10/08/16



(ပဲခူးမြို့၊ ရွှေသာလျောင်းဗိမာန်မှာ အောက်တိုဘာလ ၈ ရက်နေ့က ကျင်းပတဲ့ ပဲခူးတိုင်း ၂၈ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ တွေ့ဆုံပွဲမှာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်) ဓါတ်ပုံ - ပြည် (NLD)
တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ချိတ်ဆက်ပြီး ပြည်သူတွေရဲ့ အကျိုးကိုဆောင်ရွက်ဖို့ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဒီနေ့ ပဲခူးတိုင်းက NLD ပါတီဝင်တွေ၊ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။

ဒီနေ့ ပဲခူးမြို့၊ ရွှေသာလျောင်းဗိမာန်မှာ ကျင်းပတဲ့ ပဲခူးတိုင်း ၂၈ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ တွေ့ဆုံပွဲမှာ ဦးဝင်းထိန်က တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေ ပါတီနဲ့ ကင်းကွာနေတဲ့အကြောင်း ပြောခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးချိုက ပြောပါတယ်။

"ဦးဝင်းထိန်အနေနဲ့ ပြောသွားတာကတော့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေဟာ ပါတီရဲ့မူဝါဒအတိုင်း ပါတီနဲ့ချိတ်ဆက်ပြီး လုပ်ဖို့ပေါ့။ ပါတီနဲ့နည်းနည်းကင်းကွာနေတဲ့ သဘောမျိုးလေးတွေ ရှိတယ်တဲ့။ အဲ့ဒါလေးတွေကို ပြင်ဆင်ကြဖို့ ဒီပဲခူးတိုင်းဒေသကြီး အစိုးရကို ပြောတယ်။ ပါတီနဲ့ ကင်းကွာထဲက ပြည်သူနဲ့ကင်းကွာနေတဲ့ သဘောမျိုး အဲဒီတော့ပါတီနဲ့ချိတ်ဆက်ပြီး လုပ်ဖို့ပေါ့"

ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းလုံးကျွတ်ပါတီဝင်တွေ တွေ့ဆုံပွဲကို ၂ဝ၁၄ ခုနှစ်က ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ဒီနေ့ကျင်းပတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ ပါတီနာယက သူရဦးတင်ဦးက ပါတီဝင်တွေ စည်းကမ်းရှိကြဖို့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို လိုက်နာကြဖို့ မှာကြားတယ်လို့ ဦးအေးချိုက ပြောပါတယ်။

တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ တိုင်းဝန်ကြီးတွေနဲ့ ပဲခူးတိုင်း ၂၈ မြို့နယ်က အန်အယ်လ်ဒီ ပါတီဝင်တွေ ၄ဝဝ လောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


မြန်မာနိုင်ငံတွင် လုပ်အားခသက်သာသော်လည်း ရေ၊ လျှပ်စစ်၊ လမ်း ပန်း ဆက်သွယ်ရေး စသည့် အခြေခံ အဆောက်အအုံ အားနည်းမှုကြောင့် ပြည်ပစီးပွားရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်မှုနည်းပါးလျက်ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

''ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေက အခုတော့ စောင့်ကြည့်နေတယ်။ ပြည်တွင်းမှာက လိုအပ်ချက်အနေနဲ့ အခြေခံ အဆောက်အအုံတွေ လိုအပ်ချက်ရှိတယ်။ မြေဈေးကလည်း ကြီးနေတယ်။ စီးပွားရေးအခြေအနေကလည်း ငြိမ်နေတယ်။ ပေါ်လစီတချို့ကလည်း မငြိမ်သေးတော့ စောင့်ကြည့်နေတဲ့သဘောဖြစ်တယ်။

မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ စီးပွားရေးပေါ်လစီက ယေဘုယျဆန်နေတဲ့အတွက် ဘယ်ကိုသွားချင်လဲ၊ ဘာလုပ်ချင်လဲ ဆိုတာ မပါဘူး။ Action Plan လေးပါရင် ပိုကောင်းမယ်။ ပြည်ပရင်းနှီးမြှုပ်နှံ မှုဝင်လာအောင် လိုအပ်ချက်တွေ ရှိတဲ့အရာတွေကို ပြုပြင်ပေးဖို့လိုတယ်။ အစိုးရသစ်အနေနဲ့ စီးပွားရေးကဏ္ဍတိုးတက်ဖို့ တကယ်ကို အား ထည့်ဖို့လိုအပ်ပါတယ်'' ဟု စီးပွားရေးလုပ်ငန်းရှင်ဒေါက်တာစိုးထွန်းက ပြောသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်း စက်ယန္တရားနှင့် လျှပ်စစ်ပစ္စည်း ဈေးကွက် များ ပိုမိုကောင်းမွန် လျက်ရှိသော်လည်း ရေ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့် အခြေခံ အဆောက်အအုံများ အားနည်းခြင်းသည် ရေရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အဟန့်အတားဖြစ်လျက်ရှိကြောင်း အထူးစီးပွားရေးဇုန်များဖြစ်သည့် သီလ၀ါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူး စီးပွားရေးဇုန်များတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ''ရင်းနှီးမြှုပ်နှံမှုဝင်လာဖို့အတွက် အဓိကနိုင်ငံရေး တည်ငြိမ်ရမယ်။

စီးပွားရေးမူဝါဒ၊ ဥပဒေတည် ငြိမ်ရမယ်။ ခိုင်မာရမယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူများကို လုံလောက်တဲ့ အကာအကွယ်ပေးရမယ်။ ရင်းနှီးမြှုပ်နှံမှုက တကမ္ဘာလုံးကို သွားနေတာ။ ကိုယ့်နိုင်ငံကို ပိုမိုဝင်လာအောင် ဆွဲဆောင်မှုအနေနဲ့ မက်လုံးတွေပေးဖို့ လိုအပ် တယ်။ ဒါပေမဲ့ ပေးတဲ့နေရာမှာ ကိုယ်လိုချင်တဲ့လုပ်ငန်းတွေလာပြီး ရင်းနှီးမြှုပ်နှံအောင်ပေးတာမျိုးတွေ ဖြစ်ရမယ်။

ကိုယ်မလိုချင်တဲ့လုပ်ငန်းမျိုးကိုတော့ မက်လုံးမပေးတဲ့အပြင် ထိရောက်စွာ ဟန့်တားဖို့လိုအပ် တယ်''ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌဦးအောင်သိန်းက ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် အာဆီယံ ၁၀ နိုင်ငံအနက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ၂၀၂၀ ခုအထိ ဆက်လက်တိုးတက်နေမည်ဟု စီးပွားရေးလုပ်ငန်းရှင်များ သုံးသပ်ထားကြောင်း သိရသည်။

''မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေက အမေရိကန်နိုင်ငံ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပြီးရင် ပြည်ပမှ စီးပွားရေးလုပ်ငန်းတွေ ၀င်လာမယ်လို့ မျှော်လင့်ကြတယ်။

အမေရိကန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက လည်း စက်မှုအသင်းချုပ်နဲ့ စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်းကို လာပြီးတွေ့ တာတွေတော့ ရှိတယ်။ ဆွေးနွေးတဲ့အခါမှာ မြန်မာပြည်ကို အမေရိကန်က ထုတ်ကုန်တွေ ဘာတွေရောင်းလို့ရသလဲ။ မြန်မာပြည်ကနေ အမေရိကန်ကို ဘယ်လို ထုတ်ကုန်တွေကို ပြန်ပို့လို့ရမလဲ ဆိုတာတွေကို ရင်းနှီးမြှုပ်နှံမှုအတွက်နဲ့ လာလေ့လာတာတွေ ရှိပါတယ်''ဟု ဦးအောင်သိန်းက ပြောသည်။

စီးပွားရေး လာရောက်ရင်းနှီးမြှုပ်နှံမှုများမှာ စွန့်စားရသော လုပ်ငန်းများဖြစ်သည့်အတွက် ဥပဒေ၊ လုပ်ထုံး လုပ်နည်းတည်ငြိမ်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက်ရှိရန်နှင့် ခွင့်ပြုပြီးသားလုပ်ငန်းနှင့် ခွင့်ပြုချက် များကို ခဏခဏ အပြောင်းအလဲမဖြစ်စေရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

''ဥပဒေကတော့ အခုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကိုပေါင်းပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်လွှတ်တော်မှာ အတည်ပြုပြီ။ စီးပွားရေးမူဝါဒထုတ်ပြန်တဲ့အခါမှာ အသေးစား၊ အလတ်စားလုပ်ငန်းရှင် တွေကို ဦးစားပေးမယ်ဆိုတာမျိုးတွေ၊ အလုပ်အကိုင်အခွင့်တွေ များများရအောင်လုပ်သားအခြေပြုတဲ့ လုပ်ငန်း တွေကို ပထမဦးစားပေးဆောင်ရွက်ရမယ်ဆိုတဲ့အချက်တွေက အဓိကဆောင်ရွက်ပေးမယ်''ဟု ယင်းက ပြောသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် ၃၈ ခုရှိပြီး ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာသန်း ပေါင်း ၃၈၃ ဒသမ ၈၇၇ ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုမှာ လုပ်ငန်း ၂၁ ခုရှိပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၉၆ ဒသမ ၀၅၉ အထိ ခွင့်ပြုခဲ့ကြောင်း သိရ သည်။

မြန်မာနိုင်ငံတွင် ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်၌ ငွေကြေးဖောင်းပွမှုအနေဖြင့် ၁၁ ဒသမ ၆၈ ရာခိုင်နှုန်း ခန့်ရှိပြီး ထပ်မံ၍ ငွေကြေးဖောင်းပွမှုဆက်လက်ဖြစ်ပွားပါက ရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားနိုင်ကြောင်း အရှေ့ အာရှနှင့် ပစိဖိတ်ဒေသ နောက်ဆုံးစီးပွားရေး၊ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ကမ္ဘာ့ဘဏ်မှ
မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် Habib Rob က သုံးသပ်ပြောကြားခဲ့သည်။

ခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်၊(၄၅)လမ်းအလယ်ဘလောက်၊ အိမ်အမှတ်(၁၇၀)၊(၈)လွှာမှာနေထိုင်တဲ့အမျိုးသားတစ်ဦး အသတ်ခံရပြီးသေဆုံးနေမှုကို အောက်တိုဘာ(၈)ရက် နံနက်အစောပိုင်းကစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဗိုလ်တထောင်မြို့မရဲစခန်းကနေသိရပါတယ်။

 ဖြစ်စဉ်မှာအောက်တိုဘာ(၈)ရက်၊နံနက်(၁)နာရီခွဲခန့်က သာကေတမြို့နယ်မှာ နေထိုင်တဲ့ဦးစိုးမင်းကဗိုလ်တထောင်မြို့နယ်၊(၄၅)လမ်းမှာနေထိုင်တဲ့သားဖြစ်သူနဲ့ အဆက်အသွယ်ပြတ်တောက်နေတာတစ်ရက်ခန့်ရှိနေပြီဖြစ်တဲ့အတွက်ရှာဖွေပေးဖို့လာရောက်အကူအညီတောင်းခံတာကြောင့်သားဖြစ်သူနေထိုင်တဲ့တိုက်ခန်းကိုသွား ရောက်ခဲ့ရာမှာသံပန်းတံခါးပတ္တာပြုတ်နေပြီးတိုက်ခန်းအတွင်းမှာ ပျောက်ဆုံးနေသူ ကိုအောင်သူကိုလက်ဝဲ/လက်ယာနှစ်ဖက်လုံးမှာပြတ်ရှဒဏ်ရာတစ်ချက်စီနဲ့လည်ပင်းမှာထိုးသွင်းဒဏ်ရာတစ်ချက်နဲ့လဲကျသေဆုံးနေတာကိုတွေ့ရတာဖြစ်တယ်လို့ဗိုလ်တထောင်မြို့မရဲစခန်းမှူးဒုရဲမှူးသန်းဌေးကပြောပါတယ်။

 သေဆုံးသူဟာသင်္ဘောသားတစ်ဦးဖြစ်ပြီးအခင်းဖြစ်နေအိမ်မှာတစ်ဦးတည်းနေထိုင်သူဖြစ်ကာရန်ငြိုးရန်စလည်းမရှိဘဲအနေအထိုင်အေးသူတစ်ဦးဖြစ်သူဖြစ်တယ်လို့သေဆုံးသူနဲ့အမျိုးတော်စပ်တော်တစ်ဦးရဲ့ပြောကြားချက်အရသိရပါတယ်။

 သေဆုံးသူမှာအောက်တိုဘာ(၇)ရက်၊ညပိုင်းကတည်းကမိဘတွေနေထိုင်တဲ့သာကေတနေအိမ်ကနေပြန်သွားပြီးနောက်ပိုင်းအဆက်အသွယ်မရတော့ဘဲလိုက်လံရှာဖွေရာမှာအခုလိုသေဆုံးနေတာကိုသိရတာဖြစ်တယ်လို့လည်းသိရပါတယ်။

အခင်းဖြစ်ပွားစဉ်ပတ်ဝန်းကျင်မှာတစ်စုံတစ်ရာထူးခြားမှုမရှိဘဲရန်ဖြစ်အော်ဟစ်သံတွေလည်းမကြားရတဲ့အတွက်လူသတ်မှုဖြစ်ပွားတာကိုမသိလိုက်ဘူးလို့အခင်းဖြစ်နေအိမ်ရဲ့ပတ်ဝန်းကျင်မှာနေထိုင်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။

အမှုနဲ့ပတ်သက်ပြီးသေဆုံးသူရဲ့ဖခင်ဖြစ်သူဦးစိုးမင်းကတရားလိုပြုလုပ်တိုင်တန်းတဲ့အတွက်ဗိုလ်တထောင်မြို့မရဲစခန်းက(ပ)၁၇၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ(၃၀၂)နဲ့ အမှုဖွင့်ထားပြီးတရားခံ ဖမ်း ဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau က သီဟစိုးလွင်ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb


မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကဏ္ဍအသီးသီးမှာ အသုံးပြုနိုင်ဖို့ ဗြိတိန်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၁၃၀) ကို ကူညီသွားဖို့ရှိတယ်လို့ ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ မစ္စတာ ဂျွန်ဘားဂိုးကပြောပါတယ်။

အာက်တိုဘာလ(၇)ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ နိုင်ငံရေး သိပ္ပံ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာပြောသွားခဲ့တာပါ။

လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူ့အနေနဲ့ထောက်ခံအားပေး သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကိုလည်း ယုံကြည်တယ်လို့ဆိုပါတယ်။

 နှစ်ပေါင်းများစွာခံစားနေရတဲ့ ရခိုင်ပြည်နယ်ရဲ့ ဒုက္ခကို ဖြေရှင်းနိုင်ဖို့အဓိကကျတဲ့အတွက် ခွဲခြားဆက်ဆံမှုတွေကို မေ့ထားကြဖို့လိုတယ်လို့လည်း သူကပြောပါတယ် ။

ဒါ့အပြင် ရခိုင်ပြည်နယ်အပါအ၀င် အခြားသောပဋိပက္ခဒေသတွေမှာ နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုအရ ပေးအပ်တဲ့ အကူအညီတွေကိုလည်း ကန့်သတ်တာမျိုးတွေ ရှိနေခဲ့ မယ်ဆိုရင် ဒါကို ဖယ်ရှားပေးဖို့လည်း သူကပြောဆိုခဲ့ပါတယ်။

 ဗြိတိန်အောက်လွှတ်တော်အမတ် မစ္စတာဂျွန်ဘားဂိုးဟာ မြန်မာနိုင်ငံရဲ့လွှတ်တော်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရ၊ လွှတ်တော်အပါအ၀င် တပ်မတော်ဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - CNN
5 Plus News
https://www.facebook.com/5plusnews


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အော်ရီရန်တယ်တိုးဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် မူဆယ်-လားရှိုးကားလမ်းအတိုင်း မောင်းနှင်လာသော ယာဉ်အမှတ်၊ 3G/----၊ အမျိုးအစား တိုယိုတာခရောင်း(အဖြူရောင်) ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်ပါသုံးဦးအနက် တစ်ဦး၏ခါးတွင် ပစ္စတိုသေနတ်တစ်လက် ပါရှိသည်ကိုတွေ့ရှိရသဖြင့် မူဆယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ နှစ်ဦးမှာ UWSA “ဝ” အဖွဲ့မှ တပ်သားအဆင့်ရှိသူ ကျန်းရင်ဖုန်းနှင့်အားချန့်တို့ဖြစ်ပြီး မူဆယ်မြို့ရှိ UWSA “ဝ” အဖွဲ့ပိုင် ပန့်ခန့်စိန်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှဖြစ်ကြောင်းနှင့် ကျန်တစ်ဦးမှာ မုံးကိုး မြို့နယ်ခွဲ၊ ရပ်ကွက်(၅)နေ အရပ်သား ရန်ရိဆိုသူဖြစ်ပြီး ၄င်းတို့၏သူငယ်ချင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့အနက် အားချန့်၏ခါးကြားတွင် ထိုးထားသည့် ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ၄င်းကျည် ၁၄ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ယာဉ်အားဆက်လက် စစ်ဆေးခဲ့ရာ UWSA အမှတ်အသားများ ပါရှိသည့် ပြောက်ကျားယူနီဖောင်းနှစ်စုံ၊ အင်္ကျီအစိမ်းနှစ်ထည်၊ ဘောင်းဘီအစိမ်းတစ်ထည်၊ လက်မောင်းတံဆိပ် ၁၀ စုံ၊ ရင်ဘတ်တံဆိပ် ၁၀ ခု၊ ဦးထုပ်တံဆိပ် ရှစ်ခု၊ ဦးထုပ်အစိမ်း နှစ်လုံးနှင့် ပြောက်ကျားဦးထုပ် တစ်လုံး၊ UWSA Army တံဆိပ်ပါ ကျန်းရင်ဖုန်းနှင့် အားချန့်တို့၏ စိစစ်ရေးကတ်နှစ်ခုနှင့်အရိုး အသွား ၈ လက်မခန့်ရှိ ဓားမြှောင်တစ်လက် တို့အား စစ်ဆေးတွေ့ရှိခဲ့ပြီး အသေးစိတ် စစ်ဆေးမေးမြန်းခြင်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲသီဟ
Lashio Media


အိန္ဒိယ ဆယ်ကျော်သက်တစ်ဦးရဲ့ ကျောရိုးအောက်ခြေက(၂၀)စင်တီမီတာရှည်တဲ့ အမြီးကို ခွဲစိတ်ဖယ်ရှားပေးခဲ့တယ်လို့ ဘီဘီစီရဲ့ အောက်တိုဘာလ(၇) ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။


အသက်(၁၈)နှစ်အရွယ်ကောင်လေးဟာ သူ့အသက်(၁၄)နှစ်ပြည့်ပြီးနောက်ပိုင်းမှာ အဲ့ဒီအမြီးစတင်ထွက်ပေါ်လာ တယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံ Nagpur (နာဂဂါ)ဒေသကဆယ်ကျော်သက်ကောင်လေးနဲ့ သူ့ရဲ့မိသားစုဟာ လှောင်ပြောင်ခံရမှာ စိုးရိမ်တဲ့အတွက်အမြီးထွက်လာတဲ့ ကိစ္စကို ဖုံးကွယ်ထားခဲ့ပါတယ်။


တဖြည်းဖြည်းနဲ့ အမြီးဟာကြီးမားလာပြီး အထဲမှာအရိုးတစ်ခု စတင်ဖွံ့ဖြိုးလာတာ ကြောင့် နောက်ဆုံးဆရာဝန်နဲ့ပြသခဲ့ရပါတယ်။ လူ့ကိုယ်မှာ အမြီးထွက်တာက ဖြစ်လေ့သိပ်မရှိပေမဲ့လည်း သူ့ရဲ့အမြီးဟာ အရှည်ဆုံးလို့ယူဆရပါတယ်။ ဆယ်ကျော်သက်ကောင်လေးရဲ့ ကျောရိုးချွတ်ယွင်းမှုကြောင့် ခန္ဓာကိုယ်တွင်းအမြီးစတင်ဖွံ့ဖြိုးခဲ့ဟန်တူပြီး၊ သူ့အသက်အရွယ်ကြီးလာချိန်မှာ အပြင်ကိုထွက်လာခဲ့တယ်လို့ ယူဆရကြောင်း
ဆရာဝန်တွေက ပြောပါတယ်။


အမြီးကိုခွဲစိတ်ဖယ်ရှားမှုကသိပ်မရှုပ်ထွေး လှပေမဲ့လည်းအမြီးရဲ့ကြီးထွားမှုမှာကျောရိုးတစ်သျှူးမျှင်တစ်စိတ်တစ်ပိုင်းပါဝင်နေတာကြောင့် အာရုံကြောခွဲစိတ်ကုတစ်ဦးကဆောင်ရွက်ခဲ့ရပါတယ်။ ကောင်လေးဟာဆေးရုံမှာရက်အနည်းငယ်နေပြီးနောက်အမြီးမပါရှိဘဲ အိမ်ပြန်ခွင့်ရတော့မယ်လို့ ဘီဘီစီသတင်းမှာဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

သရ၀ဏ်(ပြည်)

တခါတလေကျ မြန်မာနိုင်ငံသားများသည် ကိုယ့်ကိုယ်ကို နိုင်ငံခြားသားမျက်နှာဖြူလူမျိုးဘာကြောင့်မဖြစ်ခဲ့ပါလိမ့်ဟုမချင့်မရဲဖြစ်မိမည်ဖြစ်သည် ။ မျက်နှာဖြူမဖြစ်တောင် နိုင်ငံခြားသားဖြစ်တာနှင့်မြန်မာနိုင်ငံတွင် နိုင်ငံသားတို့ မရနိုင်သော ပိုပိုသာသာအခွင့်အရေးများရလေ့ရှိသည် ။ ယခင်စစ်အစိုးရလက်ထက်ကပင် ကျွန်တော်သတိထားမိသည် ။ သာမန်မြန်မာနိုင်ငံသား နိုင်ငံရေးသမားတယောက်ကိုစစ်အစိုးရကဖမ်းဆီးလိုက်သည်နှင့် သက်ဆိုင်ရာမိသားစုသည် ဒုက္ခပင်လယ်ဝေတော့သည် ။ ဘယ်ကိုခေါ်သွားသည် ၊ ဘယ်နေရာမှာထားသည် ၊ ဘယ်လိုအခြေအနေရှိသည် ဆိုတာ မိသားစုက လုံးဝသိခွင့်မရ ။သေသလားရှင်သလား ၊ နှိပ်စက်ခံနေရသလား ၊ ကောင်းမွန်စွာရှိနေသလား ၊ ဥပဒေကြောင်းအရရှေ့နေငှားခွင့်ရှိသလား ၊ မိသားစုနှင့်တွေ့ ခွင့်ရမလား စသည်များကို ကာယကံရှင်မိသားစုဘက်မှ ဘာမှသိခွင့်မရှိ ။လူ အခွင့်အရေးဆိုတာဝေလာဝေး ။ စစ်အစိုးရအာဏာပိုင်များဘက်ကတော့ ဘာဘာဘာမှမသိဘူးဆိုသည့်အချိုးများဖြင့် တာဝန်မဲ့ပြုမူခဲ့ကြသည် ။ သို့ သော်ချွင်းချက်တော့ရှိသည် ။ အမေရိကန် ၊ ဗြိတိသျှ ၊ ဥရောပ စသောနိုင်ငံများမှတက်ကြွလှုပ်ရှားသူများ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပါတ်သက်မိသဖြင့်အဖမ်းခံရသောအခါ မြန်မာများမရသောအခွင့်အရေးများကိုပေးလေ့ရှိပါ၏ ။ ထို့ ကြောင့် ဂျိမ်းမော်စလေ ၊ ဂျွန်ယက်တော စသူတို့ အဖမ်းခံရသောအခါ သက်ဆိုင်ရာသံရုံးတာဝန်ရှိသူများနှင့်တွေ့ ဆုံခွင့်ရ၏ ။ ဥပဒေကြောင်းအရ ခုခံခွင့် ရ၏ ။ အကျဉ်းသားအခွင့်အရေး ၊လူ့ အခွင့်အရေးများ အပြည့်ရသည် ။ သူတို့သည် နိုင်ငံခြားသားဖြစ်တာနှင့် အခွင့်အရေးများအပြည့်ရခြင်းဖြစ်သည် ။ မြန်မာနိုင်ငံရေးသမားများ ဘယ်မှာနေ၍ ဘယ်မှာသေမှန်း မသိရချိန်တွင် ပြည်ပအားကိုးသူများကိုဆန့် ကျင်ကြဟူသော စစ်ဗိုလ်ချုပ်များ၏ နိုင်ငံခြားသားအပေါ်ကိုင်တွယ်ဆောင်ရွက်ပုံဖြစ်သည် ။ တိုတိုပြောရလျှင် မြန်မာနိုင်ငံတွင် တရားဥပဒေအရာ၌ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံသားများထက် ဥပဒေ၏အကာအကွယ်ကိုပို၍ရကြလေ၏ ။ မြန်မာနိုင်ငံတွင်းဝယ် သစ်ခိုးခုတ်ကြသောတရုတ်နိုင်ငံမှ သစ်မှောင်ခိုသမား တရာကျော်သည် ထောင်ဒဏ် နှစ်နှစ်ဆယ်နှင့်ညီမျှသောတသက်တကျွန်းပြစ်ဒဏ်များချမှတ်ခံခဲ့ရသော်လည်း အမိန့် ချမှတ်ခံရပြီးရက်ပိုင်းအတွင်းမှာပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြပေသည် ။

ယခုအခါ ဟော်လန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တဦးသည် ဗီဇာစည်းကမ်းချိုးဖောက်မှု ၊ ဘာသာသာသနာညှိုးနွမ်းစေမှုများဖြင့် ဖမ်းဆီးခံထားရကာ အမှုရင်ဆိုင်နေရ၏ ။မန္တလေးမြို့  မဟာအောင်မြေမြို့နယ် ၈၂ လမ်းနှင့် ၈၃ လမ်း ၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား တမာကုန်းရပ်ကွက်ဓမ္မာရုံတွင် ညဆယ်နာရီခွဲခန့် ကအသံချဲ့စက်ဖွင့်၍ စမ္မစကြာရွတ်ဖတ်နေသောအဖွဲ့ အား အသံချဲ့စက်ကြိုးများဆွဲဖြုတ်ကာနှောက်ယှက်ခဲ့သည့် နယ်သာလန်နိုင်ငံသားကို ပြစ်မှုပုဒ်မ ၂၉၅(က) ၊ လ၀က ဥပဒေပုဒ်မ ၄(၂) ၊ ၁၃(၁) တို့ဖြင့် အမှတ်(၉)ရဲစခန်းတွင် အမှုဖွင့်ထားသည့် ကိစ္စဖြစ်သည် ။ စာရေးသူသည် ဟော်လန်နိုင်ငံသားကိုလည်းအပြစ်မပြောလို ၊ ဓမ္မစကြာဝတ်ရွတ်သည့်အဖွဲ့ ကိုလည်း အပြစ်မပြောလို ။အားလုံးသည် သူ့ ရှုထောင့်နှင့်သူမှန်သည်ချည်းသာဖြစ်သည် ။ ပြောလိုသည်မှာ တရားစီရင်ရေးစနစ်ကိုဖြစ်သည် ။ တရားခံကိုရောတရားလိုကိုရော အပြစ်မပြောလိုဆိုခြင်းကိုအနည်းငယ်ရှင်းပြလိုပါ၏ ။စာရေးသူလည်းဗုဒ္စဘာသာဝင်ဖြစ်ရာ ဓမ္မစကြာတရားတော်များ ၊ ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ကြသည်ကို ကြည်ညိုပါ၏လေးစားပါ၏ ။နှစ်သက်ပါ၏ ။ ဘာသာခြားဖြစ်စေ ဘာသာတူဖြစ်စေ လူတယောက်က မိမိဘာသာ သာသနာ ယုံကြည်မှုကို စော်ကားလျှင်၊စော်ကားရန်အားထုတ်လျှင် စိတ်ဆိုးကြမည်ဖြစ်သည် ။ ထို့ အပြင် ၀တ်ရွတ်နေစဉ် ဓမ္မာ၇ုံထဲသို့ ဖိနပ်စီးဝင်ခြင်း ၊ အသံချဲ့စက်ကြိုးများကိုဆွဲဖြုတ်ခြင်း ဖြင့် ဘာသာရေးလုပ်ငန်းဆောင်၇ွက်နေမှုတခုကို အနှောက်အယှက်ပေးခြင်းတို့ ပြုမူလျှင် သည်းခံနိုင်ကြမည်မဟုတ်ပါ ။စိတ်လိုက်မာန်ပါမတုန့်ပြန်ပဲ ဥပဒေကြောင်းအရတရားစွဲတာသည်ပင် အလွန်လျှော်ကန်သင့်မြတ်သော အပြုအမူဖြစ်သည် ။ ဤနေရာ၌ ဟော်လန်နိုင်ငံသားမဟုတ်ပဲ မူဆလင်ကုလားတယောက်ကလုပ်ခဲ့လျှင် အလွန်ကြီးမားသော ဘာသာရေးပဋိပက္ခပင်ဖြစ်ပေါ်သွားနိုင်ပေသည် ။ ထို့ ကြောင့်တရားစွဲသူတို့သည် မှန်ကြပေ၏ ။

တရားစွဲခံရသူဘက်မှအမှန်တရားလည်းရှိပေ၏ ။ထိုအမှန်တရားမှာ လူအများအိပ်စက်အနားယူရမည့် ညဆယ်နာရီခွဲ ဆိုသောအချိန်တွင် လူတစုသည် အသံချဲ့စက်များ ၊ဆောင်းဘောက်စ်များဖြင့် ဆူညံစွာ ပြုမူနေကြခြင်းဖြစ်သည် ။ ကျွန်ုပ်ကိုယ်၌လည်း ဆူညံသံများကိုမနှစ်သက်ချေ ။အထူးသဖြင့် ဘာသာရေးကိုအကြောင်းပြု၍ အသံချက်စက်များဖြင့် အော်ဟစ်ဆူညံနေကြခြင်းကို မည်သည့်ယဉ်ကျေးသောလူ့ဘုံအသိုင်းအ၀ိုင်းကမျှ လက်ခံနိုင်မည်မဟုတ်ချေ ။ ထိုအကြောင်းကို မဆူညံလျှင်မြန်မာမဟုတ်ဟူသောအမည်ဖြင့်ဆောင်းပါးတပုဒ်ရေးဖူးပါ၏ ။ မြို့ကြီးပြကြီးများတွင် ဆူညံသံများ ( Noise Pollution ) ဟူ၍ရှိရာ အသံချဲ့စက်ဥပဒေဖြင့် ထိုအရာများကိုထိမ်းချုပ်ထားပြီးဖြစ်သည် ။ ပြသနာကထိုအသံချဲ့စက်ဥပဒေကိုမည်သူကမျှတိတိကျကျမလိုက်နာကြခြင်းဖြစ်သည် ။ဓမ္မစကြာသည်ကောင်း၏ ၊ အသံချဲ့စက်ကားမကောင်းပေ ။ ပရိတ်ကြီး ၁၁ သုတ်သည်ကောင်း၏ ၊ ဆောင်းဘောက်များကားမကောင်းချေ ။ နံနက်စောစောဆွမ်းချက်ကြခြင်းသည်ကောင်း၏ ၊ လောက်စပီကာဖြင့်အများသူငါအိပ်စက်အနားယူသော နံနက်လေးနာရီ တွင်အိပ်ရာမှထကြဖို့ နှိုးဆော်သည်ကားမကောင်းပေ ။ ကျွန်တော်တို့ နိုင်ငံတွင် နိဗ္ဖာန်ဆော်အချို့မှာ မျောက်လက် အုန်းသီးရသည့်သဖွယ် မိုက်ကရိုဖုန်းနှင့်အသံချဲ့စက်များကို ပါတ်ဝန်းကျင်အားလုံးဝထည့်မတွက်ပဲထင်တိုင်းကြဲကြခြင်းမှာကား ဥပဒေကို ဂရုမစိုက်သောသဘောဖြစ်နေပါသည် ။ ကျွန်တော်တို့ ရပ်ကွက်တွင်ဆွမ်းလောင်းအောင်ပွဲဟူ၍ နှစ်စဉ် ပျော်ပွဲရွှင်ပွဲပြုလုပ်ရာ ထိုအချိန် သုံးရက်လောက်မှာ လမ်းတိုင်းတိုင်းသည် အသံချဲ့စက်ငှားသူများကို ဆောင်းဘောက်များ များနိုင်သမျှသယ်လာစေကာ သီချင်းများအသံကုန်ဖွင့်ကြသောကြောင့် မည်သို့မျှ အေးဆေးစွာနေထိုင်၍မရတော့ပါ ။ ပို၍ဆိုးသည်မှာ မျက်နှာချင်းဆိုင်လမ်းနှစ်လမ်း သည် ပေ ၂၀ လောက်သာခြားလျက် တဖက်နှင့်တဖက် စက်အဖွဲ့ နှစ်ဖွဲ့ ငှားကာအပြိုင်အဆိုင် အသံအကျယ်ဆုံးတင်ကာဖွင့်ကြခြင်းဖြစ်သဖြင့် ဂီတသံလည်းမကြားရ ၊ဂီတရသလည်းမရှိတော့ပဲ အသံနှစ်ခုသည် ဆူညံစွာထွက်ပေါ်နေကြခြင်းဖြစ်သည် ။ ထိုအချိန်တွင်ကျွန်တော်သည် ဆောင်းဘောက်ကြိုးများကိုသွား၍ ဆွဲဖြုတ်ပစ်ချင်စိတ်အကြိမ်ကြိမ်ပေါက်မိပါသည်။သို့ သော် အများနှင့်တယောက်ဖြစ်နေသဖြင့် ကိုယ့်စိတ်ကိုယ်ဖြေကာ အိမ်မှအဝေးတနေရာသို့  နှစ်ရက်ခန့်သွားရောက်တိမ်းရှောင်နေရပါသည် ။ အသံဘေးရှောင်ဒုက္ခသည်ဖြစ်ရခြင်းဖြစ်သည် ။ ထို့ ကြောင့် ဟော်လန်နိုင်ငံသားသည် ညအချိန်အိပ်စက်မရလောက်အောင်ဆူညံနေသောအသံကို ဘာသာရေးရယ်ဘာရယ်မသိတော့ပဲ ကြိုးများဆွဲဖြုတ်လိုက်ခြင်းဖြစ်ဟန်ရှိသည် ။ ထို့ ကြောင့်ဟော်လန်နိုင်ငံသားလည်း မမှားပေ ။ သူမှားသည်မှာ ထိုသို့ ဆူညံမှုကို ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားရမည့်အစား ကိုယ်တိုင်ဝင်၍ဟန့်တားခဲ့ခြင်းဖြစ်သည် (သို့ သော်တိုင်ပြန်သော်လည်း မြန်မာရဲများသည် အသံချဲ့စက်ဆူညံမှုကို ဥပဒေချိုးဖောက်မှုဟု ယူဆချင်မှယူဆကြပေမည်။ အရေးမပါဟုထင်ချင်ထင်ပေလိမ့်မည် ။ ) ။ ဥပဒေလမ်းကြောင်းအမှန်မှာ တိုးရစ်သည် ဟိုတယ်ကို ကွန်ပလိန်း(စောဒက)တက်ရမည် ။ ဟိုတယ်မန်နေဂျာမှ တရားလိုလုပ်၍ ရဲစခန်းသို့ ဖုန်းဆက်ကာ လူအများအနားယူအိပ်စက်ချိန်တွင် အသံချဲ့စက်နှင့်ဆောင်းဘောက်စ်များကိုစည်းကမ်းနှင့်မညီပဲသုံးစွဲနေသူတစုကိုတားမြစ်ပေးပါရန် အကြောင်းကြားရမည် ။ ရဲများသည် ဥပဒေကိုလေးစားခဲ့ပါက တိုင်ကြားချက်ကို အရေယူဆောင်ရွက်ရမည်ဖြစ်သည် ။ ဓမ္မစကြာရွတ်သည်ဖြစ်စေ၊ ကုလားဗလီမှဝတ်ပြုသည်ဖြစ်စေ ၊တရုတ်ဘုံကျောင်းမှ ဆုတောင်းသည်ဖြစ်စေ ၊ ဟိန္ဒူဘုရားကျောင်းမှအလှူလုပ်သည်ဖြစ်စေ ၊ နတ်ပွဲမှနတ်ကနားပေးသည်ဖြစ်စေ အသံချဲ့စက်ဥပဒေအတိုင်း လူအများအိပ်စက်မည့်အချိန်တွင် တိုးတိုးသက်သာ ဆောင်ရွက်ခိုင်းရပေမည် ။ ထို့ ကြောင့်ဤဖြစ်စဉ်တွင် နှစ်ဖက်စလုံးမှန်သည် ( တနည်းဆိုရလျှင် နှစ်ဖက်စလုံးမှားသည် ) ဟုဆိုရမည်ဖြစ်သည် ။ စင်္ကာပူလိုဥပဒေစိုးမိုးသောနိုင်ငံမှာဆိုလျှင် ဖုန်းဆက်တိုင်လိုက်သည်နှင့်  ဆူညံမှုပြုလုပ်နေသူကိုအရင်ဆုံးလာရောက်ဖမ်းဆီးမည်ဖြစ်သည် ။

ထားတော့ ဤဆောင်းပါးသည် မည်သူမှန်၍မည်သူမှားသည်ကိုဝေဖန်ဆန်းစစ်လိုရင်းမဟုတ် ။ မြန်မာ့တရားစီရင်ရေး၏ အချို့ အချက်များကိုထောက်ပြလို၍ဖြစ်သည် ။ မြန်မာနိုင်ငံတွင် တရားစီရင်ရေးစနစ်ကို ပြည်သူလူထုက အားကိုးယုံကြည်မှုနည်းပါးနေသည်မှာကြာချေပြီ ။ တရားစီရင်ရေးကို စိတ်ပျက်ကြသောအဓိကအကြောင်းတချက်မှာ အမှုတခုကိုကိုင်တွယ်စစ်ဆေးချိန် အလွန်ကြာသောကြောင့်ဖြစ်သည် ။ တရားသူကြီးအင်အားနည်းပါးသောကြောင့်ပေလော ။ အမှုကများ၍ စစ်ဆေးပေးရမည့်တရားရုံးနည်းခြင်းကြောင့်ပေလော ။ စစ်ဆေးခြင်းကနည်းပြီး အလွန်ကွာခြားသောရက်ချိန်းများဖြင့် ချိန်းပြီးရင်းချိန်းနေသောကြောင့်ပေလော ။ သက်သေထွက်ဆိုမည့် ရဲတပ်ဖွဲ့ ဝင်များ ရုံးချိန်းသို့ တိကျမှန်ကန်စွာမလာရောက်သောကြောင့်ပေလော ( တရားရုံးများတွင်မစစ်ဖြစ်သောရုံးချိန်းများ၏ ၆၀ ရာနှုန်းမှာ တရားလိုရဲအရာရှိရောက်မလာသောကြောင့်ဖြစ်ကြောင်းစစ်တမ်းတခုတွင်ဖော်ပြထား၏)။ ရဲကတရားလိုပြုလုပ်၍စွဲဆိုသောအမှုများတွင် တရားလို ရဲအရာရှိမလာသဖြင့် မကြာမကြာရက်ချိန်းပေးရသောကြောင့်ပေလော ။ တရားလို တရားခံဘက်မှတင်ပြသောသက်သေများမှာလိုတာထက်ပိုများနေလို့လား ။ တရားသူကြီးများသည် အမှုတခုကိုအမြန်ဆုံးနှင့်အမှန်ဆုံး မိမိကိစ္စကဲ့သို့ သဘောထား၍ စစ်ဆေးလိုသည့်စိတ်ဓိတ်ကောင်းများ နည်းပါးနေ၍လားဆိုတာ တရားစီရင်ရေး၏အခေါင်အချုပ်ဖြစ်သော ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အဖွဲ့ ဝင်များ ဆန်းစစ်လေ့လာသင့်သည် ။ ပြုပြင်ပြောင်းလဲသင့်သည် ။ ယခုအခါ အမှုတော်တော်များများသည် မလိုအပ်ပဲနှင့် အချိန်များကြန့်ကြာနေတာ တွေ့ ရလေသည် ။

ဥပမာအားဖြင့် စစ်ကိုင်းမှနေပြည်တော်သို့ လမ်းလျှောက်ချီတက်ဆန္ဒပြမှုကြောင့်ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် အလုပ်သမားများအမှုတွင်အဖမ်းခံရချိန်မှ လေးလကြာလာသည့်ယခုအချိန်အထိ ၎င်းတို့ အမှုကို စွဲချက်တင်သင့် မတင်သင့် အဆင့်သို့ မရောက်ရှိနိုင်သေးပဲ စက်တင်ဘာ ၁၉ ရက်နေ့က (၁၁)ကြိမ်မြောက်ရုံးချိန်းအဖြစ်ချိန်းဆိုရုံးထုတ်ခဲ့ကြောင်းသိရသည် ။ အပြစ်ရှိသည်ဟု တရားရုံးကမဆုံးဖြတ်မချင်း အပြစ်ကင်းစင်သူဟုမှတ်ယူရမည်ဖြစ်သော်လည်း ဤသို့ သော အမှုများ၌ အချုပ်တွင်းမှအမှုရင်ဆိုင်ရသူများမှာ အပြစ်ရှိသည် မရှိသည်မသေချာသေးပဲ ချုပ်နှောင်ခံထားရခြင်းတွင်အလွန်နစ်နာပေသည် ။ လေးလကြာသည်အထိ စွဲချက်တင်မတင်ပင် မဆုံးဖြတ်ရသေးရာ စွဲချက်တင်ခံရပြီးပါက တရားလိုပြသက်သေ ၁၂ ဦးအားစစ်ဆေးခြင်း ၊ တရားခံပြသက်သေများအားစစ်ဆေးခြင်း ၊ ပြန်ခေါ်သက်သေများစစ်ဆေးခြင်း ၊ တရားခံများအားစစ်ဆေးခြင်း ၊ တရားလိုများအားစစ်ဆေးခြင်း ၊ အပြန်အလှန်လျှောက်ထားခြင်း စသည့်အဆင့်ဆင့်သော တရားစီရင်ရေး လမ်းကြောင်းအတိုင်းသွားမည်ဖြစ်၍ နောက်ထပ် တစ်နှစ်ကျော် တစ်နှစ်ခွဲခန့် ထောင်ထဲတွင်ဆက်လက်နေထိုင်ရမည့်သဘောဖြစ်နေပေသည် ။ အချိန်ကြာသည်နှင့်အမျှ အဖမ်းခံရသူတို့မှာနစ်နာလှပေသည် ။

အခြားအမှုတခုတွင်လည်း ဒဂုံမြို့သစ်မြောက်ပိုင်း (၄၂)ရပ်ကွက် မှ အိမ်အကူမိန်းကလေး ဆေးရုံတက်ရသည်အထိ နှိပ်စက်ခံရမှု၌ ကျူးလွန်သူအိမ်ရှင်အား တနှစ်ကျော်ကြာလာသည်အထိအမိန့် မချနိုင်သေးသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်မှ လွှတ်တော်သို့ မေးမြန်းရန်စီစဉ်နေကြောင်းသိရသည် ။ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ အိမ်တစ်အိမ်မှ အိမ်အကူမိန်းကလေး နှိပ်စက်ခံရသည့် ဖြစ်စဉ်အား အမိန့်မချနိုင်သေးသည့်အပေါ် မည်သူ့တွင် တာဝန်ရှိသနည်း၊ ဘာကြောင့် အမိန့်မချနိုင်သနည်း စသည်တို့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ မေးခွန်းအနေဖြင့် မေးမြန်းရန် စီစဉ်နေကြောင်း ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် လေးထောင့်ကန်ကျေးရွာနေ အသက် ၁၆ နှစ်အရွယ်ရှိ မသန်းသန်းအိသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၁ ရပ်ကွက်ရှိ ဒေါ်အေးအေးဝင်း၏ နေအိမ်တွင် အိမ်ဖော်လုပ်ကိုင်ရာမှ မတရားနှိပ်စက် ခံခဲ့ရသည့်ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိန်းကလေးတွင် ရရှိသောဒဏ်ရာများကြောင့် မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ တက်ရောက်ကုသခဲ့ရကြောင်း ဦးညီညီ၏ ပြောကြားချက်အရ သိရသည်။

“အဲဒီမိန်းကလေးက တံတောင်ဆစ်၊ ခြေထောက်၊ ကျောကုန်း၊ ဗိုက်၊ တစ်ကိုယ်လုံးမှာ ကြည့်လို့ အဆင်မပြေတဲ့ နေရာလေး တစ်နေရာလောက်ပဲ ဒဏ်ရာတွေက လွတ်တယ်လို့ ပြောလို့ရတယ်။ တစ်ကိုယ်လုံးနီးပါးမှာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေတာ။ ဖွင့်ထားတဲ့ ပုဒ်မတွေကတော့ ထိခိုက်နာကျင်တာနဲ့ပဲ ဖွင့်ထားခဲ့တာ။ ဒါကြောင့် ဒီကိစ္စကို သတင်းစာ ရှင်းလင်းပွဲလေးတောင်ဒဂုံလေးထောင့်ကန်မှာရှိတဲ့ ဒို့အမေဆေးခန်းမှာ လုပ်ခဲ့တယ်။ အဲဒီမှာ ကလေးမလေးရဲ့ စိတ်ခံစားမှုက ကသိကအောက်ဖြစ်ပြီးတော့ အရူးတစ်ယောက်လို ဖြစ်ခဲ့တယ်။ ဒါကြောင့် စိတ်ကျန်းမာရေးဆေးရုံမှာ သွားပြခဲ့ရတယ်။ ဓာတ်မှန်တွေ အမျိုးမျိုးရိုက်ခဲ့ရတယ်။ အဲဒီလို သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့လို့ ဌာနဆိုင်ရာတွေက သိသွားပြီးတော့ ရဲစခန်းက အဲဒီကိစ္စကို သိတယ်ဆိုတဲ့ အခါကျတော့မှ ပုဒ်မပြောင်းပြီး အဲဒီအမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းလိုက်တာပါ။ သုံးယောက်မှာ နှစ်ယောက်ကိုတော့ အာမခံပေး လိုက်တယ်ပေါ့” ဟု ဦးညီညီက ပြောကြားသည်။

“အဲဒီနောက်ပိုင်းမှာ အင်းဝကိစ္စ ဖြစ်လာတဲ့အခါမှာ ဒီကိစ္စက HighLight ပြန်ဖြစ်လာတယ်။ အကြောင်းရင်းက အဲဒီကလေးလေးနဲ့ ပတ်သက်လို့ ငွေပေး ငွေယူနဲ့ပဲ ပြီးသွားတာလား။ ဒါမှမဟုတ် ကွယ်ပျောက်သွားတဲ့ ပုံစံ ဖြစ်လာတာလားဆိုတော့ ကျွန်တော့် Facebook ကနေ ကျွန်တော်တို့ ဒီလိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလိုဖ မ်းဆီးထားပါတယ်ဆိုတာကို ပြန်ဖြေပေးခဲ့ရတယ်။ တစ်ကယ်တမ်း အမိန့်ချရတဲ့ တာဝန်ကတော့ ကျွန်တော်တို့ တာဝန် မဟုတ်တဲ့အတွက် တရားရေးရာနဲ့ပဲ ဆိုင်တာဖြစ်တဲ့အတွက် ကျွန်တော်ပြန်ရှင်းပြခဲ့တယ်။ ကျွန်တော်ပြောချင်တာက တစ်ကိုယ်လုံး ထိခိုက်ဒဏ်ရာရသွားတယ်။ အုတ်အုတ် ကျက်ကျက် ဖြစ်သွားတဲ့အမှုဟာ သိသာထင်ရှားပါလျက်နဲ့ ဘာကြောင့် အမိန့်မချနိုင်သလဲဆိုတာကို ကျွန်တော်တို့က ယခင်လိုပဲ တရားစီရင်ရေးလားဆိုတာ ပြန်လည်မေးခွန်းထုတ်ရမယ့် သဘောဖြစ်နေတယ်” ဟု ဦးညီညီက ပြောကြားသည်။

ယခုကိစ္စသည် အစိုးရသစ်ကူးပြောင်းပြီး ကာလအတန်ကြာသည်အထိ အမိန့်မချနိုင်သေးသည့်အတွက် တရားစီရင်ရေးမဏ္ဍိုင်အပေါ် ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စ ထပ်မံ၍ ကြန့်ကြာနေမည် ဆိုပါက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်းအနေဖြင့် မေးမြန်းမည် ဖြစ်ကြောင်း၊ ယင်းသို့ ကြယ်ပွင့်ပြအနေဖြင့် မေးမြန်းခွင့် မရခဲ့ပါက ရိုးရိုးမေးခွန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသို့ ခေါင်းစပ်တပ်၍ မေးမြန်းမည်ဖြစ်ကြောင်း ဦးညီညီက ပြောကြားသည်။

ထို ကိစ္စများအပြင် တရာဥပဒေစိုးမိုးရေး အတွက် ဥပဒေနှင့်အညီလုပ်ဆောင်ခြင်းမရှိသည့်တရားသူကြီးများအား ထိထိရောက်ရောက်အရေးယူပေးရန် ကိုထင်ကျော်ဦးဆောင်သည့် ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု( MDCF) အဖွဲ့ မှ စက်တင်ဘာ ၃၀ ရက်နံနက် ၁၁ နာရီ တွင် ရန်ကုန်မြို့  မဟာဗန္စုလပန်းခြံလမ်းရှိ တိုင်းတရားလွှတ်တော်ရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည် ။ ပြောရလျှင် မြန်မာနိုင်ငံ၏တရားစီရင်ရေးစနစ်သည် အလွန်နှေးကွေးလေးလံစွာလည်ပါတ်လျှက်ရှိ၏ ။ အမှုတခုဖြစ်ပြီဆိုလျှင်မှန်သည်ဖြစ်စေ မိမိဘက်ကမှားသည်ဖြစ်စေ တရားရုံးတွင် နှစ်ပေါက်အောင် (တခါတရံ နှစ်ပေါက်သည်ထက်ပိုကြာအောင်) တရားရင်ဆိုင်ရမည်ကို လူတိုင်းသိနေကြပြီဖြစ်သည် ။ တရားရုံးသို့ တခါလာ၍အမှုရင်ဆိုင်လျှင် ရှေ့နေခမပါသေး၊သက်သေလိုက်သူကိုပေးရငွေမပါသေးပဲ သွားလာစားရိတ် ၊ ထမင်းစားရိတ် စသည်ဖြင့် အနည်းဆုံးငွေတသောင်းကျပ်ခန့်ကုန်ကျသဖြင့် အမှုကြာလာလေ ဆင်းရဲသားများမှာရင်ဆိုင်နိုင်စွမ်းနည်းလေလေ ၊ငွေကြေးချမ်းသာသူများ အသာစီးရလေလေဖြစ်သည် ။ ဤအကြောင်းကို ယခုထက်တိုင် တနှစ်ကြာသည်အထိ အမှုရင်ဆိုင်နေရသော ဒဂုံမြို့ သစ်မှနှိပ်စက်ခံအိမ်ဖော်မလေးမသန်းသန်းအိက

“ သမီးအသက် ၁၀ နှစ်လောက်မှာ ဒေါ်အေးအေးဝင်းတို့ အိမ်ကိုရောက်ခဲ့ပါတယ်။ ရောက်တဲ့နေ့ကစပြီး အပြစ်ရှာ ဆူပြောရိုက်နှက်ခဲ့ပါတယ်။ သံဆူးကြိုးနဲ့ချည်နှောင်ပြီး သံယောက်မတွေနဲ့ရိုက်ပါတယ်။ဝါယာကြိုးတွေနဲ့လဲရိုက်ပါတယ်။ဓားတွေ့ရင်ဓား ၊ တုတ်တွေ့ရင်တုတ်နဲ့ရိုက်ပါတယ် “

ဟုပြောခဲ့၏။သူမအဆိုကိုထောက်ခံသည့်အနေနှင့် “အဲဒီမိန်းကလေးက တံတောင်ဆစ်၊ ခြေထောက်၊ ကျောကုန်း၊ ဗိုက်၊ တစ်ကိုယ်လုံးမှာ ကြည့်လို့ အဆင်မပြေတဲ့ နေရာလေး တစ်နေရာလောက်ပဲ ဒဏ်ရာတွေက လွတ်တယ်လို့ ပြောလို့ရတယ်။ တစ်ကိုယ်လုံးနီးပါးမှာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေတာ” ဟု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောကြားခဲ့၏။
အမှုကိုလိုက်ပါကုညီပေးသူ Myanmar NGO Network မှအမှုဆောင်ဒါရိုက်တာ ဦးအာကာစိုးနောင်က
“ မသန်းသန်းအိရဲ့အမှုဟာ ၂၀၁၄ ဇူလိုင်လကတည်းကဖြစ်ခဲ့တာအခုဆိုရင် တနှစ်ကျော်နေပါပြီ ။တရားခံတွေကိုအာမခံမပေးသင့်ပဲ ပေးခဲ့တာတွေ ၊အမှုကိုရက်ရှည် ဆွဲနေတာတွေဟာ ကာယကံရှင်တွေအတွက်ရော ၊တရားခံတွေအတွက်ပါ များစွာနစ်နာပါတယ်။ကာယကံရှင်တွေဟာ မရှိဆင်းရဲသားဖြစ်တဲ့အတွက် ရုံချိန်းတခါလာစရိတ်က ငွေတသောင်းမရှိပဲ မဖြစ်ပါဘူး။ တရားခံတွေအတွက်လည်း ပြစ်မှု ကိုစီရင်ချက်ချခဲ့ရင်ရုံးထုတ်ရက်တွေ ထုတ်နှုတ်ခံစားခွင့်ရပြီး ပေးဆပ်ရမယ့်ဟာအနည်းငယ်ပဲဖြစ်မှာမို့ နောင်ဒီလို အမှုမျိုးကို ထပ်မံကျူးလွန်နိုင်ပါတယ် “ ဟုပြောကြားခဲ့သည် ။ပြောရလျှင် မြန်မာနိုင်ငံ၌ အမှုဖြစ်လျှင်စစ်ဆေးနေသည်မှာ အနည်းဆုံးတနှစ်နှင့် တနှစ်အထက်ကြာမြင့်မည့်သဘောဖြစ်သည် ။ထို့ ကြောင့်တရားရုံးကိုလူတွေကအားမကိုးချင်ကြတော့တာဖြစ်သည် ။

သို့ သော် အမှုတိုင်းတော့ထိုသို့ မဟုတ် ။ ဆောင်းပါးအစတွင်ရေးသားခဲ့သလို နိုင်ငံခြားသားများပါဝင်ပါတ်သက်သောအမှုများတွင်တော့ “တိတိကျကျမှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်လုပ် “ ဟူသော စစ်အစိုးရဆောင်ပုဒ် ရုတ်တရက်အသက်ဝင်လာတာကိုတွေ့ ရ၏ ။ ဘာသာသာသနာညှိုးနွမ်းစေသောအမှု ၊လ.၀.က စည်းမျဉ်းချိုးဖောက်မှုတို့ဖြင့် အမှုရင်ဆိုင်နေရသော ဟော်လန်နိုင်ငံသား၏ အမှုတွင်တော့ ၂၀၁၆ စက်တင်ဘာလ ၂၃ ရက်ညသန်းခေါင်တွင်ဖမ်းဆီးခံလိုက်ရသော အမှုအတွက် (၆) ရက်အကြာ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပုဒ်မ ၂၉၅ အတွက် တရားလိုနှင့်တရားလိုပြသက်သေ သုံးဦး ကို မဟာအောင်မြေမြို့နယ်တရားရုံး၌ စစ်ဆေးခဲ့၏ ။ ထို့ နောက်ရုံးချိန်ကို စက်တင်ဘာလ (၃၀ )ရက်နေ့သို့ချိန်းဆိုလိုက်သည်တဲ့ခင်ဗျ ။ပထမရုံးချိန်နဲ့ နောက်ရုံးချိန်းက (၂၄ )နာရီပဲကွာသည့်သဘောဖြစ်ပေ၏။ အလွန်လျှင်မြန်သွက်လက်သောတရားစီရင်ရေးဖြစ်ပါပေ၏ ။ ထိုနေ့တွင်ပုဒ်မ ၂၉၅ အတွက်ကျန်ရှိနေသေးသောသက်သေ(အားလုံး )ကိုစစ်ဆေးသွားမည်ဟုလည်းသိရ၏ ။

“နိုင်ငံခြားသားဖြစ်လို့ အမှုကိုအမြန်ဆုံးပြီးပြတ်အောင် စစ်ဆေးပေးရခြင်းဖြစ်ပါတယ်။မနက်ဖြန်သက်သေတွေအားလုံးစစ်ဆေးပြီးရင် တနင်္လာနေ့ မှာ စွဲချက်တင်သင့်မတင်သင့်အမိန့်ချမှာဖြစ်ပါတယ် “ ဟု မဟာအောင်မြေမြို့နယ်တရားသူကြီးဦးဝင်းနိုင်ကပြောကြားသည် ။

ထိုအခါစဉ်းစားမိသည်မှာ ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်းမှနှိပ်စက်ခံအိမ်ဖော်မလေးမသန်းသန်းအိအမှု ၊မန္တလေးပန်ဒိုရာအဆီချလုပ်ငန်းမှ ခွေးလှောင်အိမ်ထဲထည့်၍အနှိပ်စက်ခံရသည့်မဇာလီဝင်းနှင့်အလုပ်သမားများအမှု ၊ စစ်ကိုင်းဆန္ဒပြအလုပ်သမားများအမှု နှင့်မြန်မာပြည်တ၀ှမ်းမှ အမှုပေါင်းများစွာသည် မန္တလေးမှတရားသူကြီးဦးဝင်းနိုင်ကဲ့သို့သွက်လက်ဖျတ်လတ်လှသောတရားသူကြီးမင်းတို့မစစ်ဆေးသဖြင့်ကြန့် ကြာနေခြင်းပေလော ။ သို့တည်းမဟုတ် မဇာလီဝင်း ၊အိမ်ဖော်မလေးနှင့် စစ်ကိုင်းဆန္ဒပြအလုပ်သမားများအပါအ၀င် အမှုရင်ဆိုင်နေရသော မြန်မာပြည်သူအားလုံးမှာ မျက်နှာဖြူနိုင်ငံခြားသားတိုးရစ်များမဟုတ်ကြခြင်းကြောင့်လော ဟုသာတွေးတောမိပါပေသတည်း ။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ် ၇.၁၀.၂၀၁၆


ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်။ ( စက်တင်ဘာ ၁၅၊ ၂၀၁၆)
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်။ ( စက်တင်ဘာ ၁၅၊ ၂၀၁၆)

မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်သမ္မတ အိုဘားမားက မနေ့က ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်တဲ့အပေါ်မှာ မြန်မာအစိုးရအပါအ၀င် အမေရိကန်နဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေက ကြိုဆိုလိုက်ပါတယ်။ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းခြင်းအားဖြင့် မြန်မာနိုင်ငံလက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေးဆိုင်ရာ အခက်အခဲတွေနဲ့ အကဲစမ်းမှုတွေကို NLD အစိုးရသစ် ဖြေရှင်းရာမှာ အမေရိကန်ပြည်ထောင်စုက ကူညီဆောင်ရွက်မှာဖြစ်ပြီး တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ပြင်ဆင်နေကြောင်း စက်တင်ဘာလ (၁၄)ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတအိုဘားမားက မနေ့ သောကြာနေ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စု အရေးပေါ်အက်ဥပဒေကို ရပ်ဆိုင်းတဲ့ အကြောင်း လက်မှတ်ရေးထိုးခဲ့တာပါ။

ဒီလိုရုပ်သိမ်းလိုက်တဲ့အတွက် သက်ရောက်မှုရှိမယ့် အကျိုးဆက်တွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“၁၉၉၇ခုနှစ်က စတင်ချမှတ်ခဲ့တဲ့ ဒီအရေးပေါ် အက်ဥပဒေကို ရပ်ဆိုင်းခြင်း အားဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အခုလိုဖယ်ရှားပေးရာမှာ ဘဏ္ဍာရေးဌာန လက်အောက် OFAC ခေါ် နိုင်ငံခြားငွေကြေးပိုင်ဆိုင်မှုများ ဆိုင်ရာဌာနက ထုတ်ပြန်ထားတဲ့ SDN အထူးပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားတဲ့စာရင်းမှာပါနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေလည်း အကျုံးဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါးရောင်း ၀ယ်မှု နဲ့ ပိတ်ဆို့ခံထားရသူတွေကိုတော့ ဆက်ပြီး SDN စာရင်းမှာ ထားရှိ မှာဖြစ်ပါတယ်။”

စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာဟာ မြန်မာအစိုးရသစ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းဖို့ ဖြစ်တယ်လို့လည်းသူက အခုလိုပြောပါတယ်။

"အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဆက်လက်ဖေါ်ဆောင်ဖို့ သံဓိဌာန်အခိုင်အမာချထားပြီး ကျန်ရှိနေတဲ့ လူအခွင့်အရေးဆိုင်ရာအကဲစမ်းမှုတွေကို ဖြေရှင်းရာမှာ မြန်မာအစိုးရနဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ အစိုးရထဲနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စစ်တပ်ရဲ့အခန်းကဏ္ဍပါဝင်မှု ကြီးမားနေတာ အပါအ၀င် အခြားစိန်ခေါ်မှုတွေကို အစိုးရသစ်နဲ့ နီးနီးကပ်ကပ် လက်တွဲဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါအပြင် ကျောက်စိမ်းနဲ့ ကျောက်မြတ်ရတနာ လုပ်ငန်းကဏ္ဍမှာလည်း တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပီပြင်တဲ့ စီးပွားရေး ကျင့်ဝတ်တွေကို အသုံးပြုဖို့ လိုအပ်ချက်တွေမှာလည်း အမေရိကန်က ကူညီဆောင်ရွက်မှာဖြစ်ပါတယ်။"

အမေရိကန်ဘက်က စီးပွားရေးဒဏ်ခတ်မှုအားလုံး ရုပ်သိမ်း လိုက်တာဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးအတွက် အထောက်အကူပြုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် ရလဒ် လည်းဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

" အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ပေါ့နော် ဒါက ကြိုဆိုရမယ့်ကိစ္စပါ။ ကြိုလည်း ကြိုဆိုပါတယ်။ အဓိက အားဖြင့် ကမ္ဘာ့စီးပွားရေးက နှေးကွေးပြီးတော့ ခက်ခဲနေတယ်။ နောက် ပြည်တွင်းမှာလည်း စီးပွားရေးတွေက ဒေါ်လာဈေး၊ ရွှေဈေး ကျန်တဲ့ ကုန်ဈေးနှုန်းကလည်း အစစ ခက်ခဲနေတဲ့အချိန်မှာ နောက်တချက် က မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ အထူးတလည် ဆောင်ရွက်ချက်ဖြစ်ပါတယ်။ နောက်တချက်က ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဖြူတော်ခရီးစဉ် သွားခဲ့တဲ့ သဘောတူညီချက်ရဲ့ ရလဒ်လည်းဖြစ်ပါတယ်။ "

အလားတူ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီကလည်း အမေရိကန် သမ္မတရဲ့ကြေညာချက်ကို ကြိုဆိုကြောင်း တွဲဘက်မန်နေဂျာ ကိုလှဘုန်းမြင့် က ပြောပါတယ်။

" ဒီ National Emergency အပြီးသတ် လုပ်လိုက်ခြင်းဟာ အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံတွင်းမှာ ဝင်ရောက်ပြီးတော့ လွတ်လပ်စွာ ရင်းနှီးမြုပ်နှံနိုင်ဖို့ အခွင့်အလမ်း အများကြီး ဖွင့်ပေးလိုက်တာဖြစ်တဲ့အတွက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ က ဝမ်းသာအားရကြိုဆိုပါတယ်။ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေက နေ့ချင်းညချင်း အလုံးအရင်းနဲ့ ဝင်လာဖို့ကတော့ ဒါ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဖြေးဖြေးမှန်မှန်နဲ့ အရှိန်အဟုန်ပြင်းစွာ နောက်ပိုင်းမှာ ဝင်လာဖို့ရှိပါတယ်။ ရှိတဲ့အတွက် အမေရိကန်အစိုးရရော အမေရိကန်စီးပွားရေး အသိုင်းဝိုင်းကရော မြန်မာနိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်စဉ် ပေါ်လစီတွေကို အစိုးရနဲ့တွဲပြီးတော့ ဆက်လက်ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်ခင်ဗျ။ "

အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ ဖယ်ရှားလိုက်တဲ့ ပိတ်ဆို့မှုတွေထဲမှာမြန်မာနိုင်ငံနဲ့ လုပ်ကိုင်မယ့် ဘဏ်လုပ်ငန်းအပေါ် တားဆီးထားတဲ့ ကိစ္စရပ်တွေလည်း အကျုံးဝင်မှာဖြစ်ပါတယ်။
VOA Burmese News


အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေ စုဝေးပြီး ၀ါရှင်တန်ဒီစီက မြန်မာသံရုံးရှေ့ ဆန္ဒပြ။ သတင်းဓာတ်ပုံ- Kachin Alliance
အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေ စုဝေးပြီး ၀ါရှင်တန်ဒီစီက မြန်မာသံရုံးရှေ့ ဆန္ဒပြ။ သတင်းဓာတ်ပုံ- Kachin Alliance
ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေရပ်ဖို့ အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေ စုဝေးပြီး ၀ါရှင်တန်ဒီစီ က မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ စစ်ဘေး ဒုက္ခသည်တွေ ကို ထောက်ပံ့ရေး အကူအညီတွေ မြန်မာ စစ်တပ်ဘက်က ဖြတ်တောက်မှုတွေ မလုပ်ဖို့ တောင်းဆိုကြောင်း ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်တဲ့ အမေရိကန် အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ Gum San က ဗွီအိုအေကို ပြောပါတယ်။

" ကချင်ပြည်မှာ အခုထိုးစစ်အကြီးအကျယ်ဆင်နေတဲ့ဟာကို ကျနော်တို့က ကန့်ကွက်တာပါ။ ဆန္ဒပြတာပါ။ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြနေတာပါ တစ်အချက်ကတော့ ငြိမ်းချမ်းရေးပါ။ ပြည်တွင်းငြိမ်းချမ်းရေး နောက် ဖက်ဒရယ်ပြည်ထောင်စု ကြိုးပမ်းနေတာဟာ ကိုဖော်ဆောင်ဖို့ နောက်တခုကတော့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေကို တပ်ကနေ ဖြတ်တောက်တာတွေ မလုပ်သင့်တဲ့အကြောင်း ကျနော်တို့ ဆန္ဒပြတာပါ။"

အမေရိကန် ပြည်ထောင်စု ပြည်နယ်ပေါင်းစုံမှာ နေထိုင်တဲ့ ကချင်တိုင်းရင်းသားတွေ လည်း ၀ါရှင်တန်ဒီစီကို လာရောက်ကြပြီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြတာပါ။

အခုလို မြန်မာပြည်မှာ စစ်ပွဲတွေရပ်စဲဖို့ ဆန္ဒပြပွဲကို ဒီစီ မြန်မာသံရုံးဘက်က တစုံတရာ တုန့်ပြန် အကြောင်းပြန်ခြင်းမရှိခဲ့ဘူးလို့ Gum San ကပြောပါတယ်။

ကြာသပတေးနေ့ကလည်း မြစ်ကြီးနားမှာ သောင်းနဲ့ ချီတဲ့ဒေသခံတွေက ထိုးစစ်တွေ မဆင်ဖို့ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် သောကြာနေ့မှာ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးက ရှေ့တန်း စခန်းတခုကို မြန်မာစစ်တပ်ဘက်က ဂျက်တိုက် လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေ ကလည်း ထိုးစစ်ဆင်နေ တာကြောင့် နှစ်ဘက် တိုက်ပွဲတွေ ပိုပြီးပြင်းထန် လာခဲ့တာပါ။

ကချင်ပြည်နယ်မှာတင်မကပဲ ရှမ်းပြည်နယ်မှာပါ တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်ပိုင်းမုန်းကိုးမြို့နယ် ကျေးရွာတခုမှာ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးဒဏ်ကြောင့် နှစ်နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး နောက် ကလေးငယ်နှစ်ဦးပြင်းပြင်း ထန်ထန် ဒဏ်ရာရခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေ အတွင်းမှာ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင် ထွက်ပြေးနေကြ ရတဲ့ ပြည်သူက ထောင်နဲ့ချီရှိနေပါတယ်။

VOA Burmese News

ဒီနေ့ အမေရိကန် သမ္မတ အိုဘားမား မှ သမ္မတ အမိန့် နဲ့ ဒီနေ့ပဲ မြန်မာပြည်အပေါ် ၁၉ နှစ်ကြာ စီးပွားရေး ပိတ်ဆို့ထားမှုများကို တရားဝင် ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ အစိုးရမှ မြန်မာပြည်အား ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရန် ကျားကုတ်ကျားခဲ လုံးပမ်းနေချိန်တွင် စီးပွားရေးအရ အထီးကျန် ဖြစ်မနေစေရန် ကြိုးပမ်းမှုတရပ် အဖြစ် ရှု့မြင်ခဲ့ကြပါတယ်။

"ဒီမိုကရေစီ စနစ် အမြစ်တွယ် ခိုင်မာဖို့ စိန်ခေါ်မှုများစွာ နဲ့ ရင်ဆိုင်နေရချိန်တွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် အဆိုပါ စိမ်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းအားထုတ်နေမှုများကို ထောက်ခံရန် အခြား နည်းလမ်းများကိုပါ ဆက်လက် အသုံးပြုသွားမည်" ဟု သမ္မတ မှ အထက် နှင့် အောက် လွှတ်တော် နှစ်ရပ်ပေါင်းသို့ ရေးသားပေးပို့သော စာတွင် ဖေါ်ပြထားခဲ့သည်။

သို့သော်လည်း ကျောက်စိမ်း၊ ပတ္တမြား တွင်းထွက်များ ထုတ်လုပ်ရေးတွင် ပါဝင်ပါတ်သက်နေကြဆဲ ဖြစ်သော ကုမ္ပင်္ဏီ ၁၀၀ ခန့် ကိုမူ အမည်ပျက် စာရင်းမှ ဖယ်ရှားခြင်း မရှိသေးပေ၊

ယခုကဲ့သို့ နိုင်ငံခြားတိုင်းပြည်များအပေါ် ပြဌာန်းထားသော အရေးပေါ် အခြေအနေကို ဖယ်ရှားခဲ့မှုသည် ရှားပါးသော ဖြစ်စဉ်တရပ်ဟု ဆိုရမည် ဖြစ်ပါတယ်။

လောလောဆယ်တွင် အစိုးရစစ်တပ်များက မနေ့က မနက် ၈ နာရီမှာ ၀ိုင်းမော် မြို့နယ်အတွင်းရှိ ကချင် တပ်မဟာ ၂၅၂ အခြေစိုက် ဂီဒွန် အခြေစိုက် စခန်းတည်ရှိရာ အင်ကရင် တောင်ကုန်းကို တိုက်လေယဉ် လေးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဧရာဝတီ နဲ့ RFA သတင်းများမှာ ဖေါ်ပြထားပါတယ်။

ရန်ကုန်တွင် အခြေစိုက်သော အီးယူ ကိုယ်စားလှယ် အဖွဲ့က အပြစ်အခတ်များ ချက်ခြင်းရပ်စဲရန် တောင်းဆိုလိုက်ပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိခိုက်လာနိုင်မယ့် အရေးကို စိုးရိမ်မကင်း ဖြစ်ကြောင်း ဖေါ်ပြခဲ့ပါတယ်။

အစိုးရ မှ ယခုလို ထိုးစစ်ဆင်နေခြင်းသည် ကချင် တိုင်းရင်းသား လက်နက်ကိုင်များကို အပြစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် အစိုးရမှ ဖိအားပေးနေတယ်လို့ သုံးသပ်ရပါတယ်။

ကိုလံဘီယာရှိ FARC ပျောက်ကြားသူပုန်များကို အခုလို ဒလစပ် လေကြောင်းမှ အဆက်မပြတ် ဗုံးကြုခဲ့မှုကြောင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ရောက်ရှိလာတဲ့ သာဓက ကို အတုယူနေပုံ ရပါတယ်။

HSW
BrainWave ဉာဏ်လှိုင်း



 အမေရိကန် စစ်တပ် ထိပ်တန်း အရာရှိတွေ နဲ့ မြန်မာ့ တပ်မတော်က ထိပ်တန်း ခေါင်းဆောင်တွေလည်း မကြာခဏ တွေ့ဆုံ ခဲ့ကြ
မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ မာစီရယ် ကို ဘီဘီစီ က သီးသန့် တွေ့ဆုံ ခွင့် ရခဲ့ရာမှာ နှစ်နိုင်ငံ စစ်တပ် ဆက်ဆံရေး ကို အဓိက ထား ဖြေကြား ခဲ့ပါတယ်။

မြန်မာ နဲ့ အမေရိကန် နှစ်နိုင်ငံ စစ်တပ် ဆက်ဆံရေး က ပိုပြီး နီးကပ်မှုတွေ ရှိလာ တယ်လို့ ပြောပါတယ်။

အမေရိကန် စစ်တပ် ထိပ်တန်း အရာရှိတွေ နဲ့ မြန်မာ့ တပ်မတော်က ထိပ်တန်း ခေါင်းဆောင်တွေလည်း မကြာခဏ တွေ့ဆုံ ခဲ့ကြပါတယ်။

မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စီးပွားရေး တိုးတက်မှု လုပ်ငန်းစဉ် နဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ မှုတွေကို အမေရိကန် က ကူညီ ပံ့ပိုး ပေးမှာ ဖြစ်တယ်လို့ သံ အမတ်ကြီး စကော့ မာစီရယ်က ပြောပါတယ်။

မြန်မာ့ တပ်မတော် ဟာ ငြိမ်းချမ်းရေး နဲ့ ဒီမို ကရေစီ ပြုပြင် ပြောင်းလဲမှု တွေမှာ ကဏ္ဍ တရပ် ကနေ ပါဝင် နေတယ်လို့လည်း သံအမတ်ကြီး က ဆိုပါတယ်။

ဒါပေမယ့် မြန်မာ့ တပ်မတော် နဲ့ အမေရိကန် စစ်တပ် ရဲ ထိတွေ့ ဆက်ဆံမှုဟာ အကန့်အသတ် နဲ့ပဲ ရှိနေတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောပါတယ်။

လက်ရှိ ထိတွေ့ ဆက်ဆံမှု ကို အသုံးပြုပြီး တပ်မတော် ပြုပြင်ပြောင်းလဲရေး နောက်ထပ် လုပ်ဆောင် အားပေး တဲ့ အနေနဲ့ ပစိဖိတ် စစ်ဌာနချုပ်က ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အန်တိုနီ ခရပ်ခ်ျဖီးလ် လာရောက် ခဲ့ပါတယ်။

အဲဒီ ခရီးစဉ် ကလည်း အမေရိကန် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲ့ မြန်မာ နိုင်ငံကို တတိယ အကြိမ်မြောက် လာရောက်တဲ့ ခရီးစဉ် ဖြစ်ပြီး တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း နဲ့ တွေ့ဆုံ ခဲ့ကြပါတယ်။

နှစ်နိုင်ငံ စစ်တပ် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့စဉ်မှာ တပ်မတော် ပြုပြင် ပြောင်းလဲရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောပါတယ်။

ပြီးတော့ မြန်မာ့ တပ်မတော် က အရာရှိတွေကို အမေရိကန် ပြည်ထောင်စု က West Point စစ် တက္ကသိုလ်မှာ သင်တန်းပေးတာမျိုးလည်း မရှိဘူးလို့ အမေရိကန် ဘက် က ပြောပါတယ်။

စစ်ဘက် အရပ်ဘက် ဆက်ဆံရေး၊ နိုင်ငံတကာ ဥပဒေ စတာတွေကို မြန်မာ တပ်မတော် အရာရှိတွေကို သင်တန်း ပေးနေပြီး လက်နက် ရောင်းချ တာမျိုးတွေ တော့ မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese
http://www.bbc.com/burmese



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြုတော် တွင် တွေ့ဆုံခဲ့စဉ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်နိုင်အောင် ထုတ်ပြန်ထားတဲ့ နိုင်ငံတကာ အရေးပေါ်စီးပွားရေးဆိုင်ရာ အက်ဥပဒေကို အောက်တိုဘာ ၇ ရက်နေ့စွဲနဲ့ သမ္မတ Barack Obama ကရုပ်သိမ်းလိုက်ပါတယ်။

အဲဒီအရေးပေါ်ဥပဒေကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ Freedom and Democracy Act လို့ခေါ်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအက်ဥပဒေ၊ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့တဲ့ JADE Act လို့ခေါ်တဲ့ စစ်အစိုးရရဲ့ ဒီမိုကရေစီ ဆန့်ကျင်ရေး ကြိုးပမ်းအားထုတ်မှုတွေကြောင့် ချမှတ်ထားတဲ့ အက်ဥပဒေတွေအရ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပျက်ပြားသွားမှာဖြစ်ပါတယ်။

JADE Act ထဲမှာပါဝင်တဲ့ စစ်တပ်ခေါင်းဆောင်တွေ၊ မြန်မာစစ်တပ်ကို နိုင်ငံရေး၊ စီးပွားရေးအရ သိသိသာသာ ထောက်ပံ့မှုပေးနေသူတွေအပေါ် ထားရှိတဲ့ ပြည်ဝင်ခွင့် တားမြစ်ချက်တွေကတော့ ဆက်ပြီး ရှိနေဦးမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်အပေါ် အကူအညီပေးတာ အပါအဝင် နိုင်ငံခြားထောက်ပံ့မှုတွေအပေါ် ကန့်သတ်ချက်တွေလည်း ဆက်ပြီးရှိဦးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပါတ်သက်လို့ အရေးပေါ် ဥပဒေကို အမေရိကန်က ၁၉၉၇ ခုနှစ်တုန်းက နဝတစစ်အစိုးရလက်ထက်မှာ စတင်ထုတ်ပြန်ပြီး ဒီဥပဒေအရ မြန်မာနိုင်ငံ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး နှစ်စဉ် သက်တမ်းတိုးလာခဲ့တာဖြစ်ပါတယ်။

၂၀၁၅ နိုဝင်ဘာလလရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အနိုင်ရရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ၊ အခြေခံ လူ့အခွင့်အရေးတွေကို မြင်တွေ့လာရပြီဖြစ်လို့ သမ္မတ အိုဘားမားက ခုလို အရေးပေါ် အက်ဥပဒေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုသမ္မတလက်မှတ်ထိုးပြီး ဖျက်သိမ်းခဲ့တဲ့ ဥပဒေဆုံးဖြတ်ချက် အကြောင်းကြားစာကို လွှတ်တော် ၂ ရပ်ကိုလဲ ပေးပို့ခဲ့တယ် လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးအပြီး အရေးပေါ် အက်ဥပဒေကို ရုပ်သိမ်းပေးဖို့ သမ္မတအိုဘားမားက ကြေညာခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေကို အမေရိကန်သမ္မတ အိုဘားမားက ရုပ်သိမ်းလိုက်ပါပြီ။

အမေရိကန်လွှတ်တော်ကို သောကြာနေ့- မနေ့ကပို့လိုက်တဲ့ အကြောင်းကြားစာမှာ သမ္မတအိုဘားမားက... မြန်မာပြည်မှာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှုတွေကြောင့် ပိတ်ဆို့မှုတွေကိုရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားပါတယ်။

သမ္မတအိုဘားမားရဲ့ အမိန့်အရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် နောက်ဆက်တွဲအဖြစ် အမေရိကန်ဘဏ္ဏာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပစ်မှတ်ထားပိတ်ဆို့ထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ ဦးတေဇ၊ ယုဇနဦးဌေးမြင့်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ဦးအောင်သက်မန်း၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော် အပါအဝင် ပိတ်ဆို့ခံထားရသူတွေနဲ့ သူတို့ရဲ့ကုမ္ပဏီတွေ အားလုံးကို SDN စာရင်းကနေ ပယ်ဖျက်လိုက်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

သမ္မတအိုဘားမားက အိမ်ဖြူတော်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့လ လာရောက်စဉ်က မြန်မာပြည်အပေါ်ပိတ်ဆို့မှုတွေကို အမြန်ဆုံးရုပ်သိမ်းမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အခုကြေညာချက် ထွက်လာတာဖြစ်ပါတယ်။

ပိတ်ဆို့မှုတွေကို အခုလိုရုပ်သိမ်းလိုက်ခြင်းဟာ မြန်မာပြည်သူတွေ စီးပွားရေးပိုမိုတိုးတက်အောင် ကြံဆောင်နိုင်ဖို့အတွက် မှန်ကန်တဲ့နည်းလမ်းသစ်တရပ်နဲ့ အသိအမှတ်ပြု ဆုချီးမြှင့်တာ ဖြစ်ပါတယ်လို့လည်း သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/



Russia Victory Day Parade စစ်ရေးပြ အခမ်းအနား ( မော်စကို၊ ရုရှား မေ ၉၊ ၂၀၁၆)
အမေရိကန်နဲ့ ရုရှားတို့ကြား ဆက်ဆံရေးတွေ အဆင်မပြေဖြစ်လာနေချိန်မှာပဲ ရုရှားက သူ့ရဲ့စစ်ရေးအခြေစိုက်စခန်းတွေကို ကျူးဘားနဲ့ ဗီယက်နမ် နိုင်ငံတွေ မှာ ပြန်လည်ဖွင့်လှစ်ဖို့ စဉ်းစားနေတယ်လို့ ထိပ်တန်း ကာကွယ်ရေး အရာရှိကြီးတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားသတင်းဌာနတွေ က ဖေါ်ပြနေကြပါတယ်။

ရုရှားစစ်အင်အားကို ကျူးဘားနဲ့ ဗီယက်နမ်လို နိုင်ငံတွေမှာ ပြန်လည် ချထားရေး နဲ့ ပါတ်သက်ပြီး ဖြစ်နိုင်မဖြစ်နိုင် ရုရှားအောက်လွှတ်တော်မှာ သောကြာနေ့က လွှတ်တော်အမတ်တွေရဲ့ အမေးကို ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီး Nikolai Pankov ကပြန်လည် ဖြေကြားရာမှာ ရုရှားက လုပ်ဆောင်နေတယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဆိုဗီယက်ယူနီယံက ၁၉၆၀ အစောပိုင်း နှစ်တွေမှာ ကျူးဘားက လူးဒါးဒက်စ် (Lourdes) မှာ ထောက်လှန်းရေး အခြေစိုက်စခန်းတခု ထူထောင်ခဲ့သလို ၁၉၇၀ နှောင်းပိုင်း နှစ်တွေမှာ ဗီယက်နမ်က Cam Ranh ပင်လယ်ကွေ့မှာ ရေတပ် အခြေစိုက်စခန်းတခု ထူထောင်ခဲ့တာပါ။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပေမယ့်လည်း ရုရှားက ဒီစခန်းတွေကို ဆက်လက် ဖွင့်လှစ်ထားတာ ဖြစ်ပြီး ၂၀၀၁ ခုမှ ကျူးဘူးနဲ့ ၂၀၀၂ ခုနှစ်မှာ ဗီယက်နမ်က စခန်းတွေကို ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ရုရှားက ဆီးရီးယားမှာ သူ့ရဲ့ လေတပ်နဲ့ ရေတပ် အခြေစိုက်စခန်းတွေကို ဖွင့်လှစ်ထားပါတယ်။ သောကြာနေ့မှာပဲ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ကိုမေးမြန်းရာမှာတော့ တိုက်ရိုက်ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြားမှာ ဖြစ်ကြောင်း ဖြေကြားချက်ကိုလည်း ရုရှားသတင်းတွေ မှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံတကာ အခြေနေဟာ တည်ငြိမ်မှု မရှိပဲ ဖြစ်လာတာမို့ ဒီအခြေနေနဲ့ ကိုက်ညီမယ့် ပြင်ဆင်မှုတွေ နိုင်ငံတိုင်းက လုပ်ထားဖို့ လိုအပ်မယ့် အကြောင်း ပြန်လည် ဖြေကြားခဲ့တာပါ။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မြန်မာလူငယ်များနှင့် တွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား။ နိုဝင်ဘာ ၁၄၊ ၂၀၁၄။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကနေ သောကြာနေ့က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းကြောင်း အုပ်ချုပ်ရေး အမိန့်အာဏာကို သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာပါ။

ဒီလိုရုပ်သိမ်းမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့လထဲ မြန်မာနိုင်ငံ ခေါင်းဆောင် သစ် ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်ကို လာရောက်စဉ်ကတည်းက သမ္မတ အိုဘားမား က ကြေညာခဲ့တာပါ။ အခုအမိန့် ကြေညာချက်ကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထိန်းချုပ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတွေဟာ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတွေ ကို အသိအမှတ်ပြုပြီး၊ အရပ်သားအစိုးရ နဲ့ မြန်မာပြည်သူတွေ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေကို ထောက်ခံအားပေးတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ မကြာသေးမီ နှစ်တွေအတွင်း ဒီမိုကရေစီနည်းကျကျ ရွေးကောက် တင်မြှောက်တဲ့ အရပ်သားအစိုးရတရပ် ပေါ်ထွန်းရေးအပါအ၀င် သိသာတဲ့ ကြိုးပမ်း အားထုတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ယာယီလက်ထောက်ဝန်ကြီး Adam J. Szubin က ဆိုပါတယ်။

ဒီလို စီးပွားရေးနဲ့ ဘဏ္ဍာရေးဒဏ်ခတ်မှုတွေကို ရုပ်သိမ်းလိုက်ခြင်းဟာ ကုန်သွယ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးရာရောက်ပြီး၊ မြန်မာနိုင်ငံရဲ့ ငွေကြေးခ၀ါချမှု ဆန့်ကျင်ရေး ကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်သွားမယ်။ လုံခြုံတဲ့ဘဏ္ဍာရေး စနစ်တရပ် ပေါ်ထွန်းနိုင်အောင် ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

သမ္မတထုတ်ပြန်တဲ့ ၂၀၁၆ အောက်တိုဘာ ၇ နေ့စွဲပါ အုပ်ချုပ်ရေးအမိန့် အရ - ၂၀၀၈ Tom Latos မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့မှုအက်ဥပဒေပါ ဘဏ္ဍာရေးနှင့် တားဆီး ပိတ်ပင်မှုများကို ဖယ်ရှားလိုက်တဲ့အတွက်ကြောင့် OFAC က ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ စီးပွားရေးဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။ ဒီအထဲမှာ အောက်ပါအချက်တွေ ပါဝင်ခဲ့ပါတယ်။

မြန်မာဒဏ်ခတ်မှုစည်းမျဉ်း (BSR) အရ တားမြစ်ပိတ်ပင်ခြင်းခံရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအားလုံးကို SDN ခေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ စာရင်းကနေ ပယ်ဖျက်လိုက်သည်။

ပစ္စည်းဥစ္စာအားလုံးနဲ့ ၎င်းတို့မှရရှိသော အကျိုးအမြတ်အားလုံးကို (BSR) မှ ပယ်ဖျက်လိုက်သည်။

မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသော ကျောက်စိမ်းနဲ့ ပတ္တမြား ပါဝင်သည့် လက်ဝတ်ရတနာများအပေါ် တားဆီးပိတ်ပင်မှုကို ရုပ်သိမ်းလိုက်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် - မြန်မာနိုင်ငံနဲ့ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာငွေ လွှဲပြောင်းမှုလုပ်ငန်းဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းလိုက်သည်။

(BSR) ခေါ် မြန်မာဒဏ်ခတ်မှုစည်းမျဉ်းများကို ပြည်ထောင်စုဥပဒေစာရင်းမှ ပယ်ဖျက်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းအစီရင်ခံစာ တင်သွင်းရမည့်ကိစ္စသည် မဖြစ်မနေ ကိစ္စတရပ် မဟုတ်တော့ဘဲ မိမိဆန္ဒအလျောက် ဆောင်ရွက်ရန်ဖြစ်သည်။

အခုလို မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်တာဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအရ ပိတ်ဆို့ထားမှုကဲ့သို့သော ကိစ္စများနှင့် အကျုံးဝင်သူများ ပါဝင်ခြင်းမရှိပါ။

ဤအုပ်ချုပ်ရေးအမိန့်ဖြင့် ဖယ်ရှားလိုက်သည့် ကိစ္စများတွင် မြန်မာနိုင်ငံနှင့် လုပ်ကိုင်မည့် ဘဏ်လုပ်ငန်းအပေါ် တားဆီးပိတ်ပင်ထားသည့် ကိစ္စရပ်အားလုံး ပါဝင်သည်။

 ဦးကျော်ဇံသာ  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 ၁၉၉၇ ခုနှစ်မှာ ကတည်းက မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားခဲ့တဲ့ စီးပွားရေး ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်း ပေးဖို့ အတွက် သမ္မတ အိုဘားမား က ညွှန်ကြား ချက် ထုတ်ပြန်
မြန်မာ နိုင်ငံ အပေါ်မှာ ဒဏ်ခတ် အရေးယူ ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု အားလုံး ကို ဖယ်ရှား ပေးဖို့ အမေရိကန် သမ္မတ အိုဘားမား က ညွှန်ကြားချက် ထုတ်ပြန် လိုက်ပါတယ်။

အမေရိကန် ကွန်ဂရက် ကို ရေးသား ပေးပို့ ခဲ့တဲ့ စာထဲမှာ မြန်မာ နိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ လုပ်ငန်းစဉ် တွေကို ဆက်တိုက် ဆောင်ရွက် လာတဲ့ အတွက် အမေရိကန် လုံခြုံရေး ကို မခြိမ်းခြောက်တော့ဘူးလို့လည်း သမ္မတ အိုဘားမား က ရေးသားခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ ကတည်းက မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားခဲ့တဲ့ စီးပွားရေး ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်း ပေးဖို့ အတွက် သမ္မတ အိုဘားမား က ညွှန်ကြား ချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

စက်တင်ဘာလ မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံ ကို သွားရောက် ခဲ့ပြီးနောက် အခုလို စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ အမေရိကန် ဘက်က ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

RFA Burmese
http://www.bbc.com/burmese


မော်စကို၊အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် အမေရိကန်က ဒုံးကျည်များဖြင့် ဆီးရီးယားအစိုးရတပ်ဖွဲ့ ဝင်များကို ဆန့် ကျင်တိုက်ခိုက်လာပါက ၄င်းဒုံးကျည်များအား ပစ်ချသွားနိုင်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက်တွင် သတိပေးပြောကြားလိုက်သည်။

“ ရုရှားနိုင်ငံရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ဟာ ဆီးရီးယားနိုင်ငံမှာ ဝဲပျံလာမယ့် ဒုံးကျည်တွေကို ပစ်ချဖို့ အချိန်ကျရောက်နေပြီဆိုတာကို တစ်စုံတစ်ယောက်က ကောင်းကောင်းနားလည်ထားဖို့ သတိပေးချင်ပါတယ်” ဟု ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Igor Konashenkov ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

China Xinhua News


ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲတွင် ပြည်တွင်း အဓိက ပွဲစဉ်အဖြစ် မြန်မာစပါးကြီးမြွေဟု လူသိများသည့် အောင်လအန်ဆိုင်းသည် ပြိုင်ဘက် ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက်အား ပွဲချိန်ပြည့် ၃ ကြိမ် ယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ရရှိခဲ့သည်။

အောင်လအန်ဆိုင်းနှင့် ပြိုင်ဘက် မိုက်ကယ် ပက်စတားနက်သည် နောက်ဆုံး ၃ ချီမြောက် အထိ အကြိတ်အနယ် ယှဉ်ပြိုင် ထိုးသတ်ခဲ့ရပြီး အကဲဖြတ် အမှတ်ပေးဒိုင် ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာစပါးကြီးမြွေ အောင်လအန်ဆိုင်းက ပြိုင်ပွဲတွင် အနိုင်ရရှိပြီးနောက် အားလုံးကို ကျေးဇူး တင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ မြန်မာပြည်တွင်း အငယ်တန်း ၀ိတ်တန်း ဖိုင်နယ် ပွဲစဉ် အဖြစ် ဖိုးသော် နှင့် စောရန်ပိုင် တို့ ယှဉ်ပြိုင် ထိုးသတ်ရာတွင် ပထမ အချီ ၃ မိနစ်ကျော်အတွင်း ဖိုးသော်၏ တံတောင် ကြောင့် ပြိုင်ဘက် စောရန်ပိုင်မှာ အရေးနိမ့်ခဲ့သည်။


အငယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံ ပွဲစဉ်တွင် ဂျပန်နိုင်ငံမှ ယိုရှီတာကာ နာအီတို နှင့် ဖိလစ်ပိုင် နိုင်ငံမှ ဂျိုရူးဝါးပတ်ကီအို တို့ ယှဉ်ပြိုင်ရာတွင် ပွဲချီ ၅ ကြိမ် ယှဉ်ပြိုင်ရာတွင် ၃ ချီတွင် ဂျိုရူးဝါးပတ်ကီအိုသည် အရေးနိမ့်ခဲ့ပြီး အငယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အဖြစ် ယိုရှီတာကာ နာအီတို အနိုင် ရရှိခဲ့သည်။


ONE Championship အဖွဲ့ကဦးစီး၍ ရန်ကုန်မြို့၌ ကျင်းပသည့် ONE:STATE OF WARRIORS ပြိုင်ပွဲအား ယနေ့ အောက်တိုဘာ ၇ ရက်တွင် သုဝဏ္ဏ အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အလယ်တန်း ၀ိတ်တန်းတွင် အောင်လ အန်ဆိုင်း နှင့် မိုက်ကယ် ပက်စတားနက်တို့ ၏ တွဲဆိုင်း ၊ ကမ္ဘာ့ အငယ် ၀ိတ်တန်း ချန်ပီယံ ပွဲစဉ် အဖြစ် ဂျပန်နိုင်ငံမှ လက်ရှိ ချန်ပီယံ ချီဘာမြို့ သား ယိုရှီတာကာ နာအီတို နှင့် ဖိလစ်ပိုင် နိုင်ငံ ဘာဂီယိုမြို့ သား ဂျိုရူးဝါးပတ်ကီအိုတို့၏ တွဲဆိုင်း အပါအ၀င် ပြည်တွင်း ၊ ပြည်ပ တွဲဆိုင်း ၈ ဆိုင်း ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသည်။

ယခု ကျင်းပပြုလုပ်သည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ သည် မြန်မာနိုင်ငံ၌ တတိယ အကြိမ်မြောက် ပြုလုပ်သော ပွဲစဉ် တစ်ခု ဖြစ်ပြီး ပထမအကြိမ် MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲအား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ် ပွဲစဉ်အား ယခု ၂၀၁၆ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

(Xinhua)
https://www.facebook.com/XinhuaMyanmar/posts/679058698929780



မက်သယူးမုန်တိုင်း အမေရိကန် ဖလော်ရီဒါကို ဝင်ပြီ။ (အောက်တိုဘာ ၇၊ ၂၀၁၆)
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၊ ဂျော်ဂျီယာပြည်နယ်၊ တောင် နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွေက ကမ်းရိုးတန်း ဒေသတွေမှာ နေုထိုင်ကြတဲ့ လူ ၂ သန်းလောက်ကို မက်သယူးဟာရီကိန်းမုန်တိုင်း မတိုင်ခင်မှာ ဘေးလွတ်ရာ ကို ရွှေ့ကြဖို့ အမိန့် ထုတ်လိုက် တဲ့အတွက် အမေရိကန်အရှေ့တောင်ဘက် အခြမ်းက အဝေးပြေးလမ်းတွေပေါ်မှာ ကြာသာပတေးနေ့က လမ်းတွေ ပိတ်ဆို့ကုန်ကြပါတယ်။ ဟေတီ၊ ကျူးဘား နဲ့ ဘဟားမားစ်ကျွန်းတွေကို အခုတပတ် အတွင်း ၀င်ရောက်တိုက်ခတ်ပြီးတဲ့နောက် မုန်တိုင်းက အားကောင်းလာနေပြီး၊ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုတန်းကို ဦးတည်လာနေပါတယ်။ ပြင်းအား အဆင့် ၄ သတ်မှတ်ထားတဲ့ မုန်တိုင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမေရိကန် ကမ်းရိုတန်းကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အဆိုးဆုံး မုန်တိုင်းဖြစ်ပြီး၊ မုန်တိုင်းနဲ့အတူ မိုးအသည်းအသန်ရွာတဲ့အတွက် တချို့နေရာတွေမှာ အပျက်အစီးတွေဆက်ဖြစ်နေမှာဖြစ်တယ်လို့ မိုးလေ၀သ နဲ့ ဇလဗေဒ ပညာရှင်တွေက ပြောပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

Matthew ဟာရီကိန်းမုန်တိုင်းရဲ့ အလယ်ဗဟိုချက်ဟာ အမေရိကန်အရှေ့ဘက် ကမ်းရိုးတန်းတလျှောက် မြောက်ဘက်ကိုဦးတည်ရွေ့လျား လာတာနဲ့အမျှ၊ မိုးသက်လေပြင်းနဲ့ အတူ လှိုင်းလုံးကြီးတွေဖြစ်လာမယ်လို့ မိုးလေ၀သ တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ခန့်မှန်းလိုက်ပါတယ်။ မုန်တိုင်းက ဖလော်ရီဒါပြည်နယ်ကို ၀င်ရောက်တာနဲ့ မုန်တိုင်းလမ်းကြောင်းတလျှောက်မှာ အပျက်အစီးတွေ ပိုဖြစ်မယ်လို့ ပြောလိုက်ပါတယ်။ မုန်တိုင်းက ဘယ်လမ်းကြောင်းကိုပဲ ဦးတည်ဦးတည် ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမားရှိမယ်လို့ အမေရိကန်အစိုးရရဲ့ ပြည်ထောင်စုအရေးပေါ် စီမံခန့်ခွဲရေးဌာနက Raphael Lemaitre က ပြောပါတယ်။

"ပျက်စီးဆုံးရှုံးမှုတွေ သိပ်မကြီးမားဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေမှာတော့ ကျနော်တို့အနေနဲ့ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားဖို့လိုပြီး၊ ဒီအတွက်လည်း ကျနော်တို့ အခုလုပ်နေပါတယ်။"

ပြည်ထောင်စုအရေးပေါ်စီမံခန့်ခွဲမှုဌာနက မုန်တိုင်းနဲ့ နီးတဲ့ ဒေသတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ နဲ့ ပစ္စည်းတွေကို ပို့ဆောင်လိုက်ပြီး၊ ဒေသခံ တာဝန်ရှိသူတွေက အကူအညီတွေတောင်းတဲ့အခါမှာ အကူအညီတွေ ချက်ချင်း ပေးနိုင်ဖို့အတွက် အသင့်ပြင်ထားပြီဖြစ်ပါတယ်။ ကမ်းရိုးတန်းဒေသက မြို့နယ်တွေကိုတော့ ဘေးလွတ်ရာကို မဖြစ်မနေရွှေ့ဖို့ အမိန့်ထုတ်ပြန်ထားပြီး၊ အချိန်မီ မထွက်ခွာတဲ့သူတွေအနေနဲ့ အသက်အန္တရာယ်ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။

"ဒီကိစ္စကို အလေးအနက်ထားဖို့လိုပါတယ်။ ခင်ဗျားတို့ကို ဘေးလွတ်ရာ ကို ရွှေ့ဖို့ပြော တယ်ဆိုရင်၊ ရွှေ့ကြပါ။ မုန်တိုင်းအတွက် ပြင်ဆင်ထားဆိုရင် ၊ ပြင်ဆင်မှုတွေလုပ်ကြပါ။ သိပ်ပြီးတော့ နောက်မကျခင် အခုလုပ်ကြပါ။"

ဖလော်ရီဒါပြည်နယ်တောင်ပိုင်းက လေဆိပ်တွေကို ကြာသပတေးနေ့ နေ့လည်ပိုင်း က ပိတ် လိုက် တာကြောင့် လေကြောင်းခရီးစဉ်တွေကို စတင်ဖျက်သိမ်းနေပြီး၊ တခြားပြည်နယ်တွေမှာလည်း ခရီးစဉ်တွေဖျက်တာတွေဖြစ်လာနေပါပြီ။

"ကျမတို့ အိမ်ကိုပြန်တော့မယ်။"

"အစောကြီးကတည်းက လေယာဉ်လက်မှတ်ကိုမှာထားပေမယ့် ကျမတို့လေယာဉ်က ခရီးစဉ်ဖျက်လိုက်ပါပြီ။"

"ကျနော်တို့ ဖီလာဒဲလ်ဖီးယားကနေ ဆန်ဟွမ်းကို တိုက်ရိုက်သွားတဲ့ လေယာဉ်ရလို့ ကံကောင်းတယ်။ Miami ကို သွားစရာမလိုတော့ပါဘူး။"

မုန်တိုင်းရဲ့ အခြေအနေကိုစောင့်ကြည်နေပြီး၊ တကယ်လို့ အကူအညီတောင်းလာရင်၊ တပ်ဖွဲ့တွေ စေလွှတ်ဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ တခြားနိုင်ငံတွေကိုလည်း အကူအညီပေးနေတယ်လို့ Pentagon စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် Peter Cook က ပြောပါတယ်။

"ကာရစ်ဘီယံဒေသထဲမှာ မုန်တိုင်းဒဏ်ခံရတာတွေ နဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ ပန်ကြားချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ၊ ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက အမေရိကန်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဘေးဒုက္ခကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်ဖို့ ပင်လယ်ရပ်ခြား လူမှုဘေးဒုက္ခ နဲ့ စာနာမှု အထောက်အပံ့ရံပုံငွေ ဒေါ်လာ ၁၁ သန်းကို သုံးစွဲဖို့ ခွင့်ပြုလိုက်ပါတယ်။ အဲဒီထဲမှာ ကာရစ်ဘီယန်ဒေသမှာ ပို့ဆောင်ဆက်သွယ်ရေး အထောက်အပံ့တွေ နဲ့ လေယာဉ်ကွင်း နဲ့ ဆိပ်ကမ်းတွေရဲ့ အခြေအနေတွေ သုံးသပ်ဖို့ နဲ့ လေယာဉ်ကွင်းတွေလည်ပတ်နိုင်ဖို့ အထောက်အပံ့တွေ ပါဝင်ပါတယ်။"

မုန်တိုင်းကြောင့်ဖြစ်လာမယ့် အပျက်အစီးတွေ ကြီးကြီးမားမားဖြစ်လာမယ်လို့ ဖလောရီဒါပြည်နယ်တာဝန်ရှိသူတွေကတော့ ခန့်မှန်းနေကြပါတယ်။

 ကိုရန်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 ဟေတီက ဟာရီကိန်း မုန်တိုင်း အမေရိကန် အရှေ့တောင်ပိုင်းကို ဝင်
ဟေတီနိုင်ငံမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှု ဖြစ်စေခဲ့တဲ့ ဟာရီကိန်း မုန်တိုင်း ဟာ အမေရိကန် ပြည်ထောင်စု အရှေ့တောင်ပိုင်းကို ဝင်လာနေပြီ ဖြစ်ပါတယ်။

Matthew ဟာရီကိန်း မုန်တိုင်းက အမေရိကန် ပြည်ထောင်စုကို ဦးတည် တိုက်ခတ် နေပြီဖြစ်ပါတယ်။

ဖလော်ရီဒါ ကမ်းခြေနဲ့ ကီလိုမီတာ အနည်းငယ် အကွာမှာ တော့ လေပြင်းမုန်တိုင်းတွေသက်ရောက်ပြီး မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်နေပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ဒီလှိုင်းကြီးတွေ အရှိန်နဲ့ တက်လာပြီး ရေလွှမ်းမိုးခံရနိုင်တဲ့ အန္တရာယ် ရှိတဲ့ Florida၊ Georgia နဲ့ South Carolina ပြည်နယ်တို့မှာ အရေးပေါ် အခြေအနေ ကြေညာထား ပါတယ်။

သန်းနဲ့ ချီတဲ့ လူတွေကို နေအိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ပြောထားပါတယ်။

အခု သီတင်းပတ် စောစောပိုင်းက ဟေတီနိုင်ငံမှာ Matthew ဟာရီကိန်း မုန်တိုင်းတိုက်ခဲ့တဲ့ အတွက် လူ ၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်သားများ။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်သားများ။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးက ရှေ့တန်းစခန်းတခုက ဒီကနေ့မနက်က တပ်မတော်ဘက်က Jet တိုက်လေယာဉ်နဲ့ တိုက်ခိုက် ခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေ ကလည်း ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ထပ်မံပြင်းထန် လာနေပါတယ်။ နိုင်ငံရေးလေ့လာသူတွေ ကတော့ ၂၁ရာစုပင်လုံ ကျင်းပပြီး ငြိမ်းချမ်းရေးအတွက်ပြင်ဆင်နေချိန်မှာ အခုလိုတိုက်ပွဲတွေ ပြင်းထန်လာတဲ့ အပေါ် အစိုးရနဲ့ တပ်မတော်အကြားညှိနှိုင်းဖို့ လိုအပ်နေပြီလို့ သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ခိုက်မှုဟာ မြစ်ကြီးနားမြို့မှာ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ သောင်းနဲ့ချီတဲ့ လူထုက တပ်မတော်ရဲ့ထိုးစစ်တွေကို ရပ်ဆိုင်းဖို့အတွက် ဆန္ဒပြတောင်းဆိုပြီး နောက်တရက်မှာ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူး ကြီးနော်ဘူက အခုလို ပြောပါတယ်။

" ဒီမနက် ၈နာရီကျော်ကတည်းက လေယာဉ်နဲ့ လာပစ်တယ်ဆိုတဲ့သတင်းရတယ်။ ဂျက်ဖိုက်တာ လေးစင်းနဲ့ လာပစ်တယ်။ လေယာဉ်ပျံကတော့ ခဏ ပြန်နားတယ်လို့ ကြားပါတယ်။ ဒါပေမဲ့ မြေပြင်ကတော့ တိုက်လိုက် နားလိုက် ပစ်နေတယ်လို့ကြားပါတယ်။"

တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ သတင်းအတိအကျ မရသေးကြောင်း လည်း ပြောပါတယ်။ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာ ကလည်း သောကြာနေ့ဖြစ်ပွားတဲ့တိုက်ပွဲဟာ အရင်ရက်တွေ ထက် ပြင်းထန်ကြောင်း ပြောပါတယ်။

"အခြေအနေက ဒီမနက် ၉နာရီ ၇မိနစ်လောက်ကတည်းကနေပြီးတော့မှ အစိုးရဘက်ကနေပြီးတော့မှ ဂျက်ဖိုက်တာတွေနဲ့ လာပစ်တယ်။ အခုအချိန်ဆို ၆ကြိမ်၊ ရှိသွားပြီလို့ သိရတယ်ခင်ဗျ။ အခုက အပေါ်ကနေပြီးတော့မှ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲပြီးမှ မြေပြင်ကနေပြီးတော့လည်း သူတို့ အင်အားတော်တော် များတယ်ပြောတယ်။ မြေပြင်ကနေပြီးတော့ ထိုးစစ်တွေ ဆင်ပြီးမှ အခုပဲ တောက်လျောက် တိုက်ပွဲက ဖြစ်နေတယ်လို့ သိရတယ်ခင်ဗျ။ တပ်မတော်ဘက်က တပ်ရင်းပေါင်း ၂၀ကျော် အင်အားက နှစ်ထောင်ကျော်၊ သုံးထောင်နီးပါးလောက်ရှိတယ်ဆိုတာလည်း သိရတယ်ခင်ဗျ။"

ကချင်ပြည်နယ် KIA ဌာနချုပ်အနီးမှာ အရင်လလယ် လောက်တည်းက စတင်ပြီး တိုက်ပွဲတွေ ရက်ခြားဆိုသလိုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ ၂၁ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်ဆက်လက်ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အပေါ် နားမလည်ကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာ က ပြောပါတယ်။ ဒီလို တိုက်ပွဲတွေဖြစ်ပွားလာတဲ့ အပေါ်မှာ ဦးလမိုင်ဂွမ်ဂျာက အခုလို သုံးသပ်ပါတယ်။

" ကျနော်တို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလည်း ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တွေကို ဒီဖြစ်စဉ်တွေကို တင်ပြထားတာရှိတယ်။ တင်ပြထားတဲ့အပေါ်မှာလည်း အခုက တိုက်ပွဲကပြန်ဖြစ်နေတယ်။ အဲ့အထဲမှာ ပြည်သူလူထုတွေကလည်းပဲ ဆန္ဒဖော်ထုတ်တာတွေ လည်း ကျနော်တို့ ကျင်းပခဲ့ပြီးပြီ။ အဲ့တာကို ဒီနေ့က ကိုးနာရီက စပြီးတော့မှ တိုက်ပွဲကကြီး သထက်ကြီးအောင် ပြန်ဖြစ်လာတယ်။ ဒါတွေကို ကျနော်တို့ ပြန်သုံးသပ်ရင် အမြန်ဆုံး တားမြစ်ပြီးတော့မှ မဟုတ်ဘူးဆိုရင်တော့ ပိုပိုပြီး ကြီးထွားလာနိုင်တယ်လို့ သုံးသပ်တယ်။ အစိုးရအပေါ်မှာ တကယ်ပဲတာဝန်ရှိတယ်လို့မြင်တယ်။ အစိုးရပိုင်းက တပ်မတော်ကို ညှိနှိုင်းပြီးတော့မှ အမြန်ဆုံး လုပ်သင့်တယ် ဆိုတာကို သုံးသပ်တယ်။"

မြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နဲ့ပတ်သက်ပြီး ပြတ်သားတဲ့ အဖြေမရှိတာ ကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြင်ကြောင်း ပြောပါတယ်။

" ပြသနာကတော့ ငြိမ်းချမ်းရေး ယူတဲ့အခါမှာ စဉ်းစားပုံ စဉ်းစားနည်းက အစိုးရနဲ့ တပ်မတော်ကြားထဲမှာ ကွဲလွဲမှုရှိနေတာက အခြေခံဖြစ်လိမ့်မယ်လို့ ထင်တယ်။ တပ်မတော်အနေနဲ့ ဆက် ရပ်ခံထားတာက NCA လက်မှတ်မထိုးရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆက်ပါဝင်ခွင့်မရှိဘူးလို့ ရပ်ခံထားတယ်။ အဲ့ကိစ္စကို ဒီနေ့အထိ မဖြေရှင်းနိုင်သေးတာကိုက ပြသနာတခုဖြစ်နေတယ်။ အဓိက ကတော့ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေကြားမှာ ပြတ်သားတဲ့အဖြေတရပ် မထွက်သေးတဲ့အချိန်မှာ ဒီလိုအခြေအနေတွေ ဆက်ပေါ်နေတာလို့ ကျနော်ယူဆတယ်။ "

စစ်ပွဲတွေ ရပ်ဆိုင်းဖို့ဆိုရင် အစိုးရနဲ့ တပ်မတော်အကြား ညှိနှိုင်းဖို့ လိုအပ်နေကြောင်းလည်း ပြောပါတယ်။

" တပ်မတော်ဘက်နေပြီးတော့ အပစ်အခတ် ရပ်စဲရေး ကြေညာပြီးတော့ ဆွေးနွေး မယ် ဆိုတဲ့ပုံစံ ဒီနေ့အထိ မတွေ့ရသေးဘူး။ အဲ့တာက ဘယ်လိုအခြေအနေ မှ ရောက်မလဲဆိုတာ လက်ရှိ အစိုးရနဲ့ တပ်မတော် နဲ့ ညှိနှိုင်းမှုအပေါ်မှာ အဓိက မူတည်တယ်လို့ ထင်တယ်။ လောလောဆယ် ကျနော်တို့ အကဲခတ်တွေရော စစ်ဆန့်ကျင်တဲ့သူတွေရော အားမလိုအားမရဖြစ်နေတာက တပ်က တိုက်နေတယ်။ အစိုးရက တခွန်းမှ မပြောဘူးဆိုတာနဲ့ပတ်သက်ပြီး ကြေလည်မှုမရှိကြဘူးပေါ့ အဲ့ဒီ့တော့ ဒီကိစ္စက အစိုးရနဲ့တပ်မတော်ကြား ကြေကြလည်လည် ညှိနှိုင်းဖို့လိုနေတဲ့ပြသနာ လို့ ကျနော်က မြင်တယ်။"

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ လွှတ်တော်အတွင်းမှာလည်း တိုက်ပွဲတွေ ရပ်ဆိုင်းရေးအတွက် လက်မှတ်ထိုးတောင်းဆိုဖို့ ပြင်ဆင်တာတွေ ရှိနေပြီး လူမှုကွန်ယက် စာမျက်နှာတွေမှာတော့ တိုက်ပွဲတွေ၊ စစ်ရှောင်ဒုကသည်အရေးနဲ့ ပတ်သက်ပြီး အစိုးရက ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် ဝေဖန်တာတွေလည်း ရှိနေပါတယ်။
VOA Burmese News


SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်စခန်း။
SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်စခန်း။

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်မှာ မြန်မာ့တပ်မတော်က (SSPP/SSA) ရှမ်းပြည် မြောက်ပိုင်းတပ်မတော် စခန်းကို ဒီကနေ့ ထိုးစစ်ဆင်ခဲ့ပြီး၊ ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းနေချိန်မှာ ယုံကြည်မှုကို ထိခိုက်စေတယ်လို့ရှမ်းပြည်မြောက်ပိုင်းတပ်က ပြောပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံအပြီး တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူး လို့လည်း စစ်ရေးနိုင်ငံရေး သုံးသပ်သူတွေက မြင်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မိုင်းရှုးမြို့နယ် လွိုင်နိုင်းတိုက်နယ်၊ လွယ်နွဲ့တောင်ခြေမှာရှိတဲ့ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်စခန်းကို မြန်မာ့တပ်မတော်က ဒီကနေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့SSA မြောက်ပိုင်းတပ် ပြောခွင့်ရ ဗိုလ်ချုပ်ခွန်ဆိုင်က ပြောပါတယ်။

“မိုင်းရှုးမြို့နယ် လွိုင်နိုင်းတိုက်နယ်၊ လွယ်နွဲ့ဆိုတဲ့ တောင်ခြေနားမှာ တပ်မတော်ကနေပြီးတော့မှ လွယ်နွဲ့တောင်ခြေမှာရှိတဲ့ (SSA) စခန်းကို ၀င်တိုက်တာ၊ သူတို့က ထိုးစစ် တိုက်ခိုက်တာပေါ့၊ လက်နက်ကြီးတွေ သုံးပြီးတော့။ တိုက်ပွဲကတော့ တနာရီနီးပါးလောက်တော့ ကြာတယ်”

တပ်မတော်ဖက်က နယ်မြေရှင်းလင်းရေးအတွက် ဖယ်ရှားခိုင်းရာက အခုလို ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လာရတာလို့ ဗိုလ်ချုပ်ခွန်ဆိုင် က ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ဗိုလ်ချုပ်ခွန်ဆိုင်က သုံးသပ်ပါတယ်။

“ အဓိကကတော့ ကျနော်တို့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ ကျနော်တို့ ယူဆတယ် .. သူတို့ လာပြီးတော့ အဲလို ထိုးစစ်ဆင်တဲ့ကိစ္စတွေ။ ဒါကြောင့်မို့ ကျနော်တို့ နှစ်ဖက်တပ်တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ။ အောက်ခြေဆိုတာ စစ်သားဆိုတာက အထက်အမိန့် မရှိရင် မတိုက်ဘူးဗျ။ ဒါ အထက်က သူ့ဆိုင်ရာ တိုင်းမှူးတွေပေါ့၊ အဲဒါတွေ ဝိုင်းထိန်းပေးဖို့ လိုတယ်။ ကျနော် တို့ကလည်း ထိန်းမယ်ကိုယ့်ဖက်ကို။ စစ်ပွဲတွေ ပျံ့မသွားအောင်ပေါ့ ”

မြန်မာ့တပ်မတော်ဖက်က မိုင်းရှုးမြို့နယ်တ၀ိုက် စစ်အင်အားတိုးချလာချိန်ကတည်းက တိုက်ပွဲတွေမဖြစ်ရအောင် ကြိုတင်ညှိနှိုင်းဖို့အတွက် ခိုလမ်မြို့ နယ်မှာရှိတဲ့ ရလခ (အရှေ့အလယ်ပိုင်းတိုင်း) တိုင်းမှူးနဲ့ ဆွေးနွေးဖို့ ကိုယ်တိုင် သွားရောက်ခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ဗိုလ်ချုပ် ခွန်ဆိုင်က ရှင်းပြပါတယ်။

“ ကျနော်ကိုယ်တိုင် သွားတွေ့တယ် သူ့တိုင်းကို၊ ရလခ (အရှေ့အလယ်ပိုင်းတိုင်း)ပေါ့ .. ခိုလမ်ကို။ သူတို့ကပဲ ဖိတ်ကြားလို့ သွားတာလေ။ သူတို့က ပြောလာတာက သူတို့က တွေ့ချင်တယ်ပေါ့။ တိုင်းကာနယ်ကြီးနဲ့ တွေ့တယ်၊ ကိစ္စတွေကို ဖြေရှင်းဖို့ ကျနော်ကိုယ်တိုင် သွားတာ .. မအားဘူး ဆိုပြီးတော့မှ ပြောတာ။ သူတို့က ချိန်းပြီးမှ အဲလိုဖြစ်လာတော့ နောက်ဆုံးတော့ အခြေနေက မကောင်းဘူးဗျ ”

သြဂုတ်လကုန်ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံအပြီး ကချင် ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တာတွေ အရင်ထက် ပိုလုပ်လာတာတွေ့ရတာကြောင့် ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူးလို့လည်း စစ်ရေးနိုင်ငံရေး သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“ ဒီ ၂၁ ရာစုပင်လုံ နောက်ပိုင်းမှာပေါ့လေ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အလားအလာက အားရစရာ မကောင်းတဲ့ဘက်ကို ဦးတည် လာတယ်လို့ ကျနော်သုံးသပ်ပါတယ်။ ၂၁ ရာစုပင်လုံ နောက် ၆လ အစည်းအဝေး မလုပ်ခင်မှာ ကြားထဲမှာ အမျိုးသားအဆင့် အစည်းအဝေးတွေ လုပ်ရမယ်၊ တပ်မတော်နဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု နားလည်မှုကို ပိုပြီးတော့ ခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ပဲနဲ့ ရှမ်းပြည်နယ်မှာရော၊ ကချင်ပြည်နယ် မှာရော ကရင်ပြည်နယ် အချို့ဒေသတွေမှာပါ ဒီတိုက်ပွဲတွေ ဖြစ်နေတာဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာ ပြန်လည်သင့်မြတ်ရေးဟာလဲ အလှမ်းဝေးသွား နိုင်တယ်လို့ ကျနော်သုံးသပ်ပါတယ် ”

SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဟာ NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဖြစ်ပါတယ်။ မိုင်းရှုးမြို့နယ်မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ကျော်ဟာ ဟိုင်းပါရေတခွန်နားက ဒေသ တ၀ိုက်မှာ စစ်ဘေးရှောင်နေရတယ်လို့ SSA မြောက်ပိုင်းတပ်က ပြောပါတယ်။

ကိုဉာဏ်ဝင်းအောင်
VOA Burmese News



လက်ရှိ ကချင်ပြည်နယ်တွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲများရပ်တန့်ရေး ဆောင်ရွက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို မေတ္တာရပ်ခံစာ ပေးပို့တောင်းဆိုလိုက်တယ်လို့ ကချင်ပြည်နယ် အမှတ်(၉) မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဒီဗွီဘီကိုပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးပို့သော မေတ္တာရပ်ခံစာမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် တနေ့ထက်တနေ့များပြားနေပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက် တသိန်းကျော်ထိရှိသွားပြီးဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ကချင်ပြည်နယ် နေရာအနှံကူးစက်သွားမှာကို ကချင်ပြည်သူတွေက စိုးရိမ်နေကြတယ်လို့ ဖော်ပြပါရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖော်ဆောင်နေတဲ့ ၂၁ရာစုပင်လုံညီလာခံကို တိုင်းရင်သားတွေက အပြည့်အဝထောက်ခံနေတာဖြစ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ တိုင်းရင်းသားတွေက အားကိုးမျှော်လင့်စောင့်စားနေကြတယ်လို့ လည်း ရေးသားပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် တပ်မတော်ဘက်ကော တိုင်ရင်းသားလက်နက်ကိုင်ဘက်ကကော အကျိုးမရှိနိုင်ပဲ ဆုတ်ယုတ်နိုင်စရာရှိပြီး ထိခိုက်နစ်နာမှုတွေရှိလာနိုင်တဲ့အတွက် အခုလို မေတ္တာရပ်ခံစာပေးပို့ရခြင်းဖြစ်တယ်လို့ ကချင်ပြည်နယ် အမှတ် (၉) မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်က ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံရာမှာပြောဆိုခဲ့ပါတယ်။

“ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားပါတယ်။ သူက Reconciliation ရင်ကြားစေ့ရေးပေါ့ဗျာ။ တယောက်နဲ့ တယောက် တတ်နိုင်သမျှ အမုန်းစကားတွေမပြောကြပဲနဲ့ ကျနော်တို့ အနီးကပ်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ကြိုစားနေကြ ပါတယ်။ ဒါပေမယ့် တပ်ကအနေနဲ့ ဘယ်လိုသူသဘောတရားရှိလို့လဲမသိဘူး။ စစ်ပွဲတွေ ထိုးစစ်တွေ ဆင်နေတယ်ဆိုတော့ ကျနော်တို့လည်း စိုးရိမ်ထိတ်လန့်လာတယ်။ နောက် ၂၁ရာစုပင်လုံညီလာခံကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ အသီးသီးတက်ရောက်ကြတာပဲ။ အဲ့ခေါင်းဆောင်တွေ အသီးသီးတက်ရောက်ကြတဲ့နေရာမှာ တက်ရောက်တဲ့ ခေါင်းဆောင်အသီးသီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တော်တော်လေးထောက်ခံကြပါတယ်။ သူဖော်ဆောင်မယ့် (၂၁) ပင်လုံညီလာခံကိုပေါ့” ဟုဦးခင်မောင်မြင့်ကပြောပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဟာ ၂၀၀၉ ခုနှစ် ဇွန်လ (၉ )ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ငါးနှစ်ကျော်နေပြီဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲရေးနဲ့ ပတ်သက်ပြီး အောက်တိုဘာလဆန်းပိုင်းမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ တနိုင်းတို့မှာ ဒေသခံပြည်သူတွေ ထောင်သောင်းချီစုပေါင်းပြီး ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေဟာ အဲ့ဒီမေတ္တာရပ်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံကိုလည်း ပေးပို့ခဲ့ကြပါတယ်။

ကျော်ဇေယျာဝင်း
DVB TV News


ရန်ကုန်မြို့တွင် တနေ့တခြားများပြားလာသော ကြိုက်တာယူ ၅၀၀၀ ကျပ် အရောင်းဆိုင်များအပါအ၀င် နိုင်ငံခြားသားများ လုပ်ကိုင်နေသည့် လုပ်ငန်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်နေ့ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယ ပုံမှန်အစည်းဝေးအပြီးတွင် ပန်းဘဲတန်းမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

ယင်းလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရန် စီစဉ်နေဆဲ၊ ဆောက် လုပ်ဆဲ၊ ဆောက်လုပ်ပြီး အဆင့်မြင့်အဆောက်အဦများ၊ ဗီယက်နမ်အဆောက်အအုံ၊ ရှောပင်းမော၊ ဆောက် လုပ်ဆဲပြည်လမ်းရှိ ဟိုတယ်များ၊ Junction City အဆောက်အဦ၊ Sule Plaza အဆောက်အဦများတွင် နိုင်ငံရပ်ခြားမှ ကျွမ်းကျင်ပညာရှင်များ၊ သာမန်အလုပ်သမားများ အများအပြားလာ ရောက်အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိ ရကြောင်း၊ ၎င်းတို့၏လစာများသည် မြန်မာ နိုင်ငံသားများ၏လစာထက် ပိုမိုရရှိနေသည်ကို တွေ့ရှိရကြောင်း၊ ယင်းနိုင်ငံခြားသားများသည် အလည် အပတ်ဗီဇာဖြင့်သာ လာရောက်လုပ်ကိုင်နေကြပြီး အရေအတွက် ထောင်ကျော်ရှိနေသည်ဟု စုံစမ်းသိရ ကြောင်း၊ ယင်းနိုင်ငံခြားသားများသည် မည်သည့်ဗီဇာနှင့်ရောက်ရှိလာပြီး တရားဝင်အလုပ်လုပ်ခွင့်ရှိမရှိ၊ အခွန်ပေးဆောင်ခြင်းရှိမရှိသိရှိလိုကြောင်း ဦးသန်းနိုင်ဦးက မေးမြန်းခဲ့သည်။ ''ဆောက်လုပ်နေဆဲ ဟိုတယ်တွေမှာ နိုင်ငံခြားသားတွေ မြောက်မြားစွာလုပ်ကိုင်နေတာ တွေ့ရပါတယ်။ ကုန်စည် ရောင်းဝယ်မှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ မှိုလိုပေါက်လာတဲ့ ကြိုက်တာယူ ငါးထောင်ဆိုတဲ့ဆိုင်တွေမှာ နိုင်ငံခြားသားတွေလာပြီး ရောင်းဝယ်ဖောက်ကားနေပါတယ်''ဟု ၎င်းက ပြောသည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများလာရောက် အလုပ်လုပ်ကိုင်ပါက လုပ်ငန်းဗီဇာ၊ အလုပ်သမားဗီဇာပါရှိရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဗီဇာနှင့် အလုပ်သမားဗီဇာဖြင့် ရက်ပေါင်း (၇၀) နေထိုင်ခွင့်ရှိပြီး ၃၆ ဒေါ်လာ ပေးဆောင်ရကြောင်း၊ မြန်မာနိုင်ငံတွင် (work Permit) တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားပါ ကလည်း ရက်ပေါင်း ၇၀ မပြည့်မီသတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကာ ပြည်ထောင်စု အစိုးရအဖွဲ့မှစိစစ်ပြီးပါက သက်တမ်းသုံးလရှိ တရားဝင်အလုပ်လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင်ဒုတိယအကြိမ်သက်တမ်းတိုးခြင်းအတွက် ခြောက်လ၊ တတိယအကြိမ် သက်တမ်းတိုးခြင်းအတွက် ၁၂ လနေခွင့်ပေးခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြန်လည်ဖြေကြားသည်။

ထို့ပြင် ၀င်ငွေခွန်ဥပဒေအရ အခွန်ကောက်ခံခြင်းများနှင့်ပတ်သက်၍ ၁ ကျပ် မှ သိန်း ၂၀ အထိ ၀င်ငွေ ကင်းလွတ်ခွင့်၊ သိန်း ၂၀ မှ သိန်း ၅၀ ထိ ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ မှ သိန်း ၁၀၀ (၁၀) ရာခိုင်နှုန်း၊ သိန်း ၁၀၀ မှ ၂၀၀ အထိ (၁၅)ရာခိုင်နှုန်း၊ သိန်း ၂၀၀ မှ သိန်း ၃၀၀ အထိ (၂၀)ရာခိုင်နှုန်း၊ သိန်း ၃၀၀ အထက် (၂၅)ရာခိုင်နှုန်းအား နိုင်ငံခြားသားရရှိသည့် ၀င်ငွေအပေါ် မူတည်ကာ ၀င်ငွေခွန်ကောက်ခံကြောင်း ၀န်ကြီးက ရှင်းပြသည်။ ရန်ကုန်တိုင်းအတွင်း အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသား တရားဝင်အရေအတွက် ၃၉၂၈ ဦးရှိကြောင်း၊ ၎င်းတို့သည် စက်မှုကဏ္ဍ၊ ဟိုတယ်ခရီးကဏ္ဍ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ စီးပွားကူးသန်းကဏ္ဍများတွင် အလုပ်လုပ်ကိုင်နေကြပြီး ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း ၄၅ မြို့နယ်၌ နိုင်ငံခြားသား ၆,၅၉၆ ဦး အခွန်ဆောင်၍ ၀င်ငွေခွန် ကျပ် ၆၁ ဒသမ ၂၉၈ ဘီလီယံ ကောက်ခံရရှိကြောင်း ၀န်ကြီးက ပြောကြားခဲ့သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

တက္ကစီပေါ်တွင် ခရီးသည်များ မေ့ကျန်ခဲ့သော ကျပ်သိန်း တစ်ထောင်ခန့်တန်ဖိုးရှိ ကျောက်မျက် ရတနာများကို ပိုင်ရှင်ဖြစ်သူထံ အမြန်ဆက်သွယ်၍ ပြန်လည်ပေးအပ်ခဲ့သည့် ဦးသန်းထိုက်ကျော် ကို စက်တင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရွေးချယ်ဂုဏ်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ပြည်သူသို့ကျေးဇူးတင်လွှာ

၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက်
(၂၀၁၆ ခုနှစ် ၊ အောက်တိုဘာလ ၇ ရက်)

၁။ ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပြည်သူ လူထု၏ အင်အားဖြင့်တည်ဆောက်ရမည်ဖြစ်ပြီး ပြည်သူလူထု၏စွမ်းအား မြင့်မားသည်နှင့်အမျှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် မြင့်မားမည်ဖြစ်သလို ပြည်သူလူထု၏ လူမှုစီးပွားလည်း ပိုမိုမြင့်မားလာမည်ဖြစ်ပါသည်။ ပြည်သူ့အားဟုဆိုရာတွင် ကာယအား၊ ဉာဏအားအပြင် ပြည်သူ လူထု၏ စာရိတ္တသည်လည်း အရေးကြီးလှသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

၂။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ မူလအခွင့်အရေးများ ဖြည့်ဆည်းပေးရေး နှင့် နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သော နိုင်ငံသူနိုင်ငံသားများ၏ အရည်အသွေး၊ စွမ်းဆောင်ရည် နှင့် ကိုယ်ကျင့်တရားဆိုင်ရာ မြှင့်တင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ ရိုးသားမှုကို အခြေခံ၍ နိုးနိုးကြားကြား ကြိုးစားဆောင်ရွက်ကြမှသာလျှင် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုး တိုးတက်မှုများ ရရှိမည်ဟုလည်း ယုံကြည်ပါသည်။

၃။ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် နေထိုင်ပြီး အငှားယာဉ် တက္ကစီမောင်းနှင်၍ အသက်မွေးဝမ်းကျောင်းလျက်ရှိသူ ဦးသန်းထိုက်ကျော်သည် ယင်းမောင်းနှင်သည့် တက္ကစီယာဉ် ပေါ်တွင် ခရီးသည်များ မေ့လျော့ကျန်ရှိခဲ့သော ကျပ်သိန်း တစ်ထောင်ခန့်တန်ဖိုးရှိ ကျောက်မျက် ရတနာများကို ပိုင်ရှင်ဖြစ်သူထံ အမြန်ဆက်သွယ်၍ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ပြည့်စုံကုံလုံ သည့် မိသားစုမဟုတ်သော်လည်း တန်ဖိုးကြီးမားလှသည့် ပစ္စည်းများ လက်ဝယ်တွေ့ရှိရာတွင် မိမိ မိသားစု အကျိုးစီးပွားဖြစ်ရေးကို စိုးစဉ်းမျှ မစဉ်းစားဘဲ အခြေခံကိုယ်ကျင့်သီလ လုံခြုံစွာဖြင့် ကိုယ်ချင်းစာတရား အပြည့်အဝထားကာ ဖြူစင်ရိုးသားမှု အရင်းခံလျက် ထိုသို့ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းဖြူစင်ရိုးသားမှု၏လက်ငင်းရလဒ်အဖြစ် ပစ္စည်းပိုင်ရှင်မှ ဦးသန်းထိုက်ကျော်အား မော်တော်ယာဉ်ငယ်တစ်စီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း သိရှိရပါသည်။

၎။ ဦးသန်းထိုက်ကျော်၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း ကိုယ်ကျင့်သီလနှင့်ပတ်သက်၍ အံ့သြဖွယ်ရာ လေးစားဖွယ်ရာ ဂုဏ်ယူဖွယ်ရာ အတုယူဖွယ်ရာအဖြစ် မှတ်တမ်းတင်ထိုက်သည့် လုပ်ဆောင်ချက်ဖြစ်ပါသည်။ ထို့အပြင် သမ္မာအာဇီဝကျကျ အသက်မွေး ဝမ်းကျောင်းလျက် ရိုးသားစွာရပ်တည်ခြင်းသည် နိုင်ငံအကျိုးစီးပွားကာကွယ်ရေး၏အခြေခံကျသော ပြယုဂ်တစ်ခုအဖြစ်လည်း မှတ်ယူထိုက်ပါသည်။

၅။ သို့ဖြစ်၍ ယခုနှစ် စက်တင်
ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ဦးသန်းထိုက်ကျော်အား ရွေးချယ်၍ ဤကျေးဇူးတင်လွှာကို ထုတ်ပြန်လိုက်ပါသည်။

၆။ နိုင်ငံသူနိုင်ငံသားများ အနေဖြင့်လည်း ဦးသန်းထိုက်ကျော်ကဲ့သို့ပင် ဖြူစင်ရိုးသားစွာ ကြိုးစားခြင်းဖြင့် နိုင်ငံတော်၏အခြေခံအုတ်မြစ်များ ခိုင်မာအောင်တည်ဆောက်ရေးတွင် နိုင်ငံတော် အစိုးရနှင့်အတူ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံလျက် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။

အောင်ဆန်းစုကြည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

Source - Myanmar State Counsellor Office



ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

    ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကြောင့် လွှတ်တော် လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲ မရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ ညနေ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“အခု လုပ်နေတာက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့  ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်နေတာပါ၊ ဒါကြောင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းနဲ့ မှ မဟုတ်ပါဘူး၊ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်တွေနဲ့ ပဲဖြစ်ဖြစ် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်လို့ အခက်အခဲ မရှိပါဘူး” ဟု မီဒီယာကို ဖြေကြားခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် NLD ပါတီ စတင် ဖွဲ့ စည်း တည်ထောင်ခဲ့ကတည်းက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမူကို ချမှတ်ခဲ့သောကြောင့် မည်သည့် အဖွဲ့ အစည်းနှင့် ဖြစ်စေ၊ ပါတီနှင့်ဖြစ်စေ အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

“ညှိနှိုင်း ဆောင်ရွက်မယ်၊ ဆွေးနွေးစရာရှိရင် ဆွေးနွေးမယ်၊ ငြင်းခုံစရာရှိရင် ငြင်းခုံမယ်၊ သို့ သော် အားလုံးက ဆုံးဖြတ်ပြီးရင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မယ်၊ ဒါကြောင့် တပ်မတော်သားတွေ ပါဝင်နေမှုကြောင့် လွှတ်တော် လုပ်ငန်းတွေ အခက်အခဲ မရှိပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

လွှတ်တော်များတွင် NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တို့ က အများစုဖြစ်နေပြီး ဥပဒေများ ပြင် ဆင်ခြင်း၊ ဖျက်သိမ်းခြင်းတို့  ဆောင်ရွက်သည့် အခါ အချို့ ပြင်ဆင် ဖျက်သိမ်းခြင်းတို့ သည် ရှေ့  နောက် ညီညွတ်မှုမရှိသော်လည်း ဆန္ဒမဲ အများစုကြောင့်သာ အနိုင်ယူနေသကဲ့သို့ ဖြစ်နေခြင်းအား မီဒီယာက မေးမြန်းခဲ့သည်ကို လွှတ်တော် ဥက္ကဋ္ဌက “ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်ဆိုရင် ဒီမိုကရေစီ ကျင့်စဉ် ရှိဖို့ လိုပါတယ်၊ ဘယ်ကိုယ်စားလှယ် မဆို ဒီမိုကရေစီနိုင်ငံ တည်ထောင်ချင်ရင် ဒီမိုကရေစီ ကျင့်စဉ်ကို ဒီနေ့ က စပြီး ကျင့်သုံးရမယ်၊ ကိုယ်လိုချင်တာ ရမှ မှန်တယ်၊ မရရင် မမှန်ဘူးဆိုတာ ဘယ်လို ဒီမိုကရေစီသမား ဖြစ်နိုင်မလဲ၊ ဒီမိုကရေစီဆိုတာ အများ ဆန္ဒကို လိုက်နာရမယ်၊ မဲခွဲ ဆုံးဖြတ်သူတွေကလည်း ပြည်သူက တင်မြှောက်လိုက်တဲ့သူတွေပါ၊ အချုပ်အခြာ အာဏာက ပြည်သူ့ လက်ထဲမှာ ရှိတယ်၊ ဒီတော့ ပြည်သူတွေက မဲပေးလိုက်တာကို ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ လိုက်နာရမှာပါပဲ၊ ဒါကြောင့် ဘယ်သူတွေက ဘယ်လိုပဲ ထင်မြင်ကြ ပြောကြပါစေ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ပါပဲ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

လွှတ်တော်က အတည်ပြုရန် အခွင့်အလမ်း ရှိခဲ့သည့် အဆိုအချို့ မှာ အတည်ပြုသည့် အဆင့်သို့ မရောက်ဘဲ  မှတ်တမ်းတင်သည့် အဆင့်သာ ဖြစ်ခဲ့ရခြင်းကြောင့် အစိုးရအဖွဲ့ အား လွှတ်တော်က check and balance လုပ်သည့် အပိုင်းတွင် အားနည်းသွားနိုင်မှု ရှိ မရှိနှင့် ပတ်သက်ပြီး မီဒီယာက မေးသည်ကို လွှတ်တော် ဥက္ကဋ္ဌက “ကိုယ့် အဆိုကို မှတ်တမ်းတင်ရမယ်၊ အတည်ဖြစ်ရမယ်လို့ တရားသေသတ်မှတ်ထားလို့ မရဘူး၊ လျှို့ ဝှက်မဲပေးတဲ့ ဒီမိုကရေစီ စနစ်မှာ အများဆန္ဒကို လိုက်နာရမှာပဲ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ယခု ပြီးခဲ့သည့် ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွင် ဥပဒေပြုရေးနှင့် အစိုးရအဖွဲ့ အား Check and balance လုပ်ရေးတို့ အပေါ် အားရမှု ရှိသည်ဟုလည်း ၎င်းက မီဒီယာကို ပြောခဲ့သည်။

ယနေ့ လွှတ်တော် သုံးရပ်၏ အစည်းအဝေးများ ပြီးဆုံးချိန်တွင် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၌ ပြုလုပ်ခဲ့သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့  ပြည်တွင်း ပြည်ပ သတင်းစာဆရာ ၄၀ ဦးခန့်  တက်ရောက်ခဲ့ ကြပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်လည်း တက်ရောက်ခဲ့ကာ သတင်းထောက်များ၏ အမေးကို ဖြေကြားခဲ့ကြသည်။

(Xinhua)
http://www.xinhuamyanmar.com


နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြင်ဆင်ဖြည့်စွက်ချက်အချို့နဲ့ အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားကိုယ်စားလှယ် နှစ်ဦး အပါအ၀င် ကိုယ်စားလှယ် ၁၂ ဦးရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်ကြားနာကာ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားပြီး မဲခွဲဆုံးဖြတ်အတည်ပြုခဲ့တာပါ။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက မည်သူမျှ သက်ဆိုင်ရာဝန်ကြီးရဲ့ ဌာနရဲ့ ကြိုတင်ခွင့်ပြုမိန့်ဖြင့် နိုင်ငံတော်အကျိုးငှာ ရာထူးတာဝန်တခုခု ခန့်အပ်ရန် ကိစ္စရပ်မှတပါး ပြစ်မှုတစ်စုံတရာကျူးလွန်ကြောင်း ခိုင်လုံတဲ့အထောက်အထားမရှိဘဲ နိုင်ငံသားတဦးဦးကို လူ့ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံစောင့်ကြည့်တာ စုံထောက်တာ၊ စုံစမ်းတာ၊ ဝင်ရောက်ရှာဖွေသိမ်းဆည်းတာ ဒါမှမဟုတ် ဖမ်းဆီးခြင်းမပြုရလို့ သဘောထားမှတ်ချက်ပေးပါတယ်။

ဒါပေမဲ့ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်စံဦးက ရာထူးတာဝန်တခုခုကိစ္စအတွက်သာ ခွင့်ပြုထားတဲ့အတွက် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေ ပါဝင်ခြင်းမရှိတာကို တွေ့ရကြောင်း၊ လူပုဂ္ဂိုလ်လွတ်လပ်မှုကို ဦးစားပေးနေကြောင်း အဆိုပြုထားပါတယ်။

အဲဒီအချက်ကို မဲခွဲဆုံးဖြတ်တာမှာ ကိုယ်စားလှယ်အများစုက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ အဆိုပြုချက်ကိုသာ ထောက်ခံမဲပေးတဲ့အတွက် တပ်မတော်သားရဲ့ အဆိုရှုံးနိမ့်ခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်က အတည်ပြုလိုက်တဲ့အတွက် ပြည်သူ့လွှတ်တော်ကို ပြန်လည်ပေးပို့မှာ ဖြစ်ပါ တယ်။

( ဓါတ်ပုံ - အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် )
RFA Burmese
https://www.facebook.com/rfaburmese/



( ဓါတ်ပုံ - ကေအိုင်အေ တပ်သားတချို့ကို တွေ့ရစဉ် )
ကေအိုင်အေတပ်ဖွဲ့ တပ်ရင်း ၂၅၂ အခြေစိုက်တဲ့ ဂီဒွန်ဆိုတဲ့ တောင်ကုန်းကို တပ်မတော်က ဒီကနေ့ မနက်က လေယဉ် ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေတပ်မှူးတစ်ဦးက အတည်ပြု ပြောပါတယ်။

ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမြို့နဲ့ သိပ်မဝေးတဲ့ တပ်ရင်း ၂၅၂ ရှေ့တန်းတပ်စခန်းကို ဒီနေ့မနက် ၈ နာရီကျော်လောက်က ဂျက်ဖိုက်တာ လေယာဉ် ၄ စင်းနဲ့ လာရောက်ပစ်ခတ်သလို မြေပြင်တိုက်ပွဲတွေလည်း ဖြစ်တဲ့အကြောင်း ကေအိုင်အို ပြန်ကြားတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"၈ နာရီကျော်ကနေ ပစ်တယ် ၄ စင်း၊ အဲဒီနေရာပဲ အင်ခရမ်ဘွမ် ဂီဒွန်ဘွမ်၊ အောက်ခြေက သတင်းတွေကတော့ ခုထိတော့ ဘာမှ မကြားရသေးဘူး မြေပြင်လည်း ထိုးတယ်လို့တော့ ပြောတယ်၊ ဒါပေမဲ့ အတိအကျတော့ မသိရသေးဘူး။ အားလုံး ဂျက်ဖိုက်တာလို့ပြောတယ်"

နေ့လည် ၂ နာရီလောက်က လေယာဉ်တွေ နောက်တခေါက် ပြန်လာပေမယ့် ဗုံးကြဲတာတော့ မရှိဘူးလို့ သိရပါတယ်။

အင်ခရမ်တောင်ကုန်းနဲ့ ဆက်လျက်ရှိတဲ့ ဂီဒွန် ကေအိုင်အိုစခန်းကို အစိုးရတပ်က တိုက်ခိုက်နေတာ တလနီးပါရှိပြီဖြစ်ပါတယ်။

အရင်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အခုအခါ တပ်မ ၃၃ တပ်တွေ အစားထိုး ရောက်နေတယ်လို့ ပြောပါတယ်။

မနေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒေသခံ တစ်သောင်းကျော်လောက်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တပ်မတော်ရဲ့ ထိုးစစ်တွေ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese



 ငြိမ်းချမ်းရေး ဆုရှင်လောင်းတွေထဲ ဆီးရီးယားက ခမောက်ဖြူ အဖွဲ့တွေပါ
ဒီနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရသူ အမည်ကို သောကြာနေ့ နှောင်းပိုင်းမှာ ကြေညာ လိုက်ပါပြီ။

အမည် စာရင်းသွင်းခံရသူ ၃၇၆ ယောက် ထဲကန ဆုကော်မတီဝင်တွေက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကိုလံဘီယာမှာ ငြိမ်းချမ်းရေး သဘောတူညီမှု ကို ဆန္ဒခံယူပွဲမှာ ပယ်ချလိုက်ပေမယ့် ကိုလံဘီယာ သမ္မတ ဆန်းတော့စ် ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ဆီးရီးယားမှာ ပြည်တွင်းစစ် အပျက်အစီးတွေထဲက ထောင်သောင်းချီတဲ့ သူတွေကို ကယ်တင်နေတဲ့ ခမောက်ဖြူ စေတနာ့ဝန်ထမ်း တွေကလည်း ဆုဆန်ကာတင် စာရင်းထဲမှာ ထိပ်ဆုံးက ရှိခဲ့ပါတယ်။

အီရန် အဏုမြူရေး သဘောတူညီမှု ရအောင် ညှိနှိုင်းသူတွေနဲ့ IS တွေရဲ့ အဓမ္မ ပြုကျင့်ခံရပြီးနောက် ထွက်ပြေး လွတ်မြောက်လာတဲ့ ယာဇီဒီ အမျိုးသမီး တယောက်လည်း ဆုအတွက် သတင်းကြီး ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese