွားကြပါသည်။
မြန်မာပြည်သူလူထုသည် ဆင်းရဲမွဲတေကြပါသည်။ ထိုအထဲတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်သည် အဆင်းရဲဆုံးဟု ဆိုရမည်ဖြစ်သည်။ ဆင်းရဲရသည့်အထဲ ယခုလို လူမျိုးခြားက ထုနှင့်ထည်နှင့် ဖြစ်လာသည့် အခါ ရခိုင်လူမျိုးရယ်လို့ နောက်နောင်ပျောက်ကွယ်သွားမည်ကိုပင် စိုးရိမ်ရပါသည်။ ယခင် အင်္ဂလိပ်ခေတ် ကိုတော့ မပြောတော့ပါ။ မဆလလက်ထက်၊ စစ်အစိုးရလက်ထက်များမှာ လူဝင်မှုကြီးကြပ်ရေး၏ မသမာမှုများ ကြောင့် ဘင်္ဂါလီများ ပိုမိုရောက်လာကြသည်ကိုလည်း ထည့်တွက်ရမည် ဖြစ်သည်။
ဘင်္ဂါလီများမှာ မြန်မာပြည်တိုင်းရင်းသားများလည်း မဟုတ်ကြပါဘဲ တိုင်းရင်းသား ယောင်ယောင်၊ သူတို့ကို ရိုဟင်ဂျာဟု အမည်တခုတပ်လိုက်ပါသည်။ ဘင်္ဂါလီစကားအရ 'ရိုဟင်'ဆိုသည်မှာ ရခိုင်ကိုပြောခြင်းဖြစ်သည်။ သူတို့အချင်းချင်းတွေ့ကြလျှင်ပင် 'ရိုဟင်တိတ်အာဆေး'ဟု မေးကြပါသည်။ ရခိုင်ကလာတာလားဟု မေးခြင်းဖြစ်သည်။ ထို့ကြောင့် 'ရိုဟင်ဂျာ'အမည်သည် ရခိုင်ဒေသနှင့် ဆက်နွှယ်ကာ ရခိုင်အမည်ကို ခံယူထားခြင်းဖြစ်သည်။ တကယ်တော့ သူတို့သည် ရခိုင်နှင့် မည်သို့မျှ မသက်ဆိုင်သူများဖြစ်သည်။
မြန်မာပြည် ရခိုင်ဒေသရှိ ဘင်္ဂါလီများသည် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟုဆိုကာ နောက်ဆိုလျှင် ပြည်နယ်များ တောင်းကြမည်လား မပြောနိုင်ပါ။
ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင်များ၊ သက်များကျတော့ ဘင်္ဂလားဒေသမှာ ယခင်ရှေးသမိုင်းခေတ်များကတည်းက ရောက်ရှိနေထိုင်လာခဲ့ကြသည်မှာ အများအပြားပင်ရှိပါသည်။ ဗုဒ္ဓဘာသာဘုရားကျောင်းကန်များလည်း ရှိပါသည်။ စစ်တကောင်းတောင်တန်းဒေသမှာ ရခိုင်များ၊ သက်များနေထိုင်ကြသည်။ သို့သော် မည်သည့်အခွင့်အရေး၊ မည်သည့်ပြည်နယ်မှ မတောင်းဆိုကြ၊ သူတို့ဘာသာအေးအေးချမ်းချမ်း အစိုးရ၏ ဥပဒေကို လိုက်နာပြီး လုပ်ကိုင်စားသောက်နေထိုင်ကြပါသည်။ ယခု မြန်မာပြည်သို့ရောက်လာကြသော ဘင်္ဂါလီများမှာမူ ရခိုင်အမည်ကိုခံကာ တခြားနိုင်ငံက ဖမ်းမိလျှင် မြန်မာပြည်ကပါဟု လိမ်လည်ပြီး အမည်ခံကြပါသေးသည်။ ဤအဖြစ် အပျက်များကို ကမ္ဘာသို့သိအောင် တင်ပြခဲ့ကြသည်မှာ ရခိုင်ဘက်က ပညာရှင်ဒေါက်တာအေးချမ်းလို ပုဂ္ဂိုလ်မျိုးကလည်း သမိုင်းကြောင်းနှင့်ချီပြီး ရေးသားပြခဲ့ပါသေးသည်။
ယခုအခါ စက်တင်ဘာ ၈ ရက်က မစ္စတာကိုဖီအာနန်ကို လက်ခံတွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင့်အရေးကိစ္စကို သမိုင်းကြောင်းနှင့်ချီပြီး ရှင်းလင်းပြခဲ့သည်။ ယခင်ကလည်း ဤသမိုင်းကြောင်းနှင့် တကယ့်အဖြစ်အပျက်များကို ရခိုင်သမိုင်းပညာရှင်များက ပြောဆိုရေးသားခဲ့ကြသည်။ သို့သော် ယခုတပ်မတော်အကြီးအကဲဖြစ်သူက ရှင်းလင်းတင်ပြသောအခါ ကြားနာသွားသူမှာလည်း ကမ္ဘာကို အမှန်အတိုင်းတင်ပြမည့် မစ္စတာကိုဖီအာနန်ဖြစ်နေသောအခါ ကမ္ဘာသိရခိုင့်အရေးဖြစ်သွားပါလိမ့်မည်။ ကိုဖီအာနန်ကပင်လျှင် ရခိုင်များ၊ ဘင်္ဂါလီများကို မည်သည့်ဖိနှိပ် မှုမျှမလုပ်ပါဟု သူ့တွေ့ရှိချက်ကို ပြောဆိုသွားပါသေးသည်။
ဤမျှဆိုလျှင် ရခိုင့်အရေး မှန်မှန်ကန်ကန်ဖြစ်လာဖွယ်ရှိကြောင်း စိတ်အေးရဖွယ်ရှိပါသည်။
တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်က “မိမိတို့နိုင်ငံတွင် ဘာသာရေးနှင့် ပတ်သက်၍ တင်းကျပ်မှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ် သူ ၄ ရာခိုင်နှုန်းကျော်ရှိပြီး ၎င်းတို့သည်လည်း ရှေးနှစ်ပေါင်းများစွာက ရောက်ရှိမှု၊ ဘာသာကူးပြောင်း ကိုးကွယ်မှုများအဖြစ် ရှေးယခင်ကတည်းက လက်ခံထားခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင် နိုင်ငံသားများတွင် အဆင့်မြင့်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံဝန်ထမ်းများလည်းရှိကြောင်း။
ယခုပြဿနာမှာလည်း ဘာသာရေးကြောင့်မဟုတ်ဘဲ ဘာသာရေးကိုအခြေခံပြီး လှုံ့ဆော်နေမှုများသာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတစွာ သုံးသပ်ပြောဆိုလုပ်ဆောင်လျက်ရှိကြောင်း ကော်မရှင်နှင့် ပတ်သက်၍ လိုအပ်သည်များအား တပ်မတော်က ကူညီဆောင်ရွက်ပေးသွားမည်”ဟု ပြောဆိုသွားပါသည်။
သူ၏တင်ပြမှုများသည် သမာသမတ်ရှိပြီး ရခိုင်ဒေသက လူအများအနေနှင့်လည်း လက်ခံသဘောတူရ မည့်အချက်များပင် ဖြစ်သည်။
ဒီလောက်ပြောထားပြီးမှ ဘာများဆက်ပြီးလုပ်ချင်ကြသေးသလဲ မသိ။ 'ရခိုင့်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်'ကိစ္စလည်း လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီးပြီ။ ကျားသေကို အသက်သွင်းချင်ကြသေးသလားဟု မေးရမလို ဖြစ်နေပါသည်။
တင်တင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
အမေရိကန်သို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၁ ရက်၌ နယူးယောက်ရှိ Asia Society Policy Institute တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနှင့် အနာဂတ်နှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်က Asia Society ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၇၁ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ ပြင်ပ၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ မိန့်ခွန်းပြောကြားရန် အစီအစဉ်ရှိခြင်းဖြစ်သည်။
Asia Society Policy Institute အဖွဲ့သည် ၂၀၀၉ ခုနှစ်မှစကာ မြန်မာ့ဒီမိုကရေစီအတွက် အထောက်အကူပြုရန် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများကြား ဆက်ဆံရေးခိုင်မာစေရေး လုပ်ကိုင် ဆောင်ရွက် ခဲ့သည်။ ၂၀၁၂ စက်တင်ဘာလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး အမေရိကန်ခရီးစဉ်တွင်လည်း ဝါရှင်တန်ဒီစီ၌ Asia Society နှင့် U.S Institute of Peace တို့က ကမကထ ပြုခဲ့ခြင်းလည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အဆိုပါ မိန့်ခွန်းပြောကြားမှုကို ရန်ကုန်စံတော်ချိန် စက်တင်ဘာ ၂၂ ရက် နံနက် ၄ နာရီတွင် Asia Society .org တွင် တိုက်ရိုက်တင်ဆက်ထားမည်ဖြစ်သည်။
Mizzima - News in Burmese
[youtube src="kzvy4mHiZvU"/]
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်ကိုရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၅ ရက်- မနေ့ညနေက အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းက တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာ မိန့်ခွန်းပြောကြားခဲ့ ပါတယ်။ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည် ပြောကြားခဲ့ တဲ့ စကားတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ကောက်နှုတ်တင်ပြထားပါတယ်။
RFA
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသမှာ နယ်ခြားစောင့်တပ်-BGF နဲ့ DKBA ခွဲထွက်အဖွဲ့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂ဝ ကျော်က လူဦးရေ လေးထောင်ကျော်ဟာ မြိုင်ကြီးငူဒေသက စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စခန်းတာဝန်ခံ လှိုင်းဘွဲ့မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးနေလင်းထက်ကို RFA သတင်းထောက် ကိုကျော်လွင်ဦးက တွေ့ဆုံ မေးမြန်းထားပါတယ်။
RFA
IS အကြမ်းဖက်အဖွဲ့ရဲ့ မြို့တော်လို့ ခေါ်နေကြတဲ့ ဆီးရီးယားနိုင်ငံ Raqqa မြို့အပါအဝင် ဆီးရီးယားမြို့ပြမြေပုံ။
ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ဒီလအစောပိုင်းက တိကျတဲ့ စီးနင်းတိုက်ခိုက်မှု တခုအတွင်း IS အကြမ်းဖက်အဖွဲ့ရဲ့ အဆင့်အမြင့်ဆုံး ခေါင်းဆောင်တဦး သေဆုံးသွားတယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုလိုက်ပါတယ်။
Dr. Wa’il လို့လည်း သိကြတဲ့ IS စစ်သွေးကြွအဖွဲ့ရဲ့ ပြန်ကြားရေးဝန်ကြီး Wa’il Adil Salman al-Fayad ကို စက်တင်ဘာလ ၇ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်မှုတခု အတွင်း သေဆုံးခဲ့တာဖြစ်တဲ့အကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် Peter Cook ကပြောဆိုခဲ့တာပါ။
IS အကြမ်းဖက်အဖွဲ့ရဲ့ မြို့တော်လို့ ခေါ်နေကြတဲ့ ဆီးရီးယားနိုင်ငံ Raqqa မြို့မှာ Fayad ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ လေကြောင်းတိုက်ခိုက်တဲ့ အချိန်မှာ - အိမ်ဘေးနားက ဆိုင်ကယ်လ်တစင်းပေါ်မှာ ထိုင်နေခဲ့တယ်လို့ - လေကြောင်း တိုက်ခိုက်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ရတဲ့ ကာကွယ်ရေး အရာရှိတဦးက ဗွီအိုအေကို သောကြာနေ့က ပြောဆိုခဲ့ပါတယ်။
သေဆုံးသွားသူ Fayad ဟာ - အဖွဲ့ဝင်တွေကို အမိန့်ပေးစေခိုင်းပြီး၊ လိုက်နာအောင် လုပ်ဆောင်ရတဲ့ - IS စစ်သွေးကြွအဖွဲ့ရဲ့ အဆင့်မြင့် ကောင်စီမှာ ထင်ရှားသူ အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ပါတယ်။ ဓားစာခံတွေကို ကွပ်မျက်ရာမှာနဲ့ ညှဉ်းပမ်းနှိပ်စက်ရာမှာ အဖွဲ့အတွက် ၀ါဒဖြန့်ဖို့ ဗွီဒီယိုဖိုင်တွေ ရိုက်ကူးထုတ်လုပ်ရာမှာလည်း အဓိက ကြီးကြပ်ရသူဖြစ်ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ရဲ့အဆိုအရ - သေဆုံးသူ Fayad ဟာ - သြဂုတ်လ ၃၀ ရက်နေ့က မဟာမိတ်အဖွဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ - IS စစ်သွေးကြွအဖွဲ့ ပြောခွင့်ရသူလည်းဖြစ်၊ မဟာဗျူဟာမှူးလည်းဖြစ်တဲ့ Abu Muhammad al-Adnani နဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဘက် တဦးဖြစ်တယ်လို့ ဆိုပါတယ်။ Adnani သေဆုံးမှုကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အမေရိကန်တပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မုံရွာ၊ စက်တင်ဘာ ၁၇။
မုံရွာမြို့၊ ဒေါနခြံရပ်၊ ကန်သာယာကန်ဘေး ၊စိမ်းရောင်စို ဘီယာဆိုင်အနီးတွင် ညအချိန် ချိန်းတွေ့နေသော စုံတွဲ တစ်တွဲအား ဓားထောက်လုယက်ခဲ့သော လူလေးဦးမှ တစ်ဦးကို ယခုလ ၁၅ရက်က မုံရွာမြို့မြို့မရဲစခန်းက ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မုံရွာမြို့၊ နန္ဒ၀န်ရပ်မှ ၀ပ်ရှော့လုပ်သားသည် ရည်စားနှင့်ချိန်းတွေ့နေခိုက် ဆိုင်ကယ်တစ်စင်းဖြင့် လူလေးဦးရောက်လာပြီး ဓားဖြင့်လည်ပင်းထောက်ကာ စကူပီ ဆိုင်ကယ်နှင့် ဖုန်းနှစ်လုံကို ယူဆောင်ပြီး ထွက်ပြေးခဲ့ကြသည်။
" ကျန်တဲ့သုံးယောက်ကိုလည်း နာမည်ရထားပြီးပြီ။လိုက်ဖမ်းနေတယ်။ တစ်ယောက်ကတော့ ဆိုင်ကယ်နဲ့တကွ လက်ရမိတယ်" ဟု မြို့မရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။
