10/02/16
စစ်ပွဲတွေရပ်ဖို့ ကချင်အမျိုးသမီးဖိုရမ်တောင်းဆို (Kachin Women Peace Network)
စစ်ပွဲတွေရပ်ဖို့ ကချင်အမျိုးသမီးဖိုရမ်တောင်းဆို (Kachin Women Peace Network)
စစ်ရေးတင်းမာမှုတွေ တကျော့ပြန်ဖြစ်နေတဲ့ ကချင်ဒေသထဲက တိုက်ပွဲတွေ ချက်ခြင်းရပ်တန့်ပေးဖို့နဲ့ စစ်ဘေးရှောင်စခန်းတွေက ဒုက္ခသည်တွေ အရေးကြီးလိုအပ်နေတဲ့ လူသားချင်း စာနာမှုအကူအညီတွေကို နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ အမြန်ဆုံးရအောင် ဆောင်ရွက်ပေးဖို့နဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လက်တွေ့အကောင်အထည်ဖော်ပေးဖို့ ကချင်အမျိုးသမီးများဖိုရမ်က တောင်းဆိုလိုက်ပါတယ်။ ကချင်ပြည်နယ်တွင်းက စစ်ရေးပဋိပက္ခတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်၊ ကချင်ပြည်နယ်အစိုးရ၊ ကချင်ပြည်နယ်လွှတ်တော်ကို ကချင်နဲ့ရှမ်းပြည်နယ်က အမျိုးသမီးခေါင်းဆောင်တွေ စစ်ဘေး စစ်ရှောင်စခန်းတွေက အမျိုးသမီးကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။ အသေးစိတ် မဆုမွန်က စုစည်းတင်ပြထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေနဲ့ စစ်ရှောင်စခန်းတွေက အမျိုးသမီးကိုယ်စားလှယ် ၁၀၀ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်နေ့နဲ့ ၂၉ရက်နေ့က ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ စုဝေးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုစုဝေးတွေ့ဆုံခဲ့ကြတဲ့ ကချင်အမျိုးသမီးများငြိမ်းချမ်းရေးဖိုရမ်ကနေ ကချင်ဒေသကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေတာကို ချက်ခြင်းရပ်တန့်ပေးဖို့၊ စစ်ရှောင်စခန်းတွေက ပြည်သူတွေ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ မည်သည့်အကြောင်းပြချက်နဲ့မှ နှောင့်နှေးကြန့်ကြာမှုမရှိပဲ အမြန်ဆုံးရအောင် ဆောင်ရွက်ပေးဖို့၊ လက်ရှိဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ရေး မြန်မာ့တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက လိုက်နာဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထောင်စုလွှတ်တော်နဲ့ ကချင်ပြည်နယ်အစိုးရ၊ ကချင်ပြည်နယ်လွှတ်တော်ကို တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။ ကချင်အမျိုးသမီးများငြိမ်းချမ်းရေးဖိုရမ်က အဓိကတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ ကချင်အမျိုးသမီးအစည်းအရုံး က ဆိုင်းဇင်က အခုလိုပြောပါတယ်။
“တောင်းဆိုထားတာက ထိုးစစ်ရပ်ပေးဖို့ ကိစ္စရယ် ပြီးရင်အမျိုးသမီးနဲ့ ကလေးတွေ လုံခြုံရေးကိစ္စရယ်၊ IDP တွေ နေရပ်ကောင်းကောင်းပြန်နိုင်ရေးကိစ္စရယ်၊ ပြီးရင်လောလောဆယ်တော့ ထိုးစစ်ကိုရပ်တန့်ပေးဖို့ ကိစ္စရယ်၊ နောက် အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရှိဖို့အတွက်လည်း တိုးမြင့်ဆောင်ရွက်ပေးဖို့ပေါ့နော် ၊ အဓိက ဒီအချက်တွေကို တောင်းဆိုတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အစိုးရကိုတင်ပြချင်တာအဲဒီအချက်ပါတယ်။ ပြီးရင်နောက်တချက်ကတော့ ကျမတို့က တပ်ပိုင်းဆိုင်ရာဆိုရင် စစ်တပ်က ဒါအခုလိုမျိုး ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ကာလမှာ ၂၁ ပင်လုံဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ခေါ်လုပ်လာတဲ့လမ်းကြောင်းမှာဆိုရင်လည်း တဖက်ကနေ ထိုးစစ်ဆင်နေတဲ့ကိစ္စတွေ တဘက်မှာ ဒေါ်စုတို့ အစိုးရပိုင်းက နိုင်ငံခြားရောက်တဲ့အချိန်မှာ၊ တဘက်မှာလည်း ထိုးစစ်အကြီးအကျယ်ဆင်လာတာတွေက ကျမတို့ကအဓိက အဲဒီကိစ္စကို ဇောင်းပေးပြီးမှ ပြောချင်တာပေါ့နော်။”
ဒီလစက်တင်ဘာလထဲမှာပဲ ကချင်ပြည်နယ်ထဲ တကျော့ပြန်တိုက်ပွဲတွေပြန်ပြင်းထန်လာပြီး ကချင်လက်နက်ကိုင်တပ်စခန်းချရာနေရာတွေကို လက်နက်ကြီးတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိလာတဲ့အတွက် အနီးနားက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေ၊ ဒေသတွင်းက ကျေးရွာတွေက ဒေသခံပြည်သူတွေမှာ ထိတ်လန့်ကြောက်ရွံ့နေကြရပြီး ကလေးငယ်တွေအပါအဝင် အရပ်သားတွေပါ ထိခိုက်ဒဏ်ရာရတာတွေရှိနေတဲ့အတွက် ဒီလိုဖြစ်ပွားနေတဲ့စစ်တွေကို အမြန်ဆုံးရပ်ဆိုင်းပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။
“ငြိမ်းချမ်းရေးလုပ်နေတဲ့ကာလအတောအတွင်းမှာ စစ်အင်အားတိုးချဲ့ပြီးတော့ တိုင်းရင်းသားနယ်မြေတွေကိုပြန်ပြီးတော့မှ ထိုးစစ်ဆင်လာတယ်ဆိုတာက တော်တော်လေးကို ဆိုးဝါးတဲ့အခြေအနေဖြစ်တယ်။ အဲဒါကြောင့်ကျမတို့က ကချင်လူထုတွေအနေနဲ့ ကျမတို့ ဒါကိုတော့ သဘောမကျဘူး၊ ဒါအပြောနဲ့ လက်တွေ့လုံးဝကွဲလွဲနေတယ်ဆိုတာ ကျမတို့ အဲဒါကို မကြိုက်ဘူးပေါ့နော်။”
ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေမှာဖြစ်ပေါ်နေတဲ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တွေမှာ ဒေသခံတွေနဲ့ စစ်ရှောင်ဒုက္ခတွေကို ကိုယ်တိုင်ရင်ဆိုင်ခံစားနေရတဲ့ အမျိုးသမီးတွေ ပါဝင်ဖြေရှင်းနိုင်ခွင့်ရရှိရေးအပါအဝင်၊ စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေမှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ ခိုင်မာတဲ့မူဝါဒတွေ၊ ဥပဒေတွေ ဖြစ်ပေါ်လာရေးငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း တောင်းဆိုလိုပါတယ်လို့ ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးဖိုရမ်က ပြောပါတယ်။
ဒါ့အပြင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး အဘက်ဘက်က အကောင်အထည်ဖော်ပံ့ပိုးပေးနေတဲ့ နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာအလှူရှင်တွေ၊ ၂၁ရာပင်လုံညီလာခံအတွက်ပြင်ဆင်နေတဲ့ကော်မတီ၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တွေကနေ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ရပ်တန့်ရေး၊ စစ်ဖြစ်ပွားနေတဲ့ဒေသတွေမှာ အထူးသဖြင့် အရပ်သား ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့ ဒုက္ခရောက်နေရတဲ့ ဒေသခံတွေအတွက် လိုအပ်နေတဲ့ အထောက်အပံ့အကူအညီတွေကို အနှောင့်အယှက်မရှိပဲ ကူညီနိုင်ရေး ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြဖို့ကိုလည်း ကချင်အမျိုးသမီးထုက အထူးမေတ္တာရပ်ခံတောင်းဆိုတဲ့အကြောင်းလည်း ကချင်အမျိုးသမီးအစည်းအရုံးက ဆိုင်းဇင်က အခုလိုပြောပါတယ်။
“၂၀၁၁ ဦးသိန်းစိန်အစိုးရလက်ထက်ကနေ ကျမတို့ တိုက်ပွဲဖြစ်လာတဲ့အချိန်မှာ ကျမတို့ June 9 မှာ စစ်ကပြန်ဖြစ်လာတယ်။ ဒါပေမယ့် ၁၂ လပိုင်းမှ International Aid ကို အဲဒီအချိန်မှ ရောက်ခွင့်ပြုတယ်၊အဲဒါအချိန်မှ UN တခေါက်ဝင်ရတယ်။ နောက် ၂ လ ၃ လ နေမှ နောက်တဖွဲ့ပြန်ရောက်တယ်။ အဲဒီလိုမျိုး WFP ( World Food Program) ကနေထောက်ပံ့တာ အစတုန်းက ဆန်တွေရှိတယ် ၊ ဆားတွေရှိတယ်၊ ဆီတွေ သူတို့ပေးကြတယ်။ ဒါပေမယ့် အခုကျမတို့ သွားလေ့လာတဲ့အခါကျတော့ အမျိုးသမီးတွေ တော်တော်အခက်အခဲရှိနေတာတွေ့ရတယ်။ သားသမီးလည်းများတယ်၊ တချို့ဆိုရင် မုဆိုးမတွေဖြစ်တယ်၊ တချို့ဆိုရင် အသက်အရမ်းကြီးသွားပြီးမှ သူကလည်းမလုပ်မကိုင်နိုင် အမျိုးသားကလည်း မလုပ်နိုင်မကိုင်နိုင် ဖြစ်တယ်။ အဲဒါဆိုတော့ သူတို့ နေ့စားသွားမယ်ဆိုရင်လည်း သူတို့ကို နေ့စားတာဝန်မပေးချင်ကြဘူး။ အဲဒီတော့ အဓိကတွေ့ရတာဘာလဲဆိုတော့ အမျိုးသမီးတွေက သူတို့အတွက်တော်တော်လေး ဒုက္ခရောက်တဲ့အနေအထားတော့ရှိတယ်အမ။”
ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ကချင်၊ရှမ်းမြောက်ဒေသ (၁၆)ဒေသက လာရောက်တဲ့ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ကချင်အမျိုးသမီးသမဂ္ဂ၊ ကချင်အမျိုးသမီးအစည်းအရုံး၊ ကချင်ငြိမ်းချမ်းရေးကွန်ရက် အပါအဝင် ကချင်အမျိုးသမီးအဖွဲ့အစည်းကွန်ရက်(၃၀)က ကိုယ်စားပြုတက်ရောက်လာတဲ့ အမျိုးသမီးတွေကနေ ကချင်ဒေသတွင်း ထိုးစစ်ဆင်မှုတွေ ချက်ခြင်းရပ်ဆိုင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် နိုင်ငံတော်တာဝန်ရှိသူတွေကို အောက်တိုဘာလ ၁ရက်နေ့ နေ့စွဲနဲ့ တောင်းဆိုကြေညာချက်ကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။
VOA Burmese News
Photo: Min Thein Aung/ RFA
( ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆုကို ခိုင်မျိုးထွန်းရဲ့မိသားစုဝင်တွေက အောက်တိုဘာလ ၂ ရက်နေ့က လက်ခံရယူနေစဉ် )
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အမေရိကန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတွေက ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆုကို စစ်တွေမြို့မှာ ဒီနေ့ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အစိုးရတပ်မတော်က ဒေသခံတွေကို ပေါ်တာဆွဲတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့တာတွေကို ဖော်ထုတ်ခဲ့တဲ့အတွက် ခိုင်မျိုးထွန်းကို ဆုချီးမြှင့်တာဖြစ်တယ်လို့ ဆုပေးပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးအောင်ကျော်ဝင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းက ကြေငြာချက်ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ကြေငြာချက်ဟာ မြန်မာ့တပ်မတော်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတယ်ဆိုပြီး တပ်မတော်ဘက်က ခိုင်မျိုးထွန်းကို စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
ဒီနေ့ ဆုပေးအပ်ပွဲမှာ ရွှေစင် တစ်ကျပ်သား၊ အမေရိကန်ဒေါ်လာ နှစ်ထောင် နဲ့အတူ ရခိုင်အမျိုးသားစွမ်းဆောင်ရည်ဆုကို ခိုင်မျိုးထွန်းရဲ့ မိသားစုကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဆုပေးပွဲကို စစ်တွေမြို့ အာရီယန်ခန်းမမှာကျင်းပခဲ့တာဖြစ်ပြီး စစ်တွေမြို့အပါအဝင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တွေက ဒေသခံ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
RFA
အဘူဆေးယက်ဖ်အဖွဲ့ ၏ ဖမ်းဆီးခြင်းခံထားရသော နော်ဝေ တန်ဆာခံများ စက်တင်ဘာ ၁၈ ရက်က လွတ်မြောက်လာစဉ်(ဓာတ်ပုံ-အင်တာနက်)
    မနီလာ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)
    ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အဘူဆေးယက်ဖ်အကြမ်းဖက်အဖွဲ့ က ၄င်းတို့ ဖမ်းဆီးထားသော အင်ဒိုနီးရှား တန်ဆာခံ သုံးဦးကို ဖိလစ်ပိုင်တောင်ပိုင်း Sulu ပြည်နယ်၌ ပြန်လွှတ်ပေးခဲ့ကြောင်း ဖိလစ်ပိုင်အဆင့်မြင့်အရာရှိတစ်ဦးက အောက်တိုဘာ ၂ ရက်တွင်ပြောကြားလိုက်သည်။
အဖမ်းဆီးခံထားရသော အင်ဒိုနီးရှားတံငါသည်များကို Moro အမျိုးသားလွတ်မြောက်ရေးတပ်ဦးဥက္ကဋ္ဌ Nur Misuari က Sulu ပြည်နယ်အုပ်ချုပ်ရေးမှူး Abdusakur Tan II ထံသို့ အောက်တိုဘာ ၂ ရက် မွန်းတည့် ၁၂ နာရီမထိုးမီ ပြန်လည်လွှဲပြောင်းပေးမည် ဖြစ်ကြောင်း သမ္မတအကြံပေး Jesus Dureza က ဆိုသည်။
“ Misuari ဥက္ကဋ္ဌ က ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်ဆီ ဖုန်းဆက်လာပါတယ်။ အဘူဆေးယက်ဖ် အဖွဲ့ မှာ ကျန်နေတဲ့ အခြား တန်ဆာခံတွေကို ပြန်လွတ်မြောက်အောင် ကြိုးစားဖို့ အကြောင်းတွေပေါ့”ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။
အဆိုပါ တန်ဆာခံများကို ရုပ်ပိုင်းဆိုင်ရာ ကုသမှုများပြုလုပ်ရန် လိုအပ်ကြောင်း နှင့် အင်ဒိုနီးရှားစစ်တပ်ကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း တန်က အတည်ပြုပေးသည်ဟု ၄င်းက ဆိုသည်။
အဆိုပါ အင်ဒိုနီးရှားတံငါသည်များသည် Sabah ရှိ Lahad Datu တွင် ဇူလိုင်လက အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ လတ်တလောတွင် အဘူဆေးယက်ဖ်သူပုန်များအား စစ်ဆင်ရေးများပြုလုပ်နေခြင်းသည် ဖမ်းဆီးခံထားရသော တန်ဆာခံများအား ပြန်လွှတ်ပေးရန် တွန်းအားပေးရာ ရောက်ကြောင်း ၄င်းက ဆိုသည်။ ပြီးခဲ့သော လကလည်း အဘူဆေးယက်ဖ်သူပုန်များသည် အင်ဒိုနီးရှားငါးဖမ်းသမား ၃ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖိလစ်ပိုင်လူမျိုး ၁ဝ ဦး ခန့် နှင့် နိုင်ငံခြားသား တန်ဆာခံအချို့ သည် အကြမ်းဖက်အဖွဲ့ တွင် ကျန်ရှိနေသေးကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
Photo: Kyaw Lwin Oo/ RFA
( ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသက တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသကို စစ်ဘေးဒုက္ခသည်တွေ ထပ်မံရောက်ရှိလာစဉ် )
ကရင်ပြည်နယ် မာနယ်ပလောဒေသဖက်ကို ဒီကေဘီအေခွဲထွက်အဖွဲ့တွေ ရောက်ရှိလာတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီဒေသဖက်က ဒေသခံတွေဟာ မြိုင်ကြီးငူဒေသက စစ်ဘေးဒုက္ခသည်စခန်းကို ထွက်ပြေးလာကြတဲ့အတွက် ဒုက္ခသည်အရေအတွက် ၅ထောင်ကျော်နေပြီဖြစ်တယ်လို့ ဒုက္ခသည် စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
တစ်နေ့ကို မိသားစု ဆယ်စုကျော် လာရောက်နေဆဲဖြစ်တယ်လို့ မြိုင်ကြီးငူဒေသရဲ့ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးနေလင်းထက် က ပြောပါတယ်။
"အခုရက်ပိုင်းမှာ တစ်နေ့တစ်နေ့ကို အိမ်ထောင်စု ၁၀ စု ၁၅ စု ၀န်းကျင်တော့ ရောက်လာနေတယ် ပေါ့နော်။ မော်တော်ကားလေး တစ်စီး၊ နှစ်စီး၊ သုံးစီး။ အဲဒီ ရွာလေးတွေကတော့ သူတို့ လာရောက်နေ တုန်းပါပဲ။ ထပ်တိုးလာတယ်ဆိုတဲ့ အပိုင်းကတော့ ဟိုးသိပ်အလှမ်းကွာဝေးတဲ့ ကျေးရွာတွေက သူတို့လည်း နေရေး ထိုင်ရေး မနေရဲကြတဲ့ အပိုင်းတွေ ရှိတာပေါ့။ ရှိလာတဲ့အပေါ်မှာ ဒီကို ရှောင်တိမ်းလာတဲ့ သဘောပါ။" လို့ ဦးနေလင်းထက် က ပြောတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကရင်ပြည်နယ် မဲသဝေါ ဒေသမှာ DKBA ခွဲထွက် အဖွဲ့နဲ့ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ တိုက်ပွဲတွေကြောင့် မဲသဝေါဒေသကနေ မြိုင်ကြီးငူဒေသမှာ စစ်ဘေးတိမ်းရှောင်ပြီး ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ၄ ထောင် နီးပါးလောက် ရှိခဲ့ပေမယ့် လက်ရှိမှာ စစ်ဘေး ဒုက္ခသည် ၅ ထောင် ကျော်ရှိနေပြီ ဖြစ်ပါတယ်။
RFA
မိတ္ထီလာ အောက်တိုဘာလ ၂
မိတ္ထီလာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ခန့် မိုးရေလျှံတက် ၀င်ရောက်မှုဖြစ်ပေါ်လျက် ရှိပြီး ယင်းရေလျှံတက်ဝင်ရောက်သည့်အိမ်ခြေ ၃၀၀ ခန့်အနက် အိမ်ခြေ ၁၄အိမ် ခန့်သာလုံးဝနေထိုင်၍ မရသည့်အနေအထား တွင်သာရှိပြီး ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားခြင်းမျိုးမရှိကြောင်း နန်းတော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှုးထံက သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းတော့ မိုးရေလျှံတက်ပြီးဝင်ရောက်တာ နန်းတော်ကုန်း ရပ်ကွက်ထဲမှာ အိမ်ခြေ ၃၀၀ ခန့် ရှိပါတယ်။ မိုးရေလျှံတက် ၀င်ရောက်တာ မျိုးပဲဖြစ်တာပါ လုံးဝနေထိုင်လို့ မရတော့တာမျိုးတော့ မဟုတ်ပါဘူး ။ မိုးရေလျှံ တက် ၀င်ရောက်တဲ့ အိမ်ခြေ ၃၀၀ အနက်က လုံးဝနေထိုင်လို့  မရတဲ့အိမ်ခြေ ၁၄ အိမ် ခန့်ပဲရှိတာပါ။ ဒါကြောင့် ယာယီ ကယ်ဆယ် ရေးစခန်းဖွင့်လှစ် ထားခြင်း မျိုးတော့ မရှိပါဘူးဟု နန်းတော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း က ပြောသည်။
နန်းတော်ကုန်းရပ်ကွက်အတွင်း မိုးရေလျှံတက်ဝင်ရောက်သည့် လူနေအိမ်များ အတွင်း မိုးရေများအားလျော့နည်း သွားစေရေးအတွက် မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစုပ်စက်ကြီး ၃ လုံးဖြင့် ရေဆိုးကန်အတွင်းသို့ စုပ်ထုတ်နေပြီးခန့် မှန်း ၇ ရက်ခန့်ကြာမြင့်နိုင်ကြောင်း ယင်းက ဆက်လက်ပြော သည်။
နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာနယ်မြေဘက်က နယ်မြေ ၃ ဘက်ကို စီးဆင်းလာတဲ့ မိုးရေတွေကို နယ်မြေ ၇ အနီးအနားမှ စက်နဲ့ မြေဖို့ ပြီး ပိတ်ထားပါတယ်။ ပြီးတော့ လက်ရှိ လူနေအိမ်ခြေတွေ ၀င်ရောက်နေတဲ့ မိုးရေတွေ လျော့နည်းသွားစေဖို့  ရေစက်စုပ် စက်ကြီး ၃ လုံးနဲ့  ရေဆိုးကန် အတွင်းကို စုပ်ထုတ်ပစ်နေပါတယ်။ ကျွန်တော့်အထင် မိုးရေတွေ အားလုံးကုန်သွားဖို့  ဒီကြားထဲမိုးမရွာရင် ၇ ရက်လောက်တော့ကြာမယ် ထင်တယ်ဟု ယင်းက ပြောသည်။
နန်းတော်ကုန်းရပ်ကွက်အတွင်းရှိ အိမ်ခြေ ၃၀၀ ခန့် အပြင် ပေါက်ချောင်း ရပ်ကွက်အတွင်း အိမ်ခြေ ၁၄ အိမ်ခန့်လည်း မိုးရေများလျှံတက် ၀င်ရောက် မှုဖြစ်ပေါ်နေပြီး ပေါက်ချောင်းဈေးနှင့် မူလတန်းကြိုကျောင်းကြား လမ်းမပေါ်တွင် လည်း မိုးရေများလျှံတက်နေသည်မှာ သုံးရက် ခန့်ကြာမြင့်နေပြီဖြစ်သည်။
မိတ္ထီလာကန်တွင်လည်း ကန်ရေပြည့်သည့် အနေအထား တွင်ရှိကာ ကန်လယ် မိုးကောင်းအန္တကူရေလယ်ဘုရားသို့ သွားရောက်ရာ တံတားကိုလည်း ယာယီ ပိတ်ထားသည်။ မိတ္ထီလာကန် ရေကျော် ၇ ပေါက် ရေတံခါးမှလည်း ကန်ရေကို အနည်းငယ်စီလျှော့ချလွှတ်ပေးထားပြီး မိတ္ထီလာ ကန်အောက်ရှိ ကျေးရွာများ တွင် ချောင်းရေမြောင်း ရေလျှံတက်ခြင်း၊ သီးနှံစိုက်ခင်းများအတွင်း ရေများလွှမ်းမိုး ၀င်ရောက် ခြင်း မရှိစေရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ချမ်းသာ၊ ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဓါတ်ပုံ- မိုင်းလားတပ်စခန်းမှ တပ်သားများ ဖမ်းဆီးခံရပုံ
အောက်တိုဘာ ၂ ရက် ၂၀၁၆
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့ နယ် နှင့် မိုင်းလားမြို့နယ်ကြား ရှိ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ထားသည့် တပ်စခန်း ၃ ခုအား ၀ တပ်ဖွဲ့ UWSA က သိမ်းပိုက်လိုက်သည့်အတွက် မဟာမိတ်တပ်ဖွဲ့ဝင် နှစ်ဘက်တပ်ကြား စစ်ရေးတင်းမာမှု ဖြစ်ပွားလျှက်ရှိသည်။
စက်တင်ဘာ ၂၈ ရက်နေ့က ဝ တပ်ဖွဲ့ UWSA စစ်သည်အင်အား ၆၀၀ ကျော်က တိုက်ပွဲ ဝင် သံချပ်ကာကား ၅ စီးနှင့်အတူ ကျိုင်းတုံ နှင့် မိုင်းလား မြို့နယ်ကြားရှိ လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆား တပ်စခန်း နှင့် မိုင်းလားနယ်အဝင် ပန်မတ်ဖိုင်း ဂိတ်စခန်းအား သိမ်းပိုက်လိုက်ရာ တွင် မိုင်းလား စစ်သည် ၁၅၀ ကျော် အားလည်းဖမ်းဆီးလိုက်သည်။
“ကျနော်တို့က မဟာမိတ်တွေလေ။ ဒီလိုလုပ်မယ်ဆိုတာ မထင်ဘူး။ ဖမ်းထား တဲ့ သူ ၁၅၁ ဦး အနက် ၁၇ ပြန်လွတ်ပေးတယ်အခု။ တပ်ပြန် ဆုတ်ပါပြောေ တာ့ အထက်အမိန့်အရလာတယ်။ အထက်က မညွှန်ကြား ရင် ပြန်ဆုတ် လို့မရဘူးလို့ပြောနေတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေတော့ ကြိုးစား ချိတ်ေ နတယ်။ ဒီတရက်နှစ်ရက် အတွင်းဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ အခုတော့ အားလုံးကို တပ်လှန့်ထားတယ်။ ဘယ်သူမှ သွားလာလှုပ်ရှား လို့မရတော့ဘူး” - ဟု မိုင်းလား တပ်မှူးတဦးကပြော သည်။
ဓါတ်ပုံ- မိုင်းလားတပ်စခန်းမှ တပ်သားများ ဖမ်းဆီးခံရပုံ
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ပြောရေဆိုခွင့်ရှိသူ ဦးအောင်မြင့်က - ကျန်းမာရေးအရ မကောင်း သည့်အတွက် အဆိုပါသတင်းနှင့်ပတ်သက်၍ ဘာမှမပြောနိုင်သေးကြောင်း သျှမ်းသံတော် ဆင့်သို့ဖြေကြားသည်။
ဝ တပ်ဖွဲ့မှ မိုင်းလားတပ်ဖွဲ့အပေါ် ယခုကဲ့သို့ ပြုမူဆက်ဆံသည်မှာ - မိုင်းလားတပ်ဖွဲ့အနေဖြင့် အာခါလူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ် ခွင့်တောင်းဆိုနေခြင်း၊ နေပြည်တော်သို့ မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင် ဦးစိုင်းလင်းကိုယ်တိုင် မကြာခဏ သွားလာဝင်ထွက်နေခြင်း၊ ၂၁ ရာစု ပင်လုံညီလာခံ တွင် ကော်မတီဝင်အဖြစ် သွားရောက်ပါဝင်ခြင်း စသည့် အကြောင်းကိစ္စရပ်နှင့် ပတ်သက်နိုင်သည်ဟု ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည်။
ဝ တပ်ဖွဲ့ နှင့် မိုင်းလား တပ်ဖွဲ့သည် ရှေးယခင်ကတည်းက ညီရင်းပမာ ချစ်ခင်ရင်းနီးသည့် မဟာမိတ် တပ်ဖွဲ့ဝင်ကောင်းများဖြစ်ကြသည်။
ဓါတ်ပုံ- မိုင်းလားတပ်စခန်းမှ တပ်သားများ ဖမ်းဆီးခံရပုံ
သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တဦးကို အိမ်အကူအဖြစ်ခေါ်ဆောင်ခဲ့ပြီး ပြည်တန်ဆာလုပ်ခိုင်းသူအမျိုးသားတဦးအား စက်တင်ဘာ ၂၉ ရက်နေ့က လူကုန်ကူးမှုဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး ပါဝင်ပတ်သက်သူလေးဦးကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ သိရသည်။
အမှုဖြစ်စဉ်မှာ ရှမ်းချောင်းရွာနေ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က မိဘများမရှိခိုက် တရွာတည်းနေ ဒေါ်ဌေးနှင့် မစန်းဌေးဆိုသူတို့က ဘုရင့်နောင်တွင် အိမ်အကူအဖြစ်လုပ်ကိုင်ပါက ကျပ် သုံးသောင်းရရှိမည်ဟုပြောဆိုစည်းရုံးသဖြင့် သဘောတူခဲ့ကြောင်း၊ ထို့နောက် ၄င်းတို့က မ ….(၁၅)နှစ်အား ဘုရင့်နောင်ပွဲရုံ ငုဝါလမ်းရှိ တိုက်ခန်းတခုအတွင်းခေါ်ဆောင်ကာ ဇော်မျိုးဦး ဆိုသူထံတွင် အလုပ်အပ်ပေးခဲ့သည်ဆိုသည်။ ထိုသို့အပ်ပေးပြီးနောက် ဇော်မျိုးဦးဆိုသူထံမှ ငွေကျပ်တသိန်းခွဲကို ဒေါ်ဌေးနှင့် မဇင်မာမြင့်ဆိုသူတို့ကထုတ်ယူသွားပြီး မ ..(၁၅)နှစ်ကို ထားခဲ့သည်။
ထို့နောက် ဇော်မျိုးဦးက မ ..(၁၅)နှစ်အား ပြည့်တန်ဆာအလုပ်လုပ်ရမည်ဖြစ်ကြောင်းပြောသဖြင့် မ ..(၁၅နှစ်) က မလုပ်နိုင်ကြောင်းပြောဆိုရာ ငွေကျပ် တသိန်းခွဲထုတ်ယူထားပြီးဖြစ်သဖြင့် ယင်းပိုက်ဆံပြန်ရမှသာ ပြန်နိုင်ကြောင်းပြောဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။
မ..(၁၅)နှစ်၏ငြင်းဆန်မှုကြောင့် ပြည့်တန်ဆာအလုပ်ကို မလုပ်ရသော်လည်း အနှိပ်ခန်းအတွင်းနေထိုင်စဉ်ကာလ လုပ်အားခမရရှိခဲ့ဘဲ ယခုလိုရဲတပ်ဖွဲ့လာရောက်စစ်ဆေးမှသာ အဖြစ်မှန်ကိုပြောပြနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အိမ်အကူအလုပ်ရမည်ဟုဆိုကာအနှိပ်ခန်းသို့ပို့ဆောင်ခဲ့သည့် ဒေါ်ဌေးဆိုသူကို ဖမ်းဆီးထားပြီး ပါဝင်ပတ်သက်သည့် ကျန်လေးဦးကို လှိုင်သာယာ မြို့မရဲစခန်းက ပ ၂၀၉၁/၁၆ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရအမှုဖွင့်ထားကြောင်း သိရသည်။
ကိုရဲ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သရ၀ဏ်(ပြည်)ှ
ကျွန်တော်ဧည့်လမ်းညွှန်ဖြစ်ကာစ ၁၉၉၅ ခုပါတ်ဝန်းကျင်ကာလများက နိုင်ငံခြားသားများမကြာခနမေးသော မေးခွန်းတစ်ခုရှိသည် ။ထိုမေးခွန်းမှာ မြန်မာနိုင်ငံတွင်ရာဇ၀တ်မှုခင်းဖြစ်ပွားနှန်းမှာ မြင့်မားပါသလားဆိုသည့်အမေးဖြစ်သည် ။ မှန်သည့်အတိုင်းဖြေရလျှင် ထိုခေတ်က မြန်မာနိုင်ငံတွင်ရာဇ၀တ်မှုဖြစ်ပွားနှုန်းမှာအတော်ပင်နည်းပါသေးသည် ။ထို့ ကြောင့်နိုင်ငံခြားသားများအား ကျွန်တော်တို့ နိုင်ငံတွင် ခိုးမှု လောင်းကစားမှု မူးယစ်ရမ်းကားမှုကဲ့သိုသောအသေးစားရာဇ၀တ်မှုများအနည်းငယ်ဖြစ်ပွားလေ့ရှိသော်လည်း ကမ္ဘာပေါ်ရှိ အခြားမြို့ကြီးများနှင့်စာလျှင် ရာဇ၀တ်မှုဖြစ်ပွားနှုန်း နည်းပါးပါကြောင်း ပြန်ဖြေရလေ့ရှိပါသည် ။ ထိုအခါ တိုးရစ်များက ထိုသို့ ရာဇ၀တ်မှုဖြစ်ပွားနှုန်းနည်းပါးရခြင်းမှာ စစ်အစိုးရအုပ်ချုပ်သောကြောင့်လား ၊ သို့ မဟုတ် ဗုဒ္စဘာသာကိုးကွယ်သောနိုင်ငံဖြစ်သောကြောင့်ပေလောဟုထပ်မံမေးမြန်းကြပါသည် ။ မြန်မာနိုင်ငံသူနိုင်ငံသားများသည် ဗုဒ္စဘာသာအခြေခံဖြစ်သောငါးပါးသီလကို လိုက်နာစောင့်ထိမ်းကြသဖြင့် လည်းကောင်း ၊ စစ်အစိုးရလက်ထက်တွင် အကြောက်တရားကြီးစိုးနေသောကြောင့်လည်းကောင်း နှစ်ခုစလုံးကြောင့်ဖြစ်နိုင်ကြောင်းဖြေကြားခဲ့ပါသည် ။ သို့ သော် အသေးစိတ်ကျွန်တော်မဖြေကြားခဲ့သောအချက်များလည်းများစွာကျန်ရှိခဲ့ပါသည် ။ သေချာသည် ကား ထိုခေတ်ထိုကာလက မြန်မာနိုင်ငံတွင် ရာဇ၀တ်မှုများယခုခေတ်ကလို မများသေးပါ ။
