09/27/16


 ဒေါ်အောင်ဆန်းစုကြည် ကို ဆေးကုသပေးနေတဲ့ ဆရာဝန် များနှင့် အတူတွေ့ ရပုံများ၊ ယနေ့ လူမှုကွန်ယက်မှာ ပျံနှံလာ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ယနေ့ (စက်တင်ဘာ ၂၇ ) တွင် ကျင်းပသော NLD ၂၈နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ စကားလက်ဆောင်ပါးလိုက်ကြောင်း သိရသည်။


ပါတီနှစ်ပတ်လည်အခမ်းအနားကို ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်း၊ အမှတ် ၉၇/ခ ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး၌ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ စကားလက်ဆောင်ကို ပါတီနာယကကြီး ဦးတင်ဦးက အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်ဆီကလည်း တဆင့်သတင်းစကားရပါတယ်။ သူ့ကျန်းမာရေး ကောင်းမွန်လျက်ရှိနေပါတယ်။ ခရီးပန်းတဲ့အတွက်ကြောင့်မို့လို့ ရာသီဥတုအပြောင်းအလဲ အချိန်အခါ အပြောင်းအလဲကြောင့် ဆက်တိုက် ပင်ပန်းနွမ်းနယ်မှုကြောင့်သာလျှင် အနားယူခြင်းဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါလို့ မှာကြားတဲ့အတွက် သူ့ကိုယ်စား ကျန်းမာလျက်ရှိကြောင်း ပြောကြားလိုပါတယ်''ဟု ဦးတင်ဦးက ပြောသည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ရက်သတ္တပတ်ခန့် အနားယူမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒု-ဥက္ကဌ ဦးနိုင်လင်းမြင့်၊ တ.စ.ည ပါတီမှ ဦးဟန်ရွှေနှင့် ပါဗဟိုအလုပ်အမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ၈၈ ငြိမ်းပွင့်မှ ကိုဂျင်မီ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


 Aleppo မြို့ကို ၄ ရက်ဆက်တိုက် ဗုံးကြဲမှုကြောင့် လူ ၁၀၀ နီးပါးသေဆုံး
ဆီးရီးယားနိုင်ငံ Aleppo မြို့မှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ မဟာမိတ် ရုရှားတပ်တွေက သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ရဲ့ အရှေ့ပိုင်းဒေသကို တနင်္လာနေ့က ၄ ရက် ဆက်တိုက်အဖြစ် ဗုံးကြဲ တိုက်ခိုက်မှုတွေ တိုးမြင့် လုပ်ဆောင်ခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၁၀၀ လောက် သေဆုံးခဲ့တယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသူတွေထဲ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ Society of Anglican သာသနာပြုအဖွဲ့က ကယ်ဆယ်ရေးဝန်ထမ်းတွေက Twitter လူမှုကွန်ယက်မှာ ရေးသား ဖော်ပြကြပါတယ်။ ဒါ့အပြင် ဆေးဝါး အထောက်အကူတွေ ထပ်မရောက်တော့တဲ့အတွက် ကျန်းမာရေး ၀န်ထမ်းတွေနဲ့ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်ကျပ်နေတယ်လို့ ဆိုပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံတို့ဟာ Aleppo မြို့ကို သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်နေကြပုံရပြီး အဲဒီလို လုပ်ဆောင်နေရင်းနဲ့ပဲ မြို့ကို ဖျက်ဆီးနေကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ထွက်ပေါ်လာတဲ့ သတင်းတွေကို တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားသမ္မတ Assad အစိုးရဟာ ညီညွတ်ရေး ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်ဖို့အတွက် ပြင်ဆင်နေကြောင်း ထိပ်တန်း ဆီးရီးယားသံတမန်တဦး ပြောတာကို ကိုးကားပြီး Damascus မြို့က ရုပ်မြင်သံကြားသတင်းဌာနရဲ့ ပြောဆိုမှုကိုလည်း ၀န်ကြီး ကယ်ရီက လျော့ပေါ့ ပြောကြားလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com




အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်ကြတဲ့ ဒီမိုကရက်ပါတီက Hillary Clinton နဲ့ ရီပတ်ဘလီကန်ပါတီက Donald Trump တို့ရဲ့ ပထမအကြိမ် စကား စစ်ထိုးပွဲကို ၀ါရှင်တန် ဒီစီမြို့တော် ဒေသစံတော်ချိန် ည ၉ နာရီမှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီ အရေးပါတဲ့ ရွေးကောက်ပွဲအပေါ် လူအများက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြမှာ ဖြစ်သလို မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကလည်း စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဒေသစံတော်ချိန် စက်တင်ဘာလ ၂၆ ရက်နေ့ည ၉ နာရီ၊ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲ၊ ကျနော်တို့ အခုအသံလွှင့်ပြီး နာရီဝက်အကြာ စတင်မယ့် ဒီ စကားစစ်ထိုးပွဲဟာ သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦး ဖြစ်ကြတဲ့ Hillary Clinton နဲ့ Donald Trump တို့ရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ ဖြစ်ပြီး ပရိတ်သတ်ပေါင်း ၁၀ သန်းကျော်က ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်တာကို စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

ဒီ စကားစစ်ထိုးပွဲအတွက် ကိုယ်စားလှယ်လောင်းတွေဟာ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက မဲဆွယ် စည်းရုံးမှုတွေကို ရပ်ဆိုင်းပြီး ကြိုတင် ပြင်ဆင်နေခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း လူထုထောက်ခံမှု ပိုမို ရရှိလာနေတဲ့ Donald Trump ကတော့

"ကျနော်တို့အတွက်အားရစရာနောက်ဆုံးစစ်တမ်းကောက်ခံချက်မှာ ကျနော်တို့ဘက်က နိုင်ငံတ၀ှမ်းမှာ ၅ မှတ်နဲ့ အသာရနေပါတယ်။"

Hillary Clinton ကတော့ စကားစစ်ထိုးပွဲတွေမှာ အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး မူဝါဒရေးရာကိစ္စတွေကို စံနစ်တကျ ထိထိမိမိ ပြောဆိုနိုင်သူတဦး ဖြစ်ပါတယ်။

"ကျမနဲ့ Donald Trump တို့ကြားမှာ ကွာခြားမှုတခုကတော့ ကျမအနေနဲ့ ကျမဘာတွေလုပ်ဆောင်ပေးမလဲဆိုတာကို ကျမလူထုကို ချပြတယ်။ ကျမ ချပြတဲ့အတိုင်လည်း ကျမလက်တွေ့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရလဒ်တွေ ထွက်ပေါ်အောင်လုပ်ဖို့လည်း ကျမတာဝန်ခံပါတယ်။"

