10/10/16


Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းကို အောက်တိုဘာလ ၁၀ ရက်နေ့က နေပြည်တော် လွှတ်တော်အဆောက်အဦး အတွင်းမှာ တွေ့ရစဉ်
Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းကို အောက်တိုဘာလ ၁၀ ရက်နေ့က နေပြည်တော် လွှတ်တော်အဆောက်အဦး အတွင်းမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

လက်ရှိတည်ဆဲဥပဒေအချို့ ပြင်ဆင်ရေးဆွဲရေးအပါအ၀င် ဥပဒေပေါင်း ၂၀ ခန့် ကို အမြန်ပြဌာန်းပေးဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့က ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် လွှတ်တော်အဆောက်အဦးအတွင်းက ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်သုံး သပ်ရေးကော်မရှင်ရုံးမှာ တွေ့ဆုံစဉ် တိုက်တွန်းခဲ့တာဖြစ်တယ်လို့ Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ကော်မရှင်က အမြန်ဆုံးပြဌာန်းသင့်တယ်လို့ အဆိုပြုထားတဲ့ ဥပဒေပေါင်း ၅၀ နီးပါးရှိပြီး အရပ်ဖက် အဖွဲ့တွေ တင်ပြတဲ့ ဥပဒေတွေနဲ့တိုက်ဆိုင်တာတွေကို အသေးစိတ် ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင်က မူပိုင်ခွင့်ဥပဒေတွေ၊ စီးပွားရေးဆိုင်ရာဥပဒေ တချို့အပါအ၀င် ဥပဒေပေါင်း ၅၀ ခန့်ကို အမြန်ပြဌာန်း သင့်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကို အကြံပြုထားပါတယ်။

ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက အရပ်ဖက်လူ့အဖွဲ့အစည်းတွေဟာ တိုင်းပြည်မှာ အရေးပါတဲ့ အဖွဲ့တွေဖြစ်သလို ဥပဒေပြုရာမှာလည်း အရပ်ဖက်အဖွဲ့တွေရဲ့ အကူအညီလိုအပ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို ကော်မရှင် အဖွဲ့ဝင်တွေနဲ့ Equality Myanmar၊ Triangle Women Support စတဲ့ အရပ်ဖက်အဖွဲ့အစည်း ၁၀ ဖွဲ့ကျော် တက်ရောက် ခဲ့ပါတယ်။


ရခိုင်ပြည်နယ်နှင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေမှန်များ သိရှိနိုင်ရန်နှင့် တည်ငြိမ်အေးချမ်းမှုရရှိစေရန်အတွက် ရှင်းလင်းပြောကြားရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သည့်အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

သွားရောက်ရာ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးခင်မောင်တင်၊ ရခိုင်ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ဒေါက်တာချမ်းသာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးတို့ လိုက်ပါကြမည်ဟု သိရသည်။

အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းရှိ ရပ်မိရပ်ဖများနှင့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို တွေ့ဆုံရှင်းလင်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၉ရက်၊ နံနက် ၁နာရီအချိန်ကစပြီး ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ စခန်းများဖြစ်သော နခဖ(၁)၊ ဌာနချုပ် (ကျီးကန်းပြင်)နှင့် နခခ(၁)၊ ဒေသ(၂)၊ နယ်မြေ(၅) ငါးခူးရစခန်းနှင့် ရတဖ(၁)၊ ဒေသ(၃) နယ်မြေ(၉) ကိုးတန်ကောက်ကင်းစခန်းအား အမည်မသိသူများက ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Mizzima - News in Burmese

နေပြည်တော်(အောက်တိုဘာ ၁၀ရက်၊ ၂၀၁၆ခုနှစ်)။ ။
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
ပြီးခဲ့သည့် အစိုးရသက်တမ်းနောက်ဆုံးနှစ်ဖြစ်သော ၂၀၁၅ခုနှစ်အတွင်းကစတင်ကာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် ခန့်အပ်ခဲ့သော အတွင်းဝန်များသည် လက်ရှိ အစိုးရသစ်၏ ဝန်ကြီး၊ ဒုဝန်ကြီးများအား ဖြစ်စဉ်အမှန်အတိုင်းမတင်ပြကြဘဲ ပညာပြမှုများရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားလိုက်သည်။

“ညွှန်ချုပ်တို့၊ အတွင်းဝန်တို့ဆိုတာက အရင်အစိုးရထားခဲ့တာ၊ ထားခဲ့ရုံတင် မကဘူး။ သူတို့အစိုးရထွက်ခါနီးမှာ အဲ့ဒီလူတွေကို ခေါ်ပြီးတော့ ‘မင်းတို့ကို ငါတို့ခန့်တာနော်၊ ငါတို့ကို သစ္စာရှိရမယ်’ ဆိုပြီး ပြောသွားတာတွေ ရှိတယ်။ ဆိုတော့ တော်တော်များများက ပြင်သော်လည်း အချို့က မပြင်ဘူး။ မပြင်ဘဲနဲ့ ဝန်ကြီးတွေကို ပညာပြတာတွေ၊ ဒါတွေလည်း ကျွန်တော်တို့ သိတယ်” ဟု ဦးဝင်းထိန်က အောက်တိုဘာ ၁၀ရက်တွင် ပြောသည်။

အဆိုပါပုဂ္ဂိုလ်များကို ဖြုတ်၊ ထုတ်၊ သတ် လုပ်မည်မဟုတ်သော်လည်း “ကိုယ်လိုချင်တဲ့ ပုံစံမရဘူးဆိုရင်တော့ ဖြုတ်တာတော့ မလုပ်ဘူး။ တနေရာ ပြောင်းရင် ပြောင်းမယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

လက်ရှိ အတွင်းဝန်အချို့သည် ဝန်ကြီးများ၊ ဒုဝန်ကြီးများက ၎င်းတို့လောက် မသိ၊ မတတ်သည့်ပုံစံဖြင့် ဆက်ဆံနေသည်ဟု ခံစားရကြောင်း အမည်မဖော်လိုသည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“သူတို့ဟာ ယုံကြည်စရာတော့ လုံးဝကို မရှိဘူး။ မရှိဘူးဆိုတာကလည်း မရှိလောက်တဲ့အနေအထားတွေ ရှိခဲ့တယ်လေ” ဟု ၎င်းက ဆိုသည်။

၂၀၁၅ခုနှစ်၊ မတ်လ ၃၀ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတွင်းဝန်ရာထူးများခန့်ထားရေးကိစ္စအား ထိုစဉ် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့က လွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် အဆိုပါ ပုဂ္ဂိုလ်များအား ခန့်အပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အတွင်းဝန်များ၏ တာဝန်သည် ဝန်ကြီးနှင့် ဒုဝန်ကြီးများ မရှိသည့်အခါ သို့မဟုတ် နိုင်ငံရေးတာဝန်အရ ရောက်မလာသေးသည့်အခါတွင် ဌာနခွဲ(၅)ခုပါဝင်သည့် ဝန်ကြီရုံးကို တာဝန်ခံဆောင်ရွက်ရမည်ဟု ထိုစဉ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာကံဇော်က ပြောဆိုခဲ့သည်။

ဥပဒေကြောင်းအရ အတွင်းဝန်များအား ခန့်အပ်ခွင့်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏ်စိုးက “အမြဲတမ်းအတွင်းဝန်ဆိုတာမျိုးက ဖွဲ့စည်းအခြေခံဥပဒေမှာ မပါဘူး။ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာ လည်းမပါဘူး။ နိုင်ငံ့ဝန်ထမ်းဥပဒေမှာ လည်း မရှိဘူး” ဟု ထိုစဉ်က ကန့်ကွက်ဆွေးနွေးခဲ့သေးသည်။

ယင်းနောက် အတွင်းဝန်များအား ခန့်အပ်လိုက်သည့်အချိန်တွင်လည်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

အတည်မပြုနိုင်သေးသော မဇ္ဈိမ၏ သတင်းရင်းမြစ်များ ပြောဆိုချက်အရ လာမည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင်မူ အတွင်းဝန်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အဆိုတစ်ရပ်တင်သွင်းကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားရန် ရှိနေသည်။
Mizzima - News in Burmese


အောက်တိုဘာ ၁၀ရက်၊ ၂၀၁၆ခုနှစ်။

ရန်ကုန်မြို့ အခြေစိုက် ကရင်အမျိုးသားပါတီ (KNP) အလုပ်အမှုဆောင်ဖွဲ့ အထူးအစည်းအဝေးကို အောက်တို ဘာ ၈ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်၌ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ပါတီဒုဥက္ကဋ္ဌ နှစ်ဦးကို ပြောင်းလဲတာဝန်ပေးလိုက်သည်ဟု ပါတီအထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက အောက်တိုဘာ ၉ ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

“အသက်အရွယ်အရရော၊ ကျမ်းမာရေးအရပါ သွားလာလှုပ်ရှားဖို့ အခက်အခဲရှိတဲ့ ပါတီ ဒုဥက္ကဌ -၂မန်းအုန်းမောင်နေရာမှာ မန်းသန်းကြိုင်(ကျောင်းကုန်း)နဲ့  ဒုဥက္ကဋ္ဌ-၄ မန်းတင်ရွှေနေရာမှာ စောဖိုးဝါး(သံတောင်ကြီး)တို့ကိုပြောင်းလဲတာဝန်ပေးလိုက်တယ်။ နောက်ပြီး နန့်ရှုဂေးခလိန်ကိုပါတီ ဥပဒေအကြံပေးအဖြစ် ဗဟိုအလုပ်အမှုဆောင်ထဲ တိုးချဲ့တာဝန်ပေးလိုက်တယ်” ဟု ပါတီပြောခွင့်ရ မန်းကျော်ငြိမ်းက ပြောသည်။

၎င်းအပြင် အစည်းအဝေးတွင် ပါတီရန်ပုံငွေ ရှာဖွေရေးကော်မတီ၊ စာစောင်ထုတ်ဝေရေး ကော်မတီတို့ကို တိုးချဲ့ဖွဲ့စည်းခဲ့သလို ပါတီဝင်အင်အားစုဆောင်းရေး၊ လူငယ်များအား သင်တန်း ပေးရေးကိစ္စနှင့် မြို့နယ်များသို့ ဆင်းကာဟောပြောပွဲများ ပြုလုပ်ရေး၊ ပါတီ စီးပွားရေးနှင့် သတင်းနှင့် ပြန်ကြား ရေးကော်မတီတို့ တိုးချဲ့ဖွဲ့စည်းရေးကိစ္စရပ်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု ပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး တဦးဖြစ်သူ မန်းမင်းရဲထွေးက ကေအိုင်စီသို့ ပြောသည်။

၎င်းက“ပါတီရံပုံငွေရှာဖွေရေးကော်မတီကို စောဟိုးရှေး(မော်လမြိုင်)က ဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ်။ နောက်ပါတီ စာစောင်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် မန်းကျော်ငြိမ်းက တာဝန်ယူသွားမယ်။ ဒီနေ့ အစည်းအဝေးကို အချိန်တိုနဲ့ ကျင်းပနိုင်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ လုပ်ငန်းတာဝန်ခွဲဝေမှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရမှာတွေကို ဗဟိုက စိစစ်ရေးဆွဲပြီးဆိုင်ရာ ECတွေကိုပေးပို့ အကြောင်းကြားသွားပါမယ်”ဟု ပြောသည်။

ကရင်အမျိုးသားပါတီကို ၂၀၁၄ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန်မြို့၌ တရားဝင်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲသို့ ကိုယ်စားလှယ် ၂၁ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်းမရှိပါ။ ပါတီအနေဖြင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA) အဖွဲ့သို့ ဝင်ရောက်ထားသည်။

လက်ရှိ KNPပါတီဥက္ကဋ္ဌအဖြစ် မန်းသိန်းရွှေက တာဝန်ယူထားပြီး ကျမ်းမာရေးနှင့် အသက်အရွယ်အရ အနားပေးလိုက်သည့် ပါတီဒုဥက္ကဋ္ဌ နှစ်ဦးကို ပါတီနာယကအဖြစ် ဆက်လက်ထားရှိသွားမည်ဟု ပါတီတာဝန်ရှိ သူများထံမှ သိရသည်။

 စောထွန်းလင်း (ကေအိုင်စီ)
http://kicnews.org/


အောက်တိုဘာ ၁၀ / DMG

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် တရားမဝင်ဘေးတွဲဆိုင်ကယ်များကို ပြေးဆွဲခွင့်ရပ်တန့်ပေးဖို့ ဆိုက်ကားသမား ၁၀၀ ကျော်ခန့်က အောက်တိုဘာလ ၁၀ ရက်နေ့၊နံနက် ၁၀ နာရီအချိန်ခန့်မှာ မြို့တစ်ပတ် လမ်းလျှာက် ဆန္ဒပြတောင်းလိုက်ကြောင်း သိရသည်။

တရားမဝင် ဘေးတွဲဆိုင်ကယ်များသည် မြို့ထဲတွင်ပြေးဆွဲနေသည့်အတွက် အနှေးယာဉ်(ခေါ်)ဆိုက္ကားသမားများမှာ ပုံမှန်ဝင်ငွေမရရှိမှု၊ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လာသည့်အတွက် ဘေးတွဲဆိုင်ကယ်များအား ပြေးဆွဲခွင့်ရပ်တန့်ပေးဖို့ ဆန္ဒပြတောင်းဆိုလိုက်ရခြင်းဖြစ်သည်ဟု မင်းပြားမြို့ ဆိုက္ကားအသင်း ဥက္ကဌ ဦးစိုးဝင်းက ပြောသည်။

“ဘေးတွဲဆိုင်ကယ်တွေကြောင့် ဆိုက္ကားသမားတွေဟာ စားဝတ်နေရေးတွေ ခက်ခဲလာပါတယ်။ ကျွန်တော်တို့ကတော့ အမြဲတမ်းလိုင်စင်လုပ်ပြီးတော့ ငွေတွေသွင်းနေရပါတယ်။ သူတို့မှာက ငွေလည်း မသွင်းရဘူးလေ။ ဒါကြောင့် ဘေးတွဲဆိုင်ကယ်တွေကို ဖျက်သိမ်းပေးဖို့တောင်းဆိုရတာပါ ” ၎င်းကပြောသည်။


ဘေးတွဲဆိုင်ကယ်များအား ဖျက်သိမ်းပေးဖို့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား စာတင်ထားဖူးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုရာတွင် တရားမဝင် ဘေးတွဲဆိုင်ကယ်ဖြုတ်ချပေးရေး၊ ဆိုက်ကားသမား စားဝတ်နေရေးဖုံလှုံရေး အချက်တို့ကို ကြွေးကြော်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

မင်းပြားမြို့နယ်တွင် ဘေးတွဲဆိုင်ကယ် စုစုပေါင်း ၁၀၀ စီးနှင့် ဆိုက်ကား ၃၅၀ ခန့်ရှိကြောင်းလည်း သိရသည်။

ကိုကျော်မျိုး(မင်းပြား)
Development Media Group
https://www.facebook.com/DevelopmentNJ/



ရခိုင်ပြည်နယ်တွင်း၂၀၁၂ ခုနှစ် လူမျိုးရေး အဓိကရုဏ်းအတွင်း မြင်ရသော ရဲတပ်ဖွဲ့ပုံအခြေအနေ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်ရဲကင်းစခန်းနဲ့ ဌာနချုပ်ကို တိုက်ခိုက်ခံရပြီးနောက် မောင်းတော်မြို့မှာ လုံခြုံရေးကိုတင်းကျပ်လိုက်ပြီး မောင်တောမြို့မှာ ဈေးတွေကျောင်းတွေလည်း ပိတ်ထားပါတယ်။ တဆက်တည်းမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကလည်း နယ်စပ်ဒေသလုံခြုံရေးကို တိုးမြှင်ထားပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက နောက်ဆုံးအခြေအနေကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

မောင်တောမြို့နယ်မှာ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရပြီး နောက်တရက်မှာပဲ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားနိုင်ငံ နယ်စပ်ဒေသတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားလိုက်ပါတယ်။ တနင်္ဂနွေနေ့က တိုက်ခိုက်မှုအတွင်းမှာတော့ ရဲတပ်ဖွဲ့ဝင်၉ ဦးကျဆုံးခဲ့သလို ၀င်ရောက်တိုက်ခိုက်သူ ၈ယောက်ကို အသေနဲ့ ၂ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာတော့ မောင်တောမြို့မှာ ညမထွက်ရအမိန့်ကို တိုးမြှင့်ထုတ်ပြန်ခဲ့သလို နယ်စပ်အ၀င်အထွက်တွေကိုလည်း တင်းကျပ်ခဲ့တယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“မောင်တောမှာ အခုအရေးပေါ်အခြေအနေတော့ကြေညာထား ပြီလို့ပြောပြီး ည ၇ နာရီကနေစပြီးတော့ မနက် ၆ နာရီအထိတော့ ထွက်လို့မရဘူး။ မောင်တောမြို့မှာ မနေ့ကစပြီးတော့ အ၀င်အထွက်တွေကို တားမြစ်ထားတယ်၊ ပိတ်ထားတော့ အခုမြို့ပေါ်မှာ ဘင်္ဂလီဆိုင်တွေ၊ မူဆလင်ဆိုင်တွေအားလုံးပိတ်ထားတယ်၊ အခုမြို့ပေါ်မှာလည်း တိတ်ဆိတ်နေတယ်။ ဒီနေ့ဆိုရင် စာမေးပွဲတွေတောင်စစ်နေတာ ဒါပေမယ့်ကျောင်းတွေဘာတွေရောပိတ်ထားတယ်၊ အရေးပေါ်ကာလဖြစ်လို့ ။ ဟိုမှာ ဖြစ်စဉ်တွေတော့ ဘာတွေလည်းမသိဘူးပေါ့နော်။ သူ့ဟာသူတပ်တွေရော သွားတယ်၊ လာတယ် အဲဒီလိုတော့ ကြားတယ်။”

အခြားဒေသခံတယောက်ကတော့ မောင်တောဒေသက အစ္စလာမ်ဘာသာဝင်တချို့ကို ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့က သင်တန်းပေးထားကြောင်း ပြောဆိုပြီး ဒီအတွက် စိုးရိမ်နေကြကြောင်း ပြောပါတယ်။

“အဲဒီလိုတော့ ကျနော်တို့မမြင်ပါဘူးခင်ဗျ။ မြို့က မြို့မှာရှိရင် ရဲက မြို့တွင်းကိုသူတို့လုံခြုံရေးယူတဲ့ပုံစံမျိုး မြင်တွေ့ရတယ်။ RSO ဆိုတာက ချိုမှ မပါတာ ။ ဒီလိုပါ မူဆလင်တွေက အကုန်လုံး ဒီရွာအနီးမှာတခါကိုက သင်တန်းပေးထားတာ။ ဒါကို ကျနော်တို့ ဒေသခံတွေ က စိုးရိမ်နေရတယ်။”

