10/09/16


ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ထောက်လှမ်းရေး သတင်းရထားတဲ့ အသက် ၂၂ နှစ်အရွယ် Jaber Albakr ဆိုသူကို ဂျာမန်ရဲတပ်ဖွဲ့က စနေနေ့မှာ လိုက်လံ ရှာဖွေနေပါတယ်။

ဂျာမနီနိုင်ငံအရှေ့ပိုင်း Chemnitz မြို့မှာ Albakr ကို လိုက်လံရှာဖွေစဉ် တိုက်ခန်းတခုအတွင်း ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိခဲ့တဲ့အတွက် လူ ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ Tom Bernhardt က ပြောပါတယ်။ ဖမ်းဆီးထားတဲ့ ၃ ယောက်ထဲက ၂ ယောက်ကိုတော့ Chemnitz မြို့ ရထားဘူတာရုံအနီးမှာ ထိန်းသိမ်းထားပြီး ကျန် ၁ ယောက်ကိုတော့ Chemnitz မြို့လယ်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
မသင်္ကာရသူ Albakr ကို ရှာဖွေ တွေ့ရှိနိုင်ရေးအတွက် ဖမ်းဆီးထားတဲ့ ၃ ဦးစလုံးကို ရဲတပ်ဖွဲ့က စစ်ဆေး မေးမြန်းနေပါတယ်။ Albakr ဟာ အန္တရာယ်ရှိသူတဦးအဖြစ် ယူဆကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ Bernhardt က ပြောပါတယ်။

Albakr ဟာ ဆီးရီးယားနိုင်ငံကလာသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဂျာမနီနိုင်ငံထဲမှာ ဘယ်လောက်ကြာကြာ ရောက်နေပြီးဖြစ်တယ်ဆိုတာနဲ့ သူဟာ မနှစ်က

ဂျာမနီနိုင်ငံမှာ နေထိုင်ခွင့် လျှောက်ထားကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၁ သန်းထဲမှာ ပါလာသူ ဟုတ် မဟုတ် ဆိုတာကိုလည်း ရဲတပ်ဖွဲ့ ပြောခွင့်ရ Bernhardt က ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

သူ့ကိုတွေ့ရင် ချက်ခြင်း ဖုန်းဆက် အကြောင်းကြားဖို့အတွက် လူထုကို ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
VOA Burmese News


ကချင်စစ်ပွဲရပ်တန့်ရေး ဆန္ဒထုတ်ဖော်နေတဲ့ကချင်ပြည်သူများ။ (စက်တင်ဘာ ၆၊ ၂၀၁၆) သတင်းဓာတ်ပုံ- Credit to vHkun Awng Nlam
ကချင်စစ်ပွဲရပ်တန့်ရေး ဆန္ဒထုတ်ဖော်နေတဲ့ကချင်ပြည်သူများ။ (စက်တင်ဘာ ၆၊ ၂၀၁၆) သတင်းဓာတ်ပုံ- Credit to vHkun Awng Nlam

ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ် ကိုယ်စားပြုလွှတ်တော် အမတ်တွေ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တောင်းဆိုလိုက်ပါတယ်။ စစ်ပွဲတွေရပ်ဖို့ လူထုဆန္ဒပြပွဲဦးဆောင်သူကို အရေးယူမှုတွေရှိနေပေမဲ့ ကချင်ပြည်သူလူထု ဘက်ကလည်း တိုက်ပွဲတွေမရပ်မချင်း ဆက်ပြီး ဆန္ဒထုတ်ဖော် သွားကြမယ်လို့ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်းတွေဘက်ကလည်း ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းဒေသတွေက စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သဘောထားအသီးသီး ထုတ်ပြန်ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

၂၁ရာစုပင်လုံညီလာခံပထမပိုင်းအပြီးမှာပဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ကြား တကျော့ပြန်တိုက်ပွဲတွေပြန်ပြင်းထန် လာနေတာပါ။ ကချင်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စစ်တပ်ဘက် က ဝေဟင်ရော မြေပြင်ကပါ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့လို့ နီးစပ်ရာကျေးရွာတွေ က ဒသခံပြည်သူတွေ စစ်ဘေးလွတ်ရာပြေးရသလို ကလေးသူငယ် လူမမည်လေးတွေအပါအဝင် ဒေသခံရွာသားတွေ အသက်ဆုံးရှုံးရတာ ထိခိုက်ဒဏ်ရာရတာတွေဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်ကျော် ဇွန်လ(၉)ရက် ၂၀၀၁ခုနှစ်ကတည်းကစခဲ့လို့ ငါးနှစ်ကျော်လာပြီဖြစ်တဲ့ ကချင်ပြည်နယ်တွင်းက စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ

ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေဆီ အဓိကထားလိပ်မူပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ်ကိုယ်စားပြုလွှတ်တော်အမတ်တွေတွေ စုပေါင်းပြီး မေတ္တာရပ်ခံစာပေးပို့ကြပါတယ်။

တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ် ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှီလာနန်တောင်ကိုယ်တိုင်ဦးဆောင်ပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကချင်ပြည်နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"တပ်မတော်က ထိုးစစ်ဆင်နေတာကို ရပ်စေချင်လို့ ကျနော်တို့ လည်း ဒေါ်အောင်ဆန်းစုကြည် ကို လိပ်မူပြီးတော့မှ ကာချုပ်ကို ပေးလိုက်တာပေါ့ဗျာ။ The Union Peace Dialogue Joint Committee (UPDJC) လည်း ကျနော်တို့ပေးပါတယ်။ နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတွေဆီလည်း ကျနော်တို့ စာပေးတာပေါ့။ အဓိက ကတော့ ၂၁ရာစု ပင်လုံညီလာခံ လုပ်ပြီဆိုကတည်းက တိုက်ပွဲက မဖြစ်သင့်တော့ဘူးလေ။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်လမ်းကြောင်းပေါ် သွားမယ်ဆိုတော့ တိုင်းရင်းသားအားလုံးက သဘောကျတယ်။ အခုက ဆိုင်းထိုးဖို့ပဲ ရှိတော့တဲ့အချိန်မှာ ဒါမျိုး လုပ်တာကတော့ ကျနော်တို့အနေနဲ့ကတော့ မသင့်တော်ဘူးလို့ထင်တာပဲ။ ၂၁ရာစုပင်လုံညီလာခံမှာလည်း ကျနော်တို့ပြောပြီးပြီလေ။ နိုင်ငံရေးကို နိုင်ငံရေးနည်း နဲ့ပဲ စားပွဲဝိုင်းမှာ ဆွေးနွေးတာ အဲ့ဒီ့အတွက်ပဲ ကျနော်တို့ တောင်းဆိုတာပါ။"

ကချင်စစ်ကို ချက်ခြင်းရပ်တန့်ပေးဖို့ ကချင်ပြည်နယ်ဘက်က ကချင်ဒေသခံ ပြည်သူလူထု သောင်းနဲ့ချီ စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသလို ရန်ကုန်မြို့မှာလည်း ကချင်စစ်မီးအမြန်ဆုံးငြိမ်းသက်ပေးဖို့ ငြိမ်းချမ်းရေး လိုလားသူတွေနဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေက စုပေါင်းဆန္ဒထုတ်ဖော်နေကြပါတယ်။

ကချင်ပြည်နယ်မြစ်ကြီးနားဘက်မှာတော့ ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သူကို အရေးယူမှုတွေရှိနေပေမဲ့လို့ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေမရပ်မချင်း ဆက်လက်ဆန္ဒထုတ်ဖော်သွားကြမှာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပူးပေါင်းပါဝင်သူတဦးဖြစ်တဲ့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဦးလမောင်လထောင်ကလည်းပြောပါတယ်။

" ဒီတိုက်ပွဲတွေမရပ်မချင်း တောင်းဆိုသွားဖို့ ကျနော်တို့ လုပ်ထားပါတယ်။ အခု မြစ်ကြီးနားမှာ ဦးဆောင်ခဲ့တဲ့ ဦးတူးရော်ကို ဥပဒေပုဒ်မနဲ့ အရေးယူဖို့ဆိုပြီး လုပ်ထားတာရှိပါတယ်။ မနက်ဖြန်လည်း ကျနော်တို့ လုပ်ဖို့စီစဉ်ထားပါတယ်။ ဖားကန့်ဘက်မှာ ထောင်နဲ့သောင်းနဲ့ချီပြီး တောင်းဆိုဖို့ လုပ်နေပါတယ်။"

စစ်ရေးနည်းနဲ့ မဖြေရှင်းပဲ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ အရပ်သားအစိုးရ လက်ထက် ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဖော်ဆောင်မယ်လို့ ပြောနေတဲ့ကြားထဲက အခုလို ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေဖြစ်လာတဲ့အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးသင့်တယ်လို့ ၂၁ရာစုပင်လုံညီလာခံပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဒွဲဘူ ကလည်း ပြောပါတယ်။

"အခုဖြစ်တဲ့ကိစ္စရပ်တွေမှာ ဆုံးဖြတ်ချက် ချနိုင်တဲ့ အစိုးရပိုင်းကရော တပ်မတော်ပိုင်းကရော သိပ်အရေးကြီးတယ်လို့မြင်ပါတယ်။ အောက်ခြေမှာ ဒီလိုဖြစ်တယ်ဆိုတာ အောက်ခြေမှာ သိပ်အရေးကြီးပါတယ်။ သူတို့ မလုပ်နဲ့ဆို ဒီပြဿနာတွေက ဖြစ်မှာမဟုတ်ပါဘူး။ ဒီလိုထိုးစစ်တွေ လုပ်နေတယ်ဆိုတာ ပြည်သူလူထုကလည်း ကန့်ကွက်နေတယ်။ ဒီလိုမျိုး အနေအထားမှာ ဆက်ပြီးသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ကျမတို့က ငြိမ်းချမ်းရေးကို တော်တော်လေးကို ထိခိုက်တဲ့အနေအထားမျိုး ဆက်ရှိမှာဖြစ်တဲ့အတွက် တကယ်ဆုံးဖြတ်ချက် ချနိုင်တဲ့ အစိုးရနဲ့တပ်မတော်က ဒါကို အများကြီးစဉ်းစားသင့်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ တိုင်းရင်းသားတွေရဲ့သဘောထားကို ကွင်းကွင်းကွက်ကွက် မြင်နေရပါ တယ်။ ပြည်သူလူထု ကလည်း မကြိုက်ဘူး။ မကြိုက်တဲ့အတွက် အမျိုးမျိုးဆန္ဒဖော်ထုတ်တာတွေလုပ်နေတယ်။ ဒါကိုလည်း အလေးထားသင့်ပါတယ်။ တကယ်ကို ပြည်သူ့ရဲ့ဆန္ဒကို အလေးထားတယ်ဆိုရင် ဒီကိစ္စကို အမြန်ဆုံးပြေလည်အောင် လုပ်ဖို့ လိုအပ်ပါတယ်။"

ကချင်ပြည်နယ်တွင်းက လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ၊ စစ်ရေးတင်းမာမှုတွေ နဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်က တိုင်းရင်းသားနယ်မြေတွေကို ထိုးစစ်ဆင်နေတာကို ချက်ခြင်းရပ်ဆိုင်းပေးဖို့နဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ စစ်ရပ်ပေးဖို့ ပြည်သူလူထုရဲ့ ဆန္ဒတွေကို လေးစားဖို့နဲ့ အပြန်အလှန်ယုံကြည်မှုရှိအောင် ညှိနှိုင်းဖြေရှင်းအဖြေရှာပါလို့ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) ဘက်ကလည်း အောက်တိုဘာ ၈ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဘက်ကလည်း သူတို့အနေနဲ့ ၂၁ရာစုပင်လုံကို ကိုယ်တိုင်တက်ရောက်ပြီး KIO ရဲ့ နိုင်ငံရေးသဘောထားနဲ့ ဖက်ဒရယ်စနစ် အခြေခံမှုတွေကို တင်ပြခဲ့ပြီးဖြစ်လို့ နိုင်ငံရေးနည်းလမ်း နဲ့သာဆောင်ရွက်ဖို့ မူချမှတ်ထားလို့ ကချင်စစ်စခန်းတွေကို လာထိုးစစ်ဆင်နေတဲ့ အခုတိုက်ပွဲတွေကနေ အခြားဒေသတွေကို စစ်မပြန့်သွားအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပြီး နောက်ဆက်တွဲဆိုးကျိုးကို စစ်စတင်သူတွေကသာ တာဝန်ခံရမယ်လို့ အောက်တိုဘာ(၈)ရက်မှာပဲ သဘောထားထုတ်ပြန်ထားပါတယ်။

ကချင်တိုက်ပွဲနဲ့ပတ်သက်ပြီး အထိအခိုက် သေဆုံးမှုနဲ့ အခြေအနေကိုတော့ နှစ်ဘက် စလုံးက သတင်းအတိအကျ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

မဆုမွန်
VOA Burmese News

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ပြ မြေပုံ။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ပြ မြေပုံ။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားနိုင်ငံ နယ်စပ် ရခိုင်ပြည်နယ် မောင်တော နယ်ခြားစောင့် တပ်ဖွဲ့စခန်းတွေ ကို အောက်တိုဘာလ (၉) ရက်နေ့ မနက်၁နာရီခန့်မှာ လာရောက် ပစ်ခတ် တာကြောင့် သေဆုံးမူတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒီအတွက်ဒေသတွင်း ညမထွက်ရအမိန့်ပါ ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမှာရှိတဲ့ နယ်ခြားစောင့်ဌာနချုပ်ဖြစ်တဲ့ ကျီးကန်ပြင်ဌာနချုပ်နဲ့ ကိုတန်းကောက် နဲ့ ငါးခူရ စခန်း စတဲ့နေရာ၃ခုကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တွေက မနက် အစောကြီး ၁နာရီလောက်မှာ ၀င်ရောက် ပစ်ခတ်မူတွေဖြစ်ခဲ့ တာကြောင့် အသေအပျောက်တွေ ရှိခဲ့ကြောင်း မောင်တောမြို့ ကိုတော့ အလောင်းတွေ ရောက်ရှိလာပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက အခုလိုပြောပါတယ်။

" အလောင်းကိုးလောင်းလေ။ ကိုးလောင်းရောက်တယ်။ နယ်ခြားစောင့်တပ်ကို လာပစ်တာ။ နယ်ခြားစောင့်တပ်က ပစ်တော့ မူဆလင်ရွာက နှစ်လောင်းက သူတို့အချင်းချင်းကို သတ်ပစ်လိုက်တာ၊ မောင်တောကိုပဲ သယ်လာကြတာပေါ့။ လက်နက်က ၆၃လက် ပါသွားတယ်ခင်ဗျ။ ကျေးရွာတွေမှာ လုံခြုံရေးမရှိဖြစ်နေ တယ်။ မြန်မာကအလောင်းတွေပါပဲ။ လုံခြုံရေးအခြေအနေက မကောင်းဘူး။ ကျနော်တို့ ကျေးလက်တွေမှာက လုံခြုံရေးက လုံးဝကို မရှိဖြစ်နေတယ်လေ။ ဒီနေ့ ညခြောက်နာရီကစ မထွက်ရ မာရှယ်လောပြန်ထုတ်တယ်လေ။

ဒီကိစ္စနဲ့ပတ်သက်လို့ မောင်တော်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်း တဲ့အခါမှာတော့ တဦးထိခိုက်တယ် ဆိုတဲ့သတင်းကိုသာ ရရှိကြောင်း အတည်မပြုနိုင်သေးဘူးလို့ အခုလိုပြောပါတယ်။

" မနေ့ကတော့ အပြန်အလှန်ပစ်ကြတယ်။ အဲ့တာတော့ သိပါတယ်။ သေဆုံးမှုတော့ မရှိဘူးလို့သိရပါတယ်။ အတိအကျတော့ မသိရသေးဘူး။"

အခုလိုပစ်ခတ်မူတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စည်ပင်ဝန်ကြီး ဦးမင်းအောင်ကတော့ အခုလိုပြောပြခဲ့ပါတယ်။

" ငါးခူရကတော့ မသိရဘူး။ ကျီးကန်းပြင်ကတော့ ရဲတပ်ဖွဲ့က ငါးယောက်သေဆုံးသွားတာပေါ့။ စိုးရိမ်စရာဆိုတဲ့အခြေအနေမှာတော့ အခုကတော့ တပ်မတော်က ရော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကရော ပေါင်းစပ်ပြီးတော့ အဲ့ဒီ့မှာရှင်းလင်းရေးတွေ လုပ်နေတာတော့ရှိတာပေါ့နော်။"

ရခိုင်ပြည်နယ်အတွင်းမှာ အခုလို ပစ်ခတ်မူတွေ မကြာခဏ ဖြစ်ပွား ခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလ(၁၇) ရက်နေ့တုန်းကတော့ မောင်တောမြို့နယ် နယ်စပ်လည်းဖြစ် ဘင်္ဂလားဒေ့ရှ်နယ်စပ်လည်းဖြစ်တဲ့ မိုင်တိုင် ၅၂ ဆိုတဲ့နေရာမှာ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) အဖွဲလို့ယူဆရတဲ့ တပ်ဖွဲ့အင်အား ၅၀ လောက်နဲ့ မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ တိုက်ခိုက်မူဖြစ်ခဲ့ဘူးပါတယ်။

ဒီအတွက် မြန်မာနိုင်ငံဘက်က နယ်ခြားမှာ တာဝန်ယူတဲ့ရဲ ၀န်ထမ်း ၄ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးက အတည်ပြုခဲ့ပါတယ်။

အခုပစ်ခတ်မူနဲ့ ပတ်သက်လို့ ကတော့ အောက်တိုဘာလ ၉ရက်နေ့ည မှာ ပြန်ကြားရေး ၀န်ကြီးဌာန ကနေ သတင်းစာ ရှင်းလင်းပွဲလုပ်မယ် လို့ ပြည်နယ်အစိုးရဘက်ကတော့ပြောဆိုခဲ့ပါတယ်။
VOA Burmese News

ယနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်းက ယူနီစန် စားသောက်ဆိုင် တွင် NLD ပါတီ၏ CEC လစဥည် ပုံမှန် အစည်းအဝေး ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ အစည်းအဝေးအပြီးတွင် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ယခု အွန်လိုင်းပေါ်တွင် အပြောများနေသည့် မြောင်းမြမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ အိမ်ထောင်ရေးဖောက်ပြန်မှု ကိစ္စအား ပါတီက လူကြီးများက သိရှိထားပြီး ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

“ရွှေပြည်သာကိစ္စကတော့ တရားဥပဒေ အတိုင်းပဲ။ ဒါ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေ အုပ်ချုပ်မှုပိုင်း ဝင်ရောက် စွက်ဖက်မယ် ဆိုရင်တော့ အရေးယူသွားမယ်"ဟု ဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်က ဥပဒေကြောင်းက လူ၊ အုပ်ချုပ်မှုဆိုတာ သက်သက်၊ ဥပဒေ ကြောင်းကလူက အုပ်ချုပ်မှုပိုင်းက လူနဲ့ သွားပြီး မရောနဲ့ မစွက်ဖက်နဲ့၊ သွားပြီး စွက်ဖက်ရင် ပြဿနာတတ်မယ် အဲ့ဒါဆို ဥပဒေ အကြောင်းရပဲ အရေးယူမယ်။ ကျနော်တို့က ဝင်ပြီးတော့ ပါမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ်ရှင်းကြ။” ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။

"မန္တလေးမှာ ဖြစ်တဲ့ လူငယ်ခေါင်းဆောင်စိုးမိုးသူ ကိစ္စလည်း ဥပဒေအတိုင်းပဲ၊ ဘာမှ ၀င်မစွက်ဘူး။” ဟု ဦးဝင်းထိန်က ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်ချက်ရှိတာ ပြင်ဆင်ဖို့၊ လူငယ်တွေ ပြန်လည် ဖွဲ့စည်းဖို့၊ လူငယ်တွေကဏ္ဍအတွက် တရုတ်ပြည် ကို စေလွှတ်ဖို့ ကိစ္စတွေ ကို ဆွေးနွေး ခဲ့တယ်လို့ ဦးဝင်းထိန်က သတင်းထောက်များကို ပြောပြခဲ့သည်။

မြောင်းမြမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဒေါက်တာ ဦးစိုးမိုးသူ မှာ လက်ရှိ အိမ်ထောင် ရှိသော်လည်း မန္တလေးမြို့တွင် နေထိုင်သည့် တစ်ခုလပ် အမျိုးသမီး တစ်ဦးနှင့် ဟိုတယ်တွင် အတူတည်းခိုနေစဉ် တရားဝင် ဇနီးမယားဖြစ်သူက ရဲဖြင့် လာရောက် ဖမ်းဆီးခဲ့ပြီး ရဲစခန်းတွင် ၃ပွင့်ဆိုင် ဖြေရှင်းမှုကို ပြုလုပ်ခဲ့သည်ဟု NLD သတင်းရပ်ကွက်နှင့် နီးစပ်သူများက ယနေ့ ဖေ့ဘုတ်လူမူကွန်ယက်တွင် အများအပြားရေးသားထားသည်ကို တွေ့ရှိရသည်။

The Ladies News

မောင်တော၊ အောက်တိုဘာ ၉ ရက် ။ ။ ရခိုင်ပြည်နယ် နယ်စပ်ဒေသ မောင်တောခရိုင်ကို ညမထွက်ရ အမိန့် ၁၄၄ ထုတ်ပြန်ကြေညာလိုက်သည်။