"ကန်သာယာဆို မြို့ရဲ့စည်တဲ့ လမ်းနှစ်လမ်း ကြားမှာရှိတာ။ ဒါပေမယ့် လမ်းမီးထွန်းတာ မရှိတော့ အတွဲတွေကလည်း မှောင်ရိပ်ခိုကြတာနဲ့ ဒီလို လုယက်ခံရတာ။ မြို့ထဲတောင်လုပ်မှတော့ မြို့ပြင်ဆို မပြောပါနဲ့တော့"ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
သြဂုတ်လ ၂၄ ရက် ညနေပိုင်းကလည်း မုံရွာမြိုနယ် ကျောက္ကာရွာအနီးလမ်းကွင်းဘေးတွင် တက္ကသိုလ်ကျောင်းမှ စုံတွဲတစ်တွဲချိန်းတွေ့နေခိုက် လူ သုးံဦးမှ ဓားထောက်ခြိမ်းခြောက်၍ ဆိုင်ကယ်ကို ယူဆောင်ထွက်ပြေးခဲ့သော အမှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံများကို ယနေ့အချိန်ထိ မဖမ်းမိသေးကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
ခန္တီးမြို့နယ် နမ့်စီပွန်ကျောက်စိမ်းမှော်မှ ကျောက်စိမ်းလုပ်ကွက်များတွင် ရေမဆေးကျောက်ရှာသူများနှင့်အတူ တူးဖော်ခွင့်ရကုမ္ပဏီများကလည်း ရေမဆေးကျောက်များရှာဖွေနေကြောင်း အမည်မဖော်လိုသည့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတခု၏ မန်နေဂျင်းဒါရိုက်တာတဦးက ပြောသည်။
ပြီးခဲ့သည့် မေလလောက်ကစ၍ ရေမဆေးကျောက်ရှာဖွေသူများ ပိုမိုများပြားလာသဖြင့် ကုမ္ပဏီများကလည်း ရေမဆေးကျောက်ရှာဖွေသူများနှင့် ပြဿနာမဖြစ်ရန် ထိန်းသိမ်းလုပ်ဆောင်နေရသည်ဟု ဆိုသည်။
''တူးဖော်ရေးကို ဒီအတိုင်းနားနေတာထက် ကုမ္ပဏီလုပ်သားတွေနဲ့ ရေမဆေးကျောက်ရှာနေတယ်။ ပြဿနာဖြစ်ရင် ကိုယ်ဘာသာရှင်းရမယ့်အခြေအနေဖြစ်နေပြီး ထိုင်ကြည့်နေရမယ့် အတူတူ သူတို့နဲ့ရောပြီး ရှာနေတယ်''ဟု ၄င်းကပြောသည်။
ရေမဆေးကျောက်ရှာဖွေသူများ သည် ၁၀-ယောက် (သို့) ၅-ယောက် အုပ်စုများဖွဲ့ကာ ရေမဆေးကျောက် ရှာဖွေကြရာ မြေစာပုံတခုလျှင် လူ ၃၀၀-ခန့်ရှိပြီး ကုမ္ပဏီဘက်မှ မြေစာပုံများ သယ်ယူခြင်းများကို အနှောင့်အယှက်ပြုလုပ်သဖြင့် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ကြောင်း သိရသည်။
''မြေစာပုံသွားယူတဲ့ ကားကိုခဲနဲ့ထုပြီး နှောင့်ယှက်တာလုပ်လို့ အကြောင်းကြားတယ်။ တပ်ကလည်း နယ်မြေလုံခြုံရေးပဲ လုပ်တာပါတဲ့။ ရဲတပ်ဖွဲ့ကလည်း ကျေးရွာအမည်မပေါက်သေးဘူး။ ဖြေရှင်း ပေးရခက်တယ်လို့ ပြောတယ်''ဟု ၄င်းက ဆက်လက်ပြောကြားသည်။
နမ့်စီပွန်သို့ ဒေသအသီးသီးမှ ရောက်ရှိလာကြသူများသည် မြေစာပုံများတွင် တဲများထိုးပြီး အုပ်စုဖွဲ့နေထိုင်ကြကာ ရေမဆေးကျောက်ရှာဖွေကြကြောင်း၊ တူးဖော်ခွင့်ရကုမ္ပဏီများကလည်း မိုးတွင်း ကာလတွင် တူးဖော်ခြင်းထက် ၄င်းတို့၏ လုပ်သားများနှင့် မြေစာပုံများတွင် ရေမဆေးကျောက် ရှာဖွေနေကြကြောင်း သိရသည်။
''လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို သက်တမ်းမရှိဘဲ လုပ်နေတယ်လို့ သတင်းလွှင့်သူတို့က မြေစာပုံမှာအရင်ရှာပြီးနောက်မှလုပ်ရတော့ ပြောင်းပြန်ဖြစ်နေတယ် သူတို့ပြီးမှ ပြန်ရှာရတော့ ကျွန်တော်တို့က ရေမဆေးကျောက်ရှာသူ ပြန်ဖြစ်သွားတာ။ သူတို့က ကျင်းပိုင်ဖြစ်နေတယ်'' ဟု အခြားကုမ္ပဏီတခုမှ တာဝန်ခံ တဦးက ပြောသည်။
ကျောက်တူးဖော်သည့် ကုမ္ပဏီများအနေဖြင့် လာမည့်ပွင့်လင်းရာသီတွင် တူးဖော်ရေးလုပ်ငန်းများ စတင်ရန် စက်သုံးဆီနှင့် အခြားလိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ရန်မှာ အခက်အခဲရှိနေသဖြင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြထားကြောင်း သိရသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမေရိကန်ပြည်ထောင်စုတရားဝင်ခရီးစဉ်
(၁၆-၉-၂၀၁၆ ရက်နေ့၊ ၀ါရှင်တန်မြို့)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Blair House နိုင်ငံတော်ဧည့်ဂေဟာတွင် ဒေသစံတော်ချိန် ၀၈း၃၀နာရီအချိန်၌ သမ္မဟောင်းကတော်လော်ရာဘုရှ်နှင့် တွေ့ဆုံပြီး နံနက်စာအတူသုံးဆောင် ခဲ့ကြောင်းသိရှိရပါသည်။
သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ ၀ါရှင်တန်မြို့
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် ခိုကိုးရာမဲ့ တောင်းရမ်းစားသောက် နေသူများအား ပြုစုစောင့် ရှောက်ပြီး ပြန်လည်ရှင်သန်လာစေရန် လုပ်ဆောင်ပေးမည့် စ်ီမံကိန်းတစ်ရပ် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံမှ သိရှိရသည်။
စက်တင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၂ ရက်မြောက်နေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန် မေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“လမ်းပေါ်နေ ကလေးများနှင့် တောင်းရမ်းစားသောက်သူများ ခိုကိုးရာမဲ့များ၊ စောက်ရှောက်သူမဲ့ မသန်စွမ်း သူများအား ကာကွယ် စောင့်ရှောက်ရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ရှေ့ပြေးစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ရန် အစိုးရသစ်၏ ရက် ၁၀၀ တွင် ရေးဆွဲခဲ့ပါတယ်။ ထိုရှေ့ပြေးစီမံချက်ကို အကောင်ထည်ဖော် ရေးလုပ်ငန်းစဉ်များကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် စတင်မှာဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
အဆိုပါ စီမံချက်လုပ်ဆောင်ရန် မန္တလေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၆ စက်တင်ဘာလ ၂၀ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားပြီး ညှိနှိုင်းအစည်းအဝေးများ၏ ရလဒ်များပေါ်တွင် မူတည်၍ စီမံချက်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀ ရှိ ကျောင်း၊ ဆေးရုံ၊ ကားဂိတ်၊ လှေဆိပ်အစရှိသည့် လူစည်ကားသည့်နေရာများ တောင်းရမ်း စားသောက်နေကြသူများမှာ လွန်ခဲ့သောနှစ် ၂၀ ကျော်က အရေအတွက်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အလွန်စွာ များပြားလာပါတယ်။ မြန်မာနိုင်ငံတော် အတွင်းရှိ မြို့နယ်များတွင် ခိုကိုးရာမဲ့ တောင်ရမ်း စားသောက်နေသူများအား ပြုစုစောင့်ရှောက်၍ ၎င်းဘဝများ ပြန်လည်ရှင်သန်လာအောင် လုပ်ဆောင်ပေးမည့် စီမံကိန်း တစ်ရပ်ရေးဆွဲ အကောင်အထည်ဖော်ရန်အတွက် မေးမြန်းရခြင်းဖြစ်ပါတယ်” ဟု မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန်ကပြောသည်။
ကာကွယ်စောက်ရှောက်ရန် လိုအပ်သည့် လူမှုရေး ဒုက္ခခံစားနေကြသူများ၊ ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခြင်း မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်ခြင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်ထည်ဖော် ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လမ်းပေါ်နေ ကလေးများ ခိုကိုးရာမဲ့များနှင့် ပတ်သက်သည့် အချက်အလက် ကောက်ယူခြင်းအား ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ် ဇူလိုင် ၄ ရက်နေမှ ၂၀ ရက်နေ့အထိ၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး တွေ့ရှိချက်များအပေါ် မူတည်၍ လမ်းပေါ်နေ ကလေးများနှင့် တောင်းရမ်း စားသောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်ရှောက်သူမဲ့၊ မသန်စွမ်းသူများအား ကာကွယ်စောက်ရှောက်ရေး ရှေ့ပြေးစီမံချက် ရေးဆွဲခဲ့ကြောင်း သိရသည်။
MMK
The Ladies News
မြန်မာနိုင်ငံကို အမေရိကန်သမ္မတလာတုန်းက လွတ်လပ်ပေါ့ပါးစွာ လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ မှတ်မိတယ်။ အိုဘားမား ဗီယက်နမ်ရောက်တော့လည်း လူငယ်တွေနဲ့ပဲ ပျော်ပျော် ပါးပါး ဆွေးနွေးသွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကရောက်နေတယ်။ ရုစဗဲ့အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးတယ်။ ကလေးတွေအတွက် တကယ့်အခွင့်အရေးလို့ တန်ဖိုးထားပြီး လေးစားစွာ ဆွေးနွေးကြတဲ့မြင်ကွင်း ကြည်နူးမိတယ်။
အဲဒီအထက်တန်းကျောင်းကို ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် သွားရသလဲ။ အမေရိကန်အထက်တန်း ကျောင်းတွေကို မရောက်ဖူးဘူး။ ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်စဉ်ကလည်း တက္ကသိုလ် တွေကိုပဲ ရောက်ဖူးတယ်။ အမေရိကရောက်ခိုက် အခြေအနေပေးတုန်း ဒီက အထက်တန်းကျောင်းတွေမှာ ဘာတွေ သင်ပြီး ဘာတွေလုပ်နေသလဲဆိုတာ သိရအောင် သွားလေ့လာတာလို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ထမ်းထားရတဲ့ ဝန်တွေကများလှတယ်။ နိုင်ငံခြားရောက်တော့လည်း ကိုယ့်နိုင်ငံစီးပွားရေး၊ လူမှုရေးသာမက ပညာရေးပါ တိုးတက်အောင် ခေါင်းထဲမှာ ထည့်ထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
အမနာပပြောချင်တဲ့သူတွေကတော့ ပြောပါလိမ့်မယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် တည်းက တာဝန်ယူလုပ်နေရသလဲပေါ့။ ရှင်းရှင်းလေးပဲ ဦးသိန်းစိန် ဒီလိုနေရာမှာနေပြီး ဒီလိုကျောင်းသားတွေနဲ့ တွေ့ဆုံ၊ ခင်မင်ရင်းနှီးစွာ ပြောခွင့်ရမလား၊ ပြောခွင့်ပြု မှာလား၊ ပြောလို့ရနိုင်သလား။ ကဲ … ဒီနေရာမှာ ဒုသမ္မတ ဦးမြင့်ဆွေကို လွှတ်ပြီးတော့ ဆွေးနွေးခိုင်းပါမယ်တဲ့။ ဟိုကလက်ခံမလား။ လူအရေးကြီးတယ်။ ပုဂ္ဂိုလ် အရေးကြီးတယ်။ ယုံကြည်လေးစားမှု အရေးကြီးတယ်။
ဒေါ်အောင်ဆန်းစုကြည် အထက်ကျောင်းကို သွားလေ့လာတာက မြန်မာနိုင်ငံပညာရေးကို အသက်မွေး ဝမ်းကျောင်း ပညာရေးဖြစ်အောင် အလေးပေးလုပ်ဆောင်ချင်လို့ သွားလေ့လာတာပါ။ ကျောင်းသား ကျောင်းသူတွေ ကိုယ့်မှာ အားသာချက်၊ အားနည်းချက်ဘာတွေရှိနေတယ်ဆိုတာကို ရွေးချယ်ပြီးတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပညာရေးလမ်းကြောင်းကို လိုက်နိုင်အောင် သွားရောက်လေ့လာနေတာလို့ သိရပါတယ်။
ပညာရေးမှာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဆိုတာ ဘယ်လမ်းကြောင်းကို ဦးတည်နေတယ်ဆိုတာ မိဘတွေရော ဆရာတွေပါ သိထားဖို့လိုပြီထင်ပါတယ်။ ကျောင်းပြီးတယ်ဆိုတာ မြန်မာနိုင်ငံမှ မူလတန်းနဲ့လည်း ပြီးနိုင်တယ်၊ အလယ်တန်းနဲ့လည်း ပြီးနိုင်တယ်၊ အထက်တန်းနဲ့လည်း ပြီးသွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးတယ်ဆိုတာ ကင်းကွာ ဝေးကွာသွားကြရတာကို ပြောတာပါ။
ဘယ်အဆင့်နဲ့ပဲပြီးပြီး ဘဝတစ်လျှောက်လုံး လုပ်ကိုင်စားသောက်နိုင်တဲ့ အသက်မွေးမှုပညာသင်ကြားခွင့် ရရေးဟာ အရေးကြီးပါတယ်။ ကျောင်းတွေက စာတွေချည်းသက်သက် ဖိပြီးတော့ ကျက်ခိုင်းနေတာကို စိတ်မဝင်စားတဲ့ ကျောင်းသားတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ကျောင်းစာနဲ့ လက်မှုပညာ၊ အသက်မွေးပညာ တွေကို တွဲထားပြီးတော့ ကိုယ်ကြိုက်ရာလမ်းကြောင်းကို ရွေးချယ်ခွင့်ပေးဖို့ဆိုတာ နိုင်ငံတိုးတက်ရေး အတွက်ပါ အလွန်လိုအပ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်သွားတယ်၊ အမေရိကသွားတယ်။ သားတွေနဲ့ တွေ့ခွင့်ရရေးဟာ သူ့အတွက် သိပ်ပြီးတော့ အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူးဆိုတာ နေ့စဉ်တွေ့မြင်နေရတဲ့ သတင်းတွေက သက်သေပြနေ တယ်။
မြန်မာနိုင်ငံမှာ သားသမီးတွေ ဆွေမျိုးသားချင်းတွေ အကျိုးမပါဘဲ လုပ်ပိုင်ခွင့်တွေကို လုပ်ဆောင်သွားတဲ့ သူတွေ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးတဲ့နောက် ဘယ်နှယောက်များရှိသလဲ။ နိုင်ငံရေးကို အကြောင်းပြပြီး ကိုယ်ကျိုးရှာ ချမ်းသာသွားသူတွေ တန်းစီနေတဲ့ကြားထဲမှာ အသက် ၇၀ ကျော် အမေအိုတစ်ယောက် ယနေ့အထိ တစ်ရက်မနား လုပ်ဆောင်သွားနေတာတွေဟာ ဘယ်သူ့အတွက်လဲဆိုတာ မြင်အောင်ကြည့်ကြ ပေါ့ဗျာ။
ကြည့်သောသူမြင်တယ်။ တည့်ကြည့်မှမြင်တယ်။ စောင်းကြည့်လို့ မမြင်ဘူး။ မေတ္တာနဲ့ကြည့်ရင်မြင်တယ်။ အကုသိုလ်တွေ ပိတ်ဖုံးနေတဲ့ လောဘ ဒေါသ မောဟမျက်လုံးတွေနဲ့ ကြည့်ရင်မမြင်ဘူး။ လူကို လူလိုမြင်ဖို့ လူလိုကြည့်တတ်ဖို့လိုတယ်။
၁၇.၉.၂၀၁၆
ဆရာတင်ညွန့်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမား တွေ့ဆုံ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမား တွေ့ဆုံ။
အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့လုပ်နေတာဟာ အချိန် စောလွန်းနေသေး တယ်လို့ မြန်မာ့ကျောက်စိမ်း လုပ်ငန်း နောက်ကွယ်က လျှို့ဝှက်မှုတွေကို ဖေါ်ထုတ်တင်ပြခဲ့တဲ့ ဗြိတိန်အခြေစိုက် Global Witness လူ့အခွင့်ရေး အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အခု အမေရိကန်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဝါရှင်တန်ဒီစီ ခရီးစဉ်အတွင်း အမေရိကန် သမ္မတ Barack Obama နဲ့ တွေ့ဆုံအပြီးမှာပဲ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။ ဒီလိုရုပ်သိမ်းပေးတာဟာ အချိန်မတန်သေးတဲ့ အတွက် သိပ်ကို စိုးရိမ်ကြောင်း မြန်မာ့ကျောက်စိမ်း လုပ်ငန်း နောက်ကွယ်က လူ့အခွင့်ရေးချိုးဖေါက်မှုတွေ၊ သဘာဝဝန်းကျင် ပျက်စီးမှုတွေနဲ့ မတရား အမြတ်ထုတ် နေကြ သူတွေအကြောင်း အစီရင်ခံစာ ရေးသား ဖေါ်ထုတ် ခဲ့တဲ့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က Juman Kubba က VOA ကိုပြောပါတယ်။
"မြန်မာနိုင်ငံက ကျောက်စိမ်းလုပ်ငန်းနဲ့ ပါတ်သက်ပြီး ဒဏ်ခတ် အရေးယူ ထားမှုတွေကို သမ္မတအိုဘားမားက ဖယ်ရှားပေးလိုက်တာ အတွက် ကျမတို့ အလွန်ပဲစိုးရိမ်ပါတယ်။ သိတဲ့အတိုင်းပဲ ကျမတို့အဖွဲ့က ဒီလုပ်ငန်းနဲ့ ပါတ်သက်ပြီး နှစ်ရှည်လများ စုံစမ်းခဲ့တဲ့နေရာမှာ ၂၀၁၄ ခုနှစ် တနှစ်ထဲမှာတင် ဒီလုပ်ငန်းကရတဲ့ ငွေဟာ ဒေါ်လာသန်းပေါင်း သုံးထောင့်တရာလောက် ရှိနေတာတွေ့ရတာပါ။ ဒီလုပ်ငန်းကို ထိမ်းချုပ်နေတဲ့ လူတချို့ကလည်း အခုထိ နိုင်ငံထဲမှာပဲ ရှိနေပါတယ်။ သူတို့တွေအတွက် ဒဏ်ခတ်အရေးယူမှုကသာ တကယ်အရေးပါသလို ဒီလုပ်ငန်းမှာ ထင်သာမြင်သာရှိအောင်ရော ဒီလုပ်ငန်းတိုးတက်လာအောင်နဲ့ ဒီဒေသခံတွေအတွက်ပါ လုပ်ပေးနိုင်ပါတယ်။ ဒါလို ထိရောက်မှု ရှိနေတာကို သမ္မတအိုဘားမားက ဘာ့ကြောင့် ရုတ်သိမ်းပေးရတာပါလဲ။ အခုအချိန်ဟာ သိပ်ကိုစောနေပါသေးတယ်။ တကယ်ဆို ပြုပြင်ပြောင်းလဲ မှုတွေ သေသေ ချာချာ လုပ်ပြီးမှ ရုပ်သိမ်းပေးသင့်ပါတယ်။"
Jade: Myanmar's "Big State Secret" Global Witness
Jade: Myanmar's "Big State Secret" Global Witness
အခုလို အချိန်မတန်သေးပဲ အရေးယူမှုတွေကို ရုပ်သိမ်းပေးခဲ့တဲ့ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံအတွက် တကယ်တမ်းကူညီချင်တယ် ဆိုရင် ဒီကျောက်စိမ်း လုပ်ငန်း အတွက် အထောက်အကူဖြစ်စေမယ့် ပံ့ပိုးမှုတွေ လုပ်ဖို့ အစီစဉ်တွေ ချပေးသင့်တယ်လို့လည်း ပြောပါတယ်။
"အခုအချိန်ဟာ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးမယ်လို့သာ ကြေညာသေးတာပါ။ တကယ်မရုပ်သိမ်းသေးပါဘူး။ ဒါ့ကြောင့် အမေရိကန် အစိုးရအနေနဲ့ ကျောက်စိမ်း လုပ်ငန်းမှာ တကယ်တမ်းပြုပြင်ပြောင်းလဲ လာအောင် မြန်မာနိုင်ငံအတွက် ဘာတွေလုပ်ပေးသင့်တယ် ဆိုတဲ့ အစီစဉ်တွေပါ ချမှတ်ရမှာ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံသူတွေကိုပါ မြန်မာနိုင်ငံ အတွက် ထိခိုက်မှု မရှိစေတဲ့ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်စေရမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အခုမြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေက အထူးသဖြင့် ဒီကျောက်စိမ်း လုပ်ငန်းအတွက် ရှိနေတုန်းမို့ပါ။
ကျောက်စိမ်းအပါအဝင် ကျောက်မျက်လုပ်ငန်းအတွက် လုပ်ကွက် ပေါင်း ၃၀၀ ကျော်ကို နောက်ထပ် သက်တမ်းထပ်မတိုးဖို့ သဘာဝဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့တာ အပါအဝင် ဒေသတွင်း တရားဥပဒေစိုးမိုးမှု အတွက်ပါ မြန်မာအစိုးရသစ်က အရေးယူ လုပ်ဆောင်လာနေတာတွေ့ရပါတယ်။ အမေရိကန် နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံဟာ အခုအခါမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီမို့ အရေးယူဒဏ်ခတ်မှုတွေ မလိုတော့ဘုးလို့ ကြာသပတေးနေ့မှာပဲ အမေရိကန် ထိပ်တန်း လွှတ်တော်အမတ်တွေကို ပြောကြားခဲ့တာပါ။ ဒါ့ကြောင့် အမေရိကန်ဘက်က အရေးယူဒဏ်ခတ်မှုတွေ မလိုတော့ဘူးလို့ မထင်ဘူးလားလို့ မေးကြည့်တဲ့ အခါမှာတော့
"မှန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ စလုပ်နေတာပါ။ ဒီလုပ်ငန်းမှာ တွေ့နေရတဲ့ ယိုပေါက်တွေကိုလည်း ပိတ်ဖို့ လုပ်နေတာမို့ ဒီလိုလုပ်ဆောင်တာဟာ သိပ်ကို အရေးပါတဲ့ တိုးတက်မှုဖြစ်ပါတယ်။ ပြဿနာက ပြောင်းလဲချင်နေတဲ့ ပြောင်းလဲမှုတွေက တကယ်မဖြစ်သေးတာပါ။ ဒီလိုအချိန်မှာ ဒဏ်ခတ်အရေးယူမှုတွေက တကယ်အထောက်အကူ ပေးနိုင်ပါတယ်။ တကယ်လို့ ဒဏ်ခတ်အရေးယူမှုတွေကို နဲနဲ ဆက်ထားလိုက်မယ် ဆိုရင် ပြောင်းလဲဖို့ လက်ရှိလုပ်ဆောင် နေမှုတွေအတွက် ပိုကောင်းလုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရလာမှာ ဖြစ်ပါတယ်။"
အမေရိကန် အစိုးရအနေနဲ့ အရင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့လို လူတွေ၊ ကျောက်စိမ်းလုပ်ငန်းမှာ အဓိကကျက်စားနေတဲ့ ဘိန်းဘုရင် ဝေရှောက်ခန်းတို့လို လူတွေနဲ့ ပါတ်သက်ပြီး ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာနဲ့ တခြားတတ်နိုင်တဲ့ တားမြစ်မှုတွေ လုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြုထားတဲ့ နိုင်ငံတွင်း ပွင့်လင်းမြင်သာမှု ရှိစေဖို့အတွက် ပံ့ပိုးမှုတွေ လုပ်ဖို့၊ ကျောက်စိမ်းနဲ့ တခြားကျောက်မျက် ရတနာ လုပ်ငန်းအတွက် မူဘောင်ချမှတ်ရာမှာ ကူညီရင်း ဒေသခံတွေအတွက် အကျိုးရှိလာစေဖို့တွေကို အမေရိကန်အစိုးရပိုင်းကနေ ကြပ်မတ်ပြီး တာဝန်ခံ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေပဲ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာစေဖို့ အကူညီတွေ ပေးနိုင်တယ်လို့လည်း မစ္စ Juman Kubba က ပြောပါတယ်။
VOA Burmese News
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ။
ဝါရှင်တန်ဒီစီကို လာရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်တခုလို့ - မြန်မာ့အရေး သုံးသပ်သူတွေ က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းပြည်မှာ သြဇာရှိဆဲ တပ်မတော်အကြား ဆက်ဆံရေး အဆင်ပြေဖို့အတွက် အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးက အရေးပါတယ်လို့ ဆိုခဲ့ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။
စက်တင်ဘာလ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်ဟာ - မြန်မာ အစိုးရသစ်လက်ထက် နိုင်ငံခြားဆက်ဆံရေးမှာ ဘက်မလိုက်ရေးမူဝါဒကို ကျင့်သုံးတယ်ဆိုတာ အခိုင်အမာ ပြသဖို့ဖြစ်တယ်လို့ သုံးသပ်ကြသူတွေ လည်းရှိသလို၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး တရားဝင် တောင်းဆိုဖို့အတွက် လာရောက် ခြင်းဖြစ်တယ် လို့လည်း သုံးသပ်နေကြတာပါ။ ဒါပေမဲ့လည်း အမေရိကန်ခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်တခုဆိုတာကိုတော့ သူတို့အားလုံးက လက်ခံ ကြပါတယ်။
ဝါရှင်တန်ဒီစီ - ဂျော့ရှ်တောင်းတက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg ကတော့ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ် အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ဘယ်လိုရှိတယ်ဆိုတာကို အခိုင်အမာ ပြသဖို့ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် အဓိက ရည်ရွယ်ချက်ကတော့ - မြန်မာနိုင်ငံအနေနဲ့ ဟန်ချက်ညီတဲ့ နိုင်ငံခြားရေးမူဝါဒမျိုး ကျင့်သုံးတယ် ဆိုတာကို ပြသဖို့ပဲလို့ ယူဆပါတယ်။ တရုတ်ပြည်ကိုလည်း သွားခဲ့တယ်။ ဥရောပကိုလည်း သွားခဲ့တယ်။ အမေရိကန်ကို လာတယ်။ ကုလသမဂ္ဂကိုလည်း သွားမယ်။ မကြာသေးခင်ကလည်း အာဆီယံပွဲ တက်ရောက်ခဲ့တယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားတိုင်းပြည် အစိုးရတွေ အားလုံးနဲ့ ဟန်ချက်ညီတဲ့ မူဝါဒမျိုး ထားရှိတယ်ဆိုတာကို ခိုင်မာကြောင်း ပြသ တာပါပဲ။ ဒါဟာ သိပ်ကို အရေးကြီးသလို၊ လုပ်ဆောင်သင့်တဲ့ အရာလည်း ဖြစ်ပါတယ်။”
ဂျော့ရှ်ဝါရှင်တန်တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Christina Fink ကလည်း - အရင်ကနဲ့မတူတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ်ဟာ အောင်မြင်မှု ခရီးစဉ်တခု လို့ မှတ်ချက်ချပေမဲ့ - ဒဏ်ခတ်မှုတွေအားလုံး မရုပ်သိမ်းပေးတဲ့အပေါ်မှာတော့ အခုလို သုံးသပ်ခဲ့ပါ တယ်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စီးပွားရေးဒဏ်ခတ်မှု တော်တော်များများ ရုပ်သိမ်းတာကို မြင်ချင်တယ်လို့ ကျမနားလည်ပါတယ်။ ရုပ်လည်း ရုပ်သိမ်းလိုက်ပါပြီ။ ဒါ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရလက်အောက်မှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အတွက် ဒဏ်ခတ်မှုတွေကို ချမှတ်ခဲ့တာပါ။ အခုက လူထုက ရွေးချယ် တင်မြှောက်တဲ့ နိုင်ငံရေးပါတီက အစိုးရရဲ့ နေရာအများစု ကို ထိန်းချုပ်ထားပါတယ်။ တခြားအကြောင်းတွေ ရှိပေမဲ့လည်း ဒဏ်ခတ်အရေးယူမှုတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဟန့်အတား ဖြစ်စေတဲ့ အကြောင်းရင်းတခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်တပ်က မြန်မာ့နိုင်ငံရေးမှာ အရေးပါနေဆဲပါ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်နက်တင်ပို့ရောင်းချမှုလို တချို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်ထားတာဟာ အဓိပါယ်ရှိပါတယ်။ စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးမှာ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဘူးပါတယ်။ ဒါပေမဲ့လညလ်း ဒီမိုကရေစီ အပြည့်အ၀ ရှိတဲ့နိုင်ငံမျိုးမှာ ဒီကနေ့အချိန် တွေ့နေရသလို စစ်တပ်က နိုင်ငံရေး အာဏာကို ရယူမထားသင့်ပါဘူး။ ဒီအတွက် စစ်တပ်ကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်မှုမျိုး၊ အထူးသဖြင့် လက်နက်အရောင်းအ၀ယ်ကို တားမြစ်ထားမျိုး ဆက်ရှိနေတာပါ။”
ပါမောက္ခ David Steinberg ကတော့ - ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ တပ်မတော်နဲ့ ဆက်ဆံရေးအဆင်ပြေဖို့ဆိုရင် - အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေ ဖယ်ရှားရေးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်တယ်လို့ ယူဆပါတယ်။
“အခုခရီးစဉ်ကနေ တခုခု ထွက်ပေါ်လာတယ် ဆိုတာကို ပြသနိုင်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီအထဲမှာ အရေးအကြီးဆုံးကတော့ ဒဏ်ခတ်ပိတ်ဆို့မှုပါ။ သူ့အနေနဲ့ စစ်တပ်နဲ့ ဆက်ဆံရေး ကောင်းချင်တယ်ဆိုရင်၊ မြန်မာစစ်တပ်အပေါ် အမေရိကန်က ဒဏ်ခတ်အရေးမှုတွေ ကို ဖယ်ရှားအောင် လုပ်ဆောင်တာက သူ့အတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။”
ဒါပေမဲ့လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံး ရုပ်သိမ်းဖို့ကတော့ အချိန်ယူရလိမ့်ဦးမှာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ တိုးတက်မှုတွေ ရှိလာမယ် ဆိုရင်တော့ - ကျန်နေသေးတဲ့ ဒဏ်ခတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီး ဖယ်ရှားပေးသွားနိုင်ပါ တယ်လို့လည်း သူတို့က သုံးသပ်ခဲ့ကြပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ - ဒီကနေ့မှာ နယူးယောက်မှာရှိတဲ့ မြန်မာ မိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို၊ Harvard တက္ကသိုလ် Harvard ဖောင်ဒေးရှင်းက ချီးမြှင့်မယ့် ၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု - Harvard Humanitarian of the Year ဆုကို လက်ခံရယူဖို့ရှိပြီး၊ စက်တင်ဘာလ ၁၉ ရက်နေ့ ကျရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲကိုတက်ရောက်မှာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
VOA Burmese News
အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတကတော်ဟောင်း လော်ရာဘုရှ်နဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။ သမ္မတဟောင်း လော်ရာဘုရှ်ဟာ မြန်မာ့အရေးကို အစဉ်အဆက် အားပေးထောက်ခံလာသူ ဖြစ်ပါတယ်။ မနက်ဖြန် စနေနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Harvard တက္ကသိုလ် Harvard ဖောင်ဒေးရှင်းက ချီးမြှင့်မယ့် ၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု - Harvard Humanitarian of the Year ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။
မနေ့က ကြာသပတေးနေ့ တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ သလို၊ မြန်မာ့အရေး ဆက်လက် ထောက်ခံ အားပေး သွားဖို့လည်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
အာဆီယံ-အမေရိကန် စီးပွားရေး ကောင်စီက တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်ပြီး စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံတွင်း တာဝန်သိ ရင်းနှီးမြှုပ်နှံတာတွေ လုပ်သွားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ကျရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲကိုတက်ရောက်မှာ ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ နယူးယောက်မြို့ ခရီးစဉ်အတွင်း မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာတွေ၊ သဘာဝသယံဇာတာတွေကို တရားမဝင် ထုတ်ယူနေတာတွေနဲ့ မြေယာမဲ့ဖြစ်အောင် တရားမ၀င်လုပ်ဆောင်နေတာတွေ နဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေကို အဓိကအလေးပေးလုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံးက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂက ကျောထောက်နောက်ခံပေး ထားတဲ့ The Hague အခြေစိုက် နိုင်ငံတကာရာဇ၀တ်တရားရုံးဟာ ၂၀၀၂ ခုနှစ်က စတင်တည်ထောင်ချိန်ကစပြီး အများအားဖြင့်တော့ လူမျိုးတုံးသတ်ဖြတ်မှု နဲ့ စစ်ရာဇ၀တ်မှုတွေကို စီရင်ဆုံးဖြတ်တာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှု နဲ့ မြေယာသိမ်းဆည်းမှုတွေက အစိုးရတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းစီကိုလည်း လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ တရားစွဲတာတွေအထိဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) က ကြာသာပတေးနေ့မှာ ပြောလိုက်ပါတယ်။ အခုလို ICC က ပြောလိုက်တာ ကို မြေယာပိုင်ဆိုင်မှု အခွင့်အရေးလှုပ်ရှားသူတွေက အကြီးအကျယ်ကြိုဆို လိုက်ပါတယ်။
အစဉ်အလာအားဖြင့် သိပ်ပြီးတော့တရားစွဲဆိုလေ့မရှိတဲ့ ဒီလိုပြစ်မှုတွေကို ပြစ်မှု အဖြစ်နဲ့ တရားစွဲသွားဖို့ အခုအခါမှာ ICC က စဉ်းစားလာနေတာဖြစ်ပါတယ်။
ကမ္ဘာတ၀ှမ်းမှာ မြေယာသိမ်းဆည်းမှုတွေကို ပိုပိုတွေ့လာနေရပြီး၊ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အစိုးရနဲ့ ဒေသခံအစိုးရတွေက ပုဂ္ဂလိက ကုမ္ပဏီတွေကို မြေ ဟက်တာ သန်းပေါင်းများစွာ ခွဲဝေပေးတာတွေလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်တာကြောင့် အတော်များများဟာ သူတို့ရဲ့ နေရာတွေကနေ အတင်းအကြပ်ဖယ်ခိုင်းခံရတာ၊ ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဆိတ်သုဉ်းအောင်လုပ်ခံရတာ၊ အဟာရချို့တဲ့တာတွေ နဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေဖြစ်စေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားနေတဲ့ Global Witness အဖွဲ့ကြီးက ပြောလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
ဇူလိုင်လ နောက်ပိုင်း ထွက်ပြေးသူ တစ်သိန်း ရှစ်သောင်း ငါးထောင် ကျော် ရှိလာ။
ပြည်တွင်းစစ် ဖြစ်နေတဲ့ တောင်ဆူဒန် နိုင်ငံ ကနေ ပြည်ပကို ထွက်ပြေးတဲ့ ဒုက္ခသည် အရေအတွက်က တစ်သန်း ပြည့်သွားပြီလို့ ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှာ တောင်ဆူဒန် မြို့တော် ဂျူဘာမှာ ပြန်လည် ပေါ်ပေါက်ခဲ့တဲ့ တိုက်ပွဲတွေက ထွက်ပြေးသူ အရေအတွက်ကို ရုတ်တရက် တိုးလာစေခဲ့တာလို့ ကုလ သမဂ္ဂက ပြောပါတယ်။
ဇူလိုင်လ နောက်ပိုင်းမှာတင် နိုင်ငံ စွန့်ခွာ ထွက်ပြေးသူ တစ်သိန်း ရှစ်သောင်း ငါးထောင်ကျော် ရှိတယ်လို့ ကုလ သမဂ္ဂက ဆိုပါတယ်။
တောင်ဆူဒန် နိုင်ငံထဲမှာတင် နေရပ် စွန့်ခွာရသူ အရေအတွက်ကတော့ ၁.၆ သန်း ကျော် ရှိသွားပြီလို့ သိရပါတယ်။
ဒါကြောင့် နိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းက အိုးအိမ်စွန့်ခွာ နေကြရသူတွေ ဖြစ်နေပါတယ်။
တောင်ဆူဒန် ပြည်တွင်းစစ်က ၂၀၁၃ ဒီဇင်ဘာမှာ စတင် ခဲ့ပြီး၊ မနှစ်တုန်းက ငြိမ်းချမ်းရေး သဘောတူ လက်မှတ် ထိုးခဲ့ပေမယ့် တိုက်ပွဲတွေ ရပ်မသွားဘဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ရန်ကုန်မြို့တွင်းရှိ အချို့သောတည်းခိုခန်းများတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ခြင်းမရှိဟု ပြည်သူများအကြား ဝေဖန်မှုများထွက်ပေါ်နေပြီး စည်းကမ်းပျက်တည်းခိုခန်းများ ဖောင်းပွနေမှုကို အထူးကိစ္စတရပ်အနေနှင့် ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း မြောက်ဒဂုံမဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်က စက်တင်ဘာ ၁၄ ရက်တွင် News Watch သို့ ပြောသည်။
''မနေ့က မြောက်ဒဂုံမှာဖြစ်တဲ့ အသက် ၁၅ နှစ် ကလေးမလေးကိစ္စက ဘယ်လိုပုံစံနဲ့ ၀င်လာပြီး ဘယ်လိုတည်းခိုခန်းက လက်ခံတယ် မသိဘူး။ ဒါပေမဲ့ မြောက်ဒဂုံမှာ တည်းခိုခန်းတွေ အရမ်းများ နေတယ်။ အချို့ကလည်း သတ်မှတ်ထားတဲ့ မှတ်ပုံတင်ပါမှ၊ အသက်ပြည့်မှဆိုတဲ့ စည်းကမ်းတွေ မလိုက်နာ တာတွေလည်းရှိတယ်။ အခုအခြေအနေမှာ ဒီကိစ္စကို အထူးကိစ္စတရပ်အနေနဲ့ ဖြေရှင်းဆောင် ရွက်ဖို့လိုတယ်။ လူ့အဖွဲ့အစည်းကြီးထဲမှာ တည်းခိုခန်းကိစ္စဟာ ဖောင်းပွလာတယ်။ ဒါတွေကို စနစ်တကျ စိစစ်ပြီး ခွင့်ပြုပေးသင့်တယ်။ ခု အချို့တည်းခိုခန်းတွေက အသက်မပြည့်၊ မှတ်ပုံတင်မရှိလည်း ငွေတခုကိုပဲကြည့်ပြီး အကုန်လုပ်နေတယ်။ ဒီတည်းခိုခန်းတွေမှာလည်း မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ အခြားပြဿနာတွေရှိနေတော့ ဒီကိစ္စကို လွှတ်တော်မှာလည်း ဆွေးနွေးတာလေးတွေရှိမှာပါ''ဟု ၎င်းကဆိုသည်။
တည်းခိုခန်းများ စည်းကမ်းချိုးဖောက်မှုနှင့်ပတ်သက်၍ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှချပေးထား သည့် လိုင်စင်ဖြင့်တည်းခိုခန်းများကို တိတိကျကျတိုင်ကြားပါက စိစစ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ဆိုသည်။
''စည်းကမ်းချိုးဖောက်နေတဲ့ တည်းခိုခန်းက ကိုယ်တို့ဟိုတယ်နဲ့ ခရီးကလိုင်စင်ချထားပေးတာဆို အသက်မပြည့် တာတွေ၊ မှတ်ပုံတင်မပါတာတွေ၊ အချိန်ပိုင်းတည်းတာတွေရှိရင် တိတိကျကျတိုင်ကြားပါ။ ကိုယ်တို့ ထိန်းကျောင်းပေးရမယ်။ ဒီကိစ္စတွေကို ထိန်းချုပ်ရတာတော့ ခက်ပါတယ်''ဟု ၎င်းက ဆိုသည်။
စည်ပင်လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် ဟိုတယ်နှင့်တည်းခိုခန်းများတွင် နိုင်ငံခြားသား ခရီးသွားဧည့် သည်များကို တည်းခိုနေထိုင်ခွင့်မပြုရန် ၀န်ကြီးဌာနက ညွှန်ကြားထားပြီး စည်ပင်လိုင်စင်ဖြင့် တည်းခိုခန်း များသည် Local အတွက်သာ တည်းခိုခွင့်ပြုရမည်ဖြစ်ကြောင်း၊ ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် ယင်းကဲ့သို့သော ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းနှင့်မလိုက်နာသည့် တည်းခိုခန်းဟိုတယ်များကို တာဝန်ရှိ သူများအနေဖြင့် စိစစ်ခြင်းမရှိသေးကြောင်း ကျောက်တံတားမြို့နယ် အမှတ်(၂)ရပ်ကွက်အုပ် ချုပ်ရေးမှူးဦးဘုန်းကျော်မြင့်က ဆိုသည်။
''တည်းခိုခန်းတွေ စည်းကမ်းနဲ့ ညီညွတ်မှုရှိမရှိ စစ်ဆေးစိစစ်တာကျတော့ သီးခြားညွှန်ကြားချက်ကျမှ ရဲတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းစစ်ဆေးကြတာပေါ့။ ခုထိတော့ ကျွန်တော်တို့ ဒါမျိုးတွေ မစစ်ဆေးရသေးပါဘူး''ဟု ၎င်းကဆိုသည်။
''တည်းခိုခန်းတွေက မှိုလိုပေါက်နေတာ။ စိစစ်ကြပ်မတ်မှုပိုင်းမှာ အရမ်းအားနည်းနေတယ်။ ငွေရဖို့တခုပဲ ကြည့်နေကြတယ်။ ကျောင်းသူကျောင်းသားအရွယ်တွေ၊ အသက်မပြည့်သေးတဲ့သူတွေလာလည်း ပေးဝင် တာပဲ။ သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ သေချာကြပ်မတ်စိစစ်သင့်ပါတယ်''ဟု မြောက်ဒဂုံမြို့နေ ဒေါ်ခင်ဝင်းက ဆိုသည်။
လက်ရှိတွင် တက္ကသိုလ်ကောလိပ်များအနီးတွင်ပင် တည်းခိုခန်းများရှိနေပြီး ခွင့်ပြုပေးထားသည့် လိုင်စင်များကို ပြန်လည် စိစစ်ရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်တဦးက မှတ်ချက်ပြုသည်။
ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အသက် (၁၅)နှစ်အရွယ် န၀မတန်းကျောင်းသူကို အွန်လိုင်းမှတွေ့ရှိ ချစ်ကြိုက်သူတဦးက မြောက်ဒဂုံရှိဟိုတယ်တခုတွင် သားမယားအဖြစ်ပြုကျင့်ခံခဲ့ရသည့်သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ကြောင်း၊ တည်းခိုခန်းများအနေဖြင့် အသက်မပြည့်၊ မှတ်ပုံတင်မပါသည့်သူများကို တည်းခိုခွင့်မပေးသင့်ကြောင်းနှင့် စည်းကမ်းချိုးဖောက်၍ ငွေကြေးတခုသာကြည့်သည့် တည်းခိုခန်းများကို အရေးယူသင့်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။
မောင်ထက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကျွန်တော့်အမေဟာ အသက် (၈၄) နှစ်ရှိပါပြီ။ ဇရာသဘောအရအတော့်ကို အိုမင်းနေတဲ့အရွယ်ပေါ့။ ဒါပေမဲ့ ကံကောင်းထောက်မစွာဘဲ အမေဟာ ကျန်းမာရေးကောင်းနေသေးလို့ ၀မ်းသာရပါတယ်။ အမေက ပြည်မြို့မှာနေပြီး ကျွန်တော်က ရန်ကုန်မြို့မှာနေသူမို့ အမေ့ကို ခဏခဏ တွေ့ဆုံနိုင်ခြင်းမရှိပါဘူး။ အမေ ရန်ကုန်ကိုလာတဲ့အခါ။ ဒါမှမဟုတ် ပြည်ကို ကျွန်တော်တို့ပြန်တဲ့အခါမှပဲ တွေ့ခွင့်ရကြပါတယ်။ များသော အားဖြင့်တော့ ဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်ကြရတာပါပဲ။ ကျွန်တော်က တနေ့တခါ ညနေ ၃ နာရီခွဲတိုင်း အမေ့ဆီကြိုးစားပြီး ဖုန်းဆက်ပါတယ်။ တခါတလေတော့ မဆက်ဖြစ်ဖူးပေါ့။ ရန်ကုန်ဆိုတာကလည်း အင်မတန်မှ အချိန်ရှားပါးတဲ့မြို့ မဟုတ်လား။ အများအားဖြင့်တော့ သွားရင်းလာရင်းအချိန်ကုန်တာပါပဲ။ ဒါပေမဲ့ သွားရင်းလာရင်း အမေ့အရွယ်လောက်၊ ဒါမှမဟုတ် အသက်ကြီးကြီး အမေကြီးတွေများတွေ့ရင် အမေ့ကို သတိရမိပါတယ်။ အချို့အမေကြီးတွေ ဆင်းဆင်းရဲရဲနဲ့ ငွေကြေးအလှူခံနေတာတွေ့ရင် မိခင်ချင်း ကိုယ်ချင်းစာလို့ နိုင်သလောက်တော့ အမြဲလှူဖြစ်ပါတယ်။ ဆိုလိုတာက သားတယောက်အနေနဲ့ အမေချင်း ကိုယ်ချင်းစာစိတ်၊ သားသမီးချင်းကိုယ်ချင်းစာစိတ် ကျွန်တော့်မှာ ရှိတတ်တယ်ဆိုတာပါ။ တခါတလေ အဘိုး ကြီး၊ အဘွားကြီးတွေ ဈေးရောင်းနေတာတွေ့ရင် သူရောင်းတဲ့ပစ္စည်းဟာ ဘာပဲဖြစ်ဖြစ် အားပေးတဲ့အနေနဲ့ ၀ယ်လာခဲ့တာချည်းပါပဲ။ နိုင်ငံခြားကလူတွေက အရွယ်တင်နုပျိုကြပေမယ့် မြန်မာနိုင်ငံမှာတော့ နေပူစပ်ခါး မရှောင် အလုပ်လုပ်ရတဲ့ဒဏ်တွေကြောင့် အသက်ကြီးသူတွေဟာ အိုစာလွယ်ကြပါတယ်။ ဘိုးဘွားရိပ်သာ တွေကိုသွားတဲ့အခါ အသက်(၇၀)ကျော် ဘိုးဘွားတွေကို တွေ့ဖူးမှာပါ။ အတော်များများကတော့ ခါးတွေကုန်း၊ နားတွေထိုင်း၊ မျက်စိတွေမှုန်၊ သွားတွေကျိုးလို့ လူအိုကြီးတွေလုံးလုံး ဖြစ်ကုန်ကြတာတွေ အများကြီးတွေ့ဖူးပါရဲ့။ ကျန်းမာရေးကောင်းပြီး အရွယ်တင်တဲ့အဘိုးအဘွားအချို့ကိုလည်း တွေ့ဖူးပါရဲ့။
ဘာပဲဖြစ်ဖြစ် လူတွေဟာ အသက် (၇၀) ဆိုတဲ့အရွယ်ကို ကျော်လာပြီဆိုတာနဲ့ ဇရာသဘောအရ လူအိုတန်းကို သတ်မှတ်ခံရတာပါပဲ။ ခေါ်တာတောင်မှ အဘွား၊ အဘိုး စသည်ဖြင့်ပေါ့နော်။
တလောက ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ထိန်လင်းနဲ့ မြင့်ဆန်းအောင်အကြောင်း စောင့်ကြည့်ဂျာနယ်မှာ ဆောင်းပါးတပုဒ် ကျွန်တော်ရေးခဲ့ပါတယ်။ ဇာတ်နာအောင် တမင်ရည်ရွယ်ပြီးရေးတာမဟုတ်ပေမယ့် ဖတ်ရသူအတော်များများကတော့ ခံစားရတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ကျွန်တော်ဟာ သားသမီးချင်း၊ မိခင်ချင်းကိုယ်ချင်းစာပြီး အဲဒီဆောင်းပါးကို ရေးခဲ့တာပါ။ ထိန်လင်းတို့၊ မြင့်ဆန်းအောင်တို့နေရာက ကျွန်တော်နေကြည့်ပြီး ကိုယ်ချင်းစာကြည့်တယ်။ အမေဟာ ကျွန်တော် ငါးတန်းအရွယ် (အသက် ၁၁ နှစ်လောက်မှာ) နိုင်ငံခြားကို ခဏဆိုပြီး ထွက်သွားတယ်။ ပြီးတော့ နှစ်ပေါင်း များစွာ ပြန်မလာတော့ဘူး။ အတူနေရတဲ့ အဖေကြီးကလည်း ရောဂါဝေဒနာကိုခံစားရပြီး နှစ်နှစ်လောက်အကြာ မှာ ဆုံးသွားတယ်။ အမေ့ဆီလိုက်သွားချင်ပေမယ့်လည်း ပိုက်ဆံစုရသေးတယ်။ ပိုက်ဆံရတော့လည်း ပြည်ဝင်ခွင့်ဗီဇာ အပိတ်ခံရရင် သွားလို့မရပြန်ဘူး။ အမေကလည်း ကိုယ့်ဆီမလာနိုင်၊ ကိုယ်ကလည်း ခဏခဏ မသွားနိုင်၊ အဲဒီလိုဆို ကျွန်တော်ရော၊ ကျွန်တော့်အမေရော ဘယ်လိုခံစားရမှာပါလိမ့်။ သေချာတာကတော့ ကျွန်တော် အဲဒီလောက်ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အမေလုပ်နေတဲ့အလုပ်တွေကို ရပ်တန့်ပြီး မိသားစုဆီ ပြန်လာဖို့ ကျွန်တော်ပြောမိမှာပဲ။ ကျွန်တော့်အစ်ကိုကိုရော။ မသေခင်က အဖေ့ကိုရော ဟောဒီလိုပြောမိမှာပဲ။
''အမေလုပ်နေတာတွေကို ရပ်တန်းကရပ်ပြီး မိသားစုဆီပြန်လာခဲ့ပါ။ အမေ ကျွန်တော်တို့ကို တကယ်ချစ်တယ် ဆိုရင်၊ အဖေ့ကို တကယ်တာဝန်ကျေချင်တယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ ရှေ့ရေးကို အလေးထားတယ်ဆိုရင် ပြန်လာခဲ့ပါ။ အမေခုချက်ချင်းပြန်မလာရင် ကျွန်တော်တို့ကို တန်ဖိုးမထားလို့ဘဲ။ တသက်လုံး ကျွန်တော်တို့နဲ့သေခန်းပြတ်ပြီ။ ကျွန်တော်သေလည်း အမေမလာနဲ့တော့၊ အမေသေရင်လည်း ကျွန်တော် တို့ကို အကြောင်းမကြားနဲ့တော့''လို့ ကျွန်တော်ပြောမိမှာပဲ။ အမေ့ကို မိသားစု ဆီပြန်လာစေချင်တဲ့စိတ်နဲ့ အဲဒီလိုပြောမိမှာပဲ။ ကျွန်တော့်အမေကလည်း မျက်ရည်လေးစမ်းစမ်းနဲ့ မီရာလေယာဉ်နဲ့ ကျွန်တော်တို့ဆီပြန်လာ မှာပဲ။ မိသားစုလေးယောက်စုံစုံညီညီနဲ့ ထမင်းလက်စုံစားလို့ ပျော်ပျော်ရွှင်ရွှင် နေကြမှာပဲ။
ဒါပေမဲ့ ခက်တာက ကျွန်တော်ကလည်း ထိန်လင်း (ခေါ်) ကင်မ်အဲရစ်မဟုတ်သလို ကျွန်တော့်အမေကလည်း ဒေါ်အောင်ဆန်းစုကြည် မဟုတ်တာပါပဲ။ ထိန်လင်းဟာ သူဘယ်လောက်ပဲခံစားရပေမယ့် သူ့အမေ ဒေါ်စုကို ကျွန်တော်ပြောသလို စကားတွေကိုပြောမထွက်ခဲ့ပါဘူး။ မပြောခဲ့ပါဘူး။ အမေကို အပြစ်မတင်ခဲ့ပါဘူး။ မခံစားနိုင်လွန်းလို့ သူပြောခဲ့မယ်ဆိုရင်တောင် သူ့အမေဟာ ကျွန်တော့်အမေလိုတော့ မိသားစုအရေးကို ရှေ့တန်းတင်နိုင်မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာပြည်သူပြည်သားတွေအားလုံးဟာ သူ့သားသမီးတွေဖြစ်နေလို့ပါပဲ။ အဲဒီလို အတွဲညီခဲ့တဲ့ အမေနဲ့သားတွေ ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင်တွေပါပဲ။
ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်္ဂလန်ခရီးစဉ်မှာ သားအငယ်ဖြစ်သူ ထိန်လင်း(Kim)နဲ့ အမေစုပွေ့ဖက်နေတဲ့ ဓာတ်ပုံကိုတွေ့တော့ နိုင်ငံရေးတွေ၊ ဘာတွေဘေးချိတ်လို့ လူသားတယောက်အနေနဲ့ သားသမီးချင်း မိဘချင်းကိုယ်ချင်းစာလို့ မျက်ရည်ဝဲတဲ့အထိ ပီတိဖြစ်မိပါတယ်။ နှစ်ပေါင်းများစွာ လျစ်လျူရှု ဥပေက္ခာပြုခဲ့ရတဲ့သားကို ပြန်တွေ့ရတာ၊ တခါမှမမြင်ဖူးသေးတဲ့မြေးနှစ်ယောက်ကို ပထမဆုံးပြန်တွေ့ရတာ ဘယ်အမေ ဘယ်အဘွားက စိတ်မချမ်းသာဘဲနေမှာလဲ။ သားဘက်က ကြည့်တော့လည်း ကိုယ်တိုင်အဖေနေရာကနေရကာမှ မိဘတယောက်ရဲ့ အချစ်နဲ့မေတ္တာကို ပိုပြီးနားလည်ရတော့ ငါ့အမေဟာ ငါတို့ကိုထားရစ် ခွဲခွာသွားဖို့ ဘယ်လောက် နာနာကျင်ကျင်ဆုံးဖြတ်ရမှာပါလဲဆိုတာ ပိုပြီးကိုယ်ချင်းစာတတ် လာမှာပါ။ ကိုယ်တိုင်မိဘဖြစ်မှ ကိုယ့်မိဘက ကိုယ့်ကို ဘယ်လောက်ချစ်သလဲဆိုတာ သိကြတာပါ။ ကိုယ့် အချစ်ဆုံး သားသမီးထက် ကိုယ့်နိုင်ငံကိုပိုချစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ကိုယ့်မိဘ ကိုယ့်ရင်ခွင်ထဲက ထွက်သွားတာကို အပြစ်တစက်မှမတင်ဘဲ အမေ့ကိုချစ်တဲ့စိတ်အပြည့်နဲ့ နားလည်ပေးခဲ့တဲ့ သားနှစ်ယောက်ကို တော့ ကျွန်တော် မချီးမွမ်းဘဲမနေနိုင်ပါဘူး။ ကိုယ့်အမေရှိရာဟိုတယ်ကို ပကာသနမပါဘဲ ဘတ်စ်ကားစီးပြီး လာခဲ့တဲ့ ထိန်လင်းနဲ့ သူ့ကလေး နှစ်ယောက်ရယ်၊ သားကိုတွေ့တော့ပြေးဘက်လိုက်တဲ့ သံမဏိနှင်းဆီလို့ နာမည်ရတဲ့ မာကျောတဲ့စိတ်ဓာတ်ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်စိတ်နဲ့ ချစ်ခြင်းမေတ္တာရယ်ဟာ ကိုယ်ချင်းစာတတ်တဲ့သူတွေအတွက်တော့ ၀မ်းသာဝမ်းနည်းစိတ်နဲ့ နှလုံးသားထဲမှာ စမ်းချောင်းလေးဖြတ်စီး သွားသလိုပါပဲလို့။
သရ၀ဏ်(ပြည်)
၂၀၁၅ ဇန်နဝါရီမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း Giovanni Lo Porto သေဆုံးခဲ့။
ပါကစ္စတန် နိုင်ငံထဲမှာ အမေရိကန်တို့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရတဲ့ အီတလီ နိုင်ငံသား ကူညီ ကယ်ဆယ်ရေး လုပ်သား အတွက် လျော်ကြေးငွေ ယူရို ၁.၁ သန်း (အမေရိကန် ဒေါ်လာ ၁.၂ သန်း)ပေးဖို့ အမေရိကန် အစိုးရက သဘောတူ လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။
ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်သူ Giovanni Lo Porto ဟာ အယ်လ် ခိုင်ဒါ အဖွဲ့ရဲ့ ထိန်းသိမ်းမှုကို ခံထားရစဉ် ၂၀၁၅ ခုနှစ် ဇန်နဝါရီလက တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာပါ။ ကူညီ ကယ်ဆယ်ရေးလုပ်တဲ့ အမေရိကန် နိုင်ငံသား တစ်ဦးလည်း သူနဲ့ အတူ သေဆုံး ခဲ့ပါတယ်။
အခုလို သဘောတူညီမှုအပေါ် အိမ်ဖြူတော်က တရားဝင် အတည်ပြုတာတော့ မရှိသေးပါဘူး။
သမ္မတ အိုဘားမား ကတော့ အဲဒီ ကယ်ဆယ်ရေး လုပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး မနှစ်က ဧပြီလထဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။
အဲဒီအချိန်က အိမ်ဖြူတော်က ပြောရာမှာ အဲဒီ စစ်ရေး အစီအစဉ်က ပါကစ္စတန်နဲ့ အာဖဂန် နယ်စပ်အနီးက အယ်ခိုင်ဒါ တို့ရဲ့ ဧရိယာ တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီ အချိန်က အရပ်သားတွေ ရှိမနေဘူးလို့ ယုံကြည်ခဲ့လို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
BBC Burmese
ကင်းစောင့်နေသူ ကချင် စစ်သားတဦး
ကချင် ပြည်နယ် ဝိုင်းမော်မြို့ အရှေ့ဘက် အစွန်ဆုံးမှာ ရှိတဲ့ အင်ခရမ်ဘုန်း တောင်ကုန်း အနီးမှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်တို့ စက်တင်္ဘာ လ ၁၆ ရက် မနက် ၁၀ နာရီခွဲနဲ့ ၁၁ နာရီခွဲ အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အစိုးရ တပ်မတော်ဘက်က စစ်သည်အင်အား ၂၀၀ ကျော် ၃၀၀ နီးပါး ပါဝင်ပြီး အမြောက်လက်နက်၊ လက်နက်ငယ် အစုံအလင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အင်ခရမ်ဘုန်း တောင်ကုန်းဟာ မြစ်ကြီးနား ဗန်းမော် ကားလမ်းရဲ့ အရှေ့ဘက်မှာ ရှိပြီး ဗျူဟာကျတဲ့နေရာ ဖြစ်ပါတယ်။