မနေ့က ဖြစ်ပွားတဲ့တိုက်ခိုက်မှုကို RSO အဖွဲ့တွေ လက်ချက်အဖြစ် ဒေသခံတွေက ပြောဆိုနေပေမဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းကတော့ ဘယ်သူလက်ချက်ဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးကြောင်း သတင်းစာရှင်းလင်းပွဲမှာဖြေကြားခဲ့ပါတယ်။

တချိန်တည်းမှာတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလည်း လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်တဲ့ ကုလားတန်သတင်းဌာန အယ်ဒီတာ ဦးတင်စိုးက ပြောပါတယ်။

“ဒီဘက်မှာတော့ စစ်တပ်တွေက ချထားတယ်ခင်ဗျ ။ စစ်တပ်တွေချထားတယ်ဆိုတာက ဒီနေရာ နယ်ခြားစောင့် တွေက ဒီပြဿနာပေါ်ကတည်းက ဘာမှ ၊ ဘယ်သူမှ ၀င်လို့မရအောင် ၊ ဘယ်သူမှ ထွက်လို့ မရအောင်ပုံစံမျိုးလုပ်ထားတာ။ ပိတ်ဆို့ထားတဲ့ပုံစံမျိုးပဲ ဒီဘက် တလျှောက်လုံးမှာ အဲဒီလို့ပုံစံမျိုးလုပ်ထားတာရှိတယ်။”

နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရကို ဆက်သွယ်ရာမှာတော့ တာဝန်ရှိသူတွေမအားလပ်တာကြောင့် ပြန်လည်ဖြေဆိုတာမရှိပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီတုံပြန်ဖို့နဲ့ သတိကြီးစွာထားဖြေရှင်းဖို့ ညွှန်ကြားထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အောက်တိုဘာ ၁၀၊DMG

မောင်တောမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး၊ကင်းလှည့်နေသည့် ယာဉ်တန်းကို အောက်တိုဘာလ၉ရက်နေ့ ညပိုင်းက မောင်တောမြို့အဝင် မြို့သူကြီး ကျေးရွာအနီးတွင် ကုလားဆိုးသောင်းကျန်းသူများက သေနတ်များဖြင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်း ချေမှုန်းသည့်အတွက် ကုလားဆိုးသောင်းကျန်းသူ ၇ ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး၊ သေနတ်တလက် ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေး အရာရှိတဦးမှပြောသည်။


နေလည်ပိုင်းတွင် ဦးရှည်ကျ ကျေးရွာအနီးတွင် လုံခြုံရေးနယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား ကုလားဆိုးသောင်းကျန်းသူ ၂၀၀၀ ခန့်မှ ဝိုင်းဝန်းပိတ်ဆို့ပြီး အကြမ်းဖက်ရန် ကြိုးစားခဲ့သည့်အတွက် တပ်မတော်မှ လက်နက်ကြီး စစ်ကူများ သွားရောက်ခဲ့ရကြောင်းသိရသည်။

မောင်တောမြို့နယ်အတွင်း အချို့နေရာများတွင် ကုလားဆိုး အကြမ်းဖက်သမားများနှင့် ပစ်ခတ်မှုများဖြစ်ပွားနေပြီး ညနေ၅နာရီအချိန်အထိ ပစ်ခတ်မှုများကို ကြားနေရသေးကြောင်း ခရေမြိုင်ကျေးရွာမှ ကိုစံထွန်းကျော် မှပြောသည်။

လက်ရှိတွင် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင်သွားသည့် အကြမ်းဖက်သမားများအား ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်းသိရသည်။

မြင့်မြတ်ဖြူ
Development Media Group
https://www.facebook.com/DevelopmentNJ/


မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ရှိ နမ့်ဟူးချောင်းရေထွက်တွင် (ဝ)အထူးဒေသ(၂)မှ ဆည် တည်ဆောက်ထားရှိမှုကြောင့် ဒေသခံလယ်သမားများ ရေလုံလောက်စွာ မရရှိနှင့် ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြသဖြင့် တာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။


"နမ့်ဟူးချောင်း အခုဖိုင်ဘွန်းဆည်တည်ဆောက်ထားတဲ့နေရာမှာ သဘာဝရေထွက်နှစ်ခုရှိတယ်။ နမ့်ဖိုင်ရေထွက်လို့ခေါ်တယ၊်၊ ရေထွက်များတဲ့နေရာကို ဆည်ဆောက်ထားလိုက်တော့ ကျွန်တော်တို့ ဒေသခံတွေရဲ့ လယ်ဧက(၁၂၀၀)လောက် မိုးစပါးပြီးချိန် ကြက်သွန်ဖြူစိုက်ရာသီမှာ ရေအလုံအလောက် မရနိုင်တော့တဲ့အတွက် ကန့်ကွက်ခဲ့ကြတာပါ။ ဆည်ဆောက်နေတုန်းကလည်း ဒေသခံတွေက မသွားရဲကြဘူး။ အခက်အခဲဖြစ်လာလို့ ပုံပါကျင် ထွေ/အုပ်ကို တင်ပြပြီး ကန့်ကွက်ခဲ့တာ"ဟု ဒေသခံတောင်သူ ဦးစိုင်းဝဏ္ဏက ပြောသည်။

အဆိုပါ ဆည်မှာ"ဝ"အထူးဒေသ(၂)မှ နမ့်ဟူးချောင်းရေထွက်နေရာတွင်၂၀၀၁ခုနှစ်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ထံ တင်ပြခွင့်ပြုချက်ရယူပြီး အလျားပေ(၂၀၀)၊ အမြင့်(၃၀)ပေ သံကူကွန်ကရစ်ဆည်နှင့် မြေသားတာပေါင်တည်ဆောက်ခဲ့ကာ ကျပ်သိန်း(၃၂၀၀)ခန့်ကုန်ကျခဲ့သဖြင့် ၂၀၁၃ ခုနှစ်တွင် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆည်စတင်ဆောက်လုပ်ချိန်မှာရော ပြီးစီးချိန် အထိနဲ့ ဖွင့်ပွဲဆောင်ရွက်ခဲ့တဲ့အချိန်ထိ ဘယ်သူမှ ကန့်ကွက်ခဲ့ကြတာမရှိပါဘူး။ ဒီဆည်တည်ဆောက်ရတာကလည်း ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးရေးဧရိယာအတွင်းမှာ မိုးစပါးဆည်ရေသောက်ဧက(၅၀၀)နဲ့ လိမ္မော်ခြံတွေအတွက်ပါ။ ပိုလျှံတဲ့ရေကလည်း ချောင်းထဲပြန်စီးသွားအောင် လုပ်ထားတာပါ။ ဆည်ကနေဒေသခံတွေအတွက်လည်း ရေထုတ်မြောင်းတစ်ခု ကျွန်တော်တို့အတွက် ရေထုတ်မြောင်းတစ်ခု ဆောင်ရွက်ပေးထားတာပါ ။ ဒေသခံတွေဖက်ပေးထားတဲ့ ရေမြောင်းရဲ့ချောင်းရိုးပေါ်မှာလည်း ရေထွက်တစ်ခုရှိပါသေးတယ် ။ ရေမလုံလောက်တာကတော့ သူတို့လုပ်ထားတဲ့ ရေလွှဲယူတဲ့ လက်ရိုက်ဆည်တွေကို အမှိုက် နုန်းတွေ ဆယ်ယူတူးဖော်ရှင်းလင်းတာ ဘာမှမလုပ်တော့ ရေကလျှံထွက်သွားတာကြောင့်ဖြစ်မယ်။ ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ ဒေသခံကို ဆောင်ရွက်ပေးထားပါတယ်"ဟု "ဝ"အထူးဒေသ(၂) ဟွေအော ဆက်ဆံရေးရုံးတာဝန်ခံ ဦးနော်မိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆည် တည်ဆောက်ထားရှိမှု ရေထွက်နှုန်း ရေစီးဆင်းမှု ဖြန့်ဝေထားရှိမှုနှင့် စိုက်ပျိုးဧရိယာအတွင်း ရေလုံလောက်စွာ ရရှိမှု ရှိ/မရှိတို့အား စစ်ဆေးရာတွင် မိုင်းဆတ်ခရိုင်ဆည်မြောင်းဦးစီးအရာရှ်ိ ဦးငွေစိုးနှင့် ဒုဦးစီးမှူး ဦးဇော်ဟန်၊ ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ဝေလင်း၊ မြေစာရင်းဌာနမှ ဒုဦးစီးမှူး ဦးခင်မောင်ထွေး၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လတ်၊ မိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးသန်းစိုး၊ (ဝ)အထူးဒေသ(၂)ဟွေအောဆက်ဆံရေးရုံးမှတာဝန်ခံ ဦးနော်မိန်းနှင့်အဖွဲ့ဝင်(၂)ဦး၊ ဒေသခံလယ်သမားဦးစိုင်းဝဏ္ဏနှင့် အဖွဲ့ဝင်(၂)ဦးတို့ ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ ဖိုင်ဘွန်းဆည်(ခ)ပုံအံ့ဆည်အား ရေထွက်အားနည်းမှုမရှိစေရေး အမြင့်(၃)ပေခန့် လျော့ချရန် လိုအပ်ပြီး ဒေသခံတောင်သူများ အနေဖြင့်လည်း ရေစီးရေလာကောင်းမွန်စေရေး ပိတ်ဆို့နေသော ကိုင်းပင်မြက်ပင်များရှင်းလင်းခြင်း၊ လယ်ကန်သင်းများ ခိုင်ခန့်အောင်တည်ဆောက်ခြင်း၊ ရေအလှည့်ကျစနစ်ဖြင့် ရေသွင်းခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း အစီရင်ခံစာကို မိုင်းတုံနှင့် ပုံပါကျင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ မိုင်းဆတ်ခရိုင် ဆည်မြောင်းဦးစီးဌာနမှ ပေးပို့ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ
Tachileik News Agency
http://www.tachileik.net


မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာနေ အသက် ၁၅ အရွယ် အမျိုးသမီးငယ်တစ်ဦးကို ခိုးယူပေါင်းသင်းပြီး ပြည်တန်ဆာအိမ်၌ ရောင်းစားခဲ့သည့် အမျိုးသားကို အောက်တိုဘာလ ၃ ရက်နေ့က လူကုန်ကူးမှု ကာကွယ်တားဆီးရေးဥပဒေ ပုဒ်မ ၂၄/၂၆ (က)/ ၃၂အရ အမှုဖွင့်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၉) မော်လမြိုင် ထံမှ သိရသည်။

အဆိုပါ အမျိုးသမီးကို ရည်းစားဖြစ်သူ ကိုကိုဝင်းက နှင်းလဲကျေးရွာ၊ ရွာဦးစေတီ၌ တွေဆုံရန် ဖုန်းဆက်ခေါ်ပြီး ခိုးယူပေါင်းမည်ဟုဆိုကာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပုလဲလမ်းဆုံ၊ ဗိုလ်ချုပ်ရပ်ကွက်ရှိ ကိုကိုဝင်းနှင့် ရင်းနှီးသည့် လင်မယားထံ ခေါ်ဆောင်ခဲ့သည်ဟု အမျိုးသမီးငယ်အား စစ်ဆေးရာမေးမြန်တွင် ထွက်ဆိုခဲ့ ကြောင်း အဆိုပါ တပ်ဖွဲ့စုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရည်းစာဖြစ်သူ ကိုကိုဝင်းသည် အမျိုးသမီးငယ်ကို အမည်မသိ လင်းမယားနေအိမ်တွင် ၃ ရက်ကြာ လင်းမယား အဖြစ် ပေါင်းသင်းခဲ့ပြီး အိမ်ရှင်လင်မယားနှင့် ကိုကိုဝင်းတို့က သက်သာသည့် အလုပ်တစ်ခုရှာပေးမည်ဟု ဆိုကာ ရန်ကုန်မြို့၊ ဘုရာနောင်ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ် တစ်အိမ်သို့ ထပ်မံခေါ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် အိမ်ရှင်လင်းမယားနှင့် ကိုကိုဝင်းတို့သည် အလုပ်ရှင် ဆိုသူ ကိုမျိုးထံ အလုပ်အပ်နှံခဲ့ပြီး ကျပ်ငွေ ၁၈၀ဝ၀ဝ ယူသွားကာ ကိုကိုဝင်းမှာ ယင်းနေ့မှ စပြီး သူမှထံ ရောက်လာခြင်းမရှိကြောင်း စစ်ဆေးမေးမြန်ရာတွင် ဖြေဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ အမျိုးသမီးသည် အလုပ်ရှင် ကိုမျိုးနေအိမ်၌ ရှိနေစဉ် အမျိုးသမီးတစ်ဦးက ပြည်တန်ဆာအိမ်ဖြစ် ကြောင်း သမီးမှာ အသက်ငယ်နေသောကြောင့် သားအိမ်ကွဲနိုင်ကြောင်း ပြောဆိုသဖြင့် အလုပ်ရှင်ကိုမျိုးက နောက်ဘေးရှိ အနှိပ်ခန်းကို ပို့ဆောင်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ နေအိမ်၌ ကိုယ်တိုင် အနှိပ်လုပ်ငန်းကို မလုပ်ကိုင်ရဘဲ အနှိပ်ခန်း သန့်ရှင်းရေးကို တစ်လ တိတိ လုပ်ဆောင်ပေးခဲ့ပြီး မိဘများရှိရာ နှင်ပုလဲကျေးရွာသို့ ပြန်လာခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ရည်းစားဖြစ်သူ ကိုကိုဝင်းသည် ဘီလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး လက်ရှိတွင် ထွက်ပြေး တိမ်ရှောင်နေလျက်ရှိရာ အိမ်ရှင်လင်မယားနှစ်ဦးနှင့် ၎င်းတို့အား ဖမ်းဆီးနိုင်ရန် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၉)မှ ရဲအရာရှိတစ်ဦးကပြောကြား သည်။

by Hinthar Media
http://hintharmedia.com


နိရဉ္စရာ၊ အောက်တိုဘာ ၁၀

မောင်တောင်မြို့နယ် မြောက်ပိုင်း ရခိုင်ရွာ ခြံပြင် အရှေ့ဘက် ဦးရှဥ့်ကျ ဘင်္ဂလီရွာသားများမှ တပ်မတော် ကင်းလှည့်တပ်ဖွဲ့ တစ်ခုမှ သေနတ်လုရန် ကြိုးပမ်းသဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လယ် ၁ ခန့်က တပ်မတော် စစ်ကြောင်းတစ်ခုမှ တပ်ဖွဲ့အင်အား ၂၀ ခန့် ဦးရှဥ့်ကျ ရွာအတွင်း ကင်းလှည့်နေစဉ် ရာနှင့်ချီသော ဘင်္ဂလီရွာသားများက ၀ိုင်းဝန်းပြီး သေနတ်လုရန်ကြိုးစားသဖြင့် ကာပစ် ပစ်ကာ နောက်ဆုတ်လာရသည်ဟု ဒေသခံများ၏ အပြောအရ သိရသည်။

ယခု တပ်မတော်သားများကို ဦးရှဥ့်ကျကျေးရွာအနီးရှိ ရေမျက်တောင် တိုင်းရင်းသား ကျေးရွာတွင် တပ်စွဲထားသည်ဟု သိရသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ငခူရကျေးရွာသား တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

အာဏာပိုင်များမှပြန်လည် ဖြေကြားမည့်သူ မရှိသဖြင့် ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာမှ သီးခြား အတည်ပြုချက်ရယူနိုင်ခြင်း မရှိပါ။

(ဓာတ်ပုံ- မောင်တောမြို့နယ် အတွင်း ကင်းလှည့်နေသော စစ်သားတစ်ဦးဖြစ်ပါသည်။)
Narinjara
https://www.facebook.com/Narinjara


ရခိုင်ပြည်နယ်၊ မောင်တောဒေသတဝိုက် ခိုးဝင်ဘင်္ဂလီတွေရဲ့ ဝင်ထွက်သွားလာမှုများကို စစ်ဆေးခြင်း၊ မှတ်တမ်းတင်ထိန်းသိမ်းခြင်း၊ တရားစွဲတင်ခြင်းစတဲ့လုပ်ငန်းများကို ကက(နယ်)ရဲ့လက်အောက်ခံအဖွဲ့အစည်းအဖြစ် နစကအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြရပါတယ်။ ယခင် ကက(နယ်)အောက်မှာ လုပ်ကိုင်ဆောင်ရွက်ခဲ့ရတဲ့ နစက ကာလမှာ လဝကဝန်ထမ်းတွေဟာ တပ်ရဲ့အကာအကွယ်နဲ့ မိမိအသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်စရာမလိုဘဲ လုံခြုံစွာနဲ့ နစက လုပ်ငန်းတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ခဲ့ကြကြောင်း သိရှိရပါတယ်။

ယခုအခါ မိမိဌာနချုပ်ရဲ့ ဗဟိုကင်းလိုမျိုး အဓိကနေရာတခုကိုတောင် မကာကွယ်နိုင်တဲ့ နယ်ခြားစောင့်ရဲ့တပ်ဖွဲ့(BGP)ရဲ့အောက်မှာ လုပ်ငန်းဆောင်ရွက်နေရတဲ့အချိန်မှာတော့ နေရာတိုင်းမှာ အရေအတွက်အားဖြင့် သောင်းဂဏန်းကျော်ရှိနေသော ဘင်္ဂလီကုလားရွာများကြားတွင်တည်ရှိနေသည့် စခန်းငယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြရသည့် လဝက အရာထမ်း၊ ဝန်ထမ်းအားလုံးဟာ လုံခြုံမှုမရှိတော့သလို ခံစားနေကြရပါပြီ။

တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်က လစာနဲ့စရိတ်ပေးထားတာပဲ။ ဘာဖြစ်ဖြစ် လုပ်ရမှာပေါ့ဆိုတဲ့ အာဏာရှင်စနစ်ကဲ့သို့ မျက်နှာလွှဲခဲပြစ်လုပ်မလား။ ဒီမိုကရေစီစံနှုန်းများအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် မိမိနိုင်ငံသားဖြစ်သည့် ပြည်သူ့ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်မလား။
အကြောင်းကြောင်းကြောင့် အလုပ်မထွက်နိုင်သေးတဲ့ဝန်ထမ်းတွေမှာလည်း သေချင်လဲ သေပါစေတော့ကွာဆိုပြီး ဆက်လုပ်နေကြရမလား။ သေချာတာက ဒီဝန်ထမ်းတွေအားလုံးရဲ့ ရင်ဘတ်ထဲမှာတော့ ထုတ်မပြောရဲတဲ့ မေးခွန်းတွေ ရှိနေတာ သေချာနေပါပြီ။

၁-မိမိတို့ရဲ့အသက်အန္တရာယ်ကို မည်သူက ကာကွယ်ပေးမှာလဲ

၂-အကာကွယ်ပေးရမည့် အဖွဲ့အစည်း/တပ်ဖွဲ့ကရော ကာကွယ်ပေးနိုင်မယ့် စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်ပြည့်ဝကြပါရဲ့လား

၃-ဝေးလံခေါင်းပါးပြီး အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်ရတဲ့နေရာဒေသတခုမှာ တာဝန်ထမ်းဆောင်နေကြရတဲ့ တာဝန်ကျ အရပ်ဖက်ဝန်ထမ်းတွေရဲ့စိတ်ထဲမှာရော အဝေးတစ်နေရာတွင်ကျန်ရှိနေတဲ့ မိသားစုဝင်အားလုံးရဲ့စိတ်မှာရော ကြောင့်ကြစိုးရိမ်ပူပန်မှုကင်းရှင်းစွာ တာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်ကြစေဖို့ တာဝန်ရှိသူမတွေက အစီအစဉ်များချမှတ်ပြီး အရေးတယူဆောင်ရွက်ပေးနေပြီလား …

တာဝန်ရှိသူအကြီးအကဲများကို အားကိုးတကြီး မျှော်လင့်နေကြပါကြောင်း…..