ဒီ စကားစစ်ထိုးပွဲကို စောင့်ကြည့်ကြမယ့်သူတွေထဲ မယ်ရီလန်းပြည်နယ်က ဦးထွန်းအောင်လည်း ပါပါတယ်။

"ကြည့်ကိုကြည့်ဖြစ်ပါမယ် ကျနော့်မိတ်ဆွေတော်တော်များများလည်း သူတို့ကြည့်ကြမယ်လို့ပြောတယ်၊ နောက်ပြီးတော့ ဒီစကားစစ်ထိုးပွဲက အတော်လေးအရေးကြီးပါတယ်။ ဒီနှစ်အတွက်ကတော့ ပိုတောင်အရေးကြီးသေးတယ် ။ Hillary Clinton နဲ့ Donald Trump က တယောက်နဲ့ တယောက် ခြားနားမှုက သိပ်များတယ်။ အဲဒီတော့ လူတွေက စိတ်ဝင်စားမှုရှိတယ်။ Hillary Clinton က အတွေ့အကြုံရှိခဲ့တဲ့ဟာနဲ့ နိုင်ငံခြားရေးမူဝါဒမှာ သာလိမ့်မယ်လို့ထင်တယ်။ Donald Trumpကတော့ သူက ခပ်ကြမ်းကြမ်းပြောတော့ ကြိုက်တဲ့လူတွေကလည်းရှိတယ်။"

ဒီ စကားစစ်ထိုးပွဲအတွင်း မေးခွန်းတွေကို ဖြေတဲ့အပေါ်မူတည်ပြီး ရွေးကောက်ပွဲ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတာမျိုး ဖြစ်သွားနိုင်တယ်လို့လည်း Pennsylvania ပြည်နယ်က အမေရိကန်ရွေးကောက်ပွဲ အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ဒေါ်ဖြူဖြူက ပြောပါတယ်။

"Debate က မမျှော်လင့်တဲ့မေးခွန်းတွေ မေးတဲ့လူကလည်း ဘက်မလိုက်ဘူး၊ သူက ကြားလူ၊ ကြားလူကနေသူမေးတဲ့အခါ အဖြေပေါ်မှာ အရမ်းမူတည်တယ်။ ဒီနေရာမှာ ကိုယ်ဖြေနိုင်ရင်ဖြေနိုင်သလို အမှတ်က တက်သွားနိုင်တယ် ၊ မဖြေတတ်ရင် အမှတ်က ဗြုန်းကနဲ ကျသွားနိုင်တယ် ဆိုလိုချင်တာက Hillary Clinton က Donald Trump ထက် သာနေတယ်ဆိုပေမယ့် သူကမဖြေတတ်ဘူးဆိုရင် ၊ နောက်ပြီးသူတို့ပြောတာ Presidential ဖြစ်ရမယ် ပုံစံကိုက စကားပြောတာ လေယူလေသိမ်း ကိုက သမ္မတပုံစံပေါက်ရမယ်။ သမ္မတပုံစံမပေါက်ပဲနဲ့ ဟို တမျိုးလေ Donald Trump ပုံစံသိတယ်မလား ၊ သူစကားပြောတဲ့ပုံစံ ။ အဲဒါကလည်းလူတွေရဲ့ First impression လူတွေရဲ့ ပထမဆုံးအမြင်မှာ သူ့ကြည့်ရတာ သမ္မတရုပ်လည်းမပေါက်ဘူး ဆိုတာမျိုး၊ အဲဒါကလည်း အရေးကြီးတယ်။ နောက် Point ကလည်းအရေးကြီးတယ် ။ ဘယ်လိုပြန်ချေပမလဲ ၊ ချေပတာလည်းအရေးကြီးတယ်။ ပိုပြီးအရေးကြီးတာက ကိုယ့် issue ကိုပြောပြနိုင်ရမယ်။ ကိုယ့် stand point ပေါ့နော် Hillary Clinton က သူရပ်တည်နေတဲ့ဟာတွေ ဒါတွေ၊ ဒါတွေ ဆိုပြီးပြောနိုင်တဲ့အခါမှာ လူတွေက အဲဒီအခါကျမှ compare နဲ့ contrast မြင်ပြီးတော့ Hillary Clinton ရဲ့အစီအစဉ်ကတော့ ဒီလိုတွေဖြစ်ပါလား ၊ Donald Trump က ဘယ်လိုဆိုတာတွေ။"

စကား စစ်ထိုးပွဲကိုတော့ နယူးယောက်ပြည်နယ်၊ Hempstead မြို့မှာရှိတဲ့ Hofstra တက္ကသိုလ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီ စကားစစ်ထိုးပွဲကို NBC ရုပ်သံဌာနက ထုတ်လွှင့်သွားမှာဖြစ်ပြီး မေးခွန်းတွေကို မေးတဲ့သူကတော့ NBC သတင်းဌာနက Lester Holt ဖြစ်ပါတယ်။ ဒီစကားစစ်ထိုးပွဲအတွင်း ကိုယ်စားလှယ်လောင်း ၂ ဦးက မဲဆွယ် စည်းရုံးပွဲတွေမှာ ပြောဆိုနေတဲ့ အကြောင်းအရာတွေ အပါအ၀င် မူဝါဒရေးရာကိစ္စတွေမှာ သူတို့ရဲ့ ရပ်တည်ချက် အသေးစိတ် အချက်အလက်တွေကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။

စုစုပေါင်း ၁ နာရီခွဲကြာမယ့် ဒီ စကားစစ်ထိုးပွဲကို ၁၅ မိနစ်စီ ကဏ္ဍ ၆ ခုခွဲပြီး ပြုလုပ်သွားမှာ ဖြစ်ပြီး မေးခွန်းတွေထဲမှာ အမေရိကန်နိုင်ငံ ဦးတည်ချက်၊ တိုင်းပြည် သာယာဝပြောအောင် ဘယ်လုပ်ဆောင်ကြမလဲ၊ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေ စတာတွေလည်း ပါဝင်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ကို ပထမဆုံး မေးခွန်း စမေးမှာဖြစ်ပြီး မေးခွန်း တခုစီအတွက် ကိုယ်စားလှယ်လောင်း တဦးစီက ၂ မိနစ်စီ ဖြေဆိုခွင့်ရှိမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အဖြေတခုချင်းစီအတွက် ပြိုင်ဖက် ကိုယ်စားလှယ်လောင်းဖြစ်သူက ၂ မိနစ် ပြန်လည် ချေပခွင့် ရှိမှာ ဖြစ်ပါတယ်။