လိုင်ဇာသွားရင် ဖြတ်သွားရတဲ့ လမ်းကြောင်း ဖြစ်တဲ့ အတွက် ဆက်သွယ်ရေး လမ်းကြောင်းမှာ အချက်အချာကျတဲ့ နေရာ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့မှာ အစိုးရစစ်တပ်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ဇူလိုင် ၁၄ ရက်မှာတော့ တိုက်ခိုက်မှု ရပ်နားထားခဲ့ပါတယ်။ ဇူလိုင် ၁၅ ရက် မနက်ခင်းမှာတော့ အရွယ် အစားမျိုးစုံ အမြောက်တွေနဲ့ အကြိမ်ပေါင်း ၁၀၀ ကျော်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုတိုက်ခိုက်မှုဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြား ထွက်နေချိန်နဲ့ ချိန်ကိုက်လုပ်ဆောင်တာ ဖြစ်နိုင်ပြီး ဒီလို တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ ထိခိုက်နိုင်တယ်လို့လည်း ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ပါကစ္စတန် အနောက်မြောက်ပိုင်း၊ ကျေးရွာတစ်ရွာက ဗလီတစ်ခုမှာ အသေခံ ဗုံးခွဲသမား တစ်ယောက်က တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၂၃ ယောက် သေဆုံးပြီး အတော်များများ ဒဏ်ရာရသွားပါတယ်။
သောကြာနေ့မှာ လူတွေ ဗလီကို လာပြီး ဝတ်ပြုနေစဉ် အခုလို အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှု ဖြစ်ပွားတဲ့ ဗလီက အာဖဂန် နစ္စတန်နဲ့ နယ်စပ် အနီး၊ မိုမန် ခရိုင်ထဲက ကျေးရွာ တစ်ရွာမှာ ရှိတာပါ။
ဒဏ်ရာရသူ အများစုကလည်း အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
တိုက်ခိုက်မှုက ဘယ်အုပ်စုရဲ့ လက်ချက်လဲ ဆိုတာ ချက်ချင်း မသိရသေးပါဘူး။
အရင်ကတော့ အခုလို ဗုံးခွဲ တိုက်ခိုက်မှုမျိုးတွေကို ပါကစ္စတန်က တာလီဘန်အဖွဲ့က လုပ်လေ့ရှိပါတယ်။
BBC Burmese
http://www.bbc.com/burmese
အသက်ဆုံးခဲ့ရတဲ့ မိုင်းယော်ရွာသား မိသားစု။
အသက်ဆုံးခဲ့ရတဲ့ မိုင်းယော်ရွာသား မိသားစု။
မိုင်းယော်ဒေသခံ ရွာသား ၅ဦး သေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်သား ၇ဦးကို မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅နှစ်စီ ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့အတွက် စစ်တပ်အနေနဲ့ ဒီထက်ပို ဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့လည်း ထောက်ပြနေကြတာပါ။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျူးလွန်မှုကို ပထမဆုံးအကြိမ် တရားဥပဒေကြောင်း အရ ထိထိရောက်ရောက် အရေးယူတဲ့အနေနဲ့ မိုင်းယော်ဒေသခံ ပြည်သူ ၅ဦးသေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့ တဲ့ မြန်မာစစ်တပ်က အရာရှိနဲ့ စစ်သည် ၇ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅နှစ်စီချမှတ်လိုက်တဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက် ကျူးလွန်မှု နဲ့ ပတ်သက်လို့ အခု လို အရေးယူလိုက်တာဟာကျဆင်းနေတဲ့ တပ်မတော် ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ပြန်ဆယ် ရာရောက်တယ်လို့ မြန် မာပြည် လူ့အခွင့်အရေး အတွက် လုပ်ဆောင်နေတဲ့ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။
" အခုစစခြင်း ဒါမျိုး လုပ်ဆောင်မှုတွေက ဖြစ်သင့်တာ ကြာပါပြီ။ အခုလိုဖြစ်တဲ့ဟာ ကျနော်တို့ ကြိုဆိုတယ်။ ဒါမျိုး ကိစ္စတခုတင် မကပဲနဲ့ ပြည်သူလူထုတွေအပေါ်မှာ ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့သူကို ဘယ်သူပဲဖြစ်ဖြစ် ဘယ်လက်နက်ကိုင်အဖွဲ့ပဲဖြစ်ဖြစ် တိကျပြီး ထိုက်သင့်သော အရေးယူမှုတွေ ဆက်လက်ဖြစ်ပေါ်ပါစေ ကျနော်တို့ ဆုတောင်းပါတယ်။ ဒါကို မျှော်လင့်နေပါတယ်။"
တဖက်မှာလည်း မြန်မာစစ်တပ်အနေနဲ့ မိုင်းယော် ဒေသခံရွာသား ၅ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ အရေးယူတဲ့ အချိန်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန်ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန် လည် ရုပ်သိမ်းမယ့်အကြောင်း ပြောဆိုခဲ့ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင် တချို့အပေါ်မှာတော့ ဒဏ်ခတ်မှုတွေ ဆက်လက် ထားရှိသွားမယ့် အကြောင်း ဖြစ်ပါ တယ်။
ဒီအတွက် မြန်မာစစ်တပ်အနေနဲ့ မိုင်းယော်ဒေသခံရွာသားတွေ သေဆုံးမှုတခုတင် မဟုတ်ပဲ တိုင်းရင်းသားဒေသတွေက အခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လည်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှသာ တပ်မတော် အပေါ် ပြည်သူတွေ အနေနဲ့ ယုံကြည်မှာဖြစ်တယ်လို့ ဦးအောင်မျိုးမင်း ကပြောပါတယ်။
"တကယ်လို့များ ဒီလိုမျိုး အခြေအနေမှာ ပြစရာတခုအနေနဲ့ ဒါမျိုး လုပ်ဆောင်ပြီး နောက်ပိုင်းမှာ မလုပ်ဆောင်တော့ဘူးဆိုရင်တော့ ဒါက ချိန်ကိုက် လုပ်ဆောင်မှုလို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ချိန်ကိုက် လုပ်ဆောင်မှု ဆိုတာ မဟုတ်ဘူး။ တပ်မတော်ဆိုတာ လူ့အခွင့်အရေးချိုးဖောက်မှုကို လက်မခံဘူး ဆိုတာ သက်သေပြနိုင်ဖို့အတွက် ဒါမျိုး ကိစ္စတွေကို မဖြစ်အောင် ဆက်လက်ပြီး တားဆီးတာ အဲ့လိုအမှုတွေကို အမှုမှန်အတိုင်း ပေါ်ပေါက်အောင် လုပ်ဆောင်တာ ချိုးဖောက်တဲ့ ဘယ်သူပဲဖြစ်ဖြစ် ထိရောက်သော အရေးယူမှုတွေကို တပ်မတော် ရဲ့အစဉ်အလာ တခုအဖြစ် ဆက်လက်ကျင့်သုံးသွားမှ ခုနဟာလိုမျိုး စိုးရိမ်ချက်တွေကို ဖြေဖျောက်နိုင်မှာဖြစ်ပါတယ်။"
မိုင်းယော် ဒေသခံရွာသား ၅ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ စစ်တရားရုံးက တပ်မတော်အက်ဥပဒေပုဒ်မ ၇၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)/၂၄အရ ကျူးလွန်တာတွေ့တဲ့အတွက် တပ်မတော်သား ၇ဦးကို စက် တင်ဘာ ၁၅ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅နှစ်စီကျခံဖို့ အမိန့်ချမှတ် လိုက်တာဖြစ်ပါတယ်။
တိုင်းရင်းသားဒေသမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျူးလွန်မှုကို ပထမဆုံး အရေးယူလိုက်တာမို့ မြန်မာပြည်ရဲ့ တရားစီရင်ရေးနည်းနည်း အလုပ်ဖြစ်လာပြီလို့ ယူဆရပေမယ့် မိုင်းယော်ရွာသားတွေ သေဆုံးမှုကို အရေးယူလိုက်တာတခုတည်းနဲ့တော့ တပ်မတော်အပေါ် ယုံကြည်မှုမရှိဘူးလို့ တအာန်းအမျိုးသမီးအဖွဲ့က လွေးပိုးညိုဝ်က သူ့အမြင်ကို ပြောပါတယ်။
" ကျမတို့နားလည်တာ တိုင်းပြည် ပြည်သူလူထုကို ကာကွယ်တယ်။ ကျမတို့နိုင်ငံက ကျတော့ မဟုတ်ဘူး။ အစိမ်းရောင်မြင်နေတာနဲ့ကို ကြောက်နေရတယ်ပေါ့။ အဲ့လိုဖြစ်တော့ ပြည်သူလူထု ရဲ့ စိတ်ထဲမှာတော့ အဲ့ဒီ့အကြောက်တရားတွေက လွှမ်းမိုးနေတုန်းပဲ။ ကျမတို့ကိုယ်တိုင်လည်း လွှမ်းမိုးနေတုန်းပဲ။ အဲ့လိုဖြစ်တဲ့ အခါကျတော့ တကယ်ပဲ တပ်မတော်က ပြည်သူလူထုကို ကာကွယ်တဲ့ တပ်မတော်တခုပါ။ တကယ်ပဲ ပြည်သူလူထုကို အထောက်အပံ့ဖြစ်စေတဲ့ တပ်မတော်တခုဖြစ်စေချင်တယ်ဆိုရင်တော့ သေချာတယ် ဒီ့ထက်မက ပိုပြီးတော့မှ သေချာတယ် တရားရုံးက အရေးယူဆောင်ရွက်ပေးရမယ့်အရာတွေ အများကြီးရှိတယ်။"
ရှမ်းပြည်မြောက်ပိုင်း မူဆယ်အနီး ကောင်းခါးရွာမှာ ကချင်ကျောင်းဆရာမဦး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ သတ်ခံရတဲ့အမှုနဲ့ ပတ်သက်လို့လည်း လတ်တလောမှာ တပ်မတော်သားတွေကို စစ်ဆေးနေတာလည်းရှိပါတယ်။
VOA Burmese News
 DKBA တပ်သားများ။ သတင်းဓာတ်ပုံ ( မေ ၁၀၊ ၂၀၁၂)
DKBA တပ်သားများ။ သတင်းဓာတ်ပုံ ( မေ ၁၀၊ ၂၀၁၂)
ကရင်ပြည်နယ်မဲသဝေါဒေသမှာ ကရင်နယ်ခြားစောင့်တပ်ရင်းနဲ့ မြန်မာ့ တပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ခွဲထွက်ဒီကေဘီအေတပ်တို့ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး၊ ထိခိုက်သေကြေမှုတွေလည်း ရှိနေပါတယ်။ ကရင်နယ်ခြားစောင့်တပ်ရင်းနဲ့ မြန်မာ့တပ်မတော်ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ ထိုးစစ်တွေကြောင့် ဒီကေဘီအေ အဓိကတပ်စခန်းတခု ဆုံးရှုံးခဲ့သလို၊ ထိပ်တန်း ခေါင်းဆောင်တချို့ထိခိုက်ဒဏ်ရာရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေထိုင်း အခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် မဲသဝေါဒေသအတွင်းမှာ ခွဲထွက်ဒီကေဘီအေအဖွဲ့နဲ့ ကရင်နယ်ခြားစောင့် တပ်ရင်း မြန်မာ့တပ်မတော်ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေတာ ဒီကနေ့ပါဆို ရက်သတ္တနှစ်ပါတ်ကြာမြင့် ခဲ့ပြီးဖြစ်ပါတယ်။
မနေညပိုင်းမှာ ကရင်နယ်ခြားစောင့် တပ်ရင်းနဲ့ မြန်မာ့တပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့ကနေ ဒီကေဘီအေဘက်က ခံစစ်နေရာယူ ထားတဲ့ ဝါးကလို့လူးကုန်း (၀ါးဘိုးတောင်)စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်။
မနေ့ကဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ ဒီကေဘီအေ အကျိုးတော်ဆောင် ကိုယ်စားလှယ် ကိုကျော်သီဟက ပြောပါတယ်။
"မနေ့ကဖြစ်တဲ့တိုက်ပွဲကတော့ နှစ်နာရီတခါ သုံးနှစ်နာရီတခါလောက်တော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တယ်။ နောက်တခါ သူတို့ထိုးစစ်အနေနဲ့ တက်လာတာတွေရှိတယ်။ တက်လာတဲ့အပေါ်မှာတော့ ကျနော်တို့ ခံစစ်အနေနဲ့ ပြန်ပြီးတော့ ပေးတာရှိတယ်။ နောက် မိုင်းတွေ ဘာတွေ ထိသွားတဲ့အခါကျတော့ သူတို့ပြန်ဆုတ်သွားတာတွေတော့ ရှိတယ်။"
လူလက်နက်အင်အားမမျှလို့ ဒီကေဘီအေဘက်ကခံစစ်နေရာယူထားတဲ့ ဝါးကလို့လူးကုန်းစခန်းကနေ ဆုတ်ခွါခဲ့ရပေမဲ့ ခံစစ်ရှင် ပြောက်ကျားစနစ်ကို ကျင့်သုံးသွားမယ်လို့ ဒီကေဘီအေပြန်ကြားရေးအရာရှိဗိုလ်ကြီးစောရဲထက်က အခုလိုပြောပါတယ်။
" အင်အားချင်း မမျှဘူး။ လက်နက်အင်အားချင်း မမျှတဲ့အနေအထား ခံစစ်သေ သဘောတရားကနေ ခံစစ်ရှင် သဘောတရား နဲ့ ကျနော်တို့ နယ်မြေထဲမှာ ပျောက်ကြားစနစ်နဲ့ ဆက်ပြီးတော့ ခုခံသွားဖို့ ကျနော်တို့ပြင်ဆင်ထားပါတယ်။"
ဒီကေဘီအေတပ်တွေကတော့ မဲသဝေါဖက်ခြမ်း ရိက္ခာကုန်းဘက်မှာ ကြံ့ကြံ့ခံခုခံနေဆဲ လို့ ဆိုပါတယ်။ မနေ့ညကဖြစ်ပွါးခဲ့တဲ့ ဝါးကလို့လူးကုန်း စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့သလို ဒီကေဘီအေခေါင်းဆောင် ဒုဗိုလ်မှူး ကြီးစောဆန်းအောင်လဲ ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့ သတင်းတွေကလဲပေါ်ထွက်နေပါတယ်။
ဒုဗိုလ်မှူးကြီးစောဆန်းအောင် ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းဟာ အတည်မပြုနိုင်သေးဘူးလို့ ဗိုလ်ကြီးစောရဲထက် က အခုလိုပြောပါတယ်။
" ကျနော်တို့လည်း သတင်းကြားတယ်။ ဒါပေမဲ့ အဲ့ဒီ့ဟာနဲ့ပတ်သက်လို့ အဆက်အသွယ်ရအောင် ကျနော်တို့ ကြိုးစားနေတယ်။ ဒါကြောင့်မို့လို့ အတည်တော့ မပြုနိုင်ဘူးနော်။"
၁၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီးစောဆန်းအောင် ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံမှာ ဆေးကု သ ခံနေတယ်လို့ သတင်း ထွက်ပေါ်နေပေမဲ့ ဒဏ်ရာရသူဟာ ဒုဗိုလ်မှူးကြီးစောဆန်းအောင်မဟုတ်ဘဲ တခြားဒီကေဘီအေ အရာ ရှိတဦးဖြစ်တယ်လို့ မဲဆောက် အခြေစိုက်ပြည်သူ့ တိုးတက်ရေး တပ်ဦးရဲ့အတွင်းရေးမှူးချုပ်ဒေါက်တာကျော်ညွန့် ကပြောပါတယ်။
" ဗိုလ်မှူးကြီးစောဆန်းအောင်တော့ ဒဏ်ရာရတယ်လို့ ကျနော် မကြားမိသေးဘူး။ တခြား အရာရှိတယောက်တော့ နည်းနည်းပါးပါး ရတယ်ဆိုတဲ့ အနေအထားမျိုးတော့ ရတယ်။ အတည်ပြုလို့တော့ မရသေးဘူးပေါ့။ ဆက်သွယ်မှု နည်းနည်းခက်ခဲနေတော့လေ။"
မနေ့ကတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တာဝန်ယူဖြေကြားပေးမဲ့သူ မရှိခဲ့ပါဘူး။
DKBA ခွဲထွက်အဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မယ်သဝေါဒေသကို တပ်မတော်နဲ့BGF နယ်ခြားစောင့်တပ်ပူးပေါင်းတပ်ဖွဲတို့ နေရာဒေသ အားလုံး ကို သိမ်းပိုက် ထားနိုင်ပြီးလို့ BGF လူမှုကွန်ယက်မှာဖေါ်ပြ ထားပေမဲ့လဲ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။
ကရင်ပြည်နယ်မဲသဝေါဒေသမှာ စက်တင်ဘာ(၂)ရက်နေ့ကစလို့ တိုက်ပွဲတွေ စတင်ဖြစ်ပွါးလာတာ ရက်သတ္တနှစ်ပါတ်ရှိခဲ့ပြီးဖြစ် ပါတယ်။ ဒီလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်ကရော ကရင်နယ်ခြားစောင့်တပ်ဘက်ကပါ တရားဝင် သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
အခုလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် မဲသဝေါဒေသခံကျေးရွာသား(၃၀၀၀)ကျော်ဟာ စစ်ဘေးလွတ်ရာမြိုင်ကြီးငူဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီရက်ပိုင်းတွေမှာ မဲသဝေါဒေသတွင်းတိုက်ပွဲတွေသာမက ကချင်ပြည်နယ် အတွင်းမြန်မာ့တပ်မတော်နဲ့KIOကချင်လွတ်လပ်ရေး အဖွဲ့တို့နဲ့လဲ တိုက်ပွဲရက်ဆက် ဆိုသလိုဖြစ်ပွါးနေပါတယ်။
NLDအစိုးရသစ်အနေနဲ့ လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေရပ်တန့်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ ပြည်သူ့တိုးတက်ရေး တပ်ဦးရဲ့ အတွင်းရေးမှူးချုပ်ဒေါက်တာကျော်ညွန့်က သူ့အမြင်ကို အခုလိုပြောပါတယ်။
" လက်ရှိတိုက်ပွဲတွေ အကုန်လုံးကို ရပ်ဆိုင်းပြီးတော့ အားလုံးပါဝင်ရေး ဆိုတာပေါ့နော်။ အားလုံးပါဝင်ရေးဆိုတဲ့ အဓိပါယ်ကို သေချာပြန်ပြည့်ဝအောင် လုပ်ပေးနိုင်မယ်ဆိုရင် ဒီတိုက်ပွဲတွေ တိုက်စရာမလိုဘူး။ အဖိုးတန်တဲ့ လူတွေရဲ့အသက်တွေလည်း ဆုံးရှုံးစရာအကြောင်းမရှိဘူး။ ငြိမ်းချမ်းရေးကိုသွားမယ်။ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်လို့ပြောထားပြီးမှ အခုလိုဆုံးရှုံးမှုတွေဖြစ်ရတဲ့ အတွက်ကတော့ ဒါဟာ အင်မတန် စိတ်မကောင်းစရာပဲဖြစ်တယ်။"
လက်ရှိမြန်မာနိုင်ငံမှာ ၂၁ ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပပြီးစီးခဲ့ပေမဲ့ ကချင်ပြည်နယ် ရှမ်းပြည်နယ် ကရင်ပြည်နယ်ဒေသတွေ မှာ တိုက်ပွဲရပ်တန့်နိုင်ခြင်းမရှိသေးပါဘူး။ တိုက်ပွဲတွေနဲ့အတူ ဒွန်တွဲပါလာတဲ့စစ်ပြေးဒုက္ခသည်အရေးပြဿနာဟာ NLDအစိုးရသစ်အတွက် စိန်ခေါ်မှုတခုလိုဖြစ်နေပါတယ်။
 utunmaung-620.jpg ပြည်ပချေးငွေယူဖို့ကိစ္စ စက်တင်ဘာလ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင် ဆွေးနွေးစဉ်
ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၀န်ကြီးဌာန ၃ ခုအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ကန်ဒေါ်လာ ၁၈၅ ဒဿမ ၅ သန်းနဲ့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက ယူရို သန်း ၂၀ ချေးယူဖို့ သမ္မတရဲ့ သ၀ဏ်လွှာကို ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီလို ဆွေးနွေးရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ချေးငွေနဲ့ အကောင်အထည်ဖော် မယ့် စီမံကိန်းတွေဟာ ပြည်နယ်၊ တိုင်းနဲ့ မြို့နယ်တွေက လိုအပ်ချက်တွေဖြစ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
ကိုယ်စားလှယ်တွေက ဆွေးနွေးရာမှာ ချေးငွေနဲ့ ပတ်သက်ပြီး အချက်အလက်စုံစုံလင်လင် မသိရတဲ့အကြောင်း၊ စီမံကိန်းတွေရဲ့ ရည်မှန်းချက်တွေစတဲ့ အသေးစိတ်အချက်အလက်တွေ မပါတဲ့အကြောင်း၊ ချေးငွေမှာ အနှောင်အဖွဲ့ကင်းဖို့လိုကြောင်း ထောက်ပြကြပေမယ့် အားလုံးက ထောက်ခံဆွေးနွေးကြပါတယ်။
အဲ့ဒီ ပြည်ပချေးငွေတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့အတွက် အသုံးပြုမှာဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေရဲ့ ဒီကနေ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဝင်တွေက လာမယ့်စက်တင်ဘာလ ၂၀ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုလာရောက်ရှင်းလင်းဖို့ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောပါတယ်။
RFA
 pathein-inn-protest-620.jpg အင်းလုပ်ကွက်တွေကို လုပ်ငန်းရှင်တွေကိုပဲ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် စက်တင်ဘာလ ၁၆ ရက်နေ့က ပုသိမ်မြို့ မြို့တော်ခန်းမရှေ့မှာ ဒေသခံတွေ ဆန္ဒပြကြစဉ်
Photo: Myo Myo Aye
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်မှာရှိတဲ့ မြို့နယ် ၅ ခုက ငါးမွေးမြူရေးလုပ်ကိုင်တဲ့ အင်းလုပ်ကွက်တွေကို အမှန်တကယ် မလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေကိုပဲ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် ဒေသခံ ၇၀၀ ကျော်က ပုသိမ်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
ငါးမွေးမြူရေးလုပ်ကွက်တွေ ချပေးတဲ့အခါ အားလုံးမျှမျှတတဖြစ်ဖို့အတွက် ရေလုပ်သားသမဂ္ဂတွေနဲ့ အာဏာပိုင်တွေ ညှိနှိုင်းထားပေမယ့် လုပ်ငန်းရှင်တွေကိုပဲ ဦးစားပေး လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် အခုလို ဆန္ဒပြတာဖြစ်တယ်လို့ လေးမျက်နှာမြို့နယ် ရွှေပေါက်ပင်ကျေးရွာက ကိုသိန်းထိုက်ဦးက ပြောပါတယ်။
"ဒီပြဿနာတက်တဲ့ အင်းအကုန်လုံးကို ရေလုပ်သားအစုအဖွဲ့တွေနဲ့ အင်းသားကြီးတွေနဲ့ ညှိနှိုင်းဆောင်ရွက် ပြီးတော့ အညီအမျှခွဲပါဆိုပြီးတော့ အောက်ခြေမှာ လွှတ်တော်အမတ်တွေနဲ့ ငါးဦးစီးတွေနဲ့ ထွေ အုပ်တွေနဲ့ အကုန်လုံး ညှိနှိုင်းခိုင်းပါတယ်ခင်ဗျ၊ ကျွန်တော်တို့က လုပ်စားကွက်လေးပေးပါ လုပ်စားကွက် မပေးနိုင်ရင်လည်း ကျွန်တော်တို့ဒေသက အင်းကို နိုင်ငံတော် အခွန်ငွေဖြစ်တဲ့ ၂၁ သိန်းကို ကျွန်တော် တို့ဆောင်ပေးမယ် ကျွန်တော်တို့ကို အင်းချပေးပါဆိုပြီး ကျွန်တော်တို့ တောင်းဆိုတယ်၊ ဒါပေမယ့်မရဘူး ၊ အင်းသားကြီးကို ဒီနေ့လုပ်ကိုင်ခွင့်ချပေးလိုက်တယ်၊ အဲ့ဒါက တရားမျှတမှုမရှိတဲ့အတွက်ကြောင့် တိုင်းဒေသကြီး အစိုးရထိလာရောက်ပြီး ကျွန်တော်တို့ တောင်းဆိုရခြင်းဖြစ်ပါတယ်"
ဧရာဝတီတိုင်း ပန်းတနော်၊ အိမ်မဲ၊ ကျောင်းကုန်း၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တွေမှာရှိတဲ့ အင်းငါးဖမ်း လုပ်ကွက်တွေရဲ့ လေလံဈေးဟာ အများဆုံး ငွေကျပ် သိန်း ၁၀၀ အထိရှိပြီး ဒေသခံတွေ လုပ်ပိုင်ခွင့်ရ ရှိရေး တောင်းဆိုထားတဲ့ ငါးဖမ်းလုပ်ကွက်တွေကတော့ သိန်း သုံးဆယ်အောက်ရှိတဲ့ လုပ်ကွက်တွေဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်သူတွေက ပြောပါတယ်။
အဲဒီဒေသတွေက အင်းလုပ်ကွက်တွေကို အရင်နှစ်တွေကလည်း လုပ်ငန်းရှင်တွေပဲ လေလံအောင်ခဲ့ပြီး အမှန်တကယ် လုပ်ကိုင်တဲ့ ရေလုပ်သားတွေအနေနဲ့ လေလံအောင်တဲ့ လုပ်ငန်းရှင်ကို အမြတ်ပေးပြီး တဆင့်ခံ လုပ်ကိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် အင်းတွေကို လေလံတင်တဲ့ အချိန်မှာလည်း အောက်ခြေ ပြည်သူတွေကို အသိမပေးဘဲ လုပ်ငန်းရှင်တွေနဲ့ပဲ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
RFA
 khinye-620.jpg ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီ ကို စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Myo Zaw Ko/RFA
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောာင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ တရားဝင်မှုမရှိဘူးလို့ ပြည်တောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၁ပါတီ က ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ သံလွင်လမ်းမှာရှိတဲ့ ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင် ခြံအမှတ် ၁၃၂ဘီမှာ သီးသန့်တွေ့ဆုံခဲ့ကြတာ လည်းဖြစ်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့အစည်းအဝေးတက်ရောက်ခဲ့တဲ့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီ က ပြောပါတယ်။
ကိုဖီအာနန်ဦးဆောာင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ကန့်ကွက်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းလည်း ကြေငြာချက်ထဲမှာပါရှိပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာ တိုင်းရင်းသားတောင်းဆိုမှာနဲ့ သီးခြားနယ်မြေတစ်ခု တောင်းဆိုမှာကို ရခိုင်အကြံပေးကောမရှင် က လိုက်လျောလိုက်မှာကို စိုးရိမ်းကြောင်းလည်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။
ကြံခိုင်ရေးပါတီက ဦးဆောင်ပြီး ကန်ကွက်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပါဝင်လက်မှတ်ရေးထိုးရတာဟာ အမျိုးသားရေးအတွက် ဘုံရည်မှန်းချက်တူလို့ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွှန့် ကပြောပါတယ်။
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ကန့်ကွက်တဲ့ ၁၁ ပါတီထဲမှာ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေ ပါဝင်ပါတယ်။
ဒီကနေ့ အစည်းအဝေးကို ဒီမိုကရက်တစ်ပါတီမြန်မာနဲ့ SNDP ကျားဖြူပါတီကခေါင်းဆောင်တွေ တက်ရောက်ခဲ့ပေ မယ့် ကြေညာချက်ကိုတော့ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပါဘူး။
RFA
ဒေါ်အောင်ဆန်းစုကြည်ကို ဟားဗတ်က ချီးမြှင့်တဲ့ဆု။
အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတကတော်ဟောင်း လော်ရာဘုရှ်နဲ့ ဒီကနေ့ တွေ့ဆုံဖို့ရှိပါတယ်။ သမ္မတဟောင်း လော်ရာဘုရှ်ဟာ မြန်မာ့အရေးကို အစဉ်အဆက် အားပေးထောက်ခံလာသူ ဖြစ်ပါတယ်။ မနက်ဖြန် စနေနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Harvard တက္ကသိုလ် Harvard ဖောင်ဒေးရှင်းက ချီးမြှင့်မယ့် ၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု - Harvard Humanitarian of the Year ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။