(၀န်ထမ်းများအားလုံးကိုယ်စား)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



၂၀၁၃ ခုနှစ်က ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်တွင် စစ်ဆေးနေစဉ် (ဓာတ်ပုံ – မြဝတီ)

ပြင်ဦးလွင် စစ်တက္ကသိုလ်၌ ဒုတိယနှစ် ကျောင်းသား ဗိုလ်လောင်းကို နောက်ဆုံးနှစ် ကျောင်းသား ဗိုလ်လောင်းက ပညာပေး ဆုံးမစဉ် လက်လွန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒုတိယနှစ် ကျောင်းသားဖြစ်သူ ဗိုလ်လောင်း အောင်ညီညီဇော် (ဘုရင့်နောင်တပ်ခွဲ) ကို နောက်ဆုံးနှစ်ကျောင်းသား ဖြစ်သူ ဗိုလ်လောင်း ဇွဲမာန်အောင်က အောက်တိုဘာလ ၇ ရက်နေ့ ညနေ၌ ထိုးကြိတ် ဆုံးမစဉ် ရင်ဘတ်ထိခိုက်၍ နှလုံးရပ် သေဆုံးသွားသည်ဟု ဆေးစစ်ချက် အဖြေအရ သိရကြောင်း ဗိုလ်လောင်း အောင်ညီညီဇော်၏ အစ်ကို ဖြစ်သူ ကိုမြတ်သူဇော်က ဧရာဝတီသို့ ပြောသည်။

ကိုမြတ်သူဇော်က “ကျနော်တို့ ရောက်သွားတော့ အောင်ညီညီဇော်ကို ဆေးရုံ ရင်ခွဲရုံမှာ တွေ့ခဲ့ရတယ်၊ ခေါင်းမှာ ခွဲစိတ်ထားတဲ့ ဒဏ်ရာတွေကို တွေ့ရတယ်၊ ကျန်တဲ့နေရာတွေကိုတော့ ကျနော်တို့ ကြည့်ခွင့် မရပါဘူး၊ တာဝန်ရှိသူတွေ ပြောတာတော့ ရုတ်တရက် နှလုံးရပ်ပြီး ဆုံးသွားတာလို့ ပြောပါတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၇ ရက်နေ့ ညနေ သင်တန်းပြီးဆုံးချိန်တွင် အခန်းသန့်ရှင်းရေး လုပ်ဆောင်ထားရန် အောင်ညီညီဇော် အား လူကြုံဖြင့် ဇွဲမာန်အောင်က မှာလိုက်ကြောင်း၊ သို့သော် အမှာစကား ပါးခံရသူက အောင်ညီညီဇော်အား ပြန်လည် ပြောဆိုခြင်း မရှိ၍ သန့်ရှင်းရေး မလုပ်ဆောင်ထားမိခြင်းကြောင့် ထိုးကြိတ် ကျောက်ကန်ခြင်းတို့ ပြုလုပ်စဉ် ရင်ဘတ်ထိသွား၍ သတိလစ်သွားပြီး၊ ထိုနေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်ဟု အောင်ညီညီဇော် ၏ ဘကြီးဖြစ်သူ ဦးကျော်ဆွေ က ပြောသည်။

ဦးကျော်ဆွေက “သူသန့်ရှင်းရေး လုပ်ခိုင်းတဲ့နေရာကို သန့်ရှင်းရေး လုပ်မထားတော့ မင်းမှာ အပြစ်ရှိလား၊ မရှိလားဆိုပြီး ဆွဲထိုးပြီးတော့ ဆုံးမတာပေါ့၊ အပြစ်ရှိတယ်ဆိုတော့ ထပ်ထိုးတယ်၊ ၀မ်းလျား မှောက်ခိုင်းတယ်၊ အဲဒီလိုထိုးရင်းနဲ့ ရင်ဘတ်ကို အငိုက်မိသွားတဲ့ သဘောဖြစ်သွားတယ်လို့ သူ့သူငယ်ချင်းတွေရဲ့ ပြန်ပြောပြချက် အရ သိရတယ်” ဟု ဆိုသည်။

သေဆုံးသူ ဗိုလ်လောင်း အောင်ညီညီဇော်ကို အောက်တိုဘာလ ၉ ရက်နေ့က ပြင်ဦးလွင်မြို့၌ပင် သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း မိသားစုဝင်များ က ပြောသည်။

ယခုအခါ ဗိုလ်လောင်း ဇွန်မာန်အောင်ကို စစ်တက္ကသိုလ် ၀င်းထဲ၌ပင် ထိန်းသိမ်းထားပြီး၊ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု စစ်တက္ကသိုလ် တာဝန်ရှိသူများက ပြောဆိုကြောင်း၊ ဇွဲမာန်အောင်၏ မိဘများကလည်း အောင်ညီညီဇော်၏ မိဘများအား ရှိခိုးတောင်းပန်ကြောင်း အောင်ညီညီဇော်၏ မိသားစုဝင်များက ဆိုသည်။

အစ်ကိုဖြစ်သူ ကိုမြတ်သူဇော်က “ဇွဲမာန်အောင်နဲ့လည်း ခဏ တွေ့ခွင့်ရခဲ့ပါတယ်။ သူကတော့ သတိဆွဲပြီး တောင်းပန်တယ် ဆိုတာပဲ ပြောပါတယ်၊ ကျန်တာတော့ ဘာမှ မပြောပါဘူး၊ ကျနော်တို့ တွေ့တဲ့အချိန်မှာလည်း တာဝန်ရှိသူတွေက စောင့်ကြည့်နေကြတော့ လွတ်လွတ်လပ်လပ် စကားပြောခွင့် မရခဲ့ပါဘူး” ဟု ပြောသည်။

ပြင်ဦးလွင် စစ်တက္ကသိုလ်၌ စီနီယာကျသူ ကျောင်းသားများက ဂျူနီယာဖြစ်သူ ကျောင်းသားများအား အပြစ်ပေး၊ အနိုင်ကျင့် ဆုံးမသည့် ဓလေ့ရှိကြောင်း သိရပြီး၊ ယင်းသို့ ကြမ်းတမ်းစွာ အပြစ်ပေး ဆုံးမမှုများကို ပြုလုပ်ပါက အရေးယူမည်ဟု ၂၀၁၆ ခုနှစ်၊ အစောပိုင်းတွင် အမိန့်ထုတ်ထားကြောင်း သိရသည်။

ယင်းသို့ အမိန့်ထုတ်ထားသည့်တိုင် ကြမ်းတမ်းစွာ အနှိမ်ကျင့် ထိုးကြိတ်မှုများ၊ အပြစ်ပေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ကျောင်းသား အချင်းချင်း အနိုင်ကျင့် ဆုံးမမှုမျိုးကို ထိရောက်စွာ အရေးယူစေလိုကြောင်း၊ အောင်ညီညီဇော်ကဲ့သို့ နောက်ထပ် မဖြစ်စေလိုကြောင်း သေဆုံးသူ အောင်ညီညီဇော်၏ မိသားစုဝင်များက ဧရာဝတီကို ပြောသည်။

သေဆုံးသူ ဗိုလ်လောင်း အောင်ညီညီဇော်သည် ပဲခူးတိုင်း၊ က၀မြို့နယ်၊ အုန်းနှဲရွာမှ ဖြစ်ပြီး၊ ထိုးကြိတ် ဆုံးမသူ ဗိုလ်လောင်း ဇွဲမာန်အောင်သည် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အကြားတွင် ပြဿနာတစုံ မရှိဟု သူငယ်ချင်းများက ပြောဆိုကြောင်းလည်း အောင်ညီညီဇော်၏ မိသားစုဝင်များက ပြောသည်။

စစ်တက္ကသိုလ် ကျောင်းသား အချင်းချင်း ကြမ်းတမ်းစွာ အပြစ်ပေး၊ အနိုင်ကျင့်မှု ရုပ်သံဗီဒီယိုဖိုင် တခုသည်လည်း ၂၀၁၆ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ လူမှုကွန်ရက် စာမျက်နှာများ၌ ပြန့်နှံ့ခဲ့သေးသည်။ ထိုဗီဒီယိုဖိုင် ထွက်ပေါ်ပြီးနောက်၊ ဗိုလ်လောင်း အချင်းချင်း ထိုးကြိတ်ခြင်း မပြုရ၊ အချင်းချင်း ညှင်းပန်းနှိပ်စက်ခြင်းမပြုရ၊ ည ၁၀ နာရီ နောက်ပိုင်းတွင် ကိုယ်ရေး ကိုယ်တာ ကိစ္စများအား ခိုင်းစေခြင်း၊ အပြစ်ပေးခြင်းများ မပြုလုပ်ရဟု မိန့်ထုတ်ထားကြောင်း သိရသည်။

ဧရာဝတီ
http://mobile.irrawaddy.com/news/2016/10/10/124772.html



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဦးဖြိုးမင်းသိန်းသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့တွင် ပါတီဗဟိုကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး ယခုအခါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရခြင်းဖြစ်ကြောင်း သိရသည်။

NLD အနေဖြင့် ဦးဖြိုးမင်းသိန်းအား ဗဟိုအလုပ်အမှုဆောင် ခန့်အပ်ခြင်းနှင့် အတူ အရန် ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးအား ဗဟိုအလုပ် အမှုဆောင်အဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ခြင်း ပတ်သက်ပြီး ပါတီစည်းမျဉ်းနှင့် မညီညွတ်ကြောင်း ပါတီအနေဖြင့် ညီလာခံခေါ်ယူရန် လိုအပ်ကြောင်း မခေါ်နိုင်ယူပါက ပါတီဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူပြီး ဒီမိုကရေစီ နည်းကျကျ လျို့ဝှက်မဲပေးကာ ဗဟိုအလုပ်အမှုဆောင်သစ်များ ရွေးချယ်ရန် လိုအပ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ယင်း၏ ကိုယ်ပိုင်ဖေ့စ် ဘုတ်စာမျက်နှာတွင် “ကျနော်ကတော့ ပါတီညီလာခံ ပြန်ခေါ်ယူသင့်တယ် လို့ မြင်ပါတယ်။ အဲဒီလို မခေါ်နိုင်သေးရင်တောင် ပါတီဗဟိုကော်မတီ အစည်းအဝေးခေါ်ယူပြီး ဒီမိုကရေစီနည်းကျ ဗဟိုကော်မတီဝင်တွေက လျှို့ဝှက်မဲပေးကာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်တွေကို ရွေးချယ်နိုင်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ အခုလက်ရှိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကလည်း ဗဟိုကော်မတီက ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခဲ့တာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အမည်စာရင်း တင်သွင်းတာ ၀န်ပေးခဲ့တာပါ။ ပါတီထဲမှာ အုပ်စုဖွဲ့တာ၊ ဂိုဏ်းဖွဲ့တာတွေ အားကောင်းလာမှာ စိုးရိမ်လို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို အခုလိုရွေးချယ်ရသလို ပြောတာတွေကတော့ အကြောင်းအကျိုး မဲ့လွန်းပါတယ်” ဟု သုံးသပ်ရေးသားထားသည်။

စိုင်းဟန်
The Ladies News



အိန္ဒိယ တောင်ပိုင်းမှာ ၁၃ နှစ် အရွယ် မိန်းကလေး တယောက် ဥပုသ် လနဲ့ချီ စောင့်ပြီးနောက် သေဆုံးခဲ့တဲ့အတွက် သူ့မိသားစုကို ရဲက စစ်ဆေးနေပါတယ်။

ဟိုက်ဒရာဘတ် ပြည်နယ်က အာရာဒါးနား ဆိုတဲ့ ကျောင်းသူ မိန်းကလေးဟာ ၃ လ ကျော်အောင် ရေပဲ သောက်ခဲ့ရတာ ဖြစ်ပါတယ်။

နောက်ပိုင်း ဒီမိန်းကလေး မူးမေ့ လဲကျပြီး နှလုံးရောဂါနဲ့ သေဆုံးခဲ့ပုံရပါတယ်။

သူ့မိသားစုတွေက ဂျိန်းဘာသာဝင်တွေပါ။ ဒီလို ဥပုသ်စောင့်ရင် ကံကောင်းတယ်လို့ ယုံကြည်ကြပါတယ်။

မိန်းကလေးကို အတင်းအကျပ် ဥပုသ်စောင့်ခိုင်းတယ်ဆိုပြီး ကလေး အခွင့်အရေး စောင့်ရှောက်တဲ့ အဖွဲ့တွေက မိသားစုကို စွပ်စွဲနေကြပေမယ့် မိဘတွေ ဘက်က ပယ်ချ ခဲ့ပါတယ်။
BBC Burmese

နယ်ခြားစောင့် ရဲကင်းစခန်းများနှင့် ရဲဌာနချုပ် တိုက်ခိုက်ခံရ ပြီး နောက် မောင်တော အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်အတွက် အာဏာပိုင်များဘက်မှ ကျးလွန်ခဲ့သူများကို ရှာဖွေဖမ်းဆီးမှု များ ပြုလုပ်လျက်ရှိရှာ အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ပြီး လက်နက်အချို့ ပြန်လည် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော် ဒီက တပ် သွားတဲ့အချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တယ်။ အဲ့ဒီမှာ လက်နက်အချို့ ပြန်ရတယ်၊ ကျွန်တော်တို့ဆီက လက်နက်တွေပါပဲ။ ကျွန်တော်တို့ ဒီ ဌာနချုပ်ကနေ ပါသွား တဲ့လက်နက်တွေ” ဟု မောင်တော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က The Ladies သို့ ပြောသည်။

လတ်တလောတွင် မောင်တောမြို့နယ်သို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနှင့် တိုင်းမှူးတို့ ရောက်ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှ သိရသည်။

Frontier Myanmar ၏ သတင်းောဖ်ပြချက်တွင်မူ မောင်တော - ဘူးသီးတောင်လမ်း မောင်တောအ၀င်ရှိ မြို့သူကြီးရွာ အနီးတွင် ယမန်နေ့ညက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပစ်ခတ်သူ ၃ ဦးအား အသေဖမ်း မိခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါရွာမှာ မွတ်ဆလင်ရွာ ဖြစ်သည် ဟူ၍လည်း ဆိုသည်။

“ဒီနေ့တော့ ဘာသတင်းမှ မကြားသေးဘူး။ ရဲတပ်ရင်းတစ်ရင်းတော့ ဒီနေ့မောင်တောကို သွားတယ်၊ ဘာသတင်းမှတော့ မကြားရသေးဘူး၊ ဘာမှတော့ မသိရသေးဘူး” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောသည်။

မောင်တောမြို့နယ်နှင့် အနီးအနားမှ ကျေးရွာများတွင် နယ်မြေလုံခြုံရေးများက တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးဌာနရှိ စာရင်းများနှင့် စစ်ကြည့်လျက်ရှိကာ ဖမ်းဆီးမှုတချို့ ရှိနေသော်လည်း မည်မျှဖမ်းဆီးထားကြောင်းကိုမူ အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းကပြောသည်။

လက်ရှိအချိန်တွင် မောင်တောခရိုင် တစ်ခုလုံးကို ညနေ ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားသည်။

စိုင်းဟန်
The Ladies News


ရီပါပလေကန် ​သမ္မတလောင်း ​Donald ​Trump ​က ​သမ္မတဟောင်း ​Bill ​Clinton ​ရဲ့ ​အမျိုးသမီးတွေအပေါ် ​ဆက်ဆံမှုကို ​ထိုးနှက်ပြောဆိုခဲ့သလို ​Bill ​Clinton ​ရဲ့ ​ဇနီး ​ဟီလာရီ ​ကလင်တန်ကိုလည်း ​ထောင်ချလိုက်မယ်လို့ ​ပြောဆိုလိုက်ပါတယ်။

သမ္မတလောင်း ​နှစ်ဦးရဲ့ ​ဒုတိယအကြိမ်မြောက် ​စကားစစ်ထိုးပွဲအတွင်း ​Donald ​Trump ​က ​သူကသာ ​သမ္မတ ​ဖြစ်လာရင် ​နိုင်ငံခြားဝန်ကြီး ​အလုပ်လုပ်ခဲ့တုန်းက ​အလုပ်အီးမေးလ်ကို ​မသုံးပဲ ​ကိုယ်ပိုင် ​အီးမေးလ် ​အသုံးပြုခဲ့တဲ့ ​ပြိုင်ဘက် ​ဟီလာရီ ​ကလင်တန်ကို ​ထောင်ချပစ်မယ်လို့ ​ပြောခဲ့တာ ​ဖြစ်ပါတယ်။

နိုင်ငံခြားရေး ​ဝန်ကြီးအဖြစ် ​၂၀၀၉ ​ခုနှစ်ကနေ ​၂၀၁၃ ​ခုနှစ်အထိ ​တာဝန်ထမ်းဆောင်တဲ့ ​ဟီလာရီ ​ကလင်တန်ရဲ့ ​လုပ်ရပ်ဟာ ​နိုင်ငံတော်ရဲ့ ​လုံခြုံရေးကို ​ထိခိုက်နိုင်တာကြောင့် ​အထူး ​စုံစမ်းရေး ​အဖွဲ့ကိုဖွဲ့ပြီး ​စုံစမ်းစစ်ဆေးမှု ​လုပ်ခိုင်းမယ်လို့ ​Donald ​Trump ​က ​ပြောပါတယ်။

St. ​Louis ​မှာ ​ပြုလုပ်တဲ့ ​စကားစစ်ထိုးပွဲအတွင်း ​ဟီလာရီ ​ကလင်တန်ကလည်း ​Donald ​Trump ​လို ​ရိုင်းစိုင်းတဲ့ ​လူက ​သမ္မတ ​မဖြစ်သင့်တဲ့အကြောင်း ​ပြန်လည် ​ထိုးနှက် ​ပြောဆိုခဲ့ပါတယ်။