Hillary Clinton ရဲ့ မဲဆွယ် စည်းရုံးရေးအဖွဲ့က လူပေါင်း ၁,၂၀၀ ပါဝင်တဲ့ စကားစစ်ထိုးပွဲ စောင့်ကြည့်တဲ့ ပါတီတွေ ပြည်နယ်ပေါင်း ၅၀ စလုံးမှာ ပြုလုပ်သွားမှာဖြစ်ပြီး Clinton ရဲ့ ဒုသမ္မတလောင်း Tim Kaine လည်း ဖလော်ရီဒါပြည်နယ်၊ Orlando မြို့မှာ ပြုလုပ်မယ့် စကားစစ်ထိုးပွဲ စောင့်ကြည့်ပါတီကို တက်မှာ ဖြစ်ပါတယ်။

သမ္မတလောင်းတွေအနေနဲ့ စကားစစ်ထိုးပွဲ ၃ ကြိမ် ပြုလုပ်သွားဖို့ရှိပြီး ဒုသမ္မတလောင်းတွေကတော့ စကားစစ်ထိုးပွဲ ၁ ကြိမ်သာ ပြုလုပ်မှာ ဖြစ်ပါတယ်။

၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေ ဖြစ်ကြတဲ့ Richard Nixon နဲ့ John F. Kennedy တို့ ၂ ဦးကြား ပြုလုပ်တဲ့ စကားစစ်ထိုးပွဲကစပြီး ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွင့် ပြသတဲ့ အစဉ်အလာ ဖြစ်လာခဲ့တာပါ။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


၁၉၈၈ လူထု အုံကြွမှု ကို စစ်တပ် က အာဏာသိမ်း ဖြိုခွဲ ခဲ့ပြီး ရက် အနည်းငယ် အတွင်း မှာပဲ NLD ကို တရားဝင် မြေပေါ် နိုင်ငံရေး ပါတီ အဖြစ် စတင် ထူထောင်။
လက်ရှိ မြန်မာ နိုင်ငံ အစိုးရ ကို ဦးဆောင် ဖွဲ့ထားပြီး ဥပဒေပြု လွှတ် တော် နှစ်ရပ်မှာလည်း လွှမ်းမိုး ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဟာ စက်တင်ဘာ ၂၇ ရက် နေ့မှာ စတင် တည်ထောင် တာ ၂၈ နှစ်ပြည့် ပြီ ဖြစ်ပါတယ်။

၁၉၈၈ လူထု အုံကြွမှု ကို စစ်တပ် က အာဏာသိမ်း ဖြိုခွဲ ခဲ့ပြီး ရက် အနည်းငယ် အတွင်း မှာပဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး မိတ်ဖက် အင်အားစု တွေ စုပေါင်း ပြီး NLD ကို တရားဝင် မြေပေါ် နိုင်ငံရေး ပါတီ အဖြစ် စတင် ထူထောင် ခဲ့ကြတာ ဖြစ်ပါတယ်။

ပါတီ ရဲ့ ၂၈ နှစ် မြောက် နှစ်ပတ်လည် အခမ်းနားကို ဒီကနေ့ အင်္ဂါ နေ့ မှာ ရွှေဂုံတိုင် ရုံးချုပ် မှာ ကျင်းပ ကြဖို့ ရှိ နေပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြည်ပ ခရီးစဉ် က ပြန်လာ အပြီး ခရီးဒဏ် ကြောင့် အနားယူ နေရတဲ့ အတွက် ပါတီ နှစ်ပတ်လည် အခမ်းအနား ကို တက်ရောက်ဖို့ မရှိဘူးလို့ ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်း က ဆိုပါတယ်။

၉ဝ ရွေးကောက်ပွဲ မှာ မဲ အပြတ်အသတ် နဲ့ နိုင်ခဲ့တုန်း က အာဏာ မရရှိ နိုင်ခဲ့တဲ့ NLD ပါတီ ဟာ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်မှု နောက် မှာတော့ အစိုးရ ကို ဦးဆောင် ဖွဲ့ လာနိုင် ပါတယ်။

၂ဝဝ၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရဲ့ အကန့်အသတ်ကြောင့် သမ္မတ နေရာကို မရယူ နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး နဲ့ အစိုးရကို လက် တွေ့ အရ ဦးဆောင် မှု ပေး နေပါတယ်။

BBC Burmese
http://www.bbc.com/burmese



၆ရက်နေ့လာအိုသွားတယ်
၇ရက်နေ့နဲ့၈ရက်နေ့နှစ်ရက်အတွင်း
အာဆီယံဆွေးနွေးပွဲအပါအဝင်
ဆက်စပ်ဆွေးနွေးပွဲ၁၅ပွဲတက်တယ်..။

ဗီယက်နမ် ဂျပန် နယူးဇီလန်အပါအဝင်
အိန္ဒိယခေါင်းဆောင်တွေနဲ့သီးခြားတွေ့တယ်..
သံရုံးမိသားစုတွေနဲ့တွေ့တယ်..
၈ရက်နေ့ညနေမြန်မာပြည်ပြန်ရောက်တယ်
၉ရက်နေ့တရုတ်စစ်ကော်မရှင်ဒုဥက္ကဌနဲ့တွေ့တယ်

၁၀ရက်နေ့အင်္ဂလန်သွားတယ်..
ဒေသစံတော်ချိန်ည၇နာရီမှာလန်ဒန်ကိုရောက်တယ်
၁၁ရက်နေ့မှာအာဖရိကနဲ့ဥရောပက
မြန်မာသံအမတ်ကြီးတွေနဲ့တွေ့တယ်..
သံရုံးမိသားစုနဲ့တွေ့တယ်..

၁၂ရက်နေ့မှာဗြိတိန်လွှတ်တော်ဥက္ကဌနဲ့တွေ့တယ်
၁၂ရက်နေ့နေ့လည်မှာပဲအင်္ဂလန်ကာကွယ်ရေး
တက္ကသိုလ်ကိုသွားရောက်ပြီး
စစ်ဦးစီးချုပ် ကျောင်းအုပ်ကြီး မြန်မာသင်တန်းသား
တွေနဲ့တွေ့တယ်.
ညနေပိုင်းမှာဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ်

၁၃ရက်နေ့အင်္ဂလန်ဝန်ကြီးချုပ်နဲ့တွေ့တယ်
နေ့လည်ပိုင်းမှာအပြည်ပြည်ဆိုင်ရာ
ဖွံ့ဖြိုးရေးဝန်ကြီးနဲ့တွေ့တယ်..
ညနေမှာအမေရိကန်ကိုခရီးဆက်တယ်..