မနေ့က ကြာသပတေးနေ့ တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ သလို၊ မြန်မာ့အရေး ဆက်လက် ထောက်ခံ အားပေး သွားဖို့လည်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
အာဆီယံ-အမေရိကန် စီးပွားရေး ကောင်စီက တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်ပြီး စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံတွင်း တာဝန်သိ ရင်းနှီးမြှုပ်နှံတာတွေ လုပ်သွားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ကျရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲကိုတက်ရောက်မှာ ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ နယူးယောက်မြို့ ခရီးစဉ်အတွင်း မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 ပိတ်ဆို့မှု တွေ ရုပ်သိမ်းချိန် ရောက်ပြီ လို့ ဆုံးဖြတ် ခဲ့ကြောင်း ဒေါ် အောင်ဆန်းစုကြည်ပြော။
နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ အလုပ်ဖြစ် အောင်မြင်ဖို့ အများပြည်သူ ရဲ့ စီးပွားရေး ဆိုင်ရာ လိုလား တောင့်တချက် တွေကို လည်း ဖြည့်ဆည်း ပေးရလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း ပြောကြား လိုက်ပါတယ်။
အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနဲ့ အမေရိကန် ကုန်သွယ်ရေး အသင်း တို့က တည်ခင်း ဧည့်ခံတဲ့ ညစာ စားပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က အဲဒီလို ပြောခဲ့တာပါ။
မြန်မာ ပြည်သူ တွေ ရဲ့ အခွင့်အရေးကို မလေးစားပဲ ဒီမို ကရေစီ ဖော်ဆောင် ဖို့ရာ စိတ်မဝင် စားကြတဲ့ အုပ်ချုပ် သူတွေ အပေါ် ပိတ်ဆို့ မှု တွေ လုပ်ဆောင်ဖို့ အမေရိကန် လွှတ်တော် ထဲ က မိတ်ဆွေ ကောင်း တွေက ကြိုး စား ခဲ့ကြ တယ် လို့ ဒေါ် အောင်ဆန်းစုကြည် က ပြန်ပြောင်း ပြောပါတယ်။
ဒါပေမယ့် လည်း အခု အချိန် အခါ မှာတော့ မြန်မာ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် မှီခို အားထားပြီး ရှေ့ဆက် သွားနိုင်ဖို့ အတွက် ပိတ်ဆို့မှု တွေ ရုပ်သိမ်းချိန် ရောက်ပြီ လို့ ဆုံးဖြတ် ခဲ့ကြောင်း ဒေါ် အောင်ဆန်းစုကြည် က ဆိုပါတယ်။
ဒီမိုကရေစီ ဆိုတာ စကားလုံး သက်သက် အားဖြင့် မဟုတ်ပဲ၊ ဘဝ နေနည်းပုံစံ ဖြစ်ပြီး ဘဝ တွေ လုံခြုံ အာမခံ ချက် ရှိဖို့ နဲ့ စီးပွားရေး ဆိုင် ပြည့်စုံ ကုံလုံ ကြွယ်ဝ တဲ့ ဘဝမျိုးတွေ ဖန်တီး တည်ဆောက် နိုင်ခွင့် တွေ ရှိလာဖို့ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောပါတယ်။
နိုင်ငံရေး နဲ့ စီးပွားရေး ဆိုတာ ခွဲခြား ပစ်လို့ မရ နိုင်ပဲ နိုင်ငံရေး စနစ် အောင် မြင် မှပဲ စီးပွားရေးလည်း အောင် မြင် နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က မီးမောင်းထိုး ပြောခဲ့ပါတယ်။
ဒါ့ကြောင့် မိတ်ဆွေ တွေ အားလုံးကို မြန်မာ့ နိုင်ငံရေး ရော စီးပွားရေး ရော အောင်မြင်အောင် ဆက်လက် အကူအညီ တွေ ပေးကြပါ ဆိုပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည် က တိုက် တွန်း သွားပါတယ်။
BBC Burmese
http://www.bbc.com/burmese
(ရန်ကုန်မြို့ summit parkview hotel မှာ စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုတွေ့ရစဉ်) Photo: Myo Zaw Ko/RFA
လက်ရှိအချိန်ဟာ နောက်ကြောင်းပြန်မသွားရေးအတွက် ရုန်းကန်နေကြရတာဖြစ်ပြီး ဒီမိုကရေစီခိုင်မာဖို့ ကြိုးစားရအုံးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။
မနေ့ညနေပိုင်းက ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းနားမှာ ပြောခဲ့တာဖြစ်ပါတယ်။
"ဒီမိုကရေစီပန်းတိုင်ကိုရောက်ရှိဖို့ အားလုံးကရုန်းကန်နေကြရဆဲကာလမှာပဲ ရှိပါသေးတယ်၊ အားလုံးက မှတ်ချက်ပြုနေတဲ့ နောက်ကြောင်းပြန်မသွားရေးဆိုတဲ့အပေါ်မှာ ကျနော်တို့အားလုံးဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကို ရုန်းကန်လှုတ်ရှားတဲ့ အချိန်တစ်ခုဖြစ်ပါတယ်၊ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီခိုင်မာဖို့အတွက် ရုန်းကန်ကြရအုံးမှာဖြစ်ပါတယ်"
ဒါ့အပြင် လွတ်လပ်တရားမျှတပြီး ပြည်သူတွေအားလုံးကလက်ခံနိုင်တဲ့ ဒီမိုကရေစီစံချိန်စံညွှန်းညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်အောင် ကြိုးစားရအုံးမှာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းနားကိုတက်ရောက်လာတဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကလည်း ၂၁ ရာစု ပင်လုံညီလာခံကျင်းပခဲ့တဲ့ အခြေအနေတွေအပါအဝင် လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အင်္ဂလိပ်ဘာသာနဲ့ရှင်းပြခဲ့ပါတယ်။
မနေ့ညပိုင်းက ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းနားကို ရန်ကုန်တိုင်းဝင်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း အပါအဝင် နိုင်ငံခြားသံအရာရှိတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
Apple ကုမ္ပဏီ၏ iPhone 7 Plus စမတ်ဖုန်းအားတွေ့ရစဉ် (ဆင်ဟွာ)
    ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
    Apple ကုမ္ပဏီ၏ iPhone 7 နှင့် 7 Plus အမျိုးအစား စမတ်ဖုန်းများသည် စက်တင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး ကြိုတင်မှာယူထားသည့် 7 Plus နှင့် သပိတ်ရောင် iPhone 7 တို့အား အကုန်ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
ကြိုတင်မှာယူထားသည့် iPhone 7 နှင့် 7 Plus ဖုန်းများ ရယူရန်အတွက် ပေကျင်းမြို့ Sanlitun ဈေးဝယ်ဧရိယာ အတွင်းရှိ Apple အရောင်းဆိုင် အပြင်ဘက်တွင် နံနက်အစောပိုင်းကတည်းက ဝယ်ယူသူများ တန်းစီစောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။အမည်မဖော်လိုသူ ဝယ်ယူသူ တစ်ဦးက iPhone အသစ်၏ အကောင်းဆုံးဆွဲဆောင်မှုများမှာ ကင်မရာ မှန်ဘီလူး နှစ်ခုပါဝင်ခြင်းနှင့် ရေစိုခံနိုင်ခြင်းတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက “ကျွန်တော့် သူငယ်ချင်းအများစုဟာ Apple ထုတ်ကုန်များကို ကြိုက်နှစ်သက်သူများဖြစ်ပြီး သူ့ရဲ့ထုတ်ကုန်အသစ်တွေကို ပထမဆုံး သုံးစွဲလိုသူတွေလည်းဖြစ်ပါတယ်။ အခြားသူတွေကတော့ iPhone ထက် ပိုပြီး ဈေးသက်သာတဲ့ ပြည်တွင်းထုတ် စမတ်ဖုန်းတွေကို အသုံးပြုကြပါတယ်” ဟုပြောကြားခဲ့သည်။တရုတ်နိုင်ငံ မှ iPhone အသုံးပြုသူများသည် စက်တင်ဘာ ၁၄ မှ စ၍ Apple ၏ iOS 10 စနစ်ကို ဒေါင်းလုပ်ဒ် ပြုလုပ်နိုင်ပြီဖြစ်ကာ ယင်းစနစ်၌ အင်တာနက် ကုမ္ပဏီများက ထောက်ပံပေးထားသည့် အချက်အလက်ပေါ် အခြေခံထားသော ဖုန်းနောက်ပြောင်ခေါ်ဆိုမှုများအား ဟန့်တားနိုင်သည့် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားကြောင်း သိရသည်။
Apple ကုမ္ပဏီ၏ ကိုးလပိုင်းအထိ တရုတ်နိုင်ငံအတွင်းရရှိခဲ့သော ဝင်ငွေ သည် အမေရိကန်ဒေါ်လာ ၈.၈၅ဘီလီယံ ရှိပြီး ယခင်နှစ်ကထက် ၃၃ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။
iPhone မော်ဒယ် အသစ်များ ထုတ်လုပ်ပြီးကတည်းက Apple ၏ ရှယ်ယာတန်ဖိုးသည်  ယခင် ထက် ၁၁ရာခိုင်နှုန်းမြင့်တက်သွားခဲ့ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
Galaxy Note 7 ကြော်ငြာဘုတ်အရှေ့ တွင်ဖြတ်လျှောက်သွားသော အမျိုးသမီးတစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)
    ဝါရှင်တန် ၊ စက်တင်ဘာ၁၆ ရက်(ဆင်ဟွာ)
    ဘက်ထရီပေါက်ကွဲခြင်း နှင့် မီးလောင်းကျွမ်းခြင်း များရှိနေကြောင်း တိုင်ကြားစာဒါဇင်ပေါင်းများစွာ လက်ခံရရှိပြီးနောက် အမေရိကန်အစိုးရသည် ဆမ်ဆောင်းကုမ္ပဏီထုတ် Galaxy Note 7 စမတ်ဖုန်းများကို စက်တင်ဘာလ ၁၅ ရက်တွင် တရားဝင်ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသုံးစွဲသူများဘေးအန္တရာယ်ကင်းရှင်းရေးကော်မရှင်က စက်တင်ဘာလ ၁၅ ရက်အထိ နိုင်ငံအတွင်း၌ ရောင်းချထားပြီးဖြစ်သော Note 7 ဖုန်းအလုံးပေါင်း တစ်သန်းကျော်ကို ပြန်လည်သိမ်းဆည်းရန် သတိပေးထားကြောင်း ပြောကြားခဲ့သည်။“ Note 7 သုံးနေသူတွေအနေနဲ့ အသုံးပြုတာကို ချက်ခြင်းရပ်ဆိုင်းသင့်ပါတယ်။ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက် မတိုင်မီ ဝယ်ထားတဲ့ ဖုန်းတွေကို ပြန်လည်သိမ်းဆည်းသွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ လက်လီဝယ်ထားတာဖြစ်ဖြစ် ဒါမှမဟုတ် samsung.com အွန်လိုင်းပေါ်ကဝယ်ထားတာဖြစ်ဖြစ် Galaxy Note 7 ရဲ့ အခြားဘက်ထရီ အသစ်တစ်လုံးကို ပိုက်ဆံပေးဖို့ မလိုဘဲ အလကား ထပ်ယူလိုရပါတယ်။ ငွေပြန်အမ်းတာဖြစ်ဖြစ် ဘက်ထရီအသစ်ထပ်လဲတာဖြစ်ဖြစ် ကြိုက်ရာရွေးလို့ ရပါတယ်” ဟုဆိုသည်။
အမေရိကန်နိုင်ငံ၌ Note 7 ဖုန်းဘက်ထရီ အပူလွန်ကြောင်း တိုင်ကြားမှု ၉၂ မှု လက်ခံရရှိကြောင်း ၊ ၄င်းတို့ အနက် ၂၆ မှုမှာ လုံးဝမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း နှင့် ကား အတွင်း နှင့် ဆီဆိုင်များတွင် မီးလောင်ကျွမ်းမှုများဖြစ်ခြင်း အပါအဝင် ၅၅ မှုမှာ  ဖုန်းပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် Note 7 စမတ်ဖုန်းများ စတင်ရောင်းချခဲ့သည့် သြဂုတ်လမှ စတင်ကာ ကမ္ဘာတစ်ဝန်း၌ အလုံးရေပေါင်း ၂.၅ သန်းကျော်ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ပြည်ထောင်စုလွှတ်တော်အစည်းဝေးမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
    ပြည်ထောင်စု အစိုးရ အဖွဲ့ က ပေးပို့ လာသည့် အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဖွဲ့ စည်းခြင်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဝင်က လွှတ်တော်သို့  ရှင်းလင်း တင်ပြလာခြင်းကို စက်တင်ဘာလ ၁၆ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။
အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဖွဲ့ စည်းခြင်းကို အမျိုးသား ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက တင်ပြခဲ့ရာ အဆိုပါ ကော်မရှင်ကို ပုဂ္ဂိုလ် ၂၁ ဦးတို့ ဖြင့် ဖွဲ့ စည်းထားကြောင်းပြောကြားခဲ့သည်။အဆိုပါ ကော်မရှင် ဖွဲ့ စည်းခြင်းသည် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂၀၁၅ နှင့် အညီ ဆောင်ရွက်ထားခြင်ြး့ဖစ်သောကြောင့် လွှတ်တော်အနေဖြင့် တစ်စုံတစ်ရာ ကန့် ကွက်ရန် မလိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားပြီး ထိုကော်မရှင် ဖွဲ့ စည်းခြင်းနှင့် အဖွဲ့ ဝင်များ အမည်စာရင်းကို အတည်ပြုကြောင်း ကြေညာခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com