သမ္မတလောင်း ​နှစ်ဦးက ​အခွန်ကိစ္စ၊ ​ကျန်းမာရေးကိစ္စ၊ ​ဆီးရီးယားနဲ့ ​ပတ်သက်တဲ့ ​အမေရိကန်ရဲ့ ​ပေါ်လစီအကြောင်းတွေကို ​စကားစစ်ထိုးခဲ့ကြတယ်လို့ ​ရိုက်တာ ​သတင်းမှာ ​ပါရှိပါတယ်။

သောကြာနေ့တုန်းကတော့ ​Donald ​Trump ​အနေနဲ့ ​၂၀၀၅ ​ခုနှစ်တုန်းက ​အမျိုးသမီးတွေရဲ့ ​သဘောတူညီမှု ​မလိုပဲ ​ကိုယ်ထိလက်ရောက် ​အမြတ်ထုတ်နိုင်တယ်လို့ ​ပြောခဲ့တဲ့ ​ဗီဒီယို ​ထွက်ပေါ်လာပြီးနောက် ​ပါတီတွင်းက ​လူတွေအပြင် ​ကမ္ဘာပေါ်က ​လူတွေလည်း ​အမျိုးမျိုး ​တုန့်ပြန် ​ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

Donald ​Trump ​က ​အဲဒီလို ​ပြောဆိုခဲ့မိတဲ့အပေါ် ​အရှက်ရကြောင်း ​ဒါပေမဲ့ ​အဲဒီတုန်းက ​လူသိရှင်ကြား ​ပြောတာမျိုး ​မဟုတ်ပဲ ​သမ္မတဟောင်း ​Bill ​Clinton ​က ​သူ့ထက် ​ဆိုးတယ်လို့ ​ပြောလိုက်ပါတယ်။

သူက ​စကားအရသာ ​ပြောဆိုတာ ​ဖြစ်ပေမယ့် ​Bill ​Clinton ​ကတော့ ​တကယ်လက်တွေ့မှာ ​အမျိုးမသီးတွေကို ​မတော်မတရား ​ပြုကျင့်တာတွေ ​လုပ်ခဲ့သလို ​အဲဒီလို ​လုပ်ခဲ့တဲ့ ​Bill ​Clinton ​ကို ​ဇနီးဖြစ်တဲ့ ​ဟီလာရီ ​ကလင်တန်က ​ကာကွယ်ပေးခဲ့တယ်ဆိုပြီး ​ပြောဆိုလိုက်ပါတယ်။

အခုတကြိမ် ​ပြုလုပ်တဲ့ ​စစ်ထိုးပွဲအတွင်း ​ပရိသတ်တွေကပါ ​မေးခွန်း ​မေးခွင့်ရတဲ့အတွက် ​Donald ​Trump ​နဲ့ ​ပတ်သက်ပြီး ​ဘယ်အချက်ကို ​အကြိုက်ဆုံးလဲလို့ ​မေးတဲ့အခါ ​ဟီလာရီ ​ကလင်တန်က ​Donald ​Trump ​ရဲ့ ​သားသမီးတွေက ​သူတို့ ​ဖခင်အပေါ် ​ထားတဲ့ ​မေတ္တာနဲ့ ​လေးစားမှုတွေကို ​အကြိုက်ဆုံးလို့ ​ဖြေခဲ့ပါတယ်။

Donald ​Trump ​ကလည်း ​ဟီလာရီ ​ကလင်တန်နဲ့ ​ပတ်သက်ပြီး ​အကြိုက်ဆုံး ​အချက်ကတော့ ​ဟီလာရီ ​ကလင်တန်ဟာ ​တော်ရုံ ​ဇွဲမလျှော့ပဲ ​တိုက်ပွဲဝင်သူဖြစ်တာကို ​အကြိုက်ဆုံးလို့ ​ဖြေကြားခဲ့ပါတယ်။

နောက်ဆုံးအကြိမ် ​သမ္မတလောင်း ​စကားစစ်ထိုးပွဲကိုတော့ ​အောက်တိုဘာလ ​၁၉ ​ရက်နေ့မှာ ​ပြုလုပ်ဖို့ ​ရှိတယ်လို့ ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


ဝါရှင်တန်၊ အောက်တိုဘာ-၁၀

အမေရိကန်စစ်တပ်၏ ပြောကြားချက်အရ ၄င်း၏ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောမှာ ယီမင်ကမ်းလွန်တွင် တိုက်ခိုက်ခံရမည့်ဘေးမှ သီသီကလေး လွတ်မြောက်လာခဲ့သည်ဟု ဆိုသည်။

“USS Mason ဟု ယီမင်ကမ်းလွန် ပင်လယ်နီထဲရှိနေချိန် မိနစ်၆၀အတွင်းမှာ ဒုံးကျည်နှစ်စင်းကို တွေ့ရှိခဲ့တယ်။ နှစ်စင်းလုံးက သင်္ဘောဆီမရာက်ခင် ရေပြန်ထဲကျသွားတယ်”ဟု ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ကပ္ပတိန် ဂျက်ဖ် ဒေးဗစ်က တနင်္လာနေ့အစောပိုင်းက ပြောကြားခဲ့သည်။ “သဘောင်္ရော သင်္ဘောသားတွေပါ ထိခိုက်ဒဏ်ရာရမှုမရှိဘူး”ဟုလည်း ၄င်းက ထပ်လောင်းပြောကြားသည်။


ပင်လယ်နီဆိပ်ကမ်းမြို့ မိုခါအနီးတွင် ယူအေအီး စစ်သင်္ဘောတစ်စင်းကို ယီမင်တပ်ဖွဲ့များက အောင်မြင်စွာ ပစ်ခတ်ဖျက်စီးပြီးနောက် ရက်ပိုင်းအကြာတွင် ယခုသတင်းထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

အမေရိကန်လုပ် HSV -2 Swift မှာ မိုင်းများကို ရှာဖွေနိုင်၊ စစ်ဆင်ရေးများကို ထိန်းချုပ်နိုင်၊ တပ်သားနှင့် ကိရိယာများကို သယ်ပို့နိုင်သည့် မြန်နှုန်းမြင့် သင်္ဘောတစ်စင်းပင်ဖြစ်သည်။ ထိုစဉ်က စစ်သင်္ဘောပေါ် လိုက်ပါလာသူ သင်္ဘောသား ၂၀ကျော် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ယခုလက်ရှိတွင် ပင်တဂွန်က ယီမင်ကို စစ်ဆင်ရေးဆင်နွှဲနေသည့် ဆော်ဒီအာရေဗျအား သယ်ယူပို့ဆောင်ရေးနှင့် ထောက်လှမ်းရေးအချက်အလက်များ ထောက်ပံ့နေသည်။ ယီမင်မှာ ဆော်ဒီဘုရင့်နိုင်ငံ၏ ဆင်းရဲနွမ်းပါးသော အိမ်နီးချင်းဖြစ်ပြီး ၂၀၁၅ခုနှစ် မတ်လမှစတင်ကာ စစ်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ ယီမင်နိုင်ငံသား ၁၀၀၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်သည်။

ဆော်ဒီက ၄င်း၏ မဟာမိတ်များနှင့် ညွှန့်ပေါင်းဖွဲ့ကာ ဟူသီသူပုန်များကို လေကြောင်းမှ တိုက်ခိုက်နှိမ်နင်းပြီး ရီယာ့ဒ်အစိုးရ၏ မဟာမိတ်ဖြစ်သော ယီမင်သမ္မတ အဗ္ဗဒဲ ရက်ဘူ မန်ဆော ဟာဒီကို ပြန်လည်ခန့်ထားရန် ကြိုးစားနေသည်။

သြဂုတ်လက ကန်ဒေါ်လာ ၁.၁၅ဘ်ီလျံတန်ဖိုးရှိ အဗရမ် တင့်ကား၁၃၀ကျော်၊ လက်နက်တပ်ဆင် ကယ်ဆယ်ရေးယာဉ် ၂၀နှင့် အခြားကိရိယာများကို ဆော်ဒီအာရေဗျသို့ ရောင်းချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောတူခဲ့သည်။

ဝါရှင်တန်မှာ ယီမင်တွင် လူသားအမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် ဆော်ဒီအစိုးရကို မကြာခဏ ဝေဖန်ခဲ့သော်လည်း ရီယာ့ဒ်အား ထောက်ခံမှုကိုမူ အဆုံးသတ်ဦးမည့်သဘော မရှိသေးပေ။

ပရပ်စ်တီဗီ
AM
china.com Myanmar
https://www.facebook.com/china.com.mm



ဖုန်းဘက်ထရီ ပြဿနာ တက်ခဲ့တဲ့ ဆမ်ဆောင်းဖုန်း
တောင်ကိုရီးယားက ဆမ်ဆောင်း ဂလက်စီ နုတ် ဆဲဗင်း ဖုန်းတွေ အရည်အသွေး မြှင့်တင်ဖို့ ထုတ်လုပ်မှုကို သုံးသပ်သွားမယ်လို့ ကုမ္ပဏီကပြောပါတယ်။

ဖုန်းဘက်ထရီ မီးလောင်မှုတွေ ဖြစ်ပွားပြီးနောက် သန်းနဲ့ချီတဲ့ စမတ်ဖုန်းသစ်တွေကို ပြန်သိမ်းခဲ့ရတဲ့ အတွက် ဆမ်ဆောင်းက ဒီဖုန်း ထုတ်လုပ်မှုကို ရပ်ထားတော့မယ်လို့ တောင်ကိုရီးယား သတင်းစာတွေက ရေးသားပါတယ်။

အရင် မော်ဒယ် အဟောင်း ဖုန်းတွေ တုန်းကလည်း အလားတူ မီးလောင်မှုတွေ ပေါ်ပေါက်လို့ ဒါတွေနဲ့ အစားထိုးဖို့ ဒီဖုန်းသစ်ကို တီထွင်ခဲ့တာပါ ။

ဒီမီးလောင်မှု အကြောင်း သိရဖို့ အတွက် အစားထိုး ထုတ်လုပ်တဲ့ ဖုန်းတလုံးပေါ်မှာ စမ်းသပ် စစ်ဆေးနေတယ်လို့လည်း ဆမ်ဆောင်းက ပြောပါတယ်။

ဒီလို အစားထိုးတဲ့ ဖုန်းတွေ ဆက်မထုတ်နိုင်ဘူးဆိုရင် ကုမ္ပဏီ အတွက် အများကြီး နစ်နာနိုင်တယ်လို့ ဆိုးလ် မြို့တော်က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ပန်းသီး ကုမ္ပဏီရဲ့ အိုင်ဖုန်း ဆဲဗင်းနဲ့ ယှဉ်ပြိုင်ဖို့ ဂလက်စီ နုတ် ဆဲဗင်း ဖုန်းတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးတွင် ကျန်းမာရေး လုပ်သား တစ်ဦးက ခြင်ဆေးဖျန်းနေစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဟိုချီမင်း စီးတီး၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

    ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ်က ကိုယ်ဝန်ဆောင် တစ်ဦးနှင့် ဟိုချီမင်း စီးတီးရှိ အမျိုးသမီး တစ်ဦးတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ငါးဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ကြေညာလိုက်သည်။

Binh Duong ပြည်နယ်၊ Thuan An မြို့တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးသည် ဇီကာဗိုင်းရပ်စ် ကူးစက်မခံရမီ ခရီးသွားခဲ့ခြင်းမရှိသလို ဇီကာ ကူးစက်ခံရသူနှင့် ဆက်ဆံခဲ့ခြင်း မရှိခဲ့ပေ။ဟိုချိမင် ခရိုင်ရှိ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးကလည်း ဗိုင်းရပ်စ် ကူးစက်မခံရမီ ခရီးသွားခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အမျိုးသမီး နှစ်ဦးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း၊ ဇီကာဗိုင်းရပ်စ် ကူးစက်မှု အသစ်များ မဖြစ်ပွားရန် ကာကွယ်ခြင်းများအား ဒေသဆိုင်ရာ အာဏာပိုင်များက လုပ်ဆောင်လျက်ရှိသည်။၁၉၄၀ ခုနှစ် ယူဂန္ဓာနိုင်ငံတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ပေါ်ထွက်လာခဲ့ပြီး လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်၌ ကူးစက်မှု ရှိခဲ့သည်။အဆိုပါ ဗိုင်းရပ်စ်သည် ကိုယ်ဝန်ဆောင် မိခင်များ၌ မွေးဖွားလာသော ကလေးငယ်များအား ဦးခေါင်းနှင့် ဦးနှောက်များ သေးငယ်မှုနှင့် ဆက်စပ်လျက်ရှိသည်။

(Xinhua)
http://www.xinhuamyanmar.com



Alkbakr ကို ၂ ရက်ကြာ လိုက်ရှာပြီး လိုက်ပဇစ်မြို့မှာ ဖမ်းမိ
ဗုံးထောင်ရန် ကြံစည်မှုနဲ့ မသင်္ကာသူ ဆီးရီးယား အမျိုးသား တယောက်ကို ဂျာမနီမှာ ဖမ်းမိတယ်လို့ ရဲက ပြောပါတယ်။

အသက် ၂၂ နှစ် အရွယ် Jaber Albakr ဟာ မကြာခင်ကမှ ဆီးရီးယားက ဒုက္ခသည်အဖြစ် ရောက်လာသူ ဖြစ်ပါတယ်။

သူ့ကို ဂျာမန် ထောက်လှမ်းရေးက စောင့်ကြည့်နေခဲ့တာပါ။

မစ္စတာ Alkbakr ကို ၂ ရက်ကြာ လိုက်ရှာပြီးနောက် လိုက်ပဇစ်မြို့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

Chemnitz မြို့က သူ့တိုက်ခန်းကို စနေနေ့က ဝင်ရောက် စီးနင်း ရှာဖွေခဲ့ရာမှာ ဂရမ် ၄ဝဝ အချိန်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီး နောက်ထပ် လူတယောက်ကိုပါ ဖမ်းမိခဲ့ပါတယ်။

သူဟာ ဘာလင်က လေဆိပ်တခုကို တိုက်ခိုက်ဖို့ စီစဉ်တာ ဖြစ်နိုင်တယ်လို့လည်း ဂျာမန် သတင်းဌာနတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဓာတ်ပုံ - ရိုက်တာ  
ဓာတ်ပုံ - ရိုက်တာ

ကိုလံဘီယာသမ္မတ ဆန်းတို့စ်က သူရရှိတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြေးငွေအားလုံးကို ၅၂ နှစ်ကြာ ပြည်တွင်းစစ်အတွင်း ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် လှူဒါန်းမယ်လို့ အောက်တိုဘာ ၉ ရက်က ကြေညာပါတယ်။

သမ္မတ ဆန်းတို့စ်ဟာ ကိုလံဘီယာကွန်မြူနစ် ဖားစ် (Farc) သူပုန်တွေနဲ့ ပြီးခဲ့တဲ့လက ငြိမ်းချမ်းရေး သဘောတူညီမှုရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် နိုဘယ်လ်ဆု ချီးမြှင့်ခံရတာပါ။

ဒါပေမယ့် ရက်ပိုင်းအကြာမှာကျင်းပတဲ့ ငြိမ်းချမ်းရေး လူထုဆန္ဒခံယူပွဲမှာ အစိုးရနဲ့ သူပုန်တွေရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ကပ်ပြီး ရှုံးနိမ့်သွားပါတယ်။

၅၂ နှစ်ကြာ ကိုလံဘီယာပြည်တွင်းစစ်အတွင်း လူ ၂ သိန်း ၆ သောင်းလောက် သေဆုံးခဲ့ကြပြီး ၆ သန်းကျော်ဟာလည်း စစ်ဘေးဒုက္ခသည်တွေ ဖြစ်ခဲ့ကြပါတယ်။

မနေ့ညက မိသားစုနဲ့ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုက ရရှိတဲ့ အမေရိကန်ဒေါ်လာ ၉ သိန်း ၂ သောင်းကျော်ကို စစ်ဘေးခံပြည်သူတွေအတွက် လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ သမ္မတက ပြောပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်းက ချိုကိုပြည်နယ်မှာ စစ်ဘေးခံပြည်သူတွေရဲ့ ဘာသာရေးပွဲတော်တခုကို တက်ရောက်ရင်း အခုလို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
DVB TV News


ဓာတ်ပုံ - ရိုက်တာ  
ဓာတ်ပုံ - ရိုက်တာ

သက်တော် ၈၈ နှစ်အရွယ် ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ နန်းတော်က အောက်တိုဘာ ၉ ရက် နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ထိုင်းဘုရင်ကြီးဟာ ကမ္ဘာမှာ နန်းသက်အရှည်ဆုံး ဘုရင်တပါး ဖြစ်သလို သူ့ရဲ့ ကျန်းမာရေးကိုလည်း ပြည်သူတွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။

ဘုရင်ကြီးဟာ မကျန်းမမာဖြစ်နေတာ နှစ်အတန်ကြာ ရှိခဲ့ပေမယ့် အခုလိုမျိုး စိုးရိမ်ရတဲ့ အခြေအနေ၊ မတည်ငြိမ်တဲ့ အခြေအနေကို နန်းတော်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

အောက်တိုဘာ ၉ ရက် သတင်းထုတ်ပြန်ချက်ဟာ ဒီလထဲမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့တုန်းကလည်း အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တဲ့အတွက် ကုသမှုခံယူခဲ့ရပြီး သက်သာလာတဲ့အကြောင်း နန်းတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက် နှောင်းပိုင်းမှာထုတ်ပြန်တဲ့ သတင်းအရလည်း ဘုရင်ကြီးရဲ့ သွေးထဲမှာ အဆိပ်ဓာတ်နဲ့ ဆားဓာတ်များနေတဲ့အတွက် ပုံမှန်အခြေအနေရောက်အောင် သွေးသန့်စင်ပေးတဲ့ ကုသမှုကို ခံယူနေရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း နန်းတော်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဘူမိဘောဆိုတာ တိုင်းပြည်ရဲ့အင်အား၊ အနှိုင်းမဲ့စွမ်းအင်လို့ အဓိပ္ပာယ်ရပြီး ၁၉၄၆ ခုနှစ်ကတည်းက နန်းတက်ခဲ့ပါတယ်။

ထိုင်းပြည်သူတွေကြားထဲမှာ ဘူမိဘောဘုရင်ကြီးကို နိုင်ငံရဲ့ဖခင်အဖြစ်၊ တိုင်းပြည်ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဦးဆောင်မှုပေးခဲ့တဲ့ မင်းကောင်းမင်းမြတ်အဖြစ် ကြည်ညိုမြတ်နိုးကြပါတယ်။
DVB TV News


( ထိုင်းနို်င်ငံမှာ ရောက်ရှိနေတဲ့ ကချင်လူမျိုးတွေ စုပေါင်းပြီး အောက်တိုဘာလ ၁၀ ရက်နေ့က ချုင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုနေစဉ် )
Photo: Aung Moe Myint/ RFA
တပ်မတော်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIOနဲ့ တခြားတိုင်းရင်းသား အဖွဲ့တွေကို ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပေးဖို့ ဒီကနေ့ မနက် ၁၀ နာရီက ထိုင်းနို်င်ငံ ချုင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေစုပေါင်းပြီး ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။