၁၃ရက်နေ့ညပိုင်းမှာဝါရှင်တန်ကိုရောက်တယ်..
၁၄ရက်နေ့အိုဘားမားနဲ့တွေ့တယ်
မနက်ပိုင်းမှာဒုသမ္မတဂျိုးဘိုင်ဒန်နဲ့တွေ့တယ်..
နေ့လည်ပိုင်းမှာနိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီနဲ့
တွေ့တယ်..
နေ့လည်ပိုင်းမှာပဲအမေရိကန်အထက်လွှတ်တော်
အမတ်တွေနဲ့တွေ့တယ်..
ညပိုင်းမှာ သံရုံးမိသားစုတွေနဲ့တွေ့တယ်..

၁၅ရက်နေ့မနက်ပိုင်းမှာအောက်လွှတ်တော်
အမတ်တွေနဲ့တွေ့တယ်..
အထက်လွှတ်တော်ဥက္ကဌတွေနဲ့တွေ့တယ်
နေ့လည်ပိုင်းမှာNational Democratic Instituteက
ကျင်းပတဲ့အစည်းအဝေးကိုတက်တယ်..
မြန်မာပြည်ရဲ့ရှေ့ခရီးတွေကိုအကူအညီပေးဖို့
ဆွေးနွေးကြတယ်..

နေ့လည်၂နာရီမှာ Rooseveltအထက်တန်းကျောင်း
သားတွေနဲ့တွေ့တယ် မိန့်ခွန်းပြောတယ်..
နေ့လည်၃နာရီမှာအမေရိကန်ကုန်သွယ်ရေးဝန်ကြီးနဲ့
တွေ့တယ်..
ညပိုင်းမှာ US-Asean Business Councilဆွေးနွေးပွဲ
တက်တယ်..

၁၆ရက်နေ့မှာကုလအစည်းအဝေးတက်ဖို့
နယူးယောက်ကိုသွားတယ်
ညနေပိုင်းရောက်တယ်..
၁၇ရက်နေ့မနက်နယူးယောက်မှာရှိတဲ့မြန်မာအသိုင်း
အဝိုင်းနဲ့တွေ့တယ်..
Harvardတက္ကသိုလ်ကိုသွားပြီးဆုတံဆိပ်လက်ခံ
ယူတယ် ညစာစားပွဲတက်ရောက်ရတယ်..

၁၈ရက်နေ့မနက် ကုလဆိုင်ရာမြန်မာအမြဲတမ်း
ကိုယ်စားလှယ်အဖွဲ့ရုံးဝန်ထမ်းတွေနဲ့တွေ့တယ်..
နေ့လည်ပိုင်းမှာဝန်ထမ်းတွေရဲ့ဂုဏ်ပြုနေလည်စာ
စားပွဲတက်ရောက်ပေးတယ်..
၁၉ရက်နေ့မနက်၉နာရီမှာယူနတ်စကို
ညွှန်ကြားရေးမှူးချုပ်နဲ့တွေ့တယ်..
၁၀နာရီမှာဒိန်းမတ်ဝန်ကြီးချုပ်နဲ့တွေ့တယ်..
၁၁နာရီမှာမက္ကစီကိုသမ္မတနဲ့တွေ့တယ်..၁၂နာရီမှာဘင်္ဂလားဒေ့ဝန်ကြီးချုပ်နဲ့တွေ့တယ်..

၂၀ရက်နေ့မှာ ကုလညီလာခံတက်တယ်..
အမျိုးသမီးနှင့်ကလေးသူငယ်စောင့်ရှောက်ရေး
ဆွေးနွေးပွဲတက်တယ်..
နေ့လည်ပိုင်းမှာကုလအတွင်းရေးမှူးချုပ်ရဲ့
ဂုဏ်ပြုနေ့လည်စာစားပွဲတက်ရတယ်..
ညပိုင်းမှာEUဥက္ကဌရဲ့ဂုဏ်ပြုညစာစားပွဲတက်တယ်

၂၁ရက်နေ့မှာကုလညီလာခံတက်တယ်
Asia Society Instituteဆွေးနွေးပွဲတက်တယ်
ရှေ့ဆက်လုပ်ရမဲ့အရာတွေနဲ့ အမျိုးသားပြန်လည်
သင့်မြတ်ဖို့လုပ်နေတဲ့အကြောင်းဆွေးနွေးတယ်..

၂၂ရက်နေ့မနက်မှာCNNသတင်းဌာနနဲ့
အင်တာဗျူးလုပ်တယ်..
နေ့လည်မှာWorld Economic Forumဥက္ကဌနဲ့
တွေ့တယ်..
ညနေပိုင်းမှာ Open Societyဥက္ကဌနဲ့တွေ့တယ်
ပညာရေးမြှင့်တင့်ဖို့ဆွေးနွေးတယ်..
ညပိုင်းမှာ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာ
မင်းကြီးနဲ့တွေ့တယ်..

၂၃ရက်နေ့မှာကျန်းမာရေးချို့ယွင်းလာလို့အစည်း
အဝေးတွေမတက်နိုင်တော့ဘူး..
၂၄ရက်နေ့အမေရိကန်ကပြန်လာတယ်
၂၅ရက်နေ့ညရန်ကုန်ပြန်ရောက်တယ်...

By N Kham Aung


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ အနားယူနေရပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် တွေ့ဆုံဖို့ စီစဉ်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲကိုလည်း ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရပါတယ်။ ပြည်ပ ခရီးစဉ် အတွင်း အလုပ်များလှတာကြောင့် ဒေါ်အောင်ဆန်းစုကြည် ပင်ပန်းသွားတာ ဖြစ်ပြီး ကျန်းမာရေးက အထူးစိုးရိမ်စရာ မရှိပါဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုနေပေမယ့်လည်း စိုးရိမ်ပူပန်မှုတွေကလည်း ရှိနေပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ ရန်ကုန်မြို့က သူမအိမ်မှာ အနားယူနေရပါတယ်။ ကျန်းမာရေး အရ ရက်အနည်းငယ် အနားယူမယ်လို့ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“နံပတ် ၁ က ခရီးပန်းတာပေါ့နော်။ ခရီးပန်းတယ် အချိန်တွေအရမ်းကျပ်တယ် အဲဒါကြောင့် ပင်ပန်းသွားတယ်။ နံပတ် ၂ အချက်က သူအစားအသောက်မမှန်တော့ အစာအိမ်ရောင်တယ်ပေါ့။ နံပတ် ၃ အချက်ကတော့ ကွန်ပြူတာကြည့်တာများပြီးတော့ အရိုးကြီးပေါင်းတက်တဲ့ဟာ အဲဒါဖြစ်တယ်ပေါ့။ အဲဒီ ၃ ခု ဆုံပြီးတော့ ဖြစ်တာပေါ့ အခုလောလောဆယ်တော့ ကျတော်တို့ပြန်စစ်ဆေးပြီးတော့ ဒီအချက်တွေသွားတွေ့ရတယ် ။ တွေ့တော့ ရက်အနည်းငယ် နားရမယ်၊ ဟုတ်အခု အိမ်မှာနားနေတယ်။”

ကျန်းမာရေးအရ အနားယူဖို့ လိုအပ်တာကြောင့် စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့လည်း သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“အရေးကြီးတဲ့အခမ်းအနားတခု ရှိတယ်။ အဲဒီမှာမှသူ မပင်ပန်းအောင်လို့ပေါ့ အဲဒီလို ရက်ခွာလိုက်တာ ။ အဲဒီအတွက် ဒီဟာကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့ဟာကို ခဏရွေ့ဆိုင်းလိုက်တာပေါ့ ကျမ်းမာရေးအရ စိုးရိမ်စရာမရှိပါဘူး။ ရက်အနည်းငယ် နားပါမယ်။ ရက်အနည်းငယ် ပါ ရက်ပိုင်းနားပါမယ်။”

မနေ့ညက ရန်ကုန်မြို့ကို ပြန်ရောက်လာချိန်မှာ လေဆိပ်ထဲကနေ ဒေါ်အောင်ဆန်းစုကြည် ဘီးတပ် ကုလားထိုင်နဲ့ ထွက်လာတဲ့ ဓာတ်ပုံ တခု လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့ခဲ့ပြီးနောက် သူမရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ မန္တလေးမြို့က တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက

“ ဒီလိုအမျိုးသမီးမျိုး ၊ ဒီလိုခေါင်းဆောင်မျိုး ဆိုတာက ကျနော်မွေးကတည်းက ဒီအရွယ်အထိကျနော် ၁ ခါပဲတွေ့ဖူးသေးတာ။ ကျနော့်အသက် ၅၀ ကျော်သွားပြီ အဲဒါ ဒီလိုပဲ တွေ့ဖူးသေးတယ်။ ဒါပေမယ့် ကျနော်မနေ့ညကကျတော့လေ မျက်ရည်တောင်ကျတယ် စိတ်ပူလို့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ကျနော်တို့အမေဆီကနေပြီးတော့ ကျနော်တို့ သင်ရမယ့်၊ ယူရမယ့် ပညာတွေက အများကြီးရှိသေးတယ်။ ကျနော်ကတော့လေ အမေ့ကို အားကိုးနေတာထက်စာရင် အမေလိုဖြစ်ဖို့က ကျနော်တို့မှာ အများကြီးလိုအပ်တယ်၊ အများကြီးတာဝန်ရှိတယ်။”

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသလို ပြည်ပခရီးတွေ သွားရောက်ရတာလို လုပ်ငန်းတာဝန်တွေ များလှပေမယ့် တကယ်တန်း လက်တွေ့ အခြေအနေမှာ ခွဲဝေပေးဖို့ကလည်း သိပ်ပြီး မလွယ်လှဘူးလို့ စာရေးဆရာ ဦးမိုးသူက ဆိုပါတယ်။

“အရေးကြီးတာကတော့ သူကျန်းမာရေးကောင်းဖို့ပဲ ၀ိုင်းဆုတောင်းရမှာပဲ လုပ်ပေးရမှာပေါ့ ဒီလိုပဲရှိတာပဲ။ ဘာလို့လဲဆိုတော့ သူလုပ်တဲ့ကိုင်တဲ့အလုပ်တွေက သူပဲလုပ်နိုင်သလိုဖြစ်နေတယ် လောလောလတ်လတ်ကတော့ သူတွေးတဲ့အတွေးအခေါ်ကလည်း သူပဲ တွေးတက်သလိုဖြစ်နေတယ်။ အထိုက်အလျောက်လည်း သူခွဲဝေတော့ပေးပါတယ်။ သို့သော်လည်း အဲဒီဟာတွေ အကုန်လုံးကလည်း သူစိတ်မချဘူးထင်တယ် အကုန်လုံးသူပါနေတာကို။”

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုညဏ်နိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အလုပ်တာဝန်တွေကို ခွဲဝေပေးသင့်တယ်လို့ ဆိုပါတယ်။

“ကျနော်တော်တော်လေးကို စိုးရိမ်တယ်။ သူ့အသက်အရွယ်နဲ့ တာဝန်တွေကလည်း မမျှဘူးပေါ့နော် အသက်အရွယ်နဲ့ တာဝန်တွေကလည်း တအားကိုများတယ်။ နောက်ပြီးတော့ တာဝန်တွေနဲ့ပတ်သက်ပြီး လက်လွဲစေချင်တယ် အရာရာကိုပေါ့ သူတယောက်တည်း ခေါင်းခံပြီးတော့ ၊ ဦးစီးပြီးတော့ ထောင့်စေ့အောင် ထောင့်စေ့အောင်လုပ်နေတယ်ဆိုတော့ ဒီအချိန်မှာ ဖြစ်နိုင်ရင် ကျနော်သိပ်ပြီးတော့ သူ့အတွက် တော်တော်လေးစိုးရိမ်ပါတယ် အမေစုအတွက်လေ။ ဖြစ်သင့်တာကတော့ တချို့ကိစ္စတွေကို လမ်းညွန်ပြပြီးတော့ ထောင့်စေ့အောင် စီမံခန့်ခွဲပြီးတော့ ၊ နေရာတကာ ကိုယ်ထိလက်ရောက်ဆိုတာကတော့ မဖြစ်နိုင်ဘူး ၊အခုဟာက အစိုးရ ယန္တရား တခုလုံးကို သူ့တယောက်တည်း ထောက်ထားရသလို ဖြစ်နေတာ။”

ဗြိတိန် အမေရိကန် ခရီးစဉ် အတွင်း နိုင်ငံခေါင်းဆောင်တွေ၊ ကုလညီလာခံတွေ၊ လူထု တွေ့ဆုံပွဲတွေ ဆက်တိုက် တက်ရောက်ခဲ့ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး အခြေအနေကြောင့် ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့ မိတ်ဖက်များ တွေ့ဆုံပွဲကိုတော့ မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ကျန်းမာပါစေကြောင်းလည်း ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆုတောင်းပေးခဲ့တာပါ။ အခုလောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့က သူမ နေအိမ်မှာ အနားယူနေပါတယ်။
VOA Burmese News

 ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်လှယ်အဖွဲ့ DPN အဖွဲ့တို့ တွေ့ဆုံဆွေးနွေး (Peace Commission)
ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်လှယ်အဖွဲ့ DPN အဖွဲ့တို့ တွေ့ဆုံဆွေးနွေး (Peace Commission
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ NCA စာချုပ်လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်တက်ရောက်ခွင့်ရရေး အပါအ၀င် အပစ်အခတ်ရပ်စဲရေး ကြေညာဖို့စတာတွေနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံက ဒီတွေ့ဆုံဆွေးနွေးပွဲအတွင်း လာမယ့် အောက်တိုဘာလလယ်မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုအောင်အောင်က တင်ပြပေးပါမယ်။

စက်တင်ဘာ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်လှယ်အဖွဲ့ DPN အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံကို တနိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ တက်ရောက်ခွင့်မရပေမယ့် လာမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီအဖွဲ့တွေ တက်ရောက်ခွင့်ရရေးအပါအ၀င် ကိစ္စရပ်အတော်များများကို ဒီအစည်းအဝေးအတွင်း ဆွေးနွေးခဲ့တယ်လို့ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးအဖြေရှာတဲ့အခါမှာ ဒီလိုဆွေးနွေးချက်တွေကို ဆွေးနွေးရင်းနဲ့ အဖြေရှာတယ်ဆိုတာထက် တကယ့်မြေပြင်ကအခြေအနေတွေနဲ့ ဆက်စပ်ပြီးတော့ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာတွေကို နည်းနာလေးတွေကို ထည့်စဉ်းစားပြီးတော့ ဆိုတဲ့သဘောမျိုးကျနော်တို့ပြောကြတာပါ။ ဒီနည်းလမ်းရှာဖို့အတွက်တွေ့ဆုံကြတာဆိုတော့ ဘာမှ ကျနော်တို့ ဆုံးဖြတ်ချက်တစုံတရာချတာမျိုးတွေတော့မရှိဘူး။"

NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီးမှသာ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရမယ်လို့ တပ်မတော်ဘက်က ပြောဆိုထားတာပါ။ အခုလို NCA စာချုပ်ကို အသေဆုပ်ကိုင်ထားတာကြောင့် တိုင်းရင်းသားအဖွဲ့အချို့အနေနဲ့ NCA လက်မှတ်ထိုးရေး အခက်ကြုံနေရတာဖြစ်တယ်လို့လည်း UNFC ဘက်ကပြောပါတယ်။

ချင်းမိုင်မြို့ကအစည်းအဝေးအတွင်းမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်ကျင်းပအပြီး ၆ လအကြာမှာ ဒုတိယအကြိမ် ပင်လုံညီလာခံ ထပ်မံကျင်းပမှာဖြစ်ပြီး ကြားကာလမှာ အခုလို ညှိနှိုင်းအစည်းအဝေးတွေ မကြာခဏကျင်းပသွားပြီး ယုံကြည်မှုတည်ဆောက်သွားဖို့ ၂ ဘက်ကိုယ်စားလှယ်တွေ သဘောတူညီခဲ့ကြပါတယ်။ လာမယ့် အောက်တိုဘာလလယ်မှာတော့ ဆွေးနွေးပွဲ နောက်တကြိမ်ကျင်းပသွားမှာပါ။ အခုလို တွေ့ဆုံဆွေးနွေးရာမှာ လက်တွေ့မြေပြင်အခြေအနေတွေနဲ့လည်း ထည့်သွင်းစဉ်းစားသွားဖို့လိုတယ်လို့ ခူဦးရယ်ကပြောပါတယ်။

“အထူးသဖြင့်ကတော့ ကျနော်တို့တင်ပြချက်ထဲမှာ အဓိကပထမဆုံးအချက်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ဆိုတဲ့ဟာမှာ ကြေညာခြင်း၊ မကြေညာခြင်း နဲ့ ပတ်သက်ပြီးတော့ မြေပြင်မှာလည်း အခုဆိုရင် စစ်ရေး အခြေအနေကမြင့်နေတယ်ပေါ့ဗျာ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ၊ အခုလို ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ ကြိုးပမ်းတဲ့အချိန်မှာ အခုလို မြေပြင်စစ်ရေးအခြေအနေကလည်း မြင့်နေတဲ့အတွက်ကြောင့် ဒါတွေကို ဘယ်လိုနည်းလမ်းနဲ့ ၊ တွေ့ဆုံဆွေးနွေးပြီးတော့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့အခြေခံက ပိုပြီးတော့ လက်တွေ့ကျမယ်ဆိုတဲ့ အခြေခံဆုံးဖြတ်ချက်တွေရှိပါတယ်။”

ဒီကနေ့မှာတော့ UNFC အဖွဲ့အတွင်း ငြိမ်းချမ်းရေးကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး တွေ့ဆုံဆွေးနွေးနေပါတယ်။ မနေ့ကတွေ့ဆုံမှုနဲ့ ပါတ်သတ်လို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကရော DPN ဘက်ကပါ ရှေ့လုပ်ငန်စဉ်းတွေနဲ့ ပါတ်သတ်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပေမယ့် အသေးစိတ်ကိုတော့ ဖေါ်ပြမထားပါဘူး ။ ၂ ဖက်တွေ့ဆုံဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဦးအောင်ကြည် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးနဲ့ DPN အဖွဲ့ဘက်ကတော့ ခူဦးရယ်ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ပါတယ်

ကိုအောင်အောင်
VOA Burmese News

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝတ်အား ယင်း၏ လက်ထက် စိုက်ပျိုးရေး အမတော်ကြေး အစီအစဉ်တစ်ခုတွင် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးရခြင်းအတွက် ဒဏ်ကြေးငွေ ဘတ် ၃၅.၇ ဘီလီယံ (ဒေါ်လာ ၁.၀၃ ဘီလီယံခန့်) ပေးဆောင်ရန် စစ်အာဏာသိမ်း အစိုးရ၏ တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းမှာ လုပ်ထုံးလုပ်နည်းများကို မလေးစားခြင်း ဖြစ်သည်ဟု ယင်လတ်၏ ဖြူထိုင်းပါတီက စွပ်စွဲလိုက်သည်။

၂၀၁၂-၂၀၁၄ ကာလအတွင်း ဖြစ်ပွားခဲ့သည့် ထိုအစီအစဉ်တွင် ယင်လတ်အား တာဝန်ပျက်ကွက်မှုဖြင့် တရားစွဲဆိုထားသည့် အမှုအား တရားရုံးချုပ်က အဆုံးအဖြတ်ပေးခြင်း မပြုရသေးချိန်တွင် အစိုးရအနေဖြင့် ဒဏ်ငွေချိတ်ခြင်းမှာ သင့်လျော်ခြင်းမရှိဟု ဖြူထိုင်းပါတီက တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြသည်။