ညနေ ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့် ၁၄၄ နှင့် လူ ၅ ဦးထက် မစုကြရန် ယနေ့ အောက်တိုဘာ ၉ ရက်နေ့ ရက်စွဲနှင့် အမိန့် အမှတ် ၁/၂၀၁၆ ကို ခရိုင်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယနေ့ နံနက် ၁ နာရီခွဲခန့်က မောင်တောမြို့နယ်ရှိ ကျီးကန်းပြင် အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှု အဖွဲ့ဌာနချုပ် ဗဟိုကင်းအပါအဝင် ငါးခူရစခန်းနှင့် ရသေ့တောင် ကိုးတန်ကောက် စခန်းတို့ကို တပြိုင်နက် တိုက်ခိုက်ခံခဲ့ရပြီး ၁၃ နာရီ အကြာတွင် ၁၄၄ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်ရဲအရာရှိများ အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီး၊ စခန်းမှး ၁ ဦး ပျောက်ဆုံးနေကာ လက်နက် ၅၀ ထက်မနည်းနှင့် ကျည်အမြောက်အမြားမှာ ကျီးကန်းပြင်ဌာနချုပ် လက်နက်တိုက်မှ လုယက်ခြင်းခံခဲ့ရသည်။
Mizzima - News in Burmese


မေး-ဒီနှစ်အကယ်ဒမီပေးရင် ဘယ်လိုစည်းကမ်းချက်တွေနဲ့ ပေးမလဲ
ဆိုတာ သိချင်ပါတယ်။

ဖြေ-အကယ်ဒမီက အဓိကစည်းကမ်းချက်တွေကတော့ ရှိပြီးသားပေါ့။
ဥပမာ ဇာတ်ပို့ဇာတ်ရံဆိုတာက အခု ပြဿနာတွေမြင့်တက်နေတာက ဇာတ်ပို့ဇာတ်ရံပေးရမှာ ဘယ်သူက ဇာတ်ပို့ ဘယ်သူက ဇာတ်ဆောင်ဆိုတာ မခွဲခြားတတ်ဘူးလားတို့၊ ဘာတို့ သူတို့လျှောက်အော်နေတာလေ၊ အဲဒါတွေက အရင်တုန်းကတည်းက ကျွန်တော်တို့က စည်းကမ်းရှိပြီးသား။

ဒါရိုက်တာက ဘယ်သူက ဇာတ်ဆောင် ဘယ်သူက ဇာတ်ပို့ဆိုတာ သူတို့ခွဲခြားပြီး တင်ပေးတဲ့အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ဆုံးဖြတ်တယ်လေ။ အခုကျွန်တော်တို့က ဒီအတိုင်းပဲ ဆုံးဖြတ်တယ်လေ။ အဲဒါကို သူတို့က လျှောက်ပြီးအော်နေကြတယ်ဗျာ။ အဲတော့ ဒီနှစ်ခု ထပ်တိုးပေးလိုက်တာက ဘာတိုးပေးလိုက်တာလဲဆိုတော့ တခုတလေကျတော့ ဇာတ်ပို့နဲ့ ဇာတ်ဆောင်ကျတော့ တချို့က ရိုးသားမှုမရှိဘဲ တင်တာရှိတယ်။
ဥပမာဗျာ သရုပ်ဆောင်ဗျာ ဖွေးဖွေးနဲ့ ၀တ်မှုန်ရွှေရည် သရုပ်ဆောင်နှစ်ယောက်ပါနေပြီဆိုပါတော့ဗျာ၊ ကားတကားထဲမှာ တယောက်က တော် တော်ကောင်းနေတယ်။ တယောက်က နည်းနည်းအီနေတယ်ဆိုရင် အဲဒီ ကောင်းနေတဲ့ဟာကို သူတို့က ဇာတ်ဆောင်၊ နည်းနည်းအီနေတာကို ဇာတ်ပို့ဆိုပြီး ပြောင်းလိုက်တယ်ဗျာ။ သူတို့ဘာသူတို့လုပ်တတ်တယ်၊ အဲဒါမရိုးသားဘူးပြောတာ။ အဲလို မရိုးမသားတင်ပြလို့ရှိရင် ကျွန်တော့် အနေနဲ့ သေချာစိစစ်မယ်ပေါ့ဗျာ၊ ကျွန်တော်တို့ အကဲဖြတ်အဖွဲ့ကနေပြီးတော့ ဒါဟာဖြင့် သူက ဇာတ်ပို့တင်ထားပြီး ဇာတ်ဆောင်ကနေ မရိုးမသား တင်ပြလာတာဆိုပြီးတော့ ကျွန်တော်တို့က စဉ်းစားဆုံးဖြတ်ပြီးလုပ်မယ်၊ ပြန်ပြောင်းပြီး ဆုပေးမယ် အဲဒီသဘောမျိုးလေးပဲ တိုးလာတာပါ။

မေး-အရင်နှစ်တွေကလိုပဲ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ရုံတင်တဲ့ ကားတွေကိုပဲ ပေးမှာပေါ့။

ဖြေ-အရင်နှစ်တွေက ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရုံဝင်တဲ့ကားတွေကို အကယ်ဒမီစာရင်းဝင်ပေါ့နော်။ ဒီနှစ်ကတော့ နှစ်ချင်းပြီးပေးတဲ့ဟာဆိုတော့ ဒီဇင်ဘာထိ စောင့်နေလိုက်လို့ရှိရင် တချို့က အကယ်ဒမီ ၀င်ချင်တာနဲ့ ရန်ကုန်မှာမ၀င်ဘဲနဲ့ နယ်တွေမှာ သွားဝင်တယ်ပေါ့နော်။ အရင်တုန်းက အဲဒီလိုဝင်သလို အခုလည်း အဲဒီလိုဝင်ကိစ္စမရှိဘူး။

အကယ်ဒမီနယ်ဝင်မယ့်ကားတွေအနေနဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံး အ၀င်ပြပြီး ၃၀ ရက်နေ့အထိပဲ ယူမယ်။ ဇာတ်ညွှန်းတွေဘာတွေက တခါတလေကျရင် မတင်ဘူးဗျ။ ဇာတ်ညွှန်းမတင်ပြတော့ ဇာတ်ညွှန်းနဲ့တိုက်ပြီး ဆုပေးဖို့က သိပ်ခက်တယ်လေ။

ဒီနှစ်မှာ ဇာတ်ညွှန်းဆုကို အကယ်၍ ဇာတ်ညွှန်း မတင်ပြလာရင်ထည့်မစဉ်းစားဘူးဆိုတဲ့ ဟာမျိုးလေးတွေရှိတယ်။ နဂိုက နိုင်ငံခြားကားကို ပုံတူကူးပြတာဆိုရင် ဒါရိုက်တာ၊ ဇာတ်ကား၊ ဇာတ်ညွှန်းမပေးဘူးဗျ။ ကျွန်တော်တို့က နည်းနည်းပါးပါး ကူးချတာဆိုရင်တော့ မသိဘူးပေါ့ဗျာ။ သဘောကတော့ တချို့ဆို ပုံတူကူးချတာ တွေရှိတယ်လေ။ အဲ့လို ပုံတူကူးချရင် ကျွန်တော် လုံးဝမစဉ်းစားဘူး။ ရုံဝင်ဖို့ကား ၂၀ တော့ ကျော်မယ်၊ များတာပေါ့။

ဒီနှစ်တော်တော်တိုးတက်တယ်ခေါ်ရမှာပေါ့။ ဇာတ်အရေအတွက် တိုးတက်တာဒါပဲ။ ဟိုးအရင် ကလို ကား ၃၀ တို့၊ ဘာတို့တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ။

မေး-ဆုရဲ့တန်ဖိုးကကော အရင်အတိုင်းပဲလား။

ဖြေ-ဆုချီးမြှင့်ရင် တန်ဖိုးက အရင်အတိုင်းပဲ။ နှစ်ကျပ်သားပဲပေါ့။ အရင်နှစ်က ဘာပဲပြောပြော အပြောင်းအလဲလုပ်တာလေးတွေရှိတယ်ဗျာ။ တချို့က ကောင်းမယ်ထင်တာကို အမျိုးမျိုးပြောင်းတာပေါ့နော်။
အဲတော့ မနှစ်ကပေးတဲ့အခါမှာ ဘာပြောင်းထားလဲဆိုတော့ ဟိုတုန်းကတော့ ၁၂ ဆုလုံးအတွက် စဉ်းစားပြီး ပေးတယ်။ အဲဒါတော့ မနှစ်ကတော့ သူ့အုပ်စုနဲ့သူ ကောင်းမလားလို့တော့ ပြောင်းကြည့်တာပေါ့။

မေး-ဆုပေးရွေးချယ်ရေးအဖွဲ့ ဖွဲ့တာကရော ဘယ်လိုနည်းစနစ်နဲ့ ဖွဲ့ပါသလဲ။

ဖြေ-ဇာတ်ညွှန်းဆို ဇာတ်ညွှန်းအုပ်စုကပေး၊ အသံဆို အသံကပေး။ သူ့အဖွဲ့နဲ့သူ ကျွန်တော်တို့က ဖွဲ့ပေးထားတာပေါ့။ အဲလို ငါးယောက် တဖွဲ့ဖွဲ့ပေးထားတော့ ကိုယ့်အုပ်စုနဲ့ကိုယ်ပေးရတော့ ငါးယောက်မှာ သုံးယောက်က ပေးလို့ရှိရင် အကယ်ဒမီရတယ်ဆိုတော့ ပြန်စဉ်းစားလို့ရှိရင် ဒါလည်း သိပ်တော့မမှန်ဘူး။

ဘာလို့လဲဆိုတော့ အဂတိဆိုတာ ငွေရေးကြေးရေးမှ မဟုတ်ဘူး၊
ခင်ဗျားနဲ့ ကျွန်တော်နဲ့ ခင်လို့ ခင်ဗျားကို ကျွန်တော် အသာပေးတာလည်း ရှိကောင်းရှိနိုင်မယ်လေ။ အဲဒါမျိုးမဖြစ်ရအောင် ကျွန်တော်တို့က ဒီနှစ်အုပ်စုလိုက် ငါးစုရည်မှန်းတယ်။ ဒါရိုက်တာကို ခုနစ်ယောက်ထားတယ်။

ဒါရိုက်တာသည် အကုန်လုံးကို နားလည်တတ်ကျွမ်းတဲ့အတွက် ၁၁ ဆုလုံးအတွက် ပေးရမယ်။ ဒါရိုက်တာအဖွဲ့က အဲတော့ ကျန်တဲ့အဖွဲ့တွေက နှစ်ဆုတည်းတော့ မဟုတ်ဘူးဗျ။

ဥပမာ ခင်ဗျားက ဇာတ်ညွှန်းကိုင်တယ်ဆိုပါတော့ဗျာ။ ဇာတ်ညွှန်းနဲ့ ဇာတ်ကားကို ရွေးရမယ်ဆိုပြီးတော့ အရင်နှစ်ကလုပ်တယ်။ ဒီနှစ်ကတော့ ခင်ဗျား ဇာတ်ညွှန်း ပိုင်ပိုင် မပိုင်ပိုင် ဇာတ်ညွှန်းပိုင်လည်း ဇာတ်ညွှန်းဆုရယ်၊ လမ်း ဘေးကကောင်တွေတောင်မှပဲ ကျွန်တော်တို့ သရုပ်ဆောင်တွေကို ဘယ်မင်းသားက ကောင်းတယ်။ ဘယ်မင်းသမီးကကောင်းတယ်ဆိုတာ အကဲဖြတ်နိုင် သေးတာပဲ။ အဲဒီတော့ ကျန်တဲ့သူတွေကို တခုစီပေးပိုင်ခွင့်ပေးထားတယ်။

ခြောက်ဆုစီပေးပိုင်ခွင့်ရှိတော့ မနှစ်ကလို ဇာတ်ညွှန်းဆု ခင်ဗျားက ငါးယောက်တည်းဆိုပြီး ပေးပေမယ့် ကျန်တဲ့ဒါရိုက်တာ ခုနစ်ဦးက ရှိနေသေးတယ်လေ။ ခင်ဗျားက မျက်နှာလိုက်ပြီးပေးပေမယ့် ကျွန်တော်တို့ ခုနစ်ယောက်ရှိနေသေးတယ်လေ။ သရုပ်ဆောင်တွေ၊ ဇာတ်ပို့ဇာတ်ရံတွေကို အခု လူ ၄၀ ရှိရင် လူ ၄၀ လုံးက ပေးရမှာ။ အဲဒီ ၄၀ လုံးရဲ့အဆုံး အဖြတ်က ပိုထိရောက်သွားတာပေါ့။ မနှစ်က ကျွန်တော်တို့တောင်ပေး ပိုင်ခွင့်မရှိဘူးလေဗျာ။ အဲဒီတော့ အားနည်းတာပေါ့ဗျာ။ ဒီနှစ် အဲလိုလေးတော့ လုပ်ပေးထားတယ်ဗျ။ အဖွဲ့ဝင်တွေ အားလုံးက သဘောကျတယ်ဗျ။

မေး-အကယ်ဒမီရွေးတဲ့အခါ အရင်က လက်ကျန်ရုပ်ရှင်ပညာရှင် တွေရှိတယ်၊ သူတို့ကိုရောခေါ်ပြီး အကယ်ဒမီရွေးချယ်ရေးအဖွဲ့မှာ တာဝန်မပေးဘူးလား။

ဖြေ-အကယ်ဒမီက လက်မှတ်မရောင်းတာ နှစ်နှစ်ရှိပါပြီ။ အဲဒါမျိုးကျတော့ အင်တာဗျူးပြီးမှ ရေးစမ်းပါဗျာ။ ဆိုကြပါတော့။
ကျွန်တော် ထင်တာကတော့ မြ၀တီက ကြည့်မယ်၊ မြန်မာ့အသံကကြည့်မယ် ရုပ်သံ အဖွဲ့တော့ရှိတယ်ဗျာ။ ရုပ်သံအဖွဲ့တွေရှိတော့ သူတို့ကရိုက်ပြီးလွှင့်တယ် မဟုတ်လား။

အဲဒီတော့ ရိုက်ပြီးလွှင့်တော့ အလှူငွေလေး၊ ဘာလေးတော့ ခင်ဗျားတို့ထည့်ပါဆိုပြီး ဒီသဘောပြောတာဗျာ။ ကန့်သတ်ချက်မရှိပါဘူး။ တချို့ဆို ကျွန်တော်ဆယ်သိန်းပေးပါမယ်ဆိုပြီး ရုပ်သံလွှင့်ဌာနက ကျွန်တော်တို့ အလှူထည့်ပါတယ်။ အဲလိုပြောတာပါ။

အမှုဆောင်တွေသာများနေတာ။ လုပ်ကြဟေ့ဆို ဘယ်သူမှ မရှိကြဘူး။
အကယ်ဒမီပေးတဲ့အခါ ရုပ်ရှင်သမားတွေပါတာပေါ့။ အကယ်ဒမီ လေးငါးခုရထားတဲ့ အမျိုးသမီးတွေရော အမျိုးသားတွေရော အကုန်ပါတာပဲ၊ ဓာတ်ပုံအကယ်ဒမီထွန်းလှိုင်ပါတယ်လေ။

မေး-နိုင်ငံခြားကားကို တိုက်ရိုက်ပုံတူကူးချတာကိုတော့ အကယ်ဒမီမပေးတာ လက်ခံပါတယ်။ ဒါပေမဲ့ တချို့ဟာတွေကျတော့ တကယ့်ကို ကိုယ့်ရဲ့ဖန်တီးချက်လည်းပါ၊ မြန်မာမှုမြန်မာဟန် ပီပီပြင်ပြင်ဖန်တီးပြီး အကျိုးရှိတဲ့ဇာတ်ကွက်ဇာတ်လမ်းတွေကျရင်ကော ဘယ်လိုလုပ်မလဲ။ ဥပမာ ဟိုးတုန်းက ''ပန်းသာ မစာဥ'' လိုကားမျိုး၊ ''ရတနာပုံ''လို ကားမျိုးစသဖြင့် အနောက်နိုင်ငံကတကယ့်ဂန္ထ၀င်လူ့သဘာဝကို ဖော်ကျူးထားတာတွေကို
မြန်မာမှုပြုထားရင်လည်း အကျိုးရှိတဲ့ ဇာတ်ကားတွေပဲမဟုတ်ပါလား။

ဖြေ-မြန်မာမှုပြုတဲ့နေရာမှာ အကုန်လုံးလုပ်ပစ်လိုက်ရင်
တော်ရုံတန်ရုံက နိုင်ငံခြားကားကူးထားတာမသိဘူးလေ။
နိုင်ငံခြားကို လုံးဝပျောက်သွားတယ်ဗျာ။ မြန်မာမှုပြုပြီး မြန်မာ ယဉ်ကျေးမှုတွေနဲ့ ရိုက်ထားရင်တော့ စဉ်းစားသင့်ရင် စဉ်းစားရမှာပဲ။
ကျွန်တော်တို့ ပြောနေတဲ့ သဘောထားက နိုင်ငံခြားကို ပုံတူမှ တကယ့်ပုံတူကြီးဗျာ။ ခိုးတယ်ပေါ့ဗျာ။ မြန်မာဆန်ဆန် သူတို့ပြုပြင်ပြောင်းလဲထားတာ တခါကနိုင်ငံခြားက ကူးတယ်လို့ကို မသိဘူးဗျာ။ အဲလောက်ထိ ပြောင်းလဲသွားတယ်။ အမှန်မှီးတာကတော့ မှီးတာပဲလေ။ နိုင်ငံခြားကား မှီးတယ်လို့ကို မထင်ရအောင်ပေါ့၊ အဲဒါမျိုးတွေ ပါတဲ့ဟာလည်း ပါသွားတာပဲလေ။ ကျွန်တော်ပြောတဲ့ နိုင်ငံခြားကားပုံတူ ကူးတယ်ဆိုတာ တခါတလေကျ ကိုရီးယားကားတွေကို ကူးချတယ်ဗျာ။ မင်းသမီးကို ကျောပေါ်တင်ပြီ ကုန်းပိုးပြီး သွားနေတယ်ဗျာ၊ အဲဒါမျိုးက မဆိုးဘူးလား။ အဲဒါက မြန်မာနဲ့ ဘယ်ကိုက်မလဲ။

မေး-ဒီကနေ့ခေတ် အကယ်ဒမီကဗျာ၊ ပေးတောင် မပေးရသေးဘူး၊ အပြင်မှာ ပြောနေကြပြီ၊ ပေါက် ကြားနေတယ်။ ပေးစရာလည်း ဒီလူတွေပဲရှိတယ်ဆိုတော့ ရင်မခုန်ရဘူးပေါ့ဗျာ။

ဖြေ-ဟိုတုန်းက ဆန်ခါတင်ဆိုပြီး ကြေညာလိုက်တယ်။ ဆိုကြပါတော့ ၁၇ ကားမှာ ဆန်ခါတင်၅ ကားကို ရွေး လိုက်တယ်။ အဲဒီငါးကားထဲမှာ ခင်ဗျားကိုယ်တိုင် ကြည့်ပြီးပြီလေ။ အဲဒီ ၅ ကားထဲမှာ ခင်ဗျားမှန်း လို့ရနေပြီပဲဗျာ။ ခင်ဗျားကနေ ဒီဟာကို ရွေးပေမယ့် တခြားတယောက်က တခြားဟာကို ရွေးမယ်ဗျာ၊ ခင်ဗျားတို့ လေးငါးယောက်လောက်က ၁၀ ဦးလောက်မှန်းထားရင် တယောက်လောက်တော့ မှန်လိမ့်မယ်ဗျာ။

ကျွန်တော်တို့ဆီက ပေါက်ကြားတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားကို ကျွန်တော်ပြောမယ်၊ ကျွန်တော်တို့ဆီက မပေါက်နိုင်ဘူးဆိုတာ ပေးမယ့်နေ့ ၃ နာရီ အကယ်ဒမီပေးမယ့် နေရာကိုရောက်တယ်။

ကျွန်တော်က ဥက္ကဋ္ဌ ဘယ်သူဘယ်သူ အကယ်ဒမီရမယ်ဆိုတာကို ဒိပြင့်လူဘယ်သူမှမသိဘူး၊ ကျွန်တော်နဲ့ နောက်နှစ်ယောက်ပဲ သိတယ် ဆိုပါတော့၊ နောက်နှစ်ယောက်လုံးတောင်မှ သူတို့ကိုင်ထားတာမဟုတ်ဘူး၊ ကျွန်တော်ပဲ ကိုင်ထားတာ။ ဘယ်သူဘယ်သူရတယ်ဆိုတာကို ကျွန်တော် ကိုင်ထားတာ။ ကြေညာတဲ့လူတွေကလည်းအစီအစဉ်တွေနဲ့ ကြေညာတာပေါ့ဗျာ။ ဆုပေးမယ်ဆိုမှ သူတို့လက်ထဲကို ချိတ်ပိတ်တဲ့ စာအိတ်အပ်တာ။ သူတို့က ကြေညာခါနီးမှ ဖွင့်တာ။ ကျန်တဲ့သူသိတယ်ဆိုတာ မှန်းခြေနဲ့သာ ပြောနေကြတာ။ ကျွန်တော်လောင်းရဲတယ်၊ ဘယ်သူမှမသိဘူး။

မေး - အင်တာနက်မှာ ဆုမပေးခင် သတင်းကြိုထွက်နေတယ်။ ဆုပေးတော့လည်း အဲဒါနဲ့ကွက်တိဖြစ်နေတယ်။ အဲဒါကျတော့ကော။

ဖြေ - ကျွန်တော် ခုနက ပြောသလိုဗျာ ကားတွေကလည်း အထွက်နည်း၊ ဇာတ်ဆောင်တွေကလည်း ကားသုံး ကားလောက်ကြည့်ပြီးရင် ဘယ်မင်းသမီး၊ ဘယ်မင်းသားကတော့ အကယ်ဒမီနီးစပ်တယ်ဆိုတာ အကဲခတ်နိုင် တာပဲဗျာ။ ဥပမာဗျာ ခင်ဗျားက ဒီကားမှာ နေတိုးကို ရနိုင်တယ်ဆိုပြီးဗျာ၊ ခင်ဗျားမိန်းမကတော့ ပြေတီဦးရနိုင်တယ်ဆို အဲထဲက တယောက်ယောက်မှန်သွားပြီလေ။

အဲလို စုပေါင်းလိုက်ကတည်းက ပေါက်ကြားသလိုလို တကယ်တော့ ဘာမှမဟုတ်ဘူးဗျ။ ၂၀၁၆ ခုနှစ်အတွက် မပေါက်ကြားဘူး။ ပြောရဲတယ်။ လုံးဝမပေါက်ကြားစေရဘူး။

ချစ်မောင် (အ၀ကျွန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ရပြီးနောက် မောင်တောဒေသခံတွေ ရခိုင်လူမျိုး တွေက စိုးရိမ်မှုမြင့်တက်လာနေတယ်လို့ ဒေသခံရခိုင်လူမျိုးတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တော်မြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်းကို ဒီနေ့မနက် ၁ နာရီခန့်ကစပြီ RSO rohingya solidarity organization ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်လို့ နယ်ခြားစောင့်တပ်ဖွဲ့ ၉ ဦး ကျဆုံးပြီးနောက် အခုလိုစိုးရိမ်မှု မြှင့်တက်လာနေတယ်လို့ မောင်တော ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးခင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီလိုဖြစ်သွားတဲ့ မောင်တောမြို့နယ်ဖြစ်ရပ်ဟာ လုံခြုံမှုလုံးဝကင်းမဲ့သွားတယ်လို့ ကျနော်တို့ မြင်တယ်။ နိုင်ငံတော်အထိ ထိပါးစော်ကားစိန်ခေါ်လိုက်တဲ့ အဆင့်အထိ ဖြစ်သွားတယ်။ နောက်ပြီး နယ်ခြားတပ်ကလည်း ၁၂ ဦးတောင်မှ ပစ်သတ်လိုက်တာဟာ ဒီနိုင်ငံမှာ နေတယ်။ ဒီနိုင်ငံက ရေကို သောက်တယ်။ ဒီနိုင်ငံလူတွေကို သတ်ဖြတ်လိုက်တာ နိုင်ငံတော်ကို အကြီးအကျယ်စိန်ခေါ် လိုက်တာနဲ့အတူတူပါပဲ။ နောက်ပိုင်းမှာလည်း ကျနော်တို့ တိုင်းရင်းသားတွေ ရင်ဆိုင်လာရမယ့် အခြေအနေတွေဖြစ်လာမယ်။ အခုတကြိမ်က ကျနော်တို့ မြန်မာနိုင်ငံသားတွေ အကြီးအကျယ် သင်ခန်းစာတွေပေးလိုက်ပါ။ မောင်တောနဲ့ ဘူးသီးတောင် ဒေသခံတွေတော်တော်လေးကို ထိတ်လန့်နေကြတယ်။”

မောင်တော ဘူးသီးတောင်စတဲ့ ဘင်္ဂါလီအပြင်ရခိုင်ပြည်နယ် အနှံ့အပြားမှာရှိတဲ့ ဘဂါင်္လီတွေကို ၁၉၈၂ ဥပဒေနဲ့ စိစစ်ဆောင်ရွက်ဖို့အပ်နေပြီး၊ သက်ဆိုင်ရာအစိုးရအနေနဲ့ ဘင်္ဂလီတွေလှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့လို့အပ်နေတယ်လို့ ပြောပါတယ်။

မောင်တောနယ်စပ်မှာ လုံခြုံရေးအရ စနစ်တကျလုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ မောင်တော်မြို့နယ် အမည်မဖော်လိုသူ ကျန်းမာရေးမှူးတဦးက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော် အခုဆေးရုံကိုရောက်နေပါတယ်။ ဒဏ်ရာရထားတဲ့ တယောက်တွေ့ တယ်။ နယ်ခြားစောင့်တပ်ဖွဲ့တွေ သေဆုံးအလောင်းတွေ ဆေးရုံမှာထားပါတယ်။ ဒီမှာက အားလုံးက စိုးရိမ်နေကြပြီ။ နယ်ခြားစောင့်ပဲ အားကိုးနေနေရတာလေ။ နယ်ခြားစောင့်ဋ္ဌာနကို ဝင်စီး လိုက်ဆိုတာတော့ လူတိုင်းကတော့ စိုးရိမ်မှုတွေမြှင့်တက်လာတာပေါ့လေ။ လုံခြုံရေးအရ ဆိုရင်တော့ မောင်တောဖက်မှာ တနစ်ကျတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုအပ်နေတယ်။ ပိုပြီး စနစ်ကျတာ၊ ပိုပြီးအင်အားများတဲ့အဖွဲ့တွေ လိုနေတယ်။ ပြောချင်တာမောင်တောဒေသမှာ နိုင်ငံတော်က လုံခြုံရေးနဲ့ပတ်သက်လို့ ထိထိရောက်ရောက် လုပ်ပေးဖို့လိုအပ်ပါတယ်။”

လက်တလောမှာ RSO rohingya solidarity organization ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့က ၇ ဦးကို အသေဖမ်းမိထားပြီး ဒေသခံတိုရဲ့လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတယ်လို့ မောင်တောမြို့မရဲစခန်းမှ စခန်းမှူးကဒီဗွီဘီကို ပြောပါတယ်။

“အခုသတ်ဖြစ်ခံရတယ်ဆိုတော့ အားလုံးက စိုးရိမ်းမှုမြှင့်လာနေတယ်ပေါ့လေ။ အဲဒါတွေကိုတော့ ကျနော်တို့ရဲ တပ်ဖွဲ့ဝင်တွေရော နယ်ခြားစောင့်တပ်ဖွဲ့တွေရော လုံခြုံနဲ့အပြည့် တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ လက်တလောက်မှ ကျနော်တို့သိလောက်တော့ RSO အဖွဲ့က ၇ ယောက် အသေဖမ်းမိထားပါတယ်။ RSO အဖွဲ့ကလို့ ကျနော်တို့သိရပါတယ်။ ဒါလောက်ပဲ ကျနော်တို့ ပြောလို့ရမယ်ဗျ။”

နယ်ခြားစောင့်တပ်ဌာနချုပ်အပါအ၀င် စခန်း ၃ ခုကိုRSO rohingya solidarity organization ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ အင်အား ၅၀၀ လောက်ရှိနိုင်ပြီး လက်နက်အလက် ၁၀၀ လောက် ပါသွားတယ်လို့ မောင်တောမြို့၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးမောင်ရှိန်က ဒီဗွီဘီကိုပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင်ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီနေ့ည ၇ နာရီသတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်ဖြစ်ပါ တယ်။

သတင်း – ဝဏ္ဏခွာညို
DVB TV News

စစ်တွေ၊ အောက်တိုဘာ ၉ ရက် ။ ။ ရဲအရာရှိ အပါအ၀င် နယ်ခြားစောင့် တပ်ဖွဲ့ဝင် (၉) ဦး ကျဆုံးစေခဲ့ပြီး လက်နက် ၅၀ နှင့် အထက် လုယက်ခံခဲ့ရသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်းများ တိုက်ခိုက်ခံရမှု၏ လက်သည် တရားခံ အဖွဲ့အစည်းကို အတည် မပြုနိုင်သေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းအောင်က အောက်တိုဘာ ၉ရက် နေ့လည် ၂နာရီခွဲခန့်က ပြောသည်။

“ကျနော်တို့ဆီကို ၀င်လာတဲ့ သတင်းတွေအရ ဘယ်အဖွဲ့အစည်းဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လက်နက်တွေပါ ပါသွားတဲ့ကိစ္စဖြစ်နေတော့ လုံခြုံရေးအပိုင်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအရေးအဖြစ် ဆောင်ရွက်နိုင်ဖို့ စီစဉ်နေကြပါတယ်။ မကြာခင်မှာလည်း ကျနော်တို့အနေနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်သွားမှာပါ”
ယနေ့ နံနက် ၁ နာရီခွဲမှ စတင်ကာ မောင်တောမြို့နယ်မှာ နယ်ခြားစောင့်တပ် ဌာနချူပ် ကျီးကန်းပြင်နှင့် ကိုးတန်ကောက်၊ ငခူရ စခန်းများကို အမည်မသိ လက်နက်ကိုင် ၉၀ ကျော်ခန့်မှ ၀င်ရောက်စီးနင်းခဲ့ပြီး ဌာနချူပ်ရှိ လက်နက်တိုက်မှ လက်နက်များကို လုယက်ခဲ့ပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း နယ်ခြားစောင့်တပ်မှ အရာအရှိနှင့် တပ်ဖွဲ့ဝင် (၉) ဦးကျဆုံးခဲ့ပြီး ၀င်ရောက်စီးနင်းသူများဘက်မှ (၅) ကျဆုံးကာ (၂) ဦးကို အရှင်ဖမ်းဆီးရခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် မောင်တောမြို့ တိုက်ခိုက်မှုတွင် လက်သည်တရားခံများကို မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်း အတည်မပြုနိုင်သေးသော်လည်း ဒေသတွင်း သတင်းမီဒီယာများနှင့် သတင်းရင်းမြစ်တချို့က ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲမှုများ ရှိနေသည်။

“ RSO တွေဘက်က ကိုးတန်ကောက်မှာ တစ်ဦး သေတယ်။ တစ်ဦးကို အရှင် ဖမ်းရထားတယ်။ သူ့ကို လောလောဆယ်မှာ စစ်ဆေးနေပါတယ်။ နှစ်ဖက်လုံး သေတာတွေရှိပါတယ်။ RSO တွေကတော့ ဒေသခံတွေပဲ ဖြစ်နိုင်ပါတယ်။ ဟိုဘက်က လာတာတော့ မဟုတ်လောက်ဘူး။ စစ်ဆေးပြီးရင်တော့ သိရမှာပါ။ အဲဒီအဖွဲ့တွေကို အခု စစ်တပ်က ရောက်လာပြီးတော့ ရှင်းလင်းနေပါပြီ။ ကျီးကန်းပြင် တောင်တန်းဘက်ကို ဆုတ်သွားတယ်လို့ သိရပါတယ်။” ဟု မောင်တောမြို့မ ရဲစခန်းက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပိုင် သတင်းမီဒီယာ ဖြစ်သော “ရခိုင်ဂေဇက်” သတင်းဌာနတွင် - နယ်ခြားစောင့်စခန်းများကို RSO ဘင်္ဂလီသောင်းကျန်းသူအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယနေ့ နံနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် အရေးပေါ်အစည်းတရပ်ခေါ်ယူခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ကို အရေးပေါ်ကြေညာချက်ထုတ်ပြန်နိုင်ရန် ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဦးသစ်ဆန်းက ပြောသည်။

စီးနင်းတိုက်ခိုက်ခဲ့သူများမှာ မောင်တောမြို့နယ်အတွင်း၌သာ ရှိနေသေးပြီး ကျီးကန်းပြင် အနောက်ဘက် တောင်တန်းများသို့ ဆုတ်ခွာလျက်ရှိကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက လိုက်လံကာ ပိတ်ဆို့ ရှာဖွေနေသဖြင့် ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ည ၇ နာရီ၌ သတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဖြစ်သည်။
Mizzima - News in Burmese


ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်ဌာနချုပ်အပါအ၀င် စခန်း ၃ခုကို ဒီနေ့မနက် ၁ နာရီခန့်ကစပြီး RSO rohingya solidarity organization ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

မောင်တောမြို့၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးမောင်ရှိန်က “မောင်တော်မြို့နယ်က စခန်း ၃ခုကို အာအက်စ်အိုတွေက ၀င်သိမ်းတဲ့ အနေအထားပါ၊ ကိုးတန်ကောက်၊ နယ်ခြားစောင့်ဌာနချုပ်နဲ့ ငခူရ နယ်မြေတွေကို ဒီနေ့မနက် ၁ နာရီကျော်လောက်မှာ တချိန်ထဲ ၀င်စီးတယ်။ ဒါပေမယ့် စီးလို့တော့ မရဘူး။ အတည်ပြုလို့ မရသေးတဲ့ သတင်းအရ လက်နက် ၁၀၀ ကျော် ပါသွားတယ် ပြောတယ်။ ဌာနချုပ်က ၃ ယောက်တော့ လည်လှီးပစ်ခဲ့လို့ သေသွားတယ်။”

တဘက်နိုင်ငံကလာတဲ့ ဘင်္ဂါလီတွေ မဟုတ်ဘဲ ဒေသတွင်းက ဘင်္ဂါလီတွေပဲဖြစ်ပြီး တဘက်နိုင်ငံမှာ စစ်သင်တန်းတက်ခဲ့သူတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မေး – မောင်တောမှာ ဒီမနက်ပစ်ခတ်မှု ဖြစ်တယ်ကြားလို့ပါ အန်ကယ်။
ဖြေ – “ဟုတ်တယ် ကျနော်တို့ မောင်တောမြို့နယ်နေရာ သုံးခုမှာ RSO တွေက စခန်းတွေကို ၀င်တဲ့အနေအထားပါ။”

မေး – ဟုတ်ကဲ့ ဘယ်စခန်းတွေကို ၀င်ပစ်တာလဲ အန်ကယ်။
ဖြေ – “ကိုးတန်ကောက်စခန်းရယ်၊ နယ်ခြားစောင့် ဌာနချုပ်၊ နောက်ပြီးကျနော်တို့ နယ်မြေက ငါးခူရနယ်မြေတွေ အဲဒီနယ်မြေတွေ ကျနော်တို့ ဒီနေ့မနက်ပေါ့ ၁ နာရီကျော်လောက်မှာ တချိန်တည်း ၀င်စီးတဲ့ သဘောရှိတယ်။ ဒါပေမယ့် အစီးတော့ မခံရဘူး။ ကျနော်တို့ လက်နက် တွေဘာတွေ ပါသွားတယ်လို့တော့ ပြောတယ်။ လက်နက်အလက် ၁၀၀ လောက် ပါသွားတယ်လို့တော့ ပြောတယ်။

မေး – အန်ကယ် RSO ဆိုတာ ဘယ်လိုသေချာလဲ ခင်ဗျ။
ဖြေ – သေချာတယ်ဆိုတာ ဒီလို အရပ်သား ဘင်္ဂါလီတွေက အဲလောက်ထိ အစွမ်းအစမရှိဘူး။ စစ်ရေးစစ်ရာ နားမလည်ဘူးလေ။ လွန်ခဲ့တဲ့ ၃ နှစ်ကနေ ဒီနေ့ ဒီအချိန်အထိ ဟိုဘက် သင်တန်းသွားတက်တယ်။ နောက်ပြီး အခြေခံတော့ နည်းနည်းပေးလိုက်တာနဲ့ အဲလိုဘာခေါ် မလဲ တိုက်ခိုက်ရေးသမားတွေ ဖြစ်သွားကြတာပေါ့။

မေး – ဘယ်နှနာရီလောက်ကြာလဲ။ အခုပြီးသွားပြီလား။
ဖြေ – ပြီးသွားပြီ။ မနက် လေးနာရီခွဲလောက် ငါးနာရီနီးနီးလောက်မှာ ပြန်ဆုတ်သွားကြတယ်။

မေး – အန်ကယ် အင်အားဘယ်လောက် ရှိတယ်လို့ကော ကြားလဲခင်ဗျ။
ဖြေ – အင်အားက ခိုးပြီးတော့ ၀င်ကြတာဆိုတော့ နည်းနည်း နာရီဝက် ၁၅ မိနစ်လောက်စီပဲ နောက်ကျမယ်ထင်တယ်။ တပြိုင်တည်းဝင်ကြတာဆိုတော့လေ။ အင်အားက ကျနော်တို့ ခန့်မှန်းခြေကို မေးကြည့်တာတော့ အင်အားလေးငါးရာလောက် ရှိတယ်ပြောတယ်။ အကုန်လုံး။ ဟိုဘက်ကနေလာတာမဟုတ်ဘူး။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၀င်လာပြီး ဒီမှာတိုက်တာမဟုတ်ဘူး။ ဒီထဲမှာ ကိုယ်တိုင်ရှိနေတာ။ ကျနော်တို့ မောင်တောမြို့ထဲမှာ ကိုယ်တိုင်ရှိနေတာ သူတို့။

မေး- ခြေရာဖျောက်နေပြီးတော့ ရုတ်တရက် ထ၀င်စီးသွားတာပေါ့။
ဖြေ – အင်း အဲလိုဝင်စီးတာ။ လက်နက်တိုက်ဖောက်တယ်။ လက်နက်တွေယူတယ်။ ဟိုတဖက် နိုင်ငံကလာတာမဟုတ်ဘူး သူတို့က။ ဒီမှာ ရှိပြီးသား။

မေး – သေတာတွေ ပျောက်တာတွေကော ကြားသေးလားဗျ။
ဖြေ – သေတာကတော့ ကျနော်တို့ အသေစာရင်းက ဌာနချုပ်မှာ လေထီးပစ်ခဲ့တဲ့ နယ်ခြားစောင့် သုံးယောက်တော့ လည်လှီးလို့ သေသွားတယ် သူတို့။ တပ်ခွဲ တဖွဲ့က သုံးယောက်ကို သူတို့ကိုအခုတော့ သွားပြီးမစစ်ဆေးရသေးဘူးထင်တယ်။ အဲဒီ လမ်းခုလတ် မှာပဲ။ ဟုတ်ကဲ့ သေသွားတယ်။ အသေစာရင်းကတော့ များမယ်ထင်တယ်။ ကျနော်တို့ လောလောဆယ် မကျလာသေးဘူး။ အခု မောင်တောဆေးရုံကို သွားမလို့လုပ်နေတယ်။

မေး – ဒီထက် တိုးလာနိုင်စရာ ရှိတယ်ပေါ့။
ဖြေ – တိုးလာနိုင်တယ်။ ဒဏ်ရာရတဲ့သူကော သေတဲ့သူကော တိုးလာနိုင်တဲ့ အနေအထားမှာ ရှိတယ်။

မေး – အန်ကယ် လုံခြုံရေး ဘယ်လိုယူထားလဲဗျ။
ဖြေ – လုံခြုံရေးကတော့ ကျနော်တို့ မြို့ပေါ်မှာတော့ ပြည်သူ့ရဲတပ်ဖွဲ့ ရှိပါတယ်။ မြို့အနေနဲ့က တော့ အဲဒီလောက် မစိုးရိမ်ရဘူး။ နယ်တွေမှာ စိုးရိမ်ရတော့ အဲဒီဘက်တွေကို အဓိကထားပြီး လုံခြုံရေး ယူထားကြတာတော့ တွေ့တယ်။

မေး – အဲတော့ RSO တွေ အခု ဘယ်ရောက်သွားပြီလို့ ကြားလဲ အန်ကယ်။
ဖြေ – သူတို့က ဘာခေါ်မလဲ။ ကျနော်တို့ ဒီလိုနေရင်တော့ ရွာသားတွေပဲ။ အဲလို ဘင်္ဂါလီတွေ က ကိုယ့်ရွာကိုပြန်ပြီး အေးအေးဆေးဆေး နေရင်လည်း ဘာမှမသိဘူး။ ရွာထဲကို တယောက် မှ ၀င်လို့မှမရတာ။ ကိုယ်ယောင်ဖျောက်လိုက်ကြမှာပေါ့ သူတို့။

မေး – ခြေရာဖျောက်သွားတယ်ပေါ့။
ဖြေ – အင်း အဲလို ခြေရာဖျောက်သွားတယ်။ တချို့တောင်တွေကျော်ပြီးတော့ ခြေရာဖျောက် သွားတယ်။ အဲလိုပုံစံတွေ ရှိတာပေါ့လေ သူတို့။

မေး – အာဏာပိုင်တွေနဲ့ ပြောကြည့်ပြီးပြီလား။ ဘယ်လိုအနေအထားလဲ နောက်ဆုံးသိရတဲ့ အနေအထားပေါ့။
ဖြေ – အခုက တအားရှုပ်နေကြပါတယ်။ သူတို့နဲ့ မျက်နှာချင်းဆိုင်ဖို့ အချိန်တောင်မရဘူး ကျနော်တို့။ အခြေအနေကတော့ တအားဆိုးပါတယ်။ အဲဒီလို တပ်တွေကို ဌာနချုပ်တွေ ကိုယ်တိုင်ဝင်စီးတယ်ဆိုတော့ အခြေအနေကတော့ ဆိုးတယ်။

မေး – ကြုံဖူးလား။
ဖြေ – အရင်လည်း ကြုံဖူးပါတယ်။ ဒီလိုမျိုး သူတို့က အဲဒါကို သတိထားရမှာ။ သတိမထားတော့ ပေါ့လျော့လို့ အဲလိုဖြစ်ကြတာပေါ့။
DVB TV News

သူများတွေ အိပ်တဲ့အချိန် ည ၁၀ နာရီခွဲကျော်တဲ့အထိ လော်စပီကာကြီး ဖွင့်နေတဲ့ ဓမ္မာရုံထဲဝင်ပြီး ပလပ်ကြိုးဖြုတ်လိုက်တဲ့ နယ်သာလန်နိုင်ငံသားအကြောင်း ရေးခဲ့တယ်။ ကျနော့အရင်ပို့စ်အောက်မှာ ဝင်ရေးကြတဲ့ ကွန်မန့်တွေ ဖတ်ကြည့်လိုက်မှ ပလပ်ကျွတ်နေတဲ့ မြန်မာတွေ အတော်များမှန်းသိရတယ်။ လော်ကြီးကျယ်ကျယ်ဖွင့်မှ သာသနာတော် ပြန့်ပွားမယ်လို့ ယုံကြည်စွာ လော်စပီကာကိုးကွယ်သူတွေ ရှိနေတာ အံ့အားသင့်စရာ တွေ့ရပါတယ်။

ဆော်ဒီမှာ ၊ တူရကီမှာ၊ အီရတ်မှာ၊ မူစလင်နိုင်ငံတွေမှာ ဒါမျိုး သွားလုပ်ကြည့်ပါလား၊ အသက်ထွက်သွားမှာပေါ့လို့ ရေးတဲ့သူတွေကိုတော့ ကျနော် ဘာဆိုဘာမှ တုံ့ပြန်မပြောလိုပါဘူး။ သူတို့ရဲ့ အသိဉာဏ်အဆင့်အတန်းက ဟိုးအောက်ဆုံးရောက်နေပြီး ဒီထက် ဘာမှပိုပြီး စဉ်းစားချင့်ချိန်နိုင်စွမ်း မရှိမှန်း ရှင်းရှင်းကြီး သိနေလို့ပါပဲ။

စင်ကာပူ၊ မလေးရှား၊ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံမှာရော ဒီလိုလုပ်ရင် အပြစ်ပေးခံရမယ်ဆိုတာ သိရဲ့လား လစ်ဘရယ်လ်စောင်ရူးရဲ့ ဆိုသူတွေကိုတော့ ဒီနိုင်ငံတွေမှာလည်း ဒါမျိုးသွားလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ သိအောင်ပြောပြချင်ပါတယ်။ ပိုင်နက်ကျူးလွန်မှု၊ နှောင့်ယှက်မှုတွေနဲ့ အရေးယူခံရမှာ ကျိန်းသေပေါ့ဗျာ။ ဒါပေမယ့်၊ အဲဒီလို အမှုမျိုးတွေ ဖြစ်မလာအောင် စည်းမျဉ်းစည်းကမ်းတွေနဲ့ နဂိုကတည်းက ကြိုတင်ကာကွယ် တားဆီးထားတယ်လေ။

စင်ကာပူဆိုရင် မလေးမင်္ဂလာဆောင်တွေ ဆူညံတာကို လူပြောများပါတယ်။ ဒါပေမယ့်လည်း နေ့တိုင်း မင်္ဂလာဆောင်နေတာမှ မဟုတ်တာ။ တစ်ရက်တလေဆိုတော့ သည်းခံနိုင်ငံရင်ခံ၊ မခံနိုင်လို့ ရဲကိုတိုင်ရင် ရဲကလာပြီး အသံလျှော့ခိုင်းလိမ့်မယ်။ ကိုယ်တိုင်ဘာမှ သွားလုပ်စရာမလိုဘူး။ ဥပဒေဘောင်ထဲက ရှင်းလို့ရတယ်။ မြန်မာနိုင်ငံမှာ ရဲကို သွားတိုင်ရင် ဘာသာရေးဆိုတာကြီးကြောင့် ဘာမှ လုပ်မပေးဘဲ လက်ပိုက်ကြည့်နေလိမ့်မယ်။ ဘာသာရေးမျက်နှာဖုံးတပ်ပြီး ဆူချင်တိုင်းဆူနေတာကို ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် "မနိုင်၍" သည်းခံနေကြရတာပါဗျာ။

ဂျပန်ရောက်တော့ အိမ်ခန်းငှားတဲ့အခါ စာချုပ်မှာ အသံဆူညံတာနဲ့ ပတ်သက်လို့ ရှင်းလင်းတိကျစွာ ထည့်ထားတယ်။ ည ၉ မှ နံနက် ၆ နာရီအတွင်း အဝတ်လျှော်စက်၊ ဖုန်စုပ်စက် (vacuum cleaner) သုံးခြင်း၊ သီချင်း၊ တီဗီအစရှိသည်တို့ကို အသံကျယ်ကျယ်ဖွင့်ခြင်း၊ စကားကျယ်ကျယ်ပြောခြင်းတို့ကို မပြုလုပ်ပါဘူးဆိုတာ ဝန်ခံကတိ လက်မှတ်ထိုးရပါတယ်။
ဂျပန်ကို ကျနော်ရောက်ခါစ ရုန်းကန်နေရတဲ့ ဘဝအခြေအနေမှာ အိမ်ခန်းလေးတွေက ကျဉ်းကျဉ်း၊ အိမ်နံရံတွေကလည်း သိပ်မထူထဲတော့ သေသေချာချာ လိုက်နာရပါတယ်။ သူများ အိမ်နီးချင်းတွေလည်း ဆူညံတာ မကြားဖူးဘူး။ နောက်ပိုင်းမှာ ဝင်ငွေလည်း ပြေလည်လာတော့ မန်ရှောင်ဆိုတဲ့ တိုက်ခန်း၊ ကွန်ဒိုတိုက်ခန်းတွေဟာ အင်မတန် အသံလုံပေမယ့်လည်း ခုနက စာချုပ်စည်းကမ်းကို လက်မှတ်ထိုးမြဲထိုးရတာပဲ။ (ကျနော့အကောင့်ထဲမှာ ဂျပန်မှာလက်ရှိ နေထိုင်နေသူတွေ အများကြီး ရှိပါတယ်။ ဟုတ်မဟုတ် မေးကြည့်ပေတော့။ အသံဆူညံလို့ ရဲကဖမ်းပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရသူတွေလည်း ရှိတယ်။ နောက်မှ အလျဉ်းသင့်ရင် ရေးပါမယ်။)

ဂျပန်မှာ ယာကူဇာတွေနဲ့ နိုင်ငံရေးသမားတွေ လော်စပီကာသုံးတာပဲ မြင်ဘူးတယ်။ ဒါတောင် ယာကူဇာတွေက အလံတလူလူ ကားနက်ကြီးတွေနဲ့ စစ်ချီသီချင်းတွေ မိန့်ခွန်းတွေ ဖွင့်ပြီး လျှောက်မောင်းတာပါ။ တစ်နေရာတည်း ကားရပ်ပြီး ဖွင့်ရင် ရဲနဲ့ ပြဿနာတက်လိမ့်မယ်။

ရထားဘူတာ အဝင်အထွက်ပေါက်မှာ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ပါတီနိုင်ငံရေးသမားတွေ စပီကာနဲ့ တရားဟောတာလည်း တွေ့ဖူးတယ်။ ဒါပေမယ်လို့ မြန်မာပြည်လို နားကွဲမတတ် အသံကုန်တင်တာမဟုတ်ဖူး၊ သာမန်ထက် နည်းနည်းလေးပဲ ပိုကျယ်တာ သတိထားမိတယ်။ ဒီလို စပီကာသုံးပြီး တရားဟောဖို့ သက်ဆိုင်ရာ ရဲစခန်းမှာ ခွင့်ပြုချက်ယူရတယ်။ ခွင့်ပြုချက်ထက် အသံကျယ်ရင် ဝန်ကြီးချုပ်ဖြစ်ပါစေ ရဲက အရေးယူမှာပဲ။

အမေရိကားမှာလည်းပဲ အသံဆူညံခြင်းကို စည်းမျဉ်းဥပဒေနဲ့ သေသေချာချာ တားဆီးထားပါတယ်။ Noise Pollution Ordinance လို့ခေါ်တဲ့ စည်းမျဉ်းဥပဒေဟာ တစ်မြို့နဲ့ တစ်မြို့ မတူပါဘူး။ အများအားဖြင့် လူနေရပ်ကွက်တွေမှာ အသံကျယ်နှုန်း ၅၅ ဒက်စီဘယ်လ်ထက် ကျယ်လောင်တဲ့ အသံကို ခွင့်မပြုဘူး။ Decibels (db) ဆိုတဲ့ အသံကျယ်နှုန်းကို နှိုင်းယှဉ်ပြရမယ်ဆိုရင် လေသံလေးနဲ့ ပြောတဲ့အသံက ၃၀၊ သာမန် စကားပြောတဲ့အသံက ၆၀ မှ ၇၀ ဒက်စီဘယ်လ်၊ ရော့ခ်စင်တင်ဂီတပွဲကအသံဆိုရင် ၁၂၀ အထက်ရှိတယ်။ ဒါကြောင့်၊ လမ်းပေါ်မှာ ရိုးရိုးစကားပြောတာထက် အသံကျယ်ပြီး အော်ကြီးဟစ်ကျယ်လုပ်ရင် အရေးယူခံရနိုင်တယ်။

အသံနဲ့ ပတ်သက်တဲ့ စည်းမျဉ်းဥပဒေတွေဟာ တစ်ချို့မြို့တွေမှာ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံ၊ ဓမ္မတေးသံတွေကို ကင်းလွတ်ခွင့်ပေးပေမယ့်၊ တစ်ချို့မြို့တွေမှာ အားလုံးလိုက်နာစေတာကြောင့် ဘုရားရှိခိုးကျောင်းရဲ့အကြီးအကဲ ဘုန်းတော်ကြီးတွေပါ အပြစ်ပေး အရေးယူခံရပါတယ်။ (ဗုဒ္ဓဘာသာ ရွှေမြန်မာတို့ သေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်။)
အမေရိကန် ပြည်ထောင်စုဟာ ခရစ်ယာန် ၇၅% ကျော် နေထိုင်တဲ့ နိုင်ငံဖြစ်တာတောင် ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံကြောင့် ဘုန်းကြီးတွေပါ အရေးယူခံရတာ မဖြစ်နိုင်ဘူးလို့ မတွေးကြပါနဲ့။ အရီဇိုးနားပြည်နယ်၊ ဖီးနစ်စ်မြို့မှာရှိတဲ့ ဘုရားရှိခိုးကျောင်း သုံးခုက ဘုန်းတော်ကြီး သုံးပါးကို ၂၀၀၉ ခုနှစ်မှာ တရားစွဲဆိုခဲ့ပြီး တစ်ပါးကို ထောင်ဒဏ်အပြစ်ပေးခဲ့ပါတယ်။

ခရိုက်စ်သည်ကင်းချာ့ခ်ျ ကက်သလစ်ဘုရားရှိခိုးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဘိရှော့ ရစ်ခ် ပိန့်တာကို ခေါင်းလောင်း အသံကျယ်တဲ့ ပြစ်မှုအတွက် ထောင်ဒဏ် ၁၀ ရက် ချမှတ်ခဲ့ပါတယ်။ ထောင်ဒဏ်ကို ခံဝန် ၃ နှစ်နဲ့ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်တာကြောင့် ချက်ချင်းထောင်ဒဏ်မခံရသေးဘဲ ဒီသုံးနှစ်အတွင်း အလားတူပြစ်မှုကျူးလွန်ရင်၊ ဆိုလိုတာက ခေါင်းလောင်းထိုးရင် ထောင်ထဲကို ၁၀ ရက်ဝင်ရပါလိမ့်မယ်။

အဲဒီဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံကို အနီးဆုံး လူနေအိမ်က အသံဖမ်းယူတိုင်းတာတဲ့အခါ ၆၇ db (ဒက်စီဘယ်လ်) ရှိတာတွေ့ရတယ်။ စည်းမျဉ်းသတ်မှတ်ချက် ၅၅ db အထက် ရှိပေမယ့်၊ သာမန် စကားပြောသလောက်အသံပါ။ မြန်မာပြည်လို နေထွက်ကနေဝင်အထိ နားကွဲမတတ် ဖွင့်တာ မဟုတ်ဖူးနော်။ ဒါတောင် အမေရိကန်ကားမှာတော့ ဘုန်းကြီးကို ထောင်ဒဏ် ၁၀ ရက် ချပစ်သတဲ့ဗျာ။

အပြစ်ပေးခံရတဲ့ ဘိရှော့ဘုန်းတော်ကြီးက ရှေ့နေတွေနဲ့ အယူခံဝင်တော့မှ တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်တည်းနဲ့ တရားရုံးက သတ်မှတ်ပေးတဲ့ ဘာသာရေးနေ့ထူးနေ့မြတ်တွေမှာ တစ်ကြိမ်ကို ၂ မိနစ် (သေသေချာချာဖတ်နော် ၂ မိနစ်တိတိ) ခေါင်းလောင်းထိုးခွင့် ပေးခဲ့ပါတယ်။

ဗာဂျီးနီးယားပြည်နယ်၊ ဖဲယားဖက်စ်ခရိုင်မှာလည်း ဘုရားရှိခိုးကျောင်းရဲ့ ခေါင်းလောင်းသံနဲ့ ဓမ္မတေးသံက သတ်မှတ်ချက် ၅၅ db ထက်ကျော်ပြီး ၆၀ ဖြစ်နေလို့ ပိတ်ပင်တားမြစ်ခံရတယ်။ ဘုရားရှိခိုးကျောင်း၊ ကုသိုလ်ဖြစ် အလှူရှင်အသင်းအဖွဲ့တွေကို ကင်းလွတ်ခွင့်ပေးတဲ့ မြို့တွေမှာတောင် အသံမကျယ်အောင်၊ အချိန်မကြာအောင် အထူးဂရုစိုက်ကြပါတယ်။

မြန်မာနိုင်ငံက ဓမ္မာရုံတွေ၊ ဘုရားကျောင်းကန်တွေမှာ အရပ်လေးမျက်နှာကို ချိန်ပြီး အသံကုန်ဖွင့်တဲ့ လော်စပီကာကြီးတွေရဲ့ အသံကျယ်နှုန်းကို တိုင်းမယ်ဆိုရင် ၁၂၀ အထက်ရှိပါလိမ့်မယ်။ ပြီးတော့ အမေရိကားလို အိမ်ခြေကျဲတာမဟုတ်ဖူး။ မြန်မာနိုင်ငံမှာ အိမ်ချင်းကပ်နေတာ။ လူသားတစ်ဦးရဲ့ သည်းခံနိုင်စွမ်းက ၁၃၀ db ပဲရှိတယ်။ ဒီလောက်အသံကျယ်ကျယ်ကြီးကို အချိန်ကြာရှည်ခံစားရတဲ့အခါ စိတ်ရောဂါ၊ နားရောဂါတွေ ဖြစ်ပွားလာပါလိမ့်မယ်။ အိပ်ရေးပျက်တာအပြင် mental stress and strain စိတ်ဖိစီးတင်းကျပ်မှုဟာ ဆူညံသံခံစားရသူတိုင်း ဖြစ်တာပါ။ ဓမ္မစကြာဖြစ်ဖြစ်၊ စပယ်ပန်းလေးဖြစ်ဖြစ် အသံအကျယ်ကြီး ကြာရှည်ကြားရရင် ဆူညံသံပါပဲ။

ရုတ်တရက် အုန်းကနဲ အသံကျယ်လောင်စွာ ကြားရတာ၊ အချိန်ကြာရှည် အသံအကျယ်ကြီး ကြားနေရတာတွေကြောင့် tinnitus ဆိုတဲ့ နားထဲမှာ အသံတစီစီ အမြဲကြားနေရတဲ့ အာရုံကြောရောဂါ ဖြစ်တတ်တယ်။ ကိုယ့်ဖာသာ ဖြစ်လို့ဖြစ်မှန်းတောင် မသိကြဘူး။ အရမ်းတိတ်ဆိတ်တဲ့ အရပ်ဒေသမျိုးကိုရောက်တဲ့အခါကျမှ ကျေးငှက်တွေရဲ့ တေးသံ၊ စမ်းရေစီးသံတွေမကြားရဘဲ ကိုယ့်နားထဲ တစီစီဖြစ်နေတာ သိကြတယ်။ အဲဒီရောဂါကို ကုသနည်းလည်း ခုထိ ရေရေရာရာ မတွေ့သေးဘူး။

ဒီလောက်အထိ ဖတ်ပြီးရင် တစ်ခြားခေတ်မီ ဒီမိုကရေစီနိုင်ငံတွေမှာ လော်စပီကာကြိုးကို သွားဖြုတ်တဲ့အထိ ပြဿနာမဖြစ်အောင်၊ အသံကျယ်ကျယ် မထွက်ရတဲ့ စည်းမျဉ်းဥပဒေနဲ့ သေသေချာချာ တားမြစ်ထားတာ သိပြီမဟုတ်လား။ အသံကျယ်ရင် ကျယ်တဲ့လူကို အရင်အပြစ်ပေးလိမ့်မယ်။ ပြီးမှ ကြိုးဖြုတ်သူကို အရေးယူမှာ။

ဒီစည်းမျဉ်းကို အရေးမလုပ်ဘဲ ကိုယ့်စိတ်ကိုယ့်သဘော လုပ်ချင်တိုင်းလုပ်တော့ ဘာဖြစ်လဲ။ သိချင်ရင် ဆက်ဖတ်ကြည့်။

ဖလော်ရီဒါပြည်နယ်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဆယ်ကျော်သက် လူမည်းလူငယ်တစ်ဦးကို သေနတ်နဲ့ ပစ်သတ်မှုဟာ လူအများ စိတ်ဝင်တစား အပြောများတဲ့ သတင်းထူးကြီး တစ်ပုဒ်ပါ။ အသက် ၁၇ နှစ်အရွယ် ဂျော်ဒန် ဒေးဗစ်စ်နဲ့ သူငယ်ချင်းတစ်စုဟာ ဓာတ်ဆီဆိုင်တစ်ခုရဲ့ ပါကင်မှာ ကားရပ်ထားရင်း သူ့ကားထဲမှာ ရက်ပ်သီချင်း အကျယ်ကြီး ဖွင့်ထားပါတယ်။

ဘေးချင်းကပ် ရပ်ထားတဲ့ ကားထဲက အသက် ၄၅ နှစ်အရွယ် လူဖြူ ဆော့ဝဲအင်ဂျင်နီယာ မိုက်ကယ်လ် ဒန်းက နားမခံသာလို့ အသံလျှော့ဖို့ သွားပြောရာက လူငယ်တွေနဲ့ စကားများကြတယ်။ သူငယ်ချင်းတစ်ယောက်က အသံတိုးပေးပေမယ့် ဂျော်ဒန်က ပြန်ကျယ်ပြီး လူငယ်တွေက မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုကြတော့ မိုက်ကယ်လ် ဒန်းက သူ့ကား ဒက်ရှ်ဘုတ်ထဲက ကျည်အပြည့်ထည့်ထားတဲ့ သေနတ်ကို သွားယူပြီး ပစ်တော့တာပဲ။

လူငယ်တွေ မောင်းပြေးတဲ့ ကားကို သေနတ်နဲ့ ၁၀ ချက်ပစ်ရာမှာ ဂျော်ဒန် ဒေးဗစ်စ်ကို ၃ ချက်ထိပြီး သေသွားတယ်။ သီချင်းသံ ကျယ်လောင်ရာက စပြီး ဖြစ်ခဲ့တဲ့ ဒီအမှုကြောင့် မိုက်ကယ်လ် ဒန်းဟာ ထောင်ဒဏ် နှစ် ၆၀ နဲ့ ထောင်တစ်သက် လွတ်ရက်မရှိ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

ဒီအမှု ဖြစ်ပွားပြီးတဲ့အခါ ပြည်နယ်အတော်များများမှာ ကားထဲက သီချင်းသံ ကျယ်လောင်မှုကို ကန့်သတ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ရပါတယ်။ ကျနော်နေတဲ့ ကယ်လီဖိုးနီးယားမှာ အခု ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီး အသက်ဝင်လာတဲ့ ဥပဒေကတော့ မိမိကားထဲကအသံကို ကားရဲ့ ၂၅ ပေအကွာက ကြားရရင် ရဲကို တိုင်နိုင်တယ်၊ ရဲက ပြစ်ဒဏ်ပေးချလံ (ticket) ပေးပြီး တရားရုံးကို ဆင့်ခေါ် အပြစ်ပေးလိမ့်မယ်။ ကိုယ်နားမခံနိုင်ရင် ရဲကို တိုင်လိုက်ရုံပါပဲ။

မြန်မာပြည်မှာတော့ ဓမ္မာရုံ၊ ဘုရားကျောင်းကန်နဲ့ နေရာတကာမှာ လော်စပီကာတွေရဲ့ ဒဏ်ကို နားကွဲမတတ် ခံစားနေရသူတွေ အဲဟို နယ်သာလန်နိုင်ငံသားလို ပလပ်ကြိုး သွားမဖြုတ်နဲ့။ မစို့မပို့ ထောင် ၃ လကျပြီး ဘာမှလည်း မထိရောက်ဖူး။ မိုက်ကယ်လ်ဒန်းလို နားမခံနိုင်လို့ သေနတ်နဲ့ ဖြေရှင်းလည်း ပြီးမယ့်ကိစ္စ မဟုတ်တော့ လောင်ချာသာ ယူသွားပေတော့ဗျာ။ ဒါမှ တစ်ပြည်လုံး နားအေးပါးအေး စိတ်ချမ်းသာသွားမှာပါ။

Min Myat Maung

ရခိုင်နယ်စပ်မြို့တော်ဖြစ်သော မောင်တောမြို့နယ်တွင် လုံခြုံရေးအထူးသတိရှိဖို့ ဌာနဆိုင်များကို မြို့နယ်အုပ် ချုပ်ရေးမှူးရုံးက သတိပေးညွှန်ကြားလိုက်ကြောင်း သိရသည်။

အဆိုပါ သတိပေးစာကို အောက်တိုဘာလ ၄ ရက်နေ့တွင် မြို့နယ်ရှိ ဌာနဆိုင်ရာများကို ပေးပို့ထားပြီးဖြစ်ကာ အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့နှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက စစ်ရေး၊ နိုင်ငံရေးနည်းလမ်းများကို အသုံးပြုလျက် ဆန့်ကျင်တိုက်ခိုက်မှုများကို လုပ်ဆောင်လာနိုင်သည်ဟု သုံးသပ်တွေ့ရှိထားသဖြင့် ယခုကဲ့သို့ လုံခြုံရေး သတိရှိဖို့ သတိပေးညွှန်ကြားလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

“အဆောက်အအုံတွေ၊ တပ်စခန်းတွေမှာ အားလုံးလုံခြုံရေးသတိရှိဖို့တော့ သတိပေးစာတစ်စောင်ရောက်နေပါတယ်။ ဒီစာကို ရတဲ့နေ့ကစပြီး အရေးပေါ်ကာလလို့ သတ်မှတ်ထားပါတယ် ”ဟု မောင်တောမြို့မ ရဲစခန်းမှ ရဲစခန်းမှူးက ဆိုသည်။

ယနေ့(အောက်တိုဘာလ ၉) ရက်နေံ၊နံနက် ၂ နာရီအချိန်ခန့်က ရခိုင်နယ်စပ် နယ်ခြားစောင့်တပ်စခန်းများကို RSO ဟု ယူဆရသည့်အဖွဲ့တစ်ခုက တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် ကျီးကန်းပြင် စစ်ဌာနချုပ်မှ လက်နက် ၅၀ ကျော်ခန့် လုယက်ခံခဲ့ရကာ တပ်ဖွဲ့ဝင် ၁ ဦးနှင့် အရပ်သား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး တပ်ကြပ်ကြီးတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

မောင်တောမြို့နယ် ကျီးကန်းပြင် စစ်ဌာနချုပ်၊ ငခူရနယ်ခြားစောင့်စခန်းများ၊ ရသေ့တောင်မြို့နယ် ကိုးတန်းကောက်စခန်းများမှာ ယနေ့ နံနက် ၂ နာရီအချိန်ခန့်က တပြိုင်နက်တည်း တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းဖြစ်ကြောင်းနှင့် ကိုးတန်းကောက်စခန်းမှ တပ်ဖွဲ့ဝင် (၂)ဦးဒဏ်ရာရလျက်ရှိပြီး တပ်ဖွဲ့ဝင် ၁ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်းလည်း သိရသည်။

လတ်တလောမောင်တောမြို့ပေါ်တွင် လုံခြုံရေးကို အထူးတင်းကြပ်ထားကြောင်းသိရပြီး တိုက်ခိုက်ခဲ့သူများအား ရှာဖွေရေးများပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
Development Media Group

( ဦးဝင်းထိန်ရေးသားတဲ့ "ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု" စာအုပ်မိတ်ဆက်ပွဲကို အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပနေစဉ် ) (ဓာတ်ပုံ - ထွန်းဝင်း/ကမာရွတ်မီဒီယာ)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က သူရေးသားတဲ့ "ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု" စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ မိတ်ဆက်ပွဲကို ကျင်းပခဲ့ တာဖြစ်ပါတယ်။ စာအုပ်မိတ်ဆက်ပွဲကို စာရေးသူ ဦးဝင်းထိန်ဟာ နေပြည်တော်မှာ ရှိနေတဲ့အတွက် တက်ရောက်နိုင်ခြင်း မရှိပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။

အနုပညာရှင် ဦးဇာဂနာက အင်းစိန်ထောင်မှာဦးဝင်းထိန်နဲ့ အတူနေခဲ့ရစဉ်က အမှတ်တရတချို့ကို စာအုပ်မိတ်ဆက်ပွဲမှာ ပြောပြခဲ့ပါတယ်။

ဦးဇာဂနာဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုဖြစ်ခဲ့တဲ့ အချိန်က လက်ရှိ အန်အယ်လ်ဒီ နာယက သူရဦးတင်ဦးဟာ ဗိုလ်ချုပ်ကြီးတင်ဦးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးလို့ ဖေါ်ပြထားပါတယ်။

ဒီနေ့ မိတ်ဆက်ပွဲကို နာယက ဦးတင်ဦး၊ အငြိမ်းစား တပ်မတော် ဗိုလ်ကြီး၊ ဗိုလ်မှူးကြီးဟောင်းတွေနဲ့ ဦးဝင်းထိန် မိသားစုဝင်တွေ၊ ထောင်အတူတူ ကျခဲ့တဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဦးဝင်းထိန်အကြောင်းကို စာအုပ် ထုတ်ဝေဖို့ ကြိုးစားသွားမယ်လို့ ဦးဝင်းထိန်ရဲ့ သမီးအငယ်ဆုံးဖြစ်တဲ့ မချစ်စုဝင်းထိန်က ပြောပါတယ်။
RFA


သရ၀ဏ်(ပြည်)

ခေါင်းဆောင်နှစ်မျိုးရှိသည် ။တစ်မျိုးကပြည်သူတွေကကြောက်ရတဲ့သူ ။ ဟစ်တလာတို့  ၊အိုက်ခမန်းတို့  ၊ ပိုပေါ့တို့  ၊မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တို့  ၊ မြန်မာနိုင်ငံက အာဏာရှင် ဦးနေ၀င်း နှင့် စစ်ဗိုလ်ချုပ်အချို့လိုလူမျိုးတွေပေါ့ ။ နောက်တစ်မျိုးကတော့ ပြည်သူတွေကချစ်ရတဲ့သူ ။မာသာထရီဇာတို့ လို ၊ဂန္ဒီကြီးတို့ လို ၊ မာတင်လူသာကင်းတို့လို ၊နယ်လ်ဆင်မန်ဒဲလားတို့ လို၊ ဦးသန့်တိုလို ၊ ဗိုလ်ချုပ်အောင်ဆန်းတို့လို ၊ ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးတွေပေါ့ ။ ကြောက်တာနှင့်ချစ်တာကကွာသည် ။

ကြောက်ရခြင်းတွင်ကြောက်လောက်သော အာဏာ ၊လက်နက်နှင့် လုပ်ပိုင်ခွင့်တို့ ရှိ၍ကြောက်ခြင်းဖြစ်သည် ။ထိုအာဏာ ၊လက်နက် ၊ငွေကြေး ၊ရာထူးနှင့်လုပ်ပိုင်ခွင့်များမရှိတော့သောအခါ ကြောက်ဖို့ နေနေသာသာဘယ်သူကမှဆေးဖော်ကျောဖက်လုပ်ကာ အဆက်အဆံမလုပ်ချင်ကြတော့ ။

တစ်ခေတ်တစ်ချိန်ကမန္တလေးနန်းတော်ထဲတွင် လူတကာက ဖိတ့်ဖိတ့်တုန်အောင်ကြောက်ရသော စုဖုရားလတ် ၊ဆင်ဖြူမရှင်စသော စေတစ်လုံးပိုင်၇ှင်များသည် အရာမှကျ၍ အင်္ဂလိပ်လက်အောက်တွင်ပါတော်မူ၍နေရသောအခါ တံခါးပေါက်စောင့်သော ကုလားလူမျိုးကပင်မခန့်လေးစားတော့ပဲ သမီးတော် ကို ခိုးယူပေါင်းသင်းခဲ့ကြသည် အထိ အဆိပ်ကင်းမဲ့သွားခဲ့ရသည် ။ တစ်ခေတ်တစ်ခါက လူတိုင်းဖိတ့်ဖိတ့်တုန်အောင်ကြောက်ခဲ့ရသော ထောက်လှန်းရေးခေါင်းဆောင်မျက်မှန်ကြီးတင်ဦး သည်လည်း အာဏာမှလျှောကျချိန်တွင်

ထောင်နံရံအတွင်း၌ သာမန်အကျဉ်းသားတစ်ယောက်ဘ၀သို့ ရောက်ရှိခဲ့ရသည် ။ အခြားထောက်လှန်းရေးများ၏ဘ၀သည်လည်းထိုနည်းနှင်နှင်ဖြစ်သည် ။ ရှင်ပြုတုန်းကရွှေထီးဆောင်းခဲ့ရသော်လည်း ရာထူးမှလျှောကျသောအခါ ဘာမှအရေမပါသော အဖြစ်သို့ လျှောကျက လောကဓံကိုခံစားရစမြဲဖြစ်သည် ။ အကြောက်တရားဖြင့် ဘုန်းကြီးခဲ့ကြသူများသည် အကြောက်တရားမရှိတော့ချိန်တွင် ဘာမှအရေးမပါကြတော့ပေ ။ သူတို့ကိုဘယ်သူကမှနာမည်မဖျက်သော်လည်း သူတို့ လုပ်ရပ်များကြောင့်လူရှင်လျက်နှင့်နာမည်သေသောဘ၀သို့ ကျရောက်ခဲ့ကြရစမြဲဖြစ်သည် ။

ပြည်သူတွေကချစ်ကြသူများကားထိုသို့မဟုတ် ။အချစ်ဆိုသည်မှာငွေပေးဝယ်၍မရသလို ၊ ငွေကြေးအာဏာဖြင့်လုပ်ယူ၍လည်းရသည်မဟုတ်သဖြင့် ထာဝစဉ်တည်မြဲသည်။ကြည်ညိုမှုမှာ ခြိမ်းခြောက်မှုတွေ လိမ်ညာမှုတွေမပါသဖြင့် တာရှည်ခံသည် ။ပြည်သူလူထုကချစ်သည်ဆိုရာဝယ် ဘာမျှော်လင့်ချက်မှမပါပဲချစ်ကြ။လေးစားကြ ။ကြည်ညိုကြခြင်းဖြစ်သည် ။

ချစ်ကြသည်ဆိုရာတွင်လည်း ၁၀၀ ရာခိုင်နှုန်း လူအားလုံးကချစ်ခင်ခြင်းတော့ဖြစ်နိုင်မည်မဟုတ် ။ ဗိုလ်ချုပ်အောင်ဆန်းကို ၊ ဂန္ဒီကြီးကို လူအားလုံးနီးပါးကချစ်ကြသော်လည်း မုန်းတီးသူအချို့ ရှိနိုင်လေသည် ။ ထို့ အတူပင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူအများကလေးစားချစ်ခင်သော်လည်း မချစ်နိုင်သော သူအချို့ ၊ မုန်းတီး နေသူအချို့  လည်းရှိနေနိုင်သေးသည် ။ လောကကြီးတွင် ဘယ်လောက်ကောင်းအောင်လုပ်လုပ် မကောင်းမြင်နေသေးသောလူအချို့လည်းသေချာပေါက်ရှိနေမည်ဖြစ်သည် ။ ဘုရားလောက် တစ်လောကလုံးကောင်းအာင် လုပ်ကိုင်နေသူကိုပင်အဆိုးမြင်သူရှိသေးသည်မဟုတ်ပါလား ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတ်သက်၍လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည် ။

နိုင်ငံရေးတွင်ချစ်သူမုန်းသူရှိသည်မှာ သဘာဝဖြစ်သည် ။ ဆန်းသည်ဟုမဆိုနိုင် ။သို့ သော် လူတစ်ယောက်ကိုမကြိုက်လျှင်နိုင်ငံရေးအရတိုက်ခိုက်ကြဖို့ ကောင်းသည် ။ သူ၏မူဝါဒကိုဝေဖန်ရမည် ။ ဆန့်ကျင်ရမည် ။ သို့ သော် အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သော ကိုယ့်အမေအရွယ် ၊ အဘွားအရွယ် ပုဂ္ဂိုလ်တစ်ယောက် ခရီးဝေးတွင်အလုပ်များဆက်တိုက်လုပ်ရသောကြောင့် မောပန်းနွယ်းနယ်မှု
၊ကျန်းမာရေးချို့တဲ့မှုကိုသရော်လှောင်ပြောင်သောအကွက်များကတော့ အောက်တန်းကျလှသည် ဟုဆိုရပေမည် ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုမှ ပြန်ရောက်လာသည့် ညက ရန်ကုန်လေဆိပ်တွင် ပင်ပန်းနွမ်းနယ်မှုကြောင့် ၀ှီးချဲ (ခေါ်) ဘီးတပ်ကုလားထိုင်ဖြင့် ထိုင်လိုက်လာမှုကိုအကွက်ကောင်းအဖြစ်သရော်လှောင်ပြောင်သူများ၏ စိတ်ဓာတ်အောက်တန်းကျမှုများကိုတအံ့တသြတွေ့ ရသည် ။ လှောင်ပြောင်နေသူတော်တော်များများသည် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းများကိုဘာတစ်ခုမှဝေဖန်ထောက်ပြနိုင်ခြင်းမရှိပဲ

ဘီးတပ်ကုလားထိုင်တွင်ထိုင်၍လိုက်ပါလာခြင်းကိုသာ သရော်လှောင်ပြောင်ကြခြင်းဖြစ်ရာ ထိုသူများသည် လူတစ်ယောက်ဘီးတပ်ကုလားထိုင်ပေါ်တွင်ရောက်သည်နှင့် မနက်ဖြန်သဘက်ခါသေတော့မည့် သူများဟုသတ်မှတ်ထားကြဟန်ရှိသည် ။ တစ်ခုသတိထားရမည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ဘီးတပ်ကုလားထိုင်ပေါ်တွင် မိနစ်အနည်းငယ်ပဲထိုင်ရပြီး ပြည်သူလူထုမေတ္တာကြောင့်ပြန်လည်ကျန်းမာလာပြီဖြစ်ရာ ဝေဖန်ရှုတ်ချသူများကိုယ်တိုင်နှင့် မိဘများလည်း ဘီးတပ်ကုလားထိုင်ပေါ်သို့ ရောက်ရန်အခွင့်အလမ်းများတစ်သက်လုံးရှိနေသေးကြောင်းမမေ့ကြရန်ဖြစ်သည် ။

အရိုင်းစိုင်းဆုံးလုပ်ရပ်အဖြစ် ဗီဒီယိုင်တစ်ခုကိုဖေ့စ်ဘွတ်တွင်တွေ့ လိုက်ရပါသည် ။ ဒေါ်အောင်ဆန်းစုကြည်ကိုသရော်လှောင်ပြောင်၍ ခွေးတစ်ကောင်ကို ဘီးတပ်ကုလားထိုင်ပေါ်တွင်တင်တွန်းကာ ပြည်သူများအားငေါက်ငန်းပြောဆိုနေသော သက်တော်စောင့်တစ်ယောက်သဏ္ဍန်ရိုက်ကူးထားသော အိမ်တွင်းဖြစ်ဗီဒီယိုဖိုင်လ်ဖြစ်သည် ။ သရုပ်ဆောင်ထားသောသူသည် အဘများကိုထောက်ခံ၍

ဒီမိုကရေစီဘက်တော်သားများကို မုန်းတီးနေဟန်တူပေ၏ ။ မြန်မာပြည်တွင်ထိုသို့ အောက်တန်းကျစွာရိုက်ကူး သူရှိမည် မဟုတ်ဟုထင်မိပေသည် ။ထင်သည့်အတိုင်း ထိုဗီဒီယိုဖိုင်ကိုစီစဉ်ပြီးပါဝင်သရုပ်ဆောင်သူမှာ အမေရိကန်ပြည်ထောင်စု 5808 Election Oak Drive High Point NC တွင်နေထိုင်သော ဇော်မျိုးခိုင်ဆိုသူဖြစ်ကြောင်းပေါ်ပေါက်လာသည် ။ ဇော်မျိုးခိုင်က ကိုယ်တိုင်သရုပ်ဆောင်သတဲ့ ၊ သူ့ မိန်းမက ဗီဒီယိုရိုက်ပေးသတဲ့ ။

သူကျေးဇူးရှိဖူးတဲ့ကောင်လေးတစ်ယောက်ကို သတင်းထောက်အဖြစ် အသံနဲ့သရုပ်ဆောင်ခိုင်းသတဲ့ ။ ညီလေးဇော်မျိုးခိုင်ရေ … မင်းကိုယ်တိုင်လည်း သူများနိုင်ငံက ဆူရှီးဆိုင်မှာ ဆူရှီးလိပ်နေရတဲ့သူတစ်ယောက်လို့သိရပါတယ် ။ မင်းအဲဒိလိုရိုးရိုးသားသားလုပ်ကိုင်စားနေတာ ဂုဏ်ယူပါတယ် ။ ဒါပေမယ့်မင်းဘာကြောင့် ကိုယ့်အမေအရွယ်လောက် ကိုယ့်အဘွားအရွယ်လောက် နိုင်ငံအတွက်အလုပ်လုပ်နေတဲ့သူတစ်ယောက်ကိုမုန်းရတာလဲ ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ညီလေး ဆူရှီးလိပ်ရတဲ့ဘ၀ကိုရောက်ခဲ့လို့လား ။ ဒေါ်အောင်ဆန်းစုကြည်တို့အစိုးရဖြစ်လာပြီး

အဘတွေဆီက ရနေကျလာဘ်လာဘတွေမင်းမရတော့ပဲ အမေရိကကိုပြေးလာရလို့လား ။ ရာထူးအာဏာကပြုတ်ကျခဲ့တဲ့ အဘအချို့ ဟာမင်းအဖေ ၊မင်းအဘိုး ၊မင်းဦးလေး ၊မင်းဘကြီးများဖြစ်နေလို့လားလို့ တွေးမိပေမယ့် မင်းကိုပဲသနားမိပါတယ် မောင်ဇော်မျိုးခိုင်ရေ ။ မင်းဟာဒေါ်အောင်ဆန်းစုကြည်ကိုခွေးတစ်ကောင်နေရာမှာထားပြီး ရိုက်ကူးခဲ့ပေမယ့် လူဟာဘယ်တော့မှခွေးမဖြစ်နိုင်တာကြောင့် မင်းကိုယ်တိုင်အမြီးပေါက်တဲ့ဘ၀ကိုရောက်သွားပါပြီ ။လူတစ်ကာကအော့နှလုံးနာပြီး ကိုယ့်ဖုန်းကိုတောင်ကိုယ်ပိတ်ထားရတဲ့ဘ၀ကိုမင်းရောက်နေပါပြီ ။ နောင်ကိုလည်း မင်းဘယ်လိုမျက်နှာနဲ့ မြန်မာအသိုင်းအ၀ိုင်းထဲကိုဝင်မှာလည်း ။ မြန်မာပြည်ပြန်လာဖို့ မြန်မာသံရုံးကိုတောင်မင်းသွားရဲသေးရဲလား ။မင်းရဲ့အဘတွေလည်းမြန်မာပြည်မှာထင်ရာစိုင်းတဲ့ခေတ်မဟုတ်တော့ဘူး ။

ညီလေး ဆူရှီးတွေဆက်လိပ်ပါ ။အဘတွေကိုဆက်ဖားပါ ။ဒေါ်အောင်ဆန်းစုကြည်ကိုဆက်ဟောင်ပါ ။ ဒါပေမယ့် ပြည်သူလူထုကချစ်ရတဲ့သူဆိုတာ အာဏာရှင်တွေလို ခွေးကျမကျတတ်တာတော့ ကမ္ဘာ့သမိုင်းကိုရော၊မြန်မာ့သမိုင်းကိုရောကြည့်ပြီး စာရေးဆရာအစ်ကိုက ရဲရဲကြီးအာမခံလိုက်ပါရဲ့ကွယ် ။

သရ၀ဏ်(ပြည်)

သူရိယနေ၀န်းဂျာနယ်
၈.၁၀.၂၀၁၆


ရခိုင်ပြည်နယ် မောင်တောနယ်စပ်ခြားစောင့်စခန်း စီးနင်းတိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူ အာအက်စ်အိုအကြမ်းဖက်အဖွဲ့ဘက်က ၅ ယောက် သေပြီး ၁ ယောက်ကို အရှင်ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခုက နယ်ဖြားစောင့်ဘက်က အကုန်လုံး ပေါင်းလိုက်ရင် ၁၀ ကျော် ကျတယ်။ ဟိုဘက်က ၅ ယောက် ကျတယ်။ ၁ ယောက် အရှင် ဖမ်းရတယ်။ အာအက်စ်အိုတွေပေါ့။ ပုံတွေကြည့်ရတာ ဒီဘက်က လူတွေ မဟုတ်ဘူး။ ပုံတွေက တကယ့် အာအက်စ်အို အစစ် ပုံတွေ။”

မောင်တောတ၀ိုက်မှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားသွားလာလေ့ မရှိဘူးလို့လည်း သူ ပြောပါတယ်။

ပြည်နယ်အစိုးရက မောင်တောမြို့နယ်ထဲမှာ ဒီမနက်အစောပိုင်းက နယ်ခြားစောင့်တပ်စခန်း ၃ခု စီးနင်းတိုက်ခိုက်ခံရပြီး ဘယ်အဖွဲ့အစည်းက လုပ်သလည်းဆိုတာတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
DVB TV News


ရခိုင်ပြည်နယ် မောင်တော်မြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်းကို စီးနင်းတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့ လက်ချက်ဆိုတာ မပြောနိုင်သေးဘဲ ကျီးကန်းပြင်စခန်း တခုမှာတင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
ပြည်နယ်အစိုးရပြောခွင့်ရ ဦးမင်းအောင်က သူတို့ဆီကို ကျီးကန်းပြင်က ကြေးနန်းပဲ တက်လာသေးပြီး ကျန်တဲ့နေရာက မလာသေးဘူး။ အဲ့ဒီနေရာတ၀ိုက်ကို အခု ပိတ်ဆို့ ကန့်သတ်ထားပြီး တပ်မတော်က တောနင်းရှာနေတယ်လို့ ပြောပါတယ်။
နယ်ခြားစောင့်တပ်စခန်းတွေကို စီးနင်းတိုက်ခိုက်သူတွေဟာ တုတ်၊ဓား လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီလို့ပဲ ပြောနိုင်သေးပြီး ဘယ်အဖွဲ့ဆိုတာ မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
ပြည်နယ်အစိုးရပြောခွင့်ရ ၀န်ကြီး ဦးမင်းအောင်ကို ဒီဗီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး – မောင်တောမှာ ဒီမနက်က ဖြစ်သွားတဲ့ နယ်ခြားစောင့်တပ် အတိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနဲ့ သိထားသလောက်ပေါ့လေ ပြောပြပေးပါခင်ဗျ။
ဖြေ – ဖြစ်သွားတဲ့နေရာက ကျနော်တို့ မနေ့ညဘက်က ဖြစ်တာ သုံးနေရာဖြစ်တယ်ခင်ဗျ။ ဒီမောင်တောမြို့နယ်ထဲက ကျီးကန်းပြင်ဆိုတဲ့ ရွာကစခန်းတခုရယ်၊ နောက် ငါးခူရ ဆိုတဲ့ရွာက စခန်းတခုရယ်ပေါ့နော်။ နောက်ကိုးတန်ကောက်ဆိုတဲ့ ရွာကစခန်းတခု။ အဲဒီထဲက အခု ပြည်နယ်အစိုးရတက်လာတဲ့ ကြေးနန်းက ဒီကျီးကန်းပြင်က ကြေးနန်းတခုပဲရှိ တယ်ဗျ။ ကျန်တဲ့ နှစ်ခု ငါးခူရတဲ့ ကိုးတန်ကောက်က သတင်းက မတက်လာသေးဘူးပေါ့နော်။
မေး – ဟုတ်ကဲ့ ကျီးကန်းပြင်က တက်လာတဲ့သတင်း ပြောပြပေးပါခင်ဗျ။
ဖြေ – ကျီးကန်းပြင်ကတော့ တုတ်၊ ဓား၊ လက်နက်ကိုင်နဲ့ အဖွဲ့ပေါ့နော်။ အယောက်ကိုးဆယ် လောက်ဝင်ပြီးတော့ ကျီးကန်းပြင်ဌာနကို ၀င်ပြီးတော့ စီးတယ်ပေါ့ဗျာ။ အဲဒီနေရာမှာ ကင်းနေရာ ၄ ခုထဲက ကင်းနေရာ တခု၊ နှစ်ခု၊ သူကတပြိုင်တည်း ပတ်ဝင်ပြီးတော့ တိုက်ပွဲ တွေ ဖြစ်ကြတာပေါ့နော်။ ဟိုဘက်က တုတ်ဓားတွေနဲ့ ဒီဘက်က ရဲတပ်ဖွဲ့က အငိုက်မိသွားတဲ့ ပုံစံမျိုးပေါ့ဗျာ။ ည ၂ နာရီ ၀န်းကျင်လောက်မှာ ဖြစ်တော့လေ။ အဲဒီမှာ ၀င်ပြီး သတ်သွားပြီး တော့ အဲဒီက လက်နက်တွေရသွားပြီး သူတို့က ဗဟိုကင်းကိုဝင်စီးပြီးတော့ တိုက်ခိုက်သွား တယ်။ ပြီးရင် လက်နက်တွေ ယူပြီးတော့ ထွက်သွားကြတယ်။
မေး – ဘယ်တပ်ဖွဲ့ကလို့ သိရလဲခင်ဗျ။
ဖြေ – တပ်ဖွဲ့တော့ မဟုတ်ဘူးဗျ။ တုတ်၊ဓား လက်နက်ကိုင်ထားတဲ့ ဘင်္ဂါလီတွေဆိုပြီးတော့ ပြောတယ်။ သူ့သတင်းမှာပေါ့နော်။ တုတ်၊ ဓားတွေကိုင်ထားတဲ့ ဘင်္ဂါလီတွေ ၀င်ပြီးတော့ စီးသွားတယ်ပေါ့ စခန်းကိုလေ။
မေး – လူအသေအပျောက် အထိအခိုက်။
ဖြေ – လူအသေအပျောက်က တိုက်ခိုက်ဝင်စီးတဲ့အခါမှာ ကျနော်တို့ ကင်းမှူးတယောက်၊ နောက်ပြီးတော့ ဒုတပ်ကြပ်တယောက်ရယ်၊ တပ်သားရယ် အားလုံးငါးယောက်ပေါ့ဗျာ ဓားနဲ့ ခုတ်ခံလိုက်ရတယ်ပေါ့။ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးတယ်။ ကျီးကန်းပြင်စခန်းပေါ့။ ထုတ်ပေး ထားတဲ့သေနတ်တွေ ပါသွားတာပေါ့ဗျာ။
မေး – ဘယ်လောက်လောက် ပါသွားလဲခင်ဗျ။
ဖြေ – အတိအကျပြောမယ်ဆိုရင် ဘီအေ-၉၄ နံပါတ် ဒီ-၂၁၈၅၃ တလက်၊ နောက် အမ်-၂၂ တလက်၊ နောက်ပြီး (၉)မမကျည်- ၂၄၀ တောင့် ပါသွားတယ်။ ကျည်နောက်တမျိုးက ၇.၆၂ ကျည် ၁၂၀ တောင့်ယူပြီးတော့ သူတို့က ထွက်သွားကြတယ်။ ရှိတဲ့သူတွေ တိုက်ခိုက်ပြီး တော့။
မေး – ကျနော်တို့ကြားထားတာ ရာနဲ့ချီတယ် ကြားလို့ခင်ဗျ။ လက်နက်ပါသွားတာ။
ဖြေ – အဲဒါက ကင်းစခန်းက ဟာကို ကျနော်က ပြောပြတာလေ။ အလောင်းငါးလောင်းပေါ့ နော် ကျီးကန်းပြင်ဘက်မှာ။ သူတို့ ဟိုဟာကို ၀င်စီးတဲ့အနေအထားမှာတော့။
မေး – လူငါးယောက်သတ်သွားပြီး ရသွားတဲ့လက်နက်တွေနဲ့ပဲ သူတို့ ဗဟိုကင်းကို ၀င်စီးသွား တယ်။ ကျီးကန်းပြင်က ဗဟိုကင်းကို ၀င်စီးသွားတယ်။ အဲဒီကလက်နက်တွေ ယူသွားတယ်။ အဲဒီဒေသမှာ ဘယ်လိုအဖွဲ့အစည်းတွေ ရှိတတ်လဲ။ ဘယ်လိုအဖွဲ့အစည်းတွေက အဲလိုလုပ် တတ်လဲခင်ဗျ။
ဖြေ – အဖွဲ့အစည်းဆိုတဲ့ နာမည်ကတော့ အဖွဲ့အစည်းဆိုတာ ကျနော်တို့ ပြောလို့မရသေးဘူးဗျ။ လူအင်အား ကိုးဆယ်လောက်ပေါ့နော်။ ခုနကျနော်ပြောတဲ့ ကျီးကန်းပြင်ကင်းစခန်းကို ၀င်စီး တာ အယောက် ၉၀ လောက်ဆိုတာ သိရတယ်။ ကျန်တဲ့ ဟိုဘက်က ငါးခူရနဲ့ ကိုးတန်ကောက် စခန်းတွေ၊ သူတို့က တနေရာ တနေရာစီဗျ။ မောင်တောမြို့နယ်ထဲမှာ မြို့ရဲ့ အရှေ့ အနောက်တောင်မြောက် တနေရာစီမှာ ဖြစ်နေတာကိုး။
မေး – ဟုတ်ကဲ့ တပြိုင်တည်း ၀င်စီးသွားတယ်လို့လည်း ပြောတယ်ခင်ဗျ။
ဖြေ – ဟုတ်တယ် တပြိုင်တည်းဖြစ်နေတယ်။ ဒါပေမယ့်ကျနော်တို့ ကြေးနန်းတက်တဲ့အနေ အထား သတင်းရတဲ့ အနေအထားကတော့ ကျီးကန်းပြင်ကဟာပဲ တက်လာသေးတယ်။ ငါးခူရ တို့ ကိုးတန်ကောက်တို့ဘက်ကို ၀င်ထွက်သွားလာခွင့်တွေ ပိတ်ထားတယ်။ လက်နက် ကတော့ တော်တော်များတယ်ဗျ။ ဗဟိုကင်းကနေပြီးတော့ ပါသွားတဲ့ လက်နက်က တော်တော်များတယ်။
မေး – ဘာတပ်ဖွဲ့လို့တော့ ပြောလို့မရသေးဘူးပေါ့နော်။
ဖြေ – ဟုတ်တယ် မရသေးဘူး။
မေး – အခုနောက်ဆုံးပေါ့ မောင်တော ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ တပ်ကလိုက်ရှင်းနေ လား၊ ဘယ်လိုတွေ ဆောင်ရွက်နေလဲ။
ဖြေ – ဟုတ်ကဲ့ အကုန်လုံးပိတ်ပြီးတော့လေ တောနင်းပြီးတော့ ရှာနေတဲ့ဟာတော့ ရှိတယ်။ မောင်တော တ၀ိုက်ပေါ့နော်။
မေး – လုံခြုံရေးကော ပိုချထားလား။
ဖြေ – ဟုတ်ကဲ့ခင်ဗျ လုံခြုံရေးကို အားလုံးအ၀င်အထွက်တွေ ပိတ်ထားတာတော့ ရှိတယ်။
DVB TV News


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Malacanang သမ္မတအိမ်တော်ရှေ့နားမှာ ၁ ထောင်လောက်ရှိတဲ့ ဆန္ဒပြသူတွေက - သမ္မတ ရိုဒရီဂို ဒူတာတေး တက်လာပြီး ပထမရက်ပေါင်း ၁၀၀ အတွင်းမှာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သဘောထားတွေကို ပြောဆိုခဲ့ကြပါတယ်။

သမ္မတ ဒူတာတေးအနေနဲ့ အခုအချိန်အထိ ပေးထားတဲ့ ကတိတွေအတိုင်း တည်နေပြီး - အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေ အားလုံး ဖယ်ရှားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှုတွေအားလုံး ရပ်ဆိုင်းရေးတွေ ပါဝင်တယ်လို့ ဆန္ဒပြအဖွဲ့က ပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့နဲ့ ဆက်ဆံရေး ပြန်လည်ထားရှိဖို့ ကြိုးပမ်းမှုကိုလည်း ဆန္ဒပြသူတွေက ကြိုဆိုခဲ့ကြတာပါ။

လက်ဝဲယိမ်း နိုင်ငံရေးသမားတဦးအဖြစ် သူ့ကိုယ်သူ ပြောဆိုပြီး - ဇွန်လမှာ တာဝန်စယူခဲ့တဲ့ သမ္မတ ဒူတာတေးက - မဟာမိတ်ဟောင်း အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးဟာ မလွယ်ကူလှဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ Duterte က တိုင်းပြည်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ပြောင်းလဲ လုပ်ဆောင်တဲ့အနေနဲ့ အမေရိကန်နဲ့ လမ်းခွဲပြီး စစ်အေးခေတ်က အမေရိကန်ရဲ့ ရန်သူတွေဖြစ်ခဲ့တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဘက်ကို ပြောင်းလဲ ချဉ်းကပ်လာနေတာဖြစ်ပါတယ်။ သမ္မတ Duterte ရဲ့ ဒီ လုပ်ဆောင်ချက် ကြောင့် အရှေ့တောင် အာရှတိုက်အတွင်းမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေမှာ မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ် လာစေနိုင်ပါတယ်။

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း ကင်းလှည့်နေတဲ့ အစီအစဉ်တွေနဲ့ တိုင်းပြည်တောင်ပိုင်း ကျွန်းစုတွေပေါ်မှာ ရှိနေတဲ့ အကြမ်းဖက် မူဆလင် သူပုန်အဖွဲ့တွေကို တိုက်ခိုက်ရေးတွေမှာလည်း အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအကူအညီတွေ ရယူတော့မှာ မဟုတ် ကြောင်း သမ္မတ Duterte က မကြာသေးခင်ကပဲ ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အောက်တိုဘာ ၉/DMG

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နယ်ခြားစောင့်တပ်စခန်းများ RSO ၏ တိုက်ခိုက်မှုများကို ခံနေရပြီး လတ်တလောတွင် နှစ်ဘက်စလုံး အပြန်အလှန်ချေမှုန်းလျက်ရှိကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရသည်။

ယနေ့ (အောက်တိုဘာလ ၉) ရက်နေ့၊နံနက် ၂ နာရီအချိန်ခန့်က မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်တပ်စခန်း၊ ငခူရတပ်စခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စခန်းကောက် စခန်းများ တိုက်ခံရကြောင်း သိရသည်။

“ဟုတ်ပါတယ်။ RSO ရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။ ငခူရမှာတော့ အခုနှစ်ဘက်အပြန်အလှန်တိုက်နေကြတယ်လို့ ကြားပါတယ်။ ဖြစ်စဉ်သတင်းတွေကို အတိအကျအသိရပါသေးပါဘူး။ ခုကိစ္စတွေကြောင့် ပြည်ထဲရေးဒုဝန်ကြီးလည်း ရောက်နေပါတယ်။ ”ဟု မောင်တောမြို့မ ရဲစခန်းမှူးက ဆိုသည်။

အဆိုပါဖြစ်စဉ်များကြောင့် ကျီးကန်းပြင် နယ်ခြားစောင့်တပ်မှ တပ်သား(၃) ဦးမောင်တောဆေးရုံးတွင် ဆေးကုသခံလာရာ တစ်ဦးမှာ သေဆုံးသွားခဲ့ကာ ကျီးကန်းပြင် စစ်ဌာနချုပ်မှ လက်နက် ၅၀ ခန့်မှလည်း အမည်မသိသူများ၏ တိုက်ခိုက်လုယက်မှုကို ခံလိုက်ရကြောင်း ကနဦးသတင်းများအရ သိရသည်။

ဓာတ်ပုံ - FB
Development Media Group
https://www.facebook.com/DevelopmentNJ


ကာရစ်ဘီယမ်ကျွန်းတွေကနေ အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ်ကမ်းရိုးတန်းအထိ သီတင်းတပတ်ကြာ ဖြတ်သန်းတိုက်ခတ်လာရာက ဟေတီနိုင်ငံက အများစုဖြစ်တဲ့ လူ ၁ ထောင်နီးပါး သေဆုံးခဲ့ရပြီးနောက် Matthew ဟာရီကိန်းမုန်တိုင်းဟာ အားပျော့ပျက်ပြယ်ကာ နီးလာပြီဖြစ်ပါတယ်။ မုန်တိုင်းဟာ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဂျမေကာ၊ ကျူးဘားနဲ့ ဘဟားမားနိုင်ငံတွေက ဒေသခံတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို မွှေနှောက် ဖျက်စီးခဲ့တာ ဖြစ်ပါတယ်။

စနေနေ့နှောင်းပိုင်းကတော့ မုန်တိုင်းရဲ့ဗဟိုချက်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ် Cape Fear ကနေ ၈၅ ကီလိုမီတာအကွာမှာရှိနေပြီး လူနေထူထပ်တဲ့ ဒေသတွေကနေ တဖြေးဖြေးချင်း အဝေးကို ရွေ့လျားသွားနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ်လောက်ကထက် တ၀က်လောက်သာ ပြင်းထန်တော့တဲ့ လေတိုက်နှုန်း တနာရီကို ၁၂၀ ကီလိုမီတာလောက်နဲ့ တဖြေးဖြေး အားပျော့သွားခဲ့တာ ဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ်ကနေ မြောက်ကာရိုလိုင်းနားအထိ ကီလိုမီတာ ၉၅၀ ရှည်လျားတဲ့ အမေရိကန်အရှေ့ဘက်ခြမ်း ကမ်းရိုးတန်းဒေသတလျှောက်က နေရာတော်တော်များများမှာ ဆိုးဆိုးရွားရွား ရေကြီးတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၀ ဦးလောက် သေဆုံးခဲ့ရတဲ့ ပြည်နယ် ၄ ခုမှာ အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။

Matthew ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်အရှေ့ဘက်ခြမ်းကို ၉ နှစ်အတွင်း အပြင်းထန်ဆုံး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတခုဖြစ်ပြီး၊ ဟာရီကိန်း မုန်တိုင်းတွေထဲမှာ အချိန်အကြာဆုံး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတခုအဖြစ် စံချိန်တင်ခဲ့ပေမဲ့ - အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုကတော့ ကြိုတင် ခန့်မှန်းထားတာထက် သက်သာရာရခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ်နီးပါးက ကာရစ်ဘီယမ်ဒေသကို စတင်ဝင်ရောက်ချိန်မှာ အင်အားအပြင်းဆုံး ဖြစ်ခဲ့တဲ့ ဟာရီကိန်းဟာ တနာရီကို လေတိုက်နှုန်း ၂၃၅ ကီလိုမီတာနီးပါး ရှိခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဂျပန်နိုင်ငံရဲ့ အကြီးဆုံးမီးတောင်ရှင်တစ်ခုဖြစ်တဲ့ အေဆိုမီးတောင် ပေါက်ကွဲပြီး ၁၁,၀၀၀ မီတာ (၇ မိုင်နီးပါး) အမြင့်ထက်ကျော်တဲ့ မီးခိုးနဲ့ပြာများ ပေါက်ကွဲထွက်လာခဲ့တယ်လို့ မိုးလေဝသခန့်မှန်းရေး အေဂျင်စီက အောက်တိုဘာလ ၈ ရက်နေ့ အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အမြင့် ၁၅၉၂ မီတာ (၅၂၀၀ ပေထက်အနည်းငယ်ကျော်) ရှိတဲ့ အေဆိုမီးတောင်ဟာ ကျူရှုကျွန်းရဲ့ အနောက်တောင်ဖက် ကူမမိုတို ခရိုင်အတွင်းမှာ ရှိတာပါ။

ဒေသထဲကပုံတွေကတော့ လမ်းတွေပေါ် ခေါင်မိုးတွေနဲ့ ကားတွေပေါ်မှာ မီးတောင် ချော်ရည်တွေ ပြာတွေဖုံးလွှမ်းနေတာကို ပြနေပါတယ်။

ဒီဒေသကို အန္တရာယ်ရှိတဲ့အဆင့် ၃ အနေနဲ့ သတ်မှတ်ထားပြီး အန္တရာယ်အမြင့်ဆုံးအဆင့် ကတော့ ၅ အဖြစ် သတ်မှတ်ထားတာပါ ဒေသခံလူတွေကိုလည်း မီးတောင်နားမကပ်ဖို့ ကျောက်တုံးတွေ ပြုတ်ကျမဲ့အန္တရာယ်ကိုလည်း ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။

“မီးတောင်ပေါက်ကွဲတဲ့ အမြင့်က မီတာ ၁၀,၀၀၀ တောင်ကျော်တယ်ဆိုတာက အရမ်းကိုဖြစ်ခဲပါတယ်” လို့ မီးတောင်များလေ့လာရေး အေဂျင်စီက ဒါရိုက်တာ မာကိုတိုစိုင်တိုက စီအဲန်န်အဲန်န်ကို စနေနေ့က ပြောလိုက်တာပါ။

မီးတောင်တွေက ဒီလိုပေါက်ကွဲနေတဲ့အခြေအနေမျိုးမှာ ဒီပမာဏရှိတဲ့နှုန်းနဲ့ပဲ နောက်ထပ်ပေါက်ကွဲမှု ထပ်ဖြစ်တတ်ပါတယ်လို့လည်း စိုင်တိုက ဖြည့်ပြောလိုက်ပါတယ်။

ဒီအေဆိုမီးတောင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း ပေါက်ကွဲခဲ့ပါသေးတယ်။

ပစိဖိတ်သမုဒ္ဒရာရဲ့ “ring of fire” ဝန်းကျင်မှာတည်ရှိတဲ့ ဂျပန်နိုင်ငံဟာ မီးတောင်ရှင်တွေ အများကြီးရှိတဲ့ နိုင်ငံတစ်ခုပါ အန္တရာယ်အရှိဆုံးအဆင့် ၃ ကို ဂျပန်နိုင်ငံအတွင်းက အခြားမီးတောင်တွေဖြစ်တဲ့ ဆာကူရာဂျီမာမီးတောင်နဲ့ ကူချီနိုအီရာဘူဂျီမာမီးတောင်တွေကိုလည်း သတ်မှတ်ထားတယ်လို့ ဂျပန်မိုးလေဝသဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
DVB TV News


ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အထူးဒေသရဲ့ နိုင်ငံခြားရေးဝန်ကြီး Zhao Guo An (ဓါတ်ပုံ- စိုးဇေယျထွန်း/ ရိုက်တာ)
ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အထူးဒေသရဲ့ နိုင်ငံခြားရေးဝန်ကြီး Zhao Guo An (ဓါတ်ပုံ- စိုးဇေယျထွန်း/ ရိုက်တာ)

မြန်မာနိုင်ငံမှာ အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ၀ပြည်သွေးစည်း ညီညွတ်ရေးအနေနဲ့ သူတို့ဒေသဟာ အာရှမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု အကြီးဆုံးဖြစ်တယ် ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း ၀ဒေသမှာ အုပ်ချုပ်သူတွေဘက်က ၀န်ဆောင်မှုလုပ်ငန်းတွေ နှစ်ပေါင်းများစွာ ပျက်ကွက်မှုကြောင့် မူးယစ်ဆေးဝါးပြဿနာ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Reuters သတင်းတပုဒ်ကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ် အခုမြင်နေရတဲ့ အစိမ်းရောင် လက်ဖက်ခင်းတွေဟာ အရင်က ဘိန်းဖြူထုတ်လုပ်ဖို့ စိုက်ပျိုးတဲ့ ဘိန်းခင်းတွေဖြစ်ခဲ့တာပါ။ ၀ ဒေသမှာ ဘိန်းစိုက်ပျိုးမှုပပျောက်အောင် ကြိုးစားဆောင်ရွက်ခဲ့ပုံနဲ့ ပတ်သက်လို့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသရဲ့ စိုက်ပျိုးရေးဝန်ကြီး Luo Yaku က အခုလို ပြောပါတယ်။

"၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိ မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ကျနော်တို့ တကယ်ပဲပါဝင်ပတ်သက်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ဒါကို ရပ်ဆိုင်းခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကျနော်တို့ အလွန်ပဲ တင်းကြပ်ထားပါတယ်။"

Luo Yaku ကိုယ်တိုင်လည်း အရင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။

ဝ ဒေသမှာ ဘိန်းစိုက်ခင်းတွေရှိခဲ့ ရာဇ၀င်နဲ့ပတ်သက်လို့ စစ်ထောက်လှမ်းရေး အရာရှိအဖြစ် UWSA ခေါင်းဆောင်တွေနဲ့ နှစ်အတန်ကြာ ဆက်ဆံခဲ့ရပြီး လက်ရှိ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့စစ်ရေးလေ့လာသုံးသပ်နေသူ ဦးအောင်လင်းထွဋ်က အခုလိုပြောပါတယ်။

"၀ဒေသနဲ့ပတ်သက်ပြီးတော့ ဘိန်းစိုက်တယ်၊ မစိုက်ဘူးဆိုတာက အခုအချိန်မှာ အတိအကျတော့ ကျနော် မပြောနိုင်တော့ဘူး။ ဘာဖြစ်လဲဆိုတော့ တော်တော်လည်း ကြာသွားပြီလေ။ ဒီဥစ္စာကို အမေရိကန် survey တွေကနေ ကြည့်ရင် သိနိုင် ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရှိစဉ်တုန်းကတော့ အများအပြား စိုက်ခဲ့ တယ်။ နောက် ပိုင်း ဒီဘိန်းကနေရတဲ့ ပိုက်ဆံနဲ့ပဲ သူတို့ရဲ့စစ်တပ်ရော၊ သူတို့ရဲ့ လုပ် ငန်းတွေရော ကို မြန်မာပြည်ထဲမှာရော၊ သူတို့ဒေသမှာရော တည်ထောင်ခဲ့ တာတွေရှိတော့ ၀ က တော်တော်လေးတော့ စစ်အင်အား လည်း တောင့်တင်းလာတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း ဗမာပြည်ထဲမှာ ရှိတဲ့အနေအထားမျိုး ရှိပါတယ်။ ဘိန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အ ခါ မှာတော့ သူတို့ပြောသလိုပေါ့လေ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ကြီးကြပ်ခဲ့ တာတော့ မှန်တော့ မှန်ပါတယ်။ တကယ့် မြေပြင်မှာ စိုက်တယ် မစိုက်ဘူးဆိုတာကတော့ သက်သေပြဖို့တော့ ခက်ပါတယ်။"

ဝဒေသမှာ ဘိန်းစိုက်ပျိုးရေးပပျောက်ဖို့ လှုပ်ရှားမှုအနေနဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်ထိ ၀ တိုင်းရင်းသားဦးရေ ခြောက်ပုံတပုံဖြစ်တဲ့ ၁၀၀,၀၀၀ ကို ထိုင်းနယ် စပ်အနီးမှာရှိတဲ့ တောင်ပိုင်း ၀ဒေသဘက်ကို ၀ခေါင်းဆောင်တွေ က ပြောင်းရွှေ့ အခြေချစေခဲ့တာ ဖြစ်ပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးအဖွဲ့ ရဲ့ နှစ်စဉ်အစီရင်ခံစာတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာတော့ ကမ္ဘာ့ဘိန်းထုတ်လုပ်မှုရဲ့ လေးပုံတပုံဟာ ၀ဒေသ တစိတ်တပိုင်း ပါဝင်နေတဲ့ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံနယ်မြေ က ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် UWSA ၀ ခေါင်းဆောင်းအများအပြားကို ဘိန်းဖြူနဲ့ ရာဘ စိတ်ကြွဆေးပြားတွေ ထုတ်လုပ်ရောင်းချမှု စွဲချက်တွေနဲ့ ၂၀၀၅ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက စတင်တရားစွဲဆိုခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့ဝဒေသမှာ အပြောင်းအလဲတွေပြုလုပ်ခဲ့ ကြောင်း ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အထူးဒေသရဲ့ နိုင်ငံခြားရေးဝန်ကြီး Zhao Guo An က ပြောပါတယ်။

"ရာဘ စိတ်ကြွဆေးပြားတွေရဲ့ ပြဿနာကို ဒေသတခုတည်း ကပဲ ဖြေရှင်းလို့မနိုင် ပါဘူး။ မူးယစ်ဆေးအမြောက်အများဟာ အပြင်ကပဲ ယူလာတာဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေက ဆက်ပြီးတော့ ၀ ဒေသကိုပဲ စွပ်စွဲ အသေရေ ဖျက်နေကြပါတယ်။ ဒါဟာ မတရားပါဘူး။"

ဒါ့အပြင် UWSA ဟာ မူးယစ်အင်ပါယာ ထူထောင် ထုတ်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ မှန်ကန်မှုမရှိဘူးလို့ သူက ပြောသွားပါတယ်။

ဒါပေမဲ့လည်း UWSA ခေါင်းဆောင်တဦးဖြစ်သူ ဝေရှောင်ခန် ဦးစီးကွပ်ကဲနေတဲ့ တောင်ပိုင်း ၀ဒေသမှာတော့ စိတ်ကြွမူးယစ်ဆေးပြား ထုတ်လုပ်ရောင်းချမှုတွေ ရှိနေဆဲဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေဆဲဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ပြောပါတယ်။

"တောင်ပိုင်းဒေသ ၀ပေါ့လေ ယိုးဒယားနယ်စပ်ဘက်မှာရှိတဲ့ ဝေရှောင် ခန် ဝေရှောင်လုံတို့ အဖွဲ့ကတော့ များသောအားဖြင့်တော့ ဘိန်းထက် စိတ်ကြွဆေးပေါ့ အဲဒါကို အများဆုံး လုပ်ပါတယ်။ ကျနော် သိရသလောက်က အခုချိန်ထိလည်း သူတို့ ဒီလုပ်ငန်းက ရှိနေဆဲပါ။ အခု မိနေတဲ့ ရန်ကုန်ထဲမှာတို့၊ မန္တလေးမှာတို့ ဘူးသီးတောင်၊ မောင်တော အဲဒီဘက်ဒေသတွေ ကို ရောက်နေတဲ့ ပစ္စည်းတွေဟာ များသောအားဖြင့်တော့ ကျနော့်အမြင်ပြောရရင်တော့ တောင်ပိုင်း ၀ ဒေသကနေပြီးတော့မှ ဗမာပြည်ထဲကနေတဆင့် ဖြတ်သွားတဲ့ အနေအထားမျိုး ရှိပါတယ်။ တပြိုင်တည်းမှာပဲ တောင်ပိုင်းဒေသ ၀ က ထိုင်းနိုင်ငံဘက်ကိုလည်း အဲဒီဘက်ကနေ ဖြန့်ချိတဲ့သဘောမှာ ရှိပါတယ်။ ကျနော်ပြောရရင်ပေါ့လေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လုံးဝ ကင်းရှင်းတယ်ဆိုတာကတော့ မဖြစ်နိုင်သေးပါဘူး အခုအချိန်ထိ။"

ဒါကြောင့်လည်း ဝေရှောက်ခန်ကို ဖမ်းမိရင် အမေရိကန် ဒေါ်လာ ၂ သန်းအထိ ဆုငွေပေးမယ်လို့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နဲ့ ထိုင်း မူးယစ်နှိမ်နင်းရေးအဖွဲ့တို့က ၂၀၁၀ ပြည့်နှစ် သြဂုတ်လက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဝဒေသမှာ မူးယစ်ဆေးဝါး ပြဿနာရှိနေဆဲဖြစ်ပြီး အုပ်ချုပ်ရေးတာဝန်ရှိသူတွေဘက်က သူတို့အပေါ်မှာ နှစ်ပေါင်းများစွာ ၀န်ဆောင်မှုပေးဖို့ ပျက်ကွက်ခဲ့ တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
VOA Burmese News



ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေအတွင်း မြန်မာအစိုးရတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့က အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ သီးခြား ကြေညာချက်တွေ ထုတ်ပြန် ကန့်ကွက်လိုက်ကြပါတယ်။

အခုတိုက်ပွဲတွေဟာ တိုင်းရင်းသားနယ်မြေတွေအတွင်း မြန်မာ့တပ်မတော်က နယ်မြေကျူးကျော် ထိုးဆင်မှုတွေကြောင့်ဖြစ်ကြောင်း၊ တိုက်ပွဲတွေကြောင့် ထောင်ပေါင်းများစွာသော ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ ထိခိုက် ဒဏ်ရာရတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတာတွေအပြင် အပြစ်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြကြောင်း၊ ဒါကြောင့် ဒီ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း UNFC က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာတော့ - နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တခြား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနည်းတူ KIO အနေနဲ့ တက်ရောက်ခဲ့ပြီး နိုင်ငံရေးသဘောထားနဲ့ ဖက်ဒရယ်စနစ် အခြေခံမူများကို တင်ပြခဲ့ကြောင်း၊

ဒါပေမဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့ စီစဉ်နေဆဲ ကာလအတွင်းမှာပဲ KIA တပ်ဖွဲ့တွေကို မြန်မာ့ တပ်မတော်က လေကြောင်းက အပါအ၀င် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်တွင်းစစ်ပြဿနာကို အစိုးရက နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနေတဲ့အချိန် တပ်မတော်ဘက်က အဲဒီလို တိုက်ခိုက်တာဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ထွန်းလာရေးကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ဒါကြောင့်လည်း လက်ရှိ လုပ်ဆောင်နေတဲ့ တပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပေါ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးအားလုံးကို မြန်မာ့တပ်မတော်ကသာ တာဝန်ယူရမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။
VOA Burmese News



မဟာသန္တိသုခကျောင်းတော်
လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော် ငါးပါးကို တရားစွဲဆိုထားတဲ့ အမှုကို အထက်သံဃာ စကား မနာခံမှု သံဃာ့ဥပဒေ (၂၀/၉၀)နဲ့ ဆက်စစ်ဆေးသွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

မဟာသန္တိသုခကျောင်းတော်ဟာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ရည်စူး လှူဒါန်းထားတာ ဖြစ်တဲ့အတွက် မည်သူ့ကိုမှ လွှဲပြောင်းတာမျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဒီအမှုမှာ အစွပ်စွဲခံ သံဃာတော်တွေက မဟာသံဃနာယက ဆရာတော်ကြီးတွေကို ဝန်ချတောင်းပန်ရင် အမှုကို ရုပ်သိမ်းပေးမယ်လို့ ဦးဥတ္တရနဲ့ တခြားသံဃာတော်တွေကို သာသနာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောဆိုပြီး ကြားဝင်စေ့စပ်ခဲ့တယ်လို့ သာသနာရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ဆရာတော် ဦးဥတ္တရဘက်က အကြမ်းဖျင်း သဘောတူပြီးမှ အမှုကို အရင်ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့အတွက် ဥပဒေအတိုင်းဆက်လက် ဆောင်ရွက်ဖို့ ဆုံးဖြတ်ရခြင်း ဖြစ်တယ်လို့ ဦးဇာနည်ဝင်းက ပြောပါတယ်။

ဆရာတော် ဦးဥတ္တရကလည်း ဝန်ချတောင်းပန်ရင် မှားတယ်လို့ ဝန်ခံရာရောက်တဲ့အတွက် အဲဒီ့အတွက် တရားရုံးမှာ ပြစ်ဒဏ်ကျခံရနိုင်ချေ ရှိလို့ အမှုကို အရင်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဆရာတော်က ဒီကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် ပြောခွင့်၊ ဆွေးနွေးခွင့်မရှိပဲ စင်္ကာပူက ပီနန်ဆရာတော်ကြီးပြန်လာပြီး ဖြေရှင်းမှ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။

ဒါကို သာသနာရေးဝန်ကြီးဌာနက ကျောင်းပိုင်ဆိုင်မှုကို သူတို့က တောင်းဆိုတယ်ဆိုပြီး လွဲမှား စွပ်စွဲထားတယ်လို့ ဆရာတော်က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ဇွန်လတုန်းက ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်မှာ ရှိတဲ့ မဟာသန္တိသုခကျောင်းကို စည်းကမ်းထိန်းသိမ်းရေး သံဃာတော်၊ ရဲနဲ့ အရင် သာသနာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဝင်ရောက် စီးနင်းပြီး ကျောင်းက သံဃာတော် ၇ပါးကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ လန်ဒန်ဆရာတော် အပါအဝင် သံဃာတော် ၅ပါးကို သာသနာတော် ညိုးနွမ်းစေမှု ဥပဒေ ပုဒ်မ ၂၉၅(က)နဲ့ ပုဒ်မ ၁၄တို့အရ အရေးယူထားခဲ့ပြီး အခုတော့ ပုဒ်မ ၁၄ဖြစ်တဲ့ သံဃာ့ဥပဒေ ၂၀/၉၀နဲ့ တာမွေမြို့နယ် တရားရုံးမှာ ဆက်လက် တရားစွဲဆိုထားခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဇီကာ နှိမ်နင်းရေး ထိုင်းမှာ ခြင်ပိုးသတ်ဆေးဖြန်းနေစဉ်
ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဆောင် မိခင်ကတဆင့် ၀မ်းတွင်းမှာရှိတဲ့ သန္ဓေသားလောင်း ကို ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရတယ်ဆိုရင် ကိုယ်ဝန်ကို လက်ရှိရှိနေတဲ့ လိုက်နာ ရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖျက်ချဖို့ခွင့်ပြုသွားမှာဖြစ်တယ်လို့ ထိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ ကလေးငယ် ၂ ဦးကို ပထမဆုံး အကြိမ်မွေးဖွားခဲ့တယ်လို့ ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုခဲ့ ပါတယ်။ ခြင်ကိုက်ရာကနေ ကူးစက်ခံရတဲ့ ဇီကာဗိုင်းရပ်စ်ပိုးကြောင့် Microcephaly လို့ခေါ်တဲ့ ဦးခေါင်းခွံသေးငယ်တဲ့ ကလေးငယ် ၂ ဦးကို မွေးဖွားခဲ့ပြီး၊ ဒါဟာ အရှေ့ တောင်အာရှဒေသမှာ ပထမဆုံး ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာလည်း ဖြစ် ပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ မိခင်လောင်းတွေအတွက် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို ရေးဆွဲဖို့အတွက် ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေ အခု သီတင်းပတ်အတွင်း တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီထဲမှာ ဇီကာဗိုင်းရပ်စ် ပိုးကြောင့် မွေး လာမယ့် ကလေးငယ်အပေါ် ဆိုးဆိုးရွားရွားထိခိုက်နိုင်တယ်ဆိုရင် မိခင်လောင်းတွေ အနေနဲ့ ၊ ၂၄ ပတ်အထိ ကိုယ်ဝန်ဖျက်ချနိုင်တယ်လို့ ဆိုပါတယ်။

ဇီကာနဲ့ ပတ်သက်ပြီး ခက်ခဲ့တာ တခုကတော့ microcephaly အခြေအနေကို ဆုံးဖြတ် ရတာပါ။ ပုံမှန်အားဖြင့်တော့ ဒါက ကိုယ်ဝန်ရင့် လာတဲ့အချိန်မှာ တွေ့လာရ တာဖြစ်တယ်လို့ ထိုင်းတော်ဝင်ကောလိပ်က ဥက္ကဋ္ဌ Pisek Lumpikanon က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဆေးပညာအရ တရားဝင် ကိုယ်ဝန်ဖျက် ချနိုင်တာက ၂၄ ပတ်အထိ ဖျက်ချလို့ရပါတယ်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ ထိုင်းနိုင်ငံမှာ အဓမ္မပြုကျင့်မှု နဲ့ အမျိုးသမီးရဲ့ အသက်ကို ကယ်ဖို့ကလွဲရင်၊ ကိုယ်ဝန် ဖျက်ချတာကို တရားဝင်ခွင့်ပြုထားခြင်းမရှိပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နိရဉ္စရာ၊ နိုဝင်ဘာ ၈

ယနေ့နံနက်က ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ရဲစီးနှင်းမှု ဖြစ်စဉ် (၃) ခု အတွင်း အကြမ်းဖက်သမားဟု ယူဆရသူ ၁၁ ဦး သေဆုံးခဲ့ကြောင်း The Daily Star သတင်းတွင် ဖော်ပြသည်။

ယနေ့နံနက်စောစောက မြို့တော် ဒက္ကားမြောက်ဘက် ဂါဇီပူရ်မြို့ ရှိ Afarkhola ရှိ နှစ်ထပ် အိမ်တစ်လုံးကို အထူးမူခင်းနှိမ်နှင်းရေးတပ်ဖွဲ့ Rapid Action Battalion (RAB) က ၀င်ရောက်စီးနှင်း စဉ် နှစ်ဦး သေဆုံးပြီး နောက်ထပ် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တန်ပြန် အကြမ်းဖက်နှိမ်နှင်းရေး ဘင်္ဂလာရဲတပ်ဖွဲ့က Afarkhla အရပ်ရှိ နေရာအများအပြားကို စီးနှင်းစဉ် နောက်ထပ် အများအပြား သေဆုံးခဲ့သည်ဟု ဆိုသည်။


နောက်ထပ် တန်ဂေးမြို့တွင် အကြမ်းဖက်သမား နှစ်ဦးနှင့် ဂါဇီပူရ် မြို့ Harinal အရပ်တွင် နှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တန်ပြန် အကြမ်းဖက် နှိမ်နှင်းရေးတပ်ဖွဲ့ အကြီးအကဲ Sanowar Hossain က စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ကြောင်း အတည်ပြု ပြောကြားသည်ဟု သတင်းတွင် ဖော်ပြသည်။

သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိရှိရသေးသော်လည်း သေဆုံးသူများမှာ အသက် ၁၇ နှစ်နှင့် ၂၅ နှစ် အရွယ်များဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

သူတို့ထံမှ AK 47 တစ်လက်၊ ပစ္စတိုတစ်လက်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ကျည်ဆံအများအပြားနှင့် Laptop ကွန်ပျူတာများ သိမ်းဆည်းရမိသည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်တွင် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့များကို အပြင်းအထန် နှိမ်နှင်းနေရာ ရဲလက်ချက်ဖြင့် အကြမ်းဖက်သမား ဒါဇင်နှင့်ချီပြီး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara


မောင်တောမြို့နယ်၊ ကျီးကန်းပြင်၊ အမှတ်(၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ (ဌာနချုပ်) မှာ ပစ်ခတ်မှုတွေ အောက်တိုဘာ ၉ ရက် မနက် ၃ နာရီလောက်ကစပြီး တစ်နာရီကျော်ဖြစ်ခဲ့ပါတယ်။

ကျီးကန်းပြင်ရွာက ကိုကျော်စိုးမိုးကတော့ “ပစ်သံတွေကြားနေရတာ တစ်နာရီကျော်ပြီ၊ ဘယ်သူနဲ့ဖြစ်တာလဲတော့မသိဘူး။ ရွာမှာတော့ အထိတ်တလန့်ပဲ”လို့ ဒီဗွီဘီ ကို ပြောပါတယ်။

“အောင်ဇေယျရွာထဲကိုတော့ ကျည်ဆန်တွေ ကျလာနေလို့ ရွာသားတွေ စိတ်ချရမယ့် အကာအကွယ်ယူပြီး ပုန်းနေကြရတယ်လို့ သိရပါတယ်။ မောင်တောမြို့ပေါ်မှာ လုံခြုံရေးအဖွဲ့တွေ ကင်းလှည့်နေပြီး မနက်လေးနာရီမှာ မြို့က မီးစက်ကြီးကိုနှိုးပြီး တစ်မြို့လုံးကို လျှပ်စစ်မီးပေးထားပါတယ်”လို့ မောင်တောမြို့ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

ကျီးကန်းပြင်၊ ကိုးတန်ကောက်နဲ့ ငခူရ သုံးနေရာ တချိန်တည်းဝင်စီးခံရပြီး လက်နက် အလက် ၅၀ ခန့် ပျောက်ဆုံးနေပါတယ်။ ကျီးကန်းပြင်ကရဲ တပ်ကြပ်ကြီး ၁ ဦးကျဆုံးခဲ့ပြီး ၂ ဦးဒါဏ်ရာရပါတယ်။ ကိုးတန်ကောက်ရဲစခန်းက ရဲ ၂ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေတယ်လို့သိရှိရပါတယ်။

ကျီးကန်းပြင်ကို ကူညီဖို့လာတဲ့ နယ်ခြားစောင့်ရဲနဲ့ တပ်မတော်သားတွေပါတဲ့ ကားတစ်စီး ကျီးကန်းပြင်လမ်းမှာ မိုင်းထိခဲ့ပြီး ထိခိုက်တာ မရှိဘူးလို့လည်း သိရပါတယ်။ လာရောက်တိုက်ခိုက်တဲ့ အဖွဲ့တွေဟာ RSO အကြမ်းဖက်အဖွဲ့တွေဖြစ်နိုင်တယ်လို့ ဆိုပေမယ့် အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

သတင်း – ကိုအောင်
DVB TV News

[youtube src="qpKM3aamEtg"/]
"ဒုစရိုက်မှုတွေ ဘာလို့ပေါများနေရတာလဲ ... ။"
*********************************************
နားထောင်ကြည့်လိုက်ပါ ။ အရမ်းကောင်းပါတယ် ။

တရားဥပဒေစိုးမိုးရေးတွေ ဘာလို့ကျဆင်းနေရတာလဲ။

ဘယ်သူတွေ ၊ ဘယ်အဖွဲ့အစည်းတွေမှာ တာဝန်အရှိဆုံးလဲ။

တရားလွှတ်တော်ရှေ့နေကြီး ဆရာကြီးဦးကိုနီ ရှင်းပြထားတာ အရမ်းကောင်းပါတယ်။
DVB TV News

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ နိုင်ငံခြားသားအများစုအပါအဝင် လူပေါင်း ၂၂ ဦး သေဆုံးခဲ့သည့် ကဖေးဆိုင်တိုက်ခိုက်မှုအတွက် အပြစ်ရှိသည့် အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ဝင် ၁၁ ဦးအား လုံခြုံရေးတပ်ဖွဲ့များက သုတ်သင်ခဲ့သည်။

မြို့တော် ဆင်ခြေဖုံးရပ်ရှိ စစ်သွေးကြွများ ပုန်းအောင်းရာနေရာများသို့ စီးနင်းမှု သုံးရပ်ပြုလုပ်ခဲ့ပြီး ဂျမတ်မူဂျာဟီဒင်ဘင်္ဂလားဒေ့ရှ်အဖွဲ့ဝင်များဖြစ်ဖွယ်ရှိသည့် စစ်သွေးကြွ ၁၁ဦးကို သုတ်သင်လိုက်နိုင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အဆက်ဒူဇာမန်းခန်းက ပြောသည်။

ယင်းအဖွဲ့၏ ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင်များ ပုန်းအောင်းနေရာကို သတင်းအရ ရဲက စီးနင်းမှုတစ်ရပ်အတွင်း စစ်သွေးကြွ ခုနစ်ဦးကို သုတ်သင်နိုင်သည်။

“ကျွန်တော်တို့က သူတို့ကို လက်နက်ချဖို့ ပြောပေမယ့် ပြန်လည်ပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ် သုတ်သင်လိုက်ရတာဖြစ်တယ်။”ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ဇူလိုင် ၁ ရက် ဒါကာရှိ သံတမန်ရပ်ကွက်တွင် တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားရာ အိုင်အက်စ်တို့က ၎င်းတို့လုပ်ဆောင်ကြောင်း ကြေညာသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လစ်ဘရယ်များနှင့် ဘာသာရေးလူနည်းစုများအပေါ် သတ်ဖြတ်ခြင်းများ ပြီးခဲ့သည့်နှစ်အတွင်း ပိုမိုဖြစ်ပွားလာခဲ့သည်။

============

Mizzima - News in Burmese

http://www.mizzimaburmese.com/article/18895

အမေရိကန်အစိုးရရုံးစိုက်ရာ ၀ါရှင်တန်မြို့အတွက် နိုင်ငံရေးသမားများ၏ ပါဝါကစားပွဲများမှာ မထူးဆန်းတော့သော်လည်း ပြီးခဲ့သည့် လအတွင်း ဖြစ်ပေါ်ခဲ့မှုများက အခြားအရာများကို လွှမ်းမိုးသွားခဲ့သည်။ မြန်မာ့ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် ကာလအတွင်း အမေရိကန်အစိုးရသည် အကောင်းဆုံး ပူးပေါင်းလုပ်ဆောင်မှုပုံစံဖြင့် လှုပ်ရှားဆောင်ရွက်မှုများ ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့် လေယာဉ်က အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော်နေဆဲ အချိန်တွင်ပင် အမေရိကန် ရီပက်ဘလီကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် ဒီမိုကရက်တစ် လွှတ်တော်အမတ် ဘန်ကာဒင် တို့ ပူးပေါင်း၍ “မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ဥပဒေ ၂၀၁၆” ကို လွှတ်တော်၌ တင်သွင်းခဲ့သည်။

ထိုဥပဒေမှာ ခြစားမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတို့ နှစ်ရှည်လများ ကြုံတွေ့ခဲ့သည့် မြန်မာနိုင်ငံအား ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူထားမှုများ ဖြေလျှော့ လိုအပ်နေသည့် မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဥပဒေတစ်ရပ်ဖြစ်ပြီး အပြုသဘောဆောင်သော မိတ်ဆွေပီသသော ဥာဏ်အမြော်အမြင် ရှိသည့် လုပ်ဆောင်ချက်အဖြစ် ရည်ညွှန်းခံရသည်။

ထိုဥပဒေတွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ခြစားမှုပြသ၁နာများ ဆက်လက်တည်ရှိနေသည်ကို ဖော်ပြထားသော်လည်း အမေရိကန် စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးကျေးဇူး ရရှိနိုင်မည့် လမ်းညွှန်ချက်များကိုလည်း ထည့်သွင်း ဖော်ပြထားသည်။ စစ်အာဏာရှင် စနစ်အောက် တွင် နှစ်ငါးဆယ်ကြာ နေခဲ့ရပြီး လက်ရှိတွင်လည်း ရုန်းကန်နေရဆဲဖြစ်သည့် မြန်မာနိုင်ငံအား အခက်အခဲများကြား လျစ်လျူရှုထားမည့်အစား အမေရိကန် အနေဖြင့် မြန်မာနိုင်ငံရှိ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိသည့် စီမံကိန်းများကို ထောက်ပံ့ရန် ဥပဒေတွင် ဖော်ပြထားသည်။

ထောက်ပံ့ကူညီမှု မြှင့်တင်မည့် ဥပဒေသစ် တင်သွင်းမှုက ဒေါ်အောင်ဆန်းစုကြည်အတွက် ခရီးစဉ်ကို များစွာအထောက်အကူ ပြုခဲ့သည်။ ညနေ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ တွေ့ဆုံခဲ့သည်။ ခရီးစဉ်တလျောက် တွေ့ဆုံမှုတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံမှ ခေါင်းဆောင်များ နိုင်ငံရေးသမားများက များစွာ လေးစားမှုကို မြင်တွေ့နိုင်သည်။

သမ္မတ အိုဘားမားက သူ၏ ဧည့်သည်တော်အား ပြီးခဲ့သည့် ၆ လအတွင်း စွမ်းဆောင်နိုင်မှုများအတွက် ချီးကျူးခဲ့ပြီး အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ အရေးယူခြင်းအစား အခြားပုံစံဖြင့် ကူညီထောက်ပံ့နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် ဥပဒေပြုရေး ဥပဒေပြင်ဆင်ရေး ဘတ်ဂျက်အတည်ပြုရေးတို့တွင် ထိပ်တိုက်တွေ့နေကြဖြစ်သည့် အမေရိကန်နိုင်ငံမှ ပါတီကြီး ၂ ခု၏ ပူးပေါင်းဆောင်ရွက်မှုမှာ အံ့ဖွယ်ဖြစ်သည်ဟု ၀ါရှင်တန် နိုင်ငံရေးအသိုင်းအ၀န်းက မှတ်ချက်ပြုကြသည်။

ထိုအချက်များမှာ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကို ဖော်ပြနေသည်။ အခက်အခဲမျိုးစုံဖြင့် ရုန်းကန်နေရနိုင်သည့် အစိုးရတစ်ခုအား ဟန်ချက်ညီညီ ရှေ့ဆက်နိုင်ရန် ဦးဆောင်မှုပေးနိုင်သော သြဇာအာဏာဖြစ်သည်။

ဝါရှင်တန်တွင် အမေရိကန်၏ ပါတီကြီးနှစ်ခုအကြား နှစ်ပေါင်းများစွာ အပြန်အလှန် ဆန့်ကျင်အပြစ်တင်ခဲ့သည့် အလေ့အထအရ တစ်ဦး၏ အစီအစဉ်ကို တစ်ဦးက ထောက်ခံရန် စိတ်ဝင်စားမှု နည်းပါးသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအာဏာမှာ နိုင်ငံအကျိုး ထမ်းဆောင်သူများအား ပထမဦးစားပေးနေရာမှ ဂုဏ်ပြုခြင်းကြောင့် ထိရောက်အလုပ်ဖြစ်ခြင်း ဖြစ်သည်။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်ခြင်းကို ကြီးကြပ်နေသည့် မြန်မာ့ ခေါင်းဆောင်အား ၀ါရှင်တန်က စိတ်ရောလက်ပါ ထောက်ခံကူညီခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲမှုပုံစံက အလုပ်ဖြစ်နိုင်ခြင်း ရှိမရှိနှင့် ပုဂ္ဂိုလ်ရေးနှင့် အမျိုးသားရေး ဂုဏ်သိက္ခာက အလုပ်ဖြစ်ရန် တွန်းအားပေးနိုင်ခြင်း ရှိမရှိ မေးခွန်းများ ရှိနေသည့် နိုင်ငံကို ဦးဆောင်နိုင်ရန် နှစ်ပေါင်းများစွာ အနစ်နာခံခဲ့သူ တစ်ဦးအား ရင့်ကျက်သည့် ဒီမိုကရေစီဖြင့် အကူအညီပေးရန်အတွက် ၀ါရှင်တန် မှ နိုင်ငံရေးသမားများက အခြင်းခြင်း နာကျည်းချက်အဖုအထစ်များကို လွယ်ကူစွာ ကျော်လွှားပြခဲ့သည်။ ထို့အပြင် အမေရိကန်အစိုးရအတွက် တွန်းအားဖြစ်စေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာက မြန်မာနိုင်ငံတွင် နှစ်အနည်းငယ်အတွင်း အကောင်းဆုံး အစိုးရ ပုံစံကို ဖြစ်လာနိုင်မည်လားဟု မေးခွန်းထုတ်စရာရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူတို့၏ ကြီးမားသော ယုံကြည်ထောက်ခံမှု ရရှိထားသည်။ သူသည် နိုင်ငံကို ဦးဆောင်ရန် ပြင်ဆင်ထားသူလည်း ဖြစ်သည်။ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် ၁၅ နှစ်တာအချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အခွင့်အရေး ရရှိလာပါက မည်သို့ ဆောင်ရွက်မည်ကို အချိန်တိုင်း ပြင်ဆင်ခဲ့သူ ဖြစ်သည်။ ယခုအခွင့်အရေး ရလာချိန်တွင် အလဟသ၁မဖြစ်စေဘဲ အမိအရ ဆောင်ရွက်နိုင်ခဲ့သည်။

NLD ပါတီက ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၀ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရခဲ့ပြီးနောက် ယခုအခါတွင် အားကျိုးမာန်တက် လုပ်ကိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို မကူညီလိုသူ ရှားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ၀ါရှင်တန်ခရီးစဉ်တွင် မြန်မာနိုင်ငံအတွက် ရေရှည် အကျိုးကျေးဇူးများ ရရှိခဲ့သည့်အပြင် အမေရိကန်နိုင်ငံရေးလောကအတွက်လည်း ကောင်းသော နမူနာများဖြင့် အကျိုးရှိစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီသည် အလုပ်ဖြစ်ကြောင်း၊ ပူးတွဲလုပ်ဆောင်မှုများသည် အလုပ်ဖြစ်ကြောင်း ပြသခဲ့သည်။

မြန်မာမဟာဗျူဟာဥပဒေ ၂၀၁၆ အတည်ပြုပြီးပါက နောင်လာမည့် မြန်မာအစိုးရအဖွဲ့အဆက်ဆက်သည် ၀ါရှင်တန်မြို့သို့ တစ်နှစ်လျှင် ရက်သတ္တပတ်ခန့် လာရောက်ပြီး နိုင်ငံအတွက် လိုအပ်ချက်များကို တင်ပြပြီး အကူအညီများ ရယူနိုင်တော့မည် ဖြစ်သည်။ ထိုသည်ကား ဒေါ်အောင်ဆန်းစုကြည်၏ ပါဝါ ဖြစ်ပေသည်။

မောင်နိုး
The Ladies News



မြန်မာနိုင်ငံ၏ စီးပွားရေး မြို့ တော် ဖြစ်သည့် ရန်ကုန်မြို့ အား တွေ့ ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

    မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းကြောင်း အမိန့် ထုတ်ပြန်လိုက်သဖြင့် မြန်မာ့ စီးပွားရေးသည် တိုးတက်ရန် အလားအလာ မြင်လာနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ဆင်ဟွာသို့ ပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူ ပိတ်ဆို့ မှုများ ရုတ်သိမ်းလိုက်သည့် အတွက် မြန်မာနိုင်ငံ နှင့် အမေရိကန် နိုင်ငံ ဆက်ဆံရေးသည် ပုံမှန်နီးပါး တိုးတက် ကောင်းမွန်လာခြင်းကို ပြနိုင်ကြောင်း UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် မည်သည့် နိုင်ငံနှင့် မဆို လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များသည်လည်း ပြည်ပမှ ၀င်ရောက် ရင်းနှီးမြုပ်နှံသူများနှင့် လက်တွဲ ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၊ စည်းကမ်းသတ်မှတ်ချက်များ ၊ ပွင့်လင်းမှန်ကန်စွာ လုပ်ဆောင်ခြင်းများ ၊ လာဘ်ပေးလာဘ်ယူမှုများအား ခေတ်နှင့် အညီ လိုက်လျော ညီထွေစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ၄င်းက သုံးသပ် ပြောကြားခဲ့သည်။

ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် အထူး ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ ထားသူများ(SDN) စာရင်းထဲရှိ လုပ်ငန်းရှင်များအား ဖယ်ထုတ်ပေးလိုက်သည့် အတွက် ၄င်းတို့ ၏ စီးပွားရေး လုပ်ငန်းများ ပြန်လည် သွက်လက် လာမည့် အနေအထား ရှိပြီး စီးပွားရေးကို အကျိုးပြုနိုင်ခြေ ရှိကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ထားမှုများနှင့်ဘဏ္ဍာရေးအရ ဒဏ်ခတ် အရေးယူရန် ပြဌာန်းထားသည့် ဥပဒေ ဖြေလျှော့ပေးမှုများ ပါဝင်သည့် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသော အမျိုးသားအရေးပေါ်အက်ဥပဒေကို ရုပ်သိမ်းရန် အောက်တိုဘာ ၇ ရက်တွင် အမေရိကန် သမ္မတ အိုဘားမားက လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည်။

တိုင်းပြည် စီးပွားရေးတွင် ပိတ်ဆို့ အရေးယူမှုများ ဖွင့်လိုက်သည့် အတွက် ချက်ချင်း တိုးတက်လာမည် မဟုတ်ဘဲ ပြင်ဆင်စရာများ ရှိနေသေးကြောင်း ၊ ပြည်တွင်း ဘဏ်လုပ်ငန်းများ တိုးတက်ရန် ပိတ်ဆို့  အရေးယူမှုသည် အကြောင်းရင်း တစ်ရပ်သာ ဖြစ်ပြီး တစ်ခြား စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း အာရှ စိမ်းလန်းမှု ဖွံ့ ဖြိုးရေး(AGD)ဘဏ်၏ အကြံပေး ဖြစ်သူ ဦးစိုးသိန်းက ဆင်ဟွာသို့ ပြောသည်။

ယခင်က ပိတ်ဆို့ အရေးယူမှုများ ရှိနေသည့် အတွက် အမေရိကန် ၊ ဥရောပ နိုင်ငံများနှင့် ငွေလွှဲပြောင်းမှု များတွင် အခက်အခဲ ရှိခဲ့ကြောင်း ၊ ယခုအခါတွင် ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းလိုက်သည့် အတွက် ကာလတိုတွင် အကျိုးသက်ရောက်မှု သိသာမည် မဟုတ်ဘဲ ရေရှည်တွင် အကျိုး သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ၄င်းက သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာ အသင်းချုပ် အတွင်းရေးမှုးချုပ် ဦးထွန်းလှအောင်က ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းလိုက်သည့် အတွက် ပတ္တမြား နှင့် နီလာ ဈေးကွက်များ ပိုမို ကျယ်ပြန့် ကောင်းမွန် လာနိုင်ကြောင်း ၊ အဓိက အနေဖြင့် မြန်မာဘက်မှ ဥပဒေပိုင်းဆိုင်ရာတွင် အခွန်နှင့် ပတ်သက်၍ ပြင်ဆင်စရာများ ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး နှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရာတွင် အမေရိကန် ဘဏ္ဍာရေးဌာန လက်အောက်ရှိ နိုင်ငံခြားငွေကြေးပိုင်ဆိုင်မှုများ ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသည့် အထူး ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားသူများ(SDN)စာရင်းတွင် ပါဝင်သည့် စစ်ဘက်ဆိုင်ရာ အငြိမ်းစား အရာရှိကြီးများ အပါအ၀င် ဘဏ် နှင့် ကျောက်မျက် လုပ်ငန်းရှင်များနှင့် အဖွဲ့ အစည်းများ အကျုံးဝင် ခဲ့သော်လည်း မှုးယစ်ဆေးဝါး နှင့် သက်ဆိုင်သူများအား စာရင်းတွင်ဆက်လက် ထားရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်
၂၀၀၅ ခုနှစ်တုန်းက အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ညစ်ညမ်းရိုင်းပြစွာ ပြောထားတဲ့ ဗီဒီယိုဖိုင်တခု သောကြာနေ့က ထွက်ပေါ်လာ ပြီးတဲ့နောက် ၊ သူဟာ ပြီးပြည့်စုံတဲ့ သူတစ်ယောက်၊ ခြောက်ပစ်ကင်းသူတစ်ယောက်ဖြစ်တယ်လို့ ဘယ်တုန်းကမှ မပြော ခဲ့ကြောင်း ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က စနေနေ့မနက်အစောပိုင်းက အသံသွင်းပြီး တောင်းပန်လိုက်ပါတယ်။ အဲဒီအထဲမှာ “သူ့အနေနဲ့ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက် ဖြစ်အောင်နေ သွားဖို့ လည်း” ကတိပြုထားပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာက ပြောထားတာဟာေ ရွးကောက်ပွဲအတွက် အနှောက်အယှက် ဖြစ်အောင်လုပ်ဖို့ အတွက်သာ ဖြစ်တယ် လို့ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဒေါ်နယ်လ်ထရမ့်က တောင်းပန်စကားပြောတဲ့တချိန်တည်းမှာပဲ၊ ဒီမိုကရက်တစ် ပါတီသမ္မတလောင်း ဟီလရီကလင်တန် နဲ့ သူမရဲ့ ခင်ပွန်း Bill Clinton တို့ကို လည်း ဝေဖန်လိုက်ပါတယ်။ သမ္မတဟောင်း Bill Clinton က အမျိုးသမီးတွေကို အမှန်တကယ် စော်ကားတာတွေ လုပ်ခဲ့ပြီး၊ ဇနီးဖြစ်သူ ဟီလရီကလင်တန်ကတော့ အဲဒီလိုစော်ကား ခံရတဲ့ အမျိုးသမီးတွေကို အနိုင်အထက် ပြုကျင့်ခဲ့တယ်လို့ ဒေါ်နယ် လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီတာဝန်ရှိသူတွေကတော့ ဒေါ်နယ်လ်ထရမ့်ပြောတာကို သော ကြာနေ့က ပြစ်တင်ရှုတ်ချ ခဲ့ကြပါတယ်။ ဗီဒီယိုထဲမှာတော့ ဒေါ်နယ်လ်ထရမ့်က “သူ့ကို အမျိုးသမီးတွေက အလိုလို စိတ်ဝင်စားကြပြီး၊ နာမည်ကြီးဆိုရင် အမျိုးသမီးတွေ ကလည်း ဘာလုပ်လုပ်ခွင့်ပြုပြီး ၊ လုပ်ချင်တာလုပ်လို့ရတယ်” ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီဥက္ကဋ္ဌ Reince Priebus ကတော့ - ဘယ်အမျိုးသမီးကိုမှ ဒီလိုအသုံးအနှုန်းမျိုး ၊ ဒီလိုပုံစံမျိုးနဲ့ ဘယ်တော့မှ မပြောဆိုသင့်ဘူးလို့ ပြောလိုက်ပါတယ်။ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan ကတော့ - ဒေါ်နယ်လ်ထရမ့် အနေနဲ့ ဒီဗီဒီယိုထဲမှာပြော ထားတာ ထက်ကို အမျိုးသမီးတွေအပေါ်မှာ ပိုပြီးတော့ လေးစားမှုရှိတယ်ဆိုတာကို နိုင်ငံက သိအောင်လုပ်ပြသွားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

Republican ပါတီရဲ့ ဦးဆောင်ပါတီဝင်တချို့ဟာ သူတို့ပါတီသမ္မတလောင်း Donald Trump အပေါ်ထောက်ခံမှုကို ပြန်လည်ရုပ်သိမ်းနေကြပါပြီ။ ၂၀၀၅ ခုနှစ်တုံးက Donald Trump က အမျိုးသမီးတွေကို မတော်တရော်စော်ကားပြီး ပြောဆိုခဲ့တဲ့ Video သောကြာနေ့က ပေါ်ထွက်ခဲ့ပြီးနောက် အခုလို ထောက်ခံမှု ရုပ်သိမ်းနေကြ တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုံးက Donald Trump ဟာ လက်ရှိဇနီးသည်နဲ့ ပေါင်း သင်းနေချိန်လည်း ဖြစ်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Republican လွှတ်တော်အမတ် Paul Ryan က Trump ရဲ့ ပြောပုံဆိုပုံကို စိတ်ပျက်ကြောင်းနဲ့ Paul Ryan ရဲ့ ဇာတိ Wisconsin ပြည်နယ်မှာ ကျင်းပမယ့် နှစ်ပတ်လည်ဆောင်းဦးပေါက်ပွဲတော်တက်ရောက်ဖို့ Trump ကို မဖိတ်တော့ ဘူးလို့ပြောပါတယ်။ Republican ပါတီဥက္ကဋ္ဌ Reince Priebus, Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan တို့နဲ့အတူ Mr. Trump ဟာ နှစ်ပတ်လည် ဆောင်းဦးပေါက် ပွဲတော် တက်ရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Republican ပါတီဥက္ကဋ္ဌ Priebus က Donald Trump ရဲ့ အမျိုးသမီးတွေအပေါ် ဒီလိုမဖွယ်မရာ အပြောမျိုးနဲ့ ဘယ်တော့မှမပြောဆိုသင့်ဘူးလို့ ဝေဖန်လိုက်ပါတယ်။ Republican သမ္မတလောင်းအဖြစ် ၂၀၀၈ ခုနှစ်ကသမ္မတအိုဘားမားနဲ့ ယှဉ်ပြိုင်ခဲ့သူ John McCain ကတော့ Donald Trump အနေနဲ့ သူ့ရဲ့ အပြုအမူနဲ့ ပြောဆိုမှုတွေရဲ့ အကျိုးဆက်တွေကို သူတဦးတည်းသာ ခံစားသင့်တယ်လို့ပြောဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com