ကချင်ပြည်သူတွေနဲ့ ညီနောင်တိုင်းရင်းသားတွေ အသက်မြောက်များစွာ ဆုံးရှုံးရသလို အိုးအိမ်တွေလည်း ပျက်စီးခံနေရတဲ့အတွက် လာရောက်ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူ ကိုနော်ခမ်း က ပြောပါတယ်။

"အခု အရေးအကြီးဆုံးကတော့ ၂ ချက်ပေါ့နော်၊ တစ်ချက်ကတော့ ကချင်ပြည်နယ်မှာ ကျနော်တို့ ဒီအစိုးရစစ်တပ်တွေ မြန်မာအစိုးရစစ်တပ်တွေ ထိုးစစ်ဆင်နေတယ် အဲ့ဒါတွေ အားလုံးကို ချက်ချင်းရပ်တန့်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်၊ ဒုတိယ အချက်တစ်ခုကတော့ ကျနော်တို့ ဒီ အစိုးရစစ်တပ်တွေက ကျနော်တို့ ရွာတွေမှာ လက်နက်ကြီးတွေနဲ့ ထုတယ် ကလေးတွေသေတယ် ဒီလအတောအတွင်းမှာပဲ မုန်ဂိုအနီးရှိ ပူဝမ်ရွာပေါ့နော် ကချင်ရွာမှာ သူတို့လက်နက်ကြီး ပစ်ထည့်လိုက်တော့ ကလေးသုံးယောက်ထိတယ် တယောက်ကတော့ ဆုံးသွားတယ်၊ ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် အူတွေဘာတွေထွက်သွားတယ်ပေါ့နော် သတင်းမီဒီယာထဲမှာလည်း ရေးထားတာတော့ရှိပါတယ်။ ဒါပေမယ့် အစိုးရဖက်က တစ်စုံတစ်ရာ အရေးယူပေးမှု မရှိသေးဘူး အဲ့ဒါကြောင့် ဒီနေ့ ထပ်ပြီးမှ ဒါကို တောင်းဆိုတယ်။ ဆိုတော့ ဒီနှစ်ချက်ကို အတွက်ကြောင့်မို့ ကျနော်တို့ ဒီကိုရောက်လာခြင်းဖြစ်တယ်။"


ထိုင်းနိုင်ငံရောက် ကချင်လူမျိုးတွေက အချက် ၆ ချက်ပါ သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်က KIO အဖွဲ့ကို မြေပြင်မှသော် လည်းကောင်း၊ ဝေဟင်မှသော်လည်းကောင်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီထိုးစစ်ဟာ ၂၀၁၁ ခုနှစ်ကစတင်လာခဲ့တာ ၂၁ ရာစုပင်လုံညီလာခံကျင်းပပြီးချိန်မှာ ပိုမိုပြင်းထန်လာကြောင်း ထောက်ပြထားပါတယ်။

မြန်မာကောင်စစ်ဝန်ရုံးကို လာရောက်တောင်းဆိုချက်တွေထဲမှာ တစ်နိုင်ငံလုံး ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးဖို့ အပါအ၀င် ကချင်စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာယာဉ်တန်းတွေကို အစိုးရစစ်တပ်မှ ဟန့်တားခြင်းမပြုဖို့၊ စစ်ဘေးဒုက္ခသည်တွေ ကိုယ့်နေရပ်ကို လုံခြုံစွာ အမြန်ပြန်နိုင်ရေးအတွက် အစိုးရမှ လက်တွေကအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့တွေလည်း ပါဝင်ပါတယ်။

ကချင်ဒေသအပါအ၀င် တိုင်းရင်းသားဒေသတွေမှာ အစိုးရစစ်တပ်က ထိုးစစ်ဆင်နေမှုတွေ ရပ်တန့်ပေးဖို့ ကချင်လူမျိုးတွေ စုပေါင်းပြီး ဒီကနေ့တောင်းဆိုကြတဲ့စာတစ်စောင်ကို မြန်မာကောင်စစ်ဝန်ရုံးကို ပေးအပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကောင်စစ်ဝန်ရုံးက တစ်ဦးတစ်ယောက်မှ လာရောက်လက်ခံရယူတာမျိုး မရှိခဲ့တဲ့အတွက် ရုံးရှေ့က စာတိုက်ပုံးမှာပဲ ထည့်ထားခဲ့ကြပါတယ်။
RFA


ဓာတ်ပုံ - အေအက်ဖ်ပီ ဓာတ်ပုံ - အေအက်ဖ်ပီ

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ရှေ့တန်းလုံခြုံရေးစခန်းကို မြန်မာအစိုးရ တပ်မတော်က ဒီနေ့မနက် တိုက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။

ဒီကနေ့မနက် ၈ နာရီခွဲလောက်က ၀ိုင်းမော်မြို့နယ်ရှိ ကေအိုင်အေတပ်ရင်း ၂၅၂ ရဲ့ ရှေ့တန်းလုံခြုံရေးစခန်းကို လာရောက်ဗုံးကြဲသွားသလို မြေပြင်ကလည်း အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခဲ့တယ်လို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဒီဗွီဘီကို ပြောပါတယ်။

“ဒီမနက်က အင်ခန်ဘွမ်စခန်းဘက်မှာ တပ်မတော်ဘက်က လေယာဉ်နဲ့လာပစ်တဲ့ အခြေအနေ ရှိပါတယ်။ ဗုံးတွေလာကြဲတယ်၊ စက်သေနတ်တွေနဲ့ပစ်တယ်။ အဓိကကတော့ ဗုံးလာကြဲတာပါ။ မြေပြင်ကလည်း လက်နက်ကြီးနဲ့ပစ်တယ်၊ ကန်ဘွမ့်ဆိုတဲ့ တောင်ကြောကနေပေါ့၊ အဲဒါက အင်ခန်ဘွမ်ဆိုတဲ့ တောင်ကြောက တဆက်တည်း၊ ကျနော်တို့ဘက်က ခုခံပြန်တိုက်နေလို့ အပြင်းအထန်ဖြစ်နေတယ်။”

ဒါ့အပြင် မြစ်ကြီးနား-ဗန်းမော်လမ်းဘက်မှာလည်း ပစ်ခတ်မှုတွေ ဖြစ်နေပြီး ခုလို အစိုးရတပ်မတော်က ကချင်ပြည်နယ်အနှံ့မှာ စစ်ကြောင်းတွေ ထိုးစစ်ဆင်ပြီး ရှေ့တန်းစခန်းတွေ တိုက်ခိုက်နေတာဟာ ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ချင်လို့ ယူဆရတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

တဘက်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးဖို့ ဆွေးနွေးပွဲတွေ ကျင်းပနေချိန်မှာ တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာကို မလိုလားကြောင်း ပြသနေတာလို့ ကေအိုင်အေက ပြီးခဲ့တဲ့ရက်ပိုင်းက သဘောထားထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် ပြည်တွင်းစစ်မီး ပိုမို ကျယ်ပြန့်စေနိုင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို တပ်မတော်က တာဝန်ခံရမှာဖြစ်တယ်လို့ ကေအိုင်အိုက အောက်တိုဘာ ၈ ရက် ကြေညာချက်မှာ ဖော်ပြပါတယ်။


DVB TV News

 ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့က နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ကိစ္စကြောင့် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ အခြေခံပညာစာသင်ကျောင်းအားလုံးကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်း က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က စတင်စစ်ဆေးခဲ့တဲ့ နှစ်ဝက်စာမေးပွဲတွေကိုလည်း ရပ်နားလိုက်ရသလို ဆရာ၊ ဆရာမတွေကို လုံခြုံတဲ့နေရာတွေဆီ ပြောင်းရွှေ့ပေးထားတယ်လို့လည်း ဆိုပါတယ်။

စာသင်ကျောင်းတွေကို အခြေအနေတွေ တည်ငြိမ်တဲ့အချိန်ကျမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှာ ဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်းသုံးခု မနေ့က အကြမ်းဖက် စီးနင်းခံရမှုမှာ အကြမ်းဖက် တိုက်ခိုက်သူ ၈ ဦးကို အသေရမိပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါတယ်။

ဒါ့အပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး ပျောက်ဆုံးခဲ့ကာ လက်နက်ပေါင်းစုံ ၅၁ လက်နဲ့ ကျည်ဆံ တစ်သောင်းကျော် ပျောက်ဆုံးခဲ့တယ်လို့ ရဲချုပ် ဇော်ဝင်းက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီနေ့ မောင်တောမြို့ရဲ့ အခြေအနေကတော့ လူသွားလူလာတွေနည်းနေသလို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက လမ်းတစ်ချို့ကို ပိတ်ထားပြီး ပျောက်ဆုံးသွားတဲ့ လက်နက်တွေ ပြန်လည်ရရှိရေးအတွက် နယ်မြေရှင်း လင်းရေးတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA


အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်သည် အီရတ်နိုင်ငံတွင် လျှို့ဝှက်ဝါဒဖြန့်တိုက်ပွဲအဖြစ် အကြမ်းဖက်သမား ဗီဒီယိုအတုများ ဖန်တီးပေးရန် ဒေါ်လာသန်း ၅၀၀ အကုန်အကျခံကာ ယူနိုက်တက်ကင်းဒမ်းမှ PR ကုမ္ပဏီကို စေခိုင်းခဲ့ကြောင်း စူးစမ်းလေ့လာသော စာနယ်ဇင်းဗျူရိုက ထုတ်ဖော်ပြသခဲ့သည်။ ဗြိတိန်နိုင်ငံမှ PR ကုမ္ပဏီဖြစ်သည့် ဘဲလ်ပေါ့တင်ဂါ (Bell Pottinger) ကုမ္ပဏီသည် ဆော်ဒီအစိုးရနှင့် ချီလီအာဏာရှင်သြဂုက်စတိုပီနိုချေ၏ဖောင်ဒေးရှင်းအပါအ၀င် အငြင်းပွားစရာ ဖောက်သည်များရှိသော ကုမ္ပဏီဖြစ်ပြီး အမေရိကန်စစ်တပ်၏ လျှို့ဝှက်စစ်ဆင်ရေးများအတွက် ၀ါဒဖြန့်လုပ်ငန်းများကို လုပ်ကိုင်ပေးခဲ့သည်။

ယင်းကုမ္ပဏီသည် စီအိုင်အေ၊ အမျိုးသားလုံခြုံရေးကောင်စီနှင့် ပင်တဂွန်တို့အတွက် အယ်ကေဒါများနှင့် အယ်ကေးဒါးလိုလားသူများကို အဆိုးမြင်ရှုထောင့်မှနေ၍ ပုံဖော်ပေးရန် စီမံချက်များ တင်ပြရသည်။ အိမ်ဖြူတော်နှင့် ဗိုလ်ချုပ်ကြီး ဒေးဗစ်ပက်ထရိယော့စ်တို့က ယင်းအေဂျင်စီ၏ စီမံချက်ပါ အကြောင်းအရာများကို အတည်ပြုပေးရသည်။ အဆိုပါကုမ္ပဏီ၏ ၀ါဒဖြန့်ချိရေးလုပ်ငန်းများသည် အမေရိကန်က အီရတ်နိုင်ငံကို ကျူးကျော်ခဲ့ပြီးနောက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီရွေးကောက်ပွဲများပြန့်ပွားစေရေးအ ကြောင်းပြပြီး စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပြန်ကြားရေးစစ်ဆင်မှုတို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါကုမ္ပဏီမှဝန်ထမ်းဟောင်းဖြစ်သူ ဟာတင်ဝဲလ်က ဘဲလ်ပေါ့တင်ဂါကုမ္ပဏီက ၄င်းကို အီရတ်နိုင်ငံတွင် ဗီဒီယိုအယ်ဒီတာအဖြစ်တာဝန်ထမ်းဆောင်ရန် ငှားရမ်းစေခိုင်းခဲ့ကြောင်း၊ အီရတ်ရောက်ရှိပြီး ၄၈ နာရီအကြာတွင် ၄င်းက ဗစ်ထရီစစ်စခန်း၌ လျှို့စိတ်ဓာတ်စစ်ဆင်ရေးဗီဒီယိုများကို တည်းဖြတ်ခဲ့ရကြောင်း စာနယ်ဇင်းဗျူရိုကို ပြောပြခဲ့သည်။ ယင်းကုမ္ပဏီက အယ်ကေဒါများ၏ ဆိုးသွမ်းသော ပုံရိပ်များကို ထင်ဟပ်ထားသည့်ကြော်ငြာများ တင်ပြခဲ့ပြီး၊ ယင်းဗီဒီယိုပုံရိပ်များသည် အာရပ်ရုပ်သံမှ လွှင့်ထုတ်သည့် ပုံစံမျိုးဖြစ်အောင် ဖန်တီးခဲ့သည်ဟုဆိုသည်။

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က အဆိုပါ ဗြိတိန် PR ကုမ္ပဏီနှင့် စိတ်ဓာတ်စစ်ဆင်ရေး သတင်းပြန်ကြားမှု လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ပြင်ပကုမ္ပဏီတခုနှင့်ယင်းကဲ့သို့ ပြည်သူလူထုကို အမြင်မှားစေရန ၀ါဒဖြန့်လုပ်ကိုင်မှုကို အမေရိကန်အစိုးရအနေနှင့် လုပ်ကိုင်ခြင်းမပြုရန် အမေရိကန်ဥပဒေက တားမြစ်ထားသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းလုပ်ငန်းအတွက် ပင်တဂွန်က ဘဲလ်ပေါ့တင်ဂါကုမ္ပ ဏီကို ဒေါ်လာသန်း ၄၅၀ ပေးခဲ့ရသည်ဟု ဆိုသည်။

ထွဋ်ဝင်းထွဋ်
Ref; RT

News Watch(စောင့်ကြည့်သတင်းဂျာနယ်)



''မမက ကျွန်မကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား၊ မကြိုးစားပါနဲ့။ မမရှေ့က ဆရာမတယောက်လည်း အဲသလိုလုပ်လို့ ကျွန်မလက်ချက်နဲ့ ထိပ်ပေါက်သွားပြီးပြီ။ ကျွန်မကို ဆုံးမဖို့ မလိုပါဘူး။ ကျွန်မ မြန်မာစာကို မုန်းတယ်။ မြန်မာကျောင်းတွေကို ရွံတယ်။ အဲဒီကျောင်းတွေရှေ့က ဖြတ်သွားတိုင်း 'ဖွီ'လို့ ထွေးပစ်လိုက်တယ်။ အဆင့်မရှိတဲ့ကျောင်းတွေ။ ဒီမြန်မာပြည်မှာနေရတာကိုလည်း မကြိုက်ဘူး။ ညစ်ပတ်နံစော်နေတယ်။ ကျွန်မက အင်္ဂလိပ်စာကို ခေါင်းပေါ်တင်ထားပြီး မြန်မာစာကိုတော့ ခြေသုတ်ဝတ်လို ခြေထောက်အောက်မှာပဲထားတယ်'' ဖော်ပြပါစကားကို အသက်ဆယ်နှစ်အရွယ် မြန်မာမိန်းကလေးငယ်တဦးက ပြောလိုက်ခြင်းဖြစ်သည်ဆိုလျှင် စာရှုသူစိတ်တွင်း၌ မည်သို့ဖြစ်ပေါ်လာပါမည်နည်း။ ကျွန်တော် လုပ်ကြံချဲ့ကားပြောသည်လားဟူ၍တော့ မထင် လိုက်ပါနဲ့ခင်ဗျာ။ ထို ကလေးငယ်ပြောနေသည့် မမဆိုသူမှာ သူ့ကိုစာသင်ပေးနေသည့် အသက်ဆယ့်ခြောက် နှစ်အရွယ် (ဆယ်တန်းအောင်ခါစ) မိန်းကလေးတဦးဖြစ်ပြီး ဤစာရေးသူ၏ သမီးလည်းဖြစ်ပါသည်။ ဤဇာတ်လမ်းကို အကျဉ်းမျှတင်ပြရလျှင်-

အထက်ပါ ဆယ်နှစ်အရွယ် မိန်းကလေးငယ်၏မိဘများသည် ပုဂံတွင် ဟိုတယ်ကြီးတလုံးကိုပိုင်လျက် ရန်ကုန်မြို့၏ လူနေသိပ်သည်းလှသော မြို့လယ်ကောင် (ရထားသံလမ်းနှင့် မနီးမဝေး)တနေရာတွင် နန်းတော်တမျှ ကြီးမားလှသော အိမ်ကြီးနှင့်အတူ ခြံဝင်းအတွင်း၌ ပန်းခြံ၊ ရေကူးကန်တို့အပြင် ရေတံခွန် အသေးစားတခုဖြင့်ပါ တန်ဆာဆင်ကာ ခမ်းနားထည်ဝါစွာ နေထိုင်ကြ၏။ တန်ဖိုးကြီးဧရာမခွေးနက်ကြီး သုံးကောင်ကလည်း အိမ်၏ဘော်ဒီဂတ်ဒ်အဖြစ် ရှိပါသေးသည်။ သူတို့၏ သားအကြီးမှာ သွားဆရာဝန်ဖြစ်ကာ သားအလတ်မှာ ဘိုကျောင်းတွင် ဆယ့်နှစ်တန်းတက်လျက် မကြာမီ ယူအက်စ်သို့ကျောင်းတက်ရန် သွားတော့ မည် ဆိုပါသည်။ ယခုသမီးငယ်လေးကမူ ဘိုကျောင်းတွင် စတုတ္ထတန်းတက် ရောက်နေပြီး (သူ့မိခင်၏ အဆို အရ) မြန်မာစာညံ့လှသောကြောင့် ကျွန်တော့်သမီးကို ဂိုက်ဒ်သဘောမျိုး (မြန်မာစာသင်ပေးရုံမျှမက မြန်မာ ပုံပြင်များပါပြောပြရန်) တာဝန်ပေးလာခြင်းဖြစ်ပါသည်။

ကျွန်တော့်သမီးပြောပြချက်အရ အဆိုပါကလေးမလေးသည် ရုပ်ရည်သွင်ပြင် လွန်စွာချစ်ခင်ဖို့ကောင်းကြောင်း။ အကြောင်းအကျိုး ဆက်စပ်တွေးတတ်ကြောင်း။ ပုံပြင်များကို စိတ်ဝင်စားကြောင်း။ လူဖြစ်ပါလျက် ခြေထောက် မပါဘဲ အမြီးပေါက်ကာ ရေထဲမှာသာနေရသော ရေသူမဘ၀သို့ ဘာကြောင့်ရောက်သွားရတာလဲ။ ကာမေသုမိစ္ဆာစာရကံဆိုတာ ဘာလဲ စသဖြင့် မေးတတ်ကြောင်း။ အကြောက်အရွံ့မရှိရာ၌ မိခင်ကြီးကိုပင် (မကျေနပ်ပါက) ပြန်လှန်အော်ဟစ်ဆူငေါက်တတ်ကြောင်း။ တနေ့လျှင် ဖုန်းဘေလ်တထောင်ပဲထည့်ပေးသဖြင့် မကျေမနပ် အမြဲဖြစ်နေကြောင်း။ မမရာ ဒီနေ့တော့ စာမသင်နဲ့တော့ ကျောင်းမှာ ဟိုကောင်နဲ့ မကြည်ခဲ့လို့ စာသင်ရမှာ စိတ်မပါဘူး ဖြစ်နေတယ်ဆိုသည်မျိုးလည်း ညည်းညူးတတ်ကြောင်း။ မြန်မာစာသင်နေလည်း အပိုပါပဲ မမရာ။ ကျွန်မက နိုင်ငံခြားသွားမှာ။ ဟိုမှာ အပြီးအပိုင်နေမှာလေ။ ပြန်လာမှာမှ မဟုတ်တာ။ ဒီမှာ ခုနစ်တန်းအောင်ပြီးတာနဲ့ သွားတော့မှာဟုလည်းပြောကြောင်း။ ဆယ်နှစ်အရွယ် ကလေးငယ်တဦး၏ အတွေးချော်နေမှုများကို ပြုပြင်ပေးလိုသဖြင့် ညီမလေးက မြန်မာလေ။ ဟိုရောက်ရင် မြန်မာစာ၊ မြန်မာစကားနဲ့ မြန်မာတွေအကြောင်းမေးကြမှာ အဲဒီအခါဘယ်လိုရှင်းပြမလဲ စသဖြင့် (မြန်မာလိုပြောလျှင် နားထောင်မည် မထင်၍) အင်္ဂလိပ်လိုပြောဆိုတည့်မတ်ပေးပြန်သော် သူ့ကို မြန်မာစာသာသင်ပါ။ မမကိုခေါ်ထားတာ မြန်မာစာ သင်ဖို့ပါဟူ၍ အင်္ဂလိပ်လိုပြန်ပြောတတ်ကြောင်း။ (ကျွန်တော့်သမီးမှာ နယ်သာလန်မှလာသော တိုးရစ်စ်မကြီး နှင့် အင်္ဂလိပ်လို အပြန်အလှန်ပြောနိုင်သူ ဖြစ်ပါသည်။)

ဆက်ရလျှင် ကြွယ်ဝချမ်းသာလှသော ထိုထိုအိမ်ကြီးက ရေတခွက်ပင် မတိုက်ကြောင်း။ စာသင်နေစဉ် ကလေးမလေးက အကြော်များစားနေသော်လည်း မမ စားပါဦးဟု တခွန်းမျှမဟကြောင်း၊ ပိုက်ဆံပေးပြီး ခိုင်းထားသူဟုသာ သဘောထားပုံရကြောင်း။ ဘိုကျောင်းတွင် ငါးနှစ်တိုင် ပညာသင်ခဲ့ပြီဖြစ်သော်လည်း မြန်မာစာကို ပီပီသသ မရေးတတ်၊ မဖတ်တတ်သေးကြောင်း။ သူတို့ကျောင်းမှာ မြန်မာစာချိန်ဆိုရင် စိတ်မ၀င် စားလို့ လုပ်ချင်ရာလုပ်နေလိုက်တာပဲဟု ပြောတတ်ကြောင်း။ အဆိုပါ ဘိုကျောင်းသည် မြန်မာစာကို စိတ်မ၀င်စားရုံမျှမက ကလေးတို့၏စိတ်ဝယ် မုန်းစရာကောင်းလှသည့် အဆင့်မရှိသောစာဟု အောက်မေ့လာ အောင် သင်နေကြပုံရသည်ဟုထင်ကြောင်း။ မြန်မာ့ဓလေ့၊ မြန်မာ့စိတ်ရင်းများ ပျောက်ကွယ်လျက် ဘိုအကျင့် ဘိုစရိုက်များ ဇွတ်အတင်းသွတ်သွင်းနေသည်ထင်ကြောင်း စသည် စသည်အဖြစ်သနစ်စုံကို ကျွန်တော့်သမီးက ကျွန်တော့်အား ပြန်လည်ပြောပြပါသည်။
ဖော်ပြပါအချက်တို့ကိုထောက်ရှု၍ ပိုင်းခြားစိတ်ဖြာခြုံငုံသုံးသပ်ရသည်ရှိသော် ကျွန်တော်တို့ ရွှေပြည်ကြီးဝယ် အချို့နေရာတို့၌ (၁) အင်္ဂလိပ်စကားသာ ပဓာန မြန်မာစာမှာ ပေယျာလ (၂) ငါတို့ဘိုးဘွားအမွေ ငါတို့စာပေ များနှင့်တကွ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား အမြတ်တနိုး တန်ဖိုးထားလျော့ပါးပျောက်ကွယ်ဟူသော ကြောက်မက် ဖွယ်နှစ်ရပ်ကို အထင်အရှားတွေ့လာရပါ၏။ ဤကိစ္စမျိုးမှာ လူနည်းစုသာဖြစ်၍ အန္တရာယ်အဆင့်သို့ ရောက် မလာနိုင်ဟု ယူဆကောင်းယူဆကြလိမ့်မည် ထင်ပါသည်။ ယင်းသို့ဆိုလျှင် အများစုမြင်ကွင်းတွင် အများစု သုံးနေသော မြန်မာစာအချို့ကို စောင့်ငဲ့ကြည့်စေချင်ပါသည်။ သာဓက ''ဖြတ်သန်းသွားလာသော မော်တော် ယာဉ်များ စာမေးပွဲဖြေနေရ၍ အ၀င်လမ်း ခဏပိတ်ထားသည်'' ''အိမ်သာကို စားသုံးသူများမှအပ အပြင်လူများ သုံးစွဲခွင့်မပြုပါ'' ''မြို့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့် မင်္ဂလာဈေးကြီး မီးလောင်သွားရာမှ ယခင်ထက် ပိုမို ကောင်းမွန်လာတော့မည်'' ''စက်လှေမှောက်ရာတွင် သေဆုံးသွားသည့် ဆရာ/မ သုံးဦးအတွက် ထောက်ပံ့ ငွေများနှင့် အသက်ကယ်အင်္ကျီများပေးအပ်''သာမန်လူထုအတွင်း မြင်ကွင်းများတွင်သာမက သတင်းစာနှင့် ဂျာနယ်အချို့တို့တွင်ပါ တွေ့လာရသည့် ရေးသားမှုများဖြစ်၏။ ပြောဟန်နှင့်ရေးဟန်သဏ္ဌာန်မကွဲ အဓိပ္ပာယ် လွဲမှု ပြယုဂ်များ ဖြစ်ပါသည်။

တဖက်တွင်လည်း နိုင်ငံတော်၏ အရင်းမူလပညာရေးကြီးကိုက နည်းမမှန်၊ လမ်းမမှန်၊ စေတနာမမှန်သော အခြေခံသဘောထားကြီး အမြစ်တွယ်ခိုင်မာနေပြန်သည်။ အကြောင်းမှာ ပညာရပ်များစွာကို အင်္ဂလိပ်လို တိုက်ရိုက်သင်ယူစေလျက် စာမေးပွဲကိုပါ ကျက်ဖြေစနစ် ဖန်တီးထားလေသဖြင့် မြန်မာလိုရော အင်္ဂလိပ်လိုပါ ထိုးထွင်းသိမြင် ကိုယ်တိုင်ရေးသားဖန်တီးနိုင်မှု လုံးဝပျောက်ဆုံးသွားခဲ့သည်မှာ ငွေရတုအခါ ပင်တိုင်ခဲ့ပြီ ဖြစ်၍တည်း။ ဤသို့ဖြင့် လူတယောက်ဖျက်ဆီးခဲ့သော ဆိုးမွေကို လူသန်းပေါင်းများစွာတို့ မပြုနိုင်မပြင်နိုင်ဘဲ အဂတိတွေ မြိုင်မြိုင်ဆိုင်ဆိုင်နှင့် လုပ်ကိုင်စားသောက်ရင်း ပညာရေးကြီး ဂယောက်ဂယက်ဖြစ်နေခဲ့သည်မှာ အဆုံးတိုင် ပြိုကျပျက်သုဉ်းမှုက အထင်အရှား သက်သေခံနေခဲ့ပေပြီ။ အလျဉ်းသင့်၍ ကြုံရပုံတခု မျှဝေချင်ပါသေးသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် တက္ကသိုလ်စာမေးပွဲများ ကျင်းပပါသည်။ ဒေးကျောင်းသား/သူများ ဘွဲ့ကြိုပထမနှစ်မှသည် ဘွဲ့လွန်မဟာ ဒုတိယနှစ်များထိ ဖြေဆိုကြရ၏။ ကျွန်တော် စာမေးပွဲခန်းကြီးကြပ်ချုပ်တာဝန်ကျခဲ့ပါသည်။ မဟာဝိဇ္ဇာ/သိပ္ပံ ဒုတိယနှစ်၏ ပထမနှစ်ဝက်သင်တန်း (၉) တန်း ကို အခန်းတခန်းထဲပေါင်း ဖြေစေသောအခန်း၌ ဖြစ်ပါ၏။ ထိုတွင် အမှတ်မထင် မြင်ရမိသည်မှာ သမိုင်းမေးခွန်း ဖြစ်၏။ Hist-634/Contemporany Myanmar (တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ န၀တ-နအဖ ခေတ်တို့၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အာဆီယံရေးစသည်တို့ဆိုင်ရာများနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ နည်းနည်း) ဖြစ်ပါသည်။ ထိုမေးခွန်းတွင် (၁) ကွက်လပ်ဖြည့်ပါ (၂) အမှား၊ အမှန်ရေးပါ (၃) မေးခွန်းတို အဖြေတိုဖြေပါ (၅) မေးခွန်းရှည်လေးပုဒ်မှ ကြိုက်ရာနှစ်ပုဒ်ဖြေပါ စသည့် မေးခွန်း ၅ ပုဒ်ပါဝင်၏။ ကျွန်တော် ငယ်စဉ် စတုတ္ထတန်းကျောင်းသားဘ၀ အတန်းတင်စာမေးပွဲကြီးတွင် သမိုင်းဖြေခဲ့ရသည်ကို ရုတ်ချည်းသတိရ လိုက်မိပါသည်။ မူလတန်းနှင့် မဟာဝိဇ္ဇာ မနှိုင်းသာမယှဉ်သာ အံ့သြဖွယ်ရာတိုက်ဆိုင်စွာပင် 'မေးခွန်းပုံစံ'နှင့် 'အနှစ်သာရ'အတူတူလာဖြစ်နေပါ၏။ (မြန်မာလိုနှင့် အင်္ဂလိပ်လိုသာ ကွဲပါ၏) ဘွဲ့လွန်မဟာဝိဇ္ဇာဘွဲ့၊ သမိုင်း ပညာရှင်တဦး ဖြစ်-မဖြစ် မှတ်ကျောက်တင်သည့် စာမေးပွဲမေးခွန်းပါတဲ့ ခင်ဗျာ။

ဤမျှနှင့်ပင်လွန်နေပါလျက် ထပ်၍လွန်လွန်းသွားသည်မှာ နံပါတ် (၂) အမှန်၊ အမှားရေးပါ မေးခွန်း၌ (a)To defend the independence and soveneighty of the state, the government tried to strong than Police Force. ပါတဲ့။ ဘာမှားနေသည်ကို ဤစာစုအား လက်ခံဖတ်ရှုနေသည့် စာဖတ်သူကိုယ်တိုင် မျက်ဝါး ထင်ထင် မြင်နိုင်ပါလိမ့်မည်။ ကွန်ပျူတာကို အပြစ်ပုံချ၍မရပါ။ မေးခွန်းကို မည်သူထုတ်ပါသနည်း။ မေးခွန်းကို မည်သူစစ်ပါသနည်း။ မေးခွန်းကို မည်သူစာစီပါသနည်း။ ထိုသူများသည် မမှားသင့်သော၊ မမှားထိုက်သော၊ မမှားနိုင်သော၊ စိတ်အလွန်ချရသော၊ အခွင့်ထူးနှင့်လုပ်ပိုင်ခွင့်များ မတန်တဆရရှိခံစားနေသော ပုဂ္ဂိုလ်တို့သာ ဖြစ်၏။ ထိုအမှားကို မဟာဘွဲ့ရပညာရှင်ကြီးများဖြစ်လာတော့မည့် စာဖြေကျောင်းသား/သူကြီးများက သိပုံ မရကြပါ။ မည်သူကမျှ (မေးခွန်းနှင့်ပတ်သက်၍) ထ,မမေးကြ။ အလိုအလျောက်ပင် ဖြေဆိုသွားကြ၏။ ဟုတ်သည်လေ။ သူတို့တာဝန်ကား နံပါတ် 2.(a) True (သို့မဟုတ်) False တခုခု ရေးလိုက်ရုံမျှသာ ဖြစ်သည်ကိုး။ မည်သည့်အရာက မှားသည်။ မည်သည့်အရာက မှန်သည်။ အဘယ့်ကြောင့် မှားသည်၊ အဘယ့် ကြောင့်မှန်သည်စသဖြင့် ရှင်းပြရန်လိုသည်မှ မဟုတ်ပေဘဲ။

ကျွန်တော့်အနေဖြင့် မည်သူ့ကိုမျှ အပြစ်မတင်လိုပါ။ ပညာရေးစနစ်ကြီး မည်မျှထိုးစိုက်ကျဆင်းနေသည်ကို ပြသရင်းပြင်သင့်သည်ကို အမြန်ပြင်စေလိုခြင်းသာ ဖြစ်ပါ၏။ လက်ရှိအချိန်ဝယ် ကျွန်ုပ်တို့၏ ရွှေနိုင်ငံ၌ ပညာ ရေးနှင့် ကျူရှင်ဈေးကွက်မှာ တိုက်ရိုက် အချိုးမကျဘဲ ပြောင်းပြန်အချိုးကျလျက်သာရှိပါ၏။ ယင်းသို့ ဖြစ်သည်နှင့်အမျှ လူသားအရင်းအမြစ်သည် သခင်မဖြစ်၊ ကျွန်ဖြစ်လျက် နွံနစ်ရန်သာ ရှိပေလိမ့်မည်။ အမှန်စင်စစ် နိုင်ငံတော်ကြီးကျင့်သုံးနေသော ပညာရေးစနစ်ကိုယ်တိုင်က မြန်မာ့အတွေးနှင့် မြန်မာအရေးကို အမိန့်အာဏာဖြင့် ဖျောက်ဖျက်၍ ဘိုအတွေးနှင့် ဘိုအရေးနောက် စိတ်ကူးယဉ်ဇွတ်ညှစ်ကာ ကောက်ကောက်ပါ အောင်လိုက်ခိုင်းနေပေရာ ဆောင်းပါးအစတွင် တင်ပြခဲ့သော ဆယ်နှစ်သမီးလေးကို အဆိုးမဆိုသာတော့ပါ။ သူကလေးက ရိုးသားစွာပင် ပြတ်ပြတ်သားသားပြောခဲ့၏။ အင်္ဂလိပ်စာကို ခေါင်းပေါ်တင် ၍ မြန်မာစာကို ခြေသုတ်ဝတ်နှယ် ခြေထောက်အောက်တွင် ထားပါသည်တဲ့လေ . . . ။ ကျွန်တော်တို့တတွေ 'ရင်ဝလှံစူး၊ ထိပ်ဦးမီးလောင်'နေခဲ့ချေပြီတကား . . . ။ အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။

ကိုမာကျော


ကချင်ပြည်နယ်တွင် စစ်ပွဲများရပ်တန့်စေရေးအတွက် ဒေသခံပြည်သူများပါ ထိခိုက်မှုများရှိလာသဖြင့် တပ်မတော်မှ ထိုးစစ်နေမှုများ ရပ်တည်ပေးရန် ဖားကန့်မြို့တွင် အောက်တိုဘာ ၁၀ ရက်က ဒေသခံပြည်သူ ထောင်ချီ ဆန္ဒပြ တောင်းဆိုကြကြောင်း သိရသည်။

အဆိုပါဆန္ဒပြပွဲအား အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီခွဲမှ စတင်ကာ ဖားကန့်မရှီကခေါင် တံတားမှ စတင်စီတန်းလှည့်လည် ဆန္ဒပြတောင်း ဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြစီတန်းလှည်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုစလမ်းဂွန်ဒိုင်းက “ကချင်လူမျိုးများအားလုံး ယခု ကချင်ပြည်နယ်တွင် တိုက်ပွဲကြီး ပြင်းထန်စွာ ထိုးစစ်ဆင်နေသော တပ်မတော်ကို ရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ် တယ်။ ကျန်းတိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ပြီး တိုက်ပွဲများ ပြင်း ထန်နေမှုကို ရပ်ဆိုင်းပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပါတယ်။ ပါဝင်တဲ့လူက ခန့်မှန်း ၃၀၀၀ လောက်ရှိမယ်” ဟု ပြောသည်။

စီတန်းလှည့်လည်ရာတွင် “ကချင်ဒေသတွင် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှု ချက်ချင်းရပ်”၊ “စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ခြင်းကို တားဆီးနှောင့်ယှက်မှု ပပျောက်ရေး”စသဖြင့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ“ကချင်ဒေသတွင် တပ်မတော် ထိုးစစ်ဆင် ချက်ချင်းရပ်...ချက်ချင်းရပ်”၊ “နိုင်ငံရေးပြသ၁နာကို နိုင်ငံရေးနည်း လမ်း ဖြေရှင်းရေး...” စသည့်ကြွေးကြော်သံများ ဟစ်အော်ကြကြောင်းဆိုသည်။

အောက်တိုဘာ၃ ရက်နှင့် ၆ ရက်နေ့က ကချင်ဒေသအတွင်း တပ်မတော် ထိုးစစ်မှုများ ရပ်ဆိုင်းရေးအတွက် ဆန္ဒပြတောင်းဆိုခြင်း အခမ်းအနား အား ဒေသခံပြည်သူ အများအပြား ဆန္ဒပြတောင်းဆိုပွဲ ပြုလုပ်ခဲ့ခြင်းများ ရှိခဲ့သည်။ အဆိုပါဆန္ဒပြပွဲပြီးစီးသည့် နောက်တစ်နေ့တွင် ကချင်ပြည်နယ်ရှိ ဂီဒုံဒေသသို့ အစိုးရစစ်တပ်မှ တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကေအိုင်အေနှင့် တပ်မတော်တို့အကြား တိုက်ပွဲများတွင် သေဆုံးဒဏ်ရာရမှုများ များပြားခဲ့ပြီး ရှမ်းပြည်နယ် မြောက် ပိုင်း မုန်းကိုးဒေသရှိ ရွာထဲသို့ လက်နက်ကြီးကျည်ဆံ ကျရောက်မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရသဖြင့် တရုတ်နိုင်ငံ မန်ရှီဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၅ နှစ်အတွင်း ဖြစ်ပွားခဲ့ သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံ တစ်သိန်းကျော်မှာ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။ စစ်ပွဲ အစောပိုင်းကာလများတွင် ဖားကန့် ကျောက်တွင်းများကိုလည်း ပိတ်ထားခဲ့ရပြီး ၂၀၁၄ ခုနစ်ခန့်မှ တူးဖောင်မှုများ ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

စိုင်းဟန်
The Ladies News


အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူသည် လူမှုရေး ဖောက်ဖျက်ခဲ့သဖြင့် ပါတီ စည်းကမ်းထိန်းသိမ်းရေးက အရေးယူရန် ဆုံးဖြတ်ထားကြောင်း ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

“ကျနော်သူ့ကို ပထမ တခေါက်တုန်းကတည်းက ခေါ်သတိပေးတယ်။ အဲဒီတုန်းက ‘ဘူး’ ငြင်းတယ်။ အခုတော့ ငြင်းလို့ မရတော့ဘူး။ အဲဒါကြောင့် ပါတီစည်းကမ်း ထိန်းသိမ်းရေးက အရေးယူမယ်။ သူသွားဖို့ရှိတဲ့ နိုင်ငံခြား ခရီးစဉ်တခုကိုလည်း ဖျက်သိမ်းလိုက်ပြီ” ဟု ဦးဝင်းထိန်က ပြောသည်။

ဒေါက်တာ စိုးမိုးသူကို NLD ပါတီ၏ စည်းမျဉ်းစဉ်းကမ်းများနှင့် အညီ အရေးယူမည်ဟု သိရပြီး အသေးစိတ် ရှင်းလင်းခြင်း မရှိသေးပါ။

“ပါတီ စည်းကမ်း ထိန်းသိမ်းရေးကနေ အရေးယူမယ်ဆိုရင် ပထမဆုံး စုံခုံဖွဲ့ပြီး စစ်ရမှာ။ ၂ ဖက် အပြန်အလှန် သက်သေတွေကို မေးမယ်။ ပြစ်မှု ထင်ရှားမှ အမြင့်ဆုံး ပြစ်ဒဏ်က ပါတီက ထုတ်ပစ်တာပဲ။ ဒါမှမဟုတ် ကာလ အပိုင်းအခြားနဲ့ ပါတီတာဝန်ကနေ ရပ်စဲတာမျိုး လည်း ဖြစ်နိုင်တယ်” ဟု NLD ရန်ကုန်တိုင်း ပြန်ကြားရေး ဒုတာဝန်ခံ ဦးစိုးဝင်းဦးက ဧရာဝတီသို့ ပြောသည်။

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် အိမ်ထောင် ရှိသော်လည်း လူမှုရေး ဖောက်ပြားသည်ဟုဆိုကာ ဇနီးဖြစ်သူက မန္တလေးမြို့ရှိ အမှတ် (၉) ရဲစခန်းတွင် အောက်တိုဘာလ ၉ ရက်နေ့က အမှုဖွင့်ခဲ့သည်။

ယခုဖြစ်စဉ် မတိုင်မီ NLD ပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးနှင့် ရွှေပြည်သာ မြို့နယ်ရှိ ဟိုတယ် တခုတို့ကြား ညအချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ရသဖြင့် ပါတီကို ဂုဏ်သိက္ခာ ထိခိုက်မှု ရှိခဲ့ပြီး ဖြစ်သည်ဟု NLD အသိုင်းအဝိုင်းက ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးဖြစ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ယခုဖြစ်စဉ်များကို လေ့လာကြည့်ပါက တိုင်းပြည်တွင် လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုတ်သိမ်းနိုင်သည့် ဥပဒေတရပ် လိုအပ်နေသည်မှာ သိသာနေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ပြည်သူက ရွေးကောက် တင်မြောက်တဲ့သူကို ပြည်သူက မကြိုက်ရင် တာဝန်က ပြန်ရုတ်သိမ်းခွင့် ရှိရပါမယ်။ မဲဆန္ဒရှင် ပြည်သူတွေရဲ့ မူလအခွင့်အရေးကို ရှေ့တန်းတင်နိုင်မှ လွှတ်တော်က ပြည်သူကို မျက်နှာမူနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

ယခင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ၂၀၁၅ ခုနှစ် သြဂုတ်လက “လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း” ကို အမြန်ဆုံး ပြဋ္ဌာန်းပေးပါရန် ထိုစဉ်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ အကြောင်း ကြားခဲ့သော်လည်း လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးနောက် ယင်းဥပဒေကြမ်း ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။
ဆလိုင်းသန့်စင် / ဧရာဝတီ
http://burma.irrawaddy.com/news/2016/10/10/124694.html


ဓာတ်ပုံ - တွစ်တာ ဓာတ်ပုံ - တွစ်တာ

အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ အခု သူတို့ထိန်းချုပ်ခဲ့တဲ့ နယ်မြေတွေရဲ့ ၄ ပုံ ၁ ပုံ ဆုံးရှုံးသွားပြီလို့ လုံခြုံရေးနဲ့ ကာကွယ်ရေး သုသေတနအဖွဲ့ကြီးတဖွဲ့ဖြစ်တဲ့ အိုင်အိတ်ခ်ျအက်စ်က ဖော်ပြခဲ့ပါတယ်။

၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက အိုင်အက်စ် အကြမ်းဖက်တွေ စတင်ခေါင်းထောင်ခဲ့ချိန်ကနဲ့စာရင် အခု သူတို့ထိန်းချုပ်နယ်မြေတွေဟာ ၂၈ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားပြီလို့ အိုင်အိတ်ခ်ျအက်စ် သုတေသနအဖွဲ့က ဆိုပါတယ်။

အခုနှစ် ၉ လပိုင်းအထိ အိုင်အက်စ် အကြမ်းဖက်တွေ ထိန်းချုပ်ခဲ့တဲ့ နယ်မြေ ၇၈၀၀၀ စတုရန်းကီလိုမီတာလောက်ကနေ ၆၅၅၀၀ စတုရန်းကီလိုမီတာအထိ ကျဆင်းလာခဲ့ပြီး အဲ့ဒါဟာ သီရိလင်္ကာနိုင်ငံ နယ်မြေအကျယ်အ၀န်းရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဇူလိုင်လကနေ အခုလ ၃ လတာ ကာလမှာတော့ သူတို့ရဲ့ နယ်မြေဆုံးရှုံးမှုက နည်းနည်းအရှိန်ကျလာတယ်လို့လည်း ဆိုပါတယ်။

အဲ့ဒါဟာ အိုင်အက်စ် အကြမ်းဖက်တွေအပေါ် ရုရှားက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လျှော့ချခဲ့လို့ ဖြစ်ပါတယ်။

အခုနှစ်ဆန်းပိုင်း ရုရှားနိုင်ငံက အိုင်အက်စ် အကြမ်းဖက်တွေအပေါ် ၂၆ ရာခိုင်နှုန်းအထိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် အခုတော့ ၁၇ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါတယ်။
DVB TV News


မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ ရနောင်းမြို့တွင် လွန်ခဲ့ သည့် ဧပြီလအတွင်းက ယာဉ်တိုက်ခံရမှုကြောင့် သေ ဆုံးခဲ့သည့် SIFCO စက်ရုံအလုပ် သမား မြန်မာနိုင်ငံမှ အမျိုးသမီးအလုပ်သမ ငါးဦးနှင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး အလုပ်သမား နှစ်ဦးအား အောက်တိုဘာ ၇ ရက်က ထိုင်း-မြန်မာ နယ်ခြားကော်မတီ(TBC) အကူ အညီဖြင့် လျော်ကြေးငွေများ ထုတ်ပေးခဲ့ကြောင်းနှင့် ဆက်လက်၍လည်း လျော်ကြေးငွေများ ထပ်မံရရှိရန် ကျန်သေးကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် မြန်မာ အလုပ်သမား ငါးဦး သေဆုံး ခဲ့ကြရပြီး သေဆုံးသူ သုံးဦးအတွက် လျော်ကြေးငွေ ဘတ် ၄ဝဝဝ စီကို ကနဦး ထုတ်ပေးခဲ့ပြီး ဖြစ်ရာ ယခုအကြိမ်ထုတ်ပေးမှုမှာ ကျန်ရှိသည့် သေဆုံး သူနှစ်ဦးမှ တစ်ဦးအတွက် ၃၆၃၃၂ ဒသမ ၉၈ ဘတ်နှင့် အခြားတစ်ဦးအတွက် ၁ဝ၅ဝ ဘတ်တို့ကို သက်ဆိုင် သူများဖြစ်သော ၄င်းတို့၏ မိခင်များထံသို့ လက်ရောက် လွှဲပြောင်းထုတ်ပေးခဲ့ဖြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရသူ တစ်ဦးဖြစ်သည့် မမီးဇင်အတွက် ၃ဝဝဝ ဘတ်ကို လည်း ကာယကံရှင် ကိုယ်တိုင်ထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူငါးဦးလုံးအတွက် လျော်ကြေးငွေအဖြစ် တစ်ဦးလျှင် ဘတ်ငါးသိန်း မှ ခြောက်သိန်းခန့်စီကိုလည်း မကြာမီ ထပ်မံထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ဒဏ်ရာ ရရှိသူဖြစ်သည့် မမိုးမိုးဇင်အတွက် ဘတ်ငွေ ၅ဝဝဝ နှင့် မအိအိမိုးအတွက် ဘတ်ငွေ ၃ဝဝဝ ကို ထပ်မံ ထုတ် ပေးရန်လည်း ချက်လက်မှတ်ရရှိပြီး ဖြစ်ကြောင်း သိရသည်။

လျော်ကြေးငွေများ ထုတ်ပေးခြင်းခံရသည့် အလုပ်သမားများမှာ ထိုင်းနိုင်ငံ SIFCO အလုပ်ရုံတွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ရင်း ယခုနှစ် ဧပြီ ၃ဝ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့ စဖန်ပလာ လမ်းဘေးတွင် အလုပ်ဆင်းရန် အလုပ်ရုံဖယ်ရီကား စောင့်ဆိုင်းနေစဉ် အစုအပြုံလိုက် ကားတိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

MOI
The Ladies News


မုံရွာ၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး နန္ဒ၀န် နယ်မြေ(၄) ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမကြီးပေါ်တွင် လိင်ဖျော်ဖြေရန်အတွက် ရောက်နေသည့် ဘုန်းကြီးကျောင်း အမည်တံဆိပ်ပါ ကားတစ်စီးအား အောက်တိုဘာ ၈ ရက်ည ၁၁ နာရီခွဲအချိန်က မုံရွာနယ်မြေရဲစခန်း လှည့်ကင်းအဖွဲ့မှ တွေ့ရှိရသဖြင့် ဖမ်းဆီးအရေးယူလိုက်ကြောင်း ၎င်းရဲစခန်း၏ မှုခင်းမှတ်တမ်းများတွင်ဖော်ပြထားသည်။
‘’ .. .. ကားက ယာဉ်လိုင်စင်နဲ့ပတ်သက်ပြီး အထောက်အထား တစုံတရာမှ ပြသနိုင်ခြင်းမရှိပါဘူး ..။ ဘုန်းကြီးကျောင်းတံဆိပ် တပ်ဆင်ထားပြီး ညအချိန်မတော်မှာ ကားထဲမှာ ကောင်မလေးတစ်ယောက်နဲ့ တွေ့ရှိခဲ့တာပါ … “ ဟု မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။


အဆိုပါကားသည် ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်၍ အသက်ဝမ်းမွေးလုပ်ကိုင်နေကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိထားသည့်နေရာတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု လှည့်ကင်းရဲအဖွဲ့က ဆိုသည်။


ထို့ကြောင့် ၎င်းယာဉ်အား မုံရွာနယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်သည့်အခါတွင် ကားအတွင်းရှိ အိတ်တစ်လုံးအတွင်းမှ လိင်မှုဆိုင်ရာ အားတိုးဆေးပြားများတွေ့ရှိခဲ့ရပြီး လိင်ဖျော်ဖြေရေးအတွက် ယင်းနေရာသို့ ညအချိန်မတော် ရောက်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လှည့်ကင်းရဲအဖွဲ့က ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

မုံရွာနယ်မြေရဲစခန်းက အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/kotoe.chindween.9

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရန်ကုန်- မန္တလေး လမ်းမဟောင်းနံဘေးရှိ ချမ်းရိပ်မွန် တည်းခိုခန်းတွင် (အောက်တိုဘာ ၉ ရက်) မွန်းလွဲ ၁၂ နာရီခန့်က တည်းခိုနေသူက တည်းခိုခန်းပိုင်ရှင် အမျိုးသမီးအား ဓားဖြင့်ထောက်ကာ ငွေကျပ်တစ်သိန်းဝန်းကျင်ခန့် လုယက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဓားနဲ့ထောက်တာတော့ မဟုတ်ဘူးပေါ့။ သူကဘွားတော်ကြီးကို ဓားနဲ့ခြစ်ပြီးတော့ ပိုက်ဆံတစ်သိန်းလောက် လုသွားတယ်လို့” ပြောတယ်။ အမျိုးသမီးကတော့ ဆေးရုံမှာပဲ ရှိသေးတယ်။ ကျွန်တော်တို့ကတော့ ဓားနဲ့ ထိုးတဲ့ ကောင်လေးနောက်ကို လိုက်နေတယ်။အပိုင်ကတော့ မြို့မအပိုင်ပဲခင်ဗျ။ ကျွန်တော်တို့သတင်းကြားကြားချင်း မြို့နယ်မှူးက လှမ်းပြောလို့ ချက်ချင်း အဲနားရောက်ပြီး ချက်ချင်း ထွက်တာ။ လောလောဆယ်တော့ မမိသေးဗျ။ နာမည်ကတော့ စစ်ပိုင်မှူးလို့တော့ သိရတယ်၊၊ အသက်က ၁၉ နှစ်ခန့်ရှိတယ်။ သူ့ရဲ့ထောက်ခံစာအရပေါ့နော်။ သူကနေပြည်တော် ဇမ္ဗူ သီရိကလို့ သိရတယ်။ လာတည်းရင်းနဲ့ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးကို ဓားနဲ့ခြစ်ပြီး ပိုက်ဆံလုသွားတာပေါ့။ ၁၂ ခွဲလောက်ကဖြစ်တာပါ” ဟု တောင်ငူမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က တောင်ငူမြို့ အမှတ် (၈) ရပ်ကွက် စတီးလမ်းရှိ၊ ချမ်းရိပ်မွန် တည်းခိုခန်းပိုင်ရှင် ဒေါ်မြမြမေ ၆၉ နှစ်မှာ တည်းခိုခန်းအောက်ရှိ ၎င်းတို့နေထိုင်သည့် အခန်းတွင်းသို့ ၀င်ရောက်ရာမှ အခန်းအတွင်း ရောက်ရှိနေသည့် လူငယ်တစ်ဦးက ဒေါ်မြမြမေ၏ လည်ပင်းအား သုံးလက်မခန့်အရှည်ရှိသည့် မောင်းချဓားဖြင့် လေးချက်ခန့် ထိုးခြစ်ပြီး ငွေကျပ် တစ်သိန်းခန့် ယူဆောင်၍ ထွက်ပြေး သွားသည်။

ဒေါ်မြမြမေအား ဓားဖြင့်ထောက်ခြစ်ကာ ငွေကျပ်တစ်သိန်းခန့် လုယက်ထွက်ပြေးသွားသူမှာ ချမ်းရိပ်မွန်တည်းခိုခန်း အပေါ် ထပ် အခန်းနံပါတ် ၄ တွင် တည်းခိုနေသည့် စစ်ပိုင်မှူး (၁၉ နှစ်) ခန့်ရှိပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး တည်း ခိုခန်းမှ ဆိုင်ကယ်အားယူဆောင်၍ အမြန် လမ်းဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ဓားဖြင့်ထောက်ကာလုယက် သော လူငယ်အား တောင်ငူမြို့ အမှတ် ၁ နယ်မြေ ရဲစခန်းမှ (ပ) ၈၀၈/၁၀၁၆၊ ပြစ်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
Writer:
ဇော်ဝင်းချစ်
Eleven Media Group



မြန်မာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ (စစ်တွေမြို့)
မြန်မာရဲအရာရှိတဦးအပါအ၀င် တပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ရတဲ့ ရခိုင်ပြည် နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုကို NLD အစိုးရက အလေးအနက်ထား ကိုင်တွယ်နေကြောင်းနဲ့ တရားဥပဒေနဲ့အညီ တုန့်ပြန်ဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြား ထားကြောင်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေဟာ ရိုဟင်ဂျာလို့အော်ပြီး လုံခြုံရေးစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ ကြောင်းနဲ့ နယ်မြေခံ အခြားဘာသာစကား ကို ပြော သူတွေဖြစ်ကြောင်းမနေ့က နေပြည်တော်မှာ ကျင်းပ တဲ့အရေးပေါ် သတင်းစာရှင်း လင်းပွဲမှာ ရဲချုပ်ဇော်ဝင်းက ပြောသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

အကြမ်းဖက်တိုက်ခိုက်သူ (၉၀)ဦးခန့်ဟာ တနင်္ဂနွေမနက် (၁)နာရီလောက် မှာမောင်တောခရိုင် နယ်ခြားစောင့် စခန်းသုံးခုကို စတင် ၀င်ရောက်တိုက်ခိုက် ခဲ့ပြီး မြန်မာလုံခြုံရေးတပ်တွေက ပြန်လှန်ပစ်ခတ်မှုကြောင့် နံနက် (၅)နာရီ ခွဲကျော် မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒါအပြင် ဘယ်သူတွေက တိုက်ခိုက် တာဖြစ်နိုင်ပါသလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ ရဲချုပ်ဇော်ဝင်းက အခုလို တုန့်ပြန်ဖြေဆိုပါတယ်။

“ဖြစ်စဉ်မှာပါဝင်တဲ့ တပ်ဖွဲ့ဝင်များရဲ့အနေအထားတွေအရ ကျူးလွန်တဲ့သူတွေက ရိုဟင်ဂျာဆိုပြီး ကြွေးကြော်ခဲ့တယ်။ ပြောတဲ့စကားတွေက လည်း နယ်မြေ စကားတွေပဲဖြစ်ပါတယ်။ ကျနော်တို့ အရှင် (၂)ယောက်လဲ ဖမ်းဆီးထားပါတယ်။ လိုအပ်တဲ့အချိန်မှာ အတည်ပြုထုတ်ပြန်နိုင်အောင် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။”

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကလည်း ဒီအကြမ်း ဖက်တိုက်ခိုက်မှုဟာ အဖွဲ့အစည်း တချို့ရဲ့ နိုင်ငံရေး အရ သွေး ထိုးလှုံဆော်တဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ ယူဆကြောင်း သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ဒီစကားလုံးနဲ့ပတ်သက်ပြီး ပြောရရင် တိုက်ခိုက်တဲ့သူတွေဟာ ရိုဟင်ဂျာလို့ခေါ်ပြီး တိုက်တာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ရိုဟင်ဂျာဆိုတာ မရှိဘူး ဆိုတာကို အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ခံယူထားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ၁၉၂၁ခုနှစ်ကစပြီး အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက သန်းခေါင်းစာရင်း ကောက်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရ လက်ထက်မှာ သန်းခေါင်းစာရင်းကို ၁၉၂၁၊ ၁၉၃၁၊ ၁၉၄၁ တို့မှာကောက်ခံပါတယ်။ အဲဒီမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိပါဘူး။ ဒီလိုပဲ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာနိုင်ငံအစိုးရကနေ ၁၉၇၃၊ ၁၉၈၃မှာ ကောက်ခဲ့ပါတယ်။ အဲဒီမှာလည်း ဘင်္ဂလီလူမျိုးပဲ ပါပါတယ်။ ရိုဟင်ဂျာ ဆိုတာလုံးဝမရှိပါဘူး။ ဒါကြောင့် ရိုဟင်ဂျာဆိုတာဟာ တချို့သောအဖွဲ့အစည်းတွေ ရဲ့ နိုင်ငံရေးသွေး ထိုးလှုံဆော်မှု နဲ့ အော်ဟစ်ပြီးတော့ တိုက်ခိုက်တယ်လို့ပဲ ယူဆပါတယ်။”

ဒီတိုက်ခိုက်မှုကြောင့် ရဲအရာရှိတဦးအပါအ၀င် တပ်ဖွဲ့ဝင် (၈)ဦး စုစုပေါင်း (၉)ဦးသေဆုံးခဲ့သလို (၅)ဦး ဒဏ်ရာရပြီး၊ (၁) ဦးပျောက် ဆုံးနေကြောင်း၊မြန်မာဘက်က အကြမ်းဖက်သမား (၈)ဦးအလောင်းကိုရ ရှိထားပြီး၊ (၂)ဦးကို အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်သမားတွေ ဟာ မြန်မာလုံခြုံရေးစခန်းတွေဆီက သေနတ် (၆၀)ကျော်အပါအ၀င် အခြားလက်နက်တွေကို လုယူသွားခဲ့ကြောင်း ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခုလို အကြမ်းဖက် တိုက်ခိုက်မှု သတင်းကို ကြားသိပြီးချင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ခေါ်ပြီး အရေးပေါ် အစည်းအဝေးပြု လုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးဖေဖြင့်က ပြောပါတယ်။

“ဒီကနေ့မနက် (၁၁)နာရီခွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးတော့ သက်ဆိုင်တဲ့ဝန်ကြီးဌာနများက တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်ပြီးတော့ အစည်းအဝေး တရပ်ကျင်းပပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သိရှိရသမျှအနေအထားတွေပေါ် မူတည်ပြီးတော့ ကျနော်တို့ သုံးသပ်မှုတွေ ပြုခဲ့ပါတယ်။ ပြီးတဲ့နောက် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လက်ရှိဖြစ်ပျက်နေသမျှတွေကို အများပြည်သူသိရှိစေဖို့အတွက် ကျနော်တို့ သတင်းစာရှင်းလင်းပွဲ တရပ်ပြု လုပ်မယ်လို့ ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်ပြီးတော့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့ ဒီအချိန်မှာပဲ ကျနော်တို့ ဖြစ်အောင် စီစဉ်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။”

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ဥပဒေနဲ့အညီဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးမှာ ညွန်ကြားခဲ့ ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။

“မနက်ကပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးတော့ အစည်း အဝေးပြုလုပ် ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားဥပဒေနဲ့အညီ တုန့်ပြန်ဆောင် ရွက် သွားကြဖို့ ကျနော်တို့ကို လေးလေးနက်နက်မှာကြားပါတယ်။ အဲတော့ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ရုပ်လုံးပေါ်လာမယ်၊ နောက် သက်သေ အထောက် အထားတွေပေါ်လာမယ်ဆိုရင် ဒီဖြစ်စဉ်အနေ အထား ကို နိုင်ငံတကာသိအောင် ကျနော်တို့အနေနဲ့ အသိပေးပြောကြားမှုတွေ လုပ်သွားမှာဖြစ်ပါတယ်။”

ဒါအပြင် အကြမ်းဖက်တိုက်ခိုက်မှုကို အရေးယူဆောင်ရွက်နိုင်ဖို့ သံတမန်ရေး နည်းလမ်းနဲ့အညီ အိမ်နီးချင်းဘင်္ဂလား ဒေ့ရှ်နိုင်ငံအစိုးရနဲ့ ညှိုနှိုင်း ဆောင်ရွက်သွား မယ်လို့ ဦးကျော်တင်ကပြောပါတယ်။

မောင်တောခရိုင်တွင်း အကြမ်းဖက်တိုက်ခိုက်မှုမှာ မြန်မာလုံခြုံရေးတပ်တွေဖက်က အချင်းချင်း သတင်းရရှိမှုအားနည်းခဲ့ကြောင်း ရဲချုပ်ဇော်ဝင်းက သတင်းစာရှင်း လင်းပွဲ မှာပြောသွားပါတယ်။ လက်ရှိအခြေအနေမှာတော့ တပ်မတော်နဲ့ပူးပေါင်းပြီး နယ်စပ်လုံခြုံရေးအင်အားကို တိုးမြှင့်ဆောင်ရွက်ထား တယ်လို့ဆိုပါတယ်။ ခရိုင်အတွင်း ညမထွက်ရအမိန့်ကိုလည်း ည (၇)နာရီကနေ နံနက် (၆)နာရီထိ တိုးမြှင့်တင်းကြပ်ထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေဟာ ဘယ်အဖွဲ့အစည်းကဖြစ်သလဲဆိုတာ စုံစမ်း စစ်ဆေးနေ ဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် အခြေစိုက် လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ (RSO)ကတော့ တစုံတရာ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။

 အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရီပတ်ပလင်ကန် သမ္မတလောင်း Donald Trump ကို စိတ်မလုံခြုံ ခံစားနေရသူလို့ အမေရိကန် သမ္မတ Barack Obama က ခေါ်ဆိုလိုက်ပြီး သူဟာ သူ့ကိုယ်သူ ဂုဏ်တင်နိုင်ဖို့ တခြားလူတွေကို နှိမ်တတ်တဲ့ သူလို့ ပြောပါတယ်။

၂၀၀၅ ခုနှစ်တုန်းက Trump ရဲ့ ရိုင်းရိုင်းပြပြ ပြောဆိုမှု သတင်းတွေမှာ ပြန့်နှံခဲ့တာနဲ့ ပါတ်သက်ပြီး သမ္မတ အိုဘားမားက တုန့်ပြန်ပြောဆို လိုက်တာဖြစ်ပါ တယ်။ သော ကြာနေ့က Washington Post သတင်းစာက Trump ရဲ့ ဗီဒီယိုခွေထဲ က ပြော ဆိုချက်ကို ဖေါ်ပြခဲ့တာ ဖြစ်ပြီး သူက နံမယ်ကြီးတယောက်မို့ အမျိုးသမီးတွေကို ထင်သလို လုပ်လို့ ရကြောင်း ရိုင်းရိုင်းပြပြ ပြောဆိုထားတာ ဖြစ်ပါတယ်။

ရီပါတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်း တယောက်ဆီက ဒီလိုစကားမျိုးတွေ ထွက်လာတာဟာ ဒီမိုကရေစီရှင်သန်ရေးအတွက် လေးစားလိုက်နာရမယ့် အ ချက်ဖြစ်တဲ့ လူ့ယဉ်ကျေးမှုနဲ့ လေးစားမှုတွေ မရှိကြောင်းကို ပြသနေတယ်လို့ တနင်္ဂနွေနေ့က Illinois လွှတ်တော်အမတ် Tammy Duckworth အတွက် မဲဆွယ်ပွဲမှာ သမ္မတ အိုဘားမားက ပြောပါတယ်။

စစ်တမ်းတွေအရ Trump ကို လူကြိုက်များမှုဟာ ဒီမိုကရက်တစ်ပါတီ သမ္မ တလောင်း Hillary Clinton နဲ့ သိပ်မကွာပေမယ့် သူ့ကို ယုံကြည်ရဖို့ သိပ်ခက် တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အရေးကြီးတာက နိုဝင်ဘာ ၈ ရက်နေ့မှာ မဲပေးဖြစ်အောင် ပေးကြဖို့ဖြစ်ကြောင်း လည်း သမ္မတ အိုဘားမားက အလေး ထား ပြောကြားခဲ့ပါတယ်။

Trump နဲ့ Clinton တို့ဟာ အမေရိကန် စံတော်ချိန် တနင်္ဂနွေနေ့ ညမှာ ဒုတိယ အကြိမ်မြောက် စကားစစ်ထိုးပွဲ ပြုလုပ်ကြမှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက Trump ရဲ့ အမျိုးသမီးတွေအပေါ် မှတ်ချက်နဲ့ ပါတ်သက်ပြီး ဒီစကားစစ်ထိုးပွဲမှာ အဓိက ပြောဆိုကြမှာကတော့ သေချာပါ တယ်။

Trump က သူ့ရဲ့ ပြောဆိုချက်တွေအတွက် တောင်းပန်ခဲ့သလို၊ ဒုသမ္မတ အဖြစ် သူရွေးချယ်ထားတဲ့ Mile Pence ကိုနေရာပေးပြီး ဆက်အရွေးမခံဖို့ တချို့ ရီပတ်ပလင်ကန် ပါတီဝင်တွေရဲ့ အကြံပေးချက်ကို ပယ်ချပြီး သူဆက် အရွေးခံမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မိမိရဲ့အငှားယာဉ်ပေါ်မှာ ခရီးသည်မေ့ကျန်ခဲ့တဲ့ ရတနာပစ္စည်းတွေ ပိုင်ရှင်ကို ပြန်ပေးခဲ့တဲ့လုပ်ရပ်ဟာ ဒီလောက်အထိ ဂုဏ်ပြုခံရလိမ့်မယ်ဆိုတာ ထင်မထားခဲ့မိ ပါဘူးလို့ အသက်(၃ဝ)အရွယ် အေးချမ်းတည်ငြိမ်တဲ့ မျက်နှာထားပိုင်ရှင် ကိုသန်းထိုက်ကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် မိဘများနှင့်အတူ ဇနီး၊ သမီးတစ်ယောက်နဲ့ မိသားစုဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော်အဖို့ ယခုနှစ် စက်တင်ဘာလအတွင်း သူ့ရဲ့အငှားယာဉ်ပေါ်မှာ ခရီးသည်တစ်ဦး ကျန်ရစ်ခဲ့တဲ့ ရတနာပစ္စည်းတွေကို ပိုင်ရှင်ဖြစ်သူထံ ရိုးသားစွာပြန်လည် ပေးအပ်ခဲ့မှုက ဖြူစင်ရိုးသားသူ၊ အကျင့်စာရိတ္တကောင်း မွန်သူအဖြစ် သူ့ကို ထင်ရှားစေခဲ့တာပါ။

နေ့စဉ် ကားမောင်းလို့ရတဲ့ ဝင်ငွေနဲ့ မိသားစုဘဝ ရပ်တည်နေရပြီး ပြည့်စုံကုံလုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်သူဟုမဆိုနိုင်တဲ့သူ့အတွက် ခရီးသည်ကျန်ရစ် ခဲ့တဲ့ သိန်းတစ်ထောင်တန် ရတနာပစ္စည်းတွေက ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ကိုယ်ချင်းစာတရားရှိသူ သူ့ကို ထူးထွေပြီး မည်သို့မျှ မဆွဲဆောင်နိုင်ခဲ့ပါ။

''ပစ္စည်းကျန်ခဲ့တဲ့သူတွေ စိတ်ပူနေမှာပဲဆိုပြီး ကိုယ်ချင်းစာစိတ်တစ်ခုတည်းနဲ့ ပြန်ပေးခဲ့တာပါ။ ပစ္စည်းတွေပေါ်မှာလည်း ဘာလောဘစိတ်မှမရှိခဲ့ဘူး''ဟု ကိုသန်းထိုက်ကျော်က ပြောပါတယ်။


အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်ပြီး ကိုသန်းထိုက်ကျော်က ''စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ခရီးသည် တစ်ယောက် ပြည်သူ့ရင်ပြင်နားကနေ ပန်းဆိုးတန်းကို ကားငှားတယ်။ သူသွားချင်တဲ့နေရာမှာ ချပေးခဲ့ပြီး ခရီးသည် ထပ်မရတော့လို့ ည ၇ နာရီလောက်မှာ အိမ်ကိုပြန်ခဲ့တယ်။ နောက်နေ့မနက် ကားရေဆေးမယ်လုပ်တော့ နောက်ခန်းထဲမှာ အထုပ်တစ်ထုပ်ကျန်နေတာတွေ့တာနဲ့ ဖွင့်ကြည့်လိုက်တော့ ရတနာပစ္စည်းတွေဖြစ်နေတာ တွေ့ရပြီး ပိုင်ရှင်ကို ပြန်ပေးနိုင်အောင် ဆက်သွယ်ခဲ့တယ်''ဟု ပြန်ပြောင်းပြောပြခဲ့ပါတယ်။

ခရီးသည်ကျန်ရစ်ခဲ့တဲ့ ရတနာပစ္စည်းတွေကို အမြန် ပြန်လည်ပေးနိုင်ဖို့အတွက် ကြိုးစားနေချိန်မှာ ရတနာ ပစ္စည်းမေ့ကျန်တဲ့သူက လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားထာတွေ့တယ်လို့ ညီမဖြစ်သူရဲ့ပြောပြမှုကြောင့် ပိုင်ရှင်နဲ့ဆက်သွယ်မှုရရှိခဲ့ပြီး ပြန်ပေးခဲ့တာဖြစ်ကြောင်း ကိုသန်းထိုက်ကျော်က ပြောပြပါတယ်။

ဖြူစင်ရိုးသားမှုရဲ့ လက်ငင်းအကျိုးပေးရလဒ်အနေနဲ့ ပစ္စည်းပိုင်ရှင်က အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော်အား ရင်းနှီးစားသောက်နိုင်ဖို့ မော်တော်ကားတစ်စီး ပေးအပ်ချီးမြှင့်ခဲ့ပြန်ပါတယ်။

''ပိုင်ရှင်က တော်တော်ဝမ်းသာသွားတယ်။ ပြန်မရ နိုင်တော့ဘူးထင်ထားတာလေ။ ချက်ချင်းပြန်ရတယ်ဆိုတော့ ဝမ်းသာပြီး ပိုင်ရှင်က သူပြောတဲ့အတိုင်း ထိုက်ထိုက်တန်တန်ချီးမြှင့်ပါတယ်။ ကားကတော့ မရောက်သေးဘူး။ မှာတော့ထားပြီးပါပြီ''ဟု ကိုသန်းထိုက်ကျော်က ပြောပါတယ်။

ငယ်စဉ်ကတည်းက ရိုးသားအေးဆေးစွာနဲ့ မိဘ၊ ညီအစ်ကို၊ ဦးလေးများရဲ့ ဆုံးမသွန်သင်မှုများနှင့် စာအုပ် စာပေဖတ်ရှုခြင်းအပြင် အေးချမ်းတဲ့ပတ်ဝန်းကျင် မှာ နေထိုင်ကြီးပြင်းခဲ့ရတဲ့အတွက် ယခုကဲ့သို့ ကောင်းမွန်တဲ့ စိတ်ဓာတ်ကောင်းများရရှိခဲ့တာလို့ ကိုသန်းထိုက်ကျော်က ပြောပါတယ်။

''ကိုယ်ချင်းစာစိတ်ထားရမယ်၊ သူများပစ္စည်းကို လွယ်လွယ်ရလည်း မယူရဘူးလို့ မိဘတွေက ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ဆုံးမနေတုန်းပါ''လို့ သူက ပြောပါတယ်။

အစ်ကိုဝမ်းကွဲတော်စပ်သူရဲ့ မကြာခဏဆုံးမလေ့ရှိတဲ့ ''ကိုယ်ပြောတဲ့စကားကြောင့် သူတစ်ပါးထိခိုက်မလား၊ ကိုယ်လုပ်တဲ့အလုပ်ကြောင့် သူတစ်ပါးနစ်နာမလား ဆိုပြီး လုပ်သင့်၊ မလုပ်သင့်ချင့်ချိန်ပြီးလုပ်''ဆိုတဲ့စကားကို ယနေ့ အချိန်အထိ စွဲမြဲနာခံနေဆဲပင်ဖြစ်တယ်လို့လည်း ကိုသန်းထိုက်ကျော်က ပြောပါတယ်။

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီး အံ့သြဖွယ်ရာ၊ လေးစားဖွယ်ရာ၊ အတုယူဂုဏ်ယူဖွယ်ရာဖြစ်တဲ့ ကိုသန်းထိုက်ကျော်တစ်ယောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ် ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရပြီဖြစ်ပါတယ်။

''တီဗွီမှာ ကျွန်တော့်ကို နိုင်ငံတော်အတိုင်ပင်ခံက ချီးကျူးဂုဏ်ပြုတဲ့အကြောင်း ကြေညာတဲ့ သတင်းကြည့်ရင်း ကျွန်တော်တို့မိသားစုအတွက် အဲဒီညက ပျော်စရာအလွန် ကောင်း တဲ့ည ဖြစ်သွားတယ်။ အံ့သြလွန်းလို့ ကျွန်တော် ယုံတောင်မယုံနိုင်ဘူး''ဟု ကိုသန်းထိုက်ကျော်က ပြောပါတယ်။

အနာဂတ်မှာ မိမိမျိုးဆက် သမီးငယ်လေးအား အကျင့်စာရိတ္တကောင်းမွန်ပြီး ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ဦးဖြစ်စေဖို့ ရည်မှန်းထားပြီး အေးချမ်းစွာ ဘဝကိုဖြတ်သန်းနေဦးမည့် ကိုသန်းထိုက်ကျော်က မိတ်ဆွေ အငှားယာဉ်မောင်းသမားများအတွက်လည်း ''ကိုယ်ချင်းစာစိတ်နဲ့ ရိုးသားမှုဟာ အလုပ်အကိုင်တွေကို အဆင်ပြေစေပါတယ်။ ကျွန်တော်တို့ အငှားယာဉ်မောင်း သမားတွေက လူပေါင်းစုံနဲ့ဆက်ဆံရတဲ့အတွက် ပိုလို့တောင် ရိုးသားဖို့လိုပါတယ်'' ဟု စကားလက်ဆောင်ပါး လိုက်ပါသေးတယ်။ ။

သတင်းဆောင်းပါး-သီသီမင်း၊မင်းသစ်
ဓာတ်ပုံ -နေလင်း
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/