စစ်အာဏာသိမ်း အစိုးရ အဖွဲ့ခေါင်းဆောင်နှင့် ၀န်ကြီးချုပ် ဖြစ်သူ ပရာယွတ်ချန်အိုချာက ယင်း၏ အထူးအာဏာဖြင့် ချမှတ်သည့် အမိန့်တွင် ထိုအမတော်ကြေး အမှု၌ ပါဝင်ပတ်သက်သူများ၏ ပိုင်ဆိုင်မှုများအား အစိုးရ အေဂျင်စီများက သိမ်းယူခွင့်၊ ပြန်လည်ရောင်းချခွင့် ပြုထားပြီး ထိုသို့ ပြုလုပ်ခြင်းအတွက် တရားဥပဒေအရ တရားစွဲဆိုခံရမှု မရှိစေရ ပါဝင်ခဲ့သည်။

ဖြူထိုင်းပါတီ၏ ကြေညာချက်တွင် “ဒါဟာ အစိုးရအရာရှိတွေအနေနဲ့ ဥပဒေစိုးမိုးမှုကို လျစ်လျူရှုပြီး လုပ်ပိုင်ခွင့်ပေးလိုက်တာပါ” ဟု ဖော်ပြထားသည်။ ပရာယွတ်က ဥပဒေအရ ကန့်သတ်ထားမှုမှာ ဖေဖော်ဝါရီလတွင် သက်တမ်းကုန်မည်ဖြစ်သဖြင့် အစိုးရက ဆောင်ရွက်ရန်ရှိသည်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး တရားရုံး၏ အဆုံးအဖြတ်ကို ကြားဝင် လွှမ်းမိုးမည် မဟုတ်ဟု ဆိုသည်။

ယင်လတ်က ပရာယွတ်အနေဖြင့် ယင်း၏ညီဖြစ်သူ အမြဲတမ်းကာကွယ်ရေး အတွင်းဝန် ပရီချာချန်အိုချာအပေါ် သဘောထားသကဲ့သို့ သူ့အပေါ် သဘောထားရန် တောင်းဆိုခဲ့သည်။ ပရီချာချန်အိုချာသည် အကျိုးအမြတ် များသည့် စစ်တပ်စီမံကိန်းများအား သားဖြစ်သူကို လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ထိုကိစ္စရပ်နှင့် ပတ်သက်၍ မလျော်ကန်သည့် ဆောင်ရွက်မှုမျိုး မရှိဟု ကာကွယ်ပြောကြားခဲ့သည်။

ယင်လတ် က “၀န်ကြီးချုပ်အနေဖြင့် သူ့ညီနဲ့ သူ့လူတွေအပေါ် ထားတဲ့ သဘောထား အမြင်မျိုး ကျွန်မကိုလည်း ထားရှိဖို့ တောင်းဆိုပါတယ်။ ဥပဒေက လူတိုင်းအတွက်ဖြစ်ပြီး ကျွန်မဘက်က လူတွေအပေါ်ပဲ သက်ရောက်တာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News

ပြီးခဲ့တဲ့ သီတင်းပတ်က စပြီး အနည်းဆုံး လူ ၁၂၈ ယောက် သေဆုံးခဲ့တယ်လို့ ဆို။

ဆီးရီးယားထဲမှာ ရက်စက် ကြမ်းကြုတ်တဲ့ အရိုင်းအစိုင်း ဝါဒကို ရုရှားက ကျင့်သုံးနေတယ် ဆိုပြီး ကုလ သမဂ္ဂမှာ ပြောဆိုခဲ့မှုအပေါ် လက်သင့် မခံနိုင်ကြောင်း ရုရှားက အမေရိကန်နဲ့ ယူကေတို့ကို ကန့်ကွက် ဝေဖန် လိုက်ပါတယ်။

ရုရှားနဲ့ ဆီးရီးယား တပ်ဖွဲ့တွေဟာ အလက်ပိုမြို့က သူပုန် ဧရိယာတွေကို အလုံးစုံ ပျက်သုဉ်းဖို့ ဦးတည်ချက်နဲ့ တိုက်ခိုက်နေတယ်လို့ တနင်္ဂနွေနေ့က ကုလ သမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် စမန်သာ ပါဝါက ပြောခဲ့ပါတယ်။

အဲဒီလို ပြင်းထန်တဲ့ စကား အသုံးအနှုန်းနဲ့ ရုရှားအပေါ် ပြောဆိုမှုတွေက ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်ရေး ဆောင်ရွက်ချက်တွေကို ထိခိုက် စေနိုင်တယ်လို့ ကရင်မလင် ပြောခွင့်ရ ပုဂ္ဂိုလ် ဒမစ်ထရီ ပက်စ်ကော့ဗ်က သတိပေး ပြောဆို လိုက်တာပါ။

အလက်ပို မြို့မှာတော့ တနင်္ဂနွေနေ့ည တစ်ညအတွင်းမှာပဲ လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ရေ တစ်ဒါဇင်လောက် ထပ်ရှိခဲ့တယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အရပ်သား ၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ပြောပါတယ်။

အပစ်ရပ်ဆိုင်းမှု အစီအစဉ် ပျက်ပြားခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က စပြီး အလက်ပိုမြို့က သူပုန် ဧရိယာတွေမှာ သေဆုံးသူ အနည်းဆုံး ၁၂၈ ယောက် ရှိသွားပြီလို့ ယူဆ ရပါတယ်။
BBC Burmese

တရုတ် စစ်ရေးလေ့ကျင့်မှုမှာ လေယာဉ် အစီး ၄၀ လောက် ပါဝင်တယ်လို့ ဆို။

တနင်္ဂနွေနေ့က ဂျပန် ကျွန်းစုတွေ ကြားကနေ တရုတ် စစ်လေယာဉ် ၈ စီး ဖြတ်ပျံ သွားတဲ့အတွက် ဂျပန် တိုက်လေယာဉ်တွေ အရေးတကြီး ပျံတက် စောင့်ကြည့် ခဲ့တယ်လို့ ဂျပန် အစိုးရက ပြောပါတယ်။

အဲဒီ တရုတ် လေယာဉ်တွေက ဗုံးကြဲ လေယာဉ်တွေလို့ ယူဆရပြီး တိုက်လေယာဉ် တစ်စီးနဲ့ ကင်းထောက် လေယာဉ်တွေလည်း ပါဝင်ပါတယ်။ တရုတ် စစ်လေယာဉ် အုပ်စုဟာ အိုကီနာဝါနဲ့ မီယာကိုဂျီးမား ကျွန်းတွေကြားက မီယာကို ရေလက်ကြား တလျှောက် ပျံသန်းခဲ့တာပါ။

တရုတ်ကတော့ ဒါဟာ ပုံမှန် လုပ်တဲ့ စစ်ရေး လေ့ကျင့်မှု ဖြစ်ပြီး လေယာဉ် အစီး ၄၀ လောက် ပါဝင်တယ်လို့ ဆိုပါတယ်။

တရုတ် လေယာဉ်တွေ ဂျပန် လေကြောင်း ပိုင်နက်ထဲကိုတော့ မဖြတ်သန်းခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ တရုတ်က စစ်အင်အား ပြတဲ့ သဘောလို့တော့ အများက ယူဆ ခဲ့ကြပါတယ်။

ဂျပန်က တောင်တရုတ် ပင်လယ်မှာ အမေရိကန် ရေတပ်နဲ့အတူ ပူးတွဲ စစ်ရေး လေ့ကျင့်မယ်လို့ ပြောဆိုခဲ့ပြီး တစ်ပတ်အကြာမှာ ဒီကိစ္စ ပေါ်လာတာပါ။

တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ဂျပန်က အနီးကပ် စောင့်ကြည့် သွားမယ်လို့ ဂျပန် အစိုးရ ပြောခွင့်ရသူ တစ်ယောက်က ပြောပါတယ်။
BBC Burmese

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို စက်တင်ဘာ (၂၃) ရက် ညနေ (၅း၀၀) နာရီတွင် ပုစွန်တောင် ရဲစခန်းမှ အင်းစိန်ဗဟို အကျဉ်းထောင်သို့ လွှဲပြောင်း ထားရှိလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

''မနေ့ညနေ ၅ နာရီလောက်က အချုပ်ကားတွေ အပြန်ရောက်လာတာပါ။'' ဟု အင်းစိန် ဗဟိုအကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုစွန်တောင်ရဲစခန်းမှလည်း စက်တင်ဘာ(၂၃)ရက်တွင် အင်စိန် ဗဟိုအကျဉ်းထောင်သို့ လွဲပြောင်း လိုက်သည်မှာ မှန်ကန်ကြောင်း ပုစွန်တောင်ရဲစခန်းမှ သိရသည်။

'အဲ့ဒါအမှန်ပါ။ ရုံးထုတ်ကတော့ ပုစွန်တောင်တရားရုံးမှာ ထုတ်မှာပါ' ပုစွန်တောင်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိုးအောင်ရင်ကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ပုစွန်တောင်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုကို စက်တင်ဘာ (၁၂)ရက်က စစ်ဆေးခဲ့ပြီး သရုပ်ဆောင် မိုးအောင်ရင် အနေဖြင့် စစ်ဆေးဆဲ ကာလတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မိုးအောင်ရင်က ပြောဆိုခဲ့ပြီး စက်တင်ဘာ(၂၆)ရက်ကို ရမာန်ကို ယူထားကြောင်း စက်တင်ဘာ(၁၂)ရက် ရမာန်လာယူစဉ်က သိရသည်။

မိုးအောင်ရင် နေထိုင်သည့် တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ မင်းရဲကျော်စွာ အိမ်ရာရှိ တိုက်ခန်းတစ်ခုကို သြဂုတ် ၂၉ ရက်၊ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့ရာ ၎င်း၏ သူငယ်ချင်း(၂)ဦးကိုသာတွေ့ရှိခဲ့ပြီး စစ်ဆေးရာ နေအိမ်တွင် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်များနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကိုသာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မိုးအောင်ရင်မှာ ပုစွန်တောင်မြို့နယ်သို့ ရောက် ရှိနေကြောင်း သိရသဖြင့် လိုက်လံဖမ်းဆီးရာမှ မိုးအောင်ရင်ကို ICE မူးယစ်ဆေးဝါး(၁)ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပုစွန်တောင်မြို့နယ် ရဲစခန်းမှ မယ(ပ) ၆/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲစေတတ်သော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MMK
The Ladies News


( ကချင်ပြည်နယ်က ရွှေတူးဖော်တဲ့ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် ) Photo: Myo Zaw Ko/ RFA
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ၀န်းသိုမြို့နယ်မှာ တရားမ၀င်ရွှေတူးဖော်မှုတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ ဒေသခံတွေတိုင်ကြားချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့က အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စီစစ်ဖို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ညွှန်ကြားလိုက်ပါတယ်။

တိုင်းအစိုးရအဖွဲ့က သွားရောက်စစ်ဆေးရာမှာ လုပ်ကွက်တွေမှာ လူမရှိပဲ ထွက်ပြေး သွားကြတဲ့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပတ်သက်နေနိုင်တယ်လို့ စစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ ၀န်းသိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောပါတယ်။

"အဓိကကတော့ ထွက်ပြေးသွားတယ်ဆိုတဲ့နေရာမှာ ကျနော်တို့သုံးသပ်တာကတော့ သူ့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းပိုင်းတွေနဲ့ မလွဲမသွေပတ်သက်ဆက်နွယ်နေလိမ့်မယ်လို့ ကျနော်တို့ယူဆတယ်၊ အဲ့တော့ ခရိုင်အုပ်ချုပ်ရေးမှူးကို အဖွဲ့ခေါင်းဆောင်အဖြစ် ထားပြီးတော့မှ ခရိုင်ကနေ ပထမဆုံးခုံရုံးဖွဲ့စည်းစစ်ဆေး ဆောင်ရွက်သွားမယ်ပေါ့၊ ခရိုင်အဆင့်စစ်ဆေးပြီးတဲ့အခါမှာ တိုင်းအစိုးရကနေ ခုံရုံးဖွဲ့စစ်ဆေးသွားမယ်လို့ ၀န်ကြီးချုပ်ကိုယ်တိုင် ပြောကြားခဲ့တယ်"လို့ ဦးဇော်လင်းဦး က ပြောတာဖြစ်ပါတယ်။

ဝန်းသိုမြို့နယ်မှာ တရားဝင်ရွှေတူးဖော်တဲ့ကုမ္ပဏီ ၁၃ ခုရှိပေမယ့် ထပ်မံ သက်တမ်းတိုးခွင့်ရှိတဲ့ကုမ္ပဏီ ၃ ခုသာရှိပြီး ကျန်တဲ့ကုမ္ပဏီတွေက သက်တမ်းကုန်ဆုံး ပြီဖြစ်သလို သက်တမ်းတိုးခွင့်ကိုလည်း ရပ်ဆိုင်းထားပါတယ်။

သက်တမ်းတိုးခွင့်မရှိတဲ့ကုမ္ပဏီတွေက ဆက်လက်တူးဖော်လုပ်ကိုင်နေကြ တာကို ဒေသခံတွေကို တိုင်ကြားတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီရွှေလုပ်ကွက်တွေထဲမှာ ကုမ္ပဏီတွေအပြင် တစ်ပိုင်တစ်နိုင်တူးဖော်ရေး လုပ်ကိုင်နေတဲ့ဒေသခံတွေလည်း ရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.