နှစ်ပေါင်း ၂၁ နှစ်ကျော်ကြာပြီးနောက် ယခုအခါတွင် ထိုမေးခွန်းကို တိုးရစ်များထပ်မံလာရောက်မေးမြန်းမည်ဆိုပါက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ရာဇ၀တ်မှုဖြစ်ပွားနှုန်းအမြင့်ဆုံးနိုင်ငံများထဲတွင်ပါဝင်နေပြီဟုပင်ထင်မြင်ပါကြောင်းဖြေကြားမိပေမည် ။ လူသတ်မု ၊ မုဒိမ်းမှု ၊ ပြန်ပေးဆွဲမှု ၊လူမှောင်ခိုမှု ၊ ရိုက်နှက်မှု ၊ဓားပြမှု ၊ ခိုးမှု ၊လက်နက်မှု စသည့်အမှုအခင်းများသည် နေ့ ခင်းကြောင်တောင်လူမြင်ကွင်းမှာပင်နေ့စဉ်ရက်ဆက်မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေကြပေ၏ ။ ငါးလောင်းပြိုင်လူသတ်မှု ၊လေးလောင်းပြိုင်လူသတ်မှု ဆိုသည်များသည် ဟိုးတောကြိုအုံကြားမှာပင်မဟုတ် ရန်ကုန်မြို့ ကြီးမှာပင် ဖြစ်ပွားခဲ့ပြီးယခုထက်တိုင်လက်သည်တရားခံမပေါ်ခဲ့ခြင်းဖြစ်ပေသည် ။ကြည့်မြင့်တိုင်၌ ဆရာဝန်တစ်ယောက်၏အိမ်သို့ နေ့ ခင်းကြောင်တောင်အနုကြမ်းဝင်စီးခြင်းမှာလည်းတ၇ားခံလွတ်မြောက်နေဆဲဖြစ်သည် ။ တနိုင်ငံလုံးတွင်တရားခံလွတ်နေဆဲရာဇ၀တ်မှုများကို တန်းစီချရေးပြနေရလျှင် စာမျက်နှာ များမကုန်နိုင်အောင်ရှိပေလိမ့်မည် ။သက်ငယ်မုဒိန်းမှုကဲ့သို့ သော မကြားဝံ့မနာသာအမှုများအကြောင်းပြောပြရလျှင်တစ်ထောင့်တစ်ညပုံပြင်လိုမဆုံးနိုင်အောင်ရှိပေလိမ့်မည် ။ ကျွန်တော်ပြောလိုရင်းမှာ ဒါတွေဘာကြောင့်ဖြစ်လာသလဲ ။မြန်မာနိုင်ငံဘာကြောင့်ပြောင်းလဲသွားသလဲဆိုတာဖြစ်သည် ။ အပြောင်းအလဲ၏အစမှာ ၁၉၉၆ လွန်နှစ်များက ရှမ်းပြည်နယ်နယ်စပ်ဒေသများမှ လက်နက်ကိုင်အဖွဲ့ အချို့နှင့် ဗိုလ်ချုပ်ခင်ညွန့် ခေါင်းဆောင်သောစစ်အစိုးရအဖွဲ့ တို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ယူလိုက်ချိန်မှစသည်ထင်သည် ။ ထိုသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့နှင့်ငြိမ်းချမ်းရေးသဘောတူညီချက်ယူလိုက်ခြင်း (အပစ်အခတ်ရပ်စဲရေးလုပ်လိုက်ခြင်းကို )လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်သည် ဟု အစိုးရဘက်ကခေါ်ဝေါ်သုံးနှုန်းခဲ့သည် ။ ယခင်အခါများစွာက မြို့ကြီးပြကြီးများသို့ တရားဝင်လာရောက်ခွင့်မရခဲ့သော တောတွင်းလက်နက်ကိုင်အဖွဲ့ အချို့သည် ထိုသို့ လက်နက်နှင့်ငြိမ်းချမ်းရေးဆိုသော ကိစ္စကြီးအပြီးတွင် မြန်မာပြည်တွင်းသို့  စိတ်ကြိုက်ဝင်ထွက်ခဲ့ကြသည် ။ပထမဆုံးရှေ့တန်းခံတပ်စခန်းစတင်ကျဆုံးရသည်မှာမန္တလေးမြို့ဖြစ်သည် ။ မန္တလေးသည် တစ်သက်လုံးကရှိခဲ့သော မြန်မာမှု ယဉ်ကျေးမှုစံနှုန်းများနေရာတွင် အာဏာနှင့်ငွေကြေးကို စိတ်ထင်တိုင်းသုံးနိုင်သော တရုတ်စကားပြော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ တွေ၏ခြေရာတွေဝင်ရောက်လာသည် ။ မြေကွက်များစွာကိုမတန်တဆဈေးပေး၍၀ယ်ယူကြသောကြောင့် မန္တလေးမြိခံရွှေဗမာတို့  အိမ်ရောင်း မြေရောင်း ခြံဝိုင်းများရောင်းကာမြို့စွန်၊ မြို့သစ်အရပ်များဆီဆုတ်ခွာရသည် ။ ဆုတ်ခွာရသည်မှာကိစ္စမရှိသေး ။ တရားမ၀င်လက်နက်ကိုင်ဆောင်ထားသော ထို အလင်းဝင်သူပုန်များကို မြို့ခံ လူကောင်းသူကောင်းများကကြောက်ကြရရုံသာမက ဥပဒေဘက်တော်သားဖြစ်သော ယာဉ်ထိန်းရဲ ၊ ပြည်သူ့ ရဲတို့ အပေါ်မှာပါ အထက်ကိုပိုင်သည့်အပေါက်များဖြင့် မထီမဲ့မြင် ပမာမခန့်လုပ်ကြသည် ။စစ်အစိုးရနှင့်ပါတ်သက်သော စစ်ဗိုလ်ချုပ်ကြီးများကိုသာမက ၊ အလင်းဝင်လာသော တိုင်းရင်းသားလက်နက်ကိုင်များထင်တိုင်းကြဲ သည်ကိုပြည်သူလူထုကကြောက်နေကြရသည် ။
ဤအဖြစ်အပျက်သည် မြန်မာနိုင်ငံတွင်ဥပဒေစိုးမိုးမှုပျက်သုဉ်းခြင်း၏အစ ၊ ရာဇ၀တ်မှုများတိုးပွားလာရခြင်း၏အကြောင်းရင်းခံဖြစ်တော့သည် ။ မြန်မာနိုင်ငံ၏တရားစီရင်ရေးသည် ငွေနှင့်အာဏာရှိသူတို့ လိုသလိုပုံဖော်၍ရသော ယန္တယားကြီးဖြစ်လာသည် ။ အာဏာသာအမိအာဏာသာအဖ ၊ငွေသာအမိငွေသာအဖဖြစ်လာသည် ။တိုင်းသူပြည်သားများသည် တရားဥပဒေအပေါ်ယုံကြည်ကိုးစားမှု ကျဆင်းလာသည် ။ အမှုတစ်မှုဖြစ်လျှင် နှစ်ပေါက်အောင်စစ်ဆေးပြီး ရယ်ရွှင်ဖွယ်ကောင်းသော စီရင်ချက်များဖြင့်အဆုံးသတ်လေ့ရှိသဖြင့် မည်သူမှ အချိန်ကုန်ငွေကုန် လူပင်ပန်းခံပြီးတရားရုံးသို့မသွားလိုတော့ ။ ရေလောင်းလျှင်နေကောင်းမည်ကို သိနေကြပြီဖြစ်၍ တရားဥပဒေကိုမကြောက်တော့တာလဲပါသည် ။ လူတစ်ယောက်ကို လူပုံအလည်တွင် ပါးရိုက်ပြီး တစ်နှစ်လောက်ကြာအောင်အမှုစစ်ပြီး ဒဏ်ငွေတစ်ထောင်ကျပ်ဖြင့်ပြီးလိုက်သော ၊လူသတ်မှုကိုလူသေမှုဟုပြောင်းလဲသတ်မှတ်လိုက်သော ၊ မိန်းကလေးတစ်ယောက်ကိုမတရားဖမ်းဆီးချုပ်နှောင် ၊ခြေထောက်ကိုသံကြိုးဖြင့်ခတ်၊ မုဒိန်းကျင့် ပြန်ပေးဆွဲငွေတောင်းခံပြီး ချုပ်နှောင်ထားသောသူကိုထောင်ဒဏ်နှစ်နှစ်သာချလိုက်သော တရားစီရင်ရေးမျိုးကိုလူတို့က အားမထားတော့တာ သိပ်ပြီးမဆန်းတော့ပေ ။ ထိုအခါ ဘာကိစ္စပဲဖြစ်ဖြစ် ဥပဒေဘောင်အတွင်းမှရှင်းဖို့ ထက် မိမိဘာသာ ဟာမူရာဘီ၏ကိုဓ ဥပဒေဖြင့် ကိုယ်တိုင်စီရင်သော ဓလေ့များဖြစ်ပေါ်လာလေသည် ။ကိုယ်တိုင်ဒါးဖြင့်ခုတ်ကြသည်။ကိုယ်တိုင်တုတ်ဖြင့်ရိုက်ကြသည်။ကိုယ်တိုင်စကေဘာဖြင့်ထိုးကြသည်။ ကိုယ်တိုင်အက်ဆစ်ဖြင့်ပက်ကြသည် ။ကိုယ်တိုင်အုပ်စုဖွဲ့၍ရိုက်ကြသည် ။
အခြားတစ်ဖက်တွင် မြန်မာနိုင်ငံဝယ် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုသည် အနှစ်နှစ်ဆယ်ကာလအတွင်းတရှိန်ထိုး မြင့်မားလာသည် ။ထိန်းချုပ်၍မရလောက်အောင်ပင် ဖြစ်သည် ။ မူးယစ်ဆေးဝါးအမှုများတွင် သုံးစွဲသူများ ၊ အနည်းငယ်လက်ဝယ်တွေ့ ရှိသူများသာ ဥပဒေအတိုင်းစီရင်ခံရသည် ။ တန်နှင့်ချီ၍ထုတ်လုပ်သူများ ၊ ကားအစီးလိုက် သယ်ယူပို့ ဆောင်သူများ ၊ ပင်ရင်းထုတ်လုပ်သူများမှာ (မည်သည့်နည်းနှင့်မှန်းမသိ)လွတ်နေလေ့ရှိသည် ။တခါတရံဖမ်းဆီးရမိသောအလွန်များပြားသည့် မူးယစ်ဆေးဝါးများမှာလည်းပိုင်ရှင်မဲ့ဟူ၍ထူးဆန်းစွာဖြစ်နေလေ့ရှိသည် ။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသည် ယခင်က အရက်၊ဆေးခြောက်၊ဘိန်းမဲ ၊ဘိန်းဖြူ အဆင့်များသာရှိရာမှ ယခုအခါ ဘိန်းနှင့် စိတ်ကြွရူးသွပ်ဆေးပြား မှာရှေ့ တန်းသို့ရောက်လာသည် ။ယခင်က မူးယစ်ဆေးဝါးရရှိရန်ဝေးလံခေါင်ဖျားသောနေရာများတွင်အရောင်းအ၀ယ်လုပ်ကြသော်လည်း ယခုအခါ WY ဆေးပြား များမှာ စာသင်ကျောင်းအနီးမှာပင်လွယ်လွယ်ကူကူဝယ်လို့ရသည် ။ ပါရာစီတမောထက်ပင်ပေါပေါပဲပဲရှာရလွယ်လာသည်။ ရိုးရှင်းသောဖြစ်စဉ်အရ ဆေးသုံးသူသည် ဆေးဖိုးငွေလိုသည် ။ထိုငွေကို နေ့စဉ်မတတ်နိုင်လျှင်မရရအောင်ရှာမည် ။ ထိုအခါ ဆိုင်ကယ်ခိုးမှု ၊ ဖုန်းခိုးမှု မှသည်ဖောက်ထွင်းမှု ။လုယက်မှု ၊ လူသတ်မှုအထိကျူးလွန်လာကြတော့သည် ။ ဤကားဒုစရိုက်မှုများ များလာရခြင်း၏အကြောင်းတစ်ချက်ပင်တည်း။ မြွေပူရာကင်းမှောင့်အဖြစ်ရာဇ၀တ်မှုထူပြောဖို့ ထပ်မံအားဖြည့်ပေးသောအချက်မှာ သမ္မတဦးသိန်းစိန်လက်ထက် အကြိမ်ကြိမ်ပေးခဲ့သည့်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များဖြစ်သည် ။ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်နိုင်ငံတကာမှတောင်းဆိုမှုကိုမျက်လှည့်ပြရန် သမ္မတဦးသိန်းစိန်နိုင်ငံခြားသွားကာနီးတိုင်း (သို့ မဟုတ်) နိုင်ငံတကာခေါင်းဆောင်များမြန်မာနိုင်ငံလာကာနီးတိုင်း လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းသားထောင်ပေါင်းများစွာကိုလွှတ်ပေးလေ့ရှိသည် ။ထိုအထဲတွင် တကယ့်နိုင်ငံရေးအကျဉ်းသားအစစ်မှာ ဆယ်ဂဏန်းလောက်သာပါပြီး ရာဇ၀တ်မှုအကျဉ်းသား ခိုးဆိုးနှိုက် လူသတ် မုဒိမ်းသမားများသာ အဓိကပါဝင်ခဲ့သည် ။ သမ္မတဦးသိန်းစိန်၏ မျက်လှည့်ပွဲကြီးအောင်မြင်လားမအောင်မြင်လားတော့မသိ ၊တိုင်းပြည်မှာတော့ လူဆိုးသူခိုးများ အရည်အတွက်ရုတ်တရက်မြင့်တက်သွားရချေ၏ ။
ယခုအခါ မြန်မာနိုင်ငံ၏တရားစီရင်ရေးသည် လုံးဝကိုချွတ်ခြုံကျကာပျက်စီးခဲ့ပြီဖြစ်သည် ။ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေသော လူငယ်တစ်ဦးနှင့် ကျွန်တော်စကားပြောခွင့်ရစဉ် သူပြောသောစကားမှာ အတော်ကို မှတ်သားစရာကောင်းသည်။
“အကြောင်းမသိခင်ကသာ ရှေ့နေတွေ ကိုယ့်အတွက်တရားခွင်မှာဘာတွေပြောသလဲဆိုတာစိတ်ဝင်စားနေတာ ၊ အခုဆို တရားခွင်မှာရှေ့နေတွေ ပြောချင်တာပြော ၊ တရားသူကြီးပြောချင်ရာပြော ကျွန်တော်စိတ်မ၀င်စားဘူး ။အဓိကကတော့ တရားသူကြီးကိုပိုက်ဆံများများသွားပေးနိုင်ရင် ပြီးသွားပြီ ။စွဲချက်ပုဒ်မတွေကိုလျှော့လို့ ရတယ် ။အယူခံမှာ ထောင်ကျမယ့်နှစ်ကို လျှော့လို့ ရတယ် ။ကံကောင်းရင်ကွင်လုံးကျွတ်တောင်လွတ်နိုင်သေးတယ် ။ မြန်မာပြည်မှာရေလောင်းရင်နေကောင်းသွားတာပဲ “
သရ၀ဏ်(ပြည်)
ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်အင်းဝစက်ချုပ်ဆိုင်က အိမ်အကူကောင်မလေးနှစ်ယောက်ကို ၅ နှစ်ကျော်ကြာ မတရားညှဉ်းပန်း နှိပ်စက်ပြီး ကျွန်ပြုခိုင်းစေခဲ့မှုသတင်းက ပြည်သူတွေကြားအုတ်အော် သောင်းတင်း ဖြစ်ခဲ့ပါတယ်။ ကော့မှူးဒေသမှ အိမ်ဖော်မိန်းကလေးနှစ်ယောက်ကို နှစ်နဲ့ချီပြီး လစာအပြည့်အ၀မပေးဘဲ ကျွန်ပြုခိုင်းစေထားတယ်။ လက်ချောင်းတွေ သုံးစားမရအောင် ရိုက်ချိုးခဲ့တယ်။ တကိုယ်လုံး ကို သေရာပါ ဒဏ်ရာတွေရအောင် ဓား၊ ကတ်ကြေးတွေနဲ့ အမွှန်းခံရတယ်။ မီးနဲ့အရှို့ခံရတယ်။ နှာခေါင်းကို ဓားနဲ့အလှီးခံရတယ်။ ဒီသတင်းဟာ မြန်မာလူမှုအဖွဲ့အစည်းတခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပါတယ်။
ယခုဖြစ်စဉ်မှာ အဓိကတာဝန်ကျေသူတွေကတော့ မီဒီယာနဲ့ ပြည်သူပါပဲ။ ဒီကလေးနှစ်ယောက်ကို အဓိက ကယ်ဆယ်ပေးခဲ့သော မတရားမှုကိုဖော်ထုတ်ပေးခဲ့သော Myanmar Now မှ ကိုဆွေဝင်းကိုလည်း သမ္မတကိုယ်တိုင် ချီးမြှောက်ခဲ့ပြီး ကျန်အဖွဲ့အစည်းအသီးသီး မှလည်း ၀ိုင်းဝန်းချီးမြှောက်ခဲ့ပါတယ်။“'သွားမပါနဲ့ အမှုပတ်လိမ့်မယ်'' ''ဓားခုတ်ရာ လက်ဝင်မလှျိုနဲ့''ဆိုပြီး ရှောင်သွားတတ်တဲ့ ယနေ့လူမှုအဖွဲ့အစည်းကို ကိုဆွေဝင်းက အလင်းပြပေးသွားနိုင်ခဲ့ပါတယ်။ပြည်သူတွေနဲ့ မီဒီယာရဲ့ လက်တွဲညီညာမှုကြောင့် ယခုအခါမှာ အင်းဝစက်ချုပ်ဆိုင်မှ အဓိကတရားခံ ၆ ဦးထဲမှ ၅ ဦးကို ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ပြီ။ တာဝန်ပေါ့လျော့ခဲ့သော ရဲဝန်ထမ်းများနဲ့ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ရှိသူတွေကိုလည်း ထိရောက်စွာအရေးယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။ အားလုံးတာဝန်ကျေခဲ့တယ်လို့ ပြောရမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာတင်ရပ်နေလို့ မရပါဘူး။ ဒီလိုလူမဆန်တဲ့ ဖြစ်ရပ်ဆိုးတွေကို ထပ်မံမပေါ်ပေါက်ဖို့ ဆက်လက်တိုက်ပွဲဝင်ရမှာပါ။
ဒီလိုအဖြစ်ဆိုးတွေထပ်မံမပေါ်ပေါက်ဖို့က အဓိကကျတဲ့ အကြောင်းတရားကိုသတ်ကြရပါမယ်။ အဓိက အကြောင်းတရားကိုမသတ်ဘဲ အကျိုး တရားပဲသတ်နေလို့ကတော့ ဆုံးတော့မှာ မဟုတ်ပါဘူး။ မြားနောက်ကို မလိုက်ဘဲ မြားပစ်သူနောက်ကိုလိုက်မှသာ နောက်ထပ်မြားတွေရောက် မလာမှာဘဲ ဖြစ်ပါတယ်။ ခုဆို ဒီလိုမျိုးအိမ်အကူကလေးငယ်တွေကို ကျွန်ပြုညှဉ်းပန်းနှိပ်စက်မှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေ ပါတယ်။ ဒီဖြစ်စဉ်တွေဖြစ်ပေါ်ရတဲ့ အဓိကအကြောင်းတရားတွေကတော့ ကျွန်တော်တို့တိုင်းပြည်မှာ-
၁။ တရားဥပဒေစိုးမိုးမှုမရှိတာ
၂။ အဂတိလိုက်စားမှုကြီးထွားနေတာ
၃။ ဆင်းရဲမွဲတေမှုမြင့်မားနေတာတို့ကြောင့်ပဲ ဖြစ်ပါတယ်။
ဒီအချက်တွေကိုမဖြေရှင်းနိုင်သရွေ့အခုလိုအဖြစ်ဆိုးတွေ ဆက်လက် ကြုံတွေ့နေရမှာပဲ ဖြစ်ပါတယ်။ယခုအင်းဝစက်ချုပ်ဆိုင်အမှုဖြစ်ပြီးတော့တောင် ကလေးငယ်ကိုမွေးစားမယ်ဆိုပြီး ကျွန်ပြုနှိပ်စက်မှုအမှုတခုပေါ်ခဲ့ပါသေးတယ်။ ဒီဖြစ်စဉ်မှာလည်း ပြည်သူတွေရဲ့ ဖော်ထုတ်မှုကြောင့် ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဖော်ထုတ်ပေးနိုင်တာက မရှိသလောက်ပါဘဲ။ခုချိန်အထိ အိမ်အကူတွေကိုနှိပ်စက်တဲ့အမှုတွေဖြစ်တဲ့ ၂၀၁၃ မှာ ဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်း ဒုမြို့နယ်တရားသူကြီးဇနီးအမှု၊ ဗဟန်း ဆရာစံ ရပ်ကွက်က ဗိုလ်မှူးကျော်နုမော် ဇနီးအမှု၊ ပန်ဒိုရာအဆီချလုပ်ငန်းက အမှု၊ တောင်ဒဂုံမြို့နယ်က ကလေးငယ်အမှု နောက်မမှတ်မိတာတွေရှိ ပါသေးတယ်။ ဒီအမှုတွေကို ယနေ့ထိ ထိရောက်စွာ အရေးမယူနိုင်သေးဘူး။ ဘာကြောင့်ထိရောက်စွာ အရေးမယူတာလဲ။ တရားဥပေဒေအထက် မှာ ဘယ်သူတွေရှိနေလို့လဲ။ ပဲခူးတိုင်းက တရားသူကြီးအိမ်က အမှုဆိုရင် ၃ နှစ်တောင်ရှိပြီ။ ဘာမှမဖြစ်ခဲ့ဘူး။ အစိုးရအနေနဲ့ ဒီလောက် မတရားမှုကြီးကို ဘာလို့လျစ်လျူရှုထားရတာလဲ။
မန္တလေးမြို့က ပန်ဒိုရာအဆီချလုပ်ငန်းက အနှိပ်စက်ခံရတဲ့ ကလေးမလေးတွေအမှုဆိုရင်လည်း တနှစ်ကျော်ချိန်ထိ ထိရောက်စွာ အရေးမယူနိုင်သေးဘူး။ ပန်ဒိုရာအမှုဆိုရင် အိမ်အကူကောင်မလေးကို ခွေးလှောင်အိမ်ထဲ လပေါင်းများစွာထည့်ပြီး နှိပ်စက်တယ်။ ခွေးစာပဲ ကျွေးတယ်။ ပါးတွေအရိုက်ခံရလွန်းလို့ နားစည်ကွဲပြီး နားတဖက်က လုံးဝကန်းသွားခဲ့ပါတယ်။ ပန်ဒိုရာမှာ ဒီလိုခံရတဲ့ မိန်းကလေးတွေက အများကြီးပါ။ ဒီလောက်ရက်စက်ယုတ်မာတဲ့ ပြစ်မှုကြီးကို ကျူးလွန်တဲ့ တရားခံတွေကိုတောင် ဖမ်းဆီးခြင်းမရှိဘဲ အပြင်ကနေ အမှုရင်ဆိုင်ခွင့်ရနေတာ တော်တော်လေး ရုပ်ဆိုးအားကြီးလွန်းလှပါတယ်။ ဘာကြောင့် ဒီလိုရနေရတာ လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဥပဒေက ရန်ကုန်တမျိုး ပဲခူးတမျိုး၊ မန္တလေးတမျိုးလား။ အစိုးရအနေနဲ့လည်း ဒီအင်းဝစက်ချုပ် ဆိုင်အမှုလိုပဲ အခြားအမှုတွေကို တရားမျှတမှုရှိအောင် ဆောင်ရွက်ပေး စေလိုပါတယ်။ဒီလိုမျိုးတရားဥပဒေရဲ့ ထိရောက်စွာအရေးယူနိုင်မှုမရှိမှုတွေကြောင့် ဒီလိုမျိုးဖြစ်စဉ်တွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ယနေ့အထိ အသက်မပြည့်သေးတဲ့ကလေးငယ်တွေကို အလုပ်စေခိုင်းမှုနဲ့ပတ်သက်ပြီးလည်း ထိရောက်စွာမထားဆီးနိုင်သေးပါဘူး။
နိုင်ငံတ၀န်းမှာ ဒီလိုအရွယ်မရောက်ကလေးငယ်တွေ အဓမ္မစေခိုင်းမှုတွေ ဘယ်လောက်တောင်များရှိနေသလဲဆိုတာ ယခုဖြစ်စဉ်တွေကိုကြည့် သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ထပ်မပေါ်လာသေးတဲ့ ယခုလိုမျိုးဖြစ်စဉ်တွေ အများကြီးရှိနိုင်ပါတယ်။ သက်ဆိုင်ရာဌာနတွေအနေနဲ့ ဖော်ထုတ်စစ်ဆေးမှုတွေလုပ်ဆောင်သင့်ပါတယ်။ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအတွက် ထိရောက်တဲ့ ဥပဒေပြဋ္ဌာန်းပြီး အစိုးရအနေနဲ့ ကာကွယ်မှုပေးသင့်ပါပြီ။ယနေ့တိုင်းပြည်မှာ လူငယ်လူရွယ်အများစုဟာ ဆင်းရဲမွဲတေမှု လယ်ယာလုပ်ငန်းတွေ မကောင်းမွန်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် တိုင်းတပါးထွက် အလုပ်လုပ်နေကြရတယ်။ ထိုသို့ထွက်လုပ်တော့လည်း တိုင်းတပါးသားတွေရဲ့ အနိုင်ကျင့်စော်ကားခံရတယ်။ ကျွန်ပြုခံနေကြရတယ်။ ဒီအတွက် အစိုးရက ကိုယ့်နိုင်ငံသားတွေကို အကာအကွယ်မပေးနိုင်ဘူး။ ကိုယ့်နိုင်ငံကထွက်ရှိတဲ့ သဘာဝသယံဇာတတွေနဲ့ ချမ်းသာနေတဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ ကျွန်တော်တို့ ပြည်သူတွေဟာ သူတို့မလုပ်ချင်တဲ့ အလုပ်ကြမ်းတွေသွားလုပ်ပြီး သူတို့တွေရဲ့ အစော်ကား အနိုင်ကျင့်ခံနေရတာတွေဟာ တွေးကြည့်ရင် ရင်နာဖို့ကောင်းလှပါတယ်။
သူများနိုင်ငံသွားမလုပ်ချင်လို့ ကိုယ့်နိုင်ငံမှာလုပ်တော့လည်း အလုပ်သမားအခွင့်ရေးဆိုတာ ဘာမျှမရှိ။ ဥပဒေကာကွယ်ပေးမှုဆိုတာလည်းမရှိနဲ့ ပြည်သူတွေဟာ အမိမဲ့သားတွေလို ဖြစ်ရရှာပါတယ်။ ခရိုနီသူဌေးတွေက ခေါင်းပုံဖြတ် အမြတ်ထုတ်ကြ၊ အနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်ကြ၊ တိုင်းတပါးကလာလုပ်တဲ့ လုပ်ငန်းတွေမှာလည်း တိုင်းတပါးသားတွေရဲ့ အနိုင်ကျင့်ခံနေကြရနဲ့ ပြည်သူတွေခမျာမှာ တကယ့်ကိုသနားစဖွယ် ဖြစ်နေရရှာပါတယ်။ ယခုဆိုရင် ပြည်သူတွေဟာ စားဝတ်နေရေးကျပ်တည်းနေရတဲ့ ကြားထဲ တရားဥပဒေမစိုးမိုးတဲ့ဒဏ်ကိုပါ ခံနေကြရပါတယ်။ လူသတ်မှုတွေ၊ အနုကြမ်းစီးမှုတွေ၊ မုဒိမ်းမှုတွေ၊ လုယက်မှုတွေက နေ့စဉ်ဆိုသလို ဖြစ်နေကြပါတယ်။ ရန်ကုန်မြို့မှာဆိုရင် ဘာမဟုတ်တဲ့ လိုင်းကားသမားတွေရဲ့ ထင်ရာစိုင်းရမ်းကားနေမှုကိုတောင် နိုင်အောင်မထိန်းချုပ်နိုင်တာ အတော်ကို စိတ်ပျက်ဖွယ်ပါပဲ။ ဒီလိုမထိန်းချုပ်နိုင်မှုတွေကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ကို ရာဇ၀တ်မှုတွေက အရမ်းထူပြောလာတာတွေ့ရပါတယ်။ ကျွန်တော်ရဲ့အိမ်ကိုပင် ၂၆ - ၉- ၁၆ ရက်က ဖောက်ထွင်းခံခဲ့ရပါတယ်။ နေ့ခင်းကြီးကို အတင့်ရဲစွာဖောက်ထွင်းတာပါ။ ဘေးပတ်ဝန်းကျင်က သိသွားလို့ ဘာမှမပါသွားခဲ့ပါဘူး။ ဘေးအိမ်တွေကလိုက်ဖမ်းတဲ့အခါ ဓားနဲ့ပြန်လည်ရန်ပြုပြီး ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဒီလောက်အထိကို အတင့်ရဲနေကြပါပြီ။ ခုဆိုရင် ကျွန်တော်တို့နိုင်ငံက လူသတ်ရမှာကိုပင် မခဲယဉ်းသလိုဖြစ်နေပါပြီ။ ဘာလို့ အဲဒီလိုဖြစ်ရသလဲဆိုတော့ အဓိက ကတရားခံတွေကို ထိရောက်စွာပြစ်ဒဏ်မပေးနိုင်လို့ပါဘဲ။
မိမိဝန်ထမ်းကို ရက်စက်စွာသတ်ခဲ့တဲ့ သရုပ်ဆောင်မင်းအုပ်စိုးကို တသက်တကျွန်းပြစ်ဒဏ်ကနေ ၁၀ နှစ်သို့လျှော့ပေးခဲ့တယ်။ မိန်းကလေး ငယ်တဦးကို ခိုးယူပေါင်းသင်းပြီး သံကြိုးနဲ့ခတ် ညှဉ်းပန်းနှိပ်စက်တဲ့အမှုကို တောင် ထောင်ဒဏ် ၂ နှစ်ပဲချမှတ်ခဲ့တယ်ဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုက အတော်ကို စိတ်ပျက်ဖွယ်ရာကောင်းနေပါပြီ။ အစိုးရသစ်လက်ထက် တရားဥပဒေစိုးမိုးမှုက မေးခွန်းထုတ်စရာဖြစ်နေ ပါတယ်။ ပြည်သူတွေမှာ အိမ်ထဲနေတော့လည်းမလုံခြုံ အပြင်ထွက်တော့လည်း မလုံခြုံနဲ့ စိုးရိမ်ကြောင့်ကြစွာနဲ့ နေထိုင်နေကြရပါတယ်။
ဒါကြောင့် အစိုးရသစ်အနေနဲ့ ပြည်သူတွေကို ဘာမျှလုပ်မပေးနိုင်သေးတောင် ပြည်သူတွေရဲ့ လူနေမှုဘ၀လေးကိုတော့ လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးသင့်ပါတယ်။ တိုင်းပြည်မှာ ယနေ့ဖြစ်ပေါ်နေတဲ့ ပြဿနာအားလုံးရဲ့ အဓိကအကြောင်းတရားတွေဖြစ်တဲ့ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးနေတဲ့ တရားဥပဒေစိုးမိုးမှု၊ အဂတိလိုက်စားမှု၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့ကို အရေးပေါ်ဆောင်ရွက်သင့်နေပါပြီလို့ ပြည်သူအားလုံး ကိုယ်စားတောင်းဆိုလိုက်ရပါတယ်။
ကျော်ကြီး (MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Photo-သူရဦးရွှေမန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားနိုင်ငံသို့ ၂၀၀၈ ခုနှစ်ကသွားရောက်ခဲ့စဉ်
အရပ်သားအစိုးရနှင့် စစ်ဘက်ခေါင်း ဆောင်ပိုင်းက အဆိုပါဆက်ဆံမှုများကို ဆန့်ကျင်ကြသော်လည်း မြန်မာစစ်တပ်အတွင်း အင်အားစုများသည် မြောက်ကိုရီးယားစစ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်နေ ဆဲဖြစ်ကြောင်း အမေရိကန်အရာရှိကြီးတဦးက စက်တင်ဘာ ၂၈ တွင် ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာအထီး ကျန်နှစ်များအတွင်း ထိုစဉ်က စစ်အစိုးရသည် မြောက်ကိုရီးယားမှ ကာကွယ်ရေးစစ်လက်နက်များ ၀ယ်ယူခဲ့သည်။ အမေရိကန်အစိုးရနှင့် ပုံမှန်ဆက်ဆံရေးများ၏ စည်းကမ်း ချက်တရပ်အဖြစ် အမေရိကန် ပြည်ထောင်စုသည် အဆိုပါဆက်ဆံရေးများရပ်ဆိုင်းရန် မြန်မာနိုင်ငံကို ဖိအားပေးလျက်ရှိသည်။သမ္မတဘားရက်အိုဘားမားသည် ဆက်လက်ရှိနေဖွယ်ရှိသော မြောက်ကိုရီးယားနှင့် လက်ကျန်ပူးပေါင်း ဆောင်ရွက်မှုမှန်သမျှ ဖယ်ရှားမှု၏ အရေးပါပုံကို စက်တင်ဘာလ ၀ါရှင်တန်သို့ အလည်အပတ် ခရီးတခုအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အလေးအနက်ပြောကြားခဲ့သည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန် ကြီး ဒင်နီယယ်ရပ်ဆယ်က ပြောသည်။
''မြန်မာ့တပ်မတော်တွင် မြောက်ကိုရီးယားနဲ့ လုပ်ငန်းအချို့ဆက်လုပ်နေတဲ့ အကြွင်းအကျန်အင်အားစုအချို့ဆက်ရှိနိုင်တယ်လို့ ယူဆပါတယ်။ အစိုးရနဲ့စစ်ဘက် ခေါင်းဆောင်ပိုင်းအနေနဲ့ကတော့ ဒီကိစ္စကို အပြည့်အ၀နားလည်သဘောပေါက်ပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုကိစ္စကို ဟန့်တားဖယ်ရှားဖို့ တခုခုလုပ်ဆောင်နေပုံရပါတယ်'' ဟု ဒင်နီယယ်ရပ်ဆယ်က စက်တင်ဘာ ၂၈ ရက်နေ့ အထက်လွှတ်တော်ကြားနာမှုတရပ်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးပျံအစီအစဉ်များအတွက် ဘဏ္ဍာငွေအရင်းအမြစ်များကို ကန့်သတ်ရန် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများ၏ တစိတ်တဒေသအဖြစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များက မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်မှုမလုပ်ရန် ပိတ်ပင်ထားသည်။
စက်တင်ဘာ ၁၄ ရက် အိမ်ဖြူတော်အလည်အပတ်ခရီးအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နံဘေး၌ထားလျက် သမ္မတအိုဘားမားက မြန်မာနိုင်ငံအပေါ်ကျန်ရှိသော အမေရိကန်စီးပွားရေးအရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပြီး ကုန်သွယ်မှုအခွင့်အရေးများ ပြန်လည်ပေးအပ်မည့် ၎င်း၏ အစီအစဉ်များကို ကြေညာခဲ့သည်။
ကိုလိုရာဒိုပြည်နယ်ရီပတ်ဗလစ်ကင် အထက်လွှတ်တော်အမတ်ကိုရီဂါဒနာက သမ္မတအိုဘားမားသည် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းမည့် ၎င်း၏ဆုံးဖြတ်ချက်ကို ကွန်ဂရက်လွှတ်တော်နှင့် အပြည့်အ၀ ညှိနှိုင်းတိုင်ပင်မှုမရှိဟုဆိုကာ စက်တင်ဘာ ၂၈ ရက် အထက်လွှတ် တော်ကြားနာမှု၌ ပြစ်တင်ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းက ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ထိန်းချုပ်ထားသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် စီးပွားရေးဦးပိုင်လီမိတက်တို့အပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက် ထားရှိရေးကို ထောက်ခံသည်ဟုလည်း ပြောကြားသည်။
ယင်းသို့ပြောကြားမှုကို ဒင်နီယယ်ရပ်ဆယ်က အရေးယူပိတ်ဆို့မှုအားလုံး ရုပ်သိမ်းရန်အချိန်တန်ပြီဟု ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြောကြားကြောင်း တုံ့ပြန်ခဲ့သည်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ကွန်ဂရက်လွှတ်တော် တာဝန်ရှိပုဂ္ဂိုလ်များက သမ္မတအိုဘားမားအနေနှင့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်း ပြီးနောက်၌ပင်လျှင် အမေရိကန်ပြည်ထောင်စုသည် စစ်တပ်ထိန်းချုပ်သည့် စီးပွားရေးကော်ပိုရေးရှင်းနှင့် စီးပွားရေး ဦးပိုင်လီမိတက်တို့အပေါ် ကန့်သတ်မှုများ ပြုလုပ်ရန် အခြားသောဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများရှိကြောင်း ပြောကြားသည်။
ထွဋ်ဝင်းထွဋ်
Ref; AP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဓါတ်ပုံ- ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချမ်းနှင့်မိုင်းလား တပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် အတွင်း အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ ထိန်း ချုပ်နယ်မြေသို့ အထူးဒေသ ၂ မှ ၀ တပ်ဖွဲ့ဝင် များက စစ်ယာဉ်တန်းများ၊ သံချပ်ကာကားများ ဖြင့် စစ်အင်အားဖြည့်တင်းမှု တို့ကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်ကြား စက်တင်ဘာလကုန်ပိုင်းက စစ်ရေးတင်းမာမှု ဖြစ်ပွားသည်။
စစ်တင်ဘာ ၂၈ နံနက်ပိုင်းက ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့ဝင်များက မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ မှ တိုက်ပွဲဝင်သံချပ်ကာကား ၅ စီး၊ တရုတ်လုပ် တုန်းဖိန်း ကားအမျိုးအစား စစ်ကားကြီး ၆၅ စီး စစ်သည်အင်အား ၆၀၀ ကျော် က မိုင်းလားတပ်ဖွဲ့ အမည်ရ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA-ESS ထိန်းချုပ်နယ်မြေအတွင်း သတင်းပေးပို့ခြင်းမရှိဘဲ ဝင်ရောက်လာ မှု ကြောင့် နှစ်ဘက်တပ်များ စစ်ရေးတင်းမာမှု ဖြစ်ပွားရခြင်းဖြစ်သည်။
“မဟာမိတ် က မဟာမိတ်ဘဲ။ ဘယ်သွားဘယ်လာ သတင်းတော့ ပို့ရမှာပေါ့။ ၀ နဲ့ ကျနော်တို့ ဆိုတာ လက်တွဲဖေါ် လက်တွဲဖက်တွေဘဲ။ ဒီတိုင်းလုပ်တာတော့ မဖြစ်သင့်ဘူးလေ။ နှစ်ဘက် လူကြီး အချင်းချင်း တိုက်ရိုက်ဆွေးနွေးနေတာလေ၊ ဒီ ၃-၄ ရက်အတွင်း စောင့်ကြည့်ရဦးမယ်” - ဟု အမည် မဖေါ်လိုသည့် ရှေ့တန်းနေ မိုင်းလား အရာရှိ တဦးက ပြောသည်။
“သတင်းပို့တာ မပို့တာတော့ မသိဘူး။ ကျနော်တို့က အမိန့်အရ လာရတာ။ အထက်အမိန့် မရရင်ပြန်ဆုတ်လို့မရဘူး” - ဟု ၀ တပ်ဖွဲ့ အရာရှိ တဦးဖြစ်သည့် ဦးဆိုင်းနတ် ကပြောသည်။
သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ မိုင်းလားတပ်ဖွဲ့၏ ကျိုဆားတပ်စခန်း၊ လွယ်ဆမ်ဆုမ်တပ်စခန်း၊ နှင့် ပန်မတ်ဖိုင်း ဂိတ်စခန်းအား ဝ တပ်ဖွဲ့က သိမ်းပိုက်လိုက်ထားကြောင်း၊ အမှတ် ၁၅ တပ်ရင်း လက်အောက်ခံ စစ်သည် ၁၅၁ ယောက်အား လည်း တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း ဆိုသည်။
တပ်မတော် စစ်ဖက်လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် လက်ထက် ၂၀၀၉ ခုနှစ် က ၎င်းတို့ တပ်ဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးစဉ် နယ်မြေ လုံခြုံရေး အရ ပူးတွဲ စခန်းချထားရန် မိုင်းလား နှင့် ၀တပ်ဖွဲ့တို့က သဘောတူညီမှုရယူထားသည်။
သို့သော် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ နှင့် ပတ်သက်၍ မိုင်းလားတပ်ဖွဲ့အပေါ် ၀ တပ်ဖွဲ့က ကျေနပ်မှုမရှိကြောင်း၊ သာမာန်အရာရှိတာ စေလွှတ်ရန် ၀တပ်ဖွဲ့၏ အကြံပေးချက်အား ငြင်းဆန်းပြီး မိုင်းလားတပ်ဖွဲ့ခေါင်း ဦးစိုင်းလင်း ကိုယ်တိုင် ညီလာခံပြီးမြောက်သည့်အထိ တက်ရောက်ခဲ့သည်။ ၀ တပ်ဖွဲ့မှာမူ ၂၁ ရာစု ပင်လုံညီလာခံသည် တန်းတူညီမျှမှုမရှိ ခွဲခြားဆက်ဆံမှု ခံရသည်ဟု ဆိုကာ ညီလာခံမှ နှုတ်ထွက် လာခဲ့သည်။
ဝ တပ်ဖွဲ့၊ မိုင်းလား တပ်ဖွဲ့၊ ဖုန်ကြားရှင်း ဦးဆောင်သည့် ကို့ကန့် တပ်ဖွဲ့တို့သည် တရုတ်ပြည်ထောက်ခံ အားပေးသည့် ဗမာပြည်ကွန်မြူနစ်တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည်။
မိုင်းလား NDAA အဖွဲ့ မှာ နယ်မြေသတ်မှတ်ပေးပါက နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ်အားလက်ခံသည်ဟု ၂၁ ပင်လုံတွင်ပြောဆိုထားသော်လည်း ဝ တပ်ဖွဲ့ မှာ NCA စာချုပ်အားလက်မှတ်မထိုးဟု မီဒီယာများကိုပြောဆိုထားသည်
တရုတ်မြန်မာနယ်စပ် စစ်ရေးအကဲခတ် တဦးကမူ ဝ တပ်ဖွဲ့ တပ်အပြောင်းအလဲလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုသည်.
( သျှမ်းသံတော်ဆင့်မှ ကူးယူဖော်ပြသည်)
ဟွမ်ဟိန်း
The Ladies News
ပြည်ပသို့ ထွက်ခွာမည့် တရုတ်စစ်သင်္ဘောများ (၂၀၁၅)
ပြည်ပသို့ ထွက်ခွာမည့် တရုတ်စစ်သင်္ဘောများ (၂၀၁၅)
တရုတ်ရေတပ် သင်္ဘော ၂ စင်းဟာ ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ်နဲ့ ရန်ကုန် သီလဝါဆိပ်ကမ်း ကို ရောက်ရှိ လာကြောင်း မြန်မာ အစိုးရ သတင်းမှာ ဖေါ်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာ ခဲ့ပြီးနောက်ပိုင်း မြန်မာနဲ့ ဆက်ဆံရေး ကောင်းမွန်စေဖို့ တရုတ်အစိုးရက သံတမန် နည်းလမ်းနဲ့ ကျိုးစားလာခဲ့တာ ဖြစ်ပြီး အခု တောင်ဘက်မဟာဗျူဟာကျတဲ့ မြန်မာနဲ့ စစ်ရေးဆက်ဆံမှုတွေပါ တိုးမြှင့်ဖို့ လုပ်ဆောင်လိုက်တာလို့ အများက ရှုမြင်ကြ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လထဲ တရုတ်နိုင်ငံကို သွားရောက်စဉ်က သမ္မတ Xi Jinping က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရှိဖို့ လိုလားကြောင်း ပြောကြားခဲ့သလို တရုတ်ထိပ်တန်း စစ်ဘက်အရာရှိကြီး တဦးကို လည်း ပြီးခဲ့တဲ့လကပဲ မြန်မာနိုင်ငံကို စေလွှတ်ခဲ့တာပါ။
တရုတ်ရေတပ်က အရာရှိနဲ့ စစ်သည် ၇၂၈ ဦးလိုက်ပါလာတဲ့ Xiangtan နဲ့ Zhoushan တိုက်ချင်းပစ် ဒုံးတင် စစ်ရေယာဉ် ၂ စင်းဟာ သောကြာနေ့မှာ ရောက် ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang အပြင် တရုတ်ပညာတော်သင်တွေနဲ့စီးပွါးရေးပညာရှင်တွေက ကြိုဆိုတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
ဒီ သင်္ဘောတွေဟာ အေဒင် ပင်လယ်ကွေ့ဒေသက ပင်လယ်ကူးသင်္ဘောတွေ ဓါးပြရန် ကာကွယ်ဖို့နဲ့ ဆိုမာလီယာ ပင်လယ်ဓါးပြတွေကို နှိမ်နင်းဖို့ ၅ လကြာ သွားရောက်နေရာက အပြန်မှာ ချစ်ကြည်ရေးခရီး လာရောက်တာလို့ တရုတ်ရေကြောင်း ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီခရီးစဉ်မှာ တရုတ်ရေတပ် အရာရှိတွေဟာ မြန်မာစစ်ဘက် ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့ ရှိကြောင်းလည်း တရုတ်အစိုးရ ဆင်ဟွာသတင်းက ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံကို တရုတ်ရေတပ် လေ့ကျင့်ရေးသင်္ဘော ၂၀၁၄ ခုနှစ်မှာ နောက်ဆုံး လာရောက်ခဲ့ တာဖြစ်ပြီး အခု ရေတပ် သင်္ဘောတွေ နောက်ထပ်တကြိမ် လာရောက် တာလည်း ဖြစ်ပါတယ်။
VOA Burmese News
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov အားတွေ့ ရစဉ်(ဆင်ဟွာ)
    မော်စကို ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)
    “ ရုရှားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံတွေ့ နိုင်တယ်” ဟူသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ မှတ်ချက်စကားအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov အလွန်အမင်း ဒေါသတစ်ကြီး တုံ့ ပြန်လိုက်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ပြီးခဲ့သော စက်တင်ဘာလ ၂၈ ရက်က မိန့် ခွန်းပြောကြားရာတွင် ” ဆီရီးယားနိုင်ငံမှာ ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေမယ်ဆိုရင် အကြမ်းဖက်သမားတွေဟာ ရုရှားနိုင်ငံရဲ့ အကျိုးစီးပွားကို တိုက်ခိုက်ဖို့ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ရုရှားရဲ့ မြို့ ကြီးတွေတောင်အကြမ်းဖက်တိုက်ခိုက် ခံရနိုင်ပါတယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
 “ ရုရှားမြို့ ကြီးတွေကို အကြမ်းဖက်တိုက်ခိုက်မယ်ဆိုရင် သံတမန်ကျင့်ဝတ်ကို ကျော်လွန်ရုံ သက်သက်မဟုတ်ဘဲ အမေရိကန်ရဲ့ အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်စရာတွေလည်း တိုး မြင့်လာနိုင်ပါတယ်” ဟု စက်တင်ဘာ ၃ဝ ရက်က ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov ၏ ပြောဆိုချက်ကို ကိုးကား၍ RIA နော်ဝေသတင်းဌာန က ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် တစ်နာရီခွဲကျော်ကြာ ဖုန်းဖြင့် ဆွေးနွေးမှုတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ၏ ပြောဆိုချက်ကို Ryabkov က ပြန်လည် ဖော်ပြလိုက်ခြင်းဖြစ်သည်။
အဆိုပါ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၏ ဖုန်းဆက်သွယ်ဆွေးနွေးမှုအတွင်း ဝန်ကြီး Lavrov က ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးပါသောအကြောင်းအရာအားလုံးကို အမေရိကန်နိုင်ငံနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု Ryabkov က ဆိုသည်။
(Xinhua)
http://www.xinhuamyanmar.com
အလက်ပို မြို့အရှေ့ခြမ်း က အတိုက်အခံတွေ ထိန်းချုပ်ရာ ဒေသမှာ ရှိတဲ့ အကြီးဆုံး ဆေးရုံ တစ်ခုဟာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရ
ဆီးရီးယား နိုင်ငံမှာ အစိုးရ က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေမှု တွေ ရပ်တန့် အောင် ကုလသမဂ္ဂ အဖွဲ့ကြီးက ကြားဝင် ဆောင်ရွက် ပေးဖို့ ပင်လယ်ကွေ့ ဒေသ နိုင်ငံတွေက တောင်းဆို လိုက်ပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့က ဆီးရီးယား နိုင်ငံ အလက်ပို မြို့အရှေ့ခြမ်း က အတိုက်အခံတွေ ထိန်းချုပ်ရာ ဒေသမှာ ရှိတဲ့ အကြီးဆုံး ဆေးရုံ တစ်ခုဟာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရပါတယ်။
အဲဒီ ဆေးရုံဟာ တစ်နေ့တည်းမှာတင် ၃ ကြိမ်မြောက် ဗုံးကြဲ တိုက်ခိုက် ခံရတာလည်း ဖြစ်ပါတယ်။
ဆေးရုံမှာ မပေါက်ကွဲ သေးတဲ့ စည်ပိုင်းဗုံး နှစ်လုံး ရှိနေတယ်လို့ ဆေးရုံကို အကူအညီ ပေးနေတဲ့ ဆီးရီးယား အခြေစိုက် အမေရိကန် ဆေး အဖွဲ့ကြီးက ပြောပါတယ်။
အဲဒီမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန် တစ်ဦး က ဆေးရုံ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ဆေးရုံ အကြီးအကျယ် ထိခိုက် ပျက်စီး ခဲ့ရပါတယ်။ ဆေးကုသမှု လုပ်ငန်းတွေ ဘယ်တော့ ပြန်စ နိုင်မယ် ဆိုတာ မသိသေးဘူးလို့ ပြောကြား ပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေကို ဆီးရီးယား အစိုးရ ဒါမှမဟုတ် ရုရှ နိုင်ငံက ပြုလုပ် ခဲ့တာ ဖြစ်ကြောင်း ဒေသခံ တွေက ပြောကြား နေပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြန်မာလူ့အခွင့်အရေး ကော်မရှင် သြဂုတ်လ သတင်းစာ ရှင်းလင်းပွဲ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို မြန်မာအစိုးရက ဥပဒကြောင်း အရ အရေးယူဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင်က ကြိုဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကို အခု အောက်တိုဘာလထဲ အရေးယူသွားဖို့ သမ္မတရုံးက စီစဉ်ဆောင်ရွက်နေတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီး အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အကြောင်း စုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
ရန်ကုန်မြို့ အင်းဝအထည်ချုပ်ဆိုင်မှာ အိမ်အကူလုပ်နေတဲ့ မစန်းကေခိုင်နဲ့ မသဇင် မိန်းကလေး ငယ်နှစ်ဦးကို အလုပ်ရှင်တွေက လုပ်ခရှင်း မပေးပဲ ကိုယ်လက်အင်္ဂါ ချို့တဲ့အထိ ညှင်းပမ်းနှိပ်စက်ခဲ့တဲ့ အမှုကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကြားဝင်ဆောင်ရွက်ခဲ့ရာမှာ တရား မျှတမှု မရှိပဲ ပျက်ကွက်ခဲ့တာကြောင့် လူ့အခွင့် အရေးကော်မရှင် တာဝန်ရှိသူတချို့ကို အစိုးရက အရေးယူပေးဖို့ဆိုတဲ့ တိုက်တွန်း ချက်ကို ပြည်သူ့လွှတ်တော်က စက်တင်ဘာ ၂၆ ရက်နေ့မှာ မဲခွဲဆုံးဖြတ် အတည်ပြု ခဲ့ပါတယ်။
အင်းဝအထည်ချုပ်ဆိုင်ကိစ္စကို လူ့အခွင့်အရေးကော်မရှင်က ကြားဝင်ဆောင်ရွက် ခဲ့ပေမယ့် နစ်နာကြေးနဲ့ ကျေအေးဖို့ လုပ်ဆောင်ခဲ့တာပါ။ ဒီလုပ်ဆောင်ချက် အသေး စိတ်ကိုတင်ပြဖို့ သမ္မတရုံးက စက်တင်ဘာ၂၂ ရက်နေ့မှာ ညွှန်ကြားခဲ့ပြီး၊ တင်ပြချက် အပေါ် ဥပဒေကြောင်းအရ ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတာကို ပြည်ထောင် စုရှေ့နေချုပ်ရုံးရဲ့အကြံပေးချက်တွေအရ ဒီအောက်တိုဘာလထဲမှာ အရေးယူသွား မယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။
“ သမ္မတရုံးကနေပြီးတော့ လူ့အခွင့်အရေး ကော်မရှင်ကို စာထွက်ထားတယ် သမ္မတ ရုံးကို ပြန်တင်ပြဖို့ပေါ့နော်။ အဲဒီ လူ့အခွင့်အရေးကော် မရှင်က တင်ပြလာတဲ့ အပေါ်မှာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ သဘောထား၊ ထင်မြင်ယူဆချက် အဲဒါကိုေ တာင်းခံတယ်။ အဲဒီဟာပေါ် မူတည်ပြီးတော့ ဥပဒေကြောင်းအရ သုံးသပ်ဆောင်ရွက် သွားမှာဖြစ်တယ်”
မြန်မာလူ့အခွင့်အရေးကော်မရှင်ကို အစိုးရက အရေးယူမယ့်ကိစ္စကို ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က ကြိုဆိုကြောင်း အဖွဲ့ရဲ့ရှေ့ နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
“ ဒီကိစ္စကတော့ အရေးယူဖို့ လိုတယ်လို့ ကျနော်တို့လည်း မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့အခွင့်အရေးကို တကယ် အကာအကွယ်ပေး စောင့်ရှောက်ရမယ့် အဖွဲ့အစည်းရဲ့ အကြီးအကဲတွေ ကို်ယ်တိုင်ကိုက ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖေါက် မှုကို မျက်ကွယ်ပြုပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စရပ်တွေက နိုင်ငံတကာမှာ အလွန် မျက်နှာပျက်စရာတွေပဲ ဖြစ်တယ်။ အစိုးရရဲ့ သိက္ခာကိုလဲ ကျဆင်းစေတယ် ”
မြန်မာလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်
လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဇော်ဝင်းကတော့ အင်းဝ အထည်ချုပ်ဆိုင် ကိစ္စမှာ သဘောရိုးနဲ့ လုပ်ဆောင်ခဲ့ ခြင်းသာဖြစ် တယ်လို့ ပြည်သူ့ လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။
“ ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဌာနက လိုအပ်သလို ဆောင်ရွက်နိုင်ရေး အတွက် အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယ အနေဖြင့် နစ်နာမှုများအား ကုစားပေးနိုင်ရေးအတွက် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ် ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ် ခင်ဗျား ”
ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ ညိစွန်းနေတာသိလျက်နဲ့ နစ်နာကြေးနဲ့ ကျေအေးဖို့ လုပ်ဆောင်ချက်ဟာ လူ့အခွင့်အရေးကော်မရှင်ရဲ့အမှားဖြစ် တယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။
“ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကိုယ်တိုင်က .. သဘောရိုးနဲ့ ဆောင်ရွက်တယ်လို့ သူက ထုချေထားတဲ့အပေါ်မှာ၊ တကယ် သဘောရိုး ဖြစ်သလား မဖြစ်ဘူးလား၊ ဒါကို ရှေ့နေချုပ်ရုံးကလည်း စုံစမ်းစစ်ဆေးမှု လုပ်လာမယ်လို့ ကျနော်တို့ မြင်တယ်။ အဲဒီတော့ ပြစ်မှုဆိုင်ရာ ဥပဒေ တွေနဲ့ ညိစွန်းနေမှန်း သိလျက်နဲ့ ဒီကိစ္စကို သက်ဆိုင်ရာ ရဲစခန်းကို အရေးယူဖို့အတွက် ညွှန်ကြားခြင်း မပြုတာကိုကပင် လူ့အခွင့်အရေး ကော်မရှင်ရဲ့ အမှားဖြစ်နေတယ် ဆိုတာကို ကျနော်တို့တွေ့ရတယ်။ အဲဒီတော့ အဲဒီအပေါ်မှာ ရာထူးကနေ အနားပေးပြီးတဲ့ အခါကျတော့မှ ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ ဆက်လက် အရေးယူဖို့အတွက် ရှေ့နေချုပ်ရုံးက ဆောင်ရွက်မယ် ဆိုတာတွေ ဖြစ်လာနိုင်တယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ် ”
အိမ်အကူတွေကို ညှင်းပမ်းနှိပ်စက်ခဲ့တဲ့ အင်းဝအထည်ချုပ်ဆိုင် တာဝန်ရှိသူတွေကို အမှုဖွင့်ထားပြီး ဖမ်းဆီးထားပါတယ်။ ဒီအမှုမှန်ပေါ်ပေါက် ရေးအတွက် ကြားဝင်ဆောင်ရွက်ခဲ့တဲ့ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း ကို နိုင်ငံတော်သမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သလို၊ အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ တာဝန်သိပြည်သူတဦးအဖြစ် ‘ရဲချုပ်ဆု’ကို နေပြည် တော်မှာ ချီးမြှင့်ခဲ့ပါတယ်။
ကိုဉာဏ်ဝင်းအောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ပြည်တွင်းဈေးကွက်တွင် စားအုန်းဆီ၊ နေကြာဆီများကို မြေပဲဆီအနံ့ထည့်ပြီး ရောင်းနေသည့် စားသုံးဆီဈေးကွက်အား မြေပဲဆီအစစ်ဈေးကွက်အနေနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။
''ဈေးကွက်ထဲမှာက စားသုံးဆီကို မြေပဲဆီအနံ့ပေးပြီး ပဲဆီဆိုပြီးတော့ ဖြန့်ဖြူးရောင်းချနေတာက တပိဿာကို ၂၂၀၀ ကျပ်ရှိတယ်။ ပဲပုပ်ဆီကို အနံ့ပေးပြီး မြေပဲဆီဆိုပြီးရောင်းနေတာ ၂၅၀၀ ကျပ် ရှိတယ်။ ကျွန်တော်တို့ မြေပဲဆီက တောင်သူတွေဆီက မြေပဲတပိဿာကို ၁၈၀၀ ကျပ်နဲ့ယူပြီး ဆီပြန်ကြိတ်ခွဲတာ တပိဿာကို ကျပ် ၃၅၀၀၊ ၃၈၀၀ အထိရှိတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ အနံ့ပေးပြီး မြေပဲဆီဆိုပြီး ရောင်းချနေတဲ့ ဈေးကွက်က ၉၀ ရာခိုင်နှုန်းရှိတဲ့အတွက် ဒီဈေးကွက်ကို ကျွန်တော်တို့ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူးဖြစ်နေတယ်''ဟု ၎င်းက ပြောသည်။ ပြည်တွင်း၌ ဆီစက်များတွင် ကြိတ်ခွဲမှုမှာ ပဲဆန်တပိဿာဈေးနှုန်း ၁၈၀၀ ကျပ်ရှိသော်လည်း တောင်သူများဈေး မကိုက်ကြောင်း ပြည်သူများအနေဖြင့် ဈေးပေါပေါရသည့်ဆီကိုသာ အသုံးပြုနေသည့်အတွက် မြေပဲဆီစစ်စစ် နေရာမရ ဖြစ်ကြောင်း သိရသည်။
''အခုက ဆီရဲ့အရည်အသွေးက စားသုံးမှုမှာ အဆင့်နိမ့်သွားတယ်။ တချို့နေရာမှာဆိုရင် ဆီကိုမစားနိုင်ဘူး။ ဒါကြောင့် ဘာဆီပဲရရ အရည်အသွေးကို မကြည့်ဘဲ ပြည်သူတွေက အခုပေါပေါရတာကိုပဲ သုံးနေတယ်။ ဒီလိုလုပ်နေမှ တော့ ဘယ်လိုမှမကောင်းနိုင်ဘူး။ ဒါကြောင့် ပြည်သူလူထုရဲ့ မမှန်ကန်တာကို အားမပေးဖို့ စိတ်ဓာတ်ကိုလည်း ပြင်ရမယ်'ဟု ရန်ကုန်မြို့တ်ာဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ပြည်တွင်းစားသုံးဆီ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း ယနေ့တွင် ဆီလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုအပိုင်းတွင် အခက်အခဲများရှိနေကြောင်း ယင်းအခက်အခဲများကို ညီညီညွတ်ညွတ် ဆောင်ရွက်ရန် အရေးကြီးကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
''ဆီလုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေရှိတယ်ဆိုတာ သိပါတယ်။ ဒါကို ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားဖို့လို ပါတယ်။ စားသုံးသူကို လှည့်စားတဲ့လုပ်ငန်းစဉ်တွေကို ဘယ်လိုပပျောက်အောင် လုပ်မလဲ။ ဒါတွေကို ဘယ်လိုအရေးယူ ဆောင်ရွက်မလဲ။ အရေးယူဆောင်ရွက်မယ့်အပိုင်းမှာ ပုဂ္ဂလိကကဏ္ဍက ဆောင်ရွက်ရမှာရှိသလို၊ အသင်းအဖွဲ့ကလည်း လုပ်ရမှာရှိတယ်။ တချို့ကဏ္ဍတွေက နိုင်ငံတော်အစိုးရက လုပ်လို့ရတာရှိတယ်။ ကဏ္ဍတွေကိုခွဲပြီး အခု အတုအပလုပ် ဆောင်နေတဲ့ကိစ္စတွေကို သေသေချာချာ မဖြစ်မနေ လုပ်ဆောင်ရမယ်''ဟု ဦးဝင်းအောင်က ပြောသည်။
ဆီလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပါက ဆီမှထုတ်လုပ်သည့် အခါထွက်ရှိသည့် ဘေးထွက်ပစ္စည်းဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်များလည်း ထွက်ရှိ မည်ဖြစ်ကြောင်း၊ ယခုအခါတွင် ပဲဖတ်၊ နှမ်းဖတ်ထွက်ရှိမှုနည်းသည့်အတွက် မွေးမြူရေးအစာများကို ပြည်ပမှ တင်သွင်းလျက်ရှိကြောင်း သိရသည်။ ပြည်တွင်းတွင် ဆီကြိတ်ခွဲထုတ်လုပ်သည့် ဆီစက် ၂၉၇၄ စက်ရုံရှိသော်လည်း အမှန်တကယ်လည်ပတ်မှုမှာ ၁၀ ရာခိုင် နှုန်းခန့်သာရှိကြောင်း၊ ယင်း ၁၀ ရာခိုင်နှုန်းသော ဆီစက်များမှာ တရက်လည်၊ နှစ်ရက်နားပုံစံမျိုးဖြင့်လည်ပတ်လျက်ရှိကြောင်း၊ ဆီလုပ်ငန်းရှင်များ နိုင်ငံတကာ အဆင့်မီထုတ်လုပ်နိုင်ရန်နှင့် ဆီတရားမ၀င် ရောနှော၊ အတုအပထုတ်လုပ်မှုများကို တားဆီးရန် စီးပွားကူးသန်းဝန်ကြီးဌာနမှလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်းသို့ နိုင်ငံတကာမှ ဟင်းရွက်ဆီများ ၀င်ရောက်ထိုးဖောက်မှုများလာသည့်အတွက် အိမ်ရှင်မများ၏ လေးပုံနှစ်ပုံမှာ အဆိုပါဟင်းရွက်ဆီ ဈေးကွက်သို့ အားပေးလာခြင်းကို တွေ့ရကြောင်း အဓိကအနေဖြင့် ဈေးနှုန်းသက်သာပြီး အသုံးခံသောကြောင့်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချသူ ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
နိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ဖမ်းဆီးရမိ​သော ​ရွှေလု​ယက်​ထွက်​​ပြေးသူ တရားခံ အမျိုးသမီး
၁.၁၀.၂၀၁၆ (ဘားအံမြို .သတင်း)
ရွှေလုယက်​မှု ဖြစ်​ပွါးခဲ့​သော သရဖီ​ရွှေဆိုင်​နှင့် ​ရွှေဆိုင်​ပိုင်​ရှင်
ရွှေလုယက်​ထွက်​​ပြေးဖမ်းမိပြီး​နောက်
လုယက်​ ထွက်ပြေးချိန် ဆိုင်​ရှင်​မှ သူခိုးဟု လှမ်း​အော်​လို့ တရားခံအား အနီးရှိ ပြည်​သူများ ဝိုင်းဝန်း ဖမ်းဆီးရာမှ တရားခံအား ပြန်ဖမ်းမိခဲ့တယ်​လို့ သိရပါတယ်​။ ​ရွှေဆိုင်​မှ ​ရွှေလုယက်​ထွက်​​ပြေးသူမှာ မိန်းက​လေးဖြစ်​ပြီး ဘားအံမှာဘဲ​နေထိုင်​ သူဖြစ်​တယ်​လို့ သိရပါတယ်​။
ရွှေလုယက်​ထွက်​​ပြေးစဉ်​ ​ရွှေဆိုင်​ပုံး​ပေါ် ကျန်​ရစ်​ခဲ့​သော တရားခံ၏ အိတ်
ကရင်​ပြည်​နယ်​ သတင်းမီဒီယာ
သတင်း-​ကေပီ(ဘားအံ)
ကလေး၊ အောက်တိုဘာ၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၂၀၁၃ခုနှစ်က တရားရုံးထုတ်နေစဉ် အက်ရှင်ကားဆန်ဆန် ထွက်ပြေးလွှတ်မြောက်သွားသော တရားခံကို အောက်တိုဘာ ၁ရက်နေ့၌ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မောင်လာန်ကျေးရွာမှ ဖမ်းဆီးမိကြောင်း သိသည်။
၎င်းတရားခံသည် ၂၀၁၃ခုနှစ်၅လပိုင်းက မယ(ပ) ၄၄/၁၃ မူးစိတ် ၁၆(ဂ) အမှုမှ တရားခံပြေး ဒေါ်ဇန်ခန်းဒိမ် ဖြစ်ကြောင်းသိရသည်။
အဆိုပါအမျိုးသမီးအား တရားရုံးထုတ်စဉ်တွင် သားဖြစ်သူမှ ဆိုင်ကယ်ဖြင့် တင်ဆောင်၍ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သုံးနှစ်ခန့်အကြာတွင် ပြန်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
"အဲ့တုန်းက တရားရုံးထုတ်တုန်းက တရားခံပြေးအမျိုးသမီးက အနောက်ဘေး အပေါ့စွန့်သွားစဉ်မှာပေါ့ တရားရုံးဘေးလမ်းကြားကနေ သူ့သားနဲ့ အချိန်းအချက် လုပ်ထားပြီးသားပါ။ သားက ဆိုင်ကယ်နဲ့ အသင့်စောင့်နေပြီး ကောက်တင်ပြီး မောင်းပြေးသွားတာ။ ရုတ်တရက်ဆိုတော့ ကြောင်သွားကြတာ။ လိုက်လိုက် ဆိုတော့မမှီတော့ဘူး။ နောက်မှ သားဖြစ်သူကို ဖမ်းမိတယ်။ အဲ့တုန်းက အရာရှိရာထူးလျော ၁ယောက်၊ ရဲတပ်ကြပ်ကြီး၂ယောက်၊ရဲတပ်ကြပ်၁ယောက်၊ရဲတပ်သား၁ယောက် အလုပ်ပြုတ်နဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေကျခဲ့ကြတယ်"ဟု ကလေးမြို့မရဲစခန်းမှ တပ်ကြပ်ကြီးထန်းလွန်လ်က ပြောကြားသည်။
တရားခံထွက်ပြေးမှုတွင် ပါဝင်ကူညီခဲ့သည့် သားဖြစ်သူသည် ထောင်ဒဏ်(၇)နှစ်ကျခံခဲ့ရကြောင်း သိရသည်။
သတင်း - ဓါတ်ပုံ ။  ။ စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar
စပိန်နိုင်ငံရှိ ကဖီးဆိုင်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မြင်တွေ့ ရပုံ(ဓာတ်ပုံ-အင်တာနက်)
    မက်ဒရစ် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)
    စပိန်နိုင်ငံတောင်ပိုင်း၌ အောက်တိုဘာလ ၁ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၇၇ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုသည် Velez-Malaga ရှိ ကဖီးဆိုင်တစ်ဆိုင်၏ မီးဖိုချောင်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စပိန်နိုင်ငံရှိ ကဖီးဆိုင်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မြင်တွေ့ ရပုံ(ဓာတ်ပုံ-အင်တာနက်)
စပိန်နိုင်ငံရှိ ကဖီးဆိုင်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မြင်တွေ့ ရပုံ(ဓာတ်ပုံ-အင်တာနက်)
ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သူ စုစုပေါင်း ၅၇ ဦးကို ဆေးရုံသို့ တင်ပို့ ထားကြောင်း ၊ ၄င်းတို့ အနက် လေးဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာ မရှိကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြသည်။
အဆိုပါ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ညနေ ၅ နာရီခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ထပ်သတင်းတစ်စုံတစ်ရာ ထပ်မံရရှိသေးခြင်း မရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
အင်းဝအပ်ချုပ်ဆိုင်အမှုမှာ ၀င်ရောက်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေရဲ့ တင်ပြချက်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြထားပြီး ဆက်လက်အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
 ကော်မရှင်ရဲ့ တင်ပြချက်ကို ရရှိထားပြီးဖြစ်တဲ့အတွက် အခု ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ထားတယ်လို့ ဆိုပါတယ်။
 အဲဒီနောက်မှာ ဥပဒေအရစိစစ်ပြီး ဆက်လက်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
 ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေး(၂)ဦး နှိပ်စက်ခံရမှုမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ငွေကျပ်သိန်း (၅၀)နဲ့ နှစ်ဘက်ပြေလည်အောင် ကြားဝင်ညှိနှိုင်းခဲ့တဲ့အပေါ် ဆက်လက်အရေးယူပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။
 ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်အချို့ကို အရေးယူပေးဖို့ တင်ပြခဲ့ရာ သဘောတူကြောင်း ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
5 Plus News
https://www.facebook.com/5plusnews
အပ်ချုပ်ဆိုင် အမှု ဖော်ထုတ်တဲ့ သတင်းထောက် ရဲဆုရ
၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့မှာ တရားခံ ဖမ်းဆီးရာမှာ စွမ်းစွမ်းတမံ ပါဝင်ခဲ့တဲ့ အရပ်သားတွေ အပါအ၀င် ရဲဝန်ထမ်း နှစ်ဆယ်ကို ဆုချီးမြှင့်ခဲ့ပါတယ်။
ဆုချီးမြှင့်ခံရတဲ့ အရပ်သားတွေထဲမှာ အင်းဝ အပ်ချုပ်ဆိုင် အိမ်အကူ အမှုကို ဖော်ထုတ်ခဲ့တဲ့ သတင်းထောက် ကိုဆွေဝင်း၊ ထိုင်းရောက် မြန်မာတွေ အရေး ဆောင်ရွက်ပေးနေတဲ့ ဦးကျော်သောင်းတို့ ပါဝင်ပါတယ်။
ဒီဆုတွေကို စံပြရဲဆုနဲ့ မှုခင်းဖော်ထုတ်ရေး စွမ်းရည် သတ္တိပြဆုတွေ အပါအဝင် သတ်မှတ်ထားတဲ့ ဆုရွေးချယ်မှု အရည်အချင်းတွေနဲ့ ချီးမြှင့်ခဲ့တယ်လို့ နိုင်ငံ ဖြတ်ကျော် မှုခင်း ဌာနကြီးက ဒုတိယ ဌာနကြီးမှူး ရဲမှူးကြီး အောင်ဌေးမြင့်က ပြောပါတယ်။
အကျဉ်းထောင်ထဲ မူးယစ်ဆေးနဲ့ လက်နက်တွေ တင်သွင်းတာကို တားဆီးနိုင်ခဲ့တဲ့ ရဲ အရာရှိ ၂ ယောက်လည်း စွမ်းရည် သတ္တိဆု ရတယ်လို့ ဆိုပါတယ်။
မှုခင်း ဖော်ထုတ်ရေး အတွက် ဒီအင်အေ မျိုးဗီဇ စစ်ဆေးရာမှာ ကူညီခဲ့တဲ့ ဆရာဝန်ကြီး ဒေါက်တာနေဝင်းကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ကိုဆွေဝင်း ကိုတော့ ရဲတပ်ဖွဲ့ သတင်းတွေကို မှန်မှန်ကန်ကန်ရေးသား ဖော်ပြပြီး အားနည်းချက် လိုအပ်ချက်တွေ ထောက်ပြခဲ့လို့ ဆုပေးတာလို့ ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
 နှစ်ဆန်း ရွေးကောက်ပွဲမှာ ကူမင်တန် ရှုံး
ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလို့ မှတ်ယူနိုင်တဲ့ တိုင်ဝမ်က နိုင်ငံရေးပါတီ တခုရဲ့ ဘဏ်စာရင်းကို အစိုးရက အသွင်းအထုတ် ပိတ်ထားခဲ့ပြီးတဲ့နောက် အဲဒီပါတီက ၀န်ထမ်းတွေကို စက်တင်ဘာ လစာ မပေးနိုင် ဖြစ်နေရပါတယ်။
အခုလို ပိတ်ရတဲ့ အကြောင်းကတော့ ကူမင်တန် လက်ထက်တုန်းက ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဖို့ ဖြစ်ပါတယ်။
ဒီပါတီဟာ တချိန်တုန်းက တရုတ်နိုင်ငံ တခွင်လုံးကို လွှမ်းမိုး အုပ်ချုပ်ခဲ့တာ ဖြစ်ပေမယ့် မော်စီတုန်းရဲ့ ကွန်မြူနစ်ဝါဒီတွေနဲ့ ပြည်တွင်းစစ်ရှုံးသွားခဲ့ပြီးနောက် တိုင်ဝမ်ကို ထွက်ပြေးလွတ်မြောက်လာတာ ဖြစ်ပါတယ်။
အဲဒီလို ထွက်ပြေးလာတဲ့ အခါ ရွှေ တန်ချိန် တရာကျော်နဲ့ အတူ ထွက်ပြေးခဲ့တယ်လို့ မှတ်ယူနေကြပြီး ဇူလိုင်လတုန်းက တိုင်ဝမ်မှာ ကော်မတီတရပ် ဖွဲ့စည်းက ဒီပါတီဟာ နည်းလမ်းတကျ မဟုတ်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေသလား ဆိုကာ စစ်ဆေးနေတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
Britain Soccer Football - Hull City v Chelsea - Premier League
ဒီတပတ် အင်္ဂလန်ပရီမီယာလိဂ်ဘောလုံးပွဲတွေမှာတော့ လီဗာပူးလ်က ဆွမ်စီးကို ပွဲပြီးခါနီးမှာရတဲ့ ပယ်နယ်တီ နဲ့ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ ဆွမ်စီးက ၈ မိနစ်မှာ ဂိုးအရင်သွင်းခဲ့ပြီး၊ လီဗာပူးလ်အတွက် ချေပဂိုးကို Firmino က ၅၄ မိနစ်မှာ သွင်းယူခဲ့ပြီး၊ အနိုင်ဂိုးကိုတော့ ဂျိမ်းစ်မီလ်နာက ၈၄ မိနစ်မှာ သွင်းခဲ့တာဖြစ်ပါတယ်။
သောကြာနေ့က ကစားတဲ့ အဲဗာတန် နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ပွဲမှာတော့ တဘက် ၁ ဂိုးစီ သရေကျသွားပါတယ်။ အဲဗာန်တန်အတွက် ဂိုးကို လူကားကူးက ၃၅ မိနစ်မှာ သွင်းယူခဲ့ပြီး၊ ခရစ္စတယ်ပဲလေ့စ်အတွက် ချေပဂိုးကိုတော့ ဘန်တီကီက မိနစ် ၅၀ မှာ ပြန်ချေပခဲ့ပါတယ်။
ဒီကနေ့ ကျန်တဲ့ပွဲစဉ်တွေမှာတော့ ၀က်တ်ဖို့ဒ် နဲ့ ဘုန်းမောက်၊ ဟားလ်စီးတီး ချယ်ဆီး၊ ၀က်စ်ဟမ်း နဲ့ မစ်ဒယ်လ်ဘရာ၊ ၊ ဆန်းဒါးလန်း နဲ့ ၀က်စ်ဘရွန်တို့ ကစားနေကြပါတယ်။
ဒီသတင်းနဲ့ တစပ်တည်းမှာပဲ၊ အာဆင်နယ်နည်းပြ Arsene Wenger ကတော့ - အာဆင်နယ်နည်းပြကနေ အနားယူတဲ့အခါမှာ အင်္ဂလန်နည်းပြနေရာကို စဉ်းစားလာနိုင်တယ်လို့ ပြောလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/a/3532919.html
အမေရိကန်ဝန်ထမ်းရေးရာစီမံခန့်ခွဲရေးဌာန၊ စက်တင်ဘာ ၆၊ ၂၀၁၆
အမေရိကန်ပြည်ထောင်စုမှာ လူဦးရေသန်း ၂၀ ကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေခိုးယူခံရတဲ့ လုံခြုံရေးကျိုးပေါက်မှု နဲ့ အလုပ်တွေ မပြီးပြတ်ဘဲ အများကြီးစုပုံနေတဲ့ နောက်ကြောင်းရာဇ၀င်ရှင်းမရှင်း စုံစမ်းစစ်ဆေးမှုတွေကို အားကောင်းလာအောင် ရည်ရွယ်ပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးဌာနသစ်တခုကို အောက်တိုဘာလ ၃ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။
အသစ်ဖွဲ့စည်းမယ့် နောက်ကြောင်းရာဇ၀င် ရှင်းမရှင်း အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရို (NBIB) ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပေါင်းစည်းထားမှာဖြစ်ပြီး အင်တာနက်နဲ့ ပတ်သက်တဲ့အချက်အလက်ကွန်ရက်ကို ထိန်းချုပ်မှာဖြစ်ပါတယ်။
ဒီစုံစမ်းစစ်ဆေးရေး ဗြူရိုရဲ့ ပထမဆုံး ဒါရိုက်တာ Charles Phalen ဟာ စနေနေ့မှာသူ့ရဲ့ လုပ်ငန်းတာဝန်ကို စတင်မှာဖြစ်ပြီး သူဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA) မှာ ဌာနရဲ့ လုံခြုံရေးဒါရိုက်တာအဖြစ်နဲ့ နှစ် ၃၀ ကြာလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သူအခုနောက်ဆုံးလုပ်ခဲ့တာကတော့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ Northrop Grumman ရဲ့ ကုမ္ပဏီလုံခြုံရေးဆိုင်ရာ ဒု-ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူခဲ့တာဖြစ်ပါတယ်။
သူ့အတွက် ပထမဦးစားပေးလုပ်ငန်းကတော့ အမေရိကန်အစိုးရဌာနအတွင်းမှာ မပြီးသေးပဲ ပုံနေတဲ့ နောက်ကြောင်းရာဇ၀င် ရှင်းမရှင်း စုံစမ်းစစ်ဆေးဖို့ရှိနေတာတွေကို ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်လို့ သူက သတင်းထောက်တွေကို ကြာသပတေးနေ့က ပြောပါတယ်။
ထိပ်တန်းလျှို့ဝှက်ချက်ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး နဂိုကရက် ၁၇၀ လောက်ကြာအောင် အချိန်ယူခဲ့တာကို ရက် ၈၀ လောက်နဲ့ ပြီးပြတ်အောင်လုပ်သွားဖို့ ရည်မှန်းထားတယ်လို့ ၀န်ထမ်းရေးရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အလက်ပို မြို့က အပျက်အစီးတွေကို မြင်ရပုံ
ဆီးရီးယားနိုင်ငံ က သူပုန်တွေ ထိန်းချုပ်ရာ အလက်ပိုမြို့ အရှေ့ခြမ်း တဝိုက်က ဒေသတွေမှာ လေကြောင်းက တိုက်ခိုက်ခံရတာကြောင့် အဲဒီဒေသမှာ အကြီးဆုံး ဖြစ်တဲ့ ဆေးရုံ ပေါ်ကို စည်ပိုင်းဗုံး နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ဒါဟာ ခုရက်ပိုင်းအတွင်း အဲဒီ ဆေးရုံကို ဒုတိယ အကြိမ် ထိမှန်တာလည်း ဖြစ်ပါတယ်။
အဲဒီ ဆေးရုံကို ဆီးရီးယား အခြေစိုက် အမေရိကန် ဆေးအဖွဲ့က ကူညီပေးနေတာ ဖြစ်ပြီး ရုရှားက ထောက်ပံ့ ပေးနေတဲ့ ဆီးရီးယား အစိုးရ တပ်တွေက အလက်ပိုနဲ့အနီးတဝိုက်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း အဲဒီဆေးရုံ ဟာ ဆီးရီးယား အစိုးရတပ် ဒါမှမဟုတ် ရုရှား စစ်လေယာဉ်တွေရဲ့ အလားတူ လေကြောင်းက တိုက်ခိုက်မှု ကြုံခဲ့ရပါတယ်။
ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး Jean-Marc Ayrault က အခုနောက်ဆုံး တိုက်ခိုက်မှုအပေါ် ရှုတ်ချလိုက်ပြီး ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ဆိုပါတယ်။
ရုရှားကလည်း အမေရိကန် အနေနဲ့ ဆီးရီးယား အစိုးရ တပ်တွေကို စစ်ရေးအရ အရေးယူ ဆောင်ရွက်တာ မလုပ်ဖို့ သတိပေးလိုက်ပါတယ်။
အမေရိကန်က အဲဒီလို ကျူးကျော်မှုမျိုး လုပ်လာရင် အရှေ့အလယ်ပိုင်း တလွှားမှာ သူ့အဆိုအရ ဆိုးရွားတဲ့ နောက်ဆက်တွဲကို ကြုံရနိုင်တယ်လို့ မော်စကိုမှာ ရှိတဲ့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။
ရုရှား မိတ်ဆွေ ဆီးရီးယား နိုင်ငံက သမ္မတ ဘတ်ရှားအယ် အာဆက်ဒ် ရာထူးက ဖယ်ရှားခံရရင် လစ်လပ်တဲ့ နေရာမှာ အကြမ်းဖက်သမားတွေက နေရာ ယူသွားနိုင်တယ်လို့ သူက ပြောပါတယ်။
အလက်ပို မြို့ကို ဆက်လက် ဗုံးကြဲ တိုက်ခိုက်နေတဲ့ အပေါ် အမေရိကန်နဲ့ ရုရုကြား တင်းမာမှု ဆိုးရွားလာချိန်မှာ အခုလို ဝေဖန် ပြောဆိုချက် ထွက်လာတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
တရုတ်ရဲ့ ရေအားလျှပ်စစ်ထုတ် စီမံကိန်းတခု
တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ အကြီးဆုံး မြစ်ကြီးတခုရဲ့ မြစ်ညာကနေ ရေအားလျှပ်စစ် စီမံကိန်းကြီးတခု စ ဆောက်နေတဲ့ အတွက် ဗြဟ္မ ပုတ္တရ မြစ် ဆီက ရေရရှိမှု ထိခိုက်သွားမယ့် အရေးကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ တို့က စိုးရိမ်နေပါတယ်။
အခု စီမံကိန်းကြောင့် ဆည်မြောင်းသစ်တွေ ပေါ်ထွက်လာကာ ရေလွှမ်းမိုးမှုကို ထိန်းချုပ်နိုင်မယ့် အပြင် လျှပ်စစ်ဓါတ်အားလည်း ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ တရုတ်က ဆိုပါတယ်။
မြစ်အောက်ပိုင်းမှာ ရှိနေတဲ့ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် တို့ကတော့ တရုတ်က မြစ်အထက်ပိုင်းမှာပိတ်ပြီး ဆည်ဆောက်တဲ့ အတွက် နောက်ဆက်တွဲ ဖြစ်လာမယ့် ပြသနာတွေကို စိုးရိမ်ပူပန်နေပါတယ်။
ဒီ မြစ်ဟာ အထက်ပိုင်းမှာ Yarlung Zangbo အမည်နဲ့ တိဗက်ကနေ စ စီးဆင်းပြီး အောက်ပိုင်းမှာ ဗြဟ္မ ပုတ္တရ မြစ်အဖြစ် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဖက်ကို စီးဝင်တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဖန်သားဖြင့် အဆောက်အဦများ ဆောက်လုပ်ရန် အာသီသပြင်းထန်လွန်းသည့် တရုတ်သည် ယခုအချိန်တွင်လည်း ဖန်သားဖြင့်ပြုလုပ်ထားပြီး ဖောက်ထွင်းမြင်ရသည့် အများပြည်သူသုံးသန့်စင်ခန်းများကို ဆောက်လုပ်လိုက်ပြီဖြစ်သည်။
တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ခရိုင်ရှိ ရှီယန်းကန်နားတွင် ဖောက်ထွင်းမြင် သန့်စင်ခန်းများကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သန့်စင်ခန်းများမှာ သစ်ပင်များပေါ်တွင် ရှိပြီး အောက်ရှိ သစ်တောနှင့် အခြားအဆောက်အဦများကို စီးမြင်နေရသည်။ အမျိုးသားနှင့် အမျိုးသမီးသုံး သန့်စင်ခန်းများအကြား နံရံကိုပင် ဖန်သားဖြင့် ကာရံထားသည်။ သန့်စင်ခန်းများ စတင်ဖွင့်လှစ်သည့်နေ့မှာပင် အသုံးပြုရဲသူ မရှိသလောက် ရှားပါးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
သို့သော် တရုတ်ရှိ အွန်လိုင်းအသုံးပြုသူအချို့ကမူ ဖန်သားသန့်စင်ခန်းများနှင့် ပတ်သက်ပြီး အကောင်းပြောဆိုခဲ့ကြသည်။ မအောင့်နိုင်တော့ပါက အရှက်ကို မငဲ့ဘဲ ဖန်သားသန့်စင်ခန်းထဲသို့ ဝင်ရတော့မည်ဖြစ်ကြောင်း တရုတ်ရှိ လူမှုမီဒီယာဆိုင်နာဝေပို အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။ အင်တာနက်ကွန်နက်ရှင်ကောင်းပါက ဖန်သားသန့်စင်ခန်းထဲတွင် ဘတ်ထရီအားကုန်သည်အထိ နေရဲပါကြောင်း အခြားတစ်ဦးက ရေးသားခဲ့သည်။ သို့သော် အခြားတစ်ဦးကမူ ငွေဖြုန်းခြင်းသာ ဖြစ်ကြောင်း ဝေဖန်ရေးသားခဲ့သည်။
မရှက်တတ်ဘူးဟု ကိုယ့်ကိုယ်ကိုယ် ပြောဆိုနေသူများအတွက် ယခုသန့်စင်ခန်းများသည် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံဌာန CCTV က ပြောဆိုခဲ့သည်။
Source:BBC
ရိုးမြေ
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
ကဗျာတွေ ရွတ်ဆိုသင်ကြားရာမှာ အသံကောင်းမွန်တဲ့အတွက် လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်က အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်ဇော်ကို ပညာတန်ဆောင်က ထူးချွန်ဆရာဆုချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြားထဲကနေ ကျောင်းကို လာရောက်သင်ကြားရပုံတွေ၊ တတ်ကျွမ်းတဲ့ဘာသာရပ်နဲ့ ကျောင်းသားကျောင်းသူတွေကို စိတ်ဝင်စားလာအောင် သင်ကြားပုံတွေကို ကြည့်ပြီး အခုလို ထူးချွန်ဆရာဆုချီးမြှင့်ဖို့ ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ ပညာတန်ဆောင် ဒုတိယဥက္ကဌ ဒေါက်တာတင်ညိုက 5 Plus ကိုပြောပါတယ်။
 ဒီဆုကို ဒီဇင်ဘာလမှာ ကျင်းပမယ့် ပညာတန်ဆောင်ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ပေးအပ်သွားမှာဖြစ်ပါတယ်။ အလယ်တန်းပြဆရာမဒေါ်မြင့်မြင့်ဇော်ဟာ လက်ရှိမှာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ရွှေဘုံသာအလယ်တန်းကျောင်းခွဲ မှာ အလယ်တန်းပြဆရာမအဖြစ် မြန်မာစာသင်ကြားနေပါတယ်။
 အရင်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျောင်းဆရာမအဖြစ် (၁၀)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- Myintmyint Zaw FB
5 Plus News
https://www.facebook.com/5plusnews
ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ် ၊အင်းဝအပ်ချုပ်ဆိုင်ရှိ အိမ်အကူ အမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုတွင် ၀င်ရောက် ဖြေရှင်းကိုင်တွယ်ခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များကို အောက်တိုဘာလအတွင်း အရေးယူသွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေးက အောက်တိုဘာလ ၁ရက်တွင် ပြောကြားလိုက်သည်။
''နံပါတ်တစ် ကော်မရှင်ကို အရေးယူဖို့ အဆိုမရောက်ခင် ကျွန်တော်တို့ဆီ ကော်မရှင်ရဲ့ တင်ပြချက်ကို တောင်းထားတယ်။ နံပါတ်နှစ် တင်ပြချက်တော့ ရောက်လာပြီ။ ဥပဒေကြောင်းအရ လေ့လာနိုင်အောင် ပြည်ထောင်စုရှေ့ နေချုပ်ရုံးကို တင်ပြထားတယ်။ နောက် လွှတ်တော်က အဆိုရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ဥပဒေအရ စိစစ်ပြီးတာနဲ့ စပြီး အရေးယူမှာပါ။ အောက်တိုဘာလအတွင်း ဖြစ်နိုင်ပါတယ်။'' ဟု ဦးဇော်ဌေးက ပြောသည်။
အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ အမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အမျိုးသမီးငယ်နှစ်ဦး အုပ်ထိန်းသူ၊ အင်းဝအပ်ချုပ်ဆိုင် မိသားစုနှင့် ရဲတပ်ဖွဲ့ စသည့် တာဝန်ရှိသူတို့ ပါဝင်ကာ စက်တင်ဘာလ ၁၅ရက်တွင် ပြည်လမ်းခြောက်မိုင်ခွဲရှိ ကော်မရှင်ရုံး၌ ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း၊ ငွေကျပ်သိန်းငါးဆယ်ဖြင့် နှစ်ဦးနှစ်ဘက်ပြေလည်မှု ရယူလိုက်ကြောင်း မှတ်တမ်းများအရ သိရပြီး ၄င်းဖြေရှင်းပေးမှုမှာ မေတ္တာစေတနာဖြင့်ဖြေရှင်းပေးလိုက်ခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားခဲ့သည်။
''အန်တီတို့ လက်ထက်တုန်းကတော့ ကလေးအလုပ်သမားဆိုရင် ဒါ အလုပ်သမားရုံးကို ခေါ်တယ်။ နောက် ကော်မရှင်ရုံးမှာမှ ထပ်ပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်။ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ နှိပ်စက်ညှဉ်းပန်းထားရင် ဥပဒေအရ အရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာရေးပို့တယ်။ တရားရုံးချုပ်ကို တင်ပြတယ်။ မတရားခိုင်းစေတယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို တင်ပြတယ်။ အခုက ဘယ်လိုအတွေးနဲ့ မြန်မြန်ဆန်ဆန် လူ့အခွင့်အရေးကော်မရှင်က ၀င်ညှိနှိုင်းပေးတယ်ဆိုတာ စဉ်းစားမရဘူး။ ဒါကငွေနဲ့ အလျော်အစားပေးလို့မရဘူး။ အံ့သြမိတယ်။'' ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဟောင်း တိုင်ကြားစာများလက်ခံစစ်ဆေးရေးဌာနမှ ဒေါ်စန်းစန်းကပြောသည်။
လက်ရှိတွင် အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင်ခြောက်ဦးလုံးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူထားပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
maungtaw-city-boad-620.jpg
ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၂ဝ၁၂ ခုနှစ် ပဋိပက္ခအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာ ၃ဝ ကျော်ကို ၄ နှစ်ကျော် အကူအညီတွေပေးခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ဒီလကစပြီး စားနပ်ရိက္ခာအကူအညီတွေ ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။
အရေးပေါ်ကူညီကယ်ဆယ်ရေးအဆင့်ကနေ ဖွံ့ဖြိုးရေးအဆင့်ကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာတွေကို ရပ်တန့်လိုက်တာလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ရဲ့ စားနပ်ရိက္ခာအကူအညီတွေကို တာဝန်ယူဖြန့်ဝေပေးနေတဲ့ Action for Green Earth(AGE) အဖွဲ့ရဲ့ ဥက္ကဌ ဦးချစ်မြက ပြောပါတယ်။
ခရေမြိုင်၊ ရွှေရင်အေး၊ ဗောဓိကုန်း၊ ကိုင်းကြီး၊ သရေကုန်ဘောင် စတဲ့ မောင်တောမြို့နယ် တောင်ပိုင်း က ကျေးရွာတွေကို စက်တင်ဘာနဲ့ အောက်တိုဘာတို့အတွက် နှစ်လစာ အကူအညီတွေပေးပြီး ရပ်တန့်လိုက် ပြီဖြစ်သလို မောင်တောမြောက်ဘက်က ကျေးရွာတွေကိုတော့ အောက်တိုဘာနဲ့ နိုဝင်ဘာ နှစ်လစာ တစ်ခါတည်းပေးပြီး ရပ်တန့်မှာဖြစ်ပါတယ်။
အဲဒီကျေးရွာတွေကို လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကစပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က လူတစ်ဦးချင်းစီအလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ တို့ကို ကူညီပေးခဲ့တာဖြစ်ပါတယ်။
RFA
အာဆီယံပါလီမန်များညီလာခံ၊ စက်တင်ဘာ ၃၀-အောက်တိုဘာ၃၊ ၂၀၁၆
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံပါလီမန်များ အထွေထွေညီလာခံကနေ အတွေ့အကြုံရင့်ကျက်တဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေကလွှတ်တော် အတွေ့အကြုံတွေ ဖလှယ်နိုင်ပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်း လွှတ်တော်တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်း လာဖို့ ယုံကြည်မျှော်လင့် တယ်လို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။ နေပြည်တော်မှာ မနေ့ကစလို့ အောက်တိုဘာ ၃ရက်နေ့အထိ လေးရက်တာ ကျင်းပနေတဲ့(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ ဒီကနေ့မှာတော့ အာဆီယံဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အခန်းကဏ္ဍတွေကို အဓိကဆွေးနွေးနေကြပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
အာဆီယံရဲ့ ပြည်သူကိုရှေးရှုတဲ့ လူထုဗဟိုပြုတဲ့ အသိုက်အဝန်းဖော်ဆောင်လာနိုင်အောင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အကောင်းဆုံး ပုံဖော်နေတာက လွှတ်တော်ဆိုတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပြီး အာဆီယံ ပါလီမန်များ ညီလာခံရဲ့ ၂၀၁၆ခုနှစ် ဆောင်ပုဒ်ကတော့“အာဆီယံအသိုက်အဝန်း တိုးတက် ထွန်းကားရေး-အာဆီယံပါလီမန်များညီလာခံက တက်ကြွလှုပ်ရှားပေး” ပဲဖြစ်ပါတယ်။ ဒီညီလာခံကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ဒီနှစ်မှာလက်ခံကျင်းပခွင့်ရတဲ့ မြန်မာနိုင်ငံမှာလည်း ပြည်သူက မဲပေးရွေးချယ်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးတွေကလည်း ပြည်သူ့ လိုလားချက် ဆန္ဒကို ထင်ဟပ်စေတဲ့ ပါလီမန်ဒီမိုကရေစီ လမ်းကြောင်းအပေါ်ကို အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံမှာ လွှတ်တော်အခန်းကဏ္ဍကို ပြန်ပြီး ခြေချ လျောက်လှမ်းနိုင်အောင် ကြိုးပမ်းနေကြသလို အာဆီယံဒေသတွင်းမှာလည်း လူထုကိုအခြေပြုတဲ့ လူထုကိုအလေးထားတဲ့ လွှတ်တော်တွေဖြစ်ဖို့ဝိုင်းဝန်းကြိုးစားကြရမယ်ဆိုတာကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံပါလီမန်များညီလာခံအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
စက်တင်ဘာလ ၃၀ရက်နေ့ကနေ အောက်တိုဘာလ ၃ရက်နေ့အထိကျင်းပမယ့် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံမှာ အိမ်ရှင် မြန်မာနိုင်ငံရဲ့ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အာဆီယံပါလီမန်များညီလာခံ ဥက္ကဋ္ဌရာထူးနဲ့ တာဝန်ယူကျင်းပနေတာဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ(၁)ရက်နေ့မှာတော့ အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ ဒုတိယနေ့မှာ အာဆီယံဒေသတွင်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စတဲ့ အကြောင်းအရာတွေကို တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေက ကဏ္ဍအလိုက် ဆွေးနွေးနေကြတယ်လို့ ကိုယ်တိုင်တက်ရောက်နေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“Group တွေခွဲထားတယ်၊ ဥပမာ Social Matter တွေရှိတယ်၊ Political Matter တွေရှိတယ်၊ Organization တွေရှိတယ်။ ဒီGroup ကို Matter အလိုက်အစည်းအဝေးတွေလုပ်ပြီးတော့ ခု အဲ့တာတွေ အကုန်လုံးကို စုပေါင်းဆွေးနွေးဖို့အတွက်အခုကို ထိုင်း Community အစည်းအဝေးတွေစလုပ်နေပြီ။ နိုင်ငံအတွက် အာဆီယံမှာ ပူးပေါင်းပါဝင်ဖို့ ဆိုတဲ့နေရာမှာ ထိထိရောက်ရောက်နဲ့ ထဲထဲဝင်ဝင်ဆောင်ရွက်ဖို့ လုပ်နေပြီဖြစ်တဲ့အတွက် မြန်မာနို်င်ငံအတွက် ဂုဏ်ယူစရာဖြစ်သလို အာဆိယံရဲ့ အစီအစဉ်ကနေပြီးတော့ အာဆီယံနိုင်ငံအတွင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ညှိုနှိုင်းဆောင်ရွက်မှုတွေမှာ အားသစ်ဖို့၊ နိုင်ငံအတွင်းမှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးတွေ ရအောင် အဲ့ဒီကိစ္စရပ်တွေကို တော့ လုပ်ဆောင်ရတဲ့နေရာမှာ ထိုက်တန်တဲ့ ထောက်ခံမှု တခုအဖြစ် ရရှိသွားစေနိုင်တာပေါ့နော်၊“
အခုလို(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံက လက်ခံကျင်းပခွင့်ရတဲ့အပေါ် ဒီအထွေထွေညီလာခံကနေ အာဆီယံဒေသတွင်း နိုင်ငံတွေထဲက
လွှတ်တော် သက်တမ်းရင့်တဲ့ အတွေ့အကြုံရှိတဲ့ နိုင်ငံတွေက လွှတ်တော်အတွေ့အကြုံတွေ ဖလှယ်နိုင်ပြီး လွှတ်တော်အတွက် စိန်ခေါ်မှုတွေကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း လွှတ်တော်တွေ ပူးပေါင်းဆောင်ရွက်
မှုတွေ ပိုအားကောင်းလာဖို့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ယုံကြည်မျှော်လင့်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က သူ့အမြင် အခုလိုပြောပါတယ်။
“နိုင်ငံတွေထဲမှာကလေ ကျွန်တော်တို့နိုင်ငံကျတော့ ဒီအခုမှအစပဲရှိသေးတာ။ ဒီလွှတ်တော် နိင်ငံရေးကလေ ..သိလား။ ဒါပေမယ့် အာဆီယံနိုင်ငံထဲမှာ လွှတ်တော်နိုင်ငံရေးကို တကယ့်ကို အချိန်အတော်ကြာဖြတ်သန်းပြီးတဲ့ နိုင်ငံတွေရှိတယ်။ အဲ့ဒီတော့ တကယ်လို့များ အဲ့ဒီလို Exchange သဘောမျိုးလေးတွေပေါ့၊ အပြန်အလှန် လေ့လာတာတွေ၊ ဆွေးနွေးတာတွေ၊ အဲ့ တာမျိုးတွေရှိမယ်ဆိုရင်တော့ ဒီဘက်က လွှတ်တော် ကိုယ်စားလှယ်တွေ အတွက်ရော၊လွှတ်တော်တွေ အားကောင်းဖို့အတွက်ရော နောက်ပြီးတော့ လွှတ်တော်တွေ အားကောင်းတဲ့အခါ ဒီမိုကရေစီစနစ် အသက်ဝင်ဖို့ပါ အများကြီး အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်“
ဒီ(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံကနေ အာဆီယံ ပါလီမန်များ ညီလာခံအဖွဲ့ဝင် လွှတ်တော်များ၏ ပူးပေါင်း ဆောင်ရွက်မှု၊အာဆီယံဒေသတွင်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကလည်း ညီလာခံဂုဏ်ပြုညစာစားပွဲမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒီဆွေးနွေးမှုရလဒ်တွေကနေ ညီလာခံရဲ့ နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ကလည်း အရေးကြီးတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကိုနေဘုန်းလတ်က သုံးသပ်ပါတယ်။
“အဓိကတော့ စနစ်ကိုအသေအချာနားမလည်သေးတာပါ။ အခုမှ လွှတ်တော်ထဲကိုရောက်လာတဲ့သူတွေ၊ နောက်ပြီး အစိုးရအဖွဲ့ဆိုရင်လည်း အခုမှာ အစိုးရအဖွဲ့ ဖြစ်တဲ့လူတွေ၊ ဒီတော့ ဒီမိုကရေစီရဲ့ သဘောတရားတွေ၊ လွှတ်တော်ရဲ့ သဘောတရားတွေ သိပ်ပြီးတော့ နားမလည်ကြသေးဘူးပေါ့၊ အဲ့လိုပဲမြင်တယ်။ အဲ့တော့ ပြောချင်တာကတော့ အသားကျပြီးသား နိုင်ငံတွေက ဒါတွေကို ကောင်းကောင်းရှင်းပြနိုင်ရင် ဒီဘက်မှာလည်း ပိုပြီးတော့ လွှတ်တော်တွေ အားကောင်းမယ်။ နိုင်ငံတကာမှာ ဘယ်လိုရှိတယ်၊ ဘယ်ညာရှိတယ်ဆိုတာမျိုးတွေသာ များများလေး Sharing လုပ်နိုင်မယ်ဆိုရင်၊ ပြောနိုင်ဆိုနိုင်ကြမယ်ဆိုရင် အဲ့ဒီအမြင်မျိုးတွေ ပိုပြီးတော့ ပြောင်းလာမယ်။ ဒီကိုလာပြီးတော့ သူတို့ရဲ့ အတွေ့အကြုံကို ဖလှယ်ခိုင်းတာမျိုး၊ ဒီက လွှတ်တော်ကိုယ်စားလှယ်တွေအုပ်စုလိုက်သွားပြီးတော့ ဟိုက အာဆီယံ နိုင်ငံတွေက လွှတ်တော်တွေမှာ လေ့လာတာမျိုး၊ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေလေ့လာတာမျိုး၊ ဒါမျိုးလေးတွေလုပ်ပေးနိုင်ရင် ဒါ မဆိုးဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ သွားတဲ့အခါမှာ ဒီလိုအခွင့်အရေးတွေက အများကြီး။ နောက်ပိုင်းလည်း ရလာဖို့ ရှိပါတယ်။ ဒါပေမယ့် ကောင်းကောင်း Absorb လုပ်နိုင်ဖို့တော့လိုတာပေါ့နော်။ နောက်ဆက်တွဲလုပ်ငန်းစဉ်တွေနဲ့ ရလဒ်တွေ ထွက်လာအောင်တော့ ဆက်ပြီးတော့ ကျိုးစားရဦးမယ်ထင်တယ်။ Action Plan လေးတွေပါ ဆွဲနိုင်ရင် ပိုပြီးထိရောက်မယ်လို့ထင်ပါတယ် “
အာဆီယံ ပါလီမန်များ ညီလာခံကို ၁၉၇၅ ခုနှစ် ကစလို့ အင်ဒိုနီးရှားနိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက (၂၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံမှာတော့ လေ့လာသူအဖြစ် စတင် တက်ရောက်ခဲ့ပါတယ်။၂၀၁၁ ခုနှစ် ကျင်းပတဲ့ (၃၂) ကြိမ်မြောက် အစည်းအဝေးမှာတော့မြန်မာနိုင်ငံဟာ တင်းပြည့် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ခဲ့ပြီး ဒီနှစ် ၂၀၁၆ ခုနှစ်မှာတော့ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်ရှင်။
 မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
စင်္ကာပူ ကာကွယ်ရေးဝန်ကြီး Dr.Ng Eng Hen
အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ပိုပြီး စနစ်တကျရှိလာကြသလို သူတို့ရဲ့ ရည်မှန်းချက်တွေကို ပိုအာရုံစိုက်လာနေတာနဲ့အမျှ အရှေ့တောင်အာရှနိုင်ငံတွေအပေါ် အကြမ်းဖက်သမားတွေရဲ့ခြိမ်းခြောက်မှုတွေနှစ်စဉ်တိုးလာနေတယ်လို့ စင်္ကာပူ ကာကွယ်ရေးဝန်ကြီး Ng Eng Hen ကသောကြာနေ့မှာပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ ဟာဝိုင်ယီမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအပြီးမှာမစ္စတာ Eng ကသတင်းထောက်တွေကိုပြောသွားတာပါ။ ဒီအစည်းအဝေးမှာ IS အကြမ်းဖက်သမားတွေနဲ့ အလားတူ အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုတွေအကြောင်းကို ကာကွယ်ရေးဝန်ကြီးတွေ အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ကြပါတယ်။
အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်တယ်ဆိုပြီး ကာလီဖိတ်တွေ လို့ သူတို့ကိုယ်သူတို့ ကြေငြာထားတဲ့ အီရတ်နဲ့ ဆီးရီးယားက IS အစွန်းရောက်အကြမ်းဖက်သမားတွေကို အရှေ့တောင်အာရှဒေသက လူပေါင်း ၁၀၀၀ ကျော် သွားရောက်ပူးပေါင်းခဲ့ကြတယ်လို့ စင်္ကာပူ ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
 အခုလို နှစ်စဉ် ကာကွယ်ရေးဝန်ကြီးတွေတွေ့ဆုံတိုင်း IS အစွန်းရောက်သမားတွေရဲ့  ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေလည်း နှစ်စဉ်တိုးလာတာကို တွေ့ရတယ်လို့ မစ္စတာ Eng ကပြောပါတယ်။
 အရှေ့တောင်အာရှ ဒေသတွင်းက စစ်သွေးကြွတွေကို ဦးဆောင်ဖို့ ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရ အလိုရှိဆုံးသူတယောက်ကို အရှေ့တောင်အာရှ ဒေသက IS တို့က ဂျွန်လမှာ ရွေးချယ်ခဲ့ကြတယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေကပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ တိုက်ခိုက်သူ ၄ ဦးအပါအ၀င် လူ ၈ ယောက်သေဆုံးခဲ့ရတဲ့ ဇန်န၀ါရီလက အကြမ်းဖက်တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်ဆိုပြီး IS တို့ပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့ တာဝန်ရှိသူတွေက ဒေသတွင်း လုံခြုံရေး သတိပေးချက်တွေ တိုးမြှင့်